Cover

အပိုင်း ၁

မျက်ခွံလွှာတို့ ဖျတ်ခနဲအပွင့်မှာ ပင် တစ်ခုခုထူးခြားနေပြီဟုသိလိုက်၏ ။

အလိုလိုနိုးကြားနေသော အာရုံတွေ က မနားတမ်းလှုပ်ရှားသွားကြသည်။ အထူးသဖြင့် အကြားအာရုံနှင့်အနံ့အာရုံ။ သားရဲတိရစ္ဆာန်တစ်ကောင်နှင့် မခြား၊ တော၏ သဘာဝ ကိုခံစားသိစွမ်းနိုင်သော အကြားအာရုံထဲတွင် အဝေး၏ အဝေးဆီမှလှည်းဘီးသံအီအီ၊ နွားခလောက်သံ ညံညံတို့ကို အမိအရ ကြားလိုက်သည်။ထိုမျှ မကသေး တောရနံ့တို့ ကြိုင်နေသော လေထဲတွင် ‘သားကောင်’၏ အနံ့ကိုပါ ရလိုက်သည်။ အနံ့အာရုံက ဦးနှောက်သို့အကြောင်းကြားသည်။

သားကောင်။ အစာ…..။

ထိုအခါဝမ်းဗိုက်ကလည်းတကြုတ်ကြုတ်မြည် လာ၏ ။ဝလင်စွာ အိပ်စက်ခဲ့ရာမှ နိုးထလာချိန် ဖြစ်သဖြင့် အစာအိမ်သည် အစာကို ပြင်းပြင်းပြပြတောင်းဆိုနေပေပြီ။ အူခွေတို့ကလည်း ဗလာ ဖြစ်နေသော အစာအိမ်ဆီသို့ အစာအဖတ်မဟုတ်သော လေတွေ ချည်းကိုသာ ပို့ဆောင်ပေးနေကြသဖြင့် ဝမ်းဗိုက်ကတကြုတ်ကြုတ်မြည် လာသည်။

ဝမ်းဗိုက်၏ မြည် သံက

“အစာကျွေးတော့၊ အစာထည့်တော့ ၊အသားစိုင် အာဟာရတွေ ပေးတော့…” ဟုအဓိပ္ပာယ်ရ၏ ။

အနားတွင် ချထားသော သန်လျက်ရိုးကို ဖမ်းဆုပ်လိုက်သည်။ သန်လျက်ဟုခေါ်သော်လည်း သွေးစသွေးနတွေ ဗရပွပေကျံစွန်းထင်းနေသည့် ဤလက်နက်သည် သားရဲတစ်ကောင်၏ အစွယ်များ ၊ လက်သည်းများ နှင့် မခြား ရှိနေ၏ ။ အဟင်း..ကျားတို့ ခြင်္သေ့တို့ဝက်ဝံတို့ကချွန်မြထက်ရှလက်သည်းနဲ့ကုပ်ပြီးမှစူးစူးငေါငေါအစွယ်နဲ့ကိုက်ဖဲ့စားသောက်ရသည်။ ဤသန်လျက်ကား သားရဲအစွယ်နှင့် လက်သည်းနှစ် မျိုးတို့၏ အလုပ်နှစ် ခုကို တစ်ပြိုင်တည်းလုပ်နိုင်သော လက်နက် ဖြစ်သည်။

သန်လျက်ဦးချွန်ဖြင့် ထိုးစိုက်၊ ပြီးတော့ထက်မြအသွားနှစ် ဘက်တို့ဖြင့် ခွဲဟဆုတ်ဖွင့်၊ ပြီးတော့ ဖြတ်တောက်ခုတ်လှီး…။ အလုံးစုံသော ကိစ္စကို တစ်ချိန်တည်းမှာ ပင် ပြီးစွမ်းစေသော သန်လျက်ပေပဲ။

အို ဒါ သန်လျက်ရဲ့ အစွမ်း မဟုတ်ပါဘူး။ ငါ့အစွမ်း….။

သန်လျက်ရိုးကို လက်ချောင်းများ ဖြင့် တင်းတင်းဆုပ်လိုက်သော အခါ ခွန်အားတွေ ပိုပြည့်လာသလို ခံစားရ၏ ။ ရှိန်းရှိန်းမြမြသွေးလှည့်ပတ်မှု က လက်မောင်း၊လက်ချောင်း၊ လက်ဖမိုး၊ လက်ဖဝါးများ ဆီသို့ ပူနွေးစွာ စီးဆင်းကြကုန်သည်။ သန်လျက်ကိုစွဲပြီးနောက်……

မြစ်ပျဉ်းများ ထနေသော ပညောင်ပင်ထက်၊ အထိပ်အဖျားဆီသို့ မျောက်ဝံတစ်ကောင်ပမာ လွှဲယမ်းခိုတက်ခဲ့၏ ။ တောအုပ်တစ်ခုလုံးကို တစ်ခွင်တစ်ပြင် ဖြန့်မြင်နိုင်သည့် အပေါ်စီးနေရာကို ရပေပြီ။

ကြည့်လိုက်စမ်းဟေ့…။ ဘယ်နေရာမှာ ဘာရှိသလဲ။

ဟိုးအဝေးဆီမှာ အရှေ့အရပ်မှအနောက်အရပ်သို့ တူရူလျက်တရွေ့ရွေ့ ရွေ့လျားနေသော လှည်းတန်းကြီး။ သွေးကြောတွေ ဖျန်းခနဲ ဖြစ်သွား၏ ။

အချိန်မဆိုင်းတော့။ တက်ခဲ့စဉ်ကလို ပညောင်ပင်အကိုင်းတွေ ၊ အပျဉ်းတွေ ကို တွဲ ခိုကာ ဆင်းမနေတော့ဘဲ၊ ထိပ်ဖျားဆီမှပင် အခြားသော ကညင်ပင်ဆီသို့ လွှားခနဲ ခုန်ပျံကူးလိုက်၏ ။ ကညင်ပင်တစ်ပင်ဆီမှ နောက်တစ်ပင်…။ ထို့နောက် နွယ်ဒန်းကြိုးများ အတိုင်း လွှဲကာ လွှဲကာ သစ်ပင်တန်းများ ဆီသို့ ကူးခဲ့သည်။

သိမ်းငှက်စွန်ရဲတစ်ကောင်၏ မျက်စိလျင်ခြင်း၊ မျောက်တစ်ကောင်၏ အကိုင်အစွဲမြဲခြင်း၊ ရှဥ့်တစ်ကောင်၏ ပေါ့ပါးခြင်းတို့ဖြင့် တောတန်း၊သစ်ပင်၊နွယ်ကြိုးများ ကို တရိပ်ရိပ်ကူးဖြတ်ခဲ့ပြီးနောက် ဍကောက်ချုံများ ဖားလျားထူထပ်သည့် မြေအပြင်သို့ ဖုတ်ခနဲ ကျလိုက်ချိန်တွင် ကား လှည်းတန်းကြီးကို မလှမ်းမကမ်းမှာ ဘွားကနဲ မြင်ရပေပြီ။

ရှားစောင်းလက်ပက်ချုံအကွယ်မှ နေ၍ တရွေ့ရွေ့လှုပ်ရှားနေသော လှည်းတန်းကြီးကို အကဲခတ်လိုက်၏ ။ လှည်းအစီးငါးရာခန့်ရှိမည် ။ လှည်းမောင်းသူတို့ ပင်လျှင်ဓားလှံလက်နက် ကိုင်စွဲထားကြသည်။ လှည်းပေါ်လိုက်ပါသူတို့လက်မှာ လည်းတင်းပုတ်များ ၊ လေးမြားများ ကိုယ်စီ ကိုင်ထားကြည်။ နွားလည်ပင်းမှ ခလောက်များ ကို အဝတ်စများ ဖြင့် အုပ်ချည်ထားကြသည်။ ခလောက်သံ မညံစေချင်သည့် သဘောပေါ့လေ…။ မိုက်မဲလိုက်တဲ့လူတွေ ။

ဘယ်လိုပင်အကာအကွယ်အစီအမံတွေ လုပ်လာလုပ်လာ။ဒီတောအုပ်ကို ဖြတ်ပြီိဆိုကတည်းက သေမင်းခံတွင်းဝထဲ ဆင်းဝင်ခဲ့ပြီဆိုတာမသိလေရော့သလား။

လှည်းအစီးငါးဆယ်ခန့် ဖြတ်သန်းသွားသည်ကိုစောင့်ကြည့်နေလိုက်သည်။မှု လောက်စရာမဟုတ်သော်လည်း သားကောင်ဆိုသည်မှာ ရန်သူစာရင်းဝင်ပင် ဖြစ်၏ ။

မြွေပါတစ်ကောင်သည် မြွေဟောက်တစ်ကောင်ကို အပြီးတိုင်ကိုက်ခဲသတ်ဖြတ်နိုင်သော်လည်း အမိအရချက်ကောင်းကိုသာ ရွေးချယ်တိုက်ခိုက်တတ်ပေသည်။

လှည်းအစီ…ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ်ဆယ်…။

အား…။ ကြည့်စမ်း။

လှည်းအစီးတစ်ရာခန့်၏ နောက်၊ တစ်ခုသော လှည်း။ ပေါင်းမိုးကအထူစား၊လှည်းဘီးအဝန်းပြားက အခြားလှည်းတွေ ထက်ကို ပိုကြီးသည်။ နွားဖြူဖြူတွေ မှာ ကထားသော တန်ဆာကပို၍ အရောင် အသွေးစုံသည်။ ပြီးတော့လှည်း၏ ရှေ့နောက်ဝဲယာတို့တွင် ဓားလှံကိုင်အစောင့်အကြပ်များ ဝန်းရံလိုက်ပါသည်။

အဲဒီ လှည်းပေါ်မှာ ဘယ်သူပါလာလို့လဲ။ဘုရင့်သမီးတော် လား၊ဥပရာဇာလား၊ မြို့စားနယ်စားမင်းတစ်ပါးပါးလား။ ဒါမှမဟုတ် ဘုရင်တစ်ပါးပါးကိုယ်တိုင်ပဲလား။ လင်းတတစ်ကောင်လိုစူးရှသော မျက်လုံးများ က လှည်းနောက်ပြီး၌ ခြေတွဲ လဲချကာ လိုက်ပါသူတစ်ဦးကို တငွေ့ငွေ့တံလျှပ်ရိပ်တွေ ကြားမှ အမိအရမြင်လိုက်၏ ။

အား….။ ပုဏ္ဏား တစ်ယောက် ပေပဲ။

သို့သော်သင်းသည် သာမန်ပုဏ္ဏား တစ်ယောက် မဟုတ်နိုင်။

ဘာကြောင့် သာမန်ပုဏ္ဏားမဟုတ်နိုင်တာလဲ။ မင်းပုရောဟိတ်လား၊ ဗြာဟ္မဏလား၊ ခေါင်းဆောင်လား၊ သူကြွယ်ကြီးလား၊ မန္တန်တန်ခိုးကြီးသူလား၊ ဟား…..သွားစမ်း။ အဲဒါတွေ တစ်ခုမှစိတ်မဝင်စားဘူးဟေ့။ ဒါတွေ ကိုဆိုလိုတာမဟုတ်။

သာမန်မဟုတ်ဆိုသည်ကသင်း၏ ဆူဖြိုးသော ကိုယ်ခန္ဓာ၊ စိုပြည်သော အသားအရေ၊ဒါကိုပြောတာ…။

အသွေးအသားတွေ က ဘယ်သို့ လှုပ်ရှားကြလေသည်မသိ။ ပါးစောင်ခံတွင်းအတွင်းမှာ ပြည့်ဝှန်းလာသော သွားရည်များ ဝန်းဖွဲ့လာကြ၏ ။မထိန်းသိမ်းနိုင်တော့သည် ဖြစ်သဖြင့် နှုတ်ခမ်းထောင့်စွန်းမှပင် သွားရည်များ တမြားမြားယိုစီးကျလာကြသည်။ လည်ဇလုပ်ကြီး ထက်အောက်လှုပ်ရှားသွားသည်။ ဆည်မတန့်နိုင်သော တံတွေးသွားရည်များ ကို မျိုချလိုက်ရသော ကြောင့် ဖြစ်၏ ။

ပုဏ္ဏား……။ သင်း……ငါ့ရဲ………။

လှည်းများ ပေါ်မှ လှည်းမောင်းသူ၊ အစောင့်လိုက်ပါလာသူတို့အားလုံးသည် သွေ့ခြောက်ကြုံလှီသော အကောင်တွေ ဖြစ်သွားကြပြီ။ ပုဏ္ဏားသည်သာလျှင်အမြိုက်ဘောဇဉ် ဖြစ်တော့သည်။သင်းအသွေးတွေ ဘယ်လောက်များ ချိုလိုက်မလဲ။ သင်းအကြောတွေ ဘယ်လောက်များ ဆိမ့်လိုက်မလဲ။ ပြီးတော့……..ပြီးတော့ သင်းရဲ့ အသားစိုင်တွေ ဘယ်လောက်များ နူးညံ့လိုက်မလဲ….။ ပခုံးသား၊လက်မောင်းသား၊ ဝမ်းဗိုက်သား၊ ပေါင်သား……အား.တွေးကြည့်ရုံဖြင့် ပင်၊ လျှာက ဆတ်ဆတ်လှုပ်လာသည်။ အူတွေ က ဖျတ်ဖျတ် လွန့်လာသည်။ ဝမ်းဗိုက်အစာအိမ် ကတော့ အဆက်မပြတ်အောင်မြည် နေပြီ။ ကျွေးပါတော့…ကျွေးပါတော့….။

အချိန်အခါသင့်ပြီ။ ရှားစောင်းလက်ပက် ချုံအကွယ်မှနေ၍ အနီးရှိ လက်ပံပင် အလယ်ကိုင်းသို့ လှမ်းဆွဲကာ အရှိန်ဖြင့် ပို၍ မြင့်သော ကိုင်းတစ်ကိုင်းပေါ် ခုန်တက်လိုက်၏ ။ လက်ပံပွင့်နီနီရဲရဲတွေ က သွေးတစ်သွေးတုံးပမာ ရဲရဲနီနေသည်မို့ စိတ်တွေ ပိုရွှင်ကြွလာသည်။

လက်ပံကိုင်းကြီးတုန်ခါသွားသဖြင့် အပင်ပေါ်မှာ အုံနေသည့် ကျေးအုပ်ကြီးမှာ ဝေါခနဲထပျံကြသည်။ထိုကျေးအုပ်ကြီးတောင်ပံခတ်သံတဝေါဝေါထဲမှာ ပင် အသံနက်ကြီးတစ်သံ ဟိန်း၍ ထွက်လာ၏ ။

“ဟေး….ဟေး….ဟေး”

တဟေးဟေးဟစ်ကာ လက်ပံကိုင်းပေါ်မှ အဝေးရောက်သည်အထိခုန်ဆင်းသည်။ထို့နောက်သန်လျက်ကိုစကြာနှယ် ဦးခေါင်းထက်၌ ချာချာလည်စေရင်း လှည်းတန်းကြီးဆီ တစ်ဟုန်ထိုးပြေးဝင်သည်။

နွားတွေ တုန့်ခနဲရပ်သည်။နဖားကြိုးတွေ တင်းခနဲတန်းကြသည်။လှည်းမောင်းသမားများ ၊လက်နက်စွဲအစောင့်များ လက်ထဲမှ ဓား၊လှံ၊ တင်းပုတ်၊ ရဲတင်း။ လေးမြားများ လွင့်စင်လွတ်ကျသည်။ တစ်ယောက် သော သူမျှလည်း တည်တံ့ခြင်းငှာမစွမ်းနိုင်။ သွေးစွန်းသော သန်လျက်သွား၏ သွေးကွက်ကြွင်းသော နေရာများ ၌ နေရောင် ထိမှန်၍ ပြန့်ထွက်သော ပြိုးပြက်တောက်ပသော လျှပ်ရောင် သည် လူအားလုံးတို့၏ မျက်စိထဲသို့ သဲပူဖြင့် ပက်သကဲ့သို့ ဖြစ်စေသည်။

အားလုံးမြေတွင် ပြားပြားဝပ်ကြခိုက်မှာ ပင် ဆူဖြိုးစိုပြည်သော ပုဏ္ဏားကို ဝင်ဆွဲလိုက်၏ ။ ထို့နောက်ပြုနေကျအတိုင်း ခြေကျင်းဝတ်တို့မှ ဆွဲကိုင်ကာ ဇောက်ထိုးပြုလိုက်သည်။ ထို့နောက်လှည်းတန်းရှိရာမှ တစ်ဟုန်ထိုးပြေးထွက်ခဲ့လေသည်။

ကျောကုန်းထက်၌ ဦးခေါင်းကို ဇောက်ထိုး တွဲ လျားဆွဲလာသဖြင့် ပုဏ္ဏား၏ ဦးခေါင်းမျက်နှာကို ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ဖမျက်ဖြင့် ပုတ်ခတ်ပြီးသား။ ဆူဖြိုးသော ပုဏ္ဏားသည် သွေးရူးသွေးတန်းဖြင့် အနည်းငယ်မျှသာ အော်နိုင်ပြီး နထင်စနှင့် မေးရိုးတို့ဖြင့် သုံးလေးချက်ခတ်လိုက်ပြီနောက်တွင် ကား အသံမထွက်တော့။ သင်း….သတိမမေ့သေးဘူးပဲထား။ အကြောက်လွန်သဖြင့် အသံပျောက်သွားတာပဲ ဖြစ်မည် ။ ဒီလိုပါပဲလေ…ဒီအတိုင်းပါပဲ။ သားကောင်တွေ ဟာ ဒီလိုချည်းပါပဲ…။

ပြေး….ပြေး။ ကုန်းကမူ ၊ခင်တန်း၊ကျောက်တုံး၊ ဆူးရစ်ချုံ၊ တောလမ်း၊ အစဉ်တစိုက်ပြေးခဲ့၏ ။ သားကောင်ကတာ့ ပျော့ဖတ်လျက် ဇောက်ထိုးအတိုင်းပါလာပြီ။သင်းကို အချိန်ဆွဲ၍ မ ဖြစ်။ ပညောင်ပင်စခန်းရှိရာသို့အမြန်ဆုံးရောက်မှ ဖြစ်မည် ။ အချိန်ကြာသွားလို့ သားကောင်အကြောက်လွန် မေ့မျောသွားလျှင် အသားအချိုပေါ့သွားနိုင်သည်။ လတ်လတ်ဆတ်ဆတ်မှ ကောင်းတာကလား။

ရုတ်ရက် ချက်ချင်း ကြီး “ဟေး ဟေး” အသံဟစ်လျက် သန်လျက်ကို ခေါင်းပေါ်တစ်ချက်လှည့်ကာ ပြေးဝင်လာသော ကြောင့် အားလုံးပင် ပြားပြားဝပ် ဖြစ်သွားခဲ့ကြ၏ ။ အကြောက်တရားက ငယ်ထိပ်အထိ တက်ဆောင့်သကဲ့သို့ ရှိသဖြင့် စွဲကိုင်ထားသော လက်နက်များ လည်း လက်မှအလိုလို လွတ်ကျသွားခဲ့ကြသည်။

သို့သော် တစ်ယောက် သော သူက ဦးစွာ သတိပြန်ဝင်၏ ။အဆုံးစွန်တုန်လှုပ်ထိတ်လန့်ခြင်းဖြင့် ကုန်ဆုံးသွားသော အခါ လူ့ဘီလူးကြီး ရောက်လာသည်။ ပုဏ္ဏားကို ဆွဲယူ၍ ထမ်းပြေးသွားသည်။ မိမိတို့အားလုံး အငိုက်မိကာ အကြောက်လွန်နေကြချိန်၌ လူ့ဘီလူးကြီးက ပုဏ္ဏားကို ဆောင်ယူသွားခဲ့ပြီ။

ဤပုဏ္ဏားကားမိမိတို့၏ အလုပ်ရှင် ဖြစ်သည်။ မည် သို့သော အလုပ်ရှင်နည်း။ ဤတောအုပ်ကိုလှည်းအစီးငါးရာတို့ဖြင့် ဖြတ်သန်းတော့မည် ဆိုကတည်းကမိမိတို့ကိုသူငှားရမ်းခဲ့သည်မဟုတ်လား။

“လူသားစား လူ့ဘီလူးကြီးတစ်ကောင်ဟာ အင်မတန် လက်ရဲဇက်ရဲနိုင်နေတယ်လို့ကြားရတယ်။ ကျုပ်ကလည်း ကျုပ်ရဲ့ ကုန်သွယ်မှု အတွက် ဒီတောအုပ်ကိုဖြတ်သန်းသွားရမှာ ၊ ဒီတောအုပ်ထဲမှာ လူ့ဘီလူး ကျက်စားသလား”

“လူသားစား လူ့ဘီလူးလား…သူ ကတော့ ဒီတောအုပ်ရယ် မဟုတ်ဘူး ပုဏ္ဏားကြီး၊ ဟောဒီ ဗာရာဏသီဒေသမှာ တင် မကဘူး၊ ဇမ္ဗူဒိပ်ကျွန်းအလုံး သူမရောက်တဲ့နေရာရယ်လို့မရှိဘူး၊ လူသားစားသူဆိုတော့ လူသားရနိုင်တဲ့နေရာမှန်သမျှသူရောက်တာပဲ”

ပုဏ္ဏားကြီး ငိုတော့မလို ဖြစ်သွား၏ ။

“ခက်တော့တာပဲကရို့၊ ကျုပ်ရဲ့ ကုန်တွေ ကလည်း ဒီနေ့ဒီအခါမှာ ဒီတောအုပ်ကိုဖြတ်နိုင်မှ ၊ ဟိုဘက်ဒေသ အချိန်းအချက်အတိုင်းရောက်မှအမြတ်အစွန်းများများ ရမှာ ဒုက္ခပါပဲ…”

ကုန်တွေ တင်ထားသော လှည်းအစီးငါးရာကိုလှမ်းမျှော်ကြည့်ရင်း ပုဏ္ဏားကြီး ညည်းညူလေသည်။ ထို့နောက်မျက်လုံးများ ကို ပုတ်ခတ်ပုတ်ခတ်ပြုလျက်

“မောင်ရင်တို့က ဘယ်သွားကြမှာ တုန်း”

“ကျုပ်တို့လား…ကျုပ်တို့ကဘယ်မှမသွားကြဘူး၊ ဒီမှာ နေတာလေ”

“ဒီတောအုပ်မှာ နေတာလား”

“ဒီတောအုပ်ကိုအမှီပြုပြီး ဒီဒေသမှာ နေတာပေါ့ ၊ပုဏ္ဏားကြီးရဲ့ ”

“မောင်ရင်တို့ဆီကိုကော လူ့ဘီလူးမလာဘူးလား”

တစ်ယောက် ကို တစ်ယောက် ကြည့်လိုက်သည်။

“ခုထိတော့လူ့ဘီလူးမရောက်လာသေးဘူးလေ၊ဒါကြောင့် လည်း ကျုပ်တို့ဒီမှာ နေနေကြတာ။ဒီတောအုပ်ကိုလည်းခုထိဘယ်လှည်းတစ်စီးတလေမှဖြတ်သွားတာမျိုးမရှိသေးဘူး”

“ဒါဆိုရင်…”

ပုဏ္ဏားကြီးတစ်ခုခုစဉ်းစားဟန်ဖြင့် ငြိမ်သက်သွား၏ ။

“ဒီလိုလုပ်မလား…မောင်ရင်တို့..။ ကျုပ်မှာ လည်း ကျုပ်ရဲ့ ကုန်လှည်းတွေ နဲ့ဒီတောအုပ်ကိုမဖြတ်လို့မ ဖြစ်ဘူး။မောင်ရင်တို့ကလည်း ဒီဒေသကျွမ်းသူတွေ ဆိုတော့တောအုပ်ကို အမြန်ဆုံး အတိုဆုံးလမ်းကဖြတ်သန်းဖို့ ကျုပ်ကိုလမ်းပြလုပ်ပေးနိုင်မလား”

“ရှင်းရှင်းပြောပါ ပုဏ္ဏားကြီးရယ်၊ တောအုပ်ဖြတ်သွားဖို့ လမ်းဆိုတာ ဘာမှခဲခဲယဉ်းယဉ်းမရှိပါဘူး။ ပုဏ္ဏားကြီးရဲ့ လှည်းမှူးကြီးဟာ ခရီးလမ်းပန်းသိနိုင်တဲ့ပညာရှိပါတယ်။ ကျုပ်တို့ကိုလမ်းပြအ ဖြစ်ခေါ်တာမဟုတ်ပါဘူးအစောင့်အရှောက်အ ဖြစ်ငှားတာလို့ ပြောစမ်းပါ”

“ဟုတ်…ဟုတ်ပါတယ်..အစောင့်အရှောက်ပါ..ကျုပ်နဲ့ ကျုပ်ရဲ့ လှည်းတွေ ဘေးမသီရန်မခတောအုပ်ကိုဖြတ်သွားနိုင်အောင်..အဲ..မတော် တဆများ ..ဟို…ဟိုဒင်း၊…လူ့ဘီလူးရောက်လာခဲ့သော်….”

“အဲဒီ လိုဘွင်းဘွင်းပြောပါ၊ ကိုင်း ကျုပ်တို့ ပုဏ္ဏားကြီးကိုအစောင့်အရှောက်လိုက်ပါပေးမယ်၊အဲလိုအသက်အန္တရာယ်ကာကွယ်ကြေးအတွက်သင်ကျုပ်တို့ကိုဘယ်လောက်ပေးမလဲ”

“အာ….အာ….အသပြာ..ငါးရာ…..”

“နည်းတယ်…လူ့ဘီလူးရောက်လာရင်အသေအကျေတိုက်ရမှာ ၊အသပြာတစ်ထောင်ရရင် လိုက်ပါစောင့်ကြပ်ပေးမယ်…ဒါပဲ”

အသပြာတစ်ထောင်ဖြင့် ဈေးတည့်ခဲ့ကြလေသည်။

* * *


မိမိတို့သည် ပုဏ္ဏားကြီးထံမှမစောင့်အရှောက်ခအ ဖြစ် အသပြာတစ်ထောင်ကိုလက်ခံရယူခဲ့ပြီးကြပြီ ဖြစ်၏ ။ ယခုပုဏ္ဏားကြီးသည် လူ့ဘီလူးနောက်သို့ ပါသွားပြီ။ မိမိတို့ဓားတစ်ဝေ့၊ လှံတစ်ဝှေ့ပင် မဝှေ့ယမ်းလိုက်နိုင်ကြ။

စင်စစ်မူ လူသားစားသည်ဟု နာမည် ကြီးနေသော လူ့ဘီလူးကြီးသည် မိမိတို့တောအုပ်ဒေသသို့ ယခင်တစ်ခါမှရောက်မလာခဲ့ဖူးချေ။ ယခု သူရောက်လာသည်။ အမှန်တော့ဤတောအုပ်ကိုလည်းမည် သည့်လှည်းအုပ်မျှဖြတ်သွားဖြတ်လာမလုပ်ခဲ့ဖူးပေ။ ယခုတော့ အသပြာတစ်ထောင် လက်ခံပြီးအစောင့်အကြပ် အလုပ်လုပ်ပါမှ လူ့ဘီလူးရောက်လာကာ အလုပ်ရှင်ပုဏ္ဏားကြီးကိုဖမ်းယူသွားသော အ ဖြစ်ကြုံရ၏ ။မိမိတို့တာဝန်မကျေဟုခံစားလာရသည်။ အသပြာတစ်ထောင်ယူထားပါလျက် အလုပ်ရှင်အတွက် ဟေးဟေး အသံကလေးတစ်ချက်မျှပင်အော်ဟစ်ခြောက်လှန့်ဖို့သတိမရခဲ့ကြ။

ထိုသူသည် မြေပြင်ပေါ်မှကုန်းထလိုက်၏ ။

“ရောင်းရင်းတို့ ၊ ရောင်းရင်းတို့ ထကြစမ်း၊ ထကြစမ်း၊ လူ့ဘီလူးကြီးမရှိတော့ပါဘူး၊ ပုဏ္ဏားကြီးလည်း ပါသွားပြီ”

အားလုံးထလာကြသည်။

“ဒီမှာ ရောင်းရင်းတို့၊ ကျုပ်တို့ဟာ ပုဏ္ဏားဆီကအသပြာတစ်ထောင်ယူထားပြီး လူ့ဘီလူးရောက်လာတာနဲ့လက်နက်တွေ ကို မြေပြင်ပေါ်ပစ်ချ၊ လူတွေ ပြားပြားဝပ်ချနဲ့ယောကျာ်းမပီသကြဘူး”

“ဟာ ..ရောင်းရင်း ၊ အဲဟိုဟာက လူ့ဘီလူးလေ၊ လူသားစားလေ”

“ဟုတ်ပါပြီ၊ အရင်ကျုပ်တို့ကြားဖူးနေတဲ့ လူ့ဘီလူးပါ၊ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူက တစ်ယောက် တည်း မဟုတ်လား၊ ကျုပ်တို့မှာ က အုပ်စုနဲ့ပါ၊ ပြီးတော့ လက်နက်တွေ နဲ့ပါ”

“ဒါတော့မှန်ပါရဲ့ ၊ သို့ သော်အိမ်ကမယား မုဆိုးမ ဖြစ်မယ့်ကိန်းတော့ ကျုပ်မလုပ်သေးဘူးဗျာ”

တစ်ယောက် က အတည်ပြောသော်လည်း ဝါးခနဲဝိုင်းရယ်ကြ၏ ။

“ခဏနေပါဦး၊ ဘယ်သူ့မယားမှ မုဆိုးမမ ဖြစ်စေရပါဘူး၊ ကျုပ်ပြောတာက လူ့ဘီလူးဟာ သူ့အစာကိုသူယူသွားတယ်။ အဲဒီ အစာက ပုဏ္ဏားကြီး၊အဲဒီ ပုဏ္ဏားကြီးက ကျုပ်တို့ကိုအသပြာတစ်ထောင်ပေးထားတဲ့သူ၊ ကျုပ်တို့က သူ့အသပြာကိုတော့ ယူပြီးသူ့အတွက် ဘာမှလုပ်မပေးကြဘူးဆိုရင်…”

အားလုံးလေးလေးနက်နက်နားထောင်ကြသည်။

“ဟောဒီတောအုပ်တန်းသား မပီသရာကျတယ်။ ယောကျာ်းမပီသရာလည်းကျတယ်။ အခုနေ ကိုယ့်အိမ်ကိုယ်ပြန် ကိုယ်ရလာတဲ့ ဝေစုအသပြာ ကိုယ့်မယားကိုယ်ပေးလို့ မယားကမေးရင် ဘယ်လိုဖြေမှာ လဲ။ ပုဏ္ဏားကြီးအတွက် အသက်စောင့်ရှောက်ခ၊ တော့်  ပုဏ္ဏားကြီးကောလို့မေးရင် လူ့ဘီလူးလက်ပါသွားပြီ၊ ဒီလိုပဲပြောရမှာ ။ ဒီတော့မယားလုပ်သူက ဘယ်လိုထင်မလဲ၊ ဘယ်လိုပြောမလဲ၊ ဓားလှံစွဲပြီး သက်တော် စောင့် သူရဲကောင်းလိုလိုဘာလိုလိုနဲ့ သူများ အသပြာကို အချောင်ယူလာတဲ့ယောကျာ်း၊ ဘာတစ်ခုမှ အကာအကွယ်မပေး၊ ဘာတစ်ခုမှမကြိုးစားဘဲ အသပြာဝေစုကို လုယူသလို ယူလာတဲ့ ဟာကြီး ကိုင်း…ဘယ့်နှယ်ရှိစ”

အားလုံးငိုင်သွားကြသည်။ ယောကျာ်းတို့မာနကို ပုတ်ခတ်လိုက်သော စကား ဖြစ်သဖြင့် ရှူးရှဲအသံများ လည်း ထွက်လာကြသည်။

ဦးဆောင်သူက စကားဆက်လိုက်၏ ။

“ကိုင်း…ဒီတော့ ယောကျာ်းသွေးလည်း ပြရာရောက်၊ ကိုယ့်တာဝန်ကိုယ်ကျေရာလည်းရောက်၊ ယုတ်စွအဆုံး အိမ်ကမယားမေးလာတောင်မှ ဖြေစရာစကားလေး ရအောင် ကျုပ်တို့ လူ့ဘီလူးနောက်လိုက်ကြစို့လား”

“ဟုတ်တယ်၊ ဒီစကားမှန်တယ်”

“လူ့ဘီလူးက တစ်ကောင်တည်းပဲ၊ ကျုပ်တို့က အုပ်စုနဲ့ပဲ ၊လိုက်မယ်”

မြေပြင်ပေါ်ပြန့်ကျဲနေသော ဓား၊လှံ၊ ရဲတင်း၊ တင်းပုတ်များ ကို ကောက်ကိုင်လိုက်ကြလေသည်။

ဆူဖြိုးသော ကိုယ်ခန္ဓာကြီးကို ဇောက်ထိုး တွဲ လောင်းပြုလျက် မနားတမ်းပြေးလာခဲ့ရာတွင် တစ်ချက်ကလေးမှ မောဟိုက်နွမ်းနယ်ခြင်းမရှိပေ။ သို့ သော် အကြောက်လွန်ကာ မေ့မြောနေသော ပုဏ္ဏား၏ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း လေးလံချင်လာသည်။ ထို့ကြောင့် အသော့ နှင်နေသော ခြေလှမ်းများ ကို အရှိန်လျှော့လိုက်ကာ ပုဏ္ဏားအား လက်ယာဘက်သို့ ပြောင်းလိုက်သည်။

ဟိုလှည်းအုပ်မှာ အစောင့်အရှောက်အ ဖြစ်လိုက်ပါလာသည့် လူတွေ တော့ယခုအချိန်ဆိုလျှင် လှည်းပေါ်တက်ကာ၊ နွားကိုဒုန်းစိုင်းမောင်းပြေးလောက်ပြီ။ သွားကြစမ်းပစေ။ သင်းတို့များ အရေး အရာလုပ်လို့။ အလွန်ဆူဖြိုးစိုပြည်သော သားကောင်ကိုရခဲ့ပြီပဲ။

ပုဏ္ဏားကားအကြောက်လွန်ကာမေ့မြောနေဆဲပင်။ ပြေးရင်းလွှားရင်းသင်း၏ ဦးခေါင်းကို ဖမျက်များ ဖြင့် ခတ်ခဲ့သော ကြောင့် မူးဝေနာကျင်မေ့မြောသွားတာလည်း ဖြစ်နိုင်သည်။ နေဦး၊ သည်အတိုင်းထား၍ မ ဖြစ်၊ သင်းကိုသတိရအောင်လုပ်ရမည် ။ သတိရတော့မှ သင်းမှာ ကြောက်ရွံ့ခြင်းတွေ ဖြစ်လာမည် ။ထိတ်လန့်ကြောက်ရွံ့နေမှပင်သင်း၏ သွေးတွေ ကဆူဝေလာမည် ။ သွေးတွေ ဆူဝေလာမှ ထိုသွေးကို မြန်မြန်ကြီး လှည့်ပတ်သည့်အကြောတွေ ကတစ်ဆင့် အသားစိုင်တွေ ဟာ ပိုပြီး လေးပင်ချိုမြိန်လာကြမှာ ဖြစ်သည်။

“ဟောဟို ဆူးရစ်ချုံကွယ်နောက်မှာ ရေကန်ငယ်တစ်ခုရှိသည်။ ရေကန်ရောက်တော့မှ ပုဏ္ဏားကိုပစ်ချ၍ သတိရအောင်လုပ်မည် ။ ထိုအချိန်မှာ ပင်အဝေးဆီမှ ကြွေးကြော်လာသော ညာသံများ ကို ကြားလိုက်ရလေသည်။ တောင်ပူစာလေးတစ်ခု ထိပ်ပေါ်မှ လှည့်ကြည့်လိုက်သော အခါ လက်နက်ကိုယ်စီစွဲထားသော လူအုပ်ကို တွေ့ လိုကရသည်။ လှည်းအုပ်မှ အစောင့်လိုက်ပါလာသူများ ဖြစ်ကြောင်း မှတ်မိသည်။ဩ သင်းတို့အရဲကိုးပြီး လိုက်လာကြသကိုး။ ပုဏ္ဏားကိုလွှတ်ချပြီး သင်းတို့ကိုရင်ဆိုင်ရမလား။ ပုဏ္ဏားကို သယ်ပြီးဆက်ပြေးမလား ဝေခွဲမရ ဖြစ်သွား၏ ။

လိုက်လာသော လူအုပ်ထဲမှ လေးငါးယောက် မျှသည် ရှေ့ဘက်သို့ ဦးဆောင်ထွက်လာကြသည်။ သူတို့လေးငါးယောက် ထဲကမှ တစ်ယောက် သော သူသည် ရဲတင်းကို ဝင့်ကာဝင့်ကာဖြင့် ပြေးလာပြန်သည်။ လူကောင်ထွားထွားရဲဝံ့ပုံပေါက်သည်။ ခေါင်းဆောင် ဖြစ်ဟန်တူသည်။ သူတို့လူမကြောက် မရွံ့ဦးဆောင်ပြေးဝင်သည်ကို တွေ့ သဖြင့် နောက်မှလူအုပ်လည်း အားတက်လာကြဟန်ရှိသည်။ ဓား၊ လှံ၊ တင်းပုတ်၊ လေးမြားလက်နက်ဖြင့် လူတွေ နှစ် ဆယ်သုံးဆယ်ငါးဆယ်ထက်မလျော့။

သင်းတို့ကို လှည့်ပြီး ရင်ဆိုင်တိုက်ခိုက်နေလျှင် အချိန်လင့်သွားမည် ။ သူသေ ကိုယ်သေထိုးခုတ်ကြလျှင် သင်းတို့ထဲမှ အနည်းဆုံးဆယ်ဦးလောက်ဇီဝိန်ကြွေသွားနိုင်သလို မိမိလည်း ဒဏ်ရာအနာတရရနိုင်သည်။ အကြောင်းမလှလျှင် မိမိပါ မရဏလမ်း မြန်းသွားနိုင်သည်။ သင်းတို့ဆယ်သက်၊ ကိုယ့်တစ်သက် အချည်းနှီးပဲ။

ပို၍ ဆီလျော်သော အကြောင်းက ယခုအခါ မိမိ၌ စိတ်ကြိုက်သားကောင်ကို ရထားပြီ။ ဆူဖြိုးသော သားကောင်ကို မကြာခင် မြိန်မြိန်ကြီး စားသောက်ရတော့မည့်  အချိန်မှာ ဘာကြောင့် အချည်းနှီးသော တိုက်ပွဲကို ဆင်နွှဲနေမည် နည်း။ ထိုသို့စဉ်းစားလိုက်သော အခါ ဝမ်းဗိုက်၏ ဆာလောင်မှု မွတ်သိပ်မှု ကို သတိရသွား၏ ။ ဟုတ်သားပဲ၊ သိပ်ဆာလောင်နေပြီ။

ထို့ကြောင့် လက်ယာဘက်မှာ ထမ်းထားသော ပုဏ္ဏားကို လက်ဝဲဘက်သို့ ပြန်ပြောင်းချိတ်ကာရှေ့ဆက်ပြေးရန်ဆုံးဖြတ်လိုက်သည်။ရေကန်ငယ်လေးရှိရာသို့ကားမဟုတ်တော့။ခရီးလမ်းကြောင်းပြောင်းရမည် ။တောမီးလောင်ထားသော တောင်စောင်းအတိုင်းပြေးဆင်းလိုက်လျှင်နောက်က လူအုပ်လည်းဆက်လိုက်ဖို့မလွယ်တော့။ ထိုတောင်စောင်းတစ်လျှောက်မှာ မီးကျွမ်းထားသော သစ်ပိုင်းအပိုင်းအပြတ်တွေ ၊ ငုတ်တွေ အတိပြီးသည်။ တောင်စောင်းအတိုင်း လျှိုထဲသို့ ပြေးဆင်းပြီးမှ ပညောင်ပင် စခန်းရှိရာသို့ သွားတော့မည် ။

ဟုတ်ပြီ အကောင်းဆုံးလမ်းကြောင်းပဲ။

ပုဏ္ဏား၏ ခြေကျင်းဝတ်နှစ် ဘက်ကို ပူး၍ မြဲမြံစွာ ဆုပ်ကာ ဦးစိုက်ဇောက်ထိုး ထမ်းလျက်တောင်စောင်းအတိုင်း ပြေးဆင်းလိုက်သည်။ တောမီးလောင်ထားသော တောင်စောင်းတစ်လျှောက်မှာ မီးကျွမ်းထားသော သစ်ပင်တွေ က အပိုင်းပိုင်း အပြတ်ပြတ်လဲလျက် စောင်းလျက် ငိုက်လျက်ရှိကြသည်။

ကန့်လန့်ဖြတ်လဲကျနေသော သစ်ပင်ကြီးတစ်ပင်ကို ခုန်လွှား၍ ကျော်လိုက်သည်။ ထိုစဉ်မှာ ပင်အသည်းခိုက်သည်အထိနာကျင်သွားသော ထိုးစိုက်မှု တစ်ခုကြောင့် “အား” ဟုအသံနက်ကြီးဖြင့်အော်လိုက်မိတော့၏ ။

မီးလောင်ပြင်ထဲက ရှားငုတ်တစ်ငုတ်ပေါ်ကိုမှ တည့်တည့်ကြီး နင်းချလိုက်မိခြင်းပင်၊ ရှားငုတ်သည်ခြေဖဝါးမှ ထိုးဖောက်ကာ ခြေဖမိုးမှ ပေါက်ထွက်နေသည်။ သွေးတွေ ကငေါက်ခနဲ ပန်းထွက်လာသည်။

မိမိ၏ ကိုယ်အလေး၊ ပုဏ္ဏား၏ ကိုယ်အလေး၊ ထို့နော်က အားရှိပါးရှိ ခုန်ချလိုက်သော အရှိန်။ဖဝါးမှသည် ဖမိုးသို့ တိုးလျှိုပေါက်ဖောက်သွားသည့် အပေါက်ကြီး။

အံသွားတို့ ကျိုးကျေမတတ် အံကိုကြိတ်လျက် ရှားငုတ်တံစို့မှခြေထောက်ကို နှုတ်ယူ၏ ။ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေအောင်နာကျင်လှသည်။ထို့နောက်ကားခြေတစ်ဖက်တည်းဖြင့် သာခုန်၍ ခုန်၍ ပြေးရတော့သည်။ တစ်လျှောက်လုံးသွေးတွေ မြင်မကောင်းအောင် စွပ်ကြောင်းထင်ကျန်ရစ်ခဲ့သည်။

“ဟေး..ငါ့လူတို့၊ ဘီလူးကြီးဒဏ်ရာရသွားပြီ၊ သွေးတွေ မှ မြင်မကောင်းဘူး၊ တွေ့ ကြလား”

“ဟာ…ဟုတ်ပါရဲ့ ၊ နေပါဦး၊ ကိုရင် ရဲတင်းနဲ့ခုတ်လိုက်တာလား”

“ခုတ်တာမခုတ်တာထားပါတော့လေ၊ဒင်းအခုဒဏ်ရာရသွားပြီ၊သွေးတွေ ဒီလောက်များ ပုံထောက်တော့ဒဏ်ရာအတော် ကြီးမှာ ပဲ၊ဒင်းကျုပ်တို့လက်ကမလွတ်တော့ဘူး”

“ဟုတ်မှလည်း လုပ်နော၊ ဒဏ်ရာကဘယ်လောက်ပြင်းပြင်း ၊လူ့ဘီလူးဟာ လူ့ဘီလူးပဲ”

“အို…ခုထိကြောက်နေတုန်းလား၊ လာစမ်းပါ၊ ဆက်လိုက်မယ်”

“ဟေ့ ဟေ့ နေကြဦး၊ ဟော ဟိုရှေ့မှာ ”

“ဟာ…ပုဏ္ဏားကြီးပါလား”

သားကောင်ကိုပစ်ချခဲ့ရပြီ။တစ်ဘက်တည်းသော အသုံးဝင်တော့သော ခြေထောက်ဖြင့် မည် သို့ မျှဆက်မပြေးနိုင်တော့ ယခုအချိန်တွင် မိမိအသက်ရှင်နေရေး သည်သာ တစ်ခုတည်းသော လိုအပ်မှု ဖြစ်၏ ။အစာကို တပ်မက်နေလျှင် အသက်သေခံရတော့မည် ။ ထို့ကြောင့် ပုဏ္ဏားကို လွှတ်ချခဲ့ရသည်။ ထူထပ်သော ချုံတစ်ခုအတွင်းသို့ သာ တိုးဝင်ခဲ့သည်။ အလွန်အမင်း နာကျင်မောပန်းနေပေပြီ။ တသွင်သွင်ယိုထွက်သော သွေးတွေ က များ လွန်းသဖြင့် မူးဝေရီဝေလာခြင်းကို လည်းခံစားရသည်။

ချုံပုတ်ထဲမှာ လှဲ၍ ခြေထောက်အပေါက်ဒဏ်ရာထဲသို့ သစ်ရွက်ရည်များ ညှစ်ချကာ အရွက်များ ကို ချေ၍ ထိုးသိပ်သည်။ မိမိဤခြုံပုတ်ထဲမှာ ရှိသည်ကိုကား လိုက်လာသူများ မသိနိုင်ကြ။ ချုံပုတ်က ကြီးမားထူထပ်၍ ပိတ်နေအောင် ရှုပ်ထွေးသော ချုံပုတ်ကြီး ဖြစ်သည်။

“တွေ့ လား ပုဏ္ဏားကြီးကို ပစ်ချပြီး ထွက်ပြေးသွားပြီ”

“ဒီလောက် ဒဏ်ရာကြီးနဲ့ သိပ်ဝေးဝေးလံလံပြေးနိုင်မှာ မဟုတ်ဘူး။ ဒီအနီးအနားတစ်ဝိုက်မှာ ပဲ ရှိရမယ်၊ ဘယ့်နှယ်လဲ တောနင်းရှာကြမလား”

“ဒီမှာ ကိုယ့်လူ၊ ကျုပ်တို့ အခုအရဲစွန့်ပြီး လိုက်လာတာက ပုဏ္ဏားကြီးအတွက်မဟုတ်လား၊ ပုဏ္ဏားကြီးကို ပြန်ရမှတော့ ဘာ ဖြစ်လို့ဆက်လိုက်နေဦးမှာ လဲ၊ လူ့ဘီလူးကိုသုတ်သင်ဖို့မှမဟုတ်တာ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီနေရာက တောလည်းနက်လာပြီ၊ လူ့ဘီလူးကိုတွေ့ တယ်ထား၊ သတ်ကြ ပုတ်ကြရင်ကျုပ်တို့ထဲကလည်း သုံးလေးယောက် ခေါင်းပြုတ်သွားနိုင်…”

“ကဲ…တော် ပြီ၊ ပုဏ္ဏားကြီးကိုသာ မ,သယ်ခဲ့ကြစို့ဟေ့”

ပညောင်ပင်စခန်း ရောက်အောင်မနည်းမနော အားတင်းကာ ပြန်ခဲ့ရသည်။ ပညောင်ပင် မြစ်ပါးပျဉ်းကြား ရောက်သော အခါ ခုတ်လှဲခံလိုက်ရသော ငှက်ပျောပင်တစ်ပင်လိုဘုန်းဘုန်းလဲ ပစ်ကျသွားသည်။ ဖဝါး ဖမိုး ဒဏ်ရာမှနာကျင်လိုက်သည်မှာ လည်း မေ့မြောသွားမတတ်ပင်။ တစ်ကိုယ်လုံးမှာ သွေးမရှိတော့ဟု ထင်ရသည်။ သွေးအထွက် သိပ်မလွန်သွားတာပဲတော် သေးတော့သည်။ ရသမျှ သစ်ရွက်တွေ ကို ဆုပ်ချေ အရည်ညှစ်ချကာ ဒဏ်ရာအပေါက်ထဲ ထိုးသိပ်၍ နွယ်ကြိုးအခေါက်များ ဖြင့် စည်းနှောင်လိုက်ရသည်။ သွေး ကတော့တိတ်သွားပြီ။သို့သော်မူးဝေနောက်ကျိနေသည်။တောတောင် မြင်ကွင်းအားလုံး တရိပ်ရိပ်လည်ပတ်နေသည်။ အစာမွတ်သိပ်ခြင်းကြောင့် လည်း ဝမ်းဗိုက်မှာ ပူလောင်နေသည်။

မြစ်ပါးပျဉ်းပေါ်သို့ ဦးခေါင်းတင်လိုက်သည်။

ညောက်ရွက်ဖားဖားများ အကြားဝယ် လေတိုးသံကြောင့် ရှူးရှူးရှဲရှဲအော်မြည် သံထွက်ပေါ်နေသည်။ ညောင်ရွက်ကလေးများ ပွတ်တိုက်သံကို စကားသံများ အ ဖြစ်ကြားယောင်သည်။

“ဟေး…လူသားစားကြီးရဲ့ ၊ မင့်အသားကျတော့နာတတ်လိုက်တာလား”

“သူတစ်ပါးတွေ ကိုတော့ထိုးခုတ်လှီးဖြတ်၊ ဟင်-အခု မင်းအလှည့်ဘယ့်နှယ်လဲ၊ ခြေဖဝါးကနေ ခြေဖမိုးအထိရှားငုတ်ဖောက်သွားတာလေးနဲ့ပဲ ဒီလောက် ဖြစ်ရသလား လူသားစားကြီးရဲ့ ”

“လူသားစား လူ့ဘီလူးကြီး၊ ဘယ်လိုလဲ၊ ကိုယ့်သွေးကိုယ် အခုမှ မြင်ဖူးသလား၊ ဒီလို ဖြစ်လာအောင် ဘယ်သူလုပ်တာလဲ၊ ဘယ်သူက လုပ်တာလဲ ၊ ဒီဘဝရောက်အောင်လုပ်တာဘယ်သူလဲ”

ဘယ်သူလဲ…ဘယ်သူလဲ …လူသားစားလူ့ဘီလူးဘဝရောက်အောင် ဘယ်သူလုပ်တာလဲ။ နာကျင်ခြင်းတို့၏ အဆုံးဝယ် မျောနစ်လုနီးပါး အသိစိတ်၌ မဝေးသေးသော အတိတ် ဖြစ်ရပ်များ ကို လူးလွန့်လှုပ်ရှားလာကြလေသည်။

* * *


လူးလွန့်လှုပ်ရှားသွားလာသော အသံတိတ် ဖြစ်ရပ်များ ၏ အခိုးအငွေ့များ ထဲတွင် ဦးစွာ ပြတ်သား ထင်ရှားလာသော ရုပ်ပုံကား မျက်နှာတစ်ခုပင် ဖြစ်လေသည်။

ထိုမျက်နှာသည် ကျယ်ပြန့်သော နဖူး၊ ရှင်းလင်းဖြောင့်တန်းသော မျက်ခုံး၊ ရှည်လျား သွယ်လျသော နှာတံ၊ စေ့စပ်တိကျသော နှုတ်ခမ်းတို့ဖြင့် ဖွဲ့စည်းထား၏ ။ အထူးသဖြင့် ကား ကြည်စင်တောက်ပသော မျက်လုံးအိမ်များ သည် ကျက်သရေရှိသော မျက်နှာပြင်၏ ဗဟိုချက်မပင် ဖြစ်သည်။

ထိုမျက်လုံးအိမ်တို့မှထွက်ပေါ်လာသည့် အကြည့်သည်အရာရာကိုပညာဖြင့် သိမ်းထုပ်ခြင်း ၊ သတိတရားဖြင့် ထိန်းချုပ်ခြင်းစသော အရောင် အဝါတို့ဖြင့် သာမက အကြီးအမှူးအ ဖြစ်မည် သူ့ကိုမဆို ညွှန်ပြဆုံးမရန်ဝန်မလေးသော အဓိပ္ပာယ်တို့ကိုပါဆောင်နေ၏ ။

ထိုမျက်နှာပိုင်ရှင်နှင့် စတင်တွေ့ ဆုံခဲ့ရသော နေရာကား၊တက္ကသီလာမြို့တံခါးအဝင်ဇရပ်တွင် ဖြစ်လေသည်။ ပူပြင်းသော နေ့ခင်းမွန်းတိမ်ချိန် ဖြစ်၍ အပန်းဖြေနားနေရန် ဇရပ်ဆောင်၏ ပျဉ်ထက်မှာ ထိုင်ခဲ့စဉ် သူ့ကို စ,တွေ့ ရ၏ ။ သူကလည်း ပျဉ်တစ်ပြားတည်း၏ ဟိုဘက်အစွန်၌ ထိုင်နေသည်။ ခန့်ညားတည်ငြိမ်၍ လေးစားဖွယ်ကောင်းသော သူ့မျက်နှာကို ဘေးတိုက်အနေအထားမှ ကြည့်မိနေစဉ် သူ့မျက်နှာကလှည့်လာ၏ ။

ငြိမ်သက်သော အပြုံးဖြင့် ထိုသူကစကားစသည်။

“ခရီးပန်းနေပြီထင်ပါတယ်။ ဘယ်ကလာလို့ ဘယ်ကိုသွားဖို့ပါလဲ”

သူ့အသံသည်လည်း သူ့ဥပဓိနှင့် လိုက်ဖက်စွာ ကြည်လင်အေးချမ်း၍ သူမေးလျှင် ပြန်မဖြေဘဲ မနေနိုင်သော အသံမျိုး ဖြစ်၏ ။

“ဗာရာဏသီက လာခဲ့ပါတယ် ၊ တက္ကသီလာကိုသွားဖို့ပါ၊ အခုမြို့တံခါးဇရပ်မှာ တဆိတ်မောပန်းလို့ခဏနားပါတယ်”

သူက ငြိမ်သော အပြုံးကို မရုတ်သိမ်းဘဲ၊ ပျဉ်ပေါ်သို့ လက်ထောက်ကာ ဦးခေါင်းညိတ်၏ ။ သူ့အလှုပ်အရှား အမူအရာသည်လည်း ခမ်းနားသိုက်မြိုက်ပေသည်။

“ကျွန်ုပ်လည်း တက္ကသီလာကို လာခဲ့တာပါ၊ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့ကပါ။ ကောရဗျမင်းရဲ့ သားတော် ၊ သုတသော မ ခေါ်ပါတယ်၊ အကြည်တော် ကကော”

ဪ- သူလည်း တို်င်းပြည့်အရှင် ဘုရင့်သားပါတကားဟု သိခွင့်ရ၏ ။ ကုရုတိုင်း …ဣန္ဒပတ္ထနဂိုကား၊ မိမိတို့၏ ဗာရာဏသီပြည်ထက်ပို၍ ကြီးမားပေသည်။

“ကျွန်ုပ်က ဗြဟ္မဒတ္တပါ၊ ခမည်းတော် က ကာသိမင်း ဖြစ်ပါတယ်”

အပြန်အလှန်ဦးညွတ်၍ နှုတ်ဆက် ဖြစ်ကြသည်။

သည်မှာ ပင်လျှင်သုတသော မမင်းသားက အနည်းငယ်မျှသာလျှင် ဦးခေါင်းကိုနှိမ့်၍ ညွှတ်သယောင်ပြုသော်လည်း မိမိကမူ လေးလေးစားစားပင် အတန်ငယ်ပို၍ ငုံ့ငိုက် ဦးညွတ်မိသည်ကြောင်း သတိထားမိပြန်သည်။

“တက္ကသီလာက ဒိသာပါမောက္ခဆရာကြီးထံမှာ တစ်ဆရာတည်း တပည့်များ အ ဖြစ် ကျွန်ုပ်တို့ဆုံ ဖြစ်ကြရတာ ကို ဝမ်းမြောက်မိပါတယ်။ ဆရာကြီးထံမှာ ကျွန်ုပ်တို့လိုပဲ အခြားဘုရင့်သားတော် များ နဲ့ တွေ့ ကြရလိမ့်ဦးမယ်၊ အဆွေခင်ပွန်းအဝန်းအဝိုင်းဆိုတာ ကျယ်ပြန့် လေလေ ကောင်းလေလေပေါ့ အကြည်တော် ”

“မှန်ပါတယ်…အဲဒီ အဝန်းအဝိုင်းကြီးမပေါ်ခင်မှာ ကုရုတိုင်းက ကောရဗျဘုရင်ရဲ့ သားတော် သုတသော မနဲ့ ဗာရာဏသီပြည်က ကာသိမင်းရဲ့ သားတော် ဗြဟ္မဒတ္တိတို့ ကတော့ အဦးဆုံးအဆွေခင်ပွန်းများ ဖြစ်ကြပါပြီအကြည်တော် ”

ခင်မင်နှစ် လိုစွာ ပင်ပြောပြ၏ ။ သုတသော မက ပြုံးလေသည်။ ပြုံးရင်းပင်သူက

“မိတ်ဆွေအယောက် တစ်ရာရှိပါသလား၊နည်းပါးသေးသည်တဲ့ရန်သူ တစ်ယောက် ရှိနေပါသလား များ လှပါသည်တဲ့၊ ကလျာဏမိတ္တအ ဖြစ်ဟာ အေးချမ်းလှပါတယ်”ဟုဆိုလေသည်။

သူပြောသည့်အတိုင်း ဒိသာပါမောက္ခထံသို့ ပညာသင်လာကြသည့်တစ်ရာ့တစ်ပါးသော မင်းသားတို့နှင့် တွေ့ ဆုံသိကျွမ်းခွင့်ရခဲ့သည်။ တက္ကသီလာ ပညာတော် သင်ဘဝကား ပျော်ရွှင်ဖွယ်ကောင်းလေသည်။ မင်းပျိုမင်းလွင်တို့သည် လွတ်လပ်တက်ကြွစွာ ၊ အဋ္ဌာရသသိပ္ပများ ကို သင်ယူကြရင်းမဟာမိတ်အဆွေခင်ပွန်းများ ဖြစ်လာကြသည်။ ဤပညာတော် သင်အားလုံးတွင် သုတသော မမင်းသားသည် ကျန်မင်းသားများ ထက် အသက်အရွယ် ပြောပလောက်အောင်ကြီးရင့်သည်မဟုတ်သော်လည်းအကြီးအမှူးသဖွယ် ဖြစ်လာ၏ ။ ဤသို့ ဖြစ်လာခြင်းမှာ သုတသော မမင်းသားကိုယ်တိုင်က အရာအဆင့် ယူခြင်းကြောင့် ကားမဟုတ်ပေ။

“အကြည်တော် …ဟောဒီ သမ္ဗုတိ ဓမ္မသတ်အတတ်မှာ ၊ အကြည်တော် နှလုံးသွင်းမှု နည်းနည်း လိုနေသေးတယ်၊ ဓမ္မသတ်ဆိုတာ အချုပ်အနှောင်မဟုတ်ဘူး၊ အရံအတား ဖြစ်တယ်ဆိုတာကို သဘောပေါက်ထားဖို့လိုတယ်”

“နီတိမှာ အဆင့်ဆင့်ရှိတယ် အကြည်တော် တို့၊ ဒိသာပါမောက္ခဆရာကြီးဟာ နီတိကို အဆစ်အပိုင်းအလိုက် သင်ကြားပို့ချနေတယ်၊ ဟောဒီမှာ ကြည့်”

“စောင်းညင်းကဗျာ လင်္ကာအတတ် ဂန္ဓဗ္ဗကိုသင်ယူတော့မယ်ဆိုရင် သင်္ခါရလောက ဩကာသလောကကြီးအပေါ် ချစ်ခင်တဲ့စိတ်နှလုံးရှိရမယ်”

“ဣတိဟာသ-ရယ်ရွှင်ဖွယ် ပညာအတတ်ဆိုတာအပြောင်အပြက်ကိုဆိုလိုတာမဟုတ်ပါဘူးလောကကြီးရဲ့ အမြီးအမောက်မတည့်တဲ့ အရာတွေ ကို တည့်မတ်ပေးချင်တဲ့ စိတ်စေတနာကို ပြဋ္ဌာန်းရမယ်၊ ဒီစေတနာနဲ့အတူနာယူသူ လက်ခံချင်လာအောင် ဟဿရသကိုပေးရမယ်”

“သံတမန် အတတ် ကေတု သိပ္ပကိုအကြည်တော် တို့လေးနက်စွာ သင်ယူကြပါ၊ မိမိတိုင်းပြည် ပြန်ရောက်တဲ့အခါထီးနန်းပလ္လင်ထက် တက်ရောက်ရမယ့် မင်းလောင်းများ ဖြစ်တဲ့ အကြည်တော် တို့ဟာ အတိုင်းတိုင်းအပြည်ပြည် တမန်ရေး ရာများ ကို မုချစီမံကြရမှာ ဖြစ်တယ်”

သုတသော မမင်းသားထံမှ နေ့စဉ်နှင့် အမျှ ကြားရသော စကားများ ဖြစ်၏ ။ တစ်ဆယ့်ရှစ်ရပ်သော အဋ္ဌာရသသိပ္ပတို့ကို သင်ယူကြသူချင်းအတူတူတွင် သုတသော မမင်းသားသည်အခြားမင်းသားများ ကိုတစ်ဆင့်ပြန်လည်ပို့ချရှင်းလင်းပေးတတ်သူ ဖြစ်သည်။ ဤသို့ တစ်ဆင့် ပို့ချပေးနိုင်အောင်လည်း သုတသော မသည် အားလုံးထက် အသိဉာဏ် ပိုမြင့်သူ ဖြစ်နေလေသည်။

ထိုအခါ ဒိသာပါမောက္ခ ဆရာကြီးကလည်း သုတသော မကို လက်ရုံးတပည့်ကြီးအ ဖြစ် အလိုလိုအသိအမှတ်ပြုလာရ၏ ။ သင်ယူသမျှ အတတ်တို့မှာ လည်း သုတသော မသည်ကြွင်းသော တပည့်ခပ်သိမ်းတို့ထက်အလျင်ဦးစွာ တတ်မြောက်ပေါက်ရောက်နှင့် သည်သာ ဖြစ်၏ ။ သုတသော မမင်းသားသည် ဒိသာပါမောက္ခနှင့် တပည့်များ ၏ အသိအမှတ် ပြုမှု ဖြင့် ဆရာတစ်ပါး ဖြစ်လာခဲ့ရသည်။

တက္ကသီလာပညာသင်များ အားလုံးအနက်သုတသော မမင်းသား အရင်းချာဆုံး အရေး ပေးဆုံးမိတ်ဆွေကား အခြားသူမဟုတ်။

“အကြည်တော် ဗြဟ္မဒတ္တ- အကြည်တော် နဲ့ ကျွန်ုပ်ဟာ ဟောဒီတက္ကသီလာကို စရောက်တဲ့နေ့မှာ ပဲ မြို့တံခါးဇရပ်မှာ စတင်တွေ့ ဆုံ သိကျွမ်းခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ နှစ် ဦးဟာ တက္ကသီလာမှာ အရင်းချာဆုံးခင်ပွန်းများ ဖြစ်တယ်”

“ဟုတ်ပါတယ်…ကျွန်ုပ်ကလည်းအကြည်တော် ကိုအခင်မင်အရင်းနှီးဆုံးပါပဲ။အင်း…ခင်မင်ရင်းနှီးတယ်ဆိုတဲ့စကားလုံးက မပြည့်စုံချင်ဘူး၊ ကျွန်ုပ်အလေးစားရဆုံးလို့ဆိုရလိမ့်မယ်၊ အကြည်တော် က ကျွန်ုပ်တို့ အားလုံးထဲမှာ အထူးချွန်ဆုံး မဟုတ်လား”

သူက ရင့်ကျက်သော အပြုံးဖြင့် …

“အကြောင်းပေါင်းသင့်လို့ ဖြစ်မှာ ပါလေ၊ ရှိပါစေ။ အခုအကြည်တော် မှာ အဋ္ဌာရသ သိပ္ပတစ်ဆယ့်ရှစ်ရပ်အနက် ဘယ်သိပ္ပမှာ များ အခက်အခဲရှိသလဲ”

“ဓမ္မသတ်၊ နီတိ၊ကဗျာအလင်္ကာ ၊ဆန်းကျမ်းနဲ့ သဒ္ဒါကျမ်းတွေ မှာ ကျွန်ုပ်အခက်အခဲရှိတယ်၊ အင်း…ကျွန်ုပ်အာရုံဝင်စားတာတွေ ကတော့ ယောဂါအတတ်၊ ဓနုဗေဒအတတ်တွေ ပါပဲ”

သုတသော မ မင်းသားက ပွင့်လင်းစွာ ပြုံးရယ်၍ ဆက်ပြော၏ ။

“ကျွန်ုပ်သဘောပေါက်ပါတယ်၊ အကြည်တော် ဗြဟ္မဒတ္တက တံစဉ်း စူး ဆောက်စတဲ့လက်နက်တွေ နဲ့ ပတ်သတ်သော ယောဂါအတတ်နဲ့ ဓနုဗေဒ ဒူးလေး မြားတံအတတ်၊ အင်း လက်ရုံးအမှု တွေ မှာ အာရုံထက်သန်တယ် စာပေ ကဗျာ လင်္ကာ စတဲ့ အနုသိပ္ပတွေ မှာ အခက်အခဲရှိနေတယ်၊ မကြောင့်ကြ ပါနဲ့၊ အကြည်တော် ကို ကျွန်ုပ်က အထူးသီးခြားအ ဖြစ် ရှင်းလင်းကူညီပေးပါမယ်”

ဤသို့ဖြင့် ပင် သုတသော မမင်းသားသည် မိမိတစ်ဦးတည်းကို အထူးတလည် သင်ကြားပေးသော ဆရာတစ်ပါး ဖြစ်ခဲ့၏ ။ မိမိ၏ အားနည်းသော သိပ္ပများ ကို သူက အချိန်ယူ၍ ရှင်းလင်းပို့ချပေး၏ ။ စင်စစ်မူ သူ၏ လေးစားဖွယ်အမူအရာနှင့် အကျင့်စရိုက် ဥပဓိနှင့် သူ၏ စေတနာ ၊ မေတ္တာကို ထောက်ထား၍ အနုသိပ္ပများ ကို သင်ယူခဲ့ရခြင်းသာ ဖြစ်သည်။ ထိုသိပ္ပများ ကို မိမိတကယ်တမ်းစိတ်ဝင်စားမှု ကား မရှိချေ။

သို့သော်အချိန်တန်သော အခါ မိမိသည်လည်း အခြားပညာသင်သားများ နှင့် အတူ အဋ္ဌာရသသိပ္ပတို့ကို သင်ယူတတ်မြောက်ခဲ့လေသည်။ သုတသော မ၏ ကိုယ်ဖိရင်ဖိသင်ကြားပေးမှု ကိုသာ မခံယူရလျှင်မိမိသည်ထိုသို့ သိပ္ပအတတ်များ တွင် အပြီးတိုင် ရောက်လိမ့်မည် မဟုတ်ပေ။ သုတသော မ၏ ကျေးဇူးကား တကယ်ပင်ကြီးမားပေသည်။

တက္ကသီလာမှ ပညာစုံကြပေပြီ။ ဒိသာပါမောက္ခသည် သုတသော မ ကိုပင် “ဆရာစောင်” အ ဖြစ်ထား၍ ပြည်တော် ပြန်မင်းသားတို့အား ဆုံးမဩဝါဒစကားဆိုစေ၏ ။ ဒိသာပါမောက္ခကဆိုသည်။

“တပည့်တို့၊ အစဉ်အလာအားဖြင့် အဋ္ဌရသသိပ္ပအတတ်များ ကုန်မြောက်လို့ကိုယ့်တိုင်းကိုယ့်ပြည် ပြန်ကြမယ့်တပည့်တို့ကို ဒိသာပါမောက္ခအနေနဲ့ ကျွန်ုပ်ကဩဝါဒမြွက်ကြားရစမြဲပဲ၊ သို့ သော် သုတသော မမင်းသားဟာ ကျွန်ုပ်ရဲ့ ဆရာစောင်အ ဖြစ်အားကိုးရတဲ့သူ ဖြစ်တဲ့အတွက်ကျွန်ုပ်ကိုယ်စား သုတသော မကို မြွက်ကြားစေမယ်..ကိုင်း..လက်ရုံးတပည့်ကြီး”

သုတသော မသည် ဆရာအားရှိခိုးလျက် ဆရာ့ကိုယ်စား ဩဝါဒစကားဆို၏ ။ဆရာ၏ ဂုဏ်ကျေးဇူး၊ သိပ္ပအတတ်၏ ဂုဏ်ကျေးဇူး၊ ပညာ၏ ဂုဏ်ကျေးဇူတို့ကို အကျယ်တဝင့်ပြောဆိုရှင်းလင်းပြသော သုတသော မ၏ စကားလုံးများ သည် ပြောင်မြောက်လှပသည်နှင့် အမျှ အနက်အဓိပ္ပာယ်တို့လည်း လေးနက်ကြွယ်ဝပေသည်။

တက္ကသီလာမှ ထွက်လာပြီးနောက်၊ မင်းသားတို့အသီးသီး လမ်းခွဲကြရမည့်  ခရီးလမ်းဆုံးသို့ရောက်သော အခါ သုတသော မသည် အားလုံးကို စုရုံးစေ၏ ။

“အကြည်တော် တို့ ယခုအခါ သင်တို့ ကျွန်ုပ်တို့ဟာ ကိုယ့်ပြည်ကို ပြန် မိဘရပ်ထံ ရောက်လို့၊ အခါအခွင့်အလျောက် ထီးနန်းစိုးစံကြရတော့မှာ ဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းဘဝမှာ ကျွန်ုပ်တို့ဟာ ထီးနန်းရေး ရာ၊ တိုင်းရေး ပြည်ရာ အဖြာဖြာတို့နဲ့ ကိုယ်စီကိစ္စများ မြောင်ကြမှာ ဖြစ်ပါတယ်။ ခုတက္ကသီလာ ပညာသင် မင်းသားများ ဘဝလို နီးစပ် ထိတွေ့ ဆက်ဆံကြဖို့မလွယ်တော့ပါဘူး၊ အကြောင်းအခွင့်သင့်မှသာ ပြည်ထောင်အချင်းချင်း မင်းအ ဖြစ် ဆုံတွေ့ နိုင်ကြမှာ ဖြစ်တယ်၊ ဒါကြောင့် အခုခွဲခွာကြကာနီးမှာ ကျွန်ုပ်က အမှာ စကားပါးလိုပါတယ်”

သုတသော မ၏ စကားဆုံးသော အခါ မင်းသားများ က

“အကြည်တော် အမှာ စကားပဲဆိုဆို၊ ဩဝါဒပဲ ဆိုဆို ဆိုပါ၊ အားလုံး နာခံဖို့အသင့်ပါ” ဟုပြောကြ၏ ။

ဒိသာပါမောက္ခခကိုယ်စား ဩဝါဒ မြွက်ကြားပြီးခဲ့ပြီ။ မှာ စရာစကားများ ကုန်ပြီဟု ထင်ခဲ့ကြရာမှ ၊ အမှာ စကားပါးလိုသည်ဟု ကြားရသော အခါ အားလုံးပင်စိတ်ဝင်တစား ဖြစ်သွားကြသည်။

“ဆရာ့ရှေ့မှော က်မှာ ဆရာ့ကိုယ်စား စကားပြောခဲ့စဉ်တုန်းက မပြောခဲ့ရတဲ့စကား ဖြစ်ပါတယ်။ ဒီစကားကို ခွဲခွာကာနီးမှ ပြောမယ်လို့်ကျွန်ုပ်စဉ်းစားခဲ့ပါတယ်”

“အမိန့်ရှိပါအကြည်တော် သုတသော မ”

“အခြားမဟုတ်ပါ၊ ကိုယ်တိုင်းကိုယ့်ပြည် ပြန်ရောက်တဲ့အခါ ကိုယ့်ထီးကိုယ့်နန်းစံတဲ့အခါမှာ လဆန်း ပက္ခ၊ လဆုတ် ပက္ခ ဥပုသ်နေ့တိုင်း ဥပုသ်ဆောက်တည်ကြဖို့နဲ့ ထိုနေ့များ မှာ အထူးသဖြင့် အသက်သတ်ခြင်း၊ သတ်စေခြင်း၊ အသားစားခြင်းများ မပြုကြပါနဲ့ဆိုတဲ့စကားပါပဲ အကြည်တော် တို့”

“ကောင်းပါပြီ အကြည်တော် သုတသော မ၊ လဆန်း ပက္ခ၊ လဆုတ်ပက္ခဥပုသ်နေ့တိုင်း မှာ ဥပုသ်သီတင်း သီလဆောက်တည်စောင့်ထိန်းကြပါ့မယ်။ ထို့နောက် ၊ ထိုနေ့ များ မှာ လည်း အသတ်သတ်ခြင်း၊ သတ်စေခြင်း များ ကို မပြုလုပ်ဘူးလို့ ကျွန်ုပ်တို့ ဝန်ခံကတိပြုကြပါတယ်”

မင်းသားအားလုံး ကတိစကားများ ကို ပြောနေကြစဉ် မိမိကား ထိုသို့ ကတိစကားဆိုခဲ့သလော၊ မဆိုခဲ့သလော ဝေဝါးယောင်မှား ဖြစ်နေလေသည်။ ဘာကြောင့် သုတသော မသည် ထိုစကားကို အထူးတလည် ဆိုရလေသနည်း။ ပြီးတော့ ထိုစကားကို ပြောနေစဉ် သူ၏ စူးရှသော အကြည့်များ က တစ်ချိန်လုံးလုံး မိမိအပေါ် ကျရောက်နေခဲ့ချေသည်။

အများ ကို ပြောသော စကား ဖြစ်သော်လည်း မိမိ တစ်ယောက် တည်းကို သာ ရည်ညွှန်းနေသယောင် သုတသော မသည် မိမိကိုသာ စူးစူးစိုက်စိုက် ကြည့်နေလေသည်။ အဘယ်ကြောင့် နည်း၊ ဘာကြောင့် ပါနည်း…။

အတိတ်သို့ ပြန်သော အတွေးတို့သည် တိခနဲပြတ်တောက်သွား၏ ။

အတွေးစဉ်ကို ဖြတ်တောက်လိုက်သည်ကား ခြေထောက်မှဒဏ်ရာ။

သစ်ရွက်များ ကို စုခြေ အရည်ညှစ်၍ ခြေဖမိုးအပေါက်ကြီးထဲ ထိုးထည့်ကာ နွယ်မျှင်များ ဖြင့် စည်းနှောင်လိုက်သော ကြောင့် သွေးတို့ကား တိတ်လေပြီ။ သို့ သော် သွေးပူနေစဉ်ကထက်ပို၍ နာကျင်ကိုက်ခဲလာ၏ ။ ဟောင်းလောင်းပေါက် ဖြစ်သွားသော နေရာသည် ခြေကျဉ်းဝတ် ထိုမှတစ်ဆင့် ခြေသလုံးရိုးနှင့် ကြွက်သားများ အထိ ရိုးတွင်းခြင်ဆီလိုက်ကာ တစစ်စစ် မခံမရပ်နိုင်အောင် ကိုက်ခဲလေပြီ။

ကျိုးကျေပဲ့ထွက်သွားသော အရိုးစတို့ကလည်း နီးရာအသားစိုင်နှင့် အကြောမျှင်များ ကို ထိုးဆွကိုက်ဖဲ့ကြဖဲ့လေပြီလား မသိ။

နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အဆမတန်နာကျင်ခြင်း၊ အဆမတန် ကိုက်ခဲခြင်း။

နာကျင်လွန်းသဖြင့် သားရဲတိရစ္ဆာန်တစ်ကောင်လို အော်ပစ်လိုက်မည် စိတ်ကူး၏ ။

တစ်ကိုယ်လုံးရှိ သွေးများ သည်လည်း ခြေထောက်ဒဏ်ရာ အပေါက်မှ သွန်ထွက်စီးကျသွားပြီ ထင်သည်။ ဖျော့တော့ သွေးဆုတ်ခြေထောက်ကို ကြည့်ရင်း မူးဝေနောက်ကျိလာသည်။ ဆတ်ဆတ်တုန်သော လက်ချောင်းများ ဖြင့် ဒူးဆစ်အောက်နားကို ဖျစ်ညှစ်ကြည့်လိုက်သည်။ သွေးတုံးသွေးခဲ အကြွင်းအကျန်များ က ပွက်ခနဲ အံထွက်လာသဖြင့် အလန့်တကြားပင် လက်ချောင်းများ ကို လွှတ်ဖြည်ပစ်လိုက်ရ၏ ။

နာကျင်ကိုက်ခဲခြင်း၊ မူးယစ်ရီဝေခြင်း တို့အပြင်ထပ်မံနှိပ်စက်လာသည့် ဒုက္ခကား ဆာလောင်ခြင်းပင် ဖြစ်၏ ။ ပညောင်ပင်တို့၏ မြစ်ပျဉ်းအကြားတိုးဝင်လဲလျောင်းကာ သည်အတိုင်းသာဆိုလျှင် သေဆုံးခြင်းကိုသာ ငံ့လင့်ရတော့မည် ဟု အောက်မေ့၏ ။ သေဆုံးခြင်း…သေဆုံးခြင်း၊ အလိုလေး..ငါ့နှယ်သော လူ တစ်ယောက် ဟာ ဒီလိုနည်းနဲ့သေဆုံးရတော့မှာ လား …ငါဒီပုံမသေချင်ဘူး..နေပါဦး…သေတော့မယ့် လူ တစ်ယောက် ဟာ ကျန်ရှိနေသေးတဲ့ အသက်ကာလကလေးအတွင်းမှာ ဘာလုပ်ရမလဲ…ဘာလုပ်နိုင်သလဲ..။

အခြားလုပ်စရာမရှိ၊မိန်းမူးလျင်သာလျှင် အတွေးများ က အတိတ်သို့ ပြန်လည်လွင့်ပါးသွားကြလေသည်။

* * *




ဝန်ဇင်းချစ်သူများ ချစ်ဦးညို ၏ “ ယာဇ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နဂါးခေါင်း ဗျပ်စောင်း

ရာမယဏ ယဗ္ဗကာရီ ဆရာဇော်ဂျီ နှင့် လက်ရွေးစင် စာစုများ

တရားရှင်နှင့် ရာဟုလာ