
နိဒါန်း
ရတနာမြတ်သုံးပါး
မိဘနှစ် ပါးနှင့်
ဆရာအပေါင်းတို့အား
ဆယ်ဖြာလက်စုံ
ပန်းကြာငုံဖြင့်
ရှိခိုးပါ၏ ။
အောင်နိုင်မြင့်
ရေသားထုတ်ဝေပြီး စာအုပ်များ
၁။ ဒဂုံမြို့သစ် တည်ဆောက်မှု မှတ်တမ်း
(၁၉၉၁ ခုနှစ် ၊ ဇူလိုင်လ၊ သတင်းနှင့် စာနယ်ဇင်း)
၂။ မြန်မာမြို့ပြ (၁၉၉၂- ခုနှစ် ၊ ဇွန်လ၊ မြ၀တီ)
၃။ မြို့ပြမြေယာဆောင်းပါးပေါင်းချုပ်
(၁၉၉၅ ခုနှစ် ၊ သြဂုတ်လ၊ ပုလဲစာပေ) (ဒုတိယအကြိမ်)
၎။ မြို့ပြမြေယာဈေးကွက်နှင့် ဆွဲဆောင်မှု များ
(၂၀၀၃ ခုနှစ် ၊ ဇွန်လ ပုလဲစာပေ)
၅။ ကျွန်တော့အမြင် ရောင် စုံတိမ်ပန်း
(၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလ၊ ပုလဲစာပေ)
၆။ မြို့ပြမြေယာအကြောင်း သိကောင်းစရာ
(၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ၊ ဇမ္ဗူတလူစာပေ)
၇။ ဥရောပတစ်ခွင် အမြန်လမ်းနှင့် ခရီးတွင်
(၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ၊ ဇမ္ဗူတလူစာပေ)
ကျေးဇူးတင်လွှာ
ဥပရောပတစ်ခွင် အမြန်လမ်းနှင့် ခရီးတွင် (၉ နိုင်ငံခရီး) ဆောင်းပါးဖြင့် ခရီးစဉ်တစ်ခုလုံး ကို ခြုံငုံပြီး ပီပီပြင်ပြင်ရေး သားခဲ့သော ဆရာအောင်နိုင်မြင့်အား ကျေးဇူးတင်ပါကြောင်း ဖော်ပြလိုပါ သည်။

အမှာ စာ
ဗမိုးက မြန်မာလုပ်သားပြည်သူများ ရဲ့ စရိတ်နဲ့ ကမ္ဘာသုံးခါကြီးများ တောင် လှည့်ခဲ့ရဘူးပါ တယ်။ ပြည်ထောင်စုမြန်မာဗဟိုဘဏ်ရဲ့ စီနီယာဘောဂဗေဒမှူးအ ဖြစ် ၁၉၅၉ မှ ၁၉၇၄ နှစ် တာ ကာလအတွင်း အစ္စရေး ဗဟိုဘဏ် (ရက်ပေါင်း ၈၀) ချက်ကိုဆလိုဗက်ဗဟိုဘဏ် (၆လခွဲ) နှင့် အမေရိကန်ဝါရှင်တန် (IMF နဲ့ ကမ္ဘာ့ဘဏ်တွေ မှာ ၅ လခွဲ) စသဖြင့် ငွေကြေးနဲ့ ဘဏ်လုပ်ငန်း လေ့လာဆွေးနွေးဖလှယ်ခဲ့ သွားရောက်နေထိုင်ခဲ့ပါတယ်။ အသွားအပြန် အာရှ-ဥရောပနိုင်ငံ တစ်ချို့မှာ လဲ ရက်ပိုင်း ညအိပ်-ညနေ နေထိုင်ခဲ့တယ်။ အဲဒီ ခရီးစဉ်တွေ မှာ တော့ အနောက်တိုင်း နိုင်ငံတွေ ရဲ့ တိုးတက်မှု တွေ ကို အားကျသလိုတော့ ရှိခဲ့တယ်။ ဒါပေမယ့် အကြောင်းပြု အကျိုး ဆက်တွေ ကို စဉ်းစားသုံးသပ် ဖြစ်သွားတဲ့အခါ သူတို့ရရှိနေတဲ့ အခွင့်အလမ်းအနေအထားတွေ နဲ့ မြန်မာနိုင်ငံ မြန်မာပြည်သူအများ ရရှိနေတာတွေ မတူတာတွေ့ ရတယ်။ ဒီတော့ အသိပညာတစ်မျိုး တော့ တိုးတယ်။ ဒါပေမယ့် အောင်နိုင်မြင့်ရဲ့ ဆောင်းပါးတွေ ကို ဖတ်ရတာ ကျတော့ ဗမိုးနဲ့ အလား တူ ပညာတတ်တွေ ရဲ့ ဟာကွက်ကြီးတစ်ခု ထင်းကနဲ လင်းကနဲ ခံစားလိုက်ရတယ်။ ဟုတ်တယ် လေ။ တစ်ပါးနိုင်ငံတွေ ရဲ့ တိုးတက်မှု တွေ ကြည့်ပြီး မိမိနိုင်ငံရဲ့ တိုးတက်မှု အနေအထားထဲက သယံဇာတတွေ အခွင့်အလမ်းတွေ ကိုလဲ သတိပေးနေတယ်။ ဒီအနေအထားကို မီးမောင်းထိုးပြီး လှုပ်နှိုးလိုက်တာ ကတော့ အောင်နိုင်မြင်ပဲဗျ။
အသေးစိတ်ကိုတော့ ဗမိုးရဲ့ ခြေဆင်းကို ကျော်လွှားပြီး အောင်နိုင်မြင့်ခေါ်တာကို ပျော်ပျော် ပါးပါး လိုက်ပါသွားပေရော့လို့သာ ပြောချင်ပါတယ်။
တစ်ခုတော့ ပြောလိုက်ပါရစေဦး The Age of Knowledge ဆိုတဲ့ ပညာခေတ်မှာ ပညာ ဗဟုသုတကို ပေးရာမှာ ယခင်ကဆို “သုတ” သက်သက်ပါပဲ။ အောင်နိုင်မြင့်ရဲ့ ဆောင်းပါးမှာ ကတော့ သုတ၊ ရသ၊ ဒဿန သုံးမျိုးလုံးကို တစ်တိုင်ထဲမှာ ရသွားခံစားရပါတယ်။
ဗမိုး

ဥရောပတစ်ခွင် အမြန်လမ်းနှင့် ခရီးတွင်
(၉ နိုင်ငံခရီး-၁)
သင်္ကြန်ရုံးပိတ်ရက် အချိန်အခါဟာ ဥရောပနွေဦးကာလ ဖြစ်ပါတယ်။ ခရီးထွက်မယ်ဆိုရင် သင်္ကြန်ရက်မှာ ဥရောပကို အတူသွားကြရအောင်လို့ ငယ်သူငယ်ချင်း ဟိုတယ်လုပ်ငန်း စာရေး ဆရာဝင်းထိန်က ကမ်းလှမ်းထားပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌတာဝန်ယူနေပြီ၊ အာဆီယံနဲ့ အီးယူ နှိုင်းယှဉ်လေ့လာကြည့် မယ်ပေါ့။ ခရီးစဉ်ကိုပါ သူစီစဉ်လာခဲ့သတဲ့လေ။ Airbus A 380-800 ကို ကျွန်တော် ကိုယ်တိုင်က စီးချင်နေတာကြောင့် ခရီးစဉ်ကို သဘောတူလက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ ၁၀-၄-၂၀၁၄ ရက်နေ့ ည သန်းခေါင်အချိန် ဘန်ကောက်လေဆိပ်ကနေ ရောမမြို့ကို အဲဒီ လေယာဉ်နဲ့ သွား ဖြစ်ခဲ့ပါတယ်။
အပေါ်ထပ်မှာ ပထမတန်းစား လေယာဉ်ခရီးသည် ၁၂ ယောက် ပါသတဲ့။ ဒုတိယတန်းစား လေယာဉ်ခရီးသည် ၆၀ က လေယာဉ်ရဲ့ ရှေ့ဆုံးအပိုင်းမှာ စီးကြပြီး ကျွန်တော် စီးတဲ့ Economy Class မှာ တော့ ခရီးသည် ၄၅ ယောက် လိုက်ပါလာတာ တွေ့ ခဲ့ရပါတယ်။ အီတလီနိုင်ငံ ရောမမြို့ ရောက်တော့ ဒေသစံတော် ချိန် နံနက် ၆ နာရီကျော်နေပါပြီ။ ခရီးသွားချိန် ၁၀ နာရီလောက်ပဲ ကြာပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလတုန်းက လန်ဒန်ကို ၁၂ နာရီကြာအောင် စီးဖူးခဲ့တဲ့ အတွေ့ အကြုံနဲ့ နှိုင်းယှဉ်ကြည့်ရင် သက်သက်သာသာနဲ့ ခရီးရောက်တယ်လို့ ဆိုရမှာ ပါ။ လေယာဉ် နဲ့ မိုင်ပေါင်း ၅၄၉၃ မိုင် (၈၈၄၁ ကီလိုမီတာ) ခရီးတော့ ပေါက်ခဲ့ပါပြီ။
အသေးငယ်ဆုံး ဗာတီကန်နိုင်ငံ
၁၁-၄-၂၀၁၄ နံနက်ပိုင်းမှာ ဘဲ လေဆိပ်ကနေ ၅၆ ကီလိုမီတာဝေးတဲ့ ဗာတီကန်ကို ၄၅ ယောက် စီး ခရီးလှည့်ကားနဲ့ နာရီဝက်ခန့် သွားရပါတယ်။ ဟိုရောက်တော့ သက္ကရာဇ် ၂၀၀၀ မှာ အသစ်တည်ဆောက်ထားတဲ့ ဂိတ်သစ်ကနေ တစ်ယောက် ကို ယူရို ၂၅ ပေးပြီး ၀င်ရောက်ဖို့ရာ လူထောင်နဲ့ချီပြီး တန်းစီစောင့်ရပါတယ်။ ၁ နာရီအကြာမှာ ဒေသခံဧည့်လမ်းညွှန်ရောက်လာပါ တယ်။ သူမရှင်းလင်းပြောပြတာကို နားထောင်နိုင်ဖို့ နားကြပ်နဲ့ အသံဖမ်းစက်တွေ ဝေငှပြီး ကြိုတင် လက်မှတ်ယူတဲ့အပေါက်က ၀င်စေပါတယ်။ ဗာတီကန်မှာ ၂ နာရီကြာမျှ လေ့လာခွင့်ရရှိခဲ့ပါတယ်။
အင်တာနက်မှာ နိုင်ငံပေါင်း ၂၃၄ နိုင်ငံတို့ရဲ့ အကြီး/အသေး စာရင်းပြုစုထားရာမှာ ဗာတီ ကန်နိုင်ငံဟာ အသေးငယ်ဆုံး စာရင်းဝင်နိုင်ငံ ဖြစ်နေတာ တွေ့ ရပါတယ်။ ခရစ်ယာန်အယူဝါဒရေး ဆိုင်ရာနိုင်ငံအ ဖြစ် သီးခြားလွတ်လပ်ပြီး အချုပ်အချာအာဏာပိုင် နိုင်ငံလေးပါ။ ရောမမြို့တော် ရဲ့ အနောက်တိုင်းဗားမြစ်ရဲ့ အနောက်ဘက်ကမ်း ဗာတီကန်ကုန်းမြင့်ပေါ်မှာ တည်ရှိပါတယ်။ အကျယ်အ၀န်းအားဖြင့် ၁၀၈.၇ ဧက ရှိပါတယ်။ လူဦးရေ ၁၀၀၀ ခန့်ရှိပြီး ၈၅ ရာခိုင်နှုန်းမှာ အီတလီလူမျိုးမား ဖြစ်ကြပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ ဆွစ်နဲ့ အခြားလူမျိုးများ ဖြစ်ကြောင်း သိရ ပါတယ်။
စိန်ပီတာနန်းတော် ၊ ဗာတီကန်နန်းတော် ၊ ဥယျာဉ်တွေ နဲ့ ပြတိုက်၊ စာကြည့်တိုက်စတဲ့ အဆောက်အအုံ ၁၃ ရှိပါတယ်။ အချုပ်အချာအာဏာပိုင်ဟာ ဗရင်ဂျီဂိုဏ်းသာသနာပိုင် ပုပ်ရဟန်း မင်းကြီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ဗရင်ဂျီဂိုဏ်းဝင်တို့ရဲ့ အထွတ်အမြတ်ထားရာဌာန ဖြစ်ပါတယ်။ ကမ္ဘာ့ရှေးဟောင်းစာပေနဲ့ အနုပညာလက်ရာများ စုဝေးရာဒေသအ ဖြစ်နဲ့လည်း ကျော်ကြားပါတယ်။
ကမ္ဘာကျော်ပန်းချီပညာရှင်ကြီးတွေ ဖြစ်တဲ့ ဖီလစ်ပိုလစ်ပိ၊ လီယိုနာဒိုဒါဗင်ချီ၊ ရက်ဖီအယ်၊ တစ်ရှန်၊ မိုက်ကယ်အန်ဂျလိုတို့ရဲ့ လက်ရာတွေ နဲ့တကွ အခြားထင်ရှားတဲ့ ပန်းချီကျော်တို့ရဲ့ အယူ ၀ါဒရေး ရာ ပန်းချီကားတွေ ရှိပါတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။ လူတွေ က ညပ်သပ်နေလို့ ဧည့်လမ်းညွှန်ကို မျက်ခြည်မပြတ် ကြည့်နေရတာ နဲ့ရယ်၊ သူမက တိုးတိုးလေးပြောနေတာကြောင့် တစ်ခါတစ်ရံ စိတ်ပျက်မိပါတယ်။
မျက်နှာကြက်က ပန်းချီကားကြီးအချို့နဲ့ ဘယ်ဂျီယံလုပ် ရှေးကော်ဇောကြီးတွေ ပေါ်က ပန်းချီကားကြီးတချို့မှာ 3D အမြင်နဲ့ ရေး ဆွဲထားတယ်လို့တောင် ယူဆမိပါတယ်။ ထူးခြားချက်မှာ စစ်တပ် ဖြစ်ပါတယ်။ စစ်တပ်ကို ကိုယ်ရံတော် တပ်အ ဖြစ် အမှု ထမ်းရန်နဲ့ အယူဝါဒရေး အခမ်းအနား တွေ မှာ လိုက်ပါဆင်နွှဲရန်သာ အဓိက ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ပေါင်း ၄၅၀ ကျော်က လူဇန်နဲ့ ဇူးရစ် နှစ် နယ်နဲ့ ပုပ်ရဟန်းကြီးတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အဲဒီ နယ်က စစ်သားတွေ လာရောက်အမှု ထမ်းရခြင်း ဖြစ်ပါတယ်။ စစ်ဝတ်တန်ဆာမှာ အလယ်ခေတ်ပန်းချီကျော် မိုက်ကယ်အန်ဂျလို တီထွင်ခဲ့တဲ့ ပုံစံမျိုး ယခုတိုင်သုံးစွဲလျက် ရှိပါတယ်။ စစ်တပ်တွင် စစ်သား ၁၀၀ ခန့်ရှိကြောင်း သိရပါတယ်။
ရောမမြို့ကို လှည့်လည်ကြည့်ရှု
နေ့လယ်ပိုင်းမှာ ဦးစွာ ပထမ ရောမမြို့ကို ခရီးလှည့်ကားနဲ့ အကျဉ်းချုံးလှည့်လည်ကြည့်ရှု ခဲ့ရပါတယ်။ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ရောမမြို့ရိုးဟာ ၂၁ မိုင် ရှည်လျားကြောင်း သိရပါတယ်။ ရောမမြို့ကို “The City of Seven Hills” တောင် ၇ လုံးမြို့တော် လို့ ခေါ်ဆိုကြပါတယ်။ မြို့တော် ရဲ့ အလယ်ဗဟိုမှာ ထင်ပေါ်ကျော်ကြားတဲ့ “ကက်ပီတော် လ်” တောင်ကုန်းနဲ့ “ပါလာတိုင်း” တောင်ကုန်းတို့ ရှိကြပါတယ်။ အဲဒီ ကနေ လှပတဲ့မြို့တော် ရဲ့ မြင်ကွင်းကျယ်ရှုခင်းကို တ၀ကြီး ကြည့်ရှုခံစားနိုင်ပါတယ်။
“တိုင်ဘာ”မြစ်ကလည်း မြို့တော် ကို အလယ်ကဖြတ်ပြီး ကွေ့ကောက် စီးဆင်းနေပါတယ်။ မြို့ရဲ့ သက်တမ်း နှစ် ပေါင်း ၃၀၀၀ ခန့် ရှိပါပြီ။ ယနေ့ ရောမမြို့ဟာ မြို့ဟောင်းမြို့သစ် ရောထွေး နေပါတယ်။ ဒါပေမဲ့ များ သော အားဖြင့် အမိုးအနီ ကိုယ်ထည်အ၀ါရောင် လွှမ်းခြုံထားနေတာကိုက မြို့ရဲ့ အလှလို့ ဆိုရမှာ ပါ။ မြို့တွင်းမှာ အထပ်မြင့်တွေ ကို မတွေ့ ခဲ့ရပါဘူး။
ကက်ပီတော် လ်တောင်ကုန်းနဲ့ ပါလာတိုင်တောင်ကုန်း နှစ် ခုအကြားရှိ လွင့်ပြင်တစ် လျှောက်မှာ ရောမဘုရင်တို့ တည်ဆောက်ခဲ့တဲ့မြို့ဟောင်းတွေ ရှိပါတယ်။ အဲဒါတွေ ကို Roman Farums ရောမပြည်သူတို့ စုဝေးရာ ဈေးနေရာဟု ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ စတင်တည်ဆောက်ခဲ့ သူမှာ ဂျူးလီးယပ်စ်ဆီဇာ ဖြစ်ကြောင်း သိရပါတယ်။
ကိုလိုစီယမ်လူသတ်ကွင်း
ညနေပိုင်းမှာ တော့ နာမည် ကျော် လူသတ်ကွင်းတစ်ခု ဖြစ်တဲ့ Colosseum, နာမည် ကျော် Trevi Fountain နဲ့ Spanish Steps တို့ကို သွားရောက်လေ့လာခဲ့ကြပါတယ်။
ကိုလိုစီယမ်ကို ၁၆ ယူရိုပေးပြီး အပေါ်စီးကနေ တက်ရောက်ကြည့်ရှုရတဲ့အခါ သုံ့ပန်းတွေ ၊ ကျေးကျွန်တွေ အချင်းချင်း တိုက်ခိုက်ကြည်ပုံ၊ လူနဲ့တိရစ္ဆာန်ရိုင်းတွေ နဲ့ တိုက်ခိုက်သတ်ဖြတ်စေပုံ၊ ဘုရင်နဲ့ မှူးမတ်အခြံအရံတွေ ၊ တိုင်းသူပြည်သားတွေ က ဘေးပတ်လည်ရှိ ပွဲကြည့်စင်အဆင့်ဆင့်မှ ကြည့်ရှုနေကြပုံတွေ ကို ရိုက်ကူးထားတဲ့ ရောမသမိုင်းရုပ်ရှင်ကားကို ပြန်လည်မြင်ယောင်မိလာပါ တယ်။
ကိုလိုစီယမ်လို့ခေါ်တွင် ရခြင်းမှာ ယခင်က အဲဒီ နေရာမှာ နီရိုးဘုရင်ကြီး ရောမမြို့မီးလောင် နေတာကို ဗျတ်စောင်းတီးကြည့်နေခဲ့တဲ့ နီရိုးဘုရင်ရဲ့ နေအိမ်နဲ့ အမြင့်ပေ ၁၀၀ ရှိတဲ့ နီရိုးဘုရင် ရုပ်တု Colossus တစ်ခုရှိခဲ့တာကို အစွဲပြုခေါ်ဆိုတာလို့ သိခဲ့ရပါတယ်။
လူသတ်အားကစားရုံကြီးကို အေဒီ ၇၂ ခုနှစ် မှာ တည်ဆောက်ခဲ့ပြီး ၈၀ ခုနှစ် မှာ လက်စ သတ်ခဲ့ပါတယ်။ အေဒီ ၆ ရာစုအထိ အဲဒီ ရုံကြီးကို အသုံးပြုခဲ့ကြပါတယ်။ အလျား ၆၁၅ ပေရှိပြီး အကျယ်အားဖြင့် အကျဉ်းဆုံးနေရာမှာ ၅၁၀ ပေ ရှိပါတယ်။ အ၀န်းအားဖြင့် ပေ ၁၇၃၀ ရှိပြီး အမြင့် ၁၈၇ ပေ ရှိပါတယ်။ ရုံအတွင်း ၀င်ပေါက် ၈၀ ပါတယ်။ ရောမအက္ခရာတွေ နဲ့ အမှတ်စဉ်တပ်ထားပါ တယ်။ ပွဲကြည့်ပရိသတ်ပေါင်း ငါးသော င်းဆန့်ပါတယ်။
ယနေ့ခေတ်သစ်ဘောလုံးကွင်းတွေ ဟာ အဲဒီ အဆောက်အဦးအပေါ် အခြေခံပြီး တည်ဆောက်လာကြတာပါလို့ ဧည့်လမ်းညွှန်က ဆိုပါတယ်။
ထရေဗီးရေပန်း
ကမ္ဘာလှည့်ခရီးသည်တွေ စိတ်အ၀င်စားဆုံးနဲ့ အများ အပြားလာရောက်ကြည့်ရှုကြတဲ့ ရေပန်းက Trevi Fountain ဖြစ်ပါတယ်။ ထရေဗီးမှာ ရေထွက်ပေါက် ၃ ခု ပါရှိပါတယ်။ ရေပန်း ၃ ခုက ထိပ်ကနေ အထစ်လိုက်အောက်ခြေရေအိုင်အထိ အဆင့်ဆင့် ရေတွေ စီးကျလာစေဖို့ ပြုလုပ် ထားတာပါ။
၁၂ ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီးက လီးမင့်ရဲ့ လက်ထက်မှာ ဗိသုကာပညာရှင် ဘနီနီက ပုံစံရေး ဆွဲပြီး၊ ပန်းရန်ဆရာ နီကိုလာဆဲလ်ဗီက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီ နေရာမှာ နေ့စဉ်ရေထွက်နှုန်း လီတာသန်း ၈၀ ရှိပါတယ်။ ဒါကြောင့် ရေလှောင်တမံသဖွယ် ရှိနေပြီး လိပ်ရေ ပန်းအပါအ၀င် အခြားရေထွက်ပေါက်တွေ ကို ရေပေးဖို့ရာ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီ နေရာကို သေသေချာချာ ကြည့်လိုက်တော့မှ ကျွန်တော် ငယ်စဉ်က ကြည့်ဖူးတဲ့ ဇာတ်ကားရယ်၊ ဇာတ်ဝင်သီချင်းတစ်ပုဒ် ဖြစ်တဲ့ Three Coins in the Fountain ကို ပြန်လည် သတိရမိပါတော့တယ်။ ရေပန်းနဲ့ပတ်သက်လို့ အများ က ယုံကြည်ထားတာက “ခရီးသွားပုဂ္ဂိုလ်ဟာ ရောမမြို့ကနေ မထွက်ခွာမီ ရေပန်းထဲသို့ အကြွေစေ့တစ်စေ့ထည့်လိုက်ပါက နောက်တစ်ကြိမ် ရောမမြို့ကို ပြန်လည်ရောက်ရှိမယ်” ဆိုတာပါ။ ကျွန်တော် ကသာ အဲဒီ လိုမလုပ်ပေမယ့် ရေအိုင် ထဲမှာ တော့ ငွေအကြွေစေ့တွေ ဖွေးဖွေးလှုပ်နေပါတယ်။
Spanish Steps နေရာကို ဧည့်လမ်းညွှန်လိုက်မလာပါဘူး။ သူမအနေနဲ့ ၁ နာရီကို ယူရို ၂၀၀ နဲ့ ၂ နာရီအတွက် အချိန်စေ့တာနဲ့ ယူရို ၄၀၀ ယူပြီး ပြန် သွားပါပြီ။ အဲဒီ အချိန်မှာ ယူရိုငွေလဲ မလာခဲ့သူတွေ အတွက် မြန်မာနိုင်ငံက လိုက်ပါလာတဲ့ ဧည့်လမ်းညွှန်က ငွေလဲလှယ်နိုင်ဖို့ရာ အချိန် သတ်မှတ်ပေးလိုက် ပါတယ်။ ငွေလဲသူတွေ ကို ငွေလဲလှယ်နှုန်းအတိုင်း Money Changer က သတ်မှတ်ပေးပြီးမှ ၂၀% ထပ်ဖြတ်ယူထားလိုက်တာကြောင့် ခံရသူအားလုံးရဲ့ မကျေမနပ်သံတွေ ကိုလည်း ကြားခဲ့ရပါတယ်။ ၂၀% ထပ်ဖြတ်တဲ့ကိစ္စကို ဘယ်သူကမှ ဂဃနဏ မသိကြပါဘူး။
အဲဒီ အချိန်အထိ ကားပေါ်မှာ သက်တော် ၇၈ နှစ် ရှိ ဘုန်းတော် ကြီးနဲ့ တပည့် ဦးပဉ္စင်းက လွဲလို့ ဘယ်သူတွေ လိုက်ပါလာတယ်ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ ညစာအတွက် ထိုင်းထမင်းဆိုင်ကို သတ်မှတ်ချိန်အရောက် သွားပြီး စားရပါတယ်။ ရောမမြို့မှာ ည ၈ နာရီအထိ နေမ၀င်သေးပေမဲ့ ည ၇ နာရီမှာ ဆိုင်တွေ ပိတ်ကြရပါတယ်။ ဒီမှာ အထူးခြားဆုံးက ညပိုင်း အပြင် ထွက်မယ်ဆိုရင် မိန်းကလေးတွေ အတွက် စိတ်ချရပေမယ့် ယောက်ျားဆိုရင် အတော် ကြီးကို သတိ ထားနေကြရကြောင်း သိခဲ့ရပါတယ်။
ခရီးစဉ်တစ်လျှောက် စားသောက်ရမယ့်ဆိုင်နဲ့ တည်းခိုရမယ့် ဟိုတယ်တွေ ကို လန်ဒန်မှာ ရှိတဲ့ ခရီးသွားလုပ်ငန်းက စီစဉ်ပေးထားတာပါ။ ဒါကြောင့် ည ၈ နာရီမှာ ထိုင်းဆိုင်ကနေ မြို့ပြင်မှာ ရှိတဲ့ Sheraton Golf Parco de Medici ဟိုတယ်သို့ သွားရောက်ပြီး ညအိပ်တည်းခိုရပါတော့ တယ်။
The Buiders Journal
(၂၀၁၄ ခုနှစ် ၊ အတွဲ -၁၊ အမှတ်-၅)
******
ဥရောပတစ်ခွင်အမြန်လမ်းနှင့် ခရီးတွင်
(၉ နိုင်ငံခရီး-၂)

၁၂-၄-၂၀၁၄ ရက်နေ့ ခရီးစဉ်အရ ရောမမြို့ကနေ အရှေ့မြောက်ဘက်မှာ ရှိတဲ့ ပီဇာမြို့ကို ခရီးဆက်ရမှာ ပါ။ အကွာအဝေးက ၂၃၈ မိုင် (၃၈၁ ကီလိုမီတာ) ရှိပါတယ်။ ဒီခရီးစဉ်ကို ၈း၃၀ နာရီ စတင်ပါ့မယ်။ ကားပေါ်ကို ကြိုတင်နေရာယူကြရပါတယ်။ ကျွန်တော့် ထိုင်ခုံနဲ့ အီတလီနိုင်ငံသား ယာဉ်မောင်း မစ္စတာကလောက်ဒီနဲ့က တခုံခြားမျက်စောင်းထိုးဆိုတော့ သူ့ရဲ့ လှုပ်ရှားမှု တွေ ကို အတိုင်းသားမြင်နေရပါတယ်။
ကားမထွက်မီ ကလောက်ဒီက ရေမော့သောက်လိုက်ပြီး ရေကုန်သွားတော့ ရေဘူးရဲ့ ဖင်ကနေစတင် လိပ်လိုက်တာ လည်ပင်ရစ်ရောက်တော့မှ အဖုံးပိတ်ကာ သူ့ရဲ့ ညာဘက်လေးမှာ ရှိတဲ့ အမှိုက်ပုံးထဲကို ထည့်လိုက်ပါတယ်။ “ရောမမြို့ရောက်ရင် ရောမလို ကျင့်ရမယ်” ဆိုတဲ့ အတိုင်း မနေ့က ကျွန်တော် လေယာဉ်ကွင်းမှာ ၁- ယူရို (၁ ယူရို = ၁၃၃၃ ကျပ်) ငွေကျပ် နှစ် ထောင်နဲ့ ပေးဝယ်ခဲ့ရတဲ့ ရေဘူးမှလက်ကျန်ရေကို သောက်လိုက်ပြီး သူ့အတိုင်း လိုက်လုပ်ကာ အမှိုက်ပုံးထဲကိုထည့်လိုက်တော့ သူက ကျွန်တော် ကို ပြုံးပြီးလက်မထောင်ပြပါတယ်။ ပြီးတော့ ရေ ၁ ဘူးကို ၁ ယူရိုနဲ့ ရောင်းပေးပါတယ်။
အချိန်အတိအကျအတိုင်း ခရီးလှည့်ကားထွက်ပါတယ်။ အဲဒီ အချိန်ကစပြီး မြန်မာ့ဧည့် လမ်းညွှန်က ကားပေါ်ပါ မြန်မာတွေ နဲ့ မိတ်ဆက်ပေးပါတယ်။ ဒီတော့မှ လားရှိုး၊ ကျောက်မဲ၊ မန္တလေး၊ ကလော၊ တောင်ကြီး၊ ရန်ကုန်မြို့တွေ က မိသားစလိုက် ပါရှိလာကြောင်း သိရပါတယ်။ ၄၅ ယောက် စီးကားမှာ ၄၄ လေယာက်ပဲပါရှိပါတယ်။ ခရီးစဉ်တွေ မှာ တာဝန်ခွဲဝေမှု အနေနဲ့ ကိုယ့် အဖွဲ့မှာ အကြီးဆုံးလူက တာဝန်ယူရတဲ့အဖွဲ့စနစ် ဖြစ်ပါတယ်။
ပီဇာမြို့က မျှော်စင်
ပီဇာမြို့ (Pisa) ရှိ တရုတ်ဆိုင်မှာ နေ့လယ်စာ စားသုံးပြီးနောက် အီတလီရဲ့ Landmark တစ်ခု ဖြစ်တဲ့ ကမ္ဘာကျော်ပီဇာမျှော်စင်ရှိရာသို့ သွားရောက်လေ့လာခဲ့ပါတယ်။ ပီဇာမြို့ဟာ ရှေးခေတ်ဟောင်း အဆောက်အအုံတွေ ကြောင့် ထင်ရှားတာပါ။ အထူးသဖြင့် ယိုင်နေတဲ့ မျှော်စင် ကြီးကြောင့် ကမ္ဘာမှာ ကျော်ကြားတယ်ဆိုရင်လည်း မမှားပါဘူး။
အဲဒီ မျှော်စင်တစ်ခုလုံးဟာ ကျောက်သားပကတိ ရှိနေပါတယ်။ ကျောက်မှာ စကျင်ကျောက် ဖြူဖြူဖွေးဖွေး ဖြစ်ပါတယ်။ မျှော်စင်ရဲ့ အမြင့်က ၁၇၉ ရှိပြီး အထပ်ပေါင်း ၈ ထပ်ရှိပါတယ်။ မျှော်စင် ရဲ့ ခေါင်ကနေ မြေသို့ ချိန်သီးချကြည့်ရင် မြေသို့ ကျနေတဲ့ချိန်သီးဟာ မျှော်စင်အောက်ခြေနဲ့ (၁၆ -၁-၂) ပေအကွာမှာ တည်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် (၁၆- ၁-၂) ပေ ယိုင်နေတယ်လို့ ဆိုရမှာ ပါ။
ထူးခြားတာက အဲဒီ လို ယိုင်နေပေမယ့် ၁၃ ပေအထူ နံရံရှိတဲ့ အဲဒီ အဆောကအအုံဟာ ယနေ့ထက်တိုင်အောင် ခိုင်မာနေတာ မြင်ခဲ့ရပါတယ်။ အောက်ဆုံးကနေ အထက်ဆုံးထပ်ထိ လှေကားထစ်ပေါင်း ၃၀၀ ရှိပါတယ်။
အဲဒီ မျှော်စင်ကို ခရစ် ၁၁၄၇ ခုနှစ် က စတင်တည်ဆောက်ခဲ့ရာ ၁၃၅၀ ပြည့်နှစ် တွင် မှ ပြီးစီး ခဲ့တယ်လို့ သိရပါတယ်။ ပီဇာမြို့သား သိပ္ပံက၀ိဂယ်လီလေအိုဟာ မျှော်စင်ထိပ်တက်ပြီး စမ်းသပ် ချက်တွေ ကို ပြုလုပ်ခဲ့ရာမှာ ‘အရာဝတ္ထုသို့ မြေသို့ကျတဲ့အလျင်’ ကို တွက်ချက်ပြသနိုင်ခဲ့တယ်လို့ အဆိုရှိပါတယ်။
ပီဇာမြို့ဟာ မြေထဲပင်လယ်ထဲ စီးဝင်နေတဲ့ အားနိုးမြစ်ခြေအထက် ၇ မိုင်ခန့်မှာ တည်ရှိနေ တာကြောင့် စိုက်ပျိုးရေး လုပ်ငန်းနဲ့ တံငါလုပ်ငန်းတွေ ကို အများ စုက လုပ်ကိုင်ကြပါတယ်။ ပိုးထည်၊ ချည်ထည်လုပ်ငန်းများ လည်း ထွန်းကားလျက်ရှိပါတယ်။ လူဦးရေမှာ ၁ သိန်းခန့်ရှိတယ်လို့ သိရပါ တယ်။
အလယ်ခေတ်တုန်းက မြေထဲပင်လယ်မှာ ထင်ရှားတဲ့ ဆိပ်ကမ်းမြို့ကြီးတစ်မြို့ ဖြစ်ခဲ့ဖူးပါ တယ်။ လက်နက်အင်အား တောင့်တင်းခိုင်မာတဲ့ မြို့ ဖြစ်တာကြောင့် အိမ်နီးချင်းတိုင်းပြည်တကာရဲ့ ရိုသေလေးစားမှု ကို ခံခဲ့ရကြောင်း သိခဲ့ရပါတယ်။
ဖလောရန့်စ်မြို့
ညနေပိုင်းမှာ ပီဇာမြို့ရဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ Florence ဖလောရန့်စ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြပါတယ်။ ခရီးက ၆၄ မိုင်ခန့် (၁၀၂ ကီလိုမီတာ) သွားရမှာ ပါ။ ဖြေးဖြေး မှန်မှန်မောင်းလာလိုက်တာ တစ်နာရီအကြာမှာ ဖလောရန့်စ်မြို့ကို ရောက်လာပါပြီ။
အဲဒီ မြို့မှာ ထင်ရှားတဲ့ ရှေးဟောင်း Cathedral ရှေ့မှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြပါ တယ်။ သူ့ခေတ်သူ့အခါက ဖန်တီးသူတို့ ခြယ်မှု န်းခဲ့တဲ့ ဗိသုကာလက်ရာတွေ ဟာ ရှေးဟောင်း သမိုင်းဝင် အမွေအနှစ် များ အ ဖြစ် မှတ်တမ်းဝင်လာခဲ့ပြီး ယဉ်ကျေးမှု အမွေအနှစ် တွေ အ ဖြစ် ကျန်ရစ် ခဲ့တယ်လို့ပဲ မှတ်ယူပါတယ်။ နိုင်ငံတိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာလက်ရာ အဆင့်အတန်းမီ အဆောက်အအုံအမြောက်အမြားတည်ရှိသလို မြန်မာနိုင်ငံမှာ လည်း သမိုင်းဝင် အဆောက်အအုံ များ စွာ ရှိနေပါသေးတယ်။
ပုဂံခေတ်လည်း ပုဂံခေတ်အလျောက် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် ရှိသလို ၁၉၁၀ ပြည့်နှစ် တုန်းက တည်ဆောက်ခဲ့တဲ့ စိန်မေရီကာသီဒြပ် (စိန့်ပေါလ်ချာ့ကျောင်း) ဟာလည်း မြန်မာ နိုင်ငံမှာ အကြီးဆုံးခရစ်ယာန် ဘုရားဝတ်ပြုကျောင်း ဖြစ်ပြီး ရှေးဟောင်းဗိသုကာတွေ ကြောင့် ထင်ရှားပါတယ်။
ဖလောရန့်စ်မြို့တွင်းမှာ တစ်နာရီခန့် လှည့်လည်ကြည့်ရှုပြီး ညစာစားကြပါတယ်။ ပြီးတာနဲ့ ၂၅ ကီလိုမီတာ (၁၅.၆၂ မိုင်) ကွာဝေးတဲ့ Prato ပရာတိုမြို့ကို ဆက်လက်ထွက်ခွာလာပြီး Art Hotel Milano မှာ ညအိပ်တည်းခိုကြပါတယ်။
ဗင်းနစ်မြို့
၁၃-၄-၂၀၁၄ ရက်နေ့မှာ ဟိုတယ်မှာ ပဲ နံနက်စာ စားသုံးပါတယ်။ ၈း၃၀ နာရီမှာ ပစ္စည်းတွေ အားလုံး ကားပေါ်တင်ပြီးတာနဲ့ Venice Mestre ဗင်းနစ်မက်စ်တာမြို့ကို မောင်းပါတယ်။ ၂၄၈ ကီလိုမီတာ ၁၅၅ မိုင် မောင်းပြီးတာနဲ့ အဲဒီ မြို့ကို ရောက်ပါပြီ။ အဲဒီ ကတစ်ဆင့် ၁၄ ကီလိုမီတာ (၈. ၇ မိုင်) မောင်းလိုက်တာ မကြာပါဘူး။ Tronchetto (ထရွန်ကစ်တို) ဆိပ်ကမ်းကို ရောက်ပါတယ်။ ဆိပ်ကမ်းရောက်တော့ နှစ် ထပ်သင်္ဘောပေါ်ကို တစ်စုတစ်ဝေးနေရာယူပြီးတာနဲ့ ဗင်းနစ်မြို့ကို ထွက်ခွာလာပါတယ်။ မိနစ် ၄၀ ခန့်အကြာမှာ ဗင်းနစ် ဆိပ်ခံတံတား ဆိုက်ရောက်ခဲ့ပါတယ်။
အဲဒီ မှာ ဒေသခံဧည့်လမ်းညွှန်အမျိုးသမီးနှစ် ယောက် က ဆီးကြိုနေပါတယ်။ ကမ်းနားလမ်း တစ်လျှောက် နာရီဝက်ခန့်လျှောက်ပြီးတော့ St. Marco Square. St Marks ဘုရားကျောင်းနဲ့ Doge’s နန်းတော် အတွင်းရှိ အကျဉ်းထောင်ဟောင်းကို လိုက်လံပြသပါတယ်။ ဗင်းနစ်ဘုရား ကျောင်းကနေ တိုင် နှစ် လုံးကို လက်ညှိုးထိုးပြပြီး အဲဒီ စင်ပေါက်မှာ ခြင်္သေ့တောင်ပံတပ်ထားတဲ့ ရုပ်တုဟာ ဗင်းနစ်ရဲ့ သင်္ကေတလို့ ပြောပါတယ်။ ဗင်းနစ်မြို့ဟာ အီတလီနိုင်ငံရဲ့ အရှေ့မြောက် ဘက် (အေဒြီယက်တစ်) ပင်လယ်ထိပ်မှာ ကျွန်းကလေးပေါင်း ၁၂၀ ခန့် ရှိပါတယ်။ အဲဒီ ကျွန်းတွေ ပေါ်မှာ လှပဆန်းကြယ်စွာ တည်ရှိနေတာပါ။
ဗင်းနစ်မြို့ကို ခရစ် ၄၅၂ ခုနှစ် မှာ စတင်တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။ ဥရောပ တိုက်မြောက်ပိုင်းမှ အီတလီမြောက်ပိုင်းသို့ ၀င်ရောက်တိုက်ခိုက်လာတဲ့ ဟန်းလူမျိုးတွေ ရဲ့ ဘေးရန် ကနေ တိမ်းရှောင်ထွက်ပြေးလာကြရသူတွေ က ပင်လယ်တွင်းရှိ ကျွန်းကလေးများ ပေါ်မှ နေထိုင် ရာကနေ တဖြည်းဖြည်း စည်ကားကြီးကျယ်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဗင်းနစ်မြို့ကို တည်ဆောက်စဉ်က ရွံ့နွံထူထပ်တဲ့ ကျွန်းမြေမှာ သစ်သားတိုင်တွေ စိုက်ပြီး မြဲအောင်စွဲပြီးမှ အဆောက်အအုံတွေ တည်ဆောက်ကြတာပါ။ ကျွန်းကလေးတကျွန်းနဲ့ တကျွန်း ကြားရေပြင်ကို တူးမြောင်းသဖွယ် ဖောက်လုပ်ထားရာ မြို့ထဲမှာ တူးမြောင်းပေါင်း ၁၇၀ ခန့် ရှိပါ တယ်။ အဲဒါတွေ ကို ဖြတ်ကျော်ကာ ကျောက်သားနဲ့ ဆောက်လုပ်ထားတဲ့ တံတား ၄၀၀ ကျော်ခန့် ရှိပါတယ်။ မြို့ကို အင်္ဂလိပ်စာလုံး “S” သဏ္ဌာန်ကွေ့ဖောက်ထားတဲ့ ဂရင်းက နယ်ဟာအကြီးဆုံး တူးမြောင်းကြီး ဖြစ်ပါတယ်။
ရီးယယ်လတိုတံတားဟာ ဂရင်းကနယ်ကို ဖြတ်ဆောက်ထားပြီး တံတားတစ်ဖက်တစ်ချက် မှာ ဈေးဆိုင်ကြီးတွေ ရှိပါတယ်။ ဆိုင်းတံတား ကတော့ ဒိုးဂျနန်းတော် အထက်ထပ်နဲ့ အကျဉ်း ထောင်ကြီးကို ဆက်သွယ်ဆောက်လုပ်ထားတဲ့ တံတား ဖြစ်ပါတယ်။ နန်းတော် အတွင်းဖက် နံရံတွေ မှာ ဗင်းနစ်မြို့သား ပန်းချီကျော်တို့ရဲ့ နံရံကပ်ပန်းချီလက်ရာတွေ နဲ့ ရေး ခြယ်ထားတာ တွေ့ ရပါ တယ်။ ဗင်းနစ်မြို့သားတို့ရဲ့ သစ်သားပန်းပုကြေးရုပ်တု၊ မှန်စီရွှေချပစ္စည်းစတဲ့ အနုပညာလက်ရာ တွေ ကလည်း အထူးပင်ပြောင်မြောက်လှပါတယ်။
လူဦးရေ ငါးသိန်းခန့် ရှိတယ်လို့ ပြောပြကြပါတယ်။ ထင်ရှားတဲ့ ထွက်ကုန်တွေ ကတော့ ဖန်ထည်ပစ္စည်းအမျိုးမျိုး၊ လက်ထိုးဇာ၊ ဗရိုကိတ်ထည်တို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဒေသခံဧည့် လမ်းညွှန်တွေ ခေါ်သွားလို့ ဖန်ထည်လုပ်ငန်းကို လေ့လာခွင့်ရခဲ့ပါတယ်။ လွန်ခဲ့သော နှစ် ပေါင်း ၁၀၀၀ ခန့်က နည်းပညာကို အခြေခံပြီး ဖန်ထည်လုပ်ငန်းလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ ပြသပြီး တဲ့နောက် ၂၄ ကရက်ရှိ ရွှေအစစ်နဲ့ ကွပ်ထားတဲ့ အရောင် စုံ၊ ဒီဇိုင်းစုံဖန်ထည်တွေ ကို အရောင်း ပြခန်းမှာ ပြသထားပါတယ်။ အောက်ခံဗန်းနဲ့ ကော်ဖီခွက် ၆ စုံကို ယူရို ၂၈၀၀ ဈေး ရှိပါတယ်။ ဒီလုပ်ငန်းကို သူတို့မိသားစုအစဉ်အဆက်လုပ် လာပြီး ယနေ့ထက်တိုင် ၁၅ နှစ် သားကစပြီး မျိုးဆက်သစ် လူငယ်တွေ မွေးထုတ်နိုင်လို့ လုပ်ငန်းတိုးချဲ့နေပါပြီ။ ဒုတိယကမ္ဘာစစ်မ ဖြစ်မီက ဗင်းနစ်မြို့မှာ သင်္ဘောတည်ဆောက်ခဲ့ကြောင်းနဲ့ တိုပီဒိုပြုလုပ်တဲ့ စက်ရုံပင် ရှိခဲ့ဖူးကြောင်းကိုလည်း သိရပါတယ်။
အဲဒီ နောက် နာရီဝက်ခန့်လှေစီးကြပြီး ဆိပ်ခံတံတားအထိ လမ်းလျှောက်ပြန်လာရပါတယ်။ နှစ် ထပ်သင်္ဘောပြန်လည်ထွက်ခွာလာပြီး တရွန်ကစ်ဆိုဆိပ်ကမ်းရောက်တာနဲ့ ကားပေါ်ကို အပြေး အလွှားတက်ကြပါတယ်။ ဘာကြောင့် လဲဆိုတော့ နွေဦးသာဆိုတယ်၊ ရာသီဥတုက 15 C အေးတဲ့ အပြင် လေတိုက်တော့ ယောက်ျားရော မိန်းမပါ ဆီးသွားချင်တဲ့ဒုက္ခကနေ လွတ်မြောက်ချင်ကြ လို့ပါ။
ကားသမားကလည်း အလိုက်သိစွာ ဗင်းနစ်မက်စ်တာမြို့ပေါ်မှာ ရှိတဲ့ ကြိုတင်မှာ ထားပြီး သား စားသောက်ဆိုင်ကို မောင်းတော့တာပါပဲ။ ဆိုင်ရောက်တယ်ဆိုရင်ပဲ Toilet (အိမ်သာ) မှာ တန်းစီနေကြရပါပြီ။ ဒီလိုမှ မဟုတ်ရင် ယူရို ပြား ၅၀ (၇၀၀ိ/ခန့်) ပေးပြီးမှ ဒီဒုက္ခကို ကုစားရပါ တယ်။
ကျွန်တော် ကတော့ ကော်ဖီဆိုင်ဝင် Espresso တစ်ခွက် တစ်ယူရိုခွဲပေးပြီး အဲဒီ ပြဿနာကို ဖြေရှင်းလေ့ရှိပါတယ်။
ဒါနဲ့ပဲ ညစာစားသောက်ပြီးလို့ ဗင်းနစ်မက်စ်တာမြို့ပေါ်ရှိ Antony Hotel သွားပြီး အိပ်စက် အနားယူရပါတော့တယ်။
The Builders Journal
(၂၀၁၄ ခုနှစ် ၊ အတွဲ -၁၊ အမှတ်-၆)
xxxxxx
ဥရောပတစ်ခွင်အမြန်လမ်းနှင့် ခရီးတွင်
(၉ နိုင်ငံခရီး-၃)

ပြင်သစ်နိုင်ငံ နီးစ်မြို့သို့
၁၄- ၄- ၂၀၁၄ ခရီးစဉ်အရ Nice နီးစ်ကို သွားရမှာ ပါ။ ၅၆၇ ကီလိုမီတာ (၃၅၄.၃ မိုင်) ကွာဝေးပါတယ်။ နီးစ်မြို့ဟာ ပြင်သစ်နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ မိုနာကိုနိုင်ငံနဲ့ ပြင်သစ်နိုင်ငံ ကိန်းစ်မြို့ကြားမှာ တည်ရှိပါတယ်။
ဥရောပမှာ ထင်ရှားတဲ့ အဲ့လပ်တောင်တန်းကြီးမှာ မိုင် ၆၈၀ ရှည်လျားပြီး ၇၅ မိုင်မှ မိုင် ၁၆၀ မိုင်ခန့်အထိ ကျယ်ပါတယ်။ ဗဟိုချက်တောင်မကြီးဟာ ဆွစ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဂျာမနီ နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံ၊ သြစတြီးယားနိုင်ငံတွေ ရဲ့ အတွင်းပိုင်းထိ ထိုးဝင်နေပါတယ်။ အရှေ့ဘက်တောင်စွန်းဟာ အီတလီနိုင်ငံ (ထရိုယက်စ) အနီးမှာ တည်ရှိပါတယ်။ စက်ဝိုင်းခြမ်းပုံ ခပ်ကွေးကွေး တည်ရှိနေတဲ့ အနောက်ဘက် အဲ့လပ်တောင်စွန်းဟာ ပြင်သစ်နိုင်ငံ နီးစ်မြို့အနီးမှာ တည်ရှိနေပါတယ်။
နီးစ်မြို့ဟာ ပြင်သစ်နိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံးမြို့ ဖြစ်ပါတယ်။ အဲဒီ ဒေသရဲ့ သဘာဝ အလှနဲ့ မြို့ကွက်အနေအထားတွေ ဟာ မြေထဲပင်လယ်နဲ့ လိုက်ဖက်ညီလို့ ကမ္ဘာမှာ ကျော်ကြားနေ တာပါ။
ဒါကြောင့် အီတလီနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ အရေး ကြီးတဲ့ကိန်းဂဏန်းတွေ ကို Wikipedia က ထုတ်နုတ် နှိုင်းယှဉ်ကြည့်မိခဲ့ပါတယ်။

မှန်ပါတယ်။ အီတလီနိုင်ငံရဲ့ စီးပွားရေး က ခရီးသွားလုပ်ငန်းကနေ အများ ဆုံးဝင်ငွေရရှိ နေပေမယ့် လောလောဆယ် စီးပွားရေး ကျဆင်းနေပါတယ်။ အီတလီရဲ့ အနိမ့်ဆုံးလစာဟာ ယူရို ၁၂၀၀-၁၅၀၀ အမြင့်ဆုံးလစာဟာ ယူရို ၃၀၀၀-၅၀၀၀ အထိ ရှိပါတယ်။ နိုင်ငံတော် ရဲ့ ရရှိတဲ့ လစာဟာ ၅၅% ကို အခွန်ငွေ (အိုနာစာပါ) အ ဖြစ် ပေးသွင်းနေရပါတယ်။ ဒါပေမယ့် ၆၅ နှစ် ပင်စင်ယူရတဲ့အခါ ကမ္ဘာပတ်ပြီး သူဌေးလို နေနိုင်ကြပါသတဲ့။
ကျန်းမာရေး စောင့်ရှောက်မှု ကလည်း အထူးကောင်းမွန်တဲ့အပြင် လူ့အခွင့်အရေး အပြည့် အ၀ ခံစားရကြောင်း၊ အသားအရောင် ခွဲခြားမှု မရှိကြောင်းနဲ့ ပြည်ပခရီးသွား တစ်ယောက် ယောက် ထိခိုက်ဒဏ်ရာရမယ်ဆိုရင်တောင် ဆေးရုံက စစ်ဆေးမေးမြန်းခြင်း မရှိ ကုသပေးကြတယ်တဲ့လေ။
အလုပ်ချိန်ကလည်း တစ်နေ့ကို ၈ နာရီ သတ်မှတ်ပေးထားပြီး လက်ရှိခရီးသွားယာဉ်မောင်း တွေ ကိုတော့ ၉ နာရီ သတ်မှတ်ချက်ရှိကြောင်း သိရပါတယ်။ ဥရောပမှာ က နေ့/ည မီးထိုးပြီး ယာဉ်ကို မောင်းနှင်ကြရပါတယ်။
ပြီးပြည့်စုံသော အမြန်လမ်း
ဥရောပ အမြန်လမ်းဟာ လက်ျာကပ်မောင်း ဖြစ်တာကြောင့် ယာဉ်မောင်းတိုင်း ဘယ်ဘက် ထိုင်ခုံကနေ ဘယ်မောင်းအနေအထားနဲ့ မောင်းကြရပါတယ်။ သတ်မှတ်ချက်အရ ဘယ်မောင်း ယာဉ်တွေ ကိုပဲ အသုံးပြုကြရပါတယ်။ ကျွန်တော် စီးလာတဲ့ ကားက ‘မားစီးဒီး’ ဂျာမနီလုပ် ဖြစ်ပါ တယ်။ မောင်းပြီးတဲ့ ကီလိုမီတာကို ကြည့်လိုက်တော့ ၇ သိန်း ၃ သော င်း’ပါ။ ဒါပေမယ့် စက်သံက ညက်၊ ယာဉ်မောင်းကလည်း ကျွမ်းကျင်၊ လမ်းကလည်း ကောင်းဆိုတော့ မပူမပင် စီးလို့ရပါတယ်။ အမြန်လမ်းတွေ ဟာ တစ်ဖက်တစ်ချက်စီ ၄ လမ်းမောင်းရှိပါတယ်။ ကျွန်တော် တွေ့ ရသလောက် ယာဉ်ကြောတွေ မှာ ယာဉ်တွေ စဉ်ဆက်မပြတ် ဥဒဟိုမောင်းနှင်နေကြတာပါ။ Toll Gate တွေ မှာ လည်း စက္ကန့်ပိုင်းလောက်ပဲ အချိန်ကြာတဲ့ Prepaid Top-Up Card တွေ ကြောင့် အချိန်ကုန် သက်သာပါတယ်။
ယာဉ်မောင်းတွေ လိုက်နာဖို့ရာ သတ်မှတ်ချက်ကလည်း အတုယူစရာပါ။ နှစ် နာရီမောင်းပြီး ယာဉ်ရပ်နားစခန်းလေးတွေ မှာ ၁၅ မိနစ် နားကိုနားရပါတယ်။ နောက်ထပ် ၂ နာရီထပ်မောင်းမယ် ဆိုရင် အချိန်စေ့တာနဲ့ မိနစ် ၃၀ မ ဖြစ်မနေ နားရပါတယ်။ နားတဲ့အချိန်မှာ ကားသမားကို လေ့လာ ကြည့်တော့ Esresso ကော်ဖီခွက်သေးတစ်ခွက်ပဲ သောက်တာတွေ့ ရပါတယ်။
ယာဉ်မောင်းတွေ ကို နည်းပညာအရ ဘယ်လိုထိန်းကြောင်းထားသလဲလို့ လေ့လာကြည့် တော့ Expressway Monitoring Advisory System (EMAS) နဲ့ ထိန်းထားပါတယ်။ အမြန်လမ်း တစ်လျှောက်မှာ တပ်ထားတဲ့ ကင်မရာကနေ ရရှိတဲ့ ပုံရိပ်တွေ ကတစ်ဆင့် လမ်းပေါ်မှာ ကားပျက် တာ၊ မတော် တဆ ဖြစ်တာ၊ ယာဉ်ကြောပိတ်တာ ဖြစ်ပျက်သမျှတွေ ကို ထိန်းချုပ်ထားတဲ့နေရာက ကြိုတင်သိနေပါတယ်။ လိုအပ်လာရင် ဆယ်တင်ရေး ယာဉ်နဲ့တကွ ရဲတွေ ၊ အရေး ပေါ်အသက်ကယ် ဆယ်ရေး ယာဉ်နဲ့ ကူညီရေး အဖွဲ့တွေ ကို ကွန်ယက်နဲ့ ချိတ်ဆက်ပြီး ပြဿနာကို ဖြေရှင်းပေးပါ တယ်။
Junction Electornic Eyes (J-Eyes) နဲ့ အရေး ကြီးတဲ့ လမ်းဆုံမှာ စောင့်ကြည့်ဗီဒီယို ကင်မရာက တိုက်ရိုက်ပေးပို့ပါတယ်။ ထိန်းချုပ်သူက ယာဉ်ကြောအခြေအနေကို ကြည့်ပြီး လိုအပ် သလို ကွပ်ကဲကြပါတယ်။
Parking Guidance System (PGS) ဆိုတာက အမြန်းလမ်းမကြီးကနေ မြို့ထဲဝင်ပြီဆိုတာ နဲ့ ကားရပ်နားရန်အတွက် နေရာရှာရင်း လှည့်ပတ်မောင်းနေရလို့ ယာဉ်ကြောရှုပ်ထွေးမှု မ ဖြစ်ရ အောင် ဖြေရှင်းပေးနေတာပါ။ ကားရပ်နားနေရာတွေ က နေရာလွတ်ရှိမှု သတင်းကို ကွန်ပျူတာ စနစ်နဲ့ အလိုအလျောက်ရယူပြီး အချက်အချာနေရာတွေ မှာ စိုက်ထူထားတဲ့ ဘုတ်ကြီးတွေ က တစ်ဆင့် ယာဉ်မောင်းသူတွေ ကို အသိပေးခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လိဒ်ဆိုင်းဘုတ်တွေ မှာ ဘယ်လမ်းကြော ဘယ်နေရာရောက်ဖို့ရာ ဘယ်မိနစ်နောက်ကျမယ်ဆိုတာကိုပါ ဖော်ပြထားတာ တွေ့ ရပါတယ်။
ကားတွေ မှာ တပ်ဆင်ထားတဲ့ GPS ကတစ်ဆင့် ယာဉ်တွေ ရဲ့ တည်နေရာ၊ မောင်းနှင်နေတဲ့ မိုင်နှုန်းတို့ကို အခြားအချက်လက်တွေ နဲ့ ပေါင်းစပ်ပြီး ပိုပြီးပြည့်စုံတဲ့ ပို့ဆောင်ရေး သတင်းတွေ ကို Traffic Scan ကနေတစ်ဆင့် ထုတ်ယူရရှိနိုင်ပါတယ်။
Real Time Traffic Information ကိုလည်း လမ်းပေါ်မှာ ဖြစ်ပျက်မှု မှန်သမျှကို ယာဉ်မောင်းသူတွေ နဲ့ ပြည်သူတွေ ကို အချိန်နဲ့တပြေးညီ အသိပေးဆောင်ရွက်ထားပါတယ်။ အဲဒါ ကို ကြည့်ပြီး အမြန်လမ်းပေါ်မှာ လမ်းပြင်တာ၊ သတ်ပင်ခုတ်နေတာတွေ ကို ကြိုတင်သိနိုင်ပါတယ်။
အဲဒီ နည်းပညာအသုံးပြုစနစ်တွေ ရဲ့ လုပ်ဆောင်မှု တွေ ကို Intelligent Transport System (ITS) Centre လို့ခေါ်တဲ့ ဗဟိုထိန်းချုပ်နေရာကနေ ကျွမ်းကျင်သူတွေ က ၂၄ နာရီ စောင့်ကြည့်ပြီး စီမံကွပ်ကွဲနေကြပါတယ်။
လမ်းတလျှောက်လေ့လာရင်း တောင်စောင်း၊ တောင်စွယ်တွေ မှာ သစ်တောတွေ မပျက်စီး ရအောင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဥမင်လိုဏ်ခေါင်းတွေ ကို ဖောက်ထားပါတယ်။ လိုဏ်ခေါင်းအတွင်းမှာ လျှပ်စစ်မီး ထိန်ထိန်လင်းနေပါတယ်။ ကားက မီးခိုးတွေ ကို အပြင်ကို စုတ်ထုတ်ပစ်တဲ့စနစ်ကို သုံးထားပါတယ်။
အထူးသဖြင့် မြေထဲပင်လယ်နဲ့အပြိုင် ယှဉ်တွဲ ဖောက်လုပ်ထားတဲ့ အမြန်လမ်းတလျှောက် မှာ ဥမင်လိုဏ်ခေါင်းအတော် များများ တွေ့ ရတဲ့အပြင် အဲဒီ လိုဏ်ခေါင်းအတွင်းမှာ SOS (Save Our Sout) အသက်ကယ်နေရာသတ်မှတ်ပေးထားတဲ့အပြင် တယ်လီဖုန်းတွေ ကိုပါ ချိတ်ဆွဲပေးထားပါ သေးတယ်။
အမြန်လမ်းတစ်လျှောက်လုံးမှာ အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့ Guard-rail လက်ရုံး အကာ အရံတွေ ကိုတော့ လမ်းရဲ့ ၀ဲ/ယာမှာ နေရာမလပ် လုပ်ပေးထားတာ တွေ့ ခဲ့ရပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး အပြည့်အ၀ရရှိစေဖို့ရာ လူနေအိမ်ရှိသည့်နေရာမှန်သရွေ့မှာ တုန်ခါမှု နဲ့ အသံထိန်း ကရိယာတွေ တပ်ဆင်ပေးထားတာ တွေ့ ခဲ့ရပါတယ်။
နီးစ်မရောက်မီမြင်ကွင်း
ကျွန်တော် တို့ကားဟာ လမ်းမှာ ၁၅ မိနစ်တစ်ကြိမ်နဲ့ ၃၀ မိနစ်တစ်ကြိမ် နှစ် ကြိမ်နားပြီးတဲ့ နောက် ဥမင်လိုဏ်ခေါင်းတွေ ကို အဆင့်ဆင့်ဖြတ်ကျော်လာလိုက်တာ၊ ကျွန်တော် ဘယ်ဘက် တောင်ကုန်းအကျော်မှာ ပင်လယ်ပြင်ကြီးကို လှမ်းမြင်လိုက်ရပါတယ်။ ဒီတော့မှ ကားလမ်းဟာ အရှေ့တောင်ဘက်မျက်နှာမူပြီး မြေထဲပင်လယ်ကမ်းခြေအတိုင်း သွားနေပါလားလို့ သတိပြုမိပါ တယ်။
မကြာမီမှာ ဘဲ ချောက်ကမ်းပါးနဲ့ မြေထဲပင်လယ်ကိုခြံရံထားတဲ့ ကမ္ဘာကျော် အလှပဆုံး မိုနာကိုနိုင်ငံကို လှမ်းမြင်နေပါပြီ။ မြင်ရသူရဲ့ အသည်းနှလုံးကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိလှပါ ကလားရယ်လို့ ခံစားမိပါတယ်။
လမ်းတစ်လျှောက်မြင်ကွင်းတွေ ဟာ အလှကိုယ်စီရှိနေတာကြောင့် အလှချင်းပြိုင်နေကြနေ လေသလားလို့တောင် ထင်မိပါတယ်။ မြင်ကွင်တစ်လျှောက် ကြည့်လာလိုက်တာ ၄၅ မိနစ် အကြာမှာ နီးစ်ကိုရောက်လာပါပြီ။ ဥရောပမှာ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ဖြတ်ကျော်ရာတွင် အတားအဆီးမရှိ ဖြတ်ကျော်နိုင်ပါတယ်။ ဒါဟာလည်း နည်းပညာပိုင်းဆိုင်ရာနည်းစနစ်ကောင်းလို့ ဖြစ်ပါတယ်။
နီးစ်မြို့တော် မှာ နေ့လယ်စာ စားပြီးတာနဲ့ Promenada Des Anglais, Catherdrale De St. နဲ့ Reparate Church သို့ သွားရောက်ပြီး အမှတ်တရ ဓာတ်ပုံတွေ ကို ရိုက်ကြပါတယ်။ အဲဒီ နောက် ဒေသခံဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးကားပေါ် လိုက်ပါလာပြီး ၂၁ မိုင်ခန့် ကွာဝေးတဲ့ ကိန်းစ်မြို့ကို ဆက်လက်ထွက်ခွာလာကြပါတယ်။
ရုပ်ရှင်ပွဲတော် ကျင်းပရာ ကိန်းစ်မြို့
ပြင်သစ်နိုင်ငံ ကိန်းစ်မြို့သွားရာလမ်းတစ်လျှောက်မှာ သူမက နီးစ်မြို့အကြောင်းနဲ့ ဆက်စပ် ပြီး ရှင်းပြပါတယ်။ Blue Behch ကမ်းခြေရဲ့ အလှကို မျက်နှာမူတည်ဆောက်ထားကြတဲ့ ကြယ် ၅ ပွင့် ဟိုတယ်ကြီးရဲ့ ကြီးကျယ်ပုံတွေ ၊ ကမ်းခြေမှာ ရှိတဲ့ ကိုယ်ပိုင်လေယာဉ်ကွင်းအကြောင်းတွေ ၊ ရုပ်ရှင်မင်းသား၊ မင်းသမီး သန်းကြွယ်သူဌေးတွေ ရဲ့ ကိုယ်ပိုင်အိမ်တွေ နဲ့ နာမည် ကြီး ရုပ်ရှင် မင်းသမီး ကလေးမွေးတဲ့ဆေးရုံကိုပါ လက်ညှိုးထိုး ရှင်းပြပါတယ်။
ဧည့်လမ်းညွှန်ရှင်းပြနေတာ မိနစ် ၄၀ ရှိနေပါပြီ။ ပြောပြောဆိုဆိုနဲ့ ဟောလီးဝုဒ်မှာ ထင်ရှား ပြီး ကော်ဇောနီခင်းတဲ့ ရုပ်ရှင်ပွဲတော် ကျင်းပရာ Largest Multi Screen Cinema အဆောက်အဦး သို့ ရောက်ရှိလာပါတယ်။ ပင်လယ်ကမ်းခြေပေါ်မှာ ရှိပါတယ်။ ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၇၄ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော် ကျင်းပတဲ့အခါ တစ်မြို့လုံးရှိ ဟိုတယ်ခန်း တွေ နဲ့ အိမ်ခန်းတွေ မှာ တစ်ကမ္ဘာလုံးက ဧည့်သည်တွေ နဲ့ ပြည့်နက်နေပါသတဲ့။ ဒီနေရာကို ရောက်ဖို့ မလွယ်တာကြောင့် အမှတ်တရ ဓာတ်ပုံရိုက်ပါလားလို့ ပြောတာနဲ့ သူမနဲ့တွဲ ပြီး ဓာတ်ပုံ ရိုက် ဖြစ်ခဲပါသေးတယ်။
ဓာတ်ပုံရိုက်အပြီးမှာ သူမက Grace of Monaco ဇာတ်ကားကို ကျင်းပမယ့်နေရာမှာ ပွဲဦးထွက်ပြသမယ်လို့ ပြောပါတယ်။ မိုနာကိုတော် ၀င်မိသားစုဝင်တွေ ဟာ နှစ် စဉ် ကိန်းစ်ရုပ်ရှင် ပွဲတော် ကို တက်ရောက်လာတဲ့ အစဉ်အလာရှိပေမယ့် ဒီနှစ် မှာ တော့ တက်ရောက်မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့လည်း ပြောပြပါသေးတယ်။ ဒီနောက်မှာ တော့ ‘တော် ၀င် မိသားစုနဲ့ အဲဒီ ဇာတ်ကားဘယ်လိုမှ မပတ်သက်ပါဘူး။ ဇာတ်ကားမှာ ပါဝင်တဲ့ သမိုင်းအချက် အလက်တွေ ဟာ မှန်ကန်မှု မရှိပါဘူး’ လို့ မိုနာကိုတော် ၀င်မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ၁၉၈၂ ခုနှစ် တုန်းက ယာဉ်တိုက်မှု ဖြစ်ပြီး သေဆုံးခဲ့တဲ့ ဂရေ့စ်ကယ်လီဟာ မိုနာကို မင်းသား အဲဘတ်ရဲ့ ဖခင် မိုနာကိုမင်းသားရေနာနဲ့ အိမ်ထောင်မပြုမီ ဟောလီးဝုဒ်ဂန္ထ၀င်ကားတွေ မှာ အဓိကသရုပ်ဆောင် ဖြစ်ခဲ့ဖူးပါတယ်။
ကျွန်တော် တို့အားလုံး နီးစ်ကို ပြန်လာကြပါတယ်။ နီးစ်မှာ ရှိတဲ့ Blue Beach မှာ ခေတ္တ လေညှင်းခံနေတုန်း ကျွန်တော် က ကမ်းခြေကို အသေအချာလေ့လာကြည့်မိပါတယ်။ ကျွန်တော် တို့နိုင်ငံက ငွေဆောင်ကမ်းခြေရဲ့ သဘာဝအလှကိုတော့ သူတို့လိုက်လို့ မမီနိုင်ပါဘူးလို့ ပြောလိုက် ချင်ပါရဲ့ ။ အဲဒီ့ နောက် တရုတ်ထမင်းဆိုင်မှာ ညစာ စားပြီးတာနဲ့ Hipark Nice Hotel မှာ အနားယူ အိပ်စက်ခဲ့ရပါတော့တယ်။
The Builders Journal
(၂၀၁၄ ခုနှစ် ၊ အတွဲ -၁၊ အမှတ်-၇)
xxxxxx
ဥရောပတစ်ခွင်အမြန်လမ်းနှင့် ခရီးတွင်
(၉ နိုင်ငံခရီး-၄)

၁၅-၄-၂၀၁၄ ရက်နေ့ (၈း၃၀) နာရီမှာ ကျွန်တော် တို့ ခရီးလှည့်ကား စတင်ထွက်ခွာခဲ့ပါ တယ်။ ခရီးစဉ်အရ မိုနာကိုနိုင်ငံရဲ့ ထင်ရှားတဲ့ Monte Carlo နန်းတော် ရဲ့ Casino တွေ ကို သွားရောက်လေ့လာရမှာ ပါ။ နီးစ်မြို့နဲ့ မိုနာကိုနိုင်ငံဟာ ၈၈ ကီလိုမီတာ (၅၅ မိုင်) ကွာဝေးပါတယ်။
ကြားစခန်းက ရေမွှေးစက်ရုံ
မိုနာကိုနိုင်ငံမရောက်မီ တောင်စောင်းတစ်နေရာမှာ ၁၉၂၆ ခုနှစ် ကတည်းက ပြင်သစ် ရိုးရာအစဉ်အလာမပျက် ရေမွှေးထုတ်လုပ်ခဲ့တဲ့ Fragonard စက်ရုံကို လေ့လာခွင့်ရခဲ့ပါတယ်။ စက်ရုံအတွင်းမှာ တာဝန်ရှိသူက ဆပ်ပြာနဲ့ ကော့စမတ်တစ်လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ပုံကို ရှင်းလင်းပြောကြားပါတယ်။ အချုပ်အားဖြင့် ရေမွှေးနဲ့ ပတ်သက်လို့ ပြသထားတဲ့ ပေါင်းအိုးတွေ ထဲကို နှင်းဆီအလေးချိန် ၃ တန် ထည့်ပါမှ ပေါင်းခံလို့ရတဲ့အဆီဟာ ကီလို ၁၀၀ ပဲ ရတယ်လို့ ဆိုပါတယ်။ နောက်ဆုံးပေါ်အဆင့်မြင့် ဓာတ်ခွဲခန်းကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ အနံ့ ၁ ခု ရဖို့ ၁ နှစ် အချိန်ယူရပါတယ်။ အဲဒီ လုပ်ငန်းရဲ့ အဓိကသော့ ချက်ဟာ ပါရမီရှင်အနံ့ခံပါရဂူ ဖြစ်ပါ တယ်။ ပြင်သစ်သင်တန်းကျောင်း ၃ ခုကနေ ပညာရှင် ၁၀၀၀ မွေးထုတ်နိုင်ပေမယ့် ၅၀ လောက်ပဲ ရွေးချယ်ခံရတယ်လို့ ပြောပါတယ်။ ပါရဂူ ဖြစ်ပြီဆိုရင်တော နာမည် ကြီးဘောလုံးကစားသမားလို တန်ဖိုးမဖြတ်နိုင်တဲ့ ၀င်ငွေရပြီပေါ့လို့ ကျွန်တော့် အမေးကို သူမက ပြန်ဖြေခဲ့ပါတယ်။ အနံ့ခံသူတွေ ဟာ အရက်နဲ့ ဆေးလိပ်တို့ကို လုံးဝမသောက်ရပါဘူး။ သူတို့ဟာ တစ်နေ့မှာ ၂ နာရီပဲ အလုပ်လုပ် ရပါတယ်။ အမျိုးပေါင်း ၃၀၀၀ ကို စမ်းသပ်ရပါတယ်။ အလုပ်သင် တစ်ယောက် ဟာ ယူရို ၃၀၀၀- ၄၀၀၀ ရပါတယ်။ ရေမွှေးအမျိုးမျိုးထုတ်လုပ်ထားတဲ့ ရေမွှေးပုလင်းတွေ အနက် နှစ်သက် ရာအနံ့ ရွေးချယ်နိုင်ဖို့ အဖြူရောင် အနံ့ပါ စက္ကူကတ်ကလေးတွေ ကို ဝေငှပါတယ်။ ကြိုက်ပြီဆိုရင် စက်ရုံ ပေါက်ဈေး (အထူးလျှော့ဈေး) နဲ့ ရောင်းချပေးပါတယ်။ ယခုနောက်ဆုံးပေါ် ရွှေရောင် အလူမီနီယမ် နဲ့ ထုတ်တဲ့ ရေမွေးဘူးဟာ ၆ နှစ် အထိ သက်တမ်းရှိတယ်လို့ ဆိုပါတယ်။
အဲဒီ စက်ရုံအထွက် လမ်းဘေးမှာ ပြိုင်ကားအနီ ၇ စီး ရပ်ထားတာတွေ့ ရတာ ကြောင့် ဘယ်ဈေးရှိလဲလို့ မေးမိလို့ တစ်စိးကို ယူရို ၃ သန်းတန်တယ်လို့ ပြောပါတယ်။ ရောင်းတာ မဟုတ် ပါဘူး။ ၁၅ မိနစ်အတွက် ယူရို ၅၉ ပေးစီးရပါမယ်။ သူတို့ မောင်းပေးပါရစေတဲ့။ သတ်မှတ်ချိန် စေ့တာနဲ့ ကျွန်တော် လည်း ကားပေါ်ပြန်တက်နေခဲ့ပါတယ်။ လူစုံတော့ ကားဆက်ထွက်ခဲ့ပါတယ်။ မိုနာကိုအ၀င် တောင်ပေါ်က ရှုခင်းသာစခန်းမှာ ဓာတ်ပုံရိုက်ဖို့ ၁၅ မိနစ် အချိန်ရခဲ့ပါတယ်။
ဒုတိယအသေးငယ်ဆုံး မိုနာကိုနိုင်ငံ
ဆက်ထွက်တာနဲ့ မိုနာကိုနိုင်ငံကို ဘာအတားအဆီးမှမရှိ လွယ်လင့်တကူ ၀င်ရောက်နိုင်ခဲ့ ပါတယ်။ သူ့နိုင်ငံထဲ ရောက်ရောက်ချင်း ကြည့်လိုက်တော့ တောင်စောင်းတွေ က မြေသားနံရံတွေ ကို မပြိုမပျက်ရအောင် အခိုင်အခံ့ စနစ်တကျ ထိန်းကွပ်ထားပြီး လှပတဲ့ နံရံကပ်အပင်မျိုးစုံနဲ့ ခြယ်သထားတာကို တွေ့ ခဲ့ရပါတယ်။ နာရီဝက်အကြာမှာ Monte Carolo နန်းတော် ကို ရောက်ပါ ပြီ။
မိုနာကိုနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယအသေးဆုံးနိုင်ငံ (၀ ဒသမ ၇၈ စတုရန်းမိုင်) ၃၆၈ ဧက ဖြစ်ပေမယ့် လူဦးရေက ၃၆၃၇၁ ယောက် ရှိပါတယ်။ အဆောက်အဦးအကောင်းစားတွေ နဲ့ အခန်း အရေအတွက်ဟာ လူဦးရေထက် ပိုတောင်နေပါသေးတယ်။ ဒါပေမယ့် ပိတ်ထားတဲ့အခန်းတွေ က ၃ ပုံ ၁ ပုံလောက်ရှိမယ် ထင်ပါရဲ့ ။ နိုင်ငံတကာက ချမ်းသာကြွယ်ဝသူတွေ ၀ယ်ထားတာကြောင့် သူတို့လာတဲ့အခါကျမှ အခန်းဖွင့်လာကြပြီး ယူရိုသန်းချီတန်တဲ့ မော်တာဘုတ်ရွက်လှေတွေ ပါ နိုးထ လာကြတယ်လို့ ဆိုပါတယ်။
GDP က $ (5.424) ဘီလီယံရှိပြီး Per Capita က (153.177) ရှိပါတယ်။ ကမ္ဘာကျော် လောင်းကစားဒိုင်ကြီးရှိတဲ့ မွန်တီကာလို မြို့ကြောင့် ထင်ရှားပြီး ကာစီနိုမှ ၀င်ငွေအများ ဆုံး ရနေတာပါ။ ဒါပေမယ့် နိုင်ငံသားတွေ ကိုတော့ ကစားခွင့်မပြုပါဘူး။ ဖော်မြူလာ ကားပြိုင်ပွဲတွေ ကလည်း ၀င်ငွေအတော် ရပါတယ်။
ဒါ့အပြင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ကလည်း ၀င်ငွေအမြောက်အမြားရရှိပါသေး တယ်။ နိုင်ငံခြားသားခရီးသွားတွေ ၀င်ရောက်လည်ပတ်မှု နှုန်းဟာ တစ်နှစ် ထက်တစ်နှစ် တိုးတက် များ ပြားလာတယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ မြေထဲပင်လယ်ကို မျက်နှာမူပြီး တောင်ကုန်းပေါ် တွေ မှာ တည်ရှိနေပြီး အလွန်သာယာလှပနေတာကြောင့် လည်း နိုင်ငံခြားသားတွေ ကို ဆွဲဆောင်မှု အပြည့်ရှိနေတာပါ။
ရောမနိုင်ငံကို တည်ထောင်သူ ဧကရာဇ်ဘုရင် ပထမ အော့တိုးဟာ မိုနာကိုနိုင်ငံကို နှစ် ပေါင်းများ စွာ အုပ်စိုးခဲ့ပါတယ်။ ၁၂၉၇ ခုနှစ် ကစပြီး မိုနာကိုဟာ ဂျီနိုးအာမင်းဆက်လက်အောက် သို့ ရောက်ရှိခဲ့ပြန်ပါတယ်။ ၁၈၆၁ ခုနှစ် မှာ ပြင်သစ်နိုင်ငံရဲ့ စောင့်ရှောက်ခံနယ်အ ဖြစ် ရှိခဲ့ပါတယ်။ ၁၉၁၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်စားမင်းသားက အုပ်ချုပ်ရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တပ်တွေ ဟာ မိုနာကိုနိုင်ငံကို သိမ်းပိုက်ခဲ့ဖူးပါတယ်။ မင်းသား ဒုတိယ လူဝီဟာ မိုနာကိုနိုင်ငံကို ၁၉၂၂ ခုနှစ် မှ ၁၉၄၉ ခုနှစ် အထိ အုပ်ချုပ်ခဲ့ပါတယ်။ လူဝီမင်းသား ကွယ်လွန်ပြီးနောက် မြေးတော် တတိယ ရေနုယာမင်းသားက မိုနာကိုနိုင်ငံကို ဆက်လက်အုပ်ချုပ်ပါတယ်။ ဥပဒေပြုရေး အာဏာဟာ နယ်စားမင်းသားနဲ့အဖွဲ့ဝင် ၁၈ ဦးပါတဲ့ အမျိုးသားကောင်စီမှာ ရှိပါတယ်။ လူထုက အမျိုးသားကောင်စီအဖွဲ့ဝင်တွေ ကို ၄ နှစ် တစ်ကြိမ် ရွေးကောက်တင်မြှောက်ကြရပါသတဲ့။
၁၉၄၅ ခုနှစ် ကစပြီး အမျိုးသမီးတွေ မဲပေးခွင့်ရကြပါတယ်။ ပြင်သစ်ဘာသာက ရုံးသုံး ဘာသာ ဖြစ်ပါတယ်။ လက်ရှိ Prince Albert II နဲ့ အမျိုးသားကောင်စီဥက္ကဋ္ဌ Lawent Nouvion တို့က နိုင်ငံကို အုပ်ချုပ်နေတယ်လို့ သိရပါတယ်။ ဧည့်လမ်းညွှန်ရှင်းပြတာတွေ ကို နားထောင်ပြီး တော့ နေ့လယ် ၁၂ နာရီ ထိုးခါနီး နေပါပြီ။ နန်းတော် က အိမ်ဖန်စောင့်ကင်းဟောင်း၊ ကင်းသစ်တို့ ဘင်ခရာအဖွဲ့အတူချီတက် လဲလှယ်ပုံကို ကြည့်ရှုလိုတဲ့ ပရိသတ်က ထောင်နဲ့ချီပြီး စောင့်နေကြပါ တယ်။ မကြာခင်မှာ ဘဲ ကျွန်တော် တို့လည်း အဲဒီ ရှုခင်းကို အမိအရ ဓာတ်ပုံရိုက်ကြပြီး နေ့လယ်စာ စားဖို့ရာ ကမ်းခြေကို ခြေလျင်လျှောက်ရပါတော့တယ်။
လန်ဒန်က စီစဉ်ပေးလိုက် တဲ့ စားသောက်ဆိုင် La Laliere Ristorante ကို တော် တော် နဲ့ ရှာမတွေ့ ပါဘူး။ မြေပုံပေါ်မှာ ကိုက် ၁၀၀၀ ဖြစ်နေပေမယ့် အမြင့်ကနေ အနိမ့်ဆင်းရတော့ တစ်နာရီနီးပါးကြာသွားပေမပေါ့။ ပြန်တက်တော့လည်း အချိန်ထပ်ကြာဦးမယ်။ အချိန်ကိုက်လုပ် ထားပေမယ့် ဧည့်လမ်းညွှန်လည်း မရောက်ဖူးဘူး။ ကားသမားလည်း မသိတော့ အချိန်လွဲကြရပြီ လေ။ အဲဒါကို ဧည့်လမ်းညွှန်အပြစ်ဆိုပြီး ယူရို ၁၀၀ ဒဏ်ငွေ ရိုက်ပါလေရော။
ဆိုင်ရောက်တော့ စားပွဲပေါ်မှာ ဥရောပအစားအစာကို အကျအန ဖိတ်စာလို ရိုက်ပြီး ချထား ပေးပါတယ်။
Lunch Tuesday 15th April 2014
Starter (Nicoise Salad)
Main Course (Risotto with mixed mushrooms red and yellow tomatoes)
Dessert (Ice Cream- Chocolate or Lemon or Vanilla or Strawberry)
ပထမဆုံးဆလပ်မလာခင် ပေါင်မုန့်နဲ့ ထောပတ်ပေးထားပါတယ်။ ဗိုက်ကဆာလွန်းလို့ ပေါင်မုန့်နဲ့ ထောပတ်နဲ့ပဲ စားလိုက်ပါတယ်။ ဥရောပအစားအစာဆိုတာ Starter စာရဖို့က ၁၀ မိနစ်။ Main Course လာဖို့က ၁၅ မိနစ်၊ Dessert လာဖို့က ၁၀ မိနစ်လောက် စောင့်ရပါတယ်။
ဒါနဲ့ ပတ်ဝန်းကျင်ကို လျှောက်လေ့လာကြည့်လိုက်တာ A.1 BERTOLA Real Estate တွေ့ တာနဲ့ ဈေးနှုန်းစုံစမ်းကြည့်မိပါတယ်။ အရောင်းစာရေး မက လောလောဆယ်ရောင်းဖို့ရာ ဈေးအကြီးဆုံး၊ အကောင်းဆုံးပုံကို ပြပါတယ်။ ကွန်ဒိုတိုက်အထပ်မြင့် အကောင်းစား ရေကူးကန် လည်း ပါပါတယ်။ ပင်လယ်ကမ်းစပ်နဲ့ ကိုက် ၁၀၀ အကွာမှာ ရှိပြီး အဲဒီ အခန်းဟာ ပင်လယ်ဘက် မျက်နှာမူနေပါတယ်။ ယူရို (၇ - ၁-၂ ) သန်းဈေးရှိတယ်ဆိုတာကြောင့် ဆက်မမေးရဲတော့ပါဘူး။
ကျွန်တော် စားသောက်ဆိုင်ပြန်ရောက်တော့ Main Course ရောက်နေပါပြီ။ စားကြည့် လိုက်ပါတယ်။ ပြုတ်ဆန်ပါထည့်ချက်ထားတာကြောင့် ‘ဆတ်တောက်၊ ဆတ်တောက်’နဲ့မို့ ဆက် မစား ဖြစ်တော့ပါဘူး။
အီတလီနိုင်ငံ ဒုတိယအကြီးဆုံး မီလန်မြို့သို့
အားလုံးစားသောက်ပြီးတာနဲ့ နန်းတော် ပေါ်ရှိကားရပ်နားစခန်းကို ပြန်သွားရပါတယ်။ လူစုံ ပြီဆိုတာနဲ့ ကားထွက်ပါပြီ။ အီတလီနိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ ဒုတိယအကြီးဆုံး မီလန်မြို့ကို သွားရ မှာ ပါ။ မိုနာကိုကနေ မီလန်မြို့အထိ ၃၀၂ ကီလိုမီတာ (၁၈၈.၇၅မိုင်) ကွာဝေးပါတယ်။ မီလန်မြို့မှာ လူဦးရေ (၁-၂-၁) သန်း နေထိုင်ပါတယ်။ စတော့အိပ်ချိန်းရှိပြီး စီးပွားရေး အချက်အချာကျရာ နေရာလည်း ဖြစ်ပါတယ်။ ဖက်ရှင်ပွဲနဲ့ ဘောလုံးပွဲတွေ ကတော့ ကမ္ဘာမှာ ကျော်ကြားပါတယ်။
မိုနာကိုနိုင်ငံက ထွက်လိုက်တာနဲ့ ပြင်သစ်နိုင်ငံထဲ ပြန်ရောက် သွားပါပြီ။ အီတလီနိုင်ငံထဲ မ၀င်မီ နောက်ဆုံးတွေ့ ခဲ့ရတဲ့ ပြင်သစ်ပိုင် Menton မြို့လေးဟာလည်း အတော် လှပတဲ့ ဆိပ်ကမ်း မြို့ ဖြစ်ပါတယ်။ ၅.၄၂ စတုရန်းမိုင်ကျယ်ပြီး လူဦးရေက ၂၀၀၈ ယောက် ပဲ ရှိတယ်လို့ သိရပါ တယ်။
ပြင်သစ်နိုင်ငံ နယ်နိမိတ်ဆုံးတာနဲ့ အီတလီနိုင်ငံထဲကို အတားအဆီးမရှိ၊ အစစ်အဆေးမရှိ ၀င်ရောက်နိုင်ခဲ့ပါတယ်။ အာဆီယံဟာ အီးယူကို လိုက်မီဖို့ရာ အတော့ကို ကြိုးစားကြရပါဦးမယ်။ ဗီဇာကိစ္စတစ်ခုတည်းကိုပဲ အတော် ညှိယူရဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော် တို့ ထွက်လာခဲ့တဲ့ ၉ နိုင်ငံအတွက် ဗီဇာကို အီတလီသံရုံးတစ်ရုံးတည်းနဲ့ ပြီးစီးခဲ့ပါတယ်။
အီတလီနိုင်ငံထဲရောက်တဲ့အချိန်ကစပြီး ကျွန်တော် တို့ ခရီးလှည့်ကားမှာ ပါတဲ့ ခရီးသွား ၄၁ ယောက် ဟာ မိသားစုအသွင် စည်းစည်းလုံးလုံး ရှိလာပါပြီ။ ဦးဆောင်သူက ဦးမျိုးချစ် ဖြစ်ပါတယ်။ ဦးမျိုးချစ်ရဲ့ စည်းရုံးရေး ကောင်းတာကြောင့် မိုက်ခွက်ကို ကိုင်ပြီး သီဆိုခဲ့ကြသူတွေ ကိုတော့ မချီး ကျူးဘဲ မနေနိုင်ပါဘူး။ တော် ရုံအသံကောင်းရုံနဲ့ သီဆိုလို့ရမယ် မထင်ပါဘူး။
အဆိုတော် တွေ ဟာ မော်လမြိုင်က အငြိမ်းစားဆရာဝန်ကြီး ဦးထိန်ဝင်းနဲ့ဇနီး၊ ရန်ကုန်က အင်ဂျင်နီယာ ဦးရဲထွဋ်၊ အငြိမ်းစား ဒေါက်တာ စုညွန့်လွင်၊ အငြိမ်စား ဌာနမှူး ဆွေညွန့်လွင်၊ မန္တလေးက ဦးသိန်းဝင်းနဲ့ ဦးကျော်ဦး၊ ကျောက်မဲသူ နှင်းလဲ့အောင်တို့အပြင် လာရှိုးက ဦးမျိုးချစ် တို့ပဲ ဖြစ်ပါတယ်။
ယခုတော့ မိသားစုကြီးတစ်ု ပျော်ပျော်ပါးပါး ခရီးနှင်နေကြပြီ။ မီလန်မြို့သို့ လည်း ရောက်မှန်းမသိ ရောက်လာကြပြီလေ။ ဒီတော့ ကားပေါ်ကဆင်း Milan Cathedral မှာ လှည့်လည် ကြည့်ရှုခွင့်ရပြီပေါ့။ အဲဒီ အချိန်မှာ ဧည့်လမ်းညွှန်က ညစာစားဖို့စီစဉ်လို့ ကားသမားက သူ့ကားကို စစ်ဆေးပြုပြင်စရာရှိတာတွေ ကို ပြုပြင်နေပါပြီ။ ညစာစားပြီးတဲ့အချိန်မှာ တော့ တခြားကားတစ်စီးနဲ့ Domina Milano Fiera ဟိုတယ်သို့ သွားရောက်တည်းခိုအိပ်စက်ခဲ့ရပါတော့တယ်။
The Builders Journal
(၂၀၁၄ ခုနှစ် ၊ အတွဲ -၁၊ အမှတ်-၈)
xxxxxx
ဥရောပတစ်ခွင်အမြန်လမ်းနှင့် ခရီးတွင်
(၉ နိုင်ငံခရီး-၅)

၁၆-၄-၂၀၁၄ ရက်နေ့ သွားရမယ့်ခရီးက ဆွစ်ဇာလန်နိုင်ငံမှာ ရှိတဲ့ Engelberg မြို့လေးကို ပါ။ အီတလီနိုင်ငံ မီလန်မြို့ကနေ ၂၄၉ ကီလိုမီတာ (၁၅၅.၆၂ မိုင်) ကွာဝေးပါတယ်။
ကျွန်တော် တို့ကားဟာ ထုံးစံအတိုင်း အချိန်ကျတာနဲ့ ဟိုတယ်ကနေ ပုံမှန်စထွက်ပါပြီ။ မနေ့ ညက အဲဒီ ကားကို အားလုံးစစ်ဆေးပြီး လိုအပ်တာမှန်သမျှ ပြုပြင်လဲလှယ်ခဲ့ကြောင်း သိရပါတယ်။ ဆီလည်း အပြည့်ဖြည့်လာပါသတဲ့။
လမ်းတစ်လျှောက်မှာ တော့ ဂျုံစိုက်ခင်းနဲ့ သံလွင်ပင်တွေ ကို တွေ့ နေရတုန်းပါပဲ။ ရိတ်သိမ်း ပြီးတဲ့ စိုက်ခင်းတွေ မှာ တော့ မြေကိုလွှာပြီး လိပ်ထားတာတွေ့ ခဲ့ရပါတယ်။ အဲဒီ ကို မွေးမြူရေး အစား အစာအ ဖြစ် အသုံးပြုကြတယ်လို့ သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံအ၀င်
၂ နာရီမောင်း ၁၅ မိနစ်နားပြီး နောက်ထပ် ၁ နာရီလည်း မောင်းပြီးရော ဆွစ်ဇာလန်နိုင်ငံ ထဲရောက် သွားပါပြီ။ ကျွန်တော် တို့ကို စစ်ဆေးသူလည်းမရှိလို့ အစောင့်ဂိတ်တစ်ခုခုများ တွေ့ ရ မလားလို့ ရှာကြည့်ပြန်တော့လည်း ဘာကိုမှ မတွေ့ ခဲ့ရပါဘူး။ အသွင်ဆန်း၊ အပြင်ဆန်းနေတဲ့ ရှုခင်းအလှတွေ ကိုသာ ရှုမ၀ ဖြစ်မိပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာ စတုရန်းမိုင်ပေါင်း ၁၅၉၄၀ ကျယ်ဝန်းပြီး လူဦးရေ ၈ သန်းကျော် နေထိုင်ပါတယ်။ GDP က $ 693.53 ဘီလီယံနဲ့ Per Capita က $ 86.145 ရှိပါတယ်။ အများ အားဖြင့် ပြင်သစ်၊ အီတလီနဲ့ ဂျာမန်စကားတို့ကို ပြောဆိုပါတယ်။ ဆွတ်ဖရန့်ငွေသုံးပေမယ့် ယူရို ငွေစက္ကူကိုတော့ လက်ခံပါတယ်။
ဥရောပတိုက်ရဲ့ အလယ်ဗဟိုမှာ တောင်ပတ်လည်ဝိုင်းလျက်တည်ရှိနေတဲ့ သမတနိုင်ငံ ဖြစ်ပါတယ်။ မြို့တော် က ဗန်းမြို့ ဖြစ်ပါတယ်။ မြို့ကြီး ၂၅ မြို့ရှိတဲ့အနက် ဇူးရစ်၊ ဗားလ၊ ဂျီနီးဗား၊ လူဇာန်း၊ ဖရီးဗူး၊ နျူရှားတဲမြို့တွေ ဟာ ထင်ရှားပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ သြစတြီးယားစတဲ့ နိုင်ငံ တွေ က လေးဘက်လေးတန်မှာ ခြံရံနေပါတယ်။ နိုင်ငံရဲ့ ၃ ပုံ ၂ ပုံဟာ အဲ့ပ်တောင်ကုန်းဒေသ ဖြစ် ပြီး ကျန် ၃ ပုံ ၁ပုံဟာ မြေသြဇာကောင်းမွန်တဲ့ မြေနိမ့်လွင်ပြင်တွေ ဖြစ်ပါတယ်။ အဲဒီ လွင်ပြင်တွေ ဟာ ကွန်စတန့်နဲ့ ဂျီနီးဗားရေအိုင်ကြီးနှစ် ခုအကြားမှာ တည်ရှိပါတယ်။
တိုင်းပြည်ရဲ့ ၄ ပုံ ၁ ပုံဟာ တောတွေ ဖုံးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေ ဖို့ သစ်ခုတ်လဲမှု ကို တင်းကျပ်တဲ့ ဥပဒေတွေ နဲ့ ထိန်းချုပ်ထားပါတယ်။ ဥမင်လိုဏ်ခေါင်းတွေ ဖောက်ထားတဲ့ ကားလမ်း၊ မီးရထားလမ်းတွေ အများ အပြား ရှိပါတယ်။ တောင်ကျ ချောင်းတွေ ၊ ရေတံခွန်တွေ ကနေ လျှပ်စစ်စွမ်းအင်ကိုယူပြီး စက်မှု ထူထောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစား အစာအတွက် အခြားနိုင်ငတွေ ကို မှီခိုအားထားနေရဆဲပါ။ တောင်တန်းနေထိုင်ကြသူတွေ က နွား၊ သိုး၊ ဆိတ်တို့ကို မွေးမြူကြပြီး ချိုင့်ဝှမ်းဒေသမှာ လယ်ယာစိုက်ပျိုးပါတယ်။ တောင်စွန်းတွေ မှာ တော့ စပျစ်ဥယျာဉ်စိုက်ပျိုးကြပါတယ်။ အဓိကလုပ်ငန်းက ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဖြစ်ပါတယ်။ နာရီ လုပ်ငန်းလည်း ထွန်းကားပါတယ်။
ဆွစ်ဇာလန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်ဟာ ပြည်ထောင်စုစနစ် ဖြစ်ပါတယ်။ ၁၆၄၈ ခုနှစ် မှာ ရောမသာသနာစောင့် နိုင်ငံတော် လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်တဲ့ နိုင်ငံ ဖြစ်လာ တာပါ။ ၁၈၁၅ ခုနှစ် မှာ တော့ သြစတြီးယား၊ ပြင်သစ်၊ ဗြိတိန်၊ ပေါ်တူဂီ၊ ပရပ်ရှား၊ ရုရှ၊ စပိန်နဲ့ ဆွီဒင် နိုင်ငံတို့က လွတ်လပ်တဲ့ ကြားနေနိုင်ငံအ ဖြစ် အသိအမှတ်ပြလာကြပါတယ်။
Engblberg မြို့လေးမှ Mt.Titlis ရေခဲတောင်ထိပ်သို့
အင်ဂျဲလ်ဘတ်မြို့လေးမှာ ၃၉၈၉ ယောက် နေထိုင်ပါတယ်။ မြို့က ၂၈-၉၀ စတုရန်းမိုင် ကျယ်ပါတယ်။ ၃၂၃၈ မီတာအမြင့်ရှိတဲ့ Mt. Titlis တောင်သို့ Cable ကားနဲ့ တက်ရောက်ပြီး ရေခဲ တောင်ပေါ်မှာ ရေခဲလွှာစီးနိုင်တာကြောင့် ကျော်ကြားတာပါ။ ဒါပေမယ့် အဲဒီ မြို့ရဲ့ ပတ်ဝန်းကျင်က သဘာဝအလှတွေ ဟာ နိုင်ငံခြားသား ခရီးသွားတွေ ကို ရာခိုင်နှုန်းပြည့် ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ အဲဒီ မှာ ဟိုတယ်တွေ လည်း ရှိပါတယ်။
ကျွန်တော် တို့ရောက်သွားတော့ ၁၁ နာရီခွဲနေပါပြီ။ ဧည့်လမ်းညွှန်က TITLIS MOUNTAIN STATION ကို သွားနိုင်ဖို့ရာ လက်မှတ်ဝယ်ရပါတယ်။ လက်မှတ်ရတာ နဲ့ TITLIS အမှတ်အသားပါ တံဆိပ်နေရာကို တက်ရပါတယ်။ ၆ ယောက် စီး ကာဗယ်ကြိုးနဲ့ ပထမအဆင့်နေရာကို တက်ရပါ တယ်။ ဒုတိယအဆင့်မှာ လူအယောက် ၅၀ ခန့်စီးရတဲ့ TITLIS ROTAIR နဲ့ ဆက်တက်ရပါတယ်။ အဲဒါနဲ့ စီးနိုင်ဖို့ရာ WWW.TITLIS. CH ပါ ကတ်ပြားနဲ့ မျှားပြထားတဲ့အတိုင်း ထိုးသွင်းတော့မှ ၀င်ခွင့်ရပါတယ်။ ROTAIR ဟာ ၃၆၀ လှည့်ပြီး တောင်ထိပ်ကို တက်ရတာ ကြောင့် အရပ် ၁၀ မျက်နှာက မြင်ကွင်းတွေ ကို ကြည့်ရှုလို့ရပါတယ်။
Station ရောက်တာနဲ့ စားသောက်ဆိုင်ကို အရင်ဝင်ရပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ အချိန်နဲ့ ကွက်တိ ဖြစ်နေတာကြောင့် အသင့်ပြင်ထားပြီးသား တရုတ်အစားအစာကို ချက်ချင်း စားသုံးနိုင်ခဲ့ပါတယ်။ စားသုံးပြီးတာနဲ့ TITLIS တောင်ထွတ်ကို တက်ကြပါတယ်။ ၁ နာရီကြာ အောင် ရေခဲတောင်ကို လေ့လာခဲ့ရပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ လေနုအေးကို တ၀ကြီး ရှုခဲ့ ရတဲ့အရသာနဲ့ ရေခဲမွမွလေးပေါ်နင်းပြီး သွားရတဲ့အရသာကိုတော့ ကျွန်တော့်  တစ်သက်မေ့နိုင် မယ် မထင်ပါဘူး။
အလှကြွယ်နေပုံ
အရပ် ၁၀ မျက်နှာမှာ မြင်တွေ့ ခဲ့ရတဲ့ အဲ့ပ်တောင်တန်းကို အထူးစိတ်ဝင်စားလာပါတယ်။ ဥရောပါတိုက်ရဲ့ အမြင့်ဆုံး မောင့်ဗလန့်တောင်ထိပ်ဟာ အနောက်ပိုင်းမှာ ရှိပြီး ပေပေါင်း ၁၅၇၈၄ မြင့်ပါတယ်။ အခြားထင်ရှားတဲ့ မက်တာဟွန်းတောင်ထိပ် ၁၄၇၈၂ ပေ ဖြစ်ပါတယ်။ ပေ ၁၀၀၀၀ ကျော်မြင့်တဲ့ အခြားတောင်ထိပ်တွေ လည်း ရှိပါသေးတယ်။
အဲ့ပ်တောင်ထိပ်ဟာ အမြဲလိုပင် ဆီးနှင်းဖုံးလွှမ်းနေပါတယ်။ ရေခဲမြစ်စီးဆင်းတဲ့ တောင်ထိပ်ပေါင်း ၁၅၀၀ ခန့် ရှိပါတယ်။ ဥရောပမှာ ထင်ရှားတဲ့ ရိုင်းမြစ်၊ ရုန်းမြစ်၊ ဒန်းညုမြစ်နဲ့ ပိုးမြစ်တို့ဟာ အဲ့ပ်တောင်တန်းတွေ မှာ မြစ်ဖျားခံကြပါတယ်။ တောင်ကျရေခဲမြစ်တွေ ရှိတဲ့အနက် မားဒီဂလေ့ရေခဲမြစ်က အကြီးဆုံးနဲ့ အလှပဆုံး ရေခဲမြစ် ဖြစ်ပါတယ်။
လူဂါနိုအိုင်၊ လူဇာန်းအိုင်၊ ဂျီနီးဗားအိုင်နဲ့ ဇူရစ်အိုင်တို့ဟာ နွေရာသီ အပန်းဖြေစခန်းတွေ တည်ရှိရာ ရေအိုင်ကြီးတွေ ဖြစ်ပါတယ်။ နွေရာသီမှာ တောင်တက်၊ ရေကူး၊ လှေလှော်၊ ခြေလျင် ခရီးသွားလုပ်ငန်း အပျော်စီးရေနွေးငွေ့မောင်း မီးရထားနဲ့ ရေယာဉ်ခရီးသွားလုပ်ငန်းတွေ အများ အပြားရှိနေကြပါပြီ။ ဆောင်းရာသီမှာ လည်း ရေခဲလျှောစီး၊ စကိတ်စီး၊ ရေခဲပြင် ကစားနည်းမျိုးစုံ ခရီးသွားလုပ်ငန်းတွေ လည်း တိုးချဲ့လာကြပါတယ်။ တောင်ပေါ်သို့ စနစ်တကျ တက်နိုင်ဖို့ ဆွစ် အယ်ပိုင်းကလပ်၊ အီတာလျံအယ်ပိုင်းကလပ်၊ ပြင်သစ်အယ်ပိုင်းကလပ်ဆိုပြီး တောင်တက်အဖွဲ့ တွေ ကို ဖွဲ့စည်းတည်ထောင်ထားကြပါတယ်။
အဲဒီ တောင်တန်းတွေ မှာ အလယ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ ရဲတိုက်ဟောင်းတွေ နဲ့ ဘုန်းကြီးကျောင်းတွေ ကိုပါ တွေ့ နိုင်ပါတယ်။ ဂရိတ်စိန်ဗားနက်တောင်ကြားမှာ ရှိတဲ့ ဘုန်းကြီး ကျောင်းဟာ အထူးထင်ရှားပါတယ်။ ၁၀ ရာစုနှစ် က ဆောက်လုပ်ခဲ့တာပါ။ ဆီးနှင်းထဲမှာ မျက်စိ လည်လမ်းမှားသူ ခရီးသွားတွေ ကယ်တင်နိုင်ဖို့ စိန်ဗားနတ်ခွေးလိမ္မာတွေ ကို အဲဒီ ကျောင်းမှာ မွေးထားကြောင်း သိရပါတယ်။
ကမ္ဘာပေါ်မှာ အဲ့ပ်တောင်တန်းတွေ မှာ ရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ဟာ အကောင်းဆုံးလို့ ဆိုကြပါတယ်။ စိန်ဂေါတတ်၊ ဆင်ပလုန်နဲ့ မွန်စနီးအစရှိတဲ့ တောင်ကြားလမ်းတွေ မှာ ဥမင်လိုဏ် ခေါင်းတွေ ဖောက်ပြီး လျှပ်စစ်မီးရထားလမ်းနဲ့ ကားလမ်းတွေ ဖောက်လုပ်ထားပါတယ်။
အင်ဂျဲလ်ဘတ်မှ လူဇာန်းသို့
ကျွန်တော် တို့တတွေ ဟာ Mt. Titlis ကနေ အင်ဂျဲလ်ဘတ်သို့ ပြန်ရောက်တာနဲ့ လူဇာန်းသို့ ခရီးဆက် သွားပါတယ်။ ၃၆ ကီလိုမီတာ (၂၂.၅ မိုင်) ပဲ ဝေးတာကြောင့် နာရီဝက်အကြာမှာ လူဇာန်းသို့ ရောက်လာပါပြီ။ လူဇာန်းမြို့လယ်မှာ တောင် ရှုခင်းအလှတွေ ဟာ ထူးခြားနေတုန်းပါပဲ။
လူဇာန်းဟာ ခရိုင်မြို့ကြီးပါ။ ၁၁.၂၂ စတုရန်းမိုင် ကျယ်ပါတယ်။ လူဦးရေက ၇၉၄၇၈ ယောက် ပဲ ရှိပါတယ်။ စတုရန်း ၁ မိုင်အတွင်း ၇ ယောက် ပဲ နေတယ်လို့ ဆိုရမှာ ပါ။
မြို့မှာ အမှတ်တရ ထုလုပ်ထားတဲ့ ခြသေ့င်္ရုပ်ကြီးကိုလည်း တွေ့ ခဲ့ရပါတယ်။ ပြင်သစ် တော် လှန်ရေး တုန်းက လူဝီ ၁၆ ဘုရင်နဲ့ မိဖုရားက သြစတြေးယားနိုင်ငံမှာ ရှိတဲ့ သူမရဲ့ အစ်ကိုထံ စစ်ကူတောင်းခဲ့ပါတယ်။ လူဇာန်းက စစ်သည်တော် ၂၀၀ ဟာ စစ်ကူသွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အားလုံး ရဲရဲရင့်ရင့်ကျဆုံးသွားတာကို ဂုဏ်ပြုတဲ့ အနေနဲ့ ခြင်္သေ့ကို မြှားစိုက်လို့ လဲကျသွားတဲ့ ပုံကို ထုထားတာပါတဲ့။ ဥရောပမှာ ကျော်ကြားတဲ့ သစ်သားတံတားရှိရာကိုလည်း ရောက်ခဲ့ပါသေး တယ်။
ညနေပိုင်းမှာ အအေးပိုလာတာကြောင့် ၁၀ံC မြို့တွင်းလှည့်လည်ကြည့်ရှုရာကနေ ဆွစ် ဇာလန်နိုင်ငံလုပ် Branded နာရီတွေ ဖြစ်တဲ့ Omega နဲ့ Rolex နာရီတွေ ရောင်းတဲ့ဆိုင်ကြီးထဲဝင် ပြီး လေ့လာကြည့်ပါတယ်။ ရွှေနဲ့လုပ်တဲ့ အမျိုးသားဝတ် Rolex နာရီက ယူရို ၈၅၇၀၀ နဲ့ အမျိုးသမီး ၀တ်က ယူရို ၇၇၇၀၀ လို့ စာတန်းလေး ရေး ထားတာကို တွေ့ ရပါတယ်။ ဆက်ပြီး လေ့လာကြည့် တော့ ယောက်ျားဝတ် Rolex ငွေရောင် နာရီကို ယူရို ၇၁၅၀၀၊ စိန်ပါတကာ ယူရို ၆၀၃၀၀ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဘယ်လိုအခြေခံပေါ်မှာ ဈေးနှုန်းသတ်မှတ်ပါသလဲလို့ မေးကြည့် တော့ မသိဘူးလို့ဘဲ ဖြေကြပါတယ်။ Credit Card တွေ နဲ့ ငွေချေနေတာမြင်တွေ့ ရတော့မှ ကမ္ဘာ မှာ အတော် ကြီးကျယ်တဲ့ ဆွစ်ဘဏ်လုပ်ငန်းကို သတိရလာပါတယ်။
ကျွန်တော် တို့အားလုံး လူစုံလို့ ည ၆ နာရီထိုးမှာ ကျွန်တော် တို့ စခန်းချမယ့် ကြယ် ၄ ပွင့်ရှိ တဲ့ Grand Europe Hotel သို့ ခြေလျင်လျှောက်သွားကြရပါတယ်။ ၁၅ မိနစ်အကြာမှာ တော့ ဟိုတယ်ကိုရောက်လာပါပြီ။ ဟိုတယ်ကြီးက အဲ့ပ်တောင်တန်းကြီးနဲ့ လူဇာန်းရေအိုင်ကြီးကို မျက်နှာ ပြုထားပါတယ်။ ဒါကြောင့် ဟိုတယ်ကနေ ‘ဆွစ်ဇာလန်နိုင်ငံအလယ်ပိုင်းရှိ ပန်းချီကားအလား လှပတဲ့ လူဇာန်း’ လို့ တင်စားပြောကြတာကို ဟုတ်၊ မဟုတ် စူးစမ်းလေ့လာကြည့်မိပါတယ်။
တစိမ့်စိမ့်ကြည့်ရင်း ဒီထက်ပိုကောင်းတဲ့ စကားလုံးကို ရွေးချယ်နေတုန်း ည ၇ နာရီထိုးသွား တော့ ဥရောပညစာကို ဟိုတယ်မှာ ပဲ စားသုံးလိုက်ရပါတယ်။ စားပြီးတော့လည်း နေမ၀င်သေးတာ ကြောင့် ရှုခင်းအလှတွေ ကို ၁ နာရီခန့် ဆက်ကြည့်ပြီးမှ အိပ်ရာဝင်ခဲ့ပါတယ်။ အိပ်ရာထဲမှာ ငြိမ်းချမ်းရေး ၊ လွတ်လပ်ရေး ၊ လူ့အခွင့်အရေး နဲ့ တရားဥပဒေစိုးမိုးရေး တို့ရဲ့ အနှစ် သာရကို စဉ်းစား ရင်း နှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော် သွားပါတော့တယ်။
The Builders Journal
(၂၀၁၄ ခုနှစ် ၊ အတွဲ -၁၊ အမှတ်-၉)
****
ဥရောပတစ်ခွင်အမြန်လမ်းနှင့် ခရီးတွင်
(၉ နိုင်ငံခရီး-၆)

၁၇-၄-၂၀၁၄ ရက်နေ့ ခရီးစဉ်အရ လူဇာန်းမှ Stuttgart စတွတ်ဂတ်အထိ ၂၇၇ ကီလို မီတာ (၁၇၉.၁၂ မိုင်) ကွာဝေးပါတယ်။ နံနက် ၈း၃၀ မှာ ပုံမှန်မထွက်နိုင်ခဲ့ပါဘူး။ ဟိုတယ်ရဲ့ အစီ အစဉ်နဲ့ အခန်းတွေ ကနေ ပစ္စည်းချပေးရာမှာ အိတ်နှစ် အိတ်ကျန်နေပါတယ်။ ဒါကြောင့် နာရီဝက် နောက်ကျ သွားပါတယ်။
ဂျာမနီနိုင်ငံအ၀င်
ဂျာမနီနယ်ခြားဂိတ်ရောက်တော့ ကားကြီးတွေ အားလုံးတန်းစီရပ်နေတာ တွေ့ ရပါတယ်။ တစီးစီ ထွက်ခွင့်ပေးပြီးမှ ကျွန်တော် တို့ကား ကျန်နေတာ ဘာကြောင့် လဲလို့ စူးစမ်းကြည့်မိပါတယ်။ လန်ဒန်ကနေ ပေးပို့တဲ့ E.mail မ၀င်သေးတာကြောင့် သွားခွင့်မပြုတာလို့ သိရပါတယ်။ ဧည့်လမ်း ညွှန်က လန်ဒန်ကို ဖုန်းဆက်ပြောပြီး ၅ မိနစ်အကြာမှာ တော့ သွားခွင့်ပြုပါတယ်။
လူဇာန်းက ထွက်လာတုန်းက လက်တစ်လျှောက် မရိုးနိုင်တဲ့ ရှုခင်းအလှတွေ ကျန်ရစ်ခဲ့ပါ ပြီ။ ဆွစ်ဇာလန်နိုင်ငံထဲမှာ လို ရှုခင်းအလှတွေ မမြင်ရတော့ပါဘူး။ ကျေးလက်သဘာဝစိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းတွေ နဲ့ အဆောက်အဦအချို့ကိုသာ မြင်တွေ့ ခဲ့ရပါတယ်။ သဲဆန်တဲ့မြေကြီးနဲ့ ပြင်းထန်တဲ့ ရာသီဥတုတို့ကြောင့် သိပ္ပံအကူအညီနဲ့ ရိုင်စပါး၊ မုယောစပါး၊ အာလူးနဲ့ မြင်းစာဂျုံတွေ ကို စိုက်ပျိုးကြောင်း ဖတ်ခဲ့ဖူးပါတယ်။ ယခုဖြတ်သန်းလာခဲ့တဲ့ တောင်ပိုင်းဒေသမှာ မြေသြဇာ ကောင်းလို့ ဂျုံ၊ ဂုန်လျှော်နဲ့ ဆေးတို့ကို စိုက်ပျိုးပြီး စပျစ်ခြံတွေ ကိုလည်း အနှံ့အပြားတွေ့ ရပါတယ်။
ဂျာမနီနိုင်ငံဟာ ၁၃၇၈၄၇ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ သန်း ၈၀ ကျော်ရှိပါတယ်။ ဂျာမန်လူမျိုး ၈၁ % ရှိပြီး ကျန် ၁၉%က အခြားလူမျိုးတွေ ဖြစ်တယ်။ အာရှသား ၂% ရှိပါတယ်။ ၁ စတုရန်းမိုင်အတွင်း ၅၈၃ ယောက် နေထိုင်ကြပါတယ်။ GDP $ 3.876 Trillion ရှိပြီး Per Capita အနေနဲ့ $ 47.89 ရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဂျမနီနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှု ကို သိသာ နိုင်ပါတယ်။
ပထမနဲ့ ဒုတိယမ္ဘာစစ်ကို မီးမွှေးပေးခဲ့တဲ့ နိုင်ငံအ ဖြစ်လည်း ကျွန်တော် ငယ်စဉ်ကတည်းက သိထားပါတယ်။ ၁၉၄၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ အင်္ဂလိပ်၊ အမေရိကန်နဲ့ ပြင်သစ် တို့က သူတို့သိမ်းပိုက်ခဲ့တဲ့နယ်မြေကို အခြေခံပြီး ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ (အနောက် ဂျာမနီ) အ ဖြစ် ကြေညာခဲ့ပါတယ်။ ရုရှားကလည်း အဲဒီ နှစ် အောက်တိုဘာ ၇ ရက်နေ့မှာ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ကို ဒီမိုကရက်တစ် သမ္မတဂျာမန်နိုင်ငံ (အရှေ့ဂျာမနီ) အ ဖြစ် ကြေညာလိုက်ပြန်ပါတယ်။ အရှေ့/အနောက် ပြန်လည်ပေါင်းစည်းပြီးတဲ့နောက် အီးယူနိုင်ငံတွေ အားကောင်းလာခဲ့သလို၊ ဂျာမနီနိုင်ငံဟာလည်း အဘက်ဘက်က တိုးတက်လာခဲ့တာပါ။ ဂျာမနီ နိုင်ငံတိုးတက်အောင်လုပ်ခဲ့သူ လက်ရှိအမျိုးသမီးခေါင်းဆောင် Chancellor Angela Merkel အီးယူမှာ သြဇာရှိသလို ကမ္ဘာမှာ လည်း ထင်ရှားပါတယ်။ တကယ်တော့ ပရပ်ရှားနိုင်ငံခေါင်းဆောင် ဗစ်ဇမတ်ရဲ့ ကြိုးပမ်းမှု ကြောင့် ၁၈၇၁ ခုနှစ် ၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ကစပြီး ဂျာမနီနိုင်ငံရယ်လို့ ဖြစ်ပေါ်လာတာပါ။ ၁၈၈၈ ခုနှစ် အရောက်မှာ အင်အားကြီးထွားလာပြီး စက်မှု လက်မှု ဘက်မှာ ပါ အလွန်တိုးတက်ထွန်းကားလာခဲ့ပါတယ်။ အာဖရိကတိုက်၊ တရုတ်နိုင်ငံနဲ့ ပစိတ်ဖိတ်သမုဒ္ဒရာဒေသ တွေ မှာ နယ်ပယ်အများ အပြား ပိုင်ဆိုင်ခဲ့ပါတယ်။
ဂျာမန်ဧကရာဇ် ဒုတိယကိုင်ဇာဝီလျံ (၁၉၅၉-၁၉၁၄) ရဲ့ လောဘတကြီးနယ်ချဲ့လိုတာ ကြောင့် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ ဂျပန်တို့နဲ့ ပထမကမ္ဘာစစ် (၁၉၁၄-၁၈) ဖြစ်ရတယ်လို့ မှတ်သားဖူးပါတယ်။ စစ်ရှုံးတော့ ၁၉၁၉ ခုနှစ် စစ်ပြေငြိမ်းစာချုပ်အရ စစ်အင်အားလျော့ချခဲ့ရတဲ့ အပြင် စစ်လျော်ကြေးလည်း အဆမတန် ပေးခဲ့ရပါတယ်။ အရင်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ နယ်ပယ် အားလုံးကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်သေးတယ်။
၁၉၁၉ ခုနှစ် ကစပြီး ဂျာမနီနိုင်ငံဟာ အခြေခံဥပဒေသစ်နဲ့ သမ္မတနိုင်ငံ ဖြစ်လာပြန်ပါတယ်။ စစ်ပြီးဂျာမနီအစိုးရဟာ စိန်ခေါ်မှု အသစ်တွေ နဲ့ ရင်ဆိုင်ရပြီး ပြဿနာအရပ်ရပ်ကို မဖြေရှင်းနိုင်ခဲ့ပါ ဘူး။ အဲဒီ အချိန်မှာ အဲဒေါ့ဟစ်တလာခေါင်းဆောင်တဲ့ နာဇီပါတီဟာ တဖြည်းဖြည်း တန်ခိုးအာဏာ ကြီးမားလာခဲ့ပါတော့တယ်။
၁၉၃၄ ခုနှစ်မှာ ဟစ်တလာဟာ ဂျာမနီနိုင်ငံရဲ့ သမ္မတနဲ့ဝန်ကြီးချုပ်ရာထူးတွေ ကို ပူးတွဲ လက်ခံခဲ့ရာကနေ အာဏာရှင် ဖြစ်လာတာပါ။ ၁၉၃၅ ခုနှစ်မှာ စစ်ပြေငြိမ်းစာချုပ်ကို ဖောက်ဖျက်ပြီး ဂျာမနီစစ်အင်အားကို ပြန်လည်ထူးထောင်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် မတ်လမှာ သြစတြေးယား နိုင်ငံကို သိမ်းယူခဲ့ပါတယ်။ အဲဒီ နှစ် စက်တင်ဘာလမှာ ချက်ကိုဆလိုဗားကီးယားနိုင်ငံပိုင် ဆူဒေ တင်နယ်များ ကိုပါ သိမ်းပိုက်လိုက်ပြန်ပါတယ်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပိုလန် နိုင်ငံကို ဂျာမန်တို့ ၀င်ရောက်တိုက်ခိုက်တဲ့အချိန်ကစပြီး အင်္ဂလိပ်၊ ပြင်သစ်တို့နဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါတယ်။ အီတလီနဲ့ ဂျပန်တို့က ဂျာမန်ဖက်ကနေ ပါဝင်တိုက်ခိုက်ကြပါတယ်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်လည်း အင်္ဂလိပ်၊ ပြင်သစ်တို့နဲ့ ပူးပေါင်းပြီး စစ်ထဲဝင်လာပါ တယ်။
စတွတ်ဂတ်မြို့
အဲဒီ နောက်ခံစစ်သမိုင်းတွေ ရဲ့ ‘တရားသော စစ်’နဲ့ ‘မတရားသော စစ်တွေ ’ ကို ဆင်ခြင် သုံးသပ်ရင်းနဲ့ လိုက်ပါလာလိုက်တာ မွန်းလွဲချိန်မှာ တော့ Stuttgatr စတွတ်ဂတ်မြို့ကို ရောက်လာ ပါပြီ။ အဲဒီ မြို့ဟာ လူဇာန်းရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပါတယ်။ ၈၀.၀၆ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ဓာတ်ရထားတွေ ဥဒဟိုသွားလာနေတာကို တွေ့ ရပါတယ်။ လမ်းဆုံတစ်နေရာ ရောက်တော့ ကားက ညာဘက်ချိုးအကွေ့ တောင်ကုန်းလေးပေါ်မှာ ‘ရှန်ဟိုင်းစားသောက်ဆိုင်’ ကို မြင်နေရပါပြီ။ အဲဒီ ဆိုင်မှာ ပဲ နေ့လယ်စာ စားသုံးကြပါတယ်။
စတွတ်ဂတ်မှ ဖရန့်ဖတ်မြို့သို့
စားပြီးတာနဲ့ ဂျာမနီနိုင်ငံ Frankfurt ဖရန့်ဖတ်မြို့သို့ ဆက်ထွက်ပါတယ်။ ဖရန့်ဖတ်မြို့မှာ Centra Square (Romerber Square) နဲ့ မြို့လယ် Toursite Attraction တွေ ရှိပါတယ်။ Goethe House ရှေ့မှာ လည်း အမှတ်တရ ဓာတ်ပုံရိုက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ မှာ City Tour, Skyline Tour, Walking Tour တွေ ရှိပါတယ်။
အဲဒီ မှာ ကျွန်တော် စိတ်အ၀င်စားဆုံးက တစ်ယောက် ကို ယူရို ၁၀၄ ပေးရတဲ့ Rhine+Frankfurt City Combi Tour ပဲ ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်မှာ ယခင် ဂျာမန်အင်ပါယာ အတွင်းက Coronation City နဲ့ European Banking Center လည်း ပါပါတယ်။ အဲဒါအပြင် Rhine Valley (UNESCO World Heritage) ခရီးပါတာကြောင့် လည်း အထူးစိတ်ဝင်စားမိပါတယ်။ Rhine ရိုင်းမြစ်အတွင်းမှာ Rhine Steamer Ship လည်း စီးချင်ပါသေးတယ်။
စတွတ်ဂတ်မြို့နဲ့ မြောက်ဘက်မှာ ရှိနေတဲ့ ဖရန့်ဖတ်မြို့တို့ဟာ ၂၁၁ ကီလိုမီတာ (၁၃၁.၈၇ မိုင်) ကွာဝေးတာကြောင့် (၂-၁-၂) နာရီကြာမောင်းရမှာ ပါ။ ဒါကြောင့် လမ်းတစ်လျှောက်မြင်ကွင်း ကို အချိန်ယူပြီး လေ့လာနိုင်ပါတယ်။ ဖရန့်ဖတ်မြို့ရောက်ခါနီး လေ ရှုမျှော်ခင်းကောင်းတွေ နဲ့ သမိုင်းဝင် ထင်ရှားတဲ့ ရှေးဟောင်းအဆောက်အအုံ အများ အပြားကို တွေ့ မြင်နေရပြီပေါ့။
ဂျာမနီနိုင်ငံရဲ့ ၅ ပုံ ၃ ပုံမှာ စိုက်ပျိုးနိုင်တဲ့ ဧရိယာ ဖြစ်ပြီး ၄ ပုံ ၁ ပုံမှာ သစ်တောတွေ ဖြစ်ပါ တယ်။ ကျောက်မီးသွေးသယံဇာတက ပေါကြွယ်ပါတယ်။ သိပ္ပံပညာထွန်းကားတာကြောင့် အလယ်ပိုင်းနဲ့ မြောက်ဘက်လွင်ပြင်ဒေသတို့ ဆုံစည်းရာနယ်မှာ စက်မှု လက်မှု လုပ်ငန်းတွေ အကြီး အကျယ် ထွန်းကားကြောင်း သိရပါတယ်။ တကယ်တော့ လျှပ်စစ်ဓာတ်အား အဖိုးနှုန်းချိုသာတာ ကြောင့် စက်မှု ထွန်းကားခဲ့တာပါ။
ဟိုတွေးဒီတွေးနဲ့ ညနေ ၄ နာရီထိုးမှာ ဖရန့်ဖတ်မြို့လယ်မှာ ရှိတဲ့ Romerber Square သို့ ရောက်လာပါပြီ။ လည်ပတ်ချိန် ၂ နာရီရပါတယ်။ ဒါပေမယ့် ကျွန်တော် သွားချင်တဲ့ Tour တွေ မရှိ တော့တာကြောင့် ကျွန်တော် ကိုယ်တိုင် Walking Tour ရေး ဆွဲပြီး တစ်ယောက် တည်း ခြေဆန့်ခဲ့ပါ တယ်။
ပထမဦးဆုံး ထင်ရှားတဲ့ အမှတ်အသားကို မှတ်သားပြီး ရိုင်းမြစ်ဘက်လျှောက်ခဲ့ပါတယ်။ ရိုင်းမြစ်အထက်အောက်၊ ၀ဲယာကြည့်လိုက်တော့ အပန်းဖြေနေသူတွေ ၊ လမ်းလျှောက်နေသူတွေ အပြေးလေ့ကျင့်နေသူတွေ ကို တွေ့ ရပါတယ်။ အရပ်ထောင်ထောင်မောင်းမောင်း ခြေတန်လက် တန်ရှည်ရှည်နဲ့ ထူးခြားလှတဲ့ ဂျာမန်လူမျိုးအများ အပြားတွေ့ ခဲ့ရတာ ပါ။ ဒီတော့မှ ၁၉၆၂ ခုနှစ် လယ် တုန်းက ရန်ကုန်မှာ မြင်တွေ့ ခဲ့ဖူးတဲ့ (ဂျီ-၃) သေနတ်ဟာ သူတို့နဲ့မှ လိုက်ဖက်တာကြောင့် ဂျာမန် တွေ အတွက် ထုတ်လုပ်တာ ဖြစ်ရမယ်လို့ ကောက်ချက်ချမိပါတယ်။ ဒါနဲ့ Alto Brukcke တံတား ကနေ တစ်ဘက်ကမ်းကို လျှောက်လှမ်းခဲ့ပါတယ်။ Dom.Roemer နဲ့ Paula Church တို့ကို လေ့လာပြီး ပြန်လာခဲ့ပါတယ်။ ၁ နာရီ ၁၅ မိနစ် ကြာပါတယ်။
တကယ်တော့ ဖရန့်ဖတ်မြို့ဟာ ဂျာမနီနိုင်ငံမှာ ပဉ္စမမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ၉၅.၈၇ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ မြို့ပြလူဦးရေက (၂-၁-၂) သန်းရှိပါတယ်။ ကမ္ဘာမှာ အကြီးဆုံး စတော့အိပ်ချိန်းရှိနေပါပြီ။ အကြီးဆုံး Commercial Banks တွေ လည်း ရှိပါတယ်။ European Central Bank လည်း ရှိတယ်လို့ သိရပါတယ်။ အီးယူအဖွဲ့ဝင် ၁၈ နိုင်ငံကိုယ်စားပြု Central Bank of Eurozone ဟာ ယူရိုငွေကြေးကို ခိုင်မာတောင့်တင်းအောင် ဦးစီးဦးဆောင်ပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြို့လယ်မှာ ပဲ ညစာသုံးဆောင်ကြပြီး ကျွန်တော် တို့တည်းခိုမယ့် Mercure Hotel & Residence ကို ကားနဲ့သွားကြပါတယ်။ ဟိုတယ်ရောက်တော့ ည ၈ နာရီ ထိုးနေပါပြီ။
ပစ္စည်းတွေ ကို အခန်းထဲထားပြီးတာနဲ့ ကျွန်တော် သိနေချင်တဲ့ကိစ္စအတွက် ဟိုတယ် မန်နေဂျာနဲ့ သွားတွေ့ ခဲ့ပါတယ်။ စတွေ့ တွေ့ ချင်း ‘ဂျာမန်တွေ အချိန်လေးစားတာကို ဂုဏ်ယူပါ တယ်’ လို့ ပြောလိုက်ပါတယ်။ သူမက ‘ဟုတ်တာပေါ့၊ အချိန်အတိအကျ လုပ်တတ်ကိုင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ကြောင့် ဂျာမနီနိုင်ငံ တိုးတက်နေတာလေ’ လို့ ပြန်ဖြေပါတယ်။
ဒါနဲ့ ‘ကျွန်တော် တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု နဲ့အတူ လူ့စွမ်းအားဖွံ့ဖြိုးစေဖို့’ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနဲ့ စက်မှု လုပ်ငန်းတွေ မှာ အသက်မွေးဝမ်းကျောင်းတွေ နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်တာရှိရင် အကျဉ်းချုံးပြောပြပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ သူမဖြေတာက ‘ဒီမှာ တော့ လက်တွဲ လုပ်တာတွေ ရှိပါတယ်’လို့ အီးယူကလည်း အဲဒါမျိုးတွေ ကို အားပေးထောက်ပံ့ နေပါတယ်’လို့ ပြောပါတယ်။ (အာရှဖွံ့ဖြိုးရေး ဘဏ် ADB နဲ့ ဂျပန်နိုင်ငံတို့က ကူညီမယ်လို့ ပြောနေ တာ ကြာပါပြီ။)
သိချင်နေတဲ့ အကြောင်းအရာကို သိလိုက်ရလို့ အခန်းရောက်တာနဲ့ အနားယူအိပ်စက်နိုင် ခဲ့ပါတယ်။
The Builders Journal
(၂၀၁၄ ခုနှစ် ၊ အတွဲ -၁၊ အမှတ်-၁၀)
****
![]() ကျွန်တော့အမြင် ရောင်စုံတိမ်ပန်း | ![]() မြို့ပြမြေယာဈေးကွက်နှင့် ဆွဲဆောင်မှုများ | ![]() မြို့ပြမြေယာအကြောင်း သိကောင်းစရာ |