ရာမွန် ဂျင်မနဲ့သည် ၁၉၅၆ ခု တွင် နိုဗဲစာပေဆု အချီးမြှင့်ခံရပါသည်။ စပိန်နိုင်ငံတောင်ပိုင်း ခြောက်သွေ့သော အန္ဒာလူးရှားဒေသ မောဂါရွာ၌ ၁၈၈၁ ခုတွင် ဖွားမြင်သူ ဖြစ်သည်။ အသက် ၁၆ နှစ် အရွယ်မှစ၍ ကဗျာရေး သည်။ အသက်နှစ် ဆယ်လောက်တွက် လူသိများ လာသည်။ ၁၉၂၀ ပြည့် သူ့အသက်လေးဆယ်လောက်တွင် အထူးကျော်ဇောလာသည်။ ထိုအခါမှစ၍ သူ့ကဗျာများ ကို အခြားသော ဥရောပဘာသာများ သို့ ပြန်ဆိုဖတ်ရှုကြသည်ဟု သိရသည်။ ၁၉၃၆ ခုလောက်တွင် စပိန်နိုင်ငံ၌ ပြည်တွင်းစစ် ဖြစ်လာသော အခါ အမေရကန်ပြည်ထောင်စုသို့ ထွက်ပြေးတိမ်းရှောင်၍ ထိုနိုင်ငံ၌ နေထိုင်နေစဉ် ကဗျာများ ကို ဆက်လက်ရေး သားသည်။ သူ့ စာဖတ်ပရိတ်သတ်သည် အမိ စပိန်နိုင်ငံမှသာမက တောင်အမေရိကတိုက်ရှိ စပိန်ဘာသာပြောသော နိုင်ငံများ မှာ လည်း ဖြစ်သည်။
ရာမွန်ဂျင်မနဲ့သည် ငယ်စဉ်ကပင် မောဂါရွာ ပတ်ဝန်းကျင်၌ သူ မရောက်ဖူးသော အရပ်ဟူ၍ မရှိ၊ ရောက်ဖူးသည်ချည်း ဖြစ်သည်။ တောပန်း၊ တောသစ်ရွက်စိမ်းတို့နှင့် အိမ်မွေးတိရစ္ဆန်ကြီးငယ် တို့ကို နှစ်သက် သူဟု လည်းကောင်း၊ ရွာသူရွာသားတို့ကို အယုတ်အလတ် အမြတ်မရွး ချစ်ခင်တတ် သူဟု လည်းကောင်း၊ အထူးသဖြင့် တွယ်တာရာမဲ့ ဖြစ်သော ၊ အညှင်းခံရသော ၊ အပြစ်မဲ့သော ၊ အားနွဲ့သော ၊ သည်းခံသော သူတို့ကို စာနာ သနားတတ်သူဟု လည်းကောင်း၊ ကလေးချစ်တတ်သူဟု လည်းကောင်း၊ ကလေးချစ်တတ်သူဟု လည်းကောင်းဆိုကြသည်။ ပျိုရွယ်စဉ်က မိဘတို့မှာ ပစ္စည်း ပျက်သဖြင့် ပင်ပင်ပန်းပန်းနေခဲ့ရသည်။ ထိုသဘောတို့သည် သူ့ကဗျာများ တွင် အရိပ်ထင်လျက် ရှိသည်။ အမေရိကန်ပြည်ထောင်စု၌ နေထိုင်စဉ် အမေရိကန်ကဗျာ၊ အင်္ဂလိပ်ကဗျာ၊ ဘင်္ဂါလီစာဆို တဂိုး၏ အင်္ဂလိပ် ဘာသာပြန်ကဗျာတို့ကို ဖတ်ရှုလာနိုင်သဖြင့် ဗဟုသုတ တိုးပွား၍ အမြင်သစ်ရလာ သည်ဟု ဆိုသည်။ သူ့ဇနီးနှင့် တွဲ ၍ တဂိုး၏ ကဗျာများ ကို စပိန်ဘာသာပြန်သို့ ပြန်ဆိုခဲ့သည်။ ၁၉၅၈ ခုတွင် မောဂါရွာ၌ ကွယ်လွန်သည်။
ရာမွန်ဂျင်မနဲ့၏
ပလေတရိုနှင့် ကျွန်တော်
ဖော်ပြပါ စာ ၁၀ ပုဒ်* သည် အင်္ဂလိပ်ဘာသာပြန် ဖြစ်သော PLATERO ၊ စာအုပ်မှရွေးချယ်ထားသော စာများ ဖြစ်သည်။ ထိုစာအုပ်တွင် သော တာလင်္ကာရ စကားပြေ (POETICAL PROSE) ဟုခေါ်ကြသော စာ စုစုပေါင်း ၁၀၇ ပုဒ် ပါပါသည်။ ယင်းတို့အနက် သူ့ဇာတိမောဂါရွာ ပတ်ဝန်းကျင်၌ မြည်းကလေး ပလေတရိုကို အဖော်ပြုလျက် စာဆို ရာမွန်ဂျင်မနဲ့ လှည့်လည်သွားလာ၍ အလှတရားရှာဖွေခြင်းနှင့် သက်ဆိုင်သော စာ ၁၀ ပုဒ်ကို ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ မြန်မာပြန်ရာတွင် သူ့သဘောပါနိုင်သမျှ ပါအောင် အားထုတ်ပါသည်။ နေရာမကျလျင် မြန်မာပြန်သူ၏ ချို့တဲ့ချက်သာ ဖြစ်ရာသည်။
ရာမွန်ဂျင်မနဲ့ ရှာသော အလှတရားဆိုသည်မှာ သူ့ဇတ်ဆောင်ပလေတရို၏ အမူအရာတို့၌ လည်းကောင်း၊ “ကျွန်တော် ” ဇတ်ဆောင်၏ အမူအရာတို့၌ လည်းကောင်း၊ ရွာပတ်ဝန်းကျင်၊ ကောင်းကင်၊ ရေမြေ၊ တောတောင်၊ သစ်ပင်ပန်းမန် စသော သဘာဝတို့၌ လည်းကောင်း သူနေ့စဉ် တွေ့ ၍ သူ့စေတနာလျောက် သူခံစားသိမြင်ခဲ့ သရုပ်ဖော်ခဲ့သော သူ့ခံစားမှု အသိတို့ကို ဆိုလိုပါသည်။ ထိုခံစားမှု အသိတို့ကို သရုပ်ဖော်ပုံသည် ရိုးသည်ဟု ဆိုနိုင်ပါသော်လည်း စာဆို၏ ဖြစ်တတ် စေတနာ၊ မြင်တတ် မျက်စိ၊ ကြားတတ် စွင့်နား၊ ခံစားတတ် အသိ၊ ဆိုတတ် နှုတ်ဖျားတို့ကြောင့် နှစ်သက် စရာ ဖြစ်သည်။ အတိုဆုံး ၀တ္တုများ ကို ဖတ်ရဘိသကဲ့သို့ ဖြစ်သည်ဟု ယူချင်ပါသည်။
စာဆို ရာမွန်ဂျင်မနဲ့ ဖွဲ့ဆိုသော အလှတရားများ သည် သာမာန်နေ့စဉ်မှု ကိစ္စများ ၌ သူသူငါငါ တွေ့ တတ်ကြုံတတ်၍ သတိပြုနှလုံးသွင်းနိုင်ကြသော တရားများ ဖြစ်သဖြင့် သူ့စာများ ကို လူကြီးရော လူငယ်ပါ ကြိုက်ခဲ့ကြပြီဟု ဆိုနိုင်ပါသည်။
စာဆို ရာမွန်ဂျင်မနဲ့၏ စာဖတ်ပရိတ်သတ်သည် စာဆို မြင်ခဲ့သော စပိန်ကျေးလက်အလှ ရှူ့ခင်းကိုသာမက (၀ါ) ဗဟိဒ္ဓ ရှူ့ခင်းကိုသာမက စာဆို၌ ဖြစ်ခဲ့သော မေတ္တာ ကရုဏာ စေတနာတို့ကို အလှရှူ့ခင်းကိုလည်း (၀ါ) အဇ္စုတ္တ ရှူ့ခင်းကိုလည်း မြင်နိုင်ကြသည်ဟု လည်းကေင်း၊ ထိုရှူ့ခင်းနှစ် ခု အညမည အဖွဲ့အထုံး ဖြစ်အောင် စည်းရုံးထားပုံကို သိနိုင်ကြသည်ဟု လည်းကောင်း အဆိုရှိခဲ့ပါသည်။
ပလေတရိုသည် မြည်းကလေး၏ အမည် ဖြစ်သည်။ ဂျင်မနဲ့သည် သူ့ကို အဖော်ပြုလျက် မောဂါ ရွာတ၀ိုက်၌ လှည့်လည်သွားလာရင်း သူမြင်ခဲ့ကြားခဲ့ ကြုံခဲ့သည်တို့ကို သူခံစားမှု အသိဖြင့် ရေး ဖွဲ့လေ့ ရှိသည်။ လူ့လောကတွင် မေတ္တာထားထိုက်သည်ကို မေတ္တာထားတတ်အောင်၊ ကရုဏာ ထားထိုက် သည်ကို ကရုဏာထားတတ်အောင်၊ ရှုတ်ချထိုက်သည်ကို ရှုတ်ချတတ်ကြအောင်၊ အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားတတ်ကြအောင် ရေး ဖွဲ့တတ်သည်ကို တွေ့ နိုင်သည်။ ကဗျာံသဘောပါအောင်၊ နှစ်သက် ဖွယ် ဖြစ်အောင်လည်း ရေး ဖွဲ့တတ်သည်ကို တွေ့ နိုင်သည်။
သူ၏ သရုပ်ဖော်အဖွဲများ တွင် ထူးခြားချက်သုံးချက်ကို တွေ့ နိုင်သည်ဟု ဆိုချင်ပါသည်။
တစ်အချက်။ ။ မြင်ယောင်ယောင် ကြားယောင်ယောင် စကားတို့ကို ထိထိရောက်ရောက် သုံးတတ်ခြင်း ဖြစ်သည်။
နှစ် အချက်။ ။ အမူအရာနှင့် အ ဖြစ်အပျက်တို့ကို (၀ါ) အကြောင်းအချက်တို့ကို စည်းရုံး တည်ဆောက်ရာ၌ ဇတ်လမ်းသဘောကို တွေ့ ရခြင်း ဖြစ်သည်။ ဇာတ်လမ်းအင်္ဂါ အပြည့်အစုံကား မဟုတ်ပါ။ ခပ်ယောင်ယောင်သာ ဖြစ်သည်။ ဆိုလိုသည်မှာ အကြောင်းအချက် တစ်ခုနှင့်တစ်ခု ကြောင်းကျိုးချိတ်ဆက် အတက်အဆင်း အချီအချသဘောပါအောင် ဖန်တီးတတ်ခြင်း၊ တစ်ခါတစ်ရံ အားပြိုင်မှု သဘောပါအောင်၊ အကွက်သဘောပါအောင် ထည့်တတ်ခြင်းတို့ ဖြစ်သည်။ တစ်နည်းဆိုရသော စာ၌ ပုံသဏ္ဍာန်ကောင်းရအောင် ပြုနိုင်ခြင်း ဖြစ်သည်။
သုံးအချက်။ ။ မြင်ယောင်ယောင် ကြားယောင်ယောင်သက်သက်ကို ကျော်လျက် (၀ါ) မြင်မှု ရိုးရိုးသရုပါဖော်ကို ကျော်လျက် လူ့အကြောင်းကိုသော် လည်းကောင်း၊ လောကအကြောင်းကိုသော် လည်းကောင်း၊ သူ ကဗျာအချိုကကို ဖတ်သူ၏ စိတ်၌ တွေးမိစရာ၊ ငေးမိစရာ ဖြစ်လာအောင် တင်စား ဖွဲ့ဆိုတတ်သော ဥပစာ သရုပ်ဖော် အဖွဲ့များ ကို တစ်ခါတစ်ရံ တွေ့ နိုင်ခြင်း ဖြစ်သည်။
ကဗျာဖတ်သူ ကိုယ်တိုင်ကလည်း မိမိဘာသာ ဆင်ခြင်ပါဘိ။
ဖော်ပြထားသော စာများ သည် PLATERO AND I BY JUAN RAMON JIMENES; A SIGNET CLASSIC, THE NEW AMERICAN LIBRARY OF WORLD LITERATURE, INC., NEW YORK, 1960. အင်္ဂလိပ်ဘာသာပြန်စာအုပ်မှ ဖြစ်သည်။ ရုပ်ပုံများ သည် ကဗျာများ ကို လေ့လာသော စပိန်လူမျိုး ပုံဆွဲပန်းချီဆရာလိုဗို (BALTASAR. LOBO)က သူ့ခံစားမှု အသိဖြင့် ရေး ဆွဲသော လွမ်းစရာရုပ်ပုံများ ဖြစ်ပါသည်။
ပလေတရိုနှင့် ကျွန်တော် ဇော်ဂျီ
1. Platero
PlATRRO IS SMALL, DOWNY, SMOOTH – so soft to the touch that one would think he were all cotton, that he had no bones. Only the jet mirrors of his eyes are hard as two beetles of dark crystal.
I let him run loose and he goes off to the meadow; softly flowers of pink, sky blue and golden vellow. I call him gently: “Platero?” and he come to me at a gay little trot as through he were laughing, lost in a clatter of fancy.
He eats everything I give him. He likes tangerines, muscatel grapes, all amber-colored, and purple figs with their crystal point of honey.
He is tender and loving as a little boy, as a little girl; but strong and firm as a stone. When I ride him on Sunday though the lanes at the edge of the town, the men from the country, clean-dressed and slow-moving, stand still to watch him.
“He is made of steel.”
He is made of steel. Both steel and quicksilver.
ပလေတရို
ဤကဗျာတွင် စာဆိုခံစားသိမြင်ခဲ့သော ချစ်တတ်ခြင်း အလှကိုတွေ့ နိုင်သည်။
ကျွန်တော် ၏ မြည်းကလေး ပလေတရို။ သူ့ကိုယ်သည် ခပ်ငယ်ငယ်သာ။ သူ့အမွေးသည် နုလည်းနု၍ ချောလည်းချောသည်။ နုသည်မှာ ၀ါဂွမ်းပုံဟု ထင်ရသည်။ ချောသည်မှာ အရိုးမရှိဟု ထင်ရသည်။ မဟူရာမှန်ရောင် နက်မှော င် လက်ပြောင်သော သူ့မျက်လုံးသာလျှင် ပိတုန်းနှစ် ကောင် ကဲ့သို့ မာကျောသည်။
ကျွန်တော် သည် ပလေတရိုကို ချည်မထား၊ လွှတ်ထားသည်။ ထိုအခါ မြက်ခင်းရှိရာသို့ သူသွား ၍ ပန်းနီနီ၊ ပန်းဝါ၀ါ၊ ပန်းပြာပြာတို့ကို သူ့နဖူးဖြင့် ပွတ်သီးပွတ်သပ် ပြုပါသည်။ ပီပီလည်း မထိ၊ မထိဘဲလည်း မရှိ၊ မထိတထိ သာ။ ‘ဖေ့သားလေး ပလေတရိုရေ့ …….’ ဟု ကျွန်တော် က ခေါ်လိုက်သော အခါ သူ ရောက်လာသည်။ လေးဘက်ကျ လှလှပပ သူပြေးလာသည်။ ရယ်ရယ် မောမော ပျော်ပျော်ရွှင်ရွှင် ပြေးလာသကဲ့သို့ ဖြစ်သည်။ သူ့စိတ်ကူးနှင့် သူ မြူးကာ ပြေးလာ သကဲ့သို့ ဖြစ်သည်။
ကျွန်တော် ကျွေးသမျှကို သူစားပါသည်။ ပန်းလိမ္မော်သည် သူ့အကြိုက် ဖြစ်သည်။ ပယင်းရောင် စပျစ်မွှေးလည်း သူ့အကြိုက် ဖြစ်သည်။ ကျောက်သလင်းရောင် အချိုရည်စို့ သဖန်းသီးလည်း သူ့အကြိုက် ဖြစ်သည်။
ပလေတရိုသည် သားငယ် မောင်ခွေးကဲ့သို့ နူးညံ၍ ချစ်စရာကောင်းသည်။ သမီးငယ် မခွေးကဲ့သို့ နူးညံ၍ ချစ်စရာကောင်းသည်။ သို့ ရာတွင် ကျောက်ခဲကဲ့သို့ မာသည်။ ခိုင်သည်။
တနင်္ဂနွေနေ့များ တွင် မြို့စွန် လမ်းမြောင်များ ၌ သူ့ကို ကျွန်တော် စီးသွားလေ့ရှိသည်။ ထိုအခါ သန့်သန့်ပြန့်ပြန့် ၀တ်စားထားကြသော အနီးအနားက ရွာသူရွာသားတို့သည်လမ်းပေါ်၌ အေးအေး ဆေးဆေး လေးလေးကန်ကန် သွားနေကြရာမှာ ခြေလှမ်းရပ်တန့်၍ သူ့ကိုငေးကြည့်ကြသည်။ ’သံမဏိခဲ့ပါတကား’ ဟုလည်း ဆိုကြသည်။
ဟုတ်ပါသည်။ ပလေတရိုသည် သံမဏိခဲပင်။ ပြဒါးပေါင်း သံမဏိခဲပင်။
ငွေတာရီ မတ် ၁၉၇၀
![]() သခင်ကိုယ်တော်မှိုင်း ဋီကာ | ![]() ပြည်ထောင်စုသမိုင်းပုံပြင်များ | ![]() ပလေးတိုး နိဒါန်း |