Cover

ထောင်ချောက်

သူဌေးဦးရွှေဘော်မှာ မြကြေးမုံနဲ့ လှကြေးမုံဆိုတဲ့ သမီးနှစ် ယောက် ရှိတဲ့အနက် မြကြေးမုံဟာ ပညာတော် လို့ မက်ထရစ်တန်းအောင်ပြီး အိန္ဒိယနိုင်ငံ ကလက္ကတားမှာ ပညာသွားသင်တယ်။ လှကြေးမုံ ကတော့ မက်ထရစ်တန်းကို အကြိမ်ကြိမ် ကျရှုံးလို့ ကျောင်းထွက်လိုက်ရတယ်။

လှကြေးမုံဟာ ကျောင်းကထွက်ပြီး တစ်နေ့မှာ အရေး ပိုင်ကတော် ဒေါ်စိန်ရဲ့ ဖဲဝိုင်းကို မမျှော်လင့်ဘဲ ရောက်သွားတယ်။

အရေး ပိုင်ကတော် ဒေါ်စိန်ရဲ့ အိမ်မှာ ကတော် တွေ စုပြီး ဖဲရိုက်လေ့ရှိတယ်။

လှကြေးမုံဟာ လောင်းကစားခြင်းနဲ့ပတ်သက်လို့ အကျိုးပေးကောင်းတယ်လို့ ဆိုရမယ်။

ကတော် တွေ ရဲ့ ဖဲဝိုင်းမှာ တစ်ရက်နှစ် ရက် ၀ိုင်းထိုင်လိုက်တာနဲ့ ဖဲကစားခြင်းအတတ်ကို ကောင်းကောင်းတတ်မြောက်သွားတယ်။

ဖဲကစားတဲ့အခါမှာ လဲ ရှုံးတဲ့အလှည့်ထက် နိုင်တဲ့အလှည့်ပိုများ တယ်။ ဒါကြောင့် လှကြေးမုံ ဟာ ဖဲဝိုင်းတွေ မှာ ပဲ အချိန်ကုန်နေတာများ တယ်။

သူဌေးဦးရွှေဘော်က လှကြေးမုံကို ဖဲမကစားဖို့ အကြိမ်ကြိမ် အခါခါ ဆိုဆုံးမတယ်။ ဒါပေမယ့် လှကြေးမုံရဲ့ ရင်ထဲမှာ ဖဲဝိညာဉ်ဝင်ပူးနေပြီ။

သူဟာ ဖဲမကစားရရင် မနေနိုင်တော့ဘူး။ ဦးရွှေဘော်ဟာ အလွန်ကြွယ်ဝချမ်းသာတဲ့ အတွက် လှကြေးမုံ ဖဲဝိုင်းမှာ ထိုင်ဖြုန်းတာမသိသာဘူး။

ဦးရွှေဘော်ဟာ သမီး ဖြစ်သူကို တားမရတဲ့အတွက် လက်လျော့ထားလိုက်တယ်။ ငယ်စဉ် က အလိုလိုက်ခဲ့တဲ့ အမှားပဲဆိုပြီး ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်နေမိတယ်။

* * *


မြကြေးမုံဟာ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့မှာ ပညာသင်ကြားပြီး ပညာစုံတဲ့အခါ မြန်မာပြည်ကို ပြန်ရောက်လာတယ်။

မြကြေးမုံ မြန်မာပြည်ပြန်ရောက်တော့ ဖခင်ကြီးရဲ့ စီးပွားရေး လုပ်ငန်းတွေ မှာ ၀င်ကူညီပေး တယ်။

ဦးရွှေဘော်ဟာ လှကြေးမုံနဲ့ပတ်သက်ပြီး အလိုမကျခဲ့သမျှ မြကြေးမုံနဲ့ကျမှ အလိုကျခဲ့ရတယ်။

မြကြေးမုံက စီးပွားရေး လာဘ်မြင်တော့ သူ့ရဲ့ လုပ်ငန်းတွေ မှာ အကူအညီအများ ကြီး ပေးနိုင်တယ်။

လှကြေးမုံ ကတော့ စက်သူဌေးသား၊ မြို့ပိုင်သား စတဲ့ အရပ်ထဲက ကလေကဝတွေ နဲ့ ပျော်ပွဲစားထွက်လိုက်၊ ပါတီပွဲတက်လိုက်နဲ့ အချိန်ဖြုန်းနေတော့တာပဲ။

မိဘလုပ်ငန်းကို စိတ်မ၀င်စားပေမယ့် သူ ၀ါသနာပါတဲ့ လောင်းကစားဝိုင်းတွေ ကိုတော့ မပျက်မကွက်သွားတယ်။

မြကြေးမုံ ကတော့ ဖခင်နဲ့ အနီးကပ်နေပြီး စီးပွားရေး လုပ်ငန်းတွေ ကို ကျွမ်းကျင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် မြကြေးမုံ မြန်မာပြည်ရောက်ပြီး ဘာမှ မကြာပါဘူး၊ ဦးရွှေဘော် မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့တယ်။ မိတ်ဆွေတစ်ဦးရဲ့ အလှူကပြန်လာပြီး ပူတယ် အိုက်တယ်ဆိုပြီး ရေချိုးခန်းထဲ ၀င်ရာက အသက်ပါသွားတာ ဖြစ်တယ်။

ဦးရွှေဘော်မရှိတဲ့နောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေ အားလုံး မြကြေးမုံအပေါ် ပိလာတယ်။

မြကြေးမုံဟာ အလုပ်တွေ များ လွန်းလို့ ညီမ ဖြစ်သူကို စည်းရုံးကြည့်တဲ့အခါ လှကြေးမုံက

“အမလေး၊ အဖေရဲ့ အလုပ်တွေ ကို ကျွန်မ ဘာမှ နားမလည်ဘူး၊ စိတ်လဲမ၀င်စားဘူး၊ ဒီအလုပ်တွေ ကို အစ်မ တစ်ယောက် တည်း မလုပ်နိုင်ရင် အကုန်ရောင်းပစ်လိုက်”

လို့ပြောတယ်။ မြကြေးမုံက လှကြေးမုံရဲ့ စကားကြောင့် ခေါင်းခါယမ်းလိုက်ပြီး

“ဒီလိုလုပ်လို့ ဘယ် ဖြစ်ပါ့မလဲ၊ အဖေထူထောင်လာတဲ့အလုပ်တွေ ငါတို့လက်ထက်မှ ကျရှုံး ရမယ်ဆိုရင် တမလွန်ရောက်နေတဲ့ အဖေကို ငါတို့ ဘယ်လိုမျက်နှာပြရမှာ လဲ”

လို့ ဆိုလိုက်တော့ လှကြေးမုံက ရယ်ကြဲကြဲအမူအရာနဲ့

“ဒါဆိုရင်လဲ အစ်မယောက်ျားယူလိုက်ပေါ့၊ ကျွန်မ ကတော့ လွတ်လွတ်လပ်လပ်ပဲ နေချင်သေးတယ်”

လို့ တာဝန်မဲ့စကားပြောတယ်။ ဦးရွှေဘော်မရှိတော့ပေမယ့် လှကြေးမုံရဲ့ အချိုးမပြောင်းသေးဘူး။ မင်းကတော် တွေ ရဲ့ ဖဲဝိုင်းမှာ အချိန်ဖြုန်းလို့ ကောင်းနေတုန်းပဲ။

မြကြေးမုံဟာ သူ့ညီမ အခုလို မိန်းမသားတန်မဲ့ လောင်းကစားဝါသနာထုံနေတာ လုံးဝမနှစ် မျို့ဘူး။ လှကြေးမုံကို လောင်းကစားမလုပ်ဖို့ အကြိမ်ကြိမ် ဖြောင့်ဖြပေမယ့် နားမ၀င်ဘူး။

မြကြေးမုံဟာ ဖခင်ကြီးမရှိတဲ့နောက်ပိုင်းမှာ မိမိမကျွမ်းကျင်တဲ့ ဆီစက်၊ ဆန်စက်တွေ ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်။

ရွှေဘော် ပရိဘောဂလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ပြီး အီတာလျံကော်ဇောဆိုင်တွေ ကို မန္တလေးအထိ တိုးချဲ့ဖွင့်လှစ်တယ်။

ပြီးတော့ ဖခင်ရဲ့ ဇာတိရပ်မြေ တနင်္သာရီဘက်မှာ သစ်လုပ်ငန်းနဲ့ သတ္တုတွင်းလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကြံစည်လိုက်တယ်။

တနင်္သာရီဘက်မှာ ဦးရွှေဘော်ရဲ့ အမျိုးတွေ ကျန်သေးလို့ သူတို့ကို အကူအညီပေးနိုင် တယ်။

ဒီလိုနဲ့ မြကြေးမုံဟာ လှကြေးမုံကို ထိန်းကျောင်းရင်း စီးပွားရေး လုပ်ငန်းတွေ ကို ချဲ့ထွင်နိုင် ခဲ့တယ်။

မြကြေးမုံက နိုင်ငံခြားပြန် အင်္ဂလိပ်စာတတ် တစ်ယောက် ဖြစ်လို့ အမြင်ကျယ်ဝန်းတယ်။ ပရိဘောဂလုပ်ငန်းတွက် ဘိလပ်က ပစ္စည်းတွေ ကို နမူနာယူပြီး ကိုယ်တိုင်ဒီဇိုင်းဆွဲတယ်။ သူ့ရဲ့ ဒီဇိုင်းတွေ က ခေတ်မီ ဆန်းသစ်လို့ ရွှေဘော် ပရိဘောဂတိုက်ရဲ့ နာမည် သတင်းကြီးသည်ထက် ကြီးလာတယ်။ မန္တလေးက အီတာလျံ ကော်ဇောဆိုင်တွေ လဲ လူသိများ ထင်ရှားလာတယ်။

ဒါကြောင့် မြကြေးမုံရဲ့ နာမည် ဟာ စီးပွားရေး လောကသားတွေ ရဲ့ အလယ်မှာ မွှေးပျံ့လာ တယ်။

* * *


တစ်နေ့မှာ မြကြေးမုံဟာ စီးပွားရေး လုပ်ငန်းရှင် တရုတ်သူဌေးနှစ် ဦးနဲ့အတူ တရုတ်ဟိုတယ် တစ်ခုမှာ နေ့လယ်စာစာရင်း အပေါ့အပါးသွားချင်တာနဲ့ ရေအိမ်ဘက်ကိုထွက်ခဲ့တယ်။

ရေအိမ်ကအပြန် သီးသန့်ခန်းတစ်ခန်းရှေ့ကို ရောက်တော့ လူတစ်စုရဲ့ ဟားတိုက်ရယ် မောသံနဲ့အတူ သူညီမလှကြေးမုံရဲ့ အမည် ကိုကြားလိုက်ရတယ်။

“ဟား ဟား ဟား အခုလောက်ဆိုရင် လှကြေးမုံ ကိုယ်တုံးလုံးနဲ့ ဓါတ်ပုံကောင်းကောင်း ရိုက်ခံနေရပြီ၊ မာနကြီးတဲ့ ကောင်မတော့ မှတ်ပေရော့”

မြကြေးမုံဟာ လှကြေးမုံဆိုတဲ့ အမည် ကြောင့် အလွန်စိတ်လှုပ်ရှားသွားတယ်။ လှကြေးမုံ ဆိုတာ သူညီမနဲ့ နာမည် တူသူများ ဖြစ်နေသလား။

ဒီအချိန်မှာ ပဲ အခန်းထဲက လူ တစ်ယောက် က

“နေပါဦးဆရာက ဒီကောင်မကို ကော်ဖီထဲမှာ ဆေးခပ်ပြီး ဓာတ်ပုံရိုက်တာ ဘာသဘောလဲ”

လို့မေးလိုက်တယ်။ အခန်းထဲက နောက် တစ်ယောက် က

“မင်းတော် တော် ဒုံးဝေးတဲ့ ကောင်ပဲ၊ ဆရာက မဖွယ်မရာပုံတွေ ပြပြီး ဒီကောင်မကို သိမ်းပိုက်မယ်ကွာ၊ ပြီးတော့ လှကြေးမုံတို့ရဲ့ ရွှေဘော်ပရိဘောဂတိုက်ဆိုတာ ရန်ကုန်မြို့မှာ မသိသူမရှိဘူး ဒီကောင်မကို ငွေညှစ်မယ်ဆိုရင် ငွေတွင်းကြီးကွ”

မြကြေးမုံဟာ သူ့ညီမရဲ့ အ ဖြစ်ဆိုးကို ကြားရတော့ အလွန်ထိတ်လန့်တုန်လှုပ်သွားတယ်။ ယောက်ျားမဆန်ဘဲ သူ့ညီမကို ပက်ပက်စက်စက် အရှက်ခွဲသူတွေ ကိုလဲ ဒေါသူပုန်ထသွားတယ်။ ဒီလူတွေ ကို ပုလိပ်တိုင်ပြီး ဖမ်းခိုင်းဖို့ ကြံသေးတယ်။ ဒါပေမယ့် သူ့မှာ ပုလိပ်တိုင်ဖို့ အချိန်မရှိတော့ဘူး။

“ဟား ဟား ဟား... ဒါဆိုရင်တော့ ဆရာ အခုလောက်ဆိုရင် ဓါတ်ပုံရိုက်နေလောက်ပြီ၊ ဓါတ်ပုံ ရိုက်ပြီးရင်တော့ လှကြေးမုံကို သိမ်းပိုက်ဖို့ပဲ ကျန်တော့တယ်”

မြကြေးမုံဟာ ညီမအတွက် စိုးရိမ်စိတ်နဲ့ အခန်းထဲကို ဒေါသတကြီး ပြေးဝင်သွားတယ်။ ပြီးတော့

“ယုတ်မာပက်စက်တဲ့ ကောင်တွေ ငါ့ညီမ ဘယ်မှာ လဲ”

လို့ အလောတကြီး မေးမြန်းလိုက်တယ်။ အခန်းထဲက လူတွေ က မြကြေးမုံကို ရုတ်တရက် မြင်လိုက်တော့ ထိတ်လန့်အံ့သြသွားတယ်။ အရက်သောက်နေတဲ့ လူတစ်ဦးက

“ခင်ဗျား ညီမဘယ်သူလဲ၊ ကျုပ်တို့ မသိဘူး”

လို့ ဗြောင်ငြင်းလိုက်တယ်။ မြကြေးမုံဟာ စားပွဲပေါ်က ပုလင်းတစ်လုံးကို ဆတ်ခနဲယူလိုက် ပြီး ခုံစောင်းနဲ့ ရိုက်ခွဲလိုက်တယ်။ ပြီးတော့ ပုလင်းကွဲနဲ့ လူတစ်ဦးရဲ့ လည်ပင်းကို ချိန်ရွယ်ပြီး

“ငါ့ညီမဘယ်မှာ လဲ၊ မြန်မြန်ပြောစမ်း၊ မပြောရင် လည်ပင်းထဲကို ထိုးစိုက်လိုက်မယ်”

လို့ခြိမ်းခြောက်လိုက်တယ်။ ဒီလူဟာ လည်ပင်းကို ထိုးလိုက်လုနီး ဖြစ်နေတဲ့ ပုလင်းကွဲနဲ့ မြကြေးမုံရဲ့ မီးဝင်းဝင်းတောက် မျက်လုံးတွေ ကို ကြည့်ပြီး မလိမ်ဝံ့တော့ဘူး။

“သင်္ဃန်းကျွန်းဘူတာရုံအနီးက ဘီလေးရဲ့ အိမ်မှာ ရှိပါတယ်”

လို့အထစ်ထစ် အငေါ့ငေါ့ပြောတယ်။ မြကြေးမုံဟာ ပုလင်းကွဲကို ကြမ်းပေါ်ကို ပေါက်ခွဲပြီး အခန်းထဲက ပြေးထွက်ခဲ့တယ်။

တရုတ်ဟိုတယ်က လူတွေ က မြကြေးမုံကို မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကြည့်ပြီး ကျန်ရစ်ခဲ့ တယ်။ မြကြေးမုံဟာ အော်စတင်ကားကို ကမူးရှူးထိုးမောင်းပြီး သင်္ဃန်းကျွန်းဘက်ကို ထွက်ခဲ့တယ်။

သင်္ဃန်းကျွန်းဘူတာအနီးက ကျွန်းအိမ်မည်းကြီးကို ရောက်တော့ ခြံတံခါးကြီးကို သော့ ခတ်ထားတာ တွေ့ တယ်။ မြကြေးမုံဟာ ညီမအတွက် စိုးရိမ်လွန်းလို့ ခြံတံခါးကို ကားနဲ့ဒိုင်းခနဲ တိုက်ချပြီး ၀င်ခဲ့တယ်။ လှကြေးမုံအတွက် အချိန်မရှိတော့ဘူး။ မြကြေးမုံဟာ ကားထဲမှာ အသင့်ဆောင်ထားတဲ့ တုတ်ရှည်ကြီးကို ကိုင်ပြီး အိမ်ထဲကိုဝင်သွားတယ်။

အိမ်ထဲမှာ လဲ လူသူအရိပ်အယောင်မမြင်ရဘူး။ မြကြေးမုံက

“လူယုတ်မာ ဘီလေး ထွက်ခဲ့စမ်း”

လို့အောက်လိုက်တော့ အခန်းတစ်ခန်းရဲ့ တံခါးပွင့်သွားပြီး အသားမည်းမည်း ဗိုက်ပူပူ လူ တစ်ယောက် ထွက်လာတယ်။

ဗိုက်ပူပူလူက မြကြေးမုံကို တအံ့တသြကြည့်ပြီး

“နင်ဘယ်သူလဲ”

လို့မေးလိုက်တယ်။ မြကြေးမုံဟာ ဗိုက်ပူပူလူရဲ့ အမေးကို မဖြေသေးဘဲ အခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ ခုတင်ပေါ်မျာ အိပ်ပျော်နေတဲ့ လှကြေးမုံကို မြင်ရတယ်။ လှကြေးမုံ ကိုယ်ပေါ်မှာ အရှက်လုံရုံ ဘောင်းဘီတိုလေးနဲ့ အတွင်းခံအင်္ကျီသာ ရှိတယ်။ လှကြေးမုံရဲ့ ရှေ့မှာ လဲ သုံးချောင်းထောက် ကင်မရာတစ်လုံးကို တွေ့ ရတယ်။

ဗိုက်ပူပူလူက မြကြေးမုံကို မကျေမချမ်း ကြည့်ပြီး

“နင်ဘယ်သူလဲ ပြောစမ်း”

လို့ ထပ်မေးတယ်။

မြကြေးမုံဟာ သူ့ကိုပြောစရာအကြောင်းမရှိတော့လို့ လက်ထဲကတုတ်ရှည်နဲ့ ခေါင်းကို ဒိုင်းခနဲ ရိုက်ခွဲလိုက်တယ်။

ဗိုက်ပူပူဟာ အားခနဲအော်ပြီး ကြမ်းပေါ်ကို ပြိုလဲသွားတယ်။

မြကြေးမုံဟာ အခန်းထဲပြေးဝင်ပြီးတော့ သုံးချောင်းထောက် ကင်မရာထဲက ဖလင်တွေ ကို ဖျက်ဆီးပစ်လိုက်တယ်။

ပြီးတော့ ခုတင်ပေါ်မှာ မပေါ့်တပေါ် အ၀တ်အစားနဲ့ အိပ်ပျော်နေတဲ့ လှကြေးမုံရဲ့ မျက်နှာကို ရေနဲ့ပက်ပြီး နှိုးလိုက်တယ်။ လှကြေးမုံဟာ အိပ်ပျော်နေတဲ့ အင်းခနဲ ညည်းပြီး နိုးထလာတယ်။ သူဟာ ပတ်ဝန်းကျင်ကို ရုတ်တရက် မမှတ်မိသေးဘူး။ မြကြေးမုံဟာ ညီမကိုတွဲ ပြီး ကားပေါ်ကို ခေါ်လာတယ်။

မြကြေးမုံနဲ့ ဘီလေး ဆက်ဆံရေး ကို နောက်ပိုင်းမှ သိရတယ်။

တစ်နေ့ အိုရီယင့်ရေကူးကန်မှာ လှကြေးမုံရေကူးနေတုန်း ဘီလေးရောက်လာပြီး လှကြေးမုံရဲ့ အလှကို မျက်စိကျသွားတယ်။

ဘီလေးဟာ မယ်ဒဂုံ၊ ရွှေမန်းမယ်၊ ရွှေမြိုင်မယ် ပြိုင်ပွဲတွေ မှာ ဓါတ်ပုံရိုက်ပြီး နာမည် ကျော် ကြားနေသူ ဖြစ်တယ်။

ဘီလေးက လှကြေးမုံကို ရွှေမြိုင်မယ် ပြိုင်ပွဲအတွက် ဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး ချည်းကပ်တယ်။

နောက်ပိုင်း ရင်းနှီးလာတဲ့ လှကြေးမုံကို ချစ်ရေး ဆိုခဲ့တယ်။ လှကြေးမုံက မနှစ် မြို့လို့ ငြင်းဆန်တဲ့အခါ အခုလို ယုတ်ယုတ်မာမာ ကြံစည်တာ ဖြစ်တယ်။

မြကြေးမုံဟာ ညီမ ဖြစ်သူရဲ့ ဂုဏ်သိက္ခာကိုငဲ့ကွက်ပြီး ဘီလေးကို ပုလိပ်တိုင်ဖို့ မကြိုးစားတော့ဘူး။ ဘီလေးကိုယ်တိုင်လဲ သူ့ရဲ့ မရိုးသားတဲ့လုပ်ရပ်ကြောင့် မြကြေးမုံတို့ကို ပြန်မတိုင်ဝံ့ဘူး။

ဒါပေမယ့် နောက်တစ်နေ့ထုတ် သတင်းစာတွေ မှာ တရုတ်ဟိုတယ်မှာ ရန် ဖြစ်သွားတဲ့ သူဌေးမလေး မြကြေးမုံဆိုပြီး ပါလာတယ်။

လှကြေးမုံနဲ့ပတ်သက်တဲ့ ရှက်ရွံ့ဖွယ်အ ဖြစ်တွေ တော့ မပါလာဘူး။

မြကြေးမုံဟာ သတင်းစာတွေ ကို စားပွဲပေါ်တင်ပြီးလှကြေးမုံကို ဆူပူကြိမ်းမောင်းနေတယ်။ မြကြေးမုံက သတင်းစာတွေ ကို လက်နဲ့ပုတ်ပြီး

“နင့်အကြောင်းတွေ အသေးစိတ်မပါလာတာ ကံကောင်းတယ်မှတ်၊ ဒီလိုသာပါလာရင် တော့ နင့်နေရာမှာ ငါဆိုရင် ရှက်လို့သေမှာ ပဲ၊ နင်ဘာ ဖြစ်လို့ ယောက်ျားတွေ နဲ့ ရောရောနှောနှော နေတာလဲ၊ အခုလို ကျော်မကောင်း ကြားမကောင်း ဖြစ်တော့ ဘယ်သူနစ်နာသလဲ၊ ဒီမှာ လှကြေးမုံ နင့်အသက်လဲမငယ်တော့ဘူး။ ဘာ ဖြစ်လို့ ကိုယ့်စိတ်ကို အလိုလိုက်နေရသလဲ၊ ငါ့စီးပွားရေး လုပ်ငန်းတွေ မှာ နင်ကူလုပ်ပေးပါလား၊ နင်သာ ကူညီပေးရင် ငါ ဘယ်လောက် သက်သာမလဲ”

လို့ဆိုလိုက်တော့ လှကြေးမုံက ခေါင်းခါယမ်းပြီး

“အစ်မလုပ်တာတွေ ကို ကျွန်မ ၀ါသနာမှမပါတာ၊ ကျွန်မ လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်၊ စာရင်းဇယားတွေ ကြားမှာ ခေါင်းနှစ် ပြီးမနေချင်ဘူး”

လို့ဆိုလိုက်တယ်။ မြကြေးမုံက လှကြေးမုံကို မျက်စောင်းခဲကြည့်ပြီး

“မိန်းမတန်မဲ့ ဖဲချပ်ကို ပွတ်တာတော့ ၀ါသနာပါတယ်ပေါ့လေ၊ နင်ဘာ ဖြစ်လို့ မဟုတ်တဲ့ အလုပ်တွေ မှာ ၀ါသနာထုံနေရတာ လဲ”

ဟုဆိုလိုက်တယ်။ လှကြေးမုံက ပခုံးတွန့်ပြီး

“ဖဲချပ်တွေ ပွတ်တာ ကျွန်မအလုပ်ပဲ အစ်မရဲ့ ၊ ငွေတွင်းနှိုက်တဲ့ အလုပ်လို့ အစ်ကို ဘယ်နှစ် ခါ ပြောရမှာ လဲ၊ အစ်မဟာ ပရိဘောဂတွေ ၊ ကော်ဇောတွေ နဲ့ ပိုက်ဆံရှာတယ်၊ ကျွန်မက ဖဲချပ်တွေ နဲ့ ပိုက်ဆံ ရှာတယ်၊ သိပ်မထူးပါဘူး”

လို့ စောဒကတက်တယ်။ မြကြေးမုံက ညီမကို စိတ်ပျက်လက်ပျက်ကြည့်ပြီး

“ဖဲကစားပြီး ပိုက်ဆံရှာတယ်လို့ ငါတစ်ခါမှ မကြားဖူးပါဘူး၊ လောင်းကစားလုပ်တာ ဘယ်တော့မှ ကောင်းကျိုးမပေးဘူးဟဲ့ သိရဲ့ လား၊ နင်ဟာလေ ပြောလေကဲလေပဲ”

လို့ပြောလိုက်တယ်။ လှကြေးမုံက အစ်မ ဖြစ်သူရဲ့ ပခုံးကို လှမ်းဖက်လိုက်ပြီး

“ဟဲ ဟဲ ... အစ်မ ဘာ ဖြစ်လို့ ဒီလောက်လောဘကြီးနေရတာ လဲ၊ အစ်မ တစ်ယောက် တည်းရှာရုံနဲ့ ကျွန်မတို့မိသားစုစားလို့လောက်ပါတယ်။ တစ်ယောက် တည်းရှိတဲ့ ညီမလေးကို ဘာ ဖြစ်လို့ စိတ်ချမ်းသာအောင် မထားချင်ရတာ လဲ။ ညီမကို ခိုင်းစားမှ အစ်မ စိတ်ချမ်းသာမှာ လား၊ ဒါဆိုရင်တော့ အစ်မ စီးပွားရေး လုပ်ငန်းတွေ မှာ ကျွန်မ၀င်လုပ်ပေးပါ့မယ်၊ လစာလဲ တစ်ပြားမှ မပေးနဲ့ ကျွန်မကို ခိုင်းချင်သလိုခိုင်း ကျွန်မ အစေခံ တစ်ယောက် လို ကျေကျေနပ်နပ်ကြီး လုပ်ပေး မယ်။”

လို့နောက်တောက်တောက် အမူအရာနဲ့ ပြောတော့ မြကြေးမုံက ညီမ ဖြစ်သူကို ပြန်ဖက် လိုက်ပြီး

“နင့်ကိုချစ်လွန်းလို့ လူကောင်းလူတော် ဖြစ်စေချင်လို့ အလုပ်ထဲဝင်လုပ်ခိုင်းတာဟဲ့။ နင့် လုပ်စာကို ငါစားချင်လို့ ပြောတာမဟုတ်ဘူး။ နင်အခုလို စိတ်လေနေတာကြည့်ပြီး ငါ့မှာ တာဝန် မကင်းသလို ခံစားရတယ်။ မိဘတွေ လဲ မရှိတော့ဘူးဆိုတော့ ငါ့မှာ တာဝန်ရှိတယ်”

လို့ပြောလိုက်တယ်။ မြကြေးမုံက စားပွဲခုံပေါ်မှာ တင်ထားတဲ့ သတင်းစာကို ကြည့်ပြီး လောလောဆယ်ကြုံတွေ့ နေရတဲ့ အရှက်တကွဲ အကျိုးနည်းကိစ္စတွေ ကြောင့် ခရီးထွက်ရင် ကောင်းမယ်လို့တွေးမိတယ်။

မော်လမြိုင်တစ်ဖက်ကမ်းက ဘီလူးကျွန်းမှာ ကြီးတော် ကြီးဒေါ်ရွှေရှိတယ်။ ဒါကြောင့် မော်လမြိုင်ဘက်ကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

လှကြေးမုံကလဲ ခရီးထွက်ဖို့အတွက် အားတက်သရော ထောက်ခံတယ်။

ဒါကြောင့် ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်တွေ ကို လက်စသတ်ပြီး သီတင်းကျွတ်လပြည့်နေ့ မတိုင်မီ မော်လမြိုင်ကိုထွက်ခဲ့တယ်။

* * *


မော်လမြိုင်ကိုရောက်တော့ သံလွင်မြစ်တစ်ဖက်ကမ်းမှာ ရှိတဲ့ ဘီလူးကျွန်းဘက်ကို မကူးသေးဘဲ ညီအစ်မနှစ် ယောက် ဘုရားတွေ လျှောက်ဖူးကြတယ်။

သူတို့နှစ် ယောက် မြို့အရှေ့မှာ ရှိတဲ့ ကျိုက်သံလန်ဘုရား၊ မဟာမြတ်မုနိဘုရား၊ ဇိနမာန် အောင်ဘုရားတွေ ကို လျှောက်ဖူးကြတယ်။ သီတင်းကျွတ်လပြည့်နေ့ကိုရောက်ရင် သံလွင်မြစ်ထဲ တွင် ဆွမ်းသပိတ်မျှောပွဲရှိတဲ့အတွက် မော်လမြိုင်မြို့လုံးကျွတ်စည်ကားတယ်။ ညကိုရောက်တဲ့အခါ မြကြေးမုံတို့ ညီအစ်မဟာ ဆွမ်းသပိတ် ကိုယ်စီကိုင်ပြီး ကမ်းနားမဏ္ဍပ်တွေ ကို သွားပို့ကြတယ်။ မဏ္ဍပ်တွေ ကတစ်ဆင့် ဆွမ်းသပိတ်တွေ ကို သံလွင်မြစ်ထဲမှာ တထိန်ထိန်နဲ့ ဆွမ်းသပိတ်တွေ မျောပါသွားတာကို ကြည်နူးဖွယ်မြင်တွေ့ ရတယ်။

မြကြေးမုံက သံလွင်မြစ်ထဲမှာ မျောပါသွားတဲ့ ဆွမ်းသပိတ်တွေ ကို ၀မ်းသာအားရ ကြည့်ရှူပြီး

“ညမှော င်မှော င်ထဲမှာ ဆီမီးတွေ ထိန်ပြီး ဆွမ်းသပိတ်တွေ မျောပါသွားတာ ကြည့်လို့ ကောင်းလိုက်တာ”

လို့ပြောတယ်။ မော်လမြိုင်တစ်မြို့လုံးက ၀ိုင်းဝန်းလှူဒါန်းတဲ့အတွက် သံလွင်မြစ်ပြင်မှာ ဆွမ်းသပိတ်တွေ ပြည့်လုမတတ် ဖြစ်နေတယ်။

ဒီလို ဆွမ်းသပိတ်တွေ လှူဒါန်းရခြင်းဟာ ပင်လယ် သမုဒ္ဒရာထဲမှာ သီတင်းသုံးနေတဲ့ ရှင်ဥပုတ်တ ကိုယ်တော် မြတ်ကြီးကို ရည်စူးပြီး လှူဒါန်းတယ်လို့ သိရတယ်။

လပြည့်ညက မော်လမြိုင်ကမ်းနားမှာ ညီအစ်မနှစ် ယောက် ညဥ့်အတော် နက်တဲ့ အထိနေပြီး တည်းခိုခန်းရှိရာကို ပြန်ခဲ့တယ်။ မနက်ဖြန်မနက်မှာ မော်လမြိုင်တစ်ဖက်ကမ်း ဘီလူးကျွန်းကို ကူးဖို့ကြံစည်ထားတယ်။

နောက်တစ်နေ့ နံနက်မှာ မြကြေးမုံတို့ ညီအစ်မ ဘီလူးကျွန်းဘက်ကို ကူးခဲ့တယ်။

ကြီးဒေါ်ကြီး ဒေါ်ရွှေက သူတို့ ညီအစ်မ မမျှော်လင့်ဘဲ ရောက်လာလို့ ၀မ်းသာအားရ ကြိုဆိုတယ်။

ကြီးဒေါ်ကြီးရဲ့ အိမ်က နှစ် ထပ်ပျဉ်ထောင်အိမ်ကြီးမို့ သူတို့ညီအစ်မ လွတ်လွတ်လပ်လပ် နေနိုင်တယ်။

မြကြေးမုံဟာ ရန်ကုန်မြို့ကြီးကို ခဏမေ့ထားချင်တဲ့အတွက် ဘီလူးကျွန်းမှာ ပျော်သလောက်နေဖို့ ဆုံးဖြတ်ထားတယ်။ လှကြေးမုံ ကတော့ ဘီလူးကျွန်းမှာ အကြာကြီးနေဖို့ သဘောမတူဘဲ

“အမလေး ဒီလောက်ပျင်းစရာကောင်းတဲ့ နေရာမှာ တစ်ပတ်ထက်ပိုပြီး မနေနိုင်ဘူး။ ကျွန်မ ပျင်းပြီးသေသွားလိမ့်မယ်”

လို့ပြောတယ်။

လှကြေးမုံဟာ ဘီလူးကျွန်းကိုရောက်တာနဲ့ ကြီးဒေါ်ကြီးဒေါ်ရွှေအိမ်မှာ ကပ်တယ်ရယ်လို့ မရှိဘဲ ရွာရိုးကိုးပေါက် လျှောက်လည်နေတော့တာပဲ။ သူဟာ မြကြေးမုံ ကလကတ္တားမှာ ပညာသင် နေတုန်း ဘီလူးကျွန်းမှာ တစ်လ ကိုးသီတင်းနေထိုင်ဖူးလို့ တစ်ရွာလုံး မသိသူမရှိဘူး။

ဘီလူးကျွန်းမှာ လှကြေးမုံနဲ့ အရင်းနှီးဆုံးက ရွာလူမိုက်ဖိုးလုံးပဲ။ ဖိုးလုံးက အရက်သောက်၊ ကြက်တိုက်၊ ဖဲရိုက်လို့ တစ်ရွာလုံး အော့ကြောလန်ပေမယ့် လှကြေးမုံနဲ့တော့ အလွမ်းသင့်တယ်။

ရွာလူမိုက် ဖိုးလုံး ကတော့ လှကြေးမုံရဲ့ အလှကွန်ယက်ထဲမှာ နစ်မျောနေပုံရတယ်။

သူ့ပုံစံက လှကြေးမုံသာ စေခိုင်းမယ်ဆိုရင် ဓူဝံကြယ်ကိုတောင် ခူးဆွတ်ပေးမလားမသိဘူး။ လှကြေးမုံ သူ့ခြံထဲရောက်ရင် ကြက်ကြော်၊ ငှက်ကြော်တွေ မပြတ်အောင် စီမံပေးတယ်။ တကယ်တော့ လှကြေးမုံက ဖိုးလုံးကို ခင်မင်ရင်းနှီးလို့ မဟုတ်ဘူး။ ဖဲမရိုက်ရရင် ထမင်းစားမ၀င်လို့ ဖိုးလုံးရဲ့ ခြံထဲမှာ အာသာပြေ ဖဲရိုက်ပြီး အချိန်ဖြုန်းနေတာ ဖြစ်တယ်။

ဒီလိုနဲ့ လှကြေးမုံ ရွာရိုးကိုးပေါက် လျှောက်လည်နေချိန်မှာ မြကြေးမုံ ကတော့ ကြီးဒေါ်ကြီး နဲ့အတူ ထမင်းဟင်းတွေ ချက်၊ အိမ်အလုပ်ကူလုပ်၊ ရွာဦးကျောင်းကို ဆွမ်းချိုင့်ပို့ပြီး အချိန်တွေ ကုန်လွန်တယ်။ မြကြေးမုံ ကတော့ ရန်ကုန်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ နဲ့ မွန်းကျပ်နေလို့ ဘီလူးကျွန်းမှာ အပန်းဖြေနေတာ ဖြစ်တယ်။

ဒီလိုနဲ့ တစ်လနီးပါးကြာတော့ ရန်ကုန်မြို့ကို ပြန်ဖို့ပြင်ဆင်တယ်။ ဘာကြောင့် လဲဆိုတော့ ရွှေဘော်ပရိဘောဂတိုက်ကို မန်နေဂျာ ကိုရေချမ်းနဲ့ လွှဲထားပေမယ့် အချိန်ကြာကြာတော့ စိတ်မချဘူး။ အီတာလျံကော်ဇောတွေ လဲ ရောက်တော့မယ်။ မြကြေးမုံက ရန်ကုန်ပြန်မယ်ပြောတော့ လှကြေးမုံက ၀မ်းသာအားရ ထောက်ခံတယ်။

သူတို့ ရန်ကုန်ပြန်မယ့်နေ့မှာ တစ်ရွာလုံးက ပေးလိုက် တဲ့ လက်ဆောင်တွေ မနည်းဘူး။ မော်လမြိုင်တစ်ဖက်ကမ်းကို ရွာလူမိုက် ဖိုးလုံးကိုယ်တိုင် သမ္ဗာန်နဲ့ လိုက်ပို့ပေးခဲ့တယ်။

* * *


မော်လမြိုင်တစ်ဖက်ကမ်းကိုရောက်တော့ ဖိုးလုံးက မချိတင်ကဲအမူအရာနဲ့

“နောက်နှစ် လဲ လာလည်ဦးနော်၊ ငါမျှော်နေမယ်”

လို့ပြောတယ်။

လှကြေးမုံက သဘောကျဟန်နဲ့ ရယ်မောပြီး

“စိတ်ချဆက်ဆက်လာလည်မယ်၊ နင်ငါ့ကိုစောင့်နေနော်”

လို့ပြောတယ်။

မြကြေးမုံတို့ဟာ မော်လမြိုင်မြို့ကနေ မုတ္တမဘက်ကမ်းကို ကူးပြီး ရထားနဲ့ ရန်ကုန်ပြန်ဖို့ ပြင်တယ်။

သူတို့ မုတ္တမဘက်ကမ်းကို ကူးဖို့ပြင်နေတုန်း လှကြေးမုံက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့

“ဟင် ... ကျွန်မရဲ့ စိန်လက်စွပ် ကျန်ခဲ့ပြီ။ ရေချိုးတုန်းက ကြီးဒေါ်ကြီးရဲ့ ဗီရိုထဲမှာ ခဏထည့်ထားခဲ့တာ၊ ရေချိုးပြီးတော့ စိန်လက်စွပ်ကို ပြန်ဝတ်ဖို့ သတိမရလိုက်ဘူး။ ပျောက်ရင်တော့ ဒုက္ခပဲ”

“နင် ကတော့ လုပ်လိုက်ရင် တလွဲချည်းပဲ၊ ကြီးဒေါ်ကြီး ဗီရိုထဲမှာ ကျန်ခဲ့ရင် မပျောက်ပါဘူး။ ရထားချိန်မီသေးတယ်၊ ငါတို့ဘီလူးကျွန်းဘက် ပြန်ကူးရအောင်”

လို့ပြောတယ်။ လှကြေးမုံက ခေါင်းညိတ်လိုက်ပြီးမှ တစ်စုံတစ်ခုကို မျက်မှော င်ကြုတ် စဉ်းစားလိုက်ပြီး

“ဒါဆိုရင်လဲ အစ်မပဲ ပြန်ယူလိုက်လေ ကျွန်မ မော်လမြိုင်ဈေးထဲမှာ ၀ယ်စရာရှိတာ ၀ယ်ထားလိုက်မယ်၊ ကျွန်မ လိုက်ရင် ကြီးဒေါ်ကြီး ဆူတာခံရဦးမယ်၊ ကြီးဒေါ်ကြီးထက်ဆိုးတာက ယောက်ျားကြီးတန်မဲ့ ချွဲပြနေတဲ့ သေချင်းဆိုးဖိုးလုံးရဲ့ မျက်နှာကိုပြန်မြင်နေရဦးမယ်”

လို့ပြောတယ်။ မြကြေးမုံဟာ လှကြေးမုံကို စောဒက မတက်တော့ဘူး။ ဘီလူးကျွန်းဘက် ကို ပြန်ကူးဖို့ ကမ်းနားကို ပြန်ဆင်းခဲ့တယ်။ ကံကောင်းချင်တော့ ကမ်းနားမှာ ရွာလူမိုက်ဖိုးလုံးနဲ့ ပြန်တွေ့ ရတယ်။ ဖိုးလုံးက မြကြေးမုံကို အံ့သြဟန်နဲ့ကြည့်ပြီး

“အစ်မ ဘာကျန်ခဲ့လို့လဲ”

လို့မေးတယ်။

မြကြေးမုံက အကျိုးအကြောင်းပြောပြတော့ ဖိုးလုံးက ဘီလူးကျွန်းဘက်ကို အားတက်သရော သမ္ဗာန်ခပ်ပြီးလိုက်ပို့ပေးတယ်။

ကြီးဒေါ်ကြီးရဲ့ ဗီရိုထဲမှာ လှကြေးမုံရဲ့ စိန်လပ်စွပ်ကို တွေ့ ရတယ်။

မြကြေးမုံဟာ စိန်လက်စွပ်ကိုယူပြီး ကမ်းနားကိုပြန်ထွက်ခဲ့တယ်။ ကမ်းနားမှာ စောင့်ကြိုနေ တဲ့ဖိုးလုံးက မြကြေးမုံကိုမြင်တော့

“ကျုပ်သမ္ဗာန်ကို သူများ ခဏငှားသွားတယ်၊ အင်မ အရင်လိုနေရင် ကမ်းနားမှာ ရှိတဲ့ သမ္ဗာန်နဲ့လိုက်ပို့ပေးမယ်”

လို့ပြောတယ်။

ကမ်းနားမှာ ခပ်စုတ်စုတ်သမ္ဗာန် ဆိုက်ကပ်ထားတယ်။

မြကြေးမုံဟာ စောဒကမတက်တော့ဘဲ ကမ်းနားမှာ ရှိတဲ့ သမ္ဗာန်နဲ့ပဲ မော်လမြိုင်ဘက်ကို ကူးခဲ့တယ်။

ဖိုးလုံးဟာ သမ္ဗာန်ကောင်းကောင်းခတ်တတ်တော့ သံလွင်မြစ်လယ်ကို ခဏလေးနဲ့ ရောက်သွားတယ်။

ရေလယ်ကိုရောက်ပြီး ခဏအကြာမှာ လှေဝမ်းဟာ ရုတ်တရက်ကွဲထွက်သွားပြီး ရေတွေ တလဟော ၀င်လာတယ်။ မြကြေးမုံဟာ သမ္ဗာန်ထဲဝင်လာတဲ့ ရေတွေ ကို အထိတ်တလန့် ကြည့်ပြီး

“အမလေး လုပ်ကြပါဦး၊ ရေတွေ ၀င်လာပြီ”

လို့ အော်ဟစ်လိုက်တယ်။

ဖိုးလုံးက ရေတွေ ကို အလန့်တကြားကြည့်ပြီး

“ဟိုက် ... ပြင်မဲ့သမ္ဗာန်ကို ကျုပ်ယူလာမိပြီ၊ ဒုက္ခပါပဲ၊ ဒီသမ္ဗာန် အကွဲကြီးဗျ”

လို့ အော်ဟစ်လိုက်တယ်။

မြကြေးမုံက ရေမကူးတတ်လို့ ရေလယ်ခေါင်မှာ လှေနစ်မှာ အလွန်ကြောက်နေတယ်။ မြကြေးမုံက အားကိုးတကြီးနဲ့ ဖိုးလုံးကို ကြည့်ပြီး

“ကိုဖိုးလုံး၊ လုပ်ပါဦး ကျွန်မ ရေမကူးတတ်ဘူး”

လို့တောင်းပန်တယ်။

ဒီအချိန်မှာ ပဲ ရေတွေ ၀င်တာမြန်လွန်းလို့ သမ္ဗာန်ဟာ နစ်မြုပ်သွားတယ်။ ဖိုးလုံးဟာ သမ္ဗာန်နစ်တာနဲ့ ကိုယ်လွတ်ရုံးပြီး ရေစီးထဲမှာ ကူးခတ်သွားတယ်။ သူဟာ မြကြေးမုံကို လှည့်တောင်မကြည့်တော့ဘူး။

မြကြေးမုံဟာ သူသေတော့မယ်လို့ ယုံကြည်လိုက်တယ်။ အထိတ်တလန့်နဲ့ အော်ဟစ်ပြီး လှေပေါ်က ကွာထွက်လာတဲ့ ပျဉ်ပြားတစ်ချပ်ကို ဖက်ထားလိုက်တယ်။

မြကြေးမုံဟာ ပျဉ်ချပ်နဲ့အတူ သံလွင်မြစ်ထဲမှာ မျောပါသွားတယ်။ ဒီအချိန်မှာ မြကြေးမုံဟာ သူသေတော့မယ်ဆိုတဲ့ ခံစားချက်မျိုး အကြိမ်ကြိမ် ဖြစ်ပေါ်တယ်။

ပျဉ်ချပ်ကြီးကို ဖက်ထားရင်း ကြာတော့ လက်အံသေလာပြီး လွတ်ထွက်သွားတယ်။ မြကြေးမုံရဲ့ ခန္ဓာကိုယ်လဲ ရေအောက်ကို နစ်မြုပ်သွားတယ်။ မြကြေးမုံဟာ ရေအောက်မှာ မွန်းကြပ်ပြီး မေ့မျောလုမတတ် ဖြစ်နေချိန်မှာ ရေပေါ်ခဏပြန်ပေါ်လာတယ်။ ဒီအချိန်မှာ ပဲ သူ့ကို တစ်စုံ တစ်ယောက် က ဆွဲယူလိုက်သလို ခံစားရပြီး မြကြေးမုံ မေ့မျောသွားတယ်။

* * *




ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ ထောင်ချောက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သွေးဆာနေတဲ့အပျိုစင်

ရန်ကြီးအောင်

ရမ္မက်ကျွန်