Cover

ချစ်သော စာဖတ်သူသို့

ချစ်သော စာဖတ်သူသို့

ကလောင်တံကို မကိုင်တတ်ခင် ခဲတံထိပ်ကို တံတွေးဆွတ်ပြီး စာရေး တတ်တဲ့ မူလတန်းကျောင်းသူဘဝကတည်းက စာပေရူးခဲ့ရတာ ပါ။ ကိုယ့်ဟာကိုယ်တောင် ဖတ်လို့မကြိုက်တဲ့ ကဗျာတွေ ဝတ္ထုတွေ ရေး ပြီး လူတွေ့ မှာ စိုးလို့ ဝှက်ရတာ အမော။ တစ်ဦးတည်းသော အစ်မရှိတယ်လေ၊ မမနဲ့အတူအိပ်ကြ တယ်၊ အိပ်ခါနီး ကျရင် ဝတ္ထုဇာတ်လမ်းတွေ ကို စဉ်းစားကြတယ်။ ရယ် စရာပါရင် ကိုယ့်ဟာကိုယ် ရယ်ကြတယ်၊ ငိုစရာဆိုရင်လည်း စိတ်ကူး ထဲက ဇာတ်လိုက်ကို သနားပြီး မျက်ရည်ဝဲမိတတ်တယ်။ ခုနစ်တန်းကျောင်းသူဘဝတုန်းက ထင်ပါရဲ့ ၊ ညအိပ်ခါနီး ဇာတ်လမ်းလေးတစ်ပုဒ်ကိုစဉ်းစားမိကြတယ်။ ညဥ့်နက်အထိမအိပ်ဘဲ ဇာတ်ကြောင်းထဲကိုမျောပါနေတော့ ဖေဖေကလှမ်းအော်တယ်၊ 'အိပ်ချိန် တန်ရင် အိပ်ြ ကတော့၊ စကားများ မနေကြနဲ့' တဲ့။

နောက်တစ်ခါအော်မှာ စိုးလို့ အိပ်ရာထဲမှာ ငြိမ်ငြိမ်လေးအိပ်ရင်း ဝတ္ထုနာမည် စဉ်းစားမိတယ်၊ ဝိုးတိုးဝါးတားပဲ၊ စိတကြိုက်မတွေ့ ဘူး။

'ငြိုးမာန်ဖွဲ့သူရယ်' လို့ မမက တိုးတိုးလေးပြောတယ်၊ ရင်ထဲ မှာ စွဲသွားမိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် စာတွေ ၊ ဝတ္ထုတွေ ရေး တတ် လာရင် ဒီဝတ္ထုကိုရေး မယ်လို့ဆုံးဖြတ်မိတယ်။

ဆယ်နှစ် ကျော်ကျော်ကြာခဲ့ပြီးမှ အဲဒီ ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်နိုင်တယ်လေ၊ ရင်ထဲမှာ အကြာကြီးသိမ်းထားခဲ့ရတဲ့ဇာတ် လမ်းဟောင်းလေးမို့ အမှားပါရင်ခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်း ပန်ချင်ပါတယ်။

ခင်မင်မှု များ စွာ ဖြင့်

မစန္ဒာ

♥ ♥ ♥


'သွားတော့ အစ်ကိုအောင် အစ်ကို့လူနာတွေ က လာပို့တဲ့ ငှက်ပျောခိုင် တွေ တစ်ယောက် တည်း စားမကုန်ရင်လည်း ရန်ကုန်ဘက် ရည်မှန်း ပြီး ပစ်လိုက်ပေါ့ဗျာ'

ရထားဥသြသံက ရှည်လျားစွာ ထွက်ပေါ်လာသော အခါ ညီ ညီသည် ကိုအောင်သူ၏ လက်ကို တင်းကျပ်စွာ ညှစ်ပြီး နှုတ်ဆက်လိုက် သည်။ ရထားဘီးများ စတင်ပြီး လိမ့်သော အခါမှ ကိုအောင်သူသည် တွဲ ပေါ်သို့ ခိုတက်လိုက်လေသည်။

အိမ်မှပြန်ရသော အပြန်ခရီးတွင် ကိုအောင်သူ တစ်ယောက် အိမ် လွမ်းစိတ်နှင့် စိတ်ထဲတွင် လေးလံမြဲ ဖြစ်သည်။ သူ့ကိုအားကိုးတကြီး စောင့်နေကြသော လူနာများ ဆီသို့ မျက်နှာမူပြီး သွက်သွက်ပြန်ခဲ့ရသော် ငြားလည်း သူ့စိတ်အစဉ်သည် နွေးထွေးသော အေးချမ်းသော အိမ်၏ အငွေ့အသက်တွင် ရစ်ဝဲကျန်ရစ်တတ်လေသည်။ ဆရာဝန် ဖြစ်ကတည်း က နယ်ûမိ့ကလေးများ သို့ အမှု ထမ်းရန်သွားရောက်ခဲ့ရသော ကိုအောင် သူသည် အိမ်နှင့် ခွဲခွာခဲ့ရသည်မှာ သုံးနှစ် နီးပါးပင်ရှိချေပြီ။

'ဟား နက်ဖြန်ကျရင် အငယ်ထွေးတို့အိမ်မှာ အုန်းထမင်းချက် မယ်တဲ့၊ ကျွန်တော် ရော ငမောင်ရော မိနိုင်ပါ သွားစားကြမယ်၊ တို့အစ် ကိုတော့ တောမှာ ကန်ဇွန်းဥပဲပြုံတ်စားတော့ ဟုတ်လား၊ ဟား ဟား တောသားကြီးကို ဖြစ်လို့ ဟား'

စတင်ထွက်ခွာပြီ ဖြစ်သော ရထားဘေးတွင် ခပ်သွက်သွက် လမ်းလျှောက်လိုက်ရင်း မခံချိ မခံသာ စနေသော ညီငယ်အား ပြုံး၍ သာ ကြည့်နေရလေသည်။ ထိုစဉ်တွင် ရထားပေါက်ဝ၌ ကန့်လန့်ကန့်လန့် နှင့် ရှုပ်နေဟန်ရှိသော ညီညီအား တစ်စုံတစ်ဦးသည် အရှိန်နှင့် တွန်း ဖယ်လိုက်ပြီး ရထားပေါ်ခုန်တက်လာလေသည်။ မထင်မှတ်ဘဲ အတွန်း အတိုက်ခံလိုက်ရသဖြင့် ညီညီသည် ဘေးသို့ ထိုင်ပြီး လေးဖက်ထောက် လဲကျသွားသည်။

'ဘယ်လိုလုပ်တာတုန်းကွ၊ ရထားကြိတ်ခံပြီး သေချင်ရင် အေး အေးသေပါလား၊ ဘာလို့ ငါ့ကိုပါဆွဲထည့်ချင်ရတာ လဲ၊ ငါမသေချင် သေးဘူးဟ ငါ့လူရ'

ကမူးရှူးထိုးခုန်တက်ပြီး နောက်ဘက်သို့ ယိုင်ကာ လဲလုလု ဖြစ်သွားသော သူကို ဆီးပြီးထိန်းထားရသဖြင့် ဝူးဝူးဝါးဝါးနှင့် မကျေ မနပ် အော်နေသော ညီညီအသံကို သဲကွဲစွာ ဂရုမထားမိချေ။ ရထားဘီး များ မြန်လာသည်နှင့် အမျှ ညီညီ၏ အသံသည်လည်း တိုး၍ ကျန်ရစ် လေသည်။

'အရင်လိုလှချည်လား ငါ့ညီရ'

ပင်ပန်းမောဟိုက်စွာ အသက်ကိုပြင်းပြင်းရှူနေသော လူငယ် ကလေးသည် သူ့ပခုံးနှစ် ဖက်ကိုဆုပ်ကိုင်ရင်းထိန်းထားသော ကိုအောင် သူအား ခပ်စူးစူးလေးကြည့်လိုက်လေသည်။ ချွေးပေါက်ကလေးများ အစီအရီသီးနေသော မျက်နှာကလေးသည် ငယ်ရွယ်နုနယ်လှသည်။

ခေတ္တမျှ စူး စူး စိုက် စိုက် ကြည့်နေပြီးမှ မျက်လွှာကိုဖျတ်ခနဲ ချလိုက်သည်။ ထို့နောက် ကျေးဇူးစကားလေးကိုပင်မဆို။ သူ့ပခုံး ပေါ်မှ ကိုအောင်သူ၏ လက်နှစ် ဖက်ကို ခပ်ဆတ်ဆတ်လေးဖယ်ချလိုက်ပြီး ရထားတွဲ တွင်းသို့ လျှောက်သွားလေသည်။

'ဟေ ဘယ်လိုသတ္တဝါလေးပါလိမ့်'

ကိုယ်က စကားပြောပြီး တစ်ဖက်မှစကားပြန်မရသည့်အပြင် ရှုတည်တည်အကြည့်ကိုပါအဆစ်ရလိုက်သဖြင့် ကိုအောင်သူသည် အတော် အနေခက်သွားလေသည်။ မခံချင်လည်း ဖြစ်သွားမိလေသည်။

ကိုအောင်သူယူထားသော နေရာ၏ မျက်နှာချင်းဆိုင်ခုံတွင် ဝင် ရောက်ထိုင်သည်ကိုမြင်ရသော အခါ အတော် စိတ်မောသွားသည်။ ခရီး လမ်းတစ်လျှောက်လုံး ကိုယ့်ကိုစကားမပြောလိုသူနှင့် မျက်နှာချင်းဆိုင် ထိုင်သွားရမည့် အရေး ကို ကိုအောင်သူစိတ်ညစ်မိတော့သည်။

ခရီးဆောင်အိတ်ထဲတွင် မဂ္ဂဇင်းစာအုပ်များ အဆင်သင့်ထည့် လာမိသဖြင့် တော် သေးသည်ဟုအောက်မေ့ရသည်။ ခရီးတစ်လျှောက် လုံး စာဖတ်ရင်းအချိန်ကုန်စေရပေတော့မည် ။

အပြန်ခရီးသည် ငြီးငွေ့ဖွယ်ကောင်းလှသည်။ တဂျိမ်းဂျိမ်း တဂျုတ်ဂျုတ်မြည် နေသော ရထားသံနှင့် အတူ တငြိမ့်ငြိမ့်ငိုက်မျဉ်းနေ ကြသူသာ များ လေသည်။

စာဖတ်ရသည်ကိုပျင်းလာသော အခါ ကိုအောင်သူသည် နေ ရာတွင် တိတ်တိတ်ဆိတ်ဆိတ်ထိုင်ရင်း စပါးခင်းဝါဝါများ ကိုသာ ငေး မောနေမိလေသည်။

ဝင်းဝင်းဝါသော စပါးခင်းများ သည် လေပြည်တွင် ယိမ်းညွတ် နေကြသည်။ လှိုင်းဝါအိကြီးများ သဖွယ် လူးလွန့်နေကြလေသည်။

ရထားလမ်းဘေးရှိ ပျဉ်းမပင်များ မှ ခရမ်းရင့်ရောင် ပျဉ်းမပန်း များ ကမူ အဆုပ်လိုက် အခိုင်လိုက်ပွင့်ဖူးနေကြသည်။ ရထားကြီးက ရိပ်ခနဲ ရိပ်ခနဲဖြတ်ပြေးသော အခါ လေပြည်ထဲတွင် ယိမ်းညွတ်ယမ်းခါ ရင်း ကျန်ရစ်ခဲ့ကြလေသည်။

'ကိုကို ကိုကိုရာ'

သဘာဝ ရှုခင်းကို ပျင်းပျင်းနှင့် ငေးနေသော ကိုအောင်သူသည် မသဲမကွဲညည်းသံလေးကို ကြားလိုက်ရသဖြင့် အထူးအဆန်း ဖြစ်သွား သည်။ သူ့ရှေ့တွင် ထိုင်နေသော ရှုတည်တည်လူငယ်ကလေးသည် ဘယ်အချိန်က အိပ်ပျော်သွားလေသည် မသိရချေ။

ပေါင်ပေါ်တင်ထားသော လက်ဆွဲသားရေအိတ်ကို တင်းတင်း လေးဆုပ်ကိုင်ထားရင်းမှ ခုံနောက်မှီကို ခပ်လျော့လျော့မှီရင်း အိပ်ပျော် နေလေသည်။ တစ်စုံတစ်ဦးကို တမ်းတသလို ကယောင်ကတမ်းညည်း နေသည်။

'တော် တော် ငယ်သေးတာပဲ'

ကိုအောင်သူသည် တစ်ဦးတည်း မှတ်ချက်ချလိုက်မိလေ သည်။ အိပ်ပျော်နေသော အခါမှ သူ့မျက်နှာတွင် တင်းထားသော ရှု တည်တည် ဟန်များ မာန်များ ပျောက်ကွယ်သွားသည်။ ဝင်းနေအောင် ဝါသော အသားတွင် မျက်ခုံးထူထူကလေးများ က ထင်းနေလေသည်။

မျက်တောင်ရှည်ရှည်စင်းစင်းများ သည်ကား ယောက်ျားလေး တစ်ဦးအနေနှင့် လှပလွန်းလှသည်။ မျက်နှာသွယ်သွယ် ပါးဖောင်း ဖောင်းလေးနှင့် ကလေးဆန်ဆန်နုနယ်လှသဖြင့် ဆယ့်ရှစ်နှစ် ခန့်သာ ရှိဦးမည် ဟု ခန့်မှန်းမိသည်။

ဝတ်ထားသော အဝတ်အစားများ သည်ကား ချောမောသော ရုပ်ကလေးနှင့် မလိုက်ဖက်လှချေ။ ဝတ်ထားသော ဘောင်းဘီအနက် သည် သူ၏ ပါးလျသော ကိုယ်လုံးနှင့် ချပ်ချပ်ရပ်ရပ်ရှိသော်လည်း ရှပ် အင်္ကျီသည်ကား မတန်တဆပွနေလေသည်။

သူ့အင်္ကျီတော့ ဟုတ်ဟန် မတူချေ။ ဘယ်ချောင်ကများ ကောက်လာသည်မသိရချေ။ ဂေါက်သီးရိုက်လျှင် ဆောင်းသော ဦးထုပ် ဖြူလေးကို ခပ်ငိုက်ငိုက်ဆောင်းထားသည်။ ဦးထုပ်သည်လည်း သူ့ ခေါင်းနှင့် စာလျှင် အတော် ကြီးချောင်နေလေသည်။

အဆိုးဆုံးသည်ကား သူ့ခြေထောက်တွင် စီးထားသော ကင်း ဗတ်(စ်)ဖိနပ်ဖြူများ ဖြစ်သည်။ ဘယ်ဘက်ဖိနပ်သည် အနေတော် ဖြစ် သော်လည်း ညာဘက်တွင် စီးထားသော ဖိနပ်သည်ကား သူ့ခြေထောက် နှင့် စာလျှင် သိသိသာသာကြီးပြီး ချောင်နေလေသည်။

အရွယ်မတူသော ဖိနပ်နှစ် ဖက်ကို ခြေအိတ်မပါဘဲ ကျွဲတစ် ဖက် နွားတစ်ဖက်စီးထားသည်မှာ ရယ်စရာကောင်းလှလေသည်။ မျက် နှာကို မမြင်ဘဲ လူကိုချည်းဖြတ်ပြီးကြည့်ပါက လမ်းဘေးတွင် နို့ဆီခွက် ကောက်သော တရုတ်ဘိန်းစားနှင့် နင်လား ငါလား ဆင်တူယိုးမှား ထင်ရမည် သာ ဖြစ်သည်။

'အင် အင် ကိုကို'

ပြတင်းပေါင်ကိုမှီထားသော ဦးခေါင်းသည် နောက်ဘက်သို့ လျှောကျသွားလေသည်။ ဆံပင်ကောက်များ ရစ်ဝဲကျနေသော နဖူးပြင် တွင် ချွေးစို့နေသည်။

မျက်နှာလေး ညှိုးနွမ်းပြီး နှုတ်ခမ်းပါးလေးများ မဲ့နေသည့် အတွက် အိပ်ပျော်နေရင်းမှ အိပ်မက်ဆိုးမြင်မက်နေဟန်ရှိလေသည်။

'ဒီမှာ ဒီမှာ ငါ့ညီ ဘာ ဖြစ်နေတာလဲ'

အိမ်ကများ ထွက်ပြေးလာတာများ လားဟု ကိုအောင်သူသည် တွေးတောနေမိသည်။

ထို့နောက် အမှတ်မရှိသူဟုဆိုလျှင်လည်း ဆိုစေတော့၊ လူ ငယ်ကလေး၏ ပခုံးကို ခပ်သာသာလေးဆုပ်ကိုင်ကာ နှိုးလိုက်မိလေ သည်။

သူ့ပခုံးပေါ်မှ ကိုအောင်သူ၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက် ရင်း မျက်တောင်ရှည်များ ပွင့်လာကြလေသည်။ လူငယ်လေးသည် အမှန် တကယ်ပင် အိပ်မက်ဆိုး မြင်မက်နေဟန်ရှိလေသည်။

မျက်လုံးညိုညိုလေးတွင် မျက်ရည်ကြည်များ စိမ့်အိုင်ဝေ့လည် နေလေသည်။ သူ့ကိုမိုးပြီးကြည့်နေသော ကိုအောင်သူကို တွေ့ သော အခါ မျက်ရည်ဖုံးသော မျက်လုံးများ သည် အရောင် တောက်ပကာ ရွှန်း လက်လာလေသည်။

'ဟာ ကို ကို ကိုကို'

ကိုအောင်သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ခပ်အုပ် အုပ် အော်လိုက်လေသည်။ လူငယ်လေးသည် အိပ်ရာမှကောင်းမွန်စွာ နိုးဟန် မတူသေးချေ။

အိပ်တစ်ဝက် နိုးတစ်ဝက် ဝိုးတဝါးအိပ်မက်နှင့် လူမှားပြီးခေါ် နေခြင်း ဖြစ်ဟန်တူသည်။

'ငါ့ညီ အိပ်ရာက ကောင်းကောင်းမနိုးသေးဘူးထင်တယ်'

'ဟာ'

ကယောင်ကတမ်းခေါ်နေသော လူငယ်လေးသည် ဆတ်ခနဲ တုန်သွားလေသည်။ သူဖမ်းကိုင်ထားသော ကိုအောင်သူ၏ လက်ကို လွှတ်လိုက်ပြီး နောက်မှီကို ခပ်မတ်မတ်လေးမှီလိုက်သည်။

ဝမ်းသာရွှင်မြူးစွာ တောက်ပလာသော မျက်လုံးလေးများ သည် ချက်ချင်း ပင် မှေးမှိန်သွားလေသည်။ သူ့ကိုပြုံး၍ ကြည့်နေသော ကိုအောင်သူအား ရီဝေဝေပြန်ကြည့်နေပြီး သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်လေသည်။

'ကိုကိုများ လားလို့'

နဖူးပြင်တွင် စို့နေသော ချွေးများ ကို လက်နှင့် သပ်ချလိုက်ရင်း ညည်းညူသလို ခပ်တိုးတိုးပြောလေသည်။

'တူနေလို့လား'

'ဟင့်အင်း မတူပါဘူး၊ သိပ်မတူပါဘူး၊ ကိုကို့မျက်လုံးတွေ နဲ့ တော့ တူတယ်၊ မေးရိုးကားပုံရော'

'နည်းနည်း တူနေတယ်ပေါ့လေ'

'ဆိုပါတော့'

မျက်မှော င်ပြေကာ မျက်နှာထားပျော့နေသော လူငယ်လေး သည် ခပ်တိုးတိုးပြောလေသည်။

ကိုအောင်သူကို ခုနလေးတင်မှ ရှုတည်တည်နှင့် ဘုကြည့် ကြည့်ခဲ့သည်ကိုပင် အမှတ်ရဟန်မတူချေ။

သူ့ခြေထောက်တွင် စီးထားသော ဖိနပ်ကို ခပ်ပြုံးပြုံးစိုက်ကြည့် နေသည်ကို သတိထားမိသော အခါ မျက်နှာလေးနီရဲသွားလေသည်။

ခြေထောက်နှစ် ဖက်ကို ခုံအောက်သို့ ခပ်ဝှက်ဝှက် လျှိုသွင်း လိုက်ရင်းက နောက်သလို 'အဟင်း' ခနဲ ကြောင်စီစီရယ်လိုက်လေ သည်။

'မင်း အိမ်ကများ ထွက်ပြေးလာတာလား'

'ဘာပြောတယ်'

အိမ်တွင် ကျန်ခဲ့သော ညီငယ်ကိုသတိတရရှိသဖြင့် ကိုအောင် သူသည် ခပ်ဆဆလေးမေးလိုက်မိသည်။ ညီချင်းစာနာသော စိတ်နှင့် စိုးမိုးသလိုကြည့်နေသော ကိုအောင်သူအား လူငယ်လေးသည် ဆတ်ခနဲ မော့ကြည့်လိုက်လေသည်။ မျက်လုံး ညိုညိုလေးများ သည် ဒေါသနှင့် မာနရောင် ယှက်သန်းလာသည်။

'ငါ့ကို စိတ်ဆိုးချင်လဲဆိုးပေါ့ကွာ၊ မင်း အိမ်ကထွက်ပြေးလာ တာဆိုရင်တော့ အိမ်ကိုပဲပြန်ပါတော့၊ မင်းကိုကြည့်ရတာ အားနည်းနေ ပုံရတယ်'

ပြောမိမှတော့ မထူးတော့ချေ။ အဆုံးအထိပြောသည်သာ ကောင်းပေမည် ဟု စိတ်ကူးမိ၍ ဆက်ပြောမိလေသည်။

လူကြီးများ အလစ်တွင် ရရာဆွဲပြီးထွက်ပြေးလာသော အိမ်ပြေး ကလေးဟုသာ စိတ်ထဲတွင် အသေအချာ ထင်မှတ်နေမိသည့်အတွက် ကြောင့် ဖြစ်လေသည်။ 'ဘယ်တော့မှ မပြန်ဘူး'

ကိုအောင်သူကို စူးစိုက်ကြည့်ရင်း လူငယ်လေးသည် မာကျော စွာ ပြောသည်။ နှုတ်ခမ်းနှစ် လွှာကို တင်းတင်းစေ့ကာ သူ့လက်ထဲမှ လက်ဆွဲအိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

ကိုအောင်သူ ဘာဆက်ပြောရမည် နည်း။ ပခုံးနှစ် ဖက်ကိုတွန့် လိုက်ရင်း ခွင့်လွှတ်ပြုံးပြုံးကာ ငြိမ်သက်စွာ ထိုင်နေရန်သာရှိတော့သည်။

စကားကြီးခြောက်ခွန်းတွင် 'ဟုတ်မှန်၏ ။ အကျိုးရှိ၏ ။ ကြား သူ မနှစ်သက် သော စကား' ဟူသည့် ဆုံးမစကားကို ပြောချင်သော် လည်း ဆက်ပြီးပြောရန် မရဲတော့ချေ။

ဖတ်လက်စ မဂ္ဂဇင်းစာအုပ်ဆီသို့ သာ ပြန်ပြီးအာရုံစူးစိုက်ရန် အားထုတ်မိလေသည်။ မိမိအား စကားမပြောလိုသူနှင့် စကားမပြော သည်သာလျှင် အကောင်းဆုံး ဖြစ်ပေမည် ။ အန္တရာယ်အကင်းဆုံး ဖြစ်ပေ မည် ။

လူငယ်ကလေးသည် မျက်မှော င်ကြိုတ်ရင်း ခပ်တွေ တွေ ငေး နေလေသည်။ ဒေါသရိပ်နှင့် မာနငွေ့ သန်းနေသော မျက်နှာကလေး သည် တင်းမာနေသည်။

ကိုအောင်သူ့အနေနှင့် မူ ဤအရွယ်လူငယ်ကလေးများ ကို ပြုံး ပျော်နေသည်သာ တွေ့ မြင်လိုလှသည်။ ညှိုးရော်သော မျက်နှာထားကိုလည်းကောင်း၊ ခက်ထန်သော မာန ယှက်သန်းနေသည်ကိုလည်းကောင်း မတွေ့ လို မမြင်လိုပေ။

ကျောင်းစာသင်ခန်းထဲတွင် သာ ပျော်ရမည့် သူ့လိုလူငယ်လေး များ သည် အိမ်၏ နွေးထွေးမှု အောက်မှထွက်ပြေးရန်လည်း လုံးဝမလို လားအပ်ချေ။

အတွေးနယ်ကျယ်လာမိသော ကိုအောင်သူသည် ûမိ့အဝင် လမ်းမှ တိုက်ဝါအိုအိုကြီးကိုတွေ့ သော အခါမှ သတိဝင်လာသည်။

သူဆင်းရမည့်  သာယာကုန်းဘူတာသို့ မကြာမီရောက်ပေ တော့မည် ။

'အစ်ကိုကြီးက ဒီမှာ ဆင်းတော့မှာ လား'

သယ်ဆောင်လာသော ပစ္စည်းပစ္စယကလေးများ ကို ထပြီးစု သော အခါ လူငယ်ကလေးဆီမှ အသံထွက်ပေါ်လာလေသည်။

ထူးထူးခြားခြားစပ်စုလာသော လူငယ်ကလေးအား တအံ့ တသြငဲ့ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ရသည်။

'အစ်ကိုကြီးက ဆရာဝန်ပေါ့နော်'

လက်ဆွဲသားရေအိတ်တွင် ကပ်ထားသော 'ဒေါက်တာအောင် သူ' ဟူသော စာတန်းကလေးကိုကြည့်ရင်း မေးလေသည်။

သည်လိုဆိုပြန်တော့လည်း ခုနကပင် တင်းတင်းမာမာ ပြော ပြီး ဘုကြည့်ကြည့်ခဲ့သည်ကိုပင် မေ့လိုက်ရတော့မလို ဖြစ်လာလေ သည်။

'ဆရာဝန်ပဲ ဆိုပါတော့ကွာ'

'ကျွန်တော့ အစ်ကိုလည်း ဆရာဝန်ပဲ'

'ဘယ်သူလဲ'

'ကျွန်တော့ အစ်ကိုလေ၊ အစ်ကိုကြီးသိမှာ မဟုတ်ပါဘူး'

ကိုအောင်သူ ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းမိသည်။ မြန်မာ ပြည်တွင် ဆရာဝန်တွေ မှိုလိုပေါက်အောင် များ ပြားလှချေပြီ။

ဆရာဝန်တိုင်းကို သိနိုင်လောက်အောင် ကိုအောင်သူတစ် ယောက် အပေါင်းအသင်း မဆံ့လှချေ။ စာကုန်းကျက်ပြီး အားသော အချိန်တွင် လက်ဝှေ့ထိုးရန် လောက်ကိုသာ ဝါသနာပါခဲ့သော ကိုအောင်သူသည် သူနှင့် တစ်နှစ် တည်းသမားများ ကိုပင် လူစုံအောင် မသိခဲ့ချေ။

'မင်း အစ်ကိုက ဘယ်သူတုန်း၊ ဘယ်မှာ နေသလဲ'

သိလိုသိငြား မေးလိုက်သော အခါ လူငယ်လေး၏ မျက်နှာ သည် ဖြူရော်သွားလေသည်။ သတိလစ်သွားသလို ကိုအောင်သူအား ငေးစိုက်ကြည့်နေပြီးမှ သက်ပြင်းကို 'ဟင်း' ခနဲချလိုက်လေသည်။

'ကိုကိုလား၊ ကိုကို သေပြီလေ'

'ဟင်'

ကိုအောင်သူ ဘာဆက်ပြောရမည် မသိတော့ချေ။ အစ်ကိုအား ချစ်ခင်အစွဲအလမ်းကြီးလှသော လူငယ်ကလေးသည် သူ့အစ်ကိုသေ သည်ကို လက်ခံချင်ပုံ မရချေ။

မိမိလက်မခံချင်သည်ကို လက်ခံနေရသည့်အတွက်လည်း ကျေနပ်နိုင်ပုံမရချေ။ ဆရာဝန်အတွေး ဆရာဝန်အမြင်ဖြင့် ပြောရမည် ဆိုလျှင် သူ့တွင် စိတ် ရောဂါ ရှိသည်ဟု ပြောမိမည် သာ ဖြစ်၏ ။

ရထားသည် ရှည်လျားသော ဥသြသံကိုပေးပြီး တဖြည်းဖြည်း အရှိန်လျှော့လာလေသည်။ သာယာကုန်းတွင် ငါးမိနစ်ခန့်သာရပ်တန့်သည်မို့ ဆင်းမည့်  ခရီးသည်များ သည် လှုပ်လှုပ်ရွရွပြင်ဆင်နေကြလေသည်။ 'ငါ့ညီ မင်းကရော ဘယ်အထိသွားမှာ လဲ'

ရထားပေါ်မှဆင်းခါနီး တွင် မူ လူငယ်ကလေးဆီသို့ ပြန်လှည့် ကြည့်မိလေသည်။ မျက်ရည်စို့စို့ဝဲချင်နေသော လူငယ်ကလေးသည် သူ့ကိုခပ်ငေးငေးပြန်ကြည့်ရင်း ခေါင်းခါပြလေသည်။

'မသိသေးဘူး'

'ဟာ ဘယ်လိုလဲ ဘယ်သူ့ဆီသွားမှာ လဲ'

'လူ တစ်ယောက် ဆီကိုလေ'

'ဘာလုပ်ဖို့လဲ'

'သတ်မလို့'

'ဟာ'

ကိုအောင်သူသည် အလန့်တကြား အော်လိုက်မိလေသည်။ လူနာပေါင်းစုံကို သေမင်းခံတွင်းမှလုယူနေရသော ဆရာဝန်ပေမို့ 'သတ်' ဟူသော စကားကို လုံးဝမကြားလိုခဲ့ပေ။ လူ တစ်ယောက် ၏ အသက်ကို 'ဖက်ရွက်သဖွယ် သတ်မလို့' ဟု အေးဆေးစွာ ပြောလေသော အခါတွင် ကား ကျောထဲမှ စိမ့်သွားအောင်ပင် ရွံ့သွားမိလေသည်။

ထိုင်လည်းမထိုင်နိုင်။ ထလည်းမထနိုင်။ ကုန်းကုန်းကွကွရပ် ရင်း တအံ့တသြ ဖြစ်သွားသော ကိုအောင်သူသည် မီးရထားဥသြသံ ကြားရသော အခါမှ ရထားပေါ်မှ ကမန်းကတန်း ခုန်ဆင်းလိုက်ရလေ သည်။

ပလက်ဖောင်းပေါ်တွင် ရပ်မိသော အခါ ရထားတွဲ တွင်း ပြန် ကြည့်မိသည်။ လူငယ်ကလေးသည် ကိုအောင်သူအား အေးစက်စွာ ပြုံးပြလေသည်။ သူ့အပြုံးတွင် နာကြည်းမှု ၊ ကြေကွဲမှု ၊ အငြိုးကြီးမှု တို့ အကုန်ရောယှက်နေလေသည်။

ပြုံးလိုက်၊ ရယ်လိုက်လျှင် လူတိုင်းလှမလာသော်လည်း အရုပ် ဆိုးသွားသည်ကား မရှိလှချေ။ ထိုလူငယ်ကလေးပြုံးပုံသည်ကား ကြောက်စရာကောင်းလှသည်။

'ကြောက်စရာကောင်းအောင် ပြုံးလည်းပြုံးတတ်ပါရဲ့ ' ဟု ကို အောင်သူသည် ဝေးကွာသွားသော ရထားကြီးကိုငေးကြည့်ရင်း တီးတိုး ပြောမိလေသည်။

♥ ♥ ♥


အမိဝမ်းမှကျွတ်စကလေးငယ် နီတာရဲလေးသည် နွေးထွေးစွာ အိပ်ပျော် သွားချေပြီ။ မိခင်ငယ်ကလေးသည် မောပန်းနွမ်းနယ်မှု ကြားမှ ယဲ့ယဲ့ လေးပြုံးနေရှာလေသည်။

ကိုအောင်သူသည် သူ့ကိုကျေးဇူးတင်သော အားကိုးသော အကြည့်နှင့် ကြည့်နေသော ဖိုးသာမောင်ဘက်သို့ လှည့်ကြည့်ရင်း ပြုံး ရယ်လိုက်မိသည်။

'ကဲ မောင်သာမောင်လေး မင်းမိန်းမရော ကလေးရော စိတ်ချ ရပါပြီ၊ နောက်များ တော့ အဲဒီ လိုကလေးမထွက်သေးတိုင်း အရမ်းကာ ရော နှိပ်ချဖိချတွေ မလုပ်ပါနဲ့ကွာ၊ ကလေးမထွက်ဘဲ ကလေးရော လူ ကြီးရော သေတတ်တယ်ကွဲ့'

ûမိ့နယ်မှလူများ သည် ဆေးရုံဆိုလျှင် အလိုလိုကြောက်တတ် ကြလေသည်။ အသံကြားလျှင် ဖျားချင်ကြသဖြင့် ခပ်ဝေးဝေးရှောင်ကြ သည်။

အရပ်လက်သည်များ ၊ ဗိန္ဒောများ မနိုင်တော့ဘဲ လူနာမြော့နေ သော အခါမှ ဆေးရုံရောက်လာသည်လည်း ရှိတတ်လေသည်။

ခုနစ်နှစ် တိုင် ဆေးပညာကိုဆည်းပူးခဲ့သော်လည်း သေခါနီး လူကိုကား ရှင်အောင်မတတ်နိုင်ခဲ့ချေ။ မဟောသဓလို သိကြားမင်းဆီမှ ကိုးဆယ့်ခြောက်ပါးသော ရောဂါ ဟူသမျှ ပျောက်ကင်းစေသော ဘုရား ဆေး သိကြားဆေးကို လက်ဝယ်ရှိသူမဟုတ်သည့် ကိုအောင်သူခမျာ လည်း ဘာတတ်နိုင်မည် နည်း။

ဆေးရုံရောက်ပြီး မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း သေဆုံးကုန်သူ များ ကို အသက်ထွက်ညင်သာအောင်လုပ်ပေးရုံအပြင် မသေအောင်ကား မတားနိုင်ခဲ့ချေ။

ထိုအခါ ရမ်းကုများ ပယောဂဆရာများ က ဆေးရုံရောက်မှ လူနာသေသည်။ ဆရာဝန်အလွန်ညံ့သည် ချာသည်ဟုတီးတိုးဝါဒဖြန့် ပြီး ဆေးရုံကြောက်အောင် ပြုံလုပ်ကြပြန်လေသည်။

'ဆေးရုံကိုမကြောက်ကြပါနဲ့ဗျာ၊ စောစောစီးစီးပြကြ ကုကြ မယ်ဆိုရင်လည်း ရောဂါ ဟာဘာမို့လဲ၊ အနာသိတယ် ဆေးရှိတယ်၊ ပျောက်ရမှာ ပေါ့၊ ရောဂါ ရင့်နေရင် လွန်နေရင်တော့ ဆေးလည်း မတိုး နိုင်တော့ဘူးပေါ့ဗျာ'

'ဟုတ် ဟုတ်ကဲ့ဗျ'

'အခု ကလေးမလေးလည်း အပျိုသားမွေးဆိုတော့ ခက်တာ ပေါ့၊ ဗိုက်နာချိန်ကလည်း သားဦးမှာ ကြာတတ်တာပဲ၊ အဲဒါကို ဗိုက်နာ တာ ကြာလှပြီ၊ ခုထိကလေးမထွက်သေးဘူးဆိုပြီး ဖိချရင်သေမှာ ပေါ့၊ ခုတောင် အချိန်မီဆေးရုံရောက်ပေလို့ လူနာဆိုရင်နွမ်းနေတာပဲ'

ကိုအောင်သူသည် သူဟောမြဲ ဖြစ်သော ဆေးရုံအားကိုးရေး တရားကို တွင် တွင် ကြီးဟောရလေသည်။

ထိုကဲ့သို့ အချိန်မီရောက်လာသဖြင့် သေမင်းခံတွင်းမှလွတ်ရ သော လူနာများ သည်လည်း ခေါင်းကိုက်တာ ဖင်နာတာကအစ ဆေးရုံ ကိုသာပြချင်သည်အထိ အားကိုးကုန်တတ်လေသည်။

ကိုအောင်သူ ဆေးရုံမှပြန်လာသော အခါ ညနေခြောက်နာရီ ခန့်ရှိပေပြီ။ နီရဲသော နေမင်းကြီးသည် စပါးခင်းဝါဝါများ ပေါ်တွင် မေး တင်နေပြီ ဖြစ်သည်။

ဝင်းဝါသော စပါးခင်းပေါ်တွင် နေရောင် နီနီရဲရဲယှက်ဖြာနေ သည်မှာ ကြည့်၍ ပင်မဝနိုင်အောင်လှပလေသည်။ သို့ သော်လည်း ကိုအောင်သူ တစ်ယောက် ခါတိုင်းလိုသဘာဝ ရှုခင်း လေအေးအေးနှင့် ပန်းရနံ့မွှေးမွှေးတို့တွင် သာယာနစ်မျောမနေနိုင်ချေ။

အိမ်သို့ သာ အမြန်သုတ်ခြေတင်မိလေသည်။ တစ်ထွာမျှသာ ရှိသော ဝမ်းဗိုက်ကဆာလောင်လှစွာ နှင့် ခြေထောက်နှစ် ဖက်ကို အမြန် လျှောက်ခိုင်းနေသော ကြောင့် ဖြစ်လေသည်။

အရေး ကြီးသော လူနာမရှိ၍ ခါတိုင်းလိုညနေစောစော အိမ်ပြန် ရောက်လျှင် ထမင်းချက်သော အဒေါ်ကြီးစံမယ်ကိုတွေ့ ရတတ်သည်။

နောက်ကျသော နေ့များ တွင် ကား ကိုအောင်သူအတွက်ထမင်း ဟင်းများ ခူးခပ်ပြင်ဆင်ပေးပြီး ဒေါ်ကြီးစံမယ် တစ်ယောက် အိမ်ပြန်နှင့် ပြီ ဖြစ်သည်။

မောမောပန်းပန်း ပြန်ရောက်လာသော ကိုအောင်သူသည် စားပွဲပေါ်တွင် အသင့်ရှိနေသော ထမင်းများ ကိုသာ တစ်ဦးတည်း ကုန်း လွေးရတတ်လေသည်။

'ဟင် ဘယ်သူပါလိမ့်'

အိမ်တံခါးကိုတွန်းဖွင့်လိုက်သော ကိုအောင်သူသည် တစ်ဦး တည်း တီးတိုးပြောလိုက်မိသည်။ တံခါးပေါက်ကိုကျောပေးထားသော ကုလားထိုင်ပေါ်တွင် တစ်စုံတစ်ဦးထိုင်နေလေသည်။ ကုလားထိုင်နောက်မှီကို ခပ်လျော့ လျော့မှီထားပြီး စားပွဲပေါ်သို့ ခြေထောက်နှစ် ဖက်လုံး လှမ်းတင်ထား သည်။

'ဟောဗျ ဟိုငတိလေးပဲ'

လွန်ခဲ့သော အပတ်ကရထားပေါ်တွင် တွေ့ ခဲ့ရသော လူငယ် လေးပင် ဖြစ်သည်။ ဆည်းဆာနေရောင် သည် သူ့မျက်နှာကို တစ်ပိုင်း တစ်စ ထိုးနေသဖြင့် နုနယ်သော မျက်နှာလေးသည် ဝင်းပနေသည်။

ဦးခေါင်းငိုက်ကျနေပြီး နှစ် နှစ် ûခိက်ûခိက်အိပ်ပျော်နေဟန်နှင့် အသက်မှန်မှန်ရှူနေလေသည်။ သူ့လက်ထဲတွင် ကိုအောင်သူထမင်းစား ပြီးစားလေ့ရှိသည့် သကြားလုံးပုလင်းကိုကိုင်ထားသည်။

ပါးနှစ် ဖက်မှာ လိုသည်ထက်ပိုပြီးဖောင်းနေသည့်အတွက် သကြားလုံးတစ်ဖက်တစ်လုံးစီငုံရင်း အိပ်ပျော်သွားဟန်ရှိလေသည်။

ကိုအောင်သူသည် နှစ် ûခိက်စွာ အိပ်ပျော်နေသူအား ငြိမ်ငြိမ် သက်သက်ရပ်ရင်း အကဲခတ်နေမိသည်။ ခြေထောက်တွင် မူ အရွယ်တူ ဖိနပ်နှစ် ဖက်ကို ခြေအိတ်နှင့် အတူ ဝတ်ထားနိုင်ပြီကိုတွေ့ ရသဖြင့် တိုးတက်လာပြီဟု မှတ်ချက်ချမိသည်။

ဆာလောင်သည်ကိုခေတ္တမျှမေ့သွားသော ကိုအောင်သူသည် ဗိုက်ထဲမှအော်မြည် လာသော အသံများ ကြောင့် ထမင်းစားခန်းဘက်သို့ မျက်လုံးရောက်သွားလေသည်။

မဖိတ်ခေါ်ဘဲ အခန့်သားရောက်နေသော ဧည့်သည်ချော ကလေးအား မနိုးသေးဘဲ လှည့်ထွက်လာမိလေသည်။

'ဟာ ဘယ်လို ဖြစ်တာလဲ'

စားပွဲပေါ်မှထမင်းဝိုင်းကိုကြည့်ရင်း ကိုအောင်သူသည် အလန့် တကြားအော်လိုက်မိသည်။

'ညနေကျရင် ဆရာကလေး ငန်းသားချိုချိုစားရမယ်' ဟုဒေါ် ကြီးစံမယ်၏ စကားကိုကြားရင်း အသော့ လာခဲ့သော ကိုအောင်သူခမျာ ခုတော့ စားပွဲပေါ်တွင် ပန်းကန်ပြားအပြည့် ငန်းရိုးများ ကိုသာတွေ့ ရ သည်။

ပွင့်နေသော ထမင်းအုပ်ထဲတွင် ကား ထမင်းတစ်ဝက်ခန့်ကျန် သေးသည်။ ချဉ်ချဉ်စပ်စပ်သုပ်ပေးလေ့ရှိသော မရမ်းသီးမှည့်သုပ် ပန်းကန်ပြားကိုသာ တွေ့ ရတော့သည်။

သခွားသီးတို့စရာကိုကား တစ်စိတ်နှစ် စိတ်တွေ့ ရသေးသည်။ ဟင်းသောက်ပန်းကန်ထဲတွင် ကား ပဒတ်စာဟင်းချို ထင်ရသည်။ ပန်းကန်ဖင်တွင် ကပ်၍ ကျန်နေသေးသော ပဒတ်စာဖတ်ကလေးများ ကို ကြည့်ပြီး မှန်းဆရခြင်း ဖြစ်သည်။

'ဟာ ဘယ်လိုတုံး၊ ဘယ်လို ဖြစ်တာလဲ'

ပြောင်သလင်းခါနေသော ထမင်းပွဲကိုကြည့်ရင်း ကိုအောင်သူ သည် တအံ့တသြရေရွတ်နေမိသည်။ ကြိုက်မရှက် ငိုက်မရှက် ငတ် မရှက်ဟု ဆိုစကားရှိသည်။

ဆာသော အခါတွင် ကား ဒေါသ ဖြစ်တတ်လေသည်။ အံ့သြမှု နှင့် အတူ ဒေါသရိပ်ငွေ့ငွေ့ကလည်း ဝဲတက်လာလေသည်။

ကိုအောင်သူ တစ်ယောက် ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲကျဲနှင့် ပြန်ဝင်လာသော အခါတွင် ကား ဧည့်သည်ကလေးသည် နိုးနှင့် နေပြီ ဖြစ် သည်။ ခပ်ကုပ်ကုပ်လေးထိုင်ရင်း မျက်လွှာချထားလေသည်။

'ဒါ မင်း လက်ချက်ပေါ့လေ'

ဒေါသသံနှင့် မေးလိုက်သော အသံကို ကြားလိုက်ရသော အခါ သူ့ကိုယ်သည် မသိမသာတုန်သွားသည်။ မျက်လွှာကိုပင့်မကြည့်ဘဲ ခေါင်းကို ဆတ်ကနဲ ညိတ်ပြလေသည်။

'ဟုတ်တယ်၊ ဆာတာနဲ့'

အတန်ကြာမှ မော့ကြည့်ပြီး ခပ်တိုးတိုးပြောလေသည်။ သူ့ မျက်နှာတွင် အားနာမှု ကိုလည်းကောင်း၊ ကြောက်ရွံ့မှု ကိုလည်းကောင်း၊ ရှက်ရွံ့မှု ကိုလည်းကောင်း ရှာ၍ မတွေ့ ရချေ။ စားနေကျအိမ်တွင် ထမင်း စားထားသကဲ့သို့ ပင် မှင်သေလှသည်။

'သြော် တယ်ဟုတ်၊ ငါလည်းဆာတတ်တာပဲ၊ တစ်ဝက် လောက်ချန်ထားတယ်ဆိုရင် ဟုတ်သေး'

'စားကောင်းတာနဲ့ပဲ'

'ကောင်းကွာ တယ်ကောင်း'

လက်ကိုဝှေ့ယမ်းကာ မကျေမနပ်ပြောရင်း ကုလားထိုင်တွင် ဝုန်းခနဲထိုင်ချလိုက်မိလေသည်။ သူ့ကို မော့ကြည့်နေသော လူငယ် ကလေးသည် မသိမသာ ရိပ်ခနဲပြုံးလိုက်လေသည်။

'အစ်ကိုကြီးစိတ်ဆိုးတာလည်း ကိုကိုနဲ့တူတာပဲ'

'ဟာ တော် စမ်း၊ မင်း ကိုကိုကြီး ဘေးချိတ်ထားစမ်း၊ ဒီမှာ ဖြင့် ဆာလို့သေတော့မယ်'

သည်တစ်ညတော့ 'အမီး' ဆိုင်ကခေါက်ဆွဲကြော်နှင့် ပင်စခန်း သိမ်းရလိမ့်မည် ထင်သည်။

ထမင်းဆာလျှင် ထမင်းကလွဲပြီး ဘာကိုမှမစားချင်သည့် အကျင့်သည် ကိုအောင်သူတွင် ငယ်ငယ်လေးကတည်းက စွဲခဲ့သော အကျင့် ဖြစ်လေသည်။

ထမင်းစားလျှင်လည်း အရိုးနှင့် စားရန်သာ ရှိတော့သဖြင့် ခေါက်ဆွဲဆိုင်ကိုအမြန်ပြေးရန်သာ ရှိတော့သည်။

'နေပါဦး မင်းကဘာလုပ်ဖို့လာတာလဲ၊ ဘာကိစ္စရှိလို့လဲ'

အိမ်ထဲမှထွက်ခါနီး မှ သတိရပြီးမေးမိသည်။ လူငယ်ကလေး သည် ပထမဆုံးအကြိမ် မျက်နှာငယ်သွားလေသည်။ သူ့အိတ်ကလေး ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း ကိုအောင်သူအား ခပ်ငေးငေး ကြည့်နေသည်။

'အိမ်မပြန်ချင်သေးတာနဲ့ပဲ'

'သြော်'

ကိုယ့်အိမ်ကိုယ်မပြန်ချင်တိုင်း သူများ အိမ်ကို မဖိတ်မခေါ်ဇွတ် တက်လာသော ဧည့်သည်မျိုးကို သည်တစ်ခါသာတွေ့ ဖူးသေးသည်။

'မင်းကို ဘယ်သူကဖိတ်လို့လဲကွ'

ကလေးဆန်သည်ဟုဆိုလျှင်လည်းဆိုစေတော့ ကိုအောင်သူ သည် သူ့ထမင်းပွဲကို အားမနာပါးမနာ ပြောင်သလင်းခါအောင်စား သွားသူမို့ ကတ်ဖဲ့ပြောလိုက်မိလေသည်။

လူငယ်ကလေးသည် ဘာမှပြန်မပြောဘဲ ကြမ်းပြင်ကိုငေးစိုက် ကြည့်နေသည်။ သက်ပြင်းတစ်ချက်ချရင်း ခပ်တိုးတိုးပြောလေသည်။

'ဒီလိုဆို ပြန်ရမလား'

ကိုယ့်ကိုမလိုလားသည့်အိမ်ရှင်ကိုကား ဆက်လက်အနှောင့် အယှက်ပေးလိုဟန် မရှိချေ။ အားကိုးရာမဲ့သွားသလို မျက်လုံးလေးမသိ မသာ ဝိုင်းသွားသည်ကို တွေ့ ရသော အခါတွင် ကား ကိုအောင်သူသည် ညီညီကို ဖျတ်ခနဲသတိရမိလေသည်။

သူ၏ ညီငယ်ကလေးသည်လည်း တဇွတ်ထိုးကလေးမို့ ဤ လူငယ်ကလေးနှင့် စာနာကြည့်မိပြီး ရင်ထဲတွင် ကျင်ခနဲ ဖြစ်သွားသည်။

'မပြန်ပါနဲ့'

ခပ်ပြတ်ပြတ်ပြောပြီး တံခါးကိုဝုန်းခနဲပိတ်ကာ ထွက်လာမိ လေသည်။ ငယ်ရွယ်နုနယ်သော ဧည့်သည်အား မောင်းထုတ်လောက် အောင်ကား ကိုအောင်သူတွင် စာနာစိတ်မကင်းလှချေ။

ပျူပျူငှာငှာလည်း လက်ခံလိုစိတ်မရှိချေ။ ဒေါသရိပ်ကဲနေ သဖြင့် မြေကြီးကိုသာ ခပ်ဆောင့်ဆောင့်ဖိနင်းလာမိလေသည်။

ခေါက်ဆွဲနှစ် ပွဲလည်း ဘယ်လိုကုန်သွားသည်ပင် မသိလိုက်ရ ချေ။ ဗိုက်ပြည့်သွားသော အခါမှ ဒေါသလည်းပြေသလို ဖြစ်လာသည်။

'ဗျိုးဆရာအောင်ကြီး ဘယ်လို ဖြစ်ပြီး ဆိုင်ရောက်လာတာလဲ၊ ဒေါ်စံမယ်လက်ရာက စားမကောင်းလို့လား'

'သြော် ကိုမြင့်ထွေး ဒေါ်စံမယ်လက်ရာကောင်းလွန်းလို့ ဧည့် သည်က အကုန်စားသွားလို့ဗျ'

တအံ့တသြမေးလာသူအား ပြုံးရယ်ရင်းရှင်းပြလိုက်ရသည်။ မဖိတ်မခေါ်ဘဲ ရောက်လာသော ဧည့်သည်ငယ်ကလေး၏ ကလေးဆန် လှသော အပြုံအမူကို ခုမှရယ်ချင်သလို ဖြစ်လာသည်။

အိမ်ပြန်ရောက်သော အခါတွင် ကား ရယ်ချင်စိတ်များ လွင့် ပျောက်ရပြန်လေသည်။ ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည်ကို ဧည့် ခန်းက နှစ် ယောက် ထိုင်ကုလားထိုင်ပေါ်တွင် တွေ့ ရလေသည်။ ခေါင်း အုံးပေါ်တွင် ကား စာကလေးတစ်စောင်။

အစ်ကိုကြီး

ကျွန်တော် အိပ်ချင်လှပြီ၊ အစ်ကိုကြီးက ခေါင်းအုံးနဲ့ စောင်ယူပေါ့၊ ကျွန်တော် ကတော့ မွေ့ရာနဲ့ချည်စောင်ယူမယ်၊ ကျွန်တော် အိပ်ပျော်ရင် ဘယ်သူနှိုးနှိုး မနိုးတော့ဘူး' နန္ဒာ

ကိုအောင်သူသည် စာရွက်ကိုပစ်ချပြီး သူ့အိပ်ခန်းဆီသို့ ခြေ လှမ်းကျဲကျဲလျှောက်သွားမိသည်။ တံခါးကိုတွန်းကြည့်သော် မပွင့် တော့ချေ။ အတွင်းမှချက်ချကာ ပိတ်ထားချေပြီ။

'ဟေး မင်းဗိုလ်ကျလှချည်ကလားကွ၊ ငါဘယ်မှာ အိပ်ရမှာ တုံး'

စားဦးစားဖျားအကုန်လုံးစားသည့်အပြင် ရှိစုမဲ့စုအိပ်ရာနှင့် ခုတင်ကိုပါ အသိမ်းခံရသော အခါ ကိုအောင်သူသည် သည်းမခံနိုင် တော့ချေ။

ဒေါပွပွနှင့် တံခါးရွက်ကို တဝုန်းဝုန်းထုမိလေသည်။ အတွင်းမှ ကိုယ်တော် ချောကလေးကား တုတ်တုတ်မျှမလှုပ်ချေ။

'နန္ဒာဆိုတဲ့ကောင်စုတ် ကောင်နာလေး၊ မင်း ဒါတော့ လွန် တယ်ကွ'

'ဟေး မင်းနိုးနေရဲ့ သားနဲ့ထွက်ဆိုထွက်ကွာ၊ သူများ အိမ်လာ ပြီး နည်းနည်း ပါးပါးတော့ ယဉ်ကျေးဦးမှပေါ့'

'ငါ ဘယ်မှာ အိပ်ရမှာ လဲကွ၊ ဟေး မင်းဒီလောက်ပဲနားပင်းရ သလား' တံခါးကိုထုလိုက် အော်လိုက်နှင့် နောက်ဆုံးကိုအောင်သူမော တော့သည်။ အခန်းတွင်း၌ ကား သက်ရှိသတ္တဝါပင်ရှိပုံမရချေ။ ငြိမ်လှ တိတ်လှသည်။

တစ်ဦးတည်း ကြာရှည်အော်ရန်ကိုကား မတတ်နိုင်တော့ပေ။ နောက်ပိတ်ဆုံးအနေနှင့် တံခါးရွက်ကို ဝုန်းခနဲပိတ်ကန်ကာ လှည့်ထွက် ခဲ့ရလေသည်။ သည်တစ်ညအဖို့တော့ မောင်ကြီးလက်လျှော့ပြီး နှစ် ယောက် ထိုင်ကုလားထိုင်တွင် နှစ် ပါးသွားရန်သာ ကျန်ပေတော့သည်။

စိတ်ထင်လို့လားတော့မသိ၊ အခန်းတွင်းမှကျိတ်၍ ရယ်လိုက် သော ရယ်သံကို သဲ့သဲ့လေးကြားလိုက်မိသည်ထင်သည်။ ထိုအခါမှ ပို ဒေါသထွက်ပြီး ကုလားထိုင်ကြီးပေါ်သို့ ခွေခွေခေါက်ခေါက်နှင့် ဝုန်းခနဲ အိပ်ချလိုက်မိသည်။

'နန္ဒာဆိုတဲ့သတ္တဝါလေးရယ်၊ ဝ အောင်အိပ်ထားလိုက်ဦးပေါ့'

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မစန္ဒာ ၏ “ ငြိုးမာန်ဖွဲ့သူရယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နှင်းဆီ

ပန်းစကား

ပန်းပွင့်ခရေ နှင့် အခြားဝတ္ထုများ