အခန်း (၁)
အချစ်ဆိုတာ
အလွန်နက်နဲသိမ်မွေ့ဆန်းကြယ်ပြီး ….
နူးညံ့လွန်တဲ့အရာလို့ ယုံကြည်သလား။
ပြီးတော့ အဲဒီ အချစ်ဟာ …
အရွယ်နဲ့မသက်ဆိုင်ဘူးလို့ပြောရင် ….
အဲဒါကိုရော … ခင်ဗျားတို့လက်ခံမလား။
မိုးထိလင်း
အချစ်ဆိုတာ ….
ကျွန်မအတွက်တော့ …
ရုန်းထွက်ဖို့ အလွန်ခက်ခဲတဲ့ နွံတစ်ခုနဲ့တူတယ်…
ရုန်းလေမြုပ်လေးနဲ့ …
နောက်ဆုံးတော့ ….
တဖြည်းဖြည်းချင်း၊ လုံးဝ နစ်မြုပ်သွားခဲ့တယ်။
မြိုင်မိုးရိပ်ပြာ
ထိုမနက်ခင်းမှာ ကြည်းနူးစရာ အိပ်မက်လေးမှ နိုးလာခဲ့ခြင်း ဖြစ်သည်။
သူမ မျက်စိဖွင့်လိုက်တော့ ဖြူဆွတ်သော အိပ်ယာခင်းလေးပေါ်မှာ အိစက်ညက်ညက်သော ရေမြုပ်မွေ့ရာ လေးပေါ်မှာ မနက်ခင်းရဲ့ အလင်းရောင် ဖျော့ဖျော့လေးက အိပ်ခန်းထဲလင်းဖြာကျနေပြီ။
ဘယ်အချိန်များ ရှိနေပြီလဲ။ ညက စားဖတ်ရင်း ညဥ့်နက်သန်းခေါင်မှ အိပ်ပျော်ခဲ့တာမို့ နံနက် မိုးလာချိန်က နောက်ကျမည် ဟု သူမထင်သည်။
စားပွဲတင်နာရီလေးကို ကြည့်တော့ ခုနစ်နာရီထိုးလို့ ငါးမိနစ်အလို…။ ငါးမိနစ်ဆက်အိပ်နေဦးမည် ဟု တွေးရင်း မွေ့ရာလေးကို လက်ဖ၀ါးနှင့် “ဖွဖွပွတ်သက်မိသည်။
သူမရဲ့ ကုတင်က တစ်ယောက် အိပ်လည်းမဟုတ်။ နှစ် ယောက် အိပ်လည်းမဟုတ် စကဆိုဒ်။ ဟိုမရောက် ဒီ မရောက်။ ဒါကြောင့် လူကလည်း ဟိုမရောက် ဒီမရောက်နှင့် စကောစက ဖြစ်နေသလား မပြောတတ်တော့ပါ။
အပျိုကြီး လုပ်မယ်ရယ်လို့လည်း စိတ်ဒုံးဒုံးချပြတ်သားခဲ့တာမဟုတ်။
လက်ထပ်မယ်စိတ်ကူးပြန်တော့လည်း ဘယ်တစ်ဦး တစ်ယောက် ကိုမျှ စိတ်တိုင်းက မကျ။
မာမီ ကတော့ တစ်ဦးတည်းသော သမီး ဖြစ်သူကို အပျိုကြီးမ ဖြစ်စေလို၍ နောင်ရေး အတွက် စိတ်မချက်နိုင်ပါ ဘူးဆိုပြီး အသက်အစိတ်လောက်ကတည်းက အိမ်ထောင်ပြုဖို့ တိုက်တွန်းလာတာ၊ ဟိုဒီစပ်ဟပ်လာတာ အခုဆိုရင် ဆယ်နှစ် ပြီ၊ သူမအသက်ဟာ ဘယ်လိုက ဘယ်လိုနေရင်းထိုင်ရင်းက သုံးဆယ့်ခြောက်ထဲ ချဉ်းနင်းဝင်ရောက်ခဲ့သလဲ မသိတော့ပါဘူး။
တိုက်တွန်းနားချ ရှာဖွေအကဲခတ်ရတဲ့ မာမီလည်း မောနေရှာရော့မည် ။
အို ဗာဖိုးတိရောက်ရင့်တော့ နားအေးသွားမလား မပြောတတ်။
လေးဆယ်စွန်းမှတော့ လက်လျှော့ သွားလောက်ပြီးပေါ့။ လေးဆယ်ဆိုတာရော ဘယ်မှာ ဝေးတော့ လို့လဲ။
တစ်နှစ် တစ်နှစ် ဆိုတာက ခဏလေး …
ပန်းချီဆွဲရင်း …
မာမီ့ကုမ္ပဏီရုံးခန်းမှာ ထိုင်ရင်း သူငယ်ချင်းတွေ စပ်တူဖွင့်ထားတဲ့ ကော်ဖီစနက်ဘားလေးမှာ ဝိုင်းဖွဲ့စကားပြော ရင်း တစ်ခါတစ်လေ အပျော်ခရီးကမ်းခြေသွားနားရင်း ဒီလိုပဲ အချိန်က ကုန်သွားတာပါပဲ။
အခုတောင် မိုးရွာကျဲပြီ။ မိုးကုန်ပြီဆိုတော့ ရှေ့လမှာ သီတင်းကျွတ်…။
အပျိုကြီး မကျွတ်သေးဘူးလား စ,နောက်ခံရင်းက ဆိုင်မှာ မီးပုံးလေးတွေ အီလက်ထရောနစ် မီးပွင့်ရောင် စုံ လေးတွေ ချိတ်ရတော့မှာ ….
ပြီးရင်တန်ဆောင်တိုင် ….
ကော်ဖီဆိုင်ရဲ့ ဒီဇိုင်းကို ပြောင်းစရာ မလိုသေး။
နိုဝင်ဘာထဲမှာ ဘာမှ သိပ်မရှိပေမယ့် ဒီဇင်ဘာ ခရစ်စမတ်အတွက် ပြင်ဆင်ရပြီ။
ခရစ်စမတ်ထရီးလှလှလေးတွေ ခင်းကျင်းဖို့လေ။ စင်တာကလော့ အရုပ်လေးတွေ နှင့် ဆိုင်ကို မွမ်းမံပြီပေါ့။
ဟော…. ပြီးတာနဲ့ နယူးရီးယား
စာတမ်းတွေ ချိတ်တော့ … နှစ် သစ်ကို ကြိုဆိုတော့ နှစ် သစ်ဆိုပြီး ဘာတွေ များ သစ်လွင်ပြောင်း လဲသွားမလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဟက်ပီးနယူးရီးယားလို့အော်… စတိတ်ရှိုးတွေ လိုက်ကြည့်….
ဟော … သိပ်မကြာပါဘူး.ဖေဖော်ဝါရီဆိုတော့ ချစ်သူများ နေ့ လာပြန်ရော.. ဆိုင်မှာ အသည်းပုံတွေ ၊ မြားနတ်မောင်ရုပ်တွေ . နှင်းဆီပန်းတွေ လုပ်လေရော.. ဒီဇိုင်းပြောင်းမှ ကလေးတွေ ဆိုင်ထဲ ပြုံတိုးမှာ လေ။ ဒီတော့လည်း အများ နည်းတူ ချစ်သူများ နေ့ အထိမ်းအမှတ်လေးတွေ အထင်ကရခင်းကျင်း ပြင်ဆင် ပေးဦးရမှာ ပေါ့။
ဗာလင်တိုင်း (Valentine) လို့ ပြီးပလားဆိုဟေ ဆိုရင် လာပါပြီ … မဟာအတာ သင်္ကြန်။ ပိတောက် ခြောက် တွေ ၀ယ်တော့ ဗျို့ဆိုတာပဲ… ဆိုင်ကို ပိတောက်ပန်းခြောက်တွေ နဲ့ အလှဆင်။ ပန်းချီကားထဲမှာ ငွေဖလားနဲ့ အောင်သပြေ … ဆိုင်မှာ သင်္ကြန်သီချင်းတွေ မတ်လမရောက်ခင်ကတည်းက ကြိုဖွင့်လေတော့။
သင်္ကြန်ဆိုတာ တစ်နှစ် မှ တစ်ခါ ပျော်စရာကြီးမို့လား။
ပျော်ဖို့သာ ပြင်ထားတော့။
ဘယ်သွားမလဲလို့ တိုင်ပင်ရင်း သူငယ်ချင်းတွေ ထဲ ရိပ်သာဝင်မယ့်သူများ နေရင် အသာလျှိုပြီး ရန်ကုန်မှာ ပဲ နေလိုက်တော့… နွှဲလိုက်တော့ ရန်ကုန်သင်္ကြန်။
မနှစ် က တစ်ပတ်ပတ်လိုက်ပါတယ်။ ယာဉ်ကြောပိတ်ပြီး ရေစိုလိုက် နေပူလိုက်နဲ့ နောက်နေ့ ခေါင်းတွေ ကိုက်ပြီး နှာစေးပါတော့သည်။
“ အသက်က စကားပြောလာပြီလေ”
ဆိုတော့ မာမီက ရယ်နေသည်။
သုံးဆယ်ကျော်ဆိုတာ ဘာများ အသက်ကြီးသေးလို့လဲ တဲ့။
အင်း… ဒီလိုနှင့် ငါးမိနစ်အတွင်း စိတ်ကူးလိုက်တာ အင်္ဂလိပ်လို နှစ် ကူးသွားပြီ၊ မြန်မာလို သင်္ကြန်တောင် ပြီးသွားပြန်ပြီ။
သင်္ကြန်ပြီးတော့ မိုးရာသီ……
မိုးရာသီမှာ ဘာပွဲမှ မရှိတော့ဘူးဆိုပေမယ့် မိုးရာသီ အထူးဈေးရောင်းပွဲ က လာပါသေးသည်။
လှည့်ပတ်ကြည့်ရှုတာပေါ့လေ။ အားလပ်ချိန် မိုးအေးအေးနဲ့ကွေး။ အိမ်ထဲမှာ ပဲ စာဖတ်၊ အခွေကြည့်၊ ပန်းချီဆွဲ ပြီးရင် နောင်နှစ် ပတ်လည် သီတင်းကျွတ်ရဲ့ ပွင့်လင်းရာသီအချိန်အခါကို စောင့်လေဦးတော့။
သူမရဲ့ နှစ် ပတ်လည် စိတ်ကူးခရီးဆုံးတော့ နာရီကလည်း ခုနစ်နာရီ ကျော်စပြုပါပြီ။
နေစမ်းပါဦး…………………။
ဟို ဒီလျှောက်တွေးနေတာနဲ့ မနက်ခင်းစောစောက အိပ်မက်ရဲ့ အရသာလေးတောင် ပျောက်ပါပြီ။
ငါ ဘာတွေ မက်နေတာလဲ။
တမျှော် တခေါ် ပန်းခင်းကို ပြန်သတိရသည်။
ပြီးတော့ ပန်းတွေ က မွှေးလိုက်တာ………….။
ဒီလောက်များ ပြားတဲ့ မျက်စိတဆုံး ရှုမျှော်ခင်းမျိုး အပြင်မှာ တောင် မမြင်ဘူး။
တိမ်ပြာပြာအောက်က အခင်းပြင်ကျယ်ကြီးနှင့် အပြည့် ပန်းပွင့်ရောင် စုံတွေ ………….။
အိမ်မက်ထဲမှာ ဂါဝန်အနားစတစ်ဖက်ကို မ,ကာ သူမပြေးလွှားကစားနေတာများ ကလေးငယ်လို ပျော်မြူး လွတ်လပ်ကြည်မွေ့စွာ ……………..ပြီးတော့ ငါ့ဘေးမှာ အဖော် တစ်ယောက် ပါ သေးတယ် ။အဲဒါ ဘယ်သူလဲ။
ကျွတ်………………….။
စဉ်းစားလို့လဲမ ရတော့ဘူး ။
သေချာတာ ကတော့ ထိုအဖော်က ယောက်ျားလေး တစ်ယောက် ဖြစ်တာပါပဲ။ သူမကို ကြိတ်ပိုးနေတဲ့ ကိုထိုက်လည်း မဟုတ်။ ဟိုဖက်အိမ်က လူရိုးလူအေးကြီး မျက်မှန်ထူထူမင်းသား ကိုဥက္ကာလည်း မဟုတ်။
ဒါဖြင့် ဘယ်သူပါလဲ……သူမလည်း မသိ။
နှုတ်ခမ်းလေးတွေ ပြုံးလာမိရင်း အိပ်ရာပေါ်ကနေ ဆင်းသည်။ နှုးညံ့သော ကောဇောရဲ့ အတိအတွေ့ ကို ခြေဖ၀ါးမှာ ခံစားရသည်။
သူမက ပါကေးခင်းသက်သက်ကို မကြိုက်သဖြင့် အခန်းထဲမှာ ကော်ဇော်ထူထူ ခင်းထားသည်။ ပိုးဂါဝန် ဖြူဖြူဖြင့် မှန်တင်ခုံရှေ့ အရင်ဆုံး ရပ်မိသည်။ သူမရဲ့ ကိုယ်လုံးက တစ်တစ်ရစ်ရစ် ၀ဖြိုးမလာဘဲ နှစ် ဆယ်ကျော်တုန်းက ကိုယ်အလေးချိန်အတိုင်းပဲ တစ်ရာ့တစ်ဆယ်မှာ ပဲ ရှိနေဆဲမို့ ခန္ဓာကိုယ်က ပါးလျလျလေးပါပဲ။ ဒါပေမယ့် မျက်နှာာပြင်ရဲ့ အရေပြားက အနည်းငယ် ထူအမ်းလာသလိုလို၊ မျက်လုံးနားတ၀ိုက် အရေး အကြောင်း အနည်းငယ်ပေါ်လာသလို ထင်မိသည်။
ထင်မိတာ မဟုတ်ပါဘူး။ ပြောင်းလဲစပြုလာပြီ။ အသားအရေက သိသာသည်။ (Kanebo) မိတ်ကပ်တွေ အသုံးပြုပြီးဂရုစိုက်မိတဲ့ ကြားထဲက နည်းနည်း တော့ ပြောင်းသွား တာ အမှန်။ Skin care တွေ ဘယ်လောက်ပဲ လုပ်လုပ် ဆယ်ကျော်သက်ရဲ့ အသားအရေ စိုပြေနှုးညံ့ပုံမျိုးတော့ ဘယ်လိုမှ မ ဖြစ်နိုင်တော့ပါ။
ဒါပေမယ့် သူမမှာ ရင့်ကျက်တည်ငြိမ်တဲ့ ဣနြေ္ဒတစ်မျိုးနှင့်လှနေသေးသည် ။
ပခုံးကျော်ကျော်ဝေ့ဝေ့၀ိုက်ဝိုက် အဖျားလိပ်ခွေထားတဲ့ ဆံနွယ်လေးတွေ က အိပ်ရာနိုးဝမှာ ကပိုကရိုဝေ့၀ဲကျ နေသည်။ မျက်တောင်ကော့ရွှန်းရွှန်းနှင့် စင်းသော နှာတံလေးရယ်။ စူးလက်တောက်ပ ၀ိုင်းစက်တဲ့ မျက်နက်ဝန်း လေးရယ် ပါးမို့မို့နှင့် နှုတ်ခမ်းထူလေးရယ် မေးစေ့ လုံးလုံးချွန်ချွန်လေးရယ် ဘယ်လိုပဲ ကြည့်ကြည့် အားလုံးက တညီတညွှတ်တည်း မှတ်ချက်ပြုကြတာက တော့ အပျိုကြီး မ ဖြစ်သင့်ဘူးတဲ့လေ။
တကယ်တော့ ဒီရုပ်ရည်နှင့် ဘာများ ဆိုင်သလဲနော်။
စိတ်ဝင်စားတဲ့ ယောက်ျားလေးတွေ ရှိပေမယ့်လည်း သူမကမှ မတုန်မလှုပ် စိတ်မ၀င်စားဘူးဆိုရင် ဘာထူးခြားမှု ရှိမှာ လဲ။
ဒီအလှအပကို ငေးကြည့်တဲ့ သူရှိလည်း အသိအမှတ်ပြုပြီး မခံစားတတ်မှတော့ ငေးသူတွေ ရှိတာ ကလည်း အလကား ပေါ့။
ကိုယ့်အကြောင်းကိုယ် တွေးရင်း မှန်ရှေ့၌ တခဏအချိန်ဖြုန်းပြီးနောက် သူမသွားတိုက် မျက်နှာသစ် သည်။
ထိုနောက် မျက်နှာလေးကို မျက်နှာသုတ်ပုဝါဖြူလွလွနှင့် ဖွဖွပွတ်သုတ်ရင်း ပြတင်းတံခါး ရဲ့ လိုက်ကာကို ဘေးသို့ ဆွဲကပ်၍ အပြင်ဖက်သို့ ကြည့်မိသည်။
တွေ့ လိုက်ရသော မြင်ကွင်းမှာ သူမ ရုတ်တရက်မှင်သက်ငေးမောသွားရသည်။
ဟိုဖက်ခြံထဲက ကွန်ကရစ်ခင်းပေါ် စကိတ်စီးနေတဲ့ ချာတိတ်လေး တစ်ယောက် ။
လက်ကလေးကို ဆန့်တင်ပြီး သူ စကိတ်စီးပုံလေးက လွတ်လပ်စွာ အပူအပင်ကင်းနေလိုက်တာ။
ဂျာကင်လက်ပြတ် မရမ်းရောင် နှင့် ဘောင်းဘီတိုဖြူဖြူနှင့် ...ဆံပင်တွေ ကို မိုးပေါ်ထောင်ထားသည်။
မျက်နှာလေးက ခပ်ဝေးဝေးက ကြည့်တာနှင့် ပင် ချောလိုက်တာ နှုတ်ခမ်းပါးရဲရဲလေးနှင့် အင်မတန် စတိုင်လ် ကျတဲ့ချာတိတ်လေး...။
သူ့အာရုံက သူ့ရဲ့ ဆော့ကစားမှု ထဲမှာ ပဲ လုံးဝရှိနေတဲ့ ဟန်မှု ယာ။ ဘေးဘီကို လည်း မကြည့်...
သူကလေးဟာ ဘယ်သူပါလိမ့်...
ဟိုဖက်အိမ်မှာ အစက မမြင်ဘူးခဲ့...ဒီအရွယ်ယောင်္ကျားလေးအဖော်လည်း အန်တီကြိုင်တို့ အိမ်မှာ မရှိတာ
သူမ သိထားသည်။
ဘယ်က ဧည့်သည်လဲ...
သူ့ပုံလေးက ဧည့်သည်နှင့် လည်း မတူပါ။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာမှာ နေသလိုမျိုးပါပဲ...
မြိုင်မိုးရိပ်ပြာက ကြည့်ကောင်းကောင်းနှင့် ငေးစိုက်ကြည့်နေမိ၏ ။
ရင်ထဲမှာ ချစ်စနိုး ဖြစ်မိခြင်းတွေ အလိုလို လူးလွန့်လာသည်။
ရှိုးပေးထားတဲ့ ဆံပင်အထောင်လေးတွေ ကို လက်နှင့် အုပ်ကိုင် ဖွပစ်လိုက်ချင်သည်။
သူလေးက စကိတ်စီးလို့ ဝပြီဆိုတော့ မြက်ခင်းထဲ တစ်ယောက် တည်း ဂျွမ်းပစ်ဆော့ကစားနေ သေးသည်။ ဂျွမ်းထိုးပြီးလှိမ့်သွားတာများ တကယ်ပဲ မျက်လှည့်ဆပ်ကပ်ထဲကအတိုင်းပဲ။ အံ့သြဖွယ်ကောင်း အောင် လေ့ကျင့်ထားပါလား။
မိုးရိပ်ပြာနှုတ်ခမ်းလေးတွေ အလိုလို ပြုံးလာမိသည်။
ဒီကောင်လေးကို ပန်းချီပုံတူဆွဲရရင် ကောင်းမှာ ။ ရိုးသားစင်ကြယ်ပြီး ကလေးဆန်လှတဲ့ မျက်နှာလေးက သူမ ကိုအလွန်အမင်း ဖမ်းစားနိုင်သည်။ မြင်ကွင်းထဲက ပျောက်ကွယ်သွားမှာ ပင် စိုးမိပါရဲ့ ။
ပန်းချီမဆွဲခင် ဓာတ်ပုံရိုက်ထားလည်း မဆိုးပါဘူး။
အခန်းထဲမှာ အဆင့်သင့်ရှိနေတဲ့ ကင်မရာကို သွားယူပြီး အဝေးကနေ ချိန်ရိုက်ယူမိ၏ ။
သူမကိုယ်သူမ ဘာလုပ်မိမှန်းပင် မသိအောင် အ ဖြစ်အပျက်က အမှတ်မထင်ဆန်သည်။ သေချာတာ ကတော့ ကောင်လေးဆီက ဆွဲဆောင်ညှို့ငင်အားတစ်မျိုးကြောင့် သူမသတိလက်လွတ် ဖြစ်သွားတာပဲ။
သေချာသည်။
ထိုအချိန် တခဏကစ၍ မိုးရိပ်ပြာဘဝက လှုပ်လှုပ်ခတ်ခတ်နှင့် ပြောင်းလဲမှု တစ်ခု စတင်ခဲ့တာ ဖြစ်မည် ။
ကောင်လေးကို စိမ်ပြေနပြေ ဓာတ်ပုံခိုးရိုက်ရင်း ရင်ထဲမှာ ပျှော်ရွှင်နေမိသည်။
အဲဒီ ကောင်လေးက အထက်တန်းကျောင်းသားလား၊ ဆယ်တန်းအောင်ကာစလေးလား မသိ။ အရွယ်အားဖြင့် တော့ ထိုအရွယ်ဟု ခန့်မှန်းရသည်။
အရပ်မြင့်သည်။
အသားက အရမ်းဖြူဆွတ်ဆွတ်ကြီးလည်း မဟုတ်။ လူပုံက အနည်းငယ်ပိန်သည်။ ဒါပေမယ့် လမ်းလျှောက်ပုံ၊ ပြောပုံမှာ မာန်ပါသည်။
သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ပုံစံ။
မိုးရိမ်ပြာ ငေးလို့ မဝ။ အကြည့်တစ်ချက်ကလေးမှ မလွှဲနိုင်။
ချာတိတ်လေးက ဆော့ရတာ စိုတော့ အင်္ကျီရင်ဘတ်ကို ဗြုန်းခနဲဆွဲဖွင့်ကာ အင်္ကျီကို ချွတ်ပစ် လိုက်၏ ။
ဟောတော့...
ရင်ဘတ်မှာ ကြွတ်သားတွေ ဖုထစ်မနေ။ ခပ်ပိန်ပိန်ရင်အုံကလေးပါ။ ဒါပေမယ့်လည်း ရင်ခုန်ချင်စရာ ကောင်း သည်မို့ သူမ ရယ်ချင်သွားမိသည်။
သူ့ကိုယ်သူ ဗလကြီးပေါ့လေ...
ဖိနပ်ကိုလည်း မြက်ခင်းစပ်မှာ ချွတ်ခဲ့သည်။ ပြီးတော့သူ ပြောသွားတာ ပြာလဲ့လဲ့ မီနီရေကူးကန် လေးဆီ...
အန်တီကြိုင်တို့ ခြံက ဒီနားတစ်ဝိုက်မှာ အတော် ကျယ်တဲ့ ခြံပါ။ ရေကူးကန်လေးပါ ပါသည်။
ကောင်လေးက ရေကူးမှာ လည်း ချန်ပီယံ။
တယ်တော် တဲ့ချာတိတ်။တိတ်ဆိတ်သော နံနက်ခင်းတွင် နေရောင် နွေးဖျော့ဖျော့လေးအောက်မှာ ကောင်လေး ရဲ့ လန်းဆန်းရွှင်ပြနေတဲ့ အသွင်သဏ္ဍန်ဟာ ဘယ်လောက်များ ကြည့်ကောင်းလိုက်သလဲ။
သို့ သော် ကြာကြာရေး မကူး၊ ခဏစိမ်ပြီးတာနှင့် အပေါ်ပြန်တက်လာသည်။
ကောင်လေးက တစ်ခုခုကို ကြာရှည် စိတ်ဝင်စားပုံမရပါ။
ဘာမဆို ခဏနှင့် ရိုးသွားတတ်၊ ပျင်းရိတတ်ပုံပေါ်သည်။ ရေစိုနေသော အင်္ကျီဗလာကိုယ်လုံးနှင့် ခပ်အေးအေး ပြန်တတ်လာတဲ့ ကောင်လေးဟာ ထိုအချိန်မှာ ပဲ ရုတ်တရက်သူမဖက် ပြတင်းပေါက်ဆီင်္ မော့ကြည့်လိုက်ပါသည်။
ဟယ်တော့...
သူမ ထိတ်ခနဲ ဖြစ်ကာ လက်ထဲက ကင်မရာကို အမြန်ဝှက်ပစ်မိသည်။
ကောင်လေးက အံ့အားသင့်နေသည်။ ကြည့်ရတာ ဒီကင်မရာကို မြင်သွားပုံပဲ...။
မိုးရိပ်ပြာ အခုမှ ရှက်သလိုလို ရင်ခုန်မြန်သွားရ၏ ။
အို...ငါ့ကို ဘယ်လို ထင်မလဲ။
ပြတင်းပေါက်မှ လှစ်ခနဲခွာရင်း ရင်တုန်ပန်းတုန်စိတ် လှုပ်ရှားမိ၏ ။
ဘယ်လိုပဲ ဖြစ် ဖြစ် သူမ ကင်မရာထဲမှာ ကောင်လေးရဲ့ ပုံရိပ်တွေ ရှိခဲ့ပြီ။ ဒါကိုပဲ မိုးရိပ်ပြာ ကြည်နူးမဆုံး။
ကင်မရာကို ဖွင့်ပြီး ပြန်ရစ်ကြည့်နေမိ၏ ။
နေရောင် နှင့် ဆိုတော့ ပုံလေးတွေ က လင်းပြီး ထင်ရှားနေပါသည်။
ဘုရားရေ...အတော် ချစ်ဖို့ကောင်းတဲ့ ချာတိတ်။
ကင်မရာထဲက ပုံကိုကြည့်ပြီး မိုးရိပ်ပြာရင်ထဲ ဘာ ဖြစ်သွားရမှန်း မသိ။
ဗြန်းဆို ပုန်းကွယ်လိုက်ပေမယ့် ဆံနွယ်လေးတွေ ကပိုကရိုနှင့် အမျိုးသမီး တစ်ယောက် ကို မိုးထိလင်း သေချာ တွေ့ လိုက်ရသည်။ လည်ပင်းဟိုက်သော အဖြူရောင် အင်္ကျီလေးကိုပင် တစွန်းတစ မြင်လိုက်သေး တာ။ သူမလက်ထဲ
မှာ ကင်မရာ။
ဒီကင်မရာဟာ သူ့ကို ချိန်ရွယ်တာလား။
သူ ဇဝေဇဝါတော့ ဖြစ်သည်။
လှစ်ခနဲ ပျောက်ကွယ်ပုန်းလျှိုးလိုက်ပုံကြည့်ရတာ တော့ သူ့ကို ဓာတ်ပုံရိုက်နေလို့ပဲလို့ ထင်ရသည်။
မိုးထိက နှုတ်ခမ်းလေး တွန့်ကွေးလျှက်ပြုံးသည်။ သူ့အပြုံးက ဘဝင်ခပ်မြင့်မြင့် မထိတထိ ပြုံးလေးပါ။
မိုးထိတို့တော့ မျက်နှာအရမ်းကို ပွင့်နေပြီ။ ကင်မရာနှင့် ချောင်းရိုက်မယ့်သူတောင် ရှိနေပြီ။
ရေစိုလက်နှ်င့်ပဲ သူ တိုက်ထဲသို့ ပြေးဝင်ခဲ့၏ ။
“ဟဲ့...စောစောစီးစီး ဒါက ဘယ်လို ဖြစ်တာလဲ”
ကြီးကြိုင် ဗျစ်တောက် မလုပ်ခင် ရေချိုးခန်းဆီ အမြန်ပြေးရသည်။
ကြီးကြိုင်က နံနက်ခင်းစာအတွက် ခေါက်ဆွဲသုပ်စီစဉ်နေပြီး မာမီက အခန်းထဲက ထွက်မလာသေး။ လေးအုပ် ကတော့ဘယ်နားရောက်နေသလဲပင် မသိ။
မိုးထိက လေကလေးချွန်ရင်း ရေအမြန်ချိုးဖို့ ပြင်၏ ။ ဝါတာဟီတာဖွင့်ပြီး ရေနွေးနွေးနှင့် အားပါးတရ ချိုးလိုက် သည်။
ထို့နောက် အဝတ်အစားလဲကာ မွှေးကြိုင်စွာ ဖြင့် စားပွဲနားသို့ ပြန်ရောက်လာသည်။
ဒီတခါတော့ စားပွဲမှာ မာမီရော လေးအုပ်ပါ ရှိနေပြီ။
“သားလေး နံနက်က စကိတ်ထွက်စီးနေတာမို့လား”
“နင့်သားက ရေကူးတာ”
“နှစ် မျိုးစလုံးပဲ မာမီင်္”
သူဝင်ထိုင်လျှင်ကြီးကြိုင်ကပဲပြုတ်နိုင်းချင်းနှင့် ထမင်းကြော်ပန်းကန်ကို တိုးပေးကာ ကော်ဖီ တစ်ခွက်ပါ ကရား
ထဲကငှဲ့ပေးသည်။
“သားက မုန့်ဟင်းခါးစားချင်တာ”
“ကြိုမှ မပြောဘဲ”
“စားချင် ချက်ကျွေးမှာ ပေါ့ဟယ်...မနက်ဖြန်မှစား”
“သားက ဒီနေ့ စားချင်တာ”
“တွေ့ လား ပုလဲရေ၊ နင့်သား ဒီမှာ နေရင်တော့ ငါ့ကို နေ့တိုင်း ဦးနှောက်စားတော့မယ်”
“ကြီးကြီးကလဲဗျာ၊ ကိုယ့်တူလေး ဒီ တစ်ယောက် တည်း ရှိတဲ့ဟာကိုဗျာ”
ဥက္ကာကို ကတော့ သူ့ဘာသာ ကော်ဖီသောက်ရင်း တူ ဖြစ်သူ မိုးထိကို ခပ်ပြုံးပြုံးသာ ငေးနေမိသည်။
မိုးထိရောက်လာမှ သူတို့အိမ်က ဆူညံစိုပြေလာတာပါ။
ဥက္ကာမှာ အစ်မနှစ် ယောက် ရှိသည်။ ကြိုင်မာလာနှင့် ဇင်ပုလဲ။ မမကြီးကြိုင်က အပျိုကြီး။
မမလေးပုလဲ ကတော့ စောစောကတည်းကအိမ်ထောင်ကျပြီး မိုးထိလင်းကို မွေးခဲ့သည်။ မိုးထိဆယ်နှစ် သား လောက်မှာ မမပုလဲတို့ အိမ်ထောင်ရေး ပြိုကွဲသွားပြီးတော့ သူ့ခင်ပွန်းက စင်္ကာပူမှာ အိမ်ထောင်သစ်နှင့် နေထိုင်ပြီး
မပုလဲကလည်း ဒီမှာ ပဲ အိမ်ထောင်ထပ်ပြုသည်။
မိုးထိလေးမှာ ဒက်ဒီဆီတစ်လှည့် မာ့မီဆီတစ်လှည့်နေရင်းက အခုတော့ပထွေး ဖြစ်သူနှင့် မျက်နှာကြောမတည့်ဟုဆိုကာ ဒီကို ရောက်လာခဲ့ခြင်းပါ။
ကြိုင်မာလာရော၊ ဥက္ကာကိုရောက တစ်ဦးတည်းသော ဒီတူလေးကို ထားစရာနေရာမရှိအောင် အချစ်ပို သဲသဲ လှုပ်တာအမှန်။
အစတုန်းက စင်္ကာပူမှာ ကျောင်းသွားတက်နေသဖြင့် အကြာကြီး ခွဲနေခဲ့ရသည် မဟုတ်လား။
အခုတော့ အကြောင်းကြောင်းကြောင့် သူတို့ဆီ လာနေဖို့ ဖြစ်ခဲ့ပြီ။
“ပုလဲ…နင်ဒီမှာ နှစ် ရက်သုံးရက်နေဦးမှာ မို့လား”
“မနက်ဖြန် ပြန်မယ်”
“ ချက်ချင်း ကြီးပါလား၊ နင့်ယောက်ျားက ဘယ့်ထွက်ပြောမှာ မို့လို့လဲ”
ဒေါ်ဇင်ပုလဲက ပြုံးရုံသာ ပြုံး၏ ။
အတိုက်အခံ အငြင်းအခုန် မလုပ်။ ဒီအစ်မ အပျိုကြီးရှေ့မှာ ဘယ်လိုနေရမယ်ဆိုတာ သိပြီးသား။
မမကြိုင်လက်ထဲကနေပဲ အပျော့ဆွဲလေးနှင့် ချစ်သူနောက်လိုက်ပြေးခဲ့ဖူးတာ။
မမကြိုင်အထာကို ပုလဲ ကောင်းကောင်းသိ၏ ။
“ကိုကြီးက ပုလဲမရှိရင် စားရေး သောက်ရေး ခက်နေမှာ ”
“အမယ်လေး…စားသောက်ဆိုင်တွေ ပေါလွန်းလို့”
မမကြိုင်က မဲ့ရွဲ့ကာ ပြော၏ ။
မျက်စောင်းကြီးခဲလျှက် အ ဖြစ်သည်းရန်ကောဆိုတဲ့ အကြည့်နှင့် လည်း ကြည့်လိုက်ပါသေးသည်။
ဇင်ပုလဲက သဘောပေါက်စွာ အပြုံးမပျက်။
အပျိုကြီးပီပီ ကပ်သီးကပ်သပ် ဗျစ်တောက်ဗျစ်တောက် မြည် တွန်းတောက်တီးနေတတ်တာ မမကြိုင်အကျင့်။
“နင် သုံးလေးရက် အိမ်မှာ မရှိတာနဲ့ နောက်မိန်းမ မယူလောက်ပါဘူးဟယ်၊ ပူမနေစမ်းပါနဲ့”
“အို…နောက်မိန်းမတော့ ဘယ်ယူမလဲ”
“ဒါဖြင့် ဘာစိုးရိမ်စရာရှိလဲ”
“သူက အပြင်စာတွေ မစားတတ်ဘူး၊ ပုလဲလက်ရာမှပဲ“
“ဟွန်း… ဖြစ်မှ ဖြစ်ရလေ၊နင့်လက်ရာကဘာများ ကောင်းမှာ မို့လို့လဲ၊ အိမ်မှာ တုန်းက နင်ဖြင့် ဟင်ဝင်မ ချက် ဘူး ဘဲနဲ့”
“ဒါပေမယ့် အခု ချက်ရင်းက တတ်နေပါပြီ”
“တတ်နေရင်လည်း အစ်မနဲ့ မောင်လေးကို လက်စွမ်းပြပြီး ချက်ကျွေးပါဦးလား၊ တကတဲ သူ့ ယောက်ျားပဲ”
“မမကြိုင်ကလဲဗျာ”
ဥက္ကာက မျက်ခုံးရှုံ့ကာ နားထောင်ရင်း နားညည်းလာရပါသည်။ မမကြိုင်တို့ ကတော့ လိုက်ရစ်နေပါပြီ။
သူ့တူစကားတွေ ၊ မကျေနပ်ချက်တွေ ပဲ နားဝင်ထားသည် ထင်ပါရဲ့ ။
“နည်းနည်း တော့ ပြောရမှာ ပေါ့ ဥက္ကာရဲ့ ၊ သူက သူ့လင်တော် မောင်မျက်နှာပဲ ကြည့်တာ၊ ကိုယ့်သား အရင်း တောင်ကိုယ်ငဲ့တာ မဟုတ်ဘူးလေ”
“မိုးထိ…ကြီးကြီးကို ဘာမဟုတ်တာတွေ လျှောက်ပြောထားလဲ”
ပုလဲက မိုးထိထံ ခပ်ငေါက်ငေါက် ဖြတ်မေး၏ ။
မိုးထိမျက်နှာလေးက ထီမထင်ဟန်နှင့် …
“သား အင်္ကျီဝယ်တာ၊ ဖိနက်ဝယ်တာ၊ ဂစ်တာဝယ်တာ အဲဒါတွေ ပါ မာ့မီလူကြီးက စာရင်းလိုက် တွက်တယ်လေ”
“သြော်…သူက စာရင်းအင်းသမားဆိုတော့ တစ်လတာ ဘာတွေ သုံးလဲ စာရင်းလုပ်နေကျမို့ တွက်တာပါ၊ ဘာ သဘောနဲ့မှ မဟုတ်ပါဘူး၊ သားအတွက် တစ်လတစ်လ မုန့်ဖိုးသိန်းချီပေးနေသားပဲ”
“ဒီလူကြီးဆီကနေ ဘာမှ မလိုချင်ဘူး၊ သားကို သုံးစေချင်ရင် ဘဏ်မှာ အကောင့်ထ် သပ်သပ်ဖွင့် ပေးထား”
“ဟဲ့…ဟုတ်သားပဲ၊ မတည့်ရင် အတူနေလို့ဘယ် ဖြစ်မလဲ၊ ငါ့တူလေးတော့ မျက်နှာမငယ်စေနဲ့၊ သူ သုံးချင် စွဲချင်တာလေးတွေ ရှိရင် ဘဏ်ကထုတ်လို့ရမှ ဖြစ်မှာ ပေါ့”
“ထည့်ပေးထားပါတယ် မမကြိုင်ရယ်၊ မမကြိုင်တူကိုက လက်ဖွာပြီး ပိုက်ဆံအသုံးကြမ်းနေတာ”
“နင်ထည့်ပေးထားတာက ပညာသင်စရိတ်လေ၊ မလုံလောက်လို့ ထပ်ပြောနေရတာ ပေါ၊ ကိုယ့်မှာ လည်း မရှိတာ မဟုတ်ဘဲနှင့် ကပ်စေးနှဲမနေစမ်းပါနဲ့အေ”
မိုးထိ ကတော့ သူ့ကြီးကြီး စစ်ကူပါလာသဖြင့် ပြုံးစိစိ သဘောကျနေသည်။
ဥက္ကာကို ကတော့ မျက်မှန်ကို ပင့်တင်ရင်း လက်ကျန်ကော်ဖီကို ကုန်အောင်မော့သောက် လိုက် သည်။ မိသား စုစကားစစ်ထိုးပွဲတွေ ထဲ သူ သိပ်ဝင်မပါ။ သူက နားအေးပါးအေး နေချင်တာ။
“ဥက္ကာ…ဘယ်လဲ…ပြီးပြီလား”
ခုံနောက်ဆုတ်ကာ စားပွဲက ထမည် ပြင်တော့ မမကြိုင်မေးသည်။
“ကျွန်တော် ပြီးပြီ…”
“ခဏထိုင်စမ်းပါဦး ဥက္ကာရယ်၊ နင့်အကြောင်းလည်း တိုင်ပင်ဆွေးနွေးရဦးမှာ ”
“ဘာလဲဗျာ”
“နားထောင်စမ်းပါဦး…ပုလဲ၊ မမ ညတုန်းက ပြောထားတဲ့ ကိစ္စလေး”
“သြော်…”
မမလေးက သူ့ကို ဖျပ်ခနဲ ကြည့်သည်။
မျက်ဝန်းအကြည့်မှာ အဓိပ္ပာယ်တစ်မျိုးပါဝင်နေတာမို့ မိုးထိပင် သူ့မာမီအရိပ်အကဲကို သဘော ပေါက်စွာ …
“ဘာတွေ တိုင်ပင်ကြမှာ လဲ မာမီ၊ လေးအုပ်ကို မိန်းမပေးစားဖို့လား”
“အေးလေ…ဒါပဲ ရှိတာပဲ”
“လေးအုပ်ကလဲဗျာ၊ အခုထိကို မစွံသေးဘူးလား၊ လေးဥက္ကာကို မိန်းမစပ်ဟပ်နေတာ ကြာပြီ၊ တစ်ယောက် ပြီး တစ်ယောက် ငြင်းပယ်ချနေတာလည်း များ ပြီ…”
“ဟေ့ကောင်…ကလေးပီပီ ဝင်မပါနဲ့စမ်းကွာ၊ မစွံတာ မဟုတ်ဘူးကွ၊ မယူသေးတာ၊ နားလည်လား”
လေသံ ကတော့ မလျှော့ပါ။ သူ့ကိုယ်သူ ကိုရီးယားမင်းသားလိုလို ဘာလိုလို မျက်မှန်ထူကြီး တပ်ထားတာ တစ် ခုပဲပြောစရာရှိသည်။
လေးအုပ်က အရပ်အမောင်းရော ဘော်ဒီပုံစံရော အသားအရေရော သဘောကောင်းတဲ့ မျက်နှာ ဝိုင်းဝိုင်းပိုင် ဆိုင်တာရော အားလုံး အပြစ်ပြောစရာ မရှိပါ။
စာလည်း တော် သည်။
အိုင်တီ IT ပညာရှင်ကွန်ပျူတာ သင်တန်းမှာ ဆရာ တစ်ယောက် အ ဖြစ် ထင်ရှားကျော်ကြားစွာ ရပ်တည်နေတာပါ။
“မယူသေးတာမလုပ်နဲ့ဥက္ကာရေ၊ တစ်နှစ် တစ်နှစ် အချိန်က အကုန် သိပ်မြန်တာနော်၊ တော် ကြာ သီတင်းကျွတ်ရင်ရှင့်ပညာတွေ ဆီက ဖိတ်စာတွေ ချည်းလာပါလိမ့်မယ်၊ တပည့်တွေ စွံသလောက် ဆရာ သိပ်ညံ့တာ ပေါ်လွင်နေပြီ”
“ဟာဗျာ…မမကြီးကလည်း…”
ဥက္ကာမျက်နှာမှာ မအီမလည်ပုံစံ…
တကယ်လည်း သူ့တပည့်အရင်းတွေ ကလေးအဖေ ဖြစ်ကုန်ကြတာအများ ကြီးပါ။ တပည့် တစ်ယောက် ဆိုရင် သူ့သားတောင် ဆယ်တန်းရောက်ပြီ၊ တော် ကြာ သူ့သားကကိုယ့် တပည့် ဖြစ်ဦးတော့ မှာ …ရာသီစက်ဝန်းတွေ လည်ပတ်
သွားပုံက အမှတ်တမဲ့နှင့် ပဲ ဘယ်လိုကဘယ်လို ဒီအရွယ်ရောက်ခဲ့သလဲ မဆိုနိုင်။
“လူပျိုကြီးတွေ များ သိပ်စိညစ်ဖို့ ကောင်းတယ်”
“ဟာဗျာ…နေရင်းထိုင်ရင်း…”
“ဒီတစ်ခါတော့ နင်ထပ်ချေးမထူနဲ့တော့”
“လေးအုပ်အတွက် တွေ့ ထားပြီးလား ကြီးကြီး”
“အေးပေါ့…တွေ့ ထားင်္ပြီပေါ့၊ တွေ့ ထားတာမှ အနီးကလေးရယ်”
“ဗျာ…ဘယ်ကလဲ”
မိုးထိက စပ်စုလိုက်သည်။
“မဝေးဘူးဟေ့…ဟိုဖက်ခြံတင်…”
“ဟာ…မမကြီးက လျှောက်ပြောနေပြီ၊ ဟိုကလက်ခံမှန်းမသိ၊ ဘာမှန်းမသိနဲ့”
ဟိုဖက်ခြံက ဆိုသဖြင့် မိုးထိ စိတ်ဝင်စားသွားရသည်။
“ဘယ်အိမ်လဲ ကြီးကြီး၊ ခေါင်းရင်းက ချောကလက်ရောင် ဆေးသုတ်ထားတဲ့ တိုက်ကြီးလား”
“အေးပေါ့…အိမ်အကျယ်ကြီးမှာ သားအမိလေးနှစ် ယောက် ထဲ ခြောက်ကပ်နေတာလေ၊ အားကိုး အားထားယောက်ျားသားလည်း မရှိတော့ လိုအပ်တာရှိရင် ဥက္ကာပဲပြေးလွှားလုပ်ပေးရတာ ဆိုတော့ မထားက လည်း သားမက်တော် ချင်ပါတယ်”
မိုးထိ မျက်မှော င်လေးကုပ်ကာ စဉ်းစားမိသည်။
သားအမိလေး နှစ် ယောက် ထဲဆိုတော့...အင်း…အခုနေသူ ရိပ်ခနဲတွေ့ လိုက်တာဟာ အမေတော့ မ ဖြစ်နိုင်လောက်ပါဘူး…ဒါဆို…
“ဥက္ကာနဲ့ အသက်လည်း သိပ်မကွာဘူးဆိုတော့ မဆိုးပါဘူး စဉ်းစားသင့်တာပဲ”
“ရှင့်မောင်က စဉ်းစားလာတာကြာပြီပဲ ဥစ္စာ၊ ဆံပင်ပဲဖြူတော့မယ်”
“မဖြူသေးပါဘူး”
လေးအုပ်က ငြင်းသဖြင့် မိုးထိက ရယ်လိုက်သည်။
“လေးအုပ် ဆံပင်ဖြူတွေ ကျွန်တော် နှုတ်ပြရမလား၊ အနည်းဆုံး အပင်တစ်ရာပဲ”
“ဟေ့ကောင်…မင်းကို ဝင်မရှုပ်နဲ့လို့ပြောထားတယ်မို့လား၊ သွားကွာ…ဒါ ကလေးအလုပ် မဟုတ်ဘူး”
“မာမီ…လေးအုပ် ရှက်နေတယ်၊ ဒီတစ်ခါတော့သေချပြီ”
“ကျွတ်…ဒီကောင်”
ဥက္ကာက သူ့ကို နားရင်းလှမ်းအုပ်ဖို့ရွယ်နေသဖြင့် သူကြီးကြီးဖက် တိမ်းရှောင်လိုက်သည်။
“ဟဲ့…ကောင်းကောင်းနေကြစမ်း၊ မျက်စိကိုနောက်နေတာပဲ”
“မမကြီးတူက နောက်တီးနောက်တောက်နဲ့”
“ဒီတစ်ခါတော့ ဖြစ်အောင်လုပ်စမ်းပါ လေးအုပ်ရာ၊ ဒါမှကြေးများ နေရင်လေးအုပ်နောက်ထပ်တွေ့ ဖို့ လမ်းမမြင်
တော့ဘူး”
“ဘာလို့ မမြင်ရမှာ လဲ၊ ကျောင်းမှာ အများ ကြီးပဲ”
“အဲဒီ ကောင်မလေးတွေ က လေးအုပ်ကို အဖိုးကြီးမျိုးကို ကြိုက်မလား၊ သားတို့လို Rapper ရက်ပ်ပါမှမျက်နှာ ပွင့်တာ”
ခုနတုန်းက ဓာတ်ပုံအရိုက်ခံရတာ ကိုတော့ အားနာသဖြင့် မကြွားတော့ပါဘူး။
တော် ကြာ…လေးအုပ်နဲ့ ရည်ရွယ်ထားတဲ့ မမသာ ဖြစ်နေခဲ့ရင်…
မိုးထိမျက်နှာလေးက မချိုမချဉ်ဖြင့် ပုခုံးလေးလှုပ်ကာ တဟိဟိ ရယ်လိုက်ပါသည်။
ဥက္ကာက မျက်နှာခပ်နီနီဖြင့် တူ ဖြစ်သူကို လက်သီးထောင်ပြသည်။
လူလားတောင် သေချာမမြောက်သေးတဲ့ ကောင်လေးက အိမ်ထောင်ရေး ကိစ္စထဲ ဝင်ပါ နောက် ပြောင်နေတာ မခံချိမခံသာ ဖြစ်ရသည်။
အခန်း (၂)
ဆံပင်ကို နောက်လှန်ဖြီးထားတာကြောင့် ဝိုင်းဝိုင်းပြည့်ပြည့် သူ့မျက်နှာက ပိုမိုထင်ရှားပေါ်လွင် နေပါသည်။
နှုတ်ခမ်းအထက်နှင့် မေးစေ့တဝိုက်မှာ ရိပ်သင်ပြီးစ မွှေးညှင်းတို့ မသိမသာလေး ပြန်ပေါက်နေသည်။
မျက်မှန်ထူထူအောက်က နူးညံ့ကြင်နာသော မျက်လုံးတွေ က သူမထံတစ်ချက်တစ်ချက် ဝေ့ခနဲ ကျရောက်လာသည်။
လူကြီးတွေ ရဲ့ ရွှေလမ်းငွေလမ်းဖောက်ချင်တဲ့ဆန္ဒကြောင့် ပဲ မိုးရိပ်ပြာတို့နှစ် အိမ်ဟာ ဟိုဖက်ဒီဖက် အိမ်မှာ မုန့် တစ်ခုခုလုပ်စားပြီဆိုတာ နှင့် ဖုန်းဆက်ဖိတ်လိုက်တဲ့ ထုံစံအတိုင်း ဒီညနေတော့ မာ့မီလက်ရာ နန်းကြီးသုပ် နှင့် သီးစုံ ဖျော်ရည်ကို မြည်းစမ်းကြရသည်။
မိုးရိပ်ပြာရဲ့ အာရုံဟာ ထူးဆန်းစွာ ပဲ မျက်စိရှေ့က ကိုဥက္ကာဆီမှာ မရှိဘဲ ဟိုဖက်အစွန်မှာ ဖွင့်ထား တဲ့သီချင်းသံ တိုးတိုးနဲ့အညီ ကိုယ်လေးမသိမသာလှုပ်ကာ စည်းချက်လိုက်ရင်း သီးစုံဖန်ခွက်ကို ဇွန်းနှင့် မွှေနေသော ကလေးဟန် မပျောက်တပျောက် ကောင်ကလေးဆီမှာ သာ ငြိတွယ်နေမိသည်။
မျက်စိက ထိုကလေးရဲ့ မျက်နှာပေါ်ကနေ ခွာလို့မရ။နှုတ်ခမ်းခပ်ရဲရဲနှင့် မျက်တောင် ကော့ကော့ စိပ်စိပ်လေးကို ပိုင်ဆိုင်ထားပုံက ယောက်ျားလေး ဖြစ်ပြီး ချစ်ဖို့ကောင်းလိုက်တာ။
တီရှပ်အနက်နှင့် ကွာတာဂျင်းဘောင်းဘီအပွလေးကို ဝတ်ထားတဲ့ သဏ္ဍန်ဟာ ဘာမှမထူးခြားပါဘဲ သူမကို ကြည့်နေချင်အောင် ဆွဲဆောင်နိုင်တာ ဘာကြောင့် ပါလိမ့်။
သူမရဲ့ ငြိမ်သက်နေတဲ့ ခံစားချက်တွေ ဟာ ထိုကောင်လေးကို မြင်တဲ့အခါ ဘာကြောင့် လှုပ်လှုပ် ရှားရှား ပြောင်းလဲလာရသလဲ။
ရင်ထဲ နွေးထွေးမှု တစ်မျိုးနှင့် လှိုက်ဖိုရသည်။
စားလက်စ နန်းကြီးသုပ်ဆီလည်း အရသာမခံစားမိ။
မာမီတို့ပြောနေတဲ့စကားတွေ လည်း သူမ သေချာမကြားမိ။ မျက်နှာချင်းဆိုင်က ကိုဥက္ကာကိုပင် သူမ ဂရုမပြုမိ အောင် ထိုချာတိတ်လေးက ဖမ်းစားနိုင်သည်။
“မိုးထိ ငြိမ်ငြိမ်ထိုင်လေ၊ ကလေးလည်း မဟုတ်ဘူး၊ ဘာလို့ဆော့နေတာလဲ၊ ဒီမှာ စားပွဲတောင် လှုပ်နေပြီ”
သူလေးက ရယ်ကျဲကျဲ ဆင်ခြင်ပေး၏ ။
သူနားထောင်နေတာက စိုင်းစိုင်းရဲ့ “ရေအိုးလေးလှုပ်ပါဟေ့ ဆိုတဲ့ တောဂေါ်လီ”စာသားပါ။ အစား အသောက် စားရင်းကပင် အမ်ပီဖိုး MP-4ကဖွင့်နားထောင်ရသေးတာ။
နာမည် လေးက မိုးထိလင်းတဲ့…သူ့မျက်နှာလေးမှာ လည်း တကယ်ပဲ အလင်းရောင် တစ်မျိုးရှိနေ သည်ဟု ထင်မိသည်။ အလိုလိုလင်းနေတဲ့ မျက်နှာ။
မိုးရိပ်ပြာသည် သူ့မျက်နှာလေးကို ငေးမဝအောင်ကြည့်နေချင်မိတာ ဘာကြောင့် ရယ်လို့ အကြောင်း မပြတတ်။
ငေးကြည့်နေချင်တာပဲ သိသည်။
မျက်စိရှေ့က ပျောက်မသွားစေချင်။
“သြော်…ဒီလိုဆိုရင် မိုးထိက မမကြိုင်တို့နဲ့ နေသွားမှာ ပေါ့”
“သူ့မာမီဆီ ပြန်လည်း ခဏပေါ့”
“သား မပြန်ပါဘူး၊ မာ့မီလူကြီးကို ကြည့်လို့မရဘူး၊ မျက်စိထဲမှာ ခရော့စ် ဖြစ်နေတယ်”
“ဟဲ့…ဒီလို မပြောရဘူးလေ”
အန်တီကြိုင်က ခပ်ငေါက်ငေါက် ဟန့်တား၏ ။
“မိသားစုတွေ ပဲ မကြိုင်ရယ်၊ သူ လွတ်လွတ်လပ်လပ်ပြောပါစေ၊ ပထွေးနဲ့ အဆင်မပြေဘူးဆို တော့လည်း ဒီမှာ နေတာကောင်းပါတယ်၊ သားမိုးထိ အန်တီတို့အိမ်လည်း အမြဲလာလည်နော်၊ ရတယ် …သိလား။
“အမယ်လေး…လာမှာ မပူနဲ့၊ မိုးရိပ်ပြာအတိုင်းပဲ၊ အကောင်ပလောင်တွေ ဆို အကုန်ချစ်၊ ဟိုဖက်က ငါးကန်ုကို သူကြည့်ပြီး သဘောကျနေတာ၊ ယုန်လေးတွေ လည်း လှောင်အိမ်နဲ့ မွေးထားတာ သူသွားကြည့်ပြီးပြီ၊ ဆော့ပြီးပြီ၊ တစ် ချက်မှအငြိမ်နေတာ မဟုတ်ဘူး၊ တစ်ယောက် တည်းနဲ့ အိမ်မှာ ဗြောင်းဆန်နေတာ၊ ကလေးစိတ် မပျောက်ဘူး”
“ ကျောင်းက ဘယ်အတန်းရောက်ပြီလဲ”
“ဒီနှစ် တက္ကသိုလ် ပြန်တက်ရမှာ ပေါ့၊ ဒီကဘွဲ့လည်းယူထားရမှာ ပဲလေ၊ ကိုယ်ကဒီမှာ နေမှာ လို့ပြော ထားရတယ် သူ ကတော့ သိပ်မတက်ချင်တော့ဘူး”
“ပြီးအောင်တက်လိုက်ပေါ့ သားရယ်၊ မကြာပါဘူး”
သူ့ကို စကားပြောတဲ့အခါ အားလုံးက ချော့ချော့မော့မော့နှင့် ပျော့ပျော့ပျောင်းပျောင်းလေး ပြောဆိုတာ သတိ ထားမိသည်။
သူက ခေါင်းမညိတ်ချင်ညိတ်ချင် ညိတ်ပြသည်။
ရုပ်ကလေး အဆော့မက်ပြီး စာကျက်ဖို့ဆို အပျင်းထူထပ်ပေမယ့် ပုံလေးပါ။
မိုးထိက စကားပြောရင်း တစ်ချက်တစ်ချက် ထိုမမကိုကြည့်မိသည်။
မမမိုးရိပ်ပြာက သူကြည့်လိုက်တိုင်း သူ့ကို တည့်တည့်စူးစူးကြီး ကြည့်နေတတ်တာမို့ ပုခုံး တွန့်ပြမိသည်။
အဲလောက်စိုက်ကြည့်တော့ သူလည်း တစ်မျိုး ဖြစ်တာပေါ့။
ဆံပင်ခွေလိပ်လိပ်ရယ်၊ မျက်နှာဝင်းပပလေးရယ်ဟာ ဟိုနေ့က သူတွေ့ လိုက်တဲ့ သဏ္ဍန်ပါ။ ဒီအိမ်မှာ ဒီပုံစံနှင့် မိန်းကလေးဆိုတာလည်း မမိုးရိပ်ပြာ တစ်ယောက် သာ ရှိတာမဟုတ်လား။
သူ့ကို ဘာကြောင့် ဓာတ်ပုံခိုးရိုက်တာလည်း မေးကြည့်ချင်သည်။ လူကြီးတွေ လစ်မှ မေးကြည့် ရမည် ။
မိုးထိက ခေါင်းပြန်ငုံ့ရင်း သီးစုံဖျော်ရည်ထဲက စပျစ်သီးကို ရှာဖွေခပ်ယူသည်။
ဒါကို မြင်သော မိုးရိပ်ပြာက…
“စပျစ်သီး ကြိုက်လား မိုးထိ၊ ဒီမှာ အများ ကြီး ရှိတယ်”
သူမက အနီးက စင်လေးပေါ်မှာ စပျစ်သီးပန်းကန်ကိုထယူပြီး ကောင်လေးရှေ့ ချပေးလိုက် သည်။
အလိုလိုက် အကြိုက်ဆောင်တတ်သော အစ်မကြီး တစ်ယောက် ရဲ့ ပုံစံ။
မိုးထိ အကြိုက်တွေ့ သွားရသည်။ သူ့အတွက် ဆိုးစရာပူဆာစရာ လူ တစ်ယောက် ထပ်တိုးပြီပေါ့။ သူဂျစ်ကန်သမျှအပြုံးမပျက် ဆီင်္းခံနိုင်မလား ကြည့်ရသေးတာပေါ့။
“ဒီအတိုင်း မကြိုက်ဘူး၊ နို့အေးနဲ့ ဖျော်ပေး”
“အင်း…အင်း…ဖျော်ပေး”
ဒီနေ့မှ အလည်ရောက်ပြီး ဒီနေ့ပဲ အားမနာတမ်းအလုပ်ပေးတဲ့ တူတော် မောင်ကို ဥက္ကာက ခပ်ကြိမ်း ကြိမ်း ကြည့်သည်။
မိုးထိလေး ကတော့ ပြုံးစိစိနှင့်သာ။ သူ့ကိုတောင်လက်မကော့ ထောင်ပြလိုက်သေးသည်။
ပိုင်တယ်…တွေ့ လား…ဆိုတဲ့ အမူအယာ။
မိုးရိပ်ပြာကလည်း အိမ်က မလုံးတင်ကိုတောင် မခိုင်းဘဲ ကိုယ်တိုင် ထဖျော်ပေးတာ ကြည့်…
“ရပြီ…သောက်ကြည့်ဦး”
မိုးထိက ဇွန်းနှင့် ခပ်မြည်းသည်။
“အချိုပေါ့လား”
“ရတယ်…ကျွန်တော် အချို မကြိုက်ဘူး”
“မိုးထိ ကတော့ဟေ့…မထားတို့အိမ်မှာ ပဲ လာနှိပ်စက်တော့မယ်၊ ငယ်ငယ်ကတည်းက အစား အသောက် အင်မတန်ချေးများ တဲ့ကောင်လေး၊ ချဉ်ပေါင်နဲ့ မျှုစ်နုလေးတွေ ကို ပုဇွန်ထုပ်နဲ့ သေချာကြော် ပေးရင်တောင် စားတာ မဟုတ်ဘူး၊ အသီးအရွက်တော် တော် များများ သူမကြိုက်ဘူး၊ အသားငါးဆိုလည်း ကင်ပေးမှ၊ကြော်ပေးမှလေ၊ချက်ရင်မစားဘူး”
ကြီးကြီးကြိုင်က သူ့အကြောင်းတွေ ချစ်စနိုး ပြောပြနေသည်။
မိုးရိပ် ကတော့သူကလေး ဆိုးတဲ့အကြောင်းတွေ ကြားရလည်း စိတ်မပျက်မိဘဲ သဘောတကျ ပြုံးရယ်နေမိ သည်။
အချစ်က လူကို အတော် ပြုံးရယ်ကြည်နှုးစေနိုင်ကြောင်းသူက အမှတ်မထင် သိခဲ့ရသည်။
![]() နီးကပ်သောရင်ခွင် | ![]() ဖက်ဆွတ်မိုးနဲ့ နှင်းရည်စို | ![]() မီးနဲ့မောင် |