Cover

ကဗျာဆရာမ တစ်ဦးသို့

လ နာကျနေတယ်။
နယ်စပ်ကို ငါ မဖြတ်ကျော်နိုင်ခဲ့ဘူး။
ဒီဘက်မှာ ပဲ ငါ့ခန္ဓာနဲ့ ငါဟာ ကျန်ခဲ့တယ်။
ငါ့ခြေရင်းက မြေကြီးထဲ ငါ့လက်နှစ် ဖက် ထိုးသွင်း
သီးပင်စားပင်အတွက် စိတ်ချင်း တလင်းနယ်နေတယ်။
ဒူးထောက် ခေါင်းငုံ့နေရာက ခေါင်းမော့ကြည့်လိုက်တယ်
တစ်လှမ်း၊ နှစ် လှမ်း၊ သုံးလှမ်း ... အဲဒါ နယ်စပ်ပဲ။
ဘာစည်းမှ တားမထားဘူး၊ ဘာစည်းရိုးမှ မခြားဘူး။
ဒီကနဲ့ တစ်ဆက်တည်းပေမယ့် ဒီကရဲ့ အဲဒီ ဟာ နယ်စပ်ပဲ။
လက်နဲ့ မြေကြီး သွေးစည်းတဲ့အထိ ဆုပ်ကိုင်ခြေနေရင်း
ငါ ငေးကြည့်နေမိတယ်၊ ငါ စိုက်ကြည့်နေမိတယ်။
တစ်ချိန်တည်းမှာ ပဲ လွတ်လပ်သွားပြီး တစ်ချိန်တည်းမှာ ပဲ စူးမြက်။
အလင်းသီတဲ့ကြိုး/ အပူဒဏ်နဲ့/ ပြတ်ကျသွားခဲ့တယ်။
အသိနဲ့ပဲ လရောင် အရွေ့ကို မြည့် မြည့် ထိနေတယ်။
ကူးနေတဲ့ ငါးဟာ ရေပေါ် ယုံကြည်မှု ထားသလိုပဲလို့ ထင်တယ်။
ငါ မသွားနိုင်လို့ နယ်စပ်ဟာ ငါ့ဆီရောက်လာတယ်
နယ်စပ်ဟာ ငါ့ငယ်ထိပ်ပေါ် တက်ရပ်တယ်
အလံဆိုတာ မျှော်မှန်းချက်လည်း တလူလူ လွင့်တာပဲ။
ရုရှက မရီရာ ဆဗက်တာယဲဗား ပြောခဲ့တယ်။
ဗြိတိသျှက ရုသ်ဖေးန်ရိုက်တ် ထပ်ပြောတယ်
'ခရစ်ယာန်လောကထဲမှာ ငါဟာ ဂျူး တစ်ယောက် '
မဟာပုရိသ အလုံးစုံ စိုးမိုးမှု မှာ ငါဟာ မိန်းမ
ရှူသွင်းလိုက်တိုင်း အာဏာဆက်ဆံရေး မှာ
ငါဟာ ကဗျာဆရာမ ။
ဒီအသိတွေ ဟာ ငါ့ကို ဒီနေရာမှာ ပဲ အမြစ်တွယ်စေတယ်။
နယ်စပ်ဟာ ငါ့ထဲဝင်သွားပြီး ငါ့ရဲ့ ထာဝစဉ်
'အခြား'အ ဖြစ် နေထိုင်သွားတော့မယ် ဆိုလား။
ဘယ်လို အမည် တပ်တပ်၊ အခု ဒီမှာ ငါ ဒါကိုပဲ ထပ်ပြောမယ်
တစ်လောကလုံး ထိန်ထိန်လင်းနေရင်တောင်
လ ကတော့ တစ်စင်းတည်းပါ။
ငါဟာလည်း လရောင် ငတ်သူတစ်ဦးပါ။
ငါ့ခန္ဓာ အဖွဲ့အစည်းဟာ လရောင် ပွေ့ဖက် ဒဏ်တွေ ပါ။ ။

၂၆၊ ဖေဖော်ဝါရီ၊ ၂ဝ၁၂။

♥ ♥ ♥


ကိုယ်ပိုင်အသံ

အပ်ချည်တစ်မျှင်မှာ ချိတ်ဆွဲထားတဲ့ ရုပ်နာမ်သံသရာရဲ့ မြေကြီးပေါ့

ဒီကမ္ဘာကြီးမှာ ငါဟာ ပေါင်းစပ်ဓာတ်ငွေ့၊ သွေးနှောမျိုးစိတ်၊ ရေမြှုပ်ကောင်

အပြင်လောကဆိုတဲ့ မှန်ကူကွက်ထဲ ငါ့ဖွဲ့တည်မှု အပေါက်တွေ ထဲက

ချောင်းကြည့်တယ်

တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားသူဟာ ငါ့မှာ စေးကပ် ဖြစ်ခဲ့တယ်။

အဲဒီ မှာ သူဟာ လက်နက်သစ် ဖြစ်ဖို့ စစ်ရည်ကျိုစက်ထဲ ခုန်ဆင်းလိုက်သလား

အိုးပစ်အိမ်ပစ် ထွက်ခွာသွားကြသူတွေ ရဲ့ အိုးပျက်အိမ်ပျက် အမှတ်ရမှု မှာ

ကျန်ရစ် နံပိန်ခွေးအိုတစ်ကောင်လို ဆွဲဆွဲငင်ငင် မျှော်နေမလား

ဒဏ္ဍာရီသစ် နံရံမှတ်တမ်းမှာ ရေး ခြစ်စရာ ကျောက်သားတစ်စ ဖြစ်နေမလား

ဇီဝဆေးသိပ္ပံ စမ်းသပ်ခန်းက စွန့်ပစ်ခံ ၅ လသားအရွယ် သန္ဓေသားထဲ

ပါနေမလား။

သြော် ... အဲဒီ ချစ်စဖွယ် လူသားလေး

သြော် ... သနားစရာ သိုးငယ်လေး

စကြာမှန်ပြောင်းအလှည့်မှာ ဘယ်အကန့်ထဲ သူ ပြုတ်ကျနေရှာမလဲ။

အဲဒီ အုတ်သားနံရံကြီးမှာ ငါ့အသံလေးကို စိုက်ကြည့်တယ်

သူပဲသိတဲ့ ကိုယ်ပိုင်အသံ

ဟိန်းသံကွဲသံ တော် လဲသံ စူးဝါးကြီးထဲ ငါဟာ မတြာတစ်ဝက် မရှိခဲ့ဘူး

သူ့ထံကပဲ စီးဆင်းပြီး စီးဆင်းခြင်းဟာ ငါ့ကို မျှဉ်းပြီး အသံပြုတယ်

ငါ့ထဲ မြည် ဟည်းနေတဲ့ အသံစိမ်းကြီးဟာ ကပ်တစ်ခုရဲ့ ရှေ့ပြေးလား

အဆံမပါတဲ့ ခေါင်းလောင်းကြီးတစ်လုံး

လုံးလုံး မပျောက်ဆုံးသွားခင် ချောက်ချောက်ချားချား

ကမ္ဘာအသိ မြည် ဟည်းနေခဲ့ဖူးတယ်။

ရှင်ရုံတင်ပဲ ရှင်ပြီး သေရုံတင်ပဲ သေသွားကြသူ လူအများ စုတွေ ရယ်။

အက်ရာတွေ ၊ ပျက်ရာတွေ ၊ ပြတ်ရာတွေ ကို စုထုံးပြီး

ကုထုံးမရှိတဲ့ ငါ့အသံကို လှိုင်းသံအဆုံး မြည် ကြည့်တယ်

ငါ့ ကိုယ်ပိုင်အသံနဲ့ပေါ့

ငါ သူ့ကို လှမ်းခေါ်ကြည့်တယ် ငါ့ ကိုယ်ပိုင်အသံရှင်

ငါ့ပါးစပ်က ဖြောင့်ဖြောင့်ဖြူးဖြူး ထွက်လာသံကို

ငါ ထွေးထုတ်ပစ်လိုက်တယ် အဲဒါ ငါ့အသံမဟုတ်ဘူး

အဲဒါ ငါ့ပါးစပ်ထဲ ထည့်ထားတဲ့ သူတို့ရဲ့ အသံတွေ

ငါ့ ကိုယ်ပိုင်အသံဟာ ထုံထုံအအ အက်အက်ကွဲကွဲ

ငါ့ ကိုယ်ပိုင်အသံနဲ့ သူနဲ့ ဆက်ထားတဲ့ အကွာအဝေးဟာ ကွေ့ကောက်။

အဲဒီ မှာ ကိုယ့်နိုင်ငံသားပေါ် ကြဲချတဲ့ ဗုံးတွေ ထဲ အမည် ဆင်တူ ပါနေမလား

စိုက်ပျိုးရေး အိပ်မက် ပတ်ကြားအက်ထဲ

ရိုက်သွင်းလိုက်တဲ့ စက်မှု သံချွန် ဓနကျွန်လား

သူတစ်ပါးရဲ့ သွေးတွေ နဲ့ အာဏာရှင်ဝတ်ရုံ ချုပ်ပေးတဲ့

သစ္စာရှင် မျက်မမြင် အပ်တစ်ချောင်းလား

ဆားသိပ်ထားတဲ့ ဘဝနဲ့ပဲ လူ ဖြစ်ကျိုးများ နပ်နေမလား။

၁၊ သြဂုတ်၊ ၂ဝ၁၂။

♥ ♥ ♥


ကျောက်စရစ်

ရွှံ့ကနေ ဘုရားကျောင်း စေတီပုထိုးနဲ့ ရွာကနေ အင်ပါယာတွေ

ကျောက်တစ်ချပ်ကနေ ဘာသာစကား ယဉ်ကျေးမှု အနုပညာနဲ့ သီအိုရီတွေ

သက်ဦးဆံပိုင်ကနေ သမိုင်းကို ကျောထမ်းခဲ့ရတဲ့ ပြည်သူတို့ရဲ့ အသံတွေ

နေရပ်ဌာနေတွေ အသက်မွေးဝမ်းကျောင်းမှု တွေ ရာဇဝင် ဒီးဒီးညံ အရေး အခင်းတွေ

ဆယ်စုနှစ် ၊ ရာစုနှစ် ၊ ထောင်စုနှစ် တွေ ... သူ့တစ်ဝိုက်မှာ ဖြစ်ခဲ့တယ်။

မြို့ကြီးပြကြီးမက လက်နက်နိုင်ငံတွေ ရဲ့ သမိုင်းတွင်းထဲမှာ သူ ရှိခဲ့တယ်။

ပြန်လည်တူးဆွ ဖော်ထုတ်ကြတဲ့အခါ အင်အားရဲ့ ဓားစာခံ လူအရိုးတွေ ကြား

ဂေါ်ပြားနဲ့ ပစ်တင်ခံလိုက်ရတဲ့ စာမဲ့မှတ်တမ်းတွေ ထဲမှာ သူ ပါခဲ့တယ်။

ဘယ်အချိန်ကြည့်ကြည့် ဥတုသုံးလီအောက်မှာ ဘာအကာအကွယ်မှ သူ မရှိခဲ့။

တစ်ချိန်တုန်းက သူဟာ လူစွမ်းကောင်း တစ်ယောက် ရဲ့ နှလုံးသား။

တစ်ချိန်တုန်းက သူဟာ အမှော င်ခေတ်ရဲ့ မျိုသိပ်မျှော်လင့်ချက်လား။

တစ်ချိန်တုန်းက သူဟာ ပေါက်ကွဲခဲ့တဲ့ ဧရာမကြယ်ကြီးရဲ့ သွေးသားလား။

တစ်ချိန်တုန်းက သူဟာ လျှို့ဝှက်နားထောင်ခဲ့ရတဲ့ ရေဒီယိုသတင်းတစ်ပုဒ်လား။

တစ်ချိန်တုန်းက သူဟာ ခေတ်ကြီးရဲ ကြိတ်စက်ထဲက စင်ထွက်မာခဲသွားတဲ့

သွေးစက်လား။

မမြင်ရတဲ့ ကကြိုးကနေ မလှုပ်မရှား တင်ဆက်မှု ။

သူ့ကို သင့်လက်ဖဝါးပေါ် တင်ကြည့်ပါ

အားကိုးရာမဲ့ တစ်ယောက် ရဲ့ နာကြည်းမှု နဲ့ ဖြစ် ဖြစ် ညှစ်ကြည့်ပါ

ဒဏ္ဍာရီထဲက မီးခွက်တစ်ခုကို မယုံမကြည်နဲ့ ပွတ်ကြည့်ပါ

အရည်ရွှမ်းမှည့်တဲ့ သစ်သီးတစ်လုံးလို သင့်သွားကြားထဲ ကိုက်ကြည့်ပါ။

ပြီးရင် သင် လွှင့်ပစ်လိုက်မှာ ပါပဲလေ။

တစ်ချိန်ချိန်နဲ့ တစ်နေရာရာမှာ သင်ဟာ သူ ဖြစ်သွားဖူးတယ်

ပြီး ... သင် ပြန် ဖြစ်သွားတယ်

သင် တွေ့ လိုက်တယ် သင် တန့်သွားတယ်

သင် သွားစရာရှိတာ ဆက်ထွက်သွားလိုက်တယ်။

မြစ်ပေါ်မှာ တိမ်တွေ အများ ကြီး စီးနင်းလိုက်ပါသွားခဲ့တယ်

ကြမ်းပြင်မှာ သေဝပ်လို့ သို့ မဟုတ် စိတ်ကူးတွေ နဲ့ ဖွဲ့စည်းလို့

ရေထဲ ဖြတ်ဝင်ထိုးဆင်းတဲ့ အလင်းတန်းဟာ သူ့ပေါ် စပေါ့လိုက်လို

ငါးကြီးတစ်ကောင် အစာထိုးဟပ် နှုတ်သီးနဲ့ ကလော်လိုက်တာ

ပင့်သက်တစ်ခုလို ဝေ့ပြီး မနီးမဝေးမှာ ပြန်အနည်ထိုင်သွားတယ်။

ရေနည်းနည်း ပလုံစီ၊ အာရုံတွေ တဖျပ်ဖျပ် ခတ်သွားတယ်

ကုန်းပေါ်မှာ ကိစ္စကြီးကြီးမားမားတွေ ဖြစ်နေကြပြန်ပြီ။

ဒီမှာ ပြန်ပေါ်လာတယ် ဝင်းဝင်းလေး

စာသား တွင်းထွက်ပစ္စည်း အလင်းဝင်းဝင်းလေး။

၂၄၊ ဇန်နဝါရီ၊ ၂ဝ၁၂။

♥ ♥ ♥


ကြက်ဘဲဈေးကို အုတ်နံရံ ကာလိုက်တယ်

ထုံးဖြူ သုတ်လိုက်တယ်။ ကြောက်ချေးနံ့ဟာ စည်ပင်ဝန်းကျင်ရဲ့ ဗဟိုပဲ။

သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရ၊ ပါဏာတိပါတာ၊ တိုကျို ဖရိုက်ဒ်ချစ်ကင်းန်၊

နီလာဒံပေါက်၊ ခက်ခဲနက်နဲတဲ့ ခံစားမှု ဟာ ကြက်ဖကို လည်လှီးလိုက်တာ

သွေးဟာ တော် တော် နဲ့ မတိတ်ဘူး။

ဖုံလုံးကြီးတွေ ထဲ၊ ဟုတ်လား။ တစ်ခဲနက် ထောက်ခံကြ၊ ဟုတ်လား။

သွားရမယ့်လမ်း မဟုတ်ဘူး၊ သွားရင်း ဆောက်သွားရတဲ့

ပြိုပျက် အဆောက်အအုံတွေ ၊ ခြစား နေထိုင်မှု တွေ ကြား၊ လမ်း။

ယာယီစခန်းတွေ တော့ ရှိတာပေါ့၊ အလွယ်တကူ မျိုချလို့ရတဲ့ စာသားတွေ ၊

ဘာမှ စဉ်းစားစရာမလိုတဲ့ အဖွဲ့အစပ်တွေ ၊ နံရံက အုတ်သားတွေ ။

'နားမလည်အောင် ပြောနေတာ မဟုတ်ဘူး၊ နားကို မလည်တာ'။

ပိုင်းဆစိပ်မြွှာချင်တာ မဟုတ်ဘူး၊ ပေါင်းစပ် ဆက်မှီးချင်တာ။

ဆိုက်ကားနောက်ခုံပေါ် ခြေနှစ် ဖက်ချိတ်၊ ကြိုးတစ်စည်းမှာ ပဲ

ဘဝတစ်ပါးဆီ စီးနင်းလိုက်ပါသွားကြတာ ၁ဝ-၁၂ ကောင်။

ချိုင့် နင်းလိုက်ရင် ကလု ကလု ကလူး ကလော် ကလော် ကလော်၊

လမ်းပေါ် ဘီးတစ်ဖက် ပြန်ကျရင် အူးအီး ကလပ် ကလပ် ကလပ်။

တောင်ပံနှစ် ဖက် အားရပါးရ ရိုက်ခတ်လို့၊ ဘာဂျာတံခါး ဆွဲဖွင့်လို့

နေမင်းကြီးကို ကြိုဆိုပစ်လိုက်မယ့် ခွန်အားတွေ ။

နေဟာ ထွက်သွားတယ်။ နေဟာ ဝင်လာတယ်။ နေဟာ အိပ်သွားတယ်။

ရုပ်သံမှာ အဲဒါတွေ လည်း မပါဘူးနော်။ ရုပ်သံဟာ သုတဖျော်ဖြေပဲ။

ကျွန်တော် မှားသွားတယ်။ ပထမလိုင်းမှာ 'ကြောက်' မဟုတ်ဘူး၊

'ကြက်'။ ဟောသလိုပေါ့။ ကျွန်တော် အမောက်ထောင်လိုက်တယ်။

ခြေဖျားထောက် ရင်ကော့လိုက်တယ်။ အောက် ... အီး ... အီး ...

'အွတ်'။ တစ်ချက်ပဲ။ တစ်ချက်တည်းပဲ။ လမ်းဖွင့်ပွဲမှာ

ဒုက္ခသည် အပြုံးတွေ နဲ့၊ အနာကြီး ရောဂါ သည် မျှော်လင့်ချက်တွေ နဲ့

တန်းစီရပ်လို့။ ကျွန်တော့် လက်ထဲက စက္ကူအလံလေး

မသေအောင် မကြာခဏ လှုပ်ပြလို့။ ကြွေးကြော်သံ ကြားလိုက်ရင်

ကြွေးကြော်။ လက်ခုပ်လက်ဝါးတီးရင် အလံရဲ့ ဝါးခြမ်းလေး

သွားကြားညပ်။ လက်သီးလက်မောင်း တန်းရရင်

လက်တစ်ဖက်လုံး မဲ့နေတာ အင်္ကျီလက်ပတ်မှာ မြင်ရ။

မိုးလင်းတော့မယ်။ တွန်သံဟာ တစ်ချက်တည်း ပန်းထွက်သွားတယ်။

မဟုတ်ဘူး။ ဟောဒီမှာ ၊ ဘဝ ဖြစ်တည်မှု ရဲ့ စစ်မှန်သော အသံ

(လိုလို)နဲ့ ကျွန်တော် ဟောသလို ပြန်တွန်ကြည့်ဦးမယ်

အောက် ... အီး ... အီး ... ... ... ... ... ... ...။

၁၃၊ ဖေဖော်ဝါရီ၊ ၂ဝ၁၂

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဇေယျာလင်း ၏ “ ကဗျာဆန်နေခြင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကဗျာဆိုတာပြုလုပ်ခြင်း

တကယ့် ဘဝ စကားပြေကဗျာများ