Cover

အခန်း (၁)

လူတွေ အများ ကြီးရှိတယ်

ဒါပေမဲ့

အဖော်မရှိဘူး

အထီးကျန်နေတယ်….

ချမ်းမြေ့သရဖီလှိုင်

* * * * *


ပိတ်ဖြူစင်ကြယ်ဝတ်

မျက်လုံးကလေးမှိတ်

ပုတီးလေးစိတ်ရုံနဲ့

သူတော် စင် ဖြစ်မှာ လား…..

ချမ်းမြေ့သရဖီလှိုင်

* * * * *


စိတ်ရောကိုယ်ပါ နှစ် ပြီး

အလုပ်လုပ်ရင်

သူများ ကို ဝေဖန်ဖို့

အချိန်မရှိဘူး….

ချမ်းမြေ့သရဖီလှိုင်

* * * * *


တစ်နေ့သ၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ အိုးလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုသော လူငယ်တစ်ဦးသည် အိုးထိန်းစက်ကို လက်ဖြင့် လှည့်ကာ ရွှံ့တုံးကြီးကို အိုးပုံသဏ္ဌာန် ဖြစ်အောင် ကြိုး စားပမ်းစား ပုံဖော်နေလေ၏ ။

လူငယ်သည် လက်ယာလက်ဖြင့် အတန်ကြာအောင် ရွံ့တုံးကို ဖိသပ်ပြီး ပုံဖော်နေရာမှ ခဏ အကြာတွင် ရွှံ့တုံးသည် အခေါင်း ဖြစ်သွားကာ အိုးနှုတ်ခမ်းပုံပေါ်လာ၏ ။

လူငယ်သည်ထိုအခါမှပင် သက်ပြင်းချလိုက်ပြီး

‘အခုမှပဲ အိုးပုံသဏ္ဌာန်ပေါ်တော့တယ်၊ ငါ နားလို့ရပြီ…’

ဟု ရေရွတ်ကာ ဆေးပေါ့လိပ်၊ မီးညှိရန် မီးခြစ်ကို အနီးအနားတွင် လှည့်ပတ်ရှာဖွေလေ၏ ။

လူငယ်သည် မီးခြစ်ရှာမရသဖြင့် ဆေးလိပ်မီးညှိမရဘဲ ဖြစ်နေစဉ် သူ၏ ရှေ့သို့ ကြေးမီးခြစ် တစ်လုံးဒေါက်ခနဲကျလာပြီး

‘မီးခြစ်က ဒီမှာ ကွ’

ဟူသော အသံကိုကြားရသဖြင့် မော့ကြည့်လိုက်ရာ အရပ်ပု၍ ပြောင်ချော်ချော်မျက်နှာပေးရှိ သော ရွယ်တူလူငယ်တစ်ဦးကို တွေ့ ရလေ၏ ။ အိုးလုပ်သော လူငယ်သည် မီးခြစ်ကိုကောက်ယူလိုက် ပြီး

‘အောင်ဘု၊ မင်းမနက်ကတည်းက ရွာရိုးကိုးပေါက်လျှောက်သွားနေတယ်၊ အိုးအလုပ်တွေ လဲ ဘာတစ်ခုမှ ကူမလုပ်ဘူး။ နောက်ပြီး ပြန်လာရင်လဲ အေးအေးချမ်းချမ်း ဘယ်တော့မှမရှိဘူး။ ပြဿနာ ပေါင်းသော င်းခြောက်ထောင် ပါလာတယ်..’

ဟု ပြောလေရာ အောင်ဘုဆိုသော လူငယ်က ရယ်မော၍

‘ဟားဟားဟား.. ပြဿနာပေါင်းသော င်းခြောက်ထောင်မပြည့်သေးပါဘူးကွာ၊ ချဲ့ကားမပြောပါ နဲ့’

ဟု ပြောလေရာ အိုးလုပ်သော လူငယ်က မျက်မှော င်ကြုတ်၍

‘ဒါဆိုရင် သော င်းခြောက်ထောင်ပြည့်အောင် ဆက်လုပ် ဦးလေကွာ၊ မင်းပြဿနာတွေ ကိုတော့ ငါ လိုက်မရှင်းပေးတော့ဘူး’

ဟု ပြောလေရာ အောင်ဘုဆိုသော လူငယ်က တဟဲဟဲရယ်မော၍

‘ဟဲဟဲ…ဒီလိုတော့ မကျီစားပါနဲ့ သူငယ်ချင်းရယ်၊ မင်းနဲ့ငါ ပြေးကြည့်မှ သူငယ်ချင်းနှစ် ယောက် တည်းရှိတယ်။ ငါ ရောက်လေရာနေရာမှာ ပြဿနာက မခေါ်ဘဲနဲ့ ရောက်လာတတ်တယ်။ ပြဿနာ ကိုက ငါနဲ့နပမ်းလုံးချင်းလို့ကွ..’

ဟု ပြောလေ၏ ။ ထိုအခါ အိုးလုပ်သော လူငယ်က ခေါင်းကိုခါယမ်း၍

‘ဒီရက်ပိုင်းအတွင်း မင်းလုပ်ခဲ့တဲ့ အပြစ်တွေ ကို ပြန်ကြည့်စမ်း၊ အားလုံးဟာ ရာဇ၀တ်အိုးကို တုတ်နဲ့ထိုးတဲ့ကိစ္စတွေ ချည်းပဲ၊ သမီးနဲ့ပတ်သက်လာရင် အင်မတန်နှမြောတွန့်တိုတတ်တဲ့ ဦးတော ကျော်ရဲ့ သမီးကို ရွာဦးကျော်က အပြန်မှာ စကားလိုက်ပြောတယ်။ စကားပြောရင်း ဘုန်းကြီးကျောင်း သားတွေ နဲ့ ရန် ဖြစ်တယ်။ အဲဒီ နေ့က ဦးတောကျော်ကို ဆရာတော် ကြီး စွန့်ကြဲလိုက်တဲ့ ပိန္နဲသီးကြီး မြေ ပေါ်ပြုတ်ကျပြီး နှစ် ခြမ်းကွဲသွားတယ်။ ဒီပိန္နဲသီးကြီးဟာ အင်မတန်အရေး ပါတဲ့ ပစ္စည်းကြီးကွ၊ ဆရာ တော် ဘကီးက ဦးတောကျော်အတွက် ဆေးဖော်ဖို့ ကျောင်းဝင်းထဲမှာ ရှိတဲ့ အကြီးဆုံးသမီးကြီးကို ခူး ပေးလိုက် တာ၊ ဦးတောကျော်ဟာ ပိန္နဲသီးကြီးကို ဆေးဖော်မှ သူ့ရဲ့ ၀က်ရူးပြန် ရောဂါ ပျောက်မှာ ကွ၊ အခု တော့ ပိန္နဲသီးကြီးနှစ် ခြမ်းကွဲသွားတဲ့အတွက် ဦးတောကျော်ရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောသွားပြီး ဒီလိုအသီးမျိုး နောက်ထပ်ရဖို့ မလွယ်တော့ဘူး’

ဟု ပြောဆိုလေရာ အောင်ဘုဆိုသော လူငယ်က မျက်နှာကို ရှုံ့မဲ့၍

‘ဒီအပြစ်အတွက် ဆရာတော် ကြီးရဲ့ ကြိမ်လုံးနဲ့ ဆော်တဲ့ဒဏ်ကို ငါခံပြီးပါပြီကွာ၊ တကယ်တော့ ဦးတောကျော်ရဲ့ သမီး မြခက်ကို ငါတကယ်မေတ္တာရှိလို့ပါ၊ သူ့မျက်နှာမြင်ရင် ငါရင်တွေ ခုန်တယ်..’

ဟု ပြောလေရာ အိုးလုပ်သော လူငယ်က ခေါင်းခါယမ်း၍ ..

‘အောင်ဘု မင်းအပိုတွေ မပြောနဲ့ကွာ၊ ရွာထဲက အပျိုမှန်ရင် မင်းမေတ္တာမှ မရှိတာ ရှိဖူးလို့လား၊ မင်းမို့ အနရှက်မရှိတယ်ကွာ၊ အပျိုမှန်ရင် မျက်နှာရူးလုပ်ပြီး ပန်းခူးပေးရ၊ ရေခပ်ပေးရနဲ့ ညဘက်ဆိုရင် လည်း အပျိုတွေ ရဲ့ အိမ်တွေ မှာ ခိုင်းသမျှ၊ သွားလုပ်ပေးနေတယ်၊ သူတို့က မင်းကိုခိုင်းကောင်းလို့ ညာ ခိုင်းနေတာကွာ’

ဟု ပြောလေရာ အောင်ဘုက လက်ကာ၍

‘ဒါတော့ ငါလက်မခံဘူး၊ ရွာထဲက ကာလသားတွေ မနာလိုလို့ပြောကြတာကွာ၊ အပျိုတွေ အားလုံးက ငါ့ကိုအလုအယက်ခင်မင်နေတာကွ၊ ညဘက် ဗိုင်းငင်တဲ့နေရာကို ငါရောက်မလာရင် သူတို့ ခမျာ စိတ်မကောင်းရှာဘူး၊ နောက်တစ်နေ့ရွာထဲမှာ တွေ့ ရင် ကိုအောင်ဘုကြီး ဘာ ဖြစ်လို့ ရောက်မလာ တာလဲလို့ မေးမြန်းကြတယ်။ တကယ်တော့ ဒါဟာ ငါ့ရဲ့ ရှေးဘ၀က ကုသိုလ်ကံ ပါရမီပေါ့ကွာ၊ မနာ လိုမရှိပါနဲ့’

ဟု ၀ံ့ကြွားစွာ ပြောဆိုလေတော့၏ ။ အိုးလုပ်သော လူငယ်ကခေါင်းခါယမ်း၍

‘မင်းရဲ့ ရောဂါ ကတော့ ကုလို့မရအောင် ဆိုးသွမ်းနေပြီ၊ မင်းတော့ တစ်နေ့နေ့ နှာခေါင်းကျည် ပွေ့တော့မယ်ဆိုတာ ငါကြိုမြင်နေတယ်။ အဲဒီ အခါကျမှ ရေချမ်းရေ ငါနောင်တရပြီကွာလို့ မပြောနဲ့ နော်’

ဟု ပြောလေရာ အောင်ဘုက ရယ်မော၍

‘ဟားဟားဟား.. မပြောပါဘူး သူငယ်ချင်း၊ အောင်ဘုတို့က လုပ်ရဲရင် ခံရဲတယ်’

ဟု ပြောလေ၏ ။ ထို့နောက် အောင်ဘုသည် နွားသာရေပေါ်တွင် ထင်ထားသော ရွံ့များ ကို ခြေ ထောက်နှင့် နင်းလေ၏ ။

အိုးလုပ်ငန်းပြုလုပ်ရာတွင် ရွံ့များ ကို နွားသားရေပေါ်တင်၍ ခြေဖြင့် နင်းခြင်းကို ရွံ့နင်းသည်ဟု ခေါ်လေ၏ ။ ရွှံ့နင်းခြင်းသည် အိုးလုပ်ငန်းတွင် အလွန်အရေး ပါသော အလုပ် ဖြစ်၏ ။

ရွံ့ကိုခြေဖြင့် သေချာစွာ နင်းပြီး စေးပိုင်လာသော အခါ အိုးသည် ဒေါင်ဒေါင်မြည် ၍ ခိုင်ခံ့မှု မရှိ ၏ ။ ရွှံ့ကို သေချာစွာ နင်းမထားလျှင် အိုးပွပြီး ခိုင်ခံ့မှု မရှိချေ။

ထို့ကြောင့် ပင် သုံးလွန်းတင်မှ ကြိုးဒေါင်ဒေါင်မြည် မှ အိုးဆိုသော စကား ပေါ်ပေါက်ခဲ့ခြင်း ဖြစ် တန်ရာ၏ ။

အိုးလုပ်သော လူသည် အိုးထိန်းစက်ကိုလှည့်၍ အိုးကို ရုပ်လုံးပေါ်အောင် ဆက်လက်ပြုလုပ် ရင်း တစ်စုံတစ်ရာကိုသတိရဟန်ဖြင့် ရွှံ့နင်းနေသော အောင်ဘုဘက်သို့ လှည့်၍

‘ဟေ့ကောင်၊ မင်း ညတုန်းက တဲမှာ ပြန်မအိပ်ဘူး၊ ဘယ်မှာ သွားအိပ်ပြန်ပြီလဲ’

ဟု မေးလေရာ ရွှံ့နင်းနေသော အောင်ဘုက ရယ်မော၍

‘ညက ကုလားပုတို့ခြံမှာ ကာလသားဟင်း ချက်စားကြတာကွ၊ ငါက အချက်အပြုတ်ကောင်း ဆိုတော့ ဒီလိုပွဲမျိုးမှာ မပါမ ဖြစ် ပါရတာ ပေါ့ကွာ’

ဟု ပြောလေ၏ ။ အိုးထိန်းစက်ကို လှည့်နေသော လူရွယ်က မျက်မှော င်ကြုတ်၍

‘နေပါဦး၊ ကာလသားဟင်းချက်တဲ့ကြက်ကို မင်းတို့ဘယ်ကရလသဲ’

ဟု မေးမြန်းလေ၏ ။ အောင်ဘုသည် ရွံ့နင်းနေရာမှ အဝေးဆီသို့ လှမ်းကြည့်၍ မျက်လုံးပြူး သွားပြီး

‘ကြက်ဘယ်ကရသလဲ ဟုတ်လား၊ ကြက်ဘယ်ကရသလဲ သိချင်ရင် ဟိုမှာ လာနေတဲ့ လူကြီး ကို မေးကြည့်ပေတော့။ ငါတော့ ပြေးတော့မယ် တာ့တာ’

ဟုဆိုကာ ရွှံ့နင်းနေရာမှ ကမန်းကတန်းထွက်၍ ခြံစည်းရိုးကို ကျော်ခွပြီး ပြေးလေတော့၏ ။

အိုးလုပ်သော လူငယ်သည် နားမလည်ဟန်ဖြင့် အောင်ဘုနောက်ကျောကို ကြည့်ရှုနေစဉ် ခြံဝင်းထဲသို့ ဒေါသ ဖြစ်နေဟန်တူသော လူကြီးတစ်ဦးဝင်လာပြီး လက်ထဲရှိ တုတ်ကြီးကိုမြှော က်ကာ

‘ဟေ့ ရေချမ်း၊ အောင်ဘုဘယ်မှာ လဲ’

ဟု မေးမြန်းလေရာ ရေချမ်းဆိုသော လူငယ်သည် မျက်လုံးပြူးသွားပြီးလျှင်

‘ဘာ… ဘာ ဖြစ်လို့လဲ ဦးကြက်တော’

ဟု မေးမြန်းလေ၏ ။ ဦးကြက်တောဆိုသော သူက တက်ခေါက်၍

‘အောင်ဘုဟာ ငါ့ခြံထဲက ကြက်တွေ ကို အကြိမ်ကြိမ်ခိုးချက်စားနေတယ်၊ ညကလဲ ငါ အင် မတန်ချစ်တဲ့ ကြက်နီမလေးရွှေနီကို ဒင်းတို့ခိုးချက်စားသွားတယ်၊ ဒင်းကို ဒီတစ်ကြိမ်တော့ သည်းမခံ နိုင်ဘူး၊ ဒီကောင့်ခေါင်းကို ခွဲရမှကျေနပ်မယ်’

ဟုဆိုကာ တုတ်ကြီးကိုမြှော က်၍ ကြုံးဝါးလိုက်လေ၏ ။ ရေချမ်းသည် ညက အောင်ဘုတို့ ကာလသားဟင်းချက်စားခြင်းအကြောင်းကို ရိပ်စားမိသွားပြီး ခေါင်းနပမ်းကြီးသွားကာ

‘သေချာရဲ့ လား ဦးကြက်တောရယ်၊ ညက အောင်ဘု အစောကြီးအိပ်ရာဝင်နေပါတယ်’

ဟု ပြောလိုက်ရာ ဦးကြက်တော၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားပြီး

‘ဟေ့ကောင် ရေချမ်း၊ မင်းကပါ ရောလိမ်းပေးနေတာလား၊ မသေချာဘဲ မစွပ်စွဲဘူးကွ၊ ညက ဒီကောင်တွေ နဲ့အတူ ကာလသားဟင်းချက်စားတဲ့ကောင်တွေ ထဲမှာ ငါ့သား ချက်ကြီးလည်းပါတယ် ကွ၊ ဒီကောင်က မူးမူးနဲ့ဖော်ကောင်လုပ်ပြီးပြီ’

ဟု ဒေါသတကြီး အော်ဟစ်လေ၏ ။ ရေချမ်းသည် ဦးကြက်တော၏ စကားကြောင့် ဘုရားတ လိုက်ပြီး

‘ဗုဒ္ဓေါ.. အောင်ဘုတော့ ရာဇ၀တ်အိုးကို တုတ်နဲ့ထိုးလိုက်ပြန်ပြီး ဒီပြဿနာကို ငါ ဘယ်လို ရှင်းရပါ့မလဲ’

ဟု တွေးတောရင်း ငိုင်တွေ တွေ ဖြစ်နေလေရာ ဦးကြက်တောက တုတ်ကြီးကိုမြှော က်၍

‘ဟေ့ကောင် ရေချမ်း၊ အောင်ဘုဘယ်မှာ လဲ၊ ငါ့ကိုပြောလေကွာ၊ တဲထဲမှာ လား’

ဟု မေးမြန်းလေ၏ ။ ရေချမ်းသည် ခြံစည်းရိုးဘက်သို့ မသိမသာကြည့်၍ ခေါင်းခါယမ်းလိုက်ရင်း

‘ဟင့်အင်း.. ဒီကောင်ထဲထဲမှာ မရှိပါဘူးဗျ’

ဟု ငြင်းဆန်လိုက်လေ၏ ။ ဦးကြက်တောက ရေချမ်းကို မယုံသင်္ကာဟန်ဖြင့် ကြည့်၍

‘ရေချမ်း၊ ငါ့ကိုမညာနဲ့နော်၊ ထဲထဲကို ပါဝင်ကြည့်မှာ ’

ဟု ပြောလေရာ ရေချမ်းက မျက်နှာတည်တည်ဖြင့်

‘ကျပ်စကားကို မယုံရင်ဝင်ကြည့်ဗျ၊ ဦးကြက်တောကို ကျုပ်က ဘာဆိုင်လို့ညာရမှာ လဲ၊ အောင်ဘု ဒီလိုလုပ်တာ ကျုပ်လဲမကြိုက်ဘူး၊ ပြောမရလို့ ကြည့်နေတာဗျ’

ဟု ပြောလေရာ ဦးကြက်တောသည် တုတ်ကြီးကိုကိုင်၍ တဲအတွင်းသို့ ၀င်ရောက်၍ ကြည့်ရှု လေ၏ ။

အားရအောင်ကြည့်ရှုပြီးကာမှ တုတ်ကြီးကိုမြှော က်၍ တက်ခေါက်ကာ

‘တောက. ဒီကောင် အပုန်းကောင်းနေတယ်၊ တွေ့ များ တွေ့ ရင်တော့ အသေပဲ၊ ဟေ့ကောင် ရေချမ်း အောင်ဘုလာရင် ပြောလိုက်၊ ဒီကောင့်ကို တွေ့ ရာသချီုင်း ဓားမဆိုင်းဘူးလို့’

ဟု ဒေါသတကြီး ပြောဆိုလေရာ ရေချမ်းက ခေါင်းတဆတ်ဆတ်ညိတ်၍

‘ပြောလိုက်ပါမယ်ဗျာ၊ စိတ်ချပါ’

ဟု ပြောလေ၏ ။ ဦးကြက်တော ထွက်ခွာသွားသော အခါမှပင် ရေချမ်းက သက်ပြင်းရှည်ကြီးကို ချ၍

‘အောင်ဘု အောင်ဘု၊ မင်းဘယ်တော့ အသတ်ခံရမလဲမသိဘူး။ မင်းကို ကာကွယ်ပေးရင်းနဲ့ ငါလဲ အချောင်ခံရတော့မယ်နဲ့တူတယ် ခွေးကောင်’

ဟု ရေရွတ်လိုက်လေတော့၏ ။ ရေချမ်းသည် အိုးပုံလောင်းရန် အိုးထိန်းစက်ရှိရာသို့ သွား၍ အိုးထိန်းစက်ကို လှည့်လေ၏ ။

အတန်ကြာအောင် ပုံလောင်းပြီးနောက် အိုးတစ်လုံးပုံသဏ္ဌာန် အပြည့်အစုံ ဖြစ်ပေါ်လာ၏ ။

ထိုအခါမှပင် ချည်မျှင်လေးတစ်ချောင်းကို ယူလိုက်ပြီး အိုးထိန်းစက်ပျဉ်ပြားကို ရှပ်တိုက်၍ ဆွဲ လိုက်သော အခါ မြေအိုးသည် စက်ပျဉ်ပြားမှ ရှပ်တိုက်၍ ဆွဲမရသော အခါ မြေအိုးသည် စက်ပျဉ်ပြားမှ ကွာထွက်သွားလေ၏ ။

ရေချမ်းသည် အိုးကြမ်းကို အိုးထိန်းစက်မှ မယူလိုက်ပြီး ပျဉ်ပြားပေါ်တွင် အိုး ရှစ်လုံးခန့် ပြီးစီး နေသဖြင့် နေလှမ်းရန်အတွက် ခြံအပြင်ဘက်သို့ ယူဆောင်လာခဲ့၏ ။

ထိုအခိုက်မှာ ပင် သူ၏ အနောက်မှ အလွန်ကျယ်လောင်သော အသံကြီးဖြင့်

‘ဟဲ့ ရေချမ်း၊ အောင်ဘု ဘယ်မှာ လဲ..’

ဟူသော အသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ရွာထဲရှိ မိန်းမကြမ်းကြီး ဒေါ်တုတ် ဖြစ်နေ လေ၏ ။ ရေချမ်းသာ ထဘီစွန်တောင်ဆွဲလာသော ဒေါ်တုတ်ကို တအံ့တသြကြည့်၍

‘အောင်ဘု ဘာ ဖြစ်လို့လဲဗျ’

ဟု မ၀ံ့မရဲ မေးမြန်းလိုက်လေ၏ ။

ဒေါ်တုတ်က ပတ်ဝန်းကျင်ကို ဟိုဒီမျက်စိကစား၍

‘စကားမရှည်နဲ့ရေချမ်း၊ အောင်ဘု ဘယ်မှာ လဲ’

ဟု ဒေါသတကြီး မေးမြန်းလေ၏ ။ ရေချမ်းက ခေါင်းခါယမ်း၍

‘ဒီကောင်မရှိဘူးဗျ၊ လာရင်းကိစ္စကို ပြောဦးလေဗျာ’

ဟု မေးမြန်းလေ၏ ။ ဒေါ်တုတ်က ထဘီကိုတိုတိုပြင်ဝတ်၍

‘ဒီအကောင်ကိုတွေ့ ရင် အရေခွံဆုတ်မလို့ဟေ့၊ ညက ဒင်းတို့တတွေ ကာလသားဟင်းချက် စားရင်းနဲ့ ငါ့ရဲ့ ပြိုင်ပွဲဝင်မယ့် ဘူးသီးကြီးကို ခိုးချက်စားလိုက်တယ်။ ဒီဘူးသီးကြီးဟာ ငါ့ခြံထဲမှာ သာ မကဘူး၊ အနီးအနားရွာက စိုက်ခင်းတွေ ထဲမှာ အကြီးဆုံးဟဲ့၊ မြို့ပေါ်က သစ်သီးဝလံပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ တယုတယ ပိုးမွေးသလိုမွေးထားတာ၊ ဒင်းချက်စားလိုက်တော့ ငါ ဘယ်လိုလုပ်ပြိုင်ပွဲဝင်တော့မှာ လဲဟဲ့၊ သစ်သီးဝလံပြိုင်ပွဲမှာ ဆုရရင် မြို့ပိုင်းမင်းကိုယ်တိုင် ဆုချီးမြှင့်မှာ ၊ အခုတော့ မြို့ပိုင်မင်းရဲ့ ဆုနဲ့ ဝေးရပြီ၊ ဒါကြောင့် ဒင်းကိုအရေခွံဆုတ်ပစ်မလို့’

ဟု ကြုံးဝါးလေ၏ ။

ရေချမ်းသည် အောင်ဘု၏ ပြဿနာ မသေးကြောင်းသိရသဖြင့် ၎င်းကိုကျိတ်၍ ကျိတ်ဆဲလိုက် ပြီး ဒေါ်တုတ်၏ မျက်နှာကို စိတ်မကောင်းဟန်ဖြင့် ကြည့်ကာ

‘ဒေါ်တုတ်ရဲ့ ဘူးသီးကြီးအတွက် စိတ်မကောင်းပါဘူးဗျာ၊ ဒါထက် ဘူးသီးကြီးကို အောင်ဘုခိုး စားတယ်ဆိုတာ သေချာရဲ့ လား၊ ရွာထဲမှာ လဲ ဘူးသီးခိုးတတ်တဲ့ ကာလသားတွေ မပါပါဘိသနဲ့..’

ဟု သွေးတိုးစမ်းသလိုပြောလိုက်ရာ ဒေါ်တုတ်က ထဘီကိုမ၍

‘ဟဲ့ ဒီထက်သေချာတာ ဘာရှိဦးမှာ လဲ၊ အောင်ဘုဟာ ညက ခိုးစားတဲ့ဘူးသီးကြီးက ကြီးလွန်း လို့ မကုန်တာနဲ့ ရွာထဲက အပျိုတွေ အိမ်ကို မျက်နှာလုပ်ပြီး အလကားလိုက်ဝေနေတယ်။ ညက ဘူးသီး ကြီးပျောက်တာနဲ့ ရွာထဲမှာ လိုက်စုံစမ်းကြည့်တော့ အပျိုချောတွေ ရဲ့ အိမ်မှာ ငါ့ရဲ့ ဘူးသီးစိတ်တွေ တွေ့ ရတယ်။ အပျိုတွေ အားလုံးက တညီတညာတည်း ပြောတာ ကတော့ ဒီဘူးသီးစိတ်တွေ ကို အောင်ဘုကိုယ်တိုင် လိုက်ဝေနေတယ်တဲ့၊ အောင်ဘုက ငါ့ဘူးသီးနဲ့ရွာထဲမှာ မျက်နှာလိုက်လုပ်နေ တယ်’

ဟု အော်ဟစ်ပြောဆိုလေရာ ရေချမ်းသည် မျက်နှာကွက်ခနဲပျက်သွားပြီး

‘သေလိုက်ပါတော့ အောင်ဘုရယ်’

ဟု စိတ်ထဲက ကျိတ်၍ ရေရွတ်လိုက်လေ၏ ။ အောင်ဘုသည် ဤကဲ့သို့ မဆင်မခြင်လုပ်ချင်ရာ လုပ်လွန်းသဖြင့် ပြဿနာတက်ပေါင်းများ လှချေပြီ။

အောင်ဘုသည် ရွာရှိ ကာလသားအားလုံးထဲတွင် သူကြီးထိတ်တုံးနှင့် ဖူးစာအဆုံဆုံး ဖြစ်၏ ။

ဒေါ်တုတ်သည် ဒေါသထွက်သထက် ထွက်လာပြီး

‘ဟဲ့ ရေချမ်း မှန်မှန်ပြောစမ်း၊ အောင်ဘု ဘယ်မှာ လဲ၊ နင်ပါ ရောမလိမ်နဲ့နော်’

ဟု အော်ဟစ်မေးမြန်းလေ၏ ။ ရေချမ်းက စိတ်ပျက်လက်ပျက်ဖြင့်

‘ဒီကောင်မရှိပါဘူးဆိုတာ ဘယ်နှခါပြောရမလဲဗျ’

ဟု ရေရွတ်လိုက်လေ၏ ။ ဒေါ်တုတ်က တဲဆီသို့ မျက်လုံးဝေ့ကြည့်၍

‘နင်တို့နှစ် ယောက် ဟာ တစ်ကျိတ်တည်း တစ်ဥာဏ်တည်းသမားတွေ ၊ ယုံရတာ မဟုတ်ဘူး၊ တဲထဲကိုငါဝင်ကြည့်မယ်၊ တွေ့ ရင်တော့ မလွယ်ဘူးမှတ်ပေတော့’

ဟု ကြုံးဝါးကာ တဲအတွင်းသို့ ၀င်ရောက်ရှာဖွေလေ၏ ။ ဒေါ်တုတ်သည် စိတ်ကျေနပ်အောင် ရှာဖွေပြီးသော အခါမှ ပြန်ထွက်လာပြီး

‘မသဒ္ဓါရေစာတွေ စားပြီး ဘယ်မှာ သွား အပင်းဆို့နေသလဲမသိဘူး၊ ဒင်းကို တွေ့ ရင်တော့ တွေ့ ရာသချို င်္င်း ဓားမဆိုင်းဘဲဟေ့၊ ဘူးသီးတစ်လုံးအတွက် စက်တိုင်တက်ရတဲ့ ဒေါ်တုတ်ဆိုပြီး ဒီရွာရဲ့ ရာဇ၀င်မှာ တင်စေရမယ်၊ ငါ့ကို ဘာအောက်မေ့လဲ..’

ဟု ကြုံးဝါးကာ ထဘီကို စွန်တောင်ဆွဲ၍ ခြံထဲမှ ပြန်လည်ထွက်ခွာသွားလေ၏ ။

ဒေါ်တုတ်ထွက်ခွာသွားသော အခါမှပင် ရေချမ်းသည် စိတ်ပျက်လက်ပျက်ဖြင့် အိုးများ ကို အပြီး သတ်အောင် နေပူလှမ်းရလေ၏ ။ ရေချမ်းသည် အိုးများ ကိုနေလှမ်းရင်း

‘အောင်ဘုရယ်၊ မင်းနဲ့ငါ သူငယ်ချင်းတော် ရတာ မလွယ်ပါလားကွာ၊ ကြာရင် ငါ့ကိုယ်ငါ အဆော်ခံရတော့မယ်’

ဟု ရေရွတ်နေမိလေ၏ ။ ထို့နောက် ရေချမ်းသည် အောင်ဘုနှင့် ခင်မင်ခဲ့သော ငယ်စဉ်ဘ၀ကို ပြန်လည်သတိရနေမိလေ၏ ။

* * * * *


အခန်း (၂)

အောင်ဘု၏ ဖခင်နှင့် ရေချမ်း၏ ဖခင်သည် အင်္ဂလိပ်တော် လှန်ရေး တွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် ပြီး အသက်ပေးခဲ့ရ၏ ။ ထိုအခါ အောင်ဘု၏ မိခင်နှင့် ရေချမ်း၏ မိခင်တို့သည် ဘ၀တူချင်း ရင်းနှီးခင်မင် ခဲ့၏ ။

အောင်ဘု ဆယ်နှစ် သားအရွယ်တွင် သူ၏ မိခင်ကွယ်လွန်သွားခဲ့၏ ။ အောင်ဘု၏ မိခင်သည် ကွယ်လွန်ကာနီးတွင် သူ၏ သားကို စောင့်ရှောက်ပါရန် ရေချမ်း၏ မိခင်ထံတွင် အပ်နှံခဲ့လေ၏ ။

ရေချမ်း၏ မိခင်သည် အောင်ဘုကို သူ၏ အိမ်တွင် ခေါ်ထားပြီး သားအရင်းနှင့် မခြား စောင့် ရှောက်ခဲ့၏ ။ လွန်ခဲ့သော သုံးနှစ် က ရေချမ်း၏ မိခင်လည်း ကျောက် ရောဂါ ဖြင့် အသက်ဆုံးခဲ့ရ၏ ။

မိဘများ ဆုံးပါးသွားပြီးနောက်ပိုင်း အောင်ဘုနှင့် ရေချမ်းသည် ညီရင်းအစ်ကိုကဲ့သို့ ရင်းနှီးခဲ့ကြ ၏ ။

သို့ သော် အောင်ဘုနှင့် ရေချမ်းသည် အကျင့်စရိုက်ချင်းကွာခြားသဖြင့် တစ်ရွာလုံးက ရေချမ်းကို ရိုးသားအေးဆေးသူဟု အသိအမှတ်ပြုပြီး အောင်ဘုကိုမူ ရွာသူမိန်းမပျိုများ ကလွဲ၍ လူကြီးသူမများ နှင့် ကာလသားအများ စုက လွန်စွာ မျက်စိစပါးမွှေးစူးလှ၏ ။

အောင်ဘုသည် မိန်းမပျိုများ နှင့် ပတ်သက်၍ အားတက်သရော ကူညီတတ်သဖြင့် ရွာသူအပျို ချောများ သည် ခိုင်းစရာရှိလျှင် အောင်ဘုကို စကားချိုချိုပြော၍ လှည့်ပတ်ခိုင်းစေတတ်၏ ။

အောင်ဘုသည် မိန်းမပျိုများ နှင့် တရင်းတနှီးနေထိုင်ရခြင်းကို လွန်စွာ ဂုဏ်ယူလိုသူ ဖြစ်ပြီး မိန်းမပျိုများ ခိုင်းစေသမျှကို မညည်းမညူလုပ်ကိုင်ပေးတတ်၏ ။

ရေချမ်းသည် အိုးများ ကို နေပူလှမ်းပြီးနောက် ညနေစာအတွက် ထမင်းတစ်အိုးတည်၍ ဆတ် သားခြောက်များ ကို ခရမ်းချဉ်သီးဖြင့် ဆီပြန်ဟင်းချက်လေ၏ ။

ဟင်းချက်ရင်း လွန်ခဲ့သော တစ်လခန့်က အောင်ဘု၏ ပြဿနာတစ်ရပ်ကို ပြန်လည်သတိရနေ ပြန်၏ ။

ထိုပြဿနာမှာ ရွာရှိ ပျိုပျိုအိုအိုမိန်းမများ ၏ အားကိုးအားထားပြုရာ နတ်ကတော် ဒေါ်ဂျမ်းဘုံ နှင့် ပတ်သက်နေလေ၏ ။

ဒေါ်ဂျမ်းဘုံသည် အောင်ဘု ရည်စူးထားသော မိန်းမပျိုများ အနက် တစ်ယောက် ဖြစ်သော မရွှေလှအား အောင်ဘုနှင့် ပတ်သက်၍ မကောင်းသော အချက်များ ဖြင့် စုစည်း၍ ဟောပြောလိုက်၏ ။

နတ်ကတော် ဒေါ်ဂျမ်းဘုံသည် နဂိုကပင် အောင်ဘုကို ကြည့်မရသူ ဖြစ်၍ နတ်ဝင်ဟန်ပြု၍ ပိုပို သာသာချောက်တွန်းလိုက်ခြင်း ဖြစ်၏ ။

ထိုသတင်းကို အောင်ဘုကြားသော အခါ စွေ့စွေ့ခုန်၍ လက်သီးလက်မောင်းတန်းကာ

‘ဒေါ်ဂျမ်းဘုံ ကျုပ်ကို သက်သက်ချောက်တွန်းတာပေါ့ သိကြသေးတာပေါ့ နတ်ကတော် ကြီး၊ ကိုကြီးကျော်နဲ့ အောင်ဘု ဘယ်သူစွမ်းသလဲကြည့်’

ဟု ကြုံးဝါးလေ၏ ။ အောင်ဘုသည် သူ၏ ကြုံးဝါးချက်အတိုင်း နတ်ကတော် ဒေါ်ဂျမ်းဘုံကို ကောင်းစွာ ဒုက္ခပေးခဲ့၏ ။

တစ်ညသ၌ နတ်ကတော် ဒေါ်ဂျမ်းဘုံ၏ ကိုကြီးကျော်နတ်ရုပ်ကြီး ထူးဆန်စွာ ပျောက်ဆုံးသွား လေ၏ ။ နတ်ကတော် ဒေါ်ဂျမ်းဘုံသည် ကိုကြီးကျော်နတ်ရုပ်ပျောက်ဆုံးသွားသဖြင့် သူကြီးထံသို့ အမောတကောပြော၍ သွားရောက်တိုင်တန်းလေ၏ ။

သူကြီးမင်းသည် အေးချမ်းသာယာသော ရွာတွင် ခိုးမှု ဖြစ်ပွားသဖြင့် တုန်လှုပ်ချောက်ချားသွား လေ၏ ။ ထို့ကြောင့် မောင်းကြီးကိုတဒူဒူထု၍ ရွာသားများ ကို ဖိတ်ခေါ်ရင်း မကောင်းမှု ဒုစရိုက်အလုပ် သည် ဘုရားမကြိုက်သော အပြုအမူ ဖြစ်သဖြင့် မပြုလုပ်ရန် တားမြစ်လေ၏ ။

နတ်ကတော် ဒေါ်ဂျမ်းဘုံ၏ နတ်ရုပ်ကို ခိုးယူထားသူသည် ရွာသားထဲကပင် ဖြစ်မှာ သေချာ ကြောင်း၊ ထို့ကြောင့် အပြစ်ကိုတိုးတိုးတိတ်တိတ် ၀န်ခံလာလျှင် ခွင့်လွှတ်မည် ဖြစ်ကြောင်း၊ ထိုသို့ ၀န် မခံဘဲ ပြစ်မှု ထင်ရှားစွာ လက်ပူးလက်ကြပ်မိလျှင် ကျောသားရင်သားမခွဲခြားဘဲ အရေး ယူမည် ဖြစ် ကြောင်း ပြောဆိုလေ၏ ။

မည် သို့ ပင် ဖြစ်စေ ဒေါ်ဂျမ်းဘုံ၏ ကိုကြီးကျော်နတ်ရုပ်မှာ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့၏ ။ ဒေါ်ဂျမ်းဘုံသည် ကိုကြီးကျော်နတ်ရုပ်ကို နှမြောတသစိတ်ဖြင့် မအိပ်နိုင်မစားနိုင် ဖြစ်နေရှာ၏ ။

သူမ ကိုးကွယ်သော ၃၇ မင်းနတ်များ က နတ်ရုပ်သူခိုးကို ညွှန်ပြနိုင်ခြင်းရှိဟန်မတူချေ။ ထို အခိုက်မှာ ပင် အောင်ဘုသည် နတ်ကတော် ကြီး ဒေါ်ဂျမ်းဘုံ၏ နတ်ရုပ်ရှိသော နေရာကို အိပ်မက်ထဲ တွင် မြင်မက်သည်ဆိုသော ကောလာဟလသတင်းတစ်ပုဒ်ကို ရွာထဲသို့ လွှင့်ထုတ်လိုက်၏ ။

ထိုသတင်းကိုကြားသည်နှင့် နတ်ကတော် ကြီးဒေါ်ဂျမ်းဘုံသည် အောင်ဘုထံသို့ ကမန်းကတန်း ပေါက်ချလာပြီး

‘အောင်ဘုရယ်၊ ကိုကြီးကျော်နတ်ရုပ်ရှိတဲ့နေရာကို နင့်ကိုအိပ် မက်ပေးတယ်ဆို၊ အဲဒီ အိပ်မက်ကို ငါ့ကိုပြောပါဟယ်၊ ကိုကြီးကျော်ပျောက်သွားကတည်းက ငါ့မှာ မအိပ်နိုင် မစားနိုင် ဖြစ်နေတာ၊ တစ်ရွာလုံး သိပါတယ်’

ဟု တောင်းပန်လေရာ အောင်ဘုကဣနြေ္ဒကြီးတစ်ခွဲသားဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး

‘ဒါတော့ သည်းခံပါ ဒေါ်ဂျမ်းဘုံရယ်၊ ကျုပ်မပြောဝံ့ဘူး၊ နောက်ပြီးတော့ အိပ်မက်ဆိုတာ သေချာတဲ့ကိစ္စလဲ မဟုတ်ဘူးလေ၊ တကယ်မဟုတ်ရင် စွပ်စွဲခံရတဲ့သူက ကျုပ်ကို အသေသတ်မှာ သေချာတယ်။ ကျုပ် မပြောရဲဘူးဗျာ၊ ဒါပေမဲ့ ကိုကြီးကျော်က ကျုပ်ကိုအိပ်မက်ပေးတာတော့ သေချာ တယ်’

ဟု ပြောလေရာ ဒေါ်ဂျမ်းဘုံသည် ပိုမို၍ သိချင်စိတ်ပြင်းပြလာပြီး အောင်ဘုကို တတွတ်တွတ် မေးမြန်းလေ၏ ။

သို့ သော် အောင်ဘုက ဒေါ်ဂျမ်းဘုံကို နှစ် ရက်သုံးရက်ခန့် အချိန်ဆွဲထားပြီးမှ

‘ဒီအိပ်မက်ကို နှစ် ရက်သုံးရက် ဆက်ပြီး တစ်ပုံစံတည်း မက်နေတယ်ဗျာ၊ ကျုပ်ကို ကိုကြီး ကျော်က အိပ်မက်ပေးတာကြာပြီ၊ ဒါပေမဲ့ လွန်ခဲ့တဲ့လတုန်းက ဒေါ်ဂျမ်းဘုံကြီးဆီမှာ မရွှေလှ နတ်လာ မေးသေးတယ်ဆို၊ အဲဒီ တုန်းက ကျုပ်အကြောင်းကို ဒေါ်ဂျမ်းဘုံ ဘယ်လိုဟောလိုက်သလဲ’

ဟုမေးမြန်းလေရာ ဒေါ်ဂျမ်းဘုံသည် မျက်စိမျက်နှာပျက်သွားလေ၏ ။

အောင်ဘုက မျက်နှာတည်တည်ဖြင့်

‘ဒေါ်ဂျမ်းဘုံရဲ့ ဟောချက်တွေ ကြောင့် မရွှေလှက ကျုပ်ကို အဖြေပေးမယ်ကြံစည်ပြီးကာမှ မပေးဘဲ အင်တင်တင် ဖြစ်သွားတယ်။ ဒီကိစ္စကို ဒေါ်ဂျမ်းဘုံ ဘယ်လိုဖြေရှင်းပေးမလဲ’

ဟု ပြောလေရာ ဒေါ်ဂျမ်းဘုံသည် ကိုကြီးကျော်နတ်ရုပ်က လွန်စွာ အရေး ကြီးနေသဖြင့်

‘မရွှေလှကို ဒီနေ့ညနေပဲ ငါ့အိမ်မှခေါ်ပြီး နင့်အကြောင်း ကောင်းသတင်းတွေ ပြန်ပြောပေးပါ မယ်၊ ကိုကြီးကျော်နတ်ရုပ်ရှိတဲ့နေရာကိုသာ ပြောပါတော့’

ဟု တောင်းပန်လေ၏ ။ အောင်ဘုက မျက်နှာတည်တည်ဖြင့်

‘ဒီလိုပြောရုံနဲ့ ဘယ်ရမလဲဗျ၊ အောင်ဘုကလွဲရင် နင့်ရဲ့ အိမ်ထောင်ဘက်ကို ဇမ္ဗူဒိပါကျွန်းတစ် ကျွန်းလုံးမှာ ရှာမတွေ့ နိုင်ဘူးလို့ ဟောလိုက်၊ အောင်ဘုကိုယူလိုက်ရင် သိပ်ပြီးစိတ်ချမ်းသာမယ်လို့ ဟော’

ဟု ပြောလေရာ ဒေါ်ဂျမ်းဘုံသည် အောင်ဘုစေခိုင်းသည့်အတိုင်း မရွှေလှကို ဟောပြောရရှာ ၏ ။

မရွှေလှသည် ဒေါ်ဂျမ်းဘုံ၏ ဟောချက်များ ကို တအံ့တသြနားထောင်၍ အိမ်သို့ ပြန်သွားရှာ၏ ။

ထိုအခါမှပင် အောင်ဘုသည် ကိုကြီးကျော်နတ်ရုပ်ရှိသည့်နေရာကို ဒေါ်ဂျမ်းဘုံအား ပြောပြ လိုက်၏ ။

ဒေါ်ဂျမ်းဘုံသည် အောင်ဘု၏ စကားကြောင့် အလွန်အံ့သြဟန်ဖြင့်

‘ဟင်..ကိုကြီးကျော်နတ်ရုပ်က သူကြီးမင်းရဲ့ ဆီမှာ ဟုတ်လား၊ ဒါဆိုရင် ကိုကြီးကျော်နတ်ရုပ်ကို သူကြီးက ဘာ ဖြစ်လို့ယူထားရတာ လဲ’

ဟု မေးမြန်းလေ၏ ။ အောင်ဘုက နားမလည်နိုင်ဟန်ဖြင့် ခေါင်းခါယမ်း၍

‘ဒါတော့ ကျုပ်မသိဘူး၊ သူကြီးမင်းခြံထဲက ဖိုရုံထဲမှာ ကိုကြီးကျော်နတ်ရုပ်ရှိတယ်လို့ ကျုပ်ကို အိပ်မက်ပေးတာ သုံးကြိမ်ရှိပြီ၊ တကယ် ဟုတ် မဟုတ်တော့ ကျုပ်မသိဘူး’

ဟု ပြောလေရာ ဒေါ်ဂျမ်းဘုံဘကီးသည် သူကြီးမင်းထံသို့ မ၀ံ့မရဲသွား၍ သူကြီး၏ ဖိုရုံထဲတွင် ကိုကြီးကျော်နတ်ရုပ်ရှိသည်ဟု ပြောလေ၏ ။

သူကြီးမင်းက ဒေါ်ဂျမ်းဘုံ၏ စကားကြောင့် မျက်လုံးပြူးသွားပြီး

‘ဟင်… ဖိုရုံထဲသို့ မ၀င်တာ နှစ် နဲ့ချီနေပြီ၊ ဘာ ဖြစ်လို့ ဒေါ်ဂျမ်းဘုံရဲ့ နတ်ရုပ်က ကျုပ်ဖိုရုံထဲမှာ ရှိရမှာ လဲ’

ဟု ရေရွတ်လေ၏ ။ သို့ သော် ဒေါ်ဂျမ်းဘုံကြီးက အကြိမ်ကြိမ်ပြောဆိုသဖြင့် မယုံမရဲ ဖိုရုံတံခါး ကို ဖွင့်၍ ကြည့်ရှုရာ ဖိုရုံထဲတွင် ကိုကြီးကျော်နတ်ရုပ်ကြီးကို မြင်သဖြင့် ဒေါ်ဂျမ်းဘုံကြီးက

‘ကိုယ်တော် ကြီးကို ပြန်တွေ့ ပြီ၊ ၀မ်းသာလိုက်တာ’

ဟု အော်ဟစ်လိုက်လေ၏ ။

သူကြီးမင်းသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်

‘ဗုဒ္ဓေါ..ဒီနတ်ရုပ်ကြီးက ဘယ်လိုလုပ် ကျုပ်ဖိုရုံထဲ ရောက်နေတာလဲ၊ ကျုပ်တော့ အလကား နေရင်း သူခိုး ဖြစ်ပါပြီ’

ဟုအလန့်တကြား ရေရွတ်ကာ အဖြေရှာမရအောင် ဖြစ်နေ၏ ။

ထို ဖြစ်ရပ်များ ကို သိရှိပြီးနောက် အောင်ဘုသည် အောင်ပွဲရ စစ်သူကြီးကဲ့သို့ ဂုဏ်ယူဝံ့ကြွားစွာ ဖြင့်

‘ဒါဟာ ငါ့အကြံတွေ ပေါ့ကွာ၊ ငါဘယ်လောက်တော် တယ်ဆိုတာ တွေ့ ပြီမဟုတ်လား’

ဟု ကြုံးဝါးလေ၏ ။ ရေချမ်းသည် ထမင်းဟင်းများ ကို ချက်ပြုတ်ရင်း အောင်ဘုနှင့် နတ်ကတော် ဒေါ်ဂျမ်းဘုံကြီးအကြောင်းကို သတိရပြီး တစ်ယောက် တည်းရယ်မောလိုက်မိ၏ ။

ထိုအခိုက်မှာ ပင် သူ၏ အနောက်သို့ အောင်ဘုရောက်ရှိလာပြီး

‘ဟဲဟဲ…ဘာလို့ တစ်ယောက် တည်းရယ်နေသလဲကွ’

ဟု မေးမြန်းလေရာ ရေချမ်းသည် အောင်ဘုကို လှည့်ကြည့်၍

‘ဟေ့ကောင် မင်းအတော် ဒုက္ခပေးတဲ့ကောင်ပဲ၊ ငါ့ဆီကို ဦးကြက်တောနဲ့ ဒေါ်တုတ်ရောက်လာ ပြီး မင်းကိုအသေသတ်မယ်လို့ ဓားကြိမ်းကြိမ်းသွားတယ်။ ကြာရင် မင်းအတွက်ကြောင့် ငါပါ ခေါင်း ကွဲလိမ့်မယ်။ မင်းဘာ ဖြစ်လို့ ဒီလောက်ပြဿနာရှာရတာ လဲ၊ ဒေါ်တုတ်ရဲ့ ဘူးသီးကြီးဟာ သူ့ခမျာ ပြိုင်ပွဲဝင်မလို့ တယုတယစိုက်ပျိုးထားတဲ့ဥစ္စာ၊ မင်းခိုးစားတော့ ခက်ပြီပေါ့’

ဟု ပြောဆိုလေရာ အောင်ဘုက ရယ်မော၍

‘ငါမသိလို့ ခူးမိတာပါကွာ၊ သူ ပြိုင်ပွဲဝင်မယ်မှန်းသိရင် မခူးပါဘူး။ ဟဲဟဲ ဦးကြက်တောရဲ့ ကြက်တွေ ကိုတော့ ခိုးချင်လို့ ခိုးစားတာကွ၊ ဒီလူကြီးစိတ်တိုတာ မြင်ချင်လို့၊ ဒီလူကြီးဟာ စိတ်ဆိုးပြီဆို ရင် ဘာကိုမှ မမြင်တော့ဘူး။ ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်တာပဲ၊ သိပ်ရယ်ရတယ်’

ဟု ပြောဆိုလေ၏ ။ ရေချမ်းက အောင်ဘုကိုကြည့်၍

‘ရယ်ရတယ်လုပ်မနေနဲ့၊ မင်းကို သူကြီးဆီမှာ သွားတိုင်မှာ သေချာတယ်။ ဒါဆိုရင်တော့ သူကြီးထိတ်တုံးနဲ့ မင်း ဖူးစာဆုံဦးမှာ ပဲ’ဟု ပြောလေ၏ ။

အောင်ဘုက ရေချမ်း၏ စကားကြောင့် လက်ဖျစ်တီး၍

‘သူကြီးထိတ်တုံးကို ငါမကြောက်ဘူးကွ၊ တမင်ထိတ်တုံးခတ်ခံချင်လို့ ဒီအမှု တွေ ကို ကျူးလွန် တာ၊ သူကြီးထိတ်တုံးခတ်ရင် သူကြီးသမီးမြရင်နဲ့တွေ့ ရမယ်လေ၊ မြရင်က ငါ့ကိုသံယောဇဉ် ရှိနေတာ ကွ’

ဟု ၀မ်းသာအားရ ပြောဆိုလေရာ ရေချမ်းက အံ့သြဟန်ဖြင့်

‘မြရင်နဲ့မင်းနဲ့ ဘယ်လိုသံယောဇဉ်ရှိသွားတာလဲ’

ဟု မေးမြန်းလိုက်လေ၏ ။ အောင်ဘုက တဟဲဟဲရယ်မော၍

‘ငါနဲ့မြရင်ဟာ ထိတ်တုံးဖူးစာလို့ခေါ်ရမယ်။ သူကြီးရဲကထိပ်တုံးကို မကြာခဏ ဖူးစာဆုံနေတဲ့ ငါ့ကို သူကြီးသမီးမြရင်က သနားပြီး သံယောဇဉ်ရှိလာတယ်ကွ၊ ငါထိတ်တုံးခတ်ခံရတိုင်း ညဘက် တွေ မှာ အစာရေစာတွေ ခိုးကျွေးလေ့ရှိတယ်။ ဒါကြောင့် ထိတ်တုံးခဏခဏ ခတ်ခံချင်နေတာကွ၊ သူကြီးသမီးနဲ့ ထိတ်တုံးခတ်မခံရဘဲ တွေ့ ဖို့မလွယ်ဘူးလေ’

ဟု ပြောလေရာ ရေချမ်းသည် ခေါင်းကိုခါယမ်းလိုက်ပြီး

‘မင်း ကတော့ ထူးဆန်းပါပေ့ကွာ၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်ခံပြီးတော့ သူကြီးသမီးနဲ့ တွေ့ ဖို့ကြိုးစားတယ်။ မင်းကိုတော့ တားလို့ရမှာ မဟုတ်တော့ဘူး’

ဟု ပြောလေ၏ ။ ရေချမ်း၏ စကားကြောင့် ထမင်းများ ကို ပန်းကန်ထဲသို့ ခူးခပ်ထည့်၍ အောင် ဘုက

‘အချစ်နဲ့ပတ်သက်ရင် ဘယ်သူမဆို သူရသတ္တိရှိလာတတ်တယ်ကွ၊ ဟဲဟဲ..မမြရင်နဲပတွေ့  မယ်ဆိုရင် ထိတ်တုံးက အသေးအမွှားပါပဲကွာ’

ဟု ပြောလေ၏ ။

ရေချမ်းနှင့် အောင်ဘုသည် ထမင်းဟင်းများ ကို မြိန်ရှက်စွာ စားသောက်ပြီးနောက် ပဲကြီးလှော်၊ ထန်းလျက် စသည်တို့ဖြင့် အရသာခံနေစဉ် သူကြီး၏ လူယုံတော် ဦးဘရောက်လာပြီး

‘အောင်ဘုရေ၊ မင်းကိုတော့ သူကြီးက ခေါ်ခိုင်းလိုက်ပြန်ပြီ၊ ထိတ်တုံးနဲ့ဖူးစာဆုံဦးမယ်ဟေ့’

ဟု ပြောလိုက်ရာ အောင်ဘုက ရယ်မော၍

‘၀မ်းမြောက်ဝမ်းသာနဲ့ အရောက်လာခဲ့ပါမယ်ဗျာ’

ဟုပြောကာ အ၀တ်အစားများ ကို လဲလှယ်ဝတ်ဆင်၍ သူကြီးလူယုံတော် ဦးဘနောက်သို့ လိုက်ပါသွားလေ၏ ။

ရေချမ်းသည် အလွန်မိုက်လုံးကြီး၍ တဇွတ်ထိုးလုပ်တတ်သော အောင်ဘု၏ နောက်ကျောကို ကြည့်၍ သက်ပြင်းရှည်ကြီးကိုချကာ တစ်ဦးတည်း ကျန်ရစ်ခဲ့လေ၏ ။

* * * * *


ရေချမ်းသည် နောက်တစ်နေ့နံနက်တွင် အိပ်ရာမှ စောစောထ၍ ထမင်းဟင်းများ ကို ချက်ပြုတ် လေ၏ ။ ထို့နောက် ထမင်းထုပ်ထုပ်၍ သူကြီး၏ နေအိမ်သို့ ထွက်ခဲ့လေ၏ ။ သူကြီး၏ အိမ်တွင် အောင်ဘု ထမင်းငတ်မှာ စိုးရိမ်သော ကြောင့် ဖြစ်၏ ။

သူကြီး၏ အိမ်ဝင်းထဲသို့ ရောက်သော အခါ မန်ကျည်းပင်ရိပ်တွင် ထိတ်တုံးခတ်ခံနေရသော အောင်ဘုကိုတွေ့ ရလေ၏ ။

ရေချမ်းသည် အောင်ဘု၏ ပုံသဏ္ဌာန်ကို စိတ်မသက်မသာဟန်ဖြင့် ကြည့်ရှု၍

‘ဘယ်လိုလဲ အောင်ဘု၊ ထိတ်တုံးဘယ်နှစ် ရက်လဲ’

ဟုမေးမြန်းလေရာ အောင်ဘုက မျက်နှာရှုံ့မဲ့၍

‘ဒီတစ်ခါတော့ များ တယ်ကွ၊ ခုနစ်ရက်ကြီးများ တောင်’

ဟု ပြောလေ၏ ။ ရေချမ်းက ရယ်မော၍

‘များ တော့ ဘာ ဖြစ်သလဲကွ၊ မြရင်နဲ့မင်းနဲ့ အချိန်ပိုတွေ့ ရတာ ပေါ့’

ဟု ပြောလေရာ အောင်ဘုက မျက်နှာရှုံ့မဲ့၍

‘မြရင်မရှိဘူးကွ၊ မနေ့ညကပဲ မြို့ကို ဘုရားဖူးထွက်သွားတယ်၊ မြရင်မရှိမှန်းသိရင် ထိတ်တုံး ခတ်မခံပါဘူးကွာ’

ဟု ညည်းတွားလေရာ ရေချမ်းက တဟားဟားရယ်မော၍

‘ကောင်းတယ်၊ လူပါးပုလင်းကွဲထိပြီ’

ဟု နောက်ပြောင်လေ၏ ။

ထိုအခါ အောင်ဘုက စိတ်အားတက်ကြွသော အမူအရာဖြင့်

‘ဒါပေမဲ့ ငါပြန်လွတ်တော့မှာ ပါကွ၊ ဒီရက်ပိုင်းအတါင်း ကျွဲခတ်ပွဲလုပ်မယ်လို့ သတင်းကြားတယ်။ ကျွဲခတ်ပွဲလုပ်မယ်ဆိုရင်တော့ ဒီရွာမှာ ငါတို့နှစ် ယောက် မရှိဘဲ ဖြစ်မှာ မဟုတ်ဘူး’

ဟု ပြောလေရာ ရေချမ်းက စိတ်အားတက်ကြွသော အမူအရာဖြင့်

‘တကယ်လား၊ သေချာရဲ့ လားကွ’

ဟု မေးမြန်းလေ၏ ။ အောင်ဘုက

‘မြို့ပေါ်က မြို့အုပ်မင်းနဲ့ အပေါင်းအပါတွေ တို့ရွာကိုရောက်လာလိမ့်မယ်။ မြို့အုပ်မင်းက ကျွဲခတ်ပွဲကြည့်ချင်တယ်ဆိုလို့ သူကြီးက စီစဉ်မှာ ကွ’

ဟု ပြောလိုက်လေတော့၏ ။

အောင်ဘုထွက်ချက်ထားသည့်အတိုင်း မှန်ကန်၏ ။ ထိုနေ့ညနေမှာ ပင် သူကြီးမင်းက အောင်ဘု ကို ထိတ်တုံးမှလွှတ်လိုက်ပြီး

‘ဟေ့ကောင် နောက်တစ်ကြိမ်ဆိုရင် ထိတ်တုံးနဲ့မရတော့ဘူး။ ကြိမ်လုံးစာပါကျွေးရမယ်။ မြို့ ပိုင်မင်းက ကျွဲခတ်ပွဲကြည့်ချင်တယ်ဆိုလို့ မင်းကံကောင်းသွားတယ်မှတ်ပါ။ ဒီနေ့ညနေပဲ ကျွဲခတ်ပွဲ အတွက် မင်းနဲ့ရေချမ်း လေ့ကျင့်ပေတော့။ သဘက်ခါ မြို့ပိုင်မင်းနဲ့အဖွဲ့ ရွာကိုရောက်လာလိမ့်မယ်’

ဟု ပြောလေရာ အောင်ဘုသည် သူကြီးကိုအသာစီးရရန် အခွင့်အလမ်းပေါ်လာပြီ ဖြစ်သဖြင့် သက်ပြင်းချကာ

‘အချိန်မရှိတော့ဘူးသူကြီး၊ ကျုပ်တို့လေ့ကျင့်ချိန်မရဘဲ ဘယ်လိုလုပ် ကျွဲခတ်ရပါ့မလဲ၊ အရှက်ကွဲကုန်ပါ့မယ်ဗျာ’

ဟု ပြောဆိုလေ၏ ။ သူကြီးသည် အောင်ဘု၏ စိတ်အားထက်သန်ပုံကိုကြည့်၍ စိုးရိမ်သွားပြီး

‘မင်းတို့နဲ့ယှဉ်ခတ်မယ့် ဖိုးတာတို့ အုပ်စုတောင် လေ့ကျင့်နေပြီ၊ ဘာ ဖြစ်လို့မ ဖြစ်ရမှာ လဲ၊ မင်းနဲ့ ရေချမ်းက ဒီရွာမှာ အကောင်းဆုံးကျွဲခတ်သမားတွေ မဟုတ်ဘူးလား’

ဟု ပြောလေ၏ ။ အောင်ဘုက ခေါင်းခါယမ်း၍

‘ဖိုးတာတို့နဲ့ကျုပ်တို့နဲ့ မတူဘူးဗျ၊ ဒီကောင်တွေ က အခံကျွဲထွက်ပြေးမယ့်ကောင်တွေ ၊ ပညာပြ ဖို့သိပ်မလိုဘူး။ ပညာပြဖို့ တကယ်လိုတာက ကျုပ်နဲ့ရေချမ်းဗျ။ ကျုပ်တို့မကောင်းရင် ကျွဲခတ်ပွဲက ဘယ်လိုမှ ကြည့်လို့ကောင်းမှာ မဟုတ်ဘူး’

ဟု အင်တင်တင်ပြောလိုက်ရာ သူကြီးမင်းသည် မြို့ပိုင်မင်းကို မျက်နှာလုပ်ရန် အလွန်စိတ် အားထက်သန်နေဖြင့် အောင်ဘုကို လေသံပျော့ပျော့ဖြင့်

‘လုပ်ပါ အောင်ဘုရာ၊ မင်းတို့လုပ်ရင် ဖြစ်ပါမယ်။ ဒီနေ့တစ်နေ့နဲ့ မနက်ဖြန် မနက်ပိုင်းလုံး လေ့ကျင့်ဖို့ အချိန်ရသေးတာပဲ’

ဟုပြောလေရာ အောင်ဘုသည် သူကြီးကို မျက်မှော င်ကြုတ်ကြည့်၍

‘ဒီလိုလေ့ကျင့်နေရင် ကျုပ်နဲ့ရေချမ်းရဲ့ စားဝတ်နေရေး ကို ဘယ်သူတာဝန်ယူမလဲ၊ ကျုပ်တို့က ထမင်းအငတ်ခံပြီး ကျွဲခတ်ရမှာ လား’

ဟု ပြောလေ၏ ။ သူကြီးမင်းသည် အောင်ဘုက အသာစီးရနေကြောင်း ရိပ်စားမိသွားပြီး လေသံပျော့ပျော့ဖြင့်

‘ဒီအတွက် မင်းတို့နှစ် ယောက် ဘာမှမပူနဲ့၊ မင်းနဲ့ကျွဲခတ်လေ့ကျင့်တဲ့နေရာကို ငါ့အိမ်က ထမင်း ချိုင့်ပို့ပေးမယ်။ မြို့ပိုင်မင်းရှေ့မှာ အကောင်းဆုံးကျွဲခတ်ပြဖို့ မမေ့နဲ့’

ဟု မှာ ကြားလေ၏ ။ အောင်ဘုက ရယ်မော၍

‘ဟဲဟဲ.. ဒါ ကတော့ ကျုပ်တို့ကျွဲခတ်ပွဲကို ဆုတော် ငွေဘယ်လောက်ချီးမြှင့်တယ်ဆိုတာလဲ မူတည်တယ်။ ဆုတော် ငွေများများ ရရင်တော့ ကျွမ်းများများ ပစ်မယ်၊ ဆုတော် ငွေနည်းရင်တော့ ကျုပ် တို့ကျွဲတွေ က သိပ်အပင်ပန်းမခံချင်ဘူး’

ဟု ဆိုလိုက်ရာ သူကြီးသည် အောင်ဘုကို စိတ်ထဲမှကျိတ်၍ ကျိန်ဆဲလိုက်ပြီး နှုတ်ကမူ

‘အေးပါကွာ… ဆုတော် ငွေထိုက်သင့်သလို ချီးမြှင့်ပါမယ်။ ကြိုးကြိုးစားစားသာ ခတ်စမ်းပါ’

ဟုပြောလိုက်လေတော့၏ ။ အောင်ဘုသည် သူကြီးအိမ်မှ ရင်ကော့၍ ထွက်ခဲ့လေတော့၏ ။

သူသည် တဲကလေးသို့ ပြန်ရောက်သော အခါ အိုးများ ပြုလုပ်နေသော ရေချမ်းကိုကြည့်၍

‘ရေချမ်း ငါပြန်လာပြီဟေ့။ ငါမသေဘူး ရေကူးတတ်တယ်။ သူကြီးက ငါ့ကို တောင်းတောင်း ပန်ပန်နဲ့ ပြန်လွှတ်လိုက်ပြီ၊ ငါတို့ ကျွဲခတ်ဖို့လေ့ကျင့်ရတော့မယ်’

ဟု ပြောလေရာ ရေချမ်းက ခေါင်းညိတ်၍

‘ဒီတစ်ခါတော့ မင်းလူမိုက်ကံကောင်း ဖြစ်သွားပြန်ပြီ၊ ညနေကျရင် ကျွဲခတ်နည်းနည်း ပြန်လေ့ ကျင့်တာပေါ့၊ ကျွဲခတ်ပွဲမှာ မြို့ပိုင်မင်းလာမယ်ဆိုတော့ ဆုတော် ငွေများများ ရမယ်ထင်တယ်’

ဟု မျှော်လင့်တကြီးပြောလေ၏ ။ အောင်ဘုက ခေါင်းညိတ်၍

‘ငါတော့ သူကြီးကို ရာဇသံပေးခဲ့တယ်ကွ၊ ဆုတော် ငွေနည်းရင် ကျွမ်းမထိုးဘူးလို့’

ဟု ပြောလေတော့၏ ။

ကျွဲခတ်ပွဲဆိုသည်မှာ ရှေ့ခေတ်က ဘုန်းကြီးပျံပွဲ၊ အလှူပွဲများ တွင် သူမပါလျှင် ပွဲမစည်ဟု ပြော စမှတ်ပြုရသော ကစားပွဲတစ်ခု ဖြစ်၏ ။

ကျွဲခတ်ပွဲပြုလုပ်ရန်အတွက် ၀ါးနှီးဖြင့် ကျွဲပုံရက်လုပ်ထားပြီး ၎င်း၏ အပေါ်မှ ပိတ်အနက်အုပ် ထားသော ကျွဲနှစ် ကောင်ခတ်သည့်ပွဲ ဖြစ်၏ ။

ကျွဲ၏ လည်တန်နှင့် ဦးခေါင်းအား လှည့်၍ ရအောင်အတွင်းမှ ဒလက်တပ်ထား၏ ။

အဆိုပါကျွဲပုံကို ပေါင်ရင်းအထိသာ ပြုလုပ်ထားပြီး ကျွဲပုံရက်လုပ်ထားသော ခြင်းထဲသို့ ဘောင်းဘီအနက် ၀တ်ဆင်ထားသော လူနှစ် ဦးက ရှေ့နောက်ဝင်ရောက်၍ ကျွဲလိုအသက်ဝင်အောင် လှုပ်ရှားသွားလာရ၏ ။

ကျွဲခတ်ပွဲအတွက် ကျွဲထဲတွင် ၀င်ရောက်သရုပ်ဆောင်ရသော လူနှစ် ဦးသည် အလွန်အရေး ပါ ၏ ။ ၎င်းတို့သည် ကျွဲပြေးပုံ၊ ကျွဲခြေလှမ်းလှမ်းပုံ၊ ဂျိုဖြင့် ကျုံးခတ်ပုံများ ကို သဘာဝကျကျ လေ့လာထား ရ၏ ။

ရှေ့ပိုင်းလူက ကျုံးခတ်နေလျှင် နောက်ပိုင်းလူက မြှော က်ပေးထားရ၏ ။

ရှေ့ပိုင်းလူက လှမ်းမျှော်ကြည့်သည့်သဏ္ဌာန် လည်တိုင်ကို ထောင်လိုက်လျှင် နောက်ကလူက ကျွဲအောက်ပိုင်းကို နှိမ့်ပေးထားရ၏ ။

ကျွဲ၏ သဏ္ဌာန်သဘာဝကျအောင် သရုပ်ဆောင်ရသော အတတ်သည် ခက်ခဲလှ၏ ။

ကျွဲနှင့် တူအောင် ဆုတ်တက်လှုပ်ရှားရ၏ ။ ဂျိုဖြင့် ကျုံးခတ်ရ၏ ။ တစ်ဖက်ရန်သူ ကျွဲကို အနိုင် တိုက်ခိုက်ရာတွင် ပညာသားပါရ၏ ။ ကျွဲခတ်သူနှစ် ဦး အကွက်စေ့လျှင် ကြည့်ရှုသူအပေါင်းသည် ကျွဲထဲ တွင် လူဝင်နေခြင်းကို မေ့လျော့ပြီး သက်ရှိကျွဲနှစ် ကောင်ခတ်နေသည်ဟု ထင်မြင်နေကြ၏ ။

ရေချမ်းတို့ ကျွဲနှင့် ယှဉ်ပြိုင်မည့် သူမှာ ဖိုးတာနှင့် ဥာဏ်ဝင်းတို့ ဖြစ်၏ ။ ၎င်းတို့သည် ကျွဲခတ်သည့် အတတ်ပညာတွင် ရေချမ်းတို့ကို မမီသဖြင့် အခံကျွဲနေရာမှပင် သရုပ်ဆောင်ရ၏ ။

အခံကျွဲဆိုသည်မှာ ရေချမ်းတို့ ကျွဲနှင့် အတန်ကြာအောင် အားပြိုင်၍ ခတ်ကြရင်း နောက်ဆုံး တွင် အခြေမလှဘဲ ကျွဲခတ်ပွဲမှ ထွက်ပြေးရန် ဖြစ်၏ ။

ကျွဲခတ်ပွဲကို လူအများ နှစ်သက် ကြသဖြင့် ရွာတစ်ရွာတွင် ကျွဲခတ်တတ်သူ တစ်ဦးစ နှစ် ဦးစ ရှိတတ်၏ ။ ရေချမ်းနှင့် အောင်ဘုသည် ကျွဲခတ်သည့်နေရာတွင် အချိတ်အဆက်မိပြီး အလွန်ကျွမ်းကျင် သူများ ဖြစ်၏ ။

ထို့ကြောင့် ၎င်းတို့နှစ် ဦးကို အလှူအတန်းရှိလျှင် အနီးအနားရွာများ မှ ကျွဲခတ်ရန် လာရောက် ငှားရမ်းကြ၏ ။

ညနေစောင်းသော အခါ ရေချမ်းနှင့် အောင်ဘုသည် သူကြီးမင်း၏ အိမ်သို့ သွား၍ ကျွဲခတ်ရန် ကျွဲ ပုံသဏ္ဌာန်ပြုလုပ်ထားသော ခြင်းကြီးများ ကို ယူဆောင်ကြ၏ ။

ထို့နောက် ရွာပြင်သို့ ထွက်၍ အရိပ်ကောင်းသော နေရာတွင် ကျွဲကြီးတစ်ကောင်အတွင်းသို့ ၀င်လိုက်ပြီး ကျွဲခတ်ပွဲအတွက် ကြိုတင်လေ့ကျင့်ကြလေ၏ ။

၎င်းတို့သည် ကျွဲခတ်ပွဲပေါင်းများ စွာ တွင် ပါဝင်ခဲ့ဖူးသဖြင့် အတွေ့ အကြုံရင့်ကျက်သူများ ဖြစ်ကြ ပြီး ခဏအကြာတွင် ကောင်းစွာ လေ့ကျင့်ပြီးသား ဖြစ်သွား၏ ။

ရေချမ်းသည် ချွေးများ စို၍ ကျွဲထဲမှထွက်လိုက်ပြီး

‘ဒီပုံအတိုင်းဆိုရင် မနက်ဖြန် လေ့ကျင့်စရာတောင်မလိုဘူး၊ ငါတို့ကောင်းကောင်းခတ်နိုင်တယ်’

ဟု ပြောလိုက်ရာ အောင်ဘုက ခေါင်းကိုခါယမ်း၍

‘ငါတို့ မနက်ဖြန် နားနေလို့မရဘူး၊ ကျွဲခတ်ပွဲလေ့ကျင့်ဖို့တွက် သူကြီးအိမ်က ထမင်းချိုင့်ပို့ခိုင်း ထားတယ်။ သူပို့ပေးတဲ့ထမင်းကို မြိန်မြိန်ရှက်ရှက်ကြီးစားပြီး ကျွဲခတ်ရမယ်။ သူကြီးလိုကပ်စေးနည်း ကြီးရဲ့ ထမင်းချိုင့်ကိုစားရတာ ငါတော့ အားရတယ်ဟေ့’

ဟု ကြုံးဝါးလေ၏ ။ ထိုနေ့က ရေချမ်းတို့သည် ကျွဲခတ်ပွဲအတွက် နေ၀င်ကာနီးသည်အထိ လေ့ကျင့်ကြပြီး ရွာသို့ ပြန်လာခဲ့ကြလေ၏ ။

* * * * *




ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ အတုမရှိစည်တော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နောက်ဆုံးဧကရာဇ်

လိုတရကံကြီးရှင်

ပွဲကျောင်းသား မိုးကောင်း