အခန်း(၁)
သာယာကုန်းရွာ၏ အပြင်ဘက်ရှိ စိန်နှစ် စိန် နေထိုင်ကြ၏ ။ တစ်စိန်မှာ မြွေဆရာ ဦးစိန်၏ သား ဘိုးစိန် ဖြစ်ပြီး ကျန်တစ်စိန်မှာ မုဆိုးစိန်တိုး ဖြစ်၏ ။
ဘိုးစိန်သည် တစ်ကိုယ်တည်းသမား ဖြစ်ပြီး မုဆိုးစိန်တိုးမှာ မိဆုံဆိုသော မယား တစ်ယောက် ရှိ ၏ ။ သာယာကုန်းတစ်ရွာလုံး လယ်ယာကိုင်းကျွန်းအလုပ်ကို လုပ်ကိုင်ကြသော်လည်း ဘိုးစိန်သည် မည် သည့်အလုပ်ကိုမျှ လက်ကြောတင်းအောင် မလုပ်။
သို့သော် သူ၏ စားဝတ်နေရေး ချောင်လည်စွာ နေထိုင်နိုင်၏ ။ ထိုသို့နေထိုင်နိုင်ခြင်းမှာ ဖခင် ဖြစ်သူ မြွေဆရာဦးစိန်ကျန်ရစ်ခဲ့သော အမွေပစ္စည်းများ ကြောင့် ဟု တစ်ရွာလုံး ယုံကြည်ကြ၏ ။
ထိုသို့ ယုံကြည်သူများ ကိုကြည့်၍ ဘိုးစိန်သည် မပြုံးဘဲ ဝါးလုံးကွဲရယ်လိုက်ချင်၏ ။
ဖခင်သေဆုံးပြီး တစ်ခုတည်းသော ကျန်ရစ်သော ထင်းရှူးသေတ္တာကြီးကို လူလယ်ခေါင်မှာ မဖွင့်ရဲသဖြင့် ကြေးသော့ ခလောက်ကြီးဖြင့် ခက်ထားရ၏ ။
ဖခင်ဦးစိန်၏ ထင်းရှူးသေတ္တာထဲတွင် မြွေအရေခွံကို ရုပ်လုံးသွင်းထားသော မြွေရုပ်တစ်ရုပ်နှင့် မြေစွယ်အကျိုးများ သာရှိ၏ ။
ရွာသူရွာသားများ အထင်ကြီးသကဲ့သို့ မည် သည့် အဖိုးတန်ပစ္စည်းမျှမရှိ။
ဤသို့ဆိုလျှင် ဘိုးစိန်သည် မည် သည့်အလုပ်ကိုမျှ လက်ကြောတင်းအောင်မလုပ်ဘဲ စားဝတ်နေရေး အဆင်ပြေနေသနည်း။
ဘိုးစိန်သည် တဲအိမ်၏ အရှေ့သို့ထွက်၍ လူသူအရိပ်အခြည်ကို ကြည့်လေ၏ ။ လူသူကင်းရှင်း သော အခါ တဲကလေး၏ အနောက်သို့ဝင်၍ မြေကြီးများ ကို သံတူရွင်းဖြင့် တူးဆွလေ၏ ။
အတန်ကြာအောင် တူးဆွပြီးနောက် မြေကြီးထဲမှ၊ မြေအိုးတစ်လုံး သွန်ချလိုက်၏ ။ ထိုအခါ ချွင် ခနဲအသံပြု၍ ရွှေဒင်္ဂါးတစ်ပြား လိမ့်ကျလာ၏ ။
ဘိုးစိန်သည် ရွှေဒင်္ဂါးလေးကို ကောက်ကိုင်၍ ရွှတ်ခနဲ နမ်းရှုံ့လိုက်ပြီး
“နောက်ဆုံးကျန်တဲ့ရွှေဒင်္ဂါးကို ရောင်းစားရတော့မယ်”
ဟု ပြောလိုက်လေ၏ ။
မြွေဆရာ ဦးစိန်သည် နောက်ဆုံးအချိန်၌ သား ဖြစ်သူ ဘိုးစိန်ကိုခေါ်၍ မြေအိုးမြှုပ်နှံရာ နေရာကို ပြခဲ့၏ ။
ထိုမြေအိုးထဲတွင် ရွှေဒင်္ဂါး (၁ဝ) ပြားတိတိရှိ၏ ။ ထိုရွှေဒင်္ဂါးများ သည် ဦးစိန်တစ်သက်လုံး မထိရက် မတို့ရက်ခဲ့သော အမှတ်တရပစ္စည်းများ ဖြစ်၏ ။
တစ်ခါက ဦးစိန်သည် မျက်နှာဖြူအရေး ပိုင်တစ်ဦးအား မြွေအန္တရာယ်မှ ကာကွယ်ပေးဖူး၏ ။ မျက်နှာဖြူအရေး ပိုင်သည် အသက်သခင် ဦးစိန်အား ကျေးဇူးတင်လွန်းသဖြင့် ရွှေဒင်္ဂါး (၁ဝ) ပြား ချီး မြှင့်ခဲ့လေ၏ ။
ထိုအချိန်မှစ၍ ဦးစိန်၏ ဘဝတစ်လျှောက်လုံး မည် မျှပင် စားဝတ်နေရေး ကျပ်တည်းပါစေ၊ ရွှေဒင်္ဂါးများ ကို ရောင်းချခြင်းမပြုခဲ့။
ဦးစိန်၏ ဘဝတစ်သက်စာတွင် မျက်နှာဖြူအရေး ပိုင်၏ ရွှေဒင်္ဂါးများ သည် ဂုဏ်ယူဖွယ်အကောင်း ဆုံး ရတနာပစ္စည်းများ ပင် ဖြစ်၏ ။
သို့သော် သား ဖြစ်သူ ဘိုးစိန်၏ လက်ထက်သို့ရောက်သော အခါ ရွှေဒင်္ဂါးများ ကို တူးဖော်ပြီး တစ်ပြားပြီးတစ်ပြားရောင်းစားခဲ့ရာ နောက်ဆုံးတစ်ပြားသာ ကျန်ရစ်တော့၏ ။
ဘိုးစိန်က ရွှေဒင်္ဂါးပြားလေးကို လက်ထဲတွင် ဆုပ်ကိုင်၍
“ဒီတစ်ပြားရောင်းပြီးရင် ငါတော့ငတ်ပြီ။ တစ်ရွာလုံးက သူဌေးလို့ထင်နေတဲ့ ဘိုးစိန်ဟာ ဆင်း ရဲသား ဖြစ်သွားပြီ”
ဟု တစ်ကိုယ်တည်းပြောရင်း သဘောကျဟန်ဖြင့် တဟားဟား ရယ်မောနေလေ၏ ။
ဘိုးစိန်သည် မြို့တက်၍ ရွှေဒင်္ဂါးရောင်းရန် စဉ်းစားနေလေ၏ ။
ရွှေဆိုင်ပိုင်ရှင်လူကြီးသည် ဘိုးစိန်ထံမှ ရွှေဒင်္ဂါးများ ကို အမြတ်အစွန်းများ စွာ ဖြင့် ဈေးနှိမ် ဝယ်နေကျ ဖြစ်သဖြင့် ဘိုးစိန်ကောင်းစွာ သိ၏ ။
ထိုရွှေဆိုင်ပိုင်ရှင်၏ ပါးစပ်မလုံမှု ကြောင့် ရွာကလူများ ဘိုးစိန်ကို အထင်ကြီးကြခြင်း ဖြစ်၏ ။
ထိုသို့ အထင်ကြီးကြသူများ ထဲတွင် လုံးကြီးပေါက်လှ မိန်းမ မိဆုံလည်းပါ၏ ။ မိဆုံသည် မုဆိုးစိန်တိုး၏ မယား ဖြစ်ပြီး ဘိုးစိန်နှင့် တိတ်တဆိတ် ဖောက်ပြန်သူ ဖြစ်၏ ။
ဘိုးစိန်သည် မိဆုံကို ရင်ထဲ၌ လှိုက်လှိုက်လှဲလှဲ ဆန္ဒမရှိသော်လည်း ပညာမဲ့ယောက်ျားတို့၏ သဘာဝ အတိုင်း မိုက်မဲခဲ့ခြင်း ဖြစ်၏ ။ ဘိုးစိန်သည် မိဆုံနှင့် ပထမဦးဆုံး ဒုသနသော ဖြစ်ခဲ့ပုံကို ပြန် လည် မြင်ယောင်လာ၏ ။
ထိုစဉ်က ဘိုးစိန်သည် တောထဲသို့ မြွေရှာထွက်သော အချိန် ဖြစ်၏ ။ လက်ကြောမတင်းသော ဘိုးစိန်သည် တောထဲသို့ ခြေတိုအောင်လျှောက်ပြီး နဘူးချုံကြီးအနီး မြွေလူးကြောင်းကို တွေ့ ရလေ ၏ ။
မြွေလူးကြောင်းသည် နဘူးချုံထဲသို့ တိုးဝင်ကြောင်းတွေ့ ရလေ၏ ။ ဘိုးစိန်သည် မိမိလိုက်နေ သော မြွေပွေးကြီး နဘူးချုံထဲမှ ထွက်မထွက် သေချာအောင် နဘူးချုံကို တစ်ပတ်ပတ်ကြည့်လေ၏ ။
ထိုအခါ နဘူးချုံအပြင်ဘက်၌ မြွေလူးကြောင်းမတွေ့ ရသဖြင့် နဘူးချုံထဲ၌ မြွေပေးရှိကြောင်း သေချာသွားလေ၏ ။
ဘိုးစိန်သည် ငယ်စဉ်က ဖခင်ဦးစိန်နှင့် မြွေဖမ်းလိုက်ဖူးသဖြင့် မြွေပွေးဖမ်းရန် အခက်အခဲမရှိလှ ချေ။ ထို့ကြောင့် နဘူးချုံထဲသို့တိုးဝင်ပြီး မြွေပွေးဖမ်းရန် ကြံစည်လိုက်၏ ။
ထိုအခိုက်မှာ ပင် နဘူးချုံအနီးသို့ လူတစ်ဦးလျှောက်လှမ်းလာသော ခြေသံကိုကြားရ၏ ။ ဘိုး စိန်သည် မြွေပွေးကြီးကို ဖမ်းမိကာနီးမှအနီးသို့ လူရောက်လာသဖြင့် မကျေမချမ်း ဖြစ်ပြီး လှည့်ကြည့် လိုက်၏ ။
ထိုအခါ မိမိ၏ မျက်လုံးကိုပင် မိမိမယုံနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။
နဘူးချုံအနီးသို့ လျှောက်လှမ်းလာသူမှာ မုဆိုးစိန်တိုး၏ မယား မိဆုံ ဖြစ်ပြီး မိဆုံတစ်ကိုယ်လုံး ရေများ ရွှဲရွှဲစိုနေပြီး တစ်ရစ်သော ကိုယ်ခန္ဓာ၏ အလှပေါ်လွင်နေ၏ ။
မိဆုံသည် ဘိုးစိန်ရှိရာ နဘူးချုံရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာပြီး နဘူးချုံပေါ် တွင် တင်ထားသော အဝတ်အစားများ ကိုယူ၍ ဝတ်ဆင်နေလေ၏ ။
ဘိုးစိန်သည် မိမိ၏ လက်တစ်ကမ်းမျှပင် မကွာသော နေရာ၌ မပေါ်တပေါ်ကိုယ်လုံးဖြင့် အဝတ် အစားများ ဝတ်ဆင်နေသော မိန်းမကိုကြည့်၍ ရင်ထဲတွင် ပူလောင်လာပြီး စိတ်မထိန်းနိုင်တော့ဘဲ ချုံထဲမှထွက်၍ သူမကို ပွေ့ဖက်လိုက်၏ ။
မိဆုံသည် ချုံထဲမှ လူ တစ်ယောက် ထွက်လာပြီး သူမကို ပွေ့ဖက်လိုက်သဖြင့် အထိတ်တလန့် အော်ဟစ်လိုက်လေ၏ ။
ဘိုးစိန်က မိဆုံက ပွေ့ဖက်နမ်းရှုံ့လိုက်သော အခါ မိဆုံသည် ဘိုးစိန်မှန်းသိသွားပြီး
“လူယုတ်မာ.နင့်ကို ငါ့ယောက်ျားနဲ့ တိုင်မယ်၊ ငါ့ ယောက်ျားက နင့်ကို အသေသတ်လိမ့်မယ်”
ဟု ပြောလိုက်ရာ တဏှာဘီလူးစီးနေသော ဘိုးစိန်က
“နင့်ကိုချစ်လွန်းလို့ နင့်ယောက်ျားရဲ့ သေနတ်ကိုလည်း ငါ မကြောက်ဘူး”
ဟု ပြောလိုက်ပြီး မိဆုံကို ပွေ့ဖက်လိုက်လေ၏ ။
မိဆုံက ဘိုးစိန်၏ ရဲရဲတောက်အမူအရာကြောင့် မျက်လုံးပြူးသွားပြီး
“နင် ငါ့အတွက်နဲ့ သေနတ်ကိုတောင် အံတုဝံ့တယ် ဟုတ်လား”
ဟု တီးတိုးမေးမြန်းလိုက်ရာ ဘိုးစိန်က ရင်ခုန်လှိုက်မောစွာ ဖြင့်
“ဟုတ်တယ်”
ဟု ဆိုလိုက်၏ ။
ထိုအခါ မိဆုံသည် မည် သည့်စကားကိုမျှမဆိုတော့ဘဲ ဘိုးစိန်ကို လှိုက်လှဲသော အကြည့်ဖြင့် ကြည့်လိုက်လေ၏ ။
အမှန်စင်စစ် မိဆုံနှင့် မုဆိုးစိန်တိုးတို့၏ အိမ်ထောင်ရေး အဆင်မပြေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏ ။
စိန်တိုးသည် လွန်ခဲ့သော သုံးနှစ် ခန့်က တောဝက်လိုက်ရင်း တောဝက်ကပက်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းချည့်နဲ့ သွားလေ၏ ။
စိန်တိုးသည် ထိုအချိန်မှစ၍ မိဆုံအပေါ် သူ၏ ချစ်ခြင်းမေတ္တာကို မပြနိုင်တော့ချေ။ မိဆုံသည် ချစ်ခြင်းမေတ္တာကို အလွန်လိုလားတောင့်တသူ ဖြစ်၏ ။
ယခုကဲ့သို့ ချစ်ခြင်းမေတ္တာငတ်မွတ်နေချိန်၌ သူမလိုအပ်သော ကြင်နာမှု ကို ဘိုးစိန်က ပေးအပ် ခဲ့၏ ။ ထိုအချိန်မှစ၍ မိဆုံသည် ဘိုးစိန်ကို အချစ်ကြီးချစ်ခဲ့လေတော့၏ ။
မိဆုံသည် မိုဆိုးစိနိုး တောလည်ထွက်သည့်အချိန်တိုင်း ဘိုးစိန်ထံသို့ တိတ်တဆိတ်လာ၍ ချစ်တင်းနှီးနှော၏ ။ ဘိုးစိန်သည် မိဆုံကို အပျော်သဘောနှင့် ပေါင်းသင်းနေသော်လည်း မုဆိုးစိန်တိုး သိသွားလျှင် အန္တရာယ်များ လှသဖြင့် နောက်ဆုတ်ရန် ကြိုးစားလေ၏ ။
သို့သော် အချစ်ကြီးလှသော မိဆုံသည် ဘိုးစိန်ကို မခွဲခွာနိုင်ဘဲ အရူးအမူး စွဲလမ်းနေလေ၏ ။
မုဆိုးစိန်တိုးသည် မယား ဖြစ်သူ၏ ဖောက်ပြန်မှု ကို ကောင်းစွာ ရိပ်မိနေ၏ ။
မိမိ၏ ကျန်းမာရေး ချို့ယွင်းမှု ကိုမစာနာဘဲ ဖောက်ပြန်ရက်သော ဇနီးသည်ကို အမုန်းကြီး မုန်းနေ၏ ။
ထိုသို့မုန်းတီးရာမှ သူ၏ မိန်းမကို ကြာခိုသော ဘိုးစိန်အား ကလဲ့စားချေချင်စိတ်များ တဖွား ဖွားပေါ်လာ၏ ။
ထိုသို့ကလဲ့စားချေရင်း ဘိုးစိန်၏ ပစ္စည်းဥစ္စာများ အား သိမ်းပိုက်ချင်လာ၏ ။ တစ်ရွာလုံရှိသူများ သည် ဘိုးစိန်၌ သုံးမကုန်အောင် များ ပြားသော ရွှေဒင်္ဂါးများ ရှိသည်ဟု ယုံကြည်ကြ၏ ။
မြွေဆရာဦးစိန် ဆုံးပါးပြီးကတည်းက ဘိုးစိန် မြို့သို့ တက်၍ ရွှေဒင်္ဂါးများ ရောင်းချနေကြောင်း တစ်ရွာလုံး အသိ ဖြစ်သည်။
မြို့ပေါ်ရှိ ရွှေဆိုင်ပိုင်ရှင် ဦးလူဝသည် ရွာဦးကျောင်းဆရာတော် ကြီးအား ကိုးကွယ်သူ ဖြစ်သဖြင့် တစ်နှစ် တစ်ကြိမ် ရွာသို့လာ၍ အလှူအတန်းလုပ်၏ ။
ဦးလူဝထံမှတစ်ဆင့် ဘိုးစိန်၏ သုံးမကုန်အောင်ပေါများ သော ရွှေဒင်္ဂါးများ အကြောင်း တစ်ရွာ လုံးသို့ ပြန့်နှံ့သွားခြင်း ဖြစ်၏ ။
ထိုသတင်းကြောင့် ဘိုးစိန်ကို လိုချင်သူ ရွာသူအပျိုချောများ ရှိ၏ ။ ဘိုးစိန်သည် ကြိုက်နှစ်သက် ရာရွာသူကို လက်ညှိုးထိုးပြီး ရယူနိုင်လျက်နှင့် မိမိ၏ ဇနီးမယားကိုမှရွေးပြီး ပစ်မှားရက်၏
ဤကိစ္စနှင့် ပတ်သက်၍ ဘိုးစိန်ကို မိမိလက်စားချေသတ်ဖြတ်မှ တရားမျှတပေတော့မည် ။ ဘိုး စိန်ကို သတ်ဖြတ်ပြီး သူ၏ စည်းစိမ်ဥစ္စာကို လျော်ကြေးအ ဖြစ် သိမ်းပိုက်ပစ်လိုက်မည် ။
ဘိုးစိန်ပင်လျှင် မိမိမယားကို အပိုင်သိမ်းသွားသည် မဟုတ်ပါလား။
မုဆိုးစိန်တိုးသည် ထိုအတွေးဝင်သည့်အချိန်မှစ၍ ဘိုးစိန်ကို သတ်မည့် နည်းလမ်းများ ကို အချိန်ပြည့် ရှာဖွေနေလေ၏ ။
ဘိုးစိန်နှင့် မိမိသည် ရွာပြင်ပတွင် နေထိုင်သူချင်း ဖြစ်၍ လွယ်ကူစွာ လုပ်ကြံနိုင်မည် ဟု ယုံ ကြည်၏ ။ မုဆိုးစိန်တိုးသည် သူ၏ ဆုံးဖြတ်ချက် ခိုင်မာသွားသော အခါ ခေါင်းအေးအေးထား၍ လုပ်ကြံ မည့် နေ့ကို သေချာစွာ သတ်မှတ်လိုက်လေ၏ ။
ထိုနေ့၌ စိန်တိုးသည် တောလိုက်သေနတ်ကို သေချာစွာ တိုက်ချွတ်ပြီး တောလည်ထွက် ရန် ပြင်၏ ။
ထိုနေ့၌ မိုးဖွဲဖွဲလေးရွာနေသဖြင့် ဇနီးသည် မိဆုံက
“တောလည်ထွက်ဦးမလို့လား၊ တစ်နေကုန် မိုးရွာလိမ့်မယ်နော်”
ဟု ဆိုလိုက်ရာ စိန်တိုးက ဇနီး ဖြစ်သူကိုကြည့်၍
“မိုးဖွဲဖွဲရွာနေရင် ယုန်လေး ဘာလေးရတတ်တယ်၊ ယုန်မရရင်လည်း ဂျီလေးဘာလေး ရမှာ ပါ”
ဟု ပြောရင်း တဲအိမ်အပြင်သို့ ထွက်ခဲ့၏ ။ တဲအပြင်သို့ ရောက်သော အခါ တစ်ကိုယ်တည်း တက်ခေါက်၍
“သစ္စာဖောက်မ ..ငါမရှိရင် မိုးအေးအေးမှာ နင် ဘာသွားလုပ်မယ်ဆိုတာ ငါသိတယ်”
ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏ ။
စိန်တိုးသည် တောလည်ထွက်ဟန်ဆောင်၍ ဘိုးစိန်အိမ်အနီးသို့ သွားရောက်ချောင်းမြောင်း ကာ ဘိုးစိန်ကို သေနတ်ဖြင့် အသေပစ်သတ်ရန်ကြံ၏ ။
ဘိုးစိန်သေဆုံးသော အခါ သူ၏ ရွှေဒင်္ဂါးများ ကို သိမ်းပိုက်၍ ဘိုးစိန်၏ အလောင်းကိုတဲထဲ၌ မြှုပ် နှံ့ထားရန်ကြံစည်၏ ။
ဘိုးစိန်သည် ရွာပြင်၌ နေထိုင်သူ ဖြစ်ပြီး အပေါင်းအသင်းရှိသူ မဟုတ်သဖြင့် သူသေဆုံးကြောင်း သူအများ ရိပ်စားမိမည် မဟုတ်ချေ။
ဘိုးစိန်သေဆုံးသွားလျှင် တဏှာရူးမမိဆုံသည် ဖောက်ပြန်မည့် သူမရှိသဖြင့် ငြိမ်သက်သွားပေ လိမ့်မည် ။
စိန်တိုးသည် မနက်ခင်း တောတွင်းသို့ဝင်၍ သားကောင်ရှာဖွေလေရာ တောကြက်တစ်ကောင် ကို ရလေ၏ ။
ဘိုးစိန်ကို သတ်ဖြတ်ပြီး အလောင်းကို တောတွင်း၌ မြှုပ်ကာ တောကြက်တစ်ကောင်ကိုဆွဲ၍ အိမ်ပြန်လာလျှင် မယား ဖြစ်သူ မိဆုံပင် ရိပ်မိမည် မဟုတ်။
မိမိ၏ အကြံသည် ဟာကွက်မရှိဘဲ ပိုင်နိုင်လှသည် ထင်၏ ။ ထို့ကြောင့် ဘိုးစိန်ကိုသတ်ဖြတ်ရန် သေနတ်ကို အသင့်ပြင်၍ ဘိုးစိန်၏ အိမ်အနီးသို့ ချည်းကပ်ခဲ့၏ ။
ဘိုးစိန်၏ အိမ်အနီးသို့ရောက်သော အခါ အိမ်ရှေ့ရှိ ကျွန်းပင်ကြီးအနောက်၌ ပုန်းကွယ်လိုက် လေ၏ ။
ကျွန်းပင်ကြီးနှင့် အိမ်သည် အတော် အတန်ဝေးကွာသော်လည်း မုဆိုးစိန်တိုးအတွက် ပစ်မှတ် သည် ဝေးကွာလှသည်မဟုတ်။
စိန်တိုးသည် မုဆိုးပီပီ သားကောင်ကိုစောင့်ရာ၌ စိတ်ရှည်သည်။ သူသည် အတန်ကြာအောင် စောင့်ပြီး အိမ်ထဲမှ မိုးကာကြီးခြုံ၍ ထွက်လာသော ဘိုးစိန်ကိုမြင်သော အခါ
“ကြာကူလီကောင်”
ဟု ကြုံးဝါးကာ သေနတ်ဖြင့် သေချာစွာ ချိန်ရွယ်ပြီး သေနတ်မောင်းကို ဖြုတ်ချလိုက်၏ ။ မုဆိုး စိန်တိုး၏ လက်သည် တောထဲ၌ ပြေးလွှားနေသော သားကောင်ကိုပင် ထိမှန်အောင် ပစ်ခတ်နိုင်သော လက် ဖြစ်သဖြင့် ဘိုးစိန်သည် အားခနဲအော်၍ မြေပေါ်သို့ ပစ်ကျသွားလေ၏ ။
မုဆိုးစိန်တိုးသည် ကျေနပ်စွာ ရယ်မောလိုက်ရင်း ဘိုးစိန်ကို နောက်တစ်ကြိမ် အနီးကပ်ပစ်ရန် ကျွန်းပင်ကြီးအနောက်မှ ထွက်လိုက်၏ ။
ထိုအခိုက်မှာ ပင် တဲအိမ်ကလေးအတွင်းမှ လူ တစ်ယောက် ထပ်မံထွက်ပေါ်လာ၏ ။ ထိုသူသည် ဘိုးစိန်ပင် ဖြစ်သဖြင့် မိမိ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားပြီ
“ဘုရား..ဘုရား ဘိုးစိန် ချက်ချင်း သရဲ ဖြစ်သွားပြီး ငါ့ကို ကိုယ်ထင်ပြတာလား”
ဟု တွေးလိုက်မိ၏ ။ တဲအိမ်ထဲမှထွက်လာသော ဘိုးစိန်သည် သေနတ်ကိုင် မုဆိုးစိန်တိုးကို မြင်တွေ့ သွားပြီး
“လူသတ်သမား”
ဟု အော်ဟစ်လိုက်၏ ။
မုဆိုးစိန်တိုးသည် ခေါင်းထဲတွင် ရှုပ်ထွေးသွားပြီး မိမိအတွက် အန္တရာယ်ကျရောက်လာနိုင်သ ဖြင့် ထိုနေရာမှ ဝေးရာသို့ ပြေးထွက်လာခဲ့၏ ။
မုဆိုးစိန်တိုးသည် ပြေးရင်းလွှားရင်း ဘိုးစိန် တစ္ဆေခြောက်သည်ဟု ယူဆကာ ပိုမို၍ အသည်း ထိတ်ရင်ဖိုလာ၏ ။
ဘိုးစိန်သည် သူ့လက်ချက်ဖြင့် အသက်ထွက်ပြီး ချက်ချင်း လက်ငင်း တစ္ဆေ ဖြစ်သွားပုံရ၏ ။
မုဆိုးစိန်တိုးသည် တောဘက်သို့ ဦးတည်ပြေးလွှားနေရာမှ ဘိုးစိန် တစ္ဆေ တောထဲသို့ လိုက်လာနိုင်သဖြင့် တုန်လှုပ်ခြောက်ချားပြီး အိမ်သို့ပြန်ရန် ဆုံးဖြတ်လိုက်လေ၏ ။
စိန်တိုးသည် ရွာအနီးသို့ရောက်သော အခါ ထင်းခွေထွက်လာသော ရွာသားနှစ် ဦးကို မြင်လိုက် သဖြင့် ချုံထဲ၌ ပုန်းအောင်းပြီး စောင့်ကြည့်နေမိ၏ ။
ရွာသားနှစ် ယောက် အနက် တစ်ယောက် က ချုံအနီး၌ ပုဆိုးကို ပြင်ဝတ်၍
“မုဆိုးစိန်တိုးက တော် တော် ရက်စက်တာပဲကွာ၊ ပုလိပ်က မိရင်တော့ ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ် ပဲ”
ဟု ပြောလိုက်ရာ ကျန်သော ရွာသားကလည်း ပုဆိုးကို ပြင်ဝတ်၍
“သတ်စရာရှားလို့ ကိုယ့်မိန်းမ ကိုယ် ပြန်သတ်ရတယ်လို့ကွာ”
ဟု ပြောလိုက်လေ၏ ။
ချုံထဲတွင် ပုန်းအောင်း၍ နားထောင်နေသော မုဆိုးစိန်တိုးသည် ၄င်းတို့၏ စကားကို နား ထောင်၍ မျက်လုံးပြူးသွားလေ၏ ။ မိမိ အမှားကြီး မှားယွင်းသွားချေပြီ။
မိုးကာခြုံ၍ ထွက်လာသော မိမိ၏ မယား မိဆုံကို ဘိုးစိန် ထင်မှတ်၍ သတ်ဖြတ်မိချေပြီ။ မုဆိုး စိန်တိုးသည် မိမိ မျက်ကွယ်သို့ရောက်သည်နှင့် ဘိုးစိန်ထံသို့ရောက်သွားသော မယား ဖြစ်သူကိုလည်း မကျေမချမ်း ဖြစ်သွားမိ၏ ။
“ဖောက်ပြန်တဲ့မိန်းမ၊ နင်သေလည်း ငါ ဝမ်းမည်းဘူး”
ဟု တွေးလိုက်မိ၏ ။ ရွာသားနှစ် ဦး၏ စကားများ ကို ဆက်လက်နားထောင်ကြည့်လေရာ ရွာသား တစ်ဦးက
“မုဆိုးစိန်တိုးက သူ့မယားကိုသတ်သွားတာ သေချာလို့လား”
ဟု မေးမြန်းလိုက်လေ၏ ။ ကျန်ရွာသား တစ်ယောက် က ခေါင်းညိတ်၍
“သေချာပါတယ်ကွာ၊ သေနတ်သံကြားကြားချင်း ဘိုးစိန်က အိမ်ထဲက ပြေးထွက်ကြည့်တော့ အိမ်ရှေ့မှာ သေနတ်ကိုင်ပြီး ရပ်ကြည့်နေတဲ့ မုဆိုးစိန်တိုးကို တွေ့ တယ်တဲ့ကွ၊ မုဆိုးစိန်တိုးက ဘိုးစိန်ကို မြင်တော့ တစ်ချိုးတည်းလစ်ပြေးသွားတယ်တဲ့”
ဟု ပြောလေ၏ ။ ရွာသားတစ်ဦးက မျက်မှော င်ကြုတ်၍
“ဒါနဲ့ နေပါဦး၊ မုဆိုးစိန်တိုးမယား မိဆုံက ဘိုးစိန်ရဲ့ အိမ်ကို ဘာသွားလုပ်တာလဲ”
ဟု မေးမြန်းလေ၏ ။ ထိုအခါ ရွာသားက
“ဘိုးစိန်က ဂျီသားတစ်ပွဲလောက်လိုချင်တယ်ဆိုလို့ သွားပို့တာတဲ့ကွ၊ ဒါပေမယ့် ဂျီသား သွားပို့တဲ့ မိန်းမကို မုဆိုးစိန်တိုးက အနောက်ကလိုက်ပြီး သေနတ်နဲ့ ပစ်တာ စဉ်းစားမရဘူးကွ”
ဟု ပြောလေရာ ကျန်ရွာသားက မျက်မှော င်ကြုတ်၍
“ဘိုးစိန်နဲ့ မိုဆိုးစိန်တိုးမယား မိဆုံတို့ ဖောက်ပြန်နေတာ မ ဖြစ်နိုင်ဘူးလား”
ဟု ပြောလေ၏ ။ ရွာသားက ခေါင်းညိတ်၍
“ဒါလည်း ဖြစ်နိုင်တာပဲကွ၊ ရွာပြင်မှာ သူတို့ဘာသာ သီးခြားနေထိုင်တယ်ဆိုတော့ ငါတို့လည်း တိတိကျကျ မသိရဘူး၊ ဒါနဲ့ နေပါဦး၊ မုဆိုးစိန်တိုးရဲ့ မယား မိဆုံက သေပြီလား”
ဟု မေးမြန်းလေ၏ ။ ရွာသားက ခေါင်းခါ၍
“အသက်ရှိသေးတယ် ပြောတာပဲ၊ လောလောဆယ် သူကြီးအိမ်ကို ပို့ထားတယ်၊ သူကြီးအိမ် မှာ ဘိုးစိန်လည်း ရှိနေတယ်ကွ၊ ဆေးရုံပို့တော့မယ် ထင်တယ်”
ဟု ပြောလေ၏ ။ မုဆိုးစိန်တိုးသည် ရွာသားနှစ် ယောက် ၏ စကားကိုနားထောင်၍ ရွာမှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်၏ ။
“ငါ ရွာက ဒီအတိုင်းထွက်သွားရင် ဝရမ်းပြေး ဖြစ်သွားတာပဲ အဖက်တင်မယ်၊ ဘိုးစိန်ရဲ့ စည်းစိမ် ဥစ္စာတွေ ကို ငါမရရအောင်ယူပြီးမှ ထွက်သွားရမယ်၊ လောလောဆယ် ဘိုးစိန်က သူကြီးအိမ် ရောက်နေတယ်ဆိုတော့ သူ့အိမ်မှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး၊ ဒီတော့ ငါ ဘိုးစိန်အိမ်ထဲကိုဝင်ပြီး ရွှေဒင်္ဂါးတွေ ကို ယူမယ်၊ ပြီးရင် နယ်စပ်ဘက်ကိုထွက်ပြေးပြီး သူဌေးကြီး လုပ်မယ်”
ဟု ကြုံးဝါးကာ ဘိုးစိန်၏ တဲရှိရာသို့ တိတ်တဆိတ် ထွက်ခဲ့လေ၏ ။
ဘိုးစိန်၏ တဲသို့ရောက်သော အခါ ညအမှော င်လွှမ်းခြုံစပြုနေလေ၏ ။
တဲ၏ အနီးသို့ကပ်၍ လူရိပ်လူခြေကို အကဲခတ်ကြည့်လေရာ မိမိမျှော်လင့်ထားသည့်အတိုင်း ဘိုးစိန်၏ တဲ၌ လူတစ်ဦး တစ်ယောက် မျှမရှိကြောင်း တွေ့ ရ၏ ။
စိန်တိုးသည် တဲကလေး၏ အတွင်းသို့ဝင်လိုက်ပြီး အမှော င်လွှမ်းနေသဖြင့် သူ၏ ဘောင်းဘီ အိတ်ထဲရှိ မီးခြစ်ဘူးကို ထုတ်လိုက်၏ ။ ထိုအခါ မီးခြစ်ဘူးထဲတွင် မီးခြစ်ဆံ သုံးချောင်းမျှသာ ကျန် တော့ကြောင်း တွေ့ ရ၏ ။
မုဆိုးစိန်တိုးသည် မီးခြစ်ဆံတစ်ချောင်းကိုခြစ်၍ မီးထွန်းရန် မီးခွက်ကို ရှာလေ၏ ။ သို့သော် မီးခွက်ကို လွယ်လွယ်နှင့် မတွေ့ သဖြင့် မီးခြစ်ဆံ မီးငြိမ်းသွားလေ၏ ။
မုဆိုးစိန်တိုးသည် ကျန်ရစ်သော မီးခြစ်ဆံနှစ် ချောင်းအနက် တစ်ချောင်းကိုယူ၍ မီးခြစ်လိုက်ပြီး တဲအတွင်းကြည့်ရှုလိုက်ရာ ဘိုးစိန်၏ အိမ်၌ အဖိုးတန်ဆုံး ဖြစ်သော ထင်းရှူးသေတ္တာကြီးကို တွေ့ လိုက် ၏ ။
ထင်းရှူးသေတ္တာ၌ ကြေးသော့ တစ်ချောင်းသာ ခတ်ထားကြောင်းတွေ့ ရ၏ ။ ကြေးသော့ ခတ် ထားသဖြင့် ထင်းရှူးသေတ္တာထဲတွင် အဖိုးတန် ရွှေဒင်္ဂါးများ ရှိနေမှာ သေချာ၏ ။
စိန်တိုးသည် တောလိုက်ဓားမြှော င်ကိုထုတ်၍ သေတ္တာ၌ ခတ်ထားသော သော့ ကိုဖျက်လိုက်၏ ။ သေတ္တာပွင့်သွားသည်နှင့် တပြိုင်တည်း စိန်တိုးလက်ထဲရှိ မီးခြစ်ဆံသည် မီးငြိမ်း သွားလေ၏ ။
စိန်တိုးသည် လောဘဇောကပ်နေသဖြင့် သေတ္တာထဲသို့ လက်ဖြင့် အတင်းထိုးနှိုက်လိုက်၏ ။ သို့သော် သေတ္တာထဲတွင် ဗလာ ဖြစ်နေပြီး မည် သည့်ရွှေဒင်္ဂါးမျှ မတွေ့ သဖြင့် မျက်လုံးပြူးသွား၏ ။
စိန်တိုးသည်
“ရွှေဒင်္ဂါးတွေ ဘယ်မှာ လဲ၊ ဘယ်မှာ လဲ”
ဟု အလောတကြီး ရေရွတ်ကာ သေတ္တာထဲသို့ မွှေနှောက်ရှာဖွေရင်း သူ၏ လက်ဖမိုး၌ စစ်ခနဲ ဖြစ်သွား၏ ။
စိန်တိုးသည် နာကျင်သွားသော လက်ဖမိုးကို လက်ဖြင့် ပွတ်ကြည့်သော အခါ သွေးစိုနေကြောင်း သိလိုက်၏ ။ စိန်တိုးသည် သွေးစိုနေသော လက်ဖမိုးကိုကြည့်၍ တစ်စုံတစ်ရာကို တွေးမိပြီး ခေါင်းနပန်းကြီးသွား၏ ။
ဘိုးစိန်၏ ဖခင်သည် မြွေဆရာ ဖြစ်သဖြင့် ဘိုးစိန်၏ အိမ်၌ မြွေဆိုးများ ကို မွေးမြူထားနိုင်၏ ။ ယခု မိမိ၏ လက်ကို မြွေဆိုးကိုက်သွားခြင်းပေလား။
မုဆိုးစိန်တိုးသည် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ဆုံးကျန်ရှိနေသော မီးခြစ်ဆံကိုခြစ်၍ သေတ္တာထဲသို့ ကုန်းကြည့်လိုက်၏ ။
ထိုအခါ သေတ္တာထဲတွင် ပါးပြင်းထောင်နေသော မြွေဟောက်ကြီးတစ်ကောင်ကို ဘွားခနဲ တွေ့  လိုက်ရလေ၏ ။ မုဆိုးစိန်တိုးသည် မြွေဟောက်ကြီးကိုကြည့်၍ မျက်လုံးများ ပြာဝေသွားလေ၏ ။
ကိုယ်ခန္ဓာတစ်ခုလုံးလည်း တဆတ်ဆတ် တုန်ယင်လာပြီး မိမိ ပိုးထိ၍ နှလုံးသွေးများ ရပ်တန့် တော့မည် ဟု ယူဆလိုက်၏ ။
မုဆိုးစိန်တိုးသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး ရွှေဒင်္ဂါးများ ကိုပင် မရှာဖွေတော့ဘဲ အိမ် ထဲမှ ပြေးထွက်လာ၏ ။
စိန်တိုးသည် ကြောက်စိတ်ဖြင့် ဇောချွေးများ ပျံလာပြီး ခေါင်းထဲတွင် မူးနောက်လာသဖြင့် အသက်ရှူ မဝသလိုလည်း ခံစားရ၏ ။
စိန်တိုးသည် မိမိသေရတော့မည် ဟု ယူဆကာ တဲအိမ်ထဲမှ ယိုင်ထိုးယိုင်ထိုးဖြင့် ပြေးလွှားထွက် ခဲ့လေ၏ ။ ထိုသို့ ပြေးလွှားရင်း ကိုယ်ခန္ဓာ၌ ခွန်အားမရှိတော့သလို ဖြစ်သွားပြီး ခြုံဝ၌ ပြိုလဲကျသွားလေ၏ ။
စိန်တိုးသည် သူ၏ ကိုယ်ခန္ဓာ မြေကြီးနှင့် ထိသည့်အချိန်မှစ၍ အသက်ထွက်သွားလေ၏ ။
အတန်ကြာသော အခါ ရွာသားများ ရောက်ရှိလာပြီး စိန်တိုး၏ အလောင်းကိုကြည့်ရှုကြပြီး မုဆိုး စိန်တိုး မြွေကိုက်ခံရခြင်းပေလောဟု စူးစမ်းကြ၏ ။
ထိုအခါ ဘိုးစိန်က သူ၏ ခြံတွင် မည် သည့်မြွေကိုမျှ မွေးမထားပါဟု ငြင်းဆိုလေ၏ ။
မုဆိုးစိန်တိုး၏ အလောင်းသည် မြွေကိုက်ခံရသူများ ကဲ့သို့ မည်းနက်မနေသဖြင့် လူအများ က ဘိုးစိန်၏ စကားကို ယုံကြည်ကြလေ၏ ။
ဘိုးစိန်၏ စကားကို မယုံကြည်သူများ လည်း ရှိနေလေ၏ ။ ဘိုးစိန်သည် ရွာသူရွာသားများ ၏ သံသယကို ပြေပျောက်စေရန် ဖခင်၏ ထင်းရှူးသေတ္တာကြီးအားထမ်း၍ သူကြီးအိမ်သို့ ယူဆောင်ခဲ့ လေ၏ ။
သူကြီးအိမ်သို့ရောက်သော အခါ ဘိုးစိန်က ထင်းရှူးသေတ္တာကြီးကို ဖွင့်ပြလိုက်၏ ။ ထိုအခါ ထင်းရှူးသေတ္တာထဲတွင် မြွေအရေခွံကို ရုပ်လုံးသွင်းထားသော မြွေဟောက်ရုပ်ကြီးနှု့် မြွေစွယ်အကျိုး များ ကိုသာ မြင်ရလေ၏ ။
ဘိုးစိန်က ရွာသူရွာသားများ ဘက်သို့ လှည့်၍
“ကျုပ်အိမ်မှာ ဘာမြွေမှမရှိဘူး၊ ခင်ဗျားတို့ယုံပြီ မဟုတ်လား”
ဟု ဆိုလိုက်ရာ ရွာသူရွာသား အများ စုသည် ဘိုးစိန်ကို ယုံကြည်လက်ခံသွားလေ၏ ။
ဘိုးစိန်ကို မယုံကြည်သူများ က ဘိုးစိန်သည် စိန်တိုးကို မြွေနှင့် တိုက်သတ်ပြီး မြွေကို တောတွင်းသိုက လွှတ်ပစ်လိုက်သည်ဟု ယူဆ၏ ။
ဘိုးစိန်သည် မိမိကိုမယုံကြည်သော ရွာသူရွာသားများ ကို စိတ်ပျက်သွားလေ၏ ။ မကြာမီ ပုလိပ် များ ရောက်ရှိလာပြီး မုဆိုးစိန်တိုးလင်မယား သေဆုံးမှု နှင့် ပတ်သက်ပြီး ဘိုးစိန်ကို အမျိုးမျိုး မေးမြန်း စစ်ဆေးကြလေ၏ ။
သို့သော် ဘိုးစိန် လူသတ်မှု မကျူးလွန်ကြောင်း တိကျခိုင်လုံသော သက်သေများ ရှိနေသဖြင့် ဘိုးစိန်ကို မဖမ်းဆီးနိုင်ဘဲ အမှု ပိတ်လိုက်၏ ။
ဘိုးစိန်သည် မုဆိုးစိန်တိုး၏ အမှု ပြီးသော အခါ ရွာတွင် နေထိုင်ရန် စိတ်ပျက်သွားလေ၏ ။ တစ် ရွာလုံးရှိသူများ ၏ သံသယမျက်လုံးများ ကို သူရင်ဆိုင်နေရ၏
သူကြီးအပါအဝင် ရွာသူရွာသားများ သည် မိမိ၏ လှုပ်ရှားမှု များ ကို စောင့်ကြည့်နေသည်ဟု ယူဆ၏ ။ ဘိုးစိန်သည် မိမိ၏ ဘဝ မလွတ်လပ်တော့သလိ ခံစားရ၏ ။
ထို့ကြောင့် နောက်ဆုံးကျန်နေသော ရွေဒင်္ဂါးတစ်ပြားကို မြို့တတ်ရောင်းပြီး ရွာသို့မပြန်ရန် ဆုံးဖြတ်လိုက်လေ၏ ။
ထို့ကြောင့် ရွာထိပ်ရှိ အဝေးပြေးလမ်းမကြီးအနီး၌ ကားကြုံကို ထိုင်စောင့်နေလိုက်၏ ။
အတန်ကြာအောင် အိပ်စက်ပြီးနောက် မိမိအိပ်စက်နေသော ချုံအနီးသို့ လော်ရီကားကြီးတစ် စီး ရပ်လိုက်ပြီး ဒရိုင်ဘသည် ချုံထဲသို့ဝင်သွားကြောင်း တွေ့ ရ၏ ။
ဘိုးစိန်သည် ထွေထွထူးထူးစဉ်းစားခြင်းမရှိတော့ဘဲ လောရီကားကြီး၏ အနောက်သို့ ခိုဆွဲ တတ်လိုက်ပြီး ဆန်အိတ်များ ထဲ၌ အိပ်လိုက်လေ၏ ။
လော်ရီကားကြီးသည် တစ်မြို့ပြီးတစ်မြို့ ကျော်ဖြတ်၍ မောင်းနှင်ပြီးနောက် ကားကို ခဏရပ် လေ၏ ။ ထိုအခိုက်မှာ ပင် စပယ်ယာသည် ကားအနောက်သို့လာကြည့်ပြီး ဆန်အိတ်များ ပေါ်၌ အိပ်စက်နေသော ဘိုးစိန်ကို ဒေါသတကြီးကြည့်၍
“ဟေ့လူ..ဘယ်တုန်းက ခိုးလိုက်လာတာလဲ၊ ကားပေါ်က အခု ချက်ချင်း ဆင်း”
ဟု မောင်းနှင်ထုတ်လေ၏ ။
ဒရိုင်ဘာကလည်း အနောက်သို့ရောက်လာကာ ဘိုးစိန်ကို မောင်းနှင်ထုတ်လေ၏ ။ ဘိုးစိန် က သူခိုးလူမိ ဖြစ်သဖြင့် လေပြေထိုးရန် ကြိုးစားသော်လည်း တင်းမာနေသော ဒရိုင်ဘာနှင့် စပယ်ယာက ဘိုးစိန်ကို ကားပေါ်မှ ဒေါသတကြီး မောင်းနှင်ကြလေ၏ ။
ဒရိုင်ဘာနှင့် စပယ်ယာသည် ၄င်းတို့ကို လူလည်လုပ်ခံရခြင်းဟု ယူဆကာ မကျေနပ် ဖြစ်နေပုံ ရ၏ ။ ဘိုးစိန်သည် မည် သို့မျှ မတတ်နိုင်တော့ဘဲ ကားပေါ်မှဆင်း၍ အဝေးပြေးလမ်းအတိုင်း လျှောက် လှမ်းခဲ့လေ၏ ။
ခဏကြာအောင် လျှောက်လှမ်းပြီးနောက် အဝေးရှိ ညောင်ပင်ကြီးတစ်ပင်အောက်၌ ဖွင့်ထား သော ထမင်းဆိုင်လေးတစ်ဆိုင်ကို မြင်လိုက်ရ၏ ။
ဘိုးစိန်သည် ထမင်းဆိုင်ကိုမြင်ကာမှ ဗိုက်ထဲတွင် ဆာလောင်လာပြီး ဆိုင်ရှိရာသို့ ခပ်သွက် သွက်လှမ်းခဲ့၏ ။ ထမင်းဆိုင်ရှေ့သို့ရောက်သော အခါ ညောင်နှစ် ပင်ထမင်းဆိုင်ဟာ ရေး သားထားသော ဆိုင်းဘုတ်ကို မြင်ရ၏ ။
ထမင်းဆိုင်၏ အနောက်၌ လူနေအိမ်ရှိပြီး အိမ်၏ တစ်ဖက် ကွက်လပ်၌ အရက်ပုလင်းများ စီစီ ရီရီတင်ထားသော စင်ကို မြင်ရ၏ ။
ညောင်နှစ် ပင်ထမင်းဆိုင်သည် အဝေးပြေးလမ်းမပေါ်တွင် ရလေ့ရှိသော အရက်နှင့်တွဲ ဖက် ရောင်းချသည့် ထမင်းဆိုင်ကလေး ဖြစ်၏ ။
ဘိုးစိန်သည် ထိုဆိုင်ကလေးရှေ့၌ အတန်ကြာအောင် ရပ်တန့်၍ ကြည့်လိုက်ပြီးမှ ဆိုင်ထဲသို့ ဝင်လာခဲ့၏ ။
ဘိုးစိန်သည် သူ၏ အနာဂတ်၌ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ရပ်ဆိုးများ ကို ဤဆိုင်ကလေး၌ ကြုံတွေ့  မည် မှန်း ကြိုတင်သိမြင်နိုင်စွမ်းရှိလျှင် ဆိုင်ထဲသို့ ခြေတစ်လှမ်းပင် ချဝံ့မည် မဟုတ်။
ယခုတော့ ဘိုးစိန် ဆိုင်ထဲသို့ ဝင်ရောက်သွားချေပြီ။
ရှင်မမယ်ဖြူ | ဆားပုလင်းမင်းအောင်နှင့် အမျိုးကောင်းသား မောင်ပွင့်ကောင်း | ထောင်ချောက် |