
၁။ ချစ်နိုင်(စိတ်ပညာ)ကို မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကြီးနီရွာတွင် ကျောင်းဆရာဦးမာတင်၊ မိခင် ခေါ်အေးသတို့က ၁၉၄၈ ခုနှစ် ၊ ဒီဇင်ဘာလမှာ မွေးဖွားခဲ့ပါသည်။ ကြီးနီရွာ အ.လ.က၊ ချောက်မြို့ အ.ထ.က (၁) နှင့် မန္ထလေးမြို့ သိဇ္ဇာသိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့ပါသည်။ ၁၉၇၀ပြည့်နှစ် တွင် စိတ်ပညာအထူးပြု ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပါသည်။ ပါမေက္ခ၏ ပညာရည်ချွန်ဆု ရရှိပြီး ဂုဏ် ထူး ၃ ဘာသာ ရခဲ့ပါသည်။
၂။ ၁၉၇၁ခုနှစ် တွင် တပ်မတော် သို့ ၀င်ရောက် စစ်မှု ထမ်းပါသည်။ လားရှိုး၊ မင်္ဂလာဒုံ၊ နောင်ချို၊ ဗထူးတပ်မြို့နှင့် ကလောမြို့များ တွင် တာဝန်အရ နေထိုင်ခဲ့ဖူးပါသည်။ ရှမ်းပြည်နယ်အတွင်း ၁၇ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ရှိ တပ်မတော် ဦးစီးတက္က သိုလ်သို့ ၁ နှစ် ကြာ တတ်ရောက်ခဲ့ပြီး ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများ သို့ ၂ ပတ်စီ လေ့လာရေး ခရီး ရောက်ရှိခဲ့သည်။ တရုတ်ပြည်သို့ ၂ ပတ်ကြာ လေ့လာရေး သွားရောက်ခဲ့ပါသည်။
၃။ စစ်ဆေးရေး အသုံးချစိတ်ပညာ ၂နှစ် ခွဲသင်တန်း(၁၉၈၂)ကို ပထမဆု ရရှိပြီး ၂ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ် တွင် ဥပဒေဆိုင်ရာအထက်တန်းရှေ့နေစာမေးပွဲကို ဖြေဆိုအောင် မြင်ခဲ့ပါသည်။
၎။ ၁၉၈၄ခုနှစ် မှ စ၍ စိတ်ပညာဆိုင်ရာ လူမှု ရေး နှင့် လူငယ်အကြံပေးဆောင်းပါးများ ကို မဂ္ဂဇင်းစာစောင်များ ၌ ရေး သားခဲ့ရာ ရှုမ၀၊ မိုးဝေ၊ အတွေးအမြင်၊ သော င်းပြောင်းထွေလာ၊ ရုပ်ရှင်အောင်လံ၊ ရွှေအောင်လံ၊ သင့်ဘ၀၊ အပျိုမ၊ ကြီးပွားရေး ၊ နွယ်နီ၊ သုတစွယ်စုံ နှင့် အာရောဂျံစသည့် မဂ္ဂဇင်းများ ဖြစ်ကြပါသည်။
၅။ ချစ်နိုင်(စိတ်ပညာ) သည် စာပေဖွံ့ဖြိုးရေး နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိနေပါသည်။ “ချစ်တယ်ပြောတာမှတ်ပါ” စာအုပ်အတွက် ၁၉၉၆ ခုနှစ် လူငယ်ဆိုင်ရာ အမျိုးသားစာပေဆုကို ရရှိခဲ့ပါသည်။
ငယ်နေချင်၍ လည်း မရ။ မကြီးချင်၍ လည်း မရ။ အသက်သည် တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ် ပြီး တစ်နှစ် ကြီးရင့်ရစမြဲထုံးစံ။ လွပ်လပ်ရေး ရသော နှစ် မှာ လူ ဖြစ်လာခဲ့သော မိမိသည် အသက် ၅၀ ပြည့်လေပြီ။ ၁၉၉၈ခုနှစ် ၊ ဒီဇင်ဘာလသည် မိမိဘ၀တစ်သက်တာ အနှစ် ၅၀ ပြည့်သော လ ဖြစ်၏ ။ အနှစ် ၅၀ကာလတွင် ကျွန်တော် သည် စစ်သားအ ဖြစ် ၂၅ နှစ် တာဝန် ထမ်းကာ မိမိဘ၀ကို ဖြစ်သန်းခဲ့ပါ ၏ ။
၁။ခြေလျင်တပ်ရင်းတစ်ရင်းမှာ ၆နှစ် ၊
၂။ခြေမြန်တပ်ရင်းတစ်ရင်းမှာ ၅နှစ် ၊
၃။တပ်ဖွဲ့တစ်ခုမှ ၆နှစ် ၊
၎။ကျောင်းကြီးတစ်ကျောင်းမှာ ၅နှစ် ၊
၅။စာပေတိုက်တစ်ခု၌ ၃နှစ် ။
စစ်မြေပြင်၊ စစ်တန်းလျား၊ စစ်ရေး ပြကွင်းနှင့် စာသင်ခန်းစသည်တို့မှာ စစ်သားအ ဖြစ် နိုင်ငံတော် ကာကွယ်ရေး တာဝန်များ ကို ၂၅နှစ် ထမ်းဆောင်ခဲ့ရာတွင် အပြစ်၊အမည်းစက် တစ်စုံတစ်ရာမှ မရှိခဲ့ဘဲ မိမိစွမ်းနိုင်သမျှ အစွမ်းကုန် ဦးလည်မသုန်ထမ်း ဆောင်ခဲ့ရကား “စစ်မှု ထမ်းကောင်းတံဆိပ်” ယခုနှစ် မှ ကျွန်တော် ရသည်။ ၀မ်းသာလှပါသည်။
စွမ်းစွမ်းတမံထမ်းဆောင်နိုင်ခြင်း မရှိခဲ့သဖြင့် မည် သည့်စွမ်းရည်ဘွဲ့တံဆိပ်မှတော့ ချီးမြှင့်ခြင်း မခံခဲ့ရပါ။ မိမိသည် သာမန် လူ တစ်ယောက် မျှသာ။ သို့ရာတွင် မိမိ၏ တစ်သက်တာ လူငယ် ဘ၀တစ်လျှောက်လုံးပင် သေဆိုသေ၊ ရှင်ဆိုရှင် ၊ ထားရာနေ၊ စေရာသွား၍ အမိနိုင်ငံကာကွယ်ရေး အတွက် ပေလေးထောင်မှရှစ်ထောင်အထိမြင့်သော တောင်ကြားများ ပေါ်တွင် လည်းကောင်း၊ ရေခြား မြေခြားဒေသများ အထိလည်းကောင်း မညည်းမညူ တာဝန်ယူခဲ့ရခြင်းအတွက် အမှန်ပင် ဂုဏ်ယူကျေနပ်မိပါသည်။
၂၅ နှစ် တာမျှ မိမိတို့ ကာကွယ်ရေး လုံခြံရေး တာဝန်များ ကို အသက်စွန့်၍ ထမ်းဆောင်ခဲ့ရစဉ် ကာလအတောအတွင်းမှာ ပင် နိုင်ငံတော် သည် ပိုမိုစည်းလုံးညီညွတ်လာခဲ့ပါသည်။ ပြည်သူများ မှာ တရားဥပဒေစိုးမိုးရေး နှင့် အေးချမ်းသာယာမှု ကို ပိုမိုခံစားလာကြရပါသည်။ ဒီဂရီအားဖြင့် တိုင်းတာမပြနိုင် သော်လည်း နယ်စပ်ကျောက်တိုင်၊ နယ်နိမိတ်မှတ်တိုင်အနီးရှိ ကျေးရွာအထိ လုံခြံအေးချမ်းမှု ရှိနေလေ ပြီ။ သူပုန်သူကန် မရှိ၊ ရန်ဆူး ရန်ငြောင့်များ ကင်းရှင်းလေပြီ။
ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာစေရန် ဦးဆွေးဆံမြည့် ထမ်းခဲ့ကြသူများ ထဲမှာ သာမန်စစ်မှု ထမ်း ကောင်း တစ်ယောက် အ ဖြစ်ဖြင့် ကျွန်တော် ပါခဲ့ပါသည်။ အမှန်အတိုင်းဆိုရလျှင် ဟိုငယ်စဉ် အသက်၂၀ ကျော်က ပင်ပင်ပန်းပန်း ပြေးပြေးလွှားလွှားလုပ်ခဲ့ရပုံမျိုး ယခုပြန်လုပ်ပြပါဆိုလျှင် မလုပ်နိုင်တော့ပါ။ တစ်နာရီ ၅မိုင် မပြေးနိုင်တော့။ တစ်ရက် မိုင်၃၀ခရီးပေါက်ရန် မလွယ်တော့။ ကာယစွမ်းရည်၊ လက်ရုံး ရည်တို့ဖြင့် နိုင်ငံတော် ကို အကျိုးမပြုနိုင်ဘဲ အားလျော့လာသော အခါ နှလုံးရည်ဖြင့် အလုပ်အကျွေးပြု ရန် ကျွန်တော် အားထုတ်ပါသည်။ လူငယ်များ အစားထိုး နေရာယူကြပါ။
၁။ ချစ်လို့ပြောတာမှတ်ပါ (၁၉၉၆)
၂။ လက်တစ်ကမ်းရှိ တက်လမ်း (၁၉၉၆)
၃။ မိမိကိုယ်ကို တည်ဆောက်ခြင်း (၁၉၉၇)
၎။ပညာသည် တန်ခိုးကို ဖန်ဆင်း၏ (၁၉၉၇)
၅။ အောင်မြင်မှု နှင့် စိတ်ခွန်အား (၁၉၉၇)
၆။ လောကကို အလှမြင်ပါ (၁၉၉၇)
၇။ လျှပ်တစ်ပြက်အတွေးများ (၁၉၉၈)
၈။ သားအတွက် ဓားတစ်လက် (၁၉၉၈)
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ တွင် တစ်လ တစ်လလျှင် ၅ပုဒ်မှ ၁၅ပုဒ်အထိ အဆက်မပြတ် ရေး သားတင်ပြခဲ့သော ကျွန်တော် ၏ ဆောင်းပါးများ ကို အချို့လူငယ်တို့က စုစုစည်းစည်း သိမ်းဆည်း ဖတ်ရှုချင်ကြောင်း သိရပါသည်။ ကျွန်တော် တို့ တွေ့ ကြုံဖြတ်သန်းခဲ့ကြရသော အတွေ့ အကြုံများ ထဲမှ သိသင့်သိထိုက်သော အဆီအနှစ် တို့ကို မေတ္တာဖြင့် လူငယ်များ သို့ပေးဝေပါသည်။ အသက်၁၅နှစ် မှ ၂၅ နှစ် အတွင်းမှာ ရှိသော လူငယ်များ ဖတ်စေချင်ပါသည်။ တစ်စုံတစ်ရာအတိုင်းအတာတစ်ခုထိ အကျိုးပြုနိုင်လိမ့်မည် ဟု ယုံကြည်ပါသည်။ လာပါ လာပါဟု လူငယ်များ ကို ၂၁ရာစုက စိန်ခေါ်လျက် စောင့်နေ၏ ။
အနာဂတ်ကို ဖန်တီးချယ်လှယ်ကြရမည့်  လူငယ်များ မှာ အတွေ့ အကြုံ အတွေးအမြင် ကျယ်ပြန့်၍ သက်လုံကောင်းစေချင်ပါသည်။ ပညာဗဟုသုတပြည့်စုံသော လူငယ်များ ကို ယုံကြည်အား ကိုးပါသည်။ သူတို့လက်ထက်မှာ တိုင်းပြည်ပိုမိုတိုးတက်လာပါလိမ့်မည် ။
ချစ်နိုင်(စိတ်ပညာ)
၂၀.၃.၉၈
(၁)
ကျွန်တော် သည် လွန်ခဲ့သော ငါးနှစ် ခန့်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ရှိ တက္ကသိုလ်တစ်ခုတွင် ပညာသင်ယူခဲ့လေသည်။။ ဘာပညာတွေ သင်ခဲ့ရသနည်းဆိုတာ အချက်ထက် ဘယ်သူတွေ နှင့် အတူအကွ တက်ခဲ့ကြရသနည်းဟူသော အချက်သည် ပို၍ စိတ်ဝင်စားစရာကောင်း မည် ထင်သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများ အားလုံးမှ သင်တန်းသားများ ပါ ပါသည်။ ထိုစဉ်က လာအိုနှင့် ဗီလက်နမ်တော့ မပါခဲ့ကြရသေးပါ။ ဗြိတိသျှဓနသဟာယအဖွဲ့ဝင်များ ဖြစ်သော ဖီဂျီ၊ နယူးဇီလန်နှင့် သြ စတြေးလျနိုင်ငံများ မှ အရာရှိများ လည်း ပါ ပါ၏ ။ ထို့ပြင် အိုမန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်စသော မူစ လင်နိုင်ငံများ မှလည်း ပါ ပါသည်။ မှန်သည့်အတိုင်းဝန်ခံရလျှင် ကျွန်တော် သည် ဗုဒ္ဓဘာသာဝင် ဖြစ်သော ထိုင်းနိုင်ငံမှအရာရှိနှစ် ယောက် နှင့် သွားအတူ လာအတူ အဖွဲ့အကျဆုံး ဖြစ်ပါ၏ ။ ဥပုသ်နေ့များ တွင် ဘရိတ်ဇီးလ်ဘုန်းကြီးကျောင်းသို့သွား၍ ညောင်ရေသွန်းပွဲ၊ ၀ါဆိုလပြည့်စသည့် အခါသမယ၌ ကောင်း မှု ကုသိုလ်များ အတူပြုကြသည်။
ကျွန်တော် သည် ပင်ကိုအားဖြင့် လူတစ်ဖက်သားကို အလေးထားခင်မင်တက်သည့်ပြင် ကိုယ်က စပြီး အနစ်နာခံရမည် ၊ ကူညီရမည် ၊ မေတ္တာပို့သရမည် ဟု ယုံကြည်သည့်အတိုင်း အမေရိကန်အမြောက် တပ်မှ ဂျေစီပိုလ်မင်ဆိုသော ဂျာမန်မျိုးနွယ်အမေရိကန်အရာရှိနှင့် လည်းကောင်း၊ ဗြိတိသျှတပ်မတော် မှ ရစ်ချတ်အမည် ရှိ အင်္ဂလိပ်နှင့် လည်းကောင်း ကျွန်တော် ကောင်းစွာ ခင်မင်ရင်းနှီးခဲ့သည်။
ရစ်ချတ်နှင့် သူ၏ ဇနီး အဲလက်စ်သာမက သူတို့၏ သမီးကလေးနှင့် သားကလေးတို့ကပါ ကျွန် တော့် ကို “ချစ်” “ချစ်” နှင့် ခေါ်၍ ရင်းနှီးခင်မင်ကြသည်။ ကျွန်တော် သတိထားလေ့လာမိသလောက်တွင် အင်္ဂလိပ်အရာရှိ၏ ကလေးနှစ် ယောက် နေမိနှင့် ဟင်နရီတို့သည် ကျွန်တော် မှတစ်ပါး အခြားအရာရှိများ ကို ဘယ်သူ့ကိုမှ ရင်းရင်းနှီးနှီး မရှိလှပါ။ သင်တန်းသားထဲတွင် တောင်ကိုရီးယးမှ အရာရှိလည်း ပါ ပါသည်။ ကိုးရီးယန်းလူမျိုး လီစုမန်းနှင့် သူ့ဇနီး ဂျန်း အပြင် သူတို့သားနှင့် သမီးတို့ကလည်း ကျွန်တော် ကို အထူးပင် ခင်မင်ပါသည်။ ဂင်းတင်းတောင်ပေါ်မြို့သို့ သူတို့ကားနှင့် လည်ပတ်ရာတွင် ခေါ်သွားသည်။ ဘာထူးထုံး ကျောက်ဂူသို့ ပျော်ပွဲစားသွားရာတွင် ခေါ်သွားသည်။ သူတို့အိမ်မှာ ကိုရီးယားအစားအစာတွေ လုပ်ပြီး မကြာခဏဖိတ်ခေါ်၍ ကျွေးမွေးသည်။ မုန်ညင်းချဉ်သုပ် အလွန်ကောင်းသည်။
မလေးရှား ဤတက္ကသိုလ်မှာ နိုင်ငံခြားသား သင်တန်းသား ၁၇ ယောက် ရှိရာတွင် ကျွန်တော့် လောက် စားအိမ်သောက်အိမ်ပေါသည့်လူ မရှိဟုပင် ဆိုရလောက်ပါ၏ ။ ကျွန်တော့် ကို ကျွေးချင်မွေးချင်သူက ပေါများ ၏ ။ သနားကြင်နာစွာ ကျွေးမွေးခြင်း မဟုတ်၊ သူတို့စိတ်ချမ်းသာအောင် ရယ်စရာ မောစရာပြောဆိုတတ်ပြီး သူတို့တိုင်းပြည်အကြောင်း ကျွန်တော် က စိတ်ဝင်တစားနှင့် လေးလေးစားစား မေးသော အခါ “အိမ်အလွမ်းပြေ” သူတို့၏ Home Sick ရောဂါ ကို တစ်နည်းတစ်ဖုံကုသပေးရာရောက်ကြောင်း ကျွန်တော် နားလည်ပါ၏ ။
အရှေ့တိုင်းသား ၊ အနောက်တိုင်းသားများ နှင့် တစ်နှစ် တာမျှ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခဲ့ဖူးပါသည်။ သူတို့ကိုလည်း လေးစားပါ၏ ။ မေတ္တာအရင်းခံစိတ်ထားရှိသဖြင့် ပျော် စရာကောင်းပါသည်။ ကျွန်တော့် အတွက် ပြဿနာမရှိပေ။ သြစတြေးလျနိုင်ငံသားနှင့် ဌာနေ မလေးကျောင်းသား၊ ဌာနေ မလေး ကျောင်းသားနှင့် ဗြိတိသျှကျောင်းသား၊ ပါကစ္စတန်ကျောင်းသားနှင့် ဖိလစ်ပိုင်ကျောင်းသား၊ ပါကစ္စတန်ကျောင်းသားနှင့် ဖိလစ်ပိုင်ကျောင်းသား၊ ပါကစ္စတန်ကျောင်းသားနှင့် ဘရူနိုင်း ကျောင်းသားထိုးပွဲ ကြိတ်ပွဲမျိုး၊ ဆဲကြ ဖြစ်သည်မျိုး ၊ ရန်တစောင်စောင် ဖြစ်သည်မျိုး ရှိခဲ့ကြပါ၏ ။ တစ်နှစ် ကြာလာတော့လည်း သူ့အကြိုက် ကိုယ့်အကြိုက် မကိုက်ညီနိုင်ဘဲ ထိပ်တိုက်တွေ့  ရတာ တွေ ကြုံရသည်ပင်။
အားလုံးနှင့် ရင်းနှီးသော ကျွန်တော် က စေ့စပ်ဖျန်ဖြေရသော အလုပ်မျိုး အလိုလိုရနေသည်။
“စိတ်မဆိုးပါနဲ့ ကွာ..မင်းကလဲ”
“သည်းခံလိုက်စမ်းပါကွာ၊ မင်းက သဘောထားကြီးတဲ့ကောင်ပဲ ဥစ္စာ”
အများ အားဖြင့် ကျွန်တော့် ပြောစကားကို နာယူနားထောင်ကြ၏ ။ မ ဖြစ်စလောက် အထအနကောက်ခြင်းအားဖြင့် ပေါက်ကွဲတာမျိုးလည်း ဖြစ်တတ်သည်။ ကျွန်တော် က ကြားလူ ပုဏ္ဍား တိုင် ဖြစ်ရ၏ ။
“မင်း ကတော့ တော် တော် စိတ်ထားတတ်တာပဲ”
“မြန်မာတွေ ဟာ မင်းလိုပဲ သဘောကောင်းကြသလားကွ”
“ငါ့ထက်သာတဲ့ လူချည်းပဲ ကိုယ့်လူ”ဟု မကြာခဏ ဖြေရ၏ ။ မှန်ပါ၏ ။ ကျွန်တော် က နိဝါတမင်္ဂလာကို နှစ်သက် သည်။ မိမိတစ်ကိုယ်စာ ဂုဏ်မတင်တတ်သော်လည်း တိုင်းပြည်နှင့် ချီ၍ မူ ဂုဏ်ယူချင်သူ ဖြစ်ပါ၏ ။
စင်ကာပူက မိတ်ဆွေအချို့ မြန်မာပြည်သို့လာသော အခါ သူတို့ ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ အင်းလေးစသည်တို့ကို သွားပြီး ပြန်လာလျှင် ပြောလေ့ရှိသော စကား-
“မင်းတို့တိုင်းပြည်က ကျယ်လဲ ကျယ်တယ်၊ လှလဲ လှတယ်”
“ပြီးတော့ကောကွာ”
“တိမ်တွေ ကအစ သိပ်ကြည့်လို့ လှတယ်ကွာ”
ဟုတ်ပေလိမ့်မည် ။ အီကွေတာရာသီဥတုရှိသော စင်ကာပူ၌ တိမ်လှလှတွေ သိပ်ပြီး ရှိပုံမပေါ်၊ ညနေခင်းဆို မိုးက သဲသဲမဲမဲ ရွာတတ်သည်။ တိမ်ပန်းချီ ညနေခင်းကို မြင်ရခဲသား။
မလေးရှားနိုင်ငံမှာ ရှိစဉ် ကျွန်တော် နှင့် အလွန်ခင်မင်သော ကမ်ဆန်နီဆိုသည့် မလေးအရာရှိက ကျွန်တော့် အိပ်ဆောင်အထိ လာလည်လေ့ရှိသည်။ မြန်မာပြည်မြေပုံကို ကြည့်ပြီး-
“ဟေ့-ချစ်ရဲ့ မွေးဇာတိက ဒါလားကွ”ဟု ချောက်မြို့ကို လက်ညှိုးထောက်၍ ပြသည်၊ မှန်၏ ။ သူတို့လည်း ဗြိတိသျှဗိုလ်ချုပ်ဆာဝီလျှံဆလင်း ရေး သားခဲ့သော မြန်မာပြည်စစ်မြေပြင်မှ အောင်မြင်စွာ ဆုတ်ခွာခြင်းဟူသော စစ်မှတ်တမ်းကို ပြဌာန်းချက်စာအုပ်အ ဖြစ် လေ့လာပြီးသား ဖြစ်၍ မြို့ရွာတွေ အမည် ကိုမူ သိနေ၏ ၊ အင်္ဂလိပ်လို ပြောဆိုကြခြင်း ဖြစ်ပါ၏ ။
“ချောက်ရဲ့ အဓိပ္ပါယ် ဘာလဲ”
“ချောက်ဆိုတာ Valley ပေါ့ကွာ”
တိတိကျကျ ဟုတ် မဟုတ်တော့ မသိပါ။ သူငယ်ချင်းချင်း ဖြစ်၍ ပါးစပ်ထဲပေါ်တာ ရမ်းတုတ်လိုက်ခြင်းသာ။
“ရေနံချောင်းဆိုတာ ဘာလဲ”
“The stream of the oil တဲ့ကွာ”
“ကျောက်ပန်းတောင်းကကော”
“The basket of the crystal flowers”
“ဆိပ်ဖြူကကော”
“The White goat”
“ဆင်ဖြူကျွန်းဆိုတာ”
“The island of the white elephant”
“ချစ်ရေ မင်းတို့ မြန်မာတွေ ဟာ ဟိုးရှေးနှစ် ပေါင်းများ စွာ ကတည်းက ယဉ်ကျေးခဲ့ကြတယ်ဆိုတာ ဟုတ်လောက်တယ် မောင်ရ”
“ဘာလို့လဲကွ”
“အမည် နာမတွေ ထဲမှာ အတွေးအခေါ်ပါတယ်ကွ၊ ငါ ရှင်းမပြတတ်ဘူး၊ ဒါပေမယ့် စိတ်ထဲက အလိုလိုသိတယ်၊ မင်းတို့ ဘိုးဘွားမိဘတွေ မှာ အင်မတန်ကဗျာဆန်ပြီး လှပတဲ့ အတွေးအခေါ်တွေ ရှိ ခဲ့ကြတာတော့ သေချာတယ်ကွာ”
သူက ကျွန်တော့် ကို စိုက်ကြည့်နေ၏ ။
ကျွန်တော် က သူ့မျက်လုံးကို စေ့စေ့ကြည့်နေ၏ ။
သူ့ရင်ထဲကလာသမျှ အမှန်အတိုင်းဆိုခြင်းပါ၊ ညာနေခြင်း မဟုတ်၊ မြှော က်ပြောခြင်း မဟုတ်။
“ကျေးဇူးတင်ပါတယ်၊ မင်းဟာ လူတော် တစ်ယောက် ပီသပါတယ်”
မြန်မာဆိုသော လူမျိုးကို နမူနာ တစ်ယောက် နှစ် ယောက် တွေ့ ဆုံဆက်ဆံဖူးသူတိုင်းက နှစ်သက် ခင်မင်ကြပါသည်။ မြန်မာတွေ က ကာလဒေသ၊ ပယောဂနှင့် အဆင်ပြေစွာ ညှိယူတတ်ကြသည်။ စိတ်ရင်းကောင်း ပင်ကိုရှိကြသည်။
မလေးရှားမှာ နေခဲ့ရစဉ် ကွာလာလမ်ပူ၊ အီပိုး၊ ပီနန် စသော မြို့တွေ မှာ ရှိသော အလုပ်ရှင်တရုတ်အချို့နှင့် တွေ့ ဆုံမေးမြန်းကြည့်ခဲ့ဖူး၏ ။ သူတို့က မြန်မာအလုပ်သမားတွေ ကို အလွန်သဘောကျ၏ ။ အင်ဒိုတို့၊ ဖိလစ်ပီနိုတို့၊ ဘင်္ဂလီကုလားတို့ထက် ပိုကြိုက်ကြ၏ ။ ဘာကြောင့် လဲ ဆိုသော်-
“မြန်မာတွေ က သင်ရ ပြရတာ လွယ်တယ်၊ သိပ်တတ်လွယ် သိလွယ်တယ်၊ အလုပ်လာဘ်မြင်ကြ တယ်၊ ပြဿနာလည်း မရှာဘူး၊ အလုပ်ကို ကြိုးစားတယ်၊ တခြားလူ ၁၀ ယောက် စာကို သူတို့ငါးယောက် နဲ့ ညီမျှအောင် အလုပ်စွမ်းရည်ရှိကြတယ်”
ခေါင်းစဉ်အကြောင်းအရာကို ဖော်ပြ၍ နိဂုံးချုပ်ပါတော့မည် ။
ကမ္ဘာကိုလှည့်ပတ်၍ မြန်မာမကောင်းကြောင်း မောင်းထု၍ ပြောနေကြသူတွေ ရှိပါသည်။ အေး-ဟုတ်တယ်၊ ဟုတ်တယ် နဲ့ ခေါင်းတညိတ်ညိတ် ထောက်ခံနေသူတွေ လည်း ရှိပါ၏ ။ မပြောလိုပါသော် လည်း ခါးသက်သော အမှန်စကားကိုပင် ဆိုရချေတော့မည် ။ ကိုယ့်တိုင်းပြည်ကောင်းအောင် မလုပ်နိုင် လျှင် နေပါ။ ကိုယ့်တိုင်းပြည် ဆင်းရဲအောင်၊ နိမ့်ကျအောင်၊ မွဲအောင်၊ ငတ်အောင် ကြိုးစားပမ်းစား တားမြစ်ပိတ်ပင်ပြီး ချိုးနှိမ်နေခြင်း ကတော့ အသက်ရှည်လည်း ဘုန်းမကြီး ၊ ဘုန်းကြီးသော်လည်း အသက်မရှည်။ အကုသိုလ်က အကျိုးပေးတတ်သည်။ ကျေးဇူးရှင်ကို ကျေးကွင်းစွပ်သော သူတို့မည် သည် ကောင်းကျိုးမရနိုင်ချေ။
တိမ်တွေ ကလည်း ကောင်းကင်မှာ လှပါ၏ ။
မြေပြင်မှာ သဘာဝတောတောင် ရေမြေ ရှုခင်းတွေ ကလည်း လှပါ၏ ။
လူတွေ ကလည်း အနေရိုး၍ စိတ်ရင်းပင်ကိုယ်ဖြူစင်ကြသဖြင့် စိတ်လှသူတွေ ဖြစ်ပါ၏ ။
နတ်သုဒ္ဓါမှန်ပါလျက်နှင့် အသညစ်အကြေးတစ်စက်ကြောင့် ပျက်ယွင်းရရှာလေသည်။
v
![]() လူငယ်နှင့်အောင်မြင်မှု | ![]() ချစ်လို့ပြောတာမှတ်ပါ ရေဒီယိုဟောပြောချက် (၂) | ![]() အိမ်မက်စေရာ |