အမှာစကား
အမှန်အတိုင်းပြောရလျှင် ကျွန်တော်သည် အက်ဆေး(ခေါ်) စာစီစာကုံးများကို ငယ်စဉ်ကတည်းက မုန်းပါသည်။ ကျွန်တော်မှတ်မိသလောက်အလယ်တန်းရောက်ချိန်ကတည်းက အက်ဆေး (ခေါ်) စာစီစာကုံးများကိုစာမေးပွဲတိုင်းတွင် ရေးသားဖြေဆိုခဲ့ရလေ့ရှိပါသည်။ မြန်မာစာမေးခွန်းထဲတွင် 'စာစီစာကုံး' ကို ဖြေရလေ့ရှိသလို အင်္ဂလိပ်ဘာသာဖြေဆိုရာတွင်လည်းအက်ဆေးတစ်ပုဒ်ဖြေရလေ့ရှိပါသည်။ ထို့ကြောင့် အက်ဆေးဆိုသည်မှာမြန်မာလို စာစီစာကုံးပင်ဖြစ်သည် ဆိုသော အဓိပ္ပာယ်ကလွဲ၍ ၎င်း၏သဘောသဘာဝကို ဘာမျှနားမလည်ခဲ့ပါ။ မည်သည့်ဆရာ၊ ဆရာမကမျှလည်းနားလည်အောင် ရှင်းမပြခဲ့ကြပါ။ သူတို့ကိုယ်တိုင် အသေအချာ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ကြသည်လည်း ဖြစ်နိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်နားလည်သဘောပေါက်ခြင်း မရှိသောအက်ဆေး(ခေါ်) စာစီစာကုံးများကို နှစ်စဉ်နှစ်တိုင်း၊ စာမေးပွဲတိုင်း၊ အတန်းတိုင်း ဖြေရလေ့ရှိပါသည်။ ထိုသို့ဖြေနိုင်ရန် ကိုယ်နားမလည်သောအက်ဆေးများကို အလွတ်ကျက်ခဲ့ရပါသည်။ ဤသို့အလွတ်ကျက်၍ ဖြေခဲ့ရသောကြောင့်လည်း အက်ဆေးကို ကျွန်တော်မုန်းခြင်း ဖြစ်ပါသည်။ ကျွန်တော် ကျက်မှတ်ခဲ့ရသော အက်ဆေးများမှာ မိသားစုအကြောင်း၊ ကျောင်းအကြောင်း၊ ပွဲတော်အကြောင်း၊ ရာသီဥတုအကြောင်း စသည့် ယေဘုယျ တွေ့ဖူးသိဖူးသည့် အကြောင်းအရာများသာ ဖြစ်ကြပါသည်။ ထိုယေဘုယျအကြောင်းများတွင် အမည်၊ နာမ၊ အကြောင်းအချက်အချို့ကို အပြောင်းအလဲလုပ်၍ ကိုယ်ကျက်ထားသော အက်ဆေးထဲတွင် အစားထိုး ရေးခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်အတွေးအမြင်၊ သဘောထား၊ အယူအဆ တစ်ကြောင်းမျှ မပါဝင်ခဲ့ပါ။ ထိုသို့ရေးရကောင်းမှန်းလည်း မသိခဲ့ပါ။ ထို့ကြောင့် အက်ဆေးရေးရသည်မှာ ကျွန်တော့်အတွက်များစွာ မခက်တော့ပါ။ သို့သော် အက်ဆေးကို အမှန်ပင် မုန်းခဲ့ပါသည်။
အထက်တန်းသို့ ရောက်သည့်အခါ အက်ဆေးများ၏အကြောင်းအရာ ခေါင်းစဉ်များမှာ ရှုပ်ထွေးများပြားသဖြင့် အက်ဆေးစာအုပ်များကို ရှာဖွဝေယ်ယူ ဖတ်ရှုခဲ့ရပါသည်။ ထိုအခါ အင်္ဂလိပ်ဘာသာ အက်ဆေးစာအုပ်များကို ရှာဖွေ၀ယ်ယူရသည်မှာ မခက်ခဲလှပါ။ သို့သော် မြန်မာ စာစီစာကုံးစာအုပ်များကို ရှာဖွေရာတွင် အခက်အခဲများ တွေ့လာရပါသည်။ မြန်မာ စာစီစာကုံးစာအုပ်များ၏ အမည်နာမများမှာ ထွေပြားရှုပ်ထွေးလာ၍ ဖြစ်ပါသည်။ စာစီစာကုံးစာအုပ်များကို အချို့က စာပန်းရဂုံ၊ အချို့က စာညွန့်၊ အချို့က အစမ်းစာ၊ အချို့က ရသစာတမ်းများ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ကမ္ဗည်းထိုး ခေါင်းစီးတပ်လာကြခြင်းကြောင့် ဖြစ်ပါသည်။ ထိုအခါ စာစီစာကုံး (ခေါ်) အက်ဆေး၏အဓိပ္ပာယ်နှင့် သဘောသဘာဝကို ပိုမိုနားလည် ရခက်လာပါသည်။
သို့ဖြင့် essay ဆိုသောစကားလုံး၏ အဓိပ္ပာယ်ကို oxford အဘိဓာန်တွင် လှန်လှောရှာဖွေကြည့်မိပါသည်။ oxford အဘိဓာန်တွင် သုံးမျိုးဖွင့်ဆိုထားပါသည်။
၁။ A written composition of a student on his study.ကျောင်းသားတစ်ဦး၏ ဘာသာရပ်ဆိုင်ရာ ကိစ္စတစ်ခုအကြောင်းရေးသားခြင်း၊
၂။A piece of writing on a particular subject.အကြောင်းကိစ္စ တစ်ရပ်ကို ဦးတည်ရေးဖွဲ့ခြင်း၊
၃။ An attempt to express something. အရာကိစ္စတစ်ရပ်အပေါ်ပုံဖော်ရေးဖွဲ့ရန် ကြိုးပမ်းအားထုတ်ခြင်း၊Oxford အဘိဓာန်၏ ဖွင့်ဆိုချက်အရ စာစီစာကုံးဆိုသည်မှာကျောင်းသားများ စာမေးပွဲ၌ ခေါင်းစဉ်တစ်ခုအောက်တွင် ရေးသားဖြေဆိုရသည့် စာစုပင်ဖြစ်ပါသည်။ ဤသည်ကိုပင် စာပန်းရဂုံ၊ စာညွန့်၊ အစမ်းစာ၊ စသည့် အမည်အမျိုးမျိုး တပ်ခဲ့ကြဟန်တူပါသည်။ ရသစာတမ်းဆိုသည်မှာမူ ကျောင်းသင်စာစီစာကုံးနှင့် မတူ။ တမူထူးခြားစွာ အရာကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ မိမိအမြင်၊ မိမိသဘောပေါက်မှုများကို ဆင့်ပွားခံစား၍ အားထုတ်ရေးဖွဲရခြင်းမျိုးကို ဆိုလိုဟန်ရှိပါသည်။
ထိုရသစာတမ်း(Essay) များမှာ ဗဟုသုတဖြစ်စေမည့် အချက်အလက်သက်သက်မျှ မဟုတ်ကြပါ။ ပုံဝတ္ထုဇာတ်လမ်းတစ်ခုကို ဖွဲ့နွဲ့ ပြောပြရန်လည်း မဟုတ်ပါ။ အကြောင်းကိစ္စတစ်ခုနှင့် စပ်လျဉ်း၍ မိမိ၏သဘောထားအမြင် ခံစားမှုများကို ပုံဖော်ဖွဲ့နွဲ့ရန် အားထုတ်ကြိုးပမ်းခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် အက်ဆေးကောင်း (ရသစာတမ်း)တစ်စောင် ရေးရသည်မှာ မလွယ်လှပါ။ ဆရာမြသန်းတင့်၏ နာမည်ကျော် ရသစာတမ်း ဖြစ်သောတမာနုချိန်စစ်တမ်းမှာ တမာရွက်နုများအကြောင်း ရေးထားခြင်းမဟုတ်ပါ။ 'အိမ်လွမ်းစိတ်' ကို ဖွဲ့ထားသော အညာတမ်းခြင်း တစ်ပုဒ်သာဖြစ်ပါသည်။ ထိုမှတစ်ဆင့် ဆရာမြသန်းတင့် ဘာသာပြန်ထားသည့် 'နိုင်ငံတကာရသ စာတမ်းငယ်များ 'စာအုပ်ကို ဖတ်ရှုအားကျမိပါသည်။ ထို့နောက် TIME မဂ္ဂဇင်းမှ အယ်ဒီတာများ၊ စာရေးဆရာများ၏ အက်ဆေးများကို ဘာသာပြန်ဆိုထားသည့် ဆရာ၏ 'သမိုင်းစကား ပန်းစကား' စာအုပ်ကို တိုးမြစ်စာအုပ်တိုက်မှ ကိုဝင်းဇော်လတ် လက်ဆောင်ပေးသဖြင့် ဖတ်ရှုအားကျမိပြန်သည်။ သို့ဖြင့် နိုင်ငံတကာ အက်ဆေးများကိုခံစား ပြန်ဆိုရန် အာရုံရလာခဲ့သည်။
ယခု'သမိုင်းနှင့် လမ်းလျှောက်ခြင်း' စာအုပ်ပါ နိုင်ငံတကာ မြို့ပြဖွဲ့အက်ဆေးများမှာ ကမ္ဘာကျော် Newsweek မဂ္ဂဇင်းကြီးတွင် အပတ်စဉ်ပါဝင်ခဲ့သော အက်ဆေးများကို မြန်မာလို ဆီလျော်အောင် ခံစားပြန်ဆိုထားခြင်းဖြစ်ပါသည်။ မြို့ပြဖွဲ့ အက်ဆေးပေါင်း (၅၅) ပုဒ်တိတိပါဝင်ပါသည်။ အာရှတိုက်မှ မြို့ပြဖွဲ့ (၁၇) ပုဒ်၊ အာဖရိကမှ (၇) ပုဒ်၊ လက်တင်အမေရိကမှ (၇) ပုဒ်၊ ဥရောပမှ (၁၅) ပုဒ်၊ အမေရိကမှ (၉) ပုဒ် အားလုံး (၅၅) ပုဒ် ဖြစ်ပါသည်။မြို့ပြဖွဲ့ဆို၍ မြို့၏တည်နေရာ၊ လူဦးရေ၊ သဘာဝပတ်ဝန်းကျင်၊ ကြီးကျယ်ခမ်းနားမှုတို့ကို ဖွဲ့နွဲ့ဖော်ပြထားခြင်း မဟုတ်ပါ။ ကမ္ဘာမြို့ပြများ၏ လူမှုစီးပွားရေးအနေအထား၊ သမိုင်းနောက်ခံကားပေါ်တွင် ရှင်သန်လှုပ်ရှားနေသော နိုင်ငံရေးရုပ်ပုံလွှာများကို ခံစားပုံဖော်ဖွဲ့နွဲ့ထားသည့် အက်ဆေးများဖြစ်ကြပါသည်။ ပါဝင်ရေးသားသူများမှာလည်း နိုဘယ်ဆုရှင်၊ ပူလစ်ဇာဆုရှင်၊ ပါမောက္ခ၊ သံတမန်၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပညာရှင် ခရီးသွားဆောင်းပါးရှင်များ ဖြစ်ကြသည့်အလျောက် ၎င်းတို့၏ခံစားမှု အမြင်သဘောထားများ၊ ချဉ်းကပ်ပုံဖော်ဖွဲ့နွဲ့သည့် ဟန်ပန်သဏ္ဌာန်များမှာ ကွဲပြားခြားနားကြပါသည်။ တစ်ပုဒ်ချင်းစီမှပေးသည့် အသိအမြင်ရသ ခံစားမှုများမှာ မတူညီကြပေ။
မည်သို့ပင်ဆိုစေ ဘာသာပြန်သူအနေဖြင့် မြန်မာနယ်နိမိတ်ပြင်ပသို့ထွက်ခွာသွားလာခွင့် မရဖူးသဖြင့် ဤမြို့ပြ (၅၅) မြို့သို့ ကိုယ်တိုင်တစ်ခါမျှမရောက်ရှိခဲ့ဖူးကြောင်း ဝန်ခံရပါမည်။ သို့တိုင် ဤအက်ဆေးဆရာများ၏မိတ်ဆက်ပေးမှုကြောင့် 'ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ' ဆိုသော စကားကို ယုံစားနားလည်ခွင့် ရခဲ့ပါသည်။ စာဖတ်သူများကိုလည်း ဤအက်ဆေးများဖြင့် ကမ္ဘာရွာကို လည်ပတ်ရောက်ရှိစေလိုပါသည်။ ဘာသာပြန်သူကို ကမ္ဘာရွာသို့ လက်ဆွဲခေါ်သွားရာတွင် ပထမဆုံးကျေးဇူးတင်ရမည့်သူမှာ News-week မဂ္ဂဇင်းမှ အက်ဆေးများကို အပင်ပန်းခံရှာဖွေပေးခဲ့သူ 'ရိုးမရိပ်' စာပေမှ ဦးကျော်အေး ဖြစ်ပါသည်။ နောက်ထပ်ကျေးဇူးပြုခဲ့သူများမှာဤဘာသာပြန်အက်ဆေးများကို စိတ်ရှည်သည်းခံစွာ ပုံနှိပ်ဖော်ပြပေးခဲ့သည့်' HOME & SERVICE 'ဂျာနယ်မှ အယ်ဒီတာချုပ်ဖြစ်ခဲ့သူ ကဗျာဆရာ မင်းထက်မောင်နှင့် ကိုမိုးဦးဆွေငြိမ်းတို့ပင် ဖြစ်ကြပါသည်။
သန်းစိုးနိုင်
၁-၈-၂ဝ၁၅
အာရှ
မျှော်လင့်ခြင်းများ နောက်ကွယ်
(ဘဂ္ဂဒက်)
ဖာဒိုရင်ပြင် (Firdos Square) ပေါ်မှာ ရှိတဲ့ ဆဒမ်ဟူစိန် (SaddamHussein) ရဲ့ အထိမ်းအမှတ်ကျောက်တိုင်ကြီး ပြိုလဲသွားခဲ့ပြီးနောက်တစ်ပတ်အကြာမှာ ဘဂ္ဂက်(Baghdad) မြို့တော်ကြီးကို ကျွန်တော် ပြန်ရောက်လာခဲ့တာပါ။ ကျွန်တော့်ကို မွေးကျွေးသုတ်သင်ပေးခဲ့တဲ့ ဒီမြို့ကြီးကိုကျွန်တော် နောက်ဆုံးမြင်ခဲ့ဖူးတာ ၁၉၆၈ ခုနှစ်ကပါ။ ဆဒမ်ရဲ့ ဘတ်သ်(Baath Party) အာဏာရလာစဉ်ကပေါ့။ အဲဒီ ကြမ္မာငင်တဲ့ နွေဦးကာလကမိုဟာမက်ဂါနီ (Muhammed Ghani) ဆီမှာ ကျွန်တော်တပည့်ခံပြီး ပန်းပုပညာ သင်ယူခဲ့ချိန် ဖြစ်ပါတယ်။ သူ့ရဲ့ စတူဒီယိုထဲမှာ သစ်သားစတစ်စကိုဘယ်လိုအနုပညာမြောက်အောင် စိတ်ကူးနဲ့ ထုဆစ်ရတယ်ဆိုတာ ဂါနီကကျွန်တော့်ကို အသေးစိတ် စိတ်ရှည်လက်ရှည် ပြသနေချိန်ပေါ့။ နောက်ထပ်၂၃ နှစ်ကြာပြီးချိန်မှာတော့ ပွဲတော်ရင်ပြင်ပေါ်က ဂါနီရဲ့ 'အောင်ပွဲခံမုခ်ဦး'အထိမ်းအမှတ် အဆောက်အဦကြီးအကြောင်းကို ကျွန်တော် စာအုပ်တစ်အုပ် ရေးသားပြုစုမိခဲ့ပါတယ်။
တကယ်တော့ မိုဟာမက်ဂါနီရဲ့ ဆရာကြီးကလည်း ၂ဝ ရာစု မက္ကဆီကို အနုပညာရှင်ကြီး ဒီရေဂိုရီဗားရာ (Diego Rivera) လို စံပြုရမည့် အီရတ်ရဲ့ ကြီးကျယ်ထင်ရှားတဲ့ ပန်းချီပန်းပု ပညာရှင်ကြီး ဂျဝပ်ဆလင်မ်(Jawad Salim) ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာဂါနီကလည်း ကျွန်တော့်အပေါ်လွှမ်းမိုးခဲ့တဲ့ ဆလင်မ်ရဲ့ အရှိန်သြဇာတွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ခဲ့သူပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အီရတ်မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဆရာကြီးဆလင်မ်ရဲ့ သားမြေးတွေနဲ့အတူ ကြီးပြင်းခဲ့သူပါ။ အဲဒီအချိန်က ကျွန်တော်တို့တစ်တွေ ဆွေးနွေးငြင်းခုံခဲ့ကြတဲ့စကားသံတွေကို ဒီနေ့တိုင် ကြားယောင်နေဆဲပါပဲ။ အဲဒီကာလတွေကတော့နိုင်ငံရေးကိစ္စတွေအကြောင်းကို အမှန်ပြောရရင် ကျွန်တော် ဘာမှမစဉ်းစားမိခဲ့သေးပါဘူး။ စာသံပေသံဆန်ဆန် ပြောရရင် ကျွန်တော်တို့တစ်တွေဟာ ဆဒမ်ဟူစိန်ဆိုတဲ့ ပုဂ္ဂိုလ်မရှိတဲ့ ဖန်ပေါင်းချောင်ထဲမှာ နေထိုင်ဖြတ်သန်းခဲ့ကြတာပါ။ ဒါဖြင့် ဘာကြောင့် ဘဂ္ဂဒက်ကို ကျွန်တော် စွန့်ခွာခဲ့ရတာလဲ။
ဘာကြောင့် ပန်းပုဆရာဖြစ်ချင်သူက မက်ဆာချူးဆက် နည်းပညာသိပ္ပံ (MIT) ကျောင်းတော်ကြီးကို ရောက်သွားရတာလဲ။
ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်တော်စာသင်နေတဲ့ အထက်တန်းကျောင်းက အမေရိကန်သာသနာပြု ဆရာမကြီးတွေက တိုက်တွန်းလို့ရောက်သွားခဲ့ရတာပါ။ ဒါထက်ပိုပြီး ကျွန်တော် ဘာမှမသိတော့ပါဘူး။ဒါပေမဲ့ ကျွန်တော် သတိထားမိလိုက်တာ တစ်ခုကတော့ အဲဒီနွေရာသီအကုန်က ထွက်ခွာခဲ့တဲ့ ဘဂ္ဂဒက်ကို ကျွန်တော် ထပ်မရောက်တော့တာနှစ်ပေါင်း (၃၅)နှစ် ကြာသွားခဲ့ပြီ ဆိုတာပါပဲ။
၂ဝဝ၃ ခုနှစ်မှာတော့ ကူဝိတ်(Kuwait)ကနေ သူငယ်ချင်း(၃)ယောက်နဲ့အတူ ဘဂ္ဂဒက်ကို ကားမောင်းလာခဲ့ပါတယ်။ သူတို့တစ်တွေလည်း ကျွန်တော့်လိုပါပဲ။ ဘဂ္ဂဒက်မှာ မွေးခဲ့ကြပေမယ့် ပြန်မရောက်ခဲ့ကြတာ ဆယ်စုနှစ်အချို့ ကြာခဲ့ပါပြီ။ ဒါကြောင့် ဘဂ္ဂဒက်မြို့ပြင်မှာ ကားရပ်လိုက်ပြီးတော့ မျှော်လင့်ချက်မြင့်မားစွာ ကလေးတွေလို မိခင်မြေကို ဦးညွှတ် နမ်းရှုပ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ဝမ်းမြောက်ဝမ်းသာ သိုင်းဖက်လိုက်ကြပါတယ်။ ဒါပေမဲ့ ဘဂ္ဂဒက်မြို့ထဲကို ဝင်သွားချိန်မှာတော့ တစ်မြို့လုံးကချောက်ချားစရာ ကောင်းအောင် တိတ်ဆိတ် ငြိမ်သက်နေပါတော့တယ်။မြင်လိုက်ရတဲ့ မြင်ကွင်းတွေက မိုးကြိုးပစ်လိုက်သလို ကျွန်တော်တို့အားလုံးကို အံ့သြမင်သက် သွားစေလောက်ပါတယ်။ နေရာတကာမှာ တောင်ကုန်းတွေပမာ ဟီးထနေတဲ့ အမှိုက်ပုံကြီးတွေပြန့်ကြဲနေပြီး ရေဆိုးမြောင်းတွေကပိတ်ဆို့ပုပ်ပွကာ လမ်းပေါ်အထိ လျှံကျနေပါတော့တယ်။ တကယ်တော့ဒါတွေဟာ စစ်ကြောင့်ဆိုတာထက် ပစ်စလက်ခတ် လျစ်လျူရှုထားခဲ့မှုတွေကြောင့်ဖြစ်ပါလိမ့်မယ်။ ဖိစီးနှိပ်စက်မှုမျိုးစုံကြောင့် ကြေကွဲစရာကောင်းအောင်ဒဏ်သင့်ကျိုးကြေနေတဲ့ မြို့တစ်မြို့ရဲ့ စိတ်ပျက်စရာမြင်ကွင်းပါ။ ဘဂ္ဂဒက်မြို့ဆိုတာ ဘာမှ မှတ်မိနိုင်စရာ မရှိတော့ပါဘူး။ ကျွန်တော်တို့ စွန့်ခွာချိန်ကရှိခဲ့ဖူးတဲ့ မြို့တော်ရဲ့ ကြီးကျယ်ခမ်းနားမှုဆိုလို့ နှစ်ထောင်ချီတည်ရှိခဲ့တဲ့ဘဂ္ဂဒက်ဆိုတဲ့ နာမည်ကလွဲလို့ ဘာမှမရှိတော့ပါဘူး။
ဒီနွေဦးတစ်လျှောက်လုံးမှာ ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ ဆဒမ်ဟူစိန်ရဲ့ရုပ်တုတွေ၊ ဘတ်သ်ပါတီရဲ့ ဆိုင်းဘုတ်၊ အထိမ်းအမှတ်တွေမှန်သမျှ ဆွဲဖြိုဖြုတ်ချခံနေကြရပါတယ်။ အရှေ့ဥရောပရဲ့ ကတ္တီပါတော်လှန်ရေးကာလကကွန်မြူနစ်ရုပ်တုတွေ၊ ဝါဒဖြန့်ကြွေးကြော်သံဆိုင်းဘုတ်တွေ ဆွဲဖြိုချခံခဲ့ရသလိုပါပဲ။ ၁၉၅၈ ခုနှစ်မှာ ဘုရင်စနစ်ကို ဖျက်သိမ်းတုန်းကလည်း ဘတ်သ်ပါတီက ဒီလိုလုပ်ခဲ့တာပါပဲ။ အခုတော့ သမိုင်းရဟတ် တစ်ပတ်လည်ပြီလို့ပြောရတော့မှာပေါ့။ တကယ်တော့ ဒီသမိုင်းဝင် အနုပညာပစ္စည်းတွေဆိုတာဘဂ္ဂဒက်မြို့ရဲ့လက္ခဏာ၊ ဒီမြို့ရဲ့ အမျိုးသားပုံရိပ်၊ ဒီမြို့ကြီးရဲ့ သမိုင်းခြင်ဆီတွေချည်းပါ။ ဒီအမှတ်ရစရာ သမိုင်းဝင် အနုပညာပစ္စည်းတွေဟာ ကောင်းချင်လည်း ကောင်းမယ်၊ ဆိုးချင်လည်း ဆိုးနိုင်ပါတယ်။ ဒါ သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ဒါတွေဟာ ဘဂ္ဂဒက်ရဲ့သမိုင်းပုံရိပ်၊ ဘဂ္ဂဒက်ရဲ့အတိတ်တွေကို ဆက်စပ်ဖော်ကျူးထားတဲ့အရာတွေ ဖြစ်တယ်ဆိုတာလေးနက်ကြဖို့ပါပဲ။ ၂ဝဝ၃ ခုနှစ်မှာရှိနေတဲ့ ဘဂ္ဂဒက်ရဲ့ မျှော်လင့်ချက်ကတော့ ဒီသမိုင်းဝင် အနုပညာလက်ရာတွေကို ပြန်လည် စုစည်းဖော်ကျူးပေးကြဖို့ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ဆရာဂါနီ ထုလုပ်ခဲ့တဲ့ အောင်ပွဲခံမုခ်ဦးကိုတော့ ကျွန်တော် သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။ ဓားကြီးနှစ်လက်ကိုကြက်ခြေခတ်ပုံဖော်ထားတဲ့ ဒီမုခ်ဦးအကြောင်းကို ကျွန်တော် စာအုပ်တစ်အုပ် ရေးခဲ့ဖူးပေမယ့် ကိုယ်တိုင်တော့ မရောက်ဖူး၊ မတွေ့ဖူးသေးပါဘူး။ဒီမုခ်ဦးကြီး ပြိုကျမသွားခင်တော့ မုခ်ဦးအောက်ကနေ တစ်ခေါက်လောက်ဖြတ်လျှောက်ဖူးချင်ပါသေးတယ်။ ဒီမုခ်ဦးကို ဆဒမ်ဟူစိန်ရဲ့ အလိုကျဆောက်လုပ်ခဲ့ရတာ မှန်ပေမယ့် အခုချိန်ထိတော့ အမေရိကန်စစ်တပ်ကကာကွယ်စောင့်ရှောက်ထားဆဲမို့ ရှိနေပါသေးတယ်။ ဒါဟာ ဆဒမ်ရဲ့ မုခ်ဦးဖြစ်တဲ့အလျောက် အတော်ကြီးကျယ်ခန့်ညားမှာပဲလို့ ကျွန်တော့်စာအုပ်ထဲမှာ မှန်းဆရေးသားခဲ့မိပါတယ်။ ဒါပေမဲ့ တကယ်တမ်းမြင်ရတော့ ထင်သလောက် မကြီးကျယ်လှပါဘူး။ နောက်ပြီး လက်ရာကလည်း ခပ်ကြမ်းကြမ်းပါပဲ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့(၁၂)နှစ် ကျွန်တော်စိတ်ကူးနဲ့ မှန်းဆရေးခဲ့တဲ့ အောင်ပွဲခံမုခ်ဦးကြီး အောက်ကိုရောက်တော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကျွန်တော့်ဆရာကြီး မိုဟာမက်ဂါနီရဲ့ အရိပ်အာဝါသအောက်ကို ပြန်ရောက်ရသလိုပဲ ခံစားမိခဲ့ရပါတယ်။
အီတလီစာရေးဆရာကြီး ကယ်လ်ဗီနို(Calvino) ကိုယ်တိုင်လည်းကြီးကျယ်လှတဲ့ အင်ပါယာအရှင်သခင်ကြီး ကူဗလိုင်ခန်(Kublai Khan)ဆီကို မာကိုပိုလို (Marco Polo) ရောက်ရှိသွားပုံကို ဝတ္ထုရေးဖွဲ့ခဲ့စဉ်က-‘မြို့တော်ကြီးတို့သည် အိပ်မက်ထဲကကဲ့သို့ပင် ဖြစ်ကြ၏။ စဉ်းစားစိတ်ကူးမှန်းဆထားသမျှတို့မှ အိပ်မက်တို့ ဖြစ်လာကြခြင်းလည်းဖြစ်၏။ သို့သော် မည်သို့မျှ မျှော်လင့်မထားသည့် အိပ်မက်မျိုးတွင်မဆို သိုသိပ်ကွယ်ဝှက်ထားသည့် စိတ်ဆန္ဒများနှင့် စိုးရိမ်သောကများ ရှိနေတတ်ကြမြဲဖြစ်၏။ ခပ်သိမ်းသော မျှော်လင့်ချက်၊ စိတ်ဆန္ဒတို့သည် တစ်စုံတစ်ရာကိုတော့ ဖုံးကွယ်ထားတတ်ကြပေသည်။'
ဘဂ္ဂဒက်မြို့တော်ကြီးသို့ ကျွန်တော် သွားရောက်ခဲ့ခြင်းတွင်လည်းစိတ်ဆန္ဒမျှော်လင့်ချက်များ ပါဝင်နေသကဲ့သို့ စိုးရိမ်သောကများသည်မဖော်ပြသည့်တိုင် နောက်ကွယ်တွင် ရှိနေခဲ့ပေသည်။ ဘဂ္ဂဒက်မြို့ကြီးကိုတတ်စွမ်းသမျှ နားလည်နိုင်ရန် (၄)နှစ်တိုင် နေထိုင်ခဲ့ပါသည်။ ကျွန်တော်၏ချစ်ဦးသူ ငယ်ချစ်လေးနှင့်လည်း လက်ထပ်ယူခဲ့နိုင်ပါသည်။ သို့သော်စိုးရိမ်သောကများကြောင့် ရေရှည်မနေနိုင်ခဲ့ဘဲ မက်ဆာချူးဆက်သို့ ပြန်လာခဲ့မိပါသည်။ ဤသို့ စွန့်ခွာခဲ့ရသည့်တိုင် ဘဂ္ဂဒက်မြို့ကြီးကို ကျွန်တော်ကောင်းစွာ နားမလည်နိုင်သေးပါ။ ဘဂ္ဂဒက်မြို့ကြီးတွင် လျှို့ဝှက်ချက်များစွာပင် ရှိနေပါလိမ့်ဦးမည်။
ဘဂ္ဂဒက်မြို့ကြီးကို မေးစရာ မေးခွန်းများစွာ ရှိနေပါသေးသည်။
KANAN MAKIYA is the author, most recently,
of The Rock: A Tale of Seventh-Century Jerusalem.
ဘေရွတ်မှ ဘဝသစ်သီးများ
တကယ်တော့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ကြီးမှာ ကျွန်တော့်အသံ စတင် မွေးဖွားထွက်ပေါ်ခွင့် ရလာခဲ့တာပါ။ ၁၉၉ဝ ပြည့်နှစ်မှာ ဘေရွတ်မြို့တော်ကြီးက ကျွန်တော့်ကို ခိုလှုံခွင့်ပေးခဲ့ရုံမက မွေးစာရင်းပါ ထုတ်ပေးခဲ့လို့ ကျွန်တော် လူဖြစ်ခွင့် ရခဲ့ပါတယ်။ ဒီမြို့ကြီးမှာပဲ ကျွန်တော် လွတ်လွတ်လပ်လပ် စာရေးခွင့်ရခဲ့လို့ စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ရတာပါ။ အဲဒီအချိန်က အယ်လ်ဂျီးရီးယားနိုင်ငံမှာတော့ အကြမ်းဖက်သမားတွေရဲ့လက်ချက်နဲ့ စာရေးဆရာ၊ ဂျာနယ်လစ်သမားပေါင်း ၇ဝ ကျော်မျှ အသတ်ခံခဲ့ကြရပါတယ်။ ဘေရွတ်မြို့တော်ကြီးမှာတော့ ကျွန်တော်တို့ဟာ အေးအေးဆေးဆေးပါပဲ။ ဒါကြောင့် ကျွန်တော်တို့အတွက် ဘေရွတ်မြို့တော်ကြီးဟာ‘ကျေးဇူးကမ္ဘာ’ ပါပဲ။
ကမ္ဘာပေါ်က တခြားမြို့တော်ကြီးတွေအကြောင်း ကျွန်တော်တို့ ရေးခဲ့ဖူးကြသလို ကျွန်တော်တို့ ဘေရွတ်မြို့တော်ကြီး အကြောင်းကိုလည်းတခြားစာရေးဆရာ များစွာတို့က ရေးခဲ့ဖူးကြပါတယ်။ ဘေရွတ်မြို့တော်ကြီးကို တစ်ခေါက်တလေတောင် အလည်အပတ် မရောက်ခဲ့ဖူးကြပေမယ့် ဘေရွတ်မြို့တော်ကြီးအကြောင်း တစေ့တစောင်းမျှမရေးခဲ့ဖူးကြတဲ့ အာရပ်စာရေးဆရာဆိုတာ မရှိသလောက်ပါပဲ။ တကယ်လိုအပ်တာ ဘာလဲဆိုတော့ ကျွန်တော်တို့ ကျင်လည်ကျက်စားရာ ဘေရွတ်ကမ္ဘာထဲမှာ လာနေကြည့်ကြဖို့ပါ။ ဒီဘေရွတ်မှာပဲ ဖိုင်ရပ်(Fairuz) ရဲ့ ဂျီဘရမ်(Gibram) ကဗျာတွေ ရွတ်ဖတ်သံကို ခင်ဗျား ကြားရနိုင်ပါတယ်။ ဒီမြို့မှာပဲ Cedar ထင်းရှူးပင်ရိပ်အောက်က Debka အကကို ခင်ဗျား ခံစားခွင့်ရနိုင်ပါလိမ့်မယ်။ဘေရွတ်မြို့တော်က သူမရဲ့အလှကို အာရပ်ကမ္ဘာတစ်လွှားမှာ ပျံ့နှံ့ကျော်ကြားစေခဲ့ပါပြီ။ ဘဝရဲ့ရသကို ရမ္မက်ပြင်းစွာ ခံစားခွင့်ရဖို့ရာ ဘေရွတ်ကိုလာခဲ့ပါ။
အာရပ်စာရေးဆရာတိုင်းမှာ ဘေရွတ်ကို မရောက်မီနဲ့ ဘေရွတ်ကိုရောက်ပြီးတိုင်းမှာ မတူတဲ့ရသ ခံစားမှုတွေ ရရှိသွားတတ်ကြစမြဲပါ။ သူမရဲ့အရူးအမူးဖြစ်လောက်တဲ့ ရသဝေဒနာ ခံစားမှုတစ်စုံတစ်ရာမပါဘဲ ပြန်သွားနိုင်လောက်သူဆိုတာ မရှိသလောက်ပါပဲ။ ဘေရွတ်မှာ မင်ရည်က သွေးရည်ထက် စေးပျစ်တတ်စမြဲပါ။ တေလေငှက်ပမာ အသိုက်အမြုံကိုစွန့်ခွာပြီးဘေရွတ်မှာ ပျော်ရွှင်စွာ မကျင်လည်ဖူးတဲ့ အာရပ်စာရေးဆရာဆိုတာလည်းရှိမယ်မထင်ပါဘူး။ စာရေးဆရာတစ်ယောက်အနေနဲ့ ဘေရွတ်နဲ့ တန်းတူရည်တူအဖြစ် ညီမျှခြင်းထိုးနိုင်လောက်အောင် စံပြုစရာ မြို့ရွာရယ်လို့ တခြားမှာ မရှိသလောက်ပါပဲ။ အကြောင်းကတော့ ဘေရွတ်မြို့တော်ကြီးဟာ ဆန့်ကျင်ဘက် ပဋိပက္ခတို့ရဲ့ အားပြိုင်မှုနဲ့ ပေါင်းစည်းညီညွတ်မှု နှစ်မျိုးစလုံးကို စိတ်ဝင်စားစွာ တွေ့ကြုံခံစားလိုတယ်ဆိုရင် သူမဆီကိုသာ သွားလိုက်ပါ။ ဘေရွတ်ဟာ လူတိုင်းအတွက် စိတ်ဝင်စားစရာ နေရာဖြစ်ပါတယ်။
ဘေရွတ်မြို့တော်ဟာ အကုသိုလ်ဒုစရိုက်မှုများ အချင်းချင်း၊ ရန်စောင်မာန်တင်းရာ နေရာဖြစ်တယ်။ ဘေရွတ်မြို့ဟာ တော်လှန်ရေးနဲ့ ခုခံတွန်းလှန်ရေးတို့ အတူယှဉ်တွဲနေမြဲ ဖြစ်ပါတယ်။ တည်ဆောက်ရေးနဲ့ ဖြိုဖျက်ရေးတို့ ဒွန်တွဲတည်ရှိရာ နေရာဖြစ်တယ်။ ကာရာအိုကေ၊ နိုက်ကလပ်တွေကို ခံစားခွင့်ရနိုင်သလို ဘုရားဝတ်ပြုနိုင်တဲ့ ဗလီနဲ့ ဘုရားရှိခိုးကျောင်းတွေလည်း ပူးတွဲတည်ရှိနေစမြဲပါ။
လွန်ခဲ့တဲ့ ၁၇ နှစ်က ဘေရွတ်မြို့ကို ရွှေ့ပြောင်းရောက်ရှိစမှာပဲ ညဘက် တီဗွီဖွင့်ကြည့်လိုက်မိတာနဲ့ ကျွန်တော် အတော်အံ့အားသင့်သွားခဲ့ရပါတယ်။ မြို့လယ်ခေါင် ကွင်းပြင်ကြီးထဲမှာ ပျော်ရွှင်မြူးထူးစွာ ကခုန်နေကြတဲ့ လူထောင်ပေါင်းများစွာကို ရုပ်သံအစီအစဉ်က တိုက်ရိုက်ထုတ်လွှင့်ပြနေတာပါ။ တီးဝိုင်းအဖွဲ့ပေါင်းများစွာနဲ့အတူ ပရိသတ် အထောင်အသောင်းရဲ့ မြူးထူးပျော်ရွှင် ကခုန်ပွဲကြီးဟာ မနက်အရုဏ်တက်ချိန်အထိ ကြာမြင့်လေ့ ရှိကြပါတယ်။ ဒီအစီအစဉ်ကနေ နောက်တစ်လိုင်း ပြောင်းကြည့်လိုက်ချိန်မှာတော့ ဝတ်စုံနက်အရှည်ကြီးတွေဝတ်ထားတဲ့ လူအုပ်ကြီးဟာ ရင်ဘတ်စည်တီး ငိုညည်း မြည်တမ်းနေပါတော့တယ်။ ရှီအိုက် ဘာသာရေးခေါင်းဆောင်ကြီး အေမာမ်ဟူစိန်ရဲ့ စျာပနအခမ်းအနားမှာ ပရိသတ်အထောင်အသောင်းက လှိုက်လှဲဝမ်းနည်းစွာ ငိုကြွေးနေကြပုံဖြစ်ပါတယ်။ဘေရွတ်မြို့ရဲ့ ထူးခြားတဲ့ရုပ်ပုံလွှာမှာ မြို့တစ်ဝက်က မြူးထူးပျော်ရွှင် ကခုန်နေကြစဉ် အခြားသော မြို့တစ်ခြမ်းက ပူဆွေးငိုကြွေးနေကြခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်ကလည်း ဘေရွတ်မြို့တော်ရဲ့ ဆန့်ကျင်ဘက် ပုံရိပ်တွေကို စောင့်ကြည့်ခံစားနေသူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေရပါတော့တယ်။
ကမ္ဘာပေါ်ရှိ အခြားမြို့ကြီးတိုင်းမှာ ညတစ်ညတည်းသာ ရှိတတ်ကြချိန် ဘေရွတ်မြို့ကြီးမှာမူ တစ်ညမက ရှိနေမြဲ ဖြစ်ပါတယ်။ ဘေရွတ်ညရဲ့လှုပ်ရှားမှုများမှာ သဏ္ဌာန်မျိုးစုံ ထွေပြားလှပါတယ်။ ဘေရွတ်မှာ ပွဲတော်ကျင်းပလို့ရတယ်။ အချစ်ကို ဖန်တီးလို့ရတယ်။ ချမ်းသာအောင်လုပ်လို့လည်းရပါတယ်။ ဘေရွတ်မှာ စာရေးချင်တဲ့ အကြောင်းအရာ မှန်သမျှ ရေးလို့ရပြီး ထုတ်ချင်တဲ့စာအုပ်မှန်သမျှလည်း ထုတ်လို့ရပါတယ်။ တစ်ခုပဲရှိတယ်။ နိုင်ငံရေးအာဏာပိုင်တွေနဲ့ ပတ်သက်လာရင်တော့ ခင်ဗျားပါးစပ်ကို အပ်နဲ့ချုပ်ထားဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ကလောင်ကို ပြည်သူ့စစ်တွေ နေ့ညမပြတ် စောင့်ကြပ်နေတဲ့ တိုင်းပြည်မှာ စာရေးဆရာတွေ ဘယ်လိုလုပ် ခေါင်းအေးအေးထား အိပ်နိုင်ပါ့မလဲ။
ဒီလိုစကားလုံးနဲ့ သေနတ်တွေကို အတင်းအကျပ် လက်ထပ်ပေးထားလို့ အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်ရေးဘဝအကြောင်းကို လက်ဘနွန်စာရေးဆရာများက အဆက်မပြတ် ဝေဖန် ဆန့်ကျင်တတ်ကြပါတယ်။ ဒါကြောင့်လည်း စာရေးဆရာ အတော်များများ လက်ဘနွန်မှာ ထောင်ချခံရ၊အသတ်ခံရတတ်တာမျိုးတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုကောင်းတာရှိပါတယ်။ အဲဒီလို ကျဆုံးသွားရှာတဲ့ စာရေးဆရာတွေရဲ့ ဓာတ်ပုံတွေ၊ ပန်းချီကားတွေ၊ ရုပ်တုရုပ်လုံးတွေကို လူအများစုဝေးရာ ပန်းခြံ၊ အားကစားကွင်း စတာတွေမှာ ချိတ်ဆွဲထူထောင်ပြသခွင့် ရကြပါတယ်။ ဒါကြောင့်လည်း ဘေရွတ်ကို အာရပ်ကမ္ဘာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိရာ နေရာအဖြစ် အားလုံးက အသိအမှတ်ပြုထားကြတာ ဖြစ်ပါလိမ့်မယ်။
မြို့ပြဆိုတာရဲ့ လက္ခဏာထဲမှာ လှပတဲ့အမျိုးသမီးများ လှုပ်ရှားလမ်းသလားရာနေရာဖြစ်တယ်ဆိုရင်တော့ ဘေရွတ်လည်း မြို့ပြအင်္ဂါနဲ့ပြည့်စုံတယ်လို့ ဆိုရမှာပါပဲ။ ဘေရွတ်မြို့တော်ရဲ့ ညနေခင်းတွေမှာ အမျိုးသမီးတွေ ဝတ်ကောင်းစားလှနဲ့ လမ်းထွက်ပြတတ်ကြပါတယ်။ ဒါပေမဲ့ ရွေးချယ်ခွင့်ကတော့ အမျိုးသားတွေဆီမှာ မရှိကြပါဘူး။ အမျိုးသမီးများမှာသာ သူတို့လိုလားသူကို ရေလာမြောင်းပေးလုပ်ခွင့် ပေးထားကြလေ့ရှိတတ်ကြပါတယ်။ ဒီနေရာမှာ လက်ဘနွန်အမျိုးသမီးများရဲ့ စိတ်ဓာတ်ရေးရာလျှို့ဝှက်ချက်တစ်ရပ်ကိုတော့ ခင်ဗျား သိထားအပ်ပါတယ်။ ‘ဘေရွတ်သူတွေဟာ ရွားနားကမြက်ကို မစားချင်သူ ’ က အများစုပါ။ သူတို့က ‘တစ်ရွာသားနဲ့မှ ရည်းစားထားတတ်သူ’ တွေဖြစ်လို့ တိုင်းတစ်ပါးသားကို ဦးစားပေးတတ်ကြပါတယ်။ စိတ်အားမငယ်ပါနဲ့၊ ဒါပေမဲ့ သူမက ခင်ဗျားရဲ့အသက်ကိုတော့ လှမ်းဆွဲမှာမဟုတ်ဘူး။ ခင်ဗျားရဲ့ ဦးတည်ချက်အနေအထားကို လိုလားရင် လှမ်းဆွဲထားပါလိမ့်မယ်။
အထူးသဖြင့် ဘေရွတ်မြို့သူတွေဟာ နိုင်ငံခြားသားတစ်ယောက်ကိုတွေ့ပြီဆိုရင် သူတို့ရဲ့မှတ်ပုံတင်ကို တောင်းကြည့်မှာမဟုတ်သလို သူတို့ရဲ့လက်ဗွေရာကိုလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူတို့ စိတ်ဝင်စားတာစာရေးဆရာပါ။ တကယ်လို့ ဘေရွတ်မြို့ကို ရောက်လာတဲ့ စာရေးဆရာဟာမိဘမဲ့ လူပျိုလူလွတ်တစ်ယောက်သာဖြစ်မယ်ဆိုရင် သူတို့ရဲ့မျိုးနွယ်ဝင်ဖြစ်အောင် ကြိုးပမ်းကြပါလိမ့်မယ်။ အဲဒီအခါမျိုးမှာ ခင်ဗျားသာ လက်ခံသဘောတူမယ်ဆိုရင် ဘေရွတ်မှာ ခင်ဗျားဟာ ‘မိသားစုသစ်ပင်' တစ်ပင်ကိုစိုက်ထူလိုက်နိုင်ရုံမက ‘မိသားစုတောကြီးတစ်တော’ (A Family Forest)ကိုပါ ထူထောင်မိသလို ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့အထောင်အသောင်းရှိတဲ့ ဘေရွတ်စာဖတ်ပရိတ်သတ်ကြီးကပါ ခင်ဗျားကိုဝိုင်းဝန်းအားပေး လာကြမှာမို့ပါ။ အာရပ်ကမ္ဘာက ဘေရွတ်ကို ‘စာရေးဆရာများရဲ့မိခင်’ အဖြစ် ခေါ်ဆိုတတ်ကြသလို ဘေရွတ်မြို့ကိုလည်း ‘စာအုပ်မြို့တော်’ အဖြစ် အသိအမှတ်ပြုထားကြလို့ပါပဲ။ ဒါကြောင့်လည်း အာရပ်လောကမှာ ‘ကိုင်ရိုကစာရေးပြီး ဘေရွတ်ကစာအုပ်ထုတ်လုပ်ကာ ဘဂ္ဂဒက်က ဖတ်ကြတယ်’ ဆိုတဲ့ စကားပုံတစ်ခု ပေါ်ထွန်းခဲ့တာ ဖြစ်ပါတယ်။
ဘေရွတ်မြို့တော်မှာလည်း အတော် စာဖတ်ကြပါတယ်။ စာအုပ်တစ်အုပ်ရဲ့ ဂမ္ဘီရဆန်တဲ့ လျှို့ဝှက်ချက်ကို သူတို့ကိုယ်တိုင် ရေးသလားထင်မှားရလောက်အောင် အပီအပြင် ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်စွမ်း ရှိကြပါတယ်။ ရပ်ဝေးက သူငယ်ချင်းနဲ့ ဆုံမိကြတဲ့အခါ၊ တစ်ယောက်နဲ့တစ်ယောက်ချိန်းဆို တွေ့ဆုံကြတဲ့အခါ ဒါမှမဟုတ် ပွဲတော်အခမ်းအနားတွေမှာလက်ဆောင်ချင်း ဖလှယ်ကြတဲ့အခါတွေမှာ ပန်းစည်းတွေ ကမ်းကြလေ့မရှိပါဘူး။ လက်ဆောင်အဖြစ် စာအုပ်တွေပဲ ပေးတတ်ကြစမြဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြောရရင် ဘေရွတ်ရဲ့လှိုက်လှဲဖော်ရွေမှုဆိုတာ ခင်ဗျားကို အစားအသောက်တွေ အလျှံအပယ် ကျွေးရုံလောက်တင် မဟုတ်ပါဘူး။ ခင်ဗျားအတွက် ဘဝရဲ့ ဆာလောင်မွတ်သိပ်မှုတွေကိုပါ ပြေပျောက်အောင် ဖြေဖျောက်ပေးနိုင်စွမ်း ရှိပါတယ်။ ဘေရွတ်ကိုယ်တိုင်လည်း ဘဝရဲ့သစ်သီးတွေဖြစ်တဲ့ စာအုပ်စာပေတွေ အငမ်းမရစားသုံးရင်း ဘဝအမောတွေ ဖြေနေရှာသူ ဖြစ်ပါတယ်။
တကယ်တော့ ဘေရွတ်ရဲ့ဘဝဟာ ဆန့်ကျင်ဘက် ပဋိပက္ခမျိုးစုံကြားမှာ အတော်ပူလောင်ပြင်းပြလှပါတယ်။ သူမဟာ အန္တရာယ်အသွယ်သွယ်ကြားက ချိုမြိန်တဲ့ဘဝရဲ့ရသကို မြည်းစမ်းခွင့်ရအောင် ကြိုးစားနေရှာသူပါ။ဒါကြောင့်လည်း သေခြင်းတရားရဲ့ မာန်စွယ်ဖွေးဖွေးကြားမှာ ဘဝသစ်သီးကို ရှာဖွေစားသုံးရင်း ရှင်သန်ခြင်းဆိုတဲ့ ရမ္မက်ဆန္ဒတွေကို လျှော့ဖြေပေးနိုင်ဖို့ ကမ္ဘာကြီးကိုလည်း ချိုမြိန်တဲ့ဘဝရဲ့ ရွှေရောင်သစ်သီးတွေကို ဖြန့်ဝေပေးကမ်းနေဆဲပါ။
Ref: On A Lebanese City of Passion - Newsweek -18-3-12
အိန္ဒိယ၏ စီလီကွန် ချိုင့်ဝှမ်း
(ဘန်ဂလော)
လွန်ခဲ့တဲ့ဆယ်စုနှစ်အချို့အထိ ဘန်ဂလောမြို့ကို ဧည့်သည်တွေလာလည်ကြတယ်ဆိုတာ အိန္ဒိယရဲ့နာမည်ကျော်မြင်းပွဲကြီးရှိလို့ပါ။ မြင်းပွဲရာသီရောက်ပြီဆိုရင်တော့ ဘန်ဂလောမြို့ကြီးဟာ ကြက်ပျံမကျ စည်ကားလှတာပေါ့။ ဒါပေမဲ့ မြင်းပွဲရာသီလည်း ကုန်သွားရော ဒီမြို့ကြီးလည်း တစ်ခါတည်း တိတ်ဆိတ်ခြောက်ကပ်သွားတော့တာပါပဲ။ ဘန်ဂလောမြို့မှာလည်းဒီမြင်းပွဲကလွဲလို့ တခြားစိတ်ဝင်စားစရာ ဘာမှ ရှိတာမှမဟုတ်ဘဲ။ အခုအခါမှာတော့ မြင်းပြိုင်ကွင်းကြီးကို မြို့ပြင်ထုတ်လိုက်ပါပြီ။ ဒါကြောင့် မြင်းပြိုင်ပွဲအတွင်းက ပရိသတ်တွေရဲ့ ဆူဆူညံညံ အော်ဟစ်အားပေးသံတွေကိုဘန်ဂလောမြို့က ခပ်သဲ့သဲ့လေးပဲ ကြားရပါတော့တယ်။ တစ်နည်းပြောရရင်မြင်းပြိုင်ပွဲကြီးရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ဆိုင်မှု အရှိန်အဟုန်တွေလျော့ကျသွားတာနဲ့အတူ ဘန်ဂလောမြို့ကြီးရဲ့ရင်ခုန်သံတွေလည်း အရင်ကလို သိပ်မမြန်တော့ပါဘူး။ လမ်းတွေပေါ်မှာ ကားတွေပြည့်ကျပ်နေတာမျိုးမရှိတော့သလို ဟိုတယ်တွေမှာလည်း ဧည့်သည် ပြတ်လပ်နေခဲ့ပါပြီ။
တကယ်တော့ ဘန်ဂလောမြို့လေးဆိုတာကို ဗြိတိသျှတို့ တည်ခဲ့တယ်လို့ ဆိုရမလိုပါပဲ။ သူတို့ခေတ်က ဆူပူသောင်းကျန်းလှတဲ့ မိုက်ဆိုး(Mysore) နယ်ကို ထိန်းချုပ်စောင့်ကြည့်နိုင်ဖို့ ဒီဘန်ဂလောမြို့လေးကိုဗြိတိသျှ စစ်နယ်မြေ ဧရိယာအဖြစ် အင်္ဂလိပ်တို့က သတ်မှတ်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဘန်ဂလောဆိုတဲ့ မြို့လေးဟာ ဥရောပဆန်နေတာပေါ့။ ကျယ်ဝန်းတဲ့လမ်းမကြီးတွေ ခန်းညားလှပတဲ့ ဧည့်ရိပ်သာဘန်ဂလိုကြီးတွေ စုလစ်မွန်းချွန်နဲ့ ဂိုးသစ်လက်ရာ ဘုရားကျောင်းတွေနဲ့တကယ့်အိန္ဒိယရဲ့ ဥရောပမြို့လေးတစ်မြို့ပါပဲ။ ဒါ့ထက်ပိုကဲတာက ဒီမြို့ရဲ့နေရာတိုင်းမှာ တွေ့တဲ့လူတိုင်းဟာ အိန္ဒိယစကား သိပ်ပြောလေ့မရှိကြဘဲအမြဲ ‘ဘို’လိုပဲ မှုတ်တတ်ကြတယ်။ ဘန်ဂလောနဲ့ အနီးအနားမှာတော့အိမ်တွေ လူတွေ ပြွတ်သိပ်ကြပ်ညပ်နေတဲ့ ဘင်္ဂလူရူး (Bengaluru)ဆိုတဲ့ညီတော်မြို့လေး တစ်မြို့ ရှိလေရဲ့။ ဒီဘင်္ဂလူရူးမြို့လေးမှာတော့ ကန်နာဒါ(Kannada) ဆိုတဲ့ ဒေသခံ အိန္ဒိယတောင်ပိုင်းဘာသာစကားကိုပဲ ပြောလေ့ရှိကြတယ်။
၁၉၅၆ ခု ဝန်ကြီးချုပ်နေရူးရဲ့လက်ထက်မှာ အိန္ဒိယပြည်ရဲ့ အုပ်ချုပ်ရေးမြေပုံကို အများသုံးဘာသာစကား အခြေခံပေါ်မှာ ပြန်လည်ရေးဆွဲခွဲခြားခဲ့ကြတယ်။ အဓိက တိုင်းရင်းသားဘာသာစကား (၂ဝ)အပေါ် မူတည်ပြီး ပြည်နယ်ကြီးများ ခွဲခြားဖွဲ့စည်းခဲ့ကြတယ်။ ဒီလိုနဲ့ ဘန်ဂလောဟာကန်နာဒါပြည်နယ်သစ်ရဲ့ မြို့တော် ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ နိုင်ငံရေး၊ စီးပွားရေး အဆောက်အဦတွေ ပြင်ဆင်ဖွဲ့စည်းရင်းနဲ့ ဘန်ဂလောဟာမမျှော်လင့်ဘဲ ရုတ်တရက် ကြီးထွားလာခဲ့တယ်။ အိန္ဒိယဗြူရိုကရေစီစနစ်ကဘန်ဂလောမှာ ရုံးတွေ၊ လွှတ်တော်တွေ၊ ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ပေးရင်း အရာထမ်း၊ အမှုထမ်းတွေ သွတ်သွင်းလာခဲ့တယ်။ ဒါ့အပြင်ပြည်နယ်အစိုးရအဖွဲ့ အဝန်းအပိုင်းဟာ အိန္ဒိယဆိုရှယ်လစ် စိတ်ကူးအတွေးအောက်မှာ အဆမတန် ကြီးထွားလာခဲ့တယ်။ တယ်လီဖုန်းကနေ အာကာသသိပ္ပံအထိ ကြီးကျယ်တဲ့ စက်မှုလုပ်ငန်းကြီးတွေ ဘန်ဂလောမှာ အလျှိုလျှို ပေါ်ပေါက်လာခဲ့တယ်။ နောက်ပိုင်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သွင်းလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေနှင့်အတူ ဘန်ဂလောမြို့ကြီးဟာဖောင်းကားနေခဲ့တယ်။ ၇ဝ ခုနှစ်များရောက်ချိန်မှာ ဘန်ဂလောမြို့တော်ရဲ့လူဦးရေဟာ နှစ်ဆမျှ တိုးပွားလာခဲ့ပါပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ် ဘုံဘေမြို့ကနေ ကျွန်တော်တို့ မိသားစုဘန်ဂလောကို ရွှေ့ပြောင်းလာခဲ့ချိန်က မြို့ရဲ့ ဆင်ခြေဖုံးတစ်နေရာမှာစိတ်ကြိုက်မြေတစ်ကွက်ဝယ်ပြီး စိတ်ကြိုက်အိမ်တစ်လုံး ဆောက်နိုင်ခဲ့ပါတယ်။ ဘာမှ မလိုအပ်ပါဘူး။ အခုနောက်ပိုင်း အိမ်ခန်းလိုအပ်ချက်ကမြေနေရာ အကန့်အသတ်ထက် အဆမတန် ကြီးထွားလာချိန်မှာတော့အဆောက်အဦ ကန်ထရိုက်တာလုပ်ငန်းရှင်ကြီးတွေက အားလုံးကို ချုပ်ကိုင်လိုက်ကြပါပြီ။ သူတို့တစ်တွေဟာ အနီးအနားဝန်းကျင်က လယ်တွေသိမ်း၊ ရွာတွေဖျက်ပြီး အိမ်ရာတိုက်ခန်းကြီးတွေ အကြီးအကျယ်ဆောက်ခဲ့ကြတယ်။ ဒီလိုနဲ့ ဘန်ဂလောပတ်ဝန်းကျင်မှာ ကန်ထရိုက်တိုက်တွေဟာမိုးဦးကျမှိုတွေလို အပြိုင်းအရိုင်း ပေါ်လာကြပါပြီ။ ဒါကြောင့်လည်းဒေသခံတွေက အခုအခါ ဘန်ဂလောမှာ ဖျက်ပစ်စရာဆိုလို့ လွှတ်တော်ကြီးပဲကျန်တော့တယ်လို့ ပြောနေကြခြင်း ဖြစ်ပါတယ်။
နောက်ထပ် ဘန်ဂလောမှာ ဖြိုဖျက်လို့မရနိုင်တဲ့ အဆောက်အဦကြီးကတော့ အရက်လုပ်ငန်းရှင် သူဌေးကြီးပိုင်ဆိုင်တဲ့ UBCITY ကြီးပါပဲ။ ဒီUBCITY ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်က EMPIRESTATE လို အထပ်ပေါင်းရာကျော် မိုးထိအဆောက်အဦကြီးဖြစ်ပါတယ်။၆ဝ ခုနှစ်များအတွင်းမှာ ထူထောင်အောင်မြင်ခဲ့တဲ့ ဒီအရက်လုပ်ငန်းရှင်ကြီးရဲ့ ငွေနှင့်ပေါက်၊ အပေးအယူလုပ် အာဏာနှင့် ပေါင်းစပ်ထူထောင်ထားတဲ့အင်ပါယာကြီးဟာ အိန္ဒိယ ဒီမိုကရေစီစနစ်ကို သရော်စိန်ခေါ်နေသလိုပါပဲ။ ဒီအရက်ဘေရွန် (BARON) ကြီးဟာ ဘန်ဂလောမြို့ရဲ့ မြို့စားကြီးပမာတစ်မြို့လုံးကို စိုးမိုးအုပ်ချုပ် မင်းလုပ်နေသလိုပါပဲ။ တစ်မြို့လုံးမှာ သူထောင်ထားတဲ့ သတင်းစာ၊ သူထောင်ထားတဲ့ ရုပ်ရှင်ခန်းမ၊ သူ ထောင်ထားတဲ့ ရုပ်ရှင်ကုမ္ပဏီ၊ သူထောင်ထားတဲ့ စူပါမားကတ်၊ သူဆောက်ထားတဲ့ကျောင်း၊ သူဖွင့်ထားတဲ့ ဆေးရုံ၊ သူဝယ်ထားတဲ့ မြေကွက်တွေနဲ့ ပြည့်နှက်နေပါတော့တယ်။ နိုင်ငံတော်အခမ်းအနား၊ နေ့ကြီးရက်ကြီးအခမ်းအနား၊နိုင်ငံရေးအခမ်းအနား၊ အခမ်းအနားမှန်သမျှရဲ့ အမြဲတမ်းသဘာပတိဟာသူပါပဲ။ ဒါပေမဲ့ နေ့တိုင်းဟာ ရွှေထွက်နေတဲ့ တနင်္ဂနွေနေ့ ချည်းတော့မဟုတ်ပါဘူး။ ၁၉၈၁ ခု၊ ဇူလိုင်လထဲမှာ ဒီအရက်ဘေရွန်ရဲ့ကံကြမ္မာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ရပါတယ်။ တစ်နေ့တည်း တစ်ရက်တည်းမှာတင် သူ့ကုမ္ပဏီကထုတ်တဲ့ အရက် ခိုးသောက်ကြသူ ၃ဝဝကျော်သေဆုံးခဲ့ကြရတယ်။ ဒီအချိန်ကစပြီး အရက်ဘေရွန်ကြီးရဲ့ နဝေန်ချိန်လည်းရောက်သွားပါတော့တယ်။
ဒီဆယ်စုနှစ်များအတွင်းမှာတင်ပဲ Wipro နဲ့ Infosys ဆိုတဲ့ IT ကုမ္ပဏီနှစ်ခုကို ဘန်ဂလောမြို့မှာ လာရောက်ထူထောင်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ Biocon ဆိုတဲ့ ဇီဝ နည်းပညာကုမ္ပဏီလေးတစ်ခုလည်း ဘန်ဂလောမှာ လာရောက် အခြေစိုက်ခဲ့ပြန်ပါတယ်။ ဒီကုမ္ပဏီလေးတွေဟာခြေဖဝါးလက်ဖဝါးက စကြတာ မှန်ပေမယ့် နည်းပညာခေတ်ရဲ့ စွန့်ဦးတီထွင်လုပ်ငန်းများ ကိုယ်စားပြု ထူထောင်ခဲ့ကြတာဖြစ်လို့ အချိန်တိုအတွင်းမှာတင်အောင်မြင်ကြီးကျယ် ခမ်းနားသွားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဘယ်အစိုးရအဖွဲ့ရဲ့ အကူအညီ၊ ဘယ်ငွေရှင်ကြေးရှင်ရဲ့ အထောက်အပံ့နှင့်မျှ အားကိုး အောင်မြင်ခဲ့ကြတာ မဟုတ်ပါဘူး။ ပညာနဲ့ ကိုယ့်အားကိုယ်ကိုးကြိုးပမ်းမှုနဲ့ပဲ အောင်မြင်ထွန်းကားခဲ့ကြတာပါ။ သူတို့တစ်တွေရဲ့IT နည်းပညာ ထွန်းကားအောင်မြင်မှုဟာ အိန္ဒိယနိုင်ငံရဲ့ ကောင်းကင်ယံကို ထိုးဖောက်ပြီး အာကာသထဲက Internet ကွန်ရက်ထဲအထိ ဝင်ရောက်သွားနိုင်ခဲ့ကြပါပြီ။ ဒါကြောင့်လည်း ကမ္ဘာက ဘန်ဂလောမြို့ကြီးကို ‘အိန္ဒိယရဲ့ စီလီကွန်ချိုင့်ဝှမ်း' (Silicon Valley of India)ဆိုတဲ့ နာမည်သစ်ကြီးကို ချီးမြှင့်အပ်နှင်းခဲ့ကြခြင်း ဖြစ်ပါတယ်။
ဘန်ဂလောမြို့ကြီးရဲ့IT နည်းပညာဖွံ့ဖြိုးမှုက အိန္ဒိယအတွက် ငယ်ရွယ်နုပျိုတဲ့ ဖျတ်လတ်တက်ကြွပြီး နည်းပညာကျွမ်းကျင်တဲ့ မျိုးဆက်သစ်များကို မွေးထုတ်ပေးခဲ့တယ်။ ဝင်ငွေမြင့်မားတဲ့ နည်းပညာ အလုပ်သမားသစ်များအတွက် စူပါမားကတ်ကြီးများ၊ အဆင့်မြင့်စားသောက်ဆိုင်များ၊နည်းပညာမြင့် ရုံးခန်းများ ဖွင့်လှစ်လာနိုင်ခဲ့ကြပြီ ဖြစ်လို့ ဘန်ဂလောမြို့တော်ကြီးဟာ စားသုံးသူများရဲ့ အဆင့်မြင့်ကောင်းကင်ဘုံကြီး ဖြစ်လာခဲ့ရတယ်။တစ်ချိန်တည်းမှာ နိုင်ငံတကာကIT ပညာရှင်များနဲ့ လုပ်ငန်းရှင်ကြီးများဘန်ဂလောမြို့ကို ပျားပန်းခတ်မျှ ဝင်ထွက် သွားလာနေကြတဲ့အတွက်ဘန်ဂလောဝန်းကျင်ဟာ အင်္ဂလိပ်စကားပြောတဲ့ပတ်ဝန်းကျင် ဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်။ ဒါကြောင့် ဘန်ဂလောမြို့ခံတွေက သူတို့ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ကန်နာဒါ စကား ပျောက်ကွယ်သွားမှာကိုတောင် စိုးရိမ်နေကြရပါပြီ။ ဒါကြောင့် ၂ဝဝ၆ ခုနှစ်ကစပြီး ဘန်ဂလောမြို့ရဲ့ နာမည်ကို သူရဲ့ညီအစ်ကိုမြို့ဖြစ်တဲ့ ဘင်ဂါလူရူ မြို့အမည်ကို ပြောင်းလဲလိုက်ကြပါတယ်။
ဒါပေမဲ့ ဘန်ဂလောမြို့ရဲ့ အဓိက ဆုံးရှုံးမှုဟာ ဘာသာစကားမဟုတ်ပါဘူး။ တည်ငြိမ်အေးချမ်းမှုနဲ့ စုစည်းညီညွတ်မှုတွေသာ ဖြစ်ပါတယ်။ဘန်ဂလောမြို့ဟာ တဖြည်းဖြည်း ပုံပန်းပျက်လာနေပြီး အမြဲတမ်း ထွေပြားရှုပ်ထွေးနေပါတော့တယ်။ ဘန်ဂလောမြို့ရဲ့ ကောင်းကင်မှာ ယာဉ်ရထားတွေ ပြေးလွှားနေကြသလို မြေအောက်ရထားတွေကလည်း အစုန်အဆန်လှုပ်ရှားနေကြတယ်။ ဒီလို ယာဉ်ကြောတွေ၊ လမ်းကြောင်းတွေ ရှုပ်ထွေးရှည်လျားလာတာနှင့်အမျှ ဘန်ဂလောမြို့သူမြို့သားတွေရဲ့ ဘဝတွေကလည်း ဝေးကွာကွဲပြားလာနေကြတယ်။ ရင်းနှီးသူတွေဟာ သူစိမ်းတစ်ရံဆံတွေလို ဖြစ်လာကြပါပြီ။ ရင်းနှီးချစ်ခင်သူတွေက သူစိမ်းဖြစ်၊ သူစိမ်းတွေကရင်းနှီးတဲ့ အိမ်နီးချင်းဖြစ်နေကြရတဲ့ အခြေအနေဟာ ဘန်ဂလောပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ ဖြစ်လာကြပါပြီ။
ဘန်ဂလောမြို့ကြီးကတော့ ကြီးမားကျယ်ဝန်းလာခဲ့တာ အမှန်ပါ။နေ့စဉ်နဲ့အမျှလည်း တိုးချဲ့တည်ဆောက်နေကြဆဲပါပဲ။ ဒါပေမဲ့ လမ်းတွေချဲ့ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်က ဆောက်ခဲ့တဲ့ ကျွန်တော်တို့အိမ်ရဲ့ ဧည့်ခန်းနံရံကို ဖြိုချခံလိုက်ရပါပြီ။ ဒါနဲ့ပတ်သက်ပြီး မြို့ပြစီမံကိန်း အရာရှိတစ်ယောက်က အခုလို ရှင်းပြခဲ့ပါတယ်။
‘နေ့စဉ်နေ့တိုင်း ဘန်ဂလောမြို့ကြီးရဲ့လမ်းတွေပေါ်မှာ ဇိမ်ခံလူစီးကားအစင်းပေါင်း ၁၆ဝဝ တိုးလာနေတယ်ဗျာ။ ဒါကြောင့် လမ်းတွေကိုအလျင်မီအောင် ချဲ့ထွင်နေကြရတယ်။ ဒါတောင်မှ ဘေဂျင်းမြို့ကိုမီအောင်အတော်ကြိုးစားကြရဦးမှာဗျ။'
လွန်ခဲ့သည့် ဆယ်နှစ်က စင်ကာပူနိုင်ငံကို အမီလိုက်ရန် ကြိုးစားရမည် ဆိုခဲ့ကြစဉ်က ကျွန်တော့်အိမ်ရှေ့မျက်နှာစာခြံဝင်း ဖျက်ခံခဲ့ရသည်။
ယခု ဘေဂျင်းမြို့တော်ကိုအမီလိုက်ရန် ကြိုးစားကြရာတွင် ကျွန်တော့်အိမ်၏ ဧည့်ခန်းနံရံတစ်ခြမ်း ပါသွားခဲ့ပြီ။ အကယ်၍ နယူးယောက်မြို့ကြီးကို အမီလိုက်ရန် ထပ်မံကြိုးစားကြဦးမည် ဆိုပါလျှင် မြို့ပြင်ထွက်ရန်ကျွန်တော် အသင့်ပြင်ရပါတော့မည်။
Girish Karnad, the winner of the 1998 Bharatiya Jnanpith award, is aplaywright, actor, film director, and arts administrator.
အရှုပ်ထဲမှာ ရှင်းအောင်နေပါ
(ဘန်ကောက်)
ကျွန်တော့်ရဲ့ လေယာဉ်လက်မှတ်ပေါ်မှာတော့ ခရီးစဉ်ရဲ့ဦးတည်ရာကို ‘ဘန်ကောက်’ (Bangkok) လို့ရေထားပါတယ်။ ဒါပေမဲ့ ဘန်ကောက်မှာ အချိန်တစ်စုံတစ်ရာ ဖြတ်သန်းပြီးတဲ့အခါမှာတော့ ဒီမြို့ကြီးကို ဒေသခံတွေက ‘ခရွန်းသက် (Krung-Thep) လို့ခေါ်မှန်း သိရှိလာခဲ့ရပါတယ်။ ဒါ့အပြင်‘ဘန်ကောက်’ဆိုတာ တရားဝင် ရုံးသုံးနာမည်ဖြစ်ပြီး ‘ခရွန်းသက်’ ဆိုတာထိုင်းဒေသခံတွေ ခေါ်ဆိုသုံးစွဲလေ့ရှိတဲ့ နာမည်အမှန်ပဲလား။ ဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါဆို တခြားဘက်ကလှည့်ပြီး စဉ်းစားကြည့်ရအောင်။ ‘ဘန်ကောက်’ဆိုတဲ့နာမည်ကို ကိန်းခန်းကြီးတဲ့ အနောက်တိုင်း နိုင်ငံခြားသားတွေက ချိုးနှိမ်ပေးထားခဲ့တဲ့ နာမည်လေလား။ ဒါလည်း အတိအကျမှန်တာ မဟုတ်ပါဘူး။ ‘ဘန်ကောက’ဆိုတာ ရှေးတုန်းကတည်းက ရှိနေခဲ့တဲ့ နာမည်ပါ။ ဒါပေမဲ့ အနောက်တိုင်း ကျူးကျော်စွက်ဖက်မှုနဲ့ တစ်စုံတစ်ရာဆက်စပ်မှုတော့ ရှိခဲ့တာလည်း အမှန်ပါပဲ။ တကယ်တော့ ‘ဘန်ကောက်'ဆိုတာ ၁၆၆ဝ ပြည့်နှစ်များအတွင်းက ပြင်သစ်ကိုလိုနီသမားတွေ တည်ဆောက်ခဲ့ကြတဲ့ ခံတပ်ကြီးရဲ့နာမည်ပါ။ ဒီခံတပ်နေရာမှာ တည်ရှိတဲ့မြို့ဖြစ်လို့ နိုင်ငံခြားသားတွေက‘ခရွန်းသက်’ ကို‘ဘန်ကောက်’ လို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီလို နိုင်ငံခြားသားတွေခေါ်တဲ့ နာမည်နဲ့ ဒေသခံတွေ ခေါ်တဲ့နာမည်နှစ်ပင်လိမ်ရှုပ်ထွေးနေတဲ့ မြို့ကြီးရဲ့ဒေသအခေါ် ‘ခရွန်းသက်’ ဆိုတဲ့ စကားလုံးရဲ့ မူလဘူတ အဓိပ္ပာယ်ကတော့ ‘နတ်မိမယ်များ၏ မြို့တော်’ (City of Angels) ပဲ ဖြစ်ပါတယ်။ တကယ်လည်း ဘန်ကောက်မြို့ကြီးရဲ့ အချိုးအကွေ့ တွေ့သမျှလမ်းတိုင်း၊ နေရာတိုင်းမှာ နတ်မိမယ်တွေများလှပါတယ်။ လမ်းမှာတွေ့သမျှ လမ်းဘေးစျေးသည်တွေ၊ အရောင်းစျေးသည်တွေ၊ ဟိုတယ်ဝန်ထမ်းတွေ အများစုက မိန်းမလှလေးတွေချည်းပါပဲ။ သူတို့ကိုဘန်ကောက်သူတွေများလားလို့တော့ အထင်မမှားလိုက်ပါနဲ့။ အများစုဟာဆင်းရဲခြင်းလွတ်ကင်းအောင် မြို့တက်ပြီး စီးပွားရှာကြတဲ့ ကျေးလက်ကတောသူလေးတွေပါပဲ။ အမျိုးသမီးငယ်လေးတွေဆို ဘန်ကောက်ကိုရောက်ဖူးတာတောင် သိပ်မကြာလှသေးပါဘူး။ လမ်းဘေးစျေးသည်အများစုဆို လယ်သူမ၊ သူရင်းငှားတွေပဲ များပါတယ်။ စပါးစိုက်ချိန်၊ ကောက်ရိတ်ချိန်တွေဆိုရင် လမ်းဘေးက ပျောက်သွားပြီး လယ်ကွင်းထဲ ပြန်ရောက်သွားတတ်ကြပါတယ်။ အများစုက ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ချင်းမိုင်နယ်ကနေ လာအိုနယ်စပ်အထိ ကျယ်ပြောတဲ့ ကျေးလက်ဒေသတွေကပါ။ သူတို့အချင်းချင်း စကားပြောရင် ဘန်ကောက်လေသံနဲ့မတူတဲ့ ဒေသစကားတွေနဲ့ပဲ အပြန်အလှန်ပြောကြလေ့ရှိပါတယ်။
ဘန်ကောက်မြို့ရဲ့ညယံတွေမှာ လည်ပတ်မယ်ဆိုရင် နာမည်ကြီးလှတဲ့ ပက်ပုံးလိုရပ်ကွက်ထဲမှာ အနီရောင်မီးလုံးလေးအောက်က ကျော့ရှင်းလှပစွာ ရပ်နေတတ်တဲ့ နတ်မိမယ်လေးတွေကိုလည်း တွေ့ရပါလိမ့်မယ်။သူတို့အများစုကလည်း ကျေးလက်ကနေမြို့တက်ပြီး အရင်းအနှီး ငွေကြေးမရှိလို့ ကိုယ်ခန္ဓာကို အရင်းအနှီးပြုနေကြရသူတွေပါ။ ဒီလို ခန္ဓာကိုယ်နဲ့ရင်းပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြရပေမယ့် ဒီဘဝထဲမှာ ဖောင်ဖျက်ပြီးရေစုန်နစ်သွားကြသူတွေချည်း မဟုတ်တော့ပါဘူး။ ဒီနေ့ဒီအချိန်မှာ သူတို့တစ်တွေ အသိအမြင်ကျယ်ပြီး ဦးတည်ချက်ပြောင်းလာတဲ့ လက္ခဏာတွေ တိုးပွားများပြားလာပါတယ်။ သူတို့ထဲမှာ ကျောင်းစရိတ်အတွက် ယာယီအသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ်နဲ့ လုပ်နေတဲ့ တက္ကသိုလ်ကျောင်းသူတွေလည်း ရှိပါတယ်။ တချို့ဆိုရင် ဘွဲ့ရပြီးလို့ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့အတွက် ကြိုးပမ်းနေတဲ့ကျောင်းသူမျိုးတောင် ရှိပါတယ်။ သူတို့အနေနဲ့ ခပ်လွယ်လွယ်၊ ခပ်ပေါပေါ ရနိုင်တဲ့ လုပ်ငန်းလုပ်ပြီး ငွေကြေးပြည့်စုံရင် နိုင်ငံခြား ပညာတော်သင်သွားမယ်ဆိုတဲ့ စိတ်ထားမျိုး ရှိနေတတ်ပါတယ်။ သူတို့ရဲ့အမြင့်ဆုံးရည်မှန်းချက်ကတော့‘Farang’ (အနောက်တိုင်းသား) တစ်ဦးနဲ့ လက်ထပ်ပြီး ပြည်ပထွက်ခွင့်ရဖို့ပါပဲ။ ကံကောင်းရင် နယူးယောက်၊ လန်ဒန်၊ ပါရီမြို့တော်တွေမှာ အနိမ့်ဆုံး ဟိုတယ်မယ်တော့ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ဘန်ကောက်မြို့ မီးနီရောင်အောက်မှာ နတ်မိမယ်တွေဟာ အကျော့ရှင်းဆုံး၊ အလှပဆုံးပြင်ဆင်ပြီး အဆင့်အတန်းမြင့် ဂုဏ်သိက္ခာရှိစွာ ညယံမှာ လှုပ်ရှားပျံသန်းနေတတ်ကြပါတယ်။
နောက်ပိုင်းမှာတော့ ‘ယဉ်ကျေးမှုဆိုင်ရာ ခြိမ်းခြောက်မှု' (Cultural Shock) တွေနဲ့ ရင်ဆိုင်နေရတဲ့ ဘန်ကောက်မြို့ကို တွေ့ကြရပါလိမ့်မယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့က ဟောင်ကောင်မြို့မှာ အလွန်စိတ်ဖိစီးမှုကြီးမားလှတဲ့ ရှေ့နေအလုပ်က စိတ်ထွက်ပေါက်ရှာရင်း ဘန်ကောက်မြို့ကို ကျွန်တော် ရောက်လာခဲ့တာပါ။ အဲဒီအချိန်ကတည်းက ဘန်ကောက်မြို့ဟာကျွန်တော့်အတွက် အလွန်ချစ်ခင်စရာကောင်းတဲ့ စိတ်ကူးယဉ်အိပ်မက်နယ်မြေလေး ဖြစ်လာခဲ့ရပါတယ်။ ဘန်ကောက်မြို့မှာ တစ်ချိန်က စာရေးဆရာကြီး ဆမ်းမားဆက်မွမ်(Somerset Maugham) ပျော်ပါးကခုန်ခဲ့တဲ့ကပွဲခန်းမလေးရှိတဲ့ Oriental ဟိုတယ်မှာပဲ ကျွန်တော်တည်းခိုခဲ့တာပါ။ညနေခင်းရဲ့လေနုအေးလေး ပြေးလွှားတိုက်ခိုက်နေချိန်ဆို ဟိုတယ်ဝရန်တာမှာထိုင်ရင်း မျက်စိလေးမှေးကာ ကျောက်ဖယားမြစ်ပေါ်က လှုပ်ရှားမှုတွေကို ငေးမောတွေးတောနေမိတယ်။ တစ်ခါက ဒီမြစ်ပြင်ပေါ်မှာ လှုပ်ရှားပြေးလွှားနေတဲ့ သင်္ဘောတစ်စင်းကို စာရေးဆရာကြီး ဂျိုးဇက်ကွန်းရတ်(Joseph Conrad)ကိုယ်တိုင် မာလိန်မှူးအဖြစ် ဦးစီးမောင်းနှင်ခဲ့ဖူးတာကိုလည်း စဉ်းစားခဲ့မိပါရဲ့။ သံမဏိသံဘောင်တွေကို မှန်ချပ်ကြီးတွေနဲ့ အကွက်ရိုက်ထားတဲ့ အဆောက်အဦ မြင့်မြင့်ကြီးတွေ၊ အုတ်နံရံ ခြံစည်းရိုးကြားထဲကလှပတဲ့ ဥယျာဉ်အိမ်ရာတွေ၊ ကွန်ဒိုတိုက်ခန်းကြီးတွေ၊ ကျူးကျော်ရပ်ကွက်တွေ၊ လမ်းဘေးစျေးဆိုင်တန်းတွေကြားထဲက ရှုပ်ရှုပ်ထွေးထွေး ကွေ့ဝိုက်စီးနေတဲ့ ကျောက်ဖယားမြစ်ပေါ်မှာတော့ မော်တော်စက်သံနဲ့ မီးခိုးလုံးတွေဖုံးလွှမ်းနေတတ်ပါတယ်။ ဒီမြင်ကွင်းတွေက ကျွန်တော့်အတွက်တော့ ဘန်ကောက်မြို့နဲ့ ရင်းနှီးချစ်ခင်၊ အကျွမ်းတဝင် ဖြစ်စရာတွေချည်းပါပဲ။ ဘန်ကောက်မြို့ပေါ်မှာ ဘယ်အချိန်ပဲ ကျွန်တော် လမ်းပျောက်သွားပါစေတတောက်တောက် မြည်နေတဲ့ ကူးတို့ဆိပ်က ခေါ်သံတွေဆီ ဦးတည်သွားလိုက်တာပါပဲ။ ဆိပ်ကမ်းမှာကပ်ထားတဲ့ နဂါးခေါင်းကြီး ဦးမော့နေတဲ့ လှဝေမ်းထဲကိုပဲ ခုန်ဆင်းလိုက်ပါတယ်။ ဒီနဂါးလှေကြီးကပဲ ကျွန်တော့်ကိုOriental ဟိုတယ်ဆီကို ရောက်အောင် ပို့ဆောင်ပေးမြဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဘန်ကောက်ရဲ့လေးစားမြတ်နိုး တန်ဖိုးထားစရာအကောင်းဆုံးအရာ ဘယ်ဟာပါလဲလို့ ပြောရင်တော့-
ရွှေကျောင်းတော်ကြီးမှာ ကိန်းဝပ်စံမြန်းနေတဲ့ ‘မြဘုရား' ပဲလို့ ဖြေရပါလိမ့်မယ်။ မြဘုရားထဲမှာ ဘန်ကောက်ရဲ့ ယဉ်ကျေးမှု အနုပညာ၊ အစဉ်အလာ ဓလေ့ထုံးဟောင်း သမိုင်းကြောင်းအလုံးစုံတို့ စီးဝင်ပေါင်းစည်းနေကြတယ်လို့ ခံစားနားလည်မိပါတယ်။ မြဘုရားဆီ ကျွန်တော့်ကို လိုက်ပို့တဲ့ စကားပြန်လေးက တကယ်တော့ ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး။ Mariamman ဘုရားကျောင်းမှာဝတ်တက်နေတဲ့ ဟိန္ဒူလေးပါ။ ဘန်ကောက်မြို့ကိုလာလည်တဲ့ ခရီးသွားမှန်သမျှ လေးစားကြည်ညိုစရာ ကောင်းလှတဲ့မြဘုရားကို သွားရောက်ဖူးမြော်သင့်တယ်လို့ သူက ယုံကြည်ယူဆထားသူပါ။ ဒါပေမဲ့ ဘန်ကောက်မြို့အနှံ့အပြားမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (Wats) တွေချည်းရှိနေတာ မဟုတ်ပါဘူး။ ဗလီ(Mosque) တွေလည်း အများကြီးပါ။ တရုတ်တန်းမှာတော့ ဆီမီး၊ အမွှေးတိုင်တွေ တောက်(Tao Temple) ဘုရားကျောင်းမှာ လာရောက်ထွန်းလှူ ဆုတောင်းကြတဲ့ တရုတ်အမျိုးသားတွေလည်း အများအပြားပါပဲ။ တကယ်တော့ ဘန်ကောက်မြို့ဆိုတာ ဘာသာယဉ်ကျေးမှုမျိုးစုံတို့ ဗုဒ္ဓရဲ့မေတ္တာရိပ်အောက်မှာ လာရောက်စုစည်းခိုလှုံကြတဲ့ မြင့်မြတ်တဲ့နေရာ တစ်ခုပါ။ ဘန်ကောက်မြို့မှာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဆိုတာ မကြုံဖူးသလောက်ပါပဲ။ နောက်ဆုံးတော့ ကျွန်တော်ကိုယ်တိုင်လည်း ပိုကမ္မဋ္ဌာန်းကျောင်း(Po Meditation Wat) မှာ ယောဂီတစ်ပါး ဖြစ်သွားခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ကမ္မဋ္ဌာန်းနည်းပြတဲ့ ဆရာဂုရုကတော့ သင်္ကန်းဝတ်တာကြာပြီဖြစ်တဲ့ အနောက်တိုင်းသားကြီးတစ်ဦးပါပဲ။ ကျွန်တော့်ဆရာဂုရုကြီးက ‘ခပ်သိမ်းသောအရာတို့ဟာ ဖြစ်ပျက် ပြောင်းလဲခြင်း ဓမ္မတာအတိုင်း စီးမျောသွားကြတာချည်းပါပဲ' လို့ကျွန်တော့်ကို သွန်သင်ဆုံးမ တရားပြခဲ့ပါတယ်။ ဘန်ကောက်က ‘အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရင် ငြိမ်းချမ်းမှုရနိုင်ပါတယ်။'
John Burdett is a former lawyer who has spent most of his workinglife in Southeast Asia and is now a full-time novelist. He has publishedseven novels, including five in his ‘‘Bangkok” series, the latest ofwhich is Vulture Peak.
![]() ပုလင်းထဲက ယင်ကောင်များ | ![]() ပညာရှင်များနှင့်ငြင်းခုံခြင်း | ![]() နည်းပညာ တော်လှန်ရေးများ၏ အနာဂါတ် |