Cover

စာရေး သူ၏ ကျေးဇူးအမှာ

သန်းမြင့်အောင်

ချစ်ကြိုးဖွဲ့သီ

(ဒုတိယအကြိမ်)

စာရေး သူ၏ ကျေးဇူးအမှာ

လူမှု ရေး အလုပ်တွေ နဲ့ လုံးပမ်းပြီး စာရေး ဖို့အချိန်တွေ ရှားပါးနေတဲ့ ကျွန်မကို ကျွန်မရဲ့ စာဖတ်ပရိသတ်တွေ က စာရေး ဖို့၊စာအုပ်ထွက်ဖို့ အသစ်မရေး နိုင်ရင်လည်း ရေး ထားတဲ့ အဟောင်း လေးတွေ ထဲက ပြန်ထွက်ဖို့ တိုက်တွန်းကြပါတယ်။

တကယ်တော့ ကျွန်မကလည်း စာတွေ အများ ကြီးရေး နိုင်ခဲ့တဲ့သူ မဟုတ်တော့ အဲဒီ လိုတိုက်တွန်း အားပေးနှိုးဆော်ကြတဲ့ စာဖတ်ပရိသတ်များ နဲ့ မိတ်ဆွေသူငယ်များ စာပေမောင်နှမများ ကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။

အခု ချစ်ကြိုးဖွဲ့သီဝတ္တုဟာ ဆရာမ ခင်မြဇင်ရဲ့ ဖြန်းပက်ခဲ့သော မိုးစက်များ နဲ့ အတူ ၀တ္တုလတ် (၂)ပုဒ်တွဲ ပြီး ချစ်ကြိုးဖွဲ့မိုးစက်များ အမည် နဲ့ ၁၉၉၉ ခုနှစ် ၊ ဇွန်လမှာ ထွက်ခဲ့တဲ့ ၀တ္တု ဖြစ်ပါကြောင်း စာဖတ် ပရိသတ်များ ကို ရိုးသားစွာ ၀န်ခံအသိပေးအပ်ပါသည်။

သန်းမြင့်အောင်

အခန်း (၁)

အခန်း(၁)

မြင်ကွင်းက လှပနေသည်။ ရောင် စုံမီးသီးများ အောက်မှ သက်ရှိသက်မဲ့ အရာအားလုံးက ပြိုးပြက်ဝင်းလက်ကာ တောက်ပလျက်ရှိကြ သည်။ အလှူရှင်၏ မျက်နှာက ဖော်ရွေပျူပျူငှာသလို အလှူလာသူတို့၏ အသွင်ကလည်း ကြင်ရွှင်ချိုမြလျက် ရှိပါ၏ ။ ဘုရားကိုးဆူဆရာ၏ ရွတ်ဖတ်သံသည် တစ်ချက်တစ်ချက် ခြံထဲသို့ပင် ဝေ့ခနဲ ဝေ့ခနဲ ထိုးဖောက်လာ သည်မှာ မြန်မာမှု ၏ ဓလေ့ကို ပိုမိုပီပြင်စေသည်။

ဆယ်ကျော်သက်ရွယ် ချစ်စဖွယ် မိန်းမလှလေးများ ဟိုမှသည်မှ လိပ်ပြာတောင်ပံခတ်သလို သွက် လက်မြူးကြွစွာ လှပနေကြသကဲ့သို့ ဒေါ်ဖြူစင်ဦးတို့အရွယ် လေးဆယ်ဝန်းကျင် လူလတ်ပိုင်းရောက်နေကြ သော တည်ငြိမ်ရင့်ကျက်သည့် အလှပိုင်ရှင် မိန်းမချောကြီးများ ကလည်း ဘုရားကိုးဆူပွဲ၏ အလှကျက်သရေ ကို ဖြည့်စွက်ပေးနေကြပြန်သည်။

ဧည့်ခံပွဲတစ်နေရာတွင် မုဆိုးမ တစ်ယောက် ပါဟု ဘုရားစူးကျိန်တွယ်ပြောရလောက်သည့် ဒေါ်ဖြူ စင်ဦးနှင့် ကျောင်းဆရာမ အပျိုကြီး ဒေါ်တင်တင်ဝေတို့ နှစ် ယောက် စကားလက်ဆုံကျလျက်ရှိသည်။ လူလတ်ပိုင်းရောက် သူတို့နှစ် ဦး၏ အလှမျက်နှာများ က ငယ်ရွယ်သူတို့လို စိမ်းဝါနီပြာ ရောင် စုံမျက်နှာများ နှင့် မျက်စိထဲစွဲနေအောင် မဆွဲဆောင်နိုင်သော်လည်း တည်တည်တံ့တံ့နှင့် သိမ်သိမ်မွေ့မွေ့ရှိလှပါ၏ ။ သား တစ်ယောက် အမေ မုဆိုးမပင် ဖြစ်လင့်ကစား ဘေးတိုက်အနေအထားမှ ကြည့်လိုက်လျှင် ပန်းချီကျော် တစ်ယောက် ၏ ကောက်ကြောင်းကဲ့သို့ အရှိုက်အငင် အရစ်အကွေးတို့က ပီပြင်ကြည်လင်ကာ ပုံကျပန်းကျ ရှိလှ၏ ။

စားပွဲစွန်းတွင် လက်ထောက်၍ ကုလားထိုင်ပေါ်မှ ကိုယ်ကို ရှေ့အနည်းငယ်ကိုင်း၍ ထိုင်နေသော် လည်း ၀မ်းဗိုက်သားပြင်မှာ စူခြင်း၊ ပုံ့ခြင်း အလျဉ်းမရှိ။ ပကတိ ချပ်ရပ်နေပုံက အပျိုမလေး တစ်ယောက် နှယ် ရှိ၏ ။ ဒေါ်တင်တင်ဝေမှာ ဒေါ်ဖြူစင်ဦးထက် အသက်ငါးနှစ် ခန့် ကြီးသည့်အပြင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ မပူမပင်နေရသူမို့ မျက်နှာသွင်ပြင်က တိတိပပလှနေသလောက် ခန္ဓာကိုယ် ကတော့ အနည်းငယ် ပုအိုင့်ကာ ဆူဆူဖြိုးဖြိုးလည်းရှိ၏ ။

“ဖြူရော၊ ဝေရော လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေးနေကြနော်၊ နန်းကြီးသုတ်က ကောင်းရဲ့ လား၊ မမခင်ကိုယ်တိုင် စီစဉ်ထားတာ၊ အ၀စားကြနော်၊ အလှူပြီးမှ ပြန်ရမှာ … ဒါပဲ”

“စားလို့လဲကောင်း၊ စကားတွေ လဲ ပြောလို့ကောင်းမှ ကောင်းပဲ မမခင်ရေ၊ ဖြူနဲ့ က တစ်ခါတစ်လေမှ ဆုံရ တော့ ဖြူ့အလှကို ကြည့်ရတာ လဲ မ၀သေးဘူး”

“အေးကွယ်… ပြောမယ်ဆိုရင်လဲ ပြောစရာပါပဲ၊ တို့ရဲ့ ဖြူ ကတော့ နာမည် နဲ့ လိုက်အောင်ကို အမြဲတမ်း ဖြူစင်နုဖတ်နေတော့တာပဲ”

“ဟာ…. မမတို့ကလဲ တိုးတိုးပြောကြပါ၊ ဖြူက အဘွားကြီး ဖြစ်နေပါပြီ၊ တော် ကြာ ကလေးတွေ ကြားသွားရင် အဘွားကြီးတွေ သူငယ်ပြန်နေတယ် ထင်ပြီး ၀ိုင်းဟားနေကြပါမယ်၊ ဖြူ ရှက်တယ်”

“အဲသလို အရှက်ကြီးတာ၊ သိမ်မွေ့တာ၊ ရိုးသားတာတွေ ကိုက ဖြူရဲ့ သိက္ခာတရားနဲ့ ကိုယ်ကျင့်တရားကို အရောင် တင်ပေးနေတာပေါ့၊ ပွဲစားလောကမှာ ဒီလောက်စင်ကြယ်တဲ့ လူမျိုးလဲရှိပါတယ် လို့ မမတို့က အမြဲဂုဏ်ယူနေရတာ ၊ သွားတာ လာတာ နေတာ ထိုင်တာကအစ မြင်ရတဲ့သူကို မျက်စိအေးစေတယ်၊ ဒါကြောင့် အိမ်ကလူက သူ့သမီးတွေ ကို ဆုံးမရင် ဟိုဘက်ခြံက အန်တီဖြူ့ကို ကြည့် စမ်း….မိကောင်းဖခင် သမီး၊ မိန်းမပီသတဲ့ မိန်းကလေးဆိုတာ အဲဒါမျိုးပဲ ဆိုပြီး အမြဲ စံထားတယ်”

“ဟင်…. ကျွေးနေတာ မမခင်နော် ၊ ဖြူ့ကို ဘာကြောင့် ဒီလောက်တောင် မြှော က်နေကြတာလဲလို့”

နဂိုရည် နူးညံ့ပျော့ပျောင်းသော သူ၏ ဟန်ပန်က ချစ်တတ်ခင်တတ် မုဒိတာ ပွားတတ်ကြသော အမျိုးသမီးကြီးများ အုပ်စုတွင် အသည်းစွဲနေစေသည် ကတော့ အမှန်ပါ။ သို့ရာတွင် ဒေါ်ဖြူစင်ဦး အနေနှင့် တော့ ရိုးသားဖြူစင်စွာ သူမတို့တတွေ ကို ချစ်ခင်တွဲ တာနေရုံမှလွဲ၍ မိမိမအလှနှင့် အရည်အသွေးတို့ကို ထုတ်ဖော်ချီးကျူးမှု များ တွင် နစ်မျောမနေတတ်တော့သည်မှာ ကြာလေပြီ။ အရာရာကို မက်မောသာယာမှု မရှိ။ ပကတိ တည်ငြိမ်စွာ ။

မာန်မာနတရားရှိ၍ မြူတစ်မှု န်စာမျှပင် မရှိခဲ့ရသည့် သူ့ဘ၀တစ်လျှောက်လုံးတွင် ယခုနေခါ လူမှု ရေး ဒုက္ခ၊ စီးပွားရေး ဒုက္ခပါ ဖိစီးခံနေရသော အချိန်အခါ ဟက်ဟက်ပက်ပက် မရယ်တတ်ခဲ့သည်မှာ ပင် ကြာခဲ့လေပြီ။

“သားတော် မောင် တစ်ယောက် ရင် မမြင်ပါလား ဖြူ၊ ဒီတစ်ခါ ဘာလို့ ပါမလာတာတုံး”

“ သားက ကျူရှင်ရှိတယ် မမခင်၊ ဒီနှစ် ဆယ်တန်းဆိုတော့ စာကများ လာပြီ၊ ဖြူ သူ့ကို နေရာတကာ မခေါ်တော့ဘူး၊ နို့မဟုတ်ရင် သူက မအေနောက် တကောက်ကောက် လိုက်ချင်နေတာ”

“ရဝေလေးက တော် ပါတယ်၊ နှစ် ချင်းပေါက်မှာ ပါ ဖြူရဲ့ ”

“ဖြူကလဲ ဒါကိုပဲ မျှော်လင့်ပါတယ် မမခင်ရယ်၊ ဖြူ့ဘ၀ကို မမတို့ သိပါတယ်၊ သူ တစ်ယောက် တွက်ပဲ ဖြူ လှုပ်ရှားနေတာပါ”

“ဟုတ်ပါတယ်ကွယ်၊ ဖြူလို မိခင်မျိုးကိုတော့ မမတို့ ချီးကျူးပါတယ်၊ တကယ်ပါ”

ထိုအခိုက် ခြံထဲသို့ ဧည့်သည်တွေ တစ်စုကြီး ၀င်လာကြသည်ကို သူတို့စားပွဲမှ လှမ်းမြင်လိုက်ရ၍ …

“မမခင် ဧည့်သည်တွေ သွားကြိုလိုက်ဦးမယ်နော်၊ ညီမတို့ အေးအေးဆေးဆေးနေကြနော်”

ဟု ဆိုပြီး ဒေါ်ခင်ခင် သူတို့အနီးမှ ထွက်ခွာသွားသည်။

“မမခင်တို့ စုံတွဲ ကတော့ သဒ္ဓါတရား ထက်သန်တဲ့ နေရာမှာ ရှားမှရှားပဲ ဖြူရေ”

“ဟုတ်တယ်နော် မမဝေ”

“အပေါင်းအသင်းကလဲ များ မှများ ပဲကွယ်၊ မမခင်ကလဲ ချစ်စရာ ခင်စရာကောင်း၊ အစ်ကိုကြီးက သဘောကောင်းပြီး ပျော်တတ်တော့ သူတို့လုပ်တဲ့အလှူဆို လွှတ်ပြီးတော့ကို စည်တော့တာပဲ”

“ကြည်နူးစရာ ကောင်းတယ်နော် မမဝေ၊ ဖြူတော့ သိပ်အားကျတာပဲ”

“ဒါပေါ့ကွယ်၊ ဟော… ဟိုမှာ မမဝေတို့ကျောင်းက ဆရာမ ကြီး၊ ဖြူရေ ခဏနော်၊ မမဝေ သွားနှုတ်ဆက်လိုက်ဦးမှ၊ ဖြူ တစ်ယောက် တည်း ဖြစ်ရဲ့ လား”

“ ဖြစ်ပါတယ် မမဝေ၊ ဖြူ နေတတ်ပါတယ်၊ မမဝေ အေးအေးဆေးဆေး စကားပြောပါ”

ဒေါ်တင်တင်ဝေ တစ်ယောက် သူ့ဆရာမ ကြီးနှင့် စကားလက်ဆုံကျနေစဉ် ဒေါ်ဖြူစင်ဦး ဟိုငေးသည်ငေးနှင့် လာသမျှ ဧည့်သည်တွေ ကို အမှတ်မထင် လျှောက်ကြည့်နေမိသည်။ ခြံဝင်းထဲတွင် စားပွဲဝိုင်းများ တစ်ခုနှင့် တစ်ခု ခပ်လှမ်းလှမ်းစီ ချထားသဖြင့် ကျယ်ဝန်းလွတ်လပ်နေသည်။ ထိုအခိုက် ဒေါ်ခင် ခင်၏ ခင်ပွန်း ဦးစိုးလှိုင်နှင့် တရင်းတနှီး လက်ချင်းဆုပ်၍ မတ်တတ်ရပ် စကားပြောနေသည့် မွန်ရည်ခံ့ညား သည့် အမျိုးသား တစ်ယောက် ကို အမှတ်မထင် လှမ်းမြင်လိုက်ရသည့် တစ်ခဏ ဒေါ်ဖြူစင်ဦး မျက်မှော င်လေး တွန့်ပြီး စူးစိုက်ကြည့်မိသည်။ တစ်သက်တာမှာ မေ့မရအောင် ရင်းနှီးကျွမ်းဝင်လွန်းခဲ့ဖူးသူ တစ်ယောက် နှင့် တူလွန်းနေသလို ခံစားလာရသည်။ ကြည့်နေဆဲမှာ ပဲ သူ့မျက်နှာက သူမဘက် လှည့်လာသည်။ ဒေါ်ဖြူစင်ဦး တစ်ကိုယ်လုံး တုန်ယင်စွာ ဖြင့် ဖျတ်ခနဲ ခေါင်းငုံ၍ ကိုယ်ကိုပါ တစ်ဖက်သို့ လှည့်လိုက်သော်လည်း ရင်ထဲမှာ တော့ ဗလောင်ဆူသွားသည်။

“သူမှသူပါလား….သူမှသူ အစစ်ပါပဲ”

ပထမသော် ၀မ်းသာကြည်နူးမှု နှင့် ရှက်ရွံ့ကြောက်လန့်မှု တို့ ပေါင်းစပ်ကာ ရင်တွေ တလှပ်လှပ် ခုန်လာသည်။ ရုတ်ချည်းပင် ၀မ်းနည်းကြေကွဲစွာ မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်တွေ ဝေ့၍ ဝေ့၍ လာသည်။

“ ဘုရား….ဘုရား ငါ့ကို မမြင်ပါစေနဲ့ ၊ သူ မမြင်ပါစေနဲ့ ”

ဒေါ်ဖြူစင်ဦး စိတ်လှုပ်ရှားစွာ ဖြင့် ထပြန်ရန် ပြင်လိုက်သည်။ ထိုလှုတ်ရှားမှု က သူမအတွက် အမှားတစ်ခု ဖြစ်သွားသည်။

“ဟေ့…..ဖြူ ဘယ်လဲ ပြန်တော့မလို့လား၊ ဖြည်းဖြည်းပေါ့၊ အစောကြီးရှိသေးတယ်”

ခပ်လှမ်းလှမ်းမှ ဒေါ်ခင်ခင်က ဗြုန်းခနဲ သူမအနီးသို့ လျှောက်လာသဖြင့် ရပ်စောင့်ပြီး နှုတ်ဆက်လိုက်ရသည်။

“အိမ်မှာ အရောင်းအ၀ယ်တစ်ခုအတွက် ဧည့်သည်နဲ့ ချိန်းထားတာ သတိရလို့ပါ မမခင်၊ မမဝေကို ပြောလိုက်နော်၊ အစ်ကိုကြီးကိုလဲ ဖြူ နှုတ်ဆက်သွားတယ်လို့ ပြောလိုက်ပါနော်၊ ဖြူ မပြန်မ ဖြစ်လို့ပါ”

ဒုတိယအကြိမ် စကားမှားသွားပြန်ပြီဟု သိလိုက်ရသည်ကား ဒေါ်ခင်ခင်က သူ့ခင်ပွန်းကို လှမ်းခေါ်လိုက်ချိန်တွင် ဖြစ်သည်။

“အဖေကြီးရေ…..ဒီမှာ ဖြူ ပြန်တော့မယ်တဲ့”

ဒေါ်ဖြူစင်ဦး၏ စိုးရိမ်စိတ်က အထွတ်အထိပ်သို့ ရောက်သွားသည်။ ဒေါ်ခင်ခင်၏ ခင်ပွန်း ဦးစိုးလှိုင်နှင့် ဧည့်သည်က စကားပြောရင်း သူမတို့ဘက်သို့ လျှောက်လာကြသည်။ ထိုအချိန်လေးအတွင်းတွင် သူမသည် တစ်ကိုယ်လုံးကို ကျုံ့၍ မြေကြီးထဲသို့ ခွဲဝင်လို့ရလျှင် ၀င်လိုက်ချင်စိတ်များ တဖွားဖွားပေါ်နေလေသည်။ တစ်ခဏအတွင်းမှာ ပင် သူတို့အားလုံး မျက်နှာချင်းဆိုင် အနေအထားများ ရောက်သွားကြသည်။

“ပြန်တော့မလို့လား ဖြူ၊ မြန်လှချည်လား”

“ဟုတ်ကဲ့ပါ အစ်ကိုကြီး၊ ဖြူ အိမ်မှာ ဧည့်သည်နဲ့ ချိန်းထားလို့ပါ”

အသံကို အတည်ငြိမ်ဆုံး ဖြစ်အောင် ကြိုးစားထိန်းချုပ်ကာ ခေါင်းငုံ့ဖြေရင်း အမြန်ဆုံး နေရာမှ ထွက်ခွာနိုင် အောင် ကြိုးစားသော်လည်း အောင်မြင်ခြင်း မရှိပေ။

“အေးလေ… မအားရင်လဲ ပြန်ပါ့ကွယ်၊ ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါက ဦးအောင်နိုင်တဲ့၊ အစ်ကိုကြီးရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ထဲက တစ်ယောက် ပေါ့၊ မောင်အောင်နိုင်ရေ….ဒါကအစ်ကိုကြီးတို့ ဟိုဘက်ခြံက ဒေါ်ဖြူစင်ဦးတဲ့၊ အစ်ကိုကြီးတို့ရဲ့ နှမလေး တစ်ယောက် ဆိုလဲ မမှားဘူး”

“ဟုတ်ကဲ့ခင်ဗျား….. တွေ့ ရတာ ၀မ်းသာပါတယ် ၊ ဒေါ်ဖြူစင်ဦးနော်”

ဦးအောင်နိုင်က ပြုံး၍ ခုမှတွေ့ ဖူးမြင်ဖူးသည့်နှယ် တည်တည်ငြိမ်ငြိမ် နှုတ်ဆက်သော်လည်း သူ့မျက်ဝန်း များ ကတော့…

“ကိုယ်တို့နှစ် ယောက် ပြန်တွေ့  ဖြစ်ကြသေးတယ်နော်”

ဟု ၀မ်းသာအားရစွာ ၊ နာကျင်ဆွေးမြည့် စွာ ပြောနေသည့်သဏ္ဍာန်ကို အထင်းသား မြင်နေရသည်။

“ဖြူ…..ဖြူလဲ ၀မ်းသာပါတယ်၊ ဖြူ့ကို ပြန်ခွင့်ပြုပါဦးနော်၊ ဧည့်သည်နဲ့ ချိန်ထားလို့ပါ၊ ပြီးတော့ သားလေးလဲ မျှော်နေမှာ စိုးလို့ပါ”

အလျင်စလို နိုင်လွန်းသော ဖြူ့ကို ဒေါ်ခင်ခင်က မည် သို့မျှသံသယမရှိပါဘဲ ခြံဝအထိ လိုက်ပို့ခဲ့ပါ၏ ။ သူမ သိထားသော ဖြူစင်ဦးဆိုသည့် သူမသည် သူ့သားတော် မောင်အတွက် အမြဲတစေအရေး ကြီးနေတတ်ပြီး မလိုအပ်ဘဲ မည် သည့် အမျိုးသားနှင့် မျှ စကားကြာကြာပြောလေ့မရှိသူတည်း။ ထွက်ခွာသွားသော သူမတို့ နှစ် ယောက် နောက်မှ စကားသံများ ကို သူမတို့ ကြားနိုင်မည် မဟုတ်ပေ။

“ဟေး… လူပျိုကြီး ဘယ်လိုလဲ၊ ဈာန်လျှောနေပြီလား”

“ဟာ….အစ်ကိုကြီးကလဲ လုပ်ရော့မယ်၊ တော် ကြာ ဒု-သ-န-သော ဖြစ်နေပါဦးမယ်”

“မ ဖြစ်ပါဘူး ကိုယ့်လူရယ်၊ သူ့ကိုယ်သူ သားသည် အမေဆိုပြီး ကြေညာသွားပေမယ့် မုဆိုးမလေးပါကွ”

“သူ့ခင်ပွန်းက…”

“ကြာပြီကွ၊ အက်ဆီးဒင့်နဲ့ ”

“ ဖြစ်မှ ဖြစ်ရလေဗျာ”

“ဒီကလေးမက အနေအထိုင် အင်မတန်တော် တာ၊ ခုချိန်ထိ နောက်အိမ်ထောင်မပြုဘဲ သားလေး တစ်ယောက် ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပြီး ဘ၀ကို ရင်ဆိုင်လာတာ”

“သူက ဟိုဘက်ခြံက ဟုတ်လား၊ အစ်ကိုကြီးတို့နဲ့ ခင်တာ ဘယ်လောက်ကြာပြီလဲ၊ နေတာကြာပြီလား၊ လူချင်းတော့ အတော် ရင်းနှီးကြမှာ ပဲနော်”

“ကိုယ့်ဆရာရယ်….ဖြည်းဖြည်းပဲ စုံစမ်းပါ၊ စုံစမ်းပါ၊ မြင်ရတာ ဖြင့် ခုမှ၊ က္ကနြေ္ဒလေးများ လဲ ဆည်ပါဦး”

“ဟာဗျာ…အစ်ကိုကြီးကလဲ လုပ်ပြီ”

“သူတို့ ဒီမှာ နေကြတာ ဖြူစင်ဦး အဖေ ဦးခင်မောင်ဦး ပင်စင်ယူပြီးကတည်းကပဲ၊ ဒီခြံထဲမှာ ပဲ ဖြူ့ကို ဒေါက်တာကျော်ဝေနဲ့ လက်ထပ်ပေးတယ်၊ အဘိုးကြီးရော အဘွားကြီးရော ဒေါက်တာ ကျော်ဝေရော ဒီမှာ ပဲ ဆုံးကြတာ၊ အဘိုးကြီး၊ အဘွားကြီး၊ ရှေ့ဆင့်နောက်ဆင့် ဆုံးပြီး အတော် ကြာမှ ဆရာဝန်လေးက ကားအက်ဆီးဒင့် ဖြစ်ပြီး ဆုံးရှာတာ၊ အခုဆို အိမ်မှာ ဖြူစင်ဦး တို့သားအမိနဲ့ အဘွားကြီး တစ်ယောက် ပဲ ရှိတော့တယ်၊ ကဲ….ကျေနပ်ပလား၊ နောက်ရော ဘာများ သိချင်ပါသေးလဲ၊ နောက်တစ်ခါ ထပ်ပြီးတော့ ဆုံဖို့ အကြောင်းရှာဦးမယ် ဆိုရင်လဲ ကျုပ်တို့ ကူညီပေးလို့ ရလောက်ပါတယ်”

ဦးစိုးလှိုင် အပြောကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသော ဦးအောင်နိုင်၏ အပြုံးတွင် ငယ်မှု ငယ်သွေးများ ပြန်လည်ရောယှက်နေကြသည်။

*****

လပြည့်ည၏ ရှူခင်းသည် ဤခြံဝင်းကလေးနှင့် အလယ်တည့်တည့်မှ အိမ်ငယ်ကလေးအား နေချင့်စဖွယ် အေးချမ်းသာယာစေသည်။ ခြံစည်းရိုးပတ်ပတ်လည်ကို ကာထားသော ပုဏ္ဍားရိပ်ချုံတို့မှာ လွင့်စဉ် ဖိတ်ကျ လာသော လ၏ ရောင် စဉ်တန်းများ ကြောင့် ပိုမိုစိမ်းလန်းသယောင် ရှိနေကြ၏ ။

ရေနံရောင် ၀နေသော ထရံကာ ပျဉ်ခင်း ဓနိမိုးနှင့် သေးငယ်သပ်ရပ်သော အိမ်ကလေးတစ်လုံးမှလွဲ၍ ခြံထဲတွင် အမှိုက်သရှိက်မရှိ ရှင်းလင်းနေသည်။ ခြံစည်းရိုးနောက်ဘက်တွင် တော့ နှင်းဆီးခြံတစ်ခြံ ရှိနေပြီး ၄င်းနှင်းဆီခြံနှင့် အိမ်ကလေးဆီသို့ ကူးလူးသွားလာရန်အတွက် ခြံနောက်တစ်နေရာတွင် အ၀င်အထွက် တံခါးပေါက်ကလေးတစ်ခု အသင့်ရှိနေသည်။

ငွေလရောင် ဆမ်းထားသော ညတစ်ည၏ နှင်းဆီခင်းထဲတွင် အစီအရီ ဖူးနေကြသော ရေမွှေးနှင်းဆီကိုင်း တို့ကြား၌ နှင်းဆီပွင့်ဖတ်များ နှင့် အပြိုင် ပျိုမျစ်နုနယ် ချစ်စဖွယ် မိန်းကလေး တစ်ယောက် ကို ကတ်ကြေးတစ် လက်၊ ပန်းခြင်းတစ်ခုဖြင့် တဖျတ်ဖျတ်လှုပ်ရှားနေသည်ကို တွေ့ နိုင်ပါ၏ ။ မကြာခင် ရှေ့အိမ်ကလေးအတွင်းမှ ကြေးစဉ်သံလွင်လွင်က နောက်ဘက် ခြံဆီသို့ ပျံ့လွင့်လာသည်နှင့် မိန်းကလေး၏ နှုတ်ခမ်းအစုံမှ..

“ဘဘတောင် ဘုရားဝတ်ပြုပြီးပါရောလား”

ဆိုသည့် တိုးညင်းသည့်အသံလေးနှင့် အတူ သူမ၏ ပစ္စည်းပစ္စယများ ကို စုဆောင်းပြီး ခြံစည်းရိုးတံခါးပေါက် မှ တစ်ဆင့်အိမ်ကလေးဆီသို့ ကူးလာခဲ့သည်။ ခြံတွင်းရောက်လာတော့ သူ့ဘဘသည် သူ ထင်သည့်အတိုင်း ဟိုသည်မျှော်၍ သူ့ထံလိုက်လာရန် ပြင်နေပြီ ဖြစ်သည်။

“ကြာလိုက်တာ သမီးရယ်၊ ဘဘတောင် ခြံထဲဆင်းလိုက်တော့မလို့၊ ငါ့သမီး စာလေးဘာလေး ရေး ချင်ရေး လေ၊ ဘဘ ဒါတွေ စည်းလိုက်မယ်”

“ရတယ် ဘဘ၊ မှုံ လုပ်မယ်၊ ဒီနေ့ အားလုံးမစည်းဘူးလေ ဘဘရဲ့ ၊ ရှယ် ငါးဆယ် မနက် မင်္ဂလာဆောင်ကို ပေးရမယ်လေ၊ အဲဒီ အတွက် ရွေးရဦးမယ်၊ ဘဘ မေ့နေတယ် မဟုတ်လား၊ တစ်ပတ်ကြိုပြီး မှာ ထားတာလေ၊ စရံတောင် ယူထားပြီးပြီ၊ သမီး အဲဒါတွေ ညှပ်နေလို့ ကြာနေတာ”

“အား….ဟုတ်ပါရဲ့ ၊ ဘဘဖြင့် မေ့တောင်နေတယ်”

မြေးအဘိုးနှစ် ယောက် အိမ်ရှေ့ကပြင်တွင် ပန်းခြင်းကို သယ်ချရင်း စိတ်ရှည်လက်ရှည် ရွေးချယ်စည်း နှောင်ရင်း ရောက်တတ်ရာရာများ ပြောမိကြသည်။

သည်ခြံဝန်းကလေးသည် သူတို့မြေးအဘိုးနှစ် ယောက် ၏ သံယောဇဉ်ကြိုးဖြင့် လုံခြုံနွေးထွေး မွှေပျံ့နေရ သည်ပင်။ အရပ်ထဲတွင် နှင်းဆီခြံက မြေးအဘိုးဟု နာမ်စားတပ်၍ အခေါ်ခံရသော ဘဘနှင့် မှုံသည် တစ်ယောက် နှင့် တစ်ယောက် အလွန်ချစ်ကြသည်။အမြဲတစေ အရိပ်တကြည့်ကြည့်နှင့် ညှာတာ အလိုလိုက်ခြင်းခံရသော်လည်း မှုံသည် ဘဘအပေါ် ပြောပလောက်အောင် မဆိုးရှာ၊ နွဲ့ရုံသာသာဖြင့် ဘဘသည် မှုံ့အလိုသို့ လိုက်ပြီးသာ ဖြစ်နေတတ်သည်။

ဘဘနှင့် မှုံ အနည်းငယ် မကျေညပ်သော အချက်မှာ ဘဘ၏ လူမှု ရေး အကောင်းလွန်နေခြင်းပင် ဖြစ်သည်။ မည် သူ့ကို မဆို တာဝန်ကျေတတ်သော ၊ မိမိမျက်စိရှေ့တွင် မြင်မြင်သမျှကို မိမိကိစ္စနှယ် သဘော ထားပြီး စိတ်ရောလူပါ နွမ်းဟိုက်သွားသည်အထိ ဆောင်ရွက်နိုင်စွမ်းရှိသော ဘဘကို အစ ကတော့ မှုံ မငြိုမငြင် အားပေးကူညီနေတတ်ခဲ့သည်။ သာရေး တွင် သာမက နာရေး ဆိုလည်း မနေတတ်ပြန်။ ခုနှစ် ရက် ခုနှစ် လီ တာဝန်ကျေတတ်သည်။ သူများ မကိုင်ရဲ မထိရဲသော အလောင်းကို အင်တိုက်အားတိုက် စိတ်ရောကိုယ်ပါ တာဝန်ယူ ဖြေရှင်းပေးလေ့ရှိသော ဘဘ၏ ကူညီရိုင်းပင်းမှု ကို အချို့က တန်ဖိုးနှိမ့်ချတတ် လာသော အခါ မှုံ ရင်နာရသည်။

အလှူအတန်းကအစ အသုဘအဆုံး၊ ပတ်စာခွာ ဖျာသိမ်းမညည်းမညူ တာဝန်ကျေတတ်သော ဘဘကို အရပ်ထဲတွင် ထီခနဲဆို ပြေးခေါ်ဖိုက သတိရကြသည်။ ဒါကိုပင် ဘဘက ကျေနပ်နေတတ်သည်။ သူနှင့် တွေ့ လျှင် လုပ်အားစရံသတ်ထားသလို လှိုလှဲပျူငှာစွာ ဆက်ဆံတတ်သော လူများ ထဲမှ တစ်ချို့သည် သူကွယ်ရာတွင် သုဘရာဇာသာသာ ကင်ပွန်းတပ်ကြသည့် အသံသဲ့သဲ့ကို ကြားလာရသော အခါ မှုံ ဘဘကို တားရတော့သည်။ လူမှု ရေး မှာ အတိုင်းအတာရှိသည်ဆိုသော အချက်ကို မှုံ ဉာဏ်လေး တစ်ထွာတစ်မိုက် ဖြင့် ဘဘကို နားဝင်အောင် ဖျောင်းဖျရသည်။ မှုံ့မျက်နှာ အညိုမခံချင်၍ ပဲလား၊ သူ ကိုယ်တိုင် ခံစားလာရ၍ လားတော့ မသိ။ ဘဘလျှော့သင့်သလောက် လျှော့ချလိုက်သော အချိန်တွင် တော့ မြေးအဘိုးနှစ် ယောက် အတွက် နားနားနေနေ စကားပြောရန်၊ ထမင်းလက်ဆုံစားရန် အချိန်ကလေးများ ပိုလာ ရသည်။ “အလိုဗျာ….ကျုပ်တို့အရပ်ထဲက လုံးတင်မြေး မင်္ဂလာဆောင်တုန်းကများ ဘဘကိုယ်တိုင် ညှပ်ပြီး ပန်းလက်ဆောင် ပို့လိုက်တာ သတို့သမီးလေးခေါင်းမှာ လှမှလှဗျာ” “လူတန်းစားချင်း ကွာတယ် ဘဘရဲ့ ၊ ခု ပန်းလာဝယ်တဲ့လူတွေ က သတို့သမီးပန်ဖိုကက သဇင်တဲ့၊ လက် ကိုင်ပန်းက သစ်ခွတဲ့၊ ဘယ်ခြံမှာ ကောင်းသလဲ မေးလို့ သမီးတောင် လမ်းညွှန်းလိုက်ရသေးတယ်၊ ဘဘ နှင်းဆီပန်းက သူတို့မှ မဟုတ်ဘူး၊ ခုနေခါ ဘယ်သူမှ မပန်တော့ဘူး၊ ဘဘပြောတဲ့ သတို့သမီးတောင် ခုနေမှ မင်္ဂလာဆောင်ရင် ဘဘ နှင်းဆီပန်းကို မပန်သေးဘူး”

“မင်္ဂလာဆောင်က အတော် ချမ်းသာပုံရတယ်နော် သမီ၊ ပန်းဖိုးငါးရာကို ဆစ်တောင်မဆစ်တော့ဘူး၊တန်း ကို စရံသတ်သွားတာပဲ၊ တော် သေးတယ်၊ ငါ့သမီး သတိကောင်းလို့၊ ဘဘလိုသာဆို မနက်လာယူမှ ပြေးညှပ်ရတော့မှာ ၊ လှလှလေးတွေ ရွေးပါသမီးရယ်…သတို့သမီးလေး ပိုလှပစေ”

“ဟာ….ဘဘကလဲ လုပ်ပြန်ပြီ၊ သတို့သမီးက နှင်းဆီပန်းပန်မှာ လား ဘဘရဲ့ ၊သစ်ခွတို့၊ ဘဇင်တို့ ပန်မှ ပေါ့ ဒီပန်း တွေ က ပန်းအိုးမှာ ထိုးမှာ ”

“သဇင်တို့၊သစ်ခွတို့ဆိုတာ တန်ဖိုးက သေးတာ မဟုတ်ဘူး၊ အချိန်ရာသီနဲ့ ပွင့်တဲ့ ပန်းတွေ ”

“ဒါပေါ့ ဘဘရဲ့ ၊ဒီအချိန်မှာ သတို့သမီးခေါင်းတစ်ခေါင်းကို လှအောင် ပန်မယ်ဆိုရင် သဇင်ပန်းဖိုးတင် ထောင်ကျော်တယ်၊ သစ်ခွဆိုလဲ တစ်ပွင့်ကို လေးငါးကျပ်ကနေ သုံးလေးရာအထိ ရှိတာဘဘရဲ့ ၊ သတို့သမီး တော် တော် များများ ဟာ သဇင်နဲ့ သစ်ခွကလွဲရင် ဘာမှ မပန်ြ ကတော့ဘူး၊ အနည်းဆုံးတော့ သစ်ခွပန်း သုံးလေးရာဖိုးလောက်ကို ဖြစ်အောင်ပန်ကြတာ”

“ဟုတ်ကလား….လှအောင်ပန်တာပဲဗျာ၊ လှတဲ့ပန်းဆို မပြီးဘူးလား”

“ဟာ….ဘဘကလဲ ဒါက ဘဘ အမြင်ကိုး၊ သူတွေ က ပကာသနနဲ့ အဆင့်ခွဲတာ၊ အမြင်နည်းတာနဲ့ အမြင်များ တာ၊ တန်ဖိုးနည်းတာနဲ့ တန်ဖိုးများ တာ အပေါ်မှာ ဂုဏ်ယူတတ်ကြတာ”

“ဟာ…ဘာဆိုင်လို့တုံး သမီးရဲ့ ”

“ဆိုင်တာပေါ့ ဘဘရဲ့ ၊ မှုံတို့စိုက်တဲ့ နှင်းဆီပန်းဆိုတာ ဖယ်ထားလိုက်ဦး၊ သူ့တန်ဖိုးနဲ့ သူ အသင့်အတင့် တော့ ရှိသေးတယ်၊ နှင်းဆီခြံကို တကူးတက လာဝယ်ပြီး အသုံးပြုတဲ့သူ ရှိသေးတယ်၊ မှုံတို့ လမ်းထဲမှာ တန်းစီပြီး ပေါက်နေတဲ့ တရုတ်စကားပင်တွေ ဘဘ သတိထားမိလား၊ တစ်ပင်လုံး ဝေပြီးမွှေးနေတာပဲ၊ လမ်းပေါ်မှာ လဲ တစ်ဖြူတ်ဖြုတ်ကြွေပြီး ဖွေးဖွေးကိုထလို့”

“ဟုတ်ပါ့ဗျာ….ငါ့မြေးတောင် လမ်းသွားတိုင်း ကောက်ကောက်လာတာ အများ ကြီးဟာကို”

“မှုံက စကားပွင့်ကလေးတွေ ကို ချစ်တယ်၊ သူတို့က ရနံ့လဲသင်းတယ်၊ အဆင်းလဲလှတယ်၊ သူ့အလှက အခြားပန်းတွေ ထက် မသာတောင် မလျော့ပါဘူး ဘဘရယ်…နော်”

“အေးလေ…..သူလဲ တစ်မျိုးလှတာပဲ”

“ဒါပေမယ့် ဘဘရယ်၊ သူက ဝေနေအောင် အမြဲပွင့်တယ်၊ ပြီးတော့ ဖောဖောသီသီ ခြွေချပေးတယ်၊ ဒီတော့ လူတွေ က သူ့ကို တန်ဖိုးထားရကောင်းမှန်း မသြိ ကတော့ဘူး၊ တစ်နှစ် မှာ တစ်ကြိမ်သာ ရှားရှားပါးပါး ပွင့်တဲ့ သဇင်တို့၊ ဂရုတစိုက် ပြုစုပျိုးထောင်ပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်မှ တစ်ပွင့်တလေ ပွင့်လာတဲ့ အဖိုးတန်သစ်ခွတို့ကျတော့ တန်ဖိုးကြီးကြီးပေးပြီး အလုအယက်ဝယ်တတ်ကြတယ်၊ မှုံထင်တယ် ဘဘရယ်၊ တကယ်လို့များ သစ်ခွပန်းတွေ ၊ သဇင်ပန်းတွေ က တောပန်း တောင်ပန်းလို နေရာအနှံ့ဖွေးဖွေးလှုပ်နေပြီး စကားပွင့်ကလေးတွေ သာ တစ်ပွင့်တလေ ပွင့်လာဖို့အတွက် အချိန်ကာလ အကြာကြီးစောင့်ပြီး ပျိုးထောင် ယူရမယ်ဆိုရင် ဒီနေ့ သတို့သမီးလေးတွေ ရဲ့ ဆံထုံးပေါ်မှာ စကားပွင့်လှလှလေးတွေ နေရာယူသွားနိုင်မယ် ထင်တယ်နော်”

“ ဖြစ်နိုင်စရာပေါ့ သမီးရယ်….ဟုတ်တယ်၊ သိပ်အမြင်များ ရင် တန်ဖိုးမထားတတ်ကြတာ လူ့သဘာဝပဲ၊ ငါ့ သမီးပြောမှ ဘဘ စဉ်းစားမိတယ်”

*****

ဒေါ်ဖြူစင်ဦး အိမ်ပြန်ရောက်သည်နှင့် လက်ကိုင်အိတ်ကို ပစ်ချပြီး ဆိုဖာပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

မျက်ရည်ကြည်တို့ ရစ်ဝိုင်းစိုလက်နေသော မျက်ဝန်းအစုံကိ မျက်တောင်ဖြင့် တဖျတ်ဖျတ်ထိန်းနေရင်းက အတိတ်က အိပ်မက်စိမ်းတွေ ရုန်းကန်နိုးထမလာအောင် ကြိုးစားဖြေဖျောက်နေသည့်ကြားက အလုအယက် တိုးဝင်လုဆဲဆဲ အသိစိတ်နှင့် မသိစိတ်က လွန်ဆွဲနေကြသည်။

“ဖြူ….ပြန်ရောက်နေပြီလား”

“ဒေါ်ဒေါ်အုံး”

ဒေါ်အုံး၏ အမေးကို မဖြေဘဲ ဒေါ်အုံးကို ပြန်ခေါ်ကာ မော့ကြည့်လိုက်သော ဖြူ့မျက်ဝန်းကို မြင်တော့ ဒေါ်အုံး စိုးရိမ်ထိတ်လန့်သွားသည်။

“ဟင်…ဖြူ…ဘာ ဖြစ်တာလဲ”

“ဖြူလေ ဟိုဘက်အိမ်မှာ သူ့ကို တွေ့ ခဲ့တယ်”

“ဘယ်သူလဲ ဖြူရဲ့ ၊ မထိတ်သာ မလန့်သာ ရှိလိုက်တာ”

“ကိုနိုင်လေ ဒေါ်ဒေါ်အုံးရဲ့ ၊ ဖြူတို့ရဲ့ ကိုနိုင်”

“ဟင်”

ဒေါ်အုံး တအံ့တသြ ဖြစ်သွားသည်။

“ဟုတ်မှဟုတ်ရဲ့ လား ဖြူရယ်၊ သေချာရဲ့ လား”

“ကိုနိုင်မှ ကိုနိုင် အစစ်ပါ ဒေါ်ဒေါ်အုံးရယ်၊ သူလဲ ဖြူကိုမှတ်မိပါတယ်”

ဖြူ့မျက်နှပြင်မှာ ၀မ်းသာကြည်နူးရိပ်များ ဖြတ်ပြေးသွားပြီး အသံမှာ လည်း သွက်လက်လာပြန်သည်။ တစ်ခဏအတွင်းမှာ ပင် ပြန်၍ ညှိုးလျမှိုင်းဝေသွားပြန်သော ဖြူ့မျက်နှာရိပ်ကို ကြည့်၍ ဖြူ မည် မျှ စိတ်လှုတ်ရှားနေမှန်း ဒေါ်အုံး သိလိုက်သည်။ဒေါ်အုံးကိုယ်၌ ကလည်း စိတ်လှုတ်ရှားရသည်ပင်။

“ဒေါ်အုံးလဲ တွေ့ ချင်လိုက်တာ ဖြူရယ်၊ မတွေ့ ကြတာ အနှစ် နှစ် ဆယ်ကျော်ပြီနော်၊ မောင်နိုင်က အရင်ရုပ်မျိုးပဲလား ဖြူ”

“အရင်ကအတိုင်းတော့ ဘယ်ဟုတ်တော့မလဲ ဒေါ်ဒေါ်အုံးရယ်၊ အသက်တွေ ကြီးလာမှပဲ၊ ဒါပေမယ့် ကိုနိုင်က ချောပါသေးတယ်၊ ငယ်ရုပ်မပျောက်ဘူး၊ သူလဲ အိမ်ထောင်တွေ ဘာတွေ ကျပြီး၊ သားတွေ သမီးတွေ ကြီးကုန်ရောပေါ့”

“သြော်… မောင်နိုင်….. မောင်နိုင် ဒိသူငယ် ဘာများ လုပ်ကိုင် စားသောက်နေပါလိမ့်၊ ဦးစိုးလှိုင်တို့ အသိုင်းအ၀ိုင်းထဲက ဆိုရင်တော့ သိပ်ပြီး နိမ့်နိမ့်ပါးပါးထဲက ဟုတ်ပုံမရဘူး”

“ကြည့်ရတာ တော့ လုပ်ငန်းရှင် တစ်ယောက် နဲ့ တူပါတယ် ဒေါ်ဒေါ်အုံးရယ်၊ စီးပွားလဲ ဖြစ်ပုံရပါတယ်”

“အေးလေ..မောင်နိုင်က ဘ၀နာလာတဲ့လူပဲ၊ သူကြိုးစားမှာ ပေါ့ကွယ်၊ ဒါနဲ့ သူနဲ့ ဖြူ ဘာတွေ ပြော ဖြစ်ကြ သေးလဲ”

“ဘာမှ မပြော ဖြစ်ပါဘူး ဒေါ်ဒေါ်အုံးရယ်၊ ပြီးတာတွေ ပြီးခဲ့ပြီပဲ၊ ပြောနေလို့လဲ အပိုပေါ့၊ မမခင်က မိတ်ဆက်ပေးတော့ နှုတ်ဆက်လိုက်ကြတာပေါ့၊ ဒါပါပဲ၊ ဖြူတို့ ခင်ခဲ့ဖူးတာ မမခင်လဲ မရိပ်မိပါဘူး၊ ဖြူက သူ့ကို အရင်မြင်တာပါ၊ သူ ဖြူ့ကို မတွေ့ ခင် ပြန်မလို့ဟာ မမခင် မြင်သွားတာနဲ့ ပဲ သံသရာရှည်သွားတာ၊ သူလဲသူ့ဘ၀နဲ့ သူ ပျော်နေမှာ ပေါ့၊ ဒေါ်ဒေါ်အုံးရယ်၊ ဖြူကို မြင်လိုက်လို့ အံ့သြသွားရုံကလွဲလို့ ဘာမှစိတ်ဝင်စားမှာ မဟုတ်တော့ပါဘူး၊ ဖြူတို့က လူကြီးတွေ ဖြစ်နေကြပြီပဲ”

စကားကိုရပ်၍ မျက်တောင်တဖျက်ဖျက် ခတ်နေသော ဖြူ့ကိုကြည့်၍ ဒေါ်အုံးက..

“ကဲ..ဖြူ အ၀တ်အစားလေး ဘာလေးလဲပြီး ခဏနားလိုက်ဦးလေ သမီးရယ်….နော်”

“ဒါဆို သား ပြန်လာရင် ဒေါ်ဒေါ်အုံးပဲ ထမင်းကျွေးလိုက်ပါနော်”

“စိတ်ချ…ဖြူ၊ ဖြူ အေးအေးဆေးဆေး နားတော့”

ဖြူ လေးကန်စွာ ဖြင့် အိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။ သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်ကဲ့သို့ အနီးရှိ တစ်ပတ်နွမ်းဝတ်စုံလေးတစ်စုံကို ဆွဲယူလဲလှယ် ၀တ်ဆင်ပြီး အိပ်ရာထက်တွင် နွမ်းလျစွာ လဲလျောင်းငေးမောနေမိပြန်သည်။

အနှစ် နှစ် ဆယ်တည်းဟူသော အချိန်ကာလာသည် အရာရာကို ချုပ်ကိုင်စိုးမိုးပြောင်းလဲနိုင်စွမ်း ရှိနေပေပြီ။ လွန်ခဲ့သော အနှစ် နှစ် ဆယ်ကျော်မှ အတိတ်ကာလသည် မနေ့တစ်နေ့ကလိုပင် တရိပ်ရိပ်နှင့် နိုးထရှင်သန် လာပြန်သည်။

အတွေးစထဲတွင် သူမသည် ဆယ့်ခြောက်နှစ် သာသာပျိုမျစ်နုနယ် ချစ်စဖွယ်အရွယ် ဖြူစင်ဦးကလေး ဖြစ်သွား၍ ဦးအောင်နိုင်သည်လည်း သူနှင့် မတိမ်းမယိမ်း အတန်းဖော် သူငယ်ချင်း ကိုနိုင် ဖြစ်နေလေသည်။

*****

အရေး ပါသော ဌာနတစ်ခု၏ အရာရှိကြီး ဦးခင်မောင်ဦးနှင့် ဒေါ်တင်မမတို့ မိသားစုမှာ အစိုးရအမှု ထမ်း ဖြစ်သည့်အလျောက် တစ်နယ်ပြီးတစ်နယ် ပြောင်းကာ အမှု ထမ်းနေရသည်။ ဦးခင်မောင်ဦး တာဝန်ကျသည့် မြို့နယ်သို့ ဇနီး ဖြစ်သူနှင့် တစ်ဦးတည်းသော သမီးလေး ဖြူစင်ဦးတို့ မခွဲမခွာ လိုက်ပါနေကျ ဖြစ်သလို ဆွေရိပ်မကင်းမျိုးရိပ်မကင်းထဲမှ လူယုံတော် လည်းဟုတ်၊ ဘဏ္ဍစိုးလည်းဟုတ်သော ဒေါ်အုံးနှင့် ဒရိုင်ဘာ ဦးချစ်ပွင့်တို့မှာ လည်း အမြဲတစေ လိုက်ပါနေကျ ဖြစ်သည်။

ဒေါ်တင်မမမှာ မျိုးရိုးစဉ်ဆက် ချမ်းသာခဲ့သည့် အရှိန်ဖြင့် လည်းကောင်း၊ ယောက်ျား၏ ရာထူးအရှိန်အ၀ါကြောင့် လည်းကောင်း မာနခေါင်ခိုက်၍ တော် ရုံတန်ရုံ လူတန်စားလောက်ကို ရင်းနှီးကျွမ်းဝင်ရမှာ အလွန်ဝန်လေးသူ တစ်ယောက် ဖြစ်သည်။ သို့သော် ဖအေတူ သမီးလေး ဖြူစင်ဦး ကတော့ နေရာတကာတွင် ညင်သာပျော့ပျောင်းပြီး ကိုယ်ချင်းစာတတ်သူ၊ ယဉ်ကျေးပျူငှာရှိသူ ဖြစ် သော ကြောင့် မိဘများ နှင့် ပင်မက အိမ်မှ အလုပ်သမားများ အလယ်တွင် ပါ ချစ်မ၀သော အိမ်၏ ဆည်းလည်း လေးတစ်ခု ဖြစ်နေတော့သည်။

*****

အရာရှိကြီး၏ ကားသည် မြို့နယ်လေးတစ်မြို့၏ လမ်းမပေါ်တွင် ပြေးလွှားလှုပ်ရှားလျက် ရှိသည်။ ကား နောက်ခန်းတွင် ဖြူစင်ဦးလေးသည် လမ်းဘေးဝဲယာ ငေးမျှော်၍ လိုက်ပါလာရင်းက တစ်နေရာအရောက်တွင်

“ဟာ… ဟိုမှာ ကိုနိုင် လာနေပြီ၊ ဦးလေးပွင့် ကားရပ်ပေးပါနော်”

ဦးချစ်ပွင့် မကြားဟန်ဆောင်နေလိုက်သည်။

“ဦး လေး ပွင့်… ဖြူ ပြောနေတာ မကြားဘူးလား”

ဖြူက ဦးချစ်ပွင့်၏ ကျေကို လက်နှင့် လှမ်းပုတ်ရင်း…

“ဖြူ ငိုလိုက်မယ်နော်”

“ဘာလုပ်ဦးမလို့လဲ ကလေးရယ်”

ဦးချစ်ပွင့်က ကားကို မရပ်ချင် ရပ်ချင်နှင့် ရပ်လိုက်သည်။

“ကိုနိုင့်ကို ကားနဲ့ ခေါ်သွားမယ်နော် ဦးလေးပွင့်”

“နော်…လို့”

ဖြူက ဦးချစ်ပွင့်ကို ချွဲချွဲနွဲ့နွဲ့ ပြောသည်။

“မလုပ်ပါနဲ့ ဖြူရယ် ၊ ဆရာကတော် သိရင် မိုးမီးလောင် သွားပါမယ်”

“ဟာ…ဦးလေးပွင့်ကလဲ မေမေက အိမ်မှာ ပဲဟာ၊ ဒီပြင်လူတွေ တွေ့ ရင်လဲ ဘယ်သူမှ ပြန်ပြောကြမှ မဟုတ်ပါဘူး၊ မေမေက ဘယ်သူနဲ့ မှ မရောတာ၊ ပြီးတော့ ကိုနိုင်က ဖြူ့ သူငယ်ချင်းပဲ၊ လမ်းကြုံလို့ ကျောင်းအတူတတ်တာ ဘယ် ဖြစ်လဲ နော် ဦးလေးပွင့်ရာ…နော်”

“ခက်တာပဲ”

“မခက်ပါဘူး ဦးလေးပွင့်ရ၊ ဖြူတို့ ဦးလေးပွင့်တို့ ကုသိုလ်တောင် ရသေးတယ်၊ ကျောင်းက အဝေးကြီးလျှောက်ရဦးမှာ ၊ ပြီးတော့ နေကလဲ ပူလို့၊ သနားပါတယ်၊ ခေါ်သွားရအောင်ပါနော်၊ ဟော… ကိုနိုင်တောင် တော် တော် နီးလာပြီ၊ ဒီနားရောက်ရင် ခေါ်လိုက်မယ်နော် ဦးလေးပွင့် နော်…နော်”

နော်ချင်းထပ်အောင် ချွဲနေသော ဖြူ့ကို ဦးချစ်ပွင့်က တစ်ချက်ငဲ့ကြည့်ပြီး…

“သဘော သဘော”

ဟု စိတ်ညစ်ညှုးစွာ မြည် တမ်းလိုက်သော်လည်း ဖြူ ကတော့ ပျော်သွားရသည်။

ဖျင်ကြမ်းလွယ်အိတ် အနီလေးနှင့် အောင်နိုင်မှာ နေပူထဲခေါင်းငုံ၍ လျှောက်လာရင်းမှ ဖြူတို့ကားအနီးသို့ ရောက်သော အခါ ကားထဲမှ ဖြူ့ကို တစ်ချက် လှမ်းကြည့်ပြုံးပြ၍ ဆက်လျှောက်သွားသည်။

“ကိုနိုင်”

ဖြူ့ခေါ်သံကြောင့် ခြေလှမ်းတန့်ပြီး နောက်ပြန်တစ်ချက်လှည့်ကြည့်သည်။

“ကိုနိုင်…လာ ကားပေါ်တတ်၊ ဖြူနဲ့ အတူ သွားရအောင်”

“ရပါတယ်…ဖြူသွားနှင့် ပါ”

“လာစမ်းပါ ကိုနိုင်ရယ်…ဖြူက ကိုနိုင်ကို တမင် ရပ်စောင့်နေတာ”

ပြောရင်းမှ ဖြူက ဦးချစ်ပွင့်၏ ကျောကို လက်နှင့် ပုတ်၍

“ဦးလေးပွင့်ကလဲ ခေါ်လေ” ဟူသော သဘောဖြင့် အကူအညီတောင်းလိုက်သည်။

ဒီတော့မှ ဦးချစ်ပွင့်က..

“လာပါကွ… မောင်နိုင်ရ၊လိုက်ခဲ့ပါ၊ အားမနာပါနဲ့ ”

ဆိုမှ အောင်နိုင် တုံ့ဆိုင်းနေရာမှ ဖြူ ဖွင့်ပေးသော ကားနောက်ခန်းသို့ ၀င်ရင်း ဖြူနှင့် ယှဉ်ထိုင်ကာ ဖြူတို့ အိမ်မှ ဇိမ်ခံကားကြီးကို မရဲတရဲ စီနင်းလိုက်ပါခဲ့ရသည်။

*****

ဦးချစ်ပွင့်သည် ချစ်စရာကောင်းသော ကလေးနှစ် ဦး၏ မျက်နှာနုနုကလေးများ ကို နောက်ကြည့်မှန်မှ တိတ် တဆိတ်အကဲခတ်ရင်းက သက်ပြင်းမောကြီးတစ်ချက်ကို ကျိတ်၍ ချလိုက်မိသည်

ထမင်းစားခန်းနှင့် မီးဖိုခန်းတွင် စီမံခန့်ခွဲနေသော ဒေါ်တင်မမရှိသဖြင့် ဒေါ်အုံး၏ အနားသို့ မကပ်ရဲသေး သော ဖြူမှာ ဟိုယောင်ယောင်သည်ယောင်ယောင်ဖြင့် ခပ်လှမ်းလှမ်းမှာ ရစ်ဝဲရစ်ဝဲ လုပ်နေသည်။ ဒေါ်တင်မမ အပြင်ထွက်သွားတော့မှ ဒေါ်အုံးအနားသို့ လှစ်ခနဲ ရောက်လာပြီး…

“ဒေါ်ဒေါ်အုံး ထမင်းတစ်ဘူး အပိုထည့်ပေးနော်”

“ဘာလုပ်မလို့လဲ ဖြူလေးရဲ့ ၊ ဒီမှာ သမီး ထမင်းဘူးရပြီလေ”

ထိုအခိုက် ထမင်းစားခန်းဝတွင် ဒေါ်တင်မမ၏ အရိပ်ကို လှမ်းမြင်လိုက်ရသည်။ ထမင်းစားခန်းရှေ့မှ ဖြတ် လျှောက်ရင်း သူ့ကို မြင်သွားသဖြင့် ..

“ဟိုကလေးလေး သည်မှာ ဘာလာလုပ်နေတာလဲ၊ ကျောင်းမသွားသေးဘူးလား”

“သွားတော့မှာ မေမေ၊ ထမင်းဘူး လာယူတာ”

“အေးအေး…သမီးလေး၊ ကျောင်းကမုန့်တွေ ၀ယ်မစားနဲ့ နော်၊ အိမ်ကနေ လိုတာ တစ်ခါတည်း ထည့်သွား ထည့်သွား ကြားလား”

“ဟုတ်”

ဒေါ်တင်မမ အရိပ် ကွယ်သွားသဖြင့် ဖြူစင်ဦး ဒေါ်အုံးလက်မောင်းကို ဖက်တွယ်ရင်း…

“သမီးသူငယ်ချင်းကို ကျွေးချင်လို့ပါ ဒေါ်ဒေါ်အုံးရဲ့ ၊ ထမင်းနောက်တစ်ဘူး ထပ်ထည့်ပေးပါ ဒေါ်ဒေါ်အုံးနော်၊ မေမေ မေးရင် နေ့လယ်စာအတွက် မုန့်တွေ ထည့်ယူသွားတာလို့ ပြောပေါ့နော်၊ သမီးသူငယ်ချင်းက ဆင်းရဲလို့ပါ၊ ပြီးတော့ သူက စာလဲတော် တယ်၊ ရိုးသားသိပ်ရိုးတာပဲ ဒေါ်ဒေါ်အုံးရဲ့ ”

“နေပါဦး… အဲဒီ သူငယ်ချင်းက မိန်းကလေးလား၊ ယောက်ျားလေးလား”

“ယောက်ျားလေးပါ၊ ဒါပေမယ့် အရမ်းရိုးတာ ဒေါ်ဒေါ်အုံးရဲ့ ”

“တော် ပါကွယ်… သမီးအရွယ်က ယောက်ျားလေးတွေ နဲ့ အရောဝင်ရမယ့်အရွယ် မဟုတ်တော့ဘူး၊ ကိုချစ်ပွင့် ပြောတဲ့ ကောင်လေး ထင်ပါရဲ့ ၊ သမီး စေတနာရှိရင် မုန့်လေးဘာလေးဝယ်ကျွေးလိုက်ပေါ့ကွယ်၊ ထမင်းဘူးတော့ ဒေါ်ဒေါ်အုံး ထည့်မပေးဝံ့ပါဘူး”

“ဟင်…. ဒေါ်ဒေါ်အုံးလဲ သမီးကို မချစ်ပါဘူး၊ သမီးသိပါပြီ၊ အစ ကတော့ ဒေါ်ဒေါ်အုံးပဲ ကိုယ့်ထက်နိမ့်တဲ့ သူကို ညှာတာရမယ် ဘာညာနဲ့ သမီးကို ဆုံးမပြီးတော့… တော် ပြီ ထည့်မပေးရင်နေတော့ သမီး ထမင်းဘူး လဲ ယူမသွားတော့ဘူး”

နောက်ဆုံးတော့ ထုံးစံအတိုင်း ဒေါ်အုံး လက်လျှော့လိုက်ရသည်။ ကြင်နာသနားတတ်သော ဗီဇပါလာသည့် ဖြူစင်ဦး၏ နှလုံးသားလေးကပင် ဒေါ်အုံးတို့လို လူတန်းစားများ အတွက် ပီတိဆေးတစ်ခွက် ဖြစ်နေရသည် မဟုတ်ပါလား။

သို့ရာတွင် ဆင်းရဲသားရပ်ကွက်ကလေးတစ်ခု၏ အစွန်အဖျားမှ မုန့်ဟင်းခါးသည် မုဆိုးမ တစ်ယောက် ၏ သားနှင့် မှ သံယောဇဉ်ငြိကာ တစ်တွဲ တွဲ ဖြစ်လာသော ဖြူစင်ဥိးကလေးကို လွှတ်လည်းမထားရဲ၊ တိုင်လည်းမ တိုင်ရက်နှင့် သူမမှာ မထွေးနိုင် မအန်နိုင် ရင်တမမနှင့် ဖြစ်နေရသည်။

ဦးချစ်ပွင့်သည်လည်း ထိုနည်းနှင်နှင်ပင်။ တစ်နေ့နေ့တွင် ဒုက္ခတွေ့ တော့မည် ကို ကြိုတင်သိလျက်နှင့် ဆရာနှင့် ဆရာကတော် ကို သူ အသိပေးရမှ ချီတုံချတုံ ဖြစ်နေသည်။ ဆရာကတော် ၏ မာနအောက်တွင် ကလေးတွေ ဒုက္ခတွေ့ တော့မည် ကို ကြိုသိနေသဖြင့် သူ အတော် အားမွေးနေရသည်။ တကယ်တော့ အစွဲအလမ်းကြီးတတ်လွန်းသော ဖြူလေးအတွက် သူ မပြောရက် မဆိုရက် ရှိနေခြင်း ဖြစ်သည်။ ရိုးသားနွမ်းပါးရှာသော အောင်နိုင်ဆိုသည့် ကလေးကိုတော့ သူ ဥပေက္ခာပြုရပေဦးမည် ။

သူ့ကို ချစ်ခင်အားကိုးကြသော သည်ကလေးနှစ် ဦးအပေါ် သူ ရက်စက်နိုင်ရန် ကြိုးစားသော်လည်း အရာရာသည် များ စွာ နောက်ကျခဲ့ပြီ ဖြစ်လေသည်။

*****

“ဝေး…ဟေး..ဟေး”

အနားကပ်၍ အသံကုန်အော်လိုက်သော ကြောင့် ဦးချစ်ပွင့်ကိုယ်လုံးကြီး ဆတ်ခနဲ တုန်သွားသည်။ ထိုအ ဖြစ်ကိုကြည့်၍ ဖြူစင်ဦး လက်ခုပ်လက်ဝါးတီးကာ အားရပါးရ ရယ်မောလိုက်သည်။

“ဟား…ဟား ဟား ဦးလေးပွင့်ကြီး လန့်သွားပြီဟေ့”

“ဟယ်…ဒီကလေးဟာ”

မာန်မဲဟန်ပြုသော်လည်း သူ့မျက်နှာက ပြုံးတုံ့တုံ့။

ဖြူက မြေကိုဆွ၍ ပန်းပင်တွေ ပျိုးနေသော ဦးလေးပွင့်လက်အစုံအား ကြည့်၍ နှာခေါင်းရှုံလိုက်ရင်း…

“မုန့်ကျွေးမလို့လာတာ၊ ဦးလေးပွင့် လက်ကြီးကလဲ ပေတူးနေတာပဲ၊ ပါးစပ်ဟ လေ…ဟ”

သူ့ပါးစပ်ကို ဟ၍ ဟ၍ ပြရင်း ကလေး တစ်ယောက် လို ဦးချစ်ပွင့်ကို ဟခိုင်းနေသည်က အပြစ်ကင်းသော ကလေးလေးလိုပင်။ ဦးချစ်ပွင့် မျက်စိထဲတွင် ဖြူစင်ဦးကို တကယ့်ဖြူဖြူစင်စင်နုနုနယ်နယ် ကလေး တစ်ယောက် လိုပင် မြင်နေသည်။ ထိုကလေး၏ နုနယ်သော နှလုံးသားပေါ်တွင် ဒဏ်ရာဒဏ်ချက်များ မတင်စေချင်ပါ။

“ဟယ်တော့… ဟပါဆိုနေမှပဲ၊ ကျွေးစရာရှိလို့ ဟစမ်းပါ”

“မစားချင်ပါဘူးဗျာ… သမီးပဲ ၀အောင်စားစမ်းပါ”

“ဟင့်အင်….ဟင့်အင်….မလိုချင်ဘူး၊ စားရမယ်၊ ဖေဖေ ရန်ကုန်က ပါလာတဲ့ ပန်းသီး၊ ဖြူ့ဝေစုထဲက ဦးလေးပွင့် တစ်စိတ်၊ ဒေါ်ဒေါ်အုံး တစ်စိတ်၊ ကိုနိုင်ဖို့ တစ်စိတ်၊ ဖြူ တစ်စိတ် အညီအမျှ ခွဲပြီးသား၊ ကဲ…ဟပါ၊ ခု ချက်ချင်း ဟ”

အတင်းပင် ဦးချစ်ပွင့်ပါးစပ်ထဲသို့ ထိုးကြိတ်ပြီး ထည့်လာသဖြင့် ၀ါးလိုက်ရသည်။

“ကောင်းလား”

“ကောင်းပါ့ဗျာ၊ ကောင်းပါ့….ကောင်းပါ့”

“အဲဒါကြောင့် ဖြူက ကျွေးချင်လို့ဟာ၊ ဦးလေးပွင့်လဲ ဒေါ်ဒေါ်အုံးလိုပဲ၊ အိုက်တင်ကြီးပဲ၊ သိပ်မုန်းဖို့ကောင်းတယ်”

နှုတ်ခမ်းတစူစူနှင့် ပွစိပွစိ ဖြစ်နေသော ဖြူ့ကို ဦးချစ်ပွင့် ပြုံးပြုံးကြီး ကြည့်ရင်း မြေဆက်ဆွနေလိုက်သည်။

“ဦးလေးပွင့်”

“ဟေလကွာ”

“ဘာ ဖြစ်လို့ ပန်းပင်တွေ စိုက်နေတာလဲ၊ ကိုယ့်အလုပ်လဲ မဟုတ်ဘဲနဲ့ ”

“အားနေတာကိုး ကလေးရဲ့ ”

“အားနေလဲ ကိုယ့်အခန်းထဲကိုယ် အေးအေးဆေးဆေးအိပ်နေပေါ့၊ ဘာလို့ အပင်ပန်းခံနေရတာ လဲ”

“ဒါက ၀ါသနာကိုး သမီးရဲ့ ၊ ဦးလေးပွင့်က ပန်းပင်ကလေးတွေ ဖူးလာ ပွင့်လာရင် အမောပြေတယ်၊ ၀မ်းသာတယ်”

ဦးချစ်ပွင့်စကားကို နားထောင်ရင်း ဖြူ ငေးငေးလေး ဖြစ်သွားသည်။ တစ်စုံတစ်ခုကို တွေးနေဟာန်တူပြီး

အတန်ကြာမှ….

“ကိုနိုင်တို့ အိမ်မှာ လဲလေ ငရုတ်ပင်လေးတွေ စိုက်ထားတယ် သိလား ဦးလေးပွင့်၊ အဲဒီ အပင်က ငရုတ်သီးစိမ်းလေးတွေ သီးနေတာ သိပ်ချစ်ဖို့ ကောင်းတာပဲ၊ တစ်ပင်ကကျတော့ သီးတာ အညိုရောင် လေး”

“ဟေ….သမီးက မောင်နိုင်တို့အိမ်ကို ဘယ်တုံးက ရောက်သွားရပြန်တာတုံး၊ လျှောက်လျှောက်မ သွားပါနဲ့ သမီးရယ် ၊ မမသိရင်တော့ ဒုက္ခပါပဲ”

“မေမေ မသိအောင် သွားတာပေါ့ ဦးလေးပွင့်ရဲ့ ၊ ဦးလေးပွင့်တို့၊ ဒေါ်ဒေါ်အုံးတို့ စကားပြောရင် မေမေ့ကို ကြောက်တဲ့အကြောင်းမပါရင် မပြီးဘူးလား”

“ကြောက်ရတာ ပေါ့ သမီးရယ်…မမက ဦးလေးပွင့်တို့ရဲ့ အလုပ်ရှင်ပဲ”

“ထားပါတော့လေ၊ ဦးလေးပွင့်ကို ပြောရဦးမယ်”

“ဘာများ တုံး ကလေးရဲ့ ”

“ကိုနိုင်တို့က သိပ်ဆင်းရဲတာပဲ သိလား”

“အေးလေ…ဆင်းရဲမှန်း အစကတည်းကသိနေတဲ့ ဥစ္စာ”

“မဟုတ်ဘူး ဦးလေးပွင့်ရဲ့ ၊ ဖြူတို့ထင်တာထက်တောင် ပိုဆင်းရဲနေသေးတယ်၊ ကိုနိုင် ကျောင်းမတတ် တာနဲ့ နေများ မကောင်းလို့လားဆိုပြီး ဖြူ့သူငယ်ချင်း တစ်ယောက် နဲ့ သွားကြည့်တယ်၊ ဖြူတို့သွားတော့ ကိုနိုင်က ထမင်းအိုး ထိုင်ငှဲ့နေတယ်”

“ဟုတ်လား…. သူက ဘာလို့ ကျောင်းမတတ်တာတဲ့လဲ”

“သူ့အမေ ကောင်းကောင်းနေမကောင်းလို့ အလုပ်တွေ ၀ိုင်းကူလုပ်ပေးနေရတာ လို့တဲ့၊ ကိုနိုင်ကလေ အိမ်မှာ နေတော့ ပုဆိုးပေပေတိုတိုလေးနဲ့ စွပ်ကျယ်အပြဲလေးနဲ့ ”

“အင်း”

“ကိုနိုင်တို့ အမေကြီးကလဲ မျက်နှာက အဆီတွေ ပြန်လို့၊ ဆံပင်ကလဲ နီပြီ ကျို့တို့ကျဲ့တဲနဲ့ သိလား”

ဦးချစ်ပွင့် ဖြူ့စကားကို နားထောင်ရင်း မျက်စိထဲ မြင်ယောင်ကြည့်သည်။

“ဖြူ သွားတော့လေ ကိုနိုင်တို့အမေက ပိန်လိန်နေတဲ့ သံဇလုံအဟောင်းကြီးနဲ့ မုန့်ဟင်းခါးဖတ်တွေ သုတ်ကျွေးတယ်၊ သူ့လက်ကြီးနဲ့ စိစွပ်စိစွပ်နဲ့ နယ်ပြီး သမီးလေး စားစား ဆိုပြီး အတင်းကျွေးတော့တာပဲ”

“အဲဒါတွေ သမီး စားခဲ့လား”

“စားတာပေါ့၊ မစားရင် သူတို့ ဘယ်စိတ်ကောင်းမလဲ၊ သမီးသူငယ်ချင်း ကတော့ ရွံလို့ မစားဘူး၊ သမီးလေ ကိုနိုင်တို့ အိမ်က ပြန်လာတော့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်လာတယ်”

“သမီး စိတ်ပျက်လာမှာ ပေါ့ ၊ မှတ်ထား သမီး၊ အလွှာမတူတဲ့ လူတန်းစားနှစ် ရပ်ဟာ ဘယ်တော့မှ ကြာရှည် တွဲ လို့မရဘူး၊ တစ်နေ့နေ့မှာ စိတ်အနှောက်အယှက် ဖြစ်စရာ ကြုံလာမှာ ပဲ၊ အခုသမီး စိတ်ညစ်သွားပြီ မဟုတ်လား”

“ဟာ… ဦးလေးပွင့်မလဲ ဖြူ ဖြစ်တာက တစ်မျိုး၊ ဖြူလေ အဲဒီ နေ့က ကိုနိုင့်ကို မြင်ခဲ့ပြီး မျက်စိထဲက ဖျောက်မရဘူး၊ ရင်ထဲက သနားနေတာ ခုချိန်ထိပဲ၊ ပိုပြီးတော့လဲ ချစ်လာတယ်”

“ဟေ”

ဦးချစ်ပွင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

*****

ငယ်ရွယ်သူတို့ သဘာဝ ချစ်ကြပြီဆိုသော အခါ နှစ် ယောက် စလုံး မိုးမမြင် လေမမြင်။ တော် ရုံတန်ရုံ မကင်းရာ မကင်းကြောင်း ပတ်ဝန်းကျင်အချို့က သိသော်လည်း ဒေါ်တင်မမ၏ မာန်မန ထောင်လွှားမှု နှင့် တင်စီးတတ်မှု များ ကြောင့် အမြင်ကပ်ကပ်နှင့် မသိဟန်ဆောင်နေကြသူများ ရှိသလို၊ အချို့ကလည်း ရိုးသား ပြီး ပညာတော် သော သူတို့မြို့သားကလေးကို အရာရှိသမီးနှင့် သဘောတူပြီး တမင်ရေငုံနှုတ်ပိတ်နေကြသူ များ လည်းရှိသည်။

နေမြင့်လေ အရူးရင့်လေ ဖြစ်လာတော့ ကလေးတွေ ကိုကြာတော့ ဦးချစ်ပွင့်တို့၊ ဒေါ်အုံးတို့ မနိုင်တော့။ ဦးခင်မောင်ဦးနှင့် ဒေါ်တင်မမတို့ ရန်ကုန်သို့ နှစ် ပတ်ကြာ ခရီးထွက်သော ကာလက အိမ်တွင် ဒေါ်အုံးနှင့် ဖြူစင်ဦးတို့ နှစ် ယောက် သာ ကျန်ခဲ့ကြသည်။

ထိုရက်ပိုင်းတွင် သူငယ်ချင်း နေမကောင်းဟုဆိုပြီး ဖြူစင်ဦး အောင်နိုင်တို့အိမ်သို့ သုံးကြိမ်မနည်း သွားရောက်ခဲ့သည်။ ထိုရက်ပိုင်းအတွင်း ပထမတစ်ရက်သာ အပူချိန်တွေ တတ်ပြီး အိပ်ရာထဲလဲနေကာ ဖြူစင်ဦး ရောက်သော အခါ အားတတ်ဝမ်းသာသွားရှာ၏ ။နောက်ရက်များ တွင် တော့ အတန်အသင့် နေကောင်းနေပြီ ဖြစ်သော်လည်း ဖြူစင်ဦးသည် ရက်ဆက် ရောက်လာ၍ ပြုစုယုယခဲ့သည်။

ညစ်နွမ်းသော ရည်ရွယ်ချက်များ ကို စိတ်နှင့် ပင် ထင်ယောင်ထင်မှား မထားခဲ့ရှာသော ကလေးနှစ် ယောက် သည် မရည်ရွယ်ပါဘဲနှင့် ဆိတ်ကွယ်ရာအရပ်တွင် တွေ့ ကြသော ဖိုနှင့် မ ချစ်သူတို့၏ သဘာဝအတိုင်း သဒ္ဒါလွန်၍ …

*****

“ချစ်ပွင့်”

ဒေါ်တင်မမ၏ အသံကြဇာသည် မိုးကြိုးပစ်သံအလားပြင်းထန်လှသည်။

“ဟဲ့…. ချစ်ပွင့် ငါခေါ်နေတာ မကြားဘူးလား”

“လာပါပြီ..မမ”

ဦးချစ်ပွင့် အပြေးတစ်ပိုင်းနှင့် ချဉ်းကပ်လာသည်။ ဒိုင်းဆိုစိတ်ထဲက တစ်စုံတစ်ခုကို ထင်မြင်ယူဆလိုက်ပြီး လည်း ဖြစ်နေသည်။ ဒေါ်တင်မမ၏ မျက်နှာသည် တင်းမာခက်ထန်နေရုံသာမက မျက်ဝန်းများ က မီးဝင်းဝင်းမ တတ် ရှိနေကြသည်။ ပြဿနာတစ်ခုခုတော့ တတ်ပြီဟု သိလိုက်သော ဒေါ်အုံးမှာ လည်း မနီးမဝေးမှနေ၍ ကြောက်ကြောက်လန့်လန့်နှင့် နားစွင့်နေရသည်။ ဦးခင်မောင်ဦးက ဧည့်ခန်းဆိုဖာပေါ်တွင် ဆေးလိပ်ဖွာရင်း မျက်မှော င်ကြုံ့ကာ လေးလေးနက်နက် စဉ်းစားနေဟန် ရှိသည်။ ဧည့်ခန်းထဲတွင် လူးလာခေါက်တုံ့နှင့် ဒေါသအရှိန်တတ်နေသော ဒေါ်တင်မမက ဦးချစ်ပွင့်ရှေ့တွင် ခါးထောက်ရပ်ပြီး…

“နင် နေ့တိုင်း သမီးကို ကျောင်းသွားပို့ရင် ဟိုဘက်လမ်းထဲက မုန့်ဟင်းခါးသည်မသားကို ကားပေါ်တင် သွားတယ် ဆို”

ဦးချစ်ပွင့် ခေါင်းငုံ့နေသည်။

“ဟဲ့..ပြောစမ်းပါ၊ ငါ မေးနေတာကို”

“ဖြူ…ဖြူလေးက သူ့သူငယ်ချင်းကို တင်ခေါ်ပါရစေဆိုလို့ပါ”

“သြ…ဒါဆို နင်က ကလေးခိုင်းတာကို အကုန်လျှောက်လုပ်နေတာပဲလား၊ ဒါမျိုး ရှုပ်ရှုပ်ယှက်ယှက်တွေ ငါမကြိုက်ဘူးဆိုတာ နင် သိတယ်မဟုတ်လား၊ နင် ကလေးဆီက ဘာတွေ ယူစားထားလို့ ဒီလောက် အလို လိုက်နေရတာ လဲ ပြောစမ်း”

“ဟေ့…တင်တင်၊ မင်း ဒေါသသိပ်မကြီးစမ်းပါနဲ့ ကွာ၊ စကားပြောတာ ဆင်ဆင်ခြင်ခြင် ပြောမှပေါ့၊ ပြဿနာတစ်ခုကို ခေါင်းအေးအေးနဲ့ ဖြေရှင်းစမ်းပါ”

ဦးခင်မောင်ဦးက ကြားဝင်ဟန့်သည်။

“အို…ကို အသာနေစမ်းပါ၊ တင်တင် သိပ်ရှက်တယ်သိလား၊ တင်တင်တို့ သမီးက မုန့်ဟင်းခါးသည်မ သားကို ကားပေါ်တင်ပြီး လျှောက်လျှောက်သွားနေတာ ကျောင်းနှစ် စကတည်းကပဲတဲ့၊ ဒီလောက်အကြာကြီး တင်တင် မသိတာ ရှက်စရာကောင်းလိုက်တာ”

“ချစ်ပွင့်”

“ဗျာ…မမ”

“ငါ့ကို မှန်မှန်ပြောစမ်း၊ ဒီကောင်လေးနဲ့ သမီးနဲ့ ကြိုက်နေတာ ကြာပလား”

“ဒါတော့ ကျွန်တော် မသိဘူး မမ”

“နင်သိတာ ဘာရှိလဲ”

“သူတို့ ကတော့ သူငယ်ချင်းလို့ပဲ ပြောတာပဲ”

“ဟဲ့… သူငယ်ချင်းလို့ မပြောဘဲ ရည်းစားလို့ လိုက်မောင်းခတ်နေမလား၊ နင် တော် တော် အသုံးမကျတဲ့ ကောင်ပဲ၊ ကားပေါ်တင်ခေါ်တာက နင် ခေါ်ချင်မှ ဖြစ်တာ၊ အဲဒါ နင့်အပြစ် ၊ ငါတို့ကို ပြန်မပြောတာလဲ နင် ပါဝင်ပြီး အလိုတူ အလိုပါ အားပေးအားမြှော က် လိုက်လုပ်နေလို့ပေါ့”

“အဲဒီ လိုတော့ မဟုတ်ရပါဘူး မမရယ်၊ ရိုးရိုးသားသားပဲ ထင်လို့ပါ”

“တယ်လေ….ငါ မပြောလိုက်ချင်ဘူး၊ ဒီမှာ ချစ်ပွင့်”

“ဗျာ”

“မနက်ဖြန်ကစပြီး သမီး ကျောင်းပို့ရင် ငါကိုယ်တိုင်လိုက်မယ်၊အဲဒီ ကောင်လေးက နင့်ကို ဘာပဲဆက်သွယ်ခိုင်း ဆက်သွယ်ခိုင်း၊ ဖြူက ဘယ်လောက်ပဲ အကူအညီတောင်းတောင်း ဘာမှ မလုပ်ပေးရ ဘူး ကြားလား၊ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သတိပေးခြင်းပဲ ကြားလား ”

“ဟုတ်ကဲ့ပါ…မမ”

*****

အခန်း (၂)

အခန်း(၂)

ပြဿနာက သည်လောက်နှင့် အေးမသွား။ အကုသိုလ်က ၀င်ချင်တော့ အလုံးနှင့် အရင်းနှင့် ၀င်သည်။ သမီးဇောနှင့် ကိုယ်တိုင်ကျောင်းပို့၍ ထိုင်စောင့်သော ဒေါ်တင်မမမှာ ကျောင်းမုန့်စားခန်းတွင် စုံးစမ်းမေးမြန်း ရင်း မျက်နှာလိုအားရ လုပ်ချင်သော သူအချို့နှင့် ပေါင်းမိသွားသည်။ သူတို့ကို ချော့မော့မေးကြည့်ရာမှ ထမင်းဘူးအပိုပြသဿနာပါ ပေါ်တော့သည်။

“လူယုံသတ်တော့ သေတယ်ဆိုတာ ဒါမျိုးပေါ့၊ သိပ်ရက်စက်တဲ့ဟာတွေ ပဲ၊ ညည်းကို သွေးသားစပ်တယ် ဆိုတဲ့ သံယောဇဉ်နဲ့ အခွင့်အရေး တွေ ပေးပြီး တစ်အိမ်လုံး အပ်ထားတာ၊ ညည်း ကျုပ်တို့ရဲ့ ယုံကြည်မှု ကို အလွဲသုံးစား လုပ်တာပေါ့လေ”

“မ…မဟုတ်ရပါဘူး မမရယ်၊ ဖြူလေးက ကျွေးချင်တယ်ဆိုလို့ပါ”

“လာပြန်ပြီလား ဒီဖြူလေး၊ ဖြူလေး ချေးကျွေးရင် ညည်းတို့စားမလား၊ ညည်းတို့ကလဲ ကျွန်ဆိုတော့ အောက်တန်းစား ချင်းရိုင်းပင်းကြတာပေါ့လေ”

“အို…မမရယ်”

“လုပ်ရက်ကြပါပေ့အေ…ညည်းတို့တွေ ကြင်နာနေကြတဲ့ကြားထဲမှာ ငါ့သမီးလေးက ရေတိမ်နစ်မှာ ၊ ငါ့မှာ တစ်ဦးတည်းသော သမီးလေးပါအေ၊ ကိုယ်ချင်စာကြစမ်းပါ၊ညည်းတို့ သိသိကြီးနဲ့ ကလေးကို မြှော က်ပေးနေကြတာများ အံ့ပါရဲ့ ၊ ငါ ရင်နာလိုက်တာ”

ဒေါ်တင်မမက ဒေါသကြီးနေလျက်က တုန်ယင်သော အသံ ဖြင့် မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာ သည့် မြင်ကွင်းမှာ ဒေါ်အုံးကို ရှိုက်ကြီးတငင် ဖြစ်သွားစေသည်။

“မမ ထင်သလို မဟုတ်ရပါဘူး မမရယ်၊ ကျွန်မကို အထင်မလွဲပါနဲ့ ”

လူကြီးနှစ် ယောက် ကို မကြည့်ရက်သော ဖြူက ဒေါ်တင်မမလက်မောင်းကို ဆွဲကာ..

“ဒေါ်ဒေါ်အုံးမှာ ဘာမှအပြစ်မရှိပါဘူး မေမေ၊ သမီးကိုပဲ ရိုက်ပါ၊ သမီးက ပူဆာပြီး စိတ်ကောက်လို့ လုပ်ပေးရတာ ပါ၊ ဒေါ်ဒေါ်အုံးက လုပ်မပေးချင်ပါဘူး၊ သမီးကြောင့် ဖြစ်တာ၊ သမီးကိုပဲ ရိုက်ပါ၊ ဒေါ်ဒေါ်အုံးကို မဆူပါနဲ့ မေမေရဲ့ ”

“အို..ဖယ်စမ်းပါအေ”

ဒေါ်တင်မမက ဖြူ့ကို ဒေါသတကြီးနှင့် တွန်းထုတ်လိုက်ရာ ဧည့်ခန်းဆိုဖာထောင့်တွင် ပုံလျက်ကလေး လဲကျသွားသည်။

“ဟေ့… ဘာ ဖြစ်နေကြပြန်ပြီလဲကွ၊ ဆူညံဆူညံနဲ့ တယ်ခတ်တာပဲ၊ အတော် အိမ်ပူတဲ့ ဟာတွေ ”

ရုံးမှ ပြန်ပြန်လာချင်း အိမ်ထဲအ၀င်တွင် ဆီးကြိုလိုက်သော မြင်ကွင်းကြောင့် ဦးခင်မောင်ဦး စိတ်မသက်မ သာ ဖြစ်သွားသည်။ဖေဖေ့ကို ရုတ်တရက် မြင်လိုက်ရသော ဖြူက နေရာမှ လူးလဲထပြီး အခန်းထဲ ပြေးဝင်ကာ တံခါးချက်ချပြီး အတွင်းနံရံမှ ကပ်ကာအခန်းပြင်မှ အသံဗလံများ ကို ရင်တထိတ်ထိတ်နှင့် နားစွင့်နေလိုက်သည်။

မေမေ၏ တိုင်တောသံ၊ ဒေါ်ဒေါ်အုံး၏ ငိုယိုဖြေရှင်းသံ၊ ဖေဖေ၏ တောက်ခေါက်သံ၊ ဦးလေးပွင့်ကို လှမ်းခေါ် ၍ မေးမြန်းသံများ အချို့လည်း ကျယ်ကျယ်လောင်လောင်၊ အချို့လည်း မသဲမကွဲနှင့် နောက်ဆုံးမှာ တော့ မေမေ၏

“တင်တင်တို့တော့ ဒီမှာ မနေနိုင်တော့ဘူး၊ တင်တင်သိပ်ရှက်တယ်၊ ဒီမှာ ဆက်နေရင် အရှက်ကွဲစရာတွေ ဖြစ်လာလိမ့်မယ်၊ ပြောင်းဖို့ ရွှေ့ဖို့ လုပ်ပေးပါ၊ တင်တင် ချက်ချင်း ကို ပြောင်းချင်တယ် ကို…ဒါပဲ”

“အေး.. ပြောင်းချင်လဲ ပြောင်းကွ၊ ပြောင်း…ပြောင်း၊ ပြောင်းချင်တဲ့ဆီကိုပြောင်း၊ ငါ ကတော့ စိတ်သွားတိုင်း ကိုယ်ပါလို့မရဘူးဟေ့၊ အမှု ထမ်းကွ၊ ဒီတော့ မင်းတို့ငါ တစ်ယောက် တည်းသာထားခြဲ့ ကတော့”

ဟူသော ဖေဖေ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် ဖြူမှာ ခုတင်ဆီသို့ အပြေးသွားပြီး ခေါင်းအုံးနှင့် မျက်နှာတို့ အပ်ကာတစ်ရှိုက်ရှိုက် ငိုကြွေးလိုက်မိပါတော့သည်။

“ဝေးပါပြီ…ကိုနိုင်ရေ”

ဟု ရင်ထဲမှာ အော်ဟစ် တမ်းတနေမိသော ထိုအချိန်သည် သူတို့နှစ် ယောက် ၏ စတင်ကွဲကွာခဲ့ကြချိန်ပင် ဖြစ်တော့သည်။

*****

ဦးခင်မောင်ဦး တစ်ယောက် မှအပ တစ်အိမ်သားလုံး မန္တလေးသို့ ပြောင်းလာကြသည်။ အနည်းဆုံး တစ်နှစ် လောက်တော့ မိသားစုနှင့် အတူနေရန် စီစဉ်အချိန်ယူနေရသော ဦးခင်မောင်ဦး မရှိသည့် ကာလတွင် အိမ်မှာ ပြဿနာတစ်ခု ထပ်တိုးလာပြန်သည်။

တစ်ပူအေးသွားပြီ ဖြစ်၍ ဟင်းချမည် ကြံရုံရှိသေးသော ဒေါ်တင်မမခမျာမှာ နောက်တစ်ပူ ထပ်ဆင့်လာပြန်ဖြူနေမကောင်း၍ ဆရာဝန်ခေါ်ပြရာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်သည့်ခဏ တစ်အိမ်လုံး ပျာယာခတ် သွားတော့သည်။ ဆရာဝန်ပြန်သည်နှင့် …

“အမလေး…ရှက်လိုက်တာ…ရှက်လိုက်တာ”

နှင့် ဒေါ်တင်မမ တစ်ယောက် ခုန်ပေါက်နေတော့သည်။ ဒေါ်အုံးလည်း နေစရာနေရာ မရှိတော့။ ဖြူ ကတော့ ထုံပေပေနှင့် အစစအရာရာ ရင်ဆိုင်ပစ်ရန် အသင့်ရှိနေလေတော့သည်။ ဒေါ်တင်မမက ဖြူ့ကိုယ်ဝန်ကို ရှင်း လင်းပစ်ရန် စီစဉ်သည်။ ဖြူက လက်မခံ။ ကိုယ့်ကိုယ်ကို အဆုံးစီစဉ်မည် ဟု ဆိုသဖြင့် ဒေါ်တင်မမ ရွံ့သွား သည်။ တစ်ဦးတည်းသော သမီးလေးကို အဆုံးရှုံးမခံနိုင်။ ဖြူ့ပုံစံကလည်း တကယ့်ကို ဇွတ်တရွတ်နှင့် ပြော သည့်အတိုင်း လုပ်ရန် အသင့်ရှိနေသည်။

“မေမေ သဘောမတူတဲ့လူကိုလဲ ဖြူ စွန့်လွှတ်ခဲ့ရပြီးပြီ၊ ဒီတစ်ခါတော့ အပြစ်မရှိတဲ့ ဖြူ့ရင်သွေးကို မရက်စက်ချင်ပါနဲ့ ၊ ဒါမေမေတို့သွေးပါ၊ ဖြူ သတ္တိရှိပါတယ်၊ ဒီကလေးကိုပါ ရန်ရှာဦးမယ်ဆိုရင်တော့ ဖြူလဲ လောကကြီးထဲမှာ မနေတော့ဘူး၊ ဒါ ဖြူ့ဆုံးဖြတ်ချက်ပဲ”

ရဲရဲရင့်ရင့် ဆိုလာသော ဖြူ့စကားကြောင့် ဒေါ်တင်မမရင်မှာ အစီအစဉ်သစ်တစ်ခုကို အပြေးအလွှား ချမှတ်ပြီး လတ်တလောအခြေအနေကို ကြိုးရှည်ရှည်နှင့် လှန်းထားလိုက်ရသည်။

ပတ်ဝန်းကျင်စိမ်း၊ ဒေသစိမ်းတွင် တစ်သီးတခြား နေကြသော မိသားစုအသစ်တစ်ခုအတွက် အရာရာသည် ပတ်ဝန်းကျင် ရိုတ်ခတ်မှု ဂယက်မှာ ငြိမ်းအေးသည်။ အိမ်ထဲမှ အိမ်ပြင် မထွက်လိုသော ဖြူမှာ သူ့ကိုယ်ဝန်ကိုသာ ဂရုတစိုက် ထိန်းသိမ်း၍ ငြိမ်သက်အေးဆေးစွာ ရှိနေသည်။ မိခင်လောင်းဘ၀သည် ဖြူစင်ဦးဆိုသော မိန်းကလေးကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားသန့်စင်စေသည်။ ယခင် ဖြူစင်ဦးနှင့် ယခု ဖြူစင်ဦးသည် မယုံကြည်နိုင်လောက်အောင် အကွာကြီး ကွာသွားသည်မှာ အံ့သြ၀မ်းနည်းစရာပင် ကောင်းနေသည်။

ယခင်က သွက်လက်ချက်ချာခဲ့သော ၊ တွတ်တီးတွတ်တာနှင့် ချွဲတတ် နွဲ့တတ်သော ၊ လိုချင်တာကို မရမနေ ပူဆာတတ်သော ကလေးဆန်ဆန် ဖြူစင်ဦးကလေးမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေ၍ ၊ ရယ်ခဲ ပြုံးခဲသော ၊ နှေးကွေးလေးလံသော တွေ ဝေငေးငိုင်၍ သာနေတတ်သော ၊ တိတ်ဆိတ်ငြိမ်သက်သော ဖြူစင်ဦး အသစ် တစ်ယောက် မိသားစုအတွင်းသို့ ထပ်မံရောက်ရှိလာသည်ကို မြင်ရပြီး နောင်တရမဆုံး ဖြစ်နေကြသူများ ကတော့ ဦးချစ်ပွင့်နှင့် ဒေါ်အုံးတို့ပင် ဖြစ်သည်။

ဒီကလေးအပေါ် ချစ်၍ အလိုလိုက်မိကြသော သူတို့၏ လွဲမှားမှု များ ကို နောင်တရမဆုံး ဖြစ်နေကြသည်။ ဦး ချစ်ပွင့်မှာ သူ့ထံသို့ အောင်နိုင် တကောက်ကောက် လိုက်၍ တောင်းပန်သော်လည်း ကြိတ်မှိတ်ပြီး ရက်စက် ခဲ့ရခြင်းကို ပြန်လည်မြင်ယောင်နေမိသည်။ အကယ်၍ သာ ဖြူလေးကို ထိုအခြေအနေသို့ ဆိုက်ရောက်လာ တော့မည် ဟု သူကြိုတင်ခန့်မှန်းမိခဲ့ပါက သူထိုအချိန်က မည် ကဲ့သို့ ဆုံးဖြတ် ဖြစ်မည် မသိ။

ဒေါ်တင်မမ ကိုယ်တိုင် ကျောင်းလိုက်ပို့ပြီး ထိုင်စောင့်နေသော အခါ အောင်နိုင်မှာ နေရာအနှံ့ ဦးချစ်ပွင့် တစ်ယောက် တည်း မောင်းလာသော ကားကို တား၍ တိုးလျှိုးတောင်းပန်ကာ တွေ့ ခွင့်တောင်းရှာသည်။ မရ နိုင်သော အခါ စာတစ်ကြောင်းနှစ် ကြောင်း ပေးလိုကြောင်း တပူဆာဆာနှင့် ရှိခိုးဦးတင်လုပ်သော်လည်း သူ လက်မခံခဲ့။ ဒေါ်တင်မမတို့ကို မန္တလေးပို့ပြီး သူတစ်ခေါက် သူ့ဆရာကို ပြန်ပို့သည့်အချိန်ကလည်း အောင် နိုင်ကို တစ်ရစ်ဝဲ၀ဲနှင့် ခြံရှေ့တွင် သူနှင့် တွေ့ ရန် ကြိုးစားနေသည်ကို သိသော်လည်း သူ ရှောင်နေခဲ့သည်။ ထို့ပြင် တစ်မြို့လုံးသို့လည်း ဒေါ်တင်မမတို့ ဘယ် ပြောင်းသွား မှန်း မသိအောင် သတင်းမှော င်ချထားလိုက် သည်။ ဦးခင်မောင်ဦးကိုယ်တိုင် သူ့သမီးလေး၏ ရှေ့ရေး အတွက် သူ့အား တင်းတင်းကျပ်ကျပ် သတိပေး လာသော အခါ သူ့မှာ ကျေးဇူးရှင် ဆရာသမားများ ၏ သစ္စာကို စောင့်သိရိုသေရုံမှတစ်ပါး အခြားမရှိ။ ထိုအချိန်ကာလမှ စ၍ အောင်နိုင်ဆိုသော ကလေး တစ်ယောက် အကြောင်းကို သူ့ဦးနှောက်ထဲမှ ထုတ်ပစ်လိုက်ခဲ့သည်။

တစ်နေ့တစ်နေ့ ကိုယ်ဝန်ရင့်လာသော ဖြူ့ကို မြင်ရလေလေ ဦးချစ်ပွင့် စိတ်ထိခိုက်လေ ဖြစ်ရသည်။ ထို အတောအတွင်း တောမှာ ရှိသည့် သူ့အစ်မကြီး ဆုံးသည်။ သားထောက် သမီးခံ မရှိသော အစ်မကြီး၏ လယ် မြေအချို့ကို ဆက်လုပ် ရန် ဦးချစ်ပွင့်ကိုလာရောက် အကြောင်းကြားကြသည်။ စိတ်ဓာတ် အကြီးအကျပ်ကျနေသော ဦးချစ်ပွင့်မှာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မို့ အလုပ်က ထွက်ခွင့်ပြုရန် ခွင့်ပန်ရ တော့သည်။

*****

ဖြစ်ချင်တော့ ဦးချစ်ပွင့် ရွာပြန်မည့် နေ့သည် ဖြူ ဗိုက်နာသော နေ့ ဖြစ်သည်။ နံနက်စောစော ခရီးထွက်ရန် အတွက် ပြင်ဆင်ထုပ်ပိုးနေသော ဦးချစ်ပွင့်၏ တန်းလျားသို့ ညဥ့်နက်သန်းခေါင်ကြီး ဒေါ်တင်မမ ရောက်လာ ခဲ့သည်။ ဖြူလေးကို အိမ်မှာ ပဲ မွေးရန် စီစဉ်ထားသည်မို့ ဦးချစ်ပွင့် သူ့အခန်းလေးမှနေ၍ ဖြူလေးအတွက် စိတ်ပူပင်စွာ ဆုတောင်းမေတ္တာပို့နေချိန် ဒေါ်တင်မမကို ရုတ်တရက် မြင်လိုက်ရ၍ ဖြစ်သွားသည်။ မှော င်ရိပ် ကျကျတွင် ရပ်နေသော ဒေါ်တင်မမ၏ လက်ထဲတွင် တစ်စုံတစ်ခုကို ပိုက်ထားဟန်ရှိသည်။

“နင် သွားတော့မှာ လား ချစ်ပွင့်”

“ဟုတ်ကဲ့….မမ၊ဖြူလေး မွေးပြီလားဟင် မမ”

“အေး…မွေးပြီ”

“ဘာလေးလဲ”

“မိန်းကလေး…ဒီမှာ ”

ဒေါ်တင်မမ ရှေ့တိုး၍ သူ့လက်ထဲမှ အနှီးအဖြူနှင့် ထုပ်ထားသော ကလေးကို ထိုးပြသည်။

ထိုအချိန်တွင် ဒေါ်တင်မမ၏ မျက်နှာသည် ထူးထူးခြားခြား အိုစာလျက် ရှိသည်။

“ဒီမှာ ချစ်ပွင့်…ငါပြောတာ သေသေချာချာ နားထောင်၊ နင် အခုပဲ ကားဂိတ်ဆင်းတော့၊ဒီကလေးနဲ့ ဟောသည်ပိုက်ဆံထုပ်ကလေးကို ယူသွား၊ ကားဂိတ် တစ်နေရာရာမှာ ချထားခဲ့၊ ဒါမှမဟုတ်လဲ တစ်ယောက် ယောက် ကို ပေးလိုက် ကြားလား”

“ဗျာ..မမ”

“ဗျာတွေ ဘာတွေ လုပ်မနေနဲ့ ချစ်ပွင့်၊ ငါ ပြောတဲ့အတိုင်းသာ လုပ်စမ်း၊ နင် မြန်မြန်သွား၊ ကလေးကို မွေး ပြီးပြီးချင်း ဆုံးသွားတယ်လို့ ပြောထားတယ်၊ မအုံးကိုလဲ အပေါ်ထပ် ဘုရားခန်းမှာ ခိုင်းထားလို့ ကလေး အသက်ရှင်တာ သူ မသိဘူး၊ဒီကလေးအကြောင်း အိမ်သားဆိုလို့ နင်နဲ့ ငါ နှစ် ယောက် တည်းသိတာ၊ ကဲ..နင် သွားတော့ ၊ နှုတ်တော့ လုံပစေနော်၊ ရော့…ဒါက နင့်ဖို့”

ဒေါ်တင်မမကို မလွန်ဆန်နိုင်သော ဦးချစ်ပွင့်မှာ ကလေးကိုပါပွေ့၍ အိမ်ပေါ်မှ ဆင်းလာခဲ့ရသည်။

ကားပေါ်တွင် ရင်ခွင်ထဲက ကလေးကို ငုံ့၍ ငုံ့၍ ကြည့်ရင်းက ရင်ထဲမှာ တလှိုက်လှိုက် ခုန်ရသည်။

“မျက်နှာလေးက မောင်နိုင်နဲ့ တစ်ထေရာတည်းပါလား၊ သြော်..အ ဖြစ်ဆိုးလှတဲ့ ကလေးတွေ ရယ်”

ဦးချစ်ပွင့် သမီးလေးကို ဘယ်သူ့လက်ထဲမှ မထည့်ရက်တော့ပေ။

*****

မောမောနှင့် အိပ်ပျော်သွားသော ဖြူမှာ အိပ်ရာမှာ နိုးလာသည်နှင့် ..

“ကလေး..ကလေးရော၊ ဖြူ့ သမီးလေးရော”

ဒေါ်တင်မမ စိတ်မကောင်းသော အသွင်ဖြင့် သူ့သမီးကို ငေးကြည့်နေသည်။

“ဟင်..မေမေ၊ သမီးရဲ့ ကလေးရော၊သမီး ချီထားချင်တယ် ပေးပါ”

“ကလေးက အသက်မရှင်ဘူး သမီးရယ်”

“ဟာ…မ ဖြစ်နိုင်ဘူး၊အဲဒါ မေမေ ညာတာ၊ သမီးဒီကိုယ်ဝန်ကို ဘယ်လောက် စောင့်ရှောက်ခဲ့သလဲ၊ ကျန်းမာရေး လဲ ကောင်းတာပဲ၊ မ ဖြစ်နိုင်ဘူး၊ လုံးဝ မ ဖြစ်နိုင်ဘူး”

“မေမေ မညာပါဘူး သမီးရယ်..ကလေးက သိပ်အားနည်းတယ်၊ ပြီးတော့ ရေကလည်း မွန်းလာတော့ အပြင်ရောက်ပြီး မကြာခင်ဘဲ ဆုံး သွားပါတယ်ကွယ်”

“မယုံဘူး..မယုံဘူး၊ဒါဆိုလည်းး သမီးကြည့်မယ်၊ သမီးကိုပြ”

“အို…မဟုတ်တာ သမီးရယ်၊ သမီး သွေးနုနုနဲ့ ကြည့်လို့ ဘယ် ဖြစ်မလဲ၊ သွေးတတ်သွားမှာ ပေါ့၊ ညတွင်းချင်းပဲ မြှုပ်ပစ်လိုက်ရတယ် သမီးရဲ့ ”

“ရက်စက်လိုက်ကြတာ၊ အမယ်လေး…သမီးရေ”

ဖြူ သတိလစ်မတတ် ဖြစ်သွားတော့ ဒေါ်တင်မမတို့ ဒေါ်အုံးတို့ပျာပျာသလဲ ဖြစ်ကုန်ကြသည်။ ဒေါ်အုံးခမျာလည်း မျက်ရည်လည်ရွဲနှင့် မယုံနိုင်အောင် ခံစားနေရသည်။ ဖြူ့ကို ဖက်တွယ်ပြုစုနေသော သူ့ကို ဆရာကတော် က

“သမီး မွေးရဖွားရ လွယ်အောင် မအုံးက အပေါ်ထပ် ဘုရားခန်းမှာ သွားပြီး ပန်းရေချမ်းကပ်ပြီး ဆုတောင်းမေတ္တာပို့ပေးပါ၊ တတ်သမျှ မှတ်သမျှလေးလဲ ရွတ်ဖတ်ပါဦး၊ မမက စိတ်လှုပ်ရှားနေလို့ပါ”

ဆိုသဖြင့် သူ အပေါ်ထပ် ဘုရားခန်းတွင် စိုးရိမ်ကြီးစွာ အချိန်ကုန်ခဲ့ရသည်။ အတန်ကြာမှ ဒေါ်တင်မမ တက်လာပြီး-

“မွေးပြီ၊ ကလေးက အသက်မပါဘူး၊ သမီးအတွက်တော့ စိုးရိမ်စရာ မရှိဘူး၊ တော် သေးတာပေါ့”

ဟု ဆိုမှပင် မွေးဖွားပြီးကြောင်း သိရသည်။ သူ အောက်ဆင်းလာတော့ ကလေးပင် မြှုပ်ပြီးသွားချေပြီ။

ထိုကိစ္စတွေ ပြီး၍ တစ်နှစ် မကြာခင်ပင် ဦးခင်မောင်ဦး ပင်စင်တင်၍ ရန်ကုန်သို့ ပြောင်းပြီး အခြေချ ဖြစ်ခဲ့ကြသည်။ ဒေါ်တင်မမအဖို့ သူ့သမီးလေးကို ရေပြောင်း မြေပြောင်းတွင် ဘ၀ပါပြောင်းပေးကာ ယခင် ဖြူစင်ဦးဘ၀သို့ ပြန်လည် ရောက်ရှိရန် အဖန်ဖန် ကြိုးစားပါသော်လည်း…

*****

“သမီးကို ဒေါက်တာကျော်ဝေက မေတ္တာရှိနေလို့တဲ့”

ဒေါ်တင်မမ နှုတ်ဖျားမှ သတင်းစကားသည် ကာယကံရှင်ဖြူ့ကို တိုက်ရိုက်ပြောနေခြင်း မဟုတ်။ ခင်ပွန်းသည် ဦးခင်မောင်ဦးကို တိုင်ပင်သယောင် ပြုနေခြင်းသာ ဖြစ်သည်။ ဖြူ မသိအောင် တိုးတိုးတိတ်တိတ် တိုင်ပင်နေခြင်းမျိုးလည်း မဟုတ်။ ဖြူ့ကို အရုပ်ကလေးတစ်ရုပ်နှယ် တန်ဖိုးထားကာ သဘောထားရယူခြင်း မပြုတော့ဘဲ စိတ်တိုင်းကျ စီမံချယ်လှယ်ရန် တွေးတောကြံဆနေကြခြင်းသာ ဖြစ်သည်။

“ဘယ်ဒေါက်တာလဲ တင်တင်ရဲ့ ”

“ဟာ..ကိုကလဲဘယ်ဒေါက်တာ ရှိသေးလို့လဲ၊ အရင်တစ်ခါ တင်တင် အဆုပ်အအေးမိတုန်းက ကုတဲ့ ဆရာဝန်လေးပေါ့၊ အဲဒီ ကတည်းက သမီးကို မြင်ပြီး သဘောကျနေတာ၊ အခု လက်ထပ်ပါရစေလို့ ခွင့်တောင်းနေတယ်”

“အဲဒါ တင်တင့်ကို ဘယ်သူက ပြောတာလဲ”

“ဟာ..ကိုကလဲ မေ့တတ်လိုက်တာ၊ ကို့ကို တင်တင်မိတ်ဆက်ပေးဖူးတယ်လေ၊ သူ့အမေက တင်တင်နဲ့ ကျောင်းနေဖက် အေမီတဲ့၊ အေမီက တင့်တင့်ဆီ လာပြီး စကားတောင်းတာပေါ့၊ ပထမ ဆရာဝန်လေးနဲ့ တွေ့ ခါစ ကတော့ အေမီ့သားမှန်း တင်တင်မသိပါဘူး၊ နောင်မှ စကားစပ်မိပြီး သူငယ်ချင်းရဲ့ သားမှန်းသိတာ၊ အေမီက ဒီမှာ နေတာမှ မဟုတ်တာ၊ နယ်မှ တာဝန်ကျတဲ့ သမီးဆီ လိုက်နေတာ၊ အခု ရန်ကုန်လာတုန်း တင့်တင့်ဆီ အဲဒီ ကိစ္စကို အပူတပြင်း ပြောနေတယ်”

“ဒီတော့ တင်တင်က ဘာပြောလိုက်လဲ”

“အဖေကြီးနဲ့ တိုင်ပင်ပါရစေဦးလို့ ပြောရတာ ပေါ့၊ သမီးရှင်ပဲ ကိုရဲ့ ၊ နည်းနည်း တော့ ဈေးကိုင်ထားရတာ ပေါ့၊ ကောင်လေးက ဘာမှပြောစရာ မရှိဘူး၊ တင်တင်တော့ သဘောကျတယ်၊ အေမီကလဲ တင်တင်တို့ဘက်က အဆင်ပြေရင် အမြန်ဆုံး စီစဉ်ချင်တယ်တဲ့”

“တင်တင်နဲ့ ကိုယ် သဘောတူတိုင်း ဖြစ်မလားကွယ့်၊ သမီးရဲ့ ဆန္ဒကိုလဲ မေးဦးမှပေါ့”

“ဒီမှာ အဖေကြီး၊ ရှင် မမှတ်သေးဘူးလား၊ သမီးဆန္ဒကို ဘာမှမေးနေစရာ မလိုဘူး၊ ဂုဏ်သရေရှိရှိ တင့်တင့်တယ်တယ် စီမံတာ ဘာမှမေးနေစရာ မလိုဘူး၊ ဒေါက်တာ ကျော်ဝေလို လူမျိုးကိုလည်း ဘာဆန္ဒမှ ခံယူနေစရာ အကြောင်းမရှိဘူး၊ ပြီးတော့ တင်တင်တို့ သမီးက လိမ္မာနေပြီ၊မိဘစကားကို နားထောင်မှာ သေချာတယ်၊ အဖေကြီး ဘာမှ မလိုအပ်တာတွေ လျှောက်ပြောမနေနဲ့ ၊ တင်တင်က အဖေကြီး ဆန္ဒကိုပဲ မေးတာ”

“ကဲပါ…ကျောင်းအစ်မရယ် ကျုပ်ဆန္ဒ ကတော့ ပြောနေစရာလိုသေးလား”

“ဒါဆိုပြီးရော”

နောက်ရက်များ တွင် တော့ ဖြူ့ကို တရားဝင် အသိပေးပြီး ဒေါ်တင်မမမှာ သူငယ်ချင်း ဖြစ်သူ ဒေါ်အေမီနှင့် လမ်းချည်းထွက်နြေ ကတော့သည်။ ဗေဒင်မေးကြ၊ နေ့ရွေးကြ၊ အသုံးအဆောင်ပစ္စည်းတွေ ၀ယ်ကြနှင့် နေ့စဉ်ရက်ဆက် အလုပ်ရှုပ်နြေ ကတော့သည်။

ဒေါက်တာကျော်ဝေမှာ မိခင်နှင့် သည်အိမ်သို့ လိုက်ပါလာတိုင်း ဖြူစင်ဦးကို ဘယ်အခါမှ ကြာကြာမတွေ့ ရ ။သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်လို ခဏတစ်ဖြုတ်သာ တွေ့ လိုက်ရသည့်အပြင် တစ်ကြိမ်တစ်ခါမျှပင် မျက်လုံးချင်း ဆုံခွင့်ပင် မရခဲ့သည်မို့ အားမလိုအားမရနှင့် မချင့်မရဲ ဖြစ်နေရှာသည်။

*****

အိမ်တွင် ဦးခင်မောင်ဦးက လူရိုး လူအေး၊ သူ့စာကြည့်ခန်းထဲတွင် စာအုပ်ပုံတစ်ပုံ၊ ဆေးတံတစ်လက်ဖြင့် သာ အပူအပင်ကင်းကင်း နေတတ်သူ။ ဒေါ်အုံးက ဘုရားစင်မှအစ မီးဖိုချောင်အဆုံး တစ်အိမ်လုံးကို တာဝန်ယူရသူ ဖြစ်ပြီး ဒေါ်တင်မမ ကတော့ ရတနာပွဲစား အလုပ်ဖြင့် လမ်းအထွက်ရဆုံး ဖြစ်သည်။ တစ်ခါတစ်ရံ သူ့ရတနာများ ကို စိတ်ရှည် လက်ရှည် မှတ်ဘီလူးတစ်လက်ဖြင့် ဖြူ့ကို အနားမှာ ခေါ်ပြီး သင်ကြားပြသပေး တတ်သေးသည်။ ထိုစဉ်က တာဝန်အရသာ ထိုင်ကြည့်နေရသော်လည်း ဖြူစိတ်ဝင်တစား မရှိခဲ့။

တစ်နေ့ အိမ်တွင် ဖေဖေရော မေမေပါ မရှိချိန် ဘယ်သူမှ မျှော်လင့်မထားသော အလုပ်တစ်ခုကို ဖြူ လုပ်လိုက်မိသည်။ ဧည့်ခန်းတွင်းသို့ စိတ်လိုလက်ရ ဆင်းပြီး မှတ်စုစာအုပ်ထဲမှ လိပ်စာများ နှင့် တယ်လီဖုန်းလမ်းညွှန်များ ရှာဖွေပြီး တယ်လီဖုန်းဆက်ရန်ပြင်နေသော ဖြူ့ကို ဧည့်ခန်း အလှစိုက်ပန်းအိုးလဲ နေသော ဒေါ်အုံးက တအံ့တသြ ကြည့်နေသည်။ သည်တယ်လီဖုန်းသည် ဒေါ်တင်မမ တစ်ယောက် သာ အရောင်းအ၀ယ်ကိစ္စအတွက် အများ ဆုံး အသုံးပြုပြီးဖြူ့ ကို တစ်ကြိမ်တစ်ခါမျှ တယ်လီဖုန်းနှင့် တွဲ လျက် မမြင်ခဲ့ဖူး၍ လည်း ဖြစ်သည်။

“ဘယ်သူ့ဆီ ဆက်မလို့လဲ ဖြူ”

ဟု ဒေါ်အုံးက မေးလိုက်ရာ…

“ဒေါက်တာကျော်ဝေ့ဆီကိုပါ”

ဆိုတော့ ဒေါ်အုံး ပိုအံ့သြရသည်။ ဇဝေဇ၀ါနှင့် အသာကြည့်နေရင်း ဖြူလေး ဘာကိစ္စနဲ့ များ ဒေါက်တာကျော်ဝေ့ဆီ ဖုန်းဆက်ပါလိမ့်။ သည်လို စိတ်ပါလက်ပါ လှုပ်ရှားနေတာကို မမတွေ့ ရင် သိပ်ဝမ်းသာ မှာ ပဲဟု တွေးနေရင်းက တစ်ဖက်ကလည်း နားလည်ရခက်သော ဖြူစင်ဦးကို စိတ်မချနိုင်ပြန်။

ခဏကြာသော အခါ ဒေါက်တာကျော်ဝေ သူ့ကားလေးနှင့် ပေါက်ချလာသည်။ ကားပေါ်က ဆင်းလာသော သူ့အသွင်သည်သွက်လက်မြူးကြွ၍ လိုချင်လွန်းသော ကစားစရာလေးတစ်ခုကို ရုတ်တရက် ရလိုက်သော ကလေး တစ်ယောက် နှယ် ရှိနေသည်။

ဧည့်ခန်းအ၀င်တွင် အသင့်စောင့်ကြိုနေသော ဖြူ့ကို တွေ့ လိုက်ရသည့်ခဏ ကိုယ်ရှိန်အနည်းကယ်သတ် ကာ လေးစားမြတ်နိုးမှု အပြည့်ဖြင့် ကြည်ကြည်လင်လင် ပြုံးပြနှုတ်ဆက်လိုက်သည်။

“ဖြူ နေကောင်းတယ်နော်၊ ဒေါ်ဒေါ်တို့ကော”

“မေမေရော ဖေဖေပါ အပြင် သွားပါတယ် ဒေါက်တာ”

“ဖြူ ကျွန်တောကို…”

ဒေါက်တာကျော်ဝေ ဘာဆက်ရမှန်း မသိသေးဘဲ စဉ်းစားနေတုန်း…

“ဖြူ ဒေါက်တာနဲ့ စကားအေးအေးဆေးဆေး ပြောချင်လို့ ဖုန်းဆက်ခေါ်လိုက်ရတာ ပါ၊ အနှောင့်အယှက် ဖြစ်သွားရင် ဖြူ့ကို ခွင့်လွှတ်ပါ ဒေါက်တာ”

ဖြူက လေးလေးစားစား ပြောတော့ ဒေါက်တာကျော်ဝေ ပျာပျာသလဲနှင့်

“ဟာ…မဟုတ်တာ ဖြူရယ်၊ ကျွန်တော် လဲ ဖြူနဲ့ တွေ့ ချင်နေတာပါ၊ ကျွန်တော် ကတောင် ဖြူ့ကို ကျေးဇူးတင်နေပါသေးတယ်”

“ဖြူ ဒေါက်တာ့ကို ပြောစရာတွေ အများ ကြီးရှိနေပါတယ်”

“ကျွန်တော့ကို ဒေါက်တာ ဒေါက်တာနဲ့ မခေါ်ပါနဲ့ ဖြူရယ်၊ အရင်းနှီးဆုံး ဖြစ်လာမယ့်သူ နှစ် ယောက် အတွက် သည်နာမ်စားကြီးဟာ သူစိမ်းဆန်လှပါတယ်၊ ဖြူနဲ့ ကျွန်တော် လက်ထပ်ဖို့အချိန် လပိုင်းပဲလိုပါတော့တယ်”

“ဟုတ်ပါတယ်…လက်ထပ်ဖို့ လပိုင်းပဲ လိုတော့တဲ့ သူနှစ် ဦးရဲ့ ကြားမှာ နားလည်မှု တွေ အများ ကြီး လိုနေ ကြပါသေးတယ်၊ ဖြူ ဒေါက်တာ့ကို အသိပေးစရာ စကားတွေ အများ ကြီးရှိနေတယ် ဒေါက်တာ၊ အဲဒီ စကားတွေ ပြောလိုက်ရမှလဲ ဖြူ လိပ်ပြာသန့်မယ်၊ ပြီးတော့မှ ဒေါက်တာ စဉ်းစားဆုံးဖြတ်ပါ၊ ဒေါက်တာ ဆုံးဖြတ်ချက်ကို ဖြူ လိုက်လျောဖို့ အဆင်သင့်ပဲ၊ အရာရာဟာ ဒေါက်တာ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်ရပါစေ့ မယ်၊ အဲဒီ အချိန်ကျရင် ဒေါက်တာ ဖြူ့အပေါ် အထင်ကြီးခဲ့သမျှကို နောင်တရသွားမှာ ပါ”

“ဖြူ ပြောတာတွေ ကို ခုချိန်ထိတော့ ကျွန်တော် နားလည်နိုင်စွမ်း မရှိသေးတယ အမှန်ပဲ၊ ကျွန်တော် ကတော့ ဘာပဲ ဖြစ် ဖြစ် ဖြူနဲ့ စကားပြောခွင့်ရတာ ကိုပဲ ၀မ်းသာအားရနဲ့ ပြေးလာတဲ့သူပါ၊ ဘာမဆို ကျွန်တော့် ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်၊ ကျွန်တော် ဟာ ဖြူ့ကို တစိမ့်စိမ့်ချစ်ပြီး မေတ္တာစစ်နဲ့ မြတ်နိုးလာတဲ့သူပါ၊ ဖြူ ကတော့ ကျွန်တော့အပေါ် အာရုံဝင်စားမိမှာ မဟုတ်ပါဘူး၊ အခုလို အခြေအနေရောက်လာတာလဲ ကျွန်တော့် ရဲ့ တစ်ဖက်သတ်လှုံ့ဆော်မှု နဲ့ ဖြစ်လာတာပါ၊ ဒါဆိုရင် ကျွန်တော့်  မေတ္တာကို ဖြူ အဘောပေါက်လောက်ပါတယ်နော်၊ ကျွန်တော် လဲ ဖြူ့ကို နားလည်ချင်ပါတယ် ဖြူ”

“စိတ်ချပါ ဒေါက်တာ၊ ကျွန်မ ဒီအတွက်ပဲ ဒေါက်တာ့ကို တကူးတက ဖုန်းဆက်ခေါ်ရတာ ပါ၊ ကျွန်မတို့ ခြံထဲကို သွားပြီး အေးအေးဆေးဆေး ပြောကြရအောင်လား”

ဧည့်ခန်းထဲမှ ညင်သာစွာ ထွက်ခွာသွားကြသော သူတို့နှစ် ဦး၏ ကျောပြင်များ ကို ခန်းဆီးနောက်ကွယ်မှ လှမ်းငေးနေရာမှ တစ်စုံတစ်ရာကို တွေးမိပြီး ဒေါ်အုံး စိတ်ပူပန်သွားသည်။

ခြံထဲမှ ကံ့ကောင်ပင်အောက် ခုံတန်းလျားလေးပေါ်တွင် သူတို့နှစ် ဦး ခပ်ခွာခွာ ထိုင်လိုက်ကြသည်။ ဒေါက်တာကျော်ဝေက ဖြူ့မျက်နှာကို ငေး၍ ဖြူ ပြောသည့်စကားစုကို ဂရုတစိုက်နားထောင်စဉ် ဖြူက လွန် ခဲ့သော ငယ်ဘ၀ အတိတ်စာမျက်နှာများ ကို မခြွင်းမချန် လှစ်ဟသည်။

ဖြူ့မျက်ဝန်းများ မှာ ကြေကွဲ ဆွေးမြေ့ရိပ်များ ဖြင့် ရောယှက်ရီဝေနေပြီး သမီးဦးလေးမွေးသော ညဥ့်ဦး၏ ခံစားမှု တွင် မူ ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက် လျှံကျလာခဲ့သည်။ ချက်ချင်း ပင် လက်ကိုင်ပ၀ါလေးဖြင့် ပွတ် သုတ်လိုက်ပြီး အထီးကျန် ရှင်သန်နေရသည့် ကာလတွင် တော့ ပါးပြင်ဝင်းဝင်းတွင် မေးကြောစိမ်းစိမ်းကလေး ရှိန်းခနဲ ရှိန်းခနဲ ထင်လာသည်ကို ဒေါက်တာကျော်ဝေ မမှိတ်မသုန် ငေးကြည့်နေမိသည်။

ဖြူ့ အတိတ်ဇာတ်လမ်းများ ကို ကြားနေရသော ဒေါက်တာကျော်ဝေမှာ ဟုတ်မှဟုတ်ပါလေစဟု အံ့သြမှု ၊ နှမြောတသမှု ယူကျုံးမရမှု တွေ ရောပြွမ်းကာ ရင်ထဲတွင် တင်းတင်းကျပ်ကျပ် ဆို့နင့်နေသည်။ ဖြူ့စကားဆုံး သော ခါတွင် တော့ နှစ် ဦးစလုံး ငိုင်သွားကြသည်။ ဖြူ့မျက်ဝန်းများ မှာ လည်း အတိတ်တွင် ကျန်ရစ်ခဲ့ဟန်တူ သည်။ တစ်ယောက် မျက်နှာ တစ်ယောက် ငေးနေကြရာမှ စတင် လှုပ်ရှားလာသူမှာ ဒေါက်တာကျော်ဝေ ဖြစ် သည်။

“ဖြူ.. ဒါတွေ ဟာ တကယ်ပဲပေါ့နော်၊ ကျွန်တော် သိပ်အံ့သြသွားတယ်”

“တကယ့်အ ဖြစ်တွေ ပါ ဒေါက်တာ၊ တစ်သက်လုံး လက်တွဲ သွားရမယ့်သူကို ဖြူ အရာရာကို ဖုံးကွယ်ပြီး ပရိယာယ်နဲ့ သတိထားပြီး ပေါင်းမနေချင်ဘူး၊ အဲဒီ လို ပေါင်းသင်းနေတာထက် ကျွန်မဘ၀က ဒီလို ဖြစ်ခဲ့ပါ တယ်လို့ ပြောပြီး လမ်းခွဲတာက ပိုပြီး သန့်ရှင်းမယ်ထင်လို့ပါ၊ ဒါကြောင့် ဒေါက်တာ့ကို နောင်တရလာမှာ ပါ လို့ ဖြူ ပြောခဲ့တာပေါ့”

ဒေါက်တာကျော်ဝေက ဖြူ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်ကာ အားယူ၍ ပြုံးလိုက်သည်။ ထိုအပြုံးတစ်ချက်သည် ဖြူ့ရင်ကို အမှန်ပင် လှိုက်ခနဲ ဖြစ်သွားစေပါ၏ ။ ဒေါက်တာကျော်ဝေ့မျက်နှာပြင်ပေါ်မှ အပြုံးကို ယခုတစ်ကြိမ်သာ ဖြူ စေ့စေ့စပ်စပ်ကြည့်မိရာမှ ဖြစ်ပေါ်လာသော ခံစားမှု ပင်။ ဒေါက်တာကျော်ဝေ ပြုံးလိုက်သော အခါ ရွှန်းလက်တောက်ပသွားသော မျက်ဝန်းများ နှင့် နှုတ်ခမ်းရဲရဲများ အောက်မှ ဖြူဖွေးညီညာ သော သွားများ ၏ အစွန်းနှစ် ဖက်တွင် သွားတတ်ချွန်ချွန်ကလေး တစ်ဖက်တစ်ချက်စီ ပြူထွက်လာပုံက မိန်း ကလေးများ အဖို့ ရင်ခုန်စရာပင်။

“ဖြူက ကျွန်တော့် ကို လျှော့တွက်ထားတာကိုး၊ ကျွန်တော် အံ့သြသွားတာက ဒီလောက်ဖြူစင်နုနယ်တဲ့ မိန်းကလေး တစ်ယောက် ရဲ့ ဘ၀မှာ အရွယ်နဲ့ မမျှတဲ့ အတွေ့ အကြုံတွေ ၊ ဒဏ်ရာဒဏ်ချက်တွေ ရှိခဲ့ရရှာပါ လား ဆိုတာကိုပါ ၊ ကိုယ်သိပ်ချစ်ခဲ့ရတဲ့ ချစ်သူ တစ်ယောက် အတွက် နှမြောမိခဲ့ရတာ ကတော့ အမှန်ပဲ ဖြူ၊ အဲဒါကို ကျွန်တော် မလိမ်ချင်ဘူး၊ ဒါပေမယ့် ကျွန်တော် ဖြူ့ကို စိတ်မပျက်သွားတာ၊ စွန့်လွှတ်လိုက်ဖို့ စိတ်ကူးပေါ်မလာတာကိုတော့ ကျွန်တော့် ကိုယ် ကျွန်တော် လဲ အံ့သြရပါတယ်၊ ကျွန်တော် ဖြူ့အပေါ်မှာ ထား တဲ့ မေတ္တာကို ကျွန်တော့် နှလုံးသား မှတ်ကျေက်နဲ့ တင် ကျွန်တော့် ဘာသာလုံလောက်သွားပြီ ထင်ပါရဲ့ ဖြူရယ်၊ ဖြူ့ကို ကျွန်တော် အရင်ကထက် ပိုချစ်မှာ ပါ၊ ဖြူ့သတ္တိ၊ ဖြူနှလုံးသားကို ကျွန်တော် ပိုလေးစားမိလာ ပါတယ်ဆိုတာ ဖြူ နားလည်လိုက်ပါတော့ နော်”

“အို…ဒေါက်တာရယ်”

“ဖြူ”

“ရှင်…ဒေါက်တာာ”

“ဖြူ စောစောက ပြောခဲ့တယ်လေ၊ ဖြူ ပြောပြီးရင် ကျွန်တော် ကြိုက်သလို ဆုံးဖြတ်ပါ၊ ဖြူ လိုက်လျောဖို့ အဆင်သင့်ပဲလို့”

“ဟုတ်တယ်လေ၊ ဒေါက်တာက ဘာ ဖြစ်စေချင်လို့ပါလဲ”

“အဲဒီ ဒေါက်တာ ဒေါက်တာ ဆိုတာကြီး ဖယ်လိုက်တော့လေ၊ ဒါ ဆေးခန်းမှ မဟုတ်ဘဲ၊ ယောက္ခမခြံထဲမှာ ဟာကို”

“အို…ဒေါက်တာကလဲ”

“လုပ်ပြန်ပြီ”

“ဒါဆို ဘယ်လိုခေါ်စေချင်လဲဟင်”

“ကိုကို သို့မဟုတ် မောင်ပေါ့”

*****

ဖြူနှင့် ကိုကို အိမ်ထောင်ကျပြီး နှစ် နှစ် အကြာတွင် သားလေး ရဝေကို ဖွားမြင်ခဲ့သည်။

အရာရာတွင် ဖြူ့အပေါ် နားလည်ညှာတာသော ၊ ချစ်မက်မြတ်နိုးသော ကိုကိုနှင့် ကိုကို့အပေါ် တွယ်တာ အားကိုးသော ၊ လေးစားယုံကြည်သော ဖြူတို့၏ အိမ်ထောင်ရေး သည် အစဉ်ချောမွေ့ အဆင်ပြေနေတော့ သည်။ ဖြူတို့မိသားစု၏ ပျော်ရွှင်အေးချမ်းဆုံးသော အချိန်ကာလများ ကို ညွှန်ပြပါဟုဆိုလျှင် ဒေါက်တာကျော် ဝေ ဖြူ့အနားမှာ ရှိနေသော ကာလများ ဟု ဆိုရမည် သာ။

ဖြူ့ဖေဖေနှင့် မေမေတို့သည် အသက်အရွယ် ရင့်လာကြသည်နှင့် အမျှ ရှေ့ဆင့်နောက်ဆင့် တဖြုတ်ဖြုတ် ကြွေကုန်ကြသည်။ ဖေဖေ မေမေတို့ မရှိချိန်တွင် ဖြူချစ်သော ကိုကိုနှင့် ကိုကိုနှင့် ဖြူတို့၏ နှလုံးသည်းပွတ် ဖြစ်သော သားလေးတို့ကြောင့် သာ ဖြူ့ဘ၀ တစ်ဖန်ရှင်သန်ခွင့်ရနေခြင်း ဖြစ်သည်။

မှတ်မှတ်ရရ သားလေးရဝေ ခုနှစ် နှစ် ပြည့် မွေးနေ့ လုပ်ပြီး နောက်နေ့တွင် ဖြူကိုယ်တိုင် သားအဖနှစ် ယောက် အတွက် ဆင်တူထိုးပေးထားသော အညိုနှင့် အ၀ါရောင် စပ်ကြား သိုးမွှေးဆွယ်တာလေး များ ကို နံနက်စောစော နှင်းမြူများ ပိတ်ဖုံးနေချိန်တွင် ဖြူကိုယ်တိုင်ပင် ၀တ်ဆင်ပေးခဲ့မိသည်။ ဖခင်နှင့် သား ကိုယ်ပွားနှစ် ခုနှင့် ကလူ့ကျီစယ်နေစဉ်မှာ ပင် ဆေးရုံမှ အရေး တကြီး လူနာကြည့်ရန်အတွက် ဖုန်းဆက်အကြောင်းကြားသည်။

ထို့ကြောင့် ဒီဇင်ဘာ ဆောင်းရက်နံနက်ခင်း နှင်းတွေ ဖုံးပိတ်နေသော ကာလတွင် ဖြူနှင့် သားကို လက်ပြ နှုတ်ဆက်ကာ ကားမောင်းထွက်ခွာသွားသော ကိုကို့ကို ဖြူတို့ နောက်ဆုံး တွေ့ မြင်လိုက်ရချိန်မှန်း ဖြူတို့ နောက်မှ သိခဲ့ရသည်။

ကားပေါ်မှ ချစ်ခင်ပြုံးရွှင်စွာ ဖြင့် လက်ပြနှုတ်ဆက်သွားသော ကိုကို့ကို ဖြူတို့သားအမိအတွက် တစ်သက် တာ နှုတ်ဆက်ခြင်းဟု နာရီအနည်းငယ်အတွင်းမှာ ပင် ဖြူ ကြားသိလိုက်ရသော ကာလ၌ ဖြူ့ကမ္ဘာလေး ဒုတိ ယအကြိမ် ပြိုကွဲပျက်စီးကာ တစ်စစီ လွင့်စင်ခဲ့ရပြန်လေသည်။

ဖြူ့ဘ၀မှာ ယခင်ကအတိုင်း ပြန်လည်ခြောက်သွေ့လာပြန်သည်။ ကျေးဇူးရှင် ကိုကိုသည် သူနှင့် တူသော သားလေးကို အမွေပေးကာ ဖြူ့ကို လုံးဝယုံကြည်စိတ်ချကာ အပ်နှံသွားပြီမို့ သည်သားငယ်သည် ဖြူ့အတွက် နှလုံးသည်းပွတ် လည်ဆွဲရတနာ။

သည်သားငယ်သည်ပင် ဖြူ့ဘ၀၏ တစ်ခုတည်းသော တွယ်တာရှင်သန်ရန် အားမာန်။

အကြိမ်ကြိမ် သင်ခဲ့ရသော ကံကြမ္မာမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံ၍ သားကောင်းမိခင်ပီသစွာ ဖြူ့ဘ၀ကို ရင်ဆိုင်ခဲ့ရသည်။

သို့သော် တစ်သက်လုံး မိဘအရိပ်၊ ခင်ပွန်းသည်အရိပ်တွင် မပူမပင် မကြောင့် မကြ နေလာခဲ့ရသော ဖြူမှာ စားဝတ်နေရေး အတွက် ကိုယ့်ဝန်ကိုယ်ထမ်းရန် အိမ်ထောင်ဦးစီးဟူသည့် တာဝန်ကြီး ပခုံးပေါ်ပိလာသည့်အခါတွင် ရုတ်တရက်တော့ ယောင်လည်လည် ဖြစ်သွားရသေးသည် ထိုအချိန်တွင် ဖြူ့မှာ ပတ်ဝန်းကျင်ကောင်း အသိုင်းအ၀ိုင်းကောင်းတို့ ကံကောင်းထောက်မစွာ ရှိနေကြခြင်းက ဖြူ့ဘ၀အတွက် တအားပင်။ တစ်ဖက်ခြံမှ ဦးစိုးလှိုင်နှင့် ဒေါ်ခင်ခင်တို့ မိသားစုက ဖြူ့အတွက် ဆွေမျိုးသားချင်းရင်းချာသဖွယ် ယုံကြည်အားထားရသော မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြသည်။ စီးပွားရေး အနေနှင့် မေမေ့ထံမှ စိတ်မပါ့တပါ သင်ခဲ့ရသော ရတနာပွဲစားအလုပ်ကို မရဲတရဲ လုပ်ကိုင်ရင်းကပင် နောက်ဆုံး ဖြူ တစ်ယောက် ပွဲစားဘ၀သို့ လုံးဝ ရောက်ရှိသွားခဲ့ရသည်။

အေးအေးချမ်းချမ်းနှင့် တစ်ယောက် တည်း တွေ ဝေ ငေးမောနေချင်သော ဖြူ့မှာ သူမဆန္ဒနှင့် ဆန့်ကျင်သော လုပ်ငန်းကို သူမသားလေး ဘ၀ရှေ့ရေး အတွက် အားတတ်သရော လုပ်ကိုင်ဆောင်ရွက်ခဲ့ရ သည်။ တစ်ဖက်သားအပေါ် တန်ဖိုးထားသော ၊ ယုံကြည်လေးစားတတ်သော ၊ ရိုးသားအေးဆေးသော ဖြူသည် ပွဲစားလောကသားများ အားလုံးကို သူ့လိုပင် အထင်ရှိသည်။ အားလုံးအပေါ် ယုံယုံကြည်ကြည် ဆက်ဆံတတ်သည်။

ဖြူ့ဘ၀တွင် သားလေးနှင့် ပတ်သက်သည့် အကြောင်းအရာများ မှအပ အခြားနှလုံးသားခံစားမှု မရှိခဲ့ရိုးအမှန်ပင်။ ယနေ့ ညဦးပိုင်း ဒေါ်ခင်ခင်တို့ ဘုရားကိုးဆူပွဲ မသွားခင်အချိန်အထိ ပကတိငြိမ်သက်ခဲ့သော ဖြူ့ဘ၀တွင် ....

*****

“မေမေ….မေမေ”

ရဝေ့အသံကြောင့် ဖြူ့ အတွေးအာရုံကြောတွင် နစ်မျောနေရာမှ ပြန်လည်နိုးထလာသည်။ ရဝေ အခန်းဝမှ နေ၍ ဖြူ့ ခုတင်ရှိရာသို့ လျှောက်လာပြီး လဲလျောင်းနေသော မိခင်ဘေးတွင် မတ်တတ်ရပ်၍ ငုံ့ကြည့်လိုက်သည်။

“မေမေ့အခန်းထဲမှာ မီးဖွင့်ပြီး ငြိမ်နေလို့ မေမေ အိပ်ပျော်နေပြီလားလို့”

“မအိပ်သေးပါဘူး သားရယ်၊ မေမေ မှိန်းနေတာပါ၊ သားက မေမေ မီးပိတ်ဖို့မေ့ပြီး အိပ်ပျော်သွားတယ် ထင်လို့လား”

“အင်းပေါ့…မေမေရဲ့ ၊ ရဝေ ကျူရှင်က ပြန်လာတော့ မေမေ့အခန်းဝကို တစ်ခါလာကြည့်သေးတယ်၊ အဲဒီ ကတည်းက မေမေ မှိန်းနေတာ ခုထိပဲ၊ မေမေ နေမကောင်းလို့လားဟင်”

“ကောင်းပါတယ် သားရဲ့ ၊ မေမေ ဘာမှမ ဖြစ်ပါဘူး”

“ဒါဆိုလဲ တစ်ခါတည်း အိပ်ပါတော့လား မေမေ၊ မနက်ကျတော့လဲ မေမေက အစောကြီး နိုးနိုးနေတာ”

“အေးပါကွယ်… သားရော ထမင်းစားပြီးပြီလား”

“စားပြီးပါပြီ၊ မေမေ အိပ်တော့နော် ရဝေ မီးမှတ်ခဲ့မယ်”

“အေးအေး…သားလဲ သိပ်ညဥ့်နက်မခံနဲ့ ဦးနော်”

“ဟုတ်ကဲ့ပါ…သား စာနည်းနည်း ကျက်ပြီး အိပ်မှာ ပါ မေမေ”

ရဝေက ခြင်ထောင်ကိုချက် အသေအချာ ဖိပေးပြီး မီးမှတ်၍ ထွက်ခွာသွားသည်။

ဖြူသည်လည်း သားကို တွေ့ လိုက်ရသည့်ခဏ အရာရာကို ဇွတ်မှိတ်ဖြေဖျောက်ကာ အိပ်ပျော်အောင် ကြိုးစားလိုက်တော့သည်။ မနက် မျက်စိနှစ် လုံးပွင့်သည်နှင့် လောကကြီးထဲတွင် ရင်ဆိုင်စရာ လောကဓံကိစ္စ အ၀၀အတွက် အားယူရဦးမည် မဟုတ်ပါလား။

*****

နေရာတကာ အလေအလွင့်မရှိအောင် စနစ်တကျ ထိန်းသိမ်း၍ စီမံခန့်ခွဲတတ်သော ဒေါ်အုံး တစ်ယောက် ရှိ၍ သာ ဖြူ့အဖို့ တစ်ဖက်တစ်လမ်း သက်သာနေခြင်း ဖြစ်သည်။ သူများ ဆယ်ရက်စာကုန်မည့်  မီးဖိုချောင်စ ရိတ်သည် ဒေါ်အုံးလက်တွင် ဆယ့်ငါးရက်စာမျှလုံလောက်သည်။ ဖြူ၏ ၀င်ငွေသက်သက်ဖြင့် သာဆိုလျှင် ဤ မျှစေ့ငှသော ဒေါ်အုံးပင် လောက်အောင် မသုံးနိုင်။ တစ်ခါတစ်ရံ အိမ်ရှိ ရွှေတို ရွှေစကလေးများ ကို ထုခွဲရသည်။ အိမ်မှာ ဘယ်လောက်အဆင်မပြေမှု ရှိရှိ ရဝေ မသိစေရ။ သားလေး၏ နှလုံးသားကို ဘ၀၏ ဒဏ် ရာဒဏ်ချက်များ မသင့်အောင် ဖြူအထူးဂရုစိုက်သည်။ အပူအပင်ကင်းကင်းဖြင့် ပညာသင်စေ၏ ။ စာရိတ္တ မယိုင်လဲအောင် အနီးကပ် စောင့်ရှောက်၍ မိခင်မေတ္တာအပြည့် အပ်နှံထားသည်။ အိမ်နှင့် ပတ်သက်၍ သော် လည်းကောင်း၊ စားဝတ်နေရေး နှင့် ပတ်သက်၍ သော်လည်းကောင်း ၊အရောင်းအ၀ယ်နှင့် ပတ်သက်၍ သော် လည်းကောင်း ကြုံတွေ့ လာရသော သော ကအရိပ်အယောင်ကို သားရှေ့တွင် လုံးဝ မယှက်သန်းစေရ။

ဖြူက သားကို ညှာသလို၊ ဖြူ့ကိုလည်း ဒေါ်အုံးက ညှာသည်။ ဖြူ့ကို ဒေါ်အုံးက သူဝမ်းနှင့် လွယ်မွေးထား ရသည့် သမီး တစ်ယောက် နှယ် မေတ္တာအကြင်နာထားသည်။ ဖြူ့သော ကသည် သူ့သော ကပင် ဖြစ်၏ ။ နံနက်မိုးလင်းလျှင် ဖြူတို့သားအမိအတွက် အဆာပြေတစ်ခုခု စီစဉ်ပေးပြီးလျှင် ဈေးသို့ပြေးရ။ သူ ဈေးပြန်လာမှ ဖြူ အရောင်းအ၀ယ်ကိစ္စ အပြင်ထွက်စရာရှိလျှင် ထွက်ရ၏ ။ဖြူ အလုပ် ဖြစ်၍ ငွေရလာလျှင် အချို့တစ်ဝက် သူ့လက်ကို အပ်၏ ။ ထိုအခါ သူက နေ့စဉ် ဈေးဖိုးအနည်းငယ်ကို ဖယ်ထားကာ လိုသမျှ မီးဖို ချောင်ပစ္စည်း အပြည့်အစုံကို ၀ယ်ဖြည့်ထားလိုက်၏ ။ လူသုံးဦးသာရှိသော အိမ်တွင် မကုန်ခန်းသင့်သည်ကို မကုန်ခန်းဘဲ စေ့စေ့စပ်စပ်နှင့် မျိုးမျိုးမြက်မြက်ကလေးစားရအောင် သူဖန်တီး၏ ။ အထူးသဖြင့် ကလေးတစ် ယောက် ဟု သတ်မှတ်ထားသော ရဝေ့အတွက်က အဓိက ဖြစ်သည်။ ရံဖန်ရံခါ အိမ်မှာ ငွေပြတ်နေလျှင် သူနှင့် ဖြူ့အတွက် အိမ်မှာ ဆောင်ထားသည့် ငါးခြောက်၊ ဘဲဥ၊ အာလူး စသည့် ဟင်းတစ်ခွက်ခွက် ဖန်တီးပြီး ရဝေကိုတော့ သူကြိုက်နှစသက် သော အသားတစ်မျိုးမျိုးကို အနည်းအကျဉ်းနှင့် ဟင်းကောင်းတစ်ခွက် ဖြစ်အောင်လည်း သူရှာဖွေချက်ပြုတ်တတ်၏ ။

သည့်ထက်အခြေအနေဆိုးလာလျှင် သူ့ဝမ်းကို အငတ်ခံကာ မီးဖိုချောင်ထဲတွင် ငါးပိရည်ကျဲနိုင်းချင်း၊ ငရုတ်သီးမှု န့်နိုင်းချင်းနှင့် ထမင်းတစ်ဇလုံနယ်ကာ ကြက်သွန်ဖြူကိုက်တို့ပြီး ၀မ်းမီးငြိမ်းကာ ထမင်းစားပွဲတွင် တော့ ဖြူတို့သားသမိကို ဖွယ်ဖွယ်ရာရာ ပြင်ကျွေးပြီး…

“ဒီနေ့တော့ အစောကြီး ဆာလာတာနဲ့ ဒေါ်ဒေါ်အုံးတော့ စားနှင့် လိုက်ပြီ ဖြူရေ”

ဟုလည်း သူမ အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။

*****

“ဖြူရေ…ဖြူ”

အိမ်ရှေ့မှ ခေါ်သံကြောင့် ဖြူ ထမင်းစားခန်းဘက်မှ ထွက်လာသည်။

“သြော်..မမခင်ပါလား၊ လာပါ မမခင်…ထိုင်ပါ”

သည်အချိန်မှာ အကြောင်းကိစ္စ မရှိဘဲ အလာပသလ္လာပပြောရန် လာခြင်းမဟုတ်မှန်း ဖြူ နားလည်ထား၍ ဧည့်ခန်းဆိုဖာတွင် ထိုင်ကြရင်း မမခင် ဘာများ ပြောလိုပါလိမ့်ဟု ရင်ထိတ်ရသည်။ တစ်စုံတစ်ရာကိုလည်း စိတ်ထဲမှာ ကြိုသိနေသလိုပင်။

“မမခင် လာတာ ဖြူ၊ အလုပ်ပျက်နေပြီ ထင်တယ်ကွယ် အားနာလိုက်တာ”

“အို…ဖြူ ဘာမှမလုပ်ပါဘူး မမခင်ရဲ့ ၊ အားမနာပါနဲ့ ၊ မမခင်လဲ ညက အတော် မောသွားမှာ ပဲနော်”

“မောတော့ မောတာပေါ့ ညီမရယ်၊ ဒါပေမယ့် ကိုယ့်အလှူကိုယ် ပီတိ ဖြစ်နေတာနဲ့ မောရမှန်းတောင် မသိပါဘူးကွယ်”

ဒေါ်ခင်ခင်မှာ ပြောပြီးကာမှ အားငယ်သူ တစ်ယောက် ရှေ့တွင် မိမိစကားက ကြွားရာများ ရောက်သွားပြီလားဟု အားနာသွားရသည်။

“ဟုတ်တာပေါ့ မမခင်ရယ်၊ ဖြူလဲ မမခင်တို့ဘ၀ကို သိပ်အားကျတာပဲ၊ မိသားစု စုံစုံလင်လင်နဲ့ လှူကြ တန်းကြ ၊ ရှာကြ ဖွေကြနဲ့ သိပ်ပျော်စရာကောင်းတာပဲ”

“ဖြူကလဲကွယ်…မမခင်တို့လဲ ရရစားစားပဲဟာ၊ ဖြူ့ အစ်ကိုကြီး စုငွေထုတ်လို့ သူ့ချွေးနည်းစာနဲ့ လှူရတာ ဖြူ သိသားနဲ့ ၊ ဒီလောက် ကတော့ ဖြူ အလုပ်အဆင်ပြေတဲ့အခါ အသာလေး လှူနိုင်ပါတယ် ညီမ ရယ်၊ အားမငယ်ပါနဲ့ ”

ထိုအချိန်တွင် ဒေါ်အုံးက ဒေါ်ခင်ခင့်အတွက် ကော်ဖီပန်းကန်လာချသည်။

“အို…ခင် သောက်ခဲ့ပြီးပါပြီ ဒေါ်အုံးရယ်၊ ဒုက္ခရှာလို့”

“သောက်ပြီးလဲ ထပ်သောက်ပါ မမခင်ရယ်၊ မမခင်တို့ အိမ်လာလဲ ဖြူ မစားမသောက်ဘဲနဲ့ ဘယ်တုံးက ပြန်ခဲ့ရလို့လဲ”

“ဟုတ်ပါတယ် ခင်ခင်ရယ်..သောက်ပါ”

ဒေါ်အုံးနှင့် ဖြူ အတင်းတိုက်နေသော ကော်ဖီခွက်ကို ခဏငေးကြည့်နေရင်း ဒေါ်ခင်ခင် အားယူလိုက်သည်။ ပြီးမှ….

“ဖြူ့ကို မမခင် ပြောစရာရှိလို့လာတာ ဖြူ၊ ည ကတော့ လူတွေ များ နေတော့ ပြောမ ဖြစ်ဘူးလေ၊ ဒါနဲ့ ညီအစ်မနှစ် ယောက် တည်း အေးအေးဆေးဆေး ပြောရမယ့် စကားမို့ မမခင် လာခဲ့တာ”

ဒေါ်ခင်ခင်က စကားကိုခဏရပ်ရင်း အိမ်ထဲသို့ ဝေ့ကြည့်သည်။

“ပြောပါ…မမခင် သားကျောင်း သွားပါပြီ၊ မမခင်လာကတည်းက ဖြူ ရိပ်မိပါတယ်၊ အိမ်ကိစ္စ မဟုတ်လားဟင် ဖြူအတိုးတောင် အဆင်သင့် လုပ်ထားပါတယ်၊ ရက်မစေ့သေးတာနဲ့ ဖြူလာမပို့သေးတာပါ”

“ဟုတ်တယ် ဖြူရယ်၊ အိမ်ကိစ္စတော့ အိမ်ကိစ္စပဲ၊ ဒါပေမယ့် အတိုးပေးရုံနဲ့ မပြီးတော့ဘူး၊ ဦးကျင် တိတ်က သူ့မှာ ငွေလိုနေလို့ အိမ်ကို အမြန်ဆုံးပြန်ရွေးပါတဲ့၊ တတ်နိုင်ရင် ဒီလတောင် ငွေပြန်လိုချင်တာတဲ့”

ဖြူ့မျက်နှာလေး ဖြူဖပ်ဖြူရောင် ဖြစ်သွားသည်ကို ဒေါ်ခင်ခင်မကြည့်ရက်သဖြင့် မျက်နှာကို ခပ်လွှဲလွှဲထား ရင်းမှ ဆက်ပြောသည်။

“ပြောတာ ကတော့ အခုမှ မဟုတ်ဘူး ဖြူ၊ ပထမ တစ်ခါနှစ် ခါ ပြောတုန်း ကတော့ မမခင် ဖြူ့ဆီတောင် သယ် မလာခဲ့ဘူး ကိုယ့်ဟာကိုယ်ပဲ တော် သလို လျော်သလို ကြည့်ရှင်းလိုက်တယ် အခုတစ်ခါ လေသံက နည်းနည်း ပြင်းလာတာနဲ့ ဖြူ့ကို တော့ ပြောပြထားဦးမှပဲ ဆိုပြီး ပြောရတာ ပဲ ဖြူ”

“မမခင်ကို ဖြူ အရမ်းအားနာပါတယ်၊ ဖြူ့အိမ်ဂရံကို မမခင်ကပဲ ဦးကျင်တိတ်ဆီမှာ အာမခံပြီး ပေါင်ပေးထားတာဆိုတော့ ဟိုက ပြောစရာရှိရင် မမခင်ကိုပဲ ပြောမယ်ဆိုတာ သိပါတယ်၊ အခုတစ်လော ဦးကျင်တိတ် မမခင်တို့ဆီ အ၀င်အထွက် များ နေကတည်းက ဖြူ ရိပ်မိပါတယ်၊ ပြီးတော့ ဖြူ သူနဲ့ စာချုပ်ချုပ်တဲ့နေ့က မမခင်လည်း ကြားသားပဲ၊ သူ ပြောတဲ့စကားကို၊ အိမ်အပေါင်ခံတယ်ဆိုတာ အိမ်ကို တံခါးပိတ်ပြီး သော့ အပ်ရတာ ၊ အိမ်ပေါ်မှာ လူနေပြီး အပေါင်ခံတယ်ဆိုတာ ထုံးစံမရှိဘူး၊ ကျုပ်က ဒေါ်ခင်ခင်တို့ ဦးစိုးလှိုင်တို့က သူတို့ ညီမပါ၊ သူတို့ အာမခံတယ်ဆိုပြီး အကူအညီတောင်းလို့ ကျုပ်က ယုံကြည်မှု နဲ့ ထားတာလို့ ပြောသွားတဲ့စကား ခုထိ ညီမ နားထဲက မထွက်ပါဘူး၊ မမခင်တို့လဲ ညီမအတွက်နဲ့ မျက်နှာငယ်…”

ဖြူ့စကားမဆုံးခင် ဒေါ်ခင်ခင်က လက်ဝါး တကာကာဖြင့် ..

“အို…မမခင်က ဖြူ့အတွက် စိတ်မကောင်းတာပါ၊ဒီနှုတ်၏ ဆောင်မခြင်းလောက် ကတော့ မမခင်တို့အတွက် ဘာမှ အပန်းမကြီးပါဘူး၊ တတ်နိုင်ရင် ငွေကြေးနဲ့ ကို ကူညီချင်တာပါကွယ်၊ မမခင်တို့ကလဲ အစိုးရ၀န်ထမ်းဆိုတော့ ငွေအလုံးအရင်းနဲ့ မကူနိုင်တာကိုဘဲ အားမရတာ ပါ”

“မမခင်တို့ စေတနာကို ဖြူ နားလည်ပါတယ်၊ ဦးကျင်တိတ်ကို ပြောပေးပါ မမခင်ရယ်၊ တစ်လနှစ် လလောက်တော့ စောင့်ပါဦးလို့၊ ဒီကြားထဲမှာ တိုက်ကို အမြန်ဆုံးရောင်းဖို့ ဖြူ ကြိုးစားပါ့မယ်၊ ဒီ လိုမှမဟုတ်ရင် ဖြူ့မှာ လောလောဆယ် ပြန်ရွေးနိုင်ဖို့ အင်အားမရှိတာ မမခင် အသိဆုံးပါ”

“ဟုတ်တော့ဟုတ်ပါတယ် ဖြူရယ်၊ ဒါပေမယ့် မမခင် သဘော ကတော့ ၀မ်းနာ ခေါင်းကိုက် လွယ်လွယ်နဲ့ မရောင်းစေချင်ဘူး၊ ဖြူ့အစ်ကိုကြီးကလည်း သဘောတူမှာ မဟုတ်ဘူး၊ ဦးကျင်တိတ်က သူဌေးပဲ၊ ဒီလောက် ကြီးတော့လည်း အသည်းအသန် လိုမယ် မထင်ပါဘူး၊ နောက်ထပ် လေးငါးခြောက်လလောက်တော့ ဆက်ထားဖိုက ဖြူတို့ အစ်ကိုကြီးကို အပူသွားကပ်ခိုင်းရင် ကောင်းမလားလို့ မမခင် စဉ်းစားနေတယ်၊ အချိန်ကြာကြာရတော့ မမခင်တို့ တစ်ခုခုကို အေးအေးဆေးဆေး စီစဉ်နိုင်တာပေါ့”

“ ဖြစ်ပါမလား…မမမခင်ရယ်”

“ ဖြစ်အောင်တော့ ကြိုးစားကြည့်ရမှာ ပေါ့ ဖြူရယ်၊ ဒီကြားထဲမှာ အခြား တစ်ယောက် ယောက် ဆီ လှည့်ပေါင်လို့ရရင်လဲ လှည့်ပေါင်ရတော့မှာ ပဲ၊ အတိုးနည်းနည်း နဲ့ အခြားအပေါင်ခံတဲ့သူလဲ ရှာကြည့်ရဦးမှာ ပဲ၊ ဖြူလဲ အလုပ်လေးအကိုင်လေး စွတ်ရွတ်ပြီး အဆင်ပြေများ သွားရင်လဲ ကောင်းမှာ ပဲ၊ ရောင်းပစ်ဖို့တော့ မ မခင် သဘောမတူချင်ဘူးကွယ်၊ အခြေပျက် နေပျက် ဖြစ်သွားမှာ စိုးတယ်၊ ဖြူ့ကိုလဲ မမခင်တို့နဲ့ ဝေးဝေးမှာ မထားချင်ဘူး၊ ပြီးတော့ ဖြူ့အလုပ်ကလဲ ထည်ထည်ဝါ၀ါလေး နေနိုင်ထိုင်နိုင်မှ ကောင်းတာ”

“ဖြူ့အနေနဲ့ ကတော့ ဘယ်လိုဒုက္ခမျိုးမဆို ခါးစည်းခံနိုင်ပါတယ် မမခင်ရယ်၊ သားလေး အားငယ်ပြီး မနေတတ် မထိုင်တတ် ဖြစ်မှာ ပဲစိုးတာပါ၊ နောက်ပြီး သားက ဘာမှ သိရှာတာ မဟုတ်ဘူး”

“အဲဒါကြောင့် ဖြူ့ကို မမခင်ပြောတာပေါ့၊ မမခင် ကြည့်စီစဉ်ပါ့မယ် ဖြူရယ်၊ သိပ်ကြီးလဲ စိတ်ဆင်းရဲမနေနဲ့ ၊ မမခင်ပါ ညီမအစ်ကိုကြီးနဲ့ လိုက်ပြီး ဦးကျင်တိတ်ဆီ သွားပြောမယ်၊ ဒီကြားထဲလဲ တခြားတစ်နည်းနည်း နဲ့ ပြေလည်မယ့်နေရာ ထပ်ရှာဦးမယ်၊ ဖြူသာ မမခင်တို့မသိဘဲနဲ့ ဘယ်သူ့ကိုမှ ရောင်းဖို့ချဖို့ စကားမလွန်စေနဲ့ နော်”

“စိတ်ချပါ မမခင်၊ ဖြူက မမခင်ကို သနားတာပါ၊မျက်နှာငယ်ခံပြီး တိုက်ရိုက်ဆက်ဆံရတာ က မမခင်တို့မို့ လို့ ဖြူ စိတ်မချမ်းသာတာပါ”

“ကိုယ်ညီမလေးအတွက် ဒီလောက်တော့ မမခင် သတ္တိရှိပါတယ်ကွယ်၊ ဖြူကလဲ မမခင်ကိုချစ်ရင် မမခင်မသိဘဲ တိုက်ကိုတော့ ဘယ်သူမှ မစပ်လိုက်ပါနဲ့ နော်၊ ဖြူက ပွဲစားဆိုတော့ ငွေလိုနေတုန်း အိမ်ဝယ်ချင်တဲ့လူနဲ့ တွေ့ ရင် လက်လွန်သွားမှာ စိုးလို့ပါ၊ အိမ်က အစ်ကိုကြီးကလဲ ဖြူ့အတွက် အကောင်းဆုံး ဖြစ်အောင် ဘာလုပ်ပေးရင် ကောင်းမလဲလို့ အမြဲစဉ်းစားနေတာပါ”

“ဖြူ့မှာ ဘယ်လောက်ဒုက္ခရောက်ရောက် အစ်ကိုကြီးတို့ ၊ မမခင်တို့ရှိတာ တစ်အားပါပဲ”

“ဒီလိုပေါ့ ညီမရယ်၊ ခင်ရာဆွေမျိုးဆိုတာ၊ ကဲ…ဖြူရေ စိတ်အေးအေးသာ ထားတော့နော်၊ မမခင်လဲ ပြန်ဦး မယ်၊ ဘာဆက်လုပ် ရင် ကောင်းမလဲဆိုတာ တဖြည်းဖြည်း စဉ်းစားကြတာပေါ့”

“ဟုတ်ကဲ့ပါ…မမခင်”

ဖြူက မမခင်ကို ခြံဝင်းတံခါးဝအထိ လိုက်ပို့သည်။

“သြော်…ဒါနဲ့ ဖြူ့ကို ပြောရဦးမယ်”

“ဘာများ လဲ မမခင်”

မမခင်က ပြုံးစစနှင့် …

“မမခင်ကို ဖြူ့အစ်ကိုကြီးက ပြောနေတယ်၊ ဘုရားကိုးဆူကပ်တဲ့ညက မိတ်ဆက်ပေးလိုက် တဲ့ ဦးအောင်နိုင်က မင်းညီမကို စိတ်ဝင်စားနေတယ်ကွတဲ့”

“အို… မမခင်ကလဲ”

မမခင်က ရယ်ရယ်မောမောနှင့် …

“သွားတော့မယ် ဖြူရေ…အဲဒါ မမခင် မသိဘူးနော်၊ ဖြူ့အစ်ကိုကြီး ပြောတဲ့အတိုင်း ပြန်ပြောပြရတာ ”

ဟုဆိုပြီး ထွက်ခွာသွားသည်။

ဖြူ့မှာ စိတ်ညစ်ရသည်ကြားက ငိုင်တွေ ပြီး ကျန်ရစ်ခဲ့သည်။

တိုက်ပေါင်ရသည့် အ ဖြစ်ကို ပြန်တွေးလျှင် ကိုယ့်ကိုယ်ကို ဒေါသ ဖြစ်၍ မဆုံး။ လွန်ခဲ့သော ရှစ်လခန့်က စိန်ထည်တစ်ခု အလိမ်ခံလိုက်ရခြင်းမှ စသည်။

ဖြူ့ကို ယုံကြည်သော ပစ္စည်းရှင်တစ်ဦးက အရည် ကောင်းလွန်းသော စိန်နားကပ်တစ်ရံ အပ်ထားသော အချိန်က ဖြစ်သည်။ ဖြူက ထိုပစ္စည်းကို ၀ယ်လက်ရှိသည်ဟု သေချာပေါက်ဆိုသော ပွဲစားတစ်ဦးကို ခဏပေးလိုက် မိသည်။ ထိုပွဲစားနှင့် ယခင်ကလည်း ပစ္စည်းအသေးအဖွဲ့များ နှစ် ကြိမ်သုံးကြိမ် အရောင်းအ၀ယ်တည့် ဖူးသည်က တစ်ကြောင်း၊ ကျောက်ဆစ်ရုပ် ခေါင်းညိတ်လောက်အောင်အပြောကောင်း သော ကြောင့် တစ်ကြောင်း ယုံကြည်စွာ လက်လွတ်စပါယ် ပေးလိုက် မိသော ဖြူ့ကိုဖြူ ယနေ့တိုင် ခွင့်မလွှတ်နိုင်တော့။ ညနေ အကြောင်းလာပြန်မည် ဆိုပြီး ယူသွားသော ပွဲစားမှာ နောက်နေ့လည်းမက၊ နောက်တစ်ပတ်လည်းမကနှင့် ဖြူရင်ပူပူနှင့် နီးစပ်ရာ လျှောက်စုံစမ်းသော အခါ ထိုပွဲစားမှာ ရန်ကုန်မှာ ပင် မရှိတော့သော ကြောင့် ဖြူ့မှာ ကျေချမှ ဓားပြမှန်း သိတော့၏ ။ ပစ္စည်းရှင်ကို လျော်စရာငွေထုပ် မရှိသဖြင့် မမခင်တို့လင်မယားနှင့် တိုင်ပင်၍ တိုက်ကို ပေါင်ကာ လျော်လိုက်ရခြင်း ဖြစ်သည်။

မေမေ့လုပ်ငန်းအမွေကို ဆက်ဆံမိသော ဖြူမှာ ပစ္စည်းအရည်အသွေး ကြည့်ရာမှ တစ်ပါး အခြားပညာရပ် များ တွင် မေမေ့ကို လုံးဝမမီ။ သေချာသည် ကတော့ ပွဲစားတော် တော် များများ တွင် ရှိတတ်ကြသော လူပေါ်လူ ဇော် နည်းပညာများ နှင့် လူကဲခတ်ပညာ ဖြူ့မှာ မရှိ။ ပြီးတော့ မေမေ့တုန်းကလို အရှိန်အ၀ါနှင့် သြဇာအာဏာ ကျောထောက်နောက်ခံလည်း ဖြူ့မှာ တောင့်တောင့်တင်းတင်းမရှိခဲ့။ တကယ်တော့ ဖြူသည် သူ့စရိုက်နှင့် ဆန့်ကျင်ဖက်လုပ်ငန်းတစ်ခုဖြင့် အသက်မွေးရန် ကြံရွယ်ခဲ့မိသဖြင့် ဤမျှမြန်မြန်ဆန်ဆန် ကျဆုံးသွားရခြင်း ဖြစ်သည်။

ချက်ချင်း လက်ငင်း ပြောင်းလဲသွားသော အခြေအနေသည် သားလေး၏ နှလုံးသားကို အားငယ်နာကျင်စေမည် စိုးသဖြင့် သူ့အပူကို ဖုံးကာဖိကာနှင့် အခြေမပျက်နေရသော ကာလတွင် မမခင်တို့ ဇနီးမောင်နှံမှာ ဖြူ့အတွက် အမိအဖတို့ နေရာတွင် အစားထိုးဝင်ရောက်လာသူများ ဟုပင် ထင်မှတ်စရာ ဖြစ်လာသည်။

“မေမေ့”

“အမယ်လေး….အေးလိုက်တာ”

ဖြူ့ပါးပြင်များ ကို လက်ဖ၀ါးနှစ် ဖက်ဖြင့် လာကပ်ထားသော ရဝေ့ခန္ဓာကိုယ်မှာ မွေးပွမျက်နှာသုတ်ပ၀ါကြီး ကို ခြုံလျက် ရေချိုးခန်းထဲမှ ထွက်လာခါစ ဖြစ်သည်။

“မနက်စောစောစီးစီး သားရယ်၊ ချမ်းကချမ်းနဲ့ ၊ အအေးတွေ ဘာတွေ ပတ်နေပါဦးမယ်”

ဘုရားဝတ်ပြုပြီး ထလာသော ဖြူက သားအတွက် စိုးရိမ်တကြီးနှင့် ပျာပျာသလဲ ဖြစ်သွားသည်။

“ကြည့်စမ်းပါဦး၊ ခေါင်းမှာ လည်း ရေတွေ နဲ့ ၊ လာစမ်း…မေမေ သုတ်ပေးမယ်၊ ဒီကလေး ဘာစိတ်ကူးနဲ့ ချမ်းချမ်းစီးစီး ခေါင်းရေလောင်းချိုးရတာ တုန်း၊ ဒေါ်ဒေါ်အုံးရေ…ကော်ဖီပူပူလေးတစ်ခွက်လောက် ရရင် ဖျော်ပေးပါလား၊”

“ရမယ် ဖြူရေ… ဒီမှာ ဖျော်နေပြီ၊ စောစောကတည်းက ဒေါ်ဒေါ်အုံး ပြောပါတယ်၊ ခေါင်းမလောင်းနဲ့ ဆိုတာ မရဘူး အိပ်ရေး ပျက်ထားလို့တဲ့”

ဒေါ်ဒေါ်အုံးက ပြောပြောဆိုဆို အငွေ့တထောင်းထောင်းထနေသော ကော်ဖီပန်းကန်ကို ကိုင်၍ သူတို့သားအမိထံ ရောက်လာသည်။

“မျက်စိကျယ်သွားအောင် ရေလောင်းလိုက်တာ အမေအုံးရေ၊ နို့မဟုတ်ရင် ရဝေ ကျူရှုင်မှာ ငိုက်နေမှာ ပေါ့၊ အခုတော့ အိုကေပဲ၊ မနက်စောစော နှင်းတောတိုးပြီး လေ့ကျင့်ခန်းလုပ်ပြီးလျှောက်ရမယ်”

“ကဲပါ….သားရယ်၊ အ၀တ်အစား မြန်မြန်ဝတ်ချေပါ၊ သွား…သွား၊ အင်္ကျီလက်ရှည်ဝတ်၊ အပေါ်က ဆွယ်တာပါ ထပ်ဝတ်၊ မြန်မြန်သွား”

“ဟဲ့….ကော်ဖီပူပူလေး အရင်သောက်လိုက်လေ ဒါမှ ရင်ထဲ နွေးသွားမှာ ပေါ့၊ အင်္ကျီဝတ်ပြီးမှဆို ကော်ဖီတွေ အေးကုန်မှာ ပေါ့”

“ဟာ….မေမေကတစ်မျိုး၊ အမေအုံးကတစ်မျိုးနဲ့ ရဝေ ဘာအရင်လုပ်ရမှာ လဲ၊ ပေး….ကော်ဖီတစ်ငုံ၊ ရော့…. ကျန်တာ နောက်မှဆက်သောက်မယ်၊ မေမေပြောတဲ့အင်္ကျီပြေးဝတ်လိုက်ဦးမယ်နော်၊ ချမ်းလှပြီ”

ကလေး တစ်ယောက် လို သူ့အခန်းထဲ ခုန်ပေါက်ကာ ပြေးထသွားသော ရဝေ့ကျောပြင် ပြည့်ပြည့်ကြီးကို ကြည့်၍ ဒေါ်အုံးရော ဖြူပါ လက်ရှိသော ကများ ကို မေ့ကာ ကြည်ကြည်နူးနူး ရယ်လိုက်ကြသည်။

မကြာမီ ဖြူ မှာ လိုက်သည့်အတိုင်း ရှပ်အင်္ကျီလက်ရှည်ပေါ်က ဆွယ်တာလက်ပြတ်အထူကို ထပ်ဝတ်ပြီး ထွက်လာကာ လက်ကျန်ကော်ဖီကို မော့သောက်သည်။

“ဟဲ့…ဖြည်းဖြည်းသောက်ပါ ရဝေရဲ၊ သီကုန်ပါ့မယ်”

“အမေအုံးကလဲ ရဝေ့ကို ကလေးလေးကျနေတာပဲ၊ အကုန်လိုက်ကြည့်ပြီး ပြောနေတာပဲ”

“နို့…တော် က ကလေးမဟုတ်လို့ လူကြီး ဖြစ်နေပြီလား၊လူပျိုလုပ်ပြီး ရည်းစားတွေ ဘာတွေ များ ထားချင်နေပြီလား၊ သိပေါင်တော် ၊ ကျုပ်တို့ ကတော့ ကျုပ်တို့သားကို ကလေးလို့ပဲ မှတ်နေတာ”

“အို… ဒေါ်ဒေါ်အုံးကလဲ ကလေးကို ဘာတွေ ပြောနေတာလဲ”

“မေမေနဲ့ အမေအုံးဟာ တကယ်ရယ်ရတယ်၊ ရဝေ့ကိုများ ပိစိကွေးလေး မှတ်နေလား မသိဘူး၊ ကလေးချင်းကို မိုးမွှန်နေတာပဲ၊ ကျူရှင်မှာ ရဝေ့သူငယ်ချင်းတွေ ကို လာကြည့်စမ်းပါဦး၊ အဟီ… အတွဲ လေးတွေ ၊ အတွဲ လေးတွေ နဲ့ ပျော်စရာကြီး”

“သားနော်…ရဝေ၊ မေမေ ရင်ပူအောင်မလုပ်နဲ့ ၊ အတက်ကောင်းတွေ အတုခိုးမယ်တော့ စိတ်မကူးနဲ့ ၊ ကလေး ကလေးလိုနေ၊ ငါ တစ်နေကုန် လာထိုင်စောင့်နေရမလား”

“အလကား စ တာပါ မေမေရာ၊ မေမေ့သားလေးက လိမ္မာပါတယ်၊ မေမေ မကြိုက်တာ ဘာမှမလုပ်ဘူး စိတ်ချ၊ ကဲ..ကလေး ကျောင်းသွားတော့မယ် မုန့်ဖိုးပေး”

သားက လက်အဖြန့် ၊ မအေက လက်အမှော က်မှာ ပိုက်ဆံကို ဖျတ်ခနဲ ယူပြီး မအေ့လက်ဖမိုးကို ငုံ့ကိုက်ပြီး ပြေးထွက်သွားသည်။

“ကြည့်စမ်း…ခွေးလေး”

ဒေါ်ဒေါ်အုံးက နောက်က သုတ်သုတ်လိုက်ပြီး ခြံတံခါးလိုက်ဖွင့်ပေးသည်။

မြူနှင်း မကွဲမကွဲတွင် အပြေးကလေးထွက်သွားသော ရဝေ့ကို ကြည့်၍ ဖြူ့ရင်ထဲမှ..

“သြော်…သားရယ်၊ မေမေ့ မျက်စိထဲမှာ တော့ မေမေ့သားလေးဟာ နို့နံ့တောင် မစင်သေးပါဘူးကွယ်၊ ဒီလိုပဲ သားလေးအမြဲတမ်း ပျော်ရွှင်တတ်ကြွနေတာကိုပဲ မေမေ မြင်ချင်ပါတယ်”

ဟု ရေရွတ်မိရင်းမှ ချစ်လှစွာ သော ကိုကို့ကို သတိရသွားသည်။သားသည် ကြီးလာလေ သူ့အဖေနှင့် တူလေလေ ဖြစ်သည်။ ရှည်သွယ်သော အရပ်အမောင်း၊ ထူကဲ၍ အလယ်တွင် ဆက်လုမတတ်ရှိသော မျက်ခုံးနက်နက်များ ၊ သွားတတ်ချွန်ချွန်တို့က ဒေါက်တာကျော်ဝေ အငယ်စားလေးပင် ဖြစ်သည်။သားကိုလည်း တစ်နေ့နေ့တွင် ဒေါက်တာရဝေအ ဖြစ် ဖြူ ပုံဖော်ကြည့်ခဲ့ရသည့် အချိန်ပေါင်း မနည်းတော့။ ရဝေကလည်းမအေ စိတ်ကူးယဉ်နိုင်လောက် အောင် ကြိုးစား၏ ။

ရဝေ လမ်းမပေါ်ရောက်တော့ နှင်းထုက မကွဲသေး။ ရှေ့မြင်ကွင်းတွေေ၀၀ါးနေဆဲပင် ဖြစ်သည်။ ၀ိုးတ၀ါးမြင်ကွင်း တွေ ကြားထဲ တစ်ယောက် တည်း စိတ်လွတ် ကိုယ်လွတ် လျှောက်လာရခြင်းကို ရဝေ နှစသက် သည်။

“ကလင်…ကလင်”

ရှေ့တည့်တည့်ကျမှ ဘွားခနဲပေါ်လာသော စက်ဘီးတစ်စီးကြောင့် ရဝေ ကယောင်ကတမ်းနှင့် တန့်သွားသလို စက်ဘီးပေါ်မှ မိန်းကလေးကလည်း ဟန်ချက်လွဲသွားပြီး မလဲမပြိုအောင် ကြိုးစားထိန်းသိမ်းရင်း စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်သည်။

“တော် သေးတာပေါ့ကွာ…တိုက်မိတော့မလို့၊ တို့ အစောကြီးကတည်းက ဘဲလ်တီးလာတာ မင်း မကြားဘူးလား”

ရဝေ ဘာမှပြန်မပြောနိုင်သေးကာ လက်ထဲမှ စာအုပ်များ ကို ဆုပ်ထားရင်းမှ စက်ဘီးရှင် မိန်းကလေးကို အကဲခတ် လိုက်သည်။

တင်ပါးအထက်ဆီ ၀ဲနေသော ဆံပင်ပျော့ပျော့များ ကို ဖားလျားချထားပြီးလျှင် အင်္ကျီတစ်ပတ်ရစ်နှင့် စက်ဘီးနင်း လာသော မိန်းကလေးမှာ စက်ဘီးရှေ့ခြင်းထဲတွင် နှင်းဆီပန်းတွေ အပြည့်အမောက်ထည့်ထားသည်။ ထိုမိန်းကလေးကို ဒီလမ်းထဲတွင် ရဝေ ပထမဦးဆုံး အကြိမ် တွေ့ ဖူးခြင်းပင် ဖြစ်သည်။

“ဟုတ်တယ်…ကျွန်တော် မကြားလိုက်ဘူး၊ ဒါနဲ့ မမက ဒီလမ်းထဲက မဟုတ်ဘူးနဲ့ တူတယ်၊ အရင်က တစ်ခါမှ မတွေ့ ဖူးလို့ပါ”

ဘာကြောင့် မှန်းမသိ ရဝေ မိန်းကလေးကို ရင်းရင်းနှီးနှီး ဆက်ဆံမိသလို၊ မိန်းကလေးကလည်း ရဝေ့ မွန်ရည်ပုံကလေးကို သဘောကျသွားသည်။

“မမက ဒီလမ်းထဲက ခြံအမှတ် ၁၁ (ဒီ) ကို ပန်းလာပို့တာပါ၊ နှင်းတွေ ကလဲ ပိတ်နေတော့ ခြံအမှတ်ရှာရင်း ဖြည်း ဖြည်းနင်းလာတာ၊ ခုထိ မတွေ့ သေးဘူး၊ မောင်လေးများ သိမလားဘဲ”

“ဆယ့်တစ်ဒီက ရှေ့တစ်ခြံကျော်ပဲ မမ”

“အေး..အေး ကျေးဇူးပဲ မောင်လေး”

အမှတ်မထင် တွေ့ လိုက်ကြသော သူတို့နှစ် ဦးမှာ မမျှော်လင့်ဘဲ တရင်းတနှီး စကားအနည်းငယ် ပြော ဖြစ်လိုက်သော်လည်း နောက်နေ့များ တွင် တော့ နှစ် ယောက် စလုံး မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။

*****

တစ်ယောက် နှင့် တစ်ယောက် လည်နိုင်၊ ပတ်နိုင်၊ လှီးနိုင်၊ ဖြတ်နိုင်ပါမှ တော် ကာကျလာသော ပွဲစားလောကကို ဖြူ အမှန်တကယ် စိတ်ကုန်နေပြီ ဖြစ်သည်။ စိန်လက်စွပ် လိမ်သွားသော သူကို ဗိုလ်ချုပ်ဈေး ပွဲစားတန်းတွင် တွေ့ လိုက်မိသည်ဆိုသော သတင်းစကားကြောင့် ဖြူ ဈေးထဲမှ မိတ်ဆွေ တစ်ယောက် ဆိုင်တွင် လာ၍ စောင့်ကြည့်နေသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်သည်။ ယနေ့တော့ ဖြူ စိတ်လျော့လိုက်ပြီ။ နောက်နေ့တွင် လည်း အချိန် ကုန်ခံပြီး လာမစောင့်တော့ဟု ဆုံးဖြတ်ကာ ဆိုင်ရှင်ကို နှုတ်ဆက်ပြီး ဖြူ ပြန်လာခဲ့သည်။

ဗိုလ်ချုပ်ဈေး၏ အလယ်ဗဟိုလမ်းမအတိုင်း ညင်သာသော လူစီးကြောင်းနှင့် အတူ မျောပါလာစဉ်…

“ဖြူ”

“ဖြူ”

တစ်စုံ တစ်ယောက် ၏ ခေါ်သံကြောင့် ဖြူ့ခြေလှမ်းများ တုံ့သွားသည်။

“စောစောက ရိပ်ခနဲ မြင်လိုက်တာနဲ့ ဖြူနဲ့ တူပါတယ် ဆိုပြီး မနည်းလိုက်လာရတာ ”

“သြော်”

အနီးကပ် တွေ့ လိုက်ရသော ဦးအောင်နိုင်ကိုကြည့်ကာ ဖြူကြောင်တတ်တတ် ဖြစ်သွားသည်။

“ဖြူ ဈေးဝယ်သက်သက်ပဲလား”

“မဟုတ်ပါဘူး၊ ဖြူ ကိစ္စတစ်ခုရှိလို့ အသိဆိုင်ကို လာတာပါ”

ခွဲခွာခဲ့သော နှစ် ကာလများ အတွင်း ပထမဦးဆုံးအကြိမ်နှစ် ယောက် ချင်း မျက်နှာချင်းဆိုင် အနေအထားတွင် ပြန်လည်ကြားလိုက်ရသော ဖြူ့စကားသံများ နှင့် ဖြူ့အမူအရာတို့သည် ဦးအောင်နိုင်အတွက် မျှော်လင့်ထားသည်ထက် ပို၍ သူစိမ်းဆန်နေသည်ဟု ခံစားလိုက်ရသည်။ ရုတ်တရက် ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်သွားပြီးမှ..

“ဖြူ နေကောင်းတယ်နော်၊ ဟိုနေ့က အလှူမှာ တွေ့ လိုက်ရတာ ထက်တောင် နည်းနည်း ချောင်ကျသွားသလားလို့”

“ဘာမှမ ဖြစ်ပါဘူး ထင်လို့ပါ၊ ဖြူ နေကောင်းပါတယ်”

“ကိုယ်တို့ အအေးတစ်ခုခု သောက်ကြရအောင်လား ဖြူ၊ ဖြူနဲ့ စကားလဲ ပြောချင်သေးတယ်”

ဖြူ ဘာမှပြန်မဖြေနိုင်သေးဘဲ ခေတ္တမျှ ငြိမ်သက်စဉ်းစားနေသည်။

“ကိုယ် တောင်းပန်ပါတယ် ဖြူရယ်၊ ကိုယ့်ကို ဆယ်မိနစ်လောက် အချိန်ပေးပါ၊ ဖြူ့ကို ကိုယ် ရိုးရိုးသားသား ဧည့် ၀တ်ပြုချင်လို့ပါ”

မျှော်လင့်မျက်ဝန်းများ ဖြင့် ဖိတ်ခေါ်နေသော ဦးအောင်နိုင်ကို ဖြူ သနားခြင်းတစ်ဝက်၊ အားနာခြင်းတစ်ဝက်ဖြင့် ဇဝေ ဇ၀ါ ဖြစ်နေသည်။ ပြီးမှ “အို ငါတို့က ငယ်ငယ်ရွယ်ရွယ်လေးတွေ မှ မဟုတ်ြ ကတော့ဘဲ၊ ရိုးရိုးသားသား မိတ် ဖြစ်ဆွေ ဖြစ် တွေ့ တာပဲ။ ဘာ ဖြစ်လဲ” ဟု ကိုယ့်ကိုယ်ကို ယုံကြည်အားတင်းကာ သူတို့နှစ် ယောက် ယမုံနာသို့ ၀င်ခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်၊ အအေးဆိုင် ထိုင်ခြင်းသည် ပွဲစားလောကတွင် အဆန်းမဟုတ်။ ပွဲစားပေါင်းများ စွာ နှင့် ဖြူ အရောင်းအ၀ယ်စကားပြောတိုင်း လက်ဖက်ရည်ဆိုင် ထိုင်ခဲ့သည်။ တည်ငြိမ်မှု မျိုး ဖြူ့မှာ ပျောက်ဆုံးနေသည်။ ဦးအောင်နိုင်၏ ရှေ့တွင် မျက်လွှာချကာ ထိုင်နေသော ဖြူမှ ငယ်ငယ်တုန်းက သတ္တိတွေ ထူးဆန်းစွာ ပျောက်ဆုံးနေသည်။

အအေးဆိုင်ဟုဆိုသော်လည်း စားသောက်ဖွယ်ရာ အစုံရသော ဆိုင်မို့ ဦးအောင်နိုင်က စားစရာ အစုံအလင်မှာ ၍ ဖြူ့ ကို ပြင်ဆင်ကျွေးမွေးသည်။

ငယ်ငယ်တုန်းက သွက်သက်ဖျတ်လတ်လွန်းသော ဖြူစင်ဦးနှင့် အေးဆေးသိမ်ငယ်လွန်းသော အောင်နိုင်တို့ဘ၀မှာ ယခုတော့ဖြင့် ပြောင်းပြန် ဖြစ်နေသည်။

“ဘာလို့အဲဒီ လောက် အများ ကြီး မှာ ထားရတာ လဲ ကိုနိုင်၊ ဖြူ အိမ်က စားခဲ့ပြီးပါပြီ”

စားပွဲဝိုင်းကိုကြည့်ရင်းမှ တစ်ချိန်က ဖြူ ယူလာခဲ့သော တိတ်တခိုး ထမင်းဘူးများ ကို ကျောင်းတွင်း စားခဲ့ကြရသည့် မြင်ကွင်းများ ၊ ကိုနိုင်တို့အိမ်မှာ ပန်းကန်အပိန်အချိုင့်များ နှင့် စားခဲ့ဖူးကြသည်များ ကို ကိုယ်စီကိုယ်စီ ရင်ထဲတွင် သတိရသွားကြသဖြင့် ပျက်ယွင်းသွားသော မျက်နှာများ ကို အချိန်မီပြန်လည် ပြင်ဆင်လိုက်ကြသည်။

“စားစေချင်လို့ပေါ့ ဖြူရာ၊ ကိုယ်တို့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့ တဲ့ အထိမ်းအမှတ်ပေါ့”

ဖြူ အနေမခက်စေရန် သူငယ်ချင်းဟူသော ဝေါဟာရကို တမင်အသုံးပြုလိုက်မှန်း ဖြူ သိသည်။

“ကိုယ်တို့ မတွေ့  ဖြစ်ကြတာ ကြာပြီနော်”

“အင်းပေါ့…အနှစ် နှစ် ဆယ်ကျော်ပြီ”

စကားပြောနေရင်းမှ ပြောစရာ စကားလုံးများ ပျောက်ဆုံးနေကြပြန်သည်။

“ဟိုတုန်းက ဖြူ့ကို ကိုယ်တွေ့ ဖို့ ကြိုစားသေးတယ်၊ ဘယ်မှာ မှ အစရှာလို့ မရတာ နဲ့ လက်လျှော့လိုက်ရတယ်”

ဖြူက လိမ္မော်ရည်ဖန်ခွက်ထဲမှ ရေခဲတုံးကလေးများ ကို ပိုက်ဖြင့် လှုပ်ခတ်မွှေနှောက်ရင်း တစ်စတစ်စ ပျော်ဝင်သေးသွားကြသည်ကို ငေးစိုက်ကာ နှုတ်ဆိတ်နေလိုက်သည်။ ထိုအမူအရာလေးကိုပင် ဦးအောင်နိုင်က မမှိတ်မသုန်ကြည့်ရင်း…

“ဖြူရော ကိုယ့်ကို မျှော်မိသေးလားဟင်”ဟု မေးချင်လာသော်လည်း မမေး ဖြစ်အောင် သတိတရ ထိန်းချုပ်ထားရင်း..

“ဖြူ့မိဘတွေ နဲ့ ဖြူ့အိမ်သား ဆုံးသွားတာတေ့ ကိုနိုင်သိပြီးပါပြီ၊ ကိုနိုင်တို့ ငယ်ငယ်က ဖြူတို့နဲ့ နေတဲ့ ဦးလေးပွင့် တို့ ဒေါ်ဒေါ်အုံးတို့ရော ရှိသေးလားဟင်”

“ဦးလေးပွင့်က တောပြန်သွားတာ ကြာပါပြီ၊ ဒေါ်ဒေါ်အုံး ကတော့ ခုထိ ဖြူနဲ့ အတူနေပါတယ်၊ ကိုနိုင်တို့ မိသားစုရော နေကောင်းကြတာ မဟုတ်လား၊ ကိုနိုင့်ကို ဒီလိုအခြေအနေနဲ့ တွေ့ ရတာ ဖြူ ၀မ်းသာတယ်၊ တကယ်ပါ”

“ကိုယ့်မှာ မိသားစုဆိုလို့ အမေ တစ်ယောက် တည်းရှိတာ၊ အမေကလဲ မနှစ် က ဆုံးသွားပြီ၊ အခု ကိုယ် တစ်ယောက် တည်း”

ဖြူ ဘာဆဆက်ပြောရမှန်း မသိတော့။ ကိုယ့်မေးခွန်းက ရေလာမြောင်းပေး ဖြစ်သွားပြီလားဟု စိုးရိမ်သွားသည်။

“ဖြူတို့ ပြောင်းသွား ပြီး သုံးလေးနှစ် လောက် ကိုယ်တို့နေသေးတယ်၊ ဖြူတို့များ ပြန်လာမလားလို့ မျှော်သေးတယ်၊ နောက် ဖြူ့အဖေပါ ပြောင်းသွား တော့ ကိုယ် စိတ်ဓာတ်ကျသွားတယ်၊ ကိုယ် ဆယ်တန်းအောင်တော့ ကောလိပ်မတတ်နိုင်ဘူး၊ မော်လမြိုင်မှာ ရှိတဲ့ ဆွေမျိုးမကင်းတဲ့ ဘုန်းကြီးက ကျောင်းဆက်ထားပေးမယ်ဆိုပြီး ခေါ်လို့ ကိုယ် ဘုန်းကျောင်းကြီးမှာ နေပြီး ကောလိပ်တတ် ဖြစ်သွားတယ်၊ အဲဒီ မှ ဆရာတော် ကို ကိုးကွယ်တဲ့ တပည့်ဒါယကာ တစ်ယောက် က ကိုယ့်ကို သဘောကျလို့ မွေးစားတယ်၊ ကိုယ်နဲ့ ပတ်သက်တဲ့ ပညာသင်စရိတ်နဲ့ ကုန်ကျစရိတ် အထွေထွေ သူပဲ ထောက်ပံ့တယ်၊ သူက အိမ်ထောင်ရက်သားမရှိ၊ ဆွေမျိုးသားချင်းမရှိတော့ သူရဲ့ လုပ်ငန်းမှန်သမျှ ကိုယ်ကပဲ ဦးစီးလုပ်ကိုင်ပြီး သူဆုံးသွားတော့လဲ ကိုယ်ပဲ ဆက်စခန်းသွားရတယ် ဆိုပါတော့၊ အဲဒီ ကျေးဇူးရှင် မွေးစားဖခင်ကြောင့် ကိုယ် လူတစ်လုံး သူတစ်လုံး ဖြစ်လာရတာ ပါ ဖြူရယ်၊ သူ့လုပ်ငန်းတွေ က ရန်ကုန်မှာ ရှိနေတော့ ကိုယ် ရန်ကုန်မှာ အနေ များ တာပေါ့၊ တစ်နေ့ညက ဖြူ့ကို ရုတ်တရက် တွေ့ လိုက်တော့ ကိုနိုင် သိပ်အံ့သြသွားတယ်၊ ၀မ်းလဲ သာတယ်”

“ဟုတ်တယ်…ဖြူလဲ ကိုနိုင့်ကို ဒီပွဲမျိုးမှာ တွေ့ ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး၊ ဖြူစကားကို တစ်မျိုးမတွေးနဲ့ နော်၊ မမခင်တို့ မိတ်ဆွေတွေ ထဲမှာ ကိုယ်နိုင့်နာမည် ကို ဖြူ တစ်ခါမှ ကြားမထားမိလို့ပါ”

“ဟုတ်ပါတယ်… ကိုယ်လဲ ဒီအိမ်ကို တစ်ခါမှ မရောက်ဖူးပါဘူး၊ အစ်ကိုကြီး ဦးစိုးလှိုင်နဲ့ သာ အပြင်မှာ ဆုံကြတာ များ ပါတယ်၊ လူချင်းကလဲ အတော့်ကို ရင်းနှီးပါတယ်၊ အဲဒီ နေ့ညက ဖြူ့လှုပ်ရှားမှု က ဖြူနဲ့ ကိုနိုင် အသိအကျွမ်း ဖြစ်ခဲ့ဖူးတယ်ဆိုတာ လူသိမှာ ကြောက်နေသလိုပဲ၊ ဒါကြောင့် ကိုနိုင်လဲ ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံရတာ ”

“ကျေးဇူးတင်ပါတယ် ကိုနိုင်ရယ်၊ လူသိလို့လဲ ဘာမှ အကြောင်းထူးမှာ မဟုတ်တဲ့ စိတ်ညစ်စရာ အတိတ်ဇာတ်လမ်းတွေ အားလုံးကို ဖြူ ပြည်ဖုံးကားချထားခဲ့လို့ပါ”

“ကိုယ် ကတော့ ဖြူ့ကို ပြန်တွေ့ လိုက်ရတာ ကိုယ့်ဘ၀မှာ သိပ်ပြီးတန်ဖိုးရှိတဲ့ အဖိုးတန်ရတနာတစ်ခုကို ကာလအတန်ကြာ ပျောက်ဆုံးသွားပြီးမှ မမျှော်လင့်ဘဲ ဗြုန်းခနဲ ပြန်တွေ့ လိုက်သလို ၀မ်းသာအားရ ဖြစ်သွားမိတာ အမှန်ပဲ ဖြူ၊ ကိုယ့်စကားဟာ သိပ်များ ကလေးဆန်သွားမလား မသိဘူး”

ဖြူ ဘာမှပြန်မပြော ဖြစ်ဘဲ တွေ ငေးနေလိုက်သည်။

“ဖြူ ကိုယ့်ကို မခင်တော့ဘူးလား”

“မိတ်ရင်းဆွေရင်း တစ်ယောက် လို ဖြူ အမြဲခင်ပါတယ် ကိုနိုင်”

“အဲဒီ မိတ်ရင်းဆွေရင်းကို ၊ ပြီးတော့ ခုမှပြန်တွေ့ ကြတဲံ ငယ်သူငယ်ချင်း တစ်ယောက် ကို အိမ်အလည်လေးဘာလေး မဖိတ်တော့ဘူးလား ဖြူ”

“ရှင်”

“ကိုယ် ဖြူနဲ့ ထပ်တွေ့ ချင်နေတယ်၊ ကိုယ့်ကို ဖြူ့အိမ်ကို အလည်လာခွင့်ပြုပါ ဖြူ၊ ကိုယ် အိမ်လဲသိနေပါတယ်၊ပြီးတော့ ဒေါ်ဒေါ်အုံးကိုလဲ တွေ့ ချင်လို့ပါ”

ဖြူ့မျက်နှာကို မျှော်လင့်တကြီးနှင့် ကြည့်ရင်း တောင်းဆိုနေသော ကိုနိုင့်ကို ဖြူ ငြင်းရခက်နေသည်။

“ကိုနိုင်လာလို့ ဖြူ့ဂုဏ်သိက္ခာ မကျစေရပါဘူး ဖြူ၊ ကိုနိုင် ကတိပေးပါတယ် ၊ ကိုနိုင် ဖြူ့ဆီက ဘာအခွင့်အရေး မှ လိုချင်လို့ မဟုတ်ပါဘူး၊ ကိုယ် ရိုးရိုးသားသားပြောတာပါ၊ ယုံပါ”

“ဖြူ ယုံပါတယ် ကိုနိုင် လမ်းကြုံရင် ၀င်လည်နိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ဖြူရယ်၊ ဖြူ ခွင့်မှပြုပါ့မလားလို့၊ ဖြူ့ကို ကိုနိုင် ဟိုနေ့ညကတည်းက လန့်နေတာ”

“ဖြူ ဒီလောက် မရိုင်းရဲသေးပါဘူး ကိုနိုင်ရယ်၊ ကဲ… စားလို့သောက်လို့လဲ ၀ပြီ၊ ဖြူတို့ ထိုင်ကြတာ အတော် တောင်ကြာသွားပြီ၊ ဖြူ ပြန်ဦးမယ်နော်”

သူ့ရှေ့မှ ဖြူ ပျောက်ဆုံးသွားမှာ စိုးရိမ်နေတာတော့ အမှန်တကယ်ပဲ ဖြစ်သည်။ သို့သော် အသက်အရွယ်နှင့် ဂုဏ်သိက္ခာက အရာရာကို ရှေ့မှကာဆီးဟန့်တားနေသည်။ ဆိုင်ထဲမှ ငွေရှင်းပြီး ထွက်ခြဲ့ ကတော့…

“ဖြူမှာ ကားပါလား”

“ဖြူ ကားမစီးနိုင်တော့တာ ကြာပါပြီ ကိုနိုင်”

“ဆောရီး…ဖြူရယ်၊ ဒါဆို ဖြူ့ကို ကိုနိုင် လိုက်ပို့ပါရစေ ၊ ကိုနိုင့်မှာ ကားပါပါတယ်”

“ရပါတယ် ကိုနိုင်၊ ဖြူ ပြန်နေကျပါ၊ ဖြူ့ဘာသာ ပြန်ပါ့မယ်”

“မဟုတ်တာ ဖြူရယ်…ကိုယ် လိုက်ပို့ပါ့မယ်”

“ဖြူ တောင်းပန်ပါတယ် ကိုနိုင်၊ ဖြူနဲ့ ကိုနိုင်ဟာ မနေ့တစ်နေ့ကမှ တွေ့ ဖူးမြင်ဖူးကြတာလို့ ပတ်ဝန်းကျင်က သိထားပါတယ်၊ ဒီနေ့ ကိုနိုင့်ကားပေါ်မှာ ဖြူ ပါလာတာတွေ့ ရင် ဘယ်လိုဝေဖန်ကြမလဲ၊ ဖြူ့ကို နားလည်ပါ”

ဘ၀တစ်သက်တာ ကာလတွင် ဖြူစင်ဦးဆိုသော မိန်းကလေးနှစ် ယောက် ကို တွေ့ ကြုံရသလို ခံစားမိသော ဦးအောင်နိုင်အတွက် အရာရာသည် အံ့သြစရာ ဖြစ်နေသည်။

“ကောင်းပြီ ဖြူရယ်…ဖြူပြောတ ကိုယ် သဘောပေါက်ပါတယ်၊ ဒါပေမယ့် နောက်နေ့တွေ ကျရင်တော့ ကိုယ် လာတွေ့ ပါရစေ”

“ဟုတ်ကဲ့ပါ…ဖြူ သွားမယ်နော်”

“ကောင်းပါပြီ ဖြူ”

သူချစ်သော ဖြူစင်ဦးကို လေးစားမြတ်နိုးစွာ ငေးကြည့်ရင်း….

*****


ဝန်ဇင်းချစ်သူများ သန်းမြင့်အောင် ၏ “ ချစ်ကြိုးဖွဲ့သီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ငိုခြင်း...ရယ်ခြင်း...နီးခြင်း...ဝေးခြင်းနှင့်…

သူ၏ကောင်းကင်

လူမှုဘ၀ ပရဟိတနယ်ပယ်