
ပဂ္ဂီ
ပဂ္ဂီတစ်ထည်လောက် လိုချင်နေသည်မှာ ကြာလှချေပြီ။
ပဂ္ဂီဟူသည်မှာ ယခုနောက်ပိုင်း တစ်နှစ် နှစ် နှစ် ပိုင်း လောက် ကမှ ခေတ်စားလာသော ခြောက်တောင်ပါတိတ် ဖြစ်လေသည်။ အနံက နှစ် တောင့်ထွာ၊ အလျားက ခြောက်တောင်ဆိုတော့ ထဘီတစ်ထည်၊ အင်္ကျီ လက်တိုတစ်ထည်အပြင် ဘလောက်(စ) အင်္ကျီတစ်ထည် ထပ်ရသေး သည်။ အကယ်၍ ဝတ်ရဲလျှင်တော့ မိန်းမအတွက် ထဘီတစ်ကွင်း ဖြတ်ပြီး ကျန်အစကို ယောက်ျားက ရှပ်အင်္ကျီချုပ်ကာ ဆင်တူဝတ်နိုင်ကြ သေးသည်။
အပွင့်အဆင်တွေ က ခပ်ကြီးကြီး ခပ်ရဲရဲ ဖြစ်သော်လည်း အရောင် အသွေးက စိုလှတော့ လှမျိုးခင်၏ မျက်စိထဲတော့ မြင်မြင်သမျှ ပဂ္ဂီတွေ အကုန်လှနေလေသည်။
အကုန်လှနေသော်လည်း ယခုထိ တစ်ထည်မှ မရသေးသည် က ခက်လှသည်။
မရသေးဆို ဈေးကလည်း ကြည့်ပါဦး၊ ပေါ်စတုန်းက သုံးရာ ကျော် လေးရာနား ကပ်နေသည်။ ယခုနောက်ပိုင်း တဖြည်းဖြည်း ဈေး ကျလာသော်လည်း သုံးရာနား ကပ်နေဆဲ ဖြစ်သည်၊ တစ်နေ့တုန်းက တော့ တစ်ဖက်အိမ်မှ နီနီလှိုင်ဝယ်လာသည် ကတော့ နှစ် ရာ့ငါးဆယ်ဟု ပြောသည်။
'ပဂ္ဂီတွေ ဈေးကျလာပြီမောင်ရေ့၊ နီနီလှိုင်ဝယ်လာတာ နှစ် ရာ့ ငါးဆယ်တဲ့' ဟု သူကပြောတော့ အိမ်ကလူက မျက်နှာကို မသိမသာ မဲ့သည်၊ 'ကျတဲ့ဈေးကလည်း နှစ် ရာ့ငါးဆယ်တဲ့လားကွ' ဟု ဆိုလိုဟန် ရှိမှန်းသိသော်လည်း လှမျိုးခင်က စကားနည်းရန်စဲ မသိချင်ဟန်ဆောင် နေလိုက်သည်၊ သူတစ်ခွန်းငါတစ်ခွန်း စကားနိုင်လုနေရုံနှင့် သူလိုချင် သော ပဂ္ဂီက လက်ထဲ ရောက်လာမည် မဟုတ်။
ငွေနှစ် ရာ့ငါးဆယ်ဟူသည်မှာ မနည်းဘူးဆိုလျှင်လည်းဟုတ်၊ နည်းသည်ဆိုလျှင်လည်း ဟုတ်လေသည်။ အရေး ကြီးသည် ကတော့ ပေတံသာ ဖြစ်သည်၊ ဆင်းရဲသားပေတံနှင့် တိုင်းပါက အလွန်များ ပြီး လူချမ်းသာပေတံနှင့် တိုင်းပါက ဘာမှ ပြောပလောက်သော ငွေ မဟုတ် ပေ။ လှမျိုးခင်တို့ ကတော့ မရှိမရှားထဲက ဖြစ်သည်၊ အိမ်ကလူက လခ သုံးရာကျော်ကျော် ရသော ရုံးအမှု ထမ်း ဖြစ်သည်။
'လခ ကတော့ သုံးရာကျော်ကျော်ပဲ' ဟူသော စကားကို ခပ်မော့ မော့လေး ပြောနိုင်ခဲ့သည်။ သားသမီးက နှစ် ယောက် မို့ စုနိုင်၊ ဆောင်း နိုင်၊ စိန်နားကပ်ပန်နိုင်ခြင်းမရှိခဲ့သော်လည်း ရှားတော့ သိပ်မရှား။ ထို့ ကြောင့် သူများ တွေ လိုလည်း မဝတ်နိုင်သော်လည်း တစ်ထည်တလေ လောက်တော့ ရှိသင့်သည်ဟု လှမျိုးခင်ယူဆသည်။
'အန်တီလှတို့အိမ်မှာ နောက်အပတ် တနင်္ဂနွေကျရင် ဘုရား ကိုးဆူ ကပ်မယ်တဲ့'
နီနီလှိုင်က သတင်းပေးတော့ 'ဘာဝတ်ရပါ့မလဲ' ဟု ချက်ချင်း ပင် စဉ်းစားမိပြီး ချက်ချင်း ပင် ခေါင်းကိုက်လာသည်။
အန်တီလှက ဟိုဘက်လမ်းထိပ်မှ စိန်ပွဲစားရွှေပွဲစားကြီး ဖြစ်သည်။
အရောင်းအဝယ်မကောင်းလျှင်လည်း ကောင်းစေရန်၊ ကောင်း လျှင်လည်း ပို၍ ကောင်းစေရန် မကြာခဏ ဆွမ်းကျွေးလိုက်၊ ဘုရား ကိုးဆူကပ်လိုက်လုပ်တတ်လေသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အန်တီ လှ အရောင်းအဝယ် ပိုကောင်း မကောင်း မသိရသော်လည်း မိုလေးရှန် တွေ ၊ ပါတိတ်တွေ ကို ဈေးထဲမှတစ်ဆင့်ယူကာ တစ်အိမ်တက်ဆင်း လိုက်ပြီး လပေးရောင်းတတ်သော မခင်ဝေ ကတော့ တော် တော် လေး ရောင်းကောင်းလေသည်။ ဒီရပ်ကွက်က အရေး အကြောင်းရှိလျှင် ကိုယ် ဖိ ရင်ဖိ ကူညီတတ်ကြသလို ပြိုင်စရာရှိလျှင်လည်း သူ့ယောက်ျား ကိုယ့် ယောက်ျား၊ သူ့သား ကိုယ့်သားသာမက သူ့သမီးကိုယ့်သမီး၊ သူ့ ဖိနပ် ကိုယ့်ဖိနပ်ကအစ ပြိုင်ကြလေသမို့ ဆွမ်းကျွေးတစ်ခါရှိတိုင်း အသစ် တစ်ခါ ဝယ်ရန် ကြိုးပမ်းတတ်ကြသော ကြောင့် ဖြစ်သည်။
မဝယ်လို့ရော ဖြစ်မလား။ ဟိုဘက်အိမ်၊ ဒီဘက်အိမ် အကုန် လုံးက တစ်ယောက် ထဘီ၊ တစ်ယောက် အင်္ကျီအကုန်သိနေတာ။ အကုန် မှတ်မိနေတာ။ တစ်ရပ်ကွက်လုံးက ရှိရှိသမျှမိန်းမတွေ ဆုံတဲ့ပွဲ၊ ဝတ်ပြီး သားကြီးတွေ ပြန်ဝတ်သွားရင် ရှက်စရာ။
နီနီလှိုင်က ပြောတတ်သည်။ သူ့မှာ ကတော့ ထဘီအသစ်၊ အင်္ကျီ အသစ်က အမြဲတမ်းပင် အဆင်သင့်ရှိတတ်သည်၊ သူ့မိဘက တတ်နိုင် သည့်အပြင် သူကိုယ်တိုင်ကလည်း သူ့အစ်မတဝမ်းကွဲ၏ ဗွီဒီယိုအငှား ဆိုင်တွင် နေ့ခင်းတိုင် ထိုင်ပေး၍ အပိုဝင်ငွေရသေးသည်။ အိမ်ထောင် မကျသေးတော့လည်း ဘာအပူအပင်မှမရှိ၊ တစ်လ တစ်လ အသစ်ဝယ် ရန် အဆန်းဝယ်ရန်သာ စဉ်းစားနေတတ်သူ ဖြစ်သည်။
သူက ကလေးနှစ် ယောက် အမေ ဖြစ်သည့်အပြင် နီနီလှိုင်လောက် လည်း တတ်နိုင်သူမဟုတ်ပေ။ ထို့ကြောင့် မပြိုင်သင့်သည်ကို လှမျိုးနွယ် က သိသော်လည်း ဝမ်းတွင်းပါ ဝါသနာမို့ မနေနိုင်၊ နည်းနည်း ဖြစ် ဖြစ် ပြိုင်တော့ ပြိုင်ချင်သေးသည်။
အိမ်ကလူ ရသမျှလခသည် အိမ်လခ၊ ကျောင်းလခ၊ မီတာခ၊ ရေခ၊ အစစနှင့် အမြီးနုတ် ခေါင်းနုတ် နုတ်ပြီးသော အခါ တစ်လလုံး စားစရာ ဆန်ဖိုးပင် မပြည့်။ ယခုလလို ကလေးတွေ ကျောင်းအဖွင့် ကျောင်းဝင်ကြေးသွင်းရ၊ စာအုပ်ဝယ်ရ၊ ကျောင်းစိမ်းအင်္ကျီဝယ်ရနှင့် ဆိုပါက ဆန်ဖိုးပင်မကျန်။
နီနီလှိုင်ကို ပြိုင်နိုင်သူ ကတော့ မျက်စောင်းထိုးအိမ်က သင်္ဘော သားကတော် ဖြစ်သည်။ သို့ သော် သူ ကတော့ မပြိုင်ချေ။ သူ့ယောက်ျား ပို့သမျှကို အတန်အသင့်သာဝတ်ပြီး ကျန်အထည်များ ကိုတော့ ဈေးတွင် ပင် ဖောက်သည်သွင်းပစ်တတ်သည်။ 'အဆင်ဆန်းလေးတွေ ပါရင် ပြပါ ဦး' ဟု နီနီလှိုင်တို့စကားခေါ်လျှင် 'ကားဖိုးစုနေလို့ ဘာမှမပို့ ဖြစ်ပါဘူး' ဟု ပိတ်၍ ပြောတတ် သေးသည်။
'သင်္ဘောသားလုပ်ရတယ်ဆိုတာ နိုင်ငံခြားငွေရပေမယ့် ဘယ် လောက် ပင်ပန်းလဲ၊ ဘယ်လောက်မျက်နှာငယ်လဲ ပတ်သက်တဲ့လူတွေ သိပါတယ် မမျိုးရယ်၊ ကျွန်မ ကတော့ သူပို့သမျှကို ပပလွှားလွှား ဝတ် စား မပစ်ရက်ပါဘူး၊ အိမ်မှာ ဆင်းကြ တက်ကြနဲ့ ပစ္စည်းတွေ လာဝယ် ကြ ရွေးကြလည်း မကြိုက်ဘူး။ ဒါကြောင့် ဖောက်သည်ပဲ သွင်းပစ်တာ၊ သူပို့သမျှကို ကျစ်ကျစ်ပါအောင် စုထားတယ်၊ အိမ်ကလေး မြေကလေး ဝယ်နိုင်ရင်တော့ စိုက်ပျိုးရေး ၊ မွေးမြူရေး လေးလုပ်ပြီး မိသားစုလေး တစုတစည်းတည်း နေတော့မယ်' ဟု ပြောဖူးလေသည်။ အလိမ္မာလွှမ်း သော စကားလေးမို့ ကြားရသည်မှာ နားဝတွင် ချိုမွှေးနေသော်လည်း လှမျိုးခင်၏ အတွင်းစိတ် တစ်နေရာ ကတော့ 'မိုက်လိုက်တာဟယ်၊ မသ ကာ ဆယ်ထည်ပို့ရင် ငါးထည်ရောင်း ငါးထည်ဝတ်ဆိုရင် တော် သေး တယ်၊ အခုတော့ ကိုးထည်ရောင်းပြီး တစ်ထည်ပဲ ဝတ်သတဲ့၊ ငါနဲ့သာ နေရာလဲလိုက်ချင်တော့' ဟု ဖြတ်ခနဲ တွေးလိုက်မိသေးလေသည်။
သူသာ သင်္ဘောသားကတော် ဖြစ်လို့ ကတော့ နီနီလှိုင်တို့ ပုဝပ် သွားအောင် ဝတ်ပြလိုက်မိမည် ထင်သည်။ ခုတော့ နီနီလှိုင် ဆယ်ထည် ဝယ်လို့မှ သူက တစ်ထည်မဝယ်နိုင်၊ မရွှေနီနီလှိုင်က အိတ်တီဝမ်းတွေ ၊ ပဂ္ဂီတွေ တလွှားလွှား ဝတ်ပြနေလိုက်သည်မှာ 'တူနိုင်မယ်မထင်ကြနဲ့ ကိုးဆယ်ဆကွာလိမ့်မယ်' ဟု ဆိုနေသယောင်ရှိလေသည်။ သို့ သော် ဒီနေရာမှာ တော့ လှမျိုးခင်တို့က အားကစားစိတ်ဓာတ် အပြည့်ရှိသည်။ အနိုင်အရှုံးသည် ပဓာနမဟုတ်၊ ယှဉ်ပြိုင်ခြင်းသာ အဓိကမို့ တတ်နိုင် သမျှတော့ ပြိုင်လိုက်ချင်သေးသည်။
ခုတလောတော့ ကောင်းကောင်းပင် အိပ်မပျော်ချင်၊ ဘုရားကိုး ဆူသို့ ပဂ္ဂီလေးတစ်ထည်လောက်မှ ဝတ်မသွားနိုင်လျှင် စိတ်မချမ်းသာ သော ရောဂါ နှင့် သေရလိမ့်မည် ထင်သည်။
'အမေ ခြောက်တောင်ပါတိတ်ဝယ်မယ်ဆို'
ပဂ္ဂီ ဝယ် ဖြစ်လျှင် သူ့အတွက် ဝမ်းဆက်ယူပြီး ကျန်အစကို သမီးအား စကတ်ချုပ်ပေးမည် ဟု ပြောထား၍ သမီးကလည်း မကြာ ခဏ မေးတတ်သည်။ သမီးသည် ရှစ်နှစ် မပြည့်သေးသော်လည်း အမေ့ သမီးပီပီ အလှအပ အဝတ်အစားများ ကို မက်မောနေတတ်ပြီ ဖြစ်သည်။
'နီနီလှိုင်တို့လို ထည်လဲမဝတ်နိုင်ရင်တောင် တစ်ထည်လောက် တော့ ရှိချင်တယ်'
ရင်ထဲစိတ်ထဲတွင် ထိုအတွေးကသာ ချာချာလည်နေလေသည်။ အခုနေသာ သိကြားမင်း နားကင်းကြီးနှင့် ဆင်းလာပြီး 'လိုရာဆု တောင်း စေ' ဟု ပြောလျှင်ပင် 'ပဂ္ဂီ' ဟု အော်မိလေမည် လား မပြောတတ်။
'ခင်ဗျား ကတော့ ပဂ္ဂီရူး ရူးနေပြီ၊ ခွေးရူး ဝက်ရူးကမှ ကုစရာ ဆေးရှိသေးတယ်၊ ခင်ဗျား ပဂ္ဂီရူး ကတော့ ဗလာနတ္တိ ဆေးမရှိပဲ'
'အံမာ ဘာဆေးမရှိရမှာ လဲ၊ ဒီမှာ မှတ်ထား၊ ရေကြောင့် ဖြစ်တဲ့ ရွှံ့ကို ရေနဲ့ပဲဆေးရတယ်တဲ့၊ ဒါကြောင့် ပဂ္ဂီကြောင့် ဖြစ်တဲ့စိတ်ကို ပဂ္ဂီ နဲ့ပဲ ကုရမှာ ပဲ'
မနက်တုန်း ကတော့ အိမ်ကလူနှင့် ပင် စကားများ ရသေးသည်။ သူက မျက်နှာထားရော အသံရော တင်းပစ်သော ကြောင့် ထင်သည်၊ အိမ်ကလူကြီးက တဟဲဟဲနှင့် ရယ်သွမ်းသွေးကာ လျှော့သွားသည်။ 'ဟုတ်တာပေါ့ကွာ မှန်တာပေါ့၊ ပဂ္ဂီကြောင့် ဖြစ်တဲ့စိတ်ကို ပဂ္ဂီနဲ့ကုမှပဲ ပျောက်တော့မှာ ပေါ့'ဟု ပြောလေသည်။ သူ့မျက်နှာက ပြုံးတုံ့တုံ့မို့ ငါ ပြောတာ သဘောပေါက်သွားပြီဟု တွေးကာ ကျေနပ်မိသည်။
ဒီနေ့တော့ တော် တော် လေးကံကောင်းနေသည်၊ သိကြားမင်း ကြီး ဆင်းလာလျှင်ပင် လှမျိုးခင်တို့ ဒီလောက်ဝမ်းသာလိမ့်မည် မထင်၊ အခုတော့ မခင်ဝေ တစ်ယောက် နံနက်ထမင်းစားအပြီး သရက်စေ့ ထိုင် စုပ်နေချိန်ဝယ် ပဂ္ဂီထုပ်ကြီးနှင့် ပေါက်ချလာလေသည်။
'အစ်မရဲ့ အစ်ကိုဝမ်းကွဲ တစ်ယောက် စင်္ကာပူမှာ သွားပြီး အလုပ် လုပ်တာလေ၊ အဲဒါပြန်လာလို့ ပါလာတာ ကြည့်ပါဦး မမျိုးရယ်၊ အဆင် တွေ က လှမှလှ၊ ဆန်းမှဆန်း၊ နောက်ပြီး ဈေးကလည်း သွင်းဈေးပဲ ပေးရမှာ ၊ တစ်ထည်မှ နှစ် ရာတည်း'
'အောင်မယ်လေး ဝမ်းသာလိုက်တာ'
လှမျိုးခင် တစ်ယောက် တကယ်ပင် ဝမ်းသာလုံး ဆို့သွားရှာ သည်။ စင်္ကာပူက တိုက်ရိုက်လာသော အထည်များ ဆိုတော့ ဈေးထဲက အဆင်တွေ ထက် ဆန်းမှာ တော့ သေချာသည်။ ငွေကျတော့လည်း သက် သာသည်။ အိမ်တိုင်ရာရောက်လည်း ရသည်။ တစ်လတစ်ရာနှင့် နှစ် လ ခွဲဆပ်၍ လည်းရသည်။ ကဲ ဒါကိုမှ မရယူရင် လှမျိုးခင် နင့်လောက် မိုက်တဲ့မိန်းမတော့ ရှိတော့မှာ မဟုတ်ဘူးဟု ကိုယ့်ကိုကိုယ် ပြောရသည်။ လလယ်ပိုင်း ရောက်ပြီမို့ ပိုက်ဆံအိတ်ထဲတွင် အိမ်စရိတ် တစ်ရာ့ ငါး ဆယ်သာ ကျန်တော့သည်၊ မီးဖိုချောင်တွင် လည်း ဆီက ကုန်ခါနီး ပြီ၊ ကြက်သွန်လည်းမရှိတော့။ သားကလည်း မိုးကာအင်္ကျီပူဆာနေသည်၊ ကုန်စရာတွေ က အများ ကြီး ရှိနေသေးသည်မို့ လှမျိုးခင် သက်ပြင်းချမိ သည်၊ သို့ သော် ထိုအတွေးများ ကို ချက်ချင်း ပင် ခေါင်းထဲမှ မောင်းထုတ် ပစ်လိုက်သည်၊ ဒါတွေ ကို ထည့်စဉ်းစားနေလျှင် ပဂ္ဂီနှင့် ဝေးရတော့မည် ။ 'အို မတတ်နိုင်ဘူး' ဟု တွေးပြီး ရာတန် တစ်ချပ် ပစ်ပေးလိုက် သည်။
လာလေရော့ 'ပဂ္ဂီ'၊ နောက်မှ ရောက်ရား၊ ဆားနှင့် ပင် စားရ စားရ။
Ä
'ပဂ္ဂီ'ကို ကိုအောင်ရွှေလည်း လိုချင်သည်ပင်။
သို့ သော် သူလိုချင်သော ပဂ္ဂီမှာ သူ့မိန်းမ လှမျိုးခင် လိုချင် သော ခြောက်တောင်ပါတိတ်တော့မဟုတ်။ ဖြူဖြူ၊ ဝင်းဝင်း၊ အိအိ၊ ထွေးထွေး၊ လှလှပပ ကောင်မလေး ဖြစ်သည်။
ကောင်မလေးအမည် က 'ပဂ္ဂီ' တဲ့။
'ရတယ်လို့တော့ ပြောတယ်ဗျ၊ ဒါပေမယ့် အတိအကျမသိဘူး ဖြစ်နေတယ်၊ ကောင်မက မှင်တော့ အကောင်းသား'
ပဂ္ဂီအား ကိုအောင်ရွှေ စတွေ့ တုန်းက သူ့ကို ငေးရသည်နှင့် ခလုတ်တိုက်ပြီး ခြေမပင် ကွဲရသည်၊ လှတော့ အတော် လေး လှသည်၊ အိမ်ကမိန်းမ လှမျိုးခင်ထက် ဆယ်ဆမသာတောင် ငါးဆလောက်တော့ သာသည်။ 'ဘယ်က ကောင်မလေးလဲဗျ' ဟု သူတို့ရုံးက အဘိဓာန်ကြီး ကိုတင်စိုးကို မေးသော အခါမှ မျက်လုံးပြူးရတော့သည်။ အမယ်လေး လေး။ ဒီကောင်မလေးကို ရနိုင်သည်ဆိုပဲ။
'ကြေး ကတော့ ကြီးတယ်ဗျ'
'ဘယ်လောက်များ လဲဗျာ'
'အတိအကျတော့ မသိဘူး၊ တစ်ဆင့်စကားပဲ၊ နောက်ပြီး အမြဲ တမ်းလည်း မဟုတ်ဘူး၊ တစ်ခါတစ်ရံမှပဲတဲ့'
'ဘယ်လို တစ်ခါတစ်ရံလဲ'
'သြော်ဗျာ ခင်ဗျားကလဲ သူ ငွေလိုတဲ့ အခါပေါ့ဗျာ'
'ဘယ်လို အခါများ မှ ငွေလိုပါ့မလဲနော်'
သူက အဖျားတက်သံနှင့် ညည်းမိသည်။ ကောင်မလေး အဖေ အမေတွေ ဖျားနာကြပါစေ၊ အကြွေးတင်ကြပါစေ။ ထိုပဂ္ဂီသည် ဤပဂ္ဂီ များ ကို များများ ဝတ်ချင်ပါစေဟု ချက်ချင်း ဆုတောင်းမိသည်။ သို့ မှ သာ ငွေလိုမည် မဟုတ်ပါလား။
'အဆက်အသွယ်လေး ဘာလေးရှာပေးစမ်ပါဗျာ၊ ကြေးလေး ဘာလေးလည်း စုံစမ်းပါဦး'
'ဘာလဲ လိုချင်လို့လား'
'ဒီလောက်နိပ်တာလေး လိုချင်ပြီလားဗျာ၊ ဘယ့်နှယ် ပြောပါ လိမ့်၊ ခုရရင် ခုပဲဗျို့'
'ကြေး ကတော့ ကြီးမှာ နော'
'ကြီးကြီးဗျာ'
'ပေးနိုင်တယ်ပေါ့လေ'
'ပေးမယ်ဗျာ၊ မသကာ တစ်လလုံး ဆားနဲ့ စားရရုံပေါ့၊ ဒါမျိုး လေးများ ဆိုရင် အောင်ရွှေတို့က တစ်ညကို တစ်လနဲ့ လဲသဗျ'
သူက စိတ်အားထက်သန်စွာ ပြောမိသည်၊ သူက အရက်ကို ကြုံလျှင် သောက်သော်လည်း သိပ်မကြိုက်၊ ဖဲကို ကြုံလျှင် ရိုက်သော် လည်း သိပ်မစွဲ၊ အစားကောင်းကို ကြုံလျှင်စားသော်လည်း သိပ်မမက်၊ အဲ ဒါမျိုးလေးဆိုလျှင်တော့ ဖဲထက် လည်းကောင်း၊ အရက်ထက် လည်း ကောင်း၊ အစားထက်လည်းကောင်း ပိုပြီးကြိုက်လေသည်။ ဝါသနာက လည်း ခပ်ပါပါမို့ ကြုံလျှင် ကြုံသလို၊ မကြုံပြန်တော့လည်း မကြုံလို့မို့ ကြုံရန် ကြိုးစားတတ်လေသည်။
ကိုယ့်သား ကိုယ့်မယားကို မချစ်လို့တော့ မဟုတ်၊ လှမျိုးခင် သည် သူ သုံးနှစ် သုံးမိုးပိုးပြီးယူထားသော မိန်းမ ဖြစ်သည်။ သားနှင့် သမီး ကိုတော့ မိန်းမထက်ပင်ပိုပြီးချစ်သေးသည်၊ သို့ သော် ချစ်သည်က ချစ် သည်တစ်ပိုင်း၊ ဝါသနာက ဝါသနာတစ်ပိုင်း ဖြစ်သည်၊ အထင်အရှား နောက် တစ်ယောက် ယူရန်တော့ စိတ်မကူးမိသေး။ သို့ သော်လည်း ဒီလို ကြုံစရာကလေးများ ကိုတော့ ကြုံလျှင် ကြုံသလို ကြုံရန် ငွေကုန်ကြေး ကျခံလေ့ရှိသည်။
ဘဝဆိုတာ နေဖို့ ထိုင်ဖို့ စားဖို့ သောက်ဖို့လောက်ပဲ အမြဲရုန်း ကန်နေရတာ ၊ ဒီလိုဖြေဖျော်မှု လေးတွေ လည်းရှိဦးမှ နေပျော်တော့မှာ ပေါ့။
သူ့ကိုယ်သူတော့ ခွင့်လွှတ်စရာ အကြောင်းပြချက် ကောင်း ကောင်းရှိသည်။
'ဟင်းပြောင်း ဟင်းလွှဲလေးဆိုတာ စားပေးရတယ်၊ တစ်မျိုး တည်း ကြာရှည်စွဲစားနေရင် ခံတွင်းပျက်တတ်ပါဘိသနဲ့'
ဝါသနာတူ အပေါင်းအသင်းများ ရှေ့တွင် တော့ ရယ်သွမ်းသွေး ပြီး ပြောမိသည်၊ မတတ်နိုင်သော အခါတွင် လည်း မတတ်နိုင်သည့် အလျောက် လက်သုပ်စုံလောက်နှင့် ပြီးကာ တတ်နိုင်သော အခါများ တွင် လည်း ဟိုတယ်တက်ပြီး ဝက်သားပေါင်း စားချင်သည်။ ငါးမြင်းခေါင်း ခဲချင်သည်။ သို့ သော် ခုအထိတော့ ဝက်သားပေါင်းတွေ ၊ ငါးမြင်းခေါင်း တွေ မစားနိုင်သေးပေ။ လက်သုပ်စုံလောက်နှင့် ပင် ပြီးနေရသော ကြောင့် တယ်တော့ မကျေနပ်လှ။ အစားအသောက်က ဈေးပေါသော်လည်း ပင်နဆလင်ဖိုးက ထိလှသည်။
'ပဂ္ဂီ ကတော့ တကယ့်ကို သန့်သန့်ပြန့်ပြန့်လေးပါ၊ ရုပ်က လည်း ခင်ဗျားမြင်တဲ့ အတိုင်းပဲဗျာ'
အဘိဓာန်ကြီးကိုတင်စိုးကပြောတော့ သူကခေါင်းကို တဆတ် ဆတ်ညိတ်ကာ ထောက်ခံမိသည်။
မနက်ကျတော့ သူ့မိန်းမလှမျိုးခင်က 'ရေကြောင့် ဖြစ်တဲ့ ရွှံ့ကို ရေနဲ့ပဲ ဆေးရတယ်၊ ပဂ္ဂီကြောင့် ဖြစ်တဲ့စိတ်ကိုလဲ ပဂ္ဂီနဲ့ပဲကုရမှာ ပဲ' ဟု ပြောသည်။ တစ်သက်နှင့် တစ်ကိုယ် သူ့မိန်းမ ပြောသမျှစကားတွေ ထဲ တွင် ဒီတစ်ခွန်းအကြိုက်ဆုံး ဖြစ်သည်။ 'ဟုတ်တာပေါ့၊ မှန်တာပေါ့'ဟု ခပ်သွက်သွက် ထောက်ခံပစ်လိုက်သည်၊ ဟုတ်သည်။ ပဂ္ဂီကြောင့် ဖြစ် သော စိတ်ကို ပဂ္ဂီနှင့် ပင် ကုရမည် ။
'နှစ် ရာတဲ့'
'ဟာ မနည်းပါလား'
'အေးလေ၊ ကြေးကြီးတယ်ဆိုကာမှ'
'ဟင်'
'သူက သူ့အိမ်ကို အိုဗာတိုင်ရှိတယ်ပြောထားပြီး ဣနြေ္ဒမပျက် အိမ်ပြန်မှာ ၊ ဒါကြောင့် မို့လို့ ညဘက်တော့ မ ဖြစ်ဘူးတဲ့'
'အင်းလေ၊ ဘယ်တတ်နိုင်မလဲ၊ နေရာရော'
'ရှိပါတယ်'
ဒီနေ့တော့ ကံကောင်းသွားသည်၊ ကိုတင်စိုး၏ ကျေးဇူးကြောင့် ပွဲစားနှင့် ဆက်မိလေသည်၊ နှစ် ရာဆိုတော့ သူနည်းနည်း တွန့်သွားမိ သည်။
'နှစ် ရာဆိုတော့ များ တော့ များ တယ်နော်'
'များ တော့ များ တာပေါ့၊ ဒါပေမယ့် မများ ဘူး'
လူပွဲစားက ခပ်ပြုံးပြုံးလေးဆိုသည်။
'ငွေနှစ် ရာဆိုတာ ဖိနပ်ကောင်းတစ်ရံပဲ ရတာ ပါဗျာ၊ ရှန်ထဘီ တစ်ထည်ဝယ်လိုက်ရင် ကုန်ရော၊ ရေမွှေးဆိုရင်လည်း ကောင်းကောင်း ဆို တစ်ပုလင်းပဲရမှာ ၊ နေမကောင်းလို့ ဆေးဝယ်သောက်ရရင်တော့ လောက်မှာ တောင်မဟုတ်ဘူး၊ သူ့အဖေအသားဝါ ရောဂါ ဖြစ်လို့ ဒရစ်(ပ်) သွင်းရမှာ က တစ်ရာ့ခုနစ်ဆယ်တဲ့၊ ကဲ'
ဒီလိုဆိုတော့လည်း ဟုတ်တုတ်တုတ်မို့ သူဘာမှ ပြန်မပြော ချင်တော့။ သူ့အိတ်ထဲတွင် ငွေမရှိသေးတော့ ငွေရပေါက်ကို တွေးရ သည်။ ဟိုလိုလို ဒီလိုလိုနှင့် ညနေကျတော့ နှစ် ရာ ပြည့်သွားသည်။
'ညနေဗျနော်၊ ညနေ'
သူက ချက်ချင်း ပင် ချိန်းမိသည်၊ ဒီ ရောဂါ ကို အမြန်ကုမှ ဖြစ် မည် ။ ပဂ္ဂီကြောင့် ဖြစ်သော စိတ်ကို ပဂ္ဂီနှင့် ပင် အမြန်ဆုံး ကုရမည် ။
ညနေကျတော့ ရုံးဆင်းအောင်မနေတော့။ နှစ် ချက်ခွဲ သုံးနာရီ လောက်ရှိတော့ အသာကလေး လစ်ပြီး အိမ်ပြန်လာသည်။ ချိန်းထား သော နေရာကို ငါးနာရီခွဲအရောက်သွားရမည် ။ နောက်ကျမခံချင်။ စော စောပြန်ပြီး ရေမိုးချိုး၊ မှု န်နံ့သာသပြီး ပြန်ထွက်၊ ငါးနာရီထက် တစ်မိနစ် မှ နောက်ကျလို့မ ဖြစ်၊ နှစ် ရာကြီးများ တောင် ပေးထားရတာ မို့ အချိန် သည် တန်ဖိုးရှိလှသည်။
'အင်း မိန်းမကို ဘယ်လိုဖြီးရပါ့မလဲ၊ အိုဗာတိုင်ရှိတယ် ဆိုပြန် ရင်လည်း ဘာ ဖြစ်လို့ နေ့ခင်းမလုပ်ဘဲ ပြန်လာရသလဲ ဖြစ်နေဦးမယ်၊ အင်း ရုံးက သူငယ်ချင်း တစ်ယောက် မင်္ဂလာဆောင်လို့ လူပျိုည ကျွေး တာလို့ ညာပြောလိုက်မယ်၊ ဟဲ ဟဲ၊ အဲဒါကောင်းတယ်၊ မယုံရင်လည်း နည်းနည်း ပါးပါးချော့ရမှာ ပေါ့'
သူက ချော့ဖို့ စိတ်ကူးပြီးပြန်လာသော်လည်း မိန်းမက သူ့ကို ဆီးချော့တော့ သူ တော် တော် အံ့အားသင့်သွားသည်။
'ဟော မောင်တောင်ပြန်လာပြီ၊ စောလှချေကလား မောင်ရဲ့ ၊ နေမကောင်းလို့လား'
မိန်းမက သောက်ရေအိုးထဲမှ ရေတစ်ခွက်ကို အပြေးအလွှား ခပ်ပေးသည်၊ သူ့ဘေးတွင် ကျုံ့ကျုံ့ကလေးထိုင်ကာ ယပ်ခပ်ပေးသည်၊ သူက မောချင်ဟန်ဆောင်ပြီးခြေပစ်လက်ပစ်ထိုင်သည်၊ မျက်လုံးကို မှေး စင်းပြီး မိန်းမအား အကဲခတ်သည်၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ ဘာ တစ်ခုခုမှန်းတော့ မသိသေး။ သို့ သော် မကြာခင် သိမှာ ပဲ ဆိုတာကိုတော့ သိသည်။ ထို့ကြောင့် အသာငြိမ်နေလိုက်သည်၊ ခဏနေတော့ မိန်းမက လေချိုချို ပျော့ပျော့လေးနှင့် ခေါ်သည်။
'မောင်ရေ'
'အင်...'
'ဒီမှာ ကြည့်စမ်း'
'ဘာလဲ'
'ဒီမှာ လေ မလှဘူးလား'
မိန်းမက အဆင်ရှုပ်ရှုပ်၊ အရောင် စုံစုံ အစတစ်စကို ဖြန့်ပြ သည်။
'ပဂ္ဂီလေ မောင်ရဲ့ ၊ နှစ် ရာတည်းနဲ့ရလိုက်တာ'
'ဘာ'
သူက လန့်ပြီးအော်မိသည်၊ သူ့အကြောင်းကို သိပြီး သူ့မိန်းမ က တည့်တည့်ပြောလိုက်သည်ဟုပင် ထင်လိုက်မိသည်၊ မြတ်စွာ ဘုရား၊ ဒီပဂ္ဂီနှင့် ဟိုပဂ္ဂီ ဈေးခြင်းအတူတူပါလား။
'ဈေးတော့ နည်းနည်း ကြီးတာပေါ့ မောင်ရယ်'
'အဲ...'
'ဒါပေမယ့် တန်ပါတယ်'
'ဟုတ်လား'
'ယူလိုက်ရမလားဟင်'
'ခင်က လိုချင်လို့လား'
'မေးနေရသေးလား မောင်ရယ်'
အင်း နှစ် ရာဆိုတော့ နှမြောတော့ နှမျောစရာ၊ ဒီပဂ္ဂီမယူလျှင် ဟိုပဂ္ဂီကိုသာ တစ်ခါထပ်ရနိုင်သည်ဟု သူကလည်း သူ့ဝါသနာနှင့် သူ တွေးမိသည်။ မိန်းမက 'ယူလိုက်ရမလား' ဟု လေချိုကလေးနှင့် မေးနေ သော်လည်း ယူပြီး ဖြစ်ကြောင်း သူသိသည်။ 'မယူနဲ့' ဟု ဆိုလျှင် ရန် ဖြစ် ရုံသာရှိမည် ။ သူလည်း ဟိုပဂ္ဂီဆီကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားရမည် မဟုတ်။
'ပဂ္ဂီနှစ် ရာနဲ့ရတာ တန်သလား မိန်းမရ'
'သိပ်တန်တာပေါ့ မောင်ကလည်း'
'ဒီလိုဆို ယူလိုက်ပေါ့ကွာ'
သူက သူ့အတွေးနှင့် သူ ပြုံးပြုံးကြီး ပြောလိုက်သည်၊ သူ့ဆီမှ ခွင့်ပြုချက်ရတော့ လှမျိုးခင်ခမျာ တော် တော် ပျော် သွားသည်၊ ဆယ့် ခြောက်နှစ် ရွယ် အပျိုမလေးလို မြူးပြီး ရွှင်သွားသည်။
'မောင် ရှပ်အင်္ကျီလိုချင်ရင် ကျန်တဲ့အစ ချုပ်လိုက်ပါလား၊ ခင်က ထဘီတစ်ထည်စာပဲ ယူမယ်လေ'
'နေပါစေကွာ၊ မောင်က ဒီပဂ္ဂီမကြိုက်ပါဘူး'
သူက သူ့အဓိပ္ပာယ်နှင့် သူ ပြောသည်။ ခါတိုင်းလိုသာဆိုလျှင် 'ဟင် ဒါက ဘာစကားလဲ၊ ဒီပဂ္ဂီမကြိုက်တော့ ရှင်က ဘယ်ပဂ္ဂီကြိုက်နေ လို့တုန်း' ဟု ကက်ခနဲ ရန်ထောင်သံကြားရမည် ဖြစ်သော်လည်း ဒီ တစ်ခါတော့ မရွှေလှမျိုးခင်တို့က သူ့ စကားကို ဂရုထားမိပုံပင်မပေါ်။ မှန်ရှေ့ပြေးပြီး ပဂ္ဂီကို ခါးမှာ ကပ်ကြည့်နေသည်။
'ဒီပဂ္ဂီက တကယ်လှတာ မောင်ရဲ့ '
'ဟိုပဂ္ဂီကလည်း တကယ်လှတာပါကွာ'
သူက စိတ်ထဲမှပြောသည်။
'ဒီပဂ္ဂီကို နှစ် ရာနဲ့ရတာ တကယ့်ကို တန်တာ'
'ဟိုပဂ္ဂီကို နှစ် ရာနဲ့ရတာ လည်း တန်လိမ့်မယ်ထင်ပါရဲ့ ကွာ'
သူက စိတ်ထဲမှ ပြောသည်။
လှမျိုးခင်လည်း ပျော်နေသည်။
ကိုအောင်ရွှေလည်း ပြုံးနေသည်။
ပြုံးပျော်ခြင်းဟူသည်မှာ ဘဝအာဟာရ။
အဟောသုခံ ချမ်းသာစွ။
(ချယ်ရီ ၁၉၈၄ သြဂုတ်)
ဒါတော့သိဘူးလေ
အသက်လေးဆယ်ကျော်ပြီ ဖြစ်သော တိုင်ကပ်နာရီကြီးကို မှု န်ရီမွဲသီ သော မျက်လုံးများ နှင့် မော်ကြည့်မိသည်၊ လေးနာရီထိုးကာနီးပြီ။ အဖေ ကြီးနှင့် တကွ အမေ့သားတွေ အမေ့သမီးတွေ အသီးသီးပြန်လာကြရန် အချိန်နီးပြီ။
အမေသည် လက်ထဲမှ စိပ်ပုတီးကို လက်ကောက်ဝတ်တွင် အသာပတ်လိုက်ရင်း ထိုင်ရာမှ ထသည်၊ ထမင်းအိုးကို အခုနေ တည် ထားပါမှ မိသားစုထမင်းဝိုင်းတွင် မပူမအေး ခပ်နွေးနွေး ထမင်းကလေး ကို စားရမည် ဖြစ်သည်။ အဖေကြီးက ဟင်း ချေးမများ သော်လည်း ထမင်း ကျတော့ အတော် လေး ချေးများ လေသည်။ ဆန်ကောင်း ဆန်ညံ့ရွေးပြီး ကြီးကျယ်သည်တော့မဟုတ်။ ဖိုပေါ်မှ ချကာစ ပူလွန်းသော ထမင်းကို လည်း မစားတတ်၊ အေးစက်နေသော ထမင်းကြမ်းကိုလည်း မစား တတ်၊ ချက်ပြီး တဖြည်းဖြည်း အပူလျော့လာသော ထမင်းနွေးနွေး ကလေးကို စားတတ်လေတော့ အမေ၏ ဦးနှောက်က ထမင်းချက်ချိန်၊ ကျက်ချိန်နှင့် ၊ စားချိန်ကို အစဉ်အမြဲ ချိန်ရ တွက်ရ စဉ်းစားနေရလေ သည်။
'ပြည့်သူဆိုင်ကလည်းတော် ၊ ဘယ်တော့များ မှ ကောက်ကြီး ဆန် ပေးပါ့မလဲ မသိပါဘူး'
အမေက မဆုံးသေးသော သံဗုဒ္ဓေကို ဆက်ရွတ်နေရင်း ကြား ဖြတ် စဉ်းစားမိသည်။ 'ဒီတစ်ခါဆိုရင်တော့ အပြင်က ဆန်ကောင်း ကောင်းလေး တစ်တင်းလောက်ဝယ်ပြီး ရောစားမယ်၊ တစ်တင်း တစ်ရာ ကျော်လည်း ကျော်ပေါ့၊ တစ်ခါတလေပဲဟာ၊ ဘာ ဖြစ်သေးလဲ၊ အဖေကြီး လခက သုံးရာ၊ သားကြီးက ငါးရာ့လေးဆယ်၊ သမီးကြီးက သုံးရာ့ငါး ဆယ်၊ သားငယ်က နှစ် ရာ့ အစိတ်၊ ကဲ နည်းတဲ့ဝင်ငွေလား' ဟု ဆက်၍ စဉ်းစားမိတော့ သံဗုဒ္ဓေကို ဆက်ရွတ်ရန် မေ့သွားလေသည်။
တစ်ချိန်တုန်း ကတော့ အမေတို့ တော် တော် လေး ကျပ်တည်း ခဲ့သည်။ အဖေကြီးတစ်ဦးတည်း၏ လစာနှင့် သားသမီးတွေ အကုန်လုံး စားစရိတ်၊ ကျောင်းစရိတ်ကို ထမ်းရလေတော့ မနိုင်ဝန်ကို ထမ်းရသည် သို့ ရှိလေသည်။ သမီးကြီးက ဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက် မတက်ဘဲ အလုပ်ဝင်လုပ်ခဲ့သော ကြောင့် သာ အဖေကြီးခမျာ အသက်ရှူ သာသွားခြင်း ဖြစ်လေသည်။ အခုတော့ သားနှစ် ယောက် လည်း ပညာစုံ ပြီ၊ အလုပ်ကိုယ်စီနှင့် ဝင်ငွေလေးတွေ လည်း အသီးသီး ရှိလာပြီဆိုတော့ အမေသည် ခါတိုင်းရပ်နေကျ ဘဲဥဆိုင်ရှေ့တွင် နေ့တိုင်း ရပ်စရာ မလို တော့ဘဲ ကြက်သားဆိုင် ဆိတ်သားဆိုင်ရှေ့တွင် လည်း တစ်ခါတစ်ရံ ရပ်နိုင်ပြီ ဖြစ်သည်။ တစ်ခါတစ်ရံလည်း 'ရှင်အေးမေ ဘာရခဲ့တုံး၊ ကျွန်မ တော့ ပုစွန်ထုပ်ချဉ်လေး ကောင်းတာနဲ့ ဝယ်လာခဲ့တယ်၊ ကြက်သွန်ဖြူ လေး လှီးထည့်၊ ပင်စိမ်းရွက်လေးအုပ်ပြီး ဆီရွှဲရွှဲငရုတ်သီးစပ်စပ်နဲ့ သုတ် စားရအောင်လေ' ဟု ခပ်ကျယ်ကျယ်လေး ပြောနိုင်ပြီ ဖြစ်သည်။
စိတ်ကသာ ဟိုတွေး ဒီတွေး တွေးနေသော်လည်း ဆန်ချင်ရာ တွင် တော့ မမှား။ အကျင့်ပါနေသော လက်က ဆန် နို့ဆီဘူး သုံးလုံးကို ထမင်းအိုးထဲထည့်အပြီး ဆန်ပုံးကို အလိုလို ပိတ်မိပြီး ဖြစ်နေသည်။ အမေ စပါးလုံးရွေး၊ ဆန်ကွဲပြာ၊ ဆန်ချင်၊ ထမင်းအိုးတည်၊ ထမင်းရည် ငှဲ့ခဲ့သော နှစ် ကာလကလည်း ရွှေရတုသဘင်ပင် ကျင်းပလို့ ရနေပြီဆို တော့ ဒီလက်တွေ ကလည်း ပြေးလမ်းကျင့်ထားသော မြင်းလို အလိုလို လှုပ်ရှားတတ်နေပြီထင်သည်။
'မနက်တုန်းက ငါးဖယ်ဆုပ်ကျန်တာနဲ့ မြင်းခွာရွက်ဟင်းချို လေး ထပ်ချက်လိုက်မယ်ဆိုရင် တော် ရောပေါ့၊ ငါးပိရည်ကိုတော့ ရေ ထပ်ထိုးပြီး ကျိုလိုက်ဦးမယ်၊ တို့စရာအတွက်တော့ သခွားသီးလေး တစ်လုံး ကျန်သေးတယ် ထင်ပါရဲ့ '
အမေက ထမင်းအိုးကို ဖိုပေါ်တင်ပြီး ဆက်၍ တွေးပြန်သည်။ တစ်နေကုန် တစ်ယောက် တည်း နေရသော သူ့အတွက်တော့ အတွေး သည်သာ အကောင်းဆုံးအဖော် ဖြစ်လေသည်။ သူက အိမ်လည်း မလည် တတ်၊ စာကိုလည်း ဖတ်လေ့ဖတ်ထမရှိ၊ သီချင်းလည်း မညည်းတတ် ဆိုတော့ လုပ်စရာရှိသည်များ ကို လက်က လုပ်ရင်း တွေးစရာရှိသည် များ ကိုလည်း စိတ်ကတွေးရင်း တစ်နေကုန်ရတတ်လေသည်။
'တညင်းသီးကလည်း ခုထိကို ပေါ်မလာသေးဘူး၊ တစ်ရာကို ငါးကျပ်၊ ခြောက်ကျပ်ဈေးလောက်နဲ့ရမှ သုံးလေးရာဝယ်ပြီး ဆားစိမ် ထားလိုက်ဦးမယ်'
အမေ့အတွေးက သခွားသီးမှနေပြီး တညင်းသီးသို့ ခုန်၍ ကူး သွားပြန်လေသည်။
'တညင်းသီးဆားစိမ် ကတော့ ဟုတ်ပါရဲ့ ၊ အိမ်သာကို ရေ လောင်းလို့ မနိုင်အောင် နံတာက ခက်လှတယ်၊ အင်း ငါတို့ကလည်း ဘာလို့များ နံနံစော်စော် အသီးကို မက်မက်မောမော ကြိုက်နေကြတယ် မသိပါဘူး၊ ဒုက္ခ ဒုက္ခ'
အမေက ထမင်းအိုးတည်ထားစဉ် သံဗုဒ္ဓေဆက်၍ ပုတီးစိပ် မည် စဉ်းစားထားသော်လည်း အတွေးနောက် တကောက်ကောက် ပါနေ သော စိတ်အလျဉ်ကြောင့် မေ့သွားပြန်လေသည်။
စကာထဲ ထည့်ထားသော သခွားသီးလေးကို ယူကာ အခွံသင် ရေဆေးပြီး အဆင်သင့်စားနိုင်ရန် အပိုင်းလေးတွေ လှီးသည်၊ မြင်းခွာ ရွက်ကို ရေဆေးပြီးတော့ ထမင်းအိုးပွက်ပွက်ဆူလေသည်။
ယောက် မနဲ့ လှမ်းမွှေစဉ် ပွက်ခနဲ ပွက်လာသော ထမင်းရေ စက်က လက်ခုံသို့ လာစင်တော့ တွန့်ခနဲ ဖြစ်သွားသည်။
'အင်း ဒီလောက်ကလေး စင်တာတောင် ပူလိုက်တာ၊ ငရဲပြည် ရောက်ပြီး ငရဲမီးများ အလောင်ခံရရင် ဘယ်လောက်များ ပူလိုက်မလဲ မသိဘူး'
အမေက စဉ်းစားရင်း ပခုံးကို အလိုလိုကြုံ့ထားမိလေသည်။ ငရဲပြည်ဆိုတာ ဘယ်မှာ ရှိသလဲ၊ မြေကြီးထဲမှာ လား၊ အသေအချာ မသိ သော်လည်း လောကကြီး၏ တစ်နေရာ၌ တကယ်ပင်ရှိသည်ဟု အမေ ယုံကြည်သည်။ မိမိပြုလုပ်သော ကောင်းမှု အတွက်သော်လည်းကောင်း၊ မကောင်းမှု အတွက်သော်လည်းကောင်း၊ ကောင်းကျိုး ဆိုးကျိုး ဟူသည် မှာ ရှိလည်း ရှိသင့်သည်။ ထို့အပြင် ရှိလည်း ရှိရမည် ။
'တစ်နေ့တုန်း ကတော့ ကြက်သားသည် အလေးခိုးလိုက်တုန်း က သူတို့မို့လို့ ငရဲမကြောက် ဘာမကြောက် တစ်ကျပ် တစ်ပြားအတွက် နဲ့ လုပ်ရဲလိုက်တာ' ဟု အိမ်မှာ မကျေမနပ် ပြန်ပြောမိတော့ သားငယ်က နောက်နောက်ပြောင်ပြောင် ပြောနေကျ သူ့ဝါသနာအတိုင်း 'အမေက လည်း သူတို့က ငရဲဘယ်ကြောက်တော့မလဲ၊ ဆီပူအိုးထဲမှာ ဆီမှမရှိ တော့တာ၊ ဈေးကြီးလို့ မဝယ်နိုင်ဘူးတဲ့' ဟု ရယ်စရာပြောတာ သတိရမိ သည်။ သမီးကြီးက သူ့မောင်၏ ထိပ်ကို လှမ်းခေါက်ကာ 'အံမာ ဆီမရှိ လည်း ရေနဲ့ပြုတ်လို့ ရတာ ပါပဲနော်'ဟု ဆိုတော့ သားငယ်က 'ရေနဲ့ပြုတ် စရာ မီးသွေးလည်း မရှိတော့ဘူး၊ ငရဲသားတွေ က မီးသွေးကို ဝါးစား လိုက်ကြပြီ' ဟု ကဲ၍ ပြောကာ တဟားဟားရယ်ရင်း နေရာမှ ထပြေး သွားလေသည်။
'ဘာပဲ ဖြစ် ဖြစ် တို့များ ကတော့ ငရဲကိုသိပ်ကြောက်တာပဲ၊ ဆီ ပူနဲ့ အကြော်မခံရလည်း မကောင်းတာလုပ်တဲ့သူဟာ မကောင်းတာ ပြန် ဖြစ်တတ်တာပဲ၊ စေတနာအကျိုးပေးတယ်ဆိုတာ နောင်ဘဝအထိ တောင် စောင့်တာမဟုတ်ဘူး၊ တစ်ခါတလေ လက်ငင်းကို အကျိုးပေး တတ်တာ'
အမေက ထမင်းရည်ငှဲ့ရင်းက ဆက်၍ စဉ်းစားသည်။
'ဒီနေ့ ငါးဖယ်ဆုပ်သည်ကျတော့လည်း တရားလွန်တယ်၊ တစ်ဆယ်သား ခြောက်ကျပ်ဆိုတာ နည်းတဲ့ဈေးလား၊ ဒီလောက် ဈေး ကြီး ဆိုပြီး ရောင်းနေမှတော့ မှန်မှန်ကန်ကန်ရောင်းပေါ့။ ပါးစပ် ကတော့ အော်နေလိုက်တာ၊ ငါးဖယ်အစစ်ကိုစား အစစ်ကို စားတဲ့။ နောက်ပြီး ငါးပုတ်သင်ရောထားတယ်၊ အဲဒါ ကတော့ တကယ့်ကို မတရားလောဘ'
အမေကတွေးရင်း ဒေါသ ဖြစ်လာသည်၊ တစ်ဆယ်သား ခြောက်ကျပ်ဆိုတာ နည်းနည်း နောနောဈေးမဟုတ်၊ တစ်အိမ်သားလုံး ညမနက်စားဖို့ဆိုတော့ အစိတ်သားဝယ်ရသည်၊ အစိတ်သားဆိုတော့ ဆယ့်ငါးကျပ်၊ ထိုဆယ့်ငါးကျပ်ဖိုးကို မနက်စာ ညစာ လောက်လောက် ငင စားနိုင်ရန်၊ ထမင်းဘူးလေးဘူး လှလှပပထည့်နိုင်ရန်အတွက် လက် သည်းခွံလောက် အလုံးလေးတွေ လုံးရသည်၊ မျက်စိကိုလှည့်စားပြီး ဟင်း များ သည်ထင်ရန် ပြုလုပ်ခြင်း ဖြစ်လေသည်၊ အမေသည် စိတ်ပညာကို မသင်ခဲ့သော်လည်း ဘဝက သင်လေတော့ ဒီလောက်တော့ အလိုလို တတ်လေသည်။ ထိုသို့ တိုရေရှားရေ ဝယ်ရသော ငါးဖယ်တွင် ငါး ပုတ်သင်ရောလေပြီဆိုတော့ ဘယ်လိုထောင်းထောင်း တန်းပြည့် ငါး ဖယ် အစစ်လို စီးပြီး မာမလာတော့။ အသားက ပွစိစိ၊ အနံ့က အောက် တောက်တောက်နှင့် မို့ လွှတ်ပစ်လောက်အောင်လည်း မချမ်းသာ၊ စားရ ပြန်တော့လည်း ဒေါသ ဖြစ်နှင့် အကုသိုလ် များ လှသည်။ ငါးဖယ် အကောင်ကို သုံးဆယ် လေးဆယ်ဈေးလောက် ဝယ်နေရသော အချိန် တွင် ငါးပုတ်သင်က ခုနစ်ကျပ် ရှစ်ကျပ်လောက်နှင့် ရတတ်သည်။ ဒီ တော့လည်း ဈေးကြီးတွင် ဈေးနည်းကို ရောထည့်သလောက် အမြတ် များ နေသည်။ 'သူလည်းလေ၊ လောဘသားပေမို့၊ ရောချင်လှပေလိမ့် မယ်' ဟု ကရုဏာရှုထောင့်ကကြည့်ပြီး တရားနှလုံးသွင်းကာ ခွင့်လွှတ် ချင်လို့ကလည်း ဘာမှမလုပ်တတ်၊ 'အ သူ ခံစတမ်း' ဟူသော နိယာမ သည် ကျောက်ခေတ်ကတည်းက စပေါ်လာခဲ့သည် ဖြစ်ရာ ကမ္ဘာပျက် သည်အထိ ဆက်လက်တည်ရှိသွားမည် ဖြစ်လေသည်။
'တကယ်က ငါအလို့ ခံရတာ ပဲ၊ ငါးဖယ်နဲ့ငါးပုတ်သင်ကို ခွဲပြီး မှမသိတာ'
မသိတာမှ တကယ့်ကိုမသိခြင်း ဖြစ်သည်။ ငါးဖယ်ခြစ်နှင့် ငါး ပုတ်သင်ခြစ်ကို မထောင်းခင် မထုခင် မကြော်ခင် မလှော်ခင် အမေက ဘယ်လိုမှ ခွဲခြားပြီးမသိ။ တစ်ခါခံရရုံနှင့် လည်း မမှတ်၊ ဈေးသည်က ငါးဖယ်ရိုးတွေ ရှေ့မှာ ပုံထားပြီး 'ငါးဖယ် အစစ်တွေ နော်' ဟု အော်ပြန် လျှင် ယုံမိပြန်သည်သာ ဖြစ်သည်။
'နက်ဖြန်ခါကျမှ ငါးဖယ်လည်း မစစ်ဘူးလို့ ပြောလိုက်ဦး မယ်၊ ဒီတော့လည်း သူက တစ်ပြန်စီးပြီး ဒေါင်းတင်မောင်းတင်နဲ့ ဘယ် မှာ လဲ ပြန်ယုလာခဲ့ဆိုမှအခက်၊ စစ်စစ် မစစ်စစ် စားလို့ ကတော့ ကုန်ပြီ'
အမေက ထမင်းအိုးကို တစ်ချက်နှစ် ချက်ဆောင့်ကာ မီးဖိုပေါ် ပြန်တင်သည်။ သံဗုဒ္ဓေပုတီးပတ်ကို ဆက်စိပ်ရန် စိတ်ကူးမိစဉ် 'အမေ ရေ တံခါးဖွင့်ပါဦးဗျ' ဟူသော အသံကို ကြားရသည်။ အမေက လက်ထဲ ရောက်နေသော ပုတီးကို လက်ကောက်ဝတ်တွင် ပြန်ပတ်သည်။ ရုံး အနီးဆုံးမို့ အရင်ဆုံးရောက်လေ့ရှိသော သားငယ်ပြန်လာပြီ။ တစ်နေ့ ခင်းလုံး တိတ်ဆိတ်ငြိမ်သက်နေသော အမေ့အိမ်ကလေး ဆူညံစိုပြည် လာတော့မည် ။
'မင်းငါးဖယ်ကလည်း သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ စစ်တယ် ထင်ပါရဲ့ ကွာ'
'အိုဗျာ ငါးဆယ်ရာခိုင်နှုန်းလောက်တော့ စစ်ပါတယ်အဖေရဲ့ '
'ဈေးနည်းလို့ အတုရောတယ်ဆိုရင်ထားပါတော့၊ ဒီလောက် တောင် ဈေးကြီးကြီးနဲ့ရောင်းပြီး တစ်ခါထပ် အတုရောထားတယ်ဆို တာ ကတော့ တရားလွန်တာပေါ့၊ အမြတ်ကို နှစ် ခါယူတာ'
'အို အမကလည်း ဘယ်က မှာ လဲ၊ အလေးကရော မှန်တယ် ပြောနိုင်လို့လား၊ အလေးခိုးပြန်တော့ သုံးခါမြတ်ကရော'
ညနေထမင်းဝိုင်းကျတော့ အမေ့ငါးဖယ်က ဇာတ်လိုက် ဖြစ် နေသည်။ အဖေကြီးနှင့် တကွ သားတွေ သမီးတွေ တစ်ယောက် တစ် ပေါက် ပြောနေသည်ကို နားထောင်ရင်း အမေက ငါးဖယ်သည်ကို အခါ ခါ မေတ္တာပို့နေမိလေသည်။
'အဲဒါမတရားလောဘကွ၊ မင်းငါးဖယ်သည်တော့ ချမ်းသာလှ ရောပေါ့ အမေကြီးရေ့၊ ရွှေလက်ကောက်တွေ ဆင်ပြီး ဝတ်မထားဘူး လား'
'ဟင့်အင်း၊ ကလေးကို ရင်ခွင်ထဲထည့်ပြီး နို့တိုက်ရင်း ဒူး ထောင် ပေါင်ကားနဲ့ ငါးဖယ်ခြစ်နေရတာ နွမ်းလို့ နယ်လို့'
အမေက ငါးသည်မလေး၏ နွမ်းနယ်ပန်းလျသော သဏ္ဌာန် ကို ပြန်၍ စဉ်းစားမိသည်။ 'အဲဒါ စေတနာ အကျိုးပေးတာပေါ့၊ သူများ ကို အကောင်းမရောင်းတော့ သူရောချမ်းသာလို့လား' ဟု ဆက်၍ တွေး သည်။
'သူလည်း လက်ဖက်ရည်ဖိုးရှာတာပေါ့အမေရာ၊ ကျွန်တော် တို့ လို ရုံးမှာ လုပ်တဲ့သူတချို့ကျတော့ ရုံးကိစ္စနဲ့ပက်သက်ရာ ပတ်သက် ကြောင်း ကိစ္စလေးတွေ ဆောင်ရွက်ပေးတော့ ပတ်သက်တဲ့သူတွေ ဆီက လက်ဖက်ရည်ဖိုးလေးဘာလေး ရတယ်မဟုတ်လား'
သားကြီးက ခပ်ပြုံးပြုံးပြောသည်၊ အမေတို့မိသားစုတွင် သား အကြီးက စာအဖတ်ဆုံး ဖြစ်သည်။ ထို့အပြင် အအေးဆုံး အငြိမ်သက် ဆုံး လည်း ဖြစ်သည်။ ပြဿနာ တစ်စုံတစ်ခု ဖြစ်လာလျှင် အဖေက ဒေါသ ဖြစ်ကာ အမေနှင့် သမီးက တဗြစ်တောက်တောက်ပြောတတ်ပြီး သားငယ်က ရယ်မောပစ်တတ်သည်။ သားကြီး ကတော့ 'စဉ်းစဉ်း စား စားလုပ်ကြပါဗျာ၊ အရမ်း မဆုံးဖြတ်ပါနဲ့' ဟု ပြောလေ့ရှိလေသည်။
'အင်း ဦးစဉ်းစားကြီး ကတော့ စဉ်းစားပြီးရင်း စဉ်းစားရင်းနဲ့ ရည်းစားထားဖို့တောင် အခါခါ စဉ်းစားနေပုံပဲ၊ ဒီလိုပုံနဲ့တော့ အသက် လေးဆယ်ကျော်ရင်တောင် မိန်းမရမှာ မဟုတ်ဘူး'
သားငယ်က သူ့အစ်ကိုကြီးအား ထောမနာပြုလေ့ရှိသည်။
အမေက ထမင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စားရင်း 'အင်း သားကြီးစဉ်းစားတာလည်း မမှားဘူး၊ အခုတော့ ငါတို့မိသားစုလေး တစ်စုတစ်စည်းတည်းမို့ သိုက်သိုက်ဝန်းဝန်းနဲ့မို့ ပြည့်စုံလုံလောက်တယ် ဆိုပါတော့၊ သူတို့တွေ အိမ်ထောင်ပြုသွားရင် တစ်ယောက် စီရဲ့ ဝင်ငွေ ဟာ အိမ်ထောင်တစ်ခုစီရဲ့ ဝင်ငွေ ဖြစ်တော့မှာ ၊ သားတွေ သမီးတွေ တို့လို့ တန်းလန်းမွေးလာရင် ဘယ်လို လုပ်ပြီး လောက်လောက်ငင ရှိတော့မှာ လဲ' ဟု တွေးမိပြီး ရင်ပူသွားသည်။ သားကြီးကလည်း သူတို့ငယ်စဉ်က ခံစားခဲ့ရသော ကျပ်တည်းမှု ဒဏ်ကို အစဉ်အမြဲ သတိတရ ရှိနေဟန်တူ လေသည်၊ ထို့ကြောင့် လည်း အသက်သာ သုံးဆယ်နီးလာသော်လည်း ချစ်ရေး ကြိုက်ရေး အိမ်ထောင်ရေး တွင် တုံ့နှေးတုံ့နှေးလုပ်ကာ ချီတုံချတုံ စဉ်းစားပြီးရင်း စဉ်းစားရင်းနှင့် သူများ လက်သို့ သာ တစ်ဦးပြီးတစ်ဦး ပါကုန်တတ်လေသည်။
'ဒူးယားတွေ လည်း ဈေးကောင်းလိုက်တာ တစ်တောင့်ကို ကောက်ဈေး ရှစ်ဆယ့်ငါးကျပ်တဲ့'
အဖေကြီး၏ အတွေးကမူ လက်ဖက်ရည်ဖိုးကနေပြီး စီးကရက် ဖိုး ဆီသို့ ရောက်သွားလေသည်။
'အံမာ အဖေက ဒူးယားအတောင့်လိုက် ဝယ်သောက်မလို့ လား၊ ဟား ဟား'
'ထီပေါက်အောင် စောင့်လိုက်ဦးမယ် သားရေ'
အဖေကြီးက တခြားအပျော်အပါး ဘာမှမရှိသော်လည်း ဆေး လိပ်တော့ ကြိုက်သည်။ ပထမ တစ်လိပ်ပြားသုံးဆယ်၊ ထို့နောက် တစ်ကျပ် သုံးလိပ်ဆိုတုန်းက တစ်ခါတစ်ရံဝယ်ပြီး သောက်တတ်သည်။ ယခုတော့ တစ်လိပ်ကို ငါးမူး၊ ပြားခြောက်ဆယ် ဖြစ်နေပြီဟု ဆိုသည်။ အဖေကြီးမတတ်နိုင်တော့၊ သားကြီး ပဲခူးမြို့ကို အလုပ်ကိစ္စနှင့် သွားတိုင်း အပြန်တွင် အစည်းလိုက် ဝယ်လာတတ်သော 'ပူစီ' ဆေးလိပ်ကိုသာ သားနှင့် အတူတူရောပြီး ခဲရတော့သည်။
'ဒီနေ့ မင်းတို့အမေမှာ လိုက်လို့ ဆပ်ပြာသွားဝယ်တာဟေ့၊ ရွှေဝါတစ်ပိုင်း ဆယ့်နှစ် ကျပ်ဆိုလို့ အင်္ကျီကို ဆပ်ပြာမတိုက်ဘဲ ရေနဲ့ပဲ လျှော်တော့မယ်လို့ပြောပြီး ပြန်လာခဲ့တယ်၊ ဒူးယားက အဲဒီ ကုန်စုံဆိုင်မှာ သူများ လာသွင်းတာ၊ ဘယ်သူလာသွင်းတာလဲတော့ ငါ့ကို မမေးနဲ့'
အဖေကြီးက စိတ်တိုလာဟန်နှင့် ခပ်ဆတ်ဆတ်ပြောတော့ သားငယ်က 'သြော် ဂလိုကိုး' ဟု ပြာလောင်လေသံနှင့် ပြောကာ ငြိမ် သွားလေသည်။
အမေတို့ ထမင်းဝိုင်းလေးသည် အတွေးကိုယ်စီနှင့် မို့ ခေတ္တမျှ ငြိမ်သွားသည်၊ အမေက ပန်းကန်ထဲတွင် ကုန်နေပြီ ဖြစ်သော ငါးပိရည် ကျဲကို ထပ်ဖြည့်ရင်း ငရုတ်သီးမှု န့်ပုလင်းကို အကုန်သွန်မှော က်ချလိုက် သည်၊ ပုလင်းဖင်တွင် ကပ်နေသော ငရုတ်သီးမှု န့် အကပ်အသတ် ကလေးများ က ငါးပိရည်ပန်းကန်ထဲသို့ မဆင်းချင် ဆင်းချင်နှင့် ခုန် ဆင်းလာကြလေသည်၊ မြင်းခွာရွက် ဟင်းချိုကိုလည်း ပန်းကန်ထဲ သွန် မှော က်ဖြည့်လိုက်ရင်း 'စီးကရက် တစ်တောင့် ခြောက်ဆယ် မြတ်တော့ ရော ကြက်တစ်ပိဿာ၊ ဝက်တစ်ပိဿာ ဝယ်လိုက်ရင် ကုန်ရောပေါ့၊ ငါးမြင်းတို့ ပုစွန်ကျားတို့ စားချင်ရင်တော့ တစ်ပိဿာတောင် မရဘူး၊ ငါးဆယ်သား စီပဲရမှာ ' ဟု စဉ်းစားမိတော့ ပြုံးချင်ချင် ဖြစ်သွားလေ သည်။
'သမ္မတရုံမှာ သန်ဘက်ခါ ကားသစ်လဲမယ်ဗျ'
အမေ့အတွေးက ငါးမြင်းဗိုက်သားဆီ ရောက်နေသော်လည်း သားငယ်၏ အတွေးကမူ ရုပ်ရှင်ရုံသို့ ရောက်သွားသည်။
'ဒီနေ့ ကြိုတင်လက်မှတ်သွားလုပ်တာ၊ ကျွန်တော့် ရှေ့မှာ နည်း တဲ့လူတန်းကြီး မဟုတ်ဘူးဗျာ'
'ကြည့်မယ့်သူတွေ လား'
'ဟင့်အင်း ပြန်ရောင်းမယ့်သူတွေ '
'နေပါဦး မင်းကရော ကြိုတင်လက်မှတ် ဘာလုပ်ဖို့ သွားဝယ် တာလဲ'
'ကြည့်ဖို့ပေါ့ အစ်ကိုရ'
'ဘယ်သူနဲ့လဲ'
'ဟာဗျာ၊ သိသားနဲ့'
သားကြီးကမေးတော့ သားငယ်သည် အမေ့ကို ခိုးကြည့်ကာ မလုံမလဲ ပြုံးသည်၊ အမေက ခွင့်လွှတ်ပြုံး ပြုံးနေလိုက်သည်၊ သားငယ် ၏ အသက်က ယခုလာမည့်  သြဂုတ်လဆိုလျှင် နှစ် ဆယ့်သုံးနှစ် ပြည့်ပြီ၊ အမေက ငယ်သေးသည် ထင်သော်လည်း အခြားသူများ က လူလား မြောက်ပြီဟု သတ်မှတ်ထားပြီး ဖြစ်သည်။ ချစ်သူရည်းစား ထားသည်ကို အပြစ်တင်ဆူပူနေလို့လည်း ရမည် မဟုတ်၊ အချိန်တန်လျှင် အဝေးသို့ ပျံကြမည် မှာ သဘာဝ မို့၊ အဖေတို့ အမေတို့က ခွင့်လွှတ်ဖို့သာရှိသည်။
သားငယ် ကတော့ အစ်ကိုနှင့် အစ်မလို ရှည်ရှည်ဝေးဝေး စဉ်း စားတတ်သူ မဟုတ်ပေ။ လှတာမြင်လျှင် ကြိုက်ချင်ချင် သဘာဝ မို့ ကြိုက်လိုက်၊ ကွဲလိုက်နှင့် ယခုလက်ရှိ အသက်အထိ ချစ်သူသုံးဦး လေး ဦးတော့ ရှိပြီးပြီ ထင်သည်။
'လက်မှတ်ရော ရခဲ့လား'
'ဘယ်ရမှာ လဲ'
'ဒီလိုဆို မင်း ရုံးချိန်ကြီး လစ်ထွက်ရပြီး မောတာပေါ့'
'အင်း မောတာပေါ့၊ ဒါပေမယ့် ဝတ္ထုလေးတစ်ပုဒ်တော့ စိတ် ကူးရလာတယ်'
'ဘာတဲ့တုံး'
သားငယ်က စာပေဝါသနာပါသည်။ အစ်ကိုကြီးလောက် စာ မဖတ်သော်လည်း စာတိုပေစ၊ ကဗျာတို ကဗျာစလေးများ ကို ရေး တတ် သည်။ သူ့ကဗျာလေး စာလေးများ ကိုဖတ်ပြီး သူ့အစ်ကိုကြီးက 'မင်းဟာ က အတွေးနည်းနည်း နုနေသေးတယ်' ဟု ဝေဖန်လျှင် 'ရင့်ချိန်တန်တော့ ရင့်မှာ ပေါ့ဗျာ၊ ကျွန်တော် က အစ်ကို့လို အဘိုးကြီးမှ မဟုတ်တာ' ဟု နှုတ်လှန်ထိုးတတ်လေသည်။
'ကျွန်တော့ရှေ့က မှော င်ခို၊ ပြီးတော့ ကျွန်တော် ဆိုပြီးတော့ လေ၊ မကောင်းဘူးလား'
'အံမာလေး၊ အဲဒီ ဝတ္ထုကြီးကိုတော့ လက်ညောင်းခံပြီး ရေး မနေ ပါနဲ့တော့ဟယ်၊ စိတ်ကူးဘဝကတည်းက အမှိုက်ပုံးထဲသာ ကြိုကြို တင်တင် ထည့်ပစ်လိုက်'
သမီးကြီးက ရယ်ရယ်မောမောနှင့် အားပေးစကားဆိုတော့ သားငယ်၏ မျက်နှာလေး ရှုံ့သွားသည်။ အစ်မ ဖြစ်သူအား မကျေမနပ် နှင့် ကြည့်သည်။
'အစ်မကလည်း တကယ့်ကြည့်ချင်တဲ့လူက တစ်နေရာစာကို သုံးလေးကျပ် အမြတ်ပေးရမှာ ဗျ၊ တရားသလား'
အဖေကြီး၏ သက်ပြင်းချသံကို ကြားရသည်၊ အမေကလည်း ရောယောင်ပြီး ပင့်သက်ရှိုက်သည်၊ ထမင်းပန်းကန်ထဲတွင် နောက်ဆုံး ကျန်နေသေးသော ထမင်းလုတ်တစ်လုတ်စာပေါ်သို့ ငါးပိရည် ထပ် ဆမ်းပြီး သခွားသီးစိတ်ကလေး မြှုပ်လိုက်သည်။
'လူတွေ လည်း ပျက်စီးလိုက်ကြတာဟယ်'
နောက်ဆုံးထမင်းလုတ်ကျမှ ကံဆိုးသည်၊ ငါးပိရည်က အငန် ကဲရသည့်အထဲ သခွားသီးကလည်း ထိပ်ပိုင်းကျသွားလို့လားတော့မသိ၊ ခါးလှသည်၊ ပါးစပ်ထဲရောက်ပြီးတော့ ထွေးမထုတ်ချင်သည့်အတွက် ကျိတ်မှိတ်ဝါးပြီး မျိုချလိုက်သည်။
'သူတို့အပြစ်ကြီးပဲလည်း မဟုတ်သေးဘူး အမေရဲ့ ၊ ကြိုတင် တစ်စောင်ကို လေးယောက် စာ၊ တစ်ယောက် စာကို နှစ် ကျပ် သုံးကျပ် အမြတ်ရတယ်ဆိုတော့ တစ်မနက်ခင်း လာစီရုံနဲ့ တစ်ဆယ်ဝန်းကျင်မှာ အမြတ်ရတာ ကိုး'
'ဒါပေမယ့် နေ့စားလုပ်တယ်ဆိုတာ သမ္မာအာဇီဝ အစ်ကိုရ၊ ဒါက ခေါင်းပုံဖြတ်တာ'
'သူတို့ ကတော့ အဲဒီ လို စဉ်းစားမှာ မဟုတ်ဘူး ငါ့ညီ'
'ဒါကြောင့် ပျက်စီးတယ်ပြောတာပေါ့'
'အေးလေ၊ ဒါပေမယ့် အကြောင်းနဲ့ အကျိုးဆိုတာ အပြန် အလှန် ဆက်သွယ်မှု ရှိတယ်'
ပါးစပ်က ငံရ ခါးရသည့်အထဲ ဦးစဉ်းစားကြီးက ရှေ့နေ အလိုက် ကောင်းနေတော့ အမေ အတော် လေး စိတ်တိုလာသည်။
'ကဲ ကိုယ်တော် ကြီး ငါးဖယ်ခြစ်ထဲ ငါးပုတ်သင်ရောတာကို ရော၊ ကျုပ်က ငါးသည်ကို အပြစ်မတင်လို့ ဘယ်သူ့ကို အပြစ်တင်ရ မလဲ၊ မိန့်တော် မူပါဦး၊ ဘယ်လိုအကြောင်းနဲ့ ဘယ်လိုအကျိုးလဲ အမိန့် ရှိပါဦး'
အမေက ခပ်ငေါ့ငေါ့ပြောတော့ သားငယ်က တဟားဟား ထရယ်သည်၊ သားကြီး ကတော့ အမေ့မျက်နှာကို ခပ်ငေးငေး ကြည့်နေ ပြီးမှ သူ့ခေါင်းကို သူကုတ်ကာ မရယ်ချင့်ရယ်ချင်နှင့် ရယ်သည်၊ ထို့ နောက် ပင့်သက်ကို မသိမသာရှိုက်သည်။
'ဒါတော့ သိဘူးလေ' ဟု ခပ်တိုးတိုး ခပ်လျော့လျော့ ပြောလေ သည်။
(သဘင်)
![]() ငြိုးမာန်ဖွဲ့သူရယ် | ![]() ဆဌဂံ | ![]() ပန်းပွင့်ခရေ နှင့် အခြားဝတ္ထုများ |