စာရေး သူ၏ အမှာ စာ
၁၅ အုပ်မြောက်အထိ တောက်လျှောက်အားပေးလာသော ကျွန်တော် ၏ ပရိသတ်များ . . .
ဤစာအုပ် ဖြစ်မြောက်ရေး အတွက် ဓာတ်ပုံနှင့် မီးပုံးပျံဆိုင်ရာ Data များ ချီးမြှင့်ပေးသော ဘကြီးဦးရဲမြင့်နှင့် တောင်ပိုင်း မီးပုံးပျံအဖွဲ့သားများ . . .
မီးပုံးပျံပွဲတော် ကြီးကို ချစ်မြတ်နိုးကြသော တောင်ကြီးသူ၊ တောင်ကြီးသားများ နှင့် အနယ်နယ်အရပ်ရပ်မှ မီးပုံးပျံချစ်သူ ပရိသတ်များ . . .
ကျွန်တော့် အား တောက်လျှောက် အားပေးခဲ့သော ကျွန်တော် ၏ ထုတ်ဝေသူ ကိုမိုး၊ ကျွန်တော့် အစ်ကိုကြီး ဆရာမျိုးကိုမျိုးနှင့် ဆရာထူးဆွေအောင်၊ ဘော်ဒါကြီးနှိုးစက် (ခေါ်) မိုးဆက်နှင့် ကျွန်တော် ၏ ဘော်ဒါများ အားလုံး။
ဝတ္ထုဇာတ်ကောင်နေရာတွင် သူမ၏ အမည် ကို ဇွတ်သုံးခိုင်းသော (အဲလေ . . . ယောင်လို့) သုံးခွင့်ပြုသော ကျွန်တော့် သူငယ်ချင်း ခင်ဖြူပုလဲ။
ကျွန်တော့် ကလောင်နာမည် ကို မှားခေါ်သလိုခေါ်၊ တစ်ခါတလေ လုံးလုံးမေ့နေတတ်သော ဘော်ဒါများ အားလုံး . . .။
ကျေးဇူးတင်ရန်ကျန်ရှိသူများ အားလုံး . . . အားလုံးသို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
ပြည့်ပိုင်မှူးအိမ်
ဤစာအုပ်တွင် ပါဝင်သော အကြောင်းအရာများ မှားယွင်းစွာ ပါဝင်ခဲ့သည်ရှိသော် ခွင့်လွှတ်နားလည်ပေးပါရန်နှင့် မှားယွင်းမှု အားလုံးသည် ကျွန်တော် ၏ လေ့လာမှု ချို့ယွင်းခြင်းကြောင့် သာလျှင် ဖြစ်ပါကြောင်း။ ။
ပြည့်ပိုင်မှူးအိမ်
“မင်းကိုတောင် ပုလဲက မေးနေသေးတယ်”
မေးနေသေးတယ်တဲ့လား။ ဘာရယ်မဟုတ်။ ဖျတ်ခနဲ ကျွန်တော့် ရင်တို့ ခုန်သည်။ ‘ခင်ဖြူပုလဲ’ ဆိုသော သူမသည် နာမည် ကြားရရုံဖြင့် ပင် ရင်ခုန်စေအောင်ပင် နှလုံးသားကို လှုပ်ခါစေသူ ဖြစ်သည်။
မိုးသည်းသည်းကြောင့် ချမ်းစိမ့်နေသည့်ကြားက ရင်မှာ နွေးခနဲ ခံစားလိုက်ရသည်။ သူမသည်ကား ထိုသို့ ကျွန်တော့် ရင်ကို နွေးစေသူ။
“ဘာမေးတာလဲ . . .”
“သြော် . . . မသေသေးဘူးလားတဲ့ . . .”
“ဟာကွာ . . . ငါက အကောင်းမှတ်လို့ . . .”
မျက်နှာကြီးနီရင်း ရှက်အမ်းအမ်း ဖြစ်သွားသော ကျွန်တော့် ကိုကြည့်လျက် အာကာဟိန်းက ‘တခွီးခွီး’ ဖြင့် သဘောတကျရယ်သည်။
မင်းဆက်နိုင်ကပါ ‘တဟီးဟီး’ လိုက်ရယ်သည်။ အားရအောင် အတန်ကြာကြာ ရယ်ပြီးကာမှ အာကာဟိန်းက . . .
“အလကား နောက်တာပါကွာ . . . သူမေးတာက ဒီနှစ် မင်း ဦးဆောင်လုပ်တဲ့ မီးပုံပျံဝင်ပြိုင်ဦးမှာ လားတဲ့ . . .”
“ကြည့်စမ်း . . . သူငါ့ကို တော် တော် စိတ်ဝင်တစားရှိတာပဲကွ . . .”
ရှက်အမ်းအမ်း ဖြစ်နေရာက အရှက်ပြေဆိုသော ကျွန်တော့်  စကားပင် ဆုံးရုံရှိသေး မင်းဆက်နိုင်က . . .
“စိတ်ဝင်စားမှာ ပေါ့ . . . မင်းလုပ်လိုက်ရင် အထူးအဆန်းတွေ ချည်းပဲ ဥစ္စာ . . .”
“မင်း တိုးတက်လာပြီ . . . မင်းမင်း . . .”
“စကားကို ဆုံးအောင်နားထောင် ဖြတ်မပြောနဲ့ . . . အရင်နှစ် က မင်းဦးဆောင်လုပ်တဲ့ မီးပုံးပျံမီးလောင်သွားလို့ ဒီနှစ် ရော လောင်ဦးမလားလို့ စိတ်ဝင်စားတာနေမှာ ပေါ့လို့ ပြောမလို့ . . .”
“ဖွ . . . ဖွ . . . လွဲပါစေ . . . ဖယ်ပါစေဗျား . . . ခွေးကောင် မဦးမချွတ်နဲ့ ဘာတွေ လျှောက်ပြောမှန်းလဲ မသိဘူး . . .”
ကွက်ခနဲမျက်နှာပျက်သွားရင်းဆိုသော ကျွန်တော့် ကိုကြည့်ကာ သကောင့်သားများ က ‘တခွီးခွီး’ ရယ်နေပြန်သည်။
ဟုတ်တော့လည်း ဟုတ်သည်။ ယခင်နှစ် က ပြိုင်ပွဲမှာ ကျွန်တော် ခေါင်းဆောင်ကာ လွှတ်တင်ခဲ့သော မီးပုံးပျံမှာ မီးပန်းများ ၏ လှပဆန်းသစ်မှု များ နှင့် မိုးပေါ်မှာ ထိုးတက်နေတုန်း ဗြုန်းဆို တိုက်ခတ်လိုက်သော လေပြင်းနှင့် အတူ မီးလောင်ကာ သွားခဲ့ရသည်။ ပရိသတ်များ အားပေးသော လက်ခုပ်သံကို နားထောင်ကာ ပီတိဖြာနေတုန်း မိုးပေါ်တက်သွားတာမှ မကြာသေးသော မီးပုံးပျံပွဲမှာ ဆတ်ခနဲ လောင်ကျွမ်းကာ မြေခသွားခဲ့သည်မို့ ကျွန်တော် ယောကျာ်းကြီးတန်မဲ့နှင့် မျက်ရည်စို့ခဲ့သေးသည်။
မီးပုံးပျံကွင်းထဲမှာ မျက်ရည်စို့ရုံစို့ခဲ့သော်လည်း ကွင်းပြင်ရောက်သော အခါ နှင်းများ စိုစွတ်နေသော မြက်ခင်းပေါ်ထိုင်ချရင်း လက်သီးကိုကျစ်နေအောင် ဆုတ်ကာ အံကိုကြိတ်လျက် လူမသိအောင် ငိုခဲ့မိသေးသည်ပဲ။
တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကြီးပြီးလို့ တစ်လနှစ် လလောက်ထိ စိတ်ဝယ်တအုံ့နွေးနွေးကြီး ရှိခဲ့သည်။ ‘နောက်နှစ် ပေါ့ကွာ’ ဟု အားခဲရင်း အခုတော့လည်း ပြိုင်ပွဲကြီးကျင်းပရန်မှာ နှစ် လခန့်သာလိုတော့သည်။ ယခုပဲ September လက ဆန်း၍ နေပြီ ဖြစ်သည်။
“ ဒီ September နောက်ဆုံးပတ်ဆိုရင်ပဲ ငါတို့ပြိုင်ပွဲဝင် စာရင်းတွေ ပေးရတော့မယ် . . .”
မင်းဆက်နိုင် (ခေါ်) မင်းမင်းက နာရီမှ Date ကိုကြည့်ရင်း အချိန်ကိုတွက်၍ ဆိုသည်။ အာကာဟိန်းက ခေါင်းညိတ်ကာ ထောက်ခံလိုက်ရင်း . . .
“ဟုတ်တယ်လေ . . . ပြိုင်ပွဲဝင်စာရင်းပိတ်ပြီးတာနဲ့ ကိုယ်လွှတ်ရမယ့် နေ့တွေ ၊ အချိန်တွေ ကို မဲတစ်ခါတည်းနှိုက်ရမှာ ပဲလေ”
“ပြိုင်ပွဲစာရင်းတွေ တောင် သွင်းရတော့မှာ ပါလား” ဟု တွေးရင်း ကျွန်တော့် ရင်မှာ တလှပ်လှပ်ဖြင့် ရင်ခုန်သံတို့ မြန်ကာလာသည်။
ဝေါခနဲ ထိုးဆိုက်လာသော ဆိုင်ကယ်က ကျွန်တော့်  ဆိုင်ကယ်ဘေးမှ ပွတ်ကာသီကာ ကပ်မောင်းသွားသည်မို့ ထိုဆိုင်ကယ်ဆီ ဒေါသဖြင့် ကျွန်တော် လှမ်းကြည့် ဖြစ်သည်။
ဆိုင်ကယ်ကို ဒေါက်ထောက်ကာလာနေသော သကောင့်သားက ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်သည့်စတိုင်လ်က ဘယ်လိုမှထောင့်မကျိုး။
သိပ်စကားမပြောချင်သည်မို့ မမြင်သလိုပင် တစ်ဖက်လှည့်ကာ မင်းမင်းတို့ လာမည့် ဘက်ကို မျှော်ကြည့် ဖြစ်သည်။
“ဟေ့ကောင် . . . မင်းဒီနှစ် ၀င်မပြိုင်ဘူးလား . . .”
ရှေ့တည့်တည့်မှာ ခြေစုံရပ်ကာ မခိုးမခန့်ပုံစံဖြင့် အမေးရှိသော သကောင့်သားကို ကျွန်တော် ခပ်တည်တည်ပင် စိုက်ကြည့် ဖြစ်သည်။
“အဲဒါ မင်းကိစ္စလား . . .”
တမင်ပင် ဘုတောဖြေဖြေသော ကျွန်တော့် အဖြေကြောင့် ဆရာသမားက ခနဲ့တဲ့တဲ့ ပြုံးသည်။ ပြီး . . .
“လမ်းကြုံလို့ မေးတာပါ။ မေးတော့လည်း မမေးသင့်ပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ မင်းက ငါ့ပြိုင်ဘက်မှ မဟုတ်တာ။ ငါကပြိုင်ရင် First,Second,Third အမြဲချိတ်တဲ့ကောင်လေ။ မင်းက နှစ် သိမ့်ဆုတောင်မချိတ်တဲ့ သာမန် ပြိုင်ပွဲဝင်ဆိုတော့ ကိုယ်နဲ့လက်ရည် မတူတဲ့လူကို ဒီလိုမေးရတာ နှိမ်သလိုကြီး ဖြစ်နေမှာ ပေါ့ . . . နော့ကွာ . . .”
“သတိုးနိုင် မင်း ငါ့ကို လာရစ်နေတာလား. . .”
ဆိုင်ကယ်ပေါ်ထိုင်နေရာက ဆတ်ခနဲ ကျွန်တော် ဆင်းရင်း ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်ကို ဆောင့်ကြွားကြွားထိုးရင်း ကျွန်တော် ခပ်ဆတ်ဆတ်မေး ဖြစ်သည်။
“အရင်နှစ် က ငါ နိုင်ငံခြားရောက်နေလို့ ၀င်မပြိုင် ဖြစ်တဲ့ ပွဲမှာ မင်းရဲ့ မီးပုံးပျံမီးလောင်သွားတယ်ကြားလို့ စိတ်တောင်မကောင်းဘူး . . . ပထမဆုံး ခေါင်းဆောင်ပြီး လွှတ်တဲ့မီးပုံးပျံကျမှ လောင်ရတယ်လို့ကွာ . . .”
“ရာသီဥတုကြောင့် လောင်သွားတဲ့မီးပုံးပျံက ကိုယ်စီမံတာ ညံ့လို့၊ ကိုယ့်ရဲ့ ဖော်မြူလာတွေ မှားလို့ လောင်သွားတာ မဟုတ်တော့လည်း Feel မရှိတာတော့ အမှန်ပဲ၊ ငါ့မီးပုံးပျံသာ လေတိုက်မီးလောင်မသွားရင် First သို့မဟုတ် Second တစ်ဆုဆုပဲ ဆိုတာ လူတိုင်း ပြောနေကြတာ မင်းလည်းပြန်ကြားမှာ ပါ၊ ငါက Third Prize နဲ့ အောက်ကို သိပ်စိတ်ဝင်စားတာမဟုတ်ဘူး . . .”
“မင်းက အလာကြီးပဲ စိုင်းပြည့်ဖြိုးရ . . . အေးလေ . . . မင်းရဲ့ လက်ရည်ကို ကြည့်ရအောင် ဒီနှစ် ပွဲမှာ ဆုံကြသေးတာပေါ့”
ပြောရင်း ဆတ်ခနဲ လှည့်ထွက်သွားသော သတိုးနိုင်ကို ကြည့်ရင်း ကျွန်တော် ပြုံး ဖြစ်သည်။ သတိုးက ငယ်စဉ်ကလေးဘ၀ကတည်းက တောက်လျှောက်လိုက်ပြိုင်နေသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ သတိုးနိုင်သည် တကယ်တော့ ကျွန်တော် နှင့် မျက်နှာချင်းဆိုင် အိမ်မှာ နေသော တစ်လမ်းတည်းနေ တစ်ရပ်ကွက်သား ဖြစ်သည်။
ကျွန်တော် တို့ထက် ပိုချမ်းသာသော အရာရာအတွက် ငွေကုန်ကြေးကျခံနိုင်သော သူနှင့် ကျွန်တော် က သူငယ်တန်းမှစ၍ အဆင့်တစ်ကို သူတစ်လှည့်၊ ငါတစ်လှည့် လုယူခဲ့ကြမြဲ။
ဆယ်တန်းစာမေးပွဲမှာ ကံဆိုးကာနှစ် ယောက် စလုံး နာမကျန်း ဖြစ်ပြီး ရိုးရိုးသာအောင်ခြဲ့ ကတော့လည်း အတူတူ။ သူနှင့် ကျွန်တော် စိတ်ဓာတ်ချင်းတူသည်က စာမေးပွဲကို နောက်နှစ် မှဖြေပြီး ဂုဏ်ထူးတွေ တသီကြီးယူမည် ။ ဒီနှစ် ခြစ်ချလိုက်မည် ဟူသော စိတ်ဓာတ်မရှိကြခြင်းပင်။ ထိုသို့သော စိတ်ဓာတ်တို့ကြောင့် ပင် နှစ် ယောက် စလုံး ရိုးရိုးမှတ်ဖြင့် သာ အောင်ခဲ့ကြသည်။ ပြီး . . . တောင်ကြီးတက္ကသိုလ်တက်တာခြင်းလည်း အတူတူ။ မေဂျာမတူခဲ့ကြသော်လည်း သူက သူ့မေဂျာမှာ King ရခဲ့သလို ကျွန်တော် သည်လည်း ကျွန်တော့် မေဂျာမှာ King ရခဲ့သည်။
နောက်ဆုံး E.Major မှာ Queen ဖြစ်သော ခင်ဖြူပုလဲကို ကြိုက်ရာမှာ ပင် နှစ် ဦးစလုံးအကြိုက်တူခဲ့ကြသည်။
ဒါတင်မကသေး။ နှစ် ယောက် အပြိုင် အသည်းအသန် Propose လုပ်ခဲ့ကြသလို ပုလဲ၏ ခေါင်းခါခြင်းကိုလည်း နှစ် ယောက် စလုံး အတူတူရရှိခဲခြင်း ဖြစ်သည်။
ဒါဆို . . . ဒါမှဆိုသော စိတ်ရှိတာခြင်းလည်း တူနေပြန်ရော ကျွန်တော် ရော သူပါ ကျောင်းပြီးလို့ ဘွဲ့ယူရန်စောင့်နေကြသော အခုချိန်ထိ ရည်းစားမထား ဖြစ်ကြသေး။
ကျွန်တော် တို့ ရည်းစားမထားသလို ပုလဲသည်လည်း ခုထိ ရည်းစားမထားသေး။
ဤအချက်ကပင် ကျွန်တော် တို့နှစ် ယောက် ကို ပို၍ သွေးခွဲထားခြင်း ဖြစ်တန်သည်။ ထိုင်စောင့်နေရင်း အတန်ကြာလာသော အခါမှ မင်းမင်းတို့နှစ် ကောင်ရောက်ချလာသည်။
“လမ်းမှာ မင်းရဲ့ ဘော်ဒါကြီးနဲ့တွေ့ ခဲ့တယ်။ ဆိုင်ကယ်ကို ရိုးရိုး မစီးဘူး။ ဆောင့်ကြွားကြွားနဲ့ . . .”
“စီးတာလည်း မြန်လွန်းတယ်။ ကောင်းပါတယ် . . .မြန်မြန်စီးလို့ အက်စီးဒင့် မြန်မြန် ဖြစ်ပြီး သေတော့လည်း အေးတာပဲ . . .”
အာကာနှင့် မင်းမင်းက တစ်ယောက် တစ်ပေါက် ရွတ်ရင်း ဆိုသည်။
“အဲဒီ လောက်ထိတောင် မေတ္တာထားတယ်လား . . .”
ပြောရင်း ကျွန်တော် ရယ် ဖြစ်သည်။ တကယ်တမ်းကျတော့လည်း လူတို့သည် တူရာတူရာ ပေါင်း ဖြစ်သော မင်းမင်းတို့၊ အာကာတို့သည် လူပျော်များ ဖြစ်ကြသည်။
ထို့အတူ သတိုးနိုင်နှင့် ပေါင်း ဖြစ်ကြသော ဘော်ဒါများ မှာ ငွေရှိလျှင် အရာရာ ဖြစ်သည် ဟူသော ၀ါဒကို လက်ကိုင်ထားကြသူများ ဖြစ်သည်။
သတိုးရောက်လာကာ ဆိုသွားသော စကားတို့ကို ကျွန်တော် ပြန်ပြောလိုက်သည်။
“ဒီကောင်က ဟိုတစ်နှစ် က တတိယဆုလေးချိတ်ထားတာကို မာန်တက်လို့မဆုံး ဖြစ်နေတာကိုး။ ဒီလိုပြောကြကြေးဆို အဲဒီ တစ်နှစ် က ငါတို့ ၀ိုင်းကူထားတဲ့ ငါတို့ ရပ်ကွက်မီးပုံးပျံလည်း ဒုတိယရခဲ့တာပဲ ဥစ္စာ . . .”
“ဟုတ်တယ် မင်းမင်း . . . မင်းပြောတာလည်း မှန်တယ် . . ဒါပေမယ့် သူက ရပ်ကွက်အနေနဲ့ရတာ ကို ပြောကြစတမ်းဆိုရင် သူလည်း ဒီရပ်ကွက်သားပဲဆိုတော့ အဲဒီ ဒုတိယဆုလည်း သူနဲ့ ဆိုင်သလိုကြီး ဖြစ်နေတာကိုး။ ဒါကြောင့် သူခေါင်းဆောင်ပြီးရတဲ့ မီးပုံးပျံကိုပဲ အဓိကထားပြောသွားတာနေမှာ ပေါ့ . . .”
ကျွန်တော့်  စကားအဆုံးမှာ အာကာက ‘တော် စမ်းပါ’ ဟု ဆိုသည်။
“တော် စမ်းပါ . . . အဲဒီ ရပ်ကွက် မီးပုံးပျံနဲ့ ပြိုင်လို့ ရတဲ့ ဒုတိယဆုက ဘာကိစ္စသူနဲ့ဆိုင်ရမှာ လဲ။ ငါတို့ ဒီမီးပုံးပျံအတွက် အလှူခံတော့ သူတို့ အဖေက အန်ကယ်တို့လည်း တစ်လုံးဝင်ပြိုင်ထားတယ်ဆိုပြီးတော့ မျက်နှာပြောင်ကြီးနဲ့ အလှူငွေတစ်ပြားမှ မထည့်ခဲ့ဘူးလေ။ နောက် သတိုးကိုယ်တိုင်လည်း ရပ်ကွက်ဓမ္မာရုံမှာ လုပ်နေတဲ့ ရပ်ကွက် မီးပုံးပျံလုပ်တဲ့နေရာကို တစ်ခါတောင် လာခဲ့ဖူးလို့လား။ လာကူဖို့ဆိုဝေးရော။ သူ့မီးပုံးပျံအတွက်ပဲ သူလုံးပမ်းခဲ့တာပဲ ဥစ္စာ။ ဘာမှ မဆိုင်ပါဘူး။ ဒီဒုတိယဆုက သူတို့နဲ့ ဘာပတ်သက်မှု မှမရှိဘူး”
အာကာ၏ စကားကို မင်းမင်းက ‘ဒါလည်း ဟုတ်တာပဲ’ ဟု ဆိုရင်း ထောက်ခံသည်။
“ငါကလည်း ပြန်ပြောလိုက်ပါတယ်။ ငါက First (သို့မဟုတ်) Second တစ်ခုခုပဲလိုချင်တဲ့အကြောင်း Third Prize နဲ့ အောက်ဆိုရင် စိတ်မ၀င်စားတဲ့အကြောင်း . . .”
“သူက ဘာပြန်ပြောလဲ . . .”
အာကာက မေးဆတ်ရင်းမေးသည်။
“မင်းက အလာကြီးပဲတဲ့။ ဒီနှစ် ပွဲမှာ ဆုံမယ်တဲ့ . . .”
“သိပ်ဆုံတာာပေါ့ကွာ” လို့ မင်းက ပြန်မပြောလိုက်ဘူးလား”
မင်းမင်းက တရှူးရှုးတရှဲရှဲဖြင့် ဆိုသည်။ ဘာမှပြန်မပြော ဖြစ်သော်လည်း ကျွန်တော် ဟက်ခနဲရယ် ဖြစ်သည်။
“ဒါနဲ့ မင်းမီးပုံးပျံတိုင်းဖို့ စက္ကူကို ဘယ်ကမှာ ထားလဲ”
“အရင်နှစ် ကမှာ တဲ့ ပင်လောင်းက အစ်မကြီးဆီပဲ အော်ဒါပေးလိုက်တယ်။ သူ့စက္ကူတွေ က ကောင်းတယ်ကွ။ အနာအဆာနည်းတယ်။ နောက် အထူအပါးလည်း ကောင်းတယ်။ ဈေးလည်းသင့်တယ်ကွ။ ဒီတော့ သူ့ဆီမှာ ပဲ ပေးလိုက်တယ် . . .”
“အေးပေါ့ကွာ . . . ကြိုမှာ ထားတော့ သူတို့လည်း အချိန်မီ စောစောသိပြီး စောစောကြိုလုပ်ပေးလို့ ရတာ ပေါ့။ နီးမှကပ်မှ ဖုတ်ပူမီးတိုက်မှာ ရင် သူတို့လည်း ကမောက်ကမနဲ့ ကသီတယ် . . .”
အာကာက တွေးတွေးဆဆဖြင့် ဆိုသည်။ တကယ်တော့ မီးပုံးပျံတိုင်းတာပြုလုပ်ရခြင်းက သိပ်မကြာ။ မီးပုံးပျံအောက်တွင် ဆွဲမည့်  မီးရှူး၊ မီးပန်း၊ လောက်ထုပ်၊ ပုလဲခိုင်၊ ခိုပျံ၊ ငါးရှဥ့်၊ ဂလိုက်ဒါ စသည်ဖြင့် တောင်ကြီး အခေါ်အဝေါ်ဖြင့် ယမ်းရိုက်ရခြင်းကသာ တစ်လပတ်ချာလည်လောက် အချိန်ယူရခြင်း ဖြစ်သည်။
“ဒါနဲ့ မင်းမနက်ဖြန် ဟဲဟိုး သွားမလို့ဆို . . .”
မင်းမင်းက စကားဖြတ်ကာ ကျွန်တော့် ကိုမေးသည်။
“အေး . . . မနက်ဖြန်မနက်ပိုင်း လေယာဉ်နဲ့ ပါလာမယ့် ဧည့်သည်ကို သွားကြိုမလို့ . . .”
“ဘယ်က ဧည့်သည်လဲ . . .”
“ရန်ကုန်က . . .”
အာကာ၏ အမေးကို ကျွန်တော် ဖြေ ဖြစ်သည်။
“မင်းတို့ အမျိုးလား . . .”
အာကာ၏ ထပ်ဆင့်မေးခွန်းကို ကျွန်တော် ခေါင်းခါပြ ဖြစ်သည်။ ပြီး . . .
“အမျိုးမဟုတ်ဘူးကွ . . . ငါ့အမေရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ သမီး။ သူက Italy Guide လုပ်နေတယ်။ ဒီနှစ် တန်ဆောင်တိုင်မှာ အရေး ကြီးတဲ့ အထူးဧည့်သည်တစ်ဖွဲ့ကို သူတောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို လိုက်ပြရမယ်။ ဒီတော့ ဒီမီးပုံးပျံနဲ့ ပတ်သက်တဲ့ ပြုလုပ်ပုံအဆင့်ဆင့် စလယ်ဆုံးကို သူအသေးစိတ်လေ့လာထားမလို့တဲ့။ နောက် ပွဲတော် ရက်ရောက်ရင် သူဧည့်သည်တွေ ကို သေသေချာချာရှင်းပြနိုင်အောင်ပေါ့”
“သြော် . . . သူကအပေါ်ယံကြောလေ့လာရုံမဟုတ်ဘဲ လုံးဝ အသေးစိတ်ကို လေ့လာမှာ ပေါ့။ ကြည့်ရတာ အဲဒီ အထူးဧည့်သည်ဆိုတာ တော် တန်ရုံ ဧည့်သည်တော့ မဟုတ်ဘူးနဲ့တူတယ် . . .”
မင်းမင်းက နဖူးမှဆံပင်ကို သပ်တင်ရင်း ဆိုသည်။
“ခရီးသွားကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်နဲ့ အုပ်ချုပ်ရေး ပိုင်းက အရာရှိတွေ လို့ ပြောတာပဲ။ အဲဒီ လူတွေ ရဲ့ ခရီးစဉ်မှာ ကျေနပ်မှု ရှိသွားရင် နောက်နှစ် ဧည့်သည်ကျတဲ့ရာသီမှာ မြန်မာနိုင်ငံရဲ့ ခရီးစဉ်တွေ အတွက် သူတို့ရောင်းကြတဲ့အခါ သူတို့ကို ကျေနပ်လောက်အောင် Serivce ပေးထားတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီကိုပဲ ဧည့်သည်ထည့်ပေးမှာ ပဲလေ။ ဒီတော့ ဒီလိုအပြိုင်အဆိုင်များ တဲ့ ခေတ်ကြီးမှာ ကိုယ့်နိုင်ငံက သူများ ကုမ္ပဏီတွေ ထက် Serivce ကောင်းကောင်းပေးထားတော့ ဧည့်ပိုရတာ ပေါ့။ ဧည့်ပိုရရင် ဂုဏ်လည်းရှိမယ် . . . ၀င်ငွေလည်းပိုရမယ် . . .”
“သြော် . . .”
အာကာက ‘သြော်’ ဟုဆိုရင်း ခေါင်းကိုညိတ်သည်။ မင်းမင်းက ဖျောက်ခနဲ လက်ဖျစ်တီးရင်း . . .
“အဓိကကိုမေးဖို့ မေ့သွားတယ် . . . သူ့အသက်က ဘယ်နှနှစ် လဲ . . .”
“ငါ့အစ်မနဲ့အတူတူဆိုတော့ ငါတို့ထက် နှစ် နှစ် ကြီးမှာ ပေါ့”
ကျွန်တော့် အဖြေကို အာကာက နားထောင်ရင်း . . .
“ငါတို့ထက် နှစ် နှစ် ကြီးတယ်ဆိုတော့ နှစ် ဆယ့်လေးထဲမှာ ပေါ့။ အရေး ကြီးတဲ့ ဧည့်သည်တွေ ကိုမှ ဒီလိုငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတဲ့ Guide တစ်ယောက် ကို တာဝန်ပေးတယ်ဆိုကတည်းက ဒီအစ်မက တော် တော် လေး ထက်ထက်မြက်မြက်ရှိလို့ ဖြစ်မယ် . . .”
“ဒါပေါ့ကွာ . . . ကြည့်ရတာ . . . ထက်မြက်သွက်လက်ရုံတင်မကဘူး . . . တော် တော် လည်း ချောမယ် ထင်တယ် . . .”
မင်းမင်းက သူ့ဘာသာသူ ရေရွတ်သလိုလိုနှင့် ကျွန်တော့် ကိုမေးဆတ်ပြရင်း မေးသည်။ ကျွန်တော် က ပခုံးကိုတွန့်လိုက်ရင်း . . .
“ငါလည်း မမြင်ဖူးသေးဘူး။ ငါ့အစ်မပဲ မြင်ဖူးတာ၊ မနက်ဖြန်လေယာဉ်ကွင်းရောက်မှ သိရတော့မှာ ပဲ . . .”
“နာမည် ကော မသိဘူးလား . . .”
အာကာက ပြောင်ချော်ချော် မျက်နှာပေးဖြင့် မေးသည်။
“သူသူညို တဲ့ကွ . . .”
ပျင်းပျင်းရှိသည်မို့ ကားထဲမှာ ပင် သီချင်းနားထောင်ရင်း ကျွန်တော် ကျန်နေရစ်သည်။ မမ ကတော့ လေယာဉ်ကွင်း၏ အဆောက်အဦးထဲဝင်ကာ ‘မသူသူညို’ ကို သွားကြိုသည်။
လေယာဉ်က စောစောလေးကပင် ဆင်းထားသည်မို့ သိပ်မကြာခင် ရောက်လာကြမှာ ဖြစ်သည်။ သိပ်ကြာကြာမစောင့်လိုက်ရ။ ခရီးဆောင်အိတ်ကိုဆွဲရင်း မမနှင့် အတူ ရွယ်တူကောင်မလေး တစ်ယောက် ပါလာသည်။
‘ရုပ်ရှင်မင်းသမီးပဲ လုပ်လုပ်ပါတော့’ ဟု လွှတ်ခနဲ တွေးမိသည်အထိ လှပသော သက်ရှိနတ်သမီးကို ကျွန်တော် အတန်ကြာသည်အထိ ငေး ဖြစ်သည်။
“ဟဲ့ . . . ကားနောက်ဖုံးဖွင့်ပြီး ဒီအိတ်ထည့်ပေးဦးလေ”
မမက မှင်သက်မိနေသော ကျွန်တော့် ကိုလှမ်းဆိုရင်း ကျွန်တော့် ကို လက်ညှိုးထိုးကာ ‘စိုင်းပြည့်ဖြိုးလေး၊ မောင်လေး သူသူညိုဆိုတာ သူပဲ’ ဟု အပြန်အလှန် မိတ်ဆက်ပေးသည်။
ကားပေါ်မှ အယောင်ယောင်အမှားမှားဆင်းရင်း အတန်ကြာငေးမိသွားသော ကိုယ့်အ ဖြစ်ကို ကိုယ်ရှက်ကာ ပြုံးပြ ဖြစ်သည်။ မသူသူညို၏ ခရီးဆောင်အိတ်ကို ကားနောက်ဖုံးတွင် ထည့်လိုက်သည်။
“ပြည့်ဖူးရဲ့ မောင်လေးက လူချောပဲ . . .”
အေးငြိမ်းစွာ ပြုံးရင်းဆိုသော မသူသူညို၏ စကားကြောင့် ကျွန်တော် မျက်နှာပူသွားရသည်။ အနည်းငယ်ရဲသွားမည် ဖြစ်သော ကျွန်တော့် ကို ကြည့်ရင်း သူမရယ်သည်။
“ကားပေါ်မှာ ရေသန့်သုံးဗူး ကျန်သေးတယ်။ ‘မ’ ကြိုက်စကားကြောင့် သူမရော၊ မမပါ ရယ်သည်။
“မင်းက မမကို ရေပဲ စေတနာရှိတာလား . . .”
“အာ . . . မဟုတ်ပါဘူး . . . ရှိတာလားနဲ့ အရင်ပြုစုတဲ့ သဘောပါ။ မနဲ့ မမအတူလျှောက်လာတော့ ကျွန်တော် က ‘ဟာ . . . ငါ့အစ်မတော့ ကိုယ့်ဧည့်သည်နဲ့ ကိုရီးယားမင်းသမီးကို မှားခေါ်လာပြီထင်တယ်’ လို့ တွေးနေတာ။ ကျွန်တော် တော့ ဘော်ဒါတွေ ကြားထဲမှာ မျက်နှာပွင့်ဦးတော့မှာ ပဲဗျာ . . .”
“မ ကလည်း လောလောဆယ် ရေပဲတိုက်စရာရှိတယ်နော်။ မပြောမရှိနဲ့ . . .ဓ
ပြောရင်း ရယ် ဖြစ်ကြပြန်သည်။
“ကြွားရဦးမယ် သူသူရေ . . . ငါ့မောင်က ကျောင်းမှာ တက်တုန်းက သူ့မေဂျာမှာ King ရထားတာ . . . သိလား . . .”
“ဟုတ်လား . . . ဟာ . . . ဒါဆို ကောင်မလေးတွေ ၀ိုင်းနေမှာ ပေါ့။ ‘မ’ ကို မှန်မှန်ဖြေစမ်း။ ရည်းစားဘယ်နှယောက် ရှိပြီလဲ”
ကားကို လေယာဉ်ကွင်းမှ မောင်းထွက်လာရင်း ကျွန်တော် ရှက်ရယ်ရယ် ဖြစ်သည်။ ကျွန်တော် က ဘယ်မှပြန်မပြောမိမှာ ပင် မမက . . .
“အမလေး . . . သူက သစ္စာရှင် . . . သူသူရဲ့ . . . ကျောင်းတက်စရက်ကတည်းက ကောင်မလေး တစ်ယောက် တည်းကိုပဲ သဲကြီးမဲကြီး လိုက်ခဲ့တာ။ ဟိုကလည်း မာနခဲ။ သူ့ကို လုံးဝပြန်မကြိုက်ဘူး . . . အခုထိပဲ . . .”
“ဟောတော် . . . ငါ့မောင်လို လူချောကိုမှ ပြန်မကြိုက်တဲ့ ကောင်မလေးကို ကြုံရင်ပြစမ်းပါ . . .သူက ဘာမို့လို့လဲ . . . ပြန်မကြိုက်ရအောင် . . .”
စိတ်တိုဟန် ပါးပါးလေး မျက်နှာပေါ်တင်ရင်းဆိုသော ‘မသူ’ ကို ကျွန်တော် ဘက်မှန်မှ မြင်နေရသည်။ စိတ်တိုနေတာတောင်မှ အတော် ကြီးလှသော ‘မသူ’။
“မကြိုက်သေးတာပါဗျာ . . . လောကကြီးမှာ မ ဖြစ်နိုင်တာဆိုတာ မရှိဘူး . . .”
‘မ ဖြစ်သေးတာပဲ ရှိတယ်’ ဟု ဆိုရန်ပြင်သော ကျွန်တော့် စကားကို ‘မသူ’ က ဖြတ်ကာ ‘မ ဖြစ်တော့တာပဲ ရှိတယ်’ ဟု နောက်သည်။
“ပြောပြစမ်းပါဦး . . . အဲဒီ ကလေးမ နာမည် က ဘာတဲ့လဲ”
ကျွန်တော် ဖြေရန် ရွယ်နေဆဲမှာ ပင် မမက ၀င်ကာဖြေသည်။
“ခင်ဖြူပုလဲ တဲ့ သူသူရေ . . .”
![]() သမီးလိုချင် အမေကြည့် | ![]() ရန်ကုန်သူနဲ့ တောင်ကြီးသား | ![]() မှတ်ပြီလား အခုတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီ |