Cover

၂ဝဝ၃ နဲ့ ၂ဝ၁၃ ကြားကစ
အိမ်ပြန်မိုးကျော်အေးရဲ့ ထိုင်ခုံနံပါတ် ၃၄ ကို
မာယာကော့ဖ်စကီးလ်ပြောတဲ့ ပန်းပုဆရာရဲ့ သွားတွေ နဲ့ ဆက်လိုက်တယ်
ကဗျာဆိုတာ ဆက်သွယ်ခြင်းဘဲ
ဒီဖက်က ခလုတ်ကိုနှိပ်လိုက်ရင်
ဟိုဖက်က သွေးတွေ ထွက်ကျလာသလိုပေါ့
ကဗျာဆိုတာဟိုဖက်က။
ဟိုဖက်က ခလုတ်ကိုနှိပ်လိုက်ရင်
ဒီဖက်ကပြာကျသွားသလိုပေါ့
ကဗျာဆိုတာဒီဖက်က။
ကြယ်မစုံရင်တောင် အရိုးကိုမီးလှုံဖို့နဲ့အလင်းရဖို့
ထင်းလိုပေးလိုက် ဦးမယ်ဆိုတဲ့ ပျံသန်းမှု နဲ့
ကဗျာကိုတွေးခဲ့ ကဗျာကိုရေး လို့ ကမ္ဘာကိုဆေးဖို့
ကျွန်တော် ကြိုးစားမိတယ်လို့ တစ်ခါတည်း ဝန်ခံရတော့မှာ ဘဲ…။

ခရမ်းပြာထက်လူ

ငါတို့လူငယ်ဘဝ

အသွားထက်ဂျင်းဘောင်းဘီနဲ့၊ ရေတံခွန်လိုရွှဲကျနေတဲ့ဆံပင်နဲ့
အရပ်သုံးဂစ်တာတစ်လက်နဲ့ ညတွေ ကို ဖြဲဖြဲပြီးရှာတယ်။
စိတ်ရှည်လက်ရှည်
ကြယ်တွေ ကိုထုခွဲကာ ရှာမတွေ့ ပြီးတဲ့နောက်
အမွန်မြတ်ဆုံးအလုပ်တစ်ခုအ ဖြစ် စစ်ကိုအော်ဆဲခဲ့ကြတယ်။
ပြီးတော့ သူတို့ ငြိမ်းချမ်းရေး ကို ဆုမွန်ကောင်းတောင်းကာ
မနက်စောစော လက်ဘက်ရည်ဆိုင်တွေ ဆီ သံပြိုင်ထွက်ခဲ့ကြ။     ။

ဗြူးတီးမဂ္ဂဇင်း

ဒိန်း(န်)ဂျာ(ရ်)

အာကာသထဲကလှမ်းကြည့်လိုက်ရင်
အားလုံး ကျောက်တုံးတစ်တုံးပေါ်က ရေညှိမျှသာ၊
မလိုချင်လည်း
မြင်းတစ်ကောင်လို အဝိဇ္ဇာမျက်နှာဖုံးတပ်
စစ်ပွဲထဲ ဝင်ခဲ့ရတာ ပဲမဟုတ်လား။
အခု ဒီစာအုပ်ဖတ်ပြီးမှ
ဒီစာအုပ်ထဲမှာ မင်းဘာကောင်မှမဟုတ်ဘူးဆိုတာ
သိသွားပြီမဟုတ်လား
ဘဝတစ်ခုလုံး ခိုက်ခိုက်တုန်အောင်ရွာနေတဲ့ကြားက
Taxi ကားတစ်စီးရဲ့ ထိုးထားတဲ့ မီးရောင် အောက်မှာ
ခုန်ခုန်ပြီးပြေးနေရတဲ့ ဖားတစ်ကောင်လို
သဘာဝ ပတ်ဝန်းကျင်ရဲ့ အော်မြည် သံတွေ
ပတ်ချာလည်ဝိုင်းရံလို့ တစ်ကယ့် Danger
တစ်ယောက် က
ဆလိုက်မီးရောင် တွေ ဟိုရွေ့ဒီမျောနဲ့ အခန်းတစ်ခုထဲမှာ
ဟိုမေးဒီပြောတွေ နဲ့ Danger
တစ်ယောက် က
ပင်လယ်ကူးသင်္ဘောကူးကြီးရဲ့ အရက်ဘားကောင်တာတစ်ခုမှာ
ရာသီဥတုသတိပေးချက်ကို နားထောင်ပြီး
ပင်လယ်ဓါးပြရုပ်ရျင်ကိုကြည့်နေရတာ Danger
တစ်ယောက် က
Blood Diamond ကို ကြည့်နေရင်း
သွေးဆာနေတဲ့ စိန်တုန်းစိန်ခဲတွေ ကျည်ဆံတောင့်တွေ လို သူ့ဆီတည့်တည့် ပြေးဝင်လာပုံနဲ့
ရုပ်ရှင်ရုံတစ်ရုံထဲမှာ Danger
တစ်ယောက် က
ဘုရားရှစ်ခိုးမယ်ကြံတိုင်းမအောင်မြင်တဲ့
မကောင်းမှု မှာ ကြံတိုင်းအောင်နေတဲ့ ဒုက္ခနဲ့ Danger
ဒီနှစ် စပါးတွေ ဂျုံတွေ ပေါ် ဖိအားပေးလာတဲ့ ရာသီဥတု
လယ်သမား ယာသမား
ကြွက်သားပိုင်ရှင်တွေ အတွက် Danger
စာကြည့်တိုက်တစ်ခုထဲမှာ
စိုက်ဝင်နေတဲ့ ကြမ်းပိုးနဲ့ပိုးဟတ်တွေ အတွက်
Insects killer ဆေးဘူးတွေ ကိုင်ဝင်လာတဲ့
Best seller အပျော်ဖတ် Master တွေ ဟာ Danger
Danger ဟာ သိမ်းထားတဲ့ အနှစ် ၂ဝ ကိုထုတ်
သိမ်းထားတဲ့ သွားအချောင်း ၂ဝ ကိုထုတ် သိမ်းထားတဲ့
သိန်းပေါင်းများ စွာ ကိုထုတ် သုတ်သုတ်နဲ့
ခုဘယ်ရောက်သွားမှန်း မသိ
တစ်ကယ့် Danger
ကမ္ဘာထဲကလှမ်းကြည့်ရင်
စကြဝဠာကြီးက ရှက်စရာကြီးပါ
ကြယ်တွေ နဲ့ ဂြိုလ်တွေ ကလွဲရင် ဘာမှမရှိတဲ့ ငနဲကြီးပါ
ဒီမှာ ဓားရှိတယ်
ဒီမှာ သေနတ်ရှိတယ်
ဒီမှာ နျူးကလီးယားရှိတယ်
ဒီမှာ အဲ့ဒါတွေ ထက် ပိုပြီးကြောက်စရာကောင်းတဲ့
ဒီမှာ အူထွက်နေတဲ့ လူပျက်တွေ ရှိနေတယ်။     ။

ပေဖူးလွှာမဂ္ဂဇင်း

ဖရဲသီးတွေ ဝယ်ကြဦးမလား

ဒီနှစ် ဖရဲသီးတွေ ပေါတယ်
ဒီကနေ့ခေတ်မှာ ဖရဲသီးရဲ့ အတွင်းခံအရောင်
ဘာအရောင် လည်းမေးရင် ကျွန်တော် မဖြေတတ်
မဖြေတတ်လည်း စာမေးပွဲရာသီပြီးပြီမို့ ကိစ္စမရှိ
အခွံက
အာဖရိက လူငယ် တစ်ယောက် ရဲ့ ဆံပင်ထွန်ကြောင်းတွေ လို
အခွံက
အစိမ်းမှော င် အရောင် လား
အခွံက
ငါတို့ ဦးခေါင်းတွေ နဲ့တူပြီး
ကမ္ဘာကြီးရဲ့ ခန္ဓာကိုယ်ကြီးနဲ့ မဆင်ဘူးလား
ခွဲလိုက်ရင် နီရဲနေမှာ လား
ခွဲလိုက်ရင် ဝါထိန်နေမှာ လား
ခွဲရင်ကောင်းမလား မခွဲရင် မကောင်းဘူးလား
တစ်နှစ် ပြီး တစ်နှစ် ဖရဲသီးတွေ အရည်ရွမ်းလာတယ်၊
ဝယ်ကြဦးမလား။     ။

ပိတောက်ပွင့်သစ် မဂ္ဂဇင်း



ဝန်ဇင်းချစ်သူများ ခရမ်းပြာထက်လူ၊ ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ ၏ “ မာယာကော့ဖ်စကီးလ် ကပြောတဲ့ ပန်းပုဆရာရဲ့သွားတွေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျီးကန်းနဲ့ဘိုဟီးမီးယန်းများ

ခြေရာ လက်ရာ လက်ရွေးစင်ကဗျာများစုစည်းမှု

ဂေါ်ဂင်ရဲ့ သစ်သီးကိုအရည်ရွှမ်းအောင် ရေးနည်း