Cover

(၁)

နိဒါန်း

မြန်မာနိုင်ငံတော်သမိုင်းဦးအစကပင်မြန်မာအမျိုးသမီးတို့သည်နိုင်ငံရေးအစဉ်အလာကြီးမားသူများ ဖြစ်သည်။ယင်းကာလပင် အမျိုးသမီးတို့သည်အုပ်ချုပ်ရေးပိုင်းမှဆက်နွယ်၍ နိုင်ငံရေး၌ ပါဝင်လာကြခြင်းဖြစ်သည်။နိုင်ငံ၏ အထွဋ်အထိပ်များ ဖြစ်သောဘုရင်မများ အဖြစ်လည်းကောင်း၊ ဘုရင်တစ်ပါးကိုနန်းတင်ပေးနိုင်သောရာဇပလ္လင်နောက်ကွယ်မှ ဘုရင်မများ အဖြစ်လည်းကောင်း၊ ဘုရင်တပါးကိုနန်းတင်ပေးနိုင်သောရာဇပလ္လင်နောက်ကွယ်မှ မိဘုရားများ အဖြစ်လည်းကောင်း၊ နိုင်ငံအုပ်ချုပ်ရေးဝင်ရောက်စီမံခန့်ခွဲနိုင်ခွင့်ရှိသောမိဘုရားများ အဖြစ်လည်းကောင်း စသည့်နိုင်ငံရေးတွင် အရေးကြီးသော နေရာကဏ္ဍအသီးသီးမှ မြန်မာအမျိုးသမီးတို့ ပါဝင်နိုင်ခဲ့ကြသည်။

တစ်ကောင်း၌ ဘတ္တနုဝတီ၊ သရေခေတ္တရာ၌ မာလာစန္ဒီ၊ ဗိဿနိုး (တောင်တွင်းကြီး) ပန်ထွာမင်းသမီးခေါ် စန္ဒာဒေ၀ီမိဘုရား၊ တလ (ဒလ) တွင် သုဝဏ္ဏဒေ၀ီ၊ တောင်ငူတွင် စောစလာ၊ ဟံသာဝတီတွင် ဘုရင်မကြီးရှင်စောပု(အေဒီ ၁၃၉၄ - ၁၄၇၁)တို့သည် ဧကရီဘုရင်မများ အဖြစ် ထီးနန်းစိုးစံခဲ့သူများ ဖြစ်သည်။

ထွန်ချစ်မင်း(အေဒီ ၅၉၈ - ၆၁၃)၏ မိဘုရားသည် ပုပ္ပားစောရဟန်းမင်း(အေဒီ ၆၁၃ -၆၄၀)ကို ပုဂံ၌ လည်းကောင်း၊ မိဘုရားဘွားစောသည် ဒလစားကျော်စွာ (အေဒီ ၁၂၈၇ - ၁၂၉၈)ကို ပုဂံ၌ ပင်လည်းကောင်း၊ရုစိယ¬၀တ္တမင်းသမီးသည် မင်းရဲကျော်ထင်ကို အ၀(အင်းဝ)၌ လည်းကောင်း၊ ဆင်ဖြူမရှင်မိဘုရားကြီးသည် သီပေါမင်းကိုရတနာပုံမြို့တော်၌ လည်းကောင်း၊ မူးကြီးမတ်ရာတို့နှင့်ဆွေးနွေးတိုင်ပင်ကာ နည်းအမျိုးမျိုးဖြင့် နန်းတင်ပေးခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် မိဘုရားခေါင်ကြီးအရာ၌ တင်မြှော က်ခြင်းခံကြရသော မဟေသီမိဘုရားကြီးများ သည် ဘုရင်နှင့် မူးကြီးမတ်ရာတို့နှင့် နိုင်ငံရေး၊ နန်းတွင်းရေး တိုင်ပင်ရာတွင် ပါဝင်ခွင့်ကို လည်းရရှိသူများ ဖြစ်သည်။ ယင်းသို့ ပါဝင်ခွင့်ရရှိခြင်းသည် နိုင်ငံ၏ ကံကြမ္မာနှင့် အနာဂါတ်ကို ဖန်တီးနိုင်စွမ်းရှိသောနေရာကို အမျိုးသမီးတို့ရရှိခြင်းပင်ဖြစ်သည်။

ရှေးမြန်မာမင်းတို့လက်ထက်က ကလန်၊ သံပျင်၊ အမတ်ကြီး၊ မင်းညီမင်းသား၊ မိဘုရားခေါင်ကြီးနှင့် မင်းဧကရာဇ်ဟူ၍ တရားစီရင်ခွင့်ရှိသူ ခုနှစ်မျိုးရှိသည်။ ယင်းတို့အနက် မိဘုရားခေါင်ကြီးအပြင် ကလန်နှင့် သံပျင်အရာ၌ ထမ်းဆောင်သူအမျိုးသမီးများ ပါတရားစီရင်ခွင့်ရှိကြောင်း “မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း” ဒုတိယပိုင်း၌ ဖော်ပြထားသည်။

ထို့ပြင် တရားသူကြီးခြောက်မျိုးရှိသည့်အနက် “ဂါမဘောဇက၊ ဇနဗဒဘောဇက” မည်သော တရားသူကြီးဟူရာ၌ ယောက်ျား၊ မိန်းမ မခြား မြို့စား ရွာစားကို ဆိုလိုသည်။ ကိုယ်စားရသောမြို့ရွာများ တွင် တရားမှု များ ကို ဆုံးဖြတ်နိုင်သည်ဟု ယင်းစာတမ်း၌ ပင် ဖော်ပြထားပေသည်။

သို့ဖြစ်၍ မြို့စားရွာစားမိန်းမများ သည် မိမိတို့အပိုင်စားရသော မြို့ရွာတွင်း၌ ပေါ်ပေါက်လာသည့်အမှု အခင်းများ ကို တရားစီရင်ဆုံးဖြတ်ပေးခဲ့ကြောင်း ထင်ရှားပေသည်။

မြို့စားရွာစားအမျိုးသမီးများ သာမက ပုံဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ အုပ်ချုပ်ရေးအဆင့်ဆင့်တွင်အမျိုးသမီးများ သည် အကြီးအကဲ၊ အမှု ထမ်း၊ အရာထမ်းများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။

သံပျင် (အမတ်၊ နှောင်းခေတ်၌ မြို့သူကြီး)၊ ကလန် (အုပ်ချုပ်ရေးအရာရှိ၊ နှောင်းခေတ်ရွာသူကြီး)၊ တံဆိပ်ချီ (ဘွဲ့တံဆိပ်ကိုင်သူ)၊ ကျီသည် (ကျီဝန်)၊ သင်ကြီး (အသင်းအဖွဲ့ခေါင်းဆောင်)၊ စာတော်ချီ (စာချီ)၊မြေတိုင်း (မြေနှင့်ပတ်သက်သောအုပ်ချုပ်ရေးအရာရှိ)၊ ပြည်စိုး (မြို့ဝန်)၊ ဆိပ်သူကြီး (လှည်းဆိပ်၊လှေဆိပ်အကြီးအကဲ)၊ မြို့သူကြီး၊ ရွာသူကြီး၊ ဆယ်အိမ်ခေါင်း(ငါးအိမ်အထက်နှစ်ဆယ်မပြည့်မီအိမ်စုတွင်လူကြီးအဖြစ်တင်မြှော က်ထားသူ)စသောရာထူးတာဝန်အသီးသီး၌ လည်းအမျိုးသမီးတို့ထမ်းဆောင်ခဲ့ကြကြောင်း ခိုင်လုံသောအထောက်အထားအဖြစ် ကျောက်စာများ ၊ မှတ်တမ်းများ အထင်အရှား ရှိပေသည်။

ကိုယ့်မင်းကိုယ့်ချင်းဖြင့်လွတ်လပ်သောမြန်မာနိုင်ငံဘ၀ကနိုင်ငံအကျိုးပြုအစဉ်အလာကောင်းရှိခဲ့ကြသောအမျိုးသမီးများ သည်တိုင်းတပါးသားတို့ကမြန်မာ့လွတ်လပ်ရေးကို ထိပါးကျူးကျော်လာချိန်တွင်လည်းနိုင်ငံအတွက် အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြောင်း တွေ့ရှိရပြန်သည်။

ဗြိတိသျှတို့၏ ပထမကျူးကျော်တိုက်ခိုက်ခဲ့သောအင်္ဂလိပ်မြန်မာပထမစစ်ပွဲအတွင်းမြန်မာစစ်ဗိုလ်ချုပ်မဟာနေမျိုးနှင့် မောက်မယ် စော်ဘွား အပါအ၀င် ရှမ်းစော်ဘွား၊ မြို့စားများ ဦးစီးသောစစ်သည်များ ၊ပြည်ခရိုင် ၀က်ထီးကန်အရပ်၌ ဖြစ်ပွားခဲ့သည့် ၀က်ထီးကန်တိုက်ပွဲ၌ ရှမ်းစစ်သည်များ ထဲ၌ ရှမ်းအမျိုးသမီးသုံးဦးကိုယ်တိုင်ပါဝင်တိုက်ခိုက်ကြခြင်းပင်ဖြစ်သည်။ ၁၈၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဗြိတိသျှတို့ဖက်မှ ဗိုလ်မှူးကြီးမက်ဒူးဝေါလ် (Col. M Dowall) အပါအ၀င် ဗိုလ်ငါးဦးနှင့် စစ်သည်များများ စွာ ကျဆုံးရသော ထိုဝက်ထီးကန်တိုက်ပွဲအကြောင်းကို ဗြိတိသျှစစ်ဦးစီးချုပ်ရုံး စစ်ဘက်ဆိုင်ရာ အတွင်းရေးမှူးနှင့် လက်ထောက်နိုင်ငံရေးထောက်လှမ်းရေးမှူးဗိုလ်မှူးစနော့ဂရပ် (Major Snodgrass) ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလက ရေးသားထုတ်ဝေသော “မြန်မာ့စစ်ပွဲမှတ်တမ်း” (Narattive of the Burmese War) စာအုပ် စာမျက်နှာ ၂၂၉ ၌ -

စစ်သည်တော်များ ကို အုပ်ချုပ်ကွက်ကွဲလာသူတို့ထဲတွင် စော်ဘွားများ ၊ မင်းသားများ ၊ မြို့စားများ သာမကပျိုမျစ်လှပသော ရှမ်းအမျိုးသမီး သုံးဦးပါဝင်ကြောင်း၊ ယင်းအမျိုးသမီးသူရဲကောင်းများ သည် စစ်ဝတ်တန်ဆာများ ကိုဝတ်ဆင်ကာရဲရင့်စွာ ဖြင့်စစ်သည်များ အကြားတွင်မြင်းများ စီးလျက်အားပေးစကားလိုက်လံပြောကြားကြကြောင်း၊ စစ်ပွဲအတွင်းအကြောက်အရွံ့ကင်းမဲ့စွာ လိုက်လံအားပေးလျက်ရှိသည့်အမျိုးသမီးများ ကြောင့်လည်း တအားတက်ကာ သည်းမဲစွာ ခုခံကြကြောင်း၊ ထိုစဉ် အမျိုးသမီးတဦးသည် ရင်ညွန့်တွင်ဒဏ်ရာရလျက် လဲကျသွားသောကြောင့် စစ်သည်များ ကယင်းအမျိုးသမီးအားသယ်ယူ၍ နောက်ပိုင်းရှိတဲတတဲသို့ပို့လိုက်ကြရာမကြာမီအသက်ပျောက်သွားကြောင်း၊ အခြားအမျိုးသမီးတဦးသည်လည်း စစ်သည်များ ကြား၌ မြင်းဖြင့်ပြေးလွှားအားပေးနေစဉ်ခေါင်းတွင်ကျည်ထိကာ မြင်းပေါ်မှ ရေထဲသို့ကျသွားကြောင်း” စသည်ဖြင့် အမျိုးသမီးငယ်သုံးဦး၏ ရဲစွမ်းသတ္တိကို အထူးပြုလျက် မှတ်တမ်းတင်ထားပေသည်။

သို့ကလို ဇာတိသွေး၊ ဇာတိမာန်တက်ကြွသော အမျိုးသမီးများ သည် ဗြိတိသျှတို့၏ ပထမကျူးကျော်စစ်အထိကျူးကျော်မှု ခုခံရေးစစ်ပွဲအသီးသီးတွင် အမျိုးသားများ နှင့်ရင်ပေါင်တန်းကာ ပါဝင်တိုက်ခဲ့ကြသည်။ နယ်ချဲ့တော်လှန်ရေးတွင် ကိုယ်တိုင် လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့သောအမျိုးသမီးများ ရှိသကဲ့သို့ တော်လှန်ရေးသမားများ အတွက်နောက်ပိုင်းမှ စွန့်စွန့်စားစား အထောက်အကူပေးသော အမျိုးသမီးများ လည်းရှိသည်။ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့သောအမျိုးသမီးများ အနက် သီပေါမင်းလက်ထက်အမှု တော်ထမ်း ပင်းအတွင်းဝန်ဦးစံငြိမ်း၏ သမီး ပင်းခင်ခင်သည်လက်နက်ရိက္ခာ၊ စာပေးစာယူဆက်သားအလုပ်နှင့် သတင်းထောက်လှမ်းရေးကို ရဲဝံ့စွာ ဆောင်ရွက်ခဲ့သောအမျိုးသမီးများ အနက် မုံရွာမှ ခင်လေးကြီးတို့သည် ထင်ရှားသူများ ဖြစ်သည်။

ခင်လေးကြီး၏ အကြောင်းကို ၁၈၈၇ ခုနှစ်မှ ၁၈၉၀ ပြည့်နှစ်အတွင်း မြန်မာပြည်တွင် ၀န်ရှင်တော်မင်းကြီးအဖြစ်လုပ်ကိုင်သွားခဲ့သော ဆာချားကရော့စ်ဝိတ် (Sir Charles Crosthwaite) ကိုယ်တိုင်ရေးသားခဲ့သော The Pacification of Burma (စစ်ပြီးစမြန်မာပြည်) စာအုပ်၌ မှတ်တမ်းတင်ထားလေသည်။

သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်မခံလိုသောတိုင်းရင်းသားတို့၏ နယ်ချဲ့တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားတော်လှန်ရေးသမားများ အနက် ပုဂံမှ ဗိုလ်ချို၏ တပ်ဖွဲ့တွင် အမျိုးသမီးများ လည်းပါဝင်ခဲ့ရာထိုအမျိုးသမီးများ သည် ရှမ်းဘောင်းဘီကိုဝတ်၍ မြင်းစီးရင်း ဓားလွတ်ကိုင်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။ ဗိုလ်ချို၏ ဇနီးသည် ဓားခုတ်၊ လှံထိုး၊ မြင်းစီးကျွမ်းကျင်သောအမျိုးသမီးကြီးဖြစ်၍ ယင်းသည်ခင်ပွန်းနှင့်အတူ နယ်ချဲ့တော်လှန်ရေးတွင်ကိုယ်တိုင်ပါဝင်ရုံမျှသာမက သားနှစ်ဦးတို့ကိုပင် ပါဝင်စေခဲ့ကြောင်းကို တက္ကသိုလ်သန့်ဇင်၏ “ကိုလိုနီခေတ်ဦး တော်လှန်ရေးသမိုင်းဝင် အာဇာနည်များ ” စာအုပ်တွင် ရေးသားဖော်ပြထားလေသည်။

သို့ကလို မြန်မာ့သမိုင်းဦးအစကပင် နိုင်ငံရေးအစဉ်အလာကောင်းခဲ့ကြသော မြန်မာအမျိုးသမီးတို့သည် သူ့ကျွန်ဘ၀ကျရောက်နေသည့် ကိုလိုနီခေတ်တွင်လည်း နိုင်ငံတော်အတွက် မိမိတို့၏ ချွေး၊ သွေးကို ပေးဆပ်၍ ဇွဲသတ္တိအပြည့်အ၀ဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ခဲ့ကြသည်။

မြန်မာအမျိုးသမီးတို့သည် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာပြန့်ပွားရေးရည်ရွယ်ချက်များ ဖြင့် ၁၉၁၉ ခုနှစ်တွင်ကုမ္မာရီခေါ် မြန်မာအမျိုးသမီးကုမ္မာရီအသင်းများ မြန်မာနိုင်ငံအနှံ့အပြားတွင်တည်ထောင်လာခဲ့ကြသည်။အသင်းဖွဲ့စည်းစဉ်က ကုမ္မာရီအသင်းများ သည် အမျိုးသမီးများ ၏ ၀တ်စားဆင်ယင်မှု အစ ကုသိုလ်ရေး၊ ချွေတာရေး၊ ဗဟုသုတတိုးပွားရေးနှင့် အမျိုးသမီးတို့ ရသင့်ရထိုက်သောအခွင့်အရေးများ အတွက် တောင်းဆိုခဲ့ကြသော်လည်းနောက်ပိုင်းတွင် ၀ိုင်အမ်ဘီအေအသင်းချုပ်ကြီးနှင့် ဆက်သွယ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများ တွင် ထိထိရောက်ရောက်ပါဝင်ခဲ့ကြသည်။ ၀ိုင်အမ်ဘီအေမှ ဂျီစီဘီအေပြောင်းလဲလိုက်သောအခါတွင်လည်း ဂျီစီဘီအေနှင့်ဆက်သွယ်ပြီး ဂျီစီဘီအေ၏ ညွှန်ကြားချက်များ အတိုင်း နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ၀ံသာနုကုမ္မာရီအသင်းများ ဟု နောက်ပိုင်းတွင် ခေါ်တွင်လာခဲ့ကြသည်။ ထင်ရှားသော အမျိုးသမီးအသင်းများ မှာ မြန်မာ့အမျိုးသမီးကုမ္မာရီအသင်း၊ မြန်မာအမျိုးသမီး နေရှင်နယ်ကောင်စီ၊ မြန်မာအမျိုးသမီးများ အသင်းနှင့် ဒါနသုခအသင်းတို့ဖြစ်ကြသည်။

အဆိုပါအသင်းတို့၌ မြန်မာနိုင်ငံသမိုင်း၌ ပထမဆုံး ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women’s Union) မြန်မာ့ ကုမ္မာရီအသင်းကို ရန်ကုန်မြို့ မော်တင်လမ်းနှင့် ဦးကြူပိုင်ဝင်စတန်စတိုးခေါ် ဖိနပ်ဆိုင်အပေါ်ထပ်၌ အမျိုးသမီးများ အစည်းအဝေးခေါ်ယူပြီး ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

အသင်း၏ ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးများ ၏ အကျိုးကိုသယ်ပိုးဆောင်ရွက်ရန်၊အမျိုးသမီးများ ကိုထိခိုက်နစ်နာမှု များ မှ ကာကွယ်စောင့်ရှောက်ရန်၊ ပညာဗဟုသုတတိုးပွားရေးအတွက် အားပေးဆောင်ရွက်ရန်၊တမျိုးသားလုံးနှင့်ဆိုင်သောအကြောင်းကိစ္စများ ပေါ်ပေါက်လာလျှင် အသင်းက ကူညီရန်တို့ဖြစ်သည်။

အသင်း၏ ဥက္ကဌအဖြစ် ဒေါ်ဒေါ်စု (ရိက္ခာတော်ရစည်ပင်သာယာရေး အရေးပိုင် ဦးဘိုးရ၏ ဇနီး) ကို တင်မြှော က်ပြီး ဒုတိယဥက္ကဌအဖြစ် ဒေါ်ပု၊ အကျိုးဆောင်အဖြစ် ဒေါ်ဖွားသစ် (ရန်ကုန်အနောက်ပိုင်းမှ ကုန်သည်)၊တွဲ ဖက်အကျိုးဆောင်အဖြစ် (၀င်စတန်စတိုး ဦးကြူး၏ ဇနီး) နှင့် ဒေါ်လှမေ (ဒီးဒုတ်ဦးဘချို၏ ဇနီး) တို့ကို ရွေးချယ်ခဲ့ကြသည်။ အမှု ဆောင်များ မှာ ဒေါ်စောတင် (တရားဝန်ကြီးချုပ်ဟောင်း ဦးသိန်းမောင်၏ ဇနီး)၊ ဒေါ်တင် (ဦးသင်းမောင်၏ ဇနီး)၊ဒေါ်ဌေး (ဆရာဦးဘသိန်း၏ ဇနီး)၊ ဒေါ်မြမေ (သစ်ကုန်သည်၊ မော်တင်ဈေး)၊ ဒေါ်ငွေရင် (ပုသိမ်)နှင့် ဒေါ်ငွေရှင် (သစ်ကုန်သည်) တို့ဖြစ်ကြသည်။

အသင်းသူတို့သည် ချွေတာရေးနှင့် ၀ံသာနုစိတ်ဓာတ် တက်ကြွစေရေးအတွက် ပင်နီအင်္ကျီနှင့်ယောထမီကိုတူညီဝတ်ရန်သတ်မှတ်ကာ ဒေါင်းပ၀ါကို ခြုံကြသည်။ လွဲမှားသောဂုဏ်ပြိုင်မှု မရှိစေရန် ရွှေ၊ ငွေ မ၀တ်ဆင်ရ၊ အင်္ဂလိပ်လုပ်အသုံးအဆောင်များ ၀ယ်ယူသုံးစွဲခြင်းမပြုရဟု စည်းကမ်းထုတ်ထားသည်။ ရန်ကုန်မြို့တွင် အသင်းဝင် ၃၀၀ ခန့်ရှိသည်။ဂျီစီဘီအေအသင်းကြီး၏ လက်အောက်ခံအဖွဲ့တခုအနေဖြင့် ထိုအသင်းကြီး၏ ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြသည်။

အသင်း၏ အဓိကဆောင်ရွက်ချက်များ မှာ အသင်းတိုက်၌ အသင်းသူများ ပညာဗဟုသုတတိုးပွားရေးအတွက် စာကြည့်ခန်းတခု ဖွင့်လှစ်ပေးခြင်း၊ ဘာသာရေးဆိုင်ရာ စာပေပရိယတ္တိပြန့်ပွားထွန်းကားရန်ဆောင်ရွက်ခြင်း၊ပြည်တွင်းဖြစ်အ၀တ်အထည်များ ၊ အသုံးအဆောင်များ ကိုသာ ၀တ်ဆင်သုံးစွဲရန် တိုက်တွန်းခြင်းတို့ဖြစ်သည်။

ထို့ပြင် မြန်မာအမျိုးသမီးများ လူမျိုးခြား၊ ဘာသာခြားနှင့် လက်ထပ်လျှင် ဘာသာကိုထိခိုက်ရုံသာမက အမွေဆက်ခံပိုင်ခွင့်လည်းမရှိ၍ နစ်နာရကြောင်း၊ ဗုဒ္ဓဘာသာဝင်အချင်းချင်းသာလက်ထပ်သင့်ကြောင်းပြောဟောကြသည်။ လူမျိုးဘာသာခြားသူနှင့် လက်ထပ်မိသူရှိပါကလည်း ဗုဒ္ဓဘာသာဓမ္မသတ်အရ အမွေဆက်ခံခွင့်ရရေး၊ ယင်းတို့နှင့် ဘာသာတူမိန်းမများ ကဲ့သို့ အခွင့်အရေးတန်းတူရရေး စသည်တို့ကို အသင်းက ဆောင်ရွက်ပေးရန်ဖြစ်သည်။

ဤအသင်းဝင်အမျိုးသမီးများ က သက်ဆိုင်ရာအာဏာပိုင်များ ထံတောင်းဆိုသောကြောင့် အမျိုးသမီးများ ဓာတ်ရထားစီးလျှင် သီးသန့်စီးခွင့်ရကြသည်။ ထို့ပြင် မြန်မာအမျိုးသမီးအချို့အား တရုတ်လူမျိုး “ကိုပြူး” ဆိုသူကပီလောပီနံ (မလေးရှား) သို့ ဆေးလိပ်ခုံထောင်ရန် လှည့်ဖျားခေါ်ငင်သွားပြီး ထိုအရပ်တွင် ဒုက္ခရောက်နေသည်အထိ လျစ်လျူရှုထားသဖြင့် အသင်းကအစိုးရထံအကူအညီတောင်းသည်။အစိုးရကစားရိတ်ခံပြီး အမျိုးသမီးများ အား ပြန်ခေါ်ပေးရသည်။

၁၉၂၀ ပြည့်နှစ်တွင် “ဖေ၊ ပု၊ ရှိန်” တို့ ဘိလပ်သွားမည့်ကိစ္စအတွက် ငွေလိုသောကြောင့် အမျိုးသမီးအသင်းက ရန်ပုံငွေရှာရန်စီစဉ်သည်။ ရန်ကုန်မြို့ ချာချီလမ်း (ကိုယ့်မင်းကိုယ့်ချင်းလမ်း)၌ ဘားမားဒေး (Burma Day)ဟူ၍ ပျော်ပွဲရွှင်ပွဲတရပ်ကျင်းပသည်။ ထိုပွဲတွင် အမျိုးသမီးတို့၏ လက်မှု ပစ္စည်းများ ရောင်းချခြင်း၊ အစားအသောက်ရောင်းချခြင်း၊ ပျော်ရွှင်ဖွယ်ကစားနည်းများ ဖြင့် ငွေယူခြင်းတို့ဖြင့် ရန်ပုံငွေရှာကြသည်။ထိုမှရသောငွေကို ဖေ၊ ပု၊ ရှိန် ဘိလပ်သွားကုန်ကျစရိတ်အတွက် ထောက်ပံ့လှူဒါန်းကြသည်။ ဖေ၊ ပု၊ ရှိန် တို့ကို သဘောင်္ဆိပ်သို့လိုက်ပို့ကာပန်းစည်းများ ဆက်၍ ဂုဏ်ပြုကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုရအောင်တောင်းခဲ့ပါရန်မှာ ကြားခြင်း၊ရစေကြောင်း ဆုတောင်းခြင်း ပြုကြသည်။

မြန်မာအမျိုးသမီးများ တိုင်းချစ်ပြည်ချစ်စိတ်ရှိလျှင် သားသမီးများ ကိုလည်း မိခင်က ထိုစိတ်ဓာတ်သွင်းပေးမည်။ ထိုစိတ်ဓာတ်ပေါ်ပေါက်စေရန် အသင်းအပင်းစိတ်ဓာတ်သာလျှင် အခြေခံဖြစ်သည်ဟု ယူဆကြသောမြန်မာအမျိုးသမီးများ သည် အမြို့မြို့အနယ်နယ်၌ အသင်းခွဲများ ပေါ်ပေါက်လာစေရန် ကြိုးပမ်းကြသည်။

မြန်မာ့ကုမ္မာရီအသင်းနောက် ပေါ်ပေါက်လာသောအသင်းမှာ ၁၉၁၉ ခု၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော ဒါနသုခမိမ အသင်း သို့မဟုတ် ၀ံဿနုကုမ္မာရီအသင်းဖြစ်သည်။

ဤအသင်းသည်လည်း ထင်ရှားသော အသင်းတခုဖြစ်သည်။ ဘာသာရေးကို အဓိကထား၍ ဖွဲ့စည်းသည် ဆိုသော်လည်း ၀ံဿနုစိတ်ဓာတ်၊ နိုင်ငံရေးစိတ်ဓာတ်များ တက်ကြွလာပြီး နိုင်ငံရေး၌ အထူးပါဝင်စွက်ဖက်လှုပ်ရှားခဲ့သောအသင်းဖြစ်သည်။ ဤအသင်းကို ၀ံဿနု ကုမ္မာရီအသင်းဟုလည်း ခေါ်ကြသည်။ ရန်ကုန်မြို့ပေါ်၌ ၀ံဿနုကုမ္မာရီအသင်းခွဲ ကိုးခုရှိသည်။ ပထမယူနီယံ၊ ဒုတိယယူနီယံ စသည်ဖြင့် အစဉ်လိုက်မှည့်ခေါ်ထားကြသည်။အသင်း၏ ဥက္ကဌမှာ မော်တင်ဈေးမှ ဒေါ်ကြင်မှိန် (ဒေါ်ကြင်အိမ်) ဖြစ်ပြီး ပင်လုံဒေါ်နုယဉ်၏ မိခင်ဖြစ်သည်။ အကျိုးဆောင်မှာ ဒေါ်လှခင်ဖြစ်သည်။ အဆိုပါ အသင်းတွင် သိမ်ကြီးဈေးမှ ဒေါ်မေကြီးတို့လည်း ပါဝင်ဆောင်ရွက်သည်။ဒေါ်ကြင်မှိန်ကွယ်လွန်သောအခါ ယက်ကန်းဒေါ်မမကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ဒါနသုခအသင်းသည် ၀ိုင်အမ်ဘီအေအသင်းကြီးနှင့် ဆက်သွယ်သောအခါ ၀ံဿနုကုမ္မာရီအသင်း (Young Women Buddhist Association – YWBA)ဟုပြောင်းလဲခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဤအသင်းနှင့်အလားတူ ဒေါ်သက်စု၊ ဒေါ်သက်ပုတို့ကြီးမှူးသော ကြည့်မြင်တိုင် မြန်မာအမျိုးသမီးအသင်း၊ ဒေါ်သိန်းမြက ဥက္ကဌ၊ ဒေါ်စောမယ်နှင့် ဒေါ်စီတို့က အတွင်းရေးမှူးအဖြစ်ဦးဆောင်သော ပုဇွန်တောင် ဗုဒ္ဓဘာသာကလျာဏကုမ္မာရီအသင်း၊ သိမ်ကြီးဈေးမှ ဒေါ်ဝင်းကြီးမှူးသော မြန်မာ့ဟိတအမျိုးသမီးအသင်း၊ ဗိုလ်တထောင် အမျိုးသမီးအသင်း စသည်ဖြင့် ရန်ကုန်မြို့ရပ်ကွက်အနှံ့အပြားတွင် အသင်းပေါင်းများ စွာ ဖွဲ့စည်းခဲ့ကြသည်။

ရန်ကုန်မြို့ထဲတွင်သာမက တစ်နိုင်ငံလုံးတွင်ပင် ကုမ္မာရီအမျိုးသမီးအသင်းများ ဖွဲ့စည်းကြရာ ထိုအသင်းအဖွဲ့အားလုံးသည် အမည်အားဖြင့်သာကွဲပြားကြသော်လည်း တမျိုးသားလုံးအရေးနှင့် နိုင်ငံရေးကိုဝံဿနုစိတ်ဓာတ်အပြည့်ဖြင့်ဆောင်ရွက်ကြရာ၌ မူ တစိတ်တည်း၊ တ၀မ်းတည်း တက်ညီလက်ညီ ဆောင်ရွက်ကြသည်။

ကုမ္မာရီအသင်းများ သည် ၀ိုင်အမ်ဘီအေနှင့် ဂျီစီဘီအေ နှစ်လည်ညီလာခံများ သို့ ကိုယ်စားလှယ်များ စေလွှတ်၍ နိုင်ငံအကျိုးပြုနှင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့်ပတ်သက်သည့်အဆိုများ တင်သွင်းခြင်း၊ ထောက်ပံ့ခြင်းများ ပြုလုပ်သည့်နည်းဖြင့် နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ကုမ္မာရီအသင်းသူများ ၏ အထူးဆောင်ရွက်ချက်မှာ အင်္ဂလိပ်လုပ်ပစ္စည်းနှင့် အသုံးအဆာင်များ ၀ယ်ယူအသုံးမပြုရေးနှင့် တိုင်းရင်းဖြစ်အားပေးရေးတို့ဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းရင်းဖြစ် ပင်နီချောနှင့် ယောထမီများ ခေတ်စားခဲ့သည်။ အမျိုးချစ်သူတို့၏ ၀တ်စားဆင်ယင်မှု အဖြစ် ထင်ရှားခဲ့သည်။ဤနည်းဖြင့်တဖက်တလမ်းမှ မျိုးချစ်စိတ်ဓာတ်ကို နှိုးဆွပေးခဲ့သည်။ ဗြိတိသျှတို့၏ တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ရာမှ ပေါ်ပေါက်လာခဲ့သော ပထမ ကျောင်းသားသပိတ်တွင်လည်း ကုမ္မာရီအသင်းအဖွဲ့များ သည် နောက်ပိုင်းမှလိုအပ်သောအကူအညီများ ကိုပေး၍ ကျောင်းသားသပိတ်ကြီးကို ထောက်ခံအားပေးခဲ့ကြသည်။

ထို့နောက် ဒိုင်အာခီကို အကြောင်းပြု၍ ဂျီစီဘီအေအသင်းကြီး နှစ်ခြမ်းကွဲသောအခါ အများ စုက ဒိုင်အာခီကို သပိတ်မှော က်သောဂျီစီဘီအေဘက်မှအားပေးထောက်ခံခဲ့ကြသည်။

၁၉၂၃ ခုနှစ်တွင် နယ်ချဲ့အစိုးရသည် တနိုင်ငံလုံး ပိုက်စိပ်တိုက်၍ လူခွန်၊ လယ်ခွန်စသည်ဖြင့် ကောက်ခံခဲ့သော ဗြိတိသျှအစိုးရ၏ အခွန်တော်တိုးစေမည့်အင်းလေလံ၊ အရက်ဆိုင်လေလံ၊ သားသတ်ရုံလေလံများ ကို ဟင်္သာတနယ်မှ ၀ံသာနုအသင်းသူ၊ အသင်းသားများ က လုံးဝလိုင်စင်မယူဘဲ သပိတ်မှော က်ခဲ့ကြသည်။ ထိုအသင်းသူ၊ အသင်းသားများ အား “ဘူး” အသင်းဝင်များ ဟု ခေါ်ခဲ့ကြသည်။ အမျိုးသမီးများ သည် ၀ံသာနုကုမ္မာရီများ ဟူသောအမည်နာမပေါ်တွင်ထပ်ဆင့်၍ ဘူးအသင်းသူများ အဖြစ် ခံယူကြပြန်သည်။ ဘူးအသင်းများ သည် ထားဝယ်၊ ဟင်္သာတ၊ ပြည်၊ သရက်၊ သာယာဝတီ စသည့်ခရိုင်များ ၌ အင်အားအကောင်းဆုံးဖြစ်သည်။

၁၉၂၃ခုနှစ်အတွင်း ဘူးအသင်းဝင်တို့၏ လှုပ်ရှားမှု အင်အားကြီးမားလာသည်နှင့်အမျှဗြိတိသျှနယ်ချဲ့လက်ပါးစေတို့ကလည်း ပိုမိုကြမ်းတမ်းစွာ နှိပ်ကွပ်လာကြသည်။ ထိုအရေးအခင်းများ နှင့် ပတ်သက်သော ၁၉၂၃ ခုနှစ်၊ဧပြီလ ၂၂ ရက်တွင် ပြည်မြို့၊ စီရင်စု ၀ံသာနုအသင်းချုပ် အထူးကွန်ဖရင့် အစည်းအဝေးတရပ်ကျင်းပသည်။ ထိုအစည်းအဝေးကြီးသို့ ပရိတ်သတ် ၅၀၀၀ ကျော်တက်ရောက်ရာ အမျိုးသမီး ၅၀၀ ခန့် ပါဝင်သည်။

သို့ကလို ဘူးအသင်းဝင်များ အား နှိပ်ကွပ်မှု များ ကို ရှုတ်ချပြစ်တင်သည့် အစည်းအဝေးပွဲများ ကျင်းပကြသောအခါ ဗြိတိသျှအစိုးရသည် ၁၉၂၃ ခု၊ သြဂုတ်လ ၂၇ ရက်နေ့တွင် ဘူးအသင်းများ အား မတရားအသင်းကြေညာလိုက်သည်။

ဝံသာနုအသင်းများ မတရားသင်းကြေညာခံရချိန်တွင်ဂျီစီဘီအေ အသင်းချုပ်ကြီး၏ (၁၁) ကြိမ်မြောက် ညီလာခံကို ၁၉၂၃ ခု၊ မေလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ပေါင်းတည်မြို့၌ ကျင်းပရာ ပေါင်းတည်ညီလာခံ၏ ထူးခြားချက်မှာ အမျိုးသမီးကိုယ်စားလှယ်များ က အင်္ဂလိပ်တို့ကို မုန်းတီးကြသောကြောင့် “လိပ်” ဟူသောစကားကိုပင် မကြားလို၊ လိပ်ခွံဘီးကိုပင် ခေါင်းပေါ်တွင် မတင်လိုဟုဆိုကာ လိပ်ခွံဘီးများ ကိုချိုးပစ်ခြင်း၊ နိုင်ငံခြားကုန်ပစ္စည်းများ ကိုမီးရှို့ပစ်ခြင်းဖြင့် နယ်ချဲ့ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

ယင်းသို့ နယ်ချဲ့တို့က အမျိုးမျိုးနှိပ်ကွပ်နေသည့်ကြားမှပင် အမျိုးသမီးကုမ္မာရီအသင်းများ ကို တိုးချဲ့ဖွဲ့စည်းခဲ့ကြသည်။ ပြည်မြို့မှ ကုမ္မာရီအသင်းသူ မသိန်းတင်၊ မယုခင်၊ မစောရင်၊ မစောခင်၊ မဖွားခင်တို့သည်ဝံသာနုတရားပွဲ၌ ဗြိတိသျှတို့ကို ပိုမိုဆန့်ကျင်ဟောပြောကြသည်။

ယငိးသို့ဟောပြောမှု ကြောင့်ဗြိတိသျှလက်ပါးစေပုလိပ်များ ကအာဏာဖီဆန်သည်ဟုဆိုကာရာဇ၀တ်ပြင်ဆင်ချက်အက်ဥပဒေပုဒ်မ (၁၇) အရ မသိန်းတင်နှင့် အပေါင်းအပါလေးဦးကို ဖမ်းဆီး၍ ရုံးတင်တရားစွဲခဲ့သည်။မသိန်းတင် (၁၉) နှစ်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁နှစ်ခွဲ၊ ရွာဘဲရပ်အသင်းမှမယုခင် (၂၀) နှစ်၊ မစောရင် (၂၁) နှစ်၊ မစောခင် (၁၈) နှစ်နှင့် မဖွားခင်တို့အား ထောင်ဒဏ် ၁ နှစ်နှင့် ၄ လ အသီးသီးချမှတ်ခဲ့ကြသည်။ သို့သော် သံဃာ့သမဂ္ဂီနှင့်ဂျီစီဘီအေ အသင်းချုပ်ကြီး၏ ကြိုးပမ်းမှု ကြောင့် ၅ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့ကြသည်။ ပြည်မြို့မှဤအမျိုးသမီးငါးဦးကားမြန်မာ့သမိုင်းတွင်နိုင်ငံရေးကြောင့်ပထမဆုံးထောင်ကျခဲ့သော ပထမဆုံး အမျိုးသမီးများ အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

မသိန်းတင်နှင့် အမျိုးသမီးများ ထောင်ကျခံရခြင်းသည် ၀ံသာနုအမျိုးသမီးလောကကိုသာမက မြန်မာ့နိုင်ငံရေးလောကကိုပါတုန်လှုပ်သွားစေသည်။ ယင်းတို့အား စံနမူနာပြုကာ အမျိုးသမီးတို့၏ နိုင်ငံရေးလှုပ်ရှားမှု အရှိန်မှာ ပိုမိုပြင်းထန်လာသည်။

မြို့နယ်ကျေးလက်ဒေသများ မှာ အမျိုးသမီးတို့က ဂျီစီဘီအေ အသင်းကြီး၏ ခေါင်းဆောင်မှု ဖြင့် စွမ်းအားရှိသမျှ ဗြိတိသျှအစိုးရကို ဆန့်ကျင်တော်လှန်နေကြချိန်၌ ပညာတတ်အမျိုးသမီးအချို့က ဗြိတိသျှတို့ကိုကလောင်ဖြင့် စတင်တော်လှန်တိုက်ခိုက်ကြသည်။

၁၉၂၃ ခုနှစ်တွင် သုံးဆယ်မြို့မှ မဖွားရှင်သည် သာယာဝတီသတင်းစာ (The Tharawaddy Records) ကို တည်ထောင်ကာ ယင်းသတင်းစာ ခေါင်းကြီးပိုင်းမှနေ၍ ဗြိတိသျှအစိုးရကို ကလောင်အမျိုးမျိုးဖြင့် တိုက်ခဲ့သည်။မဖွားရှင်ကဲ့သို့ ဗြိတိသျှတို့ကို ကလောင်ဖြင့်တော်လှန်ခဲ့သော အခြားအမျိုးသမီး သတင်းစာဆရာမ တဦးမှာ မစန်းယုံ ခေါ် မစန်း (အင်ဒီပန်းဒင့်ဒေါ်စန်း) ဖြစ်သည်။

ကိုယ့်မင်းကိုယ့်ချင်းဘ၀တွင်နေခဲ့ကြရစဉ်က တိုင်းပြည်အုပ်ချုပ်သည့် မင်းနေရာကိုပင် ရယူနိုင်ခဲ့ကြသော မြန်မာအမျိုးသမီးတို့သည် ကိုလိုနီကျွန်ဘ၀၌ အမျိုးမျိုးချိုးနှိမ်ခံထားရသည်ကို မကျေမချမ်းဖြစ်ခဲ့သောကြောင့်ဥပဒေပြုလွှတ်တော်၌ အမတ်အဖြစ် ပါဝင်အရွေးခံနိုင်ခွင့်၊ မဲပေးခွင့်ရှိရေးတို့ကို မမြစိန် (နောင်အမ်အေဒေါ် မြစိန်)၊ မသန်းတင် (လေဒီပေါ်ထွန်း)၊ မစန်း (အင်ဒီပန်းဒင့် ဒေါ်စန်း) အစရှိသော အမျိုးသမီးများ ဦးဆောင်၍ အမျိုးသမီးထုသည်ဥပဒေပြုလွှတ်တော်သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

အမျိုးသမီးများ ၏ ကြိုးပမ်းဆောင်ရွက်မှု ကြောင့် ၁၉၁၉ မြန်မာနိုင်ငံ၏ ပထမဆုံးဥပဒေပြုလွှတ်တော်၏ အမျိုးသမီးအမတ်အဖြစ် မော်လမြိုင်မြို့မှ မနှင်းမြ (ဂျီစီဘီအေ ဥက္ကဌ ဦးချစ်လှိုင်၏ နှမ) အရွေးခံရသည်။

ထို့နောက် ၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဘုရင်ခံ၏ အိမ်တော်၌ မြန်မာအမျိုးသမီးကုမ္မာရီအသင်း၊ မြန်မာ့ဟိတမိန်းမများ အသင်း၊ မြန်မာပြည်မိန်းကလေးကယ်ဆယ်ရေးအသင်းနှင့် ကုမ္မာရီ အခလွတ်ယက်ကန်းကျောင်းတို့၏ ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်မြမေ၊ ဒေါက်တာဒေါ်စောဆ၊ ဒေါ်ဆယ်၊ ဒေါ်သိန်း၊ ဒေါ်မိမိကြီး၊ ဒေါ်လှတင်တို့သည် ဘုရင်ခံနှင့် တွေ့ဆုံ၍ အမျိုးသမီးများ နှင့် ပတ်သက်သောအချက် ၁၃ ချက်တင်ပြတောင်းဆိုခဲ့သည်။

အဆိုပါအချက်များ ၌ အမျိုးသမီးများ သည် အမျိုးသားများ နှင့်အတူ တန်းတူအခွင့်အရေးပေးရေး၊ ဒေသန္တရအဖွဲ့များ ၏ ဥပဒေပြုအဖွဲ့များ တွင် အမျိုးသမီးများ ၀င်ရောက်ခွင့်ပေးရေး၊ မြန်မာပြည်အတွက်သီးခြားကျင်းပသော မျက်နှာစုံညီအစည်းအဝေးသို့ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ခွင့်ရရှိရေး စသည့်အချက်များ ပါဝင်ခဲ့သည်။

ဤသို့ဖြင့် ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ၂၇ ရက် လန်ဒန်မြို့၊ အထက်လွှတ်တော်၌ ကျင်းပခဲ့သော ဒုတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးသို့မြန်မာအမျိုးသမီးကိုယ်စားလှယ်အမ်အေဒေါ်မြစိန်(နောင်သမိုင်းပညာရှင်)တက်ရောက်ဆွေးနွေးခွင့်ရခဲ့သည်။

ထို့ပြင် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂ တွင် ရန်ကုန်မြို့ မြူနီစီပယ်ကော်ပိုရေးရှင်းတွင် ဒေါက်တာဒေါ်စောဆ (၁၈၈၄-၁၉၆၂) သည် ကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှော က်ခံခဲ့ရသည့်အတွက်မြန်မာနိုင်ငံတွင်အမျိုးသမီးများ ထဲမှ ပထမဆုံးမြူနီစီပယ်လူကြီးဖြစ်လာသည်။ ဒေါက်တာဒေါ်စောဆသည် အိန္ဒိယပြည်နှင့် မြန်မာပြည်အားခွဲခြားပြီးနောက်မည်သို့သောအုပ်ချုပ်ရေးမျိုးပေးသင့်သည်ကိုဆွေးနွေးရန်တတိယမျက်နှာစုံညီအစည်းအဝေးကျင်းပပြန်ရာအမျိုးသမီးကိုယ်စားလှယ်တော်အဖြစ် ဒေါက်တာဒေါ်စောဆအားရွေးချယ်၍ စေလွှတ်ခဲ့သည်။ ထို့ပြင် ဒေါက်တာဒေါ်စောဆသည် ၁၉၃၇၊ မတ်လ ၁၃ ရက် မြန်မာနိုင်ငံစီရင်စု အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး)အရပထမဆုံးအကြိမ်ပြုလုပ်ခဲ့သောဥပဒေပြုကောင်စီအထက်လွှတ်တော်၌ ပထမဆုံးအမျိုးသမီးအထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။

မြန်မာအမျိုးသမီးများ ထဲမှ ပထမဆုံး မင်းတိုင်ပင်အမတ်အဖြစ် ၁၉၃၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ရွေးချယ်ခံရသူမှာ ဒေါ်နှင်းမြ (မော်လမြိုင်) ဖြစ်သည်။ ၉၁ ဌာနအုပ်ချုပ်ရေးခေတ်၌ အမျိုးသမီးအမတ်အဖြစ်ရွေးချယ်ခံရသူများ မှာ ဒေါ်အမာနှင့် ဒေါ်မမခင် (ဦးထွန်းညို၏ ဇနီး) တို့ဖြစ်သည်။

ထိုစဉ်အတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုနုသည်“မျိုးချစ်စိတ်ရှိသော တက္ကသိုလ်ကျောင်းသားများ အား အစိုးရက နှိမ်နင်းမည်” ဟူ၍ ဟောပြောမိသောကြောင့်လည်းကောင်း၊ အိုးဝေမဂ္ဂဇင်း(တွဲ ၅၊ အမှတ် ၁ တွင် ယမမင်း (အိုးဝေဦးညိုမြ) ရေးသားသည့် “ငရဲခွေးကြီးလွတ်နေပြီ” ဟူသောခေါင်းစဉ်ဖြင့်) တက္ကသိုလ်အာဏာပိုင်များ အား ထိခိုက်ရေးသားသည့်ဆောင်းပါးရှင်၏ အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသောကြောင့်လည်းကောင်းကိုနုနှင့် ကိုအောင်ဆန်းတို့ကို တက္ကသိုလ်က ထုတ်ပယ်ခဲ့သောကြောင့် ၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ ကျောင်းသားသပိတ်တွင် မခင်မြ(ဒေါက်တာဒေါ်ခင်မြ၊ ယခု တက္ကသိုလ်)၊ မမကြီး (မြူမင်းကြီးဟောင်း ဦးထွန်းအုံ၏ ဇနီး)၊ မအမာ (လူထု ဒေါ်အမာ)၊ မအုန်း (အယ်အေမအုန်း)၊ မသိန်းကြည် (ဟင်္သာတအလက ကျောင်းအုပ်)၊ မခင်ခင် (ပဲခူး)၊ မရီရီ (မဟာဝိဇ္ဇာ)၊ မစောညွန့် (သထုံ)၊ မသန်းစိန် (မလစ ဒေါ်သန်းစိန်)၊ မငဲကြူ (ကျော် ဗန်းမော်)၊ မဧချစ်စိန် (ဖျာပုံ)၊ မစိုးမြင့် (ပုသိမ်လဲ့လဲ့ဝင်း-ယုဒသန်ကောလိပ်)၊ မအုန်းတင့် (ယုဒသန်ကောလိပ်)စသော ကျောင်းသူ ၃၀ ခန့်ဦးဆောင်သပိတ်မှော က်ဆန္ဒပြခဲ့ကြသည်။

၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံကြီးတွင်လည်း ချောက်မြို့မှ သခင်မ ဒေါ်ဆယ်၊ ဒေါ်သန်၊ မညို၊ မအေး၊ မဂျမ်း၊ မမြင့်၊ မစု၊ မအေးခင်၊ မသန်းစိန်၊ မသန်းရင် စသည့် အမျိုးသမီးများ ခေါင်းဆောင်ကာ အမျိုးသမီး ၁၅၀ ခန့် သပိတ်တားခဲ့ကြသည်။ ရေနံချောင်း ဘီအိုစီရုံးချုပ်ကြီး၌ သပိတ်တားရာတွင် သခင်မကြီး ဒေါ်ဆယ်အမှူးပြု၍ ဒေါ်ပု၊ ဒေါ်ပြန့်၊ ဒေါ်ကျော့ရင်၊ ဒေါ်သိန်းရင်၊ ဒေါ်ဖွားစိန်၊ ဒေါ်ညွန့်ညွန့်၊ ဒေါ်တင်ရွှေ၊ ဒေါ်ငယ်၊ ဒေါ်လေး၊ ဒေါ်မြင့်မြင့်၊ ဒေါ်နန်းစိန်၊မမြတင်စသည့် အမျိုးသမီးများ ဦးစီးကာ အမျိုးသမီး ၂၀၀ ခန့် သပိတ်တားခဲ့ကြသည်။ ရေနံမြေသပိတ်တွင် သပိတ်တားအမျိုးသမီးများ ကို ၀ါရင်းတုတ်ဖြင့် ၀င်ရောက်ရိုက်နှက်ကာ ဆံပင်ဆွဲ၊ လက်ဆွဲပြီး အတင်းတွန်းထိုးခြင်းခံရပြီးထောင်ဒဏ်အပြစ်ပေးခံခဲ့ရသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလအတွင်း ၁၉၃၉ ဇန်န၀ါရီလ၂၉ရက်နေ့တွင်ရွှေတိဂုံအလယ်ပစ္စယံ၌ အမျိုးသမီးထုအစည်းအဝေးကျင်းပ၍ ဖွဲ့စည်းခဲ့သောအမျိုးသမီးအဖွဲ့မှာ ဗမာပြည်လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ဖြစ်သည်။အဆိုပါအဖွဲ့ချုပ်သည်၉၁ဌာန အုပ်ချုပ်ရေးဆန့်ကျင်ရေး၊ ညွန့်ပေါင်းအစိုးရဖြုတ်ချရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာ့လွတ်လပ်ရေးတွင် အမျိုးသမီးထုပါဝင်ရေး စသည့်ရည်ရွယ်ချက်များ ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ချုပ်ဥက္ကဌမှာ ဒေါ်လှမေ (ဒီးဒုတ်ဦးဘချို၏ ဇနီး) ဖြစ်ပြီး အတွင်းရေးမှူးမှာ မခင်မြ (ခင်မျိုးချစ်) ဖြစ်သည်။

ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးဖွဲ့စည်းသောအခါ ဌာနချုပ်၏ ပထမဆုံးအတွင်းရေးမှူးမှာ မသန်းလှ (ပါဠိဒေါ်သန်းလှ) ဖြစ်ပြီး အမျိုးသမီး ကာယဗလမှူးမှာ မမြမြတို့ဖြစ်ကြသည်။ နောင်တွင် မအုန်း (အမ်အေ မအုန်း)၊မသင်းကြည်(ပထ၀ီပါမောက္ခဒေါ်သင်းကြည်)၊ မရီကြိန်၊ မသန်းစိန်၊ ဒေါ်လှကြည် စသည့်အမျိုးသမီးများ က တာဝန်ယူခဲ့ကြသည်။

ဖက်ဆစ်တော်လှန်ရေးကာလ၌ စစ်ဝန်ကြီးနှင့် သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ပေးခဲ့သော အမျိုးသမီးတပ်ဖွဲ့တွင်လည်း အမျိုးသမီးများ မြောက်များ စွာ ပါဝင်၍ စစ်ရေးတာဝန်များ ထမ်းရွက်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးအပြီး ကန္နီစာချုပ်အရ ဗမာ့မျိုးချစ်တပ်မတော်ကို မြန်မာနိုင်ငံတပ်မတော်နှင့် ပူးပေါင်းဖွဲ့စည်းလိုက်သောအခါအမျိုးသမီးတပ်ဖွဲ့၏ အခန်းကဏ္ဍမှာ ချုပ်ငြိမ်းခဲ့ရပေသည်။၁၉၄၅စက်တင်ဘာလတွင်ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှု ၌ ပါဝင်ခဲ့သောအမျိုးသမီးတစုနှင့်လူမှု ရေးလုပ်ငန်းများ ၌ စိတ်ပါဝင်စားသူအမျိုးသမီးတစုတို့ပူးပေါင်းကာ “ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်” ကိုဖွဲ့စည်းခဲ့ကြသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်၏ ဥက္ကဌမှာ ဒေါ်ခင်ခင်ကြီး (သခင်သန်းထွန်း၏ ဇနီး) ဖြစ်ပြီး ဒုတိယဥက္ကဌမှာ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး) နှင့် ဒေါ်ခင်ကြီး (သခင်ဗဟိန်း၏ ဇနီး)တို့ဖြစ်ကြသည်။အတွင်းရေးမှူးမှာ ဒေါ်ခင်ကြည်ကြည် (သိန်းဖေမြင့်၏ ဇနီး) ဖြစ်သည်။ အမှု ဆောင်များ မှာ လေဒီမြဘူး (ဆာမြဘူး၏ ဇနီး)၊ ဒေါ်သန်းခင် (ဂဠုန်ဦးစော၏ ဇနီး)၊ လေဒီပေါ်ထွန်း (ဆာပေါ်ထွန်း၏ ဇနီး)၊ ဒေါ်စောရွှေ (အမတ်ဟောင်း)၊ဒေါ်မမ (ပညာအုပ်)၊ မစောချစ်၊ မခင်ရီ၊ မစံကျော့ခိုင်၊မနှင်းဆီ (ခ) ဒေါ်ရီရီ၊ မအုံးခင်၊ မစောမြ စသည်တို့ဖြစ်သည်။ ယင်းအဖွဲ့တွင် ရန်ကုန်မြို့ပေါ်ရှိ အစိုးရအဖွဲ့ဝင်လူကြီးများ ၊ အရာရှိကြီးများ ၏ ဇနီးများ နှင့် နိုင်ငံရေးအစဉ်အလာရှိသောအမျိုးသမီးများ ၊ ဗြိတိသျှနယ်ချဲ့စနစ်ကို တွန်းလှန်ခဲ့သော အမျိုးသမီးများ အများ စုပါဝင်နေသည်ကိုတွေ့ရသည်။

ထို့နောက် ၁၉၄၆ ခု၊ ဇူလိုင်လ ၈ မှ ၉ ရက်အတွင်း ရွှေတိဂုံစေတီတော်အလယ်ပစ္စယံရှိ ဒိုက်ဦးဇရပ်တွင် အမျိုးသမီးညီလာခံတရပ်ကျင်းပ၍ ဗမာပြည်ကွန်မြူနစ်ပါတီကဦးဆောင်ဖွဲ့စည်းပေးခဲ့သောအမျိုးသမီးအဖွဲ့အစည်းတရပ်မှာ ဗမာနိုင်ငံအမျိုးသမီးကွန်ဂရက်ဖြစ်သည်။ ယင်းအဖွဲ့၏ ဥက္ကဌမှာ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး) ဖြစ်ပြီး ဒုဥက္ကဌမှာ ဒေါ်ခင်ကြီး (သခင်ဗဟိန်း၏ ဇနီး) ဖြစ်သည်။ အတွင်းရေးမှူးမှာ ဒေါ်ခင်ခင်ကြည်(သိန်းဖေမြင့်၏ ဇနီး)၊ တွဲ ဖက်အတွင်းရေးမှူးမှာ ဒေါ်ခင်အုံးရင်ဖြစ်သည်။ အမှု ဆောင်များ မှာ မစောချစ်၊ မခင်ရီ၊ မနှင်းဆီ၊ မကြိုင်ကြိုင်၊ မသန်းနိုင် (သာယာဝတီ)၊ မမြင့်မြင့် (ဟင်္သာတ)၊ မမြသန်း၊ မတင်တင်၊ ခင်ရီအောင် (တောင်ငူ)၊ ခင်မျိုးညွန့်၊မမြသောင်း၊ မလှခင် (ဖျာပုံ) တို့ဖြစ်သည်။

၁၉၄၇ခု၊ဇန်န၀ါရီလအတွင်း၌ ပြန့်ကျဲနေသောအမျိုးသမီးအင်အားစုများ ကိုစုစည်း၍ ညီညွတ်စွာ လွတ်လပ်ရေးတိုက်ပွဲဝင်ရန်အတွက်ဖဆပလမှ သခင်နုဦးဆောင်၍ ဗမာပြည်လွတ်လပ်ရေးအမျိုးသမီးအစည်းအရုံးကိုဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့ကို အတိုကောက် “ဗလမစ” ဟု ခေါ်ဝေါ်ကြသည်။ အဖွဲ့ဥက္ကဌမှာ ဒေါ်ခင်လှဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ဒေါ်စန်းဖြစ်သည်။ စုစုပေါင်းအမှု ဆောင်ဦးရေ (၂၀) ပါဝင်သည်။

ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် ၁၉၅၉ ခုနှစ်တွင် သန့်ရှင်းဖဆပလအဖွဲ့ဝင် အမျိုးသမီးများ သည် ပြည်ထောင်စုအမျိုးသမီးအဖွဲ့ကို ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ် ၈ ၌ စတင်တည်ထောင်ခဲ့သည်။ပြည်ထောင်စုအမျိုးသမီးအဖွဲ့ဝင် အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း လုံမငယ်များ ပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုလူငယ်အမျိုးသမီးအဖွဲ့လည်း သီးခြားပါဝင်ခဲ့သည်။ ယင်းအဖွဲ့၏ ဥက္ကဌမှာ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး )ဖြစ်ပြီးအတွင်းရေးမှူးမှာ ဒေါ်ဧကြင် (တာမွေ) ဖြစ်သည်။ စုစုပေါင်း အမှူဆောင်အဖွဲ့ဝင်ပေါင်း (၂၃) ဦးပါဝင်သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော စစ်တပ်မှ အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ၁၉၆၄ ခု၊ မတ်လ ၂၈ ရက်တွင် ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေပြဌာန်းခဲ့သောကြောင့်မြန်မာနိုင်ငံတွင်တရားဝင်ရပ်တည်လျက်ရှိသောအသင်းအပင်းအဖွဲ့အစည်းများ အားလုံးဖျက်သိမ်းခံခဲ့ရသည့်အတွက်အမျိုးသမီးအဖွဲ့အစည်းများ လည်း ကွယ်ပျောက်သွားခဲ့ရလေသည်။

ထို့နောက် မြန်မာနိုင်ငံတွင် သမိုင်းဝင်ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ်မှ လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်း၍ အာဏာသိမ်းယူလိုက်ပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသောအမျိုးသမီးများ သည် ထိုင်း-မြန်မာနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ကာ ၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်နေ့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women’s Union- BWU)ကိုဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှအမျိုးသမီးများ ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ဒုက္ခသည်စခန်းနှင့် အိမ်နီးချင်းနိုင်ငံများ တွင် လာရောက်နေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံမှ အမျိုးသမီးများ ၏ အမျိုးသမီးအခွင့်အရေးနှင့်ဒီမိုကရေစီအပေါ်လက်ခံကျင့်သုံးမှု အတွေးအမြင်ကျယ်ပြန့်လာစေရန်နှင့်အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ကိုမိမိတို့ကိုယ်ပိုင်စွမ်းအားဖြင့်ဖြည့်ဆည်းနိုင်ရန်စသည့်ရည်ရွယ်ချက်များ ဖြင့်ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းစက မိဆူးပွင့်၊ မအေးအေးလွင်၊ မစန်းစန်းချို၊ နော်လေးဒီအပါအ၀င် အမျိုးသမီး (၇) ဦးပါဝင်သည့် စည်းရုံးရေးကော်မတီတခုဖွဲ့စည်းပြီး စတင်လှုပ်ရှားခဲ့ကြသည်။ ၁၉၉၈ ခု၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင်မြန်မာအမျိုးသမီးသမဂ္ဂ၏ ပထမဆုံးအကြိမ်ညီလာခံကို ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကျင်းပ၍ အမျိုးသမီး (၇) ဦးပါ ဗဟိုအလုပ်အမှု ဆောင်ကော်မတီကို ဇန်န၀ါရီလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ပထမအကြိမ်ညီလာခံမှ ဖွဲ့စည်းလိုက်သည့်မြန်မာအမျိုးသမီးသမဂ္ဂ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များ မှာ -

(၁) ဥက္ကဌ - မိဆူးပွင့်
(၂) အတွင်းရေးမှူး - မနန်းယဉ်
(၃) တွဲ ဖက်အတွင်းရေးမှူး - မစန်းစန်းချို
(၄) အမှု ဆောင်အဖွဲ့ဝင် - နော်လေးဒီ
(၅) ။ - မအေးအေးခိုင်
(၆) ။ - မအေးအေးမာ
(၇) ။ - မလွင်လွင်ဦး
တို့ဖြစ်ကြသည်။

၂၀၁၁ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော (၆) ကြိမ်မြောက် မြန်မာ့ အမျိုးသမီးသမဂ္ဂညီလာခံ၌ ပြန်လည်ဖွဲ့စည်းခဲ့သော အမှု ဆောင်အဖွဲ့ဝင်များ မှာ -

(၁) နော်လေးဒီ - ဥက္ကဌ
(၂) တင်တင်နွယ် - အထွေထွေအတွင်းရေးမှူး
(၃) နိုးနိုးထက်စံ - တွဲ ဖက်အထွေထွေအတွင်းရေးမှူး
(၄) မိဆူးပွင့် - ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်
(၅) နန်းယဉ် - ။
(၆) တင်တင်ညို - ။
(၇) သွယ်ဇင်တိုး - ။
(၈) သီတာခိုင် - ။
(၉) လွမ်းညွယ် - ။
စသည်တို့ဖြစ်ကြသည်။

ပထမအကြိမ် မြန်မာအမျိုးသမီးသမဂ္ဂညီလာခံပြီးသည့်နောက် ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ တွင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ၌ ပြည်ပရောက် မြန်မာအမျိုးသမီးများ အစည်းအဝေးကို ထပ်မံခေါ်ယူခဲ့ပြီးမြန်မာအမျိုးသမီးသမဂ္ဂ၏ ညီလာခံထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားကြခဲ့ရာ မြန်မာအမျိုးသမီးသမဂ္ဂ၏ သဘောထားအဖြစ် “စစ်အာဏာရှင်စနစ်တည်ရှိနေသရွေ့လူ့အခွင့်အရေးမရှိနိုင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမရှိသောနိုင်ငံတွင်အမျိုးသမီးအခွင့်အရေးဆိုသည်မှာ မျှော်မှန်း၍ ပင်ရနိုင်မည်မဟုတ်ကြောင်း သမဂ္ဂမှ လေးနက်စွာ ခံယူပါသည်” ဟူ၍ ဖော်ပြခဲ့သည်။

အမျိုးသမီးသမဂ္ဂသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခန်းကဏ္ဍများ တွင် အမျိုးသမီးများ ၏ ကာယ၊ ဥာဏစွမ်းအားများ ဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊နိုင်ငံတကာစံချိန်စံညွှန်းများ အရ အသိအမှတ်ပြုထားသော အမျိုးသမီးများ ၏ လူ့အခွင့်အရေးများ နှင့် လိင်ကွဲပြားမှု အပေါ်ခွဲခြားဆက်ဆံမှု မရှိသော တန်းတူရေးလက်ခံကျင့်သုံးမှု ၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပြန့်ပွားလာစေရေး၊ အနာဂတ်တွင် တည်ငြိမ်အေးချမ်း၍ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာပေါ်ထွန်းလာရန် အမျိုးသမီးများ ၏ အတွေးအခေါ်နှင့် စွမ်းအားကို အပြည့်အ၀အသုံးပြုနိုင်ရေး စသည့်ဦးတည်ချက်များ ချမှတ်လုပ်ဆောင်ခဲ့သည့် မြန်မာအမျိုးသမီးသမဂ္ဂသည် ဒီမိုကရေစီအင်အားစုဝင် အခြားသော ပြည်တွင်း၊ ပြည်ပအမျိုးသမီးအဖွဲ့အစည်းများ ၊ နိုင်ငံရေးအဖွဲ့အစည်းများ ဖြင့်လည်း ပူးပေါင်းလှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မြန်မာအမျိုးသမီးသမဂ္ဂ၏ အာဘော် “ ချိုးလင်းပြာ ” စာစောင်ကို ၂၀၀၆ ခုနှစ် မတ်လမှ စ၍ (၂)လ တစ်ကြိမ်ထုတ်ဝေ၍ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမှတ် ၁၀ ထုတ်ဝေပြီးနောက် ရပ်ဆိုင်းသွားခဲ့သည်။စာစောင်တာဝန်ခံအယ်ဒီတာမှာ မိဆူးပွင့်နှင့် လက်ထောက်အယ်ဒီတာမှာ ဇင်မာဖြိုးဖြစ်သည်။

မြန်မာအမျိုးသမီးသမဂ္ဂသည် “ ချိုးလင်းပြာ ” စာစောင်အပြင် အမျိုးသမီးအခွင့်အရေးလက်စွဲစာအုပ်များ ၊ ပညာပေးစာအုပ်စာတမ်းများ အပြင် အစီရင်ခံစာများ ၊ နိုင်ငံရေးအကျဉ်းသူများ အကြောင်းနှင့် မြန်မာရွှေ့ပြောင်းအမျိုးသမီးရေးရာအစီရင်ခံစာစာအုပ်များ ကို အခါအားလျော်စွာ ထုတ်ဝေဖြန့်ချိခဲ့သည်။ သမဂ္ဂမှဦးစီး၍ သင်တန်းပေးခြင်း၊ စကားဝိုင်းများ ၊ စွမ်းရည်မြှင့်တင်ရေးနှင့် ၀န်ဆောင်မှု လုပ်ငန်းများ ၊ လူထုအခမ်းအနားများ ကျင်းပခဲ့ကြသည်။

မြန်မာအမျိုးသမီးသမဂ္ဂကို ထိုင်း-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ ဂျပန်၊ ကနေဒါ၊ သြစတေးလျ၊ အမေရိက၊ ဗြိတိန်နှင့် ဆွီဒင်တို့တွင်ပြည်ပဌာနခွဲများ ဖွဲ့စည်းတည်ထောင်၍ လှုပ်ရှားဆောင်ရွက်ရှိသည်။

ထို့နောက်ပြည်တွင်းစစ်မီးကြောင့် တိုင်းရင်းသားဒေသရှိ အမျိုးသမီးနှင့် ကလေးသူငယ်များ မှာ ထိခိုက်သေဆုံးခဲ့ရခြင်း၊ ခင်ပွန်းနှင့်မိသားစုဝင်များ သေဆုံးရခြင်း၊ စစ်တပ်၏ အဓမ္မအလုပ်စေခိုင်းမှု ၊ အဓမ္မပေါ်တာဆွဲမှု ၊အဓမ္မပြုကျင့်ခံရမှု ၊ ညှဉ်းပန်းနှိပ်စက်ခြင်းခံရမှု ၊ တရားမ၀င်သတ်ဖြတ်ခံရမှု ၊ အဓမ္မရွှေ့ပြောင်းခံရမှု ၊ လယ်ယာမြေနှင့် ပိုင်ဆိုင်မှု များ သိမ်းခံရမှု စသည့်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ရမှု ကြောင့် ဗမာလူမျိုးများ အပါအ၀င် တိုင်းရင်းသားအမြောက်အမြားမှာ မြန်မာနိုင်ငံနယ်စပ်ဒေသများ ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

သို့ဖြင့် ၁၉၉၉ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့အစည်းများ ၏ ဒုတိယအကြိမ်တွေ့ဆုံစည်းဝေးပွဲကြီးကို ထိုင်းနိုင်ငံနယ်စပ်တနေရာ၌ ကျင်းပပြုလုပ်၍ အမျိုးသမီးများ ၏ စွမ်းရည်မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်၊ အမျိုးသမီးများ ၏ ပူးပေါင်းပါဝင်မှု များ ကို တွန်းအားပေးမြှင့်တင်သွားရန်နှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလှုပ်ရှားမှု များ ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်များ ဖြင့်၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်တွင် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့၌ အခြေစိုက်သော အမျိုးသမီးအဖွဲ့အစည်း (၁၃) ဖွဲ့ဖြင့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ်တွင် ပါဝင်ခဲ့သောအမျိုးသမီးအဖွဲ့အစည်းများ မှာ -

(၁) မြန်မာအမျိုးသမီးသမဂ္ဂ
(၂) ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)
(၃) ကရင်အမျိုးသမီးအစည်းအရုံး
(၄) ကရင်နီအမျိုးသမီးအစည်းအရုံး
(၅) ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး
(၆) လားဟူအမျိုးသမီးအစည်းအရုံး
(၇) ပလောင်အမျိုးသမီးအစည်းအရုံး
(၈) ပအို့ဝ်အမျိုးသမီးအစည်းအရုံး
(၉) ရခိုင်အမျိုးသမီးအစည်းအရုံး
(၁၀) ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း
(၁၁) ထားဝယ်အမျိုးသမီးသမဂ္ဂ
(၁၂) ချင်းလဲန်းအမျိုးသမီးများ အဖွဲ့ချုပ်
(၁၃) မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် အခွင့်အရေးများ ဆိုင်ရာအဖွဲ့ တို့ပါဝင်သည်။

အမျိုးသမီးများ အဖွဲ့ချုပ်ကိုညီလာခံ၊သဘာပတိ၊အတွင်းရေးမှူးဟူ၍ အဆင့်(၃)ဆင့်ဖြင့် ဖွဲ့စည်းထားသည်။

ညီလာခံသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အမြင့်ဆုံးအာဏာရှိသည်။ ညီလာခံ၏ အောက်တွင် သဘာပတိအဖွဲ့သည် ဒုတိယအမြင့်ဆုံး အာဏာရှိသည်။ ညီလာခံနှင့် သဘာပတိအဖွဲ့မှ ချမှတ်လိုက်သောမူများ ၊လုပ်ငန်းများ ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်အတွင်းရေးမှူးအဖွဲ့ကိုညီလာခံမှရွေးချယ်တင်မြှော က်သည်။ အတွင်းရေးမှူးအဖွဲ့အောက်တွင် အဖွဲ့ချုပ်၏ လုပ်ငန်းများ ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အတွင်းရေးမှူးအဖွဲ့အားကူညီပံ့ပိုးရန်အတွက် ခန့်အပ်ထားသောလုပ်ငန်းစဉ်တာဝန်ခံများ ၊ ၀န်ထမ်းများ နှင့် လုပ်ငန်းအဖွဲ့များ ထားရှိသည်။

လုပ်ငန်းအစီအစဉ်များ ၏ အကောင်အထည်ဖော်ရာတွင် တာဝန်ယူရန်နှင့် အတွင်းရေးမှူးရုံးလုပ်ငန်းများ ကိုတာဝန်ယူရန် အတွင်းရေးမှူးအဖွဲ့ဝင် (၃) ဦးကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ညီလာခံမှ ရွေးချယ်တင်မြှော က်သည်။သဘာပတိအဖွဲ့အား အဖွဲ့ချုပ်အဖွဲ့ဝင် အဖွဲ့အစည်းတဖွဲ့မှ ကိုယ်စားလှယ်တဦးစီဖြင့် ဖွဲ့စည်းထားရာ သဘာပတိအဖွဲ့ဝင် (၁၃) ဦးရှိသည်။

ညီလာခံ၊ သဘာပတိအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့တို့သက်တန်းမှာ (၂) နှစ်ဖြစ်သည်။ သဘာပတိအဖွဲ့၏ အစည်းအဝေးကို (၈) လတကြိမ် ကျင်းပပြီး အတွင်းရေးမှူးအဖွဲ့နှင့် သဘာပတိများ ကြား ဆက်စပ်မှု ပိုမိုချောမွေ့မြန်ဆန်စေရေးအတွက် သဘာပတိ (၂) ဦးမှ အလှည့်ကျ တာဝန်ယူဆောင်ရွက်ပေးသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် နိုင်ငံတကာ အမျိုးသမီးအဖွဲ့အစည်းအသီးသီးနှင့် ဆက်စပ်ချိတ်ဆက်ပြီး အမျိုးသမီးရေးလှုပ်ရှားမှု များ ကို လုပ်ဆောင်အကောင်အထည်ဖော်နိုင်ခဲ့သကဲ့သို့ နိုင်ငံတကာဖောင်ဒေးရှင်း၊အဲန်ဂျီအိုအချို့၏ အကူအညီများ ကိုလည်း လက်ခံရရှိခဲ့သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် အခြားသောနိုင်ငံရေးအဖွဲ့အစည်းများ ထက်ဘဏ္ဍာငွေကြေးအရ ခိုင်မာတောင့်တင်းသည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ခဲ့သည်။

အမျိုးသမီးအခွင့်အရေး၊ ကျားမလိင်တန်းတူဆက်ဆံရေး၊ လူ့အခွင့်အရေးများ ကဲ့သို့ကိစ္စမျိုးများ မှာ အမျိုးသမီးခေါင်းဆောင်မှု နှင့် အမျိုးသမီးအခွင့်အရေး၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေး၊ အမျိုးသမီးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးစသည့်ခေါင်းစဉ်အမျိုးမျိုးအောက်၌ သင်တန်းနှင့် ၀ပ်ရှော့အမျိုးမျိုး၊ နှီးနှောဖလှယ်ပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲအမျိုးမျိုးတို့ လုပ်ဆောင်လျက်ရှိသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အမေရိကန်အခြေစိုက် ပီတာဂရုတာဖောင်ဒေးရှင်းမှ ပေးအပ်သည့် ရွှေတံဆိပ်နှင့် အမေရိကန် ဒေါ်လာ ၂ သိန်းပါ “အမျိုးသမီးအခွင့်အရေးဆု” ကို ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားမှု ဆောင်ရွက်ရေးအသင်း (Shan Women’s Action Network – SWAN) နှင့် ပူးတွဲ ၍ ၂၀၀၅ ခုနှစ်တွင် ချီးမြှင့်ခံခဲ့ရသည်။

မည်သို့ဆိုစေ …. လူ့သမိုင်းအစမပျိုးမီကပင် အမျိုးသမီးတို့၏ တီထွင်ကြံဆချက်၊ ရှာဖွေတွေ့ရှိချက်နှင့် ရှေ့ဆောင်ရှေ့ရွက်ပြုမှု များ အထင်အရှားရှိခဲ့ကြောင်း သမိုင်းသုတေသီတို့ မှတ်တမ်းပြုထားခဲ့ကြသည်။အမျိုးသမီးတို့သည် လူ့ယဉ်ကျေးမှု ကို စတင်ပျိုးထောင်ပေးသူဖြစ်သည်ဟုပင် သမိုင်းသုတေသီတို့က တညီတညွတ်တည်းဆိုခဲ့ကြသည်။

သမိုင်းမတင်မီခေတ်ခေတ်ကာလတွင် အမျိုးသမီးများ က ဦးဆောင်ခဲ့ သဖြင့် ‘မိခင်အုပ်ထိန်းသောခေတ်’ ဟု ပိုင်းခြားသတ်မှတ်သောကာလ ရှိခဲ့ဖူးလေသည်။

ထိုနည်းတူစွာ မြန်မာ့သမိုင်း၌ မြန်မာအမျိုးသမီးတို့၏ အခန်းကဏ္ဍသည်မမှေးမှိန်ခဲ့ချေ။ (၇) ရာစုအတွင်းက ရေးထိုးခဲ့သည့်ဟု ယူဆရသော ‘အာနန္ဒနြေ္ဒကျောက်စာ’ ၌ ‘ကုဝေရာမိ’ အမည်ရှိ မိဘုရားတပါးသည်ခရစ်နှစ် ၃၃၄ မှ ၃၄၁ အထိ ရခိုင်ပြည် ဝေသာလီမြို့ဟောင်း၌ အုပ်ချုပ်ခဲ့သည်ဟု ရေးထိုးခဲ့သည်ကိုကြည့်ခြင်းဖြင့် မြန်မာအမျိုးသမီးများ သည် တိုင်းပြည်အုပ်ချုပ်နန်းလုပ်သူအဖြစ်ပင် ထီးနန်းဆက်ခံခဲ့သည်မှာ သိသာလှပေသည်။

ဟံသာဝတီ၌ လည်း ဘုရင်မရှင်စောပုသည် စွမ်းရည်ထက်မြက်သော ဘုရင်မကြီးဖြစ်သည်။ ဘုရင်မအဖြစ် သီးခြားအုပ်ချုပ်ခွင့်မရခဲ့သော်လည်းဘုရင်နှင့်အတူပြည်ထောင်ဘက်အဖြစ် ပူးတွဲ တာဝန်ယူခဲ့ရသည်။မိဖုရားဖွားစောကဲ့သို့သော ပညာရှိမိဘုရားများ လည်း မြန်မာ့သမိုင်းတွင် အထင်အရှားရှိခဲ့သည်။

စာပေပညာရပ်တွင်ပုဂံခေတ်ကျောက်စာအထောက်အထားများ အရမြန်မာအမျိုးသမီးတို့သည်စာပေတတ်မြောက်ကြသည်။ ပျူခေတ် ဘီစီ ၅၀၀-၈၀၀ ကတည်းက စာပေတတ်ကျွမ်းသူ ၁၀ ရာခိုင်နှုန်း၌ အမျိုးသမီးဦးရေက၄ ရာခိုင်နှုန်းရှိသည်။ ပုဂံခေတ်တွင် အမျိုးသမီးတို့သည် အစိုးရပိုင်းဆိုင်ရာ အဆင့်မြင့်ရာထူးများ ၌ သံပျင်၊ ကလန်၊ စာချီ စသည့် အရေးပါသည့်ရာထူးများ ၌ ထမ်းရွက်ခဲ့သည့် အထောက်အထားများ တွေ့ရှိရသည်။ ပုဂံရာဇ၀င်၌ ထင်ရှားခဲ့သောဖြစ်ရပ်တခုမှာ ကျစွာ မင်းကြီး၏ သမီးတော် သံပျင်မင်းသမီးသည်ရဟန်းတော်များ ကိုပင်စာဝါချနိုင်လျက် သဒ္ဒါတွင်ပါရှိသောဝိဘတ်များ အကြောင်းရေးသားထားသည့် ‘တိတကျတ္ထ’ ကျမ်းကိုပင် ပြုစုရေးသားခဲ့လေသည်။

အင်းဝခေတ်မှကုန်းဘောင်ခေတ်အတွင်းအမျိုးသမီးစာဆိုပေါင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။ထင်ရှားသည့် စာဆိုတို့မှာ ပဲခူးမိဘုရား၊ စဥ့်ကူးမိဘုရား၊ စာဆိုတော်မယ်လုပ်၊ နန်းတွင်းသူမယ်ခွေ၊ ရဝေရှင်ထွေး၊ ရှင်ငြိမ်းမယ်၊မင်းကြီးကတော်ခင်ဆုံ၊ အနောက်နန်းမမြလေး၊ လှိုင်ထိပ်ခေါင်တင်၊ မြင်စိုင်းမင်းသမီး စသည့်အမျိုးသမီးစာဆိုများ ဖြစ်သည်။

ယင်းသို့ ခေတ်အဆက်ဆက် နိုင်ငံတော်နှင့် ပြည်သူအတွက် ကျရာနေရာမှ မိမိတို့၏ ချွေး၊ သွေး၊ ဉာဏ်ရည်ကို ပေးဆပ်ကာ စိတ်အားထက်သန်မှု ၊ ဇွဲသတ္တိရှိမှု ၊ အနစ်နာခံနိုင်မှု ၊ စွန့်စားကြိုးပမ်းမှု ၊ နည်းပရိယာကြွယ်ဝမှု ၊အမျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်အပြည့်အ၀ဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးနယ်ပယ်အသီးသီးမှ အကျော်ဇေယျအမျိုးသမီးများ ၏ စွမ်းဆောင်ချက်များ ကို မှတ်တမ်းတင်ပြုစုထားပါက နောင်မျိုးဆက်သစ်အမျိုးသမီးငယ်များ နှင့် သုတေသီတို့အတွက် များ စွာ ဂုဏ်ယူအားကျ စံနမူနာယူဖွယ် ဖြစ်သည့်အပြင် ဗဟုသုတများ စွာ ရရှိလိမ့်မည်ဟု မှတ်ယူမိပါသည်။

(၂)

Cover

ဒေါ်ဒေါ်စု
မြန်မာအမျိုးသမီးသမဂ္ဂ ဥက္ကဌ

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် မြန်မာဝံသာနု အမျိုးသမီး၏ နိုင်ငံရေးလုပ်ဆောင်ချက်များ ကို ချန်လှပ်ထား၍ မဖြစ်နိုင်ပါ။ အမျိုးဘာသာ၊ သာသနာ၊ ပညာ ပြန့်ပွားရေးအတွက် မြန်မာအမျိုးသမီးများ သည်ကိုလိုနီကျွန်ဘ၀ကပင် ယနေ့တိုင်အောင် အသင်းအဖွဲ့များ တည်ထောင်၍ စည်းရုံးလှုပ်ရှားခဲ့ပုံများ မှာ မြန်မာ့သမိုင်းစာမျက်နှာ၌ အထင်အရှားတွေ့နိုင်ပေသည်။

Cover

ပထမဆုံးသော မြန်မာအမျိုးသမီးသမဂ္ဂဥက္ကဌ ဒေါ်ဒေါ်စု

ရှေးဦးတည်ထောင်ဖွဲ့စည်း၍ လှုပ်ရှားခဲ့သောမြန်မာအမျိုးသမီးအသင်းအဖွဲ့များ ၌ မြန်မာကုမ္မာရီအသင်းခေါ် မြန်မာကုမ္မာရီအသင်းခေါ် မြန်မာအမျိုးသမီးသမဂ္ဂ(BurmeseWomen’sUnion)၊မြန်မာအမျိုးသမီးဝံသာနုကုမ္မာရီအသင်း (Young Women Buddhist Association – Y W B A) ဗြဟ္မာစရိယကုမ္မာရီအသင်း၊ မိန်းမကုမ္မာရီအသင်း၊ သုဓမ္မစာရီအသင်း၊ ဓမ္မစာရီအသင်းတို့မှာ ထင်ရှားခဲ့သည်။

၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ တနင်္ဂနွေနေ့တွင် မြန်မာကုမ္မာရီအသင်းခေါ် မြန်မာအမျိုးသမီးသမဂ္ဂကို ဒေါ်ဒေါ်စု၊ ဒေါ်ဖွားသစ်၊ ဒေါ်ခင်စော၊ ဒေါ်လှမေတို့ ဦးစီး၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

အသင်းတည်ထောင်ရခြင်းနှင့်ပတ်သတ်၍ အသင်းဖွဲ့စည်းပုံမှတ်တမ်း စာအုပ်၌ “ဤဘဒ္ဒကမ္ဘာသတ္တလောကဘုံကြီး၌ မိန်းမတို့သည် ရှေးဦးစွာ ပေါ်ထွန်းရကား လောပ၏ အရှင် မိခင်အစစ်ဖြစ်ပေသည်ပေသည်တကား။မိခင်ဖြစ်ကြသူ မိန်းမများ အနက် မဟာမာယာဒေ၀ီမှအစ ယသော်ဓရာ၊ ခေမာ၊ ဥပ္ပလ၀ဏ်၊ ဧတဒဂ်ရ ရဟန္တာမိန်းမမြတ်တို့အပြင် ၀ိသာခါ၊ ခုဇ္ဇုတ္တရာ၊ နန္ဒမာလာ စသော အကျော်ဇေယျအမျိုးသမီးတို့နှင့် ရာဇ၀င်ထင်ရှားခဲ့သည့် မိဘုရားကြီးဖွားစော၊မွန်ဘုရင်မကြီးရှင်စောပု စသည်တို့၏ ဂုဏ်အင်များ ကို အောက်မေ့ကာ ထိုမိန်းမမြတ်များ ကို စံနမူနာဦးထိပ်ထားလျက် ဤရန်ကုန်မြို့တော်တွင် သက္ကရာဇ် ၁၂၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်)တနင်္ဂနွေနေ့တွင်မြန်မာအမျိုးသမီးသမဂ္ဂကို ဖွဲ့စည်းတည်ထောင်အောင်မြင်ပါကြောင်းဟူ၍ ဖော်ပြထားလေသည်။

မြန်မာအမျိုးသမီးသမဂ္ဂကို ဥက္ကဌအဖြစ် ရိက္ခာတော်ရ စည်ပင်သာယာမြေအရေးပိုင်ကတော် ဒေါ်ဒေါ်စု၊ အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ဒေါ်ဖွားသစ်၊ တွဲ ဖက်အကျိုးတော်ဆောင်များ အဖြစ် ဒေါ်ခင်စောနှင့် ဒေါ်လှမေ(အာဇာနည် ဒီးဒုတ်ဦးဘချို၏ ဇနီး)၊ အမှု ဆောင်များ အဖြစ် တရားလွှတ်တော်ဝန်ကြီးကတော် ဒေါ်စောတင်၊ ရှုးဖိနပ်ကုမ္ပဏီပိုင်ရှင် ဦးဘကြူးကတော် ဒေါ်စောခင်၊ မြို့တော်ဝန်ဦးသင်းမောင်ကတော်ဒေါ်တင်၊ ဆရာကြီးဦးဘသိန်းကတော် ဒေါ်ဌေး၊ဒေါ်ငွေရင်၊ ဒေါ်ငွေရှင်နှင့်မော်တင်ဈေးမှ ဒေါ်မြမေစသည့် အမျိုးသမီးကြီးများ ကဦးစီး၍ ကော်မတီဝင်အမှု ဆောင် ၂၀ ဖြင့် တည်ထောင်ခဲ့ကြသည်။ ထိုစဉ်က အသင်းဝင်ဦးရေ ၃၀၀ ခန့်ရှိ၍ အမြို့မြို့အနယ်နယ်၌ အသင်းခွဲများ ဖွဲ့စည်းထားသည်။

အသင်း၏ ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးများ ၏ အကျိုးကို သယ်ပိုးဆောင်ရွက်ရန်၊ ပညာဗဟုသုတအတွက်အားပေးရန်၊ မြန်မာလူမျိုးတို့၏ ကိစ္စ တစုံတရာပေါ်ပေါက်လာပါက အသင်းကကူညီအားပေးရန်တို့ဖြစ်သည်။အသင်းဝင်များ ဖတ်ရှုလေ့လာရန် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ လူမျိုးခြားကိုလက်မထပ်ဘဲ မြန်မာချင်းသာလက်ထပ်ရန်နှိုးဆော်ခြင်း၊ ဗုဒ္ဓဘာသာမြန်မာအချင်းချင်း ကူညီရိုင်းပင်းရန်ဟောပြောခြင်း၊ ဗုဒ္ဓဘာသာစာပေတိုးတက်အောင်ဆောင်ရွက်ခြင်း၊အမျိုးသားပညာရေးကျောင်းများ ကို ကူညီအားပေးခြင်း၊ ပြည်တွင်းဖြစ်အထည်များ ကိုသာဝတ်ဆင်ရန်တိုက်တွန်းခြင်း စသဖြင့် ၀ံသာနုနှင့် နိုင်ငံရေးစိတ်ဓါတ်များ နှိုးဆွပေးခြင်း၊ ကုသိုလ်ရေးနှင့် ချွေတာရေးတို့ကိုပါ ရှေးရှုလာကြသည်။

ဂျီစီဘီအေခေါ် မြန်မာတိုင်းရင်းသားအသင်းများ ၏ အသင်းချုပ်ကြီး (General Council of Burmese Association- G-C-B-A) ၏ မူဝါဒလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး ဂျီစီဘီအေ ပြည်လုံးဆိုင်ရာကွန်ဖရင့်သို့လည်း မြန်မာအမျိုးသမီးသမဂ္ဂမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရခဲ့ပြီး အမျိုးသမီးရေးရာကိစ္စရပ်များ ကို အဆိုတင်သွင်းခဲ့ကြသည်။

ပဲခူးမြို့၌ ကျင်းပခဲ့သော ဂျီစီဘီအေကွန်ဖရင့်သို့လည်း အမှု ဆောင်အဖွဲ့ဝင် ဒေါ်စောတင် တက်ရောက်ပြီး မြန်မာအမျိုးသမီးများ ၊ မြူနီစီပါယ်လူကြီး၊ ဥပဒေပြု မင်းတိုင်ပင်အမတ် စသည်တို့ဖြင့်ပါဝင်သင့်ကြောင်းအဆိုတင်သွင်းနိုင်ခဲ့၍ အမျိုးသမီးမြူနီစီပါယ်နှင့် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများ သို့ ပါဝင်ယှဉ်ပြိုင်အရွေးခံခွင့်များ ရရှိခဲ့ကြသည်။ ထိုအသင်း၏ ဆောင်ရွက်မှု ကြောင့် ဓါတ်ရထား၊ မီးရထားတို့၌ အမျိုးသမီးများ သီးသန့်စီးနိုင်ရန်မိန်းမတန်း သပ်သပ်စီစဉ်ပေးရသည်အထိ အခွင့်အရေးများ ရခဲ့သည်။

မြန်မာအမျိုးသမီးများ ပြည်တွင်းအ၀တ်အထည်များ ကိုသာ ၀တ်ဆင်အားပေးရန် ဤအသင်းကြီးက လှုံ့ဆော်ပေးခဲ့ရုံမျှမက အသင်းဝင်တိုင်း အစည်းအဝေးတက်ရောက်သည့်အခါနှင့် သာရေး၊ နာရေးကိစ္စကြီးငယ်ပေါ်ပေါက်လာသည့်အခါတိုင်း၌ ပင်နီအင်္ကျီ၊ ယောထမီနှင့် ဒေါင်းပ၀ါများ လွှမ်းခြုံဝတ်ဆင်လာခဲ့ကြသည်။

ဤနေရာ၌ မြန်မာနိုင်ငံအမျိုးသမီးသမဂ္ဂကို ဦးစီးတည်ထောင်၍ ဥက္ကဌအဖြစ်ထမ်းရွက်ခဲ့သော ဒေါ်ဒေါ်စု၏ အတ္ထုပ္ပတ္တိကို ဖော်ပြရန်လိုပါသည်။

ဒေါ်ဒေါ်စုကို မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ် ပြာသိုလပြည့်ကျော် ၆ ရက် တနင်္ဂနွေနေ့တွင် လက်ပံတန်းမြို့၌ အဘဦးချောင်းလိန်၊ အမိဒေါ်နှင်းဦးတို့မှဖွားမြင်ခဲ့သည်။မွေးချင်းငါးဦးအနက် အကြီးဆုံးဖြစ်သည်။ငယ်စဉ်ကပင် လက်ပံတန်းမြို့တွင်ပညာသင်ကြားခဲ့ပြီး ၁၁ နှစ်သမီးအရွယ်တွင် မိခင်ကွယ်လွန်ခဲ့သဖြင့် စတုတ္တတန်းအထိသာ ကျောင်းပညာသင်ကြားခဲ့ရသည်။ ၁၂ နှစ်တွင် ဖခင်နှင့်အတူ မောင်ငယ်ညီမငယ်များ ကို အမကြီး အမိရာပမာဦးစီးအုပ်ချုပ်လာခဲ့သည်။

ထို့နောက် ၁၉၀၂ ခုနှစ်တွင် ဇီးကုန်းတရားမရုံးစာရေးကြီးဦးဘိုးသောင်းနှင့် အိမ်ထောင်ပြု၍ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ဒေါ်ဒေါ်စု သည် ၁၉၁၈ခုနှစ်မှစ၍ ၀ံသာနုစိတ်ဓါတ်များ နိုးကြားလာကာ မြန်မာအမျိုးသမီးတို့၏ အခွင့်အရေးများ ကို အစဦးဆုံးတိုက်ယူ လှုပ်ရှားပေးခဲ့သော အမျိုးသမီးကြီးဖြစ်သည်။

၁၉၁၉ ခုနှစ်တွင် ဒေါ်ဒေါ်စု၏ ဦးဆောင်မှု ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာအမျိုးသမီးသမဂ္ဂ၏ စွမ်းဆောင်မှု ကြောင့် ကိုပြူးဆိုသူခေါ်ဆောင်၍ ပလောပီနံ (မလေး) တွင် ရောက်ရှိကာ ဒုက္ခရောက်နေသောမြန်မာ့ဆေးပေါ့လိပ် လိပ်သူများ ကိုဗြိတိသျှအစိုးရစားရိတ်ဖြင့် အမိနိုင်ငံသို့ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။ ထို့ပြင်ရန်ကုန်မြို့ရှိအမျိုးသမီးများ ဓါတ်ရထားစီးရာတွင် ကုနြေ္ဒရရ မန္တလေးမြို့မှာ ကဲ့သို့ သီးသန့်စီးနိုင်ရန် ရထားဘက်ဆိုင်ရာကုမ္ပဏီလူကြီးများ ဖြင့် ညှိနှိုင်း၍ စီစဉ်ပေးခဲ့ခြင်း၊ ပြည့်တန်ဆာအမျိုးသမီးများ နစ်နာမှု မရှိစေရန် အစိုးရအား ပြည့်တန်ဆာအက်ဥပဒေပြဌာန်းပေးရန် တောင်းဆိုပေးခဲ့ခြင်း၊ သပိတ်မှော က်ကျောင်းများ အား ထောက်ပံ့ပေးနိုင်ရန်စည်းရုံးလှုပ်ရှားပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဒေါ်ဒေါ်စုသည် ၁၉၂၀ ပြည့်နှစ်၌ ရန်ကုန်မြို့လမ်းမတော်မြို့နယ် (၇) လမ်း၌ အောင်ဇေယျာမင်္ဂလာကျောင်းကို ပွဲစားကြီးဦးဖော့နှင့် အတူ တည်ထောင်၍ ကျောင်းအုပ်ဆရာမ ကြီးအဖြစ်ထမ်းရွက်ခဲ့သေးသည်။တဖက်မှလည်း အောင်မင်္ဂလာသုခနှင့် အောင်ဇေယျာမင်္ဂလာစာပုံနှိပ်တိုက်များ ကို တည်ထောင်ခဲ့သည်။

၁၉၂၀ ပြည့်နှစ်မှ ၁၉၂၈ ခုနှစ်အထိ မြန်မာအမျိုးသမီးသမ၀ါယမအသင်းဥက္ကဌအဖြစ်လည်းကောင်း၊ ၁၉၂၃ ခုနှစ်မှစ၍ နှစ်စဉ် ဧပြီလရောက်တိုင်း ကလေးပြပြိုင်ပွဲ၌ လည်းကောင်း၊ ကျန်းမာရေးပြပွဲ၊ ကျောင်းအားကစားပြိုင်ပွဲ၊ပန်းဥယျာဉ်ပြပွဲများ ၌ လည်း အုပ်ချုပ်ရေးအပိုင်းမှ ပါဝင်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရိက္ခာတော်ရမြေအရေးပိုင်မင်း ဦးဘိုးသောင်း၏ ဇနီး ဒေါ်ဒေါ်စုသည် နိုင်ငံရေး၊ လူမှု ရေးလှုပ်ရှားမှု ကို စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်ကာ ၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ဒေါ်ဒေါ်စု၏ ခင်ပွန်း ဦးဘိုသောင်းသည် ဒေါ်ဒေါ်စု မကွယ်လွန်မီ လွန်ခဲ့သော ၉ နှစ်ခန့်ကပင် ၁၉၄၈ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

မည်သို့ဆိုစေမြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၌ အမျိုးသမီးများ ၏ ရပိုင်ခွင့်များ ကိုအမျိုးသမီးသမဂ္ဂတည်ထောင်၍ စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်ခဲ့သော ဒေါ်ဒေါ်စု၏ လှုပ်ရှားဆောင်ရွက်မှု များ သည် မှတ်တမ်းတင်ကျန်ရစ်နေမည်မှာ မလွဲဧကန်ပေတည်း။

(၁) စောမုံညင်း - မြန်မာအမျိုးသမီး၊ ပိတောက်လှိုင်စာပေ၊ ပထမအကြိမ် ၁၉၇၆ ဧပြီလ။
(၂) တက္ကသိုလ်ကြည်မာ - မြန်မာအမျိုးသမီးလောက၊ ရန်ကုန်စာပေဗိမာန်ပုံနှိပ်တိုက် ၁၉၇၅။
(၃) မြန်မာ့ရက်စဉ်သမိုင်း (ပထမအတွဲ )၊ သမိုင်းသုတေသနဦးစီးဌာန၊ ၂၀၀၉။

(၃)

ဒီးဒုတ်ဒေါ်လှမေ
ကိုလိုနီခေတ် မြန်မာအမျိုးသမီးသမဂ္ဂ
တွဲ ဖက်အတွင်းရေးမှူး

ကိုလိုနီခေတ် ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တည်ထောင်ခဲ့သော မြန်မာကုမ္မာရီအသင်းခေါ် မြန်မာအမျိုးသမီးသမဂ္ဂ၏ တွဲ ဖက်စက္ကရီတေရီ(တွဲ ဖက်အတွင်းရေးမှူး)အဖြစ်တာဝန်ယူခဲ့သော ဒေါ်လှမေသည်ငယ်စဉ်ကပင်မျိုးချစ်စိတ်ဓာတ်ထက်သန်သူဖြစ်သည်။ အပျိုဘ၀မှာ ပင်နိုင်ငံရေးဆောင်ရွက်ခဲ့သောကြောင့် ကိုလိုနီခေတ်အမျိုးသမီးဝံသာနုလှုပ်ရှားမှု များ တွင် ထင်ရှားသောခေါင်းဆောင်တဦးဖြစ်သည်။

ဒေါ်လှမေသည် ရန်ကုန်မြို့မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်နံပတ် ၇၀ နေ လှည်းလုပ်ငန်းရှင် ဦးသဲ၊ ဒေါ်မမကြီးတို့၏ သမီးဖြစ်ပြီး မွေးချင်းငါးယောက်အနက် သက္ကရာဇ် ၁၂၈၃ ခု ဖွားသောတတိယမြောက်သမီးဖြစ်သည်။ မွေးချင်းများ မှာ ဒေါ်သိန်း၊ ရှေ့နေဦးထွန်းရင်၊ ဒေါ်လှမေ၊ ဒါရိုက်တာဦးဘဇင်နှင့် ဦးဘခင်တို့ဖြစ်ကြသည်။

အသက် ၉ နှစ်အရွယ်တွင် ဖခင်ဆုံးပါး၍ ၁၃ နှစ်သမီးအရွယ်၌ ကျောင်းထွက်ခဲ့ရသော်လည်း စာပေအလွန်ဝါသနာထုံခဲ့သည်။ ဒေါ်လှမေသည် ပျိုရွယ်စင်ဘ၀မှာ ပင် အသင်းအဖွဲ့များ ၌ စိတ်အားထက်သန်စွာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ပုသိမ်ကွန်ဖရင့်တွင်ဘိက္ခနီရှိက ဘိက္ခနီမရှိ၍ ဘုရင်ရှိက ဘုရင်မရှိသည့်နည်းတူ အမျိုးသမီးအသင်းများ ရှိသင့်ကြောင်း အဆိုတင်သွင်းခဲ့သူဖြစ်သည်။

ထို့နောက်ဒေါ်လှမေသည်၁၉၂၀ ပြည့်နှစ်၊မေလ ၂၅ ရက်တွင် ၎င်းအိမ်နှင့် သုံးအိမ်ကျော်တွင်နေထိုင်သော ပညာအုပ်ဆရာချို(နောင်အာဇာနည်ဒီးဒုတ်ဦးဘချို)နှင့် လက်ထပ်ကာယောင်နောက်ဆံထုံးပါဆိုသလိုဟင်္သာတသို့လိုက်ပါသွားခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက“လှနှင့်ချိုနှစ်ပါးသင့်ရန်ဖို့”ချီသောတေးထပ်နှင့်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ယင်းတေးထပ်၌ မိန်းမအမည် ရှေ့ကထားသင့်၊ မသင့် အငြင်းပွားဖွယ်ဆောင်းပါးများ ရေးခဲ့သည်အထိအချင်းများ ခဲ့သေးသည်။ ဆရာချိုနှင့်လက်ထပ်ပြီးနောက်နိုင်ငံရေးဝံသာနုစိတ်ဓါတ်များ မှာ ပိုမိုထက်သန်လာခဲ့ပေသည်။

ဆရာဦးဘချိုမှာ မြောင်းမြဇာတိသားဖြစ်ပြီး ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်၊ တနင်္လာနေ့၌ အဖဦးဘိုးစာ၊ အမိဒေါ်မြစ်တို့၏ မွေးချင်းလေးယောက်အနက်အထွေးဆုံးသားဖြစ်သည်။ဖခင်မှာ မြောင်းမြမြို့၌ မေခလာဆေးတိုက်ဖွင့်၍ မြန်မာသမားတော်အဖြစ် အသက်မွေးသူဖြစ်သည်။ မိခင်၏ အမျိုးအနွယ်မှာ မွန်မှူးမတ်မျိုးဖြစ်သည်။

ဆရာချိုသည် ငယ်စဉ်က ၁၉၀၀-၀၇ ခုနှစ်တွင် မြောင်းမြမြို့ဆရာဦးမောင်မောင်ကျောင်း၊ ၁၉၀၇-၀၉ တွင်ရန်ကုန် စိန်ပေါလ်ကျောင်း (အထက ၆ ဗိုလ်တထောင်)၊ ၁၉၀၉-၁၃ တွင် ရန်ကုန်ကောလိပ်တို့၌ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်ကပင် ဉာဏ်ပညာထက်မြက်သည်။ စာပေ၊ ဂီတနှင့် အားကစားကိုလိုက်စားသည်။ အသက်၁၄နှစ်အရွယ်တွင် သတ္တမတန်းကို ဦးမောင်မောင်ကျောင်းမှအောင်၍ စကောလားရှစ်ပညာသင်ဆုရခဲ့သည်။၁၆နှစ်အရွယ်တွင်၁၀တန်းစာမေးပွဲကိုစိန့်ပေါလ်ကျောင်းမှထူးထူးချွန်ချွန်အောင်မြင်၍ ပညာသင်ဆုဆက်လက်ရရှိခဲ့သည်။ ရန်ကုန်ကောလိပ်၌ ဘီအေအထက်တန်းတွင်ပညာသင်နေစဉ်မျက်စိရောဂါရ၍ ကျောင်းထွက်ခဲ့ရသည်။ ၁၉၁၃-၁၉၁၄ တွင်ပေါင်းတည်မြို့အစိုးရအထက်တန်းကျောင်း၊ ၁၉၁၄- ၂၁တွင် ဟင်္သာတမြို့အစိုးရကျောင်းတို့၌ ပါဌိဆရာ၊ ပညာအုပ်အဖြစ် အမှု ထမ်းခဲ့သည်။ ထိုသို့ အမှု ထမ်းနေစဉ် နေရပ်ဟင်္သာတ သရဲချောင်ကိုမှီ၍ “နောက်စွယ်ချောင်ကတောက်တဲ့မောင်”ကလောင်အမည်ဖြင့်စာနယ်ဇင်းများ ၌ ကဗျာလင်္ကာနှင့်မြန်မာမှု ဆောင်းပါးတို့ကိုရေးသားခဲ့သည်။ လူမှု ရေးလုပ်ငန်းအဖြစ်ဟင်္သာတမြို့သုစရိယယုဝအသင်းစက္ကရီတေရီအဖြစ်ဆောင်ရွက်သည်။ ထို့နောက်ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်စဉ်အတွင်းဒေါ်လှမေနှင့်နဖူးစာဆုံကာ အကြင်လင်မယားလက်တွဲ ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်လှမေနှင့်လက်ထပ်ပြီးနောက် နိုင်ငံအနှံ့ အမျိုးသားရေးဝံသာနုစိတ်ဓာတ်များ ပြန့်ပွားလာရာဦးဘချိုသည် ကဗျာလင်္ကာမြန်မာမှု များ ကို ရေးသားနေရာမှ နှစ်ပါးကြည် ဂျာနယ်၌ လူမှု ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရန်လှုံ့ဆော်သည့်ဒီးဒုတ်၏ ပစ္စရလက္ခတ်ကျမ်းကို “ဒီးဒုတ်” ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ ထိုသို့ ကလောင်ဖြင့် အမျိုးသားရေးတာဝန် ထမ်းဆောင်နေရာမှ ကောလိပ်ကျောင်းနေဖက် ဒယ်လီဂိတ်ဦးထွန်းရှိန်၏ တိုက်တွန်းချက်ဖြင့်ပညာအုပ်ရာထူးမှနှုတ်ထွက်၍ ဗဟန်းအမျိုးသားကောလိပ်တွင် ၁၉၂၁ ခု၊ သြဂုတ် ၁၄ ရက်နေ့၌ ၀င်ရောက်အမှု ထမ်းခဲ့သည်။ ဗဟန်းကောလိပ်၌ မြန်မာစာနှင့်မြန်မာရာဇ၀င်ပါမောက္ခ ပရော်ဖက်ဆာဆရာလွန်း၏ မြန်မာဘာသာလက်ထောက်အဖြစ်ဗဟန်းကောလိပ်ပျက်သည့်အထိ အဆင်းရဲအချို့တဲ့ခံကာ ဆောင်ရွက်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်လှမေကလည်း ခင်ပွန်းဖြစ်သူ၏ ၀ံသာနုစိတ်ဓာတ် အားထက်သန်မှု ကို နောက်ကွယ်မှ အားပေးကူညီခဲ့သည်။ ဆရာချိုသည်အမျိုးသားကောလိပ်ကျောင်းဆရာဘ၀တွင် ၀မ်းရေးအတွက် “ဘချို၏ အသားလှကတ္တီပါရည်”၊ “ပန်းမြိုင်လယ်ရေမွှေးများ ” ထုတ်လုပ်ရောင်းချခဲ့သည်။

၁၉၂၄ ခုနှစ်တွင် ဗဟန်းအမျိုးသားကောလိပ် ပျက်စီးသွားရာ မြန်မာရီဗျူးဂျာနယ်၌ အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။

ထိုသို့ လုပ်ကိုင်နေစဉ် ဂျာနယ်မှ ခွင့် ၆ လယူကာ အထောက်အပံ့ မခံသော သရက်တောအမျိုးသားကျောင်း၌ အမျိုးသားကျောင်းဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်သည်။ သရက်တောကျောင်းတိုက် အမျိုးသားကျောင်းပျက်ပြန်သောကြောင့် ၁၉၂၅ ခုနှစ်၊ ဧပြီလတွင် ဒီးဒုတ်ဂျာနယ်ကို ကိုယ်တိုင်ဦးစီး၍ ကိုယ်ပိုင်ထုတ်ဝေခဲ့သည်။ ဒီးဒုတ်ဂျာနယ်တွင် မြန်မာ့နိုင်ငံရေး၊ လူမှု ရေး၊ စာပေ၊ ဂီတ၊ နက္ခဗေဒင်၊ လောကီပညာရပ်မျိုးစုံကို ဒိုင်ခံရေးသားခဲ့သည်။ထိုသို့ဆောင်ရွက်နေစဉ် ၁၉၅၂ ခုနှစ်၊နိုဝင်ဘာလ ၂၄ရက်နေ့တွင် ရန်ကုန်မြို့ချာချီလမ်း (ကိုယ့်မင်းကိုယ့်ချင်းလမ်း)စံအိမ်၌ သီပေါမင်း၏ မိဘုရားခေါင်ကြီး စုဘုရားလတ် နတ်ရွာစံခဲ့ရာ မိဘုရားခေါင်ကြီး၏ ဈာပနာတွင် မြန်မာသတင်းစာ၊ဂျာနယ်များ ပါဝင်ဆောင်ရွက်ရန် ဦးဆောင်စည်းရုံးခဲ့သည်။

၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးကို စတင်ခဲ့ရာ ဦးဘချိုသည် ဒီးဒုတ်ဂျာနယ်မှ ဦးတုတ်ကြီး၏ သရာဇ ပါတီကို ထောက်ခံခဲ့သည်။ သရာဇပါတီသည် ဒိုင်အာခီကို လွှတ်တော်အတွင်းမှ အတိုက်အခံပြုခဲ့သည်။၁၉၃၀ ပြည့်နှစ်တွင် ခွဲရေးတွဲ ရေးပေါ်ပေါက်လာရာ ဦးဘချိုသည် ဦးကျော်မြင့်နှင့် ဒေါက်တာဘမော်တို့နှင့် ပူးပေါင်း၍ တွဲ ရေးဘက်မှဆောင်ရွက်ခဲ့သည်။ မြန်မာဇေယျာသတင်းစာကို ထုတ်ဝေ၍ တွဲ ရေးကိုထောက်ခံခဲ့သည်။ ဦးဘချိုသည်နိုင်ငံရေးနှင့် စာပေရေးရာကို ဆောင်ရွက်ရုံမျှမက မြန်မာ့အနုပညာတိုးတက်ရေးအတွက်လည်း ဘက်ပေါင်းစုံမှ ဦးဆောင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် မဟာဒုက်ရုပ်ရှင်ကုမ္ပဏီမှထုတ်လုပ်သည့် ‘မြားနတ်ရှင်’ ဇာတ်ကား၌ ဇာတ်လိုက်၏ အဖေအခန်းမှ ပါဝင်သရုပ်ဆောင်၍ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးကို အားပေးချီးမြှင့်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဘိလပ်မှပြန်ရောက်လာသော မြန်မာပန်းချီကျော် ဦးဘဉာဏ်ကို မြန်မာစာနယ်ဇင်းများ နှင့် မိတ်ဆက်ရန် ကိုယ်တိုင်ကမကထပြုလုပ်ပေးခဲ့သည်။

၁၉၃၄ တွင် သူယုံကြည်သော ပညာရပ်အတွက် ရှင်ဥတ္တမသီရိမထေရ်၏ စမကျမ်းအဖွင့်ကို ‘ကပ္ပါလင်္ကာရ၀ဏ္ဏနာကျမ်း’ ကို တည်းဖြတ်ထုတ်ဝေခဲ့သည်။ ထို့အပြင် ဒီးဒုတ်ဂျာနယ်တွင် ‘အီနောင်ဇာတ်တော်ကြီး’ ကိုတည်းဖြတ် ပုံနှိပ်ဖေါ်ပြခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဂီတသုသေသနအသင်းကို ဦးဆောင်ဖွဲ့စည်းပြီး စောင်းဆရာကျော်ကို ဥက္ကဌ၊ ပတ္တလားဦးသိုက်ကို အတွင်းရေးမှူးတင်၍ မြန်မာ့ဂီတတိုးတက်ရေးအတွက် လမ်းညွှန်ပေးခဲ့သည်။ ဂီတပညာရှင်စောင်းမောင်မောင်လတ်၊ အဆိုတော်ဒေါ်ဒေလီညွန့်တို့ကို သီဆိုတီးမှု တ်စေ၍ သူကိုယ်တိုင် ကွမ်းဘိုးထိမ်းကြီးပေမူ၊ ဘားနာဒ့်ပေမူ၊ သံယုတ်ဆရာတော်၏ ပုရပိုက်မူများ နှင့် ညှိနှိုင်းကာ သီချင်းကြီးပုဒ်ရေ ၅၇၀ ပါသော ‘ဒေ၀က္ကန္ဓာမူဂီတ၀ိသောဓနိ’ကျမ်းကို တည်းဖြတ်ထုတ်ဝေခဲ့သည်။

ဒီးဒုတ်ဂျာနယ်မှ ၉၁ ဌာန အုပ်ချုပ်ရေး (၁၉၃၇) ကို ကလောင်ဖြင့် တိုက်ဖျက်ရုံမျှမက မြန်မာ့အလင်းဦးချစ်မောင် (နောင်ဂျာနယ်ကျော်)၊ ဘားမားဂျာနယ် ဦးထွန်းသန်း၊ ရဲသတင်းစာ ဦးဘရှိန် (မဟာဆွေ)၊တို့ဗမာသတင်းစဉ် သခင်တင်မောင်တို့နှင့်တွဲ ၍ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ ၉၁ ဌာအုပ်ချုပ်ရေးတွင် ရာထူးမယူရန် စုပေါင်းကြိုးစားခဲ့သည်။ နဂါးနီစာအုပ်အသင်းမှတောင်းခံသောအကူအညီကိုလည်း ကိုယ်တိုင်ရေးသား၍ ကူညီခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ (၁၉၃၈) တွင် ဦးဘချိုသည် သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်နု၊ တက်ဘုန်းကြီးသိန်းဖေတို့နှင့်အတူ အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးအရေးယူခြင်းတို့ ခံခဲ့ရသည်။

၁၉၃၉ ခုနှစ်တွင် မြို့မဦးဘလွင်၊ သခင်နု၊ ဒေါ်မြစိန် (အမ်အေ၊ ဘီးလပ်) တို့နှင့်အတူ တရုတ်နိုင်ငံသို့မိတ်ဆက်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းကိုဦးဆောင်တည်ထောင်၍ ဥက္ကဌတာဝန်ကိုယူခဲ့သည်။ ထိုနှစ်မှာ ပင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဂီတသုတေသနပညာရှင် ဦးခင်ဇော်၏ မြန်မာသီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ဘောလယ်၊ ရတု၊ ရကန်၊ လူတား၊ ဧချင်း၊ မော်ကွန်းတို့ကို မူမှန်အသံသွင်းနိုင်ရေးအတွက် ဦးဆောင်ခဲ့သည်။ ဦးဘချို၏ ဦးဆောင်မှု ဖြင့် အဝေးရောက်မင်းဦးအောင်ကြီး၊ ဒေါ်စောမြအေးကြည်၊ သီပေါနရည်တော်အဖွဲ့သားများ က ကူညီခဲ့သည်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ် မြန်မာပြည်သို့ ကူးစက်လာရာ ဒီးဒုတ်ဦးဘချိုသည် အဝေးရောက်မင်းဦးအောင်ကြီးရှိရာ ရွှေဘိုသို့စစ်ရှောင်ခဲ့သည်။ ရွှေဘိုတွင် ဂျပန်ဆန့်ကျင်ရေးစာများ ကို ဖြန့်ဝေခဲ့သည်။ ထောင်တွင်းရှိ သခင်နု၊ သခင်စိုး၊ သခင်ဗဟိန်းတို့ကို တရုတ်ပြည်သို့သွားနိုင်ရန် တရုတ်အစိုးရကိုယ်စားလှယ် ဂျင်နရယ်ဝမ်းနှင့် ဆက်သွယ်ပေးခဲ့သည်။ ဦးဘချိုသည် ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေး၌ နာမည်ထွက်နေ၍ အသက်ဘေးလုံခြုံရေးအတွက် တွံ့တေးဘက်တွင် ဇနီးမောင်နှံခိုလှုံနေခဲ့ရသည်။ ဦးဘချိုလုံခြုံရေးအတွက် သခင်နု၊ ဗိုလ်လက်ျာတို့က စီစဉ်ပေးခဲ့သည်။ ဂျပန်ခေတ်ကထုတ်ဝေသောစာရေးဆရာမ ဂ္ဂဇင်းတွင်လည်း ဂီတဆောင်းပါးများ ရေးသားခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးပြီးနောက် ဖတဖ (နောင်ဖတပလ) ဖွဲ့စည်းရာ ဗဟိုဦးစီးအဖွဲ့ဝင် ၁၆ ဦးတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

စစ်ပြီးနောက် ရန်ကုန်အရှေ့ပိုင်း ရေကျော်လမ်းအနီး ၄၉ လမ်းနှင့် လမ်း ၅၀ ထိပ် မောင်ဂိုမာရီလမ်းမကြီး (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပေါ်တွင် စာပုံနှိပ်တိုက်တခုဖွင့်လှစ်၍ ဒီးဒုတ်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခဲ့ကာဖဆပလကို ထောက်ခံအားပေးခဲ့သည်။ ဒီးဒုတ်ဂျာနယ်တိုက်အပေါ်ထပ်တွင် ဦးဘချို မိသားစုနေထိုင်ကြပြီး အောက်ထပ်တွင်အလုပ်တိုက်ဖွင့်ထားသည်။ ကိုယ့်ပုံနှိပ်စက်ဖြင့် ထုတ်ဝေနေခြင်းဖြစ်သည်။

ဒီးဒုတ်ဂျာနယ်တိုက်ပိုင်မှာ ဦးဘချိုကိုယ်တိုင်ပင်ဖြစ်ပြီး စီးပွားရေးမဆန်ချေ။ သူ့စာရင်းနှင့်သူ၊ သူ့အရှုံးအမြတ်နှင့်ထားပြီး ကျကျနနစီးပွားရေးဆန်ဆန်လုပ်ခြင်းမရှိချေ။ ပိုင်ရှင်လည်းဖြစ်၊ ထုတ်ဝေသူလည်းဖြစ်၊အယ်ဒီတာလည်းဖြစ်၊ ပင်တိုင်ဆောင်းပါးရှင်လည်းဖြစ်သော ဦးဘချိုသည် သတ်မှတ်ထားသော လခ အခကြေးငွေများ ကို ထုတ်ယူသူလည်းမဟုတ်။ လွယ်သလို၊ ချောင်သလို၊ လိုသလိုထုတ်ယူသုံးစွဲခြင်းဖြစ်သည်။ တခါတခါဂျာနယ်လုပ်ငန်းအတွက်ငွေမရှိက ရှိသောပစ္စည်းပေါင်နှံရောင်းချ သို့မဟုတ် ချေးငှား၍ လိုငွေကို စိုက်ထုတ်ရသည်။

ဦးဘချိုတို့ ဇနီးမောင်နှံတို့သည် အပေးအကမ်းရက်ရော၍ အပေါင်းအသင်းများ အပေါ် အကုန်အကျခံ၍ လက်ဖွာသည်။ ထို့ကြောင့် သူနိုင်သော လုပ်ငန်းရှင်များ ထံမှ ကြော်ငြာခများ ကိုလည်း တစ်နှစ်အတွက် ကြိုယူထားပြီးအလုပ်တိုက်ကစာရင်းတွင် ငွေမ၀င်ဘဲ ကြော်ငြာများ ထည့်ပေးနေရခြင်းဖြစ်သည်။ ထို့ကြောင့် ဂျာနယ်လုပ်ငန်း ငွေအ၀င်အထွက်စာရင်း၊ ဦးဘချို၏ ငွေအ၀င်အထွက်စာရင်းနှင့် မိသားစုငွေအ၀င်အထွက်စာရင်းအားလုံးရောထွေးနေပြီးအမြဲတမ်းလိုလို စီးပွားရေးအားဖြင့် လုံးလည်လိုက်နေလေသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့၌ ပြန်ကြားရေးဝန်ကြီးအဖြစ် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် တာဝန်ပေးအပ်ခြင်းကို ခံရသည်။ ဖဆပလအဖွဲ့ချုပ်မှကြီးမှူးသောချင်း-ဗမာ ချစ်ကြည်ရေးညီလာခံကို ၁၉၄၇ ခုနှစ်၊ မတ်လ ၄ ရက်မှ ၆ ရက်နေ့အထိ ထီးလင်းမြို့၌ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား မြန်မာအဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လတွင်ကျင်းပသည့်တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေကိုရေးဆွဲရေးကော်မတီ၌ ပါဝင်၍ အလံ၊ သီချင်း၊ တံဆိပ်ကော်မတီသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀း၃၀နာရီတွင်ရန်ကုန်မြို့အတွင်းဝန်ရုံး(နောင်ဝန်ကြီးများ ရုံး)၌ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော အမိန့်ပေးခိုင်းစေခဲ့သော မသမာသူ လူသတ်သမားတို့၏ လုပ်ကြံမှု ကြောင့် အခြားဝန်ကြီးများ နှင့်အတူဦးနှောက်ထဲကျည် ၅ တောင့်ထိမှန်ကာ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုသည်နံနက် ၁၁ နာရီခန့်တွင် ကျဆုံးခဲ့သည်။

အာဇာနည်ဒီးဒုတ်ဦးဘချို ကွယ်လွန်ပြီးနောက် နိုင်ငံရေး ၂၆ နှစ်လုံးလုံး လုပ်ကိုင်၍ လာခဲ့သော ဒေါ်လှမေမှာ ငယ်စဉ်ကဲ့သို့ကိုယ်ထိလက်ရောက်မဆောင်ရွက်နိုင်တော့ပေ။ဦးဘချို၏ မဲဆန္ဒနယ်အတွက် သမီးလတ်ဖြစ်သူ ဒေါ်ခင်ပု(နောင်လွှတ်တော်အမတ်)ကိုဝင်ရောက်ရွေးခံစေခဲ့သည်။ ဒေါ်ခင်ပုသည် ‘ငွေဝတ်ရည်’ ကလောင်နာမည်ဖြင့် စာပေများ ရေးသားခဲ့သူလည်းဖြစ်သည်။ သူသည်ကဗျာဆရာမ ငွေတာရီနှင့် အလွန်ရင်းနှီးသူလည်းဖြစ်သည်။

ဦးဘချိုနှင့် ဒေါ်လှမေတို့၏ သမီးကြီး ‘မြမျိုးနွယ်’ မှာ လည်းစာရေးဆရာမ တဦးဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ ဇနီး ၀ံသာနုအမျိုးသမီးခေါင်းဆောင်ကြီး ဒေါ်လှမေသည် ၁၉၇၄ ခုနှစ်၊ ဇွန်လ၁၂ ရက်နေ့တွင် သမီးငယ်ဒေါ်ခင်စု (မအမာ) နေအိမ်၌ ကွယ်လွန်သွားခဲ့လေသည်။

* * *

(၁) စောမုံညင်း ။ ။ မြန်မာအမျိုးသမီး၊ ရန်ကုန်၊ ပိတောက်လှိုင်စာပေ၊ ပကြိမ် ၁၉၇၆။
(၂) မောင်ဇေယျာ။ ။ မြန်မာလူကျော် ၁၀၀ (ပထမအုပ်)၊ ယူနီတီစာပေတိုက်၊ ပကြိမ် ၂၀၁၀။
(၃) ဗိုလ်မှူးဘသောင်း။ ။ စာဆိုတော်များ အတ္တုပ္ပတ္တိ၊ ရာပြည့် စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၂၀၀၂။



ဝန်ဇင်းချစ်သူများ သန်းဝင်းလှိုင် ၏ “ သမိုင်းတစ်ကွေ့မှ အကျော်ဇေယျ အမျိုးသမီးများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒုတိယ ကမ္ဘာစစ် မှတ်တမ်းများ

နိုင်ငံတော်လုပ်ကြံမှု တရားခံ ဂဠုန်ဦးစော၏ ရှုပ်ကွပ်မြှုပ်ကွပ်များ

ဦးနုဘ၀နှင့် စာပေမှတ်တမ်း