
အမုန်းပြေးလမ်း အချစ်ပန်းတိုင်
“သမီးရေ........သမီး........ပြုံးမြ”
မေမေ့ခေါ်သံကြောင့် ထမင်းစားခန်းကျယ်ကျယ်မှာ ခေါက်ဖျာတစ်ချပ်ကို ဖြန့်ခင်းလျက် အားပါးတရ ရှုပ်ပွကာ ခေါင်းငုံ့အားစိုက်နေမိသော ပြုံးမြမြမှာ လည်ပင်းလေးထောင်ကာ ခြံထဲကို လှမ်းကြည့်ပေမယ့် ပြတင်းပေါက်ကမြင့်တော့ ခြံထဲမှာ ပန်းပင်ရေလောင်းနေသော မေမေ့ကို လှမ်းမမြင်ရပါ။
“ပြုံးမြရေ........သမီး အိမ်ရှေ့သံပန်းတံခါးဖွင့်ဦး၊ ဒီမှာ မောင်သန့်လာတယ်ဟေ့”
“ဟုတ်........လာပြီ မေမေ”
ပြုံးမြက ကိုယ်ပေါ် တစ်ဝက်တစ်ပျက်တင်ကာ တစ်ဝက်တပျက် ဖျာပေါ်ပုံနေသော အင်္ကျီ ကို ဘေးချထားလိုက်ကာ ထမင်းစားခန်းနှင့် ကပ်လျက် ဧည့်ခန်းဆီပြေးထွက်လာခဲ့၏ ။ ခုတလော ညုတုက ခြံထဲလစ်တာနှင့် ပြေးဆင်းပြီး တစ်ကိုယ်လုံး ညစ်ပတ်ပေရေလာအောင် ဆော့ကစား တတ်ပါသည်။
“ရတယ် ဒေါ်လေး........ကျွန်တော် ဖွင့်တတ်တယ်”
မောင်မောင်စိန်ရောင် သန့်က ပန်းပင်တွေ ကို ကိုယ်တိုင်စိတ်တိုင်းကျ ရေလောင်းနေသော ပြုံးမြမေမေကို ပြန်ပြောလိုက်၏ ။ ပြုံးမြက ချက်ချင်း ထွက်မလာပါ။
“အေးကွယ်........၀င်သွားလိုက်၊ ပြုံးမြရှိတယ်၊ ဒေါ်လုံးနဲ့ မိညိုတော့ ဈေးသွားကြတယ်။ ညုတုထွက်လာမှာ စိုးတာနဲ့ ဒေါ်ဒေါ် သံပန်းတံခါး ချက်ချထားတာ”
“ဟုတ်ကဲ့”
စိန်ရောင် သန့်က သံပန်းတံခါးဆွဲဖြုတ်ပြီး ဧည့်အခန်းအရောက် ပြုံးမြကလည်း ထမင်းစား ခန်းကထွက်လာပြီး ဧည့်ခန်းအရောက် ဆိုဖာဆက်တီဘေးမှာ ဆုံမိကြပါသည်။
သူတို့နှစ် ယောက် ကို ခေါင်းကလေးထောင်ပြီး လှမ်းကြည့်ကာ ညုတုက လှစ်ခနဲ ထပြေး သွားတော့၏ ။
“ဟာ........မောင်သန့် နင် တံခါးမပိတ်ဘူးလား”
ပြုံးမြက ညုတုကိုဖမ်းဖို့ ပြေးလိုက်သွား၏ ။
“ သွားပါစေဟာ........ခြံထဲဆင်းဆော့ပါစေ”
“မောင်သန့်ရယ်........နင်မသိပါဘူး၊ ညစ်ပတ်ရွှဲနစ်လာတာဟဲ့၊ ဒီကောင် ခုတလော ဘယ်လိုလျှောက်ဆော့မှန်းမသိဘူး”
“အိမ်ထဲမှာ ပျင်းလို့ပေါ့ဟ”
“အမယ်........ပျင်းစရာလား”
“ဆော့ပါစေဟာ........ပေးဆော့လိုက်ပါ၊ သနားပါတယ်၊ ညစ်ပတ်လာတော့လည်း ဘာ ဖြစ် လဲ”
“ ဖြစ်တာပေါ့၊ ဟိုပေါ်လျှောက်တက်၊ ဒီပေါ်ခုန်တက်နဲ့ အကုန်လုံး လျှောက်ပေကုန်မှာ ၊ ငါ ရေမချိုးပေးအားဘူးနော်”
“အေးပါ........ သွားပါစေ၊ သူဆော့လို့ မောပြီးပြန်တက်လာတော့ ငါရေချိုးပေးလိုက်မယ်”
“ပြီးရော........နင်ချိုးပေးမယ်ဆို ပြီးတာပဲ”
“နင်ဘာလုပ်နေတာလဲ ပြုံးမြ”
မောင်စိန်ရောင် သန့်မေးတာကို မဖြေဘဲ “လာ လိုက်ခဲ့” ဟု ပြုံးမြက ခေါ်လိုက်၏ ။ နှစ် ယောက် အတူတူ ထမင်းစားခန်းထဲ ရောက်သွားကြသည်။
“ဟာ........ရှုပ်ပွနေပါလား”
“ငါဝတ်မယ့် ဂါဝန်ရှည်ကို စီးကွင့်ထိုးနေတာ”
“ဆိုင်မှာ အပ်လိုက် ပြီးရော”
“ဈေးကြီးဝယ် အများ ကြီးပေးရမှာ ဟဲ့၊ နှမြောစရာကြီး၊ ငါလည်း ထိုးတတ်နေတာပဲဟာ”
“ပင်ပန်းတာပေါ့”
“ရပါတယ်၊ ကိစ္စမရှိဘူး”
ပြုံးမြက ဖျာပေါ်ပြန်ထိုင်ချလိုက်ရင်း........
“ငါ့အစ်ကို မင်္ဂလာဆောင်ပဲဟဲ့၊ ဒီလောက်တော့ ပင်ပန်းမှာ ပေါ့၊ ပြီးတော့ ဒါ ငါတို့အိမ်ရဲ့ မင်္ဂလာဦးခေါ်တယ်၊ ပွဲဦးထွက်မင်္ဂလာပွဲ၊ ငါတို့က မောင်နှမနှစ် ယောက် တည်းရှိတာ”
“ဘာထူးလဲ........ငါတို့ရော ဘယ်နှစ် ယောက် ရှိလို့လဲ၊ ငါ့အစ်မ မင်္ဂလာဆောင်က ငါတို့ အိမ်ရဲ့ မင်္ဂလာဦးပဲ၊ နင်တို့ တစ်အိမ်တည်းမှ မဟုတ်ဘဲ”
“အေးပါ၊ ဟုတ်ပါတယ်”
ပြုံးမြက ခေါင်းညိတ်ပြီး မှု န်စိစိနှင့် တဖျတ်ဖျတ်လတ်နေသော ဘော်ကြယ်ချောင်းအရှည် လေးတွေ ကို ရွေးကောက်ယူပြီး ထိုးလက်စစီးကွင့်ကို ဆက်ထိုးဖို့ပြင်တော့ စိန်ရောင် သန့်က........
“နေပါဦးဟာ........ငါပြစရာရှိလို့” ဟု တား၏ ။
“ဘာလဲဟင်”
“ဖိတ်စာရပြီ၊ ဒီမှာ ကြည့်”
စိန်ရောင် သန့်က ပြုံးမြဘေးမှာ ထိုင်လိုက်ပြီး အိတ်ထဲက ပန်းနုရောင် ဖိတ်စာလှလှကို ထုတ်၏ ။
“ဟယ်........လှလိုက်တာနော်”
ပြုံးမြက ဖျတ်ခနဲဆွဲယူပြီး ကြည်နူးစွာ ရေရွတ်၏ ။
“ဒါက ဘယ်လိုပုံစံကြီးလဲ”
စိန်ရောင် ခန့်က စီးကွင့်ထိုးနေသော အင်္ကျီရှည်ကြီးကို ကောက်ယူကာကြည့်၏ ။
“ဟွန့်........မသိဘူးလား၊ အဲဒါ ရေသူမဂါဝန်ရှည်ပေါ့၊ လှတယ်မဟုတ်လား၊ ငါက ရှေ့ဆုံး ကနေ ပန်းကြဲရမယ့်သူဆိုတော့ အားလုံးထက်လှဖို့လိုတယ်”
“ဟုတ်တာပေါ့ သတို့သမီးထက် လှအောင်လုပ်”
စိန်ရောင် သန့်က မျက်ခုံးပင့်ပြီး ငေါ့လိုက်၏ ။
“အမယ်လေးနော်........နင့်အစ်မထက်တော့ ပိုပြီးမလှပါဘူး၊ စိတ်ချပါနော်၊ မင်္ဂလာပွဲမှာ သတို့သမီးဆိုတာ အလှဆုံးပဲ သိရဲ့ လား၊ အပေါ်လွင်ဆုံးဝတ်စုံနဲ့ ဘယ်သူနဲ့မှမတူဘူး၊ မရောဘူး၊ မမှားဘူး၊ ဘယ်သူ ဘာဝတ်ဝတ် သတို့သမီးကို မနိုင်ပါဘူး”
စိန်ရောင် သန့် ဖွဖွပြုံး၏ ။
သူ့စကားကို အထအနကောက်လွဲပြီ။
ပြုံးမြ ပြန်ချေပပုံက မကျေနပ်တာ ပေါ်လွင်သည်။
“ငါ အဲဒီ လို ပြောတာ မဟုတ်ပါဘူး”
ပြုံးမြက သူ့ကို မျက်စောင်းကလေးရွယ်၏ ။
“နင့်အစ်မထက် ပိုလှနေမလားလို့ စိုးရိမ်မနေပါနဲ့”
“ဟာ........အဓိပ္ပာယ်မရှိတာ၊ ငါ့အစ်မ ငါ့အစ်မနဲ့ ခွဲခြားပြောရအောင် နင့်အစ်ကိုနဲ့ယူမှာ နင့်ယောင်းမပဲဟာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်၊ နင်သည်းပုံကို ကြည့်မရတာ ”
စိန်ရောင် သန့်က ပြုံးမြကိုကြည့်ကာ ခေါင်းယမ်းသည်။
“အရမ်းစွာ တာပဲ၊ ငါ့သူငယ်ချင်းကို ဒီလောက်စွာ မှန်း မသိဘူး၊ ဆတ်ဆတ်ထိမခံဘဲ”
ပြုံးမြက သူ့ကို တစ်ချက်ပဲကြည့်ကာ ဖိတ်စာကို စူးစူးစိုက်စိုက်ကြည့်နေ၏ ။
“မောင်သန့်”
“ဟင်”
“နင် မသိချင်ယောင်ဆောင်ပြီး ပြန်မသွားနဲ့နော်၊ ညုတုကို ရေချိုးပေးရဦးမယ်”
“အေးပါ”
“နင်ပဲ ရှည်ပြီး လွှတ်ပေးလိုက်တာကိုး”
“ပြုံးမြရာ သွားပါစေ”
“ဘာ သွားပါစေလဲ၊ ဟွန်း”
“အေးပါ........ငါ ညုတုကို ရေချိုးပေးပါ့မယ်၊ ရေချိုးရင်းနဲ့ နင့်ကားပါ ဆေးပေးခဲ့မယ်၊ ဖုန်တွေ ချည်းပဲ၊ ကားလည်း ညစ်ပေ၊ ခွေးလည်းညစ်ပေ၊ လူလည်း........”
“အမယ်........မောင်သန့်နော် နင်က နာမည် ပဲသန့်တာ သိလား၊ ပြုံးမြတို့က ခုနကပဲ ရေချိုးပြီးပြီ”
သနပ်ခါးနံ့လေးသင်းနေတာကို စောစောကတည်းက သူ သတိပြုရှူရှိုက်ခဲ့မိ၏ ။
“ငါ နင့်ကို ပြစရာရှိသေးတယ်ဟဲ့”
“ဘာလဲ”
“မေ့နေတာ........မင်္ဂလာလက်စွပ်ကလေးတွေ ကိုကို သွားယူလာခဲ့ပြီ သိလား၊ အရမ်း လှတာပဲ”
“ဟုတ်လား”
နှစ် ဘက်မိဘအသိုင်းအ၀ိုင်းက သဘောတူကြည်ဖြူလိုလားစွာ အခမ်းအနားဆုံး ဖြစ်အောင် အချိန်ယူကာ စီစဉ်နေပါသော မင်္ဂလာပွဲမို့ ပြီးပြည့်စုံမှာ သေချာနေသည်။
ပြုံးမြက ကိုဦးနှင့် မမခြယ်တို့၏ လက်ထပ်မင်္ဂလာလက်စွပ်ကို သွားယူလာခဲ့၏ ၊
“လာလေ........ထမင်းစားပွဲမှာ သွားကြည့်ရအောင်”
“အေး........ကောင်းသားပဲ”
ထမင်းစားပွဲပေါ် လက်စွပ်ဘူးလေးနှစ် ခုကို ချလိုက်တော့ စိန်ရောင် သန့်က ဖျတ်ခနဲ လျင်မြန်စွာ ကိုကို့လက်စွပ်ကို ဘူးကလေးဖွင့်ကာယူလျက် လက်မှာ စွပ်လိုက်၏ ။
“ဟဲ့........ဟဲ့ သြော် အဲဒါ မ၀တ်ကြည့်ကောင်းဘူးလေ၊ သူများ မင်္ဂလာဆောင်လက်စွပ်ကို မောင်သန့်ရယ်၊ နင်က ခက်လိုက်တာ၊ ဘာမှန်းလဲမသိဘူး”
ပြုံးမြက နှုတ်ခမ်းစူကာရွတ်တော့ စိန်ရောင် သန့် မျက်နှာပျက်သွား၏ ။ ပြီးမှ ဟက်ခနဲ ရယ်လိုက်ကာ........
“နင်တော် တော် အတွေးခေါင်ပါလားဟ” ဟု ရှုံ့ချအပြစ်တင်လျက် စားပွဲပေါ်ချထားသော မမခြယ်၏ လက်စွက်ကလေးကို ကောက်ယူကာ ပြုံးမြလက်မှာ ၀တ်ပေးဖို့ အစွမ်းကုန်ကြိုးစား၏ ။
“ဟာ........မလုပ်နဲ့ မောင်သန့်နောင်၊ ကျိန်းကျေမှာ ငါကြောက်တယ်၊ ဖယ်........မ၀တ်ပါနဲ့ ဆို၊ လွှတ်လေ၊ နင်နော် လွှတ်”
ပြုံးမြလက်ကောက်ဝတ်ကို ဖမ်းချုပ်လျက် မရမက၀တ်ပေးလိုက်တော့သည်။
နှုတ်ခမ်းလေးကိုက်ကာ မျက်စောင်းရွယ်ရင်း စိတ်အနှောင့်အယှက်အလွန်တရာ ဖြစ်သွား မိပေမယ့် သူငယ်ချင်းကို စိတ်မဆိုးချင်တာရယ်၊ တဖျတ်ဖျတ်လက်နေသော စိန်လက်စွပ်ကလေး ကို ကိုဦးရွေးလာခဲ့ကတည်းက မျက်စိကျဝတ်ကြည့်ချင်ခဲ့တာရယ်။ ပြုံးမြလက်ချောင်းကလေးမှာ တိုင်းပြီးအပ်ထားသလို ကွက်တိအနေတော် လေးမို့ ကိုယ့်လက်ကလေး ကိုယ်ဖြန့်ကြည့်ကာ သဘောကျငြိမ်သက်သွားမိတာရယ်၊ မောင်သန့်ကို ပြစ်တင်စကား ထပ်မဆို ဖြစ်တော့ပါ။
“လှတယ်၊ နင်နဲ့အရမ်းလိုက်တာပဲ ပြုံးမြ”
စိန်ရောင် သန့်ကလည်း အားပါးတရပြော၏ ။
“မမြှော က်ပါနဲ့”
“တကယ်ပါဟ........နင့်လက်နဲ့ အရမ်းလိုက်တယ်”
“သွား........မောင်သန့် နင်ဇွတ်တရွတ်ပဲ”
ပြုံးမြက လက်စွပ်ကလေးကို ဖြည်းဖြည်းချင်းပြန်ချွတ်လျက် ဗူးကလေးထဲ ပြန်ထည့်သည်။
“မောင်သန့် ပေးတော့”
“ငါ့လက်နဲ့ လိုက်ရဲ့ လား”
“မလိုက်ဘူး၊ မလှဘူး”
“စိတ်လုပ်ပြန်ပြီ”
“ဟွန်း”
စိန်ရောင် သန့်လက်ကို ဖျတ်ခနဲဆွဲယူပြီး လက်စွပ်ကို ညင်ညင်သာသာ ချွတ်ယူလိုက်၏ ။
“ပြုံးမြ”
“ဟင်”
“နင်ရော အဲဒါမျိုးလေး မလိုချင်ဘူးလား”
“သွားစမ်းပါဟယ်”
“ငါဝယ်ပေးမယ်လေ”
“မောင်သန့်”
ပြုံးမြက သည်းမခံနိုင်ဘဲ အော်ပစ်၏ ။
“ငါ့ကို မောင်သန့် မောင်သန့်နဲ့ မခေါ်နဲ့”
“ခေါ်မှာ ပဲ”
“နင်က ငယ်တယ်လေ”
“ဘာ ဖြစ်လဲ၊ ငယ်ငယ် ကြီးကြီး”
“ငါက အိမ်မှာ အငယ်၊ ဖေဖေနဲ့ မေမေပြီးရင် မမ၊ ငါ့ထက်ကြီးတဲ့သူကြီးပဲ။ သူတို့ခေါ်သလို နင်ခေါ်ရင် ငရဲကြီးမယ်”
“မဆိုင်ပါဘူး”
ပြုံးမြက မျက်နှာကလေးမော့ပြီး မဖြုံသလိုလုပ်နေ၏ ။
ဂရုမစိုက်ပေါင်ဆိုသည့်အတိုင်း။
ထိုစတိုင်သည် ပြုံးမြ၏ မူပိုင်။
ပြုံးမြ၏ ထိုမူပိုင်ဟန်ကို စိန်ရောင် သန့်က မကြိုက်။
တစ်ခါတလေ မခေါ်မပြောဘဲ နေမိတာလည်း အဲဒီ ပုံစံကြောင့် ပါ။
စိန်ရောင် သန့်၏ မာနကို တူးဆွပြီး မခံချင် ဖြစ်အောင် လုပ်နိုင်လွန်းသော အပြုံး။
“မနက်ဖြန် မမခြယ် သတို့သမီးဝတ်စုံ သွားကြည့်မယ်ပြောတယ်၊ နင်လိုက်မယ်မဟုတ် လား”
“လိုက်မှာ ပေါ့ဟဲ့”
စပ်စုမကလေးပဲ နေရာတကာ ၀င်ပါသိချင်၊ စိန်ရောင် သန့်က သဘောပေါက်ပြီးသား။
“မောင်သန့်”
“ပြော”
“နင်........လက်စွပ်ဝတ်ကြည့်တဲ့ကိစ္စကို မမခြယ်ကို သွားမပြောနဲ့နော်”
“ပြောမှာ ပေါ့၊ ဘာ ဖြစ်လဲ”
“မကြိုက်ဘဲနေဦးမယ်”
“ခဏ၀တ်ကြည့်တာပဲ ဘာ ဖြစ်လဲ”
“မောင်သန့်ရယ်........နင်တော် တော် ဇွတ်တရွတ်နိုင်ပါလား၊ အဲဒါ သူများ မင်္ဂလာလက်စွပ် ဟဲ့၊ ခုလို မသိအောင်ဝတ်ကြည့်တာ ဘယ်ကောင်းမလဲ”
“ဘာမှမဆိုင်ဘူး”
“နင်မသိပါဘူး”
ထိုကိစ္စကို စိန်ရောင် သန့်ကဖြင့် မေ့တောင်မေ့သွားပြီ။ ရင်ထဲမှာ ဘာမှမရှိ။
တစ်စုံတစ်ရာ ရည်ရွယ်ချက်လည်း မရှိပါ။
မမခြယ်က ဘာလို့မကြိုက်ရမှာ လဲ။
“မောင်သန့်”
“ဘာ ဆရာမ ကြီးလုပ်ဦးမလဲ”
“ငါပြောပြမယ်”
“နားညည်းလာပြီ”
စိန်ရောင် သန့်က ရေခဲသေတ္တာသွားဆွဲဖွင့်သည်။
ရေခဲရေတစ်ဗူး ဆွဲယူပြီး မော့သောက်၏ ။
ပြုံးမြက မင်္ဂလာဧည့်ခံပွဲမှာ ပန်းကြဲပေးလျှင် ၀တ်မည့်  ရေသူမဂါဝန်ရှည်ကလေးကို စီးကွင့် သွားပြန်ထိုးဖို့ထိုင်ချရင်း ပင့်သက်တစ်ရှိုက်နှင့် ........
“ရှေးထုံးမပယ်ရဘူးဆိုတဲ့ စကားရှိတယ်လေ”
ဟု စပြီးပြောလာ၏ ။
“မင်္ဂလာပွဲသတို့သမီးရဲ့ လက်ထပ်လက်စွပ်တို့၊ မင်္ဂလာသတို့သမီးရဲ့ လက်ကိုင်ပန်းတို့၊ မင်္ဂလာအိပ်ရာတို့ အဲဒါတွေ က နက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်မျိုးဆောင်တယ်ဟဲ့၊ အယူအဆတွေ မျိုးစုံရှိတယ်၊ သိလား”
စိန်ရောင် သန့်က ပြုံးမြဘေးမှာ လာထိုင်၏ ။
“ရှင်းရှင်းပြောရရင် မ၀တ်ကြည့်ကောင်းဘူး”
“ဟာ........တော် ပါတော့”
ပြုံးမြကို သူက လက်ကာပြပြီးတား၏ ။
“ငါက စိန်လက်စွပ်ကို မျက်စိကျလွန်းလို့ ခဏ၀တ်ကြည့်တာ၊ ရှည်ရှည်ဝေးဝေးမတွေးမိ ပါဘူး”
“နောက်တစ်ခါ ဇွတ်မလုပ်နဲ့၊ ဒါပဲ”
“အေးပါ၊ ဟဲ........ဟဲ”
“ပြောင်ချော်ချော်နဲ့”
“ဟူး........မိန်းမတွေ တော် တော် ပစိပစပ်များ ပါလား၊ နားညည်းလာပြီ၊ လျှာရှည်လွန်း တယ်”
ပြုံးမြက ဆက်မပြောတော့ဘဲ ခေါင်းငုံ့ကာ အာရုံစိုက်ပြီး စီးကွင့်ထိုးနေ၏ ။
“မောင်သန့်၊........ညုတုကို ခေါ်လိုက်တော့လေ၊ ပေတလူးနေလောက်ပြီ”
“ဆော့ပါစေဦးဟာ........နင့်ကားလေးကို ငါအရင်ရေဆေးပေးမယ်”
“သွားဆေးပေါ့၊ ကောင်းတာပဲ”
“နင်လိုက်ခဲ့လေ”
“မပြီးသေးဘူးဟဲ့ ဒီမှာ ”
“ထားလိုက်ပါဟာ၊ ရက်တွေ အများ ကြီး ကျန်ပါသေးတယ်၊ ပြီးသွားမှာ ပါ”
ရေသူမပုံ ဂါဝန်ရှည်ကို စိန်ရောင် သန့်က ဆွဲယူလိုက်၏ ။
“အားပါး........လေးလိုက်တာ”
“အဟင်း”
“တော် ပြီ၊ ဆက်မထိုးနဲ့တော့ လေးနေပြီ၊ နင်ဘယ်လိုဝတ်မှာ လဲ၊ မင်္ဂလာပွဲက အကြာကြီး”
“ရပါတယ်၊ ၀တ်နိုင်ပါတယ်”
“လှဖို့ကို တော် တော် ဒုက္ခခံနိုင်တဲ့ နင်တို့စိတ်က တော် တော် ထူးဆန်းတယ်”
“ဘာ”
ပြုံးမြက မျက်လုံးကလေးပြူးသွားပြီး ချက်ချင်း တုံ့ပြန်၏ ။
“ငါတို့လှတာကို ငေးပြီး ကျေနပ်နေကြတဲ့ နင်တို့ယောက်ျားလေးတွေ က ပိုထူးဆန်းတာ သိရဲ့ လား”
“ဟား........ဟား စကားနိုင်လုချင်တာပဲသိတယ်၊ ကိုယ့်စကားက ဘယ်ရောက်သွားလဲ မသိဘူး”
“မောင်သန့်........နင်နော်”
ပြုံးမြက စိန်ရောင် သန့်လက်ဖျံကို လက်သည်းနှင့် ဖိဆိတ်ပစ်လိုက်၏ ။
“အား........နာလိုက်တာ”
“ကောင်းတယ်”
“အသားချင်း စာနာမှပေါ့”
“နင် စကားပြောဆင်ခြင်ရင် ငါက ဆိတ်မှာ လား”
“စကားနဲ့ နိုင်အောင်ပြောပေါ့”
“မပြောတတ်လို့ပေါ့ဟဲ့”
စိန်ရောင် သန့်က သူ့လက်ဖျံကို သူငုံ့ကြည့်ကာ........
“ပဲ့သွားပြီ” ရေရွတ်၏ ။
“ဟုတ်လို့လား”
အားနာသလိုလို ကရုဏာသက်သလိုလို နောင်တရသလိုလို အပြစ်လုပ်မိသလိုလို။
သိပ်ကောင်းတဲ့ အိုင်တင်ပါလား။
“ငါက ပဲ့မှပဲ့ပါ့မလား စိတ်ပူနေတာ”
ပြုံးမြက ရယ်ပြီး ၀န်ခံလိုက်၏ ။
ညာလို့မှမရတာ ။
စိန်ရောင် သန့်မျက်လုံးတွေ က သိနှင့် ပြီးသား။
“လာ........ညုတုကို ရေချိုးပေးရအောင်”
“နင်........ရေစိုကုန်မှာ ပေါ့၊ ကိုဦးဘောင်းဘီရှည် သွားယူပေးမယ်လေ”
“ရတယ်၊ ငါအိမ်ပြန်ရင် ရေချိုးမှာ ၊ မလိုပါဘူး၊ မြန်မြန်လာ”
စိန်ရောင် သန့်က ခြံထဲဆင်းသွား၏ ။
ပြုံးမြက ရေသူမဂါဝန်ရှည်ကိုကောက်ယူပြီး အခန်းထဲသွားထားပြီး သိမ်းစရာတွေ သိမ်း၏ ။
ပြီးတော့မှ ကားရေဆေးဖို့ လိုအပ်သမျှ စုံစုံလင်လင်ထည့်ထားသော လက်ဆွဲခြင်းကို ယူလာခဲ့၏ ။
ကားရေဆေးဖို့ ဆပ်ပြာရည်ဗူးရယ်၊ ခြောက်အောင်သုတ်ဖို့ အ၀တ်စရယ်၊ ဖုန်ခါဖို့ ကြက်မွှေး တံရယ်၊ ပြီးတော့ အတွင်းခန်းသန့်ရှင်းရေး အတွက် လယ်သာပေါ်လစ်ဗူးရယ်၊ ဘရပ်အကြီးအသေး နှစ် ခုရယ်၊ မှန်တွေ သုတ်ဖို့ မှန်ကြည်ဆေးရည်နဲ့ သတင်းစာစက္ကူ၊ တစ်ရှူးအကြမ်း၊ အစုံပါပဲ။
“ရော့........ရပြီ”
လက်ဆွဲခြင်းကို ကားဘေးချပေးကာ လှည့်ထွက်ဖို့ပြင်တော့ မောင်သန့်က........
“ခဏနေဦး........အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ ရေသန့်ဗူး ပါယူလာခဲ့” ဟု အမိန့်ပေး၏ ။
“ကိုယ့်ဟာကိုယ်ယူလိုက်၊ ဟိုစင်ကလေးပေါ်မှာ ရှိသားပဲဟာ”
ပြုံးမြက ပြန်ပြောသည်။
“စပယ်ယာဝှီးကြီးက ဘယ်လေက်ကြာကြာထားမှာ လဲဟ”
စိန်ရောင် သန့်က ခြံထဲက ရေပိုက်ခေါင်းလေးမှာ ရေပိုက်သွားစွပ်ပြီး ရေပိုက်ခေါင်းကလေး ကိုဖွင့်လျက် ရေပိုက်ကို ကားနားရောက်အောင်ဆွဲလာပြီး အပိုဘီးကို ခဏတပ်ထားသည့် ကား နောက်ဘီးကို တစ်ချက်ကန်ကာ မေးလာ၏ ။
“ပြန်မလဲရသေးတာ၊ နင်လဲလိုက်လေ၊ နောက်ခန်းထဲမှာ ရှိတယ်ဟဲ့”
“တောက်........တော် တော် အပျင်းထူတယ်”
စိန်ရောင် သန့်က ခေါင်းယမ်းကာ ရေရွတ်ပြီး ကားနောက်ဖုံးဖွင့်သည်။
တစ်ကားလုံး ဖုန်တွေ နှင့် ညစ်ပတ်နေအောင် ဘယ်လိုထားပါလိမ့်။ ကားလေးက လှပါရက်နဲ့။
ပြုံးမြကို ဆယ်တန်းအောင်လို့ ပြုံးမြဖေဖေက လက်ဆောင်ပေးထားသော တူးဒိုး(တံခါး နှစ် ပေါက်) ကားလေး။ အရောင် က အနီရဲလေး။
ပြုံးမြကိုယ်တိုင် တစ်ခါတလေမှမောင်းပြီး ကားဒရိုင်ဘာနှင့် စီးတာများ သည်။
ကားသန့်ရှင်းရေး ကို ပြုံးမြဂရုမစိုက်။ လုပ်လည်းမလုပ်ပါ။ စိန်ရောင် သန့်ကပဲ အမြဲလုပ်ပေး ရသည်။
“နင်အကျင့်ပါနေပြီ။ ငါလာလုပ်ပေးတာပဲ ထိုင်စောင့်နေသိလား။ ကားမောင်းတဲ့ ဦးလေး ကြီး ဆေးဖို့ပြောပါလားဟ”
“ဖေဖေ့ဒရိုင်ဘာကို ငါက ကပ်သုံးနေရတာ ၊ ဆေးခိုင်းလို့ ဘယ်ရမလဲဟဲ့”
ပြုံးမြက ခွေးလေးညုတုကို ရေချိုးပေးဖို့ ရှန်ပူဗူးရယ်၊ အမွှေးအမျှင်တွေ မြန်မြန်ခြောက် အောင် မှု တ်ပေးဖို့ ဒရိုင်ယာရယ် ပြီးတော့ ညုတုအမွှေးအမျှင်လေးတွေ နူးညံ့ပြောင်လက်ပြီး မွှေးကြိုင်နေအောင် လိမ်းပေးဖို့ခရင်မ်ဗူးရယ်။ ရှုပ်နေသော အမွှေးအမျှင်တွေ ကို ရှင်းပြီးပေးဖို့ ဘရပ်ရှ်ဘီးရယ် ထည့်ထားသည့် လက်ဆွဲခြင်းကိုဆွဲပြီး အနားရောက်လာသော ပြုံးမြကို စိန်ရောင် သန့်က ပြောလိုက်တာပါ။
“အဲဒါဆိုလည်း ကိုယ်တိုင်ဆေး၊ ပျင်းမနေနဲ့၊ ကားကိုလည်းကြည့်ဦး၊ မှတ်မိရဲ့ လား”
“မောင်သန့်ရယ်........ဆေးမှာ ဆေးစမ်းပါ”
ပြုံးမြက ညုတုရှိရာ ခြံဘေးတစ်ဖက်ကို ပြေးထွက်သွားပြီး ညုတုကိုကောက်ချီလျက် ဒန်းပေါ်သွားထိုင်သည်။
“အေး........အားကိုးရတယ် မဆိုးဘူး”
ကားဝိုင်းဆေးဖို့ စိတ်မကူး၊ ခပ်လှမ်းလှမ်းမှာ ခွေးကလေးနှင့် သွားဆော့ကစားနေတော့ စိန်ရောင် သန့် မကျေနပ်ချင်။
ကားဆေးနေသော ရေပိုက်ကိုဆွဲယူသွားပြီး ပြုံးမြကို ရေပိုက်နှင့်ပက်၏ ။
ညုတုလည်း လန့်ဖြန့်ပြီး ဒန်းပေါ်က ခုန်ဆင်းသည်။ ပြုံးမြက ရေပိုက်ကိုလက်နှင့် ကာရင်း
“ဟဲ့........စိုကုန်ပြီ၊ အအေးမိမယ် မောင်သန့်”
ပြုံးမြက ရှောင်ပြေးသည်။ စိန်ရောင် သန့်က ရေနှင့် မရမက ပက်၏ ။ ညုတုက ခပ်ဝေးဝေး မှာ သွားထိုင်ပြီး လှမ်းကြည့်ကာ ငြိမ်နေ၏ ။
နားလည်သလိုလို ဘာလိုလို။
“လာ........ညုတု မပြေးနဲ့၊ နင်လည်း အတူတူပဲ၊ ရေနဲ့ပက်မယ်”
“မောင်သန့်........ညုတုကို မလုပ်နဲ့လေ၊ ဖျားလိမ့်မယ်၊ သင်္ကြန်မရောက်သေးဘူးဟဲ့၊ ပိုးဝင်နေပြီလား၊ ဟာ........ရွှဲကုန်ပြီ ကဲဟယ်........ကဲဟယ်”
ပြုံးမြက ပြောမရပြေးမရတော့ စိတ်တိုလာပြီး ရေပိုက်ဆွဲလုကာ စိန်ရောင် သန့်ဘက် ပြန်ပက်တော့သည်။
“ဟေ့........ဟေ့ ငါကားဆေးရဦးမှာ ”
“မရဘူး၊ ရွှဲနစ်သွားအောင် ပက်မှာ ပဲ”
ပြုံးမြက သည်းကြီးမည်းကြီးဆိုတော့ စိန်ရောင် သန့်က ညုတုကို ပြေးယူကောက်ချီထား လိုက်၏ ။
“ညုတုစိုကုန်မယ်၊ မပက်နဲ့”
“စို........စို”
“ဟာ........ညုတု ဖျားမယ်လေ”
“ဖျား........ဖျား”
ညုတုကိုအကာအကွယ်ယူပြီး ပြုံးမြကိုတား၏ ။
“မောင်သန့် အစုတ်ပလုတ်၊ ဆံပင်တွေ တောင် စိုကုန်ပြီ၊ တော် တော် ရူးတယ်”
စိန်ရောင် သန့်က ပြုံးမြ ပွစိပွစိရေရွတ်တာကို သဘောကျနေတော့၏ ။
“စောစောကတည်းက ၀ိုင်းကူပါလား”
“အရမ်းလှတာပဲနော်”
“အေး”
ပြုံးမြက စိန်ရောင် သန့်ကို တိုးတိုးကလေးပြော၏ ။
“နင် အစမ်းဝတ်ကြည့်ပါလား”
“ဟင့်အင်း”
သတို့သမီးဝတ်စုံများ က စိတ်ကို တော် တော် ဖမ်းစားဆွဲဆောင်ပါသည်။ အရောင် အသွေးစုံ၊ ပုံစံဒီဇိုင်းစုံ၊ ဟိုတုန်းကလို အဖြူရောင် ချည်းမဟုတ်ဘဲ အ၀ါဖျော့၊ အနီရဲရဲ၊ ပြီးတော့ ခေါ်ရခက် သော အရောင် ဆန်းဆန်းလေးတွေ ။ လိမ္မော်ဝါ (Blue Berry)၊ ပြီးတော့ စိမ်းဝါ၀ါလေးတွေ ၊ မိုးပြာ ရောင် ဖျော့ဖျော အစုံပါပဲ။
“ရပါတယ်၊ နင်ကြိုက်တာတစ်စုံ သွားဝတ်ကြည့်ပေါ့၊ မမခြယ်က တစ်စုံယူမှာ ပဲဟာ”
“ဟာ........မဟုတ်တာ၊ ငါက သတို့သမီးလောင်းမှ မဟုတ်ဘဲ၊ မ၀တ်ကြည့်ချင်ပါဘူး”
“ဘာလဲ........ကျိန်းကျေမှာ စိုးပြန်ပြီလား”
စိန်ရောင် သန့်က သိနေသလို မေး၏ ။
“အဲဒီ လို ကျိန်းကျေစတမ်းဆို မင်းသမီးတွေ ၊ မော်ဒယ်တွေ ဘယ်လိုလုပ်မလဲ၊ ခဏခဏ ၀တ်နေရတာ ”
“အဲဒါ သူတို့အလုပ်ဟဲ့၊ ငါက မင်းသမီးမှမဟုတ်တာ မ၀တ်ကြည့်ချင်ပါဘူး”
“သဘော........သဘော”
ပြုံးမြက စိန်ရောင် သန့်ကို မျက်စောင်းကလေးရွယ်၏ ။ နှစ် ယောက် သား ခဏငြိမ်သက်နေ ပြီးမှ စိန်ရောင် သန့်က ပြောလာ၏ ။
“ဘာလိုလိုနဲ့ မင်္ဂလာဧည့်ခံပွဲရက် တဖြည်းဖြည်းကပ်လာပြီ”
“ဘာလဲ........နင်က ရင်ခုန်နေလို့လား”
“ရင်ခုန်ရအောင် ငါ သတို့သားမှ မဟုတ်ဘဲ”
မျက်နှာနီနီနှင့် စိန်ရောင် သန့်က ပြတ်ပြတ်ဖြေ၏ ။
“အင်းလေ........မင်္ဂလာဧည့်ခံပွဲတစ်ခုဆိုတာ သေသေချာချာစီစဉ်ကြည့်မှ ဘယ်လောက် အလုပ်များ တယ်၊ ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာ သိလာတယ်နော်”
“အင်း”
“မနက်ဖြန် မေမေတို့ အိပ်ရာအခမ်းအနားအတွက် သွားဝယ်ကြမှာ တဲ့”
“နင်လိုက်သွားဦးမလို့လား”
“ဟင်အင်း”
ပြုံးမြက ခေါင်းလေးယမ်းသည်။
“မလိုက်တော့ပါဘူး၊ ငါ့အင်္ကျီမပြီးသေးဘူး”
“ဟာ........နင်တော် တော် အပင်ပန်းခံပါလား၊ နည်းနည်း ပဲထိုးလည်း လှပါတယ်ဟာ၊ ဒီလောက်ကြီး စီးကွင့်တွေ ပါစရာမလိုပါဘူး”
“နင်မရှည်ပါနဲ့”
“နင်ပဲညည်း၊ ပြီးတော့”
“စီးကွင့်များ မှ လှမှာ ပေါ့”
“မပြောတော့ဘူး”
မမခြယ်က သတို့သမီးဝတ်စုံကလေးကိုဝတ်ပြီး ဖြည်းဖြည်းညင်သာ လျှောက်လာ၏ ။
“၀ါး........အရမ်းလှတာပဲ”
ပြုံးမြက အားပါးတရ ချီးမွမ်း၏ ။
ကိုဦး ကတော့ တည်ငြိမ်သော အပြုံးတစ်ခုနှင့် သူ့သတို့သမီးလောင်းကို ငေးကြည့်နေ၏ ။
“မောင်သန့်”
“ဟင်”
“မမခြယ် အရမ်းလှတာပဲနော်”
“အင်း”
စိန်ရောင် သန့် ကတော့ အစ်မရင်းမို့ မျက်နှာက ခပ်ပူပူ။ သက်ပြင်းလည်း ကြိတ်ချသည်။
“အဲဒါလေးပဲ ယူလိုက်မယ်”
မမခြယ်က ကိုယ်တိုင်ဆုံးဖြတ်၏ ။ ကိုဦးက ခေါင်းညိတ်ပါသည်။
ချစ်သူတွေ မဟုတ်ကြပေမယ့် ခြံချင်းကပ်ရက် တစ်အိမ်နှင့် တစ်အိမ် ၀င်ထွက်ရင်းနှီး မိဘတွေ က သဘောတူတော့လည်း နှစ် ယောက် စလုံးက မငြင်းဘဲ လက်ခံခေါင်းညိတ်ကြတာ လိုလိုလားလား။
ပြုံးမြ ကတော့ မျက်လုံးဝိုင်းကလေးနှင့် အားကျငေးမောကာ ကြည့်မ၀။
မမခြယ် ရင်ခုန်နေမလား။
ကိုဦးရော စိတ်လှုပ်ရှားနေမလား။
တစ်လှည့်စီကြည့်ကာ တွေးမိ၏ ။
စိန်ရောင် သန့်က ခေါင်းငုံ့ငုံ့နှင့် ခပ်လှမ်းလှမ်းသွားနေ၏ ။ သူက ဘာ ဖြစ်တာလဲ၊ အနေခက် မျက်နှာပူတာလားမသိ။ ပြုံးမြ ရယ်ချင်မိပါသည်။
“မောင်သန့်”
စိန်ရောင် သန့်ဘေးကို ရောက်သွားပြီး တစ်ခစ်ခစ်ရယ်မိ၏ ။ မျက်နှာတွေ တောင် နီလို့။
“နင်က ရှက်လို့လား”
“ဘာကို ရှက်ရမှာ လဲ”
သူက ခံရခက်စွာ ဘုတော၏ ။
“ရှက်ရမ်းမရမ်းပါနဲ့”
“ပြုံးမြ........နင် ငါ့ကိုလာမစနဲ့နော်”
“ဟင်း........ဟင်း........ဟင်း”
စိန်ရောင် သန့်က ခပ်တိုးတိုးတားမြစ်၏ ။
“နင် အရမ်းရယ်ရတာ ပဲ”
“ရယ်ရရင် ရယ်ပေါ့”
“အဲဒါ မျက်နှာပူစရာလားဟယ်”
“ပြုံးမြ”
ပြုံးမြက သူမာန်တော့ ပခုံးလေးကျုံ့ကာ မသိချင်ယောင်ဆောင်နေ၏ ။
“နင်လည်းတစ်နေ့ ယောက်ျားယူရမှာ ပဲ”
“အဲဒါ ဘာ ဖြစ်လဲ”
ပြုံးမြက ဂရုမစိုက်သလို ပြန်မေးလာ၏ ။
“နင်လည်း မိန်းမပဲလေ”
“သိသားပဲ”
“ငါ မပြောလိုက်ချင်ဘူး”
စိန်ရောင် သန့်က စိတ်ဆိုးလှသလို တရှူးရှူးနှင့် ။ သူငယ်ချင်းမိန်းကလေးမို့ နစ်နစ်နာနာ လည်း မပြောရက်ပေ။ စကားလုံး ရိုင်းရိုင်းကြမ်းကြမ်း သုံးလို့မရ။
မောင်သန့်ကိုကြည့်ကာ ပြုံးမြက ရယ်နေတော့သည်။
ပြုံးမြက ကော်ဖီနှစ် ခွက်ကို ဗန်းဖြူကလေးပေါ်တင်ကာ ယူလာခဲ့၏ ။
“ဟဲ့........သောက်”
“အေးပါ”
စိန်ရောင် သန့်ကို တိုက်တွန်းပြောဆိုရင်း ပြုံးမြက ကော်ဖီခွက်ကလေးကို ကောက်ယူ မော့သောက်၏ ။
ဘယ်လိုကနေ ဘယ်လို ဖြစ်မှန်းမသိ။
သေချာကိုင်ထားပါလျက် ဘယ်သူမှလည်း လာမတိုက်ပါပဲ ကော်ဖီခွက်က မှော က်ကျ ကုန်သည်။
စိန်ရောင် သန့်က ပြုံးမြအော်သံကြောင့် ဆတ်ခနဲ လှည့်ကာကြည့်၏ ။
“ဟာ........ပူသွားလား”
“အင်း”
ကော်ဖီခွက်ကို ကမန်းကတန်းပြန်ချထားပြီး မတ်တတ်ရပ်ကာ ၀တ်ထားသော ဂါဝန်ရှည် မိုးပြာနုကလေးကို လက်နှင့် ခါမိ၏ ။
ကော်ဖီက ခြစ်ခြစ်တောက်ပူမနေလို့သာ တော် သေးသည်။
“နင်ကလည်းဟာ ပျာပျာ ပျာပျာနဲ့”
“ဘယ်မှာ ပျာလို့လဲ၊ သေချာကိုင်ထားတာပဲ၊ စိတ်ရှုတ်လိုက်တာ”
“အပူလောင်ကုန်ပြီမဟုတ်လား၊ အင်္ကျီသွားလဲလေ၊ ရှက်ပြီးငြိမ်မနေနဲ့”
“ဟွန်း........ဘာလို့ရှက်ရမှာ လဲ၊ မပူတော့ပါဘူး၊ ပူရင်လား ဒီလိုနေနိုင်မှာ ”
“အင်း........ပြီးတာပဲ မပူရင်လည်း”
စိန်ရောင် သန့်က တီဗွီဖန်သားပြင်ဘက် မျက်နှာပြန်လှည့်သွား၏ ။
ပြုံးမြက ကော်ဖီတစ်ခွက်သွားပြန်ဖျော်ပြီး ယူလာရင်း........
“မောင်သန့်” ဟုခေါ်၏ ။
“ဟင်”
စိန်ရောင် သန့်က အက်ရှင်ဇာတ်လမ်းကို စိတ်ဝင်တစားနေလိုက်ပုံများ နှုတ်ကသာ “ဟင်” ဟု ထူးလိုက်တာ။ လူက လှည့်မကြည့်။
“ဟဲ့........ပြောစရာရှိလို့ပါဆို”
“ပြောလေ၊ နားထောင်နေတာပဲ”
“နားထောင်တာကလည်း တီဗွီထဲ မျက်လုံးရောက်တော့မယ်၊ ငါ့ဘက်လှည့်ပါဦး”
စိန်ရောင် သန့်က ဇာတ်လမ်းကြည့်မပျက် ပြန်ပြော၏ ။
“နားကနားထောင်တာ၊ မျက်စိနဲ့ နားထောင်ရမှာ လား၊ မျက်စိက တီဗွီကြည့်နေလို့မရဘူး လား”
ကပ်သီးကပ်ဖဲ့မေးတာကြောင့် ပြုံးမြက စိတ်တိုပြီး ကော်ဖီသောက်နေလိုက်၏ ။
“ပြောလေ........ဘာပြောမလို့လဲ”
သည်လိုတော့လည်း စိန်ရောင် သန့် မတင်းမာနိုင်။ ပြုံးမြဘက် လှည့်ကြည့်လာ၏ ။
“ကြည့်ပါ၊ ကြည့်ပါ၊ ဇတ်လမ်းက ပြီးကာနီးပြီပဲ။ ဒါ နောက်ဆုံးဖိုက်တင်ခန်း။ ကြည့်လိုက်ဦး လေ၊ ဇတ်လမ်းပြီးမှ ခြံထဲဆင်းရင်း ပြောမယ်”
ကြည်ကြည်သာသာခွင့်ပေးလိုက်တော့ စိန်ရောင် သန့်က နှုတ်ခမ်းတွေ ပြုံးသွား၏ ။
“အရမ်းလိမ္မာနေပါလား”
ပြုံးမြကို အံ့အားသင့်၏ ။
“ကော်ဖီသောက်ပါဦး”
စိန်ရောင် သန့်ကို ကော်ဖီခွက်လှမ်းပေးပြီး ခြံထဲဆင်းလာခဲ့၏ ။
ခြံထဲမှာ ဟိုဘက်သည်ဘက်လျှောက်ရင်း ပင့်သက်ရှိုက်မိ၏ ။ စိတ်ထဲမှာ ရှုပ်ထွေးနေသည်။ အခုတလော မကြာခဏ ခလုတ်တိုက်မိသည်။ ကိုင်သမျှ လွတ်ကျမှော က်ကျတတ်သည်။
ပြုံးမြကပဲ ပေါ့တီးပေါ့ဆနိုင်လွန်းတာလား။ ဇဝေဇ၀ါနှင့် စိတ်ထဲထင့်လာ၏ ။
မင်္ဂလာဧည့်ခံပွဲကဖြင့် အရမ်းနီးကပ်နေပါပြီ။ အားလုံးလည်း အဆင်ပြေချောမွေ့စွာ ။
“ပြုံးမြ”
စိန်ရောင် သန့်က ခြံထဲဆင်းလိုက်လာ၏ ။
“ပြီးသွားပြီလား”
“အေး........ပြောလေ ဘာလဲ၊ ငါပြန်တော့မယ်”
မေးရင်းပြောရင်း နှုတ်ဆက်လာ၏ ။
“လသာတယ်နော်”
“ဘာလဲ ကဗျာစပ်မလို့လား”
စိန်ရောင် သန့်က နောက်၏ ။
ပြုံးမြက ကြယ်တွေ စုံလင်သော ကောင်းကင်ကို လက်ကလေးပိုက်ကာ မော့်ကြည့် နေ၏ ။
“ကဲ........ပြောလေ၊ ပြောစရာရှိတယ်ဆို”
“အင်း........ငါ ခုတလော ခဏခဏ ဟိုဟာပြုတ်ကျလိုက်၊ ဒီဟာလွတ်ကျလိုက်နဲ့ လမ်းသွားရင်း ခလုတ်တိုက်တာလည်း များ ပြီ”
“ဟက်........ဟက် နင်က နမော်နမဲ့နိုင်တာကိုး”
စိန်ရောင် သန့် ရယ်စရာလို သဘောထား၏ ။
“မောင်သန့်နော်........ငါတကယ်ပြောတာပါဆို”
“အေးလေ........နင် ပေါ့တီးပေါ့ဆနိုင်လို့ ဖြစ်တာပါဟာ ဆန်းလို့လား”
“ဆန်းတာပေါ့၊ အစကမှ မ ဖြစ်ဘဲ”
“လုပ်ပြန်ပြီ”
စိန်ရောင် သန့်က မျက်ခုံးရှုံ့ကာ ကြည့်၏ ။
“တကယ်ပါဆို........မနက်ကလည်း သွားပွတ်တံကိုကိုင်ပြီး သွားတိုက်ဆေးညှစ်ချတာ ပြုတ်ကျသွားတ်။ သနပ်ခါးသွေးတော့လည်း သနပ်ခါးတုံး ခြေတောက်ပေါ် ပြုတ်ကျပြန်ရော”
“ပြီးတော့ရော”
“ခုတင်စွန်းနဲ့ တိုက်မိတယ်၊ ကားပေါ်ကဆင်းတော့လည်း လိမ့်ကျတော့မလို ဖြစ်သေး တယ်”
“အဟား........ဟား နင်ရယ်ရသားပဲ”
“မောင်သန့်နော်........လာမစနဲ့၊ ငါ နမော်နမဲ့နိုင်တာတို့ ပေါ့တီးပေါ့ဆနိုင်တာတို့ဆိုရင် ခါတိုင်း ဘာလို့အဲဒီ လောက်မ ဖြစ်လဲ”
“မင်္ဂလာဆောင်မှာ ကိုဦးနဲ့ မမခြယ်ပါဟာ။ နင်က စိတ်တွေ ဒီလောက် လှုပ်ရှားစရာမလို ပါဘူး”
စိန်ရောင် သန့်က ရွှတ်နောက်နောက်မို့ ပြုံးမြက ထပ်မပြောတော့ဘဲ နှုတ်ခမ်းစူကာနေမိ၏ ။
“ငါပြန်တော့မယ်၊ နင်လည်း အိမ်ပေါ်တက်တော့”
“အင်း”
စိန်ရောင် သန့်က နှုတ်ဆက်ပြီး ပြန်သွာ၏ ။
ကိုယ်ကသာ စိတ်ထင့်နေတာ မောင်သန့်ကို ဖွင့်ပြောလိုက်တော့ ရယ်စရာတစ်ခုလို ဖြစ်ကာနေ၏ ။
ပြုံးမြတို့အိမ်ဖက်က ပြန်လာပြီး စိန်ရောင် သန့်က ရေချိုးသည်။ ထမင်းနည်းနည်း စားသည်။ ပြီးတော့ အခန်းထဲမှာ စာအုပ်ဖတ်ကာနေမိ၏ ။
မျက်လုံးအစုံက အိပ်ငိုင်နေပေမယ့် ထမင်းစားထားတာ မကြာသေးတော့ အိပ်ရာပေါ် မလှဲချင်။
အခန်းထဲက မီးချောင်းသုံးချောင်းစလုံးပိတ်ကာ စာကြည့်မီးပဲ ဖွင့်ထားလိုက်၏ ။
စာအုပ်ဖတ်ရင်း ရေဆာလာသလိုရှိတာမို့ အခန်းပြင်ထွက်ကာ ရေခဲသေတ္တာရှိရာ လျှောက် လာခဲ့၏ ။
ရေခဲသေတ္တာကို ဆွဲဖွင့်ကြည့်ကာ ရေခဲရေတစ်ဗူးဆွဲယူလိုက်တော့ ရေခဲရေက ရေခဲတုံး ဖြစ်နေ၏ ။
ကျွတ်........။
စိန်ရောင် သန့်က လှေကားအတိုင်း အောက်ထပ်ကို ဆင်းလာခဲ့၏ ။ အောက်ထပ်ထမင်းစား ခန်းမှာ က ရေပူရေအေးသောက်ရေသန့်စက်ရှိသည်လေ။
ဖန်ခွက်ရှည်တစ်ခုနှင့် ရေတစ်ခွက်ထည့်ယူမော့သောက်ရင်း ဘာရယ်မဟုတ် မျက်လုံး အကြည့်က ခြံပြင်ရောက်သွား၏ ။ ကားတစ်စီးရပ်ထားလို့ပါလား၊ ဘယ်ကကားပါလိမ့်။
စိန်ရောင် သန့်က ပြတင်းပေါက်ဘေးသွားရပ်ကာ စူးစိုက်ကြည့်မိ၏ ။ မှော င်ရိပ်ထဲမှာ ရပ်ထားပေမယ့် ကားက အဖြူရောင် မို့ သေချာမြင်ရသည်။
“ဟင်”
စိန်ရောင် သန့် အံ့သြသွား၏ ။
မမခြယ်ပါလား။
ခြံရှေ့တံခါးဆီ သွက်သွက်ကလေး လျှောက်လှမ်းသွားသော အရိပ်တစ်ခု။
မမခြယ် ဘယ်သွားမလို့လဲ။
စိန်ရောင် သန့်က ဖန်ခွက်ကို လက်ထဲကိုင်ထားရင်း မလှုပ်မယှက် ခြေစုံရပ်ကြည့်နေမိ၏ ။
ခြံတံခါးအ၀င်ဝမှာ ပေါ်လာသူက အမျိုးသားတစ်ဦး၊ မမခြယ်က ခေါင်းလေးတခါခါ လက်ကလေးတခါခါနှင့် ငြင်း၏ ။
ခြံတံခါးကို အနည်းငယ်ဖွင့်ပေးလိုက်တော့ နှစ် ယောက် စလုံးကို စိန်ရောင် သန့် သဲသဲကွဲကွဲ မြင်ရ၏ ။
ထိုလူ ဘယ်သူလဲ။ မမခြယ် ချစ်သူလား။
မမခြယ်နှင့် ဘယ်လိုပတ်သက်လဲ။
သူဘာလို့ လုံးဝမသိခဲ့တာလဲ။
မမခြယ်ကရော ဘာလို့ မပွင့်လင်းတာလဲ။
တစ်ဖက်က တဇွတ်ထိုးသမားလား။
နှစ် ဦးသဘောတူဆို မမခြယ်က ကိုဦးကို ဘာလို့ခေါင်းညိတ်လဲ။
အားလုံးစီစဉ်ပြီးချိန်အထိ သည်ဇာတ်လမ်းက မပြီးသေးဘူးလား။
စိန်ရောင် သန့်က ခေါင်းထဲမှာ အတွေးပေါင်းများ စွာ တရစပ်ဝင်လာ၏ ။
ဟား........ဘယ်လိုလုပ်ကြမလဲ။
မှားနေပြီ။
စိန်ရောင် သန့်က ခေါင်းယမ်းသည်။
သူ့ကိုယ်သူလည်း အံ့သည်။
မမခြယ်မှာ တခြားသူ တစ်ယောက် ရှိနေတာ လုံးဝမသိခဲ့ပါ။ သူ တော် တော် ညံ့ပါလား။ သည်မောင်နှမနှစ် ယောက် တည်းရှိကြသည့်ဟာ။
ဖေဖေ မေမေတို့က လူကြီးတွေ မို့ မသိကြတာထားပါတော့။ သူက မောင်နှမရင်း ဖြစ်ပြီး လုံးဝမရိပ်မိခဲ့ပါ။
မမခြယ်ကလည်း သိုသိပ်ပိရိလွန်းလှပါရောလား။ ဘာလို့ မပွင့်မလင်း ပုန်းလျှိုးကွယ်လျှိုး လုပ်ရတာ လဲ။
ဖေဖေ မေမေတို့ သိရင်မလွယ်။ ပြီးတော့ ပြုံးမြတို့မိသားစု။ ခြံချင်းကပ်ရက်နေကြတာ။ တစ်ယောက် ယောက် တွေ့ သွားနိုင်သည်။
အတင့်ရဲလွန်းပါလား။
မမခြယ်က မကြာခင်ရက်အတောအတွင်းမှာ မင်္ဂလာဆောင်တော့မည့်  သတို့သမီးလောင်း ပါ။
သည်မြင်ကွင်းကို စိန်ရောင် သန့် တုန်လှုပ်သွား၏ ။ ခေါင်းပူသွား၏ ။ ဘာကိုဘယ်လို ဖြေရှင်း ရမှန်းမသိ။ မမခြယ်ကို ဘယ်လိုပြောသင့်သလဲ။ လူကြီးမိဘတွေ ကို ဖွင့်ဟအသိပေးသင့်သလား။
ခက်လိုက်တာကွာ။
ချက်ချင်း လိုပဲ မမခြယ်က ခြံဝင်းတံခါးပိတ်ပြီး အိမ်ဘက်အပြေးတစ်ပိုင်း ပြန်လျှောက် လာ၏ ။
စိန်ရောင် သန့်လည်း အပေါ်ထပ်ကို ချက်ချင်း ပြေးတက်လာ၏ ။ လောလောဆယ် မမခြယ် နှင့် မျက်နှာချင်းမဆိုင်ချင်။ ဘယ်လိုလုပ်ရမှန်းမသိအောင် ခေါင်းထဲ ရှုပ်ထွေးနေသည်။
မမခြယ်၏ သဘောထားက ဘယ်လိုပါလိမ့်။
တစ်အိမ်သားလုံ မျက်နှာပျက်အောင်တော့ မမခြယ်လုပ်ရက်မှာ မဟုတ်ပါ။
ဘာတွေ လဲကွာ။
စိန်ရောင် သန့် အရမ်းစိတ်ညစ်သွား၏ ။
ပိုပြီးဆိုးတာက တစ်ယောက် ယောက် ကို ဖွင့်ပြောပြတိုင်ပင်လို့မရ။ သူ တစ်ယောက် တည်းပဲ သိသေးတာ။ သူသိတာကို မမခြယ်လည်း မသိသေးပေ။
အိပ်ရာစွန်းမှာ ၀င်ထိုင်ရင်း သူအသက်ရှုမြန်နေမိ၏ ။ ပြဿနာက မထင်မှတ်ဘဲ သူ့ဆီ တည့်တည့်ဝင်လာသည်။ စောစောကမြင်ကွင်းကို မတွေ့ မမြင်ခဲ့လျှင် အကောင်းသား။ ခုတော့ စိတ်ရှင်းအောင် တစ်ခုခုတော့ မမခြယ်ကို မေးရတော့မည် ။
မမခြယ် ဘယ်လိုဆုံးဖြတ်ထားသလဲ။
အဲဒါ အရမ်းအရေး ကြီးသည်။
ရှည်ရှည်ဝေးဝေးလည်း သူဆက်ပြီး မတွေးချင်။ ရင်တွေ ပူလာမှာ စိုးလို့ပါ။
တွေးမကြည့်ရဲလောက်အောင် သူတုန်လှုပ်သွားခဲ့ပြီ။ ခုနတုန်း ကတော့ ပြုံးမြ၏ စကားတွေ ကို သူရယ်စရာသက်သက်ထင်ထားခဲ့သည်။
မ ဖြစ်နိုင်တာ၊ အဓိပ္ပာယ်မရှိတာတွေ ဟု မပြောခဲ့ရုံတမယ်။ ခုတော့လည်း စိုး၇ိမ်စိတ်က သူ့ရင်ထဲ ကြီးစိုးလွှမ်းမိုးလာ၏ ။
ညက ပူလောင်သော အတွေးများ နှင့် ညဥ့်နက်အောင် အိပ်မပျော်ဘဲ ရှိခဲ့ပေမယ့် မိုးလင်း တော့လည်း လူက ဆတ်ခနဲနိုးလာခဲ့ပါသည်။
အိပ်ရာထက်မှာ ငုတ်တုတ်ထထိုင်ရင်း ဘယ်လိုဆုံးဖြတ်ရမှန်းမသိ။ လမ်းစပျောက်နေသော လူလို ယောင်ချာချာနှင့် ။ သည်ကိစ္စက ပေါ့တန်တန်ထား၍ မရ။ မမခြယ်က သူ့ချစ်သူအပေါ် ဘယ်လောက်လေးနက်တန်ဖိုးထားမှန်းမသိ။
သည်ဘက်မှာ က အားလုံးလည်း စီစဉ်ပြီးသား။
အိပ်ရာဘေးက ဖုန်းမြည် လာတော့ စိန်ရောင် သန့်က တော် တော် နှင့် မထူးမိပါ။
သုံးလေးချက်မက မြည် လာမှပဲ ကောက်ယူထူးမိ၏ ။
သူ့စိတ်တွေ အင်မတန်မွန်းကြပ်နေ၏ ။
“ဟဲ့........အိပ်ပုတ်လှချည်လား၊ ဘယ်အချိန်ရှိပြီလဲ သိရဲ့ လား၊ အံ့ပါရဲ့ နော်”
နံနက်စောစော ပြုံးမြဆီက ဖုန်း ဖြစ်နေသော အခါ သူပိုပြီး စိတ်ရှုပ်သွား၏ ။
ပြုံးမြ။
နင်ဘာမှမသိဘူးနော်။
ခက်တယ်။
ဒီကိစ္စမလွယ်ဘူး။
“ဟဲ့........မောင်သန့်”
“အေးပါ........နားထောင်နေပါတယ်၊ ပြော”
“အမယ်လေး........ပြန်အိပ်ပျော်သွားပြီလားလို့”
“မအိပ်ပါဘူးဟာ”
ပြုံးမြက ခစ်ခနဲရယ်၏ ။
“ငါ အေရိုးဗစ်လည်း ကစားပြီးပြီ၊ ရေလည်းချိုးပြီးပြီ”
“ဒီနေ့အော့ဖ်(အားလပ်ရက်) လား”
“ဟုတ်တယ်”
“မနေ့ညက ပြောမှမပြောတာ”
“မေ့သွားတာ၊ ဒါနဲ့ နင်အားလား”
“အခုလား”
“အေးပေါ့”
“အားပါတယ်၊ ငါ ဒီနေ့ ခွင့်တင်လိုက်မယ်”
“ဘာလို့”
ပြုံးမြက ရုတ်တရက်မေးလာတော့ ပြန်မဖြေတတ်။ အမှန်အတိုင်းလည်း မပြောပြချင်။
“ဒီလိုပါပဲ တစ်နေ့တလေ နားကြည့်မလားလို့ပါ။ အော့ဖ်က မနက်ဖြန်ဆိုတော့ ငါ နှစ် ရက် ဆက်တိုင် အားသွားမယ်”
“အဲဒါဆို ပြီးရော”
“နင်ဖုန်းဆက်တာ ဘာကိစ္စ”
“လာခဲ့လေ၊ ပြောမှာ ပေါ့”
“အခုပြောလေ”
“ထွေထွေထူးထူးမဟုတ်ပါဘူး၊ ကိုဦးနဲ့ မမခြယ်အတွက် မင်္ဂလာလက်ဖွဲ့ သွားဝယ်မလား လို့ပါ”
“အင်း........လာခဲ့မယ်လေ”
“ငါ စောင့်နေမယ်”
ဖုန်းပြောပြီးတော့မှ စိန်ရောင် သန့ အိပ်ရာထက်ကဆင်းသည်။ ရင်ထဲမှာ ခုလုခုလုနှင့် ဘ၀င် မကျ အနည်မထိုင်။
မမခြယ်ကို တစ်ခုခုတော့ မေးမှ ဖြစ်မည် ။
သူအောက်ထပ်ကို ဆင်းလာခဲ့၏ ။
မမခြယ်က ကော်ဖီခွက်ကလေးကို လက်ထဲကိုင်လျက် ထမင်းစားခန်းပြတင်းပေါက်ကနေ ခြံဝင်းထဲငေးနေ၏ ။
သူဖျတ်ခနဲ မမခြယ်ဘေးနား ရောက်သွားမိ၏ ။ မေမေက ခပ်လှမ်းလှမ်းမှာ ဟင်းချက်ဖို့ ပြင်ဆင်ညွှန်ကြားနေ၏ ။
“မမခြယ်”
“သြော်........မောင်လေး နိုးပြီလား၊ ဂွတ်မောနင်း”
“ဂွတ်မောနင်းပါ မမ”
စိန်ရောင် သန့်က မမခြယ်ကို စူးစိုက်ကြည့်ကာ အောင့်အီးမထားနိုင်ဘဲ ချက်ချင်း မေးလိုက် ၏ ။
“ညက ဟိုလူ ဘယ်သူလဲ”
“ဟင်”
“မမခြယ် ညက ခြံထဲဆင်းတွေ့ တဲ့လူ”
“ချလွမ်း”
စိန်ရောင် သန့်မေးခွန်းအဆုံးမှာ မမခြယ်က မျက်လုံးလေးပြူးသွားပြီး လက်ထဲက ကော်ဖီ ခွက်ကို ယောင်ယမ်းလွှတ်ချလိုက်၏ ။
“ဟဲ့........သြော် သမီး........ခြယ်၊ ဘယ်လို ဖြစ်တာလဲ စောစောစီးစီး”
မေမေက မမခြယ်အနားကို အပြေးတပိုင်းရောက်လာ၏ ။ အရမ်းစိုးရိမ်သွားပုံ။
“ပူသွားလား သမီး၊ ခြေထောက်ဆူးမိမယ်နော်၊ လာ........လာ ဒီဘက်ကိုလာ၊ တံမြက်စည်း တစ်ယောက် ယူလာခဲ့၊ ဒီမှာ လှည်းရမယ်၊ သမီး စူးမိသေးလား”
“ဟင့်အင်း”
“ဘုရား........ဘုရား တော် သေးတာပေါ့”
မေမေက သတို့သမီးလောင်း မမခြယ်ကို စိတ်ပူ၍ မဆုံး။ တတွတ်တွတ်ပြောကာ မေးကာ ဂရုစိုက်မဆုံး။
“သေချာကိုင်မှပေါ့၊ သတိထားမှပေါ့၊ ဒါမျိုးမ ဖြစ်ကောင်းဘူးလေ”
“ဟုတ်ကဲ့”
မမခြယ်က မျက်နှာကလေးပျက်ကာ စိန်ရောင် သန့်ကို လှမ်းကြည့်၏ ။ သူမေးတာကို မဖြေ သေးပါ။ မေမေ ရောက်လာတာကို အခွင့်ကောင်းယူပြီး မဖြေ။ မေမေက စိန်ရောင် သန့်ကို တစ်ချက်ကြည့်၏ ။
“သားငယ်........မောင်သန့်”
“ဗျာ”
“ကော်ဖီဓာတ်ဗူးထဲက ကော်ဖီတစ်ခွက်ထည့်လာခဲ့လေ၊ ဘာရပ်ငေးကြည့်နေတာလဲ”
စိန်ရောင် သန့် ဘာမှမတတ်နိုင်ဘဲ လှည့်ထွက်လာခဲ့ရ၏ ။ အဲဒါတောင် မေမေက စောစော စီးစီး အစ်မကိုလန့်အောင် ဘယ်လိုစလိုက်တာလဲဟု မေးနေသေးသည်။
သူက ဘာမှပြန်မပြောတော့ပါ။
မမခြယ်က အရမ်းထိတ်တလန့် ဖြစ်သွားသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ညကမြင်ခဲ့သော လူကို မမခြယ်လေးနက်မှန်း သိသာသည်။
ဘာလို့ ဒီလိုအခြေအနေရောက်ရတာ လဲ။
စိန်ရောင် သန့် နားမလည်နိုင်အောင်ပါ။
ရေမိုးချိုးအ၀တ်အစားလဲပြီး ပြုံးမြရှိရာ ထွက်လာခဲ့၏ ။ မမခြယ်ကို ဘာမှလည်း ထပ်မမေးချင်။ မေးခွင့်လည်းမရ။ မေမေက မမခြယ်ဘေးမှာ ထိုင်ပြီး စကားတွေ ပြောနေတာ။
![]() ယိမ်းနွဲ့နွဲ့ချစ်သံစဉ် | ![]() ချစ်မိသော နှလုံးသားမှာ အကြောင်းပြချက် မရှိပါ | ![]() ပန်းနုရောင်စက္ကူစွန် အနီရောင်ကြိုးတစ်စနှင့် . . . |