Cover

သန်းမြင့်အောင်

အမည် အရင်းမှာ သန်းသန်းမြင့် ဖြစ်၍ ၂၅-၉-၁၉၅၃ ခုနှစ် တွင် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့၌ အဖ ဦးချစ်အောင်၊ အမိ ဒေါ်ရင်ရွှေတို့မှ ဖွားမြင်သည်။

စာပေနယ်သို့ ၁၉၈၇ ခုနှစ် တွင် စတင် ၀င်ရောက်ခဲ့သည်။ ၁၉၉၅ ခုနှစ် တွင် “အထူအပါး” ၀တ္ထုတို ပေါင်းချုပ်ကို ထုတ်ဝေခဲ့၍ ၎င်း “အထူအပါး” ၀တ္ထုကို ဂျပန်နိုင်ငံ ဒိုင်ဒိုဖောင်ဒေးရှင်းမှ ဂျပန်ဘာသာပြန်ဆို၍ “အထူအပါးနှင့် အခြားဝတ္ထုတိုများ ” စာအုပ်တွင် ထည့်သွင်းဖော်ပြ၍ ဂျပန်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။

ယခုအချိန်အထိ ၀တ္ထုတိုပေါင်းချုပ် (၁၁) အုပ်၊ လုံချင်းဝတ္ထု (၃) အုပ်၊ ဆောင်းပါးပေါင်းချုပ် (၁) အုပ် နှင့် အခြားစာရေး ဆရာများ နှင့် တွဲဖက်၍ ၀တ္ထုလတ် (၁၅) အုပ်ခန့် ရေး သားထုတ်ဝေ ဖြန့်ချိခဲ့၍ ၂၀၀၂ ခုနှစ် တွင် “သဏ္ဍာန်မဲ့ထုထည်” ၀တ္ထုတိုပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆုကို ရရှိခဲ့သည်။

လူမှု ရေး နှင့် ပရဟိတလုပ်ငန်းများ ကို စိတ်ပါဝင်စား၍

-မိဘမဲ့ကလေးများ ပြုစုပျိုးထောင်ခြင်း၊

-ပညာဒါနကျောင်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် လူငယ်ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချခြင်း၊

-သွေးလှူရှင်အဖွဲ့များ ဖွဲ့စည်းလှူဒါန်းခြင်း၊

-HIV/AIDS ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ ၊

-အနာကြီး ရောဂါ ကာကွယ်ရေး နှင့် အနာကြီး ရောဂါ သည်ဟောင်း မိသားစုများ ၏ ဘ၀ရှင်သန်ရပ်တည်ရေး ၊

-စိတ် ရောဂါ အထူးကုဆေးရုံးကြီး၏ စိတ်ကုထုံးသစ်ရှာဖွေရေး ၊

-HIV ပိုး ကူးစက်ခံ မိဘမဲ့ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရန် “သုခရိပ်မြုံ” ဂေဟာထူထောင်ခြင်း၊

-ခိုကိုးရာမဲ့ နာမကျန်း ဘိုးဘွားများ အတွက် “ဆည်းဆာရိပ်” ဂီလာန ဘိုးဘွားရိပ်သာထူထောင်ခြင်းနှင့်

- ၂၀၁၀ ခုနှစ် တွင် “အောင်” ဖောင်ဒေးရှင်း လူမှု ၀န်းကျင်နှင့် ပရဟိတသင်တန်းကျောင်းကို ဖွင့်လှစ်၍ မြန်မာနိုင်ငံ အရပ်ရပ်ရှိ ပရဟိတအသင်းများ အား ကျွမ်းကျင်ပညာရှင်များ နှင့် ချိတ်ဆက်၍ လူငယ်အရည်အသွေးမြှင့် သင်တန်းများ ကို ပို့ချပေးလျက်ရှိသည်။ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် “နှလုံးလှပရဟိတ” လူငယ်သွေးလှူရှင်အဖွဲ့အားဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ငွေစုငွေချေးဆိုင်ရာ ပညာရပ်များ ၊ HIV/AIDS ရောဂါ ကာကွယ်တားဆီးရေး ၊ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ ၏ အန္တရာယ်မှ ဘေးကင်းလုံခြုံရေး ဆိုင်ရာ ပညာရပ်များ ကို သွားရောက် လေ့လာဆည်းပူးခဲ့၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အခြေခံ လူမှု ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး နာရေး ကူညီမှု အသင်း(ရန်ကုန်) တွင် ဒု-ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

(၁)

ငိုခြင်း. . .ရယ်ခြင်း. . .နီးခြင်း ဝေးခြင်းနှင့် . . .

ကနေ့ အသုဘတစ်ခု ပို့စရာရှိသည်။ မြို့တော် မဂ္ဂဇင်းမှ သုခုမအယ်ဒီတာ ကိုထွဋ်၊ သင်္ခါရနှင့် မကင်းနိုင်သော ပုထုဇဉ် ဥယျာဉ်ကြီးထဲမှာ နေလာတဲ့ အနှစ် လေးဆယ်ကာလမှာ အသုဘပို့ရတဲ့ကိစ္စက အဆန်းတကြယ်မဟုတ်တော့။ အိမ်ဦးနှင့် ကြမ်းပြင် ထမင်းစားရေသောက်မဟုတ်သည့်တိုင် သိပ်ပြီး အပန်းတကြီးဝေးဝေးလံလံမဟုတ်။ ကိုယ်စိတ်ပါလျှင် စိတ်ပါသလို ရွှတ်ခနဲ ရွှတ်ခနဲ ပြေးပို့လိုက်ရသည်။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို သမို့လား၊ ရေတွက်လျှင် တစ်နှစ် ထက်တစ်နှစ် ကျောင်းအခေါက်ပေါင်း နည်းမည် မဟုတ်တော့။ သည်နေ့ ပို့ရမည့် ကိစ္စ ကတော့ တော် တော့ သံယောဇဉ်ကြောင့် မလွှဲမသွေပို့ရမည့်  နှောင်ကြိုးမဲ့တာဝန်ကြောင့် သာ နှစ် နာရီသဂြိုဟ်မည့် အရေး ကို နံနက် ဆယ်နာရီကတည်းက ကြိုကြိုတင်တင်အသင့် ဖြစ်နေရသည်။ ခါတိုင်းလို ကြံတောသုသာန်မှာ ဆို ကိုယ့်နေရာကနေ တစ်နာရီလောက်မှ ဖုတ်ဖက်ခါပြေး၊ အလွန်ဆုံး မိနစ် ၄၀ ကြာ ကားစီးသွားလိုက်ရုံ။ ခုတော့ ရန်ကုန်တစ်ဖက်ကမ်း လှိုင်သာယာအလွန်က ပဒန်သုသာန်ဆိုတော့ တစ်ခါမှလည်း အဲဒီ ဘက်ကို မရောက်ဖူး၊ ခရီးအကွာအဝေးနဲ့ အချိန်နာရီကို ဆွဲဆန့်ကြည့်ဖို့ရန် ခန့်မှန်းလို့ မရနိုင်သေးတော့ စိတ်တွေ က စောနေကြသည်။

“အဲဒီ သုသာန်မှာ တို့အနုပညာနယ်ထဲက ပထမဆုံးရောက်သွားကြတာ ရုပ်ရှင်နယ်ထဲကဆို မင်းသားမြတ်သစ်နဲ့ တို့စာပေနယ်ထဲကဆိုကိုထွဋ်ပဲ။ ဝေးတော့ဝေးပါတယ်။ ဒါပေမယ့် ပို့ ဖြစ်အောင်ပို့ပါဟယ်”

မနေ့က အသုဘသတင်းသယ်လာသည့် ကိုထွဋ်အပေါင်းအသင်း သူငယ်ချင်း ဆရာမ က လာပြောတော့-

“ဟာ အစ်မကလဲ ပို့မှာ ပေါ့။ အရေး ကြီးတာက ကားရှိဖို့ပဲ။ အရင်လို လိုင်းကားပြေးစီးလို့ မရဘူးလေ”

“လေထန်ကုန်းကို ၁၁ နာရီ ကားလာမယ်တဲ့။ ၁၂ နာရီ အဲဒီ ကစထွက်မယ်။ နင် အနည်းဆုံး ၁၁ နာရီခွဲလောက်ရောက်အောင်လာပေါ့။ လူစုံရင်ထွက်မှာ ပဲ။ တော် ကြာနောက်ကျနေလို့ မပို့လိုက်ရဘဲနေဦးမယ်”

သည်လိုနှင့် ယနေ့မနက် မိုးလင်းသည်နှင့် ကြိုတင်ပြင်ဆင်နေတုန်း ညီအစ်မ အပေါင်းအသင်းတွေ ဖြစ်ကြသည့် ပန်းချီဆရာမ နှင့် ထုတ်ဝေသူ ညီမ တစ်ယောက် က လာချိန်းပြန်သည်။ သူတို့က ကားရှိမည့် နေရာကို အတိအကျ မသိသေးသဖြင့် ကျွန်မက လေထန်ကုန်းမှာ ရှိမည့် အကြောင်းပြောပြီး သူတို့နှင့် လေထန်ကုန်းမှာ ထပ်ချိန်းသည်။ သူတို့က ကျွန်မကို ကိုထွဋ်က စည်ပင်ကမို့ မြို့တော် ခန်းမမှာ ကားသေချာနိုင်ကြောင်း ပြောသေးသည်။ ကျွန်မက သူငယ်ချင်းနှင့် လေထန်ကုန်းသို့ ဇွတ်ခေါ်လိုက်သည်။အချိန်ကျ၍ ကျွန်မသွားတော့ လေထန်ကုန်းမှာ ကားတစ်စီးမှ မရှိ။ သစ္စာရှိသူများ က ကျွန်မကို စောင့်နေကြ၍ စုပြီး မြို့တော် ခန်းမသို့ ပြေးကြရသည်။

ကျွန်မတို့ကားပေါ်မှာ ၀န်ထမ်း တစ်ယောက် စ နှစ် ယောက် စနှင့် စာပေသမား ခပ်များများ ပါလာကြ၍ ခရီးလမ်းလျှောက် နယ်မြေသစ်၏ ဘေးဘီဝဲယာကို ကြည့်ရှုလေ့လာရင်း စကားတွေ ဖောင်ဖွဲ့လာကြသည်။

သေခြင်းခရီးက နီးလှသည်။ ကိုထွဋ်က သော ကြာနေ့ကပင် ရုံးတက်သေးသည်တဲ့။ စနေနေ့ကတောင် အိုဗာတိုင်လာသေးသည်ဆိုလားဟု ကဗျာဆရာ ကိုညွန့်သစ်က ပြောသည်။ တနင်္ဂနွေနေ့မှ ရုတ်တရက် ကောက်ကာငင်ကာ ဆုံးသည်တဲ့။ သေခြင်းခရီးက နီးသည်။ မနီးတာက ပဒန်နှင့် ရေဝေး။ သွေးချင်းနီးမှပဲ ပို့ ဖြစ်တော့မည် ။ နောက်များ တော့ ကျဲပါးသည့် သင်္ဂဟများ အတွက် ၀မ်းနည်းစွာ နှင့် အသုဘ ပို့ခြင်းခရီးစဉ်ကို ငြင်းပယ်ရပေတော့မည် ။ ဓလေ့ထုံးစံတစ်ခုကို အခါခပ်သိမ်း ဆင်ခြင်ထိန်းသိမ်းလိုပေမယ့် ပြေးပြေးလွှားလွှား သွားသွားလာလာ လက်လှုပ်မှ ပါးစပ်လှုပ်မှ ပါးစပ်လှုပ်ရမည့်  ကျွန်မတို့လို လူတန်းစာတွေ အတွက် လူမှု ၀တ္တရားတော့ အနည်းနဲ့အများ ပျက်ကွက်ရပေတော့မည် ။

ကိုယ့်အလှည့်ကျတော့ကောလို့ ဖျတ်ခနဲ တွေးကြည့်မိသေးသည်။ အလျင်တုန်း ကတော့ သူငယ်ချင်းတွေ ရယ်ရင်းမောရင်း နောက်ရင်းပြောင်ရင်း-

“နင်သေရင် မသာပို့မယ့်လူတောင်ရှိမှာ မဟုတ်ဘူး” လို့ ပြောခဲ့ကြသည့်စကားက တကယ်များ ဖြစ်တော့မှာ လားဟု တွေးမိသည်။ ဖြစ်ခဲ့ရင်တောင် ၀မ်းနည်းစရာတော့ သိပ်မကောင်းလှ။ ခုလို ဓာတ်ဆီရှားနေသည့်အချိန်မှာ အိမ်က ကားများများ ငှားနိုင်လိမ့်မည် မထင်။ အပေါင်းအသင်းတွေ ကလည်း ကိုယ်နဲ့ ပိန်မသာ၊ လိမ်မသာတွေ ။ စိတ်ရှိလျှင်တောင် လက်ကလိုက်နိုင်မှာ မဟုတ်။ ကိုယ်လိုလူမျိုး ကတော့ ငယ်ငယ်တုန်းကအများ ပြောပြတဲ့ ဒဏ္ဍာရီထဲကလို ခေါင်းမှာ ခေါင်ရမ်းပန်း အနီလေးတစ်ပွင့် ထိုးပေးလိုက်ရုံနှင့် ငေါက်ခနဲထပြီး ကိုယ့်သင်္ချိုင်း ကိုယ်သွားပြီးလှဲချလိုက်ချင်သည်။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးချင်တော့။

“ရောက်ခါနီး ပြီဟေ့၊ ဟိုမှာ မီးသဂြိုဟ်စက်ကြီး လှမ်းမြင်နေရတယ်။ ဟာ ဒီဘက်ဘေးမှာ ခရစ်ယာန် သင်္ချိုင်း၊ တွေ့ လား”

ကားပေါ်မှ ပါလာသူ တစ်ယောက် က သတိပေးလိုက်တော့မှ အတွေးစက ပြတ်သွားပြီး သုသာန်ကို လှမ်းကြည့်လိုက်မိသည်။ ညာဘက်ဘေးက ကွင်းပြင်ခေါင်ခေါင်ထဲက အမှတ်အသား လက်ဝါးကပ်တိုင်လေးများ နှင့် အုတ်ဂူလေးများ ကို လှမ်းမြင်လိုက်ရပြီး လွန်ခဲ့သည့် တစ်လကျော်က အ ဖြစ်ကလေးကို သတိရသွားပြန်သည်။

ဆရာဦးခင်မောင်တိုး(မြှားနတ်မောင်)၏ ဇနီးဆုံးစဉ်က ကြံတော၏ နောက်ဆုံးမီးသဂြိုဟ်လိုက်ရခြင်းက ကံဆိုးထဲကကံကောင်းပေမယ့် အချိန်မီ နီးနီးနားနားသဂြိုဟ်လိုက်ရခြင်းက ကံဆိုးထဲက ကံကောင်းတစ်ခုလို့တော့ ဖြေသာသေးသည်။ အဲဒီ နေ့က ကြုံခဲ့ရသည့် အ ဖြစ်ကလေးကလည်း မေ့ချင်စရာမကောင်း။ ဆရာမ တစ်ယောက် ရဲ့ သတိတရလိုက်ပြမှု ကြောင့် သင်္ချိုင်းဂူပြောင်းနေကြသည့်မြင်ကွင်းနှင့် ရင်းနှီးခွင့်ရခဲ့သေးသည်။ အဲဒီ ဆရာမ နှင့် ကျွန်မ နှစ် ယောက် တည်း အသုဘပို့သူများ ထဲက နေရစ်ခဲ့ကာ မီးသဂြိုဟ်စက်နှင့် ခပ်လှမ်းလှမ်းရှိ သင်္ချိုင်းဂူဖေါ်နေကြသော လုပ်သားများ နှင့် အသုဘရှင်မိသားစုနား မယောင်မလည်သွားစပ်စုခဲ့ကြသေးသည်။

ပေါက်ချွန်း၊ ပေါက်ပြားကိုင်ထားသော အလုပ်သမားနှစ် ယောက် နှင့် မိသားစု ဖြစ်ဟန်တူသော အသက်လေးဆယ်ဝန်းကျင် အမျိုးသား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက် ၊ ၁၅ နှစ် အရွယ် ယောက်ျားလေး တစ်ယောက် ။ သူတို့အားလုံး၏ ဘေးတွင် ပလပ်စတစ်အိတ်မည်းမည်းကြီးတစ်လုံး ကိုင်ထားသူ တစ်ယောက် ။ အလားတူမြင်ကွင်း ကလေးတွေ လည်း ဟိုနားသည်နားမှာ အစုလိုက်အစုလိုက်။

အလုပ်သမား တစ်ယောက် က ပထမဆုံး ဂူပေါ်ကအမည် နှင့် သက္ကရာဇ်ရေး ထားသော ကမ္ပည်းကျောက်ပြားများ ကို မပဲ့မရွဲ့အောင်ဂရုတစိုက် ထုရိုက်ခွာယူကြသည်။

ဒေါ်ဒေါင်းလှ

အသက်(၆၈)နှစ်

၁၉-၉-၈၆ နေ့တွင် ကွယ်လွန်အနိစ္စရောက်သည်။

“အမေ့ အဘွားနာမည် က အတော် လှတာနော်။ ဒီနာမည် မျိုးရှားတယ်။ လူကရော လှရဲ့ လား”

အမည် ကျောက်ပြားကို ခွာယူပြီး ဘေးကအုတ်ဂူပေါ် အလုပ်သမား တစ်ယောက် က လှမ်းတင်လိုက်စဉ် စောစောက ၁၅ နှစ် အရွယ်ကောင်လေးက သူ့အမေးကို မေးလိုက်ခြင်း ဖြစ်သည်။ အမေလုပ်သူကဘာမှ မပြောရသေးခင် သူ့ဖခင်က-

“လှလား၊ မလှလား၊ သူမွေးထားတဲ့ သမီးကြည့်ပါလားကွ” ဟု ပြောရင်းရယ်နေ၏ ။

သားအဖနှစ် ယောက် ကြားက အင်္ကျီအနက်ပွင့် လက်ပြတ်၊ ထမီနှင့် နှုတ်ခမ်းကို နီညိုရောင် ဖျော့ဖျော့ ဖန်တီးထားသော အမျိုးသမီးက မျက်မှော င်ကုတ်၍ သားအဖနှစ် ယောက် ကို တစ်လှည့်စီ စိုက်ကြည့်လိုက်ခြင်းကြောင့် အားလုံး အခြေအနေနှင့် အချိန်အခါကို သတိစွဲထားပြီးသားပြန် ဖြစ်သွားသည့် လှုပ်ရှားမှု ကို ကြည့်၍ ကျွန်မ အချိန်ကာလ၏ အနီးအဝေးပေါ်မူတည်၍ သံယောဇဉ် အတိုးအလျော့ သီအိုရီကို သဘောပေါက်လိုက်မိသည်။ အဲဒါဟာလည်း သဘာဝတရားတစ်ခုပေပဲ။ အလုပ်သမားနှစ် ယောက် ခမျာ အုတ်ဂူ၏ ခေါင်းရင်းဘက်မှ တစ်ပေပတ်လည်သာသာကို ကြိုးစားပမ်းစား ဆက်ပေါက်ကြသည်။ မကြာမီဂူပွင့်သွားသည်။ မိသားစုနှင့် အတူ ကျွန်မတို့နှစ် ယောက် ပါ ရှေ့တိုးပြီး ဂူထဲ ငုံကြည့်လိုက်မိသည်။ ဗြုန်းခနဲတော့ ရင်ထိတ်စရာ။ စိတ်ထဲမှာ ခေါင်းတလားတစ်ခုကို အရင်းဆုံးတွေ့ ရမည် ထင်ထားသည်။ ပြီး အဖုံးဖွင့်လိုက်မှ လူအနေအထားဟု။ ခုတော့ အဲသလိုမဟုတ်။ မြေကျင်းရှည်လျားလျားထဲမှာ ပက်လက် အနေအထား အရိုးစုကြီးတစ်ခုက ထီးထီးကြီး။

“ဟင် ခေါင်းလဲ မရှိတော့ပါလား”

ကျွန်မတို့လိုပဲ အမျိုးသမီးကလည်း ထင်ထားပုံရသည်။ သူကပိုင်ရှင်ဆိုတော့ နှုတ်ကမေးသည်။

“ခေါင်းက ဘယ်ရှိတော့မလဲ အစ်မရဲ့ ။ ဆွေးသွားပြီလေ။ သစ်သားတွေ ရော၊ အသားတွေ ရော ဆွေးမြေ့ပြီး ကြွေကျ ခန်းခြောက်သွားလို့ အရိုးချည်းပဲ ကျန်တော့တာပေါ့။ အစ်မတို့လိုချင်တာ အရိုးပဲ မဟုတ်လား။ အရိုးအားလုံး အစုံအလင်ရရင်ပြီးရောပေါ့။ ဟေ့ကောင်၊ ဘာငေးနေတာလဲ၊ လာလေ၊ ဒီမှာ ပေါ်နေပြီ၊ လာကောက်ချေ၊ အချိန်မရှိဘူး”

တူးဖော်ရေး အလုပ်သမား တစ်ယောက် အမျိုးသမီးကိုရှင်းပြရင်းနှင့် အိတ်မည်းမည်းကိုင်ထားသော သူ့အဖော်ကို လှမ်းခေါ်လိုက်တော့အိတ်ကိုင်ထားသူက တွင်းနှုတ်ခမ်းမှာ ငုတ်တုတ်ထိုင်ပြီး အထဲက အရိုးတွေ ကို တစ်ခုချင်းဆွဲယူပြီး အိတ်ထဲထည့်သည်။ ခေါင်းတခြား၊ နံရိုးတခြား၊ လက်ဖျံရိုးတခြား၊ ဒူးဆစ်ပေါင်တံတခြားစီ၊ အကောင်လိုက်ကြီးကနေအိတ်ကလေးထဲ စုပြုံတိုးဝှေ့ပြီး တစ်ဆစ်ချင်း တစ်ရိုးချင်း အထုတ်ကြီး ဖြစ်သွားသည်။

“ကဲ ပြီးပြီအစ်မ၊ ရော့”

“ကားပေါ်တင်ပေးလိုက်ပါဦး၊ နောက်ဖုံးဖွင့်ထားပါတယ်။ ကျွန်မတို့ ဟိုသုဿာန်ကို တန်းမောင်းသွားမှာ ။ ဟိုမှာ လဲ ဂူအလုပ်သမားတွေ စောင့်နေကြတယ်။ ကျေးဇူးတင်ပါတယ်”

“ကဲ. . .ဟေ့ကောင်၊ ကားထဲသွားပို့ပေးလိုက်၊ ပြီးရင် အိတ်တစ်လုံးယူပြီး လိုက်ခဲ့၊ ငါဟိုဘက်က ဂူဆက်ဖော်မယ်။ ပိုင်ရှင်တွေ ရောက်နေပြီ”

အဲဒီ တုန်းက အိတ်အမည်းတစ်လုံး၊ မိသားစုသုံးယောက် နှင့် အခြားသင်္ချိုင်းတစ်ခုဆီသို့ ဦးတည်မောင်းနှင်သွားသော ကားအဖြူလေးကိုကြည့်ကာ ရင်ထဲမှာ ဘာလိုလို။

သြော်. . .လူစင်စစ်က အသက်ပျောက်လို့ အရိုးစု ဖြစ်နေတဲ့ သင်္ခါရနောက်ကတောင် အနိစ္စက ကပ်ပါလာလိုက်သေးသည်။ အင်း အဲဒီ နေရာလဲ တစ်နေ့နေ့မှာ ဘယ်လောက် ခေတ်မီလှပနေလိုက်ဦးမယ်မသိ။ တစ်နေ့နေ့မှာ အဲဒီ နေရာမှာ အဲဒီ တုန်းကပေါ့လို့တောင် လက်ညှိုးတည့်တည့်ထိုးတတ်ပါတော့မည် လားမသိ။

ဟော ပဒန်လို့ခေါ်တဲ့နေရာက သုဿာန်ကို ရောက်ပြီး ကားပေါ်မှ တဖုတ်ဖုတ်ခုန်ချပြီး ဟိုငေးသည်ငေးနှင့် ကြောင်စီစီလုပ်နေကြသူတွေ ဘေးမှ ဖြတ်လျှောက်သွားသော စွတ်ကျယ်စုတ်နှင့် ကလေး တစ်ယောက် ဆီက-

“သင်္ချိုင်း ကတော့ ရှယ်ပဲ” ဆိုသည့် အသံကို ဦးစွာ သတင်းထူးတစ်ပုဒ်လို ကြားလိုက်ရသည်။ သင်္ချိုင်း ကတော့ ရှယ် မရှယ်မသိ။ အသုဘပို့တဲ့လူတွေ ကတော့ အားလုံး ရှယ်ချည်းပဲဟေ့လို့သာ ပြန်ပြောလိုက်ချင်သည်။

လောလောဆယ် ကိုယ့်အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက် သံယောဇဉ်ရှိသူ ကိုထွဋ်ကိုထားသည့် ခန်းမ(၁)သို့ အလျင်ပြေးကြသည်။ ခြေပူသူ၊ ကျောပူသူ၊ ခေါင်းပူသူ၊ ရေဆာသူ၊ အန္တရာယ်လွယ်ထားရသူ၊ မနက်စာငတ်လာသူ၊ ကြေကွဲဝမ်းနည်း ဒုက္ခတွေ တစ်ပုံကြီးသယ်လာသူတွေ ကို အေးငြိမ်းချမ်းသာနှင့် သူက အေးတိအေးစက် ကြိုဆိုသည်။ အားကျစရာပင်ကောင်းသေးတော့၊ သူ့မှာ ဒုက္ခတွေ ငြိမ်းလို့။

ကိုယ်ချင်းစာစိတ်က သူ့ဆီကတစ်ဆင့် ၀န်ထမ်းများ ဆီ ဘယ်လိုကူးစက်သွားမိသည်မသိ။ ကလေးလေး အော်သွားသည့် ရှယ်ပဲဆိုသည့် ပဒန်သုဿာန်၏ ခန်းမကျယ် (၅၃)ခု၊ သီးသန့်ခန်း (၁၆)ခန်းနှင့် မီးသင်္ဂြိုဟ်စက်(၄)ခုနှင့် ရေခဲတိုက်ကြီးတစ်လုံးကို

တာဝန်ယူထားရသည့်ဝန်ထမ်းများ နှင့် ဝေးလံခေါင်သီလှသည့် ကွင်ပြင်ကြီးထဲ တာဝန်ထမ်းဆောင်နေရှာသည့် သူတို့တစ်တွေ ၏ သွားရေး ၊ လာရေး ၊ စားရေး သောက်ရေး က ကျွန်မတို့ထက်ပိုဆိုးတော့မည် ပေါ့။ အချိန်ကလေးကလည်း နည်းနည်း ရသည်နှင့် ဟိုလျှောက်သည်လျှောက်နှင့် အငြိမ်မနေနိုင်သည့် ပါးစပ်က ၀န်ထမ်း တစ်ယောက် နှင့် စကားပြော ဖြစ်သွားသည်။ သိချင်တာတွေ မေးမိ၍ သူ့ထံမှ -

“ကျွန်တော် တို့က သုဿာန်ပြောင်းကတည်းက တစ်ခါတည်း ဒီမှာ ပဲအပြီးရွှေ့နေကြတာ၊ ဟိုနောက်ဘက် ခပ်လှမ်းလှမ်းမှာ တစ်ထပ်တိုက်ခန်းလေးတွေ ဆောက်ပေးထားတယ်။ ကလေးတွေ ကျောင်းအတွက် အသွားအပြန် ဖယ်ရီလာကြိုပေးတယ်။ ဈေး ကတော့ ဒီကနေ လှမ်းမြင်နေရတဲ့ ရွာစုစုက ကုလားကြီးစုရွာဆိုလားပဲ။ အဲဒီ မှာ တစ်ပတ်တစ်ခါသွားဝယ်ရတယ်။ နေ့တိုင်း ဘယ်သွားနိုင်မလဲအစ်မရယ်။ အဝေးကြီးဟာကို။ ဘာပဲ ဖြစ် ဖြစ် အဆင်တော့ပြေပါတယ်။ မကြာခင် ကျွန်တော် တို့ အလုပ်သမားလိုင်းခန်းထဲမှာ လဲ အိမ်ဆိုင်လေးတွေ ဘာလေးတွေ ဖြစ်လာတော့မှာ ပေါ့”

အလုပ်သမားလေး၏ အရိုးရှင်းဆုံး စကားလိုပဲ နောက်တော့လည်း သူ့ဟာသူ ဖြစ်သွားမှာ ဆိုသည့်အတိုင်း ကျွန်မလည်း တောင်တောင်မြောက်မြောက် တွေးပူမနေတော့ဘဲ အလိုက်သင့် နေလိုက်တော့တာကောင်းမည် ထင်သည်။

“တစ်ခါတစ်လေတော့လဲ မသာပို့တာ စိတ်မကောင်းတဲ့ကြားထဲက ရယ်ရသေးတယ်”

“အေးလေ၊ ငါလဲရယ်ချင်လိုက်တာ။ မနည်းအောင့်ထားရတယ်”

ကားပေါ်မှာ လွတ်လွတ်လပ်လပ်ပြောရင်း တစ်ယောက် တစ်ပေါက်ရယ်လာကြသည့် အပေါင်းအသင်းတွေ ကိုလည်း ကျွန်မ နားမလည်စွာ ကြည့်ရင်းက -

“ဘာရယ်ရတာ လဲ။ ဒီနေရာဟာ ရယ်စရာလား။ နင်တို့ကလည်း . . . ” ဆိုတော့

“ရယ်ရတဲ့အကြောင်းကို အစ်မမှ မသိလိုက်ဘဲအစ်မရဲ့ ။ စောစောကချသွားတဲ့ အလောင်းတစ်လောင်းမှာ ပေါ့။ အဒေါ်ကြီး တစ်ယောက် က မောင်လေးရေ. . .မောင်လေးရေနဲ့ အနားကိုလည်းမကပ်ဘူး။ အဝေးကြီးကနေ အော်ခေါ်နေတယ်။ ကြောက်လဲ ကြောက်တယ်နဲ့တူပါရဲ့ ။ အသုဘ ချသွားတော့လည်း လိုက်မသွားဘဲ နောက်ဆုံးကနေ-

“ဟဲ့ - မောင်လေးရဲ့ ၊ ငါခေါ်နေတယ်လေ” ဆိုပြီး သုံးလေးခေါက်လောက် အကျယ်ကြီးအော်ခေါ်တယ်။ ပြီးတော့ သူ့ဟာသူစိတ်တိုပြီး မောင်လေးရေ၊ နင်မထူးတော့ဘူးလား။ ငါခေါ်နေတာ မကြားဘူးလား။ သေဟဲ့၊ သေဟဲ့၊ သေလိုက်စမ်းဟဲ့တဲ့။ သူပြောမှ သေရမှာ ကျနေတာပဲ။ သူ့ဟာသူ သေပြီးသားကိစ္စကို ဘေးကကြားတဲ့လူတွေ က ရယ်ချင်သွားတာပေါ့။ ရယ်နေရင်းနဲ့လည်း အဲဒီ အဒေါ်ကြီးကိုသနားနေတယ်”

ဟုတ်မှာ ပဲ။ လူတွေ ဟာ အပူ သော ကနဲ့တွေ့ တဲ့အခါ ပတ်ဝန်းကျင်ကို မေ့လျော့ပြီး ခဏလေး ဖြစ် ဖြစ်တော့ အရူး ဖြစ်သွားကြစမြဲ။ အရူးမီးဝိုင်းဆိုတာ ဒါမျိုးထင်ပါရဲ့ ။ ငိုခြင်း၊ ရယ်ခြင်းနဲ့ သင်္ခါရကိစ္စများ ကို ပြောကြစဉ်က သူငယ်ချင်း ကာတွန်းဆရာရဲ့ စကားကို ရုတ်တရက် ပြေးသတိရလိုက်သည်။

“ကျွန်တော် ငယ်ငယ်တုန်းက စစ်တောင်းမြစ်ထဲမှာ မော်တော် တစ်စင်းမှော က်ဖူးတယ်။ အဲဒီ အထဲမှာ ကျွန်တော့်  အဖေလည်းပါသွားတယ်။ ပျောက်သွားတဲ့ ခရီးသည်က (၇၀)လောက်ရှိမယ်ထင်တယ်။ အလောင်းတွေ ပေါ်လို့ဆယ်ကြတဲ့အချိန်မှာ အဲဒီ ကမ်းပါးမှာ ပျောက်သွားတဲ့လူတွေ ရဲ့ မိသားစုတွေ ၊ ဆွေမျိုးသားချင်းတွေ က ရင်တမမနဲ့ စောင့်နေကြတာ ထမင်းမှန်း၊ ဟင်းမှန်းတောင် မသိဘူး။ ဘယ်သူမှ မပါသွားတဲ့သူတွေ ကလည်း ကိုယ်ချင်းစာစိတ်နဲ့ ကူညီဖို့ အားပေးဖို့ရောက်နေကြတာ ကမ်းပါးမှာ ဖွေးဖွေးလှုပ်နေတာပဲ။ ပူပင်သော ကနဲ့ မိသားစုတွေ ခမျာမှာ လည်း ငိုရတာ မောနေရှာပြီ။ ဒါပေမဲ့ သူတို့နဲ့ ဆိုင်တဲ့အလောင်းက မတွေ့ သေးတော့ လျှောက်ဆယ်နေတဲ့သူတွေ ဆီ တမျှော်မျှော်တငေးငေးပေါ့။ အလောင်းတွေ ကလည်း များ တော့ တော် ကြာ တစ်လောင်းတွေ့ ပြီး ကြိုးနဲ့ဆွဲလာကြပါရဲ့ ။ အဲဒီ မှာ ဖြစ်ပုံက ခပ်ဝေးဝေးကနေ အလောင်းတစ်လောင်းပါလာတာ တွေ့ ရင်ရှိသမျှ မိသားစုတွေ ရေစပ်ကို အူရားဖားရားပြေးပြီး အမေပျောက်တဲ့သူက အမေရေ၊ အမေရေဆိုပြီး ငိုပြေး၊ အဖေပါတဲ့သူက အဖေရေ၊ အဖေရေ ဆိုပြီး ငိုပြေး၊ အစ်ကိုပါတဲ့သူက အမယ်လေးအစ်ကိုရဲ့ ဆိုသူက ဆို၊ အဘပါတဲ့သူက အဘရေ၊ အဘရေ ဆိုပြီး ကမ်းပေါ်ရောက်လာရော ပုံဖမ်းကြည့်တော့ ကိုယ့်လူမဟုတ်ရင် ငိုလျက်တန်းလန်းကြီးနဲ့ အမ်းပြီး အသာလေး ပြန်ဆုတ်သွားလိုက်၊ နောက်တစ်လောင်းလာတိုင်း ရှိသမျှလူတွေ အားလုံး ခေါ်ချင်တဲ့လူခေါ်ပြီး ပြေးလာလိုက်နဲ့ တစ်လောင်းလာတိုင်း အဲသလို ဖြစ်နေတာကို ဘေးကလာကြည့်တဲ့သူတွေ က ကြာတော့ ပွဲကျလာရော။ အဲဒီ တုန်းက ကျွန်တော် တော် တော် စိတ်ဆိုးတာ။ သူများ တကာ သော ကရောက်နေတဲ့အချိန်မှာ ရယ်ရပါ့မလားလို့ပေါ့။ ခုတော့လည်း အဲဒီ တုန်းက ကိုယ့်အ ဖြစ်ကိုယ် တွေးလိုက်မိရင် အရူး တစ်ယောက် လိုပဲ”

အမှန်ပါပဲ။ လူတွေ ဟာ တကယ်တော့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ ၊ ငိုခြင်း၊ ရယ်ခြင်းနဲ့အတူ ရူးသွပ်မှု တွေ အနည်းနဲ့အများ တော့ရှိနေတတ်ကြသည်ပဲ။ ဘယ်ဟာကိုမှ အသေအချာ သတ်မှတ်ထားလို့မရတာ လည်း သေချာသည်။

အသေချာဆုံးတစ်ခု ကတော့ နောင်အနှစ် ၁၀၀ကြာသည့်အခါ ကျွန်မတို့အားလုံးသည် ဒီကိစ္စတွေ နှင့် အတူရှိမနြေ ကတော့တာနဲ့ တစ်ယောက် ကို တစ်ယောက် ပြန်ပြောမပြနိုင်ြ ကတော့ပဲ ဖြစ်မည် ။

(ရွက်နုဝေမဂ္ဂဇင်း၊ အတွဲ-၃၊ အမှတ်-၈၊ မတ်လ၊ ၁၉၉၇ ခုနှစ် )



ဝန်ဇင်းချစ်သူများ သန်းမြင့်အောင် ၏ “ ငိုခြင်း...ရယ်ခြင်း...နီးခြင်း...ဝေးခြင်းနှင့်… ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျွန်မနှင့် ဘ၀များစွာ

လူမှုဘ၀ ပရဟိတနယ်ပယ်

ချစ်ကြိုးဖွဲ့သီ