မျက်နှာပေါ်ကျလာသော အလင်းရောင်ကြောင့် သူလန့်နိုးသွားသည်။ ထိုအလင်းကို လက်ဖြင့်ကာလိုက်၏ ။
သူ့ခေါင်းက အနည်းငယ်နာကျင်နေတာကို သတိထားမိသည်။ ထို့နောက် သူ့ခန္ဓာ ကိုယ်အား လဲရာမှလူးလဲထလိုက်ပြီး ပတ်ဝန်းကျင်ကို သေချာကြည့်မိသည်။
သူသည် အိမ်တစ်လုံးထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
တိုးလို့တွဲ လောင်းကျနေသော အဝတ်စများ ၊ ဖုန်များ နှင့် အိမ်ထောင်ပရိဘောဂ အနည်း ငယ်ကို တွေ့ရသည်။
လူများ မနေသော အိမ်ပျက်ကြီးတစ်ခုနှင့် တူနေသည်။
သူ ဘယ်ရောက်နေတာလဲ…….။
ပြန်စဉ်းစားကြည့်မိသည်။ ဘာကိုမှ ရေရေရာရာ မမှတ်မိ…။ ခေါင်းကိုက်နေတာကိုပဲ ခံစားမိသည်။
ထို့ပြင် သူ အခုရောက်နေသော အိမ်ထဲတွင်လည်း လူတစ်ဦးမှရှိပုံမရ….။ တိတ်ဆိတ် နေသည်။
ကားသံ၊ လူအများ စကားပြောသံလည်း မကြားရ…..။
ဘာကိုမှတွေးမရသောကြောင့် စိတ်တို့ ချောက်ချားလာသည်။
ထို့နောက် အိမ်အပြင်ထွက်ရန်အတွက် တံခါးမကြီးဆီသို့ သွားကာ တံခါးဖွင့်လိုက်လေ သည်။
“ဟင်”
တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ ခဏတာ ကြက်သေသေသွားသည်။
လူသူတိတ်ဆိတ်နေသော လမ်းမတစ်ခုနှင့် အိမ်အနည်းငယ်အား တွေ့လိုက်ရသော ကြောင့် ဖြစ်သည်။
သူမတ်တပ်ရပ်နေတာပင် အတော်ကြာသွားပြီ ဖြစ်သည်။ ထိုအိမ်များ ဆီမှ တစ်ခုခု ထူးခြားလာလေမလားဟု ရပ်ကြည့်နေမိခြင်း ဖြစ်သည်။
ထူးခြားမှု မရှိသောကြောင့် ထိုလမ်းအတိုင်း လမ်းလျှောက်သွားလိုက်သည်။
လူတစ်ယောက်မှ မတွေ့ရ……။ လမ်းမတစ်လျှောက် တွေ့ရသော အိမ်များ ထဲတွင် လည်း လူများ ရှိနိုင်ပုံ မပေါ်ချေ……..။
ဒီမြို့ကလူတွေ ဘယ်ရောက်သွားကြလဲ….။
သူကရော ဒီမြို့ကို ဘာကြောင့်ရောက်နေရတာ လဲ…..။
တွေးရင်းတွေးရင်း လမ်းဆက်လျှောက်လာခဲ့သည်။
သူတွေ့ရသော အိမ်များ သည် အိမ်အဟောင်းများ ဖြစ်ကြသည်။ တစ်ချို့ အိမ်နံရံ၏ သစ်သားများ မှာ ပြုတ်ကျနေသည်။
အကြောင်းတစ်စုံတစ်ခုကြောင့် ဒီမြို့ကလူတွေ သူတို့အိမ်တွေကို စွန့်ပစ်သွားပုံ ရသည်။
သူကရော ဒီမြို့က မြို့သားတစ်ယောက်ပဲလား…။
သူ စဉ်းစားလို့မရ….။ ဘာမှ မမှတ်မိခြင်း ဖြစ်သည်။
မြို့ကို တစ်ပတ်ပတ်ကြည့်ရင်းနှင့်ပင် ဗိုက်ကဆာလာသည်။ ယခုရောက်ရှိနေသည့် မြို့အကြောင်း၊ သူ့အကြောင်းကို ဘေးဖယ်ထားလိုက်ပြီး စားဖို့တစ်ခုခုရှာရန် ဆုံးဖြတ်လိုက် သည်။
ရှိပါစေဟုလည်း ဆုတောင်းမိသည်။
ဤသို့ ဖြင့် စားစရာရှိနိုင်သောနေရာအား မြို့တွင်းထဲ၌ လိုက်ရှာမိသည်။
အိမ်အတော်များများ ကို ဝင်မွှေရှာသည်။ မတွေ့….။
တစ်ချို့အိမ်အတွင်းပိုင်းများ သည် ဖုန်များ ပင် တက်နေပြီဖြစ်သည်။
ထိုသို့ ရှာရင်း ရှာရင်းနှင့်ပင် သူ၏ မျက်လုံးများ သည် အိမ်တစ်အိမ်ကို တွေ့ရှိသွား သည်။
ဘာကြောင့်မှန်းမသိ…ထိုအိမ်ကို မြင်မြင်ချင်းပင် စားစရာ တစ်ခုခုရှိရမည်ဟု ရင်ထဲ တွင် အလိုလိုခံစားမိသွားသည်။
ထို့ကြောင့် အိမ်ရှိရာသို့ လျှောက်သွားလိုက်သည်။
တံခါးပိတ်ထားသည်ကို တွေ့လိုက်ရသည်။
တံခါးဖျက်ရန်အတွက် ဘေးပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ ကြည့်မိသည်။ ထိုအိမ်မှ ကွာ ကျထားသော အုတ်နီခဲတစ်လုံးအား တွေ့လိုက်ရသည်။
ထို အုတ်နီခဲဖြင့်ပင် တံခါးအား ချိုးဖျက်ပြီး အထဲဝင်လိုက်သည်။
“ဟာ”
မြင်လိုက်ရသော မြင်ကွင်းကြောင့် သူဝမ်းသာသွားသည်။
အရင်တုန်းက Beer Bar တစ်ခုဖြစ်ပုံရသော နေရာအား တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဘီယာပုလင်းများ အစီအရီ ရှိနေသည်။ အများ စုမှာ ပုလင်းအလွတ်များ ဖြစ်ပြီး မဖွင့်ရ သေးသော ဘီယာဆို၍ သုံးလုံးသာ တွေ့ရသည်။
သူလည်း ဆာဆာနှင့်သောက်လိုက်ရာ တစ်လုံးနှင့် တစ်ဝက်ကုန်သွား၏ ။ ထို့နောက် နီးစပ်ရာခုံတွင် ဝင်ထိုင်လိုက်သည်။
ဤဆိုင်သည် ဒီမြို့လေး၏ တစ်ခုတည်းသော စားသောက်ဆိုင် ဖြစ်ပုံရသည်။
သောက်စရာ ဘီယာတွေပဲ တွေ့ရသည်။ စားစရာ တစ်ခုမှ မတွေ့ရတော့ချေ…။ သို့ သော် ရှိလိုရှိငြား ရှာကြည့်ရန်အတွက် ထိုင်နေရာမှ ထလိုက်သည်။
ပထမဆုံး နံရံကပ်ဘီဒိုကြီးတစ်ခုကို တွေ့ရသည်။
အောက်အဆင့်တွင် ဖန်ခွက်များ ရှိနေသည်။
အပေါ်ဆုံးအဆင့်ကို မမှီသောကြောင့် ခုံခုပြီး တက်ကြည့်လိုက်သည်။
ဘီစကွတ်တစ်ထုပ်နှင့် အခြား တိုလီမိုလီ အစားအစာအနည်းငယ်ကို တွေ့ရသည်။
ဘီစကွတ်မှာ မကောင်းတော့သော်လည်း ဆာနေသောကြောင့် ကျိတ်မှတ်ပြီး စား လိုက်ရာ တော်တော်များများ ပင် ကုန်သွားသည်။
ထိုစဉ်…….
“အား”
နာနာကျင်ကျင် အော်ငြီးသံကြီးတစ်ခု ကြားလိုက်ရသည်။
သူထိတ်လန့်သွားသည်။ ဘယ်ကလာတာလဲ……..။
ထို့ကြောင့် ဆိုင်အပြင်သို့ ကမန်းကတန်း ထွက်ကြည့်မိသည်။
သို့ သော် ထိုအော်သံကို နောက်ထပ် မကြားရတော့ချေ…..။
ဘယ်ကထွက်လာသော အသံမှန်း သူမခန့်မှန်းတတ်..။
သေချာတာတစ်ခုတော့ရှိသည်။ ဒီမြို့ပျက်တွင် သူ့အပြင် အခြားလူတစ်ဦး ရှိနေနိုင် သေးသည်ဟူသော ယူဆချက်ပင် ဖြစ်သည်။
အလင်းပျောက်၍ ညရောက်ခါနီး ဖြစ်သည်။ Beer Bar ထဲတွင် ဘယ်လောက်ကြာကြာ ထိုင်နေမိမှန်း သူမသိ…….။ ဆိုင်ထဲတွင် အလင်းများ ပျောက်လာခါမှသာ မှော င်တော့မယ်မှန်း သူသတိထားမိသည်။
ဒီည သူဘယ်မှာ အိပ်ရမလဲ…။ ဒီမြို့ထဲ၌ သူ့အပြင် အခြားလူတစ်ဦးရှိနေနိုင်သေးသည် ဟူသော ယူဆချက်အတိုင်း ထိုလူကို လိုက်ရှာရမည်လား….။
အတွေးတို့ ရှုတ်ရှက်ခတ်သွားသည်။
နောက်ဆုံး ဒီ Beer Bar ထဲတွင် အိပ်ရန်မဖြစ်နိုင်သောကြောင့် သင့်တော်သော အိမ်တစ်အိမ်ရှာရန်အတွက် ဆုံးဖြတ်လိုက်သည်။
ပထမဆုံး Beer Bar ဘေးက အိမ်တစ်လုံးကို တွေ့ရသည်။ သို့ သော် အိမ်ထဲဝင်ကြည့် လိုက်သောအခါတွင် ပျက်ဆီးယိုယွင်းနေပြီး၊ နေစရာများ ညစ်ပတ်စုတ်ပြတ်နေသည်ကို တွေ့ ရသည်။
ထို့ကြောင့် မမှော င်ခင် နောက်ထပ်အိမ်တစ်လုံးကို ထပ်ရှာရပြန်သည်။ ဒီတစ်ခါအိမ်က တော့ မဆိုးလှဟု ထင်မိသည်။
အပြင်ကကြည့်ရုံနှင့်ပင် တော်တော်ကြီး သားနားနေသေးသည်။ နောက်ပြီး အပြင်မှာ မှော င်လည်းမှော င်ခါနီး နေပြီ ဖြစ်သည်။
အခြားအိမ်များ ကို ဆက်ရှာရန် အချိန်မရှိတော့ချေ……..။
အိမ်တံခါးမှာ သော့မရှိသောကြောင့် အလွယ်တကူပင် အိမ်ထဲဝင်လို့ရသည်။
အထဲက ပစ္စည်းများ နှင့် အနေအထားများ ကြောင့် သူ အနည်းငယ် တွေဝေသွားသည်။
မည်သို့ ဆိုသော် ဖုန်များ ၊ အမှု န့်များ နှင့် ပြည့်နှက်နေသော အိမ်အတွင်းပိုင်းကို တွေ့ လိုက်ရသောကြောင့် ဖြစ်သည်။
ထို့နောက် ခပ်ကြာကြာ တွေဝေချိန်မရဘဲ “မီး” ထွန်းရန်အတွက် လိုက်ရှာရပြန်သည်။
ဂတ်စ်မီးဖိုတစ်ခု တွေ့ရသည်။ သို့ သော် ဂတ်စ် မရှိတော့ချေ……။
မီးဖိုခန်းထဲရှိ ပစ္စည်းများ အား လိုက်မွှေကြည့်ပြန်သည်။ စားစရာအနည်းငယ်နှင့် ရေဘူးထဲရှိ ရေအနည်းငယ်သာ တွေ့ရသည်။
ထိုသို့ ရှာရင်း ရှာရင်းနှင့်ပင် တစ်နေရာ၌ ဖယောင်းတိုင် အနည်းငယ်ကို တွေ့ရပြန် သည်။
ဖယောင်းတိုင်ရှိလျှင် မီးခြစ် (သို့ ) မီးရနိုင်သော ပစ္စည်းတစ်ခုခု ရှိနေနိုင်သောကြောင့် ထပ်ရှာမိပြန်သည်။
သူ၏ လက်သည် တစ်နေရာရှိအရာအား သွားစမ်းမိပြန်သည်။
အပြင်တွင် အလင်းရောင်မရှိတော့သောကြောင့် အိမ်ထဲတွင်လည်း အလင်းရောင်မရ တော့ချေ…..။
အိမ်ထဲတွင် သူတစ်ယောက်တည်း စမ်းတဝါးဝါးဖြစ်နေသည်။ ကြာလာတော့ အမှော င် ထဲတွင် အသားကျလာသည်။
ခုနက လက်နှင့်စမ်းမိသော အရာတစ်ခုကို လှမ်းယူလိုက်သည်။ မီးခြစ်နှင့်တူသော အရာဖြစ်သည်။ တူတယ်လို့ ပြောဆိုရခြင်းမှာ မီးခြစ်ပုံစံမဟုတ်ဘဲ မီးခြစ်၍ ရနိုင်သည်ဟု ယူဆရသောကြောင့် ဖြစ်သည်။
မီးခြစ်ကြည့်လိုက်သည်။
မီးအနည်းငယ်တောက်သွားသောကြောင့် လက်ထဲရှိ ဖယောင်းတိုင်နှင့် ခပ်မြန်မြန် မီး ညှိလိုက်သည်။
“အင်း….အင်း”
ညည်းသံတစ်သံ ကြားလိုက်ရသည်။
သူ ထိတ်လန့်သွားပြန်သည်။ ဒီတစ်ခါကြားရသော ညည်းသံသည် သူရောက်ရှိနေ သော အိမ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လူတစ်ယောက်လား….။ ဒါမှမဟုတ် အခြားတစ်စုံတစ်ခုပဲလား….။ မိုးမချုပ်ခင်က ကြားရသော “အား” ဆိုသည့်အသံက ထိုလူ့ဆီက အော်လိုက်တဲ့အသံလား…….။
တွေးရင်းတွေးရင်းနှင့်ပင် ညည်းသံထွက်ပေါ်ရာနေရာသို့ မှန်းဆပြီး လိုက်ရှာမိသည်။ ညည်းသံကလည်း အဆက်အပြတ် ထွက်ပေါ်နေသည်။
“အ…….အင်း…ရေ….ရေ”
ဤအိမ်ထဲက အသံဆိုတာ သေချာသွားပြီဖြစ်သည်။
လက်ထဲကဖယောင်းတိုင်ကို မီးမငြိမ်းအောင်ကာထားရင်း လှေကားမှတစ်ဆင့် အပေါ် ထပ်သို့ လှမ်းတက်လိုက်သည်။
ညည်းသံသည် ထိုအပေါ်ထပ်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။
အခန်းတစ်ခန်းရှေ့တွင် သူရပ်လိုက်သည်။
ညည်းသံထွက်ပေါ်နေသော အခန်းဖြစ်သည်။
တစ်စက္ကန့်…..
နှစ်စက္ကန့်……
သုံးစက္ကန့်..အကြာတွင် အခန်းတံခါးကို ဖွင့်လိုက်သည်။
“ဟင်”
အခန်းထဲတွင် ကောင်မလေးတစ်ယောက် လဲကျနေသည်ကို တွေ့ရသည်။
ရေသောက်ပြီးသောအခါတွင် ကောင်မလေးသည် အနည်းငယ်လန်းဆန်းလာပုံရသည်။
ထထိုင်လာသည်။ ထို့နောက် သူ့အား ရေဗူးပြန်ကမ်းပေး၏ ။
“ရှင်က ဘယ်သူလဲ”
“ဗျာ”
ကောင်မလေး၏ အမေးကြောင့် သူ့ကိုယ်သူ ပြန်စဉ်းစားမိသည်။
“ဟင့်အင်း…. မသိဘူး”
ကောင်မလေးက တအံ့တဩနှင့် ပြန်ကြည့်နေသည်။
“မင်းကရော ဘယ်သူလဲ”
သူကလည်း ပြန်မေးလိုက်သည်။
ကောင်မလေးက သူ့ကို ခဏစိုက်ကြည့်နေသေးသည်။
“ကျွန်မက ဒီမြို့ကမဟုတ်ဘူးရှင့်”
သူ ဝမ်းသာသွားသည်။
ဒီမြို့လေးအကြောင်းကို ဒီကောင်မလေး မှတ်မိနိုင်မည်ထင်သောကြောင့် ဖြစ်သည်။
“ဒီမြို့က ဘာတွေဖြစ်သွားတာလဲ မင်းမှတ်မိလား”
ကောင်မလေးက သူ့ကို စိုက်ကြည့်နေပြန်သည်။
“ဟင့်အင်း……လူတွေပြေးလွှားနေကြတာပဲ မှတ်မိတယ်”
“ဘယ်လို”
“ဒီမြို့ကလူတွေ အလုပ်ရှုပ်နေကြတယ်။ ပြေးလွှားနေကြတယ်”
ကောင်မလေးပြောပြသောအဖြစ်အပျက်ကို သူအသည်းအသန် စဉ်းစားကြည့်မိသည်။ မှတ်မိမလားဆိုပြီးတော့ပေါ့..။ စဉ်းစားလို့မရပြန်။
သူစိတ်ညစ်သွားသည်။
ဒီကောင်မလေးဆီကလည်း ဒီမြို့အကြောင်း သဲလွန်စ ပျောက်သွားပြန်ပြီဖြစ်သည်။
“နင့် နာမည်ရော မှတ်မိလား”
“မှတ်မိတယ်၊ ဆူဇန်လို့ခေါ်ပါတယ်။ ရှင့်နာမည်ရော”
“ဟင့်အင်း ကျွန်တော့်နာမည်တောင် မမှတ်မိဘူး”
“ဟာ”
ကောင်မလေး စိတ်ပျက်သွားပုံရသည်။
ထို့နောက် တစ်ခုခု စဉ်းစားမိသွားပြီး။
“နာမည်မရှိလို့တော့ မကောင်းဘူးရှင့်။ ဒီတော့ ရှင်သတိရလာတော့ ဘာကို စ သတိထားမိလဲ”
“အလင်းရောင်၊ အလင်းရောင်”
“ဟုတ်ပြီ…အလင်းတွေဝေနေတယ်ပေါ့၊ ဒီတော့ ရှင့်ကို ကျွန်မက လင်းဝေလို့ခေါ်မယ်။ ဘယ်လိုလဲ”
သူ သဘောတူလိုက်သည်။
လင်းဝေ…….။
ကောင်မလေးပေးလိုက်သောနာမည်ကို သူ သဘောကျစွာ ရေရွတ်လိုက်သည်။
“ခင်ဗျားက ခုနလေးကမှ သတိရတာ လား”
“ဟုတ်တယ်ရှင့်၊ သတိရရချင်း ရေအရမ်းဆာတာ”
ကောင်မလေးက ပြောရင်းဆိုရင်း သူ့လက်ထဲမှ ရေဗူးကို လှမ်းယူကာ သောက်လိုက် ပြန်၏ ။
“ဒါဆို လွန်ခဲ့သော နှစ်နာရီလောက်တုန်းက “အား”လို့အော်တာ ခင်ဗျားမဟုတ်ဘူးပေါ့ ”
ကောင်မလေးက ခေါင်းခါပြသည်။
ပြီးနောက်-
“ဘယ်ကအသံလဲ”
ဟုပြန်မေးသည်။
သူကလည်း သူကြားခဲ့သော အသံအကြောင်းကို ပြန်ပြောလိုက်ရသည်။
“ဒါဆို ကျွန်မတို့နှစ်ယောက်အပြင် အခြားလူတစ်ယောက်လည်း ရှိဦးမှာ ပေါ့”
“အင်း ရှိလိမ့်မယ်ထင်တယ်”
သူ စိတ်မသက်သာစွာ ဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။
ထို့နောက် ဆူဇန်က ဒီအခန်းထဲမှာ ပဲအိပ်မည်ဟု ပြောသောကြောင့် သူလည်း အောက်ထပ်သို့ ပြန်ဆင်းခဲ့လိုက်သည်။
အောက်ထပ်သို့ အဆင်းတွင် သူ့၌ ဆူဇန်ပေးလိုက်သော နာမည်တစ်လုံးသာ ပါလာပြီး အခြားအကြောင်းအရာများ (ဒီမြို့အကြောင်း) ဘာမှ ရေရောရာရာမသိခဲ့…။
ပြီးတော့
“အား” လို့အော်ခဲ့သောသူ….။
သူ အသက်ရှင်နေသေးလား…။
နောက်ပြီး အပေါ်ထပ်၌ ကျန်ခဲ့သော ဆူဇန်ဆိုသော ကောင်မလေးပြောစကားများ ကို လည်း သူ ယုံကြည်ရပါ့မလား…..။
ထို့နောက် ဘာမှ စဉ်းစားမရသည့်အဆုံး ဆိုဖာပေါ်သို့ ပစ်လှဲနေလိုက်သည်။ ခဏအကြာတွင် မှေးခနဲ အိပ်ပျော်သွား၏ ။
ဤတွင်…….
လူတွေပြေးသံများ …။ သူလည်း ပြေးနေသည်။ သူ့တစ်ကိုယ်လုံးမှာ ချွေးတွေရွှဲနေ၏ ။ ပြေးရင်းပြေးရင်း မောဟိုက်လာ၏ ။
သို့ သော် နားလို့လည်းမရ….။ ဘာကြောင့်မှန်းမသိ သူပြေးနေသည်။
ပြေးရင်းပြေးရင်း သူ့ဘေးနားက သူ့လိုပဲ ဖြတ်ပြေးသွားသော လူတစ်ယောက်က လှမ်းမေးသည်။
“ဘာဖြစ်လို့ပြေးနေတာလဲဗျ”
“အာ….မသိဘူး၊ ခင်ဗျားကရော”
ထိုလူက သူ့ကိုစိတ်ဆိုးစွာ နဲ့ကြည့်ပြီး…
“ခြေထောက်ရှိလို့ပြေးနေတာပေါ့ဗျ”
ဟုပြောပြီး သူ့ကို ကျော်တက်သွားသည်။
သူလည်း ကြောင်တက်တက်နဲ့ ဆက်ပြေးရင်း ကျန်ခဲ့သည်။
ထိုစဉ်….
“လင်းဝေ…….လင်းဝေ၊ ရေ…..ဆာ….တယ်”
ဘယ်ကထွက်လာတဲ့အသံမှန်းမသိ…..။
သူပြေးနေသော ပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။ အားလုံး မှော င်မည်းနေ၏ ။ ဘာတွေလဲ…။ ဘာတွေလဲ…။
“ခွမ်း”
သူ လန့်နိုးသွားသည်။
ဘေးနားမှာ သူ့ခြေထောက်နဲ့ကန်မိထား၍ ကျကွဲနေသော ဖန်ပုလင်းအပိုင်းအစများ ..။
သူ အိမ်မက် မက်နေခြင်း ဖြစ်သည်။
“လင်းဝေ….ရေ….ဆာ….”
အပေါ်ထပ်အခန်းထဲမှ ဆူဇန်အသံကို ကြားလိုက်ရသည်။
အပေါ်ထပ်သို့ ကမန်းကတန်း ပြေးထွက်သွားလိုက်၏ ။ အိမ်အတွင်းမှ အလင်းရောင် ကြောင့် အရာရာအားလုံးကို ကောင်းစွာ မြင်နေရသည်။
အပြင်မှာ မိုးလင်းနေပြီ ဖြစ်သည်။
အခန်းထဲရောက်တော့ ဆူဇန်မှာ အိပ်ရာထဲတွင် လဲနေ၏ ။
“ရေ….ရေ”
သူမ၏ နဖူးကို ကိုင်လိုက်သောအခါတွင် ဆူဇန်၏ တစ်ကိုယ်လုံးမှာ ခြစ်ခြစ်တောက်ပူ နေ၏ ။
သူဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားသည်။
ညကကျန်သောရေမှာ လည်း ကုန်နေပြီဖြစ်သည်။
သူမ မျက်လုံးပွင့်လာပြီး….
“လင်းဝေ…..ရေ….ရေ”
“ခဏလေးဆူဇန်၊ ငါရေသွားရှာပေးမယ်”
သူမက ခေါင်းကလေး လှုပ်ပြ၏ ။
ညကထားခဲ့သော ရေပုလင်းကို ကြည့်လိုက်သည်။ ရေပုလင်းဖင်နားတွင် ကပ်နေသော ရေအနည်းငယ်ကို တွေ့ရသောကြောင့် သူမ၏ နှုတ်ခမ်းများ စိုစွတ်အောင် လောင်းချလိုက် သည်။
မနေ့က ဒီအိမ်တစ်အိမ်လုံးကို မွှေထားသောကြောင့် ဒီအိမ်ထဲမှာ ရေမရှိတော့တာကို သူသိသည်။
ထို့ကြောင့် အိမ်အပြင်သို့ ရေရှာရန်အတွက် ထွက်လိုက်သည်။
များ ပြားလှသော အိမ်များ ထဲတွင် ဘယ်အိမ်၌ ရေရှိမလဲ..။
မနေ့က မြို့ကိုလျှောက်ကြည့်ခဲ့စဉ်က တွေ့ရသော အရာတစ်ခုအား သတိရသွား သည်။
“ရေတွင်းလား မသိဘူး”
သူ့စိတ်ထဲတွင် ဇဝေဇဝါဖြစ်သွားပြီး ထိုနေရာသို့ သွားပြန်ကြည့်ရန် ဆုံးဖြတ်လိုက် သည်။
ထို့နောက် လက်ထဲတွင် ရေဗူးကိုကိုင်ကာ မနေ့က တွေ့ခဲ့သောနေရာသို့ ထွက်ခဲ့ လိုက်သည်။
သူနေသောနေရာနှင့် ငါးအိမ်ကျော်ကျော်လောက်တွင် ရှိပေမည်။
သူပြေးသွားလိုက်သည်။
မျက်လုံးထဲတွင် လဲကျနေသော ကောင်မလေးကို မြင်ယောင်လာသည်။
လင်းဝေ၏ အပြေးနှုန်းများ သည် သာမန်ထက် ပို၍ ပြေးနေမိသည်။
ခဏအကြာတွင် ထိုနေရာသို့ ရောက်သွား၏ ။
အနီးကပ်ကြည့်မှ ရေတွင်းသေးသေးလေးဖြစ်ကြောင်း တွေ့ရသည်။ ရေတွင်းအပေါ်မှ တစ်စုံတစ်ခုနှင့် ဖုံးအုပ်ထားသောကြောင့် မနေ့က သေချာမမြင်ခဲ့ခြင်း ဖြစ်သည်။
အဖုံးကိုဖွင့်လိုက်ပြီးနောက် ရှိနေသောကြိုးဖြင့် ရေတွင်းထဲမှ ရေခပ်ကာ ရေဗူးထဲ ထည့်လိုက်သည်။ ထို့နောက် ရေဗူးအဖုံးကို ပြန်ပိတ်လိုက်ပြီး အိမ်သို့ ခပ်မြန်မြန် ပြန်ပြေး လိုက်သည်။
တစ်အိမ်……
နှစ်အိမ်…….
သုံးအိမ်……..
……………….
သူနေသောအိမ်ရောက်သောအခါ အပေါ်ထပ်သို့ ပြေးတက်ပြီး အခန်းတံခါးအား ဖွင့်လိုက်သည်။
“ဟင်”
ကောင်မလေးကို မတွေ့ရတော့ချေ….။
ဘယ်ရောက်သွားလဲ…။ ကောင်မလေး ဘယ်ရောက်သွားလဲ….။ အောက်ထပ်များ ဆင်း သွားပြီလားဆိုပြီး ပြန်ဆင်းရှာသည်။
မတွေ့….။ သူ စိုးရိမ်ပူပန်သွားသည်။
အခန်းထဲမှ သူ အမှတ်တမဲ့ မြင်လိုက်ရသော အရာတစ်ခုကို သွားသတိရလိုက်သည်။ အပေါ်ထပ်သို့ ပြေးတက်လိုက်ပြန်သည်။
ကောင်မလေးအခန်းထဲသို့ ပြန်ဝင်ကာ ခုနကသူတွေ့ခဲ့သော အရာလေးအား ကောက် ယူလိုက်သည်။
ထိုစဉ်….
“အား”
ဟူသော အသံကျယ်ကြီးကို ကြားလိုက်ရသည်။
ထိုအသံကိုကြားတိုင်း သူ့ရင်သည် တုန်တုန်ပြီး တက်သွားသည်။
အခုလည်း ထိုအသံကြားသောအခါ တစ်မျိုးကြီး ဖြစ်သွားသည်။
အောက်ထပ်သို့ ကမန်းကတန်း ပြေးဆင်းလိုက်ပြီး အိမ်အပြင်သို့ ပြေးထွက်လိုက် သည်။
ထိုအသံထွက်လာရာနေရာသည် ခုနက ရေတွင်းနေရာနှင့် သိပ်မဝေးဟု လင်းဝေ ခန့်မှန်းလိုက်သည်။
သူ၏ ခြေလှမ်းများ က ရေတွင်းဆီသို့ ခပ်မြန်မြန် ပြေးသွားမိပြန်သည်။
ရေတွင်းနားရောက်သောအခါတွင် အိမ်သုံးလေးအိမ် တွေ့ရပြန်သည်။
လက်ထဲက ကိုင်လာသောအရာကိုလည်း တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် စဉ်းစားမနေတော့ဘဲ နီးစပ်ရာအိမ်တစ်အိမ်သို့ ဝင်လိုက်သည်။
ဝင်ဝင်ချင်းပင် သူလိုချင်သောအရာကို မတွေ့ရသောကြောင့် ဒီအိမ်မဟုတ်ဟု အလိုလို ခံစားမိသည်။
ထို့ကြောင့် ပြန်ထွက်ပြီး နောက်တစ်အိမ် ဝင်လိုက်ပြန်သည်။
ထိုအိမ်ထဲမှာ လည်း သူလိုချင်သောအရာ မရှိချေ….။
နောက်ဆုံး တတိယမြောက်အိမ်ကို ဝင်လိုက်သည်။
အိမ်ထဲသို့ ဝင်လိုက်သည့်အခါတွင်
“ဟင်”
သူ အံ့ဩသွားသည်။ ဘိလိယက်ခုံအဟောင်း တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
သူ့လက်ထဲမှာ ရှိနေသော (ကောင်မလေးအခန်းထဲမှ တွေ့ရသော) ဘိလိယက် ဘောလုံးကို တစ်ချက်ကြည့်လိုက်သည်။
ကောင်မလေး ဒီအိမ်ထဲမှာ ရှိပေလိမ့်မည်။
“ဆူဇန်…..ဆူဇန်”
သူ့အော်သံသည် အိမ်ကြီးထဲတွင် ဟိန်းထွက်သွားသည်။
ပြန်ထူးသံမကြားရ….။
ထပ်ခေါ်ကြည့်ပြန်သည်။
ဤအခါတွင် အသံတိုးတိုးလေး ကြားရသည်။
“လင်း…..ဝေ”
ပထမတော့ ထိုအသံသည် ဘယ်ကထွက်လာမှန်း သူမသိချေ….။
အိမ်အကျယ်ကြီးထဲတွင် သူမ၏ အသံသည် တိုးတိတ်လွန်းလှသည်။
“လင်း….ဝေ”
“ဆူဇန်”
ဆူဇန်၏ အသံသည် သူ၏ ခပ်လှမ်းလှမ်းတွင်ရှိသော အခန်းမှ ထွက်လာခြင်းဖြစ်မည်ဟု လင်းဝေ ခန့်မှန်းမိသည်။
ပတ်ဝန်းကျင်ကို သူတစ်ချက် ကြည့်လိုက်သည်။
သံတုတ်တစ်ချောင်းကို တွေ့ရသည်။ ဘိလိယက်ဘောလုံးနှင့် ရေဗူးကို ဘေးနားက ခုံပေါ်တွင်ချလိုက်ပြီး သံတုတ်ကိုကောက်ယူကာ ဆူဇန်ရှိရာဟု ခန့်မှန်းရသော အခန်းနားသို့ တိုးကပ်သွားလိုက်သည်။
“ဆူဇန်”“
လှမ်းခေါ်လိုက်သည်။ ပြန်ထူးသံမကြားရချေ….။
ထို့ကြောင့် တံခါးကို …..
“ဝုန်း”
ကနဲ ဆောင့်ကန်လိုက်ပြီး အထဲသို့ ဝင်လိုက်၏ ။
ဆူဇန်၏ ဘေးတွင် လူတစ်ဦးသည် သူ့ဘက်ကို ကျောပေးထိုင်နေသည်ကို တွေ့ရ သည်။
“ဟေ့လူ…ခင်ဗျား ဘာလုပ်နေတာလဲ”
လင်းဝေက သံတုတ်ကြီးကို ချိန်ထားရင်း လှမ်းမေးလိုက်သည်။
ထိုသူက ဆူဇန်၏ လက်ကောက်ဝတ်ကို ကိုင်ထားသောလက်အား ဖြုတ်လိုက်ရင်း လင်းဝေဘက်သို့ တဖြည်းဖြည်းချင်း လှည့်လိုက်သည်။
“ဟို”
+++++++……….++++++++
လင်းဝေ ထိတ်လန့်သွားသည်။ ထိုလူ၏ မျက်နှာသည် ရုပ်ဆိုးသောကြောင့် ဖြစ်သည်။
“ခင်ဗျား ဘယ်သူလဲ…… ဆူဇန်ကို ဘာဖြစ်လို့ ခေါ်လာတာလဲ”
လင်းဝေသည် ထိုသူ၏ မျက်နှာအား သံတုတ်ဖြင့်ချိန်ထားရင်း မေးလိုက်သည်။
ထိုလူ၏ မျက်နှာမှာ အနည်းငယ် တည်ငြိမ်နေသည်။
“ကျွန်တော် ခင်ဗျားတို့ရဲ့ ရန်သူမဟုတ်ပါဘူး။ ကျွန်တော်က ဆရာဝန်တစ်ယောက်ပါ”
“ဘာ……ဆရာဝန် ဟုတ်လား”
“ဟုတ်……ဟုတ်ပါတယ်”
ထိုလူကလည်း လင်းဝေကို ကြည့်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ဖြေသည်။ လင်းဝေ တစ်ချက်တွေဝေသွားသည်။
ထိုလူ၏ မျက်နှာမှာ ဆရာဝန်ရုပ်နှင့် မတူချေ……။
“ခင်ဗျားက ဘာဖြစ်လို့ ကျုပ်တို့အိမ်ထဲဝင်လာပြီး ဆူဇန်ကို ဒီခေါ်လာရတာ လဲ”
ထိုလူက အနည်းငယ် သက်ပြင်းချလိုက်ပြီး……
“ကျွန်တော်လိုအပ်တဲ့ ပစ္စည်းတစ်ခု လိုက်ရှာရင်း အိမ်ထဲရောက်မိတာပါ။ အဲဒီ မှာ ဒီကောင်မလေး နေမကောင်းဖြစ်နေတာတွေ့လို့ ကုပေးလို့ရအောင်ဆိုပြီး ခေါ်လာတာပါ”
ထိုလူက ဆူဇန့်ဘေးတွင်ရှိသော ဆေးထိုးပိုက်နှင့် ဆေးအချို့ကို လက်ညိုးထိုးပြ သည်။
ဆူဇန့်ကို သူတစ်ချက်ကြည့်လိုက်သည်။ ဆူဇန်မှာ အိပ်ပျော်နေပုံရသည်။
“ဒါဆို……ခင်ဗျားက တစ်ကယ့်ဆရာဝန်ပေါ့”
“ဟုတ်ပါတယ်”
သူ့မျက်နှာကို ချိန်ထားသော သံတုတ်ကို ချလိုက်ပြီး ဆူဇန့်ဘေးနားတွင် ဝင်ထိုင်လိုက် သည်။
ဆူဇန်မှာ အိပ်မောကျနေဆဲ ဖြစ်သည်။ ခုနက သူ့နာမည်ခေါ်တာကလည်း ကယောင် ကတမ်း ပြောခြင်း ဖြစ်ပုံရသည်။
လင်းဝေက ဆရာဝန်ဆိုသည့်လူကို တစ်ချက်ကြည့်လိုက်သည်။
ဆူဇန့်ဘေးနားတွင်ချထားသော ဆေးပုလင်းများ အား သိမ်းနေသည်ကို တွေ့ရသည်။
သူ သက်ပြင်းချလိုက်သည်။
ဘာမှန်းမသိသော ဒီမြို့လေးတွင် ဆရာဝန်တစ်ယောက်ကို ထပ်တွေ့ရပြန်ပြီ……။
ဒီဆရာဝန်ကတော့ ဒီမြို့လေးကို သိနိုင်လောက်ရဲ့ ဟု ထင်မိသည်။
ထို့နောက် ခုံပေါ်တင်ထားခဲ့သော သူ့ရေဗူးကို သတိရလိုက်ပြီး အခန်းအပြင်ထွက်ယူ ကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။
“နာမည် ဘယ်လိုခေါ်လဲ ဒေါက်တာ”
ဆေးပုလင်းတွေ သိမ်းနေရင်းမှ ဆရာဝန်က လှည့်ကြည့်သည်။
ဒီအခန်းသည် သူနေသားကျနေသောအခန်း ဖြစ်ပုံရသည်။ ဆေးပုလင်းများ ၊ စာအုပ်များ နှင့် ဆရာဝန်ပစ္စည်းအချို့ ရှိနေသောကြောင့် ဖြစ်သည်။
“ကွန်းထင် လို့ခေါ်ပါတယ်”
ဘီဒိုထဲသို့ ဆေးပုလင်းများ စီပြီး ထည့်လိုက်သည်။
သူက ဆူဇန့်ဘေးတွင် ဝင်ထိုက်လိုက်ပြီး ဘေးနားတွင်ချထားသော ရေဗူးကို ကောက်ကိုင်လိုက်သည်။
“ဒေါက်တာက ဒီမြို့ကပဲလား”
“မဟုတ်ပါဘူး”
ဆေးများ ထည့်နေသော ဒေါက်တာကို ကြည့်ရင်းနဲ့ လက်ထဲက ရေဗူးကို ဖွင့်လိုက် သည်။
“ဟင်……ဒါဆို ဒီမြို့ကို့ ဘာလာလုပ်တာလဲ”
ရေဗူးထဲက ရေကို သောက်ရန်အတွက် ရေဗူးကို ပါးစပ်သို့ တေ့လိုက်သည်။
“မသောက်နဲ့”
အသံနှင့်အတူ ဆရာဝန်၏ ခြေထောက်သည် သူ့နှုတ်ခမ်းနားတွင်ရောက်နေသော ရေဗူးကို လှမ်းကန်လိုက်သည်။
ရေဗူးသည် အဝေးသို့ လွင့်ထွက်သွား၏ ။
လင်းဝေ ကြောင်ပြီး ကြည့်နေသည်။
ဆရာဝန်ကလည်း လွင့်ထွက်သွားသော ရေဗူးကို စိုက်ကြည့်နေ၏ ။
လင်းဝေကလည်း ဆရာဝန်ကြည့်ရာနေရာသို့ ကြည့်လိုက်သည်။
ဆရာဝန်က သူ့ကို လှမ်းကြည့်နေသည်။ သူကလည်း မတ်တပ်ရပ်ပြီး ထိတ်လန့်နေ သော ဆရာဝန်ပုံစံကိုကြည့်ပြီး အံ့ဩနေမိသည်။
အချိန်အတော်ကြာသည်အထိ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြ ချေ……။
“ဘာ……ဘာဖြစ်လို့လဲ ဒေါက်တာ”
ဆရာဝန်ပုံစံကိုကြည့်ပြီး လင်းဝေလည်း တုန်လှုပ်နေပြီဖြစ်သည်။
လဲကျသွားသော ရေဗူးကိုကြည့်လိုက်၊ ဆရာဝန်မျက်နှာကိုကြည့်လိုက်နှင့် နားမလည် နိုင်အောင် ဖြစ်နေသည်။
“ခင်ဗျား……သူ့ကို ဒီဗူးထဲကရေတွေ တိုက်ထားသေးလား”
ဆရာဝန်က ဆူဇန်ကို လက်ညိုးထိုးပြီး မေးသည်။
“ဟင့်အင်း……အခုမှ ကျွန်တော်ယူလာတာ”
“ခင်ဗျားရော သောက်မိသေးလား”
“ဒီဗူးထဲက ရေတွေတော့ မသောက်မိဘူး……။ ဟိုအိမ်ထဲက တွေ့တဲ့ရေဗူးထဲက ရေတွေတော့ သောက်မိတယ်”
ဆရာဝန်က လင်းဝေစကားကို နားထောင်နေသည်။
“ရေတွေက ဒီနားရေတွင်းလေးထဲက ရေတွေလား”
သူ ခေါင်းညိတ်ပြလိုက်သည်။
ဆရာဝန်က ဆေးဘီဒိုကို မှီချရင်း ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်သည်။
ဆရာဝန်၏ မျက်နှာတွင် ထိတ်လန့်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ဖြင့် ရောထွေး နေပုံရသည်။
လင်းဝေလည်း ဘာမှနားမလည်နိုင်တော့ဘဲ ဆရာဝန်အား ကြည့်လိုက်ပြီး……
“ဒီမြို့လေးက ဘာတွေဖြစ်နေတာလဲ ဒေါက်တာ၊ သိရင် ကျွန်တော့်ကို ပြောပြပါလား။”
ဆရာဝန်က သူ့ကို တစ်ချက်ကြည့်သည်။
“မင်းက ဒီမြို့က မဟုတ်ဘူးလား”
“အဲဒါလည်း ကျွန်တော်မသိဘူး ဒေါက်တာ”
လင်းဝေက သူသတိရလာပုံ၊ ကောင်မလေးနှင့်တွေ့ပုံ၊ ကောင်မလေးက သူ့အား “လင်းဝေ” လို့ နာမည်ပေးထားပုံများ အား ပြောပြလိုက်သည်။
ဆရာဝန်က သက်ပြင်း အရင်ချသည်။
“ကျွန်တော်က ဒီမြို့ကို သုတေသနကိစ္စတစ်ခုနဲ့ ရောက်လာတာပါ”
သူ ငြိမ်ပြီး နားထောင်နေလိုက်သည်။
ထိုစဉ်……
“အား”
“အား”
“အား”
သူကြားနေကျ အော်သံများ ကို ကြားလိုက်ရသည်။ ဒီတစ်ခါ ကြားရသောအသံမှာ အရင်ကလို တစ်ခါတည်းမဟုတ်။ သုံးလေးခါလောက် ထပ်ကြားလိုက်ရသည်။
ထိုအသံကို ကြားလိုက်ရသောအခါတွင် ဆရာဝန်သည် သူ့ရှေ့မှ ပြေးထွက်သွားပြီး တံခါးမကြီးက သေချာစွာ ပိတ်လိုက်ပြီး ကုလားထိုင်ကြီးတစ်ခုအားလည်း တံခါးဝတွင် ပိတ်ဆို့ လိုက်သည်။
လင်းဝေမှာ ဆရာဝန်၏ အပြုအမူကို နားမလည်နိုင်ဘဲ ရှိနေသည်။
ခုနက အော်သံသည် ဒီအိမ်ထဲက ထွက်လာသည်ဟု ထင်မိခဲ့သည်။ သို့ သော် ယခု တော့ ထိုသို့ မဟုတ်……။ ဒီအိမ်နှင့် ခပ်လှမ်းလှမ်းမှ ကြားရသော အသံဖြစ်နေသည်။
ဆရာဝန်သည် တံခါးအား ခုံနှင့် ထပ်ပိတ်လိုက်ပြီးနောက် လင်းဝေရှိရာသို့ ပြန် လျှောက်လာသည်။
သူ၏ မျက်နှာသည် လွန်စွာ ထိတ်လန့်နေပုံပေါက်သည်။
“အဲ့ဒါ ……ဘာအော်သံကြီးလဲ ဒေါက်တာ”
ဆရာဝန်က အသက်ကို ပုံမှန်ရှူရင်း သူ့ဘေးနားမှာ ဝင်ထိုင်ကာ……
“ကျွန်တော် ဒီမြို့မှာ ဘာသုတေသန လာလုပ်ရတာ လဲ သိလား”
ဟု ပြန်မေး၏ ။
“ဟင့်အင်း……မသိဘူး”
“ဒီမြို့လေးမှာ ဖြစ်ပွားတဲ့ အရမ်းလည်း ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုကို လာပြီး သုတေသန ပြုရတာ ပါ”
“ဗျာ”
“လွန်ခဲ့တဲ့ တစ်လလောက်က ဒီမြို့ခံတစ်ဦးရဲ့ ကိုယ်ပေါ်မှာ အနီစက်တွေ ထွက်လာခဲ့တယ်”
“အင်း”
“တစ်ရက်၊ နှစ်ရက်ကြတော့ သူ့ရဲ့ မျက်လုံးတွေဟာ နီရဲတွတ်လာပြီး နာကျင်လို့ ခဏခဏအော်ပြီး လူတွေကိုလည်း ရန်ရှာလာလေ့ရှိတယ်”
“…………”
“ပထမတော့ သိပ်သတိမထားမိဘူး၊ နောက်မှ အဲဒီ လူကနေတစ်ဆင့် တစ်ဆင့်ကူး လာတော့မှ အားလုံးသတိထားမိတယ်”
သူ သက်ပြင်းချလိုက်သည်။
ဘေးနားမှာ အိပ်ပျော်နေသော ဆူဇန်ကိုလည်း တစ်ချက်ကြည့်လိုက်သည်။
ဆရာဝန်က သူ့စကားကို ဆက်ပြော၏ ။
“ထူးခြားတာက အဲဒီ ရောဂါရှိတဲ့လူတွေက ရေအရမ်းဆာတာပဲ။ လူတွေ့ရင်လည်း ရေပဲတောင်းသောက်တယ်”
“အဲဒီ ရောဂါက ဘယ်လိုကူးစက်တာလဲ”
“ရောဂါရှင်နဲ့ ထိတွေ့ရင်သော်လည်းကောင်း၊ ဒါမှမဟုတ် သူနဲ့ သုံးပေပတ်လည် လောက်မှာ နေရင်သော်လည်းကောင်း ရောဂါကူးခံရတယ်။ ပြီးတော့”
“ဟုတ်ကဲ့”
“ရောဂါပိုးပါဝင်တဲ့ရေကို သောက်မိရင်လည်း ဖြစ်တယ်”
အခန်းထောင့်တွင် လဲကျနေသော ရေဗူးကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဆရာဝန်က……
“ဒီရောဂါရဲ့ အဓိကလာရာလမ်းကြောင်းက ရေပဲကွ”
“ရေတွင်းထဲက ရေကို ပြောတာလား”
“ဟုတ်တယ်”
“ဘယ်လိုစဖြစ်တာလဲဗျ”
“ဒီမြို့လေးက သတ္တုလုပ်ငန်းတွေ၊ အခြားဓာတုဗေဒပစ္စည်း လုပ်ငန်းတွေ အလုပ်များ တဲ့ မြို့ဆိုတော့ Chemical ပစ္စည်းတွေ သုံးတဲ့မြို့ ဖြစ်နေတယ်။ ဒီတော့ ရေတွေထဲမှာ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ စဝင်လာတယ်လို့တော့ ယူဆရတာ ပဲ”
“ဒီရောဂါကို ပျောက်တဲ့ဆေး မရှိသေးဘူးလား”
“ဟင့်အင်း မရှိသေးဘူး။ ဒါပေမယ့်”
ဆရာဝန်က စကားကို ခဏရပ်ထားသောကြောင့်……
“ဘာဖြစ်လဲ ဒေါက်တာ”
“ရောဂါရှိတဲ့လူဟာ သုံးရက်အတွင်း ရောဂါလက္ခဏာပြတယ်။ သုံးရက်မှာ ရောဂါ စဖြစ်တယ် ဆိုပါတော့”
“အင်း”
“ဒါပေမယ့် ရောဂါရှိတဲ့လူနဲ့ ထိတွေ့ခဲ့ရပြီလို့ သံသယရှိတဲ့လူကို သုံးရက်အတွင်း မဟုတ်ဘဲ တစ်ပတ်တိတိ ရောဂါမဖြစ်သေးဘဲ ခံနိုင်ရည်ရှိတဲ့ ဆေးပဲ ရရှိသေးတယ်”
“ဘယ်လို ကျွန်တော်နားမလည်ဘူး ဒေါက်တာ”
“သုံးရက်အတွင်း ရောဂါမဖြစ်ဘဲ တစ်ပတ်နေမှ ရောဂါဖြစ်အောင် ခဏဆိုင်းထားတဲ့ ဆေးလို့ ပြောရမှာ ပဲ။ ဒါပေမယ့် အဲဒီ ခုနှစ်ရက်ပြည့်ရင် ဆေးက အာနိသင် မရှိတော့ဘူး”
“ဟူး မလွယ်ပါလား”
တကယ်လည်း သူစိတ်ဓာတ်ကျသွားသည်။
“ဒါကြောင့် ဒီမြို့ကလူတွေက ရောဂါဖြစ်တဲ့လူတွေကို ထားခဲ့ပြီး ဒီမြို့လေးကို စွန့်ပစ် သွားတာပေါ့”
“ဒေါက်တာကရော ဘာဖြစ်လို့ နေခဲ့တာလဲ”
ဆရာဝန်က သူ့ကို တစ်ချက်ကြည့်သည်။
“ဒီမြို့ကို ကျွန်တော်ရယ်၊ အခြား ဆရာဝန်နှစ်ယောက်ရယ်ဟာ ဒီရောဂါရဲ့ ဆေးကို သုတေသနပြုဖို့ ရောက်လာခဲ့တယ်။ ဒါပေမယ့် ဆေးကို မဖော်နိုင်ခင် ရောဂါက ပိုဆိုးလာတဲ့ အတွက် ကျွန်တော့်အဖော်ဆရာဝန်နှစ်ယောက်ဟာ ဒီမြို့ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက် တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီမှာ ပဲနေမယ်လို့ ပြန်ပြောလိုက်တယ်။ သူတို့က အတင်း ခေါ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ဒီရောဂါကို အထူးစိတ်ဝင်စားနေတော့ နေခဲ့လိုက် တယ်”
ဒီမြို့လေးအကြောင်း သူသိသွားပြီ ဖြစ်သည်။
သို့ သော် သူ ဘယ်သူလဲဆိုတာ သူမသိသေး……။
ဒီမြို့လေးထဲမှာ လည်း သူမနေချင်တော့……။ ထို့ကြောင့်……
“ဒီမြို့လေးနဲ့ အနီးဆုံးမြို့က ဘယ်မြို့လဲဗျ”
“တော်တော်လေး ဝေးပါတယ်။ ကားနဲသွားတာတောင် တော်တော်လေး မောင်းရပါ တယ်။”
“ကျွန်တော် သွားချင်တယ်”
“မဖြစ်နိုင်ဘူး ထင်တယ်”
“ဘာဖြစ်လို့လဲ”
ဆရာဝန်က မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ဘီဒိုဆီသို့ လျှောက်သွားလိုက်ပြီး စာရွက်နှင့် ဘောလ်ပင်တစ်ချောင်း ယူလာ၏ ။
“တစ်အချက်အနေနဲ့ ပြောရရင် ကျွန်တော်တို့အခုရောက်နေတာ မြို့လယ်ကောင်ဗျ”
“အင်း”
“ပြီးတော့ ရောဂါဖြစ်တဲ့လူတွေက ကျွန်တော်တို့ပတ်ပတ်လည်မှာ ဘယ်နှစ်ယောက် တောင် ရှိမှန်း မသိဘူး”
“…………”
ကျွန်တော်တို့ အခုရောက်နေတဲ့ အိမ်ပတ်လည်နားမှာ ပဲ ရောဂါသည်မရှိတာ။ ဒါတောင် သိပ်မသေချာဘူး။ ရောက်ချင်လည်း ရောက်လာနိုင်တယ်။
ဟုဆိုပြီး စက္ကူပေါ်တွင် တစ်စုံတစ်ခု ရေးဆွဲလိုက်ပြီး သူ့အား လှမ်းပြသည်။
“အခု ကျွန်တော်တို့က ဒီပုံထဲကအတိုင်း ဖြစ်နေပြီ”
“ဒါဆို ကျွန်တော်တို့က ဒီအတိုင်း ထိုင်နေရတော့မှာ လား”
သူ့စကားကြောင့် ဆရာဝန်က ခေါင်းခါပြသည်။
“မင်းက ဒီမြို့ကနေ ထွက်ခွာချင်ရင်တော့ ကြိုးစားရမှာ ပဲ။ ရောဂါရတဲ့ လူတွေအားလုံး ဟာ နေ့ရောညပါ မအိပ်ကြတဲ့အတွက် နေ့ရောညပါ အန္တရယ်ရှိနိုင်တယ်”
လင်းဝေ တစ်စုံတစ်ခုကို သတိရသွားပြီး……
“သူတို့က လူလိုအသိစိတ်ကော ရှိကြရဲ့ လား”
ဆရာဝန်က ခေါင်းခါပြပြန်သည်။
ထိုစဉ် သူတို့ဘေးနားတွင် အိပ်နေသော ဆူဇန်၏ လူးလွန့်သံကို ကြားလိုက်ရသည်။
သို့ သော် ပြန်လည်အိပ်ပျော်သွား၏ ။
“ကိုယ် ဒီကောင်မလေးကို သိပ်မသင်္ကာဘူး”
ဆရာဝန်စကားကြောင့် သူထိတ်လန့်သွားပြီး……
“ဗျာ……ဘာဖြစ်လို့လဲ”
“သူ့ကို စတွေ့တုန်းက သတိလစ်နေတဲ့အတွက် ဒီကိုခေါ်လာတာပါ။ ဒီကိုရောက်လာမှ ရောဂါရှိလိမ့်မယ်လို့ သံသယရှိလာတယ်”
“ဟင်……ဒါဆို ဘယ်လိုလုပ်မလဲ ဒေါက်တာ”
“မသေတော့ မသေချာသေးပါဘူး”
“ဟို……ဒေါက်တာပြောတဲ့ ဆေးထိုးပေးထားရင်ရော”
သူ့စကားကြောင့် ဒေါက်တာ၏ မျက်နှာမှာ စိတ်ပျက်သွားပုံရသည်။
“ကိုယ်က ဒီအိမ်ကို တနေ့ကမှ ပြောင်းလာတာ။ အရင်နေတဲ့ နေရာနားမှာ ရောဂါ သည်တွေရောက်လာလို့ မနည်းပြေးခဲ့ရတာ ။ ဒီတော့ အဲဒီ့ အိမ်မှာ ဆေးတစ်ချို့ ကျန်ခဲ့တယ်”
ဆရာဝန်စကားကြောင့် သူလည်း စိတ်ပျက်သွားသည်။
ဒီကောင်မလေး ရောဂါကူးစက်ခံရပြီဆိုပါက သူတို့ရော…… ဆက်မတွေးချင်တော့…။
“တစ်ခုမေးချင်တယ် ဒေါက်တာ”
“မေးလေ”
“ဒီမြို့ကို လူတွေစွန့်ပစ်သွားတာ ဘယ်နှစ်ရက်ရှိပြီလဲ”
“တစ်ပတ်လောက်ပဲ ရှိသေးတယ်”
“ဟင်……တစ်ချို့အိမ်တွေက နှစ်ပေါင်းများ စွာ စွန့်ပစ်ထားတဲ့အတိုင်းပဲ၊ ဖုန်တွေ တောင် တက်နေတယ်”
“ဒါက ဒီလိုပါ။ ဒီမြို့ကလူတွေက ဒီကနေမစွန့်ခွာမီ သူတို့ရဲ့ သတ္တုတွင်းတွေကို မိုင်းတွေနဲ့ ခွဲခဲ့ကြတယ်။ ဒီတော့ ဖုန်တွေက မြို့ထဲကို လှိမ့်ဝင်လာတော့တာပေါ့”
“ဩော်”
ခဏ တိတ်ဆိတ်သွားပြန်သည်။
ထိုအချိန်လေးမှာ ပဲ အပြင်က အော်သံများ ကိုလည်း ဆက်ကာဆက်ကာ ကြားနေရ သည်။
အသံများ မှာ သူတို့ခပ်ဝေးဝေးမှ လာနေခြင်းဖြစ်သည်။
“ဒေါက်တာ ဒီမှာ ဘယ်လိုနေထိုင်စားသောက်နေသလဲ”
ဒါက သူအရမ်းကိုသိချင်နေသော အချက်ဖြစ်သည်။ သူတောင် တစ်နေ့တာအစား အသောက်အတွက် တော်တော်လေး အခက်အခဲ တွေ့ရသေးသည်။
“ကိုယ်လည်း ဒီမြို့ကို တစ်လပဲနေမှာ ပါ။ တစ်လကြာလို့မှ ဆေးအတွက် တစ်စုံတစ်ရာ အကြောင်းအရာ မရခဲ့ရင် ဒီမြို့ကို စွန့်ခွာဖို့ နဂိုကတည်းက ဆုံးဖြတ်ထားပါတယ်”
“ဟုတ်ကဲ့”
“အဲဒီ တော့……ကိုယ့်ဆီမှာ တစ်လစာအတွက် ရိက္ခာကို မြို့သူမြို့သားတွေဆီက ယူထားပါတယ်”
ဟုဆိုပြီး အနီးအနားရှိ အိတ်ထဲမှ ရိက္ခာများ ကို ပြသည်။
“ရေကရော ဒေါက်တာ”
“ရောဂါပိုးကင်းရှင်းတဲ့ရေကတော့ ဒီမှာ အရှားပါးဆုံးပဲ။ ကိုယ်တို့အဖွဲ့ ဒီကိုလာတော့ ရေသန့်တွေ တော်တော်များများ သယ်လာခဲ့ကြတယ်။ အခု အဲဒါကို ချွေတာသုံးနေတာပေါ့”
“ဒီမှာ ရှိတဲ့ရေကို ကျိုပြီး သောက်ရင်ရော မရဘူးလား”
“ရပါတယ်။ ဒါပေမယ့် မသေချာပါဘူး”
သူ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြန်သည်။
ဒီအချိန်ထိ သူ့ခေါင်းထဲမှာ အဖြေတစ်ခုမှမရသေး……။ ဒီမြို့ကထွက်ခွာဖို့နှင့် သူဘယ် သူလဲ ဆိုတာကိုပေါ့……။
“ဒေါက်တာက ကျွန်တော့်ကိုတွေ့တော့ ရောဂါသည်မဟုတ်မှန်း တန်းသိတယ်နော်”
“သိတာပေါ့။ မင်းပုံစံက ရောဂါသည်တွေရဲ့ လက္ခဏာပုံစံမှ မဟုတ်တာ”
ထိုစဉ် ဆူဇန်မှနိုးလာပြီး “ရေ……ရေ” ဟု တောင်းသောက်သည်။ ဆရာဝန်က သူရေ ထားရနေရာမှ ရေတစ်ဗူးအားယူပြီး အနည်းငယ်တိုက်လိုက်သည်။
“သူက ရေပဲတောင်းသောက်နေတော့ ဟိုရောဂါများ ဖြစ်နေမလား မသိဘူး”
သူက စိုးရိမ်တကြီးနှင့် ဝင်ပြောသည်။
“မပြောတတ်သေးဘူး။ နောက်ထပ် တစ်ရက် နှစ်ရက်နေလို့မှ အဖုလေးတွေ တွေ့ရင် တော့ သူ့ကို ထားခဲ့ရတော့မှာ ပဲ”
ဤတွင် လင်းဝေမှာ တစ်စုံတစ်ခု သတိရသွားပြီး……
“ဒေါက်တာ”
“ပြောလေ”
“သူ့ကို ဟိုဆေးထိုးပေးထားရင် မကောင်းဘူးလား”
“အခု ဒီမှာ မှ မရှိတာ”
“ဒေါက်တာ အရင်နေခဲ့တဲ့ အိမ်မှာ ရှိတယ်ဆို”
“အင်း……ဒါပေမယ့်”
“ကျွန်တော်သွားယူပေးမယ်လေ ဒေါက်တာ”
ဆရာဝန်က သူ့ကို တအံ့တဩ ကြည့်နေပြီး……
“မလွယ်ဘူးနော်။ ရောဂါသည်က ခင်ဗျားရဲ့ နားကို သုံးပေပတ်လည်အတွင်း ရောက် လာရင် ရောဂါကူးပြီနော်” ဟု သတိပေးသည်။
“ဒါနဲ့ ဆေးအခြေအနေကရော ဆရာ”
“နီးစပ်နေပါပြီ။ ဒါပေမယ့် ကွင်းဆက်လေးတစ်ခု ပျက်နေတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ သုတေသနသုံး ပစ္စည်းလေးတစ်ခုက ပျောက်နေတယ်”
“ဒါမှာ လား ဒေါက်တာ”
“ဒီမှာ ဆိုရင်တော့ ပြန်တွေ့မှာ ပါ။ ကိုယ့်အထင် အရင်နေရာမှာ ကျန်ခဲ့မယ်ထင်တယ်”
“ဒါဆို ကျွန်တော့်ကို ပြောပြလိုက်ပါဆရာ။ ကျွန်တော် ယူလာခဲ့ပါ့မယ်”
“အား……မ သွားပါနဲ့”
လင်းဝေက ဆရာဝန်ကို အတင်းတောင်းဆိုတော့သည်။
ကောင်မလေးကို လင်းဝေက တစ်ချက်ကြည့်လိုက်သည်။ ဖြူဝင်းသော အသားအရည် နှင့် သွယ်တန်းနေသော နှာတံလေးများ ……။
ထိုကောင်မလေး ရောဂါဖြစ်ရင်ဆိုသော အတွေးက သူ့ခေါင်းထဲ ဝင်ဝင်လာနေသည်။ ပြီးတော့ ဆရာဝန်ရဲ့ လိုအပ်တဲ့ပစ္စည်း……။
နောက်ဆုံးတွင်……
လင်းဝေ၏ တောင်းဆိုချက်ကြောင့် ဆရာဝန် လက်လျော့လိုက်သည်။
သူလိုချင်သော ဆေးပုံစံ၊ ပစ္စည်းပုံစံနှင့် သူအရင်က နေခဲ့သောနေရာကို မြေပုံဆွဲပြ လိုက်၏ ။
“အကယ်၍ လူတစ်ယောက်ကို ဖျတ်ခနဲ တွေ့တာနဲ့ မင်းပြေးပေတော့”
“ဟုတ်ကဲ့”
“ပြီးတော့ အခုသွားမယ့်အိမ်မှာ ထင်းပုံကြီးတစ်ပုံရှိတယ်။ ဒါဟာ အဲဒီ အိမ်ကို မှတ်မိ စေမယ့် အမှတ်အသားပဲ”
ဆရာဝန်က လင်းဝေကို အသေအချာ မှာ နေသည်။
လင်းဝေက ဆရာဝန်ဆီမှ ရေကို တစ်ငုံသောက်လိုက်သည်။ သိပ်များများ လည်း မသောက်ရဲချေ……။ ရေမှာ သိပ်မကျန်တော့သောကြောင့် ဖြစ်သည်။
ဤသို့ ဖြင့် ဆရာဝန်သည် တံခါးမကြီးကို ဖွင့်လိုက်လေသည်။
အိမ်အပြင်သို့ ရောက်သောအခါ စိတ်တွေ လှုပ်ရှားလာသည်။ သူ့အနောက်မှ တံခါးပိတ် သံကို သူကြားလိုက်ရသည်။
ဆရာဝန်မှ ညွှန်ပြသည့်အတိုင်းဆိုလျှင် သူရှေ့မှာ တွေ့နေရသော လမ်းတည့်တည့်မှ လျှောက်သွားရမည်။
အိမ်ရှစ်အိမ်ကျော်ပြီးသောအခါတွင် လမ်းချိုးတစ်ခု ထပ်တွေ့သည်။ ဆရာဝန်ကတော့ အဲဒီ နေရာရောက်လျှင် သူပြောတဲ့အိမ်ကို လှမ်းမြင်နေရပြီဟု ပြောသည်။
သူ့ခြေလှမ်းများ ခပ်သွက်သွက် လှမ်းလိုက်သည်။
ဘေးပတ်ဝန်းကျင်ကိုလည်း သတိထားကြည့်နေရသည်။
မြို့လေးသည် စိတ်ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
အော်သံများ လည်း ထပ်မကြားရတော့……။ တစ်ချက်နှစ်ချက်သာ အဝေးက အော်သံ သဲ့သဲ့လေး ကြားရသည်။
လျှောက်ရင်း လျှောက်ရင်းနှင့်ပင် သူတို့နေသောအိမ်နှင့် အတော်ဝေးလာခဲ့ပြီဖြစ် သည်။
လူရိပ်တစ်ခု တွေ့လိုက်ရသည်။
သူလန့်သွားပြီး နီးစပ်ရာ အိပ်နားသို့ ပြေးကပ်လိုက်သည်။ သူ့အသက်ရှူသံတွေ မြန် လာသည်။
ထိုလူရိပ်က သူ့အနားကို လာနေပြီလား……။
သူ ချောင်းကြည့်လိုက်သည်။
“ဟာ”
သူမြင်လိုက်သောသူမှာ တစ်ယောက်တည်းမဟုတ်……။ သုံးယောက်တိတိ ဖြစ်သည်။
အားလုံး၏ မျက်လုံးများ သည် နီရဲပြီး ကြောင်တောင်တောင်ပုံစံတွေ ဖြစ်သည်။
ထိုလူသုံးယောက်သည် သူရှိရာနေရာသို့ တဖြည်းဖြည်းချင်း လာနေသည်။ သူ ဘာလုပ်ရမလဲ……။
နောက်ပြန်လှည့်ရင် သူ့ကို ထိုသုံးယောက် မြင်သွားနိုင်သည်။ ယခုအခါတွင် သူ့ကို မမြင်သေးဟု ယူဆလို့ ရနေသေးသည်။
လမ်းကလည်း ထိုလမ်းမှတစ်ပါး အခြားလမ်း မရှိချေ……။
သူနှင့် အတော်ကြီး နီးလာပြီ ဖြစ်သည်။
“သုံးပေပတ်လည်၊ သုံးပေပတ်လည်”
သူ့နှုတ်မှ အဆက်မပြတ် ရေရွတ်နေမိသည်။
သူ့မျက်နှာချင်းဆိုင်ကိုလည်း တစ်ချက်ကြည့်လိုက်သည်။
လူအရိပ်အယောင် မတွေ့ရ……။
ဘာလုပ်ရမလဲ……။
ထိုလူသုံးယောက်မှာ လည်း သူနှင့် အတော်ကြီးနီးလာပြီ ဖြစ်သောကြောင့် သူကွယ်နေ သော အိမ်တံခါးကို ဖွင့်ပြီး အထဲသို့ လှမ်းဝင်လိုက်သည်။
တိုလီမိုလီ ပစ္စည်းရောင်းတဲ့ဆိုင် ဖြစ်ပုံရသည်။ ယမ်းများ နှင့် လုပ်ငန်းသုံးပစ္စည်းများ ကို လည်း တွေ့ရသည်။
Chemical ပစ္စည်းများ ကိုလည်း တွေ့ရ၏ ။
သို့ သော် ပြတင်းပေါက်မှတစ်ဆင့် ခုနက လူသုံးယောက်ကိုလည်း ချောင်းကြည့်ရပြန် သည်။
ထိုလူသုံးယောက်ကို မတွေ့ရတော့ချေ……။ ဘယ်ရောက်သွားလဲ မသိတော့…….။
သူ့မှာ ဆရာဝန်ဆေးထားရာအိမ်သို့ သွားရန်ရှိသေးသည်။
ဆရာဝန်ညွှန်လိုက်သည့်အတိုင်းဆိုရင်တော့ ယခုရောက်နေသောအိမ်နှင့် နီးနေပြီ ဖြစ်သည်။
ဒီအိမ်ထဲက ဘယ်လိုပြန်ထွက်ရမလဲ……။ ပြန်ထွက်လို့ အပြင်မှာ သူတို့ရှိနေရင် ဘယ်လိုလုပ်မလဲ……။
ဟိုလျှောက် ဒီလျှောက်နှင့် စဉ်းစားနေမိသည်။ ပစ္စည်းများ နှင့် ပြည့်နေသောကြောင့် ဟိုတိုက်ဒီတိုက်နှင့် ဖြစ်နေသည်။ ယမ်းထည့်ထားသောဗူး ပြုတ်ကျတာကို တွေ့လိုက်သည်။ ကောက်ကိုင်လိုက်မိ၏ ။
အိမ်၏ နောက်ဖက်သို့ လှမ်းကြည့်လိုက်သည်။ နောက်ဖေးပေါက်တစ်ပေါက် ရှိနေတာ ကို တွေ့ရသည်။
ထိုစဉ်……
“ဒုန်း……ဒုန်း” တံခါးထုသံများ ကြားလိုက်ရသည်။
လင်းဝေသည် အိမ်နောက်ဘက်သို့ တဟုတ်ထိုး ပြေးဝင်သွားလိုက်သည်။ ပြတင်း ပေါက်တစ်ခုကို တွေ့လိုက်ရသည်။
ဤတွင် တစ်ခုတွေးမိသည်။ ဒီပြတင်းပေါက်က ခုန်ဆင်းလိုက်လို့ အိမ်နောက်ဘက်မှာ သူတို့ရောက်နေရင်ရောဆိုသည့် အတွေးဖြစ်သည်။
အိမ်ရှေ့မှ တံခါးပြိုလဲသံ ကြားလိုက်ရသည်။
ထို့ကြောင့် စဉ်းစားချိန်မရတော့ဘဲ ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်သည်။
“ဘုတ်”
လဲကျရာမှ အလူးအလဲထကာ ပတ်ဝန်းကျင်သို့ ခပ်မြန်မြန် ကြည့်လိုက်သည်။
သူနှင့် ခပ်လှမ်းလှမ်းနေရာတွင် လူတစ်ယောက်ကို တွေ့ရသည်။ ထိုလူက သူ့ကို မမြင်ဘဲ ကျောပေးလျက် အနေအထားနှင့် ဖြစ်သည်။
သူ့ရှေ့တွင် လမ်းချိုးတစ်ခု တွေ့ရသည်။
ထိုလမ်းချိုးထဲသို့ ဝင်ပြီး အိမ်တစ်အိမ်အား ပြေးကပ်လိုက်သည်။
ဘာလုပ်ရမလဲ……။
သူသွားရမည့် အိမ်မှာ လည်း သိပ်မဝေးတော့……။
ပြေးရင်ကောင်းမလား…….။
သူ ဝရုန်းသုန်းကားပြေးသောကြောင့် အားလုံး တွေ့သွားနိုင်သည်။ ဤတွင် မထင်မှတ် သော အဖြစ်အပျက်တစ်ခုကို လှမ်းတွေ့လိုက်ရသည်။
သူ ကျောပေးရပ်နေသော အိမ်နှင့် ခပ်လှမ်းလှမ်း အိမ်ရှေ့တွင် လူတစ်စုသည် တစ်စုံတစ်ခုကို စိတ်ဝင်စားစွာ ဖြင့် ကြည့်နေကြသည်။
စုစုပေါင်း လူလေးယောက်ဖြစ်သည်။ မြေပြင်ပေါ်က တစ်ခုကို ထိုင်လျက်အနေအထား ဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။
လင်းဝေ အံ့ဩသွားသည်။ သူတို့၏ စကားပြောသံသည် သာမန် လူတစ်ဦးပြောပုံနှင့် မတူချေ……။
အသံဩဩဖြစ်နေ၏ ။
ထိုအချိန်ထိ ထိုလူစုမှာ သူ့ကို သတိမထားမိသေးချေ……။
လင်းဝေလည်း သူတို့ ကြည့်နေသော အရာကို စိတ်ဝင်စားလာသည်။
သူတို့ထဲမှ တစ်ယောက်က ထိုအရာကို ကောက်ကိုင်လိုက်သည်။
စာရွက်တစ်ရွက် ဖြစ်နေသည်ကို တွေ့ရသည်။
သူတို့တွေက စာရွက်ကို မသိကြတော့ဘူးလားဟု လင်းဝေတွေးမိသည်။
“ဟာ”
ထိုအထဲမှ တစ်ယောက်က……
“ဒီ…မြို့…ထဲမှာ … ငါတို့မသိသေးတဲ့လူတွေ…ရှိ…သေး…တယ်ထင်တယ်”
ထိုစာရွက်မှာ သူတို့နှင့် မသိသေးသော မရင်းနှီးသေးသော လူတစ်ယောက်၏ ပစ္စည်း ဟု ထင်သွားကြပုံ ရသည်။
ပစ္စည်းတွေ ပြောင်းရွှေ့ရင်းနှင့် ဆရာဝန်ကျကျန်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
“သူ…စိမ်း…တွေ…ရှိသေးတယ်”
တစ်ယောက်ပြီးတစ်ယောက် ရေရွတ်ကြသည်။
ထိုစကားသံသည် ကျယ်သည်ထက်ကျယ်လာသည်။ ထို့နောက် တစ်ယောက်က “အား” ဟု အော်လိုက်ပြီး ရုတ်တရက်ဆိုသလိုပင် သူရှိရာသို့ လှမ်းကြည့်လိုက်သည်။
“ဟင်”
ထိုလေးယောက်မှာ သူ့ကို မြင်သွားပြီ ဖြစ်သည်။
“အား”
အသံကုန်ခြစ်ပြီး အော်ဟစ်လိုက်သည်။ သူ့အော်သံကြောင့် သူ့ထံလာတော့မည့် ထို လေးယောက်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
တွေဝေသွားပုံရသည်။
ထို့နောက် လင်းဝေသည် သူတို့လျှောက်သည့် ပုံစံအတိုင်း လျှောက်ကာ သူရပ်နေ သော အိမ်၏ ဘေးနား လမ်းကြားလေးထဲသို့ ဝင်လိုက်သည်။
ထိုလေးယောက်အား မမြင်ရသောအခါတွင် လင်းဝေသည် လမ်းကြိုလမ်းကြားမှ တဆင့် သူသွားလိုသောနေရာသို့ ကွေ့ပတ်ပြေးလေတော့သည်။
ပေါ်လာမည့် ရောဂါသည်များ ၏ အရိပ်အယောင်ကိုလည်း ကြည့်ရသေးသည်။
ထိုစဉ် ခပ်လှမ်းလှမ်းတွင် အိမ်သုံးလေးအိမ်အား လှမ်းတွေ့လိုက်ရသည်။
ထိုအထဲရှိ အိမ်တစ်အိမ်မှာ ဆရာဝန်ပြောလိုက်သည့် အိမ်ဖြစ်ပုံရသည်။ ထင်းပုံများ ကို တွေ့ရသောကြောင့် ဖြစ်သည်။
လူအရိပ်ယောင်ကို တစ်ချက်ကြည့်ပြီး ထိုအိမ်နားသို့ ပြေးသွားလိုက်သည်။ ထူးထူး ခြားခြား ဒီအိမ်နားတွင် လူအရိပ်အယာင် တစ်ခုမှ မတွေ့ရချေ……။
ထင်းပုံနားရောက်သောအခါတွင် ကွေ့ပတ်ပြီး အိမ်တံခါးနား ရောက်အောင်သွားလိုက် သည်။ ည
ထို့နောက် ပြတင်းပေါက်မှတဆင့် အိမ်ထဲသို့ အမှတ်မထင် ကြည့်မိလိုက်သည်။
“ဟာ”
သူ တော်တော် စိတ်ညစ်သွားသည်။
အိမ်ထဲတွင် လူနှစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဘာလုပ်ရမလဲဟု စဉ်းစားရင်း ထင်းပုံဘေးနားတွင် မှီပြီး ထိုင်ချလိုက် သည်။
ဤတွင် တော်တော်ဝေးသောနေရာတွင် ခုနက (စာရွက်ကိုင်ကြည့်သော) လူလေး ယောက်က သူ့ကို လိုက်ရှာနေသည်ကို တွေ့လိုက်ရသည်။
သူတို့လေးယောက်မှာ သူ့အကြောင်းကို ရိပ်မိသွားပုံရသည်။
အိမ်ထဲတွင် လူနှစ်ယောက် ရှိနေသည်။ အပြင်တွင်လည်း သူ့ကို လိုက်ရှာနေသော လူလေးယောက် ရှိနေသည်။
သူဘာလုပ်ရမလဲ……။
သူ့ကို လိုက်ရှာနေသည်ဟု ထင်ရသော လေးယောက်မှာ တော်တော်လှမ်းသော နေရာ တွင် ရှိနေသေးသည်။
သေချာပြောရလျှင် လမ်းမကုန်းဆင်းနေရာမှ တက်လာနေခြင်း ဖြစ်သည်။ လင်းဝေ သည် သူ့ရှေ့တွင်ရှိသော အရာတစ်ခုကို သတိထားမိသွားသည်။
ဘီးပါသော တွန်းလှည်းကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
လင်းဝေ ခပ်မြန်မြန်လှုပ်ရှားလိုက်သည်။
သူ၏ လက်သည် ထင်းချောင်းတစ်ချို့အား လှမ်းယူလိုက်သည်။ ထို့နောက် လှမ်းလာ နေသော သူများ မသိအောင် ထိုတွန်းလှည်းဆီသို့ ပြေးသွားလိုက်သည်။
ထိုတွန်းလှည်းထဲသို့ ထင်းများ ထည့်လိုက်သည်။
သူယူလာသော ထင်းများ မှာ များ သောကြောင့် တွန်းလှည်းတွင် အနည်းငယ် ပြည့် သွာသည်။
တိုလီမိုလီဆိုင်မှယူလာမိသော ယမ်းဗူးထဲမှ ယမ်းအနည်းငယ်ထည့်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းတွင်တွေ့ရသော အုန်းခွံကြိုးနှင့် ယမ်းပုံအား ဆက်လိုက်သည်။
သူ၏ လုပ်ဆောင်ချက်သည်မိနစ်အနည်းငယ်သာ ကြာသည်။ သူ့တွင်ပါလာသော မီးခြစ်လို့ရသည့်အရာဖြင့် ကြိုးစား၍ မီးရှို့လိုက်သည်။
ထို့နောက်……
တွန်းလှည်းအား ကုန်းဆင်းအတိုင်း တွန်းချလိုက်သည်။
တွန်းပြီးပြီးချင်းပင် လူနှစ်ယောက်ရှိနေသောအိမ်သို့ ခပ်မြန်မြန် ပြေးသွားပြီး တံခါး ခေါက်လိုက်သည်။
“ဒေါက်……ဒေါက်”
အိမ်ထဲမှ မျက်လုံးနီနီရဲရဲနှင့် လူတစ်ယောက်ထွက်လာလေ၏ ။ ထိုသူသည် အူကြောင် ကြောင်နှင့်ထွက်လာကာ “ဘယ်သူတံခါးခေါက်တာလဲ” ဆိုတဲ့ပုံစံဖြင့် တစ်ဦးတစ် ယောက် အား လိုက်ရှာနေသည်။
သို့ သော် အိမ်အပြင်တွင် ဘယ်သူမှမတွေ့ရဘဲ တွန်းလှည်းတစ်စီးကို ကုန်းဆင်းအ တိုင်း လှိမ့်ဆင်းနေသည်ကို တွေ့လိုက်ရသည်။
တွန်းလှည်းလှိမ့်ဆင်းသွားတာကိုကြည့်ပြီး သူအံ့ဩနေသည်။ ထို့ကြောင့် အိမ်အပြင် သို့ ထွက်ကာ ထိုတွန်းလှည်းနောက်သို့ စိတ်ခံစားမှု မရှိဘဲ ပြေးလိုက်သွားသည်။
ထိုလူထွက်သွားသည်ကို ကြည့်နေရင်းမှ လင်းဝေသည် နေရာမှ ထွက်လိုက်သည်။
အိမ်ထဲတွင် လူတစ်ယောက် ရှိနေသေးသည်။
လမ်းပေါ်မှ လှိမ့်ဆင်းလာသော အရာကြီးကို ကြည့်ပြီး မျက်လုံးနီနီနှင့် လူလေး ယောက်မှာ ကြောင်တောင်တောင်နှင့် ရပ်နေမိသည်။
ထို လှိမ့်ဆင်းလာသော အရာ၏ နောက်တွင်လည်း သူတို့လိုပဲ လူတစ်ယောက် ပြေး လိုက်လာနေသေးသည်။
ဘာကြီးလဲဟ……။
သူတို့ သိချင်သွားသည်။
ထို့ကြောင့် ထိုအရာကြီးကို လှမ်းဖမ်းရန်အတွက် ပြင်ဆင်လိုက်သည်။ သို့ သော်……
သူတို့စောင့်နေစဉ်မှာ ပင် ထိုအရာကြီးထဲမှ……
“ဒိုင်း……ဒိုင်း……ဒိုင်း”
ဆိုသောအသံများ နှင့်အတူ မီးတောက်လေးများ ကို တွေ့လိုက်ရသည်။
ရုတ်တရက်ဆိုသလိုပင် စောင့်ဖမ်းနေသော လူလေးယောက်မှာ လမ်းဘေးသို့ ပြေးဝပ် လိုက်ကြသည်။
ထိုအရာကြီးသည် သူတို့ဘေးနားမှ ကုန်းဆင်းပြေပြေလေးအတိုင်း လှိမ့်ဆင်းသွား သည်။
ခဏကြာသောအခါတွင် သူတို့လေးယောက်နှင့်အတူ ပြေးလိုက်လာသော တစ် ယောက်မှာ ထိုအရာကြီးနောက်သို့ ပြေးလိုက်သွားကြသည်။
ထိုအထဲတွင် တစ်ခုခုပါလိမ့်မည်ဟု သူတို့ ထင်နေကြလားမသိ……။
![]() အချစ်ဆိုင် | ![]() အကြွေစေ့ | ![]() လိပ်ပြာရယ်သံ |