Cover

ရာမယဏ ပုဗ္ဗကာရီ ဆရာဇော်ဂျီ

(ပဏာမ) ။    ။

ဆရာ မောင်ဆုရှင်၏ ‘မြို့ပြခံစားမှု စာမွန်များ ’ ကို ပြန်ဖတ်ဖြစ်နေရင်းမှ ဤစာကိုရေးဖို့ အ ကြောင်းဆိုက်လာပါသည်။ စာပေဗိမာန်က အခါအားလျော်စွာ ကျင်းပသော သုတဘဏ်စာတမ်း ဖတ်ပွဲမှာ စာတမ်းတစ်စောင် ဖတ်ပေးဖို့ ဆရာက ကျွန်တော့်ငို မဆိုင်းမင့် ပေးခဲ့ဖူးသည်။ ကျွန်တော် က ရေးပါမည်၊ ဖတ်ပါမည်ဟု အာမ၀န္တံခံပြီး ခေါင်းစဉ်တစ်ခုပင် ပေးလိုက်ခဲ့သည်။ ယခုခေါင်းစဉ် (ရာမယဏပုဗ္ဗကာရီ ဆရာဇော်ဂျီ) ပင်ဖြစ်ပါသည်။ ဆရာက ကြုံတိုင်းလိုလိုပင် ‘ကိုချစ်လုပ်လေဗျာ၊ ပုဗ္ဗကာရီ … ဆရာဇော်ဂျီ’ ဟု နှိုးဆော်ပါသည်။ ဆရာသာ တိမ်းပါးသွားရှာရော၊ ကျွန်တော်မရေးဖြစ် ခဲ့။ နောက်တော့ သုတဘဏ်စာတမ်းဖတ်ပွဲမှာ မတင်ဖြစ်ခဲ့သည့် ဤခေါင်းစဉ်ဖြင့် ကျွန်တော်သည် ဆရာဇော်ဂျီ ရာပြည့် (အကြို) အထိမ်းအမှတ် ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်တွင် မန္တလေး မြို့၊ အမျိုးသားဇာတ်ရုံကြီးတွင် ဟောပြောခဲ့၏ ။ ယခုဆောင်းပါးမှာ ထိုဟောပြောချက်ကို အခြေခံ၍ ပြန်လည်မွမ်းမံဖွဲ့စည်းထားသော ဆောင်းပါးဖြစ်ပါသည်။ ဟောပြောမှု ပုံစံဖြင့်ပဲ ရေးထားပါကြောင်း။

+++++++++

……………………

………… ခင်ဗျား

ရှေးဦးစွာ ‘ပုဗ္ဗကာရီ’ ဆိုတာ ရှင်းခွင့်ပြုပါ။ အများ သိပြီး စကားလုံးအဓိပ္ပါယ်ဖြစ်ပေမယ့် နိဒါန်းအဖြစ်နဲ့ ရှင်းပြခြင်းဖြစ်ပါတယ်။ ဒါဟာ ဒုကင်္ဂုတ္တရ၊ တတိယပဏ္ဏာသက၊ ပထမသုတ် ၈၆ မှာ မြတ်စွာ ဘုရား ဟောကြားတော်မူခဲ့တဲ့ ဒေသနာထဲက စကားလုံးဖြစ်ပါတယ်။ အနက်က ‘ရှေးဦးစွာ ကျေးဇူးပြုသူ’ လို့ အနက်ရပါတယ်။ လောကမှာ ရခဲသူနှစ်ယောက် … ပုဗ္ဗကာရီ - ရှေးဦးကျေးဇူးပြု သူနဲ့ ကတညုတ ကတဝေဒီ - သူပြုဖူးတဲ့ ကျေးဇူးကို သိတတ်၊ ထုတ်ဖော်တတ်၊ ပေးဆပ်တတ်သူ … ဒီနှစ်ယောက်ဖြစ်ပါတယ်။

ဆရာဇော်ဂျီဟာ ရာမယဏနဲ့ပတ်သက်ပြီး ပုဗ္ဗကာရီ ဧကန်ဖြစ်တယ်လို့ ကျွန်တော်အခိုင် အမာဆိုပါတယ်။ တိုင်းပြည်၊ လူမျိုးအတွက် ဆရာဇော်ဂျီဟာ စာပေနဲ့ ကျေးဇူးပြုခဲ့တာတွေ အများ ကြီး တစ်ပုံတစ်ပင်ကြီးရှိကြောင်း အားလုံးသိပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဆရာ့ကျေးဇူးတွေကို ဖော် ထုတ်ပူဇော်ကြရမှာ ဆရာ့ရဲ့ ဘာသာပြန်ဝတ္ထု၊ ဆရာ့ရဲ့ ပြဇာတ်၊ ဆရာ့ရဲ့ ရသဆိုင်ရာ ဆောင်းပါး၊ ဆရာ့ရဲ့ ပင်ကိုရေးဝတ္ထုတို၊ ဆရာ့ရဲ့ စာကြည့်တိုက်၊ မာလိန်မှူးကြီး ဘ၀ … စသည်ဖြင့် စာမျက်နှာ ပေါင်းများ စွာ ကနေပြီး ပူဇော်မှတ်တမ်းတင်ကြပါတယ်။

ဒီလို ပူဇော်မှတ်တမ်းတင်ကြတဲ့အထဲမှာ အားပါးတရကြီး ပူဇော်လိုက်သူကတော့ ဆရာ ဒေါက်တာကျော်စိန်ပါ။ ဆရာ့ရဲ့ ကန်တော့ပစ္စည်းက အများ သိကြတဲ့ စာပေဗိမာန်စာမူဆုရ ‘ဇော်ဋီ ကာ ပထမတွဲ ၊ ဒုတိယတွဲ ၊ တတိယတွဲ ’ ဖြစ်ပါတယ်။ ဆရာဒေါက်တာကျော်စိန်က ဆရာဇော်ဂျီကို ၀တ္ထုရှည် (ဘာသာပြန်)၊ ဋီကာဆရာ၊ ဒဿန (ဘာသာပြန်) ကျမ်းပြု၊ ရသစပေကျမ်းပြု၊ ခရီးသွား စာပေ၊ ပြဇာတ်ဆရာ၊ ၀တ္ထုတိုဆရာ၊ ကဗျာဆရာစတဲ့ မျက်နှာစာတွေကနေ ကြည့်မြင်ဖွင့်ဆိုထားပါတယ်။

ဇော်ဋီကာ သုံးတွဲ ရဲ့ အဖွင့်စာမျက်နှာတွေမှာ ဆရာဒေါက်တာကျော်စိန်ရဲ့ ‘ကန်တော့ချိုး’ လင်္ကာလေးကို တွေ့ရပါတယ်။ လှလိုက်တဲ့ လင်္ကာလေး။ ‘ဓမ္မပူဇာ၊ ဇော်ဋီကာဖြင့်၊ လူ့ရွာငြီး၍ ၊ နတ်ထီးကြွပြောင်း၊ ဆရာကောင်းအား၊ ဦးခေါင်းခြေခိုက်၊ ကန်တော့လိုက်၏ …’တဲ့။

ဆရာဒေါက်တာကျော်စိန်ကို တုပပြီး ကျွန်တော်လည်း (ဆရာ့ဆီက ကြိုခွင့်မတောင်းမိတာ ခွင့်လွှတ်ပါဆရာ) ကန်တော့ချိုးလေးတစ်ပုဒ် ချိုးလိုက်ချင်တယ်။

‘ရာမယဏ၊ ပုဗ္ဗကာရီ၊ ဆရာဇော်ဂျီ၊ နာမမည်ဖြင့်၊ လူ့ပြည်ငြီး၍ ၊ နတ်ထီးကြွပြောင်း၊ ဆရာ ကောင်းအား၊ ဦးခေါင်းခြေခိုက်၊ ကန်တော့လိုက်၏ ၊ အမြိုက်စာရင်း ၀င်စေသောဝ် …’

ကျွန်တော် အခု ရာမယဏနဲ့ ပတ်သက်ပြီး ဆရာဇော်ဂျီ ရှေးဦးကျေးဇူးကြီးစွာ ပြုခဲ့တဲ့ မျက်နှာစာဘက်ကနေ မှတ်တမ်းတင်မှာ ပါ။ ဒါဟာ ဆရာ့ဂုဏ်ကျေးဇူးကို ပူဇော်တည်ဆောက်ကြတဲ့ ‘ဗိမာန်’ ကြီးထဲကို ကျွန်တော်က အုတ်တစ်ခဲ၊ သဲတစ်မှု န် ပါဝင်အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။

မြန်မာစာရေးဆရာများ ထဲမှာ ဆရာဇော်ဂျီဟာ ရာမယဏနဲ့ ပတ်သက်ပြီး ‘လက်ကုန်နှိုက်’ ရေးခဲ့သူလို့ ဆိုလိုက်ပါရစေ။ ဒီနေရာမှာ ရာမဇာတ်၊ ရာမစာများ ကို ကပြတင်ဆက်ကြ၊ ရွတ်ဆိုသီ ကုံးကြ၊ ရေးသားဖွဲ့သီကြတဲ့ ဆရာ့ ဆရာများ ကို ကျွန်တော် မသိကျိုးကျွံမပြုပါ။ ထို ဆရာ့ဆရာများ ရဲ့ ရာမဇာတ်၊ ရာမစာပေ ထိန်းသိမ်းဆက်ခံမှု များ ကို ကျွန်တော် တလေးတစား မှတ်တမ်းတင်ပါတယ်။

ဒီလိုရှိကြတဲ့ အထဲမှာ မှ ဆရာဇော်ဂျီကို ‘ရာမယဏ ပုဗ္ဗကာရီ’ လို့ ဆိုလိုက်ခြင်းဟာ အလွန် အကျူး အထူးတင်စားသော အတိဿယ၀ုတ္တိလို့ မထင်စေချင်ပါ။ ဘာကြောင့်ပါလဲ။ ကျွန်တော်တို့ ဆစ်ဆစ်ပိုင်းပိုင်း ကြည့်ကြပါစို့။

၁၉၉၈ ခုနှစ် (လတော့ မမှတ်မိတော့ပါ) က ထုတ်တဲ့ ယဉ်ကျေးမှု မဂ္ဂဇင်းမှာ အထူးဆောင်း ပါး တစ်ပုဒ် ပါခဲ့ပါတယ်။ (ရာမယဏ စာစုစာရင်း) အမည်နဲ့ပါ။ ရေးသူက ဆရာမောင်ဇေယျာဖြစ်ပါ တယ်။ သူ့ဆောင်းပါးထဲမှာ ပုံနှိပ်ထုတ်ဝေပြီး ရာမဇာတ်စာအုပ် စာရင်းအဖြစ် ဖော်ပြထားပါတယ်။ စာရင်းအရ ရာမနဲ့ပတ်သက်ပြီး စာအုပ်၊ ဆောင်းပါး၊ စာတမ်းများ ကို စုစည်းဖော်ပြထားရာမှာ မြန်မာ ဘာသာနဲ့ ၅၂ အုပ်/စောင်၊ အင်္ဂလိပ်ဘာသာနဲ့ ၈အုပ်၊ စုစုပေါင်း ၆၀ ရှိပါတယ်။ အဲဒါက ၁၉၉၈ က စာရင်း။ အခု ဦးအောင်ဖြိုးရဲ့ ရာမသာချင်းနဲ့ နေမျိုးနာဋက ကျော်ခေါင်ရဲ့ သီရိရာမဇာတ်တို့ကိုပါ ထည့်ပေါင်းရင် ၆၂အုပ် ရှိပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီ ၆၂ အုပ်ထဲမှာ ဆရာဇော်ဂျီရဲ့ စာ စာရင်းဟာ နံပါတ်စဉ် အများ ဆုံးပါ။ ဇော်ဂျီအမည် မပါသော စာအုပ်များ မှာ လည်း ဆရာရဲ့ ပါဝင်မှု တွေ ရှိနေပြန်ပါသေးတယ်။

ဆရာဇော်ဂျီဟာ ၁၉၃၀ ကနေ ၁၉၈၇ ဆရာ့အသက် ၈၀ ပြည့်တဲ့အထိ နှစ်ပေါင်းခြောက် ဆယ်နီးပါး ရာမဇာတ်ကို စိတ်ဝင်တစားနဲ့ သုတေသနပြု၊ ဆောင်းပါးတွေ၊ စာတမ်းတွေ ရေးခဲ့တာ ဖြစ်ပါတယ်။ ဒါက အချိန်ကာလ အပိုင်းအခြားပါ။

နောက်တစ်ခု။ ‘မြန်မာရာမ’ ဆိုတဲ့ စကားလုံးကို ဆရာဇော်ဂျီက အတိအကျ အနက်ဖွင့်ပေး ထားပါတယ်။

(မြန်မာရာမဟု ဆိုရာတွင် ရှေးခေတ် အိန္ဒိယရာမယဏကဗျာကို မှီးလျက် မြန်မာတို့၏ ဉာဏ်ဖြင့်လည်းကောင်း၊ မြန်မာတို့၏ အကြိုက်ဖြင့်လည်းကောင်း၊ မြန်မာတို့၏ စာရိတ္ထအမြင်ဖြင့် လည်းကောင်း၊ မြန်မာ့မြေတွင် မြန်မာ့ဟန်ဖြင့် မြန်မာပြည်တွင် တစ်ချို့တစ်ဖုံ ရေးခဲ့ကြသော ရာမ ကဗျာ၊ ရာမ စကားပြေ၊ ရာမပြဇာတ်တို့ကို ဆိုလိုရင်းဖြစ်သည်) လို့ အနက်အဓိပ္ပါယ် ပြည့်စုံအောင် ဖွင့်ဆိုခဲ့ပါတယ်။

ဒီအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အခြေခံထားပြီး ဆရာဟာ ရာမယဏကို သုတေသနပြုခဲ့ပါ တယ်။ မည်ကာမတ္တသုတေသန မဟုတ်ပါ။ ဉာဏ်ကြီးသော ပညာရှင်တစ်ယောက်ရဲ့ ဦးနှောက်နဲ့ အလှတရားကို ရှာဖွေဖော်ထုတ်တတ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ နှလုံးသား၊ ဒီနှစ်ခုပေါင်းပြီး ဆရာဟာ ရာမယဏကို ထောင့်စုံ ဘက်စုံကနေ ချဉ်းကပ်ခဲ့တာပါ။

ဘယ်လို ထောင့်စုံဘက်စုံပါလဲ …။

(၁) မြန်မာရာမ သမိုင်းကြောင်းကို လိုက်လံရှာဖွေခြင်း (သမိုင်းရှုထောင့်) (၂) လောက သဘာဝ၊ လူ့သဘာဝမှ ထုတ်ယူခြင်း (ကိုယ်ကျင့်တရားရှုထောင့်) (၃) မြန်မာ့ယဉ်ကျေးမှု မှ ကောက်ယူခြင်း (ယဉ်ကျေးမှု ရှုထောင့်) (၄) အဆို၊ အတီး၊ အကဖြင့် ရှုမြင်ခြင်း (သုခုမရှုထောင့်) (၅) စာပေအမြင်ဖြင့် ဖွင့်ဆိုခြင်း (စာပေရှုထောင့်) တို့ ဖြစ်ပါတယ်။

ဒီ ၅ ချက်က ကျွန်တော် ကောက်ယူထားတဲ့ ၅ ချက်ပါ။ ဒီထက်ပိုပြီး ရှိနိုင်ပါသေးတယ်။ ပညာရှင်များ ၊ သုတေသီများ ဖြည့်စွက်တော်မူကြဖို့ပါ။

စာရေးဆရာတစ်ဦး၊ စာပေပညာရှင်တစ်ဦးအနေနဲ့ ဘာသာရပ်တစ်ခုခုအတွက် လုပ်နိုင်စွမ်း သမျှ အလုပ်ကို ဆရာဇော်ဂျီ လုပ်သွားတာပါပဲ။ ဒါကြောင့် ဆရာဇော်ဂျီဟာ ရာမယဏကို လက် ကုန်နှိုက်ခဲ့တယ်လို့ ကျွန်တော်ဆိုခြင်း ဖြစ်ပါတယ်။

အထက်ပါအချက် ငါးချက်ကို မရှင်းမီ၊ ဆရာရေးခဲ့တဲ့ ရာမဆောင်းပါးပုဒ်ရေများ အကြောင်း ဦးစွာ တင်ပြချင်ပါတယ်။

ဆရာဟာ ရာမဇာတ်ဆိုင်ရာ ဆောင်းပါး မြန်မာဘာသာနဲ့ ခေါင်းစဉ် ၁၀ ခု၊ အင်္ဂလိပ်ဘာ သာနဲ့ သုတေသနစာတမ်း ၂စောင် ရေးခဲ့ပါတယ်။ မြန်မာဘာသာ ၁၀ ပုဒ်ဆိုပေမယ့် အခန်းဆက် ဆောင်းပါးများ အရ ရေတွက်ကြည့်ရင် ၁၆ ပုဒ် ရှိပါတယ်။ ဒီ ၁၆ ပုဒ်ကို ဆရာဇော်ဂျီစာပေါင်းချုပ် အတွဲ ၁မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် တစ်စုတစ်စည်းတည်း ဖတ်ရှုသိမ်းဆည်းချင်သူများ အတွက် ပိုပြီးလွယ်ကူ အဆင်ပြေသွားအောင် ၂၀၀၅ ခု၊ မေလမှာ ပုဂံစာအုပ်တိုက်က (ဇော်ဂျီ-ရာမ ဆောင်းပါးပေါင်းချုပ်) အမည်နဲ့ တစ်အုပ်တစ်ဖွဲ့ထုတ်ခဲ့ပါတယ်။ ဒီစာအုပ်မှာ ဆရာဦးသော်ကောင်း နဲ့ ဆရာမောင်ခင်မင် (ဓနုဖြူ) တို့က အမှာ စာ ရေးပေးထားကြပါတယ်။ ဒီစာအုပ်ထဲမှာ မြန်မာဘာ သာ ၁၀ ပုဒ် (သို့ မဟုတ်) ၁၆ ပုဒ်နဲ့ အင်္ဂလိပ်ဘာသာ ၂ပုဒ် အားလုံး ပါဝင်ပါတယ်။

ဒီလို တစ်စုတစ်စည်းတည်း ပုံနှိပ်ထုတ်ဝေနိုင်ဖို့ စာမူများ ကို စုဆောင်းပေး၊ ပုဂံစာအုပ်တိုက် ကို တိုက်တွန်းပေးသူက ချစ်ဦးညိုပါ။ အသားယူခြင်းမဟုတ်ပါ။ တစ်ဇွန်းတစ်ယောက်မစာလေး ပါဝင်ခွင့်ရခဲ့တာကို ပီတိဖြစ်လို့ ဥဒါန်းကျူးမိခြင်းသာ ဖြစ်ပါတယ်။

အဲဒီ စာအုပ်ပါ ဆောင်းပါးတွေက …

(၁) မြန်မာတို့၏ ရှေးရာမဇာတ်တော်ကြီး (၁၉၃၀၊ အောက်တိုဘာ ၂၃၊ သူရိယသတင်း စာ၊ ခေတ္တဖျာပုံဇအမည်နဲ့)

(၂) မြန်မာရာမ ဇာတ်ခင်းပုံ

(၃) မိတ္ထီလာလေးတင်ပွဲ

(၄) သမင်လိုက်ခန်း

(၅) သီတာဒေ၀ီ၏ သစ္စာနှင့် သတ္တိ

(၆) မြန်မာရာမနိဒါန်း

(၇) ရှေးဦးမြန်မာရာမအဖွင့်

(၈) မြန်မာရာမအနုပညာနှင့် ဇာတ်ပွဲ

(၉) ရာမဇာတ်ခင်းပုံနှင့် တေးဂီတ

(၁၀) မြန်မာရာမမှ အားကျစရာ-တို့ ဖြစ်ပါတယ်။

ဒီ ၁၀ ပုဒ်မှာ အမှတ်စဉ် ၇ ‘ရှေးဦးမြန်မာရာမအဖွင့်’ ဟာ စံပယ်ဖြူမဂ္ဂဇင်းမှာ ၁၉၆၈၊ ဧပြီလ ကနေ အောက်တိုဘာလအထိ ၇လတိုင် အခန်းဆက်ရေးခဲ့တဲ့ ဆောင်းပါးရှည်ကြီးဖြစ်ပြီး မဂ္ဂဇင်း ဆိုက် စာမျက်နှာ ၅၀ ကျော်ရှိပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ဆရာရေးခဲ့တာတွေက

(၁)   THE RAMAYANA IN BURMA-

(၁၉၇၁၊ အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ THE 1ST INTERNATIONAL RAMAYANA FESTIVAL မှာ တင်သွင်းခဲ့တဲ့ စာတမ်း)

(၂) RAMAYANA IN BURMESE (MYANMAR) LITERATURE AND ARTS

(U THEIN HAN အမည်နဲ့ U KHIN ZAW နဲ့ တွဲ ဖက်ပြုစုပြီး ၁၉၇၅၊ ဒီဇင်ဘာ၊ အိန္ဒိယနိုင်ငံ နယူဒေးလီမှာ ကျင်းပတဲ့ INTERNATIONAL SEMINAR မှာ တင်သွင်းခဲ့တဲ့စာတမ်း) တို့ဖြစ်ပါ တယ်။

(စကားအလျဉ်းသင့်လို့ တစ်ခုပြောပါရစေ။ ၂၀၀၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ မြောက်အီလီနွိုက် တက္ကသိုလ်မှာ ကျင်းပတဲ့ INTERNATIONAL RAMAYANA CONFERENCE ကို တက်ရောက် စာတမ်းဖတ်သရုပ်ပြဖို့ ကျွန်တော့်ကို ဖိတ်ကြားပါတယ်။ အဲဒီ ကွန်ဖရင့်မှာ ကျွန်တော်က THE ROLE OF RAMAYANA IN MYANMAR SOCIETY ခေါင်းစဉ်နဲ့ စာတမ်းတင်ခဲ့ ပါတယ်။ အဲဒီ စာတမ်းကို ရေးရာမှာ ကျွန်တော်ဟာ ဆရာဇော်ဂျီရဲ့ အင်္ဂလိပ်ဘာသာစာတမ်းကို လက်ရင်းအဖြစ် အခြေခံခဲ့ရုံသာမက အချို့နေရာတွေမှာ တိုက်ရိုက် ‘ကူးချ’ ခဲ့ပါတယ်။ သို့ သော် စာ တမ်းအင်္ဂါအရ အောက်ခြေမှတ်စုနဲ့ နောက်ဆက်တွဲ မှာ တော့ ဆရာ့စာတမ်းကို စာမျက်နှာနဲ့တကွ ညွှန်းဆိုဖော်ပြဖို့ ကျွန်တော်မမေ့ခဲ့ပါဘူး။)

“မင်းစာတမ်းကောင်းတယ်၊ စနစ်ကျတယ်” လို့ အီလီနွိုက် တက္ကသိုလ်က ပါမောက္ခများ က ပြောကြတော့ “အဲဒါ ဆရာဇော်ဂျီကောင်းလို့ပဲ” လို့ မဆိုင်းမတွ ကျွန်တော် ပြန်ပြောခဲ့ပါတယ်။

(ပိုပိုကဲကဲလေး ပြောရရင် ၁၉၇၁ နဲ့ ၁၉၇၅ တွေတုန်းက ဆရာဇော်ဂျီရဲ့ အင်္ဂလိပ်ဘာသာ စာတမ်းသာမရှိခဲ့ရင် ၂၀၀၁ မှာ ချစ်ဦးညိုရဲ့ စာတမ်းလည်း ဖြစ်ပေါ်လာဖို့ အကြောင်းမရှိပါ။ ဖြစ် လာရင်လည်း ချစ်ဦးညိုရဲ့ စာတမ်းဟာ အင်္ဂါစုံမည် မထင်ပါ။)

+++++++++

ယခု ဆရာဇော်ဂျီရဲ့ ရာမယဏအပေါ် ထောင့်စုံဘက်စုံကနေ ချဉ်းကပ်ဖွင့်ဆိုခဲ့ပုံများ ကို အချက် ၅ ချက်နဲ့ ကျွန်တော်ကောက်ယူထားတာတွေ အကြောင်းတစ်ချက်စီ နမူနာပြပြီး တင်ပြပါ မယ်။

(၁) သမိုင်းရှုထောင့်

ဆရာဟာ ရာမယဏဆိုင်ရာ စာပေများ ကို လက်လှမ်းအမီဆုံး ဆန့်တန်းလေ့လာစုဆောင်း ပြီးနောက် အလွန်တန်ဖိုးကြီးတဲ့ အဆိုများ ကို ထုတ်ဖော်ခဲ့ပါတယ်။ သာဓကအချို့ ဆောင်ရရင် -

(ရာမယဏသည် ၁၁ ရာစု ပုဂံခေတ်၊ အနော်ရထာမင်း လက်ထက်မှစ၍ အပြောအဟော အားဖြင့် ရှိခဲ့ပြီဟု ယူဆနိုင်ကြောင်း)

(မြန်မာရာမသည် ခရစ်နှစ် ၁၇ ရာစုတွင်လည်းကောင်း၊ ဦးအောင်ဖြိုး၏ ရာမသာချင်းကဗျာ ကို အကြောင်းပြုလျက် ၁၁၃၇ (၁၇၇၅)၊ ၁၈ ရာစုတွင်လည်းကောင်း မြန်မာရာမ ရှိခဲ့ပြီဟု ဆိုနိုင် ကြောင်း)

(၁၃ ရာစုမှ ၁၈ ရာစုအတွင်း မြန်မာသည် မလေးရှား၊ အင်ဒိုနီးရှား၊ လော၊ ဇင်းမယ်၊ ယိုးဒ ယား၊ အာသံ၊ မဏိပူရတို့နှင့် တိုက်ရိုက်သွယ်ဝိုက် အဆက်အသွယ် ရှိခဲ့ဖူးရာမှ ရာမစာပေသည် ကွာချက်အမျိုးမျိုးတို့ဖြင့် ပြောင်းလဲ ကြီးထွားခဲ့ကြောင်း)

(ပုဂံခေတ်မှစ၍ မြန်မာတို့တွင် ရှိခဲ့သော ကိုယ်ခံရာမသည် ယူသုံးချက်၊ ဖန်တီးချက်များ နှင့် တကွ ၁၈ ရာစုတွင် ဦးအောင်ဖြိုး၏ ‘ရာမသာချင်း’ ဘ၀ကို ရ၍ ၁၉ ရာစု ခေတ်ဦးပိုင်းတွင် ‘မဟာ ရာမ၀တ္ထု’ ဘ၀ကို ရလာသည်ဟု ဆိုရာသည်။)

ကျွန်တော်တို့ ဒီနေ့ ရာမသမိုင်းကြောင်းကို အခုလို ခေတ်ကာလ ခုနှစ်သက္ကရာဇ်နှင့် ပိုင်း ခြားရှင်းလင်းသိနိုင်ကြတာဟာ ဆရာဇော်ဂျီပေးခဲ့တဲ့ အမွေဖြစ်ပါတယ်။ ဆရာဟာ ကျောက်စာ၊ ပေ စာ၊ ပုရပိုက်စာများ အပြင် ခေတ်ပြိုင်စာပေ အထောက်အထားတွေ၊ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ နိုင်ငံရပ်ခြားစာပေတွေကို မွှေနှောက်ဖတ်ရှု သုတေသနပြုခဲ့တာပါ။

ဆရာဟာ အပင်ပန်းခံပြီး ကိုယ်တိုင်ထွန်ယက် စိုက်ပျိုးရိတ်သိမ်းခဲ့တဲ့ စပါးကို ကောင်းစွာ ထောင်း၊ ကောင်းစွာ ဖွပ်၊ ဆန်ကောင်းအဖြစ်သို့ ရောက်စေပြီး ကောင်းစွာ ချက်စေပြီးမှ နူးနပ်ဖွေးလွှ သော ထမင်းကောင်းကို ကျွန်တော်တို့ရှေ့မှာ ချ “ရော့ … စားကြပေရော့ကွယ်” လို့ ကျွေးခဲ့တာ ဖြစ် ပါတယ်။

(၁) ကိုယ်ကျင့်တရားရှုထောင့်နဲ့

(၂) ယဉ်ကျေးမှု ရှုထောင့် နှစ်ခုကို ရောစပ်ပြီး ပြောပါမယ်။

ဆရာရဲ့ ဆောင်းပါးများ အနက်မှ ‘မြန်မာရာမမှ အားကျစရာ’ ခေါင်းစီးနဲ့ ဆောင်းပါးကနေ ကောက်နုတ်သာဓက ဆောင်ပါမယ်။ ဆရာက ဒီလိုစဖွင့်ပါတယ်။ (မြန်မာရာမစာပေကို ဖတ်ရလျှင် သော်လည်းကောင်း မြန်မာရာမဇာတ်ပွဲကို ကြည့်ရလျှင်သော်လည်းကောင်း အားကျစရာများ ကို တွေ့နိုင်သည်မှာ အထင်အရှား ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရာမဇာတ်လမ်း၊ ဇာတ်ခန်းတို့ကိုလည်း ကောင်း၊ ရာမ၊ လက္ခဏစသော ဇာတ်ဆောင်တို့၏ အမူအရာတို့ကိုလည်းကောင်း အကြောင်းပြု လျက် ဖတ်သူ ကြည်သူ့ပရိသတ်တို့သည် ရသာနုဘာဝန ရသခံစားမှု အတွေ့အကြုံမှတစ်ဆင့် သိ မြင်လာနိုင်သော (၀ါ) ရသနှစ်သက်ခြင်းနှင့် အတူတကွ သိမြင်လာနိုင်သော လူ့လောက ကိုယ်နှုတ် နှလုံး အမူအရာ အကောင်းအမြတ်တို့ကို ဆိုလိုခြင်းဖြစ်သည်။)

ဒီလို ဖွင့်ပြီးနောက် ဆရာက ‘အားကျစရာ’ နှစ်ခုကို သာဓကဆောင်ပြခဲ့ပါတယ်။ တစ်ခုက ‘ကျောင်းတော်ထခန်း’ ပါ။ ဒီအခန်းမှာ ဘိုးတော်၊ ရာမ၊ လက္ခဏ ဇာတ်ဆောင်သုံးဦး ပါဝင်ပါတယ်။ ကဇာတ် (အကဇာတ်) ထဲက ဒီအခန်းကို ကြည့်ဖူးသူများ ပြန်လည်မြင်ယောင်စေချင်ပါတယ်။

လေးတင်ပွဲကို သွားကြဖို့ ဘိုးတော်နဲ့ ရာမ၊ လက္ခဏ မြေးနှစ်ပါးတို့ ကျောင်းသင်္ခမ်းလေးမှ ထွက်ခွါခဲ့ကြတယ်။ ဒီအခါ ဘိုးတော်က သရက်ပင်ပေါ်က သရက်သီးတစ်လုံးကို ဆွတ်ယူပြီး အနီး ရောက်လာတဲ့ လက္ခဏကို ပေးပါတယ်။ ပြီးတော့ ဒီသရက်သီး ငါပေးတာကို မင့်အစ်ကို ရာမ မသိ စေနဲ့၊ တစ်ယောက်တည်းစားလို့ တိတ်တိတ်ကျိတ်မှာ တယ်။ ဒီနောက် လှည့်ပတ် ကကြရင်းနဲ့ လက္ခဏက ရာမ နားရောက်တဲ့အခါ သရက်သီးကို ပြလိုက်ပြီး ဘိုးတော်ကပေးတာလို့ ကြွားလိုက် တယ်။ ရာမ စိတ်ကောက်တယ်။ သူ့ကိုတော့ ပေး၊ ငါ့ကို မပေး၊ ဘိုးတော် မျက်နှာလိုက်တယ်ပေါ့။ စိတ်ကောက်ပြီး ဘိုးတော်ကို ရန်တွေ့၊ ငိုပေါ့။ ဒီအခါ ဘိုးတော်က ငါက မပြောပါနဲ့လို့ မှာ ထားပါ လျက်နှင့် ပြောရသလားဆိုပြီး လက္ခဏကို တောင်ဝှေးနဲ့ ရိုက်မယ်လို့ ရွယ်။ ရာမက နောက်နေပြီး တောင်ဝှေးကို ဖမ်းဆွဲ။ ဘိုးတော်ဖင်ထိုင်လျက်သားကျ၊ ဆိုင်းဝိုင်းက ‘ဂျိ’ ပေါ့။

ဘိုးတော် ခေါင်းတညိတ်ညိတ်နဲ့ ပြန်ထ။ နောက်တစ်ခါ လှည့်ပတ်ကကြရင်းနဲ့ ဘိုးတော်က ရာမကို သရက်သီးနှစ်လုံးပေး၊ လက္ခဏမသိစေနဲ့လို့ မှာ ပြန်၊ ရာမက လက္ခဏကိုပြ၊ လက္ခဏ စိတ် ကောက်ငို၊ ဘိုးတော်က ရာမကို တောင်ဝှေးနဲပ ရွယ်၊ လက္ခဏက တောင်ဝှေးဖမ်းဆွဲ၊ ဘိုးတော် ဖင် ထိုင်ကျ၊ နောက်ထပ် ‘ဂျိ’။ ဒီတော့မှ ဘိုးတော်ပြန်ထပြီး ရာမကို နမ်း၊ လက္ခဏကို နမ်း၊ ညီနောင်နှစ် ပါးကိုလည်း အချင်းချင်း နမ်းခိုင်း၊ ပြီးတော့မှ ခရီးဆက်ကြပါတယ်။

ဒီအခန်းကို ‘ကျောင်းတော်ထခန်း’ လို့ ခေါ်ပါတယ်။ လေးတင်ခန်း၊ သမင်လိုက်ခန်း၊ မယ်သီ တာခိုးခန်း၊ သီဟိုဠ်ပြည် မီးရှို့ခန်းတွေလိုပဲ ရာမကဇာတ်ထဲမှာ မဖြစ်မနေ ကပြရတဲ့ အဓိကအခန်း တစ်ခန်းပါ။

ဆရာဇော်ဂျီက ဒီကျောင်းတော်ထခန်းကို ကောက်နုတ်ပြပြီး (ထိုအက သရုပ်ဖော်ခန်းသည် နာရီဝက်ထက် ပိုကြာမည် မထင်ပါ။ သို့ ရာတွင် ထိုမျှလောက်သော အချိန်အတွင်းတွင် ‘ချစ်ခင် တတ်ကြသော၊ ကြားလူဝင်၍ မရနိုင်သော၊ နားလည်မှု ရှိကြသော ရာမနှင့် လက္ခဏတို့၏ အမူအရာ …) လို့ မှတ်ချက်ချပါတယ်။’

နောင်အခါ ဒသဂီရိရဲ့ ရန်ကို ချေမှု န်းကြမယ့် ရာမနဲ့ လက္ခဏတို့ကို အကြောင်းပြုပြီး ရန် အောင်ကြောင်း တရားတို့ရဲ့ သဘောကို ဖော်ပြထားတာပါပဲ။ တိုက်ပွဲဝင်ကြမယ့်သူအချင်းချင်း သစ္စာမပျက်ရှိကြမှသာ ရိုင်းပင်းစိတ်ရှိကြမှသာ ကြားဝင်မရအောင် နားလည်ညီညွတ်ကြမှသာ ရန် သူကို နိုင်အောင် တိုက်ခိုက်မှာ ဖြစ်ကြောင်း ပြတဲ့အတွက်ပဲလို့ ဆရာက ဆိုပါတယ်။

ပြီးတော့ ဒီအခန်း ဒီဇာတ်ကွက်နဲ့ ပတ်သက်ပြီး အလွန်အံ့သြစရာလည်းကောင်း၊ ဂုဏ်ယူစ ရာလည်းကောင်းတဲ့ သုတေသနပြုတစ်ခုကို ဆရာက ဖော်ထုတ်လိုက်ပါတယ်။ အခုပြောခဲ့တဲ့ ကျောင်းတော်ထခန်းဟာ ရာမဇာတ်ကပြတဲ့ ဇာတ်ခုံပေါ်က အကွက်တစ်ကွက်ပါ။ ဒီအခန်း၊ ဒီသဘောဟာ ရာမစာပေတွေထဲ မပါပါဘူး။ ဒါကို ဆရာဇော်ဂျီက အတိအလင်း ပြလိုက်ပါတယ်။

အင်းဝ ဆင်ဖြူရှင်လက်ထက်က ဦးအောင်ဖြိုးရဲ့ ရာမသာချင်း၊ ညောင်ရမ်းခေတ် ရာမ၀တ္ထု၊ ဘိုးတော်မင်းတရာလက်ထက် ဦးတိုးရဲ့ ရာမရကန်၊ နောက်ပိုင်း ကုန်းဘောင်ခေတ် နောက်မင်းများ လက်ထက်၊ မဟာဆွေရာမ၀တ္ထု၊ သီရိရာမဇာတ်၊ ဆတိုင်မွတ်ဦးလူးရဲ့ ပုံတော်ရာမ ပြဇာတ်၊ ကုန်း ဘောင်ခေတ် ပြီးဆုံးချိန် ဆရာထွေးရဲ့ ရမ္မသုံးမျိုးဝတ္ထု၊ ဆရာထွန်းရဲ့ အလောင်းရာမ သာချင်း၊ ဒါးပိန် ဦးမောင်ကြီးရဲ့ ပုံတော်ရာမပြဇာတ်တွေထဲမှာ ဒီကျောင်းတော်ထခန်း မပါပါဘူး။ ဒါတွင်မက ပါဘူး …

မူလ ရာမယဏ မဟာကဗျာကစလို့ နောက်ပွား၊ ဟင်ဒီ၊ ဘင်္ဂါလီ၊ တမီလ်၊ ကသ္မီယစာပေ တွေထဲမှာ လည်း မတွေ့ရပါဘူး။ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ယိုးဒယားစာပေတွေထဲမှာ လည်း ဒီအခန်းကို မတွေ့ရဘူးလို့ ဆရာက ဖော်ပြရင်း (ဒါဟာ မြန်မာရာမဇာတ်ပညာရှင် တစ်ဦးဦး၊ တစ်ဖွဲ့ဖွဲ့က တီထွင်ထည့်သွင်းခဲ့တဲ့ အကသရုပ်ဖော်ခန်း ဖြစ်စရာရှိတယ်) လို့ ဆရာက ကောက် ချက်ချပါတယ်။

ဒီကောက်နုတ်ချက်ဟာ အံ့သြစရာ၊ ဂုဏ်ယူစရာ သုတေသနပြုချက်လို့ ကျွန်တော်ပြောပါရ စေ။ ဆရာဇော်ဂျီဟာ စာပေသမိုင်းကြောင်းတွေ ခေတ်ပြိုင်အထောက်အထားတွေကို နှံ့နှံ့စပ်စပ်၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီး နှိုင်းယှဉ်လေ့လာ (Comparative Study)၊ ခွဲခြမ်းစိတ်ဖြာလေ့လာ (Analytical Study) တဲ့ ပညာရှင်ကြီး (Scholar) ဖြစ်ပါတယ်။

+++++++++

နောက်တစ်ခန်းရှိပါသေးတယ်။ ဒဿဂီရိ ခိုးယူသွားတဲ့ သီတာဒေ၀ီကိုရှာဖို့ ရာမ၊ လက္ခဏ တို့ ထွက်လာကြ၊ တောတောင်ထဲမှာ ကြို့ပင်အောက်ရောက်၊ ရာမက မောပန်းလွန်းလို့ လက္ခဏ ပေါင်ပေါ်မှာ ခေါင်းအုံးအိပ်ပျော်၊ ဒီအချိန်မှာ ကြက်မတန်းလောက်ရှိတဲ့ မှတ်ကြီးတစ်ကောင်က လက္ခဏကုပ်ကို ၀င်ခဲ။ သွေးစိမ်းရှင်ရှင်ကျတာကို လက္ခဏက နောင်တော်နိုးမှာ စိုးလို့ တုတ်တုတ်မျှ မလှုပ်ဘဲ ကြိတ်ခံ။ ဒါကို ကြို့ပင်ပေါ်က မျောက်ကြီး သုကြိတ်မြင်တော့ သြော် … ညီစအစ်ကို ချစ် လိုက်ကြတာ။ ငါ့မှာ တော့ ငါ့အစ်ကိုဘာလီက နန်းလည်းသိမ်း၊ ငါ့မိဖုရားလည်းယူ၊ ငါ့ကိုလည်း နှင် ထုတ်၊ သူတို့ညီအစ်ကိုနဲပ ငါတို့ညီအစ်ကို ကွာလိုက်လေခြင်း … ဆိုပြီး ငိုတော့ မျက်ရည်ပေါက်က ရာမအပေါ်ကျ။ ပြင်စည်မင်းသားကြီး ရေးစပ်ခဲ့တဲ့ ပန်းမြိုင်လယ် ဖရင်းချားကြီး အများ သိကြပါတယ်

‘ညီနောင်မူရာ … သူသာမြင် …၊ သည်တွင် ရွှေဘ၀င် လွန်လှိုက်လှဲ
ပူလောင်ကြေကွဲ … ငိုယောင်ဆည်လဲ … သည်သဲ … ပြေဘဲအောင်သာ
သွယ်ဖြာငွေနှင်း … မျက်ရည်ဖြာဆင်း … ရင်တွင်းငယ်မှာ …
ရာမင်းငယ်သာ၊ စက်ရာပျော်ဘဲနိုး …’

ရာမလန့်နိုးပြီး သုကြိတ် မျောက်ကြီးကိုမြင်၊ လေးနဲ့ပစ်မယ်အလုပ် သုကြိတ်ကြီး ကြို့ပင်ပေါ်က ဆင်းလာပြီး …

‘၀ပ်လျှိုး … မျောက်မွန် … ကြောက်ဝှန်ကြက်သီးမိုး …’

‘စုံဆယ်ဖြာ ပန်ထွာဦးတင် … ဖူးမြင်သက်လွှတ်ကြောင်း’

ဒီဇာတ်ကွက်ကို ဦးအောင်ဖြိုးရဲ့ ရာမသာချင်းမှာ လည်း သရုပ်ဖော်ထားပါတယ်။ ‘ကြို့ပင် ၀န်းကို၊ နေမွန်းတည့်တွင်၊ ရောက်လေလျှင်၊ ပင်ပန်းသည်နှင့်၊ တစ်ရေးတွက်ကယ်၊ စက်မည်ခွင့်ကို၊ ဘုန်းရင့်လှိုင်ကျော်၊ ရွှေခွန်းဖော်ရာတွင်၊ ညီတော်လက္ခဏ၊ လျှော်တေကြိုင်သင်း၊ တင့်ဘိခြင်းကို၊ ခင်းတည်စ။ လက္ခဏာရင်ခွင်၊ ပေါ်တွင်ဦးခေါင်း၊ အခင်းလျှော်တေ၊ တစ်ပိုင်းမြေတွင်၊ ရွှေဇမ္ဗူကို၊ ရုပ်တူလောင်းသည့်နှယ်၊ လျောင်းသည်သခင်။ နန်းပါသင်တိုင်း၊ နွမ်းမှိုင်းမှိုင်းကို၊ ရစ်သိုင်းခြုံလျက်၊ တစ်ရေးတွက်ကယ်ကို၊ စက်တော်ခေါ်၍ ပျော်တုန်းတွင်၊ ရွှေခင်ညီလှ၊ လက္ခဏာ၏ ၊ နောက်ကမ လျော်၊ ကျောပြင်တော်ကို၊ လျှံပေါ်ရဲရဲ၊ ကြက်မတမ်းလောက်၊ အထောက်တူလျော၊ မြင်သူမော စရာ့၊ ထိုတောတွင်းမှက်၊ သွေးယိုထွက်အောင်၊ တက်၍ ခဲသော်၊ စစ်ပွဲသဘင်၊ စစ်မြေပြင်ဝယ်၊ လှံ ကျင်တွယ်ထိ၊ သလိုရှိအောင်၊ သွေးထိဒီးဒီး၊ စီးခဲ့ဖြာဖြာ၊ ယိုသောခါတွင်၊ ဟာ … ငါ့သခင်၊ စက် တော်ခေါ်၍ ၊ ပျော်တုန်းတွင်ကို၊ လွန်လျှင်ဧကန်၊ နိုးမည်မှန်၏ ။ တစ်တန်ယှက်နှောင့်၊ သည်မှက် ကြောင့်ပင်၊ တစ်ထောင့်သွေးသား၊ စီးယိုငြားလည်း၊ စားပလေစေ၊ မလှုပ်မရှား၊ မြတ်မူထားနှင့်၊ တံ့ စားနေသည်ကို၊ ယွင်းသွေမခွ၊ ကြို့ပင်ကလျှင်၊ ပေါင်းရမည်မိတ်၊ ၀မ်းနည်းစိတ်နှင့် သုကြိတ်က မြင်မြော်တည့်လေသော်။

သြော် သည်လူများ ၊ ဆန်းဝတ်စားလည်း၊ သနားဖွယ်ပင်၊ ဆင်းပြင်လက္ခဏာ၊ ပစ္ဆာမနှောင့်၊ သူ့ကောင်းသွေးရည်၊ ဖြစ်သည်တကား၊ မင်းသားပေထင့်၊ အခွင့်ရိပ်ခြည်၊ သွေဖည်မယွင်း၊ သနားစဖွယ်၊ သူတို့နှယ်နော်၊ သက်လှယ်ချစ်ကြပါဘိခြင်း …’

ရာမနဲ့ လက္ခဏညီနောင်အချစ်၊ သုကြိတ်နဲ့ဘာလီ ညီနောင်အမုန်း …။ ဒီဇာတ်ကွက်လေး ဟာလည်း မူလ ရာမယဏကဗျာ၊ အခြားရာမစာပေတို့မှာ မရှိ။ မြန်မာရာမမှာ သာ ရှိကြောင်း ဆရာဇော်ဂျီက ထောက်ပြခဲ့ပါတယ်။ ဆရာက -

(ရာမ၊ လက္ခဏ ညီနောင်၏ ချစ်ခင်ညီညွတ်ပုံကို ပရိသတ်က မမေ့အောင် ဒဿဂီရိနှင့် ရာမ၊ လက္ခဏတို့ စစ်ထိုးခန်းသို့ ရောက်ခါနီး တွင် ထပ်မံ၍ ဖော်ပြသည်မှာ အလွန်သင့်မြတ်လှ သည်ဟု ဆိုချင်ပါသည်။ ရာမဇာတ်လမ်းတွင် အိုင်ကျင်းဖွဲ့ပုံ ပိုင်လှပါပေသည်) လို့ ရေးခဲ့ပါတယ်။

ဆောင်းပါး အဆုံးပိုဒ်မှာ တော့ …

(အထက်က ဆိုခဲ့သော အားကျစရာ နှစ်ခုသည် လူ့လောက အမြတ်တရားနှစ်ပါး ဖြစ်သည် မှာ ထင်ရှားပါသည်။ ထိုတရားနှစ်ပါးကို ပရိသတ်တွင် အားကျစရာဖြစ်အောင် စာပေပညာရှင်များ ကလည်း ကဗျာသရုပ်ဖော်၊ စကားပြေသရုပ်ဖော်တို့ဖြင့် အားထုတ်ခဲ့ကြပြီ။ ရာမဇာတ်သဘင် ပညာ ရှင်များ ကလည်း ဇာတ်သရုပ်ဖော်တို့ဖြင့် အားထုတ်ခဲ့ကြပြီ။ ချီးကျူးစရာပါပေတည်း) လို့ လှပစွာ အဆုံးသတ်ခဲ့ပါတယ်။

ဆက်လက်ပြီး ရာမယဏကို ဆရာဇော်ဂျီ ချဉ်းကပ်ဖော်ထုတ်ရာမှာ လက်ကိုင်ပြုတဲ့ နောက် ရှုထောင့်တစ်ခုကို ပြောပြပါမယ်။ အဲဒီ ရှုထောင့်ကတော့ ‘သုခုမ အနုပညာရပ် ရှုထောင့်’ ဖြစ်ပါ တယ်။

ဒီရှုထောင့်နဲ့ ဆရာကြည့်မြင်တဲ့ အမြင်တွေကို ဆရာ့ရဲ့ ဆောင်းပါးတွေထဲက (မိတ္ထီလာလေး တင်ပွဲ) (သမင်လိုက်ခန်း) (မြန်မာရာမ အနုပညာနှင့် ဇာတ်ပွဲ) (ရာမဇာတ်ခင်းပုံနှင့် တေးဂီတ) ဆောင်းပါးတွေမှာ တွေ့ရပါတယ်။ ကျွန်တော် အသေးစိတ် ကောက်နုတ်မပြတော့ပါ။ ဆိုင်ရာ ဆောင်းပါးတွေမှာ ဖတ်ရှုကြည့်ကြပါလို့သာ တိုက်တွန်းပါရစေ။ ဆရာက အဲဒီ ဆောင်းပါးတွေထဲမှာ မြန်မာရာမဇာတ်ရဲ့ အဆို၊ အတီး၊ အကနဲ့ ဇာတ်ခုံပိုင်းဆိုင်ရာတွေကိုပါ ရေးပြခဲ့ပါတယ်။ ပွဲကြည့် ပရိသတ်တစ်ယောက်ရဲ့ အမြင်ဆိုပါစို့။ သို့ သော် သာမန်ပွဲကြည့်ပရိသတ်မဟုတ်ပါ။ စူးရှစေ့စပ်တဲ့ အာရုံနဲ့ ရာမဇာတ်ရဲ့ နစ္စ၊ ဂီတ၊ ၀ါဒိတတွေကို မလွတ်တမ်း လိုက်ကြည့်ထားတာပါ။

ဒီအထဲက ထူးခြားမှု တစ်ခုကိုတော့ ကောက်နုတ်ပြောချင်ပါတယ်။ (သမင်လိုက်ခန်း) ဆောင်းပါးထဲမှာ ဆရာက ဒီလိုရေးပါတယ်။ (မြန်မာရွှေသမင်ကပြပုံသည် အခြားနိုင်ငံများ မှ ရာမ ဇာတ်များ တွင် မြင်ရသောပုံမျိုးမဟုတ်ဟု ဆိုကြသည်။ အခြားနိုင်ငံ ရာမဇာတ်များ တွင် ရွှေသမင်က သူသည် မတ်ရပ်အနေအထားပြုလျက် ကသည်။ မြန်မာရာမဇာတ်တွင်မူ ဆောင့်ကြောင့်အနေအ ထားပြုလျက် ကသည်။ မြန်မာ့နည်း၊ မြန်မာ့ဟန်ဟု ဆိုသင့်သည်။ ယိုးဒယား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယသဘင်သည်တို့ အံ့သြကြသည်ဟု သိရသည်။)

ဒီဆောင်းပါးဟာ ၁၉၈၇၊ ဧပြီလထုတ်၊ စံပယ်ဖြူ မဂ္ဂဇင်းထဲမှာ ပါခဲ့ပါတယ်။ အံ့သြစရာ ကောင်းလိုက်ပုံက ဆရာ့ရေးသားချက်ဟာ နိမိတ်ဖက် ဗေဒင်ဟောချလိုက်သလို၊ ဟောကိန်းထုတ် လိုက်သလိုပါပဲ။ ၁၉၈၇ မှာ ဆရာရေးခဲ့ပြီး နောက် ၁၃ နှစ်ကြာတဲ့အခါ ခရစ်နှစ် ၂၀၀၀ ပြည့်မှာ အာဆီယံနိုင်ငံများ စုပေါင်းပြီး (REALIZING RAMA) အမည်နဲ့ အလွန်ကြီးကျယ်ခမ်းနားတဲ့ ရာမ ဇာတ်ကြီးကို ကပြကြပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က ကမကထပြုကြတာပါ။ အာဆီယံအဖွဲ့ ၀င်နိုင်ငံတွေက အနုပညာရှင်တွေ စုပေါင်းတင်ဆက်တဲ့ ဒီဇာတ်ရုပ်ထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက ယဉ်ကျေးမှု တက္ကသိုလ် ဘွဲ့ရကလေးနှစ်ယောက်လည်း ပါပါတယ်။ အကသမားလေးတွေပါပဲ။

(REALIZING RAMA) ဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးရဲ့ ရာမမှ မဟုတ်ပါဘူး။ အာဆီယံရဲ့ မူဝါဒခံယူချက် ကြေငြာစာတမ်း ဇာတ်ထုပ်လို့ ပြောရင်ရပါတယ်။ ရန်ကုန်အမျိုးသားဇာတ်ရုံမှာ က သွားတယ်။ ရာမဇာတ်ကျောရိုးကို အခြေခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ ရဲ့ ဆို၊ တီး၊ က အနုပညာ တွေကို စုပေါင်းစင်တင်၊ အဆင်မြင့်မီး၊ ဇာတ်ခုံ၊ ဆက်တင်နည်းစနစ်ကို သုံးသွားတဲ့ ဇာတ်ထုပ်ပါ။

ခုနက ပြောခဲ့တဲ့ မြန်မာ အကပညာရှင်နှစ်ဦးဟာ ရာမ၊ လက္ခဏ၊ သီတာ၊ ဒဿဂီရိ၊ ဘိဘိ သနစတဲ့ ပဓာနဇာတ်ဆောင်တွေ နေရာမှာ မပါဝင်ခဲ့ကြပါ။ သူတို့ဟာ မျောက်ယိမ်း၊ ဘီလူးယိမ်း တွေမှာ ပဲ ပါဝင်ခဲ့ရပါတယ်။ သို့ သော် …။

ရွှေသမင်အခန်းမှာ တော့ မြန်မာအကသမားက မြန်မာရွှေသမင်ဝတ်စုံနဲ့ မြန်မာ ကကြိုးကကွက် (CHOREOGRAPHY) အတိုင်း ကသွားတာပါ။ ဆရာဇော်ဂျီရေးခဲ့တဲ့အတိုင်း ကွက်တိပါပဲ။ အခြားဇာတ်ဆောင်အကတွေမှာ မော်ဒန်ကကွက်တွေနဲ့ တန်ဆာဆင်ထားပေမယ့် ရွှေသမင်အက မှာ တော့ မြန်မာရွှေသမင်မှ မြန်မာရွှေသမင်ပါပဲ။ ‘ဟိုင်းတက်ခ်’ ကြိုက်တဲ့ အာဆီယံ ရာမ ခေါင်းဆောင်တွေဟာ ရွှေသမင်အကမှာ တော့ မြန်မာရွှေသမင်ကိုပဲ မျက်စိကျကုန်ကြပါတယ်။

၁၉၉၉ တုန်းက ကျွန်တော်ဟာ ယဉ်ကျေးမှု ကဇာတ် အကြံပေးပညာရှင်အဖြစ် အိန္ဒိယနိုင်ငံ မြို့ကြီးတွေဆီ ရောက်ခဲ့ရပါတယ်။ ဒီတုန်းကလည်း မြန်မာရာမကို ကောက်နုတ်ချက်အခန်းငယ်များ (EXCERPTS) အဖြစ်နဲ့ တင်ဆက်ကပြခဲ့ရာမှာ ရွှေသမင်အကကို အိန္ဒိယပွဲကြည့်တို့ သဘော အကျဆုံးလို့ ပြောကြတယ်။

ရွှေသမင်ကလေးက ဆောင့်ကြောင့်အနေအထားနဲ့ ခြေတစ်ဖက်ကွေး၊ တစ်ဖက်ထုတ်၊ လက်ချောင်းလေးကို လက်ညှိုးနဲ့ လက်သန်းထောင် (ချိုအဖြစ်)၊ မျက်တောင်လေး ပုတ်ခတ်၊ ပုတ် ခတ်လုပ်၊ အခုန်အပျံ၊ အရှောင်အတိး၊ အလှည့်အဝေ့များ လုပ်လိုက်တဲ့အခါ အိန္ဒိယဇာတ်ရုံထဲမှာ လက်ခုပ်သံ တဖြောင်းဖြောင်းပါပဲ။ ကျွန်တော်တို့ မြန်မာအဖွဲ့ မျက်နှာပွင့်ခဲ့ရတာ ဟာ ရွှေသမင်ကြောင့်လို့ ပြောလို့ရပါတယ်။

ဒါ့ကြောင့် ဆရာဇော်ဂျီဟာ မြန်မာရာမထဲက မြန်မာရွှေသမင်အကကို ဆယ်စုနှစ်တစ်စု ကျော်ကတည်းက ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်လို့ ကျွန်တော်အခိုင်အမာပြောခြင်း ဖြစ်ပါတယ်။

+++++++++

အခုဆက်ပြီး … ပဉ္စမရှုထောင့် ရာမယဏကို ဆရာဇော်ဂျီ ‘စာပေရှုထောင့်’ ကနေ ချဉ်းကပ် လေ့လာ ဖော်ထုတ်ခဲ့ပုံကို ဆက်ပါမယ်။

ဆရာရေးခဲ့တဲ့ ဆောင်းပါး စာတမ်းများ အနက် ၁၉၈၆ ခုနှစ် ဧပြီလကနေ အောက်တိုဘာလ အထိ ၇လဆက်တိုက် ရေးခဲ့တဲ့ (ရှေးဦးမြန်မာရာမအဖွင့်) ဆောင်းပါးစာတမ်းကြီးကို ဖတ်ကြည်စေ ချင်ပါတယ်။ ရာမနဲ့ ပတ်သက်ပြီး ဆရာသုတေသနပြုလိုက်ပုံကတော့ လက်ဖျားခါရပါပေတယ်။

ဒီစာတမ်းထဲမှာ ၀ါလမိကိ (လက်မွန်မဆွ ရာမအာဒိက၀ိ ဆရာကြီး) ရဲ့ သက္ကတဘာသာ၊ ရာမယဏ မဟာကဗျာ (EPICS) ကိုပဲ အပိုင်းလိုက် အပိုင်းလိုက်ခွဲပြီး ဦးအောင်ဖြိုးရဲ့ (ရာမသာချင်း) ပေမူ ၉ကြောင်းရေး ၈ အင်္ဂါပေနှစ်ချပ်၊ စုစုပေါင်း ပေချပ်ရေ ၉၈ ချပ်၊ ပေမျက်နှာ ၁၉၆ မျက် နှာကို ဆရာက ကဏ္ဍတွေခွဲပြီး ဆစ်ဆစ်ပိုင်းပိုင်း သုံးသပ်ပြခဲ့ပါတယ်။

ပြီးတော့ ဦးတိုးရဲ့ (ရာမရကန်)၊ ပြီးတော့ မြန်မာသက္ကရာဇ် ၁၁၂၉၊ ခရစ် ၁၇၆၇ (လင်းပင် မင်းသားရဲ့ မှတ်တမ်း) ပြီးတော့ ၁၉ ရာစုနှစ်ဦးမှာ ပေါ်ခဲ့တယ်လို့ ယူဆရတဲ့ ရေးသူမသိ (မဟာရာမ ၀တ္ထု)၊ ပြီးတော့ (သီရိရာမပြဇာတ်တော်ကြီး) ဒီ သီရိရာမ ပြဇာတ်တော်ကြီး အမည်နဲ့ သုံးတွဲ ခွဲပြီး ပုံ နှိပ်ထုတ်ဝေထားပါတယ်။ ၂၀၀၁ မှာ တက္ကသိုလ်များ သမိုင်းဦးစီးဌာနရဲ့ မူပိုင်အဖြစ် ထုတ်ဝေတာပါ။ ရေးသူက ပညာသည် နေမျိုးနာဋကကျော်ခေါင် ဖြစ်ပါတယ်။

အဲဒီ နေမျိုးနာဋကကျော်ခေါင်ရဲ့ ရာမပြဇာတ်တော်ကြီးဟာလည်း ဆရာဇော်ဂျီ စုဆောင်း သိမ်းဆည်းထားတဲ့ ပုရပိုက် ၅၄ ဆူကနေ လက်ရေးနဲ့ ပြန်ကူးခဲ့ကြရတာ ဖြစ်ပါတယ်။ ပုရပိုက်မူကို ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ရဲ့ ကူညီမှု နဲ့ ရှာဖွေရယူပြီး မန္တလေးတက္ကသိုလ် စာကြည့်တိုက်မှာ ထားရှိခဲ့တာပါ။ ဒါကို ဆရာဇော်ဂျီက ပျောက်ပျက်မှာ စိုးလို့ ၁၉၇၀ ၀န်းကျင် လောက်ကတည်းက ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ ထိန်းသိမ်းခဲ့ပြီး ဆရာအငြိမ်း စားယူတဲ့အခါမှာ ဆရာဦးသော်ကောင်းဆီ အပ်နှံခဲ့ပါတယ်။ ဆရာကွယ်လွန်ပြီး ၁၁ နှစ်အကြာမှာ ပုံ နှိပ်စာအုပ်အဖြစ် အတင့်အတယ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီစာအုပ် ၃ တွဲ ကို ဆရာမြင်မသွားခဲ့ရပါ ဘူး။ နှောင်းလူတွေအတွက် အမွေပေးသွားခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အမြဲကျေးဇူးတရား ဆင်ခြင်ပူဇော်ရမှာ ပါ။

နောက်တစ်ခု။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ဒုတိယနှစ်၊ အထူးပြုမှာ ပို့ချစာစဉ်အဖြစ် လက်စွဲပြုကြရတဲ့ (မဟာရာမ၀တ္ထု) အမည်မသိ ကုန်းဘောင်ခေတ် ပညာရှင်တစ်ဦး ပြုစုခဲ့တဲ့မူ ဖြစ်ပါတယ်။

လက်ရေးမူက လန်ဒန်မြို့နေ ဦးတက်ထွတ်ရဲ့ စာမူ။

ဒါကို တည်းဖြတ်ဖို့ မြန်မာနိုင်ငံ သုတေသနအသင်းက ဦးမောင်မောင်ကြီးကို တာဝန်ပေးပါ တယ်။ ဦးတက်ထွတ်ရဲ့ လက်ရေးမူက ရွက်ရေ ၁၂၀။ ကတ်ထူအစိမ်းဖုံး ကော်ပီစာအုပ် ၅ အုပ်။

ဦးမောင်မောင်ကြီးထံ အပ်နှင်း တာဝန်ပေးလိုက်သူက ဆရာဇော်ဂျီပါ။

ဆရာဟာ ရာမယဏနဲ့ပတ်သက်ပြီး ‘လှေကားကြီး’ ဖြစ်သလို၊ ‘တံတားကြီး’ လည်းဖြစ်ပါ တယ်။ လမ်းပျောက်၊ လမ်းမှု န်၊ လမ်းဝါးကို ကိုယ်တိုင်ခုတ်ထွင် ရှင်းလင်းပြီး လမ်းဖြောင့် လမ်းမှန်အ တိုင်း ရှေ့ကလျှောက်၊ နောက်လူများ ကိုလည်း ‘လိုက်ခဲ့ကြ’ လို့ ခေါ်ငင်တွဲ ယူခဲ့တာပါ။

နောက် ၁၉၇၁၊ အင်ဒိုနီးရှား (INTERNATIONAL RAMAYANA FESTIVGAL) မှာ ရေး သားတင်သွင်းခဲ့တဲ့ အင်္ဂလိပ်ဘာသာစာတမ်း (THE RAMAYANA IN MYANMAR)

နောက် ၁၉၇၅၊ အိန္ဒိယ၊ နယူးဒေလီ (INTERNATIONAL RAMAYANA SEMINAS) မှာ ဦးခင်ဇော်နဲ့ တွဲ ဖက်ပြုစုတင်သွင်းခဲ့တဲ့ (RAMAYANA IN BURMESE LITERATURE AND ARTS) စာတမ်း။

ဒါတွေက မြန်မာ့လူ့ဘောင်၊ မြန်မာ့ယဉ်ကျေးမှု ၊ မြန်မာ့အနုပညာအတွက် အလွန်တန်ဖိုးကြီးလှတဲ့ စာပေဆိုင်ရာ အားထုတ်မှု တွေပါပဲ။

ဆရာကြီး ပါရဂူရဲ့ ‘ပရကထာ’ စာအုပ်၊ ‘ဇော်ဂျီ၊ ရာမ၊ ပလေတို’ ဆောင်းပါးမှာ (ဆရာဇော် ဂျီလိုပုဂ္ဂိုလ်မျိုးသည် ဒေသတစ်ခုတည်းနှင့်သာ ကွက်ပြီးပတ်သက်နေသူ မဟုတ်ပေ။ တစ်နိုင်ငံလုံး နှင့် ပတ်သက်ဆက်နွယ်နေသူဖြစ်သည်။ ဆရာဇော်ဂျီလို ပုဂ္ဂိုလ်မျိုး၏ စာပေသြဇာ အရှိန်အ၀ါသည် ကျဉ်းမြောင်းသော ဒေသတစ်ခု၊ နယ်ပယ်တစ်ခုတွင်သာမကဘဲ နိုင်ငံအနှံ့ ပြန့်နှံ့နေသည်။ ယခု ဖျာ ပုံမြို့တွင် ကျင်းပသော အထိမ်းအမှတ်ပွဲမျိုးကို နိုင်ငံအတိုင်းအတာနှင့်လည်း ကျင်းပသင့်သည်။ ဆရာဇော်ဂျီလို ပုဂ္ဂိုလ်မျိုး၏ အထိမ်းအမှတ်ပွဲကို ကျဉ်းမြောင်းသော ဒေသတစ်ခုတွင်သာ ပြုလုပ် နိုင်ခြင်းသည် ဝေလငါးကို ရေကန်ထဲ လာလွှတ်သည်နှင့် တူနေသည်။ ဝေလငါး၏ ခေါင်းဝင်ကိုယ် ဆံ့နေရာမှာ ပင်လယ်ရေပြင်ဖြစ်သည်) လို့ ရေးပါတယ်။

ဆရာ မြသန်းတင့်က ၁၉၉၁၊ ဇူလိုင်ထုတ် စာပေဂျာနယ် ‘ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စ ယာအလွမ်း’ ဆောင်းပါးမှာ (ဇော်ဂျီ၏ နှလုံးသားသည် အဘိဓမ္မာဆရာက၀ိ၏ လေးနက်မှု နှင့် သုခ မိန်ကဗျာဆရာ၏ စိတ်ကူးယဉ်မှု ဆိုသည့် ၀ိရောဓိပစ္စည်းနှစ်ခုတို့ ပေါင်းစပ်ဖွဲ့စည်းထားသည်ဟု ကျွန်တော်ထင်ပါသည်။ အဘိဓမ္မာဆရာက၀ိသည် ဘ၀ကို တည်ငြိမ်နက်ရှိုင်းစွာ မြင်တတ်သည်။ လောကဓံ၏ ရိုက်ပုတ်ချက်ကို တည်ငြိမ်စွာ ခံယူကြည့်တတ်သည်။ သုခမိန်ကဗျာဆရာသည် အသိမ်မွေ့ဆုံး ခံစားချက်ကိုပင် သူ့စိတ်ကူး ပင့်ကူအိမ်ထဲတွင် အမိအရ ဖမ်းဆုပ်ထားတတ်ပါ သည်)လို့ ရေးပါတယ်။ ဆရာဇော်ဇော်အောင်က ၁၉၈၄၊ ဒီဇင်ဘာလထုတ် သဘင်မဂ္ဂဇင်းတွင် ‘ဇော်ဂျီ’ ခေါင်းစဉ်နဲ့ ရေးခဲ့ရာမှာ ဆရာဇော်ဂျီနဲ့ သူ မတွေ့မဆုံရှိခဲ့ကြခြင်းကို ဖော်ပြပြီးနောက် (ပေါက်မြောက်အဆင့်ရှိသော အနုပညာစခန်းတစ်ခု ဆရာရောက်နှင့် သွားပါပြီ။ မိုးကုပ်စက်ဝိုင်း၏ ဟိုမှာ ဘက်လောက၏ အစွန်အဖျားတစ်နေရာ နူးညံ့ဖြူဆွတ်သော ထိုအနုပညာတိမ်တိုက်ပေါ်မှာ ဆရာနှင့် ကျွန်တော် ပြန်ဆုံမည်။ ယခုတော့ ဆရာတပည့် နောက်ချန်နေရစ်ခဲ့ရပါဦးမည်) လို့ ရေးပါတယ်။

ဆရာမောင်ဇေယျာရဲ့ ‘စာပေသမိုင်း ပုဂ္ဂိုလ်ရေးအတွေးအမြင်’ ဆောင်းပါးစု စာအုပ် ‘ဇော်ဂျီ နှင့် မျိုးချစ်စိတ်’ ဆောင်းပါးမှာ တော့ ဆရာမောင်ဇေယျာက (ဆရာဇော်ဂျီ၏ မျိုးချစ်စိတ်မှာ သာမန် မည်ကာမတ္တ မျိုးချစ်စိတ်မဟုတ်။ အရေးတစ်စုံတစ်ရာ ပေါ်ပေါက်လာမှ ယောင်ယမ်းထအော်တတ် သည့် ခါတော်မီ မျိုးချစ်စိတ်မျိုး၊ သာမန်သူလိုငါလို လူမျိုးများ တွင် တွေ့ရလေ့ရှိသော ခဏတမ်း သာ တောက်လောင်တတ်သည့် ကောက်ရိုးမီးမျိုးချစ်စိတ်မျိုး၊ တစ်စုံတစ်ခုသော မိမိကိုယ်ကျိုး စီးပွားအတွက် အကာအကွယ်ယူလိုသော ယုတ်ညံ့သော အယောင်ဆောင် မျိုးချစ်စိတ်မျိုး၊ မိမိ အမျိုးကိုသာ အလွန်အကျူးချစ်၍ အခြားလူမျိုးများ အား အထင်သေးလေ့ရှိသည့် မျက်ကန်းမျိုးချစ် စိတ်များ နှင့် ဆရာဇော်ဂျီ၏ မျိုးချစ်စိတ်မှာ မနှိုင်းယှဉ်ထိုက်ပါပေ။ ဆရာ့မျိုးချစ်စိတ်မှာ အသိဉာဏ်ပညာနှင့် ယှဉ်သော မျိုးချစ်စိတ်မျိုးဟု ဆိုရပါမည်) လို့ ရေးပါတယ်။

ဆရာ့ဆရာများ ရဲ့ ကျေးဇူးဂုဏ်ဖွင့် စကားများ အနက်က အချို့ကိုသာ ကျွန်တော် ဖော်ပြ လိုက်ခြင်းဖြစ်ပါတယ်။

+++++++++

ပညာရှင်များ ခင်ဗျား။ ။ ဆရာဟာ ယခင်က မရှိသေးတဲ့လမ်းကို ရှာသူလည်း ဖြစ်ပါတယ်။ လမ်းပျောက်ကို ရှာသူလည်း ဖြစ်ပါတယ်။ လမ်းကို ဖော်သူလည်း ဖြစ်ပါတယ်။ အဲဒီ လမ်းစတွေ့တဲ့ အခါလမ်းသစ်ကို ဖော်သူလည်း ဖြစ်ပါတယ်။ လမ်းသစ်ဖောက်၊ လမ်းကောင်းပေါ်လာတဲ့အခါမှာ ကိုယ်တိုင်လည်း ရှေ့က ဦးဆောင်လျှောက်၊ ဒီလို လျှောက်လို့ရသကွဲ့ဆိုပြီး … နောက်လူများ ကို လမ်းပြသူလည်း ဖြစ်ပါတယ်။

ဆရာ့ဂုဏ်ကျေးဇူးများ ဟာ ပလေတိုနိဒါန်းရှိနေသမျှ၊ ဗေဒါလမ်းကဗျာများ ရှိနေသမျှ၊ စာ ကြည့်တိုက်ပိဋကတ်တိုက် ရှိနေသမျှ၊ နင်လားဟဲ့ ချစ်ဒုက္ခရှိနေသမျှ၊ ရသစာပေအဖွင့်နှင့် နိဒါန်းရှိ နေသမျှ၊ မဟာဆန်ချင်သူ ရှိနေသမျှ၊ သော့တွဲ နဲ့ နတ်ရုပ်ရှိနေသမျှ၊ နောက် ရာမယဏရှိနေသမျှ ကာလပတ်လုံး ဆရာရှိနေတယ်လို့ အခိုင်အမာပြောရပါမယ်။

ကျွန်တော့်အနေနဲ့ ဆရာ့ရုပ်ပုံလွှာ Icon ကို ထုဆစ်ကြတဲ့ လှပခိုင်ခံ့သော လက်ရာမွန်များ ထဲကို ‘ရာမယဏ ပုဗ္ဗကာရီ ဆရာဇော်ဂျီ’ ဆိုတဲ့ အုတ်တစ်ခဲ သဲတစ်မှု န် ပါဝင်လောင်းထည့်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ၁၁.၁၀.၈၆ ဆရာ နောက်ဆုံးရေးဖွဲ့ခဲ့တဲ့ ကဗျာလို မှတ်တမ်းပြုထားတဲ့ ‘ပန်းနှင့် စာပေ’ ကဗျာကို ရွတ်ဆိုရင်း၊ ဆရာ့ကို ကန်တော့ရင်း နိဂုံးချုပ်ပါမယ်။

ပန်းနှင့်စာပေ

*   ပန်းမျိုးရယ်စုံ
   ငုံရာမှဖူး။
   အချိန်တန်အရန်သင့်
   လန်းပွင့်ဖို့ဖူး။
*   ဖြစ်နိုင်သည်မှာ
   စာပေနှင့်ဘ၀။
   စိတ်ကောင်း အခြေခံတွင်
   အတွေး အခြေခံတွင်
   သတိ အခြေခံတွင်
   အသိ အခြေခံတွင်
   စိတ်ကူးဉာဏ် မွမ်းမံတတ်ပါမှ
   ဟပ်မိမည်ပါ့။

ကျွန်တော့်ရဲ့ ရှိတတ်သမျှ၊ ပြုတတ်သမျှသော စာပေကုသိုလ်ကောင်းမှု အစုစု အဖို့ဘာဂ ကို ဆရာ့ထံ အမျှပေးဝေပါတယ်။ ဆရာ သုဂတိဘုံမှ သာဓုခေါ်နိုင်ပါစေသော်။

* * *

သူသည်လည်း ဆရာဖြစ်တော့သည်

တစ်ခါက ဆရာမ ကြီး ဒေါ်ခင်မျိုးချစ်ကို ကျွန်တော် မေးဖူး၏ ။

“မာမီ မုသားဖြူ White Lie ဆိုတဲ့ အသုံးအနှုန်း ရှိတယ် မဟုတ်လား”

“မင်းဘာပြောချင်လို့လဲ”

“ဟိုလေ ဥပမာ ရောဂါဝေဒနာ အလွန့်အလွန် ပြင်းထန်ပြီး အသည်းအသန် ခံစားနေရတဲ့ လူနာကို ဆရာဝန်က စမ်းသပ်ကြည့်ပြီး သူ့ဝေဒနာ ကျွမ်းနေတာသိရက်နဲ့ အမှန်အတိုင်းမပြောဘဲ ခဏနေ ကောင်းသွားမှာ ပါ၊ ဘာမှ စိတ်မပူပါနဲ့ ဘာညာဆိုပြီး ညာပြောတာမျိုး”

“မင်းဟာက white lie ကို မုသားဖြူလို့ ပြောတာက တိုက်ရိုက်ပြန်တာကြီး ဖြစ်နေတယ်။ အဘိဓာန်သဘောအရ အဲဒါကို စေတနာမုသားလို့ ခေါ်တယ်”

“ဟုတ်ပြီ မာမီ။ ကျွန်တော် ထပ်သိချင်တာက အဲဒီ white lie သဘောမျိုး black thanks ဆိုတဲ အသုံးအနှုန်းကော ရှိသလားလို့”

“ဘယ်လိုကွ”

“ကျေးဇူးတင်စရာတော့ မှန်တယ်။ ဒါပေမယ့် အဲဒီ တစ်ဖက်သားလုပ်တာတွေ မှန်သမျှဟာ ကာယကံရှင်အတွက် အဆိုးတွေချည်းပဲ။ အဲဒီ အဆိုးတွေကိုပဲ ကာယကံရှင်က ဆန့်ကျင်ဘက်ကနေ ကောက်ယူပြီး အကောင်းဖြစ်အောင်၊ အတည်ဖြစ်အောင် ပြင်ယူတယ်။ ဒီနည်းအားဖြင့် ဟိုတစ် ဖက်လူ လုပ်သမျှ အဆိုးတွေဟာ ကျေးဇူးတင်စရာ ဖြစ်လာတယ်။ ဒါမျိုးကို ကျေးဇူးအမည်း black thanks လို့ ခေါ်လို့ရမလားလို့”

“ဟဲ့ကောင်လေး ကျေးဇူးတရားတို့၊ အသိတရားတို့၊ ကျေးဇူးဆပ်တာတို့မှာ ဘယ်တော့မှ အမည်းရောင် မရှိဘူး။ ကတညုတ ကတဝေဒီ ဆိုတာ မင်္ဂလာတရားမှာ အပါအ၀င်။ black thanks ဆိုတဲ့ အသုံးအနှုန်းလည်း မရှိဘူး။ မင်း အတော် ပေါက်ပေါက်ရှာရှာ တွေးတဲ့ကောင်”

မုသားဖြူ (စေတနာမုသား) ဆိုတာ ရှိပေမယ့် ကျေးဇူးအမည်းဆိုတာ မရှိကြောင်း ဘ၀င်ကျ စွာ ကျွန်တော်သိရပါပြီ။ သို့ သော် ဆန့်ကျင်ဘက်အနေအထားမှ ကျေးဇူးတင်ခဲ့ရသည့် အဖြစ်တစ်ခု ကိုတော့ ကျွန်တော်မေ့မရ။ သတိတရ အောက်မေ့နေမိဆဲပင် ဖြစ်လေသည်။

ပြောပြပါမည်။ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကာလ။

မန္တလေး၊ နန်းတော်ရှေ့၊ ရွာသာ၊ ဒွါလောင်းရပ်ကွက်တွင် လူလားမြောက်ခဲ့စဉ်ဘ၀။ ဘုန်း ကြီးကျောင်းသား၊ မူလတန်းနှင့် အလယ်တန်း ကျောင်းသားဘ၀။

ကျွန်တော်တို့အိမ်နှင့် ကပ်လျက်ခြံမှာ ကျွန်တော်နှင့် ရွယ်တူကောင်လေးတစ်ယောက် နေ သည်။ သူ့နာမည် လှငြိမ်း။ အင်း လှငြိမ်း ဆိုပေမယ့် သူ့ခမျာ ပညတ်သွားရာ ဓာတ်သတ်မပါရှာပါ။ သူ မချောမလှပါ။ ပြီးတော့ ငြိမ်းငြိမ်းအေးအေးလည်း မဟုတ်ပါ။ မျက်နှာထားကြီးက အမြဲတင်းမာ နေသည်။ မျက်မှော င်ကြီး အမြဲကုပ်နေသည်။ သူ့မျက်ခုံးနှစ်ဖက်၏ အတွင်းစွန်းနှစ်ခုက အမြဲစုနေပြီး အဲဒီ မျက်ခုံးအောက်က မျက်လုံးများ လည်း အမြဲမှု န်လို့နေလေသည်။

ကျွန်တော့်မှာ ဘိုနီ၊ တင်ငွေ၊ ပေါက်ပေါက်၊ သာဌေး စသည့် သူငယ်ချင်းများ ရှိရာတွင် အား လုံးနှင့် ကျွန်တော် အဆင်ပြေပါသည်။ ဒီကောင်တွေက ကျွန်တော်နှင့် အိမ်နီးချင်းမဟုတ်။ ရပ် ကွက်တောင် ခြားကြသေးသည်။ အဲဒီ အဝေးနေ သူငယ်ချင်းများ နှင့် အဆင်ပြေသော်လည်း အိမ် ချင်းကပ်လျက် လှငြိမ်းနှင့်ကျမှ အဆင်မပြေ ဖြစ်ရလေသည်။

“ဟေ့ကောင် ချမလား”

စတွေ့တွေ့ချင်း လှငြိမ်းပြောလိုက်သည့် ပဋိသန္ဓာရစကားဖြစ်၏ ။

“ဟင့်အင်း မချချင်ဘူး။ ရန်ဖြစ်ရင် အဘွားက ရိုက်လိမ့်မယ်”

“စကြောက်”

တကယ်လည်း ကျွန်တော် လှငြိမ်းကို ကြောက်ပါသည်။ အင်း လန့်သည်ဟု ဆိုလျှင်လည်း ပိုမှန်မည်။ သူ အမြဲပြောတတ်သော စကားရှိသည်။

“လှငြိမ်းကွ လက်ဖျံရိုးတစ်ချောင်းတည်းရှိတယ်”

လက်ဖျံရိုးတစ်ချောင်းတည်းရှိသူသည် အလွန်သန်စွမ်းမာကျောသည်ဟု ကြားဖူးလေရာ လှငြိမ်းကို ကျွန်တော် ပိုလန့်သွားသည်။

“ဟေ့ကောင် ခြေကလိန်ပိုင်းမလား”

“ဟင့်အင်း မပိုင်းချင်ဘူး”

“မင်း ကြောက်လို့ မဟုတ်လား”

“ဟုတ်တယ်”

“စကြောက်”

“စကြောက်” ဟု အပြောခံရတာ ကို အောင့်သော်လည်း ငြိမ်ခံလိုက်ပါသည်။ လှငြိမ်းက တော့ ကျွန်တော့်ကို အလွန်အထင်သေးသော မျက်လုံးများ ဖြင့် ကြည့်လေသည်။ သူ့မျက်ခုံးနှစ်ခု ပို၍ စိုက်ကျသွားရုံမက နှုတ်ခမ်းများ ပင် ရွဲ့ပြလိုက်သေး။ တိုက်ပွဲမပေါ်ပေါက်သည့် စစ်သူရဲကောင်း တစ်ဦးလို လှငြိမ်းမှာ ကျွန်တော့်ကို စိန်ခေါ်တိုင်း ကျွန်တော်က ရှောင်ရှောင်ထွက်သွားသဖြင့် တရှူးရှူးတရှဲရှဲ ဖြစ်နေတော့သည်။

မကြာပါ။ ရန်ဖြစ်ချင်နေသော လှငြိမ်း အကြိုက်တွေ့သွားသည်။ သူ့ပြိုင်ဘက်က သူ့နှယ်ပင် လက်ဖျံရိုးတစ်ချောင်းတည်းရှိသော နီတွတ်ဆိုသည့်ကောင်။ သားရေကွင်းပစ် ကစားကြရင်း သူတို့ ရန်ပွဲ အစပျိုးကြခြင်းဖြစ်သည်။ လှငြိမ်းက သားရေကွင်း ရှုံးသည်။ (ကန်တော့ပါ) သူ့လက်ထဲ သားရေကွင်းမရှိတော့သောအခါ ‘နှမပေးတမ်း’ ဟု လောင်းကာ ဆက်ကစားကြသည်။ လှငြိမ်း ရှုံး ပြန်သည်။ နီတွတ်က ‘ဟေ့ကောင် မင်းနှမ ငါ့ပေး’ ဟု ပြောလိုက်သည်။ လှငြိမ်းမှာ လှအေးဆို သော နှမတစ်ယောက် တကယ်ပင် ရှိလေရာ -

“ဘာဖြစ်လို့ ပေးရမှာ လဲ။ လှငြိမ်းကွ လက်ဖျံရိုးတစ်ချောင်းတည်း ရှိတယ်”

“အေး ငါကလည်း လက်ဖျံရိုးတစ်ချောင်းတည်း ရှိတဲ့ နီတွတ်ပဲ”

ဘာပြောကောင်းမလဲ နှစ်ယောက်သား လုံးထွေးသတ်ပုတ် နပန်းကိုင်ကြပါလေသည်။ မြက်ဖုတ်ထဲ၊ ဖုန်တောထဲ လူးလိမ့် ဖက်လုံးကြ၊ ထိုးကြ။ နောက်ဆုံး ရလဒ်ကတော့ နှစ်ကောင်စလုံး ကို ကျွန်တော့်အဘွား မူလတန်းကျောင်းအုပ်ဆရာမ ကြီး ဒေါ်ဧကြင်က အဝေရာကြိမ်နှင့် ငါးချက်စီ ဆော်ကာ တိုင်မှာ ကြိုးနှင့်တုပ် ဒဏ်ပေးလိုက်သည်။ စီရင်ချက်ကိုယ်စီ ရသွားကြခြင်း ဖြစ်သည်။

ရန်ဖြစ်တာ၊ သတ်ပုတ်တာ၊ စိန်ခေါ်တာ၊ ထို့နောက် ဒဏ်ပေးခံရတာ တွေကို ကျွန်တော် မနှစ်မမြို့ကြီး ဖြစ် သွားပါသည်။ လှငြိမ်းနှင့် နီတွတ်တို့ကိုလည်း ဒီကောင်တွေ ဘာကြောင့်များ အဲဒါ မျိုးတွေ လုပ်ချင်ရတာ ပါလိမ့်ဟု နားမလည်နိုင်အောင် ဖြစ်ရသည်။

အတန်းတင်စာမေးပွဲကြီး ပြီးလို့ နွေရာသီကျောင်းပိတ်ပြီ ဆိုသည်နှင့် ကျွန်တော်တို့တတွေ မှာ ဇောင်းထဲမှ လွှတ်လိုက်သော မြင်းတွေ ဖြစ်သွားကြသည်။ သို့ သော် ကျွန်တော့်မှာ တော့ ဇောင်း ထဲမှ လွှတ်လိုက်ပေမယ့် ခြံခတ်ထားသော စည်းရိုးကွင်းပြင်ထဲမှာ ဆက်ပြီး ထရိန်နင် ဆင်းရသည့် နှယ်ပင် ဖြစ်သည်။ အဘိုးက ဂရမ္မာသင်သည်။ အဘွားက ရာဇ၀င်ဆက်သင်သည်။ ကျောင်းဖွင့် တုန်းကလိုတော့ အချိန်ပြည့်မဟုတ်။ ကစားချိန်ပိုရသည်။ အရုပ်ဆွဲချိန် ပိုရသည်။

လှငြိမ်းတစ်ယောက်တော့ ဇောင်းထဲမှ လွတ်ပြီးနောက် တောအုပ်ထဲ ကဆုန်ဆိုင်းသည့် မြင်းတစ်ကောင်နှယ်ပင်။ အုတ်စက် ဥယျာဉ်ရပ်ကွက်ထဲက ကျွဲချောင်းကန်၊ ကြာကန်တွေထဲ ရေ သွားကူး၊ ကျွဲခေါင်းသီးတွေ၊ ကြာစေ့တွေ ခိုး။ ပိုင်ရှင်လိုက်တော့ ထွက်ပြေး၊ လွတ်မြောက်။ သရက် ခြံထဲ ခိုးဝင်၊ သရက်ပင်ပေါ်တက် သရက်သီးတွေခူး။ အိမ်က မျှင်ငါးပိနှင့် ငရုတ်သီးမှု န့် ခိုးသွား။ သရက်ချဉ်ငန်စပ် လုပ်စား။ ကဲချင်တိုင်းကဲနေသည်ဟု သတင်းရလေသည်။ လှငြိမ်း၏ လက်ဖျံရိုး ကို ခံ့ညားကြောက်ရွံ့သော ကောင်လေးသုံးလေးယောက်က ဂိုဏ်းဝင်များ ဖြစ်သည်တဲ့။

လှငြိမ်းတို့ ဂိုဏ်းကို အားကျသော်လည်း သူတို့ လုပ်ပုံတွေကို ကျွန်တော် အသည်းတထိတ်ထိတ် ဖြစ်နေလေသည်။ ဘယ်တော့ ရေနစ်မလဲ။ ဘယ်တော့ သစ်ပင်ပေါ်က လိမ့်ကျမလဲ။ ခြံပိုင်ရှင်လိုက်လို့ ဘယ်တော့ ဖမ်းမိမလဲ။

မကြာပါချေ။ ကြားလိုက်ရတော့သည်။ ဦးရွှေရန်၏ မာလကာခြံထဲ ခိုးဝင်။ အူနီမာလကာသီး တွေ ခိုးစားရင်း ဦးရွှေရန်က လောက်လေးခွနှင့် ပစ်လို့ ထွက်အပြေးမှာ လှငြိမ်း ငုတ်စူးလေသည်။ ဒဏ်ရာအတော်ကြီးကာ မန်းတွေနှင့် ရင်းပြီး ငန်းဖမ်းသလို ဖြစ်သွားသောကြောင့် စက်ပန်းဘုန်းကြီး ဦးက္ကန္ဒုလနှင့် အတော်ကုရသည်ဟုဆိုသည်။ ဘုန်းကြီး ဦးက္ကန္ဒုလက အနာကိုင် အလွန်ကျွမ်းသလောက် အလွန်ကြမ်းသည်ဟု ဆိုသည်။ လှငြိမ်း ထွန့်ထွန့်လူး ခံလိုက်ရသည်။ သူ့ခြေဖ၀ါး၊ ခြေဖမိုး အနာဖန်ဆေး၊ ဆေးထည့် ဘာညာလုပ်ချိန် လှငြိမ်း ငယ်သံပါအောင် အော်သည်ကို ကျွန်တော်အတိုင်းသား ကြားရသည်။

ခြေထောက် ပတ်တီးကြီးနှင့်မို့ လှငြိမ်း အပြင်ထွက် မကဲနိုင်တော့ပါ။ ထိုအခါ သူက အိမ်ထဲ မှာ ပင် ကဲပါလေသည်။ ကျွဲချိုလေးခွတစ်လက်ကို ကောင်းကောင်းသကာ သားရေကြိုး၊ လောက်စာ အိမ် အကောင်းစားတပ်သည်။ သူ့ အိမ်ဝိုင်းထဲမှာ ပင် ရနိုင်သော ရွှံ့ကို အသေအချာ လောက်စာ လုံးလုံးသည်။ ပြီးတော့ လှငြိမ်းသည် အိမ်ရှေ့မန်ကျည်းပင်၊ ကုက္ကိုလ်ပင်ပေါ်မှ ငှက်များ ကို ကျကျန နကြီး ပစ်ပါလေသည်။ သူ့လက်တည့်သည်ဟု ပြောကြသည်။ ငှက်တွေရတော့ မီးကင်စားကြသတဲ့ ကျွန်တော်က ငှက်တွေကို လောက်စာလုံးဒဏ်မထိအောင် ခြောက်ခြောက်လွှတ်တတ်သဖြင့် ကျွန်တော့်ကို ဆဲသည်ဟုလည်း သိရသည်။

တစ်နေ့တော့ သူ့လောက်စာလုံးက ငှက်ကိုမထိဘဲ သီသီကလေးလွဲကာ သစ်ကိုင်းမှတစ်ဆင့် အဟုန်ပြင်းစွာ ပြန့်လွင့်လာသော သူ့နှုတ်ခမ်းကို တည့်တည့်ကြီး ပြန်ထိပါလေသည်။ လှငြိမ်းမှာ ခြေထောက်အနာကြီး တန်းလန်းနှင့် ပါးစပ်ကြီး ဖူးရောင်ကာ ဂဠုန် ဖြစ်သွားလေသည်။ သူ့လေးခွနှင့် သူ့လောက်စာလုံးကို လှငြိမ်း ‘ငါ’ နှင့် ကိုင်တုတ်လိုက်သံ ကျွန်တော် ကြားလိုက်ရသည်။

လှငြိမ်းအကြောင်းတွေ အများ ကြီး ရှိပါသေးသည်။ တစ်ခုမှ မကောင်းသဖြင့် ကျွန်တော် ဆက်မပြောချင်ပါ။ နီတွတ်နှင့် နောက်ထပ် တစ်ပွဲတစ်လမ်း နွှဲကြရင်း သွားကျိုးရတာ ။ သူ့အိမ်က နွားကိုတအားရိုက်သဖြင့် နွားလိုက်ဝှေ့လို့ ပြေးရင်း လွှားရင်း မှော က်လျက်လဲ၊ ဒူးတွေ စုတ်ပြတ် သွားတာ။ သူ့အိမ်ဈေးဆိုင်က ပဲပုပ်ချပ်ကို ပြန်ခိုးရင်း စောင်ခေါင်းမြီးခြုံ၊ ဖယောင်းတိုင်ထွန်း၊ ပဲပုပ် ကင်စားရင်း မီးလောင်လို့ ကံကြီးလှစွာ လွတ်မြောက်ခဲ့တာ များ စွာ များ စွာ ။

ကျွန်တော်သည်ကော ကလေးဘ၀က လွန်စွာ လိမ္မာရေးခြားရှိသော သူငယ်လေးတစ် ယောက်ဟု မဆိုနိုင်ပါ။ ဗလာစာအုပ်ထဲ ပန်းချီဆွဲတာမျိုး၊ ဖတ်စာအုပ်ထဲက ရုပ်ပုံလွှာတွေကို ဆေး ရောင်ခြယ်သဖြင့် တစ်အုပ်လုံး ပေပွသွားတာမျိုး၊ မီးဖိုချောင် ကြောင်အိမ်ထဲမှ ၀က်အူချောင်းကြော် ခိုးစားတာမျိုး၊ ဂရမ္မာသင်ရတာ ပျင်းလာသဖြင့် အဘိုး၏ လက်စွဲစာအုပ်ကြီးကိုယူပြီး ၀ှက်ထားတာ မျိုး စသည်ဖြင့် မကောင်းတာတွေ ရှိပါသည်။ သို့ သော် -

လှငြိမ်းလိုမျိုးတော့ ကျွန်တော် မလုပ်ရဲ။ သူလုပ်တာတွေ ကြည့်ပြီးကြောက်။ ပြီးတော့ သူ ဖြစ်ဖြစ်သွားတာတွေ ကြည့်ပြီးကြောက်။

ထိုနည်းအားဖြင့် ကျွန်တော်သည် လှငြိမ်း၏ နမူနာဆိုးများ ကို ဆန့်ကျင်ပြောင်းယူမိသွား လေသည်။ ရန်လိုခြင်း၊ ၀ါကြွားခြင်း၊ ပိုင်ရှင်မသိဘဲ ခိုးခြင်း၊ တိရစ္ဆာန်လေးတွေအပေါ် ရက်စက်ခြင်း စသော အခြင်းအရာများ ကို ကျွန်တော် ရွံ့ကြောက်စွာ ရှောင်ကြဉ်မိလျက် ဖြစ်သွားသည်။

အရွယ်တွေရောက်လာ၊ ကြီးပြင်းလာလို့ သူ့ဘ၀ ကိုယ့်ဘ၀ လမ်းကြောင်းတွေကိုယ်စီဖြင့် သာ ခွဲခွါခဲ့ကြသည်။ လှငြိမ်းနှင့်ကျွန်တော် အိမ်ချင်းကပ်နေပါလျက် သူငယ်ချင်း မဖြစ်လိုက်ကြရပါ။ လှငြိမ်း အခု ဘယ်ရောက်လို့ ဘာဖြစ်နေသလဲ ကျွန်တော် မသိနိုင်ပါ။

သို့ သော် သူ့ကိုလန့်၊ သူ့အဖြစ်ကို ကြောက်နေဆဲကပင် သူ့ကိုကျွန်တော် သနားနေမိသည်။ ဆိုးဖို့မိုက်ဖို့ သက်သက်အတွက်များ လူဖြစ်လာလေသလား လှငြိမ်းရယ်ဟု မြည်တမ်းမိသည်။ ထိုသို့ မြည်တမ်းမိဆဲမှာ ပင် သူ့နမူနာဆိုးများ ကို ဆန့်ကျင်ဘက်သို့ ပြောင်းယူခဲ့ခြင်းအားဖြင့် သူ့လို အဆိုးတွေမဖြစ်ဘဲ လုံလုံခြုံခြုံ ရှိခဲ့လေသည့် ကိုယ့်ဘ၀လေး ကိုယ်တွေးမိရင်း ကျွန်တော်ကတော့ လှငြိမ်းကို ကျေးဇူးတင်နေမိပါသည်။

ကျေးဇူးအမည်း black thanks ဆိုတာ မရှိဟု ဆရာမ ကြီး မာမီဒေါ်ခင်မျိုးချစ်က ပြောခဲ့ သည်။ ထို့ကြောင့် ကျေးဇူးအမည်း မတင်ချင်လည်း နေပါရစေ။ သူ့ကိုတော့ ဆရာတင်မိပါသည်။

သူက ပို့ချလို့တော့ မဟုတ်။

ကျွန်တော်က သင်ယူမိလို့ ဖြစ်သည်။

ကြေးတိုင် မြေစာရင်း နှစ် (၁၀၀) ပြည့် မဂ္ဂဇင်း၊ ၂၀၀၆၊ အောက်တိုဘာ

* * *

အဒိန္နာဒါနာ
(ခိုးမှု အသင်ကင်းရဲ့ လား)

သူငယ်ချင်း ကိုဖိုးထူး …

ခင်ဗျားကိုပဲ နာမည်တပ်ပြောရတော့မယ်။ ကျွန်တော် ဒီစာရေးဖြစ်တာ ခင်ဗျားရဲ့ ပယောဂ မကင်းဘူးဆိုတာ ခင်ဗျားသိထားဖို့ လိုမယ်ဗျ။ ဟုတ်တယ်။ ခင်ဗျား ‘မုသား’ ပြော ခဲ့လို့ ကျွန်တော် ဒီ ‘ခိုးမှု ’ ကိစ္စ ရေးဖို့ ကြုံရတာ ။ လန့်မ သွားပါနဲ့။ ခင်ဗျား ‘မုသား’ ပြောခဲ့တာ မှတ်မိသေးရဲ့ လား။ မုသားအကြောင်း ခင်ဗျား ဆွေးနွေးခဲ့တာ ပြောပါတယ်။

ဒီလိုဗျာ၊ မိုးဦးရာသီရဲ့ တစ်ညနေမှာ ခင်ဗျားရဲ့ သူငယ်ချင်း ကိုဖိုးတင်နဲ့ကျွန်တော် မဟာဗန္ဓုလပန်းခြံလမ်းထိပ်မှာ ဆုံမိကြတယ်။ ကိုဖိုးတင်က ဆရာမြသန်းတင့်နဲ့ ခုမှ လူချင်း ခွဲလာခါစ။ အနော်ရထာလမ်းပေါ် မျဉ်းကြားအတိုင်း လျှောက်သွားတဲ့ ဆရာမြကို သူက စိတ်မချတဲ့ပုံနဲ့ လမ်းထိပ်က စောင့်ကြည့်နေတယ်။ မျဉ်းကျားက ကူးပေမယ့် စိတ်မချရဘူး ဆိုတာ ခင်ဗျားသိပါတယ်နော့၊ ညနေ ရုံးဆင်းချိန်လေ၊ အနော်ရထာလမ်းပေါ်မှာ ကားတွေက တ၀ီးဝီးကိုး။

ကျွန်တော်နဲ့ ဆုံချိန်မှာ ကိုဖိုးတင်က ဆရာမြ ဟိုဘက်စင်္ကြံရောက်၊ လူအုပ်တွေကြားထဲ ရောပျောက်သွားတာကို လှမ်းကြည့်နေချိန်ပဲ။ သူ့ကြည့်ရတာ ဆရာမြနဲ့ ခုပဲ စကားပြောခဲ့၊ ခုပဲ လူ ချင်းခွဲခဲ့ပေမယ့် တစ်ယောက်ယောက်နဲ့ တစ်ခုခု ထပ်ပြီး စကားတွေ ပြောချင်နေသေးတဲ့ပုံစံ။ ကျွန်တော်နဲ့လည်း မဆုံရတာ ကြာပြီဆိုတော့ နှစ်ယောက်သား ပလက်ဖောင်း အုတ်ခုံဘက် ထွက် လာခဲ့ကြတယ်ပေါ့။ ဒီလိုနဲ့ ဘေးချင်းယှဉ် ထိုင်ဖြစ်ကြ၊ ဟိုဟိုဒီဒီ စကားတွေ ပြောဖြစ်ကြရင်းနဲ့ အင်း … စ,လိုက်မိသူက ကျွန်တော်။

ဇန်န၀ါရီလထုတ် မျက်နှာဖုံးဆောင်းပါး ‘မုသား’ အကြောင်း ကျွန်တော် ပြောမိတယ်။ ပြော ရင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်ပိတ်စေမယ့် ကြိုးတစ်ချောင်း ကျွန်တော် ပစ်လွှင့်လိုက်မိတယ်။ စပစ်တုန်း ကတော့ ဒီကြိုး ငါ့ကို ပြန်ပတ်လိမ့်မယ် ဘယ်ထင်မလဲဗျာ။ ဒီလိုဗျ … ကျွန်တော်က …

“ကိုဖိုးတင်ရဲ့ ကံငါးပါးထဲမှာ မုသားဟာ လူတွေ ကျူးလွန်မှု အများ ဆုံး။ အကျိုးပေါက်လွယ် ဆုံးကံဆိုရင် မုသားပြီးတဲ့နောက် ဒုတိယအများ ဆုံး ကျိုးပေါက်နေတဲ့ကံဟာ အဒိန္နာဒါန ခိုးခြင်းဖြစ် မယ် ထင်တယ်” လို့ စလိုက်မိတယ်။ ဒီအချိန်မှာ ရန်ကုန် မိုးဦးရာသီရဲ့ မိုးဟာ မထင်ဘဲ ဝေါခနဲ ရွာ ချလိုက်တယ်။ သူရော ကျွန်တော်ပါ ထီးမပါကြဘူး။ အမိုးစွန်းလေးအောက် လုံနိုင်သမျှ မိုးခိုကြရင်း နဲ့ ကျွန်တော်တို့လည်း မိုးနဲ့လေနဲ့အပြိုင် ဖြစ်သွားကြတယ်။

အဒိန္နာဒါနဟာ ဒုတိယအများ ဆုံး ကျိုးပေါက်လွယ်တဲ့ကံ ဖြစ်မယ်ဆိုတဲ့ ကျွန်တော့်စကားစ ပေါ်မှာ ကျွန်တော်တို့နှစ်ယောက်သား တစ်မျှင်ပြီးတစ်မျှင် ဆွဲထုတ်ဖြစ်ကြတယ်။ ကြိုးစတွေ အတော်များ လာတယ်။ မြင်သာထင်သာတဲ့ ခိုးခြင်းကနေ မမြင်သာတဲ့ ခိုးခြင်းအထိ။ အဆင့်နိမ့် ခိုး ခြင်း၊ အဆင့်မြင့်ခိုးခြင်း၊ တစ်ယောက်တည်းက ခိုးခြင်း၊ ၀ှက်ခြင်း၊ ကဲ့ခြင်း၊ သဲ့ခြင်း၊ ယူထားခြင်း၊ ပြန်မပေးခြင်း၊ သူ့ဟာ ကိုယ့်ဟာလုပ်ပစ်လိုက်ခြင်း …။ မိုးကလည်း နှစ်ခါပြန်ရွာတယ်။ ကျွန်တော် တို့နှစ်ယောက်တည်းရဲ့ စကားဝိုင်းကလည်း မိုးပေါက်တွေအလားပေါ့။

နောက်ဆုံး …။ စကားဝိုင်းထဲက ထွက်လာတဲ့ ကြိုးစတွေ၊ ကြိုးမျှင်တွေကို ကိုဖိုးတင်က လုံး စုပြီး အထုံးတစ်ထုံး လုပ်ပစ်လိုက်တယ်။ ပြီးတော့ အဲဒီ ကြိုးထုံးကြီးကို ကျွန်တော့်ရင်ခွင်ထဲ ဘုတ်ခနဲ ပစ်ချလိုက်တယ်။

“အဲဒီ အကြောင်းတွေ ခင်ဗျား ရေးပေးဗျာ” တဲ့။

မိုးလည်း တိတ်သွားပြီ။ ကျွန်တော် ဘာပြန်ပြောနိုင်ဦးမှာ လဲ။

ဒါကြောင့် ပြောတာ။ ခင်ဗျား ပယောဂမကင်းဘူး။ ဒီလိုပါပဲ။ လောကကြီးမှာ ကိုယ့်ကြောင့် လို့ ကိုယ်မသိပေမယ့် ကိုယ့်အကြောင်းပြုပြီး ဖြစ်မြောက်ပေါ်ထွန်းရတဲ့ ကိစ္စတွေ အများ ကြီး မဟုတ်လား။

ကိုင်း … အဒိန္နာဒါန … တဲ့။

+++++++++++

ဒီစာကို ရေးဖို့ စားပွဲမှာ ထိုင်လိုက်တော့ ကျွန်တော့်ခေါင်းထဲ ပထမဆုံး ၀င်လာတာက မိတ်ဆွေကြီး ဆရာနန္ဒာသိန်းရဲ့ စကားတစ်ခွန်းပဲ။ စာပေဟောပြောပွဲတချို့မှာ သူနဲ့ကျွန်တော် အတူဆုံ ဖူးတယ်။ သူ့ဟောပြောချက်ထဲက စကားလေးတစ်ခု ကျွန်တော် မှတ်မိနေတယ်။

သူဟာ စာပေရေးသားခြင်းနဲ့ အသက်မွေးတဲ့ စာရေးဆရာ မဟုတ်ပါကြောင်း၊ တက္ကသိုလ် မှာ အမှု ထမ်းနေတဲ့ ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း နိဒါန်းပျိုးပြီး သူ့အတွေ့အကြုံတစ်ခုကို ဖောက်သည်ချပြတယ်။ စကားလုံးအတိအကျတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒီလို …။

“တက္ကသိုလ်က ဆရာတစ်ယောက်အနေနဲ့ စာမေးပွဲစောင့်တဲ့အလုပ်ကိုလည်း ကျွန်တော် လုပ်ရပါတယ်။ တစ်ခါကတော့ တက္ကသိုလ်စာမေးပွဲတစ်ခုမှာ ကျွန်တော်က စာမေးပွဲခန်း တာဝန်ခံ အဖြစ် တာဝန်ကျချိန်။ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲခန်းထဲကို ဓာတ်ဘူးနဲ့ ဘီစကစ်မုန့် ထုပ်ကလေး ယူလာတယ်။ သူက ‘ဆရာ ကျွန်တော့်မှာ အစာအိမ်ရောဂါရှိလို့ နွားနို့နဲ့ ဘီစကစ်ကို မကြာခဏ အဆာပြေလေး စားပေးနေရပါတယ်၊ ဆရာဝန်ညွှန်ကြားချက်အရမို့ စာမေးပွဲဖြေနေချိန် မှာ ဒီလို စားရသောက်ရတာ ကို ခွင့်ပြုပါ’ လို့ တောင်းဆိုလာတယ်။ ကျွန်တော်ကလည်း ရောဂါဝေ ဒနာခံစားနေရတဲ့ သူ့ကို အကြည်တသာ ခွင့်ပြုခဲ့တယ်။ ဒီလိုနဲ့ အဲဒီ ကျောင်းသားဟာ စာမေးပွဲဖြေ လိုက်၊ ဘီစကစ်မုန့်ချပ်လေးတွေ ထုတ်ဝါးလိုက်၊ နွားနို့လေးတစ်ကျိုက်နှစ်ကျိုက် ကျိုက်လိုက်ပေါ့။ ကျွန်တော်လည်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်တာ။ လား … လား နောက်ဆုံးဘီစကစ် တစ်ချပ်နှစ်ချပ်ပဲ ကျန်တော့မှ အဖြစ်မှန် သိရတယ်။ မောင်မင်းကြီးသားက ဘီစကစ်တွေပေါ်မှာ ခိုး ချဖို့စာတွေ ကူးရေးလာတာကလား။ အင်း … မုန့်ချပ်ပေါ် အသင့်ရေးလာတဲ့စာတွေ ခိုးချလိုက်ပြီး တော့ အဲဒီ မုန့်ကို ၀ါးစားလိုက်နဲ့ သက်သေခံအထောက်အထားကို ဖျောက်ဖျက်ပစ်လိုက်တယ်လေ။ (ဒီနေရာမှာ ပရိသတ်ဆီက ရယ်သံတွေ ထွက်ပေါ်လာတယ်)။

(ဆရာ နန္ဒာသိန်းဇံက ဆက်ပြောတယ်) မိတ်ဆွေများ ခင်ဗျား … ရုတ်တရက်တော့ ဒါဟာ ရယ်စရာဟာသတစ်ခုပါပဲ။ ဒါပေမယ့် ဆက်တွေးကြည့်ကြပါ။ ကျွန်တော်တော့ တွေးမိတယ်။ ဒီလို နည်းနဲ့ စာမေးပွဲမှာ စာတွေ ခိုးချရင်း ခိုးချရင်းနဲ့ တစ်နှစ်ပြီးတစ်နှစ်အောင်၊ အတန်းတက်၊ ဘွဲ့ရလာ မယ့် မောင်ကျောင်းသား။ ဘွဲ့ရပြီးတဲ့နောက် တိုင်းပြည်ရဲ့ လုပ်ငန်းခွင်တစ်ခုခုမှာ တာဝန်ယူရတော့ မယ့် ပုဂ္ဂိုလ်ဟာ … (ပရိသတ်ရဲ့ ရယ်သံ ပေါ်လာပြန်တယ်။ ဒါပေမယ့် ဒီရယ်သံဟာ ခြောက်ကပ်ကပ် တစ်ဆို့ဆို့)။

ဆရာ နန္ဒာသိန်းဇံရဲ့ ဟောပြောချက်လေးတစ်ခုကို အမှတ်ရရင်းနဲ့ တွေးစရာတွေက တစ်နွယ်ငင် တစ်စင်ပါ ဖြစ်လာတော့တယ်။

အင်း … အဒိန္နာဒါန … ခိုးခြင်းအမှု ကိစ္စ။

+++++++++++

ငါးပါးသီလ ခံယူကြတဲ့အခါ အဒိန္နာဒါနာ ဝေရာမဏိဆိုပြီး နှုတ်တက်ရနေပြီးသား စကားလုံး အဖြစ် အလွယ်တကူ အာမဘန္တေလိုက်ကြတယ်။ ဒါတောင်မှ လူအများ စုဟာ အဒိန္နာဒါနာကို (ရေး ချ) နေရာလွဲပြီး အဒိန္နဒါနာလို့ ရွတ်ဆိုမိတတ်ကြတယ်လေ။ ပါဠိသဒ္ဒါအရ ဒီလို ရွတ်ဆိုရင် လွဲမှားပါ တယ်တဲ့။ အမှန်က အဒိန္နာဒါနာဆိုပြီး ဒိန္နာမှာ ရေးချသံပါရမယ်လို့ ဆိုတယ်။ ကျမ်းတတ်ပုဂ္ဂိုလ်များ က အဒိန္န၊ အာဒါနလို့ ပုဒ်ဖြတ်ပြတယ်။ အဒိန္န-အရှင်မပေးတာကို၊ အာဒါန-ယူခြင်း၊ ဒါကို ဆက်ပြီးရွတ်လိုက်ရင် အဒိန္နာဒါနာလို့ ရွတ်ရပါမယ်တဲ့။

အဒိန္နဒါနာလို့ ဆိုလိုက်ရင် အဒိန္န-မပေးတဲ့ဟာကို၊ ဒါန-ပေးတယ်လို့ အဓိပ္ပါယ်ရတော့ မပေးတဲ့ဟာကို ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ အနက်ကြီး ထွက်လာမယ်လို့ဆိုတယ်။

အဒိန္နာဒါနရဲ့ အနက်က အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော ဥစ္စာကို ယူခြင်းလို့ အဓိပ္ပါယ်ထွက်လာတယ်။ ပိုင်ရှင်က ကိုယ်အမူအရာနဲ့ဖြစ်ဖြစ်၊ နှုတ်အမူအရာနဲ့ဖြစ်ဖြစ် မပေးတာ၊ ခွင့်မပြုတာကို ယူခြင်း၊ မြန်မာစကားလုံးအရ ခိုးခြင်း …။

ခိုးခြင်းအလုပ်ကို လုပ်သူ၊ ခိုးခြင်းအမှု ကို ပြုသူ၊ ခိုးမှု ကျူးလွန်သူဟာ သူခိုးဆိုတဲ့ အမည်နာ မ ရလာတယ်။ ဒီနေရာမှာ ကလေးကအစ (လူကြီးတွေရဲ့ သင်ကြားပေးချက်အရ) သူခိုးဆိုတာဟာ ခိုးဝှက်ပြီး အသက်မွေးနေတဲ့ သီးခြားလူတန်းစားအဖြစ် မြင်တတ်ကြတယ်။ သူခိုးလို့ ဆိုလိုက်တာနဲ့ ညဥ့်သန်းခေါင်အမှော င်ရိပ်၊ ချွတ်နင်းတိတ်တဆိတ်၊ မျက်နှာဖုံးစွပ်၊ မျက်နှာပုဝါစည်းစတဲ့ သူခိုးတို့ရဲ့ သင်္ကေတပုံရိပ်တွေကို အလိုအလျောက် မြင်လာကြတယ်။ သြော် … သူခိုးဆိုတာ အလီဘာဘာ ဇာတ်ကားထဲက ခိုးသားကြီး လေးဆယ်လိုဟာမျိုး၊ ဒိုင်ယာဘောလစ်လိုဟာမျိုး၊ ငတက်ပြားလိုဟာ မျိုးပါလားပေါ့။

ဒီတော့ သူခိုးဆိုတာ အဲဒါမျိုး၊ ခိုးတယ်ဆိုတာ အဲဒါမျိုးလို့ သီးခြားဖယ်ထုတ် ခွဲမြင်လိုက်ကြတယ်။ ပြီးတော့ ခိုးတယ်ဆိုတာ မကောင်းဘူး၊ အကုသိုလ်ဒုစရိုက်၊ မိသွားရင် ရာဇ၀တ်ဘေးဒဏ် သင့်တယ်၊ သေရင် အပါယ်ကျတယ် … လို့လည်း ခိုးခြင်းရဲ့ နောက်ဆက်တွဲ အပြစ်တွေကိုလည်း မြင်လိုက်ကြတယ်။

ခိုးခြင်းအမှု နဲ့ သူခိုးကို ဒီလိုအလွယ်တကူ ဘောင်ခတ်သတ်မှတ်လိုက်တဲ့ အခါမှာ စက်ဝိုင်း ကလေးက ကျဉ်းကျဉ်းကလေး ဖြစ်သွားတယ်။ ဒီတော့ ဒီစက်ဝိုင်းထဲ ကိုယ်မပါဘူးဆိုပြီး (ကိုယ်က ခိုးခြင်းနဲ့ အသက်မွေးသူမဟုတ်၊ သူခိုးအလုပ် လုပ်ကိုင်သူမဟုတ်ဘူးကိုး) လွတ်လပ်ချောင်ချိစွာ နေလိုက်ကြတော့တယ်။ အင်း … စက်ဝိုင်းဧရိယာကြီး ဘယ်လောက်ကျယ်ပြန့်နိုင်တယ်ဆိုတာ သိကြရင်တော့ …။

ဖြစ်ရပ်ကလေးတစ်ခု သွားသတိရမိတယ်။ တစ်ခေတ်တစ်ခါက ဆိုပါတော့။ သမ္မတအိမ် တော်ဝင်းထဲမှာ နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်ခုနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှု ကဇာတ်ဌာနက ပဒေသာကပွဲနဲ့ တင်ဆက်ဖျော်ဖြေတယ်။ ဒီကပွဲမှာ အငြိမ့်အစီအစဉ်လည်း ပါတယ်။ အငြိမ့်မင်း သမီးက အမာစိန်၊ လူရွှင်တော်ကြီးတွေက ဦးရွှေမျှားနဲ့ ဦးစပါယ်ရှယ်။

မင်းသမီး အကပိုဒ်တစ်ပိုဒ်အပြီးမှာ လူရွှင်တော်ပြက်လုံး အလှည့်ဝင်တယ်။

“ဟေ့ကောင် … ငါတစ်ခုစဉ်းစားမိလို့။ မင်းကတော့ ပညာရှိမို့ သိမှာ ပဲ” “မေးချင်တာ မေး စမ်း” ပေါ့။

“ဒီလိုကွာ … တစ်ရာနှစ်ဆယ့်ခြောက်ကျပ်ရတဲ့ စာရေးလေးတစ်ယောက်က ငွေစုငွေချေး ကနေပြီး ငွေတစ်ထောင် ဘုံးတယ်ကွာ။ နောက် လခထောင်ကျော်စား အရာရှိကြီးတစ်ယောက်က လည်း ပြည်သူပိုင်ပစ္စည်းထဲက ငွေသိန်းနဲ့ချီပြီး ယူသုံးတယ်ကွာ၊ အဲဒီ နှစ်ယောက်မှာ ဘယ်သူက အပြစ်ပိုကြီးသလဲဆိုတာ။ အလွယ်တကူ မဖြေနဲ့နော်၊ သေချာစဉ်းစားပြီးမှဖြေ”

အမေးခံရတဲ့ လူရွှင်တော်ကြီးက ပညာရှိပုံစံနဲ့ အင်း … စာရေးလေးရယ်၊ အရာရှိကြီးရယ်၊ ငွေတစ်ထောင်ရယ်၊ သိန်းနဲ့ချီတဲ့ငွေရယ်၊ အင်း … အဲ .. ဘာညာလုပ်ပြီးတော့မှ အဖြေပေးလိုက် တယ်။

“ဟေ့ … မိတဲ့လူ အပြစ်ကြီးတယ်”

ဒီပြက်လုံးကို လူကြီးတွေ အားပါးတရ ရယ်လိုက်ကြတာတဲ့။

+++++++++++

အဒိန္နာဒါနဟာ ငါးပါးသီလထဲမှာ ဒုတိယနံပါတ်က နေတယ်ဆိုတာ ကလေးကအစ သိကြ တာပါ။ ‘သုံးပါးသော သရဏဂုံနှင့် ငါးပါးအစုံသော သီလတို့တွင် တည်ကြရသည်ဖြစ်သောကြောင့်’ စသည်ဖြင့် ဘုန်းကြီး ရှေ့က ရွတ်ပေးတာကို ဝေါဝေါ ဝေါဝေါ လိုက်ဆိုနေခဲ့တာ အကြိမ်ပေါင်း အရာအထောင်မက ရှိနေပြီဆိုတော့ ဒီငါးပါးသီလရဲ့ လေးနက်မှု အထုအထည်နဲ့ ကျယ်ပြန့်မှု အတိုင်းအတာကို သိပ်နှလုံးမသွင်းဖြစ်ကြတော့ဘူး။

ငါးပါးသီလ တစ်ပါးအပါအ၀င်ဖြစ်တဲ့ အဒိန္နာဒါနကလည်း (စောစောက ပြောခဲ့သလို ရွတ် ဆိုတာကအစ ‘ရေးချ’ နေရာလွဲ ရွတ်မိနေတာပဲ ကြည့်) အမှတ်မထင် ၀ိုးတိုးဝါးတားပဲ ဖြစ်သွား တတ်ပါတယ်။

ဒီနေရာမှာ သီလနဲ့ ပတ်သက်ပြီး ‘ကိုယ်ကျင့်အဘိဓမ္မာ’ ထဲမှာ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖွင့်ပြတာလေးကို ထုတ်နုတ်ပြပါရစေ။ ပုညကြိယာဝတ္ထုဆယ်ပါး (ကောင်း ကျိုးချမ်းသာ မင်္ဂလာ၏ တည်ရာဖြစ်သောကြောင့် ပြုထိုက်သော ကောင်းမှု များ ) အကြောင်း ရှင်းပြ ရင်းနဲ့ ဆရာတော်ကြီးက သီလခန်းမှာ ဒီလိုရေးပါတယ်။

“… လောကတွင် ရှိရှိသမျှအလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါး ချမ်းသာအောင် ကူညီသောအလုပ်သည် ကောင်းသောအလုပ် အကျိုးများ သော အလုပ်တို့ပေတည်း။

ဒါနအလုပ်နှင့် သီလအလုပ် နှစ်မျိုးတွင် ဒါနသည် သူတစ်ပါး ချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သောအလုပ်ဖြစ်၏ ”

သီလဆိုတာ စောင့်ထိန်းခြင်း၊ ဆောက်တည်ခြင်း၊ ဆောင်စရာရှိတာ ဆောင်ပြီး ရှောင်စရာ ရှိတာရှောင်ခြင်းလို့ အဓိပ္ပါယ်ဖွင့် နားလည်ထားကြတဲ့ သူတို့အတွက် “သီလအလုပ်သည် သူ တစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သောအလုပ်” လို့ ဖွင့်ပြလိုက်တာဟာ မျက်ခုံးပင့်စရာ ဖွင့်ဆို ချက်ပါပဲ။ သီလဆိုတာ မိမိဖာသာ မိမိ ကျင့်သုံးဆောက်တည်ထားရတဲ့ ကိစ္စလို့ ယေဘူယျသိနေကြတာကိုး။ အခု ဆရာတော်ကြီးက ‘သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သောအလုပ်’ လို့ဆိုတော့ …။

မဟာဂန္ဓာရုံဆရာတော်က ဒီသဘောကို ပါဏာတိပါတာ၊ ဝေရာမဏိနဲ့ စ,ရှင်းပါတယ်။ နောက် ‘အဒိန္နာဒါန ၀ိရတိ’ ဆိုတဲ့ ခေါင်းစဉ်ငယ်နဲ့ ဆက်ရှင်းပြပုံက …

‘သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယူမှု ကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ တစ် နိုင်ငံလုံးကို တိုက်ခိုက်လုယက်မှု ကြောင့် နိုင်ငံ၊ ရှင်ဘုရင်၊ မိဖုရား၊ ဆွေတော်မျိုးတော်များ နှင့်တကွ နိုင်ငံသူ နိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏ ။ ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များ ကို မလုပ်နိုင်ကြ။ လုပ်ဖို့အခွင့်လည်း မရကြသဖြင့် ဥစ္စာဓန ရှားပါး၍ ကိုယ်ဆင်းရဲရ၏ ။

… ထို့ကြောင့် အဒိန္နာဒါနာမှု သည် ဥစ္စာရှင်များ ကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိ စီးနှိပ်စက်သော အမှု ကြီးပေတည်း။ ထိုအဒိန္နာဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါန၀ိရတိသီလကို စောင့် ထိန်းကြပါလျှင် ထိုဆင်းရဲမျိုး ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန၀ိရတိ သီလသည် ကမ္ဘာသူကမ္ဘာသားများ ကို ဆင်းရဲဒုက္ခမှ မုချလွတ်လပ်ခွင့် ရစေနိုင်သော ကိုယ်စိတ်နှစ် ဖြာ ချမ်းသာစေနိုင်သော သီလပေတည်း။’

ဒီနေရာမှာ ဆရာတော်ကြီးက ‘သီလအလုပ် ဟူရာတွင် ငါးပါးသီလ အာဇီဝဋ္ဌမက သီလတို့ ကို ဆိုလိုသည်။ ရှစ်ပါးသီလ၊ ၁၀ ပါးသီလတို့အတွက်မှာ အကြောင်းတစ်မျိုး ပြဖွယ်ရှိ၏ ’ လို့ ဆို ထားပါတယ်။ သဘောကတော့ ဗြဟ္မာစရိယ၊ ၀ိကာလ ဘောဇန စတဲ့ ရှစ်ပါး၊ ၁၀ ပါးသီလများ ဟာ ငါးပါးသီလလို သူတစ်ပါး မဆင်းရဲရအောင် စောင့်ရှောက်တဲ့ သီလအလုပ်မျိုးမဟုတ်။ မိမိရဲ့ စိတ် ဓာတ်မြင့်မြတ်အောင် စောင့်သုံးရတဲ့ သီလအလုပ်များ ဖြစ်တယ်လို့ ဆိုပါတယ်။ အရိယဥပုသ်စောင့် သူဟာ သီလဆောက်တည်ပြီး ကမ္မဋ္ဌာန်းဘာဝနာ ပွားများ နေထိုင်ခြင်းအားဖြင့် မိမိတို့စိတ်မှာ အကုသိုလ်တွေ နည်းပါးသည်ထက် နည်းပါး၊ စိတ်နေစိတ်ထား ကြီးသည်ထက်ကြီးလာမယ်။ ဒါကြောင့် ဥပုသ်သီလတို့ဟာ သီလမည်ရုံမက ဘာဝနာနဲ့ အပေါင်းအဖော် ဖြစ်ပါတယ်။ ဘာဝနာနဲ့ ဥပုသ် သီလအပိုင်းကို ထားလိုက်ကြပါစို့။

သီလအလုပ်ဆိုတာ ‘သူတစ်ပါး မဆင်းရဲရအောင် စောင့်ရှောက်တဲ့အလုပ်’ ဆိုတဲ့ ဖွင့်ဆို ချက်ကတော့ တကယ့်ကို ‘အပလိုင်း’ ဖြစ်ပါပေတယ်။ ထိရောက်လှတဲ့ ဖွင့်ဆိုချက် ဖြစ်ပါပေတယ်။ ဆရာတော်ကြီးရဲ့ ဖွင့်ဆိုချက်အတိုင်း ဆက်ကောက်ရရင် သီလအလုပ် မရှိခြင်း၊ ၀ိရတိမဖြစ်ခြင်းဟာ သူတစ်ပါးဆင်းရဲ့ အောင် ပြစ်မှု ကျူးလွန်ခြင်းပါပဲ။ ဒါကြောင့် အဒိန္နာဒါနကံကို မထိန်းမစောင့် ခြင်း၊ ကျိုးပေါက်ခြင်း၊ ကျူးလွန်ခြင်း စသည်များ ဟာ သူတစ်ပါး ဆင်းရဲအောင်လုပ်ခြင်း၊ လောက ကြီးဆင်းရဲအောင် လုပ်ခြင်းပါပဲ။

ကိုဖိုးတင်၊ ကိုဖိုးထူးတို့ ခင်ဗျား။ ခေတ်စကားနဲ့ ပြောရရင် ခိုးမှု တွေ နည်းလမ်းမျိုးစုံ ထွန်း ကားနေတဲ့၊ ခိုးသူတွေပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်နေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ဘယ်လိုလုပ်ပြီး လုံခြုံစိတ်ချရတော့မလဲ။ အဒိန္နာဒါနနဲ့ပတ်သက်ပြီး တွေးစရာတွေ အများ ကြီးဖြစ်လာပြီပေါ့။

+++++++++++

ဂေါတမဗုဒ္ဓလက်ထက်တော်က အရှင်ဓနိယဆိုတဲ့ ရဟန်းတစ်ပါးရဲ့ အဖြစ်သနစ်ဟာ စိတ် ၀င်စားစရာကောင်းတယ်။ သူက ရာဇဂြိုဟ်မြို့၊ က္ကုသိဂိလိတောင်ကမ်းပါးမှာ မြက်မိုးမြက်ကာ ကျောင်းကလေးတစ်ဆောင် ဆောက်ပြီး သီတင်းသုံးနေတယ်။ ဒါပေမယ့် သူ့မြက်ကျောင်းကလေး ကို မြက်ရိတ်သမား ထင်းခုတ်သမားတွေက ဖျက်ပြီး မြက်တွေယူသွားကြလို့ အရှင်ဓနိယမှာ မြက် ကျောင်းကလေးကို သုံးကြိမ်ပြန်ဆောက်ယူရပါသတဲ့။ နောက်ဆုံးတော့ ကျောင်းအဖျက်ခံလိုက်ရ၊ ပြန်ဆောက်ရနဲ့ မဖြစ်ချေဘူးဆိုပြီး အရှင်ဓနိယဟာ မြက်ကျောင်းမဆောက်တော့ဘဲ ရွှံ့တွေကိုယ် တိုင်နယ်ပြီး မြေကျောင်းကလေးတစ်ဆောင် ဆောက်လိုက်တယ်။ သူက ရဟန်းမ၀တ်ခင်က အိုး ထိန်းသည်သား၊ သူကိုယ်တိုင် အိုးဖုတ်တတ်သူကိုး။ သူ့ရဲ့ ရွှံ့မြေကျောင်းကလေးဟာ နီနီရဲရဲက လေးနဲ့ ရှုချင်စဖွယ် မြေတိုက်ကလေး ဖြစ်လာတယ်။

ဒါပေမယ့် ဒီမြေတိုက်ကျောင်းကလေးလည်း ကြာကြာမခံပြန်ဘူး။ ဘုရားရှင် ဂိဇ္ဈကုဋ် တောင်ပေါ်က ဆင်းလာပြီး မြေတိုက်ကလေးကို မြင်တဲ့အခါ “ဒီမောဃပုရိသ (အလကား ယောက်ျား)ဟာ မြေတိုက်လုပ်ဖို့ မြေတူးစဉ်၊ မြေနယ်စဉ်၊ မီးဖုတ်စဉ်တွေမှာ ပိုးကောင်းလေးတွေ ပျက်စီးကြမှာ ကို မတွေးမိ၊ မသနားမိဘူး၊ သူ့အတုလိုက်လုပ်ကြရင် နောင်အခါ အလုပ်တစ်ခုလုပ် တိုင်း ပိုးမွှားတိရစ္ဆာန်လေးတွေကို သတ်မိရင် ပါဏာတိပါတကံ မထိုက်လို့ အထင်မှားရစ်ကြမယ်” လို့ မိန့်ဆိုပြီး ရဟန်းတွေ စေလွှတ်ပြီး မြေတိုက်ကလေးကို အဖျက်ခိုင်းလိုက်တယ်။

ဘုရားရှင်က ဖျက်ခိုင်းတာဆိုတော့ အရှင်ဓနိယလည်း ကျေကျေနပ်နပ်ပဲ အဖျက်ခံခဲ့ပါ တယ်။ ဒီနောက်တော့ အရှင်ဓနိယ စဉ်းစားတယ်။ မြက်ကျောင်းလည်း အဖျက်အခိုးခံရ၊ မြေတိုက် လည်း ဘုရားရှင်က ခွင့်မပြု၊ သစ်ကျောင်းပဲ ဆောက်တော့မယ်၊ သစ်က ဘယ်ကရပါ့မလဲ တွေး တော့ ဗိမ္ဗိသာရမင်းရဲ့ သစ်တောဘက်ဆိုင်ရာ စာရေးကြီးတစ်ယောက်ကို သတိရလိုက်မိတယ်။ စာ ရေးကြီးက သူ့မိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်။ ဒါနဲ့ အရှင်ဓိနယဟာ စာရေးကြီးဆီသွားပြီး သစ်အလှူခံ တယ်။ စာရေးကြီးက “အရှင်ဘုရား၊ လှူဖို့သစ်ရယ်လို့တော့ မရှိပါ။ မြို့ပြင်ပို့ထားတဲ့ ဘုရင့်သစ် တောတွေတော့ ရှိပါတယ်။ ဘုရင်က လှူစေလို့ အမိန့်တော်ချရင် အရှင်ဘုရား အဲဒီ သစ်တွေ ရလိမ့်မယ်” လို့ လျှောက်လိုက်တယ်။

ဗိမ္ဗိသာရမင်းကြီးဆိုတာ ရတနာသုံးပါးမှာ အင်မတန်ကြည်ညိုတဲ့ ဥပါသကာကြီးကိုး။ အရှင် ဓနိယကလည်း မင်းကြီးဟာ ဘုရားရှင်နဲ့ သံဃာကို ဒီလောက်တောင် သဒ္ဓါတရားကြီးစွာ နဲ့ လှူဒါန်း နေတာပဲလို့ သဘောပေါက်တာနဲ့ သစ်စာရေးကြီးကို “သစ်စာရေးကြီးက လှူပြီးသားပါ” လို့ ခပ်ဖြန်း ဖြန်းပြောပြီး သစ်တွေကို လှည်းနဲ့တိုက်ခိုင်းတော့တာပဲ။ ဒီအခါမှာ သစ်တွေ လျော့ပါးပျောက်ဆုံးမှု နဲ့ ဆိုင်ရာတို့က သစ်တောစာရေးကြီးကို ဖမ်းကြတယ်။ အရှင်ဓနိယဟာ သူ့ကြောင့် စာရေးကြီး အဖမ်းခံရတာ ဆိုပြီး ဘုရင့်ထံ ကိုယ်တိုင်ဝင်တယ်။ ပြီးတော့ “ဘိသိက်ခံတုန်းက မြက် ထင်း ရေများ ကို ရဟန်း ပုဏ္ဏားတို့အား ပေးလှူပါ၏ လို့ မင်းကြီးပြောခဲ့ဖူးလို့ သစ်တွေကို ယူတာပဲ” လို့ရှင်းပြတယ်။

ဗိမ္ဗိသာရမင်းကလည်း ပြန်ရှင်းတယ်။ “အဲဒီ စကားက တောထဲမှာ ပိုင်ရှင်မရှိတဲ့ မြက် ထင်း ရေတွေကို ရည်ညွှန်းပြောတာပါ။ အခုသစ်တွေလို ပိုင်ရှင်ရှိတဲ့ ပစ္စည်းမျိုး မပါပါ။ ဘုရင့်သစ်တော ကို အမိန့်မရဘဲ ယူဆောင်ခြင်းဟာ သာမန်ပြည်သားသာဆိုရင် သေဒဏ်အထိ အပြစ်ကြီးပါတယ်။ အရှင်ဘုရားဟာ ဘုရားရှင်ရဲ့ သားတော်၊ ဘုရားရှင်ရဲ့ အရေအမွေးတော်ကို ခြုံလွှမ်းသူဖြစ်လို့ အပြစ်က လွှတ်လိုက်ပါတယ်၊ နောင်တော့ မပြုပါလေနဲ့ … တဲ့။”

ဒီအကြောင်းဟာ ဘုရားရှင်ထံပါး ရောက်သွားတယ်။ ရဟန်းတစ်ပါးနဲ့ ဗိမ္ဗိသာရမင်းကြီးတို့ ထိပ်တိုက်တိုးကြတဲ့အမှု ၊ စာရေးကြီးတစ်ယောက် အဖမ်းခံရတဲ့အမှု ၊ ပြီးတော့ သစ်ခိုးမှု ဆိုတော့ ရာဇဂြိုဟ်မှာ သောသောလှုပ်သွားမယ့်ကိစ္စပေါ့။ ဘုရားရှင်နားတော် ပေါက်ကြားတဲ့အချိန်မှာ အနီးမှာ တရားသူကြီး လုပ်ခဲ့ဖူးတဲ့ ရဟန်းတစ်ပါး ရှိနေပါသတဲ့။ ဘုရားရှင်က “ဗိမ္ဗိသာရမင်းဟာ ဘယ်လောက်တန်ဖိုးရှိတဲ့ ပစ္စည်းကိုခိုးရင် ဖမ်းခွင့်၊ ချုပ်ခွင့်၊ ညှင်းဆဲခွင့်၊ တိုင်းပြည်က နှင်ထုတ်ခွင့်ရှိသလဲ” လို့ မေးတော်မူပါတယ်။ တရားသူကြီးဟောင်း ရဟန်းက “ငွေစင်တစ်မိတ် သို့ မဟုတ် တစ်မတ် တန်ပစ္စည်းကိုခိုးရင် အဲဒါ ခိုးမှု မြောက်ပြီး အပြစ်ပေးပိုင်ခွင့်ရှိပါတယ် ဘုရား” လို့ ဥပဒေရှုထောင့်က လျှောက်တင်တယ်။

ဒီအခါမှာ ဘုရားရှင်က “ငွေတစ်မတ်၊ သို့ မဟုတ် တစ်မတ်တန်ပစ္စည်းကို ခိုးရင် ပါရာဇိက ကျစေ” လို့ မူလပညတ်ထားတော်မူပါတယ်။

အဲဒီ အချိန်ဟာ ရာဇဂြိုဟ်ပြည်သုံးငွေ တစ်မတ်ဆိုတာ ရွှေငါးပဲသား ငွေငါးပဲသား ကြေးနီငါး ပဲသား၊ ပေါင်း ပဲနှစ်ဆယ်ကို တစ်ကျပ်လို့ သတ်မှတ်သုံးစွဲတာကြောင့် ငွေတစ်မတ်ဆိုတာ ရွှေ၊ ငွေ၊ ကြေးနီ ပေါင်းထားတဲ့ ငါးပဲသားကို ခေါ်ပါတယ်။ (အရှင်ဓနိယဟာ ဒီအမှု ဖြစ်ခဲ့ပြီး ဒီလိုကဲ့ရဲ့ အရှုတ် ချခံရပေမယ့် နောင်အခါ တရားရပြီး ရဟန္တာဖြစ်သွားခဲ့ပါတယ်။)

ဒီအဖြစ်ဟာ အဒိန္နာဒါန ပါရာဇိကနဲ့ ပတ်သက်ပြီး မူလပညတ် ဖြစ်ပေါ်လာပုံပါ။ ဘုရင့်သစ် တောကို လှည့်စားယူမှု ကနေ ခိုးမှု မြောက်ပြီး အပြစ်ဒဏ်ပါ သတ်မှတ်ပေးလိုက်တဲ့အကြောင်း ဘုရားဥပဒေတော်ကြီးမှာ အထင်အရှားလာပါတယ်။

ပါရာဇိက အာပတ်သင့်ရတယ် ဆိုတာ အာပတ်ခုနှစ်မျိုးထဲက ပထမဆုံး အမျိုးအစားပါ။ ဒီ အာပတ်သင့်တဲ့ ရဟန်းဟာ ရဟန်းအဖြစ်က ဆုံးရှုံးသူ၊ ရဟန်းအရာ မ၀င်တော့သူ ဖြစ်ရပါတယ်။ ပရာဇေတိ-သာသနာတော်မှ ဆုံးရှုံးစေတတ်၏ ။ က္ကုတိ-ထို့ကြောင့်၊ ပါရာဇိက-ပါရာဇိကမည်၏ လို့ ဆိုတယ်။ သူတော်ကောင်းတရားမှ ရွေ့သွားသူ၊ ချို့ယွင်းသွားသူ၊ လျှောကျသွားသူ ဖြစ်သွားတယ်။ ပါရာဇိကကျသူဟာ ကံကြီး ကံငယ် ကိစ္စအ၀၀တို့မှ ရဟန်းအဖြစ် အပေါင်းအသင်းဖြစ်ခွင့် မရှိတော့ ပါဘူး။ ပါရာဇိက အာပတ်သင့်သူဟာ ရဟန်းအဖြစ်ကို စွန့်လွှတ်မှ လူအဖြစ်၊ သာမဏေအဖြစ် ဖြစ် စေတော့မှသာ အာပတ်စင်ကြယ်တယ်လို့ ဆိုပါတယ်။

+++++++++++

အဒိန္နာဒါနနဲ့ပတ်သက်ပြီး အရှင်ဓနိယကို အကြောင်းပြုလို့ အဲဒီ လို မူလပညတ် ထားရှိခဲ့ရာ ကနေ အနုပညတ် ထပ်မံထားတော်မူတဲ့အဖြစ် တစ်ခု ပေါ်ပေါက်လာပြန်တယ်။ ဒါကလည်း စိတ် ၀င်စားစရာပါ။

အမှု က ခ၀ါထုပ် ခိုးမှု ။ အမှု သည်ကတော့ ခုခေတ်စကားနဲ့ဆိုရင် ခြောက်ဦးဂိုဏ်းလို့ ခေါ်ရ မယ့် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆဗ္ဗဂ္ဂီရဟန်းခြောက်ဦးပါပဲ။

ဆဗ္ဗဂ္ဂီရဟန်းတွေဟာ မြစ်ဆိပ်သွားပြီး ခ၀ါသည်တွေရဲ့ ခ၀ါထုပ်ကြီးကို ယူချလာတယ်။ ခိုး လာတယ်။ ပြီးတော့ ခြောက်ဦးသား ဝေစုခွဲနေကြတယ်။ ဒါကို တခြားရဟန်းတွေက တွေ့တော့ “ငါ့ ရှင်တို့ … တယ် ဘုန်းကြီးပါလား၊ သင်္ကန်းချုပ်ဖို့ အ၀တ်တွေ အများ ကြီး ရလာကြသကိုး” လို့ပြော ရာမှာ သူတို့က ခပ်ပြောင်ပြောင်ပဲ “ဘယ်က ဘုန်းကြီးရမှာ လဲ ခ၀ါဆိပ်ကနေ ယူချလာတာ” လို့ပြန် ပြောကြသတဲ့။ ရဟန်းတွေက “သူတစ်ပါး ဥစ္စာကို ပိုင်ရှင်မပေးဘဲ မယူရဘူး၊ ပညတ်တော်မူထား တယ်မဟုတ်လား” ဆိုတော့ ဆဗ္ဗဂ္ဂီရဟန်းတွေက “အဲဒီ လို ပညတ်ထားတာတော့ မှန်ပါတယ်၊ ဒါပေမယ့် ဒီသိက္ခာပုဒ်က မြို့ထဲ ရွာထဲနဲ့သာ အကျုံးဝင်တယ်၊ ငါတို့ အခုယူလာတဲ့ ခ၀ါထုပ်က မြို့ ပြင်က၊ ပညတ်နဲ့ အကျုံးမ၀င်ဘူး” ဘာညာနဲ့ ဆင်ခြေလဲကြပါသတဲ့။

ဒီမှာ တင် ဘုရားရှင်က “ဂါမ၀ါ အရညာဝါ ရွာမှဖြစ်စေ၊ မြို့မှဖြစ်စေ၊ တောမှဖြစ်စေ …” စသည်ဖြင့် ဖြည့်စွက်ပြီး အနုပညတ်ထားတော်မူပြန်တယ်။ ဒီဒုတိယပါရာဇိကအင်္ဂါကျတော့မှ အင်္ဂါ ငါးပါး ညီညွတ်သော ပါရာဇိက အာပတ်သင့်ခြင်း ဖြစ်ပေါ်လာတယ်။ (၁) လူဇာတိရှိသူ (လူစင်စစ်) ၏ ဥစ္စာဖြစ်ခြင်း၊ (၂) သူတစ်ပါးဥစ္စာမှန်းသိခြင်း၊ (၃) ခိုးလိုသောစိတ် ရှိခြင်း၊ (၄) ဂရုပရိက္ခရာဖြစ် ခြင်း (ဂရု-ကြီးလေးသော၊ ပရိက္ခရာ ပစ္စည်းအသုံးအဆောင်၊ တစ်မတ်၊ တစ်မတ်တန်ဥစ္စာမှအစပြု)၊ (၅) ခိုးယူခြင်းဆိုတဲ့ အင်္ဂါငါးပါးပါ။ ဒါကို အရှင်ဇနကာဘိဝံသရဲ့ ဘုရားဥပဒေတော်ကြီးမှာ “လူ ဇာတ်ရှိငြား၊ သူတစ်ပါး၏ ပိုင်ထားဥစ္စာ၊ သူ့ဥစ္စာဟု၊ သိမှတ်မှု နှင့် ဂရုပရိတ်၊ ထေယျစိတ်သွင်း၊ ခိုးယူ ခြင်းဟု၊ ကြောင်းရင်းငါးလီ အင်္ဂါညီ ကျပြီ ပါရာဇိက” လို့ ဆောင်ပုဒ်အလင်္ကာ ထုတ်ပေးထားပါတယ်။

ရဟန်းများ အတွက် သိက္ခာပုဒ် ပညတ်တဲ့ ဒီဒုတိယပါရာဇိက ကနေပြီး မတရားသဖြင့် ယူ ခြင်း၊ မရိုးမသားယူခြင်း၊ လှည့်ဖြားယူခြင်းတွေဟာ အဒိန္နာဒါနထဲမှာ အကျုံးဝင်သွားလိုက်တာ ဥဒ္ဒ သိက္ခာလာခိုးခြင်း ဆယ့်တစ်ပါးအထိ အသေးစိတ်ပွားလာတော့တယ်။

ပါဠိအသုံးအနှုန်းတွေကို ချန်ပြီး ပြောရရင် (၁) သူ့ဥစ္စာကို ကိုယ်ရအောင် တရားစွဲယူခြင်း၊ (၂) သူ့ဥစ္စာကို အရိုးခံအတိုင်း ယူဆောင်သွားပြီး လမ်းကျမှ လိုချင်စိတ်ပေါ်လာပြီး ယူလိုက်ခြင်း၊ (၃) ကိုယ့်ဆီအပ်ထားတာကို ပြန်တောင်းတဲ့အခါ မပေးတော့ဘဲ ဘယ်တုန်းက အပ်လို့လဲ ဘာညာ လိမ်ညာဘူးကွယ်ပြီး ယူလိုက်ခြင်း၊ (၄) သက်ရှိအရာကို နေရာပြောင်းသွားအောင် ခြောက်လှန့် မောင်းနှင်ပြီးယူခြင်း၊ (၅) မြှုပ်ထားတဲ့ ဥစ္စာကို နဂိုနေရာက ရွေ့အောင်လုပ်ပြီး ယူခြင်း၊ (၆) အခွန် အကောက်ဌာနကို ရှောင်ပြီး အခွန်မပေးဘဲ သွားခြင်း၊ (၇) ပုန်းလျှိုးကွယ်လျှိုးခိုးခြင်း၊ အလေးတင်း တောင်း စဉ်းလဲ၍ ခိုးခြင်း၊ (၈) ဥစ္စာရှင်ကို ခြိမ်းခြောက်နှိပ်စက်ပြီး ယူခြင်း၊ (၉) မဲချရာမှာ ကိုယ်ကျ တဲ့ ညံ့သောမဲကို သူတစ်ပါးရဲ့ ကောင်းသောမဲနဲ့ လဲယူခြင်း၊ (၁၀) သူတစ်ပါးဥစ္စာကို တစ်နေရာမှာ ဖုံးအုပ်မြှုပ်နှံပြီး နောင်လာမှ ယူခြင်း၊ (၁၁) ဥစ္စာရှင်မြင်ရင် ခဏယူသလို လုပ်ပြီးပြန်ထား၊ မမြင် တော့မှ ယူ၊ ဒီနေရာဒေသအတွင်းမှာ တော့ မလိမ့်တစ်ပတ်လုပ်၊ နေရာကလွန်ရင် ယူလိုက်မယ် စသည်ဖြင့် အရပ်ဌာနကို ကြံဆ၍ ယူခြင်း … ဆိုပြီး ဆယ့်တစ်ပါးဖြစ်လာတယ်။ အခုခေတ်စားနေတဲ့ တိုခြင်း၊ လျှိုခြင်း၊ ဘုံးခြင်း၊ လဲခြင်း၊ ကဲ့ခြင်း၊ ၀ှက်ခြင်း၊ သဲ့ခြင်း၊ အိတ်ထဲထည့်ခြင်း ဆိုတဲ့စကားလုံး တွေ အဓိပ္ပါယ်တွေဟာ ဒီဆယ့်တစ်ပါးထဲမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေတာ တွေ့နိုင်ပေတာပေါ့။

+++++++++++

ကိုဖိုးတင်တို့၊ ကိုဖိုးထူးတို့ရေ … အဒိန္နာဒါနစက်ဝိုင်းကြီးဟာ ကျယ်ပြန့်ကြီးမားလှပါကလား။ ဘယ်လောက်အထိ ကျယ်ပြန့်ကြီးမားနိုင်သလဲဆိုရင် လူ့အဖွဲ့အစည်းကြီးနဲ့အမျှလို့ ဆိုရမယ်နဲ့တူ ရဲ့ ။ ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းထဲက လူတွေမှာ စိတ်ကိုမကောင်းအောင် ခြယ်လှယ် တဲ့အကုသိုလ်စေတသိက် ဆယ့်လေးပါးနဲ့ လုံးထွေးရစ်ပတ်နေကြတာကိုး၊ မသိခြင်း မောဟ၊ မရှက် ခြင်း အဟီရိက၊ မကြောက်ခြင်း အနောတ္တပ္ပ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ၊ လိုချင်တပ်မက်ခြင်း လောဘ၊ အမြင်မှားခြင်း ဒိဋ္ဌိ၊ ထောင်လွှားခြင်း မာန၊ ခက်ထန်ခြင်း ဒေါသ၊ ငြူစူခြင်း က္ကုသာ၊ ၀န်တိုခြင်း မစ္ဆရိ ယ၊ နောင်တပူပန်ခြင်း ကုက္ကုစ္စ၊ ထိုင်းခြင်း ထိန၊ မှိုင်းခြင်း မိဒ္ဓ၊ ယုံမှားခြင်း ၀ိစိကိစ္ဆာ … ဒီအကုသိုလ် စေတသိက် ဆယ့်လေးပါးဟာ ဘယ်ခေတ်၊ ဘယ်စနစ်၊ ဘယ်အခါကာလမှာ မဆို လူတွေကို ပုံစံ အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့ ခြယ်လှယ်နေတတ်တယ်။ သူသူကိုယ်ကိုယ် ဘယ်သူရဲ့ သန္တာန်မှာ မဆို ဒီစေတသိက်တွေဟာ အနည်းနဲ့အများ ရှိနေတယ်။

ဒီလိုနဲ့ပဲ (အခြားကံများ ကို အပထား) အဒိန္နာဒါနကို တွင်တွင်ကြီး ကျူးလွန်ကြတော့တယ်။ အူမမတောင့်လို့ သီလမစောင့်နိုင်သူတွေသာမက အူမကြီး တောင့်တင်းနေပါလျက် သီလမစောင့် သူတွေလည်း ပေါများ လာတယ်။ ဘိန်းရှူစရာ ပိုက်ဆံမရှိတဲ့အတွက် နောက်ဖေးလမ်းကြားက ထဘီရုပ်သူ (ခုခေတ်တော့ နံပါတ် ‘ဖိုး’ ဖိုးအတွက် မာမီ့စိန်နားကပ်ကို အတိုအလျှိုလုပ်သူပေါ့)၊ ဘီ စကစ်မုန့်ချပ်တွေပေါ်မှာ ဖော်မြူလာတွေ ကူးထားပြီး စာခိုးချ၊ ပြီးမှ မုန့်ချပ်ဝါးစားပစ်သူ၊ ငွေစုငွေ ချေးအသင်းက ပိုက်ဆံကို လှည့်သုံးဖဲ့သုံးရင်း အစားပြန်မသွင်းနိုင်ဘဲ ဆိုင်မီးရှို့သူ၊ ငွေစာရင်းခေါင်း စဉ်ကိုဖျောက်၊ ဌာနလည်း အမြတ်ပေါ်အောင်၊ ကိုယ်လည်း မြိုးမြိုးမြက်မြက်ရအောင်ဆိုပြီး ပါမစ်ကို အပြင်ထုတ်ရောင်းချပစ်လိုက်သူ၊ အခွန်ဘဏ္ဍာကို ရှောင်တိမ်း လက်တစ်လုံးခြားလှည့်ပြီး ငွေမည်း ကို ဆပ်ပြာမှု န့်စိမ်လိုက်သူ၊ မြေတိုင်းစာရေးကို လက်ဖက်ရည်ဖိုးပေးပြီး တစ်ပေပို ခြံဝင်းခတ်သူ၊ တော်ရုံတန်ရုံ ချွတ်ယွင်းတဲ့ပစ္စည်းကို ပြင်ဆင်မှု မပြုဘဲ “ဒဲမေ့ဂ်ျ” ပြပြီး အိမ်သယ်လာသူ၊ ကျောင်းဆောင်ပြုပြင်မွမ်းမံရန်ဆိုပြီး ကောက်ခံရရှိထားတဲ့ အလှူငွေတွေကို စာရင်းမရှင်းသူ၊ “အောဒစ်” ကို ကောင်းကောင်းကျွေး၊ ကောင်းကောင်းပေးပြီး “၀ါးစေ” လိုက်သူ၊ အလိုလေးလေး … အမယ်တွေ အများ ကြီးပါလား။

ရေပိုင်နက်ကျူးကျော်ပြီး ငါးဖမ်းတာ၊ နွားတွေ အုပ်လိုက် နယ်ခြားတစ်ဖက်ဖြတ်ကျော် မောင်းယူသွားတာ၊ သစ်လုံးတွေကို ကြိုးဝိုင်းထဲ ၀င်ခုတ်၊ မခုတ်ရင်လည်း ရထားနဲ့ဖောင်နဲ့သယ်လာ တာကို လမ်းမှားအပျောက်ရိုက်တာ၊ ယူရေနီယမ်တင်လာတဲ့ သင်္ဘောကြီးကို အနုကြမ်းတက်စီးပြီး ရေကြောင်းပြောင်း မောင်းယူသွားတာ၊ တယ်လီဖုန်း တက်ဘ်ထိုးပြီး သတင်းနှိုက်ယူတာ၊ စံချိန်စံ နှုန်းမီ ဘိလပ်မြေအပြည့် မသုံးဘဲ ကဲ့ယူလိုက်တာ၊ အဲဒီ လို ယူထားတာကို သိလျက်နဲ့ စစ်ဆေးတဲ့ ပုဂ္ဂိုလ်က မသိဟန်ဆောင်ပေးလိုက်တာ။ ဗဟုသုတကြွယ်ရင် ကြွယ်သလောက် အမှတ်စဉ်ထိုး ကြည့်နိုင်ပါတယ်။ ဆဗ္ဗဂ္ဂီရဟန်းတွေသာ ခုနေ ရှိနေသေးရင် ဒီလူသားတွေရဲ့ ဒီအဒိန္နာဒါနအမှု တွေ ကို ကြည့်ပြီး သူတို့နဲ့စာရင် ငါတို့ဟာ သူတော်စင်တွေပါကလားလို့ လက်မထောင်ကြလိမ့်မယ်နဲ့တူတယ်။

+++++++++++

အကုသိုလ်ဒုစရိုက်ကြောင့် တွေ့တတ်သော ဘေးလေးပါးဆိုပြီး ဗုဒ္ဓဘာသာက ပြပါတယ်။ အားလုံးသိကြပါတယ်။ (၁) အတ္တာနုဝါဒဘေး-ကိုယ့်ကိုယ်ကိုပြန်ပြီး ကြည်ညိုလို့မရ၊ ကိုယ့်ကိုယ်ကို ပြန်စွပ်စွဲနေရတဲ့ဘေး၊ သြော် … ငါ့ကို လူကြီးလူကောင်း သူတော်ကောင်းလို့ အထင်ကြီးကြတယ်၊ ငါ့အကြောင်း ငါပဲ သိသဟဲ့၊ ငါဟာ ဒုစရိုက်တွေကို ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ လူယုတ်မာပါလား ဆိုပြီး လိပ်ပြာမသန့်၊ လိပ်ပြာငယ် ကိုယ့်လိပ်ပြာ ကိုယ်ခြောက်နေခြင်း၊ (၂) ပရာနုဝါဒဘေး-လူ ယုတ်မာကြီးဟေ့လို့ သူတစ်ပါးက စွပ်စွဲ၊ လောကကြီးရဲ့ အထင်သေးအမြင်သေး ခံရခြင်း၊ (၃) ဒဏ္ဍ ဘေး-ပြစ်မှု ထင်ရှား ပေါ်ပေါက်တဲ့အတွက် ထောင်ဒဏ်ငွေဒဏ် သေဒဏ်ကျခံရခြင်း၊ (၄) ဒုဂ္ဂတိ ဘေး-ဒုစရိုက်မှု ကို ပြုထားတဲ့အတွက် သေခါနီး မှ အကြီးအကျယ် နောင်တရ၊ ဒီအာသန္နကံဇောနဲ့ သေဆုံး၊ နောက်ဘ၀အပါယ်ကျရခြင်း။

လူနပ် လူပါး လူလည်ဖြစ်လို့ ပထမဘေးသုံးပါးကနေ လွတ်အောင်ရှောင်နိုင်သည်ပဲ ထားဦး တော့။ စတုတ္ထမြောက် ဒုဂ္ဂတိဘေးကတော့ မလွတ်နိုင်ပါဘူးတဲ့။

ပုထုဇဉ်လူသားတွေဟာ ရှောင်ရန်ဆောင်ရန်အတွက် ကန့်သတ်ပြဋ္ဌာန်းတားမြစ်ရုံနဲ့ပဲ မရတတ်ဘူး။ ကျခံရမယ့်အပြစ်ကို ပြပြီး ခြောက်လှန့်ပေးမှ နောင်ကြဉ်တတ်ကြတာမို့ ဘာသာတရား က ငရဲနဲ့လည်း ထင်ရှားပြထားပါတယ်။ ငရဲဆိုရာမှာ လည်း လက်ငင်းပစ္စက္ခ ခုဘ၀ ကြုံရမယ့် ငရဲနဲ့ တမလွန်မှာ ခံရမယ့်ငရဲလို့ ခွဲပြပါတယ်။

ငယ်စဉ် ဘုန်းကြီးကျောင်းသားဘ၀က ကုန်းအော်ခဲ့ရတာ လေးတွေ မှတ်မိနေတယ်။ အဒိန္နာ ဒါနကြောင့်ဖြစ်သော အပြစ်ခြောက်ပါးတဲ့။ “အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာလည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမ ရ၊ ဘောဂပစ္စည်း၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့် မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များ စွာ သည်၊ ရှောင်ခါအပြန် အကျိုးတည်း …”တဲ့။

အပါယ်ငရဲနဲ့ ပြတဲ့အခါမှာ လည်း …

ငါးပါးသီလ ပျက်သူတို့ ငရဲခံရပုံ၊ အဒိန္နာဒါနကံ ကျူးလွန်မှု ကြောင့် ငရဲခံရပုံမှာ “ကျေကျေ နပ်နပ် မပေးအပ်သော သူတစ်ပါး၏ သက်ရှိပစ္စည်း၊ သက်မဲ့ပစ္စည်းကို ခိုးဝှက်ယူခြင်း၊ ဓားပြတိုက်၍ ယူခြင်း၊ အာဏာဖြင့် ယူခြင်း၊ အလေးတင်းတောင်းချိန်ခွင်တို့ဖြင့် လိမ်လည်လှည့်စား၍ ယူခြင်း၊ ရောင်းကုန်များ တွင် ရေဖျန်းမှု ၊ ရေထိုးမှု ၊ ဖွဲနုစသည် ရောမှု စသောအမှု ကို ပြုခြင်း၊ ဖျင်းအသူတို့၏ ဥစ္စာကို ညာ၍ ယူခြင်း၊ နှိုက်၍ ယူခြင်း … စသောအားဖြင့် မတရားယူမှု အားလုံးကို “အဒိန္နာဒါနာ” ဟု ခေါ်၏ ။ ထိုအဒိန္နာဒါနအမှု ကို လူ့ဘ၀ပြုခဲ့သူသည် သေသောအခါ ငရဲတွင် ဖြစ်ရတတ်၏ ” လို့ ချီပြီး …

ငရဲခံရပုံမှ ကြောက်မက်ဖွယ်ပုံသဏ္ဍာန်ရှိသော ငရဲထိန်းတို့သည် ရောက်လာသော ငရဲသား တို့ကို လှံစသော လက်နက်အမျိုးမျိုးဖြင့် မုဆိုးတို့က သမင်စသော သားကောင်ကို ၀ိုင်း၍ ထိုးကြသ ကဲ့သို့ ဟိုဘက်သည်ဘက်က ၀ိုင်း၍ ထိုးကြကုန်၏ ။ ငရဲသား၏ တစ်ကိုယ်လုံးမှာ ဖက်ရွက်အပေါက် ကဲ့သို့ အပေါက်အပေါက်ဖြစ်နေ၏ ။ ဤသို့ တစ်ကိုယ်လုံး ပေါက်နေသော်လည်း အဒိန္နာဒါနာ အကု သိုလ်၏ အစွမ်း မကုန်သေးသမျှ ငရဲမှ မလွတ်ဘဲ ခံနေကြရသည်”လို့ ဆိုပါတယ်။

စုပေါင်းပြီး ကုသိုလ်ကောင်းမှု ပြုကြမယ်လို့ အသင်းအပင်းအဖွဲ့ ငွေကောက်ခံ၊ ရတဲ့ငွေကို စာရင်းလိမ်ပြပြီး ကိုယ်ကျိုးအတွက် သုံးပစ်ကြသူများ အတွက်ကတော့ “မီးကျီးငရဲ” မှာ ခံရမယ်လို့ တိုက်ရိုက်ပြပါတယ်။ သူခိုးဓားပြအလုပ် လုပ်သူတွေအတွက် မြား လှံ ငရဲတဲ့။ ယုတ်မာတဲ့ ပွဲစား။ မတရားတန်ဖိုးဖြတ်ပေးသူ၊ အလေးခိုးဈေးသည်တွေအတွက် သံမြားကောက် ငရဲတဲ့။

ဒါပေမယ့် ဒီငရဲဘုံဆိုတာလည်း ငယ်ငယ်တုန်းကသာ ဘကြီးဘုန်းကြီးက ဟော၊ ဘိုးဘွား တွေက ခြောက်လှန့်ပြ၊ ဘုရားတန်ဆောင်း ပန်းချီပုံတွေမှာ တွေ့မြင်ဖူးနဲ့ ကလေးစိတ်နဲ့ ကြောက်ခဲ့ ကြတယ်။ ကြီးလာတော့ မကြောက်တတ်ကြတော့ဘူး ထင်ပါရဲ့ ။ ဒါမှမဟုတ် တခြားခြောက်လှန့်မှု တွေက များ ပြားလာတော့ ငရဲကို ကြောက်ဖို့ မစဉ်းစားနိုင်တော့ဘူး ထင်ပါရဲ့ ။ လူတွေဟာ ကြီးလာ တဲ့အခါ ဟုတ်တာမှန်တာကို အဖြောင့်တွေးရမှာ ၊ လုပ်ရမှာ ၊ ပြောရမှာ သာ ကြောက်လာကြပြီး မဟုတ်မတရားတွေ လုပ်ရမှာ ကိုတော့ မကြောက်တတ်၊ မရှက်တတ်ကြတော့ဘူး။ ဆရာခင်မောင် သန်း (စိတ်ပညာ) တို့လို ပုဂ္ဂိုလ်မျိုးတွေကို “အကြောက်တရား စံချိန်စံညွှန်းလွဲချော်ခြင်း” ဆိုပြီး စာ တမ်းတစ်စောင် ပြုစုပေးပါလို့ တောင်းဆိုရရင် ကောင်းမလားမသိဘူး။ ဒီလိုနဲ့ပဲ ‘ငရဲကလာသူ ပြာပူ မကြောက်’ တို့၊ ‘ငရဲဆိုတာ ဂျို (ချို) နဲ့လားတို့၊ ‘အဖော်ကောင်းရင် ငရဲတောင်လိုက်မယ်’ တို့ဆိုတဲ့ စကားတွေ ပေါ်လာကြသလား မသိဘူး။ ငရဲခန်းနဲ့ ခြောက်လို့ မရတော့ဘူး။’

ဒါကြောင့်လည်း ကာတွန်းဆရာတွေ ရေးဆွဲကြတာ နေမှာ ။ ဆီပူဒယ်အိုးကြီးနားမှာ လက် မှိုင်ချနေတဲ့ ငရဲထိန်းတွေအကြား ငရဲကျခံဖို့ ရောက်သွားတဲ့ ဗိုက်ပူပူ ကုပ်သားထူထူ လူကြီးက ခပ် တည်တည်နဲ့ “သြ … ဒီမှာ လည်း ဆီဈေးကြီးနေတယ် ဟုတ်စ” လို့ ပြောနေပုံ ကာတွန်းမျိုးလေ။

+++++++++++

“ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရာဇသတ်ကြီး (၁၈၆၁ ခုနှစ်၊ မေလ ၁ရက်)” စာအုပ်မှာ လည်း မြန်မာဘာသာပြန် တရားဥပဒေနှင့် ဝေါဟာရများ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအ မှတ် ၂၇) ကို ပြဋ္ဌာန်းချက်အရ မြန်မာဘာသာပြန် ဥပဒေကော်မတီကို (၁၉၄၈) ခုနှစ်က စတင်ဖွဲ့ စည်းခဲ့ပြီး ရာဇသတ်ကြီး မြန်မာဘာသာပြန်ဆိုချက်ကို နှစ်ကြိမ်တိုင်တိုင် ပြန်ဆိုစိစစ်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရပုံနှိပ်တိုက်မှာ ပုံနှိပ်ပြီး ထုတ်ဝေတဲ့ ၁၉၆၈ မှာ ပြန်လည်ပုံနှိပ်ထုတ်ဝေတဲ့ အဲဒီ ရာဇ သတ်ကြီး အခန်း (၁၇) မှာ ခိုးမှု ကို အကျယ်တ၀င့် ဖွင့်ဆိုပေးထားပါတယ်။ အဲဒီ ဖွင့်ဆိုချက်အရ…

“၃၇၈ ။    ။ တစ်ဦးတစ်ယောက်သောသူ၏ လက်ရှိမှာ ထိုသူသဘောမတူဘဲ မည်သူမဆို မရိုးမဖြောင့်သော သဘောဖြင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို ယူရန် ကြံရွယ်၍ ထိုသို့ ယူ ရန်ကိစ္စအလို့ငှာ ထိုပစ္စည်းကို ရွှေ့စေလိုလျှင် ထိုသူသည် ခိုးမှု ကျုးလွန်သည်မည်၏ ” လို့လာတယ်။

ဒီဖွင့်ဆိုချက်ကိုပဲ ရှင်းလင်းချက် ငါးခုနဲ့ ဥပမာ ၁၆ခုပြထားပါတယ်။ (ကျမ်းလေးအံ့စိုး၍ ဤ တွင် မဖော်ပြတော့ပါ) ပေါ့ဗျာ။ နောက် ပုဒ်မ ၃၇၉ (ခိုးမှု အတွက် အပြစ်ဒဏ်) ကနေ ခြောက်လှန့် တောင်းယူမှု (၃၈၃)၊ လုယက်မှု နှင့် ဓားပြမှု (၃၉၀)၊ ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု (၄၀၅)၊ ခိုးရာပါပစ္စည်းလက်ခံမှု (၄၁၀) စသည်ဖြင့် အကျယ်တ၀င့် ဥပမာများ နဲ့ ရှင်း ပြပေးထားပါတယ်။ ဥပဒေစာအုပ်ဆိုတာ တရားရုံးချုပ်ရှေ့နေ၊ တရားရေးဝန်ထမ်း၊ တရားသူကြီး များ နဲ့သာ သက်ဆိုင်တယ်၊ ငါတို့နဲ့မဆိုင် ဆိုရင်တော့ မပြောတတ်ဘူး။ ရှင်းလင်းပြေပြစ်တဲ့ သိသာ လွယ်ကူတဲ့ အဲဒီ ရေးသားဖွင့်ဆိုချက်တွေ၊ ပုဒ်မတွေ၊ ပြစ်မှု နဲ့ ပြစ်ဒဏ်တွေကို လုပ်မစားသော်လည်း ၀ါသနာပါရန် ဖတ်ရှုလေ့လာကြည့်သင့်တယ် ထင်ပါတယ်။ ဒုဂ္ဂတိဘေးကို မေ့ထားချင်ထား၊ ဒဏ္ဍဘေးကိုတော့ အနည်းနဲ့အများ သိသင့်တယ် ထင်ပါတယ်။

အင်း … ပြောလို့သာ ပြောရတာ ပါ။ တကယ့် တကယ် တွေးကြည့်ရင် ဘေးလေးပါးအနက် မှာ ကိုယ့်ကိုယ်ကို မကြည်ညိုနိုင်ခြင်း၊ လိပ်ပြာမလုံခြင်း၊ မိမိကိုယ်မိမိ စွပ်စွဲခြောက်လှန့်နေခြင်းဆို တဲ့ အတ္တာနုဝါဒဘေးဟာ ပထမဆုံး ‘ပြေးမလွတ်ဘေး’ ပဲဗျ။ “ရာဇ၀တ်ဘေးမို့ အဝေးသို့ ပြေးလို့ မလွတ်နိုင်ပါ” ဆိုတဲ့ သီချင်းကို တချို့က အဝေးသို့ ပြေးလို့မလွတ်ပေမယ့် အနီးမှာ တော့ ရှောင်လို့ တိမ်းလို့ ရသဟလို့ ပြက်ရယ်ပြုကြသတဲ့။ မဟုတ်တာကြီးပဲ။ အဲဒီ အနီးတကာ့ အနီးဆုံးမှာ မိမိရဲ့ ‘လိပ်ပြာ’ ရှိနေတယ်လေ။ လိပ်ပြာမသန့်ဖြစ်ပြီး လိပ်ပြာငယ်ပြီဆိုမှဖြင့် ကျန်တာတွေ ရာထူး၊ စည်း စိမ်၊ ဂုဏ်သိန် ဘာညာဘယ်လောက်ကြီးကြီး အနှီပုဂ္ဂိုလ်ဟာ ငယ်သည်ထက်ငယ် သေးသည်ထက် သေး တစ်စတစ်စ ကျုံ့ဝင်သွားတော့တာပါပဲ။ ဒါကြောင့် အချို့ပညာရှိများ အလိုအရတော့ အပြစ် မကင်းစိတ်နဲ့ ကိုယ်ကျင့်တရား ကျုံ့ဝင်ရှုံ့တွခြင်းဟာ အပြင်းထန်ဆုံးသော ပြစ်ဒဏ်ပဲလို့ ဆိုကြလေရဲ့ ။

+++++++++++

ဇာတ်တော် ငါးရာ့ငါးဆယ်၊ စတုတ္ထနိပါတ်၊ ကာလိင်္ဂ၀ဂ်ထဲက ဇာတ်ကြောင်းလေးတစ်ခုကို တော့ အများ သိကြပါတယ်။ သီလ၀ီသနဇာတ်ပါ။ မကောင်းမှု ကို ပြုရာတွင် ဆိတ်ကွယ်ရာမရှိ။ ပညာရှိတို့သည် မကောင်းမှု ကို မပြုကုန်ဆိုတဲ့ မိန့်မှာ စကားနဲ့အတူ ဂေါတမဗုဒ္ဓဘုရားရှင်က အတိတ်ကို ဆောင်တဲ့ဇာတ်။ ။ တက္ကသိုလ်ဆရာကြီးက သူ့သမီးကို သီလနဲ့ပြည့်စုံသူနဲ့ ထိမ်းမြားအံ့ လို့ ကြံပြီး တပည့်လုလင်ငါးရာကိုခေါ် “အမောင်တို့၊ ငါ့အား အရွယ်ရောက်သော သမီးသည်ရှိ၏ ။ သမီးကို ထိမ်းမြားခြင်း ပြုအံ့၊ အ၀တ်တန်ဆာရခြင်းငှာ သွားကြကုန်။ မိမိတို့၏ ဆွေမျိုးတို့ မမြင်ကုန် စဉ်ခိုး၍ အ၀တ်တန်ဆာကို ဆောင်ကြချေကုန်” လို့ မှာ လိုက်တော့ လုလင်တွေ အလျှိုအလျှို ထွက် သွားပြီး အတိုအလျှိုနဲ့ ပြန်လာကြ၊ သူတို့ခိုးလာတာတွေကို ဒိသာပါမောက္ခက သိမ်းထား တစ် ယောက်သော လုလင်တပည့်ကတော့ ဘာမှ ယူမလာခဲ့ဘူးပေါ့။ ဆရာကြီးက မေးတော့ “ဆရာ၊ တစ်စုံတစ်ယောက်သောသူ မြင်စဉ် ဆောင်ခဲ့ယူခဲ့သော ၀တ်စားတန်ဆာကို ငါမယူ၊ မမြင်စဉ် ဆောင်ခဲ့ (ခိုးယူခဲ့) သော ၀တ်စားတန်ဆာကိုသာ ငါယူမည်ဟု ဆရာဆိုခဲ့ပါ၏ ။ ကျွန်ုပ်သည်ကား မကောင်းမှု ကို ပြုခြင်းတွင် ဆိတ်ကွယ်ရာကို မမြင်၊ ထို့ကြောင့် မဆောင်ခဲ့ပါ။ လောကတွင် မကောင်းမှု ကို ပြုသောသူအား ဆိတ်ကွယ်ရာအရပ်မည်သည် မရှိ၊ သူမိုက်သာလျှင် ငါသည် ဆိတ် ကွယ်ရာတွင် ပြုအပ်၏ ဟု အောက်မေ့၏ ။ သတ္တ၀ါတို့မှ ဆိတ်သောအရပ်သည် မရှိ။ ငါသည် ပြုအပ် သော မကောင်းမှု သည် မဆိတ်သည် ဖြစ်၏ ” လို့ ပြန်ပြောတယ်။

ဒီတော့မှ ဆရာကြီးက သီလရှိသူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ အဒိန္နာဒါနလုံခြုံသူတပည့်နဲ့ သမီးကို ထိမ်းမြားပေးလိုက်တယ်။

ဒီဇာတ်ကြောင်းလေးကို တွေးကြည့်ရင် ခိုးခြင်းဆိုတဲ့ ဒုစရိုက်မှု ဟာ လိုချင်ခြင်းဆိုတဲ့ လော ဘမှာ အရင်းခံတာကို တွေ့နိုင်ပါတယ်။ ဆရာကြီး သမီးရလိုခြင်း၊ ဒိသာပါမောက္ခရဲ့ သမက်ဖြစ်လို ခြင်းဆိုတဲ့ လောကကြောင့်လို့ ဆိုရမယ်။ လောဘရဲ့ အခြားအမည်တွေကတော့ ပေမ၊ တဏှာ၊ ရာဂ၊ သမုဒယတွေပါပဲ။ ပေမဆိုတာ ချစ်ခင်ငြိတွယ်ခြင်းသဘော၊ တဏှာကတော့ သာမန်လိုချင် တာမဟုတ်တော့ဘဲ ကတ်ကတ်သတ်သတ် ငတ်တဲ့သဘော၊ တပ်မက်နေခြင်းသဘော၊ ရာဂဆို တာက စွဲကပ်နေခြင်းသဘော။ ဒီလို ဆင့်ပွားသွားတယ်။

သို့ ပေမယ့် အသေအချာ ဆက်တွေးကြည့်ရင် ခိုးခြင်းဒုစရိုက်ကို ကျူးလွန်ရာမှာ လောဘ အရင်းခံသက်သက်ကြောင့် မဟုတ်ကြောင်း တွေ့ရပြန်တယ်။ ဒါဖြင့် ဘာအရင်းခံသေးသလဲလို့ မေးရင် ရှင်းရှင်းကြီး ဖြေလို့ရတဲ့အဖြေက ‘မောဟ’ ကြောင့်။

မဟာဂန္ဓာရုံဆရာတော်ကြီးကတော့ “အဆိပ်ပင်တွင် အဆိပ်သီးများ ကို သီးစေနိုင်သော ဓာတ်သတ္တိရှိသကဲ့သို့ ထို့အတူ သတ္တ၀ါတို့၏ သန္တာန်တွင် သိထိုက်သောတရားများ ကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတချို့ ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ် ၏ ” လို့ ဆိုတော်မူတယ်။

အနုသယဆိုတာ ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းလို့ အဓိပ္ပါယ်ရတယ်။ သတ္တ၀ါတို့ရဲ့ သန္တာန်မှာ အစဉ်တစိုက် လိုက်ပါနေတဲ့ မောဟဟာ အနုသယမောဟပါပဲ။

အဲဒီ အနုသယမောဟဟာ စိတ်နဲ့တွဲ ပြီး ထကြွလာတဲ့အခါမှာ တော့ ပရိယုဌာနမောဟ ဖြစ် သွားပါပြီ။ ပရိယုဌာနဆိုတာ ထကြွခြင်းလို့ အဓိပ္ပါယ်ရတယ်။ ပရိယုဌာနမောဟ ထကြွလာပြီဆိုမှ ဖြင့် အကုသိုလ်စိတ်၊ မကောင်းစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတော့တယ်။ ဒုစရိုက်အကုသိုလ် ရဲ့ နောင်ရေးနောင်တာ ခံစားရမယ့် မကောင်းကျိုးကိုလည်း မသိ။ အခုလောလောဆယ် ယုတ်မာ ညစ်ညမ်းဆိုးသွမ်းတဲ့အပြစ်ကိုလည်း မသိ။ ဒါကြောင့် ပရိယုဌာန မောဟ၀င်ပြီဆိုမှဖြင့် ပညာရှိ သူတော်စင်တွေတောင် အပြစ်ကို မမြင်နိုင်တော့ဘဲ ဒုစရိုက်အမှု တွေကို တွင်တွင်ကြီး ပြုမိကြတယ်လို့ ဆိုပါတယ်။

အကုသိုလ်မှန်း ကုသိုလ်မှန်းကို ခွဲခြားမသိနိုင်တော့အောင် ဖုံးလွှမ်းထားတဲ့ ဒီမောဟဟာ အကြမ်းစားမောဟပဲ။ ဒီမောဟဓာတ် အားကြီးသူဟာ လူမိုက်၊ လူမည်း၊ လူမှော င်၊ လူပြိန်း၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်း၊ လူဖျင်းပဲလို့ ဆိုပါတယ်။

ဒိသာပါမောက္ခရဲ့ တပည့်လုလင်တွေကို ကြည့်ရင်း သမီးကို လိုချင်တဲ့ လောဘအပြင်မှာ ကိုယ့်အိမ်ကပစ္စည်း ကိုယ်ပြန်ခိုးခြင်းအမှု သည် မကောင်းမှု ဖြစ်၏ ။ မကောင်းမှု သည် ဆိတ်ကွယ်ရာ မရှိပါတကား ဆိုတာကို မသိတဲ့ အနုသယမေဟာ၊ ပြီးတော့ ဒီလိုခိုးလာခဲ့ရင် ဆရာကြီးက အကောင်းဆုံး ခိုးလာသူကို သမက်တော်မှာ ပဲလို့ အလွဲကြီး တွေးလိုက်တဲ့ ပရိယုဌာနမောဟတွေ ထကြွလာကြလို့ ဖြစ်တယ်။

ဒါကြောင့် မကောင်းမှု တစ်ခုဖြစ်တဲ့ အဒိန္နာဒါနကို နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူများ ကို ကြည့်ရင် လိုချင်တပ်မက်တဲ့ လောဘကြောင့် သက်သက်မဟုတ်ဘဲ မသိခြင်း၊ မိုက်မဲခြင်းဆိုတဲ့ မောဟကြောင့်ဆိုတဲ့ အဖြေလည်း ထွက်လာပါတယ်။

သိလျက်နှင့်ပင် ၀ိပါက်ကြမ္မာငင်လို့၊ ရွှေဉာဏ်ရှင် မဝေခွဲနိုင်ဘု၊ ပွဲတွေ့အမှား… ဆိုတဲ့ စလေဦးပုညရဲ့ စကားကလည်း အမှန်တော့ နဘေချိတ်ရုံပဲ ရှိတယ်။ ‘သိလျက်နှင့်’ ဟုတ်ကိုမဟုတ် ဘူး။ မသိကိုမသိလို့၊ ဘယ်လိုမသိတာလဲ။ ပရိယုဌာနမောဟ ထကြွနေတဲ့ အကုသိုလ်စိတ်ကြောင့် မသိတာ။

အဲဒီ လို မသိလို့ပါ ဖြစ်ကြမှာ စိုးလို့ ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ကြီးက စွယ်စုံ ကျော်ထင်ကျမ်းမှာ ‘နှစ်ဆယ့်ငါးတန်၊ ခိုးခြင်းမှန်၊ ခိုးဟန်မည်သို့ နည်း’ ဆိုတဲ့ အမေးပုစ္ဆာကို အဖြေ ၀ိသဇ္ဇနာ ပြုပေးထားပါတယ်။

အဒိန္နာဒါန သိက္ခာပုဒ်တွင် ဟောတော်မူသော ခိုးခြင်းအပြား နှစ်ဆယ့်ငါးဟူသော်ကား … အစချီပြီး ဖြေဆိုတော်မူရာမှာ (၁) နာနာဘဏ္ဍပဉ္စက၊ (၂) ဧကဘဏ္ဍပဉ္စက၊ (၃) သာဟတ္တိက ပဉ္စက၊ (၄) ပုဗ္ဗပယောဂပဉ္စက၊ (၅) ဝေယျာဝဟာရပဉ္စက ဟူ၍ ပဉ္စကအားဖြင့် ငါးပါးအပြား ရှိ၏ တဲ့။

ဆက်ပြီး တစ်ခုချင်း ရှင်းပါတယ်။ အမှတ်စဉ် (၁) - နာနာဘဏ္ဍပဉ္စကမှာ ဥယျာဉ်အာရမ် ကျောင်းကန်လယ်ယာ အစရှိသည်ကို တရားဆင်၍ ယူခြင်း၊ မိမိဆောင်ခဲ့သော သူ၏ ဥစ္စာကို ယူ ခြင်း၊ မိမိထံတွင် နှံထားသော ဥစ္စာကိုယူခြင်း၊ ဣရိယာပုထ်ကို ပျက်စေ၍ ယူခြင်း၊ တည်ရာမှ ရွေ့စေ ၍ ယူခြင်း၊ ဤငါးပါးတို့သည် နာနာဘဏ္ဍပဉ္စကံ၊ အ၀ိညာဏက၊ သ၀ိညာဏ၌ ရောထယှက်ပူး အထူးထူးသော ဘဏ္ဍာကို ယူရာငါးပါးအပေါင်းတို့တည်း။

အမှတ် နှစ်-ဧကဘဏ္ဍပဉ္စကမှာ လည်း ငါးပါး။ သုံး-သာဟတ္တိက ပဉ္စကမှာ လည်း ငါးပါး၊ လေး-ပုဗ္ဗယောဂပဉ္စကမှာ လည်း ငါးပါး၊ ငါး-ဝေယျာဝဟာရပဉ္စကမှာ လည်း ငါးပါး ပွားလိုက်တာမှ ခိုးခြင်း နှစ်ဆယ့်ငါးပါး ဖြစ်လာတယ်။

အမှတ်နှစ်-ဧကဘဏ္ဍပဉ္စကမှာ သူ့ကျွန်၊ သူ့မယား၊ သူ့နွားကို တရားဆင်၍ ယူခြင်း၊ မိမိ ဆောင်ခဲ့သော ကျွန်၊ နွားစသည်ကို ယူခြင်း၊ မိမိထံ၌ နှံထားသော ကျွန် နွားစသည်တို့ကို ယူခြင်း၊ ဣရိယာပုထ်ကို ပျက်စေ၍ ယူခြင်း၊ ထားရာမှ ရွေ့စေ၍ ယူခြင်း ဆိုတဲ့ ငါးပါး။

အမှတ်သုံး-သာဟတ္တိကပဉ္စကမှာ မိမိကိုယ်တိုင်ခိုးယူခြင်း၊ သူ့ကို ခိုးချေစေ၍ ခိုးခြင်း၊ လွှတ် လိုက်သော ၀တ္ထုဖြင့် ခိုးခြင်း၊ မခိုးမီက ကံမြောက်ရခြင်းတည်းဟူသော အကျိုးကို ပြီးစေတတ်သော ခိုးခြင်း၊ ၀န်ချ၍ ခိုးခြင်းဆိုတဲ့ ငါးပါး။

အမှတ်လေး-ပုဗ္ဗပယောဂပဉ္စကမှာ သူ့ကိုစေရာ ရှေးအခါက ခိုးခြင်း၊ တံသင်းကျောက်တိုင် ကို ပြောင်းသည်နှင့်တကွ ဖြစ်သော ခိုးခြင်း၊ ညီညွတ်တိုင်ပင်၍ ခိုးခြင်း၊ ချိန်းချက်သောအမှု ကို ပြု၍ ခိုးခြင်း၊ မျက်မှော က်ချီခြင်း၊ လက်ပြခြင်းတို့ကိုပြု၍ ခိုးခြင်းဆိုတဲ့ ငါးပါး။

အမှတ်ငါး-ဝေယျာဝဟာရပဉ္စကမှာ ချိန်စဉ်းလဲ သပြာစဉ်းလဲ တင်းစဉ်းလဲ စသည်ဖြင့် ခိုး ခြင်း၊ အနိုင်အထက် နှိပ်စက်ဖျက်ဆီး၍ ယူခြင်း၊ ဥစ္စာအရပ်ကို ကြံစည်၍ ခိုးယူခြင်း၊ မြက်သစ်ရွက် စ သည်ဖြင့် ဖုံးလွှမ်း၍ ခိုးခြင်း၊ ကမ္ဗည်းတံ ပြောင်း၍ ခိုးခြင်းဆိုတဲ့ ငါးပါး … စုစုပေါင်း နှစ်ဆယ့်ငါးပါး ဖြစ်ပေါ်လာတယ်။

ကျီးသဲလေးထပ် ဆရာတော်ကြီးက “၀ိနည်းအဋ္ဌကထာလာသည်ကို မှီ၍ အဒိန္နာဒါန နှစ် ဆယ့်ငါးပါးအပြားကို သိအပ်၏ ။ အကျယ်ကား သမန္တပါသာဒိက အမည်ရသော ပါရာဇိကဏ်အဋ္ဌက ထာ၌ ထင်ရှားစွာ ရှိပြီ။ ဤ၌ ကား အမျိုးကောင်းသားတို့ ဆောင်ရွက်လွယ်ရုံသာ အကျဉ်းရေးလိုက် သည်” လို့ ဆိုတော်မူပါတယ်။ ၀ိနည်းအဋ္ဌကထာဆိုလို့ ရဟန်းတော်များ နဲ့သာ ဆိုင်တယ် မထင်ပါနဲ့ ဒီနေ့လူ့ဘောင်အဖွဲ့အစည်းမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ ခိုးမှု ၊ တိုက်မှု ၊ လုယက်မှု ၊ ကဲ့ဝှက်မှု ၊ မသမာမှု ၊ တံစိုးစားမှု မှန်သမျှဟာ ဒီနှစ်ဆယ့်ငါးပါးမှာ ‘ပြေးမလွတ်’ အကျုံးဝင်ပါရှိနေတာ တွေ့ရပါတယ်။

+++++++++++

သူသတ်ကုန်းမှာ မင်းပြစ်ဒဏ် ကျခါနီး ဆဲဆဲ အမေကို မှာ စရာရှိလို့ ခေါ်ပေးပါဆိုပြီး အမေ့ကို တိုးတိုးလေးမှာ ချင်လို့ပါ ပါးစပ်နားကို နားကပ်လှည့်ပါခေါ်၊ အမေက သားသူခိုးပါးစပ်အနီး နားရွက်ကပ်ပေးလိုက်တော့မှ “ခင်ဗျားသာ ကျုပ်ကို ငယ်ငယ်က ဆုံးမခဲ့ရင် ကျုပ် ဒီလိုဖြစ်မှာ မဟုတ်၊ အခု ကျုပ်ခိုးလာသမျှ ခင်ဗျားက လက်ခံလို့ ကျုပ်ဘ၀ ဆုံးရတော့မယ်” ဆိုပြီး မအေ့နားရွက်ကို ကိုက်ဖြတ်လိုက်တဲ့ သားသူခိုး။

သူ့မယားလိုချင် သူ့လင် သူခိုးဖြစ်အောင် သန်လျက်ကို တိတ်တဆိတ် “ဘိန်းပစ်” သလို ပစ်ဖမ်းတဲ့အခါ လင်ဖြစ်သူက ဒါဟာ ဘုရင့်စနက်ဆိုတာလည်းသိ၊ ထုတ်ပြောရမှာ ကလည်း အခက် ဖြစ်ပြီး “ကြံရခက်ပါသနော်၊ သန်လျက်တောယူသည့် သူခိုးကိုလ” မခံမရပ်နိုင် ပေါက်ကွဲဆို့နစ်စွာ ငိုလိုက်တဲ့ ငိုချင်း။

ပဒေသရာဇ်စနစ်၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကြေးရတက် လူကုံထံတွေဆီက ပစ္စည်းကို ခိုးယူတိုက်ယူပြီး ပြည်သူပြည်သား ဆင်းရဲသားများ ကို ဝေခြမ်းပေးတဲ့ သူခိုးသူရဲကောင်း အဖြစ် ဂုဏ်တင်ခံခဲ့ရတဲ့ ရော်ဘင်ဟုနဲ့ ငတက်ပြား။

ဂေါ့ဒ်ဖားသားကြီးတွေရဲ့ မသမာမှု ကို ဖော်ထုတ်လက်စားချေခဲ့တဲ့ Once A Thief အမည်ရှိ ဟောင်ကောင်ရုပ်ရှင်ထဲက ခေတ်မီနည်းစနစ်တွေနဲ့ ပန်းချီကား ခိုးခဲ့တဲ့ သူခိုးသူငယ်ချင်းနှစ်ယောက်၊ နောက်ပြီးတော့ ဘဂ္ဂဒက်မြို့က သူခိုးကြီး၊ နောက်ပြီးတော့ တစ်ကိုယ်တော် လူစွမ်းကောင်းသူခိုး ဒိုင်ယာဘောလစ်။

ဟိုတစ်ခေတ်က ကဗျာဆရာ မောင်ယဉ်မွန်ရဲ့ ‘သူခိုးဖမ်းပါ၊ လမ်းကြားမှာ လား၊ ပန်ကာ အောက်မှာ ထိုင်နေသည်’ ဆိုတဲ့ နာမည်ကျော် သုံးကြောင်းကဗျာ။

အခုခေတ် မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ အမြင်မတော်သူများ ရဲ့ ဖော်ထုတ်မှု ကြောင့် ကွိခနဲ ငုတ်တုတ်ပေါ်လာတဲ့ ကဗျာသူခိုး၊ စာသူခိုး၊ ၀တ္ထုသူခိုး (ရှဲဒိုးတစ်ယောက်တည်းကနေ နှစ်မူပွားပေး ရေးပေးလိုက်တာလို့လည်း အဆိုရှိရဲ့ )။ ဆရာတို့ရေ၊ အဒိန္နာဒါနအမှု တွေဟာ များ လှထောင် သောင်းပါပကောလား။ ဟော … အခု ပစ္စက္ခအခြေအနေမှာ တော့ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ် နေတဲ့ မသမာမှု ၊ လာဘ်ပေးလာဘ်ယူမှု ၊ ပြည်သူက ပေးအပ်တဲ့ အာဏာကို ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုမှု ကြောင့် ဂျပန်၊ အီတလီ၊ လက်တင်အမေရိက နိုင်ငံရေးစီးပွားရေး ခေါင်းဆောင် တွေအရှက်တကွဲ အကျိုးနည်း ဖြစ်ကုန်ကြသတဲ့။ ဆရာခင်မောင်ညို (ဘောဂဗေဒ) ရဲ့ ဆောင်းပါး အရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဟောင်း မက္ကနာမာရာက “လွန်ခဲ့ တဲ့ငါးနှစ်အထိ နိုင်ငံတကာ စင်မြင့်မှာ လာဘ်ပေးလာဘ်ယူမှု အကြောင်း မဆွေးနွေးနိုင်ခဲ့ဘူး၊ အခုမှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်” လို့ ပြောပါသတဲ့။

နိုင်ငံတော်တော်များများ မှာ ဒီ (အဒိန္နာဒါနမြောက်) လာဘ်ပေးလာဘ်ယူမှု ကြောင့် စီးပွား ရေး၊ နိုင်ငံရေးတိုးတက်မှု တွေဟာ တိုက်ရိုက်ထိခိုက်ကုန်ကြတယ်။ ဒီမိုကရေစီရဲ့ ရန်သူဖြစ်လာ တယ်။ ပွင့်လင်းသောအစိုးရဖြစ်ပေါ်မှု ကို ဟန့်တားတယ်။ ဈေးကွက်စီးပွားရေးရဲ့ အနိဋ္ဌာရုံအဖြစ် ပြည်သူက အထင်လွဲ မြင်တတ်လာမှု ကြောင့် ပိုလန်နဲ့ လစ်သူရေးနီးယားတို့မှာ ကွန်မြူနစ်လက် ဟောင်းကြီးတွေ ပြန်အာဏာရယူလာနိုင်တဲ့ အလားအလာတွေ တွေ့ရတယ်။ တစ်နေ့ဆီကပဲ သတင်းစာမှာ တရုတ်အစိုးရဟာ ထိပ်တန်းအရာရှိကြီးများ ရဲ့ လာဘ်ပေးလာဘ်ယူမှု တွေကို ဖော်ထုတ်ဟန့်တား ချိုးနှိမ်ဖို့ ပြောင်ပြောင်တင်းတင်း အစီအစဉ်တွေ ချမှတ်လိုက်တဲ့ သတင်း ဖတ်လိုက်ရသေးတယ်။

ဒီ မသမာမှု လို့ အမည်တပ်ထားတဲ့ လာဘ်ပေးလာဘ်ယူမှု (အဒိန္နာဒါနရဲ့ သိမ်မွေ့သော လက်တက်ပွားလေးတစ်ခု) ဟာ ပစ္စုပ္ပန်နိုင်ငံတော်ကိုသာ ဖျက်ဆီးတာမဟုတ်၊ အနာဂတ်နိုင်ငံ တော်ကိုပါ ကြိုတင်ပျက်စီးစေတယ်လို့ ဆိုပါတယ်။ ဒီမသမာမှု ဟာ ကွန်ပျူတာ ဗိုင်းရပ်စ်နဲ့ အိပ်ခ်ျ အိုင်ဗွီ ပေါ့စတစ်ပိုးတွေကို အသာလေး ပြုံးကြည့်နေပြီ ထင်ပါရဲ့ ။

+++++++++++

မြတ်စွာ ဘုရား … ။ နိဂုံးချုပ်တော့မယ်ဆိုမှ ကိုယ့်စာကိုယ်ဖတ်ပြီး ဘုရားတမိလိုက်တယ်။ ဒီ ဆောင်းပါးထဲမှာ ငါးရာ့ငါးဆယ် ဘုရားဥပဒေတော်ကြီး၊ စွယ်စုံကျော်ထင်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဗုဒ္ဓ ဘာသာလက်စွဲ၊ ငရဲဟူသည်၊ ရာဇသတ်ကြီးတွေထဲကနေ အပိုဒ်လိုက် ကူးချထားတာတွေ အများ ကြီးပါလား။ အင်း … ဒါပေမယ့် ဒါ ခိုးချတာတော့ မဟုတ်ပါဘူးနော် ကိုဖိုးတင်။ ပိုင်ရှင်မပေးသော ပစ္စည်းလည်းမဟုတ်ပါဘူး။ ကိုယ်ကျိုးသုံးဖို့ မသိအောင် ယူတာလည်း မဟုတ်ပါဘူး။ စာခိုးတာ မဟုတ်၊ စာ ‘ကိုး’ တာပါနော်။

အင်း … နိဂုံးချုပ်ခါနီး မှာ မှတ်သားဖူးတဲ့ စကားလေးတစ်ရပ် ဖျတ်ခနဲ ခေါင်းထဲရောက်လာ တယ်။ “Procrastination is the thief of time” တဲ့။ နှောင့်နှေး၊ ဖင့်နွှဲ၊ တုံ့ဆွဲ၊ ရွှေ့ဆိုင်းခြင်းသည် အချိန်ကိုခိုးခြင်း၊ အချိန်ကိုခိုးခြင်း။

ဒါဟာ ခိုးခြင်းအမှု ကိစ္စတကာမှာ အသိမ်မွေ့ဆုံးဖြစ်တယ်။ ဘယ်သူမှမသိလိုက်တဲ့ ကိုယ့် ကိုယ်ကို ခိုးခြင်းလို့လည်း ဆိုနိုင်မယ် ထင်ရဲ့ ။ ကိုယ့်ကိုယ်ကို ခိုးတယ်ဆိုတာက လုပ်သင့်တဲ့အလုပ်၊ လုပ်ရမယ့်အလုပ်ကို မလုပ်ဘဲ ရွှေ့ဆိုင်းထားခြင်း၊ လွှဲဖယ်ထားခြင်း၊ တုံ့နှေးစေခြင်း စတဲ့ အရာများ နဲ့ ဖွဲ့စည်းထားတဲ့ အချိန်ခိုးခြင်းပါပဲ။ ဖင်ရွှေ့ခေါင်းရွှေ့နဲ့ အမျိုးမျိုး အကြောင်းတွေပြ၊ ကိုယ့်ကိုယ်ကို သနားခြင်း၊ ထောက်ထားခြင်း၊ ညှာတာခြင်းတွေနဲ့ စောသေးလို့၊ နောက်ကျသွားလို့ ဗိုက်ဆာလို့၊ ထမင်းဝနေလို့၊ အိပ်ရေးမ၀သေးလို့၊ နေပူလို့၊ မိုးရွာလို့ … စသည့်ဖြင့် လုပ်နေတာတွေဟာ ကိုယ့်အချိန် ကိုယ်ခိုးခြင်းပေါ့။

ဒီအကျင့်ဟာ လူတွေမှာ အနည်းနဲ့အများ စွဲတတ်တယ်။ အကျင့်ပါသွားတဲ့အခါ ကိုယ့်အချိန် ကိုယ်ခိုးရာကနေ သူများ အချိန်ကို ခိုးခြင်းအထိ ဖြစ်သွားတတ်သတဲ့။ ဒီအတိုင်းအတာ ရောက်ပြီဆို ရင်တော့ သူများ အတွက် အဲဒီ အချိန်တွေ၊ အချိန်နဲ့စက် တန်ဖိုးရှိတဲ့ လုပ်ငန်းပမာဏတွေဟာ ကသောင်းကနင်းဖြစ်ကုန်တော့တာပါပဲ။ စတိတ်ရှိုးထွက်တာ နောက်ကျလို့ ပရိသတ်ဆူကုန်တာမျိုး မင်းသမီး အချိန်မီမရောက်လာလို့ ရှုတင်ဖျက်လိုက်ရတာ မျိုး … ဒါတွေက မြင်သာတဲ့ သာဓကလေး တွေပေါ့ဗျာ။ မမြင်သာတဲ့ ဖြစ်ရပ်ကြီးတွေကိုလည်း ချဲ့တွေး ဆန့်တွေးကြည့်ရင် အကွင်းအကွင်း မုန့်တီဟင်းကဲ့သို့ ရှင်းလင်းစွာ မြင်ရပါလိမ့်မယ်။ ဒါကြောင့် နှောင့်နှေး၊ တုံ့ဆွဲ၊ ရွှေ့ဆိုင်းနေခြင်းဟာ လည်း အချိန်ခိုးမှု အရ မိမိကိုယ်တိုင်နဲ့အတူ တစ်ပါးသူကိုပါ၊ လောကကိုပါ ထိခိုက်နစ်နာစေတဲ့ အဒိန္နာဒါနတစ်မျိုးလို့ ဆိုရလိမ့်မယ်။

ဒီလို အဒိန္နာဒါနမြောက်တဲ့ အကုသိုလ်အမှု တွေ … အမှု တွေရဲ့ အကျိုးဆက်တွေဟာ ဘာလဲဆိုတော့ …

အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေး ဘေးလေးပါးအပြင် ဘာရှိနိုင်ဦး မှာ လဲ ကိုဖိုးတင်ရယ်။

* * *



ဝန်ဇင်းချစ်သူများ ချစ်ဦးညို ၏ “ ရာမယဏ ယဗ္ဗကာရီ ဆရာဇော်ဂျီ နှင့် လက်ရွေးစင် စာစုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မဏီစန္ဒာဥဒါန်း

တရားရှင်နှင့် ရာဟုလာ

နှင်းကေသရာချစ်တဲ့ သူရဲကောင်း