Cover

ရာပြည့်စာအုပ်တိုက်၏ မှတ်ချက်

ဦးကုလားသည် မြန်မာရာဇဝင်ကို ပထမဦးဆုံး အပြည့်အစုံ ရေးသားပြုစုခဲ့သူ ဖြစ်သည်။ ဦးကုလား၏ မဟာရာဇ၀င်ကြီးသည် ပထမအုပ်၊ ဒုတိယအုပ်၊ တတိယအုပ်သုံးအုပ်ရှိပြီး စာမျက်နှာ ၁၀၀၀ ကျော်ရှိရာ မြန်မာရာဇဝင် လေ့လာလိုသူတို့သည် အချိန်များ စွာ ယူ၍ ဖတ်ရှု့ လေ့လာကြရ သည်။ ဦးကုလားသည် မဟာရာဇ၀င်ကြီးအပြင် ရာဇ၀င်လတ်နှင့် ရာဇ၀င်ချုပ်တို့ကိုပါ ထပ်မံရေး သားပြုစုခဲ့သဖြင့် မြန်မာရာဇဝင်ကို အချိန်တိုတိုနှင့်လေ့လာလိုသူတို့အတွက် များ စွာ အသုံးဝင်လှ သည်။ မြန်မာရာဇဝင်ရေး ဆရာများ အနက် ဦးကုလား တစ်ဦးတည်းသာ မဟာရာဇဝင်ကြီး၊ ရာဇဝင်လတ်နှင့် ရာဇဝင်ချုပ်ဟူ၍ သုံးမျိုး ရေးသားပြုစုရန် ဆန်းသစ်သော စိတ်ကူးရှိပြီး၊ ထို စိတ်ကူးကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဦးကုလားအား များ စွာ ချီးမွမ်းသင့် ပေသည်။

ဦးကုလားသည် မဟာရာဇဝင်ကြီးကို ရေးသားရာ စနေမင်း (၁၆၉၈ - ၁၇၁၄) လက်ထက် ၂၂ အောက်တိုဘာ ၁၇၁၁ တွင် သားတော် ငစဥ့်ကူးမင်းသားအား အိမ်ရှေ့ရာထူး နှင်းအပ်အပြီး တွင် အဆုံးသတ်ထားသည်။ ဦးကုလား၏ ရာဇဝင်ချုပ်မှာ မူကား စနေမင်း နတ်ရွာစံအပြီး ၁၁ သြဂုတ် ၁၇၁၄ တွင် အိမ်ရှေ့မင်း (တနင်္ဂနွေမင်း) နန်းတက်သည်အထိ ရေးသားထားသည်ကို ထောက်၍ မဟာရာဝင်ကြီး ရေးသားပြီးစီးမှသာ ရာဇဝင်ချုပ်ကို ရေးသားခဲ့သည်ဟု ယူသော် ရနိုင် မည်ထင်ပါသည်။

ဦးကုလားသည် ရာဇဝင်ချုပ် ရေးသားရာတွင် မဟာရာဇဝင်ကြီးကဲ့သို့ မင်းတစ်ပါးစီ၏ အကြောင်းအရာများ ၊ နိုင်ငံရေး အခြေအနေများ ၊ ထူးခြားဖြစ်စဉ်များ ကို အကျယ်တဝင့် မဖော်ပြ တော့ဘဲ လိုရင်းကိုသာ ရေးသားပြုစုခဲ့သည်။ သို့ သော် မင်းတစ်ပါးစီ၏ ဆွေတော်စဉ် မျိုးတော် ဆက်ကိုကား မဟာရာဇ၀င်ကြီးထက် ပို၍ ပြည့်စုံစွာ ရေးသားပြုစုထားသည်ကို တွေ့ရသည်။ မဟာရာဇဝင်ကြီးတွင် မပါသည်များ (ဥပမာ- ညောင်ရမ်းမင်းသည် ဘုရင့်နောင်ကျော်ထင် နော်ရထာနှင့် ခင်ပြည့်စုံတို့၏ သားတော် အငယ်ဖြစ်ကြောင်း) ရာဇ၀င်ချုပ်တွင် ပါရှိသည်ကို တွေ့ရ သည်။

ရာဇဝင်ချုပ်ကို ယခုအကြိမ် တည်းဖြတ်ရာတွင် မင်းများ ၏ နန်းတက်သက္ကရာဇ်၊ အိမ်နိမ့်၊ မင်းစည်းစိမ်များ ၊ ရာဇဝင် တစ်စောင်နှင့် တစ်စောင် ကွဲပြားနေသည်ကို ကျောက်စာအနေအထား။ ဇာတာတော်ပုံရာဇဝင်၊ ဒေါက်တာဗိုလ်လေး၏ မိဿလဂ် လက်တွေ့သုတေသနကျမ်း၊ ဆရာ ဒဂုန်၏ မြန်မာ့ရိုးရာ ကောဇာဂြိုလ်စီးဂြိုလ်နင်းပညာနှင့် တင်နိုင်တိုး၏ ပုဂံရာဇဝင်သစ်ကျမ်းများ ကို ကိုးကား၍ ပြင်ဆင်ပါသည်။ ထိုသို့ ပြင်ဆင်ခြင်းမှာ မြန်မာ့သမိုင်းတွင် အရေးပါသည့် မင်းများ ၊ အရေးကြီးသည့် အဖြစ်အပျက်များ ၏ သက္ကရာဇ်ကွဲလွဲမှု မရှိစေလို၍ ပင် ဖြစ်သည်။

မြန်မာ့သမိုင်းတွင် အရေးကြီးသည့် အဖြစ်အပျက်တစ်ခု ရှိခဲ့ပါသည်။ ထိုအဖြစ်အပျက်ကို မှတ်တမ်းတင်ထားသည်မှာ စုက္ကတေးနှင့် နော်ရထာ စစ်ထိုးကြသည့် ကျိန်းဂြိုလ်နေပြ ဇာတာခွင် တစ်ခု ဖြစ်ပါသည်။ ထိုဇာတာခွင်အရ စစ်ထိုးသည့် ရက်မှာ ၁၁ သြဂုတ် ၁၀၄၄ ဖြစ်ပြီး ထိုနေ့တွင် ပင် အနော်ရထာသည် ပုဂံပြည့်ရှင်ဖြစ်လာကြောင်း သိရှိနိုင်သည်။ ထို့အတွက် မြန်မာ့သမိုင်းနှင့် ဆက်နွယ်သည့် ဗေဒင်ဇာတာခွင် တစ်ခုသည် တိကျသည့် ရက်၊ လ၊ နှစ်ကို ဖော်ထုတ်နိုင်သည့် အတွက် သမိုင်းတန်ဖိုး ကြီးမားပါသည်။ နောင်တွင် သမိုင်းဝါသနာပါသော ဗေဒင်ပညာရှင်၊ ဗေဒင် ၀ါသနာပါသော သမိုင်းပညာရှင်များ ပေါ်ပေါက်လာပြီး ဇာတာတော်ပုံရာဇဝင်တွင် ပါရှိသည့် ဇာတာ ခွင်များ ကို ထပ်မံတွက်ချက် ဖော်ထုတ်လာပါက မြန်မာ့သမိုင်းသည် ယခုထက် ပိုမိုပြည့်စုံ တိကျ လာမည်ဟု ယုံကြည်ပါသည်။

ယခုအကြိမ် ပုံနှိပ်ခြင်းတွင် လေ့လာလိုသူတို့ လွယ်ကူစေရန်အတွက် သာသနာသက္ကရာဇ် ခရစ်နှစ် နှိုင်းယှဉ်ပြဇယား ထည့်ခြင်း၊ မြန်မာရက်စွဲများ ကို ခရစ်ရက်စွဲဖြင့် အောက်ခြေတွင် ဖော်ပြ ထားခြင်း၊ အက္ခရာစဉ်အညွှန်း ပြုလုပ်ပေးထားခြင်း၊ နိုင်ငံခြားအမည်၊ မြို့ရွာဒေသ အမည်များ ကို မူရင်းဘာသာစကားဖြင့် ဖလှယ်ပေးထားခြင်းများ ပြုလုပ်ပေးထားပါသည်။



ဦးကုလား အတ္ထုပ္ပတ္တိ

မဟာရာဇဝင်ကြီး၊ ရာဇဝင်လတ်၊ ရာဇဝင်ချုပ်တို့ကို ရေးသော ဦးကုလား၏ အကြောင်း သော်ကား အဖနွယ်မှာ သူဋ္ဌေးမျိုး၊ အမိနွယ်မှာ တစ်ဖက်ကမူ စော်ဘွားမျိုး၊ တစ်ဖက်ကမူ မြို့စား မျိုးဖြစ်သည်။ ယင်းသို့ ဖြစ်လာပုံ အဆက်ကား ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်ကျော်ထင် နော်ရထာ (အေဒီ ၁၅၅၄-၁၅၈၁)လက်ထက် မိုးညှင်းကို အလိုတော်ပြည့်ပြီးနောက် ဆင်ဖြူများ ရှင် မင်းတရားက မိုးညှင်းစော်ဘွား ဇလုံကြီးသား ဇလုံငယ်၊ ၎င်း၏ သားစမော်ခန်းကို ခေါ်ယူတော်မူ၍ အပါးတော်တွင် မြဲရ၏ ။

သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃) ခုနှစ် ယိုးဒယားသို့ ချီတော်မူရာတွင် ဆင်နှင့် ပွဲရသော ကြောင့် ထိုစမော်ခန်းကို ရမ္မသူရဲဟူသော ဘွဲ့အမည်နှင့် ဝါဂရုမြို့ကို စားစေ၏ ။

နောက် မဟာဥပရာဇာ (ငါးဆူဒါယကာ နန္ဒဘုရင်) နှင့်အတူ ဇင်းမယ်သို့ ချီရာ ဇင်းမယ်မြို့ တွင် ဆင်နှင့်ပွဲရပြန်သောကြောင့် နန္ဒမိတ် ဟူသော ဘွဲ့ကို ပေးတော်မူသည်။

၎င်းမဟာဥပရာဇာ (ငါးဆူဒါယကာ) မင်းဖြစ်တော်မူလျှင် ဆင်နှင့်ပင် ပွဲရပြန်သောကြောင့် သင်္ခယာဟူသော ဘွဲ့နှင့် တလုပ်မြို့ကို ပေးတော်မူသည်။

ထိုတလုပ်မြို့စား သင်္ခယာ၏ သားတော် “ကော်လှ” ကို ငါးဆူ ဒါယကာမင်း လက်ထက် လက်ရွေးကြီးမှူး ခန့်၍ သားတော် မင်းရဲကျော်စွာ စုန်ထံ အချီတော်အရာနှင့် မြဲစေသည်။

၎င်းနောက် အဝမြို့ ညောင်ရမ်းမင်းတရားကြီး လက်ထက် အချီတော် လက်ရွေးကြီးမှူးကို ကော်တော်ရန္တမိတ်အမည်နှင့် စလေမြို့ကို စားစေသည်။ ၎င်းမင်း လက်ထက် သက္ကရာဇ် ၉၆၆ (အေဒီ ၁၆၀၄) ခု မိုးနဲတွင် ဆင်နှင့် ပွဲရပြန်၍ သားတော် အိမ်ရှေ့မင်းထံ မြဲရသည်။ နောက် အိမ်ရှေ့မင်း (အနောက်ဘက်လွန်မင်း) မင်းဖြစ်လျှင် အတုလစန္ဒာဒေ၀ီ ရှင်မိဖုရားကြီး အချီတော် ခန့်သည်။ ထီးနီ ညောင်ရွက် ၃ ဆင့်၊ ကျိုင်းချက်တော် နေရာရသည်။

၎င်းအချီတော် စလေမြို့စား ကော်တော်ရန္တမိတ်၏ မြောက်သားတော်ကား ၀ိဿလောက် စော်ဘွားသမီး စောဘုန်းရှိတည်း။ ၎င်းတို့၏ သမီးကား ဆင်းစံဝတီခေါ်သည်။

ဆင်းစံဝတီနှင့် နေမျိုးကျော်ထင် သင့်ရာ နေမျိုးကျော်ထင် ကွယ်လွန်လျှင် ၎င်း ဆင်းစံဝတီ ကို ဘယကျော်ထင်၏ သား မြို့သာစား မုနောဒိုင်းမှူး ကျော်ထင်နှင့် အတုလစန္ဒာဒေ၀ီ ရှင်မိဖုရား ကြီးက လက်ထပ်ပေးပြန်ရာ၊ အနောက်ထောင်မှူး ရွှေပြည်မြင်းခေါင်း ဦးစံညီနှင့်သမီး မဏိသြဃ ကို မြင်သည်။

ထိုမဏိသြဃနှင့် စဥ့်ကိုင်သူဋ္ဌေး ဒေဝသေဋ္ဌ တို့ သင့်ရာတွင် ဦးကုလားကို ဖွားမြင်သည်။ ထိုဦးကုလားသည် မိဘအမျိုးအနွယ်အလိုက် ပညာဗဟုသုတကို လိုလားရှာမှီးသူ ဖြစ်ရကား လောက၊ ဓမ္မ၊ ရာဇ ဟူသော အရေးတို့၌ ထောက်တွေးမြော်မြင် ဆင်ခြင်တတ်စွမ်းနိုင်သော သတ္တိ ဗျတ္တိတို့နှင့် ပြည့်စုံလုံလောက်ပေသည်ဟု လူရှင်အပေါင်းတို့ ချီးသောင်း အံ့သြခြင်းများ ကို ခံရသူ ဖြစ်ကြောင်း။

၎င်းဦးကုလားမှာ အင်းဝမြို့တွင် မွေးဖွားသည် မှန်သော်လည်း မည်သည့် သက္ကရာဇ်တွင် မွေးဖွားသည်ဟူ၍ စာပေ မတွေ့မိချေ။ မဟာရာဇာဝင်ကြီးကို ရေးသားသည့် ခေတ်ကား သက္ကရာဇ် တစ်ထောင့်ခုနှစ်ဆယ့် ခြောက်ခု (အေဒီ ၁၇၁၄) မင်းပြုသော ညောင်ရမ်း၊ ၁၀ ဆက် အ၀င် ၉ ဆက်မြောက်၌ “သီရိပ၀ရ မဟာဓမ္မရာဇာဓိပတိ” တံဆိပ်နာမံကို ခံယူတော်မူသော လေးကျွန်းမာရ်အောင်၊ လောကမာရ်အောင်စေတီတော် ဒါယကာ မှန်နန်းဆင်ဖြူရှင် တနင်္ဂနွေမင်း တရားလက်ထက်တွင် အဆိုပါ ဦးကုလားသည် “လောက၊ ဓမ္မ၊ ရာဇာ” ဂုဏ်အင် စုံလင်ဝေဖြာ ပဒေသာကဲ့သို့ ရာဇ၀င်ရှေးငြမ်း၊ အကျမ်းကျမ်းတို့မှ ပြိုးပြွမ်းသိမ်းအုပ်၊ ယူငင်ချုပ်လျက်၊ သရုပ် သီးသီး၊ တစ်စောင်တည်းနှင့် ပြီးစေခြင်းငှာ၊ မဟာရာဇ၀င်ကြီးကို၊ ၀ှဲချီးစုံလင်၊ စီရင်သန့်ခြား၊ ယဉ်ကျေးလှသော စကားတို့ဖြင့် ရေးသားပြုစုခဲ့ပေကြောင်း။

ယင်းသို့ ဖော်ပြခဲ့သော ဇာတိမဟတ္တ၊ ပညာဗဟုသုတ၊ ၀ီရိယာရမ္ဘ၊ ဗဟုသစ္စ၊ သုတဓရ ပုဂ္ဂိုလ်ကြီးဖြစ်သော ဦးကုလားသည် ဉာဏ်သွားလင်းပွင့် မင်းခွင့်စိုးရာတို့၌ လိမ္မာတတ်မြောက် လှသည့်အလျောက် ရှေ့နောက်ဖြစ်စဉ်၊ ရာဇ၀င်တို့ကို၊ ယူငင်ပေါင်းစုလျက်၊ သေတ္တုပသံသ၊ ယဉ် ကျေးလှသော၊ မင်းသုံးစကားတို့ဖြင့် ရေးသားခဲ့သည်။ မဟာရာဇ၀င်ကြီးမှတစ်ပါး ရာဇ၀င်လတ်၊ ရာဇ၀င်ချုပ်တို့ကိုလည်း ကြိုးကုတ်လုံးပန်း၊ ဉာဏ်စွမ်းသိမ်းအုပ်၊ သင့်ရာချုပ်လျက်၊ သရုပ်မပို၊ ပုဒ်တိုတိုဖြင့် ထုတ်ဆိုရေးသားခဲ့သေးသည်။

ရေးသားသော စာများ မှာ မဟာရာဇ၀င်ကြီး ၁၀ ကြောင်း ရေး ပေမူ ၂၁ တွဲ ၊ စာ ၃ ထုပ်၊ အင်္ဂါရေ ၆၃ အင်္ဂါ ၁၁ ချပ်။ ရာဇ၀င်လတ် ၁၀ ကြောင်း ရေးပေမူ ၁၀ တွဲ ၊ စာ ၂ ထုပ်၊ အင်္ဂါရေ ၄၃ အင်္ဂါ ၅ ချပ်။ ရာဇ၀င်ချုပ် ၁၀ ကြောင်း ရေး ပေမူ ၁ တွဲ ၊ စာ ၁ ထုပ်၊ အင်္ဂါရေ ၂ အင်္ဂါ ၈ ချပ်။ စုစုပေါင်း ပေအင်္ဂါ ၁၁၀ ရှိကျမ်းများ ကို ကြိုး ပမ်းပြုစုခဲ့ပေသောကြောင့် ပဝေဏီမင်းစဉ်၊ ရာဇ၀င် အကြောင်းအရာတို့ကို နောင်လာလူများ မှတ်သား သိမြင်ရကြသဖြင့် ဤကျမ်းပြုဆရာကြီး ဦးကုလား၏ အတ္တုပ္ပတ္တိကို သိထိုက် မှတ်ထိုက် အံ့သြထိုက်လှပေသတည်း။

ဦးကုလား ရာဇ၀င်ချုပ်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမနှင့် ပဋိညာဉ်

အစိန္တေယျော်၊ ၀ှဲချီးကျော်သည်၊ မမြော်နိုင်ရာ၊ လက္ခဏာငယ်၊ ရှစ်ဆယ်ပြဲ့ပြဲ့၊ သုံးဆယ့် နှစ်ပါး၊ ထင်ရှားလှစွာ ၊ လက္ခဏာကြီး အံ့ချီးမနိုင်၊ ရောင်စိုင် ခြောက်ဖြာ၊ အသာဓာရဏ၊ ဓမ္မခြောက် စု စတုဝေသာ၊ ကိုးဖြာဂုဏ်ထူး၊ လူသုံးဦးထက်၊ ကျေးဇူးမြတ်လှ၊ ကုဉ္ဇရဟု၊ ဇိနထွတ်ခေါင်၊ ငါးမာန် အောင်ကို၊ ဦးသျှောင်သင်းကျစ်၊ မျက်နှစ်တန်ဆာ၊ ရတနာသို့ ၊ ထိပ်မှာ ရွတ်တင်၊ အမြဲဆင်ပိမ့်၊ ရှင်ပင်တုံမှ နိစ္စကော်ရော်၊ ပူဇော်ထိုက်တန်၊ တရားမွန်ကို အလွန်အကဲ၊ ပုလဲလည်မှာ ၊ ရတနာသို့ ၊ မကွာပေါင်းရုံး၊ ဆင်ပြီးသုံးမှ၊ နှလုံးငြိမ်သက်၊ မပျက်ဣနြေ္ဒ၊ များ ထွေဂုဏ၊ သီလသမ္မာ၊ ပညာ ၀ိမုတ်၊ မယုတ်ဉာဏ၊ ငါးဝစုံလင်၊ ပည်းဖြင့် သတ္တ၀ါ၊ မှီရာကိုင်းကျွန်း၊ ထွန်းသော အသွင်၊ ပုန်းဝင် အောင်းရာ၊ လိုဏ်ပမာသို့၊ သင်္ဃာတော်မြတ်၊ နှိုင်းတုလွတ်ကို၊ ကိုယ်ဝတ်ရတနာ၊ မျက်မြွာစီတပ်၊ မိန်ချပ်ဝတ်လုံ၊ ပြောက်ပုံအင်္ကျီ၊ စုံစီဒုယင်၊ ကြဲသေးဖျင်သို့၊ မြဲပင်နိစ္စ၊ ၀တ်ပြီးမှလျှင်၊ ရှေးကစီရင်၊ ရာဇ၀င်ကို သိမြင်လွယ်အောင်၊ အကျဉ်းဆောင်၍ ဘုန်းခေါင်ထွတ်ချာ၊ မဟာသမ္မတ၊ မြတ်ဒေ၀ ကို၊ အစတည်လျက်၊ စဉ်ဆက် မင်းပေါင်း၊ ထီးဆောင်း နန်းနေ၊ ပဒေသရာဇ်၊ ဖြန့်လှစ်စကြ၊ ဧကရာ နှင့် မဟာဒီပ၊ စိုးမိုးရသည်၊ လောကတန်ဆောင်၊ မင်းကုန်အောင်ကို၊ စာစောင်ဥပဒေ၊ စီရင်ပေအံ့၊ ရထေသဘ၊ နရထွတ်ချာ၊ မဟာဓမ္မရာဇ်၊ တက်သစ်နေသွင်၊ တို့သခင်သည်။ ။ စက်ရှင်ရောက် တော်မူစေသော။

မဟာသမ္မတမင်းဆက်

သံဝဋ္ဋ၊ သံဝဋ္ဋဋ္ဌာယီ၊ ၀ိဝဋ္ဋ၊ ၀ိဝဋ္ဋဋ္ဌာယီ ဟူ၍ ကာလအားဖြင့် လေးပါးအပြား ရှိ၏ ။ ထိုလေးပါး တို့တွင် ပျက်ဆဲသော ကာလသည် သံဝဋ္ဋ ကပ်မည်၏ ။ ပျက်သည်မှ အထက်၌ တည်သော ကာလ သည် သံဝဋ္ဋဋ္ဌာယီ ကပ်မည်၏ ။ ပွားဆဲသော ကာလသည် ၀ိဝဋ္ဋဋ္ဌာယီ ကပ်မည်၏ ။ ပွားသည်မှ အထက်၌ တည်သော ကာလသည် ၀ိဝဋ္ဋဋ္ဌာယီ ကပ်မည်၏ ။ ထိုအသင်္ချေယျ လေးကပ်သည် တစ်ခု သော မဟာကပ်ကမ္ဘမည်၏ ။ ထိုအသင်္ချေယျ လေးကပ်တွင် လူဖြစ်သော ကာလသည် ၀ိဝဋ္ဋဋ္ဌာယီ ကပ်မည်၏ ။ ထိုဝိ၀ဋ္ဋဋ္ဌာယီ ကပ်တွင် အန္တရကပ် ခြောက်ဆယ့်လေးကပ်သည် ဖြစ်၏ ။

ထိုအန္တရကပ်တွင် လူတို့အသက် ဆယ်နှစ် နေသည်မှသည် အစဉ်အတိုင်းပွား၍ အသက် အသင်္ချေနေကုန်၏ ။ ထိုသို့ အသက်အသင်္ချေနေသော သူတို့သည် သီလ၊ သမာဓိမှ လျော့မေ့သည် ဖြစ်၍ အစဉ်အတိုင်း လူတို့အသက် ယုတ်၍ ဆယ်နှစ်သာ နေကုန်၏ ။ ထိုသို့ လူတို့အသက် ယုတ်တုံ တက်တုံ ခြောက်ဆယ့်လေးကြိမ်သည် ဖြစ်၏ ။ လူတို့အသက် အတက်တွင် မင်းမရှိ၊ အသက်အသင်္ချေနေ၍ အဆုတ်အယုတ်တွင် မဟာသမ္မတ တစ်ပါးတစ်ပါးစီ ဖြစ်သောကြောင့် မဟာသမ္မတ ၆၄ ပါးဖြစ်၏ ။ ထို့သို့ ၆၄ လေးပါးတွင် တစ်ကျိပ်တစ်ပါး ဖြစ်ပြီ။ ၅၃ ပါးနောက် ဖြစ်လတ္တံ့သည်ဟူ၍ ကပ္ပသာရဆရာ ဆိုသည်။ အန္တရကပ် နှစ်ဆယ်သာဟူ၍ လည်း ဇိနာလင်္ကာရ ဋီကာစသော ကျမ်းတို့၌ ဆိုသည်။

မဇ္ဈိမဒေသမင်းဆက်

ဖြစ်လေပြီးသော မဟာသမ္မတ တစ်ကျိပ်တစ်ယောက်တွင် အဆုံးစွန်ဖြစ်သော မဟာ သမ္မတမှစ၍ ဥက္ကာရာဇ်မင်းတိုင်အောင် မင်းဆက်ပေါင်း နှစ်သိန်း ငါးသောင်း နှစ်ထောင့်ငါးရာ ငါးကျိပ်ခြောက်ပါးတည်း။ ဥက္ကကရာဇ်မင်း၏ သားတော် ဥက္ကာမုခမင်းမျ စ၍ ဘုရားရှင်ဘေးတော် ဇေယျသေနမင်းတိုင်အောင် ကပ္ပိလ၀တ်ပြည်၌ မင်းဆက်ပေါင်း ရှစ်သောင်းနှစ်ထောင် တစ်ကျိပ် တည်း။

ဇေယသေနမင်း သားတော်သီဟဟနု၊ သီဟဟနုမင်း သားတော်သုဒ္ဓေါဒန၊ သုဒ္ဓေါဒနမင်း သားတော် သိဒ္ဓတ်ကုမာရ၊ သုံးစုမင်းဆက်ပေါင်း သုံးသိန်း သုံးသောင်း လေးထောင့် ငါးရာ့ ခြောက်ကျိပ် ကိုးပါးတည်း။ ဘုရားရှင်ဒါယကာတော် အဇာတသတ်မင်းမှစ၍ သီရိဓမ္မာသောကမင်း တိုင်အောင် မင်းဆက်ပေါင်း နှစ်ကျိပ်ကိုးပါးတည်း။ ဤတွင် ရွေ့ကား ကမ္ဘာဦး မဟာသမ္မတမင်းမှ စ၍ သီရိဓမ္မာသောကမင်းတိုင်အောင် မဇ္ဈမဒေသတိုက်၌ အင်္ဂတိုင်း၊ မဂဓတိုင်းစသော တိုင်းကြီး တစ်ဆယ့်ခြောက်တိုင်း၊ ဗာရာဏသီ၊ သာဝတ္ထိ စသော ပြည်ကြီးတစ်ဆယ့်ခြောက်ပြည်၌ ဖြစ်သော မင်းစဉ်ကိုဆိုသော ရာဇ၀င်ကားပြီးပြီ။

*


တကောင်းမင်း

မဇ္စျိမဒေသတိုက်၏ အရှေ့တောင်ယွန်းဖြစ်သော သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း ၊ ဤတိုင်း ကြီးနှစ်တိုင်း၌ ဖြစ်သော မင်းစဉ်ကိုဆိုပေအံ့။ ဘုရားထင်ရှားရှိသည့်ကာလ ထိုတိုင်းတို့၌ သာသနာ တော် ၅၀၀၀ တည်လတ္တံ့သည်ကို မြင်တော်မူ၍ မဟာပုဏ်၊ စူဠပုဏ်ဆောက်သော နံ့သာကျောင်း ကို ခံတော်မူ၍ ၊ ခုနစ်ရက်တိုင်တိုက် ဈာန်၏ ချမ်းသာဖြင့် မွေ့လျော်တော်မူပြီးမှ သစ္စဗန္ဓရသေ့အား ဆုံးမတော်မူ၍ အရဟတ္တဖိုလ်၌ တည်စေ၏ ။ ထိုရသေ့ တောင်းပန်သောအားဖြင့် တောင်ထိပ်၌ ရွှေစက်တော်ရာတစ်ဆူ၊ နမန္တောနဂါး တောင်းပန်သောအားဖြင့် တောင်ထိပ်၌ ရွှေစက်တော်ရာ တစ်ဆူ၊ နမန္တာနဂါးတောင်းပန်သောအားဖြင့် မန်းချောင်းနား၌ ရွှေစက်တော်ရာတစ်ဆူ၊ ဤသို့သော ရွှေစက်တော်ရာ နှစ်ဆူတို့ကို ခပ်သိမ်းသေ သတ္တ၀ါအပေါင်းတို့ စီးပွားအလို့ငှာ ရတနာမျက်မြတ် တံဆိပ်ခတ်ဘိသကဲ့သို့ ထားတော်မူ၏ ။ နောင်လာလတ္တံ့သောအခါ ဤသုနာပရန္တတိုင်း၊ တမ္ပဒီပ တိုင်း၊ တိုင်းကြီးနှစ်တိုင်း၌ ငါ၏ သာသနာတော် ထင်ရှားစွာ တည်လတ္တံ့ဟူ၍ ဗျာဒိတ် ထားတော်မူပြီး မှ ဒေသစာရီကြွတော်မူ၍ ဖိုးဦးတောင်ဖျားသို့ ရောက်တော်မူလျှင် အရှေ့တောင်ယွန်းအရပ်သို့ ကြည့်တော်မူသော် သမုဒ္ဒရာရေမျက်နှာထက် နွားချေးခြောက် ပေါလောမျောသည်ကို မြင်တော်မူ ၏ ။ ထိုအခါ ပွေးငယ်တစ်ခုသည် ဘုရားသခင်အား ကြည်သောစိတ် ရှိသည်ဖြစ်၍ မြေကြီးကို နှုတ်သီးဖြင့်ကော်၍ ပူဇော်၏ ။ ထိုအကြောင်းနှစ်ပါးကို မြင်တော်မူ၍ ပြုံးတော်မူသည်ကို အရှင် အာနန္ဒာလျှောက်သော် - ‘ချစ်သားအာနန္ဒာ၊ ငါပရိနိဗ္ဗာန်ပြုတော်မူ၍ သာသနာတော် ၁၀၁နှစ် ရောက်သောအခါ ဤအရပ်၍ နိမိတ်ကြီးငါးပါး ဖြစ်၍ ပြည်ကြီးဖြစ်လတ္တံ့။ ဤပွေးငယ်သည် “မျက်စိသုံးခု၊ အတုမဲ့ခေါင်၊ ဒွတ္တဘောင်” ဟူသောအမည်ကို ခံ၍ မင်းပြုလတ္တံ့” ထိုသို့ ဗျာဒိတ်ထား တော်မူသည်နှင့်အညီ သရေခေတ္တရာဖြစ်သော အကြောင်းကို ဆိုပေအံ့။

၁။ သာသနာတော် သက္ကရာဇ် ၂၀ ရောက်သောအခါ တကောင်းပြည်ကြီးကို အစိုးရတော်မူ သော ဆင်ဖြူ၊ ဆင်နီ၊ ဆက်နက်များ သခင်ဘ၀ရှင်မင်းကြီး အနိစ္စရောက်တော်မူ၍ သားတော်အိမ် ရှေ့သတိုးရွှေမင်း ဖြစ်တော်မူသည်။

၂။ သက္ကရာဇ် ၄၀ တွင် ယောက်ဖတော် အိမ်ရှေ့မင်းဝက်ကြီးကို ခွင်းမည်ဟူ၍ လိုက်သည်။ ထိုသက္ကရာဇ်တွင် သရေခေတ္တရာပြည် တည်ရာအရပ်၌ ၀က်ကြီးကို လုပ်ကြံသည်။ ၀က်သေလျှင် တကောင်းသို့ မပြန်ဘဲ ထိုအရပ်၌ ရသေ့ကျင့်၍ နေတော်မူသည်။ များ မကြာ ဈာန်အဘိညာဉ်ရ၍ ၊ ပျူတို့ရွာကို အမှီပြု၍ သီတင်းသုံးတော်မူသည်။ နောက် ရသေ့စွန့်သော ရေဟောင်းကိုသောက် သော သမင်မတွင် မြင်သောသမီးတော် ဘေဒါရီကို ရ၍ မွေးတော်မူသည်။



ဝန်ဇင်းချစ်သူများ ဦးကုလား ၏ “ ရာဇ၀င်ချုပ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မဟာရာဇ၀င်ကျမ်း ဒုတိယအုပ်

မဟာရာဇ၀င်ကြီး တတိယအုပ်