
ကဗျာရေး သူ၏ အမှာ စာ
လွန်ခဲ့သော ခြောက်နှစ် ဆောင်းညတစ်ည အင်းလျားလမ်းမပေါ်မှာ ကျွန်တော် တစ်ယောက် တည်း လမ်းလျှောက်နေခဲ့တယ်။ စိတ်တိုင်းအကျဆုံး ကဗျာတစ်ပုဒ်ဟာ မဂ္ဂဇင်းစာမျက်နှာပေါ် ကျရောက်ပေါက်ကွဲခွင့်ရခဲ့လို့ “ည”ထဲ လေပြည်လေညင်းကလေးလို ကျွန်တော် ရှပ်တိုက်လွင့်မျော နေခဲ့ပါတယ်။
ကဗျာတစ်ပုဒ်ဟာ ကဗျာဆရာကို အလျံညီးညီး မီးတောက်မီးလျှံ ဖြစ်စေတယ်။ သင်တုန်းဓား ဖြစ်စေတယ်။ ဗုံးခိုကျင်း ဖြစ်စေတယ်။ အဝေးပြေးလမ်းမ ဖြစ်စေတယ်။ သေနတ်တစ်လက် ဖြစ်စေတယ်။ အရောင် တဖျတ်ဖျတ်လက်နေတဲ့ ကျောက်ရိုင်းတစ်ပွင့် ဖြစ်စေတယ်။ ကျည်ဆံရထား ဖြစ်စေတယ်။ ကမ္ဘာကို အုပ်မိုးထားတဲ့ ရောင် စုံသက်တံလည်း ဖြစ်စေခဲ့တယ်။
ကျွန်တော် ဆုတောင်းမိပါတယ်။“အာခီမိဒိ” လိုပေါ့။ ခြေတစ်လှမ်းသာ ချခွင့်ပေးပါ ကမ္ဘာကြီးကို ကျွန်တော် ရွှေ့ပြပါမယ်လို့။
စားဝတ်နေရေး ဟာ ကဗျာဆရာတော် တော် များများ ကို ကိုက်ခဲလွှင့်ပစ်နေတဲ့ အဆိပ်ပြင်း သက်ရှိပိုးမွှားတွေ ပါပဲ။ အဲဒီ ပိုးမွှားတွေ ကို သတ်ဖြတ်ဖို့ အကောင်းဆုံးလက်နက် ဖြစ်တဲ့ ငွေစက္ကူဟာ ကဗျာဆရာတွေ နဲ့ ကဗျာတွေ ကြားက အကွာအဝေးကို အဝေးဆုံးထိ ချဲ့ထွင်ပစ်လေ့ရှိပါတယ်။ ကျွန်တော် တို့ဖက်က အလဲလဲအကွဲကွဲပေါ့။
ဒီနည်းနဲ့ ကွယ်ပျောက်ခဲ့ရတဲ့ ပထမတန်းစား ကဗျာဆရာတွေ အတွက် ကမ္ဘာမြေဟာ ငိုကြွေးခဲ့ရပါတယ်။ ဘုရားသခင် ကျွန်တော် တို့အတွက် ခြေတစ်လှမ်းစာ ချခွင့်ပေးပါ။
အိမ်အပြန် မိုးကျော်အေးရဲ့ ထိုင်ခုံနံပါတ် ၃၄ ကဗျာစာအုပ်ကို ၂ဝဝ၃ ခုနှစ် မှာ ကျွန်တော့် နောင်တော် ကဗျာဆရာတွေ ဖြစ်တဲ့ ခရမ်းပြာထက်လူ၊ ခိုင်မြဲကျော်စွာ တို့နဲ့အတူတူ တွဲ ထုတ် ဖြစ်ပါတယ်။ အဲဒီ စာအုပ်ဟာ ကျွန်တော့် အတွက်တော့ ဘုရားသခင်က ချခွင့်ပေးလိုက် တဲ့ ပထမဆုံး ခြေတစ်လှမ်းပါပဲ။
ခုနှစ် သက္ကရာဇ်တွေ တိုက်စားဖြိုချခဲ့တဲ့အတိုင်း ကျွန်တော် ဟာ ကုမ္ပဏီဝန်ထမ်း ဖြစ်လိုက်၊ အလုပ်လက်မဲ့ ဖြစ်လိုက်၊ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ကျောက်ချထိုင်နေတဲ့ ကဗျာဆရာ ဖြစ်လိုက်နဲ့ အခြားလူ တစ်ယောက် ရဲ့ ပြန်စရာလမ်းစရိတ်အတွက် အခြားလူ တစ်ယောက် က ပူပန်ပေးခဲ့တဲ့နေ့တွေ ။ လက်ဖက်ရည်တစ်ခွက်မှာ ပေးပြီး လေးငါးယောက် ဝိုင်းထိုင်ခဲ့ရတဲ့ မိတ်ဆွေကဗျာဆရာတွေ နဲ့ လုံးထွေးပျော်ပါးလိုက်၊ ရံဖန်ရံခါ စိတ်ဓာတ်ချွတ်ခြုံကျလိုက်နဲ့ပေါ့။ စိတ်ကျန်းမာရေး ရော၊ လူကျန်းမာရေး ပါ ဆိုးဝါးခဲ့ရတဲ့နှစ် တွေ လည်း ဖြစ်ခဲ့ရပါတယ်။
အဲဒီ နှစ် တွေ ကုန်ဆုံးအပြီး ၂ဝဝ၈ ခုနှစ် အရောက်မှာ ကျွန်တော့် ရဲ့ လုံးချင်းကဗျာစာအုပ် ဖြစ်တဲ့ ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ ကို ထုတ် ဖြစ်ခဲ့ပါတယ်။ အဲဒီ စာအုပ်မထွက်ခင်က ကျွန်တော် စဉ်းစားမိတာ တစ်ခုရှိပါတယ်။ အဲဒါ ကတော့ ကျွန်တော် မသေခင် အဲဒီ စာအုပ်ကို မြင်တွေ့ သွားရဖို့ အခွင့်အရေး ပါပဲ။
စိတ်ရောလူပါ ချွတ်ခြုံကျနေမိတဲ့အတွက် ကျွန်တော့် ကိုယ် ကျွန်တော် သက်ဆိုးရှည်လိမ့်မှာ မဟုတ်ဘူးလို့ ထင်နေမိခဲ့လို့ပါ။
အဲဒီ နောက်ပိုင်း မီဒီယာလုပ်ငန်းတစ်ခုမှာ ဝန်ထမ်း ဖြစ်သွားရပြန်တဲ့ ကျွန်တော် ဟာ ကဗျာဖက်ကို ခြေဦးလှည့်ဖို့ အခွင့်အရေး တွေ နည်းပါးသွားခဲ့ရပြန်ပါတယ်။ နှစ် နှစ် အတွင်းမှာ ကဗျာသုံးလေးပုဒ်သာ ရေး နိုင်ခဲ့ပြီး လေထန်ကုန်းကိုလည်း တစ်ပတ်ခြားတစ်ခါ၊နှစ် ပတ်ခြားတစ်ခါသာ ရောက် ဖြစ်ပါတော့တယ်။ ရောက်တိုင်းမှာ တော့ စိုင်းဝင်းမြင့်နဲ့ တွေ့  ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် တို့တတွေ ခြေဦးတည့်ရာ။
တစ်နေ့ မြို့ထဲရောက်ခိုက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူက စကားမစပ် ကျွန်တော့် ကဗျာစာအုပ်ကို သူထုတ်မယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ကဗျာဆရာ တစ်ယောက် က ကဗျာဆရာ တစ်ယောက် ကို ပြောတာလား၊ ထုတ်ဝေသူ တစ်ယောက် က ကဗျာဆရာ တစ်ယောက် ကို ပြောတာလားဆိုတာ မသဲကွဲဘဲ ကျွန်တော် သူ့မျက်နှာကို သေသေချာချာကြည့်နေမိပါတယ်။
ဘာပဲ ဖြစ် ဖြစ် ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ်။အခု ကျွန်တော့် ကဗျာစာအုပ်ထဲမှာ ပါတဲ့ ကဗျာတွေ ဟာ တစ်ပုဒ်နဲ့တစ်ပုဒ် နှစ် အတော် ကြာ ခြားနားနေတာ တွေ့ ရပါလိမ့်မယ်။ ကျွန်တော့် ရဲ့ ရွေ့လျားပြောင်းလဲမှု ကို ကျွန်တော့် ရဲ့ ကဗျာတွေ ထဲမှာ တွေ့ မြင်ရနိုင်တယ်လို့ ကျွန်တေယ် ယူဆပါတယ်။ ပြီးတော့ ကျွန်တော် ကဗျာမရေး ဖြစ်ခဲ့တဲ့ နှစ် တွေ အတွက် ဒီကဗျာစာအုပ်ဟာ ကျွန်တော့် အစား သူပေးတဲ့ ခင်ဗျားတို့အတွက် လျောကြေးပါပဲ..။
ကျွန်တော့် စာအုပ်အတွက် ကျွန်တော့် ကဗျာတွေ ကို ပြန်ပြီး ရှာဖွေရပါတယ်။ အိမ်မှာ ရှိတဲ့ စာအုပ်ပုံတွေ ကို ပြန်ဖွ၊ တစ်ပုဒ်ချင်းပြန်ပြီး စုဆောင်းရပါတယ်။ စာအုပ် Title အတွက် စဉ်းစာြး ကတော့ စိုင်းဝင်းမြင့်က မဆိုင်းမတွ ကျွန်တော့် ကဗျာရှည် တစ်ပုဒ် ဖြစ်တဲ့ “ဂေါ်ဂင်ရဲ့ သစ်သီးကို အရည်ရွှမ်းအောင်ရေး နည်း” ကို အကြံပေးပါတယ်။ သူနဲ့ကျွန်တော် စိတ်ချင်းထပ်တူ ထပ်မျှ ကျတာလည်း ဒါကြောင့် ပါပဲ။ အကောင်းဆုံးဆိုတာကို သူ အမြဲတမ်းချောင်းမြောင်း ဆွဲယူတတ်ပါတယ်။ ဒီကဗျာဟာ ကျွန်တော် စိတ်တိုင်းအကျဆုံးထဲက တစ်ပုဒ်ပါပဲ။
ဒီစာအုပ်မှာ ပါတဲ့ကဗျာတိုင်းကို တစ်တောင့်ခြင်း ချွေပြီး ပစ်ခဲ့တဲ့ ကျည်ဆံတွေ ကို ကျွန်တော် ရေး ခဲ့တာပါ။ စက်သေနတ်ကထွက်လာတဲ့ ကျည်ဆံတွေ လို မွှေ့ရမ်းတိုက်ခိုက်ရတာ ကို ကျွန်တော် ဝါသနာမပါဘူး။ ပစ်ချက်တိုင်းဟာ လိုရာကိုအကုန်ထိမှန်ခဲ့တယ်လို့လည်း ကျွန်တော် မဆိုလိုပါဘူး။ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားကြည့်တာပါ။ ကျွန်တော် ရောက်ခဲ့မရောက်ခဲ့ဆိုတာ ကတော့ ကဗျာဖတ်သူတွေ ကပဲ တွက်ချက်ဆုံးဖြတ်ပါလိမ့်မယ်။
လေးစားစွာ ဖြင့်
မောင်ဖီလာ
တစ်ယောက် တည်း
နာကျင်ခြင်းဟာ လူ့ခန္ဓာကိုယ်အတွင်းမှာ
တစ်စက္ကန့်ကိုပေ၃၅ဝနှုန်းနဲ့ ရွေ့လျားတယ်
နာမည် ကျော်ကိုလန်ဘီယာနိုင်ငံသူအဆိုတော် ရှာကီရာက
သူ့ခန္ဓာအစိတ်အပိုင်းတွေ ထဲမှာ အလှပဆုံးဟာဦးနှောက်တဲ့
တစ်ယောက် တည်းနေရတဲ့အရသာကိုတော့ သူမသိသေးဘူးထင်တယ်
ခန္ဓာကမွှေးညင်းပေါက်ကလေးတွေ ရဲ့ တံခါးပေါက်ကိုတွန်းပြီး
အရိုးထဲထိဖွင့်ဝင်သွားတဲ့အခါ တစ်စစီပြန့်ကျဲနေတဲ့
တစ်ယောက် တည်းနေရခြင်းရဲ့ အရသာကိုစုစည်းတွေ့ ရှိပါလိမ့်မယ်
လူအုပ်ကြီးထဲမှာ တစ်ယောက် တည်းရွေ့လျားလွင့်မျောသွားရတဲ့အရသာ
လတ်ဆတ်တဲ့လေပြေလေညင်းညနေခင်းနဲ့ နေဝန်းနီနီထဲက
တစ်ယောက် တည်း ပြန်ထွက်လာရတဲ့ အရသာ
မိုးရွာပြီးစ လူခြေတိတ်ဆိတ်နေတဲ့ညမှာ မာကျူရီမီးရောင် ကြောင့်
စိုရွှဲပြောင်လက်နေတဲ့ကတ္တရာလမ်းမပေါ်စီးကရက်သောက်ရင်း
တစ်ယောက် တည်းလမ်းလျှောက်လာရတဲ့အရသာ
အရသာဟာမျက်နှာကိုလက်နဲ့အုပ်ထားချိန်မှာ တောင်
လက်ချောင်းတွေ ကြားကတစိမ့်စိမ့်စီးကျလာနေတယ်
ကျွန်တော် သိပါတယ် လူဟာ တစ်ယောက် တည်း အသက်ရှင်ရပ်တည်ဖို့ မလွယ်ဘူးဆိုတာ
ဒါပေမယ့် ဒီအရသာကို ကျွန်တော် ထွေးမထုတ်ပစ်ချင်ဘူး
တစ်ယောက် ယောက် ကျွန်တော် တစ်ယောက် တည်းအ ဖြစ်ကို
လာရောက်နှောက်ယှက်မှာ ကျွန်တော် မလိုလားဘူး
တဖြည်းဖြည်းနဲ့ “ည” ရဲ့ အသားအရည်ဟာ ခြောက်ခြားဖွယ်တိတ်ဆိတ်
ခြောက်ကပ်လာနေတယ်
ဝေါကနဲအတောင်ပံပါတဲ့ မိုးရေစက်တွေ ကျွန်တော့် ဆီ ပျံသန်းလာကြတယ်
မီးလင်းနေတဲ့ ညလုံးပေါက်ကဖေးဆိုင်ကလေးဆီ
အာသာငမ်းငမ်းလှမ်းမသွားခင်ထိ
ဒီကမ္ဘာကြီးထဲမှာ ကျွန်တော် ဟာတစ်ကယ့်ကို တစ်ယောက် တည်း။
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
ကျွန်တော် ရှိခဲ့တယ်..ကျွန်တော် ရှိနေတယ်…
ကျွန်တော် ဆက်ပြီးတော့ရှိလိမ့်မယ်…
ပြတ်သားကြည်လင်လွန်းလို့
ဘယ်လမ်းကိုရွေးရမယ်ငါမသိဘူး
အစွန်းတစ်ဖက်မှာ ကျက်ကျက်ဆူနေသေဒေလီယာပန်းများ
အခြားအစွန်းတစ်ဖက်မှာ အေးမြသန့်စင်သော မီးကျီမီးခဲ
အရသာကို ဝါကျတစ်ကြောင်းနဲ့ဖျက်ထားတယ်
ခုန်နေတယ်ဟိုဘက်ခန်းမှာ ခရူးဆိတ်စစ်ပွဲခုန်နေတယ်
၁၂ ထပ်တိုက်ပေါ်ကပုလင်းတစ်လုံးပစ်ချလိုက်သလို
စိစိညက်ညက်ခုန်နေတယ်
ရေခဲရေတောင်အလဟဿမရဘူးကိုယ့်လူ
ည ၁၂ နာရီကျော်ထိဆက်ပြီးခုန်လိမ့်မယ်
ငါ့အကြောင်းဒီဖက်ခန်းကအိပ်ရာထဲမှာ လူးလိမ့်နေရတယ်
ဓားမြှော င်ကို အရည်ဖျော်ခိုတစ်ကောင်ထဲဖောက်ထည့်ပြီး
မင်းမျက်နှာဆီတည့်တည့်ပျံခိုင်းမယ်
အရိပ်ကိုမျက်လုံးပေါ်ထိဆွဲချ
စီးကရက်မီးညှိ
အဆိပ်ရည်ကိုအဆုပ်ရဲ့ အောက်ဆုံးအခန်းထိတွန်းထည့်တယ်
ငါဟာ အကောင်းမြင်ဝါဒီပါ
အသက်ရှူနေဆဲခန္ဓာကိုယ်ထဲက
သွေးကြောမျှင်တဖျန်းဖျန်းပြတ်တောက်နေသံကိုငါရတယ်
ဒီကောင့်ကိုငါ့အတွက်ထားပါ “ဒေးဗစ်”
ဆံပင်ကိုပွတ်သက်နေတဲ့လက်တစ်ဖက်က
ငတ်နေတဲ့ မြွေတစ်ကောင်လိုသူကိုမျိုနေတယ်
အချစ်နဲ့မနက်ဖြန်ကို မင်းဘယ်တော့မှမယုံကြည်လေနဲ့ “ဒေးဗစ်”
မနေ့က ၇၅ နှစ် အရွယ် အဘိုးကြီး တစ်ယောက် လမ်းထဲမှာ ရှောသွားတယ်
၇၅ နှစ် ဆိုတော့ သိပ်ပြီးကိစ္စမရှိတော့ဘူးပေါ့
ဘယ်နှယ့် ၇၅နှစ် မှာ လည်း သူ့ကိစ္စနဲ့သူရှိနေဦးမှာ ပဲ
“ဟုတ်လား..”ကျုပ် ကတော့ ၃ဝ ကျော်နဲ့တင်ကိစ္စသိပ်မရှိတော့သလိုပဲ..
“မာရီလင်” ရယ်မင်းဘယ်ပုံကွယ်ပျောက်ခဲ့ရတာ လည်း…
သူသေလွန်ပြီးနောက်မှ မွေးဖွားလာသူများ ပင်
သူ့ကိုစွဲလမ်းနှစ်သက် ကြသည်
လူအထင်ကြီးစေရန် ဖီဒယ်ကတ်စထရိုဖြင့် ခုခံနေလေသည်။
အသံထွက်ဖတ်ရင်ခရုဆီနဲ့ကြော်ထားတဲ့ခေါက်ဆွဲလိုအရသာရှိတယ်
ကြယ်အကြောင်းပြော..ကျုပ်အကြောင်းမပြောနဲ့
ဓာတ်ပုံနဲ့တကွနံပါတ်စဉ်တပ်ပြီး ဒီလိုဖော်ပြခံရတယ်
ဘယ်လောက်ပဲကြိုးစားကြိုးစား “ကာဒ်ကိုဘိန်း” ဖြစ်မလာနိုင်သော ကောင်တချို့…။
ဟန်သစ်မဂ္ဂဇင်း
![]() ခြေရာ လက်ရာ လက်ရွေးစင်ကဗျာများစုစည်းမှု | ![]() ကျီးကန်းနဲ့ဘိုဟီးမီးယန်းများ | ![]() မာယာကော့ဖ်စကီးလ် ကပြောတဲ့ ပန်းပုဆရာရဲ့သွားတွေ |