အမှာ
စီးပွားရေး၌ အထီးကျန်ဝါဒ မအောင်မြင်နိုင်ပါ။
အကြောင်းမူ နိုင်ငံသားအားလုံး၏ စီးပွားရေးတို့သည် ခေတ်မီမှု ၏ အကျိုးအာနိသင်အားဖြင့် အပြန်အလှန် ဆက်စပ်လေ့လာသောကြောင့် ဖြစ်၏ ။
မည်မျှအထိ ဆက်စပ်လာကြသနည်းဆိုမူ ပင့်ကူအိမ်နှင့် တူလှသည်ဟုပင် ပြောကြသည်။
ဆိုဗီယက်အင်ပါယာကြီး ပြိုကျသွားပြီးသည့်နောက်၌ တစ်နည်းအားဖြင့် ဆိုရှယ်လစ်စနစ်တို့၏ တန်ခိုးသြဇာများ ယိုင်လဲထိုးကျသွားပြီးသည့်နောက်၌ ဤကမ္ဘာ့ပင့်ကူအိမ်ကြီးသည် ပိုလို့ ရှုပ်ထွေးသွားလေသည်။
တစ်ဆက်တည်း၌ စီးပွားရေးအားလုံးတွင် အခြေခံအကျဆုံး သင်္ကေတနှစ်ပါးလည်း ထင် ထင်ရှားရှား ထွန်းပေါက်လာကြ၏ ။ ယင်းတို့မှာ ဈေးကွက်စီးပွားရေးနှင့် ပုဂ္ဂလိကအစွမ်းအစတို့ပင် ဖြစ်သည်။
သို့ဖြင့် ရှုပ်ထွေးလာသော ကမ္ဘာ့ပင့်ကူအိမ်ထဲမှ စီးပွားရေး စိန်ခေါ်ချက်တို့သည် အလွန်များ ပြားလာသလောက် ထူးထူးခြားခြားလည်း ဖြစ်လာကြကုန်၏ ။ ပြောရလျှင် စီးပွားရေး သမိုင်းတွင် မပေါ်ဘူးသော စိန်ခေါ်ချက်တို့က အများ စု ဖြစ်ပုံရသည်။
ယခု ဤစာအုပ်တွင် ဤစိန်ခေါ်ချက်တို့ကို တတ်နိုင်သမျှ အကျယ်တ၀င့်ဖော်လည်းဖော်ပြ အဓိပ္ပာယ်လည်း ကြိုးစားရှင်းပြထားပါ၏ ။
နိဂုံးအနေအားဖြင့် ဤစာအုပ်ကို ဖြစ်မြောက်ရန် ကူညီအားပေးသူ ပုဂ္ဂိုလ်အားလုံးကို အထူး တလည် ကျေးဇူးတင်ရှိပါကြောင်း လှိုက်လှိုက်လှဲလှဲ ဖော်ပြပါရစေ။ သို့ ရာတွင် ဤစာအုပ်၌ ချွတ်ယွင်းချက်နှင့် အမှားများ ရှိနေလျှင်မူ စာရေးသူကို တာဝန်ပေးဖို့ပင် ဖြစ်ပါသည်။
မောင်စူးစမ်း
၁၉၉၄ ခုနှစ်၊ မေလ ၄ ရက်နေ့။
စိန်ခေါ်ချက် ၁
အပ်ပေါက်ထဲ ဆင်ကို မောင်းသွင်းခြင်း
အာရှ စီးပွားရေးဖြစ်ထွန်းမှု ၀ိသေသများ
ကျားနှစ်ကောင် သို့ မဟုတ် နဂါးခုနစ်ကောင်၊ သို့ မဟုတ်၊ ကွန်ဖြူးရှပ် ခါးပတ်၊ သို့မဟုတ် အာရှိတိုက် ၏ စီးပွားရေးဖြစ်ထွန်းမှု တွင် အနောက်ဥရောပနှင့်မတူ ခြားနားသော အရှေ့တိုင်း ၀ိသေသခုနစ်ချက် ကို ဆန်းစစ်လေ့လာခြင်း။
အာရှတိုက်၏ စီးပွားရေး ဖြစ်ထွန်းမှု နှင့် ဥရောပတိုက်၏ စီးပွားရေးဖြစ်ထွန်းမှု တို့ကို သုတေ သီနှင့်ပညာရှင်တို့က နှိုင်းယှဉ်လေ့လာကြည့်ကြသည်။ ဤသို့ နှိုင်းယှဉ်လေ့လာရာ၌ တူညီသော သွင်ပြင်လက္ခဏာတို့အပေါ် အလေးပေးသည်ထက် ခြားနားထူးခြားသော ၀ိသေသတို့အပေါ် အလေးအနက်ပြု၍ သုံးသပ်ကြသည်။
အာရှတိုက်၏ ထူးခြားသော ၀ိသေသတို့ကို ဆန်းစစ်ကြည့်ရာတွင် ကျားခုနစ်ကောင်၊ သို့ တည်းမဟုတ် နဂါးခုနစ်ကောင်၊ သို့ တည်းမဟုတ် ကွန်ဖြူးရှပ်ခါးပတ်စသည့် အခြင်းအရာတို့ကို မီးမောင်းထိုး၍ ကြည့်ကြသည်။ ဤသို့ တင်စားသော ဝေါဟာရတို့မှာ အာရှတိုက်မှ စီးပွားရေးအရ တစ်ဟုန်ထိုး တိုးတက်လာာကြသော တက်သစ်စနိုင်ငံများ ဖြစ်ကြသည့် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ထိုင်းတို့ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် ဂျပန်ကိုပါ ထည့်သွင်း၍ ကွန်ဖြူးရှပ်ခါးပတ်ဟု ပြောဆိုခဲ့သည်မှာ လည်း ကြာပါပြီ။ ကွန်ဖြူးရှပ်မှာ တရုတ်ပညာရှင်ကြီး ဖြစ်သည်။
ဆိုခဲ့ပါ ပညာရှင်နှင့် သုတေသီတို့၏ အာရှတိုက်နိုင်ငံတို့ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့်စပ်လျဉ်း၍ ထင်မြင်ယူဆချက်အမျိုးမျိုးတို့ကို ခြုံ၍ ငုံ၍ အကျဉ်းချုံးဖော်ပြရလျှင် အောက်ပါအတိုင်း အချက်ခုနစ်ချက် ဖြစ်ပါလိမ့်မည်။
(၁) ဤနိုင်ငံတို့သည် နဂိုကပင် တံခါးဖွင့်ဝါဒနှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို အပွင့်လင်းဆုံး အချုပ်အချယ်အနည်းဆုံးထား၍ ကျင့်သုံးကြသည်။ နိုင်ငံခြားပို့ကုန်လုပ်ငန်းတို့ကို အဓိက ဦးစားပေးသည်။
(၂) ဤနိုင်ငံတို့တွင် အစိုးရက ကနဦး၌ အာဏာကို အတော်အတန် သုံးစွဲသည်။ အစိုးရ အာဏာကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြသည်။ အာဏာပိုင်ဝါဒ (Authoritarism) ကို သုံးစွဲရင်း ဖွံ့ဖြိုးတိုးတက်လာကြခြင်း ဖြစ်သည်။
ဤအချက်မှာ ဥရောပနှင့်မတူ တမူခြားနားခြင်းကို ပြသည်။ ဥရောပ၏ ဖွံ့ဖြိုးတိုးတက်မှု တွင် အစိုးရ၏ ကဏ္ဍနှင့် အာဏာသည် အလွန်နည်းသည်။ မရှိသလောက် ဖြစ်သည်။
(၃) စီးပွားရေးတွင် အရှုံးအမြတ်ကို စွန့်စားရသော အတန်းအစားနှင့် လုပ်ရည်ကိုင်ရည်ရှိသော ဦးဆောင်လုပ်ငန်းရှင် (Entrepreneurship) တို့ ခိုင်ခိုင်မာမာ ရှိရန်လိုအပ်သည်။ ၎င်းတို့ကို လူလတ်တန်းစားများ ဟုလည်း ခေါ်သည်။ အထက်တွင် ဖော်ပြသောနိုင်ငံတို့တွင် တရုတ်နွယ်ဖွား တို့က ဤသို့ လိုအပ်သော လူလတ်တန်းစားများ အဖြစ် ကျောရိုးမဏ္ဍိုင်ဖြစ်လာကာ ၎င်းတို့ကြောင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ကြရသည်။ (ဤအချက်ကို အကြောင်းပြု၍ နဂါးနှင့် ကွန်ဖြူးရပ်ဆို သော ဝေါဟာရတို့ကို သုံးစွဲနေကြဟန်တူသည်။)
(၄) အဆိုပါနိုင်ငံတို့တွင် ဧရာမလူမျိုးစုံ ကော်ပိုရေးရှင်းကြီး (Multinational Corporatio-ns) တို့က နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု တို့ကို ပုံအော၍ ပြုလုပ်ခဲ့ကြသည်။
(၅) ဤနိုင်ငံတို့တွင် အနည်းနှင့်အများ ဆိုသလို နိုင်ငံရေးတည်ငြိမ်မှု များ ရှိကြသည်။ ဤသို့ ရှိ၍ လည်း နိုင်ငံခြားမှ ငွေပင် ငွေရင်းနှင့် ပစ္စည်းများ လှိမ့်၍ ၀င်ခဲ့ခြင်းဖြစ်သည်။
(၆) ဤနိုင်ငံတို့တွင် ဖြစ်ထွန်းသော တက်ကနိုလိုဂျီခေါ် နည်းပညာနှင့် အတတ်ပညာတို့ သည် အခြေခံကျသော နည်းပညာအတတ်ပညာများ မဟုတ်ကြ။ ဖွံ့ဖြိုးပြီးနိုင်ငံတို့မှ အထူးသဖြင့် အနောက်နိုင်ငံတို့မှ အခြေခံကျသော သိပ္ပံပညာ၊ အခြေခံကျသော နည်းပညာ အတတ်ပညာတို့ကို မွမ်းမံပြင်ဆင်၍ လည်းကောင်း၊ တစ်ဆင့်တက်၍ လည်းကောင်း၊ တုပ၍ လည်းကောင်း အနွယ်တူ မျိုးကွဲ နည်းပညာ အတတ်ပညာ (Generic Technology) တို့ကို အခြေခံပြီး တိုးတက်နေကြခြင်း ဖြစ်သည်။
(၇) ဤနိုင်ငံတို့တွင် ၀င်ငွေကွာခြားမှု ကို တစ်ပြေးညီ ညှိပစ်ရန် မကြိုးပမ်းကြပေ။ ဤနိုင်ငံတို့မှ ၀ါရင့်ခေါင်းဆောင်ကြီးတစ်ဦးက ၀င်ငွေမညီမျှမှု ကို အလောသုံးဆယ် မြေကြီးညှိသလို မညှိပစ်ပါနှင့်၊ ဤသို့ ညှိပစ်ရန်ကြိုးပမ်းလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လိမ့်မည်မဟုတ်။ မွဲဆေးဖော်ခြင်းသာ ဖြစ်လိမ့်မည်ဟု အခြားနိုင်ငံများ အတွက် သတိပေးစကားပြောကြားခဲ့သည်ကို သတိချပ်ရာသည်။
အထက်ပါတို့မှာ သုတေသီနှင့် ပညာရှင်တို့က အာရှနိုင်ငံများ ၏ စီးပွားရေးနှင့်ပတ်သက်၍ ၎င်းတို့၏ လေ့လာသုံးသပ်ချက်တို့ကို လိုရင်းခြုံငုံ၍ တန်းစီဖော်ပြခြင်းသာ ဖြစ်သည်။ ပညာရှင် တစ်ဦးက ကံကောင်းသွားသည့်အကြောင်းတစ်ချက်ကိုလည်း ထည့်သွင်းစိစစ်ကြည့်သည်။ အာရပ် နိုင်ငံတို့မှ ရေနံဒေါ်လာတို့သည် အဆိုပါ နဂါးနိုင်ငံတို့ရှိ ဘဏ်တိုက်များ ဆီသို့ နိုင်ငံတကာ အခြေ အနေကြောင့် လှိမ့်၍ ၀င်ရောက်ခဲ့ရသည့်ဖြစ်ရပ်မှာ လည်း သေးကွေးလှသော အကြောင်းတစ်ရပ် မဟုတ်ဟု ထောက်ပြသည်။ ဥရောပ ဖွံ့ဖြိုးစဉ်အခါက ဤအဖြစ်မျိုး မတွေ့ခဲ့ရပါဟု ဆိုသည်။
မည်သို့ပင်ဆိုစေ အထက်တွင် ဖော်ပြသော အာရှတိုက်နိုင်ငံတို့၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှင့်စပ်လျဉ်း၍ ထူးခြားသော ၀ိသေသတို့အပေါ်တွင် အငြင်းအခုံများ ရှိနေပါသည်။ ဤ အငြင်းအခုံများ ထဲတွင် ဈေးကွက် စီးပွားရေးနှင့် ဒီမိုကရေစီ ဆက်စပ်မှု ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ဒီမိုကရေစီ ဆက်စပ်မှု ပြဿနာတို့သည်လည်း ပါဝင်ကြပါသည်။ စိတ်ဝင်စားဖို့ ကောင်းပါသည်။
(နွယ်နီ။ ၁၉၉၃၊ ဖေဖော်ဝါရီလ)
တီဒဗလျူအမ် တစ်ပတ်နွမ်း အင်ဂျင်နှင့်စည်းလွတ်ခွင့်
တစ်ချိန်က အနောက်နိုင်ငံများ မှ ဧရာမကုမ္ပဏီကြီးများ သာ နိုင်ငံစုံ ကုမ္ပဏီကြီးများ အဖြစ် ဆောင်ရွက်ကြသည်။ ယခုအခါ တတိယကမ္ဘာ့နိုင်ငံများ က ၎င်းတို့ထံမှ နည်းနာခံပြီး နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများ ထူထောင်ကြရာ အနောက်ကမ္ဘာကိုပင် လွှမ်းမိုးသွားကြပြီ။ သို့ သော် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများ မထူထောင်နိုင်လေသောနိုင်ငံအဖို့ကား. . . ။
စက်ဖြင့် လှုပ်ရှားရသော ယာဉ်မျှသမျှတွင် အင်ဂျင်ပါရစမြဲ။ အင်ဂျင်သည် မောင်းနှင်ရေး အားဖြစ်သည်။ အလားတူစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင်လည်း အင်ဂျင်ရှိရ၏ ။ အင်ဂျင်သည် တစ်လုံးတည်းလည်း ဖြစ်နိုင်သည်။ တစ်လုံးထက်မကလည်း ဖြစ်နိုင်သည်။ အင်ဂျင်အား ကောင်း မကောင်း ကြည့်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို အကဲခတ်နိုင်သည်။
ဤနေရာ၌ ပြဿနာမှာ အင်ဂျင်သည် မည်သည့်အရာဖြစ်သနည်း။ မည်သည့်အဆောက် အအုံ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် အင်အားတို့ကို အင်ဂျင်ဟု သတ်မှတ်ယူဆမည်နည်း။ အင်ဂျင်ဟူ၍ သတ်မှတ်မှု ၌ ပညရှင်တို့ ၀ိဝါဒကွဲပြားကြပေသည်။
ဤ၀ိဝါဒကွဲပြားမှု တို့အနက်မှ ထင်ရှားသော အခြင်းအရာတစ်ရပ်ကို ထုတ်နုတ်ပြီး ပြောရ လျှင် နိုင်ငံစုံကော်ပိုရေးရှင်း (Mulunational Corporations) များ ကိစ္စဖြစ်သည်။ ဤဝေါဟာရ သည် စီးပွားရေးအဘိဓာန်၌ အမ်အင်စီ (MNC) ဟု အတိုကောက် နေရာယူထားလျက်ရှိပြီ။ အမ် အင်စီဟုဆိုလျှင် ယခင်က နားလည်ထားချက်အရ အနောက်ဥရောပနှင့်အမေရိကန်နိုင်ငံတို့မှ ဧရာမကုမ္ပဏီကြီးတို့ကို ပြောခြင်းဖြစ်၏ ။ ကမ္ဘာအနှံ့စီးပွားရေးလုပ်သော အနောက်နိုင်ငံ ကော်ပို ရေးရှင်းကြီးများ ကို ပြော၏ ။
သို့ သော် ၁၉၆၀ ပြည့်နှစ်မှစ၍ အခြေအနေသည် တစ်မျိုးပြောင်းသွားပေသည်။ အထူးသဖြင့် ၁၉၇၀ ပြည့်နှစ်လောက်မှစ၍ ပေါ်ပေါ်ထင်ထင်ကြီး ပြောင်းလဲခဲ့ခြင်း ဖြစ်ပေသည်။ ဤ သည်မှာ တတိယကမ္ဘာ့နိုင်ငံတိုကို အခြေစိုက်သော တတိယ ကမ္ဘာ့နိုင်ငံတို့မှ အရင်းအနှီးတို့ဖြင့် ထူထောင်သော နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ ပေါ်ပေါက်ထွန်းကားလာသော အပြောင်းအလဲဖြစ်ပေသည်။ ထို့ကြောင်း စီးပွားရေးအဘိဓာန်တွင်လည်း တတိယကမ္ဘာ့နိုင်ငံစုံ (Third World Multinational) ဆိုသော ဝေါဟာရ အသစ်သည် နေရာယူခဲ့သည်။ (တီဒဗလျူ) (TWM) ဟု အတို ကောက်သုံးကြသည်။
တတိယကမ္ဘာ၏ တိုက်ကြီးသုံးသွယ်တွင် တီဒဗလျူအမ်များ ဖြစ်ပေါ်တိုးတက်ခဲ့ကြသည်။ လက်တင်အမေရိကတိုက်တွင် ဘရာဇီးလ်နှင့် အာဂျင်တီးနား အခြေစိုက် တီဒဗလျူအမ်များ ၊ အာရပ်နိုင်ငံတို့တွင် ဆော်ဒီအာရေးဗီးယားနှင့် ကူဝိတ်အခြေစိုက် တီဒဗလျူအမ်များ ၊ အာဖရိက တိုက်၌ မူ တောင်အာဖရိက အခြေစိုက် တီဒဗလျူအမ်များ ၊ အာရှတိုက်၌ ကား တီဒဗလျူအမ်တွေ ပေါမှပေါ။ အိန္ဒိယအခြေစိုက်၊ ထိုင်း အခြေစိုက်၊ စင်ကာပူ အခြေစိုက်၊ မလေးရှား အခြေစိုက်၊ တောင်ကိုရီးယား အခြေစိုက်၊ ထိုင်ဝမ် အခြေစိုက်၊ ဂျပန် အခြေစိုက် စသည့်ဖြင့် တီဒဗလျူအမ် ကော်ပိုရေးရှင်းကြီးများ အတော်များ ပြားနေပါသည်။ လုပ်ငန်းတွေကလည်း စုံလှ၏ ။ ကျယ်ပြန့် လှ၏ ။
နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ ဟု ခေါ်တွင်ရသည်မှာ မိမိတို့၏ စီးပွားရေးလုပ်ငန်းတို့ကို မိမိ တို့ ပြည်တွင်းဈေးကွက်သာ မဟုတ်တော့ဘဲ ကမ္ဘာအနှံ့ နိုင်ငံအစုံ ခြေဆန့်၍ လုပ်ကွက်များ ချဲ့ပြီး အလုပ်လုပ်ကြခြင်းကြောင့် ဖြစ်ပေသည်။ ဖော်ပြပါ တတိယကမ္ဘာမှ နိုင်ငံစုံကော်ပိုရေးရှင်းတို့သည် သက်တမ်းအားဖြင့် နုနယ်ခဲ့ကြသည့်အတွက် ကနဦး၌ စီမံခန့်ခွဲမှု တွင် မနိုင်မနင်းဖြစ်ခဲ့ကြသည်။ မကျွမ်းမကျင်ဖြစ်ခဲ့သည်။ ဤသို့ မနိုင်မနင်း မကျွမ်းမကျင်ဖြစ်ကြရသည့်အဖြစ်ကို အနောက် ဥရောပနှင့် အမေရိကတို့မှ စီးပွားရေး အဖွဲ့အစည်းအချို့က ကူညီဖြေရှင်းပေးကြသည်။ ဤသို့ ကူညီပေးသည့် ၀န်ဆောင်မှု လုပ်ငန်းတို့ကို စီမံခန့်ခွဲမှု ဆေးရုံ (Management Hospitals) များ ဟု ခေါ်ကြသည်။
အဆိုပါ ဆေးရုံများ သို့ အခါအားလျော်စွာ တက်ရောက်ကုသပြီးနောက် တီဒဗလျူအမ်တို့ သည် အလွန်နေထိုင်ကောင်းလာကြသည်။ အလွန်ကျန်းမာလာကြသည်။ မည်မျှအထိ ကျန်းမာလာကြသနည်းဆိုမူ ဥရောပနှင့် အမေရိကတို့မှ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတို့နှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ရုံမျှမက ဟိုမှာ ထက်ပင် ကျော်သွား၏ ။ သာဓကအားဖြင့် ယခုစီးပွားရေးဝေါဟာရသစ် တစ်ခု ခေတ်စားလာခြင်းကို ကြည့်နိုင်သည်။ ‘ပြောင်းပြန် သိမ်းယူမှု ’ (reverse take-over) ဆိုသော စကား။ ဥရောပနှင့် အမေရိကကော်ပိုရေးရှင်းကြီးတို့၏ အစုရှယ်ယာအများ စုကို တတိယ ကမ္ဘာ့နိုင်ငံစုံကော်ပိုရေးရှင်းကြီးတို့က လိုက်လံသိမ်းယူဝယ်ယူနေရသော အခြေအနေကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်လေသည်။ အားရစရာပင်။
ဤတွင် တတိယကမ္ဘာ့နိုင်ငံတို့သည် နှစ်မျိုးနှစ်စား ကွဲပြားသွားပေသည်။ တီဒဗလျူအမ်များ ထွန်းကားနေသော နိုင်ငံများ နှင့် တီဒဗလျူအမ်မဲ့ နိုင်ငံများ ဟူ၍ ဒုတိယအမျိုးအစားနိုင်ငံတို့ သည် နိုင်ငံခြားအရင်းအနှီးတို့ကို မျှော်ကြ၏ ။ ဥရောပနှင့် အမေရိကတိုက်နိုင်ငံစုံ ကော်ပိုရေးရှင်း ကြီးတို့က လာရောက် ရင်းနှီးမြှပ်နှံရန်လည်း မျှော်ကြသည်။ ဘယ်ကလာ လာပေါ့။
ဤနေရာ၌ အစပြန်ကောက်၍ တီဒဗလျူအမ်တို့သည် ကျန် တတိယကမ္ဘာ့နိုင်ငံတို့၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အင်ဂျင်စက်တစ်လုံး ကောင်းကောင်း ဖြစ်နိုင်သည်ဟု ပညာရှင်တို့က ပြောဆိုလာသောကိစ္စကို မီးမောင်းထိုးပြရပါလိမ့်မည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အရင်းအနှီး ငတ်မွတ် ခေါင်းပါးနေသော နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို တီဒဗလျူအမ်တို့က မည်သို့ ရှုမြင်သုံးသပ်ကြသနည်း။ မည်သို့ တုံ့ပြန်တတ်သနည်းဟု ရှေးဦးပထမလေ့လာရန် လိုပါလိမ့်မည်။ ကြည့်ရန် လိုပါလိမ့် မည်။ ကြည့်သည် ဆိုရာ၌ မိမိဘက်က ကြည့်ခြင်းထက် သူတို့ဘက်က ဘယ်လိုကြည့်မလဲဟု အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ပင် ဖြစ်သည်။
တီဒဗလျူအမ်များ မရှိသော တတိယကမ္ဘာ့နိုင်ငံအချို့တွင် ပိုင်ဆိုင်မှု ကို လျစ်လျူရှုထား၍ စီးပွားရေးကို သရုပ်ခွဲကြည့်ပါက နယ်ပယ်နှစ်ပယ် (၀ါ) ခွင့်နှစ်ခွင် ကွဲပြားစွာ ရှိနေကြောင်း တွေ့ထားကြပါသည်။ ‘စည်းညီနယ်ပယ်’ (formal sector) နှင့် ‘စည်းလွတ်နယ်ပယ်’ (informal sector) ဟူ၍ ဖြစ်၏ ။ စည်းညီနယ်ပယ်ဆိုသည်မှာ တည်ဆဲဥပဒေများ နှင့်ဆိုင်သော အာဏာပိုင် တို့က ပြဋ္ဌာန်းသော စည်းမျဉ်းစည်းကမ်းများ ဘောင်အတွင်း ဆောင်ရွက်နေကြသော စီးပွားရေး လုပ်ငန်းများ နယ်ပယ်ကို ဆိုလိုသည်။ စည်းလွတ်နယ်ပယ်ဆိုသည်မှာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း အပြင်အပတို့၌ လည်းကောင်း၊ ဤဥပဒေစည်းမျဉ်းတို့ကို ကွင်း၍ ရှောင်၍ လည်းကောင်း ဆောင်ရွက်နေကြကုန်သော စီးပွားရေး လုပ်ငန်းများ နယ်ပယ်ကို ဆိုလိုသည်။ (ဤသို့ နယ်ပယ်နှစ် ရပ်ခွဲခြားလေ့လာမှု ကို ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့တို့က အသုံးပြုလျက်ရှိ သည်။)
စည်းညီစီးပွားရေးက မည်မျှအတိုင်းအတာအထိ ကျယ်ပြန့်စွာ ရှိသနည်း။ စည်းလွတ် စီးပွားရေးက မည်မျှအထိ ကျယ်ပြန့်နေသနည်း။ အမိရေစီးကြောင်း (Mainstream) သည် စည်းညီ အစိတ်အပိုင်းက ဖြစ်နေသလား။ သို့ တည်းမဟုတ် စည်းလွတ်ခွင်က အဓိကဖြစ်နေသလား၊ မည်သည့်ခွင်က စီးပွားရေးကို စိုးမိုးနေသနည်း။ တစ်နည်းပြောလျှင် မည်သည့်ခွင်က စီးပွားရေးကို အဓိကခုတ်မောင်းပေးနေသနည်း။ မည်သည့်ခွင်ကို အသုံးချလျှင် မည်မျှအထိ အကျိုးဖြစ်ထွန်းနိုင်သနည်း။ စည်းလွတ်ခွင်ကို အသုံးပြု၍ ဖြစ် မဖြစ်၊ ဖြစ်လျှင် မည်မျှအထိ ဖြစ်နိုင်သနည်း။ စည်းလွတ် ခွင်ကို အသုံးပြုလို့ ဖြစ်နေလျှင် စည်းညီခွင်ကို အသုံးပြုရန် လိုအပ်ပါဦးမည်လော စသည့် စသည့် ပုစ္ဆာတို့ကို တီဒဗလျူအမ်တို့က ထုတ်ကြည့်ကြမည်မှာ သေချာပါသည်။ အရှိကို အရှိအတိုင်း သုံးသပ်၍ ထုတ်သော ပုစ္ဆာများ ဟု ဆိုနိုင်သည်။
တီဒဗလျူအမ်တို့သည် မိမိတို့ ထုတ်လုပ်သော ကုန်ပစ္စည်းတို့ကို စည်းလွတ်နယ်ပယ်ကို အသုံးချ၍ သက်ဆိုင်ရာ နိုင်ငံထဲအရောက် ပို့နိုင်နေကြပေသည်။ ဤသက်ဆိုင်ရာနိုင်ငံ၌ ဥပေဒနှင့် စည်းကမ်းများ နှင့်အညီ ကိုယ်စားလှယ်ရုံးများ ၊ ကုမ္ပဏီခွဲများ မဖွင့်ဘဲ၊ စရိတ်အကုန်အကျမခံဘဲ အလုပ်ဖြစ်နိုင်နေပါသည်။ ထွန်းကားနေသော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသို့ ကုန်ပစ္စည်းများ ပို့ထားရုံ မျှဖြင့် ဤကုန်ပစ္စည်းတို့သည် စည်းလွတ်ခွင်မှတစ်ဆင့် မိမိတို့ ရည်ရွယ်သော နိုင်ငံထဲ ‘အော်တို’ ရောက်နိုင်သည်ကို သိထားကြပေသည်။
တီဒဗလျူအမ်တို့သည် ဖွံ့ဖြိုးမှု နည်းနေသော နိုင်ငံတို့၌ ရင်းနှီးမြှုပ်နှံလျှင် အထက်တွင် ဖော်ပြသော အချက်ကို ကြည့်ရုံတင်မကသေး။ ဈေးကွက် ကျယ်ကျယ်ရှိသလား၊ ကျဉ်းကျဉ်းရှိ သလား ဆိုသောအချက်ကိုလည်း အရေးကြီးစွာ လေ့လာလိမ့်မည် ဖြစ်၏ ။ ပြည်တွင်း ဈေးကွက် ကျဉ်းမြောင်းမှု သည် ဤနိုင်ငံအတွက် တီဒဗလျူအမ်၏ ရင်းနှီးမြှုပ်နှံမှု လာရောက်ရန် အလားအလာနည်းပါးပါလိမ့်မည်။
ဈေးကွက်သေးငယ်မှု ကို ထောက်၍ သယ်ယူလာမည့် နည်းပညာ အသိပညာ တက်ကနိုလိုဂျီမှာ လည်း အငယ်စား ဖြစ်ဖို့များ သည်။ အဆင့်နိမ်နည်းပညာ ‘လိုးတက်’ (Low-tech) ဖြစ်ဖို့ များ သည်။ အဆင့်မြင့် နည်းပညာ ‘ဟိုက်တက်’ (High-tech) ကိုကား သယ်လာဖွယ် မရှိ။ လိုးတက်၌ ပင် သူများ နိုင်ငံ၌ သုံးပြီးသား ‘ဒုတိယလက်ပစ္စည်း’ များ ၊ တစ်ပတ်နွမ်းများ ဖြစ်ဖွယ်ရှိ ပေသည်။ တစ်ပတ်နွမ်းပစ္စည်းနှင့် တစ်ပတ်နွမ်းလိုးတက်တို့ကို တီဒဗလျူအမ်တို့ကလည်း အကြီးအကျယ် ဆောင်ရွက်နေကြပါသည်။ တစ်ပတ်နွမ်းပစ္စည်းနှင့် တစ်ပတ်နွမ်းလိုးတက်တို့ဖြင့် ကြီးပွားချမ်းသာနေသော တီဒဗလျူအမ်တို့သည် ပေါများ လာသည်။
တီဒဗလျူအမ်တို့သည် အထက်ပါအခြင်းအရာတို့ကိုသာမက အခြားအကြောင်းအရာ တို့ကိုလည်း ထည့်သွင်းစဉ်းစားကြဦးမည်ဖြစ်လေရာ ၎င်းတို့၏ ကျန်တတိယကမ္ဘာ့နိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှု သည် အစွန်းထွက် (marginal) လောက်သာ ဖြစ်ဖွယ်ရှိပါသည်။
(နွယ်နီ။ ၁၉၉၃၊ မတ်လ)
ထိုင်း စီးပွားရေး ရုပ်ပုံလွှာ
- တိုင်းပြည် ထုတ်ကုန်တန်ဖိုး တစ်နှစ်လျှင် ၁၀.၅ ရာခိုင်နှုန်း တိုးတက်နေသည်။
- နိုင်ငံခြား သီးသန့် ရန်ပုံငွေ ၂၁ ဘီလီယံဒေါ်လာရှိသည်။
- အဘယ်ကြောင့် ဤကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသနည်း။
အိမ်နီးနားချင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်းနိုင်ငံသည် ဘာကြောင့် စီးပွားရေးအရ တိုးတက်နေရသနည်းဟု စားရေးသူအား မေးကြသည်။ သူများ နိုင်ငံတွေ တိုးတက်သလို ကိုယ့် နိုင်ငံကိုလည်း တိုးတက်ချင်၍ မေးကြသည်ဟု ထင်၏ ။ ဤဆောင်းပါးသည် အထက်ပါ မေးခွန်းကို ဖြေပါသည်။ ဖြေသည်ဆိုရာ၌ ထိုင်းနိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော ထိုင်းနိုင်ငံဘဏ် (Bank of Thailand) ၏ မကြာမီက ထုတ်ဝေသော အစီရင်ခံစာကို မှီငြမ်းပြီး ဖြေခြင်းဖြစ်ပါသည်။
ရှေးဦးစွာ ထိုင်းနိုင်ငံ တိုးတက်ပုံကို တင်ပြပါမည်။ ပြီးမှ ဤသို့ ဘာကြောင့် တိုးတက်ရသည်ကို ဖြေပါမည်။ သည့်နောက်တွင်မှ ရှေ့ဆက်လှမ်းမည့် ခြေလှမ်းတို့ကို ဖောက်သည်ချပါမည်။
(၁) ၁၉၈၇ ခုနှစ်မှစ၍ ထိုင်းနိုင်ငံသည် မကြံစဖူး စီးပွားရေးစန်းပွင့်ခဲ့သည်။ ဂျီဒီပီခေါ် တိုင်းပြည်ထုတ်ကုန်တန်ဖိုးသည် တစ်နှစ်လျှင် ၁၀.၅ ရာခိုင်နှုန်း တက်ခဲ့သည်။ သို့ သော် ဈေးနှုန်း ဖောင်းပွမှု မှာ မူ ၄.၇ ရာခိုင်နှုန်းသာ တက်သည်။
(၂) ဤသို့ တက်စေသော အဓိက တွန်းအားမှာ နှစ်ချက်ဖြစ်သည်။ ကုန်ချောပစ္စည်းများ နိုင်ငံခြားသို့ တင်ပို့မှု တစ်ရှိန်ထိုး တက်ခဲ့ခြင်းသည် ပထမအချက်ဖြစ်သည်။ ဒုတိယအချက်မှာ နိုင်ငံ ခြားမှ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု များ လှိမ့်ဝင်လာခြင်း ဖြစ်သည်။
(၃) နိုင်ငံခြားမှ ထိုင်းနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြခြင်းသည် အလွန်များ သည်။ မည်မျှအထိ များ သနည်းဆိုမူ တိုင်းပြည်ထုတ်ကုန် (ဂျီဒီပီ) ၏ ၃၂ ရာခိုင်နှုန်းအထိ ရောက်သည်။
(၄) ပြင်ပမှဝင်ရောက်လာသော အရင်းအနှီးတို့သည် ၁၉၈၇ ခုနှစ်မှစ၍ တွက်လျှင် ခုနစ်ဆ အထိ တိုးသည်။
(၅) ဤသို့ တိုးတက်ခဲ့သဖြင့် စီးပွားရေးသည် လိုအပ်သည်ထက် ပို၍ ပူလာသည်။ (Overheationg) မီးပြင်းတိုက်ပြီး တိုးတက်အောင် လုပ်သဖြင့် သဘာဝအားလျော်စွာ စီးပွားရေး ယန္တရားသည် ပူလာခြင်းဖြစ်သည်။ ကုန်ဈေးနှုန်းဖောင်းပွမှု ၆ ရာခိုင်နှုန်းအထိ တက်သွားသည်။ နိုင်ငံခြားနှင့် ငွေပေးချေမှု ရှင်းတမ်းတွင် သွင်းကုန်က ပို့ကုန်ထက်များ မှု (လိုငွေပြမှု ) သည် ဂျီဒီပီ၏ ၉ ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့သည်။
(၆) သို့ သော် အချိန်မီ ပြုပြင်ပြီး ညှိနှိုင်းခဲ့သည်။ အစိုးရဘတ်ဂျက်တွင် လိုငွေပြမှု ကို အဆုံး သတ်လိုက်သည်။ အ၀င်အထွက်ညီပစ်လိုက်သည်။ ငွေကြေးပေါ်လစီ၌ ဖောင်းပွလာသော ချေးငှားထားမှု တို့ကို စီးပွားရေးတိုးတက်မှု နှုန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ထိန်းထားလိုက်သည်။
(၇) ကုန်ကြမ်းပစ္စည်း အခြေအမြစ်တို့အပေါ်တွင် ဖိအားပိနေမှု ကို လျော့ကျသွားအောင် လိုအပ်သော ပြုပြင်ပြောင်းလဲမှု တို့ကို ဆောင်ရွက်လိုက်သည်။ အခွန်၊ စက်မှု လုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ငွေးကြေးဆိုင်ရာ အပိုင်းတို့တွင် ပြုပြင်ပြောင်းလဲမှု များ ချမှတ်ဆောင်ရွက် သည်။ (၆) နှင့် (၇) ပါ ဆောင်ရွက်ချက်တို့ကို အသံညှိပေးသည်ဟု ခေါ်သည်။ (finetuning)
(၈) ဆိုခဲ့ပါအတိုင်း ဆောင်ရွက်လိုက်နိုင်ခြင်းကြောင့် ထိုင်းစီးပွားရေးသည် ပြန်ကောင်းလာသည်။ ဈေးနှုန်း ဖောင်းပွမှု သည် ၄.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ နိုင်ငံခြားငွေစာရင်းရှင်းတမ်း၌ လိုငွေပြမှု သည် ဂျီဒီပီ၏ ၈.၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။
(၉) ထိုင်းနိုင်ငံ၏ နိုင်ငံခြားငွေ သီးသန့်ရန်ပုံငွေသည် အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံ အထိ ရှိလာသည်။ ဤပမာဏမှာ သွင်းကုန်ခြောက်လစာဖိုးနှင့် ညီသည်။ အကြွေးပြန်ဆပ်နိုင်သော အချိုးလည်း ၉ ရာခိုင်နှုန်းတစ်ဝိုက် ရောက်လာသည်။
(၁၀) ၁၉၉၃ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှု နှုန်း ၇.၅ ရာခိုင်နှုန်း၊ ငွေဖောင်းပွမှု သည် ၄.၇ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းသည်။ နောင်နှစ်တွင် ဂျီဒီပီသည် ၈ ရာခိုင်နှုန်းတိုးပြီး ငွေဖောင်းပွမှု သည် ၄.၇ ရာခိုင်နှုန်းလောက်ပဲ ရှိလိမ့်မည်ဟု မှန်းသည်။
အထက်ပါတို့ကား ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေဖြစ်၏ ။ ထိုင်းနိုင်ငံ၏ စီးပွား ရေးသည် အင်အား တောင့်တင်းနေသည်မှာ အထင်အရှားဖြစ်၏ ။ ဤသို့ အင်အားတောင့်တင်းလာ ရန်အောက်ခြေ၌ မည်သည့်အကြောင်းတရားများ ရှိသနည်းဟု သိချင်ကြပါလိမ့်မည်။ အောက်ပါ အတိုင်း ဖော်ပြလိုက်ပါသည်။ ထိုင်းနိုင်ငံက လှမ်းမည့် ခြေလှမ်းတို့ကိုလည်း တွဲ လျက် ဖော်ပြပါ သည်။
(၁) တိုင်းပြည်စီးပွားရေးကို အမျိုးစုံအောင် ဖန်တီးထားနိုင်ခြင်း (diversification) နှင့် ပြိုင် ဆိုင်မှု (competition) တို့ကို အားပေးပြီး ကျယ်ပြန့်စွာ မွေးထားနိုင်ခြင်းတို့သည် အရေးကြီးသော အကြောင်းတရားများ ဖြစ်ပေသည်။
(၂) အထူးသဖြင့် နိုင်ငံခြား ပို့ကုန်ပစ္စည်းတို့ကို မျိုးစုံအောင် တင်ပို့နိုင်သည်။ (diversific ation) ဤသို့ မျိုးစုံအောင် တင်ပို့သည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ချောထုတ်လုပ်ရေး လုပ်ငန်းတို့ကို အချိုးညီညီ စီစဉ်ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။
(၃) ဆန်၊ ရော်ဘာ၊ ပီလောပီနံနှင့် သကြားတင်ပို့ရောင်းချမှု တို့တွင် ကမ္ဘာ့ထိပ်သီးသုံးနိုင်ငံ တွင် ထိုင်းပါဝင်သည်။ ကုန်ချောပစ္စည်းများ တင်ပို့မှု လည်း အလွန်အားကောင်းလာသည်။ အထူးသဖြင့် အထည်အလိပ်၊ စည်သွပ်ဘူး၊ ကျောက်မျက်ရတနာ၊ ကွန်ပျူတာ အပိုပစ္စည်းမျိုးစုံ၊ ဖိနပ်မျိုးစုံ တင်ပို့မှု သည် လွန်ခဲ့သော ငါးနှစ်အတွင်း တစ်နှစ်လျှင် ၃၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
(၄) နိုင်ငံခြားပို့ကုန်သည် တကယ်တမ်းအားဖြင့် ၁၉၈၇ ခုနှစ်နှင့် ၁၉၉၁ ခုနှစ်အတွင်း၍ ပျမ်းမျှ ၂၀ ရာခိုင်နှုန်း တက်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်မှု ပျမ်းမျှတိုးတက်မှု နှုန်းထက် သုံးဆပင် ကျော်သည်။
(၅) မကြာမီတွင် အာဆီယံအဖွဲ့မှ လွတ်လပ်သော ကုန်သွယ်မှု နယ် (AFTA) ၏ အကူ အညီဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားတင်ပို့ရောင်းချမှု သည် ခိုင်ခိုင်မာမာ တိုးတက်ဦးမည် ဖြစ်သည်။
(၆) နိုင်ငံခြားပို့ကုန်တို့ကို ယခုထက် ပိုမို၍ တွန်းတင်ပို့နိုင်ရန် အလို့ငှာ ပုဂ္ဂလိက စီးပွားရေး နယ်ပယ်၏ စွမ်ပကားနှင့် ဤနယ်ပယ်၏ အခြေအနေနှင့်အညီ လိုက်လျောညီထွေ ဆောင်ရွက်နိုင်မှု (flexidility) တို့ကို ကောင်းသည်ထက်ကောင်းအောင်၊ တိုးပွားသည်ထက် တိုးပွားလာအောင် ဂီယာသွင်းထားသည်။
(၇) နိုင်ငံခြားပို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ပြီး နိုင်ငံခြားမှ အရင်းအနှီး မြှုပ်နှံမှု များ လှိမ့်ဝင်လာခဲ့သည့်အကြောင်းများ ထဲတွင် ထိုင်းဘတ်ငွေတန်ဖိုး တည်ငြိမ်ခြင်းသည်လည်း ပါဝင်သည်။
(၈) ဈေးကွက်တွင် ပါဝင်ကစားသူများ ပိုမိုများ ပြားလာစေရန် တံခါးဖွင့်ပြီး အားပေးသည်။ ကုန်ပစ္စည်းအများ စုအပေါ် အကောက်ခွန်စည်းကြပ်ခြင်းကို လျော့ပေးသည်။ အထူးသဖြင့် မော်တော်ကားနှင့် ယာဉ်တို့အပေါ် စည်းကြပ်သော အခွန်တို့ကို လျှော့သည်။
(၉) ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု အကျိုးဆောင်လုပ်ငန်းတို့ကို ထိပ်တန်းနေရာ၌ ထားသည်။ ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ကျောထောက်နောက်ခံအဆောက်အအုံတို့ကို ဖန်တီး ဖော်ထုတ်ပေးရေးနှင့် ဤအဆောက်အအုံတို့၏ စွမ်းရည်ကိုမြှင့်တင်ပေးရေးအလို့ငှာ ငွေကြေးနှင့် ဘဏ္ဍာရေးလောကတွင် ရှိသော အကန့်အသတ်နှင့် အတားအဆီးတို့ကို ဖယ်ရှားပေးသည်။ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာစာချုပ်လက်မှတ်စနစ်အမျိုးမျိုးတို့ကိုလည်း အားပေး၍ တိုးချဲ့ဖော် ထုတ်ပေးသည်။
(၁၀) အတိုးနှုန်းနှင့် ပတ်သက်သော ကန့်သတ်ချက်အားလုံးကို ပယ်ဖျက်လိုက်သည်။ ငွေကြေးအဖွဲ့အစည်းတို့က ဥပဒေအရ အရန်ထားရမည့် အာမခံစာချုပ်လက်မှတ်တို့ကိုလည်း လျှော့ချလိုက်သည်။ ဘဏ်တိုက်တို့သည် မိမိတို့ အက်ဆက် (asset) တို့ကို လွတ်လွတ်လပ်လပ် စီမံနိုင်သည်။
(၁၁) အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ စည်းမျဉ်းအမှတ်-၇ ကို ၁၉၈၉ ခုနှစ်တွင် လက်ခံလိုက်ပြီးသည်မှစ၍ နိုင်ငံခြားငွေ ကြီးကြပ်ကွပ်ကဲမှု တို့ကို ဖျက်သိမ်းလိုက်သည်။ ငွေကြေး အလဲအလှယ်လုပ်ငန်းတို့ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ကြပြီဖြစ်၏ ။ သို့ သော် တစ်ဖက်၌ ထိုင်းနိုင်ငံမှ အရင်းအနှီးများ ထွက်ခွာခြင်းကိုသာ ကန့်သတ်သည်။
(၁၂) ထိုင်းဘတ်ငွေဖြင့် ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု များ ရောင်းဝယ် ဖောက်ကားမှု တို့ကို ခွင့်ပြုလိုက်သည်။ မကြာမီတွင် ဘတ်ငွေအား အရှေ့တောင်အာရှတွင် ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စတို့တွင် ပို၍ ပို၍ အသုံးပြုလာရန် ကြိုးပမ်းမည်။ သော့ချက်ငွေကြေး ဖြစ်လာရန် ရည်ရွယ်သည်။
(၁၃) ထိုင်း၊ အင်ဒိုချိုင်းနားနှင့်မြန်မာအပါအ၀င် ဒေသတို့တွင် ရင်းနှီးမြှုပ်နှံမှု တို့ကို ဆောင် ရွက်ရန်အလို့ငှာ ဘီအိုင်ဘီအက်ဖ် (BIBF) ဘဏ်ကို ထောင်သည်။
(၁၄) လက်လီလက်ကား ရောင်းဝယ်မှု လုပ်ငန်း နှစ်မျိုးစလုံးအတွက် ငွေပေးငွေယူလုပ်ငန်း များ ၊ ငွေပို့မှု လုပ်ငန်းများ အလျင်အမြန်လွယ်ကူချောမောစေရန် ခေတ်မီသော အီလက်ထရွန်နစ် နည်းဖြင့် ငွေပို့လွှဲမှု (Electronic Transfer System) ကို ပင်လယ်ရပ်ခြားနှင့် တစ်တိုင်းပြည်လုံး အတွက် အသုံးပြုနေသည်။
(၁၅) ငွေကြေးနှင့် ဘဏ္ဍာရေး စည်းကမ်းတို့ကို တစ်ဖက်မှ ထိန်းသိမ်းရင်း အကန့်အသတ် အချုပ်အချယ်များ လျော့ပေါ့ဖျက်သိမ်းရေး (Deregulation) နှင့် လွတ်လွတ်လပ်လပ် ဆောင်ရွက် နိုင်ရေး (Liberalization) တို့ကို အခြေခံစီးပွားရေး ဒဿနအဖြစ် လက်ခံကျင့်သုံးနေသည်။
(၁၆) ထိုင်းနိုင်ငံသည် ပင်လယ်ရပ်ခြား နိုင်ငံများ တွင် သွားရောက် ရင်းနှီးမြှုပ်နှံကြရန် စတင်အားပေးလျက်ရှိသည်။
(၁၇) ထုတ်လုပ်မှု ဆိုင်ရာ အတွေ့အကြုံ ကျွမ်းကျင်မှု နှင့် ဈေးကွက် အဆက်အသွယ် ကျယ်ပြန့်မှု တို့ကို အသုံးပြုရင်း ရှိနေဆဲဖြစ်သော နိုင်ငံတကာ ကုန်သွယ်မှု အကန့်အသတ်တို့၏ စိန်ခေါ်မှု တို့ကို ရင်ဆိုင်၍ ဆောင်ရွက်နိုင်ရန် အားထုတ်လျက်ရှိသည်။
(၁၈) အထက်ပါလုပ်ငန်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၌ စုဆောင်းမှု တိုးတက်ကြီးမြင့်ဖို့ လို၏ ။ ဤသို့ စုဆောင်းမှု ရှိမှ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။
(၁၉) စီးပွားရေးတိုးတက်မှု နှင့်တည်ငြိမ်မှု တို့ကို ခိုင်ခိုင်မာမာရရှိအောင် ဆောင်ရွက်လာရင်း ယခုအခါ ၀င်ငွေဖြန့်ဖြူးမှု ကိစ္စကိုလည်း အာရုံပြုထားသည်။ ဤကိစ္စကိုလည်း အရေးတကြီး နှလုံးမူ ထားသည်။
အထက်ပါတို့ကား ထိုင်းနိုင်ငံ စီးပွားရေး၏ ရုပ်ပုံလွှာပင်တည်း။ လက်ကိုင်ပြုထားသော ရှုထောင့်ကို အသုံးပြု၍ လိုအပ်သလို ဆင်ခြင်သုံးသပ်နိုင်ကြပါစေ။
တည်နေရာ။ ။ အရှေ့တောင်အာရှဒေသရှိ အင်ဒိုချိုင်းနားနှင့် မာလာယုကျွန်းဆွယ်များ ပေါ်တွင်။
အိမ်နီးချင်း။ ။ အနောက်တွင် မြန်မာ၊ မြောက်တွင် လော၊ အရှေ့တွင် ကမ္ဘောဒီးယား၊ တောင်တွင် မလေးရှား။
အကျယ်အ၀န်း။ ။ ၁၉၈၄၅၆ စတုရန်းမိုင်။
မြေပြင်အသွင်။ ။ ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်း သုံးပုံတစ်ပုံမှာ ကုန်းပြင်မြင့်တစ်ခု ဖြစ်သည်။ ၎င်းသည် နိုင်ငံအလယ်ပိုင်းတွင် ကျောက်ဖယားမြစ်၏ မြေဩဇာကောင်းသော မြေနု တောင်ကြားဒေသသို့ နိမ့်ဆင်းလာသည်။ မြောက်ဘက်တွင် မြေဩဇာကောင်းသည့် ကျဉ်းမြောင်း သော တောင်ကြားများ နှင့် သစ်တော ဖုံးလွှမ်းနေသော တောင်တန်းများ ရှိသည်။ တောင်ပိုင်းကျွန်း ဆွယ်ဒေသကို မုတ်သုန်တောများ က ဖုံးလွှမ်းထားသည်။
ကမ်းရိုးတန်း။ ။ မိုင် ၂၀၀၀၀။
ပင်လယ်ပိုင်နက်။ ။ ရေမိုင် ၁၂ မိုင်။
သီးသန့်စီးပွားရေးဇုန် ရေမိုင် ၂၀၀။
ကမ်းလွန်ရေတိမ် မီတာ ၂၀၀ (သို့ မဟုတ်) အသုံးပြုနိုင်သည့် ရေနက်အထိ။
မြို့တော်။ ။ ဗန်ကောက်။
လူဦးရေ။ ။ ၅၆၈၁၄၀၆၉ (၁၉၉၁ ခုနှစ်၊ ဇူလိုင်)၊ နှစ်စဉ်ပျမ်းမျှ တိုးတက်နှုန်း ၁.၄ ရာခိုင်နှုန်း (၁၉၉၁)၊ လူဦးရေ၏ ၇၅ % ထိုင်း၊ ၁၄% တရုတ်၊ ၁၁% အခြား။
ဘာသာအယူဝါဒ။ ။ ၉၅.၅% ဗုဒ္ဓဘာသာ၊ ၄% မူဆလင်၊ ၀.၅% အခြား။
ဘာသာစကား။ ။ ထိုင်း၊ အင်္ဂလိပ်သည် ဒုတိယ ဘာသာစကား။
အစိုးရအမျိုးအစား။ ။ စည်းမျဉ်းခံဘုရင်စနစ်၊ နိုင်ငံအကြီးအကဲ ဘုရင် ဘူမိဘောအဒူ ယာဒက်၊ အစိုးရအဖွဲ့ အကြီးအကဲ ၀န်ကြီးချုပ် ချွမ်လီပိုင်၊ ဒေသအပိုင်းအခြား ၇၃ ပြည်နယ်။
စီးပွားရေး။ ။ စက်မှု လုပ်ငန်း၊ အထည်၊ သတ္တုတူး၊ သစ်သား၊ အဓိက သီးနှံ စပါး (အဓိက ထုတ်ကုန်တစ်ခု)၊ ပြောင်း၊ ပီလောပီနံ၊ ကြံ၊ တွင်းထွက် အင်တီမိုနီး၊ ခဲမဖြူ (အများ ဆုံး ထုတ်လုပ်သော နိုင်ငံများ အနက် တစ်ခု)၊ တန်စတင်၊ သံ၊ ဓာတ်ငွေ့၊ အခြားအရင်းအမြစ်များ သစ်တော (ကျွန်းသစ်ကို ပြည်ပသို့ တင်ပို့သည်)၊ ရော်ဘာ၊ စိုက်ပျိုးနိုင်သောမြေ ၃၄%၊ ကျွဲနွား တိရစ္ဆာန် (၁၉၈၈)၊ မက်ထရစ်တန် ၂.၁ သန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၁၉၈၈) ၂၇.၀ ဘီလီယံ ကီလိုဝပ်၊ လုပ်သားဖွဲ့စည်းမှု ၅၉% လယ်ယာလုပ်ငန်း၊ ၂၆% စက်မှု နှင့် ကူးသန်းရောင်း ၀ယ်ရေးလုပ်ငန်း၊ ၁၀% အမှု ထမ်းများ ၊ ၈% အစိုးရ။
ဘဏ္ဍာရေး။ ။ ပြည်သုံးငွေဘတ် (၁၉၉၀ မတ် ၂၅.၉၈=၁ ဒေါ်လာ)၊ စုစုပေါင်း တိုင်းပြည် ထွက်ကုန် (၁၉၈၉) ၆၄.၄ ဘီလီယံဒေါ်လာ၊ တစ်ဦးချင်း (၁၉၈၉) ၁၇၇၁ ဒေါ်လာ၊ သွင်းကုန် (၁၉၉၀) ၃၂.၇ ဘီလီယံဒေါ်လာ၊ ကုန်သွယ်ဖက် ဂျပန် ၃၀%၊ အမေရိကန်ပြည်ထောင်စု ၁၁%၊ ထုတ်ကုန် (၁၉၉၀) ၂၀.၀ ဘီလီယံဒေါ်လာ၊ ကုန်သွယ်ဖက် ဂျပန် ၁၇%၊ အမေရိကန်ပြည်ထောင်စု ၂၂%၊ ကမ္ဘာလှည့်ခရီးသည် (၁၉၈၉) ရငွေ ဒေါ်လာ ၃.၇ သန်း၊ အမျိုးသားဘတ်ဂျက် (၁၉၉၁) ၁၅.၂ ဘီလီယံဒေါ်လာ၊ နိုင်ငံခြားအရန်ငွေ ရွှေမပါ(၁၉၉၂ မတ်) ၁၇.၉ ဘီလီယံဒေါ်လာ၊ ရွှေ အောင်စ ၂.၄၇ သန်း၊ စားသုံးကုန်ဈေးနှုန်း (၁၉၉၀၊ ပြောင်းလဲမှု ) ၈.၀%။
သယ်ယူပို့ဆောင်ရေး။ ။ မီးရထား (၁၉၈၉) ရထားလမ်း မိုင် ၂၄၂၈၊ မော်တော်ကား (၁၉၈၈) လူစီးကား ၈၁၆၀၀၀၊ ကုန်တင်ကား ၁.၁ သန်း၊ မြို့ပြလေကြောင်း (၁၉၈၉) ၁၈.၈ ဘီလီယံ ခရီးသည် ကီလိုမီတာ ပုံမှန်ပျံသန်းသော လေဆိပ် ၂၄ ခု၊ အဓိကဆိပ်ကမ်းများ ဗန်ကောက်၊ ဆက်တာဟစ်။
ဆက်သွယ်ရေး။ ။ ရုပ်မြင်သံကြားစက် ၁၁ ဦးတွင် တစ်လုံး၊ ရေဒီယို ၅.၇ ဦးတွင် တစ်လုံး၊ တယ်လီဖုန်း ၄၈ ဦးတွင် တစ်လုံး၊ နေ့စဉ်သတင်းစာစောင်ရေ (၁၉၈၉) လူ ၁၀၀ တွင် အစောင် ၅၀။
ကျန်းမာရေး။ ။ ပျမ်းမျှသက်တမ်း (၁၉၉၁) ကျား ၆၆ နှစ်၊ မ ၇၁ နှစ်၊ မွေးနှုန်း (၁၉၉၁ လူ ၁၀၀၀ လျှင်) ၂၀၊ သေနှုန်း (၁၉၈၉ လူ ၁၀၀၀ လျှင်) ၇၊ ဆေးရုံခုတင် လူ ၅၁၅ တွင် ၁၊ ဆရာဝန် လူ ၄၈၈၃ လျှင် ၁၊ မွေးကင်းစသေနှုန်း (၁၉၈၉) အရှင်မွေး ၁၀၀၀ လျှင် ၃၇။
ပညာရေး။ ။ (၁၉၉၁) စာတတ်နှုန်း ၈၉%၊ ကျောင်းမတက်မနေရကာလ ၆ နှစ်၊ ကျောင်းတက်ရောက်မှု ၉၆%။
နိုင်ငံတကာ အဖွဲ့အစည်းများ ။ ။ ကုလသမဂ္ဂ (ဂတ်၊ ကမ္ဘာ့ဘဏ်)
သမိုင်း။ ။ ၁၁ ရာစုတွင် ထိုင်းလူမျိုးများ သည် တရုတ်ပြည်တောင်ပိုင်းမှ စတင် ပြောင်းရွှေ့လာကြသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဥရောပတိုက်သားများ ၏ အုပ်စိုးမှု မခံရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ဤသည်မှာ နိုင်ငံကို ၁၈၅၁ ခုနှစ်မှ ၁၉၁၀ ပြည့်နှစ်အထိ အုပ်စိုးသွားခဲ့သော ဘုရင်မောင်းဂွတ်နှင့် သူ၏ သားတော်ဘုရင် ချူလာလောင်ကွန် တို့၏ ကျေးဇူးကြောင့် ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံကို ခေတ်မီအောင် ပြုလုပ်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ်နှစ်နိုင်ငံစလုံးနှင့် ကုန်သွယ်ရေးသဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်။ ၁၉၃၂ ခုနှစ် သွေးထွက်သံယိုမရှိသော တော်လှန်ရေးက ဘုရင်၏ အာဏာကို ကန့်သတ်ပေးခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ထိုင်းနိုင်ငံအား ဂျပန်က သိမ်းပိုက်ခဲ့သည်။ စစ်ကြီးအပြီးတွင် ထိုင်းနိုင်ငံသည် အနောက်တိုင်းကို ထောက်ခံသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးခဲ့သည်။
၁၉၇၆ ခုနှစ်တွင် သွေးထွက်သံယိုမှု များ ဖြင့် စစ်ဘက်က အာဏာသိမ်းသွားခဲ့သည်။
ငွေကြေးဖောင်းပွမှု နှုန်း တစ်ဟုန်ထိုး မြင့်တက်လာခြင်း၊ လောင်စာဆီဈေးနှုန်းများ ကြီးမြင့် လာခြင်း၊ အလုပ်သမား မငြိမ်သက်မှု များ ဖြစ်ပေါ်လာခြင်းနှင့် ရာဇ၀တ်မှု ထူပြောလာခြင်းများ ကြောင့် ၀န်ကြီးချုပ် ကရီယန်ဆတ်ချာမာနန်သည် ၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရာထူးမှ နုတ်ထွက်သွားသည်။ မတ်လ ၃ ရက်နေ့တွင် ကျင်းပသော ပါလီမန်က ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူ လာနွန်ဒါကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။
၁၉၈၁ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ဆန်ချစ်ပါတီမာက အာဏာသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ချေ။
၁၉၈၃ ခုနှစ် ဧပြီလ (၁၈) ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် မည်သည့်ပါတီ ကမျှ အများ စုမရရှိသဖြင့် ညွန်ပေါင်းအစိုးရ ဖွဲ့စည်းရပြန်သည်။ ပရမ်တင်ဆူလာနွန်ဒါက တတိယ အကြိမ်အဖြစ် ၀န်ကြီးချုပ်ရာထူးကို ထမ်းဆောင်ရသည်။
၁၉၈၈ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် အတိုက်အခံတို့ တင်သွင်းသော အယုံအကြည် မရှိအဆိုနိုင်သဖြင့် ပရမ်အစိုးရ နုတ်ထွက်ရမည့် ဇူလိုင် (၂၄) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသည်။ ချတ်ထိုင်းပါတီက အများ စု ရရှိသဖြင့် ချတ်ချိုင်း ချွန်ဟာဝမ် ၀န်ကြီးချုပ်ဖြစ်လာ သည်။
၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ဆွန်သွန်ကွန်ဆွန်ပွန် ခေါင်းဆောင်ပြီး စစ်တပ်မှ အာဏာသိမ်းလိုက်သည်။ စစ်အစိုးရအဖွဲ့က တင်ပြသော ကြားဖြတ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိုင်းဘုရင်မင်းမြတ်က မတ်လ (၁) ရက်နေ့တွင် အတည်ပြုလိုက်သည်။ ရွေးကောက်ပွဲကို ကြီးကြပ်မည့် ကြားဖြတ် အစိုးရအဖွဲ့တွင် စီးပွားရေး လုပ်ငန်းရှင်နှင့် သံတမန်ဟောင်း အာနန်ပန်ယာရာချွန်ကို ခန့်အပ်လိုက်သည်။
၁၉၉၂ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်ရာ မည်သည့်ပါတီကမျှ အမတ်အများ စု မရရှိသဖြင့် စစ်တပ်လိုလားသော ငါးပါတီက ညွန်ပေါင်းအစိုးရဖွဲ့သည်။ ၀န်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းမခံရသော ဗိုလ်ချုပ်ကြီးဆူချင်ဒါကို ထိုင်းဘုရင်မင်းမြတ်က ၀န်ကြီး ချုပ်အဖြစ် ခန့်အပ်သည်။
ရွေးချယ်တင်မြှောက်ခြင်းမခံရသူ တစ်ဦးကို ၀န်ကြီးချုပ်ခန့်အပ်သည့်အတွက် မကျေမနပ် ဖြစ်ကြသော ပြည်သူများ က မေလတွင် ကန့်ကွက်ဆန္ဒပြကြသည်။ အင်အားသုံး နှိမ်နင်းသဖြင့် သွေးထွက်သံယို ဖြစ်ရသည်။ မေ (၂၄) ရက်နေ့တွင် ၀န်ကြီးချုပ် ဆူချင်ဒါရာထူးမှ နုတ်ထွက်သည်။
အာနန်ပန်ရာချွန်သည် ကြားဖြတ်အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ထမ်းဆောင်ရသည်။
ထိုင်းပါလီမန်ရွေးကောက်ပွဲကို ၁၉၉၂ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပရာ ဒီမိုကရေစီလိုလားသော လေးပါတီညွန့်ပေါင်းအဖွဲ့က အနိုင်ရရှိလေသည်။ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ဒီမိုကရက်ပါတီမှ ချွမ်လီပိုင် (၅၄) နှစ် ၀န်ကြီးချုပ်ဖြစ်လေသည်။
(နွယ်နီ။ ၁၉၉၃၊ မေလ)
![]() မနက်မိုးလင်းအိပ်ရာမှအထ ဘာတွေ့ရမလဲ | ![]() နွား၊ ပြိုင်ကား နှင့် အပ်ဖျားထိပ်က နတ်သားများ | ![]() ကြက်ဥပေါ်လမ်းလျှောက်ခြင်း |