Cover

အမှာ စာ

လောကအမြင်အကြားတို့ဖြင့် ပြီးသော အနုပညာလက်ရာမှန်သမျှသည် နှစ်သက် ခြင်းပီတိနှင့် တကွ လောကအမြင်အကြားတို့ကိုပါ ပေးတတ်သည်ဟု ဆိုကြလေသည်။ ထိုစကား မှန်လှပေသည်။

ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ စာများ ကို အတန်အသင့်ကြားနာဖတ်ရှုရသော ကျောင်းသား ဘ၀တွင် နှစ်သက် ခြင်း ပီတိ ဖြစ်ခဲ့သည်ကိုသာ ကျွန်တော် သတိပြုမိပါသည်။ လူလားမြောက်လာ၍ ထုံ့ပိုင်း ထုံ့ပိုင်း ပြန်လည်ဖတ်ကြည့်သော အခါ ပတ်ဝန်းကျင်လောကကို မြင်တတ်၊ ကြားတတ်ချင်သော ဆန္ဒတိုးလာသည်ကို ထပ်မံသတိပြုမိလာပြန်ပါသည်။ ထိုအခါမှစ၍ ဆရာကြီး၏ စာအကြောင်းကို ရေး ချင်စိတ်ပေါက်လာခဲ့ရာ တိုင်းပြည်၌ သော င်းကျန်းနေကြသော ၁၉၄၉ ခုနှစ် တွင် မှ ရှုမ၀မဂ္ဂဇင်း၌ လစဉ် ဆောင်းပါးများ ကို ရေး ဖြစ်ပါတော့သည်။

ဤကျမ်းသည် ထိုဆောင်းပါးများ ကို ပြန်လည်စိစစ်၍ ပြင်ဆင်တည်းဖြတ်ထားသော ကျမ်းမျှ သာ ဖြစ်ပါသည်။ ဤကျမ်း၌ ပါသော လေ့လာချက်များ မှာ လည်း မျက်မှော က်ခေတ်စာဆိုတစ်ဦး၏ စာ အကြောင်းနှင့် စပ်လျဉ်း၍ လမ်းခင်းပေးထားခြင်းမျှသာ ဖြစ်ပါသည်။ ထို့ကြောင့် မျက်မှော က်ခေတ် စာဆိုတစ်ဦး ဖြစ်သော ဆရာကြီး၏ စာအကြောင်းကို သိချင်လျှင် လက်ညှိုးထောင်ဟုဆိုလာခဲ့သော် သူများ ထက်ဦးအောင် ကျွန်တော် လက်ညှိုးထောင်ချင်ပါသည်။

ဤကျမ်းအတွက် ရံဖန်ရံခါ ဆွေးနွေးခွင့်ပေးဖူးကြသော မင်းသုဝဏ်၊ ဆရာငွေ အစရှိသည့် မိတ်ဆွေကြီးငယ်များ အားလည်းကောင်း၊ ဆရာကြီး၏ ဋီကာအစရှိသည့် စာများ ကို ပုံနှိပ်ထုတ်ဝေခဲ့ ကြသူများ အားလည်းကောင်း၊ ရှုမ၀ ဦးကျော်အား လည်းကောင်း ကျေးဇူးဥပကာရတင်ကြောင်း ဖော်ပြ လိုက်ပါသည်။

ဇော်ဂျီ

♥ ♥ ♥


၁။ ဆရာကြီး ဦးလွန်း

ယခင်က ‘မစ္စတာ မောင်မှိုင်း’၊ ယခု ‘သခင်ကိုယ်တော် မှိုင်း’ ကလောင်အမည် ဖြင့် တိုင်းသူပြည်သားတို့ ၏ ချစ်ကြည်လေးစားခြင်းကို ခံယူရရှိသော ဆရာကြီး ဦးလွန်းသည် ၁၂၃၇ ခုနှစ် (၁၈၇၅)တွင် ဖွားမြင် လေသည်။ ဆရာကြီးသည် ကျန်းမာလျက်ရှိ၍ ရပ်ကိစ္စ ရွာ့ကိစ္စ၊ နိုင်ငံ့ကိစ္စတို့ကိုလည်းကောင်း၊ အထူး သဖြင့် ဘာသာ သာသနာရေး ကိစ္စတို့ကိုလည်းကောင်း ဆောင်ရွက်လျက်ပင် ရှိလေသည်။ စာကဗျာ ဆောင်းပါးအရေး အသားမှာ ကား သိသိသာသာ နည်းသွားလေသည်။ သို့ ရာတွင် ဆရာကြီးရေး ခဲ့သမျှ သော ဆောင်းပါးကဗျာဋီကာကျမ်း အရေအတွက်မှာ မနည်းလှသဖြင့် ထိုကျမ်းများ ကို ပြန်လည်ဖတ်ရှု လေ့လာနိုင်လျှင်ပင် အားရတင်းတိမ်ခြင်း ရှိသင့်လေသည်။

ဆရာကြီး၏ အကြောင်းကို ဦးသိန်းဖေ(ယခု ဦးသိန်းဖေမြင့်)၊ ဒီးဒုတ်ဦးဘချို၊ မြို့မဆရာဟိန်းတို့က ၁၉၃၇-၃၈ ခုနှစ် တွင် ‘ဆရာဦးလွန်း၏ အတ္ထုပ္ပတ္တိ’ ကျမ်းတစ်စောင် ပြုစု၍ ထုတ်ဝေခဲ့ကြလေ သည်။ ထိုကျမ်း၌ ဆရာကြီး၏ အကြောင်း ပါနိုင်သမျှ ပါသည်ဟု ဆိုသင့်လေသည်။ ထိုထက် ထိုကျမ်း ၌ ခိုင်လုံသော အချက်အလက်များ ပါရှိသဖြင့် အထူးဝမ်းမြောက်ဖွယ် ကောင်းလေသည်။

ဇာတိနှင့်ပညာ

ဆရာကြီးသည် ရွှေတောင်နယ် ၀ါးလည်ရွာဇာတိ ဖြစ်လေသည်။ အမိမှာ ဒေါ်အုန်း ဖြစ်၍ အဖမှာ ဦးစံဒွန်း ဖြစ်လေသည်။ ငယ်စဉ်ကပင် ဥာဏ်ထက်မြက်သည်ဟု ဆိုလေသည်။ ဆရာကြီး၏ ကံကူ လက်လှည့်ဆရာမှာ ရွှေတောင်ကျီးသဲလေးထပ် ဆရာတော် ကြီး ဖြစ်သည်။ ထို့နောက် သီပေါမင်း လက် ထက်၊ မန္တလေးနေပြည်တော် မြတောင်ကျောင်း၌ ပညာဆက်လက်သင်ယူလေသည်။ ဆရာကြီး၏ အသက် ၁၀ နှစ် ၊ သက္ကရာဇ် ၁၂၄၇ ခုနှစ် တွင် ဆရာကြီးသည် ထူးခြားလှသော အခြင်းအရာတစ်ခုကို သိမြင်ခဲ့ရလေသည်။ ထိုအခြင်းအရာသည် ဆရာကြီးရေး သားဖွဲ့ဆိုလေ့ရှိသော ဆောင်းပါး ကဗျာ ဋီကာ အာဘော်တို့၏ အရင်းအမြစ် ဖြစ်သည်ဟု ယူသော် ရကောင်းအံ့သို့ ရှိသည်။ ထိုအခြင်းအရာ သည် ဆရာကြီး၏ ဇာတိမာန်နိုင်ငံချစ်စိတ်ဓာတ်ကို အုတ်မြစ်ချပေးခဲ့သော ဗိသုကာ ဖြစ်သည်ဟု ယူ သော် ရကောင်းအံ့သို့ ရှိလေသည်။ ထိုအခြင်းအရာကား အခြားမဟုတ်။ အင်္ဂလိပ်လက်သို့ အရှင်နှစ် ပါး လိုက်ပါသွားရခြင်း ဖြစ်လေသည်။ ဆယ်နှစ် အရွယ် ဆိုသည်မှာ ငယ်သေးသည်ဟုပင် ဆိုရငြားသော် လည်း အနည်းဆုံး အရှင်နှစ် ပါးကြောင့် ပြည်သားပြည်သူ ယူကျုံးမရ ဖြစ်ကြသည်ကိုမြင်လျှင် ထိတ်လန့်ပူပန်နိုင်၍ မခံချင်စိတ်၊ ဇာတိမာန်စိတ်တို့လည်း ပေါ်ပေါက်လာနိုင်သော အရွယ် ဖြစ်လေ သည်။ ဆရာကြီး၏ အတ္ထုပ္ပတ္တိတွင် ဦးသိန်းဖေက-

‘မြတောင်တိုက်ကျောင်းကြီးတစ်ကျောင်းရှိ ကပြင်၏ လက်ရန်းပေါ်တွင် လူချောချော ဆယ်နှစ် သားအရွယ် တစ်ယောက် ထိုင်နေလေ၏ ။ သူသည် သျှောင်ပေစူးကလေးကို ကျစ်နေအောင် ထုံးလျက် နှစ် ထား၏ ။ တရုတ်တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုးကလေး ၀တ်ထား၏ ။ ထိုသူငယ်ကလေးသည် သီ ပေါမင်း ပါသွားသည်ကို မြင်လျှင် ငိုရှာလေသည်။ ၀မ်းထဲ၌ လှိုက်လှိုက်နှင့် ပူနေတော့၏ ။ အဖိုးများ စွာ ထိုက်တန်သော အရာကလေးတစ်ခု ပျောက်သွားသည်ဟု ထင်ရှားလေ၏ ။ ထိုသူငယ်သည် အသက် အငယ်သော်လည်း (အင်း .. ငါတို့ တစ်မျိုးလုံး လူမျိုးခြား၏ ကျွန် ဖြစ်ပြီ)ဟု သိကာ မချိမဆံ့ ဖြစ်နေလေ ၏ ။ နောက် ဘုရင်သည် ဂေါဝိန်ဆိပ် ဆင်းသော အခါ ကျောင်းဦးဘုရားသို့ ထိုသူငယ်သည် သွားလေ ၏ ။ ဘုရားကို ရိုသေစွာ ကန်တော့ပြီး (တပည့်တော် ကား ကမ္ဘာပျက်ခါနီး မှ လူ ဖြစ်ပါရသည်။ ယခု တပည့်တော် တို့ လူမျိုးသည် ကျွန် ဖြစ်ခဲ့ပါပြီ။ နောက် ဖြစ်လေရာဘ၀၌ ဘုရာ့တပည့်တော် သည် ကျွန် လူမျိုး၌ မ ဖြစ်ရပါစေနှင့် ဘုရား)ဟု ဆုတောင်းလေ၏ ’ဟု ဆိုခဲ့လေသည်။

မန္တလေးတွင် ထီးနန်းကွယ်ပျောက်သည့်အခါမှစ၍ ဆရာကြီးသည် မြတောင်ကျောင်း၌ အတည်တကျ မနေတော့ဘဲ ချောင်းဦး၊ အလုံ၊ မုံရွာ၊ ကြေးမုံ၊ ဘုတလင် စသော အရပ်များ သို့ ကိုရင်ဘ၀ဖြင့် လှည့်လည်၍ စာသင်ပြန်လေသည်။ ထိုအခါကပင် မေတ္တာစာ မှာ တမ်းတို့ကို ရေး စပြုသည်ဟု ဆိုလေ သည်။ ဤသို့ အလုံမုံရွာ စသည်တို့၌ တစ်လှည့်၊ မန္တလေး၌ တစ်လှည့် စာသင်ရင်း ခရီးလှည့်လည်ရင်း ပင် ဆရာကြီးမှာ အသက် ၁၉ နှစ် အရွယ်သို့ ရောက်လာရာ အဖ ဦးစံဒွန် ကွယ်လွန်လေသည်။ တစ်ဖန် ကျီးသဲလေးထပ်ဆရာတော် လည်း ပျံလွန်တော် မူလေသည်။

ရန်ကုန်သို့

ဤတွင် ဆရာကြီးသည် ရန်ကုန်သို့ ခြေဦးလှည့်ရလေတော့သည်။ ဆရာကြီးမှာ ခိုကိုးရာမဲ့ ဖြစ်သော မိခင်ကို လုပ်ကျွေးမွေးမြူရမည် ဖြစ်လေသည်။ ထို့ကြောင့် ရန်ကုန်သို့ ဆင်း၍ အလုပ်ရှာရလေသည်။ ထို အခါမှစ၍ အသက် ၁၉ နှစ် အရွယ်အထိ သင်ကြားခဲ့သော ပညာနှင့် တကွ မန္တလေး၊ အလုံ၊ မုံရွာ စသည်တို့၌ ကြားမြင်တွေ့ ကြုံခဲ့သော သုတ ဒိဋ္ဌ မုတ တို့ကို ပြန်လည်သုံးသပ် ကလောင်ဖျားသို့ အပ် ခွင့်ရလေပြီဟု ဆိုရာသည်။ နောင်ရေး လတ္တံ့သော စာကဗျာ ဋီကာကျမ်းများ သည် ဆရာကြီး ၁၉ နှစ် အရွယ်အထိ အညာဒေသ၌ စုဆောင်းသိမ်းဆည်းခဲ့သော ပညာနှင့် တကွ သုတ ဒိဋ္ဌ မုတ တို့၏ ကြေးမုံ ပင် ဖြစ်လေသည်။ အထူးသဖြင့် မှာ တော် ပုံဝတ္ထုသည် ထင်ရှားသော သက်သေ ဖြစ်လေသည်။ ဆရာကြီး ရွှေတောင်မြို့မှ ရန်ကုန်သို့ အလုပ်ရှာဆင်းလာပုံကို ဆရာကြီး၏ အတ္ထုပ္ပတ္တိတွင် -

‘စွပ်ကျယ်အင်္ကျီလက်ရှည်အပေါ်က ပင်နီတရုတ်တိုက်ပုံ ထပ်ဝတ်ကာ ခိုပြာရောင် ပိုးနှင့် ရှမ်း အကွက်အကွက် ရက်ထားသော လုံချည်ကို ရှေ့တွဲ လဲ နောက်ပိုင်းတိုတို ၀တ်လျက် ခေါင်းကို မျက်နှာသုတ်ပ၀ါ စည်းထားသော ခရီးသည် တစ်ယောက် မှာ ရန်ကုန်ရောက်ခါစ မောင်လွန်းပင် ဖြစ်လေသည်။ ၎င်းသည် ထန်းခေါက်ဖာကြီးကို ကြိုးနှင့် ဆိုင်း၍ ၀ါးနက်ကြီး လျှိုထိုးကာ ထမ်း လာလေသည်။ ခေတ်အခါကလည်း ကောင်း၊ ကံကလည်းကောင်း၊ ပညာလည်း ပြည့်စုံပြီးသား ဖြစ်သဖြင့် မကြာခင်ပင် အလုပ်ရလေ၏ ’ဟု ဆိုထားလေသည်။

ဆရာကြီးသည် ရှေးဦးစွာ ဆူးလေဘုရားလမ်း ဇမ္ဗူ့ကျက်သရေစာပုံနှိပ်တိုက်၌ အလုပ်ရလေ သည်။ ပထမသော် စာစီအလုပ်ကို လုပ်ရလေသည်။ ထိုမှတစ်စတစ်စ စာပြင်အယ်ဒီတာ ဖြစ်လာ သည်။ ဇမ္ဗူ့ကျက်သရေ၌ အလုပ်လုပ်နေစဉ် ဆရာကြီးသည် ကလောင်စမ်းစပြုသည်ဟု ဆိုလေ သည်။ ထိုခေတ်သည် ဇာတ်ပွဲများ အလွန်ခေတ်စားသော ခေတ် ဖြစ်လေသည်။ ရန်ကုန်မြို့တွင် ထိုအခါက စပါးဈေးကလည်း တက်စ ဖြစ်သဖြင့် ငွေရွှင်သည်။ ငွေရွှင်သဖြင့် ပွဲတခြိမ့်ခြိမ့် ရှိလေသည်။ ဆရာကြီးသည် ထိုဇာတ်ပွဲများ ၌ စိတ်ဝင်စားလာ၍ ပြဇာတ်စာအုပ်များ ကို ကလောင်စမ်းသည့်အနေနှင့် ရေး လေသည်။ ပြဇာတ်ပေါင်း (၈၀)ကျော်မျှ ရေး ခဲ့သည်ဟု ဆိုလေသည်။ ထိုပြဇာတ်များ ကို ရုပ်သေး ဦးဖူးညို၊ ဇာတ်ဦးစိန်ကတုံး၊ ဦးအောင်ဗလ၊ ဦးဖိုးစိန်တို့က ခင်းကျင်းပြသကြသည်ဟု ဆိုလေသည်။ အထူးသဖြင့် သီရိဓမ္မာသော ကဇာတ်၊ မဟောသဓဇာတ်၊ ဥပကဆာဝါဇာတ်၊ ထိလပ်ဇာတ်တို့ကို ပြ ကြသည်ဟု ဆိုလေသည်။

သတင်းစာလောကတွင်

ဇမ္ဗူ့ကျက်သရေတိုက်၌ အလုပ်လုပ်နေစဉ်မှာ ပင် ဆရာကြီးသည် ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် အကြောင်းပါလေသည်။ ထို့နောက် ဇမ္ဗူ့ကျက်သရေတိုက်သို့ ပြောင်းရွှေ့လုပ်ကိုင်လေသည်။ ထို့နောက် မော်လမြိုင်သို့ ပြောင်းရွှေ့၍ မြန်မာတိုင်းသတင်းစာတွင် လုပ်ကိုင်ပြန်သည်။ ထိုအခါ ဆရာ ကြီးသည် မောင်သမာဓိအမည် ဖြင့် ဆောင်းပါးကဗျာများ ရေး စ ပြုလေပြီ။ ဆရာကြီး အသက် ၃၆ နှစ် ၊ ၁၂၃၇ ခုနှစ် (၁၉၁၁) တွင် သူရိယသတင်းစာဟူ၍ ပေါ်လာလေသည်။ ထိုနှစ် ၌ ပင် ဆရာကြီးသည် သူရိယတွင် အယ်ဒီတာအ ဖြစ် ဆောင်ရွက်ရလေသည်။ ဆရာကြီးသည် သူရိယသို့ ရောက်သော အခါ ၀ံသာနုလုပ်ငန်းသည် မြန်မာပြည်တွင် လှုပ်ရှားစပြုလာပြီ။ သူရိယ၌ ဆရာကြီး အလုပ်လုပ်ရသော အကျိုးမှာ ဆရာကြီးနိုင်ငံရေး ရာ၌ စိတ်ဝင်စားလာခြင်း၊ အသက် ၁၀ နှစ် အရွယ်က မန္တလေး၌ ဖြစ်ပေါ် ခဲ့ဖူးသော မခံချင်စိတ်၊ ဇာတိမာန်စိတ်တို့ ပြန်လည်ပေါ်ပေါက်လာခြင်းတို့ ဖြစ်သည်ဟု ဆိုအပ်လေ သည်။ နောင်အခါတွင် ဆရာကြီးသည် ဤစိတ်၊ ဤစေတနာတို့ဖြင့် သာ ကလောင်ကို ကိုင်လေသည်။ ဤစိတ်၊ ဤစိတ်စေတနာတို့သည်သာလျှင် ဆရာကြီး၏ ဘ၀ ရည်ရွယ်ချက် ဖြစ်လာလေသည်။

ဆရာကြီး၏ အသက် ၄၀၊ ၁၂၇၇ ခုနှစ် (၁၉၁၄၊ ၁၅) လောက်တွင် ဇနီးသည် ဒေါ်ရှင် အနိစ္စ ရောက်လေသည်။ ထိုအခါမှစ၍ ဆရာကြီး၏ စိတ်သည် ပိုမိုရင့်သန်ထွားကျိုင်းလာ၍ လောကုတ္တရာ ဘက်သို့ လည်း ယိုင်သည်ထက် ယိုင်လာသည်ဟု ဆိုသင့်လေသည်။ ဒေါ်ရှင် အနိစ္စရောက်သော အခါ ဆရာကြီးမှာ သားသမီးလေးယောက် နှင့် ကျန်ခဲ့လေသည်။ အကြီးဆုံးမှာ ၁၂ နှစ် သား ဖြစ်၍ အငယ် ဆုံးမှာ ၁၁ လ သမီး ဖြစ်လေသည်။ ထိုအခါ ဆရာကြီးသည် ရန်ကုန်မြို့ ဘားလမ်းရှိ တိုက်ခန်းတစ်ခန်း ၌ နေထိုင်လေသည်။ ဆရာကြီးသည် ထိုအခါမှစ၍ စာရေး ရသည်ကတစ်ဖက်၊ သားသမီးများ ကို ထိန်း သိမ်းပြုစုရသည်က တစ်ဖက် ပင်ပန်းလှသည်ဟုဆိုလေသည်။ သို့ ရာတွင် ထိုပင်ပန်းမှု တို့ကို ဆရာကြီး သည် သည်းခံခြင်း၊ မေတ္တာရှေးရှုခြင်း၊ စောင့်စည်းခြင်း၊ မြတ်သော ဘ၀ရည်ရွယ်ချက် ရှိခြင်းတို့ဖြင့် တွန်းလှန်ဖြိုဖျက်နိုင်ခဲ့လေသည်။ ထူးဆန်းသည်မှာ ဤသို့ ပင်ပန်းစွာ နေရသော အခိုက်အတန့်ကာလ တွင် ဆရာကြီးသည် စာအရေး နိုင်ဆုံး ဖြစ်လေသည်။ ကြာဋီကာ၊ ဗိုလ်ဋီကာဆောင်းပါးများ နှင့် မှာ တော် ပုံဝတ္ထုဆန်းတို့သည် ထိုကာလတွင် ပေါက်ဖွားလာသော စာများ ဖြစ်လေသည်။ ထိုဆောင်းပါး ကဗျာများ ကို ထောက်သဖြင့် ဆရာကြီးသည် စာအကြည့်နိုင်ဆုံး ဖြစ်သည်ဟုလည်း ဆိုသင့်လေသည်။ ထိုအခါမှစ၍ ဆရာကြီးကို ဘားနဒ်ပိဋကတ် စာကြည့်တိုက်၌ အမြဲမပြတ် တွေ့ မြင်ကြရသည်ဟု ဆို လေသည်။ ဘားနဒ်ပိဋကတ်တိုက်တွင် ဆရာကြီး မဖတ်မရှုဖူးသော ပေပုရပိုက်ဟူ၍ မရှိသလောက် ပင် ဖြစ်သည်ဟု ပြောကြလေသည်။

ဇနီးသည်ဒေါ်ရှင် ကွန်လွန်ပြီးသည့်နောက်

ဒေါ်ရှင် အနိစ္စရောက်ပြီးနောက် ဆရာကြီး အိမ်ထောင်စီးရပုံကို ဆရာကြီးအတ္ထုပ္ပတ္တိရေး သူ ဦးသိန်းဖေက အနုစိပ်နိုင်သလောက် စိပ်၍ မှတ်တမ်းတင်ခဲ့လေသည်။ ယခုအခါ ထိုမှတ်တမ်းကို ပြန်၍ ဖတ်ရှုဆင်ခြင်ရသည်မှာ ကြည်ညိုဖွယ်လည်း ဖြစ်သည်။ ငိုအားထက် ရည်အားသန်ဖွယ်ရာလည်း ဖြစ် ပေသည်။ စိတ်အားတက်စရာလည်း ကောင်းလှပေသည်။ ဆရာကြီးကိုယ်တိုင် အိမ်ထောင်စီးရင်း စာ ရေး ဆရာဘ၀ဖြင့် နေထိုင်ခဲ့သည်ကို အတ္ထုပ္ပတ္တိ၌ ဆိုခဲ့သည်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။

ဆရာလွန်းသည် ဘားလမ်း၌ တိုက်ခန်းတစ်ခန်းငှား၍ နေလေ့ရှိ၏ ။ ထိုတိုက်ခန်းတွင် ပင် သား သမီးများ ကို ကိုယ်တိုင်ပြုစုကာ နေလေတော့၏ ။ အငယ်ဆုံးသမီးမှာ ၁၁ လမျှ ရှိသေး၏ ။

တစ်နေ့သော် ဆရာလွန်းသည် ထမင်းချက်နေလေ၏ ။ ရှေးက ထမင်းမချက်ဖူးသဖြင့် မိမိ ဇနီး ကွယ်လွန်မှ ထမင်း စတင်ချက်ရသော ကြောင့် ကောင်းစွာ မျှ မချက်တတ်ချေ။ ပြာပေါ်တွင် ရေနံဆီ အိုင်နေအောင်လောင်း၍ မီးရှို့ပြီး ထင်းများ ကို တင်လေ၏ ။ နောက် ဆန်ကို ရေဖြင့် နှစ် ထပ်မျှ ဆေးပြီး ရေများများ ဖြင့် တည်လေ၏ ။ သမီး ၁၁ လ သမီးကလေးသည် ပုခက်ထဲ၌ အိပ်နေလေ၏ ။ အကြီးသမီး နှင့် သားသည် ကျောင်းသွားရန်ပြင်ဆင်နေကြလေ၏ ။ အငယ်ကလေးသည်ကား ဆရာကြီး စာအုပ် များ ကို လှန်လှောပြီး ကစားနေလေ၏ ။ မကြာမီ ထမင်းအိုး ပွက်လေ၏ ။ ယောက် မဖြင့် ၀ဲထအောင် မွှေ ပြီး ဆန်ကိုစမ်းကြည့်ရုံယူပြီး စမ်းသပ်နေလေ၏ ။ လက်ဖြင့် ကိုင်ကြည့်လေ၏ ။ မာနေသေးသည်ကို တွေ့ ရသဖြင့် စလောင်းဖုံးထားပြန်လေ၏ ။ ထမင်းအိုးလည်း တဗွက်ဗွက်ဖြင့် ပွက်နေလေ၏ ။ ထိုအခိုက် အငယ်ဆုံးကလေးသည် အိပ်ရာမှ နိုးလေ၏ ။ နိုးသည်နှင့် တစ်ပြိုင်နက် စူးရှစွာ ငိုလေ၏ ။ ဆရာလွန်း သည် လှည့်ကြည့်ပြီး ထမင်းအိုးကို ဂရုစိုက်ရပြန်လေ၏ ။ ယောက် မဖြင့် ဆန်ကို ကောက်ယူပြီး ကိုင် ကြည့်သော အခါ နပ်နေပြီကိုသိရလေ၏ ။ ကလေးမသည်လည်း မည် သူမျှမခေါ်သဖြင့် ပိုမိုအော်ငိုလေ ၏ ။ ထိုအခါ ဆရာလွန်း၏ အသည်းနှလုံးသည် ဆွေ့ဆွေ့ခုန်လာလေ၏ ။ ကလေးကို သနားကြင်နာ လေ၏ ။ နောက် ရုတ်တရက် ထမင်းအိုးခွင်မှလာပြီး ကလေး၏ ပုခက်ကိုလှုပ်၍ လွှဲနေရရှာ၏ ။ ကလေး လည်း အငိုမတိတ်သေးသော ကြောင့် ကြောင်အိမ်ပေါ်မှ နို့မုန့်ချောင်းကလေးကိုယူပြီး ‘အင့်…အင့်’ဟု ကလေးအား ကျွေးရလေ၏ ။ ကလေးသည် မုန့်ချောင်းကိုပါးစပ်တပ်တပ်ပြီး အငိုရပ်သွားလေ၏ ။

ထို့နောက် ထမင်းအိုးခွင်သို့ အပြေးအလွှားသွားသော အခါ ထမင်းအိုးသည် ကျက်လွန်းအား ကြီးနေပုံကို တွေ့ ရလေ၏ ။ ဆရာလွန်းသည် လက်နှီးစုတ်ရှာရပြန်၏ ။ တော် တော် နှင့် မတွေ့ ၊ နောက် တွေ့ လျှင် သွက်လက်စွာ ထမင်းရည်ငှဲ့နေလေ၏ ။ ထမင်းလည်း ချစ်တီးထမင်းလို ပျော့်သွားလေ၏ ။ နောက် စားတော် ပဲကြော်ရန် စိတ်ကူးလေ၏ ။ တစ်ဖန် ကလေး ညှော်စော်နံမည် စိုးသဖြင့် အစိမ်းလိုက် ဆီဆမ်း၊ ကြက်သွန်ထည့်ပြီး ပဲသုပ် သုပ်လိုက်ရလေ၏ ။ နောက် ဘူးရွက်ဟင်းချိုချက်ရာ ခရမ်းချဉ်သီး များ သွားသဖြင့် များ စွာ မချိုဘဲ နေလေ၏ ။ ငါးရဲ့ ခြောက်ဖုတ်နေခိုက် သားနှင့် သမီး ရန် ဖြစ်နေသဖြင့် သွားရောက်ဖျန်ဖြေရသေး၏ ။ ထမင်းစားပြီးသော အခါ ကွမ်းစားကာ ထိုင်နေလေ၏ ။

အကြီးနှစ် ယောက် ကား ကျောင်းသွားကြလေ၏ ။ ဆရာလွန်းသည် ဒုတိယအငယ်ဆုံးကလေး ကို ‘ဟဲ့ သမီး ပ၀ါယူခဲ့စမ်း’ဟု ခိုင်းလေ၏ ။ ပ၀ါ ယူခဲ့လေ၏ ။ ပ၀ါကို ရစ်ရုံသာ ရစ်ရရှာလေ၏ ။ မပေါင်း အားလေ။ ထို့နောက် စာအုပ်ယူပြီး စာဖတ်နေလေ၏ ။ ထိုအခိုက် သမီးကလေးသည် ပန်းပွင့်ကြီး တစ် ပွင့်ကို ဆရာလွန်း၏ ခေါင်း၌ ထိုးတပ်ထားလေ၏ ။ ဆရာသည် စာဖတ်ရင်း ပုခက်လွှဲရရှာ၏ ။ ကလေး လည်း အိပ်ပျော်နေ၏ ။ အတန်ကြာသော် ပုခက်တွင်းမှကလေးသည် သေးပေါက်လိုက်လေ၏ ။ အောက်သို့ စီးကျလေ၏ ။ စာဖတ်နေသဖြင့် သေးစီးကျသည်ကိုမမြင်ဘဲ လွှဲမြဲလွှဲနေလေရာ ဆရာကြီး စာအုပ်နှင့် လုံကွင်း အားလုံးရွှဲလေ၏ ။ ဆရာသည် စာအုပ်ကိုစွတ်သော သေးများ ကို လုံကွင်းနှင့် သုတ် ပစ်ရလေ၏ ။

နောက် ဆယ်နာရီထိုးသဖြင့် သူရိယတိုက်သို့ သွားရန် ပြင်ဆင်ရလေ၏ ။ ပလေကတ်လုံချည် အဖြူအနက်ကွက်နှင့် ပင်နီအင်္ကျီကို ၀တ်ဆင်လေ၏ ။ ပုသိမ်ထီးကို ကိုင်ပြီး’ဟေ့ သမီး ကောင်းကောင်း နေရစ်နော်။ ကလေးနိုးလို့ ငိုရင် ဟိုနို့ဘူး တိုက်လိုက်၊ နို့မုန်းချောင်းလည်းပေး၊ ကြားလား… မင်းလည်း ထမင်းဆာရင် မုန့်ဝယ်စား၊ အောက်က မဖွားသိန်းကို အ၀ယ်ခိုင်း၊ ကြားလား…’ဟု မှာ ပြီး အိမ်ထောင် တစ်ခုလုံးကို လေးနှစ် ငါးနှစ် သမီးကလေး၏ အစောင့်အရှောက်ဖြင့် အပ်ထားခဲ့ရလေ၏ ။ အောက်သို့ ရောက်သော အခါ ဘုတလင်သား မုန့်ဟင်းခါးသည်များ က ဆရာကြီးကိုကြည့်ပြီး ရယ်ကြလေ၏ ။

‘ဟေ့..မောင်ဘိုးဘ၊ ဘာလို့ ရယ်တာလဲကွ’

‘ဆရာ့ခေါင်းမှာ ပန်ကြီး ပန်လို့ပါလား ဆရာ’

ဆရာလွန်းသည် အံ့အားသင့်ပြီး ခေါင်းကို စမ်းကြည့်မှ ယခင်က သမီးကလေးထိုးတပ်ထား သော ပန်းကြီးကို တွေ့ ရလေ၏ ။

‘တယ်ဆော့တဲ့ ကလေးတွေ ပဲကွာ.. ပန်းထိုးလိုက်ပြန်ပြီ’ဟု ပြောပြီး ပန်းကိုနုတ်ပစ်ရလေသည်။

‘မဖွားသိန်း၊ အိမ်ကြည့်လိုက်စမ်းပါနော်.. ကလေးတွေ ချည်း ရှိရစ်တယ်ဗျာ။ သူတို့ မုန့်စားချင် ရင်လည်း ၀ယ်သာပေးလိုက် ပါနော်’ဟု လှမ်း၍ မှာ ပြီးလျှင် မဖွားသိန်းက ‘ကောင်းပါပြီဆရာ.. သွားမှာ သာ သွားပါ’ဟု ပြန်ပြောမှ စိတ်အေးပြီး တိုက်သို့ အလုပ်လုပ်ရန် ထွက်ခဲ့ရလေ၏ ။

တစ်ခါသာ မိုက်မယ်

တစ်ခါသော် ဆရာလွန်းတို့နေသော တိုက်အထက်ထပ်၌ နေသူ မကွန်းမေသည် ဆရာလွန်း ကြက်သားဟင်း ချက်နေသည်ကိုမြင်၍ ဆရာကြီးသာ ချက်နေလျှင် ဟင်းလည်း ကောင်းကောင်း မစားရ၊ ထမင်းလည်းကောင်းကောင်း မစားရရှာသည်ကို တွေးမိ၏ ။ ဆရာကြီးမှာ မိန်းမအလုပ်များ ကို လုပ်နေရသည်ကို မြင်ရသဖြင့် သနားမိ၏ ။ ဤကဲ့သို့ သားသမီးဒုက္ခ၊ ၀မ်းရေး ဒုက္ခတွေ ကို သည်းခံပြီး နေနိုင်သည်မှာ အံ့သြဖို့ကောင်းသည်ဟု အောက်မေ့နေလေ၏ ။ နဂိုကပင် ဆရာကြီးအား ကြည်ညိုနေ သူ ဖြစ်သဖြင့် …

‘ဆရာ…ထမင်းလည်းချက်၊ ကလေးလည်း ထိန်းရတယ်။ ဒုက္ခကြီးတယ်ဆရာ..’

‘အေးကွယ်.. ဒုက္ခတော့ ကြီးတာပဲ။ သို့ ပေမယ့် မတတ်နိုင်ဘူး…’

‘ကျွန်မ ချက်ပေးမယ် ဆရာ၊ ကျွန်မလည်း ကိုမောင်ကြီးနှင့် ကျွန်မ အတွက်သာ ချက်ရတာ ပဲ။ ၀န်မလေးပါဘူး'

‘ကွယ်..နေပါစေ၊ ဆရာ့အတွက် ဒုက္ခမရှာပါနဲ့’

‘မဟုတ်ပါဘူးဆရာ၊ ချက်ပေးပါ့မယ်။ ဆန်တို့ ဆီတို့ ဟင်းချက်စရာတို့ကိုသာ ခြင်းတစ်ခုနဲ့ ထည့်ထားပြီးတော့ ကျွန်မက ကြိုးချပေးလိုက် မယ်။ ချည်ပေးလိုက် ။ အပေါ်ကဆွဲပြီးယူမယ်။ အပေါ် ကျွန်မတို့ရဲ့ မီးဖိုပေါ်မှာ ချက်တာပေါ့ ဆရာ၊ ကျွန်မ ၀န်မလေးပါဘူး’

ထိုသို့ ပြောဆိုကြပြီးနောက် မိမိစားလိုသော ဟင်းလျာ၊ ဟင်းသီးဟင်းရွက်တို့ကိုဝယ်၍ ခြင်းတွင် ထည့်ပြီးအပေါ်သို့ စက်သီးနှင့် ဆွဲတင်ရလေ၏ ။ ဆန်၊ ဆီ၊ ငါးပိကိုလည်း ဆွဲတင်လေ၏ ။ တစ်ခါတစ်ရံ မုန့်ဟင်းခါးသည်များ ကို ၀ယ်စေ၏ ။ တစ်ခါတစ်ရံ မကွန်းမေ ဈေးဝယ်ရ၏ ။ ထိုအချိန်မှစ၍ ထမင်း ကောင်းကောင်း ဟင်းကောင်းကောင်း စားရလေတော့၏ ။ အကြီးဆုံး ၁၂ နှစ် သားကလေးနှင့် အလတ် ၈ နှစ် သူ ကလေးတို့သည် ကျောင်းမှန်မှန်တက်ရတော့၏ ။

ထိုသို့ အလုပ်များ သော်လည်း စာဖတ်မပျက်စေရပေ။ စာရေး ခြင်းကိုလည်း မနှောင့်ယှက်စေရ ပေ။ ၎င်းအပြင် အကြားအကြားတို့၌ အခြားစာတတ်လိုသူများ အား ပညာသင်ကြားပေးရသေး၏ ။ ၎င်း ဆရာကြီး၏ တပည့်အရင်းထဲတွင် ဦးမေအောင် အပါအ၀င် ဖြစ်လေသည်။ ဦးမေအောင်သည် ဆရာကြီး ကို အိမ်သို့ ပင့်၍ စာသင်ယူလေသည်။ ဆရာလွန်းသည် ကွမ်းအလွန်စားသော ကြောင့် မမြစိန်က ‘ဆရာကွမ်း’ဟု ခေါ်လေ့ရှိလေသည်။ ဦးမေအောင်သည် ဧချင်းဟောင်း ၁၂ စောင်နှင့် မြန်မာရာဇ၀င်ကို ဆရာလွန်းထံမှ သင်ယူလေသည်။

ဆရာကြီး၏ မိတ်ဆွေများ ၊ တပည့်များ က ဆရာကြီးမှာ သားသမီးတွေ နှင့် ဒုက္ခများ သည်တစ် ကြောင်း၊ ထမင်းဟင်း စားရေး သောက်ရေး အတွက် ကျပ်တည်းသည် တစ်ကြောင်း၊ အိမ် ကြည့်ရှုမည့်  သူ မရှိသည့် တစ်ကြောင်း၊ ဆရာမှာ အသက် ၄၀ ကျော် အရွယ်ကောင်းတုန်း ဖြစ်သည်လည်း တစ် ကြောင်းကြောင့် မိန်းမ နောက်ထပ်ယူရန် တိုက်တွန်းကြလေ၏ ။ အိမ်ထောင်မှု ၊ မယားယူမှု ကို ကြောက် ရွံ့လေသဖြင့် ‘တပည့်တို့၊ မိတ်ဆွေတို့၊ ဃရာဝါသ၊ သမ္ပာဒဖြင့် ဒုက္ခဖွဲ့နှောင်။ လူတို့ဘောင် ဟူသော အရ၊ လောကတွင် ငါသည် အိမ်ထောင်ပြုခဲ့ပြီ။ လူမိုက်တို့အလုပ်၊ ယုတ်သော အလုပ်၊ ကာမဘောင် ရှုပ်ထွေးစေသော အလုပ်ကိုလုပ်ခဲ့ပြီ။ ဆရာသည် တစ်ခါသာမိုက်ပါရစေ။ နောက်ထပ် မမိုက်လို’ဟု မိန့်မြွက်လေ့ရှိ၏ ဟူလေသည်။

သူရိယနှင့် နိုင်ငံရေး လောက

ဆရာကြီးသည် သူရိယသတင်းစာတိုက်တွင် ၁၉၂၁ ခုနှစ် လောက်အထိ မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအ ဖြစ်ဖြင့် ဆောင်ရွက်ခဲ့လေသည်။ ထိုသို့ ဆောင်ရွက်စဉ် နိုင်ငံရေး လောကသို့ ရောက်မှန်း မသိ ရောက်သွားလေသည်။

ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး အစရှိသော အရေး များ နှင့် စပ်လျဉ်း၍ နိုင်ငံရေး ရုပ်ပြောင် ဆုံးမခန်း၌ လေးချိုးများ ရေး လေသည်။ ဗြိတိသျှအင်ပါယာအတွင်း ‘ဟုမ္မရူး’ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရမှု ၌ စိတ်ဝင်စားလာ၍ မြန်မာပြည်အတွက် အလွန်ဝမ်းမြောက်ခဲ့ လေသည်။ ဗြိတိသျှတို့သည် မြန်မာပြည်အား ‘ဟုမ္မရူး’ပေးလိမ့်မည် ဟုလည်း ယုံကြည်ခဲ့လေသည်။

ပထမ ကမ္ဘာစစ်ကြီးအပြီးတွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ နိုင်ငံကိုယ်စားလှယ်အ ဖြစ်ဖြင့် ဟုမ္မရူး ရမှု အတွက် ဘိလပ်သို့ သွားကြသော အခါ ဆရာကြီးသည် ဒေါင်းဋီကာ ဆောင်းပါးများ ကို ရေး သာလေသည်။ ထိုအခါက ဆရာကြီး၏ စိတ်တွင် ဇာတိမာန်လည်း တက်သည်။ ဗြိတိသျှအစိုးရကို လည်း ကိုးစားလျက်ပင် ရှိသေးလေသည်။ သို့ ရာတွင် ဗြိတိသျှအစိုးရသည် မြန်မာပြည်အား ဟုမ္မရူးကို မပေးသေးဘဲ လက်လီစိတ်ကာ ဒိုင်အာခီအုပ်ချုပ်ရေး ကို ၁၉၂၃ ခုနှစ် တွင် အတင်းထိုးပေးလိုက် သော အခါ ဆရာကြီးသည် ဗြိတိသျှအစိုးရကိုလည်း အယုံအကြည်ပျက်၍ ဇာတိမာန်လည်း ပြင်းထန်လာ လေသည်။

ရန်ကုန်တက္ကသိုလ် ပထမသပိတ်

ဆရာကြီး၏ ဇာတိမာန် ပြင်းထန်လာခြင်း၏ အခြားအကြောင်းရင်းတစ်ခုမှာ လည်း ၁၉၂၀ ပြည့်နှစ် က ရန်ကုန် တက္ကသိုလ် ပထမသပိတ် ဖြစ်လေသည်။ ထိုနှစ် တွင် ရန်ကုန်တက္ကသိုလ် ကျောင်း သားများ သာမက နယ်ရှိအထက်တန်းကျောင်း၊ အလယ်တန်း၊ ကျောင်းသားများ ပါ ဗြိတိသျှအစိုးရ ရေး ဆွဲသော ယူနီဘာစီတီ အက်ဥပဒေကို တော် လှန်ကာ ကျောင်းများ ကို သပိတ်မှော က်ကြလေသည်။

ထို့နောက် အမျိုးသားပညာရေး ကောင်စီကို ဖွဲ့စည်းကာ ရန်ကုန်ဗဟန်းရပ်တွင် စင်ပြိုင် နေရှင် နယ်ကျောင်းများ ကို ဖွင့်လှစ်လေသည်။ ကျောင်းသားများ စိတ်ဓာတ်တက်ကြွသည်ကို မြင်ရသော အခါ ဆရာကြီးသည် မြန်မာပြည်၏ နောင်ရေး အတွက် အားတက်၍ လူငယ်များ ၏ သတ္တိဗျတ္တိကို ယုံကြည်ကိုးစားလာလေသည်။

ထိုအခါက ဗြိတိသျှအစိုးရ၏ ကျောင်းများ ၌ မင်းတိုင်းချေလောက်သာ သင်ကြားပေးသော မြန်မာစာပေနှင့် မြန်မာရာဇ၀င်တို့ကို နေရှင်နယ်ကောလိပ်နှင့် နေရှင်နယ်ကျောင်းများ တွင် ထိထိ ရောက်ရောက် သင်ပြစပြုလေသည်။ ၁၉၂၁ ခုနှစ် လောက်တွင် နေရှင်နယ်ကောလိပ်ကျောင်း၌ မြန်မာ စာပေနှင့် မြန်မာရာဇ၀င်ပို့ချစေရန် ဆရာကြီးအား တောင်းပန်ခေါ်ပင့်သော အခါ ဆရာကြီးသည် သူရိယမှ အလုပ်ထွက်၍ ကျောင်းသားများ နောက်သို့ ကောက်ကောက်ပါ လိုက်သွားလေသည်။

ဆရာကြီး သူရိယသတင်းစာတိုက်တွင် ဆောင်ရွက်နေခြင်းသည် နိုင်ငံအတွက် ဆောင်ရွက် နေခြင်းပင် ဖြစ်လေသည်။ သို့ ရာတွင် ဆရာကြီးသည် ထိုသို့ ဆောင်ရွက်ရသည်နှင့် တင်းတိမ်နိုင်ဟန် မတူချေ။ ပိုမိုပြင်းထန်သော ဆောင်ရွက်ခြင်းမျိုးကို လိုလားဟန်တူလေသည်။ သူရိယတိုက်မှ ဆရာ ကြီးအလုပ်ထွက်လာပုံကို ထောက်ပြခြင်းအားဖြင့် ထိုအခါက ဆရာကြီး၏ စိတ်ဓာတ်ကို ချိန်ကြည့်နိုင် လေသည်။ ဆရာကြီး သူရိယမှ အလုပ်ထွက်လာပုံကို အတ္ထုပ္ပတ္တိတွင် အောက်ပါအတိုင်း ဆိုထားလေ သည်။

ဆရာလွန်းသည် ကျောင်းသားများ ညီညီညာညာ သပိတ်မှော က်ကြသည်ကို အတော် ပင် ၀မ်းမြောက်၏ ။ တစ်သက်နှင့် တစ်ကိုယ် သည်လို စိတ်မာန်ကြွ ဆောင်ရွက်ကြသည်ကို မတွေ့ ဖူးသေး ချေ။ ဆရာသည် အလွန်စိတ်ကြွနေ၏ ။ သို့ သော် သူရိယတိုက်ကိုလည်း အလုပ်ကထွက်ရမှာ အားနာ နေ၏ ။ သို့ ကြောင့် အနည်းငယ်စဉ်းစားနေလေ၏ ။

‘ဆရာမှ မလုပ်ရင် ဘယ်သူ လုပ်ဦးမလဲ ဆရာရယ်၊ ကျောင်းသားတွေ ကလည်း ဆရာမှိုင်းကြီး ကို လိုချင်တယ်ချည်း တ နေကြတယ်။ ဆရာရဲ့ ။ ကျောင်းသားတွေ က ဆရာ့ကိုသာ ကြည်ညိုတာ ကလား’ဟု ဦးမောင်မောင်ကြီးက ပြောပြန်၏ ။ ကျောင်းသားများ ကလည်း ထပ်မံ တောင်းပန်ပြန်လေ ၏ ။

‘အေးလကွယ်၊ ခု ဆရာ ပြောနေတာက ဆရာက မလုပ်ချင်လို့ မဟုတ်ဘူး။ သူရိယတိုက်ကို အားနာလို့ စဉ်းစားနေတာပါကွ။ သို့ ပေမဲ့ သူရိယအရေး နှင့် မင်းတို့သပိတ်အရေး စာလိုက်တော့ သပိတ်အရေး က အပုံကြီးကြီးပေတယ်။ ဆရာ လခကို ပမာဏမပြုပါဘူး။ ကဲကဲ.. ဆရာ လုပ်တော့ မယ်။ ရာဇ၀င်ဘက်က ဖြစ် ဖြစ်၊ မြန်မာစာဘက်က ဖြစ် ဖြစ်ပေါ့ကွယ်’ဟု ကျောင်းသားများ အား ကတိ ပေးလိုက် လေ၏ ။

ထိုင်ရာမှ ထခဲ့ပြီး ဦးဘဖေထံ သွားလေ၏ ။

ဦးဘဖေက ‘ဘာကိစ္စလဲ ဆရာ’

‘ခု-ကျောင်းသားတွေ သပိတ်မှော က်ကြတာ တော် တော် ကြာသွားပြီကွ။ သပိတ်မှော က်ပြီး သူတို့ ခု နေရှင်နယ်ကောလိပ် ထောင်ကြမလို့တဲ့။ နေရှင်နယ်ကောလိပ်မှာ မြန်မာဆရာ လိုတယ်တဲ့။ ဒီ မြန်မာဆရာ အလုပ်ကိုလုပ်ဖို့ ကျောင်းသားတွေ နဲ့ မင့်သူငယ်ချင်း မောင်ကြီးတို့လာပြီး တောင်းပန် ကြတာနဲ့ ဆရာလုပ်ဖို့ ကတိပေးလိုက် ပြီ။ အဲဒီ တော့ ဆရာ မင်းတို့တိုက်က အလုပ်ထွက်ပါရစေတော့ ကွာ’

‘ဆရာ သိပ်လောမကြီးနဲ့ ဆရာ စဉ်းစားပါဦး၊ နေရှင်နယ်ကောလိပ်က သေချာတာ မဟုတ်ဘူး။ နေရှင်နယ်ကောလိပ်ကို ပျက်သွားရင် ဆရာ မခက်ပေဘူးလား’

‘အောင်မာ နိမိတ်မရှိတာ မပြောပါနဲ့။ နေရှင်နယ်ကောလိပ် ထောင်ကာရှိသေး၊ ပျက်ရမယ်လို့ တယ် မဟုတ်တမ်းတရမ်း ပြောတာကိုး’

‘မဟုတ်ဘူး ဆရာ၊ ပျက်သွားရင် ဆရာအလုပ်လက်မဲ့..’

‘မင်းတို့က မလုပ်ခင်က အပျက်စကားပြောနေတာကိုး။ ပျက်ရင်လည်း ကိစ္စမရှိပါဘူး။ ဆရာ့ အတွက် မပူတော် မူပါနဲ့ မောင်ရာ။ အမေ မွေးထားတာ မောင်တို့ အင်္ဂလိပ်စာတတ်တွေ ခိုင်းစားဖို့ မဟုတ်ပါဘူး။ ဆရာတော့ အလုပ်ထွက်ပြီ။ ဆင်ပြ ဆန်မတောင်းနဲ့တော့’ဟုပြောကာ သူရိယတိုက်မှ ထွက်ခဲ့လေ၏ ။

ဗဟန်းနေရှင်နယ် ကောလိပ်

ဆရာကြီး နေရှင်နယ်ကောလိပ်၌ မြန်မာရာဇ၀င် ပို့ချလျက်နေစဉ် ကျောင်းသားများ ၏ စိတ်တွင်းသို့ ဇာတိမာန် နိုင်ငံချစ်စိတ်ဓာတ်ကို သွင်းပေးခဲ့လေသည်။ နယ်ကျောင်းသားများ အတွက် မှန်နန်းရာဇ၀င်ငယ်ကို ပြုစုစီရင်၍ နေရှင်နယ်ကောလိပ်အတွက် မှန်နန်းရာဇ၀င်တော် ကြီးကို တည်း ဖြတ်ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ ထိုအခါက ဆရာကြီးသည် ကျောင်းသားလူငယ်များ နှင့် ဆက်ဆံရာ တွင် ၀မ်းမြောက်ရွှင်လန်းခြင်း၊ အားတက်ခြင်းရှိသည်ဟု ဆိုရာသည်။ သို့ ရာတွင် အတင်းလာတော့ မည့် ဟန်ပြင်နေသော ဒိုင်အာခီ လေသံကြောင့် လွတ်လပ်ရေး ကြိုးပမ်းမှု လုပ်ငန်းသည် ၀ါ၊ မြန်မာတို့၏ ၀ံသာနုလုပ်ငန်းသည် အစည်းအရုံးပျက်လာလေသည်။ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး နှစ် ခြမ်း ကွဲတော့မည် ဖြစ်လေသည်။ ထို့ကြောင့် နေရှင်နယ်ကောလိပ်ပျက်ဖို့ အရိပ်နိမိတ်လည်း ပေါ်လာလေ သည်။

ထိုအခါက ဆရာကြီးသည် ဘားလမ်း၌ ပင် နေထိုင်ဆဲ ဖြစ်သည်။ နေရှင်နယ်ကောလိပ် ချည့် ချည့်နဲ့နဲ့ ဖြစ်လာသော အခါ ဆရာကြီးမှာ လည်း ချို့ချို့တဲ့တဲ့ ဖြစ်လာမည် မှာ မုချ ဖြစ်လေသည်။ သို့ ရာ တွင် ဆရာကြီးသည် စိတ်မလျှော့ဘဲ နေရှင်နယ်ကောလိပ်အရေး ကို အစမှ အဆုံးတိုင် ရယ်ရယ်မော မော ပျော်ပျော်ရွှင်ရွှင် ဆောင်ရွက်ခဲ့လေသည်။ မျောက်ဋီကာဆောင်းပါးများ ကိုလည်း ရေး ခဲ့လေသည်။ ဆရာကြီး ထိုအခါက ဆင်းရဲကို ဆင်းရဲ မထင်ပုံကို အတ္ထုပ္ပတ္တိတွင် အောက်ပါအတိုင်း ဆိုထားလေ သည်။

ဆရာလွန်းသည် အ၀တ်အစား၌ သာ ခြိုးခြံသည်မဟုတ်၊ ဘားလမ်းမှ ဗဟန်းကျောင်းသို့ လာရာ၌ ပင်လျှင် ခြေကျင်လာလေသည်။ ထို့ကြောင့် ယောပုဆိုးတောင်ရှည်ကြီးကို ၀တ်၊ ဘုံဘိုင်ရေ ဖိနပ်ကြီးကို စီး၊ မန်ကျည်းစေ့ကွက် ပင်နီအင်္ကျီကိုဆင်လျက် နံနက်ခင်း ဆယ်နာရီအချိန်တွင် လမ်း လျှောက်လာသည်ကို ထိုစဉ်က တွေ့ နိုင်ကြလေသည်။ ပိုးပ၀ါကိုလည်း ထိပ်ကအုပ်၍ စည်းထားလေ သည်။ အိမ်တော် ရာထီးကို ဆောင်းလျက်ရှိလေသည်။

ဆရာလွန်းသည် ကျင့်သားရနေပြီ ဖြစ်၍ လမ်းလျှောက်ရုံနှင့် မမောပန်းလှပေ။ နေပူသဖြင့် သာ ချွေးဖြိုင်ဖြိုင်ကျနေလေ၏ ။

ဘားလမ်းမှ မီးရထားတံတားကိုကျော်၍ လျှောက်လာခဲ့ရာ တိရစ္ဆာန်ရုံဘေးသို့ မကြာမီ ရောက် ခဲ့လေ၏ ။ ထိုနေရာရောက်မှ သစ်ပင်တစ်ပင်၏ အရိပ်အောက် မြက်ခင်းပေါ်တွင် ထိုင်လျက် နားနေ လေ၏ ။ ပုဆိုးမြိတ်ကိုလက်ဖြင့် မလျက် မိမိကိုယ်ကို ယပ်ခတ်ရှာလေသည်။

အတန်ကြာအနားနေ အမောဖြေပြီးမှ ဗဟန်းကျောင်းတိုက် နေရှင်နယ်ကောလိပ်သို့ တက် ရောက်ရန် လာခဲ့လေ၏ ။ လမ်းတွင် ဆရာကြီးနှင့် ဖိုထိုးဘက် ဘုန်းတော် ကြီးတစ်ပါးက ‘ကျောင်းပေါ် သို့ ခဏတက်ခဲ့ပါဦး’ဟု ဆီးခေါ်သဖြင့် ကျောင်းပေါ်သို့ တက်ခဲ့လေ၏ ။

ဘုန်းတော် ကြီးက လက်ဖက်အုပ်ကို လှမ်းပေးပြီး ‘ဘယ့်နှယ် ဆရာလွန်း၊ ခြေကျင်လာခဲ့ရလို့ မောသလား’

‘သိပ်တော့ မမောပါဘူးကိုယ်တော် ၊ တပည့်တော် ကျင့်သားရနေပြီ။ တပည့်တော် တို့ကျောင်း က ကောင်လေးတွေ ပြောသလို ‘ပရိုက်တစ်’ရနေလို့ပေါ့ဘုရာ့’ဟု ပြောပြီး လက်ဖက်စားလေ၏ ။

‘ဆရာတို့ ကျောင်းကလည်း တယ်မွဲတာကိုး ဆရာရဲ့ ။ ဆရာတို့တောင် လခမှန်မှန်မရဘူး ဆို’

‘တင်ပါ့ဘုရား ကိစ္စမရှိပါဘူး ဘုရား။ မကြာခင် ကျောင်းမှ ငွေပေါတော့မှာ ပဲ။ တပည့်တော် တို့ ရွှေ ဖြစ်ငွေ ဖြစ် ဖိုထိုးလို့ ရွှေတွေ ငွေတွေ မကြာခင် ဖြစ်တော့မှာ ပဲ။ ဒီတော့ ကျောင်းကြီးဟိန်းအောင် ဆောက်လုပ်မယ်။ ကောင်းပေ့ဆိုတဲ့ဆရာတွေ လခကောင်းကောင်း ပေးငှားတာပေါ့။ မဟုတ်ဘူးလား ကိုယ်တော် ။ ဟား..ဟား…’ဟုပြောပြီး ရယ်လေလျှင် ဆရာတော် လည်း ရယ်မောရင်း ‘ကြိုးစားကြတာ ပေါ့လေ’ဟု ပြန်ဖြေလေ၏ ။ ဆရာလွန်းသည် ကွမ်းတစ်ရာ စားပြီး စာသင်ခန်းသို့ လာခဲ့လေတော့ သတည်း။

ထိုမျှမကသေး ၊ ဆရာကြီး ထိုအခါက ရသမျှနှင့် ရောင့် ရဲပုံ၊ ဆရာအချင်းချင်း ချင်ခင်ရင်းနှီးစွာ နေတတ်ပုံ၊ နေရှင်နယ်ကောလိပ်အတွက် ဇွဲမလျှော့ချင်ပုံတို့ကိုလည်း အတ္ထုပ္ပတ္တိတွင် အောက်ပါ အတိုင်း ဆိုထားလေသည်။

နေ့လယ် ကျောင်းဆင်းလျှင် ဆရာလွန်းသည် ဆရာဦးဘချို(ယခု ဒီးဒုတ် အယ်ဒီတာချုပ်) နှင့် အတူ ဗဟန်းရပ်အတွင်းရှိ ဆရာဦးဘချို အိမ်သို့ လက်ဖက်ရည်သောက် လိုက်ခဲ့လေသည်။

အိမ်သို့ ရောက်လျှင် အသင့် ဆီးကြိုနေသော ဆရာဦးဘချို၏ ဇနီး ဒေါ်လှမေကို တွေ့ ရလေ သည်။ ဒေါ်လှမေသည် လက်ဖက်ရည်ကြမ်းအိုးနှင့် လက်ဖက်သုပ်၊ ပဲလှော်ကြော်သုပ်၊ မရမ်းသီးသနပ်၊ ငါးရဲ့ ခြောက်ဖုတ်၊ ပဲကြော်နှင့် ၀က်သားသုပ်တို့ကို ရှေ့သို့ ချ၍ ဦးဘချိုက ပြုံးပြီး ‘ဆရာ- ဟောဒီ ၀က် သားသုပ်နှင့် ပဲကြော်က ဇေတ၀န်က ရခဲ့တာဆရာ’ဟု ဆရာလွန်းအား ပြောလေ၏ ။

‘ဘယ်လို ဇေတ၀န်လဲကွ၊ ပြောပါဦး’

‘ခါတိုင်း ချီးမြှောက်နေကျ ကျွန်တော့်  ဆရာတော် ဆီက ရခဲ့တာကိုပြောတာပါ ဆရာ’

‘ဟား..ဟား… ခေါင်းတုံးပေါ်ထိပ်ကွက် ဆိုတာလိုကိုးကွ။ ဘုန်းကြီးဆီးက မင်းက တစ်ဆင့် အလှူခံပြန်ပြီလား’

‘ကျွန်တော် က အလှူခံရတာ မဟုတ်ဘူး ဆရာ၊ ဘုန်းကြီးက နေ့လယ် ဗိုလ်လွန်းနှင့် မောင်ဘချို စားဖို့ဆိုပြီး ကျောင်းသား တစ်ယောက် ကို အပို့လွှတ်လိုက်တာ ဆရာ။ ဘုန်းတော် ကြီးတွေ ကတော့ ကျွန်တော် တို့ကို အတော် မေတ္တာရှိဟန် လက္ခဏာပါပဲ။ အကောင်းကလေးရရင် ဘာ ဖြစ် ဖြစ် ပို့လေ့ရှိတယ် ဆရာရဲ့ ’

‘ဘုန်းကြီးချီးမြှင့်တာ စားရခဲပေခြင်း’ဟု ဆိုကာ ၀က်သားသုပ်ကို မြိန်ရှက်စွာ ဆရာလွန်းသည် စားလေ၏ ။

ဒေါ်လှမေ ရောက်လာပြန်ပြီ။

‘ဆရာ လက်ဖက်သုပ်လည်း စားပါ ဆရာ။ ကျွန်မ ကျကျနန သုပ်ထားတယ်’ဟု ပြောပြီး လက်ဖက်ပန်းကန်ကို ဆရာလွန်းရှေ့သို့ တိုးပေးပြန်လေ၏ ။ ဦးဘချိုလည်း အားရပါးရ စားနေလေ၏ ။

ထိုအခိုက် ကလေးငိုသံ ကြားရသဖြင့် ဦးဘချိုက ‘ဟ ကလေး နိုးပြီ။ မြန်မြန် သွားပါ’ဟု ဒေါ်လှမေအား ပြောလေ၏ ။ ဒေါ်လှမေ ထ သွားလေ၏ ။

‘ဆရာ ကျောင်းသားတွေ လည်း သိပ်အားမရြှိ ကတော့ဘူး ဆရာ။ တချို့လည်း ပြန်ဝင်ကုန်ကြ ပြီ’

‘ဟာ.. သူတို့သတ္တိမရှိလို့ ပြန်တာတော့ တားမရဘူးပေါ့ကွာ။ တို့ကသာ ကျောင်းမပျက်အောင် ကြိုးစားဖို့ပဲကွ။ ငွေရှိမှ ဟန်မှာ ပါကွာ။ မွန်းချစ်လှိုင်ရဲ့ ဂျီစီဘီအေနှင့် ပေါင်းရင်တော့ ဟန်ကျမယ်ထင် တယ်ကွ’ဟု မရမ်းသီးသနပ်ကို စားရင်းပြောလေ၏ ။

‘မကိုက်ဘူးထင်တယ် ဆရာ’ဟု ပြောပြီး လက်ဖက်ရည် ပန်းကန်ကို ပါးစပ်အနီး တေ့ပြီး ငေး နေလေ၏ ။ အတန်ငယ်ကြာလျှင် ဒေါ်လှမေသည် သမီးကလေးကို ပွေ့ချီလာလေ၏ ။

‘ကွာ.. ဘယ်သူပဲ စိတ်ပျက်ပျက် ဘယ်သူ့ ထွက်ထွက်ပေါ့။ တို့တော့ ကျောင်းဖက်ပြီး အရိုး ထုတ်နိုင်အောင် ကြိုးစားကြတာပေါ့’

သို့ ရာတွင် ၁၉၂၃ ခုနှစ် ၌ မြန်မာပြည်တွင် ဒိုင်အာခီအုပ်ချုပ်ရေး စ လေတော့သည်။ ထိုနှစ် ၌ ပင် အချို့ခေါင်းဆောင်များ သည် ၂၁ ဦးဂိုဏ်းထောင်၍ ဂျီစီဘီအေမှ ခွဲထွက်ကာ ဒိုင်အာခီကို လက်ခံ သည်။ ထိုနှစ် ၌ ပင် နေရှင်နယ်ကောလိပ်လည်း ပျက်လေသည်။ ထိုနှစ် ၌ ပင် မျောက်ဂဏ္ဍိရေး လေ သည်။

၁၉၂၃ ခုနှစ် တွင် ဗဟန်းနေရှင်နယ်ကောလိပ် ပျက်သော အခါ ဆရာကြီးဦးလွန်းသည် ဒဂုန် မဂ္ဂဇင်းတိုက်တွင် အယ်ဒီတာအ ဖြစ်ဖြင့် ဆောင်ရွက်လေသည်။ ဒဂုန်မဂ္ဂဇင်း၏ ရည်ရွယ်ချက်မှာ ထို အခါက မြန်မာစာပေ မြှင့်တင်ရေး ၊ စာပေသစ် ဖြစ်ထွန်းရေး ဖြစ်သည်ဟု ဆိုသင့်လေသည်။ ထိုမဂ္ဂဇင်း တွင် ဆရာကြီးသည် စစ်ကိုင်းပြန် မှာ တော် ပုံကိုလည်းကောင်း၊ အီနောင် နန်းတွင်းဇာတ်ကိုလည်း ကောင်း စကားပြေတစ်လှည့်၊ လေးချိုးတစ်လှည့် နည်းဖြင့် ရေး သားထုတ်ဝေခဲ့လေသည်။

ထိုသို့ စာပေသက်သက် ရေး သားနေရင်းပင် ဆရာကြီးသည် ၂၁ ဦး ဂိုဏ်းသားများ ဖြစ်ကြသော ဒိုင်အာခီသမားတို့၏ နိုင်ငံရေး လုပ်ငန်းကိုလည်းကောင်း၊ မူလ ဂျီစီဘီအေ ၀ံသာနုသမားတို့၏ နိုင်ငံ ရေး လုပ်ငန်းကိုလည်းကောင်း မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့လေသည်။ ဆရာကြီးသည် ဒိုင်အာခီ သမားများ ကိုလည်း မကျေနပ်ချေ။ ၀ံသာနုသမားများ ကိုလည်း မကျေနပ်ချေ။ သို့ ရာတွင် ထိုနှစ် ဂိုဏ်း ညီညွတ်စေချင်သော စေတနာကားရှိလေသည်။

ထိုစေတနာကို ဗန္ဓုလဂျာနယ်တွင် ခွေးဋီကာဆောင်းပါးများ ၌ ဖော်ပြခဲ့လေသည်။ ထိုနှစ် ဂိုဏ်း မှာ ညီညွတ်နိုင်မည် ဝေးစွ၊ တစ်နေ့တခြား တစ်ဖက်နှင့် တစ်ဖက် အလှမ်းဝေးသည်ထက် ဝေးလာရာ နောက်ဆုံးတွင် ဆရာကြီးသည် ထိုနှစ် ဂိုဏ်းစလုံးကို မိမိ၏ စာရင်းမှ ပယ်ထုတ်၍ နိုင်ငံရေး အားသစ် မာန်သစ်ကို စောင့်မျှော်လေတော့သည်။

ယခင်အခါများ က ဆရာကြီးသည် ပထမအဆင့်တွင် ‘ဟုမ္မရူး’အတွက် ဗြိတိသျှအစိုးရ၏ ကရုဏာမေတ္တာကို ယုံကြည်ကိုးစားခဲ့လေသည်။ ‘ဟုမ္မရူး’မရသော အခါ ဂျီစီဘီအေ မြန်မာအသင်းချုပ် ၏ ဟုမ္မရူးဝါဒကို ယုံကြည်ကိုးစားစရာမရှိတော့ပြီ။ ထိုအခါမှစ၍ ဆရာကြီးသည် သူများ ၀ါဒဖြင့် ကလောင်ကို မကိုင်တော့ပြီ။ သူများ နှာခေါင်းပေါက်ဖြင့် အသက်မရှူလိုတော့ပြီ။ ဆရာကြီးသည် မိမိ တကယ်ယုံကြည်နှစ်သက် သော လမ်းစဉ်နောက်သို့ သာ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးဖြင့် လိုက်စပြုလာ သည်။

ထိုလမ်းစဉ်ကား လုံးဝလွတ်လပ်ရေး ၀ါဒလမ်းစဉ် ဖြစ်လေသည်။ ထိုအခါက ထိုလမ်းစဉ်မျိုးကို အကြမ်းနည်းဖြင့် ဆောင်ရွက်သူမှာ ဂဠုန်ဆရာစံ ဖြစ်လေသည်။ ၁၉၃၀ ပြည့်နှစ် လောက်တွင် ဆရာစံ ခေါင်းဆောင်၍ သာယာဝတီနယ်တစ်ဝိုက်တွင် ဗြိတိသျှအစိုးရကို ပုန်ကန်လေသည်။ တစ်နှစ် နီးပါးမျှ ကြာသော အခါ ဆရာစံအရေး နိမ့်၍ အဖမ်းခံရလေသည်။ ထိုအခါ ဆရာကြီးသည် ဆရာစံ၏ အရေး တွင် ၀ိုင်းဝန်းကူညီခဲ့လေသည်။ ဂဠုန်ပျံဋီကာကိုလည်း ရေး ခဲ့လေသည်။ နောင်အခါတွင် တိုးတက်ရေး မဂ္ဂဇင်း၌ လည်း ရာဇ၀င်နီတိ ဆောင်းပါးများ ကို ရေး လေသည်။

အကြမ်းနည်း ဖြစ်သော သာယာဝတီသူပုန်အရေး တစ်ခန်းရပ်သော အခါ အနုနည်း ဖြစ်သော တို့ဗမာအစည်းအရုံးခေါ် လူငယ်အသင်းတစ်ခုပေါ်လာ၍ မြန်မာတို့၏ နိုင်ငံရေး တွင် တစ်စခန်းထလာ ပြန်လေသည်။ ဆရာကြီးသည် တို့ဗမာအစည်းအရုံး၏ ၀ါဒတွင် မိမိ၏ အကြိုက်ကိုတွေ့ ၍ လူငယ်တို့၏ ဇွဲသတ္တိ လုံ့လကိုလည်း သဘောကျလေသည်။ သို့ ရာတွင် အစ ပထမ၌ အကဲခတ်နေသေးဟန် တူလေသည်။ သခင်ဘသော င်းနှင့် သခင်ဗစိန်တို့ ရွှေဘိုကြားရွေးကောက်ပွဲ၌ သခင်တရားဟောရင်း ထောင်အကျခံလိုက်သော အခါမှာ ဆရာကြီး ယုံကြည်လာဟန် တူလေသည်။ သခင်ဘသော င်းတို့ သည် ထောင်မှလွတ်ခွင့်ရလာကြသော အခါ ဆရာကြီးအား လာရောက်တွေ့ ဆုံဆွေးနွေးကြလေသည်။ ထိုအကြောင်းကို အတ္ထုပ္ပတ္တိတွင် အောက်ပါအတိုင်း ရေး ထားလေသည်။

ရာသီကား ဆောင်းတွင်း ဖြစ်၏ ။ အချိန်ကား ည ရှစ်နာရီလောက်ရှိလေပြီ။ ဆရာလွန်းအိမ်မှာ တစ်ထပ်အိမ်ကလေး ဖြစ်သည်။ လသာမှန်အိမ်ကြီးတစ်ခုဖြင့် အိမ်ကိုအလင်းရောင် ပေးနေလေသည်။ ကျွန်တော် တို့ ငါးယောက် အိမ်ပေါ်ရောက်လျှင်ပင် ‘ထိုင်ကြ-ထိုင်ကြ’ဟု မိန်းမ တစ်ယောက် က ကုလား ထိုင်များ ပေါ်တွင် အထိုင်ခိုင်းလေသည်။ ကုလားထိုင်များ မှာ စားပွဲအနက်ကြီးပတ်ဝန်းကျင်၌ ရှိလေ သည်။ မကြာမီ အသက် ၆၀ တွင်း အဘိုးကြီးတစ်ဦး ရောက်လာလေသည်။

ထိုအဘိုးကြီးကား အသားလတ်လတ်၊ အရပ်အမောင်း ကောင်းကောင်း၊ အသားအရေ ခပ် တင်းတင်း ဖြစ်လေသည်။ တစ်ပတ်လျှို သျှောင်ထုံး၊ ဖျင်အင်္ကျီလက်ရှည်ကို ၀တ်၊ မဲပုဆိုးကို ခပ်တိုတို ခါး၌ စည်းထားလေသည်။ နှုတ်ခမ်းမွှေး ပါးပါးလည်း ရှိလေသည်။

‘သြော်.. မောင်ဘသော င်းတို့ကိုး။ ထိုင်ကြ..ထိုင်ကြ’ဟု လေအေးအေး ရွှေကျီးညိုအသံဖြင့် ပြောသည်ကို ကြားရလေသည်။

‘ဟုတ်တယ် ဆရာ’ဟု သခင်ဘသော င်းက အသံပြာပြာနှင့် ပြန်ပြောတော့မှ ‘အင်း.. သည်ဘကြီးကား ဆရာလွန်းပင် ဖြစ်သည်’ဟု ကျွန်တော် သိတော့သည်။

‘မင်းတို့ ဘယ်တုန်းက ရောက်ကြာသလဲ’

‘ကနေ့ပဲ ဆရာ၊ ဟောဒါက သခင်ဘစိန်၊ ဟောဒါက သခင်ထွန်းရွှေ၊ ဟောဒါက သခင်ထွန်း ရွှေရဲ့ အစ်ကို သခင်သိန်းမောင်တဲ့ ဆရာ။ သည် ကတော့ သခင်လောင်းကလေး ယူနီဗာစီတီကျောင်း သား သခင်သိန်းဖေတဲ့ ဆရာ’ဟု အသိဖွဲ့ပေးလေ၏ ။

နောက် သခင်ဘစိန်၊ သခင်ဘသော င်းတို့က အဘယ်သို့ သော တရားကို ဟောသဖြင့် တရားစွဲ ခံရပုံ၊ တရားသူကြီးစစ်ဆေးချက်ကို ပြန်လှန်ဖြေပုံ၊ နောက် ဘာ့ကြောင့် ထောင်ကျပုံ၊ ထောင်တွင်း၌ အညှဉ်းဆဲခံရပုံ၊ တုတ်နှင့် အရိုက်ခံရပုံ၊ အစာငတ်ပုံတို့ကို ပြောပြလေသည်။ ပြောကြသည့် အတော အတွင်း လက်ဖက်ရည်အဖန်၊ ထန်းလျက်။ မရွေး၊ လက်ဖက်တို့ဖြင့် ဆရာလွန်းက ဧည့်ခံလေသည်။ ဆရာကြီးကိုယ်တိုင် လက်ဖက်ရည်ငှဲ့၍ ပေးလေသည်။ နောက် ဆရာကြီးက…

‘အေးအေး လုပ်ကြလေကွာ။ ဆရာတို့တော့ အသက်ကြီးသွားပြီ… မင်းတို့ လူငယ်တွေ လုပ်မှ ပဲ ဖြစ်မြောက်မှာ ပဲဟေ့။ ကြိုးစားပေါ့ကွာ။ ဆရာတို့ မသေခင် မြင်သွားစမ်းပါရစေ။ လူကြီးတွေ တော့ အားမကိုးနှင့် တော့ ဟေ့။ အကောင်း တစ်ယောက် မှ မရှိဘူး’

ထို့နောက် ဆရာကြီးသည် ၁၉၃၄ ခုနှစ် (၁၂၉၆) တပေါင်းလတွင် ကျင်းပသော တို့ဗမာ အစည်းအရုံးသို့ လူသိရှင်ကြားဝင်လေသည်။ မိမိ၏ ကလောင်ဘွဲ့၌ လည်း ‘မစ္စတာ’ကိုဖြုတ်ချ၍ ‘သခင်’ကို တပ်ဆင်လိုက်လေသည်။

ထိုအခါမှစ၍ ဆရာကြီးသည် သခင်ခေါင်းဆောင်များ ဖြစ်ကြသော သခင်မြ၊ သခင်နု၊ သခင် အောင်ဆန်း စသည်တို့နှင့် လည်းတွေ့ ၍ သခင်များ အပေါ်၌ သံယောဇဉ်အတွယ်ကြီး တွယ်လာလေ သည်။ နိုင်ငံမှု တွင် လည်း သခင်များ နှင့် သာ စခန်းသွားလေသည်။ သခင်ဋီကာကိုလည်း ရေး လေသည်။

ဂျပန်ခေတ်

၁၉၄၁ ခုနှစ် တွင် ဒုတိယကမ္ဘာစစ် ဖြစ်ရန် အရိပ်နိမိတ် ဖြစ်ပေါ်လာသော အခါ သခင်တို့မှာ ဒုက္ခ အမျိုးမျိုးနှင့် ကြုံခဲ့ကြရလေသည်။ ဆရာကြီးလည်း ဒုက္ခတွေ့ ခဲ့ရလေသည်။ ဂျပန်တို့က ဗြိတိသျှကို စစ်ကြေညာသော အခါ သခင်ခေါင်းဆောင်များ သည် လုပ်ငန်းစဉ်အရ ဆောင်ရွက်သူတို့ကလည်း ဆောင်ရွက်ကြသည်။ ပုန်းလျှိုးကွယ်လျှိုး နေရသူတို့ကလည်း ပုန်းလျှိုးကွယ်လျှိုး နေကြရလေသည်။

ထိုအခါ ဆရာကြီးမှာ လည်း အိုကြီးအိုမ အရွယ်ရောက်ခါမှ နိုင်ငံရေး ၀ရမ်းပြေး ဖြစ်ခဲ့ရလေ သည်။ ဤအကြောင်းကို သခင်ဖေသိန်းက ‘ဤစစ်ကြီးနှင့် သခင်ကိုယ်တော် မှိုင်း’ခေါ် ကျမ်းငယ်တစ် စောင်၌ မှတ်တမ်းတင်ထားလေသည်။ ထိုအခါက ဆရာကြီးအား စုံထောက်များ က လိုက်လံချောင်း မြောင်းနေသဖြင့် ဆရာကြီးမှာ ပဲခူးမှ သထုံသို့ ရုပ်ဖျောက် တိမ်းရှောင်နေခဲ့ရလေသည်။ ဆရာကြီး အား သခင်မတစ်ဦးက သထုံသို့ လိုက်ပို့ပုံကို သခင်ဖေသိန်းက အောက်ပါအတိုင်း ရေး ထားလေ သည်။

ပဲခူးနှင့် မော်လမြိုင်သွား မီးရထားပေါ်တွင် ဟောင်းနွမ်းညစ်ပေသော စောင်တစ်ထည်ကို ခေါင်းမြီးခြုံကာ မကျန်းမမာဟန်ရှိသော အညာသားနှင့် တူသည့် အဘိုးကြီး တစ်ယောက် သည် ခြေလှမ်း မမှန်၊ ဒယိမ်းဒယိုင်နှင့် ရထားပေါ်သို့ တက်ရောက်လာရာ ၎င်း၏ နောက်တွင် လည်း မိန်းမခပ်ငယ်ငယ် တစ်ယောက် သည် အ၀တ်ထုပ်ကလေးကိုကိုင်ကာ အညာသားအဘိုးကြီး၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာလေရာ မီးရထားစီးခရီးသည်တို့သည် သနားကြင်နာသော အမူအရာဖြင့် နေရာထိုင်ခင်းများ ဖယ်ပေးကြ၏ ။

ဤနည်းဖြင့် သခင်ကိုယ်တော် မှိုင်းသည် ရထားပေါ်၌ မမာလေဟန်ဆောင်ကာ စောင်ကို ခေါင်း မြီးခြုံထားရကား ရထားပေါ်ရှိ ခရီးသည်တို့သည် သခင်ကိုယ်တော် မှိုင်း၏ မျက်နှာကို ကောင်းစွာ မမြင် နိုင်သော ကြောင့် ဘယ်သူဘယ်ဝါဟူ၍ မသိလိုက်ကြချေ။ အကယ်၍ ရထားပေါ်တွင် စုံထောက်များ ပါကောင်းပါကြမည် ဖြစ်သော်လည်း ဖော်ပြခဲ့သည့် နည်းအတိုင်းပင် တွေ့ မြင်ရမည် ဖြစ်သည့်အတွက် လူအများ မြင်နေရသော အညာသားအဘိုးကြီးအား ဘာမျှ မသင်္ကာစရာ ရှိမည် မဟုတ်။

ထိုကဲ့သို့ အညာသားအဘိုးကြီးယောင်ဆောင်ကာ လူမမာကဲ့သို့ ဒုက္ခအမျိုးမျိုးနှင့် တွေ့ ကြုံခဲ့ ရသော သခင်ကိုယ်တော် မှိုင်းသည် စိတ်ပျက်အားလျော့ခြင်းမရှိ၊ ကိုယ်ရေး ကြုံ သက်လုံကောင်း ဟူသော စကားနှင့် အညီ ဇွဲသတ္တိကောင်းကောင်းနှင့် ဆောင်ရွက်ခဲ့သည်အလျောက် နောက်တစ်နေ့ တွင် သထုံနယ်သို့ ရောက်လေ၏ ။

သထုံမြို့ပေါ်ရှိ မြို့သူမြို့သားအပေါင်းတို့သည် မြို့ပြဆိုင်ရာ အထက်အရာရှိများ က မြို့ထဲမှ ထွက်ခွာသွားကြရန် အထက်မှ အမိန့်ထုတ်ဆင့်ထားလေရာ မြို့ထဲတွင် ခြောက်သွေ့နေလေသည်။ ဤသတင်းကို သခင်ကိုယ်တော် မှိုင်းသည် ကျိုက်ထိုလောက်ကစ၍ ကြားသိခဲ့ရလေသည်။

သို့ အတွက် သထုံမြို့ပေါ်တွင် တည်းခိုရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးလျှင် မြို့အနီး ဘုန်း တော် ကြီးကျောင်းတစ်ကျောင်းတွင် ခေတ္တနေထိုင်လေ၏ ။ သို့ နှင့် မဟာမိတ်ဂျပန် တိုက်ပွဲများ သည် စင်ကာပူကျဆုံးပြီးနောက် ရေး ၊ ဘိတ်၊ ထားဝယ်မှစ၍ မော်လမြိုင်သို့ ရောက်လာပြီးလျှင်တစ်ဖန် မော် လမြိုင်မှ မုတ္တမဘက်သို့ ကူးစက်ခါ တိုက်ပွဲများ ဖြစ်ပွားလျက် တစ်စတစ်စ စစ်ဘေးဒဏ်နီးကပ်လာ သည့်အခါ ဆရာကြီးသည် သထုံနယ်အတွင်းရှိ ကရင်ရွာတစ်ရွာသို့ ပြောင်းရွှေ့ပြေးရပြန်လေသည်။

ဗြိတိသျှတို့ မြန်မာပြည်မှ ဆုတ်ခွာသွားသော အခါ ဆရာကြီးသည် ရန်ကုန်မြို့သို့ ပြန်လာလေ သည်။ ဂျပန်ခေတ် တစ်ခေတ်လုံး၌ သခင်အ ဖြစ်ဖြင့် ပင် ဆောင်ရွက်မြဲ ဆောင်ရွက်လေသည်။ တစ်ဖန် သခင်များ ခေါင်းဆောင်သော ဂျပန်ဖက်ဆစ်တော် လှန်ရေး ကို ၁၉၉၄-၄၅ ခုနှစ် တို့၌ စတင်သော အခါ မှာ လည်း ဆရာကြီးသည် သခင်များ နှင့် အတူ အသက်စွန့်ခဲ့လေသည်။ ဆရာကြီးအား ဂျပန်ဖက်ဆစ် တို့ လိုက်လံဖမ်းဆီးသော အခါ ဆရာကြီးသည် ထိန်ကုန်းရွာသို့ ပြောင်းရွှေ့နေထိုင်ရလေသည်။ ထိုသို့ နေထိုင်ရပုံကို သခင်ဖေသိန်းအား အောက်ပါအတိုင်း ရေး ထားလေသည်။

ထိန်ကုန်းရွာ၌ ဆရာကြီးနှင့် ကျွန်တော် တို့ လျှို့ဝှက်ပုန်းအောင်းနေစဉ် တစ်နေ့သော အခါ ဂျပန် စစ်တပ်ကလေး တစ်တပ်သည် နေ့လယ် နာရီပြန်နှစ် ချက်အချိန်တွင် ရွာတွင်းသို့ ၀င်ရောက်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း အိတ်သွန်ဖာမှော က် ရှာဖွေနေကြောင်း ယုံကြည်လောက်သော ရွာသား များ က လာရောက်သတင်းပေးလေသည်။ ထိုအချိန်မှာ တန်ခူးလနေအလွန်ပူပြင်းသော အခါ ဖြစ်လေ ရာ ကျွန်တော် တို့မှာ နေပူသည်ကို ပဓာနမထားနိုင်ဘဲ ဂျပန်ရန်ဘေးက ကင်းဝေးအောင် လက်လွတ် ရွာပြင်ဘက်လယ်ကွင်းထဲသို့ ထွက်ပြေးခဲ့ရလေ၏ ။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးသော အခါ ဆရာကြီးသည် ရန်ကုန်မြို့သို့ ပြန်လာသည်။ ၁၉၄၇ ခုနှစ် တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ခေါင်းဆောင်အချို့ကျဆုံးလေရာ ဆရာကြီး အထူး ကြေကွဲလေသည်။ ဗိုလ်ချုပ်ကို ချစ်ခင်လေးစားခဲ့သူ ဖြစ်သဖြင့် ဗိုလ်ချုပ်ကျဆုံးခြင်းအကြောင်းကို ‘အာ ဇာနည်ဗိမာန်ဋီကာ’ရေး ၍ မှတ်တမ်းတင်ခဲ့လေသည်။

နိုင်ငံရေး မျက်စိဖြင့် ကြည့်သော် ဆရာကြီးဦးလွန်း၏ စာများ သည် မြန်မာနိုင်ငံသမိုင်းတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး အတွက် ကြီးစွာ သော ယဉ်ကျေးမှု အထောက်အပံ့ ဖြစ်ခဲ့သည်ဟု ယူသင့် လေသည်။ စာပေမျက်စိဖြင့် ကြည့်သော် မြန်မာစာပေသမိုင်းတွင် ဇာတိမာန်စာပေ အခန်းသစ် တစ်ခန်း ကို ဖွင့်ခဲ့သည်ဟု ယူသင့်လေသတည်း။

♥ ♥ ♥


၂။ ဗိုလ်ဋီကာခေတ်

ဗိုလ်ဋီကာ ဆောင်းပါးများ ကို ဆရာကြီးဦးလွန်းသည် ၁၉၁၃ ခု၊ ၁၄ ခုနှစ် တို့တွင် ရေး သားလေ သည်။ ထိုဆောင်းပါးများ သည် ဆရာကြီး၏ စာဆိုဘ၀တည်းဟူသော ဗိမာန်တွင် အုတ်မြစ် ဖြစ်လေ သည်။ ထိုဆောင်းပါးများ တွင် နောင်ရေး လတ္တံ့သော ဋီကာဆောင်းပါးတို့၏ ဗီဇသည် အထင်အရှားပါ လျက် ရှိလေသည်။ ထိုဋီကာ ဆောင်းပါးများ တွင် ဆရာကြီးသည် ရှေးဟောင်းမြန်မာရာဇ၀င်အ ဖြစ် အပျက်များ အကြောင်းကိုလည်းကောင်း၊ ရှေးဟောင်း မြန်မာရာဇ၀င် အ ဖြစ်အပျက်များ အကြောင်းကို လည်းကောင်း၊ ရှေးဟောင်းမြန်မာစာပေအကြောင်းကိုလည်းကောင်း၊ လက်ရှိ နိုင်ငံရေး ၊ အမျိုးဘာသာ သာသနာရေး အကြောင်းတို့ကိုလည်းကောင်း ရေး လေ့ရှိလေသည်။ ရေး သော အခါ ရုပ်သေးမင်းသား ကြီးများ ကဲ့သို့ စကားဖန်တစ်လှည့်၊ လေးချိုးကဗျာတစ်လှည့် ပြောဆိုဖွဲ့နွဲ့ကာ ရေး ဖွဲ့လေ့ရှိလေသည်။ ဤသို့ ဖြင့် မြန်မာတိုင်းသူ ပြည်သားတို့အား ဇာတိမာန် တက်ကြွစေလေသည်။

ဆရာကြီး ရန်ကုန်သို့ ရောက်လာသော ခေတ်သည် မြန်မာနိုင်ငံ၌ ဇာတ်ရုပ်သေးအနှံ့အပြား ကပြကြသော ခေတ် ဖြစ်လေသည်။ ဇာတ်ပွဲ၊ ရုပ်သေးပွဲ ခေတ်စားသည်ကို အကြောင်းပြု၍ ဇာတ် စာအုပ်လည်း အမြောက်အမြားပေါ်ခဲ့လေသည်။ ထိုခေတ်စာအုပ်များ သည် ဈေးပေါလှသဖြင့် တော ကျေးလက်များ ကပင် အမြောက်အမြားဝယ်ယူဖတ်ရှုနိုင်ကြလေသည်။

တောကျေးလက်များ တွင် ဇာတ်ပွဲ၊ ရုပ်သေးပွဲတို့ကို တစ်နှစ် လျှင်တစ်ကြိမ်၊ နှစ် ကြိမ်လောက် သာ ကြည့်ကြရသည်။ ကြည့်ပြီးကြလျှင် ပြသွားသော ဇာတ်ထုပ်ဇာတ်ကွက်တို့မှ သီချင်းများ ကို ရပ်ထဲ ရွာထဲ၌ ဆိုကြလေတော့သည်။ ကာလသားများ သည် လသာသာတွင် ရပ်ရွာလှည့်၍ ဆိုကြသည်။ လှေထိုးရာ၊ လှည်းတိုက်ရာ၊ ထင်းခွေရာ၊ ကောက်စိုက်ရာ၊ စပါးရိတ်ရာတို့၌ ဆိုကြသည်။ ဓနိရုံ၊ ဆေးလိပ်ရုံ၊ ဆီရုံတို့၌ ဆိုကြသည်။ အချို့လည်း မီးခွက်တစ်ခွက်တွင် ၀ိုင်းကာ ဇာတ်စာအုပ်ဖြင့် ပျော် ကြလေသည်။ ပျော်ပုံမှာ ယခုအခါကဲ့သို့ တစ်ယောက် တည်း စာတစ်အုပ်နှင့် တိတ်တိတ်ဆိတ်ဆိတ် ဖတ်သည်မဟုတ်။ စာဖတ်သူတို့က တစ်ယောက် တစ်လှည့်စီ သံနေသံထားနှင့် ဖတ်ကြ ဆိုကြလေ သည်။ ကျန်လူစုက လက်ဖက်ရည်ကြမ်းသောက်ကာ လက်ဖက်စားကာ၊ ကွမ်းစားကာ စာနာကြလေ သည်။ ထိလတ်ဇာတ်၊ ၀ိဇ္ဖာပျက် ငတက်ခါးဇာတ်၊ ချင်းကလေးဖဝေးဇာတ်၊ ဘိုးထောင်ဝါနုဇာတ်၊ မင်းညီနောင်ဇာတ်၊ မယားကာက လင်ကာကဇာတ်၊ သုဇိတာဗျိုင်းမဇာတ်တို့သည် အတော် ခေတ်စား ခဲ့လေသည်။ ထိုဇာတ်မျိုးကိုမှ ပြန်ကဟပ် ဇာတ်စကားတို့ကို ဖတ်လိုက်၊ လွမ်းချင်း ဖြစ်စေ၊ လေးဆစ် သဖြန် ဖြစ်စေ၊ ငိုချင်း ဖြစ်စေ ဆိုလိုက်နှင့် အလျဉ်မပြတ် ဖတ်နိုင်၊ ဆိုနိုင်သည်။ ထိုဇာတ်မျိုးသည် ထိုသို့ ဖတ်နိုင်၊ ဆိုနိုင်အောင်ရေး ထားသော ဇာတ်မျိုး ဖြစ်လေသည်။ ထိုဇာတ်မျိုးကို အစအဆုံး တစ်ထိုင် တည်းတွင် နာရသော အခါ အလွန်အရသာရှိလှပေသည်။

ဆရာကြီးဦးလွန်းသည် အသက် ၃၀ ကျော်အရွယ်တွင် ရန်ကုန်သို့ ဆင်းလာ၍ ကလောင်တစ် ချောင်းဖြင့် အသက်မွေးမည် ဟု အားထုတ်အံ့ဆဲဆဲတွင် ပြဇာတ်စာအုပ် ခေတ်စားခိုက်နှင့် ကြုံသဖြင့် ပြဇာတ်များ ကို ရေး လေသည်။ ထိုနောက်မှ ဗိုလ်ဋီကာ ဆောင်းပါးများ ကိုရေး လေသည်။ ဆရာကြီး သည် မန္တလေးအထက်အညာတစ်ခို၌ စာသင်စဉ် ပျို့ကဗျာလင်္ကာရာဇ၀င်တို့ကို လေ့လာခဲ့လေသည်။ မန္တလေးပျက် ရာဇ၀င်ကိုမူကားမျက်ဝါးထင်ထင် မြင်ခဲ့ရသူ ဖြစ်လေသည်။ ဆရာကြီးကဲ့သို့ သော ပုဂ္ဂိုလ် မျိုးသည် ပြဇာတ်စာအုပ်အပေါစား ရေး ခြင်းဖြင့် သာ တင်းတိမ်နိုင်ပါမည် လော။ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်လှမ်းပြီးတစ်လှမ်းအထွတ်သို့ အရောက်တက်မည့်  ပုဂ္ဂိုလ်မျိုးသာ ဖြစ်ရာသည်။ ဖြစ်လည်း ဖြစ်ခဲ့ လေသည်။

ဆရာကြီးသည် ပတ်ဝန်းကျင်ကိုကြည့်သည်။ ကျွန်ဘ၀သို့ ရောက်နေသော မိမိနိုင်ငံအ ဖြစ်ကို မြင်ရသည်။ တစ်ဖန် ထိုအ ဖြစ်တွင် ၀မ်းသာစရာ၊ အားတက်စရာ၊ ဒေါသထွက်စရာ၊ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာတို့ကို မြင်ရပြန်သည်။ ဆရာကြီး၏ ကလောင်သည် ပြဇာတ်စာအုပ်အပေါစားမျိုးကို မရေး မခြစ်လိုတော့ပြီ။ ကရုဏာဒေါသော ကို ဖောက်ပြလိုက်ချင်သည်။ စိတ်ပျက်သည်တို့ကို ဖွင့်ချလိုက်ချင် သည်။ ၀မ်းနည်းသည်တို့ကို ညည်းပြလိုက်ချင်သည်။ ၀မ်းမြောက်သည်တို့ကို ၀င့်ပြလိုက်ချင်သည်။ ထို ချင်ခြင်းများ အတွက် ဆရာကြီးသည် ထွက်ပေါက်ကိုရှာလေသည်။ ကံအားလျော်စွာ သူရိယသတင်းစာ ကလည်း ဆရာကြီး၏ ဇာတိမာန်အခိုးအငွေ့ကို လွှတ်ခွင့်ပေးလေသည်။

ဆရာကြီးသည် ဇာတ်စာအုပ် ရေး ခဲ့ဖူးသူ ဖြစ်သည်။ နောင်အခါရေး လတ္တံ့သော ဋီကာဆောင်း ပါးများ နှင့် နှိုင်းစာသော် ထိုဇာတ်စာအုပ်များ ကို အပေါစားဟု ဆိုချင်လျှင် ဆိုသင့်ပါ၏ ။ သို့ ရာတွင် ဆရာ ကြီးသည် ထိုဇာတ်စာအုပ်များ မှ နည်းကောင်းတစ်ခုကို ရခဲ့သည်ဟု ဆိုနိုင်လေသည်။ ထိုနည်းကား အခြားမဟုတ်၊ ခေတ်က နားလည်ပြီး ဖြစ်၍ ခေတ်ကြိုက် ဖြစ်နေသော စကားဖန်တစ်လှည့်၊ တေးကဗျာ တစ်လှည့်ရေး သော ရေး နည်း ဖြစ်လေသည်။ ထိုရေး နည်းသည် စာကို စာဖတ်ပရိသတ်၏ နှုတ်ဖျား၌ ကရားရေလွှတ် တတွတ်တွတ် မြည် စေနိုင်သည်။ ထိုရေး နည်းသည် စာကို စာဖတ်ပရိသတ်၏ နားသို့ ပေါ့ပေါ့ပါးပါး၊ ဖြောင့်ဖြောင့်တန်းတန်း၊ ချောချောမောမော ရောက်စေနိုင်သည်။ ဆရာကြီးသည် ထို ရေး နည်းဖြင့် မိမိ၏ ဇာတိမာန် နိုင်ငံချစ်စိတ်ကို မွှေ့ယမ်း၍ မြန်မာနိုင်ငံအလုံး လွှမ်းဖုံးပျံ့နှံ့စေလေသည်။

ဗိုလ်ဋီကာခေတ်သည် မြန်မာတို့၏ ဇာတိမာန် ရှားပါးနေသော ခေတ် ဖြစ်ဟန်တူလေသည်။ မန္တလေးပျက်သော အခါ မြန်မာတို့သည် မျိုးခြားမင်းကို တော် လှန်နိုင်သမျှ တော် လှန်ကြပါ၏ ။ သို့ ရာ တွင် ဆယ်နှစ် လောက် ကြာမြင့်လာသော အခါ မျိုးခြားမင်း၏ လက်ရုံးဒဏ်ကို မခံနိုင်၊ ဓားချကာ အညံ့ခံလိုက်ကြရလေသည်။ ထိုသို့ ဓားချအညံ့ခံလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ဓာတ်လည်း ပျက် ပြား၍ မျိုးခြားတို့၏ အမူအရာ၊ အလေ့အထဘက်သို့ တစ်ဖက်စောင်းနင်း ယိုင်သွားကြဟန် တူလေ သည်။ ကကြီး ခခွေးသည် နောက်တန်းသို့ ရောက်၍ အေဘီစီသည် ရှေ့တန်းသို့ တက်လာသည်။ သင်ဖျူးဖျာ ကြေးလျှော၍ ကုလားထိုင် ကြေးစားလာသည်။ ပုဆိုးတောင်ရှည် ပိန်းတန်းတို့ လူမလေး ခွေးမခန့် ဖြစ်၍ ဘောင်းဘီဘွတ်ခြေနင်းတို့ လက်အုပ်ချီခြင်း ခံလာရလေသည်။ ဤအချက်တို့သည် လက်ရုံးရည် ပျက်သော ကြောင့် နှလုံးရည်ပါ ပျက်လာပုံ၊ နှလုံးရည် ပျက်သော ကြောင့် အမျိုးဘာသာ ယဉ်ကျေးမှု ပျက်လာရပုံတို့ကို သက်သေခံခဲ့လေသည်။

ဆရာကြီးသည် အထက်အညာက အောက်သို့ ရောက်လာ၏ ။ ရောက်သည်နှင့် တစ်ပြိုင်နက် အမျိုးသားယဉ်ကျေးမှု ပျက်ပုံများ ကို မြင်ရသည်။ မျက်စိရိုင်းနေသဖြင့် အဆွေးကြီးဆွေးမိမည် မှာ မုချ ဖြစ်သည်။ သို့ ရာတွင် အပျက် တစ်ပုံတစ်ခေါင်းကြီးထဲမှ မြန်မာ့အစဉ်အလာယဉ်ကျေးမှု တစ်ခု ခေါင်းပြူ ရုံမျှ ပြူလာသည်ကို မြင်သော အခါ အဆုံးထားခဲ့သော ရတနာကို လက်ဝယ်ပြန်လည်ရရှိဘိသကဲ့သို့ ဆရာကြီး ၀မ်းသာအားတက်မိမည် မှာ လည်း မုချပင် ဖြစ်လေသည်။ ဆရာကြီးသည် ဗိုလ်ဋီကာခေတ် တွင် နှစ် ကြိမ်အားတက်ခဲ့လေသည်။ တစ်ကြိမ်မှာ မြန်မာ့အခါက ဖြစ်သည်။ အခြားတစ်ကြိမ်မှာ ဗုဒ္ဒ သာသနာကို အကြောင်းပြု၍ မြန်မာကို ကမ္ဘာက သိလောက်အောင် ဥာဏ်ပညာထက်မြက်သော ပုဂ္ဂိုလ်ကျော်တစ်ဦး ပေါ်ထွက်လာသော အခါက ဖြစ်လေသည်။ မြန်မာ့အစဉ်အလာ ယဉ်ကျေးမှု တစ်ခု ကို စန်းတင်သူမှာ ဦးမေအောင် ဖြစ်၍ ပုဂ္ဂိုလ်ကျော်မှာ လက်တီဆရာတော် ဖြစ်လေသည်။

ဗြိတိသျှအစိုးရ၏ ပဋိညာဉ်ခံရာထူး စုံစမ်းရေး အဖွဲ့သည် ဘိလပ်မှ မြန်မာပြည်သို့ လာ၍ စုံစမ်း လေသည်။ ထိုအခါ ဦးမေအောင်သည် မြန်မာပီပီ ခံ့ညားစွာ ပုဆိုးတောင်ရှည်ဝတ်ဆင်ကာ စုံစမ်းရေး အဖွဲ့သို့ တက်ရောက်အမေးအမြန်းခံသည်ဟု ဆိုလေသည်။ ထိုခေတ်ထိုအခါကသော ဘောင်းဘီနှင့် စစ်နိုင်သော အင်္ဂလိပ်သခင်တို့သည် ဒွန်တွဲ လျက်ရှိ၍ ပုဆိုးတောင်ရှည်နှင့် စစ်ရှုံးသော လက်အောက်ခံ မြန်မာလူမျိုးတို့သည် ဒွန်တွဲ လျက်ရှိလေသည်။ ထိုခေတ်တွင် ဦးမေအောင် တက်လူ ခေတ်ပညာတတ် တစ်ဦးက ဘိလပ်သခင်တို့၏ မင်းပွဲသို့ ပုဆိုးတောင်ရှည်နှင့် တက်လိုက်သော အခါ ဆရာကြီးဦးလွန်း၏ စိတ်ထဲတွင် မြန်မာတို့က မျိုးခြားမင်းကို တော် လှန်လေပြီဟုပင် ထင်မိလိုက်ဟန် တူလေသည်။ ထို့ ကြောင့် ဆောင်းပါးတစ်ပုဒ်ရေး ၍ သူရိယသတင်းစာ၌ မိမိ၏ ဇာတိမာန်အလံကို လွှင့်လိုက်လေသည်။ ဆရာကြီးသည် ဦးမေအောင် မင်းပွဲသဘင်တက်ပုံကို-

အင်္ဂလန်ပြည်မှ အစိုးရကြီးတို့သည် ရန်ကုန်မြို့ ပဲခူးခရိုင် ၀န်ရှင်တော် မင်းကြီးရုံးတွင် မြန်မာ လူမျိုး မင်းစိုးအရာရှိတို့နှင့် ၀တ်လုံတော် ရကြီးများ ၊ ဘုရားဒကာ၊ ကျောင်းဒကာ စသော လူကြီးလူ ကောင်းများ ကို ပင့်ဖိတ်မေးမြန်းသော အခမ်းအနားတွင် (M.A) ဘွဲ့ခံ ၀တ်လုံတော် ရမင်း ဦးမေအောင် သည် မြန်မာတိုင်းဖွား မြန်မာအမျိုးသား ဖြစ်သည်နှင့် အညီ ရှေးအထက်ကျော်ကာလ မြန်မာ့ဦးစွန်းတို့ ထွန်းကားတော် မူစဉ်အခါ နန်းတော် ၊ အိမ်တော် ၊ ရုံးတော် ၊ လွှတ်တော် သဘင်တို့၌ ထွက်ဝင်ခယမ်း၊ ထမ်းရွက်ကြသော အရာရှိများ နှင့် မခြား တစ်စားတည်းထပ်တူ ခေါင်းပေါင်းဖြူဖော့လုံး ထိုင်မသိမ်း အင်္ကျီနှင့် မြန်မာရက်ပုဆိုးရှည်များ ကို ၀တ်စားဆင်ယင်၍ အကြင်သို့ သော ပဋိညာဉ်ခံ အရာရှိများ ခန့် ထားရန် မေးမြန်းသည့် မင်းပွဲသဘင်၌ ရှုမြင်တွေ့ ရှိရပါသဖြင့် မြန်မာတို့ ခေတ်တန်ဖိုးသည် ယခင် ကျွန်တော် ထင်မြင်အောက်မေ့မိသလောက် အောက်ကျကြီး နောက်ကျကြီး မဟုတ်လှသေးဟု တွေး တောမိပြန်ကြောင်း

ဟု ရေး ခဲ့လေသည်။ ထို့ပြင် ဦးမေအောင်အား..

‘ဘောင်းဘီသော ၊ ဦးထုပ်သော ၊ ဘာကိုမျှ မငဲ့မူ၍ တကဲ့လူ၊ သဲ့လူ၊ အမဲ့လူ၊ အိုဘဲ့လူဟု ခွန်းကျူးပြောကာ ထောမနာပြုပြီး သြဘာဆုပေး တေးထပ်ကလေးတစ်ပုဒ်ကို လုပ်လိုက်ပေအံ့ သတည်း’ဟု ဆိုကာ…

‘မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့ ကိုးရာမဲ့ချိန်တွင် ရိုးရာကွဲ မတိမ်ချင်တယ်။ ပဋိညာဉ်ခန့်ပွဲ။ မြင်ရချက် ကိုယ်သဏ္ဌာန်မှာ ဗိုလ်ဆံဆံများ ဖြစ်ကြသဘဲ။ ။ နန်းစရိုက် ကျမ်းသိုက်နွယ်တယ်။ လွမ်းလိုက်ဘွယ် တပွဲ။ မန်းဂိုက်နှယ်ဆင်နွှဲလို့ သွင်တနဲတင့်အောင်။ ဖော့လုံးဖြူ၊ မြိုင်မြိုင်ထိန်းပါလို့၊ ထိုင်မသိမ်းဝတ်လို့ မြင်ယောင်၊ မင်းတစ်ပါး ဦးမေအောင်မှာ ၊ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့ မြန်မာတို့ ကိုးကြစရာ၊ ဖြိုးကြွ သမ္ဘာ။ သြဘာဆု ခွန်းလှစ်ဖြာတယ်။ သွန်းမေတ္တာလောင်းပါရဲ့ လေး’ဟု တေးထပ်ဖြင့် ချီးကျူးခဲ့လေ သည်။

တစ်ဖန် ၁၉၁၃ ခုနှစ် မန္တလေးတွင် လယ်တီဆရာတော် ကြီးမှူး၍ နိုင်ငံခြားသာသနာပြု အသင်း ကြးကို တည်ထောင်ရာ အောင်မြင်လေသည်။ ဆရာကြီးသည် တအားတက်လာပြန်၍ အားတက်စရာ ကို ဆောင်းပါးတစ်ပုဒ် ရေး ပြန်လေသည်။ ဆရာကြီးသည် ထိုဆောင်းပါး၌ မိမိတအားတက်ပုံကို ပြော ပြီးလျှင် ‘နိုင်ငံခြားသာသနာပြု လေးချိုး’တွင် -

‘သာသနာတ၀က် သီသီနင်းကာမှ၊ ကမ္ဘာမှာ စက်ခြည်လေးစေဘို့၊ သည်အသင်း အချိန်ကျပြီ လို့ နှလုံးဝယ် ရည်၊ ထေရ်သနင်း မဟိန္ဒလိုပါ့ ဘုန်းလယ်တီ’ဟူ၍ လည်းကောင်း….

‘ဘုရားစူးရပါစေရဲ့ ၊ ကြားဘူးပေ သည်တစ်ခါပေါ့။ ပြည်မြန်မာမှာ ထွန်းလာရတာ က အင်မတန် လွမ်းစရာဘ၀ပေပေါ့၊ အင်္ဂလန်ကျွန်းသာစွဆီသို့ ၊ ဗုဒ္ဓသာသနာရောင် နှင့် ဓမ္မဖောင် မာလိန်မှူးပေမို့၊ ထူး မပေါ့ပဝေဏီမှာ နော်ကွယ်၊ ကူးတော့ချေပြီ’ဟူ၍ လည်းကောင်း ၀မ်းသာအားရ ဖွဲ့ဆိုလေသည်။

ထိုမျှသာ မကသေး၊ လယ်တီဆရာတော် ၏ ဂုဏ်သတင်းကို အကြောင်းပြု၍ ဆရာကြီးသည် ‘ဒုတိယ သာသနာပြုလေးချိုး’တွင် ..

‘သာသနာ့ ဒါယကာ တပြေမြန်းရှာလျက်ပေမယ့် အာကအညာ ရွှေနန်းရတနာကနက်ဆီက မြန်မာမျာ့ဘာသာ အသရေလျှမ်းကာ တက်စေဘို့ ငွေမငယ်’ဟုဆိုကာ ဂုဏ်ယူအားတက်ခဲ့လေ သည်။ ဆရာကြီးသည် လယ်တီဆရာတော် အား ပုဂံရာဇ၀င် ရှင်အရဟံနှင့် နှိုင်း၍ ရေး သည်ကို ထောက်သဖြင့် ရာဇ၀င်သာဓကို မျက်မြင်အ ဖြစ်အပျက်နှင့် ဟပ်၍ ရေး စပြုလာပြီဟု ဆိုသင့်လေသည်။

တစ်ဖန် မြန်မာတိုင်းသူပြည်သားတို့သည် မိမိတို့၏ ရှေးဟောင်းရာဇ၀င်ကို ရိုသေလေးစားစိတ် ၀င်စားလာအောင် ဆရာကြီးသည် ဗိုလ်ဋီကာ၌ ပင် အင်းဝရာဇ၀င် အဆစ်အပိုင်းကို ပြောဟောပြီး နောက်’အင်းဝဘွဲ့လေးချိုး’၌ -

‘သတင်းလှစွာ ၊ အင်းဝသည်စဉ်အခါက ထီမထင်သကွာ ဘာကိုမှ မစိုးတဲ့ပြင် စည်ပင်သာယာ မြန်မာတွေ လဲ မညှိုးခဲ့ပေဘု၊ တန်ခိုးဂုဏ်ဆောင် ထောင်ရောင် ခြည်နှင့် မှော င်မသိ ပြောင်ကြည်လို့ ထွန်းတဲ့ပြင် တောင်ဒီမှာ အောင်စည်ရွမ်းခဲ့တယ်။ နန်းသိုက် ကွာဝေးကာမှ လွမ်းလိုက်ပါသေး’ဟု ရှေး မြန်မာတို့၏ လွတ်လပ်ခဲ့သော အင်းဝမြို့ ဘ၀ဟောင်းကို လွမ်းစရာ ဖြစ်အောင် ဖွဲ့ခဲ့လေသည်။

ဆရာကြီးသည် ဗိုလ်ဋီကာခေတ်တွင် ဇာတိမာန်နိုင်ငံချစ်စိတ်ဓာတ်ကို နှိုးရာ၌ အထူးသဖြင့် ဘိုဆန် ပကာသန လောကကို မြန်မာဆန်မှု ဖြင့် တော် လှန်ရဲခဲ့သော ဦးမေအောင်ကိုအကြောင်းပြု၍ လည်းကောင်း၊ မြန်မာကို ကမ္ဘာသိလောက်အောင် ဥာဏ်ပညာ ထက်မြက်လှသော လယ်တီဆရာ တော် ကိုအကြောင်းပြု၍ လည်းကောင်း၊ ရွှေထီးဆောင်းခဲ့သော ရှေးဟောင်းမြန်မာတို့၏ ဘ၀ကို အကြောင်းပြု၍ လည်းကောင်း အားတက်ဖွယ်ရေး ခဲ့လေသည်။ ထိုဗိုလ်ဋီကာခေတ်၌ ပင် ဆရာကြီးသည် တောင်သူလယ်သမားလူထု၏ ဒုက္ခကိုလည်း ဆင်ခြင်သိမြင်၍ သနားစဖွယ်ရေး ဖွဲ့ခဲ့သေးလေသည်။ ဆရာကြီးသည် မိမိ နှလုံးမွေ့လျော်ပျော်ဖွယ်ရာ ဖြစ်သော ရာဇ၀င်လောက၌ သာ လှည့်လည်ကျက်စား နေသည် မဟုတ်၊ ကိုယ်တွေ့ မျက်မြင်ပတ်ဝန်းကျင်ဒုက္ခကို ဆင်ခြင်နိုင်၊ ကရုဏာသက်နိုင်သူလည်း ဖြစ်သည်ဟု ဆိုရာသည်။

ဆရာကြီးသည် မြေလတ်သားဇာတိ ဖြစ်သည်။ သို့ ရာတွင် ငယ်စဉ်က မန္တလေး၌ စာပေသင် ကြားရာမှ မန္တလေးပျက်သော အခါ အလုံ၊ မုံရွာ၊ မုံရွေး၊ ကြေးမုံ၊ ချောင်းဦး အစရှိသော အညာဒေသ၌ စာပေ ဆက်လက်သင်ကြားရင်း နေထိုင်ခဲ့ဖူးသည်။

ထိုစဉ်အခါက ဆရာကြီးသည် ယာမြေဖြင့် အသက်မွေးကြသော ယာသမားတို့နှင့် ရင်းနှီး၍ မေတ္တာဝင်ခဲ့ဟန်တူလေသည်။ ထို့ကြောင့် ဆရာကြီးသည် ဗိုလ်ဋီကာခေတ်တွင် ရန်ကုန်မြို့၌ ရောက် နေသော်လည်း မီးရထားသံ၊ ဓာတ်ရထားသံတို့အကြားမှနေ၍ အလုံနယ်က နွားညီနောင်ကို သတိရ သည်။ ပြောင်းဖူးသည် အပေါင်းအဖော်တို့ကို ပြေးမြင်သည်။ ဂုံပ၀ါကို ပြေးမြင်သည်။ ထို့ပြင် အကြွေး မဆပ်နိုင်သဖြင့် တောင်သူလယ်သမားတို့၏ ပြောင်းခင်း ၀ါခင်း ငရုတ်ခင်း အစရှိသော ချွေးနှဲစာ ပစ္စည်းတို့ လုံးပါးပါး၍ ငွေရှင်ကြေးရှင်တို့လက်သို့ သက်ဆင်းကျရောက်ကုန်ကြရရှာသည်တို့ကိုလည်း ဆရာကြီး သိမြင်ခဲ့လေသည်။

တစ်ဖန် ဗိုလ်ဋီကာခေတ်၌ အောက်ပြည်အောက်ရွာများ တွင် လက်မြေလက်လွတ် ဖြစ်နေကြရ ပုံတို့ကို ဆရာကြီးမကြားချင်မနေရ၊ မသိချင် မနေရ ဖြစ်ဟန်တူသည်။ ဆရာကြီး၏ ကရုဏာဟောင်း တွင် ကရုဏာသစ်တိုးလာရမည် မှာ မုချ ဖြစ်လေသည်။ ထိုအခါ ဆရာကြီးသည် မိမိပျိုနုစဉ်က အသိ အမြင်နာခဲ့ဖူးသော အလုံနယ်ကျေးတော၏ အ ဖြစ်အပျက်တစ်ခုကို သတိရလာဖွယ်ရာအကြောင်း ရှိ လေသည်။

ထို့ကြောင့် ဆရာကြီးသည် ဗိုလ်ဋီကာတွင် အထက်အညာ ယာသမားတစ်ဦး၏ ယာမြေ လက် လွတ် ဖြစ်ရပုံတစ်ခုကို အညာမင်္ဂလာဆောင်ဘွဲ့ လေးချိုးဖြင့် ငုံ၍ သနားစဖွယ် ဖွဲ့ဆိုခြင်း ဖြစ်သည်ဟု ယူဆသင့်လေသည်။

ထိုအညာမင်္ဂလာဆောင်ဘွဲ့ လေးချိုး၏ သဘောမှာ အလုံသားတစ်ဦးသည် ဒွေးလေးခါဆီက ငွေတစ်ရာချေးယူ၍ အောက်ပြည်အောက်ရွာသို့ စီးပွားရှာထွက်ခဲ့ရာ စီးပွားမတိုး ရှိလေသည်။ ကာလ ကြာမြင့်သော် ဒွေးလေးခါသည် အလုံသား၏ ဇနီးကြင်သူထံ၌ အကြွေးခဏဏ တောင်းလေသည်။ ဆိုင်းရလွန်း အားကြီးသဖြင့် သူကြီးကို တိုင်တန်းရာ သူကြီးက အာဏာသံဖြင့် တောင်းပြန်လေသည်။ ထိုအခါ ဇနီးကြင်သူက အလုံသားထံ စာပေးပို့ရာ အလုံသားသိသဖြင့် အလုံသား စိတ်ညစ်အားငယ် လေသည်။ စိတ်ညစ်အားငယ်ပုံကို ‘အညာကမှာ စာ လေးချိုး’တွင် ဆရာကြီးက အောက်ပါအတိုင်း ဖွဲ့ဆိုထားလေသည်။

‘ဒွေးခါမှာ ချေးကာလှည့်ခဲ့ရတဲ့ ကြွေးတရာဟာ ပေးစရာကလဲ မရှိတာကြောင့် ၊ လေခါတိတိ ရယ်တဲ့ သူကြီးကခေါ် (အို- ကိုမှိုင်းရဲ့ ) ကိုယ့်မှာ တော့ တော် ပေရဲ့ ပျိုချစ်ဦးတဲ့။ အကလေးတွေ ရဲ့ မိခင် ကို တွေးမိလျှင် ပူသာပူတော့ တဆူဆူ ဒုက္ခများ ရှာလိမ့်၊ ရှိုခင်မှာ ဖိုဝင်စားရာက သနပ်စုံ ဖြစ်ပုံ ကြားရ တော့ စာသ၀ဏ်လွှာ ညွှန်လို့ပါးရပေမယ့် သားအမိတတွေ ကြောင့် ရူးရလိမ့်၊ အားမရှိဘူး’

နောက်ဆုံးတွင် ရှိတတ်သမျှ ယာမြေကလေးကို ကြွေးရှင်လက်သို့ အဆမတန် ထိုးအပ်လိုက်ရ ပုံကို….

‘ပွဲဘို့ရာ ကံကြမ္မာနှင့် ဖန်လာပုံ ကုသိုလ်ကလဲ မကောင်းချင်တော့။ အထက် ဟိုအညာမှာ ကြက်ဆိုတာလဲ မလောင်းခဲ့ပါဘူး။ အညာမြေ ဌာနဟောင်းဆီက အကြွေးတရားကို ဒွေးခါကလဲ တောင်းပြန်ပေါ့တဲ့။ (အမယ်မင်း) မောင်းစရာရယ်လို့များ တပ်လိုက်မှဖြင့် ခေါင်းတခါခါနှင့် ဆတ်လှစွာ သော လှလှစွေ့စွေ့ရယ်နှင့် ၀၀ပြေ့ပြေ့ နပြာတရှဉ်းကိုလ၊ ကျောင်းတကာကိုသာ အပ်လိုက်ပေရော့၊ ရ သရွေ့ ဘာဘာညာညာရယ်လို့ မငြင်းလေနှင့် (မလေးရယ်) ရောင်းကာသာ ဆပ်လိုက်ပေတော့ ရွာ့ရှေ့ ယာတခင်း’ဟူ၍ ယာသမားတစ်ဦး၏ ယာမြေလက်လွှတ် ဒုက္ခကို ဆရာကြီးက ထုတ်ပြဖွဲ့ဆို လေသတည်း။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဇော်ဂျီ ၏ “ သခင်ကိုယ်တော်မှိုင်း ဋီကာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ညီသစ်ဆင်း ကဗျာစု

ဗေဒါလမ်း ကဗျာစု

မိုးကြယ်မို့လားနှင့် အခြားဝတ္ထုတိုများ