အခန်း (၁)
ကျွန်တော် ဟာ ခံစားနေတာကို ဖော်ထုတ်ရတာ နဲ့ ရိုးသားမှု တွေ ကို နှစ်သက် ပါတယ်။ ဒါပေမဲ့ . . . ပျော်ရွှင်ရတာ ၊ ရိုင်းပျရတာ ကိုလည်း ကြိုက်ပါတယ်။
ကဒ်ကိုဘိန်း (Kurt Cobain)
1967-1994
အဆောက်အဦကြီး၏ ပြင်ပသို့ ရောက်သည့်တိုင်အောင် စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားသည် ဟု မခံစားရသေး။
တစ်ရက်၊ တစ်ရက်နှင့် ညိုစင်ခဲ့ရသော အဝါရောင် နေ့ရက်များ က ကျန်ခဲ့ပြီ။
ကိုက်ခဲထုံကျဉ်ခဲ့ရသော ညဉ်းအလီလီကိုလည်း သင်ပုန်းချေသလို ချေခဲ့ပြီးပြီ။
သို့ သော်လည်း ဝမ်းသာအားရ ကမ်းလင့်နေမည့်  အသိုင်းအဝိုင်း၊ ကြိုဆိုနေမည့်  လက်တစ်စုံ တလေမှ မရှိသည်ကိုတော့ ဝမ်းနည်းစရာ မရှိတော့ပါ။
ပထမဆုံး အသက်ဝဝရှူသွင်းလိုက်သည်။
ပြီး . . . ခရီးဆောင်ကျောပိုးအိတ်ကိုလွယ်ရင်း လောကသစ်ဆီ ခြေဦးတည့်လိုက်၏ ။
ပျော့ညံ့သူတွေ ကို နေရာမပေးသော လောကမှာ သံလို၊ ဓားလို ခက်မာရလေဦးမည် ။
အိမ်ရာမဲ့ ဓလေ့တွေ နဲ့
ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်
ဘယ်ကမ်းစပ်ထိရောက်မလဲ
ငါ
ရွက်လွင့်တော့မယ်
ဘယ်သော င်ဘယ်ကမ်းလှမ်းရမယ်မသိလည်း
တစ်ချိန်ချိန်မှာ တော့ တိမ်တွေ ကို နမ်းမယ်။
(ညီမင်းညီ)
ည . . .
လင်းနွဲ့နေတဲ့ လရိပ်တချို့ဟာ ကပိုကရိုနဲ့ အေးစက်နေတယ်။ ညရဲ့ ရနံ့ဆိုတာ ဘာကိုမှမရဘူး။ ကိုယ့်စိတ်တွေ ဟာ ထုံကျဉ်လို့၊ ကိုက်ခဲလို့၊ သွေးစက်လက်နဲ့ သတ္တဝါတစ်ကောင်လိုပဲ လမ်းပေါ်မှာ ခရီးနှင်နေရသေးတယ်။
ဒီလိုညတွေ မှာ ဘယ်သူတွေ က ဘယ်ကိုဦးတည်နေကြသလဲ။ ဘယ်သူတွေ က ညကို ချိုမြိန်စွာ အရည်ဖျော်နေကြပြီလဲ။ ကိုယ်မသိဘူး။ ကိုယ်ဖြတ်ကူးနေရတဲ့ ည ကတော့ အမှော င်တွေ တအိအိ ယိုကျဖိစီးနေလေရဲ့ ။
ခပ်ဖျော့ဖျော့လင်းနေသေးတဲ့ အလင်းတိုင်လေးအောက်မှာ ရပ်ခိုရင်း ဝါကျင်နေတဲ့ စာရွက် လေးကို ထုတ်ကြည့်မိပြန်တယ်။ လိပ်စာအရဆို ဒီရပ်ကွက်ပဲ။ လမ်းနာမည် ကတော့ သိပ်မပီပြင်လှဘူး။ ဒီလိုပဲ မေးရတော့မှာ ပေါ့။ ပင့်သက်ကိုရှိုက်ရင်း အမောဖြေနေမိတယ်။
ကိုယ့်လိုကောင်အတွက် ခေါင်းထက်က အလင်းစက်ကတောင် မျက်နှာသာမပေးချင်ဘူး။ ဖြုတ်ခနဲ အလင်းကို သိမ်းရုတ်သွားတော့တယ်။ ရပါတယ်။ ကိုယ်က ဒီထက်မှော င်ခဲ့ပြီးပြီပဲ။ ဒီထက် မှော င်စရာ အမှော င်ပဲရှိတော့တယ်။ ဒါနဲ့ ခရီးဆက်ဦးမှပဲလို့ တွေးမိတယ်။
အဲဒီ အချိန်မှာ ပဲ စက်ဘီးခေါင်းလောင်းတီးသံသဲ့သဲ့ ကြားလိုက်ရပြီး မျက်နှာပေါ်ကို အလင်း တန်းတွေ ထိုးကျလာတယ်။ လူသံကြားလို့ မေးစမ်းဖို့လုပ်ထားတဲ့ ကိုယ်တောင် ကြောင်အမ်းသွား ရတယ်။
ပြီး . . . စကားသံက မာမာပြတ်ပြတ်ထုတ်လာတယ်။
“ဟေ့ . . . ဘယ်သူလဲကွ”
နာမည် ပြောလို့ သိမှာ တဲ့လား။ ဒါနဲ့ပဲ ရိုးရိုးလေး ပြန်ဖြေလိုက်တယ်။
“ကျွန်တော် ခရီး သွားပါ”
“ဟ . . . ဘယ်အချိန်ရှိပြီလဲကွ၊ ဒါ . . . မှော င်ရိပ်ခိုတာပဲ”
သူတို့စကားကို ဘာပြန်ပြောရမှန်း မသိဘူး။ ကိုယ့်မှာ နာရီမှမရှိတာ။ ပြီးတော့ . . . ဒီဓာတ်တိုင်က ခုနက လင်းနေသေးတာပဲ။ ခု . . .မီးပြတ်သွားတော့ မှော င်ရိပ်ခိုတယ်လို့ ဖြစ်ရပြန်ပြီ။ တကယ်တော့ အလင်းခိုနေတာပါ။ ကွိုက်တက်ချင်ရင် ဒီလိုပါပဲ။ ရယ်ချင်စိတ်ကို မြိုချရင်း ခပ်အေးအေးပဲ ပြန်ပြောလိုက်တယ်။
“ကျွန်တော် ဒီရပ်ကွက်ထဲက မိတ်ဆွေ တစ်ယောက် ရဲ့ အိမ်ကို လိုက်ရှာနေတာပါ၊ ခုနက ဒီလမ်းမီးတိုင်မှာ မီးလင်းနေသေးလို့ ရပ်ပြီးလိပ်စာကိုထုတ်ကြည့်နေတာ . . .”
ထိုးထားတဲ့ ဓာတ်မီးအလင်းထဲကို လိပ်စာ, စာရွက်လေး ထုတ်ပြလိုက်တယ်။ တစ်ယောက် က ရှေ့ကို မရဲတရဲတိုးလာပြီး စာရွက်ကို လှမ်းယူကြည့်တယ်။
နောက် တစ်ယောက် ကလည်း ကိုယ့်ကို အစုန်အဆန်ကြည့်ရင်း . . .
“ဒီအချိန်ကြီးမှကွာ . . . မင်းပုံစံကိုလည်း ကြည့်ဦး”
အရောင် လွင့်နေတဲ့ ဂျင်းဘောင်းဘီနဲ့ ဖလန်နယ်အင်္ကျီနွမ်းနွမ်းကိုဝတ်ထားတဲ့ ကိုယ့်ကို မသင်္ကာ ဖြစ်သွားပုံပေါ်တယ်။ ကျောပိုးအိတ်တစ်လုံးကိုလည်း လွယ်ထားသေးတာကိုး။ လောလော ဆယ်တော့ ကိုယ့်မှာ ဒါတွေ က အကောင်းဆုံးအဝတ်အစားပဲလေ။
“အင်း . . . မင်းလိပ်စာက ဆယ့်သုံးလမ်းလိုလို ဆယ့်ရှစ်လမ်းလိုလို ဖြစ်နေတယ်၊ ရပ်ကွက် ကတော့ ငါတို့ရပ်ကွက်ထဲမှာ ပဲ၊ ခု . . . ဒီဘေးလမ်းသွယ်က ခြောက်လမ်းပဲ၊ ဒီလမ်းအတိုင်း ရေတွက် ပြီး ကြည့်သွားလိုက်”
ပြောရင်း လိပ်စာ,စာရွက်လေးကို ပြန်ထိုးပေးလာတယ်။
“ကျေးဇူးပဲ”
ကိုယ့်စကားဆုံးတာနဲ့ သူတို့ ပြန်ထွက်သွားကြသည်။ ဒါတောင် တစ်ယောက် က စက်ဘီးပေါ် က လှမ်းပြောသွားသေးရဲ့ ။
“ဟေ့ . . . ရောက်အောင်သွားနော်၊ ခဏနေရင် နောက်တစ်ဖွဲ့ ကင်းလှည်လာဦးမယ်”
ဘာမှပြန်မပြော ဖြစ်လိုက်ဘူး။ ကိုယ့်စိတ်ကိုယ်ပဲ အားပြန်တင်းလိုက်တယ်။ လျှောက်ဦး . . . ။
လရောင် တွေ အားကိုးနဲ့ ရှေ့ဆက်တိုးလိုက်တယ်။ နှစ် လမ်းကျော်လောက်အရောက်မှာ ဓာတ်တိုင်တွေ က မီးပြန်လင်းလာတယ်။ တော် သေးတာပေါ့။ စိတ်ထဲမှာ နည်းနည်း ကျေနပ်သလို ဖြစ်သွားတာ အမှန်ပဲ။
ဘေးက လမ်းသွယ်လေးတွေ ကို ရေတွက်ရင်း ခပ်သွက်သွက် လှမ်းလိုက်သည်။ ကိုယ်ကလွဲပြီး ဘယ်သူမှရှိမနေတဲ့ လမ်းပေါ်ကို မျက်နှာချင်းဆိုင်က ကားတစ်စီးမောင်းဝင်လာပြန်တယ်။ ဒီအချိန် ဆိုမှတော့ ဒီရပ်ကွက်က တစ်ယောက် ယောက် ပဲ ဖြစ်မှာ ပါ။ ကိုယ်တွေးနေတုန်းမှာ ပဲ လမ်းမပေါ်မှာ ကားက ထိုးရပ်သွားတယ်။ ကားနဲ့ကိုယ်က ဓာတ်တိုင်တစ်တိုင်စာလောက် ကွာဦးမယ်ထင်ရဲ့ ။
အဲဒီ အချိန်မှာ ပဲ ကားလေးအနားကို လူရိပ်နှစ် ရိပ်က ပြေးကပ်သွားလေရဲ့ ။ ကားတံခါးကို ဆွဲဖွင့်သံတွေ နဲ့ ရုန်းရင်းဆန်ခတ်လှုပ်ရှားသံတွေ ကို ကြားလိုက်ရတယ်။ ထိုးကြိတ်သံတွေ နဲ့ ဗလုံး ဗထွေးအော်ဟစ်သံတွေ ကလည်း တစ်ဆက်တည်းပဲ။
ခေါင်းထဲမှာ တစ်စုံတစ်ခုကို အလိုလိုသိလိုက်ပြီး ကိုယ်ပြေးသွားလိုက်တယ်။ ဒါ . . . ပုံမှန် အခြေအနေတစ်ခု မဟုတ်နိုင်ဘူး။ ကိုယ် ကားနားအရောက်မှာ တော့ လဲပြိုကျသံနဲ့အတူ ပြေးထွက် သွားတဲ့ လူနှစ် ယောက် ကို ကြည့်ပြီး . . .
“ဟေ့လူတွေ ရပ်လိုက်၊ ဟာ . . . ခင်ဗျားတို့ . . .”
ကားထဲကို လှမ်းအကြည့်မှာ တော့ လဲကျနေတဲ့ လူ တစ်ယောက် ။ လုံးဝသေချာသွားပြီ။ ဒါ . . . လုယက်တာပဲ။ ဘာမှမစဉ်းစားဘဲ တစ်ရှိန်ထိုးပြေးလိုက်သွားမိတယ်။ ကိုယ့်ရဲ့ ကြွင်းကျန်နေသေးတဲ့ အင်အားက မတရားမှု တစ်ခုအတွက် လုံလောက်နိုင်ပါသေးတယ်။
လုယက်သွားတဲ့ လူတွေ ကတော့ အသံကြောင့် တစ်ချက်လှည့်ကြည်ပြီး ဆက်ပြေးတော့တာပဲ။ ကိုယ်လည်း ဘာမှမစဉ်းစားတော့ဘူး။ အော်ဟစ်ပြေးလိုက်ရင်း အနီးဆုံး တစ်ယောက် အနားကို ရောက်တော့ ရှိသမျှအားကိုစုစည်းပြီး နောက်က ခုန်အုပ်လိုက်တယ်။
နှစ် ယောက် သား လုံးထွေးလဲကျသွားတော့ . . .
“မင်းက ဘာကောင်လဲ၊ ကဲကွာ”
“ခွပ်!”
ကိုယ်မေးရိုးဆီမှာ ပူခနဲပဲ။ ဒါပေမယ့် . . . မိထားတဲ့ အဲဒီ လူအင်္ကျီစကို မလွှတ်ဘဲ အတင်းထပ် လှဲချလိုက်တယ်။ လုံးထွေးရင်းနဲ့ ကိုယ်မျက်နှာပေါ် လက်သီးချက်တွေ က ဆက်တိုက်ဆိုသလိုပဲ။ နာကျင်ပေမယ့်လည်း မတက်နိုင်တော့ဘူး။ အဲဒီ လူလက်ထဲက အိတ်ကိုပဲ မဲပြီး ပြန်လုရတော့တယ်။ သူကလည်း မလွတ်ဘူး။ကိုယ်ကလဲပြန်လုနဲ့။
အဲဒီ အချိန်မှာ ပဲ တစ်ယောက် က . . .
“ဟေ့ကောင် ဗျောကြီး . . . ဒီမှာ လာဖြုတ် လာဖြုတ်ဦး”
ပြောရင်းနဲ့ လက်သီးတွေ က တစ်ချက်ပြီး တစ်ချက်။ ကိုယ်ခံနေရတာ ပါ။ ဒါပေမယ့် . . . အိတ်ကိုတော့ ကိုယ့်ရင်ခွင်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ အဓိက, က အိတ်ပဲလေ။
ရှေ့ကပြေးနေတဲ့ တစ်ယောက် ပြန်လှည့်လာပြီး ကိုယ့်ကိုထပ်ထိုးပြန်တယ်။ လရောင် နဲ့ သူ့လက်မှာ မြင်လိုက်ရတာ လက်ခနဲပဲ။
ဟာ . . . ဓားပဲလို့ တွေးရင်း ဖျတ်ခနဲ အမြန်ထပ်ရှောင်လိုက်ရတယ်။ ဒါပေမယ့် . . . မလွတ်လိုက်ဘူး။
“အာ!”
ကိုယ့်လက်မောင်းရင်းမှာ ပူခနဲ ဖြစ်သွားတယ်။ ကိုယ့်စိတ်မှာ နာကျင်ပြီး ဘာမှမတုန့်ပြန် နိုင်တော့ဘူး။ လဲကျပြီး လူးလိမ့်နေတဲ့ ကိုယ်ဆီကအိတ်ကို သူတို့ ပြန်ယူတော့မယ်။ ကိုယ် တစ်ကယ် မခုခံနိုင်တော့ဘူး။ ရင်ဘတ်ထဲမှာ တော့ အိတ်ကို ပိုက်ထားဆဲပဲ။
“ဟေ့ကောင်တွေ ရပ်စမ်း၊ ဟေ့ကောင်တွေ ရပ်လိုက်”
မီးအလင်းတန်းတွေ က အရင်ပြေးဝင်လာကြတယ်။ ခြေသံတွေ ကလည်း တဖျတ်ဖျတ်နဲ့။ နောက်ထပ် ကင်းလှည့်လာတဲ့ လူတွေ ထင်တယ်။
လုယက်တဲ့လူနှစ် ယောက် လည်း တောက်ခေါက်သံတွေ နဲ့ ပြေးထွက်သွားကြပြီ။
ကိုယ့်လက်ထဲမှာ တော့ အိတ်ကလေးကငြိမ်သက်နေတုန်းပဲ။ သေချာပါတယ်။ ဒီပွဲမှာ ကိုယ် မရှုံးဘူး။
အခန်း (၂)
“တောက်! . . . ရပ်ကွက်ထဲမှာ မှကွာ”
“တော် တော် ရဲတင်းကြတာပဲ”
“ဟုတ်ပ . . . နာမည် ကြီးနေတဲ့ တာတီးနဲ့အာလာဒင်အတွဲ လား မသိဘူး”
တစ်ယောက် တစ်ပေါက်ပြောရင်း အသံတွေ က ဆူညံနေကြတယ်။ ကိုယ့်အနားကို ဝိုင်းအုံလာကြရင်း တစ်ယောက် က သတိပေးလိုက် တယ်။
“ခဏနေကြဦးဗျာ . . . ဟိုမှာ လဲနေတဲ့လူကိုကြည့်ကြပါဦး”
လက်မောင်းရင်းက ဒဏ်ရာကို အုပ်ကိုင်ရင်း ထရပ်လိုက်ရတယ်။ ဘယ်သူအမေးကိုမှ မဖြေနိုင်သေးဘူး။ အဲဒီ အချိန်မှာ ပဲ စက်ဘီးကိုယ်စီနဲ့ လူတစ်ချို့ ထပ်ရောက်လာကြပြန်တယ်။
“ဟေ့ . . . ဖယ်ကြဦး . . . ဖယ်ကြဦး”
ပြောရင်း ဓာတ်မီးနဲ့ ကိုယ့်ကို ထိုးကြည့်လိုက်တယ်။ ပြီး . . . အံ့သြဟန်နဲ့ . . .
“ဟာ . . . မင်းကိုး၊ ဘယ်လို ဖြစ်တာလဲ၊ ဟင် . . . လက်မှာ လည်းသွေးတွေ နဲ့ပါလား”
လက်ထဲက လက်ကိုင်အိတ်ကို ပြန်ပေးရင်း အ ဖြစ်အပျက်ကို ရှင်းပြလိုက်ရတယ်။ လူတချို့က ကိုယ်ညွှန်ပြတဲ့ကားဆီကို အမြန်ပြေးသွားကြလေရဲ့ ။ ခုမှပဲ သတိရလာလို့ အနီးအနားကိုဝေ့ကြည့်ရင်း . . .
“ဒါနဲ့ . . . ကျွန်တော့် ကျော်ပိုးအိတ်လေး”
မီးသတ်ရဲဘော်လေး တစ်ယောက် က ကိုယ့်အိတ်ကို ပြန်ရှာပေးတယ်။
ရပ်ကွက်လူကြီး ဖြစ်ဟန်တူတဲ့လူက ကိုယ့်ကိုကြည့်ပြီး . . .
“မောင်ရင်က အမှု တွေ , ဘာတွေ ဖွင့်ချင်သေးလား”
“မဖွင့်ချင်ပါဘူးဗျာ၊ ဟိုလုခံရတဲ့အိတ်လည်း ပြန်ရလိုက်တာပဲ၊ ဒဏ်ရာကလည်း ရှပ်ထိသွား တာပါ၊ နေပါစေတော့”
လူကြီးက သပ်ပြင်းသဲ့သဲ့ချတယ်။ ကိုယ်လည်း ကိစ္စပြီးပြီဆိုတော့ ခရီးဆက်ဖို့ ပြင်ရပြီပေါ့။
“နေပါဦး . . . မောင်ရင်ရဲ့ နေပါဦး”
လှမ်းတားသံနဲ့အတူ ခပ်သန့်သန့်လူကြီး တစ်ယောက် ကို တွေ့ လိုက်ရတယ်။ နည်းနည်း မူးဝေ နေတဲ့ပုံစံနဲ့ လူ တစ်ယောက် ကိုတွဲ ကူပြီး လျှောက်လာလေရဲ့ ။ ခုန ကားထဲက လူကြီးလို့ ထင်ပါတယ်။
ကိုယ့်ရှေ့ရောက်တော့ သူကပဲ . . .
“ကျေဇူးတင်ပါတယ် မောင်ရင်ရယ်၊ ဦးလည်း ကားက ထိုးရပ်သွားတော့ ဘာ ဖြစ်တာလဲဆိုပြီး အတွေးတောင် မဆုံးလိုက်ဘူး၊ အဲဒီ နှစ် ကောင် ကားတံခါးကို ဝုန်းဆို ဆွဲဖွင့်ပြီး ထိုးကြိတ်တော့တာပဲ”
“ကျွန်တော် လည်းလှမ်းမြင်လိုက်တာနဲ့ . . .”
ကျေးဇူးလာတင်ရင် မနေတက်တဲ့ ကိုယ့်အကျင့်ကြောင့် ခပ်ပါးပါးပဲ ပြန်တုန့်ပြန်မိတယ်။ အဲဒီ လူကြီး ကတော့ ကျေးဇူးတင်တဲ့အကြည့်တွေ မပျောက်သေးဘူး။ ခေါင်းညိတ်ပြရင်း ထပ် ပြောတယ်။
“အင်း . . . မောင်ရင် မြင်လိုက်လို့သာပေါ့၊ အိတ်ထဲမှာ က ငွေတွေ ထက် အရေး ကြီးတဲ့ စာရွက်စာတန်းတွေ ပါတယ်လေ၊ ကံသီပေလို့ပေါ့ကွာ”
လုပ်ငန်းရှင်တော် တော် များများ က ဒီလိုပဲ စာရွက်စာတမ်းတွေ တန်ဖိုးထားတက်ကြတယ်။
ကိုယ်ပြုံးပြရင်းနဲ့ပဲ . . .
“ကျွန်တော် လည်း တိုက်ဆိုင်လို့ ကူညီခွင့်ရတာ ပါ၊ ဦးအနေနဲ့ ဟိုနှစ် ယောက် ကို ပိုကျေးဇူးတင်သင့်တယ်”
“ဟေ . . . ဘယ်လို . . .”
“ဘာလဲကွ . . . မင်းစကားက . . .”
ဘေးက ရပ်ကွက်လူကြီးပါ တအံ့တသြ ဖြစ်သွားလေရဲ့ ။ ကိုယ့်ကိုလည်း အထူးအဆန်းလို ကြည့်နေကြပြန်တယ်။
“သြော်. . . ဒီလိုပါ . . . တစ်ကောင်မှာ က ဓားပါတယ်လေ၊ ဦးအသက်ကို ရန်ရှာ မသွားတာကို ကျေးဇူးတင်သင့်တယ်လို့ ပြောချင်တာပါ၊ ဦး တစ်ခုခု ဖြစ်သွားရင် ဒီစာရွက်စာတမ်းတွေ က ဘယ် အသုံးဝင်တော့မှာ လဲ”
“ဟာကွာ . . . ကြံကြံဖန်ဖန်၊ အေးကွာ . . . မင်းပြောတော့လည်းဟုတ်သား၊ လက်သီးနဲ့ ထိုးသွားတာကိုပဲ ဒင်းတို့ကို ကျေးဇူးတင်ရမလို ဖြစ်နေပြီ . . . ဟား ဟား”
ပြောရင်း သူကပဲ သဘောကျပြီး ရယ်လိုက်သေးတယ်၊ ရပ်ကွက်လူကြီးက ကိုယ့်ကိုကြည့်ပြီး . . .
“ကဲကဲ . . . မင်းရှာနေတဲ့ လိပ်စာကို ဒီကရဲဘော်တွေ လိုက်ပို့ပေးလိမ့်မယ်၊ ညလည်းနက်ပြီ၊ ဒါနဲ့ . . . မင်းက ဒီအချိန်ကြီးမှ ဘယ်ကဘယ်လို ရောက်လာတာလဲ”
ကိုယ် မညာချင်ပါဘူး။ ခပ်တိုးတိုးနဲ့ လေသံမှန်မှန်ပဲ ပြန်ဖြေလိုက်တယ်။
“ကျွန်တော် ဒီနေ့မှ ထောင်က လွတ်လာတာပါ”
အံ့သြသွားတဲ့ မျက်နှာတွေ ကို ကိုယ် ကျောခိုင်းလိုက်တယ်။ လောလောဆယ် အနားယူချင် တာပဲ စိတ်ထဲမှာ ရှိပါတော့တယ်။
လဲရင်ပြန်ထ ဒါ . . . ဘဝတဲ့
ငါ မလဲချင်ဘူး။
တကယ်တော့ လှဲသိပ်ခံခဲ့ရတာ ပါ။
နေသစ်ရဲ့ မနက်ခင်းလင်းလင်းရီရီမှာ ပဲ အိပ်ရာထ နိုးထလာခဲ့တယ်။ အခန်းထဲကိုတောင် နေရောင် ခြည်က ဖြန့်ဖြာကျနေပြီ။ ကိုယ့်စိတ်ထဲမှာ လဲ အခန်းလေးအတိုင်း နွေးထွေးလုံခြုံနေမိတယ်။ ညက ရခဲ့တဲ့ ဒဏ်ရာဆီက နည်းနည်း နာနေတာကလွဲရင် ကိုယ့်စိတ်ထဲမှာ အားအင်တွေ ပြည့်နေ သလိုပဲ။
အခန်းထဲက အပြင်ထွက်လိုက်တော့ ကိုရဲက အပြုံးနဲ့ကြည့်ရင်း လှမ်းပြောတယ်။
“ညီလေး . . . နိုးပြီလားကွ၊ ဟိုမှာ မင်းအတွက် လိုအပ်တာတွေ ဝယ်ထားတယ်”
သူ မေးဆတ်ပြတဲ့ နေရာကိုကြည့်လိုက်တော့ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်တဲ့ ပစ္စည်းလေး တွေ နဲ့ မျက်နှာသုတ်ပဝါတစ်ထည်ကိုပါ တွေ့ လိုက်ရတယ်။ စောစောစီးစီး အားနာသွားလို့ ကိုယ်က . .
“ဟာ . . . ကိုရဲကလည်း ကျွန်တ်ေနိုးမှ သွားဝယ်မှာ ပေါ့၊ အားနာစရာ . . .”
“အားနာစရာ၊ ဟုတ်လားကွ . . . ဟား ဟား၊ မင်းညီရာ မင်းစကားက ဆန်းနေတာပါကွ . . . ဟား ဟား”
အရယ်တစ်ဝက်နဲ့ပြောတော့ ကိုယ်လည်း ခပ်ဟဟလိုက်ရယ်မိတယ်။ ဟုတ်သားပဲ။ သူနဲ့ ကိုယ့်ကြားမှာ အားနာစရာဆိုတာ ဒီပုံစံမျိုး မဟုတ်ဘူး။ ညီအစ်ကိုအရင်းတွေ လို နေထိုင်ခဲ့ကြတာလေ။
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးရင်း . . .
“ကျွန်တော် လည်း ခုနောက်ပိုင်း အားနာတက်နေပြီဗျ၊ ကဲဗျာ . . . ကိုရဲရဲ့ အဝတ်တစ်စုံလောက် ပေးပါဦး”
“ဟ . . . လုပ်လိုက်ပြန်ပြီ၊ ငါ ဒီဘက်ကို ပြောင်းမလာခင် မင်းတို့အိမ်နားမှာ နေတုန်းက မင်းအဝတ်အစားတွေ ငါ့ဆီမှာ ကျန်ခဲ့တယ်လေ၊ မင်းပဲ ဟိုအထဲမရောက်ခင် ငါ့အိမ်မှာ နေခဲ့ပြီးတော့ . . .”
ကိုယ် ခေါင်းပဲကုတ်မိတော့သည်။ ပြောရင်းနဲ့ သူကပဲ အဝတ်အစားအိတ်ကို သွားယူပေး ပါတယ်။ အိတ်ထဲမှာ တန်ဖိုးမနည်းတဲ့ အဝတ်အစားတွေ တော် တော် များများ ရှိနေပေမယ့် ဂျင်း ဘောင်းဘီ နွမ်းနွမ်းတစ်ထည်နဲ့တီရှပ်တစ်ထည်ကို ထုတ်ယူလိုက်တော့ ကိုရဲက လှမ်းကြည့်တယ်။
“ကောင်းကောင်းဝတ်ပါကွ၊ အသားနည်းနည်း ညိုသွားတာကလွဲရင် မင်းရုပ်က ထွက်ပါသေး တယ်”
အားမလို အားမရပြောလာတဲ့ သူ့ကို ခေါင်းခါပြမိတယ်။
“တော် ပါပြီဗျာ၊ ဒါတွေ လည်း မမက်တော့ပါဘူး၊ အခြေအနေနဲ့ အချိန်အခါအရပေါ့”
“ဘာလဲ . . . ငါ့ အိမ်က စုတ်လို့ အိမ်နဲ့လိုက်ဖက်အောင် ဝတ်တာလားကွ”
ကိုယ့်ကို လှမ်းစနေတာပါ။ သိရက်နဲ့ ကိုယ်အနေခက်ရပြန်တယ်။ ပျာပျာသလဲ ဖြေးရှင်း ရပြန်တယ်။
“ဟာ . . . ဒီလိုမဟုတ်ပါဘူးဗျာ၊ ဒီအချိန် ကိုရဲတက်နိုင်လို့ ကျွန်တော် ကို ဟိုတယ်မှာ ထားပေး တောင် ကျွန်တော် ဒီနေရာနဲ့ မလဲနိုင်ဘူးဗျ တကယ်ပြောတာ”
“ဘာ ဖြစ်လို့”
မျက်ခုံးပင့်ပြီး ပြန်မေးနေလို့ ကိုယ်က အိမ်ထဲကို ဝေ့ကြည့်ပြီး
“ဟိုးအခန်းထောင့်က ဂစ်တာတစ်လက်ထက် ကျွန်တော့် ကို ဘာကဖမ်းစားနိုင်မလဲ”
“ဟား . . . ဟား . . . ကြိုက်ပြီကွာ၊ ကြိုက်ပြီ၊ ငါက မင်း အသွေးအသားထဲမှာ ဒါတွေ မှ ရှိသေးရဲ့ လားလို့”
သူ့စကားကြောင့် ကိုယ့်ရင်ထဲကသွေးတွေ ဆူပွက်ခုံးမောက်လာလေရဲ့ ။ ဟုတ်တယ် . . . ကိုယ့်အိမ်မက်တွေ ဟာ ခုထိ အပြီးမသတ်ရသေးဘူး။ လှိုက်မောစွာ နဲ့ပဲ လေးလေးနက်နက် ပြော လိုက်တယ်။
“ဘာလို့မရှိရမှာ လဲ ကိုရဲရာ၊ ဒါတွေ ဟာ ကျွန်တော် နဲ့ ခင်ဇော်ရဲ့ အဆုံးမသတ်ရသေးတဲ့ အိပ်မက်တွေ . . .”
ပြောရင်းနဲ့ ကိုယ့်ရင်တွေ တစ်ဆို့တင်းကျပ်လာပြန်တယ်။ စကားကို မဆက်နိုင်တော့ဘူး။ ကိုရဲက အားနာသွားလို့နဲ့ တူပါတယ်။ လေသံဖျော့ဖျော့လေးနဲ့ . . .
“ဆောရီးကွာ . . . ငါက မင်းရင်ထဲမှာ နာကြည်းမုန်းတီးမှု တွေ ပဲ ကြီးစိုးနေပြီလားလို့ပါ”
ကိုယ် အိမ်အပြင်ဘက်ကိုပဲ ငေးရီနေမိတယ်။ အသာမာတက်နေပြီ ဖြစ်တဲ့ သက်ပြင်းကို ထပ်ချရင်း . . .
“ဒါတွေ ထားလိုက်ပါတော့ ကိုရဲရာ၊ မမေ့နိုင်သေးပေမယ့် အတိတ်ဆိုတာကို ကျွန်တော် မေ့ချင်နေပြီ၊ ခု ထပ်လျှောက်ရမယ့် လမ်းလည်းရွေးပြီးပြီပဲ၊ သတိရတာ တွေ နဲ့အတူ ဥပေက္ခာတရားပဲ ထားလိုက်တော့မယ်”
အိမ်ကလေးထဲမှာ တိတ်ဆိတ်သွားကြတယ်။ ဝေခွဲမရတဲ့ ကိုရဲမျက်ဝန်းတွေ က အထင်းသား။ အရင်တုန်းကလို အရာရာကို သွေးဆူလွယ်လွန်းတဲ့ ကိုယ့်ရဲ့ ခုချိန် ပြောင်းလဲမှု ကို အံသြရီဝေနေပုံပဲ။ ပြီးမှ . . . တစ်ချက်စဉ်းစားလိုက်ပြီး . . .
“အေး . . . အဲဒါတွေ က အချိန်ရယ်၊ နေရာရယ်၊ ဘဝအကွေ့အချိုးတွေ က မင်းကို ပြောင်းလဲပေးလိုက် တာပဲ၊ ဘာပဲ ဖြစ် ဖြစ် . . . မင်းဆီကခုလိုကြားရတာ ငါ ဝမ်းသာပါတယ်၊ ဒါနဲ့ . . . မင်းအိမ်က သတင်းတချို့ကိုကော သိချင်သေးလား”
ခေါင်းကို ခပ်ဖြည်းဖြည်းပဲ ခါပြလိုက်မိတယ်။ တကယ်ပဲ . . . ကိုယ်မသိချင်တော့ပါဘူး။ ကိုယ့်စိတ်တွေ ကို အတိတ်ဆီ လှည့်ခွင့်မပေးချင်တော့ဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်ပဲ ဖန်တီး တော့မယ်။
“ကျွန်တော် လုပ်ချင်တာတွေ လုပ်သင့်တာတွေ နဲ့ပဲ ပျော်အောင်နေတော့မယ် ကိုရဲရာ”
ကိုရဲက ပြုံးရင်း ခေါင်းအသာညိတ်ပြပါတယ်။ အဲဒီ အချိန်မှာ ပဲ . . . အိမ်ရှေ့က ကိုရဲနာမည် ကို ခေါ်သံကြားလိုက်ရတော့တာပဲ။ ကိုယ့်ရင်ထဲမှာ တော့ မျှော်လင့်ချက်တွေ ကို ဆူဝေရင်ခုန်လို့ပေါ့။
“လာကြကွာ . . . လာကြ၊ မင်းတို့ကို မျှော်နေကြတာ၊ ဒီမှာ ဦးသော င်းမြင့်လည်း စောင့်နေတယ်”
ရပ်ကွက်လူကြီးစကားကြောင့် မနေ့က လုယက်ခံရတဲ့လူကြီးက ဦးသော င်းမြင့်လို့ သိလိုက် ရပါတယ်။ ဦးသော င်းမြင့်ကလည်း ဖော်ရွေတဲ့အပြုံးနဲ့ လှမ်းပြောတယ်။
“အေးကွာ . . . ထိုင်ကြ၊ ဒါနဲ့ မောင်ရင့်နာမည် က . . .”
“ညိုမင်းညီပါ ဦး၊ မင်းညီလို့ခေါ်လည်း ရပါတယ်”
ကိုယ် တုံ့ပြန်လိုက်တော့ ဦးသော င်းမြင့်က အသေအချာကြည့်ပြီး . . .
“မောင်ရင်က ဒီလိုဆိုတော့လည်း ညကပုံစံနဲ့ တခြားစီပါလားကွ၊ အေးကွာ . . . မင်းကို ကျေးဇူးတင်စကားပြောရင်း ဒီမှာ ပဲ လက်ဖက်ရည်ဝိုင်းလေး စီစဉ်လိုက်ရတာ ၊ သောက်ကွာ မောင်မင်းညီ”
ကိုယ့်မှာ အနေခက်ရပြန်တယ်။ ဒီလို တကူးတကကြီးဆိုတော့ မျက်နှာတောင် မထား တတ်တော့ဘူးလေ။
ရပ်ကွက်လူကြီးကလဲ . . .
“တို့တွေ ကလည်း ညက ကိစ္စကို ထပ်မေးချင်တာလေးတွေ ပါ, ပါတယ်”
“သြော် . . . ဟုတ်ကဲ့၊ ဒီအတိုင်း ခေါ်မေးလည်း ရပါတယ်ဗျ၊ ခုလို လုပ်ပြီးဆိုတော့ . . .”
“ဒါက ဦးစီစဉ်ထားတာပါကွာ၊ ဒါနဲ့ . . . မောင်မင်းညီ အလုပ်အကိုင်က . . . အိုး . . . ဆောရီး ဆောရီး”
မနေ့ညက ကိုယ်ပြောခဲ့တဲ့စကားကို သတိရသွားလိုနဲ့ တူပါတယ်။ အားနာသလို ပြန်ပြောနေလေရဲ့ ။
ကိုယ် ကတော့ ခပ်အေးအေးပါပဲ။
“ရပါတယ် ဦး၊ အလုပ်က ကျွန်တော် တစ်ခုခုလုပ်ဖို့ စီစဉ်ထားပါတယ်”
“အေးလေ . . . မောင်မင်းညီ အဆင်ပြေရင်လည်း ပြီးတာပဲ။ လိုအပ်တာရှိရင်လည်း ပြောပေါ့၊ ရော့ . . . ဒီမှာ ဦးရဲ့ လိပ်စာကတ်”
“ဟုတ်ကဲ့”
အားနာလို့ လှမ်းယူထားလိုက်ရတယ်။ ဦးသော င်းမြင့်က တော် တော် ချမ်းသာပုံရပါတယ်။ အခွင့်အရေး ယူပြီး အကူအညီတောင်းဖို့တော့ ကိုယ့်ခေါင်းထဲမှာ ကို မရှိဘူး။
ရပ်ကွက်လူကြီးဘေးနားမှ တစ်ယောက် က ဝင်ပြီး . . .
“ဒါနဲ့ . . . မင်း ဘယ်လိုလုပ် ထောင် . . . အဲ . . . အထဲကိုရောက်သွားတာလဲ”
ထောင်ကျလို့ ထောင်ထဲရောက်သွားတာပေါ့။ ဒီမေးခွန်းကို ကိုယ်မဖြေချင်ဘူး။ ဒီနေရာမှာ ဖြေစရာအကြောင်းလည်း မရှိဘူးလို့ ထင်တယ်။ ဒါ . . . ကိုယ်ရေး ကိုယ်တာတွေ ပဲလေ။
ကိုယ် မျက်နှာနည်းနည်း ပျက်သွားလို့ ငြိမ်နေတဲ့ ကိုရဲက . . .
“ဒါ ကတော့ . . . သူ့ကိုယ်ရေး ကိုယ်တာကိစ္စမို့ နားလည်ပေးစေချင်ပါတယ်၊ ဒါပေမယ့် . . . မင်းညီက ရာဇဝတ်သားလည်းမဟုတ်သလို သင်္ကာမကင်းနဲ့ စောင့်ကြည့်နေရမဲ့လူမျိုး မဟုတ်တာကို တော့ ကျွန်တော် အာမခံပါတယ်”
ကိုရဲအပြောကြောင့် နည်းနည်း ဖြုံသွားကြတယ်။ မဆိုင်တာကိုလျှာရှည်မိတာကိုး။ ဒါတောင် . . . ဒင်းက လာသေးတယ်။
“အင်းလေ . . . ဒါက မဖြေလည်း ရပါတယ်၊ ခု သူက တို့ရပ်ကွက်ထဲမှာ နေတာဆိုတော့ . . .”
“ကျွန်တော် လုံးဝတာဝန်ယူပါတယ် ဦးလေး”
ကိုရဲအသံက နည်းနည်း မာလာတယ်။ ကိုယ်လည်း ဘာဝင်ပြောရမှန်းမသိဘူး။ ဦးသော င်းမြင့် က ကိုယ့်ကို အားနာသလိုကြည့်ရင်း ဝင်ထိန်းတဲ့သဘောနဲ့ . . .
“ဟုတ်သားပဲ ကိုမျိုးတင့်ရာ . . . ဒီက မောင်ရဲရဲ့ အနေအထိုင်ကိုလည်း ခင်ဗျား သိသားနဲ့၊ ပြီးတော့ . . . မောင်မင်းညီက ဒီလိုလူစားမျိုး မ ဖြစ်နိုင်ပါဘူးလေ၊ ကျွန်တော့်အတွေ့ အကြုံနဲ့ ခန့်မှန်းတက်ပါတယ်”
ဟိုလူလည်း ခုမှ ငြိမ်ကျသွားလေရဲ့ ။ ဦးသော င်းမြင့်က ရပ်ကွက်ထဲမှာ တော် တော် သြဇာရှိပုံရပါတယ်။ ဒါနဲ့ . . . ညက အ ဖြစ်အပျက်တွေ ကိုပဲ ပြန်မေးတော့တယ်။ ကိုယ်လည်း မှတ်မိသလောက် ဖြေပေးလိုက် တာပဲ။ ဦးသော င်းမြင့်က ဆေးဖိုးဆိုပြီး ပေးတဲ့ငွေတချို့ကိုတော့ လက်မခံ ဖြစ်ဘူး။
အပြန်လမ်းရောက်တော့ ကိုရဲက ခပ်တိုးတိုးပြောတယ်။
“မင်းညီ . . . ဦးသော င်းမြင့်က တရားသူကြီးကွ၊ သိလား”
“သြော်”
အဲဒါကြောင့် . . . သူဝင်ပြောတာ ဖြစ်မှာ ပေါ့။ ဘယ်သူတွေ ဘယ်လိုထင်ထင် ကိုယ်မတုန်လှုပ် တော့ပါဘူးလေ။ ကိုယ် ရှေ့ဆက်ဖို့ လုံလောက်တဲ့ အရိုးတွေ ရင့်နေခဲ့ပြီပဲ။
![]() မြန်မာလို လာဘ်ကောင် | ![]() အမည်ပေါက်သမီးရည်းစား | ![]() အမုန်းမဲ့ဇုန် |