ယဉ်ကျေးမှု - ၁
ကျောင်းဝင်း ပရဝုဏ်ထဲကို ရိုးရာရဲ့ ပြိုင်ကားအနီရဲရဲ ကလေး ခပ်ကြမ်းကြမ်း မောင်းဝင်လာပြီဆိုတာနဲ့ ... ကျောင်းထဲမှာ ရှိနေသူတွေရဲ့ အနေအထားတွေက တစ်မျိုးပြောင်းကုန်တတ်တော့တာ။ ခြေလှန်းလက်စကို ရပ်ပြီး ကားအနီကလေးဆီ လှန်းပြီး စောင့်ကြည့်တဲ့သူ ... ရည်းစားနဲ့ စကားလက်ဆုံ ကြနေရာကနေ ပြောလက်စ, စကားကို တိကနဲရပ်ပြီး ကားအနီလေးဆီကို ( ဘယ်လို ငြူစူမှု မျိုးကိုမှ ဂရုမစိုက်တော့ဘဲ အဲဒိ တဒင်္ဂလေး အတွင်း အရာရာကို ရင်ဆိုင်ဖို့ ပြင်ဆင်ပြီး ) မမှိတ်မသုန် စိုက်ကြည့်နေသူ ... ဒီအချိန် ဒီနေရာကို တမင်တကာ ရည်ရွယ်ချက်နှင့် လာရပ်စောင့်ကြည့် နေသူတွေ အားလုံးရဲ့ အာရုံက ကားတံခါးကို ဖျတ်ခနဲဖွင့်ပြီး ထွက်ကျလာမည့် ဒေါက်ချွန်ချွန်မြင့်မြင့် ကြီးနဲ့ ခြေဖမိုးလှလှ တစ်စုံရယ် ... ပြီးတော့ လှပတဲ့ ခြေသလုံးသား နုနုကလေးတွေ ကနေတဆင့် ကိုယ်ခန္ဓာ ပေါ်လွင်လှပစွာ အချိုးကျနလွန်းတဲ့ dress ကလေးနဲ့ လိုက်ဖက်အောင် နှစ်ခါပြန်ငေးရတဲ့ မျက်နှာအလှလေးဆီ အဆင့်ဆင့် ကျရောက်လို့ .....။ ပြုံးလိုက် တော့မည့်ဟန် ကော့ညွှတ်နေတဲ့ နှုတ်ခမ်းထူထူ တွေနဲ့ ညှို့အားပြင်းလှတဲ့ မျက်ဝန်းတစ်စုံကြောင့် “ ရိုးရာမေ ” ကို လူသိများ တာပါ။ ကျောလည်အထိ အမြဲဖြန့်ချ ထားတဲ့ဆံပင် ကြေးညိုရောင် ထူထူအိအိ ဝိုက်ဝိုက်ကလေး ချထားတတ်တဲ့ ဆံပင်တွေ အောက်က ညှို့မျက်ဝန်းတွေနဲ့ ဆုံမိတိုင်း ကောင်ကလေးတွေ ပင့်သက်ဖြာစွာ ကစဥ့်ကလျား ကျဆုံးရ တတ်တာကို ရိုးရာအသိ။ ရိုးရာကို မြင်သူတိုင်း နှစ်ခါပြန် လှည့်မကြည့်ဘဲ မနေနိုင်တာကိုက ရိုးရာရဲ့ သင်္ကေတလို ဖြစ်နေတာ။ ကော့ညွတ်နေတဲ့ နှုတ်ခမ်းအစုံဟာ ဘယ်အချိန်မှာ များ ပြုံးလိုက်မလဲလို့ ရင်တဖိုဖိုနဲ့ စောင့်ကြည့်နေချင်စရာတဲ့။ ပြုံးလိုက်တဲ့ အခါပါးချိုင့် ကလေး ပါးပါးကလေး ခွက်ဝင်သွားတာကို သူတို့ရင်မောကြရ တယ်တဲ့လေ။
ရိုးရာကတော့ ကားပေါ်က ဆင်းလာပြီးရင် ဘေးဘီ ဝဲယာကိုလည်း မကြည့် .... ပတ်ဝန်းကျင် ကိုလည်း ဂရုမစိုက်တတ်ဘဲ .... မော်ဒယ်တစ်ယောက်လို ခတ်ကြော့ကြော့သာ လျှောက်လှမ်းတတ်မြဲ ။ ဘယ်သူတွေ ဘယ်နှစ်ကြိမ် လည်ပြန်ငေးပြီး ... ဘာတွေဖြစ် ကျန်ခဲ့သလဲ ဆိုတာကို..... တကယ်စိတ်မဝင်စား ။ တီးတိုးပြောကျန်ခဲ့တဲ့ စကားတွေ မသိမသာ ကပ်ပါလာတဲ့ ခြေလှမ်းတွေကိုလည်း ဂရုမစိုက်ချင် ။ အကယ်၍ တစ်ယောက်ယောက်က သူရဲကောင်း ဆန်ပြပြီး ဇါတ်လိုက်လာပြီ ဆိုရင်တော့ စိတ်အနှောက်အယှက် ဖြစ်ရပြီပေါ့ ။ ခပ်ထူထူ မျက်ခုံးတန်း နှစ်ဘက်ကို ပင့်ခနဲလုပ်ပြီး အဲ့ဒိလူကို မထီတရီ ကြည့်မိတတ် တယ် ။
“ ရိုးရာမေ . . . ”
“ ဘာလဲ . . . ဆို ”
“ ကျွန်တော် ရိုးရာနဲ့ စကားပြောခွင့် ရချင်လို့ပါ။ကော်ဖီဆိုင်မှာ ခဏ ထိုင်ပေးနိုင်မလားဟင် ”
အဲ့ဒိကောင်လေးရဲ့ မျက်ဝန်းတွေထဲ ရိုးရာက ညှို့ကနဲ စိုက်ကြည့်မိတယ် ။ သူ့မျက်ဝန်းတွေမှာ ဆာလောင်နေတဲ့ မြတ်နိုးမှု တွေ အပြည့် . . . ။ ခက်တာက . . . ရိုးရာအတွက် သူက ဆွဲဆောင်မှု ရှိမနေခြင်းပါ ။ ရိုးရာက “ စိတ်မဝင်စားဘူး ” ဆိုတာကို ရိုးရိုးရှင်းရှင်း ကလေး ပြောတတ်တဲ့သူမဟုတ်။
“ ကျွန်မ အခု ကော်ဖီ မသောက်ချင်သေးဘူးရှင့် . . . ၊ ဒီလိုလုပ်လေ . . . ရှင် . . .ကော်ဖီဆိုင်ကနေ သွားစောင့်နေနှင့်လိုက် . . . ၊ ကျွန်မ ကော်ဖီဆာလာတော့ လာ သောက်မယ်လေ ၊ တစ်ခုတော့ရှိတယ် ၊ ကျွန်မ မလာမချင်း ရှင်စောင့်နေရမှာ နော်၊ စောင့်နိုင်ပါ့မလား ”
“ စောင့်နိုင်ပါတယ် ရိုးရာ ”
“ ok ! ဒါဆို သွားစောင့်နေလိုက် ၊ ကျွန်မ ဘယ်အချိန်လာမလဲဆိုတာတော့ မသေချာဘူး ၊ ဒါပေမယ့် ရှင်စောင့်နေပေါ့  . . . ဟုတ်လား ”
“ လာဖြစ်အောင်တော့ လာခဲ့ပေးပါ ရိုးရာ . . . ကျွန်တော် ပြောစရာတွေ တကယ် ရှိလို့ပါ ”
လာမယ်လို့ ကျွန်မ ဂတိမပေးဘူး ၊ ရှင်စောင့်နိုင်ရင် စောင့် ၊ မစောင့်လည်း ကိစ္စ မရှိဘူး ”
“ စောင့်မှာ ပါ . . . ၊ ရိုးရာ မလာမချင်း စောင့်ပါ့မယ် ”
အဲဒီ ကောင်လေး ထွက်သွားတော့ ရိုးရာ ပါးချိုင့်ကလေး ထင်သွားအောင် ပြုံးမိတယ် ။ ယောကျာ်းကလေး တွေဟာလေ . . . တစ်ခါတစ်လေ အံ့သြစရာကောင်းလောက် အောင်ကို တုံးတတ်သေးတာ . . .။ လာမယ်လို့ ဂတိမပေးတဲ့ လာမယ်ဆိုတာ မသေချာတဲ့ မိန်းကလေးတစ်ယောက်ကို မလာမချင်း ထိုင်စောင့်မယ် ဆိုတာဟာ ဘယ်လောက်မိုက်မဲ တဲ့အတွေးလဲ . . . ။ အဲဒါကို တုံးလိုက်တာ . . . လို့ ပြောတော့လည်း သူတို့က လက်မခံချင် . . .။
ရိုးရာ အတန်းထဲ ဝင်လိုက်တော့လည်း အတန်ထဲက ကောင်လေးတွေရဲ့ ခေါင်တွေ ရိုးရာဘက် တိမ်စောင်းလာကုန် ပြန်တာကို ပြုံးချင်မိစွာ နဲ့ မသိချင်ဟန်ဆောင် ရတယ် . . . . ။ အတန်ဝမှာ ရိုးရာကို လာကြည့်သူတွေနဲ့ အမြဲစည်ကားနေတဲ့ ကော်ရစ်ဒါဆီ ဖျက်ကနဲ မျက်ဝန်းတဝင့် လှမ်းကြည့်မိတယ်။ သူတို့ကျတာ့ အဲဒါကို သာယာ ကျေနပ်နေတာ ။ ရိုးရာမှာ တော့ လွတ်လပ်မှု တွေ ပျောက်ဆုံးလို့ ။ အမြဲတန်းစောင့်ကြည့် ခံနေရတဲ့လူ တစ်ယောက်ရဲ့ ဘဝကို ဘယ်သူလိုချင်ပါ့မလဲ ။ လက်ထဲက mobile ဖုန်းတွေနဲ့ ရိုးရာမသိအောင် ဓါတ်ပုံ . . . ဗီဒီယိုခိုးရိုက် သွားတတ်တာကို ဘယ်လိုလုပ်ပြီး တားမြစ်မလဲ ။ တချို့ဆို ရိုးရာမသိဘဲ internet ပေါ်တောင် တင်ထားလိုက်သေးတာ ။ မင်းသမီးလည်း မဟုတ် . . .၊ အဆိုတော်လည်း မဟုတ် . . . မော်ဒယ်လ် လည်း မဟုတ်ဘဲ ရိုးရာပုံတွေ အင်တာနက်ထဲ ရောက်လာတော့ ဘယ်သူ့ကို အမျက်ဒေါသ ထွက်ရမှန်းမသိ . . . ။ မိန်းကလေး တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ထိပါးစေခြင်းဟာ ယောက်ျားလေးတွေရဲ့ အချစ်လား ။ အဆိုးမြင်တယ်ဘဲ ပြောပြော . . . ရိုးရာကတော့ ကိုယ်ကို လာကြောင်လာ သမျှသကောင့်သား တွေကို ခပ်ပါးပါး ကလေးတော့ ပညာပြန် ပေးလိုက်ရမှ . . . ။ ဒါတောင် သူတို့ အလွယ်တကူ နောက်ဆုတ်ချင်တာ မဟုတ် ။
“ ရိုးရာရယ် . . . နင့်ကို လိုက်တဲ့သူတွေ ဒီလောက်ပေါတာ ၊ တစ်ယောက်လောက် စိတ်တိုင်းကျ ရွေးပြီး ရည်းစားထားလိုက် . . . အေးရော ၊ ပိုင်ရှင်ရှိ သွားပြီဆိုရင် ဒီကောင်တွေ ငြိမ်သွားမှာ ”
“ သော်က ” က ကော်ရစ်တာဆီ တစ်ချက်လှမ်းကြည့်ရင်း ဆိုတယ် ။ ရိုးရာက စားပွဲပေါ်မှာ နေ့တိုင်းလာတင်ထားတဲ့ နှင်းဆီနီ တစ်ပွင့်ကို ထုံးစံအတိုင်း ပွင့်ဖတ်တွေ တစ်ဖတ်ချင်း ချွေဖဲ့ဆော့ကစားနေရင်း . . . ပခုံးတွန့်ပြုံးမိတယ်။
“ ဖြစ်မှ ဖြစ်ရလေ သော်ကရယ် ၊ နင့်ပြဿနာ ဖြေရှင်းပုံကလဲ မပါးနပ်လိုက်တာ ၊ အဲ့ဒါထွက်ပေါက်ရှာတဲ့ နည်းလို့ခေါ်တယ်ဟဲ့ ၊ တစ်ခြားလူတွေ မလိုက်နိုင်တော့အောင် တစ်ယောက်ယောက်ကို ငါ့နှလုံးသား တစ်ခုလုံး ဗြောင်းဆန် ဝုန်ဒိုင်းကြဲ သွားအောင် ကြွေမသွားဘဲ ငါ့ရဲ့ အချစ်ကို ဘယ်တော့မှ မအပ်နှင်းဘူး ၊ ကြားလား ကလေးမရဲ့ ၊ မှတ်ထားလိုက်နော် ”
“ အဲ့ဒိလို လူမျိုးကရော ပေါ်လာဦးမှာ မို့လားဟယ် ၊ နင်က ဘယ်သူ့ကိုမှလည်း ချစ်တတ်တာ မဟုတ်ဘဲနဲ့ ”
ဒီတစ်ခါတော့ ထာဝရ က ရှုံ့မဲ့မဲ့ကလေး ဝင်ပြောခြင်းပါ ။ ရိုးရာက အလေးအနက် ပြုံးရင်း . . .
“ ငါ့အချစ်က တော်တော် တန်ဖိုးကြီးတာဟဲ့ ၊ တော်ရုံလူနဲ့ မထိုက်ဘူးလေ ”
လို့ ပြောမိတယ် ။ အဲဒိလူဟာ ဘယ်သူများ ဖြစ်နိုင်မလဲ ရိုးရာ စိတ်ကူယဉ်နေ တတ်သူမျိုး မဟုတ် ။ ပစ္စုပ္ပန်ကိုပဲ လက်တွေ့ကျကျ ဖြတ်သန်းရင်း ပူပင်ကြောင့်ကြ ကင်းကင်း နေထိုင်တတ်သူလေ ။
ထုံးစံအတိုင်း အင်လျားပတ်ဝန်းကျင်က အမြဲစည်ကား သက်ဝင်နေတတ်တာ ။ ရိုးရာတို့သုံးယောက်က အင်းလျားကို အကြောင်းအမျိုးမျိုး နှင့် လာတတ်ကြတယ် ။ လေညင်းခံချင်လို့ ၊ လမ်လျှောက်ချင်လို့ ၊ အေးအေးဆေးဆေး စကားပြောချင်လို့ ကော်ဖီဆိုင်ထိုင် ချင်လို့ . . . စသဖြင့်ပေါ့ ။ ဒါပေမယ့် လည်း လွတ်လွတ်လပ်လပ်တော့ ဘယ်တော့မှ မရှိခဲ့ ။ အနှောက်အယှက် ကလေးတွေက အနားမှာ အမြဲလိုလို ရစ်သီရစ်သီ ရှိတတ်တယ်လေ ။ အခုလည်း တစ်ယောက်ယောက် ချဉ်းကပ်လာ ပြီဆိုတာကို ရိုးရာ သိတယ်။ စိတ်ထဲက ရှုပ်သွာရင် ရိုးရာက မျက်ခုံးကလေး တွန့်ပြီး နှုတ်ခမ်းကလေးကို ပြုံးတော့မလို ကော့ချီထားတတ်တယ်။
“ ရိုးရာ . . . ”
“ အင်း . . . ပြော ”
“ ရိုးရာ တကယ်ရက်စက်တယ်ကွာ ”
“ လာပြန်ပြီ . . . ၊ ဘာကိုတုံး အဆက်အစပ်လည်း မရှိဘူး ၊ ဘာတွေလာပြော နေတာတုံး ”
“ ဟိုတစ်နေ့ကလေ ကျွန်တော်စကားပြောချင်တယ် ဆိုတော့ အင်းလျားက တတိယမြောက် ခုံတန်းကလေးမှာ သွားစောင့်နေဆို ။ ကျွန်တော့မှာ တစ်နေကုန်ကို ထိုင်စောင့်နေရတာ ၊ ရိုးရာက အချိန်လည်း အတိအကျ မပေး . . . မလာမချင်းစောင့် ဆိုတော့ ဇွဲနပဲနဲ့ ထိုင်စောင့်နေခဲ့တာ . . . မိုးချုပ်ခါနီမှ မလာနိုင်တော့ဘူး ဆိုတာ သေချာသွားမှ ပြန်ခဲ့ရတာ ၊ ရိုးရာ အဲဒါ တမင်သက်သက် ပညာပြတဲ့ သဘောလား ”
“ ရှင့်က ဘယ်လို ထင်လို့လဲ ”
ရိုးရာက မျက်လုံးတွေကို ညှို့လိုက်သလို မှေးစင်းပြီး ပြန်မေးလိုက်တော့ သကောင့် သားမှာ ရိုးရာရဲ့ ညှို့ကွန်ယက်ထဲ ငြိခနဲ ကပ်ပါလာသလို နှုတ်ဆွံ့ သွားပါတယ်။
“ရှင့်ကို ကျွန်မက လာပါ့မယ်လို့ . . . ကတိကဝတ် ပြုခဲ့မိလို့လား၊ လာစောင့်နေပါလို့ အတင်းအကျပ် အမိန့်ပေးခဲ့မိလို့လား ၊ အရာရာဟာ ရှင့်သဘော ဆန္ဒ အတိုင်းပဲလေ ၊ ရျင်စောင့်ချင် သပဆို စောင့်လို့ရတယ် ၊ မစောင့်နိုင်ရင် . . . ပြန်နိုင်တယ် ၊ ရှင့်ကို ဘယ်သူကမှ ဇွတ်ခိုင်းစေ ခဲ့တာ မဟုတ်ဘူး ။ ကျွန်မဘက်မှာ လည်း ကျွန်မ သဘောအတိုင်းပေါ့ ။ ကျွန်မလာချင်မှ လာမယ် ၊ ကျွန်မ မလာလို့ ရှင် စိတ်မဆိုးသင့် သလို ရှင်လာ မစောင့်နေ လို့လည်း ကျွနမဘက်က ဘာမှဖြစ်မှာ မဟုတ်ဘူလေ၊ နားလည်တယ် မှလား ၊ ရှင်သိပ်ပြောချင် နေတဲ့ စကားတွေကို ကျွန်မ နားမထောင်ချင်ဘူး ဆိုရင်လည်း ကျွန်မမှာ နားမထောင်ခွင့် ရှိရမှာ ပေါ့ . . . မဟုတ်ဘူးလား ”
“ ဒါပေမယ့် ကျွန်တော့ဘက်က သိပ်ပြောချင်နေတာ ကြတော့ရော ”
“ ပြောပေါ့ . . . ရှင့်ဘာသာရှင် တစ်ယောက်တည်း ပြောနေပေါ့ ”
“ ကျွန်တော် အရှုးမှ မဟုတ်တာ ”
“ ရှင် မရူးမှန်း ကျွန်မ သိသားဘဲ ၊ ကဲပါလေ . . . ရှင်ကျွန်မကို သိပ်ပြောချင် နေသလား ”
“ ဟုတ်ကဲ့ . . . ”
“ ဒါဆိုရင် . . . ကျွန်မခိုင်းတာ အရင်လုပ်ပေး ”
ကောင်လေးရဲ့ မျက်ဝန်းတွေ လက်ခနဲ တောက်ပ သွားပြန်တော့ ရိုးရာ သက်ပြင်း ဖွဖွချမိပြန်တယ် ။ ယောက်ျားလေးတွေ ဟာလေ အမှတ်မရှိဘူးလို့လည်း အပြောမခံချင် ပြန်ဘူး။
“ ခုနက အဲဒီ ကန်ထဲ ကျွန်မ ပစ္စည်း လေးတစ်ခု ပြုတ်ကျသွားတယ် ၊ အဲဒါ ရှင်ပြန် ဆယ်ပေး နိုင်မလား ”
“ ဘာပစ္စည်း လေးလဲ . . . ရိုးရာ ”
“ ရေထဲ အရင်ဆင်းလိုက် ၊ ရေထဲကျမှ ကျွန်မ ပြောမယ် ”
သူနည်းနည်း တုန့်ဆုတ် တွေဝေနေပုံ ရတယ် ။ သူအရူး လုပ်ခံရဦး မှာ လားပေါ့ ။ အနီးအနား ဝန်းကျင်က မျက်လုံးတော်တော် များများ ကလည်း ဘာတွေ ဆက်ဖြစ် မလဲလို့ေါးက်ထောက် ကြည့်နေ ကြတာ မဟုတ်လား ။ သူများ ရှေ့မှာ ရေထဲ ဆင်းရမှာ ကျတော့ ချီတုံချတုံ ဖြစ်နေပုံ ရတယ် ။ ပွဲကြည့် ပရိသတ်က မနည်းဘူးကို ၊ ရိုးရာကတော့ သူ လာပွားနေမှာ ကို နားမထောင်ချင်လို့ကို တမင်သက်သက် ညစ်လိုက်တာပါ ။ သူရေထဲ တကယ် ဆင်းမယ်ဆိုလည်း ဆင်းပစေပေါ့လေ ။ မဆင်းလည်း ကိစ္စတော့ မရှိပါဘူး ။ သူ့တော်ကီတွေကို နားပူခံပြီး နားထောင်စရာ မလိုတော့ဘူးပေါ့ ။ အဲဒီ လို . . . . ။
ဒါပေမယ့် အဲဒိ ကျေးဇူးရှင်လေးက ဇွတ်တရွတ်တော့ နိုင်ပုံပေါ်တယ် ။ အရှက် နည်းနည်းနဲ့ မျက်နှာ ပြောင်ရဲသူ ခေါ်ရမှာ ပေါ့လေ ။
“ အိုကေ . . . ကျွန်တော် ဆင်းရှာ ပေးမယ် ”
ဆိုပြီး အင်းယားကန်ထဲ ဆင်းသွားလေရဲ့ ။ ရိုးရာ တစ်ချက် ပြုံးလိုက်တယ် ။ အဲဒိအပြုံးကို လူတော်တော် များများ က “ မှော် အပြုံး ” လို့ တင်စားကြတယ်တဲ့ . . . တဆင့်စကားနဲ့ ပြန်ကြားရတာ ပါ ။ ရေထဲ ဆင်းသွားတဲ့ ကောင်လေးနဲ့ ကန်စပ်ပေါ်က ညှို့သခင်မ ကလေးကို လူတွေ ကြည့်ကောင်းကောင်းနဲ့ ဝေဖန်ချက် အမျိုးမျိုး ပေးပြီး စောင့်ကြည့် နေကြလေရဲ့ ။ ရိုးရာကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သူ ပီပီ . . . ထိုင်နေရာကနေ ခတ်ကြော့ကြော့ ကလေး ထ တယ် ။ ရေထဲကနေ တခုခု လှန်းအော်မေးနေတဲ့ ကောင်ကလေးကို နှုတ်ခမ်းကလေး လှုပ်ရုံ တိုးတိုးကလေး တခုခု လှမ်းပြောဟန်နှင့် ပြောခဲ့ပြီး အဲဒိ နေရာကနေ ထပ်ထွက်လာခဲ့တယ် ။ သော်ကနဲ့ ထာဝရ ကတော့ ထုံးစံအတိုင်း တဖျစ်တောက်တောက် ပွစိပွစိ နဲ့ပေါ့ ။
“ ရိုးရာရယ် နင်ကတော့ လုပ်ထားခဲ့ပြန်ပြီ ။ ဟိုမှာ ရေထဲမှာ သနားစရာ ”
“ ဟဲ့ . . . သူ့ကို ငါ တွန်းချတာမှ မဟုတ်တာ ၊ သူ့ဘာသာသူ သူ့သဘောအတိုင်း ဆင်းသွားတာလေ ”
“ ရိုးရာ . . . နင်ကတော့လေ တစ်နေ့တခြား အဆိပ်ပြင်းသထက် ပြင်းလာ သလိုပဲနော် ။ အဲသည်လောက်တော့ မရက်စက် သင့်ဘူး ထင်ပါတယ်ဟာ ။ ကိုယ်နားမထေထာင်ချင်ရင်လည်း နားမထောင်ချင်ဘူးလို့ ခပ်ပြတ်ပြတ် ငြင်းလိုက်ပေါ့ ။ ကြာရင်နင့် ကို သိပ်လှ သလောက် သိပ်ရက်စက် တတ်တဲ့ အပြင်းစား မိန်းမလို့ နာမည်ဆိုးတွင်သွား လိမ့်မယ် ”
“ တွင်ပါစေ ပေါ့ကွယ် ငါ ဂရုမစိုက်ပေါင် ၊ ဘယ်သူမှ ငါ့ကို မကြိုက်တော့လေ . . . . လိုက်မယ့်သူ မရှိတော့လေ . . . . ငါ သဘောကျလေပဲ ၊ ရှုပ်လွန်းလို့ ”
ရိုးရာက ခပ်ကြော့ကြော့ ခြေလှမ်းမပျက် ဆက်လျှောက်ဆဲ . . . . ၊ ရင်ထဲမှာ ဘာခံစားချက်မှ ကိုမရှိ ။
ကျူးရင့်က သူတို့ပြော သမျှကို ဂရုတစိုက် တလေးတနက် နားထောင် နေမိ ပါတယ် ။ သုံးလေးယောက် မ က တော့ပါ ။ သူ့ကို လာလာပြီး ရင်ဖွင့် တိုင်တည်ကြတာ ။ ကြားရသမျှလည်း ဘယ်တော့မှ သက်သက် သာသာ မရှိ . . . . ။ အင်မတန် သွေးအေး ရက်စက်သော မိန်းမ လှလှ ကလေးတစ်ယောက်ဟု TUFL ထဲမှာ သတင်းကြီး နေသမျှ ကိုသူ တဆင့်စကား တွေနဲ့ ကြားနေခဲ့ရတာ ကြပါပြီ ။ ကိုယ်နဲ့လည်း ဘာမှ မဆိုင် . . . . သူမ ဘယ်လောက်တောင် လှနေလို့လည်း ဟုတောင် စိတ်ဝင်တစားမရှိတာမို့ အင်္ဂလိပ်စာတန်းတွေ ဘက်တွေတောင် သွားမကြည့်မိခဲ့ပါ။ သူက ပြင်သစ်ဘာသာ ယူထားမိသူ . . . ။ အဲဒီ တော့ တကူးတကမှ သွားမကြည့်မိရင် တစ်ကျောင်းတည်းဆိုပေမယ့် ဆုံဖို့ မသေချာပါ။ ကိုယ့်ကို မထိသရွေ့ ဘာမှမဆိုင်သလို နေနိုင်တတ်သလောက် ကိုယ်နဲ့ ပတ်သက်သူတွေကို ထိပါးလာရင်တော့ သူ ဆတ်ဆတ်ထိမခံတတ်ပါ။
အခု ခံလာရတာ က သူ့အချစ်ဆုံး သူငယ်ချင်း “ ရွှေရေးညီ ” . . . ။ ဒီကောင့်ကိုက အနေအထိုင်မတတ် . . . သွားပတ်သက်ခဲ့တာ . . . ။ ခံရပြီ ဆိုမှ မရှူနိုင် မကယ်နိုင် မျက်နှာမျိုးနှင့် သူ့ဆီမှာ ရင်ဖွင့်တော့တာ ။
“ငါလည်း သူသတင်းကြီးလွန်းတော့ . . . မနေနိုင် မထိုင်နိုင်နဲ့ သွားကြည့်မိတာကွာ ၊ သွားကြည့်မိတော့လည်း ရေရေလည်လည်ကို ကြွေဆင်းသွားတာ၊ မနှိုင်းကောင်း နှိုင်းကောင်းကွာ၊ နတ်ဘုရားမ တစ်ပါးလို လှတာ၊ အရမ်းလည်း ညှို့တယ်၊ အဲဒိညှို့ဓါတ်ကို ဘယ်သူမှ မလွန်ဆန် နိုင်ကြဘူး၊ ငါလည်း အဲဒိမှာ တင် ရောဂါရသွားတာ၊ virus ဝင်သွားတဲ့ အတိုင်ပဲ၊ ဘယ်အချိန်မှာ ဘာဖြစ်သွားမှန်း မသိလိုက်ဘူး၊ သိတဲ့အချိန်မှာ virus ကငါ့တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေပြီး၊ အဲဒိတော့ ငါ အသည်းအသန် လိုက်မိတာပေါ့၊ လိုက်မိတော့လည်း ခံရတာ ပေါ့ကွာ၊ မနေ့ညကဆို ငါတစ်ရေးမှ မအိပ်လိုက်ရဘူး၊ ငါသူ့ဆီ ဖုန်းဆက်မိတယ်ကွာ ၊ သူ့အသံကလေး ကြားချင်လို့ပါ ။ သူ ခိုင်းခဲ့တာကိုလည်း ကြည့်၊ သူနဲ့နှစ်ယောက်တည်း မျက်နှာချင်းဆိုင် ထိုင်ပြီး စကားပြောခွင့် ရချင်တယ်လို့ . . . ငါတောင်းဆိုမိတော့ အဲဒါဆိုရင် မနက်ဖြန်ကြရင် သူ လွှတ်ဖို့ ဟက္ကူ လေယာဉ်ပျံ ကလေးတွေ တစ်ရာ့ တစ်ခု လုပ်လာခဲ့ပေးတဲ့ ၊ ငါ့မှာ ညတွင်းချင်း စက္ကူလေယာဉ်ပျံ လေးတွေ ခေါက်ရချိုးရ . . . လက်အံကို သေရောပဲ . . . သူက အဖြူသက်သက် မဟုတ်ဘူးနော်တဲ့ . . . အရောင်အသွေးစုံ ဆိုလို့ . . . ငါ့မှာ ကာလာတွေ တစ်ညလုံး ထိုင်ချယ်ရတယ် . . . တကယ်ကို ဘုရားစူး . . . တစ်ရေးမှကို မအိပ်လိုက်ရတာ ပါ။ ဒီနေ့မနက် . . . အဲဒိ စက္ကူ လေယာဉ်ပျံ အိတ်ကြီးတစ်အိတ်နဲ့ သူတို့အတန်းဘက် သွားတော့ သူ့ကို မတွေ့ရဘူး ၊ ကျောင်းမလာဘူးတဲ့ ၊ ငါတင်းတာပေါ့ကွာ၊ တမင်သက်သက် ပညာပေးတဲ့အပေါက်မျိုး ခံလိုက်ရတာ ကွာ။”
“ မင်းက ရက်စက်တတ်မှန်း သိသိကြီးနဲ့ သွားနွယ်မိတာကိုးကွ၊ ငါအကြံပေးမယ်။ မင်းအဲဒိ ကောင်မလေးကို သိပ် serious မဖြစ်သေးခင် နောက်ဆုတ်လိုက်တော့၊ ထောင်ချောက်ဆင်တတ်တဲ့ မုဆိုးမှန်း သိသိကြီးနဲ့ ဘာလို့ သားကောင်အဖြစ်ခံပြီး ဝင်တိုးမလဲကွာ၊ ငါလည်း သူ့သတင်းတွေ ကြားနေရတာ ပဲ၊ မင်းတစ်ယောက်လည်းကို လုပ်တာမှ မဟုတ်တာ၊ သူ့ဆီ ချဉ်းကပ်သမျှ ငတိတွေ တိုင်းကို ပညာတွေ ပေးနေတာ၊ သူ့ဘသာသူ နတ်ဘုရားမလောက်ပဲ လှလှ၊ အဲဒိလောက် ရက်စက်တတ်တဲ့ နှလုံးသားရှိနေမှတော့ . . . မင်းချစ်ကို မချစ်သင့်ဘူး ၊ အဆိပ်ပဲ . . . အဆိပ်မှန်းသိရင် ရှောင်လိုက်ပေါ့ကွ ”
“ ရှောင်လို့မရလို့ ခက်တာပေါ့ကွာ၊ ငါသူ့ကို တကယ် ရူးနေမိတာ ”
“ ရူးရင်လည်း သေလိုက်ကွာ ၊ ငါ့ဘာလို့ လာညည်းနေသေးလဲ၊ ကိုယ့်ဘာသာကို ရအောင်လိုက်ပေါ့ကွာ။ ဟါုက ပညာပေးရင်လည်း ခံလိုက်ပေါ့၊ မင်းဝဋ်ရှိလို့ ခံရတာ လို့မှတ် ”
“ ကျူးရင့် . . . မင်းစကားပြော မရင့်စမ်နဲ့ကွာ၊ ငါတကယ်ခံစားရလို့ မင်းကို အားကိုးတကြီး ရင်ဖွင့်နေတာနော်၊ ဘော်ဒါချင်း မင်း ဒီလိုပဲ ထိုင်ပြီး လက်ပိုက်ကြည့်နေ တော့မလို့လား၊ ဘာမှ မကူညီ ပေးတော့ဘူလား။ ”
မင်းရဲ့ လေဒီက ဒီလောက် ပညာတွေ တတ်နေတာကွာ ၊ ငါက ဘာသူညီ ရမှာ တုံး ”
“ မင်းက ပညရှိလေကွာ ။ မင်းသူ့ကို နိုင်မယ့်နည်းလေး ဘာလေးတော့ စဉ်းစား ပေးလို့ ရမှာ ပေါ့ ၊ မင်းက ငါတို့ထက် IQ မြင့်တဲ့ကောင်လေ၊ အတွေးအခေါ် ရှိပြီးသား ဆိုတော့ ပွဲကြမ်းနေတဲ့ မိန်းကလေး တစ်ယောက်ကို ယဉ်ကျေး လိမ္မာလာအောင် ဘယ်လိုပညာတွေ ထုတ်သုံးသင့်သလဲ ဆိုတာ အုံးစားပေးဦးလေကွာ ဆင်ရိုင်းတစ်ကောင်ကို ချွန်းနဲ့ အုပ်ပြီး ယဉ်ပါးလာအောင် သိမ်းသွင်းယူ သလိုမျိုးပေါ့ ။ မင်းက ဆရာကြီး ကွာ၊ ပညာတွေ ၊ အထာတွေ ပရိယာယ်တွေ မင်းကျွမ်းကျင်ပါတယ်။ ”
“ ဟား . . . ဒီကောင်တော့ ခက်နေပြန်ပြီ ၊ ငါ့ကို အချွန်နဲ့ လာ မ နေပြန်ပြီ၊ မင်းဟာက မုန်တိုင်းတစ်စင်းကို လေပြည်လေ ညင်းကလေး ဖြစ်သွားအောင် ဂါထာမန္တာန် လာရွတ်ခိုင်းတာနဲ့ တူနေပြီ ”
“ လုပ်ပါကွာ . . . မင်း တတ်နိုင်ပါတယ်၊ မင်းအကူအညီ ကို တကယ်လိုတာပါကွာ။ မင်း သူ့ကို နည်းပညာ နည်းနည်းတော့ ပြန်ပေးဖို့ လိုအပ်နေလို့ပါ၊ ခက်တာက သူ့ကို နိုင်အောင် လွှမ်းမိုး နိုင်မယ့် ပညာရှင် အဆင့်ထဲက တစ်ယောက်နဲ့မှ သူမဆုံဖူးသေး တာပဲကွ၊ သူပညာ ပေးတာကိုပဲ . . . မရူမလှ ခံလိုက်ရ တဲ့ သူတွေ တော်တော် များ နေပြီ။ သူက ကြိုးဝိုင်းထဲမှာ အောင်ပွဲခံနေတဲ့ လက်ဝှေ့ သမားလိုပဲ . . . ၊ သူ့ကို အလဲထိုးမယ့်သူ မပြောနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်ဖို့ စိန်ခေါ်နိုင်တဲ့သူတောင် ပေးမလာနိုင်ဘူး။ အဲဒါကြောင့် မင်းကို ငါ စစ်ကူတောင်းတဲ့ သဘောပါ ကျူးရင့်ရာ၊ ငါမင်းနဲ့ အလောင်အစားတောင် လုပ်လိုက်ချင်သေးတယ် ၊ မင်းသူ့ကို မျက်နှာချင်းဆိုင် မဆုံဖူးသေးလို့ ခုလို သွေးအေးနေနိုင်တာပါ။ မင်းသူ့အညှို့ကို ခံဖူးပြီးသွားရင် မင်း ဒီလို မျက်နှာထားနဲ့ကို နေနိုင်မှာ မဟုတ်ဘူး ငါလောင်ရဲတယ် ဟေ့ကောင် ၊ မင်းလည်း သူ့ခြေရင်းမှာ ကြွေကျသွားတဲ့ပန်း ကြွေတစ်ပွင့် ဖြစ်ဦးမှာ အသေအချာပဲ ”
ရွှေရေးညီက သူမခံချင်အောင် တမင် ပိုပိုသာသာတွေ ပြောနေတာလည်း ဖြစ်နိုင်ပါတယ်။ သူကတော့ ပခုံးတွန့်ပြီးတော့ ပြုံးမိတယ်။ သူ့ကိုသူ ယုံကြည်စိတ်ချမှု အပြည့်ရှိတဲ့ သဘောဆောင်ထားတဲ့ မတုန်မလှုပ် အပြုံးမျိုး ဆိုပါတော့ ။ တစ်ခုတော့ရှိ ပါတယ်။ ငူက ပညာချင်းယှဉ်ရတဲ့ စိန်ခေါ်ပွဲတွေ . . . ကစားပွဲတွေ ကိုတော့ စိတ်ဝင်စားလေ့ရှိ တတ်ပါတယ်။ ဒီလောက် ပွဲဆူနေတဲ့ အပြင်းစား လေဒီကို . . . သူနှလုံးရည်ချင်း ယှဉ်ကြည့်ဖို့ . . . နည်းနည်းတော့ စိတ်ဝင်စား လာမိတယ် . . . တကယ်တော့လည်း သူမအတွက် ချစ်ခြင်းနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှု တချို့ ပြဌာန်းပေးချင်မိ တာလည်း ပါတယ်လေ။
ယဉ်ကျေးမှု - ၂
ယောက်ျားလေးထုရဲ့ ကိုယ်စားလို့ သုံးနှုန်းရမှာ ကလည်း ခမ်နားလွန်းပါတယ်လေ . . . . ။ ပွဲတစ်ပွဲက မလှမပ . . . မသေမသပ် ဖြစ်နေတယ်လို့ ယူဆမိလို့ ပွဲကို ဝင်ထိန်းပေးခြင်း ဆိုရင် လုံလောက်ပါမယ်။ ဒီပွဲမှာ သူပါဝင်လာပြီ ဆိုတော့ ရွှေရေးညီက အရမ်းသဘောကျတယ်. . . ။ သူကလည်း ဘာရယ်တော့ မဟုတ်ပါဘူး။ ပညာတွေ သိပ်ပေးတတ် လွန်းတဲ့ ဆရာမ ကြီးကို ပညာ နည်းနည်း ယှဉ်ချင်ရုံလောက်ပါ။
ပထမဆုံး ခြေလှမ်းအနေနဲ့ သူမရှိရာ အင်္ဂလိပ်စာ တန်းတွေဘက် သွားခဲ့မိတာ . . . . ဘာအခက်အခဲမှ မရှိ။ လာချင်တော့လည်း အနီးကလေး။ ဘယ်သူကမှ တကူတက လမ်းပြပေးရတာ မျိုး မဟုတ်ဘဲ . . . သူမကို မြင်လိုက်ရတဲ့ အချိန်မှာ အဲဒါဟာ သတင်းကြီး နေတဲ့ အပြင်းစား လေဒီလေးပဲ . . . ဆိုတာ သူ့ရင်ထဲ အလိုလို သိစိတ်တစ်မျိုးနဲ့ သေချာသိလိုက်ပါတယ်။ လူပြောသူပြော များ ရလောက်အောင်လည်း သူမ တကယ်ကို လှပါတယ်။ YUFL တစ်ဝင်းလုံးမှာ အထွန်းလင်းဆုံး လမင်းတစ်စင်းလိုကို သူ့မအလှက ထင်းထင်းပပ ရှိလွန်းလှတယ်။ မြင်ရသူတကာက လည်ပြန် ငေးကြရတာ လည်း သူ့မျက်မြင်ပဲ။ သူမရှိတဲ့ အနားတဝိုက်မှာ ကို လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူနေစေတဲ့ ညှို့ဓါတ် အပြည့်နဲ့ သိပ်လှလွန်းတဲ့သူမ . . . ။ ဒါပေမယ့် သူမကို မြင်တဲ့အခါ သူပါ ကြွေဆင်း သွားမယ်ဆိုတဲ့ ရွှေရေးညီရဲ့ စကားကိုတော့ သူလက်မခံလိုပါ။ သူ့ရဲ့ လက်ဝဲဘက် ရင်အုံက အေးအေးဆေးဆေး ။ လုံးဝ လှုပ်လှုပ်ရှားရှား မရှိ။
သူမတို့ အုပ်စုက အတန်းထဲကနေ ကဲန်တင်းဆီ ကူးဖို့ ပြင်နေချိန်မှာ သူရောက်သွားခဲ့တာ။ ကဲန်တင်းသွားမယ် ဆိုတာကို သိလိုက်တော့ သူမရဲ့ နောက်ကနေ ကပ်မလိုက်တော့ပဲ ရှေ့ကနေ ကျော်ဖြတ်ပြီး လျှောက်လာခဲ့တယ်။ သူမတို့ နောက်ကနေ ပါလာတယ် ဆိုတာကို စကားသံများ အရ သူကြားသိ နေရတယ်လေ။
လူတစ်ယောက်ကို ပညာပေးမယ် ဆိုမှတော့ ဥာဏ်နီဥာဏ်နက် တွေသာမက ဥာဏ်ဝါဥာဏ်ပြာ တွေပါ အသွေးအရောင် စုံစုံလင်လင် ထုတ်သုံးရတော့တာ။ သူမတို့ထက် အနည်းငယ် ခြေတစ်လှမ်းတော့ ကြောနေမှ ဖြစ်မှာ လေ။
ကဲန်တင်းရောက်တော့ သူမတို့ ဆိုင်ထဲ အရင်ဝင်သာအောင် သူခဏစောင့် လိုက်တယ်။ သူမတို့ ထိုင်ဖို့ နေရာရပြီ ဆိုမှ သူ အေးအေးဆေးဆေးပဲ အဲဒိ စားပွဲဆီ ခုံတစ်ခုံအသာ ဆွဲပြီး သွားထိုင်လိုက်တာ။ စ.ထိုင်ပြီ ဆိုကတည်းက စကားတစ်ခွန်းမှ မဆိုဘဲသူမ မျက်နှာ ကိုပဲ ကွက်ပြီး မမှိတ်မသုန် စေ့စေ့ စိုက်ကြည့် နေတော့တာ။ သူမက မျက်ခုံးတစ်ချက် တွန့်ချိုးပြီး သူ့ကို ညှို့ မျက်ဝန်းတွေနဲ့ ပြန်စိုက်ကြည့်တယ်။ ပြုံးလိုက်တော့မယောင် . . . နှုတ်ခမ်း ထူထူတွေကို ကော့ညွတ်ပြီး ထားဟန်က အင်ဂျလီနာဂျိုလီ ဟန်မျိုး။ သူကတော့ သူမရဲ့ မျက်နှာကလေး တစ်ခုကိုပဲ ကသိုဏ်းရှုနေသလို . . . ရှုနေမိတော့တာ။ နည်းနည်းကြာလာတော့ သူက သည်းမခံနိုင်တဲ့ ဟန်မျိုးနဲ့ ။
“ ဘယ်လို ဖြစ်နေတာလဲ၊ ရှင်ဘာလာကြည့် နေတာလဲ ”
လို့ လေသံ ခတ်ဆတ်ဆတ်နဲ့ မေးတယ်။ သူမ ဒီလိုပဲ မေးလိမ့်မယ်ဆိုတာ သူသိပြီးသားပါ။ သူ့မှာ အဖြေကလည်း အဆင်သင့် ပြင်ဆင်လာခဲ့ပြီးသား။
“ သြော် . . . ၊ တရားသဘောကို လာရှုကြည့်တာပါ ”
“ ဘာ . . . ”
“ သြော် . . . ခု ချိန်မှာ မင်းဟာ သိပ်လှတဲ့ မိန်းကလေး တစ်ယောက်ဖြစ်နေပေမယ့် . . . .တစ်နေ့ကျရင် အရေခွံတွေ တွန့်ပြီး . . . ဆံပင်တွေဖြူ . . . သွားတွေကျိုးပြီး . . . အိုရဦးမှာ ပဲ. . . . နာရဦးမှာ ပဲ . . . သေရဦးမှာ ပဲ လို့ မမြဲတဲ့တရားကို လာပြီးတော့ နှလုံးသွင်းကြည့် နေတာပါ ။ တွေးကြည့်မိရင် တော်တော် တရားရပါတယ်။ ခုတောင် တရားတော်တော် ရသွားလို့ ပြန်လိုက်ဦးမယ်နော်၊ နောက်လည်း ကိုယ်တရားရှုချင်တိုင်း မင်းကိုလာကြည့်မယ်နော် ”
သူက သူမကို စကားပြော ခွင့်မပေးပဲ သူပြောချင်ရာ စွတ်ပြောပြီး အနိုင်ပိုင်း ထွက်လာခဲ့တာ၊ မျက်နှာကလေး တစ်ခုလုံး နီမြန်းသွားပြီး ဒေါသတကြီး ဝုန်းခနဲ ထရပ်လိုက်တာ တွေကို မြင်လိုက်တာမို့ သူ ခပ်သွက်သွက်ပဲ ထ ထွက်လာခဲ့တယ်။
“ ဟေ့ . . . . နေဦး ၊ ရှင့်ကို ဘယ်သူက ပြောချင်ရာ ပြောပြီး ထ သွားခွင့် ပြုလို့လဲ ”
သူမ လှမ်းပြောတာကို မကြားချင်ဟန် ဆောင်ပြီး သူက ရှေ့ကနေ ခပ်သွက်သွက်၊ ယောက်ျားခြေလှမ်းကျဲ ကြီးတွေနဲ့ ဆက်လျှောက်သွား နေတာမို့ သူမ ပိုပြီးတော့ အခံရခက်ခံပြင်း လာဟန်ရှိပါတယ်။ ခုချိန်မှာ သူက ပြေးသူ . . . သူမက လိုက်သူပေါ့။ မိန်းကလေး တစ်ယောက်ရဲ့ ဒေါက်မြင့်ဖိနပ် ချွန်ချွန်တွေနဲ့ ခြေလှမ်းတွေဟာ သူ့ကို ဘယ်လိုမှလိုက် မီနိုင်မှာ မဟုတ်ဘူလေ။ သူက ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ ရှေ့ကနေ လူစည်ကားတဲ့ နေရာတွေဆီ ပတ်ပြီး လျှောက်နေတာ။ သူမကတော့ ဒေါသ ဇောနဲ့ ဆိုတော့.. .. .. ဘာကိုမှ ဂရုစိုက်မိမယ် မထင်။
“ လုပ်ပါဦး . . . . ၊ ကွှန်တော့နောက် သူ အတင်းလိုက်နေတယ် ဗျို့၊ ဇွတ်ပဲ ”
သူက မျက်နှာချင်းဆိုင်က လူတွေ ကြားသာ အောင်လည်း ခပ်တိုးတိုးလှမ်းပြောလိုက်သေးတာ။ လူတိုင်း သတိမထားမိဘဲ မနေနိုင်လောက်အောင် ပွဲကတော့ ကျောင်းထဲမှာ တော်တော်လှုပ်လှုပ်ခတ်ခတ်ကလေးဖြစ်သွားခဲ့တာပါ။ သူမ ကတော့ မမိအောင်ပြေးလေ . . . အသေရရ အရှင်ရရ ဆိုတဲ့ဇောနဲ့ ဇွတ်လျှောက်လိုက်နေသော။ သူမကို စိတ်ဝင်တစား ရှိကြတဲ့ ကျောင်းသားတိုင်း ပါးစပ်အဟောင်းသား အံ့အားတသင့်တွေ ဖြစ်လို့။ သူကလည်း တမင်မျှားပြီးတော့ကို ကျောင်းကို တစ်ပတ် ပတ်နေလိုက်တာ။
“ ရှင် . . . ယောက်ျားဖြစ်ပြီး သတ္တိမရှိဘူးလား၊ ကျွန်မကို ရင်မဆိုင်ရဲလို့ ရှောင်ပြေးနေတာ တစ်ကျောင်းလုံး အသိနော် ”
“ ရော် . . . မင်း ကိုယ့်နောက် သည်းကြီးမည်းကြီး ဇွတ် လျှောက်လိုက်နေတာ . . . မရှက်ဘူးလားကွာ ၊ သူများ တွေ ဘယ်လိုထင်မလဲ ”
သူက ခပ်ပြုံးပြုံး လှည့်ကြည့်ပြီး ပြန်ပြောလိုက်တော့ သူမခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားတယ်။
“ ကောင်းပြီ . . . ရှင့်ဆီမှာ . . . ကျွန်မ အကြွေးတင်သွားပြီ၊ ရှင်ပြန်ဆပ်ဖို့မမေ့နဲ့ ၊ ရှင်နဲ့ ကျွန်မ တွေ့ဦးမှာ ပါ ၊ ခြေညောင်းခံပြီး လျှောက်လိုက်မနေတော့ဘူး ၊ ရှင် ကျွန်မဆီရောက်လာစေရမယ် ”
သူမက အဲဒီ လိုပြောပြီး ချာခနဲ လှည့်ထွက် သွားပါတယ်။ အဲဒါ သူရဲ့ ပထမခြေလှမ်း အောင်မြင်ခဲ့တယ်ဆိုတာ ရဲ့ သက်သေပေါ့။
ဒုတိယခြေလှမ်းမစခင်မှာ သူမဆီ တိုက်ရိုက် ရင်ဆိုင်ဆုံတွေ့တဲ့နည်းကို သူတတ်နိုင်သမျှ ရှောင်ပါတယ်။ သူမကတော့ သူ့ကို ကောင်းကောင်းမှတ်မိသွားခဲ့ပုံရတယ်။ သူ့ကို ဖျတ်ခနဲတွေ့လိုက်တာနဲ့ မျက်လုံးတွေအရောင်လက်ခနဲ တောက်ပသွားတတ်ပြီး လူကပါ ဆတ်ခနဲ ဖြစ်သွားတတ်တယ်။ သူက အသာလေးပဲ ရှောင်ထွက်လာခဲ့တာဆိုတော့ သူမ ဘယ်လောက် ကသိကအောက် ဖြစ်ရှာမလဲဆိုတာ တွေးလိုက်ရုံနဲ့ သူ မပြုံးဘဲမနေနိုင်ဘူး။ လူ့သဘာဝ က ရှောင်ပြေးတတ်သူကို ဆုံချင်ပြီး ထွက်ပြေးသူနောက်ကို လိုက်ချင်မိတတ်တာလေ။ ပဟေဠိဆိုရင်လည်း အလိုလို အဖြေညှိနေမိတတ်တာ။
သူရဲ့ ဒုတိယခြေလှမ်းကတော့ ကြိုတင်ပြင်ဆင်မှု ပါပြီးသားဆိုပါတော့။ တိုက်ဆိုင်တာလား သူကံကောင်းတာ လားမသိစွာ သူမကို သူတွေ့ချိန်မှာ သူမရှေ့မှာ လူငယ်တစ်ယောက် ရှိနေခဲ့တယ်။ သူမကို စကားပြောခွင်ရဖို့ သူမနဲ့ အပေးအယူလုပ်နေတာဆိုရင်လည်း မမှားဘူးပေါ့။ အနားရောက်သွားချိန်မှာ သူ တစ်စွန်းတစ်စတော့ ကြားခွင့်ရလိုက်တယ်။
“ မိုးပျံပူဖောင်းကလေးတွေ . . . ရောင်စုံ အလုံးပေါင်း တစ်ရာ့တစ်လုံး ယူလာခဲ့လေ . . . မနက်ဖြန် ”
သူမ စကားမဆုံးခင် သူက အဲဒိလူငယ်ကို ပခုံးဖက်ပြီး အသာဆွဲခေါ်လာခဲ့တာမို့ သူမ စကားတန်းလန်းကြီးနဲ့ တအံ့တဩ ဖြစ်ကျန်ခဲ့တာ။ လူငယ်က သူ့ဆီကနေ ရုန်းထွက် ရင်း . . .
“ ဟာ . . . ဘာလဲကွ ငါဒီမှာ စကားပြောနေတာ မတွေ့ဘူးလား၊ မင်း ဘာလုပ်တာလဲ၊ တမင်သက်သက် နှောင့်ယှက်တာလား ” နဲ့ စွာ နေတာ . . . ။
“ မဟုတ်ပါဘူး သူငယ်ချင်းရာ ၊ မနက်ဖြန် မိုးပျံပူဖောင်းတွေ အလွယ်တကူ ရနိုင်မယ့်နေရာ မင်းကို ညွှန်ပေးမလို့ပါ၊ ဒါပေမယ့် မင်း ကတိတစ်ခုတော့ ပေးရမယ်နော် ၊ မင်း သူ့ဆီပြန်သွားတဲ့အခါ . . . သူက မင်းကို အတင်းမေးလိမ့်မယ် ၊ ငါ မင်းကို ဘာပြောသွားသလဲ ဆိုတာ ကိုပေါ့ ၊ အဲဒါကို မင်းလုံးဝပြန်မပြောရဘူး ၊ ဘာမှ မပြောပါဘူးလို့ပဲ ဗြောင်လိမ်ရမယ်၊ အဲဒါ လျှို့ဝှက်ချက်ပဲ၊ တကယ်လို့ မင်းကို ငါက ဘောလုံးတွေ ရနိုင်တဲ့နေရာကို ညွှန်ပေးမလို့ပြောတာပါ . . . လို့သာ မင်းအမှန်အတိုင်း ဝန်ခံလိုက်ရင် . . . မင်း ရေရေ လည်လည် ဂိုးပြီ၊ ငါပြောတာ သဘောပေါက်လား ၊ သူရဲ့ အထာကို ငါကောင်းကောင်းသိတယ်၊ မင်း ဇွတ်ငြင်းလေ . . . သူ ပိုစိတ်ဝင်စားလေပဲ . . . အဲဒါ မင်းအတွက် ဝှက်ဖဲပဲ ”
ကောင်လေးကို သူ twist ကလေးထည့်လိုက်တာ လှလှပပကလေးပဲ ဝင်သွားခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူမဆီ ကောင်လေးလှမ်းကြည့်တဲ့ အချိန်မှာ သူမရဲ့ မျက်ဝန်းတွေက စိတ်ဝင်စားမှု နဲ့ တောက်ပနေခဲ့တာကိုး . . . ။
“ အိုကေ၊ ဒါဆို မင်းကို ငါဘယ်လို ဆက်သွယ်ရမှာ လဲ ”
“ ရော့ . . . ဒါ ငါ့ ဖုန်းနံပါတ် . . . ၊ မင်း ဆက်လိုက်လေ ၊ ငါပြောပြမယ် ”
သူက ကောင်လေးရဲ့ ပခုံးကို နှစ်ချတ်လောက် ပုတ်ပြီး သူမဆီလည်း တစ်ချက်လှမ်းကြည့်ပြုံးခဲ့ပြီး လှည့်ထွက်လာခဲ့တယ်။ အဲဒီ ကောင်လေးကို သူမ အတင်းအကြပ်မေးတော့မှာ ပဲဆိုတာ သူ သိနေပြီးသား။ ကောင်လေးလက်ထဲထည့်ပေးခဲ့တဲ့ သူ့ဖုန်းနံပါတ်ဆီကိုလည်း သူမ ဆက်လာလိမ့်မယ်ဆိုတာ . . .
ဖုန်းမြည်လာတော့ နံပါတ်ကို ကောက်ကြည့်မိပြီး အဲဒါ သူမပဲလို့ . . . သူ့ စိတ်ထဲက အလိုလို သိတာပါ။ ဟိုကောင်လေးလည်း ဖြစ်နိုင်ပေမယ့် သူမကတော့ ဖြစ်နိုင်ချေပိုများ တာပေါ့လေ။ သူ . . . အသာတကြည်ပဲ ဖုန်းပြောလိုက်ပါတယ်။
“ ဟယ်လို ”
“ ရှင်လား . . . ”
“ ခြင် မဟုတ်ဘူး . . . ကျူးရင့်၊ မင်းကရော ဘယ်သူလဲ ”
“ ကျွန်မ ဘယ်သူလဲ . . . ရှင်တကယ်မသိဘူးပေါ့ ”
“ အင်းလေ၊ ဘယ်လိုလုပ် သိနိုင်မှာ လဲ . . . ကိုယ့်ဆီ ဒီလိုပဲ မိန်းကလေးတွေကစပြီး ဆက်ဆက်နေတာကိုး၊ ခေတ်ကာလသမီးတွေများ တကယ်မလွယ်ပါဘူး . . .လိုက်ပြီဆိုရင် အရူးအမူး၊ တစ်ကျောင်းလုံးကို ပတ်ပြီး နောက်ကနေ တကောက်ကောက် လိုက်တာ ၊ ကိုယ်မှာ ပြေးလိုက်ရတာ လျှာတောင်ထွက်မတတ် ”
တစ်ဘက်က တောက်ခတ်သံကလေ ပီပီသသ ထွက်လာတော့ သူ ခပ်တိုးတိုး ရယ်မိပါတယ်။ သူမ စိတ်ဆိုးလေ ဆွေ့ဆွေ့ခုန်လေ . . . သူ ပိုစချင်လာလေပါ။
“ ရှင် . . . အပိုတွေ လျှောက်ပြောမနေနဲ့ နော်၊ လျှာအရိုးမရှိတိုင်း ”
“ မင်းလျှာမှာ ရော အရိုးပါလို့လား ”
“ ရှင် . . . ဟိုတစ်ယောက်ကို ကျွန်မနဲ့ စကားပြောနေမှန်း သိရက်နဲ့ ခပ်လှမ်းလှမ်း ကိုခေါ်ထုတ်သွားပြီး . . . . ဘာတွေ ပြောခဲ့တာလဲ . . . ကျွန်မသိချင်တယ် ”
“ မင်းက ဘာဖြစ်လို့ သိချင်ရတာ လဲ ”
“ ရှင် ယောက်ျားတန်မဲ့ အရှက်မရှိ ကျွန်မ အကြောင်းတွေ မဟုတ်က ဟုတ်က ပေါက်ကရ တွေ လျှောက်ပြောမှာ စိုးလို့ပေါ့ ”
“ မင်း . . . နောက်ကျော မလုံဘူးပေါ့လေ ”
“ မလုံစရာ ဘာမှ မရှိဘူး ၊ ဟိုတစ်ယောက်ကို မေးလို့ ဘယ်လိုမှ မရလို့ ပိုသိချင်တာ ၊ ရှင်ပြောပြ မလား . . . မပြောဘူလား ”
“ ပြောဘူး ”
သူက ဖုန်းချပစ်လိုက်တော့ သူမ ဒေါသတွေ ပိုပြီး စူရှသွားပုံ ရပါတယ်။ ချက်ချင်း ဖုန်းပြန်ခေါ်လိုက် သူက ဖုန်းပိတ်ပစ်လိုက်နဲ့ . . . သုံးခါလောက် ခေါ်ပြီး ချိန်မှာ တော့သူ့မဘက်က ငြိမ် သွားပါတော့တယ်၊ သူမ ငြိမ်သွားပြီ ဆိုမှ သူ သူမကို ပြန်ခေါ်လိုက်တယ်။
“ တောက် . . . ၊ ရှင်သာ ခုနေ ကျွန်မနား တစ်ဝိုက်မှာ ရှိကြည့် ရှင်မလွယ်ဘူး မှတ် ”
သြော . . . ကြောက်ချာကြီးပါလား၊ ကဲပါ . . . မင်းတကယ် သိချင်လား . . . ဆိုတာပဲ ပြောပါ ”
သိချင်လို့ . . . ရှင့်ဆီ အရေးလုပ်ပြီး ဆက်နေတာပေါ့၊ ကျွန်မ ကွယ်ရာမှာ ဘယ်သူ ဘာပြောပြော ဂရှမစိုက်ပါဘူး၊ ဒါပေမယ့် ကျွန်မ ရှေ့တည့်တည့်မှာ ကျွန်မနဲ့ စကားပြောနေတဲ့ လူကို လာဆွဲခေါ်သွားပြီး အတင်းအုပ်ထားတာက ကတော့ ယောက်ျား မဆန် ဘူးလိုပ ပြောရမှာ ပေါ့၊ ရှင် သတ္တိရှိရင် ကျွန်မရှေ့ တည့်တည့်လာပြီး ပြောလေ ”
“ သြော် . . . အဲဒီ လို ပြောလို့ရလား ၊ မသိပါဘူး၊ မင်း တကယ် ပြောစေချင်ရင် နောက်ကို လာပြောပါ့မယ်၊ အခုတော့ မင်းသိချင်တဲ့ ကိစ္စ အတွက် မနက်ဖြန်ကရင် စိန်းလန်းစိုပြေက Zephyr ကို လာခဲ့လေ ”
“ အချိန်ပြောလေ ”
“ မနက်ဆယ်နာရီလောက်ပေါ့ ”
သူ့အတွက်တော့ သူမ တကယ်လာမလာက ပြဿနာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ နေရာကို သူသွားဖို့ စိတ်ကူးကို ရှိမထားလို့ပါ။ မိန်းကလေးတစ်ယောက်ကို အဲဒီ လောက် မနှိပ်စက်ချင်ပေမယ့် သူမရဲ့ ပညာနဲ့ သူမကိုပဲ ပြန်ပြီး ပညာပေးရတာ တရားမျှတ တယ်လို့ သူ ထင်တယ်လေ။ လောကမှာ ကိုယ့်ကိုယ်တိုင်ကျတော့ မြည်းတောင်မြည်း မကြည့်ဘဲ . . . သူများ တွေကို အခါးတွေ ချည်းကျွေးတတ်တဲ့ သူတစ်ယောက်ကို . . . သူ့အခါးဓာတ်ကလေး ပြန်ကျွေးတဲ့ သဘောပါ။ သေချာတာက သူမ နှစ်သက်မှာ မဟုတ်ဘူး။ ကိုယ်မနှစ်သက်တဲ့အရာတစ်ခုကို သူများ ကိုလည်း မပေးမိပါစေနဲ့ ။ သူလည်း နှစ်သက်မှာ မဟုတ်ဘူးလေ . . . ဆိုတာလောက် သူမကို သိစေချင်တာပါ။
လက်က နာရီကလေးကို တစ်ချက်ကြည့်မိချိန်မှာ ရိုးရာ အငိုက်မိစွာ ခံလိုက်ရပြီဆိုတာကို ချက်ချင်း သိလိုက်မိပါတယ်။ အဲဒီ အချိန်မှာ ပဲ ဒေါသနဲ့ ရှက်စိတ်က ရိုးရာတစ်ကိုယ်လုံးကို မီးမြိုက်ကင်လိုက်သလို . . . ပူလောင်သွားခဲ့တာ။ ဒါ သူ သက်သက် ရိုးရာရဲ့ နည်းနဲ့ ပညာပြန်ပေးလိုက်တာပေါ့လေ။ ရိုးရာကလည်း တုံးတာပါ။ ဒီလောက် ဥာဏ်နီဥာဏ်နက်တွေများ ပြီး . . . ဆရာကြီး စတိုင်လ်နဲ့ ရိုးရာဆီ ဘယ်သူနဲ့ မှမတူစွာ ချဉ်းကပ်လာခဲ့တဲ့ အဲဒီ လူတစ်ယောက်ကို ဘာဖြစ်လို့များ စိတ်ချယုံကြည်လိုက်မိတာပါလိမ့်။ သင်းဟာ . . . ရိုးရာကို တစ်နေရာရာကနေ ကြည့်ပြီးတော့တောင် ဟားနေမှာ ။ ရိုးရာရဲ့ ရာဇဝင်မှာ ရိုးရာကသာ သူများ တွေအပေါ် အသာစီးကနေ ရယ်မောခဲ့မိတာ။ ဘယ်လိုမှ မျှော်လင့်မထားဘဲ ခြေထိုးခံလိုက်ရသလို ရုတ်တရက် လဲပြိုမတတ် ခလုတ်တိုက်မိသွားချိန်မှာ တော့ လူက ဒေါသတွေနင့် သီးလို့လာခဲ့ပြီ။ ဒေါသအလျောက် သွေးပူနေတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချက်ချင်းပဲချမိတယ်။ သင်းတော့ . . . ရိုးရာအကြောင်း သိစေရမယ် . . . ။
အင်းလျားကနေ ပြန်လာခဲ့ချိန်မှာ ရိုးရာ သူ့ကို လိုက်ရှာမိတယ်။ မတွေ့လေ . . . ပိုရှာမိလေ . . . ဒေါသက ပိုထွက်လေ။ သူရဲ့ ဖုန်းဆီမှာ သူမ အကြိမ်များ စွာ ခေါ်ထားမိတဲ့ missed calls တွေရှိနေမှာ ဖြစ်လျက် တစ်ချက်ကလေးမှ အရေးလုပ်ပြီး ပြန်ခေါ်ဖော်မရတာ ကို မခံမရပ်နိုင်ဖြစ်မဆုံး။ ရိုးရာဆိုတာ သူများ က ရန်စ စော်ကားသွားတာကို အသာတကြည် ခေါင်းငုံ့ငြိမ်ခံလိုက်မယ့် မိန်းကလေးမျိုးမှ မဟုတ်တာလေ။ သူက တစ်ချက်ဆို ကိုယ်က အနည်းဆုံး သုံးလေးချက်လောက် တုန့်ပြန်လိုက်ရမှ ကျေနပ်နေသာတတ်သူ။ ပြီးတော့ အများ တကာက ဝိုင်းပြီး အရေးတယူ ဖူးဖူးမှု တ် အလိုလိုက်ခံ ထားရသူ။ ရိုးရာက သေဆိုသေ၊ ရှင်ဆိုရှင် အမိန့်စကားတိုင်းကို နာခံမယ့် ချာတိတ်တွေမှ တပုံတပင်။ အဲဒီ အထဲမှာ မှ ဘာမှန်း ညာမှန်းမသိတဲ့ သကောင့်သားတစ်ယောက်က မိုးကျ ရွှေကိုယ်လို ဖြုန်းဆိုပေါ်လာခဲ့ပြီး ပညာတွေ လာပြနေတာမို့ ရိုးရာ မခံချင်တာပါ။
နေစမ်းပါဦး . . . ။ သူ့ကို တစ်ခုတော့ မေးချင်သား။ ရိုးရာဆီက သူ ဘာကို လိုချင်ခဲ့တာလဲ။ ဒီလို အများ နဲ့ မတူတဲ့ ရိုးရာရဲ့ မာနနဲ့ မခံချင်စိတ်တွေကို ထိပါးစေတဲ့နည်းတွေဟာ ရိုးရာရဲ့ စိတ်ကို ပိုပြီးဆွဲဆောင်ဖြားယောင်းနိုင်စွမ်း ရှိလိမ့်မယ် လို့များ သူ တစ်ထစ်ချ အပိုင်တွက်ထားလိုက်သလား။ နိုးဝေး . . . ။ သူ့ကို ရိုးရာ လုံးဝ စိတ်မဝင်စားမိ။ ပြန်ပြီး အနိုင်ပိုင်းဖို့ ဘယ်လိုပရိယာယ်သုံးရမလဲဆိုတာကိုပဲ တွေးနေမိတာ။ သူကျဆုံးသွားဖို့ဆို ဘာနည်းပဲ သုံးရသုံးရပေါ့လေ။
အဲဒီ တစ်နေ့လုံး သူ့ကို မတွေ့။ နောက်တစ်နေ့ကျတော့ သူ့ကို ကားမောင်းနေရင်းကနေ ဖျတ်ခနဲ လှမ်းတွေ့လိုက်ချိန်မှာ ရိုးရာ ဘယ်လောက် စိတ်လှုပ်ရှားသွားမိမှန်း ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိလိုက်ဘဲ ကားဘရိတ်ကိုတောင် ယောင်ရမ်းပြီး ဆောင့်နင်းပစ်လိုက်မိတဲ့အထိ။ ကားဘရိတ်ဆွဲ အုပ်သံက ကျယ်လောင်သွားခဲ့တာမို့ သူက လမ်းလျှောက်နေရာကနေ ဖျတ်ခနဲ လှည့်ကြည့်တယ်။ ကားပေါ်ကနေ မီးလျှံတစ်စုံလို တောက်ပစူးရဲလှတဲ့ ရိုးရာရဲ့ မျက်လုံးတွေနဲ့ အဆုံမှာ သူဖျတ်ခနဲ ပြုံးတယ်။ အဲဒီ အပြုံးက လက်နက်တစ်ခုသာဆိုရင် လူကို သေစေလောက်တယ်။ ရိုးရာရင်ထဲ ထုတ်ချင်းခတ် စူးရှသွားလိုက်ပုံများ အဲဒီ ခဏကလေးမှာ သူ့ကို သိပ်မုန်းသွားခဲ့မိတယ်။ ဟုတ်တယ် . . . ရိုးရာတစ်သက်မှာ ဘယ်သူ့ကိုမှ သူ့ကို မုန်းသလိုမျိုး မမုန်းမိဖူးသေးတာ သေချာတယ်။
ရိုးရာ ချက်ချင်းပဲ ကားကို သူ့ဘေးနားထိကပ်အောင် မောင်းလိုက်တယ်။ သူက သူ့ကိုများ မတော်တဆ တိုက်မိမလားဆိုတဲ့ စိုးရိမ်စိတ် လုံးဝမရှိပုံနဲ့ လမ်းလျှောက်တောင်မပျက်။ သူ့ရဲ့ အဲဒီ အပြုအမူတွေကိုပဲ ရိုးရာ အခံရခတ်တာ။ ကြည့်လိုက်ရင် ဆရာကြီး စတိုင်လ်နဲ့ အထာက အပြည့်လေ။ သူ့ကို ပညာသည်ကြီးမှန်းလည်း ရိုးရာက အသိအမှတ်မပြုချင်လို့မရတော့။ သူ့ကြောင့် ရိုးရာရဲ့ ရာဇဝင်မှာ ခံလိုက်ရခြင်းဆိုတဲ့ သင်္ကေတကို မလိုချင်ဘဲ လက်ခံယူလိုက်ရတာ လေ။
“ ဟေ့ . . . ဟေ့ . . . ဒီမယ် ”
ရိုးရာက ကားပေါ်ကနေ သူ့ကို လှမ်းခေါ်တော့ သူက ရပ်ပြီး “ ဘာလဲ ” ဆိုတဲ့ ပုံစံနဲ့ မေးဆတ်ပြတယ်။ သူ့မျက်နှာတစ်ခုလုံး သရော်မော်ကားအပြုံးတွေနဲ့ လင်းချင်တိုင်း လင်းနေတာကို ခံစားလို့ကို မရ။ စိတ်ထဲရှိတဲ့အတိုင်းသာ လွှတ်ပေးရကြေးဆိုရင်တော့ ရိုးရာ သူ့ကို စိတ်ရှိတိုင်း ကုတ်ခြစ်ဆွဲဆောင့် နုပ်နုပ်စင်းပစ်ချင်နေတာ။ အဲဒီ လောက်ကို အသည်းယားနေမိတာ။
“ ပြော ”
“ အောင်မယ် . . . ရှင်ကပဲ . . . ဘာ ပြောလဲ ၊ မနေ့က ရှင်ဘာအချိုး ချိုးသွားတာလဲ၊ ဘာ လူပါးဝ သွားတာလဲ ”
“ ဘာကို ပြောတာလဲ ၊ ကိုယ့်ကို ပြောချင်ရင် ပွင့်ပွင့်လင်းလင်း တည့်ပြောကွာ ၊ အထာတွေ လာမပေးနဲ့ ၊ ကိုယ် နားမလည်ဘူး ”
“ တောက် . . . ရှင့်ကို ဘာကိစ္စ အထာပေးရမှာ လဲ၊ ဝေးပါသေးတယ်၊ ရှင် ယောက်ျားဖြစ်ပြီး ကတိမတည်တာ စကားမတည်တာကို မေးနေတာလေ ”
သူက မျက်ခုံးနှစ်ဘက်ကို ဟန်ပါပါအတွန့်ချိုးပြီး . . .
“ မင်းကိုယ် ကိုယ် ကတိပေးမိလို့လား၊ နိုးဝေးပါ . . . ကိုယ် မင်းကိုမှ မဟုတ်ဘူး၊ ဘယ်မိန်းကလေးကိုမှ ကိုယ့်ကို မျှော်လင့်မိစေအောင် ကတိမျိုး မပေးခဲ့ဖူးပါဘူး ”
“ ကျစ် . . . ရှင် စကားပြောတ တော်တော် တင်စီး ရင့်ကျောလွန်းတယ်၊ ရှင့်ကိုယ်ရှင် သိပ်မြှင့်တင်မနေနဲ့ ၊ ရှင့်ကို မျှော်လင့်ဖို့ဝေးစွ . . . အိမ်မှာ အခိုင်းအစေ တောင်လုပ်ခိုင်းဖို့ စိတ်မကူးဘူး ”
“ ဒါပေါ့လေ . . . အိမ်ဦးနတ်လောက်ပဲ စိတ်ကူး မှာ ပေါ့ လေ၊ မင်းဟာက မမျှော်လင့်ဘူး မမျှော်လင့်ဘူးနဲ့ စကားထဲမှာ ဇာတိက ပြပြနေပြီ ”
“ တော်တော့ . . . ရှင့်စကားကို ကပ်ဖဲ့ပြီး ပြောမနေနဲ့ နော် ၊ ကျွန်မ အရမ်းစိတ်ဆိုးလာရင် ကားနဲ့ ကို တိုက်ပစ်တော့မှာ ”
“ အာဟာ . . . တိုက်လိုက်လေ ၊ မင်းတိုက်ရက်ရင် တိုက်လိုက်ပါ ၊ ကိုယ်သိပြီးသား မင်းကိုယ့်ကို ဘယ်တော့မှ တိုက်ရက်မှာ မဟုတ်ဘူးဆိုတာ ”
“ အပိုတွေ လျှောက်ပွားမနေနဲ့ ၊ မနေ့က ရှင် Zephyr ကိုချိန်းပြီး ဘာဖြစ်လို့ ရောက်မလာခဲ့သလဲ၊ ရှင် ယောက်ျား မဟုတ်ဘူးလား၊ သတ္တိမရှိဘူးလား၊ ကျွန်မနဲ့ ရင်မဆိုင်ရဲဘူးလား၊ ကြောက်လို့ ရှောင်ပြေးတယ်ဆို ရင်လည်း ရဲရဲဝံ့ဝံ့ ပေါ့ ”
“ နေစမ်းပါဦးကွာ . . . မနေ့က မင်းကို Zephyr ကို လာခဲ့လေ လို့ပဲ ကိုယ်ပြောခဲ့တာလေ၊ ကိုယ် လာခဲ့ပါ့မယ်လို့ မင်းကို ပြောခဲ့လို့လား ”
“ တောက် ! အဲဒါကိုက ရှင် ယောက်ျားမပီသတာ၊ စကားကို လှည့်ပတ်ကတ်ဖဲ့ပြီး မိန်းကလေးတစ်ယောက်နဲ့ အပြိုင်လိုက်ပြီး ဖဲ့နေတာ . . . ”
“ မင်းကရော မိန်းမပီသခဲ့လို့လား ရိုးရာမေ၊ သေချာ ပြန်စဉ်းစားကြည့်ပါဦး၊ အဲဒါ မင်းရဲ့ နည်းပဲလေ၊ မင်း သူများ တွေကို ကျွေးခဲ့တဲ့နည်းနဲ့ ပဲ မင်းကို ပလိန်းကလေး ပြန်ကျွေးလိုက်တာပါ ၊ မင်းကျတော့ နာတတ် စွာ တတ် လိုက်တာ ၊ မင်းအလှည့်မှာ ဒါမျိုး ဆက်ဆံတာကို မနှစ်သက်ဘူးမှလား၊ ကိုယ်မနှစ်သက်တဲ့အရာတစ်ခုကို သူများ ကိုလည်း မပေးမိပါစေနဲ့ ၊ သူလည်း နှစ်သက်မှာ မဟုတ်ဘူးလေ ”
သူ့စကားတွေက ဆရာကြီး ကမ္ဘာကြီး ဆန်လွန်းလှတာမို့ ရိုးရာအခံရာခက်စွာ နဲ့ မျက်လုံးတွေကို စူးရှနေအောင် မှေးကျဉ်းထားပြီး . . . သူ့ကို ကြည့်နေလိုက်မိတယ်။
“ ဘာလဲ . . . ရှင်က ကျွန်မကို ပညာတွေ လာပို့ချနေတာလား . . . ကျူးရင့် ၊ ရှင်က ဘာလဲ . . . ဆရာကြီး လား၊ ပညာတွေ တစ်ဖက်ကမ်းခတ် သိပ်တတ်နေတယ် ဆိုပါတော့ လေ ၊ နေစမ်းပါဦး ၊ ရှင်က ဘာဖြစ်ချင်တာလဲ၊ ကျွန်မဆီက စိတ်ဝင်စားမှု ကို လိုချင်လို့ ထွင်လုံးတွေနဲ့ ချဉ်းကပ်နေတာလား ၊ ဒါမှမဟုတ် . . . ကျွန်မကို လာပြီးတော့ စစ်ကြေညာနေတာလား ”
“ မင်းရဲ့ ပထမမေးခွန်းကို ဖြေရရင် ကိုယ် မင်းကို စိတ်မဝင်စားပါဘူး၊ လုံးဝပါ . . . လို့ဖြေပါတယ် ၊ ဒုတိယ မေးခွန်းကိုတော့ . . . ဟုတ်ကဲ့ . . . မင်းနဲ့ စစ်တစ်ပွဲလောက် ခင်းချင်သားပဲ . . . လို့ ပြောပါရစေ ”
သူ့စကားကြောင့် ရိုးရာရင်ထဲ အေးစက်ထုံခဲ သွားသလိုပဲ ခံစားလိုက်ရတာ ။ ယောက်ျားတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ ဆုံပြီး ကိုယ့်ကို စစ်ကြေညာ စိန်ခေါ်လိုက်ခြင်းကို ဘဝမှာ ပထမဆုံးအကြိမ် ကြုံဖူးလိုက်ခြင်းလေ။ တကယ်ဆို သူနဲ့ ကိုယ့်ကြားမှာ ဘာရန်ငြိုးရန်စ မှလည်း ရှိခဲ့တာမဟုတ်။
“ ပြဿနာ တိုင်းမှာ ဘာဖြစ်လို့လဲ . . . ဆိုတဲ့ မေးခွန်းတစ်ခုတော့ ရှိတတ်တယ် ရိုးရာမေ၊ မင်းကို ကိုယ့်ဘက်က ဘာမှလည်း မဆိုင်ဘဲနဲ့ ရင်ငြိုးရန်စလည်း မရှိခဲ့ဖူးဘဲ ဘာကြောင့် ဘလိုင်းကြီးလာပြီး ရန်စနေရတာ လဲ ဆိုတဲ့ မေးခွန်းကို မင်း မေးချင်နေမှာ ပဲ ၊ ကိုယ့်မှာ အဖြေရှိပြီးသားပါ ၊ လူတစ်ယောက်ရဲ့ ရင်ထဲက ခံစားမှု တိုင်းကို တန်ဖိုးထားပေးပါ၊ ဘာလို့လည်းဆိုတော့ လူတိုင်းမှာ တန်ဖိုးရှိတဲ့ နှလုံးသားတစ်စုံရှိတယ် ”
သူက သူပြောချင်တာကို တိကျသေချာပြတ်သားတဲ့ လေသံပီပီသသနဲ့ ပြောပြီး သူ့လမ်းသူ ဆက်လျှောက်သွားတော့ ရိုးရာ မင်သက်ခံပြင်းလွန်းစွာ နဲ့ ကျန်ရစ်ခဲ့တော့တာ။ ဘာဆက်ပြောရမှန်း မသိလောက်အောင်ကို . . . သူ့ဘက်က စကားအကုန်ပြောသွားခဲ့တာလေ။ ယောက်ျားလေးတော်တော် များများ ရဲ့ နှလုံးသားတွေကို တန်ဖိုးမထားတတ်တဲ့ . . . မထေမဲ့မြင် သရော်မော်ကားနဲ့ ပညာတွေ ပေးနေခဲ့တဲ့ ရိုးရာကို . . . သူ မကျေနပ်တာ။ အဲဒီ တွန်းအားနဲ့ ရိုးရာဆီ သူရောက်လာခဲ့တာ။ ရိုးရာကို သူ စစ် ကြေညာခဲ့တာ။ ကဲ . . . ဒီစစ်ပွဲကို ရိုးရာ ဘယ်လို ပြင်ဆင်ခုခံမလဲ။
![]() သူ့နှလုံးသားမှာ ခြေရာတွေနဲ့ | ![]() စကားဝှက်တံခါး | ![]() တိတ်ဆိတ်နက်ရှိုင်းသော သက်သေ |