အခန်း(၁)
``ဆုရေ … သနပ်ခါးတုံးက သေတ္တာညာဘက်ထောင့်မှာ သိလား။ သနပ်ခါးခဲလေးတွေ က တော့ ခြေလက် လိမ်းဖို့အဘွားပလတ်စတစ်အိတ်နဲ့ ထည့်ထားတယ်။ မမှီကိုယ်တိုင်ခဲပေးထားတာ သမီးရဲ့ အစစ်တွေ ´´
ဒေါ်အေးသင်းသည် မြေးမကလေးအတွက် အ၀တ်အစားသေတ္တာကို အပြီးသတ်ထည့်လို့ ပေးနေသည်။ အ၀တ်အစားသေတ္တာဆိုရသော်လည်း ဗလာစာအုပ်မှအစ ဆပ်ပြာအဆုံးလိုအပ်မည့်  အသုံးအဆောင်အားလုံးပါဝင်လေသည်။
``ဟောဒီမှာ ထုံးဗူးနော်၊ သမီးရေချိုးပြီးရင် ချိုင်းမှာ ထုံးရည်ကြည် လေးသုတ်ဖို့ မမေ့နဲ့၊ ချွေးနံ့ ထိန်းတယ်သမီးရဲ့ ´´
ဆုမြတ်လှိုင်သည်အဘွား အသင့်ပြင်ဆင်ပေးသော အိပ်ရာလိပ်ကို မှီကာ အဘွား၏ လက်ဖြူ ဖြူတုတ်တုတ် ကြီးများ ကို ငေးကြည့်နေသည်။ အဘွားသည် ဤလက်များ ဖြင့် မနားမနေစက်ချုပ် ကာဆုကြီးပြင်းအောင် မွေးမြူစောင့်ရှောက်လာခဲ့သည်။ ယခုမူ ဆုသည် အဘွားထံမှ ခွဲခွာ၍ အဝေး သို့ တစ်ယောက် တည်း သွားရပေတော့မည် ။
``သြော်…ဟဲ့ မေ့နေလိုက်တာ…ကြောင်အိမ်ပေါ်မှာ သရက်သီးသနပ်ပုလင်း တင်ထားပြီး ငါ့နှယ်´´
``နေပါစေတော့ အဘွားရယ်၊ တစ်သက်လုံး စားလာရတော့မုန်းနေပါပြီ´´
``ဘယ်ဟုတ်မလဲသမီးရဲ့ ၊ အဆောင်မှာ စားမကောင်းတဲ့အခါ သမီးပြန်စား ဖြစ်မှာ ပါ။ ဒါမှ မဟုတ်လဲ ဟိုမှာ ၀ိုင်းဖွဲ့စားရတော့ သူငယ်ချင်းတွေ ကို ကျွေးနိုင်တာပေါ့´´
``အဘွားက နေရာမှထကာဝဖြိုးသော ခန္ဓာကိုယ်ကြီးနှင့်မလိုက်အောင် ပေါ့ပါးစွာ လျှောက် သွားသော်လည်း ကြမ်းခင်းများ ကား ဒဏ်မခံနိုင်ဟန် တကျွီကျွီညည်းညူကြရှာလေ၏ ။ သူတို့ငှား နေသော အိမ်ခန်းသည် အလျားရှည်၍ အနံကျဉ်းသော အခန်းရှည် ကြီးတစ်ခန်းနှင့် နောက်ဖေးဆောင်သာ ပါရှိကာ အိမ်ရှေ့တွင် ရှိသော ဖိနပ်ချွတ်ဝရန်တာလေးမှာ သုံးတောင်မျှသာ ကျယ်ဝန်းလေ၏ ။
သည်အခန်းမှာ ပင် သုံးထပ်သားအခန်းဖွဲ့ကာ မြေးအဘွားနှစ် ယောက် နှစ် ပေါင်းများ စွာ အတူအိပ်စက်လာခဲ့ကြသည်။ အိမ်ရှေ့ခန်းတွင် ပြတင်းပေါက်အနီး၌ အပ်ချုပ်စက်ကို နေရာချကာ အဘွား၏ အလုပ်ဌာနအ ဖြစ် အသုံးပြုရသည်။ ဤနေရာသည် ဆုတို့၏ ဧည့်ခန်းလည်း ဖြစ်ကာ ဆု၏ စာကြည့်ခန်းဆိုလည်း မှန်သည်သာ ဖြစ်ချေ၏ ။ ဆု၏ ခြေတံတိုစားပွဲကလေးသည် ဆိုစာအုပ်တင်၍ စာရေး စာဖတ်နိုင်ခဲ့သလို အဘွား အ၀တ်ညှပ်ရန် ကော်ကပ်ရန်လည်းအကျိုးပြုတာဝန်မြဲ ဖြစ်လေ သည်။
ဆုသည် ဟောင်းမြင်း၍ အဆီဝနေသော ကြမ်းပြင်ကို လက်ညှိုးကလေးနှင့် ထိတို့ ပွတ်သပ်နေမိသည်။ ဆုနေ့စဉ် ပြောင်လက်အောင် တိုက်ချွတ်မြဲဤကြမ်းပြင်ကို နောက်နေ့ တွင် အဘွားကိုယ်တိုင် တိုက်ချွတ်ရပေတော့မည် ။
အဘွားသည် မီးဖိုထဲရှိ ကြောင်အိမ်လေးပေါ်မှသူမကိုယ်တိုင် ပြုလုပ်ရောင်းချရာတွင် လူကြိုက်များ ၍ မအူပင်ပြန်လက်ဆောင်အ ဖြစ် ရပ်ဝေးဧည့်သည်များ တကူတက၀ယ်လေ့ရှိသော သရက်သီးသနပ် ထည့်ထားသည့်ပုလင်းကိုယူခဲ့ကာ ပလတ်စတစ်ခြင်းအနီလေးထဲတွင် မယိုင်မလဲအောင်သေသေချာချာထည့် နေသည်။
``ဒီခြင်းကို ဂုန်နီကြိုးကလေးနဲ့တုပ်ပြီးချည် သမီး၊ ပစ္စည်းတွေ ကို နှိုက်လို့မရအောင်´´
ဆုသည် ပေါင်ပေါ်မှာ ခွေအိပ်နေသော ကြောင်မကြီးကို အဘွား၏ အထည်ဖြတ်စ ညှပ်စများ ဖြင့် ဆုချုပ်ထားသော ထိုင်ခုံကလေးပေါ်သို့ တယုတယ ရွှေ့တင်ပေးလိုက် ပြီးမှ အဘွားပေးလိုက်သော ကြိုးစနှင့်ခြင်းကို ချည်နှောင်လေသည်။ တစ်ဘက်ခန်းမှကလေးနှစ် ယောက် တွန်းထိုး ရန် ဖြစ်သံနှင့်အတူ ဒေါ်မြ၏ …
``ဟဲ့…မျောက်မသားတွေ သိပ်မကမြင်းကြနဲ့ဟေ့´´
ဟူသော ဟန့်တားသံပေါ်ထွက်လာပြီး ကြမ်းပြင်သိမ့်သိမ့်ခါလျက် တစ်ယောက် က ပြေးဆင်း သွားကာအော်ဟစ်ငိုယိုဆဲဆိုရင်းနောက် တစ်ယောက် က ပြေးလိုက်သွားလေ၏ ။
``အဘွားရေ သားကြီးတော့ သားငယ်ကို နှက်သွားပြန်ပြီ´´ဟုဆုက အတတ်သိကာ ပြုံးနေသည်။
``သွားတိုက်ဆေးကို အလယ်က ညှစ်မသုံးနဲ့နော်သမီးအမြီးကနေညှစ် ကုန်ကာနီးကျရင် ပုလင်းကလေးနဲ့ လှိမ့်လိုက်အကုန်ထွက်တယ်´´
``အဘွားက အလကားအကုန်ခံပြီး ၀ယ်ထည့်နေတာကိုး။ ခါတိုင်းလိုပဲ ဆားနဲ့တိုက်မှာ ပေါ့ အဘွားရဲ့ ´´
``မဟုတ်တာအေ။ အဆောင်မှာ အများ နဲ့နေရတာ အထိုက်အလျောက်တော့ ပါဦးမှပေါ့´´
ဒေါ်အေးသင်းသည်မြေးမငယ်၏ ထူးချွန်ထက်မြက်သော ဦးနှောက်ကို ပိုင်ဆိုင်သည့် အ ဖြစ် ကိုသူမရင်ခွင်သို့ ဆုဝင်ရောက် ခိုနားလာခဲ့ပြီး များ မကြာမီမှာ ပင် ကောင်းစွာ ရိပ်မိသိရှိခဲ့လေ၏ ။ ထိုစဉ်ကတည်းက သားမောင်မြတ်လှိုင်အတွက် သူမပြီးဆုံးအောင်သင်ကြားမပေးလိုက်ရသော တက္ကသိုလ်ပညာအမွေအနှစ် ကို မြေးကလေးကိုဖြင့် ဖြစ်သည့်နည်းနှင့် ပေးအပ်ခဲ့မည် ဟု အစွမ်း ရှိသမျှ အလုပ်လုပ်ကာ ငွေကိုကျစ်ကျစ်ပါအောင်စုဆောင်းလာခဲ့သည်။ ထို့ကြောင့် ပင် တက္ကသိုလ် ၀င် စာမေးပွဲကို ဆု တစ်ယောက် ဂုဏ်ထူးလေးခုဖြင့် တစ်ပြည်လုံးမှာ ပထမချိတ်ကာထူးချွန်စွာ အောင်မြင်ခဲ့လျက် ဆေးတက္ကသိုလ် ၂သို့ ခုံနံပါတ် ၁ အ ဖြစ် ၀င်ခွင့်ရရှိခဲ့သော အချိန်၌ မရှိမ ဖြစ် လိုအပ်မည့်  ပစ္စည်းမှန်သမျှပြည့်စုံအောင် ထည့်ပေးလိုက် နိုင်လေ၏ ။
သူမကား အသက်ခြောက်ဆယ်အတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီး။ ခင်ပွန်းသည်သည် ဂျပန်ခေတ်က သံဖြူဇရပ်ရထားလမ်းဖောက်ရာသို့ ချွေးတပ်ဆွဲရာ ပါသွားရင်းငှက်ဖျားမိကာ ကွယ်လွန် ခဲ့ရသည်။ မုဆိုးမဘ၀နှင့် သားဘ၀ပျိုးထောင်ရင်းသားသည်၊ ရန်ကုန်တက္ကသိုလ်သို့ တက်ဆဲ မအူပင်သို့ အပြန်လမ်းတွင် မော်တော် နစ်မြုပ်ကာ အသက်သေဆုံးခဲ့ရပြန်လေသည်။ သားသေ လင်ဆုံး၍ လူ့လောကတွင် အသက်ရှင်နေရသည်မှာ အဓိပ္ပာယ်မရှိတော့ပြီဟု စိတ်တွေ ကျဆင်း နေခဲ့ရာမှ ဆုကို ပိုင်ဆိုင်လာသော အခါ မြေးအတွက် မေတ္တာတွေ ၊ မျှော်လင့်ချက်တွေ နှင့် အတူ ဒေါ်အေးသင်း ရှင်သန်လှုပ်ရှားခဲ့ရပြန်လေ၏ ။
သူမ၏ ရည်မှန်းချက်အတိုင်း ဆုကို ဆေးပညာသင်ကြဖို့စေလွှတ်နိုင်ခဲ့ပြီ။ ဆုလစဉ်ရရှိမည့်  ပညာရည်ချွန်ဆု ခုနှစ် ဆယ့် ငါးကျပ်တွင် သူမ၏ စုငွေ၊ နေ့စဉ်ရှာဖွေရရှိငွေတို့စုဆောင်းကာ မမီနိုင် ဟု ထင်ရသော ပန်းကို မြေးအဘွားနှစ် ယောက် တုံးခု၍ လက်လှမ်းမိကြလေပြီ။
မြေငယ်ကို ဒေါ်အေးသင် သေသေချာချာ စူးစိုက်ကြည့်မိ၏ ။ လှိုင်းကြီးအင်္ကျီလက်စကနှင့် ရေညှိရောင် တက်ထရွန် ထဘီးကလေးကို ၀တ်ကာ အနွေးထည်အနက်ကလေးပခုံးမှာ ခြုံထား သော ဆုသည် ၀င်းညက်သန့်စင်သော မျက်နှာတွင် သနပ်ခါးရေကျဲသာ လိမ်းခြယ်ထားလျက်က နက်မှော က်၍ တန်းနေကာ နှာယောင်တွင် မွေးညင်းကလေးများ ဆက်နေသော မျက်ခုံးများ ၊ ထူးထူးကဲကဲ ကြီးမားလှပသော မျက်တောင်ကော့တို့ ခြံရံသည့် မျက်ဝန်းများ နှင့် တစ်မျှင်နှင့် စုစည်းထားသော ရှည်လျား မည်းနက်သန်စွမ်းသည့် ဆံပင်များ ကလည်း ကျက်သရေဆောင်၍ နေပေ၏ ။ ထိုးထွင်းဉာဏ်ရှိသော စက်ချုပ်သည်ပီပီ ဒေါ်အေးသင်သည် မြေးမလေးကို အ၀တ်သစ် ဆယ်စုံထက် ပိုမထည့်ပေးလိုက်နိုင်ပေမယ့် ပုံကျသပ်ရပ်၍ လုံခြုံ ခေတ်မီသော အထည်များ သာ ချုပ်လုပ် ပေးလိုက်နိုင်ချေသည်။
ဒေါ်အေးသင်းက၀ဖြိုးသော ခန္ဓာကိုယ်ကြီးကိုမှအားမနာစွာ အစွမ်းကုန်သေးမျှင်လှသော ရွှေဆွဲကြိုးကလေးကို သူမ၏ လည်ပင်းမှဖြုတ်ကာဆု၏ ၀ါဝင်းသော လည်တိုင်ကြော့တွင် ဆွဲပေး မည် ပြုသည်။ဆွဲကြိုးတွင် မျက်ရည်သဏ္ဍာန် ပုလဲလော့ကက်ကလေးက တွဲ လွဲခိုလျက်…
ဆုသည် ကိုယ်ကလေးတိမ်းညွှတ်ရှောင်ဖယ်လိုက်ရင်း…
``ဆုမယူသွားချင်ပါဘူး ပြောပြီးမှပဲ အဘွားရယ်´´ ဟုငြင်းဆန်လေ၏ ။
``ဆွဲသွားစမ်းပါအေ။ ငါ့မြေလေးမျက်နှာငယ် မှာ စိုးလို့ပါ´´
``ဘာလို့ မျက်နှာငယ်ရမှာ လဲ အဘွားရဲ့ ။ ဆုဟာ ခုံနံပါတ် တစ်မဟုတ်လား။ အားလုံးထဲမှာ ဆုအတော် ဆုံးပါ´´ဟု ဆုကခပ်ကြွားကြွားကလေး ဆိုလေ၏ ။
ဘွားအေ၏ လည်ပင်းတွင် အဘိုးဆင်မြန်း ပေးခဲ့သည့် ရွှေကြိုးမျှင်ကို ပြန်ဆွဲပေးရင်း အဘွား၏ မတွန့်မလိမ်ပြည့်ဖောင်းသော ပါးပြင်ကြီးကို ရွှတ်ခနဲ နမ်းလိုက်သည်။
``မတော် တဆ ပျောက်မှာ စိုးလို့ပါ အဘွားရဲ့ ။ မပူပါနဲ့။ အဘွားသေတော့ဆုပဲရမှာ ပါ ဟုတ်ဘူးလား´´ ဟုကျီစယ်ရင်းပါးအို့ကြီးကို ခပ်နာနာလိမ်ဆွဲလိုက်သည်။
``ခွေးမစုတ်- နာလိုက်တာအေ´´ဟု အဘွားက ဆုလက်ကို တွန်းဖယ်ရင်း ပြုံးလာတော့ သည်။
``သမီးပိုက်ဆံအိတ်ထဲမှာ ငွေသုံးဆယ်ပဲထည့်ထားတယ်နော်။ သေတ္တာထဲမှာ စက္ကူအိတ်၂ အိတ်ခွဲပြီး တစ်ရာ့ငါးဆယ်စီထည့်ထားတယ်။ တက်ထရွန်ထဘီ နက်ပြာကလေးကြားမှာ ´´
``သိပါတယ် အဘွားရဲ့ ´´
ဒေါ်ဒေါ်မြသည် အိမ်ရှေ့ ၀ရန်တာမှတစ်ဆင့် သူတို့အခန်းသို့ ကူးလာသည်။ သူမသည် အိမ်နီးချင်း ဒေါ်ဒေါ်သင်နှင့် ဆန့်ကျင်စွာ အသားမည်းသလောက် ပိန်လှီသေးကွေးသည်။ သို့တစေ ရွှင်ချိုဖျတ်လတ်၍ ပျော်ပျော်ကြီးနေတတ်လှလေ၏ ။
``ဘာလုပ်ပေးရဦးမလဲ ဆုရေ။ အဒေါ်လဲ ကူးလာမလို့ဟာ ဆိုင်ကို နင့်ဦးလေးဖိုထမင်းချိုင့် ပို့ဖို့မကျက်နိုင်တာနဲ့´´
``အဆင်သင့်ပဲ ဒေါ်ဒေါ်မြ။ ကိုလတ်လာရင် သွားရုံပါပဲ။ သင်္ဘောလာမှ လာခေါ်မယ်တဲ့။ သူ့ဆိုက်ကားမှာ ထားတယ်´´
သူတို့ငှားနေသော အိမ်မှာ နှစ် ခန်းတွဲ ဖြစ်လျက် ဒေါ်ဒေါ်မြတို့ မိသားစုနှင့် ဆုတို့မြေးအဘွား တို့ တွဲ နေလာခဲ့သည်မှာ ကြာမြင့်လှပြီ။ ဆုတစ်သက်ပဲဆိုပါစို့။ ခင်ရာ ဆွေမျိုးဟူသော စကားနှင့် အညီ သံယောဇဉ်တွယ်တာမှု တွေ က ကြီးမားခဲ့လေကြရာ ဒေါ်ဒေါ်မြတို့ရှိ၍ ပင် အဘွားကို ဆုစိတ် တုံးတုံးချကာ ထားခဲ့နိုင်ပေမည် ။
``မောင်ဝင်းလတ် ကတော့ အအိပ်ကိုကြီးတယ်။ စောစောစီးစီး မအူပင်အမြန်နဲ့ သွားပါဆို တာ မဟုတ်ဘူး။ ပုသိမ်အမြန်မှ စီးချင်တယ်။ လမ်းမှာ တောက်လျှောက် ရပ်သွားတာကိုလဲ သူကစိတ်မရှည်နိုင်ဘူးလေ´´ဟု ဒေါ်ဒေါ်မြကဝေဖန်နေသဖြင့်…
``ဘာလိုလိုနဲ့ နောက်ဆုံးနှစ် တောင်ရောက်ပြီနော်။ ဆရာဝန် ဖြစ်တော့မှာ ပဲ´´ဟု အဘွား ကတွေးတွေးဆဆဆို၏ ။
`ငယ်ငယ်ကများ ဒီလို ဖြစ်လာမယ်မထင်ရဘူး။ ခင်ဝင်းမှီ အပင်ပန်းခံရကျိုးနပ်တာပေါ့လေ။ အခုအတန်းက အပိုင်း(က) ဆိုလား…´´
``ဟော…ပြောရင်းဆိုရင်း သားအမိသွားကြပြီ´´ဟုအဘွားကဆိုသည်။
ဆိုက်ကားတစ်စီး ထိုးဆိုက်လာကာ ဒေါ်ခင်ဝင်းမှီနှင့် ကိုဝင်းလတ် ဆင်းလာကြသည်။ နောက်မှ ဆိုက်ကားအလွတ်တစ်စီးလိုက်လာလေသည်။
``ဆုရေ…မြန်မြန်လုပ်´´
``ပြီးနေပါပြီကိုလတ်ရဲ့ ´´ ဟုဆုက ပြောပြောဆိုဆို အိပ်ရာလိပ်ကို မသည်။
``ကိုလတ်ကိုပေးဆု။ ဦးလေးရေ သေတ္တာ ကူသယ်ပါဦးဗျ´´
ဆိုက်ကားဆရာနှင့် ကိုလတ် ပစ္စည်းများ တင်ကာ ချည်နှောင်ခိုက် ဆုသည် အဘွား ဒေါ်လေးမှီနှင့် ဒေါ်ဒေါ်မြတို့အား ကျုံ့ကျုံ့ထိုင်ကာ ကန်တော့သည်။ ဒေါ်အေးသင်ထိန်းမရဘဲ မျက်ရည်ကျ ဖြစ်ရချေ၏ ။
``မငိုနဲ့လေ အဘွား။ အလကား ခေါင်းအုံးနေပါ့မယ်။ ဆုခဏခဏ ပြန်လာမှာ ပေါ့လို့´´
``စိတ်ချလက်ချနေခဲ့ပါ အဘွားရ။ ကျွန်တော် ဆုကို အဆောင်အထိ လိုက်ပို့မှာ ပါ။ နေသားမကျ မချင်း နေ့တိုင်းသွားကြည့်ပြီးလိုအပ်တာအားလုံး စီစဉ်ပေးမှာ ပါ။ အခုအတူသွားမယ့် အဲလစ်တို့ကလဲ သဘောကောင်းပါတယ်။ ကျွန်တော် သေချာအပ်ထားပါ့မယ်။ ကဲညီမလေးသွားကြ စို့။ မာမီ ကျွန်တော် တို့သွားမယ်´´
ဒေါ်ဒေါ်မြက``မမှီ သင်္ဘောဆိပ်လိုက်မယ်မှတ်လို့´´ဟုဆိုလျှင် ဒေါ်ခင်ဝင်းမှီက``ဒီတင်ပါ ပဲအဘွား။ ဆုကိုလဲ နှုတ်ဆက်ရင်း´´ ဟုတစ်ပိုင်းတစ်စနှင့် ဒေါ်ဒေါ်သင် ကိုလည်း အဖော်အ ဖြစ် နှစ် သိမ့်လိုကြောင်းမြှုပ်ကာ ပြောလေ၏ ။
``ချုပ်ထည်တွေ အတွက် စိတ်ချဆုရေ။ အသက်နဲ့ ကြယ်သီးတံတပ်ဖို့ လက်ချုပ်လိုက်ဖို့ တာဝန်ယူပါတယ်´´
ကိုဝင်းလတ်က ရှေ့မှထိုင်ကာ ဆုကနောက်မှထိုင်လျက်ဆိုက်ကားထွက်ခွာသွားလျှင် ဒေါ်အေးသင်မှာ မျက်ရည်မဆည်နိုင်ပဲ လက်မောင်နှင့် တို့ကာ သုတ်ရှာလေ၏ ။ ဒေါ်ခင်ဝင်းမှီက ဒေါ်အေးသင်ကို ဖက်ကာ ချော့မော့ဆဲ။ ဒေါ်မြ၏ သားကြီးနှင့် သားငယ်တို့က လက်တွင် ကျန်ရစ်လေ၏ ။
ဆုသည် တစစဝေး၍ ကျန်ရစ်သော အိမ်ကို ရီဝေသော မျက်လုံးများ ဖြင့် ငေးကြည့်နေသည်။ တစ်ချိန်တစ်ခါကသေသပ်စွာ ဆောက်လုပ်ထားခဲ့သော သည်အိမ်မှာ ယခုအခါမုဆိုးမအ ဖြစ် ကာလရှည်ကြာ ရုန်းကန်လာရသော အိမ်ရှင် ဖြစ်သူ မင်းကတော် ကျ ဒေါ်လေးမှီလည်း မပြုပြင်နိုင်။ အိမ်ငှားများ ဖြစ်ကြသော အဘွားနှင့် အဒေါ် ဒေါ်မြမှာ လည်း တစ်ဝမ်းတစ်ခါးစားဖို့ပင် အနိုင်နိုင် ဖြစ်ချေရကား အိုမင်းယိုင်နဲ့လျက် ရေနံချေးရောင် ပင် မပြောင်နိုင်ချေ။
ဆိုက်ကားသည် ကမ်းနားလမ်းအတိုင်း အသော့ နှင်လာသည်။ မိမိကျင်လည်ကျက်စားရာ မွေးဇာတိမြေ ဖြစ်သည်နှင့်အညီ မည် သည့်နေရာတွင် မည် သည့် အဆောက်အဦးရှိမည် သိလျက် မြစ်ဘေးမှ တာရိုးကြီးတစ်လျှောက်ဆီသို့ ငေးရင်းလိုက်ပါလာစဉ်တွင် သရက်ပင်တို့ အုပ်ဆိုင်းလျက် ရှိသော ကျယ်ဝန်းလှသည့် ခြံကြီးတစ်ခြံရှေ့မှ ဖြတ်သန်းသွားနေရကြောင်း လှည့်မကြည့်ပါဘဲ ခံစားသိရှိလေ၏ ။ တိုက်ခဲပျဉ်ထောင် နှစ် ထပ်အိမ်ကြီးကို မြင်ယောင်မိရင်း ဤအိမ်ကြီး၏ နောက် ဘက် ခြံအစွန်းတစ်နေရာမှ အလုပ်သမားတန်းလျားတွင် ဆုနေထိုင်ခဲ့ဖူးကြောင်းအလိုအလျောက် သတိရလာသည်။ တန်းလျားကလေးတွင် ဆု၏ ချစ်လှစွာ သော မွေးမိခင်သည် စိတ်နှလုံး ပင်ပန်းဆင်းရဲလှစွာ အသက်ကုန်ဆုံးသွားရရှာကြောင်းဖြင် မနေ့တစ်နေ့ကပင် ဖြစ်ပျက်သည့်ပမာ အာရုံမှာ ထင်ဟတ်လာခဲ့သည်။ ဆု တစ်ယောက် ယောင်ယမ်း၍ မျက်လုံးစုံမှိတ်ရင်း ရင်ဝယ်ဆို့နစ် လျက်ပြင်းပြစွာ နာကျင်ရလေ၏ ။
ဈေးကို ဖြတ်ကျော်လာကာ သင်္ဘောဆိပ်မှာ ထိုးဆိုက်လိုက်လျှင် ဆုတို့အလျင်အမြန် သင်္ဘောဆိပ်သို့ပြေးကြရသည်။ ဆိုက်ကားဆရာများ က ပစ္စည်းသယ်ပိုးပေးကြလေသည်။ ဗန္ဓက အမည် ရှိ သင်္ဘောဖြူကြီးသည် ကျယ်လောင်စူရှစွာ ဥသြမှု တ်လိုက်လေ၏ ။ ဤသင်္ဘောကြီးသည် ဆုကို ရန်ကုန်သို့ သယ်ဆောင်သွားတော့မှာ ပါလား။
``ဟိုမှာ အဲလစ်ရောက်နေပြီ´´
အဲလစ်မှာ တတိယနှစ် (ဆေး)မှကျောင်းသူတစ်ဦး ဖြစ်လေသည်။
``နေရာလဲ မရှိပါလား။ ဦးခန်းက သွားစီးရအောင်´´ဟုကိုလတ်က အဲလစ်ကိုခေါ်သည်။
``ပုသိမ်က သူငယ်ချင်းတွေ ပါလာတယ်။ အဲလစ် သူတို့နဲ့ပဲစီးမယ်။ ရန်ကုန်ကျမှ မင်္ဂလာဒုံ ကိုကားစုငှားသွားမယ်´´
ကိုလတ်သည် အဲလစ်ကို နှုတ်ဆက်ကာ စိတ်မြန်လက်မြန်အပေါ်ထပ်သို့ ခပ်သွက်သွက် တက်ခဲ့သည်။ ဆုကအပြေးအလွှားလိုက်ရလေသည်။
``ကိုလတ်ကရိုးရိုးတန်းက စီးရတာ အသက်ရှူ ကျပ်တယ်´´ဟုတီးတိုးပြောသည်။
``ပိုက်ဆံပိုကုန်မှာ ပေါ့။ ကိုလတ်က ဒေါ်လေးမှီပိုက်ဆံတွေ ကို ဖြုန်းပစ်နေတာ´´
``ဒါ ကတော့ မာမီပဲကိုလတ်ကို အသုံးကြီးအောင်အလိုလိုက်ထားတာကိုး။ ညည်းကပူမနေ ပါနဲ့။ ကိုလတ်လမ်းစရိတ်ခံမှာ ပါ´´
``ပူမနေပါဘူး။ ဦးခန်းခေါ်တော့ ခေါ်တဲ့လူပေးရမှာ ပေါ့။ ဆုကမှရိုးရိုးတန်းခပဲ တတ်နိုင် မယ့်ဥစ္စာ´´
``ဆုက ကြွားတတ်တယ်နော်´´
သင်္ဘောအကြိမ်ကြိမ်စီးလျက် ရန်ကုန်နှင် မအူပင် ဥဒဟိုကူးသန်းသွားလာနေသူ ဖြစ်သည့် အားလျော်စွာ ကိုဝင်းလတ်သည် သင်္ဘောသားများ နှင့်ပင် ရင်းနှီး၍ နေလေသည်။ တကယ်တော့ လည်းလှိုင်းတွန့်ဆံပင်ကလေးများ နဖူးပေါ်ဝဲလျက်သွားတက်ကလေး ပေါ်အောင်ပြုံးကာဖော်ရွှေ ချိုသာမြဲမို့ ကိုဝင်းလတ်သည် လူချစ်လူခင်ပေါလေသည်။
ကိုလတ်က ဘတ္တလာအားနံနက်ခင်းစားသောက်ဖွယ်ရာ မှာ ကြားခိုက်ဝယ် ဆုသည်ပြတင်း ပေါက်နံဘေးတွင် ရပ်ကာအဘွားရှိနေမည့်  ဆုတို့အိမ်ရှိရာသိုပ မမြင်ရပါဘဲလျက် ရော်ရမ်းမှန်းဆ ကြည့်နေမိသည်။
သင်္ဘောကြီးဆိပ်ကမ်းမှခွာလေပြီ။ ခရီးသွားများ ၊ ဈေးရောင်းဈေးဝယ်များ နှင့် ကြိတ်ကြိတ် တိုး စည်ကားနေသော်လည်းကောင်း၊ ကမ်းနားလမ်းတလျှောက်ရှိ ဆိုင်ခန်း၊တိုက်တာအဆောက် အအုံများ သည် လည်းကောင်း`ဆုရေ-သွားပေဦးတော့´ ဟူ၍ နှုတ်ဆက်နေရစ်သယောင် ဝေး၍ ဝေး၍ ကျစ်ရစ်ခဲ့သည်။ ပေါ်တော် မူ ဘုရားပင်လျှင် မှု န်ဝါးရစ်ခဲ့လျက်၊ သင်္ဘောချိုးကွေ့သွားလျှင် ကွယ်၍ ကျန်ရစ်တော့သည်။
``ဆုကျောင်းရောက်တော့ပျော်သွားမှာ ပါကွာ။ ကိုလတ်ဆုမပျော်သေးခင် နေ့တိုင်းလာ မယ်´´
``သူ့အဆက်တွေ ဆီ သွားလို့တောင် အချိန်လောက်မှာ ဖြင့်မဟုတ်ဘဲနဲ့´´
``ဒီလောက်မလောက်တဲ့ အချိန်ကလေးတွေ ကိုပဲ ဆုအတွက် ကတ်သီးကတ်သတ် ဖဲ့ရွဲ့ချန်ပြီး လာပါ့မယ်ဗျာ´´
သြော်…ဆု၏ စွန့်စားခြင်း ခရီးအစ။
အခန်း(၂)
နန်းဝါနွဲ့ ကို အခန်းဖော်အ ဖြစ် ရရှိခဲ့သည်အတွက် တစ်နည်းအားဖြင့် ဆုမြတ်လှိုင် ကံကောင်းသည်ဟုဆိုနိုင်ပေသည်။ နန်းဝါနွဲ့သည် နှိမ့်ချရိုးသားသော ရှမ်းမကလေးပင်တည်း။ တစ်ဘက်တမူ နန်းဝါနွဲ့၏ ပြည့်စုံကြွယ်ဝမှု သည် ဆုမြတ်လှိုင်၏ ချို့ငဲ့ဆင်းရဲမှု နှင့် ဆန့်ကျင်ဖီလာ အလှမ်းကွာလွန်းနေပြန်သည်။ သစ်လွင်ခြောက်ဆယ်တွင် မိန်းကလေးဆယ့် တစ်ယောက် သာ ပါဝင်ခဲ့သည်အနက် သီတာဆောင်တွင် ဆယ်ယောက် နေထိုင်လေရာ ယင်းဆယ်ယောက် အနက် နန်းသည် ဒုတိယအခမ်းနားဆုံးပင် ဖြစ်ချေသည်။ နန်းသည်ငွေကြေးအလျှံပယ် သုံးစွဲနိုင်သည်။ သို့ပေမယ့်နယ်မှလာသူပီပီ နေထိုင် ၀တ်စားပုံ ကတော့ ရိုးသားလှသည်။
နန်းထက်ထည်ဝါခမ်းနားသူကား သီတာ၏ အလှဘုရင်မ `ခင်နှင်းဖြူ´။ သူမသည် ဖခင် ဖြစ်သူ အင်္ဂလန်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကမ္ဘာကိုလည်း လှည့်ပတ်ခဲ့ဖူးချေသည်။ `ခင်နှင်းဖြူက ဆုလောက်မလှပါဘူး။ ဆုသာအလှဘုရင်မ ဖြစ်ထိုက်တာ။ ဆုက တည်တည်ကြီးနဲ့ သီးသန့်နေတော့ စီနီယာတွေ က မာနကြီးတယ်ဆိုပြီး မဲမသည့်တာသိလား ဟု ခင်မင်စပြုလာမှ နန်းဝါနွဲ့က ပြောပြသည်။
နန်းဝါနွဲ့သည် သမီးထွေး ဖြစ်သည်နှင့် အညီ မိခင်ကို ခင်တွယ်တာလှသည်။ နန်း၏ မိခင် သည်နန်းကိုလာပို့ရင်း နန်းပြန်မလွှတ်၍ ရန်ကုန်တွင် သုံးလကြာမျှ သော င်တင်နေလျှက်နန်းထံ ညနေတိုင်းလာတွေ့ ခဲ့ရသည်။ မနေ့ကမှ တောင်ကြီးပြန်ရချေ၏ မပြန်မီ ကလေးပမာ ငိုရှိုက်နေ သော နန်းအတွက် စိတ်မဖြောင့်တဲ့ ဆုထံ အထပ်ထပ် မှာ ကြား အပ်နှံခဲ့လေသည်။
`နန်းဟာ သိပ်စိတ်ပျော့တာပဲ ဆုမြတ်လှိုင်၊ အားငယ်တတ်၊ ကြောက်တတ်နဲ့ စောင့်ရှောက် လိုက်ပါဦးကွယ်။ စာမလိုက်နိုင်လဲ ပြပေးပါဦးနော်’
ယနေ့မူ ခါတိုင်းညနေလို မိခင် မလာတော့ပြီမို့ နန်းသည် ထမင်းမစားဘဲ အိပ်ရာထက်မှာ ခွေနေသည်။ ဆု ကတော့လေးနာရီခွဲသည်နှင့် အဆောင်မှာ ကျွေးသော ထမင်းနှင့် ဟင်းကို ၀မ်းပြည့် အောင် မျိုချတာ ညလယ်စာ စားနိုင်ရန်လည်း ထမင်း အနည်းငယ် တင်ထားပြီးလေပြီ။ ဓာတုဗေဒ လက်တွေ့ စမ်းသပ်ချက် မှတ်တမ်းများ တကုန်းကုန်း ရေး မှတ်၍ ပင် နေပြီ ဖြစ်လေ၏ ။
`ငါးနာရီထိုးရင် ခင်နှင်းဖြူအခန်း သွားရမယ်နော်။ သူ့မွေးနေ့တဲ့’ ဟုနန်းက လှမ်းပြောသည်။
`တို့ကို ရီရီညွန့် ပြောထားတယ် နန်း
မသွားလဲ ဘယ်ကောင်းမလဲနော်။ နန်းက စိတ်ညစ်လို့ ကိုယ့်အခန်းမှာ ပဲ နေချင်တာ
`နန်းမေမေကတစ်လလောက်နေရင်လာဦးမယ်ပြောသားနဲ့
ဆုသည် ဆုဘက် စောင်းလှည့်လာသော နန်းကိုကြည့်မိ၏ ။
``ဆု ဘာတွေ ရေး နေတာလဲ ဟင်´´
``ပရက်တီကယ်လေ နန်း။ ပြီးပါပြီ´´
``နန်း ကူးဦးမယ်နော်။ ခင်နှင်းဖြူအခန်းက ပြန်လာမှ ကူးရတော့မယ်´´
နန်းက ဆံပင်ဖြီးပြီးနောက် ဆု၏ စာအုပ်ကို လှမ်းယူကာ လှန်လှော ကြည့်ရှုနေ၏ ။
``ဆုက လက်ရေး ကလေးတွေ သိပ် သေသပ်တာပဲ။ ဆုနေတာ ထိုင်တာကလဲ စည်းကမ်း စနစ်ကျလွန်းလို့ မေမေက သိပ်ချီးမွမ်းတာပဲ။ နန်းတော့ ဆုလို မနေနိုင်ပေါင်။ အသက်ရှူကျပ်တယ်။ ဟင်းဟင်း … ဆု စိတ်မဆိုးနဲ့နော်။
``နန်း ကြည့်ရတာ လေ … ဆုဟာ ဆုကိုယ်ဆု အကျဉ်းချထားသလိုပဲ´´
ပျင်းသည့်အခါ နန်းသည် အခန်းလည်လေ့ရှိသော်လည်း ဆုကား ဘယ်သူ့အခန်းမှ မရောက် ဖြစ်။ နန်းက ရက်ရောသူ ဖြစ်ပါလျက်နှင့် ဆုသည် နန်း၏ အသုံးအဆောင် အစားအသောက်များ နှင့် ပင် ဆက်စပ်ပတ်သက်ခြင်း မရှိအောင် ကင်းကင်းပြတ်ပြတ် နေတတ်သေး တော့လည်း အခြားသူများ နှင့် မေးထူးဆက်ဆံရုံထက် ပိုမရင်းနှီးလာတော့သည်မှာ အံ့သြစရာမရှိ။
ခင်နှင်းဖြူတို့ အခန်းထဲ ၀င်မိသည်နှင့် ခင်နှင်းဖြူ၏ ခုတင်ပေါ်မှာ တရုတ်ဖဲ အိပ်ရာဖုံး၏ အလှအပကို သတိမထားမိဘဲ မနေနိုင်သလို စားကြည့်စားပွဲရှေ့ နံရံတွင် ခပ်စိုက်စိုက်ချိတ်ထား သော မှန်ကြီးကလည်း အာရုံကို ဆွဲဆောင်နေလေ၏ ။ စားပွဲဘေးရှိ နံရံတွင် အရှင်တပ်ဆင်ထား သော စင်ကလေးရှိလျက် ခောတ်စားစ ကက်ဆက်တင်ထားကာ၊ ကလစ်ဖ်ရစ်ချက်၏ ``ငယ်ရွယ် သူများ ´´ သီချင်းသံသည် သိမ်မွေ့ညင်သာ ပျံ့လွင့်နေလေသည်။ ကက်ဆက်မှန်းပင် နန်းပြောပြ၍ သာ ဆု သိထားရတာ ။ ဆုတို့ မအူပင်တွင် မည် သူမျှပင် မသုံးသေး။ အလယ်ဆင့်တွင် တိပ်ခွေများ စီထားကာ၊ အောက်ဆုံးက အဆင့်တွင် မူ နှုတ်ခမ်းဆိုးဆေး လက်သည်းနီ၊ ရေမွှေးနှင့် အခြား အလှပြင် ပစ္စည်းများ ပြည့်နေလေသည်။
အိပ်ရာဖုံးလွတ်နေသော ခုတင်အောက်ဘက်ဆီတွင် ဖိနပ်များ ကို ခြောက်ရံထက်မနည်း တန်းစီ၍ မြင်ရသေးသည်။ ယင်းသည်ပင်လျှင် အခန်းဖော်ကို အားနာကာ ၀န်စည်စလယ် လျှော့ပေါ့ ထားခြင်း ဖြစ်လေ၏ ။
``ခင်နှင်းဖြူ - ချစ်ဖွယ့်ချိုဆယ့်ခွန်´´ ဟူသော စကားလုံးများ ရေး ဖော်ထားသည့် မွေးနေ့ ကိတ်မုန်သည် စာကြည့်စားပွဲပေါ်တွင် နေရာယူနေသည်။ လိမ္မော်သီးများ ကို စိတ်နွှာကာ ပန်းကန်ပြားနှင့် ထည့်ထားသည်။ ဆိတ်သားမုန့်များ ၊ ချိုချဉ်များ ၊ ရေခဲဘူးထဲမှ ရေခဲမုန့် ဖန်ခွက် ကလေးများ ထဲသို့ ရီရီညွန့်က ထည့်ပေးပြီး ခင်နှင်းဖြူက တစ်ယောက် စီ လိုက်ကမ်းသည်။ ခုတင် နှစ် ခုလုံးပေါ်တွင် ရော၊ ကုလားထိုင် (၂) ခုပေါ်တွင် ပါ သူငယ်ချင်းများ ပြည့်နေလေ၏ ။
မြင့်မြင့်အေး ဆိုပေမယ့် ပု၍ ၀, သလောက် ရွှတ်နောက်ပြောင်ချော် အော်ကြီးဟစ်ကျယ် ရယ်မောနေကျ။ မိပုတ်က ``မွေးနေ့တစ်ရာတိုင်ပါစေ၊ တစ်နှစ် ထက်တစ်နှစ် ပိုပြီး ကျွေးမွေးနိုင်ပါ စေ´´ စသည်ဖြင့် အတည်ပေါက်ဆုမွန်တောင်းရာမှ အဆုံးသတ် ``ပါတနာလေးနဲ့လဲ ပိုလို့ ပြေလည်နိုင်ပါစေ´´ ဟု ဖောက်လိုက်လေ၏ ။
ခင်နှင်းဖြူသည် စီရီသော သွားကလေးများ ပေါ်လာအောင် လှိုက်လှိုက်လှဲလှဲ ရယ်မောရင်း ``ယူဟာလေ၊ ဒါပဲ ခလုတ်တိုက်နေတော့တာပဲ´´ ဟု ပြောလေသည်။
ခလုတ်တိုက်ဆို ကလီယိုပတ်ထရာနဲ့ မတ်အန်တိုနီယို ကလဲ ပရက်တီကယ်မှာ အမြဲပြေလည်နေတာကိုး´´
``သူငယ်ချင်းမို့ပါ ပုတ်ပုတ်ရယ်။ သူ့ပါပါနဲ့ အိုင့်ဒယ်ဒီနဲ့က သိပ်ကိုချစ်တဲ့သူငယ်ချင်းတွေ ။ သူ့အစ်မတွေ နဲ့လဲ အိုင်နဲ့ သိပ်ကိုချစ်တဲ့သူငယ်ချင်းတွေ ။ သူ့အစ်မတွေ နဲ့လဲ အိုင်နဲ့ သိပ်ချစ်ကြတာ။ အိုင်နဲ့လေ၊ ဆေးကျောင်းရောက်လာပြီး ခုံနံပါတ်ချင်းလဲ ကပ်လျက် ဖြစ်နေတော့မှ စကားစ , ပြောဖူး တာ သိလား´´
ကိတ်မုန့်လှီးနေသော ခင်နှင်းဖြူ၏ လက်ချောင်းကလေးများ လှပပုံကို ဆုသည် တမေ့ တမော ငေးကြည့်နေသည်။ သူမ၏ အဆစ်ပေါ်သော လက်ချောင်းများ ကို အမှတ်မထင် ငုံ့ကြည့်မိ သည်။ လက်ချုပ်မလိုက်ရသည်မှာ ကြာ၍ ဆု၏ လက်ဖျားကလေးများ အရင်လို မွကြမ်းမနေဘဲ ချောမွတ်လာကြောင်း သတိပြုမိလေ၏ ။
နန်းဝါနွဲ့က မကျေနပ်ဘူးဆိုသော်လည်း ဆုမှာ မူ ခင်နှင်းဖြူသည် သီတာ ဘုရင်မ ရထိုက် ကြောင်း ထောက်ခံချင်မိသည်။ မျက်လုံးမျက်ဖန် မလှဘူးဆိုပေမယ့် နှင်းလို ဖြူဆွတ်သော အသားတွင် နှင်းဆီဖူးပမာ လှပသော နှုတ်ခမ်းများ က ပြုံးလိုက်လျှင် ချစ်စရာကောင်းလှသဖြင့် စွဲမက်ဖွယ် မိန်းကလေးပင်တည်း။ ပခုံးတစ်ဝိုက်တွင် ဆံပင်ဝေ့၀ဲလျက်မို့ အလှ ဘုရင်မ ကလီယိုပက်ထရာအ ဖြစ် အယ်လစ်ဇဘက်တေလာ သရုပ်ဆောင်သွားသည်နှင့် နှိုင်းယှဉ်တင်စား ကြသည်မှာ လည်း မလွန်ဟု ဆိုက တွေးမိလေ၏ ။
``ကျော်ဆွေကိုက စာကြမ်းပိုး။ စာအုပ်နဲ့ပဲ အချိန်ကုန်နေတာ။ သူ့ပါပါက ဆရာဝန်ကြီး ဦးဖုန်းကိုလေ။ ပရော်ဖက်ဆာပေါ့။ သိတယ် မဟုတ်လား။ အဲဒီ အန်ကယ် ကိုယ်နှိုက်က စာသိပ်ဖတ် တာ။ ဒါပေမယ့် အန်ကယ့်လိုတော့ ကျောင်းစာမဖတ်ဘူးတဲ့။ သူ့အမတွေ က မနည်းချော့မော့ စာကျက်ခိုင်းရတာ တဲ့။ သူက အပြင်စာတွေ ပဲ ဖတ်တယ်တဲ့လေ´´
ရေခဲမုန့်များ ကို ပန်းကန်များ ထဲ လိုက်ဖြည့်ပေးရင်း ခင်နှင်းဖြူက ``ဆုကို တွေ့ ဖူးစက အိုင် သိပ်မြင်ဖူးတာပဲ ဆိုပြီး စဉ်းစားနေတာ။ ဆုက ဦးမောင်မောင်သော်တို့နဲ့ အမျိုးတော် သလားဟင်´´ ဟု မမျှော်လင့်ဘဲ မေးလေရာ သူမ၏ ချိုသာသော အသံသည် ဆု နားထဲတွင် အဆမတန် ခါးသက် လှလေ၏ ။
``ကြားတောင် မကြားဖူးပါဘူး ခင်နှင်းဖြူ´´ ဟု ဆုက ခပ်တည်တည်ပင် ငြင်းဆန်ပစ်လိုက် လေ၏ ။
``ညွှန်မှူးချုပ် ဦးမောင်မောင်သော်လေ။ မအူပင်ကပဲ´´ ဟု ခင်နှင်းဖြူက မယုံနိုင်ဘဲ ထပ်ဆင့်မေးသည်။
``သိကို မသိပါဘူး´´
``တကယ်လားဟင်။ သူ့သမီး ၀င့်ဝင့်သော်နဲ့ ယူနဲ့ သိပ်တူတာပဲ ဆုရဲ့ ။ ငယ်တော့ငယ် တယ်။ ခုမှ ဆယ်နှစ် နှစ် လောက်ပဲ ရှိသေးတာ။ အိုင်ဖြင့် ကျော်ဆွေကိုနဲ့တောင် ပြောမိသေးတယ်။ အိုင်ပြောမှ သူလဲ စဉ်းစားမိပြီး အိုင့်ကို ထောက်ခံတယ်။ တူတယ်တဲ့´´
``ကျော်ဆွေကိုနဲ့လဲ သိတယ်လား။ အဲဒီ ၀င့်ဝင်သော်က´´ ဟု နန်းက ၀င်မေးသည်။
``သူတို့နဲ့ ဦးမောင်မောင်သော်နဲ့က ခြံချင်းကပ်လျက်။ သူ့ အစ်မ စန္ဒာကို ကတော့ ၀င့်ဝင့်သော်ကို ကြည့်မရဘူးတဲ့။ ကဲလိုတဲ့လေ။ အိုင့် မောင်လေးတွေ ကတော့ စိတ်ဝင်စားတယ်။ ၀င့်ဝင့်က စတား´´
``ဟင် … အဲဒီ အရွယ်ကလေးက စတား။ ပြီးတော့ ကဲတယ်´´ဟု နန်းက အံ့သြနေသည်။
``ဦးမောင်မောင်သော် ကတော့ သိပ်မာနကြီးတာပဲ။ စကားပြောရင် အထက်စီးချည်းပဲတဲ့။ အိုင့်ဒယ်ဒီနဲ့တော့ ပြေလည်ပါတယ်။ ကျော်ဆွေကို့အဖေ ဦးဖုန်းကိုနဲ့ကျ မဟုတ်မခံ ဘွင်းဘွင်း သမားကြီးမဟုတ်လား။ တစ်ခါ တစ်ခါ သူတို့နှစ် ယောက် ဆုံမိကြရင် ဒယ်ဒီ ဦးနှောက်ခြောက်ရော။ ကလေးတွေ ရန် ဖြစ်သလို အပြန်အလှန် ငြင်းခုံကြပြီး တစ်ယောက် ကို တစ်ယောက် ချိုးဖဲ့ကြတာပဲ´´
``ယူ့မောင်လေးတွေ ကတော့ ငယ်ငယ်လေးတွေ ပဲပေါ့´´ နန်းက ဘ၀င်မကျနိုင်ဘဲ ထပ်မေးပြန်သည်။
``ဟုတ်တယ် နန်းရေ ငယ်ငယ်လေးတွေ ပဲ။ ခေတ်က ပြောင်းနေပြီ။ နန်းသာ တက္ကသိုလ် ကျောင်းသူ ရင့်မကြီး ဖြစ်လျက်နဲ့ စာပေးခံရတာ ကို ရှက်ပြီး ငို … သိလား´´
တစ်နေ့က နန်းဝါနွဲ့ကို ခုံနံပါတ်တွဲ ဘက် ခင်မောင်မောင်က စာအုပ်ထဲ စာညှပ်ပေးသဖြင့် နန်း ရှက်ဒေါသနှင့် ငိုခဲ့သည်ကို ပုတ်ပုတ် အစ, ပြန်ဖော်လိုက်လျှင် နန်းက မျက်နှာကလေးနီကာ ပုတ်ပုတ်ကျောကို ထုလေ၏ ။
ဆုကား ကိုယ့်ဝမ်းနာ ကိုယ်သာသိလျက် မချိပြုံးနှင့် အောင့်အည်းနားထောင်နေသော်လည်း မျက်စိထဲတွင် မူ ၀င့်ဝင့်သော်၏ မျက်နှာကို ပုံဖော်ကြည့်နေသည်။
မအူပင်မှ အိမ်ကြီးတွင် နေစဉ်က ဆု ကိုယ်တိုင်ပင် ငယ်လွန်းသေးသော အရွယ်မို့ ၀င့်ဝင့်သော်တို့ မျက်နှာများ ကို မအူပင်သို့ ခေတ္တ အလည်လာသည့်အခိုက် တွေ့ မြင်ဖူးစေကာမူ မမှတ်မိ။ သုံးနှစ် အရွယ် ၀င့်ဝင့်သော်နှင့် လမ်းလျှောက်တက်စ စိုးသော်တို့ ရောင် စုံဘောလုံးကြီးနှင့် အိမ်ရှေ့မြက်ခင်းပြင်ပေါ် ပြေးဆော့နေခိုက် ခုနှစ် နှစ် အရွယ် ဆုသည် ငေးကြည့်ရင်းကြည်ရင်း ရှေ့တိုးမှန်းမသိ တိုးသွားခဲ့မိသေးသည်။ ``ဟဲ့ ကောင်မလေး၊ ဒီအိမ်ရှေ့ကို မလာနဲ့ ပြန်´´ ဟု သူတို့မိခင် ဒေါ်နုနုတင်က မျက်နှာထားကြီးနှင့် အော်ငေါက်လိုက်လေမှ နုနယ်သော အသည်းတွင် နာကျင်ထိတ်လန့်စွာ ခံစားရပြီး တန်းလျားသို့ ပြန်ပြေးခဲ့ရကြောင်းကိုမူ ဆု သတိရနေမိလေသည်။ ဆု, ကား အမှတ်သည်းခြေ ကြီးခဲ့သည်။ ထိုစဉ်ကတည်းက အိမ်ကြီးဘက် ယောင်၍ မှ ခြေဦး မလှည့်တော့ပေ။
လွန်ခဲ့သော လေးနှစ် ကတော့ မအူပင်ဈေးထဲမှာ ဒေါ်နုနုတင်တို့ သားအမိကို တစ်ကြိမ် ထပ်၍ ဆုံတွေ့ ရပြန်လေ၏ ။ ထိုနေ့က ဒေါ်မြမြနှင့် ဆု , ဈေးဝယ်သွားကြရာ ဈေးအလယ် ပုစွန်ဆီ ပုစွန်ချဉ်ဆိုင်ရှေ့တွင် ထည်ဝါသားနားစွာ ၀တ်စားထားသော အမျိုးသမီးကြီး တစ်ဦး ဈေးဝယ်နေ လျက် ချစ်စဖွယ် ကလေးနှစ် ယောက် က သူမနောက်တွင် ရပ်နေလေရာ ဆုတို့ ဆက်မသွားနိုင်ဘဲ လမ်းပိတ်နေခဲ့သည်။ မျက်နှာတွင် နှုတ်ခမ်းနီ မိတ်ကပ် ခြယ်သလျက် ပါတိတ် တစ်ဆင်စာနှင့် ဧရာမ လက်ပွေ့အိတ်ကြီးကို ကိုင်ဆွဲထားသော အမျိုးသမီးကြီးမှာ မအူပင်တွင် မြင်နေကျသူ မဟုတ်မှန်းတော့ သူ သတိထားမိသည်။
``ကလေးရေ၊ လမ်းနည်းနည်း ဖယ်ပေးပါဦးကွယ်´´ဟု ဒေါ်မြမြက ကလေးမလေးကို ပြော သဖြင့် အမျိုးသမီးကြီး လှည့်အကြည့်တွင် မှ ဒေါ်မြမြလည်း …
``ဟင် … မမတင်´´ ဟူ၍ အာမေဍိတ်ပြုလေ၏ ။
``သြော် … အမြပါလား´´ ဟု ဆိုကာ ဆု, ကို လှည့်ကြည့်ပြန်ပြီး ``သူက´´ ဟု စူးစမ်း မေးမြန်းလေ၏ ။
ဒေါ်မြမြသည် ရုတ်တရက် အဖြေရခက်နေပြီးမှ ``ဆုလေ မမ´´ ဟု ဆိုသည်။
``ဘာ´´
``ဆု၊ ဟိုဒင်း … မေလေးသမီး´´
ဒေါ်နုနုတင်က ရင်ဘတ်ကို လက်နှင့် ဖိကာ မမြင်သင့် မမြင်အပ်သည်ကို မြင်တွေ့ ရသည် နှယ် ``ဘုရား … ဘုရား´´ နှင့် တ, များ ပင် တ, နေချေ၏ ။
ဒေါ်မြလည်း ချဉ်ချဉ်ရှိလာလျက် ``ဒါ မမသမီးကလေးလား၊ သွေးစပ်တယ်များ ပြောစရာ မလိုဘူး။ ဆုနဲ့ တူလိုက်တာနော်´´ ဟု ပြောချလိုက်သည်။
``ဒီစကားများ အစ်ကိုကြီးကြားရင် တူအောင် မွေးရမလားလို့ ငါ့ကို သတ်ပစ်နေပါ့မယ်အေ။ ကြည့်လဲပြောပါ´´ ဟု ဒေါ်နုနုတင်က ခါးခါးသီးသီး ပြန်ပြော၏ ။
ကြောင်ငေးနေသော ဆု , သည် မြွေဟောက်ကလေးပမာ ရှူးခနဲ ပါးပျဉ်းထောင်ကာ `` ဟုတ်သားပဲ ဒေါ်ဒေါ်မြရဲ့ မတူသင့်ဘဲ တူရင် ဒေါင်းယောင်ဆောင်တဲ့ ကျီးကန်းလို ဖြစ်တတ်တာပေါ့။ မလုပ်ပါနဲ့´´ ဟု ပြောလျက် ဘေးမှ ပခုံးချင်းဇွတ်တိုက် တိုးထွက်ခဲ့တော့သည်။
မမျှော်လင့်ခိုက် ပက်ခနဲပြောသွားသော စကားကို ရုတ်တရက် နားမလည်ဘဲ တဖြည်းဖြည်း မှ အဓိပ္ပာယ်ပေါ်ကာ ဒေါ်နုနုတင်မှာ ခံပြင်းစွာ ဖြင့် ဆု,၏ ငယ်ကျိုးငယ်နာများ ရွတ်ဖတ်သရဇ္ဈာယ်၍ ကျန်ရစ်ကြောင်းဖြင့် ဆု,နောက်မှ ပြေးလိုက်လာသော ဒေါ်ဒေါ်မြက အဘွားနှင့် ဒေါ်လေးမှီအာ အားပါးတရ ဖောက်သည်ချခဲ့လေ၏ ။
သူငယ်ချင်းများ အချင်းချင်း စ,ေ နာက်ရယ်မောခိုက် ဆု မှာ စိတ်တွေ ထွေပြားပျံ့လွင့်နေခဲ့ သည်။ သည်မိသားစုသည် ဆု ဘ၀ရှင်သန်လန်းဆန်းရေး တွင် ပြေးမလွတ်အောင်ပင် လိုက်လံ အရိပ်ထိုး နှောင့်ယှက်နေပါကလားဟု စိတ်ဝယ်နောက်ကျိရှုပ်ထွေးရလေသည်။
စာကြည့်ခေါင်းလောင်းထိုးသည်နှင့် ဆု ကမွေးနေ့များ စွာ ပြန်လည်ကြုံဆုံရစေဖို့ ဆုမွန် ကောင်းတောင်းကာ ပြန်ခဲ့သည်။ နန်းလည်း တစ်ပါတည်း လိုက်လာလေ၏ ။
`ဆုရေ၊ စာတွေ သိပ်မကျက်နဲ့ကွာ။ ဂရိတ်ငါးမှာ ခြောက်ရနေလို့ ဆရာတွေ ဦးနှောက် ခြောက်ကုန်ပါ့မယ်´´ ဟု ပုတ်ပုတ်က မနောက်သာ နောက်သာ လိုက်နောက်လေသည်။
“မိပုတ်ကလဲ ငါ့ယောက် မကို လိုက်ပိတ်ပင်မနေပါနဲ့” ဟု ရီရီညွန့်က ကိုဝင်းလတ်ကို ဆုအစ်ကိုအမှတ်ဖြင့် ထပ်ဆင့်ရွတ်လိုက်သေး၏ ။
အခန်းထဲသို့ ပြန်ရောက်လျှင် “ခင်နှင်းဖြူက ကျော်ဆွေကို့ကို သိပ်စိတ်ဝင်စားတာပဲနော်” ဟုတီးတိုးစကားတင်းဆို၏ ။
“သူတို့ချင်း ခင်တယ်ဆိုတာကိုး”
“ကျော်ဆွေကို က လူလဲပျံတယ်။ ဒီမှာ က နယ်ကပဲများ တော့သူက ဗောက်ဝက်ဂွန်နဲ့ဘာနဲ့။ ပြီးတော့ ဦးဖုန်းကို သားဆိုတော့ စီနီယာတွေ ကတောင် စိတ်ဝင်စားတယ်။ သိလား”
“ဟုတ်မှာ ပေါ့”
ပေါလိဘီဝစ်ဇ်၏ ပါဏဗေဒစာအုပ်ကို ဆုမြတ်လှိုင် ဖွင့်ပြီးဆိုတော့ နန်းဝါနွဲ့လည်း အလိုက် တသိပင် သူမစားပွဲတွင် သွားထိုင်ကာ ဓာတုဗေဒ စ၍ ကူးရတော့သည်။
စာအုပ်ဖွင့်ပေမယ့် ဆု,စိတ်သည် စာတွင် အာရုံစိတ်ဝင်စား၍ မရ။ ခင်နှင်းဖြူ အသစ်ဖော်ပေးလိုက်သော ရှေး ဖြစ် နောက်ကြောင်းများ သည် ဆု,ရင်ထဲတွင် မြုံနေအောင်းနေရာမှ ပြန်လည်နိုးကြွနေလေပြီ။ ဦးမောင်မောင်သော်၏ ခြံကြီးအတွင်းမှ ဇာတ်လမ်းတစ်ပုဒ်သည် နုနယ်သော အသည်းနှလုံးတွင် အစွဲကြီး စွဲထင်နေခဲ့မှပဲလေ။
အိမ်နောက်ဖေး တန်းလျားဝယ် ကိုယ်တစ်ပိုင်း သေကာ အိပ်ရာထက်ဝယ် ပိန်လှီးချည့်နဲ့စွာ လဲလျောင်းနေရှာသော မိခင်၏ မျက်နှာကို တရေး ရေး မြင်ယောင်လာသည်။ တစ်ချိန် က မေမေ အမိန့်ပေး စေခိုင်းနိုင်ခွင့် ရှိခဲ့သော အိမ်ဖော်ဒေါ်သဲသို့ အားလပ်၍ တန်းလျား ပြန်လာရချိန်တွင် စေတနာ အလျောက် ပြုစုသမျှသာ ခံယူရလျက် ကျန်အချိန်များ တွင် လူမမယ်ဆု,ကိုပဲ လက်တိုလက်တောင်း စေခိုင်းရရှာသူ မေမေ့ဒုက္ခကို ဆု, မမေ့နိုင်။ မေမေကွယ်လွန်ခါနီး အမော ဖောက်နေချိန်တွင် မေမေခွဲခွာသွားတော့မည် ကို နားလည်သိရှိကာ ဆု,အနီးတွင် မေမေ့သူငယ်ချင်း ဒေါ်လေးမှီရှိနေ၍ သာ တစ်အားတက်ခဲ့ရကြောင်းလည်း ဆု,သတိရနေသေး သည်။ မေမေကွယ်လွန်ပြီး ရက်လည်သော နေ့မှာ ပဲ ဒေါ်သဲလည်း သဘောတူညီသဖြင့် ဆု,ကို ဒေါ်လေးမှီက အဘွားထံသို့ ပို့ပေးလေ၏ ။
အဘွားသည် ဆု,ကို ပွေ့ဖက်ကာ “မေမေသော့်ခမျာ သေမှပဲ ဒုက္ခငြိမ်းရှာတော့တယ်။ ဒီဘ၀ဒီမျှနဲ့ပဲ ၀ဋ်ကြွေးကုန်ပါစေတော့ မမှီရယ်” ဟုမျက်ရည်စမ်းစမ်းနှင့် ပြောစဉ် ကတော့ ဆု, အနက်အဓိပ္ပာယ် အတိအကျ မသိခဲ့။
အဘွားမေတ္တာကို အစားထိုး ရရှိခဲ့၍ ဆု,ဘ၀ဤမျှရှင်သန်လာနိုင်ခဲ့သည့်တိုင် အတိတ် တစ္ဆေသည် အခွင့်သာတိုင်း ဆု,ကို ခြောက်လှန့်မြဲ။
ဆုက ပျံဝဲသော စိတ်လိပ်ပြာကိုဇွတ်ပင် ဖမ်းယူချုပ်နှောင်ရလေ၏ ။ ကျောင်းစာအုပ်ထဲကို စိတ် အတင်းအဓမ္မတွန်းပို့ ရချေ၏ ။
ဘက်တီးရီးယား၊ အယ်လ်ဂျေး၊ ပရိုတိုးဇိုးဝါး၊ ဖန်ဂျိုင်း၊ ဖက်တာဇိုးဝါး၊ မက်တာဖိုက်တာ၊ သက်ရှိလောက။ သတ္တ၀ါနှင့် သစ်ပင်၊ ၀ိညာဏနှင့် အ၀ိညာဏက၊ ဆု၏ စိတ်သည် တစစ နှင့် ပါဏဗေဒဘာသာရပ်တွင်းသို့ စုံးစုံးမြုပ်သွားလေသတည်း။
ဆေးတက္ကသိုလ်တွင် ဆေးပညာသင်ကြားရာ၌ ဆေးကျမ်းအများ စုကို မြန်မာဘာသာဖြင့် ပြန်လည် ရေး သားပြုစုခြင်းငှာ မတတ်နိုင်သေးသည်နှင့် အမျှ အချို့စကားအသုံးအနှုန်း ဝေါဟာရတို့ ကို တိုက်ရိုက်ဘာသာပြန်ရန် ခက်ခဲလှလေရကား ယခုအခါ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဆေးကျမ်းများ ကိုပင် အမှားယူ အသုံးပြုနေသေးသည်။ သည်တော့ အင်္ဂလိပ်စကားကို ဆေးပညာဆည်းလေ့လာရာတွင် အသုံးချနိုင်အောင် လမ်းညွှန်သင်ကြားပေးဖို့ လိုအပ်နေပေသည်။ အမှတ်များ မြင့်မားစွာ ရရှိလျက် ဆေးကျောင်းသို့ ရောက်ရှိလာကြသော ကျောင်းသားများ မှာ ဥာဏ်ရည်ချင်း မကွာခြားလှ စကားမူ အင်္ဂလိပ်ဘာသာရပ်မူကား တွေ့ ထိပတ်သက်ခွင့်အခြေအ နေနှင့် လေ့လာဆည်းပူးမှု အပေါ် မူတည်၍ အရည်အချင်း အတန် အသင့်ကွာဟကြချေ၏ ။ ထို့ကြောင့် ပင် အရည်အချင်းအလိုက် လိုအပ်သလို ဖြည့်တင်းပေးနိုင်ရေး အတွက် အေ၊ဘီနှင့် စီဟူ၍ စာမေးပွဲစစ်ကာ တန်းခွဲသုံးခုခွဲထားလေသည်။ အေတန်းခွဲတွင် တက်ရောက် သင်ကြား ရသော ကျောင်းသားဆယ့်ငါးယောက် မှာ ခုံနံပါတ်တစ်ဆုမြတ်လှိုင်မှအပ အားလုံးရန်ကုန်ကျောင်း အတွက်ချည်းသာ ဖြစ်လေ၏ ။
ကျော်ဆွေကို၊ ဖရက်ဒီလင်းနှင့် စောဒီလုံးတို့သည် ခုံချင်းကပ်လျက် ထိုင်နေကြသည်။ တိုင်ပင်စရာမလိုဘဲ အတန်းထဲဝင်လာသော အတန်းသူများ ကို ဣနြေ္ဒရစွာ ကသိုဏ်းရှုနေကြလေ သည်။
သီတာအလှဘုရင်မဆိုပေမယ့် မြစ်တွေ့ နေကျမို့လားမသိ။ ခင်နှင်းဖြူကို ကျော်ဆွေကိုစိတ် တွင် လှသည်မထင်။ ခုံနံပါတ်တစ်၏ အလှကမှ စွဲမက်စရာကောင်းသည်ဟု မှတ်ယူမိ၏ ။
ခုံနံပါတ်နှစ် ဖရက်ဒီလင်းကမူ “လှတော့ လှပါရဲ့ ။ မိန်းကလေးဆိုတာ နည်းနည်း တော့ မျက်နှာချိုဦးမှပေါ့။ ခုတော့ ကွာတစ်ကမ္ဘာလုံးသူ့တစ်လုပ်စာစားတဲ့အတိုင်းပဲ မျက်နှာထားတင်း လိုက်တာလွန်ရော”ဟု ဆုမြတ်လှိုင်အားကဲ့ရဲ့ ခဲ့လေ၏ ။
ထိုစဉ်က စောဒီလုံးက “နင် လိုက်လို့မရလို့ စပျစ်သီးချဉ်တာပါဟယ်”ဟုဖရက်ဒီကို ဝေဖန်သေး၏ ။
အတန်းထဲသို့နောက်ကျစွာ ၀င်လာသော ဆုမြတ်လှိုင်၏ မသိမသာပင့်ထားသော မျက်နှာ နှင့် တည့်မတ်ကြော့ရှင်းသော လမ်းလျှောက်ဟန်ကို ကြည့်ကာ ဖရက်ဒီပြောလည်း ပြောလောက် သည်ဟု ကျော်ဆွေကို ကျိတ်၍ ၀န်ခံမိသည်။ လှတော့လည်း လှနေတာ ငြင်းမရဟုလည်း မဲတင်းနေလိုက်သေးသည်။ သူ,ရှေ့ခုံမှာ လာထိုင်တော့ တစ်ဖန် တက်ထရွန် ခရမ်းရင့် တစ်ဆင်စာ သည် အဆီအသားမပိုမလို ကွက်တိကျသော ခန္ဓာကိုယ်တွင် ချပ်ချပ်ရပ်ရပ် နေသဖြင့် ၀ါဝင်းသော လက်မောင်းကလေး ပြည့်ဖြိုးပုံ၊ ပြေပြစ်သော ကျောကျပုံ၊ ခါးကလေး သေးသိမ်ပုံ၊ တင်ပါးဆုံ ပြည့်ဝန်းပုံတို့မှာ အဆင်ပြေလှပနေကြောင်းတိတ်တဆိတ် ချီးမွမ်းနေမိလေ၏ ။ မျက်တောင်ကော့ ခြံရံသော မျက်လုံးကြီးများ ကို မြင်တွေ့ ရလျက် သည်မျက်လုံးများ သည် ဤမျှတင်းမာမနေဘဲ ရီဝေ ညှို့ဆွဲနေလျှင် ဘယ်လောက်များ မက်မောဖွယ် ကောင်းလိုက်မလဲဟု တွေးထင်မိသည်။ သူ့ချစ်သူကို ကြည့်လိုက်တော့ ရီဝေရွှမ်းလဲ့ပြီး ညှို့ယူဖမ်းစားမှာ သေချာသည် ဟုလည်း လျှောက်လဲချက်ပေးမိပြန်၏ ။
နည်းပြဆရာမ ဒေါ်အီလိုက်ဇာဟဲရစ်စ်သည် ခွာသေးသော ခုံမြင့်ဖိနပ်ကို တခွပ်ခွပ်မြည် အောင်နင်းကာ ‘ဂွတ်မောနင်းကလပ်စ်’ ဟုနှုတ်ဆက်ရင်း အတန်းထဲဝင်လာသည်။ ဆရာမ သည် က, ပြား ဖြစ်သည်နှင့်အညီ အင်္ဂလိပ်စကားကို အင်္ဂလိပ်မရှုံးအောင် ပြောတတ်လေသည်။ ဘွဲ့ရပြီးစမို့ လူကလည်း အနည်မထိုင်လှသေးသော အရွယ်မျှ ရှိလေသေး၏ ။
ယနေ့အတွက် သင်ခန်းစာ စာရွက်များ ကို ဝေငှသည်။ ဒေါက်တာဘားနတ်ဒ်၏ နှလုံးသား အစားထိုးကုသခြင်း အကြောင်းပင် ဖြစ်လေသည်။ အရေး ၊ အဖတ်၊ အပြောနှင့် ဆရာမ က ကျောင်းသူများ မှစ၍ ဖတ်ခိုင်းသည်။ နော်ခရစ်စတင်းသည် ကရင်သံ ၀ဲသော်လည်း စာဖတ်ရာတွင် ပီသ၍ ဌာန်ကရိုဏ်းကျလေသည်။
စာတစ်ပိုဒ်ဖတ်ပြီးမှ ဆရာမ က ‘နောက် တစ်ယောက် ’ ဟု ဆိုသည်။
ဆုမြတ်လှိုင်သည် စာမေးပွဲစစ်ရာ အတန်းခွဲရန် အဆင့် ၁၀ဆင့်ဖြင့် အေတန်းခွဲတွင် ပါဝင် လာလေရာ နော်ခရစ်စတီးနာထက်ပင် အဆင့်မြင့်သေးသည်။
သို့တစေ နယ်ကျောင်းသူပီပီ အသံထွက်မမှန်သလို ဌာန်ကရိုဏ်း မကျန။ ဆေးတက္ကသိုလ် မှာ ကလည်း အထင်အမြင် (IMPRESSION) ကောင်းဖို့ အရေး ကြီးလှပေသည်။
ဆုမြတ်လှိုင်အပေါ် ဒေါ်အီလိုက်ဇာက အင်ပရက်ရှင်လုံးဝမရှိ။
ဆရာမ သည် ဆုမြတ်လှိုင် စာမဖတ်မီကပင် စိတ်ပျက်သော အမူအရာကို လိုအပ်သည်ထက် ပိုမိုသိသာအောင် ပြသလျက် ၀ါကျတစ်ကြောင်း ဆုံးသည်နှင့် ‘နောက် တစ်ယောက် ’ဟု ဆိုလိုက် လေ၏ ။
အတန်းသား အားလုံးအံ့အားသင့်ကာ ကြောင်နေသည်။ ဆက်ဖတ်ရမည့်  ခင်နှင်းဖြူပင် လျှင် ရုတ်တရက် အသံထွက်မလာ။
“စနိုးဝှိုက် ၊ ကမ်းမွန်” ဟုဆရာမ က ထပ်၍ ချိုပြုံးစွာ ပြောလေမှ ခင်နှင်းဖြူသည် ဆုမြတ်လှိုင် ကို အားနားလှစွာ အထစ်ထစ် အငေါ့ငေါ့ ဆက်ဖတ်လေ၏ ။
စာသင်ခန်း၏ အငွေ့အသက်သည် ယနေ့အဖို့ အေးစက်စက်နှင့် အနေရခက်စေလေ သည်။ ဆရာမ သည်လည်း ခံစားသိရှိဟန်နှင့် အတန်းစောစီးစွာ ဖြုတ်ပေးကာ တခွပ်ခွပ်နှင့် ဒေါက်ဖိနပ်သံပေးလျက် ထွက်သွားတော့သည်။
ဆုမြတ်လှိုင်သည် စာသင်ချိန် တစ်လျှောက်လုံး ခါးမတ်မတ်ထားကာ ဆရာမ ကို မျက်လုံးချင်းဆိုင်ကြည့်လျက် သက်တောင့်သက်သာ အနေအထားနှင့် မေးဖျားကလေးပင့်ကာ နေခဲ့သည်။ ရင်ထဲတွင် မည် မျှ ခံပြင်းသည်ကိုမူ ကျန် လူများ ကရိပ်စားမိရုံရှိမည် ဖြစ်လျက် သူမကိုယ် တိုင်မူ အပြင်းအထန်ခံစားနေရချေသည်။ ဆရာမ ထွက်သွားသည်နှင့် ဆုမြတ်လှိုင်သည်လည်း ဘာမှမ ဖြစ်လိုက်လေဟန် ပုံမှန်အတိုင်း တည်ငြိမ်စွာ ပင် အတန်းထဲမှ ထွက်သွားလေ၏ ။
“အီလိုက်ဇာမို့ အားမနာတယ်ဟယ် ၊ငါဖြင့် သူ့အစားမျက်ခွက် ဘယ်လိုထားရမှန်းမသိဘူး” ဟု စောဒီလုံးက ချုပ်တည်းထားရသမျှ ကျယ်လောင်စွာ ပြောချလိုက်လေ၏ ။
လက်ဖက်ရည်ဆိုင်တွင် ၀ိုင်းဖွဲ့ထိုင်ရင်း သည်အကြောင်းကိုပဲ ဆက်လက်ဆွေးနွေးမိကြ သည်။
“အီလိုက်ဇာ အကျင့်က ဒီအတိုင်းပဲ။ မျက်နှာသိပ်လိုက်တာ။ ခင်နှင်းဖြူ ကိုဆို သူ့မျက်နှာက ကြံသကာထဲတင်လဲ ခုန်ချသေ ထားတဲ့အတိုင်းပဲ”ဟု စောဒီလုံးက မဲ့ကာရွဲ့ကာ စကားတင်ဆို သည်။
“ဆုမြတ်လှိုင်က ငါ့ပါတနာ ဆိုတော့ ငါသိတယ်ကွ။ အရေး အသား သိပ်ကောင်းတာ”ဟု ဖရက်ဒီက တွေးတွေးဆဆ ချီးမွမ်းသည်။
“ဆုမြတ်လှိုင်တော့ရှက်သွားမှာ ပဲ ဟယ်။ သနားပါတယ်”
“ရှက်ပုံမရပါဘူး။ ခပ်တည်တည်ပဲဟာ စောကလဲ”
“နင်ဘာသိလို့လဲ။ ငါကဘေးတိုက်ကျတော့ မေးရိုးကလေးထောင်သွားတာ တွေ့ လိုက် တယ်ဟဲ့။ အံကြိတ်တာ။ အံကြိတ်တာ… ဖိုးဆွေ… နင် မတွေ့ လိုက်ဘူးလား”
“နောက်တည့်တည့်ကြီး ဘယ်လိုလုပ်တွေ့ မလဲ”
“အေး… နင် ကတော့ ခါးပေါ်တာပဲ မျက်စိအရသာခံနေတာပဲ”ဟု စောဒီလုံးက အသားလွတ်နှက်တော့ ကျော်ဆွေကိုရှက်သွားလျက် ‘ဟာဗျာ’ဟုညည်းသည်။
ဖရက်ဒီက စီးကရက်ကို ဖွာရှိုက်ရင်း “နယ်ကနေ တစ်ပြည်လုံးမှာ ပထမရအောင် ဖြေနိုင်တာ ကတော့ ဘာပဲ ဖြစ် ဖြစ် ချီးမွမ်းရမှာ ပဲ” ဟု ပြောသည်။
“အဲသလို စာတော် တဲ့ ကောင်မလေးတွေ ဟာ အများ အားဖြင့် သေးသေးကွေးကွေးလေး တွေ ။ ပိန်လှီးနေတာ”
စောဒီလုံးသည် စကားပြောရင်း စီးကရက်မီးခိုးမွှန်ကာ လက်နှင့်ပါးစပ်ကို အုပ်လျက် ချောင်းဆိုးနေသည်။ အသားမည်းမည်း၊ ၀၀ဖိုင်းဖိုင်းနှင့် မျက်မှန်ထူကြီးတပ်ထားရာ ဘယ်လိုမှ ကဗျာမဆန်သော်လည်း ဟန်အမူအရာကမူ ပျောင်းပျောင်းနွဲ့နွဲ့ရှိလှပေ၏ ။
“လှတဲ့မိန်းမတွေ ဟာ အများ အားဖြင့် ဦးနှောက် မရှိပြန်ဘူး” ဟုသူက ဆက်ပြောသည်။
“ဆိုပါဦး။ မမစောရဲ့ အယူအဆတွေ ”
စောဒီလုံးက လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်သေးသည်။ အိုက်လှဟန် သတင်း စာနှင့် ခပ်နွဲ့နွဲ့ ယပ်ခတ်သေး၏ ။
“လှပြီးဉာဏ်ကောင်းတဲ့ မိန်းမက ကြောက်စရာကောင်းတော့တာပေါ့ဟဲ့။ မာတာဟာရီတို့၊ ကလီယိုပက်ထရာတို့”
“ကလီယိုပက်ထရာ ကတော့ ချစ်စရာလေးပါ”ဟု ဖရက်ဒီကမချိုမချဉ် ကျော်ဆွေတို့ကို ခပ်ပြုံးပြုံးကြည့်ကာ ခင်နှင်းဖြူနှင့် ရည်ရွယ်စနောက်တော့ ကျော်ဆွေကိုက ‘ကျွန်တော် နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ’ ဟု မလုံမလဲ ပြောလေ၏ ။
“ဖရက်ဒီက နင့်ကို ဇာတ်သွင်းနေတာဟဲ့။ သူက သူ့အမေနဲ့ နှမကလွဲရင် မိန်းမမှန်သမျှကို အကုန်အနည်းဆုံးစိတ်နဲ့တော့်  ပစ်မှားလိုက်တာချည်းပဲ”
“စောကလဲကွာ။ သေတော့မှာ ပဲ”ဟု ဖရက်ဒီက ညည်းရချေသည်။
ကျော်ဆွေကိုက သတိရကာ ကျွန်တော် သတ္တဗေဒပုံတွေ ဆွဲလာတာ။ အညွှန်းစာတွေ မတပ်ရသေးဘူး ဟုဖိုင်တွဲ ကို ဖွင့်သည်။
“ငါတော့ ဆုမြတ်လှိုင်ဆီက ကူးထားပြီပြီး။ မင်းကူးချင်ကူး”ဟု ဖရက်ဒီက သူ့ဖိုင်တွဲ ကို ပေး၏ ။
“ငါ့ကိုတော့လေ။ ငါက တီယာဆိုလျှမ်ပုံ မဆွဲတတ်ဘူးမိဆုရယ်လို့ ညည်းလိုက်တာ ဆုမြတ်လှိုင်က အပြီးဆွဲပေးလိုက်တယ်ဆရာ”
စောဒီလုံးက မျက်လုံးမှေးကာ မေးကလေး ရှေ့ပစ်၍ ခပ်ကြွားကြွား ပြောလိုက်လျှင်တော့ ဖရက်ဒီက မနာလိုစွာ ကြည့်လျက် ‘အင်း… ဒီနေရာမှာ တော့ သူ့ပဲငါက အားကျရတော့မလိုလို’ဟု ဆိုလေ၏ ။
“သနားပါတယ်ဗျာ” ဟုကျော်ဆွေကိုက အရင်းမရှိအဖျားမရှိ ညည်းလျှင် စောဒီလုံးက ပြူးပြဲ၍ ကြည့်သည်။
“ဆုမြတ်လှိုင်ကို သနားနေတာ” ဟု ဖရက်ဒီက ရှင်းပြသည်။
“ငါတို့ကသာ သနားနေရ။ မချောကဖြင့် ခပ်တင်းတင်း ပြန်သွားလိုက်တာ။ သနားစရာရုပ်ကို တစ်စက်မှ လုပ်ပြမသွားဘူး။ အင်း…သူ့နေရာသာ ငါဆိုရင်တော့ ၀ိုင်းဟားကြမှာ ပါ”
“သြော်…နှိုင်းပဲနှိုင်းရက်ပလေ စောရာ”ဟု ဖရက်ဒီပြောတော့ စောဒီလုံးက မျက်စောင်း ထိုးရင်း “မြွေပွေးကိုက်”ဟုကျိန်ဆဲ နေလေ၏ ။
ဆုမြတ်လှိုင် အမူအရာက သနားစရာ မဟုတ်ပေမယ့် ကျော်ဆွေကို ကတော့ ဘာကြောင့် ရယ်မသိ။ သနား၍ သာ နေလေသည်။
တလောက တစ်ဘက်ခြံမှ ၀င့်ဝင့်သော်နှင့် ခြံစည်းရိုးအနီးတွင် ဆုံမိကြခိုက်၊ ၀င့်ဝင့်သော် ပြောပြခဲ့သော စကားများ ကို သတိရနေ၍ ပင် ဆုမြတ်လှိုင်ကို သနားနေမိခြင်း ဖြစ်ကောင်း ဖြစ်ပေ မည် ။
ထိုညနေက ကျော်ဆွေကို ခြံထောင့်မာလကာပင် အောက်တွင် ပင် ပက်လက်ကုလားထိုင် တစ်လုံး၌ သက်တောင့်သက်သာ ထိုင်ကာ ဆရာဝန်စာရေး ဆရာတစ်ဦး ဖြစ်လေသော အေဂျေ ခရိုနင်း၏ နိဗ္ဗာန်တံခါးဖွင့်ရန် သော့ များ (KEYS OF THE KINDOM) ဟူသော ၀တ္ထုကို ဖတ်နေခဲ့သည်။
ယင်းဝတ္ထုကား မြတ်ဘုရား ခြေတော် ရင်း၌ မိမိကိုယ်ကို ဆက်ကပ်ပြီးသော ခရစ်ယာဉ် ဘုန်းတော် ကြီးတစ်ပါး ဖြစ်သည့် ဖရန်စစ်ချစ်စ်ဟုလ်မ်း၏ လောကအလယ် ရုန်းကန်လှုပ်ရှားရပုံများ ကိုရေး ဖွဲ့ထားခဲ့သည်။ ယင်းစာရေး ဆရာ ကြီးကာ စရိုက်အပီပြင်ဆုံး ဖြစ်သည်ဆိုပါလျှင်… မှားအံ့ မထင်။
နေရပ်တိုင်းပြည်မှ စွန့်ခွါကာ ရောဂါ ထူပြောသော တရုတ်မြို့ကြီးများ ဆီသို့ သာသနာပြု သွားရင်း သူကြုံဆုံရသည့် လောက၏ ပြက်ရယ်ပြုမှု များ ၊ အထက် ဆရာတော် များ နှင့် အတိုက်အခံ ဖြစ်ရပုံများ ၊ သူ၏ ယုံကြည်ကိုးကွယ်ချက်နှင့်ပတ်သက်ပြီး သူမှန်ကန်သည်ဟုယူဆ သော လမ်း ကြောင်း အတိုင်း ရုန်းကန် လျှောက်လှမ်းရပုံများ တို့ကို ပီပီပြင်ပြင်ရေး ခြယ်ထားလေ၏ ။
နိဗ္ဗာန်တံခါးဖွင့်လိုသူတိုင်းအတွက် မည် သို့သော ယုံကြည်မှု နှင့် မည် သည့် ဘာသာတရားကို မဆို သော့ တစ်မျိုးစီယူ၍ ကိုးကွယ်ဆည်းကပ်နိုင်သည်သာ ဖြစ်ကြောင်း သူ့အပေါ်အယူအဆမှာ အမြင်ကျယ်၍ သဘောထား ပြည့်ဝလှပါပေသည်။
ပြီးတော့်  ဘုန်းတော် ကြီး ချစ်စ်ဟုလ်မ်း ငယ်စဉ် ဘ၀ကအချစ်။ ချစ်ရသော နိုရာ့ကို မပိုင်ဆိုင် လိုက်သည့်တိုင်၊ အပြောင်းအလဲမရှိ တည်တံ့ခိုင်ကျည်လျက် နိုရာ့သားစဉ်မြေးဆက်တိုင် ရှင်သန် လန်းဆန်းနေခဲ့ပုံများ မှာ ကျော်ဆွေကို စိတ်နှလုံးကို လှုပ်ရှားထိခိုက်စေခဲ့လေ၏ ။
“ဟိတ် ကိုကို” ခေါ်သံကြား၍ လှမ်းကြည့်လိုက်တော့ ၀င့်ဝင့်သော်သည် ခြံစည်းရိုးနံဘေး တွင် ရယ်ကျဲကျဲကလေးရပ်ကာ “၀င့်ဝင့်ကို မာလကာသီးတစ်လုံးလောက်ကျွေးမလား”ဟု လှမ်းမေး နေသည်။
စွဲနေသော ၀တ္ထုစာအုပ်ကို အသာချကာ၊ မာလကာပင်ပေါ်မှ ကြွပ်ကြွပ်ပွပွ အသီးသုံးလေး လုံး ခူးပေးရသည်။
မျက်စိအောက်မှာ ကြီးပြင်းလာသော ၀င့်ဝင့်သော်ကို သူ့အစ်မ သုံးယောက် ဖြစ်သော မာလာ၊ သူဇာနှင့် စန္ဒာတို့က ကြည့်မရကြဘဲ ကလေးအရွယ်နှင့် မမျှအောင် ပုံပေးလွန်းသည်ဟု ကဲ့ရဲ့ ကြမြဲ။ ကျော်ဆွေကို့ မျက်စိထဲမှာ တော့ ဘယ်လိုကြည့်ကြည့် ၀င့်ဝင့်သော်လည်းကလေးပါပဲ။
“ကိုကိုတို့ အတန်းမှာ ဆုမြတ်လှိုင်ဆိုတာရှိတယ်ဆို”
“အဲဒါ- ညည်းနဲ့ဘာဆိုင်လို့လဲ”
“၀င့်ဝင့်က မဆိုင်ချင်ပါဘူး။ ကိုကို့ ခင်နှင်းဖြူက ၀င့်ဝင့်နဲ့တူတယ်ပြောလို့မေးနေရတာ ပါ”
ခေါင်းခါခါ လည်ခါခါနှင့် အမူအရာတွေ များ လှသော ၀င့်ဝင့်ကိုကြည့်ကာ ကျော်ဆွေကို ရယ်ချင်မိ၏ ။ ဤဟန်ပန်များ ကို သူ့အစ်မများ မျက်မုန်းကျိုးခြင်းပင် ဖြစ်အံ့ထင်သည်။
“ကိုကို့ ကိုခင်လို့ ပြောပြရဦးမယ်။ အဲဒါ ဖေဖေ့တူမအရင်းသိလား။ ဖေဖေ့နှမက မွေးတာ…” ဟု လေသံကိုနှိမ့်ကာ တကယ့်မိန်းမကြီးများ အတင်းအဖျင်း ပြောဟန်ပုံစံဖမ်းနေသည်။
“အဲဒါများ စကားလုပ်လို့။ သွားတော့ ငါစာဖတ်ဦးမယ်”
“ဆုံးအောင်များ နားထောင်ပါဦး။ သူ့ကိုလေ… လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးပြီးမွေးတာသိ လား”
မြတ်စွာ ဘုရား။ ၀င့်ဝင့်သော်၏ အသုံးအနှုန်းတွေ သည် သူ့ကို ခေါင်းနားပန်းကြီးစေလေ၏ ။
“ဒီကောင်မလေးဟာ… မဟုတ်က ဟုတ်က”
“ဟုတ်ပါတယ်ဆိုမှ။ အဲဒါနဲ့ ဖေဖေက သေခန်းဖြတ်လိုက်တာ။ သူ့အမေ ညားတဲ့လူကလဲ ဖေဖေတို့ကို ဓါးပြတိုက်ဖို့ကြံတာ။ မိလို့ ထောင်ကျသွားတယ်တဲ့။ ကဲ… သူ့အမေသေတော့ သူ့ကို အဲဒီ လူကြီးရဲ့ အမေက မွေးစားထားတယ်။ သိပ်ဆင်းရဲတာပဲတဲ့။ ကိုကို ဘယ်သူမှ လျှောက်မပြောနဲ့ နော်။ ကိုကိုက ကိုကို့ အစ်မတွေ လို ဘ၀င်မကိုင်လို့ ၀င့်ဝင့် ကခင်လို့ပြောပြတာ။ ဖေဖေပြန်ကြားရင် မလွယ်ဘူး”
ဝင့်ဝင့်က ပခုံးတွန့်ကာ ကြက်သီးထဟန် ပြုနေ၏ ။ မျက်စိနောက်လာသဖြင့် မာလကာသီး နောက်တစ်လုံးခူးပေးကာ နှင်လွှတ်လိုက်ရသည်။ ထိုစဉ် ကတော့ ၀တ္ထုကို သဲသဲမဲမဲ စွဲလမ်းကာ အလေးအနက်မထားခဲ့။
ယနေ့ ဒေါ်အီလိုက်ဇာ ပညာပြလိုက်ကာမှပင် တစိမ့်စိမ့်တွေးကာ ၀င့်ဝင့်ပြောသည့်အတိုင်း မှန်လျှင် ဆုမြတ်လှိုင်၏ ဘ၀သည် မလှမပပါကလားဟု အတွေးပေါက်မိ၏ ။
အင်္ဂလိပ်စာသင်တန်းများ ကို ဆရာများ က အလှည့်ကျလဲလှယ်၍ ကိုင်ကြသည်။ ဆုမြတ်လှိုင်ကား ထိုနှစ် အဖို့ ဒေါ်အီလိုက်ဇာ၏ အတန်းများ ကို လုံးဝမတက်တော့ချေတကား။
ဖားခွဲရင်း၊ ဓာတ်ငွေ့များ စမ်းသပ်ရင်း၊ သိပ်သည်းဆများ ရှာဖွေရင်း၊ အလေးချိန်များ ချိန် တွယ်ရင်း ပထမနှစ် ဆေး (အတန်းငယ်) သည် ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့သည်။ ခုံနံပါတ် တစ်နှင့် နှစ် လည်း လက်တွေ့  အတူလုပ်ရင်း၊ စာလည်း အကြိတ်အနယ်ယှဉ်ပြိုင်ရင်း၊ ဂုဏ်ထူးသုံးခုစီ ရရှိခဲ့ကြသည်။ ဖရက်ဒီကို ဆုမြတ်လှိုင် မကြောနိုင်သည်မှာ အင်္ဂလိပ်စာ။ ထိုမျှမက ဘောလုံးကန်ရာတွင် နာမည် ရသော ဖရက်ဒီနှင့် နှိုင်းစာကြည့်လျှင် အားကစားတွင် ဘာတစ်ခုမှ ပြစရာမရှိသော ဆုမြတ်လှိုင်က တစ်ပန်းရှုံးကာ ဆေးတက္ကသိုလ်နှစ် လူရည်ချွန်အ ဖြစ် ဖရက်ဒီ အရွေးခံလိုက်ရလေ၏ ။ ဘာပဲ ဖြစ် ဖြစ် ဆု ကတော့ အိမ်အပြန် မျက်နှာပန်းလှကာ အဘွားခများ လည်း တကုန်းကုန်း စက်ချုပ်ရလေသမျှ ခါးချည့်ရကျိုးနပ်ခဲ့ရှာလေ၏ ။ ဆုပြောပြသော တက္ကသိုလ် အကြောင်း မငြီးငွေ့တမ်း နားထောင်ရင်း တစ်ခါတစ်ရံတော့ ‘ဟဲ့… နင်တို့ ဆေးကျောင်း နဲ့ နင်တို့ အက်ပရက်ရှင်က ခွဲခြားလို့ မရအောင်ပါပဲလား’ဟု ပြောနေကျအက်ပရက်ရှင် ဟူသော စကားကို နားမှာ အ၀င်ထောက်ဟန်ဖြင့် မြည် တမ်းရှာပြန်လေ၏ ။
ပထမနှစ် ဆေး (အကြီးတန်း) တွင် မူ ဖရက်ဒီသည် လူရည်ချွန်ဆုကို ဆုမြတ်လှိုင်လက်သို့ တစ်လှည့် လွှဲပြောင်းပေးရသည်။ စုပေါင်းလှုပ်ရှားမှု များ တွင် ဘေးဖယ်နေတတ်သည့်တိုင် ဆုမြတ်လှိုင်အပေါ် အင်ပရက်ရှင် ကောင်းလှလျက် နှစ် ခြိုက်သဘောကျလှသူသီတာအဆောင်မှူး သည် ဌာနမှူးတစ်ဦးလည်း ဖြစ်၊ ဆေးတက္ကသိုလ် (၂) တခွင်တွင် သြဇာလည်းညောင်းရကား သူမ၏ ထောက်ခံအားပေးမှု ဖြင့် လူရည်ချွန် ဖြစ်ရပြန်၏ ။ မထင်မှတ်ဘဲ နွေရာသီခေါင်တိုင် (အင်းလေး) အပန်းဖြေစခန်းသို့ ရောက်ရှိရပြန်လေ၏ ။
လူရည်ချွန်စခန်းသို့ ဆုရောက်ရှိနေချိန်တွင် ကိုဝင်းလတ်မှာ နောက်ဆုံးနှစ် အပိုင်း(ခ) စာမေးပွဲကို ဖေဖော်ဝါရီလတွင် မအောင်မြင်လိုက်ဘဲ ကျရှုံးသည့် ‘ကလေး သူငယ် ကျန်းမာရေး ’ ဘာသာရပ်ကို ဇွန်လတွင် နောက်ဆက်တွဲ ဖြေဆိုရဦးမည် မို့ စာကျက်ဆဲ ဖြစ်လေသည်။
အဆောင်မှာ ကိုလတ်တို့ လူစုပဲ ရှိကြတယ်။ ကျောင်းပိတ်ထားတော့ အတန်းငယ်တွေ လဲ မရှိကြဘူး။ သိပ်ပျင်းစရာကောင်းတယ် ဆုရယ်…။
ပျင်းပျင်းရှိတိုင်း ဆုတို့ သီတာကို လာနေကျဆိုတော့ အခုကိုလတ်မှာ သွားစရာမရှိတော့ ဘူး။ ဆုက ပြောမယ်လား။ ကိုလတ်ရဲ့ အဆက်တွေ ဆီ သွားဖို့တောင် အချိန်လောက်မှာ ဖြင့် မဟုတ် ဘဲနဲ့လို့။ ကိုလတ်လူကြီး ဖြစ်ပါပြီ ဆုရယ်။ လူပွေလူတေကလေး ကိုလတ်ဘ၀ကနေ အရွယ်နဲ့ အတွေ့ အကြုံတွေ က စကားပြောလာတော့ ကိုလတ် အနည်ထိုင်ပါပြီ။
ဒါပေမယ့်လေ… ပြီးခဲ့တဲ့ အ ဖြစ်အပျက်တွေ ကိုတော့ ဖြစ်နိုင်မယ်ဆိုရင် အစကနေ အသစ် ပြန်ပြီး ပြင်လိုက်ချင်ပါရဲ့ ။ အတိတ်ဆိုတဲ့ အိမ်မက်ဆိုးကနေ လန့်ပြီး နိုးလာလိုက်ချင်ပါရဲ့ ။ မပြည့်ဝ နိုင်တဲ့ ဆန္ဒတွေ လေ…။
လူရည်ချွန်စခန်းသို့ ထည့်လိုက်သော ကိုလတ်စာမှာ ဘာမှထွေထွေထူးထူးမပါဘူး ဆို ပေမယ့် ဆုနှင်းကိုလတ်မှာ ငယ်စဉ်ကပင် သံယောဇဉ်ကြီးခဲ့သည်နှင့်အမျှ တစ်ယောက် နှင့် တစ်ယောက် စကားတစ်ခွန်းဟရုံနှင့် နောက်ကွယ်မှာ အဓိပ္ပာယ်များ စွာ ကို ကြားသိနိုင်စွမ်းရှိသလို မျက်လုံးကို တစ်ခါကြည့်ရုံနှင့် ရင်ထဲမှာ ဘာရှိသည်ကိုလည်း ဒက်ထိ သိမြင်မြဲ။
ဆုကလေးနယ် ဘ၀ကဆိုလျှင် ကိုလတ်က စက်ဘီးပေါ်တင်စီးနေကျ။ ကိုလတ် လူပျို ပေါက်မှာ ရည်းစားစထားတတ်တော့လည်း ဒေါ်လေးမှီ မသိအောင် ဓာတ်ပုံတွေ စာတွေ ဆုသိမ်းပေး ရမြဲ။ ကိုလတ်ကား မြှားစွံလှသည်။ မအူပင်မှာ တော့ ဒေါ်လေးမှီသည် မင်းကတော် ကျ ဖြစ်စေကာမူ ထိုစဉ်အခါက အိမ်နှစ် လုံး ငှားစားနိုင်လျက် သနပ်ခါးစက်လည်း ပိုင်ဆိုင်ကာ တိတ်တဆိတ် ငွေတိုးလည်းချ၍ စီးပွားရေး အဆင်ပြေခဲ့ရာ တစ်ဦးတည်းသော သား ကိုလတ်အမည် သည် ရေပန်း စားခဲ့လေသည်။ ကိုလတ်ကို လူကြီးလူငယ်မရွေး ချစ်ခင်ကြသည်မှာ အမှန်ပါပဲ။
ကိုလတ်တက္ကသိုလ်ကျောင်းမှ ပြန်လာချိန်များ တွင် ကလေးဘ၀ကလို ကိုလတ်နောက်တစ် ကောက်ကောက်မလိုက် ဖြစ်တော့သော်လည်း လက်ဖက်သုတ်စားရင်း၊ ကျားထိုးရင်း ငြင်းခုန်ရန် ဖြစ်ရမြဲ။ လသာညများ တွင် လမ်းထဲမှ လူငယ်များ ၊ အပျိုမငယ်များ နှင့် အတူ အသက်တို့ မောင်နှမ နှင့် ဆုတို့ ကိုလတ်တို့ ပါဝင်ထုပ်ဆီးတိုးမြဲ။
"အတိတ်ဆိုတာ အိပ်မက်တာမှ မဟုတ်တာဘဲ ကိုလတ်ရယ်။ လန့်နိုးချင်လို့ မရသလို အသစ်ပြန်လို့ဘယ်ရနိုင်ပါ့မလဲ။ မမရှယ်လီကို ကိုလတ် မေ့ပစ်လို့ရချင်ရမယ်။ မီမီ့ကိုတော့ ဘယ်လို လုပ်ပြီး မေ့ဖျောက်နိုင်မှာ တဲ့လဲ" ဟုဆုရင်ထဲမှာ ညည်းညူမိသည်။
ကိုလတ်ထံသို့ မူ မာကြောင်းသာကြောင်း စာရေး လျက်ကိုလတ် အတွက် ပုဆိုးတစ်ထည် ၀ယ်ထားကြောင်းပဲရေး ထည့် ဖြစ်လေသည်။ ကိုလတ်က ဆုအတွက် မုန့်ဖိုးငါးဆယ် ဇွတ်ထည့် ပေးလိုက်လေရာ ပြန်ပေးမရသည့် အတူတူမို့ အမှတ်တရပါဟု ငါးကြင်းဆီနှင့် ငါးကြင်းကြော် သည်ကို ကိုလတ် ကတော့ ရိပ်မိသိရှိပေမည် ။
အဘွား ကတော့ လက်ရေး ကြီးကြီးကျဲကျဲနှင့် စာတိုတိုလေးပဲ ရေး နိုင်သည်။
သမီးလေးဆု…
အဘွားလည်း တစ်နှစ် စာလှောင်ဖို့ သရက်သီးတွေ လှမ်းရ၊ သိမ်ရနဲ့ မအားပါ။ အသက်တို့ မိသားစု ကတော့ အကူအညီရပါသည်။ အဘွားကျန်းမာပါသည်။ သမီးဆရာဝန် ဖြစ်လာမှ ရောဂါ ပေါ်မလား မသိဘူး။ အဘွားအတွက် မပူနဲ့။ သမီး နွေပြန်မလာရ၍ ပျင်းသော်လည်း၊ လူရည်ချွန် စခန်းသွားရကြောင်း မိတ်ဆွေများ ကို ကြွားရသည်။ ဒါမှ ရောက်လည်း ရောက်ဖူးတာပေါ့။
မိဖြူ သားသုံးကောင် ပေါက်သည်။ အကျားကလေးတွေ ။ သမီးပြန်ရောက်လျှင် တော် တော် လှနေလိမ့်မည် ။
သမီးပြန်လာလျှင် ဆရာကတော် မမှီနှင့် မမြတို့ဖို့ စားစရာ ဖြစ်စေ လက်ဆောင်ယူခဲ့ပါ။ အဘွားတော့ ဘာမှမလိုပါ။
တက္ကသိုလ်ရောက်စက "နီးနီးလေးပဲ ခဏခဏပြန်ခဲ့မယ်"ဟု အဘွားကို နှစ် သိမ့်ခဲ့သော် လည်း၊ ခရီးစရိတ်လည်း ချွေတာရ၊ စာကျက်ချိန်လည်း အလျော့မခံနိုင် လေရကား၊ တစ်နှစ် လုံးမှ သုံးခေါက်သာပြန်ရောက်လျှင်လေ၏ ။ သည်နွေမှာ အင်းလေးသွားရပြန်တော့လည်း နှစ် ရက် သုံးရက်ပဲ အဘွားထံပြန်ခဲ့ရသည်။ စခန်းသိမ်းမှပင် အိမ်မှာ ခဏနေခွင့်ရပေမည် ။
မအူပင်နှင့် ရန်ကုန်မှာ ၄၆ မိုင် ခရီးမျှသာ ရှိလေရာ အလှမ်းမကွာလှသလို ကျောင်းတွင် လည်း နေသားကျနေလျက် အဆောင်နေရခိုက်ဝယ် အိမ်မလွမ်းလှ။ သို့ပါသော်လည်း ရပ်ဝေးသို့ ခရီးမသွားဖူးသူမို့ အင်းလေးခေါင်တိုင်စခန်းရောက်တော့ အားလပ်ချိန်များ တွင် အိမ်သို့မှန်း၍ လွမ်းမိလေသည်။
နန်းတို့မိသားစုသည် တောင်ကြီးမှ အင်းလေးသို့ ဆင်းလာကာခေါင်တိုင်စခန်းတွင် ဆုကို လာရောက်တွေ့ ဆုံသဖြင့် ကျေးဇူးတင်လှသည်။ နန်းသည် မိတ်ဆွေကောင်းပါပဲဟု အခါခါ အသိ အမှတ်ပြု နေမိလေ၏ ။
"ဆုရေ နန်းကိုကြည့်ပါနော်။ မတော် တာတွေ လဲဆုံးမ။ ဆုထက်အသက်တာကြီးတာ ဘာမှ နားမလည်ဘူး။ ဆုစောင့်ရှောက်ပါကွယ်"ဟု နန်းမေမေက အပ်နှံနေတော့ နန်းက သူ့အမေ မမြင် အောင် ဇက်ပု၍ လျှာထုတ်ပြသည်။
နှစ် ယောက် တည်းရှိစဉ် "ကိုလတ်ဆီက စာလာသေးလား" ဟုစပ်စုသည်။
"ကိုလတ်က ဆုအပေါ် သိပ်သံယောဇဉ် ကြီးရှာတယ်နော်"
ဆုတက္ကသိုလ်ရောက်စက ကိုလတ်သည် သူ့ကတိအတိုင်းနေ့စဉ်လာကာ ဆုကို လိုသမျှ ၀ယ်ခြမ်းပေးသည်။ အဘွားကလည်း မှာ ကြားကာ ဆုကိုယ်တိုင်လည်းသတိထားသူမို့ ကျောင်းပိတ် ၍ မအူပင်သို့ အပြန် ကြုံမှပဲ အတူပြန် ဖြစ်တာ၊ ကိုလတ်နှင့် အပြင်တစ်ခါမှ မထွက် ဖြစ်ခဲ့။ နောက်ပိုင်း ဆုနေသားကျသွားပေမယ့် ကိုလတ်က မကြာမကြာ လာတွေ့ မြဲ။ အစ်ကိုဟု ပြီးစလွယ် ပြောထား ပေမယ့် ဤမျှမှန်မှန်လာနေတော့ သိထားသူများ က မထိတထိ စြ ကတော့လည်း။ ဆုကသူ့ စည်းကမ်းနှင့် သူနေသည်မို့ ဗြောင်တော့လည်း မစွပ်စွဲဝံ့ကြပေ။
နန်း ကတော့ အရင်းနှီးဆုံးမို့ ဆုဖွင့်ဟတိုင်ပင်ခြင်းမရှိစေကာမူ၊ ကိုလတ်နှင့်လည်း ရံဖန်ရံခါ ကြုံဆုံသိကျွမ်းပြီမို့ ကိုလတ်၏ သံယောဇဉ် အတိမ်အနက်ကို ခန့်မှန်းတတ်နေလေသည်။
"ဆု ကတော့ ကိုလတ်အပေါ် အမှတ်မထားသလိုဘဲ"
"အစ်ကိုရင်း ရှိရင်တောင် ပိုချစ်နိုင်မယ် မဟုတ်ပါဘူးနန်း။ အမှတ်ထားပါတယ်ကွာ"
"နန်းဆိုလိုတာက တစ်မျိုး။ ဆုဟာလေ-လှတယ်ပြောကြလဲသိပ်သတိပြုမိပုံ မရဘူး။ ချစ်တယ်ပြောကြလဲ ခံစားရပုံမပေါ်ဘူး။ နန်း ကတော့လေ… ဆုကို အကျဉ်းချထားတယ်လို့သာ စွပ်စွဲချင်တာပဲ"
ဆုကနန်းစကားကြောင့် ပြုံးမိသည်။
"အဲဒါတွေ ဟာ တို့ဘ၀မှာ ဘာမှ ထူးခြားလာစေနိုင်မှာ မဟုတ်ဘူးနန်း"
"ဒါကြောင့် နန်းပြောတာ။ ဆုဟာ ဘောင်ချထားပြီး အဲဒီ သတ်မှတ်ထားတဲ့ဘောင်ထဲမှာ ပဲ နေတယ်။ ဆုကိုနန်းကသိပ်ခင်တာတောင်မှပဲ ၀င်ခွင့်မပေးဘူး။ နန်းကိုထားတော့။ ကိုလတ်နဲ့ ပတ်သက်လို့ ကတော့ ဆုနည်းနည်း ဖြစ် ဖြစ်စိတ်မလှုပ်ရှားမိဘူးလားဟင်"
သည်တစ်ခါ ဆုက အသံထွက်အောင် ရယ်မောမိလျက်-
"နန်းက သိပ်ခံစားတတ်နေပါရောလားဟင်။ ကဲ-တို့ကလဲ ပြန်မေးရဦးမယ်။ နန်းနဲ့ နှိုင်းပြီး ကိုယ်တွေ့ ခံစားရတာ တွေ ပြန်ပြောနေတာလားဟင်"
နန်းကရှက်ပြုံးနှင့် "နန်းလေ- စာမေးပွဲပြီးတဲ့ နေ့ကပဲ အဖြေပေးခဲ့ပြီး။ ဆုဆူမှာ စိုးလို့ မပြောပြခဲ့တာ"ဟုဝန်ခံလိုက်လေ၏ ။
ပရက်တီကယ်တွင် တရင်းတနှီး ပူးကပ်တွတ်ထိုး နောက်တတ်သော ခင်မောင်မောင်နှင့် နန်းဝါနွဲ့တို့ကို တစေတစောင်း မြင်တွေ့ လျက် ရိပ်မိခဲ့ပေမယ့် အတိအကျ သိရစဉ်ဝယ်ဆုရင်မှာ မသက်မသာ ဖြစ်မိသည်။ နန်းသည် ဆင်ခြင်စဉ်းစားဆုံးဖြတ်နိုင်သေးသည့် အရွယ် မဟုတ်သေးဟု ဆုယူဆလျက်၊ တစ်ဘက်ကလည်း ခင်မောင်မောင်သည် လေးလေးနက်နက်မရှိလှဟု ခန့်မှန်း မိလေသည်။
မိုးရွာပြီးစမို့ သစ်ပင်များ သည် အရွက်များ ကပို၍ စိမ်းသလို၊ စိန်ပန်းပွင့်များ ကလည်း ပို၍ နီရဲ နေလျက်၊ လမ်းတစ်လျှောက် စိုစွတ်သော မြေပြင်ဝယ် ပန်းအကြွေတို့ ပြန့်ကျဲကာနေလေ၏ ။ ပန်းကြွေပွင့်တို့ကို နင်းကာ ကျောင်းတော် သူ ကျောင်းတော် သားတို့ ဖြတ်သန်း လျှောက်သွားနေကြ လေ၏ ။
သြော်…ဆေးတက္ကသိုလ် (၂)သို့မဟုတ် စိန်ပန်းမြေ။
ကိုဝင်းလတ်နှင့် ဆုသည် ပါမောက္ခချုပ်ရုံးနံဘေးမှ လျှောက်လာကာ အုတ်လှေကား ကလေးအတိုင်း ဆင်း၍ မြေ၀ယ်ပျပ်ဝပ်သော အဆောက်အအုံဘက်သို့ ရောက်ရှိလာကြသည်။ ကိုလတ်မှာ စာမေးပွဲ အောင်မြင်ကြောင်းဆုထံလာရောက် ပြောကြားရင်း အလုပ်သင် ဆရာဝန် လက်စွဲစာအုပ်တစ်အုပ်ကို ဆေးတက္ကသိုလ် (၂) စာအုပ်ဆိုင်တွင် လာရောက်ရှာဖွေခြင်း ဖြစ်လေ သည်။
"မနက်ဖြန် မအူပင်ပြန်မယ်ဆု။ စာပေးလိုက်ဦးမှာ လား"
"စာမပေးလိုက်တော့ဘူး။ မနေ့ကပဲ စာတိုက်ကနေထည့်လိုက်တယ်။ ကိုလတ် မအူပင်မှာ ကြာဦးမှာ လား"
"တစ်ရက်နှစ် ရက်ပါပဲ။ မာမီ့ကို မျက်နှာပြရုံ လောက်ပါ။ တစ်ရက်နေ့ အလုပ်ဝင်ရမှာ လေ"
"ရန်ကုန်ဆေးရုံကြီးမှာ ပဲလား"
"အင်းကိုလတ် ပြန်လာရင် အခန်းပြောင်းမယ်။ အဲဒါသိမ်းရင်း ရှင်းရင်း ဆုလိုမယ်ထင်တဲ့ စာအုပ်တွေ ရွေးပြီး လာပို့ပေးမယ်"
"အလုပ်သင်တစ်နှစ် ပြီးရင် ဘယ်များ ရောက်မလဲ မသိဘူးနော် ကိုလတ်"
စာအုပ်ဆိုင်တွင် ဗလာစာအုပ်လာရောက်ထုတ်ယူနေသော စောဒီလုံးနှင့် မင်းမော်တို့နှင့်ဆုံ လေသည်။ ကိုဝင်းလတ်စာအုပ်ဝယ်ခိုက် စောဒီလုံးက'အဲဒါကိုဝင်းလတ်ဆိုတာလား'ဟု စစ်ဆေး နေ၏ ။ မိန်းကလေးများ နှင့် အကျွမ်းတ၀င်သော စောဒီလုံးသည် သီတာမှ စကားအတင်း အဖျင်းများ ကိုလက်မလွတ်စတမ်း ကြားသိရမြဲ ဖြစ်လေ၏ ။ သူတောင်းဆိုသဖြင့် ဆုက ခပ်အင်အင် နှင့်ပင် ကိုဝင်းလတ်နှင့် မိတ်ဆက်ပေးရလေ၏ ။
"မိဆုနဲ့ ကျွန်တော် က ပရက်တီကယ်လုပ်ရင် မျက်နှာချင်းဆိုင်လေ။ ကျွန်တော် မသိတာဆို သူ့ပဲ မေးရတယ်။ သြော်-ဒါနဲ့မိဆု မဂ္ဂဇင်းထွက်နေပြီ။ နင့်ကဗျာ တွေ့ ပြီးပြီးလား"
"ကြည့်-ကြည့် အာချောင်နေပြန်ပြီ"ဟုဆုက ကန့်ကွက်သော်လည်း စောဒီလုံးက ဂရုမစိုက်ဘဲ မင်းမော်လက်ထဲမှ ကျောင်းမဂ္ဂဇင်းကို ဆွဲယူကာ ‘အစ်ကို… ဒီမှာ လေ… သူကဗျာ။ သူရေး မှန်း ဘယ်သူမှ မသိစေရဘူးတဲ့။ ကျွန်တော် ကိုပိတ်ထားတယ်။ ကျွန်တော် က အတန်း ကိုယ်စားလှယ်ဆိုတော့သူရေး မှန် ကျွန်တော် သိတာပေါ့။ ကျွန်တော် ကလဲလေ… မပြောပါနဲ့ဆိုမှ ပိုပြောချင်တာ ပါးစပ်ကိုယားလို့’
ကိုဝင်းလတ်က ပြုံးရယ်ရင်း ‘လမ်းခင်းတဲ့ စိန်ပန်း”ကဗျာကို ဖတ်ကြည့် နေသည်။
ပန်တစ်ပွင့်
လန်းစွင့်စွင့်နီတျာတျာ
လျောင်းစက်ရတာ ။
ဆင့်ဆင့်လို့ ကြွေကြွေလာ
ပန်းကမ္ဗလာ ဖြန့်လွှမ်း။
ခြေရာထပ်အောင်လ
ဖြတ်သန်းကာ အခါခါနင်းပေရော့
မလွမ်းပါ အားမာန်တင်းပါရဲ့
လမ်းခင်းမယ့်ပန်း။ ။
“အစ်ကို့ကို နင်းပေးချင်ရင် အဲဒါပေးလိုက်လေ။ ငါတို့နောက်မှ ထပ်ထုတ်ယူမယ်”ဟု စောဒီလုံးက စေတနာပိုသည်။
“တို့စာအုပ်ဖိုး မပေးဘူးနော်”
“မင်းသမီးရယ်။ ဒီလိုတော့ မကျီစားပါနဲ့”
စောဒီလုံးနှင့်မင်းမော် နှုတ်ဆက်ထွက်ခွာသွားလျှင် ဆုက ကိုဝင်းလတ်ကို ကျောင်းရှေ့သို့ လိုက်ပို့သည်။
ကိုဝင်းလတ်က ‘ကိုလတ်ညီမ ရေး ရင်တော့ ကဗျာကလည်း မာန်နဲ့ထန်နေတော့ တာပဲ’ဟု ညည်းသည်။
“ကြည့်ပါဦး… သူများ တွေ က မြေကိုချစ်တဲ့ ပန်းရယ်လို့ ဖွဲ့နွဲ့ကြ၊ မမွှေးမကြိုင်ပေမယ့် ကိုယ့်ကျောင်းတော် က ပန်းမို့ချစ်ပါတယ်လို့ သီကုံးကြနဲ့။ ကိုလတ်ရဲ့ ဆု ကတော့လေ…ကြွေရမှ တော့ အလွမ်းသယ်မနေဘူး။ လမ်းခင်းပါ့မယ်…နင်းကြစမ်းတဲ့။ ဟုတ်ရဲ့ လား။ ဒေါသတွေ လျှော့ပါဦးဆုရယ်”
“ကိုလတ်က သိပ်တွေးတာကိုး၊ ဆုက ဘာရယ် မဟုတ်ပါဘူး။ စိတ်ထဲမှာ ပန်းကြွေကလေး တွေ ကိုကြည့်ပြီးခံစားတာရေး လိုက်တာပါ”
“အဲဒီ ဆုခံစားရတာ ကိုပဲ ကိုလတ်စိတ်ပူရတာ ။ ဆုစိတ်ကို လျှော့ထားစမ်းပါကွာ”
ဆုကပြုံးရယ်နေသည်။ ကိုလတ်ကို ပြန်မငြင်းနိုင်မှန်းသိနေသဖြင့် ထပ်၍ ဆင်ခြေမပေး တော့။
“ကိုလတ် လိမ္မာနေပါပြီကွာ။ မယုံဘူးလား”
“ယုံတော့ယုံပါတယ်”
ကိုလတ်ပြန်သွားလျှင် တစ်နာရီထိုးတော့မည် မို့ ဆုလည်း သတ္တဗေဒ လက်တွေ့ ခန်းသို့ ၀င်ခဲ့သည်။ ဖရက်ဒီရောက်နှင့်နေကာ စောဒီလုံး သတင်းဖြန့်ပြီး၍ လည်း ကိုလတ်လာကြောင်း သိနှင့်နေလေ၏ ။
ဖရက်ဒီက ‘ယူ့ဆီမှန်မှတ်လာတဲ့ ဧည့်သည်ရှိတယ်ဆိုတာ တို့ကြားနေတာ ကြာပြီကွ’ဟု စကားစသည်။
“တစ်နာရီထိုးပြီ ဖရက်ဒီ။ သိပ်အားမနေနဲ့” ဆိုကာ ဆုက အဏုကြည့်မှန်ပြောင်းကို ချိန်နေလျှင် ဖရက်ဒီ ပခုံးတွန့်ကာ စလိုက်မှန်ပြားများ သွားထုတ်ရလေ၏ ။
“ငါတော့ မိုက်ခရိုစကုပ်အောက်မှာ အူသိမ်နဲ့ အူမကြီးကိုကြည့်ရတာ မကွဲပြားပါဘူး”ဟု မင်းမော်က ညည်းညူနေသည်။
ဘယ်က ထပ်ရလာသည် မသိသော ကျောင်းမဂ္ဂဇင်း တစ်အုပ်ကို စောဒီလုံးက မင်းမော်နံဘေးတွင် ထိုင်ဖတ်နေရင်းမှ ‘စလိုက် ထောင်ကြည့်ပြီး မှတ်ပါလားဟဲ့’ဟု ပညာပေးလိုက် သည်။
ဖရက်ဒီက ‘အူသိမ်မှာ ဗီလိုင်အတွန့်တွေ များ တော့ အလယ်အူပေါက်ထဲကို လက်ညှိုးတွေ လို ထိုးထွက်နေတယ်။တွေ့ လား’ဟုလှမ်းပြောပြလေ၏ ။
“ဖိုးတွေ -ဒီနား ခဏလာဦး”ဟု စောဒီလုံးက လှမ်းခေါ်လျှင် ကျော်ဆွေကို ခပ်လန့်လန့် အမူအရာနှင့် ထ,လာသည်။
စောဒီလုံးက ကာတွန်းတစ်ခုကို ဖတ်ခိုင်းနေသည်။
“ဒီမှာ လေ-ဆေးကျောင်းသား တစ်ယောက် အပေါ်အမြင်အမျိုးမျိုး ရှိကြတာကို တင်ပြထားတာ။ တယ်မှန်။ ဒါကသူ့အမေရဲ့ အမြင် ချိုလိမ်လေးစို့လို့၊ အရုပ်လေးနဲ့ ဆော့တုန်း…။ ဒါ ကတော့ နယ်မှာ ကျန်ရစ်တဲ့ ရည်းစားရဲ့ အမြင်၊ သူနာပြုတွေ ဆေးကျောင်းသူတွေ ၀ိုင်းနေမှာ ပဲပေါ့။ ဒါကယောက် က္ခမလောင်းကြီး အမြင်၊ အမ်ဘီဘီ အက်စ်စက်ကြီးထဲ ထည့်လိုက်ရင် ရွှေငွေစိန်ကျောက်လတ်ဝတ်လက်စား အမျိုးမျိုး ပြန်ထွက်လာမှာ ပေါ့ဟယ်။ ပါမောက္ခကြီး အမြင်ကျတော့ ဟီးဟီး… ကြည့်ပါဦး…ကျောင်းသားခမျာ တစ်ကိုယ်လုံးတုန်လို့၊ နားထဲကလေတွေ ထွက်ပြီးခေါင်းထဲက ၀က်အူတွေ စပလိန်တွေ ပြုတ်ထွက်နေရှာတာများ နှုတ်မေးခွန်းစစ်ရင်းက တုံးလွန်းလို့ စစ်ရတဲ့ သူအနေနဲ့ ဦးနှောက်တောင် အစားထိုး ဖလှယ်ပေးပစ်ချင်စိတ် ပေါက်ရောတဲ့။ ကျောင်းသားအနေနဲ့တော့ သူ့ကိုယ်သူ စာအုပ်တွေ ပိပြီး လျှာထွက်သေမယ့် မသားလေးလို့ပဲ မြင်ပါတယ်တဲ့ဟယ်”
“အဲဒါများ တခုတ်တရ ခေါ်ပြ နေရတယ်လို့” ဟု ကျော်ဆွေကိုစိတ်တိုသည်။
“သြော်…ဒီ သူ့အမေရဲ့ အမြင်ကလေးက နင်နဲ့ တိုက်ဆိုင်လွန်းလို့ ဟဲ့…။ ကြည့်စမ်းပါဦး”
ကျော်ဆွေကို ရှက်သွားကာ ဆုကို တစ်ချက်လှမ်းကြည့်ပြီးပြန်လစ်ပြေးတော့သည်။ စောဒီလုံးက နှုတ်ခမ်းကို လက်ကလေးကွယ်၍ တသိမ့်သိမ့်ရယ်လျှင် ဖရက်ဒီတို့ ပို၍ ပွဲကျနေ၏ ။
ဆုပင်လျှင် ခါတိုင်းလို တင်းမထားနိုင်ဘဲ စောဒီလုံးပြသော နားကျပ်ကလေး လည်မှာ ဆွဲကာ ချိုလိမ်စို့ နေသော ကလေးပုံကိုကြည့်ကားပြုံးရယ်မိလေသတည်း။
ပထမနှစ် ဆေး (အကြီးတန်း)ကို ဂုဏ်ထူးသုံးခု ဝေေ၀ဆာဆာရရှိအောင်မြင်ပြီး ဆု တစ်ယောက် ဒုတိယနှစ် (ဆေး) သို့ ရောက်ရှိလာချိန်တွင် ကျောင်းသားများ ၏ အမည် ကို အမှတ်အလိုက် မစီတော့ဘဲ နာမည် နောက်ဆုံးတစ်လုံး၏ အင်္ဂလိပ်စာလုံးပထမတစ်လုံးအလိုက် စီလေရာဆု၏ ခုံနံပါတ်သည် ဆယ့်ကိုး ဖြစ်သွားတော့သည်။ ကျော်ဆွေကိုကား နှစ် ဆယ်၊ ခင်နှင်းဖြူမှာ မူ နန်းဝါနွဲ့၊ ရီရီညွန့်၊ ခင်မောင်မောင်တို့ အဖွဲ့ထဲ ရောက်သွားလေ၏ ။ ကျောင်းသားခြောက်ဆယ်ကိုး အုပ်စုဆယ်စုခွဲကာ ဆရာတစ်ဦးစီ အုပ်ချုပ်ကြီးကြပ်၍ သင်ကြား လေရာ ဆုတို့အုပ်စုတွင် ကိုဘိုကြည်၊ ဖရက်ဒီလင်း၊ စောဒီလုံးနှင့် မင်းမော်တို့ ပါဝင်လေ၏ ။
ခန္ဓာဗေဒ ခွဲစိတ်ခန်းမကြီးထဲတွင် မူကာ ကျောက်ခုံများ အစီအရီတန်းနေလျက်၊ ခွဲစိတ်လေ့ လာလက်စ ဆေးစိမ်အလောင်းများ တင်ထားလေသည်။ ကျောက်ခံ အသီးသီးနံဘေးတွင် ဆိုင်ရာ ကျောင်းသားအချို့ ရောက်ရှိနေကြပြီး အချို့လည်း စောသေးသဖြင့် ခွဲစိတ်ခန်းအပြင်ဘက် စင်္ကြန် တွင် ဆေးလိပ်သောက်သူသောက် ဆုမြတ်လှိုင်တို့၏ ဆေးစိမ်လောင်းမှာ လက်နှစ် ဘက် မရှိတော့ပြီ။ ရင်ဘတ်မှာ လည်း ဖွင့်ထားပြီးလေပြီ။
ဆုမြတ်လှိုင်က ကျောက်ခုံတစ်ဘက်တွင် ခုံမြင့်ပေါ်ထိုင်ပြီး ကိုဘိုကြည်နှင့် ကျော်ဆွေကိုက မျက်နှာချင်းဆိုင်ဘက်ထိုင်နေကြသည်။
“ဟိုသုံးကောင် မလာသေးဘူးလား။စောစောက စ,ကြရအောင်ဆိုမှ။ ငါကျူတိုရီယယ်အ တွက် မကျက်ခဲ့ရသေးဘူး။ ခွဲပြီးရင် ငါ့ကိုနည်းနည်း ဖြီးလို့ရအောင် သင်ပေးဦးဆု”
“အစ်ကိုကြီးက ဖြစ်လိုက်ရင် အသည်းအသန်ချည်းပဲ”
ကိုဘိုကြည်မှာ အသားညိုညို၊ တုတ်တုတ်ခိုင်ခိုင် အညာသား ဖြစ်ကာ အသက်အကြီးဆုံး လည်း ဖြစ်၊ အိမ်ထောင်ရှင်လည်း ဖြစ်ရကား အားလုံးကအစ်ကိုကြီးဟုခေါ်ကြသည်။ တစ်ခါတစ်ရံ ဖရက်ဒီနှင့် စောဒီလုံးက ဤမျှရိုးသားတည်ကြည်လျက် အဘယ်သို့ စောစီးစွာ အိမ်ထောင်ကျ ကြောင်း အောက်အစ်မေးသော်လည်း ဘယ်အခါမှ မဖြေပေ။
လေတိုးလျှင် လဲကျတော့မည် ထင်မှတ်ရလောက်အောင်ပိန်ကပ်သော မင်းမော်တစ် ယောက် သုတ်သုတ်ပျာပျာရောက်ရှိလာသည်။
“ဟဲ့ကောင်မလေး စဖတ်တော့လေ”ဟု ကိုဘိုကြည်ကလေသည်။
“အင်းပါ-ဒီမှာ အချဉ်ထုပ် မကုန်တတ်သေးလို့”
“တစ်နေ့တစ်နေ့ အချဉ်ထုပ်ချည်းမျိုနေ”
စောဒီလုံးသည် အခန်းထဲဝင်လာကာ တန်းမလာသေးဘဲ နန်းဝါနွဲ့တို့နားရပ်ကာ စ,နေရွတ် နေသေးသည်။ ပြီးမှ ဆိုင်ရာနေရာသို့ အိပဲ့အိပဲ့ လျှောက်လာလေ၏ ။
ကျော်ဆွေ့ကို့နံဘေး တိုးထိုင်လိုက်သော စောဒီလုံးအား မင်းမော်က “ဘယ်သွား သေနေတာလဲ။ နောက်ကျလိုက်တာ”ဟုငေါက်သည်။
“ဟိုကောင်လေ ဖရက်ဒီ… ဖရက်ဒီ”ဟု စောဒီလုံးက မျက်နှာပိုးသတ်၍ မပြည့်မစုံ ဖြေရှင်းရင်းဆုကို ပေကလတ်ပေကလတ် ကြည့်သည်။
ဆုသည် ခန္ဓာဗေဒ ခွဲစိတ်လမ်းညွှန်ကိုဖွင့်ကာ ယနေ့စရမည့် စာမျက်နှာကိုလှန်၏ ။
“သေပြီလား”ဟု မင်းမော်က ဆိုပြန်လျှင်နားကလောဟန်နှင့် ကျော်ဆွေကိုက ‘ဒါချည်းပဲ’ ဟုတံတောင်နှင့်တွတ်၏ ။
“မလာရဲလို့တဲ့ပြန်ပြေးပြီ”
မျက်လုံး လေးစုံသည် ဆုမြတ်လှိုင်ပေါ် ကျရောက်လာသည်။ ဆုမြတ်လှိုင်ကမူ ခပ်တည် တည်။
“နင်…ဖရက်ဒီကို မခေါ်ဘူး မဟုတ်လား မိဆု” ဟု စောဒီလုံးက တဲ့တိုးမေးပစ်လိုက်သည်။
“စကားများ လိုက်တာ။ စ,ခွဲကြစို့”ဟု ဆုက စကားဖြတ်၏ ။
“ဒီလိုဘယ်ရမလဲဟဲ့။ နင့်ကို ဖရက်ဒီ စာပေးတယ်လို့ ငါတို့ သတင်းရတယ်။ အဲဒါမဟုတ် လား”
ဆုမြတ်လှိုင် မျက်လွှာပင့်အကြည့် မေ့လျော့ငေးကြည့်နေသော ကျော်ဆွေကို မျက်လုံးလွှဲ လိုက်လေ၏ ။ “နှလုံးအပေါ်လွှာအမြှေးဖွင့်မယ် အစ်ကိုကြီး”ဟု အစချီသော်လည်း စောဒီလုံးက “နင်က ခွဲခြားခွဲခြားနဲ့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါ့ဟဲ့။ နင်မပြောလဲ ငါသိပြီးပြီးပဲဟယ်။ စောဒီလုံးပဲ။ တစ်လုံးတည်းရှိတာ ဟင်း…”ဟုဆိုလျှင် မင်းမော်က အကျအနကောက်ကာ “ဟိုက်… သောက်ကျိုးနည်း”ဟုအာမေဋိတ်သံ ပြုရာ စောဒီလုံးက မျက်စောင်းပစ်ထိုးလိုက်လေ၏ ။
“စာပေးတာ စိတ်ဆိုးစရာလားဆုရ။ အပျိုကို လူပျို စာပေးတာအဆန်းလာ။ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေရတာ ပဲဟာ”ဟုမင်းမော်က စသည်။
ကိုဘိုကြည်ကား စကားပေါ့ပြောခြင်းကို နားခါးတတ်သူ ဖြစ်လေရာ “မင်း… တယ်ပေါ့ပေါ့ ဆဆပြောတတ်တာပဲ”ဟုဝေဖန်လေ၏ ။
“ဟုတ်တယ်လေအစ်ကိုကြီးရ။ စာပေးတာအပြစ်လား”ဟုမင်းမော်က မျက်စိတစ်ဖက် မှိတ်ပြရင်း ဆက်စနေသည်။
“စာပေးတာတော့ အပြစ်မဟုတ်ဘူးပေါ့ကွ။ ဒါပေမယ့်ဒီကောင်ဒါမျိုးလုပ်ရမလား။ သူငယ်ချင်းတွေ ဥစ္စာကို။ ငါမသိလို့။ နေဦး… လာမှ ပြောပစ်ဦးမယ်”
“ဟာ… အစ်ကိုကြီးကလဲ၊ မိဆု စကားမပြောလို့ ဒီစက်ရှင်း (ခွဲစိတ်ခန်း)တောင်မလာရဲရတဲ့ အထဲ၊ သူငယ်ချင်း ချင်းကော မကြိုက်ရတော့ဘူးလား”
“မိဆုမို့ စကားမပြောရုံရှိသေးတာ၊ ငါဆိုပါးရိုက်ပစ်မယ်”
“ဗုဒ္ဒော…” မင်းမော် ဇက်ပုသွား၏ ။
“ဒီလိုရှိတယ် မင်းမော်၊ မင်းခုတင်ကပြောတဲ့ အပျိုကိုလူပျိုစာပေးတာ ဆန်းသလားလို့ ဆိုတော့ ဆန်းတော့ မဆန်းဘူးပေါ့ကွ၊ ဒါပေမယ့် အပျိုတွေ့ တိုင်း စာပေးတမ်းဆို မင်းနှမ မင်းပေးမလား”
မင်းမော်၏ မျက်လုံးမှာ မှေးရာမှ ပြူးခနဲ ထွက်လာ၏ ။
“ဘယ်ပေးပါ့မလဲ ငါ့ညီ၊ အဲဒါပဲ ငါကပြောချင်တာ၊ လူပဲကွာ စည်းတော့ စောင့်မှပေါ့၊ ခုဆို ကြည့်လေ ဆုဟာငါတို့ရဲ့ ခြောက်ယောက် တစ်အုပ်စုအတူ ပညာသင်နေတဲ့ အရင်းနှီးဆုံး သူငယ်ချင်း မဟုတ်လား။ မင်းကပြောလိုက်သေးတယ် သူငယ်ချင်းကော မကြိုက်ရဘူးတဲ့လား။ ကြိုက်တော့ကြိုက်ရတာ ပေါ့ကွ။ တစ်ကယ်ချစ် တကယ်ကြိုက်လို့ ကတော့ ဘာပြောစရာ ရှိမှာ လဲ၊ သို့သော်… ဒီ သို့သော်က သိပ်အရေး ကြီးတယ်၊ လက်တည့်စမ်း အပျော်မကြိုက်သင့်ဘူး။ စာလဲမပေးသင့်ဘူး။ ကဲမင်းမော် သဘောပေါက်ပြီလား…”
“ဒုက္ခ၊ ငါပေးမိတာကျနေတာပဲ”ဟု မင်းမော်က ကျော်ဆွေကိုဘက်လှည့်၍ တိုင်တည်လျှင် ကျော်ဆွေကိုက မပြုံးမရယ် မျက်လွှာချက ခန္ဓာဗေဒစာအုပ်ကို ကြည့်နေ၏ ။ စောဒီလုံးကား ‘အားရတယ်’ဟူသော အမူအရာဖြင့် လက်မလက်သည်းခွံ ချင်းရိုက်တီးပြနေလေ၏ ။
“ဖရက်ဒီမှာ အိုင်လင်းဆိုတဲ့ ချစ်သူရှိတာ ငါလဲ အသိ၊ ဆုလဲအသိ၊ ဆရာဝန် ဖြစ်ရင်ယူဖို့ သေချာပြီးသား၊ မိဘတွေ ကလဲ သဘောတူပြီးသား၊ သူ့ဘာသာ နန့်ပိုးထပြီးဟိုမှာ ဒီမှာ ရည်းစား လျှောက်ထားတာ သူ့ကိစ္စမို့ ငါမပြောလိုပါဘူး။ ဆုနဲ့ပတ်သက်တဲ့ ဒီကိစ္စမှာ တော့ ငါမကျေနပ်ဘူး”
“ကဲပါ တော် ကြပါတော့။ ဒီလောက် စိတ်ပျက်စရာကောင်းတာတွေ ခေါင်းထဲမထားကြနဲ့။ အချိန်တောင်ကုန်သွားပြီ၊ နှမြောလိုက်တာ”ဟုခပ်သော သော ကလေးစကားစဖြတ်ကာ “ဖတ်မယ် နော် အစ်ကိုကြီးနားထောင်”ဟုနှလုံးသားကို ဖုံးအုပ်နေသော အမြှေးပါး၏ အတွင်းလွှာကို နှလုံးမှ ခွာထုတ်ပြီး နှလုံးကို အာဟာရပို့ပေးနေသော သွေးလွှတ်ကြောများ ကို လေ့လာရန် ရှင်းပြလေ၏ ။ နှလုံးသား၏ မျက်နှာပြင်များ ၊ သက်ရှိလူနာတွင် နှလုံးတည်နေရာကို ရင်ဘတ် မျက်နှာပြင်ပေါ်မှ မည် သည့် အမှတ်အသားများ အားဖြင့် မှန်းဆပုံ၊ နှလုံးမှ သွေးပြန်ကြောများ ၊ သက်ဆိုင်သော နဗ်အာရုံကြောများ တို့ကို ဆက်တိုက်ရှင်းပြ ညွှန်ပြသည်။
ဆုဖတ်ပြသည့် လမ်းညွှန်အရ ကိုဘိုကြည်က နှလုံးကို ခွဲစိတ်လျက် အတွင်းပိုင်းကို လေ့လာကြသည်။ နှလုံးတွင် အခန်းလေးခန်း ဖွဲ့စည်းထားပုံ၊ တစ်ခန်းမှတစ်ခန်းသို့ သွေးစီးထွက်ရာ အဆို့ရှင်ကလေးများ ၏ ပုံပန်းသဏ္ဍာန်၊ ဗဟိုသွေးလွှတ်ကြောမကြီးများ ၊ နှလုံးကြွက်သား အကာ အရံ၊ နှလုံး၏ ၀တ္တရား ဆောင်ရွက်လှုပ်ရှားပုံစသည်ဖြင့် တစ်ဆက်တည်း ဒိုးဒိုးဒေါက်ဒေါက် ရှင်းပြလိုက်သည်။
“ဆုက အပိုင်းတွန်းလာတာပဲ”ဟု ကျော်ဆွေကိုက ချီးမွမ်းသည်။ စောဒီလုံးက “အဟွပ်…အဟွပ်”နှင့် လုပ်ချောင်းဆိုးနေ၏ ။
“တို့ တွန်းမလာလို့ ဘယ် တစ်ယောက် ကများ ယောင်းပြီးစာအုပ်ကိုင်မှာ လဲ”
“စာအုပ်ကိုင်ရုံတော့ ကိုင်ပါတယ်ဟယ်၊ မဖတ် ဖြစ်လို့ပါ” ဟုစောဒီလုံးက ၀င်ပြောပြန်၏ ။
“ဆုက နှလုံးသားကို ဘယ်လိုမွှန်းရမယ်ဆိုတာ အပြတ်လေ့လာထားတော့ ငါဖြင့်လန့် လာပြီဟာ”ဟု မင်းမော်က လှမ်းနောက်ပြီးမှ ကိုဘိုကြည်ကို လှမ်းကြည့်ကာ “ဘွား…ဘွား”ဟု ပါးစပ်ကို လက်နှင့်ပိတ်လိုက်လေ၏ ။
“ဒီနှလုံးဟာ ကြည့်ပါဦး လက်သီးဆုပ်လောက်ရှိတာနော်။ ပဋိသန္ဓေတည်ပြီး မကြာခင် ကစလို့ တဒိတ်ဒိတ်ခုန် လာလိုက်တာ တစ်သက်လုံး မနားတမ်း လှုပ်ရှားရင်း သေမဟေ့ ဆိုမှ ရပ်ရတာ ပဲ။ စံပြလုပ်သား ပထမဆင့်ပေးဖို့ကောင်းတယ်”
စောဒီလုံးက ယနေ့အဖို့ ပထမဆုံးအကြိမ် လေးနက်စွာ ပြောရင်းက တစ်ဆက်တည်း…
“ဒါကြောင့်လဲ အချစ်ကို နှလုံးသားနဲ့ယှဉ်တွဲ ပြီး တင်စားကြတာပဲနော်။ မိဆု၊ နင်တို့ ကောင်မလေးတွေ အော်တိုထဲမှာ ရေး တတ်တာလေ၊ ဘာတဲ့ “THE NIGHT HAS A THOUSAND EYES” ဆိုတာလေ။ ည,မှာ မျက်လုံးတွေ အများ ကြီးရှိပါရဲ့ ။နေ့မှာ တော့ မျက်လုံး တစ်လုံးတည်ရယ်တဲ့။ ဒါပေမယ့်လည်း နေ့အချိန် ကုန်ဆုံးပြီဆိုမှဖြင့် ကမ္ဘာလောက တစ်ခုလုံး အလင်းရောင် ဆိတ်သုဉ်းသွားတော့တာပါပဲတဲ့။ အဲသလိုပဲ ဦးနှောက်မှာ မျက်လုံးတွေ အများ ကြီးကြီး ရှိပါရဲ့ ။ နှလုံးသားမှာ တော့ မျက်လုံး တစ်လုံးတည်းရယ်တဲ့။ ဒါပေမယ့်လဲ အချစ် ကုန်ဆုံးပြီဆိုမှဖြင့် ဘ၀တစ်သက်တာလုံးအလင်းရောင် ဆိတ်သုဉ်းသွားတော့တာပါပဲတဲ့”ဟု ကဗျာ ဆန်စွာ ပြောကာ စကားအဆုံးတွင် ဟင်းခနဲ ပင့်သက်ကလေးရှိုက်သေးသည်။
ဆုက လှိုက်လှိုက်လှဲလှဲ ရယ်မောမိလျှင် စောဒီလုံးက မျက်စောင်းချိတ်ကာ…
“အသည်းနှလုံးကို မရှိဘူး၊ ဒါရယ်စရာလား။ ငါ အတည်ပြောနေတာ”ဟု ရန်တွေ့ သည်။
“စောနှယ် တန်ရာတန်ရာ လုပ်စမ်း။ ချေးစိမ်းတွေ ပါကုန်တော့မယ်။ ကဲ… ဆက်ဖတ်ဟာ။ မြန်မြန်လုပ်မှ။ ငါကျူတိုရီရယ် မဖတ်ရသေးဘူး”ဟု ကိုဘိုကြည် ၀င်လောရသည်။
“စာလဲ မဖတ်ရသေးဘူး။ အိမ်က ပို့တဲ့ကျောင်းလခတွေ လဲ မရှိတော့ဘူး။ ဖဲလဲမနိုင်ဘူး။ ဟော…တွေ့ လား လက်ကနာရီလဲ မရှိတော့ဘူး”ဟု စောဒီလုံးက မဲ့ကာ ရွဲ့ကာ ဖော်ကောင် လုပ်နေလေ၏ ။
သူတို့အုပ်စု၏ ဆရာသည် အခန်းထဲဝင်လာကာ “ပြီးရင် ကျူတိုရီယယ် ယူမယ်”ဟု သတိပေး၏ ။
“သုံးနာရီမှ ယူပါဆရာ။ ကျွန်တော် တို့ စာဖတ်လို့မပြီးသေးလို့ပါ”ဟု မင်းမော်က တောင်းပန်လျှင် ဆရာသည် “မင်းအပ်ပါးလင့်သ် (လက်ပိုင်း)လဲ စာမေးပွဲ ကျထားတယ်နော်။ သိပ်လွတ်မနေနဲ့။ ဆုမြတ်လှိုင်ကလဲ သူငယ်ချင်းတွေ ကို ထိန်းဦး။ စာလေးဘာလေးရှင်းပြ”ဟု ပြောကာ ထွက်သွားလေသည်။
ဆုမြတ်လှိုင်က မကျေမချမ်း “ဒီထက်ရှင်းပြရရင်လဲလျှာထွက်ပြီးသေတော့မယ်” ဟုရွတ် မြည် နေ၏ ။
မင်းမော်ကမူ “ဆရာဟာလေ ငါ့များ ဆို အက်ပရက်ရှင်ကို မကောင်းဘူး”ဟု ညည်းညူ နေလေ၏ ။
စောဒီလုံးသည် ကျော်ဆွေကို့မျက်လုံးရှေ့တွင် လက်ဝါးတစ်ဘက်ကို ထက်အောက် လှုပ်ရှားလိုက်လျှင် အမှတ်မထင်ဆုမြတ်လှိုင်၏ ၀င်းမွတ်သော မျက်နှာကို စိုက်ငေးကြည့်နေမိ လိုက်သော ကျော်ဆွေကိုမှာ မျက်နှာနီရဲလျက် စောဒီလုံး၏ လက်ကို ပုတ်ချလိုက်လေသတည်း။
ဒုတိယနှစ် ဆေးဖြေဆိုရန် ဆုမြတ်လှိုင်တို့ တင်ရမည့် စာတမ်းမှာ “သွေးတွင် ပါဝင်သော ယူရီးယားဓာတ်”အကြောင်း ဖြစ်ချေသည်။ ဆုတို့အုပ်စုကို ဇီဝကမ္မဌာနမှ သရုပ်ပြဆရာမ ဒေါ်စိုးစိုးရီက ကြီးကြပ်ကွပ်ကဲလေသည်။ အုပ်စုတိုင်း စာတမ်းတစ်မျိုးစီ သုတေသန ပြုလုပ်တင် သွင်းမြဲ။
လူ့ခန္ဓာကိုယ်တွင်းရှိ ပရိုတိန်းဓာတ်များ ၏ ဖြစ်ပျက်ခရီးစဉ်အဆုံး၌ မလိုအပ်တော့ဘဲ စွန့်ပစ် မည့်  ပစ္စည်းများ မှာ ယူရီးယား ဖြစ်လေသည်။ သာမန်အားဖြင့် သွေး ၁၀၀ ကုဗမီလီတာတွင် ၂၀မှ ၄၀ မီလီဂရမ် ပါဝင်လှည့်ပတ်လျက် ယူရီးယားဓာတ်ကို ကျောက်ကပ်မှတစ်ဆင့် ဆီးထဲသို့ စွန့်လွှတ်မြဲ ဖြစ်လေသည်။ ခန္ဓာကိုယ်အတွင်းရှိ ရေပမာဏလျော့ပါးလျှင်သော်လည်းကောင်း၊ ကျောက်ကပ်အပါအ၀င် ဆီးအဖွဲ့စည်းစွန့်ပစ်ရာ အဖွဲ့အစည်း၌ ချွတ်ယွင်းချက်ရှိလာလျှင် လည်းကောင်း၊ ကိုယ်ခန္ဓာ တစ်ရှူး အပျက်အစီးများ ပြားလျှင်လည်းကောင်း၊ သွေးတွင် ပါဝင်သော ယူရီးယားပမာဏဖြင့် တက်လာတတ်သည်။ ထိုအခါ လူတွင် အန္တရာယ်ရှိလာနိုင်လေသည်။
ဆုမြတ်လှိုင်တို့ လေလာရန်မှာ အသက်(၁၈)နှင့် (၅၀) နှစ် အတွင်း ယေဘုယျအားဖြင့် သွားလာလှုပ်ရှား ကျန်းမာနေသော လူများ မှ သွေးရှိ ယူရီးယား ပမာဏ ဖြစ်လေ၏ ။
ယူရီးယားပမာဏရှာဖွေရန်ခေတ်အမီဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းမှာ Auto analyzer သုံးသော နည်း ဖြစ်သည်။ သို့တစေ သုတေသနလုပ်ခြင်း ရည်ရွယ်ရင်း ရှိသည့်အတိုင်း ဆုမြတ်လှိုင် တို့သည် ကွန်ဝေး၏ နည်းအရ မိုက္ကရိုဗြူးရက်အားဖြင့် အမိုနီယမ်ဘိုရိတ်ကို ဟိုက်ဒြိုကလိုရစ် အက်ဆစ်နှင့် တိုက်ကြေးရှင်း ပြုလုပ်၍ တွက်ချက် ရှာဖွေကြရသည်။
ဆေးတက္ကသိုလ် (၂) စာကြည့်တိုက်တွင် မှီငြမ်းပြုရန်စာအုပ်များ အထပ်ထပ်ရှာဖွေ ကုန်ခမ်းပြီမို့ မြန်မာနိုင်ငံဆေးသုတေသန (ဘီအမ်အာအိုင်) စာကြည့်တိုက်တွင် ဆက်လက် ရှာဖွေကာ လိုအပ်မည့်အချက်အလက်များ ကို မှတ်စုထုတ်ယူရေး မှတ်ကြရသည်။
ဆရာမ မှာ ကလေး နေမကောင်းသဖြင့် “မင်းတို့ဒီနေ့အချက်လက်တွေ ပြီးပြတ်အောင် ရှာနော်။ လာမယ့်သော ကြာကစပြီး သွေးဖောက်မယ်”ဟု သတိပေးကာ အိမ်ပြန်သွားလေရာ ဆရာမ မပါဘဲ ဆုတို့ကျောင်းသားတစ်သိုက်သာ ရှိလေ၏ ။
ဆောင်းဝင်စမို့ အဖျားအနာများ ချိန်တွင် ဆုမြတ်လှိုင်မှာ လည်း အအေးမိလျက် ခေါင်းအုံ ကာ မျက်လုံးအိမ်မှ မျက်ရည်ပူ စီးကျရုံမက နှာရည်ယို ဟပ်ချိုချေ နေလေ၏ ။
“ဒီကောင်မလေး အေးကအေးနဲ့ အနွေထည် မယူလာဘူး”ဟု ကိုဘိုကြည်က ဆူသည်။
“နေမကောင်းပါဘူးဆိုတာ အစ်ကိုကြီးတို့ပဲ အတင်းခေါ်ပြီး”ဟု ဆုကပြန်ပက်သည်။
“နင်မပါရင် ငါတို့ချည်းပျင်းတာပေါ့ဟဲ့”ဟု စာအုပ်စင်ကြားမှ စောဒီလုံးက လှမ်းပြော နေသည်။
အမှန်တော့ အေးစိမ့်သော ဆောင်းနံနက်ခင်းတွင် အနွေးထည်လိုကြောင်း ဆုသိသည်။ သို့တစေ ဆု၏ အနွေးထည်မှာ ဈေးထဲမှ ရောင်းတမ်းထိုးထားသော ဆွယ်တာ ဖြစ်လေရာ ဆုတို့ တက္ကသိုလ်တွင် မည် သူမျှ မ၀တ်။ မည် မျှပင် ကိုယ့်ဘ၀ကိုယ်သိလျက် ရှိသမျှနှင့် ခြိုးခြံနေသော် လည်း မိန်းမသည် မိန်းမပဲမို့ အလှအပတော့ ကြိုက်နှစ်သက် တတ်သော ဆုသည် အဖိုးတန် ၀တ်ရန် မရည်မှန်းသည့်တိုင် အပေါစား သေတ္တာထဲမှာ ပဲ သိမ်းထားလေ၏ ။ သည်တော့ မည် မျှပင် ချမ်းချမ်း အင်္ကျီလက်ရှည် ရွေးဝတ်ကာ အအေးခံ၍ နေတတ်သည်မှာ အကျင့်ပါနေလေပြီ။
ရှေ့နှစ် ခါဆောင်းရောက်လျှင်တော့ ဆုနွေးထွေးလိမ့်မည် မျှော်လင့်ရသည်။ ကိုလတ်ထံမှ စာထဲတွင် ‘မာမီနဲ့ဆုဖို့ ကိုလတ် တရုတ်က၀င်တဲ့ ဆွယ်တာ တစ်ထည်စီဝယ်ထားတယ်။ လူကြုံ ကောင်းရင် ထည့်ပေးလိုက်မယ်။ နယ်စပ်မှ အမှတ်တရပေါ့ ဆရာ ဟုတ်လား’ဟု ရေး လာလေ၏ ။
ကိုလတ်၏ ကျေးဇူးများ ကတော့ ဆုမည် မျှပင် ငြင်းဆန်နေသော်လည်း မရှောင်သာ မတိမ်းသာတော့ အကြောင်းအချက်များ ကြောင့် ဆုအပေါ် အတန်ပိခဲ့ပြီး။ ပြဋ္ဌာန်းစာအုပ် တစ်အုပ်မှ ၀ယ်မဖတ်နိုင်သော ဆုသည် ကိုလတ်ထံမှ စာအုပ်ဟောင်းများ ပဲ အမွေဆက်ခံရသည်။
မနေ့ကပင် ဆု၏ ဇီဝကမ္မဗေဒစာအုပ်တွင် ကိုလတ်အမည် ထိုးထားသည်ကို စောဒီလုံးက ကျော်ဆွေကို့ကိုပြကာနောက်နေခဲ့သေးသည်။ ဆုမမြင်မသိဘူးထင်ကြပေမယ့် ဆုကသူတို့ ထင်သည်ထက် ပို၍ ပါးနပ်ပါ၏ ။ သို့တစေမသိချင်ယောင်ဆောင်နေခြင်းဖြင့်ပို၍ ချောမွတ်အဆင် ပြေမည် ဟု ဆုက ဥပေက္ခာ ပြုထား ဖြစ်လေ၏ ။
ကိုလတ်နှင့်ဆု၏ ဆက်ဆံရေး ကိုဆု၏ အပေါင်းအသင်းများ က မခန့်မှန်းတတ်ဘဲ လက်မှန်း ရမ်းဆတွေးချင်သလိုတွေးကြလျှင်လည်း ဆုကငြင်းလည်မငြင်း၊ ၀န်လည်းမခံ၊ ဖာသိဖာသာနေမြဲ။ ယခုမူ ကိုလတ်သည် မိုင်မောတွင် တာဝန်ကျကာ ပြောင်းရွှေ့သွားလေပြီ။ ကိုလတ်၏ စာများ ကို မှန်မှန်ရေး ဖို့ ဆုတာဝန်ကျေပါ၏ ။
“နူရိုလော်ဂျီ (Neurology) မှတ်စုတွေ ထွက်တယ် ဆု၊ တစ်အုပ်ငါးကျပ်… နင်ယူဦးမလား” ဟု အာရုံကြောဆိုင်ရာ ဘာသာရပ် စာအုပ်မှတ်စု ထွက်ကြောင်းဖြင့် မင်းမော်ကမေးသည်။
“ဘိုင်ကျတယ်၊ ကျောင်းကမှတ်စုပဲ ဖတ်တော့မယ်၊ သူတို့ ၀ယ်ကြတယ် မဟုတ်လား… တို့ကိုငှားပေါ့”
“ငါမ၀ယ်ဘူးဟ၊ ဖိုးဆွေဝယ်တယ်”
ကျော်ဆွေကိုက “၀ယ်သာဝယ်တာပါ၊ ဖတ် ဖြစ်မှာ မဟုတ်ပါဘူး၊ ဆုယူထားလေ၊ တို့လိုချင်မှ တောင်းမယ်”ဟုဆို၏ ။
တတွဲ တွဲ နေကြရပြီဆိုတော့ ဆု၏ အဖွဲ့သားများ သည် ဆု၏ ငွေရေး ကြေးရေး အခက် အခဲများ ကို အတော် အသင့်သိနေပေပြီ။ စောဒီလုံးနှင့် မင်းမော်မှာ လည်း ဆုလောက်အခြေ အနေမဆိုးသော်လည်း မောင်နှမများ သဖြင့် ကျပ်တည်းကာ ဆုဘ၀ကို ကိုယ်ချင်းစာနိုင် လေသည်။ ကိုဘိုကြည်မှာ မူ ကျောင်းထားပေးသော ယောက္ခမများ က ချမ်းသာသည့်တိုင် ဖဲနှိပ် စက်သဖြင့် ပြောင်ရောင် သည်မရှိခဲ့။ ဖရက်ဒီနှင့် ကျော်ဆွေကိုသာ ကြေးရတတ် လူချမ်းသာ သား သမီးများ ဖြစ်လေသည်။ သည်တော့ဆု ဆင်းရဲလှသည်မှာ သည်အုပ်စုထဲမှာ မသိမ်ငယ်ခဲ့ရပေ။ သူမအဖို့ မမြဲအစဉ်အလိုအပ်ဆုံး ဖြစ်နေသော စာအုပ်များ ကို သူငယ်ချင်းများ က ငှားရမ်းမြဲ ဖြစ်သလို အချို့ စာအုပ်များ ကိုမမူ သူငယ်ချင်းများ ၏ အမည် များ ကို တန်းစီ၍ ကြိုတင် စာရင်းတင် ထားခြင်းဖြင့် စာကြည့်တိုက်မှ တစ်နှစ် လုံး အပိုင်စီးထားရသေးသည်။
ပညာရည်ချွန်ဆုနှစ် လ သုံးလ မထုတ်ရဘဲ နောက်မှ စုပေါင်းရသော အခါများ တွင် အဆောင်ကြေးကို နားလည်မှု နှင့် ဆိုင်းထားနိုင်သလို ကျောင်းလခ များ ကိုလည်း ငွေရမှပင် နောက်ကျကြေးနှင့်အတူ စုပေါင်းပေးသွင်းရတတ်သည်။ သည်လိုအခါမျိုးတွင် တော့ အခါအား လျော်စွာ ငွေထည့်ဝင်ရသည့် စုပေါင်းလှုပ်ရှားမှု မျိုး၌ နန်းဝါနွဲ့ ငွေစိုက်ထည့်ဝင်ရသည့် စ လက်မခံ လိုဘဲလျက် မငြင်းနိုင်ရှာဘဲ ရှိရတတ်လေသည်။
ဆုခြိုးခြံရကြောင်း ဤသူငယ်ချင်းများ သည် နားလည်ကြသည် ဆိုပေမယ့် ပတ်ဝန်းကျင် နှင့် လျော်ညီသော အနွေးထည်ပင် မ၀တ်နိုင်၍ ဆုအအေးဒဏ်ကို ကြိတ်မှိတ်ခံစားနေရသည်ကို တော့ သူတို့ သိနိုင်မည် မဟုတ်။ ခေါက်ထီးများ ခေတ်စားလာချိန်တွင် ဆို တစ်မိုးလုံး ထီးရှည်နှင့် ပင် နွဲ့ခဲ့ရသည်ကိုလည်း သူတို့ ဘယ်သတိထားမိပါ့မလဲ။ ဆု၏ ညှပ်ဖိနပ်ကလေး ကြိုးပြတ်လုဆဲဆဲ ဖြစ်နေ၍ ညက ဆုကိုယ်တိုင် နိုင်လွန်ကြိုးနှင့် ချည်တုပ်ခဲ့ရကြောင်း ဆုဖာသာပဲ သိတော့သည်။ ခရီးဆက်ရဦးမည့်  ရှေ့လေးနှစ်ခရီးအကြောင်း ဆု ဆက်မတွေးကြောင်း သူတို့ ဘယ်မှာ သိနိုင်မှာ တဲ့လဲ။
``စိတ်ညစ်လိုက်တာ၊ လက်ကိုင်ပ၀ါ တစ်ထည်လုံးလဲ ရွှဲကုန်ပြီ´´ ဟု ဆိုညည်းညူမိသည်။
မင်းမော်က သဘောရိုးနှင့် ``လက်နဲ့ ညှစ်ပေါ့ဟာ´´ ဟု အကြံပြုသည်ကို နောက်သည် ထင်ကာ ဆုက မျက်စောင်းထိုးလေ၏ ။
ဖရက်ဒီကား စာအုပ်စင်များ ကြားတွင် မှီငြမ်းစာအုပ် ရှာဖွေနေသည်။ ဆု ပါဝင်နေတိုင်းပင် သူငယ်ချင်းများ ကြားတွင် သူမ မပါဝင် မပတ်သတ်သလို လွတ်နေသည်ကို ဆုက မခေါ်မပြောက တည်းကပင် ဖြစ်လေသည်။ ဖရက်ဒီ အနေခက်သည်နှင့် အမျှ စိတ်ပျက်လက်ပျက် ဖြစ်ရသည်။ အပြစ်ကင်းစွာ ပျော်ရွင်ခင်မင်ခဲ့ချိန်များ ကို တမ်းတနေမိကြောင်း၊ သူ့ကိုယ်တူပင် အံသြလှစွာ သတိ ပြုမိခဲ့သည်။ အိုင်လင်းနှင့် မတွေ့ မီိကရော တွေ့ ပြီးမှပါ သူ့ ၀ါသနာအတိုင်း လှလေသမျှနှင့် ဇာတ်ကရှုပ်ချင်သည်။ အိုင်လင်း စိတ်ကောက်လျှင်လည်း ချော့လျှင် ပြေပျောက်မည် ကို သိနေရ ကား စိတ်ပင်ပန်းဆင်းရဲ မ ဖြစ်စဘူး။ ယခုမှပင် အလှမှာ သာယာယစ်မူးရခြင်းသည် ဖြူစင်သော ခင်မင်မှု လောက် တန်ဖိုး မရှိပါကလားဟု အတွေး ပေါက်လေ့တော့၏ ။
``တို့ တကယ် စိတ်ညစ်နေပြီ။ နှာရည်ကလဲ တအား ယိုတာပဲ´´ ဟု ဆိုက ထပ်ညည်း ပြန်၏ ။
``တို့လက်ကိုင်ပပါ သွားဝယ်ပေးရမလား၊ ´´ ဟု စာကူးရာမှ ကျော်ဆွေ ကိုက လှမ်းမေး သည်။
``ဆု လက်ကိုင်ပ၀ါတော့ ထပ်မ၀ယ်ချင်။ အဆောင်မှာ ရှိပြီးသားမို့ သုံးလေးကျပ်လည်း အပိုအကုန်မခံနိုင်ပေ။
ဆုတွေ ဝေဆဲ ဖရက်ဒီသည် ဘောင်းဘီအိတ်ထဲမှ တစ်ရှုး စက္ကူအချို့ကို ထုတ်ယူကာ ``တို့မှာ တစ်ရှုးပါတယ်။ ဒိုင်ရီယာ ရနေလို့ဆောင်ထားတာ´´ဟု ၀မ်းလျှော်နေ၍ အိမ်သာသုံး စက္ကူ ပါလာကြောင်းနှင့် လှမ်းပေးလေ၏ ။
ဆု ယူသင် မယူသင့် ချိန်ဆခိုက် ဖရက်ဒီသည် အရင်းနှီးဆုံး သူငယ်ချင်းများ ရှေ့တွင် သိက္ခာ ဆည်မနေတော့ဘဲ``ကျေပါတော့ ဆုရာ။ ဒီလောက် စိတ်ဆိုးရရင် ကျေနပ်ပါတော့ ပလိစ်ကွာ´´ဟု တောင်းပန် ဖြစ်လေ၏ ။
ကျော်ဆွေကိုက ဖရက်ဒီ လက်မှ စက္ကူများ ကို လှမ်းယူကာ ဆုကို ပေး၏ ။ ဟတ်ချိုး တစ်ချက် ချေရင်း ထွက်လာမည့်  နှာရည်များ ကို အမြန်ဆုံး တားဆီးနိုင်ရန် ဖရက်ဒီ စက္ကူ များ ကို ဆု အသုံးပြုလိုက်ရတော့သည်။
``သူ့ စက္ကူသုံးပြီးရင်တော့ သူ့ကို မခေါ်ချင်လဲ မရဘူး။ တစ်ခါ ညှစ်ဖူး သူ့ကျေးဇူး´´ ဟု မင်းမော်က စေ့စပ်ဖျန်ဖြေလိုက်သည်။
``ဆောရီး ဆုရာနော်´´ ဟု ဖရက်ဒီက ထပ်ဆင့် ပြောလျှင် ဆုက ``ဟင့့်  ဒီက မကောင်းတတ်လို့ ´´ဟု ပြုံးစစ ဆိုကာ စစ်ပြေငြိမ်းလေ၏ ။
``ဆုကို အအေးမိနှာရည်ယိုစေတဲ့ ရောဂါ ပိုးကလေးတွေ ကတော့ လူသားတွေ ငြိမ်းချမ်း ရေး ကို ဆောင်ရွက်လိုက်နိုင်လို့ နိုဘယ်လ်ဆုကြီး မျှော်မှန်းနေမလား မသိဘူးနော်´´ ဟု စောဒီလုံး က ပေါက်ပေါက်ရှာရှာ နောက်ပြောင်လေ၏ ။
``မင်း ဒိုင်ရီယာကကော စိတ်ချရပြီးလား´´ဟု ကျေနပ်နှစ် သိမ့်သော အမူအရာနှင့် ကိုဘိုကြည်ကမေးသည်။
``ဗလာစာရွက် အားကိုပဲ အစ်ကိုကြီး´´
``အလုပ်သိမ်းကြစို့ အစ်ကိုကြီး။ တရုတ်နှင့် အမေရိကန်ချစ်ကြည်ပြေငြိမ်းတဲ့ အထိမ်း အမှတ်နဲ့ တစ်နေရာသွားကြစို့ ´´ ဟု မင်းမော်က ဆွယ်သည်။ ``ပိုက်ဆံမရှိဘူးကွ။ ရန်ပုံ ငွေထပ် ဖြည့်ဖို့ ကလဲ မင်းတို့တစ်ပြားမှ မပေးကြဘဲနဲ့။ ငါလဲ စိုက်စရာ မရှိဘူး´´
``ဒါတော့ လကုန်မှ ပေးနိုင်မှာ ကိုး ဖိုးဆွေစိုက်လိုက်ကွာ´´
``ဒီနေ့တော့ ကျွန်တော် ကပဲ ကျွေးပါ့မယ် အစ်ကိုကြီး။ ဆု ဘာစားမလဲ ´´ဟု ဖရက်ဒီက မျက်နှာချိုသွေးလျှင် စောဒီအတိုင်း ၀င်ဖြေလိုက်ပြန်သည်။
မင်းမော်က လေတစ်ချက်ချွန်ကာ ``ဒါဆို ဗိုလ်ချုပ်ဈေးပေါ့၊ နိပ်ဟ။ ဗို့ တစ်သန်းအားနဲ့ ငမ်းပစ်လိုက်မယ်´´ ဟု ကြွေးကြော်လေသည်။
ကျော်ဆွေကို၏ အဖြူရောင် လိပ်ခုံး ကားကလေးတွင် ခြောက်ယောက် စီးသွားကြ၏ ။ ဗိုလ်ချုပ်ဈေး၌ ဆီချက် ခေါက်ဆွဲနှင့် မုန့်လက်ဆောင်း တ၀စားကြပြီးလျှင် ဈေးအနှံ့ ဘသားချော ငါးယောက် ခြေဆန့်ကာ အငမ်းသန့်လေသမျှ ဆုလည်း တကောက်ကောက် လိုက်နေပြန်သည်
``ဘာမှလဲ မ၀ယ်ဘဲနဲ့ ဒီအတန်းက ဖြတ်လျှောက်တာ သုံးခေါက်ရှိပြီ´´ဟု ဆုက သတိပေးသည်။
``လျှောက်တာပဲ ဘာ ဖြစ်လဲဟ ´´ မင်းမော်က ဆက်လက်ချီတက်မြဲ။
``လက်ကိုင်ပ၀ါမ၀ယ်တော့ဘူးလား ဆု´´ ဟု ကျော်ဆွေ ကို သတိပေးသည်။
``ဟင်အင်း - တစ်ရှုး တွေ အများ ကြီးပဲ´´ ဟု ငြင်းရသည်။ မ၀ယ်နိုင်ဟု မပြောချင်ဘဲ ၀န်လေးမိလေသည်။
ဖရက်ဒီက ``ဟေ့ ဟေ့- ဒီ ဘက်ချိုး၊ ရှေ့က နှစ်ယောက် တော် တော် လှတယ်´´ ဆို သဖြင့် ကျန်လူသိုက်လည်း တကောက်ကောက် လိုက်ပါသွားရပြန်သည်။
အနားရောက်လျှင် တစ်ယောက် ကလည့်ကြည့်ကာ `ဟင် ဆုတို့ ပါလား´´ ဟုဆို၏ ။
``ဪ ခင်နှင်းဖြူ´´
ဖရက်ဒီတို့မှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာပြုံးဖြဲဖြဲ ဖြစ်နြေ ကတော့ သည်။
``ဒီနေ့ ရီစာ့ခ်ျ မလုပ်ကြဘူးလား ခင်နှင်းဖြူ´´ ဟု သုတေသန ကိစ္စမေးရင်း ဆုက ခင်နှင်းဖြူ နံဘေးမှ အသားကပ်ဘောင်းဘီရှည်အနက်၊ စပို့ရှပ်အနီ ဆံပင်ကုပ်ဝဲနှင့် အပျိုဖျန်း ကလေးကို ကြည့်မိသည်။
ဝင့်ဝင့်သော်မှန်း ပြောပြစရာမလိုဘဲ ဆုံ သိလိုက်ပါ၏ ။ မည် သို့ ပင် မတော် စပ်ချင်ကြ ပေမယ့် သွေးကစကားပြောကာ ဆုမျက်နှာမှာ ဆေးဆိုးပန်းရိုက် လိမ်းခြယ်သလျှင် သည်ပုံပဲ ထွက်မည် မှာ သေချာလေ၏ ။
``ဒီနေ့ နန်းတို့လဲ သွားစရာကြလို့လေ။ ရီရီလဲ သူ့အမေ ရောက်နေလို့ သန်လျင် ဘုရားဖူးသွားတယ်။ ဒါနဲ့ ၀င့်ဝင့် ဒါ မမနှင်းရဲ့ သူငယ်ချင်းတွေ ၊ ဒါက ဆု၊ ဒါက ကိုဘိုကြည်၊ စောဒီလုံး၊ ကိုမင်းဇော်၊ ဖရက်ဒီ။ ကိုဆွေ့ ကိုတော့ သိပါတယ်နော်´´
``ကိုကို့ကို မသိလို့ ဘယ်ရမလဲ။ အဲ့ဒီတစ်အိမ်လုံး ၀င့်ဝင့်သော်နဲ့ ကိုကို တစ်ယောက် ပဲ တည့်တာ´´
``ဒါ ကတော့ ၀င့်ဝင့်သော်တဲ့။ ဒဂုံတစ်က´´
ဆေးကျောင်းသား တစ်သိုက်က အလွန်တည်ကြည်သိက္ခာရှိစွာ ဖြင့် တွေ့ ရတာ ၀မ်းသာပါ ကြောင်း ပြောကြသည်။ ၀င့်ဝင့်သော်ကား ဆုကို တအံ့တသြ ငေးမော့ ကြည့်နေ မျက်လုံးများ နှင့် ပြန်ကြည့်နေ၏ ။ ၀င့်ဝင့်သော်က အရင်မျက်နှာ လွှဲလိုက်လေ၏ ။
လူချင်းခွဲကြမှပင် ကျော်ဆွေကို့ စိတ်ထဲ သက်သာရာရသွားသည်။ ခင်နှင်းဖြူလည်း အနေရခက်မှာ ပဲဟု ကိုယ်ချင်းစာကြည့်မိသည်။ ကာယကံရှင် နှစ် ဦးမူကား ဘယ်သို့ ရှိမည် မှန်း မမှန်းဆတတ်ပေ။
``ကိုကို - ကိုကိုက ချိုထားလိုက်တာ။ ဂလိုဂလို လှတဲ့ ညီမ လေးရှိတာ ပြောမပြဘူး´´
မင်းမော်က အပြစ်တင်မှ့ 
``ဟာ့  အိမ်နီးချင်းပါ´´ ဟု ဖြေရှင်းသည်။
အိမ်းနီးချင်းများ မင်းက မင်းငေးနေရသေးလားကွ´´
``မဟုတ်ပါဘူးဗျာ။ ခုတလော မမြင်တာကြာလို့။ ဟို အရင်က ကလေးရှိသေးတာ´´
``လူတိုင်း အရင်က ကလေးချည်းပေါ့ဟဲ့ ဖိုးဆွေရဲ့ ။ နင် သိပ်ဟုတ်နေပါသလားဟင်။ ၀င့်ဝင့်တို့ နှင်းနှင်းတို့´´
``ဟာဗျာ့  မမစောကလဲ ပေါက်ကရတွေ လျှောက်ပြောမနေစမ်းပါနဲ့´´ဟုတားမြစ် ရင်း ရှေ့မှသွားနေသော ဆုကို လှမ်းကြည့်မိတော့ စောဒီလုံးက သူ့ခါးကို တို့ကာ့ 
``မကြားပါဘူးဟဲ့ ငနာလေးရဲ့ ´´ ဟု ဆို၏ ။
မည် သူမှ သတိမထားလိုက်မိဘူး။ ထင်ရသော်လည်း မိန်းကလေးဆို အနူလုံပဋိလုံက သိုဏ်းရှုနေကျ ဖရက်ဒီ ကတော့ ဆုဘေးသို့ ကပ်လျှောက်ရင်း ဆု မသိစေချင်သော အချက်ကို ဖွင့်ဟလိုက်လေသည်။
``အဲဒီ ကောင်မလေးဟာ ဆု မသိစေချင်သော အချက်ကိုဖွင့်ဟလိုက်လေသည်။
``အဲဒီ ကောင်မလေးဟာ ဆုနဲ့ သိပ်တူတာပဲဟာ၊ ညီအစ်မ ဆို တကယ်ယုံတယ်´´
ဆု မျက်နှာ စူအောင့်ပုပ်သိုးသွားသည်ကို ကျော်ဆွေကိုပဲ အကဲခတ်လိုက်နိုင်လေ၏ ။
နံနက်ဆယ့်တစ်နာရီ လက်ချာပြီး၍ စာသင်ခန်းမှအထွက်တွင် ရုတ်တရက် နန်းဝါနွဲ့ မူးလဲလေသည်။ ဆုမြတ်လှိုင်တို့ မိန်းကလေးတစ်သိုက် အတော် ပင် ပျာယာခတ်သွားလျက် ကုလားထိုင်တစ်လုံးတွင် ထိုင်စေကာ ယပ်ခတ်သူ အမိုးနီးယားငွေ့ ရှူခိုင်းသူနှင့် ၀ိုင်းဝိုင်းလည် သွားရလေ၏ ။
``ခင်မောင်မောင်ကော´´ ဟု ခင်နှင်းဖြူက မေးသည်။
``အတန်းမတက်ဘူး ထင်တယ်။ မတွေ့ မိဘူး ´´ဟု ဆုက ပြောလျှင် နန်းက ခေါင်းသာ ညိတ်နိုင်လေ၏ ။
စာသင်ကျောင်းနှင့် သီတာဆောင်မှာ အလှမ်းမဝေးလှ။ ပြည်လမ်း ဟိုဘက်မှာ ရှိသာ အဆောင်သို့ နန်းကို တွဲခေါ်လာခဲ့ကြသည်။ ခင်နှင်းဖြူက နန်းကို အ၀တ်များ ဖြေလျှော့စေခိုက် ရီရီညွန့်သည် သံပရာသီး သူမအခန်းမှာ ရှိသဖြင့် သံပရာရည် အဖော်ခေါ်ရာ ဆုလည်း လိုက်ပါ သွားရသည်။
``ဆု သူငယ်ချင်းကို သေသေချာချာ မေးဦးနော်´´
``ဘာကိုလဲ´´
``အခုမူးလဲတဲ့ ကိစ္စပေါ့´´
``မနက်က ကော်ဖီတစ်ခွက်ပဲ သောက်သွားတယ်။ အစာမရှိတော့ ဟိုင်ပိုဂလိုင်ဆီးမစ်အ တက်ခ်ရတာ ဖြစ်ရတာ ပေါ့´´ဟု ဆုက သွေးတွင် သကြားဓာတ် လျှော့နည်းခြင်း လက္ခဏာ ဟု ယူဆရှင်းပြနေသည်။
``ဆုဟာလေ့  ဘယ်လောက်များ ကိုယ်ကိစ္စနဲ့ကို နှစ် မြှုပ်နေသလဲဆို အနီးဆုံးလူ ဘာ ဖြစ်နေတယ် ဆိုတာတောင် မရိပ်မိဘူး´´
``ဘာ ဖြစ်နေလို့လဲ´´
``နန်းဟာက မရိုးဘူးထင်တယ်ကွ။ တံတွေး တပျစ်ပျစ်နဲ့ အစားလဲပျက်တယ်´´
``အစားက ခါတိုင်းလဲ ရွေးတာပဲ´´ဟု ပြောရင်း ရီရီညွန့် ဆိုလိုရင်း အဓိပ္ပာယ်ကို သိနား လည်ကာ မျက်လုံးပြူးတော့သည်။
``ဟုတ်မယ်မထင်ပါဘူး။ နန်းဟာ ဒီလောက် မမိုက်ဘူးထင်တယ်။ သုံးနှစ် ခွဲ တောင် လိုသေးတဲ့ဥစ္စာ´´
``ဆု မေးကြည့်ပါဦး´´
``ဒုက္ခပါပဲကွာ . . . တို့ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ တစ်ခုပဲ ရီရီ။ အတန်း ထဲကလူတွေ တော့ မသိစေချင်ဘူး။ မဟုတ်ရင် အပြောခံရတာ နစ်နာတယ် မဟုတ်လား´´
``အာလုံးရိပ်မိနေပါပြီ။ ပွစိပွစိ ပြောနေကြတာပဲ´´ဟု ရီရီညွန့်က စိတ်မရှည်စွာ ပြောလေ၏ ။
ဆုမြတ်လှိုင် သံပရာရည်ခွက်နှင့် ၀င်လာလျှင် ရီရီညွန့်က ခင်နှင်းဖြူကို မျက်ရိပ်ပြ ကာခေါ်ထုတ်သွားလေသည်။ မျက်ရည်ပေါက်ပေါက်ကျလျက် ရှိုက်နေသော နန်းကို ဆု ဘာမှပြော ၍ မထွက်။
``နန်းရယ် . . ´´
``ဆု သိပြီမဟုတ်လား ဟင်´´
``တို့ မပြောတက်တော့ဘူး နန်းရယ်´´
``နန်းလေ သုံးလရှိနေပြီ´´
ဆုမြတ်လှိုင် ငြိမ်ကျသွားသည်။ ရုတ်တရက် စကားစရှာမရ။
``ခင်မောင်မောင် သိပြီလား´´
နန်းကခေါင်းညိတ်သည်။ ဆုကို မကြည့်။
``ဘယ်လို လုပ်ကြမလဲ´´
``သူ မကြံတက်ဘူးတဲ့´´
``ဘုရားရေ . . . ´´
နေ့လယ် ကျောင်းပြန်တက်လျှင် ဆုစိတ်မှာ မဖြောင့်နိုင်ဘဲ ကျောင်းဆင်းလျှင် ခဏစောင့်ဖို့ ကိုဘိုကြည်ကို မှာ ရသည်။ ကျောင်းဆင်းမှပင် ခင်မောင်မောင်ကိုရှာပြီး သီတာဆောင် လွှတ်လိုက် ဖို့ ကိုဘိုကြည်ကို မှာ ကြားရလေ၏ ။
ညနေ အဆောင်ပိတ်ခါနီး မှာ ပင် ခင်မောင်မောင်သည် ကျော်ဆွေကို ကားနှင့် ရောက်ရှိ လာသည်။
``နင် တစ်နေ့လုံး ကျောင်းမတက်ဘဲ ဘယ်သွားနေတာလဲ ဟင်´´
``ဆုကလဲဟာ . . . ငါ့ဆို အယုံအကြည်ကိုမရှိဘူး။ ငါနာရီသွားပေါင်တာပါဟ´´
``နာရီ´´
``အေး . . . ငါလဲ ဒါပဲရှိတယ်။ မနေ့က နန်းပြောကတည်းက ငါလဲ ထူပူနေတာ။ ပိုက်ဆံ လဲ တစ်ပြားမှ မရှိ´´
``ခုမှ ထူပူနေလို့ ရမလား။ အမြန်ဆုံးလက်ထပ်ဖို့ စီစဉ်ရမှာ ပေါ့´´
``အဲဒီ အတွက်ပဲ ငွေရှာရတာ ပါပဲ။ ဒါပေမယ့် ပြီးရင် ဘယ်မှာ နေကြမလဲ´´
``နင့်အိမ်ကိုမတိုင်ပင်ဘူးလား´´
``မ ဖြစ်ဘူးဟ။ အသိပေးလို့ မရဘူး´´
``ဘာ ဖြစ်လို့´´
``အမေက ဘာသာမတူ၊ လူမျိုးမတူရင် လုံးဝသဘောတူမှာ မဟုတ်ဘူး။ ခုနေခါတော့ ဘယ်မိန်းကလေးနဲ့မှလဲ သဘောတူမှာ မဟုတ်ပါဘူး။ ငါ့ကို သူက ကလေးပဲမှတ်နေသေးတာ။ ငါနဲ့ကြိုက်တဲ့ မိန်းကလေးတိုင်းဟာ ငါ့ကို သွေးဆောင်ဖြားယောင်းတယ်ချည်း မှတ်တာဟ။ ပြီးတော့ငါ့အမေက မုဆိုးမ။ အငယ်တွေ ပြန်ကြည့်ဖို့လဲ ရှိသေးတယ်´´
``နင် ဒါဖြင့် အစက ဘာလို့ နန်းကိုကြိုက်သေးလဲ။ ဒါတွေ ထည့်မစဉ်းစားဘူးလား´´
ဆု ဒေါသထွက်ကာ ပါးများ ပင်ရဲလာသည်ကို ကျော်ဆွေကိုလည်း မျက်နှာသေးလေးနှင့် ငေးကြည့်နေသည်။
``ကြိုက်တာက တခြားပဲ။ ခုဟာက… ´´
``တော် တော့ ခင်မောင်မောင်။ တို့ ဒီထက် စိတ်ဆိုးရင် မကောင်းတော့ဘူး´´
ကျော်ဆွေကိုက ကြားဝင်တာ ``အခု …. တို့ရော အစ်ကိုကြီးရော တိုင်ပင်ပြီးကြပါပြီကွာ။ မနက်ဖြန် ရုံးမှာ လက်မှတ်ထိုးမယ်။ တစ်ရက်နှစ် ရက်အတွင်းဒီအနီးအနားမှာ ပဲ အိမ်ရှာကြမယ်။ မင်္ဂလာဒုံ ရွာထဲမှာ ရနိုင်ပါတယ်´´ဟု ရှင်းပြရသည်။
``နင်က ဒီလို ပြေပြေလည်လည်ပြောပါလား။ နင့်ဘက်က သဘောမတူတာချည်း လျှောက်ပြောနေတာ´´
``သူ့ဘက်ကလဲ သဘောတူမှာ မဟုတ်ပါဘူး။ မယုံရင်သူ့လဲမေးကြည့်ပါဦး။ ရှေ့လျှောက် ဘယ်လို စခန်းသွားကြရမလဲ။ ငါ သေချင်တယ်ဟာ´´
ကိုယ်ဝန်မရှိနိုင်မီက မစဉ်းစားဘူးလားဟု ဆုက မေးချင်သော်လည်း ၀မ်းထဲသာ မျိုချလိုက် ရလေသည်။
``ဒါဖြင့် တို့ နန်းကို သွားခေါ်လိုက်ဦးမယ်´´
``နင်ပဲ ရှင်းပြလိုက်တော့။ ငါတို့ပြန်မယ်´´
ကျော်ဆွေကိုက ဆု၏ ထပ်၍ ဒေါထွက်လာမည့်  အရိပ်အယောင်ကို မြင်ကာ . . .
``မင်းကလဲ တွေ့ ပြီး ရှင်းပြလိုက်ပါဦး´´ဟု ၀င်တိုက်တွန်းသည်။
``မင်းအပြန်နောက်ကျမှာ စိုးလို့ပါ။ မင်းအဘွားကြီးပူတတ်ပါဘိသနဲ့´´
``အာ . . . ဒီလောက်တော့ ရပါတယ်´´ ဟုမျက်နှာအထားခက်လျက် ကျော်ဆွေကိုက ဖုံးဖိရှာသည်။
ဆု အဆောင်ထဲသို့ ခပ်သုတ်သုတ် ပြန်ဝင်လာသည်။ မဆင်ခြင် မစဉ်းစားသော နန်းကို အပြစ်တင်ချင်သော်လည်း ဆု စိတ်သည် သူမ၏ မိခင် ဖြစ်သူကို အမှတ်မထင် သတိရနေမိသည်။
နန်းတို့ ကိစ္စကား သူငယ်ချင်း တစ်စု ၀ိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ဖုံးဖုံးဖိဖိတော့ ဖြစ်နိုင် ပေမည် ။ ဆုအမေ အလှည့်တုန်းကမူ သည်လိုတိုင်ပင်စရာ အဖော်မရှိရှာဘူး ထင်ရဲ့ ဟု ဆုက အတွေးဝင်မိပြန်လေ၏ ။
![]() နှုတ်ဆက်ခြင်း ၏ မနက်ဖြန် | ![]() ချစ်ခြင်းမုန်းခြင်း ညီမလေးမသိပါ | ![]() ချစ်ခြင်းမုန်းခြင်း သူသိစေ |