အခန်း(၁)
ဗာရာဏသီနေပြည်တော် မှ ထွက်သော လမ်းမကြီးသည် ယနေ့အဖို့ ခါတိုင်းထက် ပို၍ ခရီးသည်များ ဖြင့် စည်ကားရှုပ်ထွေးနေလေသည်။
ခြေကျင်သမားများ ထက် လှည်းယာဉ်များ က ပိုများ သည်။ လှည်းယာဉ်တန်းမှာ ဆုံးသည်မရှိတော့။
အခြားတစ်ဖက် လမ်းသွယ်များ မှ ထွက်လာသော လှည်းယာဉ်စုများ သည် လမ်းမကြီးတွင် လာ၍ ပေါင်းစုံကြပြန်ရာ အဆက်မပြတ်တော့သော လှည်းတန်းကြီး ဖြစ်နေတော့သည်။
အတန်ငယ် နေပူလာပြီ ဖြစ်သော လည်း လှည်းယာဉ်အများ စုမှာ ပေါင်းမိုးများ ကို ဖြုတ်လာကြသည်။
ထိုအခါ လှည်းယာဉ်ကြော့ ခြောက်စတောင်တို့၏ ကြွရရွ ကနုတ်အလှတို့မှာ ပို၍ ပေါ်လွင်နေကြလေသည်။
လှည်းမောင်းသူတို့သည် ကြိုးကိုမဆွဲဘဲ အလိုက်သင့်ကိုင်ရုံသာ ကိုင်ထားကြသည်။
သို့ သော် လှည်းယာဉ်ဆွဲနွားတို့ကမူ နဖားကြိုးကို ဆွဲထားဘိသကဲ့သို့ ဦးတမော့မော့၊ ခေါင်းတဝင့်ဝင့်၊ စင်စစ် ဆင်မြန်းပေးထားသော ကကြိုးတန်ဆာများ ကြောင့် နွားများ လည်း စိတ်ကြီးဝင်ပျော်ရွှင်ကာ ဦးမော့လည်ဝင့် ဖြစ်နေကြခြင်းပင်။
ဖုန်တထောင်းထောင်းကြားတွင် ဗာရာဏသီလှည်းတန်းကြီးသည် တအိအိ တရွေ့ရွေ့။
နွားတို့လည်မှ ချူခလောက်များ ကလည်း ကလောင်ကလင် သံစုံမြည် ကြွေးလျက်။ လှည်းပေါ်တွင် လိုက်ပါလာကြသော ဗာရာဏသီပြည်သားပြည်သူတို့ကလည်း အသွေးအရောင် စုံလင်သော အဖိုးထိုက် ဝတ်စားတန်ဆာများ ဖြင့် တက်ကြွပျော်ရွှင်လျက်။
ထိုလှည်းယာဉ်တို့အားလုံး ဦးတည်တူရှုရာ အရပ်ကား ပျော်ပွဲရွှင်ပွဲ တောင်ထိပ် နက္ခတ်သဘင်ပွဲမဟုတ်ချေ။ မနီးမဝေး တစ်နေရာရှိ “ရွှေစေတီ” တည်ထားပူဇော်ပွဲသာ ဖြစ်သည်။
ကဿပမြတ်စွာ ဘုရားရှင်၏ ရွှေဆံတော် မြတ် တည်ထားပြုလုပ်မည့်  မဟာကုသိုလ်ပွဲကြီးရှိရာသို့ သူတို့ သော င်းသော င်းဖြဖြ သွားနေကြခြင်းပင် ဖြစ်သည်။
လှည်းယာဉ်တိုင်း လှည်းယာဉ်တိုင်းတွင် အခြားတစ်ပါးသော နောက်ပြောင်ကျီစယ် မြူးထူးလှသည့် တေးသီချင်းများ ကို မဆိုမပြောကြ။
သူတို့အားလုံး တညီတညွတ်တည်း ပြောဆိုနေကြသည်မှာ ….
“ရွှေစေတီမြတ် တည်ထားရာမှာ ငါတို့လက် အမှု လုပ်အားနဲ့ ပါဝင်ကုသိုလ်ယူကြမယ်ဟေ့”
ဟူသော စကားသာ ဖြစ်လေသည်။
***
“ရှင်မ၊ ခဲဖွယ်ဘောဇဉ်တွေ အစုံအလင်ပါရဲ့ နော်” ဟု ယောက်ျား ဖြစ်သူက မေးရင်း လက်ထဲမှ တံဖျာကို လေထဲသို့ ဝှေ့ယမ်းလိုက်သည်။
နွားများ ကို ရိုက်တော့မရိုက်။ ရိုက်စရာလည်းမလိုပေ။ ရှေ့လှည်းအတိုင်း တအိအိ လိုက်ပါနေသည်သာ။
“ပါပါ့တော် ၊ စားမြိန်ထမင်းဟင်း အပြင်မှာ ချိုချဉ်ခဲဖွယ်တွေ လည်းပါပါ့၊ မုန်ပဲသွားရည်စာလဲ ပါပါ့” ဟု ဇနီးက လှည်းနံရံကို ဖွဖွကိုင်ရင်း ပြန်ပြောလိုက်သည်။
“အေး .…. ကောင်းသပ၊ ရွှေစေတီမြတ်မှာ လက်အမှု နဲ့ ကုသိုလ်ပါဝင်ပြီးရင် မောမောဆာဆာနဲ့ ရှင်မရဲ့ ခဲဖွယ်ဘောဇဉ်တွေ ကို စားရချေသေးသပ” ဟု ယောက်ျားကပြောကာ တံဖျာတစ်ချက် ဝှေ့သည်။
တစ်စတစ်စ နေမြင့်လာသည်။
လှည်းယာဉ်တန်းကြီးကား တအိအိ။
ယောက်ျားလုပ်သူသည် တဟဲ့ဟဲ့ နွားငေါက်နေရင်းမှ….
“ရှင်မရဲ့ လှည်းတန်းနဲ့လိုက်ရတာ ကျုပ်တော့ စိတ်မရှည်ချင်တော့ဘူး၊ ဖဲ့ထွက်ပြီး တောစပ်လမ်းကနေ ပန်းတက်မှ ထင်တယ်” ဟု ပြောလိုက်ပြန်သည်။
ထို့နောက် ဇနီးသည်၏ စကားကိုမစောင့်တော့ဘဲ တအိအိရွေ့နေသော လှည်းတန်းကြီးထဲမှ ဘေးသို့ ဖဲ့ထွက်ကာ လှည်းလမ်းကြောင်းမရှိသော တောစပ်လမ်းမှ မောင်းလာခဲ့သည်။
ထိုအခိုက်မှာ ပင် တောစပ်လမ်းတစ်နေရာ၌ ဆွမ်းခံဝင်လာသော မထေရ်တစ်ပါးကို သူတို့ တွေ့ လိုက်ကြရလေသည်။
ယောက်ျားသည် လမ်းကြောင်းမရှိသော တောစပ်၌ လှည်းကို ဂရုစိုက်မောင်းနေရသဖြင့် ဇနီးက မထေရ်ကို ဦးစွာ မြင်သည်။
“မောင်ကြီးရဲ့ လှည်းရပ်လိုက်စမ်းပါ”
“ဘာ ဖြစ်လို့လဲဟ”
“ဟောဟိုမှာ ဆွမ်းခံဝင်လာတဲ့ ရဟန်းတစ်ပါး ကြည်ညိုစရာကောင်းလိုက်တာ၊ကျုပ်တို့မှာ ခဲဖွယ်ဘောဇဉ်တွေ အလုံအလောက်ပါလာတာပဲ၊ မထေရ်မြတ်ကို ဆွမ်းလောင်းလှူရအောင် သွားပါတော် သပိတ်ကို သွားယူချေပါ”
“ဟေ…. ဟုတ်သားပါလား” ဟုဆိုကာ ယောကျာ်းသည် လှည်းပေါ်မှ ခုန်ဆင်းကာ မထေရ်မြတ်ရှေ့တွင် ဒူးတုပ် ရှိခိုးလျက် သပိတ်ကို ယူခွင့်၊ ဆွမ်းလောင်းလှူခွင့်တောင်းသည်။
ထို့နောက် သပိတ်ထဲသို့ အဦးအဖျားသော ဆွမ်းခဲဖွယ် ဘောဇဉ်များ လောင်းထည့်ကာ မထေရ်မြတ်ရှေ့သို့ ဇနီးမောင်နှံ နှစ် ယောက် ဦးညွှတ်ပျပ်ဝပ်ကြသည်။
သပိတ်ကို ကပ်ပြီးနောက် ဇနီးမောင်နှံတို့သည် တစ်ယောက် ကို တစ်ယောက် တစ်ချက်မျှ အကြည့်ချင်းဆုံလိုက်ကြကာ နှုတ်မှ တစ်ပြိုင်တည်း ဆုတောင်းစကား ဆို ဖြစ်ကြလေသည်။
“အရှင်ဘုရား၊ ဤကောင်းမှု ကြောင့် တပည့်တော် တို့ ဇနီးမောင်နှံနှစ် ဦးသားတို့သည် အရှင်ဘုရားတို့ သိမြင်အပ်သော လောကုတ္တရာတရားအဖို့ ဝေစုရသည့်ကိုယ် ဖြစ်ရပါလို၏ ဘုရား”
မထေရ်မြတ်ကား သာမန်ရဟန်း မဟုတ်ချေ။ အာသဝေါကုန်ခန်းသည့် ရဟန္တာမြတ် ဖြစ်သည်။
ဤသည်ကို ဇနီးမောင်နှံတို့ မသိကြ။
ရဟန္တာမထေရ်မြတ်သည် သူတို့နှစ် ဦး၏ ဆုတောင့်ပြည့်မည် မပြည့်မည် ကို အနာဂတံသဉာဏ်တော် ဖြင့် ကြည့်ရှု့တော် မူလေလျှင် ဆုတောင်းပြည့်မည့် အကြောင်း သိရှိတော် မူပေပြီ။
ဤတွင် ရဟန္တာမထေရ်မြတ်သည် ဇနီးမောင်နှံတို့၏ ကောင်းမှု ဆုတောင်းပြည့်မည့် အကြောင်းအတွက် ပြုံးရွှင်မှု ကို ပြတော် မူလေသည်။
ဇနီးမောင်နှံတို့ကား မိမိတို့၏ အလှူဒါနနှင့် ဆုတောင်းပန်ထွာမှု အတွက် ကြည်နူးနှစ်သက် နေရင်းမှ မထေရ်မြတ် ပြုံးရွှင်မူ ပြုတော် မူခြင်းကို တွေ့ လိုက်ကြသော အခါ ပို၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
သို့ သော် မထေရ်မြတ် ဘာ့ကြောင့် ပြုံးရွှင်ခြင်း ပြုသည်ကိုကား သူတို့မသိကြ။
မထေရ်မြတ်ကား သပိတ်ကို ပိုက်လျက် ထွက်ခွာသွားပေပြီ။
လှည်းယာဉ်ဆီသို့ ပြန်လျှောက်လာကြရင်း ဇနီးက ပြောသည်။
“တော် မြင်လိုက်လား၊ မထေရ်မြတ်က ပြုံးရွှင်မှု ပြုတော် မူသွားတယ်”
“အေး….မြင်လိုက်ပေါ့”
ဇနီးက တစ်ခုခုတွေးမိဟန်ဖြင့် တိုးညှင်းစွာ ရယ်သည်။
“ဘာတွေ သဘောကျနေတာလဲဟ”
“ကျုပ် တစ်ခုတွေးမိလို့ပါ၊ မထေရ်မြတ် ပြုံးပုံကို”
“မထေရ်မြတ်ပြုံးပုံက ဘာ ဖြစ်လို့လဲ”
“ဗာရာဏသီက နက္ခတ်သဘင်တို့၊ တောင်ထိပ်ပွဲတို့မှာ အဆိုအကပန်တျာသည်အဖွဲ့တွေ လာကြပါရော့လား ပန်တျာသည်တွေ ဟာ ဆိုရင်းကရင်းနဲ့ ပြုံးရွှင်တဲ့မျက်နှာပေးတွေ ကို ဆောင်ကြတယ်လေ”
“အေးလေ၊ အဲဒီ တော့”
“သြော်…. မထေရ်မြတ် ပြုံးတာတွေ့ ရတော့ အဲဒီ ပန်တျာသည်တွေ ရဲ့ ပြုံးရွှင်တဲ့မျက်နှာထား သွားတွေးမိ မြင်မိလို့၊ ဟင်း….ဟင်း….မထေရ်မြတ်ဟာ ပန်တျာသည် ကခြေသည်များ ဖြစ်ခဲ့သလား မသိဘူးနော်”
ယောကျာ်းသည် တွေးတွေးဆဆရှိသွားဟန်ဖြင့် .….
“အေးဟ….ဟုတ်တယ်၊ ရှင်မပြောသလို မထေရ်မြတ်ဟာ ကခြေသည်ပန်တျာသည် ဖြစ်လိမ့်မယ်နဲ့တူရဲ့ ၊ ကဲပါဟာ လှည်းပေါ်တက်”
လှည်းတန်းသည် တောစပ်လမ်းအတိုင်း ရွှေစေတီမြတ် တည်ထားရာ တောင်ကုန်းဆီသို့ တရွေ့ရွေ့ ထွက်ခွာသွားသည်။
ရဟန္တာမထေရ်မြတ်အား ဆွမ်းလောင်းလှူခဲ့သော ကုသိုလ်ကံနှင့် အတူ မထေရ်မြတ်အား ကခြေသည် ဖြစ်ခဲ့ပေမည် ဟု ပြောမိမှားခဲ့လေသော ထိုအတိတ်ကံတို့ မည် သို့ အကျိုးပေးလိမ့်မည် ဆိုခြင်းကိုကား လှည်းယာဉ်ပေါ်မှ ဇနီးမောင်နှံတို့ သိနိုင်စွမ်းမရှိကြ။
သို့ ဖြင့် ထိုဘဝ၌ သက်တမ်းအတိုင်း တည်နေကြတာ ထိုဘဝမှ စုတေသေလွန်ကြပြီးသော အခါ နတ်ပြည်၌ ဖြစ်ခဲ့ကြသည်။ နတ်ပြည်မှ စုတေနတ်သက်ကြွေခဲ့ကြပြီးနောက် နောက်ဆုံး ပစ္ဆိမဘဝသို့ ရောက်သော အခါတွင် ကား .….
“သူဌေးသာ လူပေါ်ကြော့ပဲကွာ၊ ဘာအ ဖြစ်ရှိရမှာ လဲ၊ သူ့မိဘတွေ က သူဌေးမို့ သူ သူဌေးသား ဖြစ်နေ ဘာဆန်းသလဲ၊ အသပြာရွှေငွေတွေ ထိုင်သုံးထိုင်ဖြုန်း၊ ဒါပဲတတ်မှာ ပေါ့။ သူ့မှာ မိဘချမ်းသာသမျှကို သုံးဖြုန်းတတ်တာကလွဲပြီး ဘာအတတ်ပညာမှ ရှိတာမဟုတ်”
“သူဌေးသား ဆိုသူတွေ ဟာ ဒီလိုပါပဲလေ၊ မိဘချမ်းသာတဲ့ ဓနဥစ္စာကိုသာ ဖယ်လိုက်စမ်းပါလား၊ အဲဒီ သူဌေးသားတွေ မှာ သုညပဲ ကြွင်းတော့တာကလား”
“ဟေ့ .….ဟေ့၊ ဒီလောက်ကြီးတော့ မပြောကြပါနဲ့ကွာ၊ ဥဂ္ဂသေနဟာ အရင်က ဘာပညာမှ မတတ်ခဲ့ဘူးဆိုတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်၊ အခုတော့ ခမျာ ပညာတွေ တတ်နေရှာပါပြီ”
“အလိုတော် သူက ဘာပညာများ တတ်လို့လဲ၊ ကျုပ်တို့နယ်လှည့်ကချေသည်အဖွဲ့နဲ့ လိုက်လာပြီး ဗုံတစ်ချက်၊ စည်းတစ်ချက် ခေါက်တတ်လို့လား။ အတီးပညာက ခက်လို့ဆိုထားပါဦး၊ လက်တစ်ဖက် ခြေတစ်ဖက်တောင် စည်းဝါးကိုက်လှုပ်တတ်လို့လား၊ ကဲပါလေ၊ အကပညာထားပါဦး၊ ဟေ…..ဟေ…..ဆိုပြီး သံစဉ်ကိုက် တစ်ချက်အော်တတ်လို့လား။ ကိုင်း….အတီးလဲမတတ်၊ အကလဲမတတ် အဆိုလဲမတတ်”
“ဟုတ်သေးဘူးလေ၊ ဥဂ္ဂသေနဟာ ပညာတစ်ခုတော့ တတ်ရှာပါတယ်”
“ပြောစမ်းပါဦး ဘာပညာလဲ”
“သူ့မိန်းမနား ကပ်နေတဲ့ ပညာ”
ဝါးခနဲ ရယ်သံများ ပေါ်လာသည်။
“အံ့မာ၊ ဟေ့….ဟေ့၊ ဒီလောက်ကြီး မနှိမ်ကြပါနဲ့လေ၊ တကယ်တော့ ဥဂ္ဂသေနဟာ တို့အဖွဲ့ထဲမှာ အချည်းနှီး လူပိုမဟုတ်ရှာပါဘူး၊ အလုပ်နဲ့အကိုင်နဲ့ပါ”
“လာ…..လာပြန်သေးတော့၊ မိန်းမနားချည်းကပ်နေတဲ့ လူက ဘာအလုပ်အကိုင်များ ရှိလို့လဲ ”
“တို့အဖွဲ့ တစ်နေရာကနေ တစ်နေရာ ပွဲကူးရင် လှည်းဆင်တယ်ကွာ၊ စခန်းချတဲ့နေရာရောက်ရင် ထင်းခြောက်ကောက်ပေးတယ်ကွာ၊ နွားစာမြက်တွေ ရှာပေးတယ်ကွာ”
တခွိခွိရယ်သံများ ပေါ်လာပြန်ကာ ရယ်သံ ဗလုံးဗထွေးဖြင့် .….
“ဟုတ်ပ .….ဟုတ်ပ၊ ဥဂ္ဂသေနဟာ ဘယ်မှာ လူပိုရမှာ လဲ၊ ပညာမဲ့လဲ မဟုတ်ရှာပေါင်၊ သူ့ပညာနဲ့သူဘာတဲ့၊ လှည်းစောင့်၊ မြက်ရိတ်၊ ဥစ္စာထမ်း၊ ဟာ .….မနည်းပါလားဟရို့”
“ဟား….ဟား….ဟား”
လှည်းဝိုင်းအတွင်းဘက်မှာ တဟီးဟီး တဟားဟား ရယ်ပွဲဖွဲ့ကာ သူ့အကြောင်းကို မြိန်ရည်ရှက်ရည် ပြောနေကြသူများ ကား သူ ဤမှာ ဘက် ချုံကွယ်၌ ရှိနေမှန်း မသိကြ။
*****************
အခန်း(၂)
ထင်းခြောက်တွေ ကောက်ကိုင်ထားသော သူ့လက်ချောင်းတွေ ကို တင်းတင်းကြီး ဆုပ်မိသည်။ ရှက်ခြင်း၊ နာကြည်းခြင်းတို့နှင့် အတူ တလိပ်လိပ်တက်လာသော ဒေါသ၊ သင်းတို့ ငါ့ကို မှိုချိုးမျှစ်ချိုး ပြောရက်ကြလေခြင်း။
ဒေါသမှသည် ပွင့်အန်ပေါက်စွဲစရာနေရာ အခွင့်မရှိသော အခါ ထိုအမျက်ထု အစိုင်အခဲကြီးသည် ဒေါသအစိုင်အခဲတို့ လွင့်စဉ် ထိမှန်မှု ကြောင့် ဆတ်ဆတ်ခါ နာကျင်ရလေခြင်း။
မိန်းမနားမှာ တစ်ချိန်လုံးကပ်နေ၊ လှည်းစောင့်၊ မြက်ရိတ်၊ ဥစ္စာထမ်း၊ ထင်းခြောက်စည်းကို လွှတ်ချလျက် နားနှစ် ဖက်ကို ပိတ်ကာ ချုံအကွယ်မှ သူထွက်ပြေးခဲ့သည်။ ပြေး….ပြေး။
သို့ သော် ဘယ်အထိ ပြေးမည် နည်း၊ ပြေးစရာမြေမရှိ။
သူ့ခြေအစုံတွင် အထွေးထွေး အလိမ်းလိမ်း ရစ်ပတ်နေသော ကြိုးနှစ် ချောင်းရှိနေသမျှ သူ ဘယ်ကိုမှ အဝေးမပြေးနိုင်။
ချစ်လှစွာ သော ဇနီးနှင့် ချစ်လှစွာ သော သားငယ်။
နာနာကြည်းကြည်း ကြေကြေကွဲကွဲ သူ ရေရွတ်လေသည်။
“မင်းရွေးခဲ့တဲ့လမ်း၊ မင်းလျှောက်ခဲ့တဲ့လမ်း၊ မင်းဘာသာ မင်းခံလိုက်စမ်း ဥဂ္ဂသေနရ”
* * *
မဇ္စျိမဒေသတစ်ခွင်တွင် အနယ်နယ်အရပ်ရပ် လှည့်လည်ကပြသော နယ်လှည့်သဘင်အဖွဲ့များ ရှိကြသည်။ ခြေခင်းလက်ခင်းသာသော ဥတုရာသီကာလများ တွင် ထိုသဘင်အဖွဲ့များ မှ တစ်ဖွဲ့မဟုတ်တစ်ဖွဲ့ ရာဇဂြိုလ်သို့ ရောက်လာတတ်ကြသည်။ မာဂဓတိုင်း၏ ရာဇဂြိုလ်ရွှေမြို့တော် ကြီးမှာ နယ်လှည့်သဘင် အဖွဲ့များ စားကျက်ကျရာ ဒေသလည်း ဖြစ်သည်။ ရာဇဂြိုလ်ပြိုင်ပွဲခွင်တွင် သဘင်အဖွဲ့များ သည် မိမိတို့၏ သဘင်အနုပညာစွမ်းရည်ကို ပြသ အသုံးတော် ခ့ကာ ရာဇဂြိုလ်သားတို့၏ ဆုကြေးကို အများ အပြား ရသွားကြသည်သာ ဖြစ်လေသည်။
ယခုလည်း နယ်လှည့်သဘင်အဖွဲ့တစ်ဖွဲ့ ရာဇဂြိုလ်သို့ ရောက်နေပြန်ပြီ။ ပွဲခင်းကြီးမှာ စည်းကားကြီးကျယ်လှသည်။ ပွဲကြည့်ပရိသတ်တို့ ခင်းကျင်းထားသော ညောင်စောင်းများ မှ လေးဘက်လေးတန်တွင် တစ်ဆင့်တစ်ဆင့် မြင့်တက်နေကြသည်။ ဤညောင်စောင်းထိုင်ခုံ အဆင့်များ က ပရိသတ်၏ အဆင့်ကိုပြနေသည်။ ပစ္စည်းဥစ္စာကြွယ်ဝသူများ အတွက် သီးသန့်နေရာများ ဖြစ်သည်။ သာမန်ပွဲကြည့်ပရိသတ်များ ကတော့ မြေပြင်မှာ ပဲ ထိုင်ကြည့်ကြရလေသည်။
စင်စစ် သဘင်ကျင်းပရာ ပွဲခင်းကွက်လပ်ကို အကောင်းဆုံးမြင်နိုင်သော နေရာမှ ထိုမြင့်မားသော ညောင်စောင်းထိုင်ခုံများ ဖြစ်လေသည်။
သာမန်ဆင်းရဲသားများ မကပ်နိုင်သော ကြေးရတတ်သားသမီးများ သာ စိတ်လွတ်ကိုယ်လွတ် အရသာခံပွဲကြည့်နိုင်သော ထိုစင်မြင့်၏ တစ်ခုသော နေရာတွင် ဥဂ္ဂသေန ထိုင်နေလေသည်။
သဘင်အဖွဲ့မှ တောက်ပသော ဝတ်စုံဒွါဒရာများ ကို ဝတ်ဆင်ထားသော ကချေသည်များ တစ်ယောက် ပြီး တစ်ယောက် ထွက်လာကြသည်။ ဆူညံစီဝေသော တူရိယာသံများ နှင့် အတူ ကကွက်များ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲအသုံးတော် ခံနေသည်။ တူရိယာပညာရှင်များ ၏ လက်စွမ်းပြတေးဂီတနှင့် ယိမ်းအဖွဲ့များ ၏ သံပြိုင်အဆိုအကများ အကြားတွင် လူရွှင်တော် များ က ရယ်ဖွယ်ကောင်းသော ဟာသများ ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ရာဇဂြိုလ် ပရိသတ်တို့ကား တအုံးအုံး သဘောကျနေကြလေသည်။ လူရွှင်တော် များ ၏ ဟာသတွင် တဝါးဝါးပွဲကျရယ်မောကြသည်။ ကချေသည်တို့၏ အကများ ကို လက်ခေါက်မှု တ်လျက် လက်ခုပ်တီးလျက် သြဘာပေးကြသည်။ ဂီတပညာရှင်တို့၏ လက်စွမ်းပြ တီးလုံးများ ကို တဟေးဟေး အားပေးကြသည်။
ဥဂ္ဂသေနကား ပွဲကြည့်စင်ဘက်တွင် ထိုင်ရင်း၊ စိတ်ပျက်လက်ပျက်ဖြင့် နေလေသည်။ အတူပါလာသော မိတ်ဆွေများ ကမူ တဝါးဝါး တဟားဟားဖြင့် ပွဲအရသာတွေ့ နေကြသည်။ သူတို့ကိုလည်း ဥဂ္ဂသေန စိတ်ပျက်သည်။ ပွဲခင်းတစ်ခုလုံးရှိ ပရိသတ်များ ကိုလည်း စိတ်ပျက်မိသည်။ ယုတ်စွအဆုံး ကပြအသုံးတော် ခံနေကြသော သဘင်အဖွဲ့ကိုပါ စိတ်ပျက်လာသည်။
ဂီတသံများ က ဆူညံနေသည်။ ကချေသည်တို့၏ ပြိုးပြိုးပြောင်ပြောင်ဝတ်စုံ ဒွါဒရာများ က မျက်စိနောက်စရာ။ သူတို့၏ အကအခုန်များ ကလည်း မျက်စိပဒေသာကို မ ဖြစ်စေဘဲ၊ ပရမ်းပတာ ဖြစ်နေသည်ဟု ထင်သည်။
သူငယ်ချင်းများ အဆွယ်ကောင်းသဖြင့် ဤသို့ ပရိသတ်အများ စုကြီးနှင့် ရောနှောကာ သဘင်သည်တို့ လုပ်ချင်ရာ လုပ်ပြသည်ကို ကြည့်နေရသော ပွဲမျိုးမဟုတ်၊ ဘုရင့်နန်းတော် ပွဲကြည့်ဆောင်အတွင်းမှ ကပွဲမျိုးကိုသာ ဥဂ္ဂသေနစိတ်ဝင်စားသည်။ နန်းတော် ပွဲကြည့်ဆောင်ဆိုတော့ ခမ်းနားကြီးကျယ်သည်။ တင်ဆက်ဖျော်မှု ကလည်း အဆင့်မြင့်သည်။ တင်ဆက်ဖျော်ဖြေသူကလည်း အဆင့်မြင့်၊ ပရိသတ်ကလည်း အဆင့်မြင့် သီးသန့်ပရိသတ် ဖြစ်သည်။
သစ်သီးအဖျော်နှင့် ယမကာယစ်ကို သုံးဆောင်ကာ သဘင်မှု အနုပညာကို တငြိမ့်ငြိမ့်ခံစား ကြည့်ရှု့နိုင်မှသာ တကယ့်စည်းစိမ် ဖြစ်သည်။ အခုတော့….။
နယ်လှည့်သဘင်အဖွဲ့သည် သူတို့ တတ်သမျှ မှတ်သမျှ တစ်ခုပြီး တစ်ခု ထုတ်ပြနေသည်။ ပရိသတ်ကလည်း ဆူဆူညံညံ လှုပ်လှုပ်ရှားရှားဆိုရင် ပြီးစတမ်း။ သူ့ဇာတ်နှင့် သူ့အရပ် ကတော့ အပေးအယူတည့်သည်။ ကကြ၊ ခုန်ကြ၊ သြဘာပေးကြ၊ ဆုချကြ၊ အော်ဟစ်ရယ်မောကြဖြင့် .….
တကယ်တမ်းဆိုရလျှင် ဥဂ္ဂသေနအဖို့ ဤနယ်လှည့်သဘင်အဖွဲ့ကြီး တစ်ခုလုံး ရရှိမည့်  ဆုကြေးတွေ ကို သူတစ်ဦးတည်းကသာ စိုက်ခံလျောပေးကာ ပွဲသိမ်းပြီး ထွက်သွာြး ကတော့ဟု ပြောလိုက်ချင်သည်။ အမှန်တော့မှ ဥဂ္ဂသေနကို သူဌေးသား တစ်ယောက် အနေဖြင့် ဤကဲ့သို့ ပွဲခင်းထဲလာ ပွဲကြည့်ပရိသတ်တွေ နှင့် သော ကာရောကော နေရာယူပြီး ပွဲကြည့်နေစရာပင် မလိုပေ။ ဥဂ္ဂသေနသာ အလိုရှိပါက သီးသန့်ဖျော်ဖြေတင်ဆက်စမ်းဟု ခိုင်းမည် ဆိုလျှင် ခိုင်းနိုင်သည့်ဘဝ ဖြစ်လေသည်။
အခုတော့ သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။ အနုပညာခံစားမှု ဆိုတာ ဒါမျိုးမဟုတ်။ စိတ်လွတ်ကိုယ်လွတ် ပရမ်းပတာ ပျော်ရွှင်နေကြခြင်းသာ ဖြစ်သည်။ အနားရှိ သူငယ်ချင်းသူဌေးသား သူကြွယ်သားတွေ ကတော့ ယစ်အချိုရည်အရှိန်ဖြင့် တဝါးဝါး တဟားဟား။
စိတ်ပျက်စရာကောင်းခြင်းကို သည်းမခံနိုင်သည့်အဆုံးတွင် ဥဂ္ဂသေနသည် ညောင်စောင်းထိုင်ခုံမှ ထပြန်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုစဉ်မှာ ပင် သဘင်အဖွဲ့ထဲမှ ပိုးဝတ်ရုံရှည်ကြီး ဝတ်ထားသူတစ်ဦးက ခွင်ကွက်လပ်အလယ်သို့ ထွက်လာကာ ပရိသတ်ကို ဦးညွတ်သည်။ ထို့နောက် အောင်မြင်ကျယ်လောင်သော အသံဝါကြီးဖြင့် ကြေညာသံ ထွက်ပေါ်လာသည်။
“ရာဇဂြိုလ်မြို့တော် သူ မြို့တော် သား ရွှေပွဲလာ မင်းပရိသတ်ကြီးအပေါင်းတို့၊ ယခု နောက်ဆုံးအစီအစဉ်အနေနဲ့ တင်ဆက်မယ့် ကကွက်ကတော .….”
နောက်ဆုံး အစီအစဉ်ဆိုသဖြင့် ဥဂ္ဂသေန ပြန်ထိုင်လိုက်သည်။
“မိုးတိမ်ကြားမှ နတ်မိမယ်အမည် ရှိတဲ့ ကကွက် ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ကျွန်တော် များ နယ်လှည့်အဖွဲ့ကြီးရဲ့ အကောင်းဆုံးနဲ့ ဂုဏ်အယူဆုံးတင်ဆက်တဲ့ အစီအစဉ် ဖြစ်ပါတယ်”
ကြေညာသူအသံက ဂုဏ်ယူဝင့်ကြွားသံပါသလို ဟန်ပန်ကလည်း ဝံ့ဝံ့စားစား ဖြစ်သည်။ ပရိသတ်ကြီးကလည်း ငြိမ်သက်စွာ ဖြင့် အာရုံစိုက်နေကြလေရာ ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
“ကိုင်းဟေ့…..ငါ့လူများ ”
ကြေညာသူက လက်ခုပ်သုံးချက်တီးလိုက်သည်။ ဤတွင် ထူးခြားသော မြင်ကွင်းကို တွေ့ ရသည်။ အစိမ်းရောင် ကိုယ်ကျပ်ဆင်တူ ဝတ်ထားသော လူများ သည်အောက်ခြေတွင် စင်ကဲ့သို့ သော အရာတစ်ခုကို ချက်ချင်း ပြင်ဆင်စီမံကြသည်။ ကြည့်နေရင်းမှပင် ကျွမ်းသမားများ အစွမ်းပြသည့် ဝါးတန်းကျွမ်းစင်တစ်ခု ဖြစ်ပေါ်လာသည်။
ကြေညာသူက လက်ကို ဝှေ့ယမ်းလျက်….
“ရွှေပွဲလာ အပေါင်းတို့ခင်ဗျား၊ အခုချိန်ကစပြီး မိုးယံကြားမှ နတ်မိမယ်အကကို ရှု့စားရတော့မှာ ဖြစ်ပါတယ်။ ရွှေပွဲလာတို့ရဲ့ ရှေ့မှော က်မှာ အခုတွေ့ မြင်နေရတဲ့ ဝါးလုံးတိုင်ကြီးဟာ အတောင်ခြောက်ဆယ်တိတိ မြင့်ပါတယ်”
ပွဲခင်းအလယ် ကွက်လပ်တွင် ဝါးလုံးတိုင်ကြီးမှာ မြင့်မားစွင့်မတ် ထိုးထွက်နေသည်။ ဤမြင်ကွင်းကပင် ဆွဲဆောင်မှု အပြည့်ရှိနေသည်။
“အတောင်ခြောက်ဆယ်ရှိတဲ့ ဝါးလုံးတိုင်၊ အံမခန်း ကြက်သီး မွေးညင်းတဖြန်းဖြန်း ထရမယ့် ကျွမ်းဘားအတတ်ပညာနဲ့ လှပနွဲ့နှောင်းတဲ့ ကချေသည်လေး တစ်ယောက် ရဲ့ အနုအရွ၊ အက၊ အလှ၊ ပဿဒတို့ ဘယ်လိုပေါင်းစပ်ကြတယ်ဆိုတာ ရှုစားကြရတော့မှာ မို့ ကိုင်းဟေ့ .….”
ကြေညာသူက လှစ်ခနဲ့ ပြေးဝင် ပျောက်ကွယ်သွားသည်။
ဝါးလုံးတိုင်ကြီးသာ မြင့်မား စွင့်မတ် ကျန်ရစ်ခဲ့သည်။ ပရိသတ်ကား တိတ်ဆိတ်ခြင်းဖြင့် စောင့်ကြည့်နေဆဲ ထိုအချိန်တွင် .….
ခပ်ကျဲကျဲ ခပ်လေးလေး ဗုံသံတစ်သံ ထွက်ပေါ်လာသည်။ အခြားမည် သည့် တူရိယာ ဂီတသံမျှ မပါ။ သားရေပြားပေါ်သို့ ကျွမ်းကျင်သည့် လက်ချောင်းများ ဖြင့် အချက် နရီကျနစွာ တီးခတ်နေသော ဗုံသည် ဆွဲငင်အား ကြီးမားလှသည်။
နရီစည်းချက် ခပ်ကျဲကျဲ ခပ်လေးလေးတီးနေရာမှ ဗုံသံသည် တစ်စတစ်စ စိပ်လာသည်။ မြန်ဆန်သွက်လက်လာသည်။ ဤတွင် မူ ချူသံနှင့် ခလောက်သံတို့လည်း အချက်ကျကျ ပါဝင်လာသည်။ ဗုံသံသည် ဝေးရာမှ နီးလာသလိုလို၊ တိုးရာမှ ကျယ်လာသလိုလို ထင်ရသည်။
ဗုံသံနှင့် ချူသံတို့သည် တရစပ် ထွက်ပေါ်နေချိန်မှာ ပင် .….
“ဟယ်” ဟူသော ပရိသတ်ထုကြီး၏ အာမေဍိတ်သံကြီး တစ်ပြိုင်တည်းပေါ်လာသည်။ ပရိသတ်၏ ဦးခေါင်းများ အားလုံး အပေါ်သို့ မော့သွားသည်။ မျက်နှာအားလုံး၊ အကြည့်အားလုံး၊ အတောင်ခြောက်ဆယ်မြင့်သော ဝါးလုံးတိုင်၏ ထိပ်ဖျားဆီသို့ စုပြုံကျရောက်သွားကြသည်။
ထိုတိုင်ထိပ်ဖျားပေါ်တွင် ကား .….
တောက်ပပါးလွှာသော ခရမ်းပြာ ပိုးပဝါတစ်စုံ၏ အနားစများ က တဖျပ်ဖျပ်လွင့်လျက် ခရမ်းပြာ ပိုးပဝါဝတ်စုံ ဝတ်ထားသော မိန်းမပျိုသည် စက်သီးကြိုးများ အကူအညီဖြင့် လေထဲတွင် ဝဲပျံလာကာ တိုင်ထိပ်ဖျားပေါ်သို့ ခြေချလိုက်သည်။
ဝါးလုံးတိုင်ထိပ်ဖျားတွင် လူ တစ်ယောက် မတ်တပ်ရပ်၍ ရရုံ ပျဉ်တစ်ချပ်မှအပ ဘာမျှမရှိ။ ထိုပျဉ်ချပ်ပေါ်တွင် တည့်မတ်စွာ ခြေချလိုက်သော မိန်းမပျို။ ပိုးပဝါ စသည့် မြင့်မားသော အထက်လေအရှိန်တွင် တဖျပ်ဖျပ် လွင့်လှုပ်လျက်။
အဆက်မပြတ် တရစပ်မည် ဟည်းနေသော ဗုံသံနှင့် ချူသံသည် တိခနဲ ရပ်သွားသည်။ ဤတွင် တိတ်ဆိတ်ခြင်းက အားကြီးစွာ ပေါ်ပေါက်လာသည်။ ထိုတိတ်ဆိတ်ခြင်း၏ တစ်ခဲနက်သော ငြိမ်သက်မှု တွင် တိုင်ထိပ်ပေါ်မှ မိန်းမပျို၏ ဝတ်ရုံစ လေလွင့်တိုးလှုပ်သံ တဖျပ်ဖျပ်သာ အတိုင်းသား ထွက်ပေါ်နေသည်။
စက်သီးကြိုးများ အားလုံးကို ဖြုတ်လိုက်ပြီ ဖြစ်သဖြင့် မိန်းမပျိုသည် ဝါးလုံးတိုင်ထိပ်တွင် အထိန်းချုပ်မဲ့စွာ တည်နေသည်။ ဝါးလုံးတိုင်ထိပ်ကြီးကို လေးဘက်တန်းမှ ဆိုင်းကြိုးများ ဖြင့် တုပ်ဆွဲထားစေကာမူ မြင့်လှစွာ သော ဝါးလုံးတိုင်ထိပ်၊ လူ တစ်ယောက် စာ ခြေချသာရုံ ပျဉ်ချပ်ကလေးပေါ်တင် မိန်းမပျိုရပ်နေပုံမှာ ကြည့်နေရင်းပင် အသည်းတလျှပ်လျှပ် ရင်တဖိုဖို ဖြစ်ရသည်။
ဤအချိန်တွင် ရပ်နားထားသော ဗုံသံတစ်ခု ပြန်၍ ပေါ်လာသည်။ ချူသံများ တချွင်ချွင် မြည် လာပြန်သည်။ စောစောကကြားခဲရသော အရသာကို ဆောင်ကြဉ်းခဲ့ပြီ ဖြစ်သည်။ ဗုံသံနှင့် ချူသံသည် ကြားရသူတိုင်း၏ နားမှတစ်ဆင့် ရင်ထဲအထိ ထိုးဖောက်သွားသည်။
ချောက်ချားထိတ်လန့်အရသာ၊ ရင်ဖိုသည်းလှုက် ခံစားမှု ၊ ဗုံသံချူသံနှင့် အတူ မိန်းမပျို စတင်လှုပ်ရှားလေပြီ။
* * *
ဥဂ္ဂသေန၏ ရင်ထဲတွင် စကားလုံးများ အဆက်မပြတ် မြည် ဟည်းလာသည်။ “အိမ်မက်လား၊ စိတ်ကူးဘုံတစ်ခုလား၊ နတ်နန်းဥယျာဉ်လား၊ တိမ်ယံကြားက နတ်မိမယ်တဲ့။ သူ….သူလေးဟာ တကယ့်ကို နတ်မိမယ်ပါလား။ အို .….ကျွမ်းကျင်လိုက်တာ၊ လှလိုက်တာ၊ အံမခန်းအလှ၊ အံ့မခန်းအနုပညာ။ ခရမ်းပြာ ပိုးပဝါစနဲ့ မိုးကောင်းကင်ထက်က အလှနတ်မိမယ်။ တကယ့်တော့ အဲဒီ ကောင်းကင်အမြင့်ထက်မှာ မင်းမနေပါနဲ့လား။ ငါရဲ့ နှလုံးသားထဲကိုပဲ ဆင်းသက်ခဲ့ပါတော့လား မိန်းကလေးရယ်”
*****************
နေမင်းလမင်း သိန်းရာထောင် | ချစ်သော ပါဒဧကရီ | စစ်သူကြီးဒလဗန်း နှင့် ရာဇဝင်ဝတ္ထုရှည်များ |