Cover

လွန်းထားထား (ဆေးတက္ကသိုလ်)

တစ်ခေတ်ဆန်း နှလုံးအိမ်မှာ ထိုးထွင်းခဲ့သော tattoo

အမှတ်ရမှတ်တမ်း

ကမ္ဘာပေါ်မှာ

သားသမီးအပေါ်

နားလည်နိုင်စွမ်းအရှိဆုံးသော

အဖေနဲ့အမေ…၊

ဘဝရဲ့ အဓိပ္ပာယ်တွေ ကို

ပိုပြီးလေးနက်လှပ

ပြည့်စုံလာစေခဲ့တဲ့

ဘဝအဖော်မွန် မောင်နဲ့သမီးလေးကို

အမှတ်တရ

မှတ်တမ်းတင်လျက်…၊

လွန်းထားထား (ဆေးတက္ကသိုလ်)

•••


ဘဝမှာ တန်ဖိုးအရှိဆုံးအရာဆိုတာ

မှတ်ဉာဏ်တွေ ကောင်းတုန်းအချိန်

တစ်ယောက် ယောက် ကို

ချစ်ခွင့်ရနေတုန်း အချိန်မှာ

အပြည့်အဝ

ချစ်ပစ်လိုက်ဖို့ပဲဆိုတာ

အခုမှပဲသူမ နားလည်ရတော့သည်။

•••


စိတ်ကူး

သူ…

ကျွန်မလူမှန်းသိတတ်စအရွယ်တုန်းက ကျွန်မလိုချင်ခဲ့တာဟာ

ပန်းခင်းကြီးတစ်ခင်း စိုက်ပျိုးပြီး…

အဲဒီ ပန်းခင်းထဲက ပန်းပွင့်တွေ ကို

တစ်နေ့တစ်ပွင့်ကျ ကျွန်မရဲ့ ခေါင်းမှာ ပန်ဆင်ချင်တဲ့ စိတ်ကူးပေါ့…။

ကျွန်မ အပျိုပေါက်ရွှေရင်သိမ်းသစ် အရွယ်ရောက်တော့

ကျွန်မလိုချင်လာတာဟာ…

ကောင်းကင်ကြီးတစ်ပြင်လုံးကို အပိုင်ဝယ်ပြီး…

အဲဒီ ကောင်းကင်ထဲက ကြယ်ပွင့်တွေ လို ကျွန်မရဲ့ နားတစ်ဖက်တစ်ချက်ဆီမှာ နားကပ်လုပ်ပန်ချင်လာတဲ့…

စိတ်ကူးပေါ့…။

အခု ဘဝကို လက်တွေ့ ကျကျ ရင်ဆိုင်ဖြတ်သန်းတတ်လာတဲ့ အခါကျတော့

ကျွန်မလိုချင်တာဟာ…

ရိုးသားရဲရင့်ပြီး ဖြောင့်မတ်တည်ကြည်တဲ့ သူရဲ့ ချစ်သူအ ဖြစ် ရပ်တည်ခွင့် ထာဝရ ပိုင်ဆိုင်ဖို့ပေါ့…။

လွန်းထားထား (ဆေးတက္ကသိုလ်)

•••


သုမင်္ဂလာအိမ်ရာဝင်းအတွင်းတစ်ပတ် ခပ်သွက်သွက် ပြေးနေရင်း ဗိုက်ထဲက ရစ်ပြီး နာလာသည်။ ကိုယ့်ဗိုက်အခြေအနေကို ကိုယ်အသိဆုံး။ ဆက်ပြေးလို့မရတော့… ပြီးတော့ ဆက်ပြီး ရပ်နေလို့တောင် မရတော့။ ခြေထောက်နှစ် ချောင်းကို လိမ်ယှက်လိုက်ရင်း ဗိုက် ကို ဖိနှိပ်ထားမိသည်။ ဟင့်အင်း… မရတော့ဘူး။ နောက်ထပ်တစ်မိနစ်ဆို အားလုံး အကျိုး နည်း ကုန်တော့မည် ။ မျက်နှာတစ်ခုလုံး ဝေဒနာဖြင့် ရှုံ့မဲ့နေသည်မှာ သေချာသည်။ ဗြုန်းခနဲ ရပ်လိုက်မိသော ခြံကြီးဆီ တစ်ချက်လှမ်းကြည့်မိသည်။ အိမ်ကြီးရဲ့ အရှိန်အဝါက ခဏတ ဖြုတ် ဝင်ပြီး အလေးစွန့်ဖို့ အားနာဖို့အကောင်းသား။ အပြင်ပန်းကို လှမ်းကြည့် လိုက်ရုံဖြင့် အိမ်ကို ဘယ်လောက်ခမ်းခမ်းနားနား တန်ဆာဆင်ထားမှန်း သိသာစေပါသည်။ အဖြူ ရောင် ကျောက်တိုင်ပွတ်လုံးကြီးများ ဖြင့် white house ပုံစံဆောက်ထားသော ဧရာမ အိမ် ဖြူဖြူကြီးကို မျက်နှာပူသော်လည်း သူမ မတတ်နိုင်ပါ။ ရှည်ရှည်ဝေးဝေးစဉ်းစားနေဖို့လည်း အချိန်မရတော့။ ခြံတံခါး ဘဲလ်ကို ခပ်သွက်သွက်နှိပ်ပစ်လိုက်မိသည်။ အဆက်မပြတ်…။ ကောင်လေး တစ်ယောက် ပြေးထွက်လာသည်။

“ဘာကိစ္စရှိလို့ပါလဲ ခင်ဗျာ…”

တဲ့…။ အရေး ထဲ လေရှည်တော် မူနေသေးသည်။ သူမကဖြင့် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထပြီး တဆတ်ဆတ်တွန့်လိမ်နေပြီ။

“တို့ဒီအိမ်ရှင်နဲ့ တွေ့ ချင်လို့…တံခါးအမြန်ဖွင့်ပါ၊ ကိစ္စက အရမ်းအရေး ကြီးတယ်”

ဟု…ဆွေ့ဆွေ့ခုန်ပြီး ပြောနေသော သူမကို ကောင်လေးက တအံ့တဩ အကဲခတ်ရင်း ခြံတံခါးကို ဖွင့်ပေးသည်။ သူမကကိုယ့်အိမ်ကိုယ့်ယာနှယ် ကမူးရှူးထိုး ဝင်လာခဲ့ပြီး…

“အိမ်ရှင်နဲ့ မတွေ့ ခင် အိမ်သာ ဘယ်မှာ လဲ အရင်ပြပါဟယ်၊ တို့ မအောင့်နိုင် တော့ လို့…”

ကောင်လေးက ခစ်ခနဲ တစ်ချက်ရယ်ကာ သူမကို အိမ်ကြီးရဲ့ အနောက်ဖက်တံခါး ပေါက်ဆီခေါ်သွားသည်။ မီးဖိုဆောင်ကိုဖြတ်ပြီးအိမ်သာခန်းတစ်ခန်းဆီခေါ်သွားပေးသည်။

“အစ်မ…စိတ်ချလက်ချ အေးအေးဆေးဆေး လုပ်ပါနော်၊ ကျွန်တော် အစ်ကိုလေးကို ဘယ်သူက တွေ့ ချင်တယ်လို့ ပြောရမလဲ”

“ဟမ်…အဲ…မသိသေးဘူး၊ ခဏလေးနေဦး၊ ဒီကိစ္စကို အရင်ရှင်းလိုက်ဦးမယ်၊ မင်း သွားတော့”

တံခါးကို အမြန်ပိတ်ပြီး အရေး တော် ပုံကို အမြန်ဖြေရှင်းရတော့သည်။ ကြည့်ရတာ ဧည့်သည်ဆောင်သည်တွေ အတွက် သီးသန့်အိမ်သာခန်းကလေး ဖြစ်ပုံ ရပါသည်။ သန့်သန့်ရှင်းရှင်း ပြင်ပြင်ဆင်ဆင် မွှေးမွှေးရေး ရေး ရှိလှသည်။ တစ်ခန်း လုံး Lavender ရောင် တွေ သုံးထားသလို လက်သုတ်ပဝါ၊ ပန်းအိုး၊ ဆပ်ပြာရည်ဗူး hand cream ကအစ လာဗဲန်ဒါတွေ ချည်းသုံးထားတာကို သူမကို သဘော အကျ ကြီး ကျနေသည်။ ဘေဆင်(basin)ကလည်း လာဗဲန်ဒါပဲ။ မွှေးရနံ့သင်း စေသော scented lavender ပန်းခြောက်တွေ နှင့် ပန်းအိုးလှလှ ထိုးထားသည်။ လက်ညှိုး ကလေးနှင့် သုတ်ကြည့်တော့ ဖုန်တစ်ဆက်မှမရှိ။ ဒီလိုဆိုရင် ဒီအိမ်ပိုင် ရှင်ဟာ စည်းကမ်းတိကျသူ၊ စည်းစနစ်ကျသူ၊ အသန့်အရှင်း၊ အမွှေးအပျံ့ကြိုက်သူ၊ပြီးတော့ စိတ်ကူးယဉ်ဆန်သူ၊ Romantic ဆန်သူ ဖြစ်ရမယ်…။

ကိုယ့်ကိစ္စပြီးစီးသွားသော အခါ ပေါ့ပါးရှင်းလင်းသွားပြီမို့ လက်ဆေး hand cream ကလေးလိမ်းကာ ထွက်လာခဲ့သည်။ အခုမှပဲ ပြုံးနိုင်ရယ်နိုင်လာကာ အခု မှပဲ အိမ်ရှင်ကို မျက်နှာပူဖို့၊ အားနာဖို့ သတိရလာသည်။ ကိုယ်လုပ်ခဲ့မိတာ တကယ်မျက်နှာပြောင်တိုက်မိတဲ့ အလုပ်နော်။ ဒါပေမယ့် ကိုယ့် အန္တရာယ်ကိုမှ ဆက်ပြီး လွယ်မထားနိုင်တော့တဲ့ ဥစ္စာလေ။ အပြင်ဝနားမှာ စောင့်နေတဲ့ ကောင် လေးက…

“အစ်မ…အစ်မကို အစ်ကိုလေးက ဧည့်ခန်းထဲမှာ စောင့်နေမယ်တဲ့”

ကောင်လေးက အိမ်ရှင်ကို သတင်းပို့ထားခဲ့ပြီ။ ဘယ်တတ်နိုင်ပါ့မလဲ…။ ‘တခေတ်ဆန်း’ဆိုသော မိန်းမရဲ့ ဘဝမှာ မ ဖြစ်နိုင်တာတွေ ကိုတောင် ဖြစ်အောင် လုပ်လာခဲ့သေးတာပဲ။ ဒီလောက်အသေးအဖွဲကိစ္စကလေးအတွက်တော့ဖြင့် ရင်မ ဆိုင်ရဲစရာ၊ ရှောင်ပြေးစရာ မလိုပါ။ အ ဖြစ်မှန်ကို အမှန်အတိုင်း ရိုးသားစွာ ဝန်ခံ လိုက်ရုံပေါ့။ ဒါရှက်စရာ မဟုတ်ပေါင်။ အိမ်ကြီးတစ်အိမ်လုံးကို တကယ်ခမ်းခမ်းနား နား၊ စနစ်တကျပြင်ဆင်ထားသည်။ တစ်အိမ်လုံး ကျွန်းရောင် တွေ ဖိတ်ဖိတ်လက် နေကာ ရှေးဟောင်းပစ္စည်းတွေ ၊ ဂန္ထဝင်လက်ရာ အသုံးအဆောင်တွေ နှင့် အသက် ဝင်ခမ်းနားစေသည်။ နံရံမှာ တန်ဖိုးကြီးသော ဆီဆေးပန်းချီကား ချပ်ကြီးတွေ ၊ စန္ဒရားကြီးတစ်လုံး၊ မြန်မာ့စောင်းကောက်အကြီးကြီး၊ ဧရာမ ပန်းအိုးလှလှကြီးတွေ ၊ စနစ်တကျတပ်ဆင်ထားသော လိုက်ကာခန်းဆီးတွေ နှင့် ဧည့်ခန်းကို ပြင်ဆင်ထား သည်။ ကျွန်းနှင့် လည်သာနီညိုရောင် တွဲ စပ်ထားသော ဆက်တီတွေ ရှိသည်။ ဆက်တီ တစ်ခုံပေါ်မှာ လူ တစ်ယောက် ထိုင်နေသည်။ သူက သူမတို့ လျှောက်လာ သော လမ်းကို ကျောခိုင်းထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်နေခဲ့ခြင်း ဖြစ်သည်။ သူမက ပန်းသီးစိမ်းရောင် adidas အားကစားဝတ်စုံ ထရက်ဆုနှင့် မို့ ဒီလိုအိမ်ကြီးရှင်နှင့် ခုလို ပုံစံမျိုးနှင့် မတွေ့ ဆုံချင်တာတော့အမှန်။ အဝတ်အစား၊ အဆောင် အယောင် ဟာ ပထမဆုံတွေ့ မှု မှာ … အင်မတန်အရေး ပါသည်ဟု သူမအမြဲခံယူခဲ့သည်။ လူတိုင်းဆီက လေးစားမှု နှင့် အထင်ကြီးမော်ကြည့်မှု ကိုပဲ သူမ ခံယူချင်ပါသည်။ ဒါကြောင့် ဧည့်သည်တွေ နှင့် တွေ့ တိုင်း သူမက စနစ်တကျ အဆင့်မြင့်မြင့် ကျော့ ကျော့မော့မော့ ပြင်ဆင်သွားနေကျ ဖြစ်သည်။ အခုတော့ ဒီလိုပုံစံနှင့် သူမကို ဒီအိမ်ရှင် ကတော့ ဘာထင်မည် မသိချေ။ အို…နောက်တော့လည်း သူဟာ ‘တစ်ခေတ်ဆန်း’ဆိုတဲ့ နာမည် ကို ကြားလိုက်ရုံနှင့် တင် သူမဘာလဲဆိုတာ သဘော ပေါက်သွားမှာ ပါလေ။

“အစ်ကိုလေး…ဟောဒီအစ်မပဲခင်ဗျ။ အစ်ကိုလေးနဲ့ တွေ့ ချင်တယ်ဆိုတာ”

“ဪ…”

ထိုင်နေရာမှ ထရပ်လိုက်သော သူနှင့် သူ့အနားသို့ ရောက်သွားသော သူမအခုမှ တစ်ယောက် ကို တစ်ယောက် သေချာတွေ့ သွားကြသည်။ ထိုခဏမှာ သူ့မျက်ခုံးတွေ ရုတ်ချည်းပင့်တက် သွားခဲ့ပြီး လက်ထဲက Time မဂ္ဂဇင်းကလေးကို ခပ်ကျစ်ကျစ်ဆုပ်ပစ်လိုက်တာကို သူမ မြင်လိုက်ရသလို၊ သူမကိုယ်တိုင်လည်း ရှော့ခ် ရသွားသူ တစ်ယောက် လို နေရာမှာ ခြေစုံရပ်ကာ မျက်လုံးအဝိုင်းသား၊ပါးစပ် အဟောင်းသားဖြင့် သူ့ကို မျက်တောင်မခတ်ကြောင်ငေး ကြည့်နေမိသည်။ ဘယ် လိုမှ မမှတ်မိနိုင်စရာအကြောင်းမရှိ…။ နှလုံးသားထဲမှာ tattoo တစ်ခုထိုးထား သ လို ပြန်ဖျက်လို့ မရတော့အောင် ထုတ်ချင်းဖောက်စွဲထင်နေခဲ့သော ပုံရိပ်တစ်ခု။ ဆယ်နှစ် တောင်ကျော်ခဲ့ပြီလေ…။ သူမရင်ထဲရှိ နှလုံးသားက အခုန်ရပ်သွားပြီးမှ အငမ်းမရ ပြန်ခုန်လာခဲ့သလို ဝုန်းဒိုင်းကြဲ ဆောင့်ခုန်လာခဲ့သည်။ သူ့ကို ဘယ် တော့မှ ပြန်မဆုံရတော့ဘူးလို့ ထင်ထားခဲ့မိတာ။ ကြည့်စမ်းပါဦး…။ ပြန်တွေ့ မယ့် တွေ့ တော့လည်း တကယ့်ကို နီးနီးကလေးမှာ ပါလား။ ဒီဝင်းထဲမှာ သူနေထိုင် တယ်လို့ သူမဘာကြောင့် များ မသိခဲ့၊ မကြားခဲ့ ရတာ ပါလိမ့်။ ဪ… သူမ ကိုယ် တိုင်တောင် ပြောင်းလာတာဖြင့် ကြာမှ မကြာသေးဘဲ။ နှစ် ယောက် စလုံး ဆွံ့အ, နေကာ တော် တော် နှင့် စကားမ,စတင်နိုင်။ ပထမဆုံး စတင်၍ လှုပ်ရှား သက်ဝင် သူမှာ သူ ဖြစ်သည်။

“တစ်ခေတ်ဆန်းနော်…မတွေ့ ရတာ ဆယ်နှစ် ကျော်သွားခဲ့ပြီ၊ အံ့ဩ ဖို့ မကောင်းဘူးလား၊ တွေ့ မယ့်တွေ့ တော့လည်း အိမ်တိုင်ရာရောက်ပဲနော်”

သူ့အသံက လွန်ခဲ့သော ဆယ်နှစ် ကျော်ကာလထက်တော့အများ ကြီး ပိုပြီး ရင့်ကျက်တည်ငြိမ်လာကာကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု အပြည့်အဝရှိဟန်မျိုး ကို ပိုင်ဆိုင်ထားခဲ့ပြီ။ သူမကရော ဘာထူးသေးလို့လဲ…။ လွန်ခဲ့သော ဆယ်နှစ် ကထက် အများ ကြီးပြောင်းလဲ သွားခဲ့ပြီ။

“ဟုတ်တယ်…ရာဇဝင်၊ ကျွန်မဖြင့် ဒီပုံစံမျိုးဖြင့် ပြန်ဆုံရလိမ့်မယ်လို့ ထင် တောင်မထင်ထားဘူး၊ ဖြစ်ပုံ ကတော့မပြောချင်ပါဘူး၊ကျွန်မလေ မနက်တိုင်းဒီခြံဝင်း တစ်ပတ်ထ,ပြေးနေကျလေ ၊ ဒီနေ့မှာ မှ ဗိုက်ကတအားရစ်လာတာ၊ ဘယ် လိုမှ ဆက်မထိန်းနိုင်တော့တာနဲ့ ဖြစ်ချင်ရာ ဖြစ်တော့ ဆိုပြီး ခြံဝကဘဲလ်ကို စွတ်နှိပ် ပြီး လွယ်ထားရတဲ့ အန္တရာယ်ကိုအမြန်ဝင်ရှင်းပစ်လိုက်ရတာ ၊ တော် တော် တော့ မျက် နှာ ပူစရာကောင်းသား”

သူကအားပါးတရ ပြုံးပါသည်။ ပြုံးလိုက်သော ကြောင့် သူ့မျက်နှာသည် နုနယ်ပျိုမျစ်သွားကာ ပို၍ ဆွဲဆောင်မှု ရှိသွား၏ ။ သူမကိုယ်တိုင်လည်း ပါးချိုင့် ကလေးများ ပေါ်အောင် ပြုံးမိလေသည်။

“အဲဒါကပဲ ကျေးဇူးတင်စရာကောင်းနေပြီလေ၊ တစ်ခေတ်ဆန်းရဲ့ ၊ နို့မို့ဆို ကျွန်တော် တို့ တော် တော် နဲ့ ပြန်ဆုံနိုင်ဦးမှာ မဟုတ်ဘူး၊ ဒီဝင်းထဲမှာ နေနေကြမှန်း တောင် သိကြဦးမှာ မဟုတ်ဘူး၊ တစ်ခေတ်ဆန်းရဲ့ အောင်မြင် မှု တွေ ကိုတော့ ကျွန်တော် ကြားနေရပါတယ်၊ တစ်ခေတ်ဆန်းဆိုတဲ့ Logo ကြီးက နည်းနည်း နော နောမှ မဟုတ်တာ”

“ရှင့်ကြည့်ရတာ လည်း တော် ရုံလူ တစ်ယောက် မဟုတ်တော့ဘူးထင်ပါတယ်ရာဇဝင် ရယ်၊ ရှင့်အကြောင်းတော့ ကျွန်မတကယ်ကို ဘာမှမကြားရတော့တာပါ”

“ ဖြစ်နိုင်ရင် ကျွန်တော့် ကို အခွင့်အရေး တစ်ခုပေးပါလားတစ်ခေတ်ဆန်း၊ မနက်ခင်း စာ ဖြစ် ဖြစ်၊ ဒါမှမဟုတ် နေ့လည်စာ ဖြစ် ဖြစ်ကျွန်တော် လိုက်ကျွေးပါရစေ၊ တစ်ခေတ် ဆန်းမှာ အချိန်တွေ သိပ်ရှားမှန်း ကျွန်တော် သိပါတယ်၊ ကျွန်တော် တို့ပြန်ဆုံပြီး စကားတွေ အများ ကြီးဆက်ပြောစရာတွေ ရှိသေးတယ်လေ”

သူဘာကိုဆိုလိုသလဲဆိုတာ သူမ ချက်ချင်း ပဲ သဘောပေါက်လိုက်သလိုလို ရှိသည်။ နှုတ်ခမ်းကလေးတွန့်ကာ ပြုံးလိုက်ရင်း ဟိုးတစ်ချိန်တုန်းက စကား တစ် ခွန်းကို သူ မေ့မပစ်သေးဘဲဟု အလိုလို ခံစားမိလာသည့်တခဏမှာ သူမ တစ် ကိုယ်လုံးရှိသွေးတွေ လည်း ပူနွေးရှိန်းမြလာခဲ့သည်။ သူမေ့နိုင်မတဲ့လား…။ သူမ ကတောင်မမေ့နိုင်သေးတဲ့ဥစ္စာ။ သူမက နာရီကို တစ်ချက်ကြည့်လိုက်ရင်း…

“ဒီလိုလုပ်လေ ရာဇဝင်…၊ ဒီနေ့အဖို့တော့ breakfast စားဖို့အချိန် ကျွန်မမှာ တကယ်မရှိတော့လို့ပါ၊ lunchကလည်း မသေချာဘူး၊ ကျွန်မတွေ့ ဖို့ ချိန်းထား တဲ့ဧည့်သည်တွေ နဲ့စား ဖြစ်လို့များ တယ်၊ ဒီတော့ညနေစာကို ကျွန်မမစားဘဲ ပြန်လာ ခဲ့မယ်၊ ရာဇဝင်နဲ့ အတူစားရင်း အေးအေးဆေးဆေးစကားပြောကြတာပေါ့၊ဘယ်မှာ ဆုံမလဲ… အချိန်ပါပြောလိုက်၊ ကျွန်မအဲဒီ ကိုလာခဲ့မယ်”

“ကောင်းပြီလေ…ကျွန်တော် Lake View Restaurant မှာ ညနေခြောက်နာရီ စောင့်နေပါ့မယ်”

“အိုကေ! …ကျွန်မလာခဲ့ပါ့မယ်၊ မမျှော်လင့်ဘဲ ပြန်ဆုံရတဲ့အတွက် ကျွန်မတကယ် ဝမ်းသာတယ် ရာဇဝင်၊ ဒီဆယ်နှစ် အတွင်းမှာ ရှင်ဘာတွေ လုပ်ခဲ့သလဲ၊ ကျွန်မ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ဖလှယ်ကြတာပေါ့”

“ကျွန်တော် လည်း ပြောပြချင်နေပါတယ် တခေတ်ဆန်းရယ်”

သူက သူမကို ခြံတံခါးထိပ်ထိ လိုက်ပို့ပေးခဲ့သည်။ သူ့ကိုနှုတ်ဆက်ပြီး အိမ် ဆီပြန်ပြေးလာရင်းလမ်းတစ်လျှောက်မှာ အာရုံတစ်ခုလုံးလွန်ခဲ့သော ဆယ်နှစ် ကျော် ကာလတွေ ဆီ တရိပ်ရိပ်ပြန်ပြေးသွားနေခဲ့ပါသည်။

•••


မှန်ထဲမှာ ကြည့်လိုက်ရင် ကျွန်တော့်ကိုယ်ကျွန်တော်

ပြန်မေးတတ်တယ်…။

မင်းမှာ ၅ဝ ဆိုတဲ့အရည်အသွေး

ရှိလာပြီလားလို့လေ။

အဲဒီ စကားလေးက…

ကျွန်တော့်  နှလုံးသားမှာ ရော၊ စိတ်ထဲမှာ ပါ tattoo

ထိုးထားခဲ့သလိုပဲ စွဲထင်နေတော့တာ---။

ရာဇဝင်

•••


တစ်ခေတ်ဆန်းပဲ… သိတယ်မှလား…

ဘယ်တော့မှ ဇွဲမလျှော့ခဲ့ဘူးလေ

နောက်မဆုတ်ဘူး…အရှုံးမပေးဘူး

မရ,ရအောင် ချီတက်တယ်၊

ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့သတ္တိကိုလက်နက်အ ဖြစ်

မွေးထားတယ်လေ၊ အခွင့်အရေး တစ်ခုခု ရဖို့အတွက်ဆိုရင်

သတ္တိရှိမှ၊ ရင်ဆိုင်ပြောရဲဆိုရဲမှ ရနိုင်တယ်ဆိုတာ

ကျွန်မသိထားတယ်လေ ၊ ပြီးတော့…

ကိုယ့်အရည်အသွေးကိုလည်း ယုံကြည်စိတ်ချပြီးသားပေါ့…။

တစ်ခေတ်ဆန်း

•••


လွန်ခဲ့သော ဆယ်နှစ် တာ ကာလဆီက

သူမက ငယ်ငယ်သိတတ်စအရွယ်ကတည်းက သူ့ကိုမှ အားကိုးတတ်သူ မဟုတ်ခဲ့ …။ အသက်ဆယ်နှစ် အရွယ်တွင် မိဘဆီက မုန့်ဖိုးကို လက်ဖြန့်ခံမသုံးတော့ဘဲ သူမဘာ သာ ပိုက်ဆံရှာပြီး လိုချင်တာကို ဝယ်သုံးခဲ့သူ ဖြစ်သည်။ သူမ ဘယ်လိုနည်းနှင့် ငွေရှာ ခဲ့တယ်ထင်ပါသလဲ။ အိမ်မှာ ရှိနေသော မဖတ် ဖြစ်တော့သည့် မဂ္ဂဇင်းစာအုပ်တွေ ကို စာ အိတ် ဖြစ်အောင်ကော်နှင့် ကပ်ကာ ဈေးထဲက ဆိုင်တွေ မှာ သွားသွင်းတာမျိုး။ အလကားရ သော ခရေပင်အောက်က ခရေပန်းတွေ ကောက်ပြီး ပြန်သီကာ သွားရောင်းတာမျိုး၊ ဈေး မှာ ပြောင်ပိတ်စ,ကလေးတွေ ဝယ်ကာ လက်ကိုင်ပုဝါအရွယ် အညီအညာကိုက်ပြီး ပန်းပွင့် ကလေးတွေ ၊ လိပ်ပြာကလေးတွေ ၊ နာမည် အတိုကောက်ကလေးတွေ ဖော်ကာ အပ်ချည်နှင့် လှလှပပ ပြန်ရက်သီပြီး ကျောင်းက သူငယ်ချင်းတွေ ကို ပြန်ရောင်းတာမျိုး၊ ကဒ်ထူစက္ကူ ကလေးတွေ မှာ မိန်းကလေးပုံကလေးတွေ ဆွဲပြီး လှလှပပ ဆေးခြယ်ပေးကာ၊ သူတို့ အဝတ်အစားတွေ ကိုလည်း စာအုပ်တွေ ထဲကနေ ဒီဇိုင်းယူကာ စက္ကူအင်္ကျီလှလှ ဆန်းဆန်း ကလေးတွေ ပါ အဆင်သင့် ဆွဲပေးပြီး ပြန်ရောင်းတာမျိုး…စသဖြင့် သူမမှာ အင်္ကျီတွေ ချုပ်ပြီး ငွေရှာတတ်သော မေမေ့ဆီကနေ ပညာသင်ယူကာ သူမ အင်္ကျီတွေ ၊ လုံချည်တွေ ၊ စကတ်တွေ သာမက လက်ကိုင်အိတ်၊ လွယ်အိတ်၊ ခေါင်းစည်းပုဝါ၊ ခါးပတ်…စသဖြင့် အသုံး အဆောင်တွေ မှန်သမျှကို စိတ်ကူးဉာဏ် ကွန့်မြူးတီထွင်ပြီး ချုပ်ကာ အနီးအနား ပတ်ဝန်း ကျင်ရှိမိန်းကလေးတော် တော် များများ ကိုပြန်ရောင်းခဲ့သည်။နိုင်ငံခြားက ကတ်တလော့(ဂ်) စာအုပ် အဟောင်းတွေ ကိုတော့ ပန်းဆိုးတန်းရှိစာအုပ်အဟောင်းတန်းမှာ သွား၍ မွှေနှောက် ရှာဖွေတတ်သည်ပေါ့။ သူမက ဖက်ရှင်ဒီဇိုင်းတွေ ကို စိတ်ဝင်စားသလို၊ မိန်းကလေး အသုံးအဆောင်၊ အိမ်တစ်အိမ်ရဲ့ အပြင်အဆင် အသုံးအဆောင်ကလေးတွေ ကိုစိတ်ကူး ဉာဏ် ကွန့်မြူးချဲ့ထွင်ပြီး တီထွင်ရတာ ကို သဘောကျသည်။ ပုတီးစေ့ကလေးတွေ ၊ကြိမ်စေ့ ကလေးတွေ ရှာဝယ်ပြီးလက်ကောက်၊ နားကပ်၊ လည်ဆွဲ၊ လက်စွပ် စသဖြင့် တီထွင်ဖန်တီး ကာ ပြန်ရောင်းတတ်သည်။ သူမ တီထွင်ဖန်တီးသမျှကိုအားပေးဝယ်ယူမည့်  ဖောက်သည် တွေ ကလည်း အမြဲတမ်း အဆင်သင့် စောင့်နေတတ်မြဲ။ သူမသူငယ်ချင်းတွေ … ပြီးတော့ ရပ်ကွက်ထဲက အပျိုသည်တွေ ပေါ့။ သူမက လူတွေ ကို ဘယ်လိုပေါင်းသင်း ဆွဲဆောင် ရမယ်ဆိုတာကိုလည်း နားလည်သိထားသည်မို့ ကျောင်းမှာ ရော၊ ရပ်ကွက်ထဲမှာ ပါ လူချစ်လူခင်လည်းပေါများ ကာ အားပေးဝယ်ယူမည့် သူတွေ ဖြစ်လာခဲ့သည်။ သူမက ဘာလုပ်လုပ် ဖြစ်အောင်လုပ်တတ်သည်။ သူမ၏ အိမ်ကလေးကိုလည်း သူမ၏ လက် ဖြစ် ပစ္စည်းကလေးတွေ ဖြင့် လှလှပပ တန်ဆာဆင် ပြင်ဆင်ထားတတ်သည်။ ပုတီးစေ့ခန်းဆီး ကလေးတွေ ၊ မီးအုပ်ဆောင်းလှလှကလေးတွေ ၊ သူမကိုယ်တိုင် ရေး ဆွဲသော ပန်းချီကား ကလေးတွေ ၊ ဆက်တီအဖုံးကိုကအစ သူမလက်ရာ။ ဘယ်သော အခါမှ အပြင်ကနေ မဝယ်ရပါ။ ကုန်ကြမ်းကိုသာဝယ်ပြီး သူမစိတ်ကူးနှင့် တီထွင်ဖန်တီးတတ်တာများ သည်။ အဲဒီ တော့ တစ်ခေတ်ဆန်းဆိုသော နာမည် သည် သူမ ဆယ်ကျော်သက် ဘဝကတည်း ကစပြီးလူစိတ်ဝင်စားသော ၊ အမှတ်တံဆိပ် Logoတစ်ခု ဖြစ်ခဲ့တာ မဆန်းပါ။ သူမဖေဖေက သူမကို အမြဲတမ်းပြောခဲ့သော စကားတစ်ခွန်းရှိသည်။

“စောင့်ကြည့်…ငါ့သမီးတစ်ခေတ်ဆန်းဟာ တစ်နေ့မှာ ဧရာမ ပုဂ္ဂိုလ် တစ်ယောက် ကို ဖြစ်လာမှာ ပဲ၊ စီးပွားရေး နယ်ပယ်မှာ လား၊ အနုပညာနယ်ပယ် မှာ လား… တစ်ခုခုပဲ၊ တစ်ခေတ်ဆန်းဟာ Somebody ကို ဖြစ်လာဦးမှာ မလွဲပဲ၊ ဖေဖေ ဇက်ဖြတ်ခံကြေး လောင်းရဲတယ်”

တဲ့…။ အဲဒီ စကားကို စ,ကြားရစဉ်တုန်းက သူမတစ်ကိုယ်လုံး ကြက်သီးမွေး ညင်းတွေ စိမ့်ဖြာထသွားခဲ့သည်အထိ သူမအတွက် စိတ်ဓါတ်ခွန်အားတွေ ဖြစ်စေခဲ့ရသည်။ ဖေဖေပြောတာ ဟုတ်တယ်။ သူမဟာ ဘဝမှာ သူလို ငါလို အများ သူငါကြားထဲက သာမန်ဘဝတစ်ခုနှင့် မဖြတ်သန်းချင်။ အောင်မြင်သော ဘဝတစ်ခု ကိုသာ သူမ တည်ဆောက်လိုသည်။ အဲဒီ အတွက်သူမဘက်က အစွမ်းကုန်လည်း ကြိုးစားမည် ။ သူမ၏ ဘဝ ရည်မှန်းချက်တွေ အပြင်းထန်ဆုံးအချိန်၊ သူမ၏ စိတ်ဓာတ်တွေ အတက်ကြွဆုံးအချိန်မှာ သူနှင့် စတွေ့ ခဲ့ရခြင်း ဖြစ်သည်။ အဲဒီ တုန်း က အင်္ဂလိပ်စာကျူရှင်တစ်ခုမှာ ဖြစ်သည်။ သူမဆီ ငေးကြည့်နေတတ် သော မျက်ဝန်းညိုရီများ ကို သူမကလည်း သတိထားမိခဲ့ပါသည်။ ရှပ်အင်္ကျီအဖြူ ကလေး တွေ အဝတ်များ သော သူ့ပုံစံက လူညိုချော တစ်ယောက် အ ဖြစ် သူမ၏ နုနယ်ဖူး သစ်စ နှလုံးသားကလေးကို လှုပ်နှိုးထိခတ်စေခဲ့တာတော့ အမှန်ပါ။ ခက်တာက သူမ၏ ရင်ခုန်သံစည်းချက်အားလုံးကို သူမ၏ ဘဝရည်မှန်းချက်တွေ ၊ စိတ်ဓာတ်ခွန် အားတွေ က ချုပ်ကိုင်ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ အချစ်ဆိုသော အရာသည် သူမနှင့် အလွန်စိမ်းကား အေးစက်လွန်းသော အခြားတစ်ဖက်မှာ ရှိနေခဲ့သည်။ သူမက ဘဝကိုပဲ ပို၍ လင်းလက်အောင်နေချင်ခဲ့သည်။ နောင်လေးနှစ် အကြာမှာ သူမ ဘာတွေ လုပ်မည် ၊ဘာ ဖြစ်နေရမည် ၊ ဘယ်လိုအခြေအနေမျိုးရောက်နေရ မည် … ဟူသော စီမံကိန်းကို သူမဦးနှောက်ထဲမှာ စနစ်တကျ အကွက်ချထားခဲ့ပြီးသား။ ကြိုးစားနေသူ တစ်ယောက် အတွက်၊ မရပ်မနား ပြေးနေသူ တစ်ယောက် အတွက် တစ်ချိန်မှာ ခရီးတစ်ခုဆီတော့ ရောက်နေမှာ ပဲ… ဟု သူမက စွဲမြဲယုံကြည် နေခဲ့သည်။

မိုးတွေ ရွာနေသော နေ့တစ်နေ့မှာ …သူက သူမကို နှစ် ယောက် တည်း စကားပြောခွင့်ပေးဖို့ တောင်းဆိုခဲ့သည်။ သူ့မျက်နှာအမူအရာကိုကြည့် ပြီး သူ ဘာပြောတော့မယ်ဆိုတာ သူမက ရိပ်မိနေခဲ့ပြီးသား။ သူမ သူ့ဆီမှာ ရင်ခုန် ပျော်ဝင်ကျဆုံးပစ်လိုက်ရမှာ လား။ ခုချိန်မှာ သူမနံဘေးမှာ ချစ်သူ တစ်ယောက် ၊ အပိုလူ တစ်ယောက် လိုအပ်သေးလို့လား။ ဟင့်အင်း…။ သူမ အချစ် အတွက် အချိန် မပေးနိုင်ပါ။ သို့ သော်… သူနှင့် စကားပြောဖို့ကိုတော့ သူမ လက်ခံ လိုက်ပါ သည်။ ကျူရှင် အောက်ထပ်က လဖက်ရည်ဆိုင်ကလေးမှာ သူနှင့် သူမတို့ ထိုင်မိကြ သည်။ သူမက ကျူရှင်ပြီးချိန်မို့ ဗိုက်ဆာဆာနှင့် မှာ ထားသော ကော်ဖီပူပူနှင့် အုန်းသီးတွေ ဖြူးထားသော ထောပတ်ဘိန်းမုန့် ပူပူကိုစားနေချိန်မှာ သူက သူမကို ရွှန်းရွှန်း စားစား စိုက်ကြည့်နေသည်။ အဲဒီ အကြည့်တွေ အတွက်တော့ သူမရှိုးတိုးရှန့်တန်း မ ဖြစ်မိ။

“တစ်ခေတ်ဆန်းကို ကျွန်တော် သတိထားမိနေတာကြာပြီ၊ ကြည့်လိုက်ရင် ခေါင်းကိုမော့၊ ရင်ကိုမတ်မတ်ထားပြီး လက်သီးနှစ် ဖက် ကျစ်ကျစ်ဆုပ် ထား လို့ …မျက်လုံးတွေ က အမြဲ တွေးတောကြံစည် နေသလိုမျိုး နက်မှော င် စူးရှ လို့ အမြဲတက်ကြွဖျတ်လက်နေတတ်တယ်နော်၊ ကျွန်တော် အဲဒါကို အရမ်း သဘောကျတာပဲ၊ တစ်ခေတ်ဆန်းရဲ့ သတင်းတွေ ကျွန်တော် ပြန်ကြားရ တယ်၊ အသုံးအဆောင်ပစ္စည်းအဆန်းကလေးတွေ ကိုယ်တိုင် တီ ထွင်ပြီး စီးပွားရှာတတ်တဲ့၊ တစ်ခေတ်ဆန်းရဲ့ မျက်နှာပေါ်မှာ တစ်ခုခုကို ကျွန်တော် မြင်နေရသလိုပဲ၊ တစ်ချိန်မှာအောင်မြင်တဲ့ အမျိုးသမီး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင် ဖြစ်နေမှာ နော်”

ဟု… သူက စကားစသည်။ ချီးမွမ်းစကားတွေ က သူမ၏ ရင်ကို နွေးမြ လုံခြုံမှု ရစေတာ၊ ခွန်အား ဖြစ်စေတာတော့ အမှန်ပါ။

“အစစ်ပဲ… ကျွန်မလည်း အဲဒီ လိုပဲ မျှော်လင့်ထားပါတယ်၊ ကျွန်မ အတွက် ဖြစ်ချင်တာတွေ ၊ လုပ်စရာတွေ ၊ ပြင်ဆင်မှု တွေ ၊ စိတ်ကူးတွေ နဲ့အမြဲ ပြည့်နေတတ်တာ၊ ရှင်ကရော ဘာ ဖြစ်ချင်တာလဲ… ရာဇဝင်၊ တစ်နေ့မှာ ရှင် ဘာ ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးမျိုး။ ရှင့်မှာ ရှိသလား”

“ရှိတာပေါ့တစ်ခေတ်ဆန်း…၊ လူတိုင်း လူတိုင်း ဘဝရည်ရွယ်ချက်တွေ ၊ မျှော်လင့် ချက်တွေ ကိုယ်စီနဲ့ ကိုယ့်ပြေးလမ်းမှာ ကိုယ် မနားတမ်း ပြေးနေကြ တယ်ဆိုတာ ကျွန်တော် သဘောပေါက်ပြီးသားပါ၊ ကျွန်တော့်ဘေးမှာ ‘ချစ်သူ’ ဆိုတဲ့ လက်တွဲ ဖော် ကလေး ရှိလာ မယ်ဆိုရင်တော့ပိုပြီး ပျော်စရာ၊ အဓိပ္ပာယ် ရှိလာမှာ ပဲ၊ အဲဒီ အတွက် တစ်ခေတ်ဆန်းကို ကျွန်တော် ဖိတ်ခေါ်ကြိုဆိုချင်နေတာပါ။ကျွန်တော့်ဘဝရဲ့ မိန်းကလေး လို့လည်း ယုံကြည် တယ်။ကျွန်တော် တို့နှစ် ယောက် အတူလက်တွဲ ပြီး ဘဝရဲ့ ပြေးလမ်းမှာ ဆက်ပြေးခွင့်ရချင်ပါ တယ် တခေတ်ဆန်း၊ ဘယ်လိုသဘောသလဲ ဟင်”

သူက ရိုးရိုးကလေးပြောခြင်း ဖြစ်သည်။ အမှန်အတိုင်းဝန်ခံရလျှင် သူမထိုအချိန်မှာ လုံးဝရင်မခုန်၊ စိတ်မလှုပ်ရှားပါ။ သူ့မျက်ဝန်းတွေ ထဲ ရဲရဲပြန်စိုက်ကြည့်လိုက်သည်။

“ရာဇဝင့်ကို ကျွန်မတစ်ခုပြောမယ်၊ စိတ်တော့မဆိုးနဲ့၊ အမှန်တရားဆိုတာ ခါးသီး တတ်တယ်မှလား၊ အဲဒီ အခါးကိုတော့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပေးပါ၊ အခု ရှင်က ကျွန်မကို လက်ချင်းတွဲ ဖို့ကမ်းလှမ်းတယ်၊ ဖိတ်ခေါ်တယ်ဆိုပါတော့။စီးပွားရေး စကားနဲ့ သုံးရရင် ရှယ်ယာခေါ်တယ်ဆိုပါတော့။ခုအချိန်မှာ ရှင်လည်း ဇီးရိုးပဲ၊ ကျွန်မလည်း ဇီးရိုးပဲ၊ ဇီးရိုးနဲ့ ဇီးရိုးနဲ့ ပေါင်းရင် ဇီးရိုးပဲရလိမ့်မယ် ရာဇဝင်။ကျွန်မက ၁ဝဝ လိုချင်တာ၊ အဲဒီ တော့ ရှင်ကျွန်မကို သက်သေ တစ်ခု ပြဖို့လိုတယ်၊ ရှင် ကျွန်မကို တကယ်ချစ်တယ်ဆိုရင် အနည်းဆုံး ၅ဝ ဖြစ်အောင်တော့ ကြိုးစာပေးပါ၊ ကျွန်မလည်း ၅ဝ ဖြစ်အောင်ကြိုးစားမယ်၊ နှစ် ယောက် ပေါင်းလို့ ၁ဝဝပြည့်နိုင်တဲ့တစ်နေ့ ကျွန်မတို့ ပြန်ဆုံကြတာပေါ့…”

သူမက ထိုစကားကို ပြုံးပြုံးကလေး ပြောလိုက်ခြင်း ဖြစ်သည်။ သူ့မျက်နှာမှာ အရိပ် မျိုးစုံ ဖြတ်သန်းစီးဆင်းသွားသည်။ မခံချင်စိတ်… မာန…ရှက်သွားခြင်း စသဖြင့် အစုံ အလင်။ ထိုစကားမျိုး သူ့ကို ပြောလိုက်မိသည့်အတွက် သူမနောင်တမရမိပါ။ သူမ မှားတယ်လို့လည်း မထင်။ သူ ကတော့ စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူမကိုအကြာကြီး ငေးကြည့်နေခဲ့သည်။ အတော် လေးကြာမှ…

“ဒီလိုဆိုရင်ခုချိန်မှာ ကျွန်တော် တို့နှစ် ယောက် အတွက် ပြောစရာစကားမရှိသေးဘူး ပေါ့…”

“အသေအချာပါပဲ”

သူမကထရပ်လိုက်သည်။ ကိုယ့်အတွက် ကော်ဖီနှင့် ဘိန်းမုန့်ဖိုးကို တွက် ချက်ထားပြီးသားမို့ အဲဒီ အတိုင်းမပို၊ မလျော့စေရဘဲ စားပွဲပေါ်မှာ တင်ထားပေး ခဲ့ကာ သူမ လှည့်ထွက်လာခဲ့မိသည်။ အဲဒါသူ့ကိုနောက်ဆုံးတွေ့ ဆုံခဲ့ခြင်းပါပဲ။အဲဒီ အချိန် ကစပြီး သူမ၏ ပတ်ဝန်းကျင်မှာ သူ့ကို အရိပ်အယောင် ကလေးမျှပင်မမြင်မိ တော့။ သူလုံးဝ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သူ့ကို သူမကလည်း လိုက်ရှာ နေဖို့မလို။ သို့သော် ရင်ထဲမှာ တော့ tattooတစ်ခု ထိုးထွင်းထားခဲ့မိတာ သူမ တစ်ယောက် တည်းသိ၏ ။

မှန်ထဲမှာ ကြည့်လိုက်ရင် ကျွန်တော့်ကိုယ်ကျွန်တော်

ပြန်မေးတတ်တယ်…။

မင်းမှာ ၅ဝ ဆိုတဲ့အရည်အသွေး

ရှိလာပြီလားလို့လေ။

အဲဒီ စကားလေးက…

ကျွန်တော့်  နှလုံးသားမှာ ရော၊ စိတ်ထဲမှာ ပါ tattoo

ထိုးထားခဲ့သလိုပဲ စွဲထင်နေတော့တာ---။

ရာဇဝင်

----------------

တစ်ခေတ်ဆန်းပဲ… သိတယ်မှလား…

ဘယ်တော့မှ ဇွဲမလျှော့ခဲ့ဘူးလေ

နောက်မဆုတ်ဘူး…အရှုံးမပေးဘူး

မရ,ရအောင် ချီတက်တယ်၊

ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့သတ္တိကိုလက်နက်အ ဖြစ်

မွေးထားတယ်လေ၊ အခွင့်အရေး တစ်ခုခု ရဖို့အတွက်ဆိုရင်

သတ္တိရှိမှ၊ ရင်ဆိုင်ပြောရဲဆိုရဲမှ ရနိုင်တယ်ဆိုတာ

ကျွန်မသိထားတယ်လေ ၊ ပြီးတော့…

ကိုယ့်အရည်အသွေးကိုလည်း ယုံကြည်စိတ်ချပြီးသားပေါ့…။

တစ်ခေတ်ဆန်း

-----------------------

“ရာဇဝင်” ဟူသော နာမည် ကို

တိုးတိုးကလေး

တမ်းတရုံမျှဖြင့်

ဝိုင်တစ်ခွက် သောက်လိုက်ရသလို

ရင်တစ်ခုလုံး ရှိန်းမြလှိုက်ဖို

ရီဝေမိန်းမောသွားတတ်သော

ခံစားမှု မျိုးကို

ဘယ်သူကမှ မပေးနိုင်။

•••


ထူးထူးဆန်းဆန်းပင် ဒီနေ့တစ်နေ့လုံး အလုပ်လုပ်ရသည်မှာ ခါတိုင်းနေ့တွေ ထက်ပိုပြီး တက်တက်ကြွကြွ၊ လန်းလန်းဆန်းဆန်း ဖြစ်နေသည်။ အရာရာသည် စိတ်တိုင်းကျစရာ၊ စိတ်ကျေနပ်စရာ၊ စိတ်ချမ်းသာ စရာတွေ ချည်း ဖြစ်နေသည်။ ပထမဆုံး စက်မှု ဇုံရှိသူမ၏ စက်ရုံဆီသို့ ပြေးသည်။ လမ်းတစ်လျှောက်မှာ စိတ်အနှောင့်အယှက် ဖြစ်လောက်စရာ ကား ပိတ်ဆို့ခြင်းလည်းမရှိ။ သူမ၏ စက်ရုံကို တစ်ခေတ်ဆန်းဟု နာမည် ပေးထားသည်။ ထိုစက်ရုံ ကနေ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်နှင့် အိပ်ရာဖုံးလှလှကလေးတွေ ကစလို့ အိမ်တစ် အိမ်မှာ ရှိသင့်ရှိအပ် လိုအပ်သည့် စားပွဲခင်း၊ လက်သုတ်ပုဝါ၊ ခန်းဆီးလိုက်ကာ တွေ အလယ်၊ မီးအိမ်လှလှကလေးတွေ ၊ အိမ်အလှဆင်ပစ္စည်းတွေ ၊ အဝတ်ဗီရိုတွေ အစုံ အများ အပြား ထုတ်လုပ်လျက်ရှိသည်။ သူမ ပစ္စည်းတွေ ၏ အမှတ်တံဆိပ်မှာ ‘တစ်ခေတ်ဆန်း’ ဖြစ်သည်။ စက်ရုံမှာ လိုအပ်တာတွေ စစ်ဆေး၊မှာ စရာ ရှိတာတွေ မှာ ကြား၊ ပြင်ဆင်စရာ၊ စီစဉ်စရာ ရှိတာတွေ စီစဉ်ညွှန်ကြားရသည်။ တစ်ခေတ်ဆန်းအိမ်သုံးပစ္စည်းတွေ အားလုံးသည် စင်္ကာပူ၊ ဘန်ကောက်နှင့် ဟောင်ကောင်၊ မလေးရှားနိုင်ငံတွေ အထိ ဈေးကွက်ချဲ့ထွင် ဖြန့်ချိနိုင် ခဲ့သလို မြန်မာပြည်မှာ လည်း တစ်ခေတ်ဆန်း မားကတ်ရယ်လို့ ဖွင့်လှစ်နိုင်ခဲ့ပြီ။

စက်ရုံကိစ္စပြီးတော့ သူမ၏ ရုံးချုပ်ဆီသို့ ပြေးရပြန်သည်။ သူမကိုယ်တိုင် စပ်ထွင် ဖန်တီးထားသော တစ်ခေတ်ဆန်းအလှကုန်ပစ္စည်းတွေ စင်္ကာပူ ဈေးကွက်ကို ထိုးဖောက် နိုင်ဖို့အတွက် သူမ ကြိုးပမ်းနေဆဲ ဖြစ်သည်။ အဓိက,ကသနပ်ခါးမိတ်ကပ်နှင့် ရေမွှေး ဖြစ်သည်။ ရေမွှေးအပြင် အခန်းသန့်ဆေးရည်၊ လက်ဆေးဆပ်ပြာ၊ လက်အလှဆီ ခရင်(မ်) တွေ အားလုံးကို ရှင်မတောင်သနပ်ခါးနံ့၊ နံ့သာဖြူသနပ်ခါးရနံ့၊ နှင်းဆီရနံ့၊ စပယ်ရနံ့… စသဖြင့် မြန်မာရနံ့ကလေးတွေ နှင့် သူမကိုယ်တိုင် စမ်းသပ်ထုတ်လုပ်ခဲ့တာ ဖြစ်သည်။ ထိုအလှကုန်ပစ္စည်းတွေ ကို မြန်မာပြည်ဈေးကွက်မှာ ပျံ့နှံ့အောင်မြင်အောင် ကြိုးစားခဲ့ပြီးမှ နိုင်ငံခြားဈေးကွက်ဆီသူမ ချဲ့ထွင် ဖြန့်ကျက်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ တစ်ခေတ်ဆန်း ကုမ္ပဏီမှ ထွက်သမျှ ပစ္စည်းတွေ အားလုံး တစ်နေရာထဲမှာ ရနိုင်သော တစ်ခေတ်ဆန်း စူပါမားကတ်ကိုလည်း ဖွင့်နိုင်ခဲ့ပြီ။ နောက်တစ်မျိုးက မိန်းကလေးအသုံးအဆောင် ပစ္စည်း တွေ ဖြစ်သည့် ဖိနပ် လက်ကိုင်အိတ်၊ ပိုးထည်ဝတ်စုံတွေ ကို ခေတ်မီသားနားစွာ ချုပ်ပြီး အသင့်ပြန်ရောင်းသော ဖက်ရှင်စတိုးတစ်ခု။ ထိုလုပ်ငန်းတွေ အားလုံးအတွက် သူမ, မယုံ နိုင်လောက်အောင် အလုပ် များ ပါသည်။ သို့ သော် ထိုအလုပ်တွေ ကြားမှာ သူမ အစဉ်အမြဲ လန်းဆန်းတက်ကြွ ပျော်ရွှင်နေခဲ့သည်ချည်း ဖြစ်သည်။ ဘဝမှာ လုပ်ချင်တာတွေ လုပ်ခွင့် ရခဲ့ပြီး လုပ်သမျှ အောင်မြင်ခွင့်ရခဲ့သော သူမလောက်ကံကောင်းသူ ရှိပါတော့မလား။ ရုံးချုပ်မှာ လုပ်စရာရှိ တာတွေ လုပ်ပြီး အလုပ်တွေ ကို ခပ်စောစော လက်စ,သိမ်းကာ အိမ်သို့ စောစောပြန်ခဲ့သည်။ ငါ့နှယ့် အခုမှစပြီး ရင်ခုန်တတ်စ အရွယ်… ရွှေရင်သိမ်းသစ် အပျိုမကလေး တစ်ယောက် လို ဘာကြောင့် များ ရင်ခုန်နေသလဲ။ သူမကိုယ်သူမ မငြိုငြင်စဖူး ငြိုငြင်ချင်လာသည်။ ယောက်ျားတွေ နှင့် ပတ်သက်ပြီး အတွေ့ အကြုံ မရှိခဲ့တာတော့ သေချာ ပါရဲ့ ။ လုပ်ငန်းကိစ္စနှင့် ပက်သက်၍ စီးပွားရေး နယ်ပယ်မှာ ယောက်ျားတွေ အများ ကြီးနှင့် မျက်နှာချင်းဆိုင်ရ၊ ငြင်းရခုန်ရ၊ လိုချင်သော အခွင့်အရေး တစ်ခု ညှို့နှိုင်းမှု တစ်ခုအ တွက် ရင်ဘောင်တန်းရမည် ဆိုလျှင် လာထား… ။ သူမက ဘာကိုမှ မပူခဲ့တဲ့သူ။ ပြောချင် တာ၊ ဖြစ်ချင်တာကို ရဲရဲပြော၊ ဖြစ်အောင်လုပ်ခဲ့သည်ချည်း။

အခု ရာဇဝင်နှင့် ပြန်လည်တွေ့ ဆုံရမည့် ကိစ္စ ကတော့ သူမအတွက် ထူးဆန်း သိမ်မွေ့လွန်းသော စိတ်ခံစားမှု တစ်ခု ဖြစ်နေသည်။ သူမ အသက်နှစ် ဆယ့် ခြောက် စွန်းခဲ့ ပြီ။ ဘဝမှာ သူမကို စိတ်ဝင်တစား ချင်းကပ်လာသော ယောက်ျားတွေ ကိုလည်းလုံးဝ ရင်ခုန် စိတ်ကူးရကောင်းမှန်း မသိဘဲရဲဝံ့ပြတ်သားစွာ ငြင်းဆန်နိုင်ခဲ့သည်။ ရာဇဝင်ကျတော့ တခြား ယောက်ျားတွေ နှင့် မတူပါ။ သူက … လွန်ခဲ့သော ဆယ်နှစ် တာကာလကတည်းက သူမ၏ ဖူးငုံသစ်စနှလုံးသားနုနု ဖူးဖူးကလေးထက်မှာ tattoo တစ်ခုထိုးထွင်းထားခဲ့ပြီးသား သင်္ကေတတစ်ခု။“ရာဇဝင်” ဟူသော နာမည် ကို တိုးတိုးကလေး တမ်းတမိရုံမျှဖြင့် ဝိုင်တစ် ခွက်သောက်လိုက်ရသလိုရင်တစ်ခုလုံး ရှိန်းမြလှိုက်ဖို ရီဝေမိန်းမောသွားတတ်သော ခံစားမှု မျိုး ကို ဘယ်သူကမှ မပေးနိုင်။

အိမ်သို့ ပြန်ရောက်သော အခါ ရေနွေးနွေးထဲမှာ Lavender ဆီမွှေးကလေးနှင့် ထည့်စိမ်ပြီး လန်ဆန်းသွားအောင်စိမ်ချိုးလိုက်သည်။ ပြီးလျှင် ဆံပင်ကို ဆက်တင်လှလှ လိပ်သည်။ မျက်နှာကို စနစ်တကျ ပြင်ဆင်သည်။ သူမ chanel ကို set လိုက် သုံးလေ့ ရှိသည်။ ပြီးလျှင်… အဝတ်ဗီရိုထဲမှ မဝတ်ရသေးသော Monsoon ပိုးဂါဝန်ဒူးဖုံးရုံ လှလှ ကလေး ကို ဝတ်သည်။ လေးလက်မလောက်အမြင့်ရှိသော ရှူး(စ်) ချွန်ချွန်ကိုစီးကာ လက် ထဲမှာ clutch လက်ကိုင်အိတ်ကလေး ကိုင်လိုက်သည်။ တစ်ကိုယ်လုံးပေါ်စေသော မှနှ်ထဲ မှာ ကြည့်လိုက်လျှင် သူမ၏ စတိုင်လ်က ကြော့ရှင်းလှပစွာ တင့်တယ်လို့နေပြီ။ သူမက တော့ ယောက်ျား တစ်ယောက် ကို စွဲဆောင်ဖမ်းစားဖို့ ရုပ်ပိုင်းဆိုင်ရာ အပြင်အဆင် အလှ အပတွေ ထက်၊ ညဏ်ပညာ အလှအပ ၊ စိတ်ဓါတ် အလှအပနှင့် သာ သူမကို တမ်းတမ်း စွဲနေစေချင်ပါသည်။ အားလုံးပြင်ဆင်ပြီးသွားလျှင် သူမ ကားကို ကိုယ်တိုင်ပဲ မောင်းကာ Kandawgyi Palace Hotel ရှိ Lake View Restaurant ဆီသို့ ရင်ခုန်စွာ ချီတက် လာခဲ့သည်။

ရာဇဝင်က သူမကို restaurant အဝကနေ ဆီးကြို၍ စောင့်နေခဲ့ပါသည်။ အဖြူ ရောင် Lacoste စပို့ရှပ်ကလေးနှင့် လီနင်သားဘောင်ဘီပုံကျကျ ကာကီရောင် ကို ဝတ်ထား သည်။ လွန်ခဲ့သော ဆယ်နှစ် တုန်းက လူငယ်ကလေးထက်တော့ အများ ကြီးပိုပြီး ရင့်ကျက် တည်ငြိမ်လာတာ အမှန်ပါပဲ။ ရင်အုပ်ကပို၍ ကျယ်ပြန့်သန်မာလာကာခပ်မတ်မတ် ကိုယ်နေ ဟန်က ပို၍ ယုံကြည်စိတ်ချမှု ရှိလာဟန်မျိုး။ သူ့ နှုတ်ခမ်းထက် နူးညံ့သော အပြုံး ကလေး တစ်ပွင့် …။

“အရမ်း ပိုလှလာတယ်နော်…”

တဲ့… ။ ခပ်တိုးတိုးပြောသည်မို့ သူမက သွားကလေးတွေ စေ့ပြီး ပြုံးလိုက်ကာ ပခုံး ကလေး တွန့်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်… ရှင်လည်း ပိုချောလာပါတယ်နော်၊ ဒါဆို ကျေရောပေါ့”

ကန်တော် ကြီးရေပြင်နှင့် ရောင် စုံမီးတွေ လင်းဖြာ လှပနေသော ကရဝိတ်ကြိးကို မြင်နေရသော နေရာမှာ သူ စီစဉ်နေရာ ယူထားသည်။

“Lobster စားမလား တစ်ခေတ်ဆန်း၊ ဒီဆိုင်ရဲ့ စပယ်ရှယ်ပဲ၊ အရမ်းကောင်းတယ်၊ ဩော်… မေးဖို့ မေ့နေတယ်၊ ဝိုင်တော့ သောက်မှာ ပါနော်”

“ဝိုင်ဖြူ အပျော့စားကလေးဆို ရပါတယ်…”

သူက ဝိုင်နှင့် Lobster ဟင်း salad နှင့် ကြက်သွန်ဖြူပေါင်မုန့်တွေ မှာ သည်။ သူမ အကြိုက်တွေ ချည်း။ ည၏ အလှက သိပ်ကို ပြည့်စုံလွန်းနေပြီ။ classic ဂီတသံ ညိမ့်ညိမ့် ကလေးအတိုင်း နှလုံးသားက စည်းချက်ညီညီ ယိမ်းက,စီးမျောလို့။

“ဆယ်နှစ် တောင် ကြာသွားခဲ့တယ်နော်…ဆယ်နှစ် တာအတွင်းမှာ ကျွန်တော် တို့ရဲ့ ဘဝတွေ အံ့ဩလောက်အောင် ပြောင်းလဲသွားခဲ့တာပဲ၊ တစ်ခေတ်ဆန်းရဲ့ အောင် မြင်မှု တွေ ၊ သတင်းတွေ ကို ကျွန်တော် အမြဲ နားစွင့်ပြီးလက်ခုပ်တွေ တီးနေခဲ့တာ ပါဗျာ၊ လူချင်းလာတွေ့ ဖို့အတွက်ဆိုတာ ကျွန်တော့်ဘက်မှာ 50ဆိုတဲ့ ပမာဏ အခြေအနေမရှိလောက်သေးဘူးထင်လို့ပါ”

သူမ ပြုံးလိုက်မိသည်။

“ရာဇဝင်က အဲဒီ စကားကိုစွဲနေအောင် မှတ်သွားခဲ့တာကိုး”

“ဟုတ်တယ်…ကျွန်တော် မှတ်ထားတာပေါ့၊ အဲဒီ တုန်းက ကျွန်တော် လည်းရှက်သွား မိတယ်၊ ငါဟာ ဘာမှမဟုတ်သေးတဲ့ကောင်ပါလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင် လိုက်ရသလိုပဲ၊ ဒါပေမယ့် တစ်ခေတ်ဆန်းကို ကျေးဇူးတင်ပါတယ်၊ အဲဒီ စကားက ကျွန်တော့် အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့တာအမှန်ပဲ…၊မှန်ထဲမှာ ကြည့် လိုက် ရင်ကျွန်တော် ကိုယ်ကျွန်တော် ပြန်မေးကြည့်တတ်တယ်…၊ မင်းမှာ 50 ဆိုတဲ့ အရည်အသွေး ရှိလာပြီလားလို့လေ၊ အဲဒီ စကားလေးက ကျွန်တော့်  နှလုံးသားမှာ ရော၊ စိတ်ထဲမှာ ပါ tattoo ထိုးထားခဲ့သလိုပဲ စွဲထင်နေတော့တာ”

သူ့စကားနားထောင်ရင်း သူမ သူ့ကို သေသေချာချာ ငေးစိုက်ကြည့်နေ မိသည်။

“အင်း…အဲဒီ တော့ ပြောပါဦး၊ ဒီဆယ်နှစ် အတွင်းမှာ ရာဇဝင်ဘာတွေ ကြိုးစား ခဲ့ ရသလဲ၊ ရုန်းကန်ခဲ့ရသလဲဆိုတာ ပြောပြပါ၊ ကျွန်မ သိချင်တယ်၊ ပြီးရင် ကျွန်မအလှည့်ပေါ့၊ ကျွန်မလည်းပြန်မျှဝေရမယ်လေ”

“အိုကေ…ဘယ်ကနေစရင်ကောင်းမလဲဆိုတော့ကျွန်တော် တစ်ခေတ်ဆန်း ရဲ့ အငြင်းကိုခံလိုက်ရပြီးတဲ့ နောက်မှာ …”

“သေချာပြန်စဉ်းစားပါဦး…ကျွန်မ ရှင့်ကို မငြင်းခဲ့ပါဘူးနော်၊ စိန်ခေါ်ခဲ့တာပါ”

သူမက ခပ်သွက်သွက် ဝင်ထောက်လိုက်တော့ သူအားပါးတရ ပြုံးပြသည်။

“အဲဒီ အချိန်တုန်း ကတော့ကျွန်တော့်အတွက် အငြင်းပေါ့ တစ်ခေတ် ဆန်း ရဲ့ ၊ ထားလိုက်ပါတော့…၊ ကျွန်တော် ဆယ်တန်းအောင်အောင် ဖြေတယ်… ပြီးတော့ ကျွန်တော် စာပေးစာယူနဲ့ သင်္ချာဘွဲ့တော့ရအောင် ယူခဲ့တယ်၊ အဲဒီ အချိန်မှာ ဘာတွေ ခေတ်စားသလဲ ဆိုတော့အိမ်ခြံမြေဈေး ကွက် တွေ က အရမ်းဟစ် ဖြစ်တဲ့အချိန်ပေါ့၊ ကျွန်တော် အိမ်ခြံမြေလုပ်ငန်း ကိုစိတ်ဝင်စားတယ်၊ အရင်ဆုံးတိုက်ခန်းကလေးတွေ အရောင်းအဝယ်မှာ ပွဲစားလုပ်ပြီး အလုပ် စ,သင်တာ၊ ပြီးတော့ ပိုက်ဆံစုတယ်၊ ကျွန်တော် ရသမျှပိုက်ဆံ မေမေ့ဆီမှာ စုတယ်၊ ကျွန်တော့်  မေမေကို ကျွန်တော် ပြော ထားတယ်၊ ကတိကဝတ်တစ်ခုအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ချည်နှောင် လိုက် တဲ့ သဘောပေါ့လေ၊ မေမေကျွန်တော် တစ်နေ့မှာ ဒီအိမ်ခြံမြေ လုပ်ငန်း နဲ့ ကြီးပွားလာအောင် ကြိုးစားမယ်လို့၊ ပြီးရင်မေမေ့ကို နန်းတော် တမျှ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးမှာ ထားမယ်လို့ ပြောထား တယ်၊ မေမေက ဘာပြောသလဲဆိုတော့ “ငါသားစကားကို မေမေယုံတယ်၊ ဖြစ်အောင် သာလုပ် သား၊ မေမေနန်းတော် ကြီးနဲ့ နေရမှာ သေချာတယ်” တဲ့…၊ အဲဒီ မေမေ့စကားက ကျွန်တော့်ဘဝအတွက် စိတ်ဓာတ်ခွန်အား ဆေးရည် ပဲ၊ ကျွန်တော် စိတ်ဓာတ်ကျမယ်ကြံရင် အဲဒီ မေမေ့စကားကို မှန်ထဲမှာ ကြည့်ပြီး လေးလေးနက်နက်ပြန်ရွတ်ကြည့်လိုက်ရင်း ကျွန်တော့်  စိတ်ဓာတ် တွေ ပြန်ပြီး တက်ကြွအားရှိလာတော့တာပဲ”

“လက်စသတ်တော့ ရှင်က မေမေ့သားအလိမ္မာကလေးကိုး…”

“ဒီကမ္ဘာလောကမှာ ကျွန်တော် အချစ်ရဆုံးက မေမေပဲ တစ်ခေတ်ဆန်း၊ မေမေ့ကို ဘုရားတစ်ဆူလို ကျွန်တော် ကိုးကွယ်တာ၊ မေမေ့ကို ပိုက်ဆံ အပ်တိုင်း ကျွန်တော် သေသေချာချာ ရှိခိုးဦးခိုက်ကန်တော့ပြီးမှ အပ်လေ့ရှိ တယ်၊ အဲဒါ တစ်ကဏ္ဍပေါ့လေ၊ ကျွန်တော် အလုပ်အကြောင်း ဆက်ပြော မယ်၊ ပိုက်ဆံတွေ စုရင်း ကျွန်တော် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတစ်ခု မှာ ဝင်လုပ်တယ်၊ အလုပ်လည်း သင်ရင်း၊ အတွေ့ အကြုံလည်း ရအောင် ပေါ့လေ၊ ကျွန်တော့်  ပိုက်ဆံတွေ နဲ့ တိုက်ခန်းတွေ ဝယ်လာနိုင်တဲ့အချိန်မှာ ကျွန်တော် တိုက်ခန်းဝယ်ရောင်းလုပ်တယ်၊ အကျိုးအမြတ်တွေ ရလာတယ်၊ နောက်တော့ ကိုယ်ပိုင်ရုံးခန်းတစ်ခု ဖွင့်နိုင်အောင် ကြိုးစားတယ်၊ ကျွန်တော့် ရဲ့ သင်္ကေတဟာ ရိုးသားဖြောင့်မတ်မှု ၊ မှန်ကန်မှု ၊ သစ္စာရှိမှု နဲ့ လူတိုင်းအပေါ်လေးစားမှု ရှိခြင်းပါပဲ…၊ ဘယ်အခက်အခဲ… ပြဿနာမဆို ကျွန်တော် မလိမ်မညာဘူး၊ မလှည့်စားဘူး၊ မကွယ်မဝှက်ဘူး၊ ရိုးသားစွာ ပဲ ဝန်ခံတယ်၊ ကတိကို လွယ်လွယ်နဲ့ မပေးဘူး၊ ကတိပေးပြီးရင်လည်း အဲဒီ ကတိကိုတည်အောင် တန်ဖိုးထားတယ်၊ကြိုးစားတယ်…၊ ရလာဒ်က ဘာလဲ ဆိုတော့ လူတွေ တော် တော် များများ ရဲ့ ယုံကြည်လေးစားမှု နဲ့ ချစ်ခင်မှု ကို ကျွန်တော် ရလာတယ်၊ အဲဒီ တော့ကျွန်တော့် လုပ်ငန်းကို ကြီးသထက် ကြီးမားလာအောင် အင်ပါယာချဲ့ထွင်ဖို့ ကြိုးစားတာ ကျွန်တော် နဲ့ အတူ လက်တွဲ လုပ်မယ့် ရှယ်ယာတွေ အများ ကြီးခေါ်လို့ရလာတယ်၊ အိမ်ခြံ မြေအကျိုးဆောင် လုပ်ငန်းတစ်ဘက်ကနေဆောက်လုပ် ရေး ကုမ္ပဏီတွေ နဲ့ ဆက်သွယ်ပူးပေါင်းတယ်၊ ခြံတွေ ဝယ်တယ်၊ အိမ်တွေ ပြန်ဆောက်တယ်၊ ခေတ်မီမီ လှလှပပ decorate လုပ်ပြီး ပြန်ရောင်းတယ်၊ ဒီဆယ်နှစ် အတွင်း မှာ ကျွန်တော် လုပ်ငန်းတွေ တရှိန်ထိုး အောင်မြင်လာတယ်၊ ကျွန်တော် ကတိစကားအတိုင်း မေမေ့ကိုနန်းတော် တမျှ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီး မှာ ထားခွင့်ရတယ်… ဒါပါပဲ တစ်ခေတ်ဆန်း”

သူစကားတွေ ကို နားထောင်ပြီး သူမ စိတ်တွေ လှုပ် ရှား တက် ကြွ နေသည်။ လူငယ်လေး တစ်ယောက် ၏ အောင်မြင်မှု ၊ ကြိုးစားမှု …။ လူတိုင်း သူ့လို ကြိုးစားခွင့်ရှိတာပဲ။ လက်နှစ် ဖက်ရယ်… ဉာဏ်ပညာရယ် ဦးနှောက် ရယ်ရှိရင် ဖြစ်တာပဲ။ သူလည်း အဲဒါနဲ့ပဲ ရင်းနှီးမြှုပ်နှံ ကြိုးစားခဲ့တာပါ။

“ကွန်ဂရက်ကျူလေးရှင်း ရာဇဝင်… ရှင် တော် ပါတယ်”

“ကျွန်တော် လည်း တစ်ခေတ်ဆန်းရဲ့ အကြောင်းတွေ နား ထောင်ချင်သေး တယ်၊ ဂုဏ်ပြုချင်သေးတာပေါ့”

“လာမယ်လေ… အစစ်ပဲ၊ ရှင့်ရဲ့ lobsterက စားလို့အရမ်းကောင်းတာပဲ၊ အရသာရှိလိုက်တာ”

သူမက ဝိုင်ကို ခပ်ဖြေးဖြေး စုပ်ယူသောက်ရင်း သူမအကြောင်း စပြောဖို့ အရှိန်ယူရသည်။

“ကျွန်မ ပထမဆုံးစလုပ်တော့ အိမ်သုံးပစ္စည်းကလေးတွေ ပေါ့၊ အိမ်တစ် အိမ်မှာ မရှိမ ဖြစ်… မသုံးမ ဖြစ် သုံးရမယ့် လက်သုတ်ပုဝါ၊ အိပ်ရာခင်း၊ စားပွဲ ခင်း၊ ခေါင်းအုံးစွပ်အဲဒါတွေ ကိုကုန်ကြမ်းပိတ်အုပ်တွေ ရအောင်စက်ရုံ တွေ နဲ့ ဆက်သွယ်ပြီး စခဲ့ရတာ ၊ တစ်ခေတ်ဆန်းဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဈေးကွက် ထဲကို ဝင်တိုးရတာ ၊ အစ ပထမပိုင်းမှာ တော့ ထုံးစံအတိုင်း အခက်အခဲတွေ ၊ အထင်မကြီးတာတွေ ၊ လျှော့တွက်ခဲ့တာတွေ ၊ ဈေးနှိမ်ခံရတာ တွေ အများ ကြီးပဲ ရှိခဲ့တာပေါ့၊ ဒါပေမယ့် တစ်ခေတ်ဆန်းပဲ… သိတယ်မှလား၊ ဘယ်တော့မှ ဇွဲမလျှော့ခဲ့ဘူး လေ၊ နောက်မဆုတ်ဘူး… အရှုံးမပေးဘူး၊ မရ,ရ အောင်ချီတက်တယ်၊ တီထွင်ဖန်တီးတာကို ဝါသနာပါတော့ ကျွန်မရဲ့ Logo နဲ့ ထုတ်သမျှပစ္စည်းတွေ မှာ ဒီဇိုင်းဆန်းဆန်းကလေးတွေ ပါတတ် တယ်လေ၊ အဲဒါလေးတွေ နဲ့ ဆွဲဆောင်တယ်၊ မီးအုပ်ဆောင်း လှလှ ဆန်း ဆန်းကလေးတွေ ထွင်ကြည့်တယ်၊ ဈေးကွက်ကို တင်ကြည့်တယ်၊ အဲဒီ ကနေ အဝတ်ဗီရိုကလေးတွေ … ခန်းဆီးလိုက်ကာတွေ … အိမ် အလှဆင် ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုး စမ်းပြီးထုတ်တယ်၊ ပညာတွေ လည်း အများ ကြီး သင်ယူခဲ့ရတာ ပေါ့လေ၊ ကျွန်မ Eco နဲ့ ကျောင်းပြီးတော့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်စုပြီး ဘန်ကောက်မှာ အိမ်တွင်းလက်မှု အနုပညာ သင်တန်း ဒီပလိုမာ သွားယူခဲ့သေးတယ်၊ အဲဒီ မှာ လည်း ဈေးကွက်ကို လေ့လာ, စနည်းနာလာခဲ့တာပေါ့၊ အဆက်အသွယ်တွေ လည်း ရှာဖွေရ တယ်၊ မြန်မာ ပြည်ရဲ့ supermarket တွေ ကနေ shopping mall တွေ အထိ လိုက် ဆက် သွယ်ပြီး ဈေးကွက်ကို ကျွန်မကိုယ်တိုင် ရှာခဲ့တာပါ၊ ဘယ်သူနဲ့ မဆို ဝင်တွေ့ တာပဲ၊ ပြောရဲဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိကို လက်နက်အ ဖြစ် မွေးထားတယ်လေ၊ အခွင့်အရေး တစ်ခုခု ရဖို့အတွက် သတ္တိရှိမှ၊ ရင်ဆိုင် ပြောဆိုရဲမှ ရနိုင်တယ်ဆိုတာ ကျွန်မသိထားတယ်လေ၊ ပြီးတော့… ကိုယ့် အရည်အသွေးကိုလည်း ယုံကြည်စိတ်ချပြီးသားပေါ့၊ အဲဒီ ကနေ တစ်ခေတ် ဆန်း အိမ်တွင်းအလှပြင်ပစ္စည်းတွေ ချည်း သီးသန့်ရောင်းတဲ့ supermarket ကလေး စဖွင့်တယ်၊ ရုံးခန်းတစ်ခုဖွင့်တယ်၊ နိုင်ငံခြား အဆက်အသွယ်တွေ ရှာတယ်၊ ကျွန်မရဲ့ တစ်ခေတ်ဆန်း logoကို စိတ်ဝင်စားတဲ့ရှယ်ယာဝင်တွေ တချို့ကို ကမ်းလှမ်းတယ်၊ စက်ရုံတစ်ရုံဆောက်နိုင်အောင် ကြိုးစားတယ်၊ ကြိုးစားရင်း… လှုပ်ရှားရင်းနဲ့ မောရမှန်းတောင်မသိပါဘူး၊ လုပ်ငန်းက တဖြည်းဖြည်း ကြီးမားလာတယ်၊ အလုပ်သမားတွေ အများ ကြီးပဲ၊ ငှားရ တယ်၊ တစ်ခုအောင်မြင်ရင် နောက်တစ်ခုဆီကျွန်မ ခြေစ,လှမ်းတယ်၊ ကျွန်မက ရေမွှေးလုပ်ငန်းနဲ့ သနပ်ခါးလုပ်ငန်းကိုလည်း စိတ်ဝင်စားတယ်၊ ရေမွှေး ဖော်စပ်တဲ့ ဖော်မြူလာတွေ အတွက် ဂျပန်အထိသွားပြီး သင်တန်း တက်ခဲ့တာ၊ ကျွန်မက မြန်မာသနပ်ခါးနံ့သင်းသင်းလေးကို ရေမွှေးထုတ်ချင် တာကိုး၊ ပထမဆုံး ကိုယ်အရင်စမ်းသပ်ဖော်စပ်ကြည့်တယ်၊ ပြီးတော့… ဈေးကွက် ရှာကြည့်တယ်၊ ရှယ်ယာခေါ်တယ်…ပြီးတော့ စက်ရုံတစ်ရုံငှားပြီး ရေမွှေးနဲ့ သနပ်ခါးလုပ်ငန်းကို စပြီး အကောင်အထည်ဖော်ခဲ့တာ၊ သနပ်ခါး နံ့တွေ ချည်းသုံးတယ်၊ ရှင်မတောင်နဲ့ နံ့သာဖြူက အဓိကပေါ့၊ နောက်တော့ မှနှင်းဆီနဲ့ စပယ်ထပ်လုပ်တာ၊ ခုတော့ မြန်မာပြည်ဈေးကွက်မှာ တော် တော် နာမည် ရနေပြီ၊ အခုစင်္ကာပူပို့ဖို့ စကားပြောထားပြီးပြီ၊ပြီး မှလက်ဆေးရည်၊ လက်လိမ်းခရင်(မ်)၊ အခန်းသန်ဆေးရည် အဲဒါတွေ ထပ်လုပ်တာ၊ အဲဒါနဲ့ တင်ကျေနပ်သလားဆိုတော့ မကျေနပ်နိုင်သေးဘူးဆရာ၊ အခု ဒီဇိုင်နာတွေ ခေတ်စားလာတယ်၊ မြန်မာ့ပိုးကို ပုံစံကျကျလှလှချုပ်ပြီး ရောင်းနိုင်ရင် ဈေးကွက်ဝင်မယ်ဆိုတာ သိလာတော့ ဖက်ရှင်ဆိုင်တစ်ဆိုင် ထပ်ဖွင့်ပြန် တယ်၊ အဲဒါကို ကျွန်မကျောင်းသူ ဘဝကတည်းက စိတ်ဝင်စားပြီးသားလေ၊ မိန်းကလေးဝတ်စုံတွေ အပြင် လက်ကိုင်အိတ်၊ ဖိနပ် အဲဒါတွေ ကို စံချိန်မှီ အောင် ချုပ်ပြီး ဆိုင်ဖွင့်ထားတယ်၊ အဲဒါလည်း အောင်မြင်တယ် ရာဇဝင်…၊ ကျွန်မ နိုင်ငံခြားပို့ဖို့အထိ စီစဉ်ထားတယ်”

“စပါယ်ရှယ် လေးစားဂုဏ်ယူပါတယ် တခေတ်ဆန်း၊ ဒီလောက်နုနုနယ်နယ် လှလှပပ မိန်းကလေး တစ်ယောက် က ဒီလို ဧရာမ လုပ်ငန်းကြီးတွေ အများ ကြီးကို စီမံခန့်ခွဲပြီးအုပ်ချုပ်နေတယ်ဆိုတာ ကျွန်တော် ကိုယ်တွေ့  ရင်ဆိုင် နေရလို့သာ လက်ခံယုံကြည်နိုင်တာ၊ အံ့မခန်းပါပဲ တစ်ခေတ်ဆန်းရယ်”

“အလုပ်ဆိုတာ ကျွန်မဘဝပဲလေ ရာဇဝင်၊ အလုပ်ကို ကျွန်မချစ်တယ်၊ အလုပ်လုပ်နေရရင် ကျွန်မ ပျော်တယ်၊ အလုပ်အတွက် သိသင့်တဲ့ ပညာတွေ ကို ကျွန်မထပ်ရှာတယ်၊ အခု MBA လည်း ကျွန်မဆက်တက် နေတယ်၊ လုပ်ငန်းတွေ ကို ပိုပြီးစနစ်တကျ စီမံခန့်ခွဲအုပ် ချုပ်နိုင်အောင်လို့လေ၊ ကျွန်မမှာ အချိန်ပိုမရှိလောက်အောင် အလုပ်အရမ်း များ ပေမယ့် ကျွန်မပျော်နေတယ်၊ မိတ်ဆွေတွေ က ကျွန်မကိုပြောကြတယ်၊ workaholic တဲ့…၊ ရှိစေတော့ ကျွန်မကျေနပ်တယ်၊ အဲ… ကျွန်မတို့ စကားတွေ လည်း အများ ကြီး ပြောခဲ့ပြီ၊ စားစရာတွေ လည်း ကုန်ပြီ၊ Thank you for the lovely dinner ရာဇဝင်”

“ကျွန်တော် တို့ နောက်ထပ်ဆုံကြသေးတာပေါ့နော်၊ ကျွန်တော့်ကို ဘယ်နှစ် မှတ်ပေးထားပြီလဲဆိုတာ ကျွန်တော် သိချင်သေးတယ်”

“ရှင်လား… 50 ထက်တောင် ကျော်နေပါပြီ”

“ဟာ…တကယ်လား”

“တကယ်ပေါ့ရှင်… ကျွန်မ ဘရိန်းက အဲဒီ လို တွက်ချက်တဲ့နေရာမှာ မာစတာဘရိန်း”

“ဟား…ကျွန်တော် အရမ်းပျော်သွားတယ်သိလား၊ ရင်တောင်ခုန်တယ်”

“ခုန်ပေါ့ရှင်…ကျွန်မလည်း ရင်ခုန်တာပဲ၊ မွေးကတည်းက ရင်က ခုန်လာ ခဲ့ပြီးသား၊ ကဲ… ကျွန်မကို ပြန်ခွင့်ပေးတော့နော်၊ ဆုံကြသေးတာပေါ့…”

နှုတ်ဆက်ပြီး ကားကိုယ်စီမောင်းကာ ရပ်ကွက်တစ်ခုထဲမို့ ရှေ့ဆင့် နောက်ဆင့် အတူတူမောင်းပြီး ပြန်လာခဲ့ကြသည်။ သူ့ကားက သူမခြံဝ အထိ ပါလာခဲ့ပြီးမှ နှုတ်ဆက်ကာ သူ့အိမ်ရှိရာလမ်းဘက်သို့ ချိုးကွေ့ ဝင်သွားခဲ့သည်။ သူမပျော်ပါသည်။ ဘာမှ မပြည့်စုံချိန်မှာ ချစ်ခဲ့ကြ တာထက် အခုလိုအစစအရာရာ ပြည့်စုံကြွယ်ဝနေပြီဆိုတဲ့ အချိန်ကျမှ နှစ် ယောက် ဘဝတစ်ခုခုကို အတူတူတည်ဆောက်ကြတာ ပိုမကောင်းဘူး လား၊ သူမတို့နှစ် ယောက် ကြားမှာ ဘာကွာဟမှု မျ မရှိဟု သူမထင်မိ သည်။

•••




ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ တစ်ခတ်ဆန်း နှလုံးအိမ်မှာ ထိုးထွင်းခဲ့သော Tattoo ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စကားဝှက်တံခါး

မမက်ဖူးတဲ့အိပ်မက်

မြတ်နိုးမိသည်မှအပ