Cover

ဥစ္စာစောင့်မလေးမြနှင်းဆီ

နိဒါန်း

တစ်နေ့သ၌ ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်သည် အင်းစိန်စီအိုင်ဒီမှ ဖို့ဒ်ကားစုတ်ကလေးကို ဘိုးလိန်းလမ်းမကြီးအတိုင်း မောင်းနှင်လာလေ၏ ။ ကျောက်မြောင်းဈေး၏ အရှေ့သို့ ရောက်သော အခါ မျက်လှည့်ဝိုင်းတစ်ဝိုင်းကို လူအများ စုအုံခဲ၍ ကြည့်ရှု့နေသည်ကို မြင်သော အခါ ဆားပုလင်းမင်းအောင်က -

“ ကိုအောင်လှ၊ ကားခဏရပ်ဗျာ၊ မျက်လှည့်ကောင်းကောင်း မကြည့်ရတာ ကြာပြီ၊ ကျုပ်တို့ မျက်လှည့်ကြည့်ရအောင် ”

ဟု ဆိုကာ ကားကို ရပ်ခိုင်းနေသဖြင့် ကျွန်ုပ်လည်း ကားကို မျက်လှည့်ဝိုင်းနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ရလေ၏ ။ မျက်လှည့်ဝိုင်းသည် ကျောက်မြောင်းဈေးအနီးရှိ အရိပ်အာဝါသ ကောင်းစွာ ရရှိသော ညောင်ပင်ကြီးတစ်ပင်အောက်တွင် ပြသနေခြင်း ဖြစ်၏ ။

မျက်လှည့်ဆရာမှာ ကောင်းဘွိုင်ဆန်ဆန် သက္ကလတ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး ရှပ်အင်္ကျီအဖြူနှင့် ရှမ်းဘောင်းဘီအနက်ကို စတိုင်ကျကျ ဆင်ယင်ထားလေ၏ ။ စည်းဝိုင်းအတွင်းတွင် လူငယ်လေးတစ်ဦးက ဘင်ကို တဒုံဒုံတီး၍ လူစုပေးနေလေ၏ ။

မျက်လှည့်ဆရာက သူ၏ ပါးစပ်ထဲမှ စက္ကူအဖြူအနီများ ထုတ်ပြခြင်း၊ လက်ဝါးထဲတွင် ဖဲချပ်ကလေးများ ကို ဖျောက်ပြခြင်း၊ မှော်သေတ္တာလေးထဲမှ ခေါက်ဆွဲထုပ်၊ အရက်ပုလင်း၊ စီးကရက် စသည်များ ကို ဆွဲထုတ်ပြခြင်း စသည့် ပြကွက်များ ကို အတော် အတန်မျှ ပြသပြီးသော အခါ မျက်လှည့်ပစ္စည်းများ ကို သိမ်းဆည်းလိုက်ရင်း -

“ မိဘများ ခင်ဗျား…. ဒီအချိန်ကစပြီး ပြကွက်ဆန်းတစ်ခုကို ပြသပါတော့မယ်၊ ဒီပြကွက်ကို ဒိဗ္ဗစက္ခုပြကွက်လို့ ခေါ်ပါတယ်၊ ဒါပေမယ့် ဒီပြကွက်ကို ပြတဲ့နေရာမှာ ရိုးရိုးတန်းတန်းပြလို့တော့ မရပါဘူး၊ အထက်က ပုဂ္ဂိုလ်ကြီးတွေ ကို ခွင့်ပြုမိန့် တောင်းပြီးမှသာ ပြနိုင်ပါတယ် ”

ဟူ၍ ပြောလေသည်။ ပြီးနောက် မျက်လှည့်ဆရာက အဝတ်စထူထူကြီးတစ်စကို ပရိသတ်ဘက်သို့ ဝှေ့ယမ်းပြလိုက်၏ ။ ပြီးနောက်

“ ဒီအဝတ်စကြီးကို နှစ် ခေါက်ခေါက်ပြီး ကျွန်တော့် မျက်လုံးမှာ စည်းနှောင်ထားပါမယ်၊ ပြီးတော့ မိဘများ ကို ကျွန်တော် က ကျောခိုင်းရပ်နေပါမယ်၊ ဒီအခါမှာ ကျွန်တော့် ရဲ့ တပည့်လေးက မိဘများ ထဲက တစ်ယောက် ယောက် ကို ညွှန်ပြပြီး ဆရာရေ…. ဦးလေးအင်္ကျီ ဘာအရောင် လဲ၊ ဒါမှမဟုတ် ဒီအဒေါ်ကြီးသောက်တဲ့ ဆေးလိပ်ဟာ ဆေးပေါ့လိပ်လား၊ ဆေးပြင်းလိပ်လား၊ ဟိုးရှေ့ကားမှတ်တိုင်မှာ လာရပ်တဲ့ မြင်းတံဆိပ် ဘတ်စ်ကားကြီးရဲ့ နံပါတ်က ဘာလဲ အစရှိသဖြင့် မေးမြန်းပါလိမ့်မယ်၊ ကျွန်တော် က တပည့်လေးရဲ့ အမေးကို တစ်လုံးမကျန် မှန်ကန်အောင် ဖြေပါမယ် ”

ဟု ဆိုလိုက်လေရာ ရပ်ကွက်ထဲတွင် နေရာတကာ ပါလေ့ရှိသော လူ တစ်ယောက် က -

“ ဒါမျိုးတွေ ရိုးနေပါပြီဗျာ၊ မ ဖြစ်နိုင်ပါဘူး၊ ဒီလူက အကြားအမြင် ပေါက်နေတာမှ မဟုတ်တာ၊ ပရိသတ်ထဲမှာ သူ့လူတွေ ထည့်ထားမှာ ပေါ့ ”

ဟု လူတတ်ကြီးသဏ္ဍာန်နှင့် ဆိုလိုက်ရာ အခြားသူများ ကလည်း သံယောင်လိုက်၍ ထောက်ခံကြလေသည်။ ထိုအခါ ကျောက်မြောင်းဈေးထဲတွင် အုန်းသီး၊ ငှက်ပျောသီးရောင်းသော ဒေါ်အုန်းသီး ဆိုသော မိန်းမကြီးက -

“ ဟဲ့…. ပရိသတ်ထဲမှာ သူ့လူတွေ ထည့်ထားရအောင် ဒီပွဲကြည့်တဲ့ ပရိတ်သတ်ထဲမှာ ငါတို့မသိတဲ့လူတွေ ဘယ်သူတွေ ပါလို့လဲ ငတုံးရဲ့ ၊ သူ့လူ ဖြစ်မဲ့ ဖြစ် နင်ပဲ ဖြစ်မှာ …. ”

ဟု ဆိုလိုက်လေရာ ထိုလူမှာ ဇက်ပုသွားလေ၏ ။ ထိုအခါ မျက်လှည့်ဆရာသည် အဝတ်စထူထူကြီးကို ထိုနေရာတွင် ထောင်ကာ -

“ မိဘများ ခင်ဗျာ၊ ဒီပိတ်စဟာ အင်မတန်ထူပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုမှ ထွင်းဖောက်ပြီး မမြင်နိုင်ပါဘူး၊ ကျွန်တော့် ကို ကူညီတဲ့အနေနဲ့ မိဘများ ထဲက တစ်ယောက် လောက် ကျွန်တော့် ပိတ်စကို စစ်ဆေးပေးပါခင်ဗျာ ”

ဟု ဖိတ်ခေါ်လိုက်ရာ လွန်စွာ စပ်စုတတ်သော ဦးဖိုးထော်ဆိုသော အဘိုးကြီးသည် စည်းဝိုင်းအတွင်းသို့ ဝင်ကာ အဝတ်စကို လက်ဖြင့် စမ်းကြည့်လေသည်။ ပြီးနောက် ခေါင်းတဆတ်ဆတ်ညိတ်ကာ -

“ ထူပါတယ်ဗျာ…. ထူပါတယ်၊ ထူတာမှ ကျုပ်မိန်းမ မိစိန်ရဲ့ ခြင်ထောင်ထက်တောင် ထူပါပေတယ် ”

ဟု ပြောလိုက်ရာ ပရိသတ်ကြီးသည် ဝါးခနဲ ရယ်မောကြလေသည်။ မျက်လှည့်ဆရာက -

“ မိဘများ ခင်ဗျာ၊ မျက်လှည့်စပြပါတော့မယ် ”

ဟု ဆိုကာ ပရိသတ်များ ကို ကျောခိုင်းပြီး ရပ်လေ၏ ။ ၎င်းတပည့်လေးက အဝတ်စကြီးကို မျက်လှည့်ဆရာ၏ မျက်လုံးတွင် စည်းနှောင်လိုက်လေ၏ ။ ပြီးနောက် ပရိသတ်အတွင်းမှ အမျိုးသမီးတစ်ဦးအား မေတ္တာရပ်ခံ၍ ရှေ့သို့ အနည်းငယ် ထိုးထွက်စေပြီး

“ ဆရာခင်ဗျား…. ဒီအစ်မကြီး အင်္ကျီအရောင် လေး ဖြေပေးပါဦး ” ဟု မေးမြန်းလိုက်ရာ မျက်လှည့်ဆရာက ‘ အဝါရောင် ’ ဟု ဖြေလိုက်လေ၏ ။ မျက်လှည့်ဆရာ၏ အဖြေ မှန်ကန်သွားသဖြင့် ပရိသတ်များ သည် ဝေါခနဲ လက်ခုပ်တီးလိုက်၏ ။ ဆက်လက်၍ တပည့် ဖြစ်သူက ‘ အနက်ရောင် ’ ဟု ဖြေလိုက်သဖြင့် ပရိသတ်သည် လွန်စွာ အံ့သြနေလေ၏ ။ မျက်လှည့်ဆရာကိုလည်း မှော်အတတ်၊ စုန်းအတတ်ကို တတ်ကျွမ်းသူဟု ထင်မြင်နေလေ၏ ။ ဆက်လက်၍ ကျောင်းဆရာကို ရှေ့သို့ ထွက်စေ၍ -

“ ဆရာရေ… ဒီအစ်ကိုကြီးရဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ၊ မှန်အောင် ဖြေလိုက်စမ်းပါဗျာ ”

ဟု တပည့်လေးက မေးပြန်ရာ မျက်လှည့်ဆရာက

“ နဂါးတံဆိပ် ဆေးပြင်းလိပ်ကွ၊ မင်းက ဆေးလိပ်ပဲ မေးပေမယ့် ငါ ကတော့ မိဘပြည်သူများ သိအောင် ဖြေလိုက်ချင်သေးတယ်၊ သူ ဝတ်ထားတဲ့ အင်္ကျီက အဖြူရောင် ကွ၊ ပုဆိုးက ရွှေဖလားရောင် ဘန်ကောက်လုံချည်ကွ ”

ဟု ဖြေလိုက်ပြန်ရာ ပရိတ်သတ်ကြီးသည် ဝေါခနဲ လက်ခုပ်တီးလိုက်ပြန်၏ ။ ဒေါ်အုန်းသီး ဆိုသော မိန်းမကြီးက -

“ သောက်ကျိုးနည်းမှန်တဲ့ မျက်လှည့်ဆရာပဲ၊ အကြားအမြင် ပေါက်နေတာပဲ ဖြစ်မယ် ”

ဟု တအံ့တသြ ရေရွတ်လိုက်လေ၏ ။ ကျွန်ုပ်လည်း ပရိသတ်နှင့် အတူ တအံ့တသြကြီး ဖြစ်၍ နေလေ၏ ။ ဆားပုလင်းမင်းအောင်မှာ မူ မျက်လှည့်ပြကွက်ကို စိတ်ဝင်စားဟန် မရှိဘဲ ဂျွန်ပလေးယား မုတ်ဆိတ်စီးကရက်ကိုသာ ဖွာရှိုက်၍ နေလေသည် ကျွန်ုပ်က -

ဟု စကားစလိုက်ရာ ဆားပုလင်းမင်းအောင်က

“ မဆန်းပါဘူး ကိုအောင်လှ၊ မျက်လှည့်ဆရာနဲ့ သူ့တပည့် အပြန်အလှန်ပြောတဲ့စကားတွေ မှာ စကားဝှက်သုံးပြီး အဖြေတွေ ကို ပြောပြနေတာဗျ ”

ဟု ရှင်းလင်းပြလေ၏ ။ ထိုအခါမှပင် ကျွန်ုပ်လည်း မျက်လှည့်ပြကွက်ကို သဘောပေါက် နားလည်သွား၍ မအံ့သြတော့ပေ။ ဆားပုလင်းမင်းအောင်သည် မျက်လှည့်ဆရာကို မမှိတ်မသုန် အကဲခတ်ကြည့်ရင်း

“ တကယ်ဆန်းတာက မျက်လှည့်ဆရာဗျ…. အိုင်ပီရ ”

ဟု ပြောလေ၏ ။ ကျွန်ုပ်က နားမလည်ဟန်ဖြင့်

“ မျက်လှည့်ဆရာက ဘာဆန်းလို့လဲဗျာ ” ဟု ပြန်မေးလေ၏ ။

ထိုအခါ ဆားပုလင်းမင်းအောင်က လေသံတိုးတိုးဖြင့် -

“ မျက်လှည့်ဆရာက ဘာဆန်းလို့လဲဗျာ ” ဟု ပြန်မေးလေ၏ ။

ထိုအခါ ဆားပုလင်းမင်းအောင်က လေသံတိုးတိုးဖြင့် -

“ မျက်လှည့်ဆရာဟာ အင်းလျားလမ်း လူသတ်မှု ရဲ့ အဓိကတရားခံတစ်ဦး ဖြစ်တဲ့ ကိုပုညဆိုတဲ့သူဗျ၊ ဦးချိန်တီရဲ့ တပည့် လူစွန့်စား ကိုပုည ဆိုတာ ဒီလူပဲ၊ သူဟာ အင်မတန်ကြောက်ဖို့ကောင်းတယ်၊ သူ့ကို ဖမ်းတဲ့နေရာမှာ အိုင်ပီ သတိဝီရိယ ရှိပါစေဗျာ ”

ဟု ဆိုကာ ဆားပုလင်းမင်းအောင်သည် ပရိသတ်အရှေ့သို့ တိုးဝင်သွားလေ၏ ။ ပြီးနောက် စည်းဝိုင်းအတွင်းသို့ ဝင်ကာ မျက်လှည့်ဆရာ၏ နောက်ကျောအား ခြောက်လုံးပြူးဖြင့် ချိန်လိုက်ရင်း

“ လူစွန့်စား ကိုပုည၊ ခင်ဗျားကို ယခုစကားပြောတဲ့သူဟာ ဘယ်သူလို့ ထင်ပါသလဲ ”

ဟု မေးမြန်းလိုက်လေရာ မျက်လှည့်ဝိုင်းတွင် အုံခဲနေသော ပရိတ်သတ်ကြီးမှာ လွန်စွာ အံ့သြသွားလေ၏ ။ မျက်လှည့်ဆရာမှာ အံ့သြဟန်မရှိပေ။ ဆားပုလင်းမင်းအောင်ကို လှည့်၍ ပင်မကြည့်ဘဲ အောက်ပါအတိုင်း ဖြေကြားလေ၏ ။

“ သင့်ရဲ့ အရပ်အမောင်းဟာ ငါးပေဆယ့်တစ်လက်မတိတိ ရှိတယ်၊ သင့်ရဲ့ အသားအရောင် ဟာ ကြေးနီရောင် အဆင်းရှိတယ်၊ မျက်လုံးအစုံဟာ သိမ်းငှက်မျက်လုံးလို စူးရှတယ်၊ သင့်ရဲ့ နှုတ်ခမ်းဟာ ပိရိသေသပ်တယ်၊ သင့်ရဲ့ နက်မှော င်တဲ့ ဆံပင်တွေ က နဖူးပေါ်ကို ကပိုကရို ဝဲကျနေတယ်၊ သင်ဟာ ကုတ်အင်္ကျီအညိုရောင် ၊ သက္ကလတ်ဘောင်းဘီ အနက်ရောင် ကို ဆင်ယင်ထားတယ်၊ သင်စီးတဲ့ဖိနပ်ဟာ ဂျွန်ဝိုက် အမျိုးအစား ဖြစ်တယ်၊ သင်ဟာ မထီလေးစား အမူအရာနဲ့ ဂျွန်ပလေးယားမုတ်ဆိတ်စီးကရက်ကို နှုတ်ခမ်းမှာ ခဲထားတယ်၊ သင့်ရဲ့ အမူအရာဟာ အေးတိအေးစက် အမူအရာပဲ၊ သင်ဟာ ကျွန်ုပ်ကို ကို့လ်အမျိုးအစား သေနတ်တစ်လက်နဲ့ ချိန်ထားတယ်၊ သေနတ်ဒင်မှာ အမ်အေဆိုပြီး သင့်နာမည် ကို အတိုကောက် ရေး ထားတယ်၊ သင် သေနတ်ကိုင်တဲ့ ဟန် ကတော့ ဂန္တဝင်သေနတ်သမားရဲ့ ဟန်ပန်အတိုင်း သက်တောင့်သက်သာ အနေအထား ဖြစ်တယ်၊ သင်ဟာ မြန်မာပြည် စုံထောက်အဖွဲ့ရဲ့ အတော် ဆုံးစုံထောက် ဖြစ်တဲ့ ဆားပုလင်းမင်းအောင် ဖြစ်တယ် ”

ဟု ဆိုလိုက်လေရာ ကျွန်ုပ်သည် မျက်လုံးပြူး၍ သွားလေသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်နှင့် ဆားပုလင်းမင်းအောင်သည် ပရိတ်သတ်များ ၏ နောက်ကွယ်တွင် သာ ရပ်၍ ကြည့်ရှု့နေလေရာ လူစွန့်စားကိုပုညအနေဖြင့် ကျွန်ုပ်တို့ကို မမြင်နိုင်ပေ။ သို့ သော် ဆားပုလင်းမင်းအောင်ကို ပြောဆိုသည်မှာ တစ်လုံးမကျန် မှန်ကန်လှသည်။ ကိုပုညသည် အဝတ်စကြီး ဆွဲဖြုတ်၍ ဆားပုလင်းမင်းအောင် ဘက်သို့ လှည့်ကာ -

“ ကျွန်ုပ်ပြောတာ မှန်ရဲ့ လား ဆားပုလင်းမင်းအောင် ”

ဟု မခိုးမခန့် မေးလေ၏ ။ မျက်လှည့်ကြည့်ရှု့နေသူများ မှာ အုတ်အော်သော င်းနင်း ဖြစ်၍ သွားလေသည်။

“ သေနတ်နဲ့ ချိန်ထားတာ ဆားပုလင်းမင်းအောင်တဲ့ကွ၊ ဂိုက်ဆိုက် ကတော့ ကောင်းပါ့ကွာ…. မင်းသား ခင်မောင်ရင်ကျနေတာပဲ ”

ဟု ချီးကျူးကြလေ၏ ။ အချို့ကလည်း လူစွန့်စား ကိုပုညကို တအံ့တသြ ဖြစ်ကြလေ၏ ။

“ မျက်လှည့်ဆရာက လူစွန့်စား ကိုပုညဆိုပါလား၊ ဆားပုလင်းမင်းအောင်ကို လှည့်မကြည့်ဘဲပြောတာ တစ်လုံးမှ မလွဲဘူး ”

ဟု ဆိုကြလေ၏ ။ ရှေးရိုးဆန်သော အဘိုးကြီးတစ်ဦးကမူ “ ဒါ စုန်းကဝေအတတ်ကွ၊ အောက်လမ်းသမားပဲ ဖြစ်ရမယ် ” ဟု အလန့်တကြား မှတ်ချက်ချလေ၏ ။

ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းမင်းအောင်မှာ မူ နှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်လေ၏ ။

“ တော် ပါပေတယ် ကိုပုညရယ်၊ ဦးချိန်တီရဲ့ တပည့် ပီသပါပေတယ်ဗျာ၊ ခင်ဗျားလိုလူမျိုးနဲ့ ယှဉ်ပြိုင်ရတာ ကျွန်တော် ဂုဏ်ယူပါတယ်ဗျာ ”

ဟု လှိုက်လှိုက်လှဲလှဲ ပြောလေ၏ ။ လူစွန့်စား ကိုပုညမှာ မူ ခေါင်းကိုမော့ကာ တဟားဟား ရယ်မောနေလေ၏ ။ ပြီးနောက်မှ ဆားပုလင်းမင်းအောင်ကို မထီလေးစားအမူအရာနှင့် ကြည့်ကာ

“ ဆားပုလင်းမင်းအောင်၊ ဆားပုလင်းမင်းအောင်နဲ့ နာမည် ကြီးတာလည်း ကြီးထိုက်ပါတယ်ဗျာ၊ မြန်မာပြည်စုံထောက်အဖွဲ့မှာ ခင်ဗျားလို စုံထောက် တစ်ယောက် ရှိနေတာ အံ့သြစရာပါပဲ၊ ဒါပေမယ့် ကျုပ်ကိုတော့ ခင်ဗျား မဖမ်းနိုင်သေးပါဘူးဗျာ၊ ဒီမျက်လှည့်ဝိုင်းဟာ ကျုပ်ရဲ့ ပိုင်နက် ဖြစ်နေတယ်၊ ကျုပ် စီရင်ထားတဲ့ အစီရင်တစ်ခုလည်း ဖြစ်တယ် ”

ဟု ပြောလေ၏ ။ ဆားပုလင်းမင်းအောင်သည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း

“ ဝမ်းနည်းပါတယ် ကိုပုည၊ ခင်ဗျားကို ကျုပ်ဖမ်းလိုက်ပါပြီ ”

ဟု တစ်လုံးချင်း ပြောလိုက်လေ၏ ။ ထိုအခါ ကိုပုညက မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ ညာဘက်လက်ကို ဖျတ်ခနဲ ဝှေ့ယမ်းလိုက်ရာ သားရေကြိုးကလေးတစ်ချောင်းသည် ကိုမင်းအောင်၏ သေနတ်ကိုင်သော လက်ကို သွားရောက်ရစ်ပတ်ကာ သေနတ်ကလေးသည် လေထဲသို့ ဝဲပျံတက်သွားပြီး ကိုမင်းအောင်လက်မှ ကိုပုည၏ လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေ၏ ။

ကျွန်ုပ်၏ တစ်သက်တာတွင် ဆားပုလင်းမင်းအောင်၏ သေနတ်ကို ဤသို့ အလုခံရသည်ကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးရကား ကြောက်လွန်း၍ ဒူးတဆတ်ဆတ် တုန်နေမိ၏ ။ ဆားပုလင်းမင်းအောင်မှာ မူ ပကတိ အေးစက်တည်ငြိမ်နေလေ၏ ။ ကျွန်ုပ်တို့နှစ် ဦးမှာ ရန်သူ၏ သေနတ်နှင့် အချိန်ခံနေရပေပြီ။ ကိုပုညက

“ ဝမ်းနည်းပါတယ် ဆားပုလင်းမင်းအောင်၊ ကျုပ်ရဲ့ သေနတ်ပစ်စွမ်းရည်ဟာ ခင်ဗျားတို့ စီအိုင်ဒီက စုံထောက်တွေ ထက် မညံ့ဘူးခင်ဗျ၊ အိုင်ပီအောင်လှလည်း ငြိမ်ငြိမ်လေးနေပါတော် ၊ ခင်ဗျားကို ကျုပ်မသတ်ချင်ဘူး၊ ကိုမင်းအောင် ခင်ဗျားကို ကျုပ်လေးစားပါတယ်ဗျာ၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျုပ်တို့ဟာ မဆုံစည်းနိုင်တဲ့ မျဉ်းပြိုင်ထဲက လူသားတွေ ပါပဲ၊ မျဉ်းပြိုင်တစ်ဖက်မှာ ခင်ဗျားရှိနေသရွေ့ ကျုပ်တို့အတွက် အနှောင့်အယှက် ဖြစ်နေမှာ ပဲဗျ၊ ဒီတော့ ခင်ဗျားကို ရှင်းပစ်ရမှာ ပဲ၊ ဘုရားတရားသာ အာရုံပြုပေတော့ဗျာ ”

ဟု ဆိုလိုက်ရာ မျက်လှည့်ကြည့်ရှုနေသူများ မှာ ထိတ်လန့်တကြား နောက်သို့ ဆုတ်ခွာပြေားကြလေ၏ ။ ဆားပုလင်းမင်းအောင်မှာ မူ ထိုနေရာက တစ်လက်မမျှပင် မရွေ့ပေ။ ကျွန်ုပ်လည်း သူ၏ အနားတွင် ပေရပ်နေရလေ၏ ။ ဆားပုလင်းမင်းအောင်က

“ ကျုပ်ကိုသတ်ပြီးရင် ကိုအောင်လှကိုရော သတ်ဦးမှာ လား ”

ဟု တည်ငြိမ်စွာ မေးလိုက်လေ၏ ။ ကိုပုညက

“ မသတ်ပါဘူးဗျာ၊ အိုင်ပီအောင်လှက ရေမြွေပါ၊ ကျုပ်က ရေမြွေကို လိုချင်တဲ့လူ မဟုတ်ဘူး၊ မြွေဟောက်ကိုသာ လိုချင်တာဗျ ”

ဟု ပြန်ပြောလေ၏ ။ ထိုအခါ ဆားပုလင်းမင်းအောင်သည် လူစွန့်စား ကိုပုညအား မျက်လုံးချင်းဆုံအောင်ကြည့်ရင်း အောက်ပါအတိုင်း ပြောလိုက်လေ၏ ။

“ ဒီမှာ ကိုပုည၊ ကျုပ်ကို သေနတ်နဲ့ အချိန်ခံရပေါင်းများ လှပြီ၊ ဒါပေမယ့် တစ်ခါဖူးမှ ကျုပ် မသေခဲ့ဘူးဗျ၊ အခုလည်း ကျုပ် မသေနိုင်ပါဘူး၊ ခင်ဗျား ကြိုးစားရင် ကြိုးစားကြည့်လေ ”

ထိုအခါ ကိုပုညက

“ ကိုမင်းအောင်က အတော် အပြောကြီးတဲ့ သူပါလားဗျာ ” ဟု ဆိုကာ ဆားပုလင်းမင်းအောင်၏ ရင်ဝတည့်တည့်ကို သေနတ်ဖြင့် ချိန်လိုက်သည်။ ကျွန်ုပ်မှာ မူ မိတ်ဆွေကြီး၏ သေဆုံးခြင်းကို မကြည့်ဝံ့သဖြင့် မျက်လုံးကို စုံမှိတ်မိလေ၏ ။

သို့ သော် ခဏကြာသည်အထိ သေနတ်သံကိုသာ မကြားရဘဲ ‘ ချောက် ’ ဟူသော အသံကို ကြားရ၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဆားပုလင်းမင်းအောင်သည် ဘာမျှမ ဖြစ်ပေ။ လူစွန့်စား ဦးပုညသည်သာလျှင် သူ၏ သေနတ်ကို ငူငူငိုင်ငိုင်ကြီး ငုံ့ကြည့်နေလေသည်။

ထိုအခါ ဆားပုလင်းမင်းအောင်သည် ကုတ်အင်္ကျီအောက်မှ သေနတ်တစ်လက်ကို ထပ်မံထုတ်၍ ကိုပုညအား ချိန်လိုက်လေသည်။

“ မလှုပ်နဲ့နော် ကိုပုည၊ ဒီသေနတ်ထဲမှာ တော့ ကျည်ဆန်အပြည့် ထည့်ထားတယ်ဗျ၊ ခင်ဗျားရဲ့ ညာဘက်လက်ကောက်ဝတ်မှာ လျှို့ဝှက်ပြီး ချည်ထားတဲ့ သားရေကြိုးကလေးရဲ့ အစွမ်းကို ကျုပ်က ကြိုသိထားတယ်ဗျ၊ ဒီကြိုးကလေးအားကိုးနဲ့ ကျွန်တော့် သေနတ်ကို ခင်ဗျားလုလိမ့်မယ်လို့လဲ တွက်ဆမိတယ်၊ ဒါကြောင့် ခင်ဗျားလက်ထဲက သေနတ်မှာ ကျည်ဆန်မထည့်ဘဲ ထားခဲ့တာပဲဗျာ ”

ဟု ပြောလိုက်လေ၏ ။ ကိုပုညသည် ခေါင်းကိုမော့၍ အားရပါးရ အော်ဟစ်ရယ်မောလိုက်လေ၏ ။ ပြီးနောက်

“ ကျုပ် ကျေကျေနပ်နပ်ကြီးကို အဖမ်းခံပါတယ်ဗျာ၊ ခင်ဗျားလို အင်မတန် ထူးချွန်ပြီး အင်မတန် ဉာဏ်ပြေးတဲ့ စုံထောက် တစ်ယောက် ရဲ့ လက်ထဲမှာ အဖမ်းခံရတာ ကို ကျုပ် ဂုဏ်ယူပါတယ်ဗျာ ”

ဟု ဆိုကာ အဖမ်းခံလေသည်။ ကျွန်ုပ်သည် ကိုပုညအား လက်ထိပ်ခတ်ပြီးနောက် ကိုပုည၏ တပည့်လေးအား ဖမ်းဆီးရန် ပြင်ဆင်လေ၏ ။ ထိုအခါ ဆားပုလင်းမင်းအောင်က -

“ မလုပ်ပါနဲ့ ကိုအောင်လှ၊ ဒီကောင်လေးမှာ ဘာအပြစ်မှ မရှိပါဘူး၊ သူက မျက်လှည့်အကူအနေနဲ့ ငှားထားတာပါ ” ဟု ဝင်ရောက်ပြောဆိုလေသည်။

ထိုအခါ၌ မှာ ပင် အနီးအနားတွင် ရပ်ကြည့်နေကြသော လူအုပ်ကြီးမှာ အားရဝမ်းသာစွာ ဖြင့်

“ ဆားပုလင်းမင်းအောင်၊ ဆားပုလင်းမင်းအောင် ”

ဟု သံပြိုင် အော်ဟစ်နေကြလေ၏ ။ ဆားပုလင်းမင်းအောင်မှာ ပရိတ်သတ်ကြီးကို လက်ဝှေ့ယမ်းပြ၍ ပြန်လည်နှုတ်ဆက်ရင်း သူ၏ ကားကလေးပေါ်သို့ တက်လေတော့၏ ။

* * * * *



သရဲကြောက်သော သုဘရာဇာ

တစ်နေ့သ၌ မြစ်ဝကျွန်းပေါ်မြို့ကလေးတစ်မြို့၏ မြို့ပြင်ရှိ ထိန်တောသင်္ချိုင်းသို့ အသုဘတစ်ခု ချ၍ လာလေ၏ ။ သေသူမှာ မမြလေးဆိုသူ မိန်းမချောလေးတစ်ဦး ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရရှာလေ၏ ။ သူမ၏ ယောက်ျားမှာ မြေတိုင်းစာရေး မောင်းစိန်တင်ဆိုသူ ဖြစ်၏ ။ မောင်စိန်တင်နှင့် မမြလေးမှာ ညားကာစ လင်မယား ဖြစ်သဖြင့် မောင်စိတ်တင်မှာ လွန်စွာ မှာ ပင် ယူကျုံးမရ ဖြစ်နေရရှာ၏ ။

ထို့ကြောင့် ပင် အသုဘချသော နေ့တွင် မောင်စိန်တင်သည် အောက်ပါအတိုင်း ထူးဆန်းစွာ ငိုကြွေးနေလေတော့၏ ။

“ လမင်းဆိုင်က နွားမဒန်းသေးရည် သာသာရှိတဲ့ လက်ဖက်ရည်ကို မသောက်ပါနဲ့ဆို မြလေးရဲ့ ၊ ကုလားမခြင်းဆွဲနို့ဆီနဲ့ ကိုယ်တိုင်ဖျော်ပေးပါ့မယ်ဆို၊ အခုတော့ ကိုကိုက ဘယ်သူဖျော်ပေးတဲ့ လက်ဖက်ရည်ကို သောက်ရမှာ လဲ မြလေးရဲ့ ”

ဟု အော်ဟစ်ငိုကြွေးလိုက်ရာ အသုဘပို့ဆောင်သူများ ထဲတွင် လိုက်ပါလာသော ကာကာကုလား ရာကွတ်ဘိုင်သည် ခေါင်းကို လက်ဖြင့် ကုတ်၍ -

“ ဒုက္ခပါပဲ၊ ရာကွတ်လက်ဖက်ရည်စစ်စစ်နော်၊ နို့ဆီအများ ကြီး ထည့်ဖျော်တယ်၊ အခုတော့ နွားမဒန်းသေးရည် ဖြစ်ပါပြီ ”

ဟု စိတ်ပျက်လက်ပျက် ညည်းညူလေ၏ ။ မောင်စိန်တင်က ဆက်လက်၍ ဝမ်းနည်းပက်လက် ငိုကြွေးနေပြန်၏ ။

“ တရုတ်အရှောင်ရဲ့ ခေါက်ဆွဲကြော်က ဝက်ဆီတွေ များ လွန်းလို့ အီပါတယ်၊ မစားပါနဲ့ဆို မြလေးရဲ့ ၊ အခုတော့ ကိုကိုက ဘယ်သူကြော်ကျွေးတဲ့ ခေါက်ဆွဲကြော်ကို စားရမှာ လဲ မြလေးရဲ့ ”

ဟု ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပြန်ရာ အသုဘလိုက်ပို့သော တရုတ်ကြီး အရှောင်ကလည်း

“ စုပ်ခ … စုပ်ခ၊ ဝခေါက်ဆွဲကြော် ဝက်ဆီများ တာလည်း မနေရပါလားကွာ၊ ဘုန်းကြီးအမှု ရွာပတ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ”

ဟု ညည်းညူလိုက်လေ၏ ။ ထိုအခါ ဒေါ်ကြီးတင်ဆိုသော မုန့်ဟင်းခါးသည်ကြီးက

“ ငါ့မုန့်ဟင်းခါးလည်း ဘယ်တော့ပါလာမလဲ မသိပါဘူးဟယ်၊ ဒီအကောင် ပေါက်ကရတွေ လျှောက်ပြောပြီး ငိုနေတာနဲ့ တို့မြို့ကဈေးသည်တွေ နာမည် ပျက်ပါပြီ ”

ဟု တီးတိုးပြောလိုက်စဉ် မောင်စိန်တင် ကောက်ကာငင်ကာထ၍ ဤသို့ လျှင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ငိုကြွေးလိုက်ပြန်လေတော့၏ ။

“ ဒေါ်ကြီးတင်မုန့်ဟင်းခါးစားပြီးမှ ဗိုက်နာတယ်ဆို မြလေးရဲ့ ၊ ပဲတွေ ဒီလောက်များ နေတော့မှ ဗိုက်မနာဘဲ နေတော့မှာ လား မြလေးရဲ့ ၊ အခုတော့ ကိုကို ဘယ်သူချက်ကျွေးတဲ့ မုန့်ဟင်းခါးကို စားရတော့မှာ လဲ …. ထပြီးပြောပါဦးလား ”

ထိုအခါ မုန့်ဟင်းခါးသည် ဒေါ်ကြီးတင်သည် စိတ်ဆိုးလွန်းလှ၍

“ ဘယ်သူ့မုန့်ဟင်းခါးမှ မစားနဲ့တော့ဟေ့ …၊ နင်လည်း နင့်မိန်းမနဲ့ အတူတူ သေရွာကို လိုက်သာသွားပေတော့၊ တကတည်းမှပဲ သူ့မိန်းမ ပြောတာနဲ့ ဒီမြို့မှာ ကောင်းတာဆိုလို့ ဘာမှ မရှိတော့ဘူး ”

ဟု စိတ်ဆိုးမာန်ဆိုး ပြောလိုက်ရာ အသုဘပို့ဆောင်သူများ သည် ပြုံးစိစိ ဖြစ်သွားလေ၏ ။ ဤသို့ လျှင် ရယ်ရမလို ငိုရမလို ဖြစ်နေခိုက်တွင် ဒေါ်ကြီးတင်နှင့် မျက်နှာကြော မတည့်သော ကာကာကုလား ရာကွတ်ဘိုင်က

“ ပန်းသတင်းလေညင်းဆောင်၊ လူသတင်းလူချင်းဆောင်ဆိုတာ ဒါမျိုးပေါ့ဗျာ ”

ဟု ဝင်ရောက်ပြောဆိုလိုက်ရာ လူအုပ်ကြီးသည် အောင့်၍ မထားနိုင်တော့ဘဲ ဝါးခနဲ ရယ်မောလိုက်ကြလေ၏ ။ ဒေါ်ကြီးတင်၏ မျက်နှာကြီး မည်းကနဲ ဖြစ်သွားပြီး

“ ခွေးကုလား၊ ဘာလူပါးဝတာလဲ၊ သွားတွေ အကုန်ကျွတ်ပြီး ဘင်္ဂလားပြန်ချင်လို့လား ”

ဟု ပြန်လည်ချေပလိုက်ရာ လူအုပ်ကြီးသည် ဝါးကနဲ ရယ်မောကြပြန်လေ၏ ။ ထိုအခါ အသုဘသည် အသုဘနှင့် မတူဘဲ ဗရုတ်သုတ်ခ ဖြစ်၍ နေလေ၏ ။ မောင်စိတ်တင်သည် သူ့မိန်းမ၏ အလောင်းအနီးတွင် ဒူးထောက်ထိုင်၍ ကုလားမထီးဆောင်း ရေမွှေးတစ်ပုလင်းကို ကုန်အောင် ဆွတ်ဖျန်းနေလေ၏ ။ ဆွတ်ဖျန်း၍ အားရသော အခါ တို့ပတ်ပဝါနှင့် ပေါင်ဒါဘူးကိုယူ၍ မမြလေး၏ မျက်နှာကို တဖတ်ဖတ်ရိုက်လေရာ မြင်မကောင်း ရှုမကောင်းအောင် ဖွေးဖွေးဖြူနေလေ၏ ။

မနေနိုင်သော ကာလသားတစ်ဦးက

“ တော် ပါတော့ ကိုစိတ်တင်ရယ်၊ ခင်ဗျားမိန်းမမျက်နှာတစ်ပြင်လုံး ဂျပန်ကော်ပတ်ရုပ်လို ဖြူဖွေးနေပါပြီဗျာ၊ ရေနွေးနဲ့တွေ လည်း မွှန်ထူနေပြီ ”

ဟု ဝင်ရောက်တားဆီးရလေ၏ ။ မောင်စိတ်တင်သည် မိန်းမမျက်နှာကို အားရအောင် တို့ပတ်ရိုက်ပြီးသော အခါတွင် အလောင်းပေါ်တွင် လွှာထားသော တိုဘရယ်ကိုးလုံချည်နှင့် အင်္ကျီကို ယူ၍

“ မြနှင်းဆီဆိုင်မှာ တစ်ထည်တည်းရှိတယ်ဆိုလို့ လခထုတ်တဲ့နေ့မှာ ကိုကို ဝယ်ပေးခဲ့တဲ့ လုံချည်နဲ့ အင်္ကျီလေ မြလေးရဲ့ ၊ ထပြီးဝတ်ပြပါဦးလား ”

ဟု ဆိုကာ အော်ဟစ်ငိုပြန်လေ၏ ။ အသုဘပို့သူများ သည် မောင်စိန်တင်ကို ပြောမရသည့်အဆုံးတွင် ထိန်တောသင်္ချိုင်းအတွင်း အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးအောက်တွင် သွားရောက်ထိုင်နေကြလေ၏ ။ ထိုသစ်ပင်ကြီး၏ မနီးမဝေးတွင် လွန်စွာ ဟောင်းအိုနေသော ဇရပ်ပျက်ကြီးတစ်ဆောင် ရှိလေ၏ ။ ဇရပ်ပျက်ကြီး၏ အုတ်လှေကားထစ်များ ပေါ်တွင် သုဘရာဇာ ဖြစ်ဟန်တူသော လူကြီးတစ်ဦးနှင့် လူငယ်တစ်ဦးသည် အေးဆေးသက်သာစွာ ထိုင်ကြလေ၏ ။

လူကြီး၏ အမည် မှာ သုဘရာဇာ ထိန်တောဟူ၍ ဖြစ်လေ၏ ။ လူကြီး၏ အနီးတွင် ထိုင်နေသော လူငယ်မှာ လူကြီး၏ တူတော် သူ မောင်ဘတင် ဟူ၍ ဖြစ်လေ၏ ။

မောင်ဘတင်သည် အသုဘရှုခင်းကို စိတ်မသက်မသာဟန်ဖြင့် ကြည့်ရှုနေလေ၏ ။ လူကြီးက

“ မောင်ဘတင်၊ မင်း ရောက်လာတဲ့နေ့က အင်မတန်လာဘ်ကောင်းတဲ့နေ့ကွ၊ ကြည့်စမ်း၊ ဒီနေ့ပဲ မင်း ထိန်တောကိုရောက်တယ်၊ ဒီနေ့ပဲ အလောင်းတစ်လောင်း ရောက်လာတယ်၊ ဒီနေ့ဟာ မင်းရဲ့ သုဘရာဇာ ဖွင့်ပွဲနေ့ပေါ့ကွာ ”

ဟု ဆိုလိုက်လေရာ လူငယ်၏ မျက်နှာသည် ပို၍ မသက်မသာ ဖြစ်သွားလေ၏ ။ လူကြီးသည် ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိလိုက်ရင်း

“ မင်းမျက်နှာမြင်ရတာ မသက်မသာရှိလိုက်တာ ဘတင်ရယ်၊ ဘာလဲ …. မင်း သုဘရာဇာလုပ်ရတာ ဂုဏ်ငယ်တယ်လို့ ထင်လို့လား ”

ဟု မေးမြန်းလိုက်ရာ လူငယ်က

“ မထင်ပါဘူး ဦးလေးရယ်၊ ‘ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ’ ဆိုတာ ကျွန်တော် နားလည်ပါတယ် ၊ အဒေါ် ဆုံးပြီးကတည်းက ဦးလေး တစ်ယောက် ကိုပဲ ဆွေမျိုးရင်းခြာ ရှိတော့တာပဲ ၊ ဒီအလုပ်ကို လုပ်တယ် ဆိုတာကလည်း ဦးလေးနဲ့ နီးနီးကပ်ကပ် နေချင်လို့ပါ ”

ဟု ပြန်၍ ဖြေလေ၏ ။ ထိုအခါ လူကြီးက

“ မှန်တာပေါ့ ငါ့တူရာ …. တကယ်တော့ သုဘရာဇာ ဆိုတဲ့ အလုပ်ဟာ လောကရဲ့ လိုအပ်ချက် တစ်ခု ပေါ့ ကွာ ၊ လောကရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အလုပ်မျိုးဟာ ဂုဏ်မငယ်ပါဘူးကွ ၊ ဒီနေ့လို အသုဘမျိုးပဲကြည့်ကွာ ၊ ငါတို့လို သုဘရာဇာတွေ မရှိတော့ရင် အသုဘရှင်တွေ ဟာ ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ ၊ အသုဘတစ်ခု ဖြစ်ပြီ ဆိုရင် အိမ်မှာ အလှထားလို့ ရတာ မဟုတ်ဘူးကွ ၊ ‘ သုဘ ’ ဆိုတာ ‘ ကောင်းသော ’ ၊ ‘ ရာဇာ ’ ဆိုတာ ‘ ဘုရင် ’ ဆိုတော့ ကောင်းသော ဘုရင်ဆိုပါတော့ကွာ ၊ တကယ်တော့ သုဘရာဇာ ဖြစ်တာဟာ ‘ စိုင်ကော်လို့ ချုံပေါ် ရောက်တာကွ ’ ”

ဟု ပြန်ပြောရာ လူငယ်က ‘ ဟုတ်ပါလေရဲ့ ဦးလေးရယ် ’ ဟု လေသံပျော့ပျော့ နှင့် ထောက်ခံလေသည်။ လူကြီးက ဆက်လက်၍

“ ဒီနေ့ညစာကို ကောင်းကောင်းစားရမယ်ကွ ၊ မင်းရဲ့ သုဘရာဇာ ဖွင့်ပွဲ အထိမ်းအမှတ် ပေါ့ကွာ ၊ အသုဘရှင်က ငါတို့အတွက် ကြက်သားဟင်း နဲ့ ထမင်းလာပို့ပေးတယ်ကွ ၊ ဒါလည်း ထူးခြားမှု တစ်ခုပဲ ၊ ငါ သုဘရာဇာ လုပ်တဲ့ သက်တမ်း တစ်လျှောက်မှာ ခုလို ကြက်သားဟင်းကို မဆလာ နိုင်နိုင်နဲ့ ချက်ပြီး သုဘရာဇာ စားဖို့ ဆိုပြီး ပို့ပေးတဲ့သူ မရှိသလောက်ပဲကွ ၊ ငါ ကတော့ မင်းနဲ့ ကံစပ်လို့ စားရတာ ထင်တာပဲ ”

“ သေတဲ့ မိန်းမက ငယ်ငယ်လေးနော် ဦးလေး ၊လှလည်း အတော် လှတယ် ၊ ကျွန်တော် ကတော့ သူ့ယောကျာ်းကို သနားတယ် ၊ကြည့်စမ်းပါဦး ….. သူ့မိန်းမကြိုက်တဲ့ ရေမွေးကို တစ်ပုလင်း ကုန်အောင် ဖြန်းပေးနေတယ် ၊ သူ့ မိန်းမ လုံခြည်နဲ့ အင်္ကျီ ကိုလည်း တသသလုပ်ပြီး လွမ်းနေလိုက်တာဗျာ ၊ သူ့ခမျာ ဘယ်လောက်ကြေကွဲနေရှာမလဲ ”

ဟု ဂရုဏာ သက်ဟန်ဖြင့် ပြောလေသည်။ထိုအခါ လူကြီးက

“ ဒီလို ကောင်စားမျိုးတွေ ငါ အသုဘလုပ်တဲ့ သက်တမ်း တစ်လျှောက်မှာ ကြုံရပေါင်း များ လှ ပါပြီကွာ ၊ ဒီလိုကောင်မျိုးတွေ ဟာ မိန်းမ သေပြီး တစ်နှစ် မပြည့်မီ နောက်မိန်းမ ယူမဲ့ လူမျိုးကွ ”

ဟု ပြောလေရာ လူငယ်က

“ ဟုတ်ပါ့ မလား ဦးလေးရဲ့ ” ဟု မေးလေ၏ ။ လူကြီးက

“ မင်းမယုံရင် စောင့်ကြည့် လေကွာ ၊ လောင်းကြေး စားကြေးတောင် လုပ်လိုက်ချင်သေးတယ် ၊ ဒါမျိုးတွေ ငါက နောကြေနေပြီကွ ”

ဟု ပြောလေ၏ ။ ဤသို့ဖြင့် ညနေစောင်းသော အခါ လွန်စွာ ဗရုတ်သုတ်ခ နိုင်သော အသုဘသည် ပြီးဆုံးခြင်းသို့ ရောက်လေ၏ ။ အသုဘ မြေချပြီးသော အခါ ဦးထိန်တောသည် အုတ်ဂူ ပြုလုပ်ရန် ပြင်ဆင်လေ၏ ။မောင်ဘတင်က အုတ်ခဲနီများ ကို ယူဆောင်၍ ပေးရလေ၏ ။ထိုအခါတွင် မြေတိုင်းစာရေး မောင်စိန်တင်သည် အနားသို့ ရောက်လာပြီးလျှင်

“ ဟေ့လူတွေ ၊ ကျုပ်မိန်းမ အုတ်ဂူကို လှလှလေး ဖြစ်အောင် လုပ်နော် ”

ဟု ဘုမသိ ၊ ဘမသိ လာရောက်၍ ဆရာလုပ်လေ၏ ။ ဦးထိန်တောက

“ လှရပါစေမယ်ဗျာ ၊ လှရပါစေမယ် ၊မြင်သူတိုင်း ငေးမောပြီး အုတ်ဂူထဲ ဝင်သေချင်စိတ် ပေါက်သွားအောင် ဆောက်ပေးပါမယ် ”

ဟုပြောလိုက်ရာ မြေတိုင်းစာရေး ၏ မျက်နှာ ရှုံမဲ့သွားလေ၏ ။ထို့နောက် ဦးထိန်တောက

“ အုတ်ဂူမှာ ကိုယ့်လူရဲ့ နာမည် ကို ကမ္ဗည်းထိုးပေးရဦးမလား ”

ဟု မေးမြန်းလိုက်ရာ မောင်စိန်တင်သည် အလန့်တကြား

“ အို ..... ၊ သေတဲ့လူက ကျုပ်မှ မဟုတ်တာ ၊ ကျုပ်နာမည် ကို ဘာလို့ထည့်ရမှာ လဲဗျ ”

ဟု ပြန်မေးလေ၏ ။ ထိုအခါ ဦးထိန်တောက တဟားဟား ရယ်၍

“ အစဉ်ထာဝရ သတိရနေပါ့မယ် မောင် ” ဆိုပြီး စာတွေ ဘာတွေ မရေး တော့ဘူးလားလို့ မေးတာပါ့ဗျာ”

ဟု ဆိုလိုက်လေရာ

“ ဒီလိုဆိုတော့လည်း ရေး တာပေါ့ဗျာ ” ဟုဆိုကာ မောင်စိန်တင်လည်း ကျေနပ်သွားလေသည်။ မောင်စိန်တင် ထွက်သွားသော အခါ ဦးထိန်တောက

“ ဒီအကောင်ကို ငါကြည့် မရတာ နဲ့ ချောက်တွန်းလိုက်တာကွ ၊ ဒီကောင်မိန်းမယူရင် ဒီအုတ်ဂူက စာကြောင်းက သူ့ကို ဒုက္ခပေးလိမ့်မယ် ”

ဟုပြောလေ၏ ။ နေဝင်ကာနီးသော အခါ အုတ်ဂူသည် ပြီးဆုံးသွားလေ၏ ။ ဦးထိန်တောက

“ အုတ်ဂူတစ်လုံး ပြီးတော့လည်း ငါတို့ထိုင်ဖို့ သလွန်တစ်လုံး တိုးတာပေါ့ကွာ ၊ သုဘရာဇာ ဆိုတာ ဆက်တီ ကုလားထိုင် ဝယ်စရာ မလိုဘူးကွ ၊ ဟဲ ဟဲ ဟဲ ”

ဟု နောက်ရွတ်ရွတ် ပြောလေ၏ ။ နေဝင်သွားသဖြင့် အမှော င်ထုသည် တဖြည်းဖြည်း ကြီးစိုးလာလေ၏ ။ မည်းမည်းသဏ္ဌာန် အုတ်ဂူဟောင်းများ နှင့် မြေပုံများ ကိုကြည့်ကာ မောင်ဘတင်သည် ထိတ်လန့်၍ လာလေ တော့သည်။ ထို့ကြောင့် ပင် ဦးထိန်တော၏ အနားသို့ မသိမသာ တိုးကပ်၍

“ ဦးလေး … သရဲဆိုတာ တကယ်ရှိလားဗျ ”

ဟုမေးလေ၏ ။ ထိုအခါ လူကြီးက

“ သုဘရာဇာကို သရဲ ရှိမရှိ မမေးနဲ့ ၊ မင်းကိုယ်တိုင် ညရောက်ရင် သိရတော့မှာ ဘဲ ”

ဟုပြောလိုက်ရာ မောင်ဘတင်သည် ကျောထဲတွင် စိမ့်ခနဲ ဖြစ်သွားလေ၏ ။

“ ဦးလေးကလဲ ကောင်းကောင်း ပြောစမ်းပါဗျာ ”

ဟု တစ်ကြိမ်ထပ်၍ မေးမြန်းလေရာ ဦးထိန်တောက

“ မင်းကိုယ်တိုင် ကြုံတွေ့ ပြီး သိတဲ့ အသိက ပိုပြီး တန်ဖိုးရှိပါတယ်ကွ ၊ ဘတင်ရ ….. ဒုံးမဝေးစမးပါနဲ့ကွာ ၊ သုဘရာဇာ သက်ကလေး နည်းနည်း ရလာပြီ ဆိုရင် သရဲ ရှိမရှိ အလိုလို သိလာပါလိမ့်မယ်ကွာ ၊ ဘာလဲ ….မင်းက သရဲ ကြောက်နေလို့လား ၊ သုဘရာဇာ လုပ်မဲ့ကောင်က သရဲကြောက်ရတယ်လို့ကွာ ၊ကဲ… ညစာစား ကြမယ် ၊ နေ့လယ်က အသုဘရှင် လာပို့ထားတဲ့ ကြက်သားဟင်းနဲ့ ထမင်းကို အားရပါးရ စားရအောင်ကွာ ”

ဟု လူကြီးက ဖိတ်ခေါ်လေရာ မောင်ဘတင်သည် သချိုင်းဇရပ်ထဲတွင် ထမင်းစားရမည် ကို ရွံရှာသကဲ့သို့ ဖြစ်လာလေ၏ ။ ရင်ထဲတွင် လည်း ပြည့်အံ့နေလေ၏ ။ ဦးထိန်တောကြီးကမူ နံရံတွင် ချိတ်ထားသော မီးအိမ်ကြီးကို

ထွန်းညှိ၍ ထမင်းစားရန် ပြင်ဆင်လေတော့သည်။ သံပန်းကန်ပြား နှစ် ချပ်ကို ယူဆောင်၍ ကြက်သားဟင်းအိုးကြီး ကို သူတို့နှစ် ဦး ကြားတွင် ချလေသည်။ထိုအခါ မောင်ဘတင်က

“ ကျွန်တော် မစားချင်ဘူး ဦးလေး ၊ ရင်ထဲမှာ ပြည့်နေတယ်ဗျ ” ဟု ငြင်းဆိုလိုက်ရာ လူကြီးက ခေါင်းတဆတ်ဆတ် ညိတ်၍

“ မင်းက သင်္ချိင်းမှာ ထမင်းစားဖို့ အလေ့အကျင့် မရှိသေးတဲ့ သတ္တဝါလေးပဲ ၊ ကဲကဲ …. ဒီနေ့တော့ ရှိစေတော့ ၊ ငှက်ပျောသီး စားပြီး အိပ်ရာဝင်လိုက်ပေတော့ ”

ဟုဆိုကာ ငှက်ပျောသီး ၄ လုံးခန့်ကို မောင်ဘတင်ရှေ့သို့  ချပေးလေ၏ ။ မောင်ဘတင်သည် ဗိုက်ထဲတွင် ဆာဆာလောင်လောင်ရှိလှသဖြင့် ငှက်ပျောသီး တစ်လုံးကို အခွံနွာ၍ တစ်ကိုက်ကိုက်လိုက်၏ ။ ငှက်ပျောသီး တစ်လုံး ကုန်အောင်စားပြီးကာမှ နေ့လည်ခင်း အသုဘစားမြိန်ထုပ်တွင် တွေ့ ရသော ငှက်ပျောသီးများ ကို သတိရလိုက်၍

“ ဦးလေး … ဦးလေး ၊ ဒီ … ဒီ ငှက်ပျောသီးတွေ က ”

ဟု ဦးထိန်တောကို အထစ်ထစ် အငေါ့ငေါ့ မေးလိုက်ရာ ဦးထိန်တောက တဟားဟား ရယ်၍

“ မောင်ဘတင် မင်းမြဲမြဲ မှတ်ထား ၊ သုဘရာဇာ ဆိုတာ ငှက်ပျောသီး ဘယ်တော့မှ ဝယ်မစားဘူးကွ ၊ နေ့လည်က စားမြိန်စာထုပ်မှာ ပါတဲ့ ငှက်ပျော သီးတွေ လေကွာ ”

ဟု ဖြေလိုက်ရာ မောင်ဘတင်၏ ရင်ထဲတွင် ပျို့ချင် အန်ချင်သလို ဖြစ်သွားလေတော့၏ ။ ကျန်သော ငှက်ပျောသီးများ ကို ဆက်၍ မစားဝံ့တော့ပေ။ ဤသို့ ဖြင့် မိုးစုံးစုံးချုပ်သော အခါ ဦးထိန်တော့က

“ မောင်ဘတင် ၊ ဒါ … မင်းရဲ့ သလွန်ပဲ ”

ဟုဆိုကာ ထင်းရူးပြား နှစ် ချပ်ကို ထုတ်ပေးလေ၏ ။ မောင်ဘတင်သည် ထင်းရူးပြားပေါ်တွင် ကျောခင်း လိုက်လေ၏ ။ ခဏအကြာတွင် ဦးထိန်တောက အိပ်ချင်သည်ဆိုကာ မီးအိမ်ကို ငြှိမ်းသတ်၍ အိပ်စက်လေတော့၏ ။ မောင်ဘတင်သည် သူ့အတွက်ပေးထားသော ထင်းရူးပြားနှစ် ချပ်ပေါ်တွင် ကြိုးစား၍ အိပ်ပျော်အောင် အိပ်လိုက်လေ၏ ။သူသည် သန်းခေါင်ကျော်တွင် တစ်ရေး နိုးလာလေ၏ ။ ထိုအခါ အပေါ့အပါး သွားချင်လာမိ၏ ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော အခါ အုတ်ဂူများ နှင့် ကြောက်မက်ဖွယ်သစ်ပင်ကြီးများ ကို မြင်ရ၍ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်ရလေ၏ ။ လေပြင်းသည် ဝေ့ခနဲ တိုက်ခတ်လာသော အခါ ဇရပ်ခေါင်မိုး သွပ်ပြား ဝုန်းခနဲ့ လန်သွားပြန်ရာ သူသည် အသည်းငယ်လာလေ၏ ။ လေယူရာ ယိမ်းနွဲ့နေသော သစ်ပင်များ ၊ မည်းမည်းသဏ္ဍန် မြေပုံများ ၊ အုတ်ဂူများ ကို ကြည့်ရင်း ကြက်သီးထလာလေ၏ ။

“ ကြည့်စမ်း ၊ သင်္ချိုင်းကြီးကို ကြည့်ရတာ ကြောက်ဖို့ကောင်းလိုက်တာ ၊ ငါ့ ဦးလေးနဲ့ လာပြီး သုဘရာဇာ လုပ်တာ မှားပြီနဲ့ တူတယ် ”

ဟူ၍ လည်း တွေးတော နေမိလေ၏ ။ ထိုအခိုက်မှာ ပင် အုတ်ဂူများ ကြား၌ အနီရောင် မီးလုံးကြီးကို မြင်လိုက်ရ၏ ။ မီးလုံးကြီးသည် တရွေ့ရွေ့ သွားလာနေ၏ ။ မောင်ဘတင်၏ မျက်လုံး ပြူးသထက်ပြူးသွားပြီး -

“ ညဥ့်နက်သန်းခေါင် သင်္ချိုင်းထဲမှာ မီးရောင် မြင်ရတယ် မဟုတ်မှ လွဲရော ၊ ငါတော့ သရဲခြောက်ခံရပြီ ၊ ကျိန်းသေပါတယ် သရဲ … သရဲ ”

ဟု ရေရွတ်ကာ တခေါခေါ ဟောက်၍ နေသော ဦးထိန်တောကြီးကို ထ၍ နိုးလေ၏ ။ သို့ သော် ဦးထိန်တောကို မည် သို့ ပင် နိုးနိုး နိုး၍ မရပေ။

“ ဦးလေးကလည်းဗျာ အအိပ်ကြီးလိုက်တာ … ဦးလေး ဦးလေး ”

မောင်ဘတင်သည် ဦးထိန်တောကို နိုး၍ မရသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ဣတိပိသော ဂါထာကို ကပေါက်တိ ကပေါက်ချာ ရေရွတ်နေမိသည်။ သူသည် အကြောက်ပြေစေရန် မီးအိမ်ကြီးကို ထွန်းညှိလိုက်လေ၏ ။ ဇရပ်တစ်ဆောင်လုံး လင်းထိန်သွားသော အခါ သူ၏ ကြောက်စိတ်များ အနည်းငယ် လျော့ပါး သွားလေတော့၏ ။

သင်္ချိုင်း အလယ်မှ မီးလုံးကြီးသည် တရွေ့ရွေ့သွားလာ နေဆဲပင်ဖြစ၏ ။ လူ၏ စိတ်သည် အလွန် ဆန်းကြယ်လှ၏ ။ ကြောက်စိတ်ပြယ်သွားသော အခါ စူးစမ်းချင်စိတ် ဝင်လာ၏ ။ ရင်ထဲတွင် ကြောက်စိတ်နှင့် စူးစမ်းချင်စိတ် လွန်ဆွဲ၍ နေလေတော့သည်။

နောက်ဆုံးတွင် ကြောက်စိတ်ကို စူးစမ်းချင်စိတ်က တစ်ဏမျှ အနိုင်ယူသွားသော အခါ မီးအိမ်ကြီးကို တိုင်မှထ၍ ဖြုတ်လေ၏ ။ ပြီးနောက် ဝါးရင်းတုတ်ကြီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မီးရောင် ရှိရာသို့ အရဲစွန့်၍ ထွက်ခဲ့လေသည်။ မီးရောင် သည် သင်္ချိင်း၏ အစွန်းနားတွင် ရွေ့လျားနေပြန်၏ ။

မီးရောင် အနီးသို့ တိုးကပ်သွားသော မောင်ဘတင်သည် ရနံ့ တစ်ခုကြောင့် ကြက်သီးတဖြန်းဖြန်း ထ၍ သွားလေ၏ ။

နေ့လည်ခင်းက မမြလေးအလောင်းတွင် ဆွတ်ဖျန်းလိုက်သော ကုလားမထီးဆောင်းရေမွှေးနံ့သည် မောင်ဘတင်၏ နှာခေါင်းထဲသို့ စူးစူးရှရှကြီး ဝင်ရောက်လာလေ၏ ။

သူသည် ကြက်သီးဖြန်းဖြန်းထ၍ ဆံပင်များ ထောင်လာပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေမိ၏ ။ လာလမ်းအတိုင်း ပြန်ပြေးချင်စိတ်များ လည်း ဝင်လာ၏ ။

ထိုအခိုက်မှာ ပင် အုတ်ဂူနှစ် လုံးကြားမှ ဖြတ်ထွက်လာသော အဖြူရောင် သဏ္ဌာန်သည် ဆံပင်ဖားလျားချ၍ ကျောပေးထားသော မိန်းမ တစ်ယောက် ၏ သဏ္ဌာန် ဖြစ်လေ၏ ။ ရေမွှေးနံ့သည် ထိုမိန်းမ ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဖြူရောင် အင်္ကျီနှင့် တိုဘရယ်ကိုးလုံချည်သည် မမြလေး အလောင်းတွင် ဆင်ယင်ထားသော အဝတ်အစားများ ဖြစ်သည်။

“ ဟို … မိန်းမ အလောင်းမှာ ဝတ်ထားတဲ့ လုံခြည်နဲ့ အင်္ကျီ ရေမွှေးနံ့ကလည်း သူ့ရေမွှေးနံ့ ”

ဟု မောင်ဘတင် ထိတ်လန့်တကြား ရေရွတ်စဉ်မှာ မင် ထိုမိန်းမသဏ္ဌာန်သည် မောင်ဘတင်၏ ဘက်သို့ ချာခနဲ လှည့်လိုက်လေ၏ ။

ထိုမိန်းမ၏ မျက်နှာကြီးသည် ပေါင်ဒါမှု န့်များ နှင့် ဖွေးဖွေးဖြူနေလေ၏ ။

မောင်ဘတင်သည်

“ အမလေး … သရဲ … သရဲ ”

ဟု လိပ်ပြာ လွင့်လုမတတ် အော်လိုက်ပြီး အိပ်ရာမှ နိုးသော အခါ မောင်ဘတင်ကို မတွေ့ ရတော့ပေ ။ ထိုနေ့မှ စ၍ မောင်ဘတင် ဟူသော သုဘရာဇာလေးသည် ထိုမြို့ကလေးမှ ထူးဆန်းစွာ ပျောက်ဆုံးသွား လေတော့သည်။

** ** **




ပထမပိုင်း

အငြိမ့် မင်းသမီးကလေး မြနှင်းဆီ

တစ်နေ့သ၌ ကျွန်ုပ်နှင့် စုံထောက် ဦးပေါ်ဦးသည် အင်းစိန် စီအိုင်စီရုံးခန်းတွင် ထိုင်နေရင်း အငြိမ့်မင်းသမီး ကလေး မြနှင်းဆီ၏ အလှကို သူ့ထက်ငါ ချီးမွမ်းခန်းဖွင့်၍ နေကြ၏ ။ ထိုအချိန်က မြနှင်းဆီ အငြိမ့် အဖွဲ့သည် ပုဇွန်တောင် လိပ်ကန်ပန်းခြံတွင် ညစဉ်ကပြနေလေ၏ ။ ဦးပေါ်ဦးသည် အငြိမ့်ဝါသနာအိုး ဖြစ်သည့် အားလျော်စွာ မြနှင်းဆီ အငြိမ့်အဖွဲ့ကို ညစဉ်ညတိုင်း မလွှတ်တမ်း သွားရောက်ကြည့်ရူလေ၏ ။ ကြည့်ရူ့ပြီးသည့် အခါတိုင်းတွင် ဦးပေါ်ဦးက မြနှင်းဆီ၏ အလှကို ဟိမဝန္တာ ချီးကျူးခန်းဖွင့်လေ့ရှိ၏ ။ဦးပေါ်ဦးက

“ ညက မြနှင်းဆီလေး လှလိုက်တာများ ဗျာ ….. ရွှေမှု န့်စားပြီး မွေးသလား အောက်မေ့ရတယ်၊ အသားကလေးက ဝါညက်ပြီး ရွှေလိုဝင်းနေတာပဲဗျာ ”

ဟု ချီးမွမ်းခန်းဖွင့် လိုက်လေရာ ကျွန်ုပ်က -

“ အသားလေးတင် ဝင်းနေတာလားဗျ ၊ နှာတံကလေးကရော စင်းမနေဘူးလား ”

ဟု မီးလောင်ရာ လေပင့် လုပ်လိုက်လေ၏ ။ ထိုအခါ ဦးပေါ်ဦးက -

“ နှာတံစင်းရုံတင် ဘယ်ကမလဲဗျာ ၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း ငါးရံ့ကိုယ်လုံးလေးဗျ ၊ ခါးသေးရင်ချီ ပဒုမ္မနီဆိုတာ မြနှင်းဆီကိုယ်လုံးမျိုးကို ဆိုတာဗျ ”

ဟု မစားရဝခမန်း ချီးမွှမ်းလိုက်ပြန်၏ ။ ကျွန်ပ်ကလည်း -

“ ကိုယ်ပေါက်ကိုယ်ပေါက်တင်ပဲလားဗျာ ”

ဟုထပ်မံ၍ အဆင်းဘီးတပ်ပေးလိုက် ပြန်ရော ဦးပေါ်ဦးက -

“ ကိုယ်လုံးကိုယ်ပေါက်တင် ဘယ်ကမလဲဗျာ ၊ အသံလေးကလဲ ကြိုးကြာသံ ၊ ကရဝိတ်ငှက်သံလေးဗျ ၊ ကျုပ်အိမ်က မိန်းမကြီးနဲ့ တော့ ကွာပါ့ဗျာ ၊ ကျုပ်မိန်းမ အသံက ဒယ်အိုးဖင်ကို သဲနဲ့ပွတ်ပြီး ထွက်လာတဲ့ အသံမျိုးဗျ ”

ဟု မဆီမဆိုင် အိမ်မှာ ကျန်နေသော မိန်းမကြီးကိုပင် ထိပါးပြောဆိုလေတော့၏ ။ ထိုအခိုက်မှာ ပင် ကျွန်ပ်တို့ အနီးသို့ ပျာတာ မောင်ရွှေ ရောက်လာပြီ။

“ ဆရာတို့ရေ … မင်းကြီး ကြိမ်းတော့မယ် ၊ အိပ်ရာခင်းဖို့ပြင်ပေတော့ ”

ဟု နောက်ရွှတ်ရွှတ် ပြောလိုက်ရာ ဦးပေါ်ဦးက သူ၏ လက်ဝါးကြီးကို မြှောက်ပြလိုက်ရင်း

“ နာရင်း အုပ်လိုက်လို့ ပျာတာ ဘဝက စုတေသွားမယ် ၊ ဘာမှတ်လဲ ”

ဟု ကြိမ်းမောင်းလေရာ ပျာတာမေညက်ရွှေ က တဟဲဟဲ ရယ်၍ ထွက်ခွာသွားလေ၏ ။

ထိုအခါ ကျွန်ပ်တို့လည်း မင်းကြီးရုံးခန်းတွင်းသို့ ဝင်ရန်ပြင်ဆင်ရလေ၏ ။ ဦပေါ်ဦးက-

“ မင်းကြီး ဆိုတာ ကျွန်ပ်တို့ စုံထောက်တွေ ကို မှန်မှန်ဆူပေးမှ ထမင်းစားမြိန်တာဗျ ၊ ဒါကြောင့် ထမင်းစား မြိန်အောင် မကြာခဏ ဆုပေးတဲ့ သဘောပဲ ၊ ဒါ အလုပ်သဘောဗျ ”

ဟု စပ်ဖြဲဖြဲ ပြောလိုက်လေရာ ကျွန်ပ်က-

“ အလုပ်သဘော အရဆိုလဲ အဆူခံဖို့ သွားရတာ ပေါ့ဗျာ ၊ ဘာတတ်နိုင်မှာ လဲ ၊သူ့ဆန်စားရင် ရဲရတော့မှာ ပေါ့ ”

ဟု ပြန်ပြောလိုက်လေ၏ ။ ပြီးနောက်တွင် မူ ကျွန်ပ်နှင့် ဦးပေါ်ဦးသည် မင်းကြီး၏ ရုံးခန်းအတွင်းသို့ အဆူခံရန် ဝင်ရောက်ခဲ့၏ ။ ရုံးခန်းထဲတွင် စုံထောက်ကိုစိန်မြင့် တို့လူစုသည် မျက်နှာသေသေများ နှင့် တန်းစီကြလေပြီ ဖြစ်၏ ။ ကျွန်ပ်တို့ နှစ် ဦးသည် ကိုစိန်မြင့်တို့ လူစု နောက်တွင် ဝင်ရောက်၍ တန်းစီလိုက်လေ၏ ။ မင်းကြီးက -

“ မြည်းသတ္တဝါလို အပြင်းထူတဲ့ လူကလေးတွေ ၊ လူကလေးတို့ အလွန်တော် လို့ ကျွန်ပ်ကို ပုလိပ်မင်းကြီးက ဆူလိုက်ပြီ ၊ မောင်မင်းတို့ စီအိုင်ဒီက စုံထောက်တွေ အိပ်ပျော်နေပြီလား ၊ ထောက်ကြံ အဝေးပြေး လမ်းပေါ်က အမှု မပေါ်သေးဘူး ၊ အင်းလျားလမ်းမှာ လူသတ်မှု ဖြစ်နေပြီ ”

ဟု ကျွန်ပ်တို့ စုံထောက်များ ကို ကြိမ်းမောင်းလိုက်လေရာ ဦးပေါ်ဦးက ကျွန်ပ်၏ အနီးသို့ ကပ်၍ လေသံတိုးတိုးဖြင့်

“ အင်းလျားလမ်းမှာ လူသတ်မှု ဖြစ်ပြန်ပြီတဲ့ဗျာ ၊ အေးအေးဆေးဆေး နေရမလား မှတ်လို့ စုံထောက် လုပ်မိပါတယ် ခုတော့ မလွယ်ပါလားဗျာ ”

ဟု ညည်းညူလိုက်လေ၏ ။ မင်းကြီးက ကျွန်ပ်နှင့် စုံထောက်ဦးပေါ်ဦးအား-

“ မောင်မင်းတို့နှစ် ယောက် ဘယ်မှာ သွားပြီး အိပ်ပျော်နေသလဲ ၊ ဒီမှာ အမှု တွေ မပေါ်သေးဘူး ၊ အမှု တစ်ခု ထပ် ဖြစ်ပြန်ပြီ ”

ဟု ကြိမ်းမောင်းလိုက်ရာ ဦးပေါ်ဦးသည် မင်းကြီး၏ မျက်နှာကို ကြည့်ပြီး ထိတ်လန့် သွားကာ အယောင်ယောင် အမှားမှားဖြင့်

“ ကျွန်တော် မျိုးတို့ မြနှင်းဆီ အကြောင်းကို ဆွေးနွေး နေတာပါ ”

ဟု ဖြေမိဖြေရာ ဖြေလိုက်လေ၏ ။ ကျွန်ပ်မှာ

“ ဟိုက် ….. ဒုက္ခပါပဲ ၊ ဦးပေါ်ဦးတော့ ယောင်ယမ်းပြီး မဟုတ်တာတွေ ဖြေကုန်ပြီ ”

ဟု ရေရွတ်မိလေ၏ ။ သို့ သော် မင်းကြီးမှာ ဦးပေါ်ဦး စကားကြောင့် လွန်စွာ အံ့သြသွားဟန်ရှိပြီး

“ အိုး … ဂေါ့ဒ် ၊ မြည်းသတ္တဝါလို အပျင်းထူတဲ့ လူကလေး တွေ က် ဒီတစ်ခါတော့ ကျွန်ပ်ထက်ပိုတော် နေပါလား ”

ဟု အံ့သြတကြီး ရေရွတ်လိုက်လေ၏ ။ ဦးပေါ်ဦးနှင့် ကျွန်ပ်နှင့် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ထင်မြင်မိ နေလေ၏ ။ ထိုအခါ နေရာတကာတွင် ဝင်ရောက်အမှတ်ယူလေ့ရှိသော စုံထောက်ကိုစိန်မြင့်က ဘုမသိ ဘမသိဖြင့်

“ ကျွန်တော် မျိုးတို့လည်း မြနှင်းဆီကို သိပါတယ် သခင် ”

ဟု ဝင်ရောက်အမှတ်ယူလေ၏ ။ ထိုအခါ စုံထောက်ကိုတင်လှကလည်း အားကျမခံ

“ ကျွန်တော် မျိုးလည်း မြနှင်းဆီအကြောင်းကိုတော့ ကောင်းကောင်း သိပါတယ် သခင် ”

ဟုဝင်ရောက်ပြောဆိုပြန်လေရာ ကျွန်ပ်တို့ စုံထောက်များ အားလုံးက မြနှင်းဆီကို သိရှိကြောင်း သူ့ထက်ငါ အလုအယက် ပြောဆိုသံများ ဖြင့် စီအိုင်ဒီရုံးခန်းတစ်ခုလုံး ပွက်ပွက်ညံ၍ သွားလေ၏ ။

ကျွန်ပ်တို့ စုံထောက်မင်းကြီးမှာ လွန်စွာ စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်နှာကြီး ရှုံ့မဲ့လာပြီးလျှင်

“ ဟိုး … ဟိုး တော် ပြီ ပိတ်ကြစမ်း ၊ ကျွန်ပ် နားမခံနိုင်တော့ဘူး ၊ မြနှင်းဆီ ဆိုတာ ဘယ်သူလဲ … ပြောစမ်း လူကလေး ပေါ်ဦး ”

ဟု မေးမြန်းလိုက်လေရာ ဦးပေါ်ဦးက

“ မြနှင်းဆီ ဆိုတာ အလွန်ချော အလွန်လှတဲ့ အငြိမ့် မင်းသမီးကလေးပါ သခင် ”

ဟု သွက်လက်စွာ ဖြေကြားလိုက်လေ၏ ။ ထိုအခါ မင်းကြီးက

“ အငြိမ့်ဆိုတာ ကျွန်ပ် မသိဘူး ၊ မင်းသမီး ဆိုတာ ဒီလိုကတဲ့ သူကိုဆိုတာ မဟုတ်လား ”

ဟု လက်နှစ် ချောင်းကို ကွေးညွတ်၍ မင်းသမီး ကဟန် ပြလေရာ ကျွန်ပ်တို့ စုံထောက်များ သည် ရယ်ချင်လွန်း၍ မနည်းပင် အောင့်အည်း သည်းခံနေရလေ၏ ။ ဦးပေါ်ဦးသည် ရယ်ချင်သော မျက်နှာကြီးကို ထိန်းချုပ်ထားသဖြင့် နီရဲနေလေ၏ ။

“ အငြိမ့် ဆိုတာ ဘာအဓပ္ပာယ်လဲ လူကလေးတို့ ”

ဟု မင်းကြီးက ကျွန်ပ်တို့ စုံထောက်ကျော်များ ကို မေးမြန်းလေရာ ကျွန်ပ်တို့မှာ ဖြေကြားရခက်နေ၏ ။ အငြိမ့် ဟူသော ဝေါဟာရကို မင်းကြီး နားလည်ရန် ရှင်းမပြနိုင်ကြပေ။ ထို့ကြောင့် ပင် ကျွန်ပ်တို့အားလုံးသည် တစ်ယောက် မျက်နှာ တစ်ယောက် ငေးကြောင်ကြောင် ကြည့်နေကြလေ၏ ။ တိုအခိုက်မှာ ပင်

“ အငြိမ့်ဆိုတာ အဆိုအတီးအက သုံးမျိုးပေါင်းစပ်ထားတဲ့ သဘင်တစ်မျိုး ဖြစ်တယ် ၊ မြင်သူ ကြားသူများ ရဲ့ အမြင်အကြား အာရုံမှာ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိစေတဲ့ အဆို ၊ အတီး ၊ အက မျိုး ဖြစ်တဲ့အတွက် အငြိမ့်လို့ အမည် တွင် ပါတယ် ၊ အငြိမ့်ဆိုတဲ့ ဝေါဟာရကို အင်းဝခေတ်လောက်မှာ စတင်တွေ့ ရှိခဲ့တယ် မင်းကြီး ၊ အငြိမ့်ပွဲ တစ်ပွဲမှာ မင်းသမီး တစ်လက်နဲ့ လူရွှင်တော် နှစ် လက်သုံးလက် ပါလေ့ရှိတယ် မင်းကြီး ၊ မြန်မာလူမျိုးတွေ ဟာ အငြိမ့်ကို ရိုးရာအနုပညာအနေနဲ့ အလွန်အင်မတန် တန်ဖိုးထားတတ်ကြတယ် ”

ဟူ၍ လွန်စွာ ပီသ၍ လွန်စွာ အဆင့်အတန်းမြင့်သော လန်ဒန်မြို့ကြီးသား လေသံမျိုးဖြင့် ရှင်းလင်းချက် သည် ကျွန်ပ်တို့ စုံထောက်များ ၏ နောက်မှကပ်၍ ထွက်ပေါ်လာလေ၏ ။ အသံနှင့် အတူ အသားညိုညို အရပ်မြင့်မြင့် နှင့် လွန်စွာ မှ ယောက်ျားပီသသော လူတစ်ဦးသည် မင်းကြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်လာလေ၏ ။ကျွန်ပ်၏ ရင်ထဲတွင် ဒိတ်ခနဲ ဝမ်းသာသွားပြီး “ ကိုမင်းအောင် ကိုမင်းအောင် ” ဟုရေရွတ်လိုက်လေ၏ ။ ရေတာ ရှည်ဂါတ်သို့ ရောက်ရှိနေသော ကျွန်ပ်၏ မိတ်ဆွေကြီး ဆားပုလင်းမင်းအောင် ပြန်ရောက်လာလေပြီ။ကိုမင်းအောင်သည် သူ၏ ကြီးမားလှသော လွယ်အိတ်ကြီးကို မင်းကြီး၏ စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်တင်လိုက်လေ၏ ။ပြီးနောက် ကုလားထိုင်ပေါ်တွင် မထီလေးစား အမူအရာနှင့် ဝင်ထိုင်လိုက်လေ၏ ။ မင်းကြီးက ဆားပုလင်း မင်းအောင်အား

“ ဆားပုလင်းမင်းအောင် ရောက်လာပြီကိုး ၊ အတော် ပဲပေါ့ ၊ ဒီမှာ အမှု တွေ အလွန်များ နေတယ် ” ဟုပြောလေ၏ ။

ဆားပုလင်းမင်းအောင်က မင်းကြီးကို ကြည့်လျက်

“ ကျုပ်ရောက်လာပြီ ဆိုရင် အမှု တွေ အားလုံး ပေါ်ရမှာ ပေါ့ဗျာ ၊ ယုံရဲ့ လား မင်းကြီး ”

ဟု မထီလေးစားဟန်ဖြင့် ဆိုလိုက်လေရာ မင်းကြီးက “ ယုံပါတယ် ဆားပုလင်း မင်းအောင်၊ ယုံပါတယ် ၊ သင်ဟာ စုံထောက်လုပ်ဖို့ ဘုရားသခင်က ပေးထားတဲ့ လူပေပဲ ” ဟု ပြောလေ၏ ။ကိုမင်းအောင်က

“ မနေ့ကပဲ ပုလိပ်မင်းကြီးက အင်းစိန်စီအိုင်ဒီကို အမြန်လာဖို့ သံကြိုးရိုက်ခေါ်တယ် ၊ဒီမှာ လည်း အမှု တွေ မနိုင်မနင်း ဖြစ်ရတယ်လို့ သိရပါတယ် ၊ ကျုပ်ကို ဘယ်ကိုပို့ပို့ နောက်ဆုံးမှာ တော့ စီအိုင်ဒီကိုပဲ ပြန်ခေါ်ရတာ ပဲ မဟုတ်လား ”

“ ဟုတ်ပါတယ် ဆားပုလင်းမင်းအောင် ၊ အမှု တွေ အလွန်များ နေတယ် ၊ ထောက်ကြံ့ အဝေးပြေး လမ်းမပေါ်က လူသတ် ၊ ဓါးပြမှု မပေါ်သေးဘူး ၊ အင်းလျားလမ်းမှာ လူသတ်မှု ဖြစ်ပြန်ပြီ ၊ဒါကို ခဏထားပြီး အမှု တွေ မဖြေရှင်းမီမှာ စီအိုင်ဒီရဲ့ ပြဿနာကို အရင်ရှင်းပါဦး ၊ အင်းလျားလမ်းမှာ လူသတ်မှု ဖြစ်ပြီး လူသတ်သမား က နံရံပေါ်မှာ မြနှင်းဆီ ဆိုတဲ့ စာကြောင်းကို သွေးနဲ့ရေး သွားခဲ့တယ်၊ ဒီကိစ္စကို ကျွန်ပ်က ဖွင့်မပြောရသေးဘဲ မြည်းသတ္တဝါလို အပြင်းထူတဲ့ စုံထောက်တွေ က ကြိုသိနေပါတယ်၊ လူကလေးတို့ ဘာလုပ်နေလဲလို့ ကျွန်ပ်က မေးတော့ မြနှင်းဆီ အကြောင်း ဆွေးနွေးနေတယ်လို့ ကျွန်ပ်ကို ပြောတယ်။ ဒီလူကလေးတွေ အကြားအမြင် ပေါက်နေပြီလား ဆားပုလင်းမင်းအောင် ”

ဟု မင်းကြီးက မေးလိုက်လေရာ ဆားပုလင်း မင်းအောင်က

“ လူသတ်တရားခံ ရေး သွားတဲ့ မြနှင်းဆီဆိုတဲ့ စာကြောင်းကို စုံထောက်ဦးပေါ်ဦးတို့ လူစု မသိကြဘူး မင်းကြီး ၊ ဦးပေါ်ဦးပြောနေတာက ပုစွန်တောင်လိပ်ကန်ပန်းခြံမှာ ကပြနေတဲ့ အငြိမ့်မင်းသမီး မြနှင်းဆီ အကြောင်းပါ ၊ နာမည် ခြင်း တူနေလို့ ထင်ယောင်ထင်မှား ဖြစ်ကုန်ကြတာပါ ”

ဟု ရှင်းလင်းပြလိုက်သော အခါမှပင် မင်းကြီးသဘောပေါက်သွားလေ၏ ။ ထို့နောက်တွက်မူ ဆားပုလင်း မင်းအောင်သည် ကျွန်ပ်နှင့် ဦးပေါ်ဦးကို ဝမ်းသာအားရ နှုတ်ဆက်၍ ရုံးဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့လေတော့၏ ။ စုံထောက်ကိုစိန်မြင့်တို့ လူစုမှာ လူသတ်မှု ဖြစ်ပွားရာအိမ်သို့ သူ့ထက်ငါ အလုအယက် သွားရောက်ရန် စီစဉ်နေလေတော့၏ ။

** ** **






ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ ဥစ္စာစောင့်မလေး မြနှင်းဆီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဂျမဒါမင်းထင်နှင့်စုန်းမ

နှင်းငွေ့တစ်ထောင်

ပြည်လုံးကျော်