သန္တသုခ
အရုဏ်နံနက်၊ နေမထွက်ခင်
အိပ်စက်ရာမှ၊ ကျွန်ုပ်ထသည်
လောကအလှ ဖူးပွင့်စ….။
လောကအလှ၊ ဖူးပွင့်စ၌
နှုတ်ဟဖွင့်ထုတ်၊ မေတ္တာသုတ်ကို
ကျွန်ုပ်ဆိုကာ၊ ရှိခိုးပါသည်
ငါးဖြာအနန္တ ဦးနှိမ်ချ…။
ငါးဖြာအနန္တ၊ ဦးနှိမ်ချလျက်
လောကမိုးမြေ၊ သက်ရှင်နေသည်
သဗ္ဗေသတ္တာ၊ သတ္တ၀ါတွေ
ကျန်းမာပါစေ၊ ချမ်းသာစေဟု
မျှဝေကမ်းလို့ မေတ္တာပို့…။
နေ့စဉ်ဤသို့ ၊ မေတ္တာပို့ရင်း
ပို့သည့်မေတ္တာ၊ စေတနာကြောင့်
ရင်မှာ ငြိမ်းချမ်း၊ ပီတိဖျန်းလျက်
ရွှင်လန်းတက်ကြွ၊ စိတ်ကြင်မြသည်
သန္တသုခပါတကား…။
▪
သိစေ
အကြံမမှား
ရန်မပွားချင်
စံတရားက လက်ထဲမှာ …။
မမှန်မော်ကြွား၊
ရန်စော်ကားတော့
တရားလက်ထဲမှာ ၊ ဓားလည်းပါ…။
တရားလည်းဆောင်
ဓားလည်းပြောင်၏ …။
တရားလည်းမွေး
ဓားလည်းသွေး၏ …။
တရားတစ်ဖက်
ဓားတစ်လက်တည်
မှားကွက်ဉာဏ်ဖွာ
ရန်မစွာ နှင့်
မြန်မာဆိုတာ ဒါပဲဟေ့…။ ။
▪
သွေးကပြောတဲ့စကား
လာလိုလျှင် အနီးလေး
မလာလိုလျှင် ခရီးဝေး…တဲ့။
လူချင်းသာနီး
သွေးမနီးလျှင်
ခရီးစဉ်တွေး ဝေး ဝေး ဝေး..။
လူချင်းသာဝေး
သွေးမဝေးတော့
အရေး တကြီး နီးနီးလေး
နီးဝေးတိုင်းသာ
ခရီးအကွာ
သွေးကစကားပြောသည်သာ…။ ။
▪
ရှက်တယ်
ရိက္ခာအတွက်
သိက္ခာတော့ အပျက်မခံ…။
လူ့တစ်လွှားမှာ လည်း
မုသားလျှာ သကာဖုံး
ပြုံးပန်းမပန်….။
နှလုံးခါးနဲ့လည်း အကောက်မကြံ
ဖောက်ပြန်တဲ့လမ်းကိုလည်း မလျှောက်….။
ဘ၀တာ ရေတစ်ပွက်မှာ
အလှမပါလို့ အနေခက်ပေမယ့်
ခဏတာ အသရေပျက်မှာ ကိုတော့
သေမှာ ထက်ကြောက်..။ ။
▪
တည်ဆောက်ခြင်းအလှနှင့် မနက်ဖြန်တန်ဖိုး
လှပန်းတစ်ပွင့်
ပင်ယံဝင့်ဖို့၊ လွယ်လင့်တကူ
ရယူနိုင်သည် မဟုတ်ပါ…။
ဦးစွာ ပထမ
မြေစာဆွ၍ ၊ မျိုးစေ့ကြဲပက်
အညှောင့်ထွက်လျှင်၊ ပေါင်းသင်ရေလောင်း
အားအင်ပေါင်းမှ၊ ပန်းကောင်းတစ်ပင်
ခက်ညွန့်ရှင်၏ သက်ဝင်၏ …။
ပန်းကောင်းတစ်ပင်
ခက်ညွန့်ရှင်ရေး ၊ သြဇာကျွေးလျက်
ဆက်လက်ပြုစု၊ ရွှေလိုဥမှ
နုရွှကြွားဝင့်၊ ငွားငွားစွင့်သည်
ပန်းပွင့်ဂုဏ်လှ၊ ပန်းစုံရ၏
ထုံမြ၏ ….။
ပန်းပွင့်ပန်းလှ
ပန်းနုရွတို့၊ ရရှိဖို့အတွက်
ပင်ပန်းခက်သလောက်…။
အရုပ်ဆိုးဖက်
လောဘလက်နှင့် ၊၊ ပန်းဖျက်မုဆိုး
ပန်းချိုးခူးပန်၊ ပျက်စီးပြန်သည်
နက်ဖြန်တန်ဖိုး၊ မသိရော့လား…။ ။
▪
ခဲဖျက်ဒဿန
(၁)
စာတစ်လုံးမှာ
နှစ် လုံးမှားလို့
မှားသည့်အတွက်
ခဲဖျက်ရှိတယ်
ဖျက်ဖို့လွယ်တယ်…။
(၂)
ဘ၀တစ်ခုလုံး
စလယ်ဆုံးတွက်
သုံးသပ်ချက်မှား
ဆုံးဖြတ်မှားသော်
မှားသည့်အတွက်
ဘာခဲဖျက်နဲ့ ဖျက်မလဲကွယ်….။ ။
▪
အလင်းကိုရှာ
လောဘဆားရေ၊ သောက်မပြေဟု
ဆိုလေစကား၊ သိသော်ငြားလည်း
တရားမခံ၊ အမှားဥာဏ်နှင့်
ဆားငန်ရေနောက် တကောက်ကောက်…။
ဒေါသမီးခဲ ပူလော်ကဲဟု
ငြိစွဲရင်ကြား၊ သိသော်ငြားလည်း
တရားမကူ၊ အမှားယူပြီး
အပူမီးပွား တဖွားဖွား….။
မောဟအမိုက်၊ အမှော င်တိုက်ဟု
စိတ်၌ မှတ်သား၊ သိသော်ငြားလည်း
တရားမဆောင်၊ အမှားနှောင်လျက်
အမှော င်တောလမ်း တစမ်းစမ်း…။
မသိမဟုတ်၊ အရှိသရုပ်ကို
အဟုတ်ပကတိ၊ သေချာသိလည်း
သိသိနှင့် ပင်၊ ပုထုဇဉ်မို့
အမြင်ေ၀၀ါး၊ သူငါမှားဟု
လျှာဖျားချိုမြ၊ အကြောင်းပြ၍
ဘ၀အချိန် မကုန်သင့်….။
သေချာတွေးရှု၊ သတိပြုလျှင်
ပုထုဇဉ်မျာ၊ အသိဉာဏ်ပါ၏
ပါသည့်အသိဉာဏ်၊ ချင့်ဝေဖန်၍
မှန်ရာဆုံးဖြတ်၊ မြတ်ရာကိုရွေး
ခါမနှေးနှင့် ၊ ခွင့်သာခိုက်မှာ
အလင်းရှာ…
ရှေ့မှာ ရောင် ခြည် တလက်လက်…။ ။
▪
မြန်မာပီပီ
မြန်မာပြည်သား နောင်ညီတွေ
မြန်မာပြည်မှာ နေ
မြန်မာရွှေပြည်တန်ဖိုးထား
မြန်မာဇာတိဖွား
မြန်မာစကား အခြေခံ
မြန်မာမူပုံစံ
မြန်မာဆန်ဆန် ရိုးရာအနှစ်
မြန်မာတိုးကာချစ်။
မြန်မာ ဖြစ်လို့ ဂုဏ်ယူပျော်
မြန်မာဟေ့ကြွေးကြော်
မြန်မာပြည်ပေါ် အသက်ပေး
မြန်မာတွေ ရဲ့ ဇာနည်သွေး
မြန်မာပီပီမွှေး….။ ။
▪
တိမ်စင်လ
အယူအဆ
မတူကြသဖြင့်
သင်ကငါ့ကို၊ မခင်လို၍
သူကငါ့ကို မကြင်လို၍
ငြင်ငြိုမျက်ပွား၊ အမိုက်ဓါးဖြင့်
အမှားပြုချင် ပြုလိုက်ပါ…။
သင်ပြုမိမှား၊ မတရားဟုသူပြုမိမှား၊ မတရားဟု
ခံစားတွေးထင်၊ မကောင်းမြင်ကာ
ပူပင်မောလျ၊ စိတ်သော ကဖြင့်
ကြောင့်ကြ စိုးရိမ် မ ဖြစ်ပါ…။
ငါကသာလျှင်
မဆင်ခြင်ဘဲ
ပြစ်တင်ကဲပို၊ ရန်မျက်သိုကာ
သင့်ကိုမတရား၊ အမိုက်ခါးဖြင့်
သူ့ကိုမတရား၊ အမိုက်ခါးဖြင့်
ပြုမှားမိမှာ ၊ စိုးရိမ်ပါသည်
မေတ္တာလမင်း ရင်ထဲမှာ
သစ္စာအလင်း ဆင်ဆဲပါ…။ ။
▪
မှန်နှင့် သမိုင်း
အပြုံးလှလှ
ကိုယ်ပြုံးပြ
ပြုံးပြတုံ့ပြန်
အဲဒါ မှန်…။
ပြုံးရာကရွဲ့
တစ်ဖန်မဲ့တော့
မဲ့ရွဲ့တုံ့ပြန်
အဲဒါ မှန်…။
နာမည် ကိုက ‘မှန်’
မမှန်တဲ့ သရုပ်
သဏ္ဍာန်မထုတ်ပါ
လုပ်သမျှကိုသာ
သေချာတိကျ
တုံ့ပြန်ပြ
ဘာမှအပိုမပါဘူး….။
ဒီလိုဆိုက
ငါ့အကြောင်း
သူ့အကြောင်း
မင်းအကြောင်း
ကောင်းမကောင်းဆိုတာ
ကြော်ငြာမကပ်
မောင်းမခတ်နဲ့
လုပ်ရပ် ဖြစ်စဉ်
ရောင် ပြန်ထင်တဲ့
မှန်ပြင်စံနှိုင်း
ပမာခိုင်းလျှင်
လူတိုင်း….
ကိုယ့်သမိုင်း
ကိုယ်ရေး ကြသည်သာ…။ ။
▪
မြန်မာ့စိတ် မြန်မာ့စေတနာ
အယူဘာသာ
မတူပါလည်း
မေတ္တာရေချမ်း ကမ်းလျက်…။
ယုတ်လတ်ဆင့်တန်း
မခွဲခြမ်းဘဲ
ချစ်ပန်းသီကုံး၊ ပြုံးလျက်…။
ရန်လိုအမုန်း
မကျင့်သုံးဘဲ
နှလုံးစိတ်အေး၊ မွေးလျက်…။
ညှာတာထောက်ထားစာနာပွားရင်းတရားမွေ့လျော် ပျော်လျက်..။
မေတ္တာ ကရုဏာ
မုဒိတာနှင့် ကြင်နာဆင့်လောင်း
စိတ်ကောင်းမွန်မြတ်
အားနာတတ်သည်
စိတ်ဓာတ်စေတနာ
ဘယ်မှာ မှ မရှာနှင့်
မြန်မာမှာ ပဲ ရှိသည်…။ ။
▪
ငွေလမင်းသို့ ဦးညွတ်ခြင်း
ကောင်းကင်ပြာပြာ
မိုးပြာပြာတွင် ၊ လငွေစင်သည်
ကြည်လင်ဖြန့်ခင်း၊ သူ့အလင်းဖြင့်
ဖန်ဆင်းအလှ ၀င်းပပ…။
ရွှန်းလဲ့ဝင်းပြောင်
အလင်းဆောင်သည့်၊ လရောင် မြင်ခိုက်
ရင်၌ ငြိမ်းအေး၊ သန့်စင်ဖွေးဟု
အတွေးတစ်စ လွန့်နိုးထ…။
လကိုငေးကြည့်
ရွှန်းပီတိဖြင့်
အမိမျက်နှာ၊ မြင်ယောင်လာသည်
ရင်မှာ ချမ်းမြေ့၊ မေတ္တာငွေ့ကြောင့်
သိမ်မွေ့နုရွ ရှုမ၀…။
သို့ မို့ကြောင့် သာ
လူ့ကမ္ဘာဝယ်
မသာလည်းတ၊ သာလည်းတဟု
ငွေလရောင် ဖြာ၊ မိမေတ္တာကို
စာဖွဲ့ပုံသွန်း၊ ဂုဏ်ဖော်ညွန်းသည်
မော်ကွန်းရသ မေ့မရ….။
▪
မဟာပထ၀ီသို့ ကန်တော့ခြင်း
ကျေနပ်ဝမ်းမြောက်
ကဆုန်ပေါက်သည်
ခြေထောက်၏ ဒဏ်
ဖိနင်းသည့်ဒဏ်ကို
သည်းခံမပျက် ခွင့်လွှတ်လျက်….။
ဒေါသမီးပြင်း
ခံခက်ခြင်းကြောင့်
ခြေနင်းဆောင့်ဒဏ်
ဖနောင့်ဒဏ်ကို
သည်းခံမပျက် ခွင့်လွှတ်လျက်…။
မကျေနပ်ခြင်း
ကျေနပ်ခြင်း၏
အကြောင်းရင်းကံ၊ ပြုသည့်ဒဏ်ကို
သည်းခံမပြတ်၊ ခွင့်လွှတ်တတ်သည့်
စိတ်ဓာတ်ရှိငြား
သင်…မြေသားကို
မခြားပုံသွင်၊ မြတ်မိခင်သို့
ဦးတင်အသိ၊ ကြည်ညိုမိသည်
မြေ၏ သားကောင်းအ ဖြစ်နှင့် … ။ ။
▪
ဆဋ္ဌမအာရုံသို့ အောက်မေ့ခြင်း
ငါ့ကိုမွေးသည့်၊ ဖနှင့် မိမှာ
မချိဝမ်းစာ၊ ဝေဒနာနှင့်
ငွေအပြာစ၊ ညှိုးငယ်လှ၍
ငါ့ကိုကျောင်းထား မပေးနိုင်…။
ဆွေမျိုးဘုန်းကြီး၊ ဦးကြီးဦးလေး
အရီးလေးတို့၊ ဒွေးလေးတို့၏
မချို့မေတ္တာ၊ စေတနာကြောင့်
နေရာအနှံ့၊ ခြေရာဆန့်၍
မျိုးစေ့ပညာ၊ ငါဖွေရှာခဲ့…။
လူတကာ၏
မေတ္တာရည်စူး၊ ဂုဏ်ကျေးဇူးကြောင့်
ကြည်နူးဝမ်းသာ၊ မြတ်ပညာကို
လေ့လာကျက်မှတ် ကြိုးကုတ်လတ်၍
စာတတ်ပေမွန်၊ ပညာချွန်ကာ
တံခွန်ဘွဲ့ထူး၊ ငါဆွတ်ခူးခဲ့
ကျေးဇူးကြီးလှပါပေ၏ …။
ကျေးဇူးကြီးမား၊ သိသော်ငြားလည်းငါကားခုတိုင်၊ မဆပ်နိုင်ခဲ့ဆပ်နိုင်ဖို့ရေး ၊ ရှေ့ကိုငေးရင်းအတွေးနှင့် ဖြေ၊ ပင့်သက်ဝေသည်မသေခင်တော့ ဆပ်ဦးမှ…
ဤသို့ တွေးဆ၊ ညံ့ခါကျတိုင်း
အနန္တငါးပါး၊ ရှိဝပ်တွားရင်း
တစ်ပါးထပ်လောင်း၊ ကျေးဇူးရှင်အပေါင်းကို
ညွတ်ပျောင်းမာန်လျှော့၊ ငါကန်တော့မိ
ကန်တော့သည့်ခါတိုင်း၊ ရန်လှိုင်းခတ်တုန်
ကျေးဇူးဂုဏ်ကို
ကြည်ယုံအောက်မေ့၊ မျက်ရည်ဝေ့သည်
လွမ်းငွေ့မဆုံးနိုင်တကား…။ ။
▪
မေတ္တာပို့
ကိုယ်ကသူ့ကို၊ မေတ္တာပို့လျက်
ကိုယ်ကသူ့ကို၊ စေတနာပိုးလျက်
အလိုဆန္ဒ၊ ပြန်မရလို့
ကိုယ့်ရဲ့ လိုဘ၊ မပြည့်ဝလို့
လူတို့များ စွာ ၊ ပြောတတ်ပါ၏ ။
မေတ္တာသာပို့ နာနာပို့…တဲ့။
မကျေနပ်ခြင်း၊ အကြောင်းရင်းကြောင့် ရင်တွင်းစိတ်မှာ ၊ မကြည်သာဘဲယူဆလွဲကာ၊ များ သူငါပေါ်မေတ္တာ ဤသို့ ပို့မရ..။
မေတ္တာပို့ရန်၊ အကြောင်းဖန်က
ဓာတ်ခံရင်မှာ ၊ ငြိမ်းချမ်းသာသည်
မေတ္တာစိတ်အေး၊ အလျင်မွေး၍
အအေးမေတ္တာ၊ ကိုယ်လိုရာသို့
ပို့ချင်သလိုသာ ပို့ပါကြ
မေတ္တာဆိုတာ ပို့တတ်မှ
အအေးပေးမှ အအေးရ
အမွှေးပေးမှ အမွှေးရ
မေတ္တာလောက လူ့လောက…။ ။
▪
လောကဇာတ်ခုံပေါ်မှာ
ပန်းမစိုက်
ပန်းမကြိုက်သူတွေ အသင်္ချေ…။
ပန်းမပျိုး
ပန်းချိုးသူတွေ အနန္တ…။
ဥယျာဉ်မှူး
ပန်းခူးချိုးပန်
စိတ်မကြံ
နက်ဖြန်လောက လှစေရန်….။ ။
▪
မောင့်နှမ မြကြေးမုံ
သဘောတူစင်း၊ မနောဖြူရှင်း
တောသူယမင်း မြကြေးမုံ။
ပါးကွက်ကြားမှု န်း၊ သနပ်ခါးသုံး
မျက်နှာထားပြုံးတဲ့ မြကြေးမုံ။
ပျူငှာမရွေး၊ အမူအရာလေး
လူတကာငေးတဲ့ မြကြေးငုံ။
တစ်ဘက်သားကို၊ အမျက်မပွားလို
ရှက်အားပိုတဲ့ မြကြေးမုံ။
အပိုထွင်မပြ၊ နဂိုယဉ်လှ
အပျိုစင်နှမ မြကြေးမုံ။
ရပ်ရွာအရေး ၊ ထပ်ခါမနှေး
အမြတ်အသာ မရွေးတဲ့ မြကြေးမုံ။
တချို့စရိုက်ဆန်း၊ တို့မကြိုက်တမ်း
မြို့ဂိုက်မဖမ်းတဲ့ မြကြေးမုံ။
ညာပြောမ ဖြစ်၊ ရွာသဘောမနှစ်
ယာတောချစ်တဲ့ မြကြေးမုံ။
အညာသဏ္ဍာန်၊ မြန်မာဟန်
ကဗျာဆန်တဲ့ မြကြေးမုံ
အလှသွေးစုံ၊ ရွာသွေးဂုဏ်
မောင့်မြကြေးမုံ မြကြေးမုံ
နှမ မြကြေးမုံ…။ ။
▪
အိမ်ရှင်နဲ့ ဧည့်သည်
ငါတို့အိမ်မှာ
ရောင် ၀ါဖျိုးဖျပ်၊ လျှပ်စစ်မီး
မထိန်ညီးလည်း
ဆီမီးတစ်တိုင် ထွန်းကားတယ်….။
ငါတို့အိမ်မှာ
မွှေ့ရာကော်ဇော
မညက်ညောလည်း
ဖျာချောတစ်ချပ် ခင်းထားတယ်…။
ငါတို့အိမ်မှာ
ရသာဒိန်ခဲ၊ လျှာပေါ်ဝဲစရာ
မရှိပါလည်း၊ ပျူငှာစိတ်မွေး
အမောပြေရေး အတွက်
ရေအေးတစ်ခွက်နဲ့
ထန်းလျက်တစ်ပွဲပါ ပြင်ထားတယ်…။
ဧည့်ကောင်းစောင်သာ
ဖော်သဟာအ ဖြစ်၊ မိတ်စစ်နှလုံး
“ချစ်အပြုံး” လား
နားပါခိုပါ၊ အပန်းဖြေပါ
စေတနာနဲ့ ကြိုနေတယ်….။
သို့ သော်ငြားလည်း
တရားမမြင်
စကားမဆင်ခြင်
အမှားဉာဉ်နဲ့၊ အိမ်ရှင်အပေါ်
မတော် လက်ညှိုး၊ ကျေးစွပ်ထိုးမယ့်
ဧည့်ဆိုးနှလုံး
“အို…အမုန်း” လား
သွားပါ သွားပါ၊ အနားမလာနဲ့
အားနာလက်ခံ၊ မရည်သန်ပါ
ခပ်မြန်မြန်သာ ပြန်ပေတော့… ။ ။
▪
ဝန်ဇင်းချစ်သူများ မြေလတ်မောင်မြင့်သူ ၏ “ တိမ်စင်လရဲ့ အလှဝိညာဉ်ကဗျာများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။
ရွှေပြည်စိုးရဲ့တေးသံသာ
နံနက်ခင်း လေညင်းရဲ့ရင်ခုန်သံ
ကဗျာဖတ်စာချစ်စရာ ကလေးကဗျာများ