Cover

အခန်း (၁)

(နေသစ်နီ…..သို့ )

အိပ်မက်ထဲမှာ

နှင်းစက်တွေ

ကနေကြ

လှတယ်….

အိပ်ရာကလန့်နိုးမှ

နှင်းစီးကြောင်းတွေ အ ဖြစ်

သူတို့

နှုတ်ဆက်ကြအုံးတောမယ်……။

* * * * *


ဆောင်းဦးပေါက်နေ့လယ်ခင်းရဲ့ အချိန်တွေ ဟာ ပျင်းရိငြီးငွေ့ဖွယ် ဖြည်းဖြည်းချင်း ရွေ့လျားနေကြတယ်။ အချိန်တွေ ကုန်နိုင်ခဲလွန်းလို့ နာရီတွေ ပုံမှန်မှ အလုပ်လုပ်ကြရဲ့ လား လို့တောင် သံသယ ဖြစ်လာရပါတယ်။

တချို့လူတွေ အတွက် အချိန်ဟာ ရှားပါးကုန် ဖြစ်ပေမယ့်၊ တချို့လူတွေ အတွက် တော့ အချိန်ဟာ ပိုလျှံလွန်းလို့ ဘာလုပ်ပစ်ရရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ပဲ တမင် အချိန် ကုန်ခံနေရတာ မျိုးပါ။

ပျင်းတဲ့အခါ မကြာခဏ လာထိုင်လေ့ရှိတဲ့ အင်တာနက်ကဖေးဆိုင်လေးထဲမှာ ကျွန် တော် ဟာ နက်ဂိမ်းတစ်ခုကို စိတ်မပါဘဲ ကစားနေခဲ့တာ အတော် ကြာပါပြီ။

ကျွန်တော် နဲ့ မလှမ်းမကမ်းက မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ကောင်မလေး တစ်ယောက် က (BLog)ဘလော့ဂ်တွေ ကိုဖတ်ပြီးတခိခိရယ်နေလေရဲ့ ။သူရယ်လိုက်တိုင်း ကျွန်တော် ဟာ မောက်စ်ကို ယောင်ယောင်ပြီး ရွေ့မိလို့၊ ကစားကွက်တွေ ပျက်ပျက်သွားရပါတယ်။

အဲဒီ့ ငနဲ့မကို သွားပြီးရန်တွေ့ လို့လည်း မကောင်းတာမို့ နောက်ဆုံးတော့ ကျွန်တော် ပဲ ငွေရှင်းပြီး ဆိုင်ပြင်ကို ထွက်လာခဲ့ရတယ်။

ကဖေးဆိုင်ရဲ့ ခြံထောင့်မှာ ဖြစ်သလိုရပ်ထားခဲ့တဲ့ ကားဆီသို့ လျှောက်လာရင်း၊ ဘယ်သူငယ်ချင်းဆီသွားရင် ကောင်းမလဲလို့ စဉ်းစားလိုက်တော့၊ ဒုက္ခပေးရမယ့် ဘယ်သူ ငယ်ချင်းကိုမှ စဉ်းစားလို့မရပါဘူး။

ဒီအချိန်ဆို….ဂျွန်ဆီးနာနဲ့ အာဆင်နယ်ကို ဖမ်းလို့မမိနိုင်သလို၊ ဝေဖြိုးအောင်နဲ့ သီဟကလည်း အိမ်ကပ်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ အိမ်ပြန်တာပဲ ကောင်းပါတယ် လို့တွေးလိုက်တယ်။

ကားနားရောက်တော့ တံခါးဂျက်တွေ ချမထားခဲ့မိတာကို တွေ့ ရလို့ နမော်နမဲ့နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်မိသေးတယ်။

တံခါးဖွင့်ကားထဲဝင်ထိုင်ပြီး၊ စက်နှိုးဖို့ သော့ တံကို ထိုးထည့်လိုက်ချိန်မှာ တော့ ကျွန် တော့တစ်ကိုယ်လုံးဟာ ကျောက်ရုပ်တစ်ရုပ်လို၊ ဆတ်ခနဲတောင့်တင်း သွားပါတယ်။

ကားထဲမှာ ကျွန်တော် အပြင် အခြားတစ်စုံ တစ်ယောက် ရှိနေပြီဆိုတာကို ခံစားသိရှိ လိုက်လို့ပါ။ အဲဒီ တစ်စုံ တစ်ယောက် ဟာ ကားနောက်ခန်းထဲမှာ တိတ်တဆိတ် ၀င်ရောက် ပုန်းခိုနေတယ်ဆိုတာကို မတူကွဲပြားတဲ့ ကိုယ်နံ့တစ်ခုကြောင့် ကျွန်တော် ချက်ချင်း ပဲ ရိပ်မိ လိုက်တယ်။

စပိုင်ဝတ္ထုတွေ ထဲမှာ ဆိုရင်တော့ ခုလိုဇာတ်ဝင်ခန်းမျိုးဟာ ကားရှေ့ခန်းက ကျွန် တော် လို ယာဉ်မောင်းသူတွေ အတွက် သိပ်ကိုအန္တရာယ်များ လှတာပေါ့။ ကားနောက်ခန်းက တစ်စုံ တစ်ယောက် ဟာ၊ မည်းနက်အေးစက်တဲ့ သေနတ်ပြောင်းနဲ့ လည်ဂုတ်ကို လှမ်း ထောက်လိုက်နိုင်သလို ချွန်မြတဲ့ ဓားသွားနဲ့လည်း လည်မြိုကို အချိန်မရွေးစိုက်သွင်းလိုက် နိုင်ပါတယ်။

အဲ့ဒီတစ်စုံ တစ်ယောက် ဟာ ဘယ်သူလဲ။

ဘာကြောင့် ကားထဲကို တိတ်တဆိတ်ဝင်ပုန်းနေရတာ လဲ။

ကျွန်တော် တကူးတကန့် အချိန်ကုန်ခံ စဉ်းစားနေစရာမလိုသလို နောက်ကိုလှည့် ကြည့်စရာလည်း မလိုပါဘူး၊ ကျွန်တော့် ရဲ့ တွေးထင်ယူဆချက်သာ မမှားဘူးဆိုရင် ခုလိုကို ယ်သင်းနံ့ပိုင်ရှင်ဟာ ကမ္ဘာပေါ်မှာ တစ်ယောက် တည်းပဲ ရှိပါတယ်။

ကားစက်နှိုးရင်း နောက်ခန်းကို ကျွန်တော် အသံပြုလိုက်တယ်။

မင်းရှေ့ခန်းမှာ လာစီးမလား ပိုနီတေးလ်

နောက်ဘက်က သက်ပြင်းချသံ တိုးတိုးလေး ကြားလိုက်ရတယ်။ အဲ့ဒီနောက် အို ကေ ဆိုတဲ့ စကားသံလေးနဲ့အတူ သူမရှေ့ခန်းရောက်လာပါတယ်။

စိတ်ရှုပ်တဲ့အချိန်တွေ မှာ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း သူမရဲ့ ဆံပင်တွေ ကို နောက် ဘက်မှာ စုစည်းထားတယ်။ (ဒါကြောင့် လည်း မြင်းမြီး (ပိုနီတေးလ်)လို့ တစ်ခါတစ်ခါ ကျွန်တော် ခေါ်မိတာပေါ့။) လက်ကိုင်ဖုန်းသေးသေးလေးကို စတိုင်းတစ်ခုလိုကြိုးနဲ့ လည် ပင်းမှာ ဆွဲထားတယ်။

တီရှပ်အဖြူနဲ့ မိုးပြာရောင် ဂျင်းဘောင်းဘီကြောင့် ဆိုင်ထိုင်ရင်း အ၀တ်အစားနဲ့ ထွက်လာခဲ့တာ ဖြစ်မယ်လို့ယူဆရပါတယ်။

ပို……၀င်ပုန်းနေတာ ဘယ်လိုသိသလဲ

မင်းကိုယ်နံ့ကို နောင်ဘ၀ရောက်ရင်တောင် မှတ်မိတယ်။

အလဲ့….သေချာလှချည်လား။

ကိုယ်ကအမြဲသေချာပါတယ်။

သူမရဲ့ မျက်ခုန်းတန်းတန်းလေးတွေ တွန့်ကွေးသွားကြပြီး၊ ကျွန်တော် ကို ဖျတ်ခနဲ မော့ကြည့်တယ်။

ဘာလဲ….ပို့ဘက်ကသာ သေချာတာလို့ ဆိုလိုချင်တာလား။

အဲ့ဒါကို မင်းသိပါတယ်။

ယူ…..ပို့ကို ဘာ ဖြစ်လို့ ရှောင်နေတာလဲ။

အဲ့ဒါကိုလည်း…..မင်းပိုသိပါတယ် ပိုနီတေးလ်ရယ်။

ကျွန်တော့်ကားဟာ လမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေတယ်။ မီးပွိုင့်နှစ် ခုလောက်ကို ကျော်လာပေမယ့်၊ ဘယ်ကိုဦးတည်ရမလဲ ကျွန်တော် စဉ်းစားလို့မရသေးဘူး၊ သူမက သက် ပြင်းချရင်း ငြီးငြီးငြူငြူရေရွတ်တယ်။

ခက်လိုက်တာ နေသစ်နီရယ်

လွယ်အောင်လုပ်တဲ့နည်းတွေ မင်းသိသားပဲ

ယူက….ဘယ်လို ဖြစ်စေချင်လို့လဲ…..ဟင်

အဲ့ဒါ မင်းစဉ်းစားရမယ့်ကိစ္စလေ

ယူပို့ကို စိတ်ပျက်နေပြီလား

အဲ့ဒါ…ကိုယ်စဉ်းစားရမယ့်ကိစ္စပါ

ကျွတ်…စိတ်လေတယ်ကွာ၊ ပို့လည်း ဘာဆက်လုပ် ရမလဲ မစဉ်းစားတတ်တော့ဘူး နေသစ်နီရဲ့ ။

ဒါဖြင့် ကိုယ်ပြောမယ်

ပြောကြည့်

မင်းကိုယ့်ကိုလက်ထပ်မလား၊ အဲဒါဆို အားလုံးပြီးသွားမယ်၊ ကိုယ်တို့နှစ် ယောက် ကြားက စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စတွအားလုံး တံတားအောက်က ရေတွေ ဖြစ်သွား မယ်။

ကျွန်တော် အားတက်သရောပြောလိုက်တော့၊ သူမ ကျွန်တော့်ကို အားကိုးတကြီး ပြန်ကြည့်တယ်။

ဘယ်နှယ်လဲ၊ ပိုနီတေးလ်၊ ကိုယ်ပြောတာ မင်းဘယ်လိုသဘောရသလဲ

ယူကအဲဒီ အတိုင်း ဖြစ်စေချင်တာလား

သေချာတာပေါ့

ဟုတ်ပြီလေ။ ဒါဆို ခေါင်းပန်းလှန်မယ်

ဘယ်လို

ခေါင်းပန်းလှန်မယ်လေ။ ယူပြောတဲ့အတိုင်း လုပ်သင့်သလားဆိုတာကို ခေါင်းပန်း လှန်ပြီး ဆုံးဖြတ်မယ်။ ကားရပ်လိုက်။

ပြောနေစရာတောင်မလိုပါဘူး။ ကျွန်တော် စိတ်တို လွန်းလို့ ဆောင့်နင်းလိုက်တော့ တာယာသံတကျွီကျွီမြည် ပြီး ကားထိုးရပ် သွားပါတယ်။

ရှစ် တ်

ကျွန်တော် တိုးတိုးလေး ကျိန်ဆဲလိုက်တယ်။ သူမကိုရော ကျွန်တော့် ရဲ့ ကံကြမ္မာ ကိုပါ ကျိန်ဆဲလိုက်မိတာပါ။

* * * * *


(ပထမပိုင်း၊FIRST HALF )

လရောင် က ပင်လယ်ကို

ဆွဲဆောင် သလိုမျိုး..

ငါတို့ရဲ့ ကံကြမ္မာက

ငါတို့ရဲ့ ဘ၀တွေ ကို

ဆွဲဆောင်တယ်။

နောက်ပြန်ရစ်လို့

မရတော့တဲ့

အ ဖြစ်အပျက်တွေ နဲ့

ဖြစ်ပျက်လို့

မရတော့တဲ့

နောက်ကြောင့် ရာဇ၀င်တွေ ကို

မေ့ထားလိုက်ကြရအောင်…..။

လာ…..

လက်ကိုခိုင်ခိုင်တွဲ ထား

ရှေ့နားကျရင်

ကားခဏရပ်မယ်။

ဆင်း….

စိုး…..။..။

* * * * *


အချစ်ဆိုတာ တစ္ဆေသရဲနဲ့တူတယ်လို့ တစ်စုံ တစ်ယောက် က ပြောခဲ့ဖူးပါသလား။

ဘယ်သူမှ မပြောသေးဘူးဆိုရင်တော့ ကျွန်တော် ကပဲ ပြောလိုက်ပါရစေ။ အချစ် ဟာ တစ္ဆေသရဲလိုပဲ နားလည်ဖို့ခက်ခဲလှပါတယ်။

ကျွန်တော် တွေ့ ဖူးတဲ့ လူအတော် များများ ကတော့ အချစ်အကြောင်းနဲ့ တစ္ဆေသရဲ အကြောင်းဆိုရင် အလွယ်တကူ စိတ်ဝင်စားတတ်ကြတယ်။ စကားလေးများ စပ်မိလို့က တော့ တို့လည်း သိပါတယ် ဆိုတဲ့ပုံစံမျိုးနဲ့ ၀င်ပြော ကတော့တာပဲ။

အချစ်ဆိုတာက ….ဒီလို….

တစ္ဆေသရဲဆိုတာက….ဟိုလို….

အစရှိသဖြင့် စကားဦးတည့်ရာ လျှောက်ပြောကြည့်တော့တာပါ။ သူတို့မစဉ်းစာမိ တာ တစ်ခုက…အချစ်ဆိုတာရော…တစ္ဆေသရဲကိစ္စဆိုတာတွေ ပါ၊ ဂမ္ဘီရဆန်လွန်းတဲ့အပြင်၊ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်ဖို့ ခက်ခဲလွန်းလှတယ်ဆိုတာပါ။

ကျွန်တော့်အဖေ ကတော့ လူတွေ အချစ်အကြောင်း ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ဖို့ နောက် ထပ်နှစ် ပေါင်းများ စွာ စောင့်ကြရအုံးမယ် လို့ တစ်ခါပြောဖူးတယ်။ အဖေ့ရဲ့ ဒဿနကို လက်မခံရင်တောင် ကန့်ကွက်ငြင်းဆန်နိုင်ဖို့ အတော် ခက်ခဲပါတယ်။ အဖေက နိုင်ငံကျော် စာပေ ပညာရှင်တစ်ဦး ဖြစ်တဲ့အပြင် တစ်ချိန်က လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ အချစ် စာရေး စရာတစ်ဦးလည်း ဖြစ်ခဲ့လို့ပါ။

ကျွန်တော် ကတော့ အချစ်အကြောင်းထွေလီကာလီ မပြောတတ်သလို အချိန်ကုန် ခံပြီးလည်း စဉ်းစားမနေပါဘူး၊ ချစ်စရာရှိရင် ချစ်လိုက်ရုံပဲလို့ ပေါ့ပေါ့ပါးပါး သဘောထား တယ်။

ကျွန်တော့်သူငယ်ချင်း (နဘန်းပွဲတွေ ကြည့်ရင် ဂျွန်ဆီနားကို ခရေဇီ ဖြစ်လွန်းလို့ နာမည် ပြောင်း ပေးခံထားရတဲ့)စိုင်းကောင်း ကတော့…ချစ်ခြင်းအစ မျက်စေ့ကဆိုတဲ့ စကား ဟာ ပြတိုက်ထဲရောက်သွားပြီ လို့တစ်ခါပြောဖူးတယ်။

သူကအခုခေတ်မှာ လူလူချင်းဆက်ဆံရေး ဟာ မျက်နှာချင်းဆိုင်တွေ့ ဆုံးမှ ဖြစ်နိုင် တာမျိုးမဟုတ်တော့ဘူးတဲ့။ ဆက်သွယ်ရေး နည်းစနစ်တွေ ပြောင်းလဲတိုးတက်လာတဲ့ အတွက်၊ တယ်လီဖုန်းထဲက အသံတစ်ခုကြောင့် ရင်ခုန်နိုင်သလို၊ စာအရေး အသားတစ်ခု ကို ဖတ်ရရုံနဲ့လည်း အချစ်စိတ်တွေ ဖြစ်ပေါ်လာနိုင်ပါ သတဲ့။

သူ့ရဲ့ အတွေ့ အကြုံကနေ အခြေခံတဲ့ အယူအဆလို့ ကျွန်တော် ကတော့ နားလည် ပါတယ်။ ဘာကြောင့် ဆိုတော့ သူကိုယ်တိုင် ဗီယက်နမ်သူလေး တစ်ယောက် နဲ့ အင်တာ နက်ထဲမှာ တွေ့ ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြလို့ပါ။

ကောင်မလေးက စကာင်္ပူက ပေါ်လီမှာ တက်နေတာ ဖြစ်ပြီး၊ သူတို့ချင်း မကြာခင် လူချင်းတွေ့ ဆုံးကြဖို့ ချိန်းဆိုထားပြီးကြပါပြီ။ ရှေ့နှစ် သင်္ကြန် ဘန်ကောက်မှာ ဆုံကြမယ်လို့ ဆိုပါတယ်။

ဂျွန်ဆီနားရဲ့ စကားအရ အချစ်ဟာ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့  ဆိုတဲ့ အာရုံငါးပါးမှာ တစ်ပါးပါးနဲ့ ငြိတွယ်ပြီး ဖြစ်ပေါ်လာတယ်လို့ သတ်မှတ်ရမှာ ပါ။ ကျွန်တော် ကတော့ လူချင်းမတွေ့ ဘဲ အချစ်စိတ် ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ အချက်အပေါ် နည်းနည်း တော့ သံသယ၀င်ခဲ့မိတယ်။

ဒါပေမယ့် အဲ့ဒီသံသယဟာ နောက်ပိုင်းကြေပျက်သွားခဲ့ရပါတယ်။ ဘာကြောင့် လည်းဆိုတော့ ကျွန်တော် ကိုယ်တိုင် အနံ့လေးတစ်ခုရရုံနဲ့ အချစ်စိတ် ဖြစ်ပေါ်လာခဲ့လို့ပါ။ အဲ့ဒီအကြောင်းပြောဖို့အတွက် ကျွန်တော့်ရဲ့ ငယ်ဘ၀ကို အရင်ဆုံး ရှင်းပြဖို့ လိုပါလိမ့်မယ်။

ငယ်ငယ်က ကျွန်တော့် ကို နော်စေးဖောဆိုတဲ့ တိုင်းရင်းသူကလေးထိန်းနာနီတစ် ယောက် က ထိန်းပါတယ်။ အခုပြန်စဉ်းစားကြည့်တော့ မမနော်စေးဖောရဲ့ မျက်နှာကို ကျွန်တော် မမှတ်မိတော့ဘူး။ တိုင်းရင်းသူပီပီ ဖြူဖြူ ချောချော ရိုးရိုးအေးအေးကြီးပဲ ထင်ပါ ရဲ့။

သူက ကျွန်တော့ကို ထိန်းတယ်ဆိုပေမယ့် တစ်နေကုန် ထိန်းရတာ မျိုးတော့ မဟုတ်ပါဘူး။ မနက်ပိုင်းဆိုရင် အိမ်အလုပ်တွေ ကူလုပ်ပေးရပြီး၊ ညနေပိုင်း အမေရယ်၊ အစ် မရယ်၊ ကျွန်တော် ရယ် လမ်းလျှောက်ထွက်ချိန်ကျမှသာ ကျွန်တော့်ကို ချီပိုးပြီး ထိန်းရ တာပါ။

အဲ့ဒီလို ထိန်းရမယ့် အချိန်ရောက်ရင် အမေက သူ့ကိုရေချိုးခေါင်းလျှော်၊ မီးပူကျ အ၀တ်အစားသစ်တွေ လဲခိုင်းပြီးမှ ချီခိုင်းထိန်းခိုင်းပါတယ်။ တစ်နေကုန် အိမ်အလုပ်တွေ ကူလုပ်ထားရလို့ ပင်ပန်းတာတွေ ကို လန်းဆန်းစေချင်တာအပြင်၊ သန့်ရှင်းစေချင်တဲ့ သ ဘောလည်း ပါပါလိမ့်မယ်။

ဘာပဲ ဖြစ် ဖြစ်…အဲ့ဒီလို အမေ စည်းကမ်းသတ်မှတ်ထားတဲ့ အတွက်၊ ညနေတိုင်း ကျွန်တော် ဟာ မမနော်စေးဖောဆီကနေ ဆပ်ပြာမွှေးနဲ့၊ ခေါင်းလျှော်ရည်နံ့နဲ့ မီးပူကျ အ၀တ်အစားတို့ရဲ့ အနံ့ကို ရူရိုက်ရလေ့ရှိတယ်။ အဲ့ဒီသုံးမျိုးအချိုးတကျစပ်ထားတဲ့ ခပ် သင်းသင်းမွှေးမြတဲ့ ရနံ့ဟာ ကျွန်တော့်ကို အတော် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ကျွန်တော် ကျောင်းစနေတော့ မမနော်စေးဖော မရှိတော့ပါဘူး။ နယ်ကိုအပြီးပြန် သွားခဲ့ပြီး။ ဒါပေမယ့် ကျွန်တော် ကတော့ ရေချိုးခေါးလျှော်ပြီးခါစ မိန်းမ တစ်ယောက် ရဲ့ ရှင်း သန့်တဲ့ကိုယ်နံ့ကို နှစ် ပေါင်းများ စွာ မသိစိတ်ထဲမှာ စွဲလမ်းသွားခဲ့တယ်နဲ့ တူပါတယ်။

အဲ့ဒီလို စွဲလမ်းနေခဲ့ကြောင်း တိမ်ပြာတဲ့နေ့တစ်နေ့မှာ မမျှော်လင့်ဘဲ သိခွင့်ရခဲ့ တာပါ။ အဲဒီ နေ့က…..။

* * * * *


ကွန်ပျူတာ ခဏသုံးလို့ ရမလား

စမ်းချောင်းဘက်က ကွန်ပျူတာဆိုင်လေးတစ်ဆိုင်ရှေ့မှာ ကားရပ်ပြီး ကျွန်တော် ၀င်မေးတော့ မိတ္တူကူစက်နောက်မှာ ရပ်နေတဲ့ ဆယ့်သုံးနှစ် အရွယ်ကောင်မလေးကခပ် ကြောင်ကြောင်ပြန်ကြည့်တယ်။(P-2GAME)လို့ရေး ထားတဲ့စာတန်းကိုတွေ့ မြင်နေရတာ မို့…

ဂိမ်းဆော့သလိုမျိုးလေး။ ကွန်ပျူတာ ခဏသုံးချင်လို့

ဦးက ဂိမ်းဆော့မှာ လား

မဟုတ်ဘူး ပါဝါပွိုင့်တစ်ခုလုပ်စရာရှိလို့။ ဒါပေမယ့် ဂိမ်းဆော့သလိုပဲ ပိုက်ဆံယူပေါ့

ဒီတော့မှ ကောင်မလေးက ခေါင်းညိတ်တယ်။ ဆိုင်ထဲမှာ မိတ္တူစက်တစ်လုံး ကွန်ပျူ တာလေးငါးလုံးနဲ့ ကောင်မလေး တစ်ယောက် ပဲရှိတယ်။ ဆိုင်နောက်ဘက် လူနေခန်း ဖြစ် ပုံရတဲ့ နေရာကို လိုက်ကာနဲ့ ကာရံပိုင်းခြားထားတာမို့ အတွင်းဖက်မှာ ဆိုင်ရှင်လူကြီးတွေ ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ပါဝါပွိုင့်တင်ထားတဲ့ စက်တစ်လုံးရဲ့ ရှေ့မှာ ကျွန်တော် ၀င်ထိုင်လိုက်တယ်။ တ ကယ်တော့ ဒီအလုပ်ကို အိမ်မှာ ကတည်းက အပြီးလုပ်လာခဲ့ရမှာ ဖြစ်ပေမယ့် ဒီနေ့ပေးစရာ မလိုသေးဘူးထင်လို့ မလုပ် ဖြစ်ခဲ့တာပါ။

ဒါပေမယ့် ကျွန်တော့် ရဲ့ ချစ်လှစွာ သော ဘိုးတော် က ဒီနေ့ လမ်းကြုံဝင်ပေးလိုက် ကွာ လို့ဖုန်းဆက်လာတဲ့အတွက် နီးရာကွန်ပျူတာဆိုင်ရှေ့မှာ ကားထိုးရပ်လိုက်ရတာ ပါ။

ဆယ်မိနစ်လောက်ကြာတဲ့အချိန်မှာ တော့ ကျွန်တော့်အလုပ်ဟာ ပြီးလုနီးပါး ဖြစ် သွားပါပြီ။ အဲ့ဒီအချိန်မှာ ပဲ ထူးခြားတဲ့ ရနံ့တစ်ခုကို ကျွန်တော် သတိပြုလိုက်မိတယ်။

ခပ်သင်းသင်းလေးမွှေးမြတဲ့ အဲ့ဒီရနံ့ကို ဘာနံ့ဘာလိမ်းလို့ စဉ်းစားရင်း။ မျှင်းပြီးရူ ရိုက်နေဆဲမှာ ပဲ၊ ကျွန်တော် ရဲ့ သွေးလည်ပတ်မှု တွေ မြန်ဆန်လာသလို၊ ကျွန်တော့်ရဲ့ အာ ခေါင်တွေ လည်း ခြောက်ကပ်လာကြတယ်။

သေချာပါတယ် ဒါဟာ ဆပ်ပြာမွှေးနံ့၊ ခေါင်းလျှော်ရည်နံ့ မီးပူကျအ၀တ်အစားနံ့တို့ ရောစပ်နေတဲ့ ကိုယ်သင်းနံ့တစ်ခုပါ။

ငယ်ငယ်ကတည်းက မသိစိတ်မှာ စွဲလမ်းလာခဲ့ရတဲ့ အဲ့ဒီရနံ့ကြောင့် ကျွန်တော် ရင်တွေ ခုန်ပြီး ကတုန်ကယင် ဖြစ်လာတယ်။ ကွန်ပျူတာခလုတ်တွေ ကို ဆက်မနှိပ်နိုင်ဘဲ မွှေးမြတဲ့ ရနံ့ထွက်ပေါ်လာရာအရပ်ကို စူးစမ်းလိုက်တော့ ကျွန်တော့် နောက်ဘက်တည့် တည့်လောက်က ဖြစ်နေပါရောလား။

ချာခနဲလှည့်ကြည့်ချင်ပေမယ့် မကောင်းဘူး မဟုတ်လား။ ဒါကြောင့် ဖြည်းဖြည်း ချင်း လှည့်ကြည့်ဖို့ စိတ်ကူးနေတုန်းမှာ ပဲ ဘာ ဖြစ်လို့ ရပ်သွားတာလဲ။ ကီးဘုတ်ကြောင်သွား လို့လား။

တိုးညှင်းအက်ရှတဲ့ အဲ့ဒီစကားသံလေးဟာ ကျွန်တော့်ကို ရည်ရွယ်ပြီး မေးလာတာ ပါ။ ဒါကြောင့် ကျွန်တော် နောက်ဘက်လှည့်ကြည့်ဖို့ အရမ်းကို အစဉ်ပြေ သွားပါတယ်။

နှစ် ဆယ်ကို နှစ် အနည်းငယ်ပဲ စွန်းပုံရတဲ့ ဖြူဖြူသွယ်သွယ် မျက်လုံးတောက် တောက်နဲ့ မိန်းကလေး တစ်ယောက် ကို တွေ့ လိုက်ရတယ်။ သူမဟာ ခေါင်းလျှော်ပြီးစ စိုးထိုင်းထိုင်းဆံပင်တွေ ကို မြင်းတစ်ကောင်ရဲ့ အမြီးလို နောက်ဖက်မှာ စုချည်ထားပြီး။ ဒူခေါင်းဖုံးဘောင်ဘီပွပွနဲ့ ကာတွန်းရုပ်တွေ ပါတဲ့ တီရှပ်တစ်ထည်ကို ၀တ်ဆင်ထားတယ်။

ဘယ်လက်ကောက်ဝတ်မှာ ရွှေဟန်းချိန်းလေးတစ်ခုက လွဲရင် ဘာလက်ဝတ်ရတ နာမှ ၀တ်မထားသလို ဘာမှလည်း လိမ်းခြယ်မထားဘူး။ ဆံပင်တွေ နောက်လှန်စုစည်း ထားလို့ ရှင်းပြောင်နေတဲ့ မျက်နှာနုနုပေါ်က မျက်လုံးတောက်တောက် တစ်စုံနဲ့ နှာတံစင်း စင်းလေးက ဆွဲဆောင်မှု ရှိလှပြီး၊ အဲဒီ နှာတံကြောင့် ရုတ်တရက်ကြည့်ရင် မြန်မာမဆန်ဘူး လို့ထင်ရတယ်။

ခြုံပြီးပြောရရင် သူမဟာ ကြည့်ကောင်းလှတာ မှန်ပေမယ့်၊ လမ်းပေါ်မှာ သာ မျက်နှာ ချင်းဆိုင်တွေ့ ရင် ကျွန်တော် ဒီလောက် စိတ်ဝင်စားမိမှာ မဟုတ်ဘူး၊ ခုတော့ နှစ် ပေါင်းများ စွာ အိပ်မောကျနေခဲ့တဲ့ မသိစိတ်ထဲက စွဲလန်းမှု ကို သူမရဲ့ ကိုယ်သင်းရနံ့တွေ က လှုပ်ခတ်နိုးထစေခဲ့တာမို့ ကျွန်တော် ဟာ အိပ်မွှေ့ချခံရသူ တစ်ယောက် လို ဝေေ၀မူးမူးကြီး ဖြစ်နေတဲ့အပြင်၊ သူမရဲ့ ဆွဲဆောင်မှု တွေ ကိုလည်း တစ်ခုမှ မတွန်းလှန်နိုင်ခဲ့ဘူး။

ရှင်….အဲ့ဒါကို စီဒီခုတ်သွားမှာ လား။

ကျွန်တော့်ရဲ့ အကြည့်တွေ ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားသလိုမျိုး၊ သူမက မျက်နှာကို ခပ်လွှဲလွှဲလုပ်ရင်း လှမ်းမေးတယ်။ အဲ့ဒါဆိုတာ ကျွန်တော့် ရဲ့ လုပ်လက် စပါဝါပွိုင့်အလုပ်ကို ရည်ရွယ်လိုက်တာပါ။ သူမဟာ ခုမှ ရေချိုးပြီးအခန်းထဲက ထွက်လာတဲ့ ဆိုင်ရှင် ဖြစ်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အထင်မှန်ကန် သွားပါတယ်။

အင်စီဒီ ခုတ်သွားရမှာ ပေါ့။ ထားခဲ့လို့မှ မရတာ

ဒါဖြင့် ….စီဒီ ယူမှာ လား

အသေအချာပေါ့။ ဖြစ်နိုင်ရင် တစ်ချက်လောက်ကျေးဇူးပြုပါ။

ကောင်တာသဖွယ်လုပ်ထားတဲ့ ရိုးကေ့ဆီသွားပြီး သူမစီဒီတစ်ချပ်ယူတယ်။ ကျွန်တော် က သူမရဲ့ လှုပ်ရှားမှု တွေ ကိုသာ လိုက်ငေးနေမိတယ်။ ဒါကိုရိပ်မိဟန်တူတဲ့ငနဲမ ကဖျက်ခနဲလှည့်ကြည့်လို့ ကျွန်တော့်မှာ ခိုးထုပ်ခိုးထည်နဲ့အမိခံလိုက်ရပါသေးတယ်။

မြတ်စွာ ဘုရား ငနဲမရဲ့ မျက်လုံးတွေ က တောက်ပလွန်းလှပါလား။

ကျွန်တော် ရင်တွေ တဒိန်းဒိန်းခုန်ပြီး ကွန်ပျူတာဘက်အမြန်ပြန်လှည့် လိုက်ရတယ် သူမရဲ့ အဆင်းသဏ္ဍာန်ကို ကျော်ခိုင်းလိုက်ပေမယ့်၊ သူမရဲ့ ကိုယ်သင်းနံ့ ကတော့ ကျွန် တော့ကို ဒုက္ခပေးနေတုန်းပဲ။ အဲ့ဒီအချိန်ဆိုင်အကူကောင်မလေးက မပို လို့လှမ်းခေါ် တာကြားလိုက်လို့၊ စမ်းချောင်းက မပိုလမ်းဆိုတာ သူမပိုင်တဲ့လမ်းများ လားလို့ ကျွန်တော် တွေးလိုက်မိပါသေးတယ်။

တအောင့်ကြာတော့ ငနဲမက စီဒီတစ်ချပ်ကို ကျွန်တော့် ဘေးနာလာချင်တယ်။ တစ်ပေသာသာ အကွာအဝေးအထိ ချဉ်းကပ်လာတာမို့၊ သူမရဲ့ ကိုယ်သင်းနံ့က ကျွန်တော့်  ကို လွန်လွန်ကျူးကျူးပြုစားပါတော့တယ်။ အဲ့ဒီကိုယ်သင်းနံ့ကိုသာ ကော်ပီပွားပြီး ယူသွား လို့ရရင် ဘယ်လောက်ကောင်းမလဲလို့ ကျွန်တော် တွေးလိုက်မိတယ်။

* * * * *


အခန်း (၂)

အမည် - ပိုပိုပြည့်စုံ (ခ) ပိုပို

အသက် - ၂၁

အရပ် - ၅.၃

ကိုယ်အလေးချိန် - ၈၀ ကျော်

ပညာအရည်အချင်း - တတိယနှစ် (သင်္ချာ)ဒဂုံ

တက္ကသိုလ်

မွေးရာဇာတိ - မူဆယ်

မွေးချင်း - ၂

စီးပွားရေး - ပြေလည်။ မူဆယ်၌ မိသား

စုလုပ်ငန်းများ ရှိ။

လက်ရှိအချစ်ရေး - မရှိ။

အချက်အလက်တွေ ကြည့်ပြီး ဂူဂဲဆာ့ခ်ျအင်ဂျင်ကနေ (DownLoad) ဆွဲချထားတာလို့ထင်စရာရှိပေမယ့်၊တကယ့်တကယ်ကအောင်မြတ်မင်းခေါ် အာဆင်နယ် ရဲ့ စုံစမ်းချက်တွေ ပါ။

အလောင်းအစားလုပ်ရင် ကပ်လွန်းညစ်လွန်းလို့ အာဆင်နယ်ဆိုတဲ့ နာမည် ပြောင် ကို ရရှိထားပေမယ့်၊ သူ့ရဲ့ စွမ်းဆောင်ချက်တွေ ကဖြင့် ပြောင်မြောက်လွန်းလှပါတယ်။

နှစ် ပတ်လောက် အချိန်အတွင်းမှာ ခုလိုအချက်အလက်တွေ ရအောင် ကြိုးစားခဲ့တဲ့ အာဆင်နယ်ရဲ့ ကြိုးစားမှု ကို အသိအမှတ်မပြုဘဲ နေလို့မရဘူး။

အဲ့ဒီနှစ် ပတ်အတွင်းမှာ ကျွန်တော် က သူမဆိုင်ကို သုံးလေးခေါက်မက ရောက်ခဲ့ တယ်၊ ဟောင်ကောင်ကားတွေ ထဲက ဂိုဏ်းစတာကြီးလို လောင်းကုတ်အမည်းတွေ ဘာ တွေ မ၀တ်ပေမယ့်၊ သူငယ်ချင်းတွေ က မလှမ်းမကမ်းကနေ လိုက်ပါခြံရံလို့ မသိရင် သက် တော် စောင့်တွေ လိုလို ဘာလိုလိုနဲ့ပေါ့။

ဆိုင်အကူကောင်မလေး မိပဲ ကတော့ ကျွန်တော့်ကို တော် တော် မှတ်မိနေပါပြီ။ တတိယအခေါက်တုန်းက လက်ထဲမှာ အလွယ်တကူပါလာတဲ့ ၀တ္ထူစာအုပ်ကို တစ်အုပ်လုံး မိတ္တူဆွဲခိုင်းပြီး ပိုပိုသာသာငွေရှင်းပေးခဲတာ မဟုတ်လား။ (အဲဒီ မိတ္တူစာရွက်တွေ ကို ဘာလုပ်ရမှန်းမသိတာနဲ့ ဝေဖြိုးအောင်က သူ့အိမ်မှာ မီးမွှေးဖို့ တောင်းလို့ပေးရပါတယ်။)

ငနဲမလေး ကျွန်တော့်ကို ဆက်ဆံပုံ ကတော့ မှန်မိသလိုလို၊ မမှတ်မိသလိုလို ခန့်မှန်းရခတ်တဲ့အိုင်တင်နဲ့ ပါ။ နောက်ပိုင်း ချစ်သလိုလို။ မချစ်သလိုလိုနဲ့ပဲ သူကျွန်တော့်  ချစ်သူ ဖြစ်လာမှာ မြင်ယောင်ပါသေးတယ်။

အခုအာဆင်နယ်ရဲ့ စုံစမ်းတွေ့ ရှိချက်တွေ ကို ဖတ်ပြီး၊ နောက်ဆုံးအချက်ကြောင့် ကျွန်တော် အတော် ပဲ စိတ်ချမ်းသာသွားတယ်။ အာဆင်နယ်ကိုလည်း ပထမဆုံးအကြိမ် အ ဖြစ် ကျွန်တော် အလွန်ပဲ ချစ်ကြည်လေးစား သွားပါတယ်။

အတည်မပြုရသေးတဲ့ သတင်းအချက်အလက်တွေ ရှိသေးတယ် ကိုယ့်လူ။

ဒါ ဖြစ်လည်း မြန်မြန်အစီအရင်ခံလေကွာ။

ဒီလို ဘယ်ရမလဲ။ စပိုတ် မျက်မှန်တစ်လက် ၀ယ်ပေးရမယ်

အိုကေ

လောလောဆယ် တရုတ်တန်းမှာ တစ်ခုခု လိုက်ကျွေးရမယ်။

ဖြစ်တယ်။

ငနဲမမှာ လက်ကိုင်ဖုန်းရှိတယ်။ အဲ့ဒီ ဖုန်းနံပါတ်မနက်ဖြန်ရမယ်၊ နောက်ပြီး သူကျောင်းသွားတဲ့ အစီးအစဉ်ကျောင်းမှာ အတန်းတက်တဲ့ အချိန်စာရင်း။ စနေ၊ တနင်္ဂနွေ လှည်းတန်းမှာ ကျူရှင်တက်တဲ့ အချိန်နဲ့ ကျူရှင်လိပ်စာအဲဒါတွေ အားလုံး အတိအကျသိရ မယ်။ အရေး ကြီးဆုံးတစ်ခုက

ဘာလဲ အာဆင်နယ်။

သူ့အဖိုးကြီးက မိသားစုအစွဲတော် တော် ပြင်းထန်တယ်လို့ ပြောတယ်။“

အဲဒီ တော့….

မပြောတတ်ဘူးလေ။ မင်းသိသင့်တယ်ထင်လို့

အေးပါ။ ငါမှတ်ထားပါ့မယ်။ ဘာပဲ ဖြစ် ဖြစ် မင်းကိုချီူးကျူးတယ် အာဆင်နယ်။ မင်းနယ်မြေမဟုတ်ဘဲ၊ အချက်အလက်တွေ ဒီလောက်မြန်မြန်ဆန်ဆန် မင်းဘယ်လိုစုံစမ်း လိုက်တာလဲ

ဒါက ကိုယ်ပိုင်လျှို့ဝှက်ချက်လေကွာ

ဂျွန်ဆီးနားက အဲ့ဒီလျှို့ဝှက်ချက်ကို ၀ယ်မယ်၊ ဘယ်လောက်ပေးရမလဲလို့ အတင်း မေးလိုက်ပေမယ့် အာဆင်နယ်က မပြောဘူး။ နောက်ဆုံး ဟိုတယ်နစ်ကိုးမှာ ဒီတစ်ခါပွဲရှိ ရင်လက်မှတ်ခခံမယ်။ အခုပေါ်တဲ့ ဒရမ်ရိုက်ချက်ဆော့ဝဲအခွေသစ် လက်ဆောင်ပေးမယ် ဆိုမှ ဖွင့်ပြောတယ်။ သူ့ညီမ၀မ်းကွဲရဲ့ သူငယ်ချင်းဟာ ပိုပိုပြည်စုံနဲ့လည်း သူငယ်ချင်း ဖြစ် ပါသတဲ့။

ကျွန်တော် က…ဒါ ဖြစ် မင်းညီမကို ငါနဲ့မိတ်ဆက်ပေးကွာလို့ ၀င်ပြောတော့ အာဆင် နယ်က မျက်လုံးပြူးပြီး ပြန်ကြည့်တယ်။

မင်းက ဘာလုပ်မလို့လဲ။

ဘာမှမလုပ်ဘူး။ မင်းဆီက သတင်းဝယ်ယူခက ဈေးကြီးတယ်။ သူ့ဆီက တိုက်ရိုက် ၀ယ်ရင် သက်သာမလားလို့။

ဘယ် ဖြစ်မလဲ ရသေ့နီရဲ့ ။ တံငါဆိုတာ ဟင်းစားပဲပေးမယ်၊ ကွန်ချက်တော့ ဘယ်ပြ လို့ ဖြစ်မလဲ။

ရသေ့နီဆိုတာ ကျွန်တော့်ကိုခေါ်တဲ့နာမည် ပြောင်ပါ၊ ဟိုအကြောင်း ဒီအကြောင်း တွေ လျှောက်ပြောရင်း၊။ ဗိုက်ဆာလာကြတာနဲ့ တရုတ်တန်းမှာ တစ်ခုခု သွားစားကြဖို့ ဆုံး ဖြတ်လိုက်ကြတယ်။

အဲ့ဒီအချိန်မှာ ပဲ တီတီသံသုံးချက်မြည် ပြီး ကျွန်တော့်နားကြပ်ထဲကနေ မိုးခြိမ်းသံကြီး ထွက်ပေါ်လာပါတယ်။ ချစ်လှစွာ သော ဘိုးတော် ရဲ့ အသံပါ။

နေ့သစ်နီ၊ ခု ဘယ်ရောက်နေလဲ

လမ်းမတော် မှာ ဖေဖေ၊ ကိစ္စရှိလို့လား။

အေး။ ပုံနိုပ်တိုက်က ဖုန်းဆက်တယ်။ အော့ဖ်ဆက် ဘာ ဖြစ်လို့ဆိုလား မသိဘူး။ အဲဒါ အခုသွားကြည့်ပေးလိုက် စမ်းပါ။ အဲ့ဒီက အပြန်ကို အောင်မော်တို့ ဆီဝင်ပြီး အင်နီမေး ရှင်းအတွက် တိရိစ္ဆာန်အကောင်တွေ (2D)ကနေ (3D)ပြောင်းတဲ့ ဆော့ဝဲ၀င်ယူခဲ့။ ဒီမှာ အလုပ် ဆက်လုပ် ဖို့ အဲ့ဒီဆော့ဝဲလိုနေတယ်

ဟုတ်ကဲ့။

အဲ့ဒီနောက် ဘိုတော် ဖုန်းချသွားတယ်။ သူငယ်ချင်းတွေ က မျက်မှော င်ကြုတ်ပြီး ကြည့်နေကြပေမယ့် ဘာမှတော့ဝင်မမေးပါဘူး။ ချစ်သော ဖခင်ကြီးဆီက အရေး ပေါ်အလုပ် တစ်ခုပေါ်လာပြီဆိုတာ သူတို့လည်း ရိပ်မိကြပုံပါပဲ။ ကျွန်တော် စိတ်ပျက်လက်ပျက် ပုခုံးတွန့်ပြရင်း။ စားပွဲပေါ်က ကားသော့ ကို လှမ်းယူလိုက်ပါတယ်။

* * * * *


ကျွန်တော့်ဖေဖေက မျိုးရိုးစဉ်ဆက်ချမ်းသာသူ တစ်ယောက် မဟုတ်ပါဘူး။ ဒါ ကြောင့် သူ့မှာ ကိုယ်ပိုင်ဘဏ်စာရင်းနံပါတ်မရှိခဲ့သလို၊ ဘိုးစဉ်ဘောင်ဆက် အမွေပေးခဲ့တဲ့၊ ရဲတိုက်ကြီးတွေ နဲ့ ရေနံချက်စက်ရုံတွေ လည်း မပိုင်ဆိုင်ခဲ့ဘူး။

သာမန်လက်လုပ်လက်စားအခြေအနေထက် နည်းနည်း လေး ပိုကျပ်တည်းတဲ့ အဆင့်ကနေ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားလာခဲ့သူ ဖြစ်တယ်။ အဲ့ဒီလို ကိုယ့်ဒူးကိုယ်ချွန် သမားအားလုံးမှာ ရှိတတ်ကြတဲ့ တူညီတဲ့အချက် ကတော့ ကပ်စေးနဲရင်နဲ၊ မနဲရင် အတ္တကြီး တတ်ကြတဲ့ စရိုက်ပဲ။

ကျွန်တော် ဖေဖေက ဒုတိယအမျိုးအစားထဲမှာ ထိပ်တန်းလောက်ကပါတယ်။ သိကြ တဲ့အတိုင်းပဲလေ။ သူတို့ဟာ အောက်ခြေကနေ ရုန်းကန်တက်လာနိုင်ကြသူတွေ ဆိုတော့ လူတိုင်းကို ငါ့လောက်မတော် ဘူး…ဆိုတဲ့ အမြင်နဲ့ကြည့်တတ်ကြတာကလား။ (အဲဒီ လို အကြည့်ခံရတဲ့အထဲမှာ ကျွန်တော် လည်း ပါပါတယ်။)

ဖေဖေဟာ နိုင်ငံကျော်စာရေး ဆရာ။ အယ်ဒီတာ စာအုပ်ထုပ်ဝေသူအပြင် ရုပ်ရှင် ထုတ်လုပ်သူလည်း ဖြစ်နေသေးတော့၊ သူ့ကိုမမြင်ဘူးတဲ့လူတွေ တောင် သူ့နာမည် ကိုတော့ သိကြတယ်။ ဒါကြောင့် ကျွန်တော် ဆို ကျောင်းပြီးချိန်အထိ ကျောင်းသားဘ၀တစ်လျှောက် လုံး စာရေး ဆရာသားဆိုပြီး နေရာအပေးခံရတယ်၊ ကျွန်တော် စိတ်ပျက်တာကလည်းအဲ့ဒါပါ ပဲ၊ ဖေဖေ့နာမည် နဲ့တွဲ ပြီး နာမည် ကြီးရတာ မျိုးကိုတော့ မကြိုက်ဘူးခင်ဗျ။

ဘယ်သူမဆို တစ်ယောက် နဲ့ တစ်ယောက် နဲ့တူတယ်လို့ ချောတယ် အထင်ခံရတာ မျိုးထက်စာရင် ဘယ်သူနဲ့မှ မတူတဲ့ရုပ်ဆိုးတာမျိုးပဲ ဖြစ်ချင်တာပေါ့။

ဒါပေမယ့် ဖေဖေရဲ့ အရိုန်အ၀ါက အင်မတန်ကြီးကျယ်ခဲ့တာဆိုတော့ ကျွန်တော် ရော ကျွန်တော့်အစ်မပါ အဲ့ဒီလောင်းရိပ်အောက်က မလွတ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အစ်မ ကတော့ အဖေ့သမီး ဖြစ်ရတာ ဂုဏ်ယူတယ်လို့ မကြာခဏပြောလေ့ရှိတယ်။

ကျွန်တော် လည်း ဂုဏ်ယူတာပါပဲ၊ ဒါပေမယ့် သိတယ်မဟုတ်လား၊ နေရာတကာ အဖေ့နာမည် က အရိပ်တစ်ခုလို လိုက်ပါနေတာကိုတော့ သိပ်မကြိုက်လှဘူးပါ။

* * * * *


သမိုင်းမှာ ကိုယ့်နာမည် တက်ကျန်ခဲ့ချင်ရင်၊ ရယ်ဒီမိတ်အနုပညာကို ဝေးဝေးက ရှောင်။ ကိုယ့်ဟာကိုယ်အသစ်ဖန်တီး။

ကျောင်းပြီးလို့ ဟစ်ဟော့နဲ့(RampB) မြူးဇစ်တွေ ကို ကျွန်တော် ဇောက်ချလုပ် ဖြစ်တော့ ဖေဖေက အဲ့ဒီလိုဆုံးမပါတယ်၊ ဟစ်ဟော့ဂီတကို ကျွန်တော် တို့က ဆော့ဝဲတွေ နဲ့ပဲတီးနေ ကြတာပါ။ ဥပမာ (FL) တို့Acidနဲ့ပေါ့။

ဒါပေမယ့် ဘိုးတော် က အဲ့ဒါကို မကြိုက်ဘူး။ ကိုယ်တိုင်တီးပါလားလို့ မြှော က်ပေး တယ်၊ သေရချည်ရဲ့ ဗျာ။ တူရိယာ အစစ်တွေ နဲ့သာ ကိုယ်တိုင်တီးရရင်…။

နောက်ပိုင်း ဖေဖေ့ရှေ့မှာ ဒုံချပ်ချပ် မလုပ်ရဲတော့ဘဲ အခန်းထဲမှာ ပဲ တိုးတိုးတိတ် တိတ်လုပ်ရတော့တယ်။ ဖေဖေဟာ လစ်ဘရယ်ဆန်ဆန် တိုးတက်ပွင့်လင်းတယ်ဆိုပေ မယ့် တစ်ခါတစ်ခါ…အဲ့ဒီလိုမျိုး ကွန်ဆာဗေးတစ်ဆန်တတ်တာလေးတွေ တော့ ရှိတယ်။

အဲ ကျွန်တော် တို့မောင်နှမနှစ် ယောက် ရဲ့ အချစ်ရေး နဲ့ ပတ်သက်ရင်တော့ ပွင့်လင်း စေချင်ပြန်ရော။

မင်းတို့ ရည်းစားထားတော့မယ်လို့ ဆုံးဖြတ်ရင် ထားရမယ့်လူလည်းတွေ့ ပြီဆိုရင် အိမ်ကို ခေါ်လာခဲ့၊ တို့မိဘတွေ ၀ိုင်းအကဲခတ်ပေးမယ်

ဆယ်တန်းအောင်ပြီး ကတည်းက ပြောခဲ့တဲ့စကားပါ။ ဒါပေမယ့် ကျွန်တော် ကျောင်းတက်ခဲ့တဲ့ ကာလတစ်လျှောက် ကောင်မလေးငါးယောက် နဲ့ တွဲ ဖြစ်ခဲ့ပေမယ့် တစ် ယောက် မှ အိမ်ခေါ်မသွားဘူး။ အဲ့ဒီလို အိမ်ခေါ်မသွားပေမယ့်….။

လား….လား….ဘိုတော် က သိနေတယ် ခင်ဗျ။

မင်း ဒုတိယမြောက်တွဲ တဲ့ ကောင်မလေးက ပုလှချည်လားကွ….ဆိုတာမျိုး။

ဒီတစ်ခါသားတွဲ တဲ့ ငနဲမလေးက ပိန်လွန်းပါတယ်။ကွာ ဗိတာမင်နဲ့ ပရိုတိန်းဓာတ် တွေ များများ ကျွေးဟေ့ ဆိုတာမျိုးနဲ့…။

သူသိကြောင်းပြပြီး နှိပ်တော့တာပါပဲ။ ဒီက ကောင်ကလည်း ကိုယ့်အပြစ်နဲ့ကိုယ် ဆိုတော့ သွာဖြဲပြီး နေရတာ ပေါ့လေ။ ဘယ်ပြန်ပြောလို့ ဖြစ်ပါ့မလဲ။

ခုလည်း သူ့သားလိမ္မားလေးဟာ ပိုပိုပြည့်စုံဆိုတဲ့ ခေတ်မီလှပတဲ့ ကောင်မလေး တစ်ယောက် ကို ချစ်နေမိပြီဆိုတာ ဖေဖေသိရင် ဘာများ ပြောအုံးမျာပါလိမ့်။ အတွေးနဲ့တင် ကျွန်တော် ရင်ထိတ်နေရပါတယ်။

* * * * *


မှတ်မိတယ်မဟုတ်လား ပိုပိုပြည့်စုံ

ကျွန်တော့်အသံကြောင့် လှမ်းလျက်စ ခြေလှမ်းတွေ တုံ့ဆိုင်းသွားပြီး၊ မျက်လုံး တောက်တောက်တစ်စုံက ဖျတ်ခနဲ ရွေ့လျားကျရောက်လာကြတယ်။ အဲ့ဒီမျက်လုံး တွေ ထဲ မှာ အရိပ်အရောင် အချို့ဖြတ်သန်းသွားတာကို အသေအချာတွေ့ လိုက်ပေမယ့် တုန့်ပြန် လာတဲ့ သူ့စကားသံလေးတွေ ကတော့ အားရစရာမကောင်းလှပါဘူး။

ဆောရီးပဲ၊ တစ်ခါမှမမြင်ဖူးဘူး။

မင်းဆိုင်က မိပဲတောင်တို့ကို မှတ်မိတယ်။ မင်းကဆိုင်ရှင်ပဲ ပိုပြီးမှတ်ဥာဏ်ကောင်း သင့်တာပေါ့။

အိန္ဒိယဆာဒူးတွေ လွယ်တဲ့အိပ်လိုလို၊ အာရပ်ကုန်သည်တွေ စွံပလွန်သီးထည့်တဲ့ အိတ်လိုလို၊ တော် တော် အကြည့်ရဆိုးတဲ့ ဂုန်နီလွယ်အိတ်ကြီးကို စတိုင်တစ်ခုလို လွယ် ထားတဲ့ သူမက မပြုံးချင်ပြုံးချင် ပြုံးတယ်။

သြော်…..မိပဲပြောတဲ့ ရွာက သူ့ဦးလေးဆိုတာလား။

ကျွန်တော် ကျွတ်ကျဲသွားတယ်။ တော် တော် လည်းစိတ်ပျက် သွားပါတယ်။ ထုံးစံ အတိုင်းဆိုရင်တော့ ဒီလိုငနဲမမျိုးကို ဒီကကောင်က အရေတောင်ဆုတ်ပစ်ပါရဲ့ ။ ဒါပေမယ့် ကျွန်တော် က အဲ့ဒီငနဲမလေးထံမှာ စစ်ရှုံးနိမ့်နေသူမဟုတ်လား။ ဒီတော့လည်း စစ်ရှုံးသုံးပန်း ငနဲတွေ ရဲ့ ထုံးစံအတိုင်းအလျှော့ပေးသည်းခံပေရတော့တာပေါ့။

ဦးလေးမဟုတ်ဘူး၊ ပိုပိုပြည့်စုံရဲ့ ဘကြီးပါ။

ဟင်…..ဘကြီးလား၊ ဒါဆို ဒေါ်ကုလားမယောက်ျားပေါ့။

သေဟ….။ ကျွန်တော့်စိတ်ထဲက ပျစ်ပျစ်နှစ် နှစ် ကျိန်ဆဲလိုက်တယ်။ သူမ ကတော့ တိုးတိုးညှင်းညှင်းရယ်တယ်။ မနှေးမမြန်လျှောက်နေတဲ့ သူမဘေးက ကျွန်တော် ကပ်လိုက် နေတာကို ကျောင်းသူတစ်ချို့က ကွက်ကြည့်ကွက်ကြည့်လုပ် သွားကြတယ်။

အာဆင်နယ်ရဲ့ စကားအရဆိုရင် သူမက ဒီကျောင်းမှာ ဘုရင်မ မဟုတ်ပေမယ့် ဘုရင်မလောက်နီးနီး ပေါ်ပြူလာ ဖြစ်သူလို့ဆိုတယ်။ ဒီတော့လည်း စိတ်ဝင်တစားစပ်စု ကြမှာ ပေါ့လေ။

ဒဂုံတက္ကသိုလ်ရဲ့ နေရောင် အောင်မှာ ကျွန်တော် နည်းနည်း ချွေးပြန်စပြုလာတယ်။ အဆောင်တစ်ခုနားရောက်တော့ သူမ ကျွန်တော့် ကို လှည့်မေးတယ်။

ယူ….ဘယ်အထိလိုက်နေမှာ လဲ

ခရီးဆုံးတဲ့အထိပေါ့

ဒါဆို စိတ်မကောင်းစရာပဲ၊ တို့က သန့်စင်ခန်းသွားမလို့။ ရှေ့မှာ ရောက်တော့မယ်။

ကျွန်တော့် မျက်နှာ နွေးခနဲ ဖြစ်သွားတယ်။ သူမက…

စိတ်မကုန်းသေးရင် စောင့်နေပေါ့။ တို့ပြန်ထွက်လာမှာ ပါ။

ကျွန်တော် စိတ်ရှည် လက်ရှည်စောင့်ပါတယ်။ သူမကလည်း စိတ်ရှည်လက်ရှည် ပညာပြဖို့ ရည်ရွယ်ထားတယ်ထင်ပါရဲ့ ။ တော် တော် နဲ့ထွက်မလာဘူး၊ အပွဲပွဲ နွှဲလာသမျှ ဒီတစ်ခါခံရပြီ ထင်ပါရဲ့ လို့ တွေးရင်း စိတ်လျှော့ချင်သလို ဖြစ်လာတယ်။

သည်းမခံနိုင်တဲ့အဆုံး လှည့်ပြန်ဖို့ ဆုံးဖြတ်လိုက်ချိန်မှ မခို့တရို့လမ်းလျှောက်ဟန် လေးနဲ့ သူမပြန်ထွက်လာတယ်။

ဘယ်လိုလဲ စိတ်မကုန်သေးဘူးလား။

ဝဋ်ရှိသရွေ့ပေါ့။

နေပါအုံး။ ယူ ဘာ ဖြစ်လို့ တို့နောက်ကို တကောက်ကောက်လိုက်ပြီး လည်စင်းပေး နေရတာ လဲ။

ရှေးရေစက်တွေ ကြောင့် ပေါ့ ပိုပိုရဲ့ ။

ဘာရယ်။

ဘာရယ်လို့မဟုတ်ပါဘူး၊ မင်းနဲ့ မိတ်ဆွေ ဖြစ်ချင်ရုံသက်သက်ပါ။

သြော်ဒီလိုလား။

အင်း….ဒီလိုပဲ။ အအေး ဖြစ် ဖြစ် ဧည့်ဝတ်ပြုပါရစေ မိတ် ဖြစ် ဆွေ ဖြစ်ပေါ့။

သူမ ကျွန်တော့် ကို စူးစမ်းသလိုကြည့်ပြီး တွေးတွေးဆဆမေးတယ်။

အအေးတိုက်ပြီးရင် ယူပြန်မှာ လား။

အသေအချာပေါ့။

ကောင်းပြီလေ ဒါဆိုလည်း လိုက်ချီးမြင့်ရသေးတာပေါ့၊ ဒါနဲ့ ပိုက်ဆံတော့ လုံးလုံး လောက်လောက်ပါပါတယ် မဟုတ်လား။

ပြင်သစ်မှာ ရှန်ပိန်သွားသောက်ရလောက်အောင်တော့ မပါဘူးပေါ့။ ဒါပေမယ့် ဒီကျောင်းထဲက ဆိုင်တွေ မှာ မင်းကြိုက်သလောက်သောက်။ ကိုယ်ရှင်းနိုင်တယ်။

အိုကေ။

* * * * *


ဖတ်ရှုခဲ့ဖူးတဲ့ စိတ်ပညာစာအုပ်တွေ ရဲ့ အဆိုအရ လူ တစ်ယောက် ဟာ တစ်ခုခုကို လိုက်လျောလာပြီဆိုရင် ဆက်တိုက်လိုက်လျောတတ်ပါသတဲ့။

ဒါကြောင့် အအေးဆိုင်မှာ ရည်းစားစကားပြောလိုက်ရင် ချက်ချင်း အဖြေပေးလာ လိမ့်မယ်လို့ မမျှော်လင့်နိုင်ပေမယ့်။ ကျောင်းကို မကြာမကြာ အလည်လာရမယ်လို့ မေး ရင် တစ်ခါတစ်လေ လာလည်ပေါ့လို့ ခွင့်ပြုမှာ သေချာပါတယ်။

ဒါပေမယ့် ရည်းစား ဖြစ်နည်း နိဿနည်းရဲ့ သီအိုရီအမှတ်တစ်မှာ ချစ်သူမ ဖြစ်ခင် တောင်းဆိုမှု တွေ ခဏခဏလုပ်ပါနဲ့လို့ သတိပေးထားပြန်တယ်။ ဒါကြောင့် ဘာတောင်းဆို မှု မှမလုပ်ဘဲ၊ ကိုယ့်ကိုယ်ကို စတင်မိဆက်လိုက်တယ်။

တို့နာမည် နေ့သစ်နီ….တဲ့။

သြော်

အီးမေဂျာနဲ့ ကျောင်းပြီးပေမယ့်၊လောလောဆယ်အခွေတစ်ခွေထွက်နိုင်ဖို့ ကြိုးစား နေတယ်။ သူငယ်ချင်းတွေ နဲ့ စုပြီး ဆိုးထားတဲ့အခွေပေါ့။

ကျောင်းပြီးသွားပြီဆိုတော့ တို့ထက်အသက်ကြီးမှာ ပေါ့။

အသက်နှစ် နှစ် ကြီးပြီး အရပ်ငါးပေးလက်မခွဲပိုမြင့်တယ်၊ အသားတော့ မင်းထက်ညို တယ်။ ကဲ ဘာသိချင်သေးလဲ။

ယူ့အဖေရဲ့ စာအုပ် ဘယ်တော့ထွက်မှာ လဲ

ဟင်

အဟင်…..တို့က ယူ့အဖေရဲ့ ပရတ်သတ်လေ။

ပိုပို…..ဒို့အဖေကြောင်း ဘယ်လိုလုပ်သိတာလဲ

အံ့သြသွားလား။ တို့မှာ လည်း (အင်ဖေါ်မာ)တွေ ရှိတာပေါ့။ စာရေး ဆရာကြီးရဲ့ သား ဒီကျောင်းကို ရောက်လာလိမ့်မယ်လို့ တို့ကြိုတင်သတင်းရထားပြီးသား။

သေချာပါတယ် ဒါဟာအာဆင်နယ်ရဲ့ လက်ချက်ပါပဲ။ ထောက်လှမ်းရေး စကားနဲ့ ဆိုရင် နှစ် ဘက်သူလျှို(Double Cross) လုပ်တယ်လို့ ပြောရမှာ ပါ။

နောက်ထပ်…..တို့အကြောင်း ဘာတွေ သိထားသေးလဲ။

အတွဲ တော် တော် များ ခဲတယ် အခုအတွဲ မရှိဘူး။ ပိုပို့ကိုအတွဲ ဖြစ်ဖို့ ကြိုးစားလိမ့်မယ် ဆိုတာလောက်ပါပဲ။

သူမရဲ့ တုန့်ပြန်မှု က ပွင့်လင်းလွန်းတာလား။ ရိုးသားလွန်းတာလား ဝေခွဲဖို့ ခက်လှ ပါတယ်။

အမှန်အတိုင်း ပြောရရင် ပိုပိုတို့အပါးက ယောက်ျားလေးသူငယ်ချင်းထားတာ လုံးဝမကြိုက်ဘူး၊ ကွန်ပျူတာဆိုင်ဖွင့်တာတောင် အပါးမူဆယ်မှာ ရှိနေတဲ့အချိန်တွေ ပဲ ဖွင့် လို့ရတာ ။ သူ…ရန်ကုန်ပြန်ရောက်တဲ့ ရက်တွေ ဆိုရင် ဆိုင်ပိတ်ထား၇တာ။

သံကွန်ခြာနောက်ကွယ်က အိနြေ္ဒရှင်လေးကို မူနွဲ့နေလို့ ကျွန်တော် စိတ်ချဉ်ပေါက် ပြီး မေးလိုက်တယ်။

ဒါဆို မင်းဘာ ဖြစ်လို့ တို့ကို သူငယ်ချင်းအ ဖြစ် လက်ခံခဲ့တာလဲ။

ယူကအရပ်မြင့်ပြီး မျက်ခုံးကောင်းတာကိုး။

ကျွန်တော် ချောက်ထဲ ပြုတ်ကျသွားပြန်တယ်။

* * * * *


ငါကြိုတင်သတင်းပေးပြီး ကုလားဖန်ထိုးထားပေးလို့ မင်းဝင်ရတာ လွယ်ကူသွား တာ ရသေ့နီ။ နို့်မို့ဆို အင်ထရိုနဲ့တင် ဆယ့်ခြောက်ဘားလောက် တီးနေရအုံးမှာ

ဟုတ်ပါတယ် အာဆင်နယ်။ ဒါကြောင့် လည်းကျေး ဇူးတင်လွန်းလို့ ခုလိုကျွေးမွေး ပြုစုနေရတာ ပေါ့။

ကျွန်တော့် ရဲ့ ကွင်းဖွင့်ပွဲ အောင်မြင်မှု အတွက် တစ်ခုခုကျွေးရမယ်ဆိုလို့ ကျွန်တော် တို့ သူငယ်ချင်းတစ်စု စားသောက်ဆိုင်တစ်ခုမှာ သွားစား ဖြစ်ကြတယ်။ ကျွန်တော် တို့အား လုံး အရက်ဘီယာရော ဆေးလိပ်ပါ ကင်းရှင်းကြပေမယ့် အစားကောင်းတော့ ကြိုက်တက် ကြပါတယ်။ ဒါကြောင့် လည်း ခုလိုတွဲ ဖြစ်ကြတာထင်ပါရဲ့ ။

အစားစားရင်း ဂီတအကြောင်းရောက်တတ်ရာရာပြော ဖြစ်ကြတယ်။ ဟစ်ဟော့အ ကြောင်း၊ မော်ဒန်ရော့ခ်နဲ့ အော်တာအကြောင်း၊ ပန့်ဂီတအကြောင်း…..။

ကျွန်တော် တို့အားလုံးဟာ ဂီတကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရူးသွပ်နေကြသလို၊ အိပ် မက်ကိုယ်စီမက်နေကြသူတွေ လည် ဖြစ်တယ်။ဝေဖြိုးအောင်နဲ့ သီဟက မြန်မာ့ဂီတကို ရီမစ်လုပ်ဖို့ ကြံစည်းနေသလို အာဆင်နယ်နဲ့ သူ့ညီတွေ ကတိုင်းရင်းသား လူမျိုးစုတွေ ရဲ့ ဂီတကို လိုက်လံစုဆောင်းနေကြတယ်။

ကျွန်တော် နဲ့ ဂျွန်ဆီးနားက အခွေထွက်ဖို့ပြင်ဆင်ပြီး မြန်မာ့ဆိုင်းဝိုင်းကို တီးနိုင်မယ့် ဆော့ဝဲမျိုး တီထွင်နိုင်ဖို့လည်း အိပ်မက်မက်နေကြတယ်။

ဗုံသံတစ်သံချင်း၊ မောင်းသံတစ်သံချင်း ဖမ်းထားပြီး ဖြစ်ပေမယ့်၊ တကယ့်အလုပ် ဖြစ် တဲ့ ဆော့ဝဲမျိုး ဖြစ်လာဖို့ ကတော့ အတော့်ကို အချိန်ယူရအုံးမှာ ပါ။

အဲ့ဒီညက ဂီတအကြောင်းပြော ဖြစ်ခဲ့လို့လားမသိဘူး၊ အိပ်ပြန်ရောက်တော့ ပိုပိုနဲ့ ပတ်သက်တဲ့ခံစားမှု ကို သီးချင်းစပ်ဖို့ ကြံစည်ပါတယ်။ ဒါပေမယ့် သီချင်းအစား ကဗျာ အကျိုးအပဲ့တစ်ခုသာ ကျွန်တော့်ခေါင်းထဲက ထွက်ကျလာခဲ့တယ်။

အိပ်မက်တွေ ကို

အရေခွံလဲလို့ရရင်

ကောင်းမယ်။

ဒါမှ…..

နှစ် ပေါင်းများ စွာ

သူတို့ အသက်ရှင်နိုင်ကြမှာ ပေါ့…..။

တချို့ အချို့တွေ မှာ

နိုးကြားနေရတာ ကောင်းပေမယ့်၊

တချို့အခြေအနေမှာ

အိပ်မက် မက်နေရတာ

ပိုကောင်းပါတယ်။

ငါဟာ….

ကြယ်တွေ ကို ထမ်းပြီးပြီး

လာလမ်းကို

ပြန်မလှည့်ချင်သူပါ။

* * * * *




ဝန်ဇင်းချစ်သူများ နေနော် ၏ “ နှင်းစက်ကကြိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကောင်းကင်ခါးခါး

လျော်ကြေး

ပန်းဆွတ်မိုး