Cover

အခန်း(၁)

တစ်နေ့သ၌ ကျွန်ုပ်နှင့် စုံထောက်ဦးပေါ်ဦးသည် အင်းစိန် စီအိုင်ဒီရုံးခန်းအနီးရှိ ကာကာဆိုင်တွင် ထိုင်လျှက် မမျှော်လင့်ဘဲ ထီတစ်သိန်းဆုကြီးပေါက်လျှင် မည် သို့မည် ပုံ အသုံးချမည် ကို သူ့ထက်ငါ အပြိုင်အဆိုင် ပြောဆိုနေကြ၏ ။

ဦးပေါ်ဦးကြီးက စတင်၍ …

“ကျုပ်သာ သိန်းဆုကြီးပေါက်ရင်တော့ဗျာ ဂင်ဇာဟိုတယ်မှာ နေ့ရောညပါ တစ်လုံး သွားစားပစ်လိုက်မယ်”

ဟု မစားရမ၀ခန်း ပြောဆိုလေရာ ကျွန်ုပ်က…

“ကျုပ် ကတော့ တရုတ်တန်းက ဆိုင်တွေ မှာ ပဲ လှည့်စားမယ်ဗျာ၊ တရုတ်စာတွေ အီရင် မဂိုလမ်းက ကုလားစာတွေ ဘက် လှည့်မယ်၊ ကုလားစာတွေ အီရင် မြန်မာဆိုင်တွေ ဘက် လှည့်မယ်၊ ဘိုစာတွေ စားရတာ ခံတွင်းမတွေ့ လှဘူး၊ ပေါ့ရွှတ်ရွှတ်ကြီး”

ဟု အားကျမခံ ပြန်လည်ပြောဆိုလေ၏ ။ ဦးပေါ်ဦးကြီးက တစ်ဖန် လက်မထောင်၍ …

“ကျုပ် ကတော့ ပထမဦးဆုံး အစီအစဉ်အနေနဲ့ အိမ်က မိန်းမကြီးကို ကွာပစ်မယ်ဗျာ၊ ပြီးတော့မှ (၁၆) နှစ် အရွယ် ကောင်မလေး တစ်ယောက် ကို ရှာပြီး ယူလိုက်မယ်”

ဟု ပြောဆိုလေရာ ကျွန်ုပ်က…

“ခင်ဗျား အတော် သစ္စာမဲ့တဲ့ လူကြီးပဲ၊ လှတာမက်ရင် ညစာခက်မယ်ဗျို့၊ ကျုပ် ကတော့ ညစာလည်း အခက်မခံနိုင်ဘူး၊ မယားအပေါ်လည်း သစ္စာမဖောက်နိုင်ဘူး”

ဟု ကြွေးကြော်လိုက်လေ၏ ။ ဦးပေါ်ဦးကြီးက မျက်နှာရှုံမဲ့၍ ….

“မိန်းမရှိခိုး သွားမကျိုးဆိုတာ ခင်ဗျားလို လူမျိုးပဲ၊ ကျုပ် ကတော့ မယားတင်မကဘူးဗျို့၊ ဆီလိုအပေါက်ရှာပြီး အမြဲတမ်း အပြစ်တင်နေတဲ့ ယောက္ခမကြီးကိုလည်း မသဒ္ဓါဘူး၊ သူ့ကိုလည်း တစ်ပြားမှ မပေးနိုင်ဘူး”

ဟု ဆိုပြန်၏ ။

ကျွန်ုပ်က တစ်ဖန်…

“ကျုပ် ကတော့ ယောက္ခမကိုလည်း မိဘလို သဘောထားတယ်ဗျာ၊ ဒါကြောင့် သိန်းဆုပေါက်ရင် ယောက္ခမကြီးကို ဗုဒ္ဓဂါယာဘုရားဖူး ပို့ပေးရမယ်”

ဟု ပြောလေ၏ ။ ဦးပေါ်ဦးကြီးက..

“အတော် လိမ္မာတဲ့ သားလိမ္မာလေးပဲ၊ ကျုပ် ကတော့ စုံထောက်မင်းကြီးကို ဒင်နာကောင်းကောင်း ဖိတ်ကျွေးရမယ်ဗျို့၊ ဒါမှ ရာထူးမြန်မြန်တက်မှာ ”

ဟု ဆိုပြန်၏ ။ ကျွန်ုပ်က တစ်ဖန်…

“ထီပေါက်ပြီး သူဌေး ဖြစ်တာတောင် ဖားတဲ့အကျင့် မပျောက်သေးဘဲကိုးဗျ၊ ကျုပ် ကတော့ မင်းကြီးကို ဒင်နာကျွေးမဲ့အစား ရပ်ကွက်ထဲမှာ ပဲ ခုနစ်ရက်ခုနစ်လီ အလှူကြီးပေးပစ်လိုက်မယ်”

ဟု ဆိုပြန်၏ ။ ဦးပေါ်ဦးကြီးက တစ်ဖန်…

“ကျုပ် ကတော့ အလှူမလုပ်ဘူးဗျို့၊ စကော့ဈေးတစ်ဈေးလုံး လှည့်ပြီး ရှပ်အင်္ကျီတွေ ၊ ဗန်ကောက်လုံချည်တွေ ၊ ပေတင်ရှုးဖိနပ်တွေ ၀ယ်မယ်ဗျာ၊ ရွှေလက်ပတ်ကြီးနဲ့ ရွှေကြယ်သီးတွေ လည်း အစုံလိုက်ထားမယ်၊ ရွှေမျက်မှန်လည်း အနည်းဆုံး တစ်လက်လောက်တော့ လုပ်ဦးမှာ ”

ဟု ကြွေးကြော်လိုက်ပြန်၏ ။ ကျွန်ုပ်ကလည်း…

“ခင်ဗျားကို အဝေးကကြည့်ရင် ပြောင်ပြောင်ပြောင်ပြောင်နဲ့ မျက်စိအတော် ကျိန်းမှာ ပဲ၊ ဒီထက်ပိုပြောင်အောင် ရွှေသွားတွေ ပါ စိုက်လိုက်ပါလား”

ဟု မြှော က်ပင့် ပြောဆိုလေရာ မြှော က်၍ မြှော က်မှန်းမသိသော ဦးပေါ်ဦးက…

“စိုက်သင့်ရင် စိုက်ရမှာ ပဲဗျို့၊ တောင်းမှာ အကွပ် လူမှာ အ၀တ်ဆိုတဲ့ စကားလည်း ရှိသားပဲဗျ၊ အဓိက,က ကောင်မလေးတွေ ကြိုက်ဖို့ပဲ”

ဟု အရှက်မရှိ ပြောဆိုလေ၏ ။ ကျွန်ုပ်က တစ်ဖန်…

“ကောင်မလေးတွေ ကြိုက်မကြိုက်တော့ မသိဘူးဗျို့၊ ခင်ဗျားမိန်းမကြီး နောက်ကလိုက်ပြီး ရိုက်မှာ မြင်ယောင်သေးးတယ်”

ဟု ပြောဆိုလေလ၏ ။

ထိုစဉ် ကျွန်ုပ်တို့အနောက်သို့ တစ်စုံ တစ်ယောက် ရောက်ရှိလာပြီးလျှင်…

“အိုင်ပီတို့ သိန်းဆုပေါက်ရင် ဆားပုလင်း တစ်ယောက် ကို ထမင်းကျွေးမဲ့ အစီအစဉ် ပါရဲ့ လားဗျာ”

ဟူသော အသံကိုကြားရ၍ လှည့်ကြည့်လိုက်ရာ ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းမင်းအောင်ကို တွေ့ ရလေ၏ ။

ထိုအခါ ကျွန်ုပ်က ရယ်မော၍ -

“ပါပါတယ်ဗျာ၊ ကိုမင်းအောင်ကို ဘုံဘေရက်စတောရင့်မှာ လိုက်ကျွေးမယ်ဗျာ၊ အားရပါးရသာ စားပေတော့”

ဟု ပြောဆိုလေ၏ ။ ဦးပေါ်ဦးကြီးက ၀င်ရောက်၍ ..

“ကျွန်ုပ်တို့ နှစ် ယောက် စိတ်ကူးယဉ်ပြီး လေထဲမှာ တိုက်အိမ်ဆောက်နေတာဗျို့”

ဟု ပြောလေ၏ ။ ဆားပုလင်းမင်းအောင်က ဂျွန်ပလေးယား မုတ်ဆိတ်စီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိလိုက်ပြီး…

“ကမ္ဘာပေါ်မှာ ရှိတဲ့ အောင်မြင်သူတွေ နဲ့ မအောင်မြင်သူတွေ ရဲ့ အဓိက ကွာခြားချက်က အဲဒီ အချက်ပဲဗျ၊ အောင်မြင်သူတွေ ဟာ စိတ်ကူးကို လက်တွေ့ ဘ၀ထဲ ရောက်အောင် အကောင်အထည်ဖော်တယ်၊ မအောင်မြင်သူတွေ ကတော့ စိတ်ကူးကို စိတ်ကူးထဲမှာ ပဲ ထားတယ်”

ဟု ပြောလေရာ ကျွန်ုပ်က…

“စိတ်ကူးကို လက်တွေ့ ဘ၀ထဲရောက်အောင် အကောင်အထည်ဖော်တဲ့ ကိစ္စက လွယ်တဲ့ ကိစ္စမို့လို့လားဗျ”

ဟု မေးမြန်းလေ၏ ။ ဆားပုလင်းမင်းအောင်က သက်ပြင်းချ၍ …

“လွယ်တဲ့ကိစ္စ မဟုတ်ပေမဲ့ လုပ်လို့မရအောင် ခက်တဲ့ကိစ္စတော့ မဟုတ်ဘူဗျ၊ အောင်မြင်သူ တစ်ယောက် ဖြစ်ဖို့အတွက် ပထမဦးဆုံး အကောင်းမြင် အယူဝါဒ ရှိဖို့လိုတယ်၊ အရာရာကို အဆိုးမြင်ပြီး စိတ်ပျက်အားလျော့တတ်တဲ့ လူမျိုးဟာ အောင်မြင်မှု နဲ့ အလှမ်းဝေးနေဦးမှာ ပဲ၊ အောင်မြင်ချင်တဲ့သူဟာ ရည်မှန်းချက် တိတိကျကျ ရှိဖို့ လိုတယ်၊ ရည်မှန်းချက်မရှိဘဲ အောင်မြင်မှု လမ်းပေါ် ကို မရောက်နိုင်ဘူး၊ ဘယ်လိုအခက်အခဲမျိုးပဲ ကြုံကြုံရင်ဆိုင်နိုင်တဲ့ ဇွဲမျိုးလည်း လိုတယ်။ ဇွဲမရှိတဲ့ လူမျိုးဟာ မအောင်မြင်နိုင်ဘူး၊ အရေး အကြီးဆုံး ကတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကောင်းသည်ထက် ကောင်းအောင် ကြိုးကြိုးစားစား လုပ်ဖို့ပဲ၊ ငါ အကောင်းဆုံး ကြိုးစားပြီးပြီလား၊ ဒီထက်ပိုကောင်းအောင် မလုပ်နိုင်တော့ဘူးလား၊ ဒီထက်ပိုကောင်းတဲ့ နည်း မရှိတော့ဘူးလားလို့၊ ကိုယ့်ကိုကိုယ် မေးခွန်းတွေ အမြဲထုတ်နေဖို့ လိုတယ်။ မေးခွန်းတွေ ထုတ်နိုင်လေ အကျိုးရှိလေပဲဗျ”

ဟု စိတ်ရှည်လက်ရှည် ရှင်းလင်းပြလေ၏ ။ ထိုအခါ ဦးပေါ်ဦးကြီက…

“ကျွန်ုပ် ကတော့ ဘာမေးခွန်းမှ မထုတ်ဘူးဗျို့၊ ကိုယ့်ကိုကိုယ် သက်သာအောင် အမြဲနေတယ်၊ သက်သာဖို့ပဲ ကြိုးစားတယ်”

ဟု ပြောဆိုလေရာ ကျွန်ုပ်က ၀င်ရောက်၍ …

“ဒါကြောင့် ခင်ဗျား မတိုးတက်တာပေါ့၊ ဒီအသက်အရွယ်အထိ ဒုံရင်း ဒုံရင်းပဲ မဟုတ်လား”

ဟု နောက်ပြောင်လေ၏ ။

ဆားပုလင်းမင်းအောင်က ကျွန်ုပ်တို့ နှစ် ယောက် ကို ကြည့်၍ ပြုံးလိုက်ရင်း…

“ခင်ဗျားတို့ စကားနိုင်လုတာ ခဏရပ်လိုက်ဦးဗျ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက ရွာကလေးတစ်ရွာမှ လူသတ်မှု ဖြစ်ပြန်ပြီ၊ အိုးဘိုဂါတ်က သဲလွန်စရှာမရလို့ စီအိုင်ဒီကို အကူအညီ တောင်းထားတယ်။ ကျုပ်တို့ သွားကြရအောင်၊ ခင်ဗျားတို့ မိတ်ဆွေကြီး ကိုစိန်မြင့်တို့ လူစု ကတော့ သွားနှင့် ကြပြီ…”

ဟု ပြောဆိုလေရာ ကျွနု်ပ်နှင့် ဦးပေါ်ဦးသည် စကားနိုင်လုခြင်းကို ရပ်စဲ၍ လူသတ်မှု ဖြစ်ပွားရာအရပ်သို့ သွားရောက်ရန် ပြင်ဆင်ရလေ၏ ။ ကျွန်ုပ်တို့သည် ကြည့်မြင်တိုင် ကမ်းနားသို့ ဖို့ဒ်ကားစုတ်ကလေးကို မောင်းနှင်သွားပြီး တစ်ဖက်ကမ်းသို့ သမ္ဗန်ဖြင့် ကူးသန်းရလေ၏ ။

လူသတ်မှု ဖြစ်ပွားရာအရပ်မှာ အလပ်ချောင်းအနီးရှိ ရွာကလေးတစ်ရွာ ဖြစ်၏ ။ ကြည့်မြင်တိုင်ဘက်ကမ်းတွင် ပုလိပ်ဆာသင်တစ်ဦးနှင့် ရွာသားများ က စောင့်ကြိုနေပြီး ကျွန်ုပ်တို့ လူစုအား လူသတ်မှု ဖြစ်ပွားရာသို့ ခေါ်ဆောင်သွားလေ၏ ။

ရွာသို့ ရောက်သော အခါ မွန်းတည့်ချိန်နီးနေပြီ ဖြစ်သဖြင့် နေ့လယ်စာ စားသောက်ရန် သူကြီးအိမ်သို့ ဦးစွာ ပို့ဆောင် ပေးလေ၏ ။ သူကြီးမင်း တည်ခင်းသော ထမင်းကို စားချင်ဟန်မရှိသော ကိုမင်းအောင်က ရွာသား တစ်ယောက် အား အနီးအနားတွင် ထမင်းဆိုင် ရှိ, မရှိ မေးမြန်းလေရာ ရွာသားများ က မရှိကြောင်း ပြောဆိုလေ၏ ။။ ဆားပုလင်းမင်းအောင်က သက်ပြင်းချ၍ …

“ထမင်းဆိုင် မရှိရင် လက်ဖက်ရည်ဆိုင်တော့ ရှိမှာ ပေါ့ဗျာ၊ လက်ဖက်ရည်ဆိုင်ကိုပဲ အရင်ပို့ပေးပါ၊ ကျေးရွာတွေ ကို စစ်ဘက်နယ်ဘက်က ပုဂ္ဂိုလ်တွေ လာတိုင်း လှည်းဆင့်ပေးရ၊ ထမင်းကျွေးရ၊ လက်ဆောင်တွေ ပေးရနဲ့ ရပ်မိရပ်ဖတွေ မှာ ၀န်ထုပ်ဝန်ပိုး ဖြစ်လှတယ်ဗျာ၊ ကျုပ်တို့အတွက်တော့ ၀န်ထုပ်ဝန်ပိုး မ ဖြစ်စေချင်ဘူး”

ဟု ပြောဆိုလေရာ ရွာသားများ သည် ကိုမင်းအောင်အား အထူးအဆန်းသဖွယ် ၀ိုင်းဝန်းကြည့်ရှုကြလေ၏ ။

ထို့နောက်တွင် မူ လူရည်လည်သော ရွာသား တစ်ယောက် က ကမ်းနားအနီးတွင် လွန်စွာ စုတ်ချာသည့် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် ရှိကြောင်း ပြောဆို၍ လိုက်လံပို့ဆောင်ပေးလေ၏ ။ လက်ဖက်ရည်ဆိုင်သို့ ရောက်သော အခါ ပုလိပ်ဆာသင်ကြီးနှင့် ရွာသားများ သည် သူကြီးအိမ်သို့ သွားနှင့် ကြလေ၏ ။

လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ လူဝကြီး တစ်ယောက် ဖြစ်ပြီး သူ၏ လက်ဖက်ရည်မှာ ကျွန်ုပ်တစ်သက်တာတွင် သောက်ဖူးသမျှ လက်ဖက်ရည်များ ထဲတွင် အညံ့ဖျင်းဆုံး ဖြစ်သည်။ ဆိုင်တွင် ရောင်းသော ဓားလှီးမုန့်များ မှာ လည်း ကျောက်ခဲကဲ့သို့ မာကျောပြီး အရသာ ကင်းမဲ့လှ၏ ။ ဦးပေါ်ဦးကြီးသည် လူဝကြီး၏ လက်ဖက်ရည်ကို တစ်ငုံမျှသောက်ပြီး နှာခေါင်းရှုံကာ…

“လက်ဖက်ရည်ကလည်းဗျာ၊ နွားမဒန်းသေးရည် ကျနေတာပဲ၊ အရသာကို မရှိဘူး”

ဟု အပြစ်တင်လေ၏ ။ ကျွန်ုပ်ကလည်း…

“ဓားလှီးမုန့်စားရတာ ကျောက်ခဲကို ၀ါးရသလား အောက်မေ့ရတယ်၊ မာလိုက်တာဗျာ”

ဟု အပြစ်တင်ပြန်၏ ။ ဆားပုလင်းမင်းအောင်ကမူ မည် သည့်စကားကိုမျှ မဆိုဘဲ လက်ဖက်ရည်နှင့် မုန့်များ ကို ငြိမ်သက်စွာ စားသောက်နေရှာ၏ ။ ထိုစဉ် ကျွန်ုပ်တို့အနီးသို့ လူဝကြီး ရောက်လာပြီး…

“ဘယ်လိုလဲ ဆရာတို့ ကျုပ် လက်ဖက်ရည်သောက်ပြီး လျှာလည်သွားပြီလား၊ ရွာသားတွေ ကတော့ ကျုပ် လက်ဖက်ရည်ကို ဆွေမျိုးမေ့လောက်အောင် ကောင်းတယ်လို့ ချီးမွမ်းကြတယ်”

ဟု ကြွားဝါလေ၏ ။ ဦးပေါ်ဦးကြီးသည် လူဝကြီး၏ စကားကို နားထောင်ပြီး…

“ဟဲဟဲ… ခင်ဗျား လက်ဖက်ရည်ကို အကြွေးသောက်ရလို့ ဖြစ်ပါလိမ့်မယ်”

ဟု ခပ်သာသာ နှိပ်လိုက်ရာ နှိပ်၍ နှိပ်မှန်း မသိသော လူဝကြီးက တဟဲဟဲ ရယ်မောကာ…

“ဆရာတို့ လူကဲခတ် သိပ်ကောင်းတယ်၊ ဟောဒီတစ်ရွာလုံး ကျုပ်အကြွေးနဲ့ ဘယ်သူမှ မကင်းဘူးဗျ၊ ဒါတောင် ဘယ် မိမဆုံးမ ဖမဆုံးမ မသိဘူး၊ မနက်က ကျုပ်ရဲ့ ဆင်တံဆိပ် ဖိနပ်အသစ်စက်စက်ကလေး ခဏချွတ်ထားတာ ခိုးစီးသွားတယ်၊ ပြီးတော့ သူ့ဖိနပ်အပြတ်ကြီး ပြန်ထားသွားတယ်”

ဟု ပြောဆိုလေရာ ကျွန်ုပ်တို့ စုံထောက်ကျော်များ အားလုံး ၀ါးခနဲ ရယ်မောလိုက်ကြလေ၏ ။ လူဝကြီးက ဆက်လက်၍ …

“ဆရာတို့က ကျုပ်တို့ရွာသူ မိန်းကလေး အသတ်ခံရတာ ကို လာစုံစမ်းတဲ့ စုံထောက်တွေ ထင်တယ်၊ ဒါဆိုရင် ဆားပုလင်းမင်းအောင်ဆိုတဲ့ စုံထောက် မပါဘူးလား၊ သူပါရင်တော့ ဒီအမှု က ပေါ်ကိုပေါ်မှာ ဗျ”

ဟု ပြောဆိုလေ၏ ။ ဆားပုလင်းမင်းအောင်သည် တိုင်းသိပြည်သိ ကျော်ကြားသော စုံထောက် တစ်ယောက် ဖြစ်နေပေပြီ။ ကျွန်ုပ်တို့ လူစု သူကြီးမင်း၏ နေအိမ်သို့ ထွက်ခဲ့၏ ။ သူကြီးမင်း၏ ခြံဝိုင်းထဲသို့ ရောက်သော အခါ စားပွဲရှည်ကြီးများ ခင်းကျင်း၍ ထမင်းနှင့် ၀က်သားဘီးစပတ်တုံးကြီးများ ကို အငမ်းမရ စားသောက်နေသော စုံထောက်ကိုစိန်မြင့်တို့ လူစုကို တွေ့ ရလေ၏ ။ ၎င်းတို့ရှေ့တွင် စားပြီးသား ပန်းကန်များ အထပ်လိုက် တွေ့ ရလေ၏ ။ သူကြီးမင်းသည် ကျွန်ုပ်တို့ လူစုအား ခြံဝိုင်းကြီးထဲတွင် ပင် ထိုင်ခုံများ ခင်းကျင်း၍ ဧည့်ခံရှာ၏ ။ ဆားပုလင်း မင်းအောင်က…

“အမှု ဖြစ်ပွားပုံကို ပြောပါဦး သူကြီးမင်း…”

ဟု မေးမြန်းလေရာ သူကြီးက…

“အသတ်ခံရတဲ့ မိန်းကလေးက မစောလှဆိုတဲ့ မိန်းကလေးပါ၊ မစောလှဟာ လယ်ပိုင်ရှင် ဦးဘလှရဲ့ သမီး ဖြစ်ပြီး လှလည်း အလွန်လှပါတယ်။ တစ်ရွာလုံးက ကာလသားတွေ မျက်စိကျခံရသူပါ၊ မိန်းကလေးဟာ ဒီနေ့နံနက်စောစော ထပြီး ရွာထိပ်က ခရေပင်ကြီးမှာ ခရေပင်ကောက်ရင်း ခရေပင်ခြေရင်းမှာ အသတ်ခံရတာ ပါ”

ဟု ဖြေလေ၏ ။ ဆားပုလင်းမင်းအောင်က ခေါင်းဆတ်ဆတ်ညိတ်၍ နားထောင်နေပြီး….

“အခြား မသင်္ကာစရာ ဘာများ ရှိသေးလဲ”

ဟု မေးမြန်းလေရာ သူကြီးက လေသံခပ်တိုးတိုးဖြင့် …

“မစောလှက လှသလောက် အင်မတန် မာနကြီးတယ် ဆရာ၊ ဒီရွာက ကာလသားတွေ ကို သူနဲ့ တူတယ် တန်တယ် ထင်တာ မဟုတ်ဘူး၊ ဒီရွာမှာ သူတို့က အချမ်းသာဆုံးလည်း ဖြစ်တာကိုး၊ မစောလှတို့အိမ်မှာ လုပ်ကိုင်တဲ့ စာရင်းငှားတွေ ထဲက ချစ်ဝင်း ဆိုတဲ့ကောင်ဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မစောလှကို လက်ဆွဲပြီး ချစ်စကား ကြိုက်စကား ပြောလို့ မစောလှက ပါးရိုက်ပြီး အလုပ်ထုတ်ပစ်လိုက်တယ် ဆရာ၊ အဲဒီ တုန်က ချစ်ဝင်းက ရှက်ရှက်နဲ့ မစောလှကို မရ,ရအောင် ယူမယ်လို့ ကြုံးဝါးခဲ့ဖူးတယ်”

ဟု ပြောလေရာ သူကြီးမင်း၏ စကားကို နားစိုက်ထောင်နေသော စုံထောက်ကိုစိန်မြင့်က…

“ချစ်ဝင်းဆိုတဲ့ စာရင်းဌားကို ကျုပ်အရင်ဆုံး ဖမ်းတယ်ဗျို့”

ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏ ။ သူကြီးမင်းက ခေါင်းကုတ်၍ …

“ဒါပေမဲ့ ဆရာ၊ စာရင်းဌား ချစ်ဝင်းက အဲဒီ နေ့ကစပြီး ရွာကထွက်သွားတာ ဒီနေ့အထိ ပေါ်မလာတော့ဘူး”

ဟု ပြောလိုက်ရာ စုံထောက်ကိုစိန်မြင့်သည် အူကြောင်ကြောင် ဖြစ်သွားလေ၏ ။ ထိုအခါ စုံထောက်ကိုတင်လှက..

“ဘာပဲ ဖြစ် ဖြစ် စာရင်းငှားချစ်ဝင်းဟာ ရွာကို အချိန်မရွေး ပြန်လာပြီး မစောလှကို သတ်ဖြတ်နိုင်တယ်ဗျ၊ မစားရတဲ့ အမဲ သဲနဲ့ပတ်တဲ့ သဘောပေါ့ဗျာ”

ဟု အာဘောင်အာရင်းသန်သန်ဖြင့် ၀င်ရောက်ငြင်းခုန်လေ၏ ။ ထိုအခါ သူကြီးမင်းက…

“မစောလှကို ရန်ငြိုးဖွဲ့မယ်ဆိုရင် ဖွဲ့နိုင်တဲ့ ကာလသားတွေ ရွာမှာ အများ ကြီးရှိတယ် ဆရာ၊ ဒီရွာမှာ မစောလှ ပါးရိုက်ဖူးတဲ့ ရွာသားတွေ (၇) ယောက် လောက် ရှိတယ်”

ဟု ပြောလေရာ ဦးပေါ်ဦးကြီးက…

“ဗုဒ္ဓေါ အတော် လက်သွက်တဲ့ မိန်းကလေးပါလားဗျ”

ဟု ရေရွတ်လိုက်လေ၏ ။ သူကြီးမင်းက ခေါင်းညိတ်၍ …

“လက်သွက်တာတော့ မပြောနဲ့ဆရာ၊ မစောလှဟာ တကယ်ဆတ်ဆတ်ကြဲ မိန်းကလေးဗျ၊ အကြောင်းသိတဲ့ ကာလသားတွေ ကတော့ ဝေးဝေးက ရှောင်ကြတယ်”

ဟု ပြောဆိုလေ၏ ။ ထိုအခါ ဆားပုလင်းမင်းအောင်က ထိုင်ရာမှထ၍ .

“ပြောနေတာ ကြာတယ်ဗျာ၊ မိန်းကလေးရဲ့ အလောင်းကို ကြည့်ရအောင်”

ဟု ပြောဆိုလေရာ သူကြီးမင်းက ကျွန်ုပ်တို့ လူစုအား ရွာထိပ်ရှိ ခရေပင်ကြီးဆီသို့ ချောင်းအနီးရှိ လမ်းအတိုင်း ခေါ်ဆောင်သွားလေ၏ ။

ချောင်းတစ်နေရာသို့ ရောက်သော အခါ စိမ်းစိုလတ်ဆိတ်သော ဟင်းသီးဟင်းရွက်များ ကို သမ္ဗန်တစ်စီးပေါ်သို့ တင်ပို့ပေးနေကြောင်း တွေ့ ရ၍ စုံထောက်ဦးပေါ်ဦးက….

“ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်လိုက်တာဗျာ၊ အပြန်ကျမှ ကျုပ်မိန်းမအတွက် ဘူးသီးတစ်လုံးလောက် ၀ယ်ရမယ်”

ဟု ပြောလေရာ ကျွန်ုပ်ကလည်း အားကျမခံ…

“ကျုပ်လည်း မေ့အတွက် သခွားသီး ၀ယ်သွားမယ်ဗျို့”

ဟု ပြောဆိုလေ၏ ။ ထိုအခါ ကျွန်ုပ်တို့ အနီးရှိ လူရည်လည်ဟန်ရှိသော ရွာသားက…

“ဆရာတို့ ဟင်းသီးဟင်းရွက် ၀ယ်ချင်ရင် အောင်ဘသမ္ဗန်က မ၀ယ်နဲ့ဗျ၊ သူ့ဆီမှာ ဈေးသိပ်ကြီးတာ၊ ကိုအောင်ဘက ကျုပ်တို့ရွာက ဟင်းသီးဟင်းရွက်တွေ ကို ဈေးပေါပေါနဲ့ ၀ယ်ပြီး ညောင်ပင်လေးဈေးမှာ ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းစားတာဗျ”

ဟု မျက်နှာလို မျက်နှာရ ပြောဆိုလေ၏ ။

ဤသို့ ဖြင့် ကျွန်ုပ်နှင့် စုံထောက်ဦးပေါ်ဦးသည် အမှု ကို စိတ်ဝင်စားခြင်းမရှိဘဲ ရောက်တတ်ရာရာ စကားများ ကို ပြောဆိုနေစဉ် ရွာထိပ်ခရေပင်ကြီးဆီသို့ ရောက်လေတော့၏ ။

ခရေပင်ကြီးအောက်ရှိ မိန်းမပျို၏ အလောင်းအနီးတွင် ပုလိပ်သားတစ်ဦး အစောင့်ချထားလေ၏ ။ ဆားပုလင်းမင်းအောင်သည် မိန်းမပျိုအနီးသို့ ဒူးထောက်ထိုင်ချ၍ သေချာစွာ ကြည့်ရှုစစ်ဆေးလေ၏ ။ မိန်းမပျိုသည် ပဒုမ္မာအင်္ကျီလက်တိုနှင့် စူရတီလုံချည် အညိုရောင် ကို ၀တ်ဆင်ထားပြီး ပက်လက်အနေထားဖြင့် သေဆုံးနေခြင်းပင် ဖြစ်၏ ။ မိန်းမပျို၏ ဦးခေါင်းတွင် သွေးများ စိုရွဲနေသော ဒဏ်ရာတစ်ခုကို မြင်ရ၏ ။ သူမသည် ရွာသူကြီး ညွှန်းသကဲ့သို့ပင် ချောမောလှသော မိန်းမပျိုတစ်ဦး ဖြစ်၏ ။

မိန်းမပျို၏ မနီးမဝေးတွင် သူမ၏ မိဘများ ဖြစ်ဟန်တူသူတို့ကို မြင်ရပြီး မိခင်ကြီးမှာ တရှုံ့ရှုံ့ ငိုကြွေးနေရှာ၏ ။ ဆားပုလင်းမင်းအောင်သည် ခြေသလုံးအထက်သို့ လန်တက်နေသော စူရတီလုံချည်ကို အသာအယာ ဆွဲဖုံးလိုက်၏ ။ ထိုစဉ် မိန်းမပျို၏ လုံချည်အောက်မှ တစ်ထွာခန့်ရှိသော စာရွက်တစ်ရွက်ကို မြင်သဖြင့် လှမ်းယူလိုက်၏ ။

စာရွက်မှာ မြနှင်းဆီအငြိမ့်အဖွဲ့၏ ကြေညာစာရွက် ဖြစ်၏ ။ ထိုစာရွက်ပေါ်တွင် လက်ရေး သော့ သော့ ဖြင့် စာရင်းတွက်ထားဟန်ရှိသော ဂဏာန်းများ ကို တွေ့ ရ၏ ။

ထိုအချိန်တွင် စုံထောက်ကိုစိန်မြင့်တို့ လူစုသည် မိန်းမပျို၏ အလောင်းအား ပေကြိုးဖြင့်တိုင်းခြင်း၊ မှန်ဘီလူးဖြင့် ကြည့်ခြင်း စသော အမှု ကိစ္စများ ကို လူအထင်ကြီးအောင် လုပ်ဆောင်နေပေပြီ။

ဆားပုလင်းမင်းအောင်သည် အငြိမ့်ကြော်ငြာစာရွက်ကို ကြည့်၍ ခေါင်းတဆတ်ဆတ်ညိတ်ပြီး ကျွန်ုပ်ဘက်သို့ လှည့်ကာ အင်္ဂလိပ်ဘာသာဖြင့်

“မိန်းကလေးဟာ အဓမ္မအကျင့်ခံရပြီး သေဆုံးသွားတာဗျ၊ လုံချည်မှာ အဓမ္မကျင့်ခံရကြောင်း အထောက်အထားတွေ့ ရတယ်၊ မိန်းကလေးကို အဓမ္မကျင့်ဖို့ လူယုတ်မာက တွန်းလှဲလိုက်ရင်း နောက်ပြန်လန်ကျပြီး မြေပေါ်က ကျောက်ခဲနဲ့ ဦးခေါင်းဆောင့်မိပြီး မေ့မြောရာက အသက်ပါသွားတာပဲ”

ဟု ပြောလေရာ ကျွန်ုပ်က သက်ပြင်းချ၍ …

“ ဖြစ်မှ ဖြစ်ရလေဗျာ၊ ဒါနဲ့ ကိုမင်းအောင်က တရားခံကို ခန့်မှန်းမိပြီလား”

ဟု မေးမြန်းလေ၏ ။ ဆားပုလင်းမင်းအောင်က ခေါင်းညိတ်၍ ..

“မကြာမီ တရားခံကို ဖမ်းနိုင်မယ် ထင်တယ်ဗျ၊ ခဏလေး သည်းခံစောင့်ပါဗျာ”

ဟု ပြောဆိုလေ၏ ။ မိန်းကလေး၏ မိခင်ကြီးသည် တရားခံကို အမြန်ဆုံး ဖမ်းဆီးပေးပါရန် ငိုယို၍ တောင်းပန်ရှာ၏ ။

စုံထောက်ကိုတင်လှသည် မိန်းမပျို၏ အလောင်းကို မှန်ဘီလူးဖြင့် ကြည်၍ နေရာမှ ထကာ…

“မိန်းကလေးအိမ်က စာရင်းဌားတွေ အကုန်လုံးကို မင်္သကာဘူးဗျို့၊ ဒီလူတွေ အားလုံးဖမ်းပြီး စစ်ဆေးလိုက်ရင် အမှု မှန် ပေါ်ပြီပေါ့ဗျာ”

ဟု ကြွေးကြော်လေ၏ ။ စုံထောက်ကိုစိန်မြင့်ကလည်း အားကျမခံဘဲ…

“မိန်းကလေးနဲ့ ရန်ငြိုးရန်စမရှိတဲ့ ကာလသားတွေ အကုန်လုံးကို ကျုပ် ဖမ်းတယ်ဗျို့၊ ဒီအမှု က ရန်ငြိုးရန်စကြောင့် ဖြစ်တဲ့အမှု ဗျ”

ဟု ကြောင်စီစံအသံနှင့် ထအော်လေ၏ ။

ဆားပုလင်းမင်းအောင်ကမူ မည် သည့်စကားကိုမျှ မဆိုသေးဘဲ လူရည်လည်ဟန်ရှိသော ပုလိပ်သားလေး တစ်ယောက် ကို ခေါ်ယူ၍ တီးတိုး မှာ ကြားနေလေ၏ ။

ခဏကြာလျှင် ပုလိပ်သားလေးလည်း ကျွန်ုပ်တို့ မျက်စိအောက်မှ ပျောက်ကွယ်သွားပြီး အတန်ကြာသော အခါ လက်ဖက်ရည်ဆိုင်ပိုင်ရှင် လူဝကြီးနှင့် အတူ ပြန်ရောက်လာလေ၏ ။ လူဝကြီးကို…

“မနက်က ကျုပ်ဆိုင်မှာ ချွတ်ထားတုန်း၊ ပျောက်သွားတဲ့ ဆင်တံဆိပ်ဖိနပ် ပြန်ရမယ်ဆိုလို့ လိုက်လာတာ၊ ကျုပ်ဖိနပ်ကို ခိုးတဲ့ မိမဆုံးမ ဖမဆုံးမကောင် ဘယ်မှာ လဲ”

ဟု ကျယ်လောင်သော အသံဖြင့် မေးမြန်းလေ၏ ။ ဆားပုလင်းမင်းအောင်က လက်ကာပြ၍ .

“ခင်ဗျား ဖိနပ်ပြန်လိုချင်ရင် ကျုပ်နောက်က လိုက်ခဲ့ပါဗျာ၊ ဟိုရောက်ရင် ဖိနပ်ရော၊ ဖိနပ်သူခိုးပါ လက်ပူးလက်ကြပ် တွေ့ ရမှာ ပါ”

ဟု ပြောဆို၍ ချောင်းရိုးအတိုင်း ရှေ့မှဦးဆောင်၍ လျှောက်သွားလေ၏ ။ ကျွန်ုပ်တို့ စုံထောက်ကျော်များ နှင့် ရွာသူရွာသားများ လည်း ဆားပုလင်းမင်းအောင်၏ နောက်မှ တကောက်ကောက် လိုက်ကြကုန်၏ ။ လမ်းတွင် ဦးပေါ်ဦးက လေသံတိုးတိုးဖြင့် …

“ကိုမင်းအောင် ကတော့ အရေး ကြီးတဲ့ လူသတ်တရားခံကို မဖမ်းဘဘဲ ဘာမဟုတ်တဲ့ ဖိနပ်သူခိုးကို အရေး လုပ်ဖမ်းနေတယ်ဗျာ”

ဟု အပြစ်တင်လေ၏ ။ ကျွန်ုပ်လည်း ဆားပုလင်းမင်းအောင်၏ အပြုအမူကို နားမလည်နိုင်အောင် ဖြစ်မိလေ၏ ။

ချောင်းရိုးတစ်နေရာသို့ ရောက်သော အခါ အလာလမ်းတွင် တွေ့ ရသော ဟင်းသီးဟင်းရွက် သမ္ဗန်ကို ပြန်တွေ့ ရ၏ ။ သမ္ဗန်အနီးတွင် မုဆိုးကွက်တုံး ၀တ်ဆင်ထားသော လူ တစ်ယောက် က ရွာသားများ ကို ခိုင်းစေနေ၏ ။ ဆားပုလင်းမင်းအောင်သည် ထိုသူ၏ အနီးသို့ ရောက်သော အခါ လက်ဖက်ရည်ဆိုင်ရှင် လူဝကြီးဘက်သို့ လှည့်၍ …

“ခင်ဗျားရဲ့ ပျောက်ဆုံးသွားတဲ့ ဆင်တံဆိပ် ဖိနပ်သစ်စက်စက်ကလေးဟာ ဒီလူ့ဆီမှာ ရောက်နေတာဗျ၊ ဒီလူဟာ မနေ့က ခင်ဗျားရဲ့ ဆိုင်မှာ ပိုလိုစီးကရက်ဘူး ၀ယ်ရင်း သူ့ရဲ့ ပြတ်လုလု ဖိနပ်နဲ့ ခင်ဗျားရဲ့ ဖိနပ်အသစ်ကို လဲစီးသွားတာပဲ”

ဟု ဆိုလိုက်ရာ ပုဆိုးကွက်တုံးနှင့် လူသည် မျက်လုံးပြုးသွားပြီး…

“ဟေ့လူ… ခင်ဗျား ဘာတွေ လာပြောနေတာလဲ”

ဟု ဆားပုလင်းမင်းအောင်အား ဟိန်းဟောက်လိုက်လေ၏ ။ ကိုမင်းအောင်က ထိုသူ၏ မျက်နှာကို မခိုးမခန့် ကြည့်၍ …

“ဒီမှာ ကိုအောင်ဘ.. ခင်ဗျား ငြင်းဖို့ မကြိုးစားပါနဲ့တော့၊ မစောလှကို အဓမ္မကျင့်ပြီး အသက်ဆုံးရှုံးစေတဲ့ အမှု နဲ့ ပတ်သက်ပြီး ခင်ဗျားကို ဖမ်းဆီးလိုက်ပါပြီ။ ကျုပ်က အင်းစိန်စီအိုင်ဒီက ဆားပုလင်းမင်းအောင်ပါ”

ဟု ဆိုလိုက်ရာ အောင်ဘ ဆိုသော သူသည် မငြင်းဆန်နိုင်တော့ဘဲ ခေါင်းငိုက်စိုက် ကျသွားလေ၏ ။ ရွာသူ ရွာသားများ သည် လူယုတ်မာ အောင်ဘကိုကြည့်၍ လှုပ်လှုပ်ရွရွ ဖြစ်သွားလေ၏ ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် လူဝကြီးက…

“မြို့သားလူလည် အောင်ဘ၊ မင်းဟာ ငါတို့ရွာက ဟင်းသီးဟင်းရွက်တွေ ကို ခေါင်းပုံဖြတ် အမြတ်ထုတ်ရုံမကဘူး မစောလှကိုလည်း ယုတ်မာတယ်၊ မဆီမဆိုင် ငါ့ဖိနပ်ကိုတောင် ခိုးသွားသေးတာကိုးကွ၊ ဒါပေမဲ့ ဆားပုလင်းမင်းအောင်နဲ့ တွေ့ တော့လည်း မင်းရဲ့ ယုတ်မာရိုင်းစိုင်းမှု တွေ ဘူးပေါ်သလို ပေါ်ပြီပေါ့ကွာ”

ဟု ရေရွတ်လိုက်လေ၏ ။ စိတ်ယုတ်မာရှိသော ကိုစိန်မြင့်တို့လူစုသည် ဆားပုလင်းမင်းအောင်က တရားခံဖမ်းမိပြီ ဆိုသည်နှင့် မျက်စိမျက်နှာပျက်ကာ ထိုနေရာမှ တစ်ချိုးတည်း လစ်လေတော့၏ ။

ကိုမင်းအောင်က ပုလိပ်အဖွဲ့အား တရားခံကို လက်ထိတ်ခတ်စေပြီး လုံခြုံစွာ စောင့်ရှောက်၍ ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏ ။

သူကြီးမင်းသည် ဆားပုလင်းမင်းအောင် တရားခံ ဖမ်းပုံကိုကြည့်၍ နှစ် ထောင်းအားရရှိလွန်း၍ တဖွဖွ ချီးမွမ်းနေလေတော့၏ ။ သူကြီးမင်းက …

“ဒါကြောင့် လည်း ဆားပုလင်းမင်းအောင်.. ဆားပုလင်းမင်းအောင်ဆိုပြီး နာမည် ကျော်ကြား တာကိုးဗျ၊ တရားခံဖမ်းပုံလေးကို ကျုပ်တို့ ဉာဏ်မီသလောက် ရှင်းပြပါဦးဗျာ”

ဟု တောင်းပန်လေ၏ ။ ဆားပုလင်းမင်းအောင်က ဂျွန်ပလေယားမုတ်ဆိတ် စီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိ၍ …

“ဒီအမှု မှာ ပုလိပ်တွေ ထင်သလောက် သဲလွန်စရှာရတာ မခက်ပါဘူးဗျာ၊ သေသူအနီးမှာ မြနှင်းဆီ အငြိမ့်ကြော်ငြာ စာရွက်တွေ့ ကတည်းက တရားခံဟာ ဒီရွာသား မဟုတ်ဘူးဆိုတာ ရိပ်စားမိတယ်၊ မြနှင်းဆီအငြိမ့်အဖွဲ့ဟာ လွန်ခဲ့တဲ့ညက ညောင်ပင်လေးဈေးအနီးမှာ လာပြသွားတယ်ဗျ၊ ဒီတော့… အငြိမ့်စာရွက်ကို ရနိုင်တဲ့သူက ညောင်ပင်လေးဈေးအနီးမှာ လှည့်လည်ကျက်စားလေ့ရှိတဲ့ ကုန်စိမ်းပွဲစားတွေ ပဲဗျ၊ ကုန်စိမ်းပွဲစားမှန်း သေချာတာ ကတော့ အငြိမ့်ကြော်ငြာစာရွက်မှာ ဂဏန်းတွေ ကို မင်ယိုနေတဲ့ အပေါစား ဖောင်တိန်နဲ့ ပေါင်းထားတာပဲဗျ၊ ကုန်စိမ်းပွဲစား အတော် များများ ဟာ အ၀တ်အစားကို လူအထင်ကြီးအောင် ရှိုးကျကျ ၀တ်ဆင်တတ်ပေမဲ့ ဖောင်တိန်ကိုတော့ အပေါစားပဲ ကိုင်လေ့ရှိတယ်ဗျ၊ ဒါကြောင့် မိန်းကလေးကို အဓမ္မပြုကျင့်သွားတဲ့သူဟာ ကုန်စိမ်းပွဲစား တစ်ယောက် လို့ ရိပ်စားမိလိုက်တယ်၊ ကျွန်တော် ဟာ ရွာကိုမ၀င်ခင် လူဝကြီးလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် သောက်ခဲ့တယ်။ အဲဒီ မှာ လူဝကြီးရဲ့ ဆင်တံဆိပ်ဖိနပ်အသစ်ကို ပြတ်လုလု ဖြစ်နေတဲ့ ဖိနပ်နဲ့ လဲစီးသွားတယ်လို့ သိရတယ်။ ကျွန်တော် ဟာ ဒီအချက်ကို မသင်္ကာဖွယ်ကောင်းတာနဲ့ မှတ်သားလိုက်တယ်၊ မှုခင်း ဖြစ်တဲ့နေရာကို အလာလမ်းမှာ ရွာသားတွေ ရဲ့ ပြောစကားအရ ကုန်စိမ်းပွဲစား ကိုအောင်ဘကို သတိထားလိုက်မိတယ်၊ ကိုအောင်ဘ စီးထားတဲ့ ဖိနပ်ကလည်း လူဝကြီးပျောက်သွားတဲ့ ဆင်တံဆိပ်ဖိနပ်ပဲဗျ၊ ဒါကြောင့် လူသတ်မှု နဲ့ ပတ်သက်ပြီး ကိုအောင်ဘကို မသင်္ကာ ဖြစ်မိတယ်၊ ပုလိပ်သား တစ်ယောက် ကို လူဝကြီးဆိုင်ကို လွှတ်ပြီး ကိုအောင်ဘအကြောင်း စုံစမ်းကြည့်တဲ့အခါမှာ ကိုအောင်ဘ မနက်စောစောဆိုင်လာပြီး ပိုလိုစီးကရက်တစ်ဘူး ၀ယ်သွားတယ်လို့ သိရတယ်။ ဒါကြောင့် လူဝကြီးကို ပျောက်ဆုံးသွားတဲ့ ဖိနပ် ပြန်လိုချင်ရင် ပုလိပ်သားလေးနဲ့ လိုက်ခဲ့ဖို့ မှာ လိုက်တာပဲ၊ တကယ်တော့ ကိုအောင်ဘဟာ မနက်စောစော ရွာထဲကို လျှောက်လာရင်း ခရေပန်းကောက်နေတဲ့ မစောလှကို မြင်ပြီး အဓမ္မကျူးလွန်ခဲ့တာပဲဗျ၊ မစောလှကို မြေပေါ်ကို တွန်းလှဲလိုက်တဲ့အခါ မြေပေါ်က ကျောက်ခဲနဲ့ သူမရဲ့ ခေါင်းနဲ့ ထိခိုက်ပြီး မေ့မြောသွားတယ်။ ဒီဒဏ်ရာကြောင့် ပဲ မစောလှ အသက်ပါသွားတာပဲ၊ မစောလှနဲ့ တွန်းထိုးရင်း ကိုအောင်ဘရဲ့ ဖိနပ်ဟာ ပြတ်လုလု ဖြစ်သွားတယ်ဗျ၊ ဒါကြောင့် ကိုအောင်ဘဟာ လူဝကြီးဆိုင်မှာ ပိုလိုစီးကရက်ဝယ်ရင်း လူဝကြီးရဲ့ ဆင်တံဆိပ်ဖိနပ်အသစ်ကို လဲစီးသွားတာပဲ၊ ဒီအမှု မှာ မြနှင်းဆီအငြိမ့်ကြော်ငြာစာရွက်ရယ်၊ မင်ယိုနေတဲ့ အပေါစား ဖောင်တိန်ရယ်၊ ဆင်တံဆိပ်ဖိနပ်တစ်စုံရယ်က တရားခံကို လမ်းညွှန်ပေးခဲ့တာပဲဗျ”

ဟု ရှည်လျားစွာ ရှင်းလင်းပြလေ၏ ။ ကိုမင်းအောင်၏ စကားဆုံးသည်နှင့် သူကြီးနှင့် တကွ ရွာသူရွာသားများ သည် လက်ခုပ်လက်ဝါးတီး၍ အားပေးလိုက် ကြလေသည်။

***

အခန်း(၂)

တစ်နေ့သ၌ ကျွန်ုပ်နှင့် စုံထောက်ဦးပေါ်ဦးသည် ပျင်းပျင်းရှိသည်နှင့် ဆားပုလင်းမင်းအောင် နေထိုင်ရာ အမှတ် (၇) အာသော ကလမ်း၊ ကျောက်မြောင်း နေအိမ်သို့ သွားရောက်လည်ပတ်ရာ နေအိမ်အတွင်းအပြင် သန့်ရှင်းရေး လုပ်နေသော ကိုမင်းအောင်ကို တွေ့ ရလေ၏ ။ ဦးပေါ်ဦးကြီးသည် အမှိုက်များ လှည်းကျင်းနေသော ဆားပုလင်းမင်းအောင်ကို ကြည့်ကာ….

“ဒီလောက်လည်း သန့်ရှင်းနေစရာ မလိုပါဘူးဗျာ၊ မိန်းကလေးရှိတဲ့အိမ်မှ မဟုတ်တာ”

ဟု ဝေဖန်လိုက်လေရာ ကိုမင်းအောင်က အမှိုက်များ ကို အပြီးသတ်အောင် လှည်းကျင်း၍ …

“လိုတာပေါ့ဗျာ၊ နေအိမ်တစ်အိမ်မှာ သန့်သန့်ရှင်းရှင်းမရှိဘဲ ရှုပ်ထွေးပွေလီနေရင် မကောင်းတဲ့ ပါပဓာတ်တွေ ခိုအောင်းနိုင်တယ်ဗျ”

ဟု ဆိုလေ၏ ။ ကိုမင်းအောင်၏ စကားကို နားထောင်၍ ကျွန်ုပ်က…

“ကိုမင်းအောင်ဆီက ထူးထူးဆန်းဆန်းတွေ ကြားရတော့မယ် ထင်တယ်ဗျ”

ဟု ပြောလေရာ ဆားပုလင်းမင်းအောင်က…

“ထူးထူးဆန်းဆန်းတွေ မဟုတ်ပါဘူးဗျာ၊ မြန်မာ့ရိုးရာ အယူအဆတွေ ပါပဲ။ ရှေးမြန်မာကြီးတွေ ဟာ မိမိတို့ရဲ့ နေအိမ်ကို ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံအောင် စီမံထားကြတယ်ဗျ၊ အိမ်ဆောက်အပ်တဲ့ သစ်အမျိုးအစား၊ အိမ်ဆောက်အပ်တဲ့ မြေအမျိုးအစား၊ အိမ်ပတ်ဝန်းကျင်မှာ စိုက်အပ်တဲ့ အပင်၊ မွေ့ရာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ ချုပ်အပ်သော နေ့ စသည်ဖြင့် အစီအမံ အမျိုးမျိုး ရှိတယ်ဗျ၊ နေအိမ်မှာ ရှုပ်ထွေးပွေလီပြီး မကောင်းတဲ့ အနံ့အသက်တွေ ရှိနေရင် ကျက်သရေမရှိဘူးဗျ၊ ဒါကြောင့် အမွှေးအကြိုင်အတွက် နံ့သာတိုင် ထွန်းရတယ်၊ နံ့သာတိုင်ဟာ ပုဂ္ဂိုလ်တွေ ကို ပူဇော်ရာလည်း ကျတယ်ဗျာ၊ နောက်ပြီး နေအိမ်မှာ ရှိတဲ့ မကောင်းတဲ့ ပါပဓာတ်တွေ ကို အာပေါဆိုတဲ့ ရေဓာတ်နဲ့ ငြိမ်းသတ်နိုင်တယ်ဗျ၊ ဒါကြောင့် ဧည့်ခန်းမှာ ရေထည့်ထားတဲ့ ပန်းအိုးလေးတွေ ရှိသင့်တယ်ဗျ၊ လာဘ်ခေါ်ဂမုန်း အမျိုးမျိုးကို စိုက်ခြင်းဖြင့် လည်း လာဘ်လာဘ တိုးတက်စေတယ်ဗျာ၊ ဒါ့အပြင် သာယာအေးမြတဲ့ အသံလေးတွေ ဖြစ်ပေါ်နေရင နေအိမ်စောင့်နတ်တွေ ပျော်မွေ့တယ်ဗျ၊ ဒါကြောင့် မိမိနေအိမ်မှာ လေတိုက်တိုင်း အသံချိုချိုလေးတွေ မြည် တတ်တဲ့ ဆွဲလွဲသံလေးတွေ ၊ ခေါင်းလောင်းသံလေးတွေ ၊ ငှက်မြည် အော်သံလေးတွေ ရှိအောင် ဖန်တီးထားသင့်တယ်…

နေအိမ်ရဲ့ အရောင် အသွေးဟာ အိမ်မှာ နေထိုင်တဲ့ သူတွေ ရဲ့ စိတ်သဘာဝကို လွှမ်းမိုးလေ့ရှိတယ်၊ ထိုင်းမှိုင်းတဲ့ အရောင် အသွေး မ ဖြစ်စေရသလို တောက်ပလွန်းတဲ့ အရောင် အသွေးလည်း မ ဖြစ်စေရဘူးဗျ၊ အရောင် အသွေး မျှတဖို့ လိုတယ်၊ နေအိမ်ဧည့်ခန်းကို တံခါးမကြီးက ကြည့်ရင် လက်ဝဲဘက်ထောင့်ဖြတ် အခန်းထောင့်နေရာဟာ နေအိမ်စောင့်နတ်ရဲ့ နေရာဗျ၊ အဲဒီ နေရာဟာ အလွန်အရေး ကြီးပါတယ်၊ ရှေးမြန်မာကြီးတွေ ဟာ ဒီနေရာမှာ စီးပွားဂမုန်း၊ မယ်တော် ကြီးဂမုန်းလို အပင်မျိုးကို ရွှေရည်ငွေရည်လောင်းပြီး တရိုတသေ စိုက်ပျိုးလေ့ရှိတယ်ဗျ၊ ဂမုန်းပင်စိုက်တဲ့အခါ အရွက်တွေ ဟာ ရှည်သွယ်နေတာမျိုး မ ဖြစ်သင့်ဘူး၊ လုံးဝန်းတဲ့ အရွက်မျိုး ရှိသင့်တယ်၊ နေအိမ်စောင့်နတ် ရှိတဲ့နေရာမှာ ရေနွေးအိုးတို့ ကော်ဖီကရားတို့ လုံးဝမထားသင့်ပါဘူး။ နေအိမ်စောင့်နတ်ကို ပူလောင်စေလို့ ဖြစ်ပါတယ်။ မီးဖိုဆောင်မှာ လည်း မီးဖိုစောင့်နတ် ရှိပါတယ်။ မီးဖိုစောင့်နတ်ကိုတော့ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှာ ရည်စူးပြီး မီးပူဇော်လေ့ ရှိတယ်ဗျ၊ မိသားစုတစ်စုရဲ့ စီးပွားရေး အဆင်ပြေအောင် မီးဖိုချောင်လုံဖို့ အရေး ကြီးတယ်၊ ဥစ္စာဖြို စားဖိုက ဆိုတဲ့ စကားလည်း ရှိသေးတယ် မဟုတ်လားဗျ၊ အချို့သော အိမ်တွေ မှာ မလိုအပ်တဲ့ ပစ္စည်းတွေ ကို စွန့်ပစ်ရမှာ နှမြောလို့ မြင်မကောင်း၊ ရှုမကောင်း ဖြစ်လာတာ သတိပြုမိပါလိမ့်မယ်”

ကိုမင်းအောင်၏ စကားမဆုံးမီ တယ်လီဖုန်းခေါင်းလောင်းမြည် သံ ကြားရ၍ ၎င်းက တယ်လီဖုန်းကို ကိုင်လိုက်၏ ။ ခဏကြာအောင် နားထောင်ပြီးနောက် ကျွန်ုပ်တို့ဘက်သို့ လှည့်ကာ…

“မင်းကြီးဆီက ဖုန်းဗျ၊ လူသတ်မှု ဖြစ်ပြန်ပြီဗျာ”

ဟု အေးဆေးစွာ ပြောလေ၏ ။ ဦးပေါ်ဦးကြီးက ထုံးစံအတိုင်း မျက်နှာရှုံမဲ့၍ …

“ဘယ်မှာ လူသတ်မှု ဖြစ်ပြန်ပြီလဲဗျာ၊ စုံထောက် ဖြစ်ရတာ နားနားနေနေကို မနေရပါလား..”

ဟု ညည်းညူလေ၏ ။ ဆားပုလင်းမင်းအောင်က…

“အဝေးပြေးလမ်းမပေါ်မှာ ဖြစ်တဲ့အမှု လို့ ပြောတာပဲဗျ၊ အမှု မလိုက်ရတာ ကြာလို့ ပျင်းနေတာနဲ့ အတော် ပဲဗျာ၊ ကဲ… ပြောနေကြာတယ်၊ သွားကြစို့”

ဟု ရှေ့မှ ဦးဆောင်၍ ဖို့ဒ်ကားစုတ်ကလေးပေါ်သို့ တက်သွားလေ၏ ။ ကျွန်ုပ်တို့ ဖို့ဒ်ကားစုတ်ကလေးသည် ထောက်ကြန့်အလွန်သို့ ရောက်သော အခါ စုံထောက်ကိုစိန်မြင့်တို့ကို လမ်းတစ်နေရာတွင် မြင်လိုက်ရသဖြင့် လူသတ်မှု ဖြစ်ပွားရာ နေရာကို အလွယ်တကူ သိရှိနိုင်လေ၏ ။ စုံထောက်ကိုတင်လှက ကျွန်ုပ်တို့ လူစုကိုမြင်သော အခါ…

“ဟဲဟဲ… ခင်ဗျားတို့ တယ်နောက်ကျသကိုး၊ ကျုပ်တို့က သေသူကို စစ်ဆေးပြီးလို့ တရားခံကိုတောင် ခန့်မှန်းလိုက်နိုင်ပြီ”

ဟု ရိသဲ့သဲ့ ပြောဆိုလေရာ စုံထောက်ကိုစိန်မြင့်ကလည်း…

“၀ီရိယအရာမှာ ခင်ဗျားတို့လူစု ကျုပ်တို့ကို မမှီတာ ၀န်ခံစမ်းပါဗျာ”

ဟု မထီလေးစား ၀င်ရောက်ပြောဆိုလေ၏ ။

ဘိလပ်ပြန် ဆရာပွကြီးကလည်း အားကျမခံ ၀င်ရောက်၍ …

“၀ီရိယနည်းပေမယ့် လူသတ်မှု ဖြစ်တဲ့နေရာကိုတော့ ခင်ဗျားတို့ ရအောင် ရှာနိုင်သားပဲ၊ ခင်ဗျားတို့ မဆိုးလှပါဘူး”

ဟု ချီးမွမ်းသလိုနှင့် လှောင်ပြောင်လေ၏ ။ စုံထောက် ဦးပေါ်ဦးကြီးက ၎င်း၏ စကားကို နားထောင်၍ ခေါင်းတဆတ်ဆတ် ညိတ်ကာ …

“ရှာနိုင်တာပေါ့ဗျာ၊ ကျုပ်တို့ မြန်မာစကားပုံ ရှိသားပဲဗျ၊ လမ်းမသိရင် ဘယ်သူ့နောက်လိုက် ဆိုလားဗျာ၊ ဒါကြောင့် ခင်ဗျားတို့ နောက် လိုက်ခဲ့တာဗျ”

ဟု ပြောဆိုလေရာ ကိုစိန်မြင့်တို့လူစုသည် ရှူးရှူးရှားရှား ဖြစ်သွားလေ၏ ။

ထိုအချိန်တွင် ဆားပုလင်းမင်းအောင်သည် လူသတ်မှု ဖြစ်ပွားရာ အော်စတင်ကားအနီးသို့ သွားရောက်စစ်ဆေးနေပေပြီ။ သေသူသည် အော်စတင်ကား ရှေ့ခန်းထဲတွင် လဲကျသေဆုံးနေခြင်း ဖြစ်၏ ။ သေသူ၏ ရင်ဝရှိဒဏ်ရာမှာ သေနတ်ဒဏ်ရာ ဖြစ်ပုံရ၏ ။ ကားကူရှင်ပေါ်တွင် သွေးများ မြင်မကောင်းအောင် အိုင်ထွန်းနေ၏ ။ ကိုမင်းအောင်သည် ကားရှေ့ခန်းထဲသို့ ကိုယ်ကိုကိုင်းညွှတ်ကာ သဲလွန်စကို ကြိုးစားပမ်းစား ရှာဖွေနေလေ၏ ။ ကျွန်ုပ်နှင့် စုံထောက်ဦးပေါ်ဦးမှာ မူ စုံထောက်ကိုစိန်မြင့်တို့ လူစုကိုသာ မျက်လုံးဒေါက်ထောက် ကြည့်ရှု၍ လှောင်ပြောင်ရန် ပြင်ဆင်နေမိ၏ ။

စုံထောက်ကိုတင်လှသည် ကားတာယာကို မှန်ဘီလူးဖြင့် ကုန်းကြည်၏ ။ ဘိလပ်ပြန်ဆရာပွကြီးက ကားကိုယ်ထည်ကို လက်ဖြင့် ခေါက်ကြည့်၏ ။ ထို့နောက် နားဖြင့် ကပ်ကာ နားထောင်ကြည့်၏ ။ စုံထောက်ကိုစိန်မြင့်ကမူ မြေအနည်းငယ်ကို လမ်းဘေးမှ ကောက်ယူ၍ စက္ကူတစ်ရွက်ဖြင့် သေချာစွာ ထုတ်လေ၏ ။ ဦးပေါ်ဦးက ၎င်းတို့လူစုကိုကြည့်၍ …

“ဒီမှာ ကိုတင်လှ၊ ကားတာယာကို မှန်ဘီလူးနဲ့ ကြည့်တော့ ဘာတွေ့ သလဲဗျ၊ ဆိုစမ်းပါဦး”

ဟု မေးမြန်းလိုက်ရာ ကိုတင်လှက မျက်နှာရှုံ့မဲ့၍ …

“ဒါ ခင်ဗျားနဲ့ မဆိုင်ပါဘူးဗျာ”

ဟု ပြောဆိုလေ၏ ။

ဦးပေါ်ဦးကြီးက ဆက်လက်၍ ဘိလပ်ပြန်ဆရာပွကြး ဘက်လှည့်ကာ…

“ဘယ်လိုလဲ ဘိလပ်ပြန်ကြီး၊ ကားဘော်ဒီကို လက်နဲ့ ခေါက်ကြည့်တာ ဘာသဘောလဲ”

ဟု မေးမြန်းလေရာ ဘိလပ်ပြန်ကြီးက…

“ဒီမှာ ဦးပေါ်ဦး… မကူညီရင်နေ မနှောင့်ယှက်နဲ့…”

ဟု ရှုတင်းတင်း ပြောဆိုလေ၏ ။ ဦးပေါ်ဦးကြီးက တဟားဟား ရယ်မော၍ …

“လူအထင်ကြီးအောင် လုပ်မနေစမ်းပါနဲ့ဗျာ၊ စုံထောက်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ခင်ဗျားတို့လူစု လူသတ်မှု တရားခံဖမ်းတာ တစ်ခါမှ မကြုံဖူးသေးပါဘူး၊ နောက်ဆုံးတော့ တရားခံကို ကျုပ်တို့ မိတ်ဆွေကြီး ဆားပုလင်းမင်းအောင်ကသာ ဖမ်းပေးရတာ ပါ၊ ခင်ဗျားတို့ လူစုဟာ အရည်အချင်းလည်း မရှိဘူး၊ လူအထင်ကြီးလည်း ခံချင်သေးတယ်၊ ခင်ဗျားတို့ အရည်အချင်းမျိုးနဲ့ ဆားပုလင်းမင်းအောင်ကို ဒီတစ်သက် မမီနိုင်ဘူး၊ စိတ်လျှော့လိုက်တော့”

ဟု လှောင်ပြောင်လိုက်လေ၏ ။ စုံထောက်ကိုတင်လှတို့လူစုသည် ဦးပေါ်ဦးကြီးနှင့် ပြိုင်၍ စကားနိုင်မလုနိုင်သဖြင့် ငြိမ်သက်သွားလေ၏ ။ ၎င်းတို့လူစုသည် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းမင်းအောင်အား အသားလွတ် မနာလိုဝန်တိုစိတ် မွေးနေသူများ ဖြစ်၏ ။ ထိုအချိန်တွင် ဆားပုလင်းမင်းအောင်သည် မနီးမဝေး မြက်ဖုတ်ထဲမှ အနီရောင် ပိုးကြိုးတစ်စကို ကောက်ယူလိုက်၏ ။ ပိုးကြိုးတွင် သတ္တုပြားလေးများ လိပ်၍ ချည်နှောင်ထားကြောင်း တွေ့ ရ၏ ။ ဆားပုလင်းမင်းအောင်သည် အနီရောင် ပိုးကြိုးကို သေချာစွာ ကြည့်ရှုစစ်ဆေးပြီး သိမ်းဆည်းလိုက်၏ ။

ကျွန်ုပ်က ဆားပုလင်းမင်းအောင်၏ အနီးသို့ ရောက်သွားပြီး…

“အမှု အခြေအနေ ဘယ်လိုလဲ ကိုမင်းအောင်”

ဟု မေးမြန်းလေရာ ဆားပုလင်းမင်းအောင်က…

“ရန်ငြိုးရန်စကြောင့် ဖြစ်တဲ့အမှု ဗျ၊ တရားခံဟာ နယ်နယ်ရရတော့ မဟုတ်ဘူး၊ ကြံရည်ဖန်ရည်ကောင်းပြီး လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံမဲ့ လူမျိုးဗျ၊ သေသူဟာ ပဲခူးရွှေမောဓော ဘုရားမှာ ပုတီးစိပ်ရင်း အပြန်လမ်းမှာ လုပ်ကြံခံရတာ ၊ တရားခံဟာ ကားနဲ့လာတာ ဖြစ်နိုင်တယ်၊ ကားပျက်ဟန်ဆောင်ပြီး သေသူရဲ့ ကားကို တားပုံရတယ်၊ ကားရပ်သွားတော့မှ အနီးကို လျှောက်သွားပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာပဲ၊ မသတ်ခင် စကားနည်းနည်း ပြောသေးတယ်ဗျ၊ ဒီအမှု မှာ အင်မတန် လျှို့ဝှက်နက်နဲတဲ့ လောကီပညာဂိုဏ်းကြီး တစ်ဂိုဏ်းနဲ့လည်း တိုက်ရိုက် ပတ်သက်နေတယ်၊ တရားခံဟာ လောကီပညာကို ယုံကြည်တဲ့လူလည်း ဖြစ်တယ်ဗျ”

ဟု ရှင်းလင်းလေရာ ဦးပေါ်ဦးက…

“သဲလွန်စကောက်ပုံကို ရှင်းပါဦးဗျ”

ဟု မေးမြန်းလေရာ ဆားပုလင်းမင်းအောင်က…

“တရားခံမောင်းလာတဲ့ ကားဘီးယာကို တစ်ဖက်လမ်းအစပ်မှာ တွေ့ ရတယ်ဗျ၊ သေသူရဲ့ အော်စတင်ကားထဲကို ရှာဖွေကြည့်တဲ့အခါ ပုတီးနဲ့ ရွှေမောဓောဘုရား အလှူခံဖြတ်ပိုင်း အတော် များများ ကို တွေ့ ရတယ်၊ သေသူရဲ့ လက်မောင်းမှာ နေနဲ့လတံဆိပ်ကို ဆေးမင်ကြောင် ထိုးထားတယ်ဗျ၊ အဲဒီ တံဆိပ်ဟာ သူရိယစန္ဒာဆိုတဲ့ လောကီဂိုဏ်းကြီးနဲ့ ပတ်သက်တဲ့ အမှတ်အသားပဲ”

ဟု ပြောဆိုလေရာ ဆားပုလင်းမင်းအောင်၏ စကားကိုဖြတ်၍ ကျွန်ုပ်က…

“သူရိယစန္ဒာဂိုဏ်းကြီး ပြိုကွဲသွားပြီ မဟုတ်လားဗျ”

ဟု မေးမြန်းလေရာ ဆားပုလင်းမင်းအောင်က သက်ပြင်းချ၍ …

“ဒီဂိုဏ်းကြီး ပြန်ပေါ်နေတာ နှစ် နှစ် လောက် ရှိပြီဗျ၊၊ ကျွန်တော် သတင်းခိုင်ခိုင်လုံလုံ ရထားတယ်၊ တရားခံဟာ မြက်ခင်းအစပ်မှာ ခါးလှဲ့တစ်ခု ပြုတ်ကျကျန်ခဲ့တယ်၊ ဒါကြောင့် တရားခံကိုယ်တိုင် လောကီပညာကို အလေးအနက် ယုံကြည်တဲ့လူလို့ ကောက်ချက်ချတာပဲ”

ဟု ဖြေလေ၏ ။

ထို့နောက် ဆားပုလင်းမင်းအောင်က သေသူ၏ အလောင်းကို ရင်ခွဲရုံသို့ ယူဆောင်သွားရန် စေခိုင်းလိုက်လေတော့၏ ။ ကျွန်ုပ်သည် အပြန်လမ်းတွင် သူရိယစန္ဒာဂိုဏ်းကြီးအကြောင်း စဉ်းစား၍ လိုက်ပါလာလေ၏ ။ သူရိယစန္ဒာဂိုဏ်းကြီးသည် ပုဂံခေတ်မတိုင်မီကပင် စတင်ပေါ်ပေါက်ခဲ့သော လောကီပညာဂိုဏ်းကြီး ဖြစ်၏ ။ ထိုဂိုဏ်းကြီး၏ ဂိုဏ်းဝင်များ သည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသူများ ဖြစ်ပြီး ဂိုဏ်းကြီးတွင် လောကီပညာရပ်များ ကို တစ်စုတစ်ဝေးတည်း ရှာဖွေသိမ်းဆည်းထား၏ ။

သူရိယစန္ဒာဂိုဏ်းကြီးသည် လွန်စွာ လျှို့ဝှက်သဖြင့် မြန်မာရာဇ၀င်တွင် လူသိနည်းလှ၏ ။ ဂိုဏ်းဝင်များ သည် ခေါင်းဆောင်၏ အမိန့်ကို တစ်သွေးတစ်သံ တစ်မိန့်ဖြင့် လိုက်နာကြ၏ ။ ခေါင်းဆောင်ကောင်းလျှင် ကောင်းသလို ဂိုဏ်းကြီး၏ အရည်အသွေး တောက်ပြောင်လာပြီး ညံ့ဖျင်းသော ခေါင်းဆောင်၏ လက်ထက်တွင် ကြောက်မက်ဖွယ်ရာ ဂိုဏ်းကြီးအသွင်သို့ ကူး ပြောင်းသွား လေ့ရှိ၏ ။

မြန်မာရာဇ၀င်တွင် ထင်ရှားခဲ့သော လောကီပညာရှင်ကြီးများ သည် သူရိယစန္ဒာဂိုဏ်းကြီးနှင့် ပတ်သက်ခဲ့ဖူးသည်သာ ဖြစ်၏ ။

မှတ်ချက်။     သူရိယစန္ဒာဂိုဏ်းကြီးအကြောင်းကို ကျွန်ုပ်ရေး သားဖော်ပြခဲ့ဖူးသော ဆားပုလင်းမင်းအောင်နှင့် သူရိယစန္ဒာဂိုဏ်းဆိုသည့် ၀တ္ထုကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

(စာရေး သူ)



ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ ဆားပုလင်းမင်းအောင်နှင့် အမျိုးကောင်းသား မောင်ပွင့်ကောင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဆားပုလင်းမင်းအောင်နှင့် နေမင်းစေတမန်

ဂျမဒါမင်းထင်နှင့်ငွေသောင်ယံ

ဥစ္စာစောင့်မလေး မြနှင်းဆီ