Cover

အခန်း (၁)

ယဉ်ကျေးမှု

လူကိုသတ်တော့

ကျားဆိုးကျားမိုက်

ကျားကိုသတ်တော့

အမဲလိုက်တယ်တဲ့ . . . .

ချမ်းမြေ့သရဖီလှိုင်

* * * * *


မျှော်လင့်ချက်

ဘုရားရှေ့မှာ ထိုင်

လေးဖက်ကြီးကုန်းပြီး

ဆုတွေ တောင်းတဲ့

ဒေါ်လောဘ

သေတော့လဲ ဘာမှ ရမသွားရှာဘူး . . . .

ချမ်းမြေ့သရဖီလှိုင်

* * * * *


မပြည့်ဝမှု

အ၀ါရောင် သတ္တုတွေ ကို

လည်မှာ ဆွဲလို့

လက်မှာ သီလို့

မာနတွေ တံခွန်ထူလို့

ငါလိုလူ ဇမ္ဗူမှာ ရှိသေးလားတဲ့

သနားစရာနော် . . . . .

ချမ်းမြေ့သရဖီလှိုင်

* * * * *


လေးစားမှု

အသက်ကြီးတိုင်း

အတွေ့ အကြုံများ ပြီး

ဗဟုသုတကြီးမယ်ဆိုရင်

အသက် (၁၂၀) ရှည်တဲ့

ကမ္ဘာလိပ်ကြီးကို

လေးစားရမယ်

ချမ်းမြေ့သရဖီလှိုင်

* * * * *


နိဒါန်း

ဟင်! ဒါဆိုရင် ဒီကောင်လေးဟာ ဓားပြရဲ့ သားပေါ့

တစ်နေ့သ၌ မြေလတ်ပိုင်းမြို့ကြီးတစ်မြို့၏ မြို့ပြင်ရှိ ခြံကြီးတစ်ခြံအရှေ့သို့ ရထားလုံး တစ်စီး ၀င်ရောက်လာပြီး ခြံစောင့်ကြီးကို တံခါးဖွင့်ရန် ရထားလုံးတွင် တပ်ဆင်ထားသော ခေါင်း လောင်းလေးကို လှုပ်ခါလိုက်လေ၏ ။

ထိုအခါ ခြံစောင့်ကုလားသည် အိပ်ငိုက်နေရာမှ ကမန်းကတန်းထ၍ ခြံတံခါးကို ပြေးဖွင့်ပေး လေ၏ ။ ခြံတံခါးပွင့်သော အခါ ရထားလုံးသည် အိမ်ကြီးရှိရာသို့ တခွပ်ခွပ်အသံပြု၍ မောင်းဝင်သွား လေ၏ ။

ခြံကြီးသည် အတော် အတန်ကျယ်ဝန်းလှသဖြင့် အိမ်ကြီး၏ ဆင်ဝင်ရှိရာသို့ အတော် အတန် မောင်းနှင်ပြီးမှ ရောက်လေ၏ ။

ဆင်ဝင်အောက်သို့ ရထားလုံးရောက်သော အခါ အိမ်ကြီးအတွင်း ဓာတ်စက်သီချင်းဖွင့်၍ နားထောင်နေသော ဆက်ကျော်သက်အရွယ် မိန်းမပျိုနှစ် ယောက် သည် ဆင်ဝင်ရှေ့သို့ ပြေးထွက် လာပြီး

“မာမီ ပြန်လာပြီ၊ မာမီပြန်လာပြီ၊ သမီးတို့အတွက် ဘာတွေ ပါလာသလဲ”

ဟု မေးမြန်းလိုက်လေ၏ ။ ထိုအခါ ရထားလုံး၏ တံခါးပွင့်ပြီး အရွယ်နှင့် မလိုက်အောင် ပြင်ဆင်ထားသော အသက် (၅၀) ၀န်းကျင် မိန်းမတစ်ဦးထွက်လာပြီး လက်ထဲရှိ အထုပ်များ ကို ကမ်းပေးကာ

“ဟောဒီမှာ သမီးတို့အတွက် စုရတီလုံချည် ပဒုံမာအင်္ကျီစနဲ့ ရိုးကုမ္ပဏီက အလှပြင်ပစ္စည်း တွေ အများ ကြီးပါတယ်။ စားစရာတွေ လဲ အများ ကြီးဝယ်လာတယ်။ ရန်ကုန်မြို့မှာ ရသမျှ အသား ဘူးတွေ ၊ ယိုဘူးတွေ ၊ ချောကလက်တွေ ၊ ကိတ်မုန့်တွေ စုံနေတာပဲ”

ဟု ပြောလေရာ ဆယ်ကျော်သက်အရွယ် မိန်းကလေးနှစ် ဦးသည် ဟေးခနဲ အော်၍

“ဒါမှ တို့မာမီကွ”

ဟုဆိုကာ အထုပ်များ ကို ရထားလုံးထဲမှ ထုတ်ယူလေ၏ ။

ရထားလုံးမောင်းသော ကုလားသည် ခါးကလေးကို ညွတ်၍

“အစ်မလေးတို့ နောက်ကိုဆုတ်ပါ၊ ကျွန်တော် အိမ်ထဲကို သယ်ပို့ပေးပါမယ်”

ဟု ရိုသေစွာ ပြောဆိုလေ၏ ။

မိန်းမပျိုများ က မာမီဟုခေါ်သော မိန်းမကြီးက ရထားလုံးမှ ထွက်ရင်း

“မာမီတို့ ရထားလုံးက ရန်ကုန်မှာ ဆို ခေတ်မမီတော့ဘူး၊ ရန်ကုန်က လူကုံထံတွေ မော်တော် ကားစီးနေပြီ”

ဟု ပြောလေရာ သမီးများ က စိတ်ဝင်စားစွာ ဖြင့်

“ဒါဆိုရင်လဲ ကားတစ်စီးကို အမြန်ဆုံးဝယ်လေ မာမီရဲ့ ၊ မြို့ပေါ်မှာ သမီးတို့ကလွဲရင် ဘယ်သူ ကားဝယ်နိုင်မှာ လဲ မာမီရဲ့ ”

ဟု တစ်ယောက် တစ်ပေါက် ပြောလေ၏ ။ ထိုအခါ ခေတ်ဆန်သော မိန်းမက

“ညည်းတို့ ဒယ်ဒီကို ပူဆာကြလေ၊ အမြဲတမ်း မာမီက မပူဆာချင်တော့ဘူး၊ ညည်းတို့ ဒယ်ဒီက အသက်ကြီးလေ ပြောရခက်လေပဲ၊ ကဲ . . . ကိုရွှေကုလား နယ်ပိုင်ရုံးကိုသွားပြီး ကြိုတော့လေ။ ညနေစောင်းတော့မယ်”

ဟု ပြောလေရာ ရထားလုံးမောင်းသူသည် အထုပ်အပိုးများ ကို အိမ်ရှေ့တွင် ချ၍ ရထားလုံး ကို ခြံထဲမှ ပြန်လည်မောင်းထွက်သွားလေ၏ ။

ခေတ်ဆန်သော မိန်းမကြီးသည် အနီးတွင် ခပ်ရို့ရို့လေးရပ်၍ ခိုင်းစေရန် စောင့်မျှော်နေ သော အစေခံမိန်းကလေးနှစ် ယောက် ကို ကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး

“ဟဲ့ . . . . ညည်းတို့က ဘာကြောင်ကြည့်နေတာလဲ၊ အထုပ်အပိုးတွေ ကို အိမ်ထဲကို သယ် လေ၊ ပြီးရင် ငါ့အတွက် သံပရာရည်တစ်ခွက် ဖျော်လာစမ်း၊ ရထားက အထက်တန်းက စီးပေလို့ပဲ၊ ပင်ပန်းလိုက်တာ၊ ဆင်းရဲသားတွေ လို အောက်တန်းကများ စီးရင် ပင်ပန်းလွန်းလို့ ငါ့အသက် တိုလိမ့်မယ်”

ဟု ညည်းညူလေရာ အိမ်စေမိန်းကလေးများ သည် အထုပ်အပိုးများ ကို သယ်ဆောင်ကြ လေ၏ ။

ပြီးနောက် မိန်းမကြီးသောက်ရန် သံပရာရည်ကို အမြန်ဆုံး ဖျော်ကာ သွားပို့ပေးရလေ၏ ။

မိန်းမကြီး၏ သမီးနှစ် ယောက် မှာ မူ သူမတို့အတွက် ၀ယ်ယူလာသော အ၀တ်အထည်များ ကို အိမ်ပေါ်ထပ်အိပ်ခန်းထဲတွင် ၀တ်ကြည့်ရင်း တစ်ယောက် တစ်ပေါက် ငြင်းခုန်လေ၏ ။

မိန်းမကြီးသည် သံပရာရည်ကို တစ်ငုံသောက်လိုက်ပြီး

“ဟဲ့ . . . နေစမ်းပါဦး၊ ငါ့သားငယ် ဂျော်နီဘယ်ရောက်နေသလဲ”

ဟု မေးမြန်းလေရာ အစေခံမိန်းကလေး တစ်ယောက် က

“စက်သူဌေးသားနဲ့ ကြက်တောင်သွားရိုက်နေပါတယ်”

ဟု ပြောလေ၏ ။

ထိုအခါ မိန်းမကြီးက ခေါင်းတဆတ်ဆတ် ညိတ်၍

“ငါ့သားအတွက် ရိုးကုမ္ပဏီက အကောင်းစား ဘာဂျာတစ်လက် ၀ယ်လာတယ်။ ဂျော်နီက ဘာဂျာမှု တ်ချင်တယ် ပြောတယ်”

ဟု ပြောလေတော့၏ ။

ထိုအခိုက်မှာ ပင် ခြံဝင်းထဲသို့ အသက် (၁၃) နှစ် အရွယ် လူငယ်တစ်ဦး ၀င်ရောက်လာပြီး ဆိုဖာပေါ်တွင် ထိုင်နေသော ဒေါ်မမကြီးကို မြင်သော အခါ ၀မ်းသာအားရဖြင့်

“ဟင် . . . မာမီ ပြန်ရောက်နေပြီ၊ ဂျော်နီအတွက် ဘာတွေ ပါသလဲ”

ဟု မေးမြန်းလိုက်လေ၏ ။ ဒေါ်မမကြီးက သူမ၏ သားကို ကြည့်၍ ရယ်မောကာ

“အမယ် မာမီ့သား ပြန်ရောက်နေပြီပေါ့။ ငါ့သား ကတော့ မာမီနဲ့မတွေ့ ရတဲ့ တစ်လလောက် အတွင်းမှာ ထွားကျိုင်းလာလိုက်တာ တကယ့်လူပျိုကြီးအတိုင်းပဲ”

ဟု ပြောလေ၏ ။

လူငယ်သည် ဒေါ်မမကြီး ပြောသကဲ့သို့ အသက် (၁၃) နှစ် အရွယ်သာရှိသော်လည်း ဘောင်းဘီဖြူနှင့် စွပ်ကြယ်အဖြူကို ၀တ်ဆင်ထားသဖြင့် ထွားကျိုင်းသန်မာကြောင်း ပေါ်လွင်လှပေ ၏ ။

ဒေါ်မမကြီးက စားပွဲပေါ်ရှိ စက္ကူဘူးတစ်ဘူးကို ဖွင့်၍ အရောင် တဖိတ်ဖိတ်တောက်နေသော ဘာဂျာကိုထုတ်ကာ

“ဟောဒီမှာ သားအတွက် မာမီဝယ်လာခဲ့တယ်”

ဟု ပြောလေရာ ဂျော်နီဆိုသော လူငယ်သည် မျက်နှာဝင်းပသွားပြီး

“ဟာ . . . . မာမီ သိပ်တော် တာပဲ၊ ဒါကြောင့် မာမီ့ကို ချစ်ရတာ ၊ ဂျော်နီက ဘာဂျာမှု တ်ချင် နေတာ ကြာပြီ”

ဟု ၀မ်းသာအားရ ပြောလေ၏ ။

ဒေါ်မမကြီးသည် ဘာဂျာကို မမှု တ်တတ် မှု တ်တတ်နှင့် အသံထွက်အောင် မှု တ်နေသော ဂျော်နီကို ကြည့်၍

“ဒါပဲနော် ငါ့သား။ ဘာဂျာတစ်လက်နဲ့ မြို့ထဲက မိန်းကလေးအိမ်တွေ ကို လျှောက်မသွားရ ဘူး”

ဟု နောက်ပြောင်လေ၏ ။ ဂျော်နီသည် မာမီ၏ စကားကြောင့် တဟားဟားရယ်မော၍

“အမလေး မာမီရယ်၊ ကျွန်တော် က ဒီမြို့က မိန်းကလေးတွေ ကို တစ်ယောက် မှ သဘော မကျဘူး၊ တူတယ်တန်တယ်လို့လဲ သဘောမထားဘူး”

ဟု ပြောလေရာ ဒေါ်မမကြီးသည် သဘောကျဟန်ဖြင့် တခစ်ခစ်ရ်မောလေတော့၏ ။

ထိုအခိုက်မှာ ပင် အိမ်ကြီး၏ ခြံတံခါးဝမှ မြင်းခွာသံတခွပ်ခွပ် ကြားရ၍ ဒေါ်မမကြီးက လှမ်း မျှော်ကြည့်ကာ

“ဟင် . . . မင်း ဒယ်ဒီ ပြန်လာပြီ”

ဟု ရေရွတ်ကာ အိမ်တံခါးတွင် ထွက်ရပ်၍ ကြိုဆိုလေ၏ ။

ရထားလုံးဆင်ဝင်ရှေ့သို့ ရောက်သော အခါ နယ်ပိုင်ဝန်ထောက်မင်း ဦးရွှေဘသည် ရထား လုံးပေါ်မှ ဆင်းလေ၏ ။

နယ်ပိုင်ဝန်ထောက်မင်းသည် ဒေါ်မမကြီးကို မြင်သော အခါ

“မမ ရန်ကုန်က ပြန်ရောက်လာပြီပေါ့၊ ဟောဒီမှာ ကျုပ်တို့အိမ်အတွက် လက်ဆောင်တစ်ခု ပါလာတယ်”

ဟု ပြောကာ ရထားလုံးထဲမှ လူငယ်တစ်ဦးကို ဆွဲခေါ်လိုက်လေ၏ ။

လူငယ်၏ အသားအရောင် သည် ကြေးနီရောင် ပေါက်နေပြီး ကြည်လင်ရွှင်ပျသော မျက်နှာ ပေါက်မျိုး ရှိလေ၏ ။

ဒေါ်မမကြီးက လူငယ်လေးကို မျက်မှော င်ကြုတ်ကြည့်၍

“ဘယ်က ကောင်လေးလဲ ဒါလင်၊ မိန်းမှာ မာလီလုပ်ဖို့ ခေါ်လာတာလား”

ဟု မေးမြန်းလေ၏ ။

ဦးရွှေဘက လူငယ်လေး၏ ဦးခေါင်းကို လက်ဖြင့် ပွတ်၍

“ကဲ . . . . အိမ်ထဲမှာ အေးအေးဆေးဆေး စကားပြောကြတာပေါ့”

ဟုဆိုကာ လူငယ်လေးကို လက်ဆွဲ၍ ခမ်းနားထည်ဝါသော အိမ်ကြီးထဲသို့ ၀င်ခဲ့လေ၏ ။

လူငယ်လေးသည် အရောင် တဖိတ်ဖိတ်တောက်ပြောင်နေသော ကြမ်းပြင်နှင့် နင်းရက်စရာ မရှိသော ကော်ဇောကို တအံ့တသြကြည့်ရှုလေ၏ ။

ဦးရွှေဘသည် ခမ်းနားထည်ဝါသော ဧည့်ခန်းကြီးကို တအံ့တသြကြည့်ရှုနေသော လူငယ် လေးကို ကြည့်၍ ရယ်မောလိုက်ပြီး လူငယ်လေးကို လက်ဆွဲခေါ်ကာ ဆိုဖာကြီးပေါ်တွင် ၀င်ထိုင် လေ၏ ။

ဒေါ်မမကြီးနှင့် သူ၏ သား ဂျော်နီသည်လည်း နယ်ပိုင်ဝန်ထောက်မင်းရှေ့တွင် ၀င်ထိုင်လေ ၏ ။

အိမ်စေမိန်းကလေးများ ၏ ပြောဆိုမှု ကြောင့် နယ်ပိုင်ဝန်ထောက်မင်း၏ သမီးနှစ် ယောက် ဖြစ်သော ခင်မမနှင့် တင်မမသည်လည်း ဧည့်ခန်းထဲသို့ ဆင်းလာကြ၏ ။

နယ်ပိုင်ဝန်ထောက်မင်း၏ နံဘေးရှိ အိတ်စက်ညက်ညောသော ထိုင်ခုံကြီးတွင် မ၀ံ့မရဲထိုင် နေသော လူငယ်လေးသည် ပတ်ဝန်းကျင်ရှိ လူများ ကို တစ်ယောက် ပြီး တစ်ယောက် ကြည့်လျက် မ၀ံ့မရဲ ဖြစ်နေပုံရ၏ ။

နယ်ပိုင်ဝန်ထောက်မင်း ဦးရွှေဘသည် သူ့အတွက် အိမ်စေမိန်းကလေး ယူဆောင်လာ သော သံပရာရည်ကို တစ်ငုံသောက်၍

“ဒီကလေးနာမည် က မောင်လသာလို့ခေါ်တယ်၊ တကယ်တော့ ကောင်လေးရဲ့ ဘ၀ဟာ သနားစရာကောင်းပြီး ခိုကိုးရာမဲ့ ဖြစ်နေရှာတယ်၊ မောင်လသာရဲ့ အမေဟာ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့တယ်၊ မောင်လသာရဲ့ အဖေဟာ မဟုတ်မခံစိတ်ဓာတ်ရှိတယ်၊ သူတစ်ပါးအနိုင်ကျင့် တာ မခံနိုင်ဘူး၊ သူ့ဇနီး ရောဂါ ကို ဆေးကုဖို့ ငွေလိုတဲ့အတွက် သူကြီးကတော် ဆီမှာ ပိုက်ဆံချေး တယ်၊ သူကြီးကတော် ဟာ မောင်လသာအဖေ စာမတတ်မှန်းသိတော့ အတိုးတွေ တစ်ရစ်ပြီး တစ်ရစ် ယူခဲ့တယ်၊ နောက်ဆုံးတော့ မောင်လသာရဲ့ အဖေဟာ ကြွေးမဆပ်နိုင်တော့တဲ့အတွက် အပေါင်းအသင်းမှားပြီး ဓားပြဂိုဏ်းထဲကို ရောက်ခဲ့တယ်”

ဟု ပြောလေရာ နယ်ပိုင်ဝန်ထောက်မင်း ဦးရွှေဘ၏ စကားအဆုံးတွင် ဒေါ်မမကြီးက လူငယ်လေးကို အထိတ်တလန့် ကြည့်၍

“ဟင် . . . . ဒါဆိုရင် ဒီကောင်လေးဟာ ဓားပြရဲ့ သားပေါ့၊ ဓားပြ တစ်ယောက် ရဲ့ သားကို ဘာ ဖြစ်လို့ အိမ်ခေါ်လာခဲ့ရတာ လဲ ဒါလင်ရဲ့ ”

ဟု အပြစ်တင်လေရာ မောင်လသာသည် ဒေါ်မမကြီးကို မ၀ံ့မရဲကြည့်၍ ခေါင်းငုံ့လိုက်မိ၏ ။

နယ်ပိုင်ဝန်ထောက်မင်းက ပြုံး၍

“ဓားပြလဲ လူပါပဲကွာ၊ ကြောက်စရာမလိုပါဘူး၊ သူတို့မှာ စားဝတ်နေရေး ခက်ခဲလွန်းလို့ ကြံမိကြံရာ ကြံပြီး ဓားပြ ဖြစ်သွားကြတာပါ၊ နောက်ဆုံးတော့ လယ်ပိုင်ရှင် တစ်ယောက် ရဲ့ အိမ်ကို ဓားပြတိုက်ရင်း ဝေစုခွဲရာက ပြဿနာပေါ်ပြီး ဓားပြအဖွဲ့ထဲက မကျေနပ်တဲ့ တစ်ယောက် က ပုလိပ် ကို သတင်းပေးခဲ့တယ်။ ဒါကြောင့် ရွာတွေ ကို လှည့်ဖမ်းတော့ တိုက်ရာပါပစ္စည်းတွေ နဲ့အတူ သူတို့ အားလုံးကို ဖမ်းမိခဲ့တယ်၊ ဒီအခါမှာ ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မောင်လသာလေးဟာ သူ့အဖေနောက်ကို တစ်ကောက်ကောက်လိုက်နေခဲ့ရတယ်၊ ရွာကလူတွေ ကလဲ ဓားပြရဲ့ သားဆိုပြီး ဘယ်သူမှ မမွေး ချင်ကြဘူး၊ ဒါကြောင့် မောင်လသာဟာ သူ့အဖေကို ပုလိပ်ဖမ်းမိတဲ့အချိန်ကစပြီး မြို့ကိုလိုက်ပြီး ကြုံရာကျပန်း အလုပ်လုပ်တယ်၊ မောင်လသာတို့ သားအဖရဲ့ အကြောင်းကို ဂတ်တဲက ပုလိပ်တွေ တောင် ကရုဏာသက်ကြတယ်။ ကိုကိုတို့ နယ်ပိုင်ဝန်ထောက်ရုံးက စာရေး စာချီတွေ ကအစ မောင် လာသာကို သိနေပြီ၊ ဒီနေ့ မောင်လသာဖခင်ရဲ့ အမှု ကို ကိုကိုပဲ စီရင်ချက်ချရတယ်၊ သူတို့အဖွဲ့ကို ပြစ်မှု ထင်ရှားတဲ့အတွက် ထောင်ဒဏ် ငါးနှစ် အပြစ်ဒဏ်ချခဲ့တယ်”

နယ်ပိုင်ဝန်ထောက်မင်းသည် ပြောရင်း မောင်လာသာကို လှမ်းကြည့်လိုက်ရာ ခေါင်းငုံ့၍ ကြမ်းပြင်ကို တွေ တွေ ကြီး စိုက်ကြည့်နေကြောင်း တွေ့ ရလေ၏ ။

မောင်လသာသည် ဖခင်၏ အ ဖြစ်ကို တွေးတောရင်း ၀မ်းနည်းအားငယ်နေဟန်ရှိ၏ ။

ဒေါ်မမကြီးသည် မောင်လသာကို မနှစ် မြို့ဟန်ဖြင့် ကြည့်၍

“ဒါနဲ့ပဲ ဒါလင်က ကလေက၀ကောင်လေးကို အိမ်ကိုခေါ်လာတယ်ပေါ့။ မာလီအလုပ်ခိုင်း ရင်လဲ ဒီပြင်လူတွေ အများ ကြီးရှိပါတယ် ဒါလင်ရယ်၊ ဓားပြမှု နဲ့ ထောင်ကျနေတဲ့ တရားခံရဲ့ သားကို အိမ်မှာ ခေါ်ထားလို့ မသင့်ပါဘူး၊ သားလေးဂျော်နီဆိုရင် သူနဲ့ရွယ်တူလောက်ပဲရှိမယ်၊ ဂျော်နီရဲ့ အကျင့်စာရိတ္တ ပျက်ပြားနိုင်တယ် ဒါလင်”

ဟု ပြောလေရာ မောင်လသာကို မာလီလုပ်ခိုင်းဖို့ ခေါ်လာတာ မဟုတ်ဘူးကွ၊ သူ့ကိုကြီး ပြင်းအောင် ထိန်းသိမ်းစောင့်ရှောက်မဲ့သူမရှိလို့ ကိုကိုက မွေးစားမယ်ဆိုပြီး အိမ်ကိုခေါ်လာတာ”

ဟု ပြောလေရာ ဒေါ်မမကြီးသည် ပါးစပ်အဟောင်းသားဖြင့်

“အိုး မိုင်ဂေါ့ဒ်၊ ဒါလင်က ဒီကောင်မျိုးကို မွေးစားမယ်”

ဟု ရေရွတ်လေ၏ ။

မောင်လသာကိုကြည့်၍ နယ်ပိုင်မင်း၏ သမီးနှစ် ယောက် မှာ လည်း မျက်နှာကိုရှုံ့မဲ့၍

“ဗဲရီး ဒက်တီး၊ သိပ်ညစ်ပတ်တယ်”

ဟု ရေရွတ်လေ၏ ။ ဂျော်နီက ဖခင်၏ စကားဆုံးသည်နှင့်

“ဒယ်ဒီ ဒီကောင်ကို မွေးစားရင် ဒီကောင်က သားတို့နဲ့ ညီအစ်ကိုတော် မှာ ပေါ့၊ မ ဖြစ်ပါဘူး ဗျာ။ ဒီလိုအောက်တန်းစားကောင်မျိုးနဲ့ ညီအစ်ကိုတော် ရင် သားရဲ့ သိက္ခာတွေ ကျဆင်းသွားလိမ့် မယ်”

ဟု ၀င်ရောက်၍ ကန့်ကွက်စကားပြောလေ၏ ။

ဝန်ထောက် ဦးရွှေဘကမူ သက်ပြင်းကိုချ၍

“ငါ့သားတို့ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ပဲကွယ်၊ သူတစ်ပါး ဒုက္ခရောက်ပြီး အခက်အခဲ နဲ့ ကြုံနေတုန်း တတ်စွမ်းသမျှ အကူအညီပေးရတာ ဟာ တရားတော် နဲ့လဲ ညီညွတ်ပါတယ်ကွာ၊ နောက်ပြီးတော့ မောင်လသာရဲ့ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေ ကို ဒယ်ဒီလေ့လာနေတာကြာပြီ၊ သူဟာ ဆိုးသွမ်းပြီး အောက်တန်းကျမဲ့ လူစားမျိုးမဟုတ်ဘူး”

ဟု ပြောလေ၏ ။

ဒေါ်မမကြီးက ခေါင်းကိုခါယမ်း၍

“အို . . . . ဒါလင်၊ ဘာပဲပြောပြော၊ ဆွိတီ ကတော့ ဒီကောင်လေးနဲ့ ဆွိတီတို့အိမ်နဲ့ ဖြစ်မယ် မထင်ဘူး။ ဒါလင်ဟာလေ မယား တစ်ယောက် လုံးရှိတာကို သတိရစမ်းပါဦး၊ ဆွိတီကိုကြိုပြီး တိုင်ပင်ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး”

ဟု အပြစ်တင်လေ၏ ။ ဦးရွှေဘက သက်ပြင်းချ၍

“မင်းကို တိုင်ပင်ရင် ဒီအစီအစဉ်ကို သဘောမတူဘဲ ဖျက်ဆီးမှာ စိုးလို့ ပြီးမှ အသိပေးတာရ တာပဲ၊ ဘာပဲ ဖြစ် ဖြစ် ဒီအချိန်ရောက်မှ နောက်ဆုတ်လို့ မ ဖြစ်တော့ဘူး”

ဟု ပြောလေရာ ဒေါ်မမကြီးက မကျေမနပ်ဖြင့်

“ဘာလို့ မ ဖြစ်နိုင်ရမှာ လဲ ဒါလင်ရဲ့ ”

ဟု မေးပြန်လေ၏ ။ နယ်ပိုင်မင်းက

“ဒီကောင်လေးကို ကိုကိုမွေးစားမယ်ဆိုတာ နယ်ပိုင်ရုံးတစ်ရုံးလုံး အသိပေးပြီးပြီ၊ အခုလို အခြေအနေရောက်မှ ကိုကို့ အစီအစဉ်ကို ဖျက်ရမယ်ဆိုရင် ကိုကိုဘာ ဖြစ်သွားမလဲ၊ စဉ်းစားကြည့် ပါတော့”

ဟု ပြောလိုက်ရာ ဒေါ်မမကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်ပြီး

“ခက်တော့တာပဲ ဒါလင်ရယ်၊ ဒီကောင်လေးဟာ ဂြိုလ်ကောင်လေးပါပဲ၊ သူအိမ်ပေါ်ရောက် တဲ့နေ့မှာ ပဲ ကျွန်မတို့မိသားစု စိတ်ဆင်းရဲရပြီ”

ဟု ညည်းညူလေရာ ၎င်းတို့၏ စကားများ ကို နားထောင်နေသော မောင်လသာသည် တွန့်ခနဲ ဖြစ်သွားလေ၏ ။

မိမိအတွက်ကြောင့် အေးချမ်းသာယာနေသော မိသားစုကို စိတ်ဆင်းရဲရပြီဆိုပါလား။ မိမိ အတွက်တော့ မည် သူမျှ စိတ်မဆင်းရဲစေချင်ပေ။ ထို့ကြောင့် နယ်ပိုင်ဝန်ထောက်မင်းကို မ၀ံ့မရဲ ကြည့်၍

“ကျွန်တော့်အတွက် ဦးလေးတို့ မိသားစု စိတ်ဆင်းရဲရမယ်ဆိုရင် ကျွန်တော့် ကို အိမ်မှာ ခေါ်မထားပါနဲ့တော့ဗျာ၊ ကျွန်တော် ရွာကိုပဲ ပြန်ပြီး တောက်တိုမယ်ရ လုပ်စားပါ့မယ်”

ဟု ပြောလိုက်လေရာ နယ်ပိုင်ဝန်ထောက်မင်း၏ သား ဂျော်နီက မျက်နှာကိုရှုံ့မဲ့၍

“သွားရင်လဲ မြန်မြန်သွားကွာ၊ မင်းတို့တောသားတွေ မြို့မှာ နေရင်လဲ အချိုးပြေမှာ မဟုတ် ဘူး”

ဟု မောင်းနှင်လေ၏ ။ နယ်ပိုင်ဝန်ထောက်မင်း၏ သမီးကြီး ခင်မမကလည်း

“ဟုတ်တယ်၊ ကိုယ့်အဆင့်အတန်းကိုယ်သိရင် အကောင်းဆုံးပဲ၊ ရွာကိုပဲပြန်ပေတော့”

ဟု ၀င်ရောက်ပြောဆိုလေ၏ ။

နယ်ပိုင် ဦးရွှေဘက သားသမီးများ ၏ စကားကို နားထောင်၍ ခေါင်းကိုခါလိုက်ပြီး

“သားနဲ့သမီး မင်းတို့ ဘယ်လိုပြောလိုက်တာလဲ၊ ဒယ်ဒီလက်နဲ့ ရေး တာကို မင်းတို့က ခြေနဲ့ ဖျက်တယ်ပေါ့၊ လူသားအချင်းချင်း မနှိမ်ရဘူးလို့ ဒယ်ဒီဘယ်နှစ် ခါပြောရမလဲ၊ မောင်လသာကို တောသားလို့ပြောရင် ဒယ်ဒီ့ကို သွယ်ဝိုက်ပြီး စော်ကားသလိုပဲ၊ ဘာ ဖြစ်လို့လဲဆိုတော့ ဒယ်ဒီကိုယ် တိုင်ကလဲ တောသား ဖြစ်နေလို့ပါပဲ၊ တကယ်တော့ မြို့သားတောသားရယ်လို့ နှိမ်ချလို့ရတဲ့အချိန် မဟုတ်တော့ဘူး၊ တောကလူကလဲ အရည်အချင်းရှိလို့ ကြိုးစားမယ်ဆိုရင် အောင်မြင်ကြီးပွားနိုင် တာပဲ၊ ဒါကြောင့် မောင်လသာကို ဒယ်ဒီတို့အိမ်မှာ ပဲ ထားဖို့ ဆုံးဖြတ်လိုက်ပြီ၊ သားနဲ့သမီးတွေ က မောင်လသာကို ဆွေမျိုး အရင်းအခြာလို သဘောထားပြီး ၀ိုင်းဝန်းစောင့်ရှောက်ပေးကြပါ”

ဟု ပြောရင်း အနီးတွင် ရပ်နေသော အစေခံများ ဘက်ကို လှည့်ကာ

မောင်လသာအတွက် အခန်းတစ်ခန်းစီစဉ်ပေးလိုက် ဟေ့၊ မောင်လသာ သူတို့နဲ့လိုက်သွား၊ ဒီအိမ်မှာ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး အေးအေးချမ်းချမ်း နေနိုင်တယ်”

ဟု ပြောလိုက်ရာ အစေခံနှစ် ဦးသည် မောင်လသာ၏ လက်ကိုဆွဲ၍ အိမ်၏ အောက်ထပ်ရှိ အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားလေ၏ ။

ဒေါ်မမကြီးသည် နယ်ပိုင်ဝန်ထောက်မင်းကို ပြောမရသဖြင့် ခေါင်းကိုခါယမ်းလိုက်ပြီး

“ဒါလင် ကတော့ ခက်ပါတယ်၊ ဒီနေ့ကစပြီး ကျွန်မတို့အိမ်မှာ မီးခဲတစ်ခဲကို တင်ပေးလိုက် သလိုပါပဲ”

ဟု အပြစ်တင်လေ၏ ။

နယ်ပိုင်ဝန်ထောက်မင်းသည် မယား ဖြစ်သူကို စကားမတုံ့ပြန်တော့ဘဲ ဆိတ်ဆိတ်သာ နေလိုက်လေတော့၏ ။

ဝန်ထောက်မင်းသည် လွန်ခဲ့သော နှစ် ပေါင်းများ စွာ က အညာမြေတွင် နေထိုင်ခဲ့စဉ်က ကလေးဘ၀ကို ပြန်လည်သတိရလိုက်၏ ။

သူ၏ မိဘနှစ် ပါးသည် ဆင်းရဲနွမ်းပါးသော်လည် ရွာဦးကျောင်း၌ ပညာသင်ကြားပြီး ဉာဏ်ရည်ဉာဏ်တွေးကောင်းလှသော သားကလေးကို မြို့ကျောင်းသို့ ပို့၍ ပညာသင်ကြားလိုလှ၏ ။

သို့ သော် ၎င်းတို့မိသားစု၏ ၀င်ငွေမှာ နည်းပါးလွန်းသဖြင့် ပညာသင်ကြားရန် အခက်အခဲ ရှိသည်နှင့် ရွာရှိ ငွေကြေးတတ်နိုင်သော ဆွေမျိုးများ ထံတွင် အကူအညီတောင်းရ၏ ။

ထိုအခါ ငွေကြေးချမ်းသာသော ဆွေမျိုးများ က ၀ိုင်းဝန်းကန့်ကွက်ကြပုံကို သတိရ၏ ။

လယ်ပိုင်ရှင်ကြီးတော် ကြီးတစ်ဦးက

“တောသား တောမှာ ပဲနေစမ်းပါ၊ မြို့တက်ပြီး လူတွင် ကျယ်မလုပ်စမ်းပါနဲ့၊ တောပြောင်းတဲ့ ကျားဟာ ဘယ်တော့မှ သက်ဆိုးမရှည်ဘူး၊ ရွာမှာ နေပြီး လယ်ကလေး ကိုင်းကလေးကြိုးစားလုပ်၊ အချိန်တန်ရင် စီးပွား ဖြစ်လာမှာ ပဲ၊ ဘုရားပေးသလောက်တော့ ရမှာ ပါတော် ၊ ငါတို့ ကတော့ မြို့ကို တက်ပြီး ပညာသင်ဖို့အားမပေးဘူး၊ မြို့ကျောင်းမှာ သွားထားပြီး ပျက်စီးတယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား”

ဟု ကန့်ကွက်ခဲ့ဖူးလေ၏ ။ ကြီးတော် ကြီး၏ စကားကြောင့် အခြားငွေကြေးတတ်နိုင်သော ဆွေမျိုးများ လည်း နောက်တွန့်ကုန်လေတော့၏ ။

မိခင်နှင့် ဖခင်သည် ဆွေမျိုးများ ၏ အကူအညီကိုမရသဖြင့် ၀မ်းပန်းတနည်း ပြန်လာခဲ့ရ၏ ။

ဖခင်သည် မိမိ၏ ပညာရေအတွက် ရတက်မအေးကာ သုံးရက်တိတိ အစာမစားဘဲ နေလေ၏ ။

ထိုအခါမှပင် စိတ်သဘောကောင်းသော ဆွေမျိုးတစ်စုရောက်လာပြီး ဖခင်ကို ကရုဏာ သက်ကာ မြို့ကျောင်းတွင် နေထိုင်ရန် ပညာသင်စရိတ်ကို ၀ိုင်းဝန်းထောက်ပံ့ကြလေ၏ ။

သူသည် နယ်ပိုင်ဝန်ထောက်မင်းဘ၀ကို ရောက်အောင် ကျားကုန်ကျားခဲ ကြိုးစားခဲ့ရ၏ ။

မြို့ပေါ်ရှိ လူကုံထံကျောင်းသားများ နှင့် ယှဉ်ပြိုင်ကြိုးစားကာ အောင်မြင်မှု များ ရအောင် တည်ဆောက်ခဲ့ရ၏ ။

ယခုကဲ့သို့ နယ်ပိုင်ဝန်ထောက်မင်းဘ၀သို့ ရောက်သော အခါ ကျေးဇူးပြုထိုက်သူများ ကို ယနေ့ထက်တိုင် ကျေးဇူးပြုနေဆဲ ဖြစ်၏ ။

သူသည် မောင်လသာ၏ ဘ၀ကို မြင်တွေ့ သည့်အချိန်မှစ၍ မိမိငယ်စဉ်က နေထိုင်ခဲ့သော ဘ၀ကို သတိရကာ စာနာနားလည်စိတ်ဖြင့် အကူအညီပေးရန် ကြိုးစားခဲ့ခြင်း ဖြစ်၏ ။

မောင်လသာသည် အရည်အချင်းရှိသော ကလေး တစ်ယောက် ဖြစ်မည် ဟု ယုံကြည်နေမိ ၏ ။ မည် သို့ ပင် ဖြစ်စေ ဆင်းရဲနွမ်းပါး၍ ခိုကိုးရာမဲ့ ဖြစ်နေသော ကလေး တစ်ယောက် ကို သူ ကယ်တင်နိုင်ခဲ့ပြီဟု တွေးတောပီတိ ဖြစ်နေလေတော့၏ ။

* * * * *


အခန်း (၂)

နယ်ပိုင်မင်း၏ မိသားစုသည် သူ၏ ကျေးဇူးရှင် ဖြစ်၏

ဖခင်ထောင်ကျ၍ ခိုကိုးရာမဲ့ ဖြစ်နေသော မိမိအားခေါ်ယူမွေးစားထားခဲ့၏ ။

လသာသည် အစေခံနှစ် ဦး ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားပြီး သူ့အတွက်ပေးသော အခန်းထဲသို့ ၀င်ခဲ့လေ၏ ။

အခန်းအတွင်း တစ်ယောက် အိပ်ခုတင်တစ်လုံးနှင့် ဗီရို၊ မှန်တင်ခုံ၊ စာကြည့်စားပွဲတို့ ရှိလေ ၏ ။

လသာကဲ့သို့ ဆင်းရဲနွမ်းပါးသူ တစ်ယောက် အတွက် အခန်းမှာ လိုသည်ထက်ပင် ပို၍ ခမ်းနားနေလေ၏ ။

လသာသည် ခုတင်ဆီသို့ သွားကြည့်လိုက်ရာ မွေ့ရာကို လက်ဖြင့် ဖိကာ ကြည့်လေ၏ ။

သူ့တစ်သက်တွင် မွေ့ရာ၌ မအိပ်စက်ခဲ့ဘူးပေ။

လသာသည် မွေ့ရာပေါ်သို့ လှဲချလိုက်ရာ အိစက်ညက်ညောသော အထိအတွေ့ ကြောင့် သူဌေးများ ၏ ဘ၀သည် စည်းစိမ်ရှိလှသည်ဟု တွေးမိလိုက်၏ ။

ထိုအခိုက်မှာ ပင် ထောင်ဒဏ်ငါးနှစ် ကျခံရသော ဖခင်၏ အ ဖြစ်ကို မြင်ယောင်ကြည့်ရင်း စိတ် မကောင်း ဖြစ်မိ၏ ။

ဖခင်သည် ငွေကြေးရလိုမှု ကြောင့် ကြိုးစားရှာဖွေရင်း လူရမ်းကားများ နှင့် ပေါင်းသင်းမိကာ ဓားပြတစ်ဦး ဖြစ်ခဲ့ရ၏ ။

ဖခင်ရွာမှ မကြာခဏ ခရီးထွက်သွားခြင်းကို ကုန်ကူးသန်းရောင်းဝယ်နေသည်ဟုသာ ထင်မြင်ခဲ့၏ ။

ခရီးထွက်ရာမှ ပြန်လာသော အခါ ဖခင်၌ သုံးစွဲစရာ ပိုက်ဆံအတော် အသင့် ပါလာမှန်း တွေ့ ခဲ့၏ ။ ထိုစဉ်ကပင် ရွာသူရွာသားများ သံသယမ ဖြစ်ဘဲ ဖခင်ကို ကုန်သည်အလုပ်လုပ်ကိုင်နေ သည်ဟု ယူဆကြ၏ ။

ဖခင်ကို ဓားပြမှု နှင့် ပုလိပ်များ ဖမ်းဆီးသွားသော အခါ တစ်ရွာလုံးက ၀ိုင်းဝန်းအပြစ်တင်ကြ ၏ ။ ဖခင်၏ အပြုအမူကို ရှုတ်ချကြ၏ ။

ဖခင်မရှိ၍ ခိုကိုးရာမဲ့နေသော လသာကိုပင်

“ဓားပြရဲ့ သားကိုတော့ မမွေးရဲပေါင်၊ တော် ကြာ အသက်ကြီးလာရင် မိဘရဲ့ ဗီဇ၀င်လာပြီး ဓားပြလုပ်နေရင် ရာဇ၀တ်သင့်နေမယ်”

ဟု ပြောဆိုကြလေ၏ ။ တစ်ရွာလုံး၏ ပြစ်တင်ရှုတ်ချမှု များ ကို ရင်ဆိုင်ရင်း ဖခင်နောက်သို့ လိုက်ကာ လိုအပ်သော အကူအညီများ ကို ပေးကမ်းခဲ့လေ၏ ။

ဖခင် အချုပ်ကျနေစဉ် ကူညီနိုင်ရန် မြို့ပေါ်ရှိ ဆိုင်တကာလည်၍ အလုပ်ကိုတောင်းကာ အရွယ်နှင့် မမျှအောင် ပင်ပင်ပန်းပန်း လုပ်ခဲ့ရ၏ ။

သူ၏ လုပ်ခငွေကြေးလေးရရှိလျှင် ဖခင်အတွက် ကောင်းနိုးရာရာလေးများ ကို ၀ယ်ကာ အချုပ်တွင်းသို့ ပို့ပေးရ၏ ။

ပုလိပ်များ ကျေနပ်အောင်လည်း ပိုလိုစီးကရက်၊ လက်ဖက်ရည်စသည်ဖြင့် ကျွေးမွေးရလေ ၏ ။

ဖခင်သည် ဓားပြမှု နှင့် ထောင်ကျမှာ ကျိန်းသေနေသဖြင့် လသာအတွက် များ စွာ ရတက် မအေးး ဖြစ်နေရှာ၏ ။

လသာကမူ ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်၍ မိမိဘ၀ကို ရပ်တည်နိုင်မည် ဟု တွေးတော မိ၍ ပူပင်သော ကမ ဖြစ်ခဲ့ပေ။

စီရင်ချက်ချမည့် ရက် နီးကပ်လေ၊ ဖခင်၏ မျက်နှာ မသာမယာ ဖြစ်လေ ဖြစ်မှန်း သတိပြုမိ ၏ ။

ဖခင်သည် ၄င်း၏ အမှု အတွက် ပူပင်ခြင်းမရှိဘဲ လသာအတွက် ပူပင်နေရှာ၏ ။

ယခုတော့ စိတ်သဘောထား ကောင်းမွန်သော နယ်ပိုင်ဝန်ထောက်မင်းက မိမိကို ကောင်း မွန်စွာ မွေးစားမည် ဆိုသော အခါ ဖခင်သည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့၏ ။

နယ်ပိုင်ဝန်ထောက်မင်းကို ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြော၍

“သားအတွက် စိတ်အေး သွားပါပြီ ခင်ဗျာ၊ ကျွန်တော့်အမှု က ကွင်းလုံးကျွတ် လွတ်သွားရင် တောင် ဒီလောက် ၀မ်းသာမယ်မထင်ပါဘူး”

ဟု ပြောရှာ၏ ။ လသာကိုလည်း နယ်ပိုင်ဝန်ထောက်မင်း၏ ကျွေးမွေးစောင့်ရှောက်မှု အောက်တွင် ကောင်းမွန်စွာ နေထိုင်ရန် ပြောဆိုရှာ၏ ။

နယ်ပိုင်ဝန်ထောက်မင်းက လသာကို ကျောင်းထားပေးမည် ဆိုသော အခါ ဖခင်သည် ၀မ်းသာလွန်း၍ ၀န်ထောက်မင်းကို ထိုင်ရှိခိုးမတတ် ဖြစ်ခဲ့၏ ။

နယ်ပိုင်ဝန်ထောက်မင်း၏ ကြီးမားထည်ဝါသော အိမ်ကြီးသို့ ရောက်သော အခါ၌ ၀န်ထောက်မင်း၏ မိသားစုက မိမိအား မကြည်ဖြူကြောင်း ၀ိုင်းဝန်းပြောဆိုကြ၏ ။

လသာသည် ၀န်ထောက်မင်း မိသားစုကို အပြစ်တင်လိုခြင်း မရှိတော့ပေ။

အဘယ်ကြောင့် ဆိုသော် သူ၏ ဇာတိရပ်မြေရှိ ရွာသူရွာသားအပေါင်းကပင် ဓားပြတစ် ယောက် ၏ သားကို ကျွေးမွေးပြုစုရန် ကြည်ဖြူခြင်းမရှိပေ။ နယ်ပိုင်ဝန်ထောက်မင်း၏ အိမ်တွင် နေထိုင်စဉ် စိတ်ဆင်းရဲစရာများ ကြုံတွေ့ ရနိုင်ကြောင်း ရိပ်စားမိ၏ ။

မည် သို့ ဆိုစေ သူ၏ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲခဲ့ပေပြီ။

ယနေ့မှစ၍ ဘ၀သစ်ကို ကြိုးစားရင်ဆိုင်ရတော့မည် ဟု ဆုံးဖြတ်လိုက်လေတော့၏ ။

လသာသည် ခုတင်ကြီးပေါ်တွင် လှဲ၍ ရောက်တတ်ရာရာ တွေးတောရင်း တစ်ခဏမျှ အိပ် ပျော်သွားလေ၏ ။ လသာ အိပ်ရာမှ နိုးသော အခါ ညမှော င်ရီသန်းစပင် ပြုနေလေ၏ ။

လသာသည် ခုတက်ပေါ်မှ ထထိုင်၍ ပြတင်းပေါက်အနီးသို့ လျှောက်သွားလေ၏ ။ ပြတင်း ပေါက်ကိုဖွင့်၍ ခန်းဆီးများ ကို ဖယ်ရှားလိုက်သော အခါ ခြံကြီးသည် အတော် ပင်ကျယ်ဝန်းကြောင်း တွေ့ ရ၏ ။

ခြံတွင်းရှိ သရက်၊ ပိန္နဲ၊ မာလကာ စသော သီးပင်စားပင်များ ကို တွေ့ လိုက်ရသဖြင့် တောသားပီပီ သဘောကျသွားလေ၏ ။

နောင်ဆိုလျှင် ထိုအပင်များ မှ သီးပင် စားပင်များ သည် သူ့အတွက် စားသောက်ဖွယ်ရာများ ဖြစ်ရပေမည် ။

ဤမျှကျယ်ဝန်းသော ခြံကျယ်ကြီးတွင် လေးဂွတစ်လက်ဖြင့် ငှက်ပစ်ရလျှင် မည် မျှ ကောင်းမည် နည်းဟု တွေးတောမိပြန်၏ ။

ရွာမှာ နေထိုင်စဉ် လေးဂွတစ်လက်ဖြင့် ပစ်ခတ်ရရှိသော ငှက်များ ကို မီးဖုတ်စား၊ ကင်းစားခဲ့ ပုံကို သတိရ၏ ။

လသာသည် ပြတင်းပေါက်မှ ခေါင်းကိုထုတ်၍ ခြံကြီး၏ အနောက်ကို ကြည့်လေရာ ခြံကို ပတ်၍ စီးဆင်းနေသော စမ်းချောင်းတစ်ခုကို တွေ့ ရသဖြင့် ပျော်ရွှင်သွားပြန်၏ ။

ပူအိုက်သော နွေရာသီ၌ စမ်းချောင်း၌ ရေကူးရလျှင် မည် မျှကောင်းမည် နည်း။

ရွာတွင် နေထိုင်စဉ် ရွာနှင့် တစ်မိုင်ခန့်ဝေးသော စမ်းချောင်းထဲတွင် ရေကူးပြိုင်ခဲ့ပုံကို သတိရ ၏ ။

ယခုတော့ မိမိ၌ ပြိုင်ဘက်မရှိသော်လည်း စမ်းချောင်းထဲတွင် တစ်ယောက် တည်း ရေကူး နိုင်၏ ။

ဤအိမ်ကြီးသည် ရွာ၏ အရိပ်အငွေ့များ နှင့် မကင်းကွာသော ကြောင့် အတန်ငယ် သဘော ကျသွားလေ၏ ။

နယ်ပိုင်ဝန်ထောက်မင်း၏ မိသားစုက မိမိကို မည် မျှပင် ဆူပူစေကာမူ နားမခံနိုင်သည့်အခါ ခြံထဲသို့ ဆင်း၍ မာလကာသီး၊ သရက်သီးများ ကို ခူးဆွတ်စားသောက်မည် ။

မြင့်မားသော အပင်ကြီးများ ပေါ်တက်၍ ငှက်ဥနှိုက်မည် ။

ရွာတွင် နေထိုင်ခဲ့စဉ်က ငှက်ဥကို အစိမ်းလိုက်မော့သောက်ခဲ့ပုံကို သတိရပြန်၏ ။

ငှက်ဥ၏ အီစိမ့်သော အရသာကို သူ အလွန်နှစ်သက် ၏ ။

လသာသည် ခြံ၏ တစ်ဖက်ရှုခင်းကို မမြင်နိုင်တော့သဖြင့် နောင်ရက်မျာကမှ ခြံထဲသို့ ဆင်း၍ ကြည့်မည် ဟု ဆုံးဖြတ်၏ ။

ထိုအခိုက်မှာ ပင် တံခါးခေါက်သံကို ကြားရသဖြင့် ချက်ဖွင့်ပေးလိုက် သော အခါ အစေခံ မိန်းမကို မြင်ရပြီး သူမက

“ကောင်လေး၊ ရေချိုးရအောင် ငါ့နောက်လိုက်ခဲ့ပါ”

ဟု ပြောသဖြင့် လသာသည် ပုဆိုးဟောင်းလေးများ ကို လွယ်အိတ်ထဲမှထုတ်၍ သူမ အနောက်မှ လိုက်ခဲ့လေ၏ ။

အိမ်ကြီး၏ အောက်ထပ်ထောင့်ဆုံးတွင် ရေချိုးခန်းရှိပြီး လွန်စွာ ကြီးမားသော အုတ်ကန် ကြီးတွင် ရေအပြည့်ရှိနေကြောင်း တွေ့ ရလေ၏ ။

ရွာမှဆိုလျှင် ရေတစ်ပုံးရဖို့ ရွာဦးကျောင်းဝင်းက ရေတွင်းကို သွားရ၏ ။

လသာသည် အုတ်ကန်နှင့် အပြည့် ရေများ ကို ဖောဖောသီသီ တွေ့ ရသဖြင့် အားပါးတရ ရေချိုးနေမိ၏ ။

ခဏကြာလျှင် အစေခံမိန်းမ ရောက်လာပြန်ပြီး

“ရေချိုးပြီးရင် ဒါနဲ့ ကိုယ်ကို သုတ်”

ဟုဆိုကာ မျက်နှာသုတ်ပ၀ါကို ပေးလေ၏ ။ လသာသည် ရွာမှာ နေထိုင်စဉ် ပုဆိုးဟောင်းနှင့် ပင် သုတ်လေ့ရှိသဖြင့် မျက်နှာသုတ်ပ၀ါဖြင့် ကိုယ်ကိုသုတ်ရန် နှမြောသလို ဖြစ်မိ၏ ။

သို့ သော် အစေခံမ၏ စကားကို မလွန်ဆန်ဝံ့၍ မျက်နှာသုတ်ပ၀ါဖြင့် ပင် ကိုယ်ကိုသုတ်ရ လေ၏ ။

ရေချိုးပြီးသော အခါ အစေခံ မိန်းမက

“အ၀တ်လဲပြီး စောင့်နေ၊ ခဏကြာရင် ထမင်းစားဖို့ လာခေါ်မယ်”

ဟု ပြောလေ၏ ။ လသာသည် အခန်းသို့ ပြန်၍ မိမိ၌ ရှိသော အကောင်းဆုံးအ၀တ်အစား များ ကို ထုတ်ယူ၍ ၀တ်ဆင်ရလေ၏ ။

ထမင်းဝိုင်းတွင် နယ်ပိုင်ဝန်ထောက်မင်း၏ မိသားစုနှင့် တွေ့ ကြုံရမည် ဟု တွေးကာ စိုးရွံ့ နေမိ၏ ။

ခဏကြာလျှင် အိမ်စေမိန်းမရောက်လာပြီး လသာကို ထမင်းစားခန်းသို့ ခေါ်ဆောင်သွား၏ ။

ထမင်းစားခန်းတွင် နယ်ပိုင်ဝန်ထောက်မင်း မိသားစုကို စုံစုံညီညီ တွေ့ ရ၏ ။ ၀န်ထောက် ကတော် ကြီးသည် လသာကိုကြည့်၍ မျက်နှာကို ရှုံ့မဲ့လိုက်၏ ။ ၀န်ထောက်၏ သားသမီးများ က လည်း မကြည်ဖြူဟန်ဖြင့် ကြည့်ရှုကြလေ၏ ။

နယ်ပိုင်ဝန်ထောက်မင်းကမူ နှစ် လိုဖွယ်ပြုံးပြ၍

“လာဟေ့ မောင်လသာ၊ ကိုယ့်အိမ်လို သဘောထားပြီး အားရပါးရသာ စားပေတော့၊ ဒီအချိန်ဆိုရင် မင်းဗိုက်ဆာနေလောက်ပြီ”

ဟု ဖိတ်ခေါ်လေ၏ ။ ထမင်းစားပွဲဝိုင်းကြီးတွင် ဟင်းမျိုးစုံလင်စွာ တွေ့ ရသဖြင့် ရွာရှိ ဘုန်းကြီးပွဲနှင့် တူသည်ဟု တွေးမိလေ၏ ။

လသာသည် ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်လိုက်ပြီး သူ့ရှေ့ပန်းကန်ပြားကို ငုံ့ကြည့် လိုက်ရာ ခရင်းနှင့် ဇွန်းကို မြင်သဖြင့် တွန့်ဆုတ်သွားမိ၏ ။

သူ့တစ်သက်တွင် ခရင်းနှင့် ဇွန်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏ ။

နယ်ပိုင်ဝန်ထောက်မင်းက ပန်းကန်ထဲသို့ ကြက်သားတုံးတစ်တုံး ခပ်ထည့်ပေးလေရာ ၄င်း၏ သားသမီးများ က မနှစ် မြို့ဟန်ဖြင့် ကြည့်လိုက်လေ၏ ။ လသာသည် ခရင်းနှင့် ဇွန်းကို ကြိုးစားကိုင်၍ ထမင်းများ ကို စားသောက်နေမိ၏ ။

ကြက်သားတုံးကိုမူ ဖဲ့ရန် မတတ်နိုင်သဖြင့် နယ်ပိုင်မိသားစု စားသောက်ပုံကို တိတ်တခိုး ကြည့်ရှု၍ ကြက်သားတုံးကို ခရင်းနှင့် ထိုးကာ ဇွန်းနှင့် ဖဲ့ရန် ကြိုးစားလေ၏ ။

သို့ သော် အလေ့အကျင့်မရှိသဖြင့် ကြက်သားတုံးသည် ပန်းကန်ထဲမှ ချော်ထွက်လုမတတ် ဖြစ်နေလေ၏ ။

နယ်ပိုင်ကြီးက လသာ၏ အခက်အခဲကို ကြည့်၍ ရယ်မောကာ

“ဟား ဟား ဟား . . . . လသာက ခရင်းနဲ့ဇွန်းကို စားလေ့မရှိသေးဘူး၊ လေလောဆယ် လက်နဲ့ပဲ စားဟေ့၊ သူ့အတွက် လက်ဆေးဇလုံ ယူလာပေးကွာ”

ဟု ပြောလိုက်လေ၏ ။ အိမ်စေ မိန်းမပျိုများ က လက်ဆေးဇလုံကို ယူလာသော အခါမှပင် လသာသက ထမင်းဟင်းများ ကို လက်နှင့် အားရပါးရ စားသောက်နိုင်ရှာ၏ ။

လသာသည် ပန်းကန်ထဲရှိ ထမင်းများ ကို လက်ဖြင့် နယ်၍ မြိန်ရှက်စွာ စားသောက်နေပုံကို ကြည့်၍ ဒေါ်မမကြီးက မျက်နှာရှုံ့မဲ့၍ နယ်ပိုင်မင်းဘက်သို့ လှည့်ကာ

“ဗဲရီးဒတ်တီး”

ဟု ပြောလေ၏ ။ နယ်ပိုင်မင်းသည် ဒေါ်မမကြီးကို စကားမတုံ့ပြန်တော့ဘဲ ငယ်စဉ်က ရွာမှာ နေထိုင်စဉ် စားသောက်ခဲ့ပုံများ ကို ပြန်လည်သတိရနေမိ၏ ။

ထို့ကြောင့် လသာအ ဖြစ်ကို စာနာနားလည်စိတ်ဖြင့် ပန်းကန်ထဲသို့ ဟင်းများ ခပ်ထည့် ပေးကာ

“လသာ၊ စားကွ၊ ဦးလေးက ထမင်းကို မြိန်မြိန်ရှက်ရှက် စားမှ သဘောကျတယ်”

ဟု ပြောလေ၏ ။

လသာသည် တောသားပီပီ ဟန်ဆောင်ပန်ဆောင် မစားတတ်ဘဲ ဗိုက်ထဲတွင် ဆာလောင် နေသဖြင့် ထမင်းပန်းတစ်ပန်ကန် ကုန်လေ၏ ။

နယ်ပိုင်ဝန်ထောက်မင်းက အုပ်ဆောင်းထဲမှ ထမင်းများ ထပ်ထည့်ခိုင်းသဖြင့် စားသောက် ရပြန်၏ ။

လသာ၏ အစားကြီးပုံကိုကြည့်၍ နယ်ပိုင်မင်း၏ သမီးနှစ် ယောက် ဖြစ်သော ခင်မမနှင့် တင်မမက မျက်နှာရှုံ့မဲ့၍

“အငတ်တိုင်းပြည်က လာသလားမသိဘူး၊ အကောင်ငယ်ငယ်နဲ့ ဒီလောက်အစားကြီးတာ ဒီတစ်ခါပဲ တွေ့ ဖူးသေးတယ်၊ ဒါကြောင့် ဆင်းရဲသား ဖြစ်နေတာ”

ဟု တီးတိုးပြောလေရာ ၄င်းတို့၏ စကားကို ကြားယောင်မိသော လသာသည် ထမင်း ဆက်စားရန် ရှက်ရွံ့သွားလေ၏ ။

နယ်ပိုင်မိသားစုသည် ဟင်းမျိုးစုံ ခင်းကျင်း၍ တို့ကနန်း ဆိတ်ကနန်း စားသောက်နေခြင်း ကို အားမရနိုင်ဘဲ ဖြစ်မိ၏ ။

၎င်းတို့ မိသားစုကို သူတို့ရွာအလှူပွဲသို့ ဖိတ်ခေါ်ပြီး ပြသလိုလှ၏ ။

ရွာသူရွာသားများ သည် ထမင်းစားရုံကြီးထဲသို့ အလုအယက်တိုးဝင်ကြပြီး မြိန်ရှက်စွာ စားသောက်ကြပုံမှာ အလှူရှင်ဒါနမြောက်ပြီး အားရစရာ ကောင်းလွန်းလှ၏ ။

လသာသည် ထမင်းသုံးပန်းကန်မျှ စားသောက်သော်လည်း နယ်ပိုင်မင်း မိသားစုထက် ဦးစွာ စားသောက်ပြီးစီးလေ၏ ။

နယ်ပိုင်မင်း မိသားစု စားသောက်ပြီးစီးသော အခါ အစေခံများ သည် ထမင်းဟင်းများ ကို သိမ်းဆည်း၍ စားပွဲပေါ်သို့ ငှက်ပျောသီး၊ သရက်သီးစသော အသီးအနှံများ နှင့် ကိတ်မုန့်၊ ဘီစကစ် မုန့်များ ကို အချိုတည်းရန် ယူဆောင်လာလေ၏ ။

လသာသည် ၎င်းတို့မိသားစု၏ စားသောက်ပုံကိုကြည့်၍ ချမ်းသာသော သူများ သည် အစား အသောက် ကိစ္စနှင့် ပတ်သက်၍ များ စွာ ဖြုန်းတီးတတ်ကြောင်း သတိပြုမိလေ၏ ။

နယ်ပိုင်မင်းသည် ရေနွေးကြမ်းကို တစ်ငုံမျှသောက်၍ ကိတ်မုန့်ကို စားလေ၏ ။

လသာ၏ လက်ထဲသို့ လည်း ကိတ်မုန့်တစ်ချပ်ကို ပေးလေ၏ ။

ဒေါ်မမကြီးတို့ မိသားစုကမူ အချိုပွဲကို မယ်မယ်ရရ မစာဘဲ ထမင်းစားခန်းမှ ထွက်သွား လေ၏ ။

လသာသည် ကိတ်မုန့်ကို ကြားသာကြားဖူးပြီး တစ်ခါဖူးမျှ မစားဘူးသဖြင့် နယ်ပိုင်မင်းက

“ကိတ်မုန့်စားကွ”

ဟု ပြောဆိုသော အခါ လှမ်းယူ၍ စားကြည့်ရာ အလွန်အရသာထူးကြောင်း တွေ့ ရလေ၏ ။

နယ်ပိုင်မင်းသည် လသာမုန့်များ စားသောက်ပြီသော အခါ ဧည့်ခန်းထဲသို့ ခေါ်သွားလေ၏ ။

ဧည့်ခန်းထဲရှိ လှပသော စန္ဒရားကြီးရှေ့တွင် ညီအစ်မနှစ် ယောက် ရှိနေပြီး ဒေါ်မမကြီးကမူ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေလေ၏ ။

နယ်ပိုင်မင်း၏ သား ဂျော်နီသည် ဓာတ်စက်ထဲသို့ ဓာတ်ပြားတစ်ချပ်ကိုထည့်ကာ သီချင်း တစ်ပုဒ်ကို ဖွင့်လေ၏ ။

လသာသည် ဓာတ်စက်ကို မမြင်ဘူးသဖြင့် အနီးသို့ စိတ်ဝင်တစား သွားကြည့်လေ၏ ။

ဂျော်နီသည် အနီးသို့ လျှောက်လာသော လသာကို မျက်မှော င်ကြုတ်၍ မနှစ် မြို့ဟန် ကြည့်ကာ ဓာတ်စက်၏ ခလုပ်ကို ပိတ်လိုက်လေ၏ ။

နယ်ပိုင်မင်းသည် ထိုအခြင်းအရာကို မမြင်ဘဲ သမီးနှစ် ယောက် နှင့် သီချင်းကြီးတစ်ပုဒ် အကြောင်း ပြောဆိုနေလေ၏ ။

ခဏကြာလျှင် လသာသည် ဧည့်ခန်းကြီးထဲတွင် သူ တစ်ယောက် တည်း အထီးကျန်နေ သကဲ့သို့ ရှိသဖြင့် နယ်ပိုင်မင်း၏ အနီးသို့ သွား၍

“ဦးလေး ကျွန်တော် သွားတော့မယ်”

ဟု တီးတိုးပြောလိုက်ရာ နယ်ပိုင်မင်းက ခေါင်းညိတ်၍

“သွားချင်ရင် သွားလေ၊ မနက်ကျမှ တွေ့ ကြသေးတာပေါ့၊ ကိုယ့်အိမ်ကိုယ့်ယာလို သဘော ထားနော်”

ဟု ပြောလေရာ လသာသည် ခေါင်းညိတ်၍ သူ့အတွက် ပေးထားသော အခန်းရှိရာသို့ ထွက်ခဲ့လေ၏ ။

ဒေါ်မမကြီးတို့ မိသားစု မြင်ကွင်းမှ လွတ်မြောက်သော အခါမှပင် အသက်ကို ၀၀ရှူရလေ၏ ။

ဤအိမ်ကြီးတွင် နှစ် ရှည်လများ မည် သို့ နေထိုင်ရမည် မသိ။

မည် သို့ ပင် ဖြစ်စေ ရွာဦးကျောင်းဆရာတော် ကြီး ဟောသကဲ့သို့ ပင် ပျော်ရာမှာ မနေဘဲ တော် ရာမှာ နေရမည် ဟု တွေးတောမိလေ၏ ။

မိမိက နယ်ပိုင်မင်း၏ အိမ်တွင် စည်းစိမ်ဥစ္စာများ ခံစားနေချိန်တွင် ဖခင်ကမူ ထောင်တွင်း၌ အနေအထိုင် ဆင်းရဲရှာမည် ဟု တွေးကာ စိတ်မကောင်း ဖြစ်မိလေ၏ ။

ဖခင်ကမူ ရွှေပုံပေါ်သို့ ရောက်သွားသော သားဟု ဆိုကာ မိမိဘ၀ကို ၀မ်းသာဂုဏ်ယူနေရှာ ၏ ။

ရွှေပုံပေါ်မှာ စံနေရသော်လည်း ၀မ်းမြောက်ပျော်ရွှင်မှု မရှိလျှင် ဘာကောင်းမည် နည်းဟု တွေးမိလေ၏ ။

* * * * *




ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ လင်းနို့တောင်ကျိန်စာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မြွေဟောက်

အတုမရှိစည်တော်

အမုန်းဝင်္ကပါ