Cover

အီတာလျံ အမျိုးသမီး စာရေး ဆရာ
ဒယ်လယ်ဒါ [၁၈၇၂ -၁၉၃၆]
Grazia Deledde [1872 -1936]

အီတာလျံ အမျိုးသမီး စာရေး ဆရာ ဒယ်လယ်ဒါသည် ၁၉၂၆ ခုနှစ် ၊ အသက် ၅၄ နှစ် အရွယ်တွင် ကမ္ဘာကျော် နိုဗဲဆုကို အချီးအမြှင့် ခံရသည်။ ဆုချီးမြှင့်သော အခါ “သူ့စာတို့သည် မေတ္တာ ကရုဏာ တို့ဖြင့် ထုံသင်းထားဘိ သကဲ့သို့ ဖြစ်သည်။ သူ့ဇာတိဌာန ဖြစ်သော ဆာဒီးနီးယား ကျွန်းနှင့် ကျွန်းသားတို့၏ အမူအရာတို့ကို ဖွဲ့ပြရာ၌ လည်းကောင်း၊ ဘဝပြဿနာ တို့ကို တင်ပြရာ၌ လည်းကောင်း သူ့မေတ္တာနှင့် သူ့ကရုဏာတို့သည် ပါနေလျက်သာ ဖြစ်သည်” ဟု ဆို၍ ချီးမြှင့်ခဲ့သည်။

သူ့ဇာတိဌာနသည် အီတာလျံ ကျွန်းဆွယ် တောင်ဘက်ရှိ ဆာဒီးနီးယား ကျွန်း ဖြစ်သည်။ ထိုကျွန်းတွင် နော်ကျွန်းတွင် နော်ရိုအမည် ရှိသော ကျေးရွာ၌ ၁၈၇၂ ခုနှစ် တွင် ဒယ်လယ်ဒါကို ဖွားမြင်သည်။ သူ့ဖခင်သည် တောင်သူလယ်သမား ဖြစ်သည်။ ကဗျာတို၊ လင်္ကာတိုများ ကို ကောက်ကာ ငင်ကာ စပ်ဆိုတတ်သူ ဖြစ်သည်ဟု ဆိုသည်။ သူ့မိခင်သည် အလှအပ ဇာထိုးပန်းထိုး ပညာ၌ ကျွမ်းကျင်သူ ဖြစ်သည်ဟု ဆိုသည်။ ထိုခေတ် ထိုအခါကသော် ဒယ်လယ်ဒါ သည် တောင်သူလယ်သမား၏ သားသမီးသည် ဖြစ်၍ အမျိုးသမီး လည်း ဖြစ်ပြန်ရာ မိဘတို့သည် သမီးကို သေစာ ရှင်စာ သဘောလောက်သာ စာသင်ပေးသည်။ သို့ ရာတွင် သူ့အဖေသည် နော်ရိုကျေးရွာ၌ ကျေးရွာဥက္ကဌ အ ဖြစ် သုံးကြိမ်တိုင်တိုင် အရွေးခံရသူ ဖြစ်ရာ၊ သူ့ထံသို့ ဝင်နေ ထွက်နေကျ ဖြစ်သော သာသနာ့ ဝန်ထမ်းတစ်ဦး၏ အကူအညီဖြင့် ဒယ်လယ်ဒါသည် ဖတ်စရာ စာအုပ် အမြောက်အမြားကို ဖတ်ရသည်။

ဒယ်လယ်ဒါသည် စာဖတ်ဝါသနာ ပါသူ ဖြစ်ရာ စာဖတ်တတ်စ အခါကပင် ဖတ်စရာ စာအုပ်များ ကို မလွတ်တမ်းဖတ်၍ ပညာတက်မြောက်လာရသူ ဖြစ်သည်။ အသက် ၁၅ နှစ် အရွယ်လောက် တွင် သူရေး သော စာစီစာကုံး တစ်ပုဒ်ကို ရွာကျောင်းမှ ဆရာတစ်ဦး က ဖတ်ရှု၍ အလွန်သဘောကျ သဖြင့် ရောမမြို့တော် ရှိ မဂ္ဂဇင်း တစ်စောင်သို့ ပို့ပေးရာမှ စ၍ ဒယ်လယ်ဒါ၏ အမည် သည် ထင်ရှားလာသည်။ ထို့နောက် ဒယ်လယ်ဒါသည် သူ သိသော ဆာဒီးနီးယား တောင်သူလယ်သမား များ အကြောင်းကို ဆောင်းပါး ရေး ၍ ပို့သည်။ ပို့သော ဆောင်းပါးများ သည် မဂ္ဂဇင်း၌ ပါသည်ချည်းသာ ဖြစ်သည် ဟု ဆိုသည်။

ထိုနောက် ဒယ်လယ်ဒါသည် ရိုးရိုးသားသား လုပ်ကိုင်အသက်မွေးကြသော ဆားဒီးနီးယား တောင်သူလယ်သမား တို့၏ အမူအရာ၊ အလေ့အထ၊ အစွဲအလမ်း အယူအဆ တို့ကို အကြောင်း ပြု၍ ဝတ္ထုသုံးပုဒ်ကိုလည်း ရေး နိုင်ခဲ့သည်။

အသက် ၂၅ နှစ် အရွယ်တွင် အိမ်ထောင်ကျသည်။ သူ့ခင်ပွန်းသည် ရောမမြို့ စစ်ရုံး၌ အမှု ထမ်းသူ ဖြစ်ရာ ထိုအခါ ကျမှပင် ဒယ်လယ်ဒါသည် သူ့ခင်ပွန်း အလုပ်လုပ် ရာ ဖြစ်သော ရောမမြိုကသို့ ရောက်ဖူးသည်။ ရောမတွင် အိမ်ရှင်တွင် အိမ်ရှင်မ ပင် ဖြစ်လာလင့် ကစား အိမ်အလုပ်ကိုလည်း လုပ်၍ သူ့ဝါသနာအလျောက် ဝတ္ထုတို၊ ဝတ္ထုရှည် များ ကိုလည်း ရေး လေ့ရှိသည်။ ကျော်စောခြင်းလည်း ဖြစ်လာသည်။ နောင်အခါ၌ သူ့စာများ သည် အီတလီနိုင်ငံ၌ သာမက ဥရောပ တစ်တိုက်လုံး၌ ပင် ကျော်စောလာသည်။ ဥရောပဘာသာ အမျိုးမျိုး ပြန်ဆို၍ အမြောက်အမြား ဖတ်ရှုကြသည်ဟု ဆိုသည်။ နိုဗဲဆို မရမီ နှစ် နှစ် သုံးနှစ် လောက်က ကြိုတင်၍ နိုဗဲဆုရမည် ဟု သတင်းအပြေး ခံရသည်။ နိုဗဲဆုရသော ၁၉၆၂ ခုနှစ် ၌ ပင် ဒယ်လယ်ဒါသည် အီတာလျံ ပညာတံခွန် အသင်း၌ သင်းဝင်ပညာ ရှိအ ဖြစ် အသိအမှတ် အပြုခံရသည်။

ဒယ်လယ်ဒါသည် ကျော်စောခြင်း ရှိလာသော်လည်း ရိုးရိုးပင်နေထိုင် ပြုမူတတ်သည်ဟု ဆိုသည်။ နဂိုကပင် စကားနည်းသူ ဖြစ်သည်။ အဖိတ်အခေါ် ပွဲလမ်းသဘင်တို့၌ ဝါသနာ မရှိ။ သူ့အိမ်အလုပ်နှင့် စာရေး အလုပ်တို့၌ သာ သူပျော်သည်။ သူ့စာဆိုသည် အများ အားဖြင့် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်တိုက်တိုက် တွန်းလှန်နေကြရသော လူတို့၏ ကံသုံးပါး အမူအရာများ အကြောင်း ဖြစ်သည် ဟု ဆိုကြသည်။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ သူ့ကို မေးကြည့်ကြ သော အခါ သူက သူ့ဖခင်သည် သုံးကြိမ်တိုင်တိုင် ကျေးရွာဥက္ကဋ္ဌ ဖြစ်ဖူးရာ ထိုအခါများ ၌ အမှု သည် အမျိုးမျိုးသည် သူ့တို့ အိမ်သို့ ရောက်လာ တိုင်ကြားတတ် ကြကြောင်း၊ ထိုအခါမှစ၍ ဘဝဒုက္ခ အမျိုးမျိုးကို သူ သတိပြုခဲ့မိကြောင်း၊ ဘဝဒုက္ခသဘောကို သူ သိခဲ့ကြောင်း၊ သို့ ရာတွင် ကိုယ်နှုတ် နှလုံး ကောင်းသူသည် နောက်ဆုံး၌ ဘဝသုခကို တွေ့ ၍ အသာစံရသူ ဖြစ်ရမည် သာ ဟု သူယုံကြည်ကြောင်း ပြန်ပြောဖူးသည်။

♥ ♥ ♥


ဒယ်လယ်ဒါ၏
အံ့နှစ် ပါး

“အံ့နှစ် ပါး” ဝတ္ထုတိုသည် အင်္ဂလိပ်ဘာသာပြန် ဖြစ်သော Two Miracles မှ မြန်မာ ပြန်ဆိုထားသော ဝတ္ထု ဖြစ်သည်။ ထိုဝတ္ထုတိုတွင် ဒယ်လယ်ဒါသည် အစွဲအလမ်း အယုံအကြည် ကြီးကြသော ဆားဒီးနီးယား တောင်သူလယ်သမား တို့၏ အမူအရာကို ပြရင်း ကိုယ့်မာနနှင့် ကိုယ် စိတ်ဆင်းရဲခြင်း ဖြစ်နေရာမှ ကိုယ့် မေတ္တာစိတ်ကြောင့် အဖြေတွေ့  သွားသော အမျိုးသမီး၏ အမူအရာကို သရုပ်ဖော်ထားသည်ဟု ယူဆသည်။ ဆင်ခြင်ကြည့် ကြပါကုန်”

♥ ♥ ♥


ဤနေ့ နံနက်ခင်းတွင် ဗီတီရွာ မြေပိုင်ရှင်မကြီး ဇီယာသည် ရွာဦး တောင်ကုန်းပေါ်သို့ တစ်လှမ်းချင်း လှမ်း၍ တက်နေသည်။ တက်ရင်း တောင်မြောက် လေးပါးကို မကြည့်။ မိမိ၏ ခရုကမာ စိပ်ပုတီး ဖြူဖြူနုနုကိုသာ ကြည့်၍ ပုတီးစိပ်သွားသည်။

တောင်ကုန်းပေါ်တွင် မယ်တော် မာရီ ဗရင်ဂျီ ဘုရားရှိခိုးကျောင်း ရှိသည်။ ထိုကျောင်းသည် လှပတင့်တယ် သည်လည်း မဟုတ်၊ ခံ့ညား ထည်ဝါသည်လည်း မဟုတ်၊ ရိုးရိုးကုပ်ကုပ်သာ ဖြစ်သည်။ သို့ ရာတွင် ထိုကျောင်းသည် ရင်သပ်ရှုမော အံ့သြစရာ တန်ခိုးပြာဋိဟာ အမျိုးမျိုး ပြတတ်သဖြင့် ဆားဒီးနီးယားကျွန်း တစ်ကျွန်းလုံး၌ အလွန် ထင်ရှား ကျော်စောသည်။ ထို့ကြောင့် ထိုကျောင်းကို အံ့ဖွယ်သခင်မ ကျောင်းဟု သမုတ်ကြသည်။

ထိုကျောင်းက တန်ခိုးပြာဋိဟာ ပြတတ်သည် ဆိုခြင်းမှာ ရွာသူရွာသားတို့၏ လွန်ကဲသော သဒ္ဓါတရား ကြောင့် သော်လည်း ဖြစ်ရာ သည်။ လွဲမှားသော အစွဲအလမ်း အယုံအကြည် တရားကြောင့် သော်လည်း ဖြစ်ရာ သည်။ ထို့ကြောင့် ပွဲတော် ချိန် ဖြစ်သော စက်တင်ဘာလသို့ ရောက်သော အခါ တိုင်း ဆားဒီးနီးယား ကျွန်းသူကျွန်းသား ဘုရားဖူးတို့သည် တောအထပ်ထပ် တောင်အထပ်ထပ်ကို ကျော်ဖြတ်ကာ ဗီတီရွာသို့ ရာလိုက်ထောင်လိုက် ချီ၍ ရောက်လာတတ်ကြ သည်။ ပွဲတော် လာ ဘုရာဖူးများ တွင် ခြေနာ၊ လက်နာ၊ ဝမ်းနာ ခေါင်းခဲ့၊ သရဲတစ္ဆေ၊ ကဝေ စုန်းမ၊ အမှော င့် ပဟောဂကပ်သူ ရောဂါ သည်များ လည်း ပါကြသည်။ သားသေ လင်ဆုံး၊ ကုန်ရှုံး ကြွေးတင်၊ လိုအင်မရ၊ သော က ပရိဒေဝမီး တောက်လောင်ကြသော စိတ္တဇဝေဒနာ သည်များ လည်း ပါကြသည်။ ထိုသူတို့သည် အံ့ဖွယ်သခင်မ၏ အမ အစကို မျှော်ကိုး၍ ရောက်လာကြခြင်း ဖြစ်သည်။ သူတို့ မျှော်ကိုး ကြသည့် အတိုင်း အံ့ဖွယ်သခင်မကလည်း အံ့တစ်ပါးပါးကို မျက်ဝါးထင်ထင် မြင်ကြအောင် နှစ် စဉ်နှစ် တိုင်း တန်ခိုးပြတတ်သည်။

မြေပိုင်ရှင်မကြီး ဇီယာသည် မယ်တော် မာရီ အံ့ဖွယ်သခင်မကို ကိုးကွယ်သူ ဖြစ်သည်။ လ တိုင်း တနလာင်္နေ့တွင် ပုတီးစိပ်ကာ အံ့ဖွယ် သခင်မကျောင်းသို့ သွားလေ့ ရှိသည်။ ပွဲတော် ချိန်တွင် ပွဲတော် ရက် သုံးရက်စလုံး၌ နံနက်တိုင်း ညနေတိုင်း ဝတ်မပျက်စေရ။ ထိုကျောင်းသို့ သွား၍ ဘုရားဖူး ပုတီးစိပ်ပြီးနောက် ဆုတောင်းလေ့ ရှိသည်။ စုလိုက် သင်းလိုက် ဝတ်တက်ခြင်း၊ ဝတ်လှည့်ခြင်းတို့ကို ပြုနိုင်ကြသော အလှုငွေ ထည့်ဝင်လေ့ ရှိသည်။ တန်းခိုးပြာဋိဟာ ပြတော် မူပါ သခင်မကြီး ဘုရားဟုလည်း ကောင်း၊ သူစိတ်မချမ်းမသာ ဖြစ်နေသည်ကို စိတ်ချမ်းသာအောင် မစ တော် မူပါဘုရားဟု လည်းကောင်း ဆုတောင်းလေ့ရှိသည်။ သူစိတ်မချမ်း မသာ ဖြစ်ခဲ့ရသည်မှာ ကြာပါပြီ။ ထို့ကြောင့် သူ ဆုတောင်း ခဲ့သည်မှာ လည်း ကြာပြီ။ ဝတ်တက်ခြင်း ၊ ဝတ်လှည့်ခြင်း ပြုခဲ့သည်မှာ လည်း အကြိမ်ကြိမ်။ ဆုတောင်းခြင်း ပြုခဲ့သည်မှာ လည်း အခါခါ။

သို့ ရာတွင် သူ့စိတ်၌ ကား တစ်ကြိမ်တစ်ခါမျှ သော မနဿ မ ဖြစ်၊ ဒေါမနဿဿ ဖြစ်မြဲ ဖြစ်သည်။

သူ၏ ဟဒယနှလုံးသားသည် အစိတ်စိတ် ကွဲခဲ့သည်။ ထိုသို့ ကွဲခဲ့သည်ကို သူ မေ့ဖျောက်၍ မရနိုင်။ သတိရနေသည်ချည်း ဖြစ်သည်။ ထိုကြောင့် သူစိတ်ဆင်းရဲရသည်။ သူ့မှာ ပစ္စည်းဥစ္စာ လိုလေသေးမရှိ။ ကုံလုံကြွယ်ဝပါ၏ ။ သို့ ရာတွင် မွဲပေ့ တေပေ့ ဆင်းရဲပေ့ ဆိုသော သူတောင်းစား လောက်မျှ သူ မရွှင်နိုင်၊ မပျနိုင် ဖြစ်ရသည်။ သူ့အိမ်သာသည် သာမန်အိမ် မဟုတ်။ မုခ်နှင့် တုရင်နှင့် ဖြစ်သည်။ မှုးရိုးမတ်နွယ် တို့သာ နေနိုင်သော ဗိမာန် ဖြစ်သည်။ အပြောက်အမွမ်း ခြယ်လှယ် ထုလုပ်ထားသော လသာဆောင်မှ မျှော်ကြည့်လိုက်လျှင် အံ့ဖွယ် သခင်မကျောင်းကို အတိုင်းသား မြင်ရသည်။ စိတ်ချမ်းမြေ့စရာ ပါပေတည်း။ သို့ရာတွင် ဇီယာ၌ စိတ်ချမ်းမြေ့ခြင်း သည် အလျှင်းမရှိ။ သူ့ဗိမာန်ဆောင်ကြီးထဲ၌ သူ့တစ်ကိုယ်တည်းနေ၍ သူ့စိတ်၏ အဖိအစီးကို သူခံနေရသည်။

ဇီယာ၌ စာဒူရအမည် ရှိသော သမီး တစ်ယောက် သာ ထွန်းကားခဲ့သည်။ ထိုသမီးသည် အမျိုးနိမ့်သေ၊ ဆင်းရဲသော လူငယ် တစ်ယောက် နောက်သို့ ကောက်ကောက်ပါ လိုက်သွားခဲ့သည်။ ထိုအခါ ဇီယာ၏ စိတ်၌ ဒေါသူပုန်ထခဲ့သည်။ ဆာဒီးနီးယားကျွန်းတွင် ငါတို့၏ အမျိုးသည် မှုးမျိုး မတ်မျိုး ဖြစ်သည်။ တစ်ချိန်တစ်ခါကသော်ငါ့ဘိုး၊ ငါ့ဘေး၊ ငါ့ဘီ တို့သည် ဘုန်းလက်ရုံးနှင့် ပြည့်စုံ သူများ ဖြစ်ခဲ့ကြသည်။ပစ္စည်းဥစ္စာ ရွှေငွေ ရတနာ တို့ဖြင့် အတောက်ဆုံး၊ အပြောင်ဆုံး ဖြစ်ခဲ့သည်။ ယခုအခါ၌ လည်း ငါသည် ပစ္စည်းဥစ္စာနှင့် ပြည့်စုံလျက် ဖြစ်သည်။ သြဇာတိက္ကမ ကြီးလျက် ဖြစ်သည်။

ထိုသို့ သော ငါ၏ သမီးသည် အမျိုးနိမ့်သော ၊ ဆင်းရဲသော သူနှင့် မေတ္တာ ကူးယှက် ပေါင်းဖက်ရာသလော၊ မျိုးရိုးဇာတိကို ဖျက်ရာသလော၊ ထိုသို့လျှင် ဒေါသူပုန် ထခဲ့ခြင်း ဖြစ်သည်။ ဟုတ်ပေသည်။ အသက် နှစ် ဆယ့်တစ်နှစ် အရွယ်ရှိ သမီးချော စာဒူရကလည်း မျိုးရိုးမျက်နှာကိုမျှ မထောက်။ ပစ္စည်းဂုဏ်ကိုမျှ မထောက်။ သူ့ချစ်သူ လူဆင်းရဲ လူမွဲ အညကြ သာမည နောက်သို့ ကောက်ကောက်ပါ လိုက်သွားသည်။ ထို့ကြောင့် မာနကြီးလှသော ဇီယာသည် အရှက်တကွဲ အကျိုးနည်း၊ ဗုန်းဗုန်းကြီး လဲခဲ့ရသည်။ စာဒူရ အခါလည်း သမီးအရွယ်တွင် ဇီယာ၏ ခင်ပွန်းသည် အသတ်ခံလိုက် ရသည်။ ထိုအခါမှ စ၍ အမေတစ်ခု သမီးတစ်ခုသာ ကျန်တော့သဖြင့် ဇီယာသည် ရှိသမျှ သော အမိမေတ္တာကို သမီး၌ တအားကုန် ပုံအပ်၍ သမီးကို ကျွေးမွေးပြုစု ခဲ့သည်။ သမီးကို အရိပ်တကြည့်ကြည့် ယုယ၍ စန်းတင်ခဲ့သည်။ သူ့တစ်သက်၌ ထိုသမီးသာလျှင် သူ့အသား၊ သူ့နှလုံး ဖြစ်ခဲ့သည်။ ထိုသမီးသာလျှင် သူအားကိုးရာ၊ သူ မွေ့လျော်ရာ ဖြစ်ခဲ့သည်။ ထိုမျှသာ မကသေး။

သူ့မျိုးရိုးကို မတိမ်ကောရအောင် လည်းကောင်း၊ သူ့ခင်ပွန်း အတွက် လက်စားချေနိုင် အောင်လည်းကောင်း မျိုးတူရိုးတူထဲမှ ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝ၍ သတ္တိဗျတ္တိနှင့် ပြည့်စုံသော သမက်လောင်းကို သူရှာနေဆဲ ဖြစ်သည်။

ယခုမူ သမီးကို အချစ်ကြီး သလောက် အမျက်ကြီးရပြီး။ သမီးအတွက် မာန်တက်သလောက် မန်ကျိုးရပြီ။ သမီးကို အားထားသလောက် အားပျက်ရပြီ။ ထို့ကြောင့် ဇီယာသည် နေ့ရှိသမျှ သမီးကို ကျိန်ဆဲသည်။ သမီးကို တိုက်ကျွေးခဲ့သော သူ့နို့ရည်ကိုပင် သူ ကျိန်ဆဲသည်။ ခေါင်းဖြူစွယ်ကျိုး ဘဝသို့ ရောက်နေသော သူ့အရွယ်ကိုပင် သူကျိန်ဆဲသည်။ သင်းမြန်မြန် အသက်ထွက်၍ သေပါစေဟဲ့ဟု သူ ကျိန်ဆဲသည်။ လူတကာ၏ တံထွေးခွက်၌ သူ ပက်လက်မျောနေပြီဟု သူ့ကိုယ်သူ ထင်နေသည်။

သူ့ကို မနာလို ကြသော သူတို့သည် သူ့လည်ပင်းကို နင်း၍ အောင်ပွဲခံနေကြပြီဟု သူ ထင်နေသည်။ ဤသို့ ဖြင့် ဇီယာသည် ပစ္စည်းဥစ္စာ ရွှေငွေ ရတနာတို့၏ အလယ်၌ စိတ်လက် မချမ်းမသာ ဖြစ်ခဲ့ရသည်။

သို့ရာတွင် ဇီယာသည် မပူရုပ် ဆင်နိုင်သည်။ အတွင်း၌ အဆွေးကြီး ဆွေးနေသော်လည်း အပ၌ ကား မဆွေးသကဲ့သို့ နေသည်။ သူ့အသားအရေ ဖျော့တော့ ရခြင်းသည် သူ့အရွယ် အိုသော ကြောင့် ဖြစ်သည်။ သူ့ကိုယ်ခန္ဓာ ကျုံ့ရခြင်းသည် သူ့အရွယ် အိုသော ကြောင့် သာ ဖြစ်သည်။

သူ့မျက်တွင်း ကျရခြင်းသည် သူ့အရွယ် အိုသော ကြောင့် သာ ဖြစ်သည်ဟု အထင်ခံရအောင် သူ ဟန်ဆောင် ၍ သူ့စိတ်ကို သူ ဖုံးကွယ်ထားသည်။ ထို့ကြောင့် “ဒီအဘွားကြီးဟာ အတော် ခံနိုင်ရည် ရှိတယ်။ သူ့မာနကို သူမချဘူး” ဟု အရပ်က အချင်းချင်း လက်ကုတ်၍ တီးတိုး ပြောဆိုကြသည်။ စင်စစ်မှာ ဇီယာ၏ ဟဒယနှလုံးသားသည် အစိတ်စိတ် ကွဲခဲ့သည် ဖြစ်ရာ မျက်ရည်ပင် မကျနိုင်တော့ပြီ။ အငြိုးကြီးလိုက်သည်မှာ လူမိုက်ငှား၍ သမီး၏ လင်ကို အသတ်ခိုင်းရန် ကြံစည်သည် အထိ သူ အငြိုးကြီးခဲ့သည်။ ဘုရားတရား စိတ် ရှိနေသေး သော ကြောင့် သာ လူသတ်မှု ကို သူမကျူးလွန်း။ သူ့လက်ကို သူ တားနိုင်ခဲ့သည်။ ထို့ပြင် နေ့ညမပြတ် အံ့ဖွယ်သခင်မ၏ တန်ခိုးအာနုဘော်ကို သူအောက်မေ့ကာ ဆုတောင်း၍ နေတတ်သော ကြောင့် လည်း ဖြစ်သည်။ သို့ ရာတွင် သူ့မျက်ကား ပြေသည်ဟု မရှိ။ သူ့သမီး လင်နောက်လိုက်သွား၍ တစ်နှစ် ခွဲခန့် ကြာမြင့်သည့်တိုင်အောင် သူ့အမျက် မပြေနိုင်။ အမျက်ကြီး မြဲတိုင်း ကြီးလျက် ဖြစ်သည်။ သူ့သမီး ပင်ပန်းဆင်းရဲ နေသည်ကို သူ သိသည့်တိုင်အောင် သူ့အမျက် မပြေနိုင်။ အမျက်ကြီးမြဲတိုင်းကြီးလျက် ဖြစ်သည်။ မှားပါပြီဟု သူ့သမီးက အကြိမ်ကြိမ် အခါခါ ဝါချ တောင်းပန်ခြင်း ပြုသည့်တိုင်အောင် သူ့အမျက် မပြေနိုင်။ အမျက်ကြီးမြဲတိုင်း ကြီးလျက် ဖြစ်သည်။

♥ ♥ ♥


ဇီယာသည် သူ၏ ခရုကမာ စိပ်ပုတီးဖြူဖြူနုနုကိုသာ ကြည့်၍ ပုတီးစိပ်ရင်း ဘုရား ရှိခိုးကျောင်း ဆီသို့ အရောက်သွားနေသည်။ ဘုရားရှိခိုးကျောင်း ရှိရာသို့ တက်သွားသော အတက်လမ်းသည် ကျဉ်းလှသဖြင့် ဘုရားဖူးတို့ ပြည့်ညပ်နေသည်။ အတက်လမ်း၌ သာမက ဘုရားရှိခိုး ကျောင်း အရှေ့ရင်ပြင်၌ လည်း ပြည့်ညပ်နေသည်။ ထိုနေရာ၌ လည်း သူတောင်းစား၊ ဤနေရာ၌ လည်း သူတောင်းစား၊ ရှောင်မလွတ်အောင် များ လှသည်။ ပေးကြပါ၊ ကမ်းကြပါ တစာစာ အော်၍ တောင်းသံတို့ကလည်း ဆူညံနေသည်။ ပရိသတ်ထဲတွင် ဗီတီရွာက ဘုရားဖူး များ သာမက ရွာနီးချုပ်စပ်က ဘုရားဖူးများ လည်း ပါသည်။

ဇီယာသည် ဘုရားဖူးတို့ကို ဂရုမစိုက်။ တောင်ကုန်းပေါ်သို့ ရောက်အောင် တက်သည်။ ကျောင်းရှေ့ ရင်ပြင်သို့ ရောက်သော အခါ ဝတ်လှည့် နေကြသည်ကို မြင်သဖြင့် ပခုံး ဘယ်ညာ မျက်နှာ နဖူးတို့ကို လက်ဖျားဖြင့် တစ်လှည့်စီ တို့ထိ၍ ကြည်ညိုလိုက်သည်။

တန်းစီး၍ ဘုရားရှိခိုးကျောင်းကို လက်ယာရစ် လှည့်ကာ ဝတ်ပြုကြ ခြင်းသည် ဘုရားပွဲတော် ၌ ကြည်ညိုစရာ တွေ့ မြင်ရသော ပူဇန အမူအရာ တစ်ခု ဖြစ်သည်။ နည်းများ မဆို ငွေစကြေးစ လှူလိုက်လျှင် ဝတ်လှည့်ခြင်းကို ပြုတတ်ကြသည်။ ရှေးဦးစွာ မီးပူဇော်ထားသော ဖယောင်တိုင်ကို ကိုင်ကာ ဘုန်းကြီး ထွက်လာသည်။ ထို့နောက် သက်ဆိုင်ရာ ဘာသာရေး အသင်းအဖွဲ့များ ၏ တံခွန်ကုက္ကား အမျိုးမျိုးကို ကိုင်ကာ ထိုရွာ ဤရွာတို့မှ ဘုရားဖူး တို့သည် ဘုန်းကြီးနောက်က တန်းစီး၍ လိုက်ကြသည်။ တစ်ပတ်လှည့်ပြီး သော အခါ ဘုရား ရှိခိုးကျောင်း ထဲသို့ ပြန်ဝင်ကြသည်။ နောက်ထပ် လှူဒါန်း သူပေါ်လာလျှင် ထိုဝတ်သမားတို့ပင် ပြန်ထွက်လာ၍ တစ်ပတ်လှည့်ကြပြန် သည်။ ထိုသူတို့သည် ဘုရားပွဲ၌ ဘုရား အာရုံပြုချင်ကြသော သူများ ဖြစ်သည်။

သို့ ရာတွင် ဘုရားပွဲ၌ ပျော်ချင်ပါးချင်သူ တို့လည်း ပါသည်။ ထိုသူတို့ သည် ကျောင်းရှေ့ရင်ပြင်တွင် ဓလေ့ဘာသာ အလိုက် ကကြ၊ ခုန်ကြ၊ ပျော်ကြ၊ ပါးကြသည်။ ထို့ကြောင့် ဖုန်တထောင်းထောင်း ထ လျက်ရှိသည်။ ဖုန်ထနေသည့် အထဲ၌ ပင် ကကြ၊ ခုန်ကြသည်။ ဖုန်ထနေသည့် အထဲ၌ ပင် စားစရာ ချိုချဉ်နှင့် ဖျော်ရည်တို့ကို လှူသူက လှူရာ စားကြ သောက်ကြသေးသည်။

ဇီယာသည် ဘုရားရှိခိုးကျောင်းထဲသို့ ဝင်လိုက်သည်။ ကျောင်းထဲ တွင် ဓလေ့ဘာသာ အလိုက် ပြောကြ ဆိုကြသော အသံတို့သည် ဆူညံ နေသည်။ ဓလေ့ဘာသာအလိုက် ဝတ်စား ဆင်ယင်လာကြသော အဝတ်အင်္ကျီများ ၏ အဆင်တို့ကလည်း ဖြူနီပြာဝါ ရောင် စုံ ဖြစ်သည်။ ထိုဘုရား ဖူးတို့သည် အများ အားဖြင့် မိုင်ပေါင်းများ စွာ ဝေးလှသော အရပ်တို့မှ ဦးထုပ်မပါ၊ ဖိနပ်မပါ ရောက်လာကြသူများ ဖြစ်ကြသည်။ အတန်ကြာသော် ထိုမျှလောက် လူစုံလှသော ပရိသတ်ထဲမှ ညည်းသံ၊ ညူသံ၊ အော်သံ၊ ငေါက်သံတို့ ပေါ်လာသည်။ ဇီယာသည် ထိုပရိသတ်ကို အတင်းတိုး၍ ဝင်နေသော ကြောင့် ဖြစ်သည်။

ဇီယာသည် အအော်အငေါက် အတွန်းအထိုး ခံ၍ ဝင်သည်။ ဇွဲကောင်းလှသဖြင့် နောက်ဆုံး၌ သူ အမြဲ ဝတ်ပြလေ့ရှိရာ ဖြစ်သော တရားပလ္လင် အရှေ့သို့ သူ ရောက်သွားသည်။

ရောက်သည်နှင့် တစ်ပြိုင်နက် ဇီယာသည် ဆူညံတိုးဝှေ့နေကြသော ပရိသတ်ကို ကြည့်ကာ အနီးရှိ ဘုရားဖူး တစ်ယောက် အား လှမ်း၍ “ဘာ ဖြစ်နေကြတာတုံး ” ဟု မေးလိုက်သည်။

“သရဲဖမ်း စားလို့တဲ့တော့၊ သရဲဖမ်းစားလို့ တဲ့။ ဖမ်းစားခံရတာ က ကောင်းကလေးတဲ့။ အားလုံး ဝတ်ပြုပြီးကြရင် သူ့ကို တောထုတ်မလို့တဲ့။ သခင်မကြီးက သူ့တန်ခိုးတော် ကို ပြလိမ့်မယ်လို့လဲ ပြောကြတာပဲ။ ဒါကြောင့် မို့ ကျောင်းထဲမှာ လူတွေ ဒါလောက် ပြည့်ကျပ်နေတာပေါ့။ ကြည့်ချင်လို့ လာလိုက်ကြတာ သောက်သောက်လဲ၊ ဝက်ဝက်ကွဲ။ ရှင်မြင်တဲ့ အတိုင်းပဲ။ သရဲက တော် တော် တန်တန် သရဲ မဟုတ်ဘူးတဲ့။ အယူတိမ်းပြီး အစိမ်း ဖြစ်သွားတဲ့ ဘုန်းကြီးသရဲတဲ့ ရှင့်၊ ဘုန်းကြီးသရဲ့ တဲ့” ဟု ထိုဘုရားဖူးက မျက်လုံး ပြူး မျက်ဆန် ပြူး ပြောပြသည်။

“သရဲ ဖမ်းစားခံရတာ က ဘယ်က ကလေးလဲ”

“ဟို အာလာရွာကတဲ့ ရှင့်။ သရဲကလည်း ဘုန်းကြီးသရဲ တဲ့။ ကြောက်စရာကြီးပါရှင်။ ဦးပဉ္စင်းတစ်ပါးက သူ့ကို မောင်းထုတ်လိုက်သတဲ့။ ဒီတော့ ဒီဘုန်းကြီးသရဲဟာ နေစရာမရှိ ဖြစ်တော့တာ ပေါ့။ ဒါနဲ့ ခြေဦးတည့်ရာ လျှောက်သွားနေရင်း ဒီကောင်မကလေးကို ဝင်ပူးပြီး ဖမ်းစားသတဲ့ရှင့်။ ဒီကလေးတော့ သနားစရာပါရှင်”

“ဘုရား ဘုရား၊ နှလုံး တုန်စရာကြီးပါကလား”

“ဒါပေါ့ ။ အသည်းရော နှလုံးရော တုန်စရာကြီးပေါ့။ ဒီကလေးဟာ သရဲဒဏ်ကို လှိမ့်ခံနေရ သတဲ့ရှင့်။ တော် တော် ကြာ ပါးစပ်က အမြုပ်တွေ တစီစီ ထွက်လာပြီး အော်လား ဟစ်လား လုပ်သတဲ့ရှင့်၊ ဘုရားကိုလဲ မရိုသေ၊ တရားတော် ကိုလည်း မလေးစား၊ကြိမ်းလား မောင်းလား လုပ်သတဲ့ ရှင့်။ သန်လိုက်တာကလည်း သူ့အရွယ်နဲ့ မလိုက်ဘူးတဲ့။ သူ့လက်ထဲကို ရောက်သမျှဟာ ကြေမွကုန်ကြတာပဲ။ ကျိုးပဲ့ကုန်ကြတာပဲတဲ့ ရှင့်။ ကြောက်စရာကြီးပါရှင်”

ဇီယာသည် ထိုကလေးကို ကြည့်လိုသဖြင့် ပရိသတ်ထဲ၌ လိုက်၍ ကြည့်သည်။

“ကလေးက ကျောင်းထဲသို့ မရောက်သေးဘူးရှင့်။ ဘုရားကို အားလုံး ဝတ်ပြုပြီးကြမှ ကလေးရဲ့ ခြေလက်ကို ဝက်တုပ်တုပ်ပြီး ခေါ်လာမယ်တဲ့”

“နေပါဦးဟဲ့၊ တောထုတ် လိုက်ကြလို့ သရဲထွက်သွားရင် ဒီသရဲဟာ ဘယ်သွားနေမှာ လဲ။ တစ်ယောက် ယောက် ကို ဝင်ပူးပြီး ဖမ်းစားဦးတော့မှာ ပေါ့”

“ဒါတော့ မသိဘူးရှင့်။ ဒါပေမယ့် သခင်မကြီး ဟာ သူ့တန်ခိုးအာနုဘော်နဲ့ ဒီသရဲကို လူ့ပြည်မှာ မနေနိုင်အောင် လုပ်မှာ ပေါ့။ ဒီသရဲကို သနားရင်လည် ငရဲပြည်မှာ ခဏလောက်တော့ နေခွင့်ပေးမှာ ပါပဲ”

ထိုသို့ ပြောဆိုနေကြခိုက် ဘုရားဖူးတို့သည် ဘုရားဝတ်ပြုကြရန် ပြင်ကြလေသည်။ ဘုရား ရှိခိုးကျောင်းခန်းသည် သေး၍ လူက များ လွန်း နေသဖြင့် အခန်းထဲ၌ လှောင်ပိတ်၍ အလွန်အိုက်သည်။ ပရိသတ်သည် တောထုတ်ပွဲကို ကြည့်ချင်ကြသဖြင့် ဘုရားကို အာရုံမပြုနိုင်။ တောထုတ်ပွဲကိုသာ စောင့်မျှော် နေကြသည်။ ဇီယာကား ထိုသို့ မဟုတ်ချေ။ တရားပလ္လင် ဆီသို့သာ မျှောကြည့်၍ အာရုံပြုသည်။ ဤတစ်ကြိမ်တွင် ဇီယာသည် တရားပလ္လင် ကိုသာမက ထူးခြားလှသော နိမိတ်တစ်ခုကိုပါ မြင်ရသကဲ့သို့ ဖြစ်လာသည်။ သူ့အနီးတွင် မိန်းမသုံးယောက် သည် မတ်တတ်ရပ်၍ နေကြသည်။ တစ်ယောက် တည်း သားငယ်ကို ရင်ခွင်၌ ပိုက်ထားသည်။ သားငယ်၏ ပါးပြင်သည် နှင်းဆီပန်းသကဲ့သို့ လန်းဆန်း၍ ချစ်စရာကောင်းသည်။ သားငယ်က ပြုံးလိုက်သော အခါ မိန်းမသုံးယောက် က မြူလိုက်ကြသည်။ မိန်းမသုံးယောက် က မြူလိုက်ကြသော အခါ သားငယ်က ပြုံးပြသည်။ ကြည်နူးစရာပါပေတည်း။ သားသည် အမေသည် ပိန်သည်။

အသားအရေ ဖျော့တော့သည်။ သို့ ရာတွင် လှပယဉ်ကျေးသော အသွေးအရောင် ကား ထင်လျက် ဖြစ်သည်။ ထိုသားသည် အမေသည် အခြား မဟုတ်။ စာဒူရ ဖြစ်သည်။ စာဒူရသည် လူမာရုပ် ပေါက်၍ အဝတ်အင်္ကျီ အစုတ်စုတ် အပြတ်ပြတ် နှင့် ဖြစ်နေပြီ။ စာဒူရသည် သူ့အမေကို လှမ်း၍ ကြည့်သည်။ တင်းမာလှသော သူ့အမေ၏ အမူအရာကို မြင်သော အခါ မငိုမိအောင် မနည်းထိန်းထား ရရှာသည်။ ချစ်စရာ မြေးကလေး၏ မျက်နှာကို တစ်ချက်လောက်မျှ အမေ မကြည့်တော့ဘူးလား။ အမေ့စိတ်သည် ပြင်းလှချေ၏ တကား၊ စိမ်းကား ရက်စက်လှချေ၏ တကား။ စာဒူရသည် မထိန်းနိုင်တော့ဘဲ ငိုပါလေတော့သည်။

ထိုအခါ ဇီယာ၏ စိတ်၌ အဘွားမေတ္တာသည် လူးလွန်းလာသည်။ မြေးကလေး၏ မျက်နှာကို မြင်လိုက်ရသော အခါ စာဒူရအပေါ်၌ ကြီးခဲ့သော သူ့အမျက်သည် ပြေချင်သလိုလို ဖြစ်လာသည်။ ဇီယာသည် သူ့မြေးကို တစ်ခါမျှ မမြင်ဖူးချေ။ မြေးကို ထားဘိဦး။ သူ့သမီး လင်နောက်လိုက် သွားကတည်းက သူ့သမီး ကိုပင် သူမကြည့်ဘဲ နေခဲ့သည်မှာ ယနေ့ အထိ ဖြစ်သည်။ ဤနေ့တွင် သူ့သမီးကို ပထမ အကြိမ် ကြည့်ခြင်း ဖြစ်သည်။ မြေးကိုလည်း ပထမ အကြိမ် မြင်ခြင်း ဖြစ်သည်။ သင်းသည် ကျွန် စုပ်ပစ်သည့် သရက်စေ့လောက်မျှ မပြောင်ပါတကား။ သူ့စိတ်ထဲတွင် ထိုမျှ လောက်သာ သူ တွေးလိုက်သည်။ သို့ ရာတွင် သူ့အမျက်၊ သူ့အငြိုးကို သူ့သနားစိတ်က ဝင်၍ ဖမ်းစားလေမည် လား မသိ။ စောင့်ကြည့်စရာပင်။ ဇီယာသည် သူ့ခင်ပွန်းကို သူ သတိရလာသည်။ သူ့မြေး၏ မျက်လုံးတွင် သူ့ခင်ပွန်း၏ မျက်လုံးကို သူ မြင်လာသည်။ ထိုသို့ မြင်ပြီးမှ ပျောက်သွားပြန်သည်။ မ ဖြစ်နိုင်ပါဘူးလေ၊ မည် သည့် နည်းနှင့် မျှ မ ဖြစ်နိုင်ဘူး။ တူချင်း တူလျှင် အမျိုးယုတ် ဟိုအကောင်၏ မျက်လုံးနှင့် သာ ပို၍ တူစရာ ရှိသည်။ ချက်ချင်း ပင် ဇီယာ၏ အမူအရာသည် တင်းသွားပြန်သည်။

ထိုအခိုက် ဘုရားရှိခိုး ကျောင်းထဲက ပရိသတ်သည် တညီတညွှတ်တည်း ဘုရားကို ဝတ်ပြုကြပြီ။ ဇီယာလည်း ဝတ်ပြု၍ ဆုတောင်းနေသည်။ သို့ပါသော်လည်း နှုတ်ကသာ ပါသည်။ စိတ်က မလျှင်းမပါချေ။ သူ့စိတ်ထဲတွင် ဗလောင်ဆန်နေသည်။ အမျက်ထွက်သည့် အခါ ရှက်လွန်းလှ၍ သေချင်စိတ်ပေါက်သည့် အခါ ပေါက်သည်။ ဝမ်းနည်း ပူဆွေခြင်း ဖြစ်သည့်အခါ ဖြစ်သည်။ ဒေါသနှင့် မေတ္တာ၊ အာဃာတနှင့် ကရုဏာတို့ သည် သူ့ဟဒယနှလုံးသားတွင် သူတစ်ပြန် ငါတစ်ပြန် စုန်ဆန် တက်ဆင်း စစ်ပွဲကြီး ခင်းနေသကဲ့သို့ ဖြစ်သည်။ “ဘုရား ဘုရား၊ မြတ်စွာ ဘုရား။ တပည့်တော် မကို ကယ်တော် မူပါဘုရား။ တပည့်တော် မကို ဆုံးမတော် မူပါဘုရား” ဟု ဇီယာသည် မြည် တမ်းလျက် သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်၍ ငိုပါလေ၏ ။ ငိုရင်း သူ့သမီးက သူ့ကို အသနာခံကာ ငေးကြည့်နေသည်ဟု သူ မြင်လာ၍ အဆွေးကြီး ဆွေးမိသည်။ သူ့မြေးကလေးကို သူ ပြေးဖက်၍ နမ်းရှုပ်လိုက်ချင်သည်။ နံရံသို့ ပြေး၍ သူ့ခေါင်းဖြင့် ဆောင့်လိုက်ချင်သည်။ ဇီယာသည် အရူးမကြီး ဖြစ်နေရှာပြီ။ စာဒူရသည် သူ့အမေ၏ မာနကို ဆွပေးချင်သော ကြောင့် သူ့သားငယ်ကို ခေါ်လာဘိ သကဲ့သို့ ဖြစ်နေသည်။

မနာလို မရှုစိမ့်သော သူကို အလယ်၌ သူ့အမေ မာန်ကျ၍ သူ့အမေ အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်ကို အကြည့်ခံရအောင် သူ့သားငယ်ကို ခေါ်လာဘိသကဲ့သို့ ဖြစ်နေပြီ။

ဇီယာသည် သူ့ခင်ပွန်းကို အခါခါ တမ်းတသည်။ သူ့ဒုက္ခကို ကြည့်နေတော့ မည် လားဟု သူမြည် တမ်းသည်။ ဝတ်ပြုနေရာမှ ထ၍ လွတ်ရာ ကျွတ်ရာသို့ သူပြေးထွက် လိုက်ချင်သည်။ သို့ရာတွင် ဘုရားဖူးတို့ ဘုရားဝတ်ပြု နေကြသည်မှာ မပြီးသေး။ ကြာလှချေ၏ ။ ရှည်လှချေ၏ ။

♥ ♥ ♥


ဘုရားရှိခိုးကျောင်းထဲတွင် ဘုရားဝတ်ပြု၍ ပြီးကြပေပြီ။ ထိုအခါ ပရိသတ် သည် တောထုတ် အစွဲချွတ်မည့်  အရေး ကြောင့် မငြိမ်မသက် ဖြစ်လာသည်။ ကျောင်းထဲ၌ လှောင်လည်း လှောင်သည်။ အိုက်လည်း အိုက်သည်။ ကြောက်စရာ လန့်စရာကို မြင်ရ ကြားရတော့မည် ဟု သိကြသဖြင့် လည်း ကြောက်တတ်သူသည် မည် သို့ ပြော၍ မရ၊ မျက်နှာမှာ သွေးမရှိအောင် ကြောက်သည်။ တစ်ဖန် တွန်းကြ၊ ထိုးကြ၊ ဝှေ့ကြသည် ဖြစ်ရာ သူ့ကို ငါးနင်းမိ၊ ငါ့ကို သူနင်းမိ ဖြစ်ကြပြန်သည်။ ထိုအထဲတွင် ဘုရားရှိခိုး ကျောင်း အပြင်ဘက်၌ ကခုန်နေကြသော လူတစ်စုကလည်း ကျောင်းထဲသို့ အလုအယက် ဝင်လာကြသည်။

ထို အခါ ဇီယာသည် အသက် မရှူတတ်အောင် ဖြစ်လာသည်။ အပြင်သို့ ထွက်၍ လည်း မရ။ တစ်ဖန် တစ်ဖက်က တိုးတိုင်းလည်း တရွေ့တည်း ရွေ့နေသည် ဖြစ်ရာ သူမကြည့်ချင်သော သူ့သမီး စာဒူရအနီးသို့ သူရောက်သွားသည်။

အတန်ကြာ သော အခါ ဆူသံညံသံတို့သည် ငြိမ်ကျသွားသည်။ သရဲဖမ်းစားသော ကလေးကို ကျောင်းထဲသို့ သွင်းလာကြပြီ။ ဇီယာ၏ မျက်စိသည် ထိုကလေးဆီသို့ ရောက်သွားသည်။ ကလေးသည် မိန်းကလေး ဖြစ်သည်။ သင်တိုင်းအနက်ထဲ၌ ထည့်၍ ထုပ်ထားသည်။ မျက်ကွင်းညို နေသည်။ မျက်ထောင့် နီနေသည်။ ဝက်တုပ် တုပ်ထားသဖြင့် မလှုပ်နိုင်၊ မရှားနိုင် ဖြစ်နေသည်။

တောထုတ်ပွဲကို စီရင်ကြပြီ။ ပရိတ်ရွတ်ပြီး ကြသော အခါ ဘုန်းကြီး တစ်ပါးသည် ဂုဏ်တော် လက်ဝါးကပ်ကို ကလေး၏ မျက်နှာရှေ့သို့ ယူလာ၍ အစွဲချွတ်ရန် အနမ်းခိုင်းသည်။ ထိုအခါ ဘုရားရှိခိုးကျောင်း တစ်ကျောင်းလုံး ဟိန်းသွားသည်။ ကလေးသည် ကလေးနှင့် မတန်၊ စူးစူးဝါးဝါး အော်လိုက် သော ကြောင့် ဖြစ်သည်။ ဖမ်းစားထားသော သရဲက အော်လိုက်သည် ဟု ထင်ရသည်။ ထိုအခါ ပရိသတ်သည် တုတ်တုတ်မျှ မလှုပ်၊ ငြိမ်နေသည်။ အသက်ရှူမှားမတတ် ဖြစ်သည်။ ကလေးသည် မျက်နှာရှေ့သို့ ရောက်လာ သော ဂုဏ်တော် လက်ဝါးကပ်ကို ပုတ်ချသည်။ တံတွေးနှင့် ထွေးသည်။ အသံကုန် ဟစ်မြဲ ဟစ်သည်။

ပထမသော် ပရိသတ်သည် ကလေးကို ကြည့်၍ သွေးလန့်နေကြသည်။ အတန်ကြာသော် အကြောက်ပြေလာ၍ တစ်ယောက် တစ်ခွန်း စကား ပြောကြသည် ဖြစ်ရာ ကျောင်းခန်းတစ်ခုလုံး သည် ပဲ့တင်သံနှင့် ရော၍ တဆူဆူ တညံညံ ဖြစ်နေသည်။ ဆူသည်ထက် ဆူ၍ ညံသည်ထက် ညံလာသော အခါ ဇီယာသည် သူ့နားထဲ၌ ခေါ်သံလိုလို အသံတစ်သံကို ကြားလာသည်။ သရဲဖမ်းစားသော ကလေး၏ မိခင်က သူ့နားနားတွင် ကပ်၍ သူ့အား စကားလှမ်းပြောနေသည်ဟု သူထင်လာသည်။ “ရှင်က ဒီကိုလာပြီး ဘာ ဖြစ်လို့ ငိုနေရတာ လဲ၊ ရှင့်မှာ ဘာပူစရာ ရှိလို့လဲ၊ ရှင့်မှာ ဘာဆွေးစရာ ရှိလို့လဲ။ ပူစရာရှိရင် ကျွန်မကသာ ကျွန်မရဲ့ သမီးကလေး အတွက် ပူရမှာ ရှင့်။ ဆွေးစရာရှိရင် ကျွန်မကသာ ကျွန်မရဲ့ သမီးကလေးအတွက် ဆွေးရမှာ ရှင့်။ သူများ ပူဖို့ ဆွေးဖို့လည်း ထားပါဦးလား။ ရှင့်မာနကို ရှင်မချိုးနိုင်ဘူးလား ဇီယာ ဇီယာ၊ နင့်မာနကို နင်ချိုး။ ကျိုးအောင်ချိုး။ ချိုးပါတော့လား၊ ချိုးပါတော့လား” ဇီယာသည် ထိုအသံတို့ကို သူ့နား၌ ကြားလိုက်ရသည်ဟု ထင်လာသည်။ ထိုအသံတို့သည် တစ်ကျောင်းလုံး ဟိန်း၍ သူ့နှလုံးသားကို ဝင်ဝှေ့လိုက်သည်ဟု လည်း သူ ထင်လာသည်။ သူ့စိတ်၌ နောင်တရသလိုလို ဖြစ်လာသည်။ အကျိတ်ကျေသွား သလိုလို ဖြစ်လာသည်။ အနီးရှိ သမီးစာဒူရ၏ ရင်ခွင်ထဲက သူ့မြေးငယ်ကို လှမ်း၍ နမ်းချင်စိတ် ပေါက်လာသည်။ နမ်းမိတော့ မလိုလိုပင် ဖြစ်တော့သည်။ သူ့စိတ်သည် ထိုမျှ ညွှတ်ပျောင်းလာသည်။

သို့ရာတွင် မနမ်း ဖြစ်ချေ။ တန်သလော၊ ရာသဘော။

တရားပလ္လင်ရှေ့၌ သရဲဖမ်းစားသော သမီးငယ်နှင့် သမီးငယ်၏ မိခင်တို့ကို မြင်ရသည်မှာ ကြေကွဲစရာ ဖြစ်သည်။ သမီးငယ်က အသံကုန် ဟစ်နေသော အခါ မိခင်သည် တရားပလ္လင်ရှေ့၌ ဒူးထောက်ကာ ရှိုက်ကြီး တငင် ငိုနေရှာသည်။

ဇီယာသည် ထိုသားအမိကို ကြည့်၍ ယူကျူံးမရ ဖြစ်သည်။

အတန်ကြာသော အခါ သရဲဖမ်းစားသော ကလေးသည် ရုန်းကန်၍ ခြေကြိုး လက်ကြိုးတို့ကို ဖြတ်သည်။ ထိုအခါ ဘုန်းကြီးများ သည် ကလေးကို ဖမ်းကိုင် ဆုပ်ညှစ်၍ ဂုဏ်တော် လက်ဝါးကပ်ကို ပြကာ အစွဲချွတ်သော သဘောဖြင့် အတင်း အနမ်းခိုင်းပြန်သည်။ ဘုန်းကြီးများ က အတင်း အနမ်းခိုင်း လေလေ၊ ကလေးသည် ကြမ်းသည်ထက် ကြမ်းလာလေလေ ဖြစ်သည်။ ထိုအခိုက် ဇီယာသည် ကလေး၏ မိခင် စိတ်တက်ကြွ နေသည်ကို မြင်လိုက်သည်။ ကလေး၏ မိခင်သည် ဒူးထောက်ကာ မယ်တော် မာရီ သခင်မကို ဝတ်ပြုနေရာမှ ရုတ်တရက် ထ၍ သူ့မျက်ရည်ကို သုတ်သည်။ ထို့နောက် ဘုန်းကြီး၏ လက်ထဲမှ ဂုဏ်တော် လက်ဝါးကပ်ကို ယူ၍ တရိုတသေ ကိုင်ကာ သူ့ကလေး မြင်အောင် ပြသည်။ ထိုအခါ ကလေးသည် ချက်ချင်း ငြိမ်သွားသည်။

ထို့နောက် ကလေး၏ မျက်လုံးတွင် မျက်ရည် ဝဲလာသည်။ ထိုနောက် သူ့မျက်လွှာကို ချလိုက်သည်။ ထို့နောက် တရားပလ္လင်ကို မျက်နှာမူ၍ မယ်တော် မာရီ ဂုဏ်တော် ဘွဲ့ ဓမ္မသီချင်းကို မပီကလာ ပီကလာ သီဆို လာသည်။ ကလေး၏ မိခင်သည် ဝမ်းသာလွန်း အားကြီးလှသဖြင့် “သမီးရေ . . သမီးရဲ့ ၊ အမေ့ သမီးကလေးရဲ့ ” ဟု မြည် တမ်းရှာသည်။

အံ့ဖွယ်သရဲပါပေတည်း။ ဘုရားဖူး ပရိသတ်သည် ထိုအခြင်းအရာ ကို မျက်ဝါးထင်ထင် မြင်၍ ၊ နားဖြင့် ဆတ်ဆတ် ကြားကြသော အခါ အံ့အားသင့်လျက် မတ်တတ် ထနေကြရာမှ ချက်ချင်း ဒူးထောက်လိုက် ကြသည်။ ထို့နောက် ကလေးသီဆိုနေသော ဓမ္မသီချင်းကို လိုက်၍ သီဆိုကြသည်။ ထိုသို့ သီဆိုနေကြသော ဘုရားဖူး ပရိသတ်ထဲတွင် ဇီယာလည်း ပါသည်။

ဇီယာသည် အိမ်သို့ ပြန်လေပြီ။ ဤတစ်ကြိမ်တွင် သူ့မြေးငယ်သည် သူ့ရင်ခွင်၌ ပါလာသည်။ သူ့သမီး စာဒူရသည် သူ့နံပါး၌ ကပ်လျက် ပါလာသည်။ ထိုအခါ ဗီတီရွာ၌ “ ဒီနှစ် တော့ တို့မယ်တော် သခင်မကြီးက အံ့တစ်ပါးတည်း မဟုတ်ဘူး။ နှစ် ပါး ပြခဲ့သကွယ့် ” ဟု အချင်းချင်း ပြောကြ လေသတည်း။

(ငွေတာရီမဂ္ဂဇင်း၊ အမှတ် (၃၆) ။ ဇွန်၊ ၁၉၆၃)

♥ ♥ ♥


ဂျာမန် အမျိုးသား စာရေး ဆရာ
သော မတ် မန်း [၁၈၇၅ -၁၉၅၅]
Thomas Mann, [1875 -1955]

ဂျမန် အမျိုးသား စာရေး ဆရာ မန်းသည် ၁၉၂၉ ခုနှစ် အတွက် ကမ္ဘာကျော် နိုဗဲဆု အချီးအမြှင့် ခံရသော စာရေး ဆရာ ဖြစ်သည်။ မျိုးရိုးသည် ကုန်သည်မျိုးရိုး ဖြစ်သည်။ ဘာသာရေး တွင် သူ့ဘိုးဘေးနှင့် အဖတို့သည် လွတ်လပ်စွာ တွေးကြံလိုသော သဘာဝ တ္ထ ဝါဒကို လက်ခံ ကြသူများ ဖြစ်သည်။ နိုင်ငံရေး တွင် ပြည်သူ လူထု အတွက် ရသင့် ရထိုက်သော အခွင့်အရေး တို့ကို လိုလားသူ များ ဖြစ်ကြသည်။ သော မတ်မန်းသည် ထိုသို့သော ပတ်ဝန်းကျင်၌ ကြီးပြင်လာရသူ ဖြစ်သည်။ ထိုခေတ်က ကျောင်းများ သည် အတားအမြစ် အလွန်များ ၍ စည်းကြီး ကမ်းကြီး နိုင်လွန်းလှသည် ဟု သူ ယူဆသည်။ သူ ငယ်စဉ်က ကဗျာလင်္ကာ၌ ဝါသနာ ပါသည်။ သူ့ကျောင်းကမူ ထို ဝါသနာကို အားမပေးသည့် အပြင် အလွန် စည်းကမ်းကြီးလှသော ပရပ်ရှင်းစစ်သည်တို့ကဲ့သို့ ကျင့်ကြ နေထိုင်တတ်အောင် ဆုံးမ ပဲ့ပြင်တတ်သည် ဖြစ်ရာ သော မတ်မန်း အဖို့ မကျေမနပ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

သူ့အဖေ အနိစ္စရောက်သော အခါ လုပ်ငန်းကိုင်ငန်း မကောင်း ဖြစ်လာသဖြင့် မျူနစ်မြို့သို့ ပြောင်းရွှေ့နေထိုင် ကြသည်။ အသက် ၁၉ နှစ်တွင် ကျောင်းမှ ထွက်၍ စာရင်းကိုင်စာရေး အ ဖြစ်ဖြင့် အလုပ်လုပ်ရသည်။ ထိုအခါမှစ၍ ဝတ္ထုတို များ ကို ရေး သည်။ ထို့နောက် အလုပ်မှ ထွက်၍ မျူနစ်တက္ကသိုလ်တွင် ရသစာပေ၊ အနုပညာ၊ ရာဇဝင်တို့ကို ဆက်လက် သင်ယူသည်။ ထို့နောက် အီတလီ နိုင်ငံ ရောမမြို့၌ သူ့အစ်ကိုနှင့် အတူ နေထိုင်သည်။ ထိုသို့ နေထိုင်စဉ် ဝတ္ထုတို တစ်ပုဒ်ကို ရေး လိုက်ရာမှ စ၍ နာမည် ထွက် လာသည်။ ထိုကာလ အတွင်း၌ ပင် သော မတ်မန်းသည် နော်ဝေ ရသစာပေ၊ ဆွီဒင် ရသစာပေ၊ ရုရှား ရသစာပေ တို့ကို လေ့လာ ပြန်သည်ဟု ဆိုသည်။ အထူးသဖြင့် ဂျာမန်ဒဿနိက ဆရာကြီး ရှိုပင်ဟောင်းဝါး၏ စာတို့ကို နှစ်သက် သည်ဟု ဆိုသည်။

၁၉၉၀ ပြည့်နှစ် တွင် သော မတ်မန်းသည် ဝတ္ထုရှည်တစ်ပုဒ်ကို ရေး ၍ ထုတ်ဝေသည်။ ပထမသော် ထိုဝတ္ထုကို မကြိုက်ကြချေ။ သို့ရာတွင် တစ်စတစ်စ လူကြိုက်များ လာရာ ထိုဝတ္ထုသည် ကမ္ဘာကျော် ဖြစ်လာသည်။ ထိုအခါမှ စ၍ သော မတ်မန်းသည် စာပေ လောကသို့ လုံးဝ ဝင်လေတော့သည်။ ကျော်ကြားသော ဝတ္ထု အတို အရှည် များ သည် တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်လာသည်။ ၁၉၀၅ ခုနှစ် တွင် လက်ထပ်သည်။ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ ဟော်လန်၊ ဆွစ်ဇာလန် နိုင်ငံတို့သို့ သွားသည်။ ရေး သမျှသော ဝတ္ထုတို့သည် ဥရောပတိုက်သား တို့၏ ပထမ ကမ္ဘာစစ်ပြီးခေတ် စိတ်ထား သဘောထား၊ အကျင့်အကြံ အလေ့အလာတို့ကို တင်ပြ၍ အကောင်းအဆိုး အကျိုး အပြစ်တို့ကို ဝေဖန်သော ဝတ္ထုများ ဖြစ်ကြသည်။ ထိုဝတ္ထုများ ကြောင့် ဥရောပယဉ်ကျေးမှု နှင့် ဥရောပ လူမှု ရေး စနစ်တို့၏ အသိုက်အဝန်းတွင် စိတ္ထသုခ ဟူသည် မရှိ တော့ပြီလော။ ကာမဂုဏ် အာရုံ အမျိုးမျိုး တို့ကို ဘဝသုခ အစစ်မှတ်၍ ထိုအာရုံတို့ နောက်သို့ တကောက်ကောက် လိုက်နေကြသော ဥရောပတိုက်သား တို့၏ တိုးတက်မှု ကို အမှန် အကောင်းဟု ဆိုနိုင်အံ့လော၊ တကယ့် တိုးတက်မှု ကို အမှန် အကောင်းဟု ဆိုနိုင်အံ့လော၊ တကယ့် တိုးတက်မှု ဟု ဆိုနိုင်အံ့လော ဟူသော ဒွိဟသံသယ တို့သည် ဖြစ်ပေါ်လာကြသည် ဟု ဆိုသည်။ သော မတ်မန်း၏ ဝတ္ထုတို့တွင် အများ အားဖြင့် အထက်ဆိုခဲ့သော ယဉ်ကျေးမှု နှင့် လူမှု ရေး စနစ်ဆိုင်ရာ လူ့ဘဝ ပြဿနာများ ကို သရုပ်ဖော်တတ် သည်ဟု ဆိုသည်။ သရုပ်ဖော်ရာ တွင် အလွမ်း အဆွေး အသော တို့ စုံလင်လှသည်ဟု လည်းဆိုသည်။

၁၉၃၂ ခုနှစ် လောက်တွင် ဂျာမနီနိုင်ငံ၌ အာဏာရှင် ဟစ်သလာ ခေါင်းဆောင်သော နာဇီတို့ တန်ခိုးကြီးလာသော အခါ သော မတ်မန်း၏ ဝတ္ထုအချို့ကို မီးရှို့ပစ်ကြသည်။ သော မတ်မန် လည်း ဂျာမနီကို စွန့်၍ လွတ်ရာ ကျွတ်ရာသို့ တိမ်းရှောင်ရသည်။ နောက်ဆုံးတွင် အမေရိကန်၌ အခြေချ နေထိုင်ရလေသည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဇော်ဂျီ ၏ “ လမ်းသစ် နှင့် အခြားဝတ္ထုတိုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပြည်ထောင်စုသမိုင်းပုံပြင်များ

သခင်ကိုယ်တော်မှိုင်း မှာတော်ပုံ နှင့် စစ်ကိုင်းပြန် မှာတော်ပုံ (နှစ်အုပ်တွဲ)

ပလေးတိုး နိဒါန်း