Cover

အခန်း(၁)

မြေလတ်မောင်မြင့်သူ

ကဗျာဖတ်စာချစ်စရာ

ကလေးကဗျာများ

“….ကလေးကဗျာကောင်းဆိုတာ

ကာရန်အချိတ်အဆက်

ပြေပြစ်ချောမွေ့ရမယ်။

အသံအတက်အကျ၊ နရီ ကိုက်ရမယ်။

စပ်နည်းစပ်ထုံးပုံစံ မှန်ကန်ရမယ်။

ကလေးတွေ နဲ့ ယဉ်ပါးနီးစပ်တဲ့

အကြောင်းအရာမျိုး ဖြစ်သင့်တယ်…”

ကမ္ဘာကြီးကို ဆေးသုတ်ပါ။

ကလေးတို့ရဲ့ ကဗျာဆရာ မြေလတ်မောင်မြင့်သူဟာ ကလေးလေးတွေ ကို တအားချစ်တတ်တဲ့သူဆိုတော့ တကုပ်ကုပ်နဲ့ တစိုက်မတ်မတ် အမြဲမပြတ်ရေး တဲ့ သူ့ရဲ့ ကလေးကဗျာလေးတွေ ကို ဖတ်ရတဲ့အခါ ကလေးချစ်တတ်သူတွေ အကြောင်းသွားပြီး အမှတ်ရမိပါတယ်။

မလေးရှားပြည်ပေါက်တရုတ်လူမျိုး ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးလေး မီရှဲရိုးဟာ အိမ်ထောင်မရှိတဲ့ အပျိုစင်မလေးပါ။ ဒါပေမဲ့ ကလေးတွေ ကို သိပ်ချစ်တယ်။ သိပ်သနားတယ်။

တရုတ်ပြည်မှာ အရမ်းဆင်းရဲတဲ့ မိဘမဲ့ကလေးတွေ ကို သူမအေဆိုပြီး မွေးစားထားတဲ့ ကလေးပေါင်း ၈၀ ကျော် ရှိပါတယ်။ ရှာဖွေရရှိသမျှ ဒီကလေးတွေ အတွက်ပဲ ကျွေးမွေးပြုစု ပျိုးထောင်ပေးတယ်။ ကလေးတွေ အပေါ် အဲဒီ လောက်ကို စေတနာကြီးတဲ့ စေတနာရှင်တစ်ဦးပါ။

နောက် စေတနာရှင်တစ်ဦး ရှိပါသေးတယ်။ သူ ကတော့ ဟောလိဝုဒ်က ကမ္ဘာကျော်မင်းသားကြီး မာလွန်ဘရန်ဒိုပါပဲ။ သူတို့ ဇနီးမောင်နှံဟာ မိဘမဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးပေါင်း ၄၀ ကျော်ကို မွေးစားထားပြီး ပြုစုပျိုးထောင်ပေးတဲ့အတွက် ထူးချွန်ကြတာ အများ ကြီးပဲ။

နည်းတဲ့ စေတနာတွေ လား။ မုဒိတာ ပွားစရာပါ။ ဒါ တစ်ယောက် စ နှစ် ယောက် စ သိသမျှလေးလောက် ပြောတာပါ။ နိုင်ငံ အသီးသီးမှာ လည်း ဒီလိုပဲ အများ ကြီး ရှိနေကြမှာ ပါ။

ကျွန်တော် တို့ မြေလတ်မောင်မြင့်သူကလည်း မြန်မာနိုင်ငံက ကလေး အရမ်းချစ်တတ်တဲ့ ကဗျာစေတနာရှင် တစ်ဦးပါ။ သူ ကဗျာစရေး တဲ့အချိန်ကစပြီး ဒီနေ့အထိ ဇွဲနပဲကြီးစွာ နဲ့ ကလေးကဗျာကို မပြတ်ရေး နေသူပါ။ မဂ္ဂဇင်းစာမျက်နှာတွေ ပေါ်မှာ သူ့ကလေးကဗျာတွေ ကို တောက်လျှောက်မပြတ် ဖတ်ရပါတယ်။ ကလေးကဗျာမင်းသားလို့ ပြောရမတတ်ပဲ။

ဒီလောက်နဲ့ မကျေနပ်နိုင်ဘူး။ အားမရသေးဘူး။ သူလည်း ရှာဖွေရတာ လေးတွေ ကို ခြိုးခြစ်ချွေတာစုဆောင်းပြီး သူ့အရင်းအနှီးနဲ့သူ ကလေးတွေ အတွက် ကလေးကဗျာစာအုပ်ကလေးတွေ ထုတ်ပေးလိုက် ပါသေးတယ်။

ဒါကြောင့် လည်း ၁၉၈၇ ခုနှစ် ကလေးကဗျာနဲ့ အမျိုးသားစာပေဆုကို ဆွတ်ခူးခဲ့တာပေါ့လေ။ မြေလတ်မောင်မြင့်သူမှာ ကလေးပေါင်း ၈၀ ကျော် မွေးစားထားတာ မရှိပေမယ့် အရေအတွက် အကန့်အသတ် အဆုံးမသတ်တဲ့ ကလေးတွေ ပျော်အောင်ရွှင်အောင်၊ စိတ်ကောင်းစိတ်မြတ် မွေးအောင်၊ ဗဟုသုတ ဖြစ်အောင်၊ အသိပညာ တိုးပွားအောင်၊ အကျင့်စာရိတ္တ ကောင်းမွန်အောင် လုပ်ကိုင်ပေးနေတာ ကလေးကဗျာနဲ့ ကျွေးမွေးပြုစု ပေးနေတာပဲ မဟုတ်ဘူးလား။

ဒီကနေ့ မူကြိုကျောင်း၊ ကလေးကျောင်းတွေ မှာ သူ့ကလေးကဗျာလေးတွေ ကို ရွတ်ဆိုတာ ကြားကြားနေရပါတယ်။ မူလတန်းကျောင်းသုံး စာရိတ္တပညာဘာသာရပ်မှာ လည်း သူ့ကဗျာအချို့ကို ပြဋ္ဌာန်းထားတယ်။

ကလေးတွေ ပုံပြောပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွေ မှာ ပွဲပေါင်းများ စွာ သူနဲ့ ကျွန်တော် (ကိုသူရဇော်၊ စိန်ဂျွန်းမာလေးတို့၊ ကွယ်လွန်သွားရှာတဲ့ ဦးစိန်ခင်မောင်ရီတို့၊ ပျဉ်းမနား မောင်နီသင်းတို့) အပါအ၀င် အကဲအဖြတ်အ ဖြစ် ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ အဲဒီ အခါမှာ လည်း မြေလတ်မောင်မြင့်သူရဲ့ ကဗျာကို ပြိုင်ပွဲမှာ ရွတ်ဆိုဖို့ ရွေးချယ်သတ်မှတ်ပေးထားတာ ကြုံရပါတယ်။

ကလေးကဗျာကောင်းဆိုတာ ကာရန်အချိတ်အဆတ်ကို ပြေပြစ်ချောမွေ့ ရမယ်။ အသံ အတက်အကျ၊ နရီ ကိုက်ရမယ်။ စပ်နည်းစပ်ထုံးပုံစံ မှန်ကန်ရမယ်။ ကလေးတွေ နဲ့ ယဉ်ပါးနီးစပ်တဲ့ အကြောင်းအရာမျိုး ဖြစ်သင့်တယ်။ အခက်ကြီးတွေ မဟုတ်ဘဲ ကလေး နားလည်ရမယ်။ စကားလုံးခွန်အား ကောင်းရမယ်။ လွယ်လည်းလွယ်၊ လှလည်းလှ၊ ရသလည်း မြောက်ရမယ် စသဖြင့် ညွှန်ပြပြောပြ ဆရာလုပ်နိုင်လောက်တဲ့ အရည်အချင်းတော့ ကျွန်တော့် မှာ မရှိပါဘူး။ ဆရာကြီးတွေ ပြောကြဆိုကြ မှတ်သားဖူးသလောက် စကားစပ်လို့ ပြောလိုက်ရတာ ပါ။

ဘယ်ကဗျာလေး ကတော့ ဘယ်လိုကောင်းတာလဲ၊ ဘယ်ကဗျာလေး ကတော့ဖြင့် ဘယ်သို့ ထူးခြားတာပဲ ဆိုတာလည်း မပြောပါဘူး။ မပြောတတ်လို့ပါ။ တကယ်တော့ ကလေးကဗျာ ကောင်းမကောင်းဆိုတာ ကလေးတွေ ရဲ့ ပါးစပ်ကသာ အဆုံးအဖြတ်ပေးတယ်လို့ပဲ ထင်ပါတယ်။ (ကျွန်တော့်  အထင်ပါ) ကလေးဟာ ကလေးကဗျာအယ်ဒီတာများ ဖြစ်မလား မသိဘူးနော်။

ကျွန်တော် လည်း ကလေးကဗျာရေး သူ၊ ကလေးချစ်သူဆိုတော့ သူ့ကလေးကဗျာလေးတွေ ကို ကောင်းကောင်းဆုံးဖြတ်တာမပါဘဲ ခံစားတဲ့အနေနဲ့ ဖတ်ပါတယ်။ ဆန်းဆန်းပြားပြားလေးတွေ တော့ တွေ့ ရတာ ပဲ။

ဥပမာ စာအုပ်နာမည် ပေးတဲ့ ‘ကဗျာဖတ်စာ ချစ်စရာ’ ဆိုတဲ့ ကဗျာလေးတွေ ထဲမှာ သတ်ပုံနဲ့ ပတ်သက်လို့ ကလေးအတွေးနဲ့ လိုက်ဖက်တဲ့ သံတူကြောင်းကွဲ စကားလုံးလေးတွေ ကို သင့်လျော်ရာရွေးပြီး ရေး ထားတဲ့ သတ်ပုံကဗျာမျိုးလေးတွေ လည်း တွေ့ ရရဲ့ ။

ထိုနည်းလည်းကောင်းပါပဲ။ စကားပုံ ကဗျာလေးတွေ မှာ ဆိုရင်လည်း ကလေးတွေ ရဲ့ အရွတ်အဆိုကြားမှာ နားယဉ်လွယ်တဲ့ အသုံးအနှုန်းလေးတွေ နဲ့ သီကုံးထားတဲ့ တစ်ဘာသာမူကွဲ ကဗျာလေးတွေ ကလည်း ချစ်စရာတွေ ပါ။ ဒါကြောင့် သူ စွမ်းဆောင်ထားတာကို ကျေနပ်စရာတော့ ကောင်းတယ်လို့ သဘောရပါတယ်။

အဲဒီ လို ကလေးကဗျာစေတနာရှင်တွေ ၊ နောက်ထပ် အများ ကြီးပေါ်ပေါက်ကြပါစေလို့လည်း ဆုတောင်းတယ်။ တောင့်တတယ်။ အိမ်မှာ ကလေးလေးတွေ ပျော်ရွှင်မြူးတူးပြီး တီတီတာတာ တွတ်တီးတွတ်တာနဲ့ ကဗျာဆိုနေသံကို ကြားရတာ အင်မတန် စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ မင်္ဂလာ ရှိပါတယ်။

ကလေးလေးတွေ အတွက်ရေး တဲ့ ကလေးကဗျာပဲဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားလို့ မရပါဘူး။ တကယ်တော့ အင်မတန်မှ အရေး ကြီးပါတယ်။ ဒါကြောင့် လည်း သားရွှေဥ၊ သားရွှေခဲ၊ ပုတ္တောဝါဒ အစရှိတဲ့ ကလေးစာတွေ ကို တခမ်းတနားအလေးထားပြီး ရှေးရှေးက စာဆိုကြီးတွေ ၊ ပညာရှိတွေ က ရေး သွားကြတာပါ။

ကလေးတွေ ကို ပြုစုပျိုးထောင်ပေးခြင်းဟာ ကမ္ဘာကြီးကို သာယာစည်ပင်အောင် ပြုလုပ်ခြင်း၊ တည်ဆောက်ခြင်းပါ။ ကမ္ဘာကြီးကို လှအောင် ဆေးသုတ်ခြင်းပါ။ အလွန်ကြီးကျယ်ထူးချွန်ပြီ ဂန္တ၀င်ထင်ရှားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေ ဆိုတာလည်း ကလေးဘ၀က စခဲ့တာပါနော်။

သို့ သော်လည်း ဒီကနေ့ မဂ္ဂဇင်းစာစောင်တွေ မှာ ကလေးကဗျာကို အလေးထားတာ၊ ဂရုစိုက်တာ၊ နေရာပေးတာမျိုးတွေ သိပ်မတွေ့ ရတော့ဘူး။ ရှားပါး သွားပါပြီ။ ကလေးကဗျာအခန်းကဏ္ဍဟာ ညိုးရော်မှေးမှိန်အားနည်းလာတယ်လို့ ခံစားရပါတယ်။

ဘယ်လိုပဲ ဖြစ် ဖြစ်ပေါ့လေ။ နှမ်းတစ်လုံးနဲ့ ဆီမ ဖြစ်နိုင်ဘူး ဆိုပေမယ့် ဆီထဲမှာ တော့ နှမ်းတစ်လုံး ပါဝင်ပါတယ်။ ဒါကြောင့် ထွက်ခြင်းကောင်းတဲ့ ‘ကဗျာဖတ်စာ ချစ်စရာ’ ကလေးကဗျာစာအုပ်လေးအတွက် ကလေးလေးတွေ ကို လက်တို့လူစုပြီး ကလေးလေးတွေ နဲ့အတူ ‘မင်္ဂလာပါ၊ အူလှိုက်သည်းလှိုက် ကြိုဆိုတယ်ဗျို့’ လို့ ခေါင်းမာ အသည်းကောင်း၊ ဇွဲကောင်းသလို ကလေးတွေ အပေါ် မေတ္တာအပြည့်ထားသူ မြန်မာနိုင်ငံက ကလေးစေတနာရှင် ကဗျာဆရာ မြေလတ်မောင်မြင့်သူရဲ့ လက်ကို ဆွဲကိုင်နှုတ်ဆက်လိုက်ပါတယ်။

မြေလတ်မောင်မြင့်သူရဲ့ ကလေးကဗျာရေး ဖက်

အချစ်ဆုံး သူငယ်ချင်း

မောင်ယဉ်မှူး

(၂၁-၃-၂၀၀၇)

………………………………

ကျေးဇူးမှတ်တမ်းနှင့် ဦးခိုက်ကန်တော့ပန်း

စာတစ်ပုဒ် ကဗျာတစ်ပုဒ် ရေး ပြီးသည်နှင့် စာတစ်အုပ်၊ ကဗျာတစ်အုပ် ဖြစ်ချင်ကြပါသည်။ သို့ သော် အကောင်အထည် မဖော် ဖြစ်ကြပါ။ ထို့ကြောင့် စာတစ်အုပ်၊ ကဗျာတစ်အုပ် ဖြစ်ဖို့ရာ ကြီးစွာ သော ဒုလ္လဘဟု ဆိုကြခြင်း ဖြစ်ပါသည်။

စာရေး သက် ၃၅ နှစ် တွင် ကိုယ်ပိုင် ထုတ်ဝေနိုင်သည့် စာအုပ်ဆို၍ ကလေးကဗျာနှစ် အုပ်သာ။ ကျန်စာအုပ် ၆ အုပ်မှာ စာပေဗိမာန်နှင့် ပခုက္ကူ ဦးအုံးဖေစာပေဆုရ၍ စာပေဗိမာန်က ထုတ်ပေးခဲ့တာ ဖြစ်သည်။ ယခုလို မိမိစာမူကို ပုဂ္ဂလိက ထုတ်ဝေသူတစ်ဦးက စာအုပ်အ ဖြစ် ဖန်တီးပေးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပါသည်

ဤ ကလေးကဗျာစာအုပ်နှင့် ရှေ့ပိုင်းဖော်ပြထားသော ကဗျာဖတ်စာ ချစ်စရာကဏ္ဍနှင့် အတူ သတ်ပုံကဗျာအပါအ၀င် စုစုပေါင်း ကဗျာပုဒ်ရေ ၄၀ မှာ ရတနာပန်းခင်းမဂ္ဂဇင်းတွင် ၁၉၉၉ ခုနှစ် မှ ၂၀၀၅ ခုနှစ် မတ်လအထိ ပုံနှိပ်ဖော်ပြခဲ့သော ကဗျာများ ဖြစ်ပါသည်။ ကျန်ကဗျာ ၃၂ ပုဒ်အနက် ၁၂ ပုဒ်မှာ ကလေးသုတစာစောင်တွင် ပုံနှိပ် ဖော်ပြခဲ့သော ကဗျာများ ဖြစ်၏ ။

ထို့အပြင် ရွှေသွေးအထူးထုတ်စာစောင်၊ စတိုင်သစ်မဂ္ဂဇင်း၊ အလင်္ကာဝတ်ရည်ဂျာနယ်နှင့် ပလုတ်တုတ်ဂျာနယ်တို့မှာ ဖော်ပြပြီး ကဗျာ ၄ ပုဒ် ဖြစ်ပြီး ကျန်ရာသီဖွဲ့ကဗျာ ၇ ပုဒ်နှင့် စကားပုံကဗျာ ၉ ပုဒ်ကိုမူ အသစ်ရေး စပ် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

ဤကဗျာစာအုပ်ကို စိတ်အားထက်သန်စွာ ဖြင့် ထုတ်ဝေပေးသော အလင်းသစ် စာပေမှ ဦးဉာဏ်အောင်၊ စာအုပ် ဖြစ်မြောက်အောင် စတင်ဆက်သွယ်ပေးပြီး မျက်နှာဖုံးပန်းချီ ရေး ဆွဲပေးသော ဗဂျီလင်းဝဏ္ဏ၊ သရုပ်ဖော်ပုံများ ကို ရေး ဆွဲပေးသော မိုးကျော်၊ အမှာ စာရေး သားပေးသော ရေး ဖော်ကဗျာ နောင်တော် ဆရာမောင်ယဉ်မှူး၊ ကဗျာများ ကို ထည့်သွင်းဖော်ပြပေးခဲ့ကြသော မဂ္ဂဇင်း၊ ဂျာနယ်အသီးသီးမှ အယ်ဒီတာများ နှင့် ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင်ဖော်ပြရင်း…ကျေးဇူးရှင် မိဘနှစ် ပါးနှင့် တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းတို့အား ဤကဗျာစာအုပ်ဖြင့် ဦးခိုက်ကန်တော့ပါသည်။

မြေလတ်မောင်မြင့်သူ

(၂၅-၃-၂၀၀၇)

………………….



ဝန်ဇင်းချစ်သူများ မြေလတ်မောင်မြင့်သူ ၏ “ ကဗျာဖတ်စာချစ်စရာ ကလေးကဗျာများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကဗျာလည်းမှန် ရယ်သံလည်းလှ ရေးကြရအောင်

အိပ်မက်ဦးကဖူးတဲ့ပန်း (ကဗျာပေါင်းချုပ်)

အလင်းဆုံးကြယ်ကို လူငယ်လို့ရေးလိုက် ကဗျာရှည်စုစည်းမှု