Cover

မေတ္တာရှေ့ထားအမှာ စကားမောင်ရေး ခဲ့တဲ့ မောင့်ရဲ့ သမိုင်း

အခန်း (၁)

အောင်ကျော်ရေ

မင်းသေရတာ တို့ဖြေသာတယ်…

မင်းဟာ နယ်ချဲ့လက်ချက်ကြောင့် ပေမို့….။

RC ရှိ အနုပညာခန်းမရှေ့တွင် ကပ်ထားသော စာတိုစာရှည်များ စွာ ကို လျှောက်ဖတ်ကြည့်ရင်း ဘုန်းသုခအကြည့်က ထိမိရှတလွန်းသော ထိုစာသားလေးဆီမှ ဖယ်ခွာ၍ မရနိုင်တော့။ နှုတ်ဖျားမှလည်း အလိုအလျောက် အသံထွက်ပြီး ရွတ်ဆိုပြန်သည်။

အောင်ကျော်ရေ

မင်းသေရတာ တို့ဖြေသာတယ်…

မင်းဟာ နယ်ချဲ့လက်ချက်ကြောင့် ပေမို့…။

ထိုသို့ရွတ်ဆိုရင်းက ရင်ထဲ ပိုလို့ပင် ထိခိုက်နာကျင်လာရသည်။ ရှိနှင့်နေပြီးသော နာကျည်းခံပြင်းစိတ်ကလည်း ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအနှံ့သို့ တရှိန်ထိုး တိုးဝင်စီးဆင်းလာသည်။

ဟုတ်သည်ပဲ။

၁၉၃၈ ခုနှစ် ၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းသားကိုအောင်ကျော် ကျဆုံးခဲ့ရခြင်းမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်ချက်ကြောင့် ဖြစ်သည်။

သမိုင်းကို ပြန်တွေးမိသလောက်ဆိုရင် အဠာဝကသခင်ဖိုးလှကြီး ခေါင်းဆောင်သော ရေနံမြေသပိတ်တပ်ကြီးကို သွားရောက်အားပေး ကူညီကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဗဆွေနှင့် ကိုဘဟိန်းတို့ကို မကွေးမြို့၌ နယ်ချဲ့အင်္ဂလိပ်တို့က ဖမ်းဆီးလိုက်သည်။

မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်ဆိုသော ကိုဘဟိန်း၏ ရဲရဲတောက် စကားဓားသွားက နယ်ချဲ့တို့၏ ရင်ဝကို တည့်တည့်ကြီး ထိုးစိုက်မိသွားဟန် တူပါသည်။

ကိုဗဆွေနှင့် ကိုဘဟိန်းတို့ အဖမ်းခံရသည်ကို မကျေနပ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဦးဆောင်မှု ဖြင့် မြန်မာတစ်ပြည်လုံး အင်္ဂလိပ်တို့အား ကန့်ကွက် ဆန္ဒပြ ကတော့သည်။

အတွင်းဝန်ရုံးကို ၀ိုင်းဝန်းဆန္ဒပြနေစဉ် နံပါတ်တုတ်ကိုင် မြင်းစီးစစ်ပုလိပ်များ ဂေါ်ရာစစ်ပုလိပ်များ က ရက်စက်စွာ ရိုက်နှက်ဖြိုခ်ွငးရာ ကျောင်းသားကျောင်းသူ အများ အပြား ထိခိုက်ဒဏ်ရာ ရရှိကြသည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်လည်း ထိုဒဏ်ရာဒဏ်ချက်များ ကြောင့် ကျဆုံးခဲ့ရရှာသည်။

``တောက်´´

ဘုန်းသုခ တက်ပြင်းပြင်းတစ်ချက် ခေါက်လိုက်သည်။

``ဒါဆိုရင်… ဒါဆိုရင်…´´

နယ်ချဲ့လက်ချောင်ကြောင့် ကိုအောင်ကျော် ကျဆုံးပြီး နှစ် ပေါင်းငါးဆယ်အကြာ ၁၉၈၈ ခုနှစ် ၊ မတ်လ ၁၃ ရက်နေ့ည အရေး အခင်းမှာ စက်မှု တက္ကသိုလ်ကျောင်းသား ကိုဘုန်းမော် ကျဆုံးခဲ့ရသည်မှာ မည် သူ့လက်ချက်ကြောင့် ပါလဲ။ တစ်ဦးနှင့်တစ်ဦး သံယောဇဉ် ထားရန်မလိုသည့် တိုင်းတစ်ပါးသား နယ်ချဲ့လက်ချက်ကြောင့် ဆိုလျှင် ကြံဖန်ပြီး ဖြေသာလို့ ရပါဦးမည် ။ အခုတော့.. အခုတော့… ဘယ်လိုမှ ဖြေသာလို့ မရအောင် ကိုယ့်လူမျိုးအချင်းချင်းကိုမှ မထောက်မညှာ ရက်ရက်စက်စက် လုပ်ရက်ပလေတယ်။

``ဟာ… ရာဇ၀င် ရိုင်းလိုက်လေကွာ´´

ဘုန်းသုခ စိတ်မထိန်းနိုင်ဘဲ နံရံကို လက်သီးနှင့်တစ်ချက် ထိုးမိသည်။ မဆလပါတီ အာဏာရှင် ဦးနေ၀င်းအစိုးရရဲ့ ကျောင်းသားတွေ အပေါ် တရားလက်လွတ် ဖိနှိပ်သတ်ဖြတ်နေမှု တွေ ကို ဒီအတိုင်း ရပ်ကြည့်နေလို့တော့ လုံးဝမ ဖြစ်ဘူး။ သမိုင်းပေးတာဝန် တစ်ရပ်အနေနှင့် စွမ်းနိုင်သလောက် ဆန့်ကျင်ရင်ဆိုင်မှ ဖြစ်မယ်။

ဟုတ်တယ်။ လုပ်ရမယ်။ တစ်ခုခုတော့ ပြန်လုပ်မှ ဖြစ်မယ်။

``အောင်ကျော်ရေ

မင်းသေရတာ တို့ဖြေသာတယ်

မင်းဟာ နယ်ချဲ့လက်ချက်ကြောင့် ပေမို့…´´

ဆိုသော ကျယ်လောင်သည့် ရွတ်ဆိုသံကြောင့် ရင်ဆတ်ခနဲ ခုန်သွားပြီး သတိပြန်ဝင်လာရသည်။ ထိုအခါမှ နံရံကပ်စာများ ကို ဖတ်ရှုရန် အတင်းတိုးဝှေ့နေကြသော ကျောင်းသားကျောင်းသူတွေ ကြောင့် ဘုန်းသုခကိုယ်တိုင်လည်း နောက်သို့ ရောက်မှန်းမသိ ရောက်သွားသည့်အ ဖြစ်ကို ဆင်ခြင်မိသည်။

အနားသို့ရောက်အောင် မတိုးနိုင်သူများ အနေဖြင့် နံရံကပ်စာများ ကို ဖတ်ရှုရန် အခက်အခဲ ရှိသည်ကို ရိပ်မိဟန်တူသော ကျောင်းသားတစ်ဦးက အသံကျယ်ကျယ်ဖြင့် အော်ဖတ်ပြနေခြင်း ဖြစ်သည်။ ကပ်ထားသော စာ အများ အပြား ရှိသည့်အနက် မည် သူရေး ပြီး ကပ်သွားသည်မသိသော ထိုစာသားလေးများ ကိုသာ ဖတ်သူကလည်း အာတွေ့ သလို နားထောင်နေသူတွေ ကလည်း ရင်သို့ရောက်သည့်အတွက် ပွဲအတောင်းခံရဆုံး ဖြစ်နေသည်။

တစ်ယောက် အသံနာသွားလျှင် တစ်ယောက် လူလဲပြီး ဖတ်ပြခဲ့ကြသည်။ တချို့ကျတော့လည်း စိတ်ခံစားချက်အရ ဖတ်ပြမည် ဆိုပြီး ဟန်သာပြင်လိုက်သည်။ တကယ်တမ်း လူအုပ်ကိုလည်း တွေ့ ရော စိတ်လှုပ်ရှားပြီး အသံက တိမ်ဝင်သွားသည်။ ထိုအခါ နားထောင်လိုသူ ကျောင်းသားတွေ က အားမလိုအားမရ ဖြစ်ပြီး ၀ိုင်းဆဲကြသည်။

``ရှီးထဲမှပဲ… ဒါလေးဖတ်ပြတဲ့ဟာ ဘာ ဖြစ်တာလဲ… အသံက မထွက်တော့ဘူး´´

``အေးလေးကွာ… ကြက်တူရွေး လည်ပင်းညှစ်ခံရတာ ကျနေတာပဲ´´

``ကြာတယ်ကွာ… နောက် တစ်ယောက် ထပ်ဖတ်ပြကွာ´´

နားထောင်လိုသော ကျောင်းသားများ က စိတ်စောပြီး အပြစ်ပြောလာသော အခါ အော်ဖတ်ပြသည့် တာဝန်ကို သူတို့သဘောနဲ့သူတို့ ယူထားကြသော ကျောင်းသားတွေ မှာ လည်း အလိုလို ရှိန်ပြီး ဖတ်ပြမယ့်သူ ရုတ်တရက် ရှားပါးသွားရသည်။ ထိုအချိန်မှာ ပင်…

``အားလုံးနားထောင်ပါ… ကျွန်တော် ဖတ်ပြပါ့မယ်´´

ဆိုသော အသံနှင့်အတူ အသားညိုညို၊ ဆံပင်အလယ်ခွဲနှင့် ကျောင်းသား တစ်ယောက် ကို တွေ့ ရသည်။

``အင်း… ဒီကောင့်အသံလောက်ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်´´

``ဟာ… ဒီကောင် တို့မြန်မာစာက မဟုတ်လား´´

``ဟုတ်တယ်လေကွာ…ငါနဲ့အတူ အာစီဝမ်းက အောင်လာတဲ့ ကျော်တင့်ဆိုတဲ့ ကောင်လေကွာ´´

အနားရှိ ကျောင်းသားသုံးယောက် ၏ ပြောသံဆိုသံကို နားထောင်ပြီး ထိုသူမှာ မြန်မာစာကျောင်းသား ကျော်တင့်ဆိုတာ သိလိုက်ရသည်။

``အောင်ကျော်ရေ

မင်းသေရတာ တို့ဖြေသာတယ်

မင်းဟာ နယ်ချဲ့လက်ချက်ကြောင့် ပေမို့…´´

ကျော်တင့်ဆိုတဲ့ကောင်က လူကောင်သေးသလောက် အသံအား ကတော့ အတော် ကြီးသည်။

သူဖတ်ပြတာကို အားလုံးပီပီသသ ကြားနိုင်ကြသည်။ ကပ်ထားသော စာများ ကို လိုက်ကူးရေး နေကြသော ကျောင်းသားကျောင်းသူအချို့ပင်လျှင် လိုက်ကူးရေး နေတာကို ခေတ္တရပ်ပြီး စာအုပ်နှင့် ဘောပင်တွေ ကို ကိုင်လျက် ကျော်တင့်အော်ရွတ်ပြနေသည်ကို လှည့်ကြည့်ကြသည်။

ထိုအချိန်မှာ ပင် မကျေနပ်မှု ကို ဖော်ထုတ်ပြသည့်အနေနှင့် အဆောင်တွေ ကိုပတ်ပြီး စီတန်းလှည့်လည်နေသည့် ကျောင်းသားအုပ်ကြီး အဓိပတိလမ်းအတိုင်း ဘွဲ့နှင်းသဘင်ဘက်သို့ ချီတက်သွားသည်ကို လှမ်းတွေ့ လိုက်ရသည်။

ရန်ကုန်ကတ္ကသိုလ်တစ်ဝင်းလုံး မနယ်ဆယ်နာရီလောက်ကတည်း လှုပ်လှုပ်ရွရွ ဖြစ်နေလေရာ နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ တော့ လှုပ်ရှားမှု တွေ က ပိုမိုအားကောင်းလာသည်။

အဆောင်တွေ ကို လှည့်ပတ်ပြီး စီတန်းလှည့်လည်ကာ ဆန္ဒပြသူတွေ က ပြန်နေသလို ကျောင်းသားအရေး မှာ ကျောင်းသားသွေးတွေ ရဲဖို့အတွက် ခံပြင်းပေါက်ကွဲမှု တွေ ကို ခံစားမိသလို ရေး ပြီးကပ်ထားသော နေရာများ ကတော့ အာစီရှိ အနုပညာခန်းမ၀န်းကျင်နှင့် ဂျပ်ဆင်အနောက်ဘက် နံရံတွေ က အဓိက ဖြစ်သည်။ ရေး ကပ်ထားသော စာများ ကို ဖတ်ရှုသူတွေ က ဖတ်ရှုပြီး သွေးတွေ ဆူပွက်လာသလို ပြန်လည် လက်ဆင့်ကမ်း ဖြန့်ဝေရန်ဆိုသော အတွေးနှင့် လိုက်ကူးသူတွေ လိုက်ကူးရေး နေကြလေသည်။

ဘုန်းသုခကိုယ်တိုင်လည်း သွေးကြောတွေ ဖျဉ်းခနဲ ဖျဉ်းခနဲ ဖြစ်ပြီး ပေါက်ထွက်သွားမတတ် ခံစားစိတ်ပြင်းထန်လာလျက် လက်သီးနှစ် ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ခံပြင်းနာကျည်းမှု ကြောင့် သွေးဆူလာသော ကျောင်းသားအချို့၏ ဒေါသတွေ က ဘရိတ်ပေါက်သွားလေသည်။

``xီးပဲကွာ…. ဒီလောက်တောင် ဖြစ်လှတာ… တစ်ကျောင်းလုံး မြေလှန်ပစ်ကွာ ကြာတယ်´´

``တို့ကျောင်းသားတွေ ကို ဒီလိုလုပ်ချင်တိုင်း လုပ်လို့ရမယ်များ မှတ်နေလား… မရဘူးကွ… ပါးရိုက်ရင် နားကိုက်တတ်တယ်ဆိုတာကို ဟောဒီလို လုပ်ပြလိုက်မယ်ကွ…´´

သွေးဆူလာသူတချို့ကြောင့် အနုပညာခန်းမရှေ့တွင် ရှိနေကြသော ကျောင်းသားများ ဘေးသို့ ရှဲထွက်သွားကြသည်။

အချို့ကျောင်းသား ကောင်းသူများ ကတော့ တစ်စုံတစ်ရာကို စိုးရိမ်ထိတ်လန့်ဟန်ဖြင့် နေရာမှ ရှောင်ထွက်သွားကြသည်။

ဘုန်းသုခလည်း ဖြစ်ပေါ်နေသော အခြေအနေတွင် နစ်မျောနေရာမှ ကျောင်းသားအချို့၏ ဒေါသပေါက်ကွဲမှု ကို ကြည့်ပြီး ခန္ဓာကိုယ် မတ်ခနဲ ဖြစ်သွားရသည်။

လမ်းကြောင်းလွဲနေပြီ ဆိုသော အသိဖြင့် လက်လွန်ခြေလွန်မ ဖြစ်ခင် တားဆီးဖျောင်းဖျဖို့ ကြိုးစားရသည်။

``ဟာ… ဟိတ်ကောင်တွေ ဟိတ်ကောင်တွေ … မလုပ်ပါနဲ့ကွာ… ဒီကိစ္စ တို့ကျောင်းပစ္စည်းတွေ နဲ့ ဘာဆိုင်လို့လဲ…´´

``ဆိုင်ဆိုင်မဆိုင်ဆိုင်ကွာ… တို့ကျောင်းသားတွေ ကို မကြောက်တတ်ဘူးဆိုတာ ဇလေးတော့ ပြထားရမယ်ကွ… လာပြီဟေ့… ယား…´´

သွေးဆူနေသော ကျောင်းသားအချို့၏ ဒေါသပေါက်ကွဲမှု ကို ဘုန်းသုခနည်းတူ အခြားကျောင်းသား ကျောင်းသူကလည်း နီးစပ်ရာ ဆွဲလွဲဖျောင်းဖျဖို့ ကြိုးစားနေကြသည်ကို တွေ့ ရသည်။

ကျော်တင့်အော်ပြီး ဖတ်ပြနေစဉ်မှာ ပင် စိတ်လှုပ်ရှားမှု အမြင့်ဆုံးရောက်သွားသော ကျောင်းသားအချို့၏ ကန်ချက်ကြောင့် ၀ုန်းဆိုပြီး အနုပညာခန်းမ၏ တံခါးရွက်လည်း ဘောင်မှပြုတ်ထွက် လွင့်စင်သွားသည်။

ဘုန်းသုခလည်း ပြောတာတိုးမပေါက်သဖြင့် စိတ်တိုသွားလျှက် ထိုနေရာမှ ချာခနဲ လှည့်ထွက်ခဲ့သည်။

ထိုသို့ ထွက်လာရင်းနှင့်မှ စိတ်တိုတာမပြေနိုင်သေးဘဲ အိမ်ပြန်တာပဲ ကောင်းတယ်ဆိုသော အတွေးဖြင့် အိမ်သို့သာ တန်းပြန်လေသည်။

ဘုန်းသုခ ကျောင်းမှ အိမ်သို့ပြန်လာစဉ် လှည်းတန်းမီးပွိုင့်လမ်းဆုံတွင် ရူပဗေဒကျောင်းသား ယဉ်ထွေးနှင့် တွေ့ သည်။

ယဉ်ထွေးက ဘုန်းသုခကိုတွေ့ သည်နှင့် ကျောင်းထဲပြန်လိုက်ရန် အတင်းဆွဲခေါ်လေသည်။

``ဟာ… ဟိတ်ကောင် ဘုန်းသုခ… ဘယ်သွားမလို့လဲ…´´

``အိမ်ပြန်မလို့…´´

``ဟာ… မင်းကလဲ… တို့ကျောင်းသားတွေ အရေး ကြုံနေတာကို သိရဲ့ သားနဲ့ ခေါင်းမရှောင်ပါနဲ့ကွ… ကျောင်းထဲကို ပြန်လိုက်ခဲ့စမ်းပါ…´´

``ဆောရီးပဲကွာ… ငါ မလိုက်ချင်တော့ဘူး …. အိမ်ပဲ ပြန်တော့မယ်…´´

``ဘာလဲ… မင်းက ကျွတ်နေတာလား… လာပါကွာ… မကျွတ်စမ်းပါနဲ့… ဘာမှ ကျွတ်စရာ အကြောင်းမရှိဘူး…´´

``အေးပါ မင်းမကျွတ်တတ်ရင်လည်း မင်းဘာသာပဲ သွားပါတော့ ယဉ်ထွေးရာ… ငါ ကတော့ ကျွတ်လို့ အိမ်ပဲပြန်တော့မယ်… ဟုတ်ပြီလား…´´

ဘုန်းသုခ အတင်းဆုပ်ကိုင်ပြီး ဆွဲခေါ်နေသော ယဉ်ထွေးလက်ကို ဆွဲဖယ်လိုက်ပြီး အိမ်သို့ပြန်ရာ လမ်းကိုသာ ခြေဦးတည့်တည့်လှည့်ပြီး ဆက်လှမ်းလေသည်။

ယဉ်ထွေးက ဘုန်းသုခကို သူရဲဘောကြောင်တဲ့ကောင်ပဲဆိုသော အကြည့်ဖြင့် တစ်ချက်လှည့်ကြည့်ပြီး ကျောင်းဆီသို့ ခပ်သုတ်သုတ် လှမ်းလေသည်။

ဘုန်းသုခလည်း မိမိဘာတွေ မကျေလည်လို့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ရသည်ကို ယဉ်ထွေးအား ထူးပြီး ရှင်းပြလိုစိတ် မရှိ။

အိမ်ပြန်ရောက်ရင် ထမင်းစားပြီးတာနဲ့ တစ်ရေး တမော အိပ်လိုက်ကာ ဗိုက်ပြည့်ရုံသာမက အိပ်ရေး လည်း ၀သေးသည်။ နေသာသလို နေနိုင်လိုက်ခြင်း၏ အကျိုးကျေးဇူးက ကိုယ်တိုင်လည်း ဘေးကင်းရန်ရှင်းပြီး မိဘတွေ လည်း စိတ်ချမ်းသာရသည် မဟုတ်ပါလား…။

♥ ♥ ♥


အခန်း (၂)

ဘုန်းသုခ လူကသာ အိမ်ရောက်လာသော်လည်း စိတ်က ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ ပဲ ကျန်ရစ်ခဲ့သည်။ မိဘတွေ စိတ်ပူမှာ စိုးသဖြင့် ကျောင်းထဲမှာ ဘာတွေ ဖြစ်နေသည်ကို ပြန်မပြောပြတာပဲ ရှိသည်။

အမေခူးပေးသော ထမင်းကို ကသုတ်ကရက် စားပြီးနောက် အိမ်နောက်ဘက်ရှိ ဦးသန်းလှ၏ အိမ်သို့ ကူးလာပြီး ကျောင်းထဲက အခြေအနေတွေ ကို မအောင့်နိုင်တော့ဘဲ ပြန်ပြောပြ ဖြစ်သည်။

ဦးသန်းလှသည်လည်း ရပ်ကွက်ထဲတွင် ဘုန်းသုခနှင့် လေပေးဖြောင့်သည့် မိတ်ဆွေ တစ်ယောက် ဖြစ်သလို ဦးလေးဝမ်းကွဲ တော် စပ်သည်ဟု ပြောနိုင်သူလည်း ဖြစ်သည်။

ဘုန်းသုခပြောပြသမျှ စိတ်ဝင်တစားနှင့် နားထောင်ပြီးနောက် ဦးသန်းလှက…

``အေးကွာ… ဒါဆိုရင် ငါ့တူကြီးက ကိုယ်ကျောင်းသားအရေး မှာ ဘာမဟုတ်တာလေးနဲ့ အတွေးချော်ပြီး အိမ်ပြန်လာတယ်ဆိုတာ ကတော့ မ ဖြစ်သင့်ဘူး ထင်တာပဲ´´

``မှန်တာပြောရရင် ကျွန်တော် လည်း ဒီလိုအချိန်မျိုးမှာ ကိုယ့်ကျောင်းသား ကျောင်းသူတွေ နဲ့အတူတူ ကျောင်းထဲမှာ ပဲ ရှိနေရမယ့်ဟာကို အိမ်ပြန်လာမိတာ စိတ်ထဲမလုံလို့ ဦးသန်းလှကို ခုလိုလာပြောပြမိတာ´´

``အေးလေ… ခုလို ပြောပြလိုက်တော့လည်း ကောင်းပါတယ်…. စိတ်ထဲ ပေါ့သွားတာပေါ့…´´

``စိတ်ထဲပေါ့သွားတာ မဟုတ်ဘူး ဦးသန်းလှရေ… ပြောပြီးခါမှ စိတ်ကပိုပြီး နေမထိ ထိုင်မသာ ဖြစ်လာတယ်… အခု ကျောင်းထဲမှာ ဘာတွေ ဖြစ်ကုန်ပြီလဲတောင် မသိဘူး… မ ဖြစ်ပါဘူး… ကျွန်တော် ကျောင်းထဲကို အခုပဲ ပြန်သွားမှ ဖြစ်မှာ ပါ…´´

``အေး ကောင်းတယ်.. သွားလေကွာ.. ငါလည်း လိုက်မှာ ပေါ့….´´

ဘုန်းသုခ ပြောပြောဆိုဆို နေရာမှ ထွက်ခွာသည်နှင့် ဦးသန်းလှက သူလည်း လိုက်မယ်ဆိုပြီး တစ်ခါတည်း ထလိုက်လာလေသည်။

ဘုန်းသုခလည်း ဦးသန်းလှ တစ်ယောက် လုံး လိုက်ပါအားပေးသဖြင့် ပိုမိုတက်ကြွသွားကာ ခြေလှမ်းတွေ က ပိုမိုသွက်လက်လာလေသည်။

♥ ♥ ♥


အခန်း (၃)

အင်းစိန်လမ်းမကနေ စံရိပ်ငြိမ်အတွင်းလမ်းအတိုင်း ဖြတ်လျှောက်ခဲ့ရသည်။ ပြည်လမ်းရှိ ယုဒဿန်ရိပ်သာနားသို့ အရောက်တွင် ဦးသန်းလှက ကျောင်းထဲကို လိုက်မ၀င်ဘဲ အခြေအနေကို စောင့်ကြည့်ရန် ကျန်နေရစ်ခဲ့သည်။

ဘုန်းသုခ ကျောင်းထဲရောက်၍ အခြေအနေကို စစည်းနာကြည့်သော အခါ ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူအားလုံး နီးပါလောက်က စီးပွားရေး တက္ကသိုလ် ရှေ့လမ်းမှနေ၍ ပြည်လမ်းအတိုင်း အာစီတူးသို့ ချီတက်သွားပြီဟု သိရသည်။

သူတို့အစီအစဉ်က အာစီတူးရှိ ကျောင်းသားများ နှင့် ပေါင်းစုကာ အင်းစိန်ကြို့ကုန်းရှိ စက်မှု တက္ကသိုလ်သို့ ဆက်လက်ချီတက်ပြီး သွေးစည်းမှု ကို ပြရန်ဟူ၍ သိရသည်။ အင်းလျားကန်တစ်ဖက်ထိပ် စွပ်ကျယ်စက်မှတ်တိုင်အနီးတွင် အတားခံထားရသည်ဟုလည်း ဆက်လက်သိရှိရသည်။

ဘုန်းသုခလည်း စဉ်းစားမနေတော့ဘဲ အာစီတူးသို့ ချီတက်သွားသော ကျောင်းသားထုနှင့် သွားရောက်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။

ဘွဲ့နှင်းသဘင်ခန်းမ နောက်ကျောရှိ ၀င်းတံခါးပေါက်မှ ထွက်ပြီး အင်းလျားကန်ပေါင်အတိုင်း လိုက်လျှင် သူတို့ကို မီနိုင်သည်ဆိုတာ တွေးမိသဖြင့် အဓိပတိလမ်းအတိုင်း ဘွဲ့နှင်းသဘင်ဆီသို့ သုတ်ခြေတင်လေသည်။ ဘွဲ့နှင်းသဘင်ရှေ့နား အရောက်တွင် …

``လုံထိန်းတွေ လာပြီ… လုံထိန်းတွေ လာပြီ… ပြေး ပြေး….´´

ဆိုသော အော်ဟစ်သတိပေးသံက ဆူညံစွာ ထွက်ပေါ်လာပြီး ဘွဲ့နှင်းသဘင် နောက်ကျောမှနေ၍ အလုအယက် ပြေးထွက်လာကြသော ကျောင်းသားကျောင်းသူ အချို့ကို တွေ့ ရလေသည်။

``ပြေး… ပြေး… လုံထိန်းတွေ လာပြီ…. လုံထိန်းတွေ လာပြီ…´´

စက်မှု တက္ကသိုလ် အရေး အခင်းတွင် နာမည် ကြီးသွားသော လုံထိန်းများ က မိမိတို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူများ ကိုလည်း ရန်ကုန်တက္ကသိုလ်ထဲအထိ လိုက်ပြီး ရိုက်နှက်ပစ်ခတ်လေပြီဆိုသော အတွေးဖြင့် ဘုန်းသုခ ရုတ်တရက် ထိတ်လန့်သွားရသည်။

ကျောင်းဝင်းထဲရှိ အခြားကျောင်းသားကျောင်းသူများ နည်းတူ ဘုန်းသုခလည်း ကြောက်ပြီး နီးရာလမ်းအတိုင်း ထွက်ပြေးမိသည်။

ပြေးရင်းနှင့် ၀ိဇ္ဇာခန်းမရှိရာ ကျောင်းဆောင်၏ စင်္ကြံလမ်းဘက်သို့ ရောက်ရှိသွားသည်။

ခါးလယ်မက မြင့်သော စင်္ကြံလမ်း အကာအရံကို လွှားခနဲခုန်ကျော်တက်ရသည်။ ပြီး စင်္ကြံလမ်းအတိုင်း ပြေးမည် ပြုစဉ်…

``ဟိတ်… ဟိတ်…ဒီမှာ ဒီမှာ … တို့ကိုလည်း ဆွဲကူတင်ပေးပါဦး….´´

ဆိုသည့် အကူအညီတောင်းသံ ကြားသဖြင့် လှည့်ကြည့်ရာ ဘုန်းသုခတို့ကဲ့သို့ပင် ခြေဦးတည့်ရာ ပြေးလာဟန်တူသော ကျောင်းသူတစ်ဦးကို တွေ့ ရသည်။

ထို့ကြောင့် ဘုန်းသုခလည်း မနေသာဘဲ နောက်ပြန်လှည့်လာကာ သူမလက်ကို လှမ်းဆွဲပြီး ကျော်လွှားတက်စေရသည်။

``လာ… လာ… လက်ကို မြန်မြန်ဆွဲပြီးတက်… တော် ကြာ လုံထိန်းတွေ မိသွားဦးမယ်…´´

``အင်းပါ… ကဲ… သေချာဆွဲထားနော် တက်ပြီ… ၀မ်း တူး သရီး…´´

သူမ စင်္ကြံလက်ရမ်းကို ရောက်သည်နှင့် ဘုန်းသုခလည်း လက်ရမ်းပေါ်မှ ခုန်ဆင်းပြီး ဆက်ပြေးမည် ပြုရာ သူမက…

``ဟေ့… ဟေ့.. နေဦးလေ… တို့ခုန်ချမလို့ ထိန်းထားပေးဦးလေ….´´

ဆိုပြီး လက်ကမ်းပေးသဖြင့် ဘုန်းသုခလည်း လောနေရင်းနှင့်ပင်…

``သြော်… အေး … ဟုတ်သားပဲ.. လာ လာ… မြန်မြန်ခုန်ချ… ထိန်းပေးထားမယ်…´´

ဟုဆိုရင် သူမလက်နှစ် ဖက်ကို အသေအချာ ဆုပ်ကိုင်ကာ ခုန်ချစေသည်။ သူမခုန်ချပြီးသည်နှင် အချိန်မဆိုင်းဘဲ ဆက်ပြေးရသည်။

``ရပြီ… ဆက်ပြေးရအောင်…´´

``အေး… ပြေးမယ် လာ´´

ဘုန်းသုခ တစ်ယောက် တည်း ကိုယ်လွတ်ရုန်း မပြေးလိုသဖြင့် သူမလက်တစ်ဖက်ကို ဆွဲပြီး စင်္ကြံလမ်းအတိုင်း ဆက်ပြေးမိသည်။

ဝိဇ္ဇာခန်းမဘေးသို့ အရောက်တွင် ဘွဲ့နှင်းသဘင်ဘက်သို့ ဦးတည်ပြေးသွားသော ကျောင်းသား လေးငါးယောက် ကို တွေ့ ရသည်။

``အဲဒီ လုံထိန်းဆိုတဲ့ကောင်တွေ ကျောင်းထဲအထိ အတင့်ရဲပြီး ၀င်လာလို့ ကတော့ လုံးဝပဲ… သူသေကိုယ်သေကို ပြန်ချပစ်မယ်…´´

``ဟုတ်တယ်… ချပစ်မယ်… ဘာမှ ကြောက်စရာ မလိုဘူး…´´

ဘွဲ့နှင်းသဘင်ဆီသို့ ပြေးရင်းပြောသွားသော သူတို့၏ စကားကိုကြားမှ သူတို့တတွေ လုံထိန်းတွေ နှင့် သတ္တိရှိရှိ သွားရောက်ရင်ဆိုင်ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

ထိုအခါမှ ဘုန်းသုခလည်း ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိပြီး ရှက်စိတ်ဝင်လာရသည်။

ရှက်စိတ်နှင့်အတူ ခေတ္တပျောက်ကွယ်သွားသော ရဲရင့်မှု များ လည်း ပြန်လည်ထွက်ပေါ်လာလျှက် ဘွဲ့နှင်းသဘင်ဘက်သို့ ခြေဦးပြန်လှည့်ပြေးလေသည်။

လူတစ်ကိုယ်လုံး အမိတက္ကသိုလ် ပရ၀ဏ်ထဲ ကျူးကျော်ဝင်ရောက်လာသည့် လုံထိန်းများ နှင့် ရင်ဆိုင်တိုက်ခိုက်မည် ဆိုသော စိတ်တစ်ခုသာရှိသဖြင့် စောစောက ကောင်မလေးကို လက်လွှတ်ပေးရကောင်းမှန်း မသိဘဲ လက်ဆွဲပြီး ဆက်ပြေးလာမိသည်။

အဓိပတိ လမ်းပေါ်သို့ ရောက်ခါမှ ထိုကောင်မလေးက

``ဟဲ့ ဟဲ့… နင် အခု ဘယ်သွားနေတာလဲ…´´

``ဘွဲ့နှင်းသဘင်ဘက်ကို သွားနေတာလေ… လုံထိန်တွေ နဲ့ သူသေကိုယ်သေ ပြန်ဖိုက်မလို့….´´

``နင့်ဘာသာ လုံထိန်းတွေ နဲ့ သွားဖိုက်မယ့်ကိစ္စ ဘာ ဖြစ်လို့ ငါ့ကိုပါ ဆွဲခေါ်လာရတာ လဲ…´´

``ဟင်… မလိုက်ဘူးလား… ဘာ ဖြစ်လို့လဲ… ဒါ တို့ကျောင်းသားအားလုံးရဲ့ အရေး လေ…´´

``အေး… ဟုတ်ပါတယ်… ဒါပေမယ့် ငါက အဲဒီ လုံထိန်းတွေ နဲ့ လက်ရုံးချင်းယှဉ်ရအောင် နင်တို့လို ကျားကျားလျားလျား ယောက်ျားလေးမှ မဟုတ်တာ… မိန်းကလေးလေဟယ်… နည်းနည်း ပါးပါးလည်း စဉ်းစားစမ်းပါဦး…´´

``အဲ… ဟုတ်သားပဲ… မေ့သွားတယ်… ဆောရီး ဆောရီး´´

သူမ သတိပေးခါမှ ဘုန်းသုခလည်း ပြန်ဆင်ခြင်မိပြီး သူမလက်ကို ဇတ်ခနဲ လွှတ်ပေးလိုက်ရသည်။ သတိမထားမိဘဲ အတင်းဆုပ်ကိုင်ခဲ့မိသဖြင့် လက်ချောင်းရာများ နှင့် နီရဲနေသော သူမ၏ ညာဘက်လက်ကောက်ဝတ်ကို အမှတ်တမဲ့ ငုံ့ကြည့်ရင်း အားနာသွားရသည်။

``ကဲ… ဒါဆို နင်လည်း ဒီနေရာကနေ ဘေးလွတ်ရာကို မြန်မြန်ပြေးတော့… ငါ ကတော့ သွားရင်ဆိုင်လိုက်ဦးမယ်…´´

ဟုဆိုပြီးနောက် ဘွဲ့နှင်းသဘင်ဘက်သို့ တရှိန်ထိုး ပြေးထွက်သွားလိုက်သည်။

ဘွဲ့နှင်းသဘင် ခန်းမဘေးသို့ အရောက်တွင် ဘွဲ့နှင်းသဘင် ခန်းမနောက်ကျောရှိ ကျောင်းဝင်းတံခါးမှနေ၍ ပြေးဝင်လာကြသော ကျောင်းသားကျောင်းသူ အချို့ကို တွေ့ ရသည်။

ထိုသူတွေ အထဲမှ သွေးတွေ ယိုစီးနေသော ဦးခေါင်းကို လက်တစ်ဖက်အုပ်ပြီး ပြေးဝင်လာသည့် ကျောင်းသားက အပြင်ထွက်မည် ပြင်နေသော ဘုန်းသုခတို့ကို လှမ်းတားသည်။

``ဘော်ဒါတို့ မသွားနဲ့တော့… ကျောင်းထဲမှာ ပဲ နေ… အပြင်မှာ လုံထိန်းတွေ ၀င်ရိုက်လို့ ကျောင်းသားတွေ လူစုကွဲကုန်ပြီ…´´

``ဟင်… ဟုတ်လား… ဒါနဲ့ မင်းခေါင်းကဒဏ်ရာက လုံထိန်းတွေ ရိုက်လိုက်တာလား…´´

``အေး ဟုတ်တယ်… ငါတင်မကဘူး… တွေ့ သမျှ အကုန်လုံးကို သိမ်းကျုံးရိုက်နေတာ ရက်ရက်စက်စက်ပဲ… ယောက်ျား မိန်းမ ကလေးရယ်လို့ မခွဲခြားဘူးကွ…. လူစိတ်မရှိတဲ့ ခွေးတွေ ´´

``ဟုတ်တယ်ကွ… အင်းလျားကန်ပေါင်တစ်ခုလုံး သွေးတွေ ဆိုတာ မြင်မကောင်းအောင်ပဲ… ယောက်ျားလေးတွေ လို မပြေးနိုင် မလွှားနိုင်တဲ့ မိန်းကလေးတွေ ပိုအထိနာတယ်… တချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းပြေးကြတာ… သေသလား ရှင်သလား မသိနိုင်ဘူး…´´

``ဘယ်…. မင်းကလဲ… အဲဒီ လုံထိန်းတွေ ကိုယ်တိုင်က ရိုက်နှက်ပြီး ရေထဲကန်ကန်ချတာကွ… ငါ့ရှေ့မှာ တင် ကျောင်းသူ တစ်ယောက် ကို ဆံပင်ဆွဲပြီး လက်ကိုင်တုတ်နဲ့ သုံးလေးချက် ဆင့်ရိုက်ပြီး ရေထဲကို ကန်ချပစ်တာကွ…. အင်းလျားရေပြင်တစ်ခုလုံးလည်း သွေးရောင် လွှမ်းနေပြီ…´

``တောက်…´´

ခေါင်းမှာ သွေးတွေ စီးကျနေသော ကျောင်းသားစကား မဆုံးခင် ၀င်ရောက်ဖြည့်စွက် ပြောဆိုသော အခြားကျောင်းသားနှစ် ဦး၏ စကားကို နားထောင်ရင်း ဘုန်းသုခ တက်ပြင်းပြင်း ခေါက်မိသည်။ ဒေါသကြောင့် နားထင်ကြောတွေ တင်းပြီး မေးကြောတွေ ထောင်လာရသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း

``ဒါ… ဒါနဲ့တောင် မင်းတို့တွေ က ဘာမှပြန်မလုပ်ကြဘူးလား… ကိုယ့်မျက်စိရှေ့မှာ တင် ကိုယ့်ကျောင်းသူတွေ သွေးသံရွှဲရွှဲ ဖြစ်အောင် ရက်ရက်စက်စက် ရိုက်နှက်ခံနေရတဲ့ဟာကို…´´

``ဘယ်နေမလဲကွ… တို့ထဲကတချို့လည်း ဒီကောင်တွေ ကို ပြန်ဆော်တာပေါ့… ဒါပေမယ့် တို့လွယ်အိတ်ထဲမှာ စာအုပ်နဲ့ ဘောပင်ကလွဲလို့ ဘာလက်နက်မှ မပါဘူးလေကွာ… ဒီကောင်တွေ က လက်နက်အပြည့်အစုံ တပ်ဆင်ထားတာ… ပြီးတော့ ဒီလိုရိုက်နှက်သတ်ဖြတ်တတ်ဖို့ သေချာလေ့ကျင့်ထားတဲ့ ပါးကွက်သားတွေ လေကွာ…´´

ဗလ အနည်းငယ်တောင့်သော ကျောင်းသားတစ်ဦးက သူ့ကျောကုန်းပေါ်နှင့် လက်မောင်းပေါ်မှ အညိုအမည်းစွဲနေသော ဒဏ်ရာကို လှန်ပြရင်း

``ဟုတ်တယ်ကွ… ငါတို့တောင် ဒီလောက်ရိုက်နှက်နေတဲ့ ကြားက ရိုက်ချက်တွေ ကို ကြိတ်မှိတ်ခံပြီး ကျောင်းထဲအရောက် မနည်းပြန်ပြေးလာရတာ … ပြောရရင် အဲဒီ နေရာမှာ တင် ကိုယ့်ကိုယ်ကို သေပြီလို့တောင် ထင်ထားတာ… အား ကျွတ် ကျွတ်…´´

``အေးကွာ… ပြေးသာပြေးလာရတယ်… ကန်ပေါင်ပေါ်က သွေးအိုင်တွေ ထဲမှာ လဲကျကျန်နေခဲ့တဲ့ တို့သူငယ်ချင်းတွေ ရဲ့ ကံကြမ္မာကို တွေးမိပြီး ငိုတောင်ငိုချင်လာပြီ… ဟီး… ဟင့် ဟင့်…´´

``အေးလေး… ရွှတ် ရွှတ်…´´

ဖြူဖြူပိန်ပိန် ကျောင်းသား တစ်ယောက် က ပြောနေရင်း ၀မ်းပန်းတနည်းထိုင်ချ ငိုကြွေးလေရာ အနီးရှိ ကျောင်းသူတစ်ဦးလည်း မျက်ရည်မထိန်းဘဲ ငိုကြွေးလေသည်။

ဘုန်းသုခ မခံစားနိုင်တော့ပါ။ နာကျည်းခံပြင်းမှု က အထွဋ်အထိပ်သို့ ရောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် …

``တောက်… အေးပေါ့ကွာ… လူမဆန်တဲ့ကောင်တွေ မိုက်ရိုင်းထွားကြိုင်းနေတာကို ဘာလို့ လည်စင်းခံရမှာ လဲ… ကျောင်းသား ရာဇ၀င်ရိုင်းသွားမှာ ပေါ့… ဟေ့ကောင်တွေ လာကြ… ဘာမှ ကြောက်စရာ မလိုဘူး… တို့ရှိတဲ့အားနဲ့ အသေခံပြန်တိုက်မယ်…´´

ဟု ဒေါသသံဖြင့် ကျယ်လောင်စွာ ပြောပြီးနောက် မိမိတို့ ကျောင်းသားကျောင်းသူများ သွေးအလိမ်းလိမ်း ပေကျံနေသည့် အင်းလျားကန်ဘောင်ဆီသို့ ပြေးထွက်ရန် ခြေလှမ်းပြင်လိုက်သည်။

``ဘုန်းသုခ မသွားနဲ့…´´

ဘုန်းသုခ ပြေးအထွက်မှာ ပင် အတင်းလှမ်းဖက်ပြီး တားဆီမှု ကို ခံလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ဖီးစစ်မေဂျာမှ ယဉ်ထွေး၏ ကလပ်စ်မိတ် ဌေးဝင်း ဖြစ်နေသည်ကို တွေ့ ရသည်။

``ဟေ့ကောင် ဌေးဝင်း… ဘာလုပ်တာလဲ… လွှတ်လေကွာ… ဟိုမှာ ငါတို့ရောက်တာ နောက်ကျရင် ငါတို့ကျောင်းသား ကျောင်းသူတွေ ပဲ ဒီ့ထက်ပိုပြီး ဒုက္ခတွေ့ ကြလိမ့်မယ်ကွ´´

``အေးပါ ဟုတ်ပါတယ်… ဒါပေမယ့် မင်းသွားလည်း အရိုက်ခံရတာ ကလွဲလို့ ဘာမှ ထပ်ထူးလာမှာ မဟုတ်ဘူး…´´

``ဒါ… ဒါဆို ငါတို့ကျောင်းသူကျောင်းသားတွေ ကို မတရား ရိုက်နှက်ဖြိုခွင်းနေတာကို ဒီအတိုင်း ထိုင်ကြည့်နေရမှာ လား… ကဲပါကွာ… ငါ့ကို အခု ချက်ချင်း လွှတ်ပေးစမ်းပါ…´´

``မ ဖြစ်ဘူးလေကွာ ဘုန်းသုခ… မ ဖြစ်ဘူး..´´

ဘုန်းသုခ အတင်းရုန်းနေသဖြင့် ဌေးဝင်း ထိန်းရတားရ ခက်နေစဉ်မှာ ပင် အနားရောက်လာသော ပါဝါမျက်မှန်နှင့် ကျောင်းသားတစ်ဦးက ၀င်ရောက်ဖျောင်းဖျရင်း အကြံပေးသည်။

``ဘော်ဒါ ခဏလေး… စိတ်အေးအေးထားပါ… ဘော်ဒါ အင်းလျားကန်ပေါင်ကို သွားပြီး ဘီလူးစီးနေတဲ့ ကောင်တွေ ရဲ့ သေအောင် ရိုက်တာကို ခံမယ့်အစား ဒီ့ထက်ပိုအကျိုးရှိတဲ့ နည်းလမ်းတစ်ခုကို ၀ိုင်းပြီး စဉ်းစားကြည့်ကြရအောင်လား…´´

ထိုစကားကိုတော့ ဘုန်းသုခလည်း စိတ်ဝင်စားသွားသည်။ ထို့ကြောင့် မရုန်းတော့ဘဲ `ဘာလုပ်ကြမှာ လဲ´ ဆိုသည့် သဘောဖြင့် အားလုံးကို တစ်ချက်ဝေ့ကြည့်သည်။

ကျောနှင့် လက်မောင်းတို့၌ အညိုအမည်း ဒဏ်ရာစွဲလာသော ကျောင်းသားက

``ဘာပြောပြော ဒီကောင်တွေ ပြန်ရင် ကျွန်တော် တို့ ကျောင်းရှေ့က ဖြတ်ပြန်မှာ သေချာတယ်… အဲဒါ ကျွန်တော် တို့က ကြိုစောင့်ပြီး သူတို့ရဲ့ တရားလက်လွတ် ပြုကျင့်မှု တွေ ကို ကန့်ကွက်ဆန္ဒပြရမယ်… ကျွန်တော် ပြောတာ ဘယ်လိုသဘောရလဲ´´

ဟု သူစဉ်းစားမိသည်ကို ပြောရာ ဌေးဝင်းက ချက်ချင်း ပင် ကန့်ကွက်၏ ။

``ခင်ဗျားပြောသလိုသာ လုပ်မယ်ဆိုရင် သူတို့ကလည်း အင်းလျားကန်ပေါင်ပေါ် လုပ်ခဲ့သလိုပဲ ပက်ပက်စက်စက် လုပ်ပြဦးမှာ သေချာတယ်…´´

``ဒါဆို ဘယ်လိုလုပ်ကြမလဲ… တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်…´´

``ဘာမှ ခေါင်းစားမနေကြနဲ့.. ကျွန်တော် တို့ ပြန်လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်… အဲဒါ ကတော့ ဒီမှာ ရှိသမျှ အင်အားတွေ စုပြီး မာလာဆောင်ရှေ့နေ စောင့်မယ်… ဒီကောင်တွေ ပြန်လှည့်လာတာနဲ့ ဘာမှပြောမနေနဲ့… လက်ဦးမှု ယူပြီး ၀ိုင်းကျုံးကြမယ်…´´

``အေး… ဟုတ်တယ်… ဒီအစီအစဉ် ကောင်းတယ်…´´

``ဒါအကောင်းဆုံးပဲ… ဒီလိုလူစိတ်ပျောက်နေတဲ့ လူ့ဘီလူးတွေ ကို ဒီနည်းနဲ့ တုံ့ပြန်မှပဲ တန်ကာကျမယ်´´

``အိုကေ… ပြောနေကြာတယ်… အခုပဲ သွားလိုက်ကြရအောင်…´´

အင်းလျားကန်ပေါင် လူရိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်လာသူ အရပ်ပုပုနှင့် ကျောင်သား၏ အကြံအစည်ကို အားလုံး ကန့်ကွက်သူမရှိ ထောက်ခံကြလေသည်။

ဌေးဝင်းက ဘယ်လိုသဘောရသလဲ ဆိုသည့်အကြည့်နှင့် လှမ်းကြည့်သည်ကို ဘုန်းသုခက အားလုံးနှင့် တစ်သဘောတည်းပင် ဖြစ်ကြောင်း ခေါင်းသွက်သွက် ညိတ်ပြသည်။ ပြီး မာလာဆောင်ရှေ့သို့ သွားရန် ခြေလှမ်းလေသည်။ ခြေလှမ်းသုံးလှမ်းခန့် လှမ်းပြီး တစ်စုံတစ်ရာကို သတိထားမိသလို ရှိသဖြင့် ဘေးသို့လှည့်ကြည့်ရာ စောစောက လက်ဆွဲပြေးခဲ့သည့် သူမကို မျက်ရည်စက်တို့ တွဲ ခိုလျက် တွေ့ ရသည်။ ထို့ကြောင့် အံ့သြဟန်ဖြင့်

``ဟင်… နင်က ဘေးလွတ်ရာ ပြေးရမယ့်ဟာ မပြေးဘဲ ဘယ်လိုလုပ် ဒီနား ရောက်နေတာလဲ…´´

``ငါလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသူ တစ်ယောက် ပဲဟာ… တို့ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူအားလုံး ကျောင်းသားအရေး အတွက် ချီတက်တိုက်ပွဲ ၀င်နေတဲ့အချိန်မှာ ငါက ဘယ်လိုမျက်နှာနဲ့ ဘေးလွတ်ရာ သွားရှောင်ပုန်းနေနိုင်ပါ့မလဲ… ဒါကြောင့် ဒီနေရာကို နင်ပြေးထွက်လာတာနဲ့ ငါလည်း ချက်ချင်း ဆိုသလို နင့်နောက် ပြေးလိုက်လာခဲ့တာ…´´

``နင် မကြောက်ဘူးလား´´

``ကြောက်တာတော့ ကြောက်တာပေါ့ဟဲ… လူပဲ မကြောက်တတ်ဘဲ ဘယ်ရှိပါ့မလဲ… ဒါမေယ့် လုံထိန်းတွေ ကို ရင်ဆိုင်ဖို့ ကြောက်တာထက် ငါတို့ခေတ်မှာ ငါတို့ရဲ့ ကျောင်းသားသမိုင်း ရိုင်းသွားမှာ ကို ငါ ပိုကြောက်တယ်…´´

``စိတ်ချ တို့ ကျောင်းသားသမိုင်း ဘယ်တော့မှ မရိုင်းစေရဘူး…´´

``ဒါပဲပေါ့… ဒီလိုပဲ ဖြစ်ရမှာ ပဲပေါ့…´´

အလေးအနက်ပြုပြောသော ဘုန်းသုခ၏ သန္နိဋ္ဌာန်စကားကြောင့် သူမအတော် လေး အားတက်သွားဟန် တူသည်။ တွဲ ခိုချင်နေသော မျက်ရည်စတွေ ကို လက်ဖမိုးနှစ် ဖက်နှင့် ခပ်ကြမ်းကြမ်း သုတ်ပစ်ပြီး ခြေလှမ်းပိုပြီး သွက်သွက်လှမ်းလေသည်။

ဂျပ်ဆင်ရှေ့အရောက်မှာ တော့ သူမ၏ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားပြီး တက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လေသည်။

``တောက်´´

ဘုန်းသုခလည်း ခြေကို ရှေ့ဆက်မလှမ်း ဖြစ်ဘဲ သူမကို လှည့်ကြည့်ကာ…

``ဘာ ဖြစ်လို့လဲ´´

``ဘာ ဖြစ်ရမှာ လဲ.. ဟိုမှာ လေ မတွေ့ ဘူးလား´´

သူမ မီးဝင်းဝင်းတောက်မတတ် မျက်လုံးအစုံဖြင့် စိုက်ကြည့်ညွှန်ပြရာသို့ လှမ်းကြည့်သည့်အခါ သီရိဆောင်နှင့် မျက်နှာချင်းဆိုင် တက္ကသိုလ်ပါမောက္ခတစ်ဦး၏ အိမ်ခြံဝင်းရှေ့ အုတ်ခုံငယ်ပေါ်တွင် ပူးကပ်ထိုင်ပြီး အကြည်ဆိုက်နေသော စုံတွဲ တစ်တွဲ ကို တွေ့ ရသည်။ သူမက

``ကြည့်နေ… ငါ့လက်ထဲကခဲနဲ့ လုံထိန်းတွေ ကို မထုခင် ဒီစုံတွဲ ကို အရင်ထုပစ်မယ်…´´

``ဟာ… နင်ကလဲ… ကိုယ့်ကျောင်းသားချင်း အဲဒီ လို ဘာလို့လုပ်ချင်ရတာ လဲ… မလုပ်ပါနဲ့…´´

``အဟင်း… နင်ကသာ ကိုယ့်ကျောင်းသားချင်းဆိုပြီး ပြောနေတယ်… သူတို့ကရော ကျောင်းသားစိတ် ရှိလို့လား… အင်းလျားကန်ပေါင်မှာ ကိုယ့်ကျောင်းသားကျောင်းသူတွေ သွေးထွက်သံယိုနဲ့ ကြမ္မာဆိုး ရင်ဆိုင်နေရတာ ကိုလည်း ကိုယ်နဲ့မဆိုင်သလို နေနေတယ်… အခုလည်း ဒီနေရာမှာ စုစည်းလို့ရသမျှ ကျောင်းသားကျောင်းသူတွေ အားလုံး လုံထိန်းတွေ ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့ဟာကို ဂရုမစိုက်သလိုလုပ်ပြီး နှစ် ယောက် သား ဟီးဟီးဟားဟား ခိုးခိုးခစ်ခစ်နဲ့ ကမြင်းကြော ထပြနေတာတော့ တကယ်တရားလွန်တယ်… ဒီလိုစုန်းပြူးတွေ များ လာရင်း ကျောင်းသားသမိုင်း ရိုင်းသွားလိမ့်မယ်´´

``ဟုတ်တယ်… သူငယ်ချင်းပြောတာ သဘာဝကျတယ်… ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ရပ်လုံးနဲ့ ဆိုင်တဲ့အရေး မှာ မဆိုင်သလို ဘေးထွက်ထိုင်နေရုံတင် မကဘူး… မထေမဲ့မြင်ပါ ပြုနေတဲ့ အချောင်သမား ကျောင်းသားသစ္စာဖောက်စုံတွဲ ကို သူငယ်ချင်းနဲ့အတူ ကိုယ်လည်း ခဲနဲ့ထုပြီး ၀ိုင်းဆုံးမမယ်… ဆုံးမတဲ့နေရာမှာ ဘော်တနီက နီနီလွင်ဆိုပြီး မေဂျာနဲ့ နာမည် ပါ ထုတ်ပြောပြီးမှကို ဆုံးမပစ်မှာ …´´´

``စိတ်ချ… တို့ကလည်း မှတ်ထားလိုက် ဥပဒေကျောင်းသူ လေပြေဟေ့လို့ ပေါ်တင်ထုတ်ပြောပြီးမှ တွယ်မှာ …´´

ဘုန်းသုခ သူမကို ဖျောင်းဖျမည် ကြံရုံရှိသေးသည်။ ဘော်တနီမေဂျာက နီနီလွင်ဆိုသော ၀၀တုတ်တုတ်တ ကျောင်းသူ တစ်ယောက် က သူမနှင့် လာရောက်ပူးပေါင်းပြီး အင်အားဖြည့်လိုက်သဖြင့် ပိုအခက်တွေ့ သွားရသည်။

တစ်ခုခု ဆက်ပြောရန် ပါးစပ်ပြင်လိုက်သေးသော်လည်း ဌေးဝင်းက လက်ကုတ်ပြီး…

``ဘုန်းသုခ…. ဟိုမှာ လုံထိန်းတွေ လာနေပြီလား မသိဘူး… မြန်မြန်သွားကြည့်ရအောင်…´´

ဟု အရေး တကြီး ပြောပြီးနောက် ရှေ့မှ ဦးဆောင်ပြေးလေသဖြင့် ဘုန်းသုခလည်း သွေးတွေ ဆူလာလျက်…

``တောက်… တွေ့ ကြသေးတာပေါ့ကွာ…´´

ဟူ၍ အံကြိတ်ကြိမ်းဝါးပြီးနောက် ပြည်လမ်းပေါ်သို့ အလျင်အမြန် ပြေးထွက်မိလေသည်။

ပြည်လမ်းပေါ်သို့ ရောက်သော အခါ ဦးသန်းလှနှင့်အတူ လာရောက်စောင့်ကြည့်သူ ဆယ့်လေးငါးဦးခန့်က အုတ်နီခဲများ ၊ ကျောက်ခဲများ ကို အသင့်ကောက်ယူ ပစ်ခတ်နိုင်အောင် စုပုံပေးနေကြသည်ကို တွေ့ ရသည်။

ကျောင်းသားတွေ ကလည်း အဆင့်ဆင့် ပစ်ပေါက်တိုက်ခိုက်နိုင်ရန်အတွက် အုတ်ခဲကျိုးပုံ၊ ကျောက်ခဲပုံတွေ ကို နေရာခွဲပြီး တစ်ပုံချင်း စုပုံနေကြသည်ကို တွေ့ ရသည်။

``ဟာ.. ဟေ့ ဟိုမှာ … လုံထိန်းတွေ လာပြီ´´

ကျောင်းသား တစ်ယောက် ၏ အော်ဟစ်အသိပေးသံနှင့်အတူ ကျောင်းသားတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။

လုံထိန်းတွေ ကိုမြင်သည့် ဘုန်းသုခ ခန္ဓာကိုယ်အတွင်းမှ သွေးတွေ ဆူဝေလာရသည်။ ကျောင်းသားအားလုံးလည်း…

``လာခဲ့… လာခဲ့ကြ… တွေ့ မယ်… ခွေးမသားတွေ ´´

ဆိုပြီး အော်ဟစ်ဆဲဆိုရင်း စိန်ခေါ်ကုန်ကြလေသည်။

ဒေါသမထိန်းနိုင်သော ကျောင်းသားအချို့က ယုဒဿန်ရိပ်သာရှေ့ရှိ ကားမှတ်တိုင်ကို ၀ိုင်းပြီး တွန်းလှဲလိုက်ကြသည်။ ဘုန်းသုခက မလုပ်ဖို့ တားသေးသော်လည်း စကားမအောင်တော့။

ကားမှတ်တိုင်ကို ဖြိုလဲပြီးသည်နှင့် ဒေါသက ပိုတိုးလာကာ မထသဂိတ်မှူးရုံးလေးကို တွန်းလှဲဖို့ ပြင်ကြပြန်သည်။ သည်မှာ တင်

``ဟာ.. ဟိတ်… အဲဒီ သစ်သားရုံးလေကို တစ်စစီ ဖြစ်အောင် မလုပ်ကြနဲ့… လုံထိန်းကားတွေ မောင်းထွက်မရအောင် လမ်းမပေါ်မှာ တုံးလုံးလှဲချလိုက်တာ ပိုကောင်းမယ်´´

ဆိုသော ကျောင်းသား တစ်ယောက် ၏ ကျိုးကြောင်းဆီလျော်သော စကားကို ဘုန်းသုခလည်း သဘောတူသည်မိုး ဘာမှပြောမနေတော့ဘဲ ထိုဂိတ်မှူးရုံးလေးကို ၀ိုင်းမပြီး လမ်းမပေါ်တွင် တုံးလုံးလှဲချထားလိုက်ကြသည်။

ထို့နောက် အားလုံးလည်း ဘာဆက်လုပ် ရမည် ကို သိသွားကြကာ စောစောက တွန်းလှဲထားသော ဘတ်စ်ကားမှတ်တိုင်ကို ၀ိုင်းမပြီး လမ်းပေါ်တင်ထားကြသည်။ ထို့ပြင် လုံထိန်းကားတွေ အလွယ်တကူ မောင်းထွက်သွားလို့ မရအောင် အတားအဆီး ဖြစ်နိုင်သည့် တွေ့ ရာ အုတ်ခုံတို့ သစ်သားခုံတွေ ကို လမ်းပေါ်တင်ကြရပြန်သည်။

ထိုသို့ အရံအတားတွေ လုပ်နေချိန်မှာ ပင် လုံထိန်းတွေ မလှမ်းမကမ်းသို့ ရောက်လာကြသည်ကို တွေ့ ရသည်။

လုံထိန်းတွေ အနားရောက်လာတာ မြင်သည်နှင့် ဒါ ငါတို့ကျောင်းသားတွေ ကို ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ထားတဲ့ မကောင်းဆိုးဝါးတွေ ပဲဆိုသည့် နာကျည်းခံပြင်းစိတ်တို့ အမြင့်ဆုံးသို့ ရောက်ရှိသွားကာ အုတ်ခဲကျိုး၊ ကျောက်ခဲများ ဖြင့် ဒေါသတကြီး ၀ိုင်းဝန်းပစ်ပေါက်ြ ကတော့သည်။

ဘုန်းသုခလည်း ထိပ်တိုက်ရင်ဆိုင် မတိုးမိခင်က စိတ်လှုပ်ရှား ပူပန်မှု ရှိခဲ့သော်လည်း ထိပ်တိုက် တည့်တည့်တိုးမိကြသည့်အခါမှာ တော့ ကြောက်ရွံ့ထိတ်လန့်ရကောင်းမှန်း မသိတော့ဘဲ ခဲနှင့် ပစ်ပေါက် တိုက်ခိုက်နေရင်း ရှေ့ဆုံးသို့ ရောက်မှန်းမသိ ရောက်နေလေသည်။

``ဟိတ်ကောင် ဘုန်းသုခ… ရှေ့ကို အရမ်းမထွက်နဲ့… နောက်ပြန်ဆုတ်ဦး…´´

ဆိုသော ဌေးဝင်း၏ အော်ဟစ်သတိပေးသံကို ကြားခါမှ ရှေ့မှာ တစ်ယောက် တည်း ကျွံထွက်နေသည်ကို သတိပြုမိသည်။ တစ်ဆက်တည်းမှာ ပင် ဌေးဝင်က ဘုန်းသုခကို နာမည် ခေါ်ပြီး သတိပေးသည်ကို အနီးရှိ ကျောင်းသားတစ်ဦးက

``ဘော်ဒါတို့ တစ်ယောက် နဲ့ တစ်ယောက် နာမည် တပ်ပြီး မခေါ်ကြနဲ့´´

ဟု လုံထိန်းတွေ နှင့် အပြန်အလှန် ခဲများ ဖြင့် ပစ်ပေါက်နေရင်းမှ စေတနာဖြင့် လှမ်းပြီး အော်ဟစ်သတိပေးသည်ကိုလည်း ဘုန်းသုခ ကြားရသည်။ သို့ပေမယ့် သည်အခြေအနေ ရောက်နေမှာ တော့ ဘုန်းသုခလည်း ထူးပြီး ကြောက်မနေအားတော့ဘဲ ပုံထားသော ကျောက်ခဲ၊ အုတ်ခဲကျိုးတွေ ပြေးကောက်လိုက်၊ လုံထိန်းတွေ ကို ပြေးထုလိုက်နှင့် အကြွေးပြန်ဆပ်နေလေသည်။

ရှေ့မှပုံထားသော ခဲများ ကုန်သွားသည်နှင့်အမျှ ဘုန်းသုခတို့လည်း နောက်မှာ ပုံထားသော ခဲပုံ ကျောက်ခဲ့ပုံများ မှ အုတ်ခဲ ကျောက်ခဲတွေ ယူပစ်ရသည် ဖြစ်ရာ နောက်သို့ ဆုတ်မှန်းမသိ ဆုတ်လာရသည်။

နောက်ဆုံး ခံစစ်ကြောင်း ဖြစ်သော ဂျပ်ဆင်ရှေ့ကျောင်းဝင်း တံခါးပေါက်နားသို့ ရောက်သော် ပစ်ခတ်မှု က ပိုမိုအားကောင်းလာသည်။

ထိုနေရာဝန်းကျင် ပြည်လမ်းတစ်ဖက်တစ်ချက်တွင် အုတ်ခဲ့၊ ကျောက်ခဲများ ပိုမိုများ ပြားစွာ စုထားနိုင်ခြင်းက တစ်ကြောင်း၊ လမ်းပေးတွင် အတားအဆီးများ ချထားသဖြင့် လုံထိန်းများ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် အခြေအနေက အသာစီးရနေသည်။ ကားတွေ သာမက လုံထိန်းတွေ လည်း ရှေ့မတိုးနိုင်ဘဲ ခဲမိုးရွာသမျှ အလူးအလဲ ခံနေရသည်။

သည့်ထက် အချိန်ပိုကြာလာလျှင် လုံထိန်းတွေ တောင့်မခံနိုင်တော့ဘဲ ဆုတ်ခွာထွက်ပြေးသွားနိုင်သည်။ ထိုအခါ သူတို့ကားတွေ ထဲတွင် အင်းလျားကန်ပေါင်မှာ ဖမ်းဆီးခေါ်ဆောင်လာသော မိမိတို့ ကျောင်းသားကျောင်းသူများ ကို ပြန်လည်ခေါ်ယူ ကယ်ထုတ်နိုင်ကောင်းသည်မို့ ခဲပစ်အားကို ပိုမိုမြှင့်တင်လိုက်ချိန်မှာ ပင်…

``ဖုံး ဒိုင်း… ဖုံး ဖုံး…´´

ဆိုသော အချုပ်ကားပြာကြီး ခေါင်းမိုးပေါ်မှ ပစ်ခတ်သံများ ကို ကြားလိုက်ရသည်။

``ပစ်ပြီဟေ့… ခွေးမသားတွေ သေနတ်နဲ့ ပစ်ပြန်ပြီ…. ဆုတ်ကြ ဆုတ်ကြ´´

``အားလုံး နောက်ဆုတ်… ဂျပ်ဆင်နောက်ကို ရောက်အောင် ပြေး…´´

``ပြေး ပြေး… မြန်မြန်ပြေးကြ… ကျည်ကွယ်ရာကို မြန်မြန်ပြေးကြ….´´

ဘုန်းသုခလည်း အချုပ်ကားပြာကြီး ခေါင်မိုးပေါ်မှနေ၍ အကာအကွယ်ယူ ပစ်ခတ်နေသူတွေ ကို နာကျည်းစွာ လက်ထဲရှိ ခဲနဲ့ လှမ်းထုရင်း အော်ဟစ်ဆဲဆိုမိသည်။

``ဖုံး ဒိုင်း…. ဖုံး ဖုံး…´´

ဆိုသော ပစ်ခတ်သံကို ထပ်မံကြားရပြီး ယမ်းစများ မြေကြီးကိုထောက်ပြီး ဖွာခနဲ ဖွာခနဲ လွင့်စင်နေကြသည်ကို တွေ့ ရသည်။

``ဟိတ်… ဆဲစရာရှိတာ နောက်မှဆဲ… ပြေးစရာရှိတဲ့တာ မြန်မြန်ပြေးမှရမယ်… လာ လာ´´

ကျောင်းသား တစ်ယောက် က တွန်းထုသတိပေးခါမှ ဘုန်းသုခလည်း ဂျပ်ဆင်ဆီကို ပြေးရလေသည်။ ထိုသို့ပြေးရင်းနှင့် ဂျပ်ဆင်ရှေ့ မြက်ခင်းပြင်ကွက်လပ်တွင် ဖုံးလွှမ်းနေသော ပန်းရောင် အငွေ့များ ကို တွေ့ ရလေသည်။ တစ်ခါမှ မမြင်ဖူးသဖြင့် ပြေးနေရာမှ တုံ့ခနဲ ရပ်မိပြီး စူးစမ်းကြည့် ကြည့်မိသည်။ ကြည့်နေရင်းနှင့် မျက်လုံးထဲမှ စပ်ဖျင်းဖျင်း ဖြစ်လာသည်။

``သားတို့ လာ လာ.. ဒီဘက်ကို ပြေး… သူတို့ မျက်ရည်ယိုဗုံးနဲ့ ပစ်နေတာ… ဘုံဘိုင်မှာ လက်ကိုင်ပ၀ါရေစွတ် မျက်နှာကို သုတ်ပြီး မြန်မြန်ပြေးကြ´´

ဖြစ်စဉ်ကို အစမှအဆုံး စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေခဲ့ဟန် တူသော ဆရာတစ်ဦး၏ သတိပေးစကားသံကြားမှ ယခုမြင်တွေ့ နေရသော ပန်းရောင် အငွေ့များ မှာ မျက်ရည်ယိုဗုံးမှ ထွက်ပေါ်လာသော အငွေ့များ ဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။

ဘုန်းသုခ ဂျပ်ဆင်ဘေးနားရှိ ရေဘုံဘိုင်ဆီ မျက်နှာသစ်ဖို့ ပြေးသွားစဉ်မှာ ပင် ကျောင်းသား တစ်ယောက် လဲကျသွားသည်ကို တွေ့ ရသည်။ ဘုန်းသုခ စိုးရိမ်စိတ်ပိုသွားလျက် နောက်ပြန်ပြေးပြီး ပွေ့ချီဖို့ ကြိုးစားရသည်။ တစ်ယောက် တည်း မနိုင်မနင်း ဖြစ်နေစဉ် အခြားကျောင်းသားနှစ် ဦး ရောက်ရှိလာပြီး လက်တလော ဘေးလွတ်ရာ ဖြစ်သည့် ဂျပ်ဆင်နှင့် စစ်ကိုင်းဆောင်ကြား ကွက်လပ်ကို သယ်ပြေးရသည်။

``ဘာမှမ ဖြစ်ဘူး… မစိုးရိမ်နဲ့… မျက်ရည်ယိုဗုံးအငွေ့ ရှူမိလို့ သတိလစ်သွားတာ… နှာနှပ်ပေးလိုက်ရင် ပြန်သတိရသွားလိမ့်မယ်…´´

ကြက်ခြေနီသင်တန်း တက်ဖူးဟန်တူသော ကျောင်းသားတစ်ဦးက ပြောဆိုရှင်းပြရင်း ပြုစုကုသမှု လုပ်ခါမှ ဘုန်းသုခတို့လည်း အတန်ငယ် စိတ်အေးသွားရသည်။

ထိုအခါမှ မျက်စိက ပိုပြီး စပ်ဖျင်းဖျင်း ခံစားလာရကာ မျက်ရည်တွေ လည်း စီးကျလာသည်မို့ ရေဘုံဘိုင်ဆီ ပြေးရသည်။ လေပြေဟု သိခွင့်ရထားသော သူမလည်း အပြေးရောက်လာပြီး မျက်နှာကို ရေနှင့် တဗွမ်းဗွမ်း ဆေးကြောလေသည်။

အနည်းငယ် သက်သာသလို ရှိသည်နှင့် ဂျပ်ဆင်ရှေ့ ပြန်ပြေးပြီး ကြည့်ရသည်။ ပြည်လမ်းအတိုင်း ကျောင်းရှေ့မှ ဖြတ်ပြီး ပြန်နေကြပြီ ဖြစ်သော လုံထိန်းများ ကို တွေ့ ရသည်။

ဘုန်းသုခ လုံထိန်းများ ထွက်ခွာသွားပြီ ဖြစ်သည့် ပြည်လမ်းမကိုကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ဆွဲကာ မျက်ရည်ယိုဗုံးအငွေ့များ ပြယ်လွင့်ပြီ ဖြစ်သော ဂျပ်ဆင်ရှေ့ မြက်ခင်းပြင် ကွက်လပ်ကို စိုက်ကြည့်မိပြန်သည်။ ထိုသို့ကြည့်နေရင်းနှင့် ပစ်ခတ်ပေါက်ကွဲပြီး ဖြစ်သည့် မျက်ရည်ယိုဗုံးခွံအလွတ်တစ်ခုကို တွေ့ ၍ ကောက်ကြည့်မိသည်။

``ဘာမို့လို ဒီလောက်တောင် ပြူးပြဲကြည့်နေရတာ လဲ´´

ဆိုသော အသံနှင့်အတူ အနားရောက်လာသည့် လေပြေကို တစ်ချက်လှည့်ကြည့်ပြီး ဘုန်းသုခက

``ဒါ စောစောလေးက တို့တွေ ကို ဖြိုခွင်းတိုက်ခိုက်သွားတဲ့ မျက်ရည်ယိုဗုံးလေ´´

``ဟင်… ဟုတ်လား… ဒါ မျက်ရည်ယိုဗုံးလား… မသိပါဘူး… ငါက ဗုံးဆိုတာနဲ့ လက်လွှဲပြီး ပစ်ပေါက်ရတာ မျိုးပဲ ထင်နေတာ… အခုဟာက သေနတ်လိုမျိုးနဲ့ပစ်တာကိုး… ဘာပဲ ဖြစ် ဖြစ်လေ… ဒါ တက္ကသိုလ်ပရ၀ဏ်ထဲကို ဒီလိုလက်နက်မျိုးတွေ နဲ့ ပစ်ခတ်တယ်ဆိုတဲ့ အကောင်းဆုံး သက်သေပဲ…´´

မျက်ရည်ယိုဗုံးခွံကို ဥပဒေကျောင်းသူ ဖြစ်သည့် လေပြေထံသို့ ကမ်းပေးလိုက်သည်။

``သားတို့သမီးတို့ ကိုယ့်အိမ်ကို ပြန်ြ ကတော့… ဒီကောင်တွေ ပြန်လှည့်လာပြီး ကျောင်းထဲကို ၀င်မစီးဘူးလို့ မပြောနိုင်ဘူး… သားတို့သမီးတို့အတွက် အန္တရာယ်သိပ်ကြီးတယ်… မြန်မြန်ပြန်ြ ကတော့…´´

ဘုန်းသုခအနားတွင် လာရောက်ပခုံးပုတ်ခတ် နှစ် သိမ့်ပြီး အိမ်ပြန်ခိုင်းနေသော ဆရာ့ကို တွေ့ ရသည်။ ဘုန်းသုခတို့ လုံထိန်းတွေ ၏ ပစ်ခတ်နှိမ်နင်းမှု ကြောင့် ဆုတ်ခွာလာရစဉ်ကလည်း ဘေးလွတ်နိုင်ကောင်းသော နေရာသို့ ပြေးလွှားအကာအကွယ် ယူခိုင်းခဲ့သေးသည်။ ယခုလည်း သားသမီးတွေ အပေါ် စိုးရိမ်ပူပန်နေသော ဖခင် တစ်ယောက် စိတ်ထားနှင့် ဘေးကင်းရာကင်းကြောင်း အိမ်ပြန်လွှတ်နေရှာသည်။ ဘုန်းသုခ ဆရာ့စေတနာကို နားလည်ပါသော်လည်း….

``ပြန်လို့ မ ဖြစ်သေးဘူး ထင်တယ် ဆရာ… ကျွန်တော် တို့ ကျောင်းသားတွေ ဒီလောက် မတရားခံနေရတာ ဆရာလည်း သိသားနဲ့… တစ်နေ့ကဆို RIT ကျောင်းသား ဘုန်းမော် လုံထိန်းတွေ သေနတ်နဲ့ပစ်လို့ ကျဆုံးသွားပြီးပြီ…. ပြီးတော့ ဒီနေ့ အင်းလျားကန်ပေါင်မှာ လည်း ကျွန်တော် တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဘယ်လောက်အထိအခိုက် များ လိုက်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး… အထူးသဖြင့် အားနွဲ့တဲ့ မိန်းကလေးတွေ ဖြစ်တဲ့ ကျောင်းသူတွေ ကို စိတ်အပူဆုံးပဲ…´´

``မင်းတို့ ကျောင်းသားတွေ လိုပဲ ဆရာတွေ ဖြစ်တဲ့ တို့တတွေ မှာ လည်း အင်မတန်ကို စိတ်ပင်ပန်းပြီး ပူပန်သော က ရောက်ရတာ မှ နှလုံးသားတွေ ကွဲကြေမတတ်ပါပဲကွာ… ဒါကြောင့် မင်းတို့လေးတွေ ကို ဒီ့ထက်ပိုပြီး အထိအခိုက် အဖိတ်အစင် မများ စေချင်တော့ဘူး… တို့ ခံစားနေရတာ တို့အသိဆုံးပဲ…. မင်းတို့တွေ မခံမရပ်နိုင် ဖြစ်လို့ ရှေ့ဆက် ရင်ဆိုင်ချင်ကြသေးတယ် ဆိုရင်လည်း မနက်ဖြန်မနက်မှ ကျောင်းကို စောစောလာပြီး ဘာတွေ ဆက်လုပ် ကြမယ်ဆိုတာ မင်းတို့အချင်းချင်း တိုင်ပင်ဆွေးနွေးကြပေါ့… ဆရာပြောတာ နားထောင်ပါ တပည့်တို့ရာ လိမ္မာပါတယ်….´´

ဆရာ့စကားက အကျိုးအကြောင်း ဆီလျော်သည်မို့ ဘုန်းသုခတို့လည်း အိမ်ပြန်ရန် ခေါင်းညိတ်လိုက်ကြသည်။

♥ ♥ ♥


အခန်း (၄)

ယုဒဿန်ရိပ်သာဘေးရှိ စံရိပ်ငြိမ်(၆)လမ်းထဲသို့ ရောက်ခါမှ အတူပါလာသော ဦးသန်းလှကို သတိရမိပြီး ရှာကြည့်သော်လည်း မတွေ့ ရသေး။ ထို့အပြင် ဌေးဝင်းကို မတွေ့ ရ။ လူစုကွဲသွားပြီဆိုတာ ဆင်ခြင်မိပြီး အိမ်ဆီသို့ တန်းတန်းပြန်ရန် ဆုံးဖြတ်လိုက်သည်။

လမ်းလျှောက်လာရင်းနဲ့ မဆလပါတီ၏ မိမိတို့ကျောင်းသားတွေ အပေါ် ပြည်သူတွေ အပေါ် ဘာကြောင့် သည်လောက် ရက်စက် ကြမ်းကြုတ်ရသလဲဆိုတာ တွေးနေမိသည်။

ဘာကြောင့် ပဲ ဖြစ် ဖြစ် မိမိတို့ ကျောင်းသားတွေ အပေါ် ယခုလိုလုပ်တာတော့ လက်မခံနိုင်။ မိမိတို့ ကျောင်းသားတွေ ကို ရိုက်နှက်သတ်ဖြတ်သည့်အတွက် ကျောင်းသား တစ်ယောက် အနေနဲ့ မခံမရပ်နိုင်သည့် မခံချင်စိတ် တစ်ခုတည်းသက်သက်ဖြင့် သည်အရေး တွင် ပါဝင်ရမည် သာ ဖြစ်ကြောင်း ဘုန်းသုခအတွေးကို အဆုံးသတ်လိုက်သည်။ ထိုအချိန်မှာ ပင်…

``ဘုန်းသုခ´´

ဆိုသော နောက်ကျောဆီမှ ခေါ်သံကြားသဖြင့် ခြေလှမ်းရပ်ပြီး လှည့်ကြည့်ရာ အမောတကော ပြေးလိုက်လာသော လေပြေကို တွေ့ ရသည်။

``ဘုန်းသုခတို့ ကတော့ လက်လန်တယ်… ဒီမှာ မိန်းကလေး တစ်ယောက် တည်းပါလားဆိုပြီး စောင့်ခေါ်မယ် မရှိဘူး… တကတည်း လွတ်ရာလွတ်ကြောင်း တန်းလစ်တော့တာပဲ´´

ဟူ၍ မခိုးမခန့် မျက်နှာပေးနှင့် စကားနာထိုးလေသည်။ ဘုန်းသုခ ပြန်ဖြေရှင်းမည် ကြံပြီးခါမှ တစ်စုံတစ်ခု တွေးမိသွားလျက်

``သြော်… လေပြေ နင့်ကိုတွေ့ တာနဲ့ အတော် ပဲ…. နင်နဲ့ နီနီလွင်ဆိုတဲ့ ရုက္ခဗေဒကျောင်းသူ တစ်ယောက် လေ…. ဟိုစုံတွဲ ကို ခဲနဲ့ထုမယ်ဆိုတဲ့ကိစ္စ ဘာ ဖြစ်သွားသေးလဲ´´

``အလကားတွေ ပါဟယ်…. ဘယ်အချိန်ကတည်းက ထလစ်သွားလဲ မသိလိုက်ဘူး…. ငါတို့လည်း လုံထိန်းတွေ ကို ပြန်ဆော်နေတာနဲ့ သူတို့နှစ် ယောက် ကို သတိမရတော့ဘူး ဖြစ်သွားတယ်…. နေပါဦး နင်က ငါ့နာမည် ကို ဘယ်လိုလုပ် သိနေတာလဲ´´

``နင်ပဲ ဥပေဒကျောင်းသူ လေပြေလို့ ပေါ်တင်ထုတ်ပြောပြီး တွယ်မယ်လို့ ကြုံးဝါးတာကို ကြားလိုက်လို့ မေဂျာရော၊ နာမည် ပါ တစ်ခါတည်းနဲ့ အတွဲ လိုက် သိလိုက်ရတာ လေ…. အဲ…. နေပါဦး…. နင်ကရော ငါ့နာမည် ကို ဘယ်တုန်းကဘယ်လို သိသွားနေရတာ လဲ´´

လေပြေ မျက်မှော င်ကုတ် နှုတ်ခမ်းစူ ပခုံးတစ်ချက်တွန့်လိုက်ပြီးမှ…

``သြော်… ဒါလား… ဒါဘာဆန်းလို့လဲ… ဘုန်းသုခက နာမည် ကြီးပဲဥစ္စာ…´´

ဟု ပြန်ဖြေသည်။ ဒါကိုပဲ ဘုန်းသုခက အတည်ကြီးမှတ်လျက် ခန့်ခန့်ကြီး ပြန်ဖြေလေသည်။

``အဟင်း…. ဒါတော့ ဟုတ်တယ်… ရန်ကုန်တက္ကသိုလ်မှာ တို့ကိုမသိတဲ့လူ ခပ်ရှားရှားပဲ´´

``ဟင်း ဟင်း… ရယ်ရတယ်… တော် တော် အမြှောက် မကြိုက်တတ်ရှာဘူးကိုး…. သူ့ကိုယ်သူများ ရန်ကုန်တက္ကသိုလ်မှာ မသိတဲ့လူက ခပ်ရှားရှားရယ်တဲ့… ဘယ်သူမှ မကြော်ငြာရဘူး… သူဘာသာသူ ကြော်ငြာနေတယ်… အဟင်း ဟင်း…´´

သူမ၏ လှောင်ပြောင်စကားကြောင့် ဘုန်းသုခ ရှက်ကိုးရှက်ကန်း ဖြစ်သွားရကာ သူမကို ဘုကြည့်ကြည့်လိုက်သည်။

သူမလည်း ဘုန်းသုခ ဒေါဖောင်းသွားသည်ကို သတိပြုမိသွားဟန် တူပါသည်။

``ခင်လို့ အလကား စတာပါ ဘုန်းသုခရယ်… စိတ်မဆိုးပါနဲ့… ဘုန်းသုခ နာည်ကို တို့သိတယ်ဆိုတာက ကျောင်းရှေ့မှာ လုံထိန်းတွေ ကို ခဲနဲ့ထုနေတုန်း ဘုန်းသုခသူငယ်ချင်း တစ်ယောက် က စိတ်ပူပြီး ဘုန်းသုခရှေ့ကို အရမ်းမထွက်နဲ့ နောက်ဆုတ်ဆိုပြီး လှမ်းအော်လိုက်တာကို ကြားမိလို့ပါ´´

``သြော်… ဒီလိုလား´´

သူမရှင်းပြသည်ကို ဘုန်းသုခ ဘ၀င်ကျသွားဟန်ဖြင့် ခြေလှမ်းကို အရှိန်ပြန်နှေးပေးလိုက်သည်။ တစ်ဆက်တည်းမှာ ဘုန်းသုခနာမည် လှမ်းအော်သော ဌေးဝင်းကို

``ဘော်ဒါတို့ နာမည် မခေါ်ကြနဲ့…. အန္တရာယ်များ တယ်…´´

ဆိုပြီး လှမ်းသတိပေးလိုက်သော ကျောင်းသား တစ်ယောက် အသံကို ကြားယောင်မိကာ ဘုန်းသုခ မျက်နှာပျက်သွားရသည်။

သူတို့တတွေ ဌေးဝင်ခေါ်သံကြောင့် နာမည် သိသွားပြီး အိမ်မှာ များ လာဖမ်းကြလေမလားဆိုသော အတွေးဖြင့် ကြောက်စိတ်ဝင်လာကာမှာ ပဲ အထူအပါ နားမလည်သော ဌေးဝင်ကို ပျစ်ပျစ်နစ်နစ် ကျိန်ဆဲရကောင်းမှန်း သိတော့သည်။

ဒီလောက်ဆဲသံဆိုသံတွေ ဆူညံနေတဲ့ကြားထဲမှာ ငါ့နာမည် အော်သံလောက်တော့ ဒီကောင်တွေ မကြားလောက်ပါဘူးနော်ဆိုသော ဖြေတွေးဖြင့် ကြောက်စိတ်ဖျောက်မည် ကြံကာရှိသေးသည်။ တိုက်တိုက်ဆိုင်ဆိုင် ဆက်ပြောလာသော သူမစကားကြောင့် လူလည်း ဘယ်ပြေးပုန်းလို့ ပုန်းရမှန်းမသိ ဖြစ်အောင် ကြောက်စိတ်ပိုသွားရသည်။

``ဘာပဲ ဖြစ် ဖြစ်လေ ဘုန်းသုခနာမည် ကို ဒီလိုနည်းနဲ့ တို့သိသွားတာက ပြဿနာမရှိပါဘူး…. သူတို့တွေ ပါ သိသွားရင်သာ တကယ့်ပြဿနာ´´

``သူတို့…. သူတို့တွေ ဆိုတာ ဘယ်သူ့ကို ပြောတာလဲ…. လုံထိန်းတွေ ကို ပြောတာလား…´´

``လုံထိန်းတွေ ကတော့ မကြားလောက်ပါဘူး…´´

``သြော်… အေး… ဒါဆို တော် သေးတာပေါ့…´´

``တော် သေးတယ်လို့လည်း ပြောလို့မရဘူး…´´

``ဟင်… ဘာလဲဟ… နင့်စကားက´´

``ကျောင်းသားတွေ ထဲမှာ မွေးထားတဲ့ ထောက်လှမ်းရေး တို့ ရပ်ကွက်ကလူတွေ နဲ့ ရောယောင်ပြီး ရပ်ကြည့်ချင်ယောင် ဆောင်နေတဲ့ ထောက်လှမ်းရေး တို့ ဘုန်းသုခနာမည် ကို ကြားသွားကြသလားလို့ စိတ်ပူနေတာ…´´

``ဟင်… အဲဒါဆိုရင် ဒုက္ခပါပဲ… အိမ်… အိမ်ကို လိုက်လာပြီး လာဆွဲမလား မသိဘူး…´´

``ပြောလို့မရဘူး… အခုချိန်လောက်ဆိုရင် သူတို့တွေ ဘုန်းသုခကို ပြန်အလာစောင့်ဖမ်းဖို့ ဘုန်းသုခအိမ်ကိုတောင် ရောက်နေလောက်ပြီ ထင်တယ်…´´

``ဟင်… ဟုတ်လား…´´

``ပြောနိုင်ဘူးလေ…. ပြီးခဲ့တဲ့ ကျောင်းသားအရေး အခင်းတွေ ကို မီခဲ့တဲ့ တို့အဖေ ပြောပြတာတော့ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းကတဲ့…. သူ့ကိုဆန့်ကျင်တဲ့လူမှန်သမျှ အပြတ်ရှင်းပစ်ဖို့ သူ့သစ္စာခံ ထောက်လှမ်းရေး တွေ အများ ကြီး မွေးထားတာတဲ့… နည်းနည်း လေးမှ မလှုပ်လိုက်နဲ့…. လှုပ်လိုက်တာနဲ့ ဆွဲစေ့ပစ်ဖို့ နေရာတိုင်းမှာ သူ့လူတွေ က ရှိပြီးသားဆိုမှတော့ လုံထိန်းတွေ ကို ခဲနဲ့ထုခဲ့တဲ့ နင့်အနားမှာ လည်း ရှိနေမှာ သေချာတာပေါ့…´´

သူမပြောသော စကားတွေ ကို နားထောင်ပြီး ဘုန်းသုခ ခေါင်းနပန်း ကြီးသွားရသည်။ ကိုယ့်အိမ်ကိုတောင် မပြန်ရဲတော့သလို လွတ်ရာလွတ်ကြောင်း ဘယ်ပြေးလို့ပြေးရမှန်းလည်း မသိတော့အောင် စိတ်ဒုက္ခ ကြုံနေရသည်။

``နင့်သူငယ်ချင်းကလည်း ဒီလောက်လေးတောင်မှ မနပ်ဘူးလားတဲ့…´´

``အေးလေ…. အဲဒီ ကောင် ဖီးစစ်သဒ်ယီးယားက ဌေးဝင်းဆိုတဲ့ကောင်ပေါ့… သောက်သုံးကို မကျဘူး…´´

သူမပြောသည်ကို သဘောတူပြီး ဘုန်းသုခ တစ်ယောက် အပေါက်ကွဲကြီး ပေါက်ကွဲလျက် ဌေးဝင်းကို ကျိန်ဆဲပြစ်တင်မည် ကြံရုံရှိသေးသည်။ ဆက်ပြောလာသော သူမစကားကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားရပြန်သည်။

``ဒါတော့ဒါပေါ့…. ဒါပေမယ့် နင့်သူငယ်ချင်းကိုလည်း အပြစ်ဖို့လို့ မရဘူးလေ… ဒီလောက် ဖြစ်နေတဲ့ကြားထဲ သူငယ်ချင်းသံယောဇဉ်နဲ့ တကူးတက အော်ဟစ်သတိပေးဖော် ရတာ ပဲ ကျေးဇူးတင်ဦး…. သူသာ နင့်နာမည် အော်ခေါ်ပြီး သတိမပေးခဲ့ရင် တစ်ယောက် တည်း ကျွံထွက်သွားပြီး လုံထိန်းတွေ ၀ိုင်းရိုက်လို့ သေနေလောက်ပြီ…´´

``ဟင်… အဲလိုကြီးလား…´´

``အေးပေါ့… အဲလိုကြီးပေါ့…´´

``အေးလေ… အဲလိုဆိုတော့လည်း ဟုတ်တာပါပဲ…´´

သူမပြောသည့်စကားက သဘာဝကျသလို ရှိသားဟု တွေးမိရင်း ဘုန်းသုခလည်း ဌေးဝင်းကို ကျေးဇူးတင်မိသည်။ သို့သော် ကြံဖန်ပြီး ကျေးဇူးတင်မည် ရှိသေးသည်။ သူမ ခြေလှမ်းကို တုံ့ခနဲရပ်ပြီး…

``ဟဲ့… ဟုတ်တာပဲ လုပ်မနေနဲ့… မဟုတ်သေးဘူး…´´

ဟု မျက်လုံးကြီးပြူးပြီး ပြောနေသဖြင့် ဘုန်းသုခလည်း မျက်နှာလေး ငယ်သွားလျက်…

``ဟင်… မဟုတ်သေးပြန်ဘူးလား…´´

``အင်းပေါ့… လုံထိန်းတွေ ရိုက်သတ်လို့ သေသွားတာကမှ တစ်ခါတည်း ကိစ္စပြတ်သွားသေးတယ်… အဖမ်းခံရလို့ ရေကြည်အိုင်ရောက်ရင် မလွယ်ဘူး… နည်းမျိုးစုံနဲ့ နှိပ်စက်ညှင်းပန်းခံရမှာ … အဲဒါထက်စာရင် သေသွားတာကမှ ခံသာသေးတယ်…´´

``ဟင်… ဒါ… ဒါလည်း ဟုတ်တာပဲ…´´

မြန်မာလူထုကြားထဲတွင် နာမည် ကြားသည်နှင့် ကျောချမ်းသွားရသည့် ရေကြည်အိုင်ဟု ကျော်ကြားသော မင်္ဂလာဒုံမြို့နယ်ရှိ ထောက်လှမ်းရေး စစ်ကြောရေး စခန်း၏ ထိတ်လန့်ခြောက်ချားဖထွယ် ကောင်းသော စစ်ဆေးမေးမြန်း ညှင်းပန်းနှိပ်စက်မှု များ အကြောင်းကို မရိုးနိုင်အောင် ကြားဖူးသည်။ ဘုန်းသုခ သိသိသာသာကြီး မျက်စိမျက်နှာ ပျက်လာလျက် ဌေးဝင်းကို ပြစ်တင်ဆဲရေး မိပြန်သည်။

``တောက် ကွာ…. ဒီကောင် ဌေးဝင်းဆိုတဲ့ကောင် အာကိုချောင်တယ်…. ဒီလိုကောင်မျိုးနဲ့ ဘာအလုပ်မှတွဲ လုပ်လို့ မကောင်းဘူး… ဒီကောင်နဲ့ပေါင်းမယ့်အစား ကျားခံတွင်းထဲ လက်နှိုက်တာကမှ တော် … တော် ဦး…´´

``ဟဲ့… ဘုန်းသုခ … ဟိုမှာ … ဟိုမှာ …´´

``ဟင်…. ဘာလဲ… ထောက်လှမ်းရေး တွေ လား…´´

ဘုန်းသုခလည်း လေပြေ အလောတကြီး ညွှန်ပြရာသို့ ကမန်းကတန်း လှမ်းကြည့်ပြီးနောက် နောက်ကြောင်းပြန်လှည့်ပြေးဖို့ ကြံသည်။

ဘုန်းသုခ သုတ်ခြေတင် ပြေးတော့မည် ကို ရိပ်မိပြီး ဖြစ်သော လေပြေက ဘုန်းသုခ၏ လက်တစ်ဖက်ကို လှမ်းဆောင့်ဆွဲလိုက်ပြီး….

``ဘယ်သူက ထောက်လှမ်းရေး လို့ ပြောလို့လဲ… အရေး အကြောင်းဆို သတ္တိတွေ အဲလောက်ကောင်းပြမနေနဲ့ဦး… သူရဲကောင်းဘွဲ့တံဆိပ်တွေ တစ်သီကြီး ချီးမြှင့်ခံနေရဦးမယ်…´´

ဟု အငေါ်တူးလေသည်။ ထိုအခါမှ ဘုန်းသုခလည်း ရှက်ကိုးရှက်ကန်း ဖြစ်ပြီး မျက်နှာနီရဲသွားရသည်။

``ဘာလဲဟ… လူကို သွေးမရှိဘူးများ ထင်နေလို့လား… ထွက်ပြေးဖို့ လုပ်တာ မဟုတ်ဘူး…. သူတင်ကိုယ်တင်လှည့်ပြီး ရင်ဆိုင်ဖို့ လုပ်တာကို နင်က ဘာထင်ပြီး မဟုတ်တာတွေ လျှောက်ပြောနေတာလဲ…´´

``ကဲပါ.. နင်သတ္တိရှိမှန်း ငါသိပါတယ်… ငါပြောတာ နင့်နောက်ကျောကလူတွေ ကို မဟုတ်ပါဘူး… ဟိုရှေ့ကလမ်းပေါ်မှ လူတွေ ဟိုပြေးဒီပြေး နြေုကတာကိုတွေ့ လို့ ပြောတာပါ…´´

ဘယ်လိုနားလည်ရမှန်း မသိသော လေပြေဆိုသည့် ကလေးမ လျှာတစ်လစ်ထုတ်ပြပြီး လူတွေ အစုံအဆန် ပြေးလွှားနေရာ အင်းစိန်လမ်းမဆီသို့ အပြေးတစ်ပိုင်း လှမ်းလေသည်။ ဘုန်းသုခလည်း နေရာတကာစပ်စုပြီး ၀င်ပါတတ်သူပီပီ ထောက်လှမ်းရေး ကိစ္စကို မေ့သွားပြိး ဓာတ်တိုင်တစ်တိုင်စာပင် မကွာဝေးတော့သော အင်းစိန်လမ်းမဆီသို့ ခြေလှမ်းကျဲကြီးများ ဖြင့် ပြေးကြည့်လေသည်။

``ကမာရွတ်ဘူတာရုံ လမ်းထိပ်မှာ ကျောင်းသားတွေ က နှစ် စီးတွဲ ယာဉ်ကြီးကို တွန်းလှဲပစ်လို့တဲ့…´´

``အေး… ကောင်းတယ်… လုပ်ပလေ့စေ…´´

``ဟ… တွန်းလှဲပစ်ရုံတင် ဘယ်ကမလဲ…. မီးပါရှို့မလို့တဲ့လေ… သိတဲ့အတိုင်းပဲ ကျောင်းသားတွေ က အခုဆို အရမ်းပေါက်ကွဲနေတာ…´´

``လုပ်ပစေကွာ… ငါတို့တော့ ထောက်ခံတယ်… အာဏာရှင် နေ၀င်းအစိုးရကို ဒီလိုဆန့်ကျင်ဆန္ဒပြရဲတာ ကျောင်းသားတွေ ပဲ ရှိတာ…´´

``အိုကွာ.. ရှုပ်ပါတယ်… နှစ် စီးတွဲ ယာဉ်တင်မကဘူး… တိုင်းပြည်ကို မွဲဆေးဖော်ပေးပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ခုလုံးကိုပါ ပြာကျသွားအောင် မီးရှို့ပစ်ရမှာ ကွ…. တောက်´´

မည် သူ့ထံမှာ မှ တကူးတက မေးမြန်းစုံစမ်းနေရာ မလိုဘဲ ထိုအသံများ ကို နားထောင်ကြည့်ရုံဖြင့် ဘာတွေ ဖြစ်နေသည်ကို ဘုန်းသုခ အတိအကျ သိလိုက်ရလေသည်။ ထို့ကြောင့် ဘုန်းသုခနှင့် လေပြေလည်း တစ်ယောက် ကို တစ်ယောက် ပြိုင်တူလှည့်ကြည့်မိပြီးနောက် တိုင်ပင်နေစရာ မလိုဘဲ စံရိပ်ငြိမ်မှတ်တိုင်နှင့် နှစ် မှတ်တိုင်ခန့်သာ ကွာဝေးသော ဘူတာရုံလမ်းထိပ်သို့ သုတ်ခြေတင် ပြေးကြလေသည်။

ဘူတာရုံလမ်းထိပ်အရောက်တွင် ကြားထားသည့်အတိုင်းပင် နှစ် စီးတွဲ ယာဉ်ကြီးက တုံးလုံးလဲနေသည်။ နှစ် စီးတွဲ ယာဉ်ဆိုသည်မှာ ဘီအမ်ဟီးနိုးကားနှစ် စီးကို ရထားတွဲ လို ရှေ့နောက်တွဲ ဆက်ထားပြီး ရန်ကုန်မြို့အတွင်း ခရီးသည်ပို့ဆောင်ရေး ယာဉ်အ ဖြစ် ပို့ဆောင်ရေး ၀န်ကြီးဌာနက ရွှေဉာဏ်တော် စူးရောက်စွာ အထူးတီထွင်ထားခြင်း ဖြစ်သည်။ ရှေ့မှာ စက်တပ်ယာဉ် ဖြစ်သော ဘီအမ်ဟီးနိုးကားဖြင့် နောက်မှစက်မဲ့ ဘီအမ်ဟီးနိုးကားကို ချိတ်ဆွဲပြီး မောင်းရသည်။

တံတားဖြူမှတ်တိုင်အနီး လုံထိန်းများ ၏ တိုက်ခိုက်မှု မှ ထွက်ပြေးလွတ်မြောက်လာဟန် တူသော ကျောင်းသားများ က နာကြည်းခံပြင်းမှု ၏ စေ့ဆော်မှု ဖြင့် ထိုနှစ် စီးတွဲ ယာဉ်ကို တားဆီးတွန်းလှဲလိုက်တာ သေချာသည်။ သွေးဆူနေသော ကျောင်းသားတချို့က ထိုနှစ် စီးတွဲ ယာဉ်ကြီးကို မီးရှို့ပစ်ရန် အားထုတ်နေကြသည်ကို တွေ့ ရသလို ကျောင်းသားအချို့က မီးမရှို့ရန် တားဆီးနေကြသည်။ ထို့ပြင် ရပ်ကွက်မှလူအချို့ကလည်း ရပ်ကွကို မီးကူးစက်မည် စိုး၍ မီးမရှို့ရန် ဖျောင်းဖျနေကြသည်ကို တွေ့ ရသည်။ လေပြေက ဘုန်းသုခနားနားကပ်ပြီး

``ဟဲ့… ကားကိုမီးရှို့လို့ မ ဖြစ်ဘူးထင်တယ်…´´

``ဟုတ်တယ်… တို့ရအောင် တားရမယ်…´´

ဘုန်းသုခနှင့် လေပြေလည်း ဒေါသတကြီးဖြင့် ဂတ်စ်မီးခြင်း တကိုင်ကိုင် ဖြစ်နေသော ကျောင်းသားအချို့ကို တားဆီးဖျောင်းဖျရန်အတွက် ရှေ့သို့တိုးလိုက်သည်။ ထိုအချိန်မှာ ပင်…

``လုံထိန်းတွေ လာပြီ…. လုံထိန်းတွေ လာပြီ…´´

ဆိုသော အော်ဟစ်သတိပေးသံများ နှင့်အတူ လူတွေ လည်း လွတ်ရာလွတ်ကြောင်း ခြေဦးတည့်ရာ ထွက်ပြေးကြလေသည်။

ဘုန်းသုခလည်း ညာသံပေး ချီတက်လာသော လုံထိန်းများ နှင့် သူတို့၏ အပြာရောင် အချုပ်ကားကြီးကို တစ်ချက်လှမ်းကြည့်ပြီး သွေးက ပြန်ဆူဝေချင်လာသည်။ ထိုအချိန်မှာ ပင်…

``ဟဲ့… ဘုန်းသုခ ပြေးတော့လေ…. ဘာရပ်ကြည့်နေတာလဲ… နင့်အဘလုံထိန်းတွေ က ဘီးလူးသရဲစီးနေကြတာ… မြန်မြန်ပြေးတော့…´´

ဆိုသော သတိပေးသံနှင့် လေပြေ တစ်ယောက် ဘုန်းသုခကို အတင်းတွန်းထုတ်ပြေးခိုင်းပြီး သူကိုယ်တိုင်လည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး အသားကုန်ပြေးတော့သည်။ ထိုအခါမှ ဘုန်းသုခလည်း သတိဝင်လာပြီး ဘူတာရုံလမ်းအတိုင်း ထိုမှတစ်ဆင့် ရွာမကျောင်းလမ်းအတိုင်း လှိုင်(၂)ရပ်ကွက်ရှိ အိမ်သို့ ပြေးလေသည်။

ဘုန်းသုခ ရပ်ကွက်အတွင်းသို့ မ၀င်မီ ရပ်ကွက်ထိပ်ရှိ ရထားသံလမ်းအနီးတွင် ခေတ္တ အမောဖြေလိုက်သေးသည်။ အမောပြေလောက်ပြီ ဆိုခါမှ ရပ်ကွက်ထဲဝင်ရန် ခြေလှမ်းလိုက်သည်။

ဘုန်းသုခ ရပ်ကွက်အတည်းသို့ ၀င်လာရင်း အခြေအနေတွေ ကို အကဲခတ်ကြည့်လိုက်သည်။ ရပ်ကွက်အတွင်းရှိ လူအားလုံးလိုလို လမ်းပေါ်ထွက်ပြီး ရုန်းစုရုန်းစု ဖြစ်နေကြသည်။ အားလုံး သည်ကနေ့အရေး အခင်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု ရေချိန် မြင့်တက်နေသည်ကို တွေ့ ရသည်။ ဘုန်းသုခကို တွေ့ သည်နှင့်…

``ဟာ.. ဟေ့ ဘုန်းသုခ… အခြေအနေတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ…. မင်းတို့ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ စက်မှု တက္ကသိုလ်ကို ချီတက်သွားတုန်း ပြည်လမ်းပေါ်မှာ လုံထိန်းတွေ ၀င်ရိုက်လို့ဆိုကွ…´´

ဆိုပြီး အလုအယက် ၀ိုင်းမေးကြသလို

``ဘူတာရုံလမ်းမှတ်တိုင်မှာ မင်းတို့တက္ကသိုလ် ကျောင်းသားတွေ နှစ် စီးတွဲ ယာဉ်ကို တွန်းလှဲပြီး မီးရှို့ပစ်လိုက်တယ်ဆို…´´

ဟူ၍ သတင်းအတည်ပြုချက် ယူသူက ယူကြသည်။ ဘုန်းသုခက သူတို့ပြောတာတွေ ကို အခုမှ သိရသလို မျက်နှာအမူအရာဖြင့် …

``ဟင်… ဟုတ်လို့လား… ဘယ်တုန်းကလဲ… ကျွန်တော် တောင် မသိလိုက်ဘူး…´´

ဆိုပြီး အကယ်ဒမီရှော့တွေ ပြန်ကျွေးရသည်။ ထိုအခါ အားလုံးလည်း မချင့်မရဲ ဖြစ်သွားကြကာ

``ဟာကွာ… မင်းကို တက္ကသိုလ်ကျောင်းသားမို့လို့ အထင်ကြီးပြီး မေးမိပါတယ်… မင်းကတောင် ငါတို့ကို ပြန်မေးနေတယ်ဆိုတော့ သွားရောပေါ့ကွာ…´´

ဆိုပြီး ကိုယ့်နဖူးကို ရိုက်သွားကြရသည်။ ဘုန်းသုခ ကိုယ့်ကိုယ်ကို လုံခြုံမှု အတော် အတန် ရှိသွားသလို ခံစားလိုက်ရပြီး ခြေလှမ်းတွေ က ပိုသွက်လာသည်။ ထိုသို့ မေးလာသမျှ ဘာမှမသိဘူးဆိုပြီး ဘူးတစ်လုံးဆောင်လာလေသမျှ အိမ်နားသို့ရောက်ခါမှ `ထောက်လှမ်းရေး တွေ အိမ်ကစောင့်ပြီး ဖမ်းကြလိမ့်မယ်´ ဆိုသည့် လေပြေ၏ စကားကို ဖျတ်ခနဲ သတိရပြီး စိုးရိမ်ကြောင့်ကြ မှု နှင့်အတူ ခြေလှမ်းတွေ တုံ့နှေးသွားရသည်။

လှုပ်ရှားနေသော စိတ်ကို မည် သူမျှ သတိမထားမိအောင် ကြိုးစားဟန်လုပ်ရင်း အိမ်သို့ အရင်မ၀င်ဘဲ ဦးသန်းလှ၏ အိမ်သို့ အရင်ဝင် စနည်းနာရသည်။

``ဟေ့ ဘုန်းသုခ… လာ ဒီမှာ လက်ဖက်ရည်လာသောက်ဦး…´´

ဆိုပြီး တက်ကြွစွာ လှမ်းခေါ်လိုက်သော ဦးသန်းလှကို တွေ့ ရသည်။ ထုံးစံအတိုင်း မျက်နှာက ပြုံးရွှင်နေသည်။

ဘုန်းသုခလည်း ဒီကနေ့၏ တိုက်ပွဲဝင် ရဲဘော်ရဲဘက်တစ်ဦး ဖြစ်သွားသော ဦးသန်းလှကို အကောင်းပကတိ ပြန်တွေ့ ရသဖြင့် ၀မ်းသာသွားလျက် အိမ်ထဲသို့ အခြေလှမ်းကျဲကျဲ လှမ်းဝင်လိုက်သည်။

ဦးသန်းလှက လက်ဖက်ရည်ခွက် ကမ်းပေးရင်း ကျောင်းထဲက အခြေအနေ မေးသဖြင့် ကြုံသမျှ ပြန်ပြောရသည်။ ပြီးမှ…

``ဒါနဲ့ ဦးသန်းလှကရော ဘယ်လိုဘယ်လို ပြန်ရောက်နေတာလဲ… ကျွန်တော် ကျောင်းထဲက ထွက်လာပြီး ရှာသေးတယ်… မတွေ့ လို့ စိတ်ပူနေတာ…´´

ဟု ပြန်မေးရာ ဦးသန်းလှက…

``လုံထိန်းတွေ က ကျောင်းသားတွေ ကိုပဲ တွယ်တာမဟုတ်ဘူးကွ…. ရပ်ကွက်ဘက်အခြမ်းမှာ ရှိတဲ့ ငါတို့တွေ ကိုပါ မျက်ရည်ယိုဗုံးနဲ့ပစ်၊ တုတ်နဲ့အတင်းဝင်ရိုက်တာ… ပြေးရတာ ပေါ့ကွ… အေးလေ… ငါတို့ကလည်း ဘေးကရပ်ကြည့်ရုံတင် ရပ်ကြည့်တာမှ မဟုတ်တာ… မင်းတို့တွေ လုံထိန်းတွေ ကို တိုက်ခိုက်နိုင်အောင် ခဲလုံးတွေ ရှာဖွေစုပုံပေးတဲ့အပြင် ကိုယ်တိုင်လည်း ရပ်ကြည့်ရုံတင် အားမရလို့ ၀င်တွယ်ကြတာကိုးကွ… ပြောရရင် ငါလည်း ပြေးသာပြေးလာရတယ်… ကျောင်းထဲမှာ ကျန်ခဲ့တဲ့ မင်းအတွက်လည်း စိတ်ပူတာတော့ အမှန်ပဲ… အခု ဘာမှမ ဖြစ်ဘဲ ကောင်းကောင်းမွန်မွန် ပြန်တွေ့ ရလို့သာ စိတ်အေးသွားရတာ …´´

ထိုအခိုက်မှာ ပင် အိမ်ရှေ့မှ ဖြတ်လျှောက်သော ဂျင်မီကို လှမ်းတွေ့ ရသည်။

``ဟာ… ဟေ့ ဟေ့ ဂျင်မီ လာကွ.. လက်ဖက်ရည် သောက်ရအောင် ဒီမှာ ဘုန်းသုခလည်း ရှိတယ်…´´

ဂျင်မီ လက်ပြပြီး ၀င်လာစဉ်မှာ ပင် ဦးသန်းလှက

``ဂျင်မီ့ကိုလည်း သူ့အတွေ့ အကြုံတွေ ပြန်ဖောက်သည် ချခိုင်းရဦးမယ်ကွ…´´

ဟူ၍ တစ်ဦးတည်း ရေရွတ်ပြော ပြောသလိုနှင့်…

``အခြေအနေတွေ ဘယ်လိုလဲ…´´

ဟု ခရီးရောက်မဆိုက် သိလိုသည်ကို မေးသည်။ ဂျင်မီလည်း ဘုန်းသုခဘေးတွင် ထိုင်ရင်းနှင့်ပင်…

``ဟာ… အခြေအနေတွေ ကတော့ တော် တော် ဆိုးတယ်… ပြောတောင် မပြောချင်တော့ဘူး…´´

ဟူ၍ စကားပလ္လင်ခံပြီးနောက် သူတွေ့ ကြုံရသမျှကို ပြောရန် ပျိုးလိုက်လေသည်။ ပြီး…

``ပြောရရင် ငါ ပရက်တီကယ်လ်လုပ်နေရင်း အပြင်ထွက်ကြည့်တော့ အာစီကန်တင်းမှာ တရားပွဲ စ ဖြစ်နေတာကို တွေ့ ရတယ်ကွ…. ဒါနဲ့ ငါအပါအ၀င် ပရက်တီကယ်လ်ဝင်နေတဲ့ ကျောင်းသားအားလုံးလိုလို ပရက်တီကယ်လ် ဆက်မလုပ်တော့ဘဲ အဲဒီ ကျောင်းသားတွေ ဆီ ပြေးဆင်းပြီး ပူးပေါင်းလိုက်ကြတယ်… အဲဒီ မှာ ကျောင်းသားအချို့က တို့ညီနောင် စက်မှု တက္ကသိုလ် ကျောင်းသားတွေ ကို အသက်သေစေတဲ့အထိ သေနတ်နဲ့ ပစ်ခတ်တဲ့ကိစ္စကို လုံးဝ မကျေနပ်တဲ့အကြောင်းနဲ့ စက်မှု ကျောင်းသားတွေ နဲ့ တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ တစ်သားတည်းရှိတဲ့အကြောင်း ပြသဖို့အတွက် စက်မှု တက္ကသိုလ်ကို ချီတက်ကြမယ်လို့ ဟောပြောနေကြတာကို တွေ့ ရတယ်… အဲဒီ ထဲမှာ မှ မျက်မှန်ထူထူနဲ့ ကျောင်းသားက ပိုပြီး တက်တက်ကြွကြွ ပြောနေတာကို သတိထားမိတယ်…´´

``ဟုတ်လား… သူ့နာမည် က ဘယ်သူတဲ့လဲ…´´

ဘုန်းသုခ စိတ်ဝင်စားပြီး ၀င်မေးမိသည်။

``ဘေးနားက ကျောင်းသား တစ်ယောက် ကတော့ လှမျိုးနောင်လို့ ပြောတာကို ကြားလိုက်တာပဲ…´´

``အဲဒါနဲ့ ဘာတွေ ဆက် ဖြစ်ကြသလဲ´´

ရှေ့ ဘာတွေ ဆက် ဖြစ်မည် ကို အလွန်အမင်း သိချင်ဟန်တူသော ဦးသန်းလှက ၀င်မေးပြန်သည်။

``ဘာတွေ ဆက် ဖြစ်ကြသလဲဆိုတော့ အဲဒီ လိုနဲ့ ကျောင်းသားတွေ တဖွဲဖွဲ ရောက်လာလိုက်တာ နည်းတဲ့ကျောင်းသားအုပ်ကြီးမှ မဟုတ်တာ… စုမိသွားတာ…´´

ဂျင်မီစကားကို ခေတ္တရပ်ပြီး ဦးသန်းလှ တည်ခင်းသော လက်ဖက်ရည်ခွက် တစ်ချက်စိုက်ကြည့်လိုက်သေးသည်။ ဆိတ်ဆိတ်နေကာ ဂျင်မီဆက်ပြောလာမည့် စကားကို စိတ်လှုပ်ရှားစွာ ဖြင့် နားစွင့်နေမိကြသည်။ ဂျင်မီခေါင်းပြန်မော့ကာ

``ငါတို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ ဟာ ဘွဲ့နှင်းသဘင်ခန်းမရှေ့က အဓိပတိလမ်းကနေပြီး စီးပွားရေး တက္ကသိုလ်ရှေ့ကလမ်းအတိုင်း ပြည်လမ်းပေါ်ကို စီတန်းချီတက်ခဲ့ကြတယ်… ပြည်လမ်းအတိုင်း အာစီတူးကို ငြိမ်းချမ်းစွာ ချီတက်လာရာမှာ အင်းလျားကန်ပေါင်တစ်ဖက်ထိပ်က ခြောက်မိုင်စွပ်ကျယ်စက် မှတ်တိုင်နားမှာ ပြည်လမ်းကို ကန့်လန့်ဖြတ် ပိတ်ပြီးတားထားတာနဲ့ တည့်တည့်လာတိုးပါလေရော… ဖြစ်ချင်တော့ အာစီတူးက ကျောင်းသားကျောင်းသူတွေ ကလည်း မိန်းထဲကိုလာမယ်ဆိုပြီ ချီတက်လာရာမှာ အဲဒီ စွပ်ကျယ်စက် မှတ်တိုင်နားမှာ ပဲ ပိတ်မိပြီး ရှေ့ဆက်လို့မရဘဲ ဖြစ်နေတယ်… စွပ်ကျယ်စက်မှတ်တိုင်နားမှာ လာဆုံနေကြပေမယ့် အရံအတားတွေ ကာထားပြီး လုံခြုံရေး ယူထားတာ နှစ် ဖွဲ့ပေါင်းစည်းလို့ မရဘူး ဖြစ်နေတာပေါ့ကွာ… အဲဒါနဲ့ ကျောင်းသားအချို့က အာစီတူးက ကျောင်းသားတွေ နဲ့ သွားပူးပေါင်းခွင့်ပေးပြီး စက်မှု တက္ကသိုလ်ကို ငြိမ်းချမ်းစွာ ချီတက်ခွင့်ပေးဖို့ အဲဒီ မှာ တာဝန်ရှိတဲ့ အရာရှိနဲ့ သွားဆွေးနွေးကြတယ်… အဲဒီ အရာရှိကလည်း အထက်ကို တင်ပြပေးပါမယ်ဆိုပြီး ဝေါ်ကီတော် ကီနဲ့ လှမ်းသတင်းပို့လိုက် တို့ကျောင်းသားတွေ နဲ့ ပြန်ဆွေးနွေးလိုက် လုပ်နေတယ်…

တို့တွေ လည်း အဆင်ပြေနိုး အဆင်ပြေနိုးနဲ့ မျှော်လင့်ချက် ထားမိကြတာပေါ့ကွာ… အဲဒီ အချိန်မှာ ပဲကွာ… တောက်!... ရာဇ၀င်ရိုင်းသလား မမေးနဲ့… တို့နောက်ကျောကနေ လုံထိန်းတွေ ဒလကြမ်း ၀င်ရိုက်လာတော့တာပဲ… အဲဒါနဲ့ ပြည်လမ်းမပေါ်မှာ ရှိတဲ့ တို့ကျောင်းသားတွေ လည်း ကန်ပေါင်ဘက်နီးတဲ့လူက ကန်ပေါင်ပေါ် တက်ပြေးပြီး ရပ်ကွက်ဘက်နီးတဲ့လူက ရပ်ကွက်ဘက် ရှောင်ပြေးရတာ ပေါ့… ဒါ တကယ်မလုပ်သင့်တဲ့ ကိစ္စပဲ… ရှေ့မှာ ဆွေးနွေးပြီး နောက်ကနေ ၀င်ရိုက်ခိုင်းတာ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ရှက်စရာ ကောင်းမှန်းသိရဲလား မသိဘူး… အဲဒီ မှာ တို့ကျောင်းသားတွေ တော် တော် ထိကုန်တယ်… လွယ်အိတ်ထဲမှာ ဘောပင်နဲ့ စာအုပ်ကလွဲလို့ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ တို့ကျောင်သားကျောင်းသူတွေ ကို ဒီလိုရက်ရက်စက်စက် လုပ်ရကတာ တော် တော် အံ့သြဖို့ ကောင်းတယ်…. ရပ်ကွက်ဘက်အခြမ်း ရောက်သွားတဲ့လူတွေ က ပြေးစရာလမ်းတွေ ၊ ပုန်းစရာ အိမ်တွေ့ ရှိလို့ တော် သေးတယ်လို့ ပြောလို့ရပေမယ့် အင်းလျားကန်ပေါင်ပေါ် တက်ပြေးတဲ့ လူတွေ မှာ တော့ ချောင်ပိတ်မိသွားပြီး အသေအလဲ ခံရတော့တာပဲ… တံတားဖြူမှတ်တိုင်နားမှာ အဆိုးဆုံးပဲ… ရက်ရက်စက်စက်ကို ရိုက်တာ… သွေးအိုင်ထဲမှာ လဲကျနေတဲ့ ကျောင်းသားကျောင်းသူတွေ ဆိုရင် နည်းမှမနည်းတာ… တံတားဖြူမှတ်တိုင်နားမှာ တို့ကျောင်းသားကျောင်းသူတွေ ရဲ့ သွေးတွေ ချောင်းလိုစီးဆင်းကုန်ပြီကွ… တံတားဖြူမဟုတ်တော့ဘူး… တံတားနီ ဖြစ်သွားပြီ… မကျေဘူး… ဘယ်လိုမှမကျေနပ်နိုင်ဘူး တောက်!´´

ဂျင်မီ ပြောရင်းပြောရင်း မျက်ရည်တွေ ရစ်ဝဲလာလျက် အသံတွေ လည်း တုန်လာရသည်။ တက်တစ်ချက် ပြင်းပြင်းခေါက်ပြီးနောက် အံတကြိတ်ကြိတ် ဖြစ်နေလေသည်။ ဘုန်းသုခတို့လည်း ဂျင်မီပြောတာ နားထောင်ပြီး ဂျင်မီကဲ့သို့ပင် ထိခိုက်နာကျင်စွာ ခံစားကြရသည်။

``တောက်!... တော် တော် မိုက်ရိုင်းတဲ့ ကောင်တွေ ကွာ… ငါ့မျက်စိထဲကလည်း မထွက်ဘူး… ငါ့နားထဲကလည်း မထွက်ဘူး… ဒီကောင်တွေ လက်ထဲက တုတ်တွေ နဲ့ ခွပ်ခနဲ ခွပ်ခနဲ ရိုက်လို့ အားခနဲ အင့်ခနဲ အော်ဟစ်ညည်းတွားရင်း ခေါင်းကသွေးတွေ ဖြာခနဲ ထွက်ကျလို့ တစ်ယောက် ပြီး တစ်ယောက် အရုပ်ကြိုးပြတ် လဲကျသွားတာတွေ က အခုကို မျက်စိရှေ့မှာ ဖြစ်ပျက်နေတဲ့အတိုင်းပဲ… ဒီအစိုးရက ဘာ ဖြစ်လို့ တို့ကျောင်းသားတွေ ကို ရန်သူလို သဘောထားပြီး အသေသတ်ချင်နေရတာ လဲ မတွေးတတ်အောင်ပါပဲကွာ… ဒီလိုအစိုးရမျိုး မြန်မြန်ပြုတ်ကျသွားမှပဲ အေးမယ်…´´

``ရှူး တိုး တိုး… တိုး တိုး´´

ဂျင်မီ၏ အဆုံးသတ်စကားက ပြင်းထန်နေသဖြင့် ဦးသန်းလှက လက်ညှိုးကို ပါးစပ်မှာ ကန့်လန့်ဖြတ်ကပ်ရင်း လေသံတိုးဖို့ သတိပေး၏ ။ ဘုန်းသုခလည်း ဘေးဘီသို့ ဝေ့၀ဲကြည့်မိရင်း ထောက်လှမ်းရေး တွေ အိမ်မှာ ရောက်နေလေသလားဆိုသည့် စိုးစိတ်တွေ ခေါင်းပြန်ထောင်လာသည်။ ထို့ကြောင့် ဦးသန်းလှကို အိမ်အခြေအနေ သွားအကဲခတ်ပေးရန် အကူအညီတောင်းရသည်။ အခြေအနေ ကောင်းသည်ဆိုခါမှ အိမ်သို့ စိတ်ချလက်ချ ပြန်ရဲလေတော့သည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ မောင်ရေးခဲ့တဲ့ မောင့်ရဲ့သမိုင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လရောင်အနမ်းနဲ့ ပွင့်တဲ့အိပ်မက်

ကျွန်တော်နဲ့ မျိုးကွဲအိမ်မက်

အချစ်(သို့မဟုတ်) စေတန်ပြုခဲ့တဲ့ ကောင်းမှု