အခန်း (၁)
စက်ရာကနိုးထ မျက်စိနှစ် လုံး ဖွင့်လိုက်တယ်ဆိုရင်ပဲ ခေါင်းထဲကို ရင်ထဲကို အသိ တစ်ခု၊ ဝေဒနာတစ်ခုက တိုးပြေးဝင်ဆောင့်လာတယ်။ ‘ဪ… ရင်ဆိုင်ရမယ့် နေ့သစ် ပေါင်းများ စွာ ရဲ့ နံနက်ခင်းတစ်ခု ရောက်လာပြန်ပါပကော’ဆိုတဲ့ အသိ၊ ခံစားမှု ။
ရင်ထဲမှာ ပူလောင်နေသလား၊ ခေါင်းထဲမှာ ဆူဝေနေသလား ခင်ဦး မသိတတ်နိုင် ပါဘူး။နှလုံးသားတွေ ကကောထုံကျင်အေးခဲနေကြပြီလား။သုံးသပ်ဆင်ခြင်နိုင်မှု အသိဉာဏ် ကကော စေးပျစ် လေးတွဲ့ နေကြပြီလား။ ဒါလည်း ခင်ဦး မသိချင်တော့ဘူး။
လပေါင်းများ စွာ ရက်ပေါင်းများ စွာ ကို ဖြတ်သန်းပြီး ကျင့်သားရထားတဲ့ အလိုက်သင့် ဦးနှောက်ထဲကနေပြီး သတိပေးဆုံးမသံတွေ ပေါ်လာတယ်။
‘မဏိစန္ဒာရေ… နားလည် ယူလိုက် ၊ ခွင့်လွှတ်ထားလိုက်၊ ဥပေက္ခာတရား မထား နိုင်သေးဘူး ဆိုစေဦး၊ ဖြစ်လာတဲ့အရေး တွေ ကိုမဝေးမနီးကပဲ စောင့်ကြည့်နေလိုက်၊ မင်း လျှောက်ရမယ့်ခရီးမှာ မီးလျှံတွေ ဘယ်လောက်ရှိနေဦးမယ်ဆိုတာ မသိသေးဘူး။ ဒီတော့ မင့်အင်အားတွေ ကိုချွေပြီး သုံး၊ စိတ်ပြီးသုံး မဏိစန္ဒာရေ’
မိမိနဲ့ မိမိ စကားတွေ အများ ကြီးပြောရင်း နံနက်ခင်းပြုဖွယ်အမှု ကို ယန္တရားရုပ် တစ်ရုပ်ကို တချောက်ချောက် လှုပ်ရှားဆောင်ရွက်လိုက်ရတယ်။ မိဖုရားကြီးတစ်ပါးရဲ့ အဆောင် ယောင် အဆင်အမြန်း ရံရွေတွေ က ခြုံလွှမ်းမွမ်းမံပေးကြတာကိုလည်း ငြိမ်ဆိတ် စွာ ပဲ ခံနေလိုက်တော့တယ်။
အားလုံးအဆင်သင့် ဖြစ်ချိန်မှာ ရံရွေတစ်ဦးက သတင်းတော် ကြားလာတယ်။ ကျန်စစ်မင်းကြီးရဲ့ အမိန့်တော် အရ သရပါတံခါးမုခ်ဝကို ထွက်လာတော် မူခဲ့ပါ…တဲ့။
ဪ…သရပါတံခါး၊ ဟုတ်ပေရဲ့ ။
မြို့တံခါးမုခ်ဆီက ခွက်ခွင်းသံ၊ စည်သံတွေ တောင်မှ သဲ့သဲ့ကြားနေရပြီကော။ ခင်ဦး မြို့တံခါးဆီကို သွားရဦးမယ်၊ အကြိုတော် ထောက်မယ့် မောင်တော် မင်းကြီးရဲ့ အပါး မှာ မဟေသီ မိဖုရားတစ်ပါး အဆောင်အယောင်နဲ့ ခံစားရလိမ့်ဦးမယ်။
တုံ့ဆွဲမနေတဲ့၊ ပြီးတော့ လှမ်းကြွလို့လည်းမနေတဲ့ အလိုလျောက် ခြေလှမ်းတွေ နဲ့ ခင်ဦးထွက်လာခဲ့ပါပြီ။ သရပါတံခါးဆီ အကြိုတော် တဲနန်းဆီ။
တစ်ယောက် သော သူ ရောက်လာတော့မယ်လေ။
အဲဒါမောင်တော့်ချစ်သူ အို…ချစ်သူ မဟုတ်ပေဘူး။ မောင်တော့် ကြင်ယာလေ၊ သူသမ္ဘူလတဲ့။ သမ္ဘူလ ရောက်လာတော့မယ့်။ မိမိရဲ့ ချစ်သူက သူ့ရဲ့ ချစ်သူ ကြင်ယာတော် ကိုဆီးကြိုမယ့် အခမ်းအနားမှာ ခင်ဦးက မိဖုရားကြီးတစ်ပါးအ ဖြစ် ခစားလိုက်ပါရမယ်တဲ့။
ခင်ဦး ကြိုရမယ်လေ။
‘သူဟာ မောင်တော် ရာဇဝတ်သားဘဝနဲ့ တိမ်းရှောင်နေခဲ့ရတဲ့ အချိန်တွေ မှာ မောင်တော် အတွက် အားကိုးရတဲ့ ဘက်တော် သား တစ်ယောက် ဖြစ်ခဲ့တယ်။ ပရိမ္မဒေသမှာ မောင်တော် ပုန်းအောင်းနေခဲ့တုန်းကလေ’
မောင်တော် မင်းကြီးက ခင်ဦးကို ပြောနေတယ်။ ခင်ဦးကို ပြောနေပေမယ့် သူ ခင်ဦးဘက်လှည့်မကြည့်ဘူး။ သရပါတံခါးရဲ့ တူရူလမ်းမကြီး တစ်လျှောက်ဆီကို စူးရှ အကြည့်တွေ နဲ့ သူ မျှော်နေလေရဲ့ ။
သမ္ဘူလက အဲသည်လမ်းအတိုင်းလာမှာ မဟုတ်လား။
ဘုရင်မင်းမြတ်ကိုယ်တိုင် ထွက်တော် မူတဲ့အခမ်းအနားဆိုတော့ တမ္ပဒီပမြို့ အားလုံးလည်း သဲသဲလှုပ်လို့ပါ။ ဆင်တပ် ၊ မြင်းတပ်တွေ ကလည်း စစ်ချီအင်္ဂါမဟုတ်တဲ့ အစီအမံနဲ့ တစ်တပ်ပြီးတစ်တပ် နေရာယူလို့ လမ်းမရဲ့ တစ်ဖက်တစ်ချက်မှာ လည်း ပုဂံသူ ပုဂံသားတွေ ဟာ ဝဲယာ ညွတ်ပြိုလု မတတ်။ တောက်ပတဲ့ နေရောင် ခြည်အောက်မှာ သူတို့ရဲ့ ပဝါရောင် စုံတွေ ဟာ တဖျပ်ဖျပ်လွင့်လို့။
‘သူ့ကိုမောင်တော် နှုတ်ကြာငုံ အရင့်အမာနဲ့ ထားပစ်ခဲ့ရတာ ၊ ဒါပေမဲ့ သူ နား လည်ပါတယ်။ သမ္ဘူလဟာ မိန်းမသား တစ်ယောက် ဖြစ်ပေမယ့် ပရိမ္မ ချင်းတွင်းသူပီပီ ကြမ်းတမ်းမှု တွေ ဒုက္ခတွေ ကို ဒဏ်ခံနိုင်တယ်လေ’
ဪ…မိန်းမသားတွေ ရဲ့ ဒုက္ခဒဏ် ခံနိုင်စွမ်းကို မောင်တော် မင်းကြီးခုမှ နားလည် လာတာလားလို့ ခင်ဦး မေးလိုက်ချင်ပါရဲ့ ။ သည်လောကမှာ မိန်းမသားတွေ ရဲ့ ရင်ထဲ ဘယ်လောက်ထိအောင် ခံနိုင်ရည်တွေ ရှိတယ်ဆိုတာ မောင်တော် မင်းကြီး အစကမ သိလေရော့သလား။
‘ဦးရီး ဖပုပ္ပါးလည်း ပါလာလိမ့်မယ် ထင်တယ်။ ဖပုပ္ပါး ဆိုတာ သမ္ဘူလရဲ့ ဦးလေး လေ၊ ခင်ဦးကို အမောင် ပြောဖူးတယ်နဲ့တူတယ်၊ မှတ်မိလား’
မှတ်မိလားတဲ့။ မိန်းမသားဆိုတာ သည်လောကမှာ အမှတ်သညာ အကြီးဆုံး သတ္တဝါတစ်မျိုးဆိုတာ မောင်တော် မင်းကြီး မေ့နေပြန်ပြီထင်ရဲ့ ။ ဘယ်လိုအနာမျိုးကိုမဆို မိုက်မဲလှစွာ …ပြီးတော့ သတ္တိ ကောင်းလှစွာ နဲ့ သိမ်းဆည်းထုပ်ပိုက်၊ ကိုယ့်ဝေဒနာကို ကိုယ်အမြဲလိုလို ရှုစိုက်ကြည့်မှတ်နေတတ်တာဟာ မိန်းမသားပါ အမောင်ရယ်။
‘သမ္ဘူလ အမောင့်ရဲ့ ကျေးဇူးရှင်ဆိုလည်း မမှား၊ ဟင်…ခင်ဦး နေမကောင်း ဘူးလား’
အခုမှပဲ သူ ခင်ဦးဘက် လှည့်ကြည့် ဖြစ်တယ်။ နေမကောင်းဘူးလားတဲ့။ သူ့အမေး စကား၊ ဪ… ကရုဏာ အရိပ်အငွေ့ပြေးလေတဲ့ အကြင်နာ မေးခွန်း။
ခင်ဦးမျက်နှာ ဖြူရော် ဖျော့တော့ နေသလား။ ခင်ဦး ပါးပြင်မှာ နှင်းဆီသွေးတို့ ဆုတ်နေသလား၊ ခင်ဦး မျက်လုံးတွေ ဝေရီနေသလား။ ဟင့်အင်း…ခင်ဦး မသိပါဘူး။ ဒါပေမဲ့ အလိုက်အထိုက် အ ဖြစ်နိုင်ဆုံး စကားကိုခင်ဦးဆိုလိုက်ပါတယ်။
‘နေပြင်းလို့ ဖြစ်မှာ ပါ အမောင်’
‘ဟော ဟိုဘက်သစ်ပင်ရိပ်မှာ ရွှေ့ပြောင်းစံနေပါလား ခင်ဦး’
အုပ်ဆိုင်းနေတဲ့ တမာတန်းဘက်ကို အမောင်က ကြည့်ပြီး ပြောတယ်။
‘ခင်ဦး ဒီနေရာမှာ ပဲ နေပါမယ်’
သစ်ရိပ်ခိုလို့ နုပျိုလန်းဆန်းကြစတမ်းဆိုရင် ခင်ဦး ဟို...တန့်ကြည့်တောင် တော နက်ကြီးဆီ ထွက်သွားလိုက်မှာ ပေါ့။ ဒါတောင်မှ ညို့ညို့ဆိုင်းဆိုင်း တောတောင် ကြီးတွေ ဟာ ခင်ဦး ဖြတ်သွားတယ်ဆိုရင်ပဲ ခင်ဦးရင်က အပူငွေ့ဟပ်ပြီး ညှိုးရိသွားလေမလား၊ အတွေးတွေ က တဖျပ်ဖျပ်ပေါ်လာပေမယ့် သူ့ကိုခင်ဦး ဘာမှ မပြောလိုက်တော့ပါဘူး။
သည်အချိန် သည်နေရာမှာ သူ့ကို ခင်ဦးမပိုင်ဆိုင်ဘူးလို့ပဲ စိတ်ထဲက စွဲနေမိ တော့တယ်။ သည်အချိန်မှာ ပုဂံပြည့်ရှင် ကျန်စစ်မင်းကြီးကိုတမ္ပဒီပ နန်းတော် ကလည်း မပိုင်ဘူး။ တိုင်းသူ ပြည်သားတွေ ဟာလည်း မပိုင်ဘူး။ သူ့ကိုအချိန်နှင့် အမျှ စိုးမိုးနေမှာ က မကြာခင်ရောက်လာတော့မယ့် သမ္ဘူလ။
‘မဏိစန္ဒာရေ… နားလည်ယူလိုက် ၊ ခွင့်လွှတ်ထားလိုက်၊ ဥပေက္ခာတရား မထားနိုင် သရွေ့ ဖြစ်လာတဲ့သမျှတွေ ကိုမဝေးမနီးကပဲ စောင့်ကြည့်နေလိုက်။ မင်း လျှောက်ရမယ့် ခရီးလမ်းမှာ မီးလျှံတွေ ဘယ်လောက်ရှိနေဦးမယ်ဆိုတာ မသိသေးဘူး။ ဒီတော့ မင့်အင်အား တွေ ကိုချွေပြီး သုံး၊ စိတ်ပြီးသုံး….’
အလိုက်သင့် ဦးနှောက်က သတိပေး ဆုံးမစကားတွေ ပြောနေပြန်ပြီ။ ‘ကျွန်မ နား လည်ယူခဲ့ပါတယ်။ခွင့်လွှတ်ထားခဲ့ပါတယ်။ ဒါဟာကျွန်မဘဝတစ်လျှောက်လုံးမှာ ကျင့်သား ရနေတဲ့ နေထိုင်ရှင်သန်မှု ပါ။ ဒါပေမဲ့ နောက်ထပ်ဘယ်လောက်အထိ ကျွန်မက နားလည် ရဦးမှာ လဲ၊ ခွင့်လွှတ်ရဦးမှာ လဲ။ အတိုင်းအတာဆိုတာရှိစကောင်းပါတယ်။ ဒီအတိုင်းအတာ ကိုပဲကျွန်မတစ်စတစ်စ တိုးချဲ့ခဲ့ရတယ်။ ဒါကိုနားမလည်ြ ကတော့ဘူးလား’
လည်ချောင်းတစ်လျှောက် ထိုးတက်လာတဲ့ အသံဟာ နှုတ်ဖျားကနေ ပွင့်အန် ကျလုနီးနီး ခက်ခဲပင်ပန်းစွာ ခင်ဦးမျိုချလိုက်ရတယ်။ သည်တော့ ပေါက်ကွဲမှု ဟာ ရင်တွင်း မှာ ပဲ ဖြစ်ပေါ်သွားတော့တယ်။ နှလုံးအိမ်နံရံတွေ တုန်ခါသွားတယ်။ နှလုံးဟာ နောက်ထပ် အနာတရ တစ်ခုကိုလက်ခံလိုက်ရပြန်ပြီ။ အင်း… ဒဏ်ရာနဲ့အတူ ရင့်ကျက်မာကျောခြင်း အသစ်တစ်ခုလည်း ဖြစ်ပေါ်သွားပြန်ပြီ။
ခင်ဦး မျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှု တစ်ခုပေါ်လာတယ်။
ခင်ဦးသိလိုက်ပါတယ်။ မျက်နှာပြင်မှာ နှုတ်ခမ်းထောင့်စွန်းလေး တွေ မှာ ။ ပြီးတော့ ပါးပြင်နှစ် ဖက်မှာ ။
ဟင့်အင်း…မျက်ရည်မဟုတ်ပါဘူး။ ခင်ဦးမှာ မျက်ရည်မရှိတော့ တာကလား။ အဲ သည် အလှုပ်အရှားဟာ အပြုံးတစ်ခုလေ။ ခင်ဦးရဲ့ အပြုံး။ နားလည်မှု ခွင့်လွှတ်မှု ၊ ကြေကွဲ မှု ၊ မျိုသိပ်မှု ၊ ရင်တွင်းပေါက်ကွဲမှု တွေ စရနယ်နယ်ပြီး ဖြစ်ပေါ်လာတဲ့အပြုံး။ အလိုလို ပြုံးတတ်နေပြီ ဖြစ်တဲ့ ချေစီးယိုလာတဲ့ အပြုံး။ ဪ… ခင်ဦးပြုံး ဖြစ်ပြန်ပြီ။ ‘လောလော ပူတဲ့ဒေသ’လို့ အမည် တွင် တဲ့ တမ္ပဒီပ မြေပြင်မှာ တံလှပ်တွေ ကရိပ်ခနဲ ရိပ်ခနဲ။ ဝံ့ဝံ့စားစား စိမ်းနေကြတဲ့ ထနောင်းပင်ပျိုတွေ ရဲ့ မြရည်ဟာ တံလှပ်တွေ ထဲမှာ ကခုန်နေကြ လို့။ ချွန်မြတဲ့ တမာရွက်ကလေးတွေ က လေပူလေပွေကို ဦးစွန်းအသွားနဲ့ ထိုးချိန်နေကြလို့။
ထနောင်နဲ့ တမာတို့ကို ခင်ဦးချစ်လိုက်တာ။
အပူငွေ့ကို စားသုံးပြီး ကြီးထွားပျော်ရွှင်ကြရှာတယ်လေ။
အပူငွေ့ကိုစားသုံးပြီး ကြီးထွားပျော်ရွှင်…။
ဆူးခက်တွေ အကြိုအကြားက နှင်းဆီပန်းကလေး ပွင့်လာတာကို ခင်ဦး မအံ့ဩ တော့ဘူး။ ဘာကြောင့် လဲဆိုတော့ ချစ်ခြင်းမေတ္တာကို သယ်ဆောင်လာတဲ့အရာဟာ စစ်ပွဲ တစ်ခု ဖြစ်နေလို့လေ။
ဂျွမ်းစစ်တပ်ကြီးဟာ ဘာကြောင့် သူတို့ရဲ့ စစ်လမ်းကြောင်းသင့်ရာ သုဝဏ္ဏဘူမိကို ဦးစွာ တိုက်ခြင်းမပြုဘဲ ခင်ဦးတို့ရဲ့ ‘ဥဿာ’ ကို ကျော်လွှားပြီး လာရောက်ထိပါးကြသလဲ မသိဘူး။
ဥဿာရဲ့ နယ်စွန်နယ်ဖျားတွေ ကို ဂျွမ်းစစ်တပ်ကြီးက တစ်စတစ်စစီးနင်းသိမ်းပိုက် နေပြီဆိုတဲ့ သတင်းလည်းကြားရော ခမည်းတော် က စစ်ရေး ညီလာခံကို ချက်ချင်း ခေါ်ခဲ့ တယ်။ ပင်တိုင်းနန်းစံ သမီးတော် ပေမယ့်ထီးနန်းအရေး တိုင်းပြည်အရေး ဆိုတော့ ခင်ဦး လည်း စစ်ရေး ညီလာခံကိုတက်ရောက်ခဲ့ရတယ်။ ဘုရင့်သမီးတော် ဆိုပြီး ကြာရိပ်ရံခြယ် သုံးရွေ့လယ်မှာ စံပါယ်ပျော်ပါးနေလို့ မရတော့ဘူးလေ။
စစ်မက်အခြေအနေတွေ ကို တပ်မင်းတွေ က သဝဏ်တစ်ခုပြီး တစ်ခုတင်သွင်း လျှောက်တင်နေကြတယ်။ နေရာဒေသ၊ စစ်အင်အား စစ်ပွဲ ဖြစ်ပေါ်မှု ဘယ်လိုပဲ ကွာခြား ပေမယ့် တစ်ခုတည်းသော အခြေမှာ တူညီနေကြတယ်။ ဂျွန်းစစ်တပ်ကြီးဟာ အင်အားကြီး မားလှကြောင်း ဥဿာရဲ့ အင်အားနဲ့မယှဉ်သာအောင် တောင့်တင်းခိုင်မာ လှကြောင်း၊ တောတောင်ဒေသ ကျွမ်းကျင်ကြကြောင်း၊ တိုက်ရည်ခိုက်ရည် ပြည့်ဝကြောင်း၊ ပြီးတော့ စစ်ရေး လမ်းတစ်လျှောက်လုံး အခက်အခဲမရှိ စီးနင်းသိမ်းပိုက်လာကြကြောင်း၊ နောက်ဆုံး တော့ ဥဿာအနီးကို ချဉ်းနင်းလာကြပြီ ဖြစ်ကြောင်း။
စစ်ရေး ညီလာခံဟာ သေနင်္ဂ အစီအမံတွေ ကို တိုင်ပင်ညှိနှိုင်းရင်းအမိန့်တော် တွေ ထုတ်၊ စာချွန်တွေ ပို့နဲ့ လှုပ်ရှားတက်ကြွနေရမယ့်အစားတိတ်ဆိတ်ထိုင်းမှိုင်းလို့ နေတော့ တယ်။ ခင်ဦးရဲ့ ခမည်းတော် ဟာ စစ်မှာ မွေ့လျော်ရှာသူမဟုတ်ဘူး။ စစ်ကို အလေ့ကျွမ်းသူ မဟုတ်ဘူး။ အခုလိုတစ်ပြည်ရပ်ခြားဂျွမ်းစစ်တပ်ကြီးက ဘွားခနဲပေါ်လာတော့ ခမည်းတော် ဟာ ထိတ်လန့်စိုးရိပ်ခြင်းကလွဲလို့ ဘာမှ မတတ်နိုင်ရှာဘူး။ အို… ခမည်းတော် သာ မက ပါဘူးလေ။ ဥဿာတပ်မင်းတွေ ၊ တပ်မှူးတွေ အမှူးအမတ်တွေ အားလုံးဟာလည်း စစ်ရဲ့ အေးစက်တင်းကျပ်တဲ့ ဆုပ်ကိုင်မှု အောက်မှာ ကြံရာမရ ဖြစ်နြေ ကတော့တယ်။
နောက်ဆုံးတော့ ခင်ဦး မနေသာတော့ဘူး။
‘မြို့စောင့်တပ်လောက်နဲ့ပဲ ဥဿာကို အလုံအခြုံပိတ်၊ အစောင့်ထားခဲ့ပြီး ဂျွမ်းစစ်တပ်ကြီးကို ထွက်တိုက်လိုက်ကြရင်ကော၊ ရန်သူကိုမြို့တော် အနီး သီခွင့်မြပေးဘူး လေ’
ခင်ဦးရဲ့ အကြံပေးမှု ဟာ အားလုံးရဲ့ အကြည့်နဲ့ပဲ တုံ့ပြန်ခြင်းခံလိုက်ရတယ်။ တစ်ဦး တစ်ယောက် မှ စကားမှတ်ချက်မထွက်ဆိုကြဘူး။ ခမည်းတော် ကတော့ ခေါင်းကိုလည်း လေးပင်စွာ ခါယမ်းနေတယ်။
သူတို့အားလုံးကိုကြည့်ပြီး ခင်ဦးရင်ထဲမှာ မခံချိမခံသာ ဖြစ်လာတယ်။ စစ်ရဲ့ လက်တံရှည်တွေ က ဖမ်းဆုပ်တော့မယ့်ဆဲဆဲမှာ ဘာကြောင့်တွေ ဝေ ငေးငိုင်နေကြရ တာလဲ။ ခင်ဦးအော်ပစ်လိုက်မိတယ်။
‘ထွက်တိုက်ကြမယ်လေ၊ ခင်ဦးကိုယ်တိုင် ပင်တိုင်နန်းက ရံရွေတွေ ကို အိုးစား တပ်ဖွဲ့ပြီး ရှေ့ကချီတက်’
‘သမီးတော် အေးအေးဆေးဆေး စံနေစမ်း’
ခမည်းတော် ရဲ့ အသံက ငေါက်ငမ်းသံ။ ရှုပ်ထွေးလေးပင်နေတဲ့စိတ်အစဉ်ကြောင့် ခမည်းတော် ဟာ ခင်ဦးကို ခပ်ငေါက်ငေါက် မိန့်လိုက်တာပဲဆိုတာ သိပေမယ့် သစ်ကိုင်း ခြောက်တစ်ခုလို ကြွပ်ဆတ်နေတဲ့ခင်ဦးကလည်း ဆတ်ဆတ်ထိမခံ သာမန်အရပ်သူလိုပဲ တုံ့ပြန်လိုက်မိတယ်။
စစ်ရေး ညီလာခံကနေ ခင်ဦး ထထွက်လာခဲ့တယ်လေ။ သူတို့ ဘာသာသူတို့ ဘာပဲဆွေးနွေးဆွေးနွေး၊ ဘာပဲ ဆုံးဖြတ်ဆုံးဖြတ်၊ ခင်ဦးစိတ်လိုက်မာန်ပါ အဲသည်လို ထွက် လာခဲ့မိလို့လည်း…။
ဂျွမ်းစစ်သည်တို့ရဲ့ ထိပါးနှောင့်ယှက်စစ်ဘက်အရေး မှာ တမ္ပဒီပက အနုရုဒ္ဓါဘုရင်ထံ စစ်ကူတောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခင်ဦးမသိလိုက်တော့ဘူး။
‘အနုရုဒ္ဓါဟာ ဘုန်းကြီးတဲ့ဘုရင်တစ်ပါးပဲ သမီးတော် ၊ တမ္ပဒီပလည်း အခုအခါမှာ အလွန်တောင့်တင်းတဲ့ လက်နက်နိုင်ငံတော် ကြီး ဖြစ်နေတယ်။ အနုရုဒ္ဓါရဲ့ မှူးမတ်ဗိုလ်ပါ ကလန်သံပျင်တွေ ဟာလည်းသူတို့နိုင်ငံတော် ကြီးထူထောင်ရေး မှာ အလွန်ညီညွတ် တက်ကြွ ကြတယ်။ ဒါကြောင့် အနုရုဒ္ဓါ ဆီကို စစ်ကူတောင်းဖို့ ခမည်းတော် တို့ စီစဉ်လိုက်ကြတာပဲ’
ခမည်းတော် က ခင်ဦးကို ချော့မော့နှစ် သိမ့်ရှာပါတယ်။ ခင်ဦးစိတ်ကောက်တုန်းပဲလို့ ခမည်းတော် ထင်ဟန်တူပါရဲ့ ။ ဟင့်အင်း…ခင်ဦးက စိတ်မကောက်တော့ပါဘူး။ တိုင်းတစ်ပါး အတွက် တစ်ခုခုစီမံပြီးကြပြီဆိုရင် ခင်ဦး ကျေနပ်ပါတယ်။ ဒါပေမဲ့…။
‘စစ်ကူမတောင်းလို့ကော မ ဖြစ်ဘူးလား ခမည်းတော် ဘုရား။ အဲဒီ တမ္ပဒီပဆိုတာ ကကော ဂျွမ်းတွေ ကို ယှဉ်နိုင်ပါ့မလား’
‘သူတို့မှာ လေ့ကျင့်ထားတဲ့ တပ်တွေ ရှိတယ်။ စစ်ရည်ဝနေတဲ့ သူရဲကောင်း တွေ လည်း ရှိတယ်။ အင်အားလည်းတောင့်တင်းတယ် သမီးတော် ’
‘သူတို့ အင်အား ဘယ်လောက်စစ်ကူပေးမှာ တဲ့လဲ’
‘လေးသိန်း’
လေးသိန်း။ အို…တိုင်းပြည်တစ်ပြည်မှာ ဒီလောက်အင်အားကြီးတဲ့ တပ်တွေ ရှိသ တဲ့လား။ ခင်ဦးအံ့ဩမိတာအမှန်ပဲ။ ဒါပေမဲ့ခင်ဦး အားတက်သွားတယ်။
‘တမ္ပဒီပ ဘုရင်က ဘယ်လိုအကြောင်းပြန်သလဲ ခမည်းတော် ’
‘နက်ဖြန်ပဲ ပုဂံစစ်ကူတပ်တွေ ရောက်လြာ ကတော့မယ်သမီးတော် ၊ စစ်ကူတပ် တွေ ကိုကြိုဖို့ သမီးတော် ကိုယ်တိုင် အဆင်သင့်လုပ်ထား’
ဥဿာနေပြည်တော် သူ နေပြည်တော် သားတွေ ကတော့ မြို့တော် အဝင် လမ်းမကြီးတွေ မှာ နေရာယူကြတယ်။ မှူးမတ်စစ်သည်တွေ က စခန်းအဆင့်ဆင့် ခွဲပြီး အကြိုထောက်ကြ တယ်။ ခမည်းတော် က မြို့ရိုးအတွင်း မဏ္ဍပ်နန်းမှာ အသင့်စောင့်တယ်။ ခင်ဦး ကတော့ ပင်တိုင်နန်းရဲ့ လေသာဆောင်ထက်ကပဲ ပုဂံစစ်ကူတပ်ကိုကြိုရမယ်လေ။
တစ်မနက်လုံး တစ်မွန်းတည့်လုံး စောင့်ခဲ့ရပြီး…။ မွန်းတိမ်းစပြုတော့မှ ပုဂံစစ်ကူ တပ်ဟာ ဥဿာမြို့နန်းထဲကို ဝင်စေတယ်။ ကိုယ့်ထီးကိုယ့်နန်းကို ရန်သူထိပါးလာတဲ့ အရေး မို့ ကိုယ့်ဘက်က စစ်ကူပေးမယ့် အရေး မို့သာကြိုဆိုရတာ ။ အချိန်တွေ မနည်းမနော စောင့်ရ။ ပူပြင်းလှတဲ့ နေရှိန်အောက်မှာ အခမ်းအနား သဘင်တော် နဲ့ စီစဉ်ရလို့ ခင်ဦး စိတ်တိုနေမိတာ အမှန်ပါပဲ။ အရောက်နောက်ကျလှတဲ့ ပုဂံတပ် နန်းမြို့တွင်းဝင်လာချိန်မှာ ခင်ဦး သိပ်ပင်ပန်းနေပြီလေ။
ဒါပေမဲ့ သဲသဲလှုပ်ကြိုဆိုကြသံ၊ ဟစ်ကြွေးကောင်းချီးပေးသံ၊ စည်တီးသံ၊ ခရုသင်း မှု တ်သံတွေ ကြောင့် ခင်ဦးစိတ်တွေ လှုပ်ရှားသွားတယ်။ ပင်တိုင်နန်း လသာဆောင်ကနေ အဝေးဆီသို့ လှမ်းမျှော်မိတယ်။
ကြက်သွေးရောင် တံခွန် တွေ က တအိအိဝဲလို့။ နေရောင် အောက်မှာ အဲမောင်း လှံသွားတွေ က ဝင်းပလို့၊ အရောင် စုံတဲ့ အကြိုထောက်သူ ဥဿာတပ်များ အလယ် မင်း လမ်းမတစ်လျှောက် အသားကျမြင်းနှင်လာကြတဲ့ပုဂံတပ်….။
လေးသိန်းဆိုတဲ့ စစ်သည်အရေအတွက်ကိုခင်ဦး စိတ်ကူးထဲမှာ တောင် ပုံဖော်ကြည့် လို့မရဘူး။ သည်လောက်များ ပြားတဲ့ တပ်တွေ ဟာ ဘယ်လိုများ နေရာယူချီတက်လာ ကြမှာ လဲ၊ ဥဿာနန်းမြို့တွင်းရဲ့ မြေကွက်လပ် ရင်ပြင်မှာ သူတို့ဆင်တွေ မြင်းတွေ ချေချ စရာမှ ရှိပါ့မလား။
အတွေးတွေ နဲ့ ပျော်ရွှင်တက်ကြွနေတဲ့ ခင်ဦးဟာ အနားက ရံရွေကြီးတစ်ဦးက သတိပေးလိုက်တော့မှပဲ ပင်တိုင်နန်းရှေ့ စစ်ကူဖြတ်တော့မယ်ဆိုတာ သိရပါတော့တယ်။
သည်လေးသိန်းတပ်ကို ဦးစီးလာမယ့် သေနာပတိဟာ ဘယ်သူလဲ၊ သည် သူရဲကောင်းဟာ သာမန်လူတွေ ထက် နှစ် ဆလောက်ပိုကြီးတဲ့ ကိုယ်ခန္ဓာနဲ့ ချပ်ဝတ်တန် ဆာတွေ နဲ့ လက်နက်မျိုးစုံကို ချိတ်ဆွဲဆင်ယင်လို့ရန်သူ ရင်ဆိုင်လိုက်ရင်ပဲ ထွက်ပြေးရ တော့မယ့် အားခွန်ဗလ၊ လူ့ဘီလူးကြီးလို မျက်နှာ၊ ထွားကျိုင်းတဲ့ပခုံးတွေ ၊ ရင်အုပ်ကြီးတွေ ၊ ပြီးတော့ မုတ်ဆိတ်ပါးမြိုင်းနဲ့ စစ်ရည်ဝနေတဲ့ စစ်ရောင် ပြောင်နေတဲ့ စစ်သည်ကြီး ဖြစ် မှာ ပေါ့။
တောက်ပတဲ့ ကြက်သွေးရောင် ဝတ်စုံဝတ်သဏ္ဌာန်တစ်ခုဟာ မြင်းညိုကြီးကိုစီးပြီး ရှေ့ဆုံးက ဦးဆောင်လာတယ်။ သူ့လက်ထဲမှာ ငွေရောင် အမြိတ်တွေ တဖွားဖွားကျနေတဲ့ ရွှေရောင် တံခွန်ကို အထက်မြှင့်မြောက်ပြီးကိုင်လာတယ်။ အခြားစစ်သည်တွေ လို ကြက် သွေးရောင် တံခွန်ကို မကိုင်ဘဲအထူးခြားဆုံး ရွှေရောင် တံခွန်ကို ကိုင်လာတဲ့အတွက် သူဟာ ပုဂံတပ်ရဲ့ အကြီးအကဲ သေနာပတိပဲ ဖြစ်ရမယ်။ ခင်ဦးနားလည်လိုက်တယ်။ ခင်ဦး ရပ် နေတဲ့ လသာဆောင်ဟာ အမြင့်ဆီက ဖြစ်ပေမယ့် ဝဲယာဘေးနှစ် ဖက်မှာ စုပြုံနေကြတဲ့ လူ အုပ်ကြီးနဲ့ ဦးရစ်ပေါင်းတွေ ကို မစဲတမ်း ပစ်မြှောက်နေကြတာကြောင့် ပုဂံတပ်ရဲ့ ရှေ့ဆုံးက ရွှေရောင် တံခွန်တိုင် သေနာပတိကို သဲသဲကွဲကွဲ မမြင်ရဘူး။
ဒါပေမဲ့ ပင်တိုင်နန်း လသာဆောင် ရှေ့တည့်တည့်ရောက်တဲ့အခါမှာ တော့ တရွေ့ ရွေ့ချီလာတဲ့သူဟာ မြင်းကိုတုံ့ရပ်လိုက်တယ်။ ဒါဟာ ဥဿာဘုရင့်သမီးတော် မဏိစန္ဒာရဲ့ ပင်တိုင်နန်းဆိုတာ သူသိပြီး ဖြစ်မှာ ပေါ့။ ပင်တိုင်စံ သမီးတော် ကိုယ်တိုင် လသာ ဆောင်က ထွက်ကြိုနေတယ်ဆိုတာလည်း သူသိပြီး ဖြစ်မှာ ပေါ့။ သူ့မြင်းကို တုံ့ရပ်ပြီး သမီးတော် ကို အရိုအသေပြုစုရမယ်လေ။
သည်အချိန်မှာ တော့ သဲသဲကွဲကွဲ မြင်ရပါပြီ။
ရွှေရောင် တံခွန်ရဲ့ ဟိုဘက်မှာ ကွယ်နေတဲ့ စစ်သားကြီးဆီကို ခင်ဦးပန်းပွင့်တွေ ကြဲချလိုက်တယ်။ ပန်းတွေ ဟာ ဝဲပျံပြီး ခုန်ဆင်းသွားတယ်။ ဒါပေမဲ့ လေအဟုန်ကြောင့် ခင်ဦးရဲ့ ပန်းတွေ အနက် တစ်ပွင့်တည်းသော ပန်းသာလျှင် သူ့ဆီရောက်သွားတယ်။ အဲ သည် ပန်းပွင့်ကလေးကလည်း ရွှေရောင် တံခွန်ထိပ်ဖျားကို ထိမှန်ပြီး သူ့ရင်ဘတ်ကနေ တစ်ဆင့် သူ့ဝတ်ရုံပေါ်လျှောစီးသွားပြီး သူ့မြင်းရဲ့ ရှေ့ခြေအောက် မြေမြင်ပေါ်ကျသွား တယ်။
ပန်းပွင့်တွေ လာရာအရပ်ကို သူ မော့်ကြည့်လိုက်တယ်။
ဖုံးကွယ်နေတဲ့ ရွှေရောင် တံခွန်ကိုဖယ်ရှားပြီး လသာဆောင်ဆီကို သူမော့်အကြည့် ခင်ဦးကလည်း သူ့မြင်းခြေထောက်ရှေ့က ခင်ဦးရဲ့ ပန်းပွင့်ကလေးကို ငုံပြီးလှမ်းအကြည့်။
အရာခပ်သိမ်းရဲ့ နိဒါန်းအစပြုရာဟာ အဲသည်တဒင်္ဂပါ။
အသံအားလုံး ရုတ်ခြည်းတိတ်ဆိတ်၊ မြင်ကွင်းအားလုံး ရုတ်ခြည်းလွင့်ပြယ်။ အို… တစ်လောကလုံး ကွယ်ပ။ တိုးလျှိုးဟင်းလင်း ဖောက်ထွင်းထားတဲ့ အလင်းတန်းတစ်ခုကပဲ အဟုန်ပြင်းစွာ နဲ့ဖြတ်ပျံသွား။
အသံတွေ ကို ပြန်လည်ကြား၊ မြင်ကွင်းတွေ ကို ပြန်လည်မြင်၊ ဝန်းကျင်ကို သတိ ထားမိတဲ့ အာရုံ ပြန်လည်စုစည်းချိန်မှာ တော့ ခင်ဦးရင်ထဲမှာ နတ္ထိကို တွေ့ နေရတယ်။ ရွှေရောင် တံခွန်တိုင် မြင်းညိုရှင်ဟာ ပင်တိုင်နန်းရှေ့မှာ မရှိတော့ပါဘူး။ သူဆက်လက် ထွက်ခွာ သွားပါပြီ။
သူ့ရဲ့ မြင်းခြေထောက်ရှေ့ မြေပြင်ပေါ်သို့ ကျသွားတဲ့ ခင်ဦးရဲ့ ပန်းပွင့်လေးလည်း မရှိတော့ပါဘူး။ ဟင့်အင်း…. သူ့မြင်းနဲ့ နင်းခြေဖြတ်လျှောက်သွားတာ မဟုတ်ဘူး။ သူ ကောက်ယူသွားတာ၊ ဒါပေမဲ့ ဒါပေမဲ့လေ…။ သူကောက်ယူပုံက မြင်းပေါ်ကပဲ။ သူ့ လက်စွဲ အဲမောင်းလှံသွားနဲ့ ပန်းပွင့်လေးကို ထိုးစိုက်၊ လှံသွားထက်ပါလာတဲ့ ပန်းပွင့်ကိုမှ သူက ဖြုတ်ယူသွားတာ။
သည်ကတည်းက ခင်ဦး တွေးခဲ့ဖို့ကောင်းပါတယ်။ ခင်ဦးရဲ့ ပန်းပွင့်လေးဟာ အနာ တရ ဖြစ်ပြီးမှ သူ့ဆီရောက်ရတာ ပါလား ဆိုတာလေ။ ဪ… သူရဲကောင်းတစ်ဦးရဲ့ ပန်း တစ်ပွင့် ဆင်မြန်းသိမ်းယူမှု ဆိုတာ သည်လိုပါပဲလား။ ခင်ဦးသည်ကတည်းက တွေးမိ ခဲ့ရင် ကောင်းသားလေ။
အခန်း (၂)
ပုဂံသားတို့ ကြွားလှချည့်လို့ ပြောရတော့မယ်ထင်ပါရဲ့ ။
ခမည်းတော် ပြောခဲ့တဲ့ စစ်ကူအင်အား လေးသိန်းဆိုတာ ဘယ်မှာ ရှိလို့လဲ။ သူ ကျန်စစ်သားရယ်၊ ပြီးတော့ လက်ရုံးတပ်မှူးကြီး သုံးယောက် ရယ်။ သူတို့စုစုပေါင်း လေး ယောက် နဲ့အတူ မ ဖြစ်စလောက်အဆောင်အယောင် နောက်လိုက်စစ် သည်တော် တွေ နဲ့ သူတို့ဥဿာနန်းတော် ထဲ ခမည်းတော် ဆီ အခစားဝင်ခဲ့ကြတယ်။
ဒါပေမဲ့ လျှို့ဝှက်တပ်စွဲထားတဲ့ ပုဂံစစ်သည်တွေ ဟာဥဿာရဲ့ မလှမ်းမကမ်း တော တောင်ဒေသတွေ ဆီရှိတယ်လို့တော့ သတင်းသဲ့သဲ့ ကြားရရဲ့ ။ ဥဿာမှာ တော့ စကားတစ် ခွန်း ဖြစ်ပေါ်နေတော့တယ်။
‘ကျန်စစ်သား၊ ငထွေ၊ ငလုံး၊ ငဖီး စစ်သူကြီးလေးဦးဟာ စစ်သည်လေးသိန်း အားနဲ့ညီမျှတယ် လူသာမန်မက နတ်ဘီလူးစစ်သည်မျှ စွမ်းတယ်။ ဂျွန်းစစ်တပ်ကြီး ဟာ ပုရံသူရဲတွေ အောက်မှာ ကစဥ့်ကလျား ဖြစ်ကြလိမ့်မယ်။ ဥဿာဟာ ရန်သူ့ ဘေးက ကင်းဝေးလိမ့်မယ်’
စစ်ကူတပ်ဖွဲ့စစ်သူကြီးတွေ ကို ကြိုဆိုတဲ့ အခမ်းအနား သဘင်ကျင်းပဖို့ ခမည်း တော် နဲ့ ဥဿာနန်းတွင်း မှူးမတ်တွေ က စီစဉ်ကြတယ်။ ဒါပေမဲ့… ခေါင်းဆောင်သေနာ ပတိကြီးက လျှောက်တင်ငြင်းပယ်သတဲ့လေ။
‘စစ်ရေး သာ အဓိက ဖြစ်ပါတယ်။ ဦးစားပေးရမှာ က ဂျွန်းရန်သူတွေ ကိုတိုက် ထုတ်ဖို့ ပါ။ ကြိုဆိုခြင်း အခမ်းအနားသဘင်နဲ့ဥဿာမပင်ပန်းပါစေနဲ့၊ စစ်ပွဲကြီးပြီးတော့မှ အောင်ပွဲနဲ့ အတူဆင်ယင်ကြပါတဲ့’
အပြောကြီးလှချည့် ၊ အကြွားသန်လှချည့် ပုဂံသားကြီးရယ်လို့ ခင်ဦးစိတ်ထဲက ပြောနေမိတယ်။ ဒါပေမယ့် ခင်ဦးရဲ့ အပြုံးဟာ လှောင်ပြောင်တဲ့ အပြုံးမဟုတ်ပါဘူး။ ဖြစ်ခြင်း ဖြစ်ရင် ဟိုလေရှက်ပြုံး၊ ရှက်တဲ့အပြုံး။
မျက်လွှာချထားမိပေမယ့် သူလှမ်းကြည့်နေတာကို ခင်ဦးသိပါတယ်။ မျက်ထောင့် တစ်ဝင့်၊ မျက်ဝန်းအဖွင့်မှာ ဖျတ်ခနဲခင်ဦးလှမ်းကြည့်လိုက်တာကို သူ…‘အကြည့်မိ’ သွားတော့လည်း ခင်ဦးရှက်လိုက်တာ။
စစ်စကားနဲ့ စစ်အထားအသိုတွေ အကြာင်း ပြောနေတဲ့ စစ်သူကြီး။ သူ့ဝဲဘက်ရင်အုံ ပေါ်မှာ ဘာကြောင့် ဟိုနေ့က ခင်ဦးရဲ့ ပန်းပွင့်လေးကို သူချိတ်တွယ်ထားသလဲ၊ အနာတရ ပန်းပွင့်လေးလေ။
မပြောဘဲ ကြားနေရတဲ့ စကားလုံးတွေ ၊ မကြည့်ဘဲ မြင်ရတဲ့အရောင် အသွေးတွေ ၊ မမေးဘဲ ဖြေရတဲ့နှုတ်ထွက်စကားသံတွေ ကို ခင်ဦး ကတော့ ဘာကြောင့် နားလည်နေပါ သလဲ။ ဝေးကွာမှု ဆိုတာ ဘာပါလိမ့်၊ သူစိမ်းတစ်ရံဆံ ဖြစ်မှု ဆိုတာ ဘာပါလိမ့်။ နားလည်ခြင်း ဆိုတဲ့ အပြာနုရောင် ဇာပဝါလေးရဲ့ ဟိုဘက်သည်ဘက် အမြိတ်နှစ် စကို အတူဆွဲကိုင်ရင်း ညင်ညင်သာသာလေး လှုပ်ယမ်းမိကြတဲ့ သူနှစ် ဦး၊ တစ်ဖက်တစ်ချက်ဆီက လက်အစုံတို့ရဲ့ နွေးထွေးစီးဆင်းမှု ဟာ အပြန်အလှန် ကူးပျံ့လို့။ အို…ခင်ဦးသိတာပေါ့။
ဆူးချွန်တွေ ကြားက နှင်းဆီပွင့်ကလေးကို ခင်ဦးနားလည်လိုက်မိတယ်။ လဝန်းရဲ့ ဝန်းပမှု ဟာ မည်းမှော င်၊ တိမ်တိုက်ကို အရင်အတည်ပြုတယ်ဆိုတာ၊ နံနက်အရုဏ် လေပြည်ဟာ မိုးသက်မုန်တိုင်း အစဲကာလကြောင့် ပိုမိုလှပတယ်ဆိုတာ ခင်ဦး နားလည် လာရတယ်။ စစ်ပွဲကြီးတစ်ခုဟာ အချစ်ကို သယ်ဆောင်လာသတဲ့။
သူ…ဥဿာကို ဂျွမ်းစစ်သည်တွေ ရဲ့ အန္တရာယ်က ကာကွယ်နိုင်ပါစေ။
သူ ခင်ဦးကို ကမ္ဘာလောကရဲ့ အရုပ်ဆိုးအကျည်းတန်မှု တွေ အန္တရာယ်က ကာ ကွယ်နိုင်ပါစေ။
ဂျွမ်းစစ်သည်တပ်ကြီးကို ပုဂံသားတွေ တွန်းလှန်ဖြိုခွင်းလိုက်ပုံ ကတော့ ဥဿာရဲ့ ရာဇဝင်မှာ ကမ္ပည်းတွင် ရစ်မှာ ပါ။
ခင်ဦးရဲ့ ရံရွေခေါင်းချုပ် အထိန်းတော် ကြီးရဲ့ သားဟာ ဥဿာမြို့စောင့်တပ်ဖွဲ့ ဝင် တစ်ယောက် ဖြစ်တဲ့အပြင် စစ်ပွဲကိုလည်း မျက်ဝါးထင်ထင် တွေ့ ခဲ့ရသူ။
ဥဿာရဲ့ အရေး ပါတဲ့ အထောက်မျက်နှာတွေ မှာ လျှို့ဝှက်တပ်စွဲထားတဲ့ ပုဂံတပ် တွေ ရှိတယ်။ အဲသည် ပုဂံတပ်တွေ နဲ့အတူ မြို့ခံဥဿာတပ်သားတွေ ဟာ ပူးပေါင်းနေရာ ယူထားကြတယ်။ သည်တပ်တွေ ရှိနေကြောင်းကို ရန်သူ ဂျွန်းစစ်တပ်ကြီး မပြောနဲ့၊ ဥဿာသားတွေ တောင်မှာ မသိခဲ့ကြဘူး။
သူ့သားဆီက မျက်မြင်သတင်းကို အထိန်းတော် ကြီးက မြိန်ရေယှက်ရေ ပြန်ပြောပြ လေရဲ့ ။
‘သေနာပတိ ကျန်စစ်သားနဲ့ သူရဲကောင်းသုံးဦးတို့ဟာ ဂျွမ်းတွေ တပ်စွဲထားတဲ့ တောစပ်တောင်တန်း လျှိုတွေ ဆီကို မြားတွေ လိုဖွင့်ထွက် ကြသတဲ့ထိပ်ထားရယ်။ အဲဒါဟာ စစ်ရဲ့ ပဏာမတိုက်ပွဲအဖွင့်တဲ့၊ မြားတံလေးစင်း တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သလို ရန်သူတွေ ကြားထဲ သူတို့လေးယောက် ဖောက်ဝင်ကြသတဲ့။ သူတို့ရဲ့ မြင်းခွာတွေ ဟာမြေပြင် နဲ့ မထိတော့ဘူးဆိုပဲ’
‘တောတွေ တောင်တွေ လျှိုတွေ ကြားမှာ စိတ်ချလက်ချ တပ်စွဲပြီး အားမွေးနေကြတဲ့ ရန်သူတွေ ဟာ မမျှော်လင့်ဘဲ ရောက်လာတဲ့ နတ်ဘီလူးလေးယောက် ကြောင့် အထိတ် တလန့် ဖြစ်ကုန်ကြသတဲ့။ ပုဂံသူရဲကောင်းတွေ ကလည်း ရန်သူ့တပ်ထဲကို အတင်းတရ ကြမ်း မွှေနှောက် ထိုးခုတ်လိုက်ြ ကတော့တာပဲ။ အံမလေး ထိပ်ထားရယ်၊ သူတို့လက်ထဲက အဲမောင်းလှံတွေ နဲ့ ဓားတွေ ဟာ ရိပ်ခနဲ ရိပ်ခနဲ ဖြစ်နေလိုက်ပုံများ စကြာလို လည်ပတ်နေ ရောတဲ့။ အငိုက်မိခံရပြီး ဖရိုဖရဲ ဖြစ်သွားတဲ့ ရန်သူတွေ ဟာ အတော် ကြီးကြာမှ အင်အား ပြန်စု၊ သေနင်္ဂပြန်ဖွဲ့ပြီး သူရဲကောင်းတွေ ကိုတိုက်ကြတာပေါ့။
ဒါပေမဲ့ သည်အချိန်မှာ ကျန်စစ်သားတို့ဟာ ပိတုန်းကောင်တွေ လို ထပျံတက်သွား ကြပြီလေ။ ရန်သူတွေ ဟာ တရိပ်ရိပ်ပြေးနေတဲ့ မြင်းတွေ ကိုပဲ တွေ့ လိုက်ကြရတော့တာ ပေါ့။ ပြီးတော့ ကျန်စစ်သားနဲ့ သူရဲကောင်းတွေ ဟာ လာစဉ်တုန်းကလိုပဲ ပြန်အထွက်မှာ စစ်ကြောင်းလေးခုဖြန့်ပြီးထွက်ကြတာဆိုတော့ ရန်သူဟာဘယ်သူ့နောက်ကို ဘယ်လိုလိုက် ရမှန်းမသိ ဖြစ်သွား သတဲ့’
‘ကျန်စစ်သားတို့ဟာ လျှို့ဝှက်တပ်စွဲထားတဲ့ ဥဿရဲ့ အစောင့်နေရာတွေ ဆီကို စစ်မြှူလာခဲ့ကြတာကိုး။ ရန်သူ ကတော့ ပျားအတုပ်ခံရသလို ဒေါသတွေ နဲ့မွှန်ပြီး သဲကြီး မဲကြီးလိုက်ကြသတဲ့။ အလိုလိုပဲ ရန်သူ့စစ်ကြောင်းဟာလည်း လေးခုလေးဖြာ ကွဲထွက် သွားတော့တာပေါ့။ အဲဒါဟာ ရန်သူ့အင်အားကို အစိတ်စိတ်ဖြာသွားအောင် ဖြိုခွင်းလိုက်တဲ့ စစ်သေနင်္ဂပဲ ထိပ်ထားရဲ့ ’
အထိန်းတော် ကြီး ပြောနေလိုက်ပုံက သူကိုယ်တိုင်ပဲ ပုဂံသူရဲကောင်းကြီး ငထွေရဲ့ မြင်းပေါ်လိုက်လာခဲ့ရတဲ့အတိုင်း။ ခင်ဦးရယ်ချင်ပေမယ့် သူ့စကားအရှိန်ပျက် မှာ စိုးလို့ငြိမ်ပြီး နားထောင်နေရတယ်။
‘လျှို့ဝှက်တပ်စွဲထားတဲ့နေရာတွေ ကလည်း ကြည့်ဦးထိပ်ထားရဲ့ ’
တချို့က ချောင်းငယ် မြောင်းငယ် မြစ်လက်တက်အစွယ်တွေ ထဲမှာ ၊ တချို့က သစ် တောနက်ကြီးထဲက သစ်ပင်တွေ ပေါ်မှာ ၊ တချို့က တောင်ကုန်းလျှိုမြောင် ကျောက် ကမ်း ပါးယံကြီးတွေ မှာ ၊ ရန်သူတွေ ဟာ မိုက်မိုက်မဲမဲ အတင်းစွတ်လိုက်လာကြရင်းနဲ့ သူတို့ တပ် ကျွံပြီဆိုတာ သိသွားကြပါတယ်။ ဒါပေမယ့် အဲသည်လို သိလိုက်တဲ့အချိန်မှာ ပုဂံသား တွေ နဲ့ ဥဿာမြို့စောင့်တပ်သားတွေ ရဲ့ လှံသွား ဓားသွား မြားတံတွေ က သူတို့ရင်ထဲစွဲဝင် နေကြပြီလေ။ သင်းတို့အံ့ဩဖို့တောင် အချိန်မရလိုက်ဘူး။
‘စစ်ပွဲဟာ တစ်နေ့ခင်းပဲ ကြာလိုက်တယ် ထိပ်ထားရဲ့ ၊ ဂျွမ်းတွေ ဟာ တကယ့်ကို ကစဥ့်ကလျားပဲ၊ အင်အားကြီးတပ်ကြီးပျက်ပြီဆိုတော့ အထိအနာ ကြီး နာကြတာပေါ့။ ပုဂံတပ်သားတွေ ဟာ ရေထဲက ပေါ်လာ၊ သစ်ပင်ပေါ်က ဆင်းလာ ဆိုတော့ ရန်သူတွေ အဖို့ ငါတို့ဟာ လူမဟုတ်တဲ့နတ်ဘီလူးတွေ နဲ့ ရင်ဆိုင်နေ ရပါကလားလို့ အောက်မေ့ သွားကြမှာ ပဲ။ ဟုတ်တယ်လေ။ ကောင်းကင်ပေါ်က ကျလာလိုက်၊ရေထဲကပေါ်လာလိုက်၊ကျောက်ကမ်းပါးယံကြီးတွေ ကြားထဲက ထွက် လာလိုက်ဆိုတော့’
သည်တစ်ခါတော့ ခင်ဦး ရယ်မိတော့တယ်။ အထိန်းတော် ကြီးဟာ နှုတ်ကပြော ရုံနဲ့တင် အားမရတော့ဘူးထင်ပါရဲ့ ၊ ခြေဟန်လက်ဟန်တွေ နဲ့ ဖြစ်လာတော့တာကိုး။
ခင်ဦးလွတ်လပ်စွာ ရယ်နေတာကို အထိန်းတော် ကြီးက အံ့ဩတကြီး ငေးကြည့် နေတယ်။ ပင်တိုင်စံ သမီးတော် ဟာ သည်လိုတစ်ခါမှ မရယ်ဖူးပါဘူးလို့ သူ ထင်ကောင်း ထင်နေမယ်။ ဒါပေမဲ့ ခင်ဦး ရာဇဣနြေ္ဒဆိုတာကို ထိန်းသိမ်းဖို့ မကြိုးစားတော့ဘူး။ လွတ်လပ်စွာ ရယ်မောလိုက်ရခြင်းရဲ့ အရသာကို မြိန်ရှက်စွာ ရရှိနေတယ်။
ခင်ဦးရယ်နေတာကို အစအဆုံးစောင့်ကြည့်နေပြီးတော့မှ အထိန်းတော် ကြီးက
‘ထိပ်ထား … အဲဒီ လို ရယ်လိုက်တော့…’
ဆိုပြီး စကားတန့်နေတယ်။
‘ဘာ ဖြစ်လဲ ပြောလေ၊ အထိန်းတော် ကြီး’
‘ထိပ်ထားက သိပ်ကို ပိုလှသွားတာပဲ’
သည်တော့လည်း ခင်ဦး ရှက်မိပြန်ရောလေ။ ရယ်တာက ရယ်မိခြင်းကို ရှက်တာ မဟုတ်ဘူး။ ရယ်မိတဲ့အကြောင်းကို ပြန်တွေးမိလို့။
အမှန် ကတော့ အထိန်းတော် ကြီးဒေါင်းတည် မောင်းတည်နဲ့ မျက်စမျက်နတွေ ၊ ခြေဟန် လက်ဟန်တွေ ပါလာလို့ ရယ်မိတာ ဖြစ်ပေမယ့် ခင်ဦးရင်ထဲမှာ အမြူးဓာတ် လေးတွေ က ရှိနှင့် ပြီးသားလေ၊ ဟို…သူ့ရဲ့ အောင်ပွဲသတင်းတွေ ၊ သူ့ရဲ့ သေနင်္ဂအစီ အမံ တွေ ကြောင့် ရန်သူထွက်ပြေးရပုံတွေ ၊ ပြီးတော့…သူဟာဥဿာရဲ့ ကယ်တင်ရှင် သူရဲကောင်း ကြီး ဖြစ်လာတဲ့ အကြောင်းတွေ …။
ဟင်…သူရဲကောင်းကြီးတဲ့။
ခင်ဦးရင်ထဲက တစ်ချက်ညှို့သွားတယ် သူရဲကောင်းကြီးတဲ့။ သူဟာ ဥဿာရဲ့ ကယ်တင် ရှင်ကြီးပေါ့။ အားလုံးက လေးစားဂုဏ်ပြုကြရမယ့် သူရဲကောင်းပေါ့။ ဒါ… ဒါဆို သူ့အနားမှာ ဥဿာနန်းတွင်းသူတွေ က ဝိုင်းဝိုင်းလည်လို့ပေါ့။ သူ…သူကလည်း ဥဿာသူတွေ ရဲ့ အောင်ဆုနှင်းတဲ့ပန်းပွင့်တွေ ၊ ပိုးပဝါတွေ ကြားမှာ ဂုဏ်ယူဝင့်ကြွားနေမှာ ၊ သူ့မျက်နှာကြီးမှာ မစဲတမ်း အပြုံးတွေ နဲ့ ဦးခေါင်းကို ညိတ်ညိတ်ပြီး အောင်ဆုကိုလက်ခံနေမှာ ….။
‘ထိပ်ထား…ဘာ ဖြစ်လို့လဲဟင်’
‘ဘာ ဖြစ်လို့လဲ’
‘မဟုတ်ဘူးလေ၊ ဘာကြောင့် ရယ်နေရာကနေ ချက်ချင်း ရပ်ပစ်လိုက်တာလဲ၊ ပြီး တော့လည်း မျက်နှာက ချက်ချင်း …’
‘ဘာ ဖြစ်သလဲ ပြောစမ်း၊ ခင်ဦး ဘာ ဖြစ်နေလို့လဲ’
‘ဟိုဟာပါ၊ တစ်ခုခုအလိုမကျသလို’
‘အို …ဘယ်သူက ဘာ ဖြစ်နေလို့ ခင်ဦးက ဘာကိုအလိုမကျမှာ လဲ၊ ခင်ဦးနဲ့ ဘာဆိုင် လို့လဲ။ သူတို့ဘာသာသူတို့ စစ်ပွဲတွေ အောင်မြင်တာ၊ သူရဲကောင်းကြီးတွေ ဖြစ်နေတာ၊ ခင်ဦးနဲ့ ဘာမှမဆိုင်ပါဘူး။ ခင်ဦးအနေသာကြီးပါ’
‘ဟင် ထိပ်ထား… ဘာတွေ ပြောနေတာလဲ’
‘သူရဲကောင်းကြီးတွေ ၊ လူစွမ်းစစ်သည်ကြီးတွေ ဆိုတာ သိပ်ကြောက်စရာ ကောင်း တယ် သိလား’
‘ဘယ်သူတွေ လဲ’
‘ခင်ဦး ဘယ်သိပါ့မလဲ၊ ကိုယ်တို့ဘာသာ ကိုယ်တို့ရှာကြည့်ပေါ့။ ဝေးဝေးလံလံ ရှာစရာမလိုပါဘူး။ နန်းတွင်းသူတွေ တရုန်းရုန်း ဖြစ်နေတဲ့ နေရာတွေ ကို သွားကြည့် လိုက်ပေါ့’
‘အို… ဟုတ်တယ်…ဟုတ်တယ်၊ ထိပ်ထားပြောမှပဲ သတိရတယ်၊ အခုနန်းတော် ခန်းမဆောင်မှာ စစ်အောင်ပွဲသဘင် ကျင်းပဖို့ စုရုံးနေကြတယ်။ ကချေသည်တွေ လည်း ခေါ်ထားတယ်။ ညကျရင်တော့ သိပ်ပျော်ဖို့ကောင်းမှာ ပဲ၊ အခုနေတော့ သဘင်ကျင်းပဖို့ စီစဉ်နေကြလေရဲ့ ’
‘တော် ကြီးတို့သွားကြပေါ့။ သူရဲကောင်းတွေ ကို ငေးကြပေါ့’
‘သွားမှာ ပေါ့ ထိပ်ထားရဲ့ ၊ ထိပ်ထားလည်း ညဥ့်ဦးမှာ အဆင်သင့် ဖြစ်အောင် လုပ်ထားနော်။ ဝတ်လဲတော် အတွက် ရံရွေလေးတွေ ကို အဆင်သင့် ဖြစ်အောင် ခိုင်းထား လိုက်မယ်’
‘အို … တော် ကြီးတို့သာ သွားကြ၊ ခင်ဦး မလိုက်ဘူး’
‘ဟင်…ဘာ ဖြစ်လို့လဲ’
‘ခင်ဦး နေမကောင်းဘူး’
‘အို … အခု ချက်ချင်း ပဲလား၊ ပန်းကလေးလိုပဲနော်၊ သိပ်နုတာပဲ’
‘အို … ဘာတွေ ပြောနေမှန်းလည်းမသိဘူး’
ဒါပေမဲ့ ခင်ဦးစိတ်ထဲမှာ တော့ ည ကျင်းပမယ့် စစ်အောင်ပွဲဂုဏ်ပြု သဘင်မှာ ဘယ်လိုဝတ်စားဆင်ယင်ပြီး ဘယ်လိုတက်ရောက်မယ်ဆိုတာ စဉ်းစားပြီးပြီလေ။
စစ်အောင်ပွဲ ဂုဏ်ပြုသဘင်ကို ခင်ဦးနေမကောင်းလို့ မလိုက်တော့ဘူးဆိုပြီး အထိန်းတော် ကြီးကို ပြောလိုက်ပြီးကာမှ ကိုယ့်စကားနှင့် ကိုယ်ချည်တုပ်မိသွားတယ်။ ဘမှ မသိရှာတဲ့ အထိန်းတော် ကြီးက -
‘အို… ဟုတ်မှာ ပေါ့၊ ပုဂံစစ်သူရဲကောင်းတွေ ကြိုရတုန်းကလည်း ထိပ်ထား ပင်ပန်းရှာတယ်။ ပြီးတော့ စစ်ပွဲသတင်းကို နားထောင်ရတာ လည်း စိတ်မောမှာ ပဲ။ အင်းလေ၊ အမှန်တော့ ဥဿာကို ဂျွမ်းစစ်တပ်ကြီးဝင်ရောက်ထိပါးကတည်းက ထိပ်ထားခမျာမှာ စိတ်ရောကိုယ်ရော ပင်ပန်းခဲ့ရှာတာကလား။ ဟုတ်ပေတာပေါ့။ သိပ်လှပြီး သိပ်နူးညံ့ရှာတဲ့ ပန်းကလေးတစ်ပွင့်ဟာ သူနဲ့မမျှတဲ့မုန်တိုင်းကြီး တစ်ခုကို ဖြတ်သန်းခဲ့ရရှာတာဆိုတော့ ဟုတ်တာပေါ့ထိပ်ထားရယ်၊ ဒီအချိန်မှာ ထိပ်ထားအနားယူသင့်တယ်။ ကဲ မိန့်တော် မူ၊ အထိန်းတော် ကြီးဘာလုပ်ပေးရမလဲ’
တဲ့။ ခက်လိုက်တာ၊ ရင်ထဲနဲ့နှုတ်ထွက်ဆန့်ကျင်ဘက် ဖြစ်နေတတ်တာမျိုး ကို ငယ်ရာက ကြီးလာတဲ့ သည်မိန်းမကြီး မသိနိုင်ရန်ကော။
‘ဘာမှ လုပ်မပေးနဲ့၊ ဘယ်သူမှလည်း ထိပ်ထားနားမှာ မနေနဲ့ ၊ တော် ကြီး တို့ဘာသာအဲဒီ ဂုဏ်ပြုသဘင်ဆိုတာကြီးမှာ လူတွေ အများ ကြီးနဲ့ သွားနေကြ၊ သွား ပျော်ကြ၊ ထိပ်ထား တစ်ယောက် တည်းနေခဲ့မယ်’
လို့ပြောပစ်လိုက်တယ်။
အထိန်းတော် ကြီးလည်း ခင်ဦးတကယ် စိတ်ဆိုးသွားပြီဆိုပြီး မျက်လုံး အဝိုင်းသားနဲ့ ထွက်သွားရှာတယ်။
ခင်ဦးတကယ်လည်းစိတ်တိုနေတာ။ အားလုံးကိုလည်း မုန်းလိုက်တာ။ အတွေးထဲမှာ မုန်းစရာကောင်းတဲ့သူတွေ တစ်သီကြီး။ ဂျွမ်းစစ်တပ်ကြီးကို ကိုယ်ကိုယ်တိုင် ဥဿာအင်အားနဲ့ မတွန်းလှန်နိုင်ခဲ့တဲ့ ခမည်းတော် နဲ့စစ်သည်မှူး မတ်တွေ ကိုလည်း မုန်းတယ်။ သူ့တို့မတွန်းလှန်နိုင်လို့ တမ္ပဒီပကိုစစ်ကူတောင်းရ တာပေါ့။ တမ္ပဒီပဘုရင် ဟို အနုရုဒ္ဓါဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုလည်း မုန်းတယ်။ သူလွှတ်ပေးလိုက်လို့ သူ့စစ်သည် သူရဲကောင်းကြီးတွေ ရောက်လာတာပေါ့။ ပြီးတော့ အို…ကိုယ့်ကိုယ်ကိုယ်လည်း ခင်ဦးမုန်းတာပဲ။ ပင်တိုင်နန်းမှာ အေးအေး ဆေးဆေး စံမနေဘဲ စစ်ကူလာတဲ့ သူရဲကောင်းအဖွဲ့ကို ထွက်ကြိုခဲ့တယ်လေ။
သည်အထဲမှာ သူတို့တွေ က စစ်အောင်ပွဲ ဂုဏ်ပြုသဘင် ကျင်းပကြဦးမှာ တဲ့။ မုန်းစရာတွေ က တစ်ခုပြီးတစ်ခု။ စစ်ပွဲပြီးလို့ အောင်မြင်ပြီးသွားလည်း ပြီးရော ပေါ့။ စစ်ကူအတွက် လက်ဆောင်ပဏ္ဏာတွေ ဘာတွေ ပေးပြီး ကိုယ့်ဌာနေ ကိုယ်ပြန် ကြပေါ့။ အခုတော့ ကြိုကြ၊ဂုဏ်ပြုကြ၊ ပျော်ပွဲကြီးတွေ လုပ်ကြ၊ ဟို သူရဲကောင်း ဆိုတဲ့ လူကြီးတွေ ကလည်း ဂုဏ်ပြုခံ ပုဂ္ဂိုလ်ကြီးတွေ ပေါ့။
မသွားဘူး။ မသွားဘူး။ ဥဿာနန်းတော် တင်မကဘူး။ တစ်လောကလုံး ရှိရှိသမျှလူတွေ ပျော်ချင် ပျော်ကြ။ အဲသည်ပျော်ပွဲကြီးမှာ ခင်ဦး မပါဘူး။ မသွား ဘူး။ မလိုက်ဘူး။ ခင်ဦး ဟို… နေမှမကောင်းတာ။ ဟုတ်တယ်၊ ခင်ဦးကိုယ် ခင်ဦး ပိုင်တယ်။ နေမကောင်းချင်လို့လည်း ရတယ်။ ဘာ ဖြစ်သေးလဲ။
ပင်တိုင်စံ အဆောင်တံခါးကို မဖွင့်စတမ်းပိတ်ပြီး-
‘ထိပ်ထားလေး…’
ဆိုတဲ့ အသံကြားရလို့ တံခါးဆီလှမ်းအကြည့်လိုက်မှာ သုတ်သီးသုတ်ပျာနဲ့ ဝင်လာတဲ့ အထိန်းတော် ကြီးက-
‘ခမည်းတော် ကြီးဆီက အမိန့်တော် ရောက်လာတယ် ထိပ်ထားလေး၊ ဒီည ကျင်းပမယ့် စစ်အောင်ပွဲဂုဏ်ပြုသဘင်မှာ သမီးတော် မဏိစန္ဒာတက်ရောက် ရမယ် တဲ့ ထိပ်ထားလေးရေ၊ ဘယ့်နှယ်လုပ်မလဲ’
ဘုရင့်အမိန့်တော် နဲ့ သမီးတော် အကြား စိတ်များ နေတဲ့ အထိန်းတော် ကြီးကို ကြည့်ရင်း ခင်ဦး ချက်ချင်း ရယ်ချင်သွားတယ်။
ကဲပါလေ၊ သူ့ကို ကြာရှည်စိတ်ပင်ပန်းမနေစေချင်တော့ပါဘူး။
‘ခမည်းတော် ရဲ့ အမိန့်တော် တဲ့လား’
‘အခုပဲရောက်လာတာထိပ်ထား’
‘ဘယ်မှာ ကျင်းပမှာ တဲ့လဲ’
‘နန်းမဆောင် သဘင်ခန်းမမှာ တဲ့။ ဥဿာနန်းတွင်း အမှု တော် ထမ်းများ အကြီးအငယ် အလတ်မရွေး အားလုံးစုံညီတဲ့၊ ဘုရင်မင်းမြတ်ကိုယ်တော် တိုင် ပါဝင်ဆင်နွှဲတော် မူမှာ တဲ့’
‘ကဲ…ကဲ …ဝတ်လဲတော် အစုံတွေ သာ ယူခဲ့ပါလေ’
‘အို…ထိပ်ထားဟာ တကယ်ကို’
သူ့ရဲ့ အံ့ဩဝမ်းသာ မျက်နှာကြီးကို ကြည့်ရင်း ရယ်ချင်လာတာနဲ့ ခင်ဦးမျက်နှာ တစ်ဖက်လွှဲလိုက်ရတယ်။ ကြည့်ပါဦး၊ မျက်နှာတစ်လှည့် ခေါင်း တစ်ငဲ့အတွင်းမှာ ပဲလောကကြီးဟာမုန်းစရာမကောင်းတော့ဘဲ ချစ်စရာကောင်း သွားပြန် ပါရောလား။
‘ဟင့်အင်း၊ အဲဒီ အစိမ်းရောင် ကြီး မကြိုက်ဘူး၊ မဝတ်ချင်ဘူး’
‘မြရောင် ဝတ်စုံနဲ့ ၊ မြသဘက်ခါးစည်းလေ ထိပ်ထား’
‘အို…စိမ်းနေတာကြီး မဝတ်ချင်ပါဘူးဆို’
‘ဒါဖြင့် ဟောဒီမိုးပြာရောင် လေးကော၊ ဟိုနီလာသရဖူလေးနဲ့ ဆိုရင် သိပ်လှမှာ ထိပ်ထားရဲ့ ’
‘ဟင့်အင်း…မိုးပြာရောင် က ဖျော့လွန်းတယ်’
‘ဒါဆို ဟောဟို စံကားဝါရောင် လေးကော ၊ ထိပ်ထား အသားလေးနဲ့ဆို ဝင်းဝင်း လက်သွားမှာ ၊ စကားဝါ ခြုံလွှာလေးရယ်၊ ဟောဒီမဟူရာဘယက်လေးရယ်၊ ဘယ်လောက် လှမလဲ ကြည့်’
‘အို…အဲဒါလည်း ထိပ်ထားမကြိုက်သေးဘူး’
ဝတ်လဲတော် အစုံတွေ ၊ ဘယက်ဒွါဒရာ အဆင်တန်ဆာ ရတနာတွေ ဟာ ခင်ဦး တို့နားမှာ တိမ်ရောင် စုံလွင့်ကြဲနေကြတဲ့ ညနေခင်းကောင်းကင်တစ်ခုလို ဖြစ်နေပြီ။
အထိန်းတော် ကြီးနဲ့ ကိုယ်လုပ်ရံတွေ တစ်စုံပြီးတစ်စုံထုတ်ပေးနေတဲ့ ဝတ်လဲတော် တွေ ကို ခင်ဦး တစ်ခုမှ စိတ်တိုင်းမကျဘူး။ အထိန်းတော် ကြီးက ခင်ဦးခန္ဓာကိုယ်ပေါ် ကပ်ပြီးပြ၊ ကြေးမုံထဲ လှမ်းကြည့်။ အစိမ်း၊ အဝါ၊ အပြာ၊ အနီ၊ ပန်းဆီ၊ စံကားဝါ၊ ဖက်ဖူး၊ နံ့သာ…။ ဘာတွေ လိုနေမှန်းလည်း မသိဘူး။
ကြည့်နေရင်းမှာ ပဲအရောင် သွေးဟာ မှိန်ဖျော့လွင့်ပြယ်သွားကြသလို။
သရဖူ၊ ဘယက်၊ ပခုံးအုပ်၊ လက်စည်း၊ ခါးစည်းကြိုး၊ နားတောင်း၊ လက်ကောက်၊ အစုံလိုက် အစုံလိုက် ရတနာတွေ ကိုလည်း ခင်ဦးတစ်ခုမှ မျက်စိထဲမတွေ့ ဘူး။ ခက်လိုက် တာ။
‘ဟောဒီ နှင်းပန်းရောင် လေးကော ထိပ်ထား ၊ ကြည့်စမ်း၊ ဆွတ်ဆွတ်ဖြူနေ လိုက်တာများ ၊ ဒါကို ထိပ်ထား တစ်ခါမှ မဝတ်သေးဘူး ’
အထိန်းတော် ကြီးက ကိုယ်မှာ ကပ်ပြီး ပြပြန်တယ်။
‘အို…ကြေးမုံထဲ ကြည့်လိုက်စမ်းပါဦး ထိပ်ထားရယ်၊ လ နတ်သမီးလေးကျနေတာပဲ’
ဖွေးဖွေးဥနေတဲ့ ဝတ်လဲတော် ကို လက်နဲ့သပ်၊ ဆွဲဖြန့်ရင်း ကြေးမုံထဲကို ကြည့် လိုက်တယ်။ အထိန်းတော် ကြီးပြောတဲ့လနတ်သမီးဆိုတာကို တွေ့ မိပါရဲ့ ။ ဒါပေမဲ့ ချက်ချင်း ခင်ဦးအတွေးတစ်ခုဝင်လာတယ်။ သည်ညအောင်ပွဲဂုဏ်ပြုသဘင်မှာ ကချေသည် အဖွဲ့ လည်းပါလာမယ်။ သူတို့တွေ ကကြမယ်။ တေးဆိုကြမယ်။ သူတို့ရဲ့ ဝတ်စုံက အဖြူရောင် ။
ဟင့်အင်း …လနတ်သမီးတွေ က အများ ကြီးရှိနေမှာ ။
‘ဘာလဲဟင်…ထိပ်ထား၊ ဘာကို ပြောတာလဲ’
‘အို…ဘာမှ မဟုတ်ဘူး။ အဖြူဝတ်စုံမဝတ်ချင်ဘူး’
ကြက်သွေးရင့်၊ သစ်ခွပြာ၊ ပန်းနီဝါ။ ခက်လိုက်တာကွယ်။ အရောင် တစ်ခုဟာ လောကမှာ သည်လောက်ရှားပါးရသလား။ ဟိုး မိုးပေါ်ကအရောင် တွေ တက်ရှာရမှာ လား။ ဒါမှမဟုတ် ဟိုး ပင်လယ်အောက်…
အို…ရပြီ၊ ရပြီ…ကြည့်စမ်း၊ ခင်ဦး ဒါကို ဘာကြောင့် အစက မတွေးမိခဲ့ပါလိမ့်။
‘ဟို ကလပ်ပေါ်မှာ တင်ထားတဲ့ ခရမ်းပြာ ပေးစမ်း’
ရံရွေတွေ က ခရမ်းပြာ ဝတ်လဲတော် ကို ဖြန့်ပြီး ထိပ်ထားကိုယ်မှာ ကပ်ပေးဖို့ ပြင်ကြ ပြန်တယ်။ အထိန်းတော် ကြီးက တစ်ကိုယ်စာ ကြေးမုံကြီးကို အလောတော် ရွှေ့ပေးဖို့ လုပ်တယ်။
‘ထိပ်ထားကို တစ်ခါတည်းသာ ဆင်ပေး’
‘ခရမ်းပြာကို ထိပ်ထား ရွေးလိုက်ပြီလားဟင်’
‘ဟုတ်တယ်၊ ထိပ်ထား ဝတ်ချင်နေတာ အဲဒီ အရောင် ’
သူတို့ဘာမှမပြော ကတော့ဘူး။ သင်တိုင်း၊ ခြုံလွှာ၊ ပဝါ၊ ကိုယ်ကြပ်၊ သူ့နေရာနဲ့သူ ဆင်ယင်ချိတ်ဆွဲဖို့ အလုပ်များ သွားကြတယ်။
ခင်ဦး ကတော့ ကြေးမုံထဲမှာ ခရမ်းပြာရောင် ရဲ့ ဖူးပွင့်လာနေပုံကို ကြည့်ရင်း ဒီဝတ်လဲတော် ကို ရက်လုပ်ဆက်သခဲ့တဲ့ အချုပ်တော် အမှု ထမ်းအဘွားအိုကြီးစကားကို ကြားယောင်နေတယ်။
… ဟို ပဝေသဏီတုန်းကပေါ့ ထိပ်ထားရယ်။ အပြောကျယ်လှတဲ့ပင်လယ်သမုဒ္ဒရာ ကမ်းခြေမှာ ဘုရင့်သမီးတော် ကလေးတစ်ပါးဟာ သူ့ရဲ့ ခွေးကလေးနဲ့အတူ လမ်းလျှောက် ထွက်ရင်းနဲ့ လူသူမနီးတဲ့ ကျောက်ဆောင်ကြီးတွေ တစ်နေရာအရောက် ခွေးကလေးက ကျောက်ဆောင်တွေ ကြားထဲပြေးဝင်သွားပြီး ပြန်ထွက်လာတော့ ခွေးကလေးရဲ့ ဖြူလွတဲ့ အမွေးတွေ ဟာ ထူးဆန်းတဲ့ အရောင် တွေ စွန်းထင်းပေကျံလာတာ တွေ့ ရသတဲ့။ အဲဒီ အရောင် ကို ဒိအရင်က ဘယ်လူသားမှ မမြင်ကြဘူးတဲ့။ ဒီအရောင် ထူးဆန်းလွန်းလို့ ဘုရင့်သမီးတော် လေးဟာကျောက်တောင်တွေ ကြားစွန့်စားသွားကြည့်ရာကနေပြီး ပင်လယ် သမုဒ္ဒရာရဲ့ ကျောက်ဆောင်ကျောက်ခက်တွေ အကြား တွယ်ကပ်နေတဲ့ အကောင်လေး တွေ ဆီ ထွက်လာတဲ့၊ အရည်ကလာတဲ့ အရောင် ဖြစ်ကြောင်း တွေ့ ရသတဲ့။ ဒါကို သူ့ရဲ့ အမှု တော် ထမ်းတွေ ပြောပြပြီး ပိုပြီးနက်ရှိုင်းတဲ့ ကျောက်ဆောင်တွေ နဲ့ ရေအောက် ကြမ်းပြင်တွေ ဆီ ရှာခိုင်းတဲ့အခါမှာ အလွန်ထူးဆန်းတဲ့ ကနုကမာလို အကောင်မျိုးလေး တွေ ဆီက အလွန်ထူးဆန်းတဲ့ အရောင် တွေ ကို တွေ့ ရှိလာတယ်။ တွေ့ ရပုံထူးဆန်း လွန်းလို့၊ ပြီးတော့ ခက်ခက်ခဲခဲ ရှာဖွေရတာ မို့ ဒီအရောင် ကိုဘုရင့်သမီးတော် လေးမှတစ်ပါး မည် သူမျှ မသုံးရလို့ဘုရင်ကြီးက အမိန့်တော် ထုတ်လိုက်သတဲ့။ အဲဒါဟာ အခု ထိပ်ထား ကို ဆက်သတဲ့ ခရမ်းပြာရောင် ၊ မဟာဆီ မဟာသွေးများ သာ သုံးစွဲခွင့်ရတဲ့ မဟာ အရောင် ပေါ့ထိပ်ထားရဲ့ ။
ခရမ်းပြာရဲ့ ချစ်စရာဒဏ္ဍာရီကို တွေးမိနေတုန်းမှာ ပဲ သူတို့ ခင်ဦးကိုဝတ်လဲတော် ဆင်ယင်ပေးပြီးသွားကြတယ်။
‘ထိပ်ထား ဘယ်လိုရတနာမျိုး ဝတ်မလဲ’
ပင်လယ်သမုဒ္ဒရာထဲ ကနုကမာတွေ ရဲ့ ခရမ်းပြာဆိုတော့။
‘ပုလဲ လည်ဆွဲပေး’
ဆင်ယင်ထုံးဖွဲ့မှု အားလုံး ပြီးတဲ့အချိန်မှာ ကြေးမုံရှေ့ခင်ဦးရပ်လိုက်တယ်။ ခရမ်းပြာ မိန်းကလေးက ခင်ဦးကို ဝံ့ဝံ့စားစားကြည့်လို့။ မဟာအရောင် ရဲ့ အရှိန်အဝါ အငွေ့အသက် တွေ ဟာ တရိပ်ရိပ်လွင့်တက်နေလေသလား။
ကြေးမုံထဲက သူ့ကိုယ်ထက်မှာ ခရမ်းပြာဝတ်စုံ၊ သူ့လည်မှာ တစ်ကုံးတည်းသော ပုလဲလည်ဆွဲ၊ သူ့ရင်ညွန့်ထက်မှာ ပုလဲကုံးလေးတွေ က ခရမ်းပြာကိုယ်ကြပ်ရဲ့ အထက် အနား အရေး အကြောင်းနဲ့ အထိတထိ လှုပ်ယမ်းလို့။ သူ့ခေါင်းထက်မှာ ဘာသရဖူမှ မရှိ။ သူ့ပခုံး သူ့လက်မောင်းမှာ လည်းဘာ ဘယက်ဒွါဒရာမှ မရှိ။
ဖားလျားပြန့်ကြေနေတဲ့ နက်မှော င်ကေသာ တစ်ထွးတအိ၊ ပြီးတော့ငြိမ်သက် နေရင်းမှာ ပဲ လှုပ်ယမ်းနေတဲ့ ပုလဲလုံးလေးတွေ ။ ပြီးတော့… ခရမ်းပြာ မဟာအရောင် ။
‘ထိပ်ထားရယ်… လှလိုက်တာ၊ လှလိုက်တာ’
လေသံလောက်နဲ့သာ တတွတ်တွတ်ရေရွတ်နိုင်တော့တဲ့အထိန်းတော် ကြီးကို ခင်ဦး တစ်ချက်ပြုံးကြည့်လိုက်တယ်။
‘အောင်ပွဲ ဂုဏ်ြပုသဘင်ကို သွားကြစို့’
နဂါးခေါင်း ဗျပ်စောင်း | ရတနာဂီရိ အကျဉ်းသား | တရားရှင်နှင့် ရာဟုလာ |