Cover

သတင်းစာများ ၏ ဝေဖန်ချက်

ဟံသာဝတီ

မဟာဆွေသည် စာရေးကောင်းသကဲ့သို့ သူ့သမီးခင်ဆွေဦးသည်လည်းဖခင်၏ ခြေရာကိုနင်းနိုင်မည့်သူပင် ဖြစ်ပေသည်။

ဒို့တိုင်းဌာနီဝတ္ထုတွင် ခင်ဆွေဦး၏ ရာဇ၀င်ကို သုတေသီဆန်ဆန် ၀တ္ထုရေးထားသည်ကိုတွေ့ရသည်။

ဒို့တိုင်းဌာနီဝတ္ထုသည်စိတ်ကူးတမင်ယဉ်၍ ရေးသော ၀တ္ထုမျိုးမဟုတ်ဘဲလွတ်လပ် ရေးခေတ်မှစတင်၍ အထောက်အထားများ စွာ ကို ဖတ်ရှုလေ့လာပြီးရေးသားထားသောဝတ္ထု ဖြစ်ပေသည်။

စာရေးရန်အတွက် အဖြစ်အပျက်ကောင်းကိုအခြေခံထားသည့်အပြင်အရေးအသားလည်းဆွဲဆောင်လှပေသည်။ စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။

နေ့စွဲ ၇-၇-၆၁

ကြေးမုံ

ခင်ဆွေဦး၏ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်၍ ယနေ့အထိခင်ဆွေဦး၏ လက်ရာများ အနက် အကောင်းဆုံးဟုဆိုချင်သည်။ ဇာတ်လမ်းမှာ ရိုးရိုးကလေးဖြစ်သည်။ အင်္ဂလိပ် လက်အောက်မှမြန်မာ့လွတ်လပ်ရေးအတွက် လူငယ်သခင်များ ကြိုးပမ်းချိန်မှစ၍ သား နှစ်ယောက်၊ သမီးတစ်ယောက်၊ တူမတစ်ယောက် ပိုင်ရှင် မိသားစုတစ်စု၏ လှုပ်ရှားမှု ကိုဇာတ်အိမ်ဖွဲ့ထားခြင်း ဖြစ်သည်။ ဇာတ်လမ်းတွင် တော်လှန်ရေးသမိုင်းမှ တကယ့်အဖြစ်အပျက် မှတ်ချက်မှတ်တမ်းများ ကိုပိရိစွာ ထည့်သွင်းထားသည်။ မှတ်ချက်မှတ်တမ်းများ အတွက် စာအုပ် ၁၀အုပ်ကို မှီငြမ်းပြုသည်။ ဖတ်၍ လည်းကောင်းသည်။ ဖတ်ပြီးသိမ်းဆည်းထားရမည့် စာအုပ်လည်းဖြစ်သည်။

ကြီးမောင် (စာကြေးမုံ)

၇-၇-၆၁

ငွေတာရီမဂ္ဂဇင်း “စာအုပ်လောက” တွင် စံလွင်၏ ဝေဖန်ချက်။

“မျိုးချစ်စိတ် အရိပ်”

ဒို့တိုင်းဌာနီ

ခင်ဆွေဦးရေးသည်။

ရှုမ၀တိုက်၊ အဖိုး ၂ ကျပ်။

သူ့ခေတ် သူ့အခါနှင့် လျော်ညီစွာ “ဒို့မေမေ” ဖြစ်ထွန်းခဲ့ရဖူးသည်နှင့်အညီမျက်မှော က်ကာလနှင့် တန်သော “ဒို့တိုင်းဌာနီ” သည်လည်းစာအုပ်စင်ပေါ်သို့ ရောက်လာခဲ့ရပေပြီ။

အစရှိလျှင်အဆုံးရှိရပေမည်။ “စ” သူသေခဲ့ပြီးမှအဆုံးသတ်ကိုတစ်ပါးသူကသာလျှင် ပြုစုနိုင်ပေတော့မည်။ ဤတစ်ပါးသူကား စ သူ၏ သမီးဖြစ်နေခြင်းမှာ လျော်ကန်လှပေ၏ ။

“မိ” ငယ်ငယ်က မြန်မာပြည်မြေပုံကိုဆွဲတတ်ရကောင်းမှန်းမသိသလို၊ ခင်ဆွေဦးသည် ကလေးဘ၀က မြန်မာပြည်မြေပုံကိုဆွဲတတ်ရကောင်းမှန်းမသိခဲ့။ သူ့ကျွန်ဘ၀နှင့်လွတ်လပ်ရေးအရသာကိုခင်ဆွေဦးသည် မိနှင့်ထပ်တူ ကလေးဘ၀က နားလည်ခဲ့ဟန်မတူ။ လွတ်လပ်ရေးကိုသဲသဲမဲမဲလိုချင်ရကောင်းမှန်းလည်းသိခဲ့ဟန် မရှိချေ။

သို့ သော် “မဟာဆွေ” တစ်ယောက်လုံးမှာ ကိုယ့်ဖခင်ဖြစ်၍ သခင်ညီလေး၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော (ကိုရွှေ)၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ စသည် စသည်တို့၏ ပတ်ဝန်းကျင်တွင်ကြီးပြင်းလာရသောအခါ လွတ်လပ်ရေးသံ၊ မျိုးချစ်စိတ် စကားသံတို့ကိုနားယဉ်လာရသောအခါ ခင်ဆွေဦးသည် မြန်မာပြည်မြေပုံကိုလည်းလက်တန်းဆွဲတတ်လာရပေမည်။

“ဒို့မေမေ”၊ “အကျိုးဆောင်ကြီး”၊ “သူပုန်ကြီး” တို့နှင့်ထွေးလုံးရစ်ပတ် ကြီးပြင်းလာရသူသည် လွတ်လပ်ရေးအတွက်အသက်၊ သွေး၊ ချွေး၊ ဘ၀တစ်ခုလုံး ပေးကြသူများ ကို ကြည်ညိုကိုးကွယ်တတ်လာရမည် အမှန်ပင်။

သို့ လျှင် ကြည်ညိုတတ်လာသောမိဆိုသူတစ်ယောက်သည် “ဒို့တိုင်းဌာနီ” တွင် ရှေးကရှိခဲ့ဖူးကြောင်းခင်ဆွေဦးကပြောပြလေ၏ ။

ကိုသူရ၊ ကိုရန်နောင်၊ မိတို့ဖြင့် တြိဂံဘောင် ကြက်ထားသောခင်ဆွေဦး၏ ဒို့တိုင်းဌာနီပုံပြင်ကားသူသိသရွေ့၊ သူမြင်သရွေ့ မျက်မှော က်မြန်မာပြည်၏ ပုံပြင်ပင် ဖြစ်လေသည်။

ခင်ဆွေဦးသည် မိ၏ ထောင့်မှ ၀င်ကြည့်ပြီးဒို့မြန်မာပြည်ဝယ် ဖြစ်နေသမျှကိုရင်ထုမနာတင်ပြလေသည်။ ဖအေ့ခြေရာနင်းပြီးဆိုရမျှပင်။ ဆရာကြီးမဟာဆွေ၏ ဒို့မေမေ၀တ္ထုနှင့် ခင်ဆွေဦး၏ ဒို့တိုင်းဌာနီမှာ သဘောချင်းဆင်ဆင်တူသည်။ အမှန်မှာ မျိုးတူဆင်ကွဲသာဖြစ်၏ ။

လွတ်လပ်ရေးကိုရယူရေးသည် ခက်၏ ။ ထို့ထက်လက်တွင်းရပြီးသားလွတ်လပ်ရေးကိုမပျောက်ပျက်ရအောင်ထိန်းသိမ်းရေးကားပို၍ ခက်ခဲသည်။ မဟာဆွေ၏ ၀တ္ထုသည်လွတ်လပ်ရေးရယူရေးအပိုင်း၌ ၄င်းနှင့် အဆစ်အပိုင်းမှပါဝင်ခဲ့၏ ။ မဟာဆွေသည် သူနိုင်သောဘက်မှ ကလောင်ဖြင့်မျိုးချစ်စိတ်၊ လွတ်လပ်ရေးရယူလိုစိတ်ကို နိုးဆွပေးရုံမျှဖြစ်သည်။

ခင်ဆွေဦးနှင့်တကွ မျက်မှော က်စာရေးဆရာများ မှာ မူထိန်းသိမ်းရေးအပိုင်းတွင်တာဝန်ထမ်းကြရမည် ဖြစ်သည်။

ခင်ဆွေဦးသည် ကိုသူရတည်းဟူသောကြေးမုံပြင်ကိုထောင်ပြ၍ ရဲဘော်သုံးကျိပ်တို့မှအစတော်လှန်ရေးကာလအတွင်းနှင့် လွတ်လပ်ရေးကိုအပြီးအပိုင် မရခင်စပ်ကြားတစ်တိုင်းပြည်လုံးထားရှိခဲ့ကြသောစိတ်ဓာတ်ကိုတစ်ဖန် အရိတ်ပြန်ထင်အောင် ကြိုးစားခြင်း ဖြစ်သည်။

ကိုသူရတို့ကဲ့သို့ စိတ်ဓာတ်မျိုးကြောင့်လည်းတိုင်းပြည်လွတ်လပ်ခဲ့ရပြီ။ သို့ သော် လွတ်လပ်ပြီဆိုကာမျှဖြင့် မိနှင့်ကိုရန်နောင်တို့ အလားတူစိတ်ဓာတ်ကိုလျှော့ပစ်ကြဖို့ မသင့်။ တောင့်တသော ငြိမ်းချမ်းရေးမရသေးသည်ကိုလက်ပိုက်ကြည့်နေ၍ မသင့်။ တိုင်းပြည်တွင် အတွင်း,အပရန်မီးဝိုင်းနေသောအခါ၌ တစ်ကြိမ်ကရှိခဲ့ဖူးသောအနစ်နာခံစိတ်၊ မျိုးချစ်စိတ်၊ ဇွဲလုံ့လတို့ကိုယခင်ကလိုခဲ့သည်နှင့်အမျှ ယခုလည်းလိုသေးသည်။ တစ်နည်းဆိုရသော် အာဇာနည်တွေ လိုနေသည်။

“ဒို့တိုင်းဌာနီ” တွင် ကိုသူရ၏ အရိပ်ကြီးမှာ အားလုံးသောဇာတ်ဆောင်များ အပေါ် စီးမိုးခဲ့သည်။ လူသာမန်၏ အရိပ်ထက် ပို၍ ကြီးမားသယောင် ရှိ၏ ။ စင်စစ် ကိုသူရ၏ အရိပ်သည် လူတစ်ယောက်တည်း၏ အရိပ်မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း၏ အရိပ်၊ ရဲဘော်သုံးကျိပ်၏ အရိပ်၊ ၁၉၄၅ခုနှစ်တော်လှန်ရေးကြီးနှင့်တကွ ပြည်တွင်းသောင်းကျန်းမှု တိုက်ပွဲနှင့် တရုတ်ဖြူတိုက်ပွဲများ တွင် ဘဝတွေ၊ အသက်တွေ စတေးသွားကြရှာသောသူတွေ၏ အရိပ်၊ တစ်ပြည်လုံး၏ အရိပ်ကြီး ဖြစ်ပေသည်။

စင်စစ် ကိုသူရ၏ အရိပ်သည် လူ၏ အရိပ်မဟုတ်။ စစ်၏ အရိပ်ဖြစ်သည်။

မိ၊ ကိုသူရ၊ ကိုရန်နောင် တည်းဟူသော တြိဂံအချစ်ဇာတ်လမ်းဖမ်းစားခံရရင်း၊ ဤကိုသူရ၏ အရိပ်ကြီးသည်စာဖတ်သူများ အပေါ်တွင် လွှမ်းမိုးသွားမည်ဆိုလျှင် ခင်ဆွေဦး၏ ရည်ရွယ်ချက် အောင်မြင်သည်ဟုဆိုရမည် ဖြစ်ပေသည်။

စံလွင်

၁၉၆၁ ခု၊ စက်တင်ဘာလ

ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၁၅

ခင်ဆွေဦး

ဒို့တိုင်းဌာနီ

(၁)

မြောက်ဘက်သို့ လားသော်…တရုတ်ပြည်။

တောင်ဘက်သို့ လားသော်..ဘင်္ဂလားအော်နှင့်မုတ္တမကွေ့။

အနောက်ဘက်သို့ လားသော်..အာသံ၊ မဏိပူရပြည်နှင့်ဘင်္ဂလားအော်။

ရှေ့သို့ လားသော်…တရုတ်ပြည်နှင့် ထိုင်း။

“အထွေး” လူမှန်းသိစ စတူတ္ထတန်း၌ ပညာသင်ကြားခဲ့ရသော အရွယ်သို့ အရောက်တွင် အထွေးသိခဲ့ရသည့် မြန်မာပြည်နယ်နိမိတ်အကြောင်း ဖြစ်ပေသည်။ မြန်မာပြည်မြေပုံကိုကား အထွေးသည် ထိုအရွယ်ကလေးကပင် လက်လွတ်ရေးဆွဲနိုင်ခဲ့ပေပြီ။ ကွေ့ကောက်တွန့်ချိုင့်သော ပင်လယ်ကမ်းရိုးတန်းများ ၊အကောက်အကွေ့များ သော နယ်နိမိတ်များ ကိုကား တစ်ကြောင်းဆွဲနှင့်ပင် အထွေးရနေချေပြီ။

အာရှတိုက်တောင်ဘက် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့မြောက်လတ္တီတွဒ် ၁၀•မှ ၂၉• အကြား၊ အရှေ့လောင်ဂျီတွဒ်၉၂•မှ ၁၀၁• အကြား စသည့် မြန်မာပြည် တည်နေရာကိုလည်း “အထွေး” နှုတ်ငုံရခဲ့လေသည်။

“အထွေးရယ်…မင်းမြေပုံဆွဲ သိပ်ကောင်းတာပဲနော်”

ခင်လေးမိသည် အထွေး၏ လေ့ကျင့်ခန်းစာအုပ်မှ မြန်မာပြည်မြေပုံကို ကြည့်ကာ တအံ့တသြ ချီးကျူးလိုက်သည်။

“မတော်ပါဘူး မိရယ်၊ ထွေး ခဏခဏ ဆွဲနေလို့ပါ”

ထွေးက ရှက်စနိုးနှင့် ခပ်ရို့ရို့လေး ဖြေလိုက်သည်။

“တကယ်ပါ ထွေးရယ်။ မိကို မြန်မာပြည်မြေပုံဆွဲ သင်ပေးစမ်းပါ၊ မိတို့ကျောင်းက မြန်မာပြည်အကြောင်း မသင်ရဘူးထွေးရဲ့ ။ မိတို့ဆရာမ ကလေ…နင်တို့ မြန်မာပြည်ကအလကားပဲ၊ ဘာအသုံးကျတာရှိလို့လဲ၊ တိုင်းပြည်က အစက်ငယ်လေးလောက် ရှိတာ၊ ဘာညာနဲ့ သင်မပေးဘူး”

ခင်လေးမိက လေပြည်လေးနှင့် ခပ်အေးအေးပြောလိုက်သော်လည်း ထွေးသည် ရှူးရှူးရှားရှားဖြစ်ကာ စားပွဲကို လက်သီးနှင့် ထုလိုက်သည်။

“ကြည့်စမ်း…မိတို့ ဆရာမ က ကပြားကုလားပီပီမြန်မာပြည်မှာ နေပြီး မြန်မာပြည်ကို မကောင်းပြောတယ်၊ ဒါကို မိ ခံနေသလားဟင်”

“အို…ထွေးကလဲ မခံလို့ ဘယ်လိုလုပ်မလဲ၊ သူကမိတို့ ဆရာမ ကိုး၊ မိ ဘယ်ပြန်ပြောရဲမလဲ၊ နောက်ပြီး ကမ္ဘာ့မြေပုံမှာ ကြည့်လိုက်တော့ မြန်မာပြည်က သေးသေးငယ်ငယ်လေးရယ်လို့ ဆရာမ ကပြောတာလဲ မှန်သားပဲလို့ အောက်မေ့တာကိုး”

“ကဲ…ဒီလိုဆို မဖြစ်ဘူး၊ မိ ဒီကျောင်းမှာ မနေပါနဲ့၊ မိ ဒီကျောင်းမှာ နေရင် ကျွန်စိတ် ဝင်တော့မှာ ပဲ”

“ကျွန်စိတ်ဝင်မယ်…ဘယ်လို”

ခင်လေးမိသည် “ထွေး” က စကားကြီးစကားကျယ် သုံးလိုက်သော စကားကို သူ့အရွယ်တွင် နားမလည်နိုင်အောင်ရှိသည်။ စင်စစ် မိနှင့်ထွေးတို့သည် ၁၁ နှစ်ထဲသို့ ဝင်စအရွယ်တူပင် ဖြစ်သော်ငြားလည်း အသိအမြင်ချင်းမတူကြပေ။ “ထွေး” က အမျိုးသားကျောင်းတွင် ကြီးပြင်းလာရသော်လည်းမိမှာ နို့လွတ်စ အရွယ်ကတည်းက သာသနာပြုကျောင်းတွင်ကြီးပြင်းလာရပေသည်။ သို့ ကြောင့် ထွေးပြောသော စကားများ ကို မိသည် နားမလည်နိုင်အောင် ရှိလေသည်။

“ကျွန်စိတ်ဆိုတာလေ…မိရယ် ထွေးတို့ မြန်မာပြည်ကခု သူများ ကျွန်ဖြသ်တယ်”

“မြန်မာပြည်က ကျွန်? သူများ ကျွန်? မြန်မာပြည်ကလူလဲမဟုတ်ဘဲနဲ့ ဘယ့်နှယ့်ကြောင့် သူများ ကျွန်ဖြစ်ရတာ လဲ၊ ထွေးပြောတာ မိ နားမလည်ဘူး”

မိသည် ကြားဖြတ်ဝင်မေးသဖြင့် ထွေးသည် စိတ်ရှုပ်သွားကာ ဖြေထောက်ကလေးများ ကို ကြမ်းပြင်တွင် ဆောင့်ပြီးခေါင်းကို တယမ်းယမ်းနှင့် ခါလိုက်သည်။

“သြော်…မိကလဲ နားဝေးလိုက်တာနော်၊ ထွေး မပြောတတ်တော့ဘူး၊ ထွေး ရှင်းမပြတတ်ဘူး၊ ခက်တာပဲ”

ထွေးသည် ၁၀နှစ် သမီးအရွယ်ကစ၍ စာဖတ်လေသည်။ ကလေးပေသည့် အမြဲပင် လူကြီးတွေးတွေးသည်။ လူကြီးဆန်သည်။ လူကြီးအနေ နေသည်။ မိက ကစားချင်လို့ လာလည်သည်ကို အဖော်စပ်လို့ မရပေ။ ယခုလည်း မိ ကစားရန်ယူလာသော ကျွဲကော်အရုပ်ကလေးကို အိပ်ရာခုတင်ပေါ်သို့ ပစ်တင်ကာ မြေပုံဆွဲကြရာမှ ထွေးသည် လူကြီးပြော ပြောလေသည်။

“မိ သိချင်လို့ပါ ထွေးရယ်၊ သိသလောက် ပြောပြစမ်းပါ”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်လောက်က ထွေးတို့မြန်မာပြည်က ရှင်ဘုရင်သီပေါမင်းကို အင်္ဂလိပ်တွေက ဖမ်းသွားပြီး မြန်မာပြည်ကို မတရား သိမ်းပိုက်ခဲ့တယ်၊ ဒီထဲကခုချိန်ထိ ထွေးတို့ဟာ အင်္ဂလိပ်ကျွန် ဖြစ်ခဲ့ရတယ်”

ထွေးသည် ၁၀နှစ်အရွယ် ကလေးငယ်မျှသာ ဖြစ်သဖြင့်သိသလောက် တတ်သလောက် ဝမ်းထဲငုံထားမိသလောက် ပြန်လည် ပြောမပြတတ်ရှာပေ။ မိကလည်း ထွေးလောက်မှ အသိညဏ် မဝင်သေးသူဖြစ်သဖြင့် မလည့်တလည်နှင့်ပင် မြန်မာပြည်၏ ကျွန်ဇာတ်လမ်းကို ခေါင်းထဲတွင် ပြဿနာတစ်ခုသဖွယ် ဝင်ရောက်နေတော့သည်။ အိမ်သို့ ပြန်ရောက်လာ၍ အဖော်များ နှင့် ကစားပြန်တော့လည်း ထွေးနှင့် ပြောခဲ့သည်များ ကို မေ့သွားပေသည်။

၁၉၃၉-ခု၊ စက်တင်ဘာလ…

သန်နှောင်းမိုးသည် တဗြန်းဗြန်း တဒိုင်းဒိုင်းနှင့် အားကောင်းစွာ ရွာဆဲတည်း။

မိသည် အိမ်နောက်ဖေး လမ်းခြားလျက်ရှိသော ထွေးတို့အိမ်ဘက်သို့ ခမောက်ကလေး ဆောင်းကာ အပြေးအလွှားလာခဲ့လေသည်။ လျှပ်စီးတို့သည် ဝင်းခနဲ ဝင်းခနဲ ပြိုးပြက်ကာမိုးခြိမ်းသံသည် မြေထုကို ထိုးဖောက်၍ တုန်ဟည်းသွားလေသည်။

“အိုး…ဟဲ့ မိမိပါလား၊ ဘယ့်နှယ် မိုးရေထဲ ပြေးလာရတာ တုံး”

ထွေးတို့အမေက ထမင်းအိုးမွှေရာမှ မိအား လှမ်းပြောလိုက်၏ ။

“ထွေးဆီကို လာတာ”

မိသည် မီးဖိုချောင်မှ ကျော်ဖြတ်ကာ ကရောသောပါးနှင့်ထွေးရှိရာအပေါ်ထပ်သို့ လှမ်းတက်ခဲ့သည်။ ထွေးတို့အိမ်မှာ အလုံထီးတန်းတောင်ဖျား ဘင်တန်လမ်းတွင် သစ်ပေါပါနှင့်ဆောက်လုပ်ထားသော နှစ်ထပ်ပျဉ်ထောင်အိမ် ဖြစ်သည်။ လေးထောင့် ကျွန်းသစ်တိုင်များ သည် ခံ့ညားလေသည်။ ကြမ်းပြင်နှင့် လှေကားအဆင့်များ သည် ပေါလစ်အရောင်ဖြင့် တပြောင်ပြောင် တောက်ပနေသည်။ လှေကားပေါ်သို့ အပြေးအလွှားတက်လာသော မိသည် တစ်စုံတစ်ယောက်နှင့် တိုက်မိလေသည်။ အဆင်းအတက်တွင် တက်သူက အောက်ဆင့်တွင်နေရသဖြင့် တစ်ပန်းရှုံးကာ လှေကားထစ်မှ ခြေချော်ပြီးနောက်လန်ကျမလို ဖြစ်သွားသည်။

မိ၏ နုနယ်သော လက်မောင်းအိုးကလေးကို ပူနွေး၍ ကြမ်းသော လက်ဝါးနှင့် ဆုပ်ကိုင်လိုက်သဖြင့်သာ မိ လိမ့်မကျခြင်း ဖြစ်လေသည်။ မိသည် ဖျတ်ခနဲ တုန်လှုပ်လန့်ဖျပ်ကာ မော့ကြည့်လိုက်မိသည်။

“ဟေး…လောလှချည်လား၊ ထွေးနဲ့ မတွေ့မှာ စိုးလို့လား”

အောင်မြင်၍ ပြတ်သားကြည်လင်သော အသံသြဇာသည်မိကဲ့သို့ ကလေးငယ်ကို နှုတ်ဆိတ်စေသည်။ မိသည် စကားပြန်မပေးနိုင်သေးဘဲ ထွေး၏ အစ်ကိုကြီး ကိုသူရကို စိုက်ငေးနေမိသည်။ ထိုစဉ်က ကိုသူရမှာ အသက် ၁၉နှစ်ခန့်သာ ရှိသေးသည်။ ကိုသူရ၏ အရပ်မှာ ၅ပေ၊ ၁၀လက်မခန့် မြင့်မား ကာကိုယ်လုံးကိုယ်ထည် အနည်းငယ် ပိန်သဖြင့် အရပ် အလွန်ရှည်သည်ဟု ထင်ရသည်။ သို့ သော် ကျယ်ပြန့်သော ပခုံးနှင့်ရင်အုံ၊ ခိုင်ခန့်သော လည်တိုင်တို့ကြောင့် ပိန်သော် လည်းကြည့်ကောင်းလေသည်။

မတိုမရှည် ဘိုကေဆံစမှာ ပျော့ပျောင်းနုနယ်သဖြင့် ကျယ်ပြန့်သော နဖူးပေါ်သို့ ညွတ်ခွေဝဲကျနေတော့သည်။ အသားအတော်လတ်သဖြင့် နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်ရိတ် ထားသောနေရာတို့မှာ စိမ်းနေသည်။ ကိုသူရ၏ မျက်နှာကိုချည်း ကွက်ကြည့်မည်ဆိုလျှင် လှကွက်လှယောင် မရှိပေ။ ထူထဲသောမျက်ခုံးအောက်မှ စူးရှတောက်ပြောင်သော မျက်လုံးများ ၊ မျက်နှာလုံးလုံးတွင် ထင်ရှားသော နှာတံတို့က ရုပ်ကို ပီသစေသည်။ ကိုသူရ၏ နှုတ်ခမ်းများ မှာ ပိပိရိရိနှင့် ပါးလျားသည် ဆိုသောနှုတ်ခမ်းများ နှင့် ဆန့်ကျင်ဘက်တည်း။ နှုတ်ခမ်းများ မှာ အနည်းငယ် ထူထဲကာ လုံးဝန်းနေသည်။ သို့ သော် နှုတ်ခမ်းများ ကိုစေ့စေ့တင်းထားသဖြင့် ကြည့်ပျော်သည်။

“ထွေး အပေါ်မှာ … မင်းမလာလို့ တစ်ယောက်တည်းပျင်းနေတယ်ကွ”

“ဟုတ်တယ်၊ ခု ထွေးဆီ သွားမလို့ပဲ”

“အေး…အေး သွား၊ မင်းကို ထွေး စောင့်နေတယ်”

ကိုသူရသည် လှေကားမှ အပြေးအလွှား ဆင်းသွားလေသည်။ မိသည် ကိုသူရ၏ နောက်ကျောကို ငေးစိုက်ကာ ကျန်ရစ်သည်။ ရှပ်ဖြုလက်တိုနှင့် မန်ကျည်းကွက်စိပ် အနက်ချည်လုံချည်မှာ မိမျက်စိထဲတွင် ယနေ့ထက်တိုင် ပြန်လည်မြင်ယောင်နေသေးသည်။ ထိုစဉ်က မိ၏ အမြင်၌ ကိုသူရသည်မြန်မာ့လွတ်မြောက်ရေး တိုက်ပွဲတွင် ရှေ့တန်းမှ ဝင်ရောက်ဆင်နွှဲမည့် မျိုးချစ်လူငယ်လေးဟု မတွေးတတ်သေး။ မိ၏ စိတ်ထဲ၌ ကား ကိုသူရသည် ထွေး၏ အကိုကြီး အကြီးဆုံး၊ မိမိ၏ နှစ်ဝမ်းကွဲအစ်ကို၊ လေးစားခံ့ညားထိုက်သော လူတစ်ယောက်အဖြစ်သာ မြင်နေခဲ့သည်။

“လှေကားက အတက်မှာ အစ်ကိုကြီးနဲ့ တိုက်မိလို့ထွေးရယ်”

ထွေးသည် စားပွဲပေါ်တွင် နေ့စဉ်မှတ်တမ်းကို လူကြီးဂိုက်ဖမ်းကာ ရေးနေသည်။ ထွေး၏ လက်ရေးများ သည် ဝိုင်းစက်လှပသည့်အပြင် ထွေးသည် မြန်မာစာ တော်သည်။ မိသည်ထွေးကဲ့သို့ ရေးတတ်ဖို့ နေနေသာသာ ဖြောင့်အောင် ပင်မဖတ်တတ်ပေ။

“အစ်ကိုကြီးက ဒီလိုပဲ အလုပ်သိပ်များ တယ်၊ သူလေ ဘာမှမမြင်ဘူး၊ ထွေးနဲ့လဲ ခဏခဏ တိုက်မိတာပဲ”

“ထွေး အဲဒီ စာအုပ်ထဲမှာ နေ့တိုင်း မှတ်တာပဲလားဟင်”

ထွေးက ခေါင်းညိတ်ပြလိုက်သည်။ မိသည် ထွေး၏ မှတ်တမ်းစာအုပ်ကို ဆွဲယူကြည့်လိုက်သည်။ မိစိတ်ထဲ၌ ထွေးကို အလွန်အားကျနေသည်။ ထွေးလို တော်ချင်သည်။ သိတတ်ချင်သည်။ စာအုပ်မှာ ကောပီစာအုပ်အရွယ် အနက်ရောင်ကတ်ထူဖုံးနှင့် ဖြစ်သည်။ စာအုပ်ထဲတွင် နေ့စွဲများ ပါသည်။

“ထွေး ခုမှ စမှတ်တာပါ။ ဒီစာအုပ်ကို အစ်ကိုကြီးကပေးတာ၊ ထွေးဒိုင်ယာရီ မှတ်ချင်တယ်လို့ မေမေ့ကို ပူဆာတာအစ်ကိုကြီးက ကြားသွားလို့ ဒီစာအုပ်ကို မပျောက်စေနဲ့ ယူထား၊ ပြီးတော့ နေ့တိုင်း မှန်မှန်မှတ်ဆိုပြီး ပေးထားတာ”

၁၁နှစ်အရွယ်ထဲတွင် ရှိသေးသော်လည်း ထွေး၏ မျက်နှာ ဣနြေ္ဒဆောင်ထားပုံမှာ လူကြီးအတိုင်းပင်။ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ထွေးအား ငေးမောကြည့်ရှုနေသည်။

“ဒီလိုဆိုရင် မိလဲ မှတ်ချင်လိုက်တာ”

“မှတ်ပါလား မိရယ်၊ နေ့စဉ်မှတ်တမ်းထားတာဟာအဖိုးတန်တဲ့ အကျင့်ပဲလို့ ထွေးတို့အမေက ပြောတယ်”

“မိက ထွေးလို ရေးတတ်မှာ မဟုတ်ဘူး၊ ခက်တာပဲ”

မိတို့ကျောင်း၌ စတုတ္တတန်းတွင် သူငယ်တန်းဖတ်စာလောက်သာ သင်ရသည်။ မြန်မာစာကို အိမ်၌ သင်ရသည်။ မိ၏ မေမေက မအားသဖြင့် ဒေါ်ကြီးတော်သူ ဒေါ်နှင်း (ထွေးတို့မေမေ)က မိအား အားလပ်ချိန်၌ မြန်မာစာ သင်ပေးသည်။ ထိုအချိန်၌ မိမှာ မြန်မာစာ ၂တန်း၊ ၃တန်း လောက်တတ်နေပေပြီ။ ထွေးမှာ မူကား ၄တန်းတွင်ရှိသော်လည်း၎တန်းမကအောင် မြန်မာစာ တတ်နေပေပြီ။ ထို့ပြင် မြန်မာဝတ္ထု၊ ဆောင်းပါး၊ ကဗျာများ ကို ဖတ်သဖြင့် စာအရည်ဝ၍ နေသည်။ ဦးဖိုးကျား၏ ကိုယ့်တွေ့ဝတ္ထုတိုများ ၊ တက္ကသိုလ် မဂ္ဂဇင်းမှစာတိုလေးများ နှင့် ဂန္တဝင်လောက မဂ္ဂဇင်းဝတ္ထုတို လေးများ ကိုစွဲဖတ်သဖြင့် ထွေး၏ အသက်အရွယ်နှင့် မြန်မာစာဗဟုသုတ မည်မျှရှိသည်ကို ခန့်မှန်းနိုင်ပေသည်။

“နေ့တိုင်း ရေးသွားရင် လွယ်သွားမှာ ပါ မိရယ်”

မိသည် ထွေး၏ ဒိုင်ယာရီစာအုပ်ကလေးကို ပြန်မပေးသေးဘဲ စူးစမ်းစိတ်နှင့် လှန်လှောကြည့်နေသည်။ ဒိုင်ယာရီ၏ ပထမပိုင်းစာရွက်များ တွင် လက်ရေးသေးသေးနှင့် ခပ်သော့သော့ရေးထားသော စာလုံးလေးများ ကို တွေ့ရသည်။ ဒါ ကိုသူရ၏ လက်ရေးပဲဟု မမေးဘဲ တွေးကြည့်လိုက်သည်။

“ဒီစာအုပ် မိကို ခဏငှားပါကွယ်”

မိသည် ထွေးအား တောင်းတောင်းပန်ပန်နှင့် ဒိုင်ယာရီစာအုပ်ကို ခဏငှားလေသည်။ ထွေးကမူ ငှားရန် ငြင်းဆန်နေသည်။ မိက မျက်နှာငယ်လေးနှင့် တစ်ညလောက် ငှားပါဟုအထပ်ထပ် တောင်းပန်လွန်းသဖြင့် မငြင်းဆန်သာဘဲ ပေးလိုက်သည်။

ည အိမ်သို့ ရောက်လျှင်ရောက်ချင်း ကျောင်းသုံးကော်ပီစာအုပ်တစ်အုပ်ကို ထုတ်ကာ ထွေးဆီမှ ယူလာသော ဒိုင်ယာရီမှကူးယူလေသည်။ ထိပ်ဆုံးပထမမျက်နှာ၌ ကိုသူရ၏ ကသီကရီလက်ရေးသော့လေးများ ကို တွေ့ရလေသည်။ ကိုသူရ ရေးထားသော စာလုံးများ ကို နားမလည်ဘဲနှင့် ကလေးများ လက်ရေးလှ ရေးသကဲ့သို့ တစ်လုံးစီ ကူးရေးလေသည်။

လွတ်လပ်ရေးတိုက်ပွဲ…

လူတိုင်း၌ ညီမျှသော အခွင့်တရား ရှိသင့်သည်။

လူတစ်မျိုးက လူတစ်မျိုးကို အုပ်ချုပ်ရန် အလိုမရှိ။

သွေးနှင့်လဲရသည်…

လွတ်လပ်ရေးကား သွေးနှင့်လဲယူရသော အလုပ်ဖြစ်၏ ။

ရာထူး လခနှင့် လဲယူခြင်းသည် လွတ်လပ်ရေး အစစ်မဟုတ်။ သို့ ဖြစ်လျှင် ဤလူယုတ်များ ကို သုတ်သင်ရဲသော အာဇာနည်များ အဘယ်ကြောင့် မပေါ်ထွက်သေးသနည်း။

တွေးကြည့်ပါ…

မိတ်ဆွေ…အဆွေသည် မြန်မာလူမျိုး ဖြစ်ပါသည်။

မော်တော်ကားကြီးစီး၊ တိုက်ကြီးတာကြီးနှင့် စည်းစိမ်ယစ်နေသောအခါ အမိုးမလုံ၊ သားသမီး တစ်ပြုံကြီးနှင့် တဲကုပ်ကလေးတွင် ငတ်ပြတ်ခွေလဲနေသောမြန်မာများ ကို တွေးကြည့်ပါ။

အလိုရှိသည်…

(ဗာလနံ) မဟုတ်သော လူမိုက် အလိုရှိသည်။ အလုပ်လုပ်လိုသူများ သည် မည်သည့်နေရာမှ လျှောက်ထား ဖို့မလို။ နိုင်ငံရေး ဇာတ်ခုံတွင် ကိုယ်ကျိုးမငဲ့ဘဲ ကပြကြပါ။

(ရဲသတင်းစာမှ ကောက်နုတ်ချက်များ )

မိသည် လက်ရေးကို လှနိုင်သမျှ လှအောင် ကြိုးစားပမ်းစား ရေးကူးလေသည်။ “နိုင်ငံရေးဇာတ်ခုံတွင်၊ ကိုယ်ကျိုးမငဲ့ဘဲ ကပြကြပါ” ဆိုသည့် နေရာ၌ ကိုသူရက မင်နီနှင့်မျဉ်းသားထားသည့်အတိုင်း မိမိလည်း ခဲတံအနီနှင့် တားလိုက်သည်။ ဘာဆိုလိုသည်ကိုတော့ မိမှာ အတိအကျ နားမလည် ရှာပေ။

လက်မောင်းကို အညောင်းဆန့်ခါလိုက်ကာ ဆက်မကူးဘဲ ရပ်ထားသည်။ စာအုပ်ကို ငှားလာစဉ်ကတော့ တစ်အုပ်လုံးကို ဇွဲနှင့်ကူးမည်ဟု ယူလာခဲ့ပေသည်။ ခုတော့ မောသွားပေပြီ။ နောက်မှပဲ ငှားပြီး ကူးတော့မယ်လေဟုတွေးကာ စာရွက်များ ကို တဖျပ်ဖျပ် လှန်လှောကြည့်ရှုနေမိသည်။

စာအုပ် တစ်နေရာတွင် မင်နီဖြင့် ကြက်ခြေခတ်ထားသဖြင့် ကြည့်လိုက်သည်။

၁၉၃၉-ခု၊ စက်တင်ဘာလ ၁ - ရက်နေ့။

ဂျာမန်တို့ ပိုလန်ကို ဝင်တိုက်သောနေ့ ဖြစ်သည်။

ယေဘုယျအားဖြင့် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသောနေ့ဟု သတ်မှတ်ရပေမည်။

မိအဖို့ သူ့တွင် မသိသေးသော အရာများ မြောက်မြားစွာ ရှိပါသေးတကားဟု အားငယ်စွာ တွေးနေမိသည်။ ဂျာမန်ဆိုတာ ဘယ်မှာ မှန်း မသိ။ ပိုလန်ဆိုတာလည်း မသိ။ ယုတ်စွအဆုံး “ဒုတိယကမ္ဘာစစ်” ဆိုသည်ကိုလည်း နားမလည်ပေ။ “ယေဘုယျ” ဆိုသော စကားကလည်း ဘယ်လို အဓိပ္ပာယ်ရှိသနည်း။ သည်စကားကို တစ်ခါမှ ကြားပင် မကြားဖူးပေ။

သူ မသိသေးသော အရာများ ကို သူ့အား မည်သူကပြေလည်အောင် လာလို့ ရှင်းပါမည်နည်း။ ဖေဖေမှာ ရုံးတွင်တကုန်းကုန်းနှင့် အချိန်ကုန်ကာ အိမ်အပြန်တွင် ပက်လက်ကုလားထိုင်မှာ ခြေပစ်လက်ပစ်လှဲကာ အပန်းဖြေရသူတည်း။ မေမေက မြို့နှင့်တော ကူးသန်းကာ ကုန်ခြောက်များးကို ရောင်းဝယ်ဖောက်ကားသည်။ မေမေသည် စီးပွားရေးသမား သက်သက်ဖြစ်၍ ငွေကိုရသမျှ ရှာသည်။ ဖေဖေကလည်း အချိန်မှန်မှန်လခထုတ်ကာ တစ်နေကုန် ရုံးတွင် သံသရာလည်ရသောစာရေးကြီး ဖြစ်သည်။

ထို့ကြောင့် မိတို့အိမ်မှာ ထွေးတို့အိမ်လို ပျော်စရာမကောင်းလှပေ။ မိသည် တစ်ချိန်လုံး ထွေးတို့အိမ်သို့ ကူးသို့ နေသည်။ ကြာတော့ မိသည် ထွေးတို့အိမ်သား ဖြစ်မှန်းမသိဖြစ်လာလေသည်။



ဝန်ဇင်းချစ်သူများ ခင်ဆွေဦး ၏ “ ဒို့တိုင်းဌာနီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မှတ်မှတ်ရရနေ့ရက်များနှင့် ကျွန်မ

ရွှေပြည်ကိုသာ လွမ်းတော့သည်

ဝါဆိုဦးကပန်ဖူးတယ်