“ဘာဂါနော်မစ်” နှင့် ပတ်သက်၍
မြန်မာ့စီးပွားရေး ဂျာနယ်တွင် ဆရာမောင်စူးစမ်း ရေး သားခဲ့သော စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ ကို “ဘာဂါနော်မစ်နှင့် စီးပွားရေး ဆောင်းပါးများ ” ဟု အမည် ပေးကာ စာအုပ်တစ်အုပ် အ ဖြစ် စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။ ဤစာအုပ်၌ ဆောင်းပါး အရေအတွက် စုစုပေါင်း (၂၉)ပုဒ် ပါရှိပါသည်။ ဆောင်းပါး (၂၉)ပုဒ်အနက် ဆောင်းပါး(၁၆)ပုဒ် (အမွေ ဆယ့်သုံးပါးမှ အနာ သို့ မဟုတ် စီးပွားရေး သရုပ်အထိ)မှာ ၁၉၉၄ ခုနှစ် ၊ ဇူလိုင်လ၌ နေရီရီစာအုပ်တိုက်က ထုတ်ဝေခဲ့သည့် “ကမ္ဘာ့ပင့်ကူအိမ်နှင့် စီးပွားရေး စိန်ခေါ်ချက်များ ” စာအုပ်၌ ပါရှိခဲ့ပြီး ဖြစ်သည်။
“ကမ္ဘာ့ပင့်ကူအိမ်နှင့် စီးပွားရေး စိန်ခေါ်ချက်များ ” စာအုပ်မှာ ယခုအခါ ရှာ၍ မရအောင် ရှားပါးနေပြီ ဖြစ်၍ လည်းကောင်း၊ မြန်မာ့စီးပွားရေး ဂျာနယ်တွင် ဆရာမောင်စူးစမ်း ရေး သားခဲ့သော စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ ကို တစ်စုတစ်စည်းတည်း ဖြစ်စေလို၍ တစ်ကြောင်း၊ ထိုဆောင်းပါး များ ကို “ဘာဂါနော်မစ်” စာအုပ်တွင် ထည့်သွင်း ရိုက်နှိပ်လိုက်ခြင်း ဖြစ်ပါသည်။
ကျန်ဆောင်းပါးများ မှာ မူ မြန်မာ့စီးပွားရေး ဂျာနယ်တွင် သာဖော်ပြ ပါရှိခဲ့ပြီး စာအုပ်အ ဖြစ် တစ်ကြိမ်တစ်ခါမျှ စုစည်းထုတ်ဝေခြင်း မပြုခဲ့ရသေးပါ။ ဈေးကွက်စီးပွားရေး နှင့် ပတ်သက်၍ ထိုစဉ်ကာလက ဆရာမောင်စူးစမ်း၏ ဆင်ခြင်သုံးသပ်မှု များ နှင့် ယနေ့ထက်တိုင် မှန်ကန်ခိုင်မာနေ ဆဲ ဖြစ်သည်ကို “ဘာဂါနော်မစ်” စာအုပ်အား ဖတ်ရှုပြီးသည်နှင့် သိရှိကြရမည် ဖြစ်ပါကြောင်း။
ဘာဂါနော်မစ်
ပထမကတော အပြောင်အပျက်လို သဘောထားပြီး တွက်ချက်ကြည့်ခြင်း ဖြစ်၏ ။ နောက်တော့ တကယ့်သီအိုရီနည်းအရ တွက်ချက်ကြည့်သည့်အခါ ပေါ်ပေါက်သော အဖြေရလဒ် တို့နှင့် သိပ်မကွာသည်ကို တွေ့ ရှိရ၍ ဤနည်းကို ၁၉၈၆ ခုနှစ် ကစပြီး အသုံးပြုလာကြရာ ယခု တွင် ကျယ်နေသည်။
ဤနည်းကို ဘာဂါနော်မစ်ဟု ခေါ်သည်။ အမေရိကန်ပြည်မက်ဒေါနယ်ကုမ္ပဏီမှ ထုတ်လုပ် ရောင်းချသော အသားညှပ်ပေါင်မုန့် ဟမ်ဘာဂါကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်၏ ။ မက်ဒေါနယ် ဟမ်ဘာဂါသည် နိုင်ငံပေါင်း ၆၆ နိုင်ငံတို့တွင် သက်ဆိုင်ရာနိုင်ငံတို့မှ ပြည်တွင်းပစ္စည်းတို့ကို အသုံး ပြု၍ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပေသည်။
၆၆ နိုင်ငံဆိုသည်မှာ မနည်းပေ။ ရှေ့ဆက်ပြီး နိုင်ငံအတော် များများ တွင် တိုးချဲ့ပြီး ရောင်းချ ဖို့ အလားအလာလည်းရှိနေသည်။ မက်ဒေါ်နယ်၏ ဟမ်ဘာဂါကို (Big Mac) ဟုခေါ်ကြသည်။ မက်ကြီးပေါ့။ ဒေါ်လာကဲ့သို့ ကမ္ဘာအနှံ့ပျံ့နှံသည့် အာဂ ဟမ်ဘာဂါပါတည်း။
နိုင်ငံအသီးသီးမှ ငွေကြေးတို့တွင် နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းများ ကိုယ်စီရှိကြသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း ဆိုသည်မှာ အကြမ်းဖျင်းပြောလျှင် သက်ဆိုင်ရာ ငွေကြေးတို့၏ ၀ယ်အား ကို အသီးသီး အပြန်အလှန်ထင်ဟပ်ခြင်းသာ ဖြစ်၏ ။
နိုင်ငံအသီးသီး၏ ငွေကြေးတို့၌ နိုင်ငံခြားငွေလဲလှယ်ရေး နှုန်းများ အမျိုးမျိုးရှိကြသည်ကို လူတိုင်းလို သိနေကြပါပြီ။ ဤနိုင်ငံခြားငွေလဲလှယ်နှုန်းထားများ မည် သို့ ပေါက်သည်၊ အဘယ့်ကြောင့် ပေါက်သည် စသည်တို့ကို ဤနေရာ၌ ခေတ္တဘေးချိတ်ထားလိုက်ပါ။ မေ့ထား လိုက်ပါ။
အာရုံစိုက်ပြီး စဉ်စားရမည့် ပြဿနာမှာ နိုင်ငံအသီးသီးမှ ငွေကြေးတို့၏ နိုင်ငံခြားငွေလဲ လှယ်နှုန်းထားတို့သည် တန်ဖိုးအမှန်အတိုင်း ထင်ဟပ်၏ ၊ မထင်ဟပ်၏ ။ တန်ဖိုးအမှန်ထက် ပိုနေသလော၊ သို့ တည်းမဟုတ် တန်ဖိုးအမှန်အောက် လျော့နေသလော စသည့်ကိစ္စတို့သာ ဖြစ်ပါသည်။ ဖော်ပြပါ မေးခွန်းတို့ကို ပညာစကားနှင့် (equilibrium price, overvaluation, undervaluation) စသည်ဖြင့် ခေါ်ကြပါသည်။
အဲဒီ ကိစ္စတွေ စဉ်းစားဖို့ရာ အလို့ငှာ ပေါင်မုန့် အသားညှပ်ဟမ်ဘာဂါက ဘာကြောင့် ၀င်ရှုပ်လာရသနည်းဟု မေးစရာရှိလာပါသည်။ မေးလည်းမေးထိုက်၏ ။
အရင်တုန်းကဆိုလျှင် ကြားဖူးကြပါလိမ့်မည် ။ ငွေတန်ဖိုးတို့ကို ရွှေဖြင့် ချိန်စက်ကြည့်ကြ သည်ဟူ၍ ။ တကယ်လည်း ရွှေကိုအခြေခံပြီး နိုင်ငံအသီးသီး၏ ငွေကြေးတို့ကို တန်ဖိုးဖြတ် ကြည့်ခဲ့ ကြပါသည်။ ရွှေစံချိန်စနစ် (Gold Standard)ဟူ၍ လည်းကောင်း၊ ရွှေလဲလှယ်ရေး နှုန်း စံချိန်စနစ် (Gold Exchange Standard)ဟူ၍ လည်းကောင်း အသီးသီးခေါ်ဝေါ်ခဲ့ကြသည်။
ယခုအပျော်သဘောဖြင့် မက်ဒေါ်နယ် ဟမ်ဘာဂါကို စံချိန်ထားပြီး နိုင်ငံအသီးသီး၏ ငွေကြေးတန်ဖိုးတို့ကို တန်ဖိုးဖြတ်ကြည့်လာကြပါသည်။ ဤသို့ တန်ဖိုးဖြတ်ကြည့်ခြင်းကို စွဲ၍ ဘာဂါကို ရွှေနှင့် အလားတူ စဉ်းစာခြင်း ဖြစ်ပေသည်။
ဟော …… ခုတော့ အပြောင်အပျက် တွက်နည်းက စနစ်တကျတွက်နည်းကဲ့သို့ ပင် အဖြေရ လဒ်ချင်း မတိမ်းမယိမ်း ဖြစ်နေသည့်အတွက် လေးလေးနက်နက် စဉ်းစားရတော့မည့် ကိန်းဆိုက်နေ သည်။ ဤနည်ဖြင့် ၁၉၈၆ ခုနှစ် မှစ၍ တွက်ပြခဲ့ရာ ယခု၁၉၉၃ ခုနှစ် အတွက်လည်း တွက်ပြပြီး ဖြစ်သည်။
ဤကိစ္စအလို့ငှာ နိုင်ငံခြားငွေလဲလှယ်ရေး နှုန်း သီအိုရီကို အနည်းငယ် ရှင်းရန်လိုမည် ။ နိုင်ငံခြားငွေ လဲလှယ်ရေး ဆိုင်ရာ သီအိုရီတွင် ပီသုံးလုံးဟူ၍ ရှိသည်။ Purchasing, Power, Parity ဟုခေါ်ကြသည်။ ပီသုံးလုံးမှာ နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးတန်ဖိုးကို ၀ယ်အား(purchasing power) ပေါ်အခြေခံ၍ တွက်ချက်ကြည့်ခြင်း ဖြစ်သည်။
ပီသုံးလုံး သီအိုရီအရ နိုင်ငံနှစ် နိုင်ငံ၏ ငွေကြေးလဲလှယ်ရေး နှုန်းထားသည် ဤနှစ် နိုင်ငံ ငွေကြေးအသီးသီး၏ ၀ယ်အားတို့ညီမျှမှု ပေါ် အခြေခံမူတည်ပေသည်။ ရှင်းလင်းအောင် ထပ်မံပြော ရလျှင် နှစ် နိုင်ငံအတွင်းရှိ အလားတူသော ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု တစ်စုံတစ်စီးတို့ကို ခြင်းတစ်ခြင်းစီထဲ ထည့်ကြည့်ပါ။ ဤတစ်ခြင်းစီကို သက်ဆိုင်ရာငွေကြေးတို့ဖြင့် ၀ယ်ခြမ်းကြည့်ပါ။ (က)နိုင်ငံကလည်း (က)နိုင်ငံကခြင်းကို (က)ငွေကြေးဖြင့် ၀ယ်ကြည့်။ (ခ)နိုင်ငံကလည်း (ခ)နိုင်ငံကခြင်းကို (ခ)ငွေကြေးဖြင့် ၀ယ်ကြည့်။ ငွေဘယ်လောက်စီနှင့် ၀ယ်လို့ရသလဲလို့ တွက်ကြည့်လျှင် (က)ငွေကြေးနှင့် (ခ)ငွေကြေးတို့ အရေအတွက်ကို ရပေမည် ။ ဤအရေအတွက် သည်ပင် နှစ် နိုင်ငံငွေကြေးလဲလှယ်ရေး နှုန်း ဖြစ်ပေမည် ။
ဤသို့ အားဖြင့် ၀ယ်အားချင်း ညီမျှသာ လဲလှယ်ရေး နှုန်းကို ချိန်ခွင်လျာ မှန်နှုန်းဟု ခေါ်ကြ သည်။ လက်တွေ့ အားဖြင့် အပြန်အလှန် ရောင်းဝယ်ဖောက်ကား ကြသော အခါ နှုန်းထားတို့သည် ယာယီအားဖြင့် ဟိုဘက်ဒီဘက် အပြောင်းအလဲ လှုပ်ရှားမှု များ ဖြစ်၏ ။ သို့ သော ရေရှည်၌ ၀ယ်အားချင်း ညီမျှသည့်နှုန်း တစ်ဝိုက်စီသို့ ရှေးရှုလှုပ်ရှားရမည် ဟု ဆို၏ ။
ဘာဂါနော်မစ်သည် အထက်တွင် ဖော်ပြခဲ့သော ကုန်ပစ္စည့်နှင့် ၀န်ဆောင်မှု အမည် စုံတစ်စုံ သို့ မဟုတ် တစ်စည်း (bundle)နေရာတွင် ဟမ်ဘာဂါကို အစားထိုးလိုက်ပေသည်။ ဟမ်ဘာဂါ သည် ကမ္ဘာသုံးကုန် ဖြစ်လာပြီမို့ ဤသို့ ကုန်ပစ္စည်း အမည် ပေါင်းစုံတို့ကို တစ်စည်းတည်း စည်းကြည့်ရန် မလိုတော့ဟု ပြောလာကြသည်။ ဟမ်ဘာဂါကိုပင် ကိုယ်စားလှယ်အ ဖြစ် သုံးလျှင် ရနိုင်ပါပြီဟု ဆိုလာကြသည်။ ဟမ်ဘာဂါသည် ကမ္ဘာ့စံ ဖြစ်ပြီ။ ကမ္ဘာ့ကိုယ်စားလှယ် ဖြစ်ပြီ။
မက်ကြီး ဘာဂါ၏ ပျမ်းမျှရောင်းဈေးနှုန်းသည် အမေရိကန်မြို့ကြီးလေးမြို့၌ ရောင်းခွန်အပါ အ၀င် ၂.၂၈ဒေါ်လာ ဖြစ်ပါည်။ ဂျပန်နိုင်ငံတွင် ဘာဂါရောင်းဈေးသည် ၃၉၁ယန်း ဖြစ်သည်။ ဤဈေးနှုန်းနှစ် ခုကို စားကြည့်လိုက်ပါ။ ၁၇၁ယန်းရမည် ။ ဤသည်ပင် မက်ကြီး ဘာဂါ၏ ပီသုံးလုံး တန်ဖိုး ဖြစ်ပေသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံတွင် တစ်ဒေါ်လာ တစ်ဒေါ်လာကို ၁၁၃ယန်းနှင့် ၀ယ်နိုင်သည်။ ပီသုံးလုံးတန်ဖိုးသည် အထက်တွင် ဖော်ပြသည့်အတိုင်း ၁၇၁ယန်း ဖြစ် ၍ လဲလှယ်နှုန်းသည် ၁၁၃ယန်း ဖြစ်သော ကြောင့် ဂျပန်ယန်းငွေသည် ဒေါ်လာနှင့် လဲလှယ်ရာတွင် ၅၁ရာခိုင်နှုန်းပို၍ တန်ဖိုးကြီးနေ၏ ။ စိတ်ဝင်စားသူများ ၊ တွက်ချက်ကြည့်ကြသည်။
လောလောဆယ်၌ စီးပွားရေး ပညာရှင်တို့သည် အမေရိကန်တစ်ဒေါ်လာလျှင် ယန်း ၁၀၀နှုန်း ရောက်သညအထိ ယန်းငွေတန်ဖိုး တက်သွားလိမ့်မည် ဟု ခန့်မှန်းထားကြ၏ ။ ဤသို့ ခန့်မှန်းရင်း ယင်းအချက်ကို ထည့်သွင်းစဉ်းစားနေကြရသည်။
အထက်ဖော်ပြပါ ဂျပန်တွက်နည်းကဲ့သို့ ပင် မက်ကြီး ဘာဂါရောင်းသော နိုင်ငံတိုင်းတို့အ တွက်လည်း တွက်ချက်ကြည့်ကြပါသည်။ ဤသို့ တွက်ချက်ရာ၌ ဘာဂါတစ်လုံးကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြည်တွင်း ငွေကြေးဖြင့် ရောင်းဈေး၊ ဒေါ်လာဖြင့် ရောင်းဈေး၊ အမှန်တကယ် ဖြစ်ထွန်းနေသော နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်း။ ဒေါ်လာ၏ ပီသုံးလုံးတန်ဖိုး စသည်တို့ကို တွက်ချက်ယူပါသည်။ ဤသို့ ပြုပြီးသည့်နောက် နိုင်ငံအလိုက် ငွေကြေးလဲလှယ်ရေး နှုန်းထားတို့ သည် တန်ဖိုးမည် မျှပိုပြနေသနည်း စသည်အချက်တို့ကို ထပ်မံတွက်ချက်ယူကြပါသည်။
ဤတွက်ချက်နည်းကို ဟမ်ဘာဂါစံနည်းဟု ခေါ်ကြသည်။ ရွှေစံချိန်နည်းကိုတုပခြင်း ဖြစ်၍ ဤသို့ ခေါ်ခြင်း ဖြစ်တန်ရာသည်။
ပီသုံးလုံးတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းထားများ ချိန်ခွင်လျာ မှန်စေရ“စ” သဘောပင် ဖြစ်ပါ၏ ။ သို့ ရာတွင် နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းတို့သည် ယခုအခါ၌ ပီသုံးလုံးမှု ဖြင့် လှုပ်ရှားနေကြခြင်း ဖြစ်သည်။
အထူးသဖြင့် အတိုးနှုန်း အပြောင်းအလဲတို့သည် နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းတို့ကို အလွန်ပင် ဗယောက် ဗယက် ဖြစ်စေပါသည်။ နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းနှင့် အတိုးနှုန်းမှာ ဆက်စပ်နေပေသည်။
သို့ သော် နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံသူတို့သည် လည်းကောင်း၊ ငွေဈေးကစားသူတို့သည် လည်းကောင်း ဟမ်ဘာဂါပုံစုံကို လျစ်လျူမရှုရဲဘဲ ဖြစ်နေကြသည်။ ပေါ့သေးသေး သဘောမထား နိုင်ဘဲ ဘာဂါနော်မစ်ကို လေ့လာနေကြရသည်။ တစ်ဖက်ကလည်း အတိုးနှုန်း အပြောင်းအလဲကို မျက်ခြည်မပြတ် အာရုံစိုက်နေကြရသည်။
ဒေါ်လာ ၁,ဝဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ ဋ္ဌေးသူများ
မုန့်ဖိုး ပဲဖိုးလောက်
တစ်နောက်မှ သုည(၁၂)လုံး ထည့်လိုက်ပါ။ ထရီလျှံ (Trillion) ရမည် ။ တစ်နည်းပြောလျှင် (၁ဝဝ) ဘီလျှံ၏ (၁ဝ)ဆကို ထရီလျှံဟု ခေးခြင်း ဖြစ်သည်။ တစ်ဘီလျှံတွင် သန်း (၁ဝဝဝ)ရှိသည်။
ဤကိန်းဂဏန်းတို့မှာ အမေရီကန်ဒေါ်လာနှင့် စကားပြောနေခြင်း ဖြစ်သည်။ ဒေါ်လာထရီ လျှံကိုညွှန်း၏ ။ လာမည့် နှစ် ပေါင်း (၂ဝ)အတွင်း ဤမျှ ချမ်းသာသော သူတွေ ပေါ်လာတော့မည် ဟု ဆိုသည်။ ဤမျှ ချမ်းသာသော သူတွေ ကလည်း အာရှမှ ဖြစ်လိမ့်မည် ဟု လက်ညှိုးထိုးပြနေကြ သည်။
သန်းကြွယ်သူဋ္ဌေး ဆိုသည်ကား ယခုအခါ သူဋ္ဌေးအငယ်စားသာ ဖြစ်နေသည်။ မီလျှံနာတွေ မှိုလိုပေါက်နေချိန်တွင် သန်းကြွယ်ဆိုသည်မှာ ကလေးကစားစရာလောက် ဖြစ်သွား သည်။
ယခုဘီလျှံနာခေါ် သန်းကြွယ်လာမှု က ဤမျှများ ပြားလာသော အခါ ဝေါဟာရတွေ ကလည်း ရှားပါးလာသည်။ အထူးသဖြင့် မြန်မာဝေါဟာရတွေ ရှားပါးသွားခြင်း ဖြစ်၏ ။ သူဋ္ဌေးတို့ကို သူဋ္ဌေး၊ သူကြွယ်၊ မဟာသူဋ္ဌေး၊ မဟာသူကြွယ် မီလျှံနာ၊ ဘီလျှံနာ၊ တိုင်ကွန်း၊ မက်နိတ်စသည်ဖြင့် ခေါ်ခဲ့ကြသည်။ ယခု ထရီလျှံနာများ ပေါ်ဦးမည် ။ မြန်မာလို ဘယ်လိုခေါ်ရမည် မသိ။ မွေးစားရမည့်  ပုံရှိသည်။ လောပန်းတို့ မြန်မာတွေ ခေါ်နေသော ထောင်ကဲတို့ ဆိုသည်မှာ မုန့်ဖိုး ပဲဖိုးလောက် ဖြစ်သွားလေပြီ။ သို့သော် သူ့အထွာနှင့် သူတော့ အကောင်ကြီးကြီး ဖြစ်တန်ရာသည်။
ကလပ်
ဟောင်ကောင် တိုက်ကွန်း ရစ်ချက်လီး (၂၇)နှစ် ကို လာမည့်  အနှစ် ၂၀ အတွင်း ထရီလျှံနာ မ ဖြစ်နိုင်ပေဘူးလားဟု စီးပွားရေး တစေ့တစောင်း၏ အယ်ဒီတာတစ်ဦးက မေးမြန်းကြည့်သည်။ ရစ်ချက်လီက စာရွက်တစ်ရွက်ပေါ်တွင် ကိန်းဂဏန်းများ ရေး ချကာ တွက်ချက်ကြည့်ပြီးနောက်
“ ဖြစ်နိုင်ပါတယ် ဘယ်သူပဲ ဖြစ် ဖြစ်ပေါ့ဗျာ။ ထရီလျှံနာ ဖြစ်မယ့် သူ ကတော့ အတော် စွန့်ရ လိမ့်မယ်။ တစ်ချိန်လုံး တွက်ကိန်းတွေ မှန်နေဖို့ လိုလိမ့်မယ်” ဟု ဖြေသည်။
သို့ သော် ဟောင်ကောင်ရှိ ငွေရေး ကြေးရေး ကျွမ်းကျင်သူတို့က ရစ်ချက်လီးနှင့် သဘော မတူကြပေ။ ရစ်ချက်လီးနှင့် သူ၏ အစ်ကို ဗစ်တာတို့သည် ရှိရင်းနှုန်းအတိုင်း စခန်းသွားလျှင်ပင် သိပ်မစွန့်စားရဘဲနှင့် အနှစ် (၂၀) အတွင်း အာရှ၌ ပထမဦးဆုံး ထရီလျှံနာတွေ ဖြစ်လာလိမ့်မည် ဟု ခန့်မှန်းထားကြသည်။ သူတို့ နှစ် ဦးသည် အာရှ၌ သာမကဘဲ၊ ကမ္ဘာပေါ်၌ ပါ ပထဦးဆုံး ထရီလျှံနာ တွေ ဖြစ်လာမည့် သူများ ဟု တစ်ပေးထားကြသည်။
ရစ်ချတ်လီးနှင့် ဗစ်တာလီးတို့သည် ဟောင်ကောင်သန်းကြွယ်၊ မဟာသူဌေး၊ မဟာ သူကြွယ် မီလျှံနာ၊ တိုင်းကွန်း၊ မက်နိတ် စသည်ဖြင့် ခေါ်ခဲ့ကြသည်။ ယခုထရီလျှံနာများ ပေါ်ဦးမည် ။ မြန်မာလို ဘယ်လိုခေါ်ရမည် မသိ။ မွေးစားရမည့် ပုံ ရှိသည်။ လောပန်းတို့၊ မြန်မာတွေ ခေါ်နေသော ထောင်ကဲတို့ ဆိုသည်မှာ မုန့်ဖိုးပဲဖိုးလောက် ဖြစ်သွားလေပြီ။ သို့ သော် သူ့အထွာနှင့် သူတော့အ ကောင်ကြီးကြီး ဖြစ်တန်ရာသည်။
သူတို့နှစ် ဦးလည်း
အချို့က ဘရူးနိုင်းစောဘွား၏ သားအိမ်ရှေ့မင်းသား အယ်ဗူတာဒီဘီလာ(အသက် ၂၀) သည် ပထမဦးဆုံး ထရီလျှံနာ ဖြစ်လာမည့် သူဟု တစ်ပေးသည်။ ယခုလက်ရှိ သူချမ်းသာသော ဥစ္စာ စည်းစိမ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလျှံ (၄၀)ကျော်ဖိုးရှိသည်။
အိမ်ရှေ့မင်းသားသည် သင်္ချာကို ၀ါသနာပါသည်ဟု အဆိုရှိသည်။ သူကိုယ်တိုင် တွက် ကြည့်လျှင် သူ၏ (၃၉)နှစ် မြောက်မွေးနေ့တွင် သူသည် ထရီလျှံနာ စာရင်းဝင်နေပြီး ဖြစ်ကြောင်း အဖြေတွေ့ ပါလိမ့်မည် ။ မိသားစု၏ လက်ရှိဓနဥစ္စာကို တစ်နှစ် (၂၀%)ဖြင့် ထပ်တိုးလျှင် လာမည့် အ နှစ် (၂၀)အတွင်း ထရီလျှံနာ ဖြစ် သွားပါမည် ။
ထရီလျှံနာ ဖြစ်လာမည့် သူများ စာရင်းတွင် စာရင်းတွင် ဟောင်ကောင်မှ လက်ရှိဘီလျှံနာ နီနာဝင်ကိုလည်းဖော်ပြကြသည်။ နီနာဝင်(အမျိုးသမီး)သည် ၁၉၉၈ခုနှစ် ၌ ကမ္ဘာပေါ်တွင် အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို ဟောင်ကောင်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။ ဤမိုးမျှော်တိုက်ကြီး ကိုလည်း သူ့နာမည် ကို အစွဲပြု၍ နီနာတာဝါဟု အမည် ပေးထားသည်။ ဤမိုးမျှော်တိုက်ကြီးသည် အမြင့်မီတာ (၄၆၈)မီတာရှိသည်။
နီနာ၏ ကြေကွဲဖွယ်ရာ ဘ၀မှာ သူ၏ ခင်ပွန်းနှစ် ကြိမ်ပြန်ပေးဆွဲခံရခြင်း ဖြစ်ပြီး၊ ဒုတိယအ ကြိမ်ပြန်ပေးဆွဲခံရခြင်းပြီး၊ ဒုတိယအကြိမ်၌ ပြန်ပေးသမားတို့၏ ရေထဲပစ်ချခံရခြင်း ဖြစ်သည်။ ယခုတိုင်အလောင်းရှာမတွေ့ သေးပေ။ ပြန်ပေးငွေကိုလည်း ပထမအကြိမ်က အမေရိကန်ဒေါ်လာ (၁၁)သန်း၊ဒုတိယအကြိမ်၌ ဒေါ်လာ(၃၄)သန်းပေးလိုက် ရသည်။ ဤမျှပေးလိုက် ရသော်လည်း သူခင်ပွန်းမှာ မူကား ရေထဲပစ်ချခံလိုက်ရသည်။
မုဆိုးမဘ၀နှင့် ပင် စီးပွားရေး ကို ကျွမ်းကျင်စွာ ဖြင့် ဦးဆောင်ခဲ့ရာမကြာမီ၌ ထရီလျှံနာကလပ် ၀င် ဖြစ်လာတော့မည် ။ သို့ သော် သူမ၌ သားသမီး မထွန်းကားပေ။
နှစ် ဆယ့်ရှစ်ဦး
ထရီလျှံနာ ကလပ်အဖွဲ့ဝင်တိုင်းကို စူပါလူတန်းစားဟုခေါ်ကြသည်။ ဤစာရင်းတွင် ဟောင် ကောင်မှ သာမက တရုတ်(တိုင်ပေ)၊ ဂျပန်၊ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနှင့် ကိုရိးယားတို့မှလည်း အပြိုင်ပါဝင်လာမည် ဖြစ်၏ ။
အသေးစိတ်စာရင်းကို အောက်တွင် ဖော်ပြပါသည်။ လက်ရှိချမ်းသာသော တန်ဖိုးတို့ကို အမေရိကန်ဒေါ်လာဖြင့် ဖော်ပြသည်။
အထက်ဖော်ပြပါ (၂၈) ဦးသည် ဖွင့်လှစ်တော့မည် ထရီလျှံကလပ်တွင် ဝင်ရန်စောင့်နေကြ သည့် သူများ ဖြစ်ကြပါ၏ ။
အများ ပိုင် ကုမ္ပဏီတွေ လောက်သာ
အထက်တွင် ဖော်ပြသည့်သူများ ၏ ဓနဥစ္စာ ပိုင်ဆိုင်မှု တန်ဖိုးတို့ကို တွက်ချက်ရာ၌ အငြင်းပွား စရာ အချက်တစ်ချက် ပေါ်ပေါက်သည်။ ၎င်းမှာ ဤပုဂ္ဂိုလ်ကြီးတို့ ဖွဲ့စည်းသော အများ ပိုင် ကုမ္ပဏီ လီမိတက် (public Company Ltd.) တို့မှ အစုရှယ်ယာစတော့နှင့် ဘွန်းတို့၏ တန်ဖိုးကိုသာ တွက် ချက်ထားသည် ဆိုသော အချက် ဖြစ်သည်။ စတော့အိပ်(စ်)ချိန်းတွင် စာရင်းသွင်းထားခြင်း မရှိ သော ပုဂ္ဂလိက ကုမ္ပဏီလီမိတက်များ မှ အစုရှယ်ယာများ နှင့် အခြားမိသားစုပိုင် ပိုင်ဆိုင်မှု တို့ကိုမူ ထည့်တွက်ထားခြင်းမရှိ၍ စာရင်းမှာ တကယ်ချမ်းသာသည်ထက် တော် တော် များများ လျော့နည်း ပြသထားသည်ကို တွေ့ ကြသည်။
ထို့အပြင် ပုဂ္ဂိုလ်တို့တွင် လျှို့ဝှက်စာရင်းနှင့် ပစ္စည်းတို့ကလည်း အများ ကြီးရှိ၏ ။ အထူးသဖြင့် ကမ်းလွန်စာရင်းများ ဖြစ်ကြသည်။ (Off shore accounts) ဟု ခေါ်သည် (ဤအကြောင်း နောက် ပိုင်း ရှင်းပြပါမည် ။)
ဖောင်းပွမှု
အာရှဘက်၌ စီးပွားရေး သည် အံ့မခန်း ကောင်းမွန်၍ ဤမျှ ချမ်းသာလာကြသည်ဆိုသော အကြောင်းပြချက်မှာ မမှားသော အကြောင်းပြချက် ဖြစ်၍ မဝေဖန်ကြပါ။
သို့ ရာတွင် ဤအချက်ကိုပှု ထပ်မံအသေးစိတ်၍ သုံးသပ်ပြီး သကာလ မီလျှံနာ၊ ဘီလျှံနာများ မယုံကြည်နိုင်လောက်အောင် ချမ်းသာလာကြသည်မှာ အခြား အကြောင်းသုံးချက်တို့ကြောင့် လည်း ဖြစ်တန်ရာသည်ဟု ထောက်ပြကြသည်။
ပထမအချက်မှာ ဖောင်းပွမှု ဖြစ်သည်။ ဈေးနှုန်းဖောင်းပွမှု သည် နှစ် ဖက်သွား ဓား ဖြစ်၏ ။ ပါးရည်နပ်ရည် ရှိသူများ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်လျှင် ဈေးနှုန်းဖောင်းပွမှု ဖြစ်နေချိန်တွင် သူဌေး ဖြစ်ဖို့ အလွန်မြန်၏ ။ ဆင်းရဲသားနှင့် ပါးရည်နပ်ရည် မရှိသူတို့ကား ခံရဖို့ရှိသည်။
ဒုတိယအချက်ကား အခွန်ရောင် ကြခြင်း ဖြစ်သည်။ အခွန်ရှောင်နိုင်ကြ၍ သာ ဤမျှ ကျိကျိ တက် ချမ်းသာလာကြသည်ဟု ထောက်ပြကြသည်။ ဘရူးနိုင်းနိုင်ငံ၌ ဝင်ငွေခွန် မရှိပေ။ မည် သူမျှ ဝင်ငွေခွန် မပေးရ။ ထို့ကြောင့် လည်း စူလတန်၏ ဓနဥစ္စာသည် အခွန်လွတ်နေ၍ အလွန်ကြွယ်ဝ နေခြင်း ဖြစ်သည်။
တတိယအချက်မှာ နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်း အပြောင်းအလဲတို့ကို အမြတ်ထုတ်နိုင်ကြ ခြင်း ဖြစ်သည်။
ကမ်းလွန် နိဗ္ဗာန်များ ဆီသို့
မီလျှံနာ၊ ဘီလျှံနာတို့သည် အနည်းနှင့် အများ အခွန်ရှောင် ကြလေသည်။ အဓိက အခွန် ရှောင်နည်းမှာ မိမိတို့ ဓနဥစ္စတို့ကို အခွန်မပေးရသော ဒေသများ ဆီသို့ ရွှေ့ပြောင်း အပ်နှံထားကြ ခြင်းပင် ဖြစ်လေ၏ ။
အခွန်မပေးရသော ဒေသတို့ကို ကမ်းလွန်ကျွန်းများ ဟု ခေါ်ကြသည်။ ကမ္ဘာအရပ်ရပ်တွင် နိုင်ငံအသီးသီးက အခွန်မရှိ နိဗ္ဗာန် (Tax Heaven ) တို့ကို အပြိုင်အဆိုင် တည်ထောင်လျက် ရှိကြ သည်။ အခွန်လွတ်ရုံမျှ မက စည်းကမ်းစည်းမျဉ်း တို့ကိုလည်း မရှိသလောက် ထားကြ၏ ။ မည် သည့်ငွေကြေးနှင့် မဆို လဲလှယ်ရောင်းဝယ်ဖောက်ကားခွင့်ကိုလည်း လွတ်လပ်စွာ ခွင့်ပြုထား သည်။ ထို့အပြင် အရေး အကြီးဆုံး အချက်အနေဖြင့် အရင်းအနှီးတို့ကို တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တစ်မုဟုတ်ချင်း ရွှေ့ပြောင်းသယ်ယူနိုင်ရန် စီစဉ်ပေးထားကြခြင်း ဖြစ်သည်။
အခွန်နိဗ္ဗာန် ကျွန်းတစ်ကျွန်း၏ ကြော်ငြာတစ်ခုတွင် “ခလုတ်ကိုသာ နှိပ်လိုက်ပါ။ သင်၏ ငွေ ပင်ငွေရင်းကို သင်ပို့လိုရာသို့ ချက်ချင်း တစ်မုဟုတ်ချင်း (Instant Transfer) ရွှေ့ပြောင်း ပေးသွား ပါလိမ့်မည် ” ဟု ဖော်ပြထားသည်ကို သတိချပ်ရာသည်။
ဆိုလိုသည်မှာ အထက်တွင် ဖော်ပြသော ထရီလျှံနာ ဖြစ်လာသူများ ဖြစ်စေ၊ မ ဖြစ်နိုင်သူများ က ဖြစ်စေ အထက်ဖော်ပြပါ ကမ်းလွန်ကျွန်းတို့တွင် ဓနဥစ္စာတို့ကို လျှို့ဝှက်အပ်နှံထားကြစမြဲ ဖြစ်လေရာ ဤစာရင်းတို့ကို ထည့်သွင်းဖော်ပြခြင်း မရှိခြင်းပင် ဖြစ်သည်။
အခွန်လိုက်ဖို့
ဟောင်ကောင်သူဋ္ဌေးတို့သည် ၁၉၉၇ ခုနှစ် မတိုင်မီ၌ ဤနိဗ္ဗာန်ကျွန်းများ ဆီကို အလုအယက် မိမိတို့ ဓနဥစ္စာတို့ကို ရွှေ့ပြောင်းကြပါလိမ့်မည် ။ ယခုကတည်းက ရွှေ့ပြောင်းနေကြသည်ကလည်း အများ ကြီး။
အထူးသဖြင့် ကေမင်ကျွန်း၊ ဘာမူးဒါး သို့မဟုတ် နာဆောကျွန်းတို့ ဆီသို့ ရွှေ့ပြောင်းကြ သည်။ မကြာသေမီက မလေးရှား နိုင်ငံကလည်း လဘွန်းကျွန်း (Labuan) ကိုကမ်းလွန် နိဗ္ဗာန် ကျွန်း အ ဖြစ် အပူတပြင်း တည်ဆောက်လျက်ရှိသည်။ ဤကျွန်းတွင် လာရောက်မြှုပ်နှံသူ (ငွေအပ် သူ)သည် ဟောင်ကောင်နှင့် စင်ကာပူတို့ထက် ပိုပြီး လုံလုံခြုံခြုံ လျှို့ဝှက်မှု ရှိစေရမည် ဟု အာမခံ ထားသည်။
ဤသို့သော လျှို့ဝှက်လုံခြုံမှု နှင့် ခေတ်မီ အီလက်ထရွန်းနစ်ဘဏ်စနစ်ကြောင့် ကမ်းလွန် နိဗ္ဗာန်တို့တွင် အရင်းအနှီးများ အရွှေ့အပြောင်းများ ရဖို့ ဤဓနတို့အပေါ် အခွန်အကောက်လိုက်ရန် အလွန် ခက်ခဲ သွားပါလိမ့်မည် ။
မျိုးဆက်မခံပါ
အချို့ သုံးသပ်သူတို့က ဓနဥစ္စ ပေါများ မှု သည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထရီလျှံ အထိ ရောက်လာသော အခါတွင် ထရီလျှံနာတို့သည် အာဏာကို ဆုပ်ကိုင်မက်မောလာမည် လော ဟု စိုးရိမ်ပူပန် လာကြသည်။
အိမ်ကြီးထဲ အိမ်ငယ်ဆောက်ဆိုသကဲ့သို့ နိုင်ငံကြီးထဲ ကိုယ်ပိုင်နိုင်ငံငယ်များ တည်ဆောက် မည် လေ၊ သို့တည်းမဟုတ် အစိုးရတို့ကို ကြိုးကိုလာကြမည် လော ဟူ၍ ပူပန်ကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူတို့က ဤအ ဖြစ်မျိုးတို့သည် စိတ်ကူးယဉ် ဝတ္ထုတို့၌ သာ ဖြစ်ခဲ့ခြင်း ဖြစ်၍ ယခုမ ဖြစ်နိုင်တော့ပါဟု ထောက်ပြကြသည်။
အခြား စိတ်ဝင်စားဖွယ်ရာ သုံးသပ်ချက် တစ်ရပ်မှာ ချမ်းသာသော သူတို့သည် မျိုးဆက်အား ဖြင့် ဒုတိယမျိုးဆက်၌ ကျဆင်းသွားတက်သည်။ တတိယမျိုးဆက်အထိ ခံလေ့မရှိဟု သုံးသပ်ခြင်း ဖြစ်သည်။ ဤသုံးသပ်ချက်မှာ မိဘလက်ထက် အမွေအနှစ် တို့သည် သားသမီးများ လက်ထက်၌ ကွဲကုန်သည်။ သူများ ဆီ ရောက်ကုန်သည်။ မြေးမြစ်တို့အထိ မခံပါဆိုသည့် မြန်မာ့ အစဉ်အလာမျိုး နှင့် ဆင်တူဟန်ရှိသည်။
အက်ဆက်နှစ် မျိုး
အခြားပူပန်မှု တစ်ရပ်ကလည်း ထရီလျှံအထိ ချမ်းသာကြွယ်ဝလာကြသော အခါ အစိုးရများ အနေဖြင့် ဤချမ်းသာသူတို့၏ ဓနဥစ္စာတို့အပေါ် ကွပ်ကဲနိုင်မှု သည် လျော့ပါးသွားလမ့်မည် ဟု ဆိုသည်။
ဤစိုးရိမ်ပူပန်ချက်နှင့် စပ်လျဉ်း၍ ဟောင်ကောင်ရှိ အာရှတိုက်ဆိုင်ရာ မာရီလင့်ခ်ျ ကုမ္ပဏီ အကြီးအကဲဟောင်း ဖြစ်သူ မိုက်ကယ်ဒေါ့(ဗ်) ဟစ်ဂင်ဆန်က ဤသို့ ဖြေကြားသည်။
“ခင်ဗျားရဲ့ ငွေအားလုံးကို အခွန်မရှိ စီရင်ပိုင်ခွင့် နယ်ပယ်ထဲမှာ ထားနိုင်လိမ့်မယ်ဆိုတာဟာ မယုံကြည်နိုင်လောက်အောင် အလွယ်ပြောလွန်းရာ ရောက်တယ်။ အရည်ပျော်အက်ဆက် (Liquid Assets) (ပိုက်ဆံ)ပေါ်မှာ အစိုးရက ကွပ်ကဲမှု ဆုံးရှုံးသွားခဲ့တယ်။ မှန်တယ်။ ဒါပေမယ့် ပုံသေ အက်ဆက် (ပစ္စည်း)တွေ ပေါ်မှာ ကွပ်ကဲမှု မဆုံးရှုံးပါဘူး”
သဘောမှာ ရွှေ့ပြောင်းနိုင်သော ငွေကြေးတို့ပေါ်တွင် အစိုးရက မကွပ်ကဲနိုင်ပေမယ့် ဤသူ ဋ္ဌေးတို့ပိုင် ပစ္စည်းပစ္စယ တို့အပေါ်၌ ကား မရွှေ့ပြောင်းနိုင်ကြ၍ အစိုးရ၏ ကွပ်ကဲနိုင်မှု မဆုံးရှုံးပါဟု ပြောခြင်း ဖြစ်၏ ။
ဘာက ခြောက်လှန့်နေသလဲ
ယခုအခါ အာရှဘီလျှံနာတို့သည် တရုတ်ပြည်တွင် အများ အစား အလုအယက် သွားရောက် ရင်းနှီးမြှုပ်နှံနေကြသူတို့သည် တရုတ်ပြည်ကြီးတည်မှ တည်ငြိမ်ပါ့မလားဟု ရှေ့နေအတွက် ခြောက်လှန့်ခံနေကြရသည်။ အထူးသဖြင့် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ကွယ်လွန်ပြီးလျှင် ဘာ ဖြစ်မည် နည်းဟု စိုးရိမ်နေကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ စီးပွားရေး စာရေး ဆရာတစ်ဦးက တရုတ်ပြည်၌ ဖရိုဖရဲ ကမောက်က မ ဖြစ်ပွားလာစရာ အကြောင်းရှိကြောင်း၊ အကယ်၍ ရှိလာလျှင် အချို့လုပ်ငန်းတို့သည် တအားဆွဲ ခါ လိုက်သလို ခံရဖွယ်ရှိကြောင်းဖြင့် ခန့်မှန်းဖော်ပြထားသည်။
ဤကိစ္စနှင့် ပတ်သက်၍ သမိုင်းကို ကြည့်ပြီး စီးပွားဥစ္စာတို့ရုတ်ခြည်း ပြိုကျ ပျက်စီးသွားစေခဲ့ သည့် အကြောင်းနှစ် ပါးကို သတိမူမိနေကြသည်။
ပထမအကြောင်းမှာ စစ်ပွဲများ ဖြစ်၏ ။ စစ် ဖြစ်လျှင် အရင်းအနှီး ဥစ္စာတို့သည် အကုန်ဆုံးရှုံးကြ ကုန်၏ ။ မျက်မြင်ဒိဋ္ဌ တွေ့ ခဲ့ကြပြီး ဖြစ်၏ ။
ဒုတိယအကြောင်းမှာ ဥစ္စာဓနတို့ကို အစိုးရက သိမ်းဆည်းပစ်ခြင်း (Expropriation) ကိုခံကြ ရခြင်း ဖြစ်သည်။
ထို့ကြောင့် ချမ်းသာလာသူတို့သည် အထူးတလည် စိုးရိမ်ကြမည် မှာ ဓမ္မတာပင် ဖြစ်လောက် ပေသည်။ နိုင်ငံရေး စနစ်တစ်ခု အပြောင်းအလဲ ဖြစ်လျှင် ဥစ္စာဓနတွေ အများ အပြား ဆုံးရှုံးခဲ့သည် သာဓက တွေ ကလည်း ဒုနှင့် ဒေး ရှိနေ၏ ။
မည် သို့ပင်ရှိစေ နောင်ကာလတို့၌ ဥစ္စာဓန ရှာဖွေရာ အကောင်းဆုံးနေရာသည် အာရှသာ ဖြစ်နေပါဦးမည် ။ ထို့ကြောင့် လည်း အာရှိတိုက်၌ သာ ထရီလျှံနာတွေ အရင်ကနဦး ပေါ်ပေါက်လိမ့် မည် ဟု ဟောကိန်း ထုတ်လာကြခြင်း ဖြစ်တန်ရာသည်။
မက်ဒရစ် ကြေငြာချက်
ဒုတိယကမ္ဘာစစ်ကြီးအပြီး အမေရိကန်နိုင်ငံ ဘရက်တန်ဝုဒ် မြို့မှ စတင်ပေါ်ပေါက်ခဲ့သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) နှင့် ကမ္ဘာ့ဘဏ်တို့၏ (၄၉) ကြိမ် မြောက်မျက်နှာစုံညီ ညီလာခံကြီးတစ်ရက်ကို စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ၁၉၉၄ ခုနှစ် ၊ အောက်တို ဘာ ၄ရက်မှ ၆ရက်အထိ နှစ် ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့သည်။
ဤညီလာခံကြီးသို့ နိုင်ငံအသီးသီးမှ ဘဏ္ဍာရေး ဝန်ကြီးများ နှင့် ဗဟိုဘဏ် တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ထူးခြားသည်မှာ ဤညီလာခံကြီး ကျင်းပနေချိန်တွင် ကမ္ဘာ့စီးပွားရေး သည် ဖွဲ့ဖြိုးတိုးတက်နေချိန် ဖြစ်နေသည်။ သို့ရာတွင် တစ်ဖက်၌ လည်း စိန်ခေါ်ချက်တို့က အဟောင်းနှင့် အသစ် ဒုနှင့် ဒေးရှိနေဆဲ ဖြစ်၏ ။
ထို့ကြောင့် တစ်ကမ္ဘာလုံးနှင့် ခြုံ၍ မဟာဗျူဟာကြီးတစ်ရပ်ကို ရှာဖွေချမှတ်ရန် လိုလားခဲ့လေ ရာ အောက်တွင် ဖော်ပြသည့် မက်ဒရစ် ကြေညာချက် (Madrid Declaration) ဖြင့် ကမ္ဘာ့စီးပွား ရေး ဆိုင်ရာ မဟာဗျူဟာကြီး တစ်ရပ်ကို သဘောတူ ချမှတ်လိုက်ကြပါကြောင်း။ အပြည့်အစုံ ဖော် ပြလိုက်ပါသည်။
မက်ဒရစ် ကြေညာချက်
(၁) ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာသည် ယခုဆယ်စုနှစ် အတွင်း၌ ဖြစ်ပေါ်ခဲ့ သော အခြေအနေတို့ထက် သာလွန်၍ ကောင်းမွန်သည်။ သို့သော် လေးနက်သော ပေါ်လစီ စိန်ခေါ်ချက်တို့ကား ရှိမြဲရှိလျှင်ပင်။
စက်မှု ဖွံ့ဖြိုးတိုးတက်မှု ကို ဆက်လက် ထမ်းသိမ်းထားတို့မှာ
၁။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို ဆက်လက် ထမ်းသိမ်းထားနိုင်ရန်။
၂။ အလုပ်လက်မဲ့ ဦးရေလျှော့ပါးသွားစေရန်နှင့်
၃။ ဖောင်းပွမှု ပြန်လည် ဖြစ်ပေါ်လာမည့်  အန္တရာယ်ကို တားဆီးရန် တို့ဟူ၍ ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် လည်း စီးပွားရေး များ ဖွံ့ဖြိုးတိုးတက်နေရာ ဤသို့ဖွံ့ဖြိုးတိုးတက်မှု ကို ထိန်းသိမ်းနိုင်ရပါမည် ။ တိုးချဲ့နိုင်ရ ပါမည် ။
စနစ်အသွင် ကူးပြောင်းနေရသော စီးပွားရေး (Economies in-transition) တို့သည် ကမ္ဘာ့ စီးပွားရေး ပရဝုဏ် အတွင်းသို့ ဝင်ရောက်စုစည်းမိစေရန် ကြိုးပမ်းကြရပါမည် ။ တဆက်တည်းတွင် မယိုမယွင်း ထိန်းထားလို့ရသော စီးပွားရေး ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်တွင် အခြေခိုင်ခိုင် ရပ်တည် ခြေချနိုင်အောင် ကြိုးပမ်းကြရပါမည် ။
(၂) ဥရုဂွေး အကျော့ဆွေးနွေးပွဲမှ ရရှိထားသော သဘောတူညီချက်တို့ကို ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီ လ ၁ ရက်နေ့တွင် တရားဝင် အတည်ပြုနိုင်ကြပါက ကမ္ဘာ့စီးပွားရေး အလားအလာသည် ကမ္ဘာလုံး ဆိုင်ရာ စုစည်းမှု နက်ရှိုင်းလာခြင်းကြောင့် အလွန်ကောင်းမွန် တိုးတက်လာပါလိမ့်မည် ။
အထက်ဆိုခဲ့သော သဘောတူညီချက်ကို မနှောင့်နှေးဘဲ ဆောလျင်စွာ တရားဝင် အတည်ပြု ကြပါရန် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် ကုန်သွယ်မှု စည်းကမ်းချက်များ လျှော့ချရေး ကို လည်း ကောင်း၊ အိုင်အမ်အက်ဖ်နှင့် အသွင်ပြောင်း ဖွဲ့စည်းတော့မည့်  ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် (World Trade Organization) တို့ပူးပါင်းဆောင်ရွက်ရေး တို့ကိုလည်း အရှိန်မပျက် ဆက်လက် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့သည် နိုင်ငံအလိုက် ငွေကြေးတို့အား မည် သည့် ငွေကြေးနှင့် မဆို လဲလှယ်လွှဲပြောင်းနိုင်မှု (Currency Convertibility) တိုးတက်ကျယ်ပြန့်စွာ ရှိလာ နိုင်ခြင်းကို ကြိုဆိုပါသည်။
ထို့အပြင် အရင်းအနှီးများ လွတ်လပ်စွာ စီးဆင်းမှု ကို ဟန့်တားထားသော အတားအဆီးတို့ကို ဖယ်ရှားပေးလာ ကြခြင်းကိုလည်း အားပေးအပ်ပါသည်။
(၃) ဖွံ့ဖြိုးဆဲနိုင်ငံ အများ အပြားတို့သည် မကြာသေးမီက စီးပွားရေး အောင်မြင်မှု များ ရရှိခဲ့ကြ လေရာ ဤအောင်မြင်မှု တို့က မဟာဗျူဟာ တစ်ရပ်၏ မှန်ကန်ခိုင်လုံမှု ကို ဖော်ထုတ်သက်သေထူ လိုက်ပါသည်။
ဤမဟာဗျူဟာမှာ မက်ကရို စီးပွားရေး အင်အား ညှိစပ်ခြင်းစနစ်နှင့် အဆောက်အအုံ ဖွဲ့စည်းမှု ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Macro- economic adjustment and structural reform) တို့နှင့် သက်ဆိုင်သော ၊ ခိုင်မာသော အစီအစဉ်တို့ကို ဆိုလိုသည်။ ဤအစီအစဉ်တို့ကို အောင် အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခြင်းကြောင့် သာ အောင်မြင်ကြခြင်း ဖြစ်၏ ။
ကျန်အခြားနိုင်ငံတို့သည်လည်း အလားတူ မဟာဗျူဟာကို ရဲဝံ့စွာ ချမှတ်၍ အကောင်အ ထည် ဖော်ကြရန် တိုက်တွင်းအပ်ပါကြောင်း။ ဤကဲ့သို့ မဟာဗျူဟာဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု နှင့် ပြည်တွင်းပြည်ပ ဘဏ္ဍာရေး တည်ငြိမ်မှု တို့ကို ဖြစ်ထွန်းစေရန် ဖြစ်ပါသည်။
ဤသို့ ဖြစ်မြောက်ရန် ကြိုးပမ်းအားထုတ်ကြရာ၌ ထူးခြားသော လက္ခဏာရှိသည့် ကမ္ဘာ့ဝန်း ကျင်တစ်ရပ်က ကျားကန်ပေးရပါမည် ။ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံတို့၏ ဈေးကွက်များ ဆီသို့ ၀င်လမ်းရရှိ ရေး ၊ သင့်တင့်လျောက်ပတ်သော စည်းကမ်းချက်တို့ဖြင့် ဘဏ္ဍာရေး အကူအညီများ အချိန်မီ ပေးရေး နှင့် ၀င်ငွေနည်း နိုင်ငံတို့၏ ကြွေးမြီတို့ကို လျှော့ချပေးရေး စသည့် အချက်တို့သည်ပင် ထူး ခြားသည့် လက္ခဏာရှိသော ကမ္ဘာ့ဝန်းကျင် ဖြစ်ရပါမည် ။
ကျန်နိုင်ငံတို့ကလည်း တောင့်တင်းခိုင်မာသော ပေါ်လစီများ ရှိကြရပါမည် ။
(၄) စီးပွားရေး စနစ် အသွင်ကူးပြောင်းနေရသော နိုင်ငံတို့တွင် လည်း စီးပွားရေး သည်ဦးမော့ လာပေသည်။ ဤသို့ ဦးမော့လာခြင်းမှာ လည်း မက်ကရို စီးပွားရေး ၌ စည်းကမ်းရှိခြင်း၊ စနစ်နှင့် အဆောက်အအုံ ဖွဲ့စည်းမှု တွင် ပြုပြင်ပြောင်းလဲမှု တို့ကို ဆောင်ရွက်နိုင်သော ကြောင့် ဖြစ်ပေသည်။
ကျန်အသွင်ကူးပြောင်းနေသော နိုင်ငံအားလုံးတို့သည်လည်း စီးပွားရေး တည်ငြိမ်မှု ၊ ၎င်းပြု ပြင်ပြောင်းလဲမှု တို့ကို ရဲဝံ့ပြတ်သားစွာ ချဉ်းကပ်ကြရန် တိုက်တွန်းအပ်ပါကြောင်း။
အတွေ့ အကြုံတို့က အသွင်ကူးပြောင်းရေး ၏ စောစောပိုင်း ကာလတွင် ဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှု ကို စောစီးစွာ ဆောင်ရွက်ခြင်းနှင့် ငွေကြေးစည်းကမ်း ခိုင်ခိုင်မာမာ ရှိခြင်းတို့သည် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိရန် ကိစ္စ၌ ဗဟိုအချက်အချာကျစွာ အရေး ကြီးလှကြောင်းကို သက်သေ ထူ ဖော်ပြပါသည်။
ဤသို့ ဆောင်ရွက်ခြင်းတို့နှင့် အတူ ထပ်ကြပ်မကွာ လိုက်လံဆောင်ရွက်ရမည့်  လုပ်ငန်းတို့မှာ
၁။ ယန္တရားနှင့် အဖွဲ့အစည်းများ တည်ထောင်ခြင်း၊
၂။ ဈေးနှုန်း ထိန်းကွပ်မှု ကို လွှတ်ပေးခြင်း၊
၃။ ပြည်ပဆက်ဆံရေး အဟန့်အတားတို့ကို ရုပ်သိမ်းလျှော့ချပေးခြင်း၊
၎။ စီးပွားရေး လုပ်ငန်းတို့ကို ပြန်လည်ဖွဲ့စည်းခြင်း၊
၅။ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းနှင့်
၆။ ဘဏ္ဍာရေး ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး တို့ ဖြစ်သည်။
အတိအလင်း ဖြစ်ပေါ်သော အလုပ်လက်မဲ့ မြင့်မားမှု ၏ ဘေးဒုက္ခတို့ကို သက်သာစေရန် အလို့ငှာလည်း စရိတ်စက သက်သာပြီး ထိရောက်သည့်ပစ်မှတ် သတ်သတ်မှတ်မှတ်ရှိသော လူမှု လုံခြုံရေး ပိုက်ကွန် (social safety nets) တို့ကိုလည်း ကြံဆဖော်ထုတ်ပေးရပါမည် ။
ဤကိစ္စ အလို့ငှာ နိုင်ငံတကာဝန်းကျင်ကလည်း အထောက်အကူ ပြုနိုင်ရပါမည် ။
(၅) စက်မှု ဖွဲ့ဖြိုးပြီး နိုင်ငံတို့၏ စီးပွားရေး အလားအလာတို့သည် တိုးတက်ကောင်းမွန်လျက်ရှိရာ ဤအလားအလာတို့ကြောင့် ပင် စက်မှု ဖွဲ့ဖြိုးပြီး နိုင်ငံတို့သည် ရရှိထားသော ဖွံ့ဖြိုးတိုးတက်မှု ကို ပိုပြီး ခိုင်မာတောင့်တင်းစေရန်နှင့် အလုပ်လက်မဲ့ဦးရေတို့ကို လျှော့ချရန် အခွင့်အလမ်းများ ပေါ်လာစေပါသည်။ တဆက်တည်းတွင် ဈေးနှုန်းတည်ငြိမ်မှု ကို ထိန်းထားရန်လည်း ဖြစ်စေပါ သည်။
စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံတို့အတွက် ဘုံမဟာဗျူဟာတစ်ရပ်တွင် အောက်ပါ အချက်သုံးချက်ကို အလေးအနက် ထားအပ်ပါကြောင်း။
(က) စက်မှု ဖွံ့ဖြိုးမှု ကို အဟန့်အတား ဖြစ်စေသော အတားအဆီးတို့ကို ပယ်ဖျက်သွားရန် အလို့ငှာ လိုအပ်သော အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တို့ကို ဆောင်ရွက်သွားရန် ဖြစ်ပါ သည်။
ဤပြုပြင်ပြောင်းလဲမှု တို့တွင်
၁။ အခွန်အကောက်မဟုတ်သော ကုန်သွယ်ရေး ဆိုင်ရာ အတားအဆီးများ ဖြိုချပေးရေး ။
၂။ ကျန်းမာရေး စောင့်ရှောက်မှု နှင့် အများ ပြည်သူတို့၏ ပင်စင်စနစ်ကိစ္စတို့တွင် ငွေရေး ကြေးရေး အရ ရေရှည် အခြေခိုင်စေရေး တို့လည်း အကျုံးဝင်ပတ်သက်စေရပါမည် ။
ရေရှည် အလုပ်လက်မဲ့ ပြဿနာ၊ လူငယ်နှင့် မကျွမ်းကျင်သော အလုပ်သမားတို့အတွက် အလုပ်အကိုင်များ ရှားပါးနေသော ပြဿနာတို့ကို နှလုံးမူမိပါကြောင်း။ ဤပြဿနာတို့ကို ပညာရေး နှင့် လေ့ကျင့်ပေးရေး တို့တွင် တိုးတက်ကောင်းမွန်စေခြင်းဖြင့် လည်းကောင်း၊ အလုပ်ရရှိ စေရေး တွင် မက်လုံးမဲ့စေသော အခြေအနေတို့ကို ဖယ်ရှားစေရန် ဦးတည်၍ အလုပ်ဈေးကွက် (labour Market ) ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် လည်းကောင်း ကြိုးစားဖြေရှင်းပေးရပါမည် ။
(ခ) ဘတ်ဂျက် လိုငွေပြမှု တို့ကို သိသိသာသာ လျှော့ချနိုင်ရန် ၁၉၉၅ ခုနှစ် တွင် ရေရှည် မဟာဗျူဟာ တစ်ရပ်ချမှတ်၍ ဆောင်ရွက်သင့်ကြပါကြောင်း။
ထို့အပြင် ကြွေးမြီနှင့် ဂျီဒီပီ အချိုးတို့ကိုလည်း လျှော့ချခြင်းဖြင့် အကယ့်အတိုးနှုန်းကို ကျဆင်းသွားအောင် ကြိုးပမ်းကြဖို့ တိုက်တွန်းပါသည်။
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က တိုက်တွန်းလိုသည့် အခြားအချက် တစ်ချက်မှာ လေးနက် သော ဘဏ္ဍာရေး ပြဿနာတို့နှင့် ရင်ဆိုင်နေရသော နိုင်ငံတို့သည် အရေး တကြီး ပြင်စရာရှိသည် တို့ကို အချိန်မဆွဲဘဲ ခပ်မြန်မြန် ပြင်ကြရန် ဖြစ်ပါကြောင်း။
(ဂ) ဈေးနှုန်းတည်ငြိမ်မှု ရရှိစေရန် ငွေကြေးအခြေအနေတို့ကို လိုအပ်သလို ညှိနှိုင်းပြင်ဆင် ရန် အသင့်ရှိခြင်းသည် အလယ်အလတ် ဖွံ့ဖြိုးတိုးတက်မှု နှုန်း ထိန်းထားရန် လိုအပ်သည်ကို သဘောပေါက်ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဖောင်းပွမှု ၊ အကြပ်ကိုင်မှု တို့ကို တန်ပြန်နိုင်ရန် အလို့ငှာ လိုအပ်ပါက အတိုးနှုန်းမြှင့်တင်လိုက်ရန် အသင့်ရှိခြင်းတို့သည် ဖောင်းပွမှု ဆန့်ကျင်ရေး ပေါလစီ တို့အပေါ် ယုံကြည်ကိုးစားမှု ကို အားဖြည့်ပေးပါလိမ့်မည် ။
(၆) အထက်ဖော်ပြပါ သဘောတူညီထားသည့် မဟာဗျူဟာတို့ကို အကောင်အထည် ဖော်ရာ၌ ရရှိမည့်  တိုးတက်မှု တို့ကို လာမည့်  ၁၉၉၅ ခုနှစ် နွေဦးရာသီ အစည်းအဝေးတွင် ပြန်လည် သုံးသပ် ကြမည် ဖြစ်ပါကြောင်း။
မာမားစန်းနှင့် မကင်းသော
စီးပွားရေး ယဉ်ကျေးမှု
မာမားစန်နှင့် မကင်းသော စီးပွားရေး ယဉ်ကျေးမှု
မယုံပေမယ်
"ကိုယ့်ယောက်ျားကို ဘယ်လောက်ပဲ စိတ်ချစိတ်ချ ယောက်ျားတွေ ကို အရက်နဲ့ မိန်းမချော တွေ နဲ့သာ လွှတ်ပေးထားရင် ဖြစ်ချင်ရာတွေ အကုန် ဖြစ်နိုင်တယ်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင် မလဲလေ။ စိုးစိုးရိမ်ရိမ်နဲ့ပဲ ခွင့်လွှတ်နေရတာ ပေါ့။ ညကလပ်တွေ ဆီ မသွားဖို့ တားလို့မှ မရတာ ။
ကိုယ့်ယောက်ျား ကတော့ ပြောပါတယ်။ ဒီမိန်းကလေးတွေ နဲ့ သူမရှုပ်ပါဘူးလို့။ လိုက်ပြီး မကြည့်နိုင်တော့ ယုံရမယ့် သဘောပဲ။ စီးပွားရေး လုပ်ငန်းရဲ့ ယဉ်ကျေးမှု တဲ့လေ"
ဤကား စင်ကာပူမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ ဇနီးက ပြောခြင်း ဖြစ်သည်။
စီးပွားရေး လုပ်လျှင် ဧည့်ခံပွတွေ လုပ်ရ၏ ။ ဧည့်ခံပွဲတွေ တက်ရ၏ ။ ခေတ်က ပြောင်းလဲသွား သော အခါ ဧည့်ခံရသည့် ပုံသဏ္ဍာန်တို့ကလည်း ပြောင်းလဲသွားပုံရသည်။ ယခင်က ကဲ့သို့ လက်ဖက်ရည်တိုက်၊ ထမင်းကျွေး၊ အရက်တိုက်ရုံလောက်နှင့် မလုံလောက်တော့ပေ။
ဧည့်သည်ကို ညကလပ် ခေါ်သွားရသည်။ ကပွဲကြည့်ပြီး အရက်တိုက်၊ ထမင်းကျွေးရသည်။ မိန်းမချော မိန်းမလှလေးကိုလည်း အနားခေါ်ထားပေးရသည်။ တွဲ ကခိုင်းရသည်။ လိုအပ်လျှင် ဧည့်သည်နှင့် ထည့်ပေးလိုက်ရ၏ ။
နောက်တစ်နေ့ မနက်တွင် ဧည့်သည်က အရောင်းအ၀ယ် စာချုပ်ကို လက်မှတ်ထိုးလိုက်လေ သည်။ အရောင်းအဝေယ် ပမာဏကလည်း နည်းနည်း နောနော မဟုတ်။ သိန်းဂဏန်း၊ သန်းဂဏန်း ချီ၏ ။ ပွပေါက်ပင် မဟုတ်ပါလော။
ဤသို့ ဧည့်မခံဘဲ နေကြည့်စမ်းပါ ဧည့်သည် စီးပွားရေး သမားသည် မိမိပြိုင်ဘက် လက်ထဲပါ သွားမည် ။ မိမိကုမ္ပဏီသာ ဆုံးရှုံးနစ်နာသွားမည် ။ ဖောက်သည် ပျက်သွားမည် ။ ထို့ကြောင့် စင်ကာပူ ငါးလုပ်ငန်း ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးက
"ဖောက်သည်ကို ညကလပ်ခေါ်သွား အရက်တိုက်၊ မိန်းကလေးတွေ နဲ့ လွှတ်ပေးရတဲ့ အလုပ် ဟာ စီးပွားရေး လုပ်ငန်းရဲ့ ယဉ်ကျေးမှု ဖြစ်နေပါပြီ။ ခင်ဗျား စီးပွားရေး သမားဆို ဒီလို ကစားရမှာ ပဲ" ဟု မှတ်ချက်ပေးခြင်း ဖြစ်တန်ရာသည်။
စီးပွားရေး လုပ်ငန်း၏ ယဉ်ကျေးမှု (Business Culture ) ဆိုသော စကားပေါ်ခဲ့သည်မှာ ကြာ ပါပြီ။ ရှေးပဝေသဏီကတည်းက ဖြစ်ပုံရသည်။ သို့ ရာတွင် ဤယဉ်ကျေးမှု တွင် ညကလပ်တက်၊ မိန်းကလေးတွေ နဲ့ ပျော်ပါးစေရသော အစိတ်အပိုင်းသည် ယခုမှ ပျားပန်းခပ်မျှ ခေတ်စား လာပုံရ သည်။ အထူးသဖြင့် အရှေ့တိုင်း ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ မနီလာ၊ ဟောင်ကောင်၊ ဂျာကာတာ၊ တရုတ် (တိုင်ပေ)၊ တိုကျို၊ ရှန်ဟဲ၊ ဂွမ်တောင် တို့တွင် ယခုမှ အလွန်ကျယ်ပြန့်လာပုံရ သည်။ အာရပ် ရေနံသူဋ္ဌေးတို့အား ဧည့်ခံနေကြပုံကို ဒဏ္ဍာရီဆန်ဆန် ကြားဖူးကြပါလိမ့်မည် ။
ဤကိစ္စနှင့် ပတ်သက်၍ အချို့က ဘ၀နေဟန် (Life Sytle) အကြောင်းကို ပြောပြသည်။ စီးပွားရေး သမားတို့၏ ဘ၀နေဟန်ကိုက ညကလပ်တက်၊ မိန်းမချောလေးတို့နှင့် ပျော်ပါးရသော အစိတ်အပိုင်း ပါဝင်လာသည်ဟု ပြောလာကြသည်။ ခုခေတ် စီးပွားရေး ဧည့်သည်တို့ကလည်း စီး ပွားရေ ကိစ္စနှင့် လာလျှင် ကြယ်ငါးပွင့် ဟိုတယ်ကြီးတို့လောက်၌ သာ တည်းခိုကြ၏ ။ ဟိုတယ် အဆင့်အတန်းနိမ့်လျှင် မတည်းကြပြီ။ နောက်ပြီး ညကလပ်တို့၌ စီးပွားရေး စကား ပြောရတာ က လည်း ပိုပြီး အဆင်ပြေပုံ ရကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ အတွက်အချက် စာရင်းသမားကမူ ဖော်ပြပါ စီးပွားရေး လုပ်ငန်း ယဉ် ကျေးမှု ကို စရိတ်အနေဖြင့် သတ်မှတ်စဉ်းစားသည်။ စရိတ်အ၀၀တွင် ဤဧည့်ခံစရိတ်ကိုလည်း ထည့်ပေါင်းလိုက်သည်။ များ စွာ သော ကုမ္ပဏီတို့သည် ဤကဲ့သို့ ထည့်ပေါင်းရန်ကိုလည်း ခွင့်ပြုထားဟန်ရှိ၏ ။
မာမားစန်
အာရှ စီးပွားရေး သမားများ လောကတွင် "မာမားစန်" ဆိုသော စကားကို လူတိုင်းလို သိကြပုံ ရသည်။ ဤစကားသည် ဂျပန်စကား ဖြစ်၏ ။ အိမ်ရှင် စီးပွားရေး သမားတို့သည် မာမားစန် တို့နှင့် အဆက်အသွယ် ရှိထားရလေ၏ ။ ဧည့်သည် စီးပွားရေး သမားများ လာလျှင် မာမားစန်ထံ ဖုန်းဆက် ပြီး "သုံးယောက် " လောက် ဘယ်ဟိုတယ်ကို ပို့ပါဟုမှာ ထားရသည်။ သို့ တည်းမဟုတ် ဘယ် ကလပ်ကို ပို့ပါဟု "ဘွတ်" လုပ်ရသည်။
အပြောအဆို ရှိလာသည်မှာ စီးပွားရေး လုပ်ငန်းယဉ်ကျေးမှု သည် မာမားစန် တို့ မရှိဘဲ မဖွံ့ဖြိုး နိုင်ဟူ၍ ဖြစ်လေ၏ ။ မာမားစန်သည် "အမေကြီး" ဟု အဓိပ္ပာယ်ထွက်သည်။
ဒုတိယ မယား
ယခုအခါ တရုတ်ပြည်သို့ နိုင်ငံအရပ်ရပ်မှ သွားရောက် ရင်းနှီးမြှုပ်နှံသူတို့သည် အလွန်များ ပြားလျက်ရှိကြ၏ ။ ၎င်းတို့သည် ငွေထုပ်ပိုက်ကာ တရုတ်ပြည်သို့ "အခေါက်ခေါက် အခါခါ" သွားနေ ကြရသည်။ အခေါက်ခေါက် အခါခါ ဆိုသော အချက်ကို သတိပြုပါ။
ထိုအခါ ကိစ္စ၀ိစ္စ တစ်ခါတည်း ပြီးပြတ်စေရန် အလို့ငှာ တရုတ်ပြည်မှ စီးပွားဘက် ပါတနာ တို့က "ဒုတိယမယားများ " ရှာဖွေပေးလာကြသည်။ ၎င်းတို့ကလည်း အငယ်အနှောင်းထားရန် စိတ် မ၀င်စားပါဟု မဆိုကြပေ။ ဤအချက်ကလည်း စီးပွားရေး ယဉ်ကျေးမှု ဖြစ်လာပုံရသည်။
ဤသို့ ဖြစ်လာကြသော အခါ စင်ကာပူမှ အိမ်ထောင်ရှင်မများ က စိုးရိမ်ပူပန်လာကြသည်။ ခေါင်းခဲလာကြသည်။ မိမိတို့ ခင်ပွန်းများ ပြည်ပထွက်လျှင် ဆိုခဲ့ပါ ဖြစ်ရပ်မျိုးတို့နှင့် ကြုံတွေ့ မှာ ပါ ဟု ကျိန်းသေပေါက် တွက်ထားကြ၏ ။ ဤအတွက်အတိုင်း မှားပုံလည်း မရပေ။
သို့ ဖြစ်လာသော ကြောင့် စင်ကာပူ၏ မိသားစုတန်ဖိုးတွင် သစ္စာရှိခြင်းကို အမာခံကျောရိုး အ ဖြစ် သတ်မှတ်သင်ကြားပေးပါရန် အိမ်ရှင်မများ က တောင်းဆိုလာကြကုန်သည်။
ဝိနည်း
စီးပွားရေး အရ ဧည့်ခံမှု တွင် အရက်၊ မိန်းမတို့နှင့် ဧည့်ခံရခြင်းကို အချို့က ယဉ်ကျေးမှု ဆို သော အချက်ထက် ပို၍ ကျော်ကြည့်ကြသေး၏ ။ ၎င်းတို့ အဆိုအရ ဤသို့ ဧည့်ခံမှု မှာ စီးပွားရေး ၀ိနည်း (Business Ethics) ဖြစ်ပေသည်။ ဤ၀ိနည်းကို ရှောင်လို့မ ဖြစ်ဟု ပြောကြသည်။
ဆိတ်ငြိမ်သော စားသောက်ဆိုင်တစ်ဆိုင်တွင် ဆိတ်ငြိမ်စွာ စားသောက်စေခြင်းဖြင့် လည်း အလုပ် ဖြစ်နိုင်ပါသည်ဟု ကုမ္ပဏီ ဒါရိုက်တစ်ဦးက ပြောသည်။ အမျိုးသမီး ကုမ္ပဏီပိုင်ရှင် တစ်ယောက် ကလည်း
"ကျွန်မ ကတော့ ဧည့်သည်တွေ ကို အိမ်မှာ ပဲ ဧည်ခံတာပဲ။ ရိုးရိုးပဲ။ စီးပွားရေး မှာ အရေး ကြီး တာက ယုံကြည်စိတ်ချမှု ရဖို့ ဖြစ်တယ်။ ဧည့်သည်က သူ့အတွက် တကယ်လုပ်ပေးနိုင်သူ ပါကလား ဆိုတဲ့အချက် ယုံကြည်သွားဖို့လိုပါတယ်။ အရပ်တွေ နဲ့ မိန်းမတွေ နဲ့ ဧည့်ခံမှ အလုပ် ဖြစ်တယ်ဆိုတာ ကျွန်မလက်မခံချင်ပါဘူး။ ယုံကြည်မှု ရမယ် ဆိုတာ လက်မခံချင်ဘူး" ဟု သူ့အမြင်ကို ထုတ်ဖော် ပြောဆိုပါသည်။
ဤအချက်နှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဤကိစ္စုသည် "ဧည့်သည်လိုက် လို့ ဖြစ်မှာ ပါ၊ ဒါကလည်း လူနည်းစု ဖြစ်ပါလိမ့်မယ်" ဟု ထင်ကြေးပေးပြန်ပါသည်။
အပြင်ထွက်ကြလော့
စင်ကာပူဝန်ကြီးချုပ်က "စင်ကာပူသားတွေ အပြင်ထွက်ကြပါ" ဟု မကြာသေးမီက တိုက် တွန်းခဲ့၏ ။ သို့ဖြင့် (Go Region) ဆိုသော စကားသည် ယခုအခါ စင်ကာပူတွင် အလွန်ရေပန်းစား နေလေ၏ ။ ဤသို့ ရေပန်းစားသည်နှင့် အမျှလည်း စင်ကာပူမှ စီးပွားရေး သမားတိုင်း၏ ဇနီးသည် တို့သည် အလွန်စိတ်ပူလာကြသည်။ စိုးရိမ်လာကြသည်။
မစ္စတာ အိပ်(စ်)သည် သဘောင်္သွားလာရေး လုပ်ငန်းတစ်ခု၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သည်။ သူသည် နိုင်ငံခြင်းမှ သဘောင်္လုပ်ငန်းရှင်တို့နှင့် အမြဲဆက်ဆံရပြီး မကြာခဏ ဧည့်ခံ ရသည်။
"ကျုပ်မိန်းမနဲ့ ခဏခဏ ဖိုက်ရတယ်ဗျာ၊ သူက ကျုပ်ကို မယုံဘူး။ စီးပွားရေး လုပ်ငန်းနဲ့ ပတ် သက်ပြီး ဧည့်ခံတယ် ဧည့်ခံတယ်နဲ့ သူ့အဆိုပေါ့ဗျာ။ ကောင်မတွေ နဲ့ ကျုပ် ပျော်ပါးနေတယ်ပေါ့။ ကျုပ်လက်ဖျားနဲ့ တောင် မတို့ပါဘူး"
"ဧည့်ခံခြင်းဟာ အနုပညာဆိုတာ ကျုပ်မိန်းမက နားမလည်ဘူးဗျ။ ဧည့်သည်က ကာရာအို ကေ ကြိုက်တယ်။ ဆိုချင်တယ် ကချင်တယ်။ ကျုပ်ခေါ်သွားရမှာ ပေါ့။ "မာမားစန်" ကိုလည်း သုံး ယောက် လောက် ဧည်သည်နဲ့ ထည့်လိုက်ဖို့ မှာ ထားရတာ ပေါ့"
ကျုပ်ရလိုက်တဲ့ ကန်ထရိုက်က နည်းတာ မဟုတ်ဘူးဗျို့။ သန်းနဲ့ချီတာ ဒေါ်လာနော်။ တချို့ ဧည့်သည်တွေ က ပင်လယ်ထဲမှာ ရေနံတူးနေတာဗျ။ ဘယ်လောက်ပျင်းကြမလဲ ကုန်ပေါ်ရောက် တုန်း "လွတ်" ချင်ကြတယ်။ ကျုပ်မစီစဉ်ပေးလို့ ဘယ် ဖြစ်မလဲ" ဤကား မစ္စတာအိပ်(စ်) ၏ ဆင်ခြေ။
ပဋိပက္ခ
မိသားစုတန်ဖိုး (Family Values) ဆိုသည်မှာ မေတ္တာရှိရမည် ။ ယုယ ကြင်နာရမည် ။ မိသားစု အတွက် တာဝန်ရှိရမည် ။ သစ္စာရှိရမည် ။ ဤသို့ စင်ကာပူတွင် ပြောလာခဲ့လေ၏ ။
ယခု "စင်ကာပူသားတွေ အပြင်ထွက်လော့" ဟူသော ကြွေးကြော်သံကြောင့် ဖြစ်ထွန်းလာ သည့် စီးပွားရေး လုပ်ငန်း ယဉ်ကျေးမှု နှင့် ၀ိနည်း တို့သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း မာမားစန် တို့နှင့် မကင်းနိုင်လေသော အခါ တန်ဖိုးနှင့် လက်တွေ့  ယဉ်ကျေးမှု တို့၏ ပဋိပက္ခတို့ သည် လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားလာလေတော့၏ ။ မည် သည့် ဘူတာဆိုက်မည် ကား မသိ။ အိမ်ထောင်ရှင်မများ စိတ်ပူမည် ဆိုလျှင် ပူစရာ ဖြစ်အံ့ ထင်သည်။ မြန်မာစီးပွားရေး လုပ်ငန်း ရှင် တို့ သတိပြုမိဖို့ပင် ဖြစ်ပါသည်။
ပီဆို ဖောင်းပွမှု အမြှုပ်နှင့် နိုင်ငံရေး
ခြေလှမ်း အမှားမခံ
ကွန်ပျူတာ ကီးဘုတ်တွင် လေးငါးချက် ရိုက်လိုက်ရုံဖြင့် ငွေကြေး အရင်းအနှီးတို့သည် ကုဋေ ကုဋာ ချီပြီး နယ်စပ်တို့ကို ကျော်ဖြတ်ရွှေ့ပြောင်းနိုင်သော ခေတ်ကြီး ဖြစ်လေရာ နိုင်ငံအလိုက် ငွေကြေး အာဏာပိုင်များ အဖို့ ခြေလှမ်းတစ်ချက် မမှားဖို့ အထူးသတိထားကြရသည်။
မက္ကဆီကို အစိုးရသည် ခြေလှမ်းတစ်ချက်မှားရုံ (သမ္မတ စကားပြော တစ်ချက်မှားရုံ) ဖြင့် မက္ကဆီကို ပီဆိုငွေ တန်ဖိုးသည် တလိမ့်ခေါက်ကွေး လိမ့်ကျသွားခဲ့သည်။
သမ္မတ စကားပြော မှားသွားသည်နှင့် နယူးယောက် နှင့် အခြားငွေကြေး ဗဟိုဌာနတို့မှ ကွန်ပျူတာ စက်ခလုတ်တို့သည် လျှပ်စီးများ လက်သလို တဒိန်းဒိန်း၊ တဒက်ဒက် လက်လေတော့၏ ကွန်ပျူတာတို့ဖြင့် မက္ကဆီကိုမှ ထုတ်ဝေ၍ ၀ယ်ယူထားသော မက္ကဆီကို ငွေချေး အာမခံချုပ်နှင့် မက္ကဆီကို အစုရှယ်ယာတို့ကို ရရာဈေးတို့ဖြင့် ပုံအောထိုရောင်းချရခြင်း ဖြစ်သည်။
သို့ ဖြင့် ပီဆို တန်ဖိုးသည် (၃၃%)လောက် စိုက်ဆင်းသွားသည်။ ထိုအခါ မက္ကဆီကိုအစိုးရက ပီဆိုနှင့် ဒေါ်လာလှလှယ်ခြင်းကို လွတ်လွတ်လပ်လပ် လွှတ်ပေးလိုက် သည်။ ဤသည်ကို အရှင် မျှောသည် (Free Float) ဟုခေါ်၏ ။
ဤသို့ အရှင်လွှတ်ပေးလိုက် သဖြင့် ပီဆိုတန်ဖိုးသည် ထပ်ပြီးထိုးကျသွားခဲ့ပြန်၏ ။ (၄၀%) အထိကျသွားသည်။
ဤသို့ ငွေတန်ဖိုး ကျဆင်းသွားခြင်းမှ တမင်လုပ်သလို ဖြစ်လာ၍ ငွေတန်ဖိုးချသည် (Devaluation) ဟု ပြောလာကြသည်။ နောက်ဆုံး (၃၃%) တန်ဖိုး ချသလို ဖြစ်သွားသည်။
ဝင်၍ အာမခံခြင်း
တန်ဖိုးကျဆင်းသွားသော ငွေကို မည် သူမျှ မကိုင်ထားလိုကြပေ။ သို့ ဖြင့် ပီဆိုကိုင်ထားသူတို့ ကလည်း ဒေါ်လာတို့ဖြင့် အလုအယက် တိုးဝှေ့ လဲလှယ်လာကြ၏ ။
ဒေါ်လာနှင့် ပီဆို လဲလှယ်ရေး နှုန်းသည် တစ်ဒေါ်လာလျှင် (၄.၅)ပီဆို ဖြစ်ထိုက်သော်လည်း ငွေကြေးဈေးကွက်၌ တစ်ဒေါ်လာ (၆)ပီဆို ပေါက်လာသည်။ ပီဆိုတန်ဖိုး ထိုးကျသွားခြင်း ဖြစ်သည်။
ဤသို့ ဒေါ်လာကို အလုအယက် တိုးဝှေ့ဝယ်လာကြသော အခါ မက္ကဆီကို၏ ဒေါ်လာရန်ပုံငွေ သည် ဝေါခနဲ ခါလီပြောင်လုနီးပါး ဖြစ်သွားခဲ့သည်။
မက္ကဆီကို အစိုးရက ငွေချေးအာမခံ စာချုပ်နှစ် မျိုး ထုတ်ထားသည်လည်း ရှိသေးသည်။ ပထမအာမခံ စာချုပ်မှာ ဒေါ်လာဖြင့် ပိုင်းဖြတ်ထားသော အာမခံစာချုပ်များ ဖြစ်ကြ၏ ။ ၎င်းတို့ကို တီဆိုဘိုနိုဟု ခေါ်သည်။ ဤအာမခံစာချုပ်တို့ကို ၀ယ်ယူရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားသားတို့ သည် ဤဒေါ်လာ အာမခံစာချုပ်တို့ကို အတင်းထိုးရောင်းကြလေ၏ ။ မက္ကဆီကို အစိုးရကလည်း ကိုယ့်အကြွေးကိုယ် ပြန်ဝယ်ရသလို ဖြစ်၍ (အကြွေးပြန်ဆပ်ရသည့် သဘော ဖြစ်၍ ) လက်ထဲရှိ ဒေါ်လာတို့်မှာ ကုန်ခမန်း ဖြစ်လာလေသည်။ အတိုးမှန်မှန် ပေးပါမည် ဟူ၍ လည်း အတင်းအာမခံ စကား ပြောဆိုနေရသည်။ တစ်ဖန်ပီဆိုဖြင့် ပိုင်းဖြတ်ထားသော ငွေချေးအာမခံစာချုပ် ဒုတိယအမျိုး အစားလည်း ရှိသေး၏ ။ ၎င်းတို့အတွက် အတိုးမှန်မှန် ပေးပါမည် ဟု အာမခံနေရသည်။
ဤတွင် ကယ်ဆယ်ပါဆယ်ဟူ၍ အသည်းအသန် ဖြစ်လာသည်။ အားလုံးကလည်း ၀ိုင်းကယ် ဖို့ ဆယ်ဖို့ လုပ်နေကြပါပြီ။ အထူးသဖြင့် အမေရိကန်က ဒေါ်လာ (၄၀) ဘီလျှံဖိုးမျှ ချေးငွေတို့ကို အာမခံပါမည် ဟု ပြော၍ ၀င်ကူလာရသည်။
အဓပ္ပာယ်မှာ ကုန်ခန်းသွားသော ဒေါ်လာတို့ကို အစားဖြည့်ရန် မက္ကဆီကို အစိုးရက ရရာနေရာတို့မှ ချေးယူပါ။ ငှားယူပါ။ ဤချေးငွေတို့ကို မက္ကဆီကို အစိုးရက ပြန်မဆပ်လျှင် အမေရိကန် အစိုးရက ကြားဝင်ဆပ်ပေးပါမည် ဟု အာမခံခြင်း ဖြစ်၏ ။
အပြော ဘာမှားသွားသလဲ
မစ္စတာ ဇီဒီလို သမ္မတ ဖြစ်လာသည်မှာ မကြာသေးပေ။ တစ်လလောက်သာ ရှိသေး၏ ။ သူက မက္ကဆီကိုတောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ချီအာပါး သူပုန်ထကြွမှု အရေး နှင့် ပတ်သက်၍ “ချီအာပါးသူပုန်တို့ကြောင် မြငြိမ်မသက် ဖြစ်လာရင် ပီဆိုငွေတန်ဖိုးကို ချကောင်းချရလိမ့်မယ်” ဟု ပြောလိုက်ပါသည်။
ဤအပြောနှင့် တိုက်တိုက်ဆိုင်ဆိုင် ချီအာပါး သူပုန်တို့ကလည်း အစိုးရ တပ်စခန်းအသီးသီး နှင့် လေယာဉ်ပျံကွင်း အသေးလေးတို့ကို ၀င်ရောက်တိုက်ခိုက်သိမ်းယူ နိုင်လိုက်ကြ၏ ။
ဤတွင် ဘဏ္ဍရေး ၀န်ကြီးက ပီဆိုတန်ဖိုးမချပါဟု နှစ် ရက်သုံးရက်အကြာတွင် အာမခံသော် လည်း မရတော့ပေ။ နောက်ကျသွားပြီ ဖြစ်၏ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့၏ အရင်းအနှီးငွေကြေး တို့သည် မက္ကဆီကိုမှ အစုလိုက် အပြုံလိုက် ထွက်ပြေးကြလေပြီ။ တားမရ၊ ကွန်ပျူတာ ခလုတ်မျှ နှိပ်ရုံဖြင့် ပြေးလို့လည်း ရကြသည်။
ထို့ကြောင့် လက်ငင်း မက္ကဆီကို ငွေကြေး ငလျင်လှုပ်သွားရခြင်းသည် သမ္မတ စကားပြော မှားသွားသော ကြောင့် ဖြစ်၏ ။ တစ်နည်းပြောရလျှင် နိုင်ငံရေး ကြောင့် မက္ကဆီကို ငွေကြေးငလျင် ပေါ်ပေါက်ရခြင်း ဖြစ်လေသည်။
ဤနိုင်ငံရေး အကြေင်းပေါ် အခြေခံ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့က ကွန်ပျူတာ ခလုတ်များ နှိပ်၍ ငွေတွေ ရွှေ့ပြောင်းလေသော အခါ ပီဆို ပြုတ်ကျရသည်။
ပြန်လာကြပါ
ယခုအခါ မက္ကဆီကို အစိုးရက ပီဆိုအပေါ် ယုံကြည်ချက်ပို၍ ရရှိလာအောင် အပြင်းအထန် ကြိုးပမ်းလျက် ရှိပါသည်။
ထွက်ပြေးသွားသော အရင်းအနှီးတို့ ပြန်လာအောင် အတိုးနှုန်းကို (၁၆%) မှ (၃၁%) အထိ တိုးမြှင့်လိုက်သည်။ ဒေါ်လာဖြင့် ပိုင်းဖြတ်ထားသော ဘွန်းတို့ကို အတိုး (၃၁%) အထိ ပေးပါမည် ဟု မြှူဆွယ်နေရသည်။ ရင်းနှီးမြှုပ်နှံသူတို့သည် အတိုးကောင်းကောင်းရသည့် နေရာသို့ ပို့ပြီး လာလိုကြသည်မှာ မှန်သော်လည်း နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ သံသယ ဖြစ်နေလျှင် လာကြလိမ့်မည် မဟုတ်ချေ။
မက္ကဆီကို၌ ဤအတိုင်း တွေ့ နေကြရသည်။
အတိုးနှုန်း ကောင်း၍ ပြန်လာကြသည်ထား၊ လုံလောက်မည် ၊ မလုံလောက်မည် ကိုကား၊ မသိရသေးပေ။ ထို့ကြောင့် မက္ကဆီကို အစိုးရသည် နိုင်ငံပိုင်လုပ်ငန်းတို့ကို ရောင်းချ၍ ဒေါ်လာရ အောင် တစ်ဖက်မှ တစ်ပြိုင်နက်တည်း အပူတပြင်း ကြိုးပမ်းနေရပြန်၏ ။ မက္ကဆီကို နိုင်ငံပိုင်လုပ် ငန်းတို့ကို မည် သူတွေ က မည် မျှ ၀ယ်ယူကြမည် ကို မခန့်မှန်းနိုင်ပေ။
သရသလောက်၌ မက္ကဆီကို အစိုးရက နိုင်ငံပိုင်လုပ်ငန်းတို့ကို ရောင်းချရန်ခေါ်သော ခေါ်ဈေးမှာ နိုင်ငံခြားသားများ လိုက်မမီနိုင်အောင် ဖြစ်လျက်ရှိသည်။ ဈေးကြီးလှ၏ ။
ဖောင်းပွမှု အမြှုပ်
တစ်ဖက်တွင် ပီဆိုငွေကို ငွေတန်ဖိုး ချလိုက်ရသော ကြောင့် ကုန်ဈေးနှုန်းများ ထောင်တက် သွားသည်လည်းရှိသည်။ ဤသို့ မမျှော်လင့်ဘဲ ဈေးနှုန်းတွေ ရုတ်တရက် ထောင်တက်သွားခြင်းကို ဖောင်းပွမှု အမြှု (Inflation Bubble)ဟုခေါ်ကြသည်။ ဖောင်းပွမှု ပူစီပေါင်းလို့လည်း ပြောနိုင်သည်။
အမြှုပ် ဖြစ်စေ၊ ပူစီဖောင်း ဖြစ်စေ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ စိတ်ချလက်ချ ယုံယုံကြည်ကြည် ပြန်လည် ဖြစ်စေရန်အတွက် ဆိုလျှင် ထောင်တက်လာသော ဖောင်းပွမှု ကို ပြန်ကျသွားအောင် ပြုလုပ်ပေးရမည် ဖြစ်၏ ။
ဖောင်းပွမှု ပြဿနာမှာ အထူးအရေး ကြီးပေသည်။ ဤကိစ္စနှင့် ပတ်သက်၍ စဉ်းစားသုံးသပ် ရန် အချက်နှစ် ချက် ရှိပါ၏ ။ ပထမအချက်မှာ ကုန်ဈေးနှုန်းတွေ ပြန်ကျမှ ဆင်းရဲသားလူထု၏ မကျေနပ်မှု တို့ လျော့နည်းသွားနိုင်မည် ဆိုသော အချက် ဖြစ်၏ ။
ဖောင်းပွမှု ဒဏ်ကြောင့် မက္ကဆီကို ဆင်းရဲသားလူထုက မကျေမချမ်း ပို ဖြစ်လာလျှင် ဤအချက်သည် လက်ရှိရင်ဆိုင်နေရသော ချီအာပါး သူပုန်ထကြွမှု ကို ပိုပြီး ကျယ်ပြန့်လာအောင် မီးမွှေးပေးသလို ဖြစ်နိုင်ချေသည်။
ဒုတိယအချက်မှာ ဖောင်းပွမှု ဆက်လက် ဖြစ်နေပါက ပီဆိုတန်ဖိုး ဆက်လက် ကျဆင်းနေ သည့် သဘောသာ ဖြစ်ရကား မက္ကဆီကို စီးပွားရေး အပေါ် နိုင်ငံခြားသားတို့က အသို့ လျှင် ယုံကြည်နိုင်မည် နည်းဟု မေးခွန်းထုတ်နိုင်သော အချက် ဖြစ်၏ ။
အတိုးထက်ကျော်လျှင်
ဆိုခဲ့ပါ နိုင်ငံရေး အကြောင်းများ အပြင် စီးပွားရေး အကြောင်းသက်သက်ကလည်း ကြီးမားစွာ ရှိသေး၏ ။ အထက်တွင် အတိုးနှုန်းတွေ အများ ကြီး တိုးမြှင့်ပေးနေကြောင်း ဖော်ပြထားသည်။ (၃၁%) အထိ အတိုးနှုန်းကို မြှင့်ထားသည်။
သို့ ရာတွင် တစ်ဖက်၌ ကုန်ဈေးနှုန်းက (၄၀%) လောက်တက်နေမည် ဟု ဆိုလျှင် ဤသည်မှာ အတိုးနှုန်းထက် ကျော်နေခြင်း ဖြစ်၍ ရရှိသော အတိုးတို့ကို ကုန်ဈေးနှုန်းက ၀ါးစားပစ်သည့် သဘော ဖြစ်နေမည် မှာ ထင်ရှားသည်။
ထို့ကြောင့် အတိုးနှုန်းမြှင့်ပေးခြင်းသည် အရာထင်စရာအကြောင်း မရှိတော့ပေ။ သို့ ဖြစ်ရာ မြှင့်ထားသည့် အတိုးနှုန်းအတိုင်း တကယ်ထိထိမိမိ ခံစားနိုင်ရန်အလို့ငှာ ဖောင်းပွမှု နှုန်းကို အမြန် ကျအောင် ကြိုးပမ်းစီစဉ်ရမည် ဖြစ်ပါသည်။
ဤကိစ္စနှင့် ပတ်သက်၍ ဝေဖန်ဆန်းစစ်သူတို့က သံသယများ ပွားလျက် ရှိကြသည်။ မက္ကဆီကို အာဏာပိုင်တို့က …
ဖောင်းပွမှု နှုန်း (၁၅%)မျှ ရှိလျှင် ခံသာပါသည်ဟု ပြောနေကြသည်။ သို့ သော် ကျွမ်းကျင်သူ တို့ကမှု (၂၀%)လောက် ထိန်းထားနိုင်ဖို့ရာကိုပင် အနိုင်နိုင် ကြိုးပမ်းရလိမ့်မည် ဟု ခန့်မှန်းနေကြ သည်။
ခေါင်းကိုက် သံသရာ
မက္ကဆီကို ပီဆိုငွေ ကျွမ်းစိုက်ကျသွားသည့် အရေး အခင်းမှ လှိုင်းဂယက်တို့သည် အခြား လက်တင် အမေရိကန်နိုင်ငံများ ဆီသို့ အဘယ်မျှ မည် သို့ မည် ပုံ ရိုက်ခတ်မည် နည်းဟူ၍ လည်း ပြဿနာကို စိတ်ပူပန်စွာ ဖြင့် သုံးသပ်နေကြရပါသည်။
အထူးသဖြင့် လက်တင် အမေရိကရှိ နိုင်ငံကြီးများ ဖြစ်ကြသော ဘရာဇီး (လ်)၊ အာဂျင်တီး နား၊ ချီလီနှင့် ဗီနီဇွဲလား နိုင်ငံတို့ကို မီးမာင်းထိုး၍ လေ့လာနေရသည်။ ယခုလက်ရှိ ခန့်မှန်းခြေ၌ သိပ်စိုးရိမ်စရာ မရှိပါဟု တွက်နေကြသည်။
မည် သို့ ပင် ဖြစ်စေ သတင်းများ အဆိုအရ မက္ကဆီကိုမှ ထွက်ပြေးခဲ့ကြသော နိုင်ငံခြားအရင်း အနှီးတို့သည် နှစ် နှစ် သုံးနှစ် အတွင်း မက္ကဆီကိုသို့ ပြန်မလာလိုကြဟု သိရှိရသည်။
မည် သို့ ဖြစ်စေ ယခု ဖြစ်ထွန်းမှု သည် ချီအာပါးသူပုန်ထကြွမှု များ ကို အကြောင်းပြု၍ ပေါ်လာ ခြင်း ဖြစ်ရကား။ ဤပြဿနာကို မည် သို့ ကိုင်တွယ်မည် နည်းဟူ၍ လည်း စောင့်ကြည့်နေကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ မက္ကဆီကို သမ္မတ ဇီဒိလိုသည် ဘီးရှော့ ဘုန်းတော် ကြီး ဆဲမြူရယ်ရိုက်(စ်) ကို အောင်သွယ်ထား၍ ချီအာပါး သူပုန်တို့နှင့် စေ့စပ်ဖြေရှင်းရန် သဘောတူလိုက်ပါပြီ။
မည် သို့ ပင် ဖြစ်စေ “၁၉၉၅ ခုနှစ် သည် မက္ကဆီကို၏ ကြွယ်ဝချမ်းသာမှု သည် မက္ကဆီကို ဆင်းရဲသားများ လက်ထဲ ရောက်ရှိစေရမည့် နှစ် ဖြစ်ရမည် ”ဟု ဆိုသော ရွေးကောက်ပွဲကာလ ကတိသည် အကောင်အထည်ဖော်ရန် နှောင့်နှေးသွားဖို့ ရှိနေပါပြီ။ မက္ကဆီကို ဆင်းရဲသား လူထုသည် ဤသို့ နှောင့်နှေးသွားဖို့ ရှိနေပါပြီ။ မက္ကဆီကို ဆင်းရဲသား လူထုသည် ဤသို့ နှောင်းနှေးသဖြင့် ကျေနပ်လိမ့်မည် မဟုတ်ဟုလည်း တွက်ကြသည်။
ထို့ကြောင့် မက္ကဆီကို၏ ခေါင်းကိုက်မှု သည် ကိုက်ပြီးရင်း ကိုက်ရင်းနှင့် သံသရာလည်နေဖို့ သာရှိသည်ဟု ဝေဖန်ကြကုန်၏ ။
![]() ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများအတွဲ (၃) | ![]() ကွပ်ကဲထိန်းချုပ်မှုဝန်းကျင်ဒိုင်းနမစ် နှင့် အကောင်းဆုံးပါဖောင်းမဲန့် | ![]() ယောမင်းကြီး၏ စီးပွားရေး အတွေးအခေါ်နှင့် ဘောဂဗေဒ လက်ရွေးစင် |