Cover

(၁)

အခန်း(၁)

ရင်ထဲ သိသိသာသာခုန်နေတာ အမှန်ပင်။

သည်လမ်းကို လျှောက်ခဲ့ရတာ တော့ ချောင်း ဖြစ်မတတ်ပါပဲ။

အထူးအဆန်း ဖြစ်သင့်သည်တော့ မဟုတ်။ ငယ်စဉ်ကလေးဘ၀တုန်းကတည်းက အဖန်ဖန်အလီလီ လျှောက်ခဲ့ရတဲ့ ရွာလမ်းရှည်လေး။

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်ကဲ့သို့ အေးမြသာယာသော အရိပ်များ နှင့် အုံ့အုံ့ဆိုင်းဆိုင်းရှိလှသော ကုက္ကိုသစ်ခွများ အကြားတွင် မြရည်ဖြင့် လိမ်းကျံလျက်ရှိသော သစ်ခွပင်တို့သည် သန်စွမ်းစွာ အုံ့ဖွဲ့နေကြသည်။ ထိုမှ ဝေေ၀ဆာဆာ ဖူးပွင့်နေသော ဖယောင်းပန်းခက်ဝါ၀ါများ သည် အသစ်တစ်ဖန် မွေးဖွားပြန်လေပြီး။

လမ်းဘေး တစ်ဖက်တစ်ချက်၌ ကား မိုးရေတို့နှင့် ချောင်းရိုးတိမ်တိမ်များ ဖြစ်လျက် ကျွဲကျောင်းသားတို့ ကျွဲများ တစ်အုပ်ပြီးတစ်အုပ် မောင်းနှင်လာခဲ့လေသည်။ သစ်တုံးဖြတ်ဝိုင်းတံတားလေးများ သည် ရွှံ့မည်းများ နှင့် လိမ်းလျက် မည်းနေကြလေသည်။

အကြိမ်ကြိမ် ပြေးခဲ့လျှောက်ခဲ့ရသော လမ်းကို ဘယ်နှစ် မိုင် ဆိုတာ ခရီးဆန့်လို့ ရကောင်းပါရဲ့ ။

မိုးရေတိုက်စားဖန် များ သဖြင့် မြေမာလမ်းသည်ပင် ချိုင့်ဝှမ်းသည့် နေရာက ချိုင့်ဝှမ်းနေပေပြီ။

မိုးဟိန်းမှာ အတွေးနှင့် တစ်ကိုယ်လုံး နွေးလာလေသည်။

"အလင်းရောင် ဟာ အမှော င်ထက် အားကောင်းတယ်လို့ ဆိုတာပဲ၊ ဒါအမှန်ပဲလား၊ မြင့်မြတ်မှု ဟာလဲ ယုတ်ညံ့သိမ်ဖျင်းတာထက် အားကောင်းသတဲ့၊ ကိုယ်ကျိုးစွန့်တာက တစ်ကိုယ်ကောင်းဆန်တာကို အနိုင်ရရမှာ ပေါ့တဲ့၊ နောက်ပြီး ပျော်ရွှင်မှု ဟာ ၀မ်းနည်းပူဆွေးမှု ကို ကျော်လွှားနိုင်ရမယ်လို့ဆိုတယ်၊ နောက်ဆုံးတော့ လူတွေ ဟာ တကယ့်လူလို နေကြရမတဲ့"

မိုးဟိန်းသည် အတွေးအုံဖွဲ့ရင်း ရင်အခုန်မြန်လာသည်။ 'နွေးနွေး' ကို ခဏခဏ ပြောခဲ့ဖူးတာတွေ ကိုလည်း သတိရသည်။

"တို့ဟာ လူတွေ ပါ နွေးနွေး၊ လူဟာ တကယ့်လူလို နေရမှ လူ ဖြစ်ကျိုး နပ်မှာ ပေါ့၊ နင့်ဘ၀ကို နင်သိရမယ်၊ ကိုယ့်ဘ၀ကိုကိုယ်နားလည်အောင်ကြိုးစားရမှာ က လူတိုင်းတာဝန်ပဲ"

ထို့နောက် နွေးနွေးကို အင်္ဂလိပ်ဘာသာနှင့် စာပိုဒ်လေးတစ်ပိုဒ်တောင် ရွတ်ပြခဲ့ဖူးသေးတာကို အမှတ်ရမိသေးသည်။

ငယ်ငယ်ကတည်းက အတူတကွ ကြီးပြင်း၍ ကစားဖော်ကစားဖက် ဖြစ်ခဲ့သော နွေးနွေးက...

"မိုးဟိန်း. . . နင်ကလေ သိပ်ရယ်စရာကောင်းတာပဲ၊ ၀, မရှိဘဲတော် တော် ၀ိ လုပ်ချင်တဲ့လူ"

"ဟုတ်တယ်၊ ငါ ၀,မရှိသေးဘူးနွေးနွေး။ ဒါပေမဲ့ '၀' ရှိအောင်တော့ ကြိုးစားနေတယ်။ ငါ့ဘာသာ လောကြီးပြီး လုံးကြီးတင်မိချင်လဲ တင်မှာ ပေါ့၊ ဒါပေမဲ့ နင်အထင်ကြီးစရာတော့ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ နင်သိပ်အထင်ကြီးနေတဲ့ အသိုက်အ၀န်းလို ဂုဏ်ပကာသနအတွက် အလုပ်လုပ်နေတာမှ မဟုတ်ဘဲ"

"တော် စမ်းပါဟာ. . . နင်က တကယ်တော့ တော် ပါတယ်၊ ဥာဏ်လဲ ကောင်းသားပဲ၊ ၁၀ တန်းကို ဘီနဲ့ ခဏခဏအောင်တာကလွဲလို့ နင့်မှာ တခြားဘာမှပြောစရာမရှိပါဘူး။ အင်္ဂလိပ်စာတွေ လဲ နင် ဖတ်တတ်သားပဲ"

"အင်္ဂလိပ်စာဖတ်တတ်တာတော့ ဂုဏ်ယူတယ်မဟုတ်လား"

"ဘယ်အငြိုးနဲ့ ငါ့ကို ရန်ထောင်နေတာလဲ၊ နင်စောစောကရွတ်ပြတဲ့ ကဗျာလေးက သိပ်ကောင်း"

"ကဗျာ မဟုတ်ပါဘူး၊ စာပိုဒ်ရိုးရိုးပါ"

"ငါ့ဒိုင်ယာရီထဲမှာ ရေး ပေးပါဦး၊ နင်က လက်ရေး လှတယ်၊ တကယ့်ပန်းချီလက်ရေး လေး၊ နင်နဲ့ငါ ဘယ်တော့မှ မတည့်ပေမယ့် နင့်လက်ရေး လေးတွေ တော့ တစ်သက်လုံးသိမ်းထားပါ့မယ်"

ထိုစာပိုဒ်မရေး ခင် မိုးဟိန်းသည် နွေးနွေး၏ ခေါင်းကို တစ်ချက် လှမ်းခေါက် ဖြစ်လေသည်။

ပေါကြောင်ကြောင် ခင်မိမိနွေးနွေး။

ဒီစာပိုဒ်ကို သေသေချာချာဖတ်၊ အဓိပ္ပါယ်ကို

လေးလေးနက်နက်တွေးပြီးမှ ရင်ထဲ သိမ်းထားနိုင်ပါစေ။

သူငယ်ချင်းရဲ့ အမြင်လမ်းကြောင်း ဖြောင့်မှန်စေဖို့

စေတနာထား ရေး ပေးလိုက်တယ်။

Light is stronger than darkness.

Nobility stronger than baseness.

Unselfshness triumph over selfishness,

and happiness over sorrow.

we must live like real MEN.

(၂)

အခန်း(၂)

မွန်အိမ်ခေါ် ၀ရန်တာနိမ့်နိမ့်နှင့် ခြေတံရှည်ရှည်သစ်သားအိမ်ငယ်လေးများ သည် ဓနိမိုးကျူးထရံကာနှင့် ခြံဝင်းထဲများ ထဲတွင် တည်ငြိမ်းအေးချမ်းစွာ ၀ပ်စင်းနေကြသည်။ မှိုပင်တချို့သည်အိမ်ခေါင်းမိုးတို့ကို မထိတထိတို့ကစားနေကြသည်။

ယခုလို ၀ါဆိုခါတော် မီ ဆည်းဆာရောက်လုလုဝယ် ရွှေရောင် ဖြင့် တောက်ပနေသော သစ်ခွအုံများ မှ ကြောင်မြီးတူများ ပွင့်မြဲ ဖြစ်သည်ကို အမှတ်ရမိသည်။ အလိုလိုပင် ချိုသင်းသော ပန်းရနံ့က နှာ၀၀ယ်မွှေးထုံလာသည်။ တစ်ခိုင်စ နှစ် ခိုင်စ ပန်းမရမ်းပြာလေးများ ကိုလည်း ကတ်ကတ်သတ်သတ် မြင်မိသေးသည်။

သစ်ပင်အောက် လမ်းပေါ်တွင် ကလေးတစ်သိုက် ကုလားမစည်း ကစားနေကြတာကို အမှတ်မထင်ငေးစိုက်နေမိသည်။ တချို့ကျောင်းအဆင်း အိမ်ရောက်သေးဟန်မတူ။ သစ်ပင်အမြစ်ခွကြားများ တွင် သူတို့ လွယ်အိတ်အနွမ်းလေးများ ကို ထောင်ထားဆဲ ဖြစ်သည်။

ခုနစ်နှစ် ရွယ်မှ ၁၁ နှစ် ၁၂ နှစ် ရွယ်အထိ မိန်းကလေး ယောက်ျားလေးများ လေးငါးယောက် မျှ စုကစားနေကြသည်။ ကလေးမငယ် တစ်ယောက် သည် သူ့အလှည့်တွင် ဒိုးပစ်ရင်း နှုတ်ဖျားမှ ချိုအေးသော တေးသံသည် ပျံ့လွင့်လာလေသည်။

ရောင် စုံဘောလုံး

ရောင် စုံဘောလုံး

တစ်လုံးငါးပြား

တစ်လုံးငါးပြား

ကြိုက်တဲ့အရောင် ရွေးပါ

ကြိုက်တဲ့အရောင် ရွေးပါ

တစ်လုံးငါးပြား

တစ်လုံးငါးပြား

၀၀ကစ်ကစ် အဆစ်မပေါ်သော လက်ဖြူဖြူကလေးမှ ဒိုးလေးသည် ညာဘက် စတုတ္ထစည်းအကွက်ထဲသို့ မထောင့်မယွင်း ရှပ်တိုက် ၀င်သွားလေသည်။ သူလေး၏ သီချင်းသံသည် ရုတ်ခြည်းရပ်နားသွားပြီး ၀မ်းသာအားရ 'ဟေး'ခနဲ အော်ကာ လက်ခုပ်လက်ဝါး တီးလိုက်သည်။ ခုန်ဆွခုန်ဆွနှင့် ခြေတစ်ပေါင် ထောက်ကာ စည်းတွင်းသို့ ၀င်လာရင်း. . .

"ဒီမှာ သေချာကြည့်နော်. . . တို့စည်းပေါ် မနင်းဘူး"

ခပ်သွက်သွက်လေးပြောနေသည်။ ဘေးမှ ရပ်နေသော ကောင်လေး ခပ်ကြီးကြီးက ခေါင်းတစ်ချက်ဆတ်ကာ သီချင်းတအေးတအေး နှင့် . . .

ရောင် စုံဘောလုံး

ရောင် စုံဘောလုံး

တစ်လုံးငါးမူး

တစ်လုံးငါးမူး

"ဟေ့. . . ဆန်ညို၊ ဘာတွေ လျှောက်ဆိုနေတာလဲ၊ ရောင် စုံဘောလုံး တစ်လုံးငါးပြားပါ"

အလှည့်ကျနေသော ကောင်မလေးက ခပ်စွာ စွာ လေး ၀င်ပြောလိုက်လေသည်။

"တစ်လုံး ငါးမူးပါ"

"ငါးပြားပါဟာ"

"ခု ငါးပြားမဟုတ်တော့ဘူး၊ အားလုံး ငါးမူးချည်းပဲ"

"ဟုတ်ပါတယ်၊ ငါးပြားပါ"

"ငါးမူး"

အသားညိုညိုနှင့် ဆန်ညိုဆိုသော ကောင်လေးက စပ်ဖြဲစပ်ဖြဲမျက်နှာထားနှင့် စ,နေသည်။ ကောင်မလေးသည် သတင်းစာစက္ကူစုတ်အဟောင်းနှင့် ပတ်ထားသော ကောက်ညှင်းဘိန်းမုန့်တစ်ခုလုံးကို ပလုတ်ပလောင်းနှင့် ပါးစပ်ထဲ သွတ်ပြီး စက္ကူလေးကို လွှဲပစ်လိုက်လေသည်။

စက္ကူလုံးလေးသည် မိုးဟိန်းခြေရင်းတွင် ကျလာလေသည်။ သတင်းစာပြတ်စက္ကူကို ဖြန့်လိုက်တော့ ကာတွန်းတစ်ခု ဖြစ်နေသည်။ ကာတွန်းသဘောမှာ လူငယ်အရုပ်တစ်ရုပ်သည် အထုပ်အပိုးလွယ်လျက် ကြေးနန်းရုံးရှေ့တွင် ရပ်နေဆဲ အနီးမှအဘိုးကြီးတစ်ဦးက ထိုလူငယ်အား. . .

"ဟေ့. . . သူငယ်၊ အကောင်းဆုံး ကတော့ မင်းအမေဆီကို မင်းအပြန် တစ်ခါတည်း ရိုက်မယ့် ကြေးနန်းစာပါယူသွား"

ပြောနေသည်ကို ဟူလို၊ ကာတွန်းရုပ်အောက်မှ ရေး ထိုးထားသော 'မိုးဟိန်း'ဟူသော လက်မှတ်နှင့် တကွသော ကာတွန်းကို လွှင့်ပစ်ရမှာ နှမြောပြီး အသာခေါက်ကာ ရှပ်အင်္ကျီအိတ်ထဲ ထည့်လိုက်လေသည်။

"ဟောတော့. . . ဟိုလူကြီး စာရွက်ကောက်သွားပြီး"

ကောင်မလေးက လျှာထုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ စကားပြောရင်း သူ့ခြေထောက်လေးသည် ယိုင်လျက်ကျသွားကာ မြေပေါ် ထောက်မိလေသည်။

"ဟေ့. . . ငုဝါ၊ နင်မရတော့ဘူး၊ ခြေထောက်ကျသွားပြီ"

"ဟယ်. . . ငါ ဘွာခတ်မလို့၊ ဘွာဟေ့ ဘွာ"

"မရဘူး. . . မရဘူး၊ ဘွာမရဘူး"

"တော် ပြီဟယ်. . . ငါတို့ မကစားတော့ဘူး၊ နင်တို့ ညစ်ပတ်တယ်ဟယ်၊ ငေးလို့ခြေထောက်ကျသွားတာကို"

အချင်းချင်း ငြင်းခုံကြကာ လူစုခွဲကြရန်ပြင်သည်။ ကုက္ကိုပင်မြစ်ပေါ်မှ လွယ်အိတ်ကောက်လွယ်သူက လွယ်ကြလေသည်။ လက်ဖ၀ါးပေါ်မှ ဖုန်ခါသူက ခါကြလေသည်။

"ကောင်းတယ် ကောင်းတယ်. . . ပြန်ကြ၊ ငါလဲ ထမင်းဆာပြီ၊ အိမ်မှာ အမိုးတို့ အဖီးတို့ မျှော်နေကြမှာ "

ပါးဖောင်းဖောင်းနှင့် ငုဝါဆိုသည့် ကောင်းမလေးနှပ်တစ်ချက်ရှုတ်ကာ လူပါးဝတတနှင့် ပြောလိုက်သည်။

(၃)

အခန်း(၃)

"နာမည် က ငုဝါတဲ့လား"

"ဟုတ်တယ်"

"အမေနာမည် ဘယ်သူလဲ"

"အမိုးကို ပြောတာလား"

"အေး. . . အမိုးနာမည် "

"နွေးနွေး"

"ဦးဦးကို သိလား"

"ဟင့်အင်း"

ငုဝါက သူ့ပခုံးကိုကိုင်ထားသော ထိုသူအား လှမ်းမော့ကြည့်ကာ ခေါင်းခါယမ်းပြလိုက်လေသည်။ အသားညိုညို အရပ်မြင့်မြင့်၊ ခပ်သွယ်သွယ်၊ ဘိုကေဆံ မတိုမရှည်၊ သပ်ရပ်စွာ ၀တ်ဆင်ထားသော တက်ထရက် မီးခိုးဖျော့ဖျော့ ရှပ်အင်္ကျီလက်ရှည်၊ ကချင်လုံချည်အနက်နှင့် အစိမ်းကွက်၊ ဂျပ်ခုပ်ကရင်လွယ်အိတ်အဖြူနှင့် လူကြီးကိုတော့ မကြောက်လှပေ။

"ငုဝါတို့အိမ်က ဘယ်မှာ လဲ"

"ဟိုနားမှာ "

"အိမ်ရှေ့မှာ သစ်တုံးတံတား ရှိသလား"

"ရှိတာပေါ့"

"ဆည်းလည်းပန်းတွေ ရော ရှိသေးလား"

"ဘာလဲ အဲဒါ"

"ပန်းနီနီလေးတွေ လေ"

"အင်း. . . ရှိတယ် ရှိတယ်"

"နီမ ဆိုတဲ့ ခွေးမကြီးကော"

"မရှိတော့ဘူး၊ သေသွားပြီ"

"ဘာ ဖြစ်လို့ သေသွားတာလဲ"

"အသက်ကြီးလို့"

"သြော်. . . အသက်ကြီးရင် သေတတ်သလား"

"အဖူးတော့ မသေဘူး၊ အသက်ကြီးပေမယ့် မသေဘူး၊ ဒါပေမယ့် သူငယ်ပြန်နေတယ်"

"သူငယ်ပြန်နေတယ်"

"အင်း. . . အဖူးစကားပြောတာ ကလေးလိုပဲ ဦးဦးနားထောင်ဖူးလား"

"ဘယ်နားထောင်ဖူးမလဲ"

မိုးဟိန်းသည် ရယ်လျက် ငုဝါ၏ ပါးလေးကို အသာဆွဲလိုက်လေသည်။ ချွေးတွေ နှင့် စိုရွှဲကာ စေးထန်နေသော ငုဝါ၏ လက်ကလေးကို ဆွဲကိုင်ကာ လမ်းလျှောက်ရင်း စိတ်သည် အတွေးနှင့် ဝေမှိုင်းသွားပြန်သည်။

အဖြူရောင် ရှပ်လက်ရှည်ပေါ်မှ အစိမ်းရောင် ကျောင်းဂါဝန်လေးနှင့် ရာဘာဖိနပ်အစိမ်းလေးစီးလျက် ခုန်ဆွခုန်ဆွနှင့် လျှောက်လာသော ငုဝါကို 'နွေးနွေး'ငယ်စဉ်ကနှင့် တူလေမလား ပြန်တွေးကြည့်နေမိသည်။

ဆံပင်အရှည် ချန်ထားကာ ကျစ်ဆံမြီးနှစ် ဖက် ကျစ်ထားဟန်ကလည်း နွေးနွေးငယ်စဉ်ကနှင့် တူလှသည်။ အသားဝါ၀ါတွင် ပါးအို့နီနီလေးနှင့် မျက်လုံးနက်နက်ကလေးမှာ နွေးနွေး၏ ကိုယ်ပွားလေးဟု ဆိုလောက်သည်။ လူ တစ်ယောက် ကို စူးစူးစိုက်စိုက် ကြည့်ဟန်မှာ လည်း နွေးနွေးအပြုအမူနှင့် တစ်ဖုံတည်း။

"ဦးဦးဖိနပ်က ဖြူဆွတ်နေတာပဲ၊ ရွှံ့တွေ ပေကုန်ပြီ"

အစိမ်းနုရောင် သည်းကြိုးနှင့် ရာဘာဖိနပ်သည် ခဏချင်းပင် ရွှံ့များ နှင့် မည်းကုန်သည်။

"ရေဆေးလိုက်ရင် ရတာ ပဲ"

"သမီး ဆေးပေးမယ်၊ ဖိနပ်ဖြူနေအောင် သမီး ဆေးတတ်တယ်"

ငုဝါက ခပ်သွက်သွက်လေး ပြောလိုက်သည်။ သူ့ကိုယ်သူသမီး သမီးနှင့် ထည့်ပြောတတ်သည်ကို သတိထားမိသည်။ ငုဝါ အလိုက်ပြောရန် နှုတ်က မရဲတာကို ကိုယ့်ဘာသာကိုယ် အပြစ်တင်မိသည်။ တကယ်တော့ ငုဝါလေးရဲ့ ဘ၀ကို မိုးဟိန်းနားအလည်ဆုံးပင်။ ငုဝါရဲ့ ဘ၀အစကို ဘယ်သူအသိဆုံးလဲ။ ရင်ထုမနာ အ ဖြစ်ဆုံးလဲ။ ငုဝါဆိုသည့် အသက်တစ်ချောင်းကို မမြင်ဖူးခင်ကပင် သံယောဇဉ်တွယ်ငြိခဲ့သူပါကွယ့်ဟု ငုဝါ နားဝင်အောင် ပြောချင်လှသည်။

"သမီးက တစ်ခါတစ်လေ ဖိနပ်မစီးဘူး၊ အမိုးကလေ မိုးရွာရင် ဖိနပ်မစီးရဘူးတဲ့၊ ဖိနပ်ကုန်တယ်တဲ့။ ရွှံ့ထဲ ဒီအတိုင်းပဲ လျှောက်သွားရတယ်၊ ဖိနပ်က ပွဲသွားခါနီး မှ စီးတာနော် ဦးဦး"

မိုးဟိန်းသည် သက်ပြင်းတစ်ချက်ချရင်း ခေါင်းညိတ်လိုက်လေသည်။ ဘာပဲ ဖြစ် ဖြစ် ငုဝါ ကတော့ မိုးဟိန်းဘေးမှ ခုန်ဆွခုန်ဆွနှင့် လိုက်ပါလာကာ ပျော်နေပုံရသည်။ နှုတ်မှ ညင်သာစွာ ညည်းညူးလာသော တေးသီချင်းသံက လေထဲတွင် ၀ဲပျံပျံ့လွင့်လာသည်။

ရောင် စုံဘောလုံး

ရောင် စုံဘောလုံး

တစ်လုံးငါးပြား

တစ်လုံးငါးပြား

မိုးဟိန်းသည် ငုဝါနောက်မှ သံယောင်လိုက်၍ "တစ်လုံးငါးမူး တစ်လုံးငါးမူး" ဟု ပြောင်ဆိုလျှင်တော့ ငုဝါက မျက်မှော က်ကုတ်ကာ ရယ်မောလျက်. . .

"ဦးဦးကလဲ ဆန်ညိုဆိုတာမျိုး ကျနေတာပဲ"

လူကြီးသူမလို ပြောလိုက်လေသည်။ မိုးဟိန်း၏ စိတ်ကူးထဲတွင် တော့ ဒီသီချင်းနှင့် စပ်လျဉ်း၍ 'ကာတွန်း' ရုပ်များ ကို ဖန်ဆင်းနေပြန်သည်။

မိုးဟိန်းက ငုဝါ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက်. . .

"ဦးဦးတို့ ငယ်ငယ်တုန်းကလဲ ဒီသီချင်း ဆိုတာပဲ"

"တစ်လုံး ငါးမူးလား၊ ငါးပြားလား"

"ငါးပြား နှစ် လုံး"

"ဟုတ်ဘဲနဲ့"

ငုဝါက မိုးဟိန်း၏ ပေါင်ကို လှမ်းရိုက်ကာ ခွက်ထိုးခွက်လန် ရယ်ပြန်သည်။ ရယ်လိုက်ပြန်တော့ နွေးနွေး၏ ဟန်ပန်ရုပ်သွင်က ပီပြင်လာသည်။ နွေးနွေးငယ်စဉ်က ဒီလိုပင် ပါးချိုင့်လေး နှစ် ဖက် ပေါ်အောင် အားပါးတရ ရယ်တတ်သည်။ အသံထွက်ရယ်ပုံကလည်း ခိုးခိုးခစ်ခစ်နှင့် ချင်စဖွယ်ပင်။

ရယ်သံလေးသည် လမ်းတစ်လျှောက်လုံး အဆက်မပြတ်ဝေစည်လျက် ပဲ့တင်ထပ်လာလေသည်။ ကုက္ကိုပင်ထက်မှ အသံရှည်ရှည်ဆွဲကာ တေးသီဖွဲ့တတ်သော သပိတ်လွယ်ငှက်သံလေးများ ပမာလည်းကောင်း၊ ရွာထိပ် ကန်ညီနောင်စေတီမှ ဆည်းလည်းသံများ ပမာလည်းကောင်း၊ နှစ် လိုဖွယ်ကောင်းသော ငုဝါ၏ ရယ်သံသည် နွေးနွေး၏ ငယ်စဉ်တုန်းက ရယ်သံနှင့် တူလေမလားဟု ချိန်ထိုး နှိုင်းဆကြည့်မိသည်။

ခြံတံခါးဝ တစ်ဖက်တစ်ချက်ရှိ ခြံစည်းရိုးထိပ်၌ ဖူးပွင့်နေကြကုန်သော ဆည်းလည်းပန်းနီနီများ ကို မြင်တွေ့ ရပြန်တော့ ကဒုတ်ရွာ ခုနစ်တန်းကျောင်းသားဘ၀တုန်းက မြန်မာစာဆရာ ရွတ်ဆိုပြဖူးသော အိုင်ချင်းတစ်ပိုဒ်ကို တစ်ပိုင်းတစ်စနှင့် အမှတ်ရမိသည်။

ထိန်ကန်တွင်းမှာ လာရင်း မျက်မြင်

နေမလှန်းတဲ့ ပန်းလွင်လွင်ကို

ရွှင်လိုမြူးလို၊ ကစားလို၍

ဝါဆိုဦးက ပန်ဖူးတယ်။

အမယ်မင်း ဖြစ်ရလေခြင်း၊

ယင်းမာရယ်ပေါ်

တော် သလင်းနှင့် မိုးတွင်းဝါ၀င်

ဟိုဆောင်းဦးသို့ ၊ မကူးခင်က

အရင်လူနှင့် ကွဲရတယ်ရှင်

အပျိုစင်ငယ်က ကျွမ်းပါတဲ့

လွမ်းတုံ့တင်လေး။

(၄)

အခန်း(၄)

ခြံအ၀င် ပျဉ်းမပင်အောက်ဝယ် လှည်းဒေါက်ကို မိုးပေါ်ထောင်ထားသည်။ လှည်းဖြုတ်ထားသော နေရာနားတွင် ဘင်္ဂလားကျွဲခေါ် ချိုလိမ်ကျွဲကြီးနှစ် ကောင် ၀ပ်နေကြသည်။ ဘင်္ဂလားကျွဲ ဆိုတော့ နို့စားရန်လည်း ရည်ရွယ်၍ မွေးထားဟန်တူသည်။ ကျွဲနို့ကောင်းကောင်း ပျစ်ပျစ်နှစ် နှစ် သောက်ရပေဦးတော့မည် ။

ကဒုတ်ရွာရထားလမ်းအရှေ့ဘက်တွင် ကျွဲအမွေးများ သည်။ ကားလမ်းပိုင်းတွင် နွားအမွေးများ သည်။ ကျွဲဆိုသည့် သတ္တ၀ါ ကတော့ ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းသလောက် ခွန်အားဗလ ပိုသန်ကာ အကြမ်းလည်းခံ အအေးလည်းရသည်။ နယ်က ရေမြုပ်သော နယ်မို့ ကျွဲနှင့် ဘဲ ကိုက်ပါသည်။

ငယ်စဉ်က မိုးဟိန်းတို့ အဖူး (အဘိုး) ပြောဖူးတာတော့ ကျွဲရိုင်းတစ်ကောင်တည်း ခြင်္သေ့နှစ် ကောင် သုံးကောင်တို့နှင့် ဖက်ပြိုင်ဝံ့သည် ဆိုပဲ။ အနံ့ခံကောင်း၍ နားကင်းလည်း ပါးကာ လေးလံသော သစ်တုံးကြီးများ ဆွဲရာ၌ လည်း အားကိုးရသည်။

တစ်ခုတော့ရှိသည်။ ကျွဲတို့ မည် သည် နွားကဲ့သို့ သော ကျိုးကျိုးနွံနွံ မရှိလှ။ ၀န်စည်စလှယ် သယ်ဆောင်နေရာမှလည်း ရေအိုင်မြင်လျှင် အတင်းဆင်းသွားတတ်သည်။ ရွှံ့ညွန်များ မြင်လျှင် မနေနိုင် မထိုင်နိုင်အောင် လူးချင်သည့် သတ္တ၀ါများ ဖြစ်ကြသည်။ ပြီးတော့ နွေအခါကျ ရေခြောက်သဖြင့် ခိုင်းရာမှာ နွားကဲ့သို့အမောမခံ။

တစ်သက်လုံး မြို့မှာ နေ မြို့မှာ ကြီးပြင်းခဲ့သော နွေးနွေး တစ်ယောက် တော့ ပင်ပန်းရှာပေဦးမည် နည်း။ နူးညံ့သိမ်မွေ့၍ ရှည်လျားသွယ်ပျောင်းသော နွေးနွေး၏ လက်ကလေးများ သည် လှည်းထမ်းပိုး တပ်နိုင်ပါမည် လား။ ကျွဲနို့ညှစ်နိုင်ပါမည် လား။ မာကြမ်းသော ကျွဲနဖားကြိုးကို ဆွဲနိုင်ပါမည် လား။ ကျွဲတွေ ကို ထိန်းကျောင်းရသော တာဝန်က နည်းနည်း နောနောတာဝန်မဟုတ်။

"အမိုး"

"အမိုးရေ. . ."

ငုဝါ ခေါ်သံလေးသည် မိုးဟိန်း၏ အတွေးများ ကို တစ်မုဟုတ်ချင်း ပျက်ပြယ်စေသည်။

"အမိုး"

"ဝေ. . . "

လွင်ချိုသာယာသော ထူးသံလေးကို ကြားလိုက်သည်နှင့် အသက်ရှူတာကို ခေတ္တမျှ ရပ်နားလိုက်မိသည် ထင်သည်။ မိုးဟိန်း ရင်ထဲ၌ အမျိုးအမည် မသိ ဝေဒနာနှင့် လှုပ်ရှားသွားမိ၏ ။ တစ်ချက်မျှ သက်ပြင်းယဲ့ယဲ့ ချလိုက်ပြီးမှ အသာပြန်ရှူထုတ်လိုက်လေသည်။

"သမီးလေး ငုဝါ ပြန်လာပြီးလား"

ငရုတ်ညှော်နံ့များ နှင့် လုံးနေသော မီးဖိုချောင်ထဲမှ လှမ်းအော်မေးလိုက်လေသည်။

"သမီးလေး ငုဝါတဲ့"

မိခင်မေတ္တာကို ဖော်ကျူးသော အသံသွင်းဂီတသံပမာ နားထဲစွဲငြိနေသည်။ အသံကောင်းလှသော မိခင်၏ သားချော့တေးပမာ သာသာယာယာလည်း ရှိလှသည်။

လွန်ခဲ့သော ကာလက နွေးနွေး တစ်ယောက် သူ့သမီးငုဝါကို ပွေ့ပိုက်ပြီး မြူချော့နေဟန်ကို စိတ်ကူးနှင့် ရော်ရမ်းမှန်းဆပြီး ပန်းချီရေး ခြယ်ဖူးသေးသည်။ 'သူသာလျှင် လှထိပ်ထား' ဟု နာမည် တပ်ပြီး ပြပွဲတွင် ချိတ်စဉ်က ပြင်သစ်ကမ္ဘာလှည့်တစ်ဦးက လိုက်ဝယ်တာကို မရောင်းလိုက်၊ 'မရောင်း' ဆိုတော စာတန်းကို ကပျာကယာ တပ်ဆင်လိုက်ရသည်။

"အမိုး ဦးဦးပါလာတယ်"

"ဟင်. . . ဦးဦး"

"ဦးဦး ပါတယ်၊ မြန်မြန်ထွက်ခဲ့ပါ"

"ဘယ်က ဦးဦးလဲ"

"သိဘူး"

"သြော်. . . ငုရွှေဝါ အရူးမလေး"

ချစ်စနိုးနှင့် တစ်မျိုးတစ်မည် ကင်ပွန်းတပ်ပြန်သည်။ ငုရွှေဝါ အရူးမလေးတဲ့။ မိုးဟိန်းသည် မမြင်ရခင်ကတည်းကပင် တမ်းတသော စိတ်ဇောနှင့် နောက်ဖေးဘက် မသိမသာ လှမ်းကြည့်ရင်း ရင်ထဲ ခုန်လာပြန်သည်။ နွေးနွေးကို မတွေ့ ရသည်မှာ ငုဝါလေးတစ်သက်ပင် ရှိသွားပေပြီ။ ခုနစ်နှစ် ကျော်ကာလပင် တာရှည်ခဲ့ပေပြီးတကား။

"ဟယ်. . ."

"ဟယ်. . . အမယ်လေး"

အိမ်ထဲမှ နွေးနွေးသည် လက် ရေစက်လက်နှင့် ထွက်လာသည်။ သည်အထဲမှာ ရုတ်တရက် အံ့သြပြီး ၀မ်းသာအယ်လဲ ဖြစ်သွားသော အသံ။ ၀င်းပသော မျက်နှာလေးပေါ် ရွှန်းတောက်သော မျက်လုံးနက်နက်လေးအစုံသည် ၀ိုင်းသွားသည်။ ရွှန်းလန်းသော အပြုံးသည် ပါးချိုင့်လေးများ ကို ငုံဖော်လျက် ပန်းသွေးနှုတ်ခမ်းအစုံအောက်တွင် ပုလဲသီလေပြီ။ သွားအရောင် စက်၊ လရောင် ပြက်သကဲ့သို့ ဖြူဖွေးတောက်ပနေသည်။

"မိုးဟိန်း. . . သရဲလေး၊ ငါက နင်သေနေပြီလားလို့၊ စာမလာ သတင်းမကြားနဲ့"

နွေးနွေးသည် စိတ်ပေါ့ပါးစွာ လက်တွေ ကို အ၀တ်စုတ်နှင့် ကပျာကယာသုတ်လိုက်လေသည်။ ကရင်းပတ်နှင့် နုထွတ်ချောမွတ်ခဲ့သော အသားအရေမှာ သနပ်ခါးပါးကွက်ကျားနှင့် ပြောင်းလဲနေသည်မှအပ နွေးနွေးသည် ယခင်ကအတိုင်း နုပျိုစိုလန်းမြဲပင်။ ငယ်စဉ်တုန်းကထက် နည်းနည်း ဖွံ့လာသည်။ ဒါပါပဲ။

အဖြူခံတွင် လိမ္မော်ပန်းအစင်းများ နှင့် တက်ထရွန်လက်ပြတ်အင်္ကျီ၊ အနက်ရောင် တွင် အနီကန့်လန့်စင်းနှင့် ကရင်ထဘီကို ၀တ်ထားသည့် နွေးနွေးကား အသက်အစိတ်ကျော်လာလည်း ကလေးဘ၀တုန်းကလို အားရပါးရ။

"ငါက နင့်ကို အိပ်မက် မက်နေတာ၊ အိပ်မက်ထဲမှာ လေ နင်နဲ့ငါ လှေစီးကြတာ လှေထဲ ပန်းတွေ အပြည့်တင်လို့"

မိုးဟိန်းသည် အတွေးနှင့် ခေတ္တမျှနှုတ်ဆိတ်ကာ ငိုင်သွားမိလေသည်။ 'ပန်းလှေ' ဟု စိတ်ထဲရေရွှတ်မိသည်။ လှေထဲ ဖယောင်းပန်းတွေ ၊ ကြောင်းမြီးတူပန်းတွေ ၊ ဆည်းလည်းပန်းတွေ အပြည့်တင်လျက် နွေးနွေး တစ်ယောက် ပိန်းကောလှေနှင့် ချောင်းရိုးကိုဖြတ်လာသော ပန်းချီကိုလည်း ရေး ခြယ်ဖူးလေသည်။ 'ပန်းလှေ' ဆိုသည့် နာမည် နှင့် ပန်းချီကားချပ်ကို ကဗျာဆရာ စာရေး ဆရာတစ်ဦးက ၀ယ်သွားသည်။

"နင်က လှေကို တမင် စ,ပြီး မှော က်လိုက်လို့ အိပ်မက်ထဲ နင်နဲ့ငါနဲ့ ရန် ဖြစ်ရသေးတယ်၊ အံ့ရောဟယ် မိုးဟိန်းရယ်. . . တိုက်တိုက်ဆိုင်ဆိုင်နဲ့"

နွေးနွေးက သူ့စကားကိုဆက်သည်။ မိုးဟိန်းသည် အိပ်မက်အလှမှ တစ်ရေး ထနိုးသည်။

"ဒါ အရင်အိမ်မဟုတ်ပါဘူး၊ ငုဝါနဲ့ လမ်းမှာ တွေ့ လို့ လိုက်လာတာ တော် သေးတာပေါ့"

မိုးဟိန်းက လက်ရှိကာလအခြေအနေကို ပြောပြလိုက်သည်။ နွေးနွေးက. . .

"ဒါက အဖူးတို့အိမ်လေ၊ အရင်က တို့နေခဲ့တဲ့ အပါးနဲ့ အမိုးတို့အိမ် မရှိတော့ဘူး ပြိုသွားပြီ၊ ခုတော့ ကျွဲစားကျက် ဖြစ်နေပြီ၊ ဒီမှာ အဖီးနဲ့အဖူးရယ် တို့အတူတူနေကြတယ်၊ အဖူးက သူငယ်ပြန်နေတယ်၊ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ မိုးဟိန်းရယ်"

"လမ်းမှာ ငုဝါပြောပြလို့ သိရတယ်"

"ငုဝါကို ငုဝါမှန်း ဘယ်လိုသိတာလဲ"

"သူ့ သူငယ်ချင်းတွေ ခေါ်သံကြားလို့၊ ပြီးတော့. . . "

"ပြီးတော့"

"နင် ငယ်ငယ်ကနဲ့လဲ တူသလိုပဲ"

"ငါ ငယ်ငယ်နဲ့ တူရုံနဲ့တော့ ငုဝါကို မိုးဟိန်းမသိပါဘူး၊ ငုဝါကို မိုးဟိန်းတစ်ခါမှ မြင်ဖူးတာမှ မဟုတ်တာ၊ ကြည့်စမ်း. . . တို့ ရန်ကုန်ဘက်ကို ခြေဦးမလှည့်တာ ခုနစ်နှစ် တောင် ရှိသွားပြီ၊ မိုးဟိန်းလဲ ကဒုတ်ကို မလာတာ ခုနစ်နှစ် တောင် ရှိသွားပြီနော်၊ တို့ ကတော့ တို့အကြောင်းနဲ့တို့ ထားပါတော့၊ နင်က ဘာ ဖြစ်လို့ ဒါလောက် အဆက်အသွယ်ပြတ်သွားရတာ လဲ၊ နင်သိပ်စိတ်မှတ်ကြီးတာပဲ မိုးဟိန်းရယ်၊ နင့်သူငယ်ချင်း အမိုက်မကို ဒီလိုပဲ ပစ်ထားတော့မှာ လား"

နွေးနွေးက ပြောရင်းဆိုရင်း မျက်ရည်လည်လာသည်။ နွေးနွေး၏ မျက်လုံးများ ကို မိုးဟိန်း မကြည့်ရဲပေ။ နွေးနွေး ကတော့ မျက်တောင်လေးများ ပုတ်ခတ်လျက် သူ့မျက်ရည်များ ကို ပြန်သိမ်းဆည်းကာ နံရံဘေးတွင် ထောင်ထားသော သင်ဖြူးကို ကြမ်းပေါ်ဖြန့်ခင်းပြီး. . .

"ကဲ. . . ထိုင်ပါဦး မတ်တတ်ရွာက လာတကျနေတာပဲ၊ အိမ် ကတော့ မြင်တဲ့အတိုင်းပဲ၊ ကဒုတ်ရွာမှာ အမွဲဆုံး ကံအဆိုးဆုံး အိမ်တစ်အိမ်ပဲ"

မိုးဟိန်းက သင်ဖြူးပေါ်သူ့လွယ်အိတ်ကို ပစ်ချကာ ထိုင်လျက

"ကဒုတ်ရွာမှာ ရော၊ မြန်မာပြည်မှာ ရော၊ တစ်ကမ္ဘာလုံးမှာ ရော နင့်ထက်မွဲတဲ့လူတွေ တစ်ပုံကြီးပါဟာ နင်ကမှ ကျွဲနှစ် ကောင်ပိုင်သေးတယ်"

"အိုး. . .လယ်သမားပဲ ကျွဲနှစ် ကောင်ပိုင်တာ ဆန်းသလား၊ သူများ တွေ ၁၀ ကောင် ၁၅ ကောင်တောင် ပိုင်တာ"

"သားဇံတို့များ ကျွဲတစ်ကောင်မှ မရှိဘူး၊ သူရင်းငှား လုပ်နေတာပဲ၊ မွဲလိုက်တာ သူ့အိမ်သွားကြည့်ပါဦး"

နွေးနွေးက မိုးဟိန်းအား လှမ်းကြည့်ပြီး မျက်စောင်းတစ်ချက်ထိုးလျက်. . .

"စိတ်မွဲတာပါ တို့က ထည့်ပြောတာပါဟယ်၊ စကားပြောတာ ကတ်သီးကတ်သတ် အားကြီးနိုင်တယ်"

မိုးဟိန်းအနီးတွင် ခပ်ဆတ်ဆတ်လေး ထိုင်ချလိုက်လေသည်။

ငုဝါသည် မီးဖိုချောင်မှ ဇလုံလေးတစ်ခုနှင့် ထွက်လာကာ ထမင်းပေါ် နနွင်းနှင့် ငရုတ်ဆီဝေ့ဝေ့ ဟင်းရည် ဆမ်းထားသော လယ်ငါးဇင်ရိုင်းငယ်နှစ် ကောင် ထည့်လာပြီး မြိန်ရေရှက်ရေ လူးနယ်စားနေသည်။

"ဦးဦး ဟဲ့. . . မအော်မေ"

ကရင်ဘာသာစကားနှင့် ခေါ်လိုက်သည်။ မိုးဟိန်းက ပြုံးလျက်

"သြော်. . .သြော်"

"ဟင် ဦးဦးလဲ ပြောတတ်တယ်၊ ကရင်လား ဦးဦးက"

"ကရင် မြန်မာ"

"ဘာလဲ"

"အဖေ ကရင်၊ အမေ မြန်မာ"

"အမိုးနဲ့ မတူဘူးပေါ့၊ ငုဝါနဲ့ တူတယ်နော် ငုဝါက"

နွေးနွေးသည် ငုဝါ၏ ပါးပေါ်မှ ထမင်းစေ့များ ကို ဖယ်ပစ်ကာ ငုဝါစကား မဆုံးခင်ပင်. . .

"ထမင်းဝင်အောင်စားလေ သမီး၊ သမီးတို့ အမိုး မုန့်လုံးရေပေါ် လုံးထားသေးတယ်၊ ရေနွေးကြမ်းနဲ့ သောက်ရအောင်"

ဘယ်သို့ မှပြန်လည် ဆက်စပ်၍ မရနိုင်သော အတိတ် ကန့်လန့်ကာကို အတင်းဆွဲကာ ပစ်လိုက်လေသည်။ နွေးနွေး၏ နက်မှော င်သော မျက်လုံးတို့သည် ဝေမှိုင်းစပြုလေပြီ။ မိုးဟိန်းသည် နွေးနွေးပြောသလိုအမှတ်သညာကြီးသူမို့ ဘာကိုမှ မေ့ပျောက်မရနိုင်လဲ ရှိသည်။ ရင်ထဲမှာ လှုပ်ရှားမှု အရှိန်သည် တစ်စတစ်စ မြင့်မားလာသည်။

မိုးဟိန်း၏ အတွေးထဲ၌ မျဉ်းပြိုင်ပမာ သွားနေသော ဘ၀ခရီးလမ်းနှစ် လမ်းကို မြင်ယောင်မိပြန်သည်။

တစ်ဦးက အမြင့်နေရာ၊ တစ်ဦးက အနိမ့်နေရာ၊ နိုင်သူနှင့် ရှုံးသူ ဘုံအမြင့်တွင် စံစားနေရသူနှင့် တင်းကုပ်ကြားဝယ် မ၀ရေစာစားနေရသူ၊ ထို့နောက် တစ်ဦးက လူနည်းစု တစ်ဦးက လူများ စု။

မိုးဟိန်းသည် နွေးနွေး၏ လှပ၀င်းဝါသော မျက်နှာလေးကို ဖျတ်ခနဲ့ကြည့်ပြီး ရုရှားစာရေး ဆရာတစ်ဦး ရေး ပြီး မြန်မာဘာသာပြန် ၀တ္ထုတစ်ခုထဲမှ စကားလုံးများ ကို အမှတ်ရနေသည်။

"လူမတန် ကံချမလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့ ဒုက္ခ ဖြစ်ကြရတာ ဟာ ကံမကောင်းလို့ချည်း မဟုတ်ပါဘူး၊ လူတွေ မကောင်းလို့ ဖြစ်ရတာ ပါ၊ ကမ္ဘာပေါ်မှာ လူ့ထက် ရက်စက်တာ မရှိပါဘူး၊ ၀ံပုလွေဟာ ၀ံပုလွေအသားကို မစားပေမယ့် လူဆိုတာ ကတော့ လူသားကို စားချင်စားမှာ ဗျ"

"မင်းပြောတာ ဟုတ်သေးပါဘူးကွယ် ငါ့လူရယ်. . . ၀ံပုလွေဆိုတဲ့ တိရစ္ဆာန်မျိုးသာ သူတို့အချင်းချင်း သတ်ဖြတ်စားသောက်ကြတာပါ"

"ကျုပ်တော့ ကျုပ်စိတ်ထဲမှာ ရှိတာ ပြောချလိုက်တာပဲ၊ ခင်ဗျား ဘယ်လိုပြောပြော လူ့ထက်ရက်စက်တာ လောကမှာ မရှိပါဘူး၊ လူတွေ ဟာ လောဘဇော ကြွပြီး သော င်းကျန်ကြလွန်းလို့သာ ကျုပ်တို့ ဒီလောကထဲမှာ နေစရာထိုင်စရာမရှိ ဖြစ်နေတာပဲ၊ လူတိုင်းလူတိုင်းဟာ တစ်ဦးအပေါ်တစ်ဦး အနိုင်ကျင့်ပြီး ခွတုတ်နေကြတာပဲ"

နွေးနွေး ပြည်ဖုံးကားချလိုက်သော လိုက်ကာ ကားလိပ်ကို မိုးဟိန်းသည် အတွေးနှင့် ပင် အတင်းဆွဲတင်လိုက်သည်။ ခပေါင်းစီးကရက်ကို မီးညှိကာ တအားရှိုက်ဖွာလိုက်ရင်း တွန့်လိမ်လွင့်ပျံတက်သွားသော မီးခိုမျှင်နှင့် အတူ အတွေးခရီးနယ်ကို ဆန့်ထုတ်လိုက်လေသည်။

(၅)

အခန်း(၅)

မိုးဟိန်းသည် ရယ်မောသံများ ကြားမှ ပြေးထွက်လာရလေသည်။

လူစုလူဝေးထဲက ပြေးခဲ့ခြင်းလည်း ဖြစ်သည်။ သင်းသင်း ပျံ့လှိုင်နေသော ဂိုယာ ယာ့ဒ်လေပေါင်ဒါရနံ့၊ ရက်ဗလွန် မက်စ်ဖက်တာ နှုတ်ခမ်းဆိုးဆေး ရနံ့၊ ရှာနယ်လ် ငါး ရေမွှေးရနံ့တို့နှင့် ငါးသုံးလုံး စီးကရက်ရနံ့တို့ကို တိုက်အိမ်ကြီးထဲတွင် ကျန်ရစ်ခဲ့စေချင်သည်။

သို့ သော် ရနံ့တို့မှာ ထုံကြိုင်လျက် အနံ့စွဲနေသည်။ တိုယိုတာ၊ ဗောက်စ်ဝက်ဂွန်း၊ ဖီးယက်၊ ဖယ်မလီယာ၊ မာဇဒါ၊ လင်ရိုဗာကား တို့ကြားထဲမှ ကွေ့ပတ်ပြေးထွက်လာခဲ့သည်။ လမ်းဘက်သို့ တော် တော် နှင့် မရောက်နိုင်။ ခြံဝက မီးလုံးဖြူကြီးများ သည် အလှမ်းအကွာတွင် ရှိနေဆဲပင်။

အားကောင်းသော မီးအရောင် နှင့် ပြာလင်းနေသော မာစီဒီးကားကြီးတစ်စီး ရှေ့တူရူမှ မောင်းလာလည်း မရှောင် ဖြစ်။ ကား၏ ပြင်းထန်သော ဘရိတ်အုပ်သံနှင့် အတူ ကားမောင်းသူ၏ ကြမ်းတမ်းသော ဆဲရေး သံသည် ပက်စက်စွာ ထွက်လာခဲ့လေသည်။

"မိုးဟိန်း"

"မိုးဟိန်း"

စိုးရိမ်သော မိန်းမသံကြည်ကြည်လေးမှာ ထက်ကြပ်လိုက်ပါလာလေသည်။ နွေးနွေးသည် မိုးဟိန်း၏ လက်မောင်းအိုးကို ညင်သာစွာ လှမ်းဆွဲကိုင်လိုက်လေသည်။

"နင် စိတ်ဆိုးမယ်မှန်း မသိလို့ တို့ပါ ၀ိုင်းနောက်မိတာပါဟာ"

"သြော်. . . စိတ်ဆိုးမယ်မှန်းမသိလို့တဲ့ ဟုတ်လား"

မိုးဟိန်းသည် နွေးနွေး ဆွဲကိုင်ထားသော လက်ကို အတင်းဆွဲရုန်းလိုက်သည်။ နွေးနွေးက တောင်းပန်သလို. . .

"တကယ်ပါဟယ်"

"စိတ်ထင်တိုင်း နောက်ချင်တိုင်း နောက်နေကြတာ လူ တစ်ဖက်သား စိတ်ကို ဘယ်လောက်ထိခိုက်မယ်ဆိုတာ မတွေးမိဘူးလား၊ ပြီးတော့ နင်တို့ဥစ္စာ နောက်တာလဲ မဟုတ်ပါဘူး၊ သက်သက်နိုင့်ထက်စီးနင်းတွေ ပြောနေ လုပ်နေသလိုပဲ၊ ငါတို့ဟာ လူပါ နွေးနွေး၊ တို့ လူဆိုတာလဲ သတိရကြဦးမှပေါ့"

"တို့ တောင်းပန်ပါတယ်ဟယ်"

"ဒီကိစ္စက နင် တစ်ယောက် တည်း တောင်းပန်လို့ရတာ မဟုတ်ဘူး။ ပြီးတော့ နင့်ကိုလဲ ငါစိတ်ဆိုးစရာမဟုတ်ပါဘူး"

"ဆရာ့ကိုယ်စားလဲ ငါ တောင်းပန်ပါတယ်"

"သြော်. . . ဆရာနဲ့ နင်နဲ့ ဘာတော် လဲ"

မိုးဟိန်းက နွေးနွေးမျက်နှာကို စိမ်းစိမ်းစားစားကြည့်ကာ စကားကို ဆုံးအောင် မပြောနိုင်တော့ဘဲ. . .

"သွားစမ်းပါဟာ"

စိတ်ကလည်း တိုနေသည်။ နွေးနွေးထံမှ မျက်နှာကို လွှဲပစ်လိုက်လေသည်။ နွေးနွေးက သူ့အပါးမှ မခွာသေး။

"သူတို့ဟာ တို့အမျိုးလဲ တော် တာပဲဟာ၊ နင်နဲ့ငါနဲ့ကမှ အမျိုးမတော် ဘူးဆိုလဲ ရတယ်၊ နင်နဲ့ သူတို့နဲ့ ညီအစ်ကို နှစ် ၀မ်းကွဲတော် သလို တို့နဲ့ သူတို့လဲ တော် တာပဲ"

"အေး. . . ဒါပေမယ့် နင်သိထားဖို့က သူတို့အဖိုး တို့ဟာ အမျိုးမတော် ဘူး၊ နင့်လို သာမန်သူနာပြုနဲ့ ငါ့လို ဆယ်တန်း(ဘီ)နဲ့ နှစ် ခါအောင်ထားတဲ့ ကောင်ဟာ သူတို့အမျိုးတော် စရာမဟုတ်ဘူး၊ စုမြတ်နန္ဒာလို မိန်းကလေးသာ သူတို့ကြံဖန်ဆွေမျိုးမစပ်ချင်ဘူး၊ ခင်ရာဆွေမျိုးပဲ၊ ခု နေစရာမရှိလို့ ငါဒီမှာ နေနေတာ၊ ငါ့မှာ ပြေးစရာမြေမရှိလို့"

သည်တုန်းက မိုးဟိန်းက ငယ်သေးသည်မို့ စိတ်လှုပ်ရှားထိခိုက်လွယ်သည်။ ၀မ်းလည်း နည်းလွယ်သည်။ စိတ်အားလည်း လျော့နေတတ်သည်။ အထက်တန်းကျသည်ဟု နေရာယူထားသော ခေတ်ပညာတတ်တို့အလယ်တွင် သိမ်နေတာ အမှန်ပင်။

တကယ်တော့ စေ့စေ့တွေးကြည့်လျှင် ခေတ်ပညာတတ် ဆိုတာ ဆန်းလှသည်မဟုတ်။ ခေတ်ပညာတတ်မျိုးရိုးမှ ပေါက်ဖွား လျှင် ခေတ်ပညာတတ် ဖြစ်သလို ပိုက်ဆံရှိလျှင်၊ ဂုဏ်ရှိလျှင်၊ ရာထူးရှိလျှင် ခေတ်ပညာများ ၊ ပညာထူးချွန်သည်ဟု ဆိုရသူများ ကို ဖန်ဆင်းနိုင်သည်ပင်။ အရှင်မွေးတော့ နေ့ချင်းညချင်း ဆိုသလို နတ်ရေကန်ထဲ ချသလို ရှင်သန်ကြီးထွာလာတာ ဆန်းသည်လား။

အနည်းငယ်သော သားသမီးသာ စုန်းပြူးပမာ ပညာရေး နောက်ကျချင် ကျခဲ့သည်။ သိပ်ကြိုးစား၍ အောက်ခြေမှ လှေကားထောင်၍ တက်လာသူလည်း ရှိသင့်သလောက် ရှိမည် ။

သည်လို လူ့အသိုက်အ၀န်း ကတော့ ခေတ်ပညာတတ်ကို အဓိပ္ပါယ်ဖော်နိုင်စွမ်း ရှိတာ အမှန်ပင်။ အတွင်းဝန်သားသည် အတွင်းဝန်သား ဖြစ်မည် ပင်။ ရုံးလုလင်၏ သား အတွင်းဝန် ဖြစ်လာသည် ဆိုတာ ကတော့ ဖြစ်တောင့် ဖြစ်ခဲ့သော ဒုလ္လဘတရားပါပေ။ မနာလို မရှုဆိတ်စရာ မရှိပါ။

(၆)

အခန်း(၆)

စင်စစ်တော့ ထိုနေ့က တကယ့်ပျော်ပွဲရွှင်ပွဲကြီးပါ။ ဒီလို ဖြစ်ဖို့ မကောင်းပါဘူးဟု စဉ်းစားမိသေးသည်။

မင်္ဂလာအရှိဆုံး နေ့တစ်နေ့ဟု မိုးဟိန်းတို့ ဦးလေးတော် တဲ့ အန်ကယ် ဦးမြင့်စံက ကြွေးကြော်လေသည်။ အန်တီကြူက အိမ်တွင် ဧည့်ခံပါတီတစ်ခု လုပ်သည်။ ညနေပွဲဆိုတော့ အစိုညစာပေါ့။ ဒံပေါက်ကို အော်ဒါမှာ သည်။

အဆင့်မြင့်မြင့်နှင့် ဆေးဘက်နောက်ဆုံးနှစ် အောင်သွားသော ပူပူနွေးနွေး ဒေါက်တာကောင်းမော်စံအတွက်သော်လည်းကောင်း၊ ဆယ်တန်းကို ဂုဏ်ထူး ငါးဘာသာနှင့် အောင်သော သမီးအငယ်ဆုံး တင်လတ်စံအတွက်သော်လည်းကောင်း ဂုဏ်ပြုသော ပွဲမို့ မိဘတွေ က အစွမ်းကုန်စီမံပေးသော ပွဲဆိုတာ ဆိုစရာမရှိပြီ။

ရေဒီယိုဂရမ်မှ 'သကြားချိုချို' တေးသီချင်းသည် ဝေေ၀ဆာဆာနှင့် ပျံ့လွင့်လာသည်။ ကြွရောက်လာသော မင်းပရိသတ် လူကြီးများ ကား အဖျော်ယမကာနှင့် မှိန်းနေကြပြီး လူငယ်များ သည် 'ဂိုဂို' အကနှင့် လှုပ်ရှားမြူးကြွနေကြသည်။

ပျားရည်ပမာ ချိုလှတဲ့ သကြားချို

မင်းဟာ ငါ့သကြားခဲမလေး

ငါက လိုချင်တယ်ဆိုတော့ မင်းငါ့ကို ပိုင်ပြီးပေါ့။

အရက်ဖန်ခွက်တချို့သည် အတိုက်ခံရသဖြင့် စားပွဲပေါ် လဲကုန်ကြသည်။

ယမကာနှင့် မြည်းစရာ ၀က်အူချောင်းကြော်နှင့် အာလူးကြော်တို့သည် ပန်းကန်ထဲမှ လွင့်စဉ်ခုန်ပျံကာ ကြမ်းပေါ်သို့ ကစဥ့်ကလျား ကျကုန်ကြသည်။

ပလတ်စတစ် ပန်းနုရောင် ၊ အပြာရင့်ရောင် ပန်းအခိုင်လိုက် ဆွဲချိတ်ထားသော မီးပွင့်များ မှာ လင်းပွင့်ဆဲ ဖြစ်သည်။ ပြာမှိန်မှိန်နှင့် နံရံကပ်မီးတိုင်အား ကတော့ ထုံးစံအတိုင်း ဖျော့တော့ အားနည်းနေရသည်။

မှန်ပြတင်းပေါက်ကြီးများ မှ ဇာခန်းဆီး လိုက်ကာတို့သည် လေအလာတွင် ဖောင်းကြွနေကြသည်။ အ၀ါနုရောင် ဖျော့ဖျော့ခန်းဆီစသည် အစိမ်းနုပြေပြေအုတ်နံရံနှင့် လိုက်ဖက်လှသည်။

နွေးနွေး၊ စောထူးနှင့် မိုးဟိန်းတို့သည် အဖျော်ယမကာများ ၊ စားစရာများ တည်ခင်းရင်း အလုပ်ရှုပ်နေကြသည်။ အက ကပြီး မောလို့ တစ်အောင့်မျှ နားကြသူတွေ ကို မိုးဟိန်းသည် ငွေလင်ပန်းထဲတွင် ဒူးယား စီးကရက်များ ထည့်ကာ လိုက်လံတည်ခင်းလေသည်။

ကောင်းမော်စံသည် စုမြတ်နန္ဒာနှင့် အတူ ထိုင်လျက် စီးကရက်မှိန်းနေသည်။ ချွေးများ ကို လက်ကိုင်ပုဝါနှင့် ထုတ်သုတ်ကာ. . .

"နွေးနွေးရေ. . . လာပါဦး" ဟု ခေါ်ပြီး မိတ်ဆက်ပေးသေးသည်။

"နွေးနွေးက သိပ်ချောတာပဲကွယ်"

စုမြတ်နန္ဒာက ချီးမွမ်းသေးတည်။ ထို့နောက် ကောင်းမော်စံ အနားမှ အပျိုမလေး တစ်ယောက် က

"အစ်ကိုနဲ့ မောင်နှမ ဘယ်နှဝမ်းကွဲလဲ" ဟု စပ်စုရင်း ငြူစုသလို ကြည့်သေးသည်။

"ဟို. . . နွေးနွေး ဖေဖေရဲ့ မိန်းမရဲ့ ယောင်းမနဲ့ ကိုတို့အဖေရဲ့ တူမရဲ့ ယောက်ျားရဲ့ ခယ်မက ညီအစ်မ"

ကောင်းမော်စံက နောက်ပြောင်သဖြင့် အားလုံးက တသော သော ရယ်မောကြသည်။ ကောင်မလေးက ရှက်ရှက်နှင့် ရယ်ပြီး ကောင်းမော်စံရဲ့ ပေါင်ကို လှမ်းပုတ်လျက်. . .

"အစ်ကိုကလဲ. . . ညီမက အကောင်းမေးနေတာကို"

နှုတ်ခမ်းစူနေသည်။

မိုးဟိန်းအနားရောက်လာတော့ စုမြတ်နန္ဒာက. . .

"သူကရော. . . ယူ့ကာဆင်လား"

"ဆိုပါတော့"

ကောင်းမော်စံက မတင်မကျ ဖြေသည်။

"ယူတို့အမျိုးတွေ က အလှချည်းပဲ"

"ဒီလိုပဲ ဖြစ်ရမယ်လေ"

"အားလုံးထဲမှာ အကိုက အချောဆုံး"

စောစောက ကောင်မလေးက ပြောလိုက်သည်။ စုမြတ်နန္ဒာက "ဟုတ်တယ်" ဟု ထောက်ခံသည်။ တကယ်လည်း ကောင်းမော်စံသည် ယောက်ျားချင်းပင် ငေးကြည့်ရလောက်အောင် လှလေသည်။ မိုးဟိန်းလို အသားမညို၊ မိန်းမလှတို့ အသားအရေပမာဝါ၀င်း ချောမွတ်နေသည်။ မိုးဟိန်းလောက် မမြင့်ပေမင့် သူ့အလုံးအဖန်နှင့် သူ အနေတော် ဖြစ်သည်။ ရုပ်လှသလောက် အပြောလည်း ချိုသည်။

ဘယ်လိုစကားစပ်မိကြသည် မသိ။ ဘယ်သူက မေးလိုက်သော မေးခွန်းကြောင့် လဲ မသိ။

"နွေးနွေးက ဟိုတစ်နှစ် က ၁၀ တန်းအောင်ပြီး နာ့စ်ထရိန်နင်ဆင်းခဲ့ပြီး ဒီနှစ် ပဲ အလုပ်ဝင်တယ်"

"ဟင်. . . နာ့စ် လား"

စုမြတ်နန္ဒာက မသိမသာ မျက်မှော င်တွန့်လိုက်သည်။ ကောင်းမော်စံက တစ်ဖန် မိုးဟိန်းဘက် လှည့်ရင်း. . .

"သူ ကတော့ ဘီနှစ် လုံး ဂုဏ်ထူးပိုင်ရှင်"

"ဘယ်လို. . ."

စုမြတ်နန္ဒာက မေးပြီးမှ အဓိပ္ပာယ်ပေါက်ကာ ရယ်မလို မျက်နှာထားကို လက်ကိုင်ပ၀ါနှင့် ဖုံးကွယ်လိုက်လေသည်။

"နောက်နှစ် ဆက်ဖြေမှာ လား"

စုမြတ်နန္ဒာဘေးမှ ကောင်းမလေးက မေးလိုက်လေသည်။

"ဖြေမှာ ပေါ့၊ မိုးဟိန်းဆိုတာ ဇွဲကောင်းရမှာ ပေါ့၊ တစ်မိုးလုံးဟိန်းနေတာပဲဟာ"

နွေးနွေးက အမှု မဲ့ပင် ပျော်သလိုလို ၀င်နောက်သည်။

"နောက်နှစ် မအောင်တော့လဲ ဘီသုံးလုံး မိုးဟိန်းပေါ့ကွာ"

မိုးဟိန်း၏ မျက်နှာသည် ကွက်ခနဲ ပျက်သွားသည်။ ဖန်ခွက်များ နှင့် ပုလင်းခွံများ ကို သိမ်းနေသော စောထူးက မိုးဟိန်းအားလှမ်းကြည့်လိုက်သည်။ မိုးဟိန်းသည် ကောင်းမော်စံတို့ဘက် ပြန်လှည့်လာသည်။ ကောင်းမော်စံ၏ မျက်နှာကို စေ့စေ့ကြည့်ကာ. . .

"နေ့ကျူရှင် ညကျူရှင်တွေ တက်၊ ကားနဲ့ ဆရာတွေ အိမ်ပင့် သင်ရတဲ့ကောင်မှ မဟုတ်တာဗျာ၊ ဘီသုံးလုံး ဖြစ်ချင်လဲ ဖြစ်မယ်၊ ဘီငါးလုံး ဖြစ်ချင်လဲ ဖြစ်မယ်၊ ၁၀ လုံး ဖြစ်ချင်လဲ ဖြစ်မယ်၊ ဒါမဆန်းပါဘူး၊ ကျုပ် ကတော့ သေတဲ့အထိ စာမေးပွဲဖြေသွားမှာ ပဲ"

"ကျူရှင်ပေးတိုင်းလဲ တော် တာမဟုတ်ပါဘူး ငါ့ညီရာ၊ သူတော် တဲ့လူက တော် ကိုတော် လာတာ"

"ဒါ ရှားပါတယ် ကိုကောင်းမော်၊ တော် တဲ့လူရှိတယ်ဆိုတာလဲ ဟုတ်ချင်ဟုတ်မယ်၊ ဒါပေမဲ့ ကျူရှင်တန်ခိုးနဲ့ ဂုဏ်ထူးတွေ ၀လုံးလို နှစ် ဆတိုးတာတော့ ကျုပ်တို့ မျက်မြင်ပဲ"

"မင်းက ကျူရှင်မယူနိုင်လို့ ဘီနှစ် ဆတိုးတာလို့ ပြောချင်တာလား"

ကောင်းမော်၏ စကားကို ပြတ်လုံးသဖွယ် သဘောကျကာ တအုံးအုံး ရယ်မောကြလေသည်။

မိုးဟိန်းက ဒေါသသာ ထွက်လျက် ပြန်မချေပတတ်သဖြင့် ချာခနဲ့ လှည့်ထွက်ပြီး စန္ဒရားခုံပေါ် တင်ထားသော ဖန်ခွက်နှစ် လုံးကို လက်နှင့် ပုတ်ထုတ်ပစ်လိုက်သည်။ ဖန်ခွက်လေးများ သည် ကြမ်းပြင်ပေါ်သို့ ကျကွဲသွားလေသည်။ တင်လတ်စံက ဖန်ခွက်ကွဲများ ရှိရာသို့ ကပျာကယာ ထလာရင်း. . .

"ဟယ်. . . ဒက်ဒီ ဂျာမနီက ယူလာတဲ့ ဖန်ခွက်လေးတွေ ဘယ်လို လုပ်လိုက်တာလဲ မိုးဟိန်း"

စိတ်ဆိုးမာန်ဆိုး အော်ဟစ်မေးလိုက်လေသည်။

"ရှူး. . . သမီး ဟိုမှာ ဧည့်သည်တွေ နဲ့"

ဦးမြင့်စံက တင်လတ်စံအား လှမ်းသတိပေးလိုက်လေသည်။

ဒေါ်ကြူနှင့် ကောင်းမော်တို့က မိုးဟိန်းရှိရာသို့ လှမ်းကြည့်လိုက်ကြပြီး ဒေါ်ကြူက. . .

"ဘယ်လို ဖြစ်တာလဲဟေ့" ဟု ခပ်ထန်ထန် မေးလိုက်လေသည်။

"တရားသဖြင့် ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့ အန်တီ၊ မနေ့ကလဲ ကျွန်တော့် ကို ဂုဏ်ထူးနှစ် ခုနဲ့အောင်တယ်လို့ နောက်စရာမဟုတ်ဘဲ နောက်ခဲ့ကြတယ်၊ အဟုတ်အောက်မေ့ပြီး မဟုတ်တဲ့အခါကျတော့ ဘယ်လောက် စိတ်ဆင်းရဲရသလဲ၊ ကျွန်တော့် ရင်ထဲ ဘယ့်နှယ်နေမလဲဆိုတာ စဉ်းစားကြည့်ပေါ့၊ ခင်ဗျာတို့မှာ ကိုယ်ချင်းစာတရား မရှိတော့ဘူးလား၊ ဒီနေ့ ခင်ဗျားတို့ ဒီတွေ တစ်ပုံကြီးရလို့ အောင်ပွဲခံကြတယ်၊ ကျွန်တော် က အရှုံးဘက်ကပဲ၊ စာမေးပွဲမှာ ငိုတဲ့လူရှေ့မှာ ရယ်ရမယ့် လူက မရယ်ရက်လို့ မရယ်ကြဘူး၊ ခုတော့. . . "

ဗြုန်းဆို မိုးဟိန်းသည် ပြေးထွက်လာခဲ့သည်။

"ဟဲ့. . . ဘယ်လဲ" ဟု ဒေါ်ကြူက မေးပြီး "လိုက်ကြစမ်းပါဦး ဒီကောင်လေးနောက်ကို၊ နွေးနွေးတို့ စောထူးတို့ လိုက်ကြစမ်း၊ ဘာများ လုပ်မလဲလို့ မသိဘူး"

အသံသာ ကြားလိုက်ရသည်။ မိုးဟိန်း၏ မျက်စိတွေ ပြာဝေနေသည်။ ဘာကိုမှ မမြင်တော့ ခြေဦးတည့်ရာသို့ စွတ်ပြေး၍ သာ လာမိသည်။ ရင်ထဲ၌ ဒေါသတွေ မခံချင်စိတ်တွေ က ဆူဝေနေခဲ့သည်။ တော် တော် နှင့် စိတ်က မပြေ။

"တော် ရုံတန်ရုံများ ခွင့်လွှတ်လိုက်ပါဟယ်"

နွေးနွေးက ဖျောင်းဖျသလို ပြောလိုက်လည်း စိတ်ထဲ၌ စနောင့်စနင်း ဖြစ်နေမြဲပင်၊ မိုးဟိန်းသည် ပျဉ်းမပင်စည်ကို ပက်ကျိတစ်ကောင်ပမာ မှီလျက် ပေကတ်ကတ်နှင့် ရပ်နေသည်။ လက်ထဲမှ ဓားမြှောင့်နှင့် ပျဉ်းမပင်စည်ကို ထိုးဆွရင်း. . .

"ခွင့်လွှတ်ရမယ်၊ ဟာ. . . နွေးနွေး ဘယ်လိုဟာမျိုးကို ခွင့်လွှတ်ရမယ်လို့ နင် ယူဆနေသလဲ"

"သြော်. . . ခုကိစ္စကိုပေါ့ဟာ"

သူ့ခေါင်းကို ယမ်းခါလိုက်သည်။

"ခွင့်မလွှတ်ဘူး"

"နင်က ခက်ကို ခက်ပါတယ် မိုးဟိန်းရာ"

"အန်ကယ်မြင့်စံတို့ အန်တီကြူတို့ ကောင်းမော်တို့လို လူတွေ ဟာ တို့ခွင့်လွှတ်စရာ အမျိုးအစား မဟုတ်ဘူး၊ သိထားဖို့က ဒါလောက် အပေါ်စီးနေရာက ရနေတဲ့လူတွေ ကို ခွင့်လွှတ်ရမယ်ဆိုတာကော ပြောသင့်လို့လား"

နွေးနွေးနှင့် သူနှင့် အယူအဆချင်း မတူသဖြင့် ၀မ်းနည်းမိသေးသည်။ သို့ ကြောင့် မိုးဟိန်းသည် သူ့ရင်ထဲတွင် ပင် ပြောစရာစကားတွေ ကို ဆက်၍ သိမ်းဆည်းထားလိုက်လေသည်။

"လူမှာ လူနဲ့တူတဲ့ သိက္ခာရှိတယ်၊ လူ့မာနရှိတယ်၊ လူမှာ သတ္တိရှိတယ်၊ မှန်တာတွေ ကို သိရမြင်ရတဲ့ အသိဥာဏ်လဲ ရှိတယ်၊ သူ့ကို နှိမ်ထားတဲ့ခေါင်းကို ပြန်မတ်ချင်တဲ့စိတ်လဲ ရှိတယ်၊ သခင်လို သဘောထားသူအပေါ် ကျိုးနွံတတ်ကြတဲ့ စောထူးအပေါ်ရော နွေးနွေးကိုရော ပြောချင်လှတယ်၊ ဂေါ်ကီရေး တဲ့ အမေဆိုတဲ့ဝတ္ထုထဲမှာ . . .

အမေ့သားတို့ကို ဖျက်ဆီးနေတာ ဒီ ကြောက်စိတ်ပဲ၊

သားတို့ အမေတို့ ကြောက်ကြတာကို အခွင့်ကောင်းယူ

ပြီး ကျွန်တော် တို့အပေါ်မှာ သခင်လုပ်နေကြတဲ့လူတွေ

က ကျွန်တော် တို့အပေါ်မှာ အနိုင့်ကျင့်ချင်တိုင်း ကျင့်ပြီး

ဗိုလ်အကျကြီး ကျနေကြတာပေါ့တဲ့။



ဝန်ဇင်းချစ်သူများ ခင်ဆွေဦး ၏ “ ဝါဆိုဦးကပန်ဖူးတယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စစ်ကိုင်းသမီး ဒိုင်ယာရီ

နေခြည်ဖြာတော့နွေးလိမ့်မယ်

ဒို့တိုင်းဌာနီ