ပြဇာတ်တစ်ပုဒ်ကိုများ သရုပ်ဆောင်ခဲ့ကြလေရော့သလား
(တစ်)
ပြဿနာကောင် ပထမ၊ နိုင်ငံတော် သမ္မတက သူ့လက်အောက်မှာ ဒုတိယတဲ့။ ဟုတ်မှဟုတ်ရဲ့ လားဟု မေးယူရလောက်အောင် ထူးခြားဆန်းပြားသော သမိုင်းဇာတ်ခုံပေါ်က အ ဖြစ်အပျက်တစ်ခုပင် ဖြစ်ပါ၏ ။
ပြဇာတ်တစ်ပုဒ်ထဲမှာ များ ဝင်ရောင် သရုပ်ဆောင်နေကြလေရော့သလား ဟု မေးရမည့်  အနေအထားမျိုး။
ဟုတ်ပါသည်။
ပြဿနာကောင်က ပထမ၊ နိုင်ငံတော် သမ္မတက ဒုတိယ။
(နှစ် )
ရိုလီဟာဟာ(Rolihlahla ) ဆိုသည့် အာဖရိက စကားလုံးကို အင်္ဂလိပ်ဘာသာဖြင့် Trouble Maker ဟု ဘာသာပြန်ဆိုနိုင်ပေရာ မြန်မာလိုကျတော့ ပြဿနာကောင်။
ဟုတ်ပါသည်။ ထိုရိုလီဟာဟာ (Rolihlahla) ဆိုသော စကားလုံးသည် နယ်လ်ဆင်မင်ဒဲလား၏ နာမည် တစ်ခုပင် ဖြစ်ပါသည်။ အလွယ်ဆုံးခေါ်တော့ မင်ဒဲလား(Mandela)သူ့ထက် နည်းနည်း ပိုပြီး ပြည့်စုံအောင် ခေါ်တော့ နယ်လဆင်မင်ဒဲလား(Nelson Mandela)၊ ပို၍ ပို၍ ပြည့်စုံအောင်ခ်ါတော့ နယ်လ်ဆင်ရိုလီဟာဟာမင်းဒဲလား (Nelson Rolihlahla Mandela )၊ သို့ ဖြစ်ရာ အပြည့်အစုံခေါ်သော နာမည် ထဲက ရိုလီဟာဟာ (Rolihlahla)ကို ရည်ညွှန်းကာ ပြဿနာကောင်ဟု တင်စားလိုက်ရခြင်ြး ဖြစ်ပါသည်။
ထိုပြဿနာကောင် နယ်လ်ဆင်မင်ဒဲလားကို သမ္မတအ ဖြစ် လက်ခံက မိမိကိုယ်တိုင်က သမ္မတအ ဖြစ်ကနေ ဆင်းပြီး ဒုတိယသမ္မတအ ဖြစ် တာဝန်ထမ်းဆောင်ဖို့ လက်ခံခဲ့သူက ဒီကလပ်။ နာမည် အပြည်အစုံက ဖရက်ဒရစ် ဝီလျံဒီကလပ်(frederik Willem de Klerk)။ တောင်အာဖရိကဆိုတဲ့ မြေပေါ်မှာ ။
(သုံး)
နိုင်ငံတကာရေး ရာကို စိတ်ဝင်စားသူမှန်သမျှ သိနှင့် ပြီးသား ဖြစ်နေနိုင်သော အကြောင်းအချက်တချို့ကိုပဲ ထပ်၍ တစ်ဖန် တင်ပြပါရစေ။
နယ်လ်ဆင်မင်ဒဲလားက တောင်အာဖရိကနိုင်ငံ ၊Transkei ပြည်နယ်(Umtata)ဒေသ Eastern Cape အနီး ရွာကလေးတစ်ရွာ၌ မွေးဖွားခဲ့သူ။ ဖခင် (Gadla Hanry Mgha Kanyswa)မိခင်(Nose Keni Fanny)၁၈ ဇူလိုင် ၁၉၁၈ မွေး။
သူ တစ်နှစ် သားအရွယ် ၁၉၁၉ ခု၌ လူဖြူတရားသူကြီးတစ်ဦး၏ အမိန့်ဖြင့် မြေများ ၊ ငွေများ အသိမ်းခံရတာ ကို သူ အမှတ်ရနေသည်။
သူ ကိုးနှစ် သား အရွယ် ၁၉၂၇ ခုကျတော အဖေ ဆုံးသည်။ ၁၉၃၇ ခုနှာ ဝိဇ္ဇာဘွဲအတွက် Fort Hare တက္ကသိုလ်တက်နေတုန်း လူမည်းအခွင့်အရေး အတွက် လှုပ်ရှားသဖြင့် ကျောင်းက ထွက်ရ။ တောင်အာဖရိက တက္ကသိုလ်ကနေ စာပေးစာယူနှင့် ဘွဲရ။ ၁၉၄၃ ခုမှာ အာဖရိက အမျိုးသားကွန်ဂရက် ANCနှင့် ဆက်သွယ်။ ၁၉၄၄ ခုမှာ ANCလူငယ်အဖွဲ့ တည်ထောင်။ ၁၉၆၂ ခုမှာ ပထမဆုံးအကြိမ် အဖမ်းခံရ။ ၁၉၆၄ ခုမှာ Cape Town ကမ်းခြေအလွန် ၇ ကီလိုမီတာအကွာက Robbn Island Prison သို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြင့် ရောက်လာကာ ထိုကျွန်း အကျဉ်းထောင်ထဲမှာ ၁၈ နှစ် နေလိုက်ရသည်။ ထို့နောက် Cape Town အကျဉ်းထောင်သို့ ၁၉၈၄ ခု ၊ ဧပြီ၌ ရွှေ့ခဲ့ရပြန်သည်။
အကျဉ်းထောင်နာမည် က Poll-smoor ။ ၁၉၈၈ ခုတွင် Victor Verster အကျဉ်းထောင်သို့ ရွှေ့ခဲ့ရပြန်ပြီး ၁၉၉၀ ခု ၊ ဖေဖော်ဝါရီလတွင် မှ ထောင်က လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။ အကျဉ်းစံနှစ် စုစုပေါင်း ၂၇ နှစ် ၊ သူ့ကို လွှတ်ပေးလိုက် သူက တောင်အာဖရိကသမ္မတ ဒီကလပ်။
ဒီကလပ်၏ ဘဝပုံရိပ်ကလေးကိုလည်း အကျဉ်းမျှ ဖော်ပြပါရစေ။ အမည် အပြည့်အစုံက ဖရက်ဒရစ် ဝီလျံဒီကလပ်(Frederik Willem de Klerk) Johanes- burg မြို့သား။ ၁၈ မတ်၊၁၉၃၆မွေး ၊Monument High School ကနေ ဆယ်တန်းအောင်ကာ Pothef stroom တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ ၊ဥပဒေဘွဲ့များ ရသည်။ ၁၉၇၈ ခုမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီး။ ၁၉၈၂ ခုမှာ National Party ခေါင်းဆောင်။ ၁၉၈၉ ခုမှာ တော့ တောင်အာဖရိက နိုင်ငံ၏ သမ္မတ။
လူဖြူနှင့် လူမည်းကို ပြတ်ပြတ်သားသား ခွဲခြားကာ လူမည်းမှန်သမျှ လူ့အခွင့်အရေး ဆုံးရှုံးနေရသည့် တောင်အာဖရိကမြေပေါ်၌ သမ္မတ ဒီကလပ်က ၁၉၉၀ ခု ၊ ဖေဖော်ဝါရီထဲမှာ နယ်လ်ဆင်မင်ဒဲလားကို လွှတ်ပေးလိုက် ပါသည်။ အာဖရိက အမျိုးသားကွန်ဂရက် (ANC)ကို တားဆီး ပိတ်ဆို့ထားတာမှန်သမျှ ပယ်ဖျက်ပစ်လိုက်သည်။ ယင်းမှာ ၁၅ သြဂုတ်၊၁၉၈၉ ခု၌ သမ္မတ ဖြစ်လာသူ ဒီကလပ်က သမ္မတ ဖြစ်ပြီးပြီးချင်း လေး ငါး ခြောက်လ အကြာ၌ ခပ်သွက်သွက် လုပ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း သတိပြုကြည့်နိုင်ပါ၏ ။
သို့ဖြင့် ၁၀ မေ၊ ၁၉၄၄ ခု၌ ဒီကလပ် သမ္မတသက်တမ်း ဆုံးသည်။ ၁၉၄၄ ခုမှာ ပင် ရွေးကောက်ပွဲ လုပ်ပေးလိုက် သည်။ မျှော်လင့်ထားသည့်အတိုင်း နယ်လ်ဆင်မင်ဒဲလား အနိုင်ရသည်။
အံသြစရာဟု ဆိုနိုင်သည်။ သို့သော် ပို၍ အံ့သြစရာက…။
(လေး)
၁၉၄၄ခု၊ ရွေးကောင်ပွဲအပြီး တောင်အာဖရိက အစိုးရဖွဲ့တော့ နယ်လ်ဆင်မင်ဒဲလားက သမ္မတ ၊ အရင် သမ္မတဟောင်း ဒီကလပ်က ဒုသမ္မတ တဲ့။
ပို၍ အံသြစရာ ဆိုတာက ယင်းကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ယခင်လူဖြူသမ္မတ အဆက်ဆက်တို့က ဖိနှိပ် ချိုးနှိမ်ထားသော လူမည်းတို့ကို လူ့အခွင့်အရေး ပြန်ပေး၊ လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားကို ထောင်က လွှတ်၊ ရွေးကောက်ပွဲ လုပ်ပေး စသည် စသည်များ ကြောင့် လူစိတ်ရှိသော ဒီကလပ်ကို မင်းဒဲလားနှင့် တွဲ ၍ ပင် ၁၉၉၃ ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးခဲ့ခြင်းကို သာမန် အံ့သြမှု တစ်ခုလို လူတိုင်း အံ့သြနိုင်ကြပါသည်။
သို့သော် အစိုးရအဖွဲ့ ပြန်ဖွဲ့စဉ် မိမိ ထောင်က လွှတ်ပေးလိုက် သူက သမ္မတ ၊ မိမိက သူ့လက်အောက် ဒုသမ္မတအ ဖြစ် တာဝန်ထမ်းဆောင်ရမည် ဆိုသော အခါ မငြင်းမဆန်ဘဲ ကျေကျေနပ်နပ်နှင့် လက်ခံသော ဒီကလပ်ကမူ သာမာန် အံ့သြရုံမျှနှင့် မလုံလောက်တော့ပါ။
မင်းသားကြီး မလုပ်ရ၍ ပတ်မကို ထိုးဖောက်သူတို့များ သော လောကဇာတ်ခုံပေါ်၌ ဒုတိယမင်းသားကလေး နေရာကပဲ ဖြစ်စေ ပွဲလှအောင် ဝင်ရောက် ကပြ အသုံးတောင်ခံလိုသော စိတ်က နိုဘယ်လ်ဆုမက မြင့်မြတ်လှပါသည်။
(၅)
ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု၊ ဇာတ်တော် အမှတ်စဉ် ၄၂၁ ၊ အဋ္ဌကနိပါတ်တော် လာ ဂင်္ဂါမာလဇာတ်ကို ကုန်းဘောင်ခေတ်၏ ပြဇာတ်ဆရာကြီး ဦးပုည လက်စွမ်းပြ ပြန်လည်ရေး သားထားသည့် ရေသည်ပြဇာတ်ကို လူသိများ ပါသည်။ ကျောင်းသင်ခန်းစာထဲမှာ လည်း ပါ၊ ဇာတ်စင်ပေါ်ကိုလည်း ရောက်။
ပြဇာတ်ထဲတွင် ညီတော် အာနန္ဒာအလောင်းအလျာ ရေသည်ယောက်ျားက ရေသည်မနှင့် လက်ထပ်ဖို့ ငွေလေးရွေးကို သွားအယူ ဘုရားလောင်း ဥဒယမင်းကြီးက တွေ့ မြင်သွားကာ သနားကရုဏာသက်ပြီး ငွေရှစ်ရွေးမှ တစ်ဆင့် အဆင့်ဆင့်တိုး၍ ပေးသွားခဲ့ရာ နောက်ဆုံး အိမ်ရှေ့မင်း ရာထူးအထိ တိုးပေးပါလျက် မိမိကို သတ်ပြီး တိုင်းပြည်ကို သိမ်းဖို့ ရေသည်အိမ်ရှေ့မင်း ကြံစည်ကြောင်း သိရှိသွားလေသော အခါ မိန့်ပုံမှာ ဤသို့ ဖြစ်ပါ၏ ။
“လုံးလုံးပိုင်လို၊ အမောင်ဆိုလျှင်
ပဟိုရ်ထီးစည် ၊ တိုင်းပါပြည်ကို
မရှည်ရက်ချိန်း ၊ ယနေ့သိမ်း၍
အုပ်ထိန်းအမောင် စံလေတော့။
စိတ်လျှော့မာန်ပျောက်၊
မောင်မင်းအောက်က
လက်ထောက်ငယ်သား၊
ငါ့ကိုပင် ထားပါတော့”
ဟူ၍ ဖြစ်ပါ၏ ။ခေါင်းဆောင်လိုချင်က ခေါင်းဖြတ်ယူပါ။ ရင်ကို ခွဲပြီး အသည်းနှလုံးကို ယူလိုက ယူပါဟု ပြောပြီးနောက် ဆက်ပြောသည့် စကားများ ဖြစ်ပါ၏ ။ မောင်မင်းက တိုင်းပြည်ကို အုပ်ချုပ်ပြီး မိမိကို လက်ထောက်အ ဖြစ် ထားမည် ဆိုလျှင်လည်း နေပါ့မည် တဲ့။ ကိုယ် မင်းသားကြီး မလုပ်ရလည်း နေ။
တောင်အာဖရိက ဇာတ်ဝင်ခန်းက သည်ရေသည်ပြဇာတ် ဇာတ်ကွက်နှင့် ဆင်ဆင်တူမနေဘူးလား။
ကိုယ်က လွတ်မြောက်ခွင့် ပေးလိုက် သူ နယ်လ်ဆင်မင်ဒဲလားက သမ္မတတဲ့။ သမ္မတတာဝန်ယူခဲ့ဖူးသူ မိမိ ဒီကလပ်က ဒုသမ္မတတဲ့။ စိတ်သဘောထားကြီးမြတ်ပုံက ပြဇာတ်ဆန်လွန်းလှပါရဲ့။ Moral Courage စိတ်သတ္တိဆိုတာ ဒါမျိုးပဲ မဟုတ်လား။
သြော်…တောင်အာဖရိက ဇာတ်ဝန်ခန်းက လွမ်းစရာကြီး။
7 Day News
(5-7-12)
အလွယ်တွေးခဲ့ကြတဲ့ မလွယ်ရေး ချ မလွယ်ပုံတစ်ခု
(တစ်)
မိုးခပ်ဖွဲဖွဲ ရွာ၍ နေသော နေ့တစ်နေ့၌ တောင်သူတောင်သား လင်မယား နှစ် ယောက် တို့ သူတို့ သားကလေး၏ ကြွင်းကျန်ရစ်သော အလောင်းကို ဆေးရုံရေခဲတိုက်ထဲ၌ ထားရစ်ခဲ့ကာ ပစ္စည်းပစ္စယမျိုးစုံကို သိမ်းဆည်းပြီးနောက် ယောက်ျား ဖြစ်သူက သားငယ် ခွ၍ ခွ၍ အိပ်လေ့အိပ်ထရှိသော ဖက်ခေါင်းအုံးကလေးကို ပိုက်လျက် မိန်းမ ဖြစ်သူက ကလေးငယ် ဆော့ကစားနေကျ မွေးပွ ဝက်ဝံရုပ်ကလေးကို ပွေ့ချီလျက် မျက်ရည်တို့ကို လက်ဖမိုးကလေးနှင့် သုတ်ကာ သုတ်ကာ ကျောခိုင်းထွက်ခွာသွားကြသော မြင်ကွင်းကို ကျွန်တော့် ဘဝ၌ မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ။
ကလေးက အသက် သုံးနှစ် ဝန်းကျင်အရွယ် ပြေးလွှားဆော့ကစားတတ်ခါစ၊ နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းများ ကို မေးတတ်ခါစ အရွယ်ကလေး ဖြစ်ပါသည်။ မိဘများ က တောင်သူတောင်သား (သို့မဟုတ်) နယ်သူ နယ်သားများ ဖြစ်ဟန်တူပါရဲ့ ။ ရန်ကုန်မြို့နေ အသိမိတ်ဆွေတစ်ဦးဦး၏ အိမ်ကို ခေတ္တတည်းခိုကာ သည်ကလေးကို ဆေးလာကုခြင်းဟု နားလည်ရပါသည်။
ကလေးသေဆုံးသွားရခြင်း၏ အဓိကအကြောင်းကို စာဖတ်သူတို့ သိလျှင် ဘယ်လောက်များ အံသြသွားကြမှာ ပါလိမ့်ဆိုသည်ကို ကျွန်တော် မခန့်မှန်း တတ်နိုင်ပါ၊သို့သော် ကျွန်တော် ကတော့ အံ့သြပါသည်။ အံ့သြရုံမျှမက အသည်းတယားယားလည်း ဖြစ်ရ ၊ မချင့်မရဲ့ လည်း ခံစားရ၊ ဒေါသလည်း နည်းနည်း တော့ ထွက်ရပါသည်။
Coffee Mix တဲ။ ဘယ်လိုမှ ကုသလို့ မရတော့လောက်အောင် ကလေး၏ နှလုံးကို အပြင်းအထန် ထိုးနှက်တိုက်ခိုက်လိုက်သည်မှာ Coffee Mix ဆိုပါလား။
အမှတ်တံဆိပ်ကို ကျွန်တော် မပြောလိုပါ။ ယခု ကိစ္စက အမှတ်တံဆိပ် ကိစ္စလည်း မဟုတ်ပါ။ မြန်မာ့ စားသောက်နေထိုင်မှု ဘဝထဲသို့ ထိုးဖောက်ဝင်ရောက် နေရာယူလာရာက အန္တရယ် ထိုးနှက်ချက်တစ်ရပ်ကို ပြောလိုရင်းမျှသာ ဖြစ်ပါသည်။
(နှစ် )
သေဆုံးရှာသူ ကလေးငယ်က တောနယ်ဘက်က ။ သူက Coffee Mix တော် တော် ကြိုက်သည်။ မိဘများ ကလည်း အသိအမြင် ဗဟုသုတ ဆွံ့အ ရှားပါးသူများ ဖြစ်လေရာ သားက “ကော်ကော်” ဟု အောက်လိုက်သည်နှင့် ရေနွေးထဲ့ အထုပ်ဖောက်ထည့်၊ “ဂလောက် ဂလောက်” ဟု တစ်ချက် နှစ် ချက် ခေါက်ကာ သားကို တိုက်ကြစမြဲဟု ဆိုပါသည်။ နောက်တော့ သည်ကလေးက Coffee Mix အမှု န့်၏ အရသာကို ကြိုက်လာပါသည်။ သည်တော့ အမှု န့်ကို လျက်ပါလေသတဲ့။ ဘယ်လောက်များ ကြိုက်လာပါသလဲ ဟု ဆိုလျှင် အိပ်ရာက နိုးလာသည်နှင့် “ကော် ကော်”၊ ဗိုက်နည်းနည်း ဆာလာသည်နှင့် “ကော်ကော်”၊ ကစားလို့ဝသည်နှင့် “ကော်ကော်”။
သည်တော့ ဘယ်နားကဆိုင်မှာ ပြေးဆွဲဆွဲ တိုးတိုးတန်းလန်းနှင့် ချိတ်ဆွဲထားသည့် Coffee Mix အထုပ်တွေ က ငွေကလေး တစ်ရာ၊ တစ်ရာ့ငါးဆယ် ပေးရုံနှင့် ခပ်လွယ်လွယ် ရနိုင်ပေရာ ကလေး က “ကော်ကော်” ဟု ဆိုလိုက်သည်နှင့် အခုဝယ် အခုဖောက်၊ ပန်းကန်ထဲထည့်ပေး၊ သတင်းစာစက္ကူပေါ် ပုံပေး သားကလေး စိတ်တိုင်းကျ တဝလျက်ပေတော့ ။ တစ်ကြိမ် နှစ် ကြိမ် မဟုတ်။ တစ်ရက် နှစ် ရက် မဟုတ်။ တစ်လ နှစ် လ မဟုတ်။ နှစ် ပေါက်လေတော့ ကလေးငယ်၏ နှလုံး ဖောက်ပြန်ခဲ့ပါပြီ ဖြစ်လေရာ သမားတို့ လက်မြှော က်ခဲ့ကြရပါလေပြီ။
ယောက်ျားက ဖက်ခေါင်းအုံးလေးကို ပိုက်လို့ ။ မိန်းမက ဝက်ဝံရုပ်ကလေးကို ပွေ့လို့ ။ သားရေ..တဲ့။ သြော်…..ဆေးရုံ အထွက်လမ်းကလေး ပေါ်မှာ ။
(သုံး)
ကျွန်တော် တို့ဆီ၌ သူများ ဓလေ့ကို ကိုယ့်ဓလေ့ ဖြစ်အောင် လုပ်ယူကြသည့် အရာများ ထဲ၌ ကော်ဖီဓလေ့သည်လည်း တစ်ခုအပါအဝင် ဖြစ်လိမ့်မည် ဟု ထင်ပါသည် ။ အထူးသဖြင့် ခပ်လွယ်လွယ်နှင့် ကိစ္စပြတ်သော Coffee Mix ဓလေ့။ ဟုတ်ပါသည်။ သူက ချက်ချင်း မဟုတ်လား။
အင်္ဂလိပ်စာ အလွယ်လမ်း၊ ခုနှစ် ရက် အရပ်ရှည်နည်း၊ အောင်မြင်မှု အတွက် ဖြတ်လမ်းများ ၊ နိဗ္ဗာန် မဂ်ဖိုလ် ရက်တိုတိုနှင့် ရောက်နည်း စသည် စသည်ဖြင့် ။ နောင်ခါလာ နောင်ခါဈေး ချက်ချင်း ကို သဘောကျသော လူသားတို့၏ သဘောကျ Instant Coffee Mix တွေ က Instant ဆိုသည့် စကားနှင့် အညီ တကယ့်ကို ချက်ချင်း ဖြစ်လေရာ ကျွန်တော် တို့ဆီက လူများ သဘောကျသည်မှာ ဘာမှ မဆန်းကြယ်လှပါ။
ပကာသန အဆောင်အယောင်များ နှင့် မြို့ပြ ဧည့်ခန်းဆောင်များ သည် ချောင်းစပ် မြောင်းစပ် ၊လယ်ကွင်းပြင်နံဘေး ကန်သင်းရိုးလေးဘေးက မိုးတိုးမက်တတ် တောလက်ဖက်ရည်ဆိုင် ကလေးများ အထိ ကော်ဖီမစ်ကို အလွယ်တကူ သောက်၍ ရပါသည်။
အထုပ်ကို ဆွဲဖြဲ ၊ ရေနွေးပူပူထဲ လောင်းထည့်၊ ဇွန်းနဲ့ သုံးလေးချက် မွှေပြီးသည်နှင့် သောက်သုံး၍ ရပါပြီ။
သည်ဓလေ့ ကျွန်တော် တို့ဆီမှာ ထွန်းကားလာတာ နှစ် အစိတ်လောက်ရှိပြီ။ ၁၉၈၈ အပြီးဟု ကျွန်တော် အမှတ်အသား ရှိပါသည်။
(လေး)
Coffee Mix က ချက်ချင်း ပျော်ဝင်သွားစေရန် အလို့ငှာ ဓာတုပစ္စည်းနှင့် ပေါင်းခံရပါသည်။ ထို ဓာတုပစ္စည်းက ရင်တုန်စေခြင်း ဖြစ်ပါသည်။ ကော်ဖီထဲမှာ က ကဖင်းဓာတ် ပါပါသည်။ ယင်းက ကတုန်ကယင် ဖြစ်စေ၊ ဂနာမငြိမ် ဖြစ်စေ၊ သွေးပေါင်ချိန်မြင့်စေပါသည်။ ကော်ဖီမစ်ထဲရှိ သကြားပါဝင်မှု က ဆီချိုသမားများ နှင့် ဘယ်လိုမှ မ ဖြစ်အောင် ပါင်ဝင်နေပါသည်။ ထို့ပြင် ကော်ဖီမစ်ထဲ၌ နို့တု ပါပါသည်။
Non-Dialry Creamer ခေါ် နို့တုကို စားအုန်းဆီ၊ အုန်းဆီတို့နှင့် လုပ်ရပါသည်။ ယင်းတို့က နှလုံးသွေးကြော ကျဉ်းစေ၊ ဆီချို ရောဂါ ကို ဖြစ်စေပါသည်။
ကော်ဖီထဲ၌ အက်ဆစ်လည်း ပါဝင်ကာ ထိုအက်ဆစ်ကို ဗက်တီးရီးယားပိုးမွှားက ကြိုက် ၊ ထိုဗက်တီးရီးယားနှင့် ပါးစပ်ထဲက စာကြွင်းစားကျန်တို့ပေါင်းကာ ဆာလ်ဖာခေါ် ကန့် ဖြစ်၊ ထို ဆာလ်ဖာနှင့် ပလပ် (Plaque) ခေါ် အဖတ်ကလေးများ ပေါင်းကာ အနံဆိုး ဖြစ်၊ ခံတွင်းနံ့ အပုပ်အသိုးတွေ က တထောင်းထောင်း။
ကျွန်တော် ခုလို ဆက်တိုက်ကြီး ချရေး ပစ်လိုက်လေသော အခါ တချို့က ကျွန်တော့် အပေါ် အမြင် တိမ်းစောင်းနိုင်ပါသည်။ သည်လူက သူတစ်ပါး စီးပွားရေး ၊ သူတစ်ပါးလုပ်ငန်း ပျက်စီးရာပျက်စီးကြောင်း လုပ်နေတာလား စသည် စသည်ဖြင့် မဟုတ်ရပါလေ။ ကျွန်တော် ကိုယ်တိုင်လည်း Coffee Mix နှင့် မကင်းပါ။ သောက်ပါသည်။ တံဆိပ်မျိုးစုံအောင်ကိုပင်လျှင် သောက်ဖူးပါသည်။သောက်နေဆဲလည်း ဖြစ်ပါသည်။ သို့သော် သတိကလေးနှင့် အထိန်းအကွပ်ကလေးနှင့် တစ်ခွက်စ နှစ် ခွက်စ စသည်ဖြင့် ။
သို့သော် အခါခပ်သိမ်း သောက်၊ နေရာမရွေး သောက်၊ အရွယ်မရွေး သောက်၊ အပြစ်အနာအဆာ ဘာမျှမရှိသည့် နတ်တို့ဖန်တီးသည့် ဧရာမ အာဟာရ ဆေးတစ်ပါးသဖွယ် သုံးဆောင်းနေကြခြင်းကမူ အန္တရာယ် ကြီးမားလှပါသည်။ နားအေးရင် ပြီးတာပဲဟူသည့် သဘောထားဖြင့် ကော်ဖီမစ်အထုပ်ကို ဖောက်ချကာ “လျက်ပေတော့ ငါ့သား”ဟူ၍ လျက်ဆားသဖွယ် သုံးဆောင်းခိုင်းနေသော မြင်ကါင်းကို ကျေးလက်နယ်ပယ် ဒေသများ ၌ မကြာခဏ တွေ့ ရလေ့ရှိပါသည်။ သားက သမီးက ကော်ဖီမစ် သိပ်ကြိုက်တာပဲ ဟူသည့် အတွေးဖြင့် ဂုဏ်ယူကာ မြိန့် မြိန့်ကြီးပြုံးနေသော အသိ ဆွံအရှားပါးသူ မိဘများ ကို ကျွန်တော် အသည်းယားလှပါဘိ။
သြော်…သားအလောင်းကို ထားရစ်ခဲ့ကာ ဖခင်က ဖက်ခေါင်းအုံးလေးကို ပိုက် ၊ မိခင်က ဝတ်ဝံရုပ်ကလေးကို ပွေ့ပြီး ဇနီးမောင်နှံနှစ် ယောက် မျက်ရည်ကိုယ်စီနှင့် ပြန်သွားလိုက်ကြတာ။ ကျန်နေရစ်ခဲ့တဲ့ ဝိညာဉ်မဲ့ ကလေးလေးဟာ ကောဖီမစ် အထုပ်ပေါင်းများ စွာ ကို ဖောက်ဖောက်ပြီး လျက်နေခဲ့ဖူးတဲ့ ကလေးလေးပေါ့။
7 Day News
(26-7-12)
![]() သမီးဖတ်ဖို့ နှင်းပွင့်တိုင်းပြည်၌ ခွေးကျောင်းထွက်ခြင်း | ![]() ပေကညစ်များဆီမှ လှေကားထစ်များဆီသို့ | ![]() စိမ်းလန်းသောမိသားစုများ |