Cover

အခန်း (၁)

တူသံသည် တဒိုင်းဒိုင်းနှင့် အဆက်မပြတ်ထွက်ပေါ်နေသည်။ တူချက်မိသော ကျောက်တုံး ကျောက်ခဲများ သည် တစ်ပိုင်းစီ တစ်စစီ ကွဲကြေကုန်သည်။ လွင့်ဖြာကုန်သည်။

တူကို တင်းတင်းကြပ်ကြပ်ကိုင်ထားသော လေရူး၏ လက်သည် အကြောပြိုင်းပြိုင်းထနေသည်။

ဖြူလျောဖျော့တော့သော မျက်နှာသည် ပင် သွေးရောင် လွှမ်းနေဟန်ရှိသည်။ မိငြိမ်းချမ်းသည် သူ့ကိုငေးကြည့် ရင်းခပ်တိုးတိုးခေါ်လိုက်သည်။

“လေရူးရေ”

“ဝေ”

“အဲဒါတွေ ဘာလုပ်ဖို့လဲ”

“ဘာလုပ်လုပ်ပေါ့”

“ပင်ပန်းလိုက်တာ”

“ငါ့ဟာငါ ပင်ပန်းတာ ဘာ ဖြစ်လဲ”

“ဒါကြောင့် လူတွေ က ပြောတာ”

“ဘာလဲ”

“လေရူးကလေ”

“အင်း၊ လေရူးက ဘာတဲ့လဲ”

“လေရူးက အရူးတဲ့”

“၀ါး ဟား ဟား”

လေရူးသည် သူ့လက်ထဲမှတူကို ပစ်ချလိုက်ကာ ခွက်ထိုးခွက်လန် ရယ်နေလေသည်။ ဂုတ်အထိ ၀ဲကျနေသော ဆံပင်ရှည်များ သည်ရမ်းခါနေသည်။

ဖြူဖျော့ဖျော့ အသားအရေနှင့် ထာဝစဉ်အားနည်းဟန်ရှိသော လေရူးကို လူတိုင်းကပင် စိတ်မနှံ့သော အရူးဟု ပြောကြသည်။ ခြံတစ်ခြံ၊တဲတစ်လုံး၊ လူ တစ်ယောက် နှင့် ခွေးတစ်ကောင်သည် လေရူး၏ ဘ၀ပင် ဖြစ်တော့သည်။ အရူးဟူသည်မှာ လွယ်အိတ်စုတ်ကိုလွယ်၊ ဆံပင် ဖိုးယိုးဖားယားနှင့် လမ်းတကာလျှောက် တွေ့ ကရာအော်ဟစ်နေသူကိုသာအရူးဟု မိငြိမ်းချမ်းသတ်မှတ်ချင်သည်။ တစ်ခါတစ်ရံ တစ်ယောက် တည်း စကားပြောနေတတ်သော်လည်း၊ အကြောင်းမရှိဘဲ ရယ်ပြုံးနေတတ်သော်လည်း၊ လမ်းတကာက အုတ်ခဲအကျိုးအပဲ့များ လိုက်စုပြီးထုခွဲနေတတ်သော်လည်း သူ ခင်သော လေရူးကို အရူးဟုပြောတိုင်းမိငြိမ်းချမ်း မခံချင် ဖြစ်ရတတ်သည်။

“ဟား ဟား၊ ဘယ်သူတွေ က ပြောတာလဲ”“အားလုံးပဲ၊ အများ ကြီးပဲ၊ တခြားလူတွေ ပြောတာကိစ်္စမရှိပါဘူး၊ မေမေကပါပြောတယ်၊ တော် ကြာသမီးကိုရန်မူနေပါဦးမယ်တဲ့”

“၀ါး ဟား ဟား ဟား”

လေရူးသည် ခွက်ထိုးခွက်လန်ရယ်ပြန်သည်။သူရယ်သော အခါ သာမန်ထက်ရှည်ဟန်ရှိသော သွားများ သည်ဖွေးကနဲပေါ်လာသည်။ သူ့ဆံပင်ရှည်ကြီးများ သည် မျက်နှာပေါ်တွင် ၀န်းဝဲနေလေသည်၊ ကြောင်စီစီ သူ့မျက်လုံးများ ကိုကြည့်ရင်းမိငြိမ်းချမ်းပါ သူနှင့် ရော ယောင်ပြီး ဩပံးနေမိသည်။

“ညည်း အသက် ဘယ်လောက်ရှိပြီလဲ”

“ကိုးနှစ် ကျော်ပြီ ဆယ်နှစ် ပြည့်ခါနီး ပြီ”

“ဟေး ဟေး ကိုးနှစ် ဆိုတာ အငယ်လေးရှိသေးတယ်၊ လူ့လောက အကြောင်းကို ညည်းဘာမှမသိသေးဘူး”

လေရူးသည် ရုတ်တရက်အရယ်ရပ်ပြီးတည်ကြည်စွာ ပြောလေ သည်။ မိငြိမ်းချမ်းသည် အုတ်ခဲအကျိုးအပဲ့လေးများ ကိုငေးကြည့်နေမိ ရင်းမှ ခေါင်းညိတ်ပြလိုက်သည်။“လေရူးကော အသက် ဘယ်လောက်ရှိပြီလဲ”

“မသိ”

“ဟင် ကိုယ့်အသက် ကိုယ်မသိဘူးလား”

“အေး မသိဘူး၊ ငါငယ်ငယ်တုန်း ကတော့“ဟေ့ကောင်ကြီး”

အမေရဲ့ အမေက ငယ်ငယ်လေးပဲ ရှိသေးတယ်”

မိငြိမ်းချမ်းသည် နက်နက်နဲနဲ တွေးတွေးဆဆပြောနေသော လေရူးကိုကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

“ဟေ့

ကောင်ကြီး”သည် လေရူးကိုကြည့်ရင်း အမြီးနှံ့နေလေသည်။ သူ၏ ဆွေ စဉ်မျိုးဆက်အကြောင်း ပြောနေသည်ကိုများ သိလေမလားဟုမိငြိမ်း ချမ်း ရယ်မောနေရင်းမှ စဉ်းစားမိသေးသည်။ “ဟေ့ကောင်ကြီး”

သည် သန်မာထွားကိင်းလှသော အင်းခွေးကြီး ဖြစ်သည်။ ဘယ်တုန်းကဘယ် လိုစပ်ခဲ့သည်မသိ။ အယ်လ်ဆေးရှင်းမျိုးပါ စပ်သည်ဟုပြောကြသည်။ မျိုးကောင်း ရိုးကောင်း၊ ဒေါင်ကောင်းကောင်းနှင်အိမ်လုံလှသော ခွေးကြီး ဖြစ်သော်လည်း သူ့ခမျာနာမည် ကောင်းကောင်းလေးတော့ မရ ခဲ့ရှာပေ။ သူ့သခင်လေရူးကသူ့ကိုအစဉ်အမြဲ “ဟေ့ကောင်ကြီး” ဟုသာ ခေါ်လေ့ရှိသဖြင့် သူ့အမည် သည် “ဟေ့ကောင်ကြီး” ဟုသာ တွင် ရရှာ လေသည်။

“ဟေ့ကောင်ကြီးရေ လာ လာ”

မိငြိမ်းချမ်းကခေါ်သော အခါ ၀ပ်နေရာမှ ထလာသည်။ မိငြိမ်းချမ်းက သူ့လည်ပင်းကို ဆီးဖက်လိုက်ပြီး အမွေးညိုညိုများ ကို ပွတ်သပ်ပေးနေသည်။

“ညည်း ပြန်လေ၊ တော် ကြာ ညည်းအမေ စိတ်ပူနေဦးမယ်”လေရူးက စကားကောင်းပြောပြီး သူ့တူကိုပြန်ကောက်သည်။ကျောက်ခဲထုရန် ဟန်ပြင်သည်။

“မေမေ ဆေးရုံတက်နေရတယ်”

“ဘာ ဖြစ်လို့”

“မနေ့ကပဲလူနာတင်ကားနဲ့ ခေါ်သွားရတာ ၊ လေရူးမတွေ့ ဘူး လား”

“နင်တို့ခြံဘက် ငါကြည့်တာမှမဟုတ်တာ၊ ငါကဟိုဘက်ခြံသာ ကြည့်တာ”

လေရူးသည် တစ်ဖက်ခြံကိုမေးငေါ့ပြလေသည်။ ဦးရွှေတင်တို့ခြံ ဖြစ်သည်။ ထယ်ဝါသစ်လွင်သော တိုက်ကြီးနှင့် ပန်းစုံပွင့်နေသော ပန်း ခြံသည် စိတ်ကြည်နူးဖွယ် ကောင်းလှသည်။

မိငြိမ်းချမ်းတို့၏ လမ်းတို လေးတွင် သူတို့ခြံနှင့် တိုက်သည် အထယ်ဝါအခမ်းနားဆုံး ဖြစ်၏ ။ မိငြိမ်းချမ်းတို့ခြံနှင့် ဦးရွှေတင်တို့ခြံကိုလေရူး၏ ပေါင်းမြက်ဖုံးသော ခြံက ပိုင်းခြားထားလေသည်။ဦးရွှေတင်သည် လေရူး၏ ခြံကိုပါ ၀ယ်ယူ လိုသော်လည်း မရခဲ့ဟူသော စကားကို လူကြီးပိုင်းမှ မိငြိမ်းချမ်း သိခဲ့ ရဖူးသည်။“ညည်းအမေက ဘာ ရောဂါ ဖြစ်လို့လဲ”

“ကင်ဆာ”

“ဘာ”

“ကင်ဆာတဲ့”

“ကင်ဆာ၊ ဘာကင်ဆာလဲ”

“သိပါဘူး၊ အရိုးတဲ့ အရိုးကနေ အဆုပ်ကို ကူးတယ်တဲ့၊ မေမေ ကတော့ ပြောတယ် ရင်ထဲမှာ သိပ်နာတာပဲတဲ့၊ သိပ်အောင့်တာပဲတဲ့၊တစ်ခါတစ်လေ ငြိမ်းချမ်းကိုဖက်ပြီးငိုတယ်၊ မေမေ သေရမှာ သိပ်ကြောက်တာပဲတဲ့”

မိငြိမ်းချမ်းသည် ပြောရင်းမျက်ရည်ဝဲလာသည်။ ညှိုးလျော်ဖြူဖျော့သော မေမေ့မျက်နှာကို မြင်ယောင်နေမိသည်။ မိငြိမ်းချမ်းကိုငေးကြည့်နေသော လေရူး၏ မျက်လုံးများ သည်လည်း ရုတ်ချည်း ညှိုးလျော်သွားလေသည်။

“သေတယ်ဆိုတာ ကြောက်စရာမဟုတ်ပါဘူးဟာ၊လူ့လောက ဆိုတာ မကောင်းဘူးဟ၊ မြန်မြန်သေတော့မြန်မြန်အေးတာပေါ့”

“မေမေက ဖေဖေနဲ့ငြိမ်းချမ်းကို ထားခဲ့ရမှာ ကြောက်တာတဲ့”

“အေးလေ၊ သေရမှာ ကြောက်တာ အဲဒါတွေ ကြောင့် ပေါ့”လေရူးသည် ထူးထူးခြားခြား လေးနက်စွာ ပြောလေသည်။ကြောင်စီစီနေသော သူ့မျက်လုံးများ သည် တစ်ခါတစ်ရံ တည်ငြိမ်သွားတတ်သည်။

“ကင်ဆာဆိုတာ သေတတ်လား”

“သိပ် သေတတ်တာပေါဟင်၊ ဒီလိုဆို မေမေသေမှာ လား၊ ဖေဖေက ဆရာဝန်ပဲ”

“စိတ်မကောင်းတော့ မ ဖြစ်နဲ့ဟ၊ အင် ဟုတ်ပါဘူး၊ စိတ်မကောင်း ဖြစ်သာ ဖြစ်၊ နောက်ပြီး ငိုပေါ့ ဟုတ်လား၊ ငိုလို့ဝတော့ ညည်းစိတ်ထဲမှာ ပေါ့သွားမှာ ပဲ၊ ကင်ဆာဆိုရင် သေမှာ ပဲ၊ ညည်းအဖေဆရာဝန်ကြီးလဲ မကယ်နိုင်ဘူး၊ ညည်းအမေတော့ သေမှာ ပဲ”

“မပြောနဲ့ မပြောနဲ့”

မိငြိမ်းချမ်းသည် ရုတ်တရက် မျက်လုံးပြူးသွားသည်။ဖက်ထား သော ဟေ့ကောင်ကြီးကို တွန်းထုတ်လိုက်သည်။ ထိုနောက်နေရာမှ ၀ုန်းခနဲထကာ ကဲကဲဆတ် အော်လိုက်မိလေသည်။“မေမေ မသေဘူး၊ ဘာ ဖြစ်လို့ သေရမှာ လဲ”

“ကင်ဆာ ဖြစ်လို့ သေမှာ ပေါ့ဟ”

ဒေါသထွက်နေသော မိငြိမ်းချမ်းကို မျက်လုံးဝိုင်းကြီးများ နှင့် ကြည့်ရင်း သူက ခပ်လေးလေး ပြောလေသည်။ ထိုနောက် သက်ပြင်းကြီးချကာ သူ့လက်နှစ် ဖက်နှင့် မြေကြီးကို တဖျန်းဖျန်းပုတ်ပြသည်။

“သေမယ်ဆိုတာ စိတ်ဆိုးစရာလား၊ တစ်နေ့ကျရင် နင်လဲသေ မှာ ပဲ၊ ငါလဲ သေမှာ ပဲ၊ ဒီမြေကြီးထဲကို အကုန်ဝင်ကြရမှာ ပဲ”

“ဖေဖေက ပြောတယ်၊ မေမေ မသေစေရဘူးတဲ့”

“ဒီလိုဆို နင့်အဖေ အရူးပဲ”

“ဘာ လေရူးသာ အရူး၊ မခေါ်တော့ဘူး၊ လေရူးနဲ့မခေါ်တော့ဘူး”

“အေး ငါသိတယ်၊ ငါလက်ခံတယ်၊ ငါအရူး၊ ငါကရူးပေမယ့် အမှန်ကိုသိတယ်၊ နင့်အမေ မကြာဘူး သေမှာ ပဲ၊ အဲဒါကိုနင်သိထား၊ စဉ်းစားထား၊ တွေးထား၊ လက်ခံထား သိလား”

လေရူးသည် အသံအက်အက်ကြီးနှင့် အော်သည်မိငြိမ်းချမ်း၏ ရင်ထဲတွင် ဆတ်ဆတ်ခါအောင် ခါးသီးပြီး နာသွားသည်။ မျက်ရည်များ ၀န်းဝဲလာပြီး ကျောက်ခဲတစ်လုံးကို ကုန်းကောက်လိုက်မိသည်။ လေရူးကို ကျောက်ခဲနှင့် လွှဲပြီး ပစ်ပေါက်လိုက်ရန် စိတ်ကူးမိသည်။ သို့ သော် လေရူးကို စေ့စေ့ကြည့်မိသော အခါ၌ ကားမိငြိမ်းချမ်း၏ လက်ထဲမှ ကျောက်ခဲသည် တဖြည်းဖြည်း လွတ်ကျသွားလေသည်။

လေရူး၏ ဖြူဖျော့သော မျက်နှာသည် ပို၍ ဖြူဖျော့ပြီးညှိုးလျနေ သည်။ နဖူးပြင်တွင် ချွေးများ စို့နေသည်။ ပြူးကျယ်သော မျက်လုံးအိမ် မှ မျက်ရည်ပေါက်ကြီးများ စီးကျနေသည်။ သူသည်မရှိုက်ဘဲ ငိုနေလေ သည်။

ပါးစပ်ကတင်းတင်းမာမာပြောနေသော်လည်း မျက်လုံးဝိုင်းကြီး များ ကနူးညံ့နေသည်။

မိငြိမ်းချမ်း တစ်ယောက် ခေါင်းငိုက်စိုက်ချကာအိမ်ဘက်သို့ ပြန် လာခဲ့သည်အထိ လေရူးသည် တစ်ဦးတည်းစကားပြောနေရစ်လေ သည်။

“ဆယ်နှစ် ပဲ ရှိသေးတယ်၊ အငယ်လေးရယ်၊ အမေနဲ့ခွဲရတော့မယ်၊ ဘယ်တတ်နိုင်မှာ လဲ၊ သူ့အမေက ကင်ဆာ ဖြစ်နေတာကိုး၊ ကင်ဆာဆိုတာ သေမိန့်ပဲ၊ ကင်ဆာဆိုတာ ဖြစ်ရင် သေတာပဲတဲ့၊ ဒီတော့သေရမှာ ပေါ့၊ ငါ ငါ ဘာတတ်နိုင်မှာ လဲနော်၊ ဟေ့ကောင်ကြီး မင်းရောဘာတတ်နိုင်မှာ လဲ”

* * * * *


အခန်း (၂)

ငုပန်းကြွေများ သည် မြက်ခင်းစိမ်းပေါ်တွင် ကျဲပြန့်နေသည်။ ပွင့်ဖတ်ဝါဖျော့ဖျော့လေးများ ထဲတွင် ချစ်ဇနီး၏ မျက်နှာလေးသည် ချာလည်လှည့်ပြီး ပေါ်လာသယောင် ရှိလေသည်။ ငုပွင့်ကြွေလေးကို စူးစိုက်ကြည့်ရင်း ဒေါက်တာငြိမ်းအောင်၏ မျက်လုံးအစုံသည်ေ၀၀ါးလာလေသည်။ သူ့နှုတ်ခမ်းကိုသူ တင်းတင်းဖိကိုက်လိုက်သော်လည်း မျက်လုံးအိမ်တွင် ပြည့်အိုင်လာသည့် မျက်ရည်များ ကို တားဆီးနိုင်စွမ်းမရှိခဲ့ချေ။

“မောင်ရယ် ဘ၀ဆိုတာ တိုတိုလေးလို့ပြောကြတယ်၊ ဒီလိုတို တောင်းလှတဲ့ ဘ၀ထဲမှာ မိရဲ့ ဘ၀က ဘာလို့များ သူများ တွေ ထက်ပိုပြီး တိုရတာ လဲဟင်၊ ဒီအတွက်တော့လောကကြီးကိုမကြေနပ်ချင်ဘူး မောင်ရယ်၊ ဒါပေမယ့်သူ့ဘ၀မှာ သူ့ကံနဲ့လာတာမို့ ဘာတတ်နိုင်မှာ လဲ နော်၊ အင်းလေမတတ်နိုင်လို့သာပေါ့၊ တတ်များ တတ်နိုင်ရင်လေ ဘ၀ ဆိုတဲ့အချိန်ကာလလေးကို အားကုန်ဆွဲဆန့်ပြီး ရှည်လိုက်ချင်ပါရဲ့ ၊တတ်များ တတ်နိုင်ရင်လေ တတ်များ တတ်နိုင်ရင်ပေါ့”

နွမ်းလျ ဖျော့တော့စွာ ပြောခဲ့သော စကားသံလေးသည်ငုရွက် တို့ အချင်းချင်းထိခတ်သံကြားမှတိုးညှင်းစွာ ထွက်ပေါ်နေဟန်ရှိသည်။ ဒေါက်တာငြိမ်းအောင်သည်စိမ်းဖန့်ဖန့် ငုရွက်လေးများ ကို မော်ကြည့် ရင်း မျက်တောင်တဖျပ်ဖျပ်ခပ်နေမိသည်။ အကယ်၍ သာ သူ့ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော သမီးလေး မိငြိမ်းချမ်းမရှိခဲ့လျှင် ယောက်ျား တန်မဲ့ရှိုက်၍ ငိုမိလိမ့်မည် ထင်သည်။

“ဦးလေးထူးကပြောတယ်၊ ဖေဖေ ခေါ်တယ်တဲ့၊သမီးလာတော့ ဖေဖေက ဘာမှလဲမပြောဘူး၊ ဖေဖေ ခေါ်တာဟုတ်ရဲ့ လား ဟင်”

မိငြိမ်းချမ်းသည် မရေမရာလေး မေးသည်။

ဖခင် ဖြစ်သူ၏ မျက် နှာထားကို အကဲခတ်ရင်း တစ်စုံတစ်ရာကိုစိုးရိမ်ကြောက်ရွံ့မိသလို မျက်နှာလေးပျက်ပြီး ငယ်နေသည်။

“သမီး စာမေးပွဲအောင်တာ မေမေ့ကို ပြောခဲ့ရဲ့လား ဖေဖေ၊နောက်နှစ် ကျရင် အင်္ဂလိပ်စာသင်ရတော့မှာ ၊ မေမေက ဩကိပြီးသင်ပေးမယ်လို့ ပြောတယ်၊ ညနေ မေမေ့ဆီသွားရင်တော့ သမီးလိုက်ချင်တယ်နော်ဖေဖေ၊ သမီးကို မထားခဲ့ပါနဲ့တော့နော်၊ သမီး သမီး မေမေနဲ့မတွေ့ ရတာ သုံးရက်ရှိပြီ”

“သမီးရယ်”

ဒေါက်တာငြိမ်းအောင်သည် သမီးငယ်၏ ပခုံးလေးကိုယောင် ယမ်းပြီး တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ မှုံမှိုင်းရီဝေနေသော ဖခင်၏ မျက်နှာကိုမော်ကြည့်ရင်း မိငြိမ်းချမ်း၏ ရင်ထဲတွင် လှိုက်ကနဲ ဖြစ်သွား သည်။

“နင့်အမေ မကြာဘူး သေမှာ ပဲ၊ စဉ်းစားထား၊ တွေးထား၊လက်ခံ ထား”

ဟူသော လေရူး၏ အသံသည်လေဟုန်စီးပြီးရောက်လာသလို မိငြိမ်းချမ်းကို ချောက်လှန့်နေသည်။

မျက်ရည်ကြည်များ ပြည့်အိုင်နေ သော မျက်လုံးအစုံနှင့် စိုးရိမ်ကြောင့်ကြ မှု ကဲပြီး ပြူဝိုင်းနေသော မျက်လုံး အစုံတို့သည်အတန်ကြာအောင်ငြိတွယ်နေကြလေသည်။ သူ့ပခုံးကိုတင်းတင်းဆုပ်ထားသော လက်အစုံတို့သည် ချွေးစေးများ ပြန်ကာ အေးစက်နေသည်ကို မိငြိမ်းချမ်း သတိထားမိသော ခဏ၌ အထိတ်တလန့်အော်ဟစ်လိုက်မိလေသည်။

“မေမေ၊ သမီးမေမေ နေကောင်းရဲ့လား”

ဒေါက်တာငြိမ်းအောင်သည် သမီးငယ်ကိုနှစ် သိမ့်ပြုံးလေးပြုံးပြ ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

သူ့နှုတ်ခမ်းတွင် မချိပြုံးက တွဲ ရွဲ ခိုလာသော အချိန်၌ ပင်မျက်ရည်ပူများ သည် ပါးပြင်ပေါ်သို့ စီးကျ လာကုန်သည်။

“မေမေ့ကိုတွေ့ ချင်တယ်၊ မေမေ နေကောင်းရဲ့လား၊ သမီးရဲ့ မေမေ ရှိသေးရဲ့ လား”

“ရှိပါတယ်သမီးရယ်၊ သမီးရဲ့ မေမေဟာသမီးရဲ့ ဖေဖေ့အတွက် အမြဲရှိနေမှာ ပေါ့၊ ထာဝစဉ် ရှင်သန်နေမှာ ပေါ့”

မိငြိမ်းချမ်းသည် ရုတ်တရက် အော်ဟစ်ပြီးငိုလိုက်ချင်သော်လည်း မငိုမိချေ။ တုန်ရီအက်ကွဲစွာ ပြောနေသော ဖခင်အား မျက်လုံးဝိုင်းကြီးများ နှင့် စိုက်ကြည့်နေရင်း ငြိမ်နေလေသည်။ ဖခင်၏ စကားကိုနားလည်သဘောပေါက်ရန်ကြိုးစားနေဟန်ရှိသည်။

တချိန်တည်းမှာ ပင် မိခင်အတွက် စိုးရိမ်ပူပန် အားငယ်ဝမ်းနည်းသော သော ကအ၀၀သည် မတန်တဆ ၀ိုင်းဝန်းဖိဆီးထားကြသလိုသူ့မျက်နှာ ငယ်နုနုလေးသည် မှု န်ဝေနေသည်။

ဒေါက်တာငြိမ်းအောင်သည် သမီးငယ်၏ မျက်နှာလေးကိုမကြည့်ရက်သဖြင့် မျက်လုံးကို စုံမှိတ်လိုက်သည်။ ငုပင်ကြီး၏ ပင်စည်ကို အားလျော့စွာ မှီရင်း ပါးစပ်ကိုဟပြီး အသက်ရှူနေမိသည်။ ကုန်းပေါ်ပစ်တင်ခြင်းခံရသော ငါးကဲ့သို့ အသက်ရှူမ၀ဘဲ မွန်းကြပ်လှိုက်မောနေသည်။ သမီးငယ်ကို ထိုကဲ့သို့ ၀မ်းနည်းကြေကွဲသော မျက်နှာနှင့် ရင်မဆိုင်သင့်သည်ကို သိသော်လည်း၊ သတိထားမိသော်လည်း သူ့ကိုယ်သူ ထိန်းရန်ကိုကား မတတ်နိုင်ခဲ့ချေ။

ဖခင်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်ရင်း မိငြိမ်းချမ်းတစ်ကိုယ်လုံး တုန်ရီအေးစက်လာသည်။ သူအကြောက်ဆုံးနေ့ကိုရောက်ရှိလာပြီဟု ဦးနှောက်က အသိပေးနေသော်လည်း လက်မခံနိုင်အောင်ပင် ခါးသီး ပူလောင်နေလေသည်။

“သမီးရယ် ဖေဖေ တစ်ယောက် လုံး ရှိပါသေးတယ်၊ ဖေဖေရှိပါ တယ်ကွယ်”

နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်ရီကာဖြူလျော်ဖျော့တော့ လာသော သမီးငယ်လေးကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။

“သမီးမေမေ နေ့ခင်းကဆုံးတယ်၊ သူ့အတွက်တော့ ဝေဒနာအပေါင်းက လွန်မြောက်သွားတာမို့ ငြိမ်းအေးခြင်းပါပဲကွယ်၊ သမီးကိုမပြောဘဲ ဖုံးထားမလို့ပဲ၊ ဒါပေမယ့် ဖေဖေက သမီးကိုအမှန်အတိုင်းသိစေချင်တယ်၊ အမှန်တရားကို လက်ခံစေချင်တယ်၊ သမီးလေးကို လိမ်ညာဖုံးကွယ်မထားချင်ဘူး၊ သမီးမေမေဆုံးတယ် မရှိတော့ဘူး၊ ဒါကိုသမီးလေး သိရမယ်၊ လက်ခံရမယ်၊ နောက်ပြီး သော ကရဲ့ဒဏ်ကနေလွန်မြောက်ရမယ်၊ သမီးရယ် ဘာလို့ တောင့်ထား တင်းထားတာလဲ၊ငိုလေ ငိုလိုက်ပါလား”

ကျောက်ရုပ်ကလေးလို တောင့်တင်း အေးစက်နေသော မိငြိမ်း ချမ်းကိုဖက်ရင်း ဒေါက်တာငြိမ်းအောင်သည်ဆို့နစ်စွာ ပြောလေသည်။

မိငြိမ်းချမ်းသည် ဖခင် ဖြစ်သူ၏ ရင်ခွင်ထဲမှနေပြီး ထိန်ဝင်းအောင် ပွင့်နေသော ငုပန်းအခက်အခိုင်များ ကို မော်ကြည့်နေမိသည်။ငုပန်းဝါ၀ါများ ကြားတွင် သမီးချစ်သော မေမေသည် ပျောက်သွားလိုက်၊ပေါ်လာလိုက်နှင့် ရေး ရေး ရိပ်ရိပ်လေးထင်လာလိုက်နှင့် မျက်လှည့်ပြနေသကဲ့သို့ ရှိသည်။ ဖေဖေ့အသံများ ကို တိုးတိုးသဲ့သဲ့ ကြားနေသော်လည်း မိငြိမ်းချမ်းခေါင်းထဲတွင် တစီစီ ဖြစ်ပြီး ဆူဝေနေသည်။

“သမီးလေး ဖေဖေ့ကိုကြည့်စမ်း၊ အဲဒီ လို ကြောင်မနေစမ်းနဲ့၊ဖေဖေ့ကိုကြည့်စမ်းပါ သမီးရယ်”

ဒေါက်တာငြိမ်းအောင်၏ မျက်နှာသည် ရုတ်ချည်းပင် အိုစာသွားဟန်ရှိသည်။ မျက်ဝန်းများ နီကျင်ပြီး နှုတ်ခမ်းများ သည် ထူအမ်းတုန်ရီနေသည်။ ဖခင်၏ မျက်ရည်ကိုတွေ့ သော အခါတွင် ကား မိငြိမ်းချမ်းသည် ရုတ်တရက် ပျော့ခွေသွားသည်။ ထိုနောက်မှ ကြူကြူပါအောင် ငိုမိတော့သည်။

“မေမေရယ် မသေပါနဲ့၊ ပြန်လာခဲ့ပါ၊ ပြန်လာခဲ့ပါလားမေမေရယ်၊ မေမေ့ကို ပြန်ခေါ်ပေးပါ ဖေဖေရဲ့ ”

ငုပွင့်ကြွေများ သည် မြက်ခင်းပေါ်တွင် ကြဲပြန့်နေသည်။ ပွင့်ဖတ်ဝါလေးများ သည် လေဟုန်စီးပြီး ကြွေကျနေကြဆဲပင် ဖြစ်သည်။

ကြွေကျသွားသော ပွင့်ဖတ်နွမ်းနွမ်းလေးများ ထဲတွင် ချစ်ဇနီး၏ ၀ိညာဉ်သည် ၀ဲလွင့်ပြီးပါသွားသလို ဒေါက်တာငြိမ်းအောင်၏ ရင်ထဲတွင် ဆို့ကြပ်နေသည်။

ထိုနေ့ညနေက နေ၀င်ပြီးအမှော င်ပျိုးသည်အထိသူတို့သားအဖ နှစ် ဦးသည် ငုပင်ကြီးအောက်တွင် ကြေကြေ ကွဲကွဲထိုင်နေမိကြလေ သည်။

* * * * *


အခန်း (၃)

မိငြိမ်းချမ်းလေးရဲ့ အမေ ဆုံးသွားပြီဆိုတာ လေရူးသိသလား”

“အင်း”

“သနားပါတယ်နော်”

“အင်း”

“မိငြိမ်းချမ်းလေးတော့ ဘယ်လိုနေမယ်မသိဘူး၊ သိပ်ဝမ်းနည်းနေရှာ မှာ ဘဲ”

“အင်း”

“လေရူးရယ် စကားမပြောတတ်ဖူးလား၊ တအင်းထဲအင်းနေတာပဲ”

မသိမသာလေးပြုံးကာ ပြောလိုက်သော ထားမြိုင်ကို လေရူးသည်ငေးကြောင်ကြည့်နေမိလေသည်။ သူတို့နှစ် ဦးကြားတွင် သံဆူးကြိုးစည်းရိုးက ခြားနေသည်။ ခြံစပ်တွင် ပေါက်နေသော ခရေပင်ကြီးသည် ခြံနှစ် ဖက်ကိုမျှပြီး အုပ်မိုးထားသည်။ မြေပြင်ပေါ်တွင် ကြွေကျနေသော ခရေပွင့် ဖြူဖြူလေးကို ထားဩမိင်သည် နံနက်စောစောလင်းအားကြီးအချိန်၌ လာရောက်ကောက်ယူ လေ့ရှိသည်။

လေရူး၏ ခြံဖက်တွင် ကြွေကျနေသော ပန်းပွင့်လေးများ ကိုပါသံဆူးကြိုးကြားမှလက်လျှိုပြီး မမီမကမ်း လှမ်းကောက်လေ့ရှိသည်။ နွေအကုန်တွင် စ၍ ပွင့်သော ခရေပွင့်လေးများ တစ်မိုးလုံး လှိုင်လှိုင်ပွင့်တော့မည် ဖြစ်သည်။

ထားမြိုင်၏ ပါးပြင်ပေါ်တွင် သနပ်ခါးစင်းလေးများ က မထင့်တ ထင် ရှိသည်။ ညက အိပ်ရေး ပျက်ထားသလို မျက်နှာကလေးလည်းချောင် နေသည်။ မနေ့ညက တစ်ဖက်ခြံဝန်းထဲတွင် မီးများ ထိန်ထိန်ထွန်းပြီးဆိုသံ တီးသံများ ကြားရသည်။ ထိုကဲ့သို့ သော ညမျိုးတွင် ထားဩမိင်တို့တစ်တွေ သန်းခေါင်ကျော်သည်အထိ မီးဖိုချောင်ထဲတွင် ဆေးကြကြောကြနှင့် အလုပ် များ ကြရတော့မည် ဖြစ်ကြောင်းကိုလေရူးအလိုလိုသိလေသည်။

“ညက ဆူလိုက်တာ အရမ်း”

“ဟုတ်တယ်၊ မလေးသိင်္ဂီရဲ့ မွေးနေ့လေ၊ ဧည့်သည်တွေ မှအများ ကြီး ပဲ၊ အဆိုတော် တွေ ရော လာတယ်၊ သီချင်းဆိုသံတွေ မကြားဘူးလား”

“နားငြီးတယ်”

လေရူးက ခပ်ပြတ်ပြတ်ပြောလေသည်။ ထိုနောက် သူ့ဘက်ခြံဝန်းထဲတွင် ကြွေကျနေသော ခရေပွင့်များ ကို ကုန်းကောက်နေလိုက်သည်။လတ် ဆတ်သော နံနက်ခင်း လေပြေထဲတွင် ခရေနံ့မွှေးမွှေးလေးကရောနှော ၀င်ရောက်သွားသည်။

ညတုန်းကလည်း ခရေပင်အောက်သို့ လေရူးရောက်သေးသည်။

ခရေပင်ရိပ်တွင် တစ်ရေး အိပ် ဖြစ်သေးသည်။ သူ့ဘယ်ဖက်ကခြံတွင် ရယ်မောသံ၊ တီးမှု တ်သံတို့ ညံစီလျက်၊ လျှပ်စစ်မီးပွင့်လေးများ သည် ၀င်းလက်တောက်ပလျက် ရှိသည်။ အရောင် စုံဝတ်ဆင်ထားသော လူများ သည်လိပ်ပြာငယ်လေးများ ကဲ့သို့ လူးလာခေါက်တုံ့ ၀ဲပျံနေကြဟန် ရှိလေသည်။

သူ့ညာဖက်ကခြံသည်ကား ငြိမ်သက်တိတ်ဆိတ်လှသည်။ မှန်ပြူတင်းတွင် ရပ်နေသော သေးငယ်ဖြူဖျော့သော သဏ္ဌာန်လေးသည်လည်း ကျောက်ရုပ်ကလေးလို ငြိမ်နေသည်။ မိငြိမ်းချမ်းပင် ဖြစ်ရမည် ကို လေရူးသိလေသည်။

မွေးမိခင်ကို လတ်တလော ဆုံးရှုံးခဲ့ရသော ကလေးမငယ်လေးသည်အမှော င်ထုအတွင်းသို့ စူးစိုက်ကြည့်ရင်း တိတ်တဆိတ်ငိုကြွေးနေခြင်း ဖြစ်ရမည် ကိုလည်း လေရူးသိနေလေသည်။ လေရူးသည် ခရေပင်အောက်အမှော င်ရိပ်တွင် အထီးတည်းထိုင်ရင်း ကြေကွဲဝမ်းနည်းသလို၊ ဒေါသ ဖြစ်သလိုနှင့် ကတုန်ကရီ ဖြစ်လာသည်။ သူ့ဘေးသို့ ကြွေလာသမျှခရေပွင့်လေး များ ကို လက်နှင့် စမ်းကာ ကောက်ယူပြီးစိစိပါအောင်ချေမွပစ်နေမိလေသည်။ သူ့လက်များ ကို “ဟေ့ကောင်ကြီး”ကလျှာနှင့် လျက်ကာ မနာမကျင် ငုံခဲသည် အထိ ခရေပန်းလေးများ ကိုသာတစ်ပွင့်ပြီးတစ်ပွင့် ချေနေမိသည်။

“ရော့ ဒါအကုန်ပဲ”

သံဆူးကြိုးကြားမှ ခရေပန်းများ ကိုသံလင်ပန်းထဲသို့ ထည့်ပေးလိုက် သည်။ လတ်ဆတ်မွှေးကြိုင်သော ရနံ့သည် ဝေ့ပျံ့နေလေသည်။

“သွားမယ် လေရူးရေ၊ ဘုရားတင်ဖို့ ပန်းသီရဦးမယ်”

ထားမြိုင်သည် ခပ်သုတ်သုတ်လေး ထွက်သွားလေသည်။ လေရူးသည် “ဟေ့ကောင်ကြီး” ကိုဖက်ထားရင်း ထားမြိုင်၏ စကားကို စဉ်းစားနေမိလေသည်။ “ဘုရားတင်ဖို့” ဟူသော စကားကို ထပ်ပြန်တလဲလဲစဉ်းစားရင်းမျက်မှော င်ကုတ်နေသည်။ လေရူး၏ ခြံထဲတွင် ခရေပွင့်သော်လည်း၊ ကံကော်ပွင့်သော်လည်း တစ်ခါတစ်ရံမျှ ဘုရားကို ကပ်လှူပူဇော်ခြင်း မရှိခဲ့ပေ။ ပူဇော်ရန်လည်း စိတ်ကူးမပေါက်ခဲ့ဘူးချေ။ လေရူးသည် မိရိုးဖလာ ဗုဒ္ဓဘာသာပင် ဖြစ်သော်လည်း ဘာသာရေး အကြောင်းကို ပိုင်ပိုင်နိုင်နိုင် နားလည်သူ မဟုတ်ချေ။ နားလည်အောင်လည်း မကြိုးစားခဲ့ဖူးချေ။ ကြိုးစားဦးတော့ သူ၏ အသိဉဏ်သည် သိမ်မွေ့နက်နဲသော တရားတော် ကို သဘောပေါက်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ကြောင်းကို လေရူး သိလေသည်။

“လေရူး”

ဖွဖွလေးလှမ်းလာသော ခြေသံနှင့် အတူ ခပ်တိုးတိုးခေါ်လိုက်သံကို ကြားရသည်။ ဟေ့ကောင်ကြီးသည်ခပ်သွက်သွက်ပြေးသွားပြီး အမြီးနန့်ရင်း ဆီးကြိုနေလေသည်။

“မိငြိမ်းချမ်း”

ဆယ်ရက်လောက်အတွင်း၌ ပင် မိငြိမ်းချမ်းသည်အများ ကြီးပိန်သွား လေသည်။ ဖောင်းပြည့်သော ပါးပြင်လေးများ သွယ်ကျသွားပြီး မျက် လုံးလေးများ ပိုပြီး ပြူးကျယ်နေဟန်ရှိသည်။ပြည့်တင်းနီထွေးသော နှုတ် ခမ်းလေးများ သည်လည်း ဖြူလျော်နေသည်။

“လေရူးရေ မေမေ သေပြီလေ”

“နင် ငိုတယ်ပေါ့”

“အင်း”

“အခုရော ငိုချင်သေးလား”

“အင်း”

“ငိုလိုက်ပါလား”

လေရူးက ကရုဏာအပြည့်နှင့် ပြောလေသည်။ မိငြိမ်းချမ်းသည်သူ့ကိုမော်ကြည့်ရင်း ငြိမ်သက်စွာ ငေးနေမိသည်။ “မငိုပါနဲ့ကွယ်၊ တိတ်ပါတိတ်ပါ”ဟု ချော့လျှင် မိငြိမ်းချမ်း၏ မျက်လုံးအိမ်တွင်းမှ မျက်ရည်များ သည်တာကျိုးသလို ဒလဟော ထွက်လာလိမ့်မည် ထင်သည်။ ငိုချင်လျှင် ငိုလိုက်ပါဟု စာနာမှု အပြည့်နှင့် အရိုးခံအတိုင်းဆိုသော အခါ မျက်ရည်များ သည်ထွက်လာရန် မကြိုးစာြး ကတော့ပေ။ လေရူးသည် မိငြိမ်းချမ်းကို ငေးကြည့်ရင်း ငိုင်နေမိသည်။ မိငြိမ်းချမ်းကို ငိုရန်တိုက်တွန်းပြိး သူကိုယ်တိုင်လည်းမျက်ရည်ဝဲနေလေသည်။

ဟေ့ကောင်ကြီးသည် မိငြိမ်းချမ်း၏ ခြေဖမိုးကို လျှာနှင့် လျက်နေသည်။ ကြေကွဲ ၀မ်းနည်းလျက်ရှိသော ကလေးမငယ်သည် ယူလာနေကျထန်းလျက်ခဲကို မေ့လျော့လာခဲ့ဟန်ရှိသည်။ သူ့ဂါဝန်ဘေးအိတ်မှယိုးဒယား ချိုချဉ်ကလေးကို စမ်းသပ်ထုတ်ယူပြီး နှစ် ပိုင်းပိုင်းလိုက်သည်။

ဟေ့ကောင် ကြီးကို တစ်ပိုင်းကျွေးလိုက်ပြီး သူ့ပါးစပ်ထဲသို့ ကျန်တစ်ပိုင်းကိုထည့်လိုက် လေသည်။

“သြော် မေ့လို့၊ ရော့ ရော့ လေရူးဖို့”

သူ့ဖာသာချိုချဉ်မြုံ့နေပြီး အတန်ကြာမှ လေရူးကို အမှတ်ရသည်။နောက်ထပ် ချိုချဉ်တစ်လုံးထုတ်ယူပြီး လေရူးကို လှမ်းပေးလေသည်။ ချဉ်မြမြနှင့် ချိုသွားသော ချိုချဉ်လေးကို တစ်ခါတည်း ၀ါးစားလိုက်ရင်း လေရူးဆာလာသည်။ နံနက်စာ ထမင်းချက်ရဦးမည် ကို သတိရလာသည်။ သတိရသည်နှင့် တချက်တည်းနေရာမှ ဇိုးဇိုးဇတ်ဇတ် ထကာ သူ့တဲကလေးဆီသို့ ဦးတည်လျှောက်ခဲ့လေသည်။

ဟိုတစ်ပွင့် သည်တစ်ပွင့် ခပ်ကျဲကျဲထပ်ကြွေလာသော ခရေပွင့်လေး များ ကို မိငြိမ်းချမ်း တစ်ယောက် တည်းကောက်နေရစ်ခဲ့သည်။ အပင်ပေါ်မှ ကြွေလာခါစ ပန်းလေးများ ဖြစ်၍ ဖြူဖွေးလတ်ဆတ်နေသည်။ ခါတိုင်း ခရေ ပွင့်ဖွေးဖွေးလေးများ ရတိုင်းမြက်တံရှည်နှင့် သီကာ မေမေပန်ဆင်ရန် ပေးရ လေ့ရှိကြောင်းကိုတွေးမိသော အခါတွင် ကား မိငြိမ်းချမ်းသည် ခရေပွင့်လေး များ ကိုလက်ထဲမှလွှတ်ချလိုက်မိလေသည်။

အတန်ကြာသော အခါ တဲကလေးဘက်ဆီမှ တူထုသတဒိုင်းဒိုင်းကို ကြားရလေသည်။ ထမင်းချက်ပြီးပြီ ဖြစ်သော လေရူးသည်အုတ်ခဲကျိုးများ ကို တူနှင့် ထုသော တစ်နေ့တာလုပ်ငန်းကိုအစပြုပြီထင်သည်။

“မိငြိမ်းချမ်းရေ ဟေး မိငြိမ်းချမ်း”

လေရူးသည် မိငြိမ်းချမ်းကို လှမ်းခေါ်လိုက်သည်။ သူ့လက်ထဲမှတူကြီးကို လှမ်းပေးသည်။

“ရော့ ရော့ ထုစမ်း”

“ဟင် ထုချင်ပါဘူး”

“ညည်း စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတယ်မဟုတ်လား၊ ရော့ယူ စမ်းပါဟ၊ အုတ်ခဲတွေ ကို ထုလိုက်စမ်း၊ ချွေးတွေ ထွက်လာတော့ရင်ထဲမှာ နေလို့ကောင်းသွားလိမ့်မယ်၊ ရော့ပါဟ”

မိငြိမ်းချမ်းသည် သစ်သားရိုးတပ် သံတူကြီးကိုလှမ်းယူလိုက်သည်။ အုတ်ခဲကျိုးတစ်ခုကို ခပ်ဆဆလေးထုကြည့်လိုက်မိသည်။ ကောင်းစွာ မကွဲ ချင်ပေ။ တူရိုးကိုလက်နှစ် ဖက်နှင့် ကိုင်ပြီး လွှဲထုလိုက်သော အခါတွင် ကား အုတ်ခဲသည်ကွဲကြေသွားသည်။ တစ်ခဲကြေသော အခါ နောက်တစ်ခဲ ထပ်ပြီးထုမိသည်။

တစ်ခဲပြီးတစ်ခဲထုရင်း ချွေးကလေးများ စို့လာသည်။ တူချက်အောက်တွင် ကွဲသွားသော အုတ်ခဲအပိုင်းအစလေးများ သည် မိငြိမ်း ချမ်းအား မေမေ့ကိုခေတ္တမျှ မေ့သွားအောင် စွမ်းဆောင်နိုင်ကြလေသည်။

“ဒါတွေ ဘာလုပ်မှာ လဲဟင်”

“ညည်း ဘယ်သူ့မှ မပြောနဲ့ဦးနော်”

လေရူးက အရေး ကြီးဟန်နှင့် ပြောသည်။ ထိုနောက်မှသူများ မကြား စေရန် ခပ်တိုးတိုး ပြောပြသည်။

တို့လမ်းကလေးလေ၊ ဂျိုင့်တွေ ခွက်တွေ နဲ့ အင်မတန် ဗွက်ထူတာ၊အဲဒါ ပြင်ရအောင်ပေါ့၊ အခု အုတ်ခဲက နည်းနည်း လေးပဲရှိသေးတယ်၊ များ လာမှ တို့အတူတူ ပြင်ကြတာပေါ့နော်”

မိငြိမ်းချမ်းတို့ လမ်းတိုလေးသည် ကတ္တရာလမ်းမကြီးမှဖဲ့ဆင်းလာ သော မြေနီလမ်း ဖြစ်သည်။ မိုးအခါ ဗွက်ပေါက်ပြီးနွေအခါ ဖုံတသော သော နေတတ်သော်လည်း မည် သည့် အိမ်ကမျှမပြင်ခဲ့ချေ။ ကိုယ့်အိမ်ရှေ့ ဗွက် ပေါက်နေလျှင် တော် ရုံလျော်ရုံ အုတ်ခဲလေးမြေကြီးလေးဖို့လိုက်ပြီး အသာ မျက်နှာလွှဲနေသည်သာ ဖြစ်၏ ။

အိမ်ကြီးအိမ်ကောင်းများ သည် ထယ်ဝါ သော်လည်းလမ်းကလေးသည်ကား စုတ်ချာလှသည်။

“အများ နဲ့ဆိုင်တဲ့လမ်းကို လေရူး တစ်ယောက် ထဲ ပြင်မလို့လား”“အများ ထဲမှာ ငါလဲပါတာပေါ့”

“အင်း လေ”

“မိငြိမ်းချမ်း နင်လဲပါတာပဲ”

“အင်းပေါ့”

လေရူးသည် မိငြိမ်းချမ်းကို မကြည့်ဘဲ သူ့လက်ထဲမှတူကို ဆနေသည်။ လေရူးကို လူအများ က ရူးနေသည်ဟုပြောကြသည်။ သူ့ ပြောပုံဆိုပုံ အတွေးအခေါ်များ သည် လူသာမန်တို့နှင့် မတူသော်လည်း ရူးနေသူနှင့် လည်းမတူဟု မိငြိမ်းချမ်း ထင်မှတ်မိသည်။

“မိငြိမ်းချမ်း ညည်း ဘုရားကို ဆွမ်းတော် ကပ်ဖူးလား”

“အင်း”

“ပန်းကပ်ဖူးလား”

“အင်း”

“နေ့တိုင်း ဘုရားရှိခိုးလား”

“အင်း”

“ဒီလမ်းကလေးကိုတော့ ပြင်ဖို့ စိတ်ကူးမိရဲ့ လား”

“ဟင့် အင်း”

လေရူးသည် သက်ပြင်းကြီး တစ်ချက်ချလိုက်လေသည်။

“မိငြိမ်းချမ်း၊ ညည်းနော် ဒီအရူးနဲ့ကြပ်ကြပ်ပေါင်း၊ တစ်နေ့နေ့ လည်ပင်းထညှစ်တော့ ခက်နေဦးမယ်”

“အံမယ်၊ လေရူးက မရူးပါဘူး၊ ရူးတယ်ဆိုရင်လဲ ငြိမ်းချမ်းကိုလည်ပင်း မညှစ်ပါဘူး၊ သူက ငြိမ်းချမ်းကို သိပ်ချစ်တာ၊ သူ့အချစ်ဆုံးကဟေ့ကောင်ကြီးတဲ့၊ နောက်ပြီး ငြိမ်းချမ်းနဲ့မမထားမြိုင်ကို ချစ်တယ်တဲ့”“အမယ်တော် တော် တော် လာတဲ့အရူး”

ဒေါ်ဒေါ်အိသည် မျက်လုံးပြူးကာ မှတ်ချက်ချရင်းရယ်လိုက်သည်။ ပါးစပ်က ရယ်နေသော်လည်းအခွံသင်နေသော ကြက်သွန်ဥများ မှ အငွေ့ဟပ် သဖြင့် မျက်ဝန်းတွင် မျက်ရည်များ ၀ဲနေလေသည်။ မိငြိမ်းချမ်းသည် သူ့ဘေး တွင် ငုတ်တုတ်လေးထိုင်ရင်း ဒယ်အိုးထဲမှငါးကြော်များ ကို ငေးကြည့်နေ သည်။တရှဲရှဲမြည် နေသော ဆီထဲတွင် ငါးကလေးများ သည် တဖြည်းဖြည်းကော့တက်လာသည်။

“အဲဒါ ဘာငါးလဲ ဒေါ်ဒေါ်အိ”

“ငါးကျည်းလေ၊ ငြိမ်းချမ်း ကြိုက်တယ်မဟုတ်လား၊ ငါးကြော်နဲ့ခရမ်းချဉ်သီး ငါးပိချက်၊ နောက်ပြီး ဗူးရွက်ဟင်းချိုလေးချက်မယ်လေ၊ဆရာကြီး ကတော့ ဟင်းချိုပါရင် ကြိက်မှာ ပါဘဲ၊ မမ ရှိတုန်း ကတော့ အယ်ဟိုလေ”

ဒေါ်ဒေါ်အိသည် ကမန်းကတန်း စကားဖြတ်ကာအူကြောင်ကြောင် ဖြစ်သွားသည်။ သေဆုံးသွားသော မိခင်၏ အကြောင်းကိုအစဖော်ပေးသလို ဖြစ်ပြီး ငြိမ်းချမ်းလေး သတိရတမ်းတကာမျက်ရည်ဝဲရမည် ကို မလိုလား သော ကြောင့် ဖြစ်၏ ။ သို့ သော်လည်းမိငြိမ်းချမ်း မေမေ့ကို ချက်ချင်း ပင် သတိ ရသွားလေသည်။ ဆီကြော်အိုးထဲတွင် ကော့ကောက်လာသော ငါးလေးများ ကို မှု န်ဝေေ၀လေးကြည့်ရင်းပြောသည်။

* * * * *


အခန်း (၄)

“မေမေ သေတာ သုံးလတောင် ပြည့်ခါနီး ပြီနော် ဒေါ်ဒေါ်အိ”

“အေးကွယ်၊ သြော် ငြိမ်းချမ်းလေး ရေမချိုးသေးဘူးလား၊ ကျောင်းသွား ရဦးမယ်လေ”

“ဒီနေ့ စနေနေ့လေ ဒေါ်ဒေါ်အိကလဲ၊ ကျောင်းပိတ်တယ်”“သြော် ဟုတ်ပါရဲ့ ၊ မေ့လို့”

“ဒေါ်ဒေါ်အိကလဲ အဘွားကြီးကျနေတာပဲ”

စင်စစ် ဒေါ်အိမမေ့ပါချေ။ တတ်အားသမျှ စကားလွှဲလိုက်ခြင်းသာ ဖြစ်၏ ။ မိငြိမ်းချမ်း ငယ်စဉ်ကတည်းက ထိန်းကျောင်းချီပိုးပြီး သူ့လက်ထဲတွင် ပင် လူလားမြောက်ခဲ့ရခြင်း ဖြစ်၏ ။

သူ့လက်ထဲတွင် ကြီးခဲ့ရသော ကလေးမလေးသည် သူ့မျက်စိရှေ့တွင် ပင် မိခင်သေဆုံးပြီး မိတဆိုးလေး ဖြစ်ရသော အခါတွင် ကား ဒေါ်အိ တစ်ယောက် သေသူထက် ရှင်သူကို အသနားပိုခဲ့ရလေသည်။ သူတို့ လင်မယားနှစ် ဦးလုံး ဤအိမ်တွင် မှီခိုနေထိုင်ခဲ့ကြသည်မှာ ကြာလှချေပြီ။ ဒေါ်အိက အိမ်ရှင်မနှင့် အတူ ထမင်းချက်၊ အ၀တ်လျှော်၊ အိမ်မှု ကိစ္စကိုကူညီကာ ဦးထူးက ကားမောင်း ခြံရှင်းပြီး ဒေါက်တာငြိမ်းအောင်၏ နောက်လိုက် တပည့်ကျော်ကြီး ဖြစ်ခဲ့သည်။

“နေပါဦးဟဲ့၊ ထားမြိုင်ဆိုတာ ဟိုအိမ်ကြီးက ကောင်မလေးလား၊ခပ်လှလှလေးလေ”

“ဟုတ်တယ်”

“ကောင်မလေးတော့ မလွယ်ပါဘူး”

“ဟင် ဘာ ဖြစ်လို့”

“အဲဒီ အိမ်က ဦးရွှေထင်သား ၀ဏ္ဏဆိုတာကကောင်မလေးလှလှလေး တွေ ခေါ်၊ မကြာပါဘူး တောပြန်ပို့နဲ့ သူတို့အိမ်မှာ လူမှမမြဲဘဲ၊ အဲဒါ အဲဒီ ၀ဏ္ဏကြောင့် ပေါ့”

ဒေါ်အိသည် သက်ပြင်းလေး မသိမသာချရင်း ပြောသည်။ဒယ်အိုး ထဲမှ ငါးကြော်များ ကို သံယောက် မနှင့် ထိုးကော်လိုက်ပြီးရယ်ချင်စိတ်ကို ထိန်းထားရသည်။ ဆီကို အတန်ကြာအောင်စစ်ပြီးမှပန်းကန်ပြားထဲ ဆယ် ထည့်လိုက်သည်။ ဆီမြှုပ်လေးများ မသေသေးဘဲတရှဲရှဲမြည် နေဆဲ ဖြစ် သဖြင့် မိငြိမ်းချမ်းကောက်စားချင်သော်လည်းမစားရဲချေ။

“ငြိမ်းချမ်းလေး နောက်ဆုတ်၊ ဆီပေါက်လိမ့်မယ်”

ဒယ်အိုးထဲသို့ ငါးများ ကိုထပ်ထည့်လိုက်သည်။ ဆီအိုးထဲမှ တရှဲရှဲတဖောက်ဖောက်မြည် သံသည် ဆူညံသွားသည်။ ဆီမြှုပ်များ ပွက်ထလာလေသည်။ တပွက်ပွက်ထနေသော ဆီမြှုပ်များ ကြားထဲတွင် ငါးကလေးများ သည် တဖြည်းဖြည်းမြှုပ်ကျသွားသည်။

“ငြိမ်းချမ်းနဲ့ဖေဖေနဲ့ ညတုန်းက တူတူအိပ်တယ်”

“ဟုတ်လား၊ သားအဖနှစ် ယောက် လေပေါနေကြတာပေါ့လေ”

“ပေါပါဘူး၊ ဖေဖေဖက်ထားတာနဲ့ ငြိမ်းချမ်းလဲ အိပ်ပျော်သွားရော၊တစ်ရေး နိုးတော့ ဖေဖေလဲ အိပ်ပျော်နေပြီ၊ ငြိမ်းချမ်းလေ ဖေဖေ့ပါးကို တိတ်တိတ်လေး စမ်းကြည့်တယ်၊ စိုနေတယ်”

မိငြိမ်းချမ်းက ခပ်စင်းစင်းလေးပြောပြီး ငါးကြော်တစ်ကောင်ကိုကောက်ကိုင်သည်။

“ဒေါ်ဒေါ်အိ ငြိမ်းချမ်း ငါးကြော်စားမယ်နော်”အေး အေး”

ခါးလည်မှဖြတ်ချိုးလိုက်သော အခါ ကျွတ်ရွနေသော ငါးကြော်လေး သည် ဖျောက်ခနဲကျိုးသွားသည်။ ငါးကြော်ရွရွကို ဂျွတ်ခနဲဝါးလိုက်ရင်း ငြိမ်းချမ်းသည် လေရူးကို သတိရမိလေသည်။ ထမင်းကိုဆီဆမ်း ဆားနယ် ပြီး ဖြစ်သလိုစားတတ်သော လေရူးကို တစ်ခါတရံဟင်းကောင်းကောင်းနှင့် စားစေချင်သော စေတနာ ဖြစ်ပေါ်မိသည်။

လေရူး၏ ထမင်းဝိုင်းတွင် ဆား ပန်းကန်၊ ငရုတ်သီးထောင်းနှင့် ဘရာကြော်ဘူးသီးကြော်တို့ကိုသာ တွေ့ ရ တတ်လေသည်။ သူကသာ ဖြစ်သလိုစားသော်လည်း သူ့ခွေး ဟေ့ကောင် ကြီးအတွက်မူ ဆန်ကွဲကိုအမဲအရိုးအရွတ်များ နှင့် အကျအန ကျိုပြီးကျွေးလေ့ ရှိလေသည်။

“ဒေါ်ဒေါ်အိ ငြိမ်းချမ်းကို ငါးလေးနှစ် ကောင် ထပ်ပေးမလား ဟင်”

“ဘာလုပ်ဖို့လဲ”

“ဟိုလေ ဟို လေရူးကို ကျွေးချင်လို့ပါ၊ သူက ထမင်းကိုဘရာကြော် နဲ့ချည်းပဲ စားနေရတာ ”

“အေးအေး ယူ သွားပါကွယ် သနားပါတယ်၊ ကြောင်အိမ်ထဲမှာ လဲမနေ့တုန်းက ၀က်သားဟင်း ကျန်သေးတယ်၊ ငြိမ်းချမ်းကျွေးချင်ရင် ယူသွားပေါ့၊ ဟုတ်ပါရဲ့ သူ့ခမျာ ဖြစ်သလိုစားနေရတာ ၊ အရူးပေမယ့် စိတ်ထားကောင်းရှာပုံရပါတယ်၊ အေးလေ တကယ့် တကယ်တော့ မျိုးကောင်း ရိုးကောင်း လေးကိုး”

“ဟုတ်လား”

သူက ငယ်ငယ်လေးကတဲက စိတ် သိပ်မကောင်းတာတဲ့၊ စာလဲကောင်းကောင်းသင်လို့ မရဘူးတဲ့၊ သူ့အဖေက ပင်စင်စားဝန်ထောက်ကြီးလေ၊ အမေ ကတော့ အစောကြီးထဲက ဆုံးရှာတယ် ထင်ပါရဲ့ ၊ သားလေး တစ်ယောက် ထဲမို့ သိပ်ချစ်ပေမယ့် ကြောင်တောင်တောင် ဖြစ်နေရှာတော့အမြဲ စိတ်ဆင်းရဲနေရတာ ပေါ့၊ သူ့အဖေကြီးဆုံးတော့ သူ့အတွက် ဘဏ်မှာ ငွေတွေ ထားခဲ့တယ်၊ ဘယ်လောက်လဲတော့ မသိဘူး၊ လေရူးကို တစ်လတစ်ရာ့ငါးဆယ်ထုတ်ပေးဖို့ စီစဉ်ခဲ့တယ်၊ သူ့သားလေး စားဖို့ သောက်ဖို့စီစဉ်ခဲ့တာပေါ့၊ ငွေတွေ အားလုံးကို သူ့သားလက်ထဲမအပ်ရဲဘူး မဟုတ်လား”ဒေါ်ဒေါ်အိသည် စိတ်လိုလက်ရ ပြောပြလေသည်။

မိငြိမ်းချမ်းသည် လေရူးကိုခင်သော်လည်း၊ရင်းရင်းနှီးနှီးပေါင်းသင်းနေသော်လည်း ဒေါ်ဒေါ်အိ လောက်သူ့အကြောင်းကို မသိချေ။

“ဒီလိုဆို လေရူးက သူဌေးကြီးပေါ့၊ တစ်လကို တစ်ရာ့ငါးဆယ်တောင်ရတယ်”

“ဟဲ့ မရလို့ ဘယ်ကငွေနဲ့ သွားစားမလဲ၊ သူ့ကိုဘယ်သူကအလကား ကျွေးထားမှာ လဲ မြိငိမ်းချမ်းရဲ့ မှတ်ထား၊ ဆီ၊ ဆန်၊ဆား၊ ထမင်း၊ ဟင်း ဆိုတာမှန်သမျှ ငွေနဲ့လဲမှရတာ ၊ ဒေါ်ဒေါ်အိတစ်ခါတလေ စိတ်တောင်ပူ တယ်၊ ဒီလူကလဲ တစ်ယောက် ထဲနေ၊ ခြံကလဲမလုံ၊ အိမ်ကလဲ မလုံမို့ ၀င် လုသွားရင်အခက်လို့”

“ဟီ ဟိ ဒေါ်ဒေါ်အိကလဲ လေရူးဆီကလုရင် ငရုတ်သီးတောင့်နဲ့ဆားပန်းကန်ပဲရမှာ ပေါ့၊ အဲဒါကိုတောင် လုလို့လဲမရပါဘူး၊ ဟေ့ကောင်ကြီးက သွားကြီးဖြီးပြီး တစ်ချက်ထဲ ဂုတ်ကိုခုန်ခဲမှာ ”

မိငြိမ်းချမ်းက ပခုံးလေးတွန့်ကာပြောသည်။ ဟေ့ကောင်ကြီးသည်သူ့သခင်ကြည်သာသော သူကို ကြောင်ငယ်လေးလို သိမ်သိမ်မွေ့မွေ့ဆက်ဆံ တတ်သော်လည်း မျက်နှာစိမ်း ခြံထဲဝင်လာပါကလုံးဝအလစ်မပေးတော့ပဲ မာန်ဖီနေတတ်လေသည်။ အမူအယာပြာပြာလောင်လောင် ဖြစ်ပြီး မျက်နှာ ထားအကဲမရလျှင်မူ တစ်ခါတည်းခုန်ပြီးဟပ်တတ်သည်။ လေရူးတို့ခြံက သရက်သီးများ မှဲ့ပြီး ကြွေလျှင်ပင်ဟေ့ကောင်ကြီးကျေးဇူးကြောင့် တစ်လုံးမျှ အပျောက်အရှ မရှိတတ်ပေ။

ဒေါ်ဒေါ်အိသည် ငရုပ်ဆုံကိုဆွဲယူပြီး ရေစိမ်ထားသော ငရုတ်သီးနီရဲရဲလေးများ ကို အညှာချွေကာ ထည့်လိုက်သည်။ ငရုတ်သီးထောင်းသံသည် တဒိုင်းဒိုင်းနှင့် ထွက်ပေါ်လာလေသည်။ ငရုတ်သီးထောင်းသော အသံသည် အုတ်ခဲကိုတူနှင့် ထုသော အသံလောက် နားထောင်၍ မကောင်းဟုမိငြိမ်းချမ်းထင်သည်။ ထိုစဉ်တွင် မီးဖိုခန်းထဲသို့ ဦးထူး ၀င်လာသည်။ မျက်နှာထားက အလိုမကျသလို ခတ်ညိုညို ဖြစ်နေသည်။ မိငြိမ်းချမ်းသည် ဦးထူးကိုမြင်သော အခါ နေရာမှထရပ်ရင်း အလောသုံးဆယ်မေးလေသည်။

“ဦးလေးထူး ဖေဖေရော”

“မပါခဲ့သေးဘူးကွ၊ မိငြိမ်းချမ်းကို ထမင်းစားနှင့် လို့ပြောလိုက်ပါတဲ့၊ မှာ လိုက်တယ်”

“ဟင် ဖေဖေကရော”

“ဒီနေ့ ခွဲစရာ စိတ်စရာ အလောင်းတွေ များ နေတယ်တဲ့”

ဖေဖေသည် မှုခင်း ဆရာဝန် ဖြစ်သဖြင့် ရာဇ၀တ်မှု နှင့် သေဆုံးရသော သူများ ၏ အလောင်းကိုခွဲစိတ်ကြည့်ရှုစစ်ဆေးရသည်ကို မိငြိမ်းချမ်း လူမှန်း သိကတည်းကနားလည်ထားခဲ့ပြီး ဖြစ်သည်။ သေနတ်ပစ်၊ ဓားခုတ် လှံထိုး၊အဆိပ်သောက်သည်မှစ၍ ကားတိုက် လှေမှော က် ရေနစ်သည်အထိ ရာဇ၀တ်မှု မကင်းသော လူသေလောင်း မှန်သမျှကို ဒေါက်တာငြိမ်းအောင်ခွဲစိတ် စစ်ဆေးရလေသည်။

“ဒီလိုဆိုလဲ ပြီးရောပေါ့လေ၊ ငြိမ်းချမ်းက ဖေဖေပြန်လာမှထမင်းစား မလို့”

မိငြိမ်းချမ်းက သက်ပြင်းလေးချကာ ပြောသည်။ အခါတိုင်း ဖေဖေနှင့် လက်ဆုံစားရန် မိငြိမ်းချမ်း ထူးထူးခြားခြားမတောင့်တခဲ့ဖူးသော်လည်းမေမေ မရှိသည့်နောက်ပိုင်းတွင် မူ ဖခင်အား တွယ်တာစိတ်သည် ပိုမိုကြီးထွားလာခဲ့လေသည်။

မိငြိမ်းချမ်း မီးဖိုခန်းမှထွက်သွားသော အခါမှ ဦးထူးသည်မသိမသာ လေး ခေါင်းယမ်းပြီး သက်ပြင်းချသည်။ ထိုနောက်မကျေမနပ်နှင့် ခတ်တိုး တိုးပြောလေသည်။

“တကထဲဗျာ၊ ရင်ခွဲရုံနားအထိ လိုက်လာပြီး မရမကထမင်းစားဖိတ် တဲ့မိန်းမမျိုးကြုံဖူးရဲ့ လားဗျာ၊ မကြုံဖူးရင်လဲမှတ်ထား ဟိုဝန်ထောက်ကတော် ကျ၊ တစ်ခုလပ်ဒေါ်မူမူသင်းပဲ သိလား၊ ငါကကလေးစိတ်မကောင်းမှာ စိုးလို့ ညာပြောလိုက်တာ၊ တို့ဆရာအဲဒီ မိန်းမနဲ့ပါသွားတာ သိရဲ့ လား”

“မမ ဆုံးတာမှ သုံးလရှိသေးတယ်”

“ဒီခေတ် မိန်းမတွေ ကိုက မကောင်းဘူး၊ အိနြေ်္ဒကို နည်းနည်း မှမရှိပါဘူးဗျာ၊ တစ်ခုလပ်မပြောရဘူး ပြာလောင်လောင်နဲ့ တို့ဆရာကလဲလေးဆယ်တောင် ပြည့်သေးတာမဟုတ်ဘူး၊ ဒီလိုဝိုင်းဝိုင်းလည်နေပုံနဲ့ နောက်အိမ်ထောင်ပြုလိုက်ရင် ငါတော့ ခလေးအတွက် စိတ်လေးတယ်”

“ဟင်”

မိငြိမ်းချမ်းသည် တိုးတိုးလေး အော်လိုက်မိသည်။ရှေ့ဆက်မတိုး ဖြစ် ဘဲ တံခါးအကွယ်တွင် ရပ်ရင်းငိုင်နေသည်။တံခါးကြားထဲမှ လှမ်းမြင်နေရ သော ဦးလေးထူး၏ မျက်နှာတွင် စိတ်မကောင်းသော အရိပ်အယောင်များ လွှမ်းပြီးညိုနေလေသည်။

ဒေါ်ဒေါ်အိသည်လည်း ငရုတ်သီး ဆက်မထောင်း ဖြစ်ပဲ ငရုတ်ကျည်ပွေ့ကြီးဆုတ်ကိုင်ထားရင်းတန်းလန်းမှ ငေးနေသည်။

“ဟုတ်ပါဘူးကွာ မိန်းမသေတာမှ သုံးလမပြည့်တတ်သေးဘူး၊နန့် ကြောဆွဲတဲ့ဟာမတွေ ကို နရင်းတီးပစ်ချင်လို့ မင်းတို့မိန်းမတွေ ကောင်းကို မကောင်းဘူး”

“ရှင် ဒီလိုမပြောပါနဲ့၊ ရှင်တို့ဆရာကြီး ကရော အိနြေ္ဒနဲ့သိက္ခာနဲ့အေး အေးနေရင် ဘယ်သူက ထမင်းစား လာဖိတ်မှာ လဲ၊ ဂျိတ် ဂျိတ်ချင်းမှချိတ် တာရှင့်”

မိန်းမထုကြီးတစ်ခုလုံးကို ထိပါးလာသော အခါတွင် ကားဦးထူးနှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်သော ဒေါ်အိသည်ငြိမ်မနေနိုင်တော့ချေ။ နှုတ်လှန်ထိုးလေသည်။ မိငြိမ်းချမ်းသည်တံခါးအကွယ်လေးတွင် တိတ် တိတ်ဆိတ်ဆိတ်လေးရပ်ရင်း မျက်ရည်ရစ်ဝဲလာသည်။ လေရူး အတွက် ပေးမည် ဆိုသော ငါးကြော်နှင့် ၀က်သားဟင်း ကျန်ခဲ့သော ကြောင့် မီးဖိုချောင်သို့တစ်ခေါက်ပြန်လာခြင်း ဖြစ်သည်။ မိငြိမ်းချမ်း၏ အသက်က ဆယ်နှစ် ပင်မပြည့်တတ်သေး၍ ငယ်သေးသော်လည်း သူတို့တွေ ပြောနေသော စကားအဓိပ္ပာယ်ကိုကား အစအဆုံး နားလည်လေသည်။

“တော် စမ်းပါကွာ တော် ကြာ ငြိမ်းချမ်းလေးကြားသွားလို့ဝမ်းနည်းနေ ဦးမယ်”

ဦးလေးထူး၏ စကားကို မိငြိမ်းချမ်းဝေေ၀၀ါးဝါးသာကြားရသည်။ မိငြိမ်းချမ်း၏ စိတ်သည် လေထဲတွင် လွင့်မျောသွားသလိုလို၊ ချောက်ထဲသို့ ထိုးကျသွားသလိုလို တလှိုက်လှိုက် ဖြစ်နေသည်။

တံခါးကြားတွင် အိမ်ဖွဲ့နေသော ပင့်ကူညိုသည် သူ့ထောင်ချောက်အိမ်မာယာအောက်တွင် တိတ်တိတ်ဆိတ်ဆိတ်လေးရပ်နေသော ကလေးမငယ်လေးကို ငြိမ်သက်စွာ ငုံ့ကြည့်နေလေသည်။

* * * * *


အခန်း (၅)

“ခုနစ်နာရီတောင် ခွဲနေပြီ၊ ဒီအချိန်ဆိုရင် သမီးလေး ထမင်းတောင်စားပြီးရောပေါ့”

“ဆရာက သမီးကို အတော် ချစ်တယ်နော်”

“ချစ်လဲ ချစ်တယ်၊ သနားလဲ သနားတယ်”

ဒေါက်တာငြိမ်းအောင်သည် ကားရှေ့မှန်ကိုတဖွဲဖွဲရိုက်စင်လာ သော မိုးစက်ဖြူဖြူလေးများ ကိုစူးစိုက်ကြည့်ရင်းပြောသည်။ နံနက်က တည်းကအိမ်ကိုလုံးဝပြန်မလာသော ဖခင်အား သမီးငယ်သည် အလုပ်များ သည်ဟုသာ ထင်မှတ်ရှာပေလိမ့်မည် ။ အခြားတပါးသော မိန်းမတစ်ဦး၏ အိမ်တွင် ထမင်းစားရင်း၊ စကားပြောရင်း အချိန်ကုန်ခဲ့ကြောင်းကိုသာ သိလျှင် မည် ကဲ့သို့ နေရှာလိမ့်မည် နည်းဟုတွေးမိသော အခါ သူ့ရင်ထဲတွင် တစ်နေ့လုံးသာယာခဲ့သမျှပျောက်သွားတော့သည်။

“တကယ်လို့ ဆရာအိမ်ထောင်ပြုရင် ဒီသမီးနဲ့ဘယ်လိုလုပ်မလဲ”

မူမူသင်းသည် အသံသာသာလေးနှင့် ရယ်လိုက်ရင်း မေးလေသည်။ ဒေါက်တာငြိမ်းအောင်သည် သူ့ကို မသိမသာလေးစောင်းကြည့် လိုက်သည်။ ကားစတီယာရင်ကို ဖွဖွလေးကိုင်ရင်းကျင်လည်စွာ မောင်းနှင်နေသော မူမူသင်းသည်စွဲမက်ဖွယ်ရာပြုံးနေသည်။

မျက်လုံး ညို့ညို့နှင့် နှုတ်ခမ်းငုံဖူးဖူးလေးသည်လည်း ယောက်ျားတို့အား ညှို့ယူဖမ်းစားသော လက်နက်ကောင်းများ ဖြစ်လေသည်။

“ကျွန်တော့်  သမီးလေးကို ကျွန်တော် အချစ်ဆုံးပါ”

ခတ်ဆတ်ဆတ်လေး ပြောမိပြီးမှ သူ့လေသံကအတန်ငယ်မာ သွားလေရော့သလားဟုဒေါက်တာငြိမ်းအောင်၏ စိတ်ထဲတွင် ထင့်သွား သော်လည်းမူမူသင်းက အပြုံးမပျက်ချေ။ အခုတော့ ပြောသေးတာပေါ့ ဟူသော သဘောနှင့် များ ပြုံးနေရော့သလားဟု တွေးမိသော အခါဒေါက်တာငြိမ်းအောင်သည် မိမိကိုယ်မိမိပင် စိတ်မလုံ ဖြစ်လာသည်။မိမိ၏ အသက်သည် လေးဆယ်ပင်မပြည့်သေးချေ။

အနောက်တိုင်းသား တို့ကမူ အသက်လေးဆယ်တွင် ဘ၀စသည်ဟုပြောကြသဖြင့် ဘ၀ကို အစပြုရန် ယခုမှပျိုးတုံးဟုပြောရမည် ထင်သည်။ နောက်ထပ် အိမ် ထောင်မပြုဘဲဘ၀လမ်းခရီးကို အထီးတည်းလျှောက်ရန် သူစိတ်ခိုင်ပါ မည် လော၊ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ချစ်ဇနီး“မိ”၏ နေရာတွင် မည် သူ့ကိုမျှအစားမထိုးနိုင်သော်လည်း ထိုနေရာတွင် ကြာရှည်ကြီး ကွက်လပ် ဖြစ်နေသော ဒဏ်ကို သူခံနိုင်ပါမည် လော။

“ကျေးဇူးတင်ပါတယ် မူမူသင်းရယ်၊ ကျွန်တော့် ကို ခြံဝမှာ ပဲချပါ။ ခြံတံခါးက ဖွင့်ရတာ ကြာလွန်းလို့ ပြီးမှ ကျွန်တော် လမ်းလျှောက်ဝင်ပါ့မယ်”

“ဂွတ်နိုက်ဆရာ”

မူမူသင်းသည် နားလည်စွာ ပြုံးရင်း ကားကို ပြန်ကွေ့သွားလေသည်။ မိငြိမ်းချမ်းလေး အိမ်ပေါက်ဝတွင် ထွက်ကြိုနေပါကသူတို့နှစ် ဦး ပြန်လာသည်ကို မမြင်စေလိုသည့်စိတ်ကိုမူမူသင်း တစ်ယောက် ရိပ်မိ သွားလေသလားဟုဒေါက်တာငြိမ်းအောင်တွေးမိရင်း မလုံမလဲ ဖြစ်သွား ရပြန်သည်။

ကားသံမကြားရသော ကြောင့် ထင်သည်။ အိမ်ဝတွင် ဆီးကြိုနေ ကျ ဖြစ်သော သမီးငယ်ကို မတွေ့ ရပေ။

အပေါ်ထပ်ရှိအခန်းတွင် မီးလင်း နေသဖြင့် စာကျက်နေပြီ ဖြစ်ကြောင်းသိရလေသည်။ သူသည် လှေကားထစ်များ ကို ခပ်ဖွဖွနင်းကာ အပေါ်ထပ်သို့ တက်ခဲ့သည်။မိငြိမ်းချမ်း၏ စာကြည့်စားပွဲသည် လှေကားထိပ်နှင့် တန်းနေသဖြင့် လှမ်းမြင်နေရသည်။ စားပွဲကိုသာတွေ့ သော်လည်း ကုလားထိုင်ပေါ်တွင် ကား မိငြိမ်းချမ်းကို မတွေ့ ရချေ။ ထိုစဉ်တွင် သူအလွန်ရင်နှီးခဲ့ဖူးသော အသံလေးသည် အခန်းထဲမှဝေ့ထွက်လာသည်။

“သမီးလေးရယ် မိငြိမ်းချမ်း၊ သမီးတစ်ခုခုစိတ်ညစ်နေပြီမဟုတ် လား မေမေသိတာပေါ့ သမီးရယ်၊ မေမေသေတော့မယ်ဆိုတာမေမေသိ တယ်၊ အဲဒီ လိုဆိုရင် သမီးလေးဘယ်လောက်အားငယ်လိုက်မလဲ၊ ၀မ်း နည်းလိုက်မလဲ၊ ဒါကိုတော့မေမေစဉ်းစားတောင် မကြည့်ရက်ပါဘူး ကွယ်။ ဒါပေမယ့်မေမေသေပြီးတဲ့ နောက်ပိုင်း သမီးလေး မေမေ့ကို သိပ်သတိရရင်၊သိပ်တမ်းတရင် ဒီအသံသွင်းကြိုးခွေလေးကို ဖွင့်ကြည့် မယ်ဆိုတာမေမေသိတာပေါ့။ အရှေ့ပိုင်းမှာ မေမေ့အသံနဲ့ သီချင်းသွင်း ထားတာသမီးသိထားတယ် မဟုတ်လား၊ ခုနတုံးက သီချင်းလေ”

ဒေါက်တာငြိမ်းအောင်သည် မှင်သက်မိသလို ဖြစ်သွားသည်။တိုးတိုးသဲ့သဲ့လေး ထွက်ပေါ်နေသော ချစ်ဇနီး၏ အသံကို စူးစိုက်နားထောင်ရင်း တရွှေ့ရွှေ့ရှေ့ကိုတိုးလာခဲ့လေသည်။ ရောဂါ ဝေဒနာကိုအပြင်းအထန် မခံစားရမီ ခြောက်လပိုင်းလောက်က အသံသွင်းကြိုးခွေထဲတွင် မေရှင်၏ “ချစ်လွန်းတယ်”သီချင်းကို ကိုယ်တိုင်သီဆိုပြီး အသံသွင်းထားခဲ့သည်။ တစ်နေ့နေ့တစ်ချိန်ချိန် သမီးလေးသည် သူ့ကိုသတိရတမ်းတစွာ နှင့် ဖွင့်ပြီး နားထောင်လိမ့်မည် ကို ကြိုတင်သိထားသော ချစ်ဇနီးသည် သူ့အခြေအနေကိုသူသိပြီး နောက်ပိုင်းတွင် ဆက်လက်၍ အသံသွင်းထားခဲ့ဟန်တူသည်။

“ဖေဖေက သမီးကိုဂရုမစိုက်လို့ သမီးဝမ်းနည်းနေသလား၊သမီး သူငယ်ချင်းတွေ က သူတို့အမေတွေ သူတို့ကိုချစ်တဲ့အကြောင်း၊ဂရုစိုက် တဲ့အကြောင်းတွေ ပြောပြလို့ သမီးအားငယ်နေသလား”

မိငြိမ်းချမ်းသည် ခုတင်ပေါ်တွင် ခြေထောက်နှစ် ချောင်းထောက်ကာ အားလျားလေးမှော က်နေသည်။ သူ့ရှေ့တွင် ချထားသော ကက်ဆက်ကို မျက်တောင်ပင်မခတ်အားဘဲ စိတ်အားထက်သန်စွာ စိုက် ကြည့်နေလေသည်။

“ဒါမှမဟုတ်ရင် သမီးဖေဖေက တခြားမိန်းမ တစ်ယောက် ယောက် ကိုများ အရေး ပေးနေလို့ သမီးစိတ်ဆင်းရဲနေသလား”

ဒေါက်တာငြိမ်းအောင်၏ ရင်ထဲတွင် လှပ်ခနဲ ဖြစ်သွားသည်။ကြည်အေးနေသော ဇနီးသည်၏ အသံကို နားထောင်ရင်း ကက်ဆက်ကလေးကိုသာ စူးစူးစိုက်စိုက် ကြည့်နေမိသည်။ အသံကိုသာမကဘဲကက်ဆက်ကိုဖောက်ခွဲပစ်လိုက်ပြီး ဇနီးသည်ကို ဘွားခနဲတွေ့ လိုစိတ်နှင့် ကလေး တစ်ယောက် လိုပင် တမ်းတမိလေသည်။

“မေမေ ဘယ်သေချင်ပါ့မလဲ သမီးရယ်၊မရဏသေမင်းကြီးကို မတတ်သာလို့ လက်မြှောက်အရှုံးပေးရပေမယ့်မေမေဘယ်ရှုံးချင်ပါ့ မလဲ၊ ဒါပေမယ့် မတတ်နိုင်ဘူးသမီး၊ဒါဟာလောကသစ္စာပဲ။ လူဆိုတာ သေဖို့ရာပဲမွေးလာတာ မဟုတ်လား၊သမီးဖေဖေလဲ သေမှာ ပဲ၊ သမီးလဲ တစ်နေ့သေရမှာ ပဲ၊ သမီးမြင်မြင်သမျှသက်ရှိသတ္တာဝါတွေ ဟာ တစ်နေ့ သေရပြီး သက်မဲ့ပစ္စည်းမှန်သမျှလဲတစ်နေ့ကျရင်ပျက်စီးယိုယွင်းမှာ ချည်းပဲ၊ ဘာဆိုဘာမှမတည်မြဲတဲ့လောကကြီးမှာ ရှေ့ကသွားတဲ့သူနဲ့ နောက်ကလိုက်တဲ့သူသာခြားပါတယ်ကွယ်။ လောကသားအကုန်လုံး ဟာ တစ်လမ်းထဲကိုဦးတည်လျှောက်နေကြရတာ ဆိုတာ သမီးလေး သဘောပေါက်ရင်၊နားလည်ရင် ဖြေသာပါလိမ့်မယ်၊ အသက်ငယ်ငယ် လေးနဲ့မိတဆိုး ဖြစ်ရတဲ့ သမီးလေး ကတော့ ကံဆိုးတာပေါ့လေ။

ဒါပေ မယ့် ဖြစ်လာမှတော့ သမီးလေးရင်ဆိုင်ရမှာ ပေါ့၊ အမေမပါတဲ့ခရီးလမ်း ကိုသမီးလျှောက်နိုင်ရမယ်၊ ရင်ဆိုင်နိုင်ရမယ်၊ ကျော်လွှားနိုင်ရမယ်၊မေမေတို့ ဗုဒ္ဓတရားကဟောခဲ့သားပဲ အတ္တာဟိအတ္တနောနာထောတဲ့။မိမိကိုယ်ကိုသာ ကိုးကွယ်ရာ၏ တဲ့။ ဘ၀ဆိုတာ ရင်ဆိုင်၊ ရုန်းကန်၊ကျော်လွှားခြင်းရှိတဲ့ဘ၀မှ ပိုပြီးအဖိုးတန်တယ်၊ အရောင် ပြောင်တယ်ဆိုတာကိုလဲ မှတ်ထားဦး။

“သမီးဖေဖေဟာ သိပ်ပြီးအလုပ်များ နေတာ၊ သမီးကို အချိန်ပြည့် ဂရုစိုက်ချင်မှစိုက်နိုင်မယ်၊ သမီး စိတ်မကောင်းမ ဖြစ်နဲ့နော်၊ သူ့အသက် အငယ်လေးရှိသေးတယ်၊ သန်တုန်း မြန်တုန်း ဒီလိုအရွယ်တွေ မှာ မုဆိုးဖိုဘ၀နဲ့ သူ့ဘ၀ကို အရိုးထုတ်သွားနိုင်ပါ့မလား၊ အမြဲတန်းအထီးကျန်ဘ၀ကြီး နေသွားနိုင်ပါ့မလား၊ တကယ်လို့ သမီးဖေဖေနောက်အိမ်ထောင်ပြုမယ်ဆိုရင်တောင် သမီးက နားလည်ရမယ်၊ ခွင့်လွှတ်ရမယ်နော် သမီးလေး”

ဖြောင်းဖြောင်းဖျဖျပြောနေသော စကားသံလေးသည် ရုတ်တ ရက် ရပ်သွားသည်။ အသံသွင်းကြိုးခွေလေးကုန်ဆုံးသွားသော ကြောင့် ဖြစ်သည်။ သူ့အလိုလို ခလုတ်ပြန်တက်ပြီးပိတ်သွားသော စက်ကလေး ကို ခေတ္တမျှငေးစိုက်ကြည့်နေပြီးမိငြိမ်းချမ်းသည် အိပ်ရာပေါ်သို့ မျက် နှာလေးကို မှော က်ချလိုက်သည်။

ဖြူဖွေးသော အိပ်ရာပေါ်တွင် ခပ် စောင်းစောင်းလေးမှော က်နေသော မိငြိမ်းချမ်း၏ သဏ္ဌာန်လေးသည် ငြိမ်သက်လှသည်။ ည၀တ်အင်္ကျီဖြူဖြူလေးကို ၀တ်ထားပြန်သဖြင့် ကျောက်ဖြူသားကိုထုထားသော ကျောက်ရုပ်လေးလို ဖျော့တော့နေ သည်။

“သမီး”

တစ်ချိန်လုံး ငြိမ်သက်နေသော ကျောက်ရုပ်ကလေးသည်ဖခင် ၏ အသံကို ကြားသော အခါ ဆတ်ကနဲ တုန်လှုပ်သွားလေသည်။သူ့ အပေါ်တွင် လက်နှစ် ဖက်ထောက်ကာ အုပ်မိုးကြည့်နေသော ဖခင်အား မျက်ရည်စိုရွှဲသော မျက်ဝန်းများ နှင့် ဝေေ၀၀ါးဝါးပြန်ကြည့်နေလေ သည်။

“ဘာလို့ ငိုနေတာလဲ သမီးရယ်”

“ငိုတာမဟုတ်ပါဘူး ဖေဖေ၊ သမီးမငိုအောင် နေပါတယ်၊မျက် ရည်တွေ က သူ့ဟာသူ ထွက်လာတာပါ”

မငိုမိအောင်အားတင်းသော်လည်းမတင်းနိုင်ခဲ့သည့်အကြောင်း ကို မိငြိမ်းချမ်းက ရေလည်အောင်မပြောတတ်သော်လည်း ဒေါက်တာ ငြိမ်းအောင် နားလည်ပါသည်။

အထီးကျန်ဆန်လှသော သမီးငယ်ကို တွေ တွေ ဝေေ၀ကြည့်ရင်းသမီးအတွက် နောက်ထပ် မောင်ငယ် ညီမ ငယ်များ မွေးမပေးခဲ့သော ကံတရားကို အပြစ်တင်ချင်လာသည်။ မောင်ညီမလေးများ စုစုဝေးဝေးဆိုလျှင် မြိငိမ်းချမ်းသည် တမ်းတ လွမ်းမောသော စိတ်ကို အတန်ငယ် ဖြေနိုင်လိမ့်မည် ထင်ပါသည်။

“ဘာ ဖြစ်လို့ ဒီလောက် အားငယ်ရတာ လဲ၊ ဖေဖေရှိသားပဲ”

“ဖေဖေက တစ်နေ့လုံး ပြန်မှ မလာဘဲ”

“သြော် အလုပ်များ တာ သမီးလဲ သိသားနဲ့”

အားနည်းဖျော့တော့လှသော မိငြိမ်းချမ်းသည် ရုတ်တရက်ကျားမလေးလို ဖြစ်သွားသည်။ နေရာမှ ၀ုန်းခနဲ လူးလဲထလိုက်သည်။ဖခင် ဖြစ်သူအား စူးစူးရဲရဲကြည့်ရင်း နှုတ်ခမ်းလေးများ တုန်ရီလာသည်။

“ဖေဖေ အလုပ်များ တာမှ မဟုတ်ဘဲ၊ ရင်ခွဲရုံနားအထိလိုက်လာ ပြီး ထမင်းစားလာဖိတ်တဲ့ ၀န်ထောက်ကတော် ကျတစ်ခုလပ်မကြီး ဒေါ်မူမူသင်းနဲ့ပါသွားတာ မဟုတ်လား”

“ဘုရားရေ၊ ဒါကို သမီးဘယ်လိုလုပ်သိတာလဲ”

“ဦးလေးထူးက ဒေါ်ဒေါ်အိကို တိုးတိုးလေးပြောပြတယ်၊သမီး တံခါးကြားက ချောင်းနားထောင်တာ၊ သမီးကဖေဖေနဲ့မှထမင်းစား မယ်ဆိုပြီး စောင့်နေတာ”

ဒေါက်တာငြိမ်းအောင်၏ မျက်နှာသည် ရုတ်တရက် ထူအမ်းလာသလို ခံစားရသည်။ တရားသူကြီးရှေ့ရောက်နေသော တရားခံတစ်ဦးကဲ့သို့ မျက်နှာအထားရ ခက်နေသည်။ ချစ်ဇနီးနှင့် သမီးငယ်လေးကို မေ့လျော့ပြီး အခြားတပါးသော မိန်းမ၏ အပြုံးတွင် သာယာကြည်နူးခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိလေသည်။

မိငြိမ်းချမ်းသည် အတန်ကြာအောင် တောင့်တောင့်တင်းတင်းလေး ရပ်နေရာမှ ရုတ်တရက် ပျော့ကျသွားသည်။ စူးစူးရဲရဲမျက်လုံးလေးများ လည်း မှိန်ဖျော့ပြီး သက်ပြင်းလေး ချလိုက်လေသည်။ ထိုနောက် အလွတ်ကျက်မှတ်ထားသော စာပိုဒ်ကိုပြန်ဆိုသကဲ့သို့ တိုးတိုးလေးနှင့် အထစ်ထစ်အငေါ့ငေါ့ ပြောလေသည်။

“သန်တုန်းမြန်တုန်း ဒီအရွယ်မှာ ဖေဖေကအမြဲတန်းမုဆိုးဖိုဘ၀ နဲ့ နေသွားနိုင်ပါ့မလား၊ အထီးကျန် နေနိုင်ပါ့မလား၊တကယ်လို့ ဖေဖေ နောက်အိမ်ထောင်ပြုမယ်ဆိုရင်တောင်သမီးနားလည်ပါတယ်၊ ခွင့် လွှတ်ပါတယ်”

“သမီးရယ်”

ဒေါက်တာငြိမ်းအောင်သည် ရုတ်တရက်ပေါက်ကွဲသွားသလို အော်ဟစ်လိုက်ပြီး မိငြိမ်းချမ်းကိုသိမ်းဖက်လိုက်သည်။ မှိန်ရီဖျော့တော့ နေသော မျက်လုံးအစုံသည်နှုတ်ခမ်းမှထွက်လာသော စကားစုတို့၏ ဆန့်ကျင်ဘက်အဓိပ္ပာယ်ကိုဖွင့်ဟပြောဆိုနေကြလေသည်။ တောင်းပန် တိုးလျှိုး နေကြသည်။

သမီးငယ်၏ မျက်လုံးလေးများ ကို ဒေါက်တာ ငြိမ်းအောင်ကြာရှည်ရင်မဆိုင်နိုင်ချေ။

မီးရောင် ကြီးက လင်းလှသော ကြောင့် ပိတ်ပစ်လိုက်သော အခါ အခန်းတွင်းသို့ တိုးဝင်နေသော လရောင် တန်းသည် ၀င်းပလာသည်။ အေးမြသော လရောင် သည်သူတို့ရင်တွင်းမှအပူကို ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့ပေ။

ဖခင်နှင့် သမီးတို့သည် တစ်ဦးနှင့် တစ်ဦး အတန်ကြာအောင်စကားမပြောနိုင်ကြပဲ ဆို့နစ်နေလေသည်။

“သမီး”

အတန်ကြာသော အခါမှ ဒေါက်တာငြိမ်းအောင်က ခေါ်လိုက်လေသည်။ ခေါင်းကလေးငိုက်ကျနေသော သမီးကိုကြည့်ရင်း အသက်ကို တ၀ကြီး ရှူလိုက်သည်။

“သမီး အငယ်လေးရှိသေးတယ်၊ ဖေဖေပြောတဲ့စကားတွေ ကိုနားလည်ချင်မှ လည်နိုင်လိမ့်မယ်၊ ဒါပေမယ့် အခုနားမလည်လဲ တစ်နေ့တော့ နားလည်လာမှာ ပါ”

ဒေါက်တာငြိမ်းအောင်သည် သမီးကိုကျောခိုင်းပြီး လျှောက်ခဲ့သည်။ ပြူတင်းဝတွင် ရပ်ကာ လပြည့်ဝန်းကို မော်ကြည့်လိုက်မိသည်။မိုးတိမ်ပါးပါးလေးများ ဖုံးလွှမ်းထားသော လ၀န်းသည် လင်းချင်သမျှမလင်းနိုင်ရှာချေ။ သူ့ရှေ့တွင် အပြေးလေးဖြတ်သန်းနေသော မိုးတိမ်များ သည် လ၀န်းကိုပင် သတိထားမိကြဟန် မတူချေ။

အသုတ်ကလေး ရွှေ့လျားနေကြသည်။

“ဘ၀ဆိုတာ အင်မတန်ကြမ်းတမ်းပြီးအင်မတန်တိုတာကိုသမီး တစ်နေ့ သိလာပါလိမ့်မယ်၊ အဲဒီ လိုတိုတောင်းကြမ်းတမ်းတဲ့ ဘ၀ခရီး ကို ချစ်သူနဲ့လက်တွဲ ပြီးလျှောက်ရရင်တော့ မောလို့တောင် မောမှန်း မသိတော့ဘူးပေါ့ကွယ်၊ဒါပေမယ့် အဖော်ကင်းမဲ့လာတဲ့တစ်နေ့ကျရင် ကန္တာရခရီးကိုထီးမပါဘဲ လျှောက်ရတဲ့ကိန်းမျိုး ဆိုက်တော့တာပေါ့၊ သမီးလဲတစ်နေ့ကျရင် အရွယ်ရောက်မှာ ပဲ၊ ချစ်သူတွေ့ ပြီး ဘ၀ခရီး ဖော်ကိုရွေးမှာ ပဲ၊ အဲဒီ နေ့ကျရင်တော့ ဖေဖေပြောတာကို နားလည်လာပါလိမ့်မယ်”

“ဘာ ဘာ ဘ၀ခရီးဖော်လဲ၊ အဲဒါ ဘာလဲ၊သမီးဖေဖေနဲ့နေမှာ ”

မိငြိမ်းချမ်းက မျက်လုံးအ၀ိုင်းသားနှင့် အော်ဟစ်လေသည်။ဒေါက်တာငြိမ်းအောင်သည် မချိပြုံး ပြုံးရင်း သက်ပြင်းရှိုက်လိုက်သည်။

“အခုတော့ ပြောသေးတာပေါ့သမီးရယ်၊

ချစ်ခြင်းမေတ္တာဆိုတာ ကို သမီးမှနားမလည်သေးတာပဲ၊သမီးတို့မေမေလို မိန်းမသားတွေ က ချစ်ခြင်းမေတ္တာကိုနှလုံးသားရေး ရာ ကိစ္စအနေနဲ့ကိုးကွယ်ကြပေမယ့် ယောက်ျားဆိုတဲ့သတ္တ၀ါတွေ ကတော့ မေတ္တာရေး ရာမှာ သွေးသားကိစ္စ အမြဲပါတယ်။

တစ်ခါတလေလဲ ဒီကိစ္စကြောင့် အမိဖမ်းခံရပြီး ကိုယ်တကယ်မနှစ်သက် တဲ့ သူကိုလဲ လက်ထပ်ရတာ မျိုး ရှိတတ်တယ်၊သမီး အနေနဲ့ အမေနေရာမှာ ဘယ်သူ့ကိုမှဝင်လာတာမကြည့်နိုင်သလို၊ ဖေဖေ့အနေနဲ့လဲ ဖေဖေရဲ့ ငယ်ချစ် မိရဲ့ နေရာမှာ ဘယ်သူ့ကိုမှ လွယ် လွယ်ကူကူ အစားမထိုးနိုင်ပါဘူးကွယ်။

ကဲတော် ပါပြီ သမီးနားလည် မှာ လဲ မဟုတ်ပါဘူး၊ တစ်ခုပဲမှတ်ထားတော့၊သမီး စိုးရိမ်မနေနဲ့၊ ကြောင့်ကြ မနေနဲ့၊ စိတ်ဆင်းရဲမနေနဲ့၊ ဖေဖေနောက်အိမ်ထောင် ဘယ် တော့မှ မပြုတော့ဘူး။ ဖေဖေရဲ့ နှလုံးသားသွေးသား အို အကုန်လုံးကို ထိန်းထားမယ်၊ သမီးအတွက်သိလားသမီးလေးအတွက်”

မိငြိမ်းချမ်းသည် ဖခင် ဖြစ်သူအား မယုံနိုင်သလို တွေ တွေ ငေးငေးလေး ကြည့်နေလေသည်။ သူ ဘာကိုမျှရေရေရာရာနားမလည်ချေ။ တစ်ခုပဲ အသေအချာနားလည်လိုက်သည်။ သူ့ဖခင် နောက်ထပ် အိမ် ထောင်မပြုတော့ဟုဆိုခြင်းကိုပင် ဖြစ်သည်။

ဒေါက်တာငြိမ်းအောင်သည်လည်း လပြည့်ဝန်းကိုမော်ကြည့် ကာ ငြိမ်နေသည်။ တိမ်ရိပ်ပါးပါးလေးထဲတွင် ချစ်စဖွယ်ပြုံးနေသော ချစ်ဇနီးသည်၏ မျက်နှာလေးကိုတွေးထင်မြင်ယောင်နေမိသည်။ “မိရယ် ကျေနပ်တယ် မဟုတ်လား”ဟုရင်ထဲမှတီးတိုးလှမ်းပြီးပြောလိုက် မိလေသည်။ ထိုစဉ်တွင် သူ့ဆီသို့ ဖွဖွလေး လျှောက်လာသော ခြေသံ လေးကို ကြားရသည်။

မိငြိမ်းချမ်း ဖြစ်သည်ကိုသိသော်လည်း လှည့်မ ကြည့် ဖြစ်ပေ။လွင့်ပါးနေသော တိမ်တိုက်ကြားထဲတွင် မြင်ယောင်နေမိ သော “ထားမြိုင်”

လေရူးက အလန့်တကြားခေါ်လိုက်သည်။ ထားမြိုင်သည်လေရူးကို မော်မကြည့်ပေ။ မြေပေါ်တွင် ကျဲနေသော ခရေပွင့်လေးများ ကိုသာ တဇတ်ဇတ် ကောက်နေသည်။ သူ့မျက်လုံးအိမ်တွင် မျက်ရည်များ အိုင်ထွန်းပြီး ပါးပြင်တွင် မျက်ရည်များ တလိမ့်လိမ့်စီးကျနေသော်လည်း သုတ်မပစ်အားချေ။

“ဘာ ဘာလို့ငိုနေတာလဲ”

ဂရုတစိုက်မေးလိုက်သော စကားသံကြောင့် ထားမြိုင်၏ ဦးခေါင်း သည် ပိုငုံ့သွားပြီး မျက်ရည်များ ပိုကျလာသည်။“ဘာ ဘာ ဖြစ်လို့လဲ၊ သူဌေးကတော် ကြီးက ဆူလို့လား၊သူဌေး သမီးက ဆူလို့လား”

အထစ်ထစ် အငေါ့ငေါ့မေးနေသော လေရူးကို ထားမြိုင်သည်ကြေကွဲစွာ ကြည့်မိလေသည်။ သံဆူးကြိုးစည်းရိုး၏ တစ်ဖက်တွင် လေရူးသည် ကိုင်းကိုင်းကြီး ရပ်နေသည်။ ခပ်ကြမ်းကြမ်းလေးတိုက်ခတ်နေသော လေအေးထဲတွင် သူ့ဆံပင် နီကြောင်ကြောင်များ သည်လဲတစ်ချို့ယိုင်တစ်ချို့ ဖြစ်နေသည်။ ငိုနေသော ထားမြိုင်ကို မျက်လုံးဝိုင်းကြီးများ နှင့် ငေးကြောင်ကြောင်ကြည့်ရင်း သူပါ ငိုမလို ဖြစ်နေသည်။

* * * * *


အခန်း (၆)

“သူဌေးကြီးကဆူလို့လား ဟင်၊ သူဌေးသားကဆူလို့လား”

“မဟုတ်ပါဘူး လေရူးရယ်၊ မဟုတ်ပါဘူး”

ထားမြိုင်သည် မျက်ရည်များ ကို လက်ဖနောင့်နှင့် ပွတ်သုတ်လိုက်ရင်း ခတ်ဆတ်ဆတ်လေး ပြောလိုက်သည်။ သူငိုရသည့် အကြောင်းကို လေရူးအား မည် ကဲ့သို့ ပြောပြရမည် နည်း။ ညဉ့်အမှော င်တွင် ချောက်ချောက်ချားချားမက်ခဲ့ရသည့် အိပ်မက်ဆိုးကို မည် သည့်မိန်းကလေးသည် ပြောပြ၀ံ့ပါမည် နည်း။

မျက်ရည်များ ကို အင်္ကျီလက်မောင်းနှင့် အကုန်ပွတ်သုတ်ပြီးသော အခါ ထားမြိုင်သည် လေအေးအေးကို တ၀ကြီးရှူလိုက်သည်။မျက်ခွံလေးများ မို့ကာ နီရဲနေသော ထားဩမိင်၏ မျက်နှာလေးပင် မို့မို့ဖောင်းဖောင်း ဖြစ်နေသည်။

“တစ်ခါတလေ စိတ်ညစ်လို့ မျက်ရည်ကျတာပေါ့ဟယ်လေရူး ကလဲ”

“ငါက ငါက စေတနာနဲ့”

“သိပါတယ် လေရူးရယ်”

ထားမြိုင်သည် သူ့ကိုမျက်လုံးအ၀ိုင်းသားနှင့် ကြည့်နေသော လေရူးအား မချိပြုံးလေး ပြုံးပြသည်။ အပင်ပေါ်မှ ဖြတ်ခနဲကြွေကျလာသော ခရေပန်းလေးတစ်ပွင့်သည် ထားမြိုင်၏ ဆံပင်တွင် ငြိတွယ်နေလေသည်။ မမိတမိလေး ငြိနေသော ပန်းပွင့်ငယ်ငယ်လေးသည် ခေတ္တမျှသာတွယ်နေနိုင်ပြီး မြေပြင်ပေါ်သို့ လျှောကျသွားသည်။

လေက ခတ်သဲသဲလေးဝေ့ပြီးတိုက်ခတ်သော အခါ ခရေပန်းလေးများ သည် တဩဖတ်ဩဖတ်ကြွေကျပြန်သည်။ မိုးလင်းခါနီး က မိုးရွာထားသဖြင့် ခရေများ ကြွေအားကောင်းနေသည်။ ထားမြိုင်က ပန်းများ ကို ကုန်းကောက်ပြန်သော အခါ လေရူးသည်လည်း သံဆူးကြိုးစည်းရိုးတစ်ဖက်တွင် ရပ်မနေအားတော့ချေ။ သူ့ခြံဝင်းဖက်မှ ပန်းအကြွေများ ကို တဇတ်ဇတ် ကောက်ယူနေလေသည်။

“လေရူးဆိုတဲ့နာမည် က အဆန်းပဲနော်။ ဘာလို့အဲဒီ လိုမှည့်တာ လဲဟင်”

“ဟဲဟဲ အရူးမို့တဲ့”

“ဟင်”

ထားမြိုင်သည် အိပ်မက်ဆိုးကို ခေတ္တမျှမေ့လိုသော ကြောင့် ပြော မိပြောရာပြောလိုက်ခြင်း ဖြစ်သည်။ ခရေပန်းများ ကိုကုန်းကောက်နေ သော လေရူးသည် ချောက်ကပ်ကပ်အသံကြီးနှင့် ရယ်ရင်း အဖြေပေး လိုက်သော အခါတွင် ကား ထားမြိုင်အံ့သြသွားသည်။

“ငါ ငါ ကောင်းကောင်းတော့ မမှတ်မိဘူး။ အရင်တုန်းကငါ့မှာ နာမည် တစ်ခုရှိသေးတယ် မသိတော့ဘူး။ ကောင်လေးတွေ နဲ့ငါကစား တယ်၊ ငါ့ကိုသူတို့ အရူးအရူးလို့ပဲခေါ်တယ်၊ နောက်တော့ ငါငါ့နာမည် အရူးလို့ပဲ ထင်လာတယ်။ ငါ့အဖေက ကောင်လေးတွေ ကိုမုန့်ကျွေး တယ်တဲ့၊ အရူးလို့မခေါ်ရဘူး၊ လေရူးတဲ့၊ လေရူးတဲ့၊ ဟားဟား ဘာမှန်း လဲမသိဘူး၊ အခုတော့ ငါ့အဖေလဲ သေရွာသွားပြီ ဟီဟိ။ ငါ့နာမည် က တော့ လေရူး လေရူး။ ထားမြိုင် နင် ခုနတုန်းကငိုနေတယ် မဟုတ် လား။ ဘာ ဖြစ်လို့ ငိုတာလဲ”

မြေကြီးကို ငေးစိုက်ကြည့်ကာ ချောက်ကပ်ကပ်ကြီးပြောရင်းမှ ရုတ်တရက်သတိရသွားသကဲ့သို့ ဆတ်ခနဲခေါင်းထောင်ကာမေးသည်။ သူ့ကို ကရုဏာသက်စွာ ကြည့်နေသော ထားမြိုင်၏ မျက်လုံးညိုညိုလေး များ ကို မမြင်ဖူးသလို ငေးကြည့်နေသည်။

သူ့တစ်သက်တာတွင် သူ့ကို ဂရုတစိုက် နုနုညံ့ညံ့မေးစမ်းပြောဆိုသူဟူ၍ သူ့အဖေ၊ မိငြိမ်းချမ်းနှင့် ထားမြိုင်တို့သုံးဦးသာရှိဖူးသည်ကို စဉ်းစားနေသည်။

နေခြည်နုနုသည် မိုးတိမ်မိုးသားတို့ကို ထွင်းဖောက်ကာဖြာကျ လာသည်။ ငိုထားသဖြင့် နီထွေးနေသော ထားမြိုင်၏ မျက်နှာကလေး သည် နေခြည်အောက်တွင် ပိုပြီးနီနေသယောင် ရှိသည်။ မျက်ခွံများ နှင့် နှာသီးဖျားသည်တွတ်တွတ်ရဲနေသည်။

“ထားမြိုင်ပန်းကောက်တာ ကြာလှချေလား၊ မေမေကြီးဘုရားရှိ ခိုးတော့မယ်”

အိမ်ကြီးဆီမှ အော်သံထွက်လာသော အခါထားမြိုင်တစ်ကိုယ် လုံး တုန်သွားသည်။ လေရူးလှမ်းထည့်ပေးသော ပန်းများ ကိုပါယူပြီး အပြေးကလေး ပြန်သွားလေသည်။ မေမေကြီးအိပ်ရာမနိုးမီကတည်း က ခရေပန်းများ ကို ကောက်ပြီးအကုံးရှည်သီကာ ဘုရားပန်းကပ်ရန်အသင့်လုပ်ပေးရသော တာဝန်သည် ထားမြိုင်၏ တာဝန် ဖြစ်သည်။

လွင့်ပျံ့လာလေသည်။ လေရူးသည် မျက်မှော င်ကုတ်ရင်း အိမ်ကြီးကိုစူးစိုက်ကြည့်နေမိသည်။ အိမ်အောက်ထပ်တွင် တံမြက်စည်းလှဲနေသော ထားမြိုင်၏ သဏ္ဌာန် လေးကို ခပ်ရိပ်ရိပ်တွေ့ နေရလေသည်။

ဘုရားပန်းကပ်လှူခြင်းသည် ကုသိုလ်ရသည်ဟုပြောကြသည်။ ကုသိုလ်ရရိုးသာမှန်လျှင် ဘုရားရှိခိုးနေသော သူဌေးကတော် ကြီးက ကုသိုလ်ရလေမည် လော၊ပန်းများ ကိုကောက်ပြီးသီပေးရသော ထားမြိုင် ကကုသိုလ်ရလေမည် လော ဟူသော ပုစ္ဆာသည် လေရူး၏ စိတ်ထဲတွင် အလိုလိုပေါ်လာသည်။ အဖြေကို စဉ်းစားရင်း လေရူး၏ ဦးနှောက်များ ဆူဝေလာသယောင် ရှိသည်။

အဖြေမရဘဲ ခေါင်းထဲတွင် တရိပ်ရိပ် မူးလာသော ကြောင့် ခရေ ပင်စည်ကိုမှီကာ မျက်လုံးကိုစုံမှိတ်ထားလိုက်ရသည်။

လေရူး၏ မျက်စိ ထဲတွင် ရောင် ခြည်တော် ခြောက်သွယ်ကွန့်မြူးနေသော မြတ်စွာ ဘုရား ကို ဖူးတွေ့ လိုက်ရသလို ရှိသည်။ပြုံးတော် မူနေသော မျက်နှာတော် ကို အာရုံထဲတွင် ဝေေ၀၀ါးဝါးသာတွေ့ ရသော်လည်း လေရူးသည် တရင်း တနှီးကြီးလှမ်းပြောမိလေသည်။

“မြတ်စွာ ဘုရား ထားမြိုင်ကိုလဲ ကုသိုလ်ပေးပါ ဘုရား။ထားဩမိင် ပန်းကောက်နေတုန်းက သူဌေးကတော် ကြီး အိပ်နေတာပါ၊သူ့ကိုချည်း ပဲ ကုသိုလ်တွေ မပေးသင့်ပါဘူး ဘုရား”

* * * * *

အုတ်ခဲကျိုးများ အပြည့်ထည့်ထားသော တောင်းကို ကြည့်ရင်း မိငြိမ်းချမ်း၏ မျက်နှာကလေးသည် ရှုံ့မဲ့သွားသည်။ လေရူးက သူ့ကိုသယ်ခဲ့ရမည် ဟု ပြောသွားသော တောင်း ဖြစ်လေသည်။ ထိုမျှလေးသော တောင်းကို မည် ကဲ့သို့ လမ်းဆုံးအထိ သယ်ယူနိုင်ပါ့မည် နည်း။

သူ့ရှေ့တွင် မူလေရူးသည် တောင်းတစ်တောင်းကို ပခုံးပေါ်တွင် ထမ်းကာ ဒယိမ်းဒယိုင်လျှောက်သွားနေလေသည်။ သူ့ခါးစောင်းလောက်မြင့်သော တောင်းကြီးကို လေရူးကဲ့သို့ ပခုံးပေါ်တင်ထမ်းရန်ကား စိတ်ကူး၍ မ ဖြစ်နိုင်ချေ။ မိငြိမ်းချမ်းသည် တောင်းကိုခြေကန်ပြီး ဆွဲယူသည်။

တစ်လှမ်းနှစ် လှမ်းဆွဲပြီးသော အခါတွင် ကား တစ်ခံနေတော့သည်။ လေရူးသည်ကား နောက်ကိုလှည့်မကြည့်တမ်း လျှောက်သွားနေလေသည်။ လေရူးကို အော်ခေါ်တော့မည် ပြုံးပြီးမှ မိငြိမ်းချမ်းသည် ပါးစပ်ကိုပိတ်လိုက်သည်။ သူ့ဟာသူရအောင်သယ်မည် ဟူသော မာနကလေးနှင့် အင်္ကျီလက်မောင်းများ ကို ပင့်လိုက်သည်။

“ကဲ လာလေ့”

ဒီတစ်ခါတော့ မိငြိမ်းချမ်းသည် အုတ်ခဲတောင်းကိုရှေ့တွင် ထား ကာ နောက်မှနေ၍ အားကုန်တွန်းလိုက်သည်။ ဂုဏ်မောက်နေသော အုတ်ခဲတောင်းသည် လားလားမျှ မရွေ့ချင်။တအီးအီးမြည် အောင် အား ကုန်တွန်းသော အခါမှဆောင့်ကြီးအောက်ကြီးနှင့် ၀ုန်းခနဲ ရွေ့သွား သည်။

“ဟဲ ဟဲ ငါ့အကြောင်း သိပလား”

မိငြိမ်းချမ်းသည် ၀မ်းသာအားရ အော်လိုက်မိသည်။ချွေးကိုပင် မသုတ်အား၊ ခပ်သွက်သွက်လေး ဆက်တွန်းလိုက်သည်။သဘော ကောင်းနေသော အုတ်ခဲတောင်းကြီးသည် သုံးလေးလှမ်းစာမျှကြည် ကြည်သာသာ သွားပြီးသော အခါ အားစိုက်ခွန်စိုက်တွန်းနေသော မိ ငြိမ်းချမ်းကိုမျှ အားမနာ ၀ုန်းခနဲမှော က်ကျသွားသည်။

“အမလေး တော့”

အရှိန်မသတ်နိုင်သော မိငြိမ်းချမ်းသည် ဂျွမ်းပြန်သွားသည်။ရွံ့ထူသော လမ်းလေးပေါ်တွင် ပွဲကြည့်ပရိသတ် မရှိဘဲ တစ်ဦးတည်းဆပ်ကပ် ပြတော့သည်။ ကံကောင်းထောက်မသဖြင့် တဒေါင်ဆစ်ပြဲရုံသာ ဒဏ်ရာရလေသည်။

“လေရူး ရေ့”

“ဝေး”

မိငြိမ်းချမ်းသည် ရွှံ့အလူးလူးနှင့် ရှုံ့ရှုံ့မဲ့မဲ့ကုန်းထရင်း လှမ်းအော်သည်။ တစိုက်စိုက်သွားနေသော ကိုရွှေလေရူးက လှည့်မကြည့်ပေ။

“ငြိမ်းချမ်း မနိုင်ဘူး”

“မနိုင်ပါဘူးဆိုမှ”

“ဒီလိုဆို ဆွဲခဲ့”

“မရဘူး”

“ဒီလောက်တောင် ဖြစ်တာ တွန်းခဲ့လဟ”

“ဟီး ဒီမှာ ဖြင့် လဲနေပြီ အီး”

“ဟေ”

ပခုံးပေါ်တွင် ထမ်းထားသော တောင်းကြီးကိုပင် ချခဲ့ရန်ပင်သတိမရဘဲ လေရူးသည် ယိုင်ထိုးယိုင်ထိုးနှင့် အပြေးအလွှားပြန်လာလေသည်။ မိငြိမ်းချမ်း၏ တဒေါင်ဆစ်တွင် သွေးရဲရဲထွက်နေကာ မျက်နှာတွင် ရွှံ့များ ပေနေသော်လည်း သူသည် မှော က်နေသော တောင်းကိုသာ သတိပြုမိဟန် ရှိသည်။

“ညည်းကလဲတော် တော် ကဲ၊ မနိုင်ရင်ပြောပါလား၊ ကြည့်စမ်းမှော က်ကုန်ပြီ”

“အံမာ အံမာ ပြောသားနဲ့ ပေါ့ပေါ့လေးပါဆို၊ ရအောင်သယ်ခဲ့ဆို၊ ဟွန်း တော် ပြီ မခေါ်တော့ဘူး၊ လေရူးနဲ့မခေါ်တော့ဘူး”

နာရသည့်အထဲ အရေး စိုက်မခံရဘဲ တောင်းမှော က်သဖြင့် အဟောက်ခံရသော အခါ မိငြိမ်းချမ်း ရုတ်ချည်း စိတ်တိုသွားသည်။ဝမ်းနည်းသွားသည်။ နှုတ်ခမ်းလေးကို ချွန်နေအောင်စူရင်း အော်လိုက်လေသည်။ ရွှံ့စက်များ အပေပေ အရေရေရှိပြီး မျက်နှာကလေးပုပ်သိုးသိုးနှင့် နှုတ်ခမ်းစူနေပြန်သော အခါတွင် ကား မိငြိမ်းချမ်းသည် တစ္ဆေလိုလို၊ မှင်စာလိုလိုနှင့် အတော် ကြီးကြည့်ရ ဆိုးနေလေသည်။

“ငါက ငါက စေတနာနဲ့”

“ဘာစေတနာလဲ၊ စေတနာဆိုရင် ငြိမ်းချမ်းကို ဆွဲထူပါလား၊ဘယ်နာသွားလဲ ဘာလဲ မေးပါလား ဟီး”

“အေး အေး ဘယ်နာသွားလဲ”

“အီး ဟီး ဟီး မေးခိုင်းမှမေးတာ ဘယ်ကောင်းမလဲ၊ အနာကိုဆေးထဲ့ပေးပါလား၊ ဟီး ဟီး”

အနာက နာရသည့်အထဲ လေရူး၏ အူကြောင်ကြောင် အမူအယာကိုကြည့်ကာ ဒေါသထွက်လာသော ကြောင့် မိငြိမ်းချမ်း ငိုတော့သည်။ မှော က်ကျနေသော အုတ်ကျိုးအုတ်ပဲ့များ ပေါ်တွင် ဆောင့်ကြောင့် လေးထိုင်ချရင်း ၀မ်းနည်းပမ်းနည်းငိုသော မိငြိမ်းချမ်းကိုကြည့်ရင်းလေရူးသည် ပြာယာခတ်သွားလေသည်။ သူ့ပခုံးပေါ်တွင် ယခုထက်တိုင်အောင် ထမ်းထားဆဲ ဖြစ်သော တောင်းကြီးကို ၀ုန်းခနဲ ပစ်ချကာသူ့တဲကလေးဆီသို့ ဒုန်းစိုင်းပြီးပြေးသွားလေသည်။ ခဏနေသော အခါနနွင်းများ ထည့်ထားသော နို့ဆီခွက်ကြီးကို ကိုင်ပြီး ပြန်ပြေးထွက်လာလေသည်။

“ဟီး ဘာကြီးလဲ”

“နနွင်း”

“ဆေးထည့်ပေးပါဆိုမှ နနွင်းဆိုတာကြီး ယူလာတယ်၊ ဟီးမခေါ်တော့ဘူး”

“ဟ နနွင်းက ဆေးပဲ”

“ဆေးပေမယ့် ဆေးစပ်စပ်ကြီး”

သူ့အနားသို့ လေရူးကပ်လာသော အခါ မိငြိမ်းချမ်းအငိုတိတ်သွားသည်။ အသားနီဖတ်လတ်လန်နေသော တဒေါင်ဆစ်ပြဲကို အုပ်ကိုင်ရင်း ကမန်းကတန်း နောက်ဆုတ်လိုက်သည်။ အနာကိုနနွင်းထည့်လျှင် အလွန်စပ်သည်ကို သိထားသဖြင့် လေရူးရှေ့တိုးတိုင်း သူကတလှမ်းချင်း နောက်ဆုတ်နေလေသည်။

“လာလဟ နင်ပဲ ဆေးထည့်ပေးပါဆို”

“နနွင်း မထည့်ဘူး”

“ဒါပဲရှိတယ် လာခဲ့”

“မလာဘူး”

မိငြိမ်းချမ်းက ဘောက်ဆတ်ဆတ်လေး အော်လိုက်သည်။

* * * * *


အခန်း (၇)

သူ့ ကို မျက်လုံးကြီးပြူးကြည့်နေသော လေရူးကို ရန်သူကြည့်ပြန်ကြည့်နေသည်။ နံနက်ကတည်းက မိငြိမ်းချမ်း စိတ်တိုနေရသည်။

ဦးလေးထူး က ကျန်းမာသည် အသက်ရှည်သည်ဟူသော အကြောင်းပြချက်နှင့် သူသောက်နေကျ ဆေးမည်းမည်းပျော့ပျော့ နံနံကြီးများ ကို သောက် ခိုင်းလေသည်။ သူ့ဟာသူဖော်သော ဆေး ဖြစ်သည်။ အမြင်မကောင်း သော် လည်း၊အရသာမကောင်းသော်လည်း အလွန်အဖိုးတန်သော ဆေး ဟုပြောသည်။ နံနက်တိုင်း ၀မ်းပျော့ပျော့သွားကာ စားဝင်အိပ်ပျော် သည်။

ထိုဆေးကိုသာ မှန်မှန်စွဲသောက်ပါက မိငြိမ်းချမ်း ပိန်ပိန်လေး သည်ဝလာမည် ဟု ဆိုလေသည်။ မိငြိမ်းချမ်း လုံးဝမသောက်ချင်။

မည်းမည်းပျော့ပျော့ ဆေးကြီးသည် ကြည့်ရသည်က မသဒီစရာကောင်းရသည့်အထဲ သစ်ရွက်ပုပ်စော်ကြီးက နံပါသေးသည်။ ထို့ကြောင့် ဦးလေးထူးက ဆေးသောက်ရန်ရေသွားအခပ်တွင် တစ်ချီတည်း ကျောကော့ပြီး ထွက်ပြေးလာခြင်း ဖြစ်သည်။

အားကိုးရမလားဟု လေရူးဆီ ရောက်လာပါ သည်။ လေရူးကအုတ်ခဲတောင်းကြီး ဆီးပြီး ရွက်ခိုင်းလေသည်။ မိငြိမ်း ချမ်းအတွက်ပြဿဒါးမလွတ်သော နေ့ ဖြစ်လေသည်။

“လာခဲ့ဆို”

“မလာဘူး”

“ဟေ့ကောင်ကြီး သွားစမ်း၊ မိငြိမ်းချမ်းကို ဆွဲခဲ့စမ်း၊ ရှူး သွား”

သူ့သခင် အမိန့်ပေးသော အခါ ကြားထဲတွင် အူလည်လည်ရပ်နေသော ဟေ့ကောင်ကြီးသည် မိငြိမ်းချမ်းအနားသို့ တဟုန်ထိုးကပ်လာ လေသည်။ သူ့လက်ကို မနာမကျင် ဖွဖွငုံခဲပြီးလေရူးဆီသို့ ဆွဲခေါ်သွား မည် ကိုသိသဖြင့် မိငြိမ်းချမ်းသည်သူ့လက်နှစ် ဖက်ကို မမှီစေရန် အပေါ် သို့ မြှောက်ထားရင်းဒရောသော ပါး နောက်ဆုတ်ရတော့သည်။

“သွား သွား ဟေ့ကောင်ကြီး သွား ငါ့နားမကပ်နဲ့ သွား ဟေ့ကောင်ကြီး အစုတ်ပလုတ် နင့်ကိုပါမခေါ်ဘူး ခွေးကောင်”မိငြိမ်းချမ်းက ၀ူးဝူးဝါးဝါး ဆီးအော်သော အခါဟေ့ကောင်ကြီး သည် တွေ တွေ ဝေေ၀ ဖြစ်သွားလေသည်။

အမြီးကိုနန့်ရင်း မျက်နှာချို သွေးသည်။ သူ့ကိုထန်းလျက်ချိုကျွေးနေကျ ဖြစ်သော မိငြိမ်းချမ်း စိတ် ဆိုးအောင်လုပ်ချင်ဟန် မရှိချေ။

“ဟေ့ကောင်ကြီး ရအောင်ခေါ်ခဲ့”

လေရူး၏ အသံ ကြားပြန်သော အခါတွင် ကားဟေ့ကောင်ကြီး သည် အမြီးတနန့်နန့်နှင့် မိငြိမ်းချမ်း၏ ဂါဝန်စကိုဆွဲကိုက်တော့သည်။ ဂါဝန်စကို မြဲမြဲကိုက်ဆွဲပြီး မိငြိမ်းချမ်းကိုဒရွတ်တိုက်ပါအောင် ဇွတ် ကြီးဆွဲခေါ်လေသည်။

“လွှတ်လို့ဆို၊ ငါ့ကိုလွှတ် နင့်ကိုမခေါ်တော့ဘူး၊ ထညက်လဲမကျွေးတော့ဘူး၊ ခွေး ဟေ့ကောင်ကြီး နင် သတိထား”

မည် သို့ ပင်ဆိုစေ မိငြိမ်းချမ်းသည် လေရူး ရှေ့မှော က်သို့ ကန့်လန့် ကန့်လန့်နှင့် ရောက်လာရလေသည်။ အသားနီရဲရဲဒဏ်ရာထဲသို့ နနွင်းမှု န့် တဆုပ်ကြီး ဖြူးထည့်သည်ကို ခံရတော့သည်။ မိငြိမ်းချမ်းသည် လေရူးလက်ထဲတွင် အချုပ်ခံထားရသော်လည်း ထွန့်ထွန့်လူးအောင် စပ်သော အခါ ဟေ့ကောင်ကြီးကို မမှီမကမ်း ခြေထောက်နှင့် လှမ်းကန်တော့သည်။

“အား စပ်တယ် ရှီး၊ ဘယ်တော့မှ မခေါ်တော့ဘူး၊တစ်သက်လုံး မခေါ် ရှီး တော့ဘူး၊ ရှီး ရှီး စပ်လိုက်တာ ဟွန်းတသက်လုံးမခေါ်တော့ ဘူး”

မိငြိမ်းချမ်းသည် သူတို့နှစ် ဦးလုံးကို စစ်ကျေညာကာ ဒေါနှင့် မောနှင့် လှည့်ထွက်ခဲ့သည်။ အသားနီလန်နေသော အနာထဲသို့ နနွင်းမှု န့်စပ်စပ် သိပ်ထည့်လိုက်သော လေရူးကိုလည်းကောင်း၊ ကြံရာပါဟေ့ကောင်ကြီးကိုလည်းကောင်း သံစည်ပိုင်းထဲထည့်ကာတောင်ထိပ်မှ တွန်းချချင်စိတ် ပေါ်နေသည်။

“ဆေးထည့်ပေးရမယ်တဲ့၊ ဆေးထည့်ပေးတော့ မခေါ်ဘူးတဲ့၊ဟင်း မခေါ်ဘူးတဲ့၊ အရူးကျနေတာပဲ၊ ဟွန်း ငါ့ကိုတော့ အရူးတဲ့၊ ငါက ရိုးရိုးသားသား ရူးတာ၊ သူ့လို ဆန်းဆန်းပြားပြားရူးတာ မဟုတ်ပါဘူးနော် ဟေ့ကောင်ကြီးရာ၊ မင်းကိုလည်း ထညက်မကျွေးတော့ဘူးတဲ့၊ငါ့တို့က ငါတို့ကဖြင့် စေတနာနဲ့”

မှော က်ကျနေသော အုတ်ခဲတောင်းကြီးများ ဘေးတွင် လေရူးသည် ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ သက်ပြင်းကြီးချရင်း စိတ်ပျက် လက်ပျက် ပြောနေသည်။

လေရူးသာမက ဟေ့ကောင်ကြီးလည်းအတော် စိတ်ညစ်သွားပုံ ရသည်။ သူ့ဘေးတွင် ခွေခွေကြီးအိပ်နေလေသည်။ အမြီးလေးသော်မျှ ရမ်းခါ၍ မပြနိုင်တော့ချေ။

* * * * *

“သမီး လေရူးနဲ့ မခေါ်ဘူးဖေဖေ”

မိငြိမ်းချမ်းသည် ကော်ဖီပန်းကန်ကို စားပွဲပေါ်သို့ တင်ပေးရင်း ပြောသည်။ ထိုနောက် မီးဖိုဖက်သို့ အပြေးပြန်ကာဒေါ်ဒေါ်အိ အသင့် ပြင်ပေးထားသော ပေါင်မုန့်ထောပတ်သုတ်ပန်းကန်ကို ယူလာသည်။

“ဘာ ဖြစ်လို့လဲ”

“ဒီမှာ ကြည့်ပါလား၊ သမီး တဒေါင်ဆစ်ပြဲတာကို သူကနနွင်း မှု န့်တွေ ထည့်ပေးလို့”

“ဒါနဲ့ မခေါ်တော့ဘူးလား”

“အင်းပေါ့ စပ်တာကိုး”

ဒေါက်တာငြိမ်းအောင်သည် သမီးငယ်ကို ခပ်ပြုံးပြုံး ကြည့်မိသည်။အချိန်ဟူသည်မှာ အကောင်းဆုံး ဆေးဆရာပင် ဖြစ်တော့သည်။မိခင်သေဆုံးပြီးစက ငူငူ ငိုင်ငိုင်နှင့် ထာဝစဉ်မျက်ရည်ဝဲနေတတ်သော သမီးလေးသည် ယခုအခါအတန်ငယ်ပြန်ပြီး သွက်လက်လာချေပြီ။ကလေးတို့၏ စရိုက် သဘာဝအတိုင်း ရယ်မော ပြုံးရွှင်လာစ ပြုပေပြီ။

“ဖေ ဖေ”

ခဏကြာသော အခါ မိငြိမ်းချမ်းက ခေါ်ပြန်သည်။ ပန်းကန်ထဲမှ ပေါင်မုန့်ထောပတ်သုတ်တစ်ချပ်ကို ကောက်ပြီးကိုက်လိုက်ရင်း ပြောသည်။

“ဖေဖေ ဆေးရုံသွားရင် သမီးလိုက်မယ်”

“ဘာလုပ်ဖို့လဲ သမီးရဲ့”

“ဖေဖေ လုပ်တာတွေ ကြည့်မှာ ပေါ့”

“ဖေဖေက လူသေတွေ ကို ခွဲရတာ ”

“ကြည့်မှာ ပေါ့”

“သမီး ကြည့်လို့ ဘယ် ဖြစ်မလဲ လန့်သွားမှာ ပေါ့”

မိငြိမ်းချမ်းသည် ခေတ္တမျှ ငြိမ်သွားပြန်သည်။ ပေါင်မုန့် ထောပတ်သုတ်ကို တစ်ကိုက်ချင်းစားရင်း ဖခင် ဖြစ်သူအား ငေးကြည့်နေသည်။ ဒေါက်တာငြိမ်းအောင်သည် ကော်ဖီခါးခါးကို အရသာခံသောက်နေရင်းမှ သတင်းစာ ဖတ်နေလေသည်။ နံနက်တိုင်း ကော်ဖီသောက်စဉ် သတင်းစာ ဖတ်တတ်သည်မှာ သူ၏ အကျင့် ဖြစ်လေသည်။ ထိုအချိန်၌ သတင်းစာ မဖတ်လျှင်လည်းဆေးရုံသို့ ရောက်သွားပြီးသော အခါ သူ့အတွက်သတင်းစာဖတ်ရန်အခြေအနေနှင့် အချိန် လုံးဝမရှိ တော့ပေ။

သတင်းစာမှသတင်းများ သည်လည်း သူ့အလုပ်နှင့် တစ်နည်းအားဖြင့် ဆက်နွယ်နေလေသည်။ ပတ်သက်နေသည်။ မည် သည့်အရပ်မည် သည့်လမ်းနေ မည် သူမည် ၀ါသည် မီးလောင်၍ သေဆုံးသည်၊ရေနစ်၍ သေဆုံးသည်၊ ကားတိုက်၍ သေဆုံးသည် စသည့် လူသေမှု ၊လူသတ်မှု အစရှိသော မှုခင်း ဆိုင်ရာ သတင်းများ ကို ဖတ်ရတိုင်း သူသက်ပြင်းချရသည်။ ထိုသူများ သည် ရင်ခွဲစင်ပေါ်တွင် အေးစက်သော ငြိမ်သက်ခြင်းနှင့် အတူ သူ့ကိုစောင့်နေကြမည် ဖြစ်လေသည်။

“ဖေ ဖေ”

မိငြိမ်းချမ်းသည် ပေါင်မုန်းတစ်ချပ်ကို ထပ်ပြီးနှိုက်ယူရင်းခေါ် လိုက်ပြန်သည်။

“ကလေးမွေးတာ ဗိုက်ကြီးကို ခွဲမွေးတာ မဟုတ်ပါဘူးနော်”“ဘာ ဖြစ်လို့လဲ”

“သမီးသိပါတယ်၊ မေမေပြောဖူးတယ်၊ မွေးရခက်တဲ့လူမှဗိုက် ကြီးခွဲရတာ တဲ့”

“အင်းလေ”

“အဲဒါလေ သမီးသူငယ်ချင်း ဇင်မာဝင်းက ပြောတယ်၊ဗိုက်ကြီး ခွဲမွေးရတာ တဲ့၊ တုံးလိုက်တာ၊ ဟုတ်လဲ ဟုတ်ဖူးနော်”ဒေါက်တာငြိမ်းအောင်သည် ရယ်ချင်၊ငိုချင် ဖြစ်သွားလေသည်။

ဖခင်အား ပြောသင့်မှန်းမသိ၊မပြောသင့်မှန်းမသိ ရမ်းသန်းပြီး လေပေါ နေသော သမီးငယ်အားမည် ကဲ့သို့ ဟန့်တားရမည် ကို မစဉ်းစားတတ် တော့ချေ။

“ဟုတ်ဖူးနော် ဖေဖေရာ၊ သက်သက်ကြူ ပြောတာဟုတ်ပါဘူး နော်”

ဒေါက်တာငြိမ်းအောင်သည် ဟက်ခနဲရယ်ရင်း ရင်ထဲတွင် ဆွေးသွားသည်။ မိန်းကလေးတို့ သိသင့်သိလိုက်သော မိန်းမတို့၏ သဘော သဘာဝအကြောင်းကို ဖခင်တစ်ဦးအနေနှင့် သမီးငယ်အားမည် ကဲ့သို့ ရှင်းပြရလေမည် နည်း။ သမီးတို့ အမေသာရှိလျှင်မူ “မိ သမီးမိကြည့်ပြောပါဦးကွာ”ဟု ရယ်မောရင်း ခေါင်းရှောင်နိုင်မည် ဖြစ်သော်လည်း ယခုတော့ သူဘာလုပ်ရလေမည် နည်း။ သမီးငယ်နားလည်အောင် မည် ကဲ့သို့ ရှင်းပြရလေမည် နည်း။ စတင်၍ ရှင်းပြလိုက်သည်

နှင့် တပြိုင်တည်း စက်သေနတ်ပစ်သလို ဒလစပ် မေးတော့မည့်  ပေါက်ပေါက်ရှာရှာ မေးခွန်းများ ကို ကြိုတင်ကြားယောင်ပြီး ကျောချမ်းနေသည်။ ပဋိသန္ဓေတည်သည်မှ အစပြု၍ ၀မ်းမှကျွတ်သည်အထိ မိန်းမတို့၏ အာဝေနိက ဒုက္ခအ၀၀ကို ပြောပြ၍ လည်း အပျိုဖော်ပင် မ၀င်သေးသော သမီးငယ်က နားလည်နိုင်ဦးမည် မဟုတ်ချေ။

“သမီး စာသွားကျက်ဦးလေ”

“ဟင် သမီး မေးနေတာတော့ ဖေဖေက ဘာမှမဖြေဘူး”

“သမီး ငယ်သေးတယ်သမီး၊ နည်းနည်း ကြီးလာတော့ ဖေဖေအကုန် ရှင်းပြမယ် ဟုတ်လား၊ ခု အချိန်မှာ တော့ ဒါတွေ ဟာ သမီးနဲ့လုံးဝမဆိုင်သေးဘူး၊ သူများ ပြောလဲ နားထောင်မနေနဲ့၊ အားတိုင်းယားတိုင်း ယောက်ျားယူတဲ့အကြောင်း၊ ကလေးမွေးတဲ့အကြောင်းတွေ ပြောနေရအောင် သမီးတို့အရွယ်မရောက်သေးဘူး၊ အဲဒီ လို မိန်းကလေးမျိုးတွေ ထဲမှာ ဖေဖေ့သမီးလေး မိငြိမ်းချမ်းကို မပါစေချင်ဘူး”

ဖခင် ဖြစ်သူက ခပ်တည်တည်ပြောသော အခါတွင် ကား မိငြိမ်းချမ်း ငြိမ်သွားလေသည်။ ဇက်ကလေးပုကာ မျက်လွှာလေး ချသွားသည်။ ဒေါက်တာငြိမ်းအောင်သည် သမီးငယ် ဖြူဖြူသေးသေးလေးကိုကြည့်ရင်း သက်ပြင်းရှိုက်မိလေသည်။ သမီးနှင့် အမေတို့သာ တိုးတိုးတိတ်တိတ် သိသင့်သည့် ကိစ္စများ စွာ ရှိပေသည်။ အမေ ဖြစ်သူ မရှိလေတော့ ရှေ့ဘ၀တစ်လျှောက်လုံး ဒီသမီးငယ်ကို ဒီအဖေကြီးပင် မျက်နှာပူပူနှင့် ပြောဆိုသွန်သင်ပြသရပေဦးမည် ဖြစ်သည်။

“ညနေ ဖေဖေ နောက်ကျရင် ထမင်းစားနှင့် ”

အိမ်ပေါ်မှဆင်းခါနီး ဖခင်ကမှာ သော အခါ မိငြိမ်းချမ်း၏ မျက် လုံးလေး ၀ိုင်းသွားသည်။ ပါးစပ်က ဘာမျှမပြောသော်လည်းသံသယ မျက်လုံးများ နှင့် ဖျတ်ခနဲလှမ်းကြည့်လေသည်။ဒေါက်တာငြိမ်းအောင် သည် ခွင့်လွှတ်ပြုံးကို မသိမသာပြုံးရင်းပင့်သက်ရှူမိသည်။ သူက နောက်အိမ်ထောင် မပြုပါဟုအခိုင်အမာပြောထားသော်လည်း သမီး ငယ်၏ ရင်တွင်းမှစိုးရိမ်စိတ်သည် ပပျောက်မသွားသဖြင့် စိတ်မောရ သည်။

“သမီး ဒီနေ့ ကျောင်းပိတ်ပေမယ့် စာကျက်နေ နော်၊အင်္ဂလိပ်စာ တွေ ကျက်ထား ဖေဖေ ပြန်လာရင် စာလုံးပေါင်းစစ်မယ်”ကားနားအထိ လိုက်လာသော မိငြိမ်းချမ်းကို သွားခါနီး မှာ သည်။ အိတ်ဇောပိုက်မှ မီးခိုးတလူလူထွက်နေသော ဖခင်၏ ကားကလေး လမ်းထဲမှချိုးကွေ့သွားသည်အထိ မိငြိမ်းချမ်းသည် ငေးမောကြည့်နေမိသည်။

အိမ်ထဲသို့ ပြန်မ၀င်ချင်သေးသည့်အတွက် မိငြိမ်းချမ်းသည်လှေကားထစ် အုတ်ခုံလေးပေါ်တွင် ထိုင်နေသည်။ ခါတိုင်းလိုသာ ဆိုလျှင် လေရူးဆီ ရောက်သွားမည် ဖြစ်သော်လည်း ယခုတော့ သူ့စကားနှင့် သူ မခေါ်ဘူး ပြောထားခဲ့သော ကြောင့် အသွားရခက်နေသည်။

လေရူးဆီသို့ မရောက်သည်မှာ သုံးရက်ရှိပေပြီ။ အနာက စပ်ဖျဉ်းဖျဉ်းနှင့်နာတိုင်း လေရူးနှင့် မခေါ်ဘူး ဟူသော ဆုံးဖြတ်ချက်သည် ပိုမို ခိုင်မာလာသည်။ ယခု အနာဖေး တက်လာပေပြီ။ မနာတော့သော အခါတွင် ကား လေရူးနှင့် ခေါ်ချင်လာသည်။

ဒေါ်အိသည် ကပ်ကျေးတစ်လက်ကိုင်ရင်း အိမ်ထဲမှထွက်လာ သည်။ ရဲနေအောင်ပွင့်နေသော ခြံစည်းရိုး ပုဏ္ဏရိတ်ပန်းနီနီများ ကို အရိုးရှည်ရှည်ဖြတ်ကာ ပန်းအိုးထိုးရန် ဖြစ်လေသည်။အဖိုးမတန်သော ပန်းများ ပင် ဖြစ်သော်လည်း ပန်းအိုးလှလှလေးထဲတွင် အတို အရှည် အမျိုးမျိုးနှင့် ကဗျာဆန်စွာ ထိုးတတ်သည့်အတွက်အလွန်ကြည့် ကောင်းလေသည်။

ထိုင်ရသည်မှာ ကြာလာသဖြင့် မိငြိမ်းချမ်း ပျင်းလာသည်။နေ ရာမှထက ဒေါ်အိဆီသို့ လျှောက်လာခဲ့သည်။ ပုဏ္ဏရိတ်ခြံစည်းရိုးအ ကြားမှနေပြီး လေရူးတို့ခြံဖက်ကို တစေ့တစောင်းကြည့်လိုသော ကြောင့် လည်း ဖြစ်သည်။

သူ့ဆီကိုလျှောက်လာသော မိငြိမ်းချမ်းကို သတိထား မိသော ဒေါ်အိသည် သီချင်းလေးတအေးအေးနှင့် ပန်းအခူး ကောင်းနေ သည်။ သို့ သော် သီချင်းကိုကြာကြာမဆိုနိုင်ရှာချေ။ ခြံထဲမှ ပုဏ္ဏရိတ် ပန်း အဆုပ်ကြီးကိုတိုးဝှေ့ပြီးအခူးတွင် ဒေါ်အိသည် ဆံပင်စုတ်ဖွားဖွား နှင့် ဖြူဖတ်ဖြူလျော်မျက်နှာကြီးကို ဗြုန်းခနဲတွေ့ လိုက်ရသဖြင့် အလန့် တကြားထခုန်တော့သည်။

“ဟဲ့ ဟဲ့ ဟီး ဘာကြီးလဲ”

ဖြူလျော်လျောမျက်နှာကြီးက သူ့ကို ငေးစိုက်စိုက်ကြည့်ပြီးသွားကြီးဖြီးကာ ခပ်ရွံ့ရွံ့ ရယ်ပြလေသည်။ ဒေါ်အိသည် ထိုမျက်နှာကြီးကိုကြည့်ရင်း မှင်သက်မိသလို ဖြစ်နေရာမှ မချိတရိကြီးပြန်၍ ပြုံးပြနေမိလေသည်။

“လေ ရူး”

ဒေါ်အိနောက်သို့ ရောက်လာသော မိငြိမ်းချမ်းသည်ခပ်မြူးမြူး လေး ခေါ်လိုက်သည်။ ခြံချင်းသာကပ်နေသည်။ပုဏ္ဏရိတ်စည်းရိုးဘက် သို့ မူ လေရူးလာခဲလှသည်။ ယခု ဘာကိစ္စနှင့် ဒီနားရောက်နေသည် မသိသော်လည်း မိငြိမ်းချမ်း ၀မ်းသာသွားသည်။

“ခေါ် မလား”

လေရူးက ခပ်လေးလေးကြီး မေးလေသည်။

မနေ့ကတည်းက လေရူးသည် ပုဏ္ဏရိတ်ပင်ကွယ်မှနေပြီး မိငြိမ်းချမ်းကိုချောင်းကြည့်နေ သည်။ သူ့ဆီသို့ ယောင်လည်လည်ရောက်လာနေကျ ဖြစ်သော မိငြိမ်း ချမ်း တစ်ယောက် တစ်ရက်ကနှစ် ရက် မလာတော့သော အခါ သူအနေ ခက်လှသည်။ထို့ကြောင့် ယနေ့မိုးလင်းကတည်းက သူရောက်ခဲလှ သော ပုဏ္ဏရိတ်စည်းရိုးနားသို့ ရောက်နေသည်။ ခြံကွယ်မှနေ၍ ကြည့် နေစဉ်တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အိနှင့် တိုးမိခြင်း ဖြစ်သည်။

“ဟူး ဟူး၊ လက်စသတ်တော့ မောင်လေရူး ကိုး”

ဒေါ်အိသည် သက်ပြင်းကြီး မှု တ်ထုတ်လိုက်သည်။အချင်းချင်း ရိုက်နေသော ဒူးနှစ် လုံးကို မနည်း ဖိထားရသည်။

“ခေါ် မလား”

လေရူးသည် အားတက်လာသလို ထပ်မေးရင်းမာလကာသီး ပွပွဖြူဖြူကြီးတစ်လုံးကို ပုဏ္ဏရိတ်ပင်များ အကြားမှနေပြီးကမ်းပေးလေ သည်။ အနာထဲ နနွင်းမှု န့်သိပ်ထည့်ပြီးမှမာလကာသီးနှင့် လာဘ်ထိုး ခြင်း ဖြစ်သည်။

“လေရူးက အရင် စခေါ်တာနော်”

“အေးပါ”

“ခေါ်မယ် ခေါ်မယ်၊ ပိစ် ပိစ်”

မိငြိမ်းချမ်းသည် ရွှင်ရွှင်လေးအော်လိုက်ရင်းမာလကာသီးကြီး ကို ဇတ်ခနဲဆွဲယူလိုက်သည်။ ထိုနောက်အိမ်ရှေ့ပေါက်မှပင် လှည့် မသွားနိုင် အတန်ငယ်ကျဲနေသော ပုဏ္ဏရိတ်ပင်များ ၏ ကြားမှနေ၍ လေး ဘက်ထောက်တိုးပြီးတစ်ဖက်ခြံသို့ ဒရောသော ပါး ကူးသွားတော့ သည်။

ဒေါ်အိ တစ်ယောက် ဒူးအတုန်ရပ်သော အချိန်တွင် မိငြိမ်းချမ်းနှင့် လေရူးတို့သည် တောင်းထဲသို့ ကျောက်ခဲ အကျိုးအပဲ့များ ကျုံးထည့်နေကြပြီ ဖြစ်သည်။

* * * * *




ဝန်ဇင်းချစ်သူများ မစန္ဒာ ၏ “ တစ်နေ့နေ့ရဲ့ နက်ဖြန်ခါ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝတ္ထုရှည်များ (၄)

မစန္ဒာ ၀တ္ထုတိုများ (၆)

ဝတ္ထုတိုများ ( ၉ )