
အနီးကဝေး
ခမော်ပြည်သည် ကမ္ဘာ၏ အရှေ့တောင်ခြမ်းတွင် ပါဝင်သော ပြည်ငယ်ကလေး တစ်ခု ဖြစ်သည်။ ဆန်ရေစပါး၊ ကျောက်သံ ပတ္တမြား ကြွယ်ဝသော နိုင်ငံ ဖြစ် သော်လည်း နိုင်ငံခြားသားများ ၏ လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းကို နှစ် ပေါင်း များ စွာ ခံခဲ့ရရှာလေသည်။
ခမော်ပြည်သားများ သည် ရိုးသားပြီး အလွန်ရောင့် ရဲလွယ်ကြသည်။ နံနက်စာရှိလျှင် ညနေစာအတွက် ဘယ်သော အခါမျှ တွေးပူခြင်း မရှိကြချေ။ စွမ်းစွမ်းတမန် စီးပွားရှာရန်လည်း စိတ်မဝင်စား၊ ရှေ့တန်းသို့ အလု အယက် တက်နေကြသော ကမ္ဘာသားများ အလယ်တွင် ခမော်ပြည်သားများ သည် ထမင်းကြမ်းခဲကိုက်ရင်း အေးအေးဆေးဆေး နေထိုင်ကြလေသည်။
'ကျုပ်တို့ ခမော်ပြည်ကြီးရဲ့ လူဦးရေ ရှစ်ဆယ့်ငါးရာနှုန်းဟာ တောနေ လူတန်းစားတွေ ဗျ။ တောနေတောင်သူ လယ်သမား လူတန်းစားတွေ မတိုး တက် မဖွံ့ဖြိုးသမျှ ကာလပတ်လုံး ကျုပ်တို့ တိုင်းပြည်ဟာလည်း တိုးတက်နိုင် မှာ မဟုတ်ဘူး'
'ဟုတ်တယ်ဗျ'
'ကျုပ်တို့လို ပညာတတ်လူတန်းစားတွေ အနေနဲ့ သူတို့တစ်တွေ ရဲ့ ဘဝထဲကို တိုးဝင်ရမယ်၊ လေ့လာရမယ်၊ နောက်ပြီး ဘဝမြှင့်တင်ရေး လုပ်ပေးရမယ်'
'ဟုတ်တယ်၊ ဒါဟာ ကျုပ်တို့ တာဝန်ပဲ'
ဦးမောင်မောင်ထူးသည် ဦးဆန်းကြယ်ပြောသမျှကို လှိုက်လှိုက်လှဲလှဲ ထောက်ခံနေသည်။ သူတို့နှစ် ဦးသည် ခမော်ပြည်တွင် မွေးပြီး ခမော်ပြည်တွင် ပင် ကြီးကြသော ခမော်ပြည်သားစစ်စစ် ဖြစ်ကြသည်။ တိုးတက်သော ကမ္ဘာ့နိုင်ငံများ သို့ သွားရောက်ပညာသင်ပြီး ဆေးသိပ္ပံပညာရှင်ဘွဲ့နှင့် စက်မှု ပညာရှင်ဘွဲ့တို့ကို အသီးသီး ဆွတ်ခူးခဲ့ကြသည်။
'တကယ့် တကယ်တော့ ကျွန်တော် တို့ဟာ တောနေ လူတန်းစားတွေ နဲ့ အထိအတွေ့  မရှိခဲ့ဘူး။ သူတို့ ဘဝကို သိအောင် လက်တွေ့ ဆင်းပြီး သုတေသနလုပ်မှ ဖြစ်မယ်။ ကျွန်တော် တော့ ရှေ့အပတ်ထဲမှာ ပဲ ကျေးရွာတွေ ကို ကွင်းဆင်းလေ့လာတော့မယ်။ သူတို့ရဲ့ လူနေမှု အဆင့်အတန်း၊ စိတ်နေ သဘောထား၊ ဘဝအခက်အခဲတွေ အစစကို လေ့လာပြီးမှ ဘယ်ပုံ ဘယ် နည်း အကူအညီပေးနိုင်မယ်ဆိုတဲ့ အဖြေထွက်လာမှာ ပေါ့'
ဦးမောင်မောင်ထူးသည် လိမ္မော်ရည်ခွက်ထဲတွင် ချာလည်လှည့်နေ သော ရေခဲတုံးကလေးများ ကို ငေးကြည့်ရင်း လေးလေးနက်နက် စဉ်းစားနေမိ လေသည်။ ဦးဆန်းကြယ် ပြောသမျှ စကားတို့သည် သူ့နားထဲသို့ တိုက်ရိုက် ဝင်ပြီး ဦးနှောက်ထဲသို့ စိမ့်သွားကြသည်။ ဦးဆန်းကြယ် ပြန်သွားသည်အထိ နေရာမှ မရွေ့ရှားမိသေးချေ။
သူ၏ မျိုးရိုး အစဉ်အဆက်သည် မင်းပေါက် စိုးပေါက် အလွန်ချမ်းသာ ကြွယ်ဝခဲ့သဖြင့် ဦးမောင်မောင်ထူးခမျာ ထမင်းဟူသည်မှာ ထမင်းချက် ဒေါ်အေးတင် ဖန်တီးခြင်း ဖြစ်သည်ဟုပင် ငယ်စဉ်က အမှတ်မှားခဲ့ရှာသည်။
ခေတ်မီဆေးရုံကြီးတွင် မွေးဖွားသန့်စင်ခဲ့သည်မို့ ရွှေလင်ပန်းနှင့် အချင်း မဆေးခဲ့ရချေ။ သို့ သော်လည်း အသက် ငါးနှစ် ရွယ် ရောက်ခါမှ ကတ္တီပါဖိနပ် စီးပြီး မဟာပထဝီမြေကြီးကို ခြေနှင့် ဖွဖွလေး နင်းဖူးလေသည်။ သူ့ခြေထောက် နုနုများ သည် ခမော်ပြည်ကြီး၏ ရွာလမ်းဖုံဖုံများ ကိုလည်းကောင်း၊ လယ်ကန် သင်းရိုးကိုလည်းကောင်း၊ မြေပပ်ကြားအက်များ ကိုလည်းကောင်း တစ်ခါမျှ မနင်းဖူးသေးချေ။
ဦးမောင်မောင်ထူးသည် ခမော်မြေနှင့် အကျွမ်းမဝင်လှသော်လည်း ခမော်ပြည်ကိုမူ ချစ်လေသည်။ သူတတ်သော ပညာနှင့် သူ့တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ရာတွင် နှောင့်နှေး မနေသင့်။ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက် အချိန်တိုင်းသည် တန်ဖိုးရှိလှသည်။ သူ့ရင်သည် တဒိုင်းဒိုင်း ခုန်လာပြီး ထိုင်ရာမှ ဖြုန်းခနဲ ထရပ်လိုက်သည်။
'ဟေး မောင်တင်ရေ၊ ပစ္စည်းတွေ ထည့်ကွာ ဦးဆန်းကြယ်နဲ့ အတူ လိုက်ပြီး ကျေးရွာတွေ ကို လေ့လာရမယ်။ ငါတို့ လုပ်စရာတွေ အများ ကြီး ကျန်သေးတယ်'
ဦးဆန်းကြယ်သည် မော်တော် ဦးတွင် ထိုင်ရင်း နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်နေလေ သည်။ တညင်းညင်း သွဲ့နေသော လေပြည်အေးသည် အငြိမ်မနေဘဲ ပုပ် အက်အက်အနံ့ကို သယ်ဆောင်လာသည်။
'ဗျိုး ဘကြီးတော ဘာနံ့လဲဗျ... ဆိုးလိုက်တာ လွန်ရော'
'ဂုန်လျှော်ပုပ်နံ့လေ ဆရာကလေးရဲ့ ၊ ဂုန်လျော်တွေ ရင့်ရင် ခုတ် ပြီး ရေထဲမှာ စိမ်ထားရတယ်။ နူးတော့မှ အပေါ်က အခေါက်ကို ခွာရတာ ပေါ့၊ ခုရတဲ့ အနံ့က ဂုန်လျှော်ကို ရေစိမ်လို့ ထွက်လာတဲ့ အနံ့။ ကျုပ်တို့တော့ ရှူနေကျလို့ နံမှန်းတောင် မသိတော့ပါဘူး'
ဦးဆန်းကြယ်သည် ဘကြီးတော၏ ပုဆိုးစုတ်ပေါင်းထားသော ဦးခေါင်း မှ အသားမာတက်ပြီး ကြမ်းနေသော ခြေဖဝါးထိ စုန်ကာ ဆန်ကာ ကြည့်ရင်း စိတ်မကောင်းနိုင်အောင် ဖြစ်သွားသည်။
ချောင်းရေယဉ်သည် ရွှံ့နစ်များ ကို တိုက်စားစီးဆင်းနေသဖြင့် နောက်ကျိ နေသည်။ အဆုတ်နာ ရောဂါ သည်ကြီး ချောင်းဆိုးသကဲ့သို့ ရှေ့တစ်လှမ်းတိုး- နောက်နှစ် လှမ်းဆုတ်နှင့် ဖုတ်ချက် ဖုတ်ချက်သွားနေသော မော်တော် ကလေး သည် ချောင်းအလယ်တွင် ဝင့်ထည်လှသည်။ ခရမ်းရင့်ရောင် ဗေဒါပွင့်များ ကမူ ချာလည်လှည့်ပြီး ကနေဟန် ရှိသည်။ ဗေဒါပင်များ နှင့် အတူ အခေါက်နွှာပြီး ဂုန်လျှော်ရိုး ဖြူဖြူများ က ငြိတွယ်မျောပါလာသည်။
'ဂုန်လျှော်ခွာတာကိုတော့ ကြည့်ချင်တယ်ဗျာ'
'စိတ်ချဗျား၊ ခွာချင်ရင်လည်း ဝင်ခွာလို့ ရမှာ ပါဗျာ'
'ခွာမယ် ဘကြီးတောရေ၊ ကျွန်တော် တို့က လေ့လာတယ်ဆို တကယ့်ကို လေ့လာမှာ '
ဦးဆန်းကြယ်နှင့် ဦးမောင်မောင်ထူးတို့သည် စိတ်အားထက်သန်စွာ သံပြိုင်ပြောလိုက်ကြသည်။
သို့ သော်...ဂုန်လျှော်များ ကို တကယ်တမ်း ခွာရသော အခါတွင် ကား သူ့တို့ခမျာ အတော် ပင် စိတ်ညစ်ကြရရှာသည်။
ရေထဲတွင် တစ်ပတ်ခန့်ကြာအောင်စိမ်ပြီး တုံးနှင့် ဖိထားသော ဂုန်လျှော် ပင်များ မှ ပုပ်အက်အက်အနံ့က စူးရှလှသည်။ အနံ့စူးသည်က အရေး မကြီး၊ လူတစ်ရပ်သာသာခန့် မြင့်သော ဂုန်လျှော်ပင် တစ်ပင်လုံး ကျိကျိချွဲချွဲ ဖြစ် နေ၍ အရင်းမှ ကိုင်ရနိုး၊ အဖျားက ကိုင်ရနိုးနှင့် မထိတထိ စမ်းနေမိသည်။
ဘကြီးတောက သူ့သွားမည်းမည်းများ ကို ပေါ်အောင် ပြုံးသော အခါ တွင် ကား မခံချင်စိတ် ဟုန်းခနဲကြွတက်လာပြီး ဂုန်လျှော်ပင် ချွဲချွဲကို မိမိရရ ကိုင်တော့သည်။ ကျွမ်းကျင်ရာ လိမ္မာဟု ဆိုစကားရှိသည်။ ဂုန်လျှော်ခွာ မကျွမ်းကျင်သော သုတေသီ နှစ် ဦးခမျာမှာ လည်း အလိမ္မာမကြီးနိုင်ကြချေ။
ဂုန်လျှော်မျှင်များ အချင်းချင်း ရှုပ်ထွေးကုန်ပြီး အစရှာမရအောင် ဖြစ် သွားတတ်ကြသည်။ ဂုန်လျှော်မျှင်များ ကို တကုန်းကုန်း ရှင်းနေစဉ် ရေထဲတွင် စိမ်ထားရသော ဦးဆန်းကြယ်၏ ခြေသလုံးသားဝင်းဝင်းမှ အိုအမျိုးအစား သွေးတို့ကို မျှော့နက်မည်းများ က မြိန်ရေရှက်ရေ သောက်သုံးကြလေသည်။ ခြေသလုံး နာသလိုလိုရှိ၍ ကြည့်မိသော တစ်ခဏ၌ ပင် ဦးဆန်းကြယ်သည် အသံကုန် ဟစ်၍ အော်မိလေသည်။
'အောင်မလေး ဘာကောင်ကြီးလဲ၊ လုပ်ပါဦး လုပ်ပါဦး'
သူ့အသံကို မိုးပေါ်မှ သိကြားမင်း ကြားသွားဟန်ရှိသည်။ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တင်းသွားရောသလားမသိ။ ဝိသကြုံနတ်သားကို ဘကြီးတော ဟန်ဆောင်စေပြီး ဦးဆန်းကြယ်၏ ခြေသလုံးမှ မျှော့ကြီးနှစ် ကောင်ကို ဖြုတ်ချခိုင်းလိုက်သည်။
'ဟား ဟား ဟား တောနဲ့ မျှော့ဆိုတာ ခွဲလို့မရဘူး ဆရာလေးတို့ရဲ့ ၊ လာ လာ၊ ဆရာလေးတို့လည်း အတော် ပင်ပန်းနေပြီ ထမင်းစား ပြန်ကြစို့'
ဦးမောင်မောင်ထူးတို့၏ လက်တွင် ဂုန်လျှော်ပုပ်နံ့က ဆေးမရ၊ ပြုမရနှင့် အတော် ကြာအောင် စွဲနေသေးသည်။ ဘကြီးတောကမူ သူ့လက်တွင် စွဲနေ သော အနံ့ကို သတိပင်ထားဟန်မတူ ရေကလေး တစ်ချက်နှစ် ချက် ပက်ဆေး ပြီး ထမင်းဝိုင်း ဝင်တော့သည်။
လယ်ငါးချက်နှင့် ငါးပိရည်သည် ဦးမောင်မောင်ထူးတို့အား ထမင်းမြိန်စေ ပါသည်။ ခမော်ပြည်ကို ချစ်သူများ မို့ တိုင်းတစ်ပါးမှ အသားညှပ် ပေါင်မုန့်နှင့် ကြက်သားကြော်များ ကို မြင်ယောင် မနေကြပေ။ ထမင်းမာမာကို ငါးပိရည် ရွှဲရွှဲဆမ်းပြီး လယ်ပဒူရွက်မြှုပ်တို့နိုင်ကြသည်။ သို့ သော်လည်း ထမင်းဝိုင်းဘေး တွင် ထိုင်ပြီး တအီအီ အသံပေးနေသော ကျားဘိုက ဝဲခြောက်ကို တဖျင်းဖျင်း ကုတ်သော အခါတွင် ကား သူတို့ ထမင်းစား မဝင်နိုင်အောင် ရှိတော့သည်။
ဘကြီးတောတို့ တစ်တွေ သည် နေလည်း နေနိုင်ကြသည်။ နွားနှင့် လည်း အတူနေနိုင်သည်။ ဝက်နှင့် လည်း အတူထိုင်နိုင်သည်။ ကြက်နှင့် လည်း အတူအိပ်နိုင်ကြလေသည်။ ဝါးကြမ်း ကြဲကြဲခင်း ဓနိမိုး ကြဲကြဲမိုးထားသော အိမ်ကျဉ်းကျဉ်းလေးတွင် အကောင်ဗလောင်များ စုံပြီး တိရစ္ဆာန်အနံ့စွဲနေသည်။ ဘကြီးတော၏ မိန်းမက အိမ်ရှေ့တွင် ထွက်ပြီး ဆန်ဖွပ်နေချိန်ဝယ် ကြက်များ က မီးဖိုချောင်မှ ထမင်းအိုးကို ဖွင့်ပြီး တဇတ်ဇတ် စားနေတတ်လေသည်။
'ညောင်းကိုက်နေတာပဲဗျာ'
'ကျွန်တော် တော့ ငရုတ်သီးစားလို့ ထင်ပါရဲ့ ဗိုက်နာတယ်'
'အိမ်သာ မတွေ့ ဘူး၊ မော်တော် ပေါ် သွားမလား'
ဦးဆန်းကြယ်က ခပ်တိုးတိုး မေးသည်။ ဦးမောင်မောင်ထူးသည် ခေါင်း ခါလိုက်ရင်း အသာမှော က်အိပ်လိုက်သည်။ အိပ်ချင်စိတ်သည် ဗိုက်အနာကို လွှမ်းမိုးသွားသည်။
ကျေးရွာများ တွင် အိမ်သာဒုက္ခ မရှိ။ အိမ်သာတွင်းပြည့်လျှင် ကားခေါ် ပြီး စုတ်ထုတ်ရသော ဝဋ်ဒုက္ခမှလည်း လွတ်ကင်းသည်။ တသွင်သွင်စီးဆင်း နေသော မြစ်ရေယဉ်ထဲသို့ တဖြုန်းဖြုန်း တဖြင်းဖြင်းနှင့် ပလုံ ပလုံဟု မြည် ကာ အညစ်အကြေးများ ကျဆင်းသွားသော အသံသည် နားထောင်၍ ပင် ကောင်းသေးသည်။ မြစ်ကမ်းဘေးရှိ ရွာတိုင်းရွာတိုင်းသည် 'ပလုံ လေ့ကျင့် ခန်း' လုပ်ကြကုန်သဖြင့် အနံ့အသက် နံစော်ခြင်းမရှိ၊ သန့်ရှင်းပါဘိ။
သို့ သော်... သို့ သော်... တစ်ဖက်အိမ်မှ 'ပလုံလေ့ကျင့်ခန်းယူနေစဉ်၊ ကျန်အိမ်က အိမ်ပေါ်မှ ရေပုံးချပြီး မြစ်ရေကို ခပ်ကာ သောက်ရေအိုးထည့်နေ သည်ကို တွေ့ ရသော အခါ ဦးမောင်မောင်ထူး၏ ပြူးသော မျက်လုံးသည် ပို၍ ပြူးသွားပြီး ကြီးသော ခေါင်းသည်လည်း ပို၍ ကြီးသွားသယောင်ရှိသည်။
ပလုံ အရေအတွက် မည် မျှသည် သူတို့၏ ထမင်းအိုး၊ ရေအိုးနှင့် ချဉ်ရည်၊ ဟင်းချိုတို့အထဲတွင် ပါလေမည် နည်းဟု သိပ္ပံနည်းကျကျ အချိုးကျ တွက်ချက်မိသော အခါ ချွေးပင် တဖြိုင်ဖြိုင် ကျလာလေသည်။
'လုပ်စရာတွေ တို့လုပ်စရာတွေ အများ ကြီး ကျန်သေးတယ်'
အိပ်ပျော်နေသော ဦးမောင်မောင်ထူးသည် အံသွားကို ကြိတ်ရင်း ယောင်ရမ်းနေလေသည်။
လှည်းကြမ်းကြီး တစ်စင်းသည် တအိအိ မြည် ရင်း မလှုပ်တစ်လှုပ် ရွေ့ လျားနေသည်။ လှည်းနောက်မှ လိပ်၍ လိပ်၍ တက်လာသော ဖုံလုံးများ သည် လှည်းပေါ်ရှိ လူများ ကို မညှာမတာ ဖုံးအုပ်ပစ်လေ့ရှိသည်။
'ဖုန်ဟာ လူတွေ ရဲ့ အဆိုးဆုံးရန်သူပဲ။ အဲဒီ ဖုန်တွေ ထဲမှာ ဗိုင်းရပ်(စ်)လို့ ခေါ်တဲ့ ပိုးတစ်မျိုးပါတယ်။ ဖုန်တွေ မျက်စိထဲ ဝင်ပါများ ရင် မျက်ခမ်းစပ် ရောဂါ ဖြစ်တာပေါ့'
ဦးဆန်းကြယ်သည် တလိပ်လိပ်ထနေသော ဖုန်လုံးများ ကို ကြည့်ရင်း ကာကွယ်ရန် နည်းလမ်း ရှာနေမိသည်။ နှာခေါင်းနှင့် ပါးစပ်ကို အုပ်၍ စည်း ထားသော လက်ကိုင်ပဝါကိုပင် အံတုပြီး ဇွတ်အတင်း ဖြတ်ကျော်လာသော ဖုန်မှု န့်များ ပါ ပါးစပ်ထဲ ဝင်မည် စိုးသဖြင့် အံသွားကို စေ့ထားရသည်။
'ဒီမှာ အဘ၊ အဘတို့ရွာမှာ တစ်နှစ် ရဲ့ အပူဆုံး ဒီဂရီ ဘယ်လောက် ရှိလဲ ဟင်'
'ဘာရယ်ဗျ'
'သြော် ဘယ်လောက်ပူလဲလို့'
'ယော် အာဏာကုန် ပူတာပ'
'ဟောဗျာ အအေးဆုံးကရော'
'အဲ မမယ်မ သူ့သမီး ဘုတ်စုကို မွေးတုန်းက ဆောင်းဝင်စ ထင်ပါရဲ့ ၊ အုန်းဆီတွေ ခဲသွားလိုက်တာ တစ်လကိုးသီးတင်း မပျော်တော့ဘူး၊ ဆရာ ကလေးရဲ့ '
'ဟင်'
ဦးမောင်မောင်ထူးသည် သက်ပြင်းကိုဟင်းခနဲချလိုက်သည်။ သူ့မှတ်စု စာအုပ်ထဲတွင် ခမော်ပြည် အထက်ပိုင်း မန္ဓာရ ရွှေမြို့တော် မှ မိုင်လေးဆယ် အကွာ လှိုင်သာမြစ်ကမ်းဘေးတွင် ရှိသော 'တောင်ပြာ'ရွာကလေးသည် အာဏာကုန်ပူ၍ အုန်းဆီခဲအောင် အေးသည်ဟု ရေး မှတ်ထားလိုက်ရသည်။
'ခမော်ပြည် ရာသီဥတုရဲ့ အပူဒဏ်၊ အအေးဒဏ်ကို အသေအချာ ကာကွယ်နိုင်လောက်အောင် သူတို့ရဲ့ အိမ်တွေ ဟာ မလုံခြုံဘူး။ ကိုးဆယ့်ရှစ် ရာနှုန်းဟာ ဝါး၊ သက်ငယ်၊ ဓနိ၊ ထန်းလက်တွေ ကိုသာ သုံးပြီး ဆောက် ထားတယ်'
'အိမ်တွေ မှာ ပြတင်းပေါက်ကနေ လေဝင် လေထွက်က ညံ့နေတယ်။ ကြက်၊ ဝက်တွေ မွေးပြန်တော့ အနံ့အသက် မကောင်းပြန်ဘူး၊ ကျန်းမာရေး အတွက်တော့ အန္တရာယ်ပဲဗျ'
'အဲ အိမ်သာကလည်း အဓိက ပြဿနာ ခင်ဗျ'
ဦးမောင်မောင်ထူးသည် ဆွေးနွေးပြောဆိုရင်းမှ ပလုံ ပလုံ ဟူသော ဂီတသံစဉ်ကို ကြားယောင်လာသည်။ ကြက်သီးမွေးညင်း ထလာပြီးလျှင် နွားနီကို ကြိမ်တို့ရန်သာ စိတ်စောနေသည့် အဘဖက်သို့ လှည့်ရင်း အရေး တကြီး မေးလိုက်သည်။
'အဘ အဘတို့ရွာမှာ ကော အိမ်သာရှိရဲ့ လား၊ အိမ်သာ သန့်သန့်ပြန့်ပြန့် ရှိဖို့ကလည်း ကျန်းမာရေး အတွက် အင်မတန်အရေး ကြီးတယ်နော်'
'ယော် ကျုပ်တို့ရွာက သူများ တွေ လို ငှက်ပျောတောထဲမှာ ကိစ္စပြီး တာ မဟုတ်ပေါင်ဗျာ၊ ရွာပြင်မှာ အိမ်သာကြီးမှ ဟိန်းလို့၊ တစ်နေကုန် ထိုင်နေချင်ရင်တောင် နေလို့ရပေါ့'
ကြွားကြွားဝင့်ဝင့်ကြီး ဖြေလိုက်သော အသံကြောင့် ဦးမောင်မောင်ထူး ခမျာ အတော် ကြီးအသက်ရှူချောင်သွားလေသည်။ သို့ သော် သို့ သော် နောက်တစ်နေ့ နံနက်တွင် ရွာပြင်ကွင်းစပ်မှ ဟိန်းနေသော ထိုအိမ်သာကြီး သည် ဦးမောင်မောင်ထူးအား ကောင်းကောင်းကြီး ဒုက္ခပေးလေသည်။
ကြီးမားခိုင်ခံ့သော အိမ်သာကြီးကို မြေပြင်မှခြောက်ပေခန့်မြှင့်ပြီး ဆောက် ထားသည်။ တက်စရာလှေကားကလည်း ပြောင်ချောနေသော ထန်းလုံးကြီး ကို ခြောက်ဆယ်ဒီဂရီခန့်စောင်းပြီးထောင်ထားခြင်း ဖြစ်သည်မို့ ဘလောင်ဆူနေ သော ဝမ်းဗိုက်ကို ဖိနှိပ်ရင်း အိမ်သာကို လက်ယာရစ် လက်ဝဲရစ် အခါခါ ရစ်ပတ်နေလေသည်။ နဖူးတွင် အစက်စက်သီးနေသော ချွေးများ ပေါက်ခနဲ ပေါက်ခနဲစင်ကျသွားသော အခါတွင် ကား ထန်းလုံးကြီးကိုဖက်တွယ်ကာ ကမန်းကတန်း တက်ရရှာသည်။ အပေါ်ရောက်လျှင် ချွေးကိုမျှ မသုတ်အား ဘဲ ဆန္ဒပြ သော င်းကျန်းလှပြီ ဖြစ်သော ဝမ်းဗိုက်ကို ဖိနှိပ်ရင်း ကမန်းကတန်း ကိုင်ကာ တံခါးဆွဲပိတ်လိုက်သည်။
'ဟိုက် မောင်တင်ရေ တံခါးမရှိဘူးဟ'
မောင်တင်သည် ခြောက်ပေခန့်မြင့်သော အိမ်သာထဲဝယ် ကုန်းကုန်း ကွကွကြီး စံပယ်နေသော ဆရာသမားကိုကြည့်ရင်း ငိုရမလို ရယ်ရမလိုနှင့် အကြပ်ရိုက်သွားရှာသည်။
'ပြန်ဆင်းမလားဆရာ၊ ဒီနဘူးခြုံကွယ်ကမှ ကောင်းဦးမယ်'
'မအောင့်နိုင်တော့ဘူးကွ ဟဲ့ ဟဲ့ အို'
ဘယ်ချောင် ဘယ်ကြားက ထွက်လာသည်မသိရသော ဝက်တစ်အုပ် သည် အိမ်သာအောက်သို့ ဒလကြမ်းကြီးပြေးလာနေကြသည်။ ထိုအခါမှ အိမ်သာအောက်တွင် တွင်းမတူးဘဲ သန့်နေပုံကို ရိပ်မိတော့သည်။
'ဟေး မောင်တင်'
'ခင်ဗျား ဆရာ'
'လူမြင်ရင် ရှက်စရာကြီး၊ အသံပေးထားကွ'
ဦးမောင်မောင်ထူး၏ မျက်နှာသည် ခရမ်းချဉ်သီးမှည့်ကဲ့သို့ နီရဲနေ လေသည်။ ဆီးကင်းခန့်ရှိသော ချွေးပေါက်ကြီးများ ကလည်း နဖူးတွင် အစီအရီ သီးနေသည်။
အမှန်စင်စစ် အသံပေးရန်မလိုပါချေ။ ခြောက်ပေခန့်အမြင့်တွင် ငုတ် တုတ်ကြီး ဈာန်ပျံကာ ဝက်များ အား အလှူမင်္ဂလာပေးနေသော ဦးမောင်မောင် ထူးအား အဝေးကပင် မြင်နိုင်ပါသည်။
'ကျုပ်တို့ရဲ့ ပထမပိုင်း အလုပ် ကတော့ ပြီးသွားပြီဗျ၊ ဒုတိယပိုင်းအနေနဲ့ ဘယ်ပုံဘယ်နည်း ဘဝမြှင့်တင်ရေး လုပ်ပေးမယ်ဆိုတာကိုပဲ စဉ်းစားဖို့လိုတော့ တယ်'
ဦးဆန်းကြယ်သည် လေ့လာမှတ်သားခဲ့သမျှ စာရွက်စာတန်းများ ကို လှန်လှောကြည့်ရင်း ပြောလေသည်။ လေ့လာရေး ခရီးမှ ပြန်လာသော ပညာရှင်နှစ် ဦးသည် ပိန်ပြီးမည်းလာကြသည်။ မိမိရုပ်ကိုပင် မိမိပြန်ပြီး မမှတ်မိ နိုင်အောင်ရှိတော့သည်။
'စား, ဝတ်, နေ, ရေး အဖက်ဖက်က မြှင့်တင်ပေးရမယ်'
'လက်နဲ့လုပ်နေသမျှအလုပ်တွေ ကို စက်နဲ့အစားထိုးရမယ်'
'တောနေလူတန်းစားတွေ ရဲ့ ဘဝဟာ တစ်ဟုန်ထိုးကို တိုးတက်လာစေရ မယ်'
ပညာရှင်နှစ် ဦးသည် အချိန်ကို အနည်းငယ်မျှ မဆိုင်းဘဲ လုပ်ငန်းခွင် ဝင်ကြလေသည်။ ဦးဆန်းကြယ်သည် တွက်လိုက်၊ ချက်လိုက်၊ ရေး ဆွဲလိုက် နှင့် အလုပ်ရှုပ်နေသလို ဦးမောင်မောင်ထူးသည်လည်း သူ့ဓာတ်ခွဲခန်းထဲတွင် ကျဉ်းသော ၊ ကျယ်သော ၊ ဝိုင်းသော ၊ ရှည်သော ၊ ပုသော ဖန်ပုလင်းမျိုးစုံနှင့် မအားနိုင်အောင် ရှိတော့သည်။
တစ်နံနက်ခင်း ဦးမောင်မောင်ထူး အိပ်ရာမှမနိုးမီ ဦးဆန်းကြယ်သည် မောကြီးပန်းကြီး ရောက်လာလေသည်။ ဦးမောင်မောင်ထူးကို အိပ်ရာမှဆွဲ ထူပြီး 'ကျွန်တော့်အိမ်တော့ အောင်မြင်ပြီဗျ- အောင်မြင်သွားပြီ၊ ကျွန်တော့် အိမ်ကလေးတို့ အသေမဆောက်ဘဲ အစတစ်ခုစီဖြုတ်လို့ ရအောင်လုပ်ထား တယ်'ဟု ဝမ်းသာအားရပြောလေသည်။
'တစ်စစီကို ခဏလေးနဲ့ ဖြုတ်- ခဏလေးနဲ့ ပြန်ပြီးတပ်နိုင်တယ်ဗျ၊ လယ်လုပ်ချိန်ကျရင် ဖြုတ်ပြီး လယ်ထဲမှာ ပဲ ဆောက်ထားလိုက်၊ အဲဒီ မှာ တင် ချက်ပြုတ်စားသောက်နိုင်တော့ ထမင်းပို့ရတဲ့ အချိန်နည်းပြီး လုပ်အားနာရီ လည်း တက်လာတယ်၊ ကျွန်တော့် အိမ်လေးဟာ ဘယ်လောက်ပေါ့ပါးလဲ ဆိုရင် ထင်းခွေခွေ ရေခပ်ခပ် ချိုင်းကြားမှာ တောင် ခေါက်သိမ်းသွားလို့ရစေ ရမယ်။ နောက်ဆုံးပေါ်သတ္တုတစ်မျိုးနဲ့လုပ်ပြီး 'ဆန်းကြယ်အိမ်'လို့ အမည် ပေးလိုက် ပြီ''
'တယ်ဟုတ်ပါလား'
'တထောင်းထောင်းထနေတဲ့ ဖုန်တွေ ကို စုတ်ဖို့ ဖုန်စုတ်စက်၊ ဂုန် လျှော်ခွာဖို့ လျှော်ခွာစက်၊ စပါးရိတ်ပြီးတာနဲ့ တစ်ချက်တည်း တစ်ဖက်က ဆန်တွေ ကျလာတဲ့ စက်တွေ လည်း တီထွင်ရဦးမယ်'
ဦးဆန်းကြယ်သည် အသက်ကိုပင် မရှူအားဘဲ စိတ်အားထက်သန်စွာ ပြောလေသည်။ ဦးမောင်မောင်ထူးခမျာလည်း အားရဝမ်းသာနှင့် ဦးဆန်းကြယ် ကို အငေးသားကြည့်နေသည်။ စိတ်ဝင်စားလွန်းသဖြင့် ဦးဆန်းကြယ် ပြုံး လျှင်ပြုံးချင်၊ မဲ့လျှင် မဲ့ချင် ဖြစ်နေ၏ ။
သုံးလေးရက်ခန့်ကြာသော အခါ စက်များ နှင့် တဂျုံးဂျုံး တဂျိုင်းဂျိုင်း အလုပ်ရှုပ်နေသော ဦးဆန်းကြယ်ဆီသို့ ဦးမောင်မောင်ထူး အမောတကော ရောက်လာလေသည်။
'ဟား ဟား ဦးဆန်းကြယ်ရေ၊ ခင်ဗျားအိမ်မှာ မီးဖိုချောင်နဲ့ အိမ်သာ တောင် မလိုတော့ဘူး သိရဲ့ လား'
'အလို ဘာ ဖြစ်လို့ပါလိမ့်'
'သူတို့တွေ စားဖို့အတွက် ရသာခဲတစ်မျိုးတီထွင်နိုင်ပြီလေ၊ အာဟာရ စစ်စစ် အခဲကလေးပေါ့၊ အစာအိမ်ရဲ့ အလုပ်က ဝင်လာသမျှ အစာတွေ ကို ကြေညက်အောင်ချက်၊ အဟာရဓာတ်တွေ ကို ခန္ဓာကိုယ်ထဲပို့၊ အသုံးမကျတာ တွေ ကို အစာဟောင်းအ ဖြစ် ပြန်ထုတ်၊ ဟုတ်စ ဒီတော့ အာဟာရသက် သက်ကို လိုသလောက်ပဲ စားပေးရင် အစာဟောင်းထုတ်ဖို့ မလိုတော့ဘူး မဟုတ်လား'
'ဒါပေါ့'
'ဒီတော့ ကျွန်တော် တီထွင်မယ့် အာဟာရခဲကလေး တစ်ခဲကို စားထား ရင် ဆယ်ရက်စာ လုံလောက်ရမယ်ဗျာ၊ ဝယ်ရချမ်းရ ချက်ပြုတ်ရတဲ့ ဒုက္ခတွေ လည်း လုံးဝငြိမ်းပြီး ယောက်ျားရော မိန်းမပါ လုပ်အားနှစ် ဆတိုးလာနိုင်တယ်၊ မစင်ထဲက ရောဂါ ပိုးတွေ ကို သယ်ဆောင်မယ့် လေ၊ ရေ၊ ဖုန် ဆိုတာတွေ ကိုလည်း မှု စရာမလိုတော့ဘူး။ ကျုပ်တို့ခမော်ပြည်ကြီးက မြစ်ရေတွေ ဟာ လည်း လုံးဝသန့်ရှင်း ဟား ပျော်စရာဗျာ၊ အဲဒီ အာဟာရခဲကို 'ထူး အာဟာ ရခဲ'လို့ အမည် ပေးရမယ်ဗျ'
'ဟုတ်လိုက်လေဗျာ'
ပညာရှင်နှစ် ဦးသည် စိတ်အားထက်သန်လွန်းသဖြင့် တုန်တုန်လှုပ်လှုပ် ဖြစ်နေကြလေသည်။ သူတို့တတ်သော ပညာကို တိုင်းပြည်အတွက်ထူးထူးခြား ခြား အသုံးပြုနိုင်တော့မည် ဖြစ်သဖြင့် ဝမ်းသာလုံးဆို့နေကြသည်။
သူတို့၏ လေ့လာရေး ခရီးအောင်မြင်မှု ကို ဂုဏ်ယူမဆုံးနိုင်အောင် ရှိတော့ သည်။ သူတို့လို တောင်သူလယ်သမား တောနေလူတန်းစားတို့၏ ဘဝကို အနီးကပ်လေ့လာသူရှားလှချေသည်။ သူတို့နှစ် ဦးသည် တောရွာများ ၏ သဘာဝ ၊ ယဉ်ကျေးမှု ၊ ရာသီဥတု၊ ကျန်းမာရေး ၊ ပေါင်းသင်းဆက်ဆံရေး ၊ လုံခြုံရေး အစစအရာရာကို အသေးစိတ် လေ့လာခဲ့ကြသည်။
ဦးမောင်မောင်ထူးသည် ထမင်းမေ့ဟင်းမေ့နှင့် ဓာတ်ခွဲခန်းထဲက မထွက် နိုင်သလို ဦးဆန်းကြယ်သည်လည်း သူ့အလုပ်ရုံထဲတွင် နေ့ရောညပါ မအိပ် မနေ အလုပ်ရှုပ်နေလေသည်။ တစ်ဦးနှင့် တစ်ဦး ဆုံစည်းဆွေးနွေးရန်ပင် အချိန်မအားကြချေ။
သို့ သော် သို့ သော် သူတို့မေ့နေသော အချက်တစ်ချက်ရှိသည်ကို နှစ် ဦးလုံး သတိမထားမိကြချေ။ ငွေဆိုသည်မှာ မိဘက အမွေပေးသော ငွေအိုးထဲမှ ရခြင်း ဖြစ်သည်ဟု ထင်မှတ်မှားနေကြသည်။ တောင်သူလယ် သမားများ ၏ စီးပွားရေး အခြေအနေကို လေ့လာရကောင်းမှန်းမသိခဲ့ကြချေ။ သူတို့ကို မည် သူကမျှလည်း သတိမပေးခဲ့ကြ။
တောရွာမှ ဦးကြီးဖြိုးတို့၊ ဘကြီးတောတို့၊ အရီးမယ်စံတို့၊ သံချောင်းတို့၊ ဘုတ်စုံတို့သည် သူတို့တစ်တွေ ၏ ဘဝကို သာယာအောင်မြှင့်တင်ပေးမည် ဟု အသေအချာ ကတိပြုသွားသော ပညာရှင်နှစ် ဦးကို စောင့်မျှော်နေကြသည်။ အာဟာရခဲ၏ ငါးပုံ တစ်ပုံမျှရှိသော ၊ မျှော့သတ်စက်၏ ဆယ်ပုံ တစ်ပုံမျှသာ ရှိသော ၊ ဖုန်စုတ်စက်၏ ဆယ့်ငါးပုံတစ်ပုံမျှသာရှိသော သူတို့အိမ်ထောင်စု၏ တစ်နှစ် စာဝင်ငွေလေးကို ဆုပ်ကိုင်ရင်း စောင့်မျှော်နေကြသည်မှာ
တစ်နွေပြီး တစ်နွေ။
တစ်မိုးပြီး တစ်မိုး။
တစ်ဆောင်းပြီး တစ်ဆောင်း။
ထို့နောက် တစ်နှစ် ပြီး တစ်နှစ် ။
(နှစ် ၅ဝ ပြည့် စက်မှု တက္ကသိုလ်မဂ္ဂဇင်း
(၁၉၇၃-၇၄) အမှတ် ၆)
ဗာလာနံဆိုသော်လည်း
ညတိုင် အိပ်မပျော်သည်မှာ ကြာချေပြီ။
အိပ်မပျော်သော ညများ ကို ကျော်လွှားဖြတ်သန်းရသည်မှာ လည်း ပင် ပန်းလှသည်။
မြေး ဖြစ်သူ တိုးမောင်၏ အသက်ရှူသံ၊ သွားကြိတ်သံ၊ ကင်းသမား တို့၏ သံချောင်းခေါက်သံ၊ မျက်စောင်းထိုးအိမ်မှ နို့စို့ကလေး ငိုသံ၊ ဘုန်းကြီး ကျောင်းမှ တုံးခေါက်သံ၊ လင်းကြက် တွန်သံများ ကို အာရုံစူးစိုက် နားထောင် ရင်း အဘွား ဒေါ်ဝိုင်း၏ စိတ် အတွေးမျှင်များ က ဟိုရောက်လိုက်၊ ဒီရောက် လိုက်နှင့် လေထဲတွင် လွင့်ဝဲနေတတ်သည်။ တစ်ခါတစ်ရံလည်း တွေးလက်စ အတွေးမဆုံးမီ မှေးခနဲ မှိတ်ခနဲ အိပ်ပျော်သွား သယောင်ယောင် ရှိသော် လည်း နှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော်သည်တော့ မဟုတ်ချေ၊ ဖြတ်ခနဲ ပြန်နိုး လာတတ်သည်။
မနေ့ညတုန်း ကတော့ တိုးမောင်က 'အဘွား ဒီညတော့ ဗေလီယမ် သောက်ပြီး အိပ်ကြည့်စမ်းပါဦး'ဟု ဆိုကာ ဆေးဖြူပြားလေး တစ်ပြားတိုက် သည်။ သောက်ပြီး ခဏနေတော့ မျက်ခွံတွေ လေးကျလာကာ မှိတ်ခနဲ အိပ်ပျော်သွားသည်။
ထိုနောက် သမီး ဖြစ်သူ ပြုံးဝေကို အိပ်မက်ထဲတွင် တွေ့ ရလေသည်။ သူ့ကို အဘွားကိုယ်တိုင် ဝတ်ဆင်ပေးလိုက် သော ဂျော်ဂျက် အင်္ကျီအဝါ လေးနှင့် အချိတ်လုံချည် အဝါလေးကိုပင် ဝတ်ထားသည်။ လေထဲတွင် လျှပ်တိုက်ပြီး ပြေးလာသလို အဘွားဒေါ်ဝိုင်း၏ အိပ်ရာဘေးသို့ ရုတ်ခနဲ ရောက်လာသည်။ 'အဝေးကြီးကလာရတာ မောလိုက်တာ အမေရယ်'ဟု ပန်းလျစွာ ပြောသည်။
''သမီးက ဘယ်က လာခဲ့တာမို့တုံး''
''သြော်၊ အမေကလည်း၊ အမေပဲ ကျွန်မကို သင်္ချိုင်းကုန်းပို့ထားပြီးတော့ သင်္ချိုင်းကုန်းကပဲ လာခဲ့ရတာ ပေါ့လို့''
''ဟော... တော့''
သမီး ဖြစ်သူ သေဆုံးပြီး ဖြစ်သည်ကို ခုမှ သတိရသော အဘွားက အိပ်ရာမှ လူးလဲထကာ သမီး၏ လက်ကို လှမ်းဆွဲသည်။ သို့ သော် လေကို ဖမ်းရသလို ဘာကိုမျှမမိ။
''ကျွန်မသားလေးရော နေကောင်းရဲ့ လား အမေ''
''မြေးကလေးကို အမေ ကောင်းကောင်းမွေးခဲ့ပါတယ် သမီးရယ်၊ ငယ်ငယ်တုန်းကလည်း စာတော် တယ်။ ဆယ်တန်းကိုလည်း တစ်နှစ် တည်းနဲ့ အောင်တယ်။ နောက်ပြီး အလုပ်လုပ်ရင်း စာပေးစာယူဆိုလား ဆက်တက် တာ ဘွဲ့တောင်ရပြီ၊ ဟောဟိုမှာ ကြည့်စမ်း၊ ညည်းရဲ့ သားလေး တိုးမောင် ဘွဲ့ဝတ်စုံကြီးနဲ့ ရိုက်ထားတဲ့ပုံ ကျက်သရေ မရှိလား''
နံရံတွင် သံလေးတစ်ချောင်း ရိုက်ကာ ချိတ်ထားသော ဓာတ်ပုံကို လှည့်ကြည့်ရင်း သမီး၏ မျက်နှာတွင် အပြုံးပန်းတွေ ဝေလာသည်။ ထို့နောက် 'သားက သူ့အဖေနဲ့ တူတယ်နော်'ဟု တမ်းတလွမ်းမောစွာ ပြောလေသည်။
ကရုဏာစိတ်တွေ ဝေနေသော ဒေါ်ဝိုင်းသည် ရုတ်တရက် ဒေါသ ဖြစ် လာကာ 'မိပြုံးဝေ နင်က ဒီအကောင်ကို ခုထက်ထိ စိတ်မနာနိုင်သေးဘူး လား'ဟု ခပ်ဆတ်ဆတ်ပြောမိစဉ် အိပ်မက်မှ ဖြတ်ခနဲ လန့်နိုးလာသည်။
ဘုရားစင်မှ ဖြာကျလာသော ဖယောင်းတိုင် ငါးတိုင်အား မီးရောင် ဝါ ကြန့်ကြန့်ကလေးအောက်ဝယ် အရာရာသည် ငြိမ်သက် တိတ်ဆိတ်နေလေ သည်။ အိပ်မက်ပါလားဟု သိလိုက်ရသည့် ခဏ၌ ဒေါ်ဝိုင်းသည် မောဟိုက် ရီဝေသွားလေသည်။ နံရံပေါ်တွင် ချိတ်ထားသော ဓာတ်ပုံကလေးကို ငေး ကြည့်နေမိစဉ် ဓာတ်ပုံလေးက အတန်ငယ် လှုပ်ခါသွားသည်ဟု ထင်လိုက်မိ သည်။ လေတိုက်သော ကြောင့် လော၊ အိမ်မြှောင်တိုးသော ကြောင့် လော၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် လှုပ်ခါခြင်း ဖြစ်မည် ဟု တွေးမိသော် လည်း 'သမီးရေ အမျှ၊ အမျှ၊ အမျှ'ဟု တီးတိုးအမျှဝေလိုက်သည်။ အင်္ကျီ ဝါဝါ၊ အချိတ်ထဘီဝါဝါလေးကို ဝတ်ပြီး လေထဲတွင် လျှပ်တိုက်ပြေးနေသော သမီးသည် ခေါင်းရင်းဘက် ပြတင်းပေါက်ဆီမှ လျှောခနဲ လွင့်ထွက်သွား သည်ဟု ထင်လိုက်မိသည်။
''မောလိုက်တာဟယ်''
အိပ်ရာဘေးတွင် တိုးမောင် ချပေးထားသော ရေခွက်ကို လှမ်းဆွဲပြီး တစ်ကျိုက် သောက်သည်။ ရေက မအေးသော ကြောင့် လား မသိ၊ အမော မပြေ၊ ဘယ်အချိန်လောက်များ ရှိပြီလဲ မသိဘူးဟု တွေးမိစဉ် သံချောင်း ခေါက်သံသုံးချက်ကိုကြားရသည်။
''အင်း မနက် သုံးနာရီတောင် ထိုးနေပြီ၊ ဒီအချိန်အထိ ငါဆက်တိုက် ကြီး အိပ်ပျော်သွားတာပါလား''
အဘွားဒေါ်ဝိုင်းသည် ရေနည်းနည်း ထပ်သောက်ပြီး အိပ်ရာထဲတွင် ပြန်၍ အိပ်လိုက်သည်။ ခြေရင်းဘက်မှ ချည်စောင်ပါးကို ခြေထောက်နှင့် စမ်းကာ ဆွဲလိုက်ပြီး ပခုံးအထိခြုံသည်။ ခပ်အိုင့်အိုင့်ကျပြီး အိတွဲ နေသော ခြင်ထောင်အမိုးကို စူးစိုက်ကြည့်နေမိစဉ် အတိတ်ဆီမှ အရိပ်များ သည် တစ်ခုပြီးတစ်ခု ထင်ဟပ်လာသည်။
''အို ဒါတွေ တွေးနေလို့ အပိုပဲ''
ဒေါ်ဝိုင်း ကယောက် ကယက်လှုပ်ရှားနေသော စိတ်အစဉ်ကို နှာသီးဖျား ဆီသို့ ပို့သည်။ အဆုတ်အတွင်းသို့ ရှူသွင်းလိုက်သော လေနှင့် ရှူထုတ်လိုက် သော လေများ က နှာသီးဖျားကိုပွတ်၍ ဖြတ်သွားသည်ကို သတိနှင့် လိုက် မှတ်သည်။ သို့ သော် အစိုးမရသော စိတ်အစဉ်က ပို့ထားသော ဆီမှာ ကြာကြာ မနေပေ။ တစ်ခဏလေး အတောအတွင်း၌ ပင် ဘုရားပန်းအိုးတစ်လုံး ကျကွဲ ထားသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်သော်လည်း အစားပြန်မဝယ်ရသေးသည်ကို လည်းကောင်း၊ ဘုရားပန်းများ ညှိုးရော်နေပြီကို လည်းကောင်း၊ ကြိုးဆွေးကာ ပြတ်သွားသော စိပ်ပုတီးလေးကို ပြန်သီရမည် ကို လည်းကောင်း ဆက်တိုက် သတိရမိပြီး ဖြစ်လေသည်။
'ဟဲ့. ဒါတွေ မတွေးနဲ့'
ဒေါ်ဝိုင်းက သူ့စိတ်ကို သူပြန်ဖမ်းကာ နှာသီးဖျားဆီသို့ ပို့လိုက်ပြန်သည်။ ထွက်သက် ဝင်သက်ကို ရှူမှတ်ရင်း ခေတ္တတော့ ငြိမ်သက်သယောင်ယောင် ရှိသည်။ သို့ သော် သူ သတိမထားမိခင်မှာ ပင် ခုနတုန်းက အိပ်မက်ကိုတွေးမိ ပြန်သည်။
'မိပြုံးဝေ အမိုက်မ၊ သူ ပေါင်းတဲ့သူကလည်း မိုက်၊ သူကိုယ်တိုင်လည်း မိုက်၊ ဒီတော့ စောစောစီးစီး အမိုက်ဇာတ်သိမ်းခဲ့တော့တာပေါ့'
သည်တစ်ခါတော့ ဖျတ်ခနဲ ထွက်ပြေးသွားသော စိတ်အစဉ်နောက်သို့ အဘွား၏ အတွေးက ကောက်ကောက်ပါအောင်လိုက်သွားတော့သည်။ သည် ဇာတ်အကြောင်းကို ပြန်မပြောချင်သော်လည်း အခါခါပြောမိသည်။ ပြန် မတွေးချင်သော်လည်း အခါခါတွေးမိလေသည်။
မဝိုင်းက စာမတတ်ပေ။
ကကြီးကို ပုတ်လောက်ကြီး ရေး ပြလျှင်ပင် ဘာမှန်းမသိခဲ့ချေ။ ထိုသို့ ကိုယ်တိုင်က စာမတတ်ခဲ့လေတော့လည်း သူများ တတ်သော ပညာကို အထင်ကြီးလှသည်။ ပညာကို တန်ဖိုးထားလှသည်။
ငယ်ငယ်တုန်း ကတော့ စာကို အရူးအမူး တတ်ချင်ခဲ့သည်။ စာတတ် လျှင် ချမ်းသာမည် ဟု တထစ်ချ ယုံကြည်သည်။ သို့ သော် စာကို သင်ခွင့် မရခဲ့ပေ။ 'အမေရယ်၊ ကျွန်မ ကျောင်းနေချင်လိုက်တာ'ဟု အမေ့ကိုပူဆာ တော့ အမေက ဆေးလိပ်တငေါ့ငေါ့ဖွာရင်း မျက်စောင်းခဲလေသည်။ ''ကြံကြံ စည်စည်တော် ၊ ကျောင်းနေတယ်ဆိုတာ လွယ်တာမှတ်လို့၊ အခမဲ့ ဆိုပေမယ့် ကျောင်းလခသာ မပေးရတာ ညည်းကို ဘယ်သူက စာအုပ်တွေ ၊ ခဲတံတွေ ဝယ်ပေးနိုင်မှာ လဲ၊ အလကား ပိုက်ဆံကုန်လို့၊ အချိန်ကုန်ခံလို့၊ စာမရေး တက် မဖတ်တတ်တော့ရော ဘာ ဖြစ်သေးလဲ၊ အချိန်တန်တော့ ထမင်းတစ်နပ်တော့ စားရတာ ပဲ၊ ငါလည်း စာမတတ်ပေါင်၊ ငါ့အမေလည်း စာမတတ်ပေါင်''ဟု ပြောခဲ့လေသည်။ ထို့ကြောင့် သူ၏ အသက် ခုနစ်နှစ် ခန့်တွင် သူတို့အိမ်နှင့် သုံးလေးလမ်းကျော်ရှိ မူလတန်းကျောင်းကလေးသို့ ရောက်ခဲ့ရသည်။ စာသင် ရန် လွယ်အိတ်ကလေး လွယ်ပြီး ရောက်ရသည်တော့ မဟုတ်၊ ကန်စွန်းဥပြုတ် ရောင်းရန် ဗန်းကလေးရွက်ပြီး ရောက်ခဲ့ရခြင်း ဖြစ်လေသည်။ သို့ နှင့် ပင် သူ သည် မူလတန်းကျောင်းကလေးများ တွင် လှည့်ပြီး ကန်စွန်းဥပြုတ်၊ ပြောင်းဖူး ပြုတ်၊ ကျွဲကောသီး၊ ဆီးသီးစသော ရာသီစာကလေးများ ကို ရောင်းရင်း ကျောင်းနေခွင့်၊ စာသင်ခွင့်ရသော ကလေးများ ကို ငေးမောအားကျရင်း ကြီးပြင်းခဲ့ရသည်၊ အပျိုဖော်ဝင်ခဲ့ရသည်။
''ငါ စာမတတ်ပေမယ့် ငါယူရင်တော့ ပညာတတ်တဲ့သူကိုမှ ယူမယ်''
မဝိုင်းက ထိုသို့ ပင် ဆုံးဖြတ်ခဲ့သည်။ သူ့အမေတွေ သူ့အဘွားတွေ လိုပင် နှုတ်ခမ်းပဲ့ချင်း မီးမမှု တ်ချင်၊ ကျောင်းနေချင်ပါသည်ဟု ပြောသော မိမိ၏ ရင်သွေးကို ''ကျောင်းနေတယ်ဆိုတာ လွယ်တာမှတ်လို့၊ ဒီမှာ တစ်နေ့စာ တစ်နေ့စားဖို့တောင်အနိုင်နိုင်၊ နင်လိုတဲ့ စာအုပ်တွေ ၊ ခဲတံတွေ ဝယ်ဖို့ ဘယ်က ပိုက်ဆံရမှာ တုံး''ဟု ပြောမလွှတ်ချင်။ ထို့ကြောင့် မာလာကာသီး ရောင်း သော အောင်စိန်ကိုလည်း အရေး မလုပ်၊ ရေခဲချောင်းရောင်းသော ဘဇံကို လည်း လှည့်စောင်း၍ ပင် မကြည့်၊ ''မဝိုင်းရယ်၊ အလှတွေ ဝိုင်းနေလို့ မာန ကြီးတာလား''ဟု မကြားတကြား ပြောတတ်သော စက်ပြင်အလုပ်သမား ခင်မောင်လေးကိုကား ဖုတ်လေသည့်ငါးပိ ရှိသည်ပင် မထင်။ နောက်ဆုံးတော့ သမီးတို့အဖေ 'ဆရာဦးခင်မောင်'နှင့် တွေ့ သည်။ အသက် လေးဆယ်ကျော် မုဆိုးဖိုကြီး ဖြစ်သော်လည်း သူ့မှာ သားသမီးမကျန်ခဲ့တော့ နောက်ပိုင်း ရှင်း လေသည်။ ကျောင်းဆရာဆိုတော့ ပညာမတတ်မှာ ပူစရာမလို၊ ကိုယ့်သား ကိုယ့်သမီးကိုလည်း သူများ ကျောင်းတွင် ပင် ထားစရာမလို၊ အဖေ့ ကျောင်း တွင် ပင် ထားကာ အဖေကိုယ်တိုင် ကြပ်မတ်သင်နိုင်သည်ဟူသော အချက် တစ်ချက်တည်းနှင့် ပင် အသက်ကြီးသည်ရော၊ ရုပ်မချောသည်ရော ပပျောက် သွားကာ ခေါင်းညိတ်လက်ခံခဲ့သည်။
သို့ သော် မဝိုင်းက ကံကြမ္မာအလှည့်အပြောင်းကို စောစောက ထည့် မတွက်မိခဲ့ချေ။ အိမ်ထောင်သက် ငါးနှစ် ၊ သမီးလေး ပြုံးဝေ လေးနှစ် သမီး တွင် ဆရာကြီးခမျာ အပြင်းဖျားပြီး ရုတ်တရက် သေဆုံးသွားသည်။ သူ၏ စိတ်ကူးအိပ်မက်ထဲတွင် အသက်တစ်ရာ့နှစ် ဆယ်တိုင်အောင် ရှည်လေသော ခင်ပွန်းသည်က ရုတ်တရက် သေဆုံးသွားတော့ မဝိုင်းသည် လူမမည် သမီးကလေးကို ပွေ့ပိုက်ကာ ''အံမယ်လေး အဖေကြီးရယ် သမီးကို ကျောင်း တောင်မထားရသေးဘူး၊ ကျွန်မတို့ ခွဲသွားပြီလား''ဟု အော်ငိုခဲ့ရသည်။
ဆရာကြီးကလည်း သုံးပင် နှစ် ခန်း ပျဉ်ထောင်အိမ်ဟောင်းဟောင်း ကလေးတစ်လုံးမှအပ ဘာကိုမှ မထားနိုင်ခဲ့ချေ။ အိမ်ကလေးကို ရောင်းလိုက် ပြန်လည်း အခြေပျက်ရုံပင်။ ငွေက များများ စားစားရလာစရာ အကြောင်းမရှိ ချေ။ အိမ်ရှေ့ခန်းတွင် ဆိုင်ကလေးခင်းပြီး ကြက်သွန်အစ၊ ငရုတ်သီး အစ ရောင်းပြန်တော့လည်း အထားအသို မတတ်သည်ရော အတွက်အချက် မလျင်မြန်သည်ရော၊ အားနာ၍ အကြွေးပေးတတ်သည်ရော အကြောင်း သုံးမျိုးဆုံကာ အရင်းပြုတ်ခဲ့ရလေသည်။ နောက်ဆုံးတော့ ''ကိုယ်ကျွမ်းကျင် တာ ကိုယ်လုပ်တာပဲ ကောင်းပါတယ် မိဝိုင်းရယ်၊ ဆရာကတော် မုဆိုးမ ဈေးဗန်းရွက်တော့လည်း ဘာ ဖြစ်သေးလဲ။ သမ္မာအာဇီဝ လုပ်ကိုင်စားတာပဲ'' ဟု ကိုယ့်ကိုယ်ကိုယ် အားပေးကာ ကောက်ညှင်းပေါင်း ရောင်းခဲ့သည်။ အမြတ်မများ လှသော်လည်း တစ်နေ့နှင့် တစ်နေ့ အလျဉ်မီအောင်တော့ စားရ၍ ကျေနပ်ခဲ့သည်။
''ကဲ၊ ငါ့သမီးလေးက ပညာတော် အောင် ကြိုးစားစမ်း၊ ငါ့သမီး ဝန်ထောက်မကြီး ဖြစ်မှ အမေ့ခေါင်းပေါ်က ကောက်ညှင်းပေါင်းတောင်းကြီး ကို အောက်ချမယ်''
အားအပြည့် မာန်အပြည့်တင်းကာ သမီးကို ကျောင်းပို့ခဲ့သည်။ သို့ သော် လည်း သမီးက ပညာပါရမီ နည်းရှာသည်။ တတိယတန်းတွင် တစ်ခါ၊ စတုတ္ထတန်းတွင် နှစ် ခါ၊ ပဉ္စမတန်းတွင် တစ်ခါ ကျခဲ့သည်။
'သြော် သူ့အဖေရှိရင်တော့ အိမ်ကနေလိုက်ပြီး အဖေကိုယ်တိုင် သင်ပြုပေးနိုင်မှာ ၊ ခုတော့ ငါကလည်း နကန်းတစ်လုံးမှ မတတ်'ဟု စဉ်းစား ပြီး အားငယ်ရ၊ မျက်ရည်ကျရလေသည်။ ''သမီးကျောင်းမနေချင်တော့ဘူး အမေရယ်၊ အတန်းထဲမှာ သမီးအရပ်ကြီးက အရှည်ဆုံးပဲ၊ စာမရလို့ မတ် တတ်ရပ် ရပ်ပြီး ဒဏ်ပေးခံရတာ ရှက်စရာကြီး''ဟု ပြောသော သမီးကို ''ဘာလဲ၊ ညည်းက ငါ့လို ကောက်ညှင်းပေါင်းရောင်းချင်လို့လား''ဟု မာန် မဲပြီး အတင်းတက်ခိုင်းရသည်။ တစ်ခါအောင်၊ နှစ် ခါကျနှုန်းနှင့် မှန်မှန်ကြီး ချီတက်လာသော သမီးခမျာလည်း ခြောက်တန်းအောင်တော့ အပျိုကြီး ဖြစ်နေချေပြီ။
အပျို ဖြစ်လာပြီဆိုတော့လည်း အပျိုတို့ဘာဝ ထွေလီကာလီ စိတ်ကူး လာသည်ကို သိသော်လည်း တား၍ မရခဲ့ပေ။
ထိုအချိန်တွင် ခြေရင်းတစ်အိမ်ကျော်က မသန်းနှင့် ပေါင်းမိသည်။ မသန်းက ဈေးထဲတွင် ငါးရောင်းသည်။ စိတ်ကောင်းရှိသော်လည်း ပါးစပ် ကြမ်းသည်။ တစ်မနက်ခင်းလုံး ဈေးထဲတွင် ပင်ပန်းခဲ့သော်လည်း နေ့လယ် နေ့ခင်း တရေး တမော မအိပ်တတ်ချေ၊ နို့စို့ကလေးငယ်ကို ရင်ခွင်ထဲ ထည့် ကာ ရင်သားနှစ် ဖက်လုံးလှန်ကာ နို့တိုက်ရင်း လင်ကြောင်းသားကြောင်းများ ကို မြိန်ရေရှက်ရေ ပျစ်ပျစ်နှစ် နှစ် ပြောရင်း အပန်းဖြေတတ်သည်။ ရည်းစား သနံရှိသော မိန်းကလေးများ ကို မြင်လျှင်လည်း စကားလုံး ကြမ်းကြမ်းနှင့် စတတ်သည်။ တော် ရုံတန်ရုံ ယောက်ျားလေးသည်ပင်လျှင် မသန်းနှင့် ပြိုင်ပြီး ပါးစပ်မကြမ်းရဲချေ။
''ဒီ မသန်းကြီးဟာလေ တွေ့ ကရာတွေ လျှောက်ပြောနေတာပဲ၊ အပျို ကလေးတွေ ကြားသွားရင် နားရှက်စရာ''
''အံမာလေးတော် ၊ ရှင့်အပျိုလေးတွေ က နားသာရှက်တာ၊ လူက ရှက်တာ မဟုတ်ဘူး''
မသန်းက ထိုသို့ ပင် ပြောတတ်သည်။ ဟုတ်တော့လည်း ဟုတ်လေ မလား မသိ၊ လမ်းထဲမှ အပျိုပေါက် အပျိုလတ်များ က မသန်းပြောသမျှ စကားကို တစ်ဦးကိုတစ်ဦး တွန်းရင်း၊ ထိုးရင်း၊ ဆွဲဆိတ်ကြရင်း ခိုးခိုးခစ်ခစ် ရယ်ကာ ရှက်ရိပ်ရှက်ယောင်နှင့် စိတ်ဝင်တစား နားထောင်တတ်ကြသည်။ သူတို့တစ်တွေ စိတ်ဝင်စားသည်က ကိစ္စမရှိ၊ သမီး ဖြစ်သူပြုံးဝေကပါ မျက် လုံး အဝိုင်းသား၊ ရင်တဖိုဖိုနှင့် ထိုစကားဝိုင်းသို့ ရောက်ရောက်နေတတ်သည် ကတော့ ကိစ္စရှိသည်။
သူက သမီး ဖြစ်သူ၏ ပေါင်တွင်းကြောကို လိမ်ရင်း ''အဲဒီ ကောင်မ ပြောတာတွေ ဘာလို့ သွားသွားပြီး နားထောင်နေရသလဲ၊ အားရင် စာကျက် ပါလား'' ဟု ဆူရသည်။ တစ်နေ့တစ်ခြားလှလာနေသော သမီးကို ကြည့် ကာ ရင်ပူရသည်။
သူ မည် မျှပင် ရင်ပူပူ၊ သူ မည် မျှပင် ဆူဆူ၊ ကံတရား ကတော့ သူ့ ဘက်မှ မကူခဲ့ပေ။ ဆဋ္ဌမတန်းတွင် ဒုတိယအကြိမ်ကျပြီးသော အခါတွင် ကား သမီးသည် အမေထက်ပိုပြီး ချစ်ရသူနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြေးလေတော့သည်။
သမီးလိုက်ပြေးသော သမီး၏ ချစ်သူကလည်း ခုနစ်တန်းပင် မအောင် သေးသော သူ၊ သမီးနှင့် အပြိုင် စာမေးပွဲကို တဖုန်းဖုန်း တဗိုင်းဗိုင်းကျနေသူ ဟူ၍ သိရတော့ မျက်ရည်ပေါက်ပေါက်ကျခဲ့ရသည်။ လူက အသုံးမကျ၍ မိဘက ချမ်းသာလျှင် အတန်ငယ် သက်သာဦးမည် ဖြစ်သော်လည်း မိဘက လည်း ချမ်းချမ်းသာသာမဟုတ်၊ သူ့ဖခင်က ''မင်း ဒီနှစ် မှ စာမေးပွဲ မအောင်ရင် ကျောင်းထွက်တော့၊ ဆိုက်ကားနင်းတော့၊ ငါ့မှာ မင်း တစ်ယောက် တည်း တာဝန်ထမ်းနေတာမဟုတ်ဘူး၊ အငယ်သုံးယောက် ရှိသေးတယ်''ဟူသော သတိပေးစကားကို အထပ်ထပ် အခါခါပြောထားပြီး ဖြစ်သော ဆိုက်ကား သမား အလောင်းအလျာကလေး ဖြစ်လေသည်။ သည်တော့လည်း ကိုရွှေ သကောင့်သားက ဆိုက်ကားနင်းရလျှင် သည်အတိုင်းတော့ မနင်း၊ မိန်းမယူ ပြီးမှ နင်းမည် ဟု စိတ်ကူးမိပုံရသည်။ သို့ တည်းမဟုတ် မိန်းမယူလိုက်လျှင် ဆိုက်ကားနင်းရတော့မည် မဟုတ်ဟု ထင်လေသလားမသိ။ သူလိုလူကို ယူမည့်  မိန်းမ တစ်ယောက် ကို အပြေးအလွှားရှာစဉ် သမီးလေးပြုံးဝေနှင့် တွေ့ ကြလေသည်။
မသန်းဟောသမျှတရားတွေ ကို အနုလုံ ပဋိလုံ နားထောင်ပြီး ဟိုလိုလို၊ ဒီလိုလို ရင်တဖိုဖို ဖြစ်နေသော သမီးကလည်း 'ဟင့်အင်း ဟင့်အင်း'နှင့် ခေါင်းညိတ်ပြလိုက်ပုံရသည်။
သို့ နှင့် ပင်ကြွပ်ဆတ်ဆတ်နှင့် မနူးမနပ်တို့နှစ် ဦးပေါင်းကာ တူနှစ် ကိုယ် တိုင်းပြည်တစ်ပြည် ထူထောင်မိကြလေသည်။
သို့ သော် သူတို့စိတ်ကူးအိပ်မက်ထဲက တိုင်းပြည်တွင် ထမင်းစားမည့်  ကဏ္ဍကို ထည့်ခဲ့ကြပုံမရ၊ ထို့ကြောင့် လက်တွေ့  တိုင်းပြည်တွင် ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်လာလေတော့သည်။ ဟိုဘက်ကလည်း မကြည်ဖြူ၊ ဒီဘက်က လည်း မကျေနပ်၊ ကိုယ်တိုင်လည်း ပိုက်ဆံတစ်ပြားရအောင် မရှာတတ်လေ တော့ တူနှစ် ကိုယ်တိုင်းပြည်တွင် ဆန်ပြုတ်သောက်နေကြရသည်ဟု ကြား သော်လည်း မဝိုင်းက လှည့်မကြည့်ခဲ့ပေ။ 'ဒီလောက်တောင် လင်လိုချင်တဲ့ ကောင်မ၊ ငတ်မှကောင်းတယ်'ဟု အသည်းနာနာ အသည်းမာမာနှင့် ပစ်ထား လိုက်သည်။
သို့ သော် ထိုမှတစ်ဆင့် ရောဂန္တရကပ်ဆိုက်ရောက်လာသော အခါတွင် ကား မနေနိုင်တော့ပေ။ အသားဝါ ရောဂါ ဖြစ်နေသော သမီးနှင့် ချောင်း တဟွတ်ဟွတ် ဆိုးနေသော သမက်တို့အား အိမ်ပေါ်သို့ တင်ခဲ့ရသည်။
သမီး ကောလိပ်ရောက်မှ ခွဲမည် ဟု ရည်မှန်းချက် ကြီးကြီးနှင့် စုထား သော ဝါးဆစ် စုဘူးကြီးကို ခွဲကာ ဆေးကုခဲ့ရသည်။ ထိုမျှနှင့် မလောက် သေးသော ကြောင့် ဆရာကြီး မဆုံးမီကလေးကမှ ဆင်ပေးခဲ့သော ကျောက်နီ လက်စွပ်ကလေးကိုပါ ချွတ်ပြီး ရောင်းခဲ့ရလေသည်။
''တပည့်တော် မရဲ့ သမီးက စာမတော် ပေမယ့် အရင် ကတော့ တကယ့် ကို ကလေးစိတ်ပါ ဘုရား၊ အဲဒီ မိန်းမနဲ့ ပေါင်းမိမှ စိတ်ပြောင်းလာတာပါ ဘုရား''
''အင်း ဒါ့ကြောင့် လည်း မြတ်စွာ ဘုရားက သုံးဆယ့်ရှစ်ဖြာမင်္ဂလာ တရားမှာ 'အသေဝနာစ၊ ဗာလာနံ'ဆိုတာကို အလျင်ဦးဆုံး ဟောခဲ့တာပေါ့ ဒကာမကြီးရယ်၊ ဗာလာနံ လူမိုက်တို့ကို ယာအသေဝနာစ အကြင်မမှီဝဲ၊ မဆည်းကပ်ရခြင်းသည် မင်္ဂလာမည် ၏ တဲ့''
အိမ်တွင် ဆွမ်းခံကြွသော ဦးပဉ္စင်းက အမိန့်ရှိသည်။ မဝိုင်းက ခေါင်း တဆတ်ဆတ်ညိတ်ရင်း မျက်ရည်သုတ်ခဲ့ရသည်။ ထိုနောက် ကောက်ညှင်း ပေါင်းတောင်းကြီး ခေါင်းပေါ်ရွက်ကာ ထွက်ခဲ့ရင်း 'ဟောဒီက ဗာလာနံ၊ အဲတော့ ဟုတ်ပေါင် ကောက်ညှင်းပေါင်း ပူပူနွေးနွေး'ဟု အယောင်ယောင် အမှားမှားအော်လေသည်။
အလျင်တုန်းက ဗာလာနံ၊ အဲ ကောက်ညှင်းပေါင်းကို နေ့ခင်းတစ်ချိန် သာ ရောင်းသော်လည်း သမီးပြုံးဝေအိမ်ထောင်ကျကာမှ မနက်တစ်ချိန်ပါ တိုးပြီး ကြိုးကြိုးစားစား ရောင်းခဲ့ရသည်။ ရွှေသမက်ကလည်း ချောင်းကလေး တဟွတ်ဟွတ်ဆိုးပြရင်း သူပင်ပင်ပန်းပန်းရှာလာသမျှကို အမြိုင့်သား ထိုင်စား နေလေသည်။
''သူ့သမီးကို ငါ့ခမျာ ပင်ပင်ပန်းပန်း ယူထားရတာ ၊ ငါ့ကို ကျွေးဖို့ရာ သူ့တာဝန်'ဟု သဘောထားလေသည်လားတော့ မသိ၊ သမက် ဖြစ်သူက အားနာရိပ် အားနာယောင် ဟန်ပင်မပြသော်လည်း သမီးလေးက 'ကျွန်မ နေကောင်းရင် ဈေးကူရောင်းပါ့မယ် အမေရယ်'ဟု အသံ ပျော့ပျော့လေးနှင့် ပြောတတ်သည်။ ဒီတော့လည်း သမီးလေးကို သနားကာ ညှာတာထောက် ထားရသည်။ ထမင်းပွဲတွင် ပါးဖြဲနားဖြဲစားသော သမက်ကိုကြည့်ကာ မသထာ သော စိတ်၊ ပစ်ပစ်ခါခါ ပြောပစ်ချင်သော စိတ်တို့ကို ချုပ်ထိန်းထားရသည် ကတော့ အတော် ပင်ပန်းလေသည်။
တစ်နေ့တော့ ကောက်ညှင်းပေါင်းရောင်းပြီး မောမောပန်းပန်း ပြန်အလာ တွင် အိမ်၌ ရန် ဖြစ်နေကြသော သမီးနှင့် သမက်ကို တွေ့ ရလေသည်။
''ကျွန်မအမေက အိုကြီးအိုမနဲ့ ဈေးရောင်းကျွေးနေရတာ ရှင်က မြိန် ရည် ရှက်ရည် စားကောင်းနေသလား၊ တစ်နေ့ တစ်နေ့ ဆေးလိပ်ကလေး သောက်လိုက်၊ ကာတွန်းစာအုပ်ဖတ်လိုက်နဲ့ လင်သားတာဝန်တယ်ပြီး ကျေ ပွန် နေတယ်။ ဒီမှာ ကိုစိန်မောင်ရဲ့ ရှင့်မှာ မယားသာမကဘူး၊ သားပါ ရှိ လာတော့မယ်။ ဒါတွေ ကို ကျွေးဖို့ ရှင့်မှာ တာဝန်ရှိတယ်ဆိုတာ ရှင်သိရဲ့ လား''
မဝိုင်းက ပုဏ္ဏားကွယ်တွင် ရပ်နေသော ကြောင့် သမီးနှင့် သမက်က သူ့ကို မမြင်၊ 'သြော် သမီးလေး ကိုယ်ဝန်တောင် ရှိနေရှာပြီကိုး' ဟူသော အတွေးက နှလုံးသားကို ရိုက်ခတ်ပြီး ရင်ထဲတွင် နာကျင်လာသည်။ မျက်ရည် များ စိမ့်ဝဲလာသည်။
''နင့်ဟာနင် ငါ့နောက်လိုက်လာတာ၊ ငါက ထမင်းကျွေးပါ့မယ်လို့ ပြောပြီး ခေါ်တာမှ မဟုတ်ပဲ''
''မပြော ပြောပြော၊ ရှင့်နောက်လိုက်လာတာ ရှင်ကျွေးရမှာ ပဲ''
''ဟား ဟား၊ ဒီလိုမှန်း သိရင် နင့်ကို ယူမယ့်အစား နင့်အမေကို ယူလိုက်ပါရဲ့ ၊ အဲဒါဆို အခုလို မသထာရေစာ ဖြစ်နေမှာ မဟုတ်ဘူး''
''ရှင်နော်၊ ကျုပ်အမေကို ဒီလိုမပြောနဲ့''
''ပြောတော့ ဘာ ဖြစ်လဲ''
''မမိုက်ရိုင်းနဲ့ဆို''
''မိုက်ရိုင်းတော့ ဘာ ဖြစ်သလဲကွ''
'' ''
သမက်က ဆဲသည်။ မဝိုင်းသည် အံကို တင်းတင်းကြိတ်ကာ အိမ်ရှေ့ ဖိနပ်ချွတ်တွင် ခေတ္တချထားသော ဓားသွေးကျောက်ကို ကောက်ကိုင်မိစဉ် သမီးက သူ့လက်ထဲမှ ပရုတ်ဆီပုလင်းနှင့် သမက်ကို ပေါက်သည်။ သမက်ကို တော့ မထိ၊ ဘုရားစင်ပေါ်မှ ဘုရားပန်းအိုးကို သွားထိကာ ပန်းအိုးသည် ဦးစိုက် ကျွမ်းပြန်နှင့် ကြမ်းပေါ်ကျလာသည်။ သမီးက 'ကန်တော့ပါ ဘုရား၊ ကန်တော့ပါ' အထိတ်ထိတ် အပျာပျာ ရွတ်ကာ ကပျာကယာ ပြေးကောက် စဉ် ဓားသွေးကျောက်ကြီးကိုင်ထားသော သူ့ကို သမက်က မြင်သွားသည်။ သူ့မျက်လုံးက ဒေါသအခိုးအလျှံတွေ လျှံထွက်နေလေသလားတော့ မသိ။ သမက်သည် ချက်ချင်း အဆဲရပ်သွားလေသည်။ အမေနှင့် သမီးပေါင်းကာ တီးကြလျှင် သူနာတော့မည် ကို ချက်ချင်း သဘောပေါက်သွားဟန်ရှိသည်။
ခါးထောက်ပြီး မောက်မောက်ကြွားကြွားရပ်နေရာမှ 'အဟွတ် အဟွတ်' နှင့် ချောင်းဆိုးကာ ကုပ်ချောင်းချောင်း ဖြစ်သွားသည်။ ထိုနောက် ပုဆိုးကို ပြင်ဝတ်တော့မလိုလို၊ ပရုတ်ဆီပုလင်း ကုန်းကောက်တော့မလိုလို၊ ခေါင်းကုတ် တော့မလိုလို၊ ဖင်ကုတ်တော့ မလိုလို၊ ဘာလိုလို ညာလိုလိုနှင့် 'လက်ဖက် ရည်ဆိုင် ခဏသွားလိုက်ဦးမယ်'ဟု ပြောကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။ ဆင်းမသွားပဲ ဆက်နေလျှင်လည်း သူက လက်ထဲမှ ဓားသွေးကျောက်နှင့် ထုမိတော့မည် ထင်သည်။ အထင်သေးစိတ်၊ မုန်းတီးစိတ်များ က တစ်ကိုယ်လုံး လှည့်ပတ်နေသော သွေးထဲတွင် စီးဝင်ပြီး ရောနှောလည်ပတ်ကာ ကတုန် ကယင်ပင် ဖြစ်နေသည်။
နောက်တစ်နေ့ကျတော့ ကိုရွှေသမက်က ဆိုက်ကားစပြီး နင်းလေ သည်။ သမီးက အမေကို အားနာ သနား၍ သာ ပြောပြောဆိုဆိုနှင့် ရန် ဖြစ် ရသော်လည်း သူ့ယောက်ျား ဆိုက်ကား တကယ်နင်းတော့လည်း ယောက်ျား ကို သနားပြန်လေသည်။
''တစ်ခါမှ အကျင့်မရှိဘဲ နင်းရတာ အမေရဲ့ ၊ သားစာမယားစာ မို့လို့ သာ ပင်ပင်ပန်းပန်းလုပ်တာ'' ဟု ပြောသည်။
''ယောက်ျားဆိုတာ လှေကားသုံးထစ်ဆင်းရင် လူပျိုပြန် ဖြစ်တာပဲ အမေရဲ့ သူကသူ့မိဘအိမ် ပြန်သွားရင် ကျွန်မမှာ သာ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ မှာ ''ဟု လေချိုသွေးသည်။
တစ်ဖက်ကလည်း လင်သား၊ တစ်ဖက်ကလည်း မိခင်မို့ ဘယ်ဘက်ကို မှ မပြတ်နိုင်ဘဲ ပြေရာပြေကြောင်းပြောနေသော သမီးကို သနား၍ ဘာမှ ပြန်မပြောပဲ သက်ပြင်းချခဲ့ရသည်။
တကယ့်တကယ်တော့ သူ့မိဘအိမ်ပြန်လည်း ထမင်းတော့ အလကား စားရမည် မဟုတ်။ သူ့ အဖေက ရရာအလုပ် ဝင်လုပ်ဖို့ ရာဇသံ ပေးထားပြီး ဖြစ်ကြောင်း မဝိုင်းအသိပင်။ သူ့မိဘကသာ သူ့ကို ကြည်ကြည်ဖြူဖြူ လက်ခံပြီးပြန်တင်ကျွေးထားလျှင် ပျော်ပျော်ကြီး ပြန်သွားမည် ဖြစ်ကြောင်း ဗေဒင်မေးစရာပင်မလိုချေ။ သမီးကလည်း သိတော့ သိမည် ပင်။ နောက် မဆုတ်သာသော ဘဝမို့သာ ဖြေပြောလေး ပြောရှာခြင်း ဖြစ်ပေလိမ့်မည် ဟု စဉ်းစားမိသည်။ သမက်ကို နှိမ်နှိမ်ချချ၊ ပစ်ပစ်ခါခါ ပြောတော့မည့်  စကားလုံး များ ကို သမီးမျက်နှာထောက်ထားပြီး အလုံးလိုက်ပြန်ပြီး မျိုချရသည်မှာ ဒုက္ခကြီးလှသည်။ ပင်ပန်းလှသည်။
သမက် ဖြစ်သူ ဆိုက်ကား နင်းပြီး မကြာမီပင် အရက်သောက်တတ်လာ သည်။ အေးဆောင်နှင့် ပေါင်းမိသော ကြောင့် ဖြစ်လေသည်။
အေးဆောင်က သူတို့ဆိုက်ကားဂိတ်မှ သူ့လိုပင် ဆိုက်ကားနင်းသူ ဖြစ်သည်။ အသားမည်းမည်း၊ မျက်နှာပြဲပြဲ၊ သွားကျဲကျဲနှင့် အတော် ပင် အဆင်မပြေသော ရုပ်ကို ပိုင်ဆိုင်သော်လည်း မိန်းမက နှစ် ယောက် ရှိသည်။ နံပါတ်တစ်က အင်္ကျီချုပ်ကာ နံပါတ်နှစ် က ဆီးသီးထုပ်ထုပ်သည်။ အင်္ကျီက အသင့်အတင့်သာ ချုပ်ရကာ ဆီးသီးထုပ်ကလည်း အသင့်အတင့်သာ ရောင်းရသည်။ သို့ သော် သူတို့၏ ဝင်ငွေသည် အေးဆောင်၏ ဝင်ငွေထက် တော့ သာလေသည်။ ဒီတော့ အရက်ကြိုက်သော အေးဆောင်အတွက် ကိုယ့်လုပ်စာ ကိုယ်အရည်ဖျော်နိုင်သော အခွင့်အရေး က ရာနှုန်းပြည့် လမ်းပွင့် နေသည်။
''ငါရလာတဲ့ ငွေလေး အကြီးမကို ပေးတော့ အငယ်မက စိတ်ကောက် တယ်၊ အငယ်မကို ပေးပြန်တော့ အကြီးမက စိတ်ဆိုးတယ်၊ တစ်ဝက်စီ ခွဲပြီးပေးတော့ ဒီလောက်ငွေလေးများ ဘာမှမ ဖြစ်လောက်ဘူးတဲ့၊ ဟားဟား၊ ဒီတော့ ဘယ်သူ့ကိုမှ မပေးတော့ဘူး၊ ဘယ်သူ့ကိုမှ မပေးတော့ ဘယ်သူက ဘာမှမပြောဘူး။ ဟန်ကိုကျလို့၊ ဟား ဟား၊ ဒီနေ့ အကြီးမ ထမင်းနဲ့ အငယ်မ ဟင်းကိုစားမယ်။ နက်ဖြန်ခါ အငယ်မထမင်းနဲ့ အကြီးမဟင်းကို စားမယ်။ ဟား ဟား ဟား''
အေးဆောင်က မူးမူးနှင့် ပြောကာရယ်တတ်သည်။ ကိုရွှေသမက်က အေးဆောင်နှင့် အတူတူ အရက်လိုက်သောက်ရင်း အေးဆောင်၏ စည်းစိမ်ကို သိကြားမင်း စည်းစိမ်ဟု အောက်မေ့ပြီး အကြီးအကျယ် အားကျနေလေသည်။ သူလို မိန်းမနှစ် ယောက် မယူနိုင်သေးသော်လည်း သူ့လိုပင် မူးပြီး သူ့လိုပင် ရမ်းချင်သည်။ အိမ်ဝမှ ဆီးကြိုသော မိန်းမကို အပြစ်ရှာကာ ရန်လုပ်ချင် လာသည်။
သူတို့ ဆိုက်ကားဂိတ်တွင် ပင် ဆိုက်ကားနင်းသော ဝင်းမောင်နှင့် လှဘော်တို့ နှစ် ဦးက အလုပ်အားချိန်တွင် စာကျက်ပြီး အလွတ်ဝင်ဖြေကာ ဆယ်တန်းအောင်သွားကြသည်။ ကိုရွှေသမက်က ဒီလို လူတွေ ကို မပေါင်းဘဲ၊ အားမကျဘဲနှင့် အေးဆောင်ကိုမှ ပေါင်းကာ၊ အေးဆောင်ကိုမှ အားကျနေ သည် ကိုတော့ ဘာပြောရမည် မှန်းပင် မသိတော့၊ နောက်ဆုံးတော့ ဗာလာနံရှိရာသို့ ဗာလာနံသွားခြင်းပင် ဖြစ်သည်။ 'ဇ'ချင်းတူကြသူများ မို့လည်း ပေါင်း၍ ဖြစ်ခြင်း ဖြစ်မည် ထင်သည်။
တစ်ချိန်တွင် တိုးမောင် ဖြစ်လာမည့်  သန္ဓေသားလေးက သမီး၏ ဝမ်းထဲတွင် တစ်နေ့တခြား ကြီးထွားလာသော်လည်း သမက်၏ မေတ္တာက သမီးအပေါ်တွင် တစ်နေ့တခြားယုတ်လျော့လာနေသည်ကို မဝိုင်းသိနေသည်။ သို့ သော်လည်း ဘာမျှ မလုပ်နိုင်ခဲ့ချေ၊ ဘာမျှလည်း မတတ်နိုင်ခဲ့ချေ။
သမီးလေး ပြုံးဝေ ကလေးမျက်နှာ မြင်သော ညကမူ သမက်သည် တစ်ညလုံး ပြန်မလာချေ။ ဆိုက်ကားဂိတ် လိုက်မေးတော့ ဆိုက်ကား သွားအပ်ပြီး အေးဆောင်နှင့် အတူ အရက်သွားသောက်သည်ဟု သိရသည်။ အေးဆောင်ဆီ ရောက်ပြန်တော့ မူးမူးရူးရူးနှင့် စကားပင်မပ်ီချင်။ ဘာမှမေး၍ မရခဲ့။ သမီးလေးကလည်း သူ့ယောက်ျားကိုသာ တမေးတည်း မေးနေသည်။ မိမိကိုယ်တိုင် မချိမဆံ့ ဝေဒနာခံနေရသည့် ကြားထဲမှ ''ခါတိုင်း နောက်ကျ လှရင် ဆယ့်နှစ် နာရီပေါ့ အမေရယ်၊ အခုလို တစ်ညလုံး ပြန်မလာတာ မရှိပါဘူး။ ဘာများ ဖြစ်နေပါလိမ့်''ဟု လှမ်းပြီး ပူပင်နေသေးသည်။ ''ဘာမှ မ ဖြစ်ဘူးဟေ့၊ အန်ဖတ်ဆို့ပြီး သေနေတာပဲ ဖြစ်မှာ ပေါ့''ဟု သူက စိတ်ပေါက် ပေါက်နှင့် ပြောမိသော်လည်း တကယ်တော့ မထင်မိချေ။
သို့ သော် သူ နိမိတ်ဖတ်သည့်အတိုင်းပင် သူ့သမက်သည် လမ်းဘေးက ရေနုတ်မြောင်းထဲတွင် ကိုယ်တစ်ပိုင်းကျကာ တကယ်ပင် အန်ဖတ်ဆို့ပြီး သေနေခဲ့လေသည်။ နံနက်စောစော ပဲပြုတ်ရောင်းထွက်သော ဒေါ်ကျော့က တွေ့ ၍ စူးစူးဝါးဝါး ထအော်ကာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။
''သမီး မသိပါစေနဲ့၊ မသိပါစေနဲ့''ဟု အိမ်ပေါက်ဝမှ ဆီးပိတ်နေသော ကြောင့် မျက်နှာမြင်ပြီးစ သွေးနုသားနုနှင့် ပြုံးဝေသည် ချက်ချင်း မသိခဲ့။ သို့ သော် မဝိုင်းက လူကြီးများ ၏ ပါးစပ်ကိုသာ ပိတ်နိုင်ပြီး ကလေးများ ၏ ပါးစပ်ကိုတော့ မပိတ်နိုင်ခဲ့ပေ။ ကျောင်းနေ့တစ်ဝက်ပြန်လာသော အိမ်ရှေ့ အိမ်မှ ဖိုးတာတီးက ''အမေရေ၊ အမေရေ၊ အစ်မပြုံးဝေယောက်ျား ကိုစိန် မောင်ကြီးလေ မြောင်းထဲလိမ့်ကျပြီး သေနေတယ်တဲ့ဗျ''ဟု အော်၍ ပြော သည်ကို သမီးက ကြား ဖြစ်အောင် ကြားသွားသည်။
''အမယ်လေး သေပြီတဲ့''ဟု ခပ်တိုးတိုးအော်ကာ ကြောင်ငေးငေး ဖြစ်သွားသည်။ မဝိုင်းက သူ့သမီး အလန့်တကြားထငိုမည် ထင်သော်လည်း မငိုပေ။ မွေးကင်းစ ကလေးနီတာရဲလေးကို အတန်ကြာအောင် ငေးကြည့် နေပြီးမှ ''ခေါင်းမူးလိုက်တာ အမေရယ်''ဟု ပြောသည်။ ခဏနေတော့ ခေါင်းငိုက်စိုက်ချကာ သတိလစ်သွားလေသည်။ နားလည်သူတွေ က ''သွေး တက်တာတဲ့ဟဲ့၊ သွေးတက်တာ''ဟု အထိတ်ထိတ်အပျာပျာ ပြောကာ နနွင်းမှိုင်းတိုက်ကြ၊ မီးကင်ကြ၊ နှိပ်ကြ၊ နင်းကြနှင့် ကြိုးစားကြသော်လည်း သတိ ပြန်မလည်လာတော့ပေ။
နောက်ဆုံးတော့ မဝိုင်းသည် သမီးနှင့် သမက်ကို နှစ် လောင်းပြိုင် သင်္ဂြိုဟ်ခဲ့ရသည်။ ရက်သားမျှသာ ရှိသေးသော မြေးငယ် နီတာရဲကလေး ကို ပွေ့ပိုက်ရင်း ချုံးပွဲချ၍ ငိုခဲ့ရသည်။ အင်္ကျီဝါ၊ လုံချည်ဝါကလေးဝတ်ကာ သေတော့မှ ပိုလှနေသော သမီးကို မချိတင်ကဲကြည့်ရင်း ''အမေ့ မြေးကလေး ကို အမေ ကောင်းကောင်းမွေးပါ့မယ် သမီးရယ်၊ ငါ့မြေးလေး ပညာတတ်ကြီး ဖြစ်မှ အမေ့ခေါင်းပေါ်က ကောက်ညှင်းပေါင်းတောင်းကြီးကို အောက်ချပါ့ မယ်''ဟု တီးတိုးပြောမိခဲ့လေသည်။
![]() တစ်နေ့နေ့ရဲ့ နက်ဖြန်ခါ | ![]() မစန္ဒာ၏ ၀တ္ထုတိုများ(၈) | ![]() ပန်းပွင့်ခရေ နှင့် အခြားဝတ္ထုများ |