(၁)
မနက်ကိုးနာရီခွဲ၍ လက်ရေးတို စာရေးမကလေးနှင့်အတူ သူ့ဆရာ ရောက်လာသောအခါ၌ ဟာဗေးမက်ဆွဲ စတော့ပွဲစားလုပ်ငန်းမှ စာရေးလေး ပစ်ချား သည် အမြဲတမ်းလိုလို မထုံတက်တေးဖြစ်နေသည့်မျက်နှာထားကို ဖျောက်လိုက် ပြီးနောက် အံ့သြဝမ်းသာသည့်နှယ် မျက်နှာထားကို ချိုသာ ရွှင်ပြဟန်ဆောင်ထား လိုက်၏ ။ စတော့ပွဲစားလုပ်ငန်းပိုင်ရှင် မက်ဆွဲက ...
'မင်္ဂလာပါ'ဟု
ခပ်တိုတိုနှုတ်ဆက်ပြီးနောက် ခုန်ကျော်သွားမည့်ဟန် သူ့စားပွဲဆီသို့ ခပ်သုတ်သုတ် လျှောက်သွားသည်။ ထို့နောက် စားပွဲပေါ်တွင် စုပုံနေသော စာရွက် စာတမ်းများ ၊ ကြေးနန်းစာများ ဖြင့် အလုပ်ရှုပ်နေသည်။
လက်ရေးတိုစာရေးမကလေးမှာ မက်ဆွဲ၏ စတော့ပွဲစားလုပ်ငန်းတွင် လာ၍ အလုပ်လုပ်နေသည်မှာ တစ်နှစ်ရှိလေပြီး။ လက်ရေးတို စာရေးမကလေးမှာ လက်ရေးတိုစာရေးမနှင့်မတူဟု ဆိုရလောက်အောင် ရုပ်ချောသည်။ ခေါင်းတွင် ဆံထုံးမြင့်မြင့်ကို ထုံးထား၏ ။
မိန်းမပျိုတွင် ဆွဲကြိုး၊ လက်ကောက်၊ လော့ကက်သီး စသည်တို့ကို ဆင်မြန်းထားခြင်းမရှိ။ နေ့လည်စာ စားဖိတ်လျှင် အလွယ်တကူ လက်ခံမည့် အစား မျိုးထဲကလည်း မဟုတ်။ အဝတ်အစားမှာ မီးခိုရောင်ဝတ်စုံရိုးရိုးသာ ဖြစ်၏ ။ သို့ ရာတွင် ပုံပန်းကျနသဖြင့် ကျော့ရှင်းသော သူ့ခန္ဓာကိုယ်နှင့် ချပ်ချပ်ရပ်ရပ် ဖြစ်နေ သည်။ လှပသပ်ရပ်သည့် အနက်ရောင်ဦးထုပ်ကလေးတွင်မူ ကြက်တူရွေးတောင်ပံ ပုံသဏ္ဌာန် ရွှေကလစ်တစ်ခုကို တွယ်ထား၏ ။ ထိုနေ့မနက်၌ မိန်းမပျိုသည် ချိုသာ နူးညံ့သည့် ရှက်ရွံ့ဟန်ကလေးဖြင့် ပို၍ ချစ်စရာကောင်းနေ၏ ။ သူ၏ မျက်လုံးများ သည် တောက်ပရီဝေလျက်ရှိကြ၏ ။ ပါးပြင်သည် မက်မုံသီးမှည့်လို နီပြေ စိုရွှန်း၏ ။ သူ့မျက်နှာအမူအရာကလေးသည် တစ်စုံတစ်ရာကိုတွေးမိပြီး ကြည်နူးနေဟန် ရှိ၏ ။
ပစ်ချားသည် ခါတိုင်းနှင့်မတူ တစ်မူထူးနေသော မိန်းမပျို၏ သွင်ပြင်ကို ကြည့်၍ ထူးထူးဆန်းဆန်း ဖြစ်နေသည်။ မိန်းမပျိုသည် သူ့စားပွဲရှိရာ အခန်းထဲသို့ ချက်ချင်းဝင်မသွားသေးဘဲ အပြင်ဘက်ခန်းတွင် မယောင်မလည် လုပ်နေ၏ ။ တစ်ကြိမ်တွင်မူ မိန်းမပျိုသည် မက်ဆွဲစားပွဲအနီးသို့ ရစ်ဝဲရစ်ဝဲလုပ်ကာ သူ့ကို သတိပြုမိအောင် လူလုံးပြနေသကဲ့သို့ ရှိ၏ ။
စားပွဲတွင် ထိုင်နေသည့် စတော့ပွဲစားလုပ်ငန်းပိုင်ရှင် မက်ဆွဲကား လူ တစ်ယောက်မဟုတ်တော့ဘဲ စက်ရုပ်တစ်ရုပ် ဖြစ်သွားလေပြီ။ သူသည် တဝီဝီ မြည်နေသောဘီးများ နှင့် ကြွတက်လာသော စပရိန်များ ကြောင့် လှုပ်ရှားနေသော စက်ရုပ်တစ်ရုပ်သဖွယ် အလွန် အလုပ်များ သည့် နယူးယောက်စတော့ပွဲစားလုပ်ငန်း ရှင်ကြီးတစ်ယောက် ဖြစ်သည်။
'ဘာထူးသလဲဟေ့'
မက်ဆွဲက သံပြတ်ဖြင့် မေးသည်။ သူသည် ရှုပ်ပွနေသော စားပွဲပေါ်မှ စာအိတ်ထပ်ကြီးများ ကိုယူကာ စာများ ကို ဖောက်ဖတ်နေသည်။ သူ၏ ပြာလဲ့သော မျက်လုံးများ သည် တောက်ပ ရွှန်းလက်လာကာ မိန်းမပျိုကို စိတ်မရှည်စွာ ဖြင့် တစ်ချက် လှမ်းကြည့်သည်။
'ဘာမှ မထူးပါဘူး'
လက်ရေးတို စာရေးမကလေးက ပြုံးစစဖြင့်ဖြေရင်း သူ့အနီးမှ ထွက်သွား သည်။
'မစ္စတာပစ်ချား။ နောက်ထပ် လက်ရေးတိုစာရေးမတစ်ယောက် ငှားမယ်လို့ မစ္စတာမက်ဆွဲက မနေ့က ရှင်ကိုများ ပြောမိသလား'
မိန်းမပျိုက စာရေး မစ္စတာပစ်ချားကို မေးသည်။
'ဟုတ်တယ်ဗျ။ ပြောတယ်။ နောက်တစ်ယောက် ငှားရမယ်တဲ့။ ဒါနဲ့ ဒီနေ့ မနက်ပဲ ကျွန်တော် နောက်ထပ် လက်ရေးတိုစာရေးမကလေးတွေ လိုချင်တယ်။ နမူနာအဖြစ် ကျွန်တော်တို့ဆီကို လွှတ်ပေးစမ်းပါလို့ အလုပ်ရှာပေးတဲ့ ကိုယ်စား လှယ်ဆီကို အကြောင်းကြားလိုက်တယ်။ ၉ နာရီ ၄၅ မိနစ်ရှိပြီ။ ခုထိ တစ်ယောက်မှ မပေါ်လာသေးဘူး'
'ဒီလိုဆိုရင်လည်း ကျွန်မ နေရာမှာ နောက်ထပ်တစ်ယောက်၊ ရောက် လာသည်အထိ ကျွန်မပဲ ခါတိုင်းလို လုပ်ပေးရတော့မှာ ပေါ့'
မိန်းမပျိုသည် သူ့စားပွဲသို့ လျှောက်သွားကာ ကြက်တူရွေးတောင်ပံရုပ် ရွှေကလစ်ကလေး ထိုးထားသည့် အနက်ရောင်ဦးထုပ်ကလေးကို ခါတိုင်းနေရာ တွင် ချိတ်ထားလိုက်သည်။
နယူးယော့ခ် စတော့ပွဲစားလုပ်ငန်းရှင်တစ်ယောက် အလုပ်အလွန်များ ချိန်ကို မမြင်ဖူးသူတစ်ယောက်သည် မနုဿဗေဒပညာရပ်ဖြင့် အသက်မွေးမည် ဆိုပါက အရည်အချင်း ပြည့်မီဖို့ တော်တော် ခက်ပေလိမ့်မည်။ ကဗျာဆရာတို့ ကလည်း ဂုဏ်ရောင်ပြောင်သောဘဝ၏ အလုပ်များ လှသော နာရီများ အကြောင်း ကို ဖွဲ့ဆိုလေ့ရှိကြသည်။ စတော့အရောင်းအဝယ် လုပ်ငန်းပိုင်ရှင်တစ်ဦး၏ အချိန် နာရီများ ကား အလုပ်များ ရုံမျှ မကပါ။ မိနစ်များ နှင့် စက္ကန့်များ ပင်လျှင် အထုပ်အပိုး အပြည့်ထမ်းကာ ပလက်ဖောင်းပေါ်တွင် တိုးဝှေ့နေကြရပါသည်။
ယနေ့သည် စတော့အရောင်းအဝယ် လုပ်ငန်းပိုင်ရှင် ဟာဗေးမက်ဆွဲအဖွဲ့ အလွန်အလုပ်များ သည့်နေ့ ဖြစ်သည်။ အမြဲလိုလို လှုပ်ရှားကာ ခေါင်းလောင်းကို သွား၍ တီးနေရ၏ ။ စားပွဲပေါ်ရှိ တယ်လီဖုန်းသည် နာတာရှည်ရောဂါတစ်ခု၏ တိုက် ခိုက်မှု ကို ခံနေရသူတစ်ဦးနယ် မကြာခဏ ကလင်ကလင် မြည်၏ ။ လူများ သည် သူ့ ရုံးခန်းထဲသို့ တိုးဝှေ့ဝင်လာကြတာ သံလက်ရန်းကိုကျော်၍ သူ့ကို ရွှင်မြူးစွာ ထိတ်လန့်စွာ လှမ်း၍ ခေါ် ကြ၏ ။ စကားပြောကြ၏ ။ ရုံးစေလူငယ်များ သည် အပြင်မှ ကြေးနန်းစာရွက်များ ၊ စာများ ကို လုယူကာ ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်များ နေကြ၏ ။ ရုံးခန်းထဲမှ စာရေးများ သည် မုန်တိုင်းတွင် ရောက်နေသည့် သင်္ဘောသား များ ပမာ ထ၍ ခုန်ကြ၏ ။ ခါတိုင်း မထုံတက်တေးလုပ်နေတတ်သည့် ပစ်ချား၏ မျက်နှာသည်ပင်လျှင် စိတ်အားထက်သန်သည့် အမူအရာကို ဆောင်နေ၏ ။
စတော့ အရောင်းအဝယ် ဒိုင်တွင်မူ မုန်တိုင်းတွေ တိုက်နေလေပြီ။ တောင် တွေ ပြိုနေလေပြီ။ နှင်းမုန်တိုင်း တွေ ကျနေလေပြီ။ ရေခဲပြင်ကြီးတွေ ပြိုကျနေလေ ပြီ။ မီးတောင်ကြီးတွေ ပေါက်နေလေပြီ။ ဤသို့ ဖြင့် သဘာဝ ဘေးအန္တရာယ်ကြီးများ ၏ အသေးစားပုံတူလေးများ သည် စတော့ အရောင်းအဝယ်ပွဲများ စမား၏ ရုံးခန်းထဲတွင် တစ်ခုပြီးတစ်ခု ကျရောက်လျက်ရှိ၏ ။ မက်ဆွဲသည် ကုလားထိုင်ကို နံရံနားသို့ တွန်းရွှေ့လိုက်ပြီး ခြေက ကသူတစ်ဦးနှယ် ဟိုမှသည်မှ ရွေ့လျား၍ အလုပ်လုပ်လျက်ရှိသည်။ သူသည် လေ့ကျင့် သင်ကြားထားသည့် ဆက်ကပ် လူပြက်တစ်ဦးနှယ် ခေါင်းလောင်းကြီးဆီမှ တယ်လီဖုန်းဆီသို့ ခုန်ပြေးသွား၏ ။
ထိုမျှအရေးတကြီး အရှိန်ကောင်းကောင်းဖြင့် အလုပ် အလွန်များ နေချိန် ၌ စတော့ပွဲစား မစ္စတာမက်ဆွဲသည် ကတ္တီပန်းများ နှင့် ငှက်ကုလားအုပ်မွေးများ ထိုးစိုက်ထားသည့် ကြားထဲမှ ရွှေရောင်ဆံပင်၊ ပင်လယ်ရေကူးဝတ်စုံ။
စာရေးကလေးပစ်ချားသည် အခြေအနေကို ချက်ချင်းသဘောပေါက် လိုက်ကာ ထိုမိန်းမပျိုအနီးသို့ ရောက်လာသည်။
'လက်ရေးတိုစာရေးမ ရှာဖွေရေးအေဂျင်စီက အလုပ်ကိစ္စအတွက် လွှတ် လိုက်တယ် မဟုတ်လား'
ဟု မေးသည်။
မက်ဆွဲသည် ထိုအသံကြောင့် လက်ထဲတွင် စာရွက်များ ၊ စတော့ ရှယ်ယာလက်မှတ်များ ကို ကိုင်ထားရာမှ နောက်သို့ တစ်ချက် လှည့်ကြည့်သည်။
'ဘာအလုပ်ကိစ္စလဲကွ'
ဟု မက်ဆွဲက မျက်မှော င်ကုပ်၍ မေးသည်။
'ကျွန်တော်တို့ရုံးမှာ လက်ရေးတို စာရေးမခန့်ဖို့ကိစ္စ ခင်ဗျ။ မနေ့ညနေက ဆရာအရှာခိုင်းထားတာ ခင်ဗျ။ ဒီနေ့မနက် တစ်ယောက်ယောက်ကို လွှတ်ပေးပါ လို့ ဆရာပြောထားတာလေ'
မက်ဆွဲက ပစ်ချားကို လှမ်းကြည့်ကာ ...
'ဘာလဲ။ မင်းရူးနေသလား။ လက်ရေးတိုစာရေးမ ဘာဖြစ်လို့ ငါက အရှာ ခိုင်းရမှာ လဲ။ ငါ့ဆီမှာ လက်စလီကို ခေါ်ထားတာ တစ်နှစ်ရှိပြီ။ တစ်နှစ်အတွင်းမှာ ဘာမှ ပြောင်းစရာ မရှိဘူး။ တစ်နှစ်လုံးလုံး ငါကျေနပ်အောင် လုပ်ပေးလာတာ။ သူ ဒီမှာ လုပ်မယ်ဆိုရင် ငါ့အနေနဲ့ ဘာမှ ပြောစရာမရှိဘူး။ သူ့ကို ဆက်ထားရုံပဲ။ နောက်ထပ် တစ်ယောက်မှလည်း ရှာစရာ မလိုဘူး။ ဒီမှာ သူငယ်မ။ ခု တို့ရုံးမှာ လစ်လပ်နေတဲ့ နေရာ မရှိဘူးကွယ့်။ ဒီမှာ ပစ်ချာ။ အေဂျင်စီကို အကြောင်းကြားထား တယ်ဆိုရင် ပြန်ရုပ်သိမ်းလိုက်ပါ။ နောက်ထပ် တစ်ယောက်မှ မလွှတ်ပါနဲ့တော့လို့'
ငွေရောင်အသည်းပိုင်ရှင်မလေးသည် စိတ်ဆိုးဆိုးဖြင့် စားပွဲ၊ ကုလားထိုင် များ ကို ဝင်တိုက်ကာ ဆောင့်ကြီးအောင့်ကြီးဖြင့် ရုံးခန်းထဲမှ ထွက်သွားသည်။ ပစ်ချားက အဘိုးကြီးသည် တစ်နေ့တခြား သတိမေ့တတ်လာကြောင်းဖြင့် ငွေ စာရင်းကိုင်ကို လှမ်းပြောနေသည်။
နေမြင့်လာသည်နှင့်အမျှ စတော့ အရောင်းအဝယ် ပွဲစားရုံးတွင် အလုပ် များ လာလေပြီ။ လှုပ်ရှားမှု များ သည်လည်း မြန်သည်ထက် မြန်လာလေပြီ။ ရုံးခန်း ထဲတွင် စတော့ကုမ္ပဏီတစ်ဒါဇင်လောက်၏ စတော့ ဈေးနှုန်းများ သည် တက် လိုက်ကျလိုက် ဖြစ်နေကြသည်။ မက်ဆွဲ၏ ဖောက်သည်များ မှာ ငွေရင်းများ စွာ မြှုပ်နှံထားသူများ ဖြစ်၍ သူ့ရုံးခန်းထဲတွင် အလုပ်များ နေကြသည်။ စတော့ရှယ်ယာ များ ကို ရောင်းရန် အမှာ စာ၊ ဝယ်ရန်အမှာ စာများ သည် ပျံလွှားများ ပျံသကဲ့ လှစ်ခနဲ ရောက်လာပြီး လှစ်ခနဲ ထွက်သွားကြသည်။
မက်ဆွဲကိုယ်တိုင် ဝယ်ထားသည့် စတော့ရှယ်ယာများ မှာ လည်း အခြေ အနေဆိုးနေသည်။ မက်ဆွဲကို ကြည့်ရသည်မှာ အလွန်နူးညံ့၍ စက်အားကောင်း သည့် ယန္တရားတစ်ခုကို အမြင့်ဆုံးဂီယာထိုးကာ စက်ရှိန်ကို တအားမြှင့်၍ မြန်နှုန်း အကုန်ဖြင့် မောင်းနေသည့်နှယ် ရှိသည်။ သူသည် နာရီစက်တစ်ခု၏ စရိုက်၊ တိကျမှု ၊ မြန်ဆန်မှု ၊ မှန်ကန်မှု တို့ဖြင့် တရကြမ်း အလုပ်လုပ်နေသည်။ စတော့ရှယ်ယာ လက်မှတ်များ ၊ စာချုပ်များ ၊ ချေးငွေများ ၊ အပေါင်ခံစာချုပ်များ ၊ အစွန်းထွက်အမြတ် များ ၊ အာမခံငွေများ တို့ဖြင့် လုံးထွေးနေသည်။ သူ့ရုံးခန်းသည် ဘဏ္ဍာငွေကြေး၏ လောကဖြစ်သည်။ လူ့လောကမဟုတ်၊ သဘာဝ လောကမဟုတ်၊ သတ္တလောက မဟုတ်၊ သြကာသလောကမဟုတ်။ ထိုအရာများ အတွက် နေရာမရှိ။
နေ့လည်စာစားချိန် နီးလာသည့်အခါတွင် စတော့ အရောင်းအဝယ်ရုံးခန်း တွင် အနည်းငယ် ငြိမ်သက်တိတ်ဆိတ်စ ပြုလာသည်။
ထိုအချိန်၌ မက်ဆွဲသည် လက်တွင် ကြေးနန်းစာရွက်များ ၊ အမှာ စာများ ကို ကိုင်ကာ ဖောင်တိန်ကို နားရွက်တွင်ညှပ်ထားပြီး အခန်းလယ်ကောင်တွင် ရပ်နေ သည်။ သူ့ဆံပင်တို့မှာ နဖူးပေါ်တွင် ဖရိုဖရဲ ဝဲကျလျက်။ သူ့ ရုံးခန်းပြတင်းပေါက်သည် တံမြက်လှည်းပေးမည့် နွေဦးပေါက်မယ်ကို စောင့်ဆိုင်းလျက်။ နွေဦးမယ်သည် မြေကြီးမှ နိုးကြားစပြုလာသော ပစ္စည်းတို့နှင့်အတူ သူ့အခန်းထဲသို့ နွေးထွေးမှု ကို ယူဆောင်လာပေတော့မည်။
ထို ပြတင်းပေါက်မှနေ၍ သူ မေ့လျော့နေသည့် ရနံ့ကလေးတစ်ခုသည် ပျံ့လွင့်လာသည်။ ထိုရနံ့ချိုချိုသင်းသင်းကလေး။ ထိုရနံ့ကြောင့် စတော့ အရောင်း အဝယ် ပွဲစားကြီး မက်ဆွဲသည် အညှို့ခံရသူတစ်ဦးပမာ ထိုနေရာတွင် ငူငူကြီး ရပ် နေသည်။ ထိုရနံ့မှာ အခြားမဟုတ်။ သူ့လက်ရေးတို စာရေးမကလေး လက်စလီ၏ ရနံ့ ဖြစ်သည်။ ထိုရနံ့သည် လက်စလီ၏ ကိုယ်ပိုင်ရနံ့၊ သူတစ်ဦးတည်းသာ ပိုင်သည့် ရနံ့။
ရနံ့နှင့်အတူ မရှေးမနှောင်းပင် လက်စလီသည် သူ့ရှေ့သို့ ရောက်လာ သည်။ တကယ့်သွေးနှင့်သားနှင့်ကိုယ် လက်စလီ။ မြင်နိုင်တွေ့နိုင်သော လက်စလီ ပါ။
ထိုအခါ၌ မက်ဆွဲရှေ့တွင်ရှိသည့် ဘဏ္ဍာငွေကြေး ကမ္ဘာလောကကြီး သည် ရုတ်တရက် သေးငယ်ကျုံ့ဝင်သွားကာ အစက်ကလေးတစ်စက် ဖြစ်သွား သည်။ ယခုမူ လက်စလီသည် သူနှင့် ခြေလှမ်းနှစ်ဆယ်အကွာတွင် ရောက်နေပြီ။
'အလို ... ငါ ခုပြောမှ ဖြစ်တော့မှာ ပါလား။ ဟုတ်တယ်။ ခု ပြောမှ ဖြစ်မယ်။ ဘာဖြစ်လို့များ စောစောက မပြောမိခဲ့ပါလိမ့်'ဟု မက်ဆွဲ တစ်ယောက်တည်း ပြောမိ သည်။
သူသည် အခန်းထဲသို့ မြားတစ်စင်း လျင်မြန်ခြင်းမျိုးဖြင့် တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။ ထို့နောက် လက်နှိပ်စာရေးမကလေး လက်စလီ၏ စားပွဲဆီသို့ ခပ်သုတ်သုတ် လာခဲ့သည်။
လက်စလီက သူ့ကို ပြုံး၍ မော့ကြည့်၏ ။ သူမ၏ ပါးပြင်ပေါ်တွင် ပန်းရောင် နုနုကလေးသန်းနေပြီး မျက်လုံးထဲတွင်လည်း ကြင်နာမှု အပြည့် ရှိနေသည်။ မက်ဆွဲ သည် သူ့စားပွဲတွင် တံတောင်ဆစ်တင်၍ ကြေးနန်းစာရွက်တွေ၊ စတော့ရှယ်ယာ လက်မှတ်တွေ ကိုင်ထားပြီး နားကြားတွင်လည်း ဖောင်တိန်ကို ညှပ်ထားဆဲ ဖြစ်သည်။
သူက ခပ်မြန်မြန်ဖြင့် ...
'လက်စလီ ကိုယ်တော့ မစောင့်နိုင်တော့ဘူးကွာ။ ကိုယ် ခု မင်းကို ချက်ချင်း ပြောရတော့မယ်။ လက်စလီ ကိုယ့်ကို လက်ထပ်ခွင့် ပေးပါလားဟင်။
ကိုယ် မင်းကို ထုံးစံအတိုင်း ချစ်စကားတွေ ပြောချိန်တော့ မရဘူးကွယ်။ ဒါပေမယ့် ကိုယ် မင်းကို တကယ်ချစ်တာပါ။ ကိုယ့်ကို လက်ထပ်နိုင်မလား။ မြန်မြန် ပြောပါလားကွယ်။ မြန်မြန်သိပါရစေနော်။ ဟိုငနဲတွေက ယူနီယံ ပစိဖိတ် ကုမ္ပဏီ က စတော့ရှယ်ယာတွေကို သိမ်းကျုံးယူပြီး အတင်းဝယ်နေကြလို့ပါ။ အချိန် သိပ်မရ ဘူးကွာ။ မြန်မြန်ပြောပါ'
'အို ... ဘာတွေလျှောက်ပြောနေတာလဲ'
လက်စလီ တအံ့တသြဖြင့် ပြောလိုက်ပြီး ထိုင်ရာမှထပြီးနောက် သူ့ကို စိုက်ကြည့်နေသည်။
မက်ဆွဲမှာ ဂနာမငြိမ်ဖြစ်ကာ ...
'မင်း ဒီလောက်မှ သဘောမပေါက်ဘူးကွာ။ မင်းကို ကိုယ် လက်ထပ် ချင်တယ်။ မင်းကို ကိုယ်ချစ်တယ်။ ဒီစကားကို ပြောချင်နေတာ ကြာလှပြီ။ ခုလည်း စတော့ အရောင်းအဝယ်တွေ ဈေးမှာ ခဏငြိမ်သွားတုန်း အချိန်ယူပြီး မင်းကို အပြေး အလွှားလာပြောရတာ ။ ခု တယ်လီဖုန်းတွေ ဝင်လာနေပြီ။ ပစ်ချားရေ ခဏစောင့် ဦးလို့ ပြောလိုက်ကွာ။ ကဲ ... ဘယ်နှယ့်လဲ လက်စလီ။ ကိုယ့်ကို လက်ထပ်မယ် မဟုတ်လားဟင်'
လက်ရေးတို စာရေးမလေး လက်စလီသည် ထူးထူးဆန်းဆန်း တုံ့ပြန်ပြ နေသည်။ ပထမတွင် အံ့သြဟန်ပြသည်။ ထို့နောက် အံ့သြထိတ်လန့်နေသော မျက်လုံးမှ မျက်ရည်တွေ စီးကျလာသည်။ ထို့နောက် မျက်ရည်များ ကြားမှ ရွှင်လန်း စွာ ပြုံးသည်။ သူ့လက်မောင်းတစ်ဖက်က စတော့ပွဲစားကြီး မက်ဆွဲ၏ လည်ပင်း ပေါ်သို့ ရောက်လာသည်။
'ခုတော့ သိပါပြီ အစ်ကိုကြီးရယ်။ လက်စသတ်တော့ ဒီအလုပ်ကိစ္စတွေ က အစ်ကိုကြီးခေါင်းထဲမှာ ရှိတဲ့ တခြားအရာတွေကို မောင်းထုတ်ပစ်နေတာကိုး။ ပထမတော့ လက်စလီ အံ့အားသင့်သွားတယ်။ အစ်ကိုကြီး သတိမေ့သွားပြီလား ဟင်။ မနေ့ညနေကပဲ လက်စလီတို့နှစ်ယောက် လမ်းထောင့်က ဘုရားရှိခိုးကျောင်း လေးမှာ လက်ထပ်ပြီးပြီလေ အစ်ကိုကြီးရဲ့ '
(အမေရိကန်စာရေးဆရာ O, HENRY ၏ The Romance Of The Busy Broker ကို ပြန်သည်။)
(ဟင်္သာမဂ္ဂဇင်း)
(၂)
တနင်္ဂနွေနေ့ညများ တွင်ဆိုလျှင် ကျွန်တော်သည် စိန့်ဂျာမိန်း ရပ်ကွက်ရှိ ဖိုးဘော့ဂ်ကျောင်းတိုက်သို့ သိပ်မရောက်ဖြစ်ပါ။ ဘရင်ဂျီ ဘုန်းတော်ကြီးနှင့် တွေ့ ဆုံ ပြီးနောက် သီတင်းနှစ်ပတ်လောက်အကြာတွင်မူ မြို့စားကတော်ကြီးမှာ လည်း တောကျေးလက်တွင် လေကောင်းလေသန့်ရသည်ဆိုကာ မြို့စားကြီးနေထိုင်သည့် တူရိန်းနယ်မှ သူတို့၏ ရှားတိုးခေါ် တောအိမ်ကလေးသို့ လိုက်သွား ပါသည်။ လွန်ခဲ့ သည့် တနင်္ဂနွေနေ့က ထိုကျောင်းတိုက်သို့ ရောက်သွား၍ မြို့စားကြီးကတော် အကြောင်းကို ဘုန်းတော်ကြီးထံမှ မမျှော်လင့်ဘဲ ကြားလိုက်ရသည့်အခါတွင် အံ့အားသင့်နေပါသည်။
မြို့စားကတော်ကြီး နေထိုင်ကောင်းကြောင်း သတင်းများ ကို ဆရာ ဘုန်း တော်ကြီးထံမှ အမြဲလိုလို ကျွန်တော် ကြားနေရပါသည်။ မြို့စားကြီးမှာ မနက်တိုင်း မြင်းစီးကျင့်နေပါသည်။ နေ့တွင်လည်း တစ်ရေးမျှ မအိပ်တော့ပါ။ ဆေးလိပ်ကို လည်း လျှော့သောက်နေပါသည်။ မြို့စားကတော်ကြီးမှာ လည်း ဂီတ သင်ခန်းစာ များ ကို ပြန်လည် လေ့ကျင့်လျက် ရှိပါသည်။ ရွာထဲရှိ ဆင်းရဲသူ၊ ဆင်းရဲသားများ ကို ကူညီသည့် လုပ်ငန်းဖြင့် အလုပ်များ နေပါသည်။ ကော်လိုက်တစ်ခေါ် အူအမြှေးပါး ရောင်သည့် ရောဂါမှာ လည်း ပျောက် သွားပါပြီ။ ထို့ပြင် သူတို့၏ မိခင် နယ်စား ကတော်ကြီးမှာ လည်း ရှာတိုးနှင့် တစ်နာရီနီးပါး ခရီးရှိသည့် ကျေးလက်အိမ်ကလေး တွင် ကျန်းမာစွာ ရှိကြောင်း သိရပါသည်။ နယ်စားကတော်ကြီးမှာ ယခင်ကကဲ့သို့ နားလေးသည့်အတွက် သောကရောက်ခြင်း မဖြစ်တော့ကြောင်း၊ ယခင်ကလို တစ်နေကုန် ကုလားထိုင်ကလေးပေါ်တွင် တကုတ် ကုတ် ထိုင်နေခြင်းမပြုတော့ဘဲ ခြံထဲသို့ ဆင်း၍ တစ်နေ့လျှင့် နှစ်ခေါက်လောက် လမ်းလျှောက်ကြောင်း၊ ထိုသို့ လမ်းလျှောက်ခြင်းမှာ သူ့ကျန်းမာရေးအတွက်ကြောင့် ထက် သူ့အချစ်တော် ခွေးလေး လိုလိုအတွက်ဖြစ်ကြောင်း၊ လိုလိုမှာ တစ်နေ့တခြား အဆီအစ်ပြီး ဝလာသဖြင့် လေ့ကျင့်ခန်းလုပ်ပေးဖို့လိုကြောင်း စသည်ဖြင့် သတင်း ကြားရပါသည်။
လိုလိုဆိုတဲ့ ခွေးမလေးကတော့ တော်တော်စိတ်ပျက်စရာကောင်းတဲ့ တိရစ္ဆာန်ကလေးပဲ တကာကြီးရေ။ အားအားရှိ သူ့သခင်နယ်စားကတော်ကြီး ပေါင် ပေါ်မှာ ထိုင်ပြီး မြင်မြင်သမျှကို မာန်မဲဟိန်းဟောက်နေတော့တာပါပဲ။ ဒါတင်ကရိုး လားဗျာ။ တစ်လောကဆိုရင် အိမ်ဖော်သူငယ်မလေးကိုကိုက်တာ နှစ်ခါရှိပြီဗျ။ ဒီခွေး ကို ချစ်တဲ့လူဆိုလို့ ကျုပ်ဖြင့် တစ်ယောက်မျှ မတွေ့သေးဘူး။ အဲ ... နယ်စားကတော် ကြီးကတော့ သိပ်ချစ်တာပေါ့လေ။ သူ့ခွေးမလေးကိုပဲ တစ်နေကုန် အရိပ်တကြည့် ကြည့်နဲ့ နေတာပဲ။ မနေ့ကတော့ ဘုရားရှိခိုးကျောင်းလာပြီး သီလဆေးနေတုန်းမှာ သူ့ခွေးကလေး လိုလိုဟာ သူ့ပေါင်ပေါ်မှာ ထိုင်နေရင်း ရုတ်တရက် နေထိုင်မကောင်း ဖြစ်တဲ့အတွက် ပြီးအောင်တောင် သီလဆေးလို့ မရတော့ဘဲ ရပ်ပစ်လိုက်ရတယ်။ ခွေးကလေးမှာ အူအမြှေးပါးရောင်တဲ့ ရောဂါဖြစ်ခြင်း ရှိမရှိနဲ့ သူ့အတွက် တတ်နိုင် သမျှ ဆေးများ ကိုညွှန်းဖို့ကိုလည်း ဆရာ့ဆီကို အကြောင်းကြားပေးပါဦးဆိုလို့ စာရေးလိုက်ရခြင်း ဖြစ်တယ်ဗျ။ သူ့ခွေးကလေးရဲ့ ရောဂါကိုဆရာက တခြားဆရာဝန် တွေထက် ပိုပြီး နားလည်မှာ ပါလို့လည်း ပြောလိုက်သေးတယ်ဗျ။
ထိုအချက်တွင်တော့ နယ်စားကတော်ကြီး မှန်သင့်သလောက် မှန်ပါ သည်။ ထိုစဉ်က ကျွန်တော်သည် နာမည်ကြီး 'လူ' ဆရာဝန်တစ်ယောက် မဖြစ် သေးသည့်တိုင်၊ ခွေးချစ်သူတစ်ယောက် မဖြစ်သေးသည့်တိုင် ခွေးချစ်သူ လူနာများ ကြားတွင် တော်တော်နာမည်ကြီးသည့် 'ခွေး' ဆရာဝန် (ဒေါ့ဂ်ဒေါက်တာ) တစ်ယောက် ဖြစ်နေပါပြီ။ လူကို ကုသရာတွင် ကျွန်တော့်ပညာစွမ်းနှင့် ပတ်သက်၍ သဘောကွဲကောင်း ကွဲကြပါလိမ့်မည်။ သို့ ရာတွင် ခွေးကိုကုရာတွင်ကား တော်ပါ ပေသည်ဟု အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသည်ကို ကျွန်တော် ရဲရဲပြောနိုင်ပါသည်။
'ခွေး' ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရန်အတွက် ခွေးများ ကိုတော့ ချစ်တတ်ဖို့တော့ လိုပါသည်။ လူတွေအကြောင်းကို နားလည်ဖို့ လိုသကဲ့သို့ ခွေး များ အကြောင်းကိုလည်း နားလည်ဖို့ လိုပါသည်။ သို့ ရာတွင် ခွေးအကြောင်းကိုသိရ ဖို့က လူအကြောင်းကို သိဖို့ထက် ပိုလွယ်ပြီး ခွေးကို ချစ်ရသည်မှာ လည်း လူကို ချစ်ရသည်ထက် ပိုလွယ်ပါသည်။ ခွေး၏ စရိုက်သည် တစ်ကောင်နှင့်တစ်ကောင် မတူကြပါ။ ဖောက်စ်တဲရီးယားခေါ် မြေခွေးနှင့်စပ်သည့် တဲရီးယားမျိုးသည် မျက်စိ လျင်သလောက် အလွန်လည်းပါးနပ်ပါသည်။ စိန့်ဘားနဒ်ခေါ် သိုးကျောင်းခွေးမျိုး မှာ မျက်လုံးအကြည့် တည်ငြိမ်သလောက် နှေးကွေးပါသည်။ ခွေးတို့၏ အသိဉာဏ် မှာ လည်း အံ့သြလောက်ပါသည်။ သို့ ရာတွင် တစ်ကောင်နှင့်တစ်ကောင် အသိဉာဏ်ခြင်းတော့ ကွာတတ်ကြပါသည်။ သူတို့၏ အသိဉာဏ်သည် ခွေး ပေါက်စကလေးဘဝ မျက်လုံးနှစ်လုံး ပွင့်လာသည့်အချိန်က အစပြုခဲ့ပါသည်။ မိုက်မဲ ၍ အသိဉာဏ်မရှိသည့် ခွေးများ လည်း ရှိပါသည်။ သို့ ရာတွင် လူ့ထက် အရေအတွက် နည်းပါးသည်။ ခြုံ၍ ပြောရလျှင် ခွေးကို နားလည်ရန် ခွေး၏ အတွေးများ ကိုသိရန် လွယ်ပါသည်။ ခွေးသည် သူ့စိတ်ထဲတွင် ရှိသည်တို့ကို ဖုံးကွယ်ထားခြင်းမပြုပါ။ စကားမပြောတတ်သည့်အတွက်ကြောင့် ညာလည်းမညာတတ်ပါ။ ခွေးသည် သူတော်ကောင်းဖြစ်ပါသည်။ ပင်ကို သဘာဝ အားဖြင့် ဖြောင့်မတ်ရိုးသားပါသည်။ တစ်ခါတစ်ရံတွင်မူ ခွေးသည် သူ့ဘိုးဘွားများ ဖြစ်သော တိရစ္ဆာန်ရိုင်းတို့ထံမှ အမွေ ဆက်ခံတတ်သည်ကို တွေ့ရပါသည်။ ယင်းမှာ အခြားမဟုတ်။ မိမိအသက်ရှင် တည်မြဲရေးအတွက် ကောက်ကျစ်စဉ်းလဲမှု ကို အားကိုးတတ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့က ရိုးသားမှု ကို ပြသသည့်အခါတွင်မှ ခွေးသည် အတွေ့အကြုံရသွားကာ ကျွန်တော်တို့ကို စိတ်ချယုံကြည်လာသည်နှင့်အတူ သူ့ဘိုးဘွားများ ထံမှ အမွေ ရခဲ့သည့် မယုံသင်္ကာဖြစ်မှု ၊ ကောက်ကျစ်စဉ်းလဲမှု တို့သည် ပပျောက်သွားခြင်း ဖြစ်ပါသည်။ ထိုသို့ သော စိတ်မျိုးကျန်ရှိသည့်ခွေးမှာ တော်တော်ရှားပါသည်။ ကျန် ရှိနေသေးသည်ဆိုလျှင် ယင်းမှာ ပုံမှန်မဟုတ်တော့ပါ။ စိတ်ဖောက်ပြန်လာခြင်း ဖြစ်ပါသည်။ ထိုအခါတွင် ခွေးကို နာကျင်မှု မရှိဘဲ သေအောင်လုပ်ဖို့သာ ရှိပါတော့ သည်။ ခွေးတစ်ကောင်သည် သခင်သြဇာကို ဝမ်းမြောက်ဝမ်းသာ ခံယူလေ့ရှိပါသည်။ မိမိအပေါ် တွင်သခင်၏ ကြီးစိုးမှု ကိုလည်း ဝမ်းမြောက်ဝမ်းသာ ခံယူတတ်ပါသည်။ သခင်၏ အမိန့်ကိုလည်း အပြီးသတ် နာယူတတ်ပါသည်။ သို့ ရာတွင် များ စွာ သော ခွေးချစ်သူများ နားလည်ထားသကဲ့သို့ သူ့ကိုယ်သူ ကျေးကျွန်တစ်ခုသဖွယ်တော့ သဘောထားလေ့မရှိပါ။ သခင်ကို ကျိုးနွံခြင်းမှာ သူ့အလိုအလျောက် ကျိုးနွံခြင်း သာဖြစ်ပြီး ထိုသို့ ကျိုးနွံသည့်အတွက် သခင်ကလည်း သူ့အခွင့်အရေးကို ပြန်၍ လေးစားလိမ့်မည်ဟုတော့ သူ မျှော်လင့်ထားပါသည်။ သူ့ဘုရားသခင်သည် သူ့စိတ်ထဲတွင်ရှိသည့် အတွေးများ ကို နားလည်ကြောင်းကိုလည်း သူ သိပါသည်။ ထိုအတွေးများ ကို သခင် မသိအောင် ဖုံးကွယ်နေ၍ လည်း အကြောင်းမထူးဟု သူ နားလည်ပါ သည်။
သို့ ရာတွင် သူကကော သူ့ဘုရားသခင်၏ အတွေးများ ကို နားလည်နိုင်ပါ သလော၊ သိနိုင်ပါသလော။ သိနိုင်သည်ဟုပင် ဖြေရမည် ဖြစ်ပါသည်။ စိတ်ပညာ ဆိုင်ရာ သုတေသနအသင်းက မည်သို့ ဆိုစေ လူအချင်းချင်းကြားတွင် တစ်ယောက် စိတ်ကိုတစ်ယောက်သိသော တယ်လီပယ်သီဓာတ်တစ်မျိုးရှိသည်ဆိုခြင်းကို ထင် ထင်ရှားရှား သက်သေမပြနိုင်ကြသေးပါ။ သို့ ရာတွင် လူနှင့်ခွေးကြားတွင် တစ်ဦး၏ စိတ်ကို တစ်ဦးသိသော တယ်လီပယ်သီ ဓာတ်တစ်မျိုးရှိသည်ဆိုသည့် အချက်ကို ကား အကြိမ်ပေါင်းများ စွာ သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ခွေးသည် သူ့သခင်၏ အတွေးကို သိနိုင်ပါသည်။ သခင်၏ ပြောင်းလဲနေသော စိတ်အခြေအနေကို နားလည်နိုင်ပါသည်။ သခင်၏ စိတ်ထဲတွင်ချမည့် ဆုံးဖြတ်ချက်ကို ကြိုသိနိုင်ပါ သည်။ သခင်သည် သူ့ကို အလိုမရှိအခါတွင် ထိုသို့ အလိုမရှိကြောင်းကို သူပကတိ စိတ်အရ သိရပါ။ ရှင်ဘုရင်ပီပီ သူ့သခင် အလုပ်များ နေစဉ်တွင် ခွေးသည် နာရီပေါင်း များ စွာ ငြိမ်သက်စွာ လှဲအိပ်နေတတ်ပါသည်။ သို့ ရာတွင် သခင်စိတ်မကောင်းဖြစ် နေသည့်အခါ သခင်စိတ်ညစ်နေပြီဆိုသည့်အခါမျိုးတွင်မူ သူ့အလှည့်ရောက်ပြီ ဆိုသည့်အခါမျိုးတွင်မူ သူ့အလှည့်ရောက်ပြီဆိုသည်ကို သူ ကောင်းကောင်း သိလိုက် ပါသည်။ ထိုအခါတွင် ခွေးသည် သခင်အနားသို့ ကပ်လာကာ သူ့ခေါင်းကို သခင့်ပေါင်ပေါ်သို့ တင်ပါသည်။ 'စိတ်မညစ်ပါနဲ့ သခင်၊ သူတို့အားလုံး သခင့်ကို စွန့်ခွာသွားကြသည့်တိုင် ကျွန်တော် ရှိပါတယ်။ သခင့်မိတ်ဆွေတွေကိုယ်စား ကျွန်တော် ရှိပါတယ်။ သခင့်ရန်သူတွေကို ကျွန်တော် တိုက်မှာ ပေါ့။ ကျွန်တော်နဲ့ အတူ လမ်းတစ်ပတ်ထွက်လျှောက်ကြရအောင်ပါ။ ဒါတွေ အားလုံးကို မေ့ထား လိုက်စမ်းပါ'ဟု ပြောနေသကဲ့သို့ ရှိပေ၏ ။
သခင် မကျန်းမာသည့်အခါတွင် ခွေးတစ်ကောင်၏ အမူအရာကို ကြည့် ရသည်မှာ ထူးဆန်းပြီး သနားစရာကောင်းနေပါသည်။ ခွေးသည် သူ့ပကတိစိတ်၏ စေ့ဆော်ချက်အရ အနာရောဂါကို ကြောက်တတ်ပါသည်။ သေမည်ကို ကြောက် တတ်ပါသည်။ နှစ်ပေါင်းများ စွာ အိပ်ရာပေါ်တွင် သခင်နှင့်အတူ အိပ်ခဲ့ဖူးသည့် ခွေး သည် သူ့သခင် နာမကျန်းဖြစ်သည့် အခါမျိုးတွင် ထိုအိပ်ရာပေါ်တွင်နေရန် လွန်စွာ နှောင့်နှေးတတ်ပါသည်။ သို့ မဟုတ်လျှင်လည်း သခင်ကွယ်လွန်တော့မည့် အချိန် မျိုးတွင် အခန်းထောင့်တစ်ခုတွင် ပုန်းကွယ်ကာ တအင်အင်ညည်းနေတတ်ပါသည်။ လူတစ်ယောက် ကွယ်လွန်တော့မည်ဆိုသည့် နိမိတ်ကို ခွေးတစ်ကောင်က ပြခဲ့ ဖူးသည်ကို ကျွန်တော် မြင်ခဲ့ဖူးပါသည်။ သူက သေခြင်းတရားအကြောင်းကို ဘာများ သိသနည်းဟု မေးဖွယ်ရှိပါသည်။ အနည်းဆုံး ကျွန်တော် သိသလောက်တော့ သိပါ သည်။
ယခုစာကို ရေးနေသည့်အချိန်တွင် အဖြစ်အပျက်တစ်ခုကို ကျွန်တော် သတိရလာပါသည်။ တစ်ခါက ရွာကလေးတစ်ရွာ (အင်နာကတ်ပရိရွာ) တွင် ဆွေ မရှိ မျိုးမရှိ။ ဆင်းဆင်းရဲရဲ တစ်ရွာသူ အမျိုးသမီးတစ်ယောက် ချောင်းဆိုးသွေးပါ ရောဂါဖြင့် သေလုမျောပါး ဖြစ်နေပါသည်။ အစတုန်းကတော့ မနေနိုင်သူတို့က သွားကြည့်ပြီး တတ်နိုင်သမျှ ပြုစုကြပါသေးသည်။ သို့ ရာတွင် ရောဂါတာရှည်လာ သည့်အခါတွင်မူ မည်သူမျှ အလုပ်ပျက်အကိုင်ပျက်ခံ၍ သွားကြည့်မနေနိုင်ကြ တော့ပါ။ သူ့ထိုက်နှင့်သူ့ကံဆိုပြီး ထားလိုက်ကြပါသည်။ သူ့တွင် အပေါင်းအသင်း ဆို၍ ခွေးတစ်ကောင်သာ ကျန်ရစ်ခဲ့ပါသည်။ ထိုခွေးမှာ မူ အထက်တွင် ကျွန်တော် ပြောသလို သခင်အပါးမှ ထွက်ခွာခြင်းမရှိဘဲ သခင့်ခြေရင်းတွင် အမြဲဝပ်နေပါသည်။ အမျိုးသမီးနေထိုင်ရာ ထိုတဲကုပ်ကလေးထဲတွင်ရှိ အခြားသော နေရာများ မှာ စိုစွတ်သော မြေသားတွေဖြစ်နေပြီး နေစရာဆို၍ ကြမ်းခင်းထားသည့် ထိုနေရာ ကလေး တစ်နေရာသာ ရှိပါသည်။
တစ်နေ့သော် တဲကုပ်ကလေးအနီးမှ ကျွန်တော် ဖြတ်သွားစဉ် ခရစ်ယာန် ဘုန်းတော်ကြီး ဒွန်ဆာဗေဒိုကို ကျွန်တော် တွေ့ပါသည်။ ဒွန်ဆာဗေဒိုမှာ ဆင်းရဲသူ၊ နာမကျန်းဖြစ်သူများ ကို စောင့်ရှောက်နေသည့် ခရစ်ယာန် ဘုန်းတော်ကြီးဆယ့် နှစ်ပါးအနက် တစ်ပါးဖြစ်ပါသည်။ ဘုန်းတော်ကြီးက လူမမာအတွက် နောက်ဆုံး တရားစာများ ကို ရွတ်ဖတ်ပေးချိန်ရောက် မရောက် ကျွန်တော့်ကို မေးပါသည်။ အမျိုးသမီးသည် သူ့ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေပါသည်။ သူ့ သွေးခုန်နှုန်းမှာ လည်း ပုံမှန်ဖြစ်ပါသည်။ ခါတိုင်းထက်ပင် နေလို့ထိုင်လို့ ကောင်းသည်ဟုပင် ပြောပါသေးသည်။ ကျွန်တော်က အမျိုးသမီးကို စမ်းသပ်ကြည့်ရှုပြီးနောက် အမျိုးသမီးမှာ အံ့သြစရာ ကောင်းလောက်အောင် ဇွဲသတ္တိရှိကြောင်း၊ ယခု လောလောဆယ်တွင်မူ ဘာမျှဖြစ်မည်မထင်ကြောင်း၊ အနည်းဆုံး တစ်ပတ်နှစ်ပတ်လောက်တော့ ခံဦးမည်ထင်ကြောင်းဖြင့် ကျွန်တော်က ပြောပြပါသည်။ ထို့ကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးကလည်း နောက်ဆုံး တရားစာများ ကို ရွတ်ဆိုပြခြင်း မပြုသေးဘဲ ဆိုင်းထားလိုက်ပါသည်။
သူ့တဲကုပ်ကလေးထဲမှ ကျွန်တော်တို့ ထွက်မည်ပြုစဉ် ခွေးသည် တစ်ချက်အူပြီးနောက် ခုတင်ပေါ်မှ ခုန်ဆင်းလိုက်ကာ အခန်းထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ပြီး သနားဖွယ် တအင်အင်ညည်းနေပါသည်။ အမျိုးသမီး၏ မျက်နှာမှာ တစ်ချက်မျှ မပျက်ပါ။ သို့ ရာတွင် လက်ကောက်ဝတ်မှ သွေးကို စမ်းကြည့် လိုက်သည့်အခါတွင်မူ စမ်း၍ မရတော့လောက်အောင် ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့ရပါသည်။ အမျိုးသမီးက ကျွန်တော့်ကို တစ်ခုခုပြောရန် ကြိုးစားပါသည်။ သို့ ရာတွင် သူပြောသည့်စကားကို ကျွန်တော် ဘာမျှ နားမလည်ပါ။ အမျိုးသမီးသည် ကျွန်တော့်ကို ပြူးကျယ်သော မျက်လုံးကြီးများ ဖြင့်ကြည့်ကာ သေးကွေးကြုံလှီ သော လက်ကိုမြှောက်ပြီး ခွေးကို လက်ညှိုးထိုးပြပါသည်။ ထိုအကြိမ်တွင်မူ ကျွန်တော် သူဆိုလိုသည့်အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပါပြီ။ ကျွန်တော် က သူ့ခွေးကို ကြည့်ရှုစောင့်ရှောက်မည်ဟု ပြန်ပြောသည့်အခါတွင် ကျွန်တော့် စကားကို သူ နားလည်ဟန်ရှိပါသည်။ သူမသည် ကျေနပ်သွားသည့်ဟန်ဖြင့် ခေါင်း ကို ညိတ်ပြပြီးနောက် မျက်လုံးများ သည် မှိတ်သွားကြပါသည်။ သေခြင်းတရား၏ ငြိမ်းချမ်းမှု သည် သူ့မျက်နှာပေါ်တွင် တဖြည်းဖြည်းလွှမ်းလာပါသည်။ သူမသည် သက်ပြင်းကြီးတစ်ချက်ကို အားရပါးရ ရှူရှိုက်လိုက်ပြီးနောက် ပါးစပ်မှ သွေး တစ်ချက် အန်လိုက်ကာ အသက်ပျောက် သွားပါသည်။ အမျိုးသမီး ချက်ချင်း သေဆုံးသွားရ ခြင်းမှာ သွေးကြောပြတ်၍ သေဆုံးသွားရခြင်းဖြစ်ပါသည်။
ဆရာဝန်တစ်ယောက်လုံး လုပ်နေသည့် ကျွန်တော် ဘာမျှ မသိခင် ခွေး သည် ဘယ်ပုံဘယ်နည်းသိ သွားပါသနည်း။ ညနေရောက်၍ သူ့အလောင်းကို သုသာန်သို့ ယူသွားသည့်အခါ ခွေးသည် သူ့သခင်နောက်က လိုက် သွားပါသည်။ တစ်ဦးတည်းသော အသုဘပို့သူ ဖြစ်ပါသည်။ နောက်တစ်နေ့ရောက်သည့်အခါတွင် ကျွန်တော်နှင့် အသိအကျွမ်းဖြစ်နေသော သုသာန်စောင့်ကြီးက ခွေးမှာ ယခုတိုင် သူ့သခင်၏ မြေပုံပေါ်တွင် အိပ်နေသည်ဟု ဆိုပါသည်။
ထိုနေ့ တစ်နေ့လုံးနှင့် တစ်ညလုံး မိုးသည်းထန်စွာ ရွာခဲ့ပါသည်။ သို့ ရာ တွင် ခွေးမှာ မူ သခင်၏ မြေပုံပေါ်ရှိမြဲ ရှိနေပါသည်။ ညနေပိုင်းတွင် ကျွန်တော်က ကြိုး တစ်ချောင်းကိုပေးပြီး ခွေးကို ကျွန်တော်အိမ်သို့ ခေါ်လာရန် သုဘရာဇာကြီးအား ခိုင်း လိုက်ပါသည်။ သို့ ရာတွင် ခွေးသည် သူ့ကို ဟိန်းဟောက်ကာ အဖမ်းမခံဘဲ နေပါ သည်။ တတိယနေ့တွင်မူ ကျွန်တော်ကိုယ်တိုင်သုသာန်သို့ သွားကာ ခွေးကို ခက်ခက်ခဲခဲဖြင့် ချော့ပြီးအိမ်သို့ ခေါ်လာခဲ့ပါသည်။ ခွေးမှာ ကျွန်တော်ကိုလည်း သိနေ ပါသည်။
ထိုစဉ်က ကျွန်တော်နေထိုင်ရာ 'စိန့်မစ်ရှဲ'အိမ်တွင် ခွေးရှစ်ကောင် ရှိနေ ပါသည်။ ထို့ကြောင့်အိမ်တွင် အဆင်ပြေမှ ပြေပါမည်လားဟု ကျွန်တော် စိုးရိမ်မိပါ သေးသည်။ သို့ ရာတွင် ကျွန်တော့်မျောက်ဝံကြီး ဘီလီသည် ဘာကြောင့်မှန်းမသိ။ ကျွန်တော့် မျောက်ဝံကြီးဘီလီသည် သူ့ကို တွေ့တွေ့ခြင်းခင် သွားပါသည်။ ပထမ အံ့အားသင့်နေပြီးနောက်တွင် သူနှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်သွားခဲ့ကြပါ သည်။ ကျန်ခွေးများ အားလုံးသည် စိန့်မစ်ရှဲက ဥယျာဉ်ထဲတွင် ဗိုလ်ကျနေသည့် မျောက်ဝံကြီးကို မုန်းကြပါသည်။ မကြာမီတွင် အဆိုးဆုံးသော ခွေးကြီးဖြစ်သည့် မာရင်မာမာခွေးကြီးပင်လျှင် နောက်ရောက်လာသည့် သူစိမ်းခွေးကို ခင်သွား ပါသည်။ ထိုခွေးသည် ကျွန်တော့် စိန့်မစ်ရှဲအိမ်တွင် နှစ်နှစ်ကြာမျှ ပျော်ရွှင်စွာ နေထိုင် သွားခဲ့ပါသည်။ သူသေသည့်အခါတွင် အခြားသော ကျွန်တော့်ခွေးများ လိုပင် အိုင်ဗီ ချုံနွယ်တွေအောက်တွင် မြှုပ်နှံခဲ့ပါသည်။
ခွေးတစ်ကောင်ကို ဘီစကစ်ကလေးကျွေးပြီး ခင်မင်ရင်းနှီးစွာ အားပေး လျှင်၊ စိတ်ရှည်စွာ သင်ကြားပေးလျှင် ဘာမဆို သင်ကြား၍ ရရှိနိုင်ပါသည်။ ခွေးကို သင်ကြားပေးသည့်အခါတွင် စိတ်မတိုဖို့၊ အကြမ်းပတမ်းမလုပ်ဖို့ လိုပါသည်။ အသိဉာဏ်ရှိသည့် ခွေးတစ်ကောင်ကို ရိုက်နှက်အပြစ်ပေးခြင်းသည် သခင်၏ ဂုဏ် သိက္ခာကိုလည်း ထိခိုက်စေပါသည်။ ထို့အပြင် စိတ်ဓာတ်ဆိုင်ရာ အမှားတစ်ခု လည်း ဖြစ်ပါသည်။ သို့ ရာတွင် ခွေးပေါက်စကလေးများ နှင့် ဘာမျှ စဉ်းစားဆင်ခြင် ခြင်း မပြုတတ်သေးသည့် ကလေးငယ်များ ကိုမူ ကောင်းကောင်းနေထိုင်ခြင်း မပြု သည့်အတွက် မကြာခဏဆိုသလို အနည်းငယ်ရိုက်နှက်ပေးသင့်ပါသည်။ သို့ ရာ တွင် စဉ်းစားဆင်ခြင်တတ်လာသည့်နောက်တွင်မူ ရိုက်နှက်ခြင်း မပြုသင့်တော့ပါ။
ကျွန်တော်သည် ကျွန်တော့်ခွေးများ ကို ဘယ်တော့မျှ အတတ်ပညာ များ ကို သင်ကြားပေးလေ့ မရှိပါ။ သို့ ရာတွင် ခွေးများ မှာ မူ သူတို့အား သင်ပေး ထားသည့် အတတ်တို့ကို လုပ်ပြချင်တတ်ပါသည်။ ဆက်ကပ်များ ထဲတွင် ခွေးများ ကို အမျိုးမျိုး လုပ်ခိုင်းပြခြင်းမျိုးမှာ ကား တစ်ကိစ္စဖြစ်ပါသည်။ ဆက်ကပ် များ ထဲတွင် ခွေးကို အတတ်အမျိုးမျိုး အလုပ်ခိုင်းခြင်းသည် အသိဉာဏ်ရှိ သည့်ခွေးကို နိမ့်ကျအောင် လုပ်ရာရောက်ပါသည်။ မည်သို့ ဆိုစေ ဆပ်ကပ်ထဲမှ ခွေးများ မှာ ပိုက်ဆံရှာပေးသူများ ဖြစ်သည့်အတွက် ကောင်းကောင်းနေ ကောင်းကောင်းစားကြရပါသည်။ လှောင်အိမ်များ ထဲက တိရစ္ဆာန်များ ထက်တော့ သာပါသည်။
ခွေးသည် နာမကျန်းဖြစ်သည်ဆိုလျှင် ဘာကိုမဆို လိုက်နာတတ်ပါ သည်။ သူ့ကို ကြင်နာသည့်အသံဖြင့် ရှင်းပြလျှင် အလွန်နာကျင်သည့် ခွဲစိတ်မှု မျိုး ပင်လျှင် ခံရန် အဆင်သင့် ဖြစ်ပါသည်။ နာမကျန်းဖြစ်နေသည့် ခွေးတစ်ကောင်ကို ဘယ်တော့မျှ ချော့၍ အစာမကျွေးသင့်ပါ။ သူ့ပကတိစိတ်အရ အစာကို မစားချင် သည့်တိုင် ခွေးသည် သင်ကခိုင်းလျှင် အစာကို စားတတ်ပါသည်။ သူတို့ အစား မစားလျှင်လည်း ဘာမျှ စိတ်ပူစရာမလိုပါ။ ခွေးသည် ကလေးငယ်များ လိုပင် အစာ မစားဘဲ ရက်ပေါင်းများ စွာ နေနိုင်ပါသည်။ အစာမစားရသည့်တိုင် ဘာမျှ မဖြစ်ပါ။ ခွေးသည် နာကျင်မှု ကိုလည်း သတ္တိရှိရှိနှင့် ခံနိုင်ပါသည်။ သို့ ရာတွင် ထိုနာကျင်မှု အတွက် သင် စိတ်မကောင်းကြောင်း ပြောသည်ကိုတော့ သူ ကြားချင်ပါသည်။ လိုအပ်ခြင်းမရှိလျှင် နေထိုင်မကောင်းသည့် ခွေးတစ်ကောင် သွား၍ နှောင့်ယှက် ခြင်း မပြုသင့်ပါ။ ကိုယ်ကသွား၍ နှောင့်ယှက်ခြင်းသည် သူ့ဘာသာသူ၊ သူ နေကောင်းအောင် ကုပေးနေသော သဘာဝ ကြီးကို သွား၍ နှောင့်ယှက်သည်နှင့် တူပါသည်။ တိရစ္ဆာန်များ သည် နေထိုင်မကောင်းသည့်အခါ သေမည့်ဆဲဆဲအခါ များ တွင် သူတို့ဘာသာ သီးသန့် နေချင်ကြပါသည်။
'အလိုလေး' ခွေးတစ်ကောင်၏ အသက်ဆိုသည်မှာ ဘာမျှကြာသည် မဟုတ်ပါ။ ကျွန်တော်တို့အားလုံးသည် သေဆုံးသွားသော မိတ်ဆွေတစ်ဦးအတွက် စိတ်မကောင်းမဖြစ်သည့်သူဆို၍ တစ်ယောက်မျှ ရှိမည်မထင်ပါ။ ခွေးသေသွား၍ သစ်ပင်တစ်ပင်အောက်တွင် သွားမြှုပ်ပြီးသည်နှင့် ပထမဆုံးပြောဖြစ်သည့် စကားမှာ နောက်ထပ်ဘယ်တော့မှ ခွေးမမွေးတော့ဟူသော စကားဖြစ်ပါသည်။ သင့်စိတ်ထဲတွင် သေသွားသည့် ခွေးလောက် ဘယ်ခွေးမှ လိမ္မာချစ်စရာကောင်းမည် မဟုတ်ဟု ထင်တတ်ပါသည်။ မဟုတ်ပါ။ သင်ချစ်နေသည်မှာ ခွေးတစ်ကောင်ကို ချစ်နေခြင်းမဟုတ်ပါ။ ခွေးကို ချစ်နေခြင်းဖြစ်ပါသည်။ ခွေးများ သည် အများ အားဖြင့် အတူတူပင် ဖြစ်ပါသည်။ သူတို့အားလုံးသည် သင့်ကိုချစ်ရန် အဆင်သင့်ဖြစ်ပြီး သင့် အချစ်ကိုလည်း ရယူလိုကြပါသည်။ ခွေးသည် ချစ်စရာအကောင်းဆုံးတိရစ္ဆာန်များ ၏ ကိုယ်စားလှယ်ဖြစ်ပါသည်။ တရားသဘောဖြင့်ပြောလျှင် ခွေးသည် ဘုရားသခင် ဖန်တီးသည့် တိရစ္ဆာန်များ ထဲတွင် အပြည့်စုံဆုံး၊ အပြစ်အနည်းဆုံး တိရိစ္ဆာန် ဖြစ်ပါသည်။
သို့ ရာတွင် ကံကြမ္မာသည် တော်တော်ရက်စက်ပါသည်။ ချစ်စရာ အကောင်းဆုံးသော တိရစ္ဆာန်သည် ကြောက်စရာအကောင်းဆုံးသောရောဂါ (ခွေး ရူးပြန်ရောဂါ)ကို သယ်ဆောင်လာသူအဖြစ် ဖန်တီးပေးလိုက်ပါသည်။ ကျွန်တော် ပါစချာအင်စတီကျူ့တွင် သိပ္ပံပညာနှင့် ထိုကြောက်ဖွယ်ရောဂါတို့၏ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရပြီး နောက်ဆုံးတွင် သိပ္ပံပညာက အနိုင်ရသွားခဲ့သည်ကို လည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရပါသည်။ ခွေးရူးပြန်ရောဂါကို သိပ္ပံပညာက အောင်မြင် ရေးအတွက် တိုက်ခိုက်ရသည့်တိုက်ပွဲတွင် ခွေးပေါင်းများ စွာ (လူတချို့လည်း ပါဝင် ပါသည်) ၏ အသက်ကို စတေးခဲ့ရပါသည်။ ကျွန်တော်သည် အစမ်းသပ်ခံရမည့် ခွေးများ ကို သွားကြည့်ပြီး သူတို့ကို အားပေးစကားပြောခဲ့ပါသည်။ နောက်တွင်မူ ထိုသို့ ပင် မပြောရက်တော့သဖြင့် ပါချောအင်စတီကျူ့သို့ ကျွန်တော် မသွားဘဲ နေခဲ့ ပါသည်။ ကျွန်တော်ကိုယ်တိုင် ခွေးရူးပြန် ရောဂါရှင်များ ကို ကယ်ဆယ်ရန် ကြိုးစား ခဲ့ပြီး အရေးနိမ့်မှု များ စွာ ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ ထိုရောဂါကို နည်းသစ်များ ဖြင့် မကုသခင်မှာ ရော၊ ကုသပြီးချိန်မှာ ရော လူတွေသေခဲ့ကြသည်ကိုလည်း မြင်ခဲ့ ဖူးပါသည်။
ထိုစဉ်က ခွေးချစ်သူများ နှင့် မသိနားမလည်သူတို့က လုပ်ပါစချောကို အကြီးအကျယ် ဝေဖန်တိုက်ခိုက်ခဲ့ကြပါသည်။ ထိုမျှမက သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်များ ကလည်း တိုက်ခိုက်ခဲ့ကြပါသည်။ သူတီထွင်သည့် သွေးရည် ကြည်ကြောင့် ခွေးရူးပြန်ရောဂါရှင်တွေ သေဆုံးခဲ့ရသည်ဟု အအများ က ဝိုင်းဝန်း စွပ်စွဲခဲ့ကြပါသည်။ သို့ ရာတွင် ပါစချောသည် ထိုသို့ သော တိုက်ခိုက်မှု ၊ အရေးနိမ့်မှု များ ကို ကျော်လွှားကာ သူ့လုပ်ငန်းကို အောင်မြင်အောင် လုပ်ခဲ့ပါသည်။ ထိုစဉ်က သူနှင့်အတူ နေခဲ့သူများ သည် ခွေးရူးပြန်ရောဂါပျောက် ထိုးဆေးကို စမ်း သပ်တီထွင်စဉ် ကာလတုန်းက သူ ဘယ်မျှ စိတ်ထိခိုက်ရကြောင်းကို ကောင်း ကောင်းသိကြပါသည်။ ခွေးကောင်းများ ကို ခွေးရူးအဆိပ်ရည် ထိုးပေးရသည့်အတွက် သူ ဘယ်မျှ စိတ်ထိခိုက်ရကြောင်းကို ကောင်းကောင်း သိကြပါသည်။ ခွေးကောင်း များ ကို ခွေးရူးအဆိပ်ရည် ထိုးပေးရသည့်အတွက် သူဘယ်မျှ စိတ်ဆင်းရဲရကြောင်း ကို ထိုစဉ်က သူနှင့်အတူရှိသူများ ကောင်းကောင်းသိပါသည်။ ပါစချာကိုယ်တိုင် သည် ခွေးများ ကို အလွန်အမင်းချစ်တတ်သူတစ်ယောက် ဖြစ်ပါသည်။ ပါစချာသည် ကျွန်တော်တွေ့ဖူးသမျှ လူတွေထဲတွင် အကြင်နာတတ်ဆုံး၊ ကရုဏာအရှိဆုံးသူ ဖြစ်ပါသည်။ သူသည် ငှက်ကလေးတစ်ကောင်ကိုပင် မပစ်ရဲဟု တစ်ခါက ကျွန်တော့် ကို ပြောဖူးပါသည်။ ထို့ကြောင့် ပါစချာသည် ခွေးရူးပြန်ရောဂါပျောက်ဆေးကို ထုတ်လုပ်မည်ပြုသည့်အခါတွင် ဓာတ်ခွဲခန်းမှ ဆေးထုတ်ယူမည့် ခွေးများ နာကျင်မှု သက်သာစေရန် တတ်နိုင်သမျှ အကာအကွယ် လုပ်ခဲ့ပါသည်။ ပီလီနိုဗေးက ခွေး အိမ်များ တွင် အကြီးအကဲခန့်ရန် ရွေးချယ်သည့်အခါတွင် အလွန်ခွေးချစ်တတ်သူ တစ်ဦးဖြစ်သော ပါနီးယား (ယင်းမှာ တစ်ခါက ရဲဘက်တွင် အမှု ထမ်းခဲ့ဖူးသူ ဖြစ် သည်)ကို သူကိုယ်တိုင်ရွေးချယ်ခန့်ထားခဲ့ပါသည်။ ထို ခွေးအိမ်များ ထဲတွင် ခွေးရူး စိတ် ထိုးထားသည့် ခွေးအကောင်ခြောက်ဆယ်ခန့်ရှိပါသည်။ သူတို့ကို လိုင်စီ ရိုလင်း ဆေးရုံရှိ ခွေးအိမ်များ သို့ မှန်မှန်ထုတ်လာပြီး စမ်းသပ်၍ ခွေးရူးအကိုက်ခံ စေပါသည်။ လိုင်စီရိုလင်းရှိ ခွေးအိမ်များ ထဲတွင်မူ ခွေးရူးလေးဆယ်ခန့်ရှိပါသည်။ ပါးစပ်တွင် အမြှုပ်တွေ တစီစီနှင့် ဖြစ်နေသောခွေးများ ကို ကိုင်တွယ်ရသည်မှာ တော်တော်အန္တရာယ်များ သည့် ကိစ္စဖြစ်ပါသည်။ ကျွန်တော်သည် ထို ခွေးလှောင် အိမ်များ မှ လူများ ၏ သတ္တိကိုကြည့်၍ အံ့သြရပါသည်။ ပါစချာကိုယ်တိုင်မှာ လည်း အလွန်သတ္တိကောင်းပြီး နည်းနည်းကလေးမျှ ကြောက်စိတ်မရှိသူ ဖြစ်ပါသည်။ တစ်ခါတွင်မူ ပါစချာသည် ခွေးရူးတစ်ကောင်၏ ပါးစပ်မှ သွားရည်ကို တိုက်ရိုက် လတ်လတ်ဆတ်ဆတ် လိုချင်သဖြင့် သူကိုယ်တိုင် ထုတ်ယူသည်ကို မြင်ခဲ့ဖူးပါ သည်။ လက်တွင် သားရေအိတ်စွတ်ထားသည့်အတွက် သူ့လက်ထောက်နှစ်ဦးက ရူးနေသည့် ခွေးဘီလူးကြီးတစ်ကောင်ကို စားပွဲပေါ်တွင်တင်၍ ချုပ်ကိုင်ထားကြပြီး ပါစချာက သူ့ပါးစပ်တွင် ဖန်ြ>ွပန်ကို ကိုက်ထားကာ ခွေးရူးပါးစပ်ထဲမှ သွားရည်ကို စုတ်ယူနေသည်ကို ကျွန်တော် မြင်ခဲ့ဖူးပါသည်။ ခွေးရူးစိတ်ရည်ထိုး၍ အစမ်း သပ်ခံရသည့် ဓာတ်ခွဲခန်းသုံး ခွေးများ မှာ အများ အားဖြင့် ခွေးလေများ ဖြစ်ပြီး ရဲတို့က ပါရီလမ်းမများ ပေါ်မှ ကောက်ဖမ်းလာခဲ့ကြခြင်း ဖြစ်ပါသည်။ အစတွင် ခွေးများ သည် ဇိမ်ကျကျနေရပြီဟု ထင်ကြဟန်ရှိပါသည်။ သို့ ရာတွင် သူတို့သည် ရောဂါဝေဒနာကိုခံပြီး မထင်မရှား သေသွားခဲ့ကြပါသည်။ သူတို့သည် ရောဂါနှင့် သေမင်းကိုတိုက်သော သိပ္ပံပညာ၏ တိုက်ပွဲတွင် အသက်ပေးသွားကြရသော အညတရစစ်သည်များ ဖြစ်ပါသည်။ ထိုဓာတ်ခွဲခန်းအနီးတွင်မူ ဆာရစ်ချက်ဝေါ လေ့စ် တည်ဆောက်ပေးခဲ့သော ခမ်းနားထည်ဝါသည့် ခွေးသင်္ချိုင်း ကြီး ရှိပါသည်။
ထိုခွေးသင်္ချိုင်းထဲတွင်မူ ရာပေါင်းများ စွာ သော အချစ်တော်ခွေးများ နှင့် ဧည့်ခန်းဆောင်ခွေးများ ကို မြှုပ်နှံထားပါသည်။ သူတို့၏ သင်္ချိုင်းမြေပုံပေါ်က ကျောက်ဖြူသား လက်ဝါးကပ်တိုင်များ ပေါ်တွင် သူတို့သခင်များ ၏ ချစ်ခင်ကြင်နာ သော လက်များ ဖြင့် ရေးထိုးထားသည့် သူတို့၏ အသုံးမကျသော ဇိမ်ကျကျဘဝကို မှတ်တမ်းတင်ထားသည့် ပမ္ပည်းစာများ ရှိပါသည်။
(ဆွီဒင်အမျိုးသားဆရာဝန်နှင့် Axel Monthe ၏ The Story of San Michele မှ ထုတ်နုတ်ပြန်ဆိုသည်။)
(ဆေးတက္ကသိုလ် (၁) နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၃-၉၄)
(၃)
ညက တစ်ညလုံး တောလမ်းကလေးပေါ်မှာ ကျွန်တော်တို့ စောင့်နေကြ သည်။ မနက်လင်း၍ ကြည့်လိုက်သည့်အခါ၌ ကျွန်တော်တို့အားလုံး ကိုင်းတော ကြီးထဲတွင် ရောက်နေသည်ကို တွေ့ရ၏ ။ ကိုယ်အောက်ပိုင်းက ရွံ့ဗွက်ထဲသို့ ရောက် လျက်။ ကျွန်တော့်လက်ထဲတွင် ကိုင်ထားသည့် သေနတ်ပြောင်းက အရောင်မှိုင်း မှိုင်း။ လက်ကိုင်ထားသည့် သေနတ်ဒင်ကမူ လက်ဆီပြန်သဖြင့် အရောင်လက်နေ သည်။ ကျွန်တော့် ဝဲနှင့်ယာတွင်ရှိသည့် တပ်သားများ ကို ကျွန်တော် လှမ်းကြည့် လိုက်သည်။ သည် အင်အားလောက်နှင့်ဆိုလျှင် သည်တောလမ်းကလေးကို ကျွန်တော်တို့ စီးထားနိုင်ပြီ။ ကိုင်းပင်တွေကိုဖြဲ၍ တောလမ်းကလေးကို မျှော်ကြည့် လိုက်သည်။ ယခုနေ ရန်သူတို့ ကျွန်တော်တို့ခွင်ထဲသို့ ဝင်လာပြီဆိုလျှင် မည်မျှ ဟန်ကျမည်နည်း။
ကျွန်တော်တို့က အသာချုံခို၍ တိုက်ရုံမျှသာ။
ချွေးပြန်နေသည့် မေးရိုးကို လက်ဖြင့် သုတ်လိုက်သည်။ လက်မောင်း တွေ၊ ပခုံးတွေ တောင့်နေသည်။ စိုစွတ်နေသော ယူနီဖောင်းကို ဝတ်ရသည်မှာ ကျဉ်း ကျပ်နေသည်ဟု ကျွန်တော်ထင်နေသည်။ ယခုနေ ရီနီနှင့် တွေ့လိုက်ရလျှင် မည်မျှ ပျော်စရာကောင်းမည်နည်း။ ရီနီ၏ နူးညံ့အိစက်သည့် အတွေ့အထိ၊ မွန်းတည့်ချိန် တောအုပ်ထဲက အပူရှိန်။ ချုံခိုတိုက်ပွဲဝင်ရစဉ် ကျွန်တော်တို့ လိုက်နာရသည့် တင်းကျပ်သော စည်းကမ်းများ ။
ထိုအကြောင်းများ သည် ကျွန်တော့်ခေါင်းထဲတွင် အစဉ်လိုက်ပေါ်လာ ကြသည်။ ရန်သူလာမည်၊ မလာမည်ကို မသေချာ။ မသေချာဘဲ စောင့်ရသည့် အလုပ်ကို ကျွန်တော် ငြီးငွေ့လှပြီ။ ကိုင်းပင်များ ကိုဖြဲကာ တောလမ်းကလေးကို လှမ်းမျှော်ကြည့်ရင်း ကျွန်တော့် စိတ်နာရီသည် အတိတ်သို့ နောက်ပြန်သွားနေ သည်။ မှော င်သောဆံပင်တွင် စံပယ်ပန်းကုံးကလေးကို ပန်ကာ ရီနီများ ရောက်လာ ခဲ့လျှင် သူ့ကို ကျွန်တော် လက်တွဲ ၍ တောင်ပံတွေ တဝဲဝဲဖြင့် ရစ်တွေကနေသည့် နေရာသို့ ခေါ်သွားမည်။ တောငှက်ပျောပင်တွေပေါ်တွင် ပင့်ကူအိမ်တွေ ဖွဲ့နေကြ သည်ကို အတူကြည့်ကြမည်။ သူနှင့် ချစ်တင်းစကားတွေ ပြောကြမည်။
ဟေ့ ဖလုံတွင် တောတွင်း စစ်ဆင်ရေး သင်တန်းသွားတက်စဉ် သူ့ကို ကျွန်တော် တွေ့ခဲ့ရခြင်း ဖြစ်၏ ။ သူ့ကို ပထမ စတွေ့စဉ်က သူက ဈေးထဲမှာ ဟင်းသီး ဟင်းရွက်တွေ ဝယ်နေသည်။ ကျွန်တော်တို့ တပ်က လွန်လေ၏ ။ တောင်တက်တွင် မီဇို သောင်းကျန်းသူများ ကို လိုက်လံ တိုက်ခိုက်နေရသည်။ ယခု ဟေဖလုံတွင် တောတွင်းစစ်ဆင်ရေးသင်တန်း လာတက်ရခြင်းမှာ အနားယူသည့် သဘောမျှသာ ဖြစ်၏ ။ တောထဲတောင်ထဲတွင် တစ်နှစ်လုံး စစ်ဆင်ရေး လုပ်ခဲ့ရပြီးနောက် မြို့က ဈေးထဲရောက်၍ မိန်းမပျိုကလေးများ ကို တွေ့လိုက် မြင်လိုက်ရသည့်အခါ၊ အရောင် စုံ၊ အသွေးစုံကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် တစ်မျိုး လန်းဆန်းသွားသည်။ မီဇို တောင်တန်းများ ပေါ်မှ ဆင်းလာခဲ့ရသည့်အတွက် ပျော်သွားသည်။ စင်စစ် သောင်းကျန်းသူက နည်းနည်း။ တောတွေ တောင်တွေကို ကျော်ဖြတ်နေရသည်နှင့် အချိန်ကုန်ရသည်။
ကျွန်တော်နှင့် စတွေ့တုန်းက သူက လှလှပပ ခင်းကျင်းထားသည့် ဟင်း သီးဟင်းရွက်တောင်းများ ကို ငုံ့ကြည့်နေသည်။ သူ့လည်တိုင်က ကြော့ရှင်းလျက်။ သူ့ဆံပင်တို့က မွှေးကြိုင်သင်းပျံ့လျက်။ ကျွန်တော်သည် သူ့အလှကို ရပ်၍ ငေး ကြည့်နေမိသည်။
သူ့ဟန်က ချစ်စရာ၊ အင်္ဂလိပ် ပန်းချီကျော် ဘီယာ့စလေ၏ ပန်းချီကား တစ်ချပ်ကို အရှေ့တိုင်းဆန်အောင် ပြုပြင်ထားသည့်နှယ်။ သူ့ကို မြင်လိုက်သည်နှင့် ကျွန်တော့်စိတ်သည် လေယူရာလွင့်မျောနေသော တိမ်တိုက်လို လွင့်စဉ်နေလေပြီ။ သူ့ကို ချစ်နေပြီ။ ကျွန်တော့် စိတ်ကူးထဲတွင် သူ့ကို ပွေ့ဖက် နမ်းရှုပ်နေမိလေပြီ။ သူ သည် မီဇို အမျိုးသမီးများ ဝတ်လေ့ရှိသည့် အနက်နှင့်အဖြူစင်း သင်တိုင်းကို ခြေချင်း ဝတ်အထက် လေးလက်မ အကွာလောက်ရောက်အောင် ခပ်တိုတို ဝတ်ထား၏ ။ သူ့ တစ်ကိုယ်လုံး လှသလို ခြေတံတွေကလည်း လှပါဘိ။ ရင်အုံက မို့မို့၊ လှိုင်းအိသလို နိမ့်ချည် မြင့်ချည်၊ ကော်လာ ခပ်မြင့်မြင့် အင်္ကျီထဲမှ သူ့လည်တံက ကြော့ရှင်းလျက်။ ကျွန်တော်က တောတွေ တောင်တွေထဲမှာ လပေါင်းများ စွာ နေလာခဲ့ရသူ။
ကျွန်တော်သည် အိတ်ထဲမှ ဆယ်တန်တစ်ရွက်ကိုထုတ်ကာ ဈေးဆိုင် ပေါ်တွင် ထိုင်နေသည့် အခါဆီ အမျိုးသမီးကြီးကို ယမ်းပြလိုက်ရင်း ...
'အဘွား နာနတ်သီးရှိသလား'ဟု အင်္ဂလိပ်လို လှမ်းပြောလိုက်သည်။
အမှန်အားဖြင့် စင်ပေါ်က နာနတ်သီး မမြင်ပါ။ မိန်းမပျိုကို ကြည့်ရသည် မှာ အင်္ဂလိပ်စကားတတ်သည် ထင်သဖြင့် လှမ်းပြောလိုက်ခြင်း ဖြစ်၏ ။ အဘွားကြီး နားမလည်သည်ကမူ သေချာသည်။
ကျွန်တော်သည် တောင်းတွေထဲတွင် နာနတ်သီး ရှာယောင်ပြုကာ ဟို ကြည့်သည်ကြည့် ကြည့်သည်။ ကျွန်တော့်ပုံက ဇာတ်ပွဲထဲက လူပြက် ဟိုရှာ သည်ရှာ လုပ်သည့်ဟန်မျိုး။ ကျွန်တော်က ပန်ချာပီ။ အရပ်ကြီးကြီးမားမားဖြင့် ဈေး လယ်ကောင်တွင်ရပ်လျက်။ ကလေးတွေက ကျွန်တော့်ကို ဝိုင်းအုံကြည့်နေကြ သည်။ ကျွန်တော်က မရှိသည့် နာနတ်သီးကို ရှာလျက်။ ဈေးသည် အဘွားကြီး ကျွန်တော့်ကို ခြေဟန်လက်ဟန်ဖြင့် စကားပြောလျက်၊ လူတွေက ကျွန်တော့်ကို ဝိုင်းကြည့်ရင်းရယ်လျက်။ ကျွန်တော် ဘာကိုလို၍ သည်အနားတွင် ရစ်ဝဲရစ်ဝဲ လုပ် နေသည်ကို သူတို့ မသိကြ။
ဟော ... ကျွန်တော်ဆင်သည့်အကွက်သို့ ရောက်လာပြီ။ သူက ကျွန်တော်ကို ပြုံး၍ ကြည့်သည်။
'နာနတ်သီးက ဒီနား မရှိဘူး။ ဈေး ဟိုဘက်ထိပ်မှာ ရှိတယ်'
'သြော် ... မင်းလည်း အင်္ဂလိပ်စကား ပြောတတ်သကိုး။ ကိုယ်က နာနတ် သီးကိုရှာတာ မဟုတ်ပါဘူးကွယ်။ မင်းကိုကြည့်ချင်လို့ ယောင်လည် ယောင်လည် လုပ်နေမိတာပါ။ မင်းက လှတယ်နော်'
'ဒီလောက်လည်း မဟုတ်ပါဘူးရှင်။ ရှင်ပြောတာကလည်း ဗြောင်ကျ လိုက်တာ'
'ကိုယ်က ဒီပြင်စစ်သားတွေလို မဟုတ်ဘူး။ စိတ်ထဲရှိတာ ပြောတတ် တာ'
'မြှောက်မနေပါနဲ့ရှင်။ ဒီလောက်လည်း မဟုတ်ပါဘူး။ ကျေးဇူးတင်ပါ တယ်။ သွားမယ်နော်'
သူက အဘွားကြီးကို ပိုက်ဆံပေးနေစဉ် ကျွန်တော်က ဟင်းသီးဟင်းရွက် တွေ ထည့်ထားသည့် သူ့ လက်ဆွဲအိတ်ကလေးကို ကောက်ကိုင်လိုက်သည်။ ကျွန်တော် လက်ထဲမှအိတ်ကို လှမ်းယူသည့်အခါတွင်လည်း သူ့မျက်နှာက ပြုံး လျက်။
'နေပါစေ။ ကိုယ် လိုက်ပို့ပါ့မယ်'
'ကျွန်မက ဘူတာရုံကို သွားမှာ ။ ဆီလချာကိုထွက်တဲ့ ညနေရထားအမီ ပြန်ရမှာ ။ ရှင် လိုက်ချင်တယ်ဆိုရင် ဘူတာရုံအထိ လိုက်ခဲ့လေ'
သူ့စကားကြောင့် ဈေးထဲတွင် မြင်မြင်သမျှ အရာတိုင်းသည် ကျွန်တော့် မျက်စိထဲတွင် အရောင်မျိုးစုံဖြင့် ပြိုးပြက်နေကြသည်။ ရေအိုင်ကလေးများ ပေါ်သို့ ထိုးကျနေသည့် နေခြည်လက်လက်များ သည် ကျွန်တော့်စိတ်ထဲတွင် မီးပန်း မီးပဒေသာတွေ လွှတ်နေသည်ဟု ထင်၏ ။ ကျွန်တော်သည် သူနှင့်အတူ လျှောက်လာခဲ့ရင်း သူ့ကိုသာ တစိမ့်စိမ့်ကြည့်၍ လိုက်လာသည်။ သို့ ရာတွင် ခေါင်းထဲက ရီဝေဝေ ဖြစ်နေသည်။ တောထဲ၊ တောင်ထဲတွင် တစ်နှစ်လောက် နေလာခဲ့ရပြီးနောက် မနေ့ညက တပ်ထဲတွင် ကျွန်တော် အရက်တော်တော်များများ သောက်ခဲ့သည်။ နေပူလာသဖြင့် မနေ့ညက အရှိန်ကြောင့် ပျို့ချင် အန်ချင်သလို ဖြစ်လာကာ ခေါင်းကိုက်စ ပြုလာ၏ ။ ဈေးထဲတွင် ဟန်နှင့်ပန်နှင့် နေခဲ့သည့်တိုင်၊ ကျွန်တော့်ကို ကြည့်ရသည်က စစ်သားတစ်ယောက်၏ ဟန်ပန်အပြည့်ရှိသည့်တိုင် လူက နုံးခွေကာ ရေငတ်စပြုလာသည်။ ကျွန်တော်က အအေးဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်၏ ။
'အအေးတစ်ခုခု သောက်မလား'
အငြင်းအခုန် လုပ်မနေချင်၍ လားမသိ။ သူက ဘာမျှမပြော။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက် အအေးဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။ ကျွန်တော်တို့ကို ကြည့်ရသည်က ညားခါစ လင်မယားလိုလို။ ကျွန်တော်က ဟင်းသီးဟင်းရွက်တွေ ထည့်ထားသည့် လက်ဆွဲအိတ်ကို ကိုင်လျက်။ ပန်ချာပီ စစ်သားကလေးတစ်ယောက် နှင့် ခပ်ချောချော မီဇို အမျိုးသမီးကလေးတစ်ယောက် တွဲ လာကြသည်ကို မည်သူ ကမျှ အဆန်းလုပ်၍ မကြည့်ကြ။ မီဇိုတောင်တန်းတစ်ဝိုက်တွင် သည်မြင်ကွင်းမျိုး သည် မြင်နေကျ။ မနေ့ညက များ သွားသဖြင့် ခေါင်းထဲက ရီဝေဝေ။ သို့ ရာတွင် သံပရာ ရည်တစ်ခွက်ကို သောက်လိုက်သည့်အခါတွင် လန်းဆန်းသွားသည်။
'သံပရာရည်က တော်တော်ကောင်းတယ်နော်။ သြော် ... ဒါထက် ကိုယ့် နာမည်က အမာဆင်းတဲ့'
သူက သံပရာရည်ကို စုပ်တံကလေးဖြင့် စုပ်နေသည်။ ဘာမျှမပြော။ သူ့ကို ကြည့်ရသည်က တစ်စုံတစ်ရာကို စဉ်းစားနေသည့်နှယ်။ ကျွန်တော့်အကြောင်း ကို စဉ်းစားနေခြင်း ဖြစ်ရမည်။ သို့ ရာတွင် ဤသည်မှာ ကျွန်တော့်အထင်မျှသာ ဖြစ်၏ ။ ထို့ကြောင့် သေချာအောင် ထပ်မေးရပြန်သည်။
'ကဲ ... မင်းအကြောင်းကော ပြောပါဦး'
သူက လက်ညှိုးထိပ်ကလေးဖြင့် သူ့ပါးရိုးတစ်လျှောက်ကို စမ်းနေသည်။ ကျွန်တော်က ရှေ့သို့ ကိုင်းလိုက်ပြီး သူ့လက်ကို ကိုင်လိုက်၏ ။ ခဏမျှ ငြိမ်နေပြီး နောက် လက်ကိုအသာ ပြန်ရုပ်သွားသည်။ ဘာမျှ ထူးခြားဟန် မပြ။
'မင်းနာမည်ကလေးကို ပြောပါဦးကွယ်။ မင်းသွားတဲ့ နေရာကို ကိုယ် လိုက်ပို့ပါ့မယ်။ မင်း ဖြစ်ချင်တာကိုလည်း ကိုယ်လုပ်ပေးပါ့မယ်။ ခုမှ တွေ့တယ်လို့ သဘောမထားပါနဲ့။ မင်းက ခုလို စကားတစ်လုံးမှ မပြောဘဲ ပြန်သွားမယ် ဆိုရင်တော့ ကိုယ် ရင်ကွဲမှာ '
'မသွားသေးပါဘူး။ ကျွန်မမှာ ဒီနေ့ တစ်မနက်လုံး ဘာမှ လုပ်စရာ မရှိ တာ။ ကျွန်မနာမည်က မီဇိုလို မာဝီတဲ့။ အင်္ဂလိပ်လိုတော့ ရီနီတဲ့။ နာရီပြန် နှစ်ချက် ထိုးရင်တော့ ဘူတာကို သွားမယ်နော်'
အအေးဆိုင်ထဲတွင် ကျွန်တော်တို့နှစ်ယောက် ပြောခဲ့ကြသည့် စကား များ ကို ကျွန်တော် ကောင်းကောင်း မမှတ်မိတော့။ စကားလုံးများ ကို ကျွန်တော် သတိမရ။ ရှုခင်းကိုသာ ကျွန်တော် သတိရနေသည်။ အအေးဆိုင်ဘေးတွင် အောက်တောင်ကြားထဲသို့ ဆင်းသွားသည့် လူသွားလမ်းကလေး ရှိသည်။ တောင် ကြားက သစ်ပင်တို့ဖြင့် စိမ်းစိုလျက်။ ကျွန်တော်တို့ နှစ်ယောက်သည် လူသွား လမ်းကလေးအတိုင်း တောင်ကြား အနိမ့်ကလေးထဲသို့ ဆင်းလာခဲ့ကြသည်။ ထိုနေ့ က ကျွန်တော်တို့နှစ်ယောက် ဘူတာရုံသို့ မရောက်တော့။ နောက်နေ့တွင်လည်း မရောက်သေး။ ရက်သတ္တပတ် နှစ်ပတ်လုံး အတူနေကြသည်။ ထိုအတောအတွင်း ကျွန်တော်က သူ့အတွက် လက်ဝါးကပ်တိုင်ကလေး ဆွဲထားသည့် ရွှေကြိုးတစ်ကုံး ဝယ်ပေးသည်။ (သူက ဗရင်ဂျီ ဘာသာဝင်ဖြစ်သည်။)
ကျွန်တော် စစ်ဆင်ရေး ပြန်သွားသည့်အခါတွင် သူသည် ကျွန်တော် ချစ်လက်ဆောင် ရွှေကြိုးကလေးကို ဆွဲထားပေလိမ့်မည်။
တပ်သို့ ဘယ်တော့မှ ပြန်ရောက်မည် မသိသေး။ စစ်ဆင်ရေးက ဘယ် တော့မှ ပြီးမည်မသိ။ ဘယ်တော့ တပ်မှ ခွင့်ရမည်မသိ။ သည်စစ်ဆင်ရေးသည် မပြီး နိုင်တော့ပြီလော။ တစ်ပတ်လော၊ တစ်လလော၊ တစ်နှစ်လော၊ ရာစုနှစ် တစ်ခု လော။ တောင်ထူထပ်သည့် နာဂ တောင်တန်းတွေ၊ မီဇိုတောင်တန်းတွေပေါ်မှာ သာ အချိန်ကုန်ရသည်။
တစ်ခါတစ်ရံတွင် သောင်းကျန်းသူများ သည် သည်တောလမ်းအတိုင်း လာတတ်ကြသည်။ ကျွန်တော်တို့က ချုံခိုတိုက်ရုံမျှသာ။ ယခု ကျွန်တော် ကံ ကောင်းပြီ။ ရီနီထံ တစ်ပတ်စော၍ ပြန်နိုင်တော့မည်။ သည်နားတစ်ဝိုက်တွင် ကျက်စားနေသည့် သောင်းကျန်းသူတစ်စုကို အပြုတ် ဖြုတ်နိုင်လျှင် ကျွန်တော် ခွင့်စောစောရမည်။ ကျွန်တော်တို့ တပ်ခွဲ ချုံခိုစောင့်နေသည့်လမ်းအတိုင်း သူတို့ လာလျှင် သူတို့အားလုံးကို အပြုတ်ဖြုတ်လိုက်မည်။ ထို့နောက် ခွင့်ဖြင့် ရီနီထံ ပြန်မည်။ လာစမ်းပါစေ။ သူတို့ လာစမ်းပါစေ။
သို့ တိုင် ကျွန်တော်သည် ရှောင်တခင်ခွင့်ဖြင့် ပြန်လာခဲ့သည်။ ဟေဖလုံတွင် တောတွင်းစစ်ဆင်ရေး သင်တန်းတက်ပြီး မကြာမီအတွင်း ဖြစ်၏ ။ ကျွန်တော်သည် ဘူတာရုံလမ်းတွင် တိုက်အိမ်ကလေးတစ်လုံး ငှား၏ ။ အခန်းနှစ်ခန်း ကို ကျွန်တော်တို့နှစ်ယောက် အလှပြင်ကြ၏ ။ ကောနေသော ပန်းခြံကလေးကို ကျွန်တော်တို့နှစ်ယောက် အတူပြင်ကြ၏ ။ ပေါင်းတွေကို ရှင်းကြ၏ ။ ပန်းပင်တွေကို မြေတောင်မြှောက်ကြ၏ ။ နေ့တိုင်း နှင်းဆီဝါတွေကို ဝယ်လာတာ ကျွန်တော်တို့ အခန်းကလေးကို အလှကျက်သရေတိုးအောင် တစ်မျိုးဆင်၏ ။ ကျွန်တော်တို့ သည် နှစ်ပတ်လုံးလုံး တပူးတွဲ တွဲ ။
သို့ ရာတွင် ခွင့်ကုန်ခါနီး တစ်ရက်လောက်တွင် ဘာ့ကြောင်းမှန်း မသိ။ ကျွန်တော့်စိတ်ထဲတွင် တထင့်ထင့် ဖြစ်လာသည်။ ရီနီသည် တကယ်ရိုးသားပါ၏ လော။ ရီနီသည် ကျွန်တော်တို့ဆီသို့ လာ၍ သူလျှိုလုပ်နေသော မီဇို အမျိုးသမီးငယ် လော။ များ စွာ သော မီဇိုခေတ်ပညာတတ်များ သည် သဘောကောင်းသည့် စစ်ဗိုလ် ကလေးများ ကိုတွေ့လျှင် စစ်ဆင်ရေးတွေအကြောင်း၊ တိုက်ပွဲတွေအကြောင်းကို ပြောတတ်ကြသည်။ ကျွန်တော်သည် မြက်ခင်းပေါ်တွင်ထိုင်ရင်း ထိုအကြောင်းများ ကို မသက်မသာ တွေးနေမိသည်။ ပခုံးတွင် သံသယကို ထမ်းလာသည့် စစ်သား သည် ကျွန်တော့် အားလပ်ရက်ကို လာရောက် နှောင့်ယှက်နေလေပြီ။
ကျွန်တော်သည် ပန်းတွေ တပွေ့ကြီးခူးကာ ရီနီရှိရာ အိမ်ထဲသို့ ပြန်ဝင် လာခဲ့သည်။ ရီနီသည် သူငယ်ငယ်ကအကြောင်း၊ ဟေဖလုံနှင့် ရှီလောင်တွင် သူ ကျောင်းနေခဲ့ရပုံတို့ကို ကျွန်တော့်ကို ပြောပြဖူး၏ ။ သူ့မိဘတွေက စမ္ပာမှာ နာမည် ကြီး ပုဂ္ဂိုလ်တွေ။ ရီနီသည် ဟေဖလုံရှိ ဆွေမျိုးတွေထံတွင် အလည်လာရင်း ကျွန်တော့်ကြောင့် မပြန်နိုင်သေးဘဲ သောင်တင်နေခြင်း ဖြစ်သည်။ သူသည် စစ်သားများ ကို မကြိုက်ကြောင်း၊ ယခုအချိန်ထိ စစ်သားနှစ်ယောက်ကိုသာ တွေ့ ဖူးသေးကြောင်း၊ တစ်ယောက်မှာ ကျွန်တော်ဖြစ်ပြီး အခြားတစ်ယောက်မှာ သူ့ ယောက်ျားဖြစ်ကြောင်းဖြင့် ကောက်ကာငင်ကာ ပြောပြသည်။ ကျွန်တော်မှာ ကြက်သေသေလျက်။ သူ့တွင် ယောက်ျားရှိသည်ကို ကျွန်တော် မသိရိုးအမှန်။
'သောင်းကျန်းမှု တွေဖြစ်တော့ သူလည်း တောခိုသွားတယ်။ တစ်ခါ တလေ သူ့ဆီက စာလေးဘာလေးတော့ ရပါတယ်။ ဒီနှစ်ထဲမှာ သူ့ဆီက စာနှစ်စောင် ရတယ်။ တောထဲမှာ သူတို့ ဘာတွေ လုပ်နေတယ်ဆိုတာ ရီနီ မသိဘူး။ နားလည်း မလည်ဘူး။ ဒီအကြောင်းတွေကို ရှင့်ကို ပြောလို့ အံ့သြနေသလားဟင်'
စင်စစ် ကျွန်တော်သည် မြေအောက် သောင်းကျန်းသူများ ဖမ်းရမည့် အတွေမျိုး ပေါ်သင့်သည်။ ဆိုင်ရာ ရဲဘက်ကလည်း ဘာမျှ မေးမြန်းဟန် မတူ။
'တကယ်တော့ ရီနီ သူ့ကို မချစ်ပါဘူး။ တောထဲမှာ ငါးနှစ်လုံးလုံး ရောက် နေတဲ့ ယောက်ျားတစ်ယောက်ကို ဘယ့်နှယ့်လုပ် ချစ်နိုင်ပါ့မလဲ'
မနက်အိပ်ရာကနိုးတော့ ကျွန်တော့်ဘေးတွင် သူ လဲလျောင်းလျက်။ အိပ်ရာဘေးတွင်ရှိသည့် ပန်းစိုက်ထဲမှ ပန်းများ သည် သူ့လက်ဖြင့် ထိုးစိုက်ထား သည့်အတွက် ပို၍ မွှေးနေသည် ထင်ရ၏ ။ ဖဲအဖြူပေါ်တွင် ရွှေရောင်အဆုပ် အဆုပ် ပန်းပွင့်ကြီးတွေ ရိုက်ထားသည့် သူ့ညဝတ်အင်္ကျီသည် အရောင်မွဲမွဲ ကျွန်တော့် ရှပ် အင်္ကျီနှင့်အတူ အိပ်ရာဘေး ကုလားထိုင်ပေါ်တွင် ပုံလျက်သား။ သူ့အင်္ကျီလှလှ သည် ကျွန်တော့်အင်္ကျီကို လှောင်နေသည့်နှယ်။ အိပ်ရာမှ နိုးလာသည့်အခါတွင် ရီနီသည် ကျွန်တော့်ကို သိုင်းဖက်ပြီးနောက် ရင်ခွင်ကြားထဲသို့ တိုးဝင်လာ၏ ။ ကျွန်တော်တို့သည် အချစ်ယာဉ်ကိုစီးကာ ကမ္ဘာအစွန်းသို့ သွားနေကြသည်။
ခွင့်နှစ်ပတ်ကုန်ပြီးနောက် ကျွန်တော် ပြန်ရတော့မည်။
'အစ်ကိုတို့ ဘယ်ကို စစ်ဆင်ရေး ထွက်ရမလဲဟင်။ ရီနီသိထားတော့ ကောင်းတာပေါ့'
သူက ပြော၏ ။
စစ်ဆင်ရေးကိစ္စဆိုသည်မှာ လျှို့ဝှက်ထားရမည့်ကိစ္စ။ ကျွန်တော် မပြော နိုင်။ သို့ ရာတွင် သူနဲ့ ခွဲရတော့မည်ဆိုသည့်အခါတွင် ကျွန်တော့်ရင်ထဲတွင် နာ နေသည်။ ယခုတိုင်လည်း နာကျင်ဆဲ ဖြစ်ပါ၏ ။
'အစ်ကို ဘယ်ရောက်နေတယ်ဆိုတာ မသိရရင် ရီနီ စိတ်ပူနေရမှာ ပေါ့ အစ်ကိုရယ်'
'ဟင့်အင်း ... အဲဒါတော့ ကိုယ် မသိဘူး။ ဒါပေမဲ့ ရီနီနဲ့ ခွဲနေရရင် နှစ်ပတ်၊ အလွန်ဆုံး တစ်လပေါ့ အချစ်ရယ်။ ပြီးရင် ချက်ချင်း ပြန်လာမှာ ပေါ့'
ယခု ကျွန်တော် စစ်ဆင်ရေး ထွက်ခဲ့ရပြီ။ တောကြီးမျက်မည်းထဲက လမ်းကျဉ်းကလေးပေါ်တွင် ရန်သူတို့ကို ချုံခိုတိုက်ခိုက်ရန် စောင့်နေရခြင်း ဖြစ်၏ ။ တောက ငြိမ်သက်လျက်။ လောကကြီးက ငြိမ်သက်လျက်။ အစိမ်းပုပ်ရောင် ငြိမ် သက်ခြင်း။ ကျွန်တော်တို့ ချုံခိုတိုက်ခိုက်ရေး တပ်စုသည် ရပ်တန့်သွားသော ရုပ်ရှင် ကော်ပြားတစ်ခုလို မလှုပ်မယှက်။ ကျွန်တော့်ရှေ့တွင် လမ်းကျဉ်းမှအပ ဘာမျှ မရှိ။ ခဏကြာလျှင် လမ်းချိုးဘက်မှ အစိမ်းရောင် ယူနီဖောင်းနှင့် လူတစ်ယောက်ကို မြင် လိုက်ရသည်။ သတိကြီးစွာ ထားလာနေသည့် ကြောင်တစ်ကောင်လိုရှေ့တွင် ကာဆီးနေသည့် ချုံနွယ်တို့ကို ဖယ်ရှားကာ တစ်လှမ်း လာနေသည်။
ကျွန်တော့်ရင်သည် တဒိတ်ဒိတ် ခုန်နေ၏ ။ ကျွန်တော့်ဘေးတွင် ဝပ်နေ သည့် တပ်သားသည် ဆတ်ခနဲ ဖြစ်သွား၏ ။ ကျွန်တော်သည် စတင်းဂန်းမှ မောင်းကို အော်တိုမက်တစ်သို့ အသာပြောင်းလိုက်သည်။ ထို့နောက် လက်ထဲတွင် ကိုင်ထားသည့် ပစ္စတိုကို ခပ်တင်းတင်း ညှစ်ကိုင်လိုက်ကာ မောင်းကို တဖြည်းဖြည်း ဆွဲလိုက်သည်။ ကျွန်တော့်လက်ညှိုးကပ်သွားသည်နှင့် ကျည်ဆန်သည် ထွက် သွားတော့မည်။ ကျွန်တော်သည် တစ်လှမ်းချင်း လာနေသူ၏ ရင်ဝတည့်တည့်ကို သေနတ်ဖြင့် ချိန်ထားလိုက်သည်။
သူ့လက်ထဲတွင် ရိုင်ဖယ်နှင့် သူသည် ရပ်နေသည်။ ကျွန်တော့် ပစ်ကွင်း ထဲသို့ ရောက်နေပြီ။ သူ့နောက်မှ လူနှစ်ယောက်လိုက်လာကြသည်။ ကျွန်တော် ဘယ်ဘက်လက်ဖြင့် သေနတ်အစွန်းကို ကိုင်ထားလိုက်သည်။ သေနတ်ဒင်ကို တင်းတင်းဆုပ်ကာ ပခုံးညှပ်ရိုးကြားတွင် ခွင်ကျအောင် နေရာချလိုက်၏ ။
ကိုက်သုံးဆယ်။ နောက်မှ လိုက်လာသူနှစ်ယောက်သည်လည်း အနီးသို့ ရောက်လာကြပြီ။ ပထမလူက ပစ္စတိုတစ်လက်ကိုင်လျက်။ ယူနီဖောင်းနှင့် ဦးထုပ်ကာကီရောင်၊ ကိုယ်လုံးခပ်သွယ်သွယ်၊ လူငယ်ကလေးတစ်ယောက် ဖြစ်ပုံ ရသည်။ နောက်ဆုံးလိုက်လာသူက အသားမည်းမည်း၊ ကုလားတစ်ယောက်၊ လက်နက်မပါ။ သူတို့သုံးဦးစလုံး ကျောပိုးအိတ်တွေ လွယ်ထားကြသည်။ သူတို့ အားလုံး သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း။ မောင်းကို မဖြုတ်ခင် သူတို့တစ်တွေ သည်လောက် သပ်သပ်ရပ်ရပ် နေနိုင်သည်ကို ကြည့်၍ မနာလိုဝန်တို ဖြစ်လိုက်မိ သေးသည်။
ရှေ့ဆုံးကလူ ကျွန်တော်နှင့် ဆယ့်ငါးကိုက်အကွာလောက်အရောက်တွင် မောင်းကို ဖြုတ်ချလိုက်သည်။ ကျွန်တော့် ဝဲဘက်တွင်ရှိသည့် ရိုင်ဖယ်များ နှင့် စက် သေနတ်များ ကလည်း အသံတွေ ထွက်လာကြသည်။ စတင်းဂန်းနှင့် စက်သေနတ် သံတို့ကြောင့် တိတ်ဆိတ်ခြင်းသည် ပြိုပျက်သွားပြီ။ တောတစ်ခုလုံး သေနတ်သံ တွေ ဟိန်းနေသည်။ လမ်းကလေးသည် ဒေါသထွက်နေသော သေနတ်သံများ ကြားတွင် တုန်လှုပ်နေသည် ထင်ရ၏ ။ လမ်းပေါ်တွင် သုံးယောက်စလုံး လဲကျသွားကြသည်။ သူတို့ အော်သည်ဆိုလျှင်လည်း သေနတ်သံတွေကြောင့် ဘာမျှ မကြားရ။
ကျွန်တော်သည် သေနတ်ပစ်ရာမှ ရပ်လိုက်ပြီး မောင်းကို ခလုတ်ထိန်းအံ ထဲသို့ ပြန်ထည့်လိုက်သည်။ ဒူးထောက်ထိုင်နေရာမှ ထလိုက်၏ ။ လက်နှစ်ဘက်ကို ပါးစပ်ဖြင့် ကာလိုက်ပြီးနောက်။ တော်ပြီဟေ့၊ ရပ်တော့ဟု အော်လိုက်သည်။
လမ်းကျဉ်းကလေးပေါ်မှသဏ္ဌာန်သုံးခုမှာ ငြိမ်သက်သွားကြလေပြီ။ ကျွန်တော်သည် သစ်ပင်တစ်ပင်ကို မှီ၍ ထိုင်လိုက်၏ ။ တပ်သားများ က သူတို့ အိတ်ကပ်များ ၊ ကျောပိုးအိတ်များ ၊ လက်နက်များ ၊ စာရွက်စာတမ်းများ ကို ရှာဖွေ စစ်ဆေးနေကြသည်။ ကျွန်တော်က ကျောပိုးအိတ်တစ်အိတ်ကို ဖွင့်၍ ကြည့်နေစဉ် တပ်စုမှူးသည် ချုံကြားတွေထဲမှ တိုးထွက်လာကာ ကျွန်တော့်ကို အလေးပြုပြီး နောက် သတိအနေအထားဖြင့် ရပ်နေသည်။
'တစ်တော ရှင်းပြီပေါ့ကွာ။ ဒီနေ့ညဆိုရင် တို့ ပြန်နိုင်ပြီပေါ့။ ကျောပိုးအိတ် တွေကကော ဒါပဲ မဟုတ်လား'ဟု ကျွန်တော်က တပ်စုမှူးကို မေးလိုက်သည်။
'ဟုတ်တယ် ဗိုလ်လေး။ တစ်ယောက်ကတော့ အမျိုးသမီးခင်ဗျ။ သူ့ လည်ပင်းမှာ ဆွဲထားတာတွေ့တာနဲ့ ကျွန်တော် ဖြုတ်ယူခဲ့တယ်'
ကျွန်တော်သည် တပ်စုမှူး၏ လက်ကို ငုံ့ကြည့်လိုက်သည်။ သူ့ လက်ဖဝါး ပေါ်တွင် ကျွန်တော် မြင်နေကျ ရွှေကြိုးကလေးတစ်ကုံး။ ပြတ်လျက်။ အဖျားတွင် လက်ဝါးကပ်တိုင်ကလေးနှင့်။
'သူတို့က လက်ဝတ်လက်စားကို ဘယ်တော့မှ ပေးတာ မဟုတ်ဘူး ဗိုလ်လေးရဲ့ '
တပ်စုမှူးက ပြောသည်။
(ပန်ချာပီ အမျိုးသား စာရေးဆရာ Vijendra Singh Jafa ၏ The Ambushကို မြန်မာပြန်သည်။)
(ကဘော်မဂ္ဂဇင်း)
လေရူးသုန်သုန် (ပထမပိုင်း) | ကြာညိုနံ့သင်းသော ရေဝတီမ | စာရေးခြင်း အတတ်ပညာ |