Cover

အခန်း(၁)

ဆောင်းလုလင်

ဒေါက်တာစိုးထိုက်နှင့် နဂါးသိုက်ရှာပုံတော်

(၁)

“It’s very wonderful’’

အမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်ကြီးက ပန်းချီကားကို နောက်တစ်ကြိမ်ပြန်ကြည့်ရင်း ရေရွတ်လိုက်လေသည်။

ထို့နောက် သူက စကားပြန်မိန်းကလေးဘက်သို့လှည့်၍ မေးခွန်းတစ်ခု မေးခိုင်းလိုက်သည်။

တိုးရစ်ဂိုက်မိန်းကလေးက နိုင်ငံခြားသား၏ အမေးစကားကို မြန်မာဘာသာပြန်ကာ အိမ်ရှင်အဘိုးအိုကို ထပ်ဆင့်မေးပေးလိုက် ပါသည်။

''ပန်းချီကားဟာ ရာသီအလိုက် ပြောင်းလဲနေတယ်ဆိုတာ ဟုတ်ပါသလား''

အဘိုးအိုက အဖြေမပေးချင်သည့်သဖွယ် နှုတ်တွန့်နေ၏ ။

''စိတ်ထင်လို့လည်း ဖြစ်ပါလိမ့်မယ်။ အဘရဲ့ အိမ်က အလင်းရောင် ကျပုံကလည်း တစ်မျိုးထူးခြားတယ် မဟုတ်လား။ အိမ်ခေါင်မိုးပေါ်မှာ အပေါက်ဖောက်ပြီး နေကာမှန်တပ်ထားတဲ့ နေရာတွေ လည်းရှိတယ်လေ။ ဒီတော့ အလင်းရောင် က အချိန် ကာလလိုက်ပြီး ပန်းချီကားပေါ် ထိုးကျနေတော့ကာ ပန်းချီကားဟာ အခြေအနေအမျိုးမျိုး ပြောင်းနေသလို ထင်ရတာ ပါကွယ်''

အဘိုးအို၏ စကားမှာ တစ်ခုခုကို ဖုံးဖိကွယ်ဝှက်ထားမှန်း မိန်းကလေးက ရိပ်မိလိုက်လေသည်။ သူမက သက်ပြင်းချရင်း အဘိုးအို၏ စကားကို တိုးရစ်အား ဘာသာပြန်၍ ပြောပြလိုက်သည်။ နောက်ဆက်တွဲ အနေနှင့် လည်း သူမ၏ ထင်မြင်ချက်ကို ဖြည့်စွက်ပြောလိုက်သည်။

''အဘိုးကြီးက ပန်းချီကားအကြောင်း စပ်စုတာကြိုက်ပုံမရဘူး မစ္စတာ''

အမေရိကန်က ပခုံးတစ်ချက်တွန့်လိုက်သည်။

''ကျေးဇူးပြုပြီး ကျွန်တော့် ကို အချိန်တစ်နာရီလောက် ပန်းချီကားကို လေ့လာခွင့်ပြုပါ ခင်ဗျား''

ကမ္ဘာလှည့်ခရီးသည်က အဘိုးအိုသို့ တောင်းပန်သော အမူအရာဖြင့် တိုက်ရိုက်ပြောလိုက်သည်။ လမ်းညွှန်မိန်းမငယ်က ဘာသာပြန်ပြရပြန်သည်။

တစ်ဆက်တည်း ...

''သူက အမေရိကန်နိုင်ငံက ပန်းချီပညာရှင် တစ်ယောက် ပါ အဘ။ နာမည် က မစ္စတာကောလင်းတဲ့၊ တက္ကသိုလ် တစ်ခုက ပန်းချီပညာရပ်သင်ပြတဲ့ ဆရာ တစ်ယောက် ပါ။ မြန်မာနိုင်ငံကိုရောက်ခိုက် ထင်ရှားတဲ့ပန်းချီကားတွေ လေ့လာခဲ့ပြီးပါပြီ။ ပန်းချီပညာရှင်တွေ နဲ့လည်း တွေ့ ဆုံခဲ့ပြီးပါပြီ။ ဒီပန်းချီကားအကြောင်းကိုတော့ ကျွန်မကပဲ ပြောပြလို့ ကြည့်ချင်တယ်ဆိုလို့ ခေါ် လာခဲ့တာပါ''

နိုင်ငံခြားသား၏ ရည်မွန်သော ဟန်ပန်၊ မိန်းကလေး၏ တောင်းပန်သော အပြောများ ကြောင့် အဘိုးအိုက စိတ်ပါလှသည် မဟုတ်ဘဲ အားနာကာ ခွင့်ပြုလိုက်သည်။

''အေးလေ ...ကြည့်ပေါ့၊ ဒါပေမယ့် အဘဆီ ကတော့ ပန်းချီကားအကြောင်း ဘာမှသိရမှာ မဟုတ်ဘူး မိန်းကလေး။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီပန်းချီကားဟာ အဘပိုင်တဲ့ပစ္စည်း မဟုတ်လို့ပဲ။ ပန်းချီအကြောင်းလည်း အဘ နားမလည်ပါဘူးကွယ်။ အချိန်အလိုက် ပန်းချီကားထဲမှာ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတာကလည်း လူတွေ စိတ်ထင်ပြောကြတာပါ။ အေးလေ ...ကြည့်ပေါ့၊ ကြည့်ပါ၊ ရပါတယ်''

အဘိုးအို၏ ခွင့်ပြုစကားကြောင့် တိုးရစ်ရော၊ ဧည့်လမ်းညွှန်မလေးပါ ဝမ်းသာသွားကြသည်။

တိုးရစ်က သူ၏ အိတ်ထဲမှ ကင်မရာများ ကိုထုတ်ကာ ဧည့်ခန်းစားပွဲပေါ် စုပြုံတင်လိုက်သည်။ အမျိုးမျိုးအစားစားသော ကင်မရာငါးလုံး ထွက်ပေါ်လာပါ၏ ။

တိုးရစ်သည် ကင်မရာတစ်ခုပြီးတစ်ခုသုံးကာ ပန်းချီကားကို ဓာတ်ပုံရိုက်တော့သည်။ ရှုထောင့်အမျိုးမျိုးမှ စိတ်တိုင်းကျ ရိုက်ယူနေ၏ ။

ပန်းချီကားသည် လေးပေxသုံးပေအရွယ်ရှိပြီး ပတ္တူစပေါ်၌ ရေး ဆွဲထားခြင်း ဖြစ်လေသည်။ ပန်းချီကားထဲ၌ သစ်ပင် ထူထပ်သော တောအုပ်တစ်ခုက နောက်ခံရှိနေသည်။ ထိုတောအုပ်၏ ရှေ့ဝယ် တောင်နှစ် လုံးရှိနေပြီး နိမ့်သော တောင်ပေါ်၌ စေတီ လေးတစ်ဆူ ရှိနေပါ၏ ။ တစ်ဖက်မှ မြင့်သော တောင်ကို အတော် မြင့်မားစွာ ရေး ဆွဲထားပြီး ပန်းချီကား၏ အထက်ဘောင်ထိလု နီးပါး ရေး ဆွဲထားပါ၏ ။ မြင့်သော တောင်သည် နောက်ခံတောအုပ်မှ သစ်ပင်များ ထက် မြင့်ပြီး ကောင်းကင်သို့ ထိုးထွက်နေကာ တိမ်တိုက်များ နှင့် ထိလုနီးပါး ရေး ခြယ်ထားပါ၏ ။ ပန်းချီကား၏ ရှေ့ဘက်အကျဆုံးနေရာတွင် တော့ စမ်းချောင်းငယ်လေးတစ်ခု စီးဆင်းနေပါသည်။

တိုးရစ်ဂိုက် မြင့်မြင့်မေသည် ပန်းချီကားကို ကြည့်ရင်း လွမ်းသလိုလို၊ ဆွေးသလိုလို ခံစားလိုက်ရသည်။ ထိုသို့ခံစားရ ခြင်းမှာ မြန်မာလူမျိုးမျက်စိနှင့် မို့ ခံစားရတာ ဟု ဧည့်လမ်းညွှန်မလေး မြင့်မြင့်မေက ထင်မိလေ၏ ။ ဘာကြောင့် ဆိုတော့ ပန်းချီ ကားထဲမှာ တောင်ပေါ်စေတီလေးပါနေသည် မဟုတ်လား။ မြန်မာတို့သည် တောင်အထွတ်အထိပ်များ တွင် စေတီတည်သည့် အခါတိုင်း 'လွမ်းစေတီ'ဟု ဘွဲ့မည် ပေးတတ်ကြသည်။ ထိုသို့သော ရှုမျှော်ခင်းကိုမြင်လျှင်လည်း အလိုလို လွမ်းဆွေးစိတ် ပေါ် တတ်ပါ၏ ။

မြန်မာတို့၏ ထိုသို့သော ”ဓာတ်ခံကြောင့် မြန်မာ ဖြစ်သည့် မိမိသည်လည်း လွမ်းမောဆွတ်ကျင်စွာ ခံစားလိုက်ရခြင်း ဖြစ်သည်ဟု မြင့်မြင့်မေက တွေးမိခြင်း ဖြစ်သည်။

နိုင်ငံခြားသား ကတော့ ဘယ်လိုခံစားရသည် မသိ။ ကင်မရာတွေ တစ်ခုပြီးတစ်ခုပြောင်းကာ ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံရိုက်ယူနေဆဲ ဖြစ်သည်။

ထိုစဉ်မှာ ပဲ အိမ်အတွင်းထဲမှ ဘီးလိမ့်လာသံတစ်ခု ကြားလိုက်ရသည်။ သမံတလင်းပေါ်သို့ ဘီးပွတ်တိုက်၍ ထွက်ပေါ် လာသံ ဖြစ်သည်။

ဘီးလိမ့်သံသည် ဧည့်ခန်းဆီသို့ တစ်စတစ်စ နီးကပ်လာကာ ဧည့်ခန်းနှင့် အိမ်တွင်းခန်းကို ကာရံထားသော ခန်းဆီးစ ကလေးကို လှမ်းဖယ်လိုက်သည့် ဖြူနုသော လက်ကလေးတစ်ဖက်ကို မြင်လိုက်ရလေသည်။

ခန်းဆီးစနှစ် စသည် အလယ်မှကွဲထွက်သွားပြီး ဘီးတပ်ကုလားထိုင်တစ်လုံး ပေါ်ထွက်လာပါ၏ ။ ဘီးတပ်ကုလားထိုင်ကို ကျောမှီမှ တွန်းလာသူမှာ အဘွားအိုတစ်ဦး ဖြစ်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်၍ လိုက်ပါလာသူမှာ ရုတ်တရက် ကြည့်သော် ဆင်စွယ်ပန်းပုရုပ်တုတစ်ခု ဖြစ်လေသည်။

လက်ရာမြောက်စွာ ထုလုပ်ထားသော နတ်သမီးရုပ်တုတစ်ခုဟု ထင်လိုက်ရာမှ ထိုပန်းပုရုပ်သည် ဧည့်သည်များ ကို ခေါင်းငဲ့ကြည့်လိုက်သည့်အတွက်ကြောင့် လူသားတစ်ဦး ဖြစ်နေမှန်း သိလိုက်ရသည်။

''အို ...''

“Oh! God’’

မြင့်မြင့်မေနှင့် မစ္စတာကောလင်း နှုတ်မှ ပြိုင်တူထွက်ပေါ်လာသော အာမေဍိတ်သံ ဖြစ်ပါ၏ ။ ဤအိမ်မှာ ပန်းပုရုပ်များ ထုလုပ်ရောင်းချသော ဌာနတစ်ခု ဖြစ်၍ လည်း လူမျှကြီးမားသော ပန်းပုရုပ်ကို လက်တွန်းလှည်းပေါ်တင်တွန်းလာသည်ဟု ရုတ်တရက် တွေးထင်လိုက်မိခြင်း ဖြစ်လေသည်။

ဘီးတပ်ကုလားထိုင်ပေါ်မှ မိန်းမငယ်သည် သွေးမရှိသည့် သဖွယ် ဖွေးနုနေပြီး ဆုတ်ချေပစ်လိုက်လျှင် ကြေမွသွားမည် လား ထင်ရအောင် နုဖတ်နေပါ၏ ။ မိန်းမငယ်၏ ရုပ်ရည်သည် ပန်းပုဆရာက မိန်းမတို့၏ မျက်နှာတွင် ပါရှိတတ်သော အပြစ်အနာအဆာများ ကို လေ့လာကာ ထိုအပြစ်များ မှ လွတ်ကင်းအောင် တမင်ထုလုပ်ထားသည့်သဖွယ် အပြစ်ဆိုစရာမရှိအောင် ပြေပြစ်ချောမွေ့နေ၏ ။

ထိုမိန်းမလှလေး၏ မျက်နှာဝယ် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုသည့် ခံစားချက်မျိုး တစ်စုံတစ်ရာ ရှာမတွေ့ ဘဲ ပကတိ ကြည်စင်ချောမွေ့ကာ အရိုးခံအတိုင်း ရှိနေပေ၏ ။

ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော မိန်းမငယ်၏ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်သည့်အတွက်များ မျက်နှာအလှ က ပို၍ ပေါ်လွင်ထင်ရှားလာလေသလား မသိပါ။

အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် သေးနုပ်ကြုံလှီနေသော ကြောင့် ဖြစ်သည်။ ခါး၏ အောက်ပိုင်းမှစ၍ သူမကိုယ်မှာ ကြုံလှီသွားပြီး ခြေထောက်ပိုင်းကို စောင်ပါးတစ်ထည်ဖြင့် ဖုံးအုပ်ထားလေသည်။

အောက်တစ်ပိုင်း မသန်မစွမ်း ဖြစ်နေရှာသည့် အားနည်းချက်ကြောင့် သူမ၏ နဂိုလှသော မျက်နှာက ပို၍ ပေါ်လွင်ကာ ထင်ရှားလာခြင်းမျိုးလည်း ဖြစ်ပါလေမည် ။

မြင့်မြင့်မေနှင့် နိုင်ငံခြားသားတို့သည် မိန်းမငယ်၏ လှပလွန်းမှု အပေါ် ရင်သပ်ရှုမော ဖြစ်မိခြင်းကတစ်မျိုး၊ မိန်းမငယ်၏ ဒုက္ခိတအသွင်ကို ကရုဏာသက်မိခြင်းကတစ်မျိုးဖြင့် ယောင်ရမ်းကာ အာမေဍိတ်သံများ ထွက်ပေါ်မိခြင်း ဖြစ်ပါတော့သည်။

“ Who is she?’’

တိုးရစ်က သူဘယ်သူလဲဟု မေးလိုက်ခြင်းအပေါ် အဘိုးအိုက -

''ကျုပ်မြေးပါ''

ဟု ဖြေလိုက်လေသည်။

နိုင်ငံခြားသား၏ မေးခွန်းကို နားလည်၍ မဟုတ်ဘဲ ဘာမေးလိုက်တယ်ဆိုတာ ရိပ်မိပြီး တိုက်ရိုက်အဖြေပေးလိုက် ခြင်း ဖြစ်လေသည်။

မြင့်မြင့်မေက အဘိုးအို၏ မြေး ဖြစ်ကြောင်း ဘာသာပြန်ပြလိုက်သည်။

''ကျုပ်မြေးလေး ပန်းမှုံ ပါဗျာ။ သူက ကျုပ်ဇနီး မမှိန် တဲ့''

ဘီးတပ်ကုလားထိုင်ကို တွန်းလာပေးသည့် အဘွားအိုနှင့် ပါ မိတ်ဆက်ပေးလိုက် သည်။

''အဘနာမည် လည်း ကျွန်မတို့ မသိရသေးဘူး''

''အဘနာမည် က တောက်ထိန် တဲ့''

''အို ...''

ဦးတောက်ထိန်၊ ဒေါ်မှိန်။

နာမည် ချင်းက ဆန့်ကျင်ဖက်ပါလား။

မြင့်မြင့်မေက နိုင်ငံခြားသား နားလည်အောင် ရှင်းမပြတတ်၍ နာမည် ချင်းဆန့်ကျင်ဖက် ဖြစ်နေပုံကိုတော့ ပြောမပြ ဖြစ်တော့ပေ။

“Baby, Could you tell me about this picture?’’

(ကလေး၊ ဒီပန်းချီကားအကြောင်း ငါ့ကို ပြောပြနိုင်မလား။)

ပန်းမှုံက ရှက်သွေးဖြန်းကာ မျက်နှာအောက်ငုံ့သွားလေသည်။

''နိုင်ငံခြားသားကြီးက ‘ဒီပန်းချီကားအကြောင်း ပန်းမှုံကို မေးချင်လို့တဲ့''

''ဟုတ်ကဲ့''

ပန်းမှုံက မဝံ့မရဲလေသံဖြင့် ဖြေလိုက်သည်။

''ဒီပန်းချီကားဟာ ရာသီဥတုလိုက်ပြီး ပြောင်းလဲမှု ရှိတယ်ဆိုတာ ဟုတ်သလား''

အင်္ဂလိပ်ဘာသာဖြင့် အမေးကို မြင့်မြင့်မေက တစ်ဆင့် ပြန်ပြောပြလိုက်သည်။

''ဟုတ် ...ဟုတ်ပါတယ်''

''ဘယ်လိုပြောင်းတာလဲ''

''အဲဒီ နေရာမှာ မိုးရွာရင် ပန်းချီကားထဲမှာ လည်း မိုးရွာတယ်။ လပြည့်ညဆို ပန်းချီကားထဲမှာ လည်း လသာနေပါတယ်''

“Oh! My God’’

သူ့စကား ဖြစ်နိုင်ရဲ့ လားဆိုသည့်သဘောဖြင့် မစ္စတာကောလင်းက ပခုံးတွန့်ရင်း မျက်ခုံးပင့်ပြလေသည်။

''ပန်းမှုံ မြင်ဖူးတယ်ပေါ့''

''မြင်ဖူးတာပေါ့ မမရဲ့ ၊ ပန်းမှုံက အချိန်ရှိသရွေ့ ဒီပန်းချီကားကြီး ရှေ့မှာ ပဲ ထိုင်နေတာ''

''အဟမ်း ...အဟမ်း ...''

ဦးတောက်ထိန်က ချောင်းဟန့်ရင်း ပန်းမှုံစကားကို ပြတ်စေကာ ဝင်ပြောလိုက်သည်။

''ကျုပ်ပြောပါရော၊ အမိုးမှန်ပေါက်ကကျတဲ့ အလင်းရောင် က ရောင် ပြန်ဟပ်ပြီး ပန်းချီကားကို တစ်မျိုးတစ်ဖုံ ဖြစ်စေတာပါလို့။ ဒီကောင်မလေး စကားကို မယုံနဲ့။ သူက အိမ်ထဲကအိမ်ပြင် မထွက်ရတိုင်း စိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာ။ ပန်းချီကားက အဲဒီ လို ဖြစ်ပါတယ်လို့ သတင်းလွှင့်တာလဲ သူပဲ''

''ဘိုးဘိုးနော်''

ပန်းမှုံက အဘိုး ဖြစ်သူကို မကျေနပ်စွာ ကြည့်လိုက်သည်။

''သမီး ပေါက်ကရတွေ လျှောက်ပြောနေတာ မဟုတ်ဘူး၊ ဟောဟိုမှာ ကြည့်စမ်း ... နေဝင်သွားပြီ ...တွေ့ လား''

ပန်းမှုံက ပန်းချီကားကို လက်ညှိုးညွှန်ရင်း ပြလိုက်ရာ မစ္စတာကောလင်း၏ ဦးခေါင်းမှာ ပန်းချီကားဆီသို့ ချာခနဲ လှည့်သွားလေ၏ ။ Oh! God တစ်လုံးလည်း နှုတ်မှထွက်ကျလာပြန်သည်။

''အခု နေဝင်ချိန်လေ၊ ‘ဒီမှာ နေဝင်သလို သူတို့ဆီမှာ လည်း ဝင်ပြီပေါ့ တွေ့ လား။ နေဝင်လို့ အရောင် မှိုင်းသွားတာ''

မစ္စတာကောလင်းက သွက်လက်စွာ ထကာ ကင်မရာတစ်လုံးဖြင့် ဓာတ်ပုံ ရိုက်ယူလိုက်သည်။

မြင့်မြင့်မေသည် ထိုင်ရာမှ ထရပ်မိရက်သား ဖြစ်ကာ ပန်းချီကားရှေ့သို့ ရောက်သွားလေသည်။ မြင့်မြင့်မေအမြင်မှာ တော့ ပန်းချီကားသည် ပြောင်းလဲမှု မရှိဟု ထင်သည်။ ဒါလည်း နဂိုကပင် ပန်းချီကားကို သေချာ စိတ်ဝင်တစား ကြည့်မထားခဲ့၍ ဖြစ်နိုင်ပါသည်။

မစ္စတာကောလင်းက ပန်းချီကားမှာ စောစောကထက် အရောင် မှိုင်းသွားကြောင်း ပြောပြသည်။

''ပန်းချီကားကို အနောက်ဘက်အရပ်ကနေ အမြင်နဲ့ရေး ဆွဲထားတာပဲ မေ။ အခု နေလုံးက အနောက်ဘက်ကို ဝင်သွားတော့ ကောင်းကင်က မှော င်ရီသမ်းသွားတယ်။ ဒါ အမှန်ပဲမေ၊ ပန်းချီကားကို ငါ စေ့စေ့စပ်စပ် ကြည့်ထားလို့ သိရတာ ၊ ဓာတ်ပုံတွေ ကလည်း သက်သေခံပါလိမ့်မယ်''

''အို ...ဒီလိုဆို ပန်းချီကားဟာ ထူးဆန်းတာအမှန်ပဲပေါ့''

“This is a magic painting.’’

''မှော်ဝင်ပန်းချီကား ဟုတ်လား''

မြင့်မြင့်မေက တအံ့တသြ ရေရွတ်လိုက်သည်။

''တခြားထူးခြားချက်တွေ မေးကြည့်ပါဦး မေ''

''ပန်းမှုံ၊ မစ္စတာကောလင်းက ထပ်သိချင်သေးတယ်တဲ့။ ဟို နေဝင်ချိန်မှာ ဖြစ်သလိုမျိုး နေထွက်ချိန်မှာ ရော နေထွက်လာတာ မြင်ရသလား ဆိုတာမျိုးပေါ့ကွယ်''

''နေလုံးကိုတော့ မမြင်ရဘူး။ နေထွက်လာတော့ အရောင် လင်းသွားတာပေါ့ မမရယ်'' ကောလင်းကို ပြန်ပြောလိုက်သည်။

''နောက်ကော ...''

''စေတီရှိတဲ့ တောင်ကုန်းလေးရဲ့ ဟိုဘက်မှာ ရွာတစ်ရွာရှိတယ်''

''အို ...''

''ပန်းမှုံ ဘယ်လိုလုပ်သိသလဲတဲ့။ အဲဒီ နေရာကို ပန်းမှုံ ရောက်ဖူးလို့လားတဲ့''

''ရောက်ဖူးတယ်၊ ရောက်ဖူးတယ် မမ''

''အလကား ...အလကား ...ရူးပြီးလျှောက်ပြောနေတာ၊ မယုံကြနဲ့''

ဦးတောက်ထိန်က အော်ပြောလိုက်သည်။

''ဘယ့်နှယ်ကွယ်၊ မွေးကတည်းက ကျုပ်တို့မျက်စိအောက်မှာ နေလာတာ၊ အသက် ၁၆ နှစ် ရှိပြီ။ ဘယ်မှသွားဖူး လာဖူးတာ မဟုတ်၊ ဘယ်လိုလုပ်ပြီး ရောက်ဖူးရမှာ လဲ။ မင်းတို့လာတာ ကျုပ်မြေးလေးကို ရောဂါ ရင့်အောင် လုပ်သလိုမျိုး ဖြစ်နေပါပြီကွယ်''

''ကိုတောက်ထိန်ရယ် ...ကျွန်မမြေးကို အဲ့သလို မပြောပါနဲ့ ''

တစ်ချိန်လုံး ငြိမ်နေသည့် ဒေါ်မှိန်က ဝင်ပြောလိုက်သည်။

''ဒီမယ် မိန်းကလေး ...ကျုပ်မြေးလေးက မစွမ်းမသန်လေးဆိုတော့ စာလည်းကောင်းကောင်းမသင်ရရှာဘူး၊ အပြင် လည်း မထွက်ရရှာဘူး။ အရွယ်က မြီးကောင်ပေါက်ဆိုတော့ စိတ်ကူးယဉ်တာပေါ့ကွယ်။ ကိုတောက်ထိန် ပြောသလို ရူးနေတာတော့ မဟုတ်ပါဘူး''

''ကျွန်မ တောင်းပန်ပါတယ် ဒေါ်ကြီး''

ကောလင်းကလည်း အနူးအညွတ် တောင်းပန်ရှာသည်။

''ငါ သိချင်တာလေးတစ်ခုတော့ မေးပေးပါဦး မေရယ်။ ပန်းချီကားကိုဆွဲတဲ့လူဟာ မျက်မမြင် တစ်ယောက် ဆိုတာ ဟုတ်သလားလို့၊ အဘိုးကြီးကိုပဲ မေးလိုက်ပါ မေ''

မြင့်မြင့်မေက သက်ပြင်းချကာ အဘိုးအိုကို မျက်နှာချိုသွေးရပြန်သည်။

''ကျွန်မ ဒီပန်းချီကားအကြောင်း ရွာထဲကကြားခဲ့တာပါ။ သူကလည်း ပန်းချီဆရာမို့ စကားစပ်မိပြီး ခေါ်လာတာပါ အဘရယ်။ အဘတို့ စိတ်အနှောင့်အယှက် ဖြစ်ရတာ တောင်းပန်ပါတယ်။ တစ်ခုတော့ သိချင်ပါတယ်တဲ့။ အဘသိရင် ဖြေပေး ပါနော်။ ‘ဒီပန်းချီကားကို ဆွဲပေးတဲ့ ပန်းချီဆရာဟာ မျက်မမြင် တစ်ယောက် ဆိုတာ အမှန်ပဲလားဟင်''

အဘိုးအိုက သက်ပြင်းကို ချလိုက်လေသည်။

''ကျုပ်သိသလောက် ပြောပြမယ်။ ဒီပန်းချီကား ကျုပ်တို့အိမ်ရောက်လာတာ ပန်းမှုံ တစ်သက်ပဲ ရှိသေးတယ်။ ၁၆နှစ် ပေါ့။ ပန်းချီကားရာဇဝင်ကို ကျုပ်သား ပြောပြသလောက်ပဲ သိခဲ့ရတယ်''

''ဟုတ်ကဲ့ ...အဘ''

''ကျုပ်တို့မှာ သား တစ်ယောက် ပဲ ရှိတယ်။ ပန်းမှုံအဖေပေါ့၊ နာမည် က ညိုမြ တဲ့''

''သြော် ...''

''ကျုပ်သား အိမ်ထောင်ကျတဲ့အထိ ကျုပ်တို့ဟာ တော် တော် ဆင်းရဲခဲ့တယ်။ သားကြီးညိုမြဟာ တစ်ခါတော့ အောက် ပြည်အောက်ရွာ ဆင်းပြီး စီးပွားရှာခဲ့ရတယ်။ သူပြန်အလာမှာ ပန်းချီကားပါလာတာပဲ''

''ဟုတ်ကဲ့''

''မောင်ညိုမြဟာ အောင်လံမြို့နားက ဘွက်ကြီးတံတား ပြုပြင်တဲ့နေရာမှာ ကျောက်ခွဲတဲ့ အလုပ်လုပ်ခဲ့တာပါ။ အဲဒီ မှာ သူ့အလုပ်ကြပ်က နေမကောင်း ဖြစ်တော့ သူပဲပြုစုခဲ့ရတယ်တဲ့။ ဒါနဲ့ အလုပ်ကြပ်က သူ့ကိုခင်သွားပြီး တံတားပြီးလို့ အလုပ် အသိမ်းမှာ သူ့ကို အိမ်ခေါ်သွားတယ်။ မန္တလေးကို ပြန်ခါနီး မှာ ဒီပန်းချီကားကို လက်ဆောင်ပေးလိုက် တာပဲ''

''ပန်းချီဆရာဆီက တိုက်ရိုက်ရတာ မဟုတ်ဖူးပေါ့နော်''

''ပြောမယ်လေ၊ အလုပ်ကြပ်ကလည်း သူ့အဖေလက်ထက်ကတည်းက‘ဒီပန်းချီကား အိမ်မှာ ရှိနေတော့ သူတို့ ဘယ်လို ပိုင်ထားမှန်း မသိဘူး။ အဲ သူကြားဖူးတဲ့ ပန်းချီကားရာဇဝင်ကိုတော့ မောင်ညိုမြကို ပြောပြလိုက်တယ်။ ဒီပန်းချီကားကိုဆွဲတဲ့ ပန်းချီဆရာဟာ မျက်မမြင် တစ်ယောက် တဲ့''

''နာမည် တွေ ဘာတွေ ရော သိသလား အဘ''

''မသိဘူး၊ ကျုပ်ကတော့ မယုံပါဘူး။ မျက်မမြင်က ဘယ်လိုလုပ် ပန်းချီဆွဲနိုင်မှာ လဲ''

''ပန်းချီကားအကြောင်းက ဒါပဲလား အဘ''

''ကျုပ်သိတာ ဒါပဲ။ အင်း ...မောင်ညိုမြ ပန်းချီကားကြီး မ,ပြန်လာတဲ့အခေါက်မှာ ပဲ ဟောဒီမြေးလေးကို ကိုယ်ဝန်ရှိပြီး မွေးခဲ့တာပဲ''

မြင့်မြင့်မေက အဘိုးအို ပြောပြသမျှကို အတိုချုပ်ပြီး မစ္စတာကောလင်းသို့ ပြန်ပြောပြလိုက်သည်။

''ဒါဆို ပန်းချီဆရာဟာ ဘယ်သူ၊ အမှန်တကယ် မျက်မမြင် တစ်ယောက် ဟုတ်,မဟုတ်ဆိုတာတော့ အထောက်အထား မရနိုင်တော့ဘူးပေါ့''

''မှန်တာပေါ့ မစ္စတာ၊ ဒါပေမယ့် အားမလျှော့ပါနဲ့ဦး။ အဘိုးကြီးက တစ်ခုခု ကွယ်ဝှက်ထားချင်လို့ ဖြစ်မှာ ။ ငါ နောက်မှ ဒီအိမ်ကို ဝင်ထွက်ပြီး ရင်းနှီးအောင်လုပ် စုံစမ်းကြည့်ပါ့မယ်။ ထူးရင် ရှင့်ဆီစာရေး မှာ ပေါ့''

''ကောင်းတယ် ...သိပ်ကောင်းတဲ့ အိုင်ဒီယာပဲ မေ။ မင်း သိပ် တော် တာပဲ''

ကောလင်းက မြင့်မြင့်မေ၏ အကြံအစည်ကို ချီးကျုးလိုက်သည်။

''တစ်ခုမေးပေးပါဦး၊ ပန်းချီကားကို ရောင်းမလားလို့''

မြင့်မြင့်မေက ဦးတောက်ထိန်ကို မေးပေးလိုက်သည်။

''မစ္စတာကောလင်းက ဒီပန်းချီကားကို ဝယ်ချင်ပါတယ်တဲ့ အဘ''

''အို ...မရောင်းဘူး''

ပန်းမှုံက အလန့်တကြား အော်လိုက်သည်။

ဒေါ်မှိန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ ပြတ်သားစွာ ပြောလိုက်သည်။

''ဒီပန်းချီကားဟာ ကျုပ်မြေးလေးရဲ့ ဘဝ၊ ကျုပ်မြေးလေးရဲ့ အသက်၊ သူဟာ ဒီပန်းချီကားနဲ့ စိတ်အပန်းဖြေနေရတာ ပါကွယ်။ ရောင်းစားရလောက်အောင်လည်း ကျုပ်တို့မမွဲသေးဘူး''

''အခြေအနေမကောင်းဘူး။ ငါတို့ ပြန်ကြစို့''

မြင့်မြင့်မေက ကောလင်းကို ပြောလိုက်သည်။

''ခွင့်လွှတ်ပါ ဒေါ်ကြီးရယ်၊ သူက မေးခိုင်းလို့ ကျွန်မ မေးပေးတာပါ။ သူက ကျွန်မကို ပိုက်ဆံပေးပြီး ငှားထားတာ မဟုတ်လား။ ဘာပဲ ဖြစ် ဖြစ် ပန်းချီကားကို လေ့လာခွင့်ပေးတဲ့အတွက် ကျေးဇူးအများ ကြီး တင်ပါတယ်တဲ့။ ကျွန်မတို့ကို ခွင့်ပြု ပါဦးရှင်''

ဧည့်လမ်းညွှန်မလေး မြင့်မြင့်မေက ရည်မွန်စွာ နှုတ်ဆက်ရင်း ပြန်သွားလေတော့သည်။

•••

အခန်း(၂)

(၂)

မြန်မာနိုင်ငံ၏ သမိုင်းဝင်အင်းကြီး ဖြစ်သော တောင်သမန်အင်းကြီးကား ရာသီမရွေး သာယာလှပစွာ ရှိနေပါ၏ ။

ယခုကာလကား မိုးရာသီမို့ ကန်ထဲတွင် ရေပြည့်ကာ ကန်၏ ရှုခင်းက ခံ့ညားနေပေသည်။

နာမည် ကြီး ဦးပိန်တံတားရှိသည့် ဤအင်းကြီးကို အနားယူအပန်းဖြေရာ ရှုခင်းသာတစ်ခုအ ဖြစ် လူတွေ လာရောက် တတ်ကြသည်။ အမှန်တော့ တောင်သမန်သည် မှတ်သားစရာသမိုင်းကြောင်းများ စွာ တည်ရှိနေသော နေရာတစ်ခု ဖြစ်သည်။

တောင်သမန်၏ အနောက်ဘက်ခြမ်းသည် ဗုဒ္ဓဘာသာစာသင်တိုက်များ ၊ စေတီပုထိုးများ နှင့် ပြည့်နေသော သာသနာ့ နယ်မြေတစ်ခု ဖြစ်သည်။ သို့ရာတွင် အလည်အပတ်ရောက်လာကြသူများ ကတော့ ကန်ပေါင်ရှိ စားသောက်ဆိုင်များ မှ အစား အသောက်များ ကို စားသောက်၍ ဖြစ်စေ၊ လှပသော ရှုခင်းများ ကို ငေးမော၍ ဖြစ်စေ၊ ဦးပိန်တံတားပေါ် လျှောက်လှမ်း၍ ဖြစ်စေ၊ အလှဓာတ်ပုံများ မှတ်တမ်းတင်ရိုက်ကူး၍ ဖြစ်စေ အပျော်သဘော အချိန်ဖြုန်းပြီး ပြန်သွားသူသာ များ ပေသည်။ စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းများ တွင် ဝင်ရောက်ဝတ်ဖြည့် ပူဇော်ကန်တော့သူကား မရှိသလောက်ပင်။

ဝန်စာရေး မောင်ပိန် တည်ဆောက်ခဲ့သော ဦးပိန်တံတားကား တောင်သမန်၏ အရှေ့ကမ်းနှင့် အနောက်ကမ်းကို ဆက်သွယ်ပေးထားပေသည်။ ဝန်စာရေး မောင်ပိန်သည် ဤတံတားကြောင့် ပင် ရာဇဝင်တွင် နာမည် ဆိုးတွင် ကျန်ရစ်သော်လည်း တံတား ကြီး ကတော့ လူအများ အတွက် အကျိုးရှိစွာ ယခုတိုင် ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပင်တည်း။

ဦးပိန်တံတားကို ကျော်ဖြတ်၍ အရှေ့ဘက်ကမ်းသို့ သွားရောက်မည် ဆိုလျှင် ဆီမီးထွန်း၊ အိုးဘို၊ ထန်းတောရွာများ သို့ ရောက်နိုင်ပါ၏ ။

တံတားနှင့် ကပ်လျက်ရှိသော ဆီမီးထွန်းရွာမှာ ပန်းပုလုပ်ငန်းလုပ်ကိုင်ရာဌာနများ ရှိပြီး နိုင်ငံခြားသားများ အကြိုက် လက် ဆောင်ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်များ ၊ အကြော်နှင့်ထန်းရည်ဆိုင်များ ဖြင့် စည်ကားစွာ ရှိနေပါသည်။

'နဂါးမင်း'အမည် ဖြင့် ဖွင့်လှစ်ထားသော ပန်းပုအရောင်းဆိုင်သည် တံတားနှင့်မနီးမဝေးမှာ ရှိပြီး ပန်းပုလက်ရာစုံလင် လှပေ၏ ။ လက်သန်းအရွယ် ပန်းပုရုပ်ကလေးမှစ၍ လူနှင့်တစ်ရွယ်တည်း ဖြစ်သော ပန်းပုရုပ်ကြီးများ အထိ ရနိုင်ပေသည်။ လူရုပ်၊ ဘီလူးရုပ်၊ နတ်ရုပ်၊ နတ်သမီးရုပ်စသည့် ဇာတ်တော် လာအရုပ်များ အပြင် ဆင်၊ မြင်း၊ သမင်စသည့် အရုပ်များ အရွယ်အစားစား ရှိသည်။ သစ်သားကို ထွင်းဖောက်ထားသည့် ခန်းဆီးလိုက်ကာများ ၊ ပွတ်လုံးတိုင်များ ၊ ကနုတ်ပန်း ပုံဖော်ထားသော ဆက်တီက အစ ခမ်းနားစွာ ပြင်ဆင်ထားရာ ဆိုင်သည် ကျယ်ဝန်းသလောက် ပစ္စည်းများ နှင့်ပြည့်ကျပ်နေပေ၏ ။

နဂါးမင်းပန်းပုအရောင်းဆိုင်ပိုင်ရှင်မှာ ဦးတောက်ထိန်၊ ဒေါ်မှိန်တို့ ဖြစ်သည်။

ဆိုင်ကိုသာ ဧည့်သည်အလာများ သည့်နေရာတွင် တည်ထားခြင်း ဖြစ်ပြီး ဦးတောက်ထိန်တို့မိသားစု နေထိုင်သည့်အိမ်မှာ သီးခြားရှိပါသည်။ မိသားစုဆိုသော်လည်း လူဦးရေသုံးယောက် သာရှိပြီး ဦးတောက်ထိန်၊ ဒေါ်မှိန်နှင့် မြေးမလေးပန်းမှုံတို့ ဖြစ်သည်။

ဆီမီးထွန်းရွာမှ အိုးဘိုရွာသို့အထွက် ရွာအစွန်တွင် ခြံအကျယ်ကြီးတစ်ခုရှိပြီး ခြံထောင့်ရှိအဆောက်အအုံမှာ ပန်းပု အလုပ်ရုံ ဖြစ်သည်။ ပန်းပုအလုပ်သမားတို့၏ ထုလုပ်သံများ တစ်နေ့လုံး ဆူညံနေတတ်သည်။

ခြံအလယ်တည့်တည့်ရှိ တစ်ထပ်တိုက်ကလေးသည်သာ ဦးတောက်ထိန်တို့မိသားစု နေထိုင်ရာ ဖြစ်သည်။

အိမ်ကလေးထဲတွင် တော့ အမြဲတစေ တိတ်ဆိတ်နေတတ်ပြီး ပန်းမှုံ တစ်ယောက် တည်းကိုသာ ဧည့်ခန်းထဲရှိ ပန်းချီကား ကြီးရှေ့တွင် တွေ့ ရတတ်လေ့ ရှိသည်။

ပန်းမှုံသည် ဘီးတပ်ကုလားထိုင်၏ ဘီးများ ကို လက်ဖြင့် ကိုယ်တိုင်တွန်း၍ ဧည့်ခန်းဆီသို့ ထွက်လာခဲ့၏ ။

ဧည့်ခန်းထဲရောက်သော အခါ ဘိုးဘိုး၊ ဘွားဘွားတို့ဓာတ်ပုံနှစ် ပုံအောက်တွင် ချိတ်ထားသော ဖခင်နှင့်မိခင်တို့ဓာတ်ပုံများ ကို ကြည့်လိုက်သေးသည်။

မေမေ မလှကြိုင်ကို ပန်းမှုံ မြင်ပင်မမြင်ဖူးလိုက်ပါ။ ပန်းမှုံကိုမွေးပြီးပြီးချင်း မီးတွင်းထဲမှာ ဆုံးသွားသည့်မေမေ့ကို ဓာတ်ပုံ ကြည့်၍ ပင် အလွမ်းဖြေရလေသည်။

ဖေဖေကိုညိုမြ ကတော့ ပန်းမှုံ အသက်၈နှစ် အရွယ်မှာ ဆုံးပါးခဲ့တာမို့ ဖေဖေ့ကိုတော့ မှတ်မိသလိုလို၊ မမှတ်မိသလိုလို ရှိရသည်။

ပန်းမှုံသည် မိဘများ ”ဓာတ်ပုံကိုမော်ကြည့်ရင်း သက်ပြင်းမျှင်းမျှင်းလေး ချလိုက်သည်။

ဧည့်ခန်းထဲ ထွက်လာမည် ။ မိဘနှစ် ပါးပုံကို ခဏတာငေးစိုက်ကြည့်မည် ။ ပြီးတော့ ပန်းချီကားကြီးရှေ့သို့ သွားမည် ။ ပန်းချီကားကြီးကို တစ်နေ့လုံး ငေးမောစိုက်ကြည့်နေတတ်သည်မှာ ပန်းမှုံ၏ နိစ္စဓူဝအလုပ်ပင် ဖြစ်သည်။

ပန်းမှုံသည် ပန်းချီကားအောက်မှ တန်းလန်းလေးကျနေသော ပိုးကြိုးလေးကို ဆွဲလိုက်သည်။

ပန်းချီကားကို ဖုံးအုပ်ထားသော ကတ္တီပါကန့်လန့်ကာသည် အလယ်မှနှစ် ခြမ်းကွဲသွားကာ ဘေးဘက်သို့ ကတ္တီပါလိပ်က တဖြည်းဖြည်း ပွင့်သွားလေသည်။

ဇာတ်ပွဲတစ်ခုတွင် ကတ္တီပါကားလိပ်ကို ဖွင့်လိုက်သည့်အလား ပန်းချီကားသည် တစစပေါ်လာလေ၏ ။

စမ်းချောင်းငယ်။

စမ်းချောင်းနောက်မှ တောင်ထွတ်နှစ် ခု၊ မိုးထိမြင့်သော တောင်မကြီးနှင့် နိမ့်သော တောင်ငယ်ပေါ်မှ ထုံးဖွေးဖွေးစေတီ။

နောက်ခံ သစ်တောစိမ်းစိမ်း။

အထက်မှ မိုးသားတိမ်လိပ်များ နှင့် ကောင်းကင်နောက်ခံပန်းချီကားကြီး လုံးဝပေါ်လွင်ထင်ရှားသွားသည့်အခါ ပန်းမှုံသည် ပန်းချီကားကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေ၏ ။ ပန်းမှုံအတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ရှုခင်း။ ဘယ်တော့မှ အီမသွား တဲ့ မြင်ကွင်းလေ။

ပန်းချီကားကို ကြည့်နေရလျှင် ပန်းမှုံသည် သူမ၏ ဒုက္ခိတဘဝကို မေ့သည်။ အထီးကျန်ဘဝကိုလည်း မေ့ထားနိုင်သည်။

သူမ၏ အသက်၊ ဝိညာဉ်အားလုံးသည် ပန်းချီကားထဲမှာ သာ။

ပန်းမှုံက ပန်းချီကားကို မမှိတ်မသုန်သော မျက်လုံးဖြင့် စိုက်ကြည့်နေသည်။

ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ပန်းမှုံ၏ ခန္ဓာကိုယ်မှာ မလှုပ်မယှက်၊ ပကတိကျောက်ရုပ်။

ပန်းမှုံ၏ ဝိညာဉ်သည် ပန်းချီကားထဲသို့ ပြောင်းရွှေ့ရောက်ရှိသွားကာ ပန်းချီကားထဲတွင် လှည့်လည်သွားလာ ကျက်စား နေတော့သည်။

•••

ပန်းချီကားကြီးကို ကတ္တီပါကားလိပ်ဖြင့် ဖုံးကွယ်ထားခဲ့သည်မှာ ၄နှစ် ပင် ကြာခဲ့ပြီ။

သည့်အရင် ကတော့ ပန်းချီကားကို သည်အတိုင်းပင် ဧည့်ခန်းနံရံမှာ ချိတ်၍ ထားခဲ့၏ ။

ပန်းမှုံ ဆယ်နှစ် သမီးအရွယ်လောက်မှာ ပန်းချီကား၏ လျှို့ဝှက်ချက်များ ကို စတင်တွေ့ ရှိခဲ့သည်။

အချိန်အားရသရွေ့ ပန်းချီကားကိုသာ ထာဝရထိုင်ကြည့်နေ၍ ပန်းချီကား၏ လျှို့ဝှက်ချက်များ ကို တွေ့ မြင်ခဲ့ရလေသလား။ သို့မှမဟုတ် ပန်းချီကား၏ ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်ဆန်းများ မှာ ထိုအချိန်ကျမှ စတင်ခဲ့တာလား။ ဘယ်သူမှ မသိနိုင်ပေ။

တစ်ည သန်းခေါင်ယံအချိန်တွင် ပန်းမှုံ၏ စူးစူးဝါးဝါးအော်လိုက်သံကြောင့် ဦးတောက်ထိန် အိပ်ရာမှလန့်နိုးလာခဲ့သည်။

''ဘိုးဘိုး ...ဘိုးဘိုးရေ ...လာကြည့်လှည့်ပါဦး''

ဦးတောက်ထိန်သည် အိပ်ရာမှလူးလဲထကာ အိမ်ရှေ့ဆီသို့ ပြေးထွက်ခဲ့သည်။ ညကြီးမင်းကြီးတွင် မြေးမလေး ဒုက္ခတစ်ခုခုများ တွေ့ နေသလားဆိုသော စိုးရိမ်စိတ်ဖြင့် ပြေးထွက်လာခဲ့သော ဦးတောက်ထိန်သည် ဧည့်ခန်းထဲက ပန်းချီကားကြီးရှေ့ တွင် ထိုင်နေသော ပန်းမှုံကို မြင်သည့်အခါ အံ့သြသွားရသည်။

''ပန်းမှုံ ...သမီးလေး၊ အချိန်မတော် ကြီး၊ ဘာလုပ်နေတာလဲဟင်''

''ကြည့် ...ကြည့်လိုက်စမ်း ဘိုးဘိုး''

ပန်းမှုံက ပန်းချီကားဆီ မော်ကြည့်ရင်း လက်ညှိုးထိုးပြနေလေသည်။

ဦးတောက်ထိန် ပန်းချီကားကို ကြည့်လိုက်သည့်အခါ မြင်ရသော မြင်ကွင်းကြောင့် မျက်လုံးအစုံ ပြူးဝိုင်းသွားရလေသည်။ ထိုအချိန်တွင် ဒေါ်မှိန်သည်လည်း အိပ်မှု န်စုံမွှားဖြင့် ဧည့်ခန်းထဲ ရောက်လာသည်။

ဒေါ်မှိန်က ပန်းမှုံနှင့်အတူ တစ်ခန်းတည်းအိပ်ပြီး ဦးတောက်ထိန်က တစ်ခန်းသပ်သပ်အိပ်ပါသည်။

''ဘွားဘွား၊ ဟိုမှာ ကြည့်လိုက်ပါဦး''

''ဟိုက် ...''

''အို ...''

အဘိုးအိုနှင့်အဘွားအိုမှာ ပန်းချီကားထဲမှပြောင်းလဲမှု ကြောင့် အသည်းအူများ ဗြောင်းဆန်အောင် အံ့သြမင်သတ်မိသွားသည်။

ပန်းချီကားထဲတွင် ...

မိုးကောင်းကင်၌ တိမ်တိုက်များ မရှိပါလေတော့။

တိမ်လိပ်များ ကင်းစင်နေကာ တိမ်လိပ်များ နေရာ၌ ကြယ်ကလေးများ ပြိုးပြိုးပြက်ပြက် ရှိနေသည်။ ပြင်ပကမ္ဘာတွင် မြင်ရသော ကြယ်ကလေးများ သဖွယ် လက်ခနဲ ပြက်ခနဲ တောက်ပရှင်သန်နေသည့် ကြယ်ကလေးများ ပင် ဖြစ်ပါသည်။

ပန်းချီကားမြင်ကွင်းတစ်ခုလုံးသည် ညအသွင်ပြောင်းလဲကာ အောက်ခြေရှုခင်းများ သည် ဝေဝါးမှု န်မှိုင်းနေပါသည်။

သူတို့ ကြည့်နေစဉ်မှာ ပင် ကြယ်ကလေးတစ်ပွင့်သည် ကြွေကျလာကာ စေတီရှိသော တောင်ကြောနားအရောက်တွင် အရောင် ပြယ်လွင့် ပျောက်ကွယ်သွားလေသည်။

ခဏအကြာ၌ ကြယ်ကလေးများ သည်လည်းကောင်း၊ ဝေဝါးသော အလင်းရောင် သည်လည်းကောင်း တစ်စစပျောက်ကွယ်သွားကာ တိမ်တိုက်များ ပြန်ပေါ်လာသည်။ ပန်းချီကားတစ်ခုလုံး လင်းသွားကာ နဂိုပန်းချီပုံအတိုင်း ပြန်လည်တည်ရှိ သွားပါလေ၏ ။

''ဘုရား ...ဘုရား'' ဒေါ်မှိန်က ဘုရားတ,လိုက်သည်။

''သမီးလေး ...ညကြီးမင်းကြီး ဘာလို့ထလာသလဲဟင်။ ပန်းချီကားကြီး ဒီလို ဖြစ်နေတာ သမီး ဘယ်လိုသိတာလဲ''

ဦးတောက်ထိန်က အလောတကြီး မေးလိုက်သည်။

ပန်းမှုံသည် ပန်းချီကားဆီမှ မျက်လုံးမခွာသေးဘဲ အေးဆေးစွာ ပင် ပြန်ပြော၏ ။

''ပန်းချီကားက ဟိုမှာ ဖြစ်နေတဲ့အတိုင်း ဒီကနေ မြင်နေရတာ ပါ ဘိုးဘိုး၊ သမီး သိနေတာကြာပါပြီ''

''ဘာ ...''

''သမီး ထ,ထကြည့်နေကျ၊ လပြည့်ညတိုင်း ဒီလိုပဲ ပြတယ်''

''ပြတယ်၊ ဟုတ်လား''

''သမီးရယ် ...ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောရဘူးနော် သမီး၊ သိလား''

ဒေါ်မှိန်က စိုးရိမ်စွာ ပြောလိုက်ရင်း အဓိပ္ပာယ်ပါသော မျက်လုံးများ ဖြင့် ဦးတောက်ထိန်ကို လှမ်းကြည့်လိုက်သည်။ ပန်းချီ ကားနှင့်ပတ်သက်ပြီး ကြုံခဲ့ရသည့် အတိတ် ဖြစ်ရပ်များ ကိုလည်း သတိရလိုက်လေသည်။

''သမီး ...နောက်ဆို ညကြီးမင်းကြီး တစ်ယောက် တည်း ထ,မလာရဘူးနော်''

''သမီးကို ခေါ်လို့ပါ''

''ခေါ်လို့''

''ဟုတ်တယ် ...ပန်းချီကားထဲကနေ လှမ်းခေါ်လို့ သမီး ထလာ တာ''

''အို ...ပန်းမှုံ''

ဒေါ်မှိန်သည် ရပ်နေရာမှ လဲကျသွားမယောင် ဖြစ်၍ အနီးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ရလေသည်။

''ဘယ်လိုခေါ်တာလဲ သမီး'' ဦးတောက်ထိန်က စုံစမ်းလိုက်သည်။

''သမီးနာမည် ကိုခေါ်တာ၊ အို ...မဟုတ်ဘူး။ ပန်းမှုံဆိုတဲ့ နာမည် မဟုတ်ဘူး''

''ဘယ်လိုနာမည် လဲ''

''မသိဘူး ...သမီးမမှတ်မိဘူး ဘိုးဘိုး။ နာမည် တစ်ခု ခေါ်သံကြားတယ်။ သမီးကိုခေါ်တာလို့ သိလိုက်တယ်''

''ဘယ်လိုခေါ်လဲလို့ ဘိုးဘိုး မေးနေတယ်လေ''

''မမှတ်မိဘူး''

''မမှတ်မိဘဲ သမီးကိုခေါ်မှန်း ဘယ်လိုသိသလဲ''

''သမီး အလိုလိုသိတယ်။ သမီးအိပ်နေတုန်း အဲဒီ နာမည် ကို ခေါ်လိုက်တာ။ ပန်းချီကားထဲက လှမ်းခေါ်မှန်းလည်း သိတယ်။ ဒါ့ကြောင့် သမီး ထ,လာတာပေါ့''

''ဒီလို ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ပန်းမှုံ''

''ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ကတည်းကပါ''

ယခု နတ်တော် လပြည့်နေ့၊ နှစ် လရှိခဲ့ပြီ။

''ညတိုင်း ကြားရတာ လားသမီး''

''မဟုတ်ပါဘူး၊ လပြည့်ညမှ ကြားရတာ ပါ''

''ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ ကိုတောက်ထိန်''

ဒေါ်မှိန်က လင်ယောက်ျား ဖြစ်သူကို အားကိုးတကြီး လှမ်းမေးလိုက် သည်။

ဦးတောက်ထိန်သည် ဒေါ်မှိန့် မေးခွန်းကိုမဖြေဘဲ ပန်းမှုံကိုသာ နှစ် သိမ့်လိုက်လေသည်။

''ကဲ ...အိပ်တော့သမီး။ သမီးလေး သွားအိပ်တော့။ ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ မပြောရဘူးနော်။ ပြောရင် သမီးကို အရူးလို့ ပြောကြလိမ့်မယ်''

ပန်းမှုံက ဝိုင်းစက်သော မျက်လုံးများ ဖြင့် ဦးတောက်ထိန်ကို နားမလည်စွာ ပြန်ကြည့်နေသည်။

''ဘိုးဘိုးကို ကတိပေးစမ်း၊ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့''

''ဟုတ်ကဲ့ ...သမီးမပြောပါဘူး ဘိုးဘိုး''

•••

''ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ ကိုတောက်ထိန်''

ဒေါ်မှိန်က ပန်းမှုံကို အိပ်ရာထဲသွားပို့ကာ ဧည့်ခန်းသို့ ပြန်လာပြီး ဦးတောက်ထိန်ကို မေးလိုက်သည်။

ဧည့်ခန်းရှိ လျှပ်စစ်မီးချောင်းကို ဖွင့်ထားလိုက်ပြီမို့ တစ်ခန်းလုံး လင်းထိန်နေလေပြီ။

အခုနက အ ဖြစ်များ သည် ငါးတိုင်အား မီးလုံးလေးဖွင့်ထားခဲ့စဉ်က ကြုံခဲ့ရသော အ ဖြစ်များ ဖြစ်ပါ၏ ။

''ငါတို့ ခုနက မြင်ခဲ့ရတာ တွေ ဟာ အမှန်တွေ ပါနော် မမှိန်၊ စိတ်ထင်တာ မဟုတ်ပါဘူး''

'' တစ်ယောက် တည်းသာ မြင်ရရင်တော့ စိတ်လှည့်စားတာများ လားလို့ ဇဝေဇဝါ ဖြစ်ရဦးမှာ ပေါ့ ကိုတောက်ထိန်ရယ်။ ခုဟာက ရှင်ရော ကျွန်မရော မြင်လိုက်ရတဲ့ဟာကို''

''အေး ...ဟုတ်တယ်''

ဦးတောက်ထိန်က သက်ပြင်းချရင်း ပြောလိုက်သည်။

''ကျွန်မ စိုးရိမ်လိုက်တာ ကိုတောက်ထိန်ရယ်''

''ဘာကိုလဲ မမှိန်''

''သမီးလေးကို ခေါ်တယ်ဆိုတာ သူ့အဖေနဲ့ အမေများ လားရှင်''

နှစ် ယောက် စလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

စိုးရိမ်ကြောင့်ကြ မှု နှင့်အတူ ပန်းချီကားနှင့်ပတ်သက်သော အတိတ် ဖြစ်ရပ်များ သည် အဘိုးအို၊ အဘွားအိုတို့ စိတ်အာရုံ ဝယ် ပြန်ပြောင်းထင်ဟပ်လာလေတော့သည်။

•••

''ဒီပန်းချီကားကြီးဟာ ကျွန်မတို့ကို အကျိုးပေးတဲ့ပန်းချီကားကြီးလို့ ကျွန်မထင်တယ် ကိုတောက်ထိန်''

ဒေါ်မှိန်က သူ့အယူအဆကို ပြောပြခဲ့သည်။

ဦးတောက်ထိန် ကတော့ ဒေါ်မှိန်၏ အထင်အမြင်ကို လက်မခံချင်လှပေ။

''မင်းက ဘာ ဖြစ်လို့ ‘ဒီလိုထင်ရတာ လဲ မမှိန်''

''ပန်းချီကားကြီး ရောက်လာပြီးကတည်းက ကျွန်မတို့ရဲ့ ဘဝဟာ ပြောင်းလဲသွားတာပဲ။ စီးပွားတွေ တစ်ဟုန်ထိုးတက် လာတယ်လေ။ ဒါဟာ ပန်းချီကားကြီးက အကျိုးပေးလို့ မ ဖြစ်နိုင်ဘူးလားတော် ''

''မမှိန်ရယ်၊ ပန်းချီကားကြီး ရောက်ပြီးမှ ကျုပ်တို့ချွေးမလေး မီးတွင်းထဲမှာ တင် ဆုံးသွားတာ။ ကျုပ်တို့သားလေး အရွယ်ငယ်ငယ်နဲ့ သေသွားတာတွေ ကရော၊ ဒီပန်းချီကားကြီး ရောက်လာပြီးမှ ဖြစ်ကြတာတွေ မဟုတ်လား။ အဲဒီ အ ဖြစ် တွေ ဘက်က ကြည့်တော့ ပန်းချီကားဟာ မကောင်းကျိုးပေးတယ်၊ ခိုက်တယ်လို့ ပြောလို့ရတာ ပဲ မဟုတ်လား''

''အို ...''

ဦးတောက်ထိန် စကားကြောင့် ဒေါ်မှိန့်ရင်ထဲတွင် ဆို့သွားကာ မျက်ရည်များ ရစ်ဝဲလာသည်။ သားနှင့်ချွေးမ၏ အ ဖြစ်ဆိုးများ ကို သတိရရင်း ဝမ်းနည်းသွားမိလေသည်။

ဦးတောက်ထိန်က သူ့စကားကြောင့် ဒေါ်မှိန် မျက်ရည်လည်သွားသည်ကို မြင်ပြီး ပြန်၍ နှစ် သိမ့်လိုက်သည်။

''တကယ်တော့ ‘ဒါတွေ ဟာ တိုက်ဆိုင်မှု တွေ ပါ မမှိန်ရယ်။ ကံတရားအတိုင်း ဖြစ်လာကြတာတွေ ပါ။ သက်မဲ့ပန်းချီ ကားကြောင့်လို့ ယိုးစွပ်လို့ မ ဖြစ်နိုင်ပါဘူး မမှိန်''

''ဒါပေမယ့် ...''

''ဘာ ဖြစ်လဲ မမှိန်''

''သားလေးဆုံးတော့ ပန်းချီကားကြီးရှေ့မှာ လေ၊ ပန်းချီကားကြီးထဲက ပန်းချီကားကြီးထဲက ...''

''တော် ပါတော့ မမှိန်ရယ်၊ ‘ဒါတွေ မေ့လိုက်ပါတော့ကွာ''

နှစ် ဦးစလုံး တိတ်ဆိတ်သွားသော်လည်း အတွေးထဲမှာ တော့ ပန်းချီကားနှင့် ပတ်သက်ခဲ့သမျှ အ ဖြစ်များ ကို ပြန်လည် မြင်ယောင်လာကြလေသည်။

•••

( ၃ )

''အဖေ ...အမေ ...လှကြိုင်ရေ''

မောင်ညိုမြ၏ အသံဝါကြီးဖြင့် အော်သံကြောင့် တဲအိမ်လေးအတွင်းရှိ လူသုံးယောက် မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

''ဟော ...ကိုညိုမြ ပြန်လာပြီ အမေရေ''

မလှကြိုင်က မီးဖိုရှေ့မှာ ထိုင်၍ ချဉ်ပေါင်ရွက်ြေ>ွခနေရာမှ ချဉ်ပေါင်စည်းကို ပစ်ချရင်း ထရပ်လိုက်သည်။

ငယ်ရွယ်သူ မလှကြိုင်က အိမ်ရှေ့သို့ လျင်မြန်စွာ ထပြေးသွားသော်လည်း အသက်ငါးဆယ်ကျော် ဦးတောက်ထိန်နှင့် ဒေါ်မှိန်တို့ ကတော့ လေးတွဲ့ စွာ ထရင်း ရပ်ဝေးမှပြန်လာသည့်သားကို ကြိုရန် ထွက်လာခဲ့ကြသည်။

သြော် ...စေ့ဆော်မှု ချင်းကလည်း မတူဘူး မဟုတ်လား။ မလှကြိုင်အဖို့ကတော့ ပူလောင်သော ချစ်ခြင်းဖြင့် တပ်မက်ရ သော လင်သားမို့ ရပ်ဝေးပြန် ခင်ပွန်းသည်ကို ဣနြေ္ဒမဆည်နိုင်စွာ ဆီးကြိုရှာပေသည်။ မိဘနှစ် ပါးအဖို့တော့ တစ်ဦးတည်းသော သားကလေး၏ အသံကို ကြားရရုံဖြင့် ရင်အေးသွားလေပြီ။

''အို ...ကိုညိုမြ၊ တော် ထမ်းလာတာ ဘာကြီးတုန်းတော့''

မောင်ညိုမြက အိမ်ထဲအရောက်တွင် ပခုံးပေါ်ထမ်းလာသော အထုပ်ကြီးကို ချလိုက်သည်။

''ပန်းချီကားကြီးပါဟ''

''ပန်းချီကား''

''ပြန်ရောင်းဖို့ ယူလာတာလား သား။ ဘယ်လောက်များ ပေးဝယ်ခဲ့သလဲကွယ်။ ပန်းချီကား ပြန်ရောင်းရဖို့ဆိုတာ မသေချာဘူးကွယ့်''

''မဟုတ်ပါဘူး အဖေရာ၊ ကျွန်တော့် ဆရာက လက်ဆောင်ပေးလိုက်တာပါ''

''သြော် ...သြော် ...''

မောင်ညိုမြက တစ်ဖက်ရပ်တဲကလေး၏ ဝါးကြမ်းခင်းပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်း ပုဆိုးခါးပုံစဖြင့် ချွေးများ ကို သုတ်လိုက်သည်။

''ကျွန်တော် ငွေငါးရာတောင် စုမိခဲ့တယ် အဖေ''

''ဟေ ...တယ်ဟုတ်ပါလားကွ''

ထိုကာလက ငွေငါးရာမှာ အတော် တန်ဖိုးရှိသေးသည်။ အစိုးရအရာရှိ တစ်ယောက် ရဲ့ လစာက ၄၅ဝမို့ အရာရှိတစ်လစာ မကပေ။

ငွေတန်ဖိုးရှိသလို ရှာရတာ လည်း ခဲယဉ်းလှပါ၏ ။

မောင်ညိုမြသည် ပန်းပုပညာကို ကျွမ်းလည်း ကျွမ်းကျင်သည်။ ဝါသနာလည်း ပါသည်။ သို့သော် ပန်းပုပညာဖြင့် မိသားစုကို ထမင်းဝလင်အောင် မတတ်နိုင်တော့ အခြားအလုပ်ကြမ်းများ လုပ်ရင်း ငွေရှာရလေသည်။

အောင်လံမြို့မှ ဘွက်ကြီးတံတား ပြုပြင်ရာတွင် အလုပ်သမားလိုသည်ဆိုပြီး ဆက်သွယ်ပေးသူရှိ၍ ကျောက်သယ်၊ ကျောက်ထုအလုပ်ကို သွားလုပ်ခြင်း ဖြစ်သည်။ မိန်းမကလည်း ရခါစ။ စီးပွားမရှာလို့ကလည်း မ ဖြစ်မို့ ညားကာစ ဇနီးလေး မလှကြိုင်ကို မိဘများ နှင့်ထားရစ်ခဲ့ကာ အလုပ်သွားလုပ်လိုက်သည်မှာ နှစ် လပင် ကြာသွားလေသည်။

''မင်းအလုပ်က ပြီးခဲ့ပြီပေါ့''

''ပြီးသွားပြီ အမေ''

''အေး ...မောင်သက်တင်တို့က မင်းကို ပန်းပုလုပ်ဖို့ လာခေါ်တယ်ကွယ့်။ တမြန်နေ့က ...''

''ဟုတ်လား အမေ''

မောင်ညိုမြက မျက်လုံးများ ဝင်းလက်သွားသည်။ ဝါသနာပါတဲ့အလုပ်ကို လုပ်ငန်းရှင်ကိုယ်တိုင် လာခေါ်တယ်ဆို၍ ဝမ်းသာသွားသည်။ ကိုသက်တင်မှာ ပန်းပုလုပ်ငန်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။ အလုပ်က ပုံမှန်မကျ၍ အလုပ်သမားကို အမြဲ ခန့်မထားနိုင်ဘဲ အလုပ်ပေါ်မှ အလုပ်သမားစုစည်းပြီး ပုတ်ပြတ် လုပ်ခပေးစနစ်ဖြင့် လည်ပတ်ရလေသည်။

ဘာပဲ ဖြစ် ဖြစ် အလုပ်လုပ်စရာ အသင့်စောင့်ကြိုနေသည့်အတွက် မောင်ညိုမြ ဝမ်းသာသွားရပါ၏ ။

''နိုင်ငံခြားက ပန်းပုရုပ်တွေ မှာ သတဲ့ကွယ်။ တော် တော် များ တယ် ပြောတယ်။ ရန်ကုန်က ကိုယ်စားလှယ်ကတစ်ဆင့် ခိုင်းတာတဲ့''

''ပန်းပုအလုပ်ရှိတော့ ကျွန်တော် ဒီမှာ မြဲတာပေါ့ အမေရယ်''

ထိုစဉ်က ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းများ မြန်မာနိုင်ငံမှာ ယခုလို မထွန်းကားသေးပေ။ အစိုးရကလည်း အားမပေး သေးချေ။ ဟိုတယ်လည်း များများ စားစား မရှိ။ ပုဂ္ဂလိကဟိုတယ်ပင် မရှိသေးသည့်အချိန်ပါ။ နိုင်ငံခြားသား ဝယ်လက်ကို အားကိုးရသော လုပ်ငန်းမို့ ပန်းပုအလုပ် မတွင် ကျယ်သေးသည့်ကာလ ဖြစ်သည်။

မလှကြိုင်က မောင်ညိုမြ ပြန်ပါလာသည့် ခရီးဆောင်အိတ်ကလေးထဲမှ အဝတ်အစားများ ကိုထုတ်၍ နေလှန်းသင့်တာ လှန်း။ သိမ်းသင့်တာသိမ်းအပြီးတွင် သူမအာရုံက ပန်းချီကားဆီ ရောက်သွားသည်။

''ရှင့်ပန်းချီကားကြီး ဖြေပါဦး ကိုညိုမြရဲ့ ။ ပန်းချီကားကြီးကလည်းတော် ကြီးလှချည်လား''

''လေးပေ သုံးပေဟ။ ကြီးတာပေါ့''

မောင်ညိုမြက ပန်းချီကားကို ပတ်ထားသော ဖျင်စအဟောင်းကြီးကို ဖြေလိုက်သည်။

''ဟယ် ...''

''ဟင် ...''

ပန်းချီကားကြီးကိုကြည့်၍ အားလုံးအံ့အားသင့်သွားကြသည်။

''လက်ရာ ကတော့ မြောက်သဟေ့''

ဦးတောက်ထိန်က ပြောလိုက်သည်။

''ဟုတ်ပတော် ၊ နိုင်ငံခြားသားမြင်ရင် ကြိုက်လောက်တယ် သား။ ရောင်းရင် ရောင်းရနိုင်တယ်ဟဲ့''

ဒေါ်မှိန်၏ မှတ်ချက်။

''မရောင်းဘူးအမေ၊ ကျွန်တော့် ဆရာက ကျွန်တော့် ကို ချစ်လွန်းလို့ပေးလိုက်တာ။ သူက သားသမီးမရှိ မုဆိုးဖိုကြီး ဆိုတော့ သူသေရင် ထိန်းသိမ်းမယ့်သူမရှိတဲ့အတူတူ မင်းပဲယူသွားဆိုပြီး ပေးလိုက် တာ''

''အဲဒါ ရှင့်ဆရာ ဆွဲတာလား''

''မဟုတ်ပါဘူး။ သူ့အဖေလက်ထက်ကတည်းက ရှိနေတာတဲ့။ သူတို့ အပိုင်တော့ မဟုတ်ဘူး။ ပန်းချီကားအကြောင်းက တော် တော် တော့ ထူးဆန်းတယ်ဟ။ ကြည့်စမ်း၊ ပုံက လက်ရာမမြောက်ဘူးလား''

ပန်းချီကားထဲဝယ် စမ်းချောင်းငယ်တစ်ခု စီးဆင်းနေသည်။ စမ်းချောင်း၏ နောက်ဝယ် တောင်နှစ် လုံး၊ တောင်နိမ့်နိမ့်ပေါ် ဝယ် စေတီလေးတစ်ဆူ၊ တောင်ခြေဝယ် သစ်တောအုပ်ထူထူကို ရေး ဆွဲထားသည်။ ကောင်းကင်သည် မိုးပြာရောင် သမ်းနေပြီး တိမ်တိုက်သုံးလေးခုက လွင့်မျောနေသည်။

ပန်းချီကား၏ အသက်ဝင်သော ဆွဲဆောင်မှု ကို တစ်မိသားစုလုံး ငေးမောနေမိ၏ ။

''ဒီပုံကိုဆွဲတဲ့ပန်းချီဆရာအကြောင်း ပြောလိုက်ရင် အဖေတို့ သိပ်အံ့သြသွားမယ်''

''ပန်းချီဆရာ''

''ဟုတ်တယ် အဖေ။ ‘ဒီပန်းချီကိုဆွဲတဲ့လူဟာ မျက်စိမမြင်ဘူးတဲ့''

မောင်ညိုမြစကားကြောင့် အံ့သြသွားရသည် ကတော့ အမှန်ပင်။

''တောက်တီးတောက်တဲ့ကွယ်''

ဒေါ်မှိန်က မယုံကြည်သလို ရေရွတ်လိုက်သည်။

''ဟုတ်ပ။ ကိုညိုမြကလည်း မျက်စိမမြင်တဲ့လူက ဘယ်လိုလုပ် ပန်းချီဆွဲနိုင်မှာ တုန်း''

''ပန်းချီဆွဲတဲ့အချိန်မှာ မျက်စိမမြင်ပေမယ့် အရင်က မြင်ဖူးတယ်လေ။ မြင်ခဲ့ဖူးတဲ့ရှုခင်းကို ပြန်စဉ်းစားပြီး ဆွဲမှာ ပေါ့ဟ''

''မ ဖြစ်နိုင်တာ၊ ဘယ်လိုဆေးစပ်မလဲ။ အရောင် ကို ဘယ်လို ခွဲသိမလဲ။ ကိုညိုမြကလေ သူများ ပြောတိုင်း ယုံလာတယ် ...တကယ်ပဲ''

မောင်ညိုမြက သူလက်ခံထားသည့်ယုံကြည်မှု ကို ဆန့်ကျင်ပြောလိုက်သည့်အတွက် မလှကြိုင်ကို စိတ်တိုသွားသည်။

''ငါ့ဆရာက ညာပြောမလားဟ''

''ကဲ ...တော် ကြစမ်းပါ။ ခုပဲ ပြန်ရောက်တယ်၊ ရန် ဖြစ်မနေကြနဲ့။ ကိုယ်အတွက်လည်း အကျိုးရှိတာ မဟုတ်ဘဲနဲ့။ မင်းဆရာက ဘယ်သူလဲ။ ဘာဆရာလဲ''

''ဦးထွန်းမြင့်တဲ့ အမေ။ အလုပ်ကြပ်ပါ။ သူဖျားတော့ ကျွန်တော် ပဲ ပြုစုပေးလို့ ကျွန်တော့် ကို အရမ်းခင်သွားတာ။ သူက ဒီပန်းချီကားကို သံယောဇဉ် သိပ်ရှိတာ အမေ။ ကျွန်တော့် ကို ချစ်လွန်းလို့ ပေးလိုက် တာ''

''အေးပါကွယ် ...ထားပါတော့။ မင်း ဒီလောက်ကြီးတဲ့ ပန်းချီကားကြီးကို ဘယ်မှာ ချိတ်မလဲ''

မောင်ညိုမြက တဲအိမ်လေး၏ နံရံလေးဖက်လေးတန်ကို မော့ကြည့်လိုက်သည်။

''ဟေ့ ...ဟေ့ ...နံရံမှာ ချိတ်ဖို့တော့ မစဉ်းစားပါနဲ့ ငါ့သားရယ်။ အဖေ့အိမ်လေး ပြိုကျ သွားပါမယ်''

ဦးတောက်ထိန် စကားကြောင့် အားလုံးရယ်လိုက်ကြရ၏ ။

''ဟုတ်ပ၊ ပန်းချီကားကြီးက ကြီးလည်းကြီး၊ လေးလည်းလေး''

မောင်ညိုမြက ပန်းချီကားကိုမ,ကာ ခေါင်းရင်းရှိ ဘုရားစင်အောက်တွင် ထောင်ထားလိုက်သည်။

''အေး ...ပြီးတာပဲ၊ ပုံထဲမှာ စေတီလေးလည်းပါတော့ ခေါင်းရင်းမှာ ထားလို့ သင့်တော် တယ်''

ပန်းချီကားကြီးသည် တဲအိမ်လေးနှင့် မလိုက်ဖက်စွာ ဘုရားစင်အောက်နံရံကို ခံ့ညားစွာ ဖြင့် အပြည့်နေရာယူထားလိုက်လေသည်။

မည် သို့ပင်ရှိစေ ...ပန်းချီကား၏ လှပ၍ ကျက်သရေရှိသော ဆွဲဆောင်မှု ကိုမူ သူတို့အားလုံး မငြင်းပယ်နိုင်ခဲ့ပေ။ ပန်းချီကားကို အချိန်ကြာမြင့်စွာ တိတ်ဆိတ်စွာ ပင် ငေးမောကြည့်နေမိကြ၏ ။

ထိုပန်းချီကားကြီးသည်ပင် သူတို့၏ ဘဝကို အမျိုးမျိုးအဖုံဖုံပြောင်းလဲစေတော့မည် ကို ထိုစဉ်တုန်း ကတော့ တစ်မိသားစုလုံး မသိကြသေးပေ။

•••

နောက်တစ်နေ့မှာ ပင် မောင်ညိုမြက အမရပူရမြို့ထဲမှ ပန်းပုလုပ်ငန်းရှင် ကိုသက်တင်ကို သွားဆက်သွယ်လိုက်၏ ။ ကိုသက်တင်က မောင်ညိုမြလက်ရာကို သိပြီးသားမို့ ကျွန်းသားသစ်တုံးများ ကို ပေးလိုက် သည်။

''မင်းအာရုံထဲရှိတဲ့ အရုပ်သာ ထုပေတော့။ မှာ ထားတာ ကတော့ အရုပ်အမျိုးမျိုး၊ အရွယ်အစားစားပဲ။ ငါတို့ လေးငါး ခြောက်လတော့ အလုပ်ကောင်းကောင်း ရသွားပြီဟေ့။ လက်ရာကောင်းကောင်းသာ ကြိုးစားထုပေတော့''

ကိုသက်တင်က မောင်ညိုမြကို ငွေအနည်းငယ် ကြိုပေးလိုက်သည်။

'မင်းထုပြီးရင် တစ်ရုပ်ချင်းလာသွင်းလှည့်။ ကြိုယူတဲ့ငွေကို နည်းနည်း ချင်း နှိမ်သွားမယ်။ ဟုတ်ပြီလား''

အိမ်ရောက်တော့ ဘာရုပ်ထုရရင် ကောင်းမလဲလို့ သူ စဉ်းစားသည်။ ဆင်ရုပ်၊ ကျားရုပ်၊ ဘီလူးရုပ်၊ ကိန္နရီ၊ ကိန္နရာ ရုပ်များ ကို သူ ကောင်းကောင်းထုတတ်သည်။

''လှကြိုင်ရေ ...လာပါဦးဟ၊ ဘာရုပ်ထုရရင် ကောင်းမလဲ။ ပြောပါဦး''

''အတိတ်နိမိတ်ကောင်းတဲ့ အရုပ်ထုပေါ့တော့''

''ဘယ်လိုဟာမျိုးလဲ''

''ဟို ...ဇီးကွက်ရုပ်တို့ ဘာတို့ပေါ့''

''ဇီးကွက်ရုပ်''

''ဇီးကွက်ရုပ်က ဈေးခေါ်ကောင်းတယ်ဆိုပြီး ဆိုင်တွေ မှာ ထားတာလေ''

''ဒါ နိုင်ငံခြားပို့မှာ ဟ၊ နိုင်ငံခြားကလူတွေ က ဇီးကွက် ဈေးခေါ်ကောင်းမှန်း သိပါ့မလား''

ဘာအရုပ်ထုပါလို့ သတ်သတ်မှတ်မှတ် မအပ်လိုက်ဘဲ လွတ်လပ်ခွင့်ပေးလိုက်သည်ကပင် ဟိုဟာကောင်းနိုး၊ ဒီဟာ ကောင်းနိုးနှင့် စဉ်းစားစရာ ဖြစ်ခဲ့ရသည်။ အတောင်ဖြန့်နေတဲ့ သိမ်းငှက်ပုံကောင်းမလား၊ ပျံသန်းရန်အားယူနေတဲ့ ဗျိုင်းပုံထုရင် ကောင်းမလား၊ နွားမကြီးနို့ကို နွားငယ်လေး စို့နေသည့် မိခင်မေတ္တာသရုပ်ဖော်ပုံဆိုရင်ကော။

ဘာကိုမှမဆုံးဖြတ်နိုင်ဘဲ တစ်နေ့ကုန်လွန်သွားခဲ့သည်။

နောက်တစ်နေ့ကျတော့ ဘာရုပ်ထုရမယ်ဆိုတာ ဆုံးဖြတ်ပြီး ဖြစ်သွားကာ ကိရိယာတန်ဆာပလာများ နှင့် ပန်းပုထုမည့်  ကျွန်းသားတုံးကို စကိုင်တော့သည်။

သူအလုပ်မစမီ မလှကြိုင်ရောက်လာကာ ...

''ကိုညိုမြ ...တော် နဂါးရုပ်ထုပါလားတော့''

''ဘာ''

မလှကြိုင်စကားကြောင့် မောင်ညိုမြ အံ့အားအသင့်ကြီး သင့်သွားရလေသည်။

အဘယ်ကြောင့်ဆိုသော် သူကလည်း နဂါးရုပ်ထုရန် စိတ်ကူးပြီး ပြင်ဆင်နေသော ကြောင့် ဖြစ်သည်။

''နဂါးရုပ်။ နင်နဲ့ ငါ စိတ်ကူးချင်း တူလှချည်လား။ ငါလည်း နဂါးရုပ်ထုတော့မလို့ဟ''

''ဟုတ်လား၊ ကျွန်မက ညက နဂါးအိပ်မက်မက်လို့ ပြောတာပါ''

''ဟင်''

''ကျွန်မ အိပ်မက်ထဲမှာ လေ ...သိလား ...ရှင်ယူလာတဲ့ ပန်းချီကားကြီးကို မက်တာ။ ပန်းချီကားထဲက တောင်ပေါ်ကနေ နဂါးတစ်ကောင် ဆင်းလာတာတော့။ ကျွန်မက ပန်းချီကားကို မော့ကြည့်နေတာ၊ အဲဒီ တုန်းမှာ နဂါးကြီးက ပန်းချီကားထဲကနေ ကျွန်မရင်ခွင်ထဲ ခုန်ချလိုက်တာ''

''လှကြိုင်''

''အင်''

''နင် တကယ်ပြောနေတာလား''

''အိပ်မက်ပါဆို ...တကယ်တော့ ဘယ်ဟုတ်မလဲ''

''အေးပါ ...အိပ်မက်ကိုပဲပြောတာပါ။ အဲဒီ အိပ်မက်က တကယ်မက်တာလား''

''တကယ်မက်တာပေါ့''

''ဟင် ...နင် ငါ့အိပ်မက်ကိုသိလို့ တမင်ပြောတာ မဟုတ်ပါဘူးနော်။ အင်းလေ ...အဲ့လိုလည်း မ ဖြစ်နိုင်ပါဘူး။ ငါ အိပ်မက်မက်တာ နင် မြင်လို့ရတာ မှ မဟုတ်တာ။ ထူးဆန်းလိုက်တာ လှကြိုင်ရယ်''

''တော် ဘာတွေ ပြောနေတာတုန်း''

''ငါလည်း ညက နင့်အိပ်မက်အတိုင်း မက်တယ် လှကြိုင်''

''ဘာ''

''နင်ပြောတာနဲ့ တစ်ထပ်တည်းပဲ။ ငါ့ပေါ်ကိုလည်း ပန်းချီကားထဲက နဂါးကြီးတစ်ကောင် ခုန်ချတယ်ဟ။ ညက အိပ်မက်မက်တာ''

''တော် တကယ်ပြောတာလား ကိုညိုမြ''

''တကယ်ပါဟ၊ အဲဒါကြောင့် နဂါးရုပ်ထုမလို့ အခု စ,ကိုင်နေတာ''

''အို ...ဒါဆို နိမိတ်ကောင်းတယ် ကိုညိုမြ။ နဂါးဆိုတာ စနေနံ၊ ကျုပ်တို့ ထီထိုးရအောင်''

''အေးပါ ...ထိုးတာပေါ့'

မောင်ညိုမြ ထိုနေ့ကစ၍ နဂါးရုပ်ကို စတင်ထုလုပ်ခဲ့သည်။ အိပ်မက်ထဲမှာ တွေ့ ခဲ့ရသည့် နဂါးကြီးကို မျက်စိထဲပြန် မြင်ယောင်ကာ ထုလုပ်ခဲ့ရာ နဂါးရုပ်မှာ မပြီးစီးခင်မှာ ပင် တကယ့်သက်ရှိနဂါးသဖွယ် ရုပ်လုံးကြွ၍ လာလေသည်။ နဂါးတစ်ကောင် ၏ အဆောင်အယောင်များ ဖြစ်သော မျက်လုံး၊ အမောက်၊ အကြေးခွံများ ကို ဂရုတစိုက်ထုလုပ်ခဲ့သည်။

တစ်နေ့တွင် မလှကြိုင် အမရပူရဈေးထဲမှပြန်အလာ ...

''ကိုညိုမြ၊ ကျွန်မ ထီထိုးခဲ့တယ်၊ သိလား''

''ဟုတ်လား''

''၅ စောင် ထိုးခဲ့တယ်။ တစ်ဆယ်ဖိုး ...ဟောဒီမှာ ကြည့်စမ်း''

''အေးပါဟ''

''ဒီမယ် ကြည့်ပါဦးတော့၊ ကျုပ်တို့နဂါးကို အိပ်မက်မက်တယ် မဟုတ်လား။ နဂါးက စနေနံလေ၊ ကျုပ်ထိုးခဲ့တာ စနေ နံဂဏန်းပါတဲ့ ထီလက်မှတ်တွေ တွေ့ လား ...ခုနစ်ရယ်၊ ကိုးရယ်၊ သုညရယ်ချည်းပဲ''

''အဲဒီ ဂဏန်းတွေ က စနေနံဂဏန်းတွေ လို့ နင့်ကို ဘယ်သူပြောလဲ''

''ကျွန်မအဖေက ဗေဒင်ဆရာပါနော်။ သိတာပေါ့။ တစ်ကနေ ခုနစ် အထိက ၁-က တနင်္ဂနွေ၊ အစဉ်အတိုင်းသွားတော့ ၇-က စနေ မဟုတ်လား''

''အွန်း''

''ကျွန်မ အဖေ့ကိုမေးကြည့်တယ်။ ကျန်တဲ့ ၈-၉-ဝ ဂဏန်းတွေ ကျတော့ နေ့နံ မရှိတော့ဘူးလားလို့။ အဖေက ၈-ဟာ ရာဟုကို ကိုယ်စား ပြုတယ်တဲ့။ ၉-နဲ့ ဝ-ကိုတော့ စနေလို့မှတ်ရမယ်တဲ့''

''အေး ...အေး ...နင်လည်း ဗေဒင် ဟောစားလို့ရပြီ ငါ့မိန်းမ''

''ဟောသင့် ဟောရမှာ ပဲတော့။ ခုထိုးခဲ့တဲ့ ထီလက်မှတ် အက္ခရာတွေ ကလည်း တဝမ်းပူ၊ နငယ်၊ ထဆင်ထူးတွေ ၊ စနေ နံအက္ခရာတွေ ချည်းပဲ ကိုညိုမြ။ ကျုပ် ဘယ်ဆိုင်မှာ ထိုးခဲ့တယ်ဆိုတာရော ရှင်သိလား''

''နင်ပြောမှ သိမှာ ပေါ့ဟ''

''ထီဆိုင်နာမည် က နဂါးမင်းတဲ့တော့၊ နဂါးမင်းတဲ့''

''ဟေ''

သည်တစ်ခါတော့ အလုပ်ကိုရပ်ထားလိုက်ပြီး မောင်ညိုမြ သူ့မိန်းမကို မော့ကြည့်လိုက်သည်။

''တိုက်ဆိုင်လှချည်လား လှကြိုင်ရ။ ငါတို့ ထီပေါက်ဦးမယ် ထင်တယ်ဟေ့''

''ပေါက်ရမှာ ပေါ့တော် ။ ထီက စက်ဘီးနဲ့ လည်ရောင်းတဲ့ ထီဆိုင်။ ကျုပ်ရှေ့တည့်တည့်လာရပ်ပြီး ထိုးခိုင်းတာ။‘ဒါ လာဘ်ပဲ ဆိုပြီး စနေဂဏန်းချည်းပါတာ ရွေးထိုးခဲ့တာတော့''

•••

မကြာခင်တွင် မလှကြိုင်က သူ့ကို သတင်းထူးတစ်ခု ပြောပြန်လေသည်။

''တော့် ကို ကျုပ်ပြောစရာရှိတယ်''

သူပန်းပုထုနေသည့် သစ်ပင်ရိပ်အောက်ရောက်လာကာ သစ်သားတုံးတစ်ခုကို ဖင်ခုထိုင်ရင်း မလှကြိုင်က ပြောလိုက်သည်။

မောင်ညိုမြသည် ‘ဒုတိယမြောက်နဂါးရုပ်ကို ထုလုပ်နေချိန် ဖြစ်သည်။ နဂါးရုပ်တစ်ရုပ်ပြီး၍ ကိုသက်တင်ကို သွားအပ်ရာ ကိုသက်တင်က လက်ရာကို အတော် သဘောကျသွားသည်။ နောက်ထပ်လည်း နဂါးရုပ်ချည်းထုပေးရန် အပ်လိုက်လေသည်။

''ဘာပြောမလို့လဲ လှကြိုင်''

မလှကြိုင်က ဘာမှမပြောသေး။ ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ပြုံးစိစိကြီးလုပ်နေသည်။

''ဘာလဲဟ၊ ပြောလေဟာ''

''ဟီ ...ဟီ ...''

''အမယ် ...‘ဒီမိန်းမ ဘာအူမြူးနေတယ် မသိဘူး။ ပြောမှာ ရှိ ပြောပါလား''

''ပြောပါ့မယ် ကိုညိုမြရဲ့ ။ ကျုပ်လေ အခု ကျုပ်မှာ ကိုယ်ဝန်ရှိနေပြီတော့ သိလား''

''ဟာ''

မောင်ညိုမြက လက်ထဲမှ တူနှင့်ဆောက်ကို ပစ်ချလိုက်ကာ အငမ်းမရမေးသည်။

''တကယ်လားဟင်။ နင် တကယ်ပြောတာလား လှကြိုင်''

''တကယ်ပေါ့။ အမေ့ကို ခေါ်ပြီး ဒေါ်ဇံညွန့်ဆီ သွားစမ်းကြည့်ပြီးပြီ တစ်လကျော် နှစ် လထဲရောက်နေပြီတဲ့''

ဒေါ်ဇံညွန့်မှာ အရပ်လက်သည် ဖြစ်သည်။

''တော် သေးတာပေါ့ဟာ။ ငါ့မှာ အလုပ်ကလေးရှိနေတဲ့အချိန် ကိုယ်ဝန်ရှိလာတာ''

''ဒီကလေးက အကျိုးပေးမှာ ပါ ကိုညိုမြရယ်။ ကျုပ်စိတ်ထဲ သိနေတယ်''

•••

မလှကြိုင် ထိုးခဲ့သော ထီလက်မှတ် ၅ စောင်မှ တစ်စောင်မှာ ထီပေါက်လေသည်။ မလှကြိုင်က အိမ်လိပ်စာပေးခဲ့သည်မို့ ထီသည်ကောင်လေးက အိမ်အထိ လာပြောပေး၏ ။

''ဟယ် ...ဘာဆုလဲဟင် ...ဘယ်လောက်လဲ''

''တစ်သိန်းဆုအစ်မ၊ ကျွန်တော့် ကို မုန့်ဖိုးပေးရမယ်နော်''

''တစ်သိန်း ...အမယ်လေး ...တစ်သိန်းတဲ့ အမေရေ''

မလှကြိုင် တက်ချက်မတတ်ဝမ်းသာသွားသည်။

အိမ်သားအားလုံး ဝိုင်းလာကြကာ ဝမ်းသာလုံးဆို့ပြီး ဘာစကားမှ မပြောနိုင်အောင် ဖြစ်နေကြသည်။ အိမ်နီးချင်းများ လည်း ကြားသွားကာ ဝိုင်းပြီး သတင်းလာမေးကြ၍ ကြွက်ကြွက်ဆူသွားလေသည်။

တစ်သိန်းဆုမှာ ထိုစဉ်က အမြင့်ဆုံးဆု ဖြစ်သည်။

''ကျုပ်မပြောဘူးလား ကိုညိုမြရဲ့ ။ ‘ဒီကလေးက အကျိုးပေးမှာ ပါလို့''

မလှကြိုင်က သူ့ဗိုက်ကလေးကို ပွတ်ကြည့်ရင်း ပြောလိုက်သည်။

''ငါ့ပန်းချီကားကြီးကြောင့်လည်း ပါပါတယ်''

''ဟုတ်ပါတယ်တော် ...ဟုတ်ပါတယ်''

''အစ်မ ...ကျွန်တော့် ကို မုန့်ဖိုးပေးရမယ်နော်''

ထီသည်ကောင်လေးက ဝင်ပြောလိုက်ပြန်သည်။

''အေးပါဟယ် ...ပေးပါ့မယ်၊ ရော့ ...ရော့ ...ငွေထုတ်ပြီးတော့ ထပ်ပေးဦးမယ်''

မလှကြိုင်က တစ်အိမ်လုံးအတွက် တစ်နေ့စာ ဈေးဖိုးထားတဲ့ ငွေတစ်ရာကို ရက်ရက်ရောရော ပေးပစ်လိုက်သည်။

•••

ထီပေါက်လိုက်သည့်အတွက် မောင်ညိုမြနှင့် မလှကြိုင်တို့မိသားစုမှာ အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။

တစ်သိန်းဆိုသော ငွေသည် ငွေတန်ဖိုးရှိသော ထိုကာလက ရွှေတစ်ဆယ်သား ဝယ်နိုင်သော အချိုးအစား ဖြစ်သည်။ အမရပူရမြို့ထဲမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး ကောင်းကောင်းရနိုင်၏ ။

မောင်ညိုမြက အဖေနှင့်တိုင်ပင်ကာ ကိုယ်ကျွမ်းကျင်သည့် ပန်းပုလုပ်ငန်းကို ကိုယ်ပိုင်လုပ်ငန်းအ ဖြစ် ထူထောင်ပြီး တွင် တွင် ကျယ်ကျယ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

တံတားအဆင်းက မြေကွက်ကလေးကိုဝယ်ပြီး ပန်းပုအရောင်းဆိုင်လေး ဖွင့်လိုက်သည်။ သားအဖနှစ် ယောက် လုံး ပန်းပု ထုတတ်သည်မို့ ကိုယ့်လက်ရာတွေ လည်း ဆိုင်မှာ တင်၊ သူများ လာတင်တဲ့ အရုပ်များ ကိုလည်း ကော်မရှင်စားနှင့် ရောင်းပေးမို့ ဆိုင်လေးမှာ ပစ္စည်းပြည့်ပြည့်စုံစုံနှင့် သားသားနားနားလေး ဖြစ်နေသည်။ ရွှေချည်ထိုးပန်းချီကားများ ၊ ရိုးရာလွယ်အိတ်နှင့် အချိတ်ထမီများ ပါ လာတင်သူရှိသည်မို့ ဆိုင်ကလေးက ပိုပြီး လှလှပပ ခမ်းခမ်းနားနား ဖြစ်သွားလေသည်။

ဆိုင်နာမည် ကိုတော့ ...

သူတို့လင်မယားနှစ် ယောက် အတူအိပ်မက်ခဲ့သော ...

ထီပေါက်ခဲ့သည့် ဆိုင်နာမည် လည်း ဖြစ်သော 'နဂါးမင်း' အမည် ကိုပင် ဆိုင်နာမည် ပေးလိုက်လေ၏ ။

လက်ရှိနေနေသည့် ခြံဝင်းထဲမှာ လည်း တဲအိမ်လေးကိုဖျက်၍ တစ်ထပ်တိုက်လေးတစ်လုံး ဆောက်လိုက်သည်။

မလှကြိုင်၏ ကိုယ်ဝန်ကလည်း တစ်စတစ်စရင့်လာကာ မွေးဖွားရက် နီးလာလေသည်။ သည်ကိုယ်ဝန်ကို လွယ်ခါစကပင် ထီပေါက်ကာ ကလေးမမွေးဖွားမီမှာ ပင် ဘဝအခြေအနေ မြင့်တက်လာသည့်အ ဖြစ်ကိုကြည့်၍ သူမွေးမယ့်ကလေးဟာ မမွေးခင် ကတည်းက အကျိုးပေးတဲ့ကလေးဟု တဖွဖွ ပြောရှာသည်။

တန်ဆောင်မုန်းလထဲမှာ တိုက်အိမ်လေး ပြီးစီးသွားသည်။ ပန်းချီကားသည်လည်း တိုက်သစ်ကလေး၏ ဧည့်ခန်းနံရံ အလယ်တည့်တည့်မှာ ခံ့ခံ့ညားညား နေရာရ သွားပါလေတော့၏ ။

ပြာသိုလပြည့်ညတွင် မလှကြိုင် သမီးလေးပန်းမှုံကို မွေးဖွားခဲ့လေသည်။

သို့သော် ...

•••

ညနေခင်း ၅ နာရီလောက်ကစ၍ ဗိုက်နာလာသည်။

ဒေါ်မှိန်က အရပ်လက်သည်ဒေါ်ဇံညွန့်ကို သွားခေါ်သည်။ အိမ်နီးချင်းမိန်းမကြီးများ လည်း ရောက်လာကာ မလှကြိုင် မွေးဖွားဖို့ ပြင်ကြဆင်ကြသည်။

ညကိုးနာရီမှာ မလှကြိုင် မွေးပါ၏ ။

မမွေးခင်ကပင် သွေးအနည်းငယ် သွန်လာသည်။

ကလေးအပြင်ရောက်အပြီးမှာ သွေးတွေ ဒလဟောဆင်းလာတော့သည်။

ဒေါ်ဇံညွန့် မျက်လုံးပြူးသွားသည်။ အတွေ့ အကြုံအရ သူမနိုင်တော့တာ သိသွားသည်။ သို့သော် အထင်အမြင်သေးခံရ မည် စိုး၍ ကိစ္စမရှိပါဘူးဆိုကာ တတ်သမျှ မှတ်သမျှ ပြုစုနေသေးသည်။

''ဘာလေးမွေးလဲဟင် ...ဘာလေးမွေးလဲ''

အခန်းအပြင်က မောင်ညိုမြက ကလေးငိုသံအကြားမှာ သိလိုဇောဖြင့် လှမ်းမေးလိုက်သည်။

''မိန်းကလေးဟေ့ ...သမီးလေးဟ''

ကလေးမှာ ခြေလက်အစုံအလင်နှင့် အပြင်ရောက်ရောက်ချင်း ငိုသံပေးလိုက်၍ ကလေးအတွက် စိတ်ပူစရာမလို။ အမေ ကိုပဲ ဝိုင်းပြုစုနေကြရသည်။ ဆင်းလာလိုက်သည့် သွေးတွေ မှာ လည်း မြင်မကောင်း ရှုမကောင်း။

ဒေါ်ဇံညွန့် မတတ်နိုင်တော့။

''ဆေးရုံပို့တာ ကောင်းလိမ့်မယ်''

ဟု ဖြစ်လာလေသည်။

အမရပူရဆေးရုံမှာ သိပ်မဝေးပေ။ တံတားတစ်ဖက်ကူးရုံနှင့် ရောက်သည်။ သို့သော် ထမ်းစင်လုပ်၍ ထမ်းသွားမှရမည် ။ တံတားပေါ်ကို ကား၊ မြင်းလှည်း ဖြတ်လို့ မရပါ။ အင်းကို လှေဖြင့် ဖြတ်လျှင် ပို၍ ကြာနိုင်သေးသည်။

''ကို ...ညို ...မြ ...''

လူနာက ခင်ပွန်း ဖြစ်သူ နာမည် ကို ခေါ်လိုက်သည်။

''မောင်ညိုမြရေ ...ဝင်ခဲ့ဟေ့ ...မင်းမိန်းမ ခေါ်တယ်''

အခြေအနေမဟန်တော့၍ မီးနေခန်းထဲကို မောင်ညိုမြအား ပေးဝင်လိုက်သည်။

''ကို ...ညို ...မြ ... ''

''လှကြိုင် ...လှကြိုင် ...ငါ ရှိတယ်လေ''

''ကလေး ...ကလေး''

''သမီးလေး မွေးတယ်ဟ''

သည်တော့မှ မောင်ညိုမြလည်း အနှီးဖြင့်ရစ်ပတ်ကာ ထန်းခေါက်ဖာထဲ ထည့်သိပ်ထားသည့်ကလေးကို ပထဆုံးအနေ ဖြင့် လှမ်းကြည့်မိတော့သည်။

''သမီးလေးက သိပ်ချစ်ဖို့ ကောင်းတာပဲဟာ၊ လှကြိုင် ...လှကြိုင်၊ နင်ဘယ်လိုနေသေးလဲ''

''ကျွန်မ ...ကျွန်မ ...သွား ...တော့ ...မယ်''

''ဟင်''

''သမီးလေးနဲ့ နေခဲ့နော် ...ကျွန်မကို ခေါ်နေပြီ''

''လှကြိုင်၊ လှကြိုင်''

''ခေါ်နေပြီ ...နဂါးတိုင်းပြည်က ကျွန်မကိုခေါ်နေပြီ''

''လှကြိုင် ...စိတ်တင်းပါဟာ''

''နဂါးတိုင်းပြည်က ခေါ်နေပြီ၊ ကျွန်မသွားရတော့မယ်။ ကို ...ညို မြ ...သမီးလေး ...သမီးလေးကို ဂရုစိုက်ပါနော်''

မောင်ညိုမြ ရင်ခွင်ထဲတွင် မလှကြိုင် ဇက်ကျိုးကျသွားလေသည်။

''ဟာ ...အမေ ...လုပ်ပါဦးဗျ၊ အရီးဇံညွန့် ...ကျွန်တော့်  မိန်းမကို ကြည့်ပါဦး ...အမယ်လေးဗျာ။ အဖေရေ ...အဖေ''

စီးပွားဥစ္စာပြည့်စုံပါမှ တတ်ကျွမ်းသည့် ကျန်းမာရေး ဝန်ထမ်းနှင့် မအပ်နှံမိသည့်အတွက် မ ဖြစ်သင့်ဘဲ ရေတိမ်နစ်ရသည့် အ ဖြစ်ကို နောင်မှ နောင်တရမဆုံး ရှိကြရလေသည်။

•••

သမီးလေးမှာ ကိုယ်လက်အင်္ဂါပြည့်စုံသော်လည်း အောက်ပိုင်း ကြုံလှီသေးကွေးနေသည်။

ခါးအောက်ပိုင်းမှစ၍ ခြေထောက်များ သိမ်နေကာ လှုပ်ရှားမှု မရှိပေ။ မွေးစကဆိုလျှင် ခြေထောက်တစ်ဖက်နှင့် တစ်ဖက် လိမ်ပြီး ခွေယှက်နေသည်။ ဒေါ်မှိန်က ခြေထောက်နှစ် ဖက်ကိုခွာကာ နှိပ်နှိပ်ပေးပြီး ခြေတစ်ဖက်နှင့်တစ်ဖက်ကြားတွင် အဝတ်စ ခံထား၍ ကွဲကွာသွားခြင်း ဖြစ်သည်။

လေးငါးလကြာ၍ ရုပ်လုံးပေါ်လာသည့်အခါ သမီးလေးမှာ အလွန်ချောမောလှပသည်ကို မြင်ရသူတိုင်း အံ့သြလောက်ဖွယ် တွေ့ ရလေသည်။

ကိုညိုမြသည် သမီးလေးကိုကြည့်ပြီး မျက်ရည်များ ကျလာသည်။

''သြော် ...လှကြိုင်ရယ်။ ငါ့ကို ဒုက္ခိတသမီးလေးနဲ့ ထားခဲ့ရက်တယ်။ သူ ကတော့ သွားရှာပြီ''

ထိုအချိန်မှစ၍ ကိုညိုမြ အရက်သမားကြီးလုံးလုံး ဖြစ်ရရှာသည်။ စိတ်ညစ်စိတ်လေသည်များ ကို အရက်သောက်၍ ဖြေ ရှာခဲ့သည်။

ဦးတောက်ထိန်မှာ အရွယ်ရှိသေး။ ဦးဆောင်နိုင်စွမ်းရှိသေး၍ တော် သေးတော့၏ ။

စီးပွားရေး ကတော့ ယိမ်းယိုင်မသွားခဲ့ပေ။

'နဂါးမင်း' လက်မှု ပစ္စည်းအရောင်းဆိုင်လုပ်ငန်းနှင့် ပန်းပုလုပ်ငန်းမှာ တရှိန်ရှိန်ဖြင့် တိုးတက်လျက်ရှိသည်။

အိမ်ခြံဝင်းထောင့်မှာ သွပ်မိုး၊ ပျဉ်ကာအိမ်ကလေးတစ်လုံး ထပ်ဆောက်၍ ပန်းပုအလုပ်ရုံတစ်ခုပင် ဆောက်နိုင်ခဲ့သည်။ လက်မှု အလုပ်သမားများ ခေါ်ယူခန့်ထားကာ လုပ်ငန်းတွင် ကျယ်လာခဲ့သည်။

ကိုညိုမြကတော့ ပန်းပုလည်း မထုတော့။ အလုပ်အပေါ်မှာ လည်း စိတ်မဝင်စားတော့။ နေ့စဉ် အရက်သောက်နေ ခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့တော့သည်။

•••

ပန်းမှုံလေးမှာ အဘွားလက်ထဲမှာ ပဲ ကြီးပြင်းခဲ့ရသည်။

ပန်းမှုံသည် အလွန်အေးဆေးသော ကလေး ဖြစ်သည်။ ငိုယိုခြင်း၊ ဂျီကျခြင်း မရှိ။ အမြဲငြိမ်ငြိမ်သက်သက်နှင့် ထားရာမှာ နေရှာသည်။ သိတတ်စအရွယ်မှာ ပန်းချီကားကြီးကို လက်ညှိုးထိုးပြသည်။ သူ့ကိုချီ၍ ပန်းချီကားကြီးရှေ့မှာ ရပ်နေလျှင် ပန်းချီ ကားကြီးကို တမေ့တမော ငေးကြည့်နေတတ်သည်။

သူများ ကလေးတွေ လမ်းစမ်းလျှောက်သည့်အရွယ်ရောက်သည့်တိုင် ပန်းမှုံ မတ်တတ်ပင် မရပ်နိုင်ခဲ့ပါ။

အောက်ပိုင်းမသန်သည့် ဝဋ်ကြွေးကို ခံစားနေရသော်လည်း အခြားအချက်များ မှာ တော့ သာမန်ကလေးတွေ အတိုင်း ဉာဏ်ရည်မီခဲ့ပါသည်။

စကားပြောရမည့် အရွယ်တွင် စကားပြောသည်။

ပန်းမှုံက တခြားကလေးတွေ ထက်သာသော အချက်မှာ ရည်မွန်ချက်ချာခြင်းပင် ဖြစ်သည်။

ဆိုင်သို့ ပန်းမှုံကို ခေါ်သွားသည့်ရက်များ တွင် ပို၍ ရောင်းရသည်ဟု ဒေါ်မှိန်ကပြောသည်။ သူများ နှင့် မတူ၊ ထူးခြား၍ ကျက်သရေရှိသော မျက်နှာကလေးမှာ ဆိုင်ကိုလာသူများ အပေါ် ဆွဲဆောင်မှု ရှိခဲ့၏ ။ သူမ၏ ဒုက္ခိတဘဝလေးကလည်း သနားစရာ မို့ လူတိုင်း၏ ကြင်နာမှု ကို ခံယူရပါသည်။

ဆိုင်ကိုရောက်လာသည့် နိုင်ငံခြားသားတိုင်း ပန်းမှုံကို ဓာတ်ပုံရိုက်ယူသွားကြသူချည်း ဖြစ်သည်။

ရင်ခွင်ပိုက်အရွယ်မှ လွတ်သည်နှင့် ပန်းမှုံကို ဘီးတပ်ကုလားထိုင်လေးဖြင့် ထားပေးခဲ့ရသည်။

ကျောင်းထားလို့မ ဖြစ်နိုင်၍ အသက်၆နှစ် ရှိမှ ဆရာမ ခေါ်ကာ အိမ်မှာ စာသင်ရသည်။ ငါးတန်းအောင်သည့်အဆင့်အထိ ပန်းမှုံ စာသင်ခဲ့ရပါသည်။ အစိုးရကျောင်းများ မှ စာမေးပွဲများ ကို ဝင်ဖြေခြင်းဖြင့် တရားဝင် ငါးတန်းအောင်ခဲ့သည်။ နောက်ပိုင်း တော့ ပန်းမှုံကို ပညာဆက်သင်မပေးတော့ပါ။

''မမှိန် ...ကလေးကို ဆိုင်ခေါ်ခေါ်မ သွားပါနဲ့ တော့ကွာ။ လူတွေ က သူ့ကို ဒုက္ခိတလေးဆိုပြီး ဝိုင်းဝိုင်းသနားနေကြတာ၊ ကြာတော့ သူ့မှာ အားငယ်စိတ်တွေ ဝင်သွားမယ်''

ဦးတောက်ထိန်က တားမြစ်သည့်အတွက် ဆိုင်ကို ခေါ်မသွား ဖြစ်တော့ပေ။

ပန်းမှုံဘဝသည် အချိန်ပြည့် အိမ်ထဲမှာ နေရင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့ရလေသည်။ နေ့စဉ် ပန်းချီကားကြီးရှေ့မှာ ထိုင်ရင်း ငေးမောရင်းဖြင့် ...

•••

မလှကြိုင် ကွယ်လွန်ပြီး သုံးလေးနှစ် အကြာမှာ ကိုညိုမြကို နောက်အိမ်ထောင်ပြုဖို့ အဖေနှင့်အမေက တိုက်တွန်းခဲ့သည်။

ကိုညိုမြက ခါးခါးသီးသီး ခေါင်းယမ်းခဲ့လေသည်။

''ဘယ်တော့မှ နောက်အိမ်ထောင်မပြုတော့ဘူး အမေ။ ကျွန်တော့်  ဘဝထဲက လှကြိုင် ပျောက်မသွားသေးပါဘူး။ လှကြိုင် ကျွန်တော် နဲ့ အတူတူ အမြဲရှိနေပါတယ်ဗျာ''

အရက်ကြောင် ကြောင်ပြီးပြောနေသည်ဟုသာ မိဘနှစ် ပါးက စိတ်မကောင်းစွာ မှတ်ယူကြသည်။

''ကျွန်တော် လှကြိုင်ကို နေ့တိုင်းတွေ့ တယ် အမေ''

''သားရယ်''

''အမေတို့က မယုံဘူးလား။ ကျွန်တော် ညတိုင်း အိပ်မက်ထဲမှာ လှကြိုင်နဲ့ တွေ့ တယ်ဗျ၊ သိလား''

''ဒါတော့ ဒါပေါ့ကွယ်။ စိတ်စွဲလမ်းတာကိုး''

''လှကြိုင်က နဂါးပြည်မှာ ရောက်နေတာ အမေ။ အိပ်မက်ထဲမှာ တွေ့ ရင် သူ့ကို နဂါးမလေးလို တွေ့ ရတာ ဗျ။ ခေါင်းမှာ နဂါးရုပ်ပါတဲ့ စည်းပုံလေး ဆောင်းလို့''

ဦးတောက်ထိန်နှင့် ဒေါ်မှိန် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

''ဒါတွေ အစွဲအလမ်း မထားပါနဲ့သားရယ်။ မင်းမိန်းမက သေခါနီး ကယောင်ချောက်ချား ပြောသွားတာပါ''

ကိုညိုမြကို နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်း၍ လည်း မရ၊ အရက်မဖြတ်နိုင်တောင် လျှော့သောက်ပါဟု ချော့လို့ လည်း မရ။ သည်အတိုင်းပဲ လွှတ်ထားလိုက်ရတော့သည်။

•••

နေ့စဉ်ရက်ဆက် အရက်သောက်ရင်းမှ ကာလရှည်လျားလာသည့်အခါ ရောဂါ များ ပါ ဝင်လာခဲ့သည်။ သွေးတိုး ရောဂါ ၊ အသည်း ရောဂါ များ မှာ အရက်သမားအများ စု ဖြစ်တတ်သော ရောဂါ များ ဖြစ်ပါသည်။

ကိုညိုမြ၏ ပါးမှာ တစ်စတစ်စ ဖောင်းလာကာ၊ အသားအရေများ ပွစိစိ၊ ဖောသွပ်သွပ် ဖြစ်လာသည်။

ထိုအချိန်တွင် သူတို့၏ 'နဂါးမင်း' ပန်းပုလုပ်ငန်းကြီး ကတော့ အရှိန်အဟုန်ပြင်းပြင်း တိုးတက်လျက်ရှိ၏ ။ အစိုးရက Visit Myanmar Year သတ်မှတ်ကာ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကို အားပေးလာ၍ နိုင်ငံခြားသားဧည့်သည် အလာများ လာသည်။Tourist Guide တစ်ယောက် က လာဆက်သွယ်ပြီး သူက ကိုယ်စားလှယ်အ ဖြစ်တာဝန်ယူကာ သြစတြေးလျနိုင်ငံ နှင့် ပြင်သစ်နိုင်ငံရှိ အရှေ့တိုင်းအနုပညာပစ္စည်းအရောင်းဆိုင် နှစ် ဆိုင်သို့ ပန်းပုရုပ်များ တင်ပို့ခွင့်ရလာသည်။

ဦးတောက်ထိန်မှာ အသက် ၆ဝကျော် ၇ဝနီးပါးမှ အားသစ်မာန်သစ်ပြန်မွေးကာ လုပ်ငန်းကို ဦးဆောင်ရတော့သည်။

ကိုညိုမြဆီ ကတော့ ဘာအကူအညီမှမရတော့။

ပန်းမှုံလေးအသက် ၈ နှစ် အရွယ်တွင် ကိုညိုမြ အိပ်ရာထဲ ဗုန်းဗုန်းလဲလေသည်။

အရက်သမားလူမမာတို့ထုံးစံအတိုင်း ဆေးကုတာက ကုတာတစ်ပိုင်း၊ အရက်မသောက်ဘဲ မနေနိုင်တာက တစ်ပိုင်း။ အရက် ဝမ်းထဲမဝင်သမျှ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေကာ နေမရ ထိုင်မရအောင် ဟစ်အော်ငိုယိုနေရှာသည်။

အမေ ဖြစ်သူ ဒေါ်မှိန်က မျက်ရည်စက်လက်ဖြင့် သားလူမမာ ပါးစပ်ထဲကို အရက်ကို ဇွန်းဖြင့် တစ်ဇွန်းချင်း လောင်းချ ပေးရသည်။ သေမည် ဆိုတာ သေချာနေတော့လည်း သေခါနီး မှာ သူ့ဆန္ဒအတိုင်း ရှိပါစေတော့။

ကွယ်လွန်မည့် နေ့တွင် ...

''ပန်းချီကားကြီးရှေ့ ပို့ပေးပါ၊ ပန်းချီကားကြီးရှေ့ ပို့ပေးပါ''

ဟု တစာစာ ပူဆာသည်။

သူ့ဆန္ဒအတိုင်း ဧည့်ခန်းထဲမှာ ခုတင်တစ်လုံးပြင်ကာ ပန်းချီကားကြီးကို မြင်သာအောင် ခုတင်ခြေရင်းကို ပန်းချီကား ချိတ်ထားသည့် နံရံဘက် လှည့်ထားရသည်။ ခုတင်ပေါ်အိပ်နေလျက်မှာ ပန်းချီကားကို သက်သော င့်သက်သာ မြင်စေနိုင်ရန် ဖြစ် သည်။

ညဦးပိုင်းအရောက် ပန်းချီကားကြီးဆီ လက်ညှိုးထိုးကာ ...

''ဟိုမှာ ...လှကြိုင် ...လှကြိုင်''

''သား ...ညိုမြ၊ သတိထားပါကွယ်''

''လှကြိုင်ရယ် အမေ၊ ဟိုမှာ လှကြိုင်ရယ် ...အမေတို့ မမြင်ဘူးလား''

''သားလေး ...ဘုရားကို အာရုံပြုနော်''

''လှကြိုင် ခေါ်နေပြီ အမေ၊ လှကြိုင်ရယ် တောင်ကုန်းခြေရင်းမှာ ရပ်နေတယ်။ ကျွန်တော့် ကို လှမ်းခေါ်နေပြီ''

အရက်ဒဏ်ဖြင့် အရက်ကြောင်,ကြောင်ပြီး သေခါနီး ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု အားလုံးက မှတ်ယူကြသည်။

''သွားတော့မယ်၊ ကျွန်တော် သွားတော့မယ် အမေ၊ အဖေရေ အဖေ၊ သမီးလေးကို ဂရုစိုက်ပါဗျာ၊ လှကြိုင်ရေ ...ငါလာပြီဟေ့ ...''

ကယောင်ချောက်ချားဟစ်အော်ပြီး အသက်ထွက်သွားလေတော့သည်။

•••

မလှကြိုင် ကွယ်လွန်ပြီးနောက်ပိုင်းကတည်းက ကိုညိုမြကို အိမ်စီးပွားရေး အတွက် အားမကိုးရတော့သော်လည်း ပန်းမှုံ လေးအတွက်တော့ ဖခင်ရယ်လို့ ရှိနေသေးသည်။

ကိုညိုမြ ဆုံးပါးသွားသည့်အခါမှာ တော့ ပန်းမှုံလေးခမျာ မိတဆိုးဘဝမှ မိဘမဲ့ ဖြစ်ရလေပြီ။

အဘိုးနှင့် အဘွားမှာ တစ်ဦးတည်းသော သား၏ မျိုးဆက် တစ်ဦးတည်းသော မြေးဒုက္ခိတမလေးကို အသနားပိုရှာသည်။

ပန်းမှုံအတွက် ကတော့ ထူးထူးခြားခြား ဘဝပြောင်းလဲသွားခြင်း မရှိခဲ့ရပါ။ နဂိုကတည်းကပင် အိမ်ထဲက အိမ်ပြင်မထွက် ရဘဲ ဘဝကို ရေသေလို အချိန်ကုန်လွန်ခဲ့ရရှာသော ပန်းမှုံ။

တစ်နေ့ တစ်နေ့ ပန်းချီကားကြီးရှေ့မှာ ထိုင်ရင်း၊ ပန်းချီကားကြီးကို ငေးမောရင်း၊ စိတ်ကူးယဉ်ရင်းဖြင့် သာ အချိန်ကာလများ ကို ကျော်ဖြတ်လာခဲ့ရသည်။

ပန်းချီကား၏ ထူးခြားဆန်းကြယ် အံ့သြဖွယ် ဖြစ်ရပ်ကို ကြုံရတော့ ပန်းမှုံ အသက်ဆယ်နှစ် ရှိပြီ။

ပန်းချီကားကြီးထဲတွင် လသာနေခြင်း၊ မိုးရွာခြင်း၊ လေပြင်းကျခြင်း စသည့်ပြောင်းလဲမှု များ ကို စတင်တွေ့ ရှိသူမှာ ပန်းမှုံ ဖြစ်သည်။ ပန်းချီကားထဲတွင် ထိုသို့သော အပြောင်းအလဲများ ဖြစ်နေသည်မှာ အစဦးကတည်းကလား၊ ယခုမှ သတိထားတွေ့ ရှိ သွားတာလား အဖြေမရှာတတ်တော့ပေ။

ဘာပဲ ဖြစ် ဖြစ် ပန်းမှုံ ဖော်ထုတ်လိုက်သည့်အတွက် ဦးတောက်ထိန်ရော၊ ဒေါ်မှိန်ပါ ပန်းချီကားကို သတိထားစောင့်ကြည့် ကြရတော့သည်။

ဂရုပြုလေ့လာမိတော့ ပန်းချီကား၏ လျှို့ဝှက်ချက်များ ကို တဖြည်းဖြည်း သိလာရလေသည်။

ပန်းချီကားသည် ညသန်းခေါင်ယံအချိန်တိုင်းတွင် ထူးခြားမှု ပြတတ်သည်။ ပန်းမှုံ ကတော့ ပန်းချီကားထဲတွင် ဖြစ်နေ သည့် ရာသီဥတု အခြေအနေများ မှာ ဟိုမှာ ဖြစ်နေသည့်အတိုင်း ထင်ဟပ်ခြင်း ဖြစ်သည်ဟုဆိုသည်။ ပန်းမှုံပြောသည့် 'ဟိုမှာ ' ဆိုသည်မှာ မည် သည့်နေရာနည်း။ ပန်းချီကားထဲကရှုခင်းပုံမှာ ကမ္ဘာ၏ ဘယ်အရပ်ဒေသကို ရေး ဆွဲထားမှန်း မသိနိုင်ပေ။ စေတီ ပါသည့်အတွက် မြန်မာနိုင်ငံထဲက တစ်နေရာဟုတော့ မှတ်ယူနိုင်ပါ၏ ။

ပန်းချီကားကို စောင့်ကြည့်နေခဲ့ရာ လပြည့်ညပတ်ဝန်းကျင်များ မှာ ပို၍ ထင်ထင်ရှားရှား မြင်သာသည်ကို တွေ့ ရ၏ ။ လပြည့်ခါနီး သုံးလေးရက်နှင့် လပြည့်ကျော်သုံးလေးရက်များ မှာ နေ့လယ်နေ့ခင်း၌ ပင် ပြောင်းလဲမှု များ ပေါ်လာတတ်သည်။

တစ်ခုသော လပြည့်ညတွင် တော့ စေတီလေး၏ ထိပ်ဖျားဆီမှ အရောင် ပြိုးပြိုးပြက်ပြက်နှင့် ရောင် ခြည်တော် ကွန့်မြူးသည်ကိုပင် မြေးအဘိုးသုံးယောက် လုံး မြင်တွေ့ ခဲ့ရသည်။

ဦးတောက်ထိန်က ပန်းချီကား၏ လျှို့ဝှက်ချက်ကို လူတွေ သိသွားမှာ စိုးသည်။ ဒေါ်မှိန့်ကိုလည်း ဘယ်သူ့မှမပြောရန် နှုတ်ပိတ်သည်။ ပန်းမှုံကိုလည်း ချော့မော့ဖျောင်းဖျ၍ ဘယ်သူ့မှ အသိမပေးရန် ကတိတောင်းထားခဲ့သည်။

သို့သော် ကလေးစိတ်မကုန်သေးသော ၊ ပကတိရိုးသားဖြူစင်လှသည့် ပန်းမှုံဆီမှတစ်ဆင့်ပင် လူအချို့ သိသွားရပါတော့သည်။

တစ်နေ့သော လပြည့်ည မတိုင်ခင်တစ်ရက်တွင် နေ့လယ်ပိုင်းကြီး ပန်းမှုံ တစ်ယောက် တည်း ပန်းချီကားကြီးကို ထိုင်ကြည့်နေခိုက် ပန်းချီကားသည် မှိုင်းမှု န်သွားကာ မိုးရွာသည့်ပုံပေါ်လာ၏ ။

ထိုရှုခင်းကို ပန်းမှုံ ထိုင်ကြည့်နေခိုက် အလုပ်သမား တစ်ယောက် အိမ်ထဲဝင်လာကာ ပန်းချီကား၏ ထူးခြားမှု ကို မြင်တွေ့ သွားတော့သည်။

ပန်းမှုံကလည်း ရိုးသားစွာ ပင် ပန်းချီကားအကြောင်းကို ပြောပြလိုက်သည်။

အလုပ်သမားသည် အခြားအလုပ်သမားများ ကို ပြေးခေါ်ကာ ပန်းချီကား၏ ထူးခြားမှု ကိုပြသည်။ အလုပ်သမားအားလုံး ပန်းချီကားထဲမှ မိုးရွာသည့် ရှုခင်းကို တစ်ခဏတာမျှ မြင်လိုက်ကြရလေသည်။

ထိုသတင်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့လေ၏ ။

တစ်ရွာလုံးလိုလိုရောက်လာကာ ပန်းချီကားကို ကြည့်ကြသည်။ သို့သော် ပန်းချီကားမှာ အချိန်ပြည့်ပြောင်းလဲနေသည် မဟုတ်ရာ လူအတော် များများ က ထူးခြားချက်ကို မတွေ့ မြင်လိုက်ရချေ။ ထိုအခါ မယုံကြည်ပါဆိုသူများ ရှိလာတော့သည်။

ဦးတောက်ထိန်က မယုံကြည်သူတွေ ရှိတာကို ဝမ်းသာသည်။ သူကပင် မြေးမလေးပန်းမှုံမှာ ဦးနှောက်ကျပ်မပြည့်ရှာ၍ စိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာပါဟု သတင်းလွှင့်ရသည်။

ထိုအချိန်မှစ၍ ပန်းချီကားကြီးကို အများ မမြင်သာအောင် ကတ္တီပါစဖြင့် ကန့်လန့်ကာကာပြီး ဖုံးကွယ်ပစ်ခဲ့ခြင်း ဖြစ်ပါတော့သည်။

•••


ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ ဒေါက်တာစိုးထိုက်နှင့် နဂါးသိုက်ရှာပုံတော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မွေးစားတစ္ဆေ

ဒေါက်တာစိုးထိုက်နှင့် နဂါးတိုင်းပြည်

ရိုင်းတဲ့ တစ္ဆေ