
ချစ်သော စာဖတ်သူသို့
လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်ငယ်ငယ်ထဲက ရင်ထဲမှာ သိမ်းထားတဲ့ ဇာတ် လမ်းလေးနှစ် ပုဒ်ရှိပါတယ်။ တစ်ပုဒ်က ''ငြှိုးမာန်ဖွဲ့သူရယ်'' တဲ့၊ နောက် တစ်ပုဒ် ကတော့ ''ကြွေလွင့်နှင်းဆီ'' တဲ့။ စာတွေ ဝတ္ထုတွေ ကို သူများ ဖတ် ပျော်အောင်၊ ဖတ်လို့ရအောင် ရေး လာတဲ့တစ်နေ့ ရေး မယ်လို့ ခဲထားတဲ့ ဝတ္ထုနှစ် ပုဒ်ပါ။
''ငြိုးမာန်ဖွဲ့သူရယ်'' ကတော့ ရေး ပြီးခဲ့ပါပြီ။ အကြံပေး ဝေဖန်ကြ တဲ့ စာဖတ်သူများ ကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါရစေ။ အလုပ် တာဝန်တစ်ဖက်နဲ့မို့ စာတစ်စောင်ချင်းမပြန်နိုင်ခဲ့တာကိုလည်း ခွင့်လွှတ် ဖို့ တောင်းပန်ချင်ပါတယ်။
မော်နှင့် ဇော်သည် အမြွာမွေး မောင်နှမနှစ် ဦး ဖြစ်သော်လည်း တစ်ဦးနှင့် တစ်ဦး ဝါသနာဗီဇ လုံးဝမတူပေ။ မော်သည် သီချင်းဂီတနှင့် ပန်းချီကို ဝါသနာထုံသော်လည်း ဇော်သည် သီချင်းတစ်ပုဒ်ကိုပင် အပေါက်အလမ်းတည့်အောင် မဆိုတတ်၊ ဝလုံးကိုပင် ဝိုင်းအောင်မဆွဲ တတ်သူ ဖြစ်သည်။ ဇော် ဖတ်လေ့မှတ်လေ့ရှိသော ဝတ္ထုစာအုပ်များ ကို လည်း မော်သည် တစ်ခါမှ လှည့်မကြည့်ခဲ့ဖူးပေ။
''မေမေဆုံးတာမှ သုံးနှစ် တည်းရှိသေးတယ်''
''အေးလေဟာ''
''ဖေဖေကလည်း လွန်တာပေါ့၊ နင်တို့ယောက်ျားတွေ ဟာ ဒီလို ပဲလား ကိုဇော်ရာ''
''နင်တို့ မိန်းမတွေ ကလည်း လွန်တာပေါ့၊ ဘာလို့ ဖေဖေ့ကို ကြိုက်သလဲ''
''ဖေဖေက ပိုက်ဆံရှိတာကိုး''
''အေးလေ သူဌေးကိုး''
မော်သည် နဖူးပြင်ပေါ်တွင် စီရရီသီးလာသော ချွေးစက်လေး များ ကို လက်ဖမိုးနှင့် ပွတ်သုတ်လိုက်သည်။ ရုတ်တရက် ငိုချင်လာသော ကြောင့် ဇော့်ကိုကျောပေးပြီး ပြတင်းပေါက်နားသို့ လျှောက်သွားမိသည်။ ရင်ထဲတွင် ခဲဆွဲလိုက်သလို လေးလံသွားသည်။ ပန်းချီဆွဲလိုစိတ်လည်း မရှိတော့ပေ။
ဟိုသည်ဝှေ့ကာ တိုက်ခတ်နေသော လေရူးကြောင့် ခန်းဆီးပြာ ပြာလေးသည် တဖျပ်ဖျပ်လွင့်နေသည်။ မော်သည် မြူးရွှင်စွာ လွင့်ဝဲနေ သော ခန်းဆီးလေးကို မနာလိုသလို ဖြစ်လာသည်။ ခန်းဆီးစကို လက် နှစ် ဖက်နှင့် ထိန်းကိုင်ပြီး မလွင့်အောင် ချုပ်ထားလိုက်မိရင်း မျက်တောင် ရှည်များ ကို တဖျပ်ဖျပ်ခတ်ကာ မျက်ရည်ကိုထိန်းထားလေသည်။
''ငါ့ကို ကြီးကြီးငွေက ပြောတာ''
''ဟုတ်လား''
ကြီးကြီးငွေသည် ဖေဖေနှင့် ဆွေမျိုးနီးစပ်တော် သော အပျိုကြီး ဖြစ်သည်။ မေမေရှိစဉ်ကတည်းက မော်တို့ဇော်တို့ကို ထိန်းသိမ်းစောင့် ရှောက်ခဲ့သည်။ ကြီးကြီးငွေသည် စေတနာကောင်းသော်လည်း တဖျစ် တောက်တောက် ဆူပူတတ်သဖြင့် မော်နှင့် ဇော်သည် ချစ်လည်းချစ် ကြောက်လည်းကြောက်ရသည်။ လေကြောရှည်လွန်းသော ကြီးကြီးငွေ ကို ဖေဖေကမူ အတန်ငယ် စိတ်ပျက်ဟန်ရှိသည်။
''ကြီးကြီးငွေပြောတာဆိုရင် သေချာတာပေါ့နော်''
''အင်း သေချာတာပေါ့''
ဇော်သည် ခြောက်ကပ်ကပ်အသံနှင့် ဖြေရင်း ပြတင်းပေါက် ဘောင်ပေါ်တွင် တင်ပါးလွှဲ ထိုင်လိုက်သည်။
''ဖေဖေ့အသက်က ငါးဆယ့်ငါးဆိုပေမယ့် နုပျိုတော့လည်း မိန်းမတွေ က ကြိုက်ကြတယ် ထင်ပါရဲ့ ဟာ၊ ဟေ့ မိမော်၊ စိတ်ညစ်မနေ နဲ့၊ ငါတို့အဖေကြီး ဒီလောက်စွံတာ ငါတို့ဂုဏ်ယူရမှာ ပေါ့၊ သူ့မိန်းမ လောင်းက အသက်ဘယ်လောက်လဲ သိလား''
ဇော်သည် မော်ဆုပ်ကိုင်ထားသော ခန်းဆီးစလေးကိုလှမ်း၍ ဆွဲယူရင်း ရယ်ရယ်မောမော ကြိုးစား၍ ပြောသည်။
''ဘယ်လောက်တဲ့လဲ''
''မှန်းကြည့်စမ်း''
''အို မသိ''
''နှစ် ဆယ့်ငါးနှစ် ''
''ဘာ နှစ် ဆယ့်ငါး''
ဇော်သည် ပခုံးတွန့်ကာ လှောင်ပြုံးလေး ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ မျက်လုံးလေးပြူးနေသော မော်ကို မကြည့်ဘဲ ဆည်းဆာ ရောင် တောက်နေသော ကောင်းကင်ကို မော်ကြည့်နေလေသည်။
''အို နှစ် ဆယ့်ငါးနှစ် ဟုတ်လား''
''အင်း ငါတို့အဖေနဲ့ အသက်သုံးဆယ်တိတိကွာတယ်''
မော်သည် အသက်ကို ပန်းလျစွာ ရှူလိုက်မိသည်။ ဇော့်လို လှောင်ပြုံးကလေးကိုပင် မပြုံးနိုင်ရှာပေ။
ဆည်းဆာရောင် နီရဲရဲသည် အခန်းထဲအထိယှက်ဖြာဝင်ရောက် နေသည်။ ချွေးပြန်နေသော မော့်မျက်နှာလေးသည် ဆည်းဆာရောင် တွင် နီနီတွေးတွေးလေး ဖြစ်နေသည်။ လှောင်သလိုလို ရယ်ကျဲကျဲ ပြုံး နေသော်လည်း ဇော့်မျက်နှာသည်ကား အကြောအခြင်များ တင်းကာ မာကျောကျော ဖြစ်နေလေသည်။
''မိမော်လေး၊ နင်မငိုနဲ့နော်''
''အင်း မငိုပါဘူး''
မော်က ငိုသံလေးနှင့် ပြန်ဖြေသည်။
ထို့နောက် ပင့်သက်ရှိုက်လိုက်သည်။
''လာဟာ ခြံထဲသွားရအောင်''
''သွားချင်ပါဘူး''
''အိမ်ရှေ့က ဒေစီပန်းတွေ ပွင့်တော့မယ်၊ သွားကြည့်ရအောင် လေ''
''ကြည့်ချင်ပါဘူး ကိုဇော်ရာ''
''နေဟာ နေဟာ''
''ဇော်သည် ပြတင်းပေါက်ဘောင်ကိုကျော်ကာ မြေပေါ်သို့ ဖြုဖန်းခနဲ ခုန်ဆင်းလိုက်သည်။ ကြာရှည် ဆက်စကားပြောနေပါက နှစ် ယောက် လုံး မျက်ရည်ကျတော့မည် ကိုသိသော ကြောင့် ဖြစ်သည်။ မော်သည် သူ့ထက် ငါးမိနစ်သာငယ်သော်လည်း သူက ငါးမိနစ်မက အရို အသေခံချင်သည်။ တော် ကြာ မော့်ကို မချော့နိုင်ဘဲ သူကိုယ်တိုင် မော့် ရှေ့တွင် မျက်ရည်ကျမိမည် ကို စိုးရိမ်မိသည်။
''နင်ငိုမနေနဲ့နော်''
''အင်းပါ''
ခြံထဲသို့ ပြေးသွားတော့မည် ပြုပြီးမှ စိတ်မချသလို ထပ်ပြော သည်။ ထိုနောက် ဘောင်းဘီအိတ်ထဲသို့ နှိုက်ကာ ဓာတ်ပုံလေးတစ်ပုံကို ဆွဲထုတ်လိုက်သည်။
''ရော့ကြည့်၊ အဲဒါ ငါတို့အဖေရဲ့ ဇနီးလောင်းလေး''
ဇော် ပစ်ပေးသော ဓာတ်ပုံလေးကို မော်က မိအောင် ကမန်း ကတန်းလေး ဖမ်းလိုက်သည်။
''လှတော့ အလှသား''
ဇော်က မလိုတမာအသံနှင့် ပြောရင်း မြေပြင်ပေါ်ရှိ ကျောက်ခဲ လေးတစ်လုံးကို လွင့်သွားအောင် တအားလွှဲကန်လိုက်သည်။
ဓာတ်ပုံထဲမှ မိန်းမလှလေးသည် မော့်ကို ငေးငေးလေး ကြည့် နေသည်။ မော်ကလည်း ငေးငေးလေး ပြန်ကြည့်နေမိသည်။
ဇော်သည် တွေ့ သမျှ ကျောက်ခဲလေးများ ကို မလွတ်တမ်း ကန် ကျောက်ရင်း ခြံထဲသို့ ကဆုန်စိုင်း ပြေးသွားသည်။ ပြေးရင်း လွှားရင်း အော်ဟစ်ပြောသွားလေသည်။
''သူ့နာမည် က 'နှင်း'၊ 'နှင်း' တဲ့''
''နှင်းတဲ့၊ နှင်းတဲ့လား''
မောင်သည် ဖျော့ဖျော့လေးပြုံးပြနေဟန်ရှိသော မိန်းမလှလေး ကို စူးစိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုနောက် ခေါင်း ကလေးငုံ့ကာ သိမ့်ခနဲ ရှိုက်လိုက်မိလေသည်။ မငိုပါဘူးဟု အာမဘန္တေ ခံလိုက်သော်လည်း တလိမ့်လိမ့် စီးဆင်းလာသော မျက်ရည်များ ကို မတားနိုင်ချေ။ တားရန်လည်း မကြိုးစားတော့ချေ။ အမှော င်ရိပ်တွင် ငူငူလေးရပ်ရင်း ဝမ်းပန်းတနည်း ရှိုက်နေမိလေသည်။
ထိုနေ့မှစ၍ ရေတွက်လျှင် နှစ် ပတ်ခန့်ပင်ကြာမည် မထင်။ 'နှင်း'ဟူသော မိန်းမချောလေးကို ဖေဖေသည် အိမ်ပေါ်သို့ ခေါ်တင်လာခဲ့လေသည်။
''နှင်းရေ ဟောဒါက အစ်ကိုကြီးရဲ့ သားနဲ့သမီး ဇော်နဲ့မော် တဲ့''
ဖေဖေက မိတ်ဆက်ပေးသော အခါ မော်သည် မချိပြုံးလေးကို ကြိုးစား၍ ပြုံးပြခဲ့သော်လည်း ဇော်သည် လုံးဝမပြုံးခဲ့ပေ။ မရယ်နိုင် မပြုံးနိုင်အောင် အကြောအခြင်များ ဆိုင်းနေသလို သူ့မျက်နှာထားသည် မာပြီးတင်းနေသည်။ ဖေဖေ့ကိုကြောက်ရလွန်းသော ကြောင့် သာ နှုတ်က ဘာမှမပြောသော်လည်း မျက်လုံးအစုံသည်ကား နှင်းကိုလှောင်ပြောင် ရှုတ်ချသလို စိန်းစိန်းစားစား ကြည့်လေသည်။
''အစ်ကိုကြီး သားသမီးတွေ က အချောလေးတွေ နော်၊ အမြွာ လေး နှစ် ယောက် ဆိုတော့ ချစ်စရာကောင်းလိုက်တာ''
နှင်းသည် တောက်တောက်ပပလေး ပြုံးလိုက်ပြီး လိုက်လျော ညီထွေပြောသည်။ မော်ကမူ ဘာပြန်ပြောရမည် မသိသည့်အတွက် သူ့ မျက်နှာ လှလှလေးကို အငေးသားကြည့်နေမိလေသည်။ သည်လို ချောချော လှလှလေးက သက်တူရွယ်တူချင်း မယူဘဲ ဖေဖေ့လို အဖေ အရွယ် ကြီးကို ဘာလို့များ ယောက်ျားတော် ချင်ရပါလိမ့်ဟုတွေးမိသည်။
''ရှေ့နှစ် ဆိုရင် သူတို့နှစ် ယောက် လုံး ဆယ်တန်းဖြေကြရတော့ မှာ ၊ အစ်ကိုကြီး ကတော့ နှင်း သိတဲ့အတိုင်း အလုပ်ထဲမှာ နစ်နေတဲ့လူ၊ သူတို့ကို စာမပြအားဘူး၊ နှင်း ရောက်လာတော့ အတော် ပဲပေါ့၊ သား နဲ့သမီး နားမလည်တဲ့စာတွေ ကူပြပေးနိုင်မယ်''
ဖေဖေသည် မော့်ပခုံးကိုသိုင်းဖက်ကာ ချစ်ခင်ရင်းနှီးစေလို သော သဘောနှင့် ပြောသည်။ မော်သည် ဖေဖေ့ကိုမော်ကြည့်ရင်း ရုတ် တရက်မျက်ရည်လည်လာသည်။ ဖေဖေသည်အစစအရာရာသူ့သဘော နှင့် သူ လုပ်ကိုင်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 'ဖေဖေတော့ တစ်ပင်လဲမူ တစ်ပင် ထူမို့ မိန်းမယူတော့မယ် သားတို့သမီးတို့' ဟုပင် တိုက်ရိုက်ပြောခဲ့သူ မဟုတ်ပေ။ ကြီးကြီးငွေမှတစ်ဆင့် မော်တို့သိခဲ့ရခြင်း ဖြစ်သည်။ မနေ့ တုန်းက ထမင်းစားစဉ်ကမူ ရယ်ရွှန်းဖတ်ရွှန်းနှင့် 'နက်ဖြန်ကျရင် ဒီိ အိမ်မှာ အိမ်သား တစ်ယောက် တိုးတော့မယ်'ဟု ပြောလေသည်။ မော် ရော ဇော်ပါ ဆယ့်ခြောက်နှစ် ပြည့်ခဲ့ပြီမို့ မိမိကိုယ်မိမိတော့ လူကြီးအရာ သွင်းမိသည်။ သားသမီးများ နှင့် ရင်းရင်းနှီးနှီးနေလေ့မရှိဘဲ အလုပ်ထဲ တွင် ကိုယ်ရောစိတ်ပါ နှစ် ဖြုမပ်ကာ တည်တည်နေတတ်သော ဖေဖေ့ကို မော်တို့ကြောက်ရသည်။
'ဖေဖေရယ် မယူပါနဲ့'ဟု တားမြစ်ရဲကြမည် မဟုတ်ပါ။ သို့ သော်လည်း ဖေဖေ၏ ဘဝသည် သူတို့နှင့် ဆိုင်သည်။ ဖေဖေ၏ ဘဝ တစ်စိတ်တစ်ဒေသသည် သူတို့မောင်နှမနှစ် ဦး ဖြစ်သည်။ မေမေ ဘဝ တစ်ပါး ပြောင်းသွား သည်မှာ လည်း သုံးနှစ် ခန့် ရှိခဲ့ပြီ ဖြစ်၍ နောက်အိမ် ထောင်ပြုလိုကပြုစေတော့။ သို့ ပါသော်လည်း သူတို့ချစ်ရသော ကြောက် ရသော အားကိုးရသော ဖခင်သည် နောက်အိမ်ထောင်ပြုရမည့်  အရေး သူတို့ကိုတော့ အတန်ငယ်စောပြီး အသိပေးစေလိုသည်။ တိုင်ပင်စေလို သည်။ သူတို့နှစ် ဦးကို မေ့မထားဘဲ သဘောဆန္ဒမေးမြန်းစေလိုသည်။ ခုတော့ သူစိမ်းများ ကို အသိပေးသလို ဖေဖေသည် 'အိမ်မှာ အိမ်သား တစ်ယောက် တိုးမယ်ဟေ့'ဟု ကြေညာပြီး အသိပေးရုံသာပြုခဲ့လေသည်။
''နှင်းက တက္ကသိုလ်ကျောင်းထွက်၊ ဒီဂရီရပြီးသားကွဲ့၊ ဒီတော့ သားနဲ့သမီး မတတ်တာရှိရင် မေးနိုင်တာပေါ့''
ဖေဖေသည် ကိုယ်လုပ်ချင်ရာကိုကိုယ့်သဘောနှင့် ကိုယ် လုပ်ခဲ့ ပြီး ခုမှ သားနှင့် သမီး၏ အရေး ကို ရှေ့တန်းတင်နေသည်။ သူ့မယား အလှလေး အနေမခက်စေရန် သားနှင့် သမီးတို့က ခင်မင်လှိုက်လှဲစွာ ကြိုဆိုစေချင်ပုံရသည်ဟု တွေးရင်း မော့်ရင်ထဲတွင် တစစ်စစ် နာကျင် လာသည်။ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်ကြီး မုန်းတီးသွားသလို ခံစားရသည်။
''မလိုပါဘူး ဖေဖေ၊ ကျွန်တော် တို့ ကျူရှင်ယူနေတာပဲ''
ဇော်သည် ပြုံးပြုံးလေး ရပ်နေသော နှင်းကို စိမ်းစိမ်း ကားကား ကြည့်လိုက်ပြီး အသံပြတ်နှင့် ပြောလိုက်သည်။ ဖေဖေသည် ကွက်ခနဲ မျက်နှာပျက်သွားပြီး ဇော့်ကို ခပ်ထန်ထန် လှမ်းကြည့်လေသည်။ ဇော် သည် သူ့မျက်ဝန်းများ ကို မလွှဲဖယ်ဘဲ ဖေဖေနှင့် တည့်တည့်ရင်ဆိုင်ပြန် ကြည့်သည်။ တဆတ်ဆတ်တုန်လှုပ်နေသော နှုတ်ခမ်းပါးလေးများ ကို တင်းတင်းကျပ်ကျပ် ဖိကာ စေ့ထားသည်။ တစ်သက်လုံး သူ့ကို မော် မကြည့်ဘဲ ချစ်ကြောက်ရိုသေခဲ့သော သားငယ်သည် အထိနာသော ကျားကလေးအလား ထူးထူးခြားခြား မာန်ဖီနေဟန်ရှိသည်ကို ဖေဖေ သည် ရုတ်ခြည်းသတိပြုမိသွားလေသည်။
''ကိုဇော်ရေ တယ်လီဖုန်းလာနေတယ် သား''
တင်းမာနေသော အခြေအနေကို ကြီးကြီးငွေက လိမ္မာ ပါးနပ် စွာ ထိန်းလိုက်သည်။ အမှန်တကယ် တယ်လီဖုန်းလာခြင်းမဟုတ်ဘဲ အော်ခေါ်ခြင်း ဖြစ်ကြောင်းကို မော် ရိပ်မိလိုက်သည်။ ဖေဖေသည် ပင့် သက် တစ်ချက်ရှိုက်ကာ ခေါင်းကိုဆတ်၍ သွားခွင့်ပေးလိုက် သော အခါ ဇော်သည် ချာခနဲလှည့်၍ ထွက်လာခဲ့သည်။
''ကဲ ကဲ၊ သမီးလည်း သွားချင်သွားတော့၊ ဖေဖေတို့ နားလိုက် ဦးမယ်၊ သြော် မြမေကို ပြောလိုက်စမ်းသမီး၊ သံပရာရည်နှစ် ခွက် လုပ် ပေးစမ်းပါလို့''
တောင့်တောင့်တင်းတင်းလေး ရပ်နေသော မော့်ကိုပါ ဖေဖေ က သွားခွင့်ပေးလိုက် သည်။ မော်သည် ခုမှ စိတ်သက်သာရာရသွား သလို ပင့်သက်ရှည်ကိုကျိတ်ပြီး ချလိုက်မိသည်။ မြေပြိုမည် စိုးသည့် အလား ခြေလှမ်းကို ဖွဖွလေးနင်းပြီး ယောင်ကန်းကန်းလေး ပြန်ထွက် လာခဲ့သည်။
''ဒီအရွယ်လေးတွေ ဆိုတာ ဒီလိုပါပဲ အစ်ကိုကြီးရယ်၊ နှင်းကို သူတို့ ရုတ်တရက်တော့ ဘယ် လက်ခံနိုင်ပါ့မလဲ''
အခန်းထဲမှ လှမ်းထွက်ခါနီး တွင် ခပ်တိုးတိုးလေး ပြောသော နှင်း၏ အသံကို မော်က ကြား ဖြစ်အောင် ကြားလိုက်သေးသည်။ ဖေဖေ သည် ဘာပြန်ပြောမည် နည်း။ နားစွင့်လိုက်မိစဉ် 'သဘောထား ပြည့် လိုက်တာ နှင်းလေးရယ်' ဟူသော အသံကို ကြားရသည်။ ဖေဖေ့ချီးကျူး သံသည် သကာရော ထန်းလျက်ရော လူးနေသော်လည်း မော့်နားထဲသို့ မူ သံရည်ပူကျက်ကျက် လောင်းချလိုက်သလို ခံစားလိုက်ရသည်။ ရင် ထဲတွင် ခါးခါးသီးသီးကြီး ဖြစ်သွားသည်။
''ဘာ ဖြစ်လို့ ကလန်ကဆန် သွားပြောနေသလဲ ဇော်ရယ်၊ နင့် အဖေစိတ်တိုတာ သိသားနဲ့''
ထမင်းစားခန်းထဲတွင် ကြီးကြီးငွေသည် ဇော့်ကို ခပ်ကျိတ် ကျိတ် ဆူနေသည်။ မော်သည် ဇော့်ဘေးတွင် ဆောင့်ခနဲ ဝင်ထိုင်လိုက် ရင်း လှမ်းအော်လိုက်သည်။
''မမမြရေ၊ ဖေဖေက သံပရာရည်နှစ် ခွက်တဲ့''
''ချိုချိုလား ချဉ်ချဉ်လား မော်''
နောက်ဖေးချောင်မှနေ၍ ပြူတစ်ပြူတစ် အကဲခတ်နေသော မမြမေက ပြန်မေးသည်။ မော်သည် ခေါင်းကို တအားခါယမ်းလိုက် သည်။ ထိုနောက် ငိုသံလေးနှင့် ပြောသည်။
''မသိဘူး၊ မသိပါဘူး၊ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်အောင် တော့ ဖျော်သွား''
ပြောင်လက်နေအောင် တိုက်ချွတ်ထားသော ရေခဲသေတ္တာကြီး ၏ နံရံတွင် ဇော့်အရိပ်က ဝါးတားတား ထင်ဟပ်နေသည်။ မော်သည် ထိုအရိပ်ကလေးကို ငေးကြည့်နေရင်း မေမေ့ကို အပြင်းအထန် သတိရ ပြီး တမ်းတနေမိသည်။ မော်တို့ချစ်သော မေမေ၊ မော်တို့ကိုကြင်နာခဲ့ သော ၊ ယုယခဲ့သော ၊ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နေခဲ့သော မေမေသည် သေဆုံးသွားခဲ့ပြီမို့ ကလေးငယ် တစ်ယောက် လို 'မေမေရယ် ပြန်လာပါ' ဟူ၍ တော့ ပြောမနေသာပါ။ မေမေသေသွားပြီ ဖြစ်၍ ထာဝရခွဲခွာခဲ့ရပြီ ကို မော် ကောင်းစွာ နားလည်လက်ခံထားပြီး ဖြစ်သည်။ သို့ သော် ဤခြံ ဝင်း ဤစံအိမ်တွင် မေမေ့ အငွေ့အသက်ကလေးများ က နွေးထွေးစွာ ရှင်သန်၍ ကျန်ခဲ့သည်။ မေမေမရှိလျှင် မေမေ့နေရာသည် ကွက်လပ် သာလျှင် ဖြစ်နေပါစေတော့၊ မေမေ၏ အငွေ့အသက်ကလေးများ သာ ကျန်ပါစေတော့။ ထိုကွက်လပ်ကို အစားဖြည့်ရန် မလိုပါ။ မေမေ့နေရာ တွင် မေမေကလွဲ၍ မည် သူ့ကိုမျှ လက်မခံနိုင်ပါ။
''သြော် ဖေဖေက စိတ်တိုတတ်သတဲ့ ဟုတ်လား၊ ဟောဒီ ငဇော် ဆိုတဲ့ကောင်မှာ ကော စိတ်မရှိရဘူးလား၊ မတိုရဘူးလားဟင် ကြီးငွေရဲ့ ပြောစမ်းပါ၊ မိမော်တို့ ငဇော်တို့ကို လုံးဝအရေး မစိုက်ဘဲ သူလုပ်ချင်ရာ လုပ်ခဲ့ပြီပဲ၊ ဒါတောင်အားမရသေးလို့ သူ့မယားချော လေးကို ချစ်ရမယ် ခင်ရမယ်ဆိုပြီး အမိန့်ပေးချင်သေးလို့လား၊ ငဇော် တို့လည်း အဖေ့သားပဲ၊ အဖေ့လိုတော့ စိတ်ရှိတာပဲ၊ သူလည်း လွတ်လပ် စွာ မိန်းမယူတယ်၊ နောက် မိန်းမ တစ်ယောက် ကို လွတ်လပ်စွာ ချစ်တယ်၊ အဲဒီ တော့ ဟောဒီငဇော်တို့ မိမော်တို့ကလည်း လွတ်လပ်စွာ မုန်းတယ်၊ အမြင်ကပ်တယ်၊ ဘာ ဖြစ်သေးလဲ၊ အဲဒါဟာ ငဇော်တို့ အခွင့်အရေး ''
ရုတ်တရက် စကားတွေ တတ်လာဟန်ရှိသော ငဇော့်ကို ကြီး ကြီးငွေသည် ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်။ အခါတိုင်းကမူ တစ်အိမ်လုံးတွင် သူ တစ်ယောက် သာ ချက်ကျလက်ကျနှင့် စကားတတ် သည်ဟု အထင်ရှိခဲ့သည်။ သူ ဆူတိုင်းပူတိုင်း လျှာကလေးထုတ်ကာ ချိုချိုပြုံးပြုံးနှင့် ချွဲလေ့ရှိသော ဇော့်ကို ကလေးလိုသာမြင်သည်။ အခုလို နာသံ၊ မုန်းသံနှင့် ချက်ခနဲ ပြန်ပြောတတ်လိမ့်မည် ဟု မထင်ခဲ့ပေ။
''သူလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ သားရယ်''
''သွေးနဲ့ကိုယ် သားနဲ့ကိုယ်ချင်ရင်လည်း ရွယ်တူချင်းကို ကိုယ် ပါလား ကြီးငွေရ''
''ဟုတ်သားပဲလို့''
ငြိမ်ငြိမ်လေး ငေးနေသော မော်က ဇော့်လက်ကိုအုပ်ကိုင်ရင်း သံယောင်လိုက်ပြောသည်။ ဇော့်လက်များ သည် ချွေးစေးများ ပြန်ကာ အေးစက်နေသည်။
မော်သည် ကျောင်းမှ သူငယ်ချင်းများ ကို ဖြုဖန်းခနဲသွားပြီး သတိရမိသည်။ ထိုအခါ ရင်ထဲတွင် ဆူဝေနေသော ဝမ်းနည်းစိတ်နှင့် ရှက်စိတ်တို့သည် လည်ချောင်းဝသို့ ရောက်အောင် အလုအယက် လုံး ထွေးပြီး တက်လာကြလေသည်။ 'သူ့မိထွေးက ငယ်ငယ် ချောချော ကလေး၊ အဘိုးကြီးက ငွေနဲ့ပေါက်ယူတာ'ဟူသော စကားများ ကို သူတို့ အချင်းချင်း လက်တို့ကာ လှောင်လှောင်ကလေး ပြောကြပေရော့မည် ။
''ဟွန်း ခုတော့ ကိုယ့်အဖေမိန်းမ ကိုယ် ဘယ်လိုခေါ်ရမှန်း တောင် မသိဘူး''
''အင်းလေ၊ ဘယ်လိုခေါ်ရမလဲတောင် မသိဘူး''
မော်သည် သံယောင်လိုက်ကာပြောမိပြန်ရင်း အသက်ကို ပန်း လျစွာ ရှူလိုက်မိသည်။ အေးစက်နေသော လက်ချောင်းလေးများ နှင့် ဇော့်လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်ထားမိလေသည်။
''မမနှင်းပဲ ခေါ်ပေါ့သားရယ်''
''အို မခေါ်နိုင်ပါဘူး၊ အဖေ့မိန်းမကို ဘာလို့ အစ်မလို့ခေါ်ရမှာ လဲ''
ကုပ်ထိအောင် ဝဲနေသော ဆံပင်ရှည်များ လွင့်ခါသွားလေ အောင် ခေါင်းကိုသွက်သွက်ယမ်းရင်း ဇော်သည် စားပွဲပေါ်ရှိဆားပုလင်း လေးကို လက်နှင့် တွန်းသည်။ လျှောခနဲ ရွေ့သွားသော ပုလင်းလေး စားပွဲအောက်သို့ ကျကွဲသွားမည် စိုးသဖြင့် ကြီးကြီးငွေက လမ်းခုလတ်မှ ကမန်းကတန်း ဆီးဖမ်းလိုက်သည်။
''ဟဲ့ ငဇော်၊ ရမ်းလှချည်လား၊ နင့်အဖေနောက်မယားယူတာနဲ့ ဒီဆားပုလင်းလေးနဲ့ မဆိုင်ပါဘူးဟဲ့၊ တကတဲ''
ပြူးတူးပြဲတဲနှင့် ပြောသော ကြီးကြီးငွေကို လျစ်လျူရှုထားပြီး ဇော်သည် မှု န်ကုပ်ကုပ်နှင့် ငြိမ်နေသည်။ အတန်ကြာငိုင်နေပြီးမှ သက် ပြင်းကြီးတစ်ချက်ချကာ နေရာမှ ဝုန်းခနဲ ထလိုက်လေသည်။ ငိုမဲ့မဲ့ မျက်နှာထားလေးနှင့် ငေးနေသော မော့်ကိုပါ နေရာမှဆွဲထူသည်။
''ကဲ လာဟာ မိမော်၊ ငါတို့ရုပ်ရှင်သွားကြမယ်''
''ပိုက်ဆံမှ မရှိတာ''
ဇော်နှင့် မော်တို့သည် သူဌေးသားသမီးများ ပင် ဖြစ်သော်လည်း ပိုက်ဆံမပေါချေ။ နံနက်ထမင်း၊ ညထမင်းနှင့် နေ့ခင်းလည်း ထမင်းဘူး ကိုသာ ယူရသည်။ မေမေရှိစဉ်ကတည်းက သရေစာကို အကျင့်လုပ်၍ မစားခဲ့ပေ။ ဖေဖေကလည်း ပိုက်ဆံသုံးတတ်မည် ကို မလိုလားသော ကြောင့် မော်တို့လက်ထဲသို့ မည် သည့်အခါမှ ငွေများများ စားစား မရှိပေ။ သူတို့လက်ထဲတွင် ငွေငါးကျပ် ပြည့်အောင်ပင် မကိုင်ဖူးချေ။
''တို့တွေ ခဲဖိုးသွားတောင်းမယ်''
''ဘယ်သူ့ဆီက''
''ဖေဖေ့ ဆီက''
''မြတ်စွာ ဘုရား''
ဇော်က အတည်ပေါက်ပြော၍ သွားတောင်းမည့် ဟန်ပြင်သော အခါ ကြီးကြီးငွေသည် မျက်လုံးပြူးသွားသည်။ ဇော့်အင်္ကျီလည်ကုပ်ကို မမီမကမ်းလှမ်း၍ ဆွဲသည်။
''ဟဲ့ နင်တို့အဖေအကြောင်း သိသားနဲ့၊ တော် ကြာ သူ့ကိုလာ ပြီး လှောင်နေတယ် ထင်သွားဦးမယ်''
''ထင်ပစေပေါ့၊ လှောင်တာပဲဟာ'
လှောင်ပြောင်သရော်သော အရောင် လေးများ တလဲ့လဲ့ တောက် ပ နေသော ဇော့်မျက်လုံးညိုညိုလေးများ ကိုကြည့်ရင်း ကြီးကြီးငွေ လန့် သွားသည်။ မကျေမနပ်စိတ်များ က ဇော့်ရင်ထဲတွင် ပြည့်သိပ်နေသဖြင့် တစ်စုံတစ်ရာ အရွဲ့တိုက်ပြီး ကသိကအောက် ဖြစ်အောင် လုပ်တော့မည် ကို ကြီးကြီးငွေ နားလည်လိုက်လေသည်။
''ဇော်ရယ် မိန်းမ တစ်ယောက် အတွက်နဲ့ သားအဖချင်း စကား မများ ချင်စမ်းပါနဲ့၊ လိုလေသေးမရှိ ရှာဖွေပြုစုနေတဲ့အဖေကို အာမခံချင် စမ်းနဲ့''
''ရှာဖွေပြုစု ကျွေးမွေးတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် လို လေသေးမရှိတော့ မဟုတ်ဘူး''
''ဟဲ့ ဘာလိုနေသေးလို့လဲ''
''မေတ္တာ''
ဇော်သည် နှုတ်ခမ်းသားများ ကို တင်းတင်းစေ့ပြီး ခပ်တိုးတိုး ပြောသည်။
''ဖေဖေက ကျွန်တော် တို့ကို ခြံကောင်းကောင်းကြီး၊ အိမ် ကောင်းကောင်းကြီးမှာ ထားပြီး အစားကောင်းကောင်းတွေ ကျွေးခဲ့ပါ တယ်၊ ဒါပေမယ့် သူ့မေတ္တာလေးကျတော့ ကပ်စေးနှဲတယ် ကျွန်တော် တို့ကို မပေးဘူး၊ အခုလိုနောက်မိန်းမ တစ်ယောက် ကို အကုန်ပေးလိုက် ပြီ၊ ဘယ်မလဲ ကျွန်တော် တို့အတွက် မေတ္တာ''
ဇော်သည် ဖခင်၏ မေတ္တာကို လေထဲတွင် ဖမ်းရန် ကြိုးစားနေ သလို လက်ကလေးနှစ် ဖက်ကိုဝှေ့ယမ်းရင်းတုန်တုန်ခိုက်ခိုက်ပြောသည်။ မော်သည် ရင်ထဲတွင် ဆို့နင့်လာသော ကြောင့် ခေါင်းကလေးငိုက်စိုက်ချ ကာ ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေမိသည်။ ကျွန်းသားတုံးကလေးများ ကို အကွက်ဖော်ကာ ခင်းထားသော ကြမ်းခင်းသည် ပေါလစ်ရောင် တဖိတ် ဖိတ် တောက်နေသည်။ မော်သည် အောက်နှုတ်ခမ်းလေးကို ခပ်ဖိဖိလေး ကိုက်ထားရင်းမှ အကွက်တုံးလေးများ ကို အဓိပ္ပာယ်မရှိ အပြေးအလွှား ရေတွက်နေမိသည်။ သို့ သော် အကွက်နှစ် ဆယ်ပြည့်အောင်ပင် မရေရ သေး မော့်မျက်လုံးအစုံသည် မျက်ရည်များ ဖုံးကာ ဝါးသွားသော ကြောင့် ဘာကိုမျှ မမြင်ရတော့ချေ။
''ငဇော်တို့ မိမော်တို့ ဆယ့်ခြောက်နှစ် ကျော်လာပြီ ကြီးငွေရဲ့ ၊ အဲဒီ ဆယ့်ခြောက်နှစ် ထဲက တစ်နှစ် မှာ တစ်နာရီ စုစုပေါင်း ဆယ့်ခြောက် နာရီတောင် ဖေဖေနဲ့ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် မနေခဲ့ရပါဘူး၊ မေမေ နဲ့တော့ ဆယ့်သုံးနှစ် ပဲ နေခဲ့ရတယ်၊ ဆယ့်သုံးနှစ် လုံးလုံး မေမေဟာ ကျွန်တော် တို့ကို ချစ်သွားတယ်''
''ကိုဇော်ရယ် သားရယ်''
ကြီးကြီးငွေသည် မျက်ရည်များ စီးကျလာပြီး ဇော့်ပခုံးနှစ် ဖက် ကို ယုယုယယ ဖက်လိုက်လေသည်။ နေ့ချင်းညချင်း စကားတွေ တတ် လာနေသော ဇော်သည် ကျယ်ပြန့်နွေးထွေးသော ကြီးကြီးငွေ၏ ရင်ခွင် တွင် မျက်နှာအပ်ကာ သိမ့်ခနဲ ရှိုက်လိုက်သည်။
ဖေဖေ မိန်းမယူတော့မည် ဟု သိကတည်းက ရင်ထဲတွင် တဖြည်းဖြည်းစုပြီး ခဲလာသော အကျိတ်အခဲများ သည် နှင်းကို တေ့တေ့ ဆိုင်ဆိုင် တွေ့ ရသော အခါ အရှိန်ပြင်းပြင်းနှင့် ပေါက်ကွဲထွက်ရန် အား ယူလာကြကုန်သည်။
''သားသမီးကို မချစ်တဲ့မိဘ မရှိပါဘူး ကလေးတို့ရယ်၊ မိဘ မေတ္တာကို အထင်မလွဲကြပါနဲ့''
ကြီးကြီးငွေသည် သူ့မျက်ရည်ကိုသူအနိုင်နိုင်ထိန်းရင်း ဖျောင်း ဖျောင်းဖျဖျ ပြောသည်။ ပြောမယ့်သာပြောရသည် ကလေးများ နှင့် ချစ် ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေလေ့မရှိသော မောင် ဖြစ်သူကို သူကိုယ်တိုင် လည်း သိပ်ကျေနပ်ခဲ့သည် မဟုတ်ချေ။
''ကဲ ရုပ်ရှင်ကြည့်ချင်ရင် သွားကြည့်ကြ၊ ကြီးငွေ ပိုက်ဆံပေး လိုက်မယ်''
ကြီးကြီးငွေသည် သူ့ဘော်ဒီအင်္ကျီရှည်ကြီးအတွင်းသို့ လက် နှိုက်သည်။ ပထမ ငါးကျပ်တန်တစ်ရွက် ထွက်လာသည်။ ထပ်နှိုက် သည်။ နောက်ထပ် တစ်ဆယ်တန်တစ်ရွက် ထွက်လာသည်။ နောက် တစ်ခါ နှိုက်သည်။ တစ်ဆယ်တန်တစ်ရွက် ထပ်ထွက်လာသည်။
''ကဲ သမီးမော်၊ ထ, ရေသွားချိုး၊ ရုံအောက်က တွေ့ ကရာတွေ ကိုတော့ မစားနဲ့နော်''
မော့် မျက်နှာလေးကို ဆွဲမော့ကာ မျက်ရည်များ ကိုပါသုတ်ပေး ပြီး ကြီးကြီးငွေသည် ငွေအစိတ်ကို လက်ထဲထည့်လေသည်။ မော်သည် စိတ်ညစ်ကာ ငိုချင်နေသေးသော်လည်း မရစဖူး ငွေအစိတ်ကြီးများ တောင် ရုပ်ရှင်ဖိုးရသော အခါ အတန်ငယ် စိတ်ဆောင်ပြီး ရွှင်သလိုလို ဖြစ်သွားသည်။
''လာဟေ့ ကိုဇော်၊ တို့ရုပ်ရှင်သွားကြည့်မယ်''
ရှိုက်ငင်သံလေး မပြယ့်တပြယ် မျက်ရည်စလေးများ တဝေဝေ နှင့် မော်သည် ဇော့်လက်ကိုဆွဲခေါ်လိုက်သည်။ ဇော်သည် အတန်ကြာ အောင် ငူငူကြီး ရပ်နေသေးသော်လည်း မော်ဆွဲခေါ်ရာသို့ ကန့်လန့် ကန့်လန့်နှင့် ပါလာသည်။
အခန်းဝရောက်သော အခါ ဖြုဖန်းခနဲရပ်လိုက်ပြီး ကြီးကြီးငွေကို လှည့်ကြည့်သည်။
''ကြီးငွေ၊ ကျွန်တော် တို့ ဖေဖေ့မိန်းမကို ဘယ်လိုခေါ်ရမလဲ သိပြီ''
''ဘယ်လိုလဲ''
ဇော်သည် မော့်ပခုံးကိုညှစ်ကိုင်ကာ ဟက်ခနဲ ခြောက်ကပ်ကပ် ရယ်သည်။ ထိုနောက် အသံကိုမြှင့်ကာ ခပ်ကျယ်ကျယ်ပြောသည်။
''ဒီလောက်တောင် အဘိုးကြီးယူချင်လှတဲ့မိန်းမ၊ ကြီးတော် နှင်း လို့ခေါ်မယ်''
''ကြီးတော် နှင်းတဲ့ ဟုတ်လား၊ ကြီးတော် နှင်းတဲ့လား''
နှင်းသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ ဆယ့်ခြောက်နှစ် သားက ကြီးတော် ခေါ်ရလောက်အောင်တော့ သူ့အသက် မကြီးသေး ပေ။ သူ့ရုပ်ရည်သည်လည်း မရင့်ရော်သေးပေ။
ခေတ္တမျှငေးနေပြီး နှင်းသည် အသက်ကို တဝကြီးရှိုက်၍ ရှူ လိုက်သည်၊ အခန်းနံရံတွင် မြှုပ်ထားသော ကိုယ်လုံးပေါ်မှန်ကြီးများ ဆီ သို့ ခေါင်းလေးငဲ့ကာ ကြည့်လိုက်မိသည်။ ပျော့ပျော့နွဲ့နွဲ့လေးရပ်နေ သော နှင်း၏ အရိပ်များ သည် ရှေ့မှတသွယ်၊ နောက်မှတစ်မျိုး၊ ဘေး တိုက်တဖုံ၊ နံရံအဘက်ဘက်တွင် အမျိုးမျိုးထင်ဟပ်လျက်ရှိလေသည်။ ဘယ်ဘက်ကကြည့်ကြည့် နှင်းသည် လှနေသည်သာ ဖြစ်သည်။ ထိုကဲ့ သို့ လှသော ကြောင့် လည်း ဤအိမ်ကြီးပေါ်သို့ နှင်းရောက်ခဲ့ရခြင်း ဖြစ် သည်။
''ယောက်ျားဆိုတာမျိုးဟာ အားလုံးတူတူပဲ နေမှာ ပါကွယ်၊ အလှမှာ ပျော် အလှကိုကိုးကွယ် အလှကိုမြတ်နိုး အလှမှာ နစ်မျောနေတဲ့ အလှရဲ့ ကျေးကျွန်တွေ ဒီအလှတစ်ခုရိုးရင် နောက်အလှတစ်ခု၊ တစ်ခုပြီးတစ်ခု အလှနောက်က သူတို့လိုက်နေကြမှာ ''
နှင်းသည် ရင်ထဲမှပြောရင်း လှောင်ပြုံးလေးကို နာနာကျင်ကျင် လေး ပြုံးလိုက်မိသည်။ မှန်ထဲမှ သူ့အလှကို ငေးမောကြည့်ရင်း စိတ် အစဉ်က အတိတ်ဆီသို့ ပြေးသွားသည်။
''ကြီးတော် နှင်း''
မှန်ထဲမှ နှင်း၏ အရိပ်နောက်ကွယ်တွင် နောက်ထပ်အရိပ် ကလေး တစ်ခုပါ ထင်ဟပ်လာသည်။ မော် ဖြစ်သည်။ သူတို့မောင်နှမ သည် သူတို့ဖခင်ရှေ့၌ နှင်းကို မည် သို့ မျှမခေါ်။ ပြောစရာ ဆိုစရာရှိ လျှင် သံပြတ်နှင့် ပြောသည်။ ဖခင်ကွယ်ရာတွင် မူ ကြီးတော် နှင်းဟု လှောင်သံလေးနှင့် ခေါ်လေ့ရှိကြသည်။ စိတ်ဆိုးသည်ဟု မဟုတ်သော် လည်း နှင်းရင်ထဲတွင် အောင့်အောင့်သွားသည်။ ဆယ့်ခြောက်နှစ် အ ရွယ်က ကြီးတော် ခေါ်ခြင်းကို မည် သည့် အသက်အစိတ်အရွယ် အမျိုး သမီးကမျှ နှစ်သက် လိမ့်မည် မဟုတ်ကြောင်းကို သူတို့လည်း သိလိမ့် မည် သာ ဖြစ်သည်။
''အောက်မှာ ဧည့်သည်ရောက်နေတယ်''
''ဘယ်သူတွေ လဲ မော်''
''မော်မသိဘူး၊ ကြီးတော် နှင်းရဲ့ သူငယ်ချင်းတွေ လို့ပြောတယ်၊ ဝဝ တစ်ယောက် ပိန်ပိန်နှစ် ယောက် ''
မော်သည် စားပွဲစွန်းကို လက်ကလေးနှင့် ဖိထောက်ရင်း ခပ် တိုးတိုးပြောသည်။ မော်သည် နှင်းကို ချစ်ခင်ဟန်မပြသော်လည်း ဇော့် လို ရန်မလုပ်ပေ။ အေးအေးနှင့် မှန်မှန်လေး ဆက်ဆံသည်။ မည် သူတွေ များ လာလည်သနည်းဟုစဉ်းစားနေမိရင်း နှင်းသည် ဖြူဝင်းနုနယ်သော မော့်မျက်နှာလေးကို ငေးငေးလေးကြည့်မိသည်။ မျက်တောင်ရှည်များ ပေါင်ခတ်ထားသော မျက်လုံးဝိုင်းများ ထဲတွင် နှင်းကို ချစ်ခင်နှစ် လို သော အရိပ်အယောင် လုံးဝမရှိဘဲ အေးစက်နေသည်။
''မော်''
နေရာမှ လှည့်ကာ ထွက်သွားတော့မည် ပြုသော မော့်ကို နှင်း က တိုးတိုးလေးခေါ်လိုက်သည်။ မော်သည် နှုတ်ခမ်းပါးလေးကို ပိပိ လေး စေ့ထားပြီး နှင်းကို စူးစမ်းဟန်နှင့် ပြန်လှည့်ကြည့်သည်။
''မော် တို့ကိုမုန်းနေလား''
တိုက်ရိုက်ကြီးမေးလိုက်သော နှင်း၏ မေးခွန်းကြောင့် မော် သည် ဆတ်ခနဲတုန်သွားသည်။
''တို့ကို မုန်းနေသလားဟင်''
နှင်းက ထပ်မေးလေသည်၊ မျက်နှာလေး မသိမသာနီနေသော နှင်းကို မော်သည်ရင်ဆိုင်ကြည့်လိုက်ပြီးဖျတ်ခနဲမျက်လုံးလွှဲလိုက်သည်။ မော်မဖြေချင်၊ ဘာမှပြန်မပြောချင်၊ မမုန်းပါဘူးဟုလည်း ညာ မပြောလို၊ မုန်းသည်ဟူ၍ လည်း မျက်နှာချင်းဆိုင် မကြေညာလို၊ ထို့ကြောင့် ငြိမ် ငြိမ်ကလေးသာ ရပ်နေလိုက်သည်။ သူလည်း ပညာရှိ ဖြစ်သည်၊ နား လည်ရမည် ၊ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း ဖြစ်၏ ။
နှင်းသည် မော့်မျက်နှာထား တင်းတင်းမာမာလေးကို စူးစိုက် ကြည့်ရင်း သက်ပြင်းရှိုက်လိုက်သည်။
''တို့နားလည်ပါတယ် ကလေးရယ်၊ မော်ရော ဇော်ရော တို့ကို မုန်းတယ်ဆိုတာ တို့သိပါတယ်၊ နားလည်ပါတယ်၊ တို့ကိုယ်တိုင် ငယ် ငယ်တုန်းက မိထွေးလက်ထဲမှာ နေခဲ့ရတော့ မိထွေးဆိုတာနဲ့ မုန်းစရာ ကောင်းသွားတယ်၊ ရွံ့သွားတယ်ဆိုတာကို တို့နားလည်ပါတယ်''
မော်သည် နှင်းကိုတိုက်ရိုက်မကြည့်ဘဲ မှန်ထဲမှအရိပ်ကို စိုက် ကြည့်နေသည်။ သည်လို ငယ်ငယ်ရွယ်ရွယ် လှလှပပလေးများ ဆိုလျှင် မိမော်တို့က မျက်စိကျွတ်မတတ် လိုက်ကြည့်တတ်မြဲ ဖြစ်သည်။ ပါးစပ် မှလည်း 'လှလိုက်တာဟယ်' ချစ်လိုက်တာဟယ်နှင့် အော်တတ်သေး သည်။ နှင်းသည်သာ ဖေဖေနှင့် မသက်ဆိုင်လျှင် ဖေဖေ့ကို လက်ထပ် ထားသူမဟုတ်လျှင် မော့်ခမျာ မုန်းဖို့နေနေသာသာ ချစ်လို့ဆုံးမည် ပင် မဟုတ်တော့ပေ။
''တို့ကို နားလည်ပါ မော်ရယ်၊ မော်တို့မောင်နှမဟာ ဖခင်ရဲ့ အရိပ်မှာ ခိုနေသလို၊ တို့ကလည်း အစ်ကိုကြီးရဲ့ အရိပ်အောက်ကို ခိုဝင် လာတဲ့သူပါ၊ တို့များ ဟာ အရိပ်တစ်ရိပ်တည်းအောက်မှာ နားနေတဲ့သူ အချင်းချင်းပါကွယ်''
နှင်းသည် ညင်သာစွာ ပြောလေသည်။ ကြားရသော စကား များ ကို မော်သည် ကောင်းစွာ ပင် မယုံချင်ပေ။ မော့်အတွေးထဲရှိ မော် ဖတ်ဖူး ကြားဖူးသမျှ ပုံပြင်များ ထဲရှိ မိထွေးများ သည် စကားကို ညင် သာ ပျော့ပျောင်းစွာ ပြောလေ့မရှိကြပေ။
ဖခင်နှင့် သားသမီးတို့၏ အကြားတွင် ကတုန်းကတိုက်နှင့် ကုန်းချောရန် ကြိုးစားနေတတ်ကြသူများ သာ ဖြစ်လေသည်။
နှင်းအောက်ထပ်သို့ ဆင်းသွားသည်အထိ မော်သည် ဘာဆို ဘာတစ်ခွန်းမျှ ပြန်မပြောလိုက်မိချေ၊ အခန်းထဲတွင် တစ်ဦးတည်း ငြိမ် ငြိမ်လေးရပ်ကာ နေရစ်ခဲ့မိသည်။
''အလကား စတန့်ထွင်တာ၊ သူ့ကိုယ်သူ သဘောထားပြည့်ဝ တယ်ဆိုပြီး ထွင်တာ၊ အလကားမိန်းမကြီး''
ဇော့်ကို ထိုအကြောင်း ပြန်ပြောပြသော အခါ ဇော်က ထအော် လေသည်။ ကျက်လက်စ ကျောင်းစာအုပ်ကလေးကို ဖြန်းခနဲပိတ်ချ လိုက်ပြီး မော့်ကို မကျေမနပ်နှင့် မျက်လုံးပြူး၍ ကြည့်လေသည်။
''မှတ်ထား၊ မသေမချင်းမှတ်ထား၊ မိထွေးဆိုရင် ဘယ်မိထွေးမှ မကောင်းဘူး''
ဖေဖေ မိန်းမယူသည်ကို သူတို့နှစ် ဦးလုံး လုံးဝမကျေနပ်ချေ။ မတားသာ၍ သာ ငြိမ်နေရသော်လည်း မကျေနပ်စိတ်များ သည် ရင်ထဲ တွင် ဗလုံစီထအောင် ပွက်ပွက်ဆူနေသည်။ မိဘကို ပြစ်မှားလျှင် အဝီစိ ငရဲတွင် ချိုးကပ်အောင် နေရလိမ့်မည် ဟု ကြီးကြီးငွေက ခြောက်ထား သည်။ အဝီစိငရဲကို မကြောက်လှသော်လည်း ကိုယ့်အဖေကိုတော့ ဆွေ မျိုးရင်းချာကြီးမို့ အပြစ်တင်စကား သိပ်မပြောလိုပေ။ အဖေကို အပြစ် မတင်ရသော အခါ ရင်ထဲမှ မကျေနပ်စိတ်များ သည် နဂိုတည်းက ဦး တည်နေသော နှင်းဆီသို့ စုပြုံကျရောက်သွားလေသည်။
''မိထွေးတော် ဂေါတမီ ကတော့ ကောင်းပါတယ်တဲ့ ကိုဇော်ရာ၊ ကြီးကြီးငွေပြောပြဖူးတယ်လေ''
''ဂေါတမီ ကောင်းချင်ကောင်းမယ်၊ ဒါပေမယ့် သူက ဂေါတမီ မှ မဟုတ်တာ၊ ချောပြီး ပလီတတ်တဲ့ ချောပလီပဲ၊ ဘယ်တော့မှ ကောင်း မှာ မဟုတ်ဘူး''
''အဟက်၊ ချောပလီတဲ့''
ဇော် ပြောလိုက်သော အမည် ကို ကြားရသော အခါ မော်သည် ပြုံးစပ်စပ်ကလေး ဖြစ်သွားသည်။ စားပွဲပေါ်ရှိ စက္ကူဖြူပေါ်တွင် ချော ပလီဟူသော အမည် ကို ခဲတံနှင့် ဖွဖွလေး ရေး လိုက်သည်။
''ကောင်းတယ် ကိုဇော်၊ အဲဒီ နာမည် နဲ့ သူနဲ့လိုက်တယ်''
အမည် ဘေးတွင် ကနုတ်ပန်းခက် ကွေးကွေး ကောက်ကောက် ကလေးများ ကို လျှောက်ဆွဲရင်း မော်က ထောက်ခံလိုက်သည်။ သူ့ကို ကြီးတော် ဟု ခေါ်ရုံသာမက ချောပလီဟု အမည် လှလှလေးပါ ပေးထား ကြောင်း နှင်း သိရလျှင် မည် မျှ အခံရခက်သွားမည် နည်းဟု စဉ်းစား ရင်း ပြုံးနေမိသည်။
''ချောကလက်ဆိုတာ ရှိသေးတယ်''
''ဘာရယ်''
''ချောပြီး ကလက်တဲ့ ကောင်မလေးတွေ ကို အစ်ကိုကျော်က အဲဒီ လို ခေါ်တယ်ဟ''
''ဘယ် အစ်ကိုကျော်လဲ၊ အစ်ကိုမောင်ရဲ့ညီ အစ်ကိုကျော် ဆို တာလား''
''အင်းပေါ့''
အစ်ကိုမောင်သည် ဇော်နေသော ကျောင်းမှပင် ဆယ်တန်း အောင်သော သူ ဖြစ်သည်။ ထိုစဉ်က အစ်ကိုမောင်နှင့် မခင်သေးသော် လည်း ဂုဏ်ထူးသုံးခုနှင့် အောင်သော ကြောင့် ဂုဏ်ပြုပွဲတွင် ဆုယူရသေး သည်ကို ဇော်မှတ်မိသည်။ ဇော် အလယ်တန်းတက်နေစဉ် အစ်ကိုမောင် တို့ တက္ကသိုလ်များ ပိတ်၍ အားနေသော အခါကစ၍ ဇော်တို့နှစ် ဦး ခင်ခဲ့ ရခြင်း ဖြစ်သည်။ အစ်ကိုမောင်က အ,အားမနေဘဲ ကျောင်းတွင် ဆရာ အ ဖြစ်ပြန်လာပြီး လုပ်အားပေးသည်။ မည် မျှခက်သော သင်္ချာပုစ္ဆာပင် ဖြစ်စေ အစ်ကိုမောင် ရှင်းပြလိုက်လျှင် တစ်ခါတည်းရှင်းကာ လွယ် လွယ်လေး ဖြစ်သွားတတ်သည်။ ယခင်က သင်္ချာချိန်ဆိုလျှင် အိပ်ငိုက်နေ တတ်သော ကြောင့် သင်္ချာညံ့ချင်ချင် ဖြစ်နေသော ဇော်သည် အစ်ကိုမောင် လုပ်အားပေးသည့် အချိန်ပိုင်းအတောအတွင်းလေးမှာ ပင် သင်္ချာကို စိတ် ဝင်စားလာသည်။ လစစ်စာမေးပွဲတွင် အမှတ်ပြည့်ရသည်အထိ တိုး တက်လာသည်။ ထို့ကြောင့် လည်း အစ်ကိုမောင်ကို ဇော်က တမ်းတမ်းစွဲ ချစ်ခဲ့မိခြင်း ဖြစ်သည်။ ဆရာလေး ဆရာမောင်၊ အစ်ကိုမောင် ဟု အမျိုး မျိုးခေါ်ကာ သဘောကောင်းကြောင်း၊ တော် ကြောင်း ချီးကျူးလေ့ရှိ သော ဇော့်စကားများ ကိုပင် အလွတ်ရလုနီး ရှိခဲ့သည်။ ထိုစဉ်က မော်တို့ နေသော မိန်းကလေးကျောင်းတွင် ကိုဇော်တို့ယောက်ျားလေး ကျောင်းလို လုပ်အားပေး ဆရာငယ်ငယ်လေးများ ရောက်မလာသော ကြောင့် မော့် ခမျာ ဇော်ပြောသမျှ အစ်ကိုမောင် ပုံပြင်များ ကို တငေးတမော နား ထောင်ရသည်။ အစ်ကိုမောင်ဟူသော ကိုဇော့် ဆရာကို စိတ်ထဲ မှနေပြီး အလိုလိုရင်းနှီးရသည်။
အစ်ကိုမောင် လုပ်အားပေးပြီး၍ ပြန်သွားသော်လည်း ဇော်နှင့် အဆက်အသွယ် မပြတ်ပေ။ အစ်ကိုမောင့်အိမ်သို့ မကြာခဏသွားလည် တတ်သည်။ ထို့ကြောင့် အစ်ကိုမောင်တက္ကသိုလ်တက်သည်ရော ဘွဲ့ရ သည်ရော၊ ဘွဲ့ရပြီးသော်လည်း အလုပ်မရသေးသည်ကိုရော ယခုအခါ ဘောက်ထော်ဘက်တွင် ခြံကလေးဝယ်၍ ခြံစိုက်စားနေသည်ကိုရော သူ့ညီ တစ်ယောက် ကိုပါ ကျောင်းထားပေးနေရသည်ကိုရော ဇော် အကုန် သိခဲ့သည်။ ဇော်သိသော အခါ ထုံးစံအတိုင်း မော်လည်း အကုန် သိရလေ သည်။ အစ်ကိုမောင့်ကို သုံးလေးခါသာ မြင်ဖူးသော်လည်း ဇော်နှင့် ရင်းနှီးသည့်နည်းတူ မော့်စိတ်ထဲတွင် လည်း တရင်းတနှီး ဖြစ်နေသည်။
''ဒီတစ်ခေါက် ကိုဇော် အစ်ကိုမောင့်ဆီသွားရင် မော်လည်း လိုက်ချင်တယ်ဟာ''
''ဘာလုပ်ဖို့''
''အလည်ပေါ့ကွာ ကိုဇော်ကလဲ၊ သူ့ခြံထဲမှာ စံပယ်တွေ အများ ကြီးဆို၊ အပင်တွေ လည်း အစုံရှိတယ်ဆို''
''မလိုက်ပါနဲ့ မိမော်ရာ၊ ငါစာမေးခဲ့ရင် နင့်ကို အားလုံးပြန်ပြ ပေးသားပဲ၊ စံပယ်လည်း ခူးခဲ့ပါ့မယ်၊ ပိန္နဲသီးစားရရင်လည်း တစ်ဝက် ယူခဲ့မယ် ဟာ''
''ကိုဇော်ကလဲကွာ''
မော်သည် မကျေနပ်သဖြင့် နှုတ်ခမ်းစူသွားသော်လည်း ဇော် က မသိချင်ဟန်ဆောင်နေလိုက်သည်။ သူတို့ သွားသော အချိန်တွင် အစ်ကိုမောင်တစ်ဦးတည်းရှိလျှင် ကိစ္စမရှိ။ အစ်ကိုမောင်၏ ညီ အစ်ကို ကျော်ပါ ရှိနေမည် ကို စိုးရိမ်သည်။ အစ်ကိုကျော်သည် မိန်းမလှလေးများ ကို မြင်လျှင် ရွှီခနဲလေချွန်ကာ တငေးတမော လိုက်ကြည့်တတ်သူ ဖြစ် သည်။ မျက်စိတစ်ဆုံးကြည့်ပြီးသော အခါ ထိုမိန်းကလေး၏ ကိုယ်လုံး အလှကို ပျစ်ပျစ်နှစ် နှစ် ဝေဖန်ချက်ပေးလေ့ရှိသည်။ သူ့ညီမလှလှလေး ကို အစ်ကိုကျော်က ပြုံးစပ်စပ် မျက်နှာပေးနှင့် သိမ်းကျုံးကြည့်မည် ကို ဇော် မလိုလားပေ။ ထို့ကြောင့် မော်က လိုက်ချင်သည်ပြောတိုင်း မရအရ ဖြုဖတ်ချပြီး ထားခဲ့လေ့ရှိသည်။
''အစ်ကိုမောင်တို့က ယောက်ျားတွေ ချည်းပဲ နေတာ''
''အဲဒါ ဘာ ဖြစ်လဲ''
မော်က ကက်ခနဲပြန်မေးသည်။ အစ်ကိုမောင်၏ ခြံတွင် စိုက် ထားသော သစ်ပင်ပန်းမန်များ အကြောင်း အစားရဝခမန်း ကြားဖူးသော် လည်း တစ်ခါမျှ လိုက်မသွားရ၍ မကျေနပ်ပေ။
''မိမော်၊ နင်က ငယ်တော့တာမှ မဟုတ်တာ၊ တော် ကြာ အစ် ကိုကျော်က ပိုးနေမှာ စိုးလို့ သိလားဟ သိလား''
''ပိုး ပိုးပေါ့၊ ပိုးတော့ ဘာ ဖြစ်လဲ''
ဇော်က ချော့သလိုလို မာန်သလိုလို ပြောသော အခါ မော်သည် လက်ထဲမှခဲတံလေးကိုပစ်ချပြီး နေရာမှဆောင့်ခနဲ ထ,လိုက်သည်။ ဇော့် ကို မျက်စောင်းခဲရင်း မကြားတကြား ပြန်ပြောသည်။ ထိုနောက် ချာ ခနဲလှည့်ကာ အခန်းအပြင်သို့ ထွက်သွားသည်။ အခန်းတံခါးကို ဝုန်း ခနဲမြည် အောင်ဆောင့်ပိတ်သွားသံကိုကြားရသော အခါဇော်သည် ခေါင်း ကို စုံကုတ်ရင်း ယောင်ချာချာလေးနှင့် သက်ပြင်းချလိုက်မိလေသည်။
''အစ်ကိုမောင်ရေ ခွေးကြည့်ပါဦး''
သွားဖြီး၍ ဟိန်းနေသော ခွေးတစ်ကောင်ကို အစ်ကိုမောင်၏ ခြံဝတွင် မတွေ့ စဖူး တွေ့ ရသည်။ မှော င်နေအောင်နက်သော ခွေး ဖြစ် သည်။ ညတိုင်ဆိုလျှင် မျက်လုံးနှစ် လုံးမှလွဲ၍ ဘာကိုမျှ မြင်ရလိမ့်မည် မဟုတ်ပေ။
''ဟဲ့ ခွေးနော်၊ ဟဲ့ ခွေး၊ မကိုက်နဲ့နော်၊ လိမ္မာတယ်နော်၊ ဗျိုး အစ်ကိုမောင် ခွေးကြီးကို ခေါ်ပါဦး''
ခုန်၍ အုပ်တော့မလိုလို၊ လှမ်း၍ ဟပ်တော့မလိုလို၊ မာန်ဖီနေ သော ခွေးကြောင့် ခြံတွင်းသို့ လှမ်းဝင်ဖို့ နေနေသာသာ ဇော်သည် ရပ် နေရာမှပင် မလှုပ်ရဲပေ။
''ဟေး ဖိုးဇော်လား၊ ဝင်ခဲ့လေကွာ''
''ဟီး ကြောက်တယ်ဗျ''
''မိုးမှော င် မိုးမှော င် လာ လာ၊ အဲဒါ ငါ့မိတ်ဆွေပါကွ၊ မင်းက မလာတာကြာပြီကိုး ဖိုးဇော်ရ၊ မိုးမှော င်က ဘယ်သိမလဲ''
အစ်ကိုမောင်သည် နှင်းဆီပင်များ ကြားထဲမှ ထွက်လာရင်း ဇော့်ကိုနှုတ်ဆက်လေသည်။ အစ်ကိုမောင်ပြောလည်း ပြောစရာ။ ဇော်မရောက်လာသည်မှာ လနှင့် ချီ၍ ကြာခဲ့ပြီ ဖြစ်သည်။ မှတ်မှတ်ရရ ဖေဖေ မိန်းမယူပြီးကတည်းက တစ်ခေါက်မျှ မရောက်ခဲ့သေးပေ။
''မလာဆို အစ်ကိုမောင်ရာ ဒုက္ခတွေ များ နေလို့''
ဇော်က ကြီးကြီးကျယ်ကျယ် ပြောလိုက်သည်။
''မင်းတို့ဘဝမှာ များ ဒုက္ခဆိုတာ ရှိသေးလို့လား ဖိုးဇော်ရာ''
''ရှိတာပေါ့ အစ်ကိုရ''
ဇော်သည် စံပယ်ရုံများ ဘက်သို့ မျှော်ကြည့်ရင်း အစ်ကိုမောင် နှင့် အတူ ခြံထဲသို့ လျှောက်ဝင်လာသည်။ ရာသီချိန်မဟုတ်သော ကြောင့် ထင်သည်။ ဖြူဖွေးနုနယ်သော စံပယ်ပွင့်လေးများ ကို မတွေ့ ရပေ။ စံပယ် ပွင့်များ ပါမလာလျှင် မိမော် တစ်ယောက် နှုတ်ခမ်းစူဦးမည် ဖြစ်လေ သည်။
''မင်းက ဒုက္ခအကြောင်းပြောတော့ ပုံလေးတစ်ပုံသတိရတယ်''
''ဘာပုံလဲ အစ်ကိုရ''
''ရွာတစ်ရွာမှာ အင်မတန်ဆင်းရဲတဲ့ လူ တစ်ယောက် ရှိတယ်တဲ့၊ လူဆင်းရဲဆိုတော့သူရင်းငှားပေါ့ကွာ၊ လယ်ပိုင်ရှင် သူဌေးကြီး တစ်ယောက် ဆီမှာ အလုပ်လုပ်ရတာ ပေါ့၊ လယ်ပိုင်ရှင်ကြီးကလည်း အစားက ခပ် ကြီးကြီးဆိုတော့ တစ်နေ့တစ်နေ့ အိမ်ဦးခန်းမှာ ထိုင်ထိုင်ပြီး စားကောင်း သောက်ဖွယ်တွေ အမျိုးမျိုး စားတတ်တယ် ဆိုပါတော့ကွာ၊ သူရင်းငှား ခမျာ ကတော့ မျှော်မျှော်ပြီး သွားရေတွေ ကျနေတာပေါ့၊ ငါတို့ လယ်ပိုင် ရှင်ကြီးကလည်း စားလို့သောက်လို့ပြီးတိုင်း သူ့ဗိုက်ကြီးကို မနိုင်မနင်း သယ်ရင်း 'အင်း ဒုက္ခ ဒုက္ခနဲ့ ညည်းလေ့ရှိသတဲ့၊ ဒါကို နေ့တိုင်းကြားနေ ရတော့ သူရင်းငှားက တစ်ယောက် တည်း ယပ်ခတ်ပြီး ကြိမ်းသတဲ့''
အစ်ကိုမောင်သည် ရေဘုံပိုင်ခေါင်းအောက်တွင် ရေပန်းကရား ကို ထိုးခံလိုက်သည်။ ရေပိုက်ကို ဖွင့်လိုက်သော အခါကရားထဲသို့ ရေ ကျသံသည် ဝေါခနဲ ဆူညံသွားသည်။ စကားကိုဖြတ်ကာ ရှေ့ဆက် မပြောဘဲ ပြုံးနေသဖြင့် ဇော်က မနေနိုင်ဘဲ မေးရသည်။
''ဘယ်လိုကြိမ်းတာလဲ အစ်ကိုမောင်ရေ''
''တောက် အဲဒီ ဒုက္ခများ လိုချင်လိုက်တာ၊ ဟင်း လာစမ်းပါစေ၊ ဆီးခံပစ်လိုက်မယ်တဲ့လေ၊ ဟား ဟား''
''ဟာဗျာ အစ်ကိုမောင်ကလဲ''
ဇော်သည် မျက်နှာလေးနီသွားပြီး ရှက်ကိုးရှက်ကန်းနှင့် ပြော သည်။ ပုံပြင်ဆုံးသော အခါမှသူ့ကိုတည့်တည့်ပြောမှန်းရိပ်မိတော့သည်။
စိမ်းဖန့်ဖန့် နှင်းဆီရွက်ကလေးပေါ်တွင် အိအိဝဝ ခူစိမ်းကြီး တစ်ကောင်သည် အိပ်ငိုက်နေဟန်ရှိသည်။ အစ်ကိုမောင်သည် ထိုသစ် ရွက်ကို အရင်းမှကပ်ကာြေ>ွခချလိုက်သည်။
''အားကြီးဆိုးတဲ့ အကောင်တွေ ၊ ငါ့နှင်းဆီပင်လေးကို ခဏ လေးနဲ့ အရိုးကျသွားအောင် စားပစ်မှာ ၊ ကဲ ကဲ ဖိုးဇော်လေး ပြောစမ်း ပါဦး၊ မင်းလေးမှာ ဘာဒုက္ခတွေ များ ရှိနေလဲလို့''
သစ်ရွက်ကလေး မြေပေါ်သို့ ကျသော အခါ အစ်ကိုမောင်သည် စီးထားသော ခုံဖိနပ်နှင့် တက်နင်းလိုက်သည်။ ဇော်သည် အသည်းယား သွားသလို ပခုံးတွန့်လိုက်ပြီးဟက်ခနဲရယ်လိုက်သည်။ ထိုနောက် ပြောင် ချော်ချော်နှင့် ပြောသည်။
''ကျွန်တော့်ဒုက္ခက သတ္တဝါတစ်ကောင်ကို အဲဒီ ခူကြီးလို တက် နင်းပစ်လိုက်ချင်တဲ့ ဒုက္ခပေါ့''
''ဘာကောင်လဲ''
''လူကောင်''
''ဘာကောင်''
''လူကောင်၊ မိထွေးကောင်''
အစ်ကိုမောင်သည် ရေပန်းကရားကို လက်နှင့် မြှောက်ထားပြီး ရေလောင်းမည့် ဆဲဆဲ မလောင်းနိုင်သေးဘဲ ဇော့်ကို တအံ့တသြ လှည့် ကြည့်သည်။ ဇော်ပြောသော စကားကို သူနားမလည်ချေ။ ထိုကဲ့သို့ သော ဝေါဟာရမျိုးကို မြန်မာစကားတွင် သူတစ်ခါမျှ မကြားခဲ့ဖူးသေးချေ။
''ဖေဖေ မိန်းမယူလိုက်ပြီ အစ်ကိုမောင်ရ''
''သြော်''
ဇော်က လျော့ရဲရဲကလေးပြုံး၍ ဆက်ပြောသော အခါမှ အစ်ကို မောင် နားလည်ရတော့သည်။ ဇော်ပြောလိုသည့်ဒုက္ခကို သဘောပေါက် ရတော့သည်။
''ဖေဖေနဲ့ အသက်သုံးဆယ်ကျော် ကွာတယ်''
''စွံလှချည်လားကွ၊ မင်းအဘိုးကြီးက တယ်ဟုတ်ပါလား ဖိုး ဇော်ရ''
အလေးအနက် ပြန်ပြောလျှင် ဇော် တစ်ယောက် ပို၍ စိတ်ဆင်း ရဲမည် ကို သိသဖြင့် အစ်ကိုမောင်က ရယ်ရွှန်းဖတ်ရွှန်း ပြောလိုက်လေ သည်။ ဇော်သည် မျက်မှော င်ကုတ်ကာနှင်းဆီဖူးဝါဝါလေးကိုစိုက်ကြည့် နေသည်။
''လူစွံတာ မဟုတ်ပါဘူး အစ်ကိုမောင်ရာ''
''ဒီလိုဆို ဘာကစွံတာလဲ''
''ငွေက စွံတာပေါ့''
အစ်ကိုမောင်သည် ရေပန်းကရားထဲက ရေများ ကို ပန်းပင်ပေါ် သို့ လောင်းချလိုက်သည်။ တဖွားဖွားကျလာသော ရေစက်လေးများ သည် သစ်ရွက်စိမ်းစိမ်းလေးများ နှင့် ထိခတ်သော အခါ ဖြုဖိးဖြုဖိးဖြောက် ဖြောက် မြည် သွားလေသည်။
''ဟား ဖိုးဇော်၊ မင်းအမှန်တရားတွေ ကို တော် တော် ပြောတတ် နေပြီပဲ''
''ဘဝက သင်လာတာကိုး အစ်ကိုမောင်ရ''
ဇော်က ကြီးကြီးကျယ်ကျယ် ပြောပြန်သည်။ ဖခင် နောက် မိန်းမ ယူသော ဒုက္ခသည် အလွန်ကြီးသော ဒုက္ခဟု အဟုတ်တကယ် ထင်မိရှာသည်။ ဇော်တို့ဘဝတွင် သည်ထက်ကြီးသော ဒုက္ခကိုတော့ မတွေ့ ဖူးသေးချေ။
''ကဲ လာ ဖိုးဇော် အိမ်ပေါ်သွားရအောင်၊ စာမေးချင်သေးလား၊''
''မဟုတ်ပါဘူး အစ်ကိုရာ၊ ကျွန်တော် သက်သက်လာလည် တာပါ၊ ငါးနာရီထိုးရင် ဦးလေးချစ် လာခေါ်လိမ့်မယ်''
ဦးလေးချစ်သည် ဇော်တို့အိမ်တွင် မော်တော် ကားမောင်းသော သူ ဖြစ်သည်။ ဇော်သည် အိမ်မှကားများ ကို တက်တက်မောင်း၍ အသင့် အတင့် ကားမောင်းတတ်နေပြီ ဖြစ်သော်လည်း ဖေဖေကရော ကြီးကြီးငွေ ကပါ ဇော့်ကို ကားမောင်း၍ အပြင်ထွက်ခွင့်မပေးသေးပေ။ အသက် မပြည့် သေးသော ကြောင့် လိုင်စင်လည်း မရသေးပေ။ ထို့ကြောင့် ဇော် သွားချင်လာချင်သော နေရာများ ကို ဦးလေးချစ်က လိုက်ပို့ရသည်။
ရှင်းရှင်းပြောရလျှင် ဇော်သည် အသက်သာဆယ့်ခြောက်နှစ် ကျော်ခဲ့ပြီ ဖြစ်သော်လည်း ဦးလေးချစ်လိုက်မပို့လျှင် ဘယ်ကိုမှ ရေရေ ရာရာ သွားတတ်သူ မဟုတ်ချေ။ ဘတ်(စ်)ကားကိုလည်း ကျောင်းမှ သူငယ်ချင်းများ နှင့် ကျောင်းပြေးပြီး ရုပ်ရှင်သွားကြည့်သော အခါများ တွင် သာ စီးဖူးသည်။ မည် သည့်နံပါတ်ရှိသော ဘတ်(စ်)ကားက မည် သည့်နေရာ ရောက်သနည်း ဇော် လုံးဝမသိပေ။
''ဒီအိမ်ကို တစ်ခါတလေ ဘတ်စ်ကားနဲ့ လာခဲ့ပါလား ဖိုးဇော် ရ''
''ဘာ ဖြစ်လို့လဲ''
''ဒုက္ခဆိုတာကို မြည်းစမ်းရအောင်လေ၊ ဘတ်စ်ကားစီးရရင် မင်းအဖေ မိန်းမယူတာကို မင်းမေ့သွားလိမ့်မယ်''
အစ်ကိုမောင်သည် ဇော့်ပခုံးကို ချစ်ခင်ရင်းနှီးစွာ ဖက်ပြီး အိမ် ဘက်သို့ လျှောက်လာသည်။ အစ်ကိုမောင်သည် သူချမ်းသာများ နှင့် ပလဲနံပ မသင့်လှသော်လည်း သိန်းလေးငါးဆယ် ချမ်းသာသော သူဌေး သားကလေး ဇော်ကိုမူ နှစ် လိုခင်မင်မိသည်။ သူ့အဖေ ချမ်းသာနေသော် လည်း သူ့ခမျာငွေငါးကျပ်ကိုပင် လက်ထဲတွင် ပြည့်ပြည့်ကိုင်၍ မသုံးဖူး သော လူထူးလူဆန်းကလေးမို့ ဇော့်ကို တွေ့ စကတည်းက စိတ်ဝင်စားခဲ့ ရသည်။ ဇော်တို့ မော်တို့ တစ်ခုခု လိုချင်လျှင် ကြီးကြီးငွေကို အသိပေးရုံ ပင် ဖြစ်သည်။ ကြီးကြီးငွေက နေ့မကူးဘဲ အခန်းထဲရောက်အောင် ဆောင်ကြဉ်းပေးကြောင်းကို ဇော်က သူ့အားပြောပြခဲ့သည်။ သို့ သော် သူတို့လိုချင်သော ဖခင်၏ မေတ္တာကိုမူ ကြီးကြီးငွေက ဆောင်ကြဉ်း၍ မပေးနိုင်ခဲ့ကြောင်းကိုလည်း အစ်ကိုမောင်သိခဲ့ရလေသည်။ ဇော်တို့ ဖခင် က သားသမီးများ အား ဆက်ဆံပုံသည် အရှေ့တိုင်းမြန်မာတစ်ဦးနှင့် မတူချေ။ အနောက်နိုင်ငံသားတစ်ဦးလို တသီးတသန့် ထည်ထည်ဝါဝါ ဆက်ဆံသည်။ သူ့သားသမီးများ ကို ဖခင်ဝတ္တရားနှင့် အညီ လိုလေသေး မရှိသော ဘဝတွင် ထားသည်ဟုလည်း သူ့ကိုယ်သူ အပြည့်အဝယုံကြည် သည်။ မေတ္တာဟူသည် သူ့ရင်ထဲတွင် အပြည့်ရှိမည် ပင် ဖြစ်ပါသည်။ သို့ သော် ကောင်းစွာ လူလားမမြောက်သေးသော သားငယ်နှင့် သမီးငယ် ကို ထုတ်ဖော်ပြသရန် လိုအပ်သည်ကို သဘော ပေါက်ခဲ့ဟန် မရှိချေ။
''ရော့ကွ ပဲကြီးလှော်စား၊ နောက်ပြီး ရေနွေးကြမ်းသောက်၊ ငါတော့ ဒါပဲကျွေးနိုင်တယ် ဇော်''
''ကျွန်တော် ပဲကြီးလှော်ကြိုက်ပါတယ် အစ်ကိုရ၊ စားလည်း စားမယ်၊ နောက်ပြီး နည်းနည်း လည်း ယူသွားမယ်နော်''
''ဘာလုပ်ဖို့''
''မိမော်အတွက်ပါ၊ သူ့ကို ကျွန်တော် စားရတာ တစ်ဝက် ယူခဲ့ ပေးမယ် ပြောခဲ့လို့၊ သူက စိတ်ကောက်နေရစ်တာ''
''ဘာ ဖြစ်လို့''
''လိုက်ချင်လို့လေ''
''ခေါ်ခဲ့ရောပေါ့ကွာ ဖိုးဇော်ကလဲ၊ ငါက ပဲကြီးလှော်တော့ တဝ ကြီး ကျွေးနိုင်ပါတယ်''
အစ်ကိုမောင့်ကို ဘာမှပြန်မပြောဘဲ ဇော်သည် ပြုံးနေမိသည်။ အစ်ကိုကျော့်ကိုကြောက်လို့ ခေါ်မလာတာဟု အမှန်အတိုင်း ပြောလိုက် ပါကလည်း အစ်ကိုမောင်ကျေနပ်လိမ့်မည် မဟုတ်ပေ။ မိမော် အကြောင်း တွေးမိသော အခါမှ အစ်ကိုကျော့်ကို သတိရသည်။
''အစ်ကိုကျော်ကောဟင်''
''အပြင်ထွက်လည် ဟော ပြောရင်းဆိုရင်း လာပါပြီ မင်းရဲ့ အစ်ကိုကျော်''
အပေါက်ဝကိုကျောပေးပြီး ထိုင်နေရာမှ ဇော်သည် သမင် လည်ပြန် လှည့်ပြန်သည်။ သူ့ကိုမြင်ရလျှင် ထာဝစဉ်ပင် ရွှင်နေပြုံးနေ သွက်လက်နေသည်။ သူ့ဟန်အတိုင်း လေကလေး တချွန်ချွန်နှင့် လှေ ကားကို ထစ်ကျော်နင်းပြီး ခုန်တက်လာလေသည်။
''ဟေး ဖိုးဇော်၊ ရောက်နေတာကြာပြီလား၊ ခုတလော ပျောက် ချက်သား ကောင်းလှချည်လားကွ''
''ပျောက်ဆို သူ့အဖေ နောက်မိန်းမယူလို့ တို့ ရွှေမင်းသား ကလေးက ဒုက္ခရဲ့ အရသာကို မြည်းစမ်းနေရလို့လေကွာ''
ဇော်က ဘာမှ ပြန်မဖြေရသေးခင် အစ်ကိုမောင်က ရယ်ရယ် မောမောနှင့် သတင်းထူးကို ဦးအောင်ပြောသည်။ အစ်ကိုကျော်သည် ဟားခနဲရယ်ကာ ဇော့်ပခုံးကို လှမ်း၍ ပုတ်လိုက်သည်။
''ကောင်းတာပေါ့ဇော်ရေ့၊ ဒါမှ မင်းအဖေရဲ့ ဘဝက စိုပြည် သွားမှာ ၊ ယောက်ျားဆိုတာ မိန်းမနဲ့ ကင်းကွာမနေကောင်းဘူး ငါ့ညီရ၊ မိန်းမနဲ့ယှဉ်တွဲ နေမှ အသက်ရှည်တယ်၊ ကျန်းမာတယ်''
''တော် စမ်းပါ ငကျော်ရယ်၊ မင်းရဲ့ အကျင့်ယုတ်၊ အကျင့်ပုပ် တွေ ကို ကလေးရဲ့ ခေါင်းထဲ ရိုက်ထည့်မနေပါနဲ့''
အစ်ကိုမောင်က မကြိုက်သလို ဟန့်သည်။ သူတို့ညီအစ်ကို သည် ဆန့်ကျင်ဘက် ဖြစ်သည်။ အစ်ကိုမောင်တည်သလောက် အေးသ လောက် အစ်ကိုကျော်က ပွေသည် ရှုပ်သည်ကို ဇော်သိထားသည်။ အစ်ကိုမောင်က အသားညိုကာ ကြံ့ခိုင်သည်။ အစ်ကိုကျော်က အသား ဖြူပြီး ပါးလျားသည်။
ထိုမျှမက နဖူးပေါ်ဝဲကျနေသော ဆံပင်ကောက်ကလေးများ နှင့် ချိုသော ၊ ပြုံးသော ၊ ရွှင်ပျသော မျက်နှာထားကိုပါ ပိုင်ဆိုင်သော လူချောလေး ဖြစ်သည်။ အစ်ကိုမောင်က သူ့ဟာသူနေလျှင် ခံ့ချောချော သလို ရှိသော်လည်း အစ်ကိုကျော်နှင့် ယှဉ်လိုက်လျှင် လူကြမ်းမင်းသား ကြီးနှင့် တူသွားသည်။
''သူက ဖေဖေ့ထက်အသက်သုံးဆယ်ကျော် ငယ်တယ် အစ်ကို ကျော်ရ၊ တကယ့်ကို သားအဖအရွယ်ကြီး''
ဇော်က အိတ်ထဲမှ လက်ကိုင်ပဝါကိုထုတ်ကာ ပဲလှော်တစ်ဆုပ် ထည့်ရင်း ပြောသည်။ အတန်ငယ်နည်းနေသေးသော ကြောင့် နောက် ထပ် ပဲလှော်တစ်ဆုပ် ထပ်နှိုက်သည်။
''လှကော လှလားကွ''
''အင်း လှတော့ လှပါတယ်၊ ဘွဲ့ရပြီးသားတဲ့ အစ်ကိုမောင်ရ သိလား၊ ဖေဖေက ပြောသေးတယ်၊ သားတို့ သမီးတို့ကို နှင်းက စာပြ ပေးနိုင်တာပေါ့တဲ့၊ ဟွန်း ကျွန်တော် က မလိုပါဘူးလို့ ပြောလိုက်တယ်၊ အမြင်ကတ်လို့ သူ့ကို ဖေဖေ့ကွယ်ရာမှာ ကြီးတော် နှင်းလို့ခေါ်တယ်''
ဇော်သည် ပဲလှော်များ ကို လေးဖက်လေးတန်မှ လုံလုံ စုထုပ် ကာ ခြံဝသို့ လှမ်းမျှော်သည်။ ငါးနာရီ ထိုးလုပြီမို့ ဦးလေးချစ် လာ ခေါ်တော့မည် ဖြစ်သည်။
''နေ နေပါဦး ဇော်ရ၊ ဘွဲ့ရပြီးသား ဟုတ်လား၊ သူ့နာမည် က ဘယ်သူ''
''နှင်းတဲ့ နှင်းတစ်လုံးတည်း''
''အစ်ကိုကျော်သည် ရုတ်တရက် တွေ သွားသည်။ ခြံထဲသို့ လှိမ့် ဝင်လာသော ကားကိုမြင်ရသဖြင့် ဇော်သည် နေရာမှထလိုက်သည်။ အစ်ကိုကျော်၏ မျက်နှာထားကို သတိမထားမိချေ။
''ဟေး ကိုဇော်''
ကားနောက်ခန်းတွင် ပါလာသော မော်က ပြုံးပြုံးလေး လှမ်း အော် သည်။ မိမော်တစ်ကောင် ဦးလေးချစ်ကိုကပ်ချွဲပြီး လိုက်လာခြင်း ဖြစ်ကြောင်းကို ဇော် ချက်ချင်း နားလည်လိုက်သည်။
''အစ် ကို မောင် ရေ ကိုဇော်က မော့် ကို မခေါ်ဘူး၊ အဟင်း ထားခဲ့တယ် သိလား''
မော်သည် ကားထဲမှဆင်းလာရင်း အော်တိုင်သည်။ ဇော်၏ ရှပ် အင်္ကျီအဝါအစင်းကျားကြီးကို ကောက်ဝတ်လာသဖြင့် သွယ်နွဲ့သော ကိုယ်လုံးလေးသည် ဖိုးရိုးဖားရား အင်္ကျီကြီးအောက်တွင် ပျောက်ကွယ် နေသည်။ မော်သည် မိန်းကလေးပီပီ မိန်းမအင်္ကျီများ ကို ဝတ်ချင်သူ မဟုတ်ပေ။ ကိုယ်လုံးနှင့် တစ်တိတစ်တိုင်းတည်း တိုင်းချုပ်ထားသော အင်္ကျီများ ကိုဝတ်ရသည်မှာ အသက်ရှူကျပ်သည်ဆိုပြီး ဇော်လစ်လျှင် လစ်သလို ဇော့်အင်္ကျီများ ကို ကောက်စွပ်လေ့ရှိသည်။
''ခွေးမလေး ငါ့အင်္ကျီဝတ်လာပြန်ပြီ''
''ဝတ် ဘာ ဖြစ်လဲ၊ ကိုဇော် မကျေနပ်ရင် မော့်ထဘီတွေ ပြန် ဝတ်ပေါ့''
ရုပ်ကလေးလှချင်သားနဲ့ စာခြောက်ရုပ်ကြီးလို ဝတ်ဆင်လာ သော မော့်ကို စူးစိုက်ကြည့်ရင်း အစ်ကိုကျော်သည် ပြုံးနေသည်။ ဇော့် တွင် အမြွာညီမငယ်တစ်ဦးရှိသည်ကို သိသော်လည်း တစ်ခါမျှ မမြင်ဖူး သေးချေ။ ဇော့်လိုပင် ဖြူဝင်းနုနယ်သော အသား၊ မျက်ခုံးစိမ်းစိမ်း၊ မျက်လုံးညိုညို၊ မျက်တောင်ကော့ကော့၊ နှုတ်ခမ်းနီထွေးထွေးလေးများ နှင့် မို့ သူလည်း မိန်းမချောလေးပင် ဖြစ်သော်လည်း စာခြောက်ရုပ်ကြီး လိုဆင်လာတော့ ခက်လှသည်ဟုတွေးရင်း အစ်ကိုကျော်သည် ဖိုးဇော် ပြောသည့် နှင်းအကြောင်းကို ခေတ္တလေးအတွေးပြတ်သွားသည်။
''သူက ကျွန်တော့ညီမ မိမော်''
မနေသာတော့သည့်အတွက် ဇော်က မိတ်ဆက်ပေးရ၏ ၊ ရှည် လျားသော ရှပ်အင်္ကျီလက်များ ကို ပင့်တင်နေရင်း မော်က ပွင့်လင်းစွာ ပြုံးပြသည်။ သို့ သော် အစ်ကိုကျော်က ရိုးရိုးတန်းတန်းမပြုံးဘဲ မျက်စိ တစ်ဖက်ကို ဖျတ်ခနဲမှိတ်ပြသော အခါ မော်သည် ရုတ်တရက် အသက် ရှူမှားပြီး ရင်ခုန်သံနည်းနည်း မြန်လာရလေသည်။
သူတို့ပြန်သော အခါ အစ်ကိုမောင်က အိမ်ပေါက်ဝတွင် ပင် နေခဲ့သော်လည်း အစ်ကိုကျော်သည် ခြံထဲအထိဆင်း၍ လိုက်လာသည်။ ရဲရဲနီသော နှင်းဆီပန်းနှစ် ပွင့်ကိုခူး၍ တစ်ပွင့်ကို မော့် အားပေးသည်။ ကျန်တစ်ပွင့်ကို သူတို့၏ မိထွေး နှင်းကို ပေးပါဟုဆိုသည်။
''ဟင် အစ်ကိုကျော် သူနဲ့သိသလား''
ဇော်က အံ့သြသွားသလို မေးသော အခါ အစ်ကိုကျော်က ခပ် အုပ်အုပ်ကလေးရယ်သည်။ ထို့နောက် ဇော့်ပခုံးကိုညှစ်ကိုင်ကာ ကားထဲ တွန်းပို့ရင်း အသိရခက်သော အသံနှင့် ပြောလေသည်။
''မင်းကလည်းကွာ ပန်းပေးတာများ သိမှပေးရတော့မှာ လား၊ မသိရင်ရော မပေးရဘူးလား''
''ဟယ် လှလိုက်တာ''
ဇော့် လက်ထဲမှ နီနီရဲရဲ နှင်းဆီငုံအဖူးလေးကို တွေ့ သော အခါ နှင်း၏ မျက်လုံးနက်နက်လေးများ သည်အရောင် တောက်ပသွားကြသည်။ ဇော်က လက်ကိုရှေ့သို့ ဆန့်ထုတ်ကာ လှမ်းပေးလိုက် သော အခါ မယုံမရဲ လေးမေးသည်။
''တို့ဖို့လားဟင်''
''ဟုတ်တယ်''
နှင်းသည် ဝမ်းသာအားရလေး ရယ်လိုက်ပြီး မြူးရွှင်စွာ လှမ်း ယူသည်။ ပန်းရသည့်အတွက်ရော၊ ခပ်ထန်ထန်နေလေ့ရှိသော ဇော်က ပျော့ပျောင်းဟန် ပြလာသည့်အတွက်ရော၊ အကြောင်းနှစ် မျိုးကြောင့် ပျော်သွားပုံရသည်။
''ကျေးဇူးပဲ ကိုဇော်ရယ် ကျေးဇူးပဲ၊ တို့က နှင်းဆီပန်းဆိုရင် သိပ်ကြိုက်တာ၊ နှင်းဆီပန်းတွေ ထဲမှာ မှ ဒီလို သွေးနီရောင် ရဲရဲဆိုရင် အကြိုက်ဆုံး''
နှင်းသည် သင်းမြမြရနံ့ကို ရှိုက်နမ်းလိုက်သည်။ အရိုးတံရှိ ချွန်ထက်သော ဆူးလေးများ ကို လက်နှင့် ဖွဖွလေးစမ်းသပ်နေသည်။ ဇော် သည် နှင်းဆီပန်းကို လှသော မွှေးသော ကြောင့် ကြိုက်ချင်သလိုလို ရှိ သော်လည်း ဆူးများ ပါသည်ကိုတော့ မကျေနပ်ပေ။ နှင်းက ထိုဆူးများ ကို တယုတယဖွဖွလေးပွတ်သပ်နေသော အခါ ဇော်သည် အထူး အဆန်း ဖြစ်ပြီး ငေးကြည့်နေမိသည်။ ထို့ကြောင့် ပန်းပေးသော သူသည် အစ်ကို ကျော်သာလျှင် ဖြစ်ကြောင်း ပြောရန်သတိမရဘဲ ဖြစ်သွားလေသည်။
နှင်း၏ လက်ထဲတွင် ကားသော့ လေးကို တွေ့ ရသည်။ ရေသူမ ပုံ သော့ တွဲ လေးကို တွေ့ ရသော ကြောင့် ဖေဖေနောက်ဆုံးဝယ်ထားသော ကိုရိုလာကား၏ သော့ လေး ဖြစ်ကြောင်း ဇော်သိလိုက်သည်။ ထိုကားကို ဖေဖေသည် နှင်းအတွက် ရည်ရွယ်၍ ဝယ်ခြင်းပင် ဖြစ်မည် ထင်သည်။ ဖေဖေနှင့် ရပြီးမကြာမီပင် နှင်းသည် ကားမောင်းသင်သည်။ ကားမောင်း ဘယ်လောက်ကျင်လည်သနည်းတော့မသိချေ။ လိုင်စင်လည်း အမြန်ရ သည်။ အခုတော့ နှင်းသည် မနီလာခုံမြင့်ဖိနပ်အထူကြီးကိုစီး၍ လှည်း ဘီး မျက်မှန်အဝိုင်းကြီးတပ်ကာ ကိုရိုလာကားကို တဝီဝီမောင်းနေပေပြီ။
''ဇော် လိုက်မလား''
နှင်းသည် သော့ တွဲ လေးကို လက်ထဲတွင် လှုပ်ခတ်နေရာမှ မေး သည်။ ခင်မင်လိုက်လျောရန်ကြိုးစားနေသော သူ့ကိုငေးကြည့်ရင်း ဇော် သည် မိထွေးမဟုတ်ဘဲအစ်မသာ ဖြစ်လိုက်ပါတော့ဟုတောင့်တမိသည်။
''အစ်ကိုကြီးကို သွားကြိုမလို့၊ ဦးသိန်းဖေတို့ အိမ်ကိုလေ''
ဇော်ကခေါင်းခါလိုက်သည်။ ဖေဖေ့မိတ်ဆွေ ဦးသိန်းဖေကို ဇော် မခင်ပေ။ ဖေဖေ့လိုပင် လောဘပင်လယ်ထဲတွင် လက်ပစ်ကူးပြီး ငွေ နောက်လိုက်နေသူတစ်ဦးဟု ထင်သော ကြောင့် ဖြစ်သည်။ ပြောမယ့် သာ ပြောရသည်။ ဇော်သည် ဖေဖေ့လုပ်စာကို အဖြုမိက်သားထိုင်စားနေ သော်လည်း ဖေဖေဘာအလုပ်လုပ်သနည်း ရေရေရာရာ တိတိကျကျပင် သိသူမဟုတ်ပေ။ ကျောင်း၌ မိဘ၏ အလုပ်အကိုင်စာရင်းဖြည့်ရလျှင် 'ကုန်သည်'ဟုသာ ဖြည့်လိုက်ရသည်။ ဘာကုန်တွေ ကူးသနည်းတော့ သတ်သတ်မှတ်မှတ် မပြောတတ်ပေ။ ဖေဖေသည် အမြတ်အစွန်းရလျှင် အကုန်လုံးကို လုပ်တတ်သူ ဖြစ်ကြောင်းကိုတော့ သိထားသည်။ စိန်တွေ ကျောက်တွေ ကိုလည်း အရောင်းအဝယ်လုပ်တတ်သည်။ ကားအရောင်း အဝယ်လည်း လုပ်သည်။ လက်ဖက်ခြောက်တွေ ၊ ပုစွန်ခြောက်တွေ လည်း လုပ်ဖူးသေးသည်။ မေမေ ကတော့ ပြောဖူးသည်။ ဖေဖေသည် စီးပွားရေး အမြင်ရှိသူ ဖြစ်သည်။ ကံကလည်း အလွန်လိုက်သည်ဟု ပြော ခဲ့သည်။ ဖေဖေ ဘယ်အချိန်တည်းကစ၍ ချမ်းသာသနည်းတော့ ဇော် အသေအချာ မသိပေ။ သူသိသမျှပြောရလျှင်တော့ သူတို့မောင်နှမ လူ မှန်းသိကတည်းက ချမ်းသာနေပြီ ဖြစ်သည်။ မေမေဆုံးပြီးနောက်ပိုင်း တွင် မူ ဖေဖေသည် ကားဝပ်ရှော့တစ်ခုကို အစုစပ် တည်ထောင်သည်။ ချမ်းသာသမျှငွေရင်းများ ကို ဝပ်ရှော့တွင် မြှုပ်နှံသည်။ ဝပ်ရှော့လုပ်ရင်း သင့်တော် သော ကားများ ကို ဈေးတန်လျှင် ဝယ်ထားလိုက်၊ ဈေးအတက် တွင် ပြန်ရောင်းလိုက်နှင့် နေရင်းထိုင်ရင်း အမြတ်ရနေသေးသည်။ ဖေ ဖေ့ စီးပွားရေး အကွက်များ ကိုတော့ ဇော် ကောင်းစွာ နားမလည်။ သို့ သော် ဖေဖေ မနေမနား စီးပွားရှာတတ်သည်ကိုလည်းကောင်း၊ ဖေဖေ့စီးပွား ဒီရေအလား တိုးသည်ကိုလည်းကောင်း ယင်းအချက်နှစ် ချက်ကိုတော့ နားလည်ပါသည်။
''အရင်တုန်းက တို့မှာ လည်း မောင်လေး တစ်ယောက် ရှိတယ်၊ ဇော့်လိုပဲ ဖြူဖြူချောချောလေး၊ တို့ထက်လေးနှစ် တောင်ငယ်တယ်၊ ဇော့် ကို တွေ့ ရင် သူ့ကိုသိပ်သတိရတာ ပဲ၊ ဇော်နဲ့သိပ်တူတာပဲ၊ မကျေနပ်ရင် မျက်လုံးက အခိုးတွေ ထွက်ပြီး သုန်မှု န်လာတတ်တာရော ဂျစ်ကန်ကန် ပြောတတ်တာရော''
ဇော့် မျက်နှာ အတန်ငယ်ကြည်သော အချိန် ဖြစ်၍ နှင်းက စကားရှည်ရှည် ပြော ဖြစ်သည်။ ဇော်သည် လှစ်ခနဲပြုံးလိုက်ပြီးမှ ခပ် တည်တည်မေးသည်။
''အခု သူကော''
''ဆုံးသွားပြီ''
''ဟင်''
''ဟုတ်တယ် ဆုံးသွားပြီ၊ အဖျားသွေးရှိနေတာ သူက ဘယ်သူ့ မှ မပြောဘူး၊ ဒေါ်ဒေါ်သက်က အိမ်မှာ သုံးရေမရှိဘူး၊ စည်ပိုင်းရေဖြည့် ဆိုပြီး ခိုင်းတာ၊ မောင်လေးက ဖျားလျက်နဲ့ ရေတွေ ခပ်ရတော့ ညပိုင်း လည်း ကျရော အဖျားတွေ အရမ်းတက်တာကွယ်၊ တို့လည်း ခြေမကိုင်မိ လက်မကိုင်မိပေါ့၊ ဆရာဝန်သွားပင့်ရအောင်ကလည်း စတိုင်ပင်ရတဲ့ ငွေလေးတောင် ဒေါ်ဒေါ်သက်ယူသုံးထားလို့ တစ်ပြားမှမကျန်တော့ ရင် ထဲမှာ ပူလိုက်တာ၊ နောက်တော့ ဖြစ်ချင်ရာ ဖြစ် နောက်မှ ကျွန်ခံဆပ်မယ် ဆိုပြီး မိုးရေထဲအတင်းထွက်ပြေးပြီး ဆရာဝန်အိမ်ကို ပြေးမိတာပဲ၊ ဆရာ ဝန်ကလည်း လိုက်တော့လာရှာပါရဲ့ ၊ ဒါပေမယ့် အသက်မမီတော့ဘူး ကွယ်''
ဇော်သည် တုန်ယင်လှိုက်လှဲသော အသံလေးကိုနားစိုက်ထောင် မိရင်းမှ မင်တက်မိသလို ဖြစ်သွားသည်။ ချောပလီတော့ ပလီပြန်ပြီဟု တွေးရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။
''ဒေါ်ဒေါ်သက်ဆိုတာ တို့ရဲ့ မိထွေးလေ၊ သူ့ကို တို့သိပ်မုန်း တာပဲ၊ ဒါကြောင့် ဇော်တို့မောင်နှမက တို့ကိုမုန်းတာကို တို့လက်ခံ နိုင်တာပေါ့၊ ဒါပေမယ့် ဇော်ရယ် တို့က ဒေါ်ဒေါ်သက်လို ဘယ်တော့မှ မပြုမူဘူးဆိုတာ ယုံပါ''
ဇော်သည် သက်ပြင်းကြီးတစ်ချက်ကို ကျိတ်ပြီး ရှိုက်လိုက် သည်။ မျက်ရည်ဖုံးသော မျက်လုံးနက်နက်ကလေးများ ကို ရင်ဆိုင် မကြည့်တော့ဘဲ သူ့လက်ထဲမှ နှင်းဆီပန်း နီနီလေးကိုသာ စိုက်ကြည့်နေ လိုက်သည်။ တအိအိပြိုဆင်းလာသော သနားစိတ်များ ကို 'သူက မိထွေး' ဟူသော အမုန်းတံတိုင်းနှင့် အတင်းတွန်းကာ ပြန်တင်နေမိသည်။
သူတို့နှစ် ဦးလုံး ဘာသံမှထွက်မလာဘဲ ငြိမ်နေကြသည်။ ဇော် ကလည်း ငေးနေသည်။ နှင်းကလည်း ငိုင်နေလေသည်။ ဖြတ်သန်းခဲ့ရ သမျှ ဘဝကြမ်းကို ပြန်ပြီးတွေးနေမိသည်။ နှင်းသည် တဲအိမ်မှ တိုက် ကြီးပေါ်သို့ ရောက်ခဲ့ရသူ ဖြစ်သည်။ မြေဘုံစံ သူဆင်းရဲဘဝမှ ရွှေဘုံစံ မင်းသမီးဘဝသို့ နေ့ချင်းညချင်းရောက်ခဲ့ရသူ ဖြစ်သည်။ သို့ သော် နှင်း မပျော်ချေ။ မြေဘုံစံရတုန်းကလည်း မပျော်၊ ရွှေဘုံစံရတော့လည်း မပျော်။ ပျော်ရွှင်ခြင်းဟူသည့် အရာသည် နှင်းထံမှ ထွက်ပြေးသွားခဲ့ သည်မှာ ကာလကြာမြင့်လှချေပြီ။ထိုအကြောင်းကိုတော့နှင်း တစ်ယောက် သာလျှင် သိပေမည် ။
''သြော် စကားကောင်းနေလိုက်တာ နောက်ကျတော့မယ်၊ သွားမယ်ဇော် သွားမယ်''
အတန်ကြာ ငိုင်နေပြီးမှ နှင်းသည် သွားရမည့် ကိစ္စကို သတိရ ကာ လှုပ်ရှားလာသည်။ လက်ထဲမှ နှင်းဆီပန်းလေးကို တဝရှိုက်နမ်း လိုက်ပြီး ကားဆီသို့ သွက်သွက်လေးထွက်သွားသည်။ ထိုအခါမှ ဇော် ကလည်း နှင်းဆီပန်းကိစ္စကို ပြန်ပြီး သတိရတော့သည်။
''အဲဒီ ပန်းက ကျွန်တော် ပေးတာ မဟုတ်ဘူး''
ကားစက်နှိုးနေသော နှင်းသည် စက်သံနှင့် ဆူနေသော ကြောင့် ဇော့်စကားကို သဲသဲကွဲကွဲ ကြားဟန်မတူ။ ထို့ကြောင့် ခပ်ကျယ်ကျယ် ထပ်အော်ရသည်။
''အဲဒီ ပန်းကို ကျွန်တော် ပေးတာ မဟုတ်ဘူး၊ အစ်ကိုကျော်က ပေးတာ''
''ဘယ်က အစ်ကိုကျော်လဲ''
နှင်းက မျက်ခုံးလေးပင့်ကာ စူးစမ်းဟန်နှင့် မေးသည်။
''ကိုတင်မောင်ကျော်တဲ့၊ ကိုတင်မောင်ကျော်က ပေးလိုက် တာ''
ဇော်က နှင်း၏ မျက်နှာ အပြောင်းအလဲကို အကဲခတ်ရင်း ပြော သည်။ နှင်း၏ မျက်လုံးလေးများ သည် မှိုင်းသွားပြီး မျက်နှာပြင်တွင် သွေးရောင် များ လျှမ်း၍ တက်လာသည်ကို မြင်လိုက်ရသည်။
''အစ်ကိုကျော်က ကျွန်တော့ဆရာ အစ်ကိုမောင်ရဲ့ ညီ၊ သူနဲ့ သိသလားဟင်''
ဇော်က မေးသော အခါ နှင်းသည် ဘာမှပြန်မဖြေပေ။ နှုတ်ခမ်း လေးကို မသိမသာလေး ဖိကိုက်လိုက်ပြီး ကားလီဗာကို ဆောင့်၍ နင်း လိုက်သည်။ ကားဝါဝါလေးသည် မြားကလေးတစ်စင်းကို ပစ်လွှတ် လိုက်သည့်အလား ဝှီးခနဲ ပြေးထွက်သွားသည်။
''အိုးတိုက်ဖွဲပြာ ဟာ ဟာ အမယ်လေး''
လမ်းပေါ်မှ အိုးတိုက်ဖွဲပြာသည်ကလေးသည် အရှိန်ပြင်းပြင်း နှင့် ကွေ့ထွက်လာသော ကားကိုတွေ့ သော အခါ ကြောက်လန့်တကြား နှင့် လမ်းဘေးပြေးဆင်းပြီး ရှောင်လိုက်သည်။
''အကျိုးနည်း ပိုက်ဆံပေါတိုင်း ကားကို လေယာဉ်ပျံလိုမောင်း ချင်တဲ့ဟာတွေ ၊ သူတို့အချင်းချင်း ကားတိုက်ပြီး သေပါစေတော် ''
ခြေထောက်တစ်ဖက် ဗွက်ထဲကျပြီး မခိုင့်တခိုင် ဖိနပ်သဲကြိုး က ထောက်ခနဲ ပြတ်သွား၍ မကျေမနပ် ကျိန်ဆဲမိသည်။ ထိုစဉ်တွင် ကားမှန်ပေါက်ထဲမှနေ၍ တစ်စုံတစ်ခုသည် ဝှီးခနဲ လွင့်ပျံထွက်လာပြီး မြောင်းထဲကျသွားသည်ကို တွေ့ လိုက်ရသည်။ ဖိနပ်ဖြတ်ကို လက်တစ် ဖက်ကကိုင်ရင်း စပ်စုလိုစိတ်နှင့် မြောင်းထဲငုံ့ကြည့်လိုက်သည်။ ထို နောက် တအံ့တသြ ရေရွတ်လိုက်သည်။
''ဟောတော့ နှင်းဆီပန်းကလေး''
''နှင်းဆီတဲ့ နှင်းဆီ၊ မောင့်နှင်းဆီတဲ့လေ''
နှင်းသည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ကားကလေးကို အင်းလျားကန်ပေါင်တွင် ညင်သာစွာ ထိုးရပ်လိုက်ပြီး ရေပေါ်တွင် ရှပ် တိုက်ပြီး ပြေးနေသော ရွက်လှေဖြူဖြူလေးများ ကို ငေးနေမိသည်။ ထို နောက် ပင့်သက်ကလေးရှိုက်ကာ မျက်လုံးကို ဖွဖွလေးမှိတ်ထားလိုက် သည်။ လူက မလှုပ်ရှားဘဲ ကားကူရှင်အိအိပေါ်တွင် ထိုင်နေသော် လည်း နှင်း၏ စိတ်တို့သည် ရေပြာပြာ ကမ်းစပ်သို့ သွက်သွက်ကလေး ပြေးသွားကြလေသည်။
''နှင်းကိုလေ နှင်းလို့ မခေါ်ချင်ဘူးကွာ''
''ဘာ ဖြစ်လို့''
''လူတိုင်းက နှင်း နှင်းနဲ့ ခေါ်နေကြတာ၊ မောင်က သူများ ခေါ် သလို လိုက်မခေါ်ချင်ဘူး''
''ဘယ်လို ခေါ်ချင်လို့လဲ''
''မွှေးလည်း မွှေးတယ်၊ လှလည်းလှတယ်၊ ဒီတော့ နှင်းဆီလို့ မောင့်နှင်းဆီလို့''
''ဟင် ဟင်း၊ ဒါပေမယ့် နှင်းဆီမှာ ဆူးရှိတယ်နော်''
''မောင့်နှင်းဆီမှာ တော့ ဆူးမရှိရဘူး''
''မောင်က ဆူးရှိရင် မကြိုက်ဘူးပေါ့''
''ဒါပေါ့''
''ဆူးရှိရင် မချစ်ဘူးပေါ့''
''သိပ်ဟုတ်''
''ဒီလိုဆိုရင် မောင့်နှင်းဆီကလည်း ပြောရမှာ ပေါ့''
''ဘယ်လိုပြော''
''ဆူးတွေ ရယ် သွားပါလို့''
''ဟား ဟား''
''မောင်ကမကြိုက်ဘူး ထွက်သွားလို့''
''ဟား သိပ်လိမ္မာတဲ့ မောင့်နှင်းဆီလေး၊ လာခဲ့ လာခဲ့ ဆုပေးရ မယ်''
''အို မောင်နော်''
နှင်းသည် ရင်တဖျပ်ဖျပ်ခုန်လာကာ မျက်လုံးကို ကမန်း ကတန်း ပြန်ဖွင့်လိုက်သည်။ ရွက်လှေဖြူဖြူလေးသည် ခပ်လှမ်းလှမ်း သို့ ရောက်သွားချေပြီ။ ဖောင်းအိသော ရွက်ဖြူဖြူကလေး၏ အရိပ်က ရေပြာထဲတွင် တရိပ်ရိပ် လှုပ်ရှားနေသည်။ နှင်းသည် ခေါင်းကို ဘယ် ညာယမ်းခါလိုက်ပြီး ရင်ထဲမှအတွေးများ ကို မောင်းထုတ်လိုက်သည်။ နှင်း ရှေ့ဆက် မတွေးလို၊ ပြန်လည်သတိမရလို၊ အကုန်ဆို အကုန်လုံး ကို မေ့ထားလိုက်ချင်သည်။ သို့ သော် အတွေးဆိုသည့် စိတ်အတွေးမျှင် များ သည် နှင်း၏ ဆန္ဒကို ဆန့်ကျင်ကြလေသည်။ အရှေ့မှတစ်ခုကို မောင်းထုတ်နေစဉ် အခြားတစ်ခုသည် မလွယ်ပေါက်မှနေ၍ တိတ်တိတ် ကလေး ဝင်လာပြန်လေသည်။ မိမိကိုယ်မိမိ သတိမထားမိစဉ်မှာ ပင် နှင်းသည် နောက်ထပ်အတွေးတစ်ခု၏ နောက်သို့ ကောက်ကောက်ပါ အောင် လိုက်သွားမိပြန်လေသည်။
''နှင်းဆီရဲ့ ဘဝကို မောင် တမင် ဖျက်ဆီးတာမဟုတ်ပါဘူး ကွယ်၊ ငိုမနေနဲ့ နှင်းဆီရယ်''
''ဒီအခြေအနေမှာ မငိုလို့ ရယ်စေချင်သေးလား မောင်ရယ်''
''တစ်ခုခုတော့ လုပ်ရမှာ ပေါ့''
''ဘာလုပ်ရမလဲဟင်''
''ဟင်း ခက်တော့ ခက်တာပဲ''
''ကျွန်မ ကလေးဖျက်ချရမလား''
''အင်''
''ဒါမှမဟုတ် သတ်သေရမလား''
''နှင်းဆီကလဲကွာ''
''ရှင် ရှင် ဘာလို့ ကျွန်မကို လက်ထပ်ဖို့ မပြောတာလဲ၊ ဘာ ဖြစ်လို့ ငြိမ်နေတာလဲဟင်''
''မောင် နှင်းဆီကိုချစ်ပါတယ်''
''ဒါကို အရင်ကလည်း ခဏခဏ ကြားခဲ့ဖူးတာပဲ''
''ဒါပေမယ့်''
''အင်း''
''ဒါပေမယ့် မောင် လွတ်လွတ်လပ်လပ်နေချင်သေးတယ် နှင်း ဆီရယ်''
''အို''
နှင်း၏ ခေါင်းသည် ချာချာလည်သွားသည်။ နားနှစ် ဖက်ကို လက်နှင့် တင်းတင်းပိတ်ကာ နာနာကျင်ကျင် ရှိုက်လိုက်သည်။
''မတွေးနဲ့ မတွေးနဲ့၊ ပြန်မတွေးနဲ့''
နှင်းသည် သူ့စိတ်ကိုသူ မနိုင်မနင်း အမိန့်ပေးနေသည်။ ပြန်မ တွေးလိုသော်လည်း တွေးမိသည်။ မကြားလိုသော်လည်း ကြားနေရ သည်။ မစဉ်းစားလိုသော်လည်း စဉ်းစားမိသည်။ အတိတ်တစ္ဆေသည် သူ့နှလုံးသားအား တင်းတင်းဆုပ်ကိုင်ပြီး သွေးစိမ်းရှင်ရှင်ထွက်အောင် ညှစ်ချနေဟန်တူသည်။ ရင်ထဲတွင် တင်းကျပ်နာကျင်ပြီး လှိုက်မောနေ သည်။
''ငါ့နှယ် ဘာလို့ ဒီနေရာကိုလာမိရတာ လဲ''
နှင်းသည် သူ့ကိုယ်သူ အပြစ်တင်ရင်း အင်းလျားရေပြင်ကို မုန်းမုန်း တီးတီး စိုက်ကြည့်နေမိသည်။ တစ်ချိန်က အင်းလျားကို နှင်း ချစ်ခဲ့ဖူးသော်လည်း အခုတော့ မုန်းသည်။ အင်းလျားသည် နှင်း၏ အချစ်ဆုံး မုန်းသူ ဖြစ်ခဲ့ပြီး မုန်းမယ့်သာမုန်းသော်လည်း အင်းလျားကို နှင်း အကုန်လုံးအလွတ်ရသည်။ စရည်းပန်းပင်ကြီးများ ၊ သရက်ပင်ကြီး များ ၊ မြက်ပင်စိမ်းစိမ်းများ နှင့် မြေဝပ် ပန်းဝါဝါလေးများ မှ အစပြု၍ ရေထဲမှ ငါးသလဲထိုး ညိုဝါဝါလေးများ နှင့် ရေပင့်ကူကားကားလေးများ အဆုံး အကုန်လုံးကလည်း နှင်းကိုမှတ်မိကြမည် ဖြစ်သည်။
''နှင်းရေ သူ ဘယ်မှာ လဲ၊ နှင်းဆီရေ မောင်ကော''ဟူ၍ လည်း သူတို့က မေးချင်နေကြမည် ဖြစ်သည်။ နှင်းသည် စရည်းပန်းပင်ကြီးကို မော်၍ ကြည့်လိုက်မိသည်။ အပွင့်များ တုံးပြီမို့ အသီးရှည်ရှည် စိမ်းစိမ်း လေးများ နှင့် ဝေဆာနေသော အပင်ကြီးကလည်း နှင်းကို ငုံ့ကြည့်နေ ဟန်ရှိသည်။ နှင်းတို့ နှစ် ယောက် သည် သူ့အောက်တွင် လက်တွဲ ကာ လျှောက်ကြမြဲမို့ သူ ကတော့အသေအချာသတိရမှတ်မိနေမည် ဖြစ်သည်။
''သူက ထားခဲ့တယ်လေ၊ နေရစ်တော့ နှင်းဆီတဲ့''
နှင်းသည် အပင်ကြီးကို မော်ကြည့်ရင်း အရူးမလေးလို တစ်ဦး တည်းပြောလိုက်မိသည်။ ကားလက်ကိုင်ဘီးကို တင်းတင်းလေး ဆုပ် ကိုင်ကာ နှုတ်ခမ်းကို ခပ်ဖိဖိကိုက်ထားသည်။
''ငါ့ဘဝ ဘယ်လောက် ပျက်ခဲ့ရသလဲ၊ မင်းတို့ သိပါတယ် အပင်ကြီးရယ်''
နှင်းသည် အသက်ကို ပြင်းပြင်းရှိုက်ရှူကာ မျက်လုံးကိုစုံမှိတ် ထားလိုက်မိပြန်သည်။
''အဖေမပေါ်တဲ့ကလေးကို မွေးဖို့ရာ ငါ့မှာ သတ္တိမရှိခဲ့ဘူးလေ၊ တိတ်တိတ်ဖျက်ချပြီး သွေးတွေ လွန်လို့ ဆေးရုံရောက်ရတာ ကိုရော မင်း သိရဲ့ လား၊ လူတကာ တံတွေးခွက်မှာ မျောခဲ့ရတာ ကိုရော မင်းသိရဲ့ လား ကွယ်''
နှင်းဆီဟာ အရင်တုန်းကနှင်းဆီ မဟုတ်တော့ဘူး၊ အရင် တုန်းက ငါ့မှာ ဆူးမရှိခဲ့ဘူးလေ၊ ငါ့ကိုယ်ငါ မကာကွယ်နိုင်ခဲ့ဘူး၊ အခု တော့ ငါ့ရဲ့ ဘဝက ငါ့ကိုဆူးတွေ တပ်ပေးလိုက် ပြီ၊ ငါ့ရဲ့ သဘာဝ မှာ ဆူး တွေ ပြည့်နေပြီ၊ မင်းရဲ့ အပေါင်းအသင်း အပင်ကြီးတွေ ကိုရော၊ ရေထဲက ငါးကလေးတွေ ကိုရော တစ်ဆင့် ပြန်ပြောပြလိုက်စမ်းပါကွယ်၊ မိနှင်းဆီ တစ်ယောက် တော့ ပြောင်းလဲနေပြီလို့၊ မာမာကြမ်းကြမ်း ဆူးတွေ ဝိုင်းနေ တဲ့ 'အန္တရာယ်မလေး မိနှင်းဆီ ဖြစ်နေပြီလို့''
နှင်းသည် ရင်ထဲမှနေပြီး မရပ်မနား ပြောနေမိသည်။ အမော တကောလေး ဟစ်အော်နေမိသည်။ ယခင်က ချစ်ခဲ့ဖူးသော ၊ ယခုမုန်း သော အင်းလျားမှ အမြန်ဆုံး ပြန်လည်ထွက်ခွာသွားရန် စိတ်များ က ကြိုးစားရင်း လူကမူ မလှုပ်မယှက် ငြိမ်သက်နေမိလေသည်။ အစိုးမရ သော စိတ်တေလေတို့သည် ယောက် ယက်ခတ်အောင် ပြေးလွှားကာ အတိတ်တံခါးကိုဆွဲဖွင့်နေကြသည်။ တတ်များ တတ်နိုင်လျှင် နှင်းသည် အတိတ်ဟူသည့်အရာကို သံတံခါးအထပ်ထပ်ပိတ်ပြီးဖွင့်မရလေအောင် သော့ အတန်တန် ခတ်ထားလိုက်ချင်တော့သည်။
''ဟင် နှင်းမဟုတ်လား၊ နှင်းဆီ''
မိန်းမောသလို အတိတ်မူးမူးနေသော နှင်းသည် ဆတ်ခနဲ ဖြစ် သွားသည်။ မျက်လုံးအစုံကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်သော အခါ ကား ဘေးတွင် ရပ်နေသော သူကို တွေ့ ရသည်။ သူ ကတော့ ဘာမှမပြောင်းလဲ ချေ။ ရွှင်ပျော်စွာ ရယ်မောနေတတ်သော မျက်လုံးများ ကလည်း တောက် ပနေမြဲ၊ နှင်းမြတ်နိုးခဲ့ရသော ဆံပင်ခွေများ ကလည်း လေတွင် လူးလွန့် နေမြဲ၊ သူ့ပါးပြင်သည်လည်း ယခင်တုန်းကအတိုင်းပင် သွေးရောင် လျှမ်း တက်ကာ နုပျိုနေမြဲ ဖြစ်သည်။ တိုက်ပဲတိုက်ဆိုင်နိုင်လွန်းသည်။ သည် တစ်ခါတော့ အတိတ်တစ္ဆေခြောက်လှန့်ခြင်း မဟုတ်ကြောင်းကို နှင်း အသေအချာသိလေသည်။
''နှင်းဆီ''
သူက ထပ်ခေါ်သည်။ နှင်းသည် သူ့ကို အတန်ကြာအောင် ငေးကြည့်နေမိပြီးမှ သက်ပြင်းလေး ချလိုက်သည်။ နှလုံးသားအစုံက ပြင်းထန်စွာ ခုန်ပေါက်လှုပ်ရှားလာသော်လည်း တည်ငြိမ် အေးဆေး သော အမူအရာနှင့် နေကာမျက်မှန်အဝိုင်းကြီးကို ဖြည်းညင်းစွာ ချွတ် လိုက်သည်။
''ဟုတ်ပါသတဲ့ရှင်၊ ကျွန်မ နှင်းပါ၊ တစ်ချိန်က ဦးတင်မောင် ကျော်ရဲ့ နှင်းဆီပါ''
စူးရှတောက်ပြောင်ကာ မာနရောင် လဲ့လဲ့ထွက်နေသော နှင်း ၏ မျက်လုံးလေးများ ကို ခေတ္တမျှစိုက်ကြည့်နေပြီး သူသည် သူပြုံးနေကျ အတိုင်း နှစ် လိုဖွယ်ရာ ပြုံးရယ်လိုက်သည်။
''တစ်နေ့ကမှ နှင်းဆီအကြောင်း သိရပါတယ်''
''သြော် သြော်''
''ဖြောင့်ဖြူးသာယာတဲ့ ဘဝအတွက် ဝမ်းသာပါတယ်နှင်းဆီ''
''ကျေးဇူးတင်ပါတယ်ရှင်''
နှင်းသည် နေကာမျက်မှန် ကိုင်းမာမာကို သွားတက်ချွန်ချွန် လေးနှင့် ခပ်ဖွဖွကိုက်ရင်း နှုတ်ခမ်းလေးတွန့်ကာ ပြုံးနေသည်။ နှင်း၏ နှလုံးသားသည် ပြင်းထန်စွာ လှုပ်ရှားတတ်သေးသော်လည်း မာကျော သော ဆူးများ ဝန်းရံထားပြီမို့ တော် ရုံတန်ရုံနှင့် တော့ မနာတတ်တော့ပါ။
''ဖိုးဇော်လေးနဲ့ ပန်းပေးလိုက် တယ်၊ ရရဲ့ လားဟင်''
''ရပါသတဲ့ရှင်''
''ပန်စေချင်လို့ ပေးလိုက် တာ''
''သြော် အားနာစရာကြီးရှင်၊ ဒီလိုမှန်းသိရင် ကျွန်မ လွှင့်မပစ် လိုက်ပါဘူး၊ ဟင်း ဟင်း''
နှင်းသည် ခပ်ထေ့ထေ့လေးရယ်မောလိုက်သည်။ စရည်းပန်း ပင်ကြီးကို နှုတ်ဆက်သလို မော်ကြည့်ကာ ကားသော့ ကို ချောက်ခနဲဖွင့် လိုက်သည်။ ကားဘီးများ က ဖြည်းညင်းစွာ လိမ့်သွားသော အခါမှ သူ့ကို မသိမသာ စောင်းကြည့်လိုက်သည်။ သူသည် သူ့ဟန်အတိုင်းပင် နှစ် လို ဖွယ်ရာ ပြုံးကာ ခေါင်းကိုမသိမသာလေးညွှတ်လိုက်သည်။ နှင်းသည် နှုတ်ခမ်းလေးကို ဖိကိုက်ကာ နာနာကျင်ကျင် ပြုံးလိုက်ရင်း ကားတွင်းမှ ကက်ဆက်ကိုဖွင့်လိုက်သည်။ စတီရီယို တေးတစ်ပုဒ်သည် လှောင်သံ ပြောင်သံလေးနှင့် မြူးမြူးကြွကြွ ထွက်ပေါ်လာသည်။
''ဒီလိုလူစားကိုမှ ပျိုချစ်တာ ခက်တာပဲ၊ ရှက်ဖို့ကောင်း၊ ရှက်ဖို့ ကောင်းတယ်၊ သူ ညာတယ်၊ မုန်းဖို့ ကောင်းတယ် သူ ပလီတယ်၊ ယောက်ျား ဟုတ်ဘူး ဟုတ်ဘူး၊ သူညာတယ်''
''အစ်ကိုကြီးမသိအောင် နှင်း ဘာကိုမှ မလုပ်ချင်ပါဘူး၊ သူက ဇော့် ဆရာရဲ့ ညီလေ၊ ဇော်နဲ့ နှင်းဆီပန်းလေးတစ်ပွင့် ပေးလိုက် သေးတယ်''
''ဟုတ်လား''
''နှင်း လွှင့်ပစ်လိုက်တယ်''
ညင်းညံ့သော လေပြေလေညင်းက အထက်သို့ ပင့်ကာ သာ သာ ကလေး တိုက်ခတ်နေသည်။
နှင်းသည် ဝရန်တာလက်ရန်းကို လက်ဖနောင့်လေးနှင့် သာ သာ လေး ဖိထားရင်း လဝါဝါကို မော့ကြည့်နေသည်။ မျက်လုံးနက်နက် ကလေးများ သည် လရောင် ဝယ် မျက်ရည်နှင့် ရွှန်းမြနေလေသည်။
''အဲဒါကို ဇော်မြင်သွားသလား၊ နှင်းလွှင့်ပစ်လိုက်တာကိုလေ''
''ဟင့်အင်း ခြံပြင်ရောက်မှ လွှင့်ပစ်လိုက်တာပါ''
''တော် သေးတာပေါ့ကွယ်၊ ကလေးတွေ မသိတာ ကောင်းပါ တယ်၊ တော် ကြာ နှင်းအပေါ် အလကား အထင်သေးမှာ အစ်ကိုကြီးက စိုးရိမ်လို့ပါ''
ဦးချမ်းသာက ညင်သာစွာ ပြောသည်။ နှင်းသည် ဦးချမ်းသာ ၏ လက်မောင်းကို ကျေးဇူးတင်စိတ်၊ အားကိုးစိတ်နှင့် တင်းတင်း ဆုပ် ကိုင်ထားလိုက်မိသည်။
ဇော်နှင့် မော်တို့ နှစ် ဦးပိုင်သော အောက်ထပ်မှ စာကြည့်ခန်း လေးသည် မီးရောင် လင်းနေသည်။ ဖြာထွက်နေသော မီးရောင် ထဲတွင် လှုပ်ရှားနေသော အရိပ်ကို တွေ့ ရသည်။ မော် ဖြစ်မည် ထင်သည်။ မော် သည် စာကျက်ချိန်တွင် မကျက်ဘဲ တစ်ခါတစ်ရံ ပန်းချီဆွဲလေ့ရှိသည်။ သူဆွဲထားသော အရုပ်ကားကို ထိုင်ကြည့်လိုက်ထကြည့်လိုက်နှင့် အလုပ် ရှုပ်တတ်လေသည်။
''နောက်ပြီး တစ်နေ့ကလည်း အင်းလျားမှာ တွေ့ သေးတယ်''
''ဘာပြောသေးလဲ''
''သူ နှင်းဆီပန်းပေးလိုက် တာ ရလားတဲ့၊ နှင်းကလည်း လွှင့် ပစ်လိုက်ပြီလို့ ပြောလိုက်တယ်၊ နှင်းရဲ့ ဘဝ ဖြောင့်ဖြူးသာယာသွားတဲ့ အတွက် ဝမ်းသာပါတယ်တဲ့''
''နှင်း သူ့ကို ချစ်သေးလား''
နှင်းသည် ဆတ်ခနဲ တုံ့သွားပြီး ဦးချမ်းသာကို လှည့်ကြည့် လိုက်သည်။ မျက်နှာလေးသည် ရုတ်တရက် ဖြူကျသွားပြီးမှ နီရောင် ပြေးလာသည်။ မျက်လုံးလေးများ သည် အရောင် လဲ့လဲ့ ထွက်လာသည်။
''နှင်းဘဝမှာ အချစ်ဆိုတာ မရှိတော့ဘူး၊ တစ်သက်မှာ တစ် ယောက် ကိုပဲ ချစ်မယ်လို့ ရည်မှန်းခဲ့တယ်၊ ချစ်ခဲ့တယ်၊ အခု အဲဒီ အချစ် သေသွားပြီ၊ အချစ်နေရာမှာ နာကြည်းတာတွေ မုန်းတာတွေ အငြိုးတွေ အစားဝင်လာတယ်''
နှင်းကို စေ့စေ့ကြည့်နေသော ဦးချမ်းသာ၏ မျက်နှာသည် အတန်ငယ် ညှိုးသွားသည်။ နှင်းသည် ရုတ်တရက်ရှိုက်လိုက်ပြီး ဦးချမ်း သာ၏ လက်များ ကို ဆုပ်ကိုင်လိုက်သည်။
''အစ်ကိုကြီးဟာ နှင်းရဲ့ ကျေးဇူးရှင်ပါ၊ နှင်း ချောက်ထဲကျခါနီး ဆွဲတင်ခဲ့တဲ့ အစ်ကိုကြီးကို နှင်း သိပ်အားကိုးပါတယ်၊ အတိတ်တွေ ဟာ ကျန်ခဲ့ပါပြီ အစ်ကိုကြီးရယ်၊ အခုအချိန်မှာ တော့ နှင်းရဲ့ ဘဝဟာ အစ်ကို ကြီးပါ၊ ဒါပေမယ့် ချစ်တယ်ဆိုတဲ့ စကားကိုတော့ မသုံးပါရစေနဲ့နော်''
နှင်း၏ ဆံစလေးများ သည်လေတွင် ဝဲလွင့်နေကြသည်။ ခေါင်း တွင် ပန်ဆင်ထားသော သနပ်ခါးပန်း ဝါဝါလေးများ က မှည့်ဝါပြီး တဖြုတ်ဖြုတ် ကြွေကျနေကြသည်။ ရင်အေးစဖွယ် သနပ်ခါးပန်းနံ့လေး က သင်းပျံ့နေလေသည်။ သူတို့နှစ် ဦးစလုံး ဘာစကားမျှ ဆက်မပြော ဖြစ်ကြဘဲ ငြိမ်နေကြသည်။ အတန်ကြာအောင်နေပြီးမှ နှင်းက ပြော သည်။
''လာ အစ်ကိုကြီး အိမ်ထဲဝင်ကြစို့၊ သိပ်အအေးခံလို့ မကောင်း ဘူးလေ''
''နေပါဦး နှင်းရယ်၊ ဒီအတိုင်းပဲ ရပ်နေစမ်းပါ၊ လရောင် မှာ နှင်း အခုလို ရပ်နေတာလေးက ကြည့်ရတာ ပန်းချီကားလေးတစ်ချပ်နဲ့ တူလွန်းလို့''
နှင်းသည် သဲ့သဲ့လေး ပြုံးလိုက်သည်။ မလင်းတလင်းလရောင် လဲ့လဲ့ဝယ် နှင်း၏ အပြုံးလေးသည် သိပ်မပီပြင်လှပေ။ ဦးချမ်းသာသည် ဝရန်တာလက်ရန်းကို တင်ပါးလွှဲမှီထားရင်း နှင်းကို ငေးကြည့်နေသည်။
လေက ခပ်ကြမ်းကြမ်းလေးဝှေ့ကာ တိုက်ခတ်နေသည်။ နှင်း ၏ အင်္ကျီပျော့ပျော့လေးသည် ကိုယ်တွင် ကပ်ကာ တဖျပ်ဖျပ် လွင့်သွား လေသည်။ သွယ်နွဲ့သော နှင်း၏ ကိုယ်ဟန်လေးသည် မလင်းတလင်း လရောင် ရိပ်ဝယ် ကြော့ရှင်းပီပြင်နေသည်။
''အိမ်ထဲဝင်ကြပါစို့အစ်ကိုကြီးရယ်၊ အစ်ကိုကြီးကသိပ်အအေး ကြိုက်တာပဲ၊ တော် ကြာ နေထိုင်မကောင်း ဖြစ်နေဦးမယ်''
နှင်းက ဦးချမ်းသာ၏ လက်များ ကို တွဲ မှီကာ ကြင်နာစွာ ထပ် ပြောရင်း ဦးချမ်းသာ၏ မျက်နှာပေါ်တွင် ကြည်နူးနှစ် သိမ့်သော အပြုံး ပန်းများ ပွင့်ဖူးလာစေလေသည်။
''ဟုတ်တယ်၊ အစ်ကိုကြီး ခုတလော တော် တော် သွေးတိုးလာ တယ်''
''သတိထားပါ အစ်ကိုကြီးရယ်''
''တစ်ခါတစ်ခါလည်း မူးချင်တယ်''
''ကျန်းမာရေး ဂရုစိုက်ပါ အစ်ကိုကြီးရယ်၊ အလုပ်တွေ ကိုလည်း ဒီလောက် ဖိလုပ်မနေပါနဲ့၊ တစ်ခါတလေ အစ်ကိုကြီးကိုကြည့်ရတာ နှင်းဖြင့် မောလာရော''
လခြမ်းလေးကို တိမ်ပါးပါးလေးများ က တရိပ်ရိပ်ဖြတ်သန်း နေကြသည်။ တေးသံတိုးတိုးနွဲ့နွဲ့လေးက လွင့်ပျံ့လာသည်။ မော့်အသံ ဖြစ်လေသည်။ မော်စာကျက်ချိန်တွင် စာမကျက်ဘဲ ပန်းချီဆွဲနေသည် မှာ သေချာပါပြီ။ စာကျက်နေသူသည် သီချင်းဆိုအားမည် မဟုတ်ချေ။ ဦးချမ်းသာသည် သီချင်းသံကို နားစိုက် ထောင်လိုက်မိသည်။ 'သရက် ပင်အောက်မှာ ' ဟူသော သီချင်းကလေး ဖြစ်သည်။ မော့်အသံကိုကြား တော့လည်း မော့်အမေကို သတိရမိသည်။ ကလေးများ ကို သူတို့အမေ သည် အလွန်ချစ်လေသည်။ အစဉ်အမြဲလက်ပွန်းတတီးနေကာ ယုယ ကြင်နာတတ်သော သူတို့မိခင်ကိုလည်း ကလေးများ သည် အေးအေးနေ တတ်သော ဖခင်ထက် အဆပေါင်းများ စွာ ပိုမိုပြီး ချစ်ကြလိမ့်မည် ထင် သည်။
''အစ်ကိုကြီး တစ်ခုခု ဖြစ်ရင်ဒုက္ခ၊ အားလုံးက အစ်ကိုကြီးကိုပဲ အားကိုးနေရတာ ''
''ဘယ်သူတွေ လဲ၊ ဇော်နဲ့မော်လား''
''နောက်ပြီးတော့ နှင်းရောပေါ့''
နှင်းက ခေါင်းကလေးငုံ့ကာ ပြုံးရယ်ရင်းပြောသည်။ ဦးချမ်း သာသည် တိုးတိုးလေးရယ်လိုက်ကာ နှင်း၏ လက်ဖဝါး နွေးနွေးလေး များ ကို ဆုပ်နယ်လိုက်သည်။ မှည့်ဝါနေသော သနပ်ခါးပွင့်လေးများ သည် သူတို့လက်ပေါ်သို့ ကြွေကျလာသည်။
''ပန်းလေးတွေ က မွှေးတယ်နော်''
''သနပ်ခါးပန်းလေ''
''နှင်းကြိုက်တယ် ထင်တယ်''
''ကြိုက်တယ်၊ ပန်းဆိုရင် နှင်းမကြိုက်တဲ့ပန်း ခပ်ရှားရှားပဲ''
နှင်းသည် သူ့ခေါင်းမှပန်းကလေးများ ကို လက်နှင့် အသာ စမ်း ကြည့်မိသည်။ မွှေးပျံ့ပျံ့ ရနံ့လေးသည် ရင်အေးဖွယ်ကောင်းလှသည်။ သူ့လက်ထဲသို့ ပါလာသော ပန်းအကြွေလေးများ ကို ဖွဖွလေး ရှိုက်နမ်း လိုက်ပြီး ခပ်တိုးတိုး ပြောသည်။
''ဒါပေမယ့် နှင်းအကြိုက်ဆုံး ကတော့ နှင်းဆီ''
![]() တစ်နေ့နေ့ရဲ့ နက်ဖြန်ခါ | ![]() ၀တ္ထုတိုများ ( ၉ ) | ![]() ပန်းစကား |