Cover

နိဒါန်း

ကျွန်မကို ကိုးလလွယ်ကာ ဆယ်လတွင် မွေးဖွား ပေးခဲ့သော ကျေးဇူးရှင်မိခင်နှင့် တကွအခြားအခြားသော မိခင်များ အား ဤ 'ဆဋ္ဌဂံ' ဝတ္ထုဖြင့် ဂုဏ်ပြု ပူဇော်ပါသည်။

မစန္ဒာ

ရဟန်းတို့၊ အကြောင်းသုံးရပ်၏ ပေါင်းဆုံခြင်းကြောင့် ပဋိသန္ဓေ ကိုယ်ဝန်တည်မှု ဖြစ်၏ ။ မိဘနှစ် ဦးတို့လည်း ပေါင်းဖော်ကုန်၏ ။ အမိကလည်း ဥတုလာပြီးစ ဖြစ်၏ ။ အမိဝမ်းသို့ရောက်ထိုက်သူ သတ္တဝါလည်း ရှေ့ရှုတည် လျက် အသင့်ရှိ၏ ။ ဤ အကြောင်းသုံးရပ်၏ ပေါင်းဆုံ ခြင်းကြောင့် ပဋိသန္ဓေကိုယ်ဝန်တည်မှု သည် ဖြစ်နိုင်ပေ၏ ။

ရဟန်းတို့၊ ထိုကိုယ်ဝန်(သန္ဓေသား)ကို မိခင် သည် ကိုးလ ဖြစ်စေ၊ ဆယ်လ ဖြစ်စေ ဝမ်းဖြင့် လွယ်ရ ၏ ။ မိမိနှင့် ကလေးပါ အသက်ရှင်ရေး အတွက် ကြီးစွာ သော သံသယဖြင့် လေးလံသော ဝန်ကြီးကို လွယ်ရ၏ ။ ထိုကိုယ်ဝန်ကို ကိုးလလွန်သော အခါ၌ ဖြစ်စေ၊ ဆယ်လ လွန်သော အခါ၌ ဖြစ်စေ၊ မိမိနှင့် ကလေးပါ အသက်ရှင် ရေး အတွက် ကြီးစွာ သော သံသယဖြင့် လေးလံသော ဝန် ကြီးကို မွေးဖွားရ၏ ။ မွေးဖွားပြီးနောက် သားငယ်ကို မိမိ၏ သွေးဖြင့် တိုက်ကျွေး မွေးမြူရ၏ ။ အမိ၏ နို့ရည် သည် သာသနာတော် ဝေါဟာရဖြင့် သွေးမည် ၏ ။

[မဟာတဏှာသင်္ခါရသုတ်]

အခန်း(၁)

သတ္တိ ကတော့ အတော့်ကို ကောင်းသည်။

တစ်အိုးလည်း မစားနိုင်၊ တစ်အိမ်လည်း မနေနိုင်ဘဲ အိမ် ထောင်ပြုရဲကြသူ နှစ် ဦးမှာ အောင်အောင်(ကြံတိုင်းအောင်)နှင့် နွေးနွေး တို့ ဖြစ်ကြလေသည်။

''အဖေတို့ အမေတို့က နာမည် ပေးတဲ့နေရာမှာ တော့ အထူးပဲ မောင်၊ ဘယ်သူမှ လိုက်လို့ မမီဘူး၊ သိပ်ပြီး တော် တာ''

အောင်အောင်က ကော်ဖီမစ်ထုပ်ကလေးကို ဆွဲဖောက်ပြီး ရေ နွေးထဲ ထည့်လိုက်သည်။ ထို့နောက် ဇွန်းသေးသေးလေးနှင့် နာနာ ခေါက်သည်။ ဒီလက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ဒီကော်ဖီလေး တစ်ခွက်ကို နွေးနွေး မလာမချင်း အချိန်ဆွဲကာ သောက်ရင်း စောင့်ရ သည်မှာ သူ၏ နေ့စဉ်ဝတ္တရားတစ်ခု ဖြစ်လေသည်။

'အစ်မကြီးကို စိန်ရွှေမြတဲ့'

'အင်း'

ဖိုးဇော်က ခေါင်းညိမ့်သည်။ အောင်အောင်၏ အစ်မအကြီးဆုံး ဖြစ်သော စိန်ရွှေမြကို သူ တစ်ခါမြင်ဖူးသည်။ ရုပ်ရည်လေး သနား ကမား ရှိသော်လည်း ကလေးတွေ တို့လို့တွဲ လောင်းနှင့် ပင်ပန်းနွမ်းနယ် နေဟန်ရှိသည်ကို သတိထားမိခဲ့သည်။

'အစ်မလတ်နှစ် ယောက် ကျတော့ စိန်ရွှေမိုးတဲ့၊ စိန်ရွှေမျိုးတဲ့၊ ဟာ ဟ၊ နာမည် စီးလို့လားတော့ မသိဘူး၊ သူတို့မှာ ဘာစိန် ဘာရွှေမှ လည်း မရှိဘူး'

'စိန်မရှိပေမယ့် အဲဒါထက် အဖိုးတန်တဲ့ စက်ရှိတယ်လေကွာ ဟုတ်ဘူးလား၊ အဲဒီ စက်ကမှ တကယ်ပိုက်ဆံ ဖြစ်တာ'

ဖိုးဇော်က သူ့ကို အားပေးသလို ပြောသည်။ ဟုတ်သည်၊ သူ၏ အစ်မလတ် နှစ် ယောက် တွင် စက်ကလေး တစ်လုံးရှိသည်။ သူ များ တကာတွေ လိုဆန်စက်တို့၊ ဆီစက်တို့၊ သွပ်ပြားစက်ရုံတို့၊ ခေါက် ဆွဲ စက်ရုံတို့တော့ မဟုတ်ချေ။ ခြေနင်းစက် စုတ်စုတ်ကလေး တစ်လုံးသာ ဖြစ်ပါသည်။

ခြေနင်းပြားနေရာက မူလီချောင်နေသဖြင့် နင်းလိုက်တိုင်း ဂျိန်း ဂွမ်း၊ ဂျိန်း ဂွမ်းနှင့် စည်းချက်ကျကျ မြည် နေသော်လည်း အလုပ် တော့ ဖြစ်နေသားပင်၊ တစ်ဦးက ချုပ်နေလျှင် ကျန်တစ်ဦးက အင်္ကျီညှပ် သည်။ အမေ ကတော့ ကော်ကပ် တာပေါ့လေ။

'ငါ့ကိုကျတော့ ကြံတိုင်းအောင်တဲ့'

ဒီတစ်ခါတော့ ဖိုးဇော်လည်း သူ့ကိုကြည့်ကာရယ်သည်။ ကြံ တိုင်း မအောင်သော မောင်ကြံတိုင်းအောင်အကြောင်းကို အတွင်းသိ အစင်းသိမို့ မရယ်ဘဲလည်း မနေနိုင်။

'အင်း အောင်လိုက်တဲ့ အကြံတွေ ၊ မိန်းမချောချောလှလှလေး တစ်ယောက် ကို ပေါက်ပေါက်မြောက်မြောက် ခိုးပြေးပြီးတာတောင် အတူ မနေနိုင်တဲ့ဘဝ၊ တောက်'

အောင်အောင်က တောက်တစ်ချက် ခေါက်ရင်း ဖိုးဇော်နှင့် အတူ လိုက်၍ ရယ်မိသည်။ ရယ်မယ့်သာ ရယ်ရသော်လည်း ရင်ထဲတွင် တော့ မရွှင်။ အို မရွှင်ရုံမျှ မကပါ၊ ငိုချင်နေပါသည်၊ တကယ့်ကို ငို ချင်နေပါသည်။

သူနေသည်က အင်းစိန်လမ်းမကြီးဘေးတွင် တန်းလျက် ဆောက်ထားသော ရှစ်ထပ်တိုက်ကြီးများ မှာ ဖြစ်သည်။ မြင့်မားသော အဆောက်အအုံကြီးများ မှာ လေထဲသို့ လွင့်ပြီး တက်နေဟန်ရှိသည်။ အောင်အောင်သည် သူတို့ဌာနေ တိုက်တန်းရှည်ကြီးများ ကို မော်ကြည့် ရင်း မောဟိုက်ဟိုက်ကြီး ဖြစ်နေသည်။ မျက်နှာစာ တစ်ဆယ့်နှစ် ပေ၊ အလျား ပေလေးဆယ်သာရှိသော တိုက်ခန်းလေးများ သည် ဗီရို ရှည် ရှည်ကြီးတစ်လုံးတွင် အထပ်လိုက် ထိုးထည့်ထားသော အံဆွဲလေးများ နှင့် တူသည်။ အောင်အောင်နေသည်က ဒီဘက်တိုက်၏ ခုနစ်လွှာ မြောက် အံဆွဲ၊ နွေးနွေးနေသည်က ဟိုဘက်တိုက်၏ ခြောက်လွှာမြောက် အံဆွဲ၊ အကြောင်းကိစ္စကြီးငယ် ရှိလျှင်ပင် ဒီအံဆွဲမှဟိုအံဆွဲဆီသို့ သွားရ မည့် ခရီးမှာ နီးလျက်နှင့် မောလှသည်။

'ဆယ့်ခြောက်နှစ် နဲ့ ရည်းစားထားဖို့ မစဉ်းစားနဲ့၊ ရည်းစားဦးနဲ့ ရတယ် ဆိုတာ ရှားပါတယ်၊ ဆယ့်ခြောက်နှစ် နဲ့ ရည်းစားထားဖို့ မစဉ်း စားနဲ့၊ ရည်းစားများ လို့ နာမည် ပျက်တာ မကောင်းပါကွယ်'

လက်ဖက်ရည်ဆိုင်က ဖွင့်ထားသော သီချင်း ဆိုတော့လည်း ထုံးစံအတိုင်း ကျယ်ကျယ်လောင်လောင်ပင်။ ဖိုးဇော်က သူ့ရှေ့မှ ကော်ဖီ ခွက်ကို တစ်ငုံတလေပင် မသောက်သေးဘဲ စားပွဲခုံ ပုပုလေးကို လက် နှင့် ခေါက်ကာ စည်းချက်လိုက်နေသည်။

အောင်အောင် ကတော့ အစွန်းစွန်း အကွက်ကွက် ဖြစ်နေသော သစ်သား စားပွဲမျက်နှာပြင်လေးကို ငုံ့ကြည့်ရင်း နွေးနွေးကို မြင်ယောင် နေသည်။ နွေးနွေးကို သူ စပြီး သတိထားမိသည်က ရူပဗေဒကျူရှင်မှာ ဖြစ်သည်။ ဆရာက ကျောက်သင်ပုန်းပေါ်တွင် ကြေးမုံခုံးနှင့် ကြေးမုံခွက် ပုံများ ကိုဆွဲပြီး အလင်းတန်းများ အကြောင်းကို ရှင်းလင်းပြနေချိန်တွင် ဆီးငန်စေ့ခိုးစားနေသော ဆံပင်တိုတို မျက်လုံးဝိုင်းဝိုင်းနှင့် ကောင်မလေး သည် နောင်တစ်ချိန်တွင် သူ၏ ချစ်သူ ဖြစ်လာခဲ့လေသည်။

'ငါ ရည်းစားထားတော့ ဆယ့်ရှစ်နှစ် ပြည့်ခါနီး နေပါပြီ'

အောင်အောင်သည် သူ့ကိုယ်သူ ချက်ချင်း ခွင့်လွှတ်လိုက် သည်။ ရည်းစားဦးနှင့် ရသော သူရှားသော်လည်း သူက ရည်းစားဦးနှင့် ရခဲ့သည်မို့ ရှားရှားပါးပါး လူသား တစ်ယောက် များ ဖြစ်နေမလားဟု တွေးရင်း ပြုံးလိုက်မိသည်။

နွေးနွေးနှင့် သူက တစ်ရပ်ကွက်တည်းသားတွေ ဖြစ်သည်။ ကျောင်းချင်း မတူသော်လည်း ကျူရှင်ချင်း တူသည်။ စာမတော် တာချင်း လည်း တူသည်။ ကိုးတန်းတွင် တစ်ခါ၊ ဆယ်တန်းတွင် တစ်ခါ ကျဖူး တာချင်းလည်း တူသည်။ မင်းသားထဲတွင် လွင်မိုးနှင့် မင်းသမီးထဲတွင် ထက်ထက်မိုးဦးကို ကြိုက်တာချင်းလည်း တူသည်။ အဆိုတော် ထဲတွင် ဇော်ပိုင် ကြိုက်တာချင်းလည်း တူသည်။ တရုတ်ကား ကြိုက်တာချင်း လည်း တူသည်။ စာရေး ဆရာထဲတွင် နီကိုရဲ ကြိုက်တာချင်းလည်းတူ သည်။ မာမီးခေါက်ဆွဲနှင့် စတားကိုလာ ကြိုက်တာချင်းလည်း တူသည်။ ပန်းထဲတွင် နှင်းဆီပန်း ကြိုက်တာချင်းလည်းတူသည်။ နောက်ပြီး အနီ ရောင် ကြိုက်တာချင်းလည်း တူသည်။ သြော် နောက်ပြီး ကော်ဖီမစ် ကြိုက်တာချင်းလည်း တူကြသေးသည်။ ကဲ ဒီလောက်တောင် အကြိုက် ချင်း တူနေမှတော့ နွေးနွေးဟူသည့်ကောင်မလေးကို သူ ကြိုက်မိခဲ့သည်မှာ ဘာမှမဆန်းဟု ထင်ပါသည်။

ထို့ကြောင့် ကျူရှင်ဆရာက ရှေ့ဘက်တွင် အားတက်သရော သင်ပြနေချိန်တွင် သူတို့က နောက်ဘက်မှနေပြီး မျက်လုံးချင်း စကား ပြောနေကြလေသည်။ နောက်တော့ ရည်းစားစာတွေ အပြန်အလှန် ရေး ကြသည်။ အသည်းပုံကပ်ပြားတွေ ၊ ကဗျာတွေ လက်ဆောင်ပေးကြ သည်။ တစ်ဦး၏ အိပ်မက်ထဲကို ကျန်တစ်ဦးက ညတိုင်း အလည်သွားသည်။ ဒီလိုနှင့် ပင် စာမေးပွဲကြီးဖြေဆိုရမည့် အချိန် ရောက်လာသည်။ စာမေးပွဲပြီးလျှင် ကျူရှင်တက်ရတော့မည် မဟုတ်။ ကျူရှင် မတက်ရ လျှင် တစ်ယောက် နှင့် တစ်ယောက် နေ့စဉ်တွေ့ ရမြင်ရတော့မည် မဟုတ်။ တကယ် မ ဖြစ်သေးသော်လည်း တွေးကြည့်ရုံနှင့် ပင် မျက်ရည်စို့စို့ ဝဲချင် လာလေသည်။

နောက်ဆုံးနေ့ ဝိဇ္ဇာတွဲ ဖြေပြီးသော အခါတွင် ကား အိမ်မပြန် တော့ဘဲ သန်လျင် ကျောက်တန်းဘက်သို့ နှစ် ဦးသဘောတူ ထွက်ပြေးခဲ့ ကြသည်။ တစ်ယောက် မျက်နှာကို တစ်ယောက် တစိမ့်စိမ့်ကြည့်ကာ ကြည်နူးနေချင်သော စိတ်ကလေး တစ်ခုတည်းကို အရင်းတည်ပြီး မိုက် မဲခဲ့ကြခြင်း ဖြစ်လေသည်။ ဘယ်နေရာမှာ ဘယ်လိုနေပြီး ဘယ်လိုဘဝ ကို တည်ဆောက်ကြမည် နည်းဟု သူတို့နှစ် ဦးလုံးက မတွေးခဲ့ကြပေ။ လောလောဆယ် တည်းခိုစားသောက်ရန် အတွက်လည်း ပူစရာ မလို သေး။ နွေးနွေးမှာ ငါးမူးသားရွှေဆွဲကြိုး တစ်ကုံးပါပြီး အောင်အောင့်မှာ ရွှေလက်စွပ်တစ်ကွင်းနှင့် နာရီတစ်လုံး ပါလာလေသည်။ ထိုပစ္စည်းလေး တွေ ကို ပေါင်နှံရောင်းချပြီး တူနှစ် ကိုယ်တိုင်းပြည်လေးတစ်ခုကို ထူထောင်ခဲ့ကြသည်။

သန်လျင် ကျိုက်ခေါက်ဘုရား၊ ပါဒကြီးဘုရား၊ ကျောက်တန်း ရေလယ်ဘုရား စသည်တို့ကို ကြည်ကြည်နူးနူး လှည့်ပတ်ဖူးမြော်ပြီး သစ္စာစကားတွေ အထပ်ထပ် ဆိုကြသည်။ ထမင်းဆိုင်ပေါင်းစုံကို ပြောင်းလဲစားရင်း သူက နွေးနွေး၏ ပန်းကန်ထဲသို့ အသားဖတ်လေး ထည့်ပေးလိုက် ၊ နွေးနွေးက သူ့ပန်းကန်ထဲ အသည်းဖတ်လေး ထည့် ပေးလိုက် နှင့် ငွေက တဖြည်းဖြည်း ခန်းလာသည်။ ဒီလိုနှင့် ပင် အချိန် တန်တော့လည်း အိမ်ပြန်ခဲ့ရသည်။

'ခုတွေ့ အရမ်းကြိုက်၊ စိတ်ဝင်စား နောက်ကလိုက်၊ ဖုန်းဆက်ပြောလိုက်၊ ခက်မလားလို့ ထင်နေခဲ့တာ လက်တွေ့ ပြောလိုက်၊ တကယ့်ကို လွယ်ပါလား'

ဖိုးဇော်က ကက်ဆက်ထဲမှသီချင်းကို ခေါင်းလေး တညိတ် ညိတ်နှင့် လိုက်ဆိုနေသည်။ ဘေးဘက်ခုံမှ အသက်လေးဆယ်ကျော် လူကြီး နှစ် ယောက် ကမူ 'သူတို့ သီချင်းကလည်း သီချင်းလို့ ပြောလို့သာ သြော် ဒီဥစ္စာ သီချင်းပါလားလို့ ယုံလိုက်ရတယ်၊ နားထောင်ရတာ က သီချင်းနဲ့လည်း ဘယ်လိုမှ မတူပါဘူးဗျာ၊ တစ်ယောက် တည်း ပွစိပွစိနဲ့ မကျေ မနပ် ပြောနေသလိုပဲဗျ' ဟု ပြောသည်။ ကျန် တစ်ယောက် က လည်း ဟားခနဲရယ်ကာ ခေါင်းတညိတ်ညိတ်နှင့် 'ဟုတ်ပဗျာ'ဟု ထောက် ခံနေလေသည်။

အောင်အောင်က ထိုလူကြီးနှစ် ယောက် ကို မသိမသာ စောင်း ကြည့်လိုက်သည်။ အနုပညာကို သူတို့လည်း မခံစားတတ်၊ ခံစားတတ် သူ လူငယ်များ ကိုလည်း အကောင်း မထင်၊ ဒီလို ခွတီး ခွတိုက် တိုက် ဟောင်း တိုက်ဆွေးကြီးတွေ ကတော့ ခေတ်တိုင်းမှာ ရှိနေမှာ ပဲဟု တွေး သည်။ လူကြီးဟူသည့် ပုဂ္ဂိုလ်ကြီးများ သည် လူငယ်များ ၏ ခံစားချက် ကို မသိ။ လူငယ်များ ကို နားမလည်၊ လူငယ်များ ကို မစာနာ၊ လူငယ် များ ၏ အခက်အခဲကိုလည်း စိတ်မဝင်စား၊ သူတို့ အလေးထားသည်က ပထမ ငွေ၊ ဒုတိယလည်း ငွေ၊ ထို့နောက် တတိယလည်း ငွေသာလျှင် ဖြစ်သည်။ ငွေကိုသာ မြတ်နိုး၊ ငွေကိုသာ ကိုးကွယ်၊ ငွေနှင့် သာ တန်ဖိုး ဖြတ်နေကြသော သူများ ဖြစ်သည်။

သူက လူကြီးတွေ ကိုစိတ်နာချင်ချင်နှင့် မို့ ဝါးလုံးရှည်နှင့် သိမ်းကာ ယမ်းသည်။

ခုနကအတွေးကို ပြန်ပြီးဆက်လိုက်ဦးမည် ။ အချိန်တန်၍ အိမ် ပြန်မည့် သာ ပြန်ခဲ့ရသော်လည်း သူတို့နှစ် ဦး၏ ပြည်တော် ပြန်ခန်းသည် သိမ်သိမ်ငယ်ငယ်ရှိလှလေသည်။ ကြိုဆိုမည့် သူမရှိ၊ ပြုံးပြမည့် သူလည်းမရှိ၊ ဘယ်အိမ်ကို တက်ရမည် လည်း မသိ၊ အောင်အောင်၏ မိဘနှစ် ပါး ကလည်း စကားမပြော တုဏှိဘော၊ နွေးနွေး၏ မိဘနှစ် ပါး ကလည်း မတုန်မလှုပ် ကျောက်ရုပ်။

အောင်အောင်တို့၏ တိုက်ခန်းက သိတော် မူကြသည့်အတိုင်း ဆယ့်နှစ် ပေ၊ ပေလေးဆယ်မို့ ကျဉ်းလှသည်။ အဖေ(အဖေက လေဖြတ် ထားသဖြင့် ခြေတစ်ဖက် မသန်ချေ)၊ အမေ၊ အစ်မအပျိုကြီး နှစ် ယောက် နှင့် ပင် ကျပ်နေပြီ ဖြစ်သည်။ အောင်အောင်အိပ်ရသော အိမ်ရှေ့ခန်း ကလေးသည်လည်း အင်္ကျီဖြတ်စ၊ ညှပ်စ၊ ချုပ်လက်စများ နှင့် ပွနေတတ် သည်။ သူ အိပ်ခါနီး တိုင်း အခန်းအလယ်တွင် နေရာယူထားသော အပ် ချုပ်စက်ကို နံရံနားတွန်းပြီး ကပ်ရသည်။ ထို့နောက် ဖြတ်စ၊ ညှပ်စတွေ ကို ထန်းခေါက်ဖာကြီးတစ်လုံးထဲသို့ စု၍ ထည့်ရလေသည်။ ထို့နောက် တံမြက်စည်း လှည်းရသေးသည်။ အတော် ကြီးကို လှည်းကျင်း ရှင်းလင်း ပြီးသော အခါမှ ဘုရားစင်ရှေ့တွင် ဖျာကလေးတစ်ချပ်လောက် ခင်းရန် နေရာရလေသည်။

နွေးနွေးတို့အခန်းမှာ ရော ဘာထူးသနည်း၊ သူတို့အခန်းအတိုင်း ပုံစံအတူတူမို့ ကျဉ်းကျဉ်းကျပ်ကျပ်ပင် ဖြစ်သည်။ သူအိပ်သော နေရာ မျိုးတွင် နွေးနွေးဖခင်၏ အစ်မကြီး ဖြစ်သူ ကြီးတော် ကြီးအိပ်သည်။ မတူ သည်က သူက အိပ်ပျော်နေလျှင် တခေါခေါဟောက်တတ်ပြီး နွေးနွေး ၏ ကြီးတော် ကြီး ကတော့ အိပ်မပျော်လျှင် သူရသမျှ ဘုရားစာများ ကို အကျယ်ကြီး ထရွတ်တတ်ခြင်း ဖြစ်လေသည်။

ဒီတော့ သူတို့ကြင်စဦးဇနီးမောင်နှံအတွက် အခန်းသေးသေး ကလေး မဆိုထားနှင့် ၊ နှစ် ယောက် အိပ် ဖျာတစ်ချပ်ပင် ချလောက် စရာ နေရာကို ဘယ်မှာ မှရှာမတွေ့ ၊ ဒါပေမယ့် ဒါကို လူကြီးတွေ က နားလည် သဘောပေါက်ကာ တစ်နည်းနည်း နှင့် ဖြေရှင်းပေးလိမ့်မည် ဟု သူရော နွေးနွေးကပါ မျှော်လင့်နေခဲ့မိကြသည်။

နောက်ဆုံးတော့ အင်မတန်စကားနည်းသော နွေးနွေး၏ ဖခင် ကြီးက စကားတွေ အရှည်ကြီးပြောကာ ပြဿနာကို ဖြေရှင်းပေးခဲ့သည်။ သို့ သော် သူတို့ မျှော်လင့်သလိုတော့ မဟုတ်ရေး ချ မဟုတ်ချေ။

'ရူးတယ်ပဲ ပြောပြော၊ မိုက်တယ်ပဲ ဆိုဆို၊ တစ်ယောက် နဲ့ တစ်ယောက် ချစ်လို့ ကြိုက်လို့ စွန့်စားခဲ့ကြပြီ မဟုတ်လား၊ မင်းတို့ရဲ့ ချစ်ခြင်းကို ဦးတို့က ခွဲဖို့ မရည်ရွယ်ပါဘူး'

'ဟုတ်ကဲ့'

'ဒါပေမယ့် တစ်အိုးတစ်အိမ် ထူထောင်တယ်ဆိုတာ အင် မတန်မှ အဓိပ္ပာယ် ပြည့်ဝတဲ့ စကားကလေးကွဲ့ မောင်ကြံတိုင်းအောင်ရဲ့ ၊ ဦးတို့ရဲ့ မြန်မာစကား အသုံးအနှုန်းလေးတွေ က အင်မတန်ကို လှတယ်'

အောင်အောင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ခေါင်းညိမ့်သည်။ စိတ်ထဲမှာ တော့ 'ဒီလူကြီး အငှားကား မမောင်းတော့ ဘဲနဲ့ မြန်မာစာကော်မရှင်မှာ များ အလုပ်လျှောက်မလို့လားမသိဘူး' ဟု ခပ်ချဉ်ချဉ်နှင့် စဉ်းစားသည်။ သူတို့နှစ် ဦးလုံး ဆယ့်ရှစ်နှစ် လည်း ပြည့် ခဲ့ကြပြီ၊ တရားဝင်လည်း လက်ထပ်ထားပြီးပြီ၊ ဘယ်လိုနည်းနှင့် မှ ခွဲ၍ မရ ဟူသော အသိကြောင့် ပူပူပင်ပင်တော့ မရှိလှချေ။

'တစ်အိုးတစ်အိမ်ထူထောင်ပါတယ်ဆိုပါမှ ကိုယ့်အစွမ်း ကိုယ့် အစနဲ့ တစ်အိုးလည်း စားနိုင်ရမယ်၊ တစ်အိမ်လည်း နေနိုင်ရမယ်လေ၊ အိမ်ထောင်ပြုတဲ့လူဆိုတာ အဲဒီ အရည်အချင်းလောက်တော့ အနည်းဆုံး ရှိသင့်တာပေါ့နော်၊ ဟုတ်တယ် မဟုတ်လား'

'ဟုတ်...'

ကြံတိုင်းအောင်က ခေါင်းညိတ်သည်၊ ဟုတ်ကဲ့ဟု ပြောသော် လည်း 'ဟုတ်' တစ်လုံးတည်းသာ ထွက်သည်၊ ကျန်သည့် 'ကဲ့' တစ်လုံး က လည်ချောင်းထဲတွင် ပျောက်ကျန်ခဲ့သည်။ အဘိုးကြီး၏ အေးစက် စက် မျက်နှာထားနှင့် စကား အသွား အလာကို ကြည့်ကာ စိတ်ထဲတွင် အတန်ငယ် ပူစပ်စပ် ဖြစ်လာသည်။

'ကဲ ဒီတော့ မင်းအရည်အချင်းကို မင်းပြန်ကြည့်၊ မင်းကိုယ် မင်း ပြန်မေး၊ အခုအချိန်မှာ တစ်အိုးရော စားနိုင်ပြီလား၊ နောက်ပြီး တစ်အိမ်ရော ငှားနိုင်ပြီလားလို့'

ကြက်ကြီးကို လည်လိမ်လိုက်သည်ကမှ ဂစ်ဂစ်ဟု အသံမြည် နိုင်လိမ့်ဦးမည် ထင်သည်။ ကြံတိုင်းအောင်ခမျာမှာ တော့ ဘာသံမှ မထွက်နိုင်ရှာ။ အဘိုးကြီးတော့ ငါ့ကို အသေအကျေထောင်းနေပြီဟု မသက်မသာ စဉ်းစားရင်း အစ်မနှစ် ယောက် ကို အားကိုးတကြီးနှင့် လှမ်း ကြည့်မိလိုက်တော့ ပိုလို့တောင် စိတ်ညစ်သွားသည်။ အစ်မတော် နှစ် ယောက် က တစ်အူထုံ့ဆင်း မောင်အရင်း ဖြစ်သူ၏ ဂုဏ်ကို လည်းကောင်း၊ သိက္ခာကိုလည်းကောင်း အကာအကွယ်ပေးရန် အနည်းငယ်မျှ မစဉ်းစားကြဘဲ အဘိုးကြီးပြောသမျှကို ခေါင်းလေးတွေ တညိတ်ညိတ် နှင့် ထောက်ခံနေသော ကြောင့် ဖြစ်လေသည်။

'ထမင်းတစ်လုတ်စားဖို့က မခဲယဉ်းဘူးကွဲ့၊ မရှိ ရှိတာနဲ့ ဝေမျှ စားလိုက်လို့ ရတယ်၊ ဘာလေးနဲ့ စားရ စားရ တစ်ဝမ်းစာ ကတော့ ကြံဖန်ပြီး ပြည့်သွားတာပဲ၊ ဟုတ်စ'

'ဟုတ်တာပေါ့ ဦးရယ်'

'လင်ရယ် မယားရယ်လို့ ဖြစ်လာရင် ခက်တာက နေရေး ကွဲ့ နေရေး ၊ အဲဒီ နေရေး ကို ဦးတို့ဘက်ကလည်း ဖြေရှင်းမပေးနိုင်ဘူး၊ တူမကြီးတို့ဘက်ကလည်း ဘယ်လိုမှ ဖြေရှင်းမပေးနိုင်ဘူး ဟုတ်စ'

ကြံတိုင်းအောင်က ရေထဲသို့ ကြိုးတုပ်ပြီး အမြှုပ်ခံရသူလို မလှုပ်နိုင် မယှက်နိုင် မြုပ်နေသည့်အထဲမှနေပြီး 'အမယ်လေးလေ သူ့ ကိုယ်သူများ ဦးစံရှား မှတ်နေသလား၊ ဦးနံပြားကြီးရဲ့ ' ဟု စိတ်ချဉ် ပေါက်ပေါက်နှင့် တွေးလိုက်မိသေးသည်။

'ကဲ ဒီတော့ '

အဘိုးကြီးက ချောင်းဟန့်သည်။

'ဒီတော့ ငါ့သမီး နွေးနွေးက ဒီမှာ နေမြဲတိုင်း နေခဲ့'

'ဟော ဗျာ'

'မောင်ကြံတိုင်းအောင်ကလည်း ကိုယ့်အိမ်ကိုယ်ပြန်၊ ဒီ အတော အတွင်းမှာ အလုပ်အကိုင်လေးရအောင် ကြိုးစားကြ၊ ပိုက်ဆံစုကြ၊ ချွေ တာကြ၊ ဟုတ်ပြီလား၊ မင်းက ယောက်ျား၊ ယောက်ျားဆိုတာ ကိုယ့် အိမ်ထောင်ကို ဘယ်လိုဘယ်ပုံ လုပ်ကိုင် ကျွေးမွေးမယ်ဆိုတာ စဉ်းစား ဖို့ ပိုပြီးအရေး ကြီးတယ်၊ ဦးပြောသလို တစ်အိုး တစ်အိမ် ထူထောင်နိုင်ပြီ ဆိုရင်တော့ မင်းချစ်သူ အဲ မင်းရဲ့ မိန်းမကို အချိန်မရွေး လာခေါ်လှည့်၊ ဟုတ်ပြီလား'

ဒီလိုနှင့် ပင် သူတို့နှစ် ယောက် လုံး ကိုယ့်အံဆွဲထဲ ကိုယ်ပြန်ဝင် ခဲ့ကြရသည်မှာ ခြောက်လကျော်ပေပြီ၊ တရုတ်ကားထဲကလိုဆိုလျှင် 'မိုးနတ်မင်းက ညှာတာတော် မမူ' ဟု ပြောရမည် ထင်သည်၊ ကျွန်တော် မျိုး သေသင့် အဲ သေချင်ပါသည်။

'ဟေ့ ကောင်'

ဖိုးဇော်က အောင်အောင်ကို ခပ်တိုးတိုးခေါ်သည်။

'မင်း နွေးနွေးတော့ မလာသေးဘူး၊ ယောက္ခမကြီး ကတော့ လာနေပြီ မောင်၊ မင်းကိုလည်း မျက်စောင်း အကြီးကြီး ထိုးနေတယ်'

နွေးနွေး၏ အမေကြီးက ဈေးဆွဲခြင်းကြီးဆွဲကာ ဆိုင်ရှေ့မှ ဖြတ်သွားသည်။ သူ့ခြင်းထဲတွင် ဝေဝေဆာဆာပါလာသော ချဉ်ပေါင် ရွက်များ ကတော့ ကြံတိုင်းအောင်ကို မချိုမချဉ်လေး ပြုံးပြသွားကြဟန် ရှိသည်။ အဘွားကြီးကလည်း အသေအချာ လှမ်းကြည့်သွားသည်။ ကြည်သာ နွေးထွေးသော မျက်လုံးများ နှင့် တော့ မဟုတ်။ အထင်သေး သော ၊ အေးစက် စိမ်းကားသော ၊ စိတ်ပျက်ငြိုငြင်သော မျက်လုံးအစုံနှင့် ဖြစ်လေသည်။ယောက္ခမကြီး၏ အကြည့်ကြောင့် သူ၏ တစ်ကိုယ်လုံးသည် ကား သေးငယ်ကျုံ့ဝင်သွားသလို ခံစားရသည်။ သူ့ရှေ့က ကော်ဖီခွက် သေးသေးကလေးထဲကို ဒိုင်ဗင်ထိုးပြီး ဆင်းနိုင်လောက်အောင် ကျုံ့ဝင် သွားလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု တောင့်တလိုက်မိသည်။ တတ်နိုင်လျှင်တော့ ကော်ဖီခွက်ကလေးထဲမှာ ရေငုပ် အဲ ကော်ဖီငုပ်ပြီး ပုန်းနေလိုက်ချင်သည်။

'နွေးနွေးမှာ အင်း နွေးနွေးမှာ ဟိုဟာ အဲ ဟိုဒင်း ရှိနေတာ သူ သူ သိသွားပြီလား'

ကြံတိုင်းအောင်က တုန်တုန်လှုပ်လှုပ်နှင့် တွေးလိုက်မိလေသည်။

အောင်စာရင်း ထွက်သွားသည်မှာ သုံးလကျော်ပေပြီ၊ မျှော် လင့်ထားခဲ့သည့်အတိုင်း သူတို့နှစ် ယောက် လုံး ကျရှုံးကြလေသည်။ စာမေးပွဲ ကျတော့ ပိုပြီးမျက်နှာငယ်လေသည်။ မျက်နှာငယ်တော့လည်း ပိုပြီး စိတ်လေပြန်သည်။

အခုနောက်ပိုင်းတော့ အလုပ်ရှာမည် ဟူသော အကြောင်းပြ ချက်နှင့် နေ့တိုင်းအတူ ထွက်ကြသည်။ ကုမ္ပဏီတွေ ကလည်း အောင် အောင့်လို ဆယ်တန်းမျှ မအောင်သေးသော သူကို ကုန်တင် ကုန်ချမှလွဲ၍ မခိုင်းချင်ကြ၊ အဲဒီ လိုမျိုးကျတော့လည်း သူက မလုပ်ချင်၊ နွေးနွေးက တော့ အရောင်းစာရေး မ တစ်နေရာလောက်ရဖို့သိပ်မခက်ခဲလှပေ။ သို့ သော် သူက မလုပ်စေချင်ပြန်ချေ၊ စာရေး မလှလှလေး၏ အနားတွင် ရစ်ဝဲလေ့ရှိသည့် ပုရိသယောက်ျားတွေ အကြောင်း သိထားသဖြင့် ကြို တင် စိုးရိမ် နေသော ကြောင့် ဖြစ်သည်။ ဒီလိုနှင့် ပင် ဟိုမှာ အဆင်မပြေ လိုက်၊ ဒီမှာ လည်း အဆင်မချောလိုက်နှင့် အိမ်ကလည်း မပြန်ချင်သေး တော့ လက်ဖက်ရည်ဆိုင်လေးမှာ နားလိုက်၊ အအေးဆိုင်လေးမှာ ခိုလိုက် နှင့် အချိန်ဖြုန်းကြသည်။ နောက်တော့ ချစ်သူတို့ ဘာဝ တရားဥပဒေ အရ အကြင် လင်မယားလည်း ဖြစ်ပြီးပြီ ဆိုတော့ တည်းခိုခန်းတွေ ဆီ ခြေဦးလှည့်မိကြသည်။ ညနေတိုင်ကျတော့ ဣနြေ္ဒ မပျက် ပြန်လာကာ ကိုယ့်အံဆွဲထဲ ကိုယ်ပြန်ဝင်ကြရတာ ပေါ့လေ။

ဒီလို ဒီလိုနှင့် ပင် သူတို့မှာ အချိန်တွေ တစ်လပြီးတစ်လ ကုန် လာလေသည်။ အလုပ်လည်းမရသေး၊ နေစရာကား ဝေလာဝေးပင်၊ ရ လာတာ တစ်ခုတော့ရှိသည်။ အဲဒါ ကတော့ ကိုယ်ဝန်၊ အဲ နွေးနွေးမှာ တော့ ကိုယ်ဝန်ရလာပြီ ဖြစ်လေသည်။

'အောင် အောင်'

နွေးနွေးက သူ့ရှေ့တွင် ဝင်ထိုင်ရင်းတိုးတိုးလေးခေါ်သည်၊ ဖိုး ဇော်က အကြောင်းသိနေသူမို့ 'ဟ နွေးနွေး၊ နင် နည်းနည်း ဝ လာသလို ပဲ' ဟု နောက်ပြောင်လိုက်သေးသည်၊ မျက်ခွံလေးတွေ ဖောင်းအစ်ကာ ငိုထားမှန်းသိသာလှသော မျက်နှာလေးကိုသတိထားမိသော အခါမှ ဇက် ပုသွားသည်။ သူ့ရှေ့မှကော်ဖီခွက်ကို တစ်ကျိုက်တည်းမော့ချလိုက်ရင်း 'ငါသွားတော့မယ်ကွာ'ဟုအလိုက်တသိပြောကာထွက်သွားလေသည်။

'အမေဆူလို့လား နွေး'

'ရိုက်တယ်'

'ဟင်'

နွေးနွေးက မသိမသာ ရှိုက်နေသည်၊ မျက်ရည်တွေ ဘယ် လောက်ကျကာ ဘယ်လောက်များ ငိုထားလေသည်မသိ၊ မျက်လုံး ပြူး ပြူးလေးပင် မို့အစ်ပြီး ကျဉ်းနေသယောင်ရှိသည်။

'သိသွားလို့လား'

'အင်း'

'ပြောပြလိုက်တာလား'

'နွေးနွေးမူးပြီး အန်လို့ပါ၊ နွေးလည်း အန်ရော၊ မေမေလည်းတန်းသိတာပဲ၊ သိလည်း သိရော သူ့ရင်ဘတ်ကိုလည်း သူထု၊ နွေးကို လည်း ထု၊ ဆဲလည်း ဆဲ၊ ရိုက်လည်း ရိုက်'

နွေးနွေးက မဝတ်စဖူး၊ လက်ဖျားထိရှည်သော အင်္ကျီလက်ရှည် လေးကို ဝတ်ထားသည်။ သူ့လက်မောင်းတွေ လက်ဖျံတွေ မှာ အညို အမည်းတွေ စွဲနေလို့သာ လက်ရှည်ဝတ်ပြီး ဖုံးထားခြင်း ဖြစ်ရမည် ဟု တွေးမိတော့ အောင်အောင်၏ ရင်ထဲတွင် ဖျပ်ဖျပ်ခါသွားသည်။

ဟော ကက်ဆက်ထဲမှ နောက်ထပ်သီချင်းတစ်ပိုဒ် ပေါ်ထွက် လာပြန်ပြီ။

'ဖိနပ်အသစ်ဝယ်ဖို့ ပိုက်ဆံမရှိဘူး
မင်းတို့လောက် ငါ့မှာ ပိုက်ဆံမရှိဘူး
ကားဝယ်စီးဖို့ ငါ့မှာ ပိုက်ဆံမရှိဘူး
ယောက္ခမကိုပေးဖို့ ပိုက်ဆံမရှိဘူး
အားလုံးသိတဲ့အတိုင်း ငါ့မှာ ပိုက်ဆံမရှိဘူး
ရည်းစားအတွက် လက်စွပ်ဝယ်ဖို့ ပိုက်ဆံမရှိဘူး
အပြင်သွားဖို့အတွက်လည်း ပိုက်ဆံမရှိဘူး
ပိုက်ဆံရှာဖို့အတွက်လည်း ပိုက်ဆံမရှိဘူး'

'ကောင်းလိုက်တဲ့ သီချင်း' ဟု သူက စိတ်ထဲမှ တွေးမိသည်။ ကောင်းချက် ကတော့ သူ့ကို စောင်းရုံမျှပင်မ ကတော့၊ တည့်တည့်ကြီး လက်ညှိုးထိုးကာ ဆိုနေသယောင်ပင်။

'အင်း ပိုက်ဆံ၊ ပိုက်ဆံ၊ ငါ့မှာ လည်း ပိုက်ဆံမရှိဘူး၊ အခန်း လေး တစ်ခန်းလောက် ငှားဖို့ပိုက်ဆံ ငါ့မှာ မရှိဘူး'

အောင်အောင်က သူ့ဟာသူ သီချင်းဆက်စပ်ရင်း စိတ်ထဲတွင် ဆက်၍ ဆိုကြည့်နေမိသည်။ ထို့နောက် သူ့ကိုယ်သူရော နွေးနွေးကိုပါ သနားနေသည်။ သူတို့မှာ အိမ်ငှားစရာလည်း ပိုက်ဆံမရှိ၊ စားစရာ လည်း ပိုက်ဆံမရှိ၊ ကလေးမွေးရန်လည်း ပိုက်ဆံမရှိသေး၊ ဘာဆို ဘာအတွက်မှ ပိုက်ဆံမရှိသေးပေ။

'အမေ ဒီလောက်စိတ်ဆိုးတာ အရင်က မမြင်ဖူးပါဘူး အောင် အောင်ရယ်၊ နွေးကို ဆွဲလိုက်၊ ဆောင့်လိုက်၊ ထုလိုက်၊ ထောင်းလိုက် တာ၊ မမဌေးသာ အတင်းဝင်မဆွဲရင် သေမလားမသိဘူး'

နွေးနွေးကသူ့လက်မောင်းလေးကိုသူ မသိမသာပွတ်နေသည်၊ အောင်အောင့်ခမျာ နွေးနွေးကို သနားလှသော်လည်း နှစ် သိမ့်စကားကို ဘယ်လိုပြောရမည် ပင်မသိ။

အကယ်၍ နွေးနွေး၏ ဗိုက်ထဲမှ သူတို့နှစ် ဦး၏ ရင်သွေးလေး သည် မိန်းကလေးဆိုကြပါစို့၊ ထိုချစ်စဖွယ်သမီးကလေးက သူ့အမေ နွေးနွေးလိုပင် တောင်မရောက် မြောက်မရောက် ဆယ်တန်းမျှ မအောင် သေးသော သူနှင့် လိုက်ပြေးသည်ဆိုကြပါစို့၊ နှစ် ဖက်မိဘက အလိမ္မာနှင့် တစ်ကွဲစီနေခိုင်းပြီး ဘဝအတွက် ပြင်ဆင်သင့်သည်များ ကို ပြင်ဆင်ရန် ကြိုးစားခိုင်းထားသော အချိန်တွင် နွေးနွေးလိုပင် ချစ်သူနှင့် တိတ်တခိုး တွေ့ ပြီး နွေးနွေးလိုပင် ကိုယ်ဝန် ရှိလာသည်ဆိုကြပါစို့။

သူက ရုတ်တရက် အတွေးကိုဖြတ်ချကာ အံကြိတ်လိုက်မိ သည်၊ သက်ပြင်းကြီးကို ဟင်းခနဲချလိုက်မိသည်။ မမွေးသေးသော သမီး တော် 'ဆတ်စလူးစိန်' နှင့် မရသေးသော သမက်တော် 'ကိုမောင်မောင် အသုံး မကျ' တို့ကို ကြိုတင်စိတ်ဆိုးပြီး ရိုက်ချင်စိတ် ပေါက်လာသည်။

'ဒီကြားထဲ ကြီးကြီးကလည်း ပေါင်တွင်းကြောဝင်လိမ်တာ သုံးခါတောင်၊ ဒီကလေးကိုလည်း မွေးမနေနဲ့၊ ဖျက်ပစ်လိုက်တဲ့'

'ဟယ်'

သူက ရုတ်တရက်လန့်သွားသည်၊ ကြည့်စမ်း ကြည့်စမ်း ရက် စက်လိုက်တာ၊ ပြောရက်လိုက်တာ၊ မိခင် ဖြစ်ဖူးဖို့ နေနေသာသာ၊ ယောက်ျား တစ်ယောက် ကိုပင် ဖြစ် ဖြစ်မြောက်မြောက် မရဖူးသူမို့ သူများ တကာ၏ ရင်သွေးလေးကို ဒီလိုပြောလို့ ထွက်တာပဲဟု ချဉ်ချဉ်တူးတူး နှင့် စဉ်းစားမိသည်။

'အမေ့ကိုလည်း သူကချည်းပြောတာ၊ သွေးပုပ်ချဆေး တိုက် ချလိုက်တဲ့၊ ဒီအချိန် နှိပ်ချရင်လည်း ရတယ်တဲ့'

ဘုရား၊ ဘုရား၊ သူတို့တွေ တကယ်ပဲ အဲဒီ လိုလုပ်ဖို့ စဉ်းစား နေ ကြပြီလား၊ တွေးနေကြပြီလား။ အောင်အောင်၏ ရင်ထဲတွင် မီးတွေ တဟုန်းဟုန်းတောက်လောင်လာသလို ခံစားရသည်။

'အောင့်ကိုလည်း ဆဲလိုက်တာ စုံနေတာပဲ၊ ပိုက်ဆံဖြင့် တစ်ပြား မှ မရှာနိုင်သေးဘဲ ကမြင်းကြောတော့ ထတတ်တယ်တဲ့'

သူ့တစ်ကိုယ်လုံး ကျုံ့ဝင်သွားသလို ခံစားရပြန်သည်။

'နေစရာလည်းမရှိ၊ စားစရာလည်းမရှိ၊ အခုကလေး တစ်ယောက် မွေးဦးမယ်၊ နင်တို့တွေ ဘယ်သူ့အားကိုးရှိလို့ ဒီလောက် သတ္တိတွေ ကောင်းနေကြတာလဲတဲ့'

နွေးနွေးက မြ>ွခင်းမချန် ပြောရင်း မျက်ရည်သုတ်သည်။

'အင်း ဟုတ်တော့လည်း ဟုတ်တာပဲ'

ကြံတိုင်းအောင်က အားငယ်ပါးငယ်နှင့် တွေးမိသည်။ သူ့ရှေ့ တွင် ထောင်ထားသော မှု န်ဝါးဝါးမှန်ကြီးတစ်ချပ်သည် ရုတ်တရက် ကြည်လင်သွားသလို ခံစားရသည်။ ကြည်ကြည်လင်လင် ဖြစ်နေသော မှန်ထဲတွင် သူ့ကိုယ်သူ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်လိုက် ရသည်။

ကြည့်စမ်း၊ ကြံတိုင်းအောင်ဆိုသည့်ကောင်၊ ဘာမှ အသုံးမကျ သေးသည့်ကောင်၊ ဆယ်တန်းတောင် မအောင်သေးသည့်ကောင်၊ ပိုက် ဆံ တစ်ပြားမှ မရှာနိုင်သေးသည့်ကောင်၊ နေစရာလည်း မရှိသည့်ကောင်၊ စားစရာလည်း မရှိသည့်ကောင်၊ အင်း နောက်ပြီး၊ နောက်ပြီး သူတို့ ပြောသလို ကမြင်းကြောတော့ ထတတ်သည့်ကောင်။

'နွေး နွေး'

သူက နွေးနွေး၏ ညာဘက်လက်ကလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

'မှားလည်းမှား၊ မိုက်လည်းမိုက်တာတော့ အမှန်ပါပဲ၊ ဒါပေ မယ့် အဲဒီ လိုမှားတာမိုက်တာက ငါတို့နှစ် ယောက် တည်းပါဟာ၊ ကလေး လေးနဲ့ မဆိုင်ပါဘူး'

သူက တုန်ယင်သော အသံနှင့် ပြောသည်။ ယခုမှ စတင် သန္ဓေ တည်သော (အသက်ပင် မဝင်သေးဟုလည်း ဆိုလေ့ရှိကြသည်) လသား အရွယ် ရင်သွေးငယ်ကို သူ ဘယ်အချိန်ကများ ဒီလောက်မြတ်နိုး ချစ်ခင် သွားသလဲ သူ့ဟာသူပင် မသိလိုက်၊ အန္တရာယ် ဖြစ်မှာ အဖျက်ဆီးခံရမှာ စိုးရိမ်ကြောင့်ကြ သော ကရောက်နေသဖြင့် သူ့မျက်နှာသည် ညို့ပြီး မှိုင်းနေသည်။

'သူတို့ပြောသလို မဟုတ်တရုတ်တော့ မလုပ်လိုက်ပါနဲ့ဟာ၊ နော် နွေးနွေး ငါ တကယ် တောင်းပန်ပါတယ်'

ရုတ်တရက် ချက်ချင်း အသက်ကြီးပြီး ရင့်ကျက်သွားဟန် ရှိ သော သူ့ကို နွေးနွေးက တအံ့တသြ ငေးကြည့်နေမိသည်။

'သူတို့ ဘာလုပ်လုပ် လက်မခံပါနဲ့၊ သူတို့ ဘာတိုက်တိုက် မသောက်ပါနဲ့'

ဘာကို ဘာမှ အလေးအနက်မထားဘဲ ပေါ့တီးပေါ့ဆလုပ်လေ့ ရှိသော သူငယ်ကလေးသည် သူ့မျက်စိရှေ့တွင် ထိုင်နေရင်း ပြောင်းလဲ သွားသဖြင့် နွေးနွေးက မယုံနိုင်သလို ဖြစ်နေသည်။

'ဒီနေ့ကစပြီး တို့ တကယ်ကြိုးစားတော့မယ်၊ တို့နှစ် ယောက် ရဲ့ ရင်သွေးလေးအတွက်'

သူက ပြတ်သားစွာ ပြောသည်။ မိုက်တာ ကတော့ မိုက်မိပြီး ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးအဖေတွေ အမေတွေ ဖြစ်ကြရ တော့မည် ၊ သို့ သော်လည်း အမိုက်လမ်းကိုပင် ဆက်လျှောက်ပြီး မှန်အောင်ပြင်တော့မည် ဟု သူ့ဦးနှောက်ထဲတွင် ကြည်လင် ပြတ်သားစွာ အသိဝင်သွားပြီ ဖြစ်သည်ကို နွေးနွေးရိပ်မိလိုက်သည်။

'မဟုတ်တရုတ်တော့ မလုပ်နဲ့နော် နွေးနွေး၊ အဲဒါ တစ်ခုတော့ ကတိပေးနော်၊ လေးလေးနက်နက် ကတိပေး'

မေးရိုးတွေ တင်းနေအောင် အံကြိတ်ထားသော သူ့ကို ငေး ကြည့်ရင်း နွေးနွေးသည် ကြည်နူးစိတ်နှင့် မျက်ရည်စိမ့်ဝဲလာသည်။ ရင် ထဲတွင် လည်း တဒိတ်ဒိတ် ခုန်လာသည်။ နှလုံးသား တစ်ချက်ခုန်တိုင်း ချစ်ခင် အားကိုးစိတ်က တစ်ဆတိုးလာသယောင် ခံစားရသည်။ ရင်ထဲ တွင် လည်း မေတ္တာစိတ်တွေ လျှံပြီး ဝေကျလာသည်။ အောင်အောင့် အတွက်၊ သူတို့၏ ရင်သွေးလေးအတွက်၊ သူတို့၏ ရင်သွေးလေးတွင် ဘေးမသီ ရန်မခအောင်၊ အန္တရာယ်မကျရောက်အောင် သူ ကာကွယ်ရမည် ၊ စောင့်ရှောက်ရမည် ။

'ကတိပေးပါတယ် အောင်အောင်ရယ်၊ ဒီကလေးကို နွေးနွေး ရအောင် မွေးမှာ ပါ'

နွေးနွေးက စီးကျလာသော မျက်ရည်များ ကို လက်ဖမိုးလေး နှင့် သုတ်ကာ ခေါင်းလေးကို အလေးအနက် ညိတ်ပြသည်။

'အခက်အခဲတွေ တော့ ရှိမှာ ပဲ'

'ဘယ်လို အခက်အခဲ ဖြစ် ဖြစ်၊ နွေးနွေးရင်ဆိုင်ပါ့မယ်'

မျက်ရည်ကြားမှ ဝင်းပစွာ ပြုံးပြသော နွေးနွေးကို မြတ်နိုးစွာ ကြည့်ရင်း အောင်အောင်၏ ရင်ထဲတွင် ချမ်းမြေ့သွားသည်။

နွေးနွေး ကတော့ မူးနောက်နောက် ဖြစ်နေတာရော၊ ပျို့ချင် အန် ချင် ဖြစ်နေတာရော၊ တစ်ကိုယ်လုံးနာကျင်နေတာတွေ ရော ရုတ်တရက် လျော့ပါးပြီး သက်သာသွားသည်ဟု ထင်လိုက်မိသည်။ မှိုင်းမှု န်ရီဝေနေ သော ဦးနှောက်ထဲသို့ အလင်းရောင် ပျပျလေး တိုးဝင်လာသလို ခံစားရသည်။

အောင်အောင်က နွေးနွေး၏ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ခုနက စကားကို ပြင်၍ ပြောသည်။

'ဘယ်လို အခက်အခဲ ဖြစ် ဖြစ်၊ တို့နှစ် ယောက် အတူရင်ဆိုင်ကြ မယ်၊ ဖြတ်သန်းကျော်လွှားကြမယ်နော် မိန်းမ'

***

အခန်း(၂)

ဒေါ်ခင်မေကြီး၏ သားသမီး ဖြစ်ရသည်မှာ သိပ်တော့ မလွယ်ချေ။ သူက သူ့သားသမီးများ ကို သိပ်ချစ်ပြီး သိပ်အလိုလိုက်တတ်သည်။ သို့ သော် လည်း အိမ်ထောင်ရေး ကိစ္စဆိုလျှင်တော့ သူ့စိတ်တိုင်းကျ စိုးမိုး ခြယ် လှယ်လေ့ရှိသည်။

တင်တင်ကြည်တို့ မောင်နှစ် မလေးယောက် လုံးသည် သူ့မိခင် နှစ်သက် သဘောတူသူနှင့် သာ လက်ထပ်ခဲ့ကြရသည်။ ထို့ကြောင့် လည်း တင်တင်ကြည်က တက္ကသိုလ်တက်စဉ်တွင် ရည်းစား မထားဘဲ ဘော်လီ ဘောပုတ်နေခဲ့ခြင်း ဖြစ်သည်။ သူ့မိခင်သည် သူ့အတွက် အသင့်လျော် ဆုံး၊ အကောင်းဆုံး ခင်ပွန်း တစ်ယောက် ကို ရှာဖွေပေးလိမ့်မည် ဟု ယုံ ကြည်ထားခဲ့သည့်အတိုင်း တကယ်လည်း ဖြစ်လာခဲ့လေသည်။

အခုတော့ ညွှန်မှူးကတော် ဒေါ်တင်တင်ကြည်သည် သူ့မိခင်ချပေးခဲ့သော ပုံစံခွက်ထဲတွင် ပျော်မွေ့စွာ အသားကျစွာ ကူးခပ်နေ သော ရွှေငါးလှလှတစ်ကောင် ဖြစ်နေပေပြီ။

တင်တင်ကြည်သည် လှေကားရင်းတွင် ရပ်ကာ တိုက်မြင့်ကြီးကို မော် ကြည့်ရင်း မောနေသည်။ ခုနစ်လွှာရောက်သည်အထိ တက်ရမည် မို့ အနည်းဆုံးတော့ လှေကားထစ်ပေါင်း ခုနစ်ဆယ်လောက် တက်ရမည် ထင်သည်။

'အမြင့်ကြီး တက်ရမှာ လား မေမေ'

'ဟုတ်တယ် ခုနစ်လွှာအထိ'

'သေရော'

သမီးက နောက်တွန့်သွားသည်၊ ထို့နောက်မှ ဆယ့်လေးနှစ် အရွယ် သမီးထက် သုံးဆယ့်ကိုးနှစ် အရွယ် အမေက ပိုပြီးမောတတ်လိမ့် မည် ကို သတိရသွားဟန်ရှိသည်။ 'မေမေ နေခဲ့လေ၊ မေမေ့အင်္ကျီတွေ ကို သမီး တက်ယူပေးပါ့မယ်' ဟု မျက်နှာချိုလေးနှင့် ပြောသည်။

'အင်္ကျီအသစ်တွေ အပ်ရဦးမှာ ၊ ကိုယ်တိုင်အပ်မှ လိုတာတွေ လည်း ပြောနိုင်မှာ သမီးရဲ့ '

'ဟိ ဒီလိုဆို သမီးမလိုက်တော့ဘူးနော်'

သမီးက ရယ်ကျဲကျဲနှင့် နောက်ချန်နေရစ်သည်၊ ဟုတ်တော့ ဟုတ်တာပဲလေ၊ ဒီလောက်အမြင့်ကြီးကို မလိုအပ်ဘဲနှင့် မည် သူမျှ တက် ချင်မည် မဟုတ်။

'သူတို့ကလည်း နေစရာ ရှားလွန်းလို့၊ ဘာလို့များ ဒီလောက် အမြင့်ကြီးမှာ တက်နေကြရတာ လဲ မသိဘူး'

တင်တင်ကြည်က ငြူငြူစူစူတွေးသည်၊ အစစအရာရာ အဆင် ပြေ ချောမွေ့သော ဘဝတွင် နေထိုင်လာရသူဆိုတော့ အများ သူငါ၏ အဆင်မပြေသော ဘဝများ ကို ထုံးစံအတိုင်း သိပ်ပြီးမစာနာတတ်ရှာပေ။

'လှေကားတက်ရင် ကယ်လိုရီကျတယ်တဲ့၊ ဒီတော့ အပေါ်ဆုံး ထပ်က လူတော့ ကယ်လိုရီတွေ ကျပြီးရင်း ကျရင်းနေမှာ ပဲ'

အင်္ကျီစတွေ ထည့်ထားသော ငါးကျပ်တန် ကြွပ်ကြွပ်အိတ်ကို ဆွဲကာ လှေကားကျဉ်းကျဉ်းကို စ၍ တက်သည်။

ဒီညီအစ်မ ချုပ်သော အင်္ကျီများ က ပုံစံကောင်းသည်။ ပါတိတ် အင်္ကျီများ ဆိုလျှင်လည်း အနားသားကို ဆန်းလည်းဆန်း၊ လှလည်း လှအောင် နေရာချကာ ချုပ်ရိုးချုပ်သား ကောင်းကောင်းနှင့် ချုပ်ပေး တတ်သည်။ အရှည်အတို၊ အကျဉ်းအကျယ် ပြင်ရန်မလိုဘဲ တစ်ခါ တည်း ကွက်တိဝင်သဖြင့် သူက လက်မလွှတ်နိုင်ခြင်း ဖြစ်သည်။ အမြင့် တက်ရမှာ ကြောက်၍ ဆိုင်ပြောင်းအပ်မိသည် ကတော့ မကြာခဏပင်၊ သို့ သော် ဟန်မကျဘဲ ကျဉ်းလိုက်၊ ကျယ်လိုက်၊ ရှည်လိုက်၊ တိုလိုက်နှင့် တစ်မျိုးမဟုတ် တစ်မျိုးက အဆင်မပြေ ဖြစ်နေတတ်လေသည်။ အဆိုး ဆုံး ကတော့ လည်ပင်းပေါက်ကြီးတွေ ကျယ်ကာ ဟိုက်နေသဖြင့် ရှေ့ ဘက်သို့ မကုန်းရဲအောင် ဖြစ်နေတတ်ခြင်းပင်။ နောက်ဆုံးတော့ သူ့ ခမျာ ဒီလှေကားရင်းကိုပင် ပြန်ရောက်လာရသည်။ ထို့နောက် ဒီလှေ ကား ကျဉ်းကျဉ်းလေးကိုပင် အားခဲပြီး တက်ရလေတော့သည်။

'အင်္ကျီချုပ်ရတာ က ညောင်းပေမယ့် ဝင်ငွေက သိပ်ကောင်း တာ သူတို့အဖေကြီးက လေဖြတ်နေတော့ ဘာမှမလုပ်နိုင်ပါဘူး၊ သား အမိ တစ်တွေ စက်ချုပ်လို့ရတဲ့ငွေနဲ့ စားနေကြတာထင်ပါရဲ့ '

တင်တင်ကြည်က ရောက်တတ်ရာရာ စဉ်းစားသည်၊ လှေကားက နည်းနည်း မတ်တော့ သူစီးထားသော ဒေါက်ဖိနပ်နှင့် အဆင် မပြေလှ၊ ချော်မကျအောင် ခြေမခေါက်အောင် မနည်းကြီးသတိထားပြီး တက်နေရသည်။

'မောင် တစ်ယောက် တော့ ရှိသေးတယ် ထင်တယ်၊ ကြည့်ရတာ အိမ်က သားကြီးလိုပဲ စာကို စိတ်မဝင်စားဘူးထင်ပါရဲ့ '

သုံးလွှာလောက်တက်ပြီးတော့ တင်တင်ကြည် မောလာသည်။ လှေကားလက်ရန်းကို မှီရင်း ခေတ္တမျှ ရပ်ကာ အမောဖြေရသည်။

'ဟိုတစ်ခါ လာတုန်း ကတော့ အဲဒီ ကောင်လေးကို ဆယ်တန်း ကျလို့ ဆိုပြီး ဝိုင်းဆူနေကြတယ်၊ အင်း သားကြီးလည်း ဒီနှစ် အောင်မှ အောင်ပါ့မလားမသိ၊ ပေါ့လိုက် လေလိုက်တာ ကတော့ လွန်ရောပဲ'

တင်တင်ကြည်အတွေးက သားကြီးဖိုးသင်္ကြန်ဆီ ရောက်သွား ပြန်သည်။ သူက အခြားသော မိန်းမများ လို သူများ အကြောင်းကို သိပ် ပြီး စိတ်မဝင်စားတတ်ပေ။ ဘာအကြောင်းကိုတွေးတွေး၊ ဘာအကြောင်း ကို ပြောပြော နောက်ဆုံးတော့ မိသားစုဘူတာကြီးတွင် ဆိုက်ကာ မိသား စုအကြောင်းကိုသာ ဆက်ပြီး တွေးလေ့ရှိသူ ဖြစ်လေသည်။

'ဖိုးသင်္ကြန်တို့ ကတော့ ဆယ်တန်းဖြေမယ့်သူနဲ့တောင် မတူ ဘူး၊ ဂီတာလေးခေါက်လိုက်၊ ဗီစီဒီလေးကြည့်လိုက်၊ ဗီဒီယိုဂိမ်းလေး ဆော့လိုက်နဲ့၊ ဒီပုံစံနဲ့သာဆိုကားခနဲကျမှာ တော့မြင်ယောင်မိပါသေးရဲ့ '

ခုနစ်လွှာရောက်သည်အထိ သုံးခါနားပြီး တက်ခဲ့ရသည်။ ဒါ တောင် အပေါ်ရောက်တော့ ပါးစပ်ဟပြီး အသက်ရှူနေရသည်။ မျက်နှာ မှ ချွေးများ ကို လက်ကိုင်ပဝါနှင့် ဖိသုတ်ပြီး ဆံပင်ကိုတော့ သပ်ရပ်သွား အောင် လက်နှင့် ပင်သပ်လိုက်သည်။ ထို့နောက် တံခါးဝရှိခေါင်းလောင်း လေးဆီသို့ လက်ရွယ်လိုက်စဉ်တွင် ပင် 'မင်း လုပ်လိုက်ရင်တော့ တစ်လွဲ ချည်းပဲ' ဟု ဒေါသတကြီးနှင့် အော်လိုက်သော အသံကို ကြားရသည်။ ထို့နောက်အတွင်းမှ တံခါးကို တစ်စုံတစ်ခုနှင့် ပစ်ပေါက်လိုက်သလို 'ခွမ်း' ခနဲ ကွဲသွားသော အသံကိုပါ တဆက်တည်း ကြားလိုက်ရသည်။

'အဲဒါ လေဖြတ်နေတဲ့ အဖေကြီး ဖြစ်မှာ ပဲ၊ ကွဲသွားတာ ကတော့ ဖန်ခွက်လား၊ ရေနွေးကြမ်းပန်းကန်လုံးလား'

ရွယ်ထားသော လက်ကို ပြန်ရုပ်လိုက်ရင်း တင်တင်ကြည်က ကြားလိုက်ရသော အသံကို ခွဲခြမ်းစိတ်ဖြာလိုက်မိသည်။ ဟော ဂွမ် ခနဲ မြည် ပြီး လိမ့်ဆင်းသွားသော အသံကို ကြားရပြန်ပြီ။

'အင်း ဒါ ကတော့ မကွဲဘဲ လိမ့်သွားတဲ့အသံ၊ ဒါဆိုရင် ထွေးခံ လား၊ ဒါမှမဟုတ် ဒန်ရေနွေးကြမ်းအိုးလား၊ ရေနွေးကြမ်းအိုးဆိုရင် တော် သေးရဲ့ ၊ ထွေးခံကိုသာ မသွန်ရသေးဘဲ ပစ်ပေါက်လိုက်ရင်တော့ တံခါး ဝမှာ ညစ်ပတ်ကုန်လောက်ပြီ'

တင်တင်ကြည်က တွေးရင်း စိတ်ညစ်လာသည်။ အိမ်တွင်း အရေး တော် ပုံ ပြင်းထန်နေလျှင် အိမ်ပြင်မှလူ ဘာလုပ်ရမည် နည်း။

'ကိုယ် တာဝန်မယူနိုင်သေးရင် ဆင်ဆင်ခြင်ခြင်နေရတယ်ကွ၊ မင်း ဒီလောက်မှ နားမလည်ဘူးလား၊ ဒီလောက်မှ မတွေးတတ်ဘူးလား'

အဘိုးကြီး၏ အသံက ဟိန်းထွက်လာပြန်သည်။ ထို့နောက် ခွမ်းခနဲ ကွဲသံကို ကြားရပြန်သည်။ ဒီလိုပုံစံနှင့် သာဆိုလျှင် ဒီအတိုင်း ပြန်ဆင်းသွားရတော့မည် ထင်သည်။ ဒီလောက်အမြင့်ကြီး တက်လာပြီး မှ ရွေးစရာရှိသော အင်္ကျီလေးများ ကိုပင် မရွေးရတော့ဘဲ ပြန်ဆင်း မသွား ချင်၊ အခန်းထဲ၌ ဆူဝေပေါက်ကွဲနေသော ဒေါသအိုးကြီးကလည်း ဘယ် တော့ကျမှ ငြိမ်သက်လေမည် မသိ။

ထိုစဉ်တွင် သစ်သားတံခါးက ဖြုန်းခနဲ ပွင့်သွားပြီး ကမူးရှူး ထိုးနှင့် လှမ်းထွက်လာသော ကောင်လေး တစ်ယောက် ကို တွေ့ ရသည်။ တစ်ဦးနှင့် တစ်ဦးမျက်နှာချင်းဆိုင် ဖြစ်နေသော တင်တင်ကြည်နှင့် ကောင် ကလေးသည် နှစ် ဦးလုံး ကြောင်တက်တက် ဖြစ်သွားကြသည်။ ခေတ္တမျှ ကြောင်နေမိကြပြီး တင်တင်ကြည်က 'အဟင်း'ဟု ရယ်ကာကောင်လေး က 'အဟီး' ဟု ရယ်သည်။ သြော် မှားသွားသည်။ ရယ်သည်တော့ မဟုတ်ကြချေ၊ တစ်ဦးနှင့် တစ်ဦး သွားဖြဲပြကြသည်ဟု ဆိုလျှင် ပိုမှန် မည် ထင်သည်။

'အစ်မမျိုးရေ ဧည့်သည်'

ကောင်လေးက လှမ်းအော်သည်။ ကြမ်းပေါ်တွင် အစိတ်စိတ် အမွှာမွှာ ကွဲနေသော ရေနွေးကြမ်းပန်းကန်လုံးများ နှင့် ဘုရားစင်အောက် တွင် ပြန့်ကျဲနေသော လက်ဖက်ခြောက်ဖတ်များ ကို အသာငဲ့ကြည့်ရင်း မသိမသာ သက်ပြင်းချသည်။ ထို့နောက် သူ့ရှေ့တွင် ပိတ်နေသော တင် တင်ကြည်ကို ခေါင်းငုံ့၍ ရှောင်ကွင်းကာ ခပ်သုတ်သုတ်ဆင်းသွားလေသည်။

'သြော် အစ်မ၊ လာ လာ'

အိမ်ရှင်ညီအစ်မနှစ် ယောက် က ဣနြေ္ဒမပျက် ဆီးခေါ်သော် လည်း တင်တင်ကြည် ကတော့ အားနာပြီး မျက်နှာပူနေသည်။ အရေး ထဲ တွင် ထန်းခေါက်ဖာ အဖုံးနားတွင် ပိုးလိုးပက်လက်လန်နေသော ရေနွေး ကရားအိုးလေးကိုတွေ့ တော့ 'ကြည့်စမ်း ငါထင်တာ မှန်သားပဲ'ဟု မနေ နိုင် မထိုင်နိုင် တွေးလိုက်မိသေးသည်။

အခန်းထောင့်က ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူကြီးက မျက်နှာကြီးပုပ်နေသည်။ လက်ဖက်ခြောက်ဖတ်တွေ ကို တံ မြက်စည်းနှင့် သိမ်းနေသော မိန်းမကြီး၏ မျက်နှာကလည်း ခပ်ညှိုးညှိုး ခပ်မှု န်မှု န်ပင်၊ ချုပ်ပြီးသားအင်္ကျီများ ကို ထုတ်ပေးနေသော အကြီးမက လည်း မရွှင်လှချေ။ ဒီတော့လည်း တင်တင်ကြည်က ပေးစရာရှိသော ပိုက်ဆံကို ခပ်မြန်မြန်ပေး၊ အပ်စရာရှိသော အစများ ကို ခပ်သုတ်သုတ် အပ်ကာ ခပ်သွက်သွက်ပင် ပြန်ထွက်ခဲ့သည်။

'မောင်လေးက မလိမ္မာဘူး အစ်မရယ်၊ အဲဒါကို အဖေက စိတ် ဆိုးနေတာပါ'

သူ့ကို အားနာဟန်တူသော အငယ်မ ကတော့ လှေကားရင်း အထိ လိုက်လာရင်း ခပ်တိုးတိုးပြောသည်။

'ဒီအရွယ်လေးတွေ က ဒီလိုပါပဲကွယ်၊ နောက်တော့လည်း သူ့ အလိုလို သိတတ်လာကြတာပါပဲ'

တင်တင်ကြည်က ဖြန်းသန်းပြီး အားပေးစကားပြောသည်။ ဘယ်လိုမလိမ္မာ၍ ဘာကိစ္စ ဖြစ်သနည်းလည်း သူ အသေအချာသိသည် မဟုတ်ချေ။ အခန်းထဲကနေ အပြင်သို့ ပြန်ထွက်ခဲ့ရသည့်အတွက် စိတ် ထဲတွင် လွတ်လပ်ပေါ့ပါးသွားလေသည်။

လှေကားက အဆင်းကျတော့ ပိုပြီးသတိထားရသည်။ သူ့ ဒေါက်ဖိနပ်ကလည်း ခွာချွန်ခွာမြင့် ဖြစ်သည်။ ဒီဖိနပ်နှင့် ဒီလှေကားကို တက်ကာ ချော်ကျပြီး ကျိုးလျှင်လည်း မည် သူကမျှ သနားမည် မဟုတ် ချေ။ သူသာ ဒီလောက်အမြင့်ကြီးမှာ ဒီလိုအခန်းကျဉ်းလေးနှင့် နေရ မည် ဆိုလျှင် ဘယ်လောက် စိတ်ဆင်းရဲရမည် နည်း၊ တွေးပင် မတွေးချင်၊ ရှေး ဘဝက ကုသိုလ်ကံကလေး ထောက်မ သော ကြောင့် မတောင့်မတ၊ မကြောင့် မကြ ထားနိုင်သော ခင်ပွန်းသည်နှင့် ရကာ ချမ်းချမ်းသာသာ နေခွင့်ရခြင်း ဖြစ်သည်။ အို ကုသိုလ်ကံကြောင့် ချည်းပဲလည်း ဟုတ်ချင် မှ ဟုတ်မည် ။ ပစ္စည်း၊ ဥစ္စာ၊ ရတနာ၊ ရာထူး၊ စည်းစိမ် အစစ အရာရာ ပြည့်စုံသည် သာမက သူ့ကိုလည်း ချစ်ခင် မြတ်နိုးသော ခင်ပွန်းသည် တစ်ယောက် ကို မျက်စိဒေါက်ထောက်ပြီး ရှာပေးခဲ့သော မိခင်ကြီး၏ ကျေးဇူးကလည်း ကြီးမားလှသည်ဟု ဆိုရမည် ဖြစ်သည်။

'ဖေဖေ ဖုန်းဆက်တယ် မေမေ'

ကားနားရောက်တော့ ဆယ်လူလာဖုန်းလေး ကိုင်ထားသော သမီးက ဆီးပြောသည်။

'ညနေကျရင် ဧည့်ခံပွဲရှိတာ မေမေ မေ့နေမှာ စိုးလို့ သတိပေးတာတဲ့'

'သတိရပါတယ်သမီးရယ်၊ ဒါကြောင့် လည်း ဒီအင်္ကျီတွေ လာရွေးတာပေါ့'

တင်တင်ကြည် ကားပေါ်တက်ထိုင်လိုက်သည်နှင့် ကားက လျှောခနဲ လိမ့်သွားသည်။ ကားနောက်ခန်းတွင် သက်သော င့်သက်သာ ထိုင်ရင်း စက္ကူအိတ်ထဲမှ အင်္ကျီများ ကို ငုံ့ကြည့်ကာ အရောင် ရွေးနေမိ သည်။ ညနေကျလျှင် နှင်းမှု န်ဂျော်ဂျက် အပြာရောင် လေး ဝတ်ရလျှင် ကောင်းမလား၊ ပိုးပါတိတ် စကားဝါရောင် လေးက အဆင်ပြေမလား၊ ဒါမှမဟုတ် အင်္ကျီအနက်နှင့် ပိုးချိတ်အနက်တို့က ပိုပြီး ထင်းကွင်းလှပ လေမလား။

'မေမေ လှည်းတန်းဈေး ခဏဝင်မယ်နော်'

'ဘာဝယ်ဦးမလို့လဲ'

'အေးဗာ ကုန်နေလို့ပါ မေမေရဲ့ '

'အေးဗာ'

တင်တင်ကြည်က ထပ်ဆင့်ရေရွတ်ပြီးခါမှ အေးဗာဟူသည်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်းကို ရည်ညွှန်းကြောင်း အသိဝင်လာသည်။ သူကိုယ်တိုင်လည်း ထိုပစ္စည်းများ ကို သုံးနေရဆဲ ဖြစ်သော်လည်း အမျိုးအမည် များ ကို အမှတ်မထားမိပေ။ သမီးတို့လက်ထက်ကျခါမှ ပေါများ လိုက်သည့် အမှတ်တံဆိပ်အမျိုးမျိုးမှာ မှတ်၍ ပင်မနိုင်။ မင်းသမီး အချောအလှလေးတွေ ကလည်း တီဗီဖန်သားပြင်ပေါ်မှနေပြီး ဟန်အမူအရာ အမျိုးမျိုးနှင့် ကြော်ငြာပြနြေ ကတော့ မြန်မာမျက်စိနှင့် ကြည့်ပြီး မျက်နှာ တွေ ပူကာ ရှက်တက်တက်ကြီးပင် ဖြစ်ခဲ့ရသည်။ အခု တလောတော့ ထိုသို့ သော ကြော်ငြာများ ကို မတွေ့ ရတော့၍ အတော် ကြီး စိတ်ချမ်းသာ မိသည်။ တားမြစ်ပိတ်ပင်ခဲ့သော ဌာနဆိုင်ရာလူကြီးများ ကိုလည်း ကျေးဇူး အထူးတင်မိလေသည်။

'လှည်းတန်းဈေးရောက်ရင် မီးငယ်အတွက် ဂျယ်လီ ဝယ်ဦး နော် မေမေ'

သူတို့ထွက်ခါနီး တုန်းက သမီးငယ်က ဂျယ်လီမှာ လိုက်သည်၊ ဟုတ်သည်၊ မေ့၍ မ ဖြစ်၊ မေ့များ မေ့သွားလျှင် နှုတ်ခမ်းကြီး တစ်ထွာ လောက် ထော်ကာ စိတ်ကောက်၍ ဆုံးတော့မည် မဟုတ်ချေ။

'သူတို့ကြီးလာရင်တော့ ဘယ်လောက်အားကိုးရမလဲ မသိဘူး အခုတော့ ကောက်ဖို့ ဆိုးဖို့ ချည်းပဲ'

အချို့သော ရှေးလူကြီးများ က သားသမီးဟူသည်မှာ မီးနှင့် တူ သည်ဟု ပြောလေ့ရှိကြသည်ကို သတိရမိသည်။ သူ့တွင် သားသမီး သုံးယောက် ရှိတော့ မီးပုံလေး သုံးပုံ ပျိုးမိပြီး ဖြစ်လေသည်။ သားကြီးနှင့် သမီးလတ်က အသက်နှစ် နှစ် သာခြားသော်လည်း သမီးလတ်နှင့် အငယ် မလေးက ခြောက်နှစ် ကွာသည်။ ထို့ကြောင့် မီးငယ်လေးက အခုမှ ရှစ် နှစ် ခန့်သာ ရှိသေးသည်။

မီးငယ်လေးမွေးပြီးတော့ ကလေးသုံးယောက် ဆိုလျှင် တော် လောက်ပြီဟု မိသားစု စီမံကိန်းချခဲ့သည်။ ထို့ကြောင့် နေ့စဉ်အချိန် မှန်မှန် မပျက်မကွက်စားရသော ပဋိသန္ဓေတားဆေးလုံးကလေးများ ကို စားခဲ့သည်၊ လေးငါးနှစ် ခန့် မှန်မှန်စား ဖြစ်ခဲ့သော်လည်း အခု နောက် ပိုင်းမှာ တော့ မစားတစ်ချက် စားတစ်ချက်နှင့် မေ့လိုက်လျော့လိုက် ဖြစ် လာသည်။ သမီးငယ်လေးပင် ရှစ်နှစ် ပြည့်နေပြီဆိုတော့ သူ့တွင် နောက် ထပ် သန္ဓေသားလည်း ထပ်မံငြိတွယ်တော့မည် မဟုတ်ဟု ထင်နေခဲ့မိ လေသည်။

'အင်း ထင်တာ ကတော့ ထင်တာပဲ၊ ဒါပေမယ့် ထိန်နေတာက ခက်လှတယ်'

လာနေကျ ဓမ္မတာမလာဘဲ ဆယ့်ငါးရက်ခန့် ရက်လွန်နေပြီ ကို သတိရမိတော့ တင်တင်ကြည်၏ ရင်ထဲတွင် မအီမသာ ဖြစ်သွား သည်။ လက်ဖက်စားမိလို့လား၊ ဖန်ခါးသီးတို့မိလို့လား၊ ပင်စိမ်းသီး ဝါးမိလို့လားနှင့် ဇဝေဇဝါ ဖြစ်ရင်း တစ်ရက်ပြီးတစ်ရက် လွန်လာသည် မှာ ဒီနေ့ပါဆိုလျှင် ဆယ့်ငါးရက်ပင် ရှိပေပြီ။

'ရိုးရိုးနောက်ကျတာ ဖြစ်မှာ ပါ၊ လက်ဖက်တွေ စားမိတာလည်း နည်းမှ မနည်းပဲ၊ နောက်ပြီး သီဟိုဠ်သရက်ရွက်နုနုလေးတွေ လည်း စားကောင်းကောင်းနဲ့မို့ တော် တော် များများ တို့စားမိလိုက်တယ်၊ အဲဒါ ကလည်း သွေးချုပ်တတ်တယ်၊ ထိန်တတ်တယ်တဲ့'

တင်တင်ကြည်က ကားအပြင်ဘက်ကို ငေးကြည့်ရင်း ကိုယ့် ကိုယ်ကို အားပေးနေသည်။ သူ့အသက်က သုံးဆယ့်ကိုးနှစ် ပင် ပြည့်ခဲ့ ပြီးပြီမို့ နောက်ထပ်ကလေးငယ် တစ်ယောက် ကို ကိုယ်ဝန်ဆောင်ရန် မွေး ဖွားရန် အတော် ကြီးကို ကြီးရင့်နေပြီဟု ခံစားနေရသည်။

'ဟိုတစ်ခါတုန်းကလည်း ဒီလိုပါပဲ၊ ဆယ်ရက်လောက် ရက် လွန်ဖူးတယ်၊ အခုလည်း ချုပ်စာတွေ စားမိလို့ပဲ ဖြစ်မှာ ပါ'

မေ့မေ့ပျောက်ပျောက်နေတုန်းက ဘယ်လိုမှ မ ဖြစ်သော်လည်း အခုလို သတိရနေပြန်တော့ မတင်မကျနှင့် နေရထိုင်ရခက်နေသည်။ စိတ်က မငြိမ်တော့ 'မဟုတ်နိုင်ပါဘူး' ဟု တွေးပြီး အေးသွားလိုက်၊ 'ဟုတ်များ ဟုတ်နေမလား' ဟု တွေးပြီး ပူလောင်လောင် ဖြစ်သွားလိုက် နှင့် အေးလိုက်ပူလိုက် ဖြစ်နေသည်။

ကားက အမြန်မောင်းနေပြီး မှန်ကို အလုံချထားသော ကြောင့် လားတော့မသိ။ ကားလမ်းဘေးတွင် ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်သော လူ များ ကို ကြည့်ရင်း မူးရိပ် မူးရိပ် ဖြစ်လာသည်။

'အဲယားကွန်းက အေးလည်း မအေးဘူး၊ မှန်တံခါး ဖွင့်လိုက် စမ်းပါလားကွယ်'

ကားနောက်ဘက်ကို ခပ်လျော့လျော့မှီထိုင်ကာ မျက်စိကို မှိတ် ထားသည်။ မှန်တံခါးဖွင့်လိုက်တော့ ပြင်ပလေတွေ ဒလဟော တိုးဝင် လာသည်။ ဆံနွယ် ဆံစတွေ တဖျပ်ဖျပ်လွင့်ကာ နေရထိုင်ရ သက်သာပြီး အေးမြမြ ဖြစ်သွားသည်။

'ဘာပဲ ဖြစ် ဖြစ် နက်ဖြန်ကျရင်တော့ သေချာအောင် ဆီးစစ် ကြည့်လိုက်ရင် ကောင်းမယ်ထင်ပါရဲ့ ၊ Negative ဆိုရင်တော့ ဘယ်လောက် ဆက်ပြီး နောက်ကျကျ ပူစရာမလိုဘူး၊ မသကာ ဂျင်းနဲ့ ထန်း လျက် ကြိုသောက်ရရုံပေါ့၊ အင်း တကယ်လို့ တကယ်လို့ Postive ဖြစ်နေရင်ကော'

တင်တင်ကြည်က ပင့်သက်ရှည်ကြီးကိုရှိုက်၍ ရှူလိုက်မိသည်၊ ရင်ထဲတွင် ညစ်ညစ်ညူးညူး ဖြစ်သွားသော်လည်း သူက ကြာရှည် စိတ် ညစ်တတ်သူ မဟုတ်သဖြင့် ပေါ့ပေါ့ပါးပါးပင် တွေးပစ်လိုက်သည်။

'အဲဒီ တော့လည်း ဗိုက်ဖုံးအင်္ကျီဝတ်ရုံပေါ့ဟယ်၊ မနေနိုင် မထိုင်နိုင် ပူလာရင်လည်း အဲဒီ ပူလာတဲ့ဗိုက်ကို ဖုံးထားတဲ့အင်္ကျီ ဝတ်ရုံကလွဲ လို့ ဘာလုပ်တတ်မှာ လဲ'

***



ဝန်ဇင်းချစ်သူများ မစန္ဒာ ၏ “ ဆဌဂံ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အနီးကဝေး

မစန္ဒာ ၀တ္ထုတိုများ (၆)

မစန္ဒာ၏ ၀တ္ထုတိုများ(၈)