Cover




Cover

သီချင်းတွေနဲ့ အိမ်ကလေး



(တစ်)

သားရေ ...

ငှက်ကလေးတစ်ကောင်တလေရဲ့ တေးသံကိုမှ မကြားရတဲ့တောလိုပဲ သီချင်းတစ်ပုဒ်တလေရဲ့ အသံဗလံကိုမှ မကြားရတဲ့ အိမ်တွေဟာလည်း တော်တော့်ကို သွေ့သွေ့ခြောက်ခြောက်နိုင်လွန်းလှပါတယ် သားရယ်။ အံ့ဩစရာကောင်းတာက လူ့ဘဝတစ်သက်တာမှာ သီချင်းကလေး တစ်ပုဒ်လောက်ကိုတောင်မှ အစကနေ အဆုံးအထိ ချောချောမောမော မဆိုတတ်နိုင်ခဲ့တဲ့ သူဖြစ်သွားခဲ့သူတွေ ရှိသလို၊ ဘယ်သူ သီဆိုတဲ့ သီချင်းတစ်ပုဒ်ပုဒ်ကိုမှ နားထောင် ခံစားတတ်တဲ့ အလေ့အထမရှိဘဲနဲ့ ထာဝရတိတ်ဆိတ် ခြောက်ကပ်နေတဲ့ ကန္တာရဆန်တဲ့ မိသားစုတွေလည်း ရှိနေကြတာပါပဲ သားရယ်။

သား မှတ်မိဦးမလားမသိဘူး။ ဖေဖေတို့ အခန်းနဲ့ မလှမ်းမကမ်းက ပါမောက္ခအိမ်ကလေး တစ်လုံးလေ။ ဇနီးသည်နှင့်အတူ သားကလေးက တစ်ယောက် သမီးကလေးက တစ်ယောက်။ သူတို့အခန်းမှာ အသံထွက်စေတဲ့ အရာဆိုလို့ ဘာတစ်ခုမှကို မရှိတာပါ သားရယ်။ ရေဒီယို ၊ ကက်ဆက်၊ ရုပ်မြင်သံကြား၊ VCD ဘာဆို ဘာမှကို မရှိတာပါ သားရယ်။ ဖေဖေအံ့ဩနေမိတာက မဝယ်နိုင်လောက်အောင် ငွေကြေး ချို့တဲ့နေလို့ မဝယ်တာမျိုး မဟုတ်ဘဲနဲ့ သီချင်းတို့၊ ဂီတတို့ဆိုတာတွေဟာ လူ့ဘဝအတွက် မလိုအပ်တဲ့ အရာတွေ ပါဆိုတဲ့ အယူအဆမျိုးနဲ့ အမြဲတမ်း တိတ်ဆိတ်ခြောက်ကပ်နေတဲ့ သူတို့ရဲ့ မိသားစု အတွေးအခေါ်ကို ဖေဖေက အံ့ဩနေမိတာပါ။ အချိန်တန်ရင် ရုံးတက်သူတက်၊ ကျောင်းသွားသူသွား၊ ချက်သူချက်၊ ပြုတ်သူပြုတ်၊ စားချိန်တန်စား၊ စာဖတ်ချိန်စာဖတ်၊ နောက်တော့ အိပ်ချိန်တန်တဲ့အခါ အမှောင်ထဲမှာ မိသားစုတစ်ခုလုံး အိပ်ပျော်နေကြပုံက ခြောက်ကပ်မာကျောလို့။ ဂီတဆိုတာ အပို ကိစ္စပါလို့ ထင်မှတ်မှားကြတဲ့ မိသားစုတွေထဲက မိသားစု တစ်ခုပါပဲ သားရယ်။

လောကမှာ သီချင်းဆိုသံတွေဟာ တကယ့်ကို မလိုအပ်ဘူးတဲ့လား။ စိမ်းစိုလန်းဆန်းတဲ့ မိသားစုဘဝတွေကို ထုဆစ်ဖို့ စိတ်ကူးရှိတဲ့သူတိုင်း တွေးခေါ်မြော်မြင်ကြည့်သင့်တဲ့ ကိစ္စပါပဲသားရယ်။

* * *



(နှစ်)

အဲလ်ဘတ်အိုင်းစတိန်း (Albert Einstein)ကို သားသိမှာပေါ့။ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင်ကြီး၊ ၂ဝ ရာစုရဲ့ Man of the century ဉာဏ်ကြီးရှင် လူသားကြီးလေ သားရဲ့။ ၁၈၇၉ ခုမှာ မွေးပြီး ၁၉၉၅မှာ ကွယ်လွန် ခဲ့ရှာတဲ့ ပုဂ္ဂိုလ်။ အိုင်းစတိန်းက ဂီတကို တော်တော်ချစ်တာတဲ့ သားရဲ့။ ဂန္တဝင်မြောက် ဂီတစာဆိုကြီးတွေ ဖြစ်ကြတဲ့ ဘက်ချ် (Bach) တို့၊ မိုးဇက် (Mozart) တို့၊ ရှုးဘတ် (Schubert) တို့ကို တော်တော့်ကို ကြိုက်တာတဲ့ သားရဲ့။ ဖေဖေလည်း Time မဂ္ဂဇင်း 31 Dec 99 ထဲမှာ ဖတ်ရတာလေ။ ရူပဗေဒပုစ္ဆာတွေနဲ့ ခေါင်းထဲမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတဲ့အခါ တယောပြားကလေးပေါ်မှာ ဘိုးတံကို တင်လိုက်တာ သူ့နားခိုရာဆိုပါလား သားရဲ့။ သီချင်းကလေး တစ်ပုဒ်စ နှစ်ပုဒ်စနဲ့ တယောထဲမှာ နစ်မျောသွားပြီးတဲ့နောက် ရူပဗေဒသူရဲကောင်းကြီးက ပြောခဲ့တာပဲလေ။ သည်လိုဆိုရင်ဖြင့် ဂီတဆိုတာဟာ ဖေဖေတို့ရဲ့ ဉာဏ်ပညာ ခြေကုန်လက်ပန်းကျမှု၊ စိတ်ဓာတ် သွေ့ခြောက်မှုတွေအတွက် နားခိုရာစခန်းဖြစ်မှာ အမှန်ပဲသားရဲ့။

စာရေးဆရာကြီး ပါရဂူဆိုတာကိုရော သား ကြားဖူးမယ်ထင်ပါရဲ့ ။ ဖေဖေနဲ့ အင်မတန်မှကိုခင်တဲ့ ပညာရှင်စာရေးဆရာကြီးပေါ့။ Weekly Eleven စာမျက်နှာတစ်နေရာမှာ ဆရာပါရဂူက ရှင်ဇနကာဘိဝံသရဲ့ စကားတစ်ခွန်းကို ကိုးကားပြီး ပြောဆိုခဲ့ဖူးတယ် သားရဲ့။ အမရပူရ မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ (၁၉ဝဝ-၁၉၇၇) ရဲ့ စကားလေ။ မေရှင်သီဆိုတဲ့ အောင်ခြင်းရှစ်ပါးသီချင်းဟာ ဘုန်းကြီးတွေ တရားဟောတာထက် ဩဇာကြီးတယ်ဆိုတဲ့ စကားလေ။ ဟုတ်တယ် သားရဲ့။ အောင်ခြင်းရှစ်ပါး သီချင်းသံကို ကြားတဲ့အခါ ဂေါတမဘုရားရှင်ကို အလိုလိုကို ကြည်ညိုသွားမိတာ။ ဂီတဟာ ဖေဖေတို့ရဲ့ စိတ်တွေကို အလွယ်တကူ ညှို့ယူဖမ်းစားထားလိုက်ပြီးတဲ့နောက် ပြုပြင်ပေးနိုင်တာဟာ အမှန်ပါပဲလေ။

အရစ္စတိုတယ် (Aristotle)(Bc-384-322) ဆိုတာဟာ ဂရိတွေးခေါ်ရှင်တွေထဲမှာ ဖေဖေတို့နဲ့ မစိမ်းတဲ့ နာမည်ပါ သားရယ်။ ဂီတနဲ့ပတ်သက်တဲ့ သူ့စကားကိုလည်း ဖေဖေ တော်တော့်ကို သဘောကျမိတယ်။ Mental Catharsis တဲ့။ သည်စကားလုံးကို ဆရာမြသန်းတင့်ရဲ့ မြောက်ဘက် တောင်ကုန်းဒေသမှအပြန် စာအုပ်ထဲမှာ ဖေဖေ တွေ့ခဲ့ဖူးတယ်။ ဆရာမြသန်းတင့်က စိတ်ကို ဆေးကြောသန့်စင်ပစ်တဲ့ အလုပ်ကို ဘာသာပြန်ထားခဲ့လေရဲ့။ တော်တော့်ကို သဘောကျဖို့ကောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ ဟုတ်တယ်။ သီချင်းတစ်ပုဒ်ပုဒ်ကို ညည်းနေရတာ ဒါမှမဟုတ် အားရပါးရ အော်ဟစ်ပစ်လိုက်ရတာဟာ စိတ်ထဲက အညစ်အထေးတွေကို ဖွပ်လျှော်ပစ်လိုက်ရတဲ့ အတိုင်းပါပဲလေ။

ချစ်သူနဲ့ ကွေကွင်းရလို့ ညစ်ထေးနေတဲ့ စိတ်တွေအတွက် ဆိုစရာ သီချင်းတွေအများကြီး။ ယောက်ျားမှာလည်း အသည်းနဲ့ပါ၊ ချစ်သူဝေးဝေးသွားပါနဲ့လား၊ သည်နွေမိုးဆောင်းပြောင်းသော်လည်း၊ နှမလက်လျော့နေလေတော့၊ ချစ်သူတိုင်းလည်း ညားကြပါစေ၊ တကယ်လို့ ရွာကိုလွမ်းတယ်ဆိုရင် အမေနဲ့ရွာကို လွမ်းတယ်၊ ဟစ်ပစ်လိုက်ပေါ့။ အညာကို လွမ်းတယ်ဆိုရင်လည်း မွေးဌာနေကို မမေ့သော အညာတို့ကို ဆိုပစ်လိုက်ရုံပေါ့။ အမေ့ရဲ့ ကျေးဇူးနဲ့ အမေ့ရဲ့မေတ္တာကို အမှတ်ရတဲ့အခါ ဆိုစရာသီချင်းတွေ တစ်ပုံကြီး။ ထူးအိမ်သင်ရဲ့ ကျေးဇူးပါမေမေ၊ အမေ့ရဲ့ ဒုက္ခအိုးလေး၊ မေမေနေကောင်းလား၊ မေမေ ချစ်တဲ့သားကြီး၊ အမေ့အိမ်၊ အရိပ်စစ် အများကြီးပါသားရယ်။ တရားခံရှာ မရတဲ့ ဒေါသတွေအတွက် စိုင်းထီးဆိုင်ရဲ့ နံရံကို လက်သီးနဲ့ ထိုးမိတယ် ဆိုမယ်ကွာ။ ရုန်းဖို့ကန်ဖို့ သတ္တိတွေအတွက် ခိုင်ထူးရဲ့ အားလုံးကို ကျော်ဖြတ်ရမယ် သီချင်းဆိုမယ်ကွာ။ ကျက်သရေရှိတဲ့ မိန်းမတစ်ယောက် အတွက် ခင်မောင်တိုးရဲ့ မဟာဆန်သူ ဆိုမယ်ကွာ။ ကိုယ့် ကိုယ်ကျင့်တရား ကိုယ် ပြန်လေးစားဖို့ ခိုင်ထူးရဲ့ မြတ်သောအကျင့်၊ အမေ့သားပီသသူအတွက် ဇော်ဝင်းထွဋ်ရဲ့ ကောင်းကင်မေမေ၊ မိသားစုအနွေးဓာတ်အတွက် လက်ရေတစ်ပြင်တည်း၊ မန္တလေးရတနာပုံ အလွမ်းပြေအတွက် စစ်ကိုင်းတောင်၊ စစ်ကိုင်းတံတား၊ အောင်ပင်လယ်၊ ရွှေမန်းဆီသို့ သီချင်းတွေ သီချင်းတွေ သီချင်းတွေ။ ဖေဖေတို့စိတ်ထဲက မှောင်နေတာတွေ လင်းသွား၊ ရှင်းသွားအောင် တင်းနေတာတွေ ပျော့သွား၊ လျော့သွားအောင် ဆိုစရာသီချင်းတွေက တစ်ပုံကြီး။ ဒါမှမဟုတ် ညည်းဖို့၊ ဒါမှမဟုတ် နားထောင်ဖို့။

VCD စက်ကလေးရှေ့မှာ မိသားစု ဝိုင်းဖွဲ့နားထောင်နေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ Ear Phone ကလေးနဲ့ တစ်ယောက်တည်း နားထောင်နေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပဲ။ ကာရာအိုကေစက်ကြီးဖွင့်ကာ အားရပါးရ ရင်ဖွင့်နေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါမှမဟုတ် မီးပူတိုက်ရင်း၊ အိမ်သိမ်းရင်း၊ ချက်ဖို့ပြုတ်ဖို့ စီမံရင်း၊ အဝတ်လျှော်ရင်း၊ စာရင်းဇယားတွေ ရေးဆွဲရင်း၊ ကောက်စိုက်ရင်း၊ ပျိုးနှုတ်ရင်း၊ နွားလှည်းမောင်းရင်း၊ ကားရေဆေးရင်း၊ ဘုရားပန်းအိုးလဲရင်း၊ ဆန်ပြာရင်း၊ စပါးလုံးကောက်ရင်း၊ ညည်းချင်ရင်လည်း ညည်းပေါ့ သားရယ်။ ဘာပဲဖြစ်ဖြစ် မောကြီးပန်းကြီး ဘဝတွေကနေ ခဏခိုနားဖို့၊ ဉာဏ်စွမ်းရည် တစ်ဖန်နိုးထလန်းဆန်းလာစေဖို့၊ စိတ်အညစ်အထေးတွေကို လျှော်ဖွပ်ဖို့ အတိတ်ကို ခဏပြန်သွားဖို့ မိသားစုတိုင်းမှာ သီချင်းတွေလိုတယ် သားရဲ့။

ဂီတနဲ့ပတ်သက်တဲ့ စမ်းသပ်မှုကလေးတွေကို စာမျက်နှာတချို့မှ ဖေဖေ ဖတ်ခဲ့ဖူးတယ်ကွ။ ပန်းခင်းနှစ်ခင်းရှိတယ်တဲ့။ တစ်ခင်းမှာ ငြိမ့်ညောင်းတဲ့ ဂီတသံတွေကို အမြဲတမ်းဖွင့်ပေးထားတယ်တဲ့။ ပန်းပွင့်တဲ့အခါ အဲသည့် သီချင်းတွေနဲ့ပန်းခင်းက ပိုပြီးတော့ ပွင့်နေသတဲ့ သားရဲ့။ နောက်တစ်ခါ ဥစားကြက်ခြံ နှစ်ခြံမှာလည်း သည်အတိုင်းပဲ။ တစ်ခြံမှာ သီချင်းတွေ အမြဲတမ်း ဖွင့်ပေးထားခဲ့သတဲ့။ အဲသည့် သီချင်းတွေနဲ့ ကြက်ခြံကပဲ ကြက်ဦတွေပိုဥလေသတဲ့။ အခုခေတ် ဆေးသိပ္ပပညာရှင်တွေက မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင်ထားစဥ် အချိန်ကတည်းက ငြိမ့်ညောင်းတဲ့ သီချင်းသံကလေးတွေကို နားထောင်သင့်တယ်လို့ ဆိုတာပါပဲ သားရယ်။ နောက်ပြီး ဂီတနဲ့ နေထိုင်တဲ့ ကလေးတွေဟာလည်း ဉာဏ်စွမ်းရည် ပိုထက်မြက်တယ်လို့ လက်ခံနေကြတယ်လေ။

သိင်္ဃသူဆိုတဲ့ အမတ်ကြီးတစ်ယောက်က ရေးထိုးခဲ့တဲ့ ပုဂံခေတ်က ကျောက်စာတစ်ချပ် ရှိပါသော်ကော သားရဲ့။ သူက သူရဲ့ဆုတောင်းထဲမှာ ဘဝအဆက်ဆက် အိပ်ရာမှနိုးထတိုင်း သာယာငြိမ့်ညောင်းသော ဂီတသံများနဲ့ နိုးထ ထရလိုပါကြောင်း ဆုတောင်းထားခဲ့တယ်လေ။ ဖေဖေ့မိတ်ဆွေ အယ်ဒီတာ ကလေးတစ်ယောက်ဟာ သူ့အလုပ်ခန်းမှာ အမြဲတမ်း သီချင်းတွေ ဖွင့်ဖွင့်ထားတတ်တယ်။ ခပ်တိုးတိုးကလေးပေါ့။ မနက်ခင်းဆိုရင် ရေကင်း သံကလေးတွေ၊ နံနက်ချိန်ခါ တေးသံသာကလေးတွေ၊ ညညတွေဆိုရင် အလွမ်းအဆွေး၊ အအေးသီချင်းကလေးတွေ၊ Mp 3 နဲ့ ဖွင့်ထားတာဆိုတော့ သီချင်းနဲ့ အိပ်ပျော်သွားလိုက်၊ သီချင်းနဲ့ နိုးထလာလိုက်၊ ဖေဖေ့စိတ်ထဲမှာ လူဟာ အမြဲတမ်း လက်ဆတ်ကြည်လင်ကာ နှိုးကြွနေသလိုပါပဲ သားရယ်။

* * *



(သုံး)

ဂီတမရှိတဲ့ အိမ်တွေဟာ ပတ်ကြားအက်ကြီးတွေနဲ့ တူတယ်ဆိုတာ တကယ်ပါပဲ သားရယ်။ အဖေရယ်၊ အမေရယ်၊ သမီးရယ်၊ သားရယ် ကိုယ့်ကိစ္စနဲ့ကိုယ် ငုတ်တုတ်။ ဆေးလိပ်တစ်တိုနဲ့ ဖြစ်ချင်ဖြစ်မှာပေါ့။ အဝတ်ဟောင်း တစ်ပုံနဲ့လည်း ဖြစ်ချင်ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါမှမဟုတ် ကျောင်းသင်ခန်းစာ တစ်အုပ်နဲ့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သူတို့မှာ ဂီတမရှိ။ သူတို့ အိမ်မှာ ဘာသီချင်းသံမှ မကြားရ။ သွေ့ခြောက်လို့၊ အုံ့မှိုင်းလို့၊ ဝါရော်လို့၊ ကန္တာရတွေလို အစိုဓာတ်တစ်စက်ကလေးမှ မရှိ။

ဖေဖေကတော့ သားရယ် ကိုယ့်မိသားစုကိုယ် စိမ်းစိမ်းစိုစိုဖြစ်အောင် လုပ်ရတဲ့နေရာမှာ သီချင်းတွေလည်း လိုတယ်လို့ ထင်နေမိတာပါပဲ သားရယ်။

* * *




Cover

ခရီးဆောင်အိတ်တွေနဲ့ အိမ်ကလေး



(တစ်)

သားရေ ...

အချိန်ရရင်ရသလို ခရီးထွက်ဖြစ်တတ်တဲ့ ဖေဖေတို့မိသားစု အခုနှစ် နွေရာသီမှာရော ဘယ်အရပ်၊ ဘယ်ဒေသဆီကို ခရီးထွက်ရရင် ကောင်းမှာပါလိမ့် ဆိုတာကို သားတို့ရဲ့ နောက်ဆုံးပိတ် အတန်းတင် စာမေးပွဲကြီးတွေ မကျင်းပခင်ရက်တွေကတည်းက မိသားစုဝင်တွေ လူစုံတိုင်း အစီအစဥ် ဆွဲနေခဲ့ကြလိုက်တာ တော်ကြာနေရင်တစ်မျိုး၊ တော်ကြာနေရင်တစ်မျိုးနဲ့ နွေရာသီကျောင်းပိတ်ရက်သာ ရောက်လာပါလေရော သားရယ်။ ပုဂံကို ဖေဖေတို့ ကြိုက်တယ် သားရဲ့။ ဒါပေမယ့် ပုဂံညောင်ဦး၊ ကျောက်ပန်းတောင်းတစ်ဝိုက်ကို ဖေဖေတို့ တစ်မိသားစုလုံး အကြိမ်ကြိမ်အခါခါ ရောက်ခဲ့ပြီးသား။ ဒါဆို မန္တလေးပြင်ဦးလွင်ဘက်ကို ဆိုရင်ကော ဆိုတော့ ဒါကလည်း ဖေဖေတို့ မကြာမကြာ ရောက်တတ်မိကြရာ ဒေသ။ ရှမ်းတောင်တန်းကြီးတွေနဲ့ လွမ်းမောစရာ ကမ္ဘောဇဘက်ကိုလည်း ဖေဖေတို့ စိတ်ကူးမိခဲ့ကြပါသေးတယ် သားရယ်။ ဒါကလည်း ကလောတို့၊ အောင်ပန်းတို့၊ တောင်ကြီးတို့၊ အင်းလေးတို့၊ ပင်းတယတို့ဆိုတာတွေက ဖေဖေဆိုရင် အကြိမ်ကြိမ်အလီလီ၊ သားတို့တွေက အနည်းဆုံး တစ်ကြိမ် ထိတွေ့ရင်းနှီးပြီးသား။ နောက်ဆုံးတော့ နီးနီးနားနား ကမ်းခြေကိုပဲ ဖေဖေတို့ ရွေးမိခဲ့ကြပါလေရော။ ချောင်းသာတဲ့။

ချောင်းသာကိုသွားမယ်လို့ ဆုံးဖြတ်ချက် ကျသွားပြီးတာနဲ့ တစ်အိမ်လုံးကို ကျွတ်ကျွတ်ညံသွားတော့တာပါပဲ သားရယ်။ ပုဇွန်ကင်စားမယ်၊ ကနုကမာ စားမယ်၊ ဂဏန်း စားမယ်၊ ကကတစ်ကင် စားမယ်၊ အုန်းရည် သောက်မယ်၊ သောင်စပ်မှာ ပြေးမယ်၊ ရေကူးမယ်၊ စိတ်ကူးတွေကို စုံလို့၊ ထုံးစံအတိုင်း ခရီးဆောင်အိတ်တွေကို ပြင်ရပြန်ပြီပေါ့။

* * *



(နှစ်)

လူတွေဟာ ခရီးသွားဖို့ လိုသလား သားရဲ့။

သည်မေးခွန်းကို ဖေဖေ ကိုယ့်ကိုယ်ကို မကြာခဏ မေးကြည့်မိ၊ ပြီးတော့ ဖြေဖို့လည်း ကြိုးစားကြည့်ခဲ့ဖူးတယ်။ ဖေဖေတို့ ပတ်ဝန်းကျင်မှာ ကတော့ ကမ္ဘာကိုပတ်ဖို့ ကြိုးစားနေသူတွေ ရှိသလို၊ အိမ်ထဲက အိမ်ပြင်မထွက် သူတွေကလည်း အများသားလေ။

ဟိုးတစ်ခါ ဖေဖေ ပုဂံကို ရောက်သွားတုန်းက ထူးဆန်းတဲ့ ကမ္ဘာလှည့်ခရီးသည် နှစ်ယောက်ကို တွေ့ခဲ့ဖူးတယ်။ အီတလီကတဲ့၊ တော်တော့်ကို အသက်ကြီးကြပါပြီလေ။ အသက် ၇ဝ ကျော် ဇနီးမောင်နှံနှစ်ယောက် အမျိုးသမီးကြီးက မျက်စိ မမြင်ရှာဘူး။ ငယ်ငယ်ကတည်းက ကွယ်သွားခဲ့ရှာလာတဲ့။ သူတို့ကို ဧည့်လမ်းညွှန် လုပ်နေတာက ပုဂံက ဖေဖေ့တပည့် အီတလီစကားပြောသူ။ မြင်းလှည်းကလေးတစ်စီးနဲ့ ထနောင်းပင်ရိပ်မှာနားကိုဝင်၊ ဘုရားတစ်ဆူပြီး တစ်ဆူ သွားလိုက်၊ တော်ကြာနေ စားသောက်ဆိုင်ကလေးတွေထဲ ဝင်သွားလိုက်၊ တော်ကြာနေ မြစ်ဆိပ်ကို ဆင်းသွားလိုက်နဲ့ အဲ့သည့် မျက်မမြင် အီတလီအမျိုးသမီးကြီးက ကမ္ဘာနှံ့တော့မယ်တဲ့။ အခု ပုဂံကို ရောက်လာရတာကလည်း ပုဂံရဲ့အသံ၊ ပုဂံရဲ့အနံ့၊ ပုဂံရဲ့အထိအတွေ့၊ စကားပြောသံတွေ၊ ဟင်းနံ့၊ မုန့်နံ့၊ ပန်းနံ့တွေ၊ ရာသီဥတု အပူအအေး၊ လေရဲ့ အတို့အထိ အဲဒါတွေကို သိချင်လို့ ရောက်လာတာတဲ့။ မျက်စိအမြင်သာရှိရင် လူ့ဘဝကို တစ်ကြိမ်တစ်ခေါက် ရောက်လာရတာ ဘယ်လောက်တန်လိုက်လေမလဲတဲ့။

နောက်တစ်ခါ ဖေဖေတွေ့ရပြန်တာက ဖေဖေ စာသင်ပေးနေတဲ့အိမ်က သမီးငယ်လေးတစ်ယောက် သားရဲ့။ တစ်နေ့မှာ ဖေဖေကသူ့ကို စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့တယ်လေ။ “မမေ့နိုင်သော ခရီးတစ်ခေါက်” ဆိုတဲ့ ခေါင်းစဥ်နဲ့ပေါ့။ ဆယ်တန်းကျောင်းသူအရွယ်လည်းဖြစ် မိဘတွေကလည်း တောင့်တောင့်တင်းတင်းတွေမို့ ခရီးကလေးဘာလေးတော့ဖြင့် သွားဖူး လိမ့်မယ်လို့ မျှော်လင့်ထားခဲ့မိတယ်ပေါ့။ ဒါပေမယ့် အံ့ဩစရာ ကောင်းလောက်အောင်ကို ဖေဖေတပည့်မ သမီးငယ်ကလေးဟာ အဲ့သည်စာစီစာကုံးကို မရေးတတ်။ ဘယ်အရပ်မှလည်း ခရီးမသွားဖူးတဲ့သူတဲ့ သားရဲ့။ ဖေဖေ ပိုပြီးအံဩသွားတာက သူတို့မြို့နဲ့ လေးနာရီခရီးလောက်သာရှိပြီး မိုင် ၁ဝဝ လောက်သာဝေးတဲ့ ရန်ကုန်ကိုတောင် မရောက်ဖူးဘူးဆိုတာကို ပါပဲ။

ဪ ....... အာကာသကိုတောင် ခရီးနှင်ဖို့ စိုင်းပြင်းနေကြတဲ့ သည်ခေတ်သည်ကာလကြီးမှာတဲ့ သားရယ်။

* * *



( သုံး )

သားရေ .....

ဖေဖေ့မှာ ကိုတာဆိုတဲ့ မိတ်ဆွေစာရေးဆရာ တစ်ယောက်ရှိတယ် သားရဲ့။ စိမ်းတဲ့မြေသို့အပြန်ဆိုတဲ့ စာအုပ်ဟာ သူရေးခဲ့တဲ့ စာအုပ်တွေထဲက တစ်အုပ်ပေါ့။ သူက အဲ့ဒီစာအုပ် တစ်နေရာမှာ ခရီးများများသွားတဲ့သူဟာ ဒီမိုကရက်တစ် (Democratic) ဆန်လာတယ်လို့ ကိုးကားရေးသားထားခဲ့ဖူးတာကို ဖေဖေ အမှတ်ရမိတယ်။ ဟုတ်တယ်။ ဒါကို ဖေဖေ သဘောကျတယ်။

ဒီမိုကရက်တစ်ဖြစ်တယ်ဆိုတာ အတ္တရဲ့ဆန့်ကျင်ဘက်။ အာဏာရှင်ဆန်မှုရဲ့ ဆန့်ကျင်ဘက်ပဲပေါ့။ ခရီးများများသွားလိုက်တဲ့အခါ ကိုယ်နဲ့မတူတာတွေကို ဖေဖေတို့ အများကြီး ထိတွေ့လိုက်ကြရတယ်လေ။ လောကမှာ ကိုယ်စားသလို မစားသူတွေ အများကြီး၊ ကိုယ်ပြောသလို မပြောသူတွေအများကြီး၊ ကိုယ်ဝတ်သလို မဝတ်သူတွေ အများကြီး၊ ကိုယ်နေသလို မနေသူတွေ အများကြီး ၊ ကိုယ်ယုံကြည်သလို မယုံကြည်သူတွေ အများကြီးဆိုတာကို ဖေဖေတို့ နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ကြရတော့တာပါပဲ။ ကိုယ်နဲ့ မတူတာကို လက်ခံတာဟာ ဒီမိုကရက်တစ် ဆန်လာတာပဲပေါ့။

ခရီးများများသွားလိုက်တဲ့အခါ လူဟာပွင့်လင်းသွား၊ လွတ်လပ်သွား၊ ပြီးတော့ လွတ်မြောက်သွားတယ်လို့ ဖေဖေခံစားမိတယ်။ ဝတ်တာ၊ စားတာ၊ နေတာ ၊ ထိုင်တာ၊ ပြောတာ၊ ဆိုတာ၊ ယုံကြည်တာ အကုန်လုံး ငါ့လိုပဲဖြစ်ရမယ်ဆိုတဲ့ စိတ်တွေ တစ်လွှာစီ တစ်လွှာစီ ကွာကျကုန်တော့တာပါပဲ။ စီတ်နဲ့အတူ မျက်လုံးတွေရော အပြုံးတွေရော အသွားအလာအနေအထိုင်တွေရော ပေါ့ပါးသွားဖို့အတွက် ဖေဖေတို့ ခရီးသွားဖို့ လိုမယ်လို့ ဖေဖေ စဥ်းစားမိတယ်။

* * *



( လေး )

သားရေ .......

ဖေဖေတို့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ အိန္ဒိယ စာရေးဆရာတွေထဲမှာ ရာဟုလာသံကိစ္စည်းဆိုတာ အထင်ကရ စာရေးဆရာကြီး တစ်ယောက်ပဲ သားရဲ့။ သူ ဖေဖေတို့နိုင်ငံကို လာဖူးတယ်။ ဖေဖေနဲ့ အလွန်ရင်းနှီးတဲ့ စာရေးဆရာကြီး ပါရဂူနဲ့ ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) တို့က ရာဟုလာသံကိစ္စည်းရဲ့ စာအုပ်ကို မြန်မာဘာသာပြန်ဖူးတယ်။ ‘ဗော်လဂါပူဇော်သို့’ ဆိုတဲ့ စာအုပ်ကြီးပေါ့။ ဖေဖေ သိပ်ကို ကြိုက်တဲ့ စာအုပ်။ အဲသည့် စာအုပ်တစ်နေရာမှာ စာရေးဆရာ ရာဟုလာသံကိစ္စည်းက .....

“ကမ္ဘာတစ်ခွင်သို့ လှည့်လည်လော့။”

ဘဝတစ်သက်တာ ဆိုသည်မှာ

တစ်ခါသာရောက်လာသည်။

ဘဝတစ်သက်တာအတွင်းမှာလည်း

ပျိုရွယ်မှုဟူသည်

တစ်ကြိမ်သာ လာရောက်သည်။” လို့ ရေးထားခဲ့ပုံကို ဖေဖေစွဲနေမိခဲ့တယ်။ ဟုတ်တယ်။ သည်ကမ္ဘာမြေပေါ်မှာ ဖေဖေတို့ နေထိုင်အသက်ရှင်ခွင့်က ဘယ်နှနှစ်လဲ။ ၅ဝ လား။ ၆ဝ လား။ ဒါမှမဟုတ် ၇ဝ လား၊ ၈ဝ လား။ မသေချာဘူး၊ မရေရာဘူး။ ပိုပြီးတော့ မသေချာမရေရာတာက နောက်တစ်ခါ လူပြန်ဖြစ်မဖြစ်၊ သည်တော့ ရာဟုလာသံကိစ္စည်းပြောသလို အသက်ရှင်နေတုန်းမှာ မိသားစုတွေ ခရီးများများသွားပစ်လိုက်ဖို့ လိုတယ်လို့ ဖေဖေထင်မိတယ်။

* * *



( ငါး )

အိမ်နဲ့ ဝေးတဲ့ အရပ်ကနေ ပွင့်လင်းလွတ်လပ်တဲ့ အပြုံးတွေနဲ့ပြန်လာကြတဲ့ခရီးသည် မိသားစုတွေကို မကြာခဏဆိုသလို ဖေဖေတွေ့ဖူးတယ်။ မော်တင်စွန်းတို့လို၊ ချောင်းသာတို့လို၊ ငပလီတို့လို အရပ်တွေကနေ ပြန်လာကြတဲ့ မိသားစုတွေက ခရု၊ ပုတီးတွေလည်ပင်းမှာ ကိုယ်စီဆွဲလို့။ ပုသိမ်ထီးကလေးတွေ လက်မှာကိုင်လို့။ ပုဂံညောင်ဦး၊ ပုပ္ပားတစ်ဝိုက်က ပြန်လာတဲ့ လူတွေက ယွန်းပစ္စည်းကလေးတွေနဲ့ ၊ ပုန်းရည်ကြီးထုပ်ကလေးတွေနဲ့၊ စကားဝါပန်းကလေးတွေနဲ့ ၊ ကမ္ဘောဇဘက်က ပြန်လာတဲ့လူတွေက ထိုးမုန့်ဘူးတွေ ချိပ်လုံချည်တွေနဲ့၊ ကမ္ဘောဇဘက်က ပြန်လာတဲ့လူတွေက တို့ဟူးခြောက်တွေ၊ ခေါပုပ်ခြောက်တွေ၊ အာလူးခြောက်တွေနဲ့၊ ကျိုက်ထီးရိုးက ပြန်လာတဲ့လူတွေက ဝါးသေနတ်ကြီးတွေ လွယ်လို့၊ ဝါးတောင်ဝှေးကြီးတွေ ထောက်လို့၊ ဟိုးမြောက်ဖျား ကချင်တောင်တန်းတွေကနေ ပြန်လာတဲ့သူတွေက ကျောက်စိမ်းပုတီးတွေ၊ ကျောက်စိမ်းလက်ကောက်တွေ ဝတ်လို့၊ အိမ်ရှိရာကို ပြန်လာနေလိုက်ကြတာ။

ဒေသအသစ်၊ သစ်ပင်တောတောင် လျှိုမြောင်စိမ့်စမ်းအသစ်၊ မနက်ခင်း စားစရာအသစ်၊ နှုတ်ထွက်စကားအသစ်၊ အမြတ်တနိုး တန်ဖိုးထားပုံအသစ်၊ ဝတ်ပုံစားပုံ ဖြီးလိမ်းပြင်ဆင်ပုံအသစ်၊ အကုန်လုံးသစ်တဲ့အရာတွေက ခရီးသွားသူ မိသားစုကို အသစ်ပြန်လုပ်ပေးလိုက်တဲ့ပုံပါပဲ။

ပြင်သစ်စာရေးဆရာ အက်ဒရေ မောရွိုင်း (Andre Maurois) ရဲ့ စာအုပ် တစ်အုပ်ရှိတယ် သားရဲ့။ The Art of Living တဲ့။ ဆရာမြသန်းတင့်က ဘဝနေနည်း အနုပညာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့သေးတာပေါ့။ အဲ့သည့် စာအုပ်ထဲမှာ စာရေးဆရာ အင်ဒရေမော်ရွိုင်းက ပြင်သစ်ကဗျာဆရာ ပေါဗာလေရီရဲ့ စာတစ်ပုဒ်ကို ကိုးကားဖော်ပြထားခဲ့တာကို ဖေဖေ သွားသတိရမိတယ် သားရယ်။

“မိသားစုတိုင်း၌ ဖုံးကွယ်ထားသည့်

ငြီးငွေ့သော စိတ်တစ်မျိုး ရှိတတ်၏” တဲ့။

ဟုတ်တယ်။ ထပ်တလဲလဲ နေ့ရက်တွေ အပ်ကြောင်းထပ်နေတဲ့ ဘဝတေးသံတွေက ဖေဖေတို့ကို ငြီးငွေ့စေတယ်။ သည်ငြီးငွေ့စိတ်ကို ခရီးသွားခြင်းက ချေဖျက်ပစ်နိုင်တယ်။ အတူအိပ်၊ အတူထ၊ အတူနား၊ အတူသွား ခရီးသွားခြင်းမှာ မိသားစုတွေဟာ တစ်ဖန်ပြန်လည် ရင်းနှီးသွားနိုင်တယ်လို့ ဖေဖေ ယုံကြည်တယ်။ လက်ကောက်တွေကို တံတောင်ဆစ်လောက် ရောက်အောင်ဝတ်ထားပြီး အိမ်ထဲက အိမ်ပြင် မထွက်တဲ့ မိန်းမ၊ ပိုက်ဆံအိတ် တံတောင်လောက်ကို လက်မှာကိုင်ပြီး ဘယ်မြို့မှမရောက်ဖူးတဲ့ ယောက်ျားတွေဟာ သူ့ မိသားစုကို ဘယ်တော့မှ မစိမ်းလန်းစေပါဘူးလေ။

သားရေ။

အခု ဖေဖေတို့ ချောင်းသာခရီးစဥ်မှာလည်း ဘုရင့်နောင်တံတားကို ကျော်ပြီး ရန်ကုန်နယ်နိမိတ်ကနေ လွတ်ထွက်သွားပြီးတာနဲ့ နောက်ထပ်စာမျက်နှာ အသစ်တစ်ရွက်ကို လှန်မိလိုက်ပြန်ပြီဆိုတာ ဖေဖေယုံတယ်။ စိတ်ချ။

* * *


ဝန်ဇင်းချစ်သူများ မောင်သာချို ၏ “ စိမ်းလန်းသောမိသားစုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သမီး ဖတ်ဖို့

သမီးဖတ်ဖို့ နှင်းပွင့်တိုင်းပြည်၌ ခွေးကျောင်းထွက်ခြင်း

ရေကြည်ပြီးတော့ မြက်နုစေချင်လို့