Cover

အခန်း(၁)

နွေတမာန်

သရဲခြောက်တမ်း ကစားသူများ

ပထမပိုင်း

ဇော်ဇော်၊ ပုချိုနှင့် သီတာတို့သည် သက်တူရွယ်တူ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ တကယ့်ကို ငယ်သူငယ်ချင်းအစစ်များ ဖြစ်ပါ ၏ ။ သူတို့သုံးယောက် သည် ရပ်ကွက်တစ်ခုက လမ်းတစ်လမ်းတည်းတွင် နေကြသည်။ ပုချိုနှင့် သီတာတို့အိမ်များ က လမ်း၏ တောင်ဖက်တွင် ကပ်ရက်ရှိကြကာ... ဇော်ဇော့်အိမ်က သူတို့နှစ် ယောက် အိမ်နှင့် မျက်နှာချင်းဆိုင်၍ လမ်းမြောက်ဖက်ခြမ်းတွင် ရှိလေသည်။

သူတို့၏ မိဘများ ကိုယ်တိုင်လည်း အသက်ချင်းမတိမ်းမယိမ်း ဖြစ်ကာ ရပ်ကွက်ထဲတွင် ငယ်ကတည်းက အတူနေလာသူများ ဖြစ်သည်။ ဇော်ဇော်နှင့်သီတာတို့မှာ တစ်နေ့တည်းတစ်ရက်တည်း မွေးကြသူများ ဖြစ်ပြီး မွေးနေ့ချင်းပင်တူနေကြသေးသည်။

အိမ်နီးချင်းများ ဖြစ်ရုံမက သက်တူရွယ်တူများ ဖြစ်ကာ... ကျောင်းမှာ လည်း အတန်းတစ်တန်းတည်းများ မို့ ကစားဖော်ကစားဖက် ကျောင်းသွားဖော်ကျောင်းသွားဖက်များ အ ဖြစ် ခင်မင်နေသည်မှာ မဆန်းပါပေ။ သူတို့သုံးယောက် သည် အခြားသော ရွယ်တူသူငယ်ချင်းများ ထက် ပို၍ ချစ်ကြသည်။ စိတ်တူသဘောတူသူများ လည်း ဖြစ်ကြသည်။

လမ်းထဲတွင် အခြားရွယ်တူကလေးသူငယ်များ မရှိတော့ပြီလားလို့ မေးစရာရှိပေသည်။ သူတို့နှင့်ရွယ်တူ အခြားကလေးများ ရှိပါ သေးသည်။ သို့သော်... သူတို့သုံးယောက် သည်သာ စိတ်သဘောထားချင်းတူသူများ မို့ တွဲ မိနေကြခြင်း ဖြစ်သည်။

စိတ်သဘောထားချင်းတူသည်မှာ လည်း အကောင်းဖက်ကတော့ မဟုတ်ပေ။

ကလေးအချင်းချင်း အနိုင်ကျင့်သည့်နေရာ၊ ချောက်တွန်းသည့်နေရာ၊ စ,သည့်နောက်သည့်နေရာ၊ လူပေါ်လူဇော်လုပ်သည့်နေရာ များ မှာ တူညီနေကြခြင်း ဖြစ်သည်။

အတူတူကစားနေရာမှ အနိုင်အရှုံး ငြင်းခုန်ပြီး ရန် ဖြစ်ကြသည်။ ရန် ဖြစ်ပြီးနောက် ကစားစရာများ ကို လွှင့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ လူကို ထိုးကြိတ်ရိုက်နှက်ခြင်းများ တွင် လည်း အတွဲ ညီကြပေ၏ ။ ထို့ကြောင့်... အကြောင်းသိသော ကလေးများ က သူတို့သုံးယောက် အတွဲ ကို ဝေးဝေးက ရှောင်သည်။ အတူမကစားကြ။ ကြောက်လည်း ကြောက်ကြသည်။

သူတို့နှင့်အတူမကစားလို့လည်း ခပ်ကင်းကင်းမနေရပါ။ ဘေးမှ အမျိုးမျိုးအနှောက်အယှက်ပေးတတ်ပြန်သေးသည်။ အိမ်ကို လာ အတိုင်ခံရသည်မှာ လည်း အကြိမ်ကြိမ်အခါခါ။

သူတို့သုံးယောက် ကတော့ တစ်ယောက် ကို တစ်ယောက် သစ္စာရှိကြပေ၏ ။ ယိုင်းပင်းကြပေ၏ ။ တစ်ယောက် ကို တစ်ယောက် လည်း အကာအကွယ်ပေးကြလေသည်။

ကြာတော့... ဇော်ဇော်၊ သီတာနှင့် ပုချိုတို့သုံးယောက် ကို ရွယ်တူကလေးမျာကပင် ကြောက်လာရသည်။ ရှောင်လာကြသည်။ လူကြီးမိဘများ ကလည်း သူတို့သုံးယောက် နှင့်မပေါင်းသင်းဖို့ တားမြစ်လာကြသည်။

သူတို့သုံးယောက် အဖွဲ့ကိုလည်း... ''သုံးယောက် ပေါင်း လောင်းကျော်'' ''မျောက်လောင်းသုံးကောင်'' ''အော့ကြောလန် အဖွဲ့'' စသည်ဖြင့် နာမည် ပေးလာကြလေသည်။

သူတို့သုံးယောက် ကတော့ မမှုပါ။ ဘယ်သူတွေ သူတို့နဲ့ပေါင်း ပေါင်း-မပေါင်းပေါင်း၊ အတူကစား-ကစား မကစား-မကစား၊ ဂရုမစိုက်။ သူတို့သုံးယောက် တည်းနှင့် သူတို့အတွက် အပျော်အပါးမှာ လုံလောက်နေပေသည်။

အတူကစားမည့် ရွယ်တူကလေးမရှိလျှင်လည်း သူတို့အတွက် ပျော်စရာကို သူတို့ကိုယ်တိုင်ရှာကြံနိုင်ပါသည်။

ရပ်ကွက်ထိပ်တွင် ဘုရားတစ်ဆုရှိသည်။ ဘုရားထဲတွင် အရူးမကြီး တစ်ယောက် နေသည်။ ကစားစရာ ဆော့စရာ နည်းလမ်းကုန် လျှင် သုံးယောက် သားဘုရားထဲသွားကာ အရူးမကြီးကိုစ,ကြသည်။ အရုးမကြီးနာမည် မှာ မဂျမ်းဘုံ ဖြစ်သည်။ နာမည် ရင်းဟုတ်မဟုတ် ဘယ်သူမှမသိကြပေ။

အရူးမကြီးမှာ ရှေးယခင်က လမ်းတကာလည်၍ အကြော်ရောင်းသော အကြော်သည်မကြီး ဖြစ်သည်။ နို့စို့အရွယ်ကလေးလေးကို အိမ်တွင် ထားခဲ့ကာ အကြော်ရောင်းထွက်ရသည်။ ယောကျာ်းမှာ အရက်သမား ဖြစ်ပြီး အလုပ်မလုပ်ပဲ မိန်းမလုပ်စာထိုင်စားနေသူ ဖြစ်သည်။

တစ်နေ့တွင် ... မဂျမ်းဘုံကြီးအကြော်ရောင်းထွက်လာရာ သူတို့ရပ်ကွက်ကလေးတွင် မီးလောင်မှု ဖြစ်ပွားလေသည်။ အရက်မူးပြီး အိပ်ပျော်နေသော ယောကျာ်း ဖြစ်သူက မီးလောင်လို့လောင်မှန်းပင်မသိ။ အဝတ်ပုခက်ထဲတွင် အိပ်ပျော်နေသော နို့စို့ကလေးရော၊ ယောကျာ်း ဖြစ် သူပါ မီးလောင်၍ သေဆုံးသွားလေသည်။

မဂျမ်းဘုံကြီးသည် လင်ယောကျာ်းအတွက် နှမျောတမ်းတမှု မရှိလှ။ သေသွားသော သားကလေး၏ မီးလောင်ထားသော အလောင်း အကြွင်းအကျန်ကိုကြည့်ကာ ရူးသွပ်သွားလေသည်။

မဂျမ်းဘုံကြီး တစ်ယောက် ရူးသွပ်ကာ ဘယ်ကရလာမှန်းမသိသော ဘိုမရုပ်ကြီးကို ရင်ခွင်ပိုက်ပြီး သူမ၏ ကလေးအမှတ်ဖြင့် လမ်း တကာ လျှောက်သွားနေတော့သည်။ ဘုရားဝင်းထဲတွင် တန်ဆောင်းတစ်ခုဘေး၌ နေသည်။ တန်ဆောင်းထုတ်တန်းတွင် ပုဆိုးစုတ် တစ်ထည်ကို ပုခက်အ ဖြစ် ကြိုးနှင့်သိုင်းကာ ဘိုမရုပ်ကြီးကို သားအ ဖြစ် ပုခက်ထဲထည့်လွှဲနေတတ်သည်။ နှုတ်မှလည်း သားချော့တေးများ ကို ဆိုနေတတ်၏ ။

သူတို့သုံးယောက် သည် မဂျမ်းဘုံကြီးဆီ မကြာခဏသွားရောက်၍ စ,တတ်နောက်တတ်သည်။

ပုချိုနှင့်ဇော်ဇော်က မဂျမ်းဘုံကြီးစိတ်ဆိုးအောင် ခဲနှင့်ပေါက်ကြသည်။ မဂျမ်းဘုံကြီးစိတ်ဆိုးပြီး ဆဲဆိုကာ နောက်မှလိုက်လျှင် ပုချို နှင့်ဇော်ဇော်က ခပ်လှမ်းလှမ်းဆီထွက်ပြေးကြ၏ ။ ထိုအချိန်တွင် ... သီတာက နောက်မှအလစ်ဝင်ကာ ပုခက်ထဲက ဘိုမရုပ်ကြီးကို ခိုးယူပြီး ဝှက်ထားလိုက်သည်။

''မဂျမ်းဘုံကြီး၊ ခင်ဗျားကလေးမရှိတော့ဘူး၊ ခွေးချီသွားပြီ''

သီတာက လှမ်းအော်လိုက်သည့်အခါ ဇော်ဇော်နှင့်ပုချိုနောက်ကို မဲလိုက်နေသော မဂျမ်းဘုံကြီးသည် ချက်ချင်း ပင် နောက်ကြောင်း ပြန်လှည့်လာလေ၏ ။

ပုခက်ထဲတွင် သူမ၏ ကလေးကိုမတွေ့ သည့်အခါ အသံပြဲကြီးနှင့်အော်ငိုလေသည်။

''ငါ့ကလေးဘယ်ရောက်သွားလဲ၊ အမလေး... သားလေးရေ၊ သားသားလေး၊ မေမေ့သားသားလေး''

အရူးမကြီးအော်ငိုနေသည်ကိုကြည့်ပြီး သူတို့က ရယ်ကြသည်။

တကယ်တော့... ရူးသွပ်နေသော်လည်း သားပျောက်မိခင်တစ်ဦး၏ ခံစားချက်ဖြင့် မဂျမ်းဘုံကြီးက ကြေကွဲစွာ အော်ငိုလိုက်ခြင်း ဖြစ်သည်။

သူတို့အဖို့တော့ အရူးမကြီးအော်ငိုတာကိုကြည့်ပြီး ရယ်စရာ ဖြစ်နေရသည်။

''မဂျမ်းဘုံကြီး၊ ဟောဒီမှာ ခင်ဗျားကလေး''

ပုချိုက ဘိုမရုပ်ကို ဝှက်ထားရာနေရာမှထုတ်ကာ မဂျမ်းဘုံကြီးကိုပြလိုက်သည်။

''ပေး- ပေး- ငါ့ကလေးပေး၊ အမလေး... သားသားလေးရေ''

မဂျမ်းဘုံကြီးက ပြေးလိုက်လာသည့်အခါ သူတို့က ရှေ့မှပြေးကြပြန်လေသည်။

ဘုရားဝင်းတစ်ခုလုံးအနှံ့ပတ်ပြေးသည်။

မဂျမ်းဘုံကြီးကလည်း နောက်မှအော်ဟစ်ဆဲရေး ရင်းလိုက်သည်။

ရေတွင်းနားရောက်သည့်အခါ ပုချိုက ဘိုမရုပ်ကို ရေတွင်းထဲသို့ပစ်ချလိုက်လေသည်။

''မဂျမ်းဘုံကြီးရေ ခင်ဗျားသားလေးက ရေကူးချင်လို့တဲ့ဗျ၊ ဟား... ဟား... ဟား...''

ရေတွင်းဘောင်ကိုပတ်ပြေးရင်း ကယ်ပါယူပါတစာစာအော်နေသော မဂျမ်းဘုံကြီးကိုကြည့်၍ သူတို့အတွက်တော့ ရယ်စရာ ဖြစ်နေ လေသည်။

ဘုရားလူကြီးများ ရောက်လာပြီး မဂျမ်းဘုံအရုပ်ကို တုတ်နှင့်ထိုး၍ ဆယ်ယူပေးပြီး၊ သူတို့သုံးယောက် ကိုလည်း ငေါက်ငမ်းလွှတ် လိုက်ပါမှ ပွဲပြီးသွားလေတော့သည်။

တကယ်တော့... မဂျမ်းဘုံကြီးအသက်မှာ ကြီးလှလေပြီ။ သူတို့ အဘွားအရွယ်လောက်ပင်ရှိပါသည်။ သူတို့မိဘများ ငယ်စဉ်ကပင် ရူးသွပ်နေရှာခြင်း ဖြစ်သည်။ မဂျမ်းဘုံကြီး၏ မီးလောင်သေဆုံးသွားသော ကလေးပင် သူတို့မိဘများ နှင့်သက်တူရွယ်တူလောက်ရှိပေသည်။

သီတာ၊ ဇော်ဇော်နှင့်ပုချိုတို့ကတော့ အရူးမကြီးလို့ပဲမြင်သည်။ အသက်အရွယ်ကိုထည့်မစဉ်းစား။ သူတို့ပျော်ဖို့ စကြနောက်ကြဖို့ပဲ သိကြသည်။

''သေခြင်းဆိုးလေးတွေ ၊ ကာလနာလေးတွေ ၊ ငါ့ကလေးကို ရေထဲပစ်ချကြတယ်၊ နင်တို့ ဝဋ်လည်ပါစေ၊ နင်တို့တွေ ရေနစ်သေပါ စေ၊ နင်တို့တွေ မီးလောင်သေပါစေ၊ သေခြင်းဆိုးနဲ့သေကြပါစေတော် ''

မဂျမ်းဘုံကြီးက ရေရွတ်ကျိန်ဆဲနေသော်လည်း သူတို့က နာရကောင်းမှန်း၊ ကြောက်ရကောင်းမှန်း မသိခဲ့ပါပေ။ သူတို့အတွက်တော့ ရယ်စရာတစ်ခုသာ ဖြစ်သည်။ ပျော်စရာလုပ်ရပ်တစ်ခုသာ ဖြစ်သည်။

ပြီးတော့... မဂျမ်းဘုံကြီးကို စ,တာနောက်တာလည်း အစဉ်အမြဲမဟုတ်။ ဆယ်ခါရံ တစ်ခါသာ ဖြစ်သည်။ သူတို့အတွက် ပျော် စရာပါးစရာ ကစားနည်းများ အစုံရှိပါသေးသည်။

•••

ဘုရားထဲက သမီးရည်းစားစုံတွဲ များ ချိန်းတွေ့ လေ့ရှိတဲ့ ခုံတန်းလျားမှာ ခွေးလျားသီးမှုန့်များ သုတ်ထားတာလည်း သူတို့သုံးယောက် ပင် ဖြစ်သည်။

ညနေပိုင်း သမီးရည်းစားများ လာထိုင်ချိန်တွင် ခွေးလျားသီးကြောင့် မနေနိုင်အောင်ယားယံကာ ဣနြေ္ဒပျက်ယွင်းစွာ ပြန်ပြေးကြရ သည်ကို ချောင်းကြည့်ရင်း ဟားတိုက်ရယ်မောကြသည်။

ဘုန်းကြီးကျောင်းထဲက မာလကာပင်၊ ဇီးပင်များ ကို ဘုန်းကြီး မသိအောင်တက်ခူးစားကာ ဘုန်းကြီးမိလို့ နောက်က ကြိမ်နဲ့လိုက်မှ ထွက်ပြေးရသည်ကိုလည်း ပျော်စရာဟုပင် သဘောထားကြသည်။

လမ်းထိပ်က ပွဲရုံမှာ ဇီးသီးများ ကို လမ်းဘေးတွင် ဖျာခင်း၍ နေပူလှမ်းထားသည်ကိုလည်း အလစ်ဝင်နှိုက်ထွက်ပြေးတတ်သူများ မှာ ပုချို၊ သီတာနှင့်ဇော်ဇော်တို့ပင် ဖြစ်လေသည်။

သီတာ့တွင် ရာဘာနှင့်ပြုလုပ်ထားသော မြွေရုပ်ကလေးရှိသည်။ တကယ့်မြွေတစ်ကောင်နှင့် အရောင် အသွေးကအစ တူအောင်ပြုလုပ် ထားသော မြွေရုပ် ဖြစ်သည်။ ရုတ်တရက်ကြည့်လျှင် မြွေအစစ်ဟုပင် ထင်ရ၏ ။

ထိုမြွေရုပ်ကိုအသုံးပြု၍ လည်း အမျိုးမျိုးစ,နောက် ဆော့ကစားကြသည်။ ကျောင်းမှာ မြွေရုပ်နှင့်နောက်မိ၍ အရိုက်ခံရတာ တော့ ရိုး နေပါပြီ။ တစ်ခါက အတန်းပိုင်ဆရာမ အတန်းကိုကျောခိုင်း၍ သင်ပုန်းတွင် စာရေး နေစဉ် ဇော်ဇော်က ဆရာမ စားပွဲပေါ်ကဆွဲခြင်းထဲတွင် မြွေရုပ်ကို သွားထည့်ထားလိုက်သည်။ အတန်းသားများ အားလုံးမြင်သော်လည်း မပြောရဲကြချေ။

ထမင်းစားချိန်တွင် ဆွဲခြင်းထဲမှထမင်းဗူးကိုအနှိုက်... မြွေကို ကိုင်လိုက်မိချိန်တွင် ဆရာမ ၏ အော်သံက တစ်ကျောင်းလုံးကြားအောင် ဟိန်းထွက်သွားလေ၏ ။ ဆရာ၊ဆရာမ များ အားလုံးပြေးလာကြလေသည်။

ဘယ်သူကမှဖော်ကောင်မလုပ်သော်လည်း သူတို့သုံးယောက် လက်ချက် ဖြစ်မှန်း ဆရာအားလုံး သိလိုက်ကြ၏ ။ ကျောင်းအုပ်ကြီး ကိုယ်တိုင်က ကျောင်းဆင်းချိန်အထိ ရုံးခန်းရှေ့နေပူထဲမှာ ရပ်နေစေဖို့ ဒဏ်ပေးခဲ့လေတော့သည်။

ဒါကိုပင်... သူတို့သုံးယောက် အစွမ်းအစကို တစ်ကျောင်းလုံး သိသွားပြီဆိုကာ ဂုဏ်ယူနေကြသူများ ဖြစ်လေ၏ ။

မြွေရုပ်ကိုအသုံးချ၍ ပင် အရပ်ထဲမှာ လည်း အမျိုးမျိုး စခဲ့ နောက်ခဲ့ကြသေးသည်။ ဟင်းရွက်သည်အဒေါ်ကြီးလာလမ်းမှာ မြွေရုပ်ကို ချထားကာ...

''ဒေါ်ကြီး... ရှေ့မှာ မြွေ... မြွေ...''

-ဟု အော်လိုက်သည်တွင် ...

ဈေးသည်မိန်းမကြီးမှာ ခြေလှမ်းပျက်ကာ မှော က်ရက်လဲသွားလေ၏ ။ ဈေးဗန်းလည်း မှော က်ကျသွားလေသည်။ ထိုအခါမှ မြွေရုပ် ကို ကောက်ယူကာ သုံးယောက် သား အော်ဟစ်ရယ်မောရင်း ပြေးကြလေသည်။

ဆယ်တန်းကျူရှင်ရှေ့မှာ ရပ်ထားသည့် စက်ဘီးများ ကို လေလျှော့ထားတာမျိုးကတော့ လုပ်ရပါများ လွန်းလို့ ဘယ်နှခါဆိုတာပင် မမှတ်မိတော့ပေ။

လူတစ်ဖက်သားဒုက္ခရောက်သွားတာ၊ ကသိကအောက် ဖြစ်သွားတာကိုကြည့်ပြီး သူတို့ပျော်ကြသည်။ ရယ်စရာလို့သဘောထား ကြသည်။ လူတွေ ကို တစ်စုံတစ်ခုခံစားသွားရအောင် ပြုလုပ်နိုင်ခြင်းအတွက်လည်း ဂုဏ်ယူကြလေ၏ ။ သူတို့ကိုယ်သူတို့ စွမ်းဆောင်နိုင်စွမ်းရှိ သူများ အ ဖြစ် ကြေနပ်နေကြလေသည်။

မိဘများ က ဘယ်လိုပဲ ရိုက်နှက်ပြီး ဆုံးမဆုံးမ ခွေးမြီးကောက် ကျည်တောက်စွပ်သာ ဖြစ်လေသည်။

ပုချို၊ ဇော်ဇော်နှင့်သီတာတို့ကတော့ အရွယ်မရွေး၊ လူတန်းစား မရွေးကို စ,ဆဲ၊ နောက်ဆဲ၊ ဒုက္ခပေးဆဲပင် ဖြစ်လေ၏ ။

ပြီးခဲ့တဲ့သီတင်းကျွတ်လက သူတို့စွမ်းဆောင်ခဲ့သော လုပ်ရပ်တစ်ခုကိုတော့ သူတို့ဘဝတွင် အအောင်မြင်ဆုံးနှင့် အရသာအရှိဆုံး စွမ်းဆောင်မှုတစ်ခုဟု ယူဆထားခဲ့ကြလေသည်။

ထိုလုပ်ရပ်ကတော့ ...

•••

သီတင်းကျွတ်လ၏ နေ့တစ်နေ့ဝယ် ရပ်ကွက်သူရပ်ကွက်သားများ သည် မြန်မာဆန်ဆန်ယဉ်ယဉ်ကျေးကျေးဝတ်ဆင်ထားကြသော ဇော်ဇော်၊ ပုချိုနှင့်သီတာတို့ကို မြင်တွေ့ ရလေသည်။

ဇော်ဇော်နှင့်ပုချိုက ရခိုင်ပုဆိုးလေးများ ကိုယ်စီနှင့် တိုက်ပုံအင်္ကျီလေးများ ဝတ်ထားကြလေသည်။ သီတာကလည်း အချိပ်ထမီနှင့် ရင်ဖုံးအင်္ကျီလေးကိုဝတ်ထားရာ ရပ်ကွက်ထဲကလူများ အဖို့ အမြင်ဆန်းနေလေ၏ ။

ကလေးသုံးယောက် သည် လက်ထဲတွင် သပြေပန်းခက်လေးများ ပါသော ခြင်းကလေးများ ကို ကိုင်ထားကာ တစ်ယောက် တစ်အိမ်စီ တစ်အိမ်တက်ဆင်း သွားရောက်လျှက်ရှိကြ၏ ။

အိမ်တစ်အိမ်ရောက်တိုင်း သပြေခက်တစ်ခက်ကမ်းပေးရင်း ဖိတ်ကြားသော ဖိတ်ကြားချက်ကို သူတို့နှုတ်မှ အောက်ပါအတိုင်း ကြားသိရလေ၏ ။

''လမ်းထိပ်က ဦးစံမောင်၊ ဒေါ်နန်းထွေးတို့အိမ်က ဒီနေ့ညနေပိုင်း ဘုရားကိုးဆူကြွရောက်ပြီး ပေါင်မုန့်အုန်းနို့ဆမ်း သုံးဆောင်ဖို့ ဖိတ်ကြားလိုက်ပါတယ်ရှင်...ခင်ဗျာ...''

သူတို့အရပ်ဓလေ့အရ အလှူမင်္ဂလာပွဲများ ဖိတ်ကြားသည့်အခါ ပန်းများ ကမ်း၍ ဖိတ်ကြားရပါသည်။ သပ်သပ်ရပ်ရပ် ယဉ်ယဉ်ကျေး ကျေး ဝတ်ဆင်ကာ ပန်းကမ်း၍ ဘုရားကိုးဆူလိုက်ဖိတ်နေသည်ကို တစ်ရပ်ကွက်လုံးက ရိုးရိုးသားသားပင်ယုံကြည်လိုက်ကြလေသည်။

ထိုသို့ ယုံကြည်သူများ ထဲတွင် ဇော်ဇော်တို့ ပုချိုတို့ သီတာတို့ မိဘများ ကိုယ်တိုင်ပါဝင်လေ၏ ။ ဦးစံမောင်၊ ဒေါ်နန်းထွေး တို့ကိုယ်တိုင်က ဘုရားကိုးဆူဖိတ်ခိုင်းလို့ဆိုကာ အဝတ်အစားအသစ်များ ဝတ်ဆင်ပြီး အိမ်မှထွက်သွားကြတော့လည်း ယုံကြည်မိလေသည်။

သည်လိုနှင့် ရပ်ကွက်သူရပ်ကွက်သားများ သည် ညနေစောင်းတွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ ဘုရားကိုးဆူသို့ ပေါင်မုန့် အုန်းနို့ဆမ်းစားသောက်ရန် ချီတက်ကြလေသည်။

ဦးစံမောင်၊ ဒေါ်နန်းထွေးတို့အိမ်အရောက်တွင် ဘာမှပြင်ဆင် မွမ်းမံထားခြင်းမရှိသည်ကို တွေ့ ရသည့်အခါ ဧည့်သည်များ အံ့သြ သွားကြလေ၏ ။ ဧည့်သည်များ နည်းတူ အိမ်ရှင်ဦးစံမောင်နှင့်ဒေါ်နန်းထွေးတို့သည်လည်း ဖယောင်းတိုင်ထုတ်များ ၊ အမွှေးတိုင်ထုတ်များ ကိုင်၍ ထူးထူးခြားခြားရောက်လာကြသော ဧည့်သည်များ ကိုကြည့်၍ အံ့သြနေကြလေသည်။

တစ်ဖက်နှင့်တစ်ဖက် ဇာတ်စုံရှင်းကြသည့်အခါမှ ပုချိုတို့ အော့ကြောလန်အဖွဲ့သုံးယောက် လက်ချက်မှန်း သိလိုက်ကြလေသည်။

မည် သို့ပင်ဆိုစေ... ဦးစံမောင်၊ ဒေါ်နန်းထွေးတို့မှာ မိမိအိမ်အထိ ရောက်လာသော ဧည့်သည်များ ကို ဧည့်ဝတ်ကျေအောင် ဧည့်ခံရလေတော့သည်။ ဧည့်သည်များ သည် ပေါင်မုန့်အုန်းနို့ဆမ်းကိုတော့ စားခွင့်မကြုံလိုက်ရ။ ညဈေးတန်းက မုန့်ဟင်းခါးနှင့်သာ တင်းတိမ် လိုက်ရ၏ ။

အဦးဆုံးရောက်လာသော ဧည့်သည်တစ်သုတ်ကိုဧည့်ခံနေစဉ် နောက်တစ်သုတ်ရောက်လာသည်၌ ဦးစံမောင်တို့လင်မယားမျက်လုံးပြူး သွားလေသည်။ အော့ကြောလန်သုံးယောက် သည် ဘယ်နှအိမ်ကိုများ ဖိတ်ထားပြီး ချောက်တွန်းထားသည်မသိနိုင်။ ညဈေးက မုန့်ဟင်းခါး သည်ကို အိုးခွက်ပါမကျန် ကားငှား၍ တင်ခေါ်ခဲ့ရလေတော့သည်။

အဦးဆုံးရောက်လာသော ဧည့်သည်များ စားသောက်ပြီး၍ အပြန်တွင် ဘုရားကိုးဆူသို့ချီတက်လာသော အရပ်ထဲမှလူများ နှင့်ဆုံမိကြ လေသည်။ အားလုံးက ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ ဘုရားကိုလှူရန် အမွှေးတိုင်များ ၊ ဖယောင်းတိုင်များ ကိုယ်စီပါလာကြသည်။

''ဟော- မအေးတင်တို့က ပြန်တောင်လာကြပြီလား၊ ကျုပ်တို့ဖြင့် ခုမှသွားရမယ်''

''ဘုရားကိုးဆူကိုလား မယ်စိန်၊ သွား-သွား၊ ပေါင်မုန့်အုန်းနို့ဆမ်း သိပ်စားကောင်းတာပဲတော် ''

အရင်ရောက်ပြီးသူများ သည် အော့ကြောလန်သုံးယောက် ၏ ပညာပြခံရခြင်းကို ပြောမပြကြချေ။ နောက်လူတွေ ကိုယ်တိုင်သိအောင် တစ်ဆင့်ချောက်တွန်းလွှတ်လိုက်ကြလေ၏ ။ ကိုယ်အလိမ်ခံရသလို သူတို့လည်း ခံရပစေပေါ့။

ထိုအထဲတွင် အော့ကြောလန်သုံးယောက် ၏ မိဘများ လည်း ပါလေသည်။

ပုချို၏ ဖခင် ကိုတုတ်ဖားသည် ဦးစံမောင်အိမ်ရောက်လို့ အကျိုးအကြောင်း သိသိချင်း မုန့်ဟင်းခါးပင်မစားတော့ပဲ ပုဆိုးတိုတို ဝတ်ကာ အိမ်ပြန်သွားလေသည်။

''ဗျို့- ကိုတုတ်ဖား၊ နေဦးဗျ၊ ကျုပ်လည်းလိုက်မယ်၊ ခင်ဗျားနဲ့ ကျုပ် ဟိုနှစ် ကောင်ကို ကောင်းကောင်းဆုံးမကြတာပေါ့''

ဇော်ဇော့်ဖခင်ကိုချစ်အောင်ကလည်း နောက်မှပြေးလိုက်သွားလေသည်။

''ဟေ့လူတွေ ၊ ခင်ဗျားတို့ဘယ်လိုဆုံးမမလို့လဲ၊ ကျွန်တော့် လည်းပြောဦး၊ ခင်ဗျားတို့ဆုံးမသလို ကျွန်တော့် သမီးကျွန်တော် ဆုံးမ ရဦးမယ်ဗျ''

သီတာ့အဖေကိုဗလလည်း အတူပါလာလေတော့သည်။

လင်ယောကျာ်းများ ပြန်သွားတော့ ဇနီးသည်များ လည်း မနေသာတော့ပဲ နောက်မှပါသွားကြလေသည်။

''ဘယ်လိုဆုံးမရမလဲဗျာ၊ ရိုက်ရုံရှိတာပေါ့''

''ရိုက်တာတော့ဟုတ်ပါပြီလေ၊ သူတို့က အရိုက်ခံရတာ ရိုးနေပြီဗျ၊ ရိုက်နေကျအတိုင်းရိုက်ရင်တော့ မှတ်မှာ မဟုတ်ဘူး''

''အေး- ဒီတော့ တုတ်ကောင်းကောင်းလေးနဲ့ ရိုက်ကြတာပေါ့''

အဖေသုံးယောက် က လမ်းမှာ တွေ့ သည့်သစ်ပင်များ မှ ကိုင်းတုတ်တုတ်များ ကို ချိုးယူခဲ့ကြသည်။ သာမန်အချိန်တွင် မိခင်များ သည် သားသမီးများ အပေါ် ဖခင်များ ကစိတ်ဆိုးမာန်ဆိုးရှိသည့်အခါ... ပြေရာပြေကြောင်း ချော့မော့နှစ် သိမ့်တတ်လေ့ရှိကြ၏ ။ ယခုပွဲတွင် မူ သူမတို့ ကိုယ်တိုင် အလိမ်ခံရပြီး တစ်ရပ်ကွက်လုံးရှေ့တွင် သားသမီးများ အတွက် အရှက်ရခဲ့ကြသည့်အတွက် ပုချိုအမေမခင်ထား၊ ဇော်ဇော့်အမေ ဖြူဖြူသန့်၊ သီတာ့အမေကြည်ကြည်ဝေတို့သည် ''သိပ်လွန်သွားမှပဲ ဆွဲတန်တာဆွဲ၊ ကာတန်တာ ကာတော့မယ်''ဟု တွေးကာ လင် ယောကျာ်းများ လုပ်ရပ်ကို မတားမြစ်မိပဲ ရှိကြလေ၏ ။

ဒေါမာန်အပြည့်ဖြင့် အိမ်ပြန်လာကြသော လင်မယားသုံးစုံတွဲ သည် အိမ်ဝအရောက်တွင် ပင် တခါးဝ၌ ချိတ်ထားသော စာများ ကြောင့် မျက်လုံးပြူးသွားကြလေသည်။

စာထဲတွင် ...

ဖေဖေနှင့်မေမေ...

သားလူမိုက်ကြီး စာရေး ကန်တော့ ခဲ့ပါတယ်။

သားတို့ဟာ ဘဘကြီးဦးစံမောင်နဲ့ကြီးကြီး ဒေါ်နန်းထွေးတို့ကို ကုသိုလ်ရစေချင်လို့ ဘုရားကိုးဆူ ဖိတ် ပေးခဲ့တာပါ။ လာတဲ့ဧည့်သည်တွေ ကို ကျွေးမွေးတော့ ဘဘကြီးဦးစံမောင်တို့ ကုသိုလ်ရတာ ပဲ မဟုတ်လား။

လာတဲ့ဧည့်သည်တွေ လည်း ဘုရားကိုလှူဖို့ ပစ္စည်းတွေ ယူလာတော့ ကုသိုလ်ရတာ ပဲလေ။ သားတို့က တစ်ရပ်ကွက်လုံး ကုသိုလ်ရအောင် လုပ်ပေးလိုက်တာပါ။

ဒါပေမယ့်... သားတို့ရဲ့ စေတနာကို ဘယ်သူမှနားလည်ကြမှာ မဟုတ်ပါဘူး၊ ဖေဖေတို့ကလည်း သားကိုရိုက်မယ်ဆိုတာ သိပါတယ်။ ဒါ့ကြောင့် သား အိမ်ကထွက် သွားပါပြီဖေဖေ။

သားကိုမရှာပါနဲ့တော့။ သား ချောင်းထဲကို ဆင်းပစ်ပြီး လူမိုက်ဘဝကို အဆုံးသတ်လိုက်ပါတော့မယ်။

ဖေဖေနဲ့မေမေကို သားကန်တော့ခဲ့ပါတယ်။

သားမောင် လူမိုက်ကြီး

ပုချို (ခ) ခင်မောင်ချို

စာသုံးစောင်လုံးစာသားများ မှာ အတူတူချည်း ဖြစ်သည်။ သုံးယောက် ညှိ၍ တစ်ယောက် ဟာကို တစ်ယောက် ကူးချပြီးရေး ထားမှန်း သိသာလှသည်။

သို့သော် ရေထဲဆင်းပြီး ဘဝကိုအဆုံးသတ်မည် ဆိုသည့်စာသားက မိခင်သုံးယောက် ရင်ကို ထိခိုက်သွားစေသည်။ အဖေသုံးယောက် ကတော့ စာကိုဖတ်ကာ ဇဝေဇဝါ။

အမေသုံးယောက် ကမူ စာဖတ်ပြီးသည်နှင့် ချောင်းထိပ်သို့ ပြေးလေပြီ။ အဖေသုံးယောက် လည်း နောက်မှလိုက်သွားရ၏ ။ အကျိုး အကြောင်းသိလိုက်ရသော ရပ်ကွက်ထဲမှလူများ လည်း စမ်းချောင်းဆီသို့ နောက်မှ တသီကြီး လိုက်ပါလာကြလေသည်။

ချောင်းစပ်အရောက်တွင် ချောင်းကမ်းပါးရှိ သစ်ပင်ကြီးအောက်၌ ချွတ်ထားသော ဖိနပ်ကလေးသုံးရံကို တွေ့ လိုက်ရလေသည်။

''အောင်မယ်လေး... သမီးလေးသီတာ၊ မေမေ့သမီးလေးရေ သမီးကို မေမေအပြစ်မဖို့ပါဘူးကွယ်၊ ဖြစ်ရလေသမီးရယ်၊ မိုက်လှချည် လားသမီးရဲ့ ... အဲ့အဲ့...''

သီတာ့အမေကြည်ကြည်ဝေက သူ့သမီးဖိနပ်ကလေးကို ပြေးကောက်ကာ ငိုကြွေးလိုက်သည်။

ကျန်အမေနှစ် ယောက် လည်း သားများ ၏ လက်ကျန်ဖိနပ်ကလေးများ ကို ကုန်း၍ နမ်းကြကာ အော်ဟစ်ငိုချင်းချကြလေ၏ ။

''သားရေ၊ သားဇော်ဇော်၊ မေမေခွင့်လွှတ်ပါတယ်ကွယ်၊ ခွင့်လွှတ်ပါတယ်သားရယ်၊ အမလေး... နေ့ခင်းက တိုက်ပုံလေးဝတ်ပြီး ရခိုင်ပုဆိုးလေးနဲ့အိမ်ကထွက်သွားတဲ့သားလေး၊ ရိုးရိုးယဉ်ယဉ်လေးနဲ့လှလိုက်တာ၊ သားက လူတွေ ကုသိုလ်ရအောင် လုပ်ပေးတာတဲ့လား၊ အမေလေး... သားရေ၊ မေမေရင်ကွဲပြီကွဲ့''

''လူလေး၊ သားသားပုချို၊ မေမေဘယ်လိုဖြေရမှာ လဲဟင်၊ ကြည့်စမ်း... ကလေးသာဆိုတယ်၊ လူကြီးတွေ ကုသိုလ်ကောင်း မှုလုပ် ဖြစ်အောင် မသေခင် နိဗာန်ဆော်လုပ်ပေးခဲ့တဲ့ သားလိမ္မာလေး၊ အောင်မာလေး သားရဲ့ ၊ အမေဘယ်လိုဖြေရမလဲကွဲ့... ဟဲ့ဟဲ့...''

အမေသုံးယောက် ငိုကြွေးသည်ကိုကြည့်ကာ မျက်ရည်လွယ်သည့် မိန်းမများ လည်း လိုက်၍ ငိုကြပြန်လေသည်။

''ငါတို့က နင်တို့ကို ဘယ်လိုမှမထင်ပါဘူးဟယ်၊ ဖြစ်ရလေ၊ ပုချိုလေး အိမ်ကိုလာပြီး ဘုရားကိုးဆူဖိတ်တာ မျက်စိထဲကမထွက်ဘူး၊ ခုတော့... ခုတော့... အဟင့်... အဟင့်...''

''ဟုတ်ပါရဲ့ ၊ သူတို့ခမျာ ကလေးအတွေးနဲ့ လူကြီးတွေ ကို ကုသိုလ်ရအောင်လုပ်ပေးကြရှာတာနော်၊ အောင်မယ်လေး... တူလေး တွေ တူမလေးတွေ ၊ နင်တို့ကိုခွင့်လွှတ်တယ်ဟဲ့၊ ငါတို့တစ်ရပ်ကွက်လုံးက ခွင့်လွှတ်ပါတယ်ဆိုတာကို သေရာကထပြီး နားထောင်ပါဦး တော့လားဟဲ့၊ အီးဟီးဟီး...''

ဘုရားကိုးဆူအလှူ့ရှင် ဒေါ်နန်းထွေးကြီးလည်း သတင်းကြားဖြင့် အပြေးရောက်ချလာလေသည်။ အ ဖြစ်စုံကိုကြားရသည့်အခါ ငိုချင်းချပြန်၏ ။

''ဇော်ဇော်တို့ ပုချိုတို့ သီတာတို့ရေ... ကြီးကြီး မင်းတို့ကို ဘယ်လိုမှမထင်ဘူး၊ စိတ်မဆိုးဘူးကွဲ့၊ သိလား၊ ကြီးကြီးကို ကုသိုလ် ရအောင်လုပ်ပေးခဲ့သတဲ့လား ကလေးတို့ရယ်၊ ဖြစ်မှ ဖြစ်ရလေကွယ်၊ မင်းတို့လုပ်ပေးခဲ့လို့ ကြီးကြီးတကယ်ကုသိုလ်ရပါတယ်ကွယ်၊ ရောက်ရာ ဘဝက သာဓုခေါ်ပေတော့ကလေးတို့ရေ၊ မုန့်ဟင်းခါးတွေ ဝယ်ကျွေးလိုက်ရလို့ ကြီးကြီးမရှုံးပါဘူးကွယ်၊ လာတဲ့ဧည့်သည်တွေ ဆီက ဖယောင်းတိုင်တွေ ၊ အမွှေးတိုင်တွေ ကြီးကြီးရလိုက်တယ်လေ၊ မင်းတို့ကို ခွင့်လွှတ်ပါတယ်ကွယ်၊ ခွင့်လွှတ်ပါတယ်ကလေးတို့ရယ်...''

ဒေါ်နန်းထွေးကြီး ရေပြင်ကိုငုံ့ကြည့်ကာ ငိုကြွေးလိုက်လေ၏ ။

မိခင်သုံးယောက် ကလည်း အားကျမခံ၊ ချောင်းကမ်းပါးတွင် လက်ထောက်ကာ ချောင်းရေပြင်ကိုကုန်းကြည့်ရင်း ခွင့်လွှတ်စကားပြော ကြလေ၏ ။

''သားရေ... ဇော်ဇော်၊ မင်းကို အမေတို့အားလုံးက ခွင့်လွှတ် တယ်ကွဲ့သားရဲ့ ''

''သမီးလေးသီတာ၊ သမီးတို့လုပ်ရပ်ကို မေမေတို့က ဗွေမယူပါဘူး၊ ခွင့်လွှတ်ပါတယ်ကွယ်''

''ပုချို၊ သားသား၊ မေမေတို့ရော... တစ်ရပ်ကွက်လုံးကရော သားသားတို့ကို အပြစ်မတင်ပါဘူးတဲ့ကွယ်၊ ခွင့်လွှတ်တယ်ဆိုတာ ငါ့သားလေးကြားပါစေတော့ သားရဲ့ ''

ခွင့်လွှတ်စကား အသီးသီးဆို၍ အဆုံးတွင် ...

သစ်ပင်အထက်မှအရာသုံးခုက ဖြုတ်ကနဲ... ဖြုတ်ကနဲ... ပြုတ်ကျလာလေ၏ ။

''အောင်မယ်လေးဟဲ့၊ သောက်ပလုပ်တုတ်''

ဒေါ်နန်းထွေးကြီးဘေးသို့ကျလာရာ ဒေါ်နန်းထွေးကြီးက အလန့်တကြားအော်လိုက်လေသည်။

''ဟင်...''

''ဟာ...''

''ပုချို...''

''ဇော်ဇော်... သီတာ...''

သစ်ပင်ထက်မှပြုတ်ကျလာသော အရာများ က ချောင်းထဲဆင်း၍ သေပြီထင်ထားကြသော အော့ကြောလန်ကလေးသုံးယောက် ဖြစ်နေ လေသည်။

''မေမေ၊ သားတို့ကိုခွင့်လွှတ်တယ်ဆိုတာ တကယ်လားဟင်''

''မေမေ၊ သမီးကိုခွင့်လွှတ်တယ်ဆိုတော့ မရိုက်တော့ဘူးပေါ့နော်''

''ဟဲ့ကလေးတွေ ၊ နင်တို့ ဘာလို့မသေကြတာလဲ''

ဒေါ်နန်းထွေးက မေးလိုက်သည်။

''သားတို့ရေထဲမဆင်းပါဘူး၊ ရေထဲဆင်းလည်း သေမှာ မဟုတ်ဘူးလေ၊ သားတို့က ရေကူးတတ်နေတာကို၊ အခု အားလုံးက ခွင့်လွှတ်တယ်ဆိုတော့ သစ်ပင်ပေါ်တက်ပုန်းနေရာက ထွက်လာတာ၊ ဟီးဟီး...''

''ဟင်- သေခြင်းဆိုးလေးတွေ ၊ ကြည့်စမ်း၊ နင်တို့တော် တော် လူပါးဝတာပဲ၊ ငါ့အိမ်မှာ ဘုရားကိုးဆူမလုပ်ပဲနဲ့ ဘာ ဖြစ်လို့လိုက်ဖိတ် သလဲ ပြောစမ်း၊ ငါ့မှာ အလကားနေရင်း မုန့်ဟင်းခါးဖိုးတွေ ကုန်ရတယ်၊ နင်တို့ကြောင့်''

''ကြီးကြီးပဲ ခုနကပြောတော့ ကြီးကြီးမရှုံးပါဘူးဆို၊ ဖယောင်းတိုင်တွေ ၊ အမွှေးတိုင်တွေ ပြန်ရတယ်ဆို''

''ဟဲ့- မရှုံးပေမယ့် မမြတ်ဘူးဟဲ့''

''ထားလိုက်ပါတော့ကြီးကြီးရယ်၊ ကြီးကြီးလည်း သားတို့ကို ခွင့်လွှတ်ပါတယ် ပြောပြီးပြီဟာကို''

''ဟဲ့- အဲဒါ နင်တို့သေပြီထင်လို့ပြောတာဟဲ့၊ ခွင့်မလွှတ်ဘူး၊ ခွင့်မလွှတ်နိုင်ဘူး''

''အေးလေ၊ ဟုတ်ပါရဲ့ ၊ ငါတို့မှာ နင်တို့သေပြီထင်လို့ ငိုလိုက်ရတာ ''

''ဟုတ်ပါရဲ့ ဟယ်၊ ငါလည်း ရောငိုမိတာ ရှက်လိုက်တာတော် ''

ဘေးမှလည်း မကြေနပ်သည့်အသံများ ထွက်လာကြသည်။ တကယ်သေပြီထင်လို့ သနားနေသူများ သည် သူတို့ကိုချောက်တွန်းခဲ့ သည့်အ ဖြစ်အား ပြန်တွေးမိကာ ဒေါသများ ထွက်လာကြလေ၏ ။ နှစ် ဆင့်အလိမ် ခံလိုက်ရသဖြင့် ရှက်ရှက်နှင့် ပိုပြီးဒေါသထွက်လာကြသည်။

''ဟဲ့- တုပ်ဖားတို့၊ ချစ်အောင်တို့၊ ဗလတို့၊ နင်တို့သားသမီးတွေ ကို ဒီလိုပဲကြည့်နေကြတော့မှာ လား၊ မဆုံးမကြတော့ဘူးလား၊ ရိုက်ပါတော့လား၊ နှက်ပါတော့လားဟဲ့''

''ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီကလေးတွေ ကို ကျုပ်တို့ရှေု့မှာ ရိုက်ပြီးဆုံးမပေးပါ''

''အခု ချက်ချင်း ရိုက်ပြီးမဆုံးမရင်တော့ မိမဆုံးမ,ဖမဆုံးမကလေးတွေ ဖြစ်ကုန်လိမ့်မယ်နော်''

''ဆုံးမပါ့မယ်ဗျာ၊ ဆုံးမပါ့မယ်၊ ကဲ- လာကြစမ်း၊ မင်းတို့''

ဇော်ဇော့်အဖေကိုချစ်အောင်က တုတ်ကြီးကိုကိုင်ရင်း ရှေ့ကို ရောက်လာသည်။

''ဟင်- ဖေဖေ၊ သားတို့ကိုခွင့်လွှတ်တယ်ဆို၊ မရိုက်နဲ့လေ''

''ရိုက်ရမယ်ကွ၊ ရိုက်ရမယ်၊ ခွင့်လွှတ်တယ်ဆိုတာ မင်းတို့ သေပြီထင်လို့ပြောတာ၊ မသေဘူးဆိုတော့ ထုံးစံအတိုင်း ရိုက်ရ မှာ ပဲဟေ့''

''ဟင်- ဒါဆို ဖေဖေတို့ ကတိမတည်ဘူးပေါ့၊ လူကြီး ဖြစ်ပြီး ကတိမတည်တာ ဘယ်ကောင်းမလဲ၊ မရိုက်ပါနဲ့ဖေဖေ''

''အောင်မယ်၊ မင်းတို့က တစ်ပြန်ကြီး စွတ်စွဲနေသေးတယ်၊ ဟေ့- ငါတို့က အဖေတွေ ကွ၊ အဖေဆိုတာ သားသမီးကို ရိုက်ခွင့် ရှိတယ်၊ ရိုက်သင့်ရင် ရိုက်ရမှာ ပဲ''

''ဟုတ်တယ်၊ ဟုတ်တယ်၊ ရိုက်ပါ၊ ရိုက်ကြပါ''

''ကျုပ်တို့ရှေ့မှာ ရိုက်ပြပါ''

''မရိုက်ရင် မိမဆုံးမ ဖမဆုံးမ ဖြစ်ကုန်မှာ နော်''

''နာနာလေးနှက်လိုက်စမ်းပါတော် ''

''မထနိုင်အောင် ရိုက်ပစ်ပါဗျို့''

ပတ်ဝန်းကျင်မှ အားပေးတိုက်တွန်းသံများ ကလည်း တခဲနက် ထွက်ပေါ်လာလေသည်။

အဖေသုံးယောက် က လက်ထဲမှတုတ်များ ကိုဆရင်း တဖြည်းဖြည်းနီးလာကြ၏ ။

''ဘယ်လိုမှတောင်းပန်လို့မရဘူး၊ အခြေအနေမကောင်းဘူး၊ ပုချို၊ သီတာ၊ ပြေးကြဟေ့''

ဇော်ဇော်၏ လောဆော်သံဆုံးသည်နှင့် သုံးယောက် သား ဘေးနားရှိလူများ ကိုတွန်းပစ်ခဲ့ကာ လူအုပ်ကြားမှ တလကြမ်းတိုးဝှေ့ ပြေးသွားကြလေတော့သည်။

''လွတ်သွားပြီ၊ လိုက်- လိုက်''

''မိအောင်လိုက်၊ ရအောင်ရိုက်''

''နာနာလေး နှက်ပေးလိုက်စမ်းပါ''

''နောင်ကြဉ်အောင် အသားကုန်သာ ဆော်ဗျို့''

''ကျောကော့အောင်ချကွာ''

''အရှိုးထင်အောင်ရိုက်ဟေ့''

မကြာခင်က သနားကရုဏာသက်ခဲ့သူများ ထံမှ ထွက်ပေါ်လာသော အသံများ ဖြစ်လေသည်။

ကလေးသုံးယောက် ကတော့ လေ၏ အဟုန်ဖြင့် လျင်မြန်စွာ ပြေးထွက်သွားကြလေပြီ။

•••

မည် သို့ဆိုစေ... အဆုံးတွင် သားသမီးဆိုသည် မိဘလက်တွင်း သို့ ပြန်လည်ကျရောက်ရစမြဲသာ။

သုံးယောက် လုံး နောင်ကြဉ်အောင် ဆုံးမခြင်းခံလိုက်ရသည်။

အရှိုးထင်အောင် အရိုက်ခံလိုက်ကြရသည်။

သို့သော်... ထို ဖြစ်ရပ်အတွက် သုံးယောက် လုံးကဂုဏ်ယူသည်။

သူတို့လုပ်ရပ်ကြောင့် တစ်ရပ်ကွက်လုံး ဖိန့်ဖိန့်တုန်သွားရသည်။ ဒီလိုမျိုး ဖြစ်အောင် ဘယ်သူစွမ်းဆောင်နိုင်သလဲ။

သူတို့အစွမ်းအစထက်မြက်ပုံကို တစ်ရပ်ကွက်လုံးက လက်ခံသွားကြရပြီ။

အရှိုးရာထင်အောင်အရိုက်ခံကြရင်းက သူတို့သုံးယောက် လုံး မျက်နှာများ မှာ ပြုံးနေကြလေသည်။

•••

အထက်ပါလုပ်ရပ်များ အားလုံးသည် ပုချိုတို့အသက်ဆယ်နှစ် မပြည့်မီက ထင်ရာစိုင်းခဲ့သော လုပ်ရပ်များ ဖြစ်လေ၏ ။

ယခု သူတို့အသက် ဆယ်နှစ် ပြည့်ပြီးပေပြီ။ လေးတန်းစာမေးပွဲလည်းဖြေပြီးပြီ။ နောက်တစ်နှစ် တွင် ငါးတန်းသို့တက်ကြရတော့မည် ။

နွေရာသီကျောင်းပိတ်ရက်ကား သူတို့အတွက် ရှည်လျားလေစွ။ ကျောင်းမတက်ရလို့ ပျင်းနေကြသည်။ ကျောင်းပိတ်ထား၍ စ,စရာ နောက်စရာလူ ရှားပါးနေရသည်။

မည် သို့ပင်ဆိုစေ... သူတို့ကတော့ ပျော်စရာကိုရှာကြံနေမြဲ ဖြစ်သည့်အတိုင်း ပျော်အောင်ဖန်တီးဖို့အကွက်များ ကိုတော့ တွေ့ ရမြဲ ဖြစ် ပေသည်။

ဒီနေ့မနက်တွင် ... သီတာအိမ်ရှေ့ထွက်အလာတွင် မျက်နှာချင်းဆိုင်အိမ်မှ ဇော်ဇော်က သူ့ထက်ထဲမှ ပြောင်လက်လက်အရာ တစ်ခုကို ထောင်ပြသည်။ အရှေ့ဖက်ကိုလည်း လက်ညှိုးထိုးပြသည်။ သီတာ သဘောပေါက်လိုက်၏ ။ တစ်ဖက်အိမ်မှ ပုချိုဆီပြေးသွားကာ ပြောပြလိုက်သည်။

အရှေ့ဖက်သို့လက်ညှိုးထိုးပြခြင်းမှာ အရှေ့ဖက်တောင်ခြေ၌ ဆုံမည် ဆိုသည့် သူတို့၏ အချိန်းအချက်အမှတ်အသား ဖြစ်သည်။

ဇော်ဇော်ထောင်ပြလိုက်သည့် ပြောင်လက်လက်အရာလေးဟာ ဘာလေးလဲတော့ မသိသေး။

သီတာက ပုချိုကိုသတင်းပို့နေဆဲမှာ ဇော်ဇော် တစ်ယောက် တည်း အရှေ့ဖက်ကိုထွက်သွားတာမြင်လိုက်ရသည်။ သီတာနှင့်ပုချိုတို့ ခပ်လှမ်းလှမ်းမှနောက်ချန်၍ လိုက်ခဲ့ကြ၏ ။

တောင်ခြေအရောက်တွင် ကျွန်းတောထဲမှစောင့်နေသော ဇော်ဇော့်ကိုတွေ့ ရသည်။ တောင်ခြေကျွန်းတောမှာ သူတို့သုံးယောက် ဆော့ကစားနေကြနေရာလေး ဖြစ်ပါသည်။ ရိုးမတောင်ကြော၏ တောင်တန်းတစ်သွယ်က မြို့အစွန်တွင် အဆုံးသတ်လျှက်ရှိသည်။ တောင်ခြေ တွင် ကျွန်းပင်များ စိုက်ပျိုးထားသည်။ တောင်ခြေကျွန်းတောကြီးကား ကလေးများ အတွက် ကစားကွင်းကြီး ဖြစ်လျှက်ရှိသည်။ သူတို့သုံး ယောက် မကြာခဏသွား၍ ဆော့ကစားသော နေရာတစ်ခု ဖြစ်၏ ။

ဇော်ဇော်က ကျွန်းတောအစပ်မှာ ရပ်စောင့်နေသည်။

မနက်ခင်းနေရောင် ခြည်က ကျွန်းတောတစ်ခုလုံးမှာ ဖြာကျနေသည်။ ကျွန်းရွက်ကျွန်းကိုင်းများ အကြားမှ နေရောင် ခြည်က အစက်အ ပြောက်များ အ ဖြစ် မြေပြင်ပေါ်ထိုးကျနေသည်။

''နင်ထောင်ပြလိုက်တာ ဘာလေးလဲဇော်ဇော်''

သီတာက မေးလိုက်သည်။

''ဒီမှာ ...''

ဇော်ဇော်က ဘောင်းဘီအိတ်ထဲမှ မှန်ပြားအဝိုင်းလေးကို ထုတ်ပြလိုက်သည်။

''မှန်ဘီလူးမဟုတ်လား''

ပုချိုက ပြောလိုက်သည်။

''ဟုတ်တယ်၊ မှန်ဘီလူးလေး၊ ရန်ကုန်က ကိုကိုကြီးက ငါ့အတွက်လက်ဆောင်ဝယ်လာတာ''

ဇော်ဇော်တို့အိမ်မှာ ရန်ကုန်မှအစ်ကိုတစ်ဝမ်းကွဲရောက်နေသည်။ ဆယ်တန်းကျောင်းသား ဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်မှာ အလည်လာနေခြင်း ဖြစ်၏ ။

''မှန်ဘီလူးများ ဟယ်... ငါကဘာများ လဲလို့''

''အမယ်... ဒီမှန်ဘီလူး ဘယ်လိုအသုံးဝင်တယ်ဆိုတာ နင်တို့ မသိသေးဘူး''

''ဘာလို့မသိရမှာ လဲ၊ ဘယ်ဟာကိုကြည့်ကြည့် အကြီးကြီးမြင်ရတယ်လေ၊ အဝေးကြီးကိုလှမ်းကြည့်ရင် နီးနီးလေးလို့ထင်ရတယ်၊ ငါတို့ အိမ်မှာ အရင်က မှန်ဘီလူးလေးရှိပါတယ်၊ အဲဒါက မှန်ပြောင်းတောင်ပါသေးတယ်၊ နင့်ဟာလိုမဟုတ်ဘူး''

''နင်က မှန်ဘီလူးကို ကြည့်ဖို့ပဲသုံးတတ်တာကိုးဟ၊ ဒီမှာ ကြည့်၊ နင်တို့ကို ငါလုပ်ပြမယ်''

ဇော်ဇော်က အနီးရှိ အမှိုက်စအခြောက်များ ကိုစုပုံလိုက်သည်။ ပြီးတော့... မှန်ဘီလူးလေးကို နေရောင် လာရာဖက်ကိုမျက်နှာပြုကာ ကိုင်ထားလိုက်သည်။ မှန်ဘီလူးမှတစ်ဆင့် ကျလာသော နေရောင် က အမှိုက်စများ ပေါ်တွင် ထင်းနေလေသည်။

ခဏကြာကြာစောင့်ကြည့်သည့်အခါ... မှန်ဘီလူးမှအလင်းကျသော နေရာရှိအမှိုက်များ ဆီက မီးခိုးလေးများ အူထွက်လာသည်။

''ဟင်... သစ်ရွက်ခြောက်တွေ က မီးခိုးတွေ ထွက်လာတယ်''

''ကြည့်နေ... ကြည့်နေ၊ ဆက်ပြီးကြည့်''

ကြည့်နေစဉ်မှာ ပင် သစ်ရွက်ခြောက်များ ကိုမီးစွဲကာ မီးစွယ် မီးညွန့်များ တက်လာလေတော့သည်။

''ဟယ်... မီးလောင်သွားပြီ''

''တွေ့ တယ်မဟုတ်လား၊ ငါ့ကို ကိုကိုကြီးက လုပ်ပြထားတာ''

''မှန်း... ငါ့ကိုပေးဦးဇော်ဇော်၊ ငါလုပ်ကြည့်ဦးမယ်''

ပုချိုက ဇော်ဇော့်လက်ထဲမှမှန်ဘီလူးကို လှမ်းတောင်းလိုက်သည်။ သစ်ရွက်ခြောက်များ ပုံကာ ဇော်ဇော်မီးရှို့သလို လုပ်ကြည့်သည်။

''ဟယ်... နင်တို့တွေ လုပ်တာ ကျွန်းတောတစ်တောလုံး မီးလောင်သွားဦးမယ်နော်၊ ကြည့်လုပ်ဦး''

မိန်းကလေး ဖြစ်သော သီတာက စိုးရိမ်စိတ်ဖြင့်ပြောလိုက်သည်။ သီတာသည်မိန်းကလေး ဖြစ်နေ၍ ပုချိုနှင့်ဇော်ဇော့်လောက် တစ်ဇွတ် ထိုးမဆန်။ အရာရာမှာ စဉ်းစားချင့်ချိန်နေတတ်၏ ။ ဒါကို ပုချိုနှင့်ဇော်ဇော်ကတော့ ကြောက်တတ်တာလို့ စွပ်စွဲလေသည်။

သီတာက မှန်ဘီလူးကို စိတ်မဝင်စားတော့ပဲ တောင်ခြေဖက်သို့လှည့်ထွက်သွားလေသည်။ ဇော်ဇော်နှင့်ပုချိုသာ မှန်ဘီလူးဖြင့် ဆော့ကစားရင်း ကျန်ခဲ့၏ ။

သီတာ တစ်ယောက် တည်းထွက်အလာမှာ အလွန်တရာ ကြောက်တတ်သော ကောင်လေး တစ်ယောက် ကို တွေ့ လိုက်ရခြင်း ဖြစ်လေ သည်။

•••

သီတာသည် ခြုံပုတ်ကိုကွယ်၍ ထိုင်ရင်း ပြူးကြောင်သော မျက်လုံးများ ဖြင့် သူမကိုကြည့်နေသော အသားဖြူဆွတ်ဆွတ်ကလေးငယ် တစ်ယောက် ကိုမြင်လိုက်ရသည်တွင် အံ့သြသွားလေသည်။ ထိုကလေးကို တစ်ခါမျှမမြင်ဖူးပေ။ ဒီအရပ်ထဲကတော့ မဟုတ်တာသေချာလေ၏ ။

သီတာက ထိုကလေးကွယ်၍ ထိုင်နေသော ခြုံပုတ်ဆီ လျှောက်သွားလိုက်သည်။ ကောင်လေးက ထွက်ပြေးမည့် ဟန်ပြင်လိုက်သည်။

''ဟေ့- နေဦး''

သီတာက လှမ်းအော်လိုက်ရာ ကောင်လေးက သီတာ့ကို တုန်လှုပ်စွာ ကြည့်ရင်း ရပ်နေလေ၏ ။

''နင်ဘယ်ကလဲ၊ ဘာလုပ်နေတာလဲ''

''ငါ- ငါ- ဟို- ဟိုဟာ''

ကောင်လေးသည် ကြောက်ရွံ့တုန်လှုပ်ကာ အသားများ ပင် တဆတ်ဆတ်တုန်နေလေသည်။

''နင်ဘာလုပ်နေတာလဲဟင်၊ နင်ကြောက်နေတာလား''

''ဟုတ်တယ်၊ ကြောက်တယ်၊ ငါ အရမ်းကြောက်တာပဲ''

''ဘာကိုကြောက်တာလဲ၊ နင့်မှာ ဘာကြောက်စရာရှိလို့လဲ''

''အင်း. . . ဟိုဥစ္စာ၊ ဟိုဟာလေ. . . အို. . . ငါသွားတော့မယ်ဟာ၊ ငါ နင့်ကိုလည်းကြောက်တယ်''

''ဟောတော် . . .''

သီတာက ထူးဆန်းသော ကောင်လေးကို သေချာကြည့်လိုက်သည်။ ကောင်လေးမှာ အသားဖြူဆွတ်နေသလောက် ပိန်လှီလှပေ၏ ။ ပါးများ ခွက်နေကာ ဆာလောင်မွတ်သိတ်နေဟန် ပေါ်နေလေသည်။ မျက်လုံးများ ကတော့ ပြူး၍ သာမန်ထက်တောက်ပနေပေ၏ ။

စွပ်ကျယ်ဂျိုင်းပြတ်ညစ်ထေးထေးကြီးကိုဝတ်ထားပြီး စွပ်ကျယ်ကလည်း သူ၏ ဒူးခေါင်းလောက်ထိအောင် ရှည်လျားတွဲ ကျနေပေ သည်။ သူ့တွင် အောက်ခံဘောင်းဘီမပါလျှင်လည်း ကိစ္စမရှိလောက်အောင်ပင် စွပ်ကျယ်ကြီးက သူ့ဒူးခေါင်းနားအထိ ဖုံးနေလေ၏ ။

သီတာက ရယ်စရာကောင်းပြီး အလကားနေရင်း ကြောက်နေသော ကောင်လေးကိုကြည့်ကာ စချင်နောက်ချင်စိတ်တွေ ပေါက်လာ လေသည်။

သူ တစ်ယောက် တည်းနဲ့တော့မ ဖြစ်သေး။ ဇော်ဇော်နှင့်ပုချိုပါမှ ဖြစ်မည် ။ သီတာက အင်္ကျီအတွင်းထဲတွင် ထည့်ယူလာသော ရာဘာ မြွေရုပ်ကလေးကိုစမ်းကြည့်ရင်းမှတွေးလိုက်သည်။

''မကြောက်ပါနဲ့ဟာ၊ ဘာကြောက်စရာရှိလို့လဲ၊ နင့်ကို ငါ့သူငယ်ချင်းတွေ နဲ့မိတ်ဆက်ပေးမယ်လေ၊ ငါနဲ့လိုက်ခဲ့ပါလား''

''ဟင့်အင်း. . . ဘယ်သူနဲ့မှမိတ်ဆက်မပေးပါနဲ့၊ ငါ လူတွေ ကို ကြောက်တယ်၊ ဘယ်သူနဲ့မှမသိချင်ဘူးဟာ''

''နင်ကလဲ၊ နင်ဘာကြောက်တယ်ဆိုတာ ငါတို့ကိုပြောလေ၊ ငါ့သူငယ်ချင်းနှစ် ယောက် က ယောကျာ်းလေးတွေ ဟ၊ သူတို့က သိပ် သတ္တိရှိတာ၊ နင်ဘာကြောက်နေလဲ၊ သူတို့လိုက်ပြီးဖြေရှင်းပေးလိမ့်မယ်၊ ငါ နင့်ကို သူတို့ဆီခေါ်သွားမယ်၊ လာ. . .''

''ငါ- ငါ-''

''အေး- ငါ့ကိုကြောက်ရင်လိုက်ခဲ့၊ ဒါပဲ၊ နင်မလိုက်ရင် ငါ့ သူငယ်ချင်းနှစ် ယောက် နဲ့ နင့်ကိုတိုင်ပြောလိုက်မယ်၊ လာ- လိုက်ခဲ့''

သီတာက ခပ်ထန်ထန်ဖြင့်ချိန်းခြောက်လိုက်ရာ ကောင်လေးမှာ ပို၍ တုန်လှုပ်သွားလေသည်။

''လာ- လိုက်ခဲ့၊ နင့်ကိုဘာမှမလုပ်ဘူး''

သီတာက ဇော်ဇော်တို့ရှိရာဖက်သို့လှည့်ထွက်လာလိုက်ရာ ကောင်လေးသည် သီတာနောက်မှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပါလာလေ တော့၏ ။

•••

ဇော်ဇော်နှင့်ပုချိုက မှန်ဘီလူးဖြင့် သစ်ရွက်ခြောက်များ ကို မီးလောင်အောင်လုပ်ရင်း ဆော့နေဆဲ ဖြစ်သည်။

သီတာ့နောက်တွင် ပါလာသော အသားဖြူဆွတ်ဆွတ်၊ ပိန်ပိန်လှီလှီကောင်လေးကိုအမြင်တွင် ပုချိုနှင့်ဇော်ဇော် အံ့သြသွားကြလေ သည်။

''သီတာ၊ သူကဘယ်သူလဲ''

ကောင်လေးက သီတာ့နောက်ကျောတွင် ကွယ်၍ ရပ်လိုက်သည်။ ကောင်လေး၏ ကြောက်ရွံ့တုန်လှုပ်နေဟန်ကိုကြည့်၍ ပုချိုတို့က ပို၍ အံ့သြသွားပြန်သည်။

''အေး- ငါ နင့်နာမည် ကိုတောင် မမေးရသေးဘူး''

သီတာက ကောင်လေးကိုလှည့်ပြောလိုက်သည်။

''နင့်နာမည် ဘယ်လိုခေါ်လဲဟင်''

''သူတို့- သူတို့ ဘာလုပ်နေကြတာလဲဟင်၊ မီး. . . မီး. . . မီးကို ငါကြောက်တယ်''

''နင်ကလဲဟယ်၊ အလကားနေရင်းကြောက်နေတာပဲ''

''သီတာ သူ့ကိုနင်ဘယ်ကတွေ့ လာတာလဲဟင်''

''သူလား၊ ဟိုနားကခြုံပုတ်ထဲမှာ ကြောက်တယ်ဆိုပြီး တစ်ယောက် တည်းပုန်းနေတယ်ဟယ်၊ အဲဒါကြောင့် ငါခေါ်လာတာ''

''ဟေ့ကောင်၊ မင်းဘယ်ကလဲကွ၊ မင်းကို တစ်ခါမှမမြင်ဖူးပါဘူး''

''ငါ-ငါ မီးကိုကြောက်တယ်၊ မီးတွေ လောင်နေတာ ငါမကြည့်ရဲဘူး''

ကောင်လေးက ဇော်ဇော့်အမေးကိုပြန်မဖြေပဲ ပုချိုရှို့ထား၍ မီးတောက်လောင်နေသော သစ်ရွက်ခြောက်များ ကိုလက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။

''ကြည့်စမ်းပါဦးဟယ်၊ ငါနဲ့တွေ့ ကတည်းက ကြောက်တယ်၊ ကြောက်တယ်ချည်းပြောနေတာ၊ ဘာမှလည်းမေးလို့မရဘူး''

သီတာက စကားပြောရင်း ကောင်လေးနောက်ကိုဆုပ်လိုက်သည်။ အင်္ကျီရင်ပတ်ကြားထဲထည့်ဝှက်ထားသည့် မြွှေရုပ်ကို မသိမသာ ထုတ်ယူလိုက်သည်။ ထို့နောက် ဇော်ဇော်တို့ကို မျက်ရိပ်ပြကာ မြွေရုပ်ကို ကောင်လေး၏ နောက်နားတွင် ချထားလိုက်၏ ။

''မင်းက ဘာမှန်းမသိပဲ အလကားနေရင်းကြောက်နေ၊ တကယ်ကြောက်စရာကောင်းတာက မင်းခြေထောက်အောက်မှာ ကွ၊ မင်း ခြေထောက်အောက်မှာ မြွေ- မြွေကြီး''

''ဟင်. . .''

ကောင်လေးက အောက်ကိုငုံ့ကြည့်လိုက်သည်။

ရာဘာမြွှေရုပ်က တကယ့်မြွေတစ်ကောင်နှယ် လှုပ်တုတ် လှုပ်တုတ်နှင့် ပါးပြင်းထောင်ဟန်ပြုနေသည်။

''အမလေး မြွေ-မြွေ၊ ငါကြောက်တယ်၊ လုပ်-လုပ်ပါဦး''

ကောင်လေးသည် နေရာမှမရွေ့၊ အသားများ တဆတ်ဆတ်တုန်ကာ သီတာ့ကိုကြည့်၍ အကူအညီတောင်းနေလေသည်။ သူ့ပုံစံက သတိလစ်မေ့မျောသွားတော့မည့် ပုံမျိုး။

သီတာက သနားသွားကာ မြွေရုပ်ကိုကောက်ယူလိုက်သည်။

''အလကားနောက်တာပါဟာ၊ ဒါ တကယ့်မြွှေမဟုတ်ပါဘူး၊ အရုပ်ပါ''

ဇော်ဇော်နှင့်ပုချိုက ကောင်လေးကြောက်နေပုံကိုကြည့်၍ တဟားဟားရယ်နေကြလေသည်။

''ဒီမှာ ကြည့်ပါဦးဟဲ့၊ တကယ့်မြွေမဟုတ်ဘူး၊ အရုပ်ပါဆို''

ကောင်လေးသည် မျက်လုံးကိုဖွင့်မကြည့်ပဲ စုံမှိတ်ထားလေသည်။

''ကြောက်တယ်၊ ကြောက်တယ်၊ မြွေဆိုငါအရမ်းကြောက်တာ''

''ဒါက အရုပ်ပါဆိုဟယ်''

''အရုပ်ဆိုရင်လည်း သိမ်းထားလိုက်ပါ၊ ငါမကြည့်ရဲဘူး၊ ကြောက်တယ်''

''ဒုက္ခပါပဲဟယ်၊ နင်ကလည်း''

''ဟေ့ကောင်၊ မင်းက ကြောက်တတ်လှချည်လားကွ၊ ယောကျာ်းမဟုတ်တဲ့အတိုင်းပဲ''

ပုချိုစကားကြောင့် ကောင်လေးငိုမဲ့မဲ့ ဖြစ်သွားလေ၏ ။

''မင်းက ဘယ်ကလာတာလဲ''

''ငါ-ငါလည်း မင်းတို့လိုပေါ့၊ ဒီမှာ . . . ဒီနေရာမှာ လာဆော့တာလေ''

''မင်းနာမည် ဘယ်လိုခေါ်လဲ''

''ငါ့နာမည် ၊ ဟုတ်လား၊ ငါ့နာမည် 'အလီ'ထင်တယ်''

''ဘာ- မင်းက မင်းနာမည် ကိုတောင် သေချာမမှတ်မိတော့ဘူးလားကွ''

''ဟုတ်တယ်၊ သိပ်မမှတ်မိဘူး၊ ငါ့နာမည် ကို အခေါ်မခံရတာ ကြာပြီကွ၊ အဲဒီ တော့ ငါလည်း ငါ့နာမည် ကို မေ့သွားတာပေါ့၊ ဟုတ်ပါတယ်၊ အလီ ဖြစ်မှာ ပါ''

ထူးဆန်းသော ကောင်လေးကိုကြည့်၍ သုံးယောက် စလုံး နှုတ်ဆိတ်သွားကြလေသည်။

ပုချိုက ဇော်ဇော့်နားရွက်နားကပ်၍ ပြောလိုက်သည်။

''ဒီကောင်ဦးနှောက်မကောင်းဘူးထင်တယ်''

''ဟုတ်တယ်၊ ဂေါက်နေတာ ဖြစ်မယ်''

ပုချိုက တိုးတိုးပြောသော်လည်း ဇော်ဇော်က အကျယ်ကြီးပြောလိုက်ခြင်း ဖြစ်သည်။

''ဟင်- ဘာ- ဘာပြောတာလဲ၊ မင်းတို့ငါ့ကိုဘာပြောလိုက်တာလဲဟင်''

ကောင်လေးက မေးလိုက်သည်။

''သြော်. . . ငါတို့မင်းကို ကူညီမယ်လို့ပြောတာပါ၊ မင်းက ဘာကို ကြောက်နေတာလဲ၊ ငါတို့ကိုပြောလေ''

''ဟင်း. . .. . .''

အလီက သက်ပြင်းရှည်ကြီးကိုချလိုက်သည်။

''မင်းတို့မြို့က သိပ်ကြောက်စရာကောင်းတာပဲနော်၊ ဟို. . . ဟို. . . အိမ်ကြီး၊ အိမ်ကြီးထဲမှာ ''

''ဘယ်အိမ်ကြီးကိုပြောတာလဲ''

''ဟိုဖက်ကလေ. . . ငါ အဲဒီ ဖက်က လမ်းလျှောက်လာတော့ အိမ်ကြီးတစ်အိမ်ရှေ့က ဖြတ်လာရတယ်၊ အဲဒီ အိမ်ကြီး၊ အဲဒီ အိမ်ကြီး က. . . သိပ်ကြောက်စရာကောင်းတယ်နော်''

''နှစ် ဆောင်ပြိုင်အိမ်ကြီးကို သူပြောတာထင်တယ်''

''ဟုတ်လိမ့်မယ်၊ မင်းပြောတာ နှစ် ဆောင်ပြိုင်အိမ်ကြီးမဟုတ်လားအလီ၊ အိမ်ကြီးတစ်ခြမ်းကပြိုကျနေတဲ့ ရှေးအိမ်ကြီးလေ''

''ဟုတ်လိမ့်မယ်၊ သိပ်ကြောက်စရာကောင်းတယ်ကွာ''

''နင် အဲဒီ အိမ်ထဲမှာ ဘာမြင်ခဲ့ရလို့လဲအလီ''

''မြင်- မမြင်ပါဘူး၊ ဘာမှမမြင်ပါဘူး၊ ကြောက်စရာကောင်းတာကို ပြောတာပါ''

''ဟင်- ဘာမှမမြင်ပဲနဲ့ မင်းကဘာကိုကြောက်နေတာလဲကွ''

''မသိဘူး၊ အဲဒီ အိမ်ကြီးရှေ့ကဖြတ်လာတော့ ငါအရမ်းကြောက်သွားတာပဲ၊ အဲဒါပဲငါသိတယ်၊ ကြောက်လွန်းလို့ ငါအမြန် ပြေးလာခဲ့တာပေါ့''

ဇော်ဇော်တို့သုံးယောက် သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

''မင်းတို့လည်း အဲဒီ အိမ်ကြီးနားကိုမသွားနဲ့နော်၊ ငါ့ကိုလည်း အဲဒီ အိမ်ကြီးနား ခေါ်မသွားနဲ့၊ ငါကြောက်လို့ပါ''

•••

အလီပြောသော အိမ်ကြီးမှာ သူတို့မြို့အစွန်တွင် အမှန်တကယ် ရှိနေပါသည်။

အိမ်ကြီးမှာ သူတို့ယခုရောက်နေသော တောင်ခြေကျွန်းတောကို လွန်ပြီးမှရောက်သော ကြောင့် မြို့အပြင်ဖက်တွင် ရှိသည်ဟု ဆိုနိုင် သည်။ နှစ် ဆောင်ပြိုင်အိမ်ကြီးသည် ကျယ်ဝန်းသော ခြံကြီးထဲ၌ ရှိနေပါသည်။ သို့သော်. . . ယခုအခါတွင် ခြံစည်းရိုးများ လည်း အချို့နေရာများ ၌ ကျိုးကျ ပေါက်ပြဲနေလေပြီ။

ခြံထဲကသစ်ပင်ကြီးများ ထက်ပင် အိမ်ကြီးက ပိုမြင့်နေသော ကြောင့် အိမ်ကြီး၏ အမိုးများ ကို အဝေးမှပင်မြင်နိုင်လေ၏ ။

နှစ် ဆောင်ပြိုင်အိမ်ကြီးကို ဘယ်ခေတ်ဘယ်အခါက ဆောက်လုပ်ခဲ့ကြောင်း မည် သူမှမသိကြပါ။ ယခင်က ခန့်ညားထယ်ဝါခဲ့မည် ဖြစ် သော အိမ်ကြီးသည် ယခုတော့ အဆောင်တစ်ဆောင်က ပြိုကျနေပြီ။ ကျန်သည့်အိမ်တစ်ခြမ်းကလည်း နောက်ဖက်သို့ယိုင်နေလေပြီ။

လူသူမနေသည့်အိမ်များ ကိုစွပ်စွဲလေ့ထုံးစံအတိုင်း နှစ် ဆောင်ပြိုင်အိမ်ကြီးကို သရဲခြောက်သော အိမ်ကြီးအ ဖြစ် ယိုးစွတ်ကြလေသည်။

ဇော်ဇော်တို့ ပုချိုတို့ နှစ် ဆောင်ပြိုင်အိမ်ကြီးထဲကို တစ်ခါမှ မရောက်ဘူးပါ။ ကြောက်လို့မဟုတ်။ သူတို့က သရဲတစ္ဆေကို အယုံ အကြည် ရှိသူများ လည်းမဟုတ်ကြ။ မရောက်ဘူးခြင်းမှာ သည်ဖက်ကိုဆော့ကစားဖို့ထွက်လာလျှင် ကျွန်းတောထဲမှာ ပဲ အချိန်ကုန်သွားတတ် သော ကြောင့် ဖြစ်သည်။ အိုမင်းဟောင်းနွမ်းနေသော အိမ်ကြီးကလည်း သူတို့ကို မဆွဲဆောင်နိုင်ခဲ့ပေ။

ခုတော့. . . အလီ တစ်ယောက် နှစ် ဆောင်ပြိုင်အိမ်ကြီးရှေ့က ဖြတ်လျှောက်လာရုံနှင့် ကြောက်နေသည်ကိုကြည့်ကာ သူတို့ စိတ် ဝင်စားလာကြလေပြီ။

''ငါတို့ နှစ် ဆောင်ပြိုင်အိမ်ကြီးကိုသွားကြည့်ရအောင်ပုချို''

ဇော်ဇော်က ပုချိုကို ခပ်တိုးတိုးပြောလိုက်သည်။

''အေးကွ၊ ဒီကောင့်ကို အိမ်ကြီးထဲခေါ်သွားပြီး အိမ်ကြီးထဲမှာ တခါးပိတ်ထားရအောင်၊ ဒါဆိုပျော်စရာကောင်းမှာ ပဲ''

ပုချိုအစီအစဉ်ကကောင်းလွန်းသော ကြောင့် ဇော်ဇော့်စိတ်တွေ တက်ကြွလာသည်။

''အေး- အလီ့ကို အိမ်ကြီးထဲညာခေါ်သွားပြီး နာရီဝက်လောက် တခါးပိတ်ထားမယ်ကွာ၊ ငါတို့က ဒီကောင်ကြောက်နေတာကို ချောင်းကြည့်ကြတာပေါ့၊ ဟီဟီ. . .''

•••

''ဟေ့- အလီ၊ မင်းက ဘာမှမမြင်ခဲ့ရပဲနဲ့ ဘာကြောက်စရာ ရှိလို့လဲကွ၊ အဲဒီ အိမ်ကြီးက ကြောက်စရာမကောင်းပါဘူးကွာ၊ ငါတို့ သွားကြည့်ရအောင်၊ မင်းလိုက်ခဲ့''

''ဟင့်အင်း. . . ငါမလိုက်ဘူး''

''လိုက်ခဲ့ပါကွ၊ ငါတို့ပါတာပဲ''

''ဟင့်အင်း. . . ဟင့်အင်း. . .''

အလီက အကြောက်အကန်ငြင်းနေလေသည်။

''နင်တို့ နှစ် ဆောင်ပြိုင်အိမ်ကြီးကို တကယ်သွားမလို့လား ဇော်ဇော်''

သီတာက ဝင်မေးလိုက်သည်။

''သွားမယ်လေ၊ အဲဒီ အိမ်ကြီးထဲမှာ ကြောက်စရာကောင်းတာမှမရှိပဲ၊ အလီသိအောင်ငါတို့က ပြမလို့၊ နင်လည်းလိုက်ခဲ့လေ''

''အလီက မသွားချင်တာကို အတင်းခေါ်မနေပါနဲ့ဟယ်''

''ဘာလဲ၊ နင်ကပါ လိုက်ရမှာ ကြောက်လို့မဟုတ်လား''

''မကြောက်သေးဘူး၊ သရဲဆိုတာ ရှိမှမရှိပဲ၊ ဘာလို့ကြောက်ရမှာ လဲ၊ ငါက အလီမလိုက်ချင်တာ ဇွတ်ခေါ်မနေပါနဲ့လို့ပြောတာ''

''နင်ကလဲ အလီက အဓိပ္ပါယ်မရှိပဲကြောက်နေလို့ ဘာမှမရှိဘူးဆိုတာပြပြီး သူ့ကြောက်စိတ်ပျောက်အောင်လုပ်ပေးမလို့ပါဟ''

ပုချိုက သီတာ့ကို မျက်စိတစ်ဖက်မှိတ်ပြပြီး ပြောလိုက်ခြင်း ဖြစ်သည်။

သူတို့ အလီ့ကို အိမ်ကြီးထဲခေါ်သွားပြီး စ,တော့နောက်တော့မယ်ဆိုတာ သီတာက သဘောပေါက်လိုက်သည်။

''ဒါဖြင့်လည်း သွားလေ''

သီတာက သက်ပြင်းချရင်းပြောလိုက်သည်။ အတူကစားနေကျအဖော်များ က သွားမည် ဆို၍ သာ သီတာမလွှဲသာပဲ သဘောတူ လိုက်ရသည်။ နှစ် ဆောင်ပြိုင်အိမ်ကြီးကို သီတာမသွားချင်ပေ။ သရဲရှိတယ်ဆိုတာ ယုံသည် ဖြစ်စေ. . . မယုံသည် ဖြစ်စေ. . . သရဲခြောက်တယ် ဆိုတာတော့ လူပြောများ သည်မဟုတ်ပါလား။ မိန်းကလေး ဖြစ်သော သီတာသည် ကြောက်စရာကောင်းတယ်လို့ နာမည် ပျက်ရှိသော နေရာ ကိုတော့ စွန့်စွန့်စားစားမသွားချင်ပေ။ ဇော်ဇော်နှင့်ပုချိုက လှောင်မည် စိုး၍ သဘောတူလိုက်ရခြင်းသာ ဖြစ်ပါသည်။ စိတ်ထဲကတော့ စိုးထိတ် နေမိ၏ ။

''လာ- ဟေ့ကောင် အလီ၊ သွားကြအောင်''

''ဟင့်အင်း. . . ဟင့်အင်း. . . ငါမလိုက်ဘူး''

''လာပါကွာ၊ မင်းကလဲ၊ ငါတို့ပါတယ်၊ မကြောက်ပါနဲ့ကွ၊ သီတာတောင် မိန်းကလေး ဖြစ်ပြီးလိုက်ရဲသေးတာ၊ ဟုတ်တယ် မဟုတ်လား သီတာ''

''အေး''

''လာ- သွားကြမယ်''

ဇော်ဇော်က အလီလက်ကိုဆွဲခေါ်လိုက်သည်။

''ငါကြောက်တယ်၊ ကြောက်တယ်၊ ငါမလိုက်ချင်ဘူး၊ မလိုက်ရဲဘူး''

''ယောကျာ်းမဟုတ်တဲ့အတိုင်းပဲ လာစမ်းပါကွာ''

ပုချိုကပါ အလီ၏ လက်တစ်ဖက်ကို ဆွဲခေါ်လိုက်သည်။

အလီ တစ်ယောက် ဆုတ်ကန်ဆုတ်ကန်ဖြင့် သူတို့ဆွဲခေါ်ရာ နောက်သို့ ငိုမဲ့မဲ့ဖြင့် ပါလာလေတော့၏ ။

•••

နှစ် ဆောင်ပြိုင်အိမ်ကြီး။

အဝေးမှကြည်ရုံဖြင့်ပင် အိမ်ကြီး၏ ထိတ်လန့်ခြောက်ချားစရာကောင်းပုံက ပေါ်လွင်နေသည်။

အိမ်အိုကြီးကို ကျယ်ဝန်းသော ခြံကျယ်ကြီး၏ အလည်တွင် တွေ့  မြင်နေရ၏ ။ အုပ်ဆိုင်းနေသော သစ်ပင်များ အလည်မှ အိမ်ကြီးမှာ သစ်ပင်များ ထက်ပင် မြင့်မားအောင် ကောင်းကင်သို့ထိုးထွက်နေရာ မကောင်းဆိုးဝါးကြီးတစ်ကောင် မတ်တပ်ရပ်နေသည့်သဖွယ် ထင်မြင် ရလေသည်။

သို့သော် ထိုမကောင်းဆိုးဝါးကြီးကား တည့်တည့်ရပ်တည်နေခြင်းမဟုတ်။ နှစ် ဆောင်ပြိုင်ဆောက်လုပ်ထားသော အိမ်ကြီး၏ တစ်ခြမ်း သည် ပြိုကျပျက်စီးနေပြီ။ အမိုးများ မရှိတော့။ အကာများ မရှိတော့။ ကြမ်းပြင်များ မရှိတော့။ ငုတ်တိုင်အ ဖြစ်ကျန်ရစ်နေသော အိမ်တိုင်ကြီး များ က အရိုးအပြိုင်းပြိုင်းထနေသော တစ္ဆေတစ်ကောင်လို ငုတ်တုတ်ကြီး ဖြစ်နေ၏ ။

မပျက်စီးမယိုယွင်းပဲ ကျန်နေသည့်အိမ်တစ်ခြမ်းကလည်း နောက်ဖက်သို့ယိုင်နေလေသည်။ နေ့လည်ခင်းမှာ ကြည့်ရသည်ပင် စိတ် ခြောက်ချားစရာကောင်းလှပေရာ. . . ညအမှော င်ထုထဲမှာ ဆိုလျှင် မည် မျှထိ ကြောက်စရာကောင်းလေမည် နည်း။ ဒါကြောင့်လည်း. . . သရဲ ချောက်သည်ဟုဆိုကာ နာမည် ကြီးနေခြင်း ဖြစ်ပေမည် ။

နှစ် ဆောင်ပြိုင်အိမ်ကြီး၏ ရာဇဝင်အတိအကျကို ဇော်ဇော်တို့ ပုချိုတို့မသိပါ။ စိတ်လည်းမဝင်စားခဲ့။ အလီ့ကို ချောက်လှန့်ချင်လို့ အိမ်ကြီးဆီခေါ်လာမှ စိတ်ဝင်စားစရာကောင်းလှမှန်း သိလာရလေသည်။

အိမ်ကြီး၏ နောက်ဖက်တွင် ရေကန်လား၊ ရေအိုင်လားမသိ။ ယခုလိုနွေရာသီမှာ ပင် ရေများ ပြည့်နေသော ကန်တစ်ခုကိုမြင်နေ ရသည်။

''တော် ပါတော့၊ မ သွားပါနဲ့တော့၊ သရဲနဲ့တွေ့ နေရင်ဘယ်လိုလုပ်မလဲ၊ ငါကြောက်တယ်ကွာ၊ ငါမလိုက်ပါရစေနဲ့''

အလီက ဇော်ဇော်နှင့်ပုချို ချုပ်ကိုင်ထားသော လက်များ ထဲမှ ရုန်းကန်ရင်းပြောလိုက်သည်။

အလီကြောက်ဟန်ပြလေ. . . ဇော်ဇော်နှင့်ပုချိုအဖို့ အလီ့ကို အိမ်ကြီးထဲသို့ ခေါ်သွားချင်စိတ်က ပို၍ ပြင်းထန်လာလေ ဖြစ်နေသည်။ အိမ်ထဲမှာ တခါးပိတ်ထားပြီး ဒီကောင်ကြောက်နေတာကို ချောင်းကြည့်ရလျှင် ဘယ်လောက်အရသာရှိလိုက်မလဲ။

''ဟုတ်ပါတယ်ဟယ်. . . မ သွားပါနဲ့တော့''

အိမ်ကြီး၏ ဝင်းခြံဝအရောက်တွင် သီတာက တုံ့ကနဲရပ်ရင်း ပြောလိုက်သည်။

''ဘာမှအဓိပ္ပါယ်မရှိဘူး၊ ဘာ ဖြစ်လို့သွားရမှာ လဲ၊ အပြင်မှာ ဆော့လည်း ရတဲ့ဟာကို''

''သီတာ၊ နင်ဘာ ဖြစ်နေတာလဲ၊ နင်ကပါ ကြောက်နေတာလား''

''ဟေ့- နင်ကြောက်ရင်တော့ နင် ငါတို့သူငယ်ချင်းမဟုတ်တော့ဘူး''

''မကြောက်ပါဘူး၊ ကြောက်လို့ပြောတာမဟုတ်ဘူး၊ အိမ်ကြီးထဲကို ဘာ ဖြစ်လို့သွားမှာ လဲ၊ ငါတို့တစ်ခုခုနဲ့တွေ့ နေရင် ဒုက္ခ ရောက်လိမ့်မယ်ဟယ်''

သီတာက အိမ်ကြီးဆီသို့လှမ်းကြည့်ရင်း တွေးတွေးဆဆပြောလိုက်ခြင်း ဖြစ်သည်။ သီတာစိတ်ထဲမှာ အိမ်ကြီးထဲ၌ တစ်စုံတစ်ခုရှိနေ တယ်လို့ ခံစားရ၏ ။ သရဲတစ္ဆေမဟုတ်တဲ့ ကြောက်စရာတစ်စုံတစ်ခုသည် နှစ် ဆောင်ပြိုင်အိမ်ပျက်ကြီးထဲ၌ ရှိနေလိမ့်မည် ။

''အိုး. . .''

အိမ်ကြီးဆီမျှော်ကြည့်နေရာမှ သီတာက ထိတ်လန့်စွာ အော်လိုက်သည်။

''ဘာ ဖြစ်လို့လဲ၊ နင်ဘာမြင်လိုက်လို့လဲ''

''ဟင့်အင်း၊ ဘာမှတော့မမြင်ဘူး၊ ဒါပေမယ့်. . . ဒါပေမယ့်. . . နင်တို့ အဲဒီ အိမ်ကြီးထဲကိုမ သွားပါနဲ့တော့ဟယ်၊ ငါ့စိတ်ထဲမှာ တစ်မျိုးပဲ''

''ဟင်း. . . သီတာ စကြောက်မ၊ နင်ကြောက်နေတာပါ၊ နင်လည်း အလီနဲ့ဘာထူးလဲ''

''အေး. . . ကြောက်တယ်ဟယ်၊ ကြောက်တယ်၊ ကြောက်တော့ ဘာ ဖြစ်လဲ၊ ငါမလိုက်တော့ဘူး၊ ငါပြန်မယ်''

သီတာက နောက်ကြောင်းပြန်လှည့်ပြေးသွားလေသည်။

အလီက သူတို့သုံးယောက် ငြင်းခုန်နေကြတာကို မျက်လုံးအပြူးသားဖြင့်ကြည့်နေလေ၏ ။

''လာ- ငါတို့ဟာငါတို့သွားမယ်''

ဇော်ဇော်က အလီ့ကိုဆုပ်ကိုင်ထားသော လက်ကိုဆွဲကာ ခြေလှမ်းပြင်လိုက်သည်။

သည်တစ်ခါတော့ အလီသည် ရုန်းကန်ငြင်းဆန်မှုမပြုတော့ပဲ အလွယ်တကူလိုက်ပါလာလေ၏ ။

''အိမ်ကြီးထဲကို မင်းတို့အရင်ဝင်နော်၊ မင်းတို့အရင်ဝင်ပြီးမှ ငါဝင်မယ်''

''အေးပါကွာ၊ အေးပါ''

•••


ဝန်ဇင်းချစ်သူများ ဆောင်းလုလင် ၏ “ သရဲခြောက်တမ်း ကစားသူများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အရိုးတွန်တဲ့ည

ဒေါက်တာစိုးထိုက်နှင့် ထူးဆန်းသောဟင်းတစ်ခွက်

ပွင့်တူရွက်တူ